← Chapters

အခန်း (၆၆၆-၆၇၀)

Vol. 34 Ch. 666-670

အခန်း (၆၆၆-၆၇၀)

Vol. 34 Ch. 666-670

အခန်း(၆၆၆)

လုဝူ

မီယာစာမာအရာကာက အလွန်အမင်း မြန်ဆန်သည်။ ဝမ်ကလန် စံအိမ်တော် တစ်ခုလုံးတွင် သူမက ထိုမြင်ကွင်းသို့ ချက်ချင်းလိုလို ရောက်လာသောလူဖြစ်သည်။ ထို့ကြောင့်သူမက ချက်ချင်းလိုလို ရိုက်ချလိုက်နိုင်သည်။ မီယာစာမာအရာကာက ဝမ်ချောင်က ညဘက်တွင် မည်သို့သော မတော်တဆမှု တစ်ခုခုဖြစ်လာလျှင် တုန့်ပြန်ရန် ညွှန်ကြားထားသောလူ ဖြစ်လေသည်။ အခြားသော ဝမ်ကလန် တစ်ခုလုံးကမူ အိပ်ပျော်နေလျှင်ပင် သူမက နိုးကြားနေရသူ ဖြစ်ရမည်။

ချွင်

သူမက မျှော်လင့်ထားသည့်အတိုင်း မီရာစာမာအယာကာ၏ဓားက ထိုလူထွားကြီး၏ ရင်ဘက်ကို ထိုးစိုက်သွားသည်။ သို့သော် သတ္တုချင်း ထိခတ်သံကသာ ထွက်ပေါ်လာပြီး မီးဖွားများကပင် လက်လာသေးသည်။ မီရာစာမာအယာကာ၏ဓားက မထိုးဖောက်နိုင်ခဲ့ချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

မီရာစာမာအယာကာက အံ့သြသွားသည်။ သူမ၏ တောက်ပသောမျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီးနောက်တွင် ဟန်ချက်က ပျက်သွားသည်။ သူမ၏လက်ထဲရှိဓားက သာမာန်ဟုသာ ထင်ရသော်လည်း ဒါက ဝမ်ချောင်ကိုယ်တိုင်က သူမကို သွန်းလုပ်ပေးထားသော ဝု့စ်သံမဏိဓားဖြစ်ပြီး အလွန်အမင်းထက်ရှကာ လေပြင်းတစ်ချက်ကြောင့် လွင့်ထွက်လာသော ဆံပင်ကိုပင် အသာအယာ လှီးဖြတ်နိုင်စွမ်းရှိသည်။

ထိုလက်နက်မျိုး၏ အရှေ့တွင် ဘာကမှ အတားအဆီး မရှိသလောက်ဖြစ်သည်။ ယွီစန်း၏ကျော်ကြားသော သံချပ်ကာပြားကပင် ဝု့စ်သံမဏိလက်နက်၏ အရှေ့တွင် ဘာမှမဟုတ်တော့ချေ။

သို့သော် ထိုလူထွားကြီးကမူ သူ၏အသားကိုယ်တိုင်ဖြင့် ဝု့စ်သံမဏိဓားကို တားလိုက်ခြင်းဖြစ်သည်။ ထိုရလဒ်က မီယာစာမာအရာကာအတွက် မယုံကြည်နိုင်စရာ အကောင်းဆုံးအချိန်ဖြစ်နေသည်။

ဝေါင်း

မီယာစာမာအရာကာက မှင်သက်နေချိန် လူထွားကြီးက ကြောင်အ မနေခဲ့ချေ။ အလင်းရောင်ဖြတ်ကနဲ လက်ပြီးသည်နှင့် ပန်းကန်လုံး တစ်လုံးစာမျှကြီးမားသော သတ္တုလက်သီးကြီးက မီယာစာမာအရာကာထံ ရောက်လာသည်။

“အား”

ကျယ်လောင်သော အော်ဟစ်သံကြီး တစ်ခုနှင့်အတူ မီယာစာမာအရာကာက လွင့်ထွက်သွားသည်။ သူမ၏ ခန္ဓာကိုယ်က ဆယ်ကျန်းခန့်အကွာက အမိုးကို ဝင်ဆောင့်မိသွားပြီးနောက် တိုင်များတောက်လျှောက် ကျိုးကြေသွားစေခဲ့သည်။

ဝေါင်း

မီယာစာမာအရာကာကို လွင့်ထွက်သွားအောင် လုပ်ပြီးနောက် ထိုလူထွားကြီးက သူမကို အာရုံမစိုက်တော့ဘဲ မီးအိမ်ထွန်းထားသော စာကြည့်ခန်းထံ ဦးတည်လာခဲ့သည်။

“လုပ်ကြံသတ်ဖြတ်သူ”

ဝမ်ကလန်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားလေပြီ။ သိပ်မကြာခင်က ထွက်လာခဲ့သော ကျယ်လောင်သည့် အသံကြီးက လူတိုင်းကို လှုပ်နှိုးလိုက်သည်။ မရေမတွက်နိုင်သော အစောင့်ပေါင်းများစွာက အခန်းထဲမှထွက်လာကြသည်။ အားလုံးက အရပ်မျက်နှာအနှံ့မှ ထွက်လာကြပြီး လူထွားကြီးကို တားဆီးရန် ကြံစည်ကြသည်။

“အား”

လူထွားကြီး၏ လက်သီးတစ်ချက်နှင့် အစောင့်တိုင်းက အော်ဟစ်ကာ လွင့်ထွက်သွားရသည်။ အများစုက လေထုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များအဖြစ် ပေါက်ကွဲသွားပြီး ပြာဖြစ်သွားခဲ့ကြသည်။ သူတို့၏ အဝတ်များကပင် ပျောက်ကွယ်သွားသည်။

ဘုန်း ဘုန်း ဘုန်း

လူမည်မျှ ထိုလူထွားကြီးထံ ဝင်ရောက်ကာ တိုက်ခိုက်နေစေကာမူ သူတို့ကမည်မျှ အင်အားကြီးမားနေစေကာမူ ကျားရှေ့ရောက်သွားသော သိုးများကဲ့သို့ ဖြစ်သွားကြသည်။ လက်သီးတစ်ချက်တည်းကတင် သူတို့ကို ပြာဖြစ်သွားစေလေသည်။

အားလုံးအတူပူးပေါင်းသော်လည်း ဝမ်ကလန်မှ အစောင့်များက ထိုလူထွားကြီး၏ အရှေ့တွင် ပုရွက်ဆိတ်များသာ ဖြစ်နေသည်။ တစ်ယောက်ကမျှ တစ်ချက်ကိုမျှ မခံနိုင်ခဲ့ချေ။

စံအိမ်တော်တောက်လျှောက် မီးတောက်များ ပျံ့နှံ့လာပြီး ခန်းမ၊ မျှော်စင်၊ ကျောင်းဆောင်တိုင်းထံသို့ ပျံ့နှံ့လာသည်။ ထိုကြီးမားသော လူထွားကြီးက ဖျက်ဆီးသူလိုမျိုး နေရာတိုင်းကို ပြာသာချန်ရစ်ခဲ့သည်။

“ရပ်စမ်း”

ထိုလူထွားကြီးက ဝမ်ကလန် စံအိမ်တော်အတွင်းသို့ ဝင်ရောက်ကာ လုပ်ကြံသတ်ဖြတ်ပြီးနောက် ဝမ်ချောင်၏ စာဖတ်ခန်းထံ ဝင်ရောက်တော့မည်ဟု ထင်ရသည်။ ညတာအချိန်တွင် အလွန်အမင်း ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာသည်။

ဘုန်း

ရုတ်တရက် အလင်းရောင် ဖြတ်ကနဲလက်ပြီးနောက် အဝိုင်းခံထားရသော နေရာမှ ထိုလူထွားကြီးက လွတ်မြောက်တော့မည့် အချိန်တွင် လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားသည့် ကြီးမားသော ပုံရိပ်ကြီးတစ်ခုက သူ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

စာကြည့်ခန်းထဲတွင် ဝမ်ချောင်က မီးအိမ်ဘေးနားတွင် တင်ပြင်ခွေထိုင်နေသည်။ တော်ဝင်နန်းတော်မှ ပြန်ရောက်လာပြီး အမေကိုဂါရဝပြုပြီးနောက် ဝမ်ချောင်က ကျင့်ကြံနေခြင်းဖြစ်သည်။

ဝမ်ချောင်က မြို့တော်သို့ ပြန်လာပြီးနောက်ပိုင်း ကျင့်ကြံခြင်းနှင့်သာ သူ၏အချိန်ကို ကုန်ဆုံးစေခဲ့သည်။ သို့သော် ဒီညကမူ ယခင်ညများနှင့် မတူညီတော့ချေ။

“အား”

အပြင်ဘက်မှ အော်သံများက တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာပြီးနောက် အစပိုင်းတွင် ဝမ်ချောင်က များများစားစား အာရုံမစိုက်မိချေ။ မည်သို့ပင်ဆိုစေ ဝမ်ကလန်က ပုန်းကွယ်နေသော ကျွမ်းကျင်ပညာရှင်ပေါင်း များစွာရှိရာ အသိုက်အမြုံဟု မဆိုနိုင်သော်လည်း ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ ရှိနေသေးသည်။ ထို့ကြောင့် သာမာန်လူများကမူ မဝင်လာနိုင်ခဲ့ချေ။ ထို့အပြင် မီယာစာမာအရာကာနှင့် လီစစ်ယဲ့တို့ကလည်း အမှောင်ထဲတွင် ပတ္တရောင်လက်နေသေးသည်။ သို့သော် ဝမ်ချောင်က တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ အပြင်ဘက်ရှိ အော်သံများက ပို၍သာ ပြင်းထန်လာပြီး အဆောင်ပေါင်းများစွာ ပြိုကျသံကိုလည်း ကြားလိုက်ရသည်။ ထိုအခြေအနေက အဆုံးသတ်တော့မည်နှင့် မတူတော့ချေ။

“ဘာတွေဖြစ်နေတာလဲ။ မြို့တော်က ကောင်းကင်ရဲ့သားတော်ရဲ့ အရိပ်အာဝါသအောက်မှာ အရေးကြီးတဲ့နေရာတစ်ခုပဲ။ ဒါကိုတောင် ဒီလိုနေရာမျိုးကို ကျူးကျော်လာရဲသေးတာလား”

ဝမ်ချောင်က မျက်မှောင်ကျုံ့ပြီး ထရပ်လိုက်သည်။ တံခါးကိုဆောင့်ဖွင့်လိုက်ပြီးနောက် သူက စာကြည့်ခန်း၏ အပြင်ဘက်သို့ ထွက်လိုက်သည်။ ဝမ်ချောင်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း အပြင်ဘက်ရှိ မြင်ကွင်းကြောင်း အလွန်အံ့သြသွားရသည်။

ဝမ်ကလန်၏စံအိမ်က ဘုရင်ချီ ဘုရင်စုန့်တို့ကဲ့သို့ ခမ်းနားသော စံအိမ်ကြီးများနှင့် မယှဉ်နိုင်သော်လည်း ဒါက အမတ်များ၊ ဗိုလ်ချုပ်ပေါင်းများစွာ ရှိနေသော ကလန်ကြီးတစ်ခု ဖြစ်နေသေးသည်။ ထို့ကြောင့် အဆောက်အဦးများကို ထင်ရှားသော ခမ်းနားသည့်ပုံစံဖြင့် တည်ဆောက်ထားသည်။ ထို့ကြောင့် ကျောင်းဆောင်၊ ဥယာဉ်၊ ရေကန်တိုင်းက သီးသီးသန့်သန့်ဖြင့် ကလန်၏ အဆင့်အတန်းကို ပြနိုင်အောင် ခမ်းနားကြွယ်ဝသည်။

သို့ရာတွင် ယခုဝမ်ချောင်က စာကြည့်ဆောင်ထဲမှ ထွက်လိုက်ပြီးနောက် ခြားနားသော မြင်ကွင်းကို မြင်လိုက်ရသည်။ ကျယ်ပြောသော အဆောက်အဦး၊ ဥယာဉ်နှင့် ရေကန်များ ရှိရာနေရာက တိုက်ရိုက် ဖျက်ဆီးခံလိုက်ရပြီး ပြားကပ်နေသည်။

လျှပ်စီးပုံများတွင်လည်း မီးတောက်များက ရှိနေသေးသည်။ ဝမ်ချောင်ကြည့်လိုက်သော နေရာတိုင်းက ထူထည်းသော ပြာအပုံလိုက်ဖြင့်သာ ဖုံးနေသည်။ ထိုပြာပုံ၏ အလယ်တွင် ၂.၇ သို့မဟုတ် ၂.၈မီတာခန့်မြင့်ပြီး ကြွက်သားများက ဖောင်းပွနေသည့် မျှော်စင်ကဲ့သို့ ထင်ရသော ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသော အကောင်ကြီးက ရှိနေသည်။

သူနှင့်မျက်နှာချင်းဆိုင်တွင် ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီး စစ်ယဲ့က ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွဲနေသည်။

သူကတိုက်ပွဲကို မမြင်နိုင်သော်လည်း လေထဲတွင် လောင်ကျွမ်းနေသည့် အသားလောင်ကျွမ်းသည့် ရနံ့မှတဆင့် ဝမ်ချောင်၏ မျက်နှာကဖြူဖျော့သွားသည်။

“ဒါကဘယ်လို မကောင်းဆိုးဝါးလဲ”

ဝမ်ချောင်က ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်တို့ကဲ့သို့သော ကျော်ကြားသော ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို မြင်ခဲ့ပြီးလေပြီ။ သို့သော် မည်သူကမျှ ထိုမကောင်းဆိုးဝါးထံမှရသော ခံစားချက်မျိုးကို မပေးနိုင်ခဲ့ချေ။ ဒါက သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော သတ်ဖြတ်သည့် စက်ကြီးနှင့်တူသည်။ ဝမ်ချောင်က သူ၏ခန္ဓာကိုယ်မှ မည်သည့်ခံစားချက်ကိုမျှ မခံစားမိချေ။ တစ်ဖက်ထံမှ သတ်ဖြတ်မှုနှင့် ဖျက်ဆီးမှုခံစားချက်ကိုသာ ရသည်။

ချွင်

သူကအနည်းငယ်ပင် မတုန့်ဆိုင်းတော့ဘဲ ဝမ်ချောင်က သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ကာ သူ၏ဝု့စ်သံမဏိဓားကို ဆွဲထုတ်လိုက်သည်။

ဘန်း

သူ၏ဖနောင့်က မြေပြင်ကို ဆောင့်နင်းလိုက်ပြီးသည်နှင့် ဝမ်ချောင်က လေထဲသို့ ခုန်တက်လိုက်သည်။

“နဂါးခုန်တက်သိုင်း”

ဝမ်ချောင်၏ကိုယ်မှ နဂါးဟိန်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက်တွင် သူက အင်အားအကြီးဆုံး သူ၏သိုင်းကို ထုတ်ဖော်လိုက်သည်။ ထိုသိုင်းက မူလက လှံဖြင့်သာ သုံးရခြင်းဖြစ်သော်လည်း ဝမ်ချောင်ကမူ မူလခွန်အားကို ထုတ်နိုင်အောင် မည်သည့်လက်နက်နှင့်မဆို အသုံးပြုသော်လည်း မူလအင်အားကို ထွက်အောင်လုပ်နိုင်သေးသည်။

ဘုန်း

ဝမ်ချောင်က ကောင်းကင်မှ ကြွေလာသောကြယ်ကဲ့သို့ အောက်သို့တောက်လျှောက် ဒုန်းစိုင်းထိုးဆင်းသွားပြီး ထိုလူထွားကြီး၏ခေါင်းကို သူ၏ဝု့စ်သံမဏိဓားဖြင့် ပိုင်ဟွေးအမှတ်တည့်တည့် ထိုးစိုက်လိုက်သည်။

ဝမ်ချောင်၏လက်ရှိ ခွန်အားအဆင့်တွင် နဂါးခုန်တက်ခြင်းသိုင်းက ကြောက်စရာကောင်းသည့် အင်အားမျိုးကို ထောက်ပံ့ပေးနိုင်သွားသည်။ ထိုသို့ဖြင့် မြေကမာ္ဘက ပြင်းထန်စွာ တုန်ခါသွားပြီး ထိုလူထွားကြီး၏ ခြေထောက်အောက်ခြေက ကျွံကျသွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်၏ မျက်လုံးကမူ မှေးကျဉ်းသွားပြီး နှလုံးသားက တုန်ယင်သွားသည်။ ထိုအချိန်တွင် လီစစ်ယဲ့၏ အသံက ထွက်လာသည်။

“သခင်လေး ဂရုစိုက်”

ဝမ်ချောင်က မတုန့်ပြန်နိုင်ခင် သံမဏိဇလုံကြီးတမျှ ကြီးမားသည့် လက်သီးကို ရင်ဆိုင်လိုက်ရသည်။ ထိုလက်သီးထဲတွင် ဖျက်ဆီးခြင်းစွမ်းအားက အပြည့်ပါပြီး လျှင်မြန်စွာဖြင့် သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာကာ သူ့ကိုချိန်ရွယ်လာသည်။

ဘန်း

ဝမ်ချောင်က ချက်ချင်းလိုလို တုန့်ပြန်သည့်အနေဖြင့် လက်သီးတစ်လုံးကို ပစ်လွှတ်လိုက်ပြီး ထိုလူထွားကြီး၏ လက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘုန်း

သူနှင့်ဝမ်ချောင်၏ကိုယ်ကို ကျော်ဖြတ်ပြီးနောက် ပြင်းထန်သည့်စွမ်းအားများက ထွက်ပေါ်လာသည်။ သူ၏ပြိုင်ဘက်ကင်းသော ခွန်အားနှင့်ယှဉ်သော် ထိုပြိုင်ဘက်၏စွမ်းအားက လွင့်ထွက်သွားစေခဲ့သေးသည်။

ဘုန်း

ထိုလူထွားကြီးကို လက်သီးထိုးခဲ့သော ဝမ်ချောင်၏လက်မှ မီးခိုးများက ထွက်လာသည်။

“ဒါကဘယ်လို မကောင်းဆိုးဝါးလဲ”

ဝမ်ချောင်၏ကိုယ်ထဲမှ ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲလာပြီး ချက်ချင်းလိုလို ထိုမီးတောက်ကို ဖယ်ရှားလိုက်သည်။ သို့တိုင်အောင် သူကတန်ကြေးအလွန် ပေးဆပ်ရသေးသည်။

“သခင်လေး သတိထားပါ။ ဒီမကောင်းဆိုးဝါးက အရမ်းအန္တရာယ်များတယ်။ သူ့ရဲ့ကိုယ်ထဲက စွမ်းအင်တွေက ကျွန်တော်တို့ရဲ့ ကြယ်တာရာစွမ်းအင်တွေကို လောင်ကျွမ်းပြာချနိုင်တယ်။ ခွန်အားသာ မလုံလောက်ရင် ဘယ်သူမဆို ပြာဖြစ်သွားမှာပဲ။ ဒါကြောင့် ဒီအစောင့်တွေတောင် သေသွားကြတာ”

လီစစ်ယဲ့က သူ၏ဓားဖြင့် ထိုမကောင်းဆိုးဝါးကို လွင့်ထွက်သွားစေလိုက်ပြီးနောက် ဝမ်ချောင်၏နားသို့ ရောက်လာသည်။ ဝမ်ချောင်ကလည်း သူ၏လက်သီးက မည်းသွားကြောင်း တွေ့လိုက်ရသည်။ ရှင်းလင်းစွာဖြင့်ပင် ထိုလူထွားကြီး၏ ထူးဆန်းသည့် မီးတောက်ကြောင့် သူက ဒဏ်ရာရသွားခြင်းဖြစ်သည်။

“အထူးဆန်းဆုံးကိစ္စက သူ့ရဲ့ကိုယ်ပေါ်က အနက်ရောင် ကြေးခွံတွေပဲ။ ကျွန်တော်တို့ရဲ့ ဝု့စ်သံမဏိဓားက သူ့ကိုဒဏ်ရာရအောင် မလုပ်နိုင်ဘူး”

လီစစ်ယဲ့၏ ရင်ဘက်က နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ထိုလူထွားကြီးကိုကြည့်သည်။ သူ၏မျက်ဝန်းထဲတွင်လည်း ပြင်းထန်သည့် အံ့အားသင့်မှုကို မြင်နိုင်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်တွင် ကြီးမားသော ဝု့စ်သံမဏိဓားကြီးက လီစစ်ယဲ့အနေဖြင့် မရေမတွက်နိုင်သော အလားအလာရှိ ပြိုင်ဘက်ပေါင်းများစွာကို သတ်ဖြတ်နိုင်ရန် လုံလောက်စေခဲ့သည်။ သို့ရာတွင် ထိုမျှကြောက်စရာကောင်းပြီး အင်အားကြီးသော ပြိုင်ဘက်မျိုးကို ရင်မဆိုင်ခဲ့ဖူးချေ။

ဝု့စ်သံမဏိဓားကိုပင် ခန္ဓာကိုယ်သီးသန့်ဖြင့် တားနိုင်သော ထိုလူထွားကြီးက ဒီလောကတွင် မရှိနိုင်ချေ။

ဝမ်ချောင်က မည်သည့်စကားမျှမဆိုဘဲ ထိုလူထွားကို စိုက်ကြည့်သည်။ သူက ယခင်က သတိမထားမိသော်လည်း လီစစ်ယဲ့၏စကားက သူ့ကို ထိုလူထွား၏ ခန္ဓာကိုယ်ကို အနီးကပ် စစ်ဆေးမိစေသွားသည်။ ထိုလူထွားကြီးက အနက်ရောင်ကြေးခွံများဖြင့် အလှဆင်ထားသလိုမျိုး ရှိနေသည်။

“ဒါက လူသားတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အရာမျိုးမဟုတ်ဘူး”

ဝမ်ချောင်က စစ်ဆေးကြည့်ပြီးနောက် သူ့ရှေ့ရှိ လူထွားကြီးက လူသားတစ်ယောက်၏ ဖြစ်နိုင်ချေကို ကျော်လွန်နေကြောင်း သိလိုက်ရသည်။ လီစစ်ယဲ့က သူမြင်ဖူးသမျှတွင် အရပ်အရှည်ဆုံးလူဖြစ်သည်။ သို့သော် သူကလီစစ်ယဲ့ထက်ပင် အရပ်ရှည်နေသည်။ အလွန်အမင်း လူကောင်ကြီးနေသေးသည်။ ကိုယ်ပေါ်တွင်လည်း အနက်ရောင်ကြေးခွံများက ရှိနေသေးပြီး ဝု့စ်သံမဏိဓားကပင် မဖောက်နိုင်ကတည်းက ပုံမှန်မဟုတ်တော့ချေ။ ဝမ်ချောင်က သူ၏မှတ်ဉာဏ်ထဲတွင် ထိုကဲ့သို့သော မကောင်းဆိုးဝါးများကို မကြားဖူးချေ။ ဒီဘဝတွင်ဖြစ်စေ၊ ယခင်ဘဝတွင်ဖြစ်စေ မတွေ့ဖူးချေ။

“သတ်”

“မင်းတို့အားလုံးကိုသတ်ရမယ် သတ်ချင်တယ်”

ဝမ်ချောင်နှင့် လီစစ်ယဲ့တို့က ရပ်တန့်လိုက်သော်လည်း လူထွားကြီးက မရပ်သွားချေ။ သူ၏အကြည့်က ချက်ချင်းလိုလို ဝပ်သွားပြီးနောက် လီစစ်ယဲ့နှင့် ဝမ်ချောင်တို့ထံ ရောက်လာကာ မျက်လုံးတွင် သွေးမီးတောက်များ တောက်လောင်လာသည်။

အလင်းရောင် ဖြတ်ကနဲ လက်ပြီးသည်နှင့် သူကဝမ်ချောင်နှင့် လီစစ်ယဲ့တို့ထံ ခုန်ဝင်လာပြန်သည်။

“ဖယ်”

မီးတောက်က အောက်သို့ရောက်ချကာ ပေါက်ကွဲသွားချိန်တွင် ကျောက်တုံးလမ်းတစ်ခုလုံးက ပေါက်ကွဲသွားပြန်သည်။ ခရမ်းရောင်မီးတောက်က ကျွမ်းလောင်လာသည်။ ဝမ်ချောင်နှင့် လီစစ်ယဲ့တို့က ဘယ်ညာသို့ ဆက်တိုက်ခုန်ချလိုက်ပြီး တိုက်ကွက်ကိုရှောင်သည်။

“ဟား ဟား ဟား အဲ့ဒီကောင်ကိုယ်တိုင် ထွက်လာပြီ”

“လုဝူက ပစ်မှတ်ကို ထိန်းထားလိုက်နိုင်ပြီ ဒီကောင်စုတ်သေမှာ သေချာတယ်”

“ဘယ်သူကမှ လုဝူကို မတားနိုင်ဘူး။ ဒီကောင်ရဲ့ခွန်အားက အကန့်အသတ်မဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ဘာကမှလည်း မထိုးဖောက်နိုင်ဘူး။ သူ့ရဲ့ကိုယ်ပေါ်က အဲ့ဒီခရမ်းရောင် မီးတောက်တွေက အဲ့ဒီကောင်ကို လောင်ကျွမ်းပြာချလိုက်လိမ့်မယ်”

“အမိုးအစွန်းတွေကို သေချာအာရုံစိုက်ထား။ အခုကစပြီး ဒီနေရာက အဖြစ်အပျက်ကို တစ်ခြားသူတွေ တွေ့သွားလို့မရဘူး။ လုဝူက တိုက်ခိုက်နေသမျှ သူက ဒေါသကြီးသထက် ကြီးလာပြီး အင်အားကြီးသထက် ကြီးလာဦးမှာပဲ။ ငါတို့စိုးရိမ်ရမှာက နောက်ပိုင်းကိစ္စပဲ”

“ပစ်မှတ်ကို ရှင်းလင်းပြီးတာနဲ့ ငါတို့ချက်ချင်း ထွက်သွားကြမယ်”

အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်ပေါင်းများစွာက ဝမ်ကလန်၏ စံအိမ်ပတ်ဝန်းကျင်တွင် ရှိနေကြပြီး သူတို့၏ မျက်ဝန်းထဲတွင် အေးစက်သောအလင်းက တောက်ပနေကြသည်။ လုဝူက တိုက်ခိုက်လိုက်သည်နှင့် နောက်ဆုံးလူက မသေမချင်း ရပ်တန့်တော့မည် မဟုတ်ချေ။ ဝမ်ကလန် တစ်ခုလုံးက အဆုံးသတ်မည်မှာ သေချာသည်။

သူတို့က ဝင်္ကပါကိုသာ ထိန်းထားရန်လိုအပ်သည်။ ဘုန်းကနဲ မြည်သံနှင့်အတူ ဝမ်ကလန်စံအိမ်၏ အနီးဆုံးနေရာတွင် ကြီးမားသော အနက်ရောင်တိမ်စိုင်များက ထွက်ပေါ်လာပြီး ပို၍မည်းမှောင်သထက် မည်းမှောင်သွားသည်။ ဒီနည်းအားဖြင့် တိုက်ပွဲအသံနှင့် အရာအားလုံးကို လွှမ်းခြုံထားတော့သည်။

အခန်း(၆၆၇)

ဘန်း ဘန်း ဘန်း

ဝမ်ကလန်၏ စံအိမ်ထဲတွင် ဖုန်မှုန့်များက ရစ်ဆိုင်းနေကာ အားလှိုင်းများကလည်း ပျံ့နှံ့နေသည်။ လုဝူက လူသားပုံသဏ္ဍန်ယူထားသည့် သားရဲတစ်ကောင်လိုမျိုး ဝမ်ချောင်နောက်သို့ ရူးသွပ်စွာဖြင့် လိုက်ဖမ်းနေသည်။ သူ၏ခွန်အားက မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်ပြီး သူ၏ခြေလှမ်းများကို အဟန့်အတား လုပ်နိုင်သည့် နံရံအဆောက်အဦးများ မရှိချေ။

“သတိထား”

လီစစ်ယဲ့က ဓားကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ စိတ်အခြေအနေက အလွန်အမင်း ထိတ်လန့်သည်ထိ ဖြစ်နေလေပြီ။ ဝမ်ချောင်က ပေါ်လာသည့် တခဏတွင် ထိုမကောင်းဆိုးဝါး၏ အာရုံက ဝမ်ချောင်ထံတွင်သာ ရှိတော့သည်။ ဝမ်ချောင်က မည်သည့်နေရာသို့ပြေးပြေး သူက ဝမ်ချောင်၏နောက်သို့သာ လိုက်သည်။ သူက မည်သည့်နေရာသို့ ဖြတ်သွားသွား ထိုနေရာတွင် မည်သည့် အဆောက်အဦးမျှ မကျန်ရစ်တော့ချေ။

“လီစစ်ယဲ့ သူ့ရဲ့ဂျိုင်းကြား၊ ဗိုက်၊ ကျောကုန်း၊ မြှီးညှောင့်ရိုးနဲ့ အသက်ဂိတ်ဝနေရာကို စမ်းကြည့်”

ဝမ်ချောင်က တိမ်လုံးကဲ့သို့ မြောက်တက်နေသည့် ဖုန်မှုန့်များကြားမှ အော်ဟစ်လိုက်သည်။ သူက ချောမွေ့စွာဖြင့် အနီးအနားရှိ ခေါင်းမိုးပေါ်သို့ ခုန်ဆင်းလိုက်သေးသည်။

ထိုလူထွားကြီး၏ ကြီးမားသော ခွန်အားကပင် ဝမ်ချောင်၏ တော်ဝင်သိုင်း ခွန်အားကပင် ရင်မဆိုင်နိုုင်သော အဆင့်ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူ၏အရေပြားကို ဝု့စ်သံမဏိဓားကပင် မထိုးဖောက်နိုင်ချေ။ ထို့ကြောင့် ဝမ်ချောင်၏ ရှောင်ယင်ရန်သိုင်းကလည်း သက်ရောက်မှု မရှိတော့ပြန်ချေ။

“အသုံးမဝင်ဘူး ဒီမကောင်းဆိုးဝါးက သေစေနိုင်တဲ့ အကြောစုံအမှတ်တွေတောင် မရှိဘူး။ ကျွန်တော်တို့ရဲ့ ခွန်အားနဲ့ သူ့ကိုကိုင်တွယ်လို့မရတာ သေချာနေပြီ”

လီစစ်ယဲ့၏ အသံက အနောက်ဘက်မှ ထွက်လာသည်။ သူ၏ဓားက သူ့ထက်ပင် ပိုရှည်သေးသည်။ တောင်များကိုပင် ဟက်တက်ခွဲ ဖွင့်နိုင်သော်လည်း ထိုလူထွားကြီး၏ ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်သောအခါ ဘာမှဖြစ်မလာခဲ့ချေ။

“ငါမယုံဘူး ဒီမကောင်းဆိုးဝါးက ဘာလို့ဒီလောက်ထိ အင်အားကြီးနိုင်မှာလဲ”

လီစစ်ယဲ့က အံ့ကိုကြိတ်ထားသည်။ သူ၏စိတ်ထဲတွင် မုန်တိုင်းထန်နေလေပြီ။ သူ၏ဓားကို ပြင်းထန်ကာ အင်အားကြီးမားသည့် ခုခံအားက တားဆီးထားခြင်းမဟုတ်ဘဲ ခန္ဓာကိုယ် ခွန်အားသပ်သပ်ကသာ တားဆီးထားခြင်းဖြစ်သည်။

ထိုကြေးခွံများက ဝု့စ်သံမဏိဓားကို တားဆီးထားပြီး ကြယ်တာရာစွမ်းအင်များ၏ ထိုးဖောက်မှုကို တားပစ်နိုင်သည်။ ဝမ်ချောင်ပင်ဖြစ်စေ လီစစ်ယဲ့ပင်ဖြစ်စေ ထိုကဲ့သို့သော ပြိုင်ဘက်မျိုးကို ရင်မဆိုင်ဖူးချေ။

“သူ့မှာ သေချာပေါက်ကို အားနည်းချက် ရှိရမယ်။ လောကမှာ အားနည်းချက်မရှိတဲ့လူဆိုတာ မရှိဘူး။ သူ့ရဲ့မျက်လုံးကိုစမ်းကြည့်။ သူ့မျက်လုံးက ဝု့စ်သံမဏိဓားကို တားနိုင်မယ်လို့ ငါမယုံဘူး”

ဝမ်ချောင်က အော်လိုက်သည်။ သူကထိုသို့ ပြောလိုက်သည်နှင့် သူ၏လက်ထဲမှ မျက်စိကြိမ်းမတက် တောက်ပသော အလင်းတန်းနှစ်ကြောင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်း နှစ်တန်းက ဓားချီဖြစ်လုနီးပါး ခိုင်မာသည်။ ထိုသို့ဖြင့် ထိုလူထွား၏ မျက်လုံးထဲသို့ ဦးတည်သွားသည်။

သို့သော် ဝမ်ချောင်၏ဓားက မမြင်ရသော အကာအကွယ်လွှာ၏ အတားခံရသလိုမျိုး လျှင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်။

ဝမ်ချောင်ပင်ဖြစ်စေ အနီးအနားရှိ လီစစ်ယဲ့ပင်ဖြစ်စေ ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားသည်။ လူထွား၏ ကျင့်ကြံခြင်းအဆင့်က အလွန်အမင်း မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားနေမည်ဖြစ်သည်။ သူ၏ခုခံအားက အလွန်အမင်း ကျယ်ပြန့်ပြီး လက်ရှိ သူတို့နှစ်ယောက်လုံးကို ကျော်လွန်နေပြီဖြစ်သည်။ သူ၏မျက်လုံးကိုပင် ထိုမျှအင်အားကြီးမားသော ခုခံမှုအကာအကွယ်လွှာက တားဆီးထားသည့်အတွက် ထိုမကောင်းဆိုးဝါးကို ကိုင်တွယ်နိုင်မည့် အခြားသော နည်းလမ်းများကို ရှာဖွေရန် ခက်ခဲသွားပေလိမ့်မည်။

ဘုန်း

ဝမ်ချောင်က တွေးနေချိန်တွင် လုဝူက သူ၏ညာလက်ကို မြှောက်ပြီးနောက် နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်သည်။ ထိုလက်သီးက ဝမ်ချောင်ကို ချိန်ရွယ်ထားသည်။ ဝမ်ချောင်က မျက်လုံးအပြူးသားဖြင့် ချက်ချင်းလိုလို လေထဲသို့ ခုန်တက်လိုက်ရသည်။

အောက်ဘက်တွင် မြေငလျှင်က လှုပ်သွားပြီးနောက် နှစ်ထပ်အဆောင် တစ်ခုက ပြိုကျသွားကာ မီးတောက်များဖြင့် တောက်လောင်သွားသည်။

လုဝူ၏ တိုက်ကွက်များက အသံမဲ့သည်။ တစ်ခါတစ်ရံတွင် ကျန်းပေါင်းများစွာ အကွာကပင် လှမ်း၍တိုက်ခိုက်နိုင်သည်။ သူ၏တိုက်ကွက်များက မမြင်ရသော စွမ်းအင်အားလှိုင်းဖြင့် တိုးဝင်လာသလိုမျိုး ထင်ရသည်။ တစ်စုံတစ်ယောက်ကသာ တုန့်ပြန်မှု နှေးကွေးသွားလျှင် ဘာဖြစ်သွားမှန်း မသိနိုင်လောက်ချေ။ ထိုမျှပြင်းထန်သည့် မီးတောက်များက သူ၏ကိုယ်အတွင်းတွင် ရှိနေသည်မှာ ကြီးမားသည့် ခြိမ်းခြောက်မှုကြီးဖြစ်သည်။

“တကယ်ပဲ ဒါကဘာလဲ”

ဝမ်ချောင်၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ပျံ့နှံ့နေသည်။ သူက တစ်ချိန်လုံး ထိုလူထွားကြီး၏ ဇစ်မြစ်ကို သိနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့တိုင်အောင်သူက ရှုံးနိမ့်မှုကိုသာ ကြုံနေရသည်။

နှစ်ဘဝလုံးမှ မှတ်ဉာဏ်များနှင့်တောင်မှ ဝမ်ချောင်က ထိုကဲ့သို့သော မကောင်းဆိုးဝါးမျိုး၏ အကြောင်းအရာကို မသိထားချေ။

ဒါကမယုံနိုင်စရာကောင်းတဲ့ အချက်ပဲ။

ဒီလောကမှာ မဟာထိပ်တန်းအရာရှိ တစ်ယောက်ဖြစ်သည့် ဝမ်ချောင်က တစ်လောကလုံးမှာ အမြင့်ဆုံး အာဏာကို ပိုင်စိုးခဲ့သည်။ မဟာထန်၊ ယွီစန်း၊ တူရကီ၊ အာဘတ်ဆစ်ကယ်လီဖိတ်ပင်ဖြစ်စေ ကောင်းကင်ဖြိုခွဲခြင်း လူထွားကြီးများနှင့် ပတ်သတ်သော ကိစ္စများပင်ဖြစ်စေ သူကအားလုံးကို သိခဲ့သည်။

သို့သော် ထိုမကောင်းဆိုးဝါးနှင့် ပတ်သတ်သော သတင်းအချက်အလက်များကိုမူ မသိထားချေ။

ဒါကပုံမှန်မဟုတ်တာပဲ။

ဝမ်ချောင်က တွေးတောနေချိန်တွင် ရုတ်တရက် ပုံရိပ်တစ်ခုက လျှင်မြန်စွာဖြင့် ချဉ်းကပ်လာသည်။

“သေစမ်း သူကဘာလို့ ရုတ်တရက် မြန်သွားတာလဲ”

ဝမ်ချောင်၏မျက်နှာက မှင်သက်သွားသည်။ ထိုလူထွားကြီးက အင်အားကြီးမားသော်လည်း သူ၏အရှိန်နှုန်းက ဝမ်ချောင်ကို မယှဉ်နိုင်ခဲ့ချေ။ ထို့ကြောင့် ဝမ်ချောင်က ချောမွေ့စွာဖြင့် ပက်ပင်းလာနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ အချို့သော အကြောင်းပြချက်ကြောင့် လူထွားက ရုတ်တရက်မြန်သွားသည်။

ဘုန်း

ဝမ်ချောင်၏ အနောက်ဘက်တွင်ရှိသော ကြီးမားသည့် တိုင်ကြီးက အမှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ဝမ်ချောင်ကမူ ရုတ်တရက် သုံးယောက်အဖြစ် ပြောင်းလဲသွားပြီး သူ၏ဝု့စ်သံမဏိဓားက ထိုလူထွား၏ လည်ပင်းထံ ခုတ်ချလိုက်သည်။

ချွင်

ဝု့စ်သံမဏိဓားက ထိုလူထွားကြီး၏ လည်ပင်းတွင် သိပ်သည်းစွာရှိနေသည့် အနက်ရောင် ကြေးခွံများ၏ တားဆီးမှုကြောင့် ချွင်ကနဲ အသံကသာ ထွက်လာသည်။

ချွင် ချွင် ချွင်

လီစစ်ယဲ့ကလည်း တစ်ချိန်ထဲလိုလို သူ၏ကြီးမားသော ဓားကြီးကို မြှောက်ကိုင်လိုက်ပြီးနောက်တွင် လူထွားကြီး၏ခေါင်း၊ လည်ပင်း၊ ကျော၊ ပေါင်တို့ကို ခုတ်ချသည်။

ညခင်းအချိန်တွင် မီးဖွားများကသာ လက်လာသည်။ သို့သော် သူတို့၏ ဝု့စ်သံမဏိဓားများက ခြစ်ရာပင်ထင်အောင် မလုပ်နိုင်ခဲ့ချေ။

ဝေါင်း

ထိုလူထွားကြီးက လက်မောင်းကို မြှောက်လိုက်ပြီးနောက် အဆုံးအစမဲ့ကာ ပြင်းထန်ကြမ်းတမ်းသည့် စွမ်းအားများကို ဖောက်ထုတ်လိုက်သည်။

တစ်ချက်ထဲနှင့်တင် စစ်သူတော်စင်နှင့် အနာဂတ်ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီးတို့က လွင့်ထွက်သွားရသည်။ ပြင်းထန်သည့် မီးတောက်များကလည်း သူတို့၏ ခန္ဓာကိုယ်တွင် တောက်လောင်လာပြန်သည်။ သူတို့၏တစ်ကိုယ်လုံးက ဆီများရွှဲနေသလို ဖြစ်သွားသည်။

“သေစမ်း”

ဝမ်ချောင်က အံ့ကိုကြိတ်သည်။ ထိုမကောင်းဆိုးဝါးက အင်အားကြီးမားသထက် ကြီးမားလာကြောင်း သူက ခံစားမိလာသည်။ ပို၍ဆိုးသည်မှာ ထိုမီးတောက်များက သူ၏အရိုးထဲသို့ တိုးဝင်ရန် ကြိုးစားလာပြီး ဝမ်ချောင်၏ အတွင်းစွမ်းအားများကိုပင် တိုက်စားလာသည်။

တောင်ပိုင်းနယ်မြေတွင်ပင် ဝမ်ချောင်က ဂရုမစိုက်ခဲ့ချေ။ သူ၏ရှောင်ယင်ရန်သိုင်းက သူ၏ခွန်အားကို အချိန်မရွေး ပြန်ဖြည့်ပေးနိုင်လေသည်။ သို့သော် လက်ရှိအချိန်ကမူ ရှောင်ယင်ယန်သိုင်းကလည်း အသုံးမဝင်တော့ချေ။

“သတ် သတ် အားလုံးကိုသတ်”

လုဝူ၏မျက်လုံးက သွေးနီရောင်အလင်းများကို လွှတ်ထုတ်လာပြီး သူ၏ခန္ဓာကိုယ်က ကွဲအက်သံများကို ထုတ်ဖော်သည်။ သူက ညဉ်းညူလိုက်သည်။ သူ၏ခန္ဓာကိုယ်က ၂.၇ ၂.၈မီတာခန့်အထိ ဖြစ်လာပြီးနောက် ယခုတစ်ခါ တဖန်ပြန်ကြီးလာပြီး ၂.၉မီတာအထိ ရောက်သွားသည်။ သူက ပို၍ပင် ကြီးနိုင်သေးသည်ဟု ထင်ရသည်။ ထို့ပြင်သူက ပို၍ ကြောက်မက်ဖွယ် ကောင်းနိုင်သေးပြီး ပို၍ပင် ကြောက်စရာကောင်းလွန်းသည့် စွမ်းအားများကို ထုတ်လွှတ်နိုင်လောက်သေးသည်။

ဘုန်း

သူ၏တိုင်ကဲ့သို့ ထင်ရသည့် ခြေထောက်ကြီးများက မြေပြင်ကို နင်းဆောင့်လိုက်ပြီး ပုံရိပ်ပေါင်းများစွာကိုသာ ချန်ရစ်ထားလျှက် သူကလျှင်မြန်စွာဖြင့် တိုးဝင်လာခဲ့သည်။ ပြင်းထန်သိပ်သည်းသည့် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒနှင့်အတူ သူက ဝမ်ချောင်ထံ မိုးကြိုးပစ်လိုက်သလိုမျိုး ချက်ချင်းလိုလို ရောက်လာသည်။

“သခင်လေး သတိထား”

လီစစ်ယဲ့က ကြောင်သွားသည်။ ထိုလူထွားက ဖောက်ထုတ်လိုက်သော စွမ်းအင်များက ပို၍ရူးသွပ်ကြမ်းတမ်း ရိုင်းစိုင်းကာ အန္တရာယ်များပြီး ခြိမ်းခြောက်နိုင်စွမ်းအား အပြည့်ရှိသည်။

ထိုလူထွား၏ စွမ်းအားများက ဆက်တိုက်တိုးမြှင့်လာသည့်အတွက် လီစစ်ယဲ့က ပို၍စိုးရိမ်မိခြင်းဖြစ်သည်။

“ငါ့အစ်ကိုကို မသတ်နဲ့”

ရုတ်တရက် သူ၏နားထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။ ကျန်းပေါင်းများစွာ အကွာမှ ဝမ်ကလန်၏ အစေခံများ၊ ကျွန်များက တုန်ယင်စွာဖြင့် ရှိနေသော လူအုပ်ထဲမှ သက်လတ်ပိုင်းအရွယ် အလှလေးနှင့် ခုနှစ်နှစ် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကောင်မလေးက အလွန်ဒေါသထွက်နေပြီး လုဝူကို ဒေါသတကြီး စိုက်ကြည့်သည်။

ဘန်း

အသိပေးချက် အလျဉ်းမရှိဘဲ သူမက ချက်ချင်းလိုလို ခုန်ထွက်လာသည်။

“ယောင်အာ”

“ကောင်မလေး မြန်မြန်လမ်းကဖယ်”

ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သွားသည့်တိုင်အောင် ဝမ်ရှောင်ယောင်၏ သေးငယ်သော ပုံရိပ်က လေထဲကို ထိုးခွဲလာပြီး အနောက်တွင် အပြာရောင် အလင်းတန်းကိုသာ ချန်ရစ်ထားလျှက် လုဝူကဲ့သို့ ကြီးမားသည့် တောင်တန်းကြီးကဲ့သို့ ပုံရိပ်ကြီးကို ဝင်ဆောင့်တိုက်လိုက်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဝုန်း

နှစ်ယောက်က ထိပ်တိုက်တွေ့ဆုံပြီးနောက် မြေကမာ္ဘက လှုပ်ခါသွားသည်။ သို့သော် အသံလှိုင်းကမူ အချို့သော သားရဲကြီးများ ဟိန်းဟောက်သံကဲ့သို့ပင် ထင်ရသည်။

စွမ်းအင်လှိုင်းများက ပေါက်ကွဲသွားပြီးနောက် လေပြင်းကိုပင် ဝရုန်းသုန်းကား ဖြစ်သွားစေခဲ့ကာ ခေါင်မိုးတိုင်များ၏ အုတ်ရိုးများအားလုံးကို လွင့်ထွက်သွားစေသည်။

ဘုန်း

သေးငယ်သော ပုံရိပ်က ဖုန်မှုန့်များကြားသို့ လွင့်ထွက်သွားသည်။ သို့သော် ထိုပုံရိပ်က လျှင်မြန်စွာဖြင့် ပြန်လည်ထိန်းလိုက်ပြီးနောက် အေးစက်သော ပုံရိပ်က တစ်ဖက်ခုန်ဝင်သွားပြန်သည်။

“ညီမလေး”

ဝမ်ချောင်က ကြောင်သွားသည်။

“လီစစ်ယဲ့ မြန်မြန်လှုပ်ရှား”

ဝမ်ချောင်က ဓားကိုလက်တစ်ဖက်ဖြင့် ကိုင်ထားပြီးနောက် ဖုန်မှုန့်ထဲသို့ ခုန်ဝင်လိုက်ပြန်သည်။ တစ်ချိန်ထဲတွင်ပင် လီစစ်ယဲ့ကလည်း အော်ဟစ်လိုက်လျှက် ဝမ်ချောင်၏ နောက်သို့ လိုက်လာသည်။

ဘုန်း ဘုန်း ဘုန်း

ဖုန်မှုန့်ထဲမှ ကောင်းကင်ကိုပင် တုန်ခါစေသည့် ပေါက်ကွဲသံက ဆက်တိုက်ထွက်ပေါ်လာသည်။ ဝမ်ချောင်၊ လီစစ်ယဲ့နှင့် ဝမ်ရှောင်ယောင်တို့ သုံးယောက်က ဒေါသတကြီးဖြင့် လုဝူကို ရင်ဆိုင်နေလေပြီ။

ဝမ်ချောင်နှင့် လီစစ်ယဲ့တို့ကလည်း ဒီအသက်အရွယ်တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်နေပြီးသား ဖြစ်သည်။ သို့သော် ဝမ်ရှောင်ယောင်၏ အင်အားကသာ ကြောက်စရာကောင်းနေခြင်း ဖြစ်သည်။ ဝမ်ကလန်မှ အငယ်ဆုံးသမီးက နတ်ဘုရားတမျှ ပြင်းထန်သည့် ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ဝမ်ချောင်၏ ဆရာဖြစ်သော မိစာ္ဆဧကရာဇ် လူအို၏ လမ်းပြပေးမှုကြောင့် သူမ၏ မှင်သက်ဖွယ်ကောင်းသော ပါရမီက အရောင်တင်လိုက်သလို ဖြစ်သွားပြီး သူမ၏ခွန်အားက ထိုးတက်သွားကာ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ရှောင်ယောင်က မည်သည့်သိုင်းကိုမျှ ထုတ်မသုံးခဲ့ရချေ။ သို့သော် သူမ၏သတ္တုတူများကို ကြည့်ရုံဖြင့်ပင် သူမကို တားဆီးရန် ခက်ခဲနိုင်ကြောင်း သိနိုင်သည်။ လူမျိုးများပင်ဖြစ်စေ၊ မြင်းများပင်ဖြစ်စေ တူတစ်ချက်အောက်တွင် အားလုံးက သေဆုံးရမည်ဖြစ်သည်။

ထို့ပြင် မည်သည့်ဗိုလ်ချုပ်များကပင် ထိုတူများ၏ ရိုက်ချက်ကို တောင့်မခံနိုင်ကြချေ။ နတ်ဘုရားတမျှ ပြင်းထန်လွန်းသည့် ခွန်အားက ကြောက်စရာကောင်းလွန်းသည်။

ခွန်အားသီးသန့်အရာတွင် ဝမ်ချောင်ပင်ဖြစ်စေ လက်ရှိအနာဂတ် ပြိုင်ဘက်ကင်း လီစစ်ယဲ့ပင်ဖြစ်စေ ဝမ်ချောင်၏ ညီမငယ်ကို မယှဉ်နိုင်တော့ချေ။ ထို့ပြင် ကွာခြားချက်ကလည်း မသေးငယ်ချေ။ သူတို့က တစ်ဆင့်ထဲတွင်ပင် မရှိနေခြင်းဖြစ်သည်။

သို့တိုင်အောင် သုံးယောက်ပေါင်းထားသော ခွန်အားက လုဝူ၏ တိုက်ကွက်များကို ရင်ဆိုင်နိုင်ရုံလောက်သာ လုံလောက်သည်။

ဝေါင်း

“သတ် သတ် သတ် အားလုံးသေမှဖြစ်မယ်”

လုဝူက ဆက်လက်ပြီး ဟိန်းဟောက်သည်။ သူ၏လက်မောင်းကို ဆက်တိုက် ယိမ်းခါပြီးနောက် ပြင်းထန်သည့် ခွန်အားများကို သယ်ဆောင်လျှက် တောင်တန်းများကို အက်ကွဲစေနိုင်သော အင်အားမျိုးဖြင့် တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံးတွင် ကြယ်တာရာစွမ်းအင်များက တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာလေပြီး သူ၏ထူးခြားသော စွမ်းအင်က ခန္ဓာကိုယ်ထဲတွင် ရှိသော ကြယ်တာရာစွမ်းအင်များကို ပြင်းထန်သည့် မီးတောက်များအဖြစ် ပြောင်းလဲလာစေကာ သူတို့၏ခွန်အားကို ခြောက်ကပ်လာစေသည်။

“ဘယ်လောက်တောင် အင်အားကြီးမားတဲ့ ကောင်မလေးလဲ။ ဝမ်ကလန်မှာ ဘာလို့ဒီလောက်တောင် ကြောက်စရာကောင်းတဲ့လူတွေ အများကြီးရှိနေတာလဲ”

ကြောက်စရာကောင်းသည့် ဝမ်ရှောင်ယောင်ကို မြင်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူများကလည်း အထိတ်တလန့် ဖြစ်သွားကြသည်။

ဝမ်ကလန်က အင်အားကြီးမားသော အဖွဲ့အစည်းဖြစ်သည်။ သူတို့၏ အဖွဲ့အစည်းက သူ့ကို ကြိမ်ဖန်များစွာ သတ်ဖြတ်ရန် ကြိုးစားခဲ့သည့်တိုင်အောင် တစ်ကြိမ်ပြီးတစ်ကြိမ် သူက ရှောင်ရှားသွားနိုင်ခဲ့သည်။ ထို့ပြင် ထိုလီစစ်ယဲ့ကလည်း လုဝူနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သေးသည်။

နောက်ထပ် ဆယ်နှစ်ပင် မရှိသေးသော ကောင်မလေးတစ်ယောက်ကပင် ရုတ်တရက် ထွက်လာပြန်သည်။ သူမက အားအင်နည်းပါးသည်ဟု ထင်ရသော်လည်း သူမ၏ ခွန်အားကလည်း အလွန်မှင်သက်စရာ ကောင်းနေပြန်သည်။ သူမက လီစစ်ယဲ့ထက်ပင် ကြောက်စရာကောင်းနေပြန်သည်။

အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ မည်သူကမျှလည်း ထိုအခြေအနေကို မျှော်လင့်မထားကြချေ။

သာမာန်မဟာကလန်ကြီး တစ်ခုအနေဖြင့် ထိုအဆင့်ထိရောက်နေသော ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ပိုင်ဆိုင်ထားရုံဖြင့် လုံလောက်နေလေပြီ။ သို့သော် ထိုသေးငယ်သော ဝမ်ကလန်တွင်မူ ထိုသို့သော လူမျိုး သုံးယောက်ပင်ရှိနေသည်။

အခန်း(၆၆၈)

ဒေါသထွက်သွားတဲ့ ညီမလေး

“ဟမ့် သူတို့လို အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် သုံးယောက်က လုဝူကို ရင်ဆိုင်ရင် အသုံးမကျ ဖြစ်ရမှာပဲ။ သူတို့နောက်ဆုံးမှာ သေရမှာပဲ”

အနောက်မြောက်ဘက် အကျဆုံးအပိုင်းတွင် ထိုင်နေသည့် အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်က လှမ်းပြောလိုက်သည်။ သူက သတ္တုမျက်နှာဖုံးကို တပ်ထားပြီး ထိုသေးငယ်သော မိစာ္ဆတစ်ကောင်လို ပုံစံမျိုးဖြင့် လှောင်ရယ် ရယ်လိုက်သည်။ ယခုအခါ ဒီညတာဝန်တွင် လုဝူကို အသုံးပြုခဲ့သည့်အတွက် သူက ဝမ်းသာမိသွားသေးသည်။ မဟုတ်လျှင် ထိုသုံးယောက်ကြောင့် သူတို့က သေချာပေါက် ဆိုးရွားသည့် ဘေးထွက်ဆိုးကျိုးကို ခံရပေလိမ့်မည်။

“အားလုံးပဲ နားထောင်ကြ။ အရာအားလုံးကိုသုံးပြီး ဒီဘေးဘက်ခြမ်းတွေကို ထိန်းသိမ်းထားဖို့ ကြိုးစားထား။ တစ်နာရီတည်းနဲ့ တိုက်ပွဲက အဆုံးသတ်သွားလိမ့်မယ်”

ထိုမိစာ္ဆမျက်နှာဖုံးနှင့်လူက အေးစက်စွာဖြင့် အမိန့်ထုတ်လိုက်သည်။ လုဝူ၏ခန္ဓာကိုယ်တိုင်းက လက်နက်ဖြစ်သည်။ ပို၍ဆိုးသည်မှာ တိုက်ပွဲက ဆက်ဖြစ်နေလေ သူ၏ဒေါသက ပိုကြီးလာလေလေဖြစ်ပြီး သူက အင်အားပိုကြီးလာလေလေ ဖြစ်ပေလိမ့်မည်။ အဆုံးတွင် ဝမ်ကလန်ရှိ လူတိုင်းက အဆုံးသတ်သွားပေလိမ့်မည်။

ဝမ်ကလန်ထဲတွင်ရှိသော မည်သူကမျှလည်း ဝင်္ကပါက ကာရံထားသည့်အတွက် ဝမ်ကလန်ထဲမှ လူများက အပြင်သို့မထွက်ပြေးနိုင်သလို အပြင်ကလူများကလည်း အထဲရှိတိုက်ပွဲကို မသိနိုင်ကြောင်း သတိမထားမိလောက်ချေ။ ထို့ကြောင့် လုဝူကို တားဆီးနေခြင်းက သူတို့ဘက်ကိုသာ ဒုက္ခရောက်စေပေလိမ့်မည်။

လုဝူက တစ်နာရီကျော် တိုက်ခိုက်ပြီးသည်နှင့် သူက ပြောင်းလဲမှု ဖြစ်လာမည်ဖြစ်ပြီး ပြင်းထန်သည့် မီးတောက်များက ဆက်တိုက်ပြောင်းလဲသွားမည်ဖြစ်သည်။ အချိန်တိုအတွင်း သူ၏အရှိန်နှုန်းက မယုံနိုင်စရာ ကောင်းသည်အထိ ရောက်ရှိသွားပေလိမ့်မည်။

လုဝူက သတ်ဖြတ်ခြင်း အခြေအနေသို့ ဝင်ရောက်သွားသည်နှင့် (၁၀)မိနစ်ထဲဆိုလျှင်ပင် ဝမ်ကလန် တစ်ခုလုံးကို ဖျက်ဆီးရန်လုံလောက်သည်။ ထို(၁၀)မိနစ်ကြာပြီးနောက် ပစ်မှတ်အပါအဝင် လူတိုင်းက သေဆုံးသွားပေလိမ့်မည်။ ဒီပတ်ဝန်းကျင်တွင် သက်ရှိများပင် မကျန်ရစ်လောက်တော့ချေ။ ထိုအခါမှသာ လုဝူက စိတ်အေးသွားပေလိမ့်မည်။

သို့သော် အနက်ရောင်ဝတ်စုံနှင့် လူများကပင် အရာအားလုံးကို မခန့်မှန်းနိုင်လောက်ချေ။ သူတို့မျှော်လင့်ထားသည်နှင့် ကွဲလွဲသော အခြေအနေက ပေါ်ထွက်လာခဲ့သည်။

“ရား နင်ငါ့ထက် အင်အားကြီးတယ်ဆိုတာ ငါမယုံဘူး”

ခြံဝင်းထဲမှ ဝမ်ရှောင်ယောင်ကလည်း ကြီးမားသောခွန်အားကို ရုတ်တရက် ဖောက်ထုတ်လိုက်ပြီး လုဝူက သူမကို ရန်စလာသည်ဟု ခံစားလိုက်ရသည်။

ဘန်း

သူမက မြေပြင်ကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်ပြီးနောက် လုဝူ၏ပုခုံးအနောက်ပိုင်းသို့ ခုန်တက်လိုက်သည်။

သူမက လက်တစ်ဖက်ဖြင့် သူ့ကိုကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ သူ၏လည်ပင်းကို လိမ်ရန်ကြိုးစားသည်။

“ဝူး”

လုဝူ၏ခန္ဓာကိုယ်က နာကျင်မှုဖြင့် တုန်ယင်လာပြီး အော်ဟစ်သည်။ သို့သော် သူ၏အော်သံက ဝမ်ကလန်အတွင်းသာ ကန့်သတ်ခံထားရပြီး အပြင်သို့ မပေါက်ကြားသွားခဲ့ချေ။

“ဟင်း နင်ငါ့ကိုရိုက်တာကို ငါခွင့်ပြုလိုက်မယ်”

ဝမ်ရှောင်ယောင်က ဒေါသတကြီး အော်သည်။ သူမက အံ့ကိုကြိတ်ထားသည်။ သူမက ဘယ်သောအခါမှ အရှုံးပေးလိမ့်မည်မဟုတ်ချေ။ သူမက တစ်ချိန်လုံး လုဝူနှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်နေခဲ့သည်မှာ သူမက ဒေါသမထွက်သေးသောကြောင့်ဖြစ်သည်။

ဘန်း ဘန်း ဘန်း

သူမ၏ သေးငယ်သည့် လက်သီးများက တောင်တန်းတမျှ ကြီးမားသော ခွန်အားမျိုးဖြင့် လုဝူ၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ တစ်ချက်ချင်းစီတိုင်းက လုဝူ၏ကိုယ်ကို တုန်ယင်စေသည်။ တစ်ချက်ချင်းစီတိုင်းကလည်း ဝမ်ချောင်နှင့် လီစစ်ယဲ့တို့၏ တိုက်ကွက်များထက် အင်အားကြီးမားနေခဲ့သည်။

လုဝူက အလွန်အမင်း ကြမ်းတမ်းသောအသားဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ သို့တိုင်အောင် ဝမ်ကလန်မှ ထိုကောင်မလေးက မှင်သက်စရာကောင်းသော ခွန်အားမျိုးဖြင့် လုဝူကို ယှဉ်ပြိုင်နိုင်စွမ်းအား ရှိနေသည်။

ဝူး

လုဝူက နာကျင်မှုဖြင့် အော်ဟစ်ပြီး နောက်ဆုံးတွင် သူကလည်း လက်နောက်ပြန်ဖြင့် ဝမ်ရှောင်ယောင်ကို အောက်သို့ ဆွဲပစ်ချရန် ကြိုးစားလိုက်သည်။

“ညီမလေး”

ဝမ်ချောင်က လေထဲသို့ ခုန်တက်သွားလျှက် ချက်ချင်းလိုလို တစ်ဖက်ကို ပျံသန်းသွားကာ ညာဘက်လက်ဖြင့် အောက်သို့ပြုတ်ကျလာသည့် ညီမငယ်၏ ကျောပြင်ကို လှမ်းဖမ်းလိုက်သည်။

“အစ်ကိုသုံး ငါအဆင်ပြေပါတယ်။ ဟမ့် ဘာမကောင်းဆိုးဝါးလဲ ငါဒီကောင်ရဲ့ ကြေးခွံတွေကို ဆွဲခွာပစ်မယ်”

ဝမ်ရှောင်ယောင်က ဖီကနဲတံတွေးထွေးပြီးနောက် လက်ဖြန့်ပြသောအခါ သူမ၏လက်ထဲတွင် အမည်းရောင် ကြေးခွံများ ပါလာသည်။

“ကြေးခွံတွေ”

ဝမ်ချောင်က ထိုကြေးခွံများကိုကြည့်ပြီး မျက်လုံးပြူးသွားသည်။ အနီးကပ်ကြည့်လိုက်မှသာ အုတ်ကျိုးအုတ်ပဲ့ အပုံထဲတွင် ရှိနေသည့် အမည်းရောင် ကြေးခွံများကိုလည်း မြင်လိုက်ရလေသည်။ အားလုံးကလည်း အေးစက်သော အလင်းရောင်များ လွှတ်ထုတ်နေသည်။

ထိုကြေးခွံများက အပျက်အစီးများထဲတွင် ရောက်နေကြောင်း သတိမထားမိလောက်သော်လည်း ဝမ်ချောင်၏ စိတ်ထဲတွင် ချက်ချင်းလိုလို ပြင်းထန်သည့် အားလှိုင်းများကို မြင့်တက်လာစေသည်။ သူ၏အကြည့်က ရုတ်တရက် အနီးအနားရှိ လုဝူထံ ရောက်သွားသည်။ လုဝူကို လက်ရှိအချိန်တွင် လီစစ်ယဲ့က ထိန်းထားသည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုလျို့ဝှက်ဆန်းကြယ်သော လူထွားကြီးက ဘာမှထူးခြားသည်ဟု မထင်ရချေ။ သို့သော် ဝမ်ချောင်ကမူ ရှာဖွေမှုအသစ်ကို တွေ့လိုက်သည်။ သူ၏လည်ပင်းနေရာတွင် ကြေးခွံအနည်းငယ် ပျောက်နေကြောင်း မြင်လိုက်ရသည်။ ထိုနေရာတွင် ခရမ်းရောင်သွေးများကပင် စိမ့်ထွက်နေသေးသည်။

“ဒါက...”

အံ့အားသင့်သောကြောင့် ဝမ်ချောင်က တစ်စုံတစ်ရာကို နားလည်လိုက်ပြီးနောက် ညီမငယ်ဖြစ်သူကို ပြန်ကြည့်လိုက်သည်။ သူ၏ညီမတွင် နတ်ဘုရားကဲ့သို့ ပြင်းထန်သည့် ခွန်အားကို ပိုင်ဆိုင်ထားကြောင်းကိုလည်း သူကသိထားပြီးသားဖြစ်သည်။ သူ၏ညီမက ဝိညာဉ်သွေးကြော တောင်တန်းထံသွားပြီး မိစာ္ဆဧကရာဇ် လူအိုကြီးမန်ထံမှ သင်ယူလေ့လာခဲ့သည်။ ထို့နောက် သူမက မည်မျှအထိ အင်အားကြီးမားကြောင်း သူကမသိတော့ချေ။ သို့သော် အနောက်တောင်ပိုင်းက စစ်ပွဲအတွင်းတွင် သူ၏ညီမဖြစ်သူက သူ့ကိုဆက်တိုက် ရှောင်ရှားနေခဲ့ခြင်းအားဖြင့် ဝမ်ချောင်ကလည်း သူမ၏ တိုက်ပွဲကို မမြင်နိုင်ခဲ့ပြန်ချေ။

သူ၏ညီမက ထိုမျှအထိ အင်အားကြီးမည်ဟု သူက မထင်ထားမိချေ။ သူ၏ဝု့စ်သံမဏိဓားကပင် သူ၏အင်အားဖြင့် ထည့်သုံးသည့်တိုင်အောင် လူထွားကြီး၏ ကြေးခွံများကို မဖောက်နိုင်ခဲ့ချေ။ သို့သော် ညီမဖြစ်သူကမူ လည်ဂုတ်ပေါ် တက်စီးပြီးနောက် ကြေးခွံများကို လက်ဗလာဖြင့် ဆွဲခွာခဲ့သည်။

“လီစစ်ယဲ့ သူ့ကိုထိန်းထားဖို့ နည်းလမ်းတစ်ခုရှာစမ်း ငါသိပ်မကြာခင် ပြန်လာမယ်”

ဝမ်ချောင်တွင်လည်း တွေးတောရန် အချိန်အများကြီး မရှိတော့ချေ။ သူကဓားကို မြှောက်လိုက်ပြီးနောက် လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်လိုက်ကာ

ဘုန်းကနဲမြည်သံနှင့်အတူ နောက်ထပ် ကောင်းကင်ကိုပင် တုန်ခါသွားစေလောက်သော ကျယ်လောင်သည့် အသံကြီးဖြင့် ဓားဟိန်းသံကို ထုတ်ဖော်လိုက်သည်။ ဝမ်ချောင်က မြေပြင်မှ ခုန်ထွက်ပြီးနောက် ဝု့စ်သံမဏိဓားက လေထဲတွင် ကြီးမားသော စက်ဝိုင်းခြမ်းတစ်ခုလိုမျိုး ခုတ်ရာကြီးကို ဆွဲချလိုက်သည်။

ဘုန်း

ထိုဓားက ထိုသို့ဆွဲခုတ်လိုက်သောအခါ ခရမ်းရောင်မီးတောက်များက တောက်လောင်လာသည်။ ထိုအချိန်တွင် ကြီးမားသော လုဝူ၏ပုံရိပ်ကြီးကလည်း မြေပြင်သို့ လဲကျသွားသည်။

ဝေါင်း

လုဝူ၏မျက်လုံးထဲမှ သွေးရောင်မီးတောက်များက ပြင်းထန်သည့် စွမ်းအင်များနှင့်အတူ ထွက်ပေါ်လာပြီး ပို၍အင်အားကြီးမားလာသည်။ သူ၏ကြီးမားသော လက်မောင်းကြီးက ဝမ်ချောင်၏ ခေါင်းထံ ချိန်ရွယ်ကာ ရိုက်ချလိုက်သည်။

ထိုလက်ဝါးဖြင့် ထိလိုက်လျှင် အဆောက်အဦးများပင် ပြိုကျသွားနိုင်လေသည်။ လူခန္ဓာ၏ အသွေးအသားဆိုလျှင် ပို၍ဆိုးလေသည်။ သို့သော် လုဝူ၏ လက်မောင်းက လေကိုလွှဲချလိုက်သည့် အချိန်တွင် ... ချွင်

လူတစ်ယောက်ထက် ပို၍မြင့်သော ဓားကြီးက သူ၏လက်မောင်းကို လှမ်းခုတ်ချလာသည်။ လုဝူက နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက်တွင် လီစစ်ယဲ့ကြောင့် သူ၏လက်မောင်းကို အနောက်သို့ ပြန်ဆုတ်လိုက်ရသည်။

လုဝူ၏ ဘယ်လက်က ဝမ်ချောင်ကို ရိုက်ချလာသည်။ သို့တိုင်အောင် လီစစ်ယဲ့၏ဓားက ဝင်လာပြန်ကာ ထိန်းလိုက်ပြန်သည်။

ထိုနှစ်ယောက်က အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းဖြင့် စည်းချက်ညီညီ လုပ်ဆောင်နေကြသည်။ လီစစ်ယဲ့က လုဝူ၏တိုက်ကွက်တိုင်းကို ထိန်းထားချိန်တွင် ဝမ်ချောင်ကမူ ဝမ်ရှောင်ယောင်က ဆွဲထုတ်လိုက်သော ကြေးခွံများကြောင့် လွတ်သွားသော အဟကြားနေရာသို့ လက်ညိုးနှစ်ချောင်း ဆန့်တန်းလိုက်သည်။

ကြေးခွံကို ဆုတ်ဖြဲခံရသောကြောင့် ထိုနေရာတွင် သေးငယ်သော ဒဏ်ရာက ဖြစ်ထားပြီးသားဖြစ်သည်။

“ရှောင်ရင်ယန်သိုင်း”

သူ၏လက်နှစ်ချောင်းက လုဝူ၏လည်တိုင် နေရာသို့ ရောက်သွားသောအခါ ဝမ်ချောင်က ချက်ချင်းလိုလို လောက၏ အဆုံးယုတ်ဆုံး မိစာ္ဆသိုင်းဖြစ်သည့် ရှောင်ရင်ယန်သိုင်းကို အသက်သွင်းလိုက်သည်။ ရှောင်ရင်ယန်သိုင်းက ရှောင်ရင်ယန်ဓားဖြင့်သာ ထုတ်သုံးရပြီး ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ပြီးမှသာ ဆက်တိုက် ဆက်သုံးရခြင်းဖြစ်သည်။ သို့ရာတွင် ဝမ်ချောင်ကမူ ရှောင်ရန်ယန်သိုင်းကို အဆင့်တက်အောင် လုပ်နိုင်ခဲ့ခြင်းအားဖြင့် တိုးတက်မှု ပြောင်းလဲသွားပြီဖြစ်သည်။

တိကျသေချာသော ဘက်ထောင့်တစ်ခုမှကြည့်လျှင် သူ၏ပြီးပြည့်စုံသော ရှောင်ရင်ယန်သိုင်းက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စွမ်းရည်တစ်စိတ်တစ်ပိုင်းကိုပင် ပိုင်ဆိုင်ထားသည်။ ဝမ်ချောင်က ရှောင်ရင်ယန်ဓားကို အသုံးမပြုထားသည့်တိုင်အောင် ပြိုင်ဘက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရနေခြင်း ရှိရှိမရှိရှိ သေသေ မသေသေ သူတို့၏စွမ်းအင်ကို စုပ်ယူ၍ရသေးသည်။

ဒါက လောက၏ အဆုံးယုတ်ဆုံး မိစာ္ဆသိုင်း၏ အစစ်အမှန် မျက်နှာဖြစ်သည်။ သို့တိုင်အောင် ဝမ်ချောင်၏ လုပ်နိုင်စွမ်းရည်က နိမ့်ကျနေသေးသည်။ သူက မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကဲ့သို့ မလုပ်နိုင်ချေ။ ဒီနည်းအားဖြင့် ရန်သူ၏အင်အားကို ချက်ချင်းလိုလို စုပ်ယူပြီး ခြောက်ကပ်သေဆုံးသွားအောင် မလုပ်နိုင်သေးချေ။ သို့တိုင်အောင် ထိုမျှနှင့်ကတင် ဝမ်ချောင်အတွက် လုံလောက်နေပြီဖြစ်သည်။

ဝုန်း

လုဝူ၏ ကိုယ်ထဲမှ အလွန်ကြွယ်ဝများပြားကာ အေးစက်သည့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော စွမ်းအင်များက ဝမ်ချောင်၏ကိုယ်တွင်းသို့ ဝင်ရောက်လာပြီး ချက်ချင်းလိုလို ဝမ်ချောင်၏ သွေးကြောများထဲသို့ စီးဝင်လာသည်။

ဝမ်ချောင်က ရုတ်တရက် သူဟာ ရေခဲအိမ်ထဲသို့ ထိုးကျသွားသလို ခံစားလိုက်ရပြီး သူ၏ သွေးကြောများ၊ သူ၏စွမ်းအင်များက အေးခဲလာပြီဟုပင် ထင်လိုက်ရသည်။ ထူးဆန်းစွာဖြင့်ပင် ထိုအေးစိမ့်ကာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် စွမ်းအင်များက မီးတောင်ကဲ့သို့ ပူပြင်းနေပြန်သည်။

အနှစ်ချုပ်ဆိုရသော် မတူညီသော စွမ်းအင်နှစ်ခုက ပူးပေါင်းထားသလိုဖြစ်နေပြီး အပူနှင့်အအေးက ထိပ်တိုက် ဆုံနေကာ ဝမ်ချောင်၏ တစ်ကိုယ်လုံးကို စုပ်ဖြဲခံရတော့မလို ခံစားလိုက်ရစေသည်။

ဝမ်ချောင်က ထိုသို့သော အခြေအနေမျိုးကို အတွေ့အကြုံ မရဖူးချေ။ သူတိုက်ခိုက်ခဲ့ဖူးသော ပြိုင်ဘက်ပေါင်း များစွာထဲမှ ပထမဦးဆုံးအကြိမ် ထူးဆန်းသော စွမ်းအင်မျိုးကို ရင်ဆိုင်ရခြင်းဖြစ်သည်။

“ဒါကဘယ်လို မကောင်းဆိုးဝါးလဲ”

ဝမ်ချောင်၏ တစ်ကိုယ်လုံးက တသိမ့်သိမ့်တုန်သွားသည်။ မဟာဗိုလ်ချုပ်ကြီးများကပင် ထိုမျှရှုပ်ထွေးလွန်းသော ကြယ်တာရာစွမ်းအင်များကို မပိုင်ဆိုင်ထားလောက်ချေ။ ထိုမကောင်းဆိုးဝါးများကမူ ပိုင်ဆိုင်ထားသည်။

သို့ရာတွင် ဝမ်ချောင်က လျှင်မြန်စွာဖြင့် ထိုစွမ်းအင်၏ အားသာချက်ကို ရှာတွေ့လိုက်သည်။ အကန့်အသတ်မဲ့အောင် များပြားသော အသက်စွမ်းအင်များက သူ၏ကိုယ်အတွင်းတွင် ပြည့်နှက်လာကြောင်း ခံစားလိုက်ရခြင်းဖြစ်သည်။ သူ၏ကြယ်တာရာစွမ်းအင်များက တဖန်ပြန်လည် လှည့်ပတ်လာပြီးနောက်တွင် ကုန်ဆုံးသွားသမျှ အရာအားလုံးကို ဖြည့်တင်းပေးလိုက်နိုင်သည်။ အားလုံးက ပြန်ပြည့်သွားသည့်အပြင် ဝမ်ချောင်က သူကထိုမီးတောက်ကြောင့် ဖြစ်ထားသော ဒဏ်ရာတိုင်းကပင် ပျောက်ကွယ်သွားကြောင်း ရှာတွေ့လိုက်ရသည်။ သူ၏ကြွက်သားများနှင့် ဆဲလ်များကလည်း ပို၍ကြံ့ခိုင်လာသည်။

ဝမ်ချောင်က ထိုစွမ်းအင်မှ ထူးခြားသောအချက်ကို အစစ်အမှန် မရှာတွေ့နိုင်သေးချေ။

ဘုန်း

ဖြတ်ကနဲ အလင်းရောင် လက်သွားပြီး လေပြေက ဖြတ်တိုက်သွားချိန်တွင် ဝမ်ချောင်ထံသို့ အနက်ရောင် ပုံရိပ်တစ်ခုက ခုန်ဝင်လာသည်။

ဘုန်း

ဝမ်ချောင်၏မျက်ဝန်းက ဖြတ်ကနဲ လက်သွားပြီးသည်နှင့် သူက လုဝူ၏ခေါင်းနားမှ ခုန်ရှောင်လိုက်ကာ လုဝူ၏ သေစေနိုင်သည့် တိုက်ကွက်ကို ဖယ်ရှားလိုက်သည်။

“ဝူး”

လုဝူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်အပြည့်က ဖြစ်ပေါ်လာနေသည်။ ဝမ်ချောင်က ခုန်ထွက်သွားကြောင်း မြင်သောအခါ သူက ခေါင်းကိုမော့လိုက်ပြီးနောက် ခြေထောက်နှစ်ချောင်းလုံးကို ဆောင့်ကန်ကာ အမြှောက်တစ်ခုကဲ့သို့ လေထဲသို့ ခုန်တက်ကာ လိုက်သည်။

သို့သော် သူက ဝေးဝေးသို့ မသွားနိုင်ခင် သံမဏိကဲ့သို့ ထင်ရသော လက်နှစ်ဖက်က သူ၏ခြေမျက်စိကို လှမ်းဆွဲပြီး မြေပြင်ပေါ်သို့ ပြန်ဆွဲချသည်။

“ပြန်ဆင်းခဲ့စမ်း”

လီစစ်ယဲ့၏ ဒေါသတကြီးအသံက ကောင်းကင်ကိုပင် လှုပ်ခါနိုင်လောက်သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် လုဝူကသူ့ကို ထပ်ခါတလဲလဲ အနိုင်ပိုင်းနေခဲ့ခြင်းအားဖြင့် အလွန်ဂုဏ်ယူကာ သူ့ကို ပြိုင်ဘက်ကင်းသည်ဟု ကြွေးကြော်ထားသော မဟာဗိုလ်ချုပ်ကလည်း ဒေါသထွက်လာလေပြီ။

သူ၏လက်သီးက ခရမ်းရောင်မီးတောက်ထဲသို့ ဝင်တိုးနေပြီး သူ၏ကြယ်တာရာစွမ်းအင်များက ဆက်တိုက် လောင်ကျွမ်းခံနေရသည်။ သူ၏ရင်ဘက်မှ အဝတ်များကလည်း လောင်ကွမ်းပြာကျသွားပြီး တောင့်တင်းသန်မာသော ကြွက်သားများက ပေါ်လာသည်။ သို့တိုင်အောင် လီစစ်ယဲ့က ဂရုမစိုက်ချေ။

ဘုန်း

ရှေ့သို့ဆက်တိုက် ခုန်ဝင်သွားသည့် သူ၏မျက်ဝန်းထဲတွင် ဝိညာဉ်မီးတောက်များကပင် တောက်လောင်နေသည့် လီစစ်ယဲ့က လုဝူထံ သားရဲတစ်ကောင်လို ခုန်တက်သွားပြီး လက်သီးတစ်ချက်ပြီးတစ်ချက် ပစ်လွှတ်နေခဲ့ကာ ထိုအကောင်ကို သူနှင့်သာ ယှဉ်တိုက်ခိုက်ခိုင်းသည်။

ထိုအချိန်တွင် ဝမ်ချောင်က အနီးအနားရှိ အပျက်အစီးမြို့ရိုးပေါ်သို့ ခုန်တက်လိုက်ပြီဖြစ်သည်။ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီးနောက် သူက အသာအယာ တဖန်ပြန်လည် ဆုတ်ခွာလိုက်သည်။ သူ၏လက်ချောင်းက လုဝူထံ လည်ပင်းထံ ပြန်ရောက်လာပြန်သည်။ ရှောင်ရင်ယန်သိုင်းက တဖန်အသက်ဝင်သွားလေပြီး အေးစိမ့်ကာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် စွမ်းအင်များက ကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာပြန်သည်။

ဝမ်ချောင်၏ခွန်အားက လျှင်မြန်စွာဖြင့် မြင့်တက်လာနေသည်။ အချိန်တိုအတွင်း သူက စွမ်းအင်အဆင့်သို့ ရောက်ရှိသွားသည်။ အနှစ်ချုပ်ဆိုရသော် လုဝူ၏ တစ်ချိန်လုံး ဖောင်းကြွနေသော ထိုခွန်အားများက ရုတ်တရက် ရှောင်ရင်ယန်သိုင်း၏ သက်ရောက်မှုအောက်တွင် လေတိုက်သည့်နေရာတွင် ထွန်းထားသော ဖယောင်းတိုင်လိုဖြစ်လာသည်။

သူ၏ခွန်အားက ဆက်တိုက် မြင့်တက်နေသော်လည်း အရှိန်နှုန်းကမူ အလွန့်အလွန် နှေးကွေးသွားသည်။

အခန်း(၆၆၉)

သဲလွန်စရှာခြင်း

“သေစမ်း ဒီကောင်စုတ်က ဘယ်လိုသိုင်းမျိုးကို ပိုင်ထားလို့ လုဝူရဲ့စွမ်းအားကိုတောင် စုပ်ယူနိုင်တာလဲ”

ဝမ်ကလန်စံအိမ်၏ အပြင်ဘက်တွင် ခေါင်းဆောင်ဟု ထင်ရသော အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် မိစာ္ဆမျက်နှာဖုံးနှင့် လူက အနောက်မြောက်ဘက်ပိုင်း ခေါင်မိုးပေါ်ထိုင်နေရာမှ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူက အံ့ကြိတ်လျှက် ဝမ်ချောင်ကို ခက်ထန်ကြမ်းတမ်းသော အကြည့်မျိုးဖြင့် လှမ်းကြည့်သည်။

“ခေါင်းဆောင် ပစ်မှတ်မှာ ဒီလိုစွမ်းအင်မျိုးရှိမယ်လို့ ကျွန်တော်တို့ ဘာသတင်းမှ မရထားဘူး။ သူက သေချာပေါက် ဖုံးကွယ်ထားတာပဲ”

အနက်ရောင်ဝတ်စုံနှင့် လူကလည်း လှမ်းပြောသည်။ သူက လက်ထောက်ဟု ထင်ရသည်။ သူ၏အမူအရာက အလွန်အမင်း ရိုကျိုးလွန်းနေသည်။

ဘန်း

သူ၏စကားက မဆုံးလိုက်ခင် ပြင်းထန်သောစွမ်းအင်က သူ့ကိုထိမှန်လာပြီး သူက နှစ်ဆယ်ကျန်းအကွာသို့ လွင့်ထွက်သွားသည်။

“ဘာကိုဖုံးကွယ်ထားတဲ့ စွမ်းအင်လဲ။ မင်းစုံစမ်းတာက ညံ့နေတာ ထင်ရှားနေတာပဲ။ ပစ်မှတ်အကြောင်း သေချာသိရအောင်တောင် မလုပ်နိုင်ဘူး။ စောက်သုံးကိုမကျဘူး”

ခေါင်းဆောင်၏မျက်လုံးထဲတွင် မီးတောက်များက တောက်လောင်လာသည်။ သူက အလွန်ဒေါသထွက်နေသည်။

ဒါကလုဝူ၏ ပထမဦးဆုံး လုပ်ဆောင်ရသည့် လုပ်ငန်းမဟုတ်ချေ။ လုဝူက တည်ရှိနေသည်မှာ ရာစုနှစ်တစ်ခု ကျော်ပြီဖြစ်ပြီး ပို၍အင်အားကြီးမားသော ပြိုင်ဘက်ပေါင်းများစွာကို ကိုင်တွယ်နိုင်ခဲ့သည်။ ဘယ်သောအခါမှလည်း ယခုလောက်ထိ အချိန်မကုန်ခဲ့ဖူးချေ။ သူကလုဝူကို ချောမွေ့စွာ ပစ်မှတ်ကို ရှင်းလင်းပြီးနောက် ချက်ချင်းလိုလို အရာအားလုံးကိုသိမ်းကာ ထွက်ပြေးသွားနိုင်ရန် စဉ်းစားထားခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ လုဝူက အကြိမ်တိုင်းလိုလို အထိန်းခံထားရပြီး ပစ်မှတ်က လုဝူ၏ခွန်အားကိုပင် စုပ်ယူနေခဲ့သေးသည်။ အခြေအနေက အလွန်ထူးဆန်းသွားသည်။

မည်သူကမှ လုဝူ၏စွမ်းအင်ကို မတောင့်ခံနိုင်ချေ။ ယခင်စမ်းသပ်မှုတိုင်းတွင် လူတိုင်းနီးပါးက သူ၏စွမ်းအင်ကို ထိတွေ့ရန်ကြိုးစားခဲ့ပြီး ချွင်းချက်မရှိ သေသွားခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် သူတို့၏ မျက်စိရှေ့တွင် လူတစ်ယောက်က လုဝူ၏စွမ်းအင်ကို မည်သည့်လက်နက် မည်သည့်ကြားခံပစ္စည်းမျှ မသုံးဘဲ တိုက်ရိုက် စုပ်ယူနေသည်။

သူတို့ကသာ ကိုယ်တိုင်မြင်နေရခြင်း မဟုတ်လျှင် ကျိန်ပြောလျှင်ပင် ယုံနိုင်မည်မဟုတ်ချေ။

“ခေါင်းဆောင် ကျွန်တော်တို့ လုဝူနဲ့ပူးပေါင်းပြီး လုပ်ဆောင်မလို့ လူတွေလွှတ်ပြီး သူ့ကိုသတ်လိုက်ရမလား”

နောက်ထပ် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က လှမ်းပြောလာသည်။

“မင်းကအိုလာလွန်းလို့ ထိုင်းသွားပြီလား။ လုဝူက ရန်သူနဲ့မိတ်ဆွေ ခွဲနိုင်လို့လား။ မင်းသွားရင် မင်းပဲသေမှာ”

ပြောလိုက်သော အနက်ရောင်ဝတ်စုံနှင့် လူကလည်း တိတ်ဆိတ်သွားသည်။

“အခုဒီနေရာကို ထိန်းထားတာကလွဲပြီး ငါတို့ဘာမှ ဆက်လုပ်လို့မရဘူး။ ဒါ့အပြင် ပစ်မှတ်က လုဝူရဲ့စွမ်းအင်ကို စုပ်ယူနိုင်တယ်ဆိုတဲ့ကိစ္စကို ချက်ချင်းပြန်တင်ပြရမယ်”

အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

“နောက်ပြီး ဝင်္ကပါကို အင်အားပိုကြီးအောင် ဂါထာတွေရွတ်ဆိုကြ။ နောက်ပြီး လုဝူရဲ့အင်အား ပိုကြီးလာအောင် ထောက်ပံ့ပေးရမယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီပစ်မှတ်ကို အမြန်ဆုံး သတ်နိုင်မှဖြစ်မယ်”

“ဒါပေမဲ့ခေါင်းဆောင် ဒါက လုဝူကိုလည်း ဒုက္ခဖြစ်စေပြီး သူ့ကိုအသက်တိုစေလိမ့်မယ်။ ဒီလိုဆိုရင် အရှင်က ပြန်မှာမဟုတ်ဘူး”

“ဒါကမင်းစိုးရိမ်စရာ မလိုပါဘူး။ မင်းတို့အားလုံးလည်း လုဝူရဲ့စွမ်းအင်က ဘယ်လောက်အင်အားကြီးလဲ သိတာပဲ။ ကောင်းကင်မှပဲ ပစ်မှတ်က သူ့ရဲ့စွမ်းအင် အမြောက်အများကို စုပ်ယူပြီး ဘာဖြစ်မလဲဆိုတာကို သိနိုင်လိမ့်မယ်။ ဒီတာဝန်က ကျရှုံးသွားခဲ့ရင် ဘယ်သူက အကျိုးဆက်ကို ခံမှာလဲ။ မင်းတို့အားလုံး ဒီမှာသေချင်လို့လား”

ပတ်ဝန်းကျင်ရှိ လူတိုင်းက တိတ်ဆိတ်သွားသည်။ မည်သူကမျှလည်း ဆက်မငြင်းကြတော့ချေ။ သူတို့က ခေါင်းဆောင်၏ အမိန့်အတိုင်းသာလုပ်သည်။ သူတို့က စတင်ပြီး ထူးဆန်းသော ဂါထာများကို ရွတ်ဆိုကြသည်။ ထိုသို့ဖြင့် အနက်ရောင်မီးခိုးများက အလုံးလိုက် မြောက်တက်လာလေပြီး အနက်ရောင် တိမ်စိုင်များအတွင်းသို့ တိုးဝင်သွားပြန်ကာ ဝမ်ကလန်၏စံအိမ်ကို ဖုံးလွှမ်းလိုက်ပြန်သည်။

စံအိမ်တော်အတွင်းတွင် လုဝူနှင့် ဝမ်ချောင်၊ လီစစ်ယဲ့နှင့် ဝမ်ရှောင်ယောင်တို့ သုံးယောက်က အမှောင်အတွင်းသို့ ကျရောက်နေသည်။ နေရာတိုင်းတွင် မီးခိုးများရှိနေပြီး သစ်သားအပိုင်းအစများအတိုင်း အပိုင်းအစများ အားလုံးကလည်း ဟိုဟိုဒီဒီ လွင့်ပျံနေကာ စွမ်းအင်ပေါင်းများစွာကြောင့် လွင့်ထွက်နေသည်။

အုတ်ကျိုးအုတ်ပဲ့များစွာ ခြံရံနေသော ပတ်ဝန်းကျင်ရှိ မြို့ရိုးနံတိုင်းတွင် လက်ညိုးတစ်ချောင်း အရွယ်အစားရှိသည့် အပေါက်များ ကျန်ရစ်နေသည်။

“အား”

အဝေးမှ အလန့်တကြား အော်ဟစ်သံကြီးက ထွက်ပေါ်လာသည်။ အစေခံနှင့် ကျွန်များက ထိတ်လန့်တကြား အော်ဟစ်ကြပြီး မျက်နှာများက ဖြူဖျော့သွားကြသည်။

ဝမ်ကလန်က အမတ်များနှင့် ဗိုလ်ချုပ်များ အပြည့်ရှိသော ကလန်ကြီးဖြစ်ပြီး တော်ဝင်စစ်တပ်ကလည်း ပတ္တရောင်လှည့်ကာ ကာကွယ်စောင့်ရှောက်ပေးထားသည်။ ထို့ကြောင့် မြို့တော်တွင် အလုံခြုံဆုံးနေရာဟု ဆိုရပေမည်။

သို့သော် မည်သူကမျှလည်း ဒီလိုအခြေအနေမျိုး ကြုံရမည်ဟု မထင်ထားလောက်ချေ။ ထိုလူပုံသဏ္ဍန်နှင့် မကောင်းဆိုးဝါးကြီးက ဝမ်ကလန်၏စံအိမ် တစ်ဝက်ခန့်ကိုပင် ဖျက်ဆီးပြီးလေပြီး အပျက်အစီးပုံကိုသာ ချန်ထားရစ်ခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။ ဒီလောက်ကိစ္စကြီး ဖြစ်တာတောင် ဘာလို့ တော်ဝင်စစ်တပ်က မရောက်သေးတာလဲ”

ကျန်းပေါင်းများစွာအကွာမှ ဝမ်ချောင်၏အမေ သခင်မဝမ်က လက်နက်ပုံများ၏ ဘေးနားတွင်ရပ်လျှက် ဖြူဖျော့သောမျက်နှာ စိုးရိမ်တကြီးဖြစ်နေသော ပုံစံမျိုးဖြင့် လှမ်းကြည့်သည်။

“သခင်မ ဘဏ္ဍာထိန်းက သူတို့ကိုသွားခေါ်ဖို့ ထွက်သွားပါတယ်။ ဒါပေမဲ့ အချို့အကြောင်းပြချက်ကြောင့် သူက ပြန်မလာနိုင်သေးပါဘူး”

အစေခံတစ်ယောက်က တုန်ယင်သော မျက်နှာထားမျိုးဖြင့် ပြောသည်။ သူမ၏ မျက်နှာကလည်း ဖြူဖျော့နေကာ နှုတ်ခမ်းကလည်း ပြာနှမ်းနေသည်။

“လူတွေခေါ်ပြီး သွားကြည့်လိုက်။ ငါတို့တော်ဝင်စစ်တပ်ကို ဆင့်ခေါ်နိုင်မှဖြစ်မယ်”

သခင်မဝမ်ကပြောသည်။

ဝမ်ချောင်နှင့် ဝမ်ရှောင်ယောင်တို့က အလွန်အမင်း အင်အားကြီးမားသည်။ သို့သော် ရှင်းလင်းစွာဖြင့်ပင် ထိုမောင်နှမနှစ်ယောက်က လီစစ်ယဲ့နှင့် ယှဉ်ထားသည့်တိုင်အောင် ရှုံးသည့်ဘက်သို့ ရောက်နေသည်။

သခင်မဝမ်ကဲ့သို့ သိုင်းပညာမတတ်သော လူတစ်ယောက်ကပင် ဝမ်ချောင်တို့ဘက်က အချိန်တစ်ခု ကြာသည်နှင့် ရှုံးသွားမည်ဖြစ်ကြောင်း သိနိုင်နေသည်။

“ညီမလေး သူ့ရဲ့ခြေထောက်ကိုထိန်းထား”

“လီစစ်ယဲ့ သူ့ရဲ့လက်တွေကို အာရုံစိုက်ထား။ မင်းလုပ်နိုင်သမျှက သူ့ကို ထိန်းထားဖို့ပဲ။ သူ့ကို ငါနဲ့ငါ့ညီမကို တိုက်ခိုက်ခွင့်မပြုနဲ့”

“ရှောင်ရင်ယန်သိုင်း”

ဝမ်ချောင်က လီစစ်ယဲ့၊ ဝမ်ရှောင်ယောင်တို့နှင့် ပူးပေါင်းကာ လုဝူကို ထိပ်တိုက်ခိုင်းလိုက်သည်။ ထို့နောက်သူက ရှောင်ရင်ယန်သိုင်းကို ထုတ်သုံးလိုက်သည်။ ရှောင်ရင်ယန်သိုင်းက ထိုမကောင်းဆိုးဝါးကို ကိုင်တွယ်နိုင်ကြောင်း သေချာနေလေသည်။ သူက မကောင်းဆိုးဝါး၏ စွမ်းအားကို စုပ်ယူနိုင်သမျှ ထိုမကောင်းဆိုးဝါး၏ အင်အားကလည်း သက်ရောက်ခံရပေလိမ့်မည်။

သို့သော် ဒါက လုံလောက်ရန် ဝေးကွာလွန်းနေသေးသည်။ ထိုမကောင်းဆိုးဝါးတွင် အလွန်ပြင်းထန်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ အချိန်ကြာလာသည်နှင့်အမျှ သူက အင်အားကြီးသထက် ကြီးမားလာလေပြီး ရှောင်ရန်ယန်သိုင်းကပင် အမှီမလိုက်နိုင်တော့ချေ။

“မဟုတ်သေးဘူး ဒီတိုင်းဆက်ဖြစ်နေရင် ငါတို့သေချာပေါက် မောပန်းပြီး သေသွားမှာပဲ”

ဝမ်ချောင်က ရုတ်တရက် ပြောလိုက်သည်။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် သူက မာန်ရှဲ့ယွီစန်းစစ်သည် သောင်းကျော်ကို သတ်ဖြတ်ခဲ့သည်။ သို့သော် အနက်ရောင်ကြေးခွံနှင့် မကောင်းဆိုးဝါးကို ရင်ဆိုင်ရချိန်တွင်မူ ဝမ်ချောင်ကလည်း သားရဲကြီးကို ရင်ဆိုင်နေရသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ထိုခံစားချက်က သူ့ကိုပင် ထိန်းချုပ်နိုင်စွမ်းအား မဲ့သည်ဟု ခံစားရစေသည်။

ပို၍ဆိုးသည်မှာ ထိုမကောင်းဆိုးဝါး၏ ခရမ်းရောင်မီးတောက်များက ကြီးမားသော ခြိမ်းခြောက်မှုကြီး ပေးနိုင်နေခြင်းဖြစ်သည်။ ဝမ်ချောင်ကပင် ရှောင်ရင်ယန်သိုင်းကို အသုံးပြုကာ သူ၏ခွန်အားကို ဆက်ဖြစ်နေသည့်တိုင်အောင် ထို့ပြင် သူ၏ညီမငယ်၏ နတ်ဘုရားကဲ့သို့ ထင်ရသည့် ခွန်အားများနှင့်ပင် ရင်မဆိုင်နိုင်သေးချေ။

ပို၍ဆိုးသည်မှာ လီစစ်ယဲ့၏ ခွန်အားတစ်ဝက်ကို ခရမ်းရောင်မီးတောက်များက တိုက်စားသွားလေသည်။ ဒီအတိုင်းသာဆိုလျှင် လီစစ်ယဲ့က သိပ်မကြာခင် တိုက်ပွဲမှ ထွက်ရတော့ပေမည်။ ထိုသို့ဆိုလျှင် သူတို့အားလုံး သေရုံသာရှိတော့သည်။

“သခင်လေး မြန်မြန်ထွက်သွားပါ။ ကျွန်တော် ခဏလောက် ထိန်းထားနိုင်ပါသေးတယ်။ သခင်လေးနဲ့ သခင်မတို့က နောက်ဆုတ်သွားကြပါ။ ကျွန်တော်တို့ရဲ့ အင်အားက ဒီမကောင်းဆိုးဝါးကို ကိုင်တွယ်ဖို့ မလုံလောက်ဘူး။ ကျွန်တော်တို့ တော်ဝင်စစ်တပ်က ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ပြီး သူတို့နဲအတူ ပူးပေါင်းပြီး လုပ်ဆောင်ရလိမ့်မယ်”

လီစစ်ယဲ့ကပြောသည်။ သူ၏ရင်ဘက်ကလည်း အမောတကော အသက်ရှုနေသည်။ သူ၏တစ်ကိုယ်လုံးတွင် ချွေးများရွှဲနေသည်။ ရှင်းလင်းစွာဖြင့်ပင် သူကလည်း အင်အားပေါင်းများစွာကို စိုက်ထုတ်ထားရသည်။

“မဟုတ်ဘူး ငါသူ့ကို အချိန်ဆွဲထားတဲ့အချိန်မှာ မင်းနဲ့ ငါ့ရဲ့ညီမကပဲ ထွက်သွားကြ”

ဝမ်ချောင်၏စကားက မဆုံးလိုက်ခင် မကျေမနပ်ဖြစ်နေသော ကလေးဆန်သည့်အသံကို ကြားလိုက်ရသည်။

“နင်တို့နှစ်ယောက်လုံး နင်တို့လုပ်ချင်တာကိုပဲ လုပ်ချင်နေကြတယ်။ ဒါပေမဲ့ ငါကတော့ မလုပ်နိုင်ဘူး။ ငါဒီကောင့်ကိုရှုံးမယ်လို့ မယုံဘူး”

ဝမ်ရှောင်ယောင်၏မျက်နှာက ခေါင်းမာမှုအပြည့် ရှိနေသည်။ သူမက အလွန်ဒေါသထွက်နေပြီး ဝမ်ချောင်နှင့် လီစစ်ယဲ့တို့ကို ခေါင်းငိုက်စေလာသည်။ ဝမ်ရှောင်ယောင်က ယခင်ကနှင့်မတူတော့ချေ။ သူမက စိတ်ဆုံးဖြတ်ပြီးသည်နှင့် ဝမ်ချောင်ကပင်ဖြစ်စေ လီစစ်ယဲ့ကပင်ဖြစ်စေ ပြောင်းလဲအောင် မလုပ်နိုင်တော့ချေ။

ယခင်အခြေအနေတွင်မူ ကိစ္စမရှိသော် ယခုအခြေအနေအတွက်မူ ဒါက သေစေနိုင်သည်။

လီစစ်ယဲ့က ဘာစကားမျှမဆိုချေ။ ဝမ်ချောင်ကိုသာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်လက် တိုက်ခိုက်လိုက်သည်။ ဝမ်ကလန်မှ ထိုမိန်းကလေးက စိတ်သဘောထား ကြမ်းတမ်းသည်။ ထို့ပြင် အဆင့်အတန်းလည်း မြင့်မားပြီး မယုံနိုင်စရာကောင်းသည့် အင်အားကို ပိုင်ဆိုင်ထားလေသေးသည်။ လီစစ်ယဲ့ကပင် သူမကို အမိန့်ပေးနိုင်စွမ်းအား မရှိပေ။ သူကဝမ်ချောင်ကိုသာ မှီခိုရတော့သည်။

“ညီမလေး လျှောက်မဆော့နဲ့တော့”

ဝမ်ချောင်က မျက်မှောင်ကျုံ့လျှက်ပြောသည်။

“ဟွန့် ငါဂရုမစိုက်ဘူး”

ဝမ်ရှောင်ယောင်က လက်မခံဘဲ လုဝူနှင့်အတူ ဆက်လက်ပြီး တိုက်ခိုက်ရန် ခုန်ဝင်သွားသည်။ အားလှိုင်းများက ထွက်လာပြန်သည်။ ဤနည်းအားဖြင့် ဝမ်ကလန် စံအိမ်ထဲတွင်ရှိသော မီးခိုးများက ပို၍သိပ်သည်းလာသည်။

ဘုန်း

ဝမ်ရှောင်ယောင်က လျှင်မြန်စွာ ဆုတ်ခွာလာပြီးနောက်တွင် ချက်ချင်းလိုလို ပြန်ခုန်ဝင်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖုန်မှုန့်များမှ အနက်ရောင်ပုံရိပ်တစ်ခုက ခုန်ထွက်လာပြီး မြေပြင်ပေါ်ရှိ အုတ်ကျိုးများထဲသို့ ပြိုလဲကျသွားသည်။

ဝေါင်း

ဝမ်ရှောင်ယောင်ကို သတိတစ်ချက်ဖြင့် လွင့်ထွက်သွားအောင် လုပ်လိုက်ပြီးနောက် လုဝူက ဝမ်ချောင်ထံ ခုန်ဝင်လာပြန်သည်။ သူ၏သွေးနီရောင်မျက်ဝန်းက အမှောင်ထုထဲတွင် အလွန်တောက်ပနေသည်။

“တစ်ခုခုတော့ မှားနေပြီ”

ထိုမျက်လုံးကို မြင်လိုက်ရရုံဖြင့် ဝမ်ချောင်က တစ်စုံတစ်ရာကို တွေးလိုက်မိသည်။ ထိုအတွေးက ပို၍ရှင်းလင်း ပြတ်သားလာသည်။ ထိုမကောင်းဆိုးဝါးက သူ့ကိုသေချာပေါက် ချိန်ရွယ်နေခြင်းဖြစ်သည်။ သူတို့သုံးယောက်ထဲတွင် သူ့ကိုသာ လိုက်အဖမ်းဆုံး အတိုက်ခိုက်ဆုံးဖြစ်သည်။ ထိုအချက်က ဝမ်ချောင်ကို သူကသားကောင်ဟူသော ခံစားချက်မျိုးကို ရစေသည်။

သို့သော် ဒါကအရေးမကြီးသေးချေ။ ဝမ်ချောင်က လုဝူ၏ဟိန်းသံကို နားထောင်ခြင်းအားဖြင့် တစ်စုံတစ်ရာကို သတိထားလိုက်မိသည်။

တိုက်ပွဲစတင်ကတည်းက ဝမ်ချောင်က ထိုမကောင်းဆိုးဝါးက သတ် သတ် သတ် သို့မဟုတ် လူတိုင်းကိုသတ်ဟူသော စကားပြောသောအသံကိုသာ ကြားခဲ့ရသည်။ ဒီလိုတုန့်ပြန်မှုက ဉာဏ်ပညာရှိသော ဖြစ်တည်မှု၏ တုန့်ပြန်မှုမဟုတ်ချေ။ ထိုမကောင်းဆိုးဝါး၏ အမြင်တွင် ဝမ်ချောင်ကိုသာ မြင်နေခြင်းဖြစ်လောက်သည်။

ထိုအမြင်တွင် ရူးသွပ်မှု၊ ကြမ်းတမ်းမှုကသာရှိနေပြီး မိတ်ဆွေနှင့် ရန်သူကလည်း မခွဲခြားနိုင်လောက်ချေ။ သူ၏ညီမနှင့် လီစစ်ယဲ့ကလည်း သူ၏ပစ်မှတ်ဖြစ်သွားနိုင်သည်။ သူက သေချာပေါက် မည်သူ့ကိုမဆို သတ်ဖြတ်နိုင်လောက်သည်။ အနည်းဆုံး သူ၏မူလပစ်မှတ်က ဝမ်ချောင်ဖြစ်လောက်သည်။ ထိုမကောင်းဆိုးဝါးက ရူးသွပ်မှုအတွင်း ကျရောက်သွားသည့်အချိန်တွင် ခုလိုမျိုး မလုပ်နိုင်သင့်လောက်တော့ချေ။

ဝမ်ချောင်က ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် အရာအားလုံးက ပုံမှန်ဟုသာ ထင်ရသည်။ သို့သော် တစ်စုံတစ်ရာကို သတိထားမိပြီး သူ၏နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။

မြို့တော်က တော်ဝင်သားတော်၏ ခြေတော်ယိမ်းတွင်ရှိပြီး လူသန်းကျော် နေထိုင်လေရာ အလွန်လူစည်ကားပြီး များပြားသည်။ အစည်ကားဆုံး နေရာကြီးလည်းဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ပိတ်ထားသော ဆိုင်ပေါင်းများစွာ ရှိနေသည့်တိုင်အောင် ညအချိန်တွင် ဆက်ဖွင့်နေသေးသော ဆိုင်ပေါင်းများစွာ ရှိနေသေးသည်။

ယခုလောက် နောက်ကျနေသည့်တိုင်အောင် ဝမ်ကလန် ပတ်ဝန်းကျင်တွင်လည်း အင်အားကြီးသော ကလန်ကြီးပေါင်းများစွာ ရှိနေသေးပြီး သူတို့၏အိမ်တိုင်းတွင် မီးအိမ်များကို ထွန်းညှိထားပေလိမ့်မည်။ ဒီနည်းအားဖြင့် သူတို့က ပတ်ဝန်းကျင်ကို အမြဲနားစွင့်နေပေလိမ့်မည်။

သို့သော် ဝမ်ချောင်ယခု မြင်ရသမျှက ပိန်းပိတ်အောင် မည်းမှောင်သော အမှောင်ထုကြီးဖြစ်သည်။ မည်သည့်မီးအိမ်ကိုမျှလည်း မမြင်ရချေ။ ဝမ်ကလန်အတွင်းတွင် ထွန်းနေသော မီးအိမ်ကလွဲပြီး ဘာအလင်းရောင်မှ ရှိမနေခဲ့ချေ။ ပို၍ဆိုးသည်မှာ သူကထိုမျှ ကြာရှည်အောင် တိုက်ခိုက်နေပြီးသည့်တိုင်အောင် ထိုမျှဝရုန်းသုန်းကား ဖြစ်နေသည့်တိုင်အောင် ပတ်ဝန်းကျင်မှ မည်သည့်အသံကိုမျှ မကြားရခြင်းဖြစ်သည်။ ခွေးဟောင်သံကိုပင် မကြားရချေ။

ဒါကမဟုတ်တော့ဘူး တစ်ခုခုတော့ မှားနေပြီ။

ဝမ်ချောင်က မျက်မှောင်ကျုံ့ပြီးနောက် တစ်စုံတစ်ရာကို နားလည်လာသည်။

ဝေါင်း

ထိုအချိန်တွင် အသံတစ်သံက ထွက်လာပြန်သည်။ သူ၏နောက်သို့ ပုံရိပ်တစ်ခုက ခုန်ဝင်လာသည်။ ဝမ်ချောင်က ချက်ချင်းလိုလို ခုန်လိုက်ပြီးနောက် ထိုတိုက်ကွက်ကို ကပ်သီးလေး ရှောင်လိုက်နိုင်သည်။ သို့သော် သူ၏ဘေးနားရှိ လက်နက်တောင်ကုန်းကမူ ထိုမျှကံမကောင်းခဲ့ချေ။

ဘုန်း

သူ၏အနောက်ဘက်ရှိ တောင်ကုန်းအတုက လူနှစ်ယောက်စာမျှမြင့်သည်။ မမြင်ရသော စွမ်းအင်ကြောင့် ထိုတောင်ကုန်းက ဖုန်ဖြစ်သွားပြီး ဘာမျှကို မကျန်ရစ်ခဲ့ချေ။

ဝမ်ချောင်က မက်မွန်သစ်ပင်၏ သစ်ကိုင်းပေါ်သို့ ခုန်တက်လိုက်ပြီးနောက် လှမ်းအော်လိုက်သည်။

“ဝမ်ကလန်က အစောင့်တိုင်း ငါ့ရဲ့အမိန့်ကို နာခံကြ။ ခုချက်ချင်း အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြစမ်း။ သံသယဝင်စရာကောင်းတဲ့ ဘယ်သူမဆို တွေ့ခဲ့ရင် ဖမ်းခဲ့ကြ”

ဒီမကောင်းဆိုးဝါးက အရမ်းကိုအင်အားကြီးတယ်။ နောက်ပြီး သူထုတ်နေတဲ့ အဲ့ဒီမီးတောက်တွေက အားနည်းတဲ့ ဘယ်သူ့ကိုမဆို သတ်နိုင်တယ်။

ထို့ကြောင့် ဝမ်ကလန်ထဲရှိ မည်သည့်အစောင့်ကမျှ အနီးအနားတွင် မရှိကြတော့ချေ။ အသက်ရှင်နေကြသော ဝမ်ကလန်၏ အစောင့်တိုင်းကလည်း အဝေးတွင် ရှိနေကြပြီး ပုန်းအောင်းကာ စောင့်ကြည့်နေကြခြင်းဖြစ်သည်။

အခန်း(၆၇၀)

ရန်သူကို ရှာတွေ့သွားပြီ

“ဟုတ်ကဲ့သခင်လေး”

“မကြားကြဘူးလား မြန်မြန်လုပ်ကြလေ”

အစောင့်တိုင်းက ချက်ချင်းလိုလို ထွက်ခွာကြသည်။

“သခင်မ သခင်လေး ကိစ္စကတော့ ဆိုးပြီ”

အဆောင်မှထွက်သွားပြီး သိပ်မကြာခင် ဝမ်ကလန်၏ အဓိက ဂိတ်ဝဘက်မှ အလန့်တကြား အော်သံများကို ကြားလိုက်ရသည်။ အနီရောင်ဝတ်စုံ ဝတ်ထားသော အိမ်တော်ထိန်းက သခင်မဝမ်၏ အမိန့်ဖြင့် အပြင်ကို အကူအညီတောင်းခံရန် ထွက်သွားပြီးနောက် အော်ဟစ်လျှက် ပြန်လာသည်။

“အဓိကဂိတ်ဝကို တစ်ခုခုကပိတ်ထားတယ်။ အစေခံနဲ့ ကျွန်တော်က အရာအားလုံးကိုသုံးပြီး ကြိုးစားခဲ့ပေမဲ့ ထွက်လို့မရဘူး”

“မြို့ရိုးပေါ်ကနေတောင် ကျော်ထွက်လို့မရဘူးလား”

သခင်မဝမ်၏ အဝါရောင်ဝတ်စုံဝတ် အနီးကပ်အစေခံက စိုးရိမ်တကြီး လှမ်းပြောလာသည်။

“အသုံးမဝင်ပါဘူး ကျွန်တော်တို့ အဲ့ဒီပေါ်ကနေ ကျော်တက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုခုက တားထားတယ်။ မိန်းကလေးကျန်းတောင်မှ မျက်နှာတစ်ခုလုံး သွေးတွေစိုရွှဲသွားရတယ်”

အိမ်တော်ထိန်း၏အနောက်မှ လှပသော အစေခံ၏မျက်နှာက သေလုခြောက်ခြားအောင် ဖြူဖျော့နေသည်။ သူမကလည်း အလွန်အမင်း အံ့အားသင့်နေသည်နှင့်တူသည်။

ထိုအချိန်တွင် ထိုစကားများကို ပြောလိုက်သော် ပြောဆိုသူက ဘာကိုမျှ မရည်ရွယ်လောက်သော်လည်း နားထောင်သူများကမူ အဓိပ္ပာယ်တစ်မျိုးကို သိလိုက်ကြသည်။ အဝေးတွင်ရှိနေကြသော ဝမ်ကလန်မှ အစေခံတိုင်းက အထိတ်တလန့် ဖြစ်သွားကြသည်နှင့် ဝမ်ချောင်ကမူ နှလုံးခုန်နှုန်း မြန်သွားပြီး မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။

အစပိုင်းကမူ သူက မတွေးမိချေ။ ယခုမှသာ ဒီညကျူးကျော်မှုက ထိုမကောင်းဆိုးဝါးကြောင့် မဟုတ်မှန်း သိလိုက်ရသည်။ အရာအားလုံးကို အပြင်ဘက်က ကိုင်တွယ်နေသော လူတစ်အုပ် ရှိနေလောက်သည်။

ထိုလူများက သူ့ထံ အထူးတလည် ရောက်လာကြခြင်းဖြစ်သည်။

ကျင်းခယ်အနက်ရောင်ဝတ်စုံနဲ့လူတွေ

ဝမ်ချောင်၏စိတ်ထဲ ထိုအတွေးက ဝင်လာပြီးနောက် ရုတ်တရက် သူ၏မျက်နှာက ရှုံ့မဲ့သွားသည်။ အနောက်တောင်ပိုင်းက ကြီးမားသော စစ်ပွဲပြီးနောက် ဝမ်ချောင်က အခြားတိုင်းတစ်ပါးသား ယွီစန်း၊ မာန်ရှဲ့ကျောင်း၊ တူရကီ၊ ဂိုဂူလျောတို့၏ ဘုံရန်သူဖြစ်လာသည်။ သူတို့ကသူ့ကို နည်းလမ်းပေါင်းစုံသုံးပြီး ရှင်းလင်းလိုနေသည်။

သို့ရာတွင် အမျိုးမျိုးသော တိုင်းတစ်ပါးသား တိုင်းပြည်များမှ လုပ်ကြံသတ်ဖြတ်သူများက လူသားများ လုပ်နိုင်စွမ်းရည် အတောအတွင်းတွင် ရှိနေသေးသည်။ မြား၊ ဆေဘာ၊ လှံ အင်အားကြီးမားသော ကျွမ်းကျင်ပညာရှင်များလောက်က ပုံမှန်သာ ဖြစ်နေသေးသည်။

သို့သော် ဝမ်ကလန်စံအိမ်အတွင်းတွင် ဖြစ်လာသော ယခုကိစ္စကမူ သာမာန်သိုင်းပညာရှင်များ လုပ်နိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားသည်။ နေ့ခင်းကြောင်တောင် ကောင်းကင်က ပြုတ်ကျလာသော ခေါင်းလောင်းကြီးများဖြစ်စေ၊ လူသားပုံသဏ္ဍန် မကောင်းဆိုးဝါးကပင်ဖြစ်စေ၊ ထူးခြားသော ထိုခရမ်းရောင် မီးတောက်များကပင်ဖြစ်စေ အမည်မသိရသော အင်အားတစ်ခုက ဝိုင်းပတ်ထားသော အခြေအနေကပင်ဖြစ်စေ အားလုံးက ပုံမှန်မဟုတ်တော့ချေ။

ဝမ်ချောင်၏မှတ်ဉာဏ်ထဲတွင် ခဲ့လော့ဖုန်း၏ ဇနီးနှင့်သမီးကို သတ်သွားခဲ့ပြီး ကျန်းနန်၏ ဘုရင်ခံကျန်းချန်သော့ကို လိုက်ဖမ်းခဲ့သည့် အနက်ရောင်ဝတ်စုံနှင့် လူများကသာ ထိုသို့လုပ်နိုင်စွမ်းရည်ရှိသည်။ အထူးသဖြင့် သူ့ကိုပေးခဲ့သော ထိုအနက်ရောင်များဖြစ်သည်။

ဒီမျိုးမစစ်တွေက တော်တော်ခေါင်းမာတာပဲ။

အခြေအနေကို နားလည်သွားပြီးနောက် ဝမ်ချောင်က လက်သီးကို တင်းတင်းဆုပ်သည်။ သူက အလွန်ဒေါသထွက်လာသည်။ ဒီမြို့တော်က သူတော်စင်ဧကရာဇ်၏ ခြေရင်းတွင်ရှိပြီး တော်ဝင်စစ်တပ်မှ စစ်သည်သောင်းကျော်ကလည်း တပ်ဆွဲထားသည့်အပြင် သူတော်စင်ဧကရာဇ် ကိုယ်တိုင်က အုပ်ချုပ်နေခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ဝမ်ကလန်က အမတ်များ၊ ဗိုလ်ချုပ်များ ပြည့်နှက်နေသော အရေးပါသည့် ကလန်ကြီးတစ်ခုဖြစ်နေသည်။

ဒီမျိုးမစစ်များက မြို့တော်အလယ်တွင်ပင် ဒီလိုကိစ္စမျိုးကို လာလုပ်ရဲသည်။ အထူးသဖြင့် မဟာထန်မှ အင်အားကြီးကလန်တစ်ခုလုံးကို ဖျက်ဆီးရန် ကြံစည်ရဲသည်။ ထိုရဲသည်ဆိုသော စကားက တော်ရုံတန်ရုံ ဖော်ပြရန်မလွယ်ကူချေ။ နိယာမဖြစ်စေ၊ စဉ်းစားနိုင်စွမ်းအားကိုဖြစ်စေ အားလုံးကို ကျော်လွန်နေပြီး ဘာကိုမျှ ဂရုမစိုက်ခြင်းဖြစ်သည်။ ထိုသို့လုပ်ရဲသော လူများ၏ အရှေ့တွင် နိယာမများက ကန့်သတ်၍မရချေ။

သို့သော် ဝမ်ချောင်၏စိတ်ထဲတွင် ထိုအတွေးများက တခဏသာပေါ်လာသည်။ သူက ချက်ချင်းလိုလို စိတ်ပြန်ငြိမ်သွားသည်။ ဒေါသများက သူ၏ပြဿနာများကို မဖြေရှင်းပေးနိုင်ချေ။ ယခုအခါ ထိုမကောင်းဆိုးဝါးတွင် အဖော်များရှိကြောင်း သူသိလိုက်ပြီဖြစ်သဖြင့် အရေးပေါ်တာဝန်က သူတို့ကို အမြန်ဆုံး သုတ်သင်ရန်ဖြစ်လောက်သည်။

သူတို့က အကြာကြီး တိုက်ခိုက်နေသည့်တိုင်အောင် အပြင်ဘက်မှ မည်သည့်အသံကိုမျှ မကြားရချေ။ အိမ်တော်ထိန်းကိုယ်တိုင်ကလည်း တစ်ခုခုက တားဆီးထားသည်ဟု ပြောထားပြီးသားဖြစ်သည်။ ဆိုလိုသည်မှာ ထိုလူများက ထူးခြားသောဝင်္ကပါကို သုံးထားလောက်သည်။ ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။

သိုင်းပညာလမ်းကြောင်းက ပုံပန်းသွင်ပြင်အမျိုးမျိုး သဏ္ဍန်အမျိုးမျိုးရှိသည်။ သူ၏အဖေနှင့် ရှန်ယွီကျုံ့ထုံးတို့က အခြားသူများထံမှ ခွန်အားကို စုစည်းရယူပြီးနောက် အင်အားကြီးလူထွားကြီးများအဖြစ် ပြောင်းလဲကာ ရန်သူကို တိုက်ခိုက်ချေမှုန်းနိုင်ကြသည်။ ဒါကဒီအတိုင်း သိုင်းပညာများကို ပုံဖော်ခြင်းနှင့် အတွင်းအားကို အသုံးပြုခြင်းလောက်သာ ဖြစ်နေသေးသည်။

ဝမ်ချောင်ကလည်း နယ်မြေကို ပိတ်ဆို့နိုင်သည့် ဝင်္ကပါအချို့ရှိကြောင်း သိထားသည်။ သို့သော် ထိုဝင်္ကပါများက နယ်မြေအကျယ်ကြီးကို ပိတ်ဆို့ထား၍မရချေ။ ယခုစံအိမ်တစ်ခုလောက်ကိုမူ သူတို့က ပိတ်ဆို့ထား၍ရနိုင်သေးသည်။

အသံများကိုလည်း ဖြတ်တောက်ခံရမည်ဖြစ်ပြီး မည်သည့်ပုံရိပ်ကိုမျှလည်း အပြင်က မမြင်ရလျှင်... မဟုတ်သေးဘူး ပတ်ဝန်းကျင်ကိုတော့ ပိတ်ဆို့လို့မရနိုင်ဘူး။ ဝမ်ကလန်တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ဒီစွမ်းအင်တွေက အပြင်လူတွေကို မမြင်နိုင်အောင် ဖုံးကွယ်ထားလို့ရပေမဲ့ သေချာကြည့်ရင်တော့ ကွယ်ထားနိုင်စရာ မရှိလောက်ဘူး။

ခွေးရူးတစ်ကောင်၏ သခင်က ပစ်မှတ်ကိုမမြင်နိုင်လျှင် ခွေးရူးကရန်သူကို ကိုက်မကိုက် သိနိုင်မည်မဟုတ်ချေ။

အနားသပ်နံရံ

ဝမ်ချောင်က နားလည်မှုအပြည့်ဖြင့် မြင့်မားသော အနားသပ်နံရံတစ်ခုဘက်သို့ လှမ်းကြည့်လိုက်သည်။ သူတို့၏အမြဲတစေ မြင့်မားသော အနားသပ်နံရံများက ဘေးဘက်မှမြင့်မားစွာဖြင့် ကာကွယ်ထားလေရာ အပြင်လူများက သူတို့၏လှုပ်ရှားမှုများကို မျက်စိဒေါက်ထောက် ကြည့်နိုင်မည်မဟုတ်ချေ။

သို့သော် ဒီတခဏတွင် ဒီနံရံက သူတို့၏လှုပ်ရှားမှုများကို အပြင်လူများက မြင်နိုင်အောင် အကောင်းဆုံး ထုတ်ပြနိုင်မည့် အရာတစ်ခုဖြစ်သွားလောက်သည်။

အခြားစကားနှင့်ဆိုရသော် ဒီလောက်နောက်ကျနေသော အချိန်မျိုးတွင် ကင်းလှည့်သောလူများနှင့် တော်ဝင်စစ်သားများက ဘာဖြစ်နေမှန်း မရှာတွေ့နိုင်လျှင် မည်သည့်ကမျှ ဘာဖြစ်နေကြောင်း မသိလောက်တော့ချေ။ ဝမ်ကလန်၏ စံအိမ်တစ်ခုလုံးက ပျောက်ကွယ်သွားသည့်တိုင်အောင် နေမထွက်မချင်း မည်သူကမျှ မြင်နိုင်ဦးမည်မဟုတ်ချေ။

ဒီလိုဆိုရင် သူတို့ရဲ့နေရာကို ခန့်မှန်းရလွယ်သွားပြီ။

ဝမ်ချောင်၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်သွားသည်။

ဘုန်း

သူ၏ခန္ဓာကိုယ်က ရုတ်တရက် အကန့်အသတ်ထိရောက်အောင် စောင့်ခေါ်လိုက်ကာ ရှေ့သို့ ခုန်ဝင်သွားပြီးနောက် လုဝူ၏ ဖျက်ဆီးနိုင်သည့်တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။

ချက်ချင်းလိုလို ဝမ်ချောင်က နည်းလမ်းတစ်ခုကို တွေးမိသွားသည်။

“ဝေ့ကော် ဝေ့ဝူ အခုချက်ချင်း အနောက်မြောက်ပိုင်း အရှေ့မြောက်ပိုင်း အရှေ့တောင်ပိုင်း အနောက်တောင်ပိုင်း ထောင့်တိုင်းကိုလူလွှတ်ပြီး သုံးကျန်းအမြင့်ရောက်တဲ့အထိ ပစ္စည်းတွေအားလုံးကို ပုံထားလိုက်”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

“သင့်တော်တာမရှိခဲ့ရင် ထောင့်တွေကစပြီး နေရာတိုင်းကို အဝတ်တွေနဲ့အုပ်ပြီးပိတ်ကြ။ အနည်းဆုံး နှစ်ဖက်လုံးမှာ ဆယ်ကျန်းလောက်အထိ ရောက်ရမယ်”

“ဟုတ်ကဲ့သခင်လေး”

အဝေးတွင် အမိန့်ကိုလက်ခံရရှိလိုက်သော မြင့်မားသည့် ပုံရိပ်နှစ်ခုက သူတို့၏ အစောင့်များနှင့်အတူ ထွက်ခွာသွားသည်။ ဝမ်ကလန်တွင် အခြားမရှိလောက်သော်လည်း အဝတ်ပိုးသား ပိုးထည်များက အလွန်များသည်။ ဒါက မြို့တော်ရှိ အထက်တန်းလွှာ ကလန်တိုင်းက အပေါဆုံးအရာများဖြစ်သည်။

စွစ် စွစ် စွစ်

အချိန်တိုအတွင်း ဝမ်ကလန်စံအိမ်၏ ထောင့်လေးထောင့်တွင်ရှိသော မြင့်မားသည့် နံရံတိုင်းတွင် အဝတ်များက ပုံသွားသည်။ စံအိမ်၏အပြင်ဘက်မှ အနက်ရောင်ဝတ်စုံနှင့်လူများက ဝမ်ချောင်ကိုသာ အာရုံစိုက်ထားသေးလေရာ အစောင့်များက ဘာလုပ်နေမှန်း မသိကြသေးချေ။

သို့သော်သူတို့၏အရှေ့ရှိ မြင်ကွင်းက မှောင်မည်းသွားမှသာ အလန့်တကြား ဖြစ်သွားကြသည်။

“သေစမ်း ဒီကောင်စုတ်လေး ငါတို့ကိုသိသွားပြီ”

“သူငါတို့ကို သတိထားမိတယ်”

“ခေါင်းဆောင် ကျွန်တော်တို့ လုဝူနဲ့အဆက်အသွယ် ပြတ်သွားပြီ”

သူတို့က အလန့်တကြား ဖြစ်သွားကြသည်။ ဒီလိုတာဝန်၏ ဒီအဆင့်တွင် အနက်ရောင်ဝတ်စုံနှင့် လူတိုင်းက သူတို့၏ပစ်မှတ်၏ နောက်သို့တွန်းထုတ်ခံလိုက်ရသော အခြေအနေမျိုးကို လက်ခံလိုက်ရသည်။ သူက ဉာဏ်ကောင်းလွန်းသည်။ ထို့ပြင် တုန့်ပြန်မှုက မြန်ဆန်လွန်းသည်။ သို့သော် သူတို့ကဒီနံရံအပြင်ဘက်တွင် ရှိနေကြောင်း သူကမည်သို့ သိသွားကြောင်းကိုပင် သူတို့က မသိနိုင်ချေ။

ပို၍ဆိုးသည်မှာ ထိုအဝတ်များက သူတို့၏မြင်ကွင်းကို အပြည့်အဝပိတ်နိုင်သည်။ ဒီနည်းအားဖြင့် ဝမ်ကလန်ထဲရှိ အခြေအနေကို သူတို့က စောင့်မကြည့်နိုင်တော့သလို လုဝူကိုလည်း မကိုင်တွယ်နိုင်တော့ချေ။

“ဒါကပြဿနာပဲ။ အပြင်လူတွေ မမြင်နိုင်အောင် ငါတို့က ဝမ်ကလန်တစ်ခုလုံးကို ပိတ်ထားရတာ။ နံရံတွေကိုတောင် ပိတ်ထားရတယ်။ အခုဒီနံရံတွေကို အဝတ်တွေကာလိုက်တော့ ငါတို့ဘာမှ မမြင်နိုင်တော့ဘူး”

အခြားသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က လှမ်းပြောသည်။ သူကလည်း အဖွဲ့အတွင်း အဆင့်အတန်းအချို့ ရှိလောက်သည်။ သူက မတ်တပ်ထရပ်ပြီးနောက် မျက်မှောင်ကျုံ့လိုက်ကာ ဒုက္ခများသော မျက်နှာမျိုးဖြင့်ပြောသည်။ ဒါက ပိုးတုံးလုံးက ပိုးကောင်ကိုလည်း အုပ်ထားနိုင်သော အခြေအနေမျိုးကဲ့သို့ဖြစ်သည်။ သူတို့၏ပြိုင်ဘက်က ကိုင်တွယ်ရ အလွန်အမင်း ခက်ခဲကြောင်း သိထားပြီးသားဖြစ်သည်။ သို့တိုင်အောင် ဒီလောက်ထိ ခက်ခဲမည်ဟု မထင်ထားမိချေ။

အချိန်အနည်းငယ်တည်းနှင့် သူတို့က နည်းလမ်းပေါင်းများစွာကို ပြောင်းသုံးနေရသည်။ သူတို့၏ဒီစီမံကိန်းက ပြဿနာပေါင်း များစွာကို ထိပ်တိုက်ရင်ဆိုင်နေရသည်။ ထိုလူကလည်း သူတို့၏ ယခင်စီမံကိန်းတိုင်းက မည်သည့်လုပ်ဆောင်မှုကြောင့် ကျရှုံးခဲ့ကြောင်း သိလိုက်သည်။ အကြောင်းမူကား ဒီပစ်မှတ်က အလွန့်အလွန် ကိုင်တွယ်ရခက်ခဲလောက်အောင် ဉာဏ်ကောင်းလွန်းနေသောကြောင့်ဖြစ်သည်။

“ငါတို့ဘာလုပ်ကြမလဲ”

ထိုသူက သတိလက်လွတ် ခေါင်းဆောင်ဖြစ်ဟန်တူသော မိစာ္ဆမျက်နှာဖုံးနှင့်လူကို လှည့်ကြည့်လိုက်သည်။ ဝမ်ချောင်ကကိုင်တွယ်ရန် သူတို့ကလုဝူနှင့် အဆက်အသွယ် ပြတ်သွားပြီဖြစ်သဖြင့် အကြံအစည်၏ အပြင်ဘက်သို့ရောက်သွားလေပြီ။ တစ်ဖက်က ထူးခြားသော ပစ်မှတ်ဖြစ်ပြီး အရှည်ဆုံးသော ဆူးချွန်ကြီးနှင့် ကိုင်တွယ်ရ အခက်ခဲဆုံးဖြစ်နေသည်။

လက်ရှိအချိန်တွင် သူတို့ကသာ စံအိမ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အနက်ရောင်မြူထုများကို ဖယ်ရှားလိုက်မည်ဆိုလျှင် ပစ်မှတ်၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြင့် သူက လွတ်သွားနိုင်ချေ အလွန်များသလို တော်ဝင်စစ်တပ်က သတိထားမိနိုင်ချေလည်း အလွန်များသည်။ သို့သော် သူတို့က ထိုသို့မလုပ်ခဲ့လျှင်လည်း ပစ်မှတ်ကို မကိုင်တွယ်နိုင်တော့လောက်ပြန်ချေ။

အမှန်တိုင်းဆိုရသော် အကောင်းဆုံးနည်းလမ်းက လုဝူကို အမိန့်ပေးပြီး နံရံပေါ်ရှိ အဝတ်များကို ဖျက်ဆီးခိုင်းခြင်းဖြစ်သည်။ သို့သော် လုဝူက မည်သည့်နေရာတွင်ရှိမှန်း မသိလောက်ချေ။ သူက မည်သည့်ဘက်သို့ ဦးတည်နေကြောင်းကိုလည်း မသိရသေးပြန်ချေ။

ဝုန်း

အဝတ်ပုံများ၏ အောက်ဘက်မှ ဖုန်မှုန့်များက ရုတ်တရက် မြောက်တက်လာသည်။ သူတို့က ဘာကိုမျှ မမြင်နိုင်သလို ဘာကိုမျှ မကြားနိုင်သော်လည်း ဖုန်မှုန့်များကို သူတို့ကမြင်နိုင်သေးသည်။ ထိုအကောင်က မည်သို့ဆက်လုပ်မည်ဖြစ်ကြောင်း သိလိုက်သည်။ ထိုအကွက်က သူတို့အားလုံးကို အထိတ်တလန့် ဖြစ်သွားစေသည်။

“သေလိုက်တော့”

ခေါင်းဆောင်၏ အရိုးများက ကွဲအက်သံနှင့်အတူ ညဉ်းညူသံက ထွက်ပေါ်လာသည်။ အစကတည်းက ဒီစီမံကိန်းက မချောမွေ့ခဲ့ချေ။ မမျှော်လင့်ထားစွာဖြင့် လုဝူကပင် မကိုင်တွယ်နိုင်ခဲ့ချေ။

“သူ့ကိုမေ့လိုက်တော့ လုဝူက အချိန်တစ်ခုတော့ အဆင်ပြေမှာပါ။ ဘယ်သူမှသူ့ကို မသတ်နိုင်ဘူး။ ရှည်လျားတဲ့ညက အိမ်မက်တွေအများကြီးကို သယ်ဆောင်ပေးနိုင်တယ်။ ဂါထာတွေသာ ဆက်ရွတ်နေလိုက်ပြီး လုဝူရဲ့အင်အားကိုပဲ မြင့်တင်ပေးလိုက်။ ဒီလိုဆိုရင် ဝမ်ကလန်ထဲက ဘယ်သူ့ကိုမဆို သူသတ်နိုင်မှာပဲ။ သူဘယ်သူ့ကိုသတ်သတ် အဆင်ပြေတယ်။ လုဝူရဲ့သက်တမ်း လျော့သွားတဲ့အတွက်ကတော့ အထက်က မေးခွန်းထုတ်လာရင် ငါပဲတာဝန်ယူလိုက်မယ်”

ခေါင်းဆောင်က နောက်ဆုံးစကားကို ပြောပြီးနောက် အံ့ကိုကြိတ်လိုက်ရသည်။

“ဟုတ်ကဲ့”

လက်အောက်ငယ်သားများကလည်း လျှင်မြန်စွာဖြင့် တာဝန်ကို လုပ်ဆောင်ကြသည်။ သူတို့က ရှေးဟောင်းအဆင့်မြင့် ဂါထာများကိုရွတ်ဆိုကြပြီးနောက် ပြင်းထန်သည့် စွမ်းအင်များကို ထပ်ထည့်ပေးကြသည်။

ထိုသို့ဖြင့် ဖျော့တောသောသွေး ရောနေသည်ဟု ထင်ရသည့် အနက်ရောင်မြူထုများက မြောက်တက်လာပြန်သည်။ ထူးဆန်းသော သင်္ကေတများလည်း လေထဲတွင် ထွက်ပေါ်လာလေပြီး ရှေးခေတ်ဆန်သော အရှိန်အဝါတစ်ခုက အထဲမှထွက်ပေါ်လာသည်။ ထိုအချိန်တွင် ထိုသို့ထူးခြားသော မြင်ကွင်းကို မည်သူကမျှ သတိမထားမိသေးချေ။

ဝေါင်း

စံအိမ်ထဲတွင် ဝမ်ချောင်၏အကြံအစည်က အင်အားပြလာသည်။ ကြွေကျလာသော မက်မွန်သစ်ပင်များ၏ အလယ်တွင် အဝတ်ဖြူနံရံက ထင်ရှားစွာပေါ်လာသည်။

အဝတ်၏အလယ်တွင် ဝမ်ချောင်က ဇောက်ထိုးထိုင်နေပြီး လုဝူ၏ ကြွက်သားအပြည့်ရှိသော လည်ပင်းကို လက်ဖြင့်ထိုးထားသည်။ သူ၏အောက်တွင် လုဝူက တောရိုင်းသားရဲကောင်ကြီး တစ်ကောင်လိုမျိုး ရူးသွပ်ကြမ်းတမ်းမှုအပြည့် ဝင်ရောက်နေသည်။

ဝမ်ချောင်၏ခန့်မှန်းမှုက မှန်သည်။ အဝတ်များက နေရာလေးထောင့်လုံးကို ပိတ်လိုက်သည်နှင့် အပြင်လူများက မမြင်နိုင်တော့ချေ။ ထို့ကြောင့် လုဝူကလည်း ဝမ်ချောင်ကို သီးသန့်သတ်ရမည်ဖြစ်ကြောင်း မသိတော့ချေ။

လီစစ်ယဲ့နှင့် ဝမ်ချောင်ယောင်တို့ကပင် သူ၏ပစ်မှတ်ဖြစ်သွားကြသည်။

အရေးကြီးသောအချက်က ထိုမကောင်းဆိုးဝါးတွင် စဉ်းစားနိုင်စွမ်းအား မရှိခြင်းဖြစ်သည်။ ထို့ကြောင့် မည်သည့်လူကို ကိုင်တွယ်ရပိုလွယ်ကြောင်းကိုလည်း မသိထားချေ။ ထို့ကြောင့် ထိုမကောင်းဆိုးဝါးက သားရဲတစ်ကောင်လိုမျိုး ထိန်းချုပ်ရလွယ်သည်။

“လီစစ်ယဲ့ အစွန်းဘက်ကိုသွား”

“ညီမလေး မင်းရဲ့အလှည့်ပဲ”

“သူ့ရဲ့မျက်လုံးကိုတိုက်ခိုက် သူ့ရဲ့မျက်လုံးကို တိုက်ခိုက်နိုင်သမျှ မင်းကသူ့ရဲ့ ပစ်မှတ်ပဲ”

“နေရာဆက်တိုက်ရွှေ့နေ ဒီသားရဲကိုပိုပြီး မဆုံးဖြတ်နိုင်အောင်လုပ်”

ဝမ်ချောင်က လုဝူ၏ ခေါင်းမှခြေထောက်ကို ပြန်ခွာလိုက်ပြီးနောက် အမိန့်ကိုပြန်ပေးလိုက်သည်။ ထိုမကောင်းဆိုးဝါးက အလွန်မာကြောသော အသားအရည် ပြိုင်ဘက်ကင်းခွန်အားနှင့် ထူးဆန်းသော ခရမ်းရောင်မီးတောက်ကို ပိုင်ဆိုင်ထားသည်။ သို့သော် လက်ရှိအချိန်တွင်မူ ဝမ်ချောင်က သူ၏အားနည်းချက်ကို ဖမ်းဆုပ်နိုင်သွားလေပြီ။ ထို့ကြောင့် ကိုင်တွယ်ရ ပိုလွယ်သွားသည်။ ဒါက ဒီအတိုင်း ဉာဏ်ပညာမရှိသည့် ရူးသွပ်နေသော သားရဲတစ်ကောင်ကို ထိန်းချုပ်ရသလိုဖြစ်သည်။

ယွမ်ဖုန်းတောင်ထဲတွင် ဝမ်ချောင်က စစ်သည်တစ်သိန်းကို အမိန့်ပေးခဲ့သည်။ လီစစ်ယဲ့နှင့် ညီမဖြစ်သူကို အမိန့်ပေးသောကိစ္စက သူ၏လက်ကို ပြန်မှောက်ထားရသလို အလွန်လွယ်ကူလေသည်။

All Chapters