← Chapters

ဘယ်သူလာလာ အင်စတာကေးပစ်မယ်

Vol. 16 Ch. 216

ဘယ်သူလာလာ အင်စတာကေးပစ်မယ်

Vol. 16 Ch. 216

မိန်းမငယ်လေး အေးစက်စွာ ရယ်မောပြီးနောက် တောဝက်ရိုင်း ခြေထောက်အား တံစို့တွင် ပြန်ထားလိုက်သည်။ ထို့နောက်တွင် သူမ၏ သေးသွယ်သွယ်လက်များကို မြှောက်ကာ ဦးခေါင်းထက်ရှိ သရဖူအား ချိန်ညှိလိုက်သည်။ “နင်တို့ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ငါသိတယ်။ ဘုရင်မ ဖြစ်ချင်လို့ ငါ့ကိုလှည့်စားပြီး သရဖူယူဖို့ ကြိုးစားနေတာ မဟုတ်လား”

“ဟမ်”

လျှိုချင်ဟွမ် ကြက်သေသေသွားသည်။ ထိုမိန်းမငယ်လေး၏ တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။

အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည်လည်း ကြောင်အသွားကြသည်။ သူတို့ ဖုံးကွယ်ထားသည့် အကြောင်းအရာ ပေါ်သွားပြီဟု တွေးထင်မိခဲ့ကြသည်။ မျှော်လင့်မထားသည်မှာ ထိုမိန်းကလေး၏ ပုံမှန်မဟုတ်သော စိတ်ကူးယဉ်မှုများသာလျှင် ဖြစ်လေသည်။ သူတို့၏ နိုင်ငံခြားရေးဝန်ကြီးသည် ပင်လျှင် အစ်အောက်ခံတော့မတတ်ပင် ဖြစ်သည်။

ကံကောင်းသည်မှာ သူတို့အားလုံး ရန်လိုခြင်းများ မပြုမိကြခြင်းပင်။ ထို့ကြောင့် ဆက်လက် ပြောဆိုနိုင်သေးသည်။

“အဲဒီလို မဟုတ်ရပါဘူး။ အမှန်တကယ်ကို ဘုရင်မကြီးရဲ့ သရဖူကို တစ်ခဏလောက်ပဲ ရှုစားချင်မိတာပါ။ ကျွန်တော်မျိုးမကို မယုံကြည်ဘူးဆိုရင် အဖိုးတန်အရုပ်တစ်ခုကို အာမခံအနေနဲ့ ထားပါ့မယ်” လျှိုချင်ဟွမ် ရိုးသားစွာဖြင့် ပြောသည်။

မျှော်လင့်ထားသလိုပင် သူမသည် မိုဘိုင်းဖုန်းတစ်လုံးအား ထုတ်ကာဖြင့် ထိုစူးစမ်းလိုသည့် မိန်းမငယ်လေးအား ယင်း၏ လုပ်ဆောင်ချက်များကို ရှင်းပြလေတော့သည်။

ဤကစားစရာသည် ကလေးငယ်လေးများအား အလွန်အမင်း ညှို့ယူနိုင်လေသည်။ သေချာပေါက်ပင် ထိုမိန်းမငယ်လေးသည်လည်း စိတ်ဝင်စားနေလေသည်။ လျှိုချင်ဟွမ်နံဘေးသို့ လျှောက်လာပြီး ဖုန်းပေါ်ရှိ ရောင်စုံမြင်ကွင်းများအား သိလိုစိတ်ဖြင့် ကြည့်လေသည်။ ထို့နောက်တွင် သူမ၏ နှုတ်ခမ်းများကွေးကာ ပြုံးလာသည်။

“ဟမ်.. စိတ်ဝင်စားစရာပဲ” မိန်းမငယ်လေး ချိုသာစွာ ပြုံးလေသည်။

လတ်ဆတ်သည့်လေညင်းများ တိုက်ခတ်နေပြီး အရာအားလုံး တည်ငြိမ်အေးချမ်းကာ လှပနေလေသည်။

ထိုအချက်မှအပ...

သေးသွယ်သည့် လက်သီးတစ်လုံး ဝမ်ရွှမ်ကျန့်၏ ရင်ဘတ်ထံသို့ ပြေးဝင်လာသည်။

သူမ၏လက်သီးမှာ ရူးလောက်အောင် မြန်ဆန်သည်။ လျှိုချင်ဟွမ်မှာ တုန်လှုပ်ကာဖြင့် မျက်လုံးများ ပြူးလာပြီး အန်လင်းမှာ တုံ့ပြန်ရန်အချိန်ပင် မရလိုက်ချေ။

ဝမ်ရွှမ်ကျန့်သည်သာလျှင် လက်များကိုမြှောက်ကာဖြင့် ရုတ်တရက်တိုက်ခိုက်မှုအား ရှောင်လိုက်နိုင်သည်။

သို့သော်လည်း သူတို့နှစ်ဦး ရပ်နေပုံမှာ လွန်စွာနီးကပ်လှသည်။

သူ၏ ရန်လိုစိတ်အား ချိုးနှိမ်ရန်အတွက် ဝမ်ရွှမ်ကျန့်သည် သူ၏ ရှေးနဂါးသွေးမျိုးဆက်အား အပြည့်အဝ အသက်သွင်းထားခြင်း မရှိချေ။ ဆိုလိုသည်မှာ ထိုအခိုက်အတံ့တွင် သူ၏စွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း မရှိ။ သေးသွယ်သွယ် လက်သီးတစ်လုံးသာလျှင် ဖြစ်သော်လည်း ရုတ်တရက် ချောင်းမြောင်း တိုက်ခိုက်လာသည့် မြွေဟောက်ကဲ့သို့ သေစေနိုင်စွမ်းရှိသည်။

ဘုန်း ...

လက်သီးပစ်လွှတ်လိုက်ချိန်တွင် တိတ်ဆိတ်နေသော်လည်း ထိမိသည့်အခါ မြေပြင်အက်ကွဲသွားစေသည်။

ပြင်းထန်သည့် ပေါက်ကွဲမှုလှိုင်းများ ဖြစ်ပေါ်လာပြီး လျှိုချင်ဟွမ်နှင့် အန်လင်းတို့အား လွင့်ထွက်သွားစေသည်။

ထိုတိုက်ခိုက်မှုသည် ဝမ်ရွှမ်ကျန့်အား အမြောက်ဆန်ကဲ့သို့ ကောင်းကင်သို့ လွင့်ထွက်သွားစေကာ သူ၏အရိုးများ အက်ကွဲစေပြီး ရင်ဘတ်၌ အခေါင်းပေါက် ဖြစ်သွားစေသည်။

ဝမ်ရွှမ်ကျန့် သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ အတော်လေး ရှုပ်ထွေးသွားလေသည်။

မိန်းမငယ်လေးသည် အံ့အားသင့်စွာဖြင့် နူးညံ့စွာ ဟစ်အော်လိုက်ပြီး မြေပြင်သို့ ပြင်းထန်စွာ ခြေဆောင့်လိုက်သည်။ ထိုစွမ်းအားသည် မြေပြင်အား အက်ကွဲကာ လျှိုမြောင်ဖြစ်ပေါ်လာစေသည်။ သူမ၏ သေးသွယ်သွယ် ခန္ဓာကိုယ်လေးမှာ ကောင်းကင်သို့ ပျံသန်းသွားပြီး ချက်ချင်းဆိုသလို သူမ၏နောက်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

“စီနီယာ ဝမ်”

အဖြစ်အပျက်များမှာ လွန်စွာလျင်မြန်ပြီး ရုတ်တရက်ဆန်လှသည်။ အန်လင်းနှင့် လျှိုချင်ဟွမ်တို့ အသိပြန်လည်လာချိန်မှာပင် မိန်းမငယ်လေးသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသည့် ဝမ်ရွှမ်ကျန့်ထံသို့ ပျံသန်းရောက်ရှိနေပြီး ဖြစ်သည်။

ပိန်းပိတ်အောင် နက်မှောင်နေသည့် ညကောင်းကင်တွင် တောက်ပသည့် လျှပ်စီးကြောင်းများ ပေါ်ထွက်လာပြီး ဝမ်ရွှမ်ကျန့်သည် သူ၏ လျှပ်စီးနယ်ပယ်အား အပြည့်အဝ ထုတ်ဖော်လိုက်ပြီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် နဂါးဟိန်းသံ ပဲ့တင်ထပ်လာသည်။

ဝမ်ရွှမ်ကျန့်မှာ နဂါးကြေးခွံများ ဖုံးအုပ်လျက်ရှိပြီး သူ၏လှံမှာလည်း ဒေါသပြင်းထန်သည့် နဂါးတစ်ကောင်နှင့် တူလေသည်။ ကျယ်ပြောလှသည့် လျှပ်စီးကြောင်းများ အလယ်တွင်ရှိနေသော ဝမ်ရွှမ်ကျန့်သည် အရှုံးမပေးလိုစိတ်ဖြင့် မိန်းမငယ်လေးထံ လှံဖြင့် ထိုးသွင်းလိုက်လေသည်။

ယခင်နည်းတူ မိန်းမငယ်လေးသည် သူမ၏ ရိုးရှင်းသည့် လက်သီးချက်အား ထုတ်လွှတ်လိုက်ပြန်သည်။ သို့သော်လည်း ဤရိုးရှင်းလှသော လက်သီးသည် လျှပ်စီးနယ်ပယ်အား ဆုတ်ဖြဲကာ လှံထိပ်ဖူးအား ဖိနှိပ်လိုက်နိုင်သည်။

ထိုမြင်ကွင်းအား ကြည့်ကာဖြင့် သူတို့၏ပတ်ဝန်းကျင်ရှိ လေထုမှာ ပျက်ပြားနေကြောင်း အန်လင်းတွေ့လိုက်ရသည်။

ထို့နောက်တွင် ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး အဖြူရောင်မြူခိုးများ ထွက်ပေါ်လာသည်။

နားကွဲမတတ် ပေါက်ကွဲသံသည် ကောင်းကင်နှင့် မြေပြင်ကို တုန်ဟည်းသွားစေပြီး တောင်နှင့် ရေကန်များအား ပြင်းပြင်းထန်ထန် တုန်ခါစေသည်။

စွမ်းအားအပြည့် ထုတ်ဖော်ထားသော ဝမ်ရွှမ်ကျန့်သည် နောက်တစ်ဖန် သွေးတစ်လုတ် အန်လိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားပြန်သည်။

*****

“ဟမ်.. ဟိုရှေ့မှာ တိုက်ပွဲဖြစ်နေတယ်ဟ”

“အဲဒီလျှပ်စီးက.. ကောင်းကင်ဘုံပိုင်နက်ရဲ့ ဝမ်ရွှမ်ကျန့်နဲ့တူတယ်”

“ရွှေသောက်တော်ရေခွက် အတွက် တိုက်ခိုက်နေကြတာတော့ မဟုတ်လောက်ဘူးမလား။ ကျေးဇူးပြုပြီး မအောင်မြင်ပါစေနဲ့”

အဝေးရှိ ပြင်းထန်သည့်တိုက်ပွဲအား မြင်လိုက်သည့်အခါ ဧဒင်ဥယျာဉ်၏ ကိုယ်စားလှယ်သုံးဦးတို့ ချက်ချင်းပင် အဖြူရောင် အလင်းတန်းများအဖြစ် ပြောင်းကာ ပြေးသွားကြလေသည်။ သူတို့သည်လည်း ရွှေသောက်တော်ရေခွက် အတွက် တိုက်ခိုက်ကြရမည် ဖြစ်သည်။

ထိုမိန်းမငယ်လေးသည် နောက်တစ်ကြိမ် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် ဝမ်ရွှမ်ကျန့်အား ကြည့်လာသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြီးနောက် ပြုံးလိုက်ကြသည်။ “နောက်ဆုံးတစ်ချက်”

ဘုန်း ...

လက်သီး၏ ပေါက်ကွဲအားသည် ဝမ်ရွှမ်ကျန့်ခန္ဓာကိုယ်အား မြေပြင်မှ ပေထောင်ပေါင်းများစွာ လွင့်ထွက်သွားစေသည်။

“ကောင်းကင်ဘုံပိုင်နက်မှ ဝမ်ရွှမ်ကျန့် ထုတ်ပယ်ခံရ”

ကြေညာသံ ထွက်ပေါ်လာသည်။

ဩဂတ်စ်၊ ရှယ်လီနှင့် အာသာတို့ ပြေးနေရင်း ရပ်လိုက်ကြသည်။ ပေထောင်ချီအကွာတွင် ရှိသည့် မိန်းမငယ်လေးအား ကြည့်ကာဖြင့် အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တုံ့ဆိုင်းခြင်းမရှိဘဲနှင့် နေရာတစ်ခုရှာဖွေကာ ပုန်းအောင်းလိုက်ကြသည်။

“ဒီရွှေသောက်တော်ရေခွက်က ကြောက်ဖို့ကောင်းလိုက်တာ” အန်လင်း တည်ငြိမ်စွာဖြင့် ပြောသည်။ “အားသုံးပြီးတော့ ယူလို့မဖြစ်နိုင်ဘူး။ လှည့်ကွက်သုံးမှပဲရမယ်”

လျှိုချင်ဟွမ်သည်လည်း ခေါင်းညိတ်ကာဖြင့် ထောက်ခံလိုက်သည်။ “ဒီမိန်းကလေးက လျှို့ဝှက်ကြံစည်တတ်တဲ့ ကလေးပဲ။ သူမက အရမ်းကို စွမ်းအားကြီးနေတာတောင်မှ ငါတို့ ပေါ့လျော့နေတဲ့ အချိန်ကိုရွေးပြီး တိုက်ခိုက်သွားတယ်”

အန်လင်းသည်လည်း တိတ်ဆိတ်လျက်ရှိပြီး သူ၏ခန္ဓာကိုယ်တွင် အေးစက်မှုများ ပျံ့နှံ့လျက်ရှိသည်။

မှန်သည်။ လူတိုင်း လှည့်စားခံရခြင်း ဖြစ်သည်။ သွေးအရိုးခေါင်းနှင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်အား အခြေခံကာဖြင့် သူတို့သည် ထိုမိန်းကလေးမှာလည်း စစ်မိစ္ဆာကဲ့သို့ လွယ်ကူစွာ လှည့်စားနိုင်မည်ဟု ယူဆကာ အမှားပြုလုပ်မိခဲ့ကြခြင်း ဖြစ်သည်။

မမျှော်လင့်စွာပင် သူမသည် အန်လင်းနှင့် အခြားသူများအား တစ်ချိန်လုံးကစားနေပြီး သူတို့၏ အာရုံလွှဲပြောင်းမှုအား အခွင့်ကောင်းယူကာဖြင့် အသန်မာဆုံးသော အဖွဲ့သားကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ရွှမ်ကျန့်သာ အပြည့်အဝ သတိရှိနေခဲ့မည်ဆိုလျှင် ထိုမိန်းကလေး၏ လက်သီးချက်အား ခံရမည် မဟုတ်ပေ။ ထို့နောက်တွင် သူမအား အနိုင်မယူနိုင်ခဲ့လျှင်တောင် လွတ်မြောက်အောင် စွမ်းဆောင်နိုင်သေးသည်။

သူမ၏ အဖျက်အဆီးစွမ်းအားများ ပါဝင်သည့် လက်သီးချက်အား မြင်တွေ့ပြီးသည့်နောက်တွင် ဧဒင်ဥယျာဉ်၏ ကိုယ်စားလှယ်များသည် ပြတ်ပြတ်သားသားဖြင့် နောက်ကြောင်း ပြန်ပြေးလေတော့သည်။

ဤပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးစရာများ ရှိလာပြီ ဖြစ်သည်။

“ခြင်္သေ့တစ်ကောင်က ယုန်တွေကို ဖမ်းဖို့ဆိုရင်တောင် သူ့ရဲ့ခွန်အားကို အပြည့်အဝ အသုံးပြုတယ်။ လှည့်ကွက် သေးသေးလေးတွေက တကယ်ကိုပဲ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်” မိန်းမငယ်လေးသည် ဝမ်ရွှမ်ကျန့် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်းဖြင့် ရယ်မောလိုက်သည်။

ထို့နောက်တွင် သူမသည် အလင်းတောင်ပံမျိုးနွယ်စု၏ ထွက်ပြေးနေသူ သုံးဦးအား မြင်တွေ့လိုက်သည်။ သူမ၏ လှပသည့်မျက်နှာလည်း မည်းမှောင်လာပြန်သည်။

“နင်တို့တွေ..”

ဘုန်း

မြေပြင်အား ခြေဆောင့်လိုက်သည့်အခါ သူမပတ်လည်ရှိလေထု ပေါက်ကွဲသွားသည်။

ရုတ်တရက်ဆိုသလို လေထုပြိုကွဲလာပြီး မိန်းမငယ်လေး၏ နောက်တွင် အဖြူရောင်မီးခိုးတန်း ပေါ်ထွက်လာပြီး ဧဒင်ဥယျာဉ်၏ အဖွဲ့သားသုံးဦးနှင့် မြန်ဆန်စွာ နီးကပ်လာသည်။

“.. ဒီဘုရင်မကြီးကို မနှုတ်ဆက်ဘဲ ထွက်သွားဝံ့တယ်ပေါ့”

သူမ၏ ပထမဆုံးလက်သီးသည် သိသိသာသာ နှေးကွေးသည့် အာသာအား ဦးတည်လိုက်သည်။

မိန်းမငယ်လေးသည် အာသာ၏အထက်တွင် ပျံသန်းရင်း လက်သီး ဒေါသတကြီး ဖိကြိတ်လိုက်လေသည်။

အန္တရာယ်နှင့် ကြုံတွေ့ရပြီ ဖြစ်သည်ကြောင့် အာသာသည် အဖြူရောင်အလင်းဒိုင်းကာကို အသုံးပြုလိုက်သည်။

လက်သီးနှင့် ထိတွေ့မိသည့်အခါ အလင်းဒိုင်းကာ ပြိုကွဲပျက်စီးသွားပြီး တိုက်ခိုက်မှုသည် အာသာထံသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။ အောက်ဘက်ရှိ မြေပြင်သည် ကျယ်လောင်စွာ မြည်ဟည်းကာဖြင့် အက်ကွဲသွားပြီးနောက် ပေထောင်ကျော်အလျားရှိ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

“..အရိုအသေ ကင်းမဲ့လိုက်တာ”

မိန်းမငယ်လေး၏စကား ဆုံးသွားပြီ ဖြစ်သည်။

အာသာ၏မျက်လုံးများ ပြူးကျယ်လာပြီး ဆုံချက်ပျောက်ဆုံးသွားလေသည်။ သူ၏ပတ်လည်တွင် ရွှေရောင်အကာအကွယ် ထွက်ပေါ်လာသည်။

“ဧဒင်ဥယျာဉ်မှ အာသာ ထုတ်ပယ်ခံရ”

အာသာနှင့် ရင်ဆိုင်နေစဉ်တွင် ဩဂတ်စ်နှင့် ရှယ်လီတို့သည် အဝေးသို့ ပျံသန်းထွက်ပြေး သွားကြလေသည်။

ထိုသည်ကိုကြည့်ကာဖြင့် မိန်းမငယ်လေး မျက်မှောင်ကြုတ်လိုက်သည်။

အဝေးတွင် ကခုန်လျက်ရှိသည့် မီးတောက်များကို ကြည့်ကာဖြင့် နဂိုမူလ တောင်စောင်းသို့ ပြန်လည်ရောက်ရှိလာသည်။

မိန်းမငယ်လေး ပြန်လှည့်သွားသည်ကို မြင်သည့်အခါတွင် ဩဂတ်စ်နှင့် ရှယ်လီတို့နှစ်ဦးစလုံးမှာ သေခြင်းတရားမှ လွတ်မြောက်လာသကဲ့သို့ ခံစားကြရသည်။

ထိုမိန်းကလေးသာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် လိုက်လံ ဖမ်းဆီးနေဦးမည်ဆိုလျှင် ဩဂတ်စ်သည်ပင်လျှင် သူမထံမှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

ရှင်းလင်းနေသည့် တောင်စောင်း တစ်လျှောက်တွင် မီးပုံသည် အရှိန်ပြင်းပြင်းဖြင့် လောင်ကျွမ်းနေလေသည်။

သို့သော်လည်း ပတ်ပတ်လည်ရှိ မြေပြင်မှာ အက်ကွဲကြောင်းများ မြေစိုင်မြေခဲများဖြင့် ပြည့်နေလေသည်။ နေရာတစ်ခုလုံး ပျက်စီးပြိုကွဲနေသည်နှင့်ပင် တူလှသည်။

မိန်းကလေးသည် မြေပြင်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီး မီးပုံနံဘေးသို့ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက်တွင် တံစို့အား ကောက်ယူကာဖြင့် မီးကျွမ်းသွားသည့် တောဝက်ရိုင်းအား ကြည့်လိုက်သည်။ ရှုံ့မဲ့ကာဖြင့် သက်ပြင်းချလိုက်ပြီး “အားးးး တူးနေပြီ”

*****

All Chapters