အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း (၁၄၅) - တောင်ခုနစ်လုံးစီရင်ချက်၊ဟဲ့ဟွမ်မြင့်မြတ်ကျင့်စဉ်
ရှိုကျင်းခန်းမ အတွင်း
ပတ်ဝန်းကျင်ရှိ လေထုမှာ အနည်းငယ် ရှုပ်ထွေးနေပုံရသည်။
တကျူးတောင်ထွတ် မှ တပည့်များသည် စားသောက်ခြင်းကို ရပ်တန့်လိုက်ပြီး အတူတကွ စုဝေးကာ ထောင့်တစ်နေရာရှိ ကျင့်ပင်အာကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
သူတို့ မှတ်မိသည်မှန်ပါက...
သူမသည် မိစ္ဆာဂိုဏ်း၏ ဟဲ့ဟွမ်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်သင့်သည် မဟုတ်ပါလော။
သတ္တမ ညီငယ်လေးသည် မိစ္ဆာဂိုဏ်း တပည့်တစ်ဦးကို ကျင်းယွမ်ဂိုဏ်းသို့ ခေါ်ဆောင်လာခြင်းက တကယ်ပင်အဆင်ပြေပါ့မည်လော။
စုန့်ဒါရန် ၏ မျက်နှာ အမူအရာကမူ အနည်းငယ် ထူးဆန်းနေသည်။
သူသည် ကျင့်ပင်အာသည် ရှောင်ရှန်နန်းတော် မှမိန်းမပျိုမြောင်ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားပြီး ချက်ချင်းပင် အရာများစွာကို တွေးမိလိုက်သည်။
သို့သော် သူသည် ပါးစပ်စည်းစောင့်သူဖြစ်သောကြောင့် အတွင်းသတင်းအချို့ကို သိသော်လည်း နေရာ၌ပင် ထုတ်ဖော် ပြောဆိုမည် မဟုတ်ပေ။ သူသည် သူ၏ ညီငယ်များဖြင့်သာ စုဝေးကာ သူတို့၏ ဆွေးနွေးမှုများကို နားထောင်နေခဲ့သည်။
“ဟွန့်”
ထိုစဉ်၌ပင် အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
တကျူတောင်ထွတ် တပည့်များသည် တောင့်တင်းသွားကြပြီး ခေါင်းများကို သိမ်မွေ့စွာ လှည့်ကြည့်လိုက်သောအခါ စားပွဲ၏ ထိပ်တွင် ထိုင်နေသော ကျန့်ပူယီ သည် သူတို့ကို ဒေါသတကြီး ကြည့်နေသည်ကိုသာ တွေ့ရ၏။
“မင်းတို့ စားလို့ ပြီးပြီလား”
“ပြီးရင် အပြင်ထွက်ပြီး ကျင့်ကြံကြတော့”
“အား... ဟုတ်ကဲ့ပါ ဆရာ”
တာကျူတောင်ထွတ် တပည့်များသည် အလျင်အမြန် ထရပ်ကာ ထွက်ခွာသွားကြပြီးဒူးဘိုင်ရှု ကမူ ပန်းကန်များကို ရှင်းလင်းရန် ကြောက်လန့်တကြား နောက်ချန်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်
ထောင့်တစ်နေရာတွင် စူးရူ သည်လည်း ဤနေရာသည် စကားပြောရန် နေရာမဟုတ်ကြောင်း သိသောကြောင့် ကျင့်ပင်အာ၏ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး နောက်ခန်းမဘက်သို့ ခေါ်ဆောင်သွားသည်။
“ပင်အာ... ငါ မင်းကို ဒီလို ခေါ်လို့ ရမလား”
“ ဒေါ်လေးက သမီးကို လွတ်လွတ်လပ်လပ် ခေါ်လို့ရပါတယ်” ကျင့်ပင်အာ၏ အသံသည် အနည်းငယ် ဖျော့တော့နေ၏။
အဘယ်ကြောင့်ဆိုသော် သူမသည် စူးရူကို မည်သို့ ခေါ်ဝေါ်ရမည်ကို မသိသောကြောင့် ရိုးရှင်းစွာ ဒေါ်လေးဟုသာ ခေါ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ စီနီယာအကြီးအကဲ ဟု ခေါ်ဆိုခြင်းသည် အလွန် ဝေးကွာလွန်းပြီး သူမကို အလွန် အိုမင်းသွားစေသည်ဟု ထင်ရမည်ပင်။
“ကောင်းတယ် သမီးလေး” စူးရူသည် ညင်သာစွာ ပြုံးလိုက်သည်။
သူမသည် ဂျိချန်းဖန်နှင့် ကျင့်ပင်အာတို့ကို မြင်လိုက်သည့်အခိုက်အတန့်၌ အရာအားလုံးကို နားလည်သွားပြီး ဤအတွက်ကြောင့်...
သူမသည် အနည်းငယ် နောင်တရနေခဲ့သည်။
‘ငါ့ရဲ့ လင်းအာလေး သနားပါတယ်’
သို့သော် ဂျိချန်းဖန်၏ ဆရာ့ဇနီးအနေဖြင့် သူမသည် ပုဂ္ဂိုလ်ရေး ခံစားချက်များကြောင့် မည်သို့မျှလုပ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးသည် အရေးပါသောကြောင့် ဖြစ်သည်။
ထို့ကြောင့်
သူမသည် အခြေအနေကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားရမည်ဖြစ်ပြီး ကျန်ရှိသော အရာများကို ဂျိချန်းဖန် ကိုင်တွယ်ဖြေရှင်းရန်သာ ချန်ထားခဲ့ရပေမည်။
‘ဟဲဟဲ~
မဟုတ်ရင် ဘာလုပ်လို့ ရဦးမှာလဲ’
ကျန့်ပူယီသည် သူတို့နောက်သို့ လိုက်မသွားပေ။ အဘယ်ကြောင့်ဆိုသော် စူးရူသည် အချစ်ရေးရာ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် ပိုမို သင့်တော်သောကြောင့် ဖြစ်ပြီး၊ သူ့အတွက်မူ...
သူသည် ဂျိချန်းဖန်နှင့် အခြားသူများ ရောက်လာရန် စောင့်နေခဲ့သည်။
လမ်းကြုံသဖြင့် လင်းအာကိုလည်း စစ်ဆေးရန် ဖြစ်သည်။
“ရွှပ်—“
ရှိုကျင်းခန်းမ အပြင်ဘက်၌ အနီရောင် ဝတ်စုံ ဝတ်ထားသော ပုံရိပ်တစ်ခု လျင်မြန်စွာဖြတ်ပြေးသွား၏။
ကျန့်ပူယီသည် မော့ကြည့်လိုက်သောအခါ ကျန့်လင်းအာသည် တက်ကြွစွာ ပြေးဝင်လာသည်ကိုသာ တွေ့ရပြီး သူမ၏ လက်ထဲတွင် သွေးနီရောင်ရှိသော ဆံထိုးတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
“ခန်းမထဲမှာ မပြေးနဲ့...ဘာတွေဖြစ်နေတာလဲ”
ကျန့်ပူယီသည် မျက်မှောင်ကြုတ်ကာ သူမကို ဆူပူရန် ပြင်ဆင်နေစဉ်ပင် သူ၏ အကြည့်သည် ကျန့်လင်းအာ၏ လက်ထဲရှိ ဆံထိုးဆီသို့ ရောက်သွားသည်။
“ရွှပ်”
သေချာ ကြည့်လိုက်သောအခါ
သွေးနီရောင် ဆံထိုးသည် တောက်ပသော ဝိညာဉ်အလင်းကို ထုတ်လွှတ်နေကာ ထက်ရှသော ချီစွမ်းအင်တစ်ခုက လက်ခနဲ ဖြစ်ပေါ်သွားပြီး ၎င်းသည် များစွာသော အစွမ်းသတ္တိကို ပိုင်ဆိုင်သည့် အဆင့်မြင့် မှော်ရတနာ တစ်ခုဖြစ်ကြောင်း ဖော်ပြနေကာ၊ ကိုးကောင်းကင် နတ်ဓားထက် အနည်းငယ်သာ နိမ့်ကျလိမ့်မည်သာ။
ဤမြင်ကွင်းကို မြင်လိုက်သောအခါ
ကျန့်ပူယီ၏ မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင် တစ်စွန်းတစ်စ လက်သွား၏။
သူ၏ စိတ်ထဲတွင် သေချာနေချေပြီ
ဤဆံထိုးငယ်လေးသည် အဆင့်သတ်မှတ်ချက်အရ သူ၏ မှော်ရတနာဖြစ်သော ချီယန် နတ်ဓား နှင့် အဆင့်ချင်း တူညီနိုင်ပြီး ကိုးကောင်းကင် နတ်ဓားပြီးနောက် ဒုတိယ အဆင့်ခေါ်၍ပင်ရ၏။
“လင်းအာ... သမီးရဲ့ ဆံထိုး...”
ကျန့်ပူယီ၏ သည် ကျန့်လင်းအာ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို ကြည့်လိုက်ပြီး မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ဆိုသည်ကို ခန့်မှန်းကြည့်မိလိုက်၏။
“ရွှပ်—“
ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ကျန့်လင်းအာနောက်မှလိုက်ကာ ခန်းမအပြင်ဘက်မှ ဝင်လာသည်။
“ဆရာ” ဂျိချန်းဖန်သည် ကျန့်ပူယီကို ဦးညွှတ်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ဆံထိုးက တပည့်က ညီမလေးကို ပေးတဲ့ လက်ဆောင်ပါ”
“မကြာသေးခင်က အပြင်ထွက်တုန်းက တပည့်က ချီရွှမ်းကျောက်စ တစ်ခုကို မတော်တဆ ကောက်ရခဲ့ပြီး၊ အဲဒါကို အသုံးပြုပြီးတော့ဓားတစ်ချောင်းလုပ်ခဲ့တယ်။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ ညီမလေးအတွက် ဆံထိုးလုပ်ဖို့ အသုံးပြုခဲ့တာပါ...”
ထိုစကားကို ကြားလိုက်သောအခါ ကျန့်ပူယီသည် ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။
ချီရွှမ်းကျောက်စ ဟုတ်သလော။
‘အဖေ လှရဲ့လားဟင်’
ကျန့်လင်းအာသည် ဆံထိုးကို ယူပြီး သူမ၏ ဆံပင်ထဲသို့ ထိုးထည့်လိုက်၏။ မှိန်ဖျော့ကာသွေးနီရောင်ဖြစ်နေသောအလင်းသည် သူမ၏ အနီရောင် ဝတ်စုံနှင့် တွဲဖက်လိုက်သောအခါ အထူးတလည် လိုက်ဖက်နေသည်။ ကျန့်ပူယီက စနောက်သောလေသံဖြင့်ပြောလိုက်သည်။
“သွား သွား... မင်း အမေကို သွားပြလိုက်ဦး”
“အွန်း အွန်း အွန်း ~” ခေါင်းညိတ်လိုက်ပြီးနောက်ကျန့်လင်းအာသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အဖေ... အမေ ဘယ်မှာလဲ”
ကျန့်ပူယီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဂျိချန်းဖန်ကို လှည့်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “သူက နောက်ဖေးမှာ အဲ့ဒီ မိန်းကလေးနဲ့ စကားပြောနေတယ်”
ထိုစကားကိုကြားသောအခါ ကျန့်လင်းအာသည် ခေတ္တမျှ တုံ့ဆိုင်းသွား၏။ထို့နောက်သူသည် “ကျွန်မ သွားကြည့်လိုက်ဦးမယ်”ဟုပြောကာထွက်သွား၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ
ဂျိချန်းဖန် သက်ပြင်းချလိုက်သည်။
‘အနည်းဆုံးတော့ ညီမလေးနဲ့ ပြဿနာကတော့ ဖြေရှင်းပြီးသွားပြီပဲ။’
“ခုနစ်လေး”
ကျန့်ပူယီသည် ဖြည်းညှင်းစွာ ပြောလိုက်၏။
“ဆရာ... တပည့် ဒီမှာပါ” ဂျိချန်းဖန်သည် ဦးညွှတ်လိုက်ကာဖြေလိုက်၏။ထိုအခါ ကျန့်ပူယီကမေးလိုက်သည်။
“အဲ့ဒီ မိန်းကလေးနဲ့ ဘာတွေ ဖြစ်ခဲ့တာလဲ”
ကျန့်ပူယီသည် နက်ရှိုင်းသော အသံဖြင့် မေးလိုက်သည်။
သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ကျင့်ပင်အာသည် ဟဲ့ဟွမ်ဂိုဏ်း၏ ဆွဲဆောင်မှု နည်းစနစ်များကို ကျင့်ကြံထားကြောင်း မြင်ရန် မခက်ခဲပေ။
ထို့အပြင်...
ဟုန်လူ ဓားနတ်ဘုရား၏ အလှပဂေး တစ်ဦးအတွက် ဒေါသထွက်ခြင်း ဇာတ်လမ်းသည် နတ်ဘုရားနယ်မြေ တစ်လျှောက်လုံး ပျံ့နှံ့နေပြီး ကျင်းယွမ်ဂိုဏ်းမှ လူများသည်လည်း အနည်းငယ် သိရှိထားကြသည်။
ဂျိချန်းဖန်သည် အနည်းငယ် စဉ်းစားလိုက်သည်။
သူသည် မည်သည့်အရာကိုမျှ မဖုံးကွယ်ထားဘဲ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်ပြောပြခဲ့သည်။
ဟုတ်ပါတယ်... သူသည် ကျင့်ပင်အာသည် ဟဲဟွမ်မြင့်မြတ်ကျင့်စဉ် ကို ကျင့်ကြံထားပြီး လမ်းလွဲသွားသော မိစ္ဆာဂိုဏ်းသားများနှင့် မတူကြောင်းကိုလည်း အလေးထား ပြောကြားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျင်းယွမ်ဂိုဏ်း၏ တရားမျှတသော လမ်းစဉ်နှင့် မိစ္ဆာဂိုဏ်း လမ်းစဉ် အယူအဆသည် အလွန် ပြင်းထန်သောကြောင့် ဖြစ်သည်။
ပိယောင်ကို ဥပမာယူကြည့်လျှင်
သူမသည် သရဲဘုရင်ဂိုဏ်း၏ ဂိုဏ်းချုပ်သမီး ဖြစ်ရာ သူမ၏ နာမည်ကို ရှင်းလင်းရန် နည်းလမ်း မရှိပေ။ ထို့ကြောင့်...
ကျင်းယွမ်ဂိုဏ်းမှ လူများသည် မသိစိတ်ဖြင့် သူမ၏ တည်ရှိမှုကို လျစ်လျူရှုထားကြသည်။ ပိယောင်နှင့် ဂျိချန်းဖန်တို့ကြား ဆက်ဆံရေးကို မသိဟန်ဆောင်သကဲ့သို့ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်
ထိုအချိန်က ကျူးရှန်ဓားချက် အောက်တွင်
ထို အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေးသည်လည်း တုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့သို့ ပြေးဝင်ခဲ့သည်။ ဤဖြစ်ရပ်ကို တရားမျှတသော လမ်းစဉ်နှင့် မိစ္ဆာဂိုဏ်း လမ်းစဉ် နှစ်ခုစလုံးက မြင်တွေ့ခဲ့ကြပြီး သူတို့သည် ဘာမှ မပြောနိုင်ကြပေ။
ဂျိချန်းဖန် ပြောသမျှ အားလုံးကို နားထောင်ပြီးနောက်
ကျန့်ပူယီ၏ မျက်နှာပေါ်ရှိ လေးနက်မှု ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“ဒါဆို သူက ဟဲ့ဟွမ် မြင့်မြတ်ကျင့်စဉ်ကို ကျင့်ကြံတာလား... ဒါဆိုရင် အဆင်ပြေပါတယ်” ထျန်းပူယီသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဤအခွင့်အရေးကို အရယူကာ
ဂျိချန်းဖန်သည် ကျင့်ပင်အာ၏ ဟဲ့ဟွမ် ဂိုဏ်းကို ပြန်လည် တည်ထောင်ရန် ကြိုးပမ်းမှုကို လျင်မြန်စွာ ပြန်ပြောပြခဲ့၏။
ထိုစကားကို ကြားလိုက်သောအခါ ကျန့်ပူယီ၏ မျက်လုံးများ အနည်းငယ် မှိတ်တုတ် မှိတ်တုတ် ဖြစ်သွားသည်။
“ဒီကိစ္စကို ဂိုဏ်းချုပ်နဲ့ ဆွေးနွေးဖို့ လိုအပ်မယ် ထင်တယ်။ ဆရာကတော့ ကန့်ကွက်စရာ မရှိပါဘူး...”
ဂျိချန်းဖန်သည် ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဆရာ... ဆရာ ကန့်ကွက်စရာ မရှိရင် ရပါပြီ”
တကျူးတောင်ထွတ်တွင် ကန့်ကွက်စရာ မရှိ၊ လုံရှို့တောင်ထွတ် သည် သူတို့လူများ ဖြစ်သည်၊ တုံးထျန်းတောင်ထွတ် တွင် သူက ဆုံးဖြတ်ခွင့် ရှိသည်၊ ဖန်ဟွေ့တောင်ထွတ်တစ်ဝက်ခန့် သည်လည်း သူတို့လူများ ဖြစ်သည်၊ ချောင်ယန်တောင်ထွတ် သည် အခြေခံအားဖြင့် ငြင်းပယ်မည် မဟုတ်၊ ရှောင်ကျူးတောင်ထွတ်...
‘အဟမ်း အဟမ်း’
‘တကယ်လို့ အဆင်မပြေဘူးဆိုရင် သိုင်းအစ်မကြီး ရွှေယွဲ့ နဲ့ သွားဆွေးနွေးရုံပဲ’
တကယ်တမ်း ရိုးရိုးသားသား ပြောရလျှင်
ဟဲ့ဟွမ်မြင့်မြတ်ကျင့်စဥ် ကို တည်ထောင်ခြင်းသည် ကျင်းယွမ်ဂိုဏ်းအတွက် အကျိုးရှိမည်သာ ဖြစ်ပြီး အန္တရာယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော်...
ကျင့်ပင်အာသည် ဟဲ့ဟွမ်ဂိုဏ်းအသစ် ကို ပြန်လည် တည်ထောင်လိုပါက ကျင်းယွမ်ဂိုဏ်း၏ အကူအညီ မပါဘဲ လုပ်နိုင်မည် မဟုတ်ပေ။
အခြားနည်းဖြင့် ပြောရလျှင်
ကျင်းယွမ်ဂိုဏ်းသည် တရားမျှတသော လမ်းစဉ် ဂိုဏ်းတစ်ခု(လမ်းမှန်ဂိုဏ်းတစ်ခု)၏ မွေးဖွားခြင်းကို တစ်ဦးတည်း ထောက်ပံ့ပေးမည် ဖြစ်သည်။
ပြီးလျှင်ထိုဂိုဏ်း၏ ဂိုဏ်းချုပ်က
ကျင်းယွမ်ဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ်၏ အမျိုးသမီး ဖြစ်နေဦးမည် ဖြစ်၏။
ထို့ကြောင့်ကျင်းယွမ်ဂိုဏ်းအတွက်အကျိုးအမြတ်များသာ ရှိသည်။
အားနည်းချက်များကိုစဉ်းစားရလျှင်။
နောက်ထပ် နှစ်ရှစ်ရာခန့် အထိ အားနည်းချက်များ မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဂျိချန်းဖန်သည် တိုင်ကျင်း အဆင့်သို့ ထိုးဖောက် ဝင်ရောက်နိုင်မည်မှာ သေချာနေပြီး အသက် ၈၀၀ ရှည်မည်မှာ သေချာပါသည်။
သူ ရှိနေသရွေ့ ဟဲ့ဟွမ်ဂိုဏ်းအသစ်သည် ကျင်းယွမ်ဂိုဏ်းနှင့် အမြဲတမ်း တစ်ဖက်တည်းတွင် ရှိနေမည် ဖြစ်သည်။
ထို့ကြောင့်ဤကိစ္စသည် အခြေခံအားဖြင့် မခက်ခဲပေ။ကျင့်ပင်အာကို တုန်းထျန်းတောင်ထွတ်သို့ ခေါ်ဆောင်သွားပြီး လာမည့် ဂိုဏ်းခုနစ်ခု၏ စစ်ဆေးဆုံးဖြတ်မှုကို ကိုင်တွယ်ဖြေရှင်းရန်သာ ဖြစ်သည်။
အခန်း (၁၄၆) - ရွှမ်ချာဂိုဏ်း၏ ဂိုဏ်းချုပ်... ကျင့်ပင်အာ
မကြာမီမှာပင်
စူးရူသည် ကျင့်ပင်အာ၊ ကျန့်လင်းအာတို့နှင့်အတူ နောက်ဖေးမှ ထွက်လာသည်။
မိန်းကလေး နှစ်ဦးသည် သူငယ်ချင်းအရင်းများကဲ့သို့ လက်ချင်းချိတ်ကာ တီးတိုးပြောနေကြပြီး တစ်ယောက်ကို တစ်ယောက် မှီတွယ်နေကြသည်။ တကယ်တမ်း ထိုအရာက သူတို့၏ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။
ဤအခြေအနေနှင့် ပတ်သက်ပြီး...
ဂျိချန်းဖန် အနည်းငယ် အံ့သြသွားသည်။
သို့သော် သူ သိပ်ပြီး စူးစမ်းလိုစိတ် မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ပင်အာတွင် သူမ၏ ကိုယ်ပိုင် နည်းလမ်းများ ရှိပြီး ကျန့်လင်းအာနှင့် အဆင်ပြေအောင် ပေါင်းသင်းရန်မှာ သိပ်မခက်ခဲလှပေ...
တကယ့် စိန်ခေါ်မှုက လုရွှယ်ချီ ဖြစ်သည်။
လုရွှယ်ချီ က တခြားသူများနှင့် မတူပေ။
သူမ၏ စိတ်နေသဘောထားက အေးစက်ပြီး အထူးသဖြင့် ခေါင်းမာသည်။ ဘယ်ကိစ္စမဆို မူဝါဒ တစ်ခုအပေါ် စွဲမြဲနေတတ်ပြီး လူတစ်ယောက်ကို အသိအမှတ်ပြုလိုက်ပြီ ဆိုပါက...
သူမသည် တစ်သက်လုံး လက်လွှတ်မည် မဟုတ်ပေ။
သူမကထိုကဲ့သို့ ထူးခြားတဲ့ လူတစ်ယောက် ဖြစ်သည်။
'ပြိုင်ဘက်ကင်းပြီး လွတ်လပ်သောသူပင်'
လုရွှယ်ချီနှင့် ရင်ဆိုင်ရချိန်တွင် ကျင့်ပင်အာ၌ ရွေးချယ်စရာ တစ်လမ်းသာ ရှိသည်။ အလျှော့ပေးလိုက်ရန် ဖြစ်သည်။ သို့သော် လုရွှယ်ချီက သူမကို လက်ခံရန် ဆန္ဒမရှိပါက...
ကျင့်ပင်အာအတွက် ဘာမှ လုပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထို့ကြောင့် ကျန်သည့် ကိစ္စများက ဂျိချန်းဖန်အပေါ်မှာ မူတည်နေသည်။
'ငါ ရွှယ်ချီကိုကို ချော့မော့နိုင်ပါ့မလား'
"ဟူး..."
"သူ အခုထိ တံခါးပိတ် ကျင့်ကြံနေတုန်း ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ..."
ဂျိချန်းဖန် စိတ်ထဲမှ ဆုတောင်းလိုက်သည်။
'ဖြေရှင်းနည်း တစ်ခု စဉ်းစားဖို့ သူ့ကို အချိန် နည်းနည်းလောက် ပိုပေးပါဦး'
'ကျေးဇူးပြုပြီး သွေးချောင်းစီးတဲ့ ရန်ပွဲမျိုး မဖြစ်ပါစေနဲ့'
'သူ တကယ်ပဲ မိုးကြိုးအပစ် မခံချင်ပါဘူး။'
'ရွှယ်ချီရဲ့ ပါးရိုက်တာကို ခံရတာကမှ တော်ပါသေးတယ်'
" ဂျိချန်းဖန်... ပင်အာ ပြောစကားအရ မင်းက သူ့ကို ဂိုဏ်းချုပ်ကြီးဆီ ခေါ်သွားဖို့ စီစဉ်နေတာလား" စူးရူက ညင်သာစွာ မေးလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာကတော်"
ဂျိချန်းဖန် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
ကျင့်ပင်အာသည် ဘေးတွင် ဣဒ္ဒြေရှိရှိရပ်နေကာ စဉ်းစားနေ၏။လက်ရှိ ကျင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် အထက်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် နှစ်ခုစလုံးတွင် ယနေ့ခေတ်၏ တစ်ဦးတည်းသော တိုင်ကျင်း အဆင့် ပညာရှင်။
သူမကို တကယ်ပဲ လက်ခံပါမည်လော။
ကျင့်ပင်အာ၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော အထက် လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်တို့၏ တိုက်ပွဲကြီး ဖြစ်ပွားပြီးကတည်းက တာအိုရွှမ်း ၏ ဂုဏ်သတင်းသည် လမ်းစဉ်နှစ်ခုလုံးတွင် လုံးဝ ထင်ရှားနေခဲ့သည်။ ချင်းယီအင်မော်တယ် ပြီးနောက် နောက်ထပ် ပေါ်ထွက်လာသော တိုင်ကျင်း အဆင့် ပညာရှင်...
မည်သူက သူ့ကို ယှဉ်နိုင်မည်နည်း။
ဂျိချန်းဖန်သည် ကျင့်ပင်အာ၏ စိုးရိမ်မှုကို သတိထားမိလိုက်ပြီး သူမကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ "မပူပါနဲ့... ဂိုဏ်းချုပ်ကြီးက သိပ်ကို သဘောကောင်းတဲ့ လူတစ်ယောက်ပါ"
ကျန့်လင်းအာ - 'ငါကတော့ အဲ့လို မထင်ပါဘူး'
ယူကျင်းခန်းမ တွင် ဖြစ်ပျက်ခဲ့သော ပေါက်ကွဲမှုကြီး ဖြစ်ပြီးကတည်းက ကျင်းယွမ်ဂိုဏ်းမှ တပည့်များ အားလုံးလိုလိုသည် တာအိုရွှမ်း ကို ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့သည်။ သူတို့က ထိုအရာသရုပ်ဆောင်မှု တစ်ခုဆိုတာ မသိကြ၍ဖြစ်၏။
"ဆရာ၊ ဆရာကတော်... ကျွန်တော်တို့အားလုံး တုန်းထျန်းတောင်ထွတ်ကို အတူတူ သွားကြရင် မကောင်းဘူးလား" ဂျိချန်းဖန်က အကြံပြုလိုက်သည်။
မျှော်လင့်မထားသော အရာများ မဖြစ်ပေါ်လာပါက...
မကြာမီတွင် တောင်ထွတ်ခုနစ်လုံး စစ်ဆေးဆုံးဖြတ်မှု ကို ကျင်းပတော့မည် ဖြစ်သည်။
အခုကတည်းက တန်းသွားလိုက်တာ ပိုမကောင်းဘူးပေလော။
ထိုစကားကို ကြားသောအခါ ကျန့်ပူယီနှင့် သူ့ဇနီးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီလေ"
စူးရူသည် ကျင့်ပင်အာကို ဆွဲခေါ်လိုက်ပြီး ပြုံးလျက် ပြောသည်။ "ကျင့်ပင်အာ... မကြောက်ပါနဲ့၊ တို့တွေ အတူတူ သွားကြမယ်"
ထိုစကားကို ကြားလိုက်သောအခါ
ကျင့်ပင်အာ၏ ရင်ထဲ နွေးထွေးသွားပြီး ပြတ်သားစွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒေါ်လေး"
"ဘာလို့ ဒေါ်လေးလို့ ခေါ်နေသေးတာလဲ" စူးရူ၏ ကျက်သရေရှိပြီး လှပသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ သူမသည် ကျန့်လင်းအာကို တစ်ချက်ကြည့်လိုက်ပြီး ကျင့်ပင်အာကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်းက ဂျိချန်းဖန်နဲ့ အတူတူပဲလေ"
"ငါ့ကို ဆရာကတော် လို့ ခေါ်ပါ"
"ရှင်" ကျင့်ပင်အာ၏ လှပသော မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။
သူမ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ပြီး မျက်နှာပေါ်တွင် ရှက်သွေးဖြာနေသည်။ အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် တိုးတိုးလေး ခေါ်လိုက်သည်။
"ဆရာကတော်~"
"အေးကွယ် လိမ္မာတဲ့ ကလေးလေး" စူးရူ ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပင်
ကျင့်ပင်အာသည် သူမ၏ မျက်လုံးများကို ဂရုတစိုက် မော့ကြည့်ကာ ကျန့်ပူယီကို ကြည့်လိုက်ပြီး ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခေါ်လိုက်သည်။
"ဆရာ"
"အင်း..." ထျန်းပူယီသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ရာ အလွန် အားကိုးရမည့် ပုံစံမျိုး ပေါက်နေ၏။
ဂျိချန်းဖန်သည် သူ့ရှေ့မှ မြင်ကွင်းကို တွေးတောလျက် ကြည့်နေသည်။
သူ့ဆရာရဲ့ ကျင့်ကြံမှုက မကြာသေးမီက တိုးတက်မှုအချို့ ရှိခဲ့ပုံရပါသည်။ကောင်းကင် ကျမ်းစာအုပ် နှစ်အုပ်ရဲ့ အကူအညီနဲ့ ဆိုလျင် တိုင်ကျင်း အဆင့်ကို ရောက်ဖို့ နှစ်ပေါင်းများစွာ ကြာတော့မှာဟုတ်တော့ပါချေ။
"သွားကြစို့"
ကျန့်ပူယီသည် သူ၏ မှော်ရတနာကို ဆင့်ခေါ်လိုက်သည်။
ထို့နောက် တုန်းထျန်းတောင်ထွတ်သို့ သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကျန့်လင်းအာသည် ရုတ်တရက် ရှေ့သို့ တိုးလာပြီး နှုတ်ခမ်းဆူလျက် ပြောလိုက်သည်။ "အဖေ၊ အမေ... သမီးလည်းတုန်းထျန်းတောင်ထွတ်ကို လိုက်ချင်တယ်"
ထိုစကားကို ကြားသောအခါ ထျန်းပူယီနှင့် ဇနီးသည်တို့ မျက်မှောင်ကြုတ်လိုက်ကြသည်။
'ငါတို့က အရေးကြီးကိစ္စအတွက် တုန်းထျန်းတောင်ထွတ်ကို သွားကြမှာလေ၊ မင်းက ဘာလို့ အပျော်လိုက်ချင်နေရတာလဲ။'
သူ စကားမပြောနိုင်ခင်မှာပင်
ကျင့်ပင်အာက သတိထားပြီး ပြောလိုက်သံကို ကြားလိုက်ရသည်။ "ဆရာ... ဆရာကတော်၊ ညီမလေး လင်းအာကိုလည်း လိုက်ခွင့် ပြုလိုက်ပါလားဟင် ကျွန်မ... ကျွန်မ တစ်ယောက်တည်းဆို နည်းနည်း ကြောက်လို့ပါ"
ထိုစကားကို ကြားလိုက်သောအခါ
ထျန်းပူယီနှင့် ဇနီးသည်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
နောက်ဆုံးတွင် သူတို့ ခေါင်းညိတ်လိုက်ကြသည်။
"ရေး" ကျန့်လင်းအာသည် ရှေ့သို့ ပြေးထွက်သွားပြီး ကျင့်ပင်အာ၏ လက်ကို ကိုင်ကာ တိုးတိုးလေး ပြောနေသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရသော
ဂျိချန်းဖန်သည် ကျင့်ပင်အာကို ပြုံးပြလိုက်ပြီး တွေးလိုက်သည်။
'ဟန်ဆောင်ကောင်းလိုက်တဲ့ မိန်းကလေး၊ ညီမငယ်လေးကို သူ့လက်ချောင်းတွေ ကြားထဲမှာ လုံးဝ ထိန်းချုပ်ထားနိုင်ပြီပဲ'
ကျင့်ပင်အာသည် ဂျိချန်းဖန်၏ အကြည့်ကို သတိထားမိလိုက်၏။ထိုအခါ သူမ၏ လှပသော မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။
ဘဝမှာ မည်သူက သရုပ်ဆောင် စွမ်းရည် နည်းနည်းပါးပါး မလိုအပ်ဘဲ နေမည်နည်း။
"ရွှပ်—"
ဓားအလင်းတန်း လျှပ်ခနဲ လက်သွားပြီး ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လူအုပ်ကြီးသည် တုံးထျန်းတောင်ထွတ်သို့ ရောက်ရှိသွားကြ၏။
သူတို့သည် ယူကျင်းခန်းမတွင် ခဏစောင့်ဆိုင်းနေကြပြီး မကြာမီမှာပင် အစိမ်းရောင် ရင့်ရင့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော တာအိုရွှမ်း သည် ပင်မ ခန်းမဆောင်ထဲသို့ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်ကြီး" ကျန့်ပူယီနှင့် ဇနီးသည်တို့ ဦးညွှတ်လိုက်ကြသည်။
ဂျိချန်းဖန်သည်လည်း ကျင့်ပင်အာကို ဆွဲကာအထက်လမ်းစဉ်၏ နံပါတ်တစ် ပုဂ္ဂိုလ်အား ချက်ချင်း ဦးညွှတ်လိုက်သည်။
"တပည့် ဂျိချန်းဖန်... ဂိုဏ်းချုပ် ကို ဂါရဝပြုပါတယ်"
"ဂါရဝပြုပါတယ် ဂိုဏ်းချုပ်" ကျင့်ပင်အာသည် အနည်းငယ် ထိန်းသိမ်းစွာဖြင့် ဦးညွှတ်လိုက်သည်။
ကျန့်လင်းအာသည် သူမဘေးတွင် ရပ်နေပြီး သူမ၏ အမူအရာသည်လည်း အနည်းငယ် ရိုသေလေးစားမှု ရှိနေကာ ဤ ဂိုဏ်းချုပ် ဦးလေးကြီးကို အတော်လေး ကြောက်ရွံ့နေကြောင်း သိသာထင်ရှားသည်။
"ညီငယ် ကျန့်၊ ညီမလေး စူး... ရိုသေနေစရာ မလိုပါဘူး"
တာအိုရွှမ်းသည် လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်။
ထို့နောက် သူ၏ အကြည့်သည် ကျင့်ပင်အာအပေါ်သို့ ကျရောက်သွားပြီး အံ့သြမှု အရိပ်အယောင် တစ်စွန်းတစ်စ သူ၏ မျက်လုံးများတွင် ပေါ်လာသည်။
'အိုဟို...သူ တကယ်ကြီး ခေါ်လာတာပဲ'
တာအိုရွှမ်းသည် ဂျိချန်းဖန်ကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။ ' မင်း မဆိုးဘူးပဲ ကောင်လေး၊ မင်းရဲ့ အသုံးမကျတဲ့ ဆရာဝမ်ထက် အများကြီး ပိုပြီး သတ္တိရှိတာပဲ' ဟု ပြောနေသကဲ့သို့ပင်။
"ဂိုဏ်းချုပ် ကြီး"
ဂျိချန်းဖန်သည် တာအိုရွှမ်း၏ မျက်လုံးများထဲရှိ အပြုံး၏ အဓိပ္ပာယ်ကို သိပ်နားမလည်သောကြောင့် ချက်ချင်း ရှေ့သို့ တိုးကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည် ပြောပြလိုက်သည်။
ဟုတ်ပါသည်။
ရှေးဟောင်း စုန်းကျမ်း ကိစ္စကိုတော့ ချန်လှပ်ထားခဲ့သည်။အဘယ်ကြောင့်ဆိုသော် ၎င်းသည် လျှိုဟော်ကြေးမုံ နှင့် ပတ်သက်နေပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုရန် မကောင်းသောကြောင့် ဖြစ်သည်။
တာအိုရွှမ်းသည်လည်း ပါးနပ်သော လူတစ်ယောက် ဖြစ်၏။
ဂျိချန်းဖန်၏ စကားများတွင် လွတ်နေသည့်နေရာအချို့ ရှိနေသည်ကို ကြားသိရသော်လည်း နှုတ်ဆိတ်နေခဲ့ပြီး တိုက်ရိုက် မမေးမြန်းဘဲ နောက်မှ အသေးစိတ် စုံစမ်းရန် ရည်ရွယ်ထားလိုက်သည်။
ကျင့်ပင်အာသည် ဟဲ့ဟွမ်မြင့်မြတ် ကျင့်စဉ်ကို ကျင့်ကြံနေကြောင်း နှင့် ကျင်းယွမ်ဂိုဏ်း၏ ထောက်ပံ့မှုဖြင့် ဟဲ့ဟွမ်ဂိုဏ်းသစ် ရွှမ်းရှာ ဂိုဏ်း ကို ပြန်လည် တည်ထောင်လိုကြောင်း သိရသောအခါ တာအိုရွှမ်းသည် ချက်ချင်းပင် သဘောတူကြောင်း အမူအရာကိုပြသခဲ့ပြီး ဤကိစ္စကို ဆွေးနွေးရန် တောင်ထွတ်ခုနစ်လုံး စစ်ဆေးဆုံးဖြတ်မှု ပြုလုပ်ရန် ပြင်ဆင်လိုက်၏။
ရိုးရိုးသားသား ပြောရလျှင်
ဤကိစ္စနဲ့ ပတ်သက်ပြီး တွန့်ဆုတ်နေစရာ မရှိပါချေ။အနာဂတ်မှာ ဂိုဏ်းချုပ် ရာထူးက ဂျိချန်းဖန်ဆီ ရောက်သွားမှာ ဖြစ်ပြီး၊ ရှောင်ကျူးတောင်ထွတ် ရဲ့ အနာဂတ် ခေါင်းဆောင်က ဂိုဏ်းချုပ်ကတော် ဖြစ်လာမယ်။ တကျူးတောင်ထွတ် ရဲ့ ခေါင်းဆောင်ကလည်း သူတို့လူပဲ။ လုံးရှို့တောင်ထွတ်၊ ချောင်ယန်တောင်ထွတ်၊ ဖန်ဟွေ့တောင်ထွတ်အားလုံးက သူတို့လူတွေချည်း ဖြစ်နေတော့မည်ပင်။
ဒီအချိန်မှာ ဟဲ့ဟွမ်မြင့်မြတ်ဂိုဏ်း ရွှမ်းရှာ ရဲ့ အကူအညီပါ ရရှိထားမယ် ဆိုလျှင်ကျင်းယွမ်ဂိုဏ်းက ကမ္ဘာလောကကို လွှမ်းမိုးဖို့ အလားအလာ ရှိနေပြီ ဖြစ်သကဲ့သို့ဂိုဏ်းတစ်ခုတည်းမှာ တိုင်ကျင်းအဆင့် ပညာရှင် သုံးဦးတောင် ရှိလာနိုင်တာကို ထည့်မပြောလျှင်တောင်မှ ပြိုင်ဘက်ကင်းနေပြီဖြစ်၏။
တကယ်တမ်းတော့ တာအိုရွှမ်က အနည်းငယ် လျှော့တွက်ထားခြင်းသာ ဖြစ်သည်။
ဂိုဏ်းတစ်ခုတည်းမှာ တိုင်ကျင်း အဆင့် ပညာရှင် သုံးဦးထက်မက ရှိလာနိုင်သေးသည်။
ဂျိချန်းဖန် တိုင်ကျင်း အဆင့်သို့ ထိုးဖောက် ဝင်ရောက်ခြင်းသည် အချိန်တစ်ခုသာကြာမည် ဖြစ်သကဲ့သို့ကျန့်ပူယီသည်လည်း ရှန်ကျင်း ထိပ်ဆုံးအဆင့်သို့ တိတ်တဆိတ် ကျင့်ကြံရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားလာသော(ကျင့်စဥ်ပါမြန်လာခြင်း)ချန်စုန့် ပါ ပေါင်းလိုက်လျှင်...
အနာဂတ်တွင် ဂိုဏ်းတစ်ခုတည်း၌ တိုင်ကျင်း အဆင့် ပညာရှင် ငါးဦးတောင် ရှိလာနိုင်သည်ပင်။
ထိုအရာ တခြား မျိုးဆက်တူ ကျင်းယွမ် တပည့်များကို ထည့်မတွက်ထားသေးပါချေ။
အနည်းဆုံးတော့ လောလောဆယ်တွင်
ကျင်းယွမ်ဂိုဏ်း၏ စည်ပင်ဝပြောမှုသည် ၎င်း၏ အလားအလာကို ပြသနေပြီ ဖြစ်သည်။
"မိန်းကလေး... လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာက ရွှေခေါင်းလောင်းသခင်မ ကို ငါ သိပ်လေးစားတယ်။ ဟဲ့ဟွမ်ဂိုဏ်း ကို ပြန်လည် တည်ထောင်မယ့် အပေါ် မင်းရဲ့ အကြံဉာဏ်က ဘယ်လိုရှိလဲ"
"ဥပမာ... နာမည်ပေါ့"
တာအိုရွှမ်းက ညင်သာစွာ ပြောလိုက်သည်။
ခဏတာမျှ ယူကျင်းခန်းမရှိ လူတိုင်းသည် သူမဘက်သို့ အကြည့်ရောက်သွားကြသည်။
ကျင့်ပင်အာ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။
မိန်းကလေးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ စိတ်လှုပ်ရှားနေသော ခံစားချက်များကို ငြိမ်သက်အောင် ပြုလုပ်လိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် သူမ ပြောလိုက်သည်။
"ရွှမ်ချာဂိုဏ်း "
"ဟဲ့ဟွမ်မြင့်မြတ်ဂိုဏ်းသစ် ရဲ့ နာမည်က ရွှမ်ချာဂိုဏ်း ဖြစ်လာပါလိမ့်မယ်"
ထိုစကားကို ကြားသောအခါ
တာအိုရွှမ်းသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "ရွှမ်ချာဂိုဏ်း မဆိုးဘူး... နာမည်ကောင်းပဲ"
ရွှမ်းနွီဆိုသည်မှာ မိန်းမပျိုလေး သို့မဟုတ် အလှပဂေးဟု အဓိပ္ပာယ်ရသည်။ ရွှမ်ချာဂိုဏ်းကို ရွှမ်နွီဂိုဏ်း ဟုလည်း ခေါ်ဆိုနိုင်၏။အဘယ်နည်းဆိုလျှင် ကျင့်ပင်အာသည် အမျိုးသမီး တပည့်များဖြင့်သာ ဖွဲ့စည်းထားသော အထက်လမ်းစဉ် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရန် ရည်ရွယ်ထားခြင်း ကြောင့်ဖြစ်သည်။