← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁) - ငါ ဂျိချန်းဖန် ရဲ့လူကိုဘယ်သူမှထိခွင့်မရှိဘူး

ဟဲ့ဟွမ်ဂိုဏ်း မှ အကြီးအကဲ သုံးဦး၏ ပြင်းထန်သော ဒေါသတရားများကို ရင်ဆိုင်နေရသော်လည်း ဂျိချန်းဖန်၏ မျက်နှာထားကား တည်ငြိမ်အေးဆေးနေဆဲ ပင်။

အကယ်၍သာ သူ၏ လက်ရှိအခြေအနေနှင့် ဖုံးကွယ်ထားရသော သရုပ်မှန်သည်သူ့ကို အနှောင့်အယှက် မဖြစ်စေခဲ့ပါက ဤအဘိုးကြီး သုံးဦးအား လွန်ခဲ့သော အချိန်ကတည်းက သတ်ဖြတ်ရှင်းလင်းခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သူတို့နှင့် အဘယ်ကြောင့် ဤမျှ စကားနိုင်လုကာ အလှည့်အပြောင်းများစွာဖြင့် အချိန်ဖြုန်းနေရမည်နည်း။

"ဟဲ့ဟွမ်ဂိုဏ်းသား အားလုံး အမိန့်နာခံကြလော့..."

"ပြင်ပလူနှင့် ပူးပေါင်းပြီး ငါတို့ ဟဲ့ဟွမ်ဂိုဏ်းရဲ့ အမွေအနှစ်ကို ကြံစည်နေတဲ့ သစ္စာဖောက်ကို အမြန်ဆုံး ဖမ်းဆီးကြစမ်း..."

ဦးဆောင်သူ အမျိုးသား အကြီးအကဲ၏ အမိန့်သံသည် ခက်ထန်တင်းမာစွာ ထွက်ပေါ်လာလေသည်။

ထိုခဏ၌ပင်...

သူ၏ အသံသည် ဟဲ့ဟွမ်ဂိုဏ်း တစ်ခုလုံးသို့ ပဲ့တင်ထပ်ကာ ဟိန်းထွက်သွားတော့၏။

အမွေအနှစ် နေရာသည် ရုတ်တရက် ပွင့်လာခြင်းက ဟဲ့ဟွမ်ဂိုဏ်း အတွင်း၌ သစ္စာဖောက် ရှိနေကြောင်း သိသာထင်ရှားစေပါပေသည်။ ထိုသစ္စာဖောက်သည် ပြင်ပလူနှင့် ပူးပေါင်းကာ၊ တစ်ဦးက အပြင်ဘက်တွင် ရန်သူများကို ဟန့်တားထားချိန်၌ အခြားတစ်ဦးက အတွင်းမှနေ၍ အမွေအနှစ်ကို ရယူရန် ကြံစည်နေခြင်း ဖြစ်ချေသည်။

သို့သော် မည်သူသည် သစ္စာဖောက် ဖြစ်ကြောင်းကိုမူ မသိရှိရသေးပေ။

ထိုအခိုက်အတန့်တွင်...

ဟဲ့ဟွမ်ဂိုဏ်းသား အားလုံးသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်လုံးချင်း ဆုံမိလိုက်ကြသည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများက သူတို့ကို ကြောင်အမ်းအမ်း ဖြစ်သွားစေသည်။ သစ္စာဖောက်က ဘယ်သူမှန်း မသိ၊ အမွေအနှစ်က ဘယ်နေရာမှာ ရှိမှန်းလည်း မသိပါဘဲ သူတို့အနေဖြင့် မည်သို့ ဖမ်းဆီးရမည်နည်း။

"ရွှပ်..."

ထိုစဉ်၌ပင် ကျက်သရေရှိလှသော ပုံရိပ်တစ်ခု လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွားလေသည်။

'ရူချွန်' ဝတ်စုံကို ဆင်မြန်းထားသော မိန်းမပျိုလေး တစ်ဦးသည် ဟဲ့ဟွမ်ဂိုဏ်း၏ နက်ရှိုင်းရာ အရပ်မှ ရုတ်တရက် ပေါ်ထွက်လာ၏။ သူမ၏ မျက်နှာလေးသည် ဆွဲဆောင်မှုရှိကာ အရွယ်နှင့် မလိုက်အောင်ပင် ညှို့ဓာတ်ပြင်းလှပေသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ငယ်ရွယ်နုနယ်ပုံ ပေါက်နေသေးသည်ပင်။

"ကျင့်ပင်အာ..."

ရုတ်တရက် ပေါ်လာသော မိန်းမပျိုလေးကို မြင်လိုက်ရသောအခါ အကြီးအကဲ သုံးဦးစလုံး ခေတ္တမျှ မှင်သက်သွားကြသည်။

သို့သော် မကြာမီမှာပင်...

သူတို့၏ အကြည့်များသည် ကျင့်ပင်အာ၏ ကိုယ်ပေါ်ရှိ သိုလှောင်အိတ်များဆီသို့ ရောက်ရှိသွားကြသည်။

ကျင့်ပင်အာသည် ကြီးကြီးငယ်ငယ် သိုလှောင်အိတ် ပေါင်း များစွာကို သယ်ဆောင်ထားပြီး၊ ထိုအိတ်များထဲတွင် ပစ္စည်းများစွာ ပါဝင်ကြောင်း ထင်ရှားနေသည်။ ထို့အပြင်...

သူမ၏ လက်ထဲတွင် နှစ်ပေခန့် ရှည်လျားသော ခရမ်းအလင်းဓား တစ်လက်ကို ကိုင်ဆောင်ထားလေသည်။

ထိုဓားမှာ ဟဲ့ဟွမ်ဂိုဏ်း၏ အမွေအနှစ် မှော်ရတနာ စစ်စစ် ဖြစ်ချေ၏။

ကောင်းကင်ဘုံကိုးပါး၏ နတ်လက်နက် - ခရမ်းရောင် အလင်းဓား ပင်တည်း။

ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်...

အရာအားလုံးကို ချက်ချင်း နားလည်သဘောပေါက်သွားကြတော့သည်။

ဦးဆောင်သူ အမျိုးသား အကြီးအကဲသည် ကျင့်ပင်အာကို ဒေါသတကြီး စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်လေသည်။

"ကျင့်ပင်အာ... နင်က ပြင်ပလူနဲ့ ပူးပေါင်းပြီး ငါတို့ ဟဲ့ဟွမ်ဂိုဏ်းရဲ့ အမွေအနှစ်ကို ခိုးယူရဲတာလား..."

ထိုစကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တုန်လှုပ်ချောက်ချား သွားကြသည်။

မရေမတွက်နိုင်သော ဟဲ့ဟွမ်ဂိုဏ်းသားများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြန်သည်။

'ဘာတွေ ဖြစ်ကုန်တာလဲ။'

ကျင့်ပင်အာ ဆိုသည်မှာ ဂိုဏ်းချုပ်ကြီး၏ ကိုယ်ပိုင်တပည့်ရင်း မဟုတ်ပါလော။

သူမက ဘာကြောင့်များ ပြင်ပလူနှင့် ပူးပေါင်းပြီး မိမိဂိုဏ်း၏ အမွေအနှစ်ကို လိုချင်ရသနည်း။

ဤအဖြစ်အပျက်မှာ အနည်းငယ် ရှေ့နောက်မညီ ဖြစ်မနေပေလော။

"ကျင့်ပင်အာ... နင့်ကို ဂိုဏ်းချုပ်က ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး ကိုယ်ပိုင်တပည့်အဖြစ်တောင် မွေးစားပျိုးထောင် ပေးခဲ့ပါရဲ့နဲ့ နင်က ဒီလို ကျေးဇူးကန်း လိုက်တာလား..."

"နင့်အတွက် လမ်းဆုံးပြီ..."

" နင့်ကို ကယ်တင်နိုင်မဲ့သူမရှိတော့ဘူး နင်သေရတော့မယ်..."

ဟဲ့ဟွမ်ဂိုဏ်း အကြီးအကဲ၏ အသံသည် မိုးခြိမ်းသံပမာ ထွက်ပေါ်လာသည်။

"ဝုန်း..."

ထိုခဏချင်းမှာပင်...

ကြီးမားကျယ်ပြန့်သော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ကျင့်ပင်အာ ဆီသို့ တွန့်ဆုတ်ခြင်း မရှိဘဲ တိုက်ရိုက်ဝင်ရောက်လာတော့သည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ

ကျင့်ပင်အာသည် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်၏။

သူမ၏ ကြည်လင်သော မျက်ဝန်းများသည် ရှေ့တွင် ရှိနေသော ဝတ်ရုံဖြူနှင့် လူငယ်လေးကို လှမ်းကြည့်လိုက်ပြီး၊ ကိုယ်ပေါ်ရှိ အိတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ထိုလူငယ်ထံသို့ တုံ့ဆိုင်းခြင်း မရှိဘဲ ပြေးသွားလိုက်လေသည်။

"အိုး...ဘာလုပ်ကြမလို့တုန်း ..."

ဂျိချန်းဖန်သည် ခြေတစ်လှမ်း ရှေ့တိုးလိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများသည် အကန့်အသတ်မရှိထွက်ပေါ်လာပြီး သက်တံသဖွယ် ကောင်းကင်သို့ ထိုးတက်သွားကာ ဓားဆန္ဒ များလည်း တောက်ပကာထွက်‌ ပေါ်လာတော့သည်။

သူသည် ကျင့်ပင်အာ၏ ရှေ့သို့ ရောက်ရှိလာပြီး... သူမအတွက် ဖိအားမှန်သမျှကို တစ်ဦးတည်း ရင်ဆိုင်ကာ ကာကွယ်ပေးလိုက်လေ၏။

"ဒိန်း..."

လူငယ်၏ ဝတ်ရုံဖြူများသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး ခမောက်အောက်မှ ချောမောသော မျက်နှာတစ်စိတ်တစ်ပိုင်း ပေါ်လာသော်လည်း၊ ပတ်ဝန်းကျင်ရှိ လူများသည် သူ၏ ရုပ်သွင်ကို သေချာစွာ မမြင်ရဘဲ ထက်ရှသော ဓားဆန္ဒဖြင့်ပြည့်နှက်နေသော မျက်လုံးတစ်စုံကိုသာ ဝိုးတဝါး မြင်တွေ့လိုက်ရသည်။သူက

"ငါ ဂျိချန်းဖန် ရဲ့လူကိုဘယ်သူမှထိခွင့်မရှိဘူး..."

"မင်းတို့ သေလမ်း ရှာနေကြတာပဲ..."ဟုပြောလိုက်ကာ စကားဆုံးသည်နှင့် ဂျိချန်းဖန်သည် ဓားကို ရုတ်တရက် မြှောက်လိုက်လေသည်။

"ရွှပ်..."

တောက်ပသော ဓားအလင်းရောင် တစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး၊ မမြင်နိုင်သော ဓားဆန္ဒ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ ကမ္ဘာလောကကို အထင်သေးစွာ ငုံ့ကြည့်နေသည့် အရှိန်အဝါမျိုး ထွက်ပေါ်လာ၏။

"ဝုန်း..."

ဂျိချန်းဖန် ဓားကို ဝှေ့ယမ်းလိုက် သောအခါဧရာမ သွေးရောင် ဓားဆန္ဒကြီး တစ်ခုသည် ချက်ချင်းပင် ထွက်ပေါ်လာလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ...

ပတ်ဝန်းကျင်ရှိ လူများသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ် သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဤဓားဆန္ဒသည် ယခင်ကထက် များစွာ၊ အဆပေါင်းများစွာ ပိုမိုပြင်းထန်နေသောကြောင့် ဖြစ်သည်။ ဟုန်လူ ဓားနတ်ဘုရား သည် ယခင်က သူတို့နှင့် ကစားနေခြင်းလော။

ထိုသို့ တွေးမိလိုက်ချိန်မှာပင်...

ဓားဆန္ဒသည် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဟဲ့ဟွမ်ဂိုဏ်း အကြီးအကဲ၏ မျက်နှာ အရောင် ပြောင်းသွားတော့သည်။

"မြန်မြန်... ငါ့ကို ကူကြပါဦး..." သူသည် ဤတိုက်ခိုက်မှုကို မကာကွယ်နိုင်ကြောင်း ရှင်းလင်းစွာ သိလိုက်သဖြင့် ဘေးနားရှိ လူများကို ဆွဲထည့်ရန် ကြံစည်လိုက်သော်လည်း...

ဘေးနားရှိ အကြီးအကဲ နှစ်ဦးမှာ လူအ များ မဟုတ်ကြပေ။

သူတို့က အဘယ်ကြောင့် သေလမ်းသို့ တိုးဝင်ကြမည်နည်း။

သူတို့သည် ခြေရာပင် မကျန်ရစ်စေဘဲ ချက်ချင်း ပျောက်ကွယ်သွားကြလေသည်။

ဂျိချန်းဖန်၏ ဓားဆန္ဒကို တစ်ယောက်တည်း ရင်ဆိုင်ရန် သူ့ကို ထားရစ်ခဲ့ကြခြင်း ဖြစ်ချေ၏။

"သောက်ကျိုးနည်း..."

ထိုအကြီးအကဲသည် မကျေမနပ်ဖြင့် တီးတိုး ရေရွတ်လိုက်သည်။ သူသည် မိမိ၏ မှော်လက်နက်ကို အလျင်အမြန် ဆင့်ခေါ်ပြီး၊ သူ့အား သေချာစွာ ချိန်ရွယ်ထားသော ဓားဆန္ဒကို တားဆီးရန် အစွမ်းကုန် ကြိုးစားလိုက်ရသည်။

"ဒိန်း..."

နောက်တစ်ခဏတွင်...

ဓားဆန္ဒသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကြမ်းတမ်းစွာ ကျရောက်သွားကာ စူးရှကာနာကျင်နေသော အော်သံကြီးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။

တောက်ပသော ဓားအလင်းရောင်သည် ကောင်းကင်၌ ဖြာထွက်သွားပြီး ပတ်ဝန်းကျင်ရှိ လူများ၏ မျက်လုံးများကို ချက်ချင်းပင် ပြာဝေသွားစေသည်။

"ရွှပ်..."

ထိုဓားအလင်းရောင်များက တဖျပ်ဖျပ် လက်နေပြီး ကစဉ့်ကလျား ဖြစ်နေသော ဓားဆန္ဒများ ဖြင့်ကောင်းကင်တွင် ပြန့်ကြဲသွားစေ၏။

ပြန်လည် ကြည့်ရှုလိုက်ကြသောအခါ...

ကောင်းကင်ယံ၌ လူရိပ်လူယောင် မည်သည့်အရာမျှ မရှိတော့ချေ။ ကောင်းကင်မှ အပိုင်းပိုင်းအစစကြွေကျလာသည့် ကျိုးပဲ့နေသော မှော်လက်နက် အပိုင်းအစများသာ ကျန်ရစ်တော့သည်။

တစ်ခဏချင်းတွင်၊ မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ တုန်လှုပ်ချောက်ချား သွားကြသည်။

ဓားတစ်ချက်တည်းဖြင့် ရှန်ကျင်း အဆင့် ကျွမ်းကျင်သူ တစ်ဦးကို အစအနဖျောက် သတ်ဖြတ်လိုက်ခြင်းလော။

ဤအရာသည် ဟုန်လူ ဓားနတ်ဘုရား၏ စစ်မှန်သော အစွမ်းသတ္တိ ပေလော။

ကြောက်မက်ဖွယ် ကောင်းလွန်းလှပါပေသည်ပင်။

ဝတ်ရုံဖြူနှင့် လူငယ်လေးသည် လေထုထဲတွင် ရပ်တန့်နေပြီး၊ သူ၏ နောက်ကျောဘက်ရှိ မိန်းမပျိုလေးကို ရင်ခွင်ထဲသို့ ပေါ့ပါးစွာ ဆွဲသွင်းလိုက်ကာ၊ ခမောက်အောက်မှ အေးစက်သော အကြည့်ဖြင့် ကျန်ရစ်နေသော အကြီးအကဲ နှစ်ဦးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်လေသည်။

သူ၏ ရင်ခွင်ထဲတွင်...

'ရူချွန်' ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေးကသူ့ကို အရည်လဲ့နေသောမျက်လုံးများဖြင့် မော့ကြည့်နေ၏။

ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ ကြည်လင်နေသော သူမ၏ မျက်ဝန်းများတွင် အရောင်အဝါ တစ်စွန်းတစ်စ ဖြတ်ပြေးသွားပြီး၊ သူမ၏ မျက်လုံးထဲတွင် ထိုလူငယ်လေး တစ်ဦးတည်းသာ ရှိတော့သကဲ့သို့ စူးစိုက်ကြည့်နေမိတော့သည်။

"ဂလု..."

ကျန်ရစ်သော ဟဲ့ဟွမ်ဂိုဏ်း အကြီးအကဲ နှစ်ဦးမှာ တံတွေးကို မသိမသာ မျိုချလိုက်မိကြသည်။ သူတို့သည် တိတ်တဆိတ် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဆက်လက်တိုက်ခိုက်ရန် မရဲတဝံ့ ဖြစ်နေကြလေသည်။

နောက်နေသည်လော။

ဟဲ့ဟွမ်ဂိုဏ်းက သူတို့ကို တစ်နှစ်လျှင် ငွေမည်မျှ ပေးသနည်း။

ဤမျှအထိ အသက်စွန့်ရအောင် တန်ဖိုးရှိသလော။

ထို့ပြင်...

ထိုလူငယ်၏ ဓားချက် တစ်ချက်ကိုပင် သူတို့ မခံနိုင်ကြပေ။

မည်သည့်အရာနှင့် တိုက်ခိုက်ရမည်နည်း။

ဦးခေါင်းနှင့်လော။

"ဟွန်း..."

ဂျိချန်းဖန်သည် သူတို့ကို လျစ်လျူရှုကာ ကျင့်ပင်အာကို ခေါ်ဆောင်လျက် ဓားစီးလျက်တိုက်ရိုက်ပင် ထွက်ခွာသွားတော့သည်။

မည်သို့ပင်ဖြစ်စေ ရည်မှန်းချက် ပန်းတိုင်က ပြည့်မြောက်သွားပြီ ဖြစ်ချေသည်။

"ရွှပ်..."

ကောင်းကင်တွင်သွေးရောင်လွှမ်းသော အနက်ရောင် ဓားအလင်းတန်းတစ်ခု သည် လက်ခနဲ ဖြစ်ကာ ပျောက်ကွယ်သွားလေတော့၏။

ဟဲ့ဟွမ်ဂိုဏ်းမှ လူများသည် နေရာမှ မရွေ့ရဲဘဲ သူတို့ ထွက်ခွာသွားသည်ကိုသာ တိတ်ဆိတ်စွာ ငေးကြည့်နေမိကြသည်။

ခေတ္တမျှ ကြာပြီးနောက်...

ဝတ်စုံဖြူ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးသည် လူတိုင်း၏ ရှေ့မှောက်သို့ ယိမ်းနွဲ့စွာ ထွက်ပေါ်လာသည်။ သူမ၏ အသွင်အပြင်ကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

"ဂိုဏ်းချုပ်..."

အသက်ရှင် ကျန်ရစ်သော အကြီးအကဲ နှစ်ဦးသည် အံ့ဖွယ်သုံးပါး နတ်သမီး၏ ဘေးနားသို့ ရောက်လာကြပြီး၊ မျက်နှာထား များတည်ကြည်လေးနက်နေကြကာ မည်သည့်အရာကိုပြောရမှန်း မသိ ကြတော့ချေ။

အံ့ဖွယ်သုံးပါးနတ်သမီးက သူတို့ကို လျစ်လျူရှုထားလိုက်ကာ သူမ၏ အကြည့်သည် အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားသော သွေးရောင်လွှမ်း အနက်ရောင် ဓားအလင်းတန်း ဆီသို့ ရောက်နေပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေလေသည်။

"ပင်းအာ... ညည်း လွတ်လပ်သွားပါပြီ..."

အံ့ဖွယ်သုံးပါးနတ်သမီးသည် တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

မျှော်လင့်ထားသည့် အတိုင်းပင်...

အမွေအနှစ်ထဲတွင် အဖိုးတန် ဆေးဝါးအချို့ ရှိနေခဲ့သော်လည်း၊ နှစ်ပေါင်း ရှစ်ရာကျော် တိုက်စားခံရပြီးနောက် ၎င်းတို့၏ ဆေးအာနိသင်များ ကုန်ဆုံးကာ အနည်အနှစ်(ပျက်စီးသွားခြင်း)များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ချေသည်။

အံ့ဖွယ်သုံးပါးသည် လှည့်ထွက်သွားလိုက်ကာ

တစ်ချိန်တည်းမှာပင် သူမ၏ အေးစက်သော အသံသည် လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားတော့သည် -

"ငါ့အမိန့်ကို နာခံကြစမ်း... ကျင့်ပင်အာကာပြင်ပလူနဲ့ ပူးပေါင်းပြီး ဂိုဏ်းရဲ့ အမွေအနှစ်ကို ခိုးယူပြီး၊ ဂိုဏ်းပိုင် အမွေအနှစ် မှော်ရတနာ ဖြစ်တဲ့ ခရမ်းရောင် အလင်းဓားနဲ့ အတူ ထွက်ပြေးတိမ်းရှောင် သွားတယ်။ဒါ‌ကြောင့်ဒီနေ့ကစပြီး သူ့ကို ဟဲ့ဟွမ်ဂိုဏ်းသား အဖြစ်ကနေ ထုတ်လိုက်ပြီဆိုပြီး နတ်ဘုရားနယ်မြေတစ်ခုလုံးကို ကြေငြာလိုက်..."

"ဘယ်ဂိုဏ်းကတပည့်ဖြစ်စေ"

"ငါတို့ ဟဲ့ဟွမ်ဂိုဏ်းရဲ့ အမွေအနှစ်နဲ့ မှော်ရတနာကို ပြန်လည် ယူလာပေးနိုင်သရွေ့၊ သူတို့ကို အခွင့်အရေး တစ်ခု ပေးမယ်။..."ထို့နောက်ထပ်ပေါင်းထည့်ပြောလိုက်၏-

"ရှန်ကျင်းအဆင့်ကို ထိုးဖောက် ဝင်ရောက်နိုင်မဲ့ အခွင့်အရေး တစ်ခုလို့ပြောလိုက်ကြ..."

ထိုအခွင့်အရေး ဆိုသည်မှာ လုံးဝ အတုအယောင် သက်သက်သာ ဖြစ်ချေသည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့သာ မပြောခဲ့လျှင်...

ကျင့်ပင်အာသည် မိစ္ဆာဂိုဏ်းမှ စွန့်ခွာသွားကြောင်း မှာ အစစ်အမှန် ဖြစ်သည်ကို မည်သို့ သက်သေပြနိုင်မည်နည်း။

ထိုအခိုက်အတန့်တွင်...

ပတ်ဝန်းကျင်ရှိ ဟဲ့ဟွမ်ဂိုဏ်းသားများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြန်သည်။

ဤသတင်းသည် မကြာမီ အချိန်အတွင်း မြင့်မြတ်သော နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ကြီးမားသော လှုပ်ခတ်မှုကြီး ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ချေသည်ပင်။

အခန်း (၁၄၂) - အံ့ဖွယ်သုံးပါးနတ်သမီး၏ 'တာအိုအသွင်ကူးပြောင်းခြင်း' (သေဆုံးခြင်း)

တစ်လပင် မပြည့်သေးသော အချိန်ကာလအတွင်း...

ကျင့်ပင်အာသည် ပြင်ပလူနှင့် ပူးပေါင်းကာ ဟဲ့ဟွမ်ဂိုဏ်း၏ အမွေအနှစ် လျှို့ဝှက်ကျင့်စဉ်များနှင့် မှော်ရတနာများကို ခိုးယူသွားသည့် သတင်းသည် မိစ္ဆာဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ချေ၏။

နတ်ဘုရားနယ်မြေ တစ်လျှောက်ရှိ ကျင့်ကြံသူ အများအပြားပင် ဤသတင်းကို ကြားသိခဲ့ကြသည်ပင်။

ခေတ္တမျှကာလအတွင်း...

မရေမတွက်နိုင်သော မိစ္ဆာဂိုဏ်းသားတို့သည် မငြိမ်မသက် ဖြစ်လာကြသည်။

သူတို့သည် ကျင့်ပင်အာ၏ တည်နေရာကို စတင် ရှာဖွေကြပြီး သူမလက်ထဲမှ အမွေအနှစ်နှင့် မှော်ရတနာများကို သိမ်းပိုက်ရယူရန် မျှော်လင့်ခဲ့ကြသည်။

အံ့ဖွယ်သုံးပါးနတ်သမီး ကမ်းလှမ်းသော ဆုလာဘ်သည် အလွန်ပင် ရက်ရောလွန်းနေသည် မဟုတ်ပါလော။

ရှန်ကျင်း အဆင့်သို့ ထိုးဖောက် ဝင်ရောက်နိုင်မည့် အခွင့်အရေး တစ်ရပ် ပင်။

ဤကိစ္စသည် အမှန်တရား ဖြစ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ...

ကျင့်ပင်အာ ပိုင်ဆိုင်ထားသော ပစ္စည်းများကပင် သူတို့ကို လွန်စွာ လောဘတက်မိစေရန် လုံလောက်နေသည်။

'အမွေအနှစ်က တစ်ပိုင်း ထားလိုက်ဦးတော့၊ သူတို့ အမှန်တကယ် စိတ်ဝင်စားသည်မှာ ကိုး ကောင်းကင်နတ်လက်နက် - ခရမ်းအလင်းဓား ပင်တည်း။'

နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင်...

ကောင်းကင်ကိုးပါးနတ် လက်နက်ဟူသည် လက်ချိုးရေ၍ပင် ရနိုင်လောက်အောင် နည်းပါးလှ၏။

ထို့ကြောင့် ဓားလက်နက် တစ်ခု ပေါ်ထွက်လာသည့်အခါတိုင်း ကျင့်ကြံသူ လောကတစ်ခုလုံးကို ကြီးမားသော လှုပ်ခတ်မှု ဖြစ်စေပြီး၊ မရေမတွက်နိုင်သော လူများကို လှုပ်ရှားလာစေရန် ဆွဲဆောင်နိုင်သည်ပင်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဓားနတ်ဘုရား တစ်ပါး၏လက်နက်ဖြစ်သည် မဟုတ်ပါလော။

တစ်ခါ ရရှိလိုက်သည်နှင့်...

မိမိ၏ အစွမ်းသတ္တိကို မည်မျှအထိ တိုးပွားစေမည်ကို မည်သူ သိနိုင်မည်နည်း။

ဤအကြောင်းကြောင့် မိစ္ဆာဂိုဏ်းအတွင်းရှိ အချို့ ဂိုဏ်းများမှ အကြီးအကဲများပင်လျှင် ကျင့်ပင်အာ၏ သတင်းကို လျှို့ဝှက်စွာ စုံစမ်းခဲ့ကြပြီး သူမထံမှ ခရမ်းအလင်းဓားကို လိုချင်ခဲ့ကြသည်။

သို့သော် သူတို့သည် မေ့လျော့နေသောအရာတစ်ခုမှာကျင့်ပင်အာ၏ ဘေးနားတွင် လောကတစ်ခုလုံး အနှံ့ ကျော်ကြားသော ဟုန်လူ ဓားနတ်ဘုရားဆိုသည့် ဓားနတ်ဘုရား တစ်ပါး ရှိနေသည် မဟုတ်ပါလော။

ဟုန်လူ ဓားနတ်ဘုရားသည် ဓားတစ်ချက်တည်းဖြင့် နဂါးကို သတ်ခြင်း၊ ဓားတစ်ချက်တည်းဖြင့် ချီမြစ်ကို ခုတ်ပိုင်းခြင်း စသည့် စွမ်းဆောင်ရည်များသည် ပျံ့နှံ့နေပြီး၊ သူ၏ အစွမ်းသတ္တိသည် စစ်မှန်သော ရှန်ကျင်းအထွတ်ထိပ် အဆင့် ဖြစ်ကြောင်း လုံးဝ ယုံမှားနိုင်ဖွယ် မရှိချေ။

ရှန်ကျင်း အဆင့်မှ ဓားကျင့်ကြံသူ တစ်ဦး ပင်တည်း။

ထိုသို့သော ပုဂ္ဂိုလ်ကို ရင်ဆိုင်ဖူးသူများသာ သူတို့ မည်မျှ စွမ်းအားကြီးကြောင်း အမှန်တကယ် သိရှိကြပေမည်။

ဤကိစ္စနှင့် ပတ်သက်၍...

မိစ္ဆာဂိုဏ်းအတွင်းမှ အချို့သော ပုဂ္ဂိုလ်များသည် ဟုန်လူ ဓားနတ်ဘုရား၏ သရုပ်မှန် ကို ခန့်မှန်းမိပြီးပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော်...

ထိုကိစ္စသည် တကယ်တမ်း အလွန်ခန့်မှန်းရ မခက်ခဲပေ။

ပထမအချက်မှာ သာမန် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဤမျှ မြင့်မားသော အဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်သလောက် ရှိ၏။ သို့မဟုတ် ယခင်ကတည်းက မထင်ရှားဘဲ နေခြင်းမှာ မဖြစ်နိုင်ပေ။ မည်သူမျှ မယှဉ်နိုင်သော ဓားကျင့်ကြံသူ တစ်ဦးအဆင့်သို့ လွယ်ကူစွာ မည်သူမျှကျင့်ကြံနိုင်ခြင်း မရှိပေ။

အမှန်တကယ်တွင် ကျင့်ကြံမှု လမ်းခရီးတစ်လျှောက် တိုက်ပွဲများမှတစ်ဆင့် တဖြည်းဖြည်း အစွမ်းထက်လာကြခြင်းပင်ဖြစ်၏။

သာမန် ကျင့်ကြံသူများအတွက်မူ

ယူကျင်း အဆင့်ကိုး ရှိသော သာမန် ကျင့်ကြံသူများထဲတွင် အောက်ခြေမှနေ၍ တိုက်ခိုက်ပြီး တက်လာခြင်း မဟုတ်သော သူ မည်သူ ရှိပါသနည်း။

ယခု အမည်မသိ၊ နာမည်ကျော်ကြားမှု လုံးဝ မရှိခဲ့သော ရှန်ကျင်း အဆင့် သာမန် ဓားသမား တစ်ဦး ရုတ်တရက် ပေါ်လာသည်ဟု ပြောလာခဲ့လျှင်...

မည်သူက ယုံကြည်မည်နည်း။

...

မြေခွေးချီတောင် ၊ သရဲဘုရင်ဂိုဏ်း(တစ္ဆေဘုရင်ဂိုဏ်း)။

ဝမ်ရန်ဝမ်သည် သူ၏ လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ကြည့်လိုက်၏။

ခေတ္တမျှကြာပြီးနောက် သူသည် ဘေးနားရှိ မြင့်မြတ်သော သံတမန်(တမန်တော်) လေးဦးအား မျက်နှာသေဖြင့် ထိုအစီရင်ခံစာကို ပေးလိုက်သည်။

မြင့်မြတ်သော သံတမန်(တမန်တော်)လေးဦးသည် တစ်ဦးပြီးတစ်ဦး လှည့်လည် ကြည့်ရှုကြသည်။

အစီရင်ခံစာတွင် ဟဲ့ဟွမ်ဂိုဏ်း၏ မကြာသေးမီက အပြောင်းအလဲများ အပြင်၊ အံ့ဖွယ်သုံးပါးနတ်သမီး ထုတ်ပြန်ထားသော ဆုကြေးငွေ ထုတ်ပြန်ချက်များပင် ပါဝင်၏။

အဇူရာနဂါး သည် မျက်ခုံးကိုတွန့်ချိုးကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။ "ဟုန်လူ ဓားနတ်ဘုရားလား... ရှန်ကျင်း အဆင့် ဓားကျင့်ကြံသူတဲ့လား... ဒီလိုလူမျိုး တစ်ယောက် နတ်ဘုရားနယ်မြေမှာ ဘယ်အချိန်က ရုတ်တရက် ပေါ်လာခဲ့တာလဲ..."

ထိုစကားကို ကြားလိုက်သောအခါ ဝမ်ရန်ဝမ်သည် အသာအယာ ပြုံးလိုက်၏။

ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော သူသည် ပညာတတ် ပုံစံဖြင့် ထင်ရှားနေပြီး ပြောလိုက်လေသည်။ "အဇူရာနဂါး ညီအစ်ကိုက မကြာသေးခင်က တောင်နက်ကြီးထဲမှာ နတ်ဆေးဝါးတွေ စုဆောင်းနေတာမို့ နတ်ဘုရားနယ်မြေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို သိပ်မကြားမိသေးဘူး ထင်ပါတယ်။ ဒီ ဟုန်လူ ဓားနတ်ဘုရားရဲ့ သရုပ်မှန် ကို ပြောရမယ်ဆိုရင်တော့..."

"အဇူရာနဂါး ညီအစ်ကို၊ ခင်ဗျား ဘာသာ ခန့်မှန်းကြည့်လိုက်ပါဦး..."

"အခုလောလောဆယ် လမ်းမှန်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေထဲမှာ ဘယ်သူက ဒီလို အစွမ်းမျိုး ပိုင်ဆိုင်နိုင်သလဲ..."

ထိုသို့ ပြောဆိုပြီး...

ဝမ်ရန်ဝမ်သည် အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြုံးလိုက်သည်။

ဤစကားများကို ကြားလိုက်သောအခါ...

အဇူရာနဂါး သည် ခေတ္တမျှရပ်တန့်သွားကာ

သူ ခဏမျှ စဉ်းစားလိုက်သည်။ မိနစ်အနည်းငယ်ကြာသောအခါ ရုတ်တရက် သဘောပေါက်သွားသော အမူအရာကို ပြသလိုက်၏။

သေချာ စဉ်းစားကြည့်သောအခါ...

ယနေ့ လမ်းမှန်ဂိုဏ်းများ နှင့် မိစ္ဆာဂိုဏ်းများထဲတွင် မည်သည့် ဂိုဏ်း၌ ဓားကို အသုံးပြုသော ရှန်ကျင်း အထွတ်ထိပ်အဆင့် တစ်ဦး ရှိပါသနည်း။

ဓားအသုံးပြုခြင်းကို ပြောလိုက်သည်နှင့်...

ကျင်းယွမ်ဂိုဏ်းကို မတွေးဘဲ မနေနိုင်ပေ။

ကျင်းယွမ်ဂိုဏ်းဟု တွေးလိုက်သည်နှင့်...

နဂါးသတ်ဓား ၏ ယနေ့ခေတ် သခင်၊ အမှောင်ဆီးနှင်းဓား ၏ သခင်၊ သက်ရှည်ခန်းမ မှ ယွီယန်ကျီ နှင့် နဂါးကို တစ်ချက်တည်း သတ်ခဲ့သော ထိုပြိုင်ဘက်ကင်း ပါရမီရှင် - ကျင်းယွမ်မှ ဂျိချန်းဖန် ကို မတွေးဘဲ မနေနိုင်ချေ။

"ဂိုဏ်းချုပ်... သူက ဂျိချန်းဖန် လို့ ခင်ဗျား ပြောနေတာလား..." အဇူရာနဂါး သည် အံ့အားသင့်စွာ မေးလိုက်သည်။

"အတိအကျပဲ..."

ဝမ်ရန်ဝမ်သည် ခေါင်းညိတ်ကာပြောလိုက်၏။ထို့နောက် သူ၏ အကြည့်သည် မသိစိတ်ဖြင့် ယိုဂျီဘက်သို့ လှည့်ကြည့်မိသွားသည်။

ဤမြင်ကွင်းသည် အဇူရာနဂါး၏မျက်လုံး မှ လွတ်မြောက်သွားခြင်း မရှိဘဲ၊ သူသည်လည်း မသိမသာ ယိုဂျီဘက်သို့ ကြည့်လိုက်မိသည်။

ကျားဖြူတမန်တော် နှင့် လိပ်နက်တမန်တော် တို့သည်လည်း မျက်လုံးချင်း ဖလှယ်လိုက်ကြ၏။

ထို့နောက် သူတို့သည် မြင့်မြတ်သော သံတမန်လေးဦးထဲတွင် အငယ်ဆုံး ဖြစ်သူကို လှမ်းကြည့်လိုက်ကြသည်။

ယိုဂျီ - "..."

"ရှင်တို့ အားလုံး ဘာလို့ ကျွန်မကို ကြည့်နေကြတာလဲ..." အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အလှပဂေးသည် မကျေနပ်သော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်‌ချေသည်။

"အဟမ်း အဟမ်း..." အဇူရာနဂါး သည် တည်ငြိမ်စွာ ချောင်းဟန့်လိုက်ပြီး မေးလိုက်လေ၏-

"ညီမလေး... အဲဒီ ဟုန်လူ ဓားနတ်ဘုရားက တကယ်ပဲ ကျင်းယွမ်ဂိုဏ်းက ဂျိချန်းဖန်လား..."

ယိုဂျီသည် ပျက်ရယ်ပြုသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ "ဂိုဏ်းချုပ်က ပြောပြီးပြီ မဟုတ်လား။ သူပဲလေ..."

သူမ၏ လေသံမှာ အင်တင်တင်ဖြစ်နေကာ ထို‌ လေသံအထဲ၌ မကျေနပ်မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်ကို တွေ့ရ၏။

အဘယ်ကြောင့် ဖြစ်ကြောင်းကိုမူ မသိရကြပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ...

အဇူရာနဂါး နှင့် ကျန် မြင့်မြတ်သော သံတမန် သုံးဦးသည် မျက်လုံးချင်း ဖလှယ်လိုက်ကြပြီး တိတ်ဆိတ်စွာပင် သူတို့၏ အကြည့်များကို ရုပ်သိမ်းလိုက်ကြသည်။ သူတို့သည် ယိုဂျီ၏ စိတ်ခံစားချက် အခြေအနေက သိပ်မကောင်း သည်ကိုလည်း ခံစားမိကြ၏။

ထို့ကြောင့် သူတို့သည် ဘာမျှ ထပ်မံ မပြောဝံ့ကြတော့ပေ။

ဝမ်ရန်ဝမ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ငါတို့ လက်အောက်က တပည့်တွေနဲ့ အကြီးအကဲတွေကို သူတို့ဘာသာ ငြိမ်ငြိမ်‌ လေးနေခိုင်းလိုက်ပါ။ အကြောင်းမဲ့ သေလမ်းကို မရှာကြနဲ့လို့ပြောလိုက်..."

ဂျိချန်းဖန် ရှိနေသရွေ့...

ကျင့်ပင်အာသည် သူမ၏ ပိုင်ဆိုင်မှုများကို သေချာပေါက် ထိန်းသိမ်းထားနိုင်ပေမည်။ အခြားသူများ အတွက်မူ ထိုအကြောင်းကို စဉ်းစားပင် မစဉ်းစားသင့်ပေ။

ထိုနေရာကို သွားခြင်းသည် သေခြင်းကို ဖိတ်ခေါ်ခြင်းသာ ဖြစ်ချေသည်။

"ဟုတ်ကဲ့..."

မြင့်မြတ်သော သံတမန်များ တစ်ဦးပြီးတစ်ဦး ခေါင်းညိတ် လိုက်ကြသည်။

...

သရဲဘုရင်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည်...

အဆိပ်တစ်သောင်းဂိုဏ်း တွင်လည်း ဖြစ်ပေါ်နေ၏။

ဟဲ့ဟွမ်ဂိုဏ်း၏ အပြောင်းအလဲများအကြောင်း ကြားသိရပြီးနောက် ဒဏ်ရာများမှ ပြန်လည် နာလန်ထူရန် တစ်ကိုယ်တည်း ကျင့်ကြံနေသော အဆိပ်နတ်ဘုရား သည် ချင်ဝူယန် ကို ချက်ချင်း ခေါ်ယူလိုက်ကာမေးလိုက်၏။

"ဟုန်လူ ဓားနတ်ဘုရားက ကျင်းယွမ်ဂိုဏ်းက ဂျိချန်းဖန်ဆိုတာ မင်း သေချာလား..."

အဆိပ်နတ်ဘုရားက စုံစမ်းလိုက်သောအခါ

"ဆရာ့ကို သတင်းပို့ပါတယ်... တပည့် သေချာပါတယ်..." ချင်ဝူယန်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ တစ်စွန်းတစ်စ လက်သွား၏။

ချီမြစ်နားတွင် ဖြစ်ပျက်ခဲ့စဉ်က...

ဂျိချန်းဖန်သည် သူ့ကို ဖိအားများစွာ ပေးခဲ့သည်။

သူ၏ အစွမ်းသတ္တိ၊ ဓားတစ်ချက်ဖြင့် မြစ်ကို ခုတ်ပိုင်းခြင်းနှင့် ဓားတစ်ချက်ဖြင့် နဂါးကို သတ်ခြင်း... ဤအရာများကို အဆိပ်နတ်ဘုရားပင် လွယ်ကူစွာ လုပ်ဆောင်နိုင်မည် မဟုတ်ဟု ချင်ဝူရန်က ခန့်မှန်းခဲ့သည်။

သို့သော် ဂျိချန်းဖန်သည် ဓားတစ်လက်တည်းကိုသာ အသုံးပြုခဲ့ချေသည်။

ဓားတစ်လက်... နဂါးကို သတ်ခြင်း... ချီမြစ်ကို ခုတ်ပိုင်းခြင်း...

ကောင်းကင်ဘုံမှ နတ်ဘုရား အစွမ်းသတ္တိနှင့် နှိုင်းယှဉ်နိုင်ပါပေသည်။

ထိုစကားကို ကြားလိုက်သောအခါ...

အဆိပ်နတ်ဘုရားသည် ခေတ္တမျှ တိတ်ဆိတ်သွားကာ ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "ဒါဆိုရင် ငါတို့ လက်အောက်က လူတွေကို သတိပေးလိုက်ပါ။ သူတို့ဘာသာငြိမ်ငြိမ်လေး နေကြဖို့နဲ့ အချည်းနှီး အသက်တွေကို မဖြုန်းတီးပစ်ဖို့ ပြောလိုက်..."

တစ်ဦးတည်း ယွီယန်ကျီကို သတ်နိုင်သူ တစ်ဦးသည်၊ နတ်ဆိုးဂိုဏ်းမှ ထိုအကောင်ငယ်လေးများ(နတ်ဆိုးလမ်းစဥ် တပည့်များကိုပြောခြင်းပင်) ကို ကိုင်တွယ်ဖြေရှင်းရာတွင် ဓားကိုပင် ထုတ်စရာ မလိုလောက်ပေ။ ယုံမှားဖွယ်မရှိ ဂျိချန်းဖန်သည်လမ်းမှန်ဂိုဏ်းများ နှင့် မိစ္ဆာဂိုဏ်း နှစ်ခုစလုံးမှ သူ၏ ရွယ်တူများထဲမှ အထင်ရှားဆုံးသော ပါရမီရှင် ဖြစ်နေပြီ ပင်။

...

လျိုပေါ်တောင်တွင်

တစ်လကြာလာသည်နှင့်အမျှ ကျင့်ပင်အာ၏ ဟဲ့ဟွမ်ဂိုဏ်းကို သစ္စာဖောက်မှု သတင်းသည် နတ်ဘုရားနယ်မြေ၏ ကျင့်ကြံသူ လောကတစ်ခုလုံးသို့ လုံးဝ ပျံ့နှံ့သွားခဲ့လေသည်။

ဟဲ့ဟွမ်ဂိုဏ်းသည် ကျင့်ပင်အာ၏ အရပ်ဒေသကို ရှာဖွေရန် မရေမတွက်နိုင်သော တပည့်များကို စေလွှတ်ခဲ့သော်လည်း... သူတို့ မသိလိုက်ကြသည်မှာ...

သူမသည် တကယ်တမ်း ထွက်ခွာမသွားခဲ့ပေ။

သူမသည် လျိုပေါ်တောင်ပေါ်၌ ရှိနေဆဲ ဖြစ်၏။

တောင်ထိပ်ပေါ်တွင်...

မိန်းမပျိုလေးသည် 'ရူချွန်' ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ အဖြူရောင်ဂါဝန် ပေါ်တွင် ရွှေရောင် ပန်းများ ထိုးချုပ်ထားကာ လေပြေထဲတွင် ညင်သာစွာ လွင့်နေသည်။ သူမ၏ နူးညံ့သော ဆံပင်များသည် ပါးပြင်ကို လာရောက်ထိတွေ့နေပြီး မျက်ရည်များသည် တစ်စက်ပြီးလျှင်တစ်စက် တိတ်ဆိတ်စွာ ကျဆင်းလာခဲ့သည်။

ကြည့်လိုက်ပါက ထိုနူးညံ့သော မိန်းမပျိုလေး၏ မျက်နှာနုနုလေး သည် မျက်ရည်များ ရွဲစိုနေချေပြီဖြစ်၏။

သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေပြီး ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော သူမ၏ မျက်ဝန်းများသည် အဝေးတစ်နေရာကို ငေးမောကာ တိတ်ဆိတ်စွာ မျက်ရည်များ ကျနေခဲ့သည်။

"ဝုန်း..."

အဝေးတစ်နေရာရှိ ရှောင်ယောင်စမ်းချောင်း၌...

ကြီးမားသော အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ငြိမ်သက်သွားကာ ကောင်းကင်နှင့် မြေကြီးထဲသို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွားတော့သည်။ ၎င်းသည် သေဆုံးခြင်း မတိုင်မီ နောက်ဆုံး အသက်ရောင်ခြည်တစ်ခုလင်းလက်သွားသကဲ့သို့ ဖြစ် ချေ၏။

ဤသည်မှာလည်း အသက်တစ်ချောင်းအဆံုးသတ်သွားခြင်းကို ကိုယ်စားပြုပေသည်။

ဟဲ့ဟွမ်ဂိုဏ်း၏ အံ့ဖွယ်သုံးပါးနတ်သမီးသည်...

ယနေ့တွင် 'တာအိုအသွင်ကူးပြောင်းခြင်း' ဖြင့်ဆုံးပါး သွားခဲ့ပြီ ဖြစ်၏။

ဂျိချန်းဖန်သည် ကျင့်ပင်အာ၏ နောက်တွင် ရပ်လျက်၊ သူ၏ အကြည့်က ရှောင်ယောင်စမ်းချောင်းကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး စိတ်ထဲမှသက်ပြင်းချလိုက်လေသည်။

"ဒီ အံ့ဖွယ်သုံးပါးနတ်သမီးက တော်တော် ထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ..."ဟုတွေးလိုက်မိ၏။

ကျင့်ပင်အာသည် သူ့အား အရာအားလုံး ပြောပြခဲ့ပြီးဖြစ်ကာ ဂျိချန်းဖန်သည်လည်း ဤအရာအားလုံးသည် အံ့ဖွယ်သုံးပါးနတ်သမီး၏ ပရိယာယ် တစ်ခုသာ ဖြစ်ကြောင်း နားလည်ခဲ့ရသည်ဖြစ်၍ပင်။

မှတ်ချက်။ စာဖတ်သူများ

စာဖတ်အဆင်ပြေချောမွေ့စေရန်အတွက် ဟဲ့ဟွမ်းဂိုဏ်း ကို ဟဲ့ဟွမ်ဂိုဏ်းဆိုပြီး‌ေြပာင်းရေးလိုက်ပါသည်

All Chapters