အခန်း (၆၆၁-၆၆၅)
Vol. 34 Ch. 661-665
အခန်း(၆၆၁)
အကြံအစည်အသစ်
“အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ကျွန်တော်မင်းတို့ကို ဘာမှဖုံးကွယ်မနေတော့ဘူး။ ဒီနေ့ဘာလို့ အားလုံးကို ဆင့်ခေါ်လိုက်ရသလဲဆိုတော့ တောင်းဆိုစရာရှိလို့ပဲ”
ဝမ်ချောင်က ထိုသို့ပြောရင်း စားပွဲထံမှ ကိတ်မုန့်တစ်ပိုင်းတစ်စကို ယူပြီးနောက် ပါးစပ်ထဲသို့ထည့်သည်။
ဝမ်ချောင်၏စကားက လူတိုင်း၏မျက်ဝန်းကို တောက်ပသွားစေခဲ့သည်။ သူတို့၏ မျှော်လင့်ချက်များကလည်း မြင့်မားလာသည်။ သို့တိုင်အောင် မည်သူကမျှ နောက်ဆုတ်မည့်လက္ခဏာ မပြကြချေ။ အနှစ်ချုပ်ဆိုရသော် သူတို့၏မျက်ဝန်းက မျှော်လင့်စောင့်စားမှုဖြင့် စိတ်လှုပ်ရှား တက်ကြွသွားရခြင်းဖြစ်သည်။
အနောက်တောင်ပိုင်းက စစ်ပွဲပြီးသောအခါ စစ်ပွဲထဲတွင် ဝင်ပါခဲ့သော ကလန်တိုင်း... နောက်ပိုင်းတွင် တပ်ကူအဖြစ် စေလွှတ်ပေးခဲ့သော ကလန်တိုင်းက တော်ဝင်ခုံရုံး၏ ကြွယ်ဝစွာချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ထိုကလန်တိုင်းကလည်း အစောပိုင်းကတည်းက ဝမ်ချောင်၏နောက်သို့ လိုက်ပါခဲ့သော ကလန်များကမူ ဆုလဒ်ပို၍များပြားစွာ ရရှိခဲ့သည်။ ထိုအတွက်ကြောင့် လူတစ်ယောက်က တောင်အိုကို လက်လှမ်းမှီသွားသည်နှင့် သူ၏ကြက်နှင့်ခွေးများကပင် ကောင်းကင်သို့ တက်လှမ်းနိုင်သည်ဆိုသော ဆိုရိုးစကားအတိုင်း ဖြစ်သွားသည်။
မြို့တော်အတွင်းရှိ ဝမ်ချောင်၏ လွှမ်းမိုးနိုင်စွမ်းအားက မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားနေပြီဖြစ်သည်။ ကလန်တိုင်းကလည်း သူနှင့်အတူ ပူးပေါင်းပြီး အလုပ်လုပ်လိုသည်။ အကြောင်းမူကား သူနှင့်အတူ ပူးပေါင်းကာ အလုပ်လုပ်သည်နှင့် အကျိုးအမြတ် အများအပြားရမည်ဖြစ်ကြောင်း သိနေသောကြောင့်ဖြစ်သည်။ ဝမ်ချောင်က ထွက်လာသည်နှင့် မရေမတွက်နိုင်သော ကလန်ပေါင်းများစွာက သူ့ကိုဝင်ကာ ထောက်ပံ့ပေးကြမည်ဖြစ်သည်။
ယခု ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်၏ အပေါ်ဆုံးထပ်တွင် ရောက်ရှိနေကြသော လူတိုင်းက အစောပိုင်းကတည်းက ဝမ်ချောင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခဲ့ကြသည်။ ထို့ကြောင့် ဝမ်ချောင်၏ အယုံကြည်ရဆုံး အတွင်းပိုင်း အသိုင်းအဝိုင်းဟု ခေါ်၍ရသည်။ ထိုလူများကို မရေမတွက်နိုင်သော လူပေါင်းများစွာက မနာလိုဖြစ်နေကြခြင်းဖြစ်သည်။
“ညီငယ်ဝမ် ပြောသာပြောလိုက်ပါ။ မင်းဘာလိုချင်လိုချင် ငါတို့ရဲ့ချီကလန်က ဘာမဆို ရှာပေးလို့ရတယ်”
ချီဝေ့စစ်က ချက်ချင်းလိုလို မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
သူက အခြားသော ကလန်များအကြောင်း မသိသော်လည်း သူ၏ချီကလန်ကမူ ဒီစစ်ပွဲအတွင်းတွင် ဝမ်ချောင်ကို မြဲမြံစွာ ထောက်ပံ့ပေးခြင်းအားဖြင့် ဆုလဒ်ကြီးကြီးမားမား ရရှိခဲ့သည်။ သူ၏အစ်ကို နှစ်ယောက်ကပင် ရာထူးအတိုးခံခဲ့ရခြင်းအားဖြင့် ချီကလန်ကိုပင် မှင်သက်စေခဲ့သည်။
သူ၏အစ်ကိုနှစ်ယောက်က မူလက ဗိုလ်ချုပ်အဆင့်ဖြင့်သာ တန့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်နှင့် သူ၏ဆက်ဆံရေးကြောင်း ထိုနှစ်ယောက်ကို ဗိုလ်ချုပ်ကြီးများအဆင့်အဖြစ် ရာထူးတိုးခံခဲ့ရသည်။
ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ကြီးများ အဆင့်ကြားက ကွာခြားချက်က ကောင်းကင်နှင့် မြေပြင်ကဲ့သို့ဖြစ်သည်။
စွစ်
ဝမ်ချောင်က မည်သည့်စကားမျှ မဆိုလေဘဲ အင်္ကျီထဲမှ ကြိုတင်ပြင်ဆင်ထားသော စက္ကူအပိုင်းအစကို ထုတ်လိုက်ကာ ပြလိုက်သည်။
“အာ”
ထိုစက္ကူအပိုင်းအစများကို မြင်သောအခါ လူတိုင်း၏ သိချင်စိတ်က ပြင်းထန်သွားသည်။ ပိုင်စစ်လင်နှင့် ကျောင်းရထုံကပင် ဝမ်ချောင်ကို တခဏခန့် အလွတ်ပေးပြီးနောက် ထိုစက္ကူများထံ အာရုံစ်ိုက်သွားသည်။
“ဒါက ထုံးလား”
ပိုင်စစ်လင်က စာရွက်ပေါ်တွင် ရေးထားသော စာများကို အံ့အားတကြီးကြည့်လိုက်သည်။ ဝမ်ချောင်က သူတို့၏ အကူအညီကို လိုအပ်သည်ဟု ပြောသောကြောင့် အရေးကြီးသောအရာ ဖြစ်နေမည်ဟု ထင်ထားသော်လည်း ဒီလိုမျိုးအရာဖြစ်နေသည်။
“မြေစေးလည်းပါတယ်”
ကျွမ်းကျန်းပင်းကလည်း စက္ကူလေးတစ်ခုကို ကောက်ဖွင့်လိုက်ပြီးနောက် အမူအရာက ပို၍အံ့အားသင့်သွားသည်။
ဒါကအိုးလုပ်တဲ့အချိန်မှာ လိုအပ်တဲ့ပစ္စည်းတွေ မဟုတ်ဘူးလား။ မြို့တော်မှာ ရှာလို့ရတယ်လေ။
ဝမ်ချောင်က ဘာလို့သူတို့ကို ဒီလိုသာမာန်ကိစ္စတွေကို အကူအညီတောင်းတာလဲ။
မြေစေးကဲ့သို့ ရိုးရှင်းသော ကိစ္စများအတွက် ဝမ်ချောင်က ကျွင်းကလန်၏ အထောက်အပံ့ကိုပင် ဆင့်ခေါ်ရန် မလိုအပ်ချေ။
“မင်းတို့အားလုံး ထူးဆန်းတယ်လို့ ခံစားနေရမှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ ဒါကကျွန်တော်အတွက် တော်တော်လေးကို အရေးကြီးလွန်းတယ်။ ဒါ့အပြင် ဒီထုံးဖြစ်ဖြစ် မြေစေးပဲဖြစ်ဖြစ် ပမာဏအများအပြားကို လိုအပ်တာ”
သူတို့၏သံသယကို ခန့်မှန်းမိသည့်အတိုင်း ဝမ်ချောင်ကပြုံးကာ ရှင်းပြချက်အချို့ ပေးလိုက်သည်။
“ဒီလောက်အများကြီး ဘာလုပ်မလို့လဲ”
ကျန်းရထုံက မျက်မှောင်ကျုံ့ကာ ဝင်မေးသည်။
“ပမာဏ အကန့်အသတ် မရှိလောက်အောင်လိုတယ်။ များနိုင်သမျှ များများရရင် အကောင်းဆုံးပဲ။ မြို့တော်မှာ ရှိနိုင်တဲ့ ပမာဏလောက်က ကျွန်တော်လိုအပ်တာနဲ့ အရမ်းအလှမ်း ဝေးလွန်းသေးတယ်”
ဝမ်ချောင်ကပြောသည်။ ထိုစကားများကြောင့် လူတိုင်းက ကြောင်သွားသည်။ ကောဖုန်းနှင့် ချိုင်ကျစ်ရီတို့ကပင် မျက်လုံးပြူးသွားသည်။ ကောဖုန်းနှင့် ချိုင်ကျစ်ရီတို့က မြို့တော်တွင် မြေစေးနှင့်ထုံးများ မည်မျှရနိုင်ကြောင်း မသိထားသေးချေ။ သို့သော် သူတို့အနည်းဆုံး သိထားသော အချက်ကမူ မြို့တော်တွင် ရနိုင်သော ပမာဏကလည်း သူတို့မျှော်လင့်ထားသမျှကို ကျော်လွန်ထားပြီးသား ဖြစ်လောက်လေသည်။
မဟာထန်၏ မြို့တော်ကြီးဖြစ်သည့်အလျောက် ဒီမြို့တော်ကြီးဟာ တစ်လောကလုံးမှာ အောင်နိုင်သူ မြို့တော်ကြီးဖြစ်ပြီး အရင်းအမြစ်ပေါင်းများစွာ ကြွယ်ဝသည်။ ဝမ်ချောင်က ထိုထက်အများကြီး လိုအပ်သည် ဆိုကလည်းက သာမာန်မဟုတ်တော့ချေ။
ဒီလောက်ထုံးတွေ မြေစေးတွေ အများကြီးနဲ့ သူကဘာလုပ်မလို့လဲ။
နောက်ပြီး ဝမ်ချောင်က ဘာလုပ်ချင်တယ်ဆိုတာကို သူတို့ကို မပြောရသေးဘူးပဲ။
“ဟား ဟား အချိန်ကျလာတဲ့အခါ ခင်ဗျားတို့အားလုံး သိကြမှာပါ”
ဝမ်ချောင်က အပြုံးနှင့်ပြောလိုက်သည်။
အနောက်တောင်ပိုင်းက သူ၏အနိုင်ပွဲအတွက် ဝမ်ချောင်က ရွှေထည်သုံးသန်းနှင့် ပုလဲပေါင်း မြောက်များစွာ ရရှိခဲ့သည်။ ဒီနည်းအားဖြင့် ဝမ်ချောင်က နောက်ထပ်တစ်ခုကို ရလိုက်သည်။ ထုံးနှင့်မြေစေးက သူ၏အကြံများထဲမှ တစ်ခုဖြစ်သည်။
ကျောင်းကလန်၊ ကျွင်းကလန်၊ ချီကလန်၊ ပိုင်ကလန်ပင်ဖြစ်စေ မြို့တော်ရှိ ထိုကလန်ကြီးများက ဆယ်စုနှစ်ပေါင်းများစွာကြာအောင် မြို့တော်အတွင်း အခြေကုပ် ရယူနိုင်ခဲ့သည်။ ထိုကလန်ကြီးများဆိုလျှင် ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ပိုင်ဆိုင်ထားသော အရင်းအမြစ်နှင့် အဆက်အသွယ်က ကြွယ်ဝသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က သူတို့ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ဒါက စီးပွားရေးဆိုင်ရာ လုပ်ငန်းတစ်ခု သီးသန့်ဖြစ်ပြီး သတ်ဖြတ်ခြင်းနည်းလမ်းများနှင့် အခြားသော မီးခိုးထွက်စေမည့် ကိစ္စများ မပါဝင်ချေ။ သို့သော် ဝမ်ချောင်အတွက် ဒီလုပ်ငန်းကြီးက အနောက်တောင်ပိုင်းက စစ်ပွဲထက်မနည်းအောင် အရေးကြီးလေသည်။ မဟာထန်ကြီးအတွက် ပို၍ပင် အရေးကြီးလောက်သည်။ သို့သော် ယခုအခြေအနေအရ သူကမည်သူ့ကိုမျှ ထုတ်ပြော၍မရသေးချေ။ ထို့ပြင် မည်သူကမျှလည်း သူ၏အကြံအစည်ကို မသိသေးချေ။
“ဟုတ်သားပဲ ဝမ်ချောင်...”
ချိုင်ကျစ်ရီက ဆက်ပြောလိုက်သည်။
“ဒီအကြံအသစ်အတွက် မင်းက အရင်းအမြစ်တွေ ပိုက်ဆံတွေအများကြီးကို လိုအပ်ရင် ငါတို့ချိုင်ကလန်က ဝင်ပါပေးလို့ရမလား”
ချိုင်ကျစ်ရီက တုန့်ဆိုင်းမှုအပြည့်ဖြင့် ပြောလိုက်သည်။ သို့သော် ဝမ်ချောင်၏ တုန့်ပြန်မှုက သူ့ကိုပို၍ အံ့အားသင့်စေသည်။
“ဟား ဟား ရတာပေါ့”
ဝမ်ချောင်ကရယ်သည်။
အနောက်တောင်ပိုင်းက စစ်ပွဲက စိတ်ကူးယဉ်ဆန်လွန်းခဲ့သည့်အတွက် ချိုင်ကလန်က အလွန်အမင်း ခေါင်းမာခဲ့သည့်တိုင်အောင် အစပိုင်းတွင် စိတ်ဝင်စားမှု ပြသခဲ့သည်။ ဒီနည်းအားဖြင့် အကျိုးအမြတ်ကို သူတို့ကမျှော်လင့်ကာ သူ့ကိုပုံအောခဲ့သည်။
ဒါကလည်း ဝမ်ချောင်လိုချင်သော အကြောင်းအရာဖြစ်သည်။ သူက အရင်းအမြစ် အမြောက်အများ လိုအပ်တော့မည်ဖြစ်ပြီး သူထောက်ပံ့ပေးနိုင်သော လုပ်သားအင်အားကလည်း များပြားစွာ လိုအပ်နေသေးသည်။
ချိုင်ကလန်က ဝမ်ချောင်က အောင်မြင်တိုးတက်မှုကို မမျှဝေလောက်ဟု ယူဆကောင်း ယူဆထားလောက်သော်လည်း ရလဒ်ကမူ ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ ဝမ်ချောင်က ချိုင်ကလန်ကဲ့သို့သော ကလန်ပေါင်း မြောက်များစွာ သူ၏အကြံအစည်ထဲသို့ ဝင်ပါမည့်အရေးကို မျှော်လင့်စောင့်စားနေခြင်းဖြစ်သည်။
“အစ်ကိုချိုင် အစ်ကိုကော ခင်ဗျားတို့အားလုံး ဝင်ပါချင်တယ်ဆိုရင် ဒီဝမ်ချောင်က မငြင်းပါဘူး။ များလေလေ ကောင်းလေလေပဲ။ ကျွန်တော် ဘာကိုမှတော့ အာမမခံနိုင်လောက်ပေမဲ့ ဒီလုပ်ငန်းက ခင်ဗျားတို့ ကလန်အတွက် အကျိုးအမြတ်အများကြီး ယူပေးနိုင်မယ်လို့တော့ ပြောပေးနိုင်တယ်”
ဝမ်ချောင်က အပြုံးနှင့်ပြောသည်။
လူတိုင်း၏မျက်ဝန်းက တောက်ပသွားသည်။ ထိုစကားများကတင် သူတို့ကို မျှော်လင့်စောင့်စားစေမည်ဖြစ်သည်။ ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်မှ ထွက်ခွာပြီးနောက် ဝမ်ချောင်က အရှေ့ဘက်သို့သွားသည်။
“ရပ်စမ်း”
မီတာထောင်ပေါင်းများစွာ သွားပြီးနောက် ဝမ်ချောင်၏ရထားလုံးက တစ်နေရာတွင် ရပ်တန့်သွားသည်။ ရထားလုံးတံခါးက ပွင့်သွားပြီးနောက် ဝမ်ချောင်ကို သိသည်ဟုထင်ရသော ပုံရိပ်တစ်ခုက အထဲသို့ဝင်လာသည်။
“အရှင်အမတ်”
ထိုပုံရိပ်က ဝမ်ချောင်ကို ဂါရဝပြုသည်။
“ဟား ဟား လူကြီးမင်းကျန်းအနေနဲ့ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျွန်တော်ကို ဝမ်ချောင်လို့ပဲခေါ်ပါ။ ကျေးဇူးပြုပြီးထိုင်ပါ”
ဝမ်ချောင်က သူ၏မျက်နှာချင်းဆိုင်မှ ထိုင်ခုံကိုပြလိုက်သည်။
“ကျွန်တော်တို့ အကောင်းဆုံး ယဉ်ကျေးပြတာက နာခံတာပဲ”
ကျန်းရှို့ကျစ်က ဂါရဝပြုလိုက်ပြီးမှသာ ယဉ်ကျေးမှုများကို ဖယ်ထားလိုက်သည်။ ထို့နောက် ဝမ်ချောင်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ခြင်္သေ့မြို့က စတင်ပြီး အနောက်တောင်ပိုင်း၏ တိုက်ပွဲအထိ ကျန်းရှို့ကျစ်က ဝမ်ချောင်၏ အယုံကြည်ရဆုံးနောက်လိုက် ဖြစ်လာခဲ့သည်။
ကျန်းရှို့ကျစ်က ဝမ်ချောင်၏ အောင်မြင်မှုများထဲမှ သော့ချက်ဖြစ်ခဲ့သည်။ သူက ဝမ်ချောင်၏ အတွင်းပိုင်း ယုံကြည်ရသည့် အသိုင်းအဝိုင်းထဲမှလည်း ယုံကြည်ရသော အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။
“ခင်ဗျားရဲ့ ဘယ်ကိစ္စကြောင့်များ ကျွန်တော်ကို ကိုယ်တိုင်ကိုယ်ကျ လာပြီးတွေ့ရတာလဲ”
ဝမ်ချောင်ကပြောသည်။
သူက ကျန်းရှို့ကျစ်ထံမှ စာရခဲ့သောကြောင့် လာခဲ့ခြင်းဖြစ်သည်။
“ဘာရယ်မဟုတ်ပါဘူး ကျွန်တော်ဒီအတိုင်း သခင်လေးဆီက အကူအညီတောင်းချင်တဲ့ တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် လာခဲ့တာပါ”
ကျန်းရှို့ကျစ်က အပြုံးနှင့်ပြောသည်။
“ခင်ဗျားဆီကတောင် တစ်ဆင့်လာရတယ်ဆိုတော့ အဲ့ဒီလူက အဆင့်အတန်းအချို့တော့ ရှိမှာပဲ။ ပြောပါ ချန်း ကျန်း ဟွမ် လု ဒီကလန်လေးခုထဲက ဘယ်သူကများ သူတို့ရဲ့ကိုယ်စား ခင်ဗျားကိုလွှတ်လိုက်တာလဲ”
ဝမ်ချောင်ကရယ်လျှက်ပြောသည်။
ကျန်းရှို့ကျစ်၏ အလောတကြီးနိုင်ပြီး အစောတလျင်လုပ်နိုင်သည့် အကျင့်စရိုက်အရ ထိုသူက တစ်စုံတစ်ယောက်ရဲ့ကိုယ်စား အကျင့်စရိုက်အရ မယုံနိုင်စရာကောင်းလောက်အောင် ယခုလို အပြေးအလွှား လာပေးသောကိစ္စကို ကြုံတွေ့ရခြင်းဖြစ်သည်။ ဝမ်ချောင်အတွက်ကမူ ခန့်မှန်းရန် မခက်ခဲချေ။
ကျန်းရှို့ကျစ်က ဆရာသခင် လေးသည်တော်ဖြစ်သည်။ သူက တော်ဝင်မြို့တော်ကို တည်ဆောက်ခဲ့သော လူများထဲမှလည်းဖြစ်သည်။ သူနှင့်ဆက်ဆံရေး နီးကပ်နေသောလူများက အုတ်သယ်သောလူများ၊ အခြားဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြပြီး ချန်း ကျန်း ဟွမ် လုဆိုသော ပန်းပဲကလန်လေးခုမှ ဆရာသခင်များလည်းပါသည်။
“ဟား သခင်လေးကတော့ တကယ်ဉာဏ်ကောင်းတာပါပဲ။ သခင်လေးဆီက အကူအညီတောင်းချင်တာက မြို့တော်ရဲ့ ဟွမ်ကလန်ကပါ”
“ဘာကိစ္စများလဲ”
ဝမ်ချောင်၏ အမူအရာက ရုတ်တရက် ကျော့စိမ့်ဖွယ်ကောင်းသွားသည်။
“ဟုတ်တယ်”
ကျန်းရှို့ကျစ်က ခေါင်းညိမ့်လိုက်သည်။ သူ၏အမူအရာကလည်း လေးနက်လာသည်။ ဝမ်ချောင်က အနောက်တောင်ပိုင်းက စစ်ပွဲအတွက် မထွက်ခွာခင် ထိုပန်းပဲကလန် လေးခုအပါအဝင် မြို့တော်မှ ပန်းပဲကလန်စိုက်များ အားလုံးကလည်း စစ်ပွဲအတွက် လက်နက်အမြောက်အများကို ထုတ်လုပ်ပေးခဲ့ကြသည်။
စစ်ပွဲ၏ အရေးကြီးဆုံးသော အချိန်တွင် လက်နက်ပေါင်းမြောက်များစွာ ပျောက်သွားခဲ့သည်။ ပြဿနာက ဟွမ်ကလန်ကဖြစ်သည်။ သူတို့က လိုအပ်သော ပမာဏကို မထုတ်ပေးနိုင်ခဲ့ချေ။ အဆုံးတွင် ဝမ်ချောင်က မြို့ရိုး၏ အဟကြားနေရာများကိုလုပ်ရန် အရင်းအမြစ် လိုအပ်သွားပြီဖြစ်သည်။
ဝမ်ချောင်ကလည်း ထိုအကြောင်းကိုသိထားသည်။ ကျန်းရှို့ကျစ်ကလည်း သိသည်။ ဒီကိစ္စတွင် ပါဝင်ခဲ့သော လူတိုင်းကလည်း သိထားကြသည်။
အန်းနန်အစိုးရစစ်ပွဲကသာ ရှုံးသွားခဲ့ပြီး ဝမ်ချောင်က သေသွားခဲ့လျှင် ဒီကိစ္စက အရေးမကြီးတော့ချေ။ သို့သော် ဝမ်ချောင်ကရှင်ပြီး အနိုင်ရခဲ့သည်။
ဟွမ်ကလန်ကလည်း ဝမ်ချောင်က အရေအတွက်ကို တွက်ချက်ပြီးနောက် စာရင်းလာရှင်းမည့်အရေးကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့က ကျန်းရှို့ကျစ်ကို အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။
“အနည်းဆုံး သူတို့ကဒါကို ထည့်ပြောရဲသေးတာပေါ့”
ဝမ်ချောင်၏မျက်နှာက ရေခဲတမျှ အေးစက်သွားသည်။
“သခင်လေး သခင်လေးဒါကို အပြစ်တင်လို့တော့ မရဘူး။ ဟွမ်ကလန်က ရည်ရွယ်ချက်ရှိရှိနဲ့ မပေးခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ကလန်က မြို့တော်အတွက် နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့တာ။ ရာစုနှစ်ပေါင်း များစွာကြာအောင် နာမည်တစ်ခု တည်ဆောက်ပေးနိုင်ခဲ့ပြီးပါပြီ။ သူတို့က ကတိကိုလွယ်လွယ် ရုတ်သွားမဲ့လူမျိုးတွေ မဟုတ်ဘူး။ ဟွမ်ကလန်က အခက်အခဲတွေ ကြုံတွေ့နေရလို့ပါ”
ကျန်းရှို့ကျစ်ကပြောသည်။
“ဘာအခက်အခဲလဲ ကလန်တိုင်းကသာ ဟွမ်ကလန်လို ဖြစ်နေခဲ့ရင် ကျွန်တော်တို့ အနောက်တောင်ပိုင်းမှာ အလောင်းတောင်ဖြစ်နေလောက်ပြီ”
ဝမ်ချောင်၏မျက်နှာက လေးနက်သွားသည်။
သူ၏အကြံအစည်အတွက် ထိုသံမဏိမြို့ရိုးများက အလွန်အမင်း အရေးကြီးခဲ့သည်။ သံမဏိမြို့ရိုးများကသာ မရှိလျှင် ထိုတောင်မြေမျက်နှာသွင်ပြင် တစ်ခုတည်းနှင့် မာန်ရှဲ့ယွီစန်းစစ်တပ်ကို ကိုင်တွယ်၍ မရနိုင်ချေ။
ဟွမ်ကလန်အတွက် ပိုက်ဆံအနည်းငယ်ကို ယူထားပြီး သဘောတူခဲ့ရခြင်း ဖြစ်ကောင်း ဖြစ်လောက်သော်လည်း အန်းနန်အစိုးရစစ်တပ်အတွက်ကမူ စစ်သည်သိန်းကျော်၏ အသက်ကို ရင်းထားရခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က ဒေါသထွက်ခဲ့ခြင်းလည်းဖြစ်သည်။
ဝမ်ချောင်က ပြန်လာပြီးနောက် သူက ကလန်တိုင်းကို သွားလည်ခဲ့သော်လည်း ဟွမ်ကလန်ကို သွားမလည်ခဲ့ချေ။
ဟွမ်ကလန်ကလည်း သတိထားမိလောက်သည်။ ထို့ကြောင့် ဒီနေ့လို ဖြစ်လာခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်ဒီကိစ္စကို စစ်ဆေးခဲ့ပြီးပါပြီ။ ဟွမ်ကလန်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားတွေ့ခဲ့တယ်။ ဟွမ်ကလန်က သခင်လေးအတွက် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ကတိဖျက်ခဲ့တာ မဟုတ်ပါဘူး။ အဲ့ဒီအချိန်က သူတို့အသုံးပြုနိုင်တဲ့ ဘာသတ္ထုမှမရှိခဲ့ရုံပါပဲ”
ကျန်းရှို့ကျစ်က သက်ပြင်းချလျှက် ပြောလိုက်သည်။
အခန်း(၆၆၂)
“အာ”
ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားပြီးနောက် အံ့အားတကြီးဖြစ်သွားသည်။
“ဘာကိုဆိုလိုတာလဲ”
သူက ဟွမ်ကလန်ကို မကျေမနပ်ဖြစ်သော်လည်း ဝမ်ချောင်က ကျန်းရှို့ကျစ်ကိုမူ ယုံကြည်မှု အပြည့်အဝရှိသည်။
“သခင်လေးသာ ပြန်တွေးကြည့်မယ်ဆိုရင် သခင်လေးလည်း ဟွမ်ကလန်က သံမဏိမြို့ရိုးအတွက် ပမာဏအမြောက်အများ တည်ဆောက်ခဲ့တာကို မှတ်မိမှာပါ။ ဒါပေမဲ့နောက်ထပ်တော့ သူတို့က သူတို့ရဲ့ သန့်စင်တဲ့ သံမဏိတုံးတွေအားလုံးကို အသုံးပြုပြီးသွားလို့ နောက်ထပ်အသစ် သွားထပ်ဝယ်တော့ လိုအပ်တဲ့ ပစ္စည်းအားလုံးကို အခြားသူတွေက ဝယ်ပြီးသွားပြီဆိုတာကို သိလိုက်ရတယ်”
ကျန်းရှို့ကျစ်ကပြောသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်က ကျန်းရှို့ကျစ်၏စကားကို ချက်ချင်းလိုလို ပြန်မေးခွန်းထုတ်လိုက်သည်။
“မဟာထန်အင်ပါယာက နေရာတိုင်းက သန့်စင်တဲ့သံမဏိတုံးတွေနဲ့ သံမဏိကျောက်ရိုင်းတုံးတွေကို မြို့တော်ကို ပေးပို့နေခဲ့တာ။ မြို့တော်ကို တင်ပို့ပေးနေခဲ့တာ။ ဒီပမာဏက ရာစုနှစ်အနည်းငယ်လောက်တောင် လုံလောက်နေခဲ့မှာ။ ဈေးကွက်မှာ ပြတ်လပ်ခဲ့တာမျိုးလည်း မဖြစ်ခဲ့ဖူးဘူး။ ဘာကြောင့်များ ဟွမ်ကလန်က နည်းနည်းဝယ်ချင်တော့မှ မရှိတော့တာလဲ”
ဝမ်ချောင်၏မျက်နှာတွင် မယုံကြည်နိုင်မှုက ပြည့်နှက်နေသည်။ သူက ကျန်းရှို့ကျစ်ကို မယုံကြည်ခြင်း မဟုတ်ဘဲ ဟွမ်ကလန်ကပေးသော အကြောင်းပြချက်က ယုံကြည်စရာ မကောင်းနေခြင်းဖြစ်သည်။ သူက မြို့တော်တွင် နှစ်ပေါင်းများစွာ နေခဲ့ဖူးလေပြီ။ ထို့အပြင်သူက ပြဿနာများ ကြုံတွေ့ရရင်းဖြင့် အခြားသော ကလန်ကြီးများမှ ဆက်ခံသူများနှင့် ရင်းနှီးလာခဲ့ကာ မြို့တော်မှ အကြောင်းအရာပေါင်း များစွာကို ကျွမ်းဝင်လာခဲ့သည်။
ဟွမ်ကလန်ကပေးသော အကြောင်းပြချက်က တုန်ခါနေသော မြေပြင်ပေါ်တွင် ရပ်နေသကဲ့သို့ ဖြစ်နေသည်။ သူပင်မဆိုထားနှင့် အခြားသူတစ်ယောက်ကပင် ဒီလိုအခြေအနေမျိုးကို မျှော်လင့်မည်မဟုတ်ချေ။
“သာမာန်အခြေအနေမျိုးမှာဆိုရင် ဒါက ယုံကြည်စရာ မကောင်းပါဘူး။ ဒါပေမဲ့ အဲ့ဒီအချိန်ကလည်း မတော်တဆမှုတစ်ခုက သေချာပေါက်ကို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခဲ့ပါတယ်။ အချို့သော အကြောင်းပြချက်တွေကြောင့် မြို့တော်က အာရပ်ကုန်သည်တွေက စတင်ပြီး ပုံမှန်မဟုတ်သလို ပြုမူလာကြတယ်။ သူတို့က သူတို့ရဲ့ပုလဲတွေနဲ့ မဟူရာတွေကို ရောင်းချပြီး ပုံမှန်အတိုင်း ပိုးသား၊ လက်ဖက်ရွက်နဲ့ ကြွေထည်တွေကို မဝယ်ယူဘဲ သန့်စင်တဲ့ သံမဏိတုံးတွေနဲ့ သံမဏိကျောက်ရိုင်းတုံး အများအပြားကို ဝယ်ယူသွားခဲ့ပါတယ်။ သူတို့က အဲ့ဒီလိုလုပ်ဆောင်လိုက်လို့ ဟွမ်ကလန်က အသုံးပြုဖို့ သံမဏိတုံး မဝယ်ယူတော့တာပါ”
ကျန်းရှို့ကျစ်က ဘာမှပြန်မပြောနိုင်ခင် ဝမ်ချောင်၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီးနောက် ကျန်းရှို့ကျစ်ကို စိုက်ကြည့်လိုက်သည်။
“လူကြီးမင်းကျန်း ခင်ဗျားအခု ဘာပြောလိုက်တာလဲ။ အာရပ်တွေဟုတ်လား”
“လူကြီးမင်းချောင် ဘာဖြစ်လို့ပါလဲ”
ကျန်းရှို့ကျစ်က ဝမ်ချောင်၏ မျက်နှာအမူအရာကြောင့် အလွန်အမင်း ထိတ်လန့်သွားသည်။ အနောက်တောင်ပိုင်းက စစ်ပွဲအတောအတွင်းတွင်ပင် ဝမ်ချောင်က ထိုသို့သော မျက်နှာထားမျိုး မပြခဲ့ဖူးချေ။
“လူကြီးမင်းကျန်း အာရပ်တွေက မြို့တော်က သန့်စင်တဲ့ သံမဏိတုံးတွေနဲ့ သံမဏိကျောက်ရိုင်းတုံးတွေ ဝယ်သွားခဲ့တယ်လို့ ခင်ဗျားအခု ပြောလိုက်တာလား”
ဝမ်ချောင်က ကျန်းရှို့ကျစ်၏မေးခွန်းကို လျစ်လျူရှု့လိုက်ပြီးနောက် တစ်ဖက်သူ၏လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ မေးလိုက်သည်။ ကျန်းရှို့ကျစ်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိမ့်လိုက်ကြောင်း မြင်သောအခါ ဝမ်ချောင်၏စိတ်ကမူ ပေါက်ကွဲသွားသလို ဖြစ်သွားသည်။
ဝှစ်
ရထားလုံးတစ်ခုလုံးက ငြိမ်သက်သွားသည်။ သို့သော် ဝမ်ချောင်၏စိတ်ကမူ ရှုပ်ထွေးနေလေပြီ။
စစ်ပွဲသုံးနှစ်ဖြစ်ဖို့ ဆယ်နှစ်လောက် ပြင်ဆင်ရတယ်။
သန့်စင်တဲ့ သံမဏိတုံးတွေနဲ့ သံမဏိ ကျောက်ရ်ိုင်းတုံးတွေ အားလုံးက အမြဲတမ်း တိုက်ပွဲသေဆုံးခြင်းနဲ့ ဆက်စပ်နေခဲ့တာ။ အာရပ်တွေက သန့်စင်တဲ့ သံမဏိတုံးနဲ့ သံမဏိကျောက်ရိုင်းတုံးတွေကို ဗဟိုပြင်ကျယ်က ဝယ်တယ်ဆိုကတည်းက အကြောင်းပြချက် တစ်ခုပဲရှိတော့တယ်။ အာရပ်တွေက စစ်ပွဲအသစ်ကို ပြင်ဆင်နေပြီ။ နောက်ပြီး အာရပ်တွေ အာရုံစိုက်ဖို့ ထိုက်တန်လောက်တဲ့ အရာက ...
ဝမ်ချောင်၏မှတ်ဉာဏ်ထဲတွင် အနောက်တောင်ပိုင်း နယ်မြေ၏ အနောက်ဘက်တွင် အာဘတ်ဆစ်ကယ်လီဖိတ်က အနောက်ဘက် အကျဆုံးအပိုင်းတွင် တည်ရှိနေခြင်းဖြစ်သည်။ မဟာထန်၏ အရှေ့ဘက်အကျဆုံးအပိုင်းက တဖြည်းဖြည်းချင်း နေရာဖြန့်ကျက်လာခြင်းအားဖြင့် ခုခံရေးအားလှိုင်းသို့ တိုးမြှင့်လာခဲ့ချိန်တွင် အဝေးမှ အာဘတ်ဆစ်ကယ်လီဖိတ်က အိမ်နီးချင်းများ အားလုံကို လက်အောက်ခံအဖြစ် သိမ်းပိုက်ပြီးလေပြီ။ ထို့အပြင် ချရာဆယ်ရမ်ကပင် လက်ပါးစေအဖြစ် ရောက်သွားခဲ့ရသည်။
ထိုအချိန်အတောအတွင်း မဟာထန်၏ အရှေ့ဘက်ပိုင်းက အာရပ်များကို ရင်ဆိုင်နေရသေးသည်။ သူတို့က ဟူဘက်ပိုင်းသို့ ရောက်လာလေသည်။ သူတို့က ပစ္စည်းမည်သို့ဝယ်သင့်ကြောင်း နားလည်သလို သူတို့၏ အမွှေးနံ့သာတိုင်များနှင့် ကုလားအုပ်များကို ရောင်းချတတ်ကြသည်။ သူတို့၏တိုင်းပြည်က အလွန်အမင်း သေးငယ်ပြီး မာန်ရှဲ့ကျောင်းနှင့် ဂိုဂူလျောပတ်ဝန်းကျင်လောက်သာ ရှိသည်။
ထို့ကြောင့် မဟာထန်ရှိ မည်သူကမျှလည်း အင်ပါယာက ထိုတိုင်းပြည်၏ သူတို့က နယ်ချဲ့ရန် ကြိုးစားလာသည့် အချက်ကို သတိမထားမိခဲ့ကြဘဲ အင်အားအပြည့် ဖြစ်လာအောင် စောင့်ဆိုင်းမသိလို ဖြစ်သွားသည်။ ထို့အပြင် အင်ပါယာတစ်ခုက လူဦးရေး(၂၈)သန်း၊ စတုရန်းကီလိုမီတာ (၆)သန်းထက်ပင် ကြီးမားသွားခဲ့ပြီး မဟာထန်ထက်ပင် နယ်မြေကျယ်ပြောသွားခဲ့သည်။ ဒီခေတ်တွင် အဆင့်အတန်း တူညီစွာဖြင့် ရပ်တည်နေနိုင်သည့် အင်ပါယာကြီး နှစ်ခုသာလျှင်ရှိသည်။ တစ်ခုက မဟာထန်ဖြစ်ပြီး အခြားတစ်ခုက အာဘတ်ဆစ်ကယ်လီဖိတ်ဖြစ်သည်။ သို့သော် ဒီခေတ်တွင်ပဲ မည်သည့်အင်ပါယာကမျှ တစ်ဖက်သူ၏ တည်ရှိမှုကို လက်မခံခဲ့ကြချေ။
အာဘတ်ဆစ်ကယ်လီဖိတ်ကသာ စစ်ပွဲစချင်လျှင် ဦးတည်ရာဘက် တစ်ခုသာရှိသည်။ အရှေ့ဘက် အကျဆုံးရှိ မဟာထန်သို့မဟုတ် ဆင်းတုသာလျှင်ဖြစ်သည်။
“သခင်လေး သခင်လေး”
အဝေးမှ စိုးရိမ်တကြီးသံက ထွက်လာသည်။ ဝမ်ချောင်၏ မြင်ကွင်းထဲသို့ အိုမင်းသော အကြီးအကဲတစ်ယောက်၏ မျက်နှာက ပေါ်လာသည်။
ကျန်းရှို့ကျစ်က ဝမ်ချောင်ကို စိုးရိမ်တကြီးကြည့်နေသည်။ သူတို့က ဟွမ်ကလန်နှင့် အာရပ်များကြား စကားပြောနေရင်းမှ ဝမ်ချောင်ကရုတ်တရက် လျို့ဝှက်ဆန်းကြယ်စွာဖြင့် အေးခဲကြောင်အစွာဖြင့် ရပ်နေပြီး ရေရွတ်နေသောအခါ သူကထိတ်လန့်သွားရသည်။
“အာ ကျွန်တော် အဆင်ပြေပါတယ်”
ဝမ်ချောင်က ခေါင်းခါပြီးအသိပြန်ဝင်သွားသည်။
“ဟွမ်ကလန်အခု ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်နားလည်ပြီ။ သူတို့ကိုလည်း ကျွန်တော်က အနောက်တောင်ပိုင်းက စစ်ပွဲကို အခုလောလောဆယ် ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောထားလိုက်ပါ။ သူတို့ကသာ ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို ပြီးပြည့်စုံအောင် လုပ်ပေးနိုင်သမျှ ဘာမှထပ်ဖြစ်လာမှာမဟုတ်ဘူး။ နောက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ကျွန်တော်က လက်ခံပေးမယ်လို့ ပြောလိုက်ပါ။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ကျွန်တော်က ညှာတာပေးတော့မှာ မဟုတ်ဘူး”
ဝမ်ချောင်၏ လက်ရှိအဆင့်အတန်း လက်ရှိလွှမ်းမိုးနိုင်စွမ်းအားနှင့်ဆိုရင် ဟွမ်ကလန်ကဲ့သို့ ခေတ်နောက်ပြန်ဆွဲနေသော ပန်းပဲကလန်ကြီးတစ်ခုက ဖုန်မှုန့်အဖြစ်ပင် ပြောင်းလဲသွားနိုင်သေးသည်။ ဒါကရိုးရှင်းသော တင်ပြမှုမဟုတ်တော့ချေ။
“ဒါပေါ့ ဒါပေါ့”
ကျန်းရှို့ကျစ်ကလည်း ဝမ်ချောင်၏စကားကြောင့် ပျော်သွားသည်။
“ဒီလိုကြီးမားတဲ့ကိစ္စကြီး လုပ်ပြီးတဲ့နောက်မှာ မင်းကသူတို့ကို လွှတ်ပေးထားမယ်ဆိုရင်တောင်မှ သူတို့က နောက်ထပ်အမှား မလုပ်တော့ပါဘူး”
ပုံမှန်အားဖြင့် ဗိသုကာပညာရှင်များက ပန်းပဲကလန်များနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားသည်။ ထပ်ပေါင်းဆိုရသော် ဟွမ်ကလန်ကလည်း မဟာထန်မှ အကြီးမားဆုံး ပန်းပဲကလန်ကြီးတစ်ခု ဖြစ်နေသေးလေသည်။ ထို့ကြောင့် သူတို့က အသုံးဝင်နေသေးသည်။ ဝမ်ချောင်က အနာဂတ်တွင် အလိုရှိလာခဲ့လျှင် ဟွမ်ကလန်က ကြီးမားသောကဏ္ဍမှ ပါဝင်ပေးပေလိမ့်မည်။
ထိုအကြောင်းပြချက်ကြောင့် ကျန်းရှို့ကျစ်က ဟွမ်ကလန်၏ကိုယ်စား ဝင်ဖြန်ဖြေပေးရဲခြင်းဖြစ်သည်။
ဆရာသခင်အဆင့် လက်နက်ထုလုပ်သည့် စွမ်းရည်များကို ကျွမ်းကျင်ထားသော လူများကသာလျှင် ဆေဘာဓားနှင့် အမျိုးမျိုးသော လက်နက်များကို ထုလုပ်နိုင်ပေလိမ့်မည်။ ချန်းကျန်းဟွမ်နှင့် လုမိသားစုများက ဆေဘာနှင့်ဓား သွန်းလုပ်သည့် နည်းလမ်းကိုသာ သိထားကြခြင်းမဟုတ်ချေ။
ကျန်းရှို့ကျစ်က တံခါးကိုဖွင့်ပြီးနောက် အလျှင်အမြန် ပြန်ထွက်ခွာသွားသည်။
သို့သော် ဝမ်ချောင်က ရထားလုံးထဲတွင်သာ နေခဲ့သည်။ သူ၏စိတ်ကမူ မငြိမ်းအေးနိုင်လောက်အောင် ကြမ်းတမ်းမုန်တိုင်းထန်နေသည်။
ပြတင်းပေါက်၏ အပြင်ဘက်က ကြည့်သောအခါ တောက်ပနေသေးပြီး မည်သည့်တိမ်စဉ်ကိုမျှ မမြင်ရချေ။ သို့တိုင်အောင် ဝမ်ချောင်ကမူ စစ်ပွဲ၏ရနံ့ကိုရနေသည်။ ဒါကတာလတ်စစ်ပွဲဖြစ်သည်။ ထိုအတွေးတစ်ခုက ဝမ်ချောင်၏ခေါင်းထဲ ဝင်ရောက်လာသည်။ ထန်နှင့် အာဘတ်ဆစ်ကယ်လီဖိတ်ကြားမှ ပထမဦးဆုံးနှင့် အကြီးမားဆုံး စစ်ပွဲကြီးဖြစ်လာလောက်ပြီး အရှေ့နှင့်အနောက်မှ အင်ပါယာကြီး နှစ်ခုလုံး၏ ပြင်းထန်သည့် တိုက်ပွဲကြီး ဖြစ်လာပေလိမ့်မည်။ ဝမ်ချောင်၏ အကြံအစည်အရ ထိုတိုက်ပွဲ၏ရလဒ်ကို သူကပြောင်းပြန်လှန်နိုင်သည်။ သူကလည်း အနိုင်ရအောင် လုပ်နိုင်လောက်သေးသည်။
အချိန်ကတဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ ဝမ်ချောင်က အတွေးနက်နေသည့် အချိန်တွင် ရုတ်တရက် သတိပေးချက် အလျဉ်းမရှိဘဲ သူ၏ခန္ဓာကိုယ်ကို အန္တရာယ်များသော လေထုအရှိန်အဝါက တိုးဝင်လာသည်။ အလွန်ပြင်းထန်လွန်းပြီး ချက်ချင်းရောက်လာလေရာ ဝမ်ချောင်ကပင် သူကဦးခေါင်းခွံက ပေါက်ကွဲသွားတော့မည်ဟု ခံစားလိုက်ရသည်။
ဝမ်ချောင်၏မျက်လုံးက ပြူးသွားသည်။
ဘန်း
သူကချက်ချင်း တွေးတောမနေတော့လေဘဲ ရထားလုံး၏နံရံမှ ဖောက်ထွက်လိုက်သည်။ သူက ပျံသန်းလိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်ပြီးနောက် ကြယ်တာရာစွမ်းအင်များကို ရထားလုံးထံ ရောက်သွားစေကာ မောင်းနှင်သူကို အဝေးသို့ တွန်းထုတ်လိုက်သည်။
ဘုန်း
ဝမ်ချောင်က ရထားလုံးထဲမှ ခုန်ထွက်လိုက်ပြီးနောက်တွင် သူ၏အနောက်မှ ပြင်းထန်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြီး ပြင်းထန်သည့် အားလှိုင်းများက လွင့်ထွက်လာသည်။ သူ၏ပတ်ပတ်လည်မှ အလန့်တကြား အော်သံများက ထွက်ပေါ်လာပြီး လူအုပ်ကလည်း ကပ်ဘေးကို ရင်ဆိုင်ရသလို အလန့်တကြား အဝေးသို့ပြေးကြသည်။
ဆယ်ကျန်းအကွာသို့ ခုန်ဆင်းလိုက်ပြီးနောက် ဝမ်ချောင်က လှည့်ကြည့်လိုက်သောအခါ သူ၏နောက်မှ မြင်ကွင်းက သူ၏မျက်နှာကို ဖြူဖျော့ပျက်ယွင်းသွားစေခဲ့သည်။
မြေပြင်က ပြိုလဲကျနေပြီး အလယ်ဗဟိုနေရာကလည်း ဝမ်ချောင်၏ ရထားလုံးကျန်ရှိရာ နေရာဖြစ်သည်။ သို့သော် ဝမ်ချောင်၏ ရထားလုံးတစ်ခုလုံးက အက်ကွဲသွားခဲ့ပြီး အစိတ်စိတ်အပိုင်းပိုင်း အက်ကွဲသွားသော အပိုင်းအစများသာ ကျန်ရစ်တော့သည်။ နေရာတိုင်းတွင် ပြန့်ကျဲနေသည်မှာ ရထားလုံးမှ အခြားသော အစိတ်အပိုင်းများဖြစ်သည့် ပြတင်းပေါက်များ၊ ဘောင်များ စသဖြင့်တို့ ဖြစ်နေလေသည်။
ထိုအကြွင်းအကျန်များ၏ အလယ်ဗဟ်ိုနေရာတွင် ကြီးမားသော ကြေးနီရောင်ခေါင်းလောင်းကြီး တစ်ခုရှိပြီး တောင်တန်းတမျှ လေးလံသည်။ ဝမ်ချောင်ကသာ လျှင်မြန်စွာ မတုန့်ပြန်န်ိုင်ခဲ့လျှင် သူက ထိုကြီးမားသော ခေါင်းလောင်းကြီး၏အောက်တွင် ရထားလုံးနှင့်အတူ အသားတုံးများ ဖြစ်သွားပေလိမ့်မည်။
“ဘယ်နေရာလဲ ဒီခေါင်းလောင်းကြီးက ဘယ်နေရာက ရောက်လာတာလဲ”
မြေပြင်ပေါ်လဲကျသွားသည့် ရထားလုံး မောင်းနှင်သူကလည်း မျက်နှာတွင် ချွေးများစိုရွှဲနေသည်။ သူ၏မျက်နှာတွင် ကြောက်လန့်မှုက ပြည့်နှက်နေသည်။ ရထားလုံးမှ အပိုင်းအစတစ်ခုက သူ၏ပေါင်ကို ထိုးစိုက်မိသွားပြီး သွေးများက ပန်းထွက်လာခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် သူက မည်သည့်နာကျင်မှုကိုမျှ မခံစားရချေ။ ဝမ်ချောင်ကသာ သူ့ကို မတွန်းထုတ်ခဲ့လျှင် သူကလည်း ထိုရထားလုံးနှင့် တူညီသည့်ကံကြမ္မာကို ပိုင်ဆိုင်ထားပေလိမ့်မည်။ သူက အပိုင်းပ်ိုင်း အစစအဖြစ် ပြောင်းလဲသွားလောက်သည်။
“ပြေး ပြေးတော့”
“အဘွား အဘွား သမီးကြောက်တယ်”
ပတ်ဝန်းကျင် တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။ လူပေါင်းများစွာက အလွန်အထိတ်တလန့် ဖြစ်သွားကြသည်။ မိန်းကလေးငယ်လေးများ ဆိုလျှင်လည်း အော်ဟစ်နေကြသည်။ အဘွားအိုကြီးများကလည်း အလွန်ထိတ်လန့်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။
လူအများစုက ရထားလုံးမှ လွင့်စင်လာသော အပိုင်းအစများကြောင့် သွေးသံတရဲရဲနှင့် ဒဏ်ရာရသွားကြသည်။ သို့တိုင်အောင် အများစုကမူ အထိတ်တလန့် ဖြစ်သွားသူကြီးသာဖြစ်သည်။
ကော့လန်ခေါင်းလောင်း
ဝမ်ချောင်က ထိုခေါင်းလောင်းကို စိုက်ကြည့်ပြီးနောက် သူ၏မျက်နှာက အလွန်အမင်း လေးလံသွားသည်။
လွန်ခဲ့သော နှစ်ထောင်ကျော်က ချီမင်းဆက်အတောအတွင်း လူတစ်ယောက်က ဒီလိုနည်းလမ်းမျိုးဖြင့် ချင်းရှီဟွမ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ဝမ်ချောင်ကမူ သူ့ကို တူညီသောနည်းလမ်းဖြင့်သုံးကာ လုပ်ကြံလာမည်ဟု မထင်ထားမိချေ။
ဝမ်ချောင်၏ အကြည့်က ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် အဝေးရှိကောင်းကင်သို့ ရောက်သွားသည်။ အခြားသူများနှင့် မတူညီသည်မှာ ဝမ်ချောင်က ထိုခေါင်းလောင်းက ကောင်းကင်က ပြုတ်ကျလာခြင်းဖြစ်ကြောင်း သေချာနေသည်။ အလွန်မြင့်မားသော တစ်နေရာမှ ကျလာခြင်းဖြစ်လောက်သည်။ သို့သော် ဝမ်ချောင်က ကောင်းကင်တွင် မည်သည့်အရာကိုမျှ မမြင်ရချေ။
“ဒါဆိုရင် ဒီခေါင်းလောင်းက ဘယ်ကလာတာလဲ”
“တစ်ယောက်ယောက် ဒီနေရာကို အမြန်ရှင်းလင်းပြီး ဒဏ်ရာရသွားတဲ့လူတွေကို ကုသပေးလိုက်ပါ”
“ဟုတ်ကဲ့သခင်လေး”
ဝမ်ချောင်က ထိုသို့ပြောလိုက်ချိန်တွင် ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသော ပုံရိပ်ပေါင်းများစွာက ထွက်ပေါ်လာသည်။ အားလုံးက ဝမ်ကလန်မှ အစောင့်များဖြစ်သည်။ ယခုအခါ ဝမ်ချောင်က အမတ်ဖြစ်သွားပြီး ဝမ်မျိုးဆက်တစ်ခုလုံးကလည်း သူ့ကို အလေးထားသည်။ ဝမ်ချောင်ကသာ ဆန္ဒမရှိသည့်တိုင်အောင် ဝမ်ချောင်၏ဦးလေး ဝမ်ကန်း သူ၏ဒေါ်လေးဘက်မှတော်သော ဦးလေးလီလင်းနှင့် သူ၏ဦးလေးငယ် ဝမ်မီတို့က သူ့ကိုဒီအတိုင်း မလွှတ်ပေးထားကြချေ။
“ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ”
“ကလေး အဆင်ပြေရဲ့လား”
ဝမ်ကလန်မှ အစောင့်များက ပတ်ဝန်းကျင်မှ ထွက်လာကြပြီးနောက်တွင် အခြေအနေကို ပြောင်းလဲအောင် ပြင်ဆင်လိုက်သည်။ လူတိုင်းက အထိတ်တလန့် ဖြစ်သွားကြသည့် အချိန်တွင်ပင် ဘုန်းကနဲ မြည်သံနှင့်အတူ ဝမ်ချောင်နှင့် အနီးကပ်ဆုံး နံရံကြီးက ပေါက်ကွဲသွားပြန်သည်။ ကြေးနီရောင်သံချပ်ကာကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက အလွန်ခမ်းနားသည့် ဆူးချွန်ချီစက်ကွင်းများနှင့်အတူ နံရံ၏ အပျက်အစီးပုံထဲမှ ခုန်ထွက်လာသည်။
“ရှီဝါးတာလာ ဆာဝူဆား လီဝါအနူ”
ထူးဆန်းသော တိုင်းတစ်ပါးသား ဘာသာစကားကို ထိုလူထွားကြီးက ပြောလာသည်။ သူက စကားပြောနေသေးသည့်တိုင်အောင် သူ၏သတ္ထုဓားက လင်းလက်လာပြီးနောက်တွင် ဆေဘာရောင် အလင်းတန်းများက လေထုထဲတွင်ပင် ဟိန်းထွက်လာလျှက် ဝမ်ချောင်ကိုတိုက်ခိုက်ရန် ကြိုးစားလာသည်။
နှစ်ယောက်ကြားမှ အာကာသပြင်က တင်းကြပ်သွားပြီး ထိုဆေဘာစွမ်းအင်က ဆက်တိုက် တိုးဝင်လာသည်။ ထိုသို့ဖြင့် လေထဲတွင် တစ်ဆယ်ကျန်းခန့်ရှည်သည့် အက်ကြောင်းနှစ်ခုက ထွက်ပေါ်လာသည်။
“အား”
လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်သွားသည်။ ပုန်းအောင်းနေသေးသည့် ဝမ်ကလန်မှ အစောင့်များကပင် ဖြူဖျော့သွားကြသည်။ လူအုပ်ဘက်မှကြည့်လျှင် ထိုသံချပ်ကာဝတ်ထားသော လူ၏ အရှိန်အဝါက ပေါက်ကွဲနိုင်စွမ်းအား ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းကြီးများက သူတို့အားလုံးကို ချက်ချင်းလိုလို ဖယ်ရှားပစ်တော့မည်နှင့်ပင် တူနေသေးလေသည်။
အခန်း(၆၆၃)
အဆင့်မြင့် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်ပဲ။ သိုင်းအင်ပါယာ အဆင့်နဲ့တောင် ကပ်နေပြီ။
အစောင့်တိုင်း၏ ခေါင်းထဲတွင် ထိုအတွေးကဝင်လာသည်။ ဝမ်ကလန်က သာမာန်အစောင့်များသာဖြစ်ပြီး ထိုအဆင့် ကျွမ်းကျင်ပညာရှင်ကို မယှဉ်နိုင်ချေ။
ရုတ်တရက် သူတို့အားလုံး၏ အထိတ်တလန့်ဖြစ်နေသော အကြည့်အောက်တွင် ဝမ်ချောင်က လက်ညိုးတစ်ချောင်း ညွှန်လိုက်ပြီးနောက် ထိုမျှခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော ဆေဘာစွမ်းအင်ကို ချက်ချင်းရပ်တန့်သွားစေခဲ့သည်။
ဘုန်း
ဝမ်ချောင်၏ လက်ညိုးထိပ်မှ ထွက်လာသော တောက်ပလွန်းသည့် ထိုဓားချီက တစ်ဖက်မှ ဆေဘာစွမ်းအင်များကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေခဲ့သည်။ တချိန်လဲလိုလို ဝမ်ချောင်ကလည်း ဘယ်ဘက်လက်ကို လှုပ်ရှားလိုက်သည်။ လူတိုင်းက အဖြစ်အပျက်ကို နားလည်အောင် ကြိုးစားနေသေးသော အချိန်တွင်ပင် ဝမ်ချောင်က သူ၏ဝု့စ်သံမဏိဓားကို လေထဲသို့ ဆွဲထုတ်လိုက်ပြီဖြစ်သည်။ ထိုဓားက ထိုလူထွားကြီး၏ သံချပ်ကာကို လှီးဖြတ်သွားလေပြီး ဓားထိပ်က တစ်ဖက်သူ၏နှလုံးထဲသို့ စိုက်ဝင်ကာ ထုတ်ချင်းပေါက်သွားသည်။
ချွင်
သံချပ်ကာနှင့် လူ၏ဒူးက ချက်ချင်းလိုလို ထောက်ကျသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ မျက်စိကြိမ်းမတက် တောက်ပနေသော သူ၏ခြေထောက်အောက်မှ ဆူးချွန်ချီစက်ကွင်းများ အားလုံးကလည်း ပျောက်ပျယ်သွားသည်။ သူက မျက်လုံးအပြူးသားဖြင့် ဖြစ်နေလေပြီး ဝမ်ချောင်၏ အနီးအနားသို့သာ ကြည့်နေကာ သူကအင်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့သည့်တိုင်အောင် ဝမ်ချောင်က အသာအယာ ဖျက်ဆီးနိုင်သည့်အချက်ကို မယုံကြည်နိုင်ဖြစ်နေသည်။
“ကိုယ့်ခွန်အားကို မသိတာပဲ”
ဝမ်ချောင်က နှာခေါင်းရှုံ့လိုက်လျှက် အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး နှေးကွေးစွာဖြင့် ထွက်ခွာခဲ့လိုက်သည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် သူ၏ခွန်အားက ပြင်းထန်စွာ တိုးတက်လာခဲ့ပြီး သူက သိုင်းအင်ပါယာ နယ်မြေသို့ တက်ရောက်နိုင်ခဲ့သည်။ သူက လုံချင်ပါ့ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့လေရာ ယခုအဆင့်လောက် ပြိုင်ဘက်က ရယ်စရာကောင်းနေသည်။
ပို၍ဆိုးသည်မှာ ဆေဘာစွမ်းအင်က “ပိုများလေ ပိုကောင်းလေ” ဆိုသောအချက်ကို မူတည်နေခြင်းမဟုတ်ပေ။ ဒီနယ်ပယ်တွင် အရည်အသွေးက အရေအတွက်ကိုသာသည်။ စုကျန်းချန်း၏ နတ်ဘုရားနှင့်မိစာ္ဆ ဖျက်ဆီးခြင်းသိုင်းက ဒီလောကတွင် အပြင်းထန်ဆုံးသိုင်း ဖြစ်သေးသည်။ ထို့ကြောင့် သာမာန်ဆေဘာစွမ်းအင်များက ယှဉ်နိုင်မည်မဟုတ်ပေ။
ဝမ်ချောင်က ခြေနှစ်လှမ်း လှမ်းပြီးနောက် မျက်လုံးကရုတ်တရက် ပြန်ကျယ်သွားကာ နားထဲတွင်လည်း သတ္ထုလေတိုးသံများကို ကြားလိုက်ရသည်။ အနက်ရောင်မြားသုံးစင်းက အစိမ်းရောင်အလင်းများနှင့် ခြံရံလျှက် တြိဂံပုံစံမျိုးဖြင့် လမ်း၏အဆုံးပိုင်းမှ ပစ်လွှတ်လိုက်သည်။ ပေါ်လာပြီးပြီးချင်းလိုလို ဝမ်ချောင်၏ မျက်နှာနားသို့ ရောက်လာတော့သည်။
ဝမ်ချောင်၏ခန္ဓာကိုယ်က ဘေးဘက်သို့ ယိုင်လဲသွားပြီးနောက်တွင် သူကထိုတိုက်ကွက်ကို ကြိုတင်ခန့်မှန်းထားမိသလိုမျိုး မြားသုံးချောင်းလုံးက သူ၏အနားမှ ဆံချည်တစ်မျှင်စာ အကွာအဝေးမျိုးဖြင့် ပွတ်တိုက်လျှက် ကျော်ဖြတ်သွားသည်။
ဘန်း ဘန်း ဘန်း
မြားသုံးချောင်းလုံးက လမ်းဘေးတွင်ရှိသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို ဝင်စိုက်သွားပြီး ဖုန်ဖြစ်သွားစေသည်။
ဝမ်ချောင်က အဆိပ်မြားသုံးချောင်းကို အလွယ်တကူ ရှောင်နိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်က ယမ်းခါသွားပြီးနောက်တွင် မီးခိုးအလား ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။ ထို့နောက် ပြန်ပေါ်လာသောအခါ ကျန်းပေါင်းများစွာအကွာသို့ ရောက်နေခဲ့ပြီဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
သူ၏အနောက်တွင် နောက်ထပ် မြားတစ်သုတ်က အခြားဦးတည်ရာဘက်မှ ပစ်လွှတ်လိုက်ပြန်ပြီး သူရပ်နေသောနေရာသို့ ရောက်သွားခဲ့ပြန်သည်။ အလားတူပင် နံရံကို ထိမှန်သွားစေပြီး ဖုန်ဖြစ်သွားစေပြန်သည်။
ဒါက အဆုံးသတ်ဖို့ ဝေးကွာနေသေးတယ်...
“သူ့ကိုသတ်”
ပတ်ဝန်းကျင်မှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးနောက် ဝမ်ချောင်၏ ပတ်ဝန်းကျင်မှလူများက သူတို့၏ ရပ်ထားမှုကို ဖယ်ရှားလိုက်ကြပြီး ချက်ချင်းလိုလို ခုန်ဝင်လာကြသည်။ အနောက်နယ်မြေမှ ဟူ၊ တိဗက်၊ အာရပ်များ အပါအဝင် ဟန်အချို့ကပင် ဝမ်ချောင်၏နောက်သို့ တစ်ချိန်လုံး လိုက်ပါနေခဲ့သော သာမာန်လူများ၏ ပုံစံမှ ပုံစံပြောင်းကာ သူ့အားခြုံခိုတိုက်ခိုက်လာကြသည်။
ဝှစ်
ပထမဦးဆုံး ဝင်ရောက်လာသည်မှာ အာဘတ်ဆစ်ကယ်လီဖိတ်၏ ကွေ့ကောက်နေသော လခြမ်းပုံစံ ဓားမောက်ရှည်ဖြစ်သည်။ တိကျသေချာစွာ တောက်ပလွန်းသည့် ဓားသွားက ခြေတစ်ချောင်းလောက်ပင် မရှည်သော်လည်း အစွန်းနှစ်ဖက်လုံးက အလွန်အမင်းတောက်ပြောင်ကာ ချွန်ထက်လွန်းနေခဲ့သည်။ ထိုဓားမောက်ရှည် ဘက်ခြမ်းကသာလျှင် သူတို့၏ အထူးတလည် ပြင်ဆင်ထားသည့် လက်ကိုင်ပိုင်းမှတစ်ဆင့် ကိုင်တွယ်ရခြင်းဖြစ်သည်။
အမှန်တိုင်းဆိုရသော် ထိုနေရာက ဓားမောက်ရှည်ကို အသုံးပြုသူက သူတို့၏ခွန်အားကို ထုတ်ဖော်နိုင်စေမည့် နေရာလည်းဖြစ်သည်။
အာရပ်ဓားမောက်ရှည်များ အပါအဝင် အမျိုးမျိုးသော လက်နက်ပေါင်းများစွာက လေထဲတွင်ဝဲသွားပြီးနောက် တိုက်ခိုက်လာကြသည်။ ဟူတိုင်းတစ်ပါးသား နယ်မြေမှလူများ တိဗက် အာရပ်နှင့် ဟန်များက ဝမ်ချောင်ကို ဆာလောင်နေသော ဝံပုလွေများကဲ့သို့ သူတို့၏ချီစက်ကွင်းပေါင်းများစွာကို လိမ်ယှက်လျှက် ဝမ်ချောင်ကိုဝိုင်းကာ လွတ်မြောက်နိုင်စွမ်းအားမရှိအောင် ပိတ်ဆို့လျှက် တိုက်ခိုက်ကြသည်။
ထိုဟူအနောက်နယ်မြေတွင် နေထိုင်သူများ တိဗက်များနှင့် အာရပ်များက မည်သည့်မြို့နယ်၊ မည်သည့်အဖွဲ့ အပိုင်များဖြစ်နေကာမူ အရာအားလုံးကို ဘေးဖယ်ထားပြီး တိတ်တဆိတ် သဘောတူညီမှုရယူထားသလို ဝမ်ချောင်ကိုသတ်ဖြတ်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
“ဝမ်ချောင်ကိုသတ်”
ထိုအချိန်တခဏတွင် မရေမတွက်နိုင်သော ဓားမောက်ရှည်နှင့် လုပ်ကြံသတ်ဖြတ်လာသည့် လက်နက်ပေါင်း များစွာက အစစ်အမှန် ရိုက်ခတ်တော့မည့် ပုံစံမျိုးဖြင့် ချဉ်းကပ်ဝင်ရောက်လာသည်။ ဝမ်ချောင်ကမူ တည်ငြိမ်စွာသာ ပြုံးလိုက်သည်။ ထိုလူများက မတည်ရှိတော့သည့်အလား သူက ဂရုပင်မစိုက်ချေ။
ခွပ်
သူက ခြေထောက်ကို အသာအယာဖိနင်းလိုက်သည်နှင့် ဖျော့တော့သော ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာက အနီရောင်သမ်းနေသော အလင်းများနှင့်အတူ သူ၏ခန္ဓာကိုယ်မှ စတင်ကာ ထွက်ပေါ်လာလေပြီး သူ့ကို ကရားခေါင်းလောင်းကြီး တစ်ခုလိုမျိုး လွှမ်းခြုံကာ ကာကွယ်ပေးသွားသည်။
ချွင် ချွင် ချွင်
ဓားမောက်ရှည်များ၊ လက်နက်များက ကြေးနီရောင်မြို့ရိုးကြီးတစ်ခုကို ထိုးလိုက်ရသလိုမျိုး ထိုနေရာတွင် ရပ်တန့်သွားကြသည်။
“မင်းတို့ရဲ့အိမ်စာက အားနည်းလိုက်တာ”
ဝမ်ချောင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း ကြမ်းတမ်းကာ အေးစက်သည့် အလင်းမျိုးကလက်လာသည်။
ထိုလူများကသူ့ကို အစစ်အမှန် စုံစမ်းထားခဲ့ပြီးလျှင် သူက လက်ရှိအချိန်တွင် ယခင်နှင့်မတူတော့သော လူတစ်ယောက်ဖြစ်ကြောင်း သေချာပေါက် သိထားပေလိမ့်မည်။ အရေအတွက် များပြားလောက်သော်လည်း သာမာန်စစ်သည်များလောက်က သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။
ထိုလူများက သူက ဗျူဟာပညာရှင်တစ်ယောက်ဟုသာ သိထားသောကြောင့်သာ သူ၏ကျင့်ကြံခြင်းအဆင့်က လေးစားစရာမကောင်းဟု ထင်ထားပြီး သာမာန်လူများကို လွှတ်လိုက်ခြင်းဖြစ်လောက်သည်။
“လီစစ်ယဲ့”
ဝမ်ချောင်က ဘာမှမလုပ်ဘဲ ဒီအတိုင်းသာ နာမည်တစ်ခုအော်လိုက်သည်။
ရုတ်တရက် အနီးအနားစားသောက်ဆိုင်၏ ဒုတိယထပ်မှ တောင်တန်းတမျှ ကြီးမားသော လူကြီးတစ်ယောက်က ထွက်ပေါ်လာသည်။ သူ၏ကျောတွင်လည်း အလွန်အမင်းကြီးမားသည့် ဓားကြီးတစ်လက်ကို ကိုင်ထားကာ ထိုဓားက သာမာန်အရွယ်ရောက်သော လူတစ်ယောက်ထက်ပင် ရှည်သေးသည်။
ဘုန်း
လေထဲတွင် ဖျော့တော့သော အားလှိုင်းများက ဖြာထွက်သွားသည်။ မည်သူကမျှလည်း လီစစ်ယဲ့က ထိုဓားကို မည်သို့ထုတ်လိုက်ကြောင်း မသိသော်လည်း လေထုကို ကြီးမားသည့် ဓားချီတစ်ခုက ထိုးခွဲသွားပြီး အနီးအနားရှိ လုပ်ကြံသတ်ဖြတ်သူ ရှစ်ယောက်လုံးကို ခါးမှပိုင်းဖြတ်လိုက်သည်။
ကျန်ရှိသောဓားချီက လမ်းထဲရှိ ကျောက်တုံးပေါင်းများစွာကို ကျော်ဖြတ်ကာ ထိမှန်သွားသေးပြီး ဆယ်ကျန်းခန့်ရှည်သော အစင်းကြောင်းကြီးတောက်လျှောက် ဖြစ်သွားစေသည်။
“ဒါကို လျစ်လျူရှု့လိုက်။ သူ့ကိုပဲသတ်”
ရုတ်တရက် တောင့်တင်းသန်မာသော ဟူတစ်ယောက်က ဟူဘာသာစကားဖြင့် အော်ဟစ်လိုက်ပြီးနောက်တွင် အားလုံးကို ဘေးဖယ်ထားကာ ဝမ်ချောင်ထံ ခုန်ဝင်လာသည်။
သို့သော် ပါးလျသောဓားမြှောင် တစ်ချောင်းက သူ၏လည်ပင်းကို လှီးဖြတ်လာပြီး အခြားသော ပတ်ဝန်းကျင်မှ သူ၏ရဲဘော်ရဲဘက်များ၏ လည်ပင်းများကိုလည်း တောက်လျှောက်လှီးဖြတ်သွားသည်။
ခွပ် ခွပ် ခွပ်
ကျန်ရှိသော လုပ်ကြံသတ်ဖြတ်သူများကလည်း မျက်တောင်တစ်ခတ် အချိန်အတွင်း စပါးပင်များကို လှီးဖြတ်သလို ခုတ်ဖြတ်ခံရသည်။ သူတို့က မျက်လုံးအပြူးသားဖြင့် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားသည်။
“အရှင်အမတ် အဆင်ပြေပါရဲ့လား”
လီစစ်ယဲ့ကဓားကြီးကို သယ်လျှက် အလျင်စလို ရောက်လာသည်။
“ကျွန်တော်က အဆင်ပြေပါတယ်။ ဒီအတိုင်း သူတို့စုံစမ်းထားတာက လိုအပ်နေတာ ရှင်းလင်းနေတာပဲ”
ဝမ်ချောင်က ပေါ့ပါးစွာပြောလိုက်ပြီးနောက် သူ၏လက်ထဲမှ သေးငယ်သော ဝု့စ်သံမဏိဓားမြှောင်ကို သိမ်းလိုက်သည်။ ထိုဓားမြှောင်ကို သူကိုယ်တိုင် သွန်းလုပ်ထားခဲ့ခြင်းဖြစ်သည်။ နဂိုမူလ ရည်ရွယ်ချက်ကမူ သူ၏ဓားချီကို လေ့ကျင့်ရန်ဖြစ်သည်။ သို့သော် လုပ်ကြံသတ်ဖြတ်သူများကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေသေးသည်။
ချွင်
ဝမ်ချောင်က ဝု့စ်သံမဏိဓားကို ဒူးထောက်ကျနေသော သံချပ်ကာနှင့်လူ၏ နှလုံးသားထဲသို့ ထိုးစိုက်ကာ ပြန်ဆွဲထုတ်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် သူ၏ဘယ်ဘက်လက်ကလည်း ထိုလူ၏ ခေါင်းဆောင်းကို ချွတ်ကာဖယ်လိုက်သည်။
“တူရကီပဲ”
ဝမ်ချောင်၏မျက်နှာက အံ့အားသင့်ဟန်မပြချေ။
“တူရကီတွေတင် မဟုတ်ဘူး ဂိုဂူလျောတိုင်းသား၊ အာရပ်၊ တိဗက်နဲ့ အနောက်ပိုင်း နေထိုင်သူတွေ နောက်ပြီး ကာတန်တို့တောင် ပါသေးတယ်။ အရှင်အမတ် အနောက်တောင်ပိုင်းက စစ်ပွဲမှာ အရှင်က သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်းတို့ကို အနိုင်ရခဲ့သော လူတိုင်းက အရှင့်ကို သူတို့ရဲ့မျက်လုံးထဲက ဆူးညှောင့်ခလုတ်လို့ သတ်မှတ်နေကြတာပါ”
လီစစ်ယဲ့က စိုးရိမ်တကြီးပြောသည်။
ဝမ်ချောင်က အပြင်ဘက်တွင် ခပ်အေးအေးဖြစ်နေသော်လည်း စိတ်ထဲတွင်မူ သတိကြီးကြီးထားကာ အပေါ်ယံတွင် သူကတစ်ယောက်တည်းသာ ထင်ရသော်လည်း အမြဲတစေ သူ့နောက်သို့ တစ်ချိန်လုံး ယုံကြည်ရသောလူများကို လိုက်ခိုင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်တိုအတွင်း မရေမတွက်နိုင်သော လူပေါင်းများစွာက ပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များ၊ တည်းခိုဆောင်များ၊ လမ်းကြားများ၊ အဝေးရှိ လမ်းများမှတစ်ဆင့် ခုန်ထွက်လာကြသည်။
ဝမ်ချောင်၏ လက်ရှိအဆင့်အတန်းက ဝမ်ချောင်က သာမာန်ဆက်ခံသူတစ်ယောက် မဟုတ်တော့ချေ။ သူက သာမာန်သူကောင်းမျိုးရိုး ဆက်ခံသူတစ်ယောက် မဟုတ်တော့ဘဲ ဆက်ခံသူ အထက်တန်းလွှာတစ်ယောက် ဖြစ်နေလေပြီ။
သူ၏ကောင်းကင်၏ သားတော်မှ တပည့်ဆိုသော ဘွဲ့ကတင် မရေမတွက်နိုင်သော လူပေါင်းများစွာက သူ့ကိုစောင့်ကြပ်ပြီး ကာကွယ်ပေးရန် လုံလောက်နေလေပြီ။ သူကသာ ဒီလိုအခြေအနေမျိုးတွင် တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် မည်သူကမျှ ဒါကိုလက်ခံနိုင်မည်မဟုတ်ချေ။
“ဟား ဟား သေချာပေါက်ပဲ”
ဝမ်ချောင်က လက်ယမ်းလိုက်သည်။ သူကစိုးရိမ်စိတ် မရှိချေ။ အနောက်တောင်ပိုင်းမှ ငရဲကဲ့သို့သော အတွေ့အကြုံမျိုးကို ရခဲ့ပြီးနောက် ဒီလိုအသေးစား မတော်တဆမှုလောက်ကို စိတ်မလှုပ်ရှားတော့ချေ။
“ျ ကျွန်တော် ခင်ဗျားကိုမပြောထားဘူးလား ဘာလို့ခင်ဗျားက ကျွန်တော်ကိုထပ်ပြီး အရှင်အမတ်လို့ ခေါ်နေသေးတာလဲ”
“အရှင့်ရဲ့လက်အောက်ငယ်သားက မခေါ်ရဲပါဘူး။ အပေါ်နဲ့အောက်ရဲ့ကြားမှာ ကွာခြားချက်က ရှိနေတုန်းပါပဲ။ သခင်လေးက အခုအမတ်ဖြစ်သွားပြီ။ နောက်ပြီး အရှင်မင်းကြီးကိုယ်တိုင် လူငယ်အမတ်ဘွဲ့ကို ချီးမြှင့်ထားခဲ့တာပါ။ ကျွန်တော်တို့က အရှင့်ကို အရှင်အမတ်လို့သာ မခေါ်ခဲ့ရင် တစ်ခြားသူတွေကလည်း ဒီလိုခေါ်ချင်စိတ် ရှိမှာမဟုတ်ပါဘူး”
လီစစ်ယဲ့က ခေါင်းကိုငုံ့လျှက် ဂါရဝပြုလိုက်သည်။
ဝမ်ချောင်ကလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါသည်။ လီစစ်ယဲ့၏စရိုက်က ထိုအတိုင်းပင် ကျောက်သားကဲ့သို့ ခိုင်မာသည်။ သူက ထိုစည်းမျဉ်းများကို အလွန်အမင်းခေါင်းမာကာ ကျင့်သုံးချင်လေပြီး မည်သူကမျှလည်း သူ့ကိုနှစ်သိမ့်၍မရချေ။
“ခင်ဗျားကိုဆူနေလည်း ထူးခြားမှာမဟုတ်မှန်း ကျွန်တော်သိတယ်။ ဒီအတိုင်း ကျွန်တော်ရဲ့နောက်က လိုက်ခဲ့ပါ”
ဝမ်ချောင်က ခေါင်းကိုလှည့်ပြီး ပြောလိုက်သည်။ စကားပြောနေရင်း တစ်ဖက်သို့လှည့်လိုက်သည်။ အရပ်မျက်နှာတစ်ခုထံမှ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ပေါင်းများစွာက ရောက်လာကြသည်။ ဝတ်စုံများအရ တစ်ချက်ကြည့်ရုံဖြင့် ထိုလူများက ဘာသာရေးရုံးတော်နှင့် ဘုရင့်အိမ်တော်ဝန် လက်အောက်ခံ ဌာနမှလူများဖြစ်ကြောင်း သိနိုင်လေသည်။
“အရှင်အမတ် ကျွန်တော်တို့ရဲ့ နှေးကွေးမှုအတွက် တောင်းပန်ပါတယ်။ အရှင်အဆင်ပြေရဲ့လား။ ဒဏ်ရာများ ရသွားသေးလား”
“အရှင်အမတ် ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။ ကျွန်တော်တို့ ကင်းလှည့်တာကို ပိုပြီးကြပ်မတ်ထားပါ့မယ်။ ဒီလို မတော်တဆမှုတွေ ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး။ ဒီမျိုးမစစ်ကောင်တွေကို တော်တော်လေးကို ခေါင်းမာတာပဲ။ ဒီလိုနေ့ခင်းကြောင်တောင်တောင် လာပြီး မြို့တော်ထဲမှာ ရမ်းကားရဲသေးတယ်”
သွေးနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသော ထိုအရာရှိများကလည်း ထိုလုပ်ကြံသတ်ဖြတ်သူများကို ကန်ချောက်ကြသည်။ သူတို့၏ပါးစပ်မှလည်း ကျိန်ဆဲသံများက ခပ်တိုးတိုးထွက်နေသည်။ သူတို့၏ အရှေ့တွင်မူ ထိုလူများ၏မျက်နှာက ခေါင်းမာစွာဖြင့်သာ မြေပြင်သို့ ငုံ့ထားနိုင်သည်။ သူတို့က ခေါင်းမော့ကာ မကြည့်ရဲချေ။
ယခုက နေ့ခင်းကြောင်တောင် ဖြစ်နေသည်။ ဝမ်ချောင်က မမျှော်လင့်ထားစွာပင် မတော်တဆမှု တစ်ခုကိုသာ ကြံလိုက်ရလျှင် ဒီရှိနေသော လူတိုင်းက သူတော်စင်ဧကရာဇ်၏ အပြစ်တင်မှု အကျိုးဆက်ကို ခံရပေလိမ့်မည်။
“စစ်ယဲ့ သူတို့နဲ့ စကားပြောလိုက်ပါ။ ကျွန်တော် အခြားကိစ္စတွေ လုပ်ရဦးမယ်။ ဒီတော့ အရင်ထွက်သွားလိုက်ပါဦးမယ်”
ဝမ်ချောင်က ထိုလူများကို ကြည့်ပင်မကြည့်တော့ဘဲ ထွက်သွားလိုက်သည်။
ထိုလူများက ဘုရင်ချီနှင့် အနီးကပ်ဆုံးဖြစ်ပြီး ဘုရင်ချီဘက်မှ အာဏာအရှိဆုံး အဖွဲ့အစည်းတစ်ခုမှလည်း ဖြစ်နေသေးသည်။ ဝမ်ချောင်ကလည်း ထိုလူများက သူ့ကို ခွန်းဝူလေ့ကျင့်ရေးစခန်း တာဝန်အတောအတွင်းနှင့် ဆုလဒ်အခမ်းအနား အတောအတွင်း လုပ်ကြံရန် ကြိုးစားခဲ့ကြောင်း မမေ့သေးချေ။
ကောင်းကင်၏သားတော် အသစ်က ကိုယ်ပိုင်အမတ်များကို ယူဆောင်လာခဲ့သည်။ သူက သူ့အတွက် မည်သူ့ကိုမျှ ယူမလာခဲ့နိုင်ခြင်းလည်း ဖြစ်လောက်သည်။ သို့သော် လက်ရှိသူ၏ အဆင့်အတန်းအရ ထိုလူများကပင်သူ့ကို ဂါရဝပြုလေးစားရမည့် အဆင့်အတန်း ဖြစ်နေလောက်သည်။
“နှုတ်ဆက်ပါတယ် အရှင်အမတ်”
လီစစ်ယဲ့က ချက်ချင်းလိုလို ဂါရဝပြုလိုက်ပြီးနောက် ဝမ်ချောင်နှင့်ပတ်သတ်သည့် ကိစ္စများကို ကိုင်တွယ်ရန် ပြင်ဆင်နေသည်။ လူပေါင်းများစွာက သေဆုံးသွားမှုနှင့်အတူ ရှင်းပြချက်တစ်ခုကို ပေးရတော့ပေမည်။ လီစစ်ယဲ့ကလည်း တစ်ချက်ကြည့်ရုံဖြင့်ပင် တရားရေးရာဆိုင်ရာ ပြန်လည်သုံးသပ်မှုခုံရုံး၊ တော်ဝင်စစ်တပ်နှင့် မြို့အစောင့်များ အားလုံးရောက်လာကြောင်း ကြည့်လိုက်သည်။
“ထပ်ပြီး ကျရှုံးသွားပြန်ပြီ။ ဒီကောင်စုတ်က တော်တော်လေးကို တော်တာပဲ။ ဒါက ဒုတိယတစ်ကြိမ်တောင် ဖြစ်နေပြီ”
“ဟုတ်တယ် ငါတို့သတ်ချင်တဲ့ ဘယ်သူကမှ နောက်တစ်ရက် မကူခဲ့ဖူးဘူး။ ငါတို့က သူ့ထက်ပိုပြီး ကျော်ကြားတဲ့ လူတွေကိုတောင် သတ်ဖို့ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ငါတို့ရဲ့နည်းလမ်းတိုင်းက သူနဲ့ဆိုရင် အသုံးမဝင်တော့ဘူး”
“ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုရင် ငါတို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူးပဲ။ ငါတို့ကို တွေ့သွားခွင့်ပြုလို့ မရဘူး။ အပြင်လူတွေကသာ ငါတို့ရဲ့တည်ရှိမှုကို သိသွားကြရင် ဆရာအရင်ဆုံးသတ်မှာက ငါတို့ကိုပဲ”
ဝမ်ချောင်က တိုက်ခိုက်ခံခဲ့ရသော နေရာနှင့် မီတာထောင်ပေါင်းများစွာ ဝေးကွာသောနေရာတွင် စားသောက်ဆိုင် ထောင့်တစ်နေရာတွင် ထိုင်နေသော ထိုအနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက် ရှိနေသည်။ သူတို့၏ခြေထောက်အောက် မြေပြင်တွင်လည်း အလောင်းများက ပုံနေသေးသည်။ ထိုလူများက စားပွဲထိုးများ၊ အစေခံများ၊ ပိုင်ရှင်၊ ကင်းလှည့်သူများဖြစ်နေပြီး အားလုံးက သွေးအိုင်ထဲတွင်လဲလျှက် မျက်လုံးအပြူးသားဖြင့် ဖြစ်နေသည်။
အခန်း(၆၆၄)
ဒုတိယအစ်ကို ဝမ်ပေ့နှင့် တဖန်ထပ်၍ တွေ့ဆုံခြင်း
လေထဲတွင် သွေးရနံ့က အလွန်သိပ်သည်းနေသည်။ သို့သော် ထိုအနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်လျှက် သောက်စားနေကြပြီး ဘာမှမဖြစ်သလိုပင် ဖြစ်နေသည်။
အထီးကျန်ဝံပုလွေသာ ရှိနေလျှင် သူကသေချာပေါက် အံ့ဩသွားပေလိမ့်မည်။ အကြောင်းမူကား ထိုလူများ၏ ဝတ်စုံနှင့် ထိုလူများက ထုတ်ပေးနေသော အရှိန်အဝါက သူ့ကို ကျင်းခယ်တွင် လိုက်သတ်ခဲ့သော လူများနှင့် တူညီနေသောကြောင့်ဖြစ်သည်။
မည်သူကမျှ ထိုလူများက အနောက်တောင်ပိုင်းမှတစ်ဆင့် မြို့တော်ထဲသို့ ဝင်ရောက်လာမည်ဟု မထင်ထားချေ။
“ကြည့်ရတာငါတို့ လုဝူရဲ့ အကူအညီကိုပဲ တောင်းခံရတော့မယ်”
အနီးအနားတွင် တတိယမြောက် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ရှိနေသည်။ ထိုလူက အလောင်း တစ်လောင်း၏အနားတွင် ရပ်နေခြင်းဖြစ်ပြီး သူက ဓားမှသွေးများကို သန့်ရှင်းရင်း ပြောလိုက်ခြင်းဖြစ်သည်။
သူကထိုသို့ပြောလိုက်ပြီး တခဏတွင် စားသောက်ဆိုင်တစ်ခုလုံးက တုန်လှုပ်ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ အခန်းထဲတွင်ပင် ကြောက်လန့်သော ရနံ့များကိုပင် ကြားလိုက်ရသည်။
“ဘာလဲ မင်းတို့က ဆန္ဒမရှိဘူးလား။ မမေ့နဲ့ ဒီတာဝန်ကသာ ကျရှုံးသွားရင် ငါတို့အားလုံး အသတ်ခံရလိမ့်မယ်”
တတိယမြောက် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်က တိတ်ဆိတ်နေသော သူ၏လူများကို ကြည့်လိုက်သည်။
“ဒါပေမဲ့ လုဝူက အရမ်းသွေးဆာလွန်းတယ်။ သူကသာ အလျင်စလို လုပ်မိပြီး တော်ဝင်နန်းတော်ထဲက အဲ့ဒီလူကို သတိထားမိစေလိုက်ရင် ငါတို့အားလုံး အဆုံးသတ်မှာပဲ”
အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က တုန်ယင်သော လေသံဖြင့်ပြောသည်။
မဟာထန်၏ မြို့တော်တွင် လောကတွင် ကြောက်စရာအကောင်းဆုံးသော တည်ရှိမှုကြီး တစ်ခုရှိပြီး ထိုလူက ထိုက်ကျိနန်းဆောင် တစ်ခုလုံးကို သိမ်းယူထားကာ တစ်လောကလုံးကို လွှမ်းခြုံနိုင်သည့် အဆင့်လွန် တည်ရှိမှုမျိုးဖြစ်သည်။ ထိုလူက မဟာထန်၏ ကောင်းကင်၏ သားတော်ဖြစ်သည်။
တစ်ဖက်မှလူကလည်း ချက်ချင်းတိတ်ဆိတ်သွားသည်။ သူ၏မျက်လုံးထဲတွင်လည်း ခြောက်ခြားမှုကို မြင်နိုင်သည်။
“ဟမ့် စိတ်အေးအေးထားစမ်းပါ ငါတို့ကဒီအတိုင်း ပုဇွန်လေးတွေပဲ။ သူ့လိုလူမျိုးက ငါတို့ကိုဘာလို့ အာရုံစိုက်မှာလဲ။ သူက ဧကရာဇ်ဆိုတော့ သူ့မှာ မရေမတွက်နိုင်တဲ့ ကိစ္စတွေကို နေ့တိုင်းကြုံတွေ့နေရမှာပဲ။ သူကဒီ အုပ်ချုပ်ရေးရာ ကိစ္စတွေကို ဘေးဖယ်ထားပြီး ငါတို့လို အသေးစားလူတွေကို ကိုင်တွယ်မယ်လို့ထင်လား”
သူကအခြားနှစ်ယောက်ကို ပြောနေသည်ဟု ထင်ရသော်လည်း တတိယမြောက်လူက ကိုယ့်ကိုယ်ကို အယုံသွင်းနေခြင်းဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် ငါတို့လုပ်ရမှာပဲ။ ငါတို့မလုပ်ချင်ရင်တောင် လုပ်ရလိမ့်မယ်။ ငါတို့မသေချင်ရင် လုဝူကို ကိုင်တွယ်ရမှာပဲ။ အဲ့ဒီကောင်စုတ်ကသာ သေသွားသမျှ ငါတို့က အကျိုးအမြတ်ကြီးကြီး ရရှိလိမ့်မယ်။ အချိန်ကျလာရင် ငါတို့က ဒီမြို့တော်ထဲက ထွက်သွားဖို့ပဲလိုတော့တယ်။ ငါတို့မှာ ရွေးချယ်စရာ အခြားရှိသေးလို့လား”
သူကပြောလိုက်ပြီးနောက် တတိယမြောက် ပုံရိပ်အသံက မြင့်လာသည်။
အခြားနှစ်ယောက်၏ မျက်လုံးများကလည်း ပြောင်းလဲသွားသည်။ မျက်လုံးများက ပြောင်းလဲပြီးနောက် နှစ်ယောက်လုံးက ခေါင်းညိမ့်သည်။
“မင်းပြောသလိုပဲ လုပ်ကြတာပေါ့။ လုဝူက လွတ်လာတာနဲ့ အဲ့ဒီကောင်စုတ် သေမှာက သေချာသွားပြီ။ ဒါပေမဲ့ ငါတို့အဲ့လိုလုပ်မယ်ဆိုရင် အမြန်ဆုံးထွက်သွားဖို့ လိုအပ်နေသေးတယ်”
နောက်ဆုံးစကားကို ပြောပြီးနောက် စားသောက်ဆိုင်က ပြန်လည်တိတ်ဆိတ်သွားသည်။
မြို့ပေါ်ရှိ လုပ်ကြံသတ်ဖြတ်ခံရသော ကိစ္စက ဝမ်ချောင်အတွက် အသေးစား ကိစ္စမျှသာဖြစ်သည်။ သူ၏နှလုံးခုန်နှုန်းကို မြန်စေသောကိစ္စက မလာသေးချေ။
သူက အခြားသော ရထားလုံးတစ်ခုတွင် ထိုင်နေရင်းမှဝမ်ချောင်က နန်းတော်ဂိတ်ထံသို့ ဦးတည်လိုက်သည်။
“ငါ့ကိုသေဆုံးခြင်းထောင်ကို ခေါ်သွားပေးပါ”
ဝမ်ချောင်က သူ၏အမှတ်တံဆိပ်ကို ထုတ်လိုက်ပြီးနောက် အရှုံးပေးစွာဖြင့် သေဆုံးခြင်းထောင်ကို ဝင်ရောက်လိုက်နိုင်သည်။ ဝမ်ချောင်က ကောင်းကင်သားတော်၏ တပည့်ဖြစ်ပြီး သူထုတ်ပြသော လူငယ်အမတ်ဘွဲ့တံဆိပ်တွင် နဂါးလက်သည်း ငါးခုရာပါသည်။ ဒါက အမတ်များကြားတွင်ပင် ထူးခြားလေပြီး သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို သီးသီးသန့်သန့် ချီးမြှင့်ထားသော ဆုလက်ဆောင်လည်းဖြစ်သည်။
မောင်းမဆောင်ကိစ္စများနှင့် အခြားထူးခြားသော နေရာများမှလွဲပြီး ဝမ်ချောင်က သူ၏အမတ်တံဆိပ်ကို တော်ဝင်နန်းတော်၏ အဓိကနေရာများသို့ သွားရန်အသုံးပြုလေသည်။
သေဆုံးခြင်းအကျဉ်းထောင်က အလွန်အမင်း ကြီးလေးသော ပြစ်မှုများကို ကျူးလွန်ထားသူများကို အကျဉ်းချထားခြင်းဖြစ်ပြီး လူအနည်းစုသာ ထိုနေရာမှ ထွက်လာနိုင်တတ်သည်။ တော်ဝင်အကျဉ်းထောင်ကမူ သူတော်စင်ဧကရာဇ်ထံမှ အသက်ရှင်လျှက် လူအခွင့်အရေး ရရှိနိုင်သေးပြီး သေဆုံးခြင်းထောင်ကမူ ထိုထက်ပို၍ ဆိုးရွားလေသည်။ ဝမ်ချောင်က သူ၏ဒုတိယအစ်ကို ဝမ်ပေ့ထံ သွားနေခြင်းဖြစ်သည်။
“အရှင်အမတ် ကျေးဇူးပြုပြီး ဝင်ရောက်ပါ”
တူညီသော အစောင့်ဝတ်စုံကို ဝတ်ဆင်ထားသော လူများဖြစ်နေသည့်တိုင်အောင် ဒီတစ်ကြိမ်တွင် ဝမ်ချောင်ကို အလွန်အမင်း ယှဉ်ကျေးပြနေသည်။ သူတို့က ခေါင်းကိုငုံ့ထားပြီးနောက် မြေပြင်ကိုသာကြည့်လျှက် ပြောလိုက်သည်။ လက်ရှိအချိန်တွင် ဝမ်ချောင်၏ ကျော်ကြားမှုကို သေဆုံးခြင်း အကျဉ်းထောင်မှ လူတိုင်းအပြင် တော်ဝင်နန်းတော်ထဲရှိ လူတိုင်းနီးပါးက သိနေကြပြီးသားဖြစ်လေရာ မည်သူမဆို သူ့ကိုအလွန်အမင်း လေးစားကြလေသည်။
ဝမ်ချောင်က သေဆုံးခြင်းအကျဉ်းထောင်ကို ပထမဦးဆုံးအကြိမ် လာရောက်ခြင်းမဟုတ်ချေ။ သူက ထိုအစောင့်များကို တစ်ချက်သာကြည့်ပြီးနောက် ဂိတ်ထဲသို့ ဝင်ရောက်သွားကာ ရင်းနှီးကျွမ်းဝင်သော လမ်းကြောင်းထံ ဦးတည်လိုက်သည်။
ထောင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။ ပတ်ဝန်းကျင်က ခြောက်ခြားဖွယ်ကောင်းသော သေဆုံးခြင်း ရနံ့များဖြင့် ပြည့်နှက်နေသည်။ သူက အန္တရာယ်များသော အခြားလောကတစ်ခုသို့ ဝင်ရောက်နေရသည်နှင့် တူသည်။ သို့ရာတွင် ထိုနေရာတွင် အေးစိမ့်ဖွယ်ကောင်းသော လေထုမရှိနေခဲ့ချေ။ လေထုအခြေအနေက ထိုနေရာတစ်ခုလုံး ပူပြင်းတောက်လောင်သည့် ခွန်အားများဖြင့်သာ ပြည့်နှက်နေပြီး မြေအောက်တွင် မီးတောင်တစ်ခု ရှိနေသည့်အလား ထင်ရသည်။ ဝမ်ချောင်က ပထမဦးဆုံး လာလည်ပြီးကတည်းက ထိုနေရာက ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
“အစ်ကိုနှစ်”
ဝမ်ချောင်ကခေါ်သည်။ သူက သူ့ကိုကျောပေးကာ ထိုင်နေသော အကျဉ်းထောင်ထဲမှ ဆံပင်ရှည်နှင့်ပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း စိုးရိမ်စိတ် တစ်စွန်းတစ်စက ဖြတ်သန်းသွားသေးသည်။
ဒီနေရာတွင် ထုတ်လွှတ်ထားသော အပူက သာမာန်မဟုတ်ချေ။ ဝမ်ချောင်ကပင် သူ၏အစ်ကိုနှစ်က ခံစားနေရသည့် သတ်ဖြတ်ခြင်း လူရမ်းကားရောဂါ လက္ခဏာက ပြင်းထန်လာကြောင်း ခံစားမိနိုင်သည်။
အကျဉ်းထောင်က ငြိမ်သက်နေသေးသည်။ အဆုံးအစမဲ့သော အပူမီးကလွဲပြီး အခြားမရှိနေသလို ထင်ရသည်။ အချိန်အတန်ကြာပြီးနောက်မှ ဝမ်ပေ့က စကားပြောလာသည်။ သို့သော် သူ၏အသံက ပြတ်တောင်း ပြတ်တောင်းဖြစ်နေပြီး ခံစားချက်များမပါချေ။
“မင်းရွှီချီချင်းကို သွားတွေ့ခဲ့လား”
“ဟုတ်ကဲ့”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏မျက်နှာတွင် အပြုံးကပေါ်လာသည်။
ရွှီချီချင်းက ရွှီကလန်တွင် အိမ်တွင်းအကျဉ်းချခံထားရကြောင်း မည်သူမျှ မသိသော်လည်း ဝမ်ပေ့ကမူ ဝမ်ချောင်အတွက် သတင်းချန်ထားပေးခဲ့ခြင်းဖြစ်သည်။
အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဒုတိယတစ်သုတ် ရိက္ခာ၊ လူနှင့် လက်နက်များအားလုံးကို ရွှီချီချင်းက ပို့ပေးခဲ့ပြီးနောက် ဘုရင်ချီ၏ နှောက်ယှက်ခြင်းကို ခံခဲ့ရပြီး ဘုရင်ချီ၏ကိုယ်စား တပ်ဖွဲ့များကိုဦးဆောင်ကာ ဝင်နှောက်ယှက်ခဲ့သောလူက ကျိုးကျန်းဖြစ်နေသေးသည်။
ဘုရင်ချီက မဟာထန်မှ တော်ဝင်မင်းသားဖြစ်ပြီး တော်ဝင်အိမ်ထောင်စုမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေလေရာ သူကိုယ်တိုင် လုပ်ဆောင်၍မရသော ကိစ္စပေါင်းများစွာ ရှိနေသေးသည်။ သို့သော် ကျိုးကျန်းကမူ မတူချေ။ ဘုရင်ချီ၏ မွေးစားသားဖြစ်သည့်အလျောက် သူက ဘုရင်ချီ၏ တံဆိပ်ပြားကို ကိုင်ပြီးနောက် ဝမ်ချောင်ကို ကိုင်တွယ်နိုင်သည့် အင်အားကို ပိုင်ဆိုင်ထားလေသည်။
ထိုကိစ္စက ဘုရင်ချီပေါ်တွင် များများစားစား မသက်ရောက်ချေ။ ထို့အပြင် အနည်းဆုံး တော်ဝင်အကဲဖြတ် လူကြီးမင်းများ၏ အကဲဖြတ်ခံရမှုကို ခံရမည်မဟုတ်ချေ။ တစ်ခုခုမှားယွင်းသွားခဲ့လျှင်လည်း ဘုရင်ချီက အပြစ်ကင်းစင်နေဦးမည်ဖြစ်သည်။
ဒီလိုအခြေအနေမျိုးတွင် ရွှီချီချင်းက အပြင်ပိုင်းပြဿနာ အတွင်းပိုင်းပြဿနာကို ရင်ဆိုင်နေရသည်။ သူမကလန်နှင့် ဘုရင်ချီက သူမကိုဆက်တိုက် ဖိအားပေးနေလေရာ သူမက မည်သည့်ပြဿနာကိုမျှ ရင်မဆိုင်နိုင်တော့ချေ။ ထို့ကြောင့် ရိက္ခာဒုတိယတစ်သုတ်နှင့် လူများကို ပို့ပေးသောကိစ္စက အန်းနန်အစိုးရစစ်တပ်အတွက် အလွန်အမင်း အရေးကြီးလွန်းနေခဲ့သည်။ ကျိုးကျန်းနှင့် ဘုရင်ချီကလည်း ထိုသို့သော အရေးကြီးသောနေရာတွင် ဝင်ပါခဲ့ကြသည်။
သို့တိုင်အောင် ကျိုးကျန်းက မမျှော်လင့်ထားသည်မှာ သေဆုံးခြင်း အကျဉ်းထောင်မှ ထွက်လာခဲ့သော ဝမ်ပေ့ကဲ့သို့ သူ၏တစ်ဘဝလုံးစာ ရန်သူနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။
တိုက်ပွဲ၏အဆုံးတွင် ကျိုးကျန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ထွက်ခွာသွားခဲ့ရသည်။ သူက အသတ်ခံရမည့် အချိန်တွင် ဝမ်ပေ့က ရုတ်တရက် အသိပြန်ဝင်လာသည်။ သို့ရာတွင် ကျိုးကျန်းကို အဖော်ပြုသော လူတိုင်းက အလောင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဝမ်ပေ့၏ခြေရင်းတွင် ပုံနေခဲ့သည်။ ဝမ်ပေ့က ပေါ်လာသောကိစ္စက ဝမ်ချောင်ကို အကြံအစည်ချသောကိစ္စကို မရှိသလို ပျောက်ကွယ်သွားစေခဲ့သည်။ သူတော်စင်ဧကရာဇ်ကလည်း ဝမ်ပေ့ကို ကွပ်မျက်ခံရမည့် အရေးမှ ကင်းလွတ်ပေးပါမည်ဟု ကတိပေးခဲ့သည်။ သို့သော် ဝမ်ပေ့ကမူ ရွှီချီချင်းနှင့် ပတ်သတ်ပြီး ဘာမှမလုပ်ပေးနိုင်ခဲ့ချေ။
မည်သို့ပင်ဆိုစေ ရွှီကလန်က သူ၏ကိစ္စများကို ကျေနပ်သလို ကိုင်တွယ်နိုင်သေးသည်။ သူက ဝင်ရောက်စွက်ဖက်ရန်လည်း မသင့်လျော်ချေ။ သူက ထိုနေရာသို့ သွားရောက်ရင်း သူ၏လက္ခဏာက ပြသလာခဲ့ပြီး ရွှီကလန်တစ်ခုလုံး သတ်ဖြတ်ပစ်၍လည်း မရနိုင်သေးချေ။ ထို့နောက် တိုက်ပွဲပြီးနောက် ဝမ်ပေ့က ဝမ်ချောင်ဖြင့်သာ သတင်းစကားချန်ခဲ့ပြီး သေဆုံးခြင်း အကျဉ်းထောင်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့် ဝမ်ပေ့က တော်ဝင်အကဲဖြတ် လူကြီးမင်းများကို ရှောင်ရှားနိုင်ခဲ့သည်။ ပို၍ဆိုးသည်မှာ တော်ဝင်မြို့တော်တွင် တားမြစ်နယ်မြေ တစ်ခုကဲ့သို့ ဖြစ်နေသည့် သေဆုံးခြင်းအကျဉ်းထောင်ကို မည်သူကမျှ သံသယမဝင်ကြချေ။ ဘုရင်ချီက ထိုသတင်းကို ကြားသောအခါ အလွန်အမင်း ဒေါသထွက်ခဲ့သည်။ သို့သော် သူတို့ကလည်း ဘာမှမလုပ်နိုင်ချေ။
“ငါမင်းကို ဒီလောက်ပဲကူနိုင်တယ်။ အရာအားလုံးကို မင်းကိုယ်တိုင် ဖြေရှင်းနိုင်နေပြီဆိုကတည်းက မင်းဒီနေရာကို မလာခဲ့သင့်တော့ဘူး။ ဒါကမင်းရှိသင့်တဲ့ နေရာမဟုတ်ဘူး”
ဝမ်ပေ့က ဝမ်ချောင်ကို ကျောပေးလျှက်ဆက်ပြောသည်။ သူ၏အသံက ခံစားချက် မဲ့နေသေးသည်။
“မင်းကငါ့ရဲ့ အစ်ကိုနှစ်လေ။ ငါတို့ကမိသားစု ဘာလို့ငါက မလာရမှာလဲ”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။
“ဒီလိုစကားတွေ ပြောဖို့မလိုဘူး။ ငါမင်းကို တစ်ကြိမ်ကူညီပြီးပြီ။ ဒါပေမဲ့ ငါမင်းကို အကြိမ်တိုင်း မကူညီနိုင်ဘူး။ ဒါ့အပြင် မင်းထွက်သွားတဲ့အခါ အစောင့်တွေကို ငါဘယ်သူနဲ့မှ ထပ်မတွေ့တော့ဘူးလို့ ပြောလိုက်ပါ။ ဒီလိုဆိုရင် မင်းလည်းလာဖို့ မလိုတော့ဘူး”
ဝမ်ပေ့၏အသံက ရေခဲတမျှ အေးစက်နေပြီး လာလည်သူတိုင်းကို မောင်းထုတ်လိုသည့် စိတ်ဆန္ဒ ပါဝင်နေခဲ့သည်။
ဝမ်ချောင်၏နှလုံးသားက နာကျင်လာပြီး ထိုရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကိုသာ စိုက်ကြည့်နေမိသည်။ ဒါကသူ၏ အစ်ကိုနှစ်ဖြစ်ပြီး ငယ်စဉ်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ကိုင်တွယ်ကာ ကိစ္စပေါင်းများစွာကို ကျောခံခဲ့ပြီး တစ်ယောက်တည်း နာကျင်ခံ၊ တစ်ယောက်တည်း ခက်ခဲမှုများကို သည်းခံခဲ့သူလည်းဖြစ်သည်။ သူက အရာအားလုံးကို တစ်ယောက်တည်း ကိုင်တွယ်နိုင်မည်ဟု ထင်ထားသော်လည်း ကိစ္စပေါင်းများစွာက ပြောင်းလဲသွားခဲ့ပြန်သည်။
“အစ်ကိုနှစ် အစ်ကိုနှစ်ဘာတွေ တွေးနေလဲ။ ကျွန်တော်သိတယ်။ အစ်ကိုနှစ် ဒီသေဆုံးခြင်း အကျဉ်းထောင်ထဲမှာ ပုန်းနေရုံနဲ့ ဖြေရှင်းလို့မရတဲ့ ကိစ္စတွေဆိုတာကလည်း ရှိတယ်။ ပုန်းနေရုံနဲ့ အခြေအနေတစ်ခုလုံးက ပြောင်းလဲသွားမှာမှမဟုတ်တာ”
လေးစားသောစိတ်၊ သနားသောစိတ်၊ ရင်နာသောစိတ်များက ဝမ်ချောင်၏ မျက်ဝန်းအတွင်း ထွက်ပေါ်လာပြီးနောက်တွင် သူက ခြိမ်းကြိုးများဖြင့် ချုပ်နှောင်ခံထားရသည့် ထိုခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်သူ၏ ဆံပင်များကလည်း ကျောပြင်ပေါ် ဖြာကျနေသည်။ ဒါကသူ၏ အစ်ကိုနှစ်ဖြစ်သည်။
ဘန်း
ဝမ်ချောင်ကရုတ်တရက် မြေပြင်ကို ခြေဆောင့်ချလိုက်သည်။ အကျဉ်းထောင်တစ်ခုလုံးက ဝမ်ချောင်၏ ကိုယ်ထဲမှ ထွက်လာသော သွေးစွမ်းအင်များဖြင့် ပြည့်နှက်သွားပြီးနောက်တွင် ချက်ချင်းလိုလို အပူချိန်ကို ပို၍မြင့်သွားစေပြန်သည်။
ဝမ်ချောင်၏ကိုယ်က မူလက ပညာတတ်တစ်ယောက်၏ အရှိန်အဝါမျိုးကို ထုတ်လွှတ်နေခဲ့ရာမှ ယခုအခါတွင်မူ ထူးခြားသော ပုံသဏ္ဍန် ပြောင်းလဲသွားသည်။ သူ၏အရှိန်အဝါ တစ်ခုလုံးက ကြမ်းတမ်းရက်စက်ကာ သွေးဆာပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်သော ရနံ့မျိုးကို ထုတ်လွှတ်လာသည်။
ဝမ်ချောင်၏ အရှိန်အဝါကိုသာ ဂရုစိုက်စစ်ဆေးကြည့်မည်ဆိုလျှင် ဝမ်ပေ့နှင့်တူကြောင်း သိနေပေလိမ့်မည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ပေ့က ချက်ချင်းလိုလို ခေါင်းလှည့်လာသည်။ သူက မျက်လုံးအပြူးသားဖြင့် သူ၏အရှိန်အဝါများကို ကြည့်သည်။ ဝမ်ချောင်၏ မျက်နှာမှ ရင်းနှီးကျွမ်းဝင်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကိုပင် သူက မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာတာလဲ။ ဝမ်မျိုးဆက်မှာ တစ်ယောက်ပဲ ဒီလိုလက္ခဏာကို ပိုင်ဆိုင်သင့်တာလေ။ ငါနဲ့တင် လုံလောက်နေပြီ။ ဘာလို့မင်းကပါ ဒီလိုလက္ခဏာကို ပိုင်ဆိုင်လာတာလဲ”
ချွင် ချွင် ချွင်
ခြိမ်းကြိုးများကလှုပ်ပြီး အက်ကွဲသွားသည်။ အလင်းက ဖြတ်ကနဲလက်ပြီးနောက် ဝမ်ပေ့က အကျဉ်းထောင်၏ ဘားတိုင်များနားသို့ ရောက်လာပြီးနောက် ဖြူဖျော့သောလက်မောင်းကို ထုတ်ကာ ဝမ်ချောင်ထံလှမ်းသည်။ သို့သော် သူကဝမ်ချောင်နှင့် ခြေတစ်လှမ်းခန့် ဝေးကွာနေသေးသည်။ ဒီအကျဉ်းထောင်တစ်ခုလုံးကို ဝမ်ပေ့၏ ခန္ဓာနှင့်လက်က တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ လျှောက်လမ်းတွင်ရပ်နေသော မည်သူမဆို သူ့ကြောင့် ထိခိုက်ဒဏ်ရာ ရလိမ့်မည်မဟုတ်ချေ။
သို့သော် ဝမ်ပေ့ကမူ ထိုအချက်ကို သတိမထားမိသလိုမျိုး ဖြစ်နေသည်။ သူ၏နဖူးမှ သွေးကြောများကပင် ထောင်တက်လာပြီး အမူအရာကလည်း ပျက်ယွင်းလာသည်။ သူက ကြီးလေးသော စိတ်ပိုင်းဆိုင်ရာ အံ့အားသင့်မှုများကို ရင်ဆိုင်ရသလို ဖြစ်သွားသည်။
“လူရမ်းကားလက္ခဏာ ဒါကသတ်ဖြတ်ခြင်း လက္ခဏာပဲ။ မျိုးဆက်တစ်ခုတည်းမှာ လူနှစ်ယောက်တောင် ပေါ်လာတယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့ဒီလိုဖြစ်ရတာလဲ”
ဝမ်ပေ့က ခပ်တိုးတိုး ရေရွတ်ပြီးနောက် သူ၏လက်များက ခေါင်းကိုပင် အုပ်လိုက်ပြီးနောက် တစ်ကိုယ်လုံးက တဆတ်ဆတ် တုန်ယင်လာသည်။ သူ၏ရှုပ်ပွနေသော ဆံပင်များက လေထဲတွင် ကခုန်လာသည်။
“အား ဒီလိုမဖြစ်သင့်ဘူး။ ငါမယုံဘူး ငါမယုံဘူး”
နောက်ဆုံးတွင် ဝမ်ပေ့က ခေါင်းကိုမော့လိုက်ချိန်ပြီး နာကျင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။ မျက်လုံးက ပြူးထွက်နေသည်။ အကျဉ်းထောင်တစ်ခုလုံးက တုန်ယင်လာသည်။
ဝမ်ချောင်က ဘာမျှမပြောချေ။ အစ်ကိုဖြစ်သူ၏ ပုံစံကို စာနာသနားမှု အပြည့်ဖြင့်သာကြည့်နေသည်။
ထိုလက္ခဏာက ဝမ်ကလန်၏ ကျိန်စာဖြစ်ပြီး သူ၏အစ်ကိုနှစ်က တစ်ယောက်တည်း ခါးစည်းခံနေရသည့် ဝန်ထုတ်ဝန်ပိုးလည်းဖြစ်သည်။ သူက ထိုလက္ခဏာ ခံစားနေရကြောင်း သိခဲ့ချိန်ကတည်းက အစ်ကိုနှစ်က တက်နိုင်သမျှ အများကြီး အခြားသူများနှင့် ခပ်ဝေးဝေးနေခဲ့သည်။
သူက ဘုရင်စုန့်နှင့် သူတော်စင်ဧကရာဇ်ကိုပင် အထူးတလည် တောင်းဆိုခဲ့ပြီး ဒီအကျဉ်းထောင်ထဲတွင် သူ့ကို အကျဉ်းချခိုင်းခဲ့သည်။ ဝမ်ချောင်ကလည်း သူဘာကိုကြောက်နေကြောင်း သိသည်။ သူက တစ်ချိန်တွင် သူတို့၏ ဒဏ္ဍာရီလာ ဘိုးဘေးကဲ့သို့ ပြန်ဖြစ်သွားပြီး သူနှင့်ရင်းနှီးသော လူတိုင်းကို သတ်မိမည်အား စိုးရိမ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးသာရှိလျှင် ဝမ်ချောင်က သူ့ကိုအကြပ်မကိုင်ချင်ခဲ့ချေ။
သို့သော် ဝမ်ချောင်အနေဖြင့် သူလုပ်နေသော အရာက ရိုးရှင်းသော အကြပ်ကိုင်မှုမဟုတ်ကြောင်းလည်း နားလည်နေသည်။ ဒါကသူ၏ အစ်ကိုဖြစ်သူကိုလည်း ကူညီပေးနေခြင်းဖြစ်ပြီး တစ်ဖက်သူကသာ ဒီသေဆုံးခြင်း အကျဉ်းထောင်ကဲ့သို့ မည်းမှောင်နေသော အကျဉ်းခန်းထဲမှ လွတ်မြောက်ရုံသာဆိုလျှင် အစ်ကိုဖြစ်သူ၏ ဘဝကလည်း အစစ်အမှန် ဖျက်ဆီးခံပေရဦးမည်။ သူက ကိုယ့်ကိုယ်ကို ဒုက္ခပေးမည့် အခြေအနေမျိုးကို သူက မကြည့်လိုခဲ့ချေ။
အခန်း(၆၆၅)
တစ်လောကလုံးက ပြောင်းလဲသွားသည်။ ဒီလိုအချိန်တွင် ဝမ်ချောင်က သူ၏ဆွေမျိုးများ၏ အထောက်အပံ့ကို ပို၍သာ လိုအပ်နေသေးသည်။ အထူးသဖြင့် ဝမ်ပေ့၏ အထောက်အပံ့ဖြစ်သည်။ သူ၏အစ်ကိုနှစ်က သူခါးစည်းခံနေရသည့် ထိုဝန်ထုတ်ဝန်ပိုးထက် ပို၍အရေးကြီးသော ကိစ္စများကို လုပ်ဆောင်ပေးရဦးမည်ဖြစ်သည်။
“အစ်ကိုနှစ် ကိုယ့်ကိုယ်ကို အရူးမလုပ်ပါနဲ့။ အစ်ကိုနှစ်လည်း ဒီလက္ခဏာက အခြားသူတွေနဲ့ ပေါင်းစပ်လို့ ရတယ်ဆိုတာကို သိနေတာပဲ။ ကျွန်တော်မြို့တော်ကို ဝင်လာကတည်းက အစ်ကိုနှစ်သိနေတယ်မဟုတ်လား။ ဒါကြောင့်ပဲ ဘယ်သူမှ လာအလည်မခံဘဲ ဒီနေရာမှာ ပုန်းချင်နေခဲ့တာလေ”
ဝမ်ချောင်က သက်ပြင်းချသည်။ ထိုသို့ဖြင့် အစ်ကိုနှစ်က ဘာတွေးနေခဲ့ကြောင်း မပြောနိုင်တော့ချေ။ သို့သော် သူ၏စွမ်းရည်အရ အစ်ကိုနှစ်၏ အတွေးများကို ဖောက်မြင်နိုင်သည်။ သို့သော် ဝမ်ချောင်ကမူ ပျော်ရွှင်ခြင်းမရှိဘဲ ခါးသီးမှုကိုသာ ခံစားခဲ့ရသည်။
“ဒါပေမဲ့အစ်ကိုနှစ် ပုန်းနေလည်း အသုံးမဝင်တဲ့ အချို့ကိစ္စတွေ ရှိနေသေးတယ်”
ဝမ်ချောင်က ပြောနေရင်းမှ လျှောက်လမ်းနံရံကို ကျောပေးလိုက်ပြီးနောက် ဖြေးညှင်းစွာဖြင့် အောက်သို့ထိုင်လိုက်သည်။ သူ၏အစ်ကိုနှစ်က နားထောင်ချင်စိတ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဝမ်ချောင်က ပြောရမည့်စကားများ ရှိနေသည်။ အနည်းဆုံး နောက်ဆုံးတစ်ကြိမ်တော့ ပြောရဦးပေမည်။
ဝမ်ပေ့က အကျဉ်းထောင်ထဲတွင် တုန်ယင်နေသည်။ သူက ကိုယ်ပိုင်လောကတွင် ပျောက်ဆုံးနေပြီး အပြင်စကားများကို မကြားနိုင်တော့ချေ။ သို့သော် ဝမ်ချောင်ကလည်း သူ၏အစ်ကိုက သူ၏စကားများကို နားထောင်နေကြောင်း သိနေသည်။ အကြောင်းမူကား သူတို့က ညီအစ်ကိုဖြစ်နေသောကြောင့် ဖြစ်သည်။ အကြောင်းမူကား တစ်ဖက်က သူ၏အစ်ကိုနှစ် ဖြစ်နေသောကြောင့်ဖြစ်သည်။ သူက မတုန့်ပြန်လောက်သော်လည်း သေချာပေါက် နားထောင်ပြီး ကူညီပေးပေလိမ့်မည်။
“အစ်ကိုနှစ်သိလား ကျွန်တော်က အမတ်ဖြစ်သွားပြီ။ အရှင်မင်းကြီးက ကိုယ်တိုင်ကိုယ်ကျ ကျွန်တော်ကို လူငယ်အမတ်ဘွဲ့ ချီးမြှင့်ပေးခဲ့တာ။ သူတော်စင်ဧကရာဇ်ကသာ တစ်သီးတစ်သန့် ချီးမြှင့်ပေးခဲ့တဲ့ ဘွဲ့ထူးပေါ့။ ဒါကြောင့် ပထမဦးဆုံးအကြိမ် မဟာထန်ရဲ့ သမိုင်းမှာ ပေါ်လာခဲ့တဲ့ အခြေအနေလည်းဖြစ်တယ်”
ဝမ်ချောင်က ဘာကိုမျှ ဂရုမစိုက်ဘဲပြောရင်း နှုတ်ခမ်းများက ကော့တက်နေသည်။
“ဒါ့အပြင် အဖေနဲ့ အစ်ကိုကြီးကလည်း ဆုလဒ်ချီးမြှင့်ခံရတယ်။ သူတို့အားလုံးကလည်း ရာထူးအကြီးကြီး တိုးသွားကြတယ်။ အနာဂတ်မှာ သူတို့ရဲ့အဆင့်က သေချာပေါက် မြင့်လာဖို့ပဲရှိတော့တယ်။ ဒီတော့ ကောင်းကင်ထိဆက်တိုက် ချောမွေ့စွာတက်သွားဖို့ပဲရှိတယ်။ အစ်ကိုရဲ့ ဝမ်ကလန်က အကန့်အသတ်မဲ့တဲ့ ကြီးမြတ်မှုတွေ ရရှိထားခဲ့ပြီး အရှေ့ဘက်ကနေမင်းလို ဖြစ်နေပြီးသား။ ဘုရင်ချီကတောင်မှ အတိတ်ကလို ကျွန်တော်ကို အလျင်စလို မကိုင်တွယ်ရဲတော့ဘူး”
အကျဉ်းထောင်က တိတ်ဆိတ်နေသေးသည်။ ဝမ်ချောင်၏ အသံကသာ ထွက်နေသည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေ့၏ကိုယ်က နာကျင်မှုဖြင့် တုန်ယင်လာသည်။ သို့တိုင်အောင် သူက မတုန့်ပြန်သေးသော်လည်း အနည်းဆုံး ခေါင်းကိုရှုပ်ဖွကာ တုန်တုန်ယင်ယင် ဖြစ်နေသောပုံစံက လေးနက်သွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ငြိမ်သက်လာသည်။
သို့သော် ဝမ်ချောင်ကမူ သူမမျှော်လင့်ထားသော စကားများကို ဆက်ပြောလိုက်သည်။
“ဒါပေမဲ့အစ်ကိုနှစ် အစ်ကိုနှစ်က ဘယ်လိုသိမှာလဲ။ မြို့တော်ရဲ့လူတိုင်းက ကျွန်တော်တို့ရဲ့ အောင်မြင်မှုကို မနာလိုဖြစ်နေကြတဲ့အချိန်မှာ ကျွန်တော်ပဲဖြစ်ဖြစ် အဖေပဲဖြစ်ဖြစ် အစ်ကိုကြီးပဲဖြစ်ဖြစ် အားလုံးက အနောက်တောင်ပိုင်းက ရိုနန်းတောင်မှာ သေလုမျောပါး ဖြစ်ခဲ့ရတာ။ ဒါတွေကို ဘယ်သူမှမသိကြဘူး။ ကျွန်တော်တို့ ဘယ်တော့မှ ပြန်မလာနိုင်တော့သလိုတောင် ဖြစ်ခဲ့တယ်”
သူက ပြောနေရင်းမှ ဝမ်ချောင်က ဝမ်ပေ့ကို ကြည့်လိုက်သောအခါ သူ၏အစ်ကိုဖြစ်သူ၏ ခန္ဓာကိုယ်က ရှင်းရှင်းလင်းလင်း တုန်ယင်နေကြောင်း မြင်လိုက်ရသည်။ ဝမ်ချောင်က ပြုံးလျှက်ဆက်ပြောသည်။
“အစ်ကိုနှစ် ဘာတွေးနေမှန်း ကျွန်တော်သိပါတယ်။ အစ်ကိုနှစ်က အစ်ကိုနှစ်ရဲ့ ဒီသင်္ကေတကြောင့် ကျွန်တော်တို့ကို ဒုက္ခမပေးချင်တာကိုလည်း ကျွန်တော်က နားလည်တယ်။ ဒါပေမဲ့ အစ်ကိုနှစ် ဘာလို့နားမလည်ရတာလဲ။ အစ်ကိုနှစ်က တော်ဝင်နန်းတော်ထဲမှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားပြီး နေတာက ဘာကိုပြောင်းလဲနိုင်နေလို့လဲ။ ကျွန်တော်ကသာ အစ်ကိုကြီး၊ အဖေတို့နဲ့အတူ သေသွားခဲ့မယ်ဆိုရင် အဆုံးသတ်မှာ ကျွန်တော်တို့ သေတာပဲ ဖြစ်နေတာမဟုတ်ဘူးလား။ တစ်ခုပဲ ကွာခြားတာက သတ်ခဲ့တဲ့လူက အစ်ကိုနှစ်မဟုတ်ရုံပဲ။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ဘာများကွာခြားနေသေးလို့လဲ”
“အနောက်တောင်ပိုင်း... အဲ့ဒီမှာ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”
အကျဉ်းထောင်ထဲမှ အသံထွက်လာသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်၏စကားကို ဖြတ်ပြောလိုက်သည်။ ဝမ်ပေ့က ဝမ်ချောင်ကို ကျောပေးထားသေးသော်လည်း ပထမဦးဆုံးအကြိမ် တစ်ဖက်သူက စိတ်လိုလက်ရပင် မေးခွန်းမေးလာခြင်းဖြစ်သည်။
ဝမ်ချောင်က တောက်ပစွာပြုံးလိုက်ပြီးနောက် အနောက်တောင်ပိုင်းက စစ်ပွဲ၏ အခြေအနေများကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ ဝမ်ကလန်က ဆက်ခံသူတစ်ယောက်အနေနဲ့ သူ၏အစ်ကိုနှစ်ကလည်း ဘာဖြစ်ခဲ့ကြောင်း သိခွင့်ရှိလေသည်။
အနောက်တောင်ပိုင်းက စစ်ပွဲတစ်ခုလုံးတွင် အစောပိုင်း ထွက်ခွာမှုကစပြီး ပထမဦးဆုံး တိုက်ပွဲအထိ နောက်ပိုင်း ပြင်းထန်သော တိုက်ပွဲအထိ စစ်ပွဲတွင် ပါဝင်ပတ်သတ်ခဲ့သော မရေမတွက်နိုင်သော လူများအားလုံး၏ အထောက်အပံ့များ အားလုံးကို ဝမ်ချောင်က ပြန်ပြောပြလိုက်သည်။ မူလက ကြံစည်ထားသော အခြေအနေ နောက်ပြီး ဗျူဟာ ဝင်ယူခဲ့ကြသော နေရာမှ လုပ်ဆောင်ခဲ့မှုများ အားလုံးကို ဝမ်ချောင်က ပို၍အသေးစိတ်ကျသော အချက်အလက်မျိုး မည်သူ့ကိုမဆို ဆံပင်ထောင်တက်သွားစေလောက်သော ရှင်းပြချက်မျိုးဖြင့် ပြန်ပြောပြလိုက်သည်။
အပြင်လူများက အောင်မြင်မှုကိုသာ မြင်ကြသည်။ သို့သော် တည်ငြိမ်သော အပေါ်ယံ၏အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေက ဖြစ်ပျက်ခဲ့ပြီး လူတိုင်းက မျှော်လင့်ထားသည်ထက် ကြမ်းတမ်းကာ အန္တရာယ်များခဲ့သော အခြေအနေများ ဖြစ်ပျက်ခဲ့လေသည်။
ဝမ်ချောင်က ကိစ္စကြီးတစ်ခုလုံးကို ပြန်ပြောပြလိုက်ခြင်းဖြစ်သည်။ ဒီလောကတွင် ဖြစ်ပွားခဲ့သည့် အနောက်တောင်ပိုင်းက စစ်ပွဲနှင့်ပတ်သတ်ပြီး အသေးစိတ်အကျဆုံး ပြန်ပြောနိုင်သည့် ကိစ္စလည်းဖြစ်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက ထိုသို့သော အသေးစိတ်ကျသည့် မဟာထန်မှ စစ်ပွဲတစ်ခုအကြောင်း ပြန်ပြောပြနိုင်သည့် လူ၏အရေအတွက်က လက်တစ်ဖက်ပင်မရှိချေ။
အကျဉ်းထောင်ထဲတွင်ရှိသော ဝမ်ပေ့က တိတ်ဆိတ်နေသည်။ သူက မည်သည့်ခံစားချက်ကိုမျှ မပြသခဲ့ချေ။ သို့သော် ဝမ်ချောင်ကလည်း သူက နားထောင်နေကြောင်း သိနေသည်။ လူတိုင်းထက်ပင် သူက အာရုံစိုက်ကာ နားထောင်နေခြင်း ဖြစ်လောက်သည်။
“အစ်ကိုနှစ် ဒီလောကက အန္တရာယ်တွေ အပြည့်ရှိနေတဲ့အချိန်မှာ လူတိုင်းက ကိုယ့်တာဝန်ကို လုပ်နေရတယ်။ ကျွန်တော်တို့ရဲ့ ဝမ်ကလန်မှာ အမတ်တွေ ဗိုလ်ချုပ်တွေအပြည့်ပဲ။ ဒီတော့ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အခြားသူတွေထက် ပိုပြီးတာဝန်ယူရမဲ့ စိတ်ဓာတ်မျိုးနဲ့ မွေးဖွားလာရတာပဲ။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုအပေါ် အားအင်အပြည့် မစိုက်ထုတ်ထားရင် အင်ပါယာကို ဘယ်သူကမျှော်လင့်ချက် ပေးနိုင်တော့မှာလဲ”
“အင်ပါယာတစ်ခုလုံးက ပြောင်းပြန်လှန်ခံရတဲ့အချိန်မှာ ဘယ်ဥမှ မလုံခြုံတော့ဘူး။ အစ်ကိုနှစ်လည်း ဒီအင်ပါယာက အန္တရာယ်ထဲ ကျရောက်နေတာ မြင်နေတာပဲ။ မဟာထန်က အတိတ်က မဟာထန် မဟုတ်တော့ဘူး။ တိုင်းတစ်ပါးသား တိုင်းပြည်တိုင်းက အရင်ကအတိုင်း မဟုတ်တော့ဘူး”
“ဒီလောကကြီးက ပြောင်းလဲသွားပြီ။ အရာအားလုံးက တည်ငြိမ်တဲ့ မျက်နှာပြင်အောက်မှာ တဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာနေပြီ။ နောက်ပြီးဒါက ပထမဦးဆုံးအကြိမ် မဟုတ်တော့ဘူး။ သေချာပေါက် နောက်ဆုံးလည်း မဟုတ်သေးဘူး။ ကျွန်တော်တို့က ကံကောင်းစွာနဲ့ မာန်ရှဲ့ယွီစန်းစစ်တပ်ကို ဒီတစ်ကြိမ်မှာ နိုင်လိုက်တယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ဒါမှမဟုတ် နောက်ထပ် နောက်ထပ် တစ်ကြိမ်တွေကျရင် ဘယ်လိုလုပ်ကြမလဲ။ တိုင်းပြည်တွေအားလုံးက မဟာထန်ကိုပေါင်းပြီး တိုက်ခိုက်ခဲ့ကြရင် ဘယ်လိုလုပ်ကြမလဲ”
“ကျွန်တော်တို့ ကံကောင်းပါဦးမလား”
“အစ်ကိုနှစ် ကျွန်တော်ရဲ့ တစ်ယောက်တည်းခွန်အားက တော်တော်လေးကို အားနည်းလွန်းပါတယ်။ ကျွန်တော် အချို့ကိစ္စတွေကို လုပ်ချင်တယ်။ အချို့ကိစ္စတွေကို ပြောင်းလဲချင်တယ်။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း မလုပ်နိုင်ဘူး”
“ဒီလောကမှာ ဒီရောဂါလက္ခဏာထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေ အများကြီးရှိတယ်”
“အစ်ကိုနှစ် ကျွန်တော်အစ်ကိုနှစ်ရဲ့ အကူအညီကို လိုအပ်တယ်”
ထိုသို့ပြောပြီးနောက် ဝမ်ချောင်က သက်ပြင်းရှည်ကြီးကို ချလိုက်ကာ မတ်တပ်ထရပ်လိုက်သည်။ သူ၏အစ်ကိုနှစ်က နားထောင်နေသည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ သူက ဖြစ်ပျက်သမျှ အရာအားလုံးကို ပြောပြီးလေပြီ။ နောက်ပိုင်းကိစ္စက သူဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်တော့ချေ။
“အစ်ကိုနှစ် ဒီလောကမှာ အစ်ကိုကြီးရဲ့ သတ်ဖြတ်ခြင်း ရောဂါလက္ခဏာထက် ပိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့ ကိစ္စတွေ ရှိနေသေးတယ်။ သတ်ဖြတ်ခြင်းရောဂါလက္ခဏာက ခန္ဓာကိုယ်ရဲက ကျိန်စာတစ်ခုပဲ။ ဝိညာဉ်အပေါ် သက်ရောက်နေတာမဟုတ်ဘူး။ အစ်ကိုကြီးက စိတ်ကို ခန္ဓာကိုယ်က ထိန်းချုပ်တာကို ခွင့်မပြုလိုက်သင့်ဘူး”
ဝမ်ချောင်က ထိုသို့ပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။ အကျဉ်းထောင်က တိတ်ဆိတ်သွားသည်။ ဝမ်ပေ့က တစ်ယောက်တည်းကျန်ခဲ့ပြီး မည်သည့်စကားမျှ မဆိုဘဲ အတွေးနက်သွားသည်။
ညကတိတ်ဆိတ်လာသည်။ မြို့တော်တစ်ခုလုံးက ငြိမ်းချမ်းနေပြီး ကင်းလှည့်သူများ တော်ဝင်စစ်သည်တော်များက လမ်းများကို ကင်းလှည့်နေသော အသံများက ထွက်ပေါ်နေသည်။ ဝမ်ကလန်စံအိမ်တော်၏ အနီရောင် မီးအိမ်များကလည်း ညအချိန်တွင် တောက်ပသော ကြယ်များကဲ့သို့ ဖြစ်နေသည်။
ဝမ်ကလန်စံအိမ်၏ ပတ်ပတ်လည်တွင် ညအမှောင်ထုအတွင်း မည်သူမျှ သတိမထားမိခင် အနီးအနားရှိ ခေါင်းမိုးများပေါ်တွင် ပေါ်လာသည့် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်ပေါင်းများစွာ ရှိလာသည်။
“အချိန်ကျပြီ”
“ငါတို့လုဝူကို ဆင့်ခေါ်လ်ို့ရပြီ။ မှတ်ထား ဝမ်ကလန်ကလူတွေ ထွက်ပြေးခွင့် ပြုလို့မရဘူး။ ဒါ့အပြင် ဘယ်တော်ဝင်စစ်သည်တော် စောင့်ကြည့်သူတွေဖြစ်ဖြစ် အားလုံးကို သတ်ပစ်လိုက်။ သူတို့ကို ပြဿနာ မရှာစေနဲ့”
ဝမ်ကလန်၏ အလယ်ဗဟိုမှ စံအိမ်ကိုစောင့်ကြည့်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူများက အရာအားလုံးကို တိတ်တဆိတ် လေ့လာနေသည်။ ထိုနေရာက အလွန်အမင်း ငြိမ်းချမ်းနေသည်။ မီးအိမ်များကိုလည်း ချိတ်ဆွဲထားပြီး နွေးထွေးသော လေထုကိုသာ လွှတ်ထုတ်နေသည်။
အချိန်က ညနက်နေပြီဖြစ်ပြီး ဝမ်ကလန်မှ အစေခံများနှင့် ကျွန်များအားလုံးက အိပ်ပျော်နေကြပြီဖြစ်သည်။ အစောင့်အများစုကလည်း အနားယူသွားကြပြီဖြစ်သည်။ ထို့နောက် လူအနည်းစုကသာ ကတ္တရာလမ်းတွင် ကျန်ရစ်တော့သည်။ ဒါက သူတို့အတွက် တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်သည်။
အနက်ရောင်ဝတ်စုံနှင့် လူများက ပတ်ဝန်းကျင်ခေါင်မိုးပေါ် တင်ပြင်ခွေထိုင်ရင်း သူတို့၏ လက်များကို လှုပ်ရှားကာ ထိုသို့ဖြင့် မှေးမှိန်သော အလင်းတိုင်တစ်ခုက ပေါက်ထွက်လာပြီးနောက်တွင် အနက်ရောင်ဝတ်စုံနှင့်လူ တစ်ယောက်ပြီးတစ်ယောက်ကို ဆက်သွယ်လိုက်ပြီးနောက် မျက်တောင်တခတ် အချိန်အတွင်း ထူးဆန်းကာ မမြင်ရသည့် သင်္ကေတတစ်ခုက ဝမ်ကလန်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
မည်သူမျှ သတိမထားမိလောက်သော်လည်း အမှောင်ထုအတွင်းတွင် စံအိမ်၏ထောင့်တိုင်းမှ စတင်ပြီး ပိန်းပိတ်အောင် မည်းမှောင်သည့် လိပ်ခုံးပုံသဏ္ဍန်တစ်ခုက စတင်ထွက်ပေါ်လာသည်။ များသထက် များလာပြီး စံအိမ်နှင့် နီးကပ်သထက် နီးကပ်လာသည်။ အတွင်းဘက်မှကြည့်လျှင် ဝမ်ကလန်တစ်ခုလုံးကို အပေါ်မှ ကောင်းကင်တစ်ခုလိုမျိုး အမှောင်ထုက အုပ်စိုင်းသွားသည်ဟု ထင်ရလောက်သည်။ သို့သော် မည်သူကမျှလည်း ထူးခြားမှုကို ခံစားမိဦးမည်မဟုတ်ချေ။ အမှောင်ထုက နက်သထက် နက်လာပြီးနောက်တွင် ထူးဆန်းသောလေထုက စံအိမ်တော်တွင်းသို့ တိုးဝင်ရန် ကြိုးစားလာသည်။
ခလွပ်
ဝမ်ကလန်စံအိမ်၏ အရှေ့မြောက်ပိုင်းအကျဆုံး ထောင့်တစ်နေရာတွင် ရုတ်တရက် မြေပြင်က ပွင့်ထွက်သွားပြီးနောက်တွင် ကျယ်လောင်သောအသံက ထွက်ပေါ်လာသည်။
“ဘယ်သူလဲ”
“အဲ့ဒီမှာဘယ်သူလဲ”
အင်္ကျီလက် လှုပ်ရှားသံများနှင့်အတူ ဝမ်ကလန်မှ အစောင့်နှစ်ယောက်က ထိုနေရာသို့ အပြေးသွားသည်။ သို့သော် သူတို့က မတုန့်ပြန်နိုင်ခင် တဘန်းဘန်း မြည်သံနှင့်အတူ အရွယ်ရောက်ပြီးသူ တစ်ယောက်၏ ပေါင်လုံးတမျှ တုတ်ခိုင်သော လက်မောင်းနှစ်ဖက်က မြေပြင်ထဲမှ ထွက်လာပြီးနောက် သူတို့ကို ဆွဲခေါ်သွားသည်။
“အား”
ထိုနှစ်ယောက်က သူတို့၏ကိုယ်ပေါ်တွင် ရှိသော အဝတ်များနှင့် စွမ်းအင်များအားလုံးက ချက်ချင်းလိုလို တင်းကြပ်သွားပြီး သူတို့၏ မျက်လုံး၊ နားနှင့် ပါးစပ်များက မီးတောက်များ တောက်လောင်လာသလို ခံစားလိုက်ရသည်။
ချက်ချင်းလိုလို ထိုနှစ်ယောက်လုံးက ပြာအဖြစ် ပြောင်းလဲသွားသည်။ မြေပြင်တွင် အမှုန့်များကသာ ကျန်ရစ်တော့သည်။
မြေပြင်က ပေါက်ကွဲသွားပြီးနောက်တွင် အက်ကွဲကြောင်းက ကျယ်သွားကာ အထဲမှ ထူထည်းတုတ်ခိုင်သော သံမဏိကဲ့သို့ လက်မောင်းကြီးတစ်စုံက ထွက်လာသည်။
ဝေါင်း
မြေအောက်လောကမှ သားရဲကြီးတစ်ကောင်က အော်ဟစ်လိုက်လျှက် ထူးဆန်းသောပုံစံဖြင့် ခုန်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်က အလွန်အမင်း ကြီးမားသည်။ လက်မောင်းကြီးများက ပေါင်လုံးကြီးများကဲ့သို့ ကြီးမားကာ ပေါင်ကြီးများက ကျောက်တိုင်ကြီးများအလား ထင်ရသည်။ သူက ၂.၇ သို့မဟုတ် ၂.၈မီတာခန့်အထိမြင့်ပြီး မတ်တပ်ရပ်လိုက်ချိန်တွင် ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီး လီစစ်ယဲ့ထက်ပင် အရပ်ရှည်သေးသည်။
“သတ်”
ထိုလူကြီးက အော်ဟစ်လိုက်ပြီးနောက် တစ်ကိုယ်လုံးက ကြမ်းတမ်းရက်စက်ကာ ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးတစ်ကောင်ကဲ့သို့ လွှမ်းခြုံသွားသည်။
ဘုန်း
သူ၏လက်သီးကို ထိုးလိုက်သောအခါ မည်သည့်အရာကိုမျှ မထိမှန်ခင် ခြေလှမ်းပေါင်းများစွာအကွာမှ အဆောင်က မမြင်ရသော အားလှိုင်းများ၏အောက်တွင် အစိတ်စိတ်အပိုင်းပိုင်းအဖြစ် ပေါက်ကွဲသွားသည်။ သစ်သား အပိုင်းအစများကလည်း ကျန်းပေါင်းများစွာမြင့်သော ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်ကြီးအဖြစ် မြောက်တက်လာသည်။
“သတ် အားလုံးကိုသတ်”
ထိုလူထွားကြီးက အော်ဟစ်ပြီးနောက် သူ၏မျက်ဝန်းတွင် အနီရောင်အလင်းက တောက်ပလာသည်။ သူ၏ပါးစပ်က ထပ်ခါတလဲလဲ ထိုစကားစုကိုသာ ရေရွတ်နေပြီး သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက ပြင်းထန်သထက် ပြင်းထန်လာသည်။ ထိုသတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းသဖြင့် ခန္ဓာကိုယ် အကောင်အထည်တစ်ခု ဖြစ်မည့်အလား ထင်ရသည်။ ထိုသို့ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဘန်း ဘန်း
ထိုလူထွားကြီး၏ အကြည့်က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီးနောက်တွင် အဝေးရှိ စာကြည့်ဆောင် တစ်ခုထံသို့ ရောက်သွားသည်။ ထိုသို့ဖြင့် လျှင်မြန်စွာဖြင့် သူကခြေလှမ်းကျဲကြီးများဖြင့် တိုးဝင်သွားသည်။ ထိုသို့ဖြင့် ညအမှောင်ထဲတွင် အချက်ပြမီးသဖွယ် ထိန်လင်းနေသော စာကြည့်ဆောင်ထံသို့ ဦးတည်လိုက်သည်။
“ဟေး”
“အဲ့ဒီမှာဘယ်သူလဲ ဘယ်သူက မြို့တော်ရဲ့ ဝမ်ကလန်ထဲကိုလာပြီး ရိုင်းစိုင်းရဲတာလဲ”
မည်းမှောင်နေသော အခြမ်းဘက်မှ အမျိုးသမီးတစ်ယောက်၏ အသံက ထွက်လာသည်။ အနီးအနား၏ အဆောင်မှ အလင်းက ဖြတ်ကနဲထွက်လာပြီးနောက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပိန်ပါးသော လူတစ်စုက ထိုလူထွားကြီးထံသို့ ခုန်ဝင်သွားလေသည်။