အခန်း (၆၈၁-၆၈၅)
Vol. 35 Ch. 681-685
အခန်း(၆၈၁)
မြို့တစ်မြို့ တည်ဆောက်ရန် အကုန်အကျ အလွန်များမည်ဖြစ်သလို တာဝန်ယူရမည့် ကိစ္စပေါင်းများစွာလည်း ရှိနေသေးသည်။ ကျန်းရှို့ကျစ်၏ ဆရာသခင် ဗိသုကာပညာရှင် တစ်ယောက်အနေနှင့် အကြီးမားဆုံးသော စိုးရိမ်မှုက ဒီစီမံကိန်းကို လုပ်ဆောင်နေရင်းနှင့် ပိုက်ဆံကပြတ်လပ်သွားပြီး ဒုက္ခရောက်မည့်အရေးကို ဖြစ်သည်။
သို့သော် မြို့တော်ရှိ အဖွဲ့အစည်းတိုင်းကသာ ပါဝင်မည်ဆိုလျှင် သူက မြို့အနည်းငယ်ကို တည်ဆောက်ပြီးနောက် အပိုကိုပင် ထပ်မံတည်ဆောက်၍ ရလောက်သေးသည်။ ဒါက ရွှေလျှန်း သန်းအနည်းငယ်လောက်နှင့် ကိုင်တွယ်ရသော ကိစ္စလောက် မရိုးရှင်းတော့ချေ။
သူ၏ဘဝတွင် ပထမဦးဆုံးအကြိမ် ကျန်းရှို့ကျစ်အနေနှင့် ပိုက်ဆံကို စိုးရိမ်စရာမလိုသည့် စီမံကိန်းမျိုးကို ကိုင်တွယ်ရခြင်းဖြစ်သည်။ သို့တိုင်အောင် သူ့တွင် အောင်ပွဲခံလိုစိတ် မရှိသေးချေ။ အနှစ်ချုပ်ဆိုရသော် သူက ဝမ်ချောင်အတွက် စိုးရိမ်နေမိသည်။ မဟာကလန်ကြီးတစ်ခုမှလာသော ပိုက်ဆံကို လက်ခံရန် မလွယ်ကူချေ။
“သခင်လေး ဒါက ရယ်စရာကိစ္စ မဟုတ်ဘူး။ သခင်လေးအနေနဲ့ ဒီထက်ပိုပြီး အလေးအနက်ထား ဆင်ခြင်ဆုံးဖြတ်ဖို့ မျှော်လင့်တယ်”
ကျန်းရှို့ကျစ်က အစောတလျှင် ပြောလိုက်သည်။ ဝမ်ချောင်က တိတ်တဆိတ်သာ ပြုံးလိုက်သည်။ သူကလည်း သဘာဝအလျောက်ပင် ကျန်းရှို့ကျစ်က စိုးရိမ်နေသော အကြောင်းအရာကို သိသည်။ သူ၏ပန်းတိုင်က သူ၏ပိုင်နက်နယ်မြေကိုသုံးပြီး ပိုက်ဆံရှာသော ကိစ္စလောက်သာ ရိုးရှင်းနေမည်ိဆိုလျှင် သူက မဟာကလန်ကြီးများမှ ပိုက်ဆံတိုင်းကို ယူလျှင်လည်း ပြဿနာဖြစ်လာပေလိမ့်မည်။
သို့သော် ဝမ်ချောင်တွင် အကြံအစည် ရှိပြီးသားဖြစ်သည်။ ပိုက်ဆံရှာခြင်းဆိုသော ကိစ္စက သူ၏အစစ်အမှန် ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် အကြောင်းအရင်းတစ်ခုသာ ဖြစ်သည်။ ပို၍ဆိုးသည်မှာ မြို့ကကြီးလေလေ မဟာကလန်များများ ထိန်းထားနိုင်မည်ဖြစ်သလို ထိုသို့ထိန်းထားနိုင်ပြီး အထောက်အပံ့ ပြုနိုင်သည့် အင်အားက ကြီးမားလေလေ အနောက်ဘက် တိုင်းပြည်တိုင်းကို ကိုင်တွယ်ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ဒီနည်းအားဖြင့် ထိုကလန်များမှ ရရှိမည့် အရင်းအမြစ်နှင့် အထောက်အပံ့က ပိုများလေလေ ဖြစ်ပေလိမ့်မည်။
တိကျသေချာသည့် ဘက်ထောင့်တစ်ခုကကြည့်လျှင် ထိုနည်းလမ်း တစ်ခုတည်းကြောင့်သာ သူ၏ ပိုင်နက်နယ်မြေက အကြီးမားဆုံးသော လွှမ်းမိုးမှုကြီးကို ပိုင်ဆိုင်လာနိုင်စေမည်ဖြစ်သည်။
ဗိုလ်ချုပ်တစ်ယောက်က ထူးချွန်ပြောင်မြောက်သည့် မြင်နိုင်စွမ်းအားနှင့် လုပ်ရဲကိုင်ရဲစိတ် လိုအပ်သည်။ ကျန်းရှို့ကျစ်ကမူ ထိုသို့သော နယ်ပယ်များကို ကျွမ်းကျင်ထားခြင်းမရှိချေ။
“ကျွန်တော်မှာ အရာအားလုံးအတွက် ကိုယ်ပိုင်အကြံအစည် ရှိထားပြီးသားပါ။ ဒါကြောင့် လူကြီးမင်းကျန်းအနေနဲ့ ဒါကိုစိုးရိမ်ဖို့ မလိုပါဘူး”
ဝမ်ချောင်က ဖျော့တော့စွာပြုံးပြီး လက်ညိုးတစ်ချောင်းကို အသာမြှောက်ပြသည်။
“ဒါ့အပြင် ဒီမြို့ကို တည်ဆောက်တဲ့ကိစ္စက အမြန်ဆုံး စတင်သင့်ပါတယ်။ တစ်လ အများဆုံး တစ်လပဲ။ လိုအပ်တဲ့ပစ္စည်းတွေ ကိရိယာတွေ အားလုံးကို ရွှေ့ပြောင်းတဲ့အချိန်ကို ဖယ်လိုက်ရင် ဒီတစ်လတာ အတောအတွင်းမှာ မြို့ကို တည်ဆောက်ပြီးစီးဖို့ မျှော်လင့်တယ်”
ဝုန်း
ကျန်းရှို့ကျစ်၏ ခန္ဓာကိုယ်က ဝမ်ချောင်၏ စကားလုံးများကြောင့် တုန်ယင်သွားသည်။ သူကခေါင်းကို ချက်ချင်းမော့လိုက်သည်။ မြို့တစ်မြို့ တည်ဆောက်သောကိစ္စက အလွန်အမင်း အချိန်ကုန်သည့်အပြင် အားအင်ကုန်ခမ်းစေသော အလုပ်ကြီးဖြစ်သည်။ ထို့ကြောင့် မြို့ကကြီးလေလေ အချိန်က ပိုကြာလေလေ ဖြစ်နိုင်သည်။
မြို့တစ်မြို့ကို ပြီးဆုံးရန် တစ်နှစ်၊ နှစ်နှစ်ခန့် အချိန်ယူရသည်။ သို့သော် မဟာကလန်ကြီးများမှ ရသမျှ ပိုက်ဆံကိုယူပြီး တစ်လတည်းနှင့် မြို့ကိုတည်ဆောက်ရန် တောင်းဆိုသောကိစ္စက မဖြစ်နိုင်ချေ။
“ဟား ဟား လူသားတွေက ဘာမဆို အောင်မြင်အောင် လုပ်နိုင်တယ်။ လူကြီးမင်းကျန်းက ကျွန်တော်တို့တွေ မာန်ရှဲ့ကျောင်းနဲ့ယွီစန်းကို တိုက်ခိုက်ဖို့အတွက် အဲ့ဒီသံမဏိမြို့ရိုး နံရံကြီးတွေကို ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာကို မေ့သွားပါပြီလား”
ဝမ်ချောင်က ကျန်းရှို့ကျစ်၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်သဖြင့် ရယ်ကာပြောလိုက်သည်။
“ဒါက တကယ်မလုံလောက်နိုင်ဘူး”
ကျန်းရှို့ကျစ်က အနည်းငယ် တွေဝေနေသေးသည်။
နတ်ဘုရားမှသာ တစ်လတည်းနှင့် ထိုမျှကြီးမားသော မြို့ကြီးကို ခမ်းနားစွာ တည်ဆောက်နိုင်လောက်သည်။ ဝမ်ချောင်၏ တောင်းဆိုမှုက ရိုးရှင်းစွာပင် မဖြစ်နိုင်ချေ။
“သာမာန်မြို့တစ်မြို့အတွက်ဆိုလည်း သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ သံမဏိမြို့ဆိုရင်တော့...”
ဝမ်ချောင်ကရယ်သည်။ သူကလက်ကို အနောက်ဘက်သို့ တစ်ချက်ယမ်းပြသည်။
“ဝေ့ကော၊ ဝေ့ဝူ အဲ့ဒါကို ယူလာခဲ့လိုက်ပါ”
ဒုန်း
အဓိကဝင်ပေါက် တံခါးကြီးက ဒုန်းကနဲ တွန်းဖွင့်ခံရပြီးနောက် ဝေ့ကောနှင့် ဝေ့ဝူတို့က ကြီးမားသော သံမဏိသေတ္တာကြီးကိုသယ်လျှက် ဝင်လာသည်။ ကျန်းရှို့ကျစ်က ထိုသံမဏိသေတ္တာကို ကြည့်ပြီးနောက် ချက်ချင်းလိုလို နားလည်သွားသည်။ သူက ရယ်မောလျှက် ထိုင်ခုံမှချက်ချင်း ခြေလှမ်းကျဲကြီးများဖြင့်ထကာ ထွက်လိုက်ပြီး ထိုသေတ္တာကို အောက်သို့မချခင် လှမ်းဖွင့်ကြည့်လိုက်သည်။
“ဟား ဟား ငါမျှော်လင့်ထားတဲ့အတိုင်းပဲ ပိုက်ဆံက အချိန်ကိုက်ပဲ။ သခင်လေးက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားတာပဲ”
ကျန်းရှို့ကျစ်၏မျက်နှာက အလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်မှုကြောင့် တောက်ပသွားသည်။ သူက အထဲတွင်ရှိနေသည့် လိပ်ထားသော အဖြူရောင်ပုံကြမ်းများကို သိလိုက်သည်။ ညာဘက်လက်ကို ဆန့်တန်းကာ ပုံကြမ်းကားလိပ်များထံမှ တစ်ခုကိုထုတ်ယူပြီးနောက် ဖြေကြည့်လိုက်သည်။ သူ၏မျက်နှာတွင်မူ ယခင်ကကဲ့သို့ စိုးရိမ်ပူပန်မှုများ မရှိတော့ချေ။
စွစ်
ထိုကားချပ်ကို ဖြေလိုက်သောအခါ ရှုပ်ထွေးပြီး လျို့ဝှက်ဆန်းကြယ်သည့် ပုံစံကြမ်းတစ်ခုက ပေါ်လာသည်။ အတိတ်တွင်ဆိုလျှင် ဝမ်ချောင်က ကိုယ်တိုင်ကိုယ်ကျ မရှင်းလင်းသမျှ မဟာထန်၏ အတော်ဆုံးသော လက်မှုပညာရှင်ကပင် ဒီလိုပုံကြမ်းမျိုး၏ လျို့ဝှက်ချက်များကို နားလည်နိုင်မည်မဟုတ်ချေ။ ထိုအထဲမှ လူအများစုက သူတို့ဘာလုပ်သည်ဆိုသော အကြောင်းအရာကို မသိလောက်ချေ။ သို့သော် ဝမ်ချောင်နှင့် ထိုသံမဏိမြို့ရိုးကို ပူးပေါင်းလုပ်ဆောင်ပြီးနောက်တွင် ကျန်းရှို့ကျစ်က တစ်ချက်ကြည့်ရုံဖြင့် ဒါက သံမဏိနံရံနှင့် ပတ်သတ်သည့် ဒီဇိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။ သို့ရာတွင် ဒါက ဝမ်ချောင်က ယခင်တစ်ခေါက် အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် အသုံးပြုခဲ့သော သံမဏိမြို့ရိုးများထက် ပို၍ကြီးမားကာ ရှုပ်ထွေးသည်။
“ကောင်းတယ် ကောင်းတယ် ဟား ဟား ဟား ဒါက အစစ်အမှန် ကြွယ်ဝတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သခင်လေး ကျွန်တော်တို့ အနောက်တောင်ပိုင်းက အချိန်ပြီးကတည်းက ဒီလိုအစစ်အမှန် သံမဏိမြို့ကြီးကို သခင်လေး တည်ဆောက်နိုင်တယ်ဆိုတာကို သိခဲ့ပြီးသား။ ကျွန်တော် ခန့်မှန်းတာ မှန်သွားတယ်။ တစ်လဆိုတဲ့အချိန်က တော်တော်လေးကို တိုပေမဲ့လည်း သံမဏိမြို့ဆိုရင်တော့ ကျွန်တော် တက်နိုင်သမျှ ခွန်အားတိုင်းကို ထည့်သုံးပြီး ပြီးဆုံးအောင်လုပ်ပါ့မယ်”
ကျန်းရှို့ကျစ်၏ မျက်ဝန်းက တောက်ပနေသည်။ သူ၏ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေသေးသည်။ ထိုအဖြူရောင် ကားလိပ်ထဲတွင် ရှိနေသော ပုံစံကြမ်းက ဒီလောက၏ အဖိုးအတန်ဆုံး ရတနာကြီး ဖြစ်နိုင်သည်။ မဟာကလန်ကြီးများထံမှ လက်ဆောင်များကို လက်ခံလိုက်သောကိစ္စက အလွန်အမင်း အန္တရာယ်များသည်။ သို့သော်ဒါက သွေးဆောင်ဖြားယောင်းမှုလည်း ဖြစ်သည်။ အစစ်အမှန် ဗိသုကာပညာရှင်တစ်ယောက်က ဒီလိုပုံကြမ်းကို မြင်လိုက်ရုံနှင့် ထွက်လာမည့် မြို့ကြီးက ဒီလောကတွင် မည်မျှများပြားသော ရတနာများကို သိမ်းယူထားနိုင်မည်ဖြစ်ကြောင်း သိနိုင်ပေလိမ့်မည်။
သံမဏိမြို့တဲ့လား။
ဒါက ကြီးမားသော အဆောက်အဦးကြီး၏ တစ်စိတ်တစ်ပိုင်းကိုသာ ပုံကြမ်းဆွဲပြထားခြင်း ဖြစ်သော်လည်း ထိုအချိန်ကစတင်ပြီး ဒီလောကရှိ မည်သူ သို့မဟုတ် မည်သည့်အရာကမျှ ကျန်းရှို့ကျစ်ကို ဒီသံမဏိမြို့အဝေးသို့ ဆွဲခေါ်သွား၍ မရနိုင်တော့ချေ။ ဒီသံမဏိမြို့က ဒီလောကတွင် ပေါ်ထွက်လာရပေတော့မည်။
သူ၏ဘဝတွင် တော်ဝင်အမိန့်တော်ကြောင့် သို့မဟုတ် ကိုယ်ပိုင်စိတ်လိုလက်ရ ကြိုးစား အားထုတ်မှုကြောင့်ပဲဖြစ်ဖြစ် ထိုမျှအထိ တစ်စုံတစ်ရာအပေါ် ယခုလိုမျိုး စဉ်းစားလိုစိတ် မပေါ်ခဲ့ဖူးသေးချေ။
ပုံကြမ်းတစ်ခု နှစ်ခု သုံးခု...
ကျန်းရှို့ကျစ်က စာလိပ်တိုင်းကို တစ်ခုပြီးတစ်ခု ဖြည်ကြည့်သည်။ သူ၏အမူအရာက စိတ်လှုပ်ရှားလွန်းသဖြင့် မြုပ်နေသောရတနာကို ကိုယ်တိုင်တူးဆွနေရသလို တောက်ပနေသည်။
ဝမ်ချောင်က လက်ဖက်ရည်သောက်ရင်း အသာအယာ ထိုင်ကြည့်နေသည်။ သူ၏မျက်နှာတွင် ဖျော့တော့သည့် အပြုံးက ရှိနေသည်။
သူက အပိုင်စားနယ်မြေတစ်ခု လက်ခံရရှိကြောင်း သိရပြီးချိန်ကတည်းက သူ၏အာရုံကို ဒီပိုးသားလမ်းပေါ်တွင် တည်ဆောက်မည့် သံမဏိမြို့အပေါ် အာရုံအပြည့် စိုက်ထားခဲ့သည်။ အချိန်က အကန့်အသတ်ရှိသည်။ အနောက်ဘက် နယ်မြေကြီးက သိပ်မကြာခင် စစ်ပွဲအတွင်း နစ်မြုပ်တော့မည်ဖြစ်သည်။ သူကမြို့ကို နှစ်နှစ် သုံးနှစ်ခန့် အချိန်ယူကာ တည်ဆောက်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် မည်သည့်နေရာတွင်မျှ မရှိခဲ့ဖူးသေးသော သို့မဟုတ် မည်သူကမျှ မမြင်ခဲ့ဖူးသေးသော သံမဏိ တည်ဆောက်သည့် စံချိန်စံနှုန်းနှင့် ကိုက်ညီသော မြို့ရိုးကြီးကို တည်ဆောက်သော ကိစ္စကသာ ဝမ်ချောင်၏ အကောင်းဆုံးအကြံ ဖြစ်လာသည်။
သာမာန် အခြေအနေမျိုးတွင် ပုံစံ စံချိန်စံနှုန်းဖြင့် ကိုက်ညီသော ပုံကြမ်းမျိုးကို အသုံးပြုသည့်တိုင် မြို့တစ်မြို့ကို တစ်လတည်းဖြင့် တည်ဆောက်ရန်ကိစ္စက မဖြစ်နိုင်သောကိစ္စ ဖြစ်နေသေးသည်။ ထိုမျှကြီးမားပြီး ရှုပ်ထွေးသော စီမံကိန်းမျိုးကို မည်သည့်အိမ်တော် မည်သည့်အထက်တန်းလွှာ မည်သည့် အိမ်ရှေ့မင်းသားကမှ ပြီးမြောက်အောင် မလုပ်နိုင်ချေ။
သို့ရာတွင် ဝမ်ချောင်က ရှုပ်ထွေးသော အပိုင်းဖြစ်သည့် မြို့တော်၏ မဟာကလန်ကြီးတိုင်းကို ဒီစီမံကိန်းတွင် ဝင်ရောက်ရင်းနှီးမြုပ်နှံအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ထိုလူများက ရင်းနှီးမြုပ်နှံလာသည်နှင့်အမျှ ဝမ်ချောင်အနေနှင့် ကြွယ်ဝမှုအရင်းအမြစ် လုပ်သားအင်အားတိုင်းကို ထိုမြို့တော် ကလန်တိုင်းထံမှ ရယူနိုင်မည်ဖြစ်သည်။ ဒီနည်းအားဖြင့် မဟာထန်၏ ဘက်ပေါင်းစုံ အင်အားကိုသုံးကာ သံမဏိမြို့ကြီးကို တည်ဆောက်ပြီး သူ၏အကြံကို အကောင်အထည် ဖော်နိုင်ပေလိမ့်မည်။
သူ၏အကြံက အကောင်အထည် ပေါ်သွားသည်နှင့် ဝမ်ချောင်၏ က်ိုယ်ပိုင် ပိုင်နက်နယ်မြေထဲမှ မြို့ကြီးအတွက် စိုးရိမ်စရာပြဿနာ မရှိတော့ချေ။ မဟာထန် တစ်တိုင်းပြည်လုံး သို့မဟုတ် ဒီတစ်လောကလုံးက ဝမ်ချောင်ကို ပိုင်နက်နယ်မြေကြီးတည်ဆောက်ရန် ကူညီပေးကြတော့မည်ဖြစ်သည်။
ဒါက စိတ်ကူးယဉ်ဆန်သော ကိစ္စတစ်ခုဖြစ်ပြီး အရင်းအမြစ်ပေါင်း မြောက်များစွာ ငွေကြေး မြောက်များစွာနှင့် လုပ်သားအင်အား မြောက်များစွာ မူဝါဒရေးရာနှင့် ယှက်နွယ်နေသော ဒီလိုကြီးမားသည့် စီမံကိန်းကြီးကို တည်ဆောက်ရန် ခက်ခဲလောက်သည်။ မဟာထန်၏ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးချေ။ သို့သော် ယခုမူ ဝမ်ချောင်၏လက်ထဲတွင် ထိုစီမံကိန်းကို မည်သည့် မဟာကလန်ကြီးကမျှ စိတ်ကူးယဉ်ရန်ပင် မဖြစ်နိုင်လောက်သည့် စီမံကိန်းကြီးကိုသူက ကိုင်တွယ် အကောင်အထည် ဖော်တော့မည်ဖြစ်သည်။
“သံမဏိမြို့တော်အတွက် လိုအပ်တဲ့ ပုံစံကြမ်းတွေ အားလုံးက ဒီမှာပဲ။ ကျွန်တော်ခင်ဗျားကို လူအင်အားပဲဖြစ်ဖြစ် အရင်းအမြစ်အတွက်ပဲဖြစ်ဖြစ် ပိုက်ဆံအတွက်ပဲဖြစ်ဖြစ် တည်ဆောက်ဖို့ လိုအပ်သမျှ အရာအားလုံးကို တောင်းဆိုနိုင်တဲ့ အာဏာပြည့်ဝပြီးသားပဲ။ ဒါ့အပြင် မဟာပန်းပဲကလန် လေးခုနဲ့ အခြားမြို့တော်ထဲက ပန်းပဲဆိုင်တွေ ဓားဆိုင်တွေ လက်နက်ဆိုင်တွေ အားလုံးကို ခင်ဗျားနဲ့အတူ ပူးပေါင်းခွင့်ပြုထားမယ်။ ဒီတာဝန်ကို ဝေ့ကောနဲ့ ဝေ့ဝူတို့က ပူးပေါင်းပြီး ခင်ဗျားတောင်းဆိုသမျှကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားကူညီပေးကြလိမ့်မယ်”
ဝမ်ချောင်က ကျန်းရှို့ကျစ်၏မျက်နှာကို တောက်ပစွာကြည့်လိုက်သည်။ သူက လက်ဖက်ရည်ခွက်ကို ပြန်ချပြီးနောက် မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
“ဒါ့အပြင် မဟာကလန်ကြီးတွေက ရထားတဲ့ ပိုက်ဆံတွေအားလုံး ရောက်လာရင် ကျွန်တော် ဓားဆိုင်၊ ပန်းပဲစံအိမ်၊ မိုင်းတွင်းနဲ့ ဒီလောကက အခြား ကျောက်ရိုင်းတုံးတွေကို စုစည်းပြီး တည်ဆောက်ဖို့အတွက် အထောက်အပံ့ပေးမယ်”
“ဟား ဟား ဟား သခင်လေးက ဒီလိုပြောလာမယ်မှန်း ငါသိထားပြီးပြီ။ ဒါပေမဲ့လည်း သခင်လေးက ဘာမှမပြောခင်ကတည်းက ဒီလိုရအောင်လုပ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒီစီမံကိန်းကို ရလိုက်တာက ငါ့ကို တော်တော်လေးကို စိုးရိမ်စေတယ်။ သခင်လေးသာ စိတ်ထဲမထားဘူးဆိုရင် ငါအခုချက်ချင်း ထွက်သွားပြီး စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုတင်ဆောင်ရွက်ချင်နေပါပြီ”
ကျန်းရှို့ကျစ်က စိတ်လှုပ်ရှားစွာပြောသည်။
ဗိသုကာပညာရှင် တစ်ယောက်အတွက် တည်ဆောက်ရေးက ဘဝဖြစ်သည်။ နောက်မျိုးဆက်ပေါင်း များစွာအထိ လူသိများ ထင်ရှားကျော်ကြားစေမည့် တည်ဆောက်ရေး စီမံကိန်းကြီးတစ်ခုကို ကိုင်တွယ်ရသော ကိစ္စက ဗိသုကာပညာရှင်တိုင်း၏ အိမ်မက်ဖြစ်သည်။
အနောက်ဘက်သို့သွားသော လမ်းကြီးပေါ်တွင် ထိုမျှကြီးမားသည့် သံမဏိမြို့ကြီးကို တည်ဆောက်သော ကိစ္စကို မည်သူကမျှ မမျှော်လင့်ထားလောက်ချေ။ မည်သူကမဆို စိတ်ကူးယဉ်ကြည့်ရန် လက်လှမ်းမမှီနိုင်သော အဆင့်တွင်ရှိနေသည်။
ကျန်းရှို့ကျစ်က ခပ်မြန်မြန် ထွက်ခွာသွားသည်။ သူနှင့်အတူ ထိုပုံကြမ်းများပါသည့် သေတ္တာကြီးကိုလည်း သယ်သွားသေးသည်။ ဝမ်ကလန်မှ အစောင့်သုံးဆယ်ကျော်ကို သူကခေါ်ပြီးနောက် ဝမ်ကလန်မှ အစောင့်သုံးဆယ်ကျော်နှင့် မီရာဆာမီအာယာကာကို တောင်းဆိုကာ သူ့ကိုအိမ်တော်သို့ လိုက်ပို့ခိုင်းသည်။ သေတ္တာကြီးထဲတွင် ပုံစံကြမ်းများကလွဲပြီး အခြားမရှိသော်လည်း ဒီတစ်လောကလုံးတွင် အဖိုးအထိုက်တန်ဆုံး ရတနာဖြစ်နေလေသည်။
သို့သော်သူက တစ်ခုတည်းသော ကိစ္စကိုသာ ကျန်ရစ်ထားခဲ့သည်။
ထိုခန်းမထဲတွင် ဝမ်ချောင်က တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ သူကခေါင်းကိုမော့ပြီး စားပွဲပေါ် လက်ချောင်းများ ဆက်တိုက်ခေါက်လျှက် တွေးတောနေသည်။ အင်ပါယာ၏ အနောက်ဘက် နယ်စပ်နှင့် အန်းရှီအစိုးရစစ်တပ်၏ ကံကြမ္မာကို ပြောင်းလဲရန်အလို့ငှာ သူက ပိုးသားလမ်းပေါ်တွင် မြို့ကို တည်ဆောက်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုမျှနှင့် မလုံလောက်သေးချေ။ လုံလောက်ရန် ဝေးကွာလွန်းသေးသည်။ သို့သော် အလားတူပင် ဝူရှန်းစစ်သည်တော်များကို သိမ်းသွင်းရန် ကိစ္စက ထိုမျှနှင့် မလုံလောက်သေးချေ။ သို့သော် ဝမ်ချောင်က အန်းရှီအစိုးရ ကာကွယ်ရေးစစ်တပ်၏ ပြဿနာကို ဖြေရှင်းချင်လျှင် ထိုမျှလောက်နှင့် မလုံလောက်သေးချေ။ ဝမ်ချောင်၏ အကြံအစည်ထဲတွင် နောက်ဆုံး သုံးပိုင်းက လိုအပ်နေသေးသည်။
“ငါ့ကို မြို့ပြင်ကိုခေါ်သွားပါ”
စံအိမ်တော်ထဲမှ ထွက်ပြီးနောက် ဝမ်ချောင်က ရထားလုံးထဲသို့ ဝင်ရောက်လိုက်သည်။ ဒီနည်းအားဖြင့် မြို့၏လမ်းများကို ကျော်ဖြတ်ကာ မြို့၏ဂိတ်ကို ကျော်ဖြတ်ပြီး တောင်တန်းထဲသို့ ဝင်ရောက်သွားသည်။ စိမ်းစိုတောက်ပသော တောင်တန်း၏အလယ်တွင် မိုင်းတွင်းရှိသည်။
ထိုမိုင်းတွင်း၏ နေရာတိုင်းကို လက်နက်အပြည့်အဝ တပ်ဆင်ထားပြီး အမြဲတစေ အသင့်အနေအထား ရှိနေသည့် အစောင့်တိုင်းက ပြင်းပြင်းထန်ထန် စောင့်ကြပ်နေသည်။
ဝမ်ချောင်က အမတ်ဘွဲ့ရသွားသော ကိစ္စက ဝမ်ကလန် တစ်ခုလုံးအတွက် အရေးကြီးသော ကိစ္စကြီးတစ်ခု ဖြစ်သွားသည်။
အောင်ပွဲခံပြီးနောက် ဝမ်မျိုးဆက်မှ ဂိုဏ်းခွဲတိုင်းက လက်ဆောင်များ ပို့သခဲ့ကြသည်။ သူ၏ အဘိုး၏ လက်အောက်ငယ်သား ဟောင်းများကလည်း လက်နက်အပြည့်အဝ တပ်ဆင်ထားသည့် သံချပ်ကာဝတ်ဆင်သည့် စစ်သည်တော်ပေါင်း များစွာကို လက်ဆောင်အဖြစ် ပို့ပေးခဲ့သေးသည်။ သူတို့က လက်ရွေးစင် စစ်သည်တော်များဖြစ်ပြီး ဂရုစိုက်ရွေးချယ်ထားခြင်းဖြစ်ကာ အားလုံးက အလွန်အင်အားကြီးပြီး ယုံကြည်အားကိုးထိုက်သည်။ သူတို့၏ အနောက်တွင်မူ သူအလွန်အလေးထားသော အရေးကြီးသည့် နေရာကြီးဖြစ်သည်။
“သခင်လေး”
ဝမ်ချောင် ရုတ်တရက် ရောက်လာသည့်အခါ ပုံရိပ်တစ်ခုက မိုင်းတွင်းထဲမှ ထွက်လာပြီးနောက် ဂါရဝပြုလိုက်သည်။ သူတို့က ဝမ်ချောင်၏ ရထားလုံးထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ရောက်လာပြီးနောက် ဂါရဝပြုသည်။
“ကျင်းတရန် မင်းငါ့ရှေ့မှာ ဒီလောက်ထိ ယဉ်ကျေးပြနေစရာ မလိုပါဘူး”
လက်ကိုယမ်းလိုက်ပြီးနောက် ဝမ်ချောင်က မိုင်းတွင်းသို့လှမ်းကြည့်သည်။
“ပြင်ဆင်တာတွေ ဘယ်လိုနေလဲ”
“သခင်လေးကို သတင်းပို့ပါတယ်။ ထုံးနဲ့မြေစေးတွေ အားလုံးကို ပြင်ဆင်ပြီးပါပြီ။ ဒါ့အပြင် သခင်လေးရဲ့ အမိန့်အရ ကျွန်တော်တို့တွေ ပန်းရံလုပ်သားတွေ အမြောက်အများ ငှားရမ်းထားခဲ့ပြီး စတင်ပြီး ရောနှောခိုင်းထားပါတယ်”
ကျောင်းကျင်းတရန်က ရိုသေလေးစားစွာဖြေသည်။
“အင်း ငါ့ကိုတစ်ချက် ကြည့်ရအောင် ခေါ်သွားပါ”
ဝမ်ချောင်ကပြောသည်။
သို့သော်သူက စကားပြော၍ မဆုံးသေးခင် မိုင်းတွင်းထံသို့ ခြေလှမ်းကျဲကြီးများဖြင့် စသွားနေပြီဖြစ်သည်။ သူက ကျောင်းကျင်းတရန်ထက်ပင် မြန်ဆန်နေသေးသည်။
အခန်း(၆၈၂)
ထိုမိုင်းတွင်းက အသစ်စက်စက် မိုင်းတွင်းကြီးဖြစ်သည်။
လက်ရှိအချိန်တွင် ဝမ်ချောင်က အမတ်ဖြစ်သွားသောကြောင့် မြို့တော်အတွင်းတွင် ကြီးမားသည့် လွွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ သူ၏ ကြွယ်ဝမှုများနှင့် ပေါင်းစပ်လိုက်သော် သူ့အနေဖြင့် မိုင်းတွင်းအသစ်ဖွင့်ရန် ပြဿနာမရှိတော့ချေ။
ဝမ်ချောင်က မိုင်းတွင်းထဲသို့ ဝင်သွားသည်နှင့် သူ၏မြင်ကွင်းက မည်းမှောင်သွားသည်။ သူ၏အမြင်အာရုံကို ထိန်းညှိကာ ကျင့်သားရအောင် လုပ်ပြီးနောက် အရှေ့ရှိမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်နိုင်သည်။
ထိုနေရာတွင် တောင်တန်းငယ် အသေးစားသဖွယ် စုပုံထားသည့် အဖြူရောင်ထုံးများနှင့် အညိုရောင်ရွှံ့စေး အပုံများကို မြင်နိုင်သည်။ မိုင်းတွင်းတစ်ခုနီးပါး ပြည့်နှက်နေပြီး အနီးအနားတွင်လည်း ထိုရွှံ့စေးနှင့် ထုံးများအကြား ဖြတ်သွားရန် မြောင်းဖောက်ကာ ပြင်ဆင်ထားသည့် ရေမြောင်းလေးကို မြင်နိုင်သည်။
ထိုရေစက်ကြောင်းဘေး တစ်ဖက်တစ်ချက်စီတွင်လည်း ဝမ်ချောင်က ငှားရမ်းထားသည့် ပန်းရံလုပ်သား အယောက်လေးဆယ် ငါးဆယ်ခန့်က ရပ်နေသည်။
“အရှင်အမတ်ကို ဂါရဝပြုပါတယ်”
ဝမ်ချောင်က ဝင်လာကြောင်း မြင်သောအခါ ပန်းရံလုပ်သားတိုင်းက ဂါရဝပြုလိုက်သည်။ သူတို့၏ အမူအရာများက အလွန်တောက်ပကာ ယုံကြည်လေးစားမှု အပြည့်ဖြင့်ဖြစ်သည်။
“တခမ်းတနား ဂါရဝပြုနေစရာ မလိုပါဘူး”
ဝမ်ချောင်က လက်ယမ်းလျှက် အားလုံးကို တစ်ချက် အသိအမှတ်ပြုဟန် ပြုလိုက်ပြီးနောက် မိုင်းတွင်းထဲသို့ဝင်သည်။ မိုင်းတွင်းက အလွန်ကျယ်သည်။ အပြင်ဘက်လောက် တောက်ပနေခြင်း မရှိသည့်တိုင်အောင် အလွန်မှောင်ပိတ်မနေချေ။ ထို့ပြင် တည်ဆောက်ပုံအရ ရေစပ်ကြောင်းများနှင့် လေဝင်ပေါက်များကို သေချာပြင်ဆင်ထားသည့်အတွက် အဆင့်အတန်း အရည်အသွေး ပြည့်မှီသည်ဟု ဆို၍ရသည်။
“မဆိုးဘူး”
ပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးကြည့်ပြီးနောက် သူက ခေါင်းအနည်းငယ် ညိမ့်လိုက်သည်။ အရာအားလုံးကို သူ၏အကြံအတိုင်း ပြုလုပ်ထားခြင်း ဖြစ်သည့်တိုင်အောင် သူကဒီနေရာသို့ ပထမဦးဆုံးအကြိမ် လာလည်ခြင်း ဖြစ်နေသေးသည်။
“ငါ့အမိန့်ကိုထုတ်လိုက် ဒီနေရာကို အစောင့်တွေပိုပို့လိုက်။ ဒါ့အပြင် ငါတို့နဲ့ အတူပူးပေါင်းတဲ့ ကလန်တွေကို သူတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေကိုလွှတ်ပြီး ဒီနေရာရဲ့ အပြင်ပတ်ပတ်လည်မှာ စောင့်ဆိုင်းခိုင်းလိုက်ပါ” ဝမ်ချောင်ကပြောသည်။
ဒါကဒီအတိုင်း ဝေ့ဟောင်၏ မိသားစုက ဝု့စ်သံမဏိလက်နက်များ တည်ဆောက်ရာတွင် အသုံးပြုသည့် မိုင်းတွင်းလိုမျိုးဖြစ်သည်။ ထိုအချိန်ကဆိုလျှင် မည်သူကမျှလည်း ဒီမိုင်းတွင်းက တစ်လောကတွင် ကျော်ကြားလာမည့် ဝု့စ်သံမဏိလက်နက်များကို ထုတ်ပေးနိုင်မည်ဟု စိတ်ကူးပင် မယဉ်ဖူးလောက်ချေ။
တစ်ထောင်သာလျှင်ရှိသော ဝု့စ်သံမဏိလက်နက်များက အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် မျက်စိကြိမ်းမတက် တောက်ပသည့် အောင်နိုင်မှုကြီးကို ဖန်တီးပေးနိုင်ခဲ့ပြီး တစ်လောကလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
သူ၏အရှေ့ရှိ မိုင်းတွင်းက အလွန်သာမာန်ဆန်သော်လည်း ဝမ်ချောင်ကသာ ဒီနေရာမှထုတ်လိုက်သော အရာက မဟာထန်ကို ဝု့စ်သံမဏိလက်နက်ထက် ပို၍အရေးပါသော တစ်စုံတစ်ရာ ထုတ်ပေးနိုင်ကြောင်း နားလည်နေသည်။
ဝမ်ချောင်က ဒီသာမာန်မိုင်းတွင်းမှ ထုတ်လုပ်ချင်နေသည်မှာ ဗဟိုပြင်ကျယ် တစ်ခုလုံး သို့မဟုတ် မဟာထန်ကြီး တစ်ခုလုံးကို ပြောင်းလဲနိုင်သည့် ဘိလပ်မြေဖြစ်သည်။
အချိန်တစ်ခုကြာအောင် ဝမ်ချောင်၏စိတ်ထဲတွင် မေးခွန်းတစ်ခုက လွန်ဆွဲနေသည်။ ဒီလောကတွင် မဟာထန် အင်ပါယာကြီးအတွက် အကြီးမားဆုံး အားသာချက်က ဘာလဲ ဒါမှမဟုတ် ထန်လူမျိုးတွေ နေထိုင်တဲ့ ဗဟိုပြင်ကျယ် တစ်ခုလုံးအတွက် အကြီးမားဆုံး အားသာချက်ကဘာလဲ။
သံသယဝင်ရန် မလိုလောက်အောင် ကျယ်ပြောသော နယ်မြေနှင့် အဆုံးအစမဲ့အောင် များပြားသည့် အရင်းအမြစ်များဖြစ်သည်။
ဒါဆိုရင် အကြီးမားဆုံးသော အားနည်းချက်ကဘာလဲ။
သူဒါကို ဝန်ခံချင်သော်လည်း ဝမ်ချောင်အနေနှင့် ကျယ်ပြောသော နယ်မြေနှင့် များပြားသည့် အရင်းအမြစ်များကို တဖန်ထပ်ပေါင်းရပေတော့မည်။
အရာအားလုံးတွင် ကောင်းကျိုး ဆိုးကျိုးရှိသည်။ မဟာထန်၏ အလွန်ကျယ်ပြောသော ပိုင်နက်နယ်မြေကြီးက အလွန်များပြားသော လူဦးရေနှင့် အလွန်များပြားသည့် အရင်းအမြစ်များကို သယ်ဆောင်ထားရသလို အလွန်လေးစားဖွယ်ကောင်းသည့် ကိုင်တွယ်နိုင်စွမ်းရည်ကိုလည်း လိုအပ်နေသေးသည်။
တစ်ချိန်ထဲတွင်ပင် ဒီကျယ်ပြောသော နယ်မြေ မြောက်များသော အရင်းအမြစ်များ၏ အဓိပ္ပာယ်က ဒီလူများနှင့် အရင်းအမြစ်များကို အချိန်အတန်ကြာ ထိန်းထားပေးနိုင်နေသည်။
“တပ်ဖွဲ့တွေနဲ့ မြင်းတွေကို စစ်တိုက်ဖို့အတွက် မစုစည်းခင် ရိက္ခာနဲ့ အသားငါးတွေကို အရင်ဆုံး ပြင်ဆင်ရမယ်”၊ “သုံးလကြာတဲ့ စစ်ပွဲအတွက် သုံးနှစ်လောက်ကြိုပြီး ပြင်ဆင်ရတယ်”
ဆိုသော ဆိုရိုးစကားများက ကြီးမားသော အားနည်းချက်ကို ထောက်ပြနေသည်။
အနောက်တောင်ပိုင်းက စစ်ပွဲတွင် မဟာထန်၏ ကြီးမား များပြားသော စစ်တပ်နှင့် မြောက်များလှစွာသော မဟာဗိုလ်ချုပ်ကြီးများစွာ ရှိနေသော်လည်း ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့က တောင်ပေါ်ဒေသမှ မြင်းတပ်နှစ်သိန်းကို ဦးဆောင်ကာ တိုက်ခိုက်လာသည့်အခါ မဟာထန်အနေဖြင့် ထိုနေရာကို တပ်ကူလွှတ်ရန် ခက်ခဲခဲ့ပြီး စစ်ကူတစ်ယောက်ကိုထုတ်ရန် မနည်းကြိုးစားခဲ့ရကြောင်း အတွေ့အကြုံ ရခဲ့ပြီးသားဖြစ်သည်။
ထိုအချက်ကြောင့်လည်း နယ်စပ်မှ အခြားသော တိုင်းတစ်ပါးသား တိုင်းပြည်ကြီးများက သူတို့၏ စစ်တပ်များကို ထိုနေရာတွင် တပ်ဆွဲထားနိုင်ခြင်းဖြစ်သည်။ သို့တိုင်အောင် ထိုသို့တပ်ဆွဲရုံသာ လုပ်နိုင်လေပြီး မဟာထန်၏ ကျယ်ပြောသော နယ်မြေထဲသို့ ဝင်ရောက်ကာ စစ်တိုက်ခိုက်ရန် ကြိုးစားသော ကိစ္စက ထိုမျှအထိ မလွယ်ကူသေးချေ။ သို့ရာတွင် မဟာထန်ဘက်ကလည်း တပ်ကူများ စုစည်းသောကိစ္စက အလွန်အမင်းခက်ခဲပြီး အချိန်ကုန်စေသော တာဝန်ကြီး ဖြစ်နေသေးပြန်သည်။
ဝမ်ချောင်ကဲ့သို့ မဟာထန်က လက်ရွေးစင်တိုင်းကို စစ်ထုတ်ပြီး တိုက်ပွဲကို ကြိုတင်ပြင်ဆင်သွားခဲ့သော လူအတွက်ပင် တောင်ပိုင်းသို့ စစ်ချီတက်ရန် တစ်လကျော် လိုအပ်ခဲ့သေးသည်။
မဟာထန်၏ ပြိုင်ဘက်များကို ထိခိုက်မည်ဆိုလျှင် မာန်ရှဲ့ကျောင်းပင်ဖြစ်စေ၊ ယွီစန်းပင်ဖြစ်စေ ထိုပြဿနာမျိုး မပိုင်ဆိုင်ထားချေ။ ခဲ့လော့ဖုန်းက ဒီစစ်ပွဲအတွက် သုံးနှစ်ကြာအောင် မပြင်ဆင်ခဲ့ရသည်မှာ သေချာလောက်သည်။
သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ဆိုလျှင် သူတို့ဆုံးဖြတ်ချက်က တောင်ပေါ်ဒေသမှ ထွက်ခွာပြီး အရှေ့ဘက်နေရာသို့ သွားမည်ဆိုသော အချိန်တခဏခန့်သာ လိုအပ်လောက်သည်လည်း ဖြစ်နိုင်သည်။ ထိုအချိန် အနည်းငယ်ကတင် တိုက်ပွဲနယ်မြေ တစ်ခုလုံး၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ရှည်ရှည်ဝေးဝေး တွေးကြည့်မည်ဆိုလျှင် အရှေ့မြောက်ပိုင်း၏ နယ်စပ်ယို့ကျိုး နယ်မြေကြီးတွင် အင်အားကြီးမားသည့် ကျန်းရှို့ကွေးကဲ့သို့ ဗိုလ်ချုပ်ကြီးတစ်ယောက်ဆိုလျှင် သူက စစ်အနုပညာကို အလွန်စွမ်းရည် ကြီးမားသည့်တိုင်အောင် ယွန်းဂယ်ဆိုမွန်၏ လက်အောက်ခံ ဂိုဂူလျော အင်ပါယာကြီးနှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွဲနေသည့်တိုင်အောင် အလွန်အမင်း ခက်ခဲကြပ်တည်းမှုကို ရင်ဆိုင်ခဲ့ရသည်။
ယွန်းဂယ်ဆိုမွန်က သုံးနှစ်ကြာအောင် ရိက္ခာများ စုစည်းရန် မလိုအပ်ခဲ့ချေ။ အချို့သော နေရာများတွင် ပြဿနာများရှိလျှင် အခြားသော နေရာများက အချိန်မရွေး တပ်ကူများ စေလွှတ်ပေးနိုင်သည်။ အချိန်လိုအပ်လောက်သော်လည်း လပေါင်းများစွာ မလိုအပ်လောက်ချေ။
အနှစ်ချုပ်ဆိုရသော် အန်းတုံကာကွယ်ရေး အဖွဲ့အစည်းကြီးက ထိုကာကွယ်ရေး တပ်ရင်းမှ စစ်သည်တော် တစ်ယောက်ချင်းစီ အင်အားကိုသာ မှီခိုရမည်ဖြစ်ပြီး အင်ပါယာကို မှီခိုနေ၍ မရခဲ့ချေ။
မဟာထန်က အင်အားအလွန် ကြီးမားသော်လည်း ပိုင်နက်နယ်မြေ အလွန်ကျယ်ခဲ့သည်။ ထို့ကြောင့် စစ်တိုက်ရန်ပြင်ဆင်သော ကိစ္စက လွယ်ကူခြင်းမရှိချေ။ အမျိုးမျိုးသော တိုင်းပြည်ပေါင်းများစွာနှင့် တိုက်ပွဲဖြစ်ရင် ပို၍ဆိုးရွားနေသည်။ ထိုသို့ဖြင့် ခုခံရသည့်ဘက်သို့သာ ရောက်သွားလေ့ရှိသည်။ ရိက္ခာများ ပို့ပေးသော ကိစ္စကလည်း နယ်မြေအလွန် ကျယ်နေသောကြောင့် တစ်နေရာနှင့်တစ်နေရာ သွားရန် ခက်ခဲခဲ့ပြန်သည်။ ထို့အပြင် အင်ပါယာကြီးအတွက် ရန်သူကို အင်အားအပြည့်အဝသုံးကာ ရင်ဆိုင်ရန်လည်း အလွန်အမင်း ခက်ခဲသည်။
ထိုအတွက်ကြောင့် မာန်ရှဲ့ကျောင်း၊ ယွီစန်း၊ အရှေ့ဘက်နှင့် အနောက်ဘက်မှ တူရကီများ ဂိုဂူလျောတို့အပြင် အလွန်ဝေးကွာသော နေရာမှ အာဘတ်ဆစ်ကယ်လီဖိတ်တို့နှင့်ပင် ရင်ဆိုင်နေခဲ့ရခြင်းဖြစ်သည်။
ဒီပြဿနာကြီးကို ဖြေရှင်းရန် ဗဟိုပြင်ကျယ်၏ နှစ်သန်းကျော် တည်ထောင်ခဲ့သည့် မင်းဆက်အချို့ကို ဆက်လက်ပြီး အဓွန့်ရှည် တည်တံ့သွားစေရန် ဖြေရှင်းရမည့်ပြဿနာက သယ်ယူပို့ဆောင်ရေး ကိစ္စတွင် ခရီးရှည်ကို ကျော်ဖြတ်သွားရသည့် သယ်ယူပို့ဆောင်ရေး ပြဿနာကြီးကို ဖြေရှင်းရမည့် အခြေအနေအပြင် ကျယ်ပြောသော နေရာများကို ကိုင်တွယ်ရန် လိုအပ်နေခြင်းဖြစ်သည်။ ထိုဘိလပ်မြေသည် ဝမ်ချောင်၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည့် တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်သည်။
လမ်းများက ချောမွေ့ပြီး ကျယ်သွားမည်ဆိုလျှင် မက်စောက်သော တောင်လမ်းကြောင်းကို သွားလာရခြင်းထက် ပို၍ပင် လွယ်ကူမြန်ဆန်သွားပေလိမ့်မည်။ ဒါက အချိန်ကုန်သက်သာသည်။ ဒီနည်းအားဖြင့် မဟာထန်၏ စစ်တပ်က တစ်နေရာမှ တစ်နေရာသို့ လွယ်လွယ်ကူကူ သွားနိုင်မည်ဖြစ်သလို မဟာထန်၏ ဟိုနေရာ ဒီနေရာများသို့လည်း လိုအပ်သည့် ရိက္ခာများကို ထပ်ခါတလဲလဲ ပို့နိုင်သလို ထိုနေရာများမှလည်း မဟာထန်မြို့တော်ကြီးထံသို့ အရင်းအမြစ်များကို ဆက်တိုက် ပို့ပေးလာနိုင်သည်။ ဒီနည်းအားဖြင့် လိုအပ်သည့် နေရာတိုင်းသို့ ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။
လမ်းအကျယ်ကို ချဲ့ခြင်းအားဖြင့် မဟာထန်၏ လူဝကြီးတစ်ယောက်က လျှင်မြန်ဖြတ်လပ်စွာဖြင့် အားကစားပြိုင်ပွဲ ဝင်နေသလိုမျိုး ခပ်မြန်မြန် လှုပ်ရှားသွားလာနိုင်ပေလိမ့်မည်။ ထို့အပြင် နယ်စပ်များမှ တိုင်းပြည်များကိုလည်း အလားတူ တည်ဆောက်သင့်သည်။ ဒီလိုအခြေအနေမျိုးကို မည်သည့်သိုင်းနှင့် သိုင်းပညာများကမှ အစားထိုး၍မရချေ။
သိုင်းများဆိုသည်မှာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီ၏ ခွန်အားသတ္တိဖြင့် ထုတ်လာရသည့် ထုတ်ကုန်တစ်ခုဟု ဆိုမည်ဆိုလျှင်ပင် ဗျူဟာကမူ အခြေအနေအားလုံးကို သုံးသပ်ကာ အာရုံစိုက် ဖြေရှင်းနိုင်စွမ်းအားဖြစ်သည်။ မည်သည့်မျိုးဆက်တွင်မဆို အခြေအနေ တစ်ခုလုံးကို ခြုံငုံသုံးသပ်ကာ ရှု့ထောင့်တစ်ခုမှကြည့်ပြီး ဖြေရှင်းနိုင်သည့် ဗျူဟာအမြင်ကို အစားထိုးနိုင်သည်ဆိုသည့် အခြေအနေမျိုး မရှိခဲ့ချေ။
သိုင်းပညာရှင်များက တစ်ယောက်တည်းနှင့် ဆယ်ယောက်ကို တိုက်ခိုက်နိုင်လောက်သည်။ သို့မဟုတ် အယောက်တစ်ရာ အယောက်တစ်ထောင် အယောက်တစ်သောင်းကို တိုက်ခိုက်နိုင်လောက်သည်။ သို့သော် ဗျူဟာအမြင်ကမူ ရန်သူအယောက် တစ်သိန်း တစ်သန်း သို့မဟုတ် ဒီထက်ပို၍ များပြားသော ပမာဏ သို့မဟုတ် အနာဂတ် နှစ်ထောင်ပေါင်းများစွာအကြာတွင် ဖြစ်လာမည့် ကိစ္စကိုပင် များစွာကြိုမြင်ကာ ဖြေရှင်းချက် ပိုထုတ်နိုင်သေးသည်။ ထို့ကြောင့် ဒီလိုအရာမျိုးကိုလည်း အစားထိုး၍မရချေ။
ဝမ်ချောင်က လမ်းပန်းဆက်သွယ်ရေးဆိုသည့် ကြီးမားသည့် ကိစ္စကြီးကို ကိုင်တွယ်ဖြေရှင်းရန် ကြံစည်ထားပြီး နယ်မြေကျယ်ပြောသည်ဆိုသော အားနည်းချက်က အင်အားကြီးမားသည့် အင်ပါယာကြီးကို ကန့်သတ်ထားသော အခြေအနေကို ဖယ်ရှားလိုသည်။ သူက အရင်းအမြစ်များ ပို့ဆောင်သည် သို့မဟုတ် တပ်ကူများ ပို့ဆောင်သည်ဆိုသော အခြေအနေမျိုးတွင် အရှိန်နှုန်းကို အဆပေါင်းများစွာ မြန်ဆန်အောင် တိုးမြှင့်လိုသည်။ ဒီနည်းအားဖြင့် ရန်သူများအားလုံးကို အားကုန်သုံးကာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ဗဟိုပြင်ကျယ်၏ မင်းဆက် အဆက်ဆက်အတွက် ဆက်တိုက် ကန့်သတ်လာသည့် ထိုကြီးမားသည့် တစ်ခုတည်းသော ပြစ်ချက်ကို ဖယ်ရှားချင်သည်။ ဒီနည်းအားဖြင့် နယ်စပ်တိုင်းတွင် လာဝဲနေသည့် ရန်သူတိုင်းကို တစ်ချက်ထဲဖြင့် ထိုးနှက်နိုင်မည်ဖြစ်သည်။
ဝမ်ချောင်က ခေါင်းလှည့်ကြည့်ကာမေးသည်။
“ငါပြောပြတဲ့ ပမာဏအတိုင်း ရောနှောတာက ဘယ်လိုနေလဲ”
“သခင်လေးကို သတင်းပို့ပါတယ်။ ကျွန်တော် ဒီပန်းရံသမားတွေ အားလုံးကို သခင်လေး အမိန့်ပေးထားတဲ့ အတိုင်း ရွှံ့စေးနဲ့ထုံးတွေကို ရောနှောခိုင်းထားပါတယ်။ သခင်လေး ရလဒ်ကို ကိုယ်တိုင်ကြည့်နိုင်ပါတယ်”
ကျောင်းကျင်းတရန်ကမူ ဝမ်ချောင်ကို ဘေးဘက်တစ်နေရာမှ သိသာထင်ရှားသည့် တူးမြောင်းတစ်ခုထံသို့ ဆင်းရန်ခေါ်သွားသည်။ ထိုဘေးပတ်ဝန်းကျင်တွင် အညစ်အကြေး အပုံငယ်လေးများ ရှိနေပြီး ဟိုနေရာ ဒီနေရာ ပြန့်ကျဲနေသည်။ တစ်ပုံချင်းစီတိုင်းက အရောင်ကွာသည်။
ဝမ်ချောင်၏ အကြည့်က ထိုအညစ်အကြေး အပုံများကဲ့သို့ အရောင်များကို ကြည့်လိုက်သည်။ ထိုအရည်ပြစ်များက ဟိုနေရာ ဒီနေရာ စွန်းထင်းနေပြီး မာကြောကုန်သည်။
“သခင်လေး သခင်လေးရဲ့ အမိန့်အတိုင်း ကျွန်တော်က ဒီပန်းရံသမားတွေကို မတူညီတဲ့အချို့နဲ့ ဒီရွှံ့စေးနဲ့ထုံးကို မတူညီတဲ့ အရင်ပုံစံတွေ ထွက်လာအောင် ရောနှောခိုင်းထားပါတယ်။ ဒါပေမဲ့ ဘယ်ရလဒ်ကမှ ကျေနပ်စရာ မကောင်းပါဘူး။ သခင်လေးကိုယ်တိုင်လည်း မြင်နိုင်ပါတယ်”
ကျောင်းကျင်းတရန်က ပြောသည်။ ကျောင်းကျင်းတရန်ကလည်း ဝမ်ချောင်ကဲ့သို့ အမတ်များ ဗိုလ်ချုပ်ပေါင်းများစွာ ပြည့်နေသည့် အသစ်စက်စက် မဟာထန်၏ လူငယ်အမတ် တစ်ယောက်ဖြစ်ပြီး သူတော်စင် ဧကရာဇ်ကပင် အနှစ်သက်ခံထားရသည့် အလားအလာကောင်းသည့် လူငယ်တစ်ယောက်က ဒီလိုအရည်အပျစ်မျိုးကို အလွန်စိုးရိမ်နေကြောင်း နားမလည်တော့ချေ။ ထို့အပြင် မိုင်းတွင်းတစ်ခုကိုပင် တူးပြီး အထူးတလည် စောင့်ကြပ်စစ်ဆေး ကြပ်မတ်ကာကွယ် ခိုင်းထားသေးသည်။ သူ့တွင်လည်း ဒီထက်ပိုပြီး အရေးကြီးသည့် ကိစ္စများကို လုပ်ရန်ရှိနေသည်မှာ သေချာသည်။ သို့ရာတွင် ကျောင်းကျင်းတရန်က ဝမ်ချောင်က အကြောင်းပြချက်မရှိ ပေါက်ကရ လိုက်လုပ်မည့် လူမဟုတ်ကောင်း ကောင်းကောင်း နားလည်သည်။ ထိုလျစ်လျူရှု့ဖွယ်ရာကောင်းသော ထိုအရည်အပျစ်များက ဝမ်ချောင်အတွက် အလွန် အရေးကြီးနိုင်သည်။ သို့့မဟုတ် အနာဂတ် အကြံအစည်များ၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်နေလောက်သေးသည်။
ထို့ကြောင့် သူ့အနေဖြင့် ဒီလိုမိုင်းတွင်းငယ်အား စောင့်ကြပ်ကာ ဦးစီးနေရသည့် ကိစ္စအပေါ် စိတ်မပါသော်လည်း ကျောင်းကျင်းတရန်အနေဖြင့် ဒီတာဝန်ကို အသိစိတ်အပြည့်ဖြင့် လုပ်ဆောင်နေသေးကာ အထွန့်တက်ခြင်းလည်း မပြုချေ။
ဝမ်ချောင်က ဘာစကားမှမဆိုချေ။ သူက ထိုနားသို့သွားလိုက်ပြီးနောက် ငုံ့ကိုင်းလိုက်ကာ မာသွားပြီဖြစ်သည့် ထိုအရည်များကို ကိုင်ကြည့်လိုက်သည်။ နဂိုက အရည်များဖြစ်သော်လည်း ယခုမာသွားပြီဖြစ်သည့် အရာများကို ကိုင်ကြည့်လိုက်သည်။ သို့သော် ထိုပျော့စိပျော့စိ အရာများက သူ၏လက်ချောင်းများတွင် ပေကျံသွားသည်။ ဝမ်ချောင်က ချက်ချင်းလိုလို မျက်မှောင်ကျုံ့လိုက်သည်။
ထိုအမှုန့်များ ထိုပျော့တွဲနေသော အရာများက လူတက်နင်းလိုက်သည်နှင့် ကြေမွသွားနိုင်သည်။ ရထားလုံး၏ အလေးချိန်ဆိုလျှင် ထည့်ပင်မပြောသင့်တော့ချေ။ ထိုဘိလပ်မြေများ၏ အရည်အသွေးက လမ်းတည်ဆောက်ရန်အတွက် လက်ခံနိုင်ခြင်း မရှိသေးချေ။ အင်ပါယာအနှံ့ သွားလာရေး မြန်ဆန်ပြီး အချိန်ကုန် သက်သာစေမည်ဆိုသော သူ၏အကြံအစည်က အကောင်အထည် မဖော်နိုင်လောက်သေးချေ။
အချိန်အနည်းငယ်ခန့် တိတ်တဆိတ် တွေးကြည့်ပြီးနောက် ဝမ်ချောင်က ဒုတိယမြောက် မာကြောနေသည့် အပုံကို တို့ထိကြည့်လိုက်သည်။ ဒီတစ်ကြိမ်တွင် ရလဒ်က ပိုကောင်းလာသည်။ ဒုတိယတစ်ပုံကပင် ယခင်တစ်ပုံထက် ပို၍မာကြောသည်။ သို့သော် မလုံလောက်သေးချေ။ အနည်းငယ် ဆွဲဆန့်လိုက်ရုံဖြင့် ကြေမွသွားနိုင်စွမ်း ရှိနေသေးသည်။ ဝမ်ချောင်က ကြယ်တာရာစွမ်းအင်ကိုပင် ထုတ်မသုံးရသေးချေ။
သူက တတိယတစ်ပုံ လေးပုံ ငါးပုံ စသဖြင့် တစ်ပုံချင်းစီတိုင်းက အနည်းငယ် ပိုမာသွားသည်။ သို့သော် ယခုထိ ပြဿနာများ ရှိနေသည်။ အချို့အပုံများက ကွဲလွယ်သည်။ အခြားအပုံများက ပျော့ပြဲနေသည်။ အများစုကမူ ဝမ်ချောင်လိုချင်သော ပမာဏနှင့် ဝေးကွာလွန်းနေသည်။
ကျောင်းကျင်းတရန်၏ အသံက ထွက်လာပြန်သည်။
“ကျွန်တော် မတူညီတဲ့ အချိုးအစားတွေနဲ့ ဒီထုံးပဲဖြစ်ဖြစ် ရွှံ့စေးပဲဖြစ်ဖြစ် ကိုယ်တိုင်ထည့်ပြီး စမ်းကြည့်ခဲ့ပြီးပါပြီ။ နောက်ပြီး အသုံးပြုတဲ့ နှုန်းပမာဏကိုလည်း ပြောင်းလဲကြည့်ပါသေးတယ်။ ကျွန်တော်တို့ အမျိုးမျိုး ထပ်ခါတလဲလဲပြောင်းပြီး စမ်းသပ်ကြည့်ခဲ့ပေမဲ့ ဘယ်ရလဒ်ကမှ ကျေနပ်စရာ မကောင်းသေးပါဘူး။ ဒီအရာတွေရဲ့ မာကြောမှုက တော်တော်လေးကို လိုအပ်ချက် ကြီးမားနေတယ်။ အများဆုံး နှစ်ရက်လောက်ဆိုတာနဲ့ သူတို့က ကွဲအက်သွားပြီး အမှုန့်တွေ ဖြစ်သွားတယ်။ သခင်လေးအခု မြင်တဲ့အတိုင်းပါပဲ”
ဝမ်ချောင်က ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။ ထိုဘိလပ်မြေ၏ တိုးတက်မှုက သူမျှော်လင့်ထားသည်ထက် ခက်ခဲရှုပ်ထွေးလွန်းနေသေးသည်။ ဒီခေတ်တွင် ဘိလပ်မြေကိုလုပ်ရန် လိုအပ်ချက်ပေါင်းများစွာ ရှိနေပြီး ဖွံ့ဖြိုးတိုးတက်အောင် သူကိုယ်တိုင်ကြိုးစားကာ ရှာဖွေသင့်သည်များရှိကြောင်း နားလည်နေသော်လည်း ဒီတာဝန်က တကယ်လုပ်ဆောင်သည်ထက် အပြောကသာ လွယ်ကူနေခြင်းဖြစ်ပြီး အမှန်တကယ် လုပ်ဆောင်ခြင်းက လိုအပ်ချက်ပေါင်းများစွာ ရှိနေသေးသည်။ အခက်အခဲများကလည်း ပါသည်။
ဝမ်ချောင်က မျက်လွှာချထားလိုက်သည်။ ကျောင်းကျင်းတရန်က ဆက်ပြောသည်။
“ဒါပေမဲ့ ဒီရွှံ့စေးကြီး တစ်ခုလုံးက အသုံးမဝင်ဘူးဆိုပေမဲ့လည်း ပန်းရံလုပ်သားတွေကတော့ ဆက်လက်ပြီး ထုံးနဲ့ရွှံ့စေး ပေါင်းစပ်လို့ရမဲ့ အကောင်းဆုံး အချိုးအစား ပမာဏကို စမ်းသပ်နေကြတုန်းပါပဲ။ ဒီအချိန် အတောအတွင်းမှာလဲ အကျိုးကျေးဇူး အများကြီး ရရှိခဲ့ပါတယ်”
ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားပြီး ခေါင်းမော့ကာ ကျောင်းကျင်းတရန်ကိုကြည့်သည်။
“မင်းပြောတဲ့ နောက်ဆုံးလုပ်တဲ့ ရလဒ်ကောင်းက ဘယ်မှာလဲ”
ဝမ်ချောင်ကမေးပြီး မတ်တပ် ထရပ်လိုက်သည်။
ကျောင်းကျင်းတရန်က တခဏခန့် အေးခဲသွားပြီးနောက် ခပ်မြန်မြန် အသိပြန်ဝင်သွားသည်။ သူက အနီးအနားရှိ မာကြောသောအပုံကိုပြသည်။ ဝမ်ချောင်က ထိုနေရာသို့ ခပ်မြန်မြန် လျှောက်သွားပြီးနောက် ငုံ့ကိုင်းလိုက်ကာ လက်ချောင်းဖြင့် ယူကြည့်လိုက်သည်။ ထိုအချိန်တွင် ထိုအရည်ပျော့များက အပုံများထက် ပိုမာသွားသည်။ အနည်းငယ် ကွဲလွယ်နေသေးပြီး ဝမ်ချောင်၏ လိုအပ်ချက်ထက် မကိုက်ညီသေးသော်လည်း တိုးတက်မှုရှိလာသည့် လက္ခဏာဖြစ်ကြောင်း သေချာနေသည်။
အခန်း(၆၈၃)
“ကျွန်တော်တို့တွေ ထုံးသုံးဆနဲ့ ရွှံ့စေးတစ်ဆပေါင်းပြီး ရောနှောပြီးနောက် ဒီလိုအကောင်းဆုံး ရလဒ်ကို ရလာတာပါ။ ဒါပေမဲ့ ဒါတောင်မှ အရင်အရည်ပျော့ပုံတွေနဲ့ ယှဉ်ဦးမယ်ဆိုရင် ခြေလှမ်းတစ်ရာ နောက်ဆုတ်သွားတဲ့ စစ်သည်တော်တစ်ယောက်ကို ခြေလှမ်းငါးဆယ် နောက်ဆုတ်လိုက်ရတဲ့ စစ်သည်တော်က ရယ်နေသလို ဖြစ်နေပါတယ်”
ကျောင်းကျင်းတရန်က လေးစားစွာပြောသည်။
ဝမ်ချောင်က ခေါင်းညိမ့်သည်။ ကျောင်းကျင်းတရန်နှင့် အဖွဲ့က ဒီကာလအတောအတွင်း သူတို့၏ လေ့လာစမ်းစစ်မှုတွင် တိုးတက်မှုများရအောင် လုပ်ဆောင်ထားနိုင်ခဲ့သည်။ သူတို့က ဒီထုံးနှင့်ရွှံ့စေး ရောနိုင်သည့် အကောင်းဆုံး အချိုးအစားကို ရှာဖွေနိုင်ခဲ့သည်။ သို့တိုင်အောင် ယခုအခြေအနေက ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း အချိုးအစားက ဒီတိုင်းသုံးသွားမည်ဆိုလျှင် မှန်ကန်နိုင်ကြောင်း နားလည်သည်။
သို့ရာတွင် လုံလောက်ရန် ဝေးကွာလွန်းနေသေးသည်။ ဝမ်ချောင်က တစ်ချိန်ထဲ လူဆယ်ယောက်ကျော်၏ အလေးချိန်ကို တောင့်ခံနိုင်မည့် ဘိလပ်မြေလမ်းမျိုး လိုအပ်နေခြင်းဖြစ်ပြီး ရင်ထောင်ပေါင်းများစွာ အလေးချိန်လည်းဖြစ်သည်။ သူ့ရှေ့မှ ထိုအရည်ပျော့ပုံကမူ ထိုသို့ မလုပ်နိုင်သေးချေ။
ပို၍ဆိုးသည်မှာ ကျောင်းကျင်းတရန်က ပြောသည့်အတိုင်း ဒီအဆင့်ကို ဖျော်ထားသည့် အရည်ပြစ် အဆင့်ဟုသာ ခေါ်၍ရလောက်သေးသည်။ တစ်စုံတစ်ရာက လိုအပ်နေသေးသည်။
ဝမ်ချောင်က မတ်တပ်ထရပ်ပြီးနောက် မေးသည်။
“ကျင်းတရန် ငါအရင်က မေးထားတဲ့ ကိစ္စတွေထဲက မင်းဘာရထားသေးလဲ”
“သခင်လေးပြောတဲ့ အဲ့ဒီလုကျောက်ဆိုတာလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သခင်လေး အမိန့်ပေးလို့ ကျွန်တော် အနောက်မြောက်ပိုင်း ပိုးသားလမ်းဝန်းကျင်က တောင်တစ်လုံးကို လူလွှတ်ခဲ့ပါတယ်။ အဲ့ဒီနောက် သခင်လေးပြောတဲ့ ကျောက်တုံးကို တူးထုတ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီလုကျောက်ဆိုတာက ဟုတ်မဟုတ် သခင်လေး အတည်ပြုပေးဖို့ လိုအပ်နေပါသေးတယ်။ တစ်ယောက်ယောက် အဲ့ဒီကျောက်ရိုင်းတုံးကို ယူလာခဲ့”
ကျောင်းကျင်းတရန်က လက်ကိုယမ်းပြီးနောက် အစောင့်တစ်ဦးက ခပ်မြန်မြန် ကျောက်ရိုင်းတုံးပါသည့် သေတ္တာတစ်ခုကို သယ်လာသည်။
အထဲတွင် နီညိုရောင် ကျောက်တုံးများကိုလည်း သူကမြင်နိုင်သည်။ ဝမ်ချောင်က စိတ်ထဲတွင် ပျော်မိသွားသည်။ ဒီလောကကြီးတွင် သဘာဝအလျောက်ပင် လုကျောက်ရိုင်းတုံးများ မရှိချေ။ ဒါက ဒီအတိုင်း အလူမီနီယမ်များဖြစ်သည်။ သို့တိုင်အောင် ဒီသိုင်းပညာရှင်များ၏ လောကတွင် သတ္တုလိုမျိုး ကြည့်ကောင်းသည့် ထိုအရာများက အလွန်ကြည့်ကောင်းနေသည်။ ထိုအလူမီနီယမ် ကျောက်ရိုင်းတုံးများ အတွက်ကမူ ရိုးရှင်းစွာဖြင့် မတည်ရှိချေ။
“ဒါဖြစ်လောက်တယ်”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး အထဲရှိအရာကို သေချာကြည့်လိုက်သည်။ အလူမီနီယမ် ကိုယ်တိုင်က နီညိုရောင် မဟုတ်ချေ။ သို့သော် သံမဏိနှင့် ရောနှောမှသာ ထိုအရောင်ထွက်ခြင်းဖြစ်သည်။ သို့ရာတွင် ဒါက အစစ်အမှန် အလူမီနီယမ်နှင့် ကွာခြားနေသေးသည်။ အရောင်ကိုကြည့်၍ အဓိပ္ပာယ်သတ်မှတ်၍ လွယ်ကူသည်။
မဟာထန်၏ခေတ်တွင် ရောနှောကာ လုပ်ဆောင်ရသည့် အလူမီနီယမ်ကဲ့သို့သော ချိတ်ဆက်မှုများက မရှိချေ။ ကျောင်းကျင်းတရန် ပြောသလိုမျိုး လူအများစုက ဒီစကားလုံး နှစ်လုံးကို မှားယွင်းလေ့ရှိသည်။ ထိုသို့ဖြင့် စိတ်ရှုပ်ထွေးသွားကြသည်က များသည်။ သို့သော် ဝမ်ချောင်အတွက်မူ ဒါက အလွန်အလျဉ်းသင့်သည့် ကိစ္စမျိုးဖြစ်နေသေးသည်။ ဆိုလိုသည်မှာ ဒီခေတ်မှ အလူမီနီယမ်များကို သူ့ထက်ပိုပြီး မည်သူကမျှ နားမလည်လောက်ချေ။ ဝမ်ချောင်က ကျောင်းကျင်းတရန်ကို ထိုအလူမီနီယမ်ကို ရှာဖွေခိုင်းသည့် အတွက်မူကား အလွန်ရိုးရှင်းသည်။ ဝမ်ချောင်က ထိုအလူမီနီယမ် အမှုန့်များကို ဘိလပ်မြေထဲသို့ ရောရန် ကြံစည်ထားခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် ပို၍မာကြောသွားပေလိမ့်မည်။
ဘိလပ်မြေက ထုံးနှင့်ရွှံ့စေးမှရလျှင် အခြေခံဘိလပ်မြေသာ ဖြစ်နိုင်သည်ဟု တစ်စုံတစ်ယောက်က ပြောလာမည်ဆိုလျှင် အလူမီနီယမ်နှင့် ကျောက်ရိုင်းတုံး ပေါင်းစပ်ထားပြီး ရလာမည့် ဘိလပ်မြေက ပို၍အရည်အသွေးမြင့်သွားပြီး ဘိလပ်မြေပုံသဏ္ဍန် အစစ်အမှန် ပေါ်လုနီးပါး ဖြစ်လာပေလိမ့်မည်။
ဘန်း
လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်ပြီးနောက် ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်လာသည်။ ဝမ်ချောင်က ချက်ချင်းလိုလို သေတ္တာထဲရှိ ကျောက်ရိုင်းတုံးများကို အမှုန့်များအဖြစ် ပြောင်းလဲလိုက်သည်။
“သခင်လေး”
ဝမ်ချောင်၏လုပ်ရန်က မမျှော်လင့်ထားသဖြင့် ကျောင်းကျင်းတရန်ကပင် အံဩသွားရသည်။
“ကျင်းတရန် ပန်းပဲဆရာတွေ အားလုံးကို ခေါ်လိုက်ပြီး မင်းပြောတဲ့အတိုင်း ထုံးနဲ့ရွှံ့စေးကို သုံးချိုးတစ်ချိုး ရောနှောခိုင်းလိုက်ပါ။ အဲ့ဒီနောက် ဒီလုကျောက်ရိုင်းတုံး အမှုန့်တွေကို ထပ်ထည့်လိုက်။ အိုး မင်းရေထည့်တဲ့ ပမာဏကိုလည်း သတိထားအာရုံစိုက်ဦး။ ရေများသွားရင် ဒီပစ္စည်းက ပျော့သွားလိမ့်မယ်။ ဒီတော့ ရေသင့်တော်တဲ့ ပမာဏထည့်ဖို့ လေ့လာစမ်းသပ်ရမယ်”
လက်ထဲမှ အမှုန့်များကို ခါချပြီးနောက် ဝမ်ချောင်က မတ်တပ်ထရပ်လိုက်သည်။
ယခုအခါသူက သူ၏မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေကြည့်နေပြီဖြစ်သည်။ ဝမ်ချောင်အနေဖြင့် တစ်စုံတစ်ရာ လိုနေကြောင်း နားလည်လိုက်သည်။ ဒီထုံးနှင့်ရွှံ့စေးအပြင် ရေထည့်သော ပမာဏကလည်း အရေးကြီးသည်။ ဒီနည်းအားဖြင့် ဘိလပ်မြေ၏ အချိုးအစား သက်ရောက်မှုကို ပြောင်းလဲစေနိုင်စွမ်းရှိသည်။ မည်သို့ပင်ဆိုစေ အကောင်းဆုံးဘိလပ်မြေတောင်မှ ပင်လယ်ထဲသို့ ထည့်လိုက်လျှင် အရည်ပျော်သွားနိုင်လေသည်။ ထို့ကြောင့် သိပ်သည်းဆက အလွန်အရေးကြီးသည်။
ကျောင်းကျင်းတရန်၏ လက်အောက်မှ ထိုပန်းပဲဆရာများအားလုံးက ထိုကဏ္ဍကို မေ့လျော့နေကြခြင်းဖြစ်သည်။
“ဟုတ်ကဲ့သခင်လေး”
ကျောင်းကျင်းတရန် မျက်လုံးထဲတွင်လည်း သံသယများက ပြည့်နှက်သွားသည်။ သို့သော်သူက ခေါင်းညိမ့်လိုက်သည်။ ဝမ်ချောင်၏ အမိန့်အတိုင်း သူက မလွှဲမသွေ လိုက်နာမည်ဖြစ်သည်။
မိုင်းတွင်းထဲမှ ပန်းပဲဆရာများ အားလုံးက ချက်ချင်းလိုလို စတင်ကာ အလုပ်လုပ်ကြသည်။
ဝမ်ချောင်က ပို၍များပြားသော အလူမီနီယမ် ကျောက်ရိုင်းတုံး သေတ္တာများကို ယူဆောင်လာစေပြီး အားလုံးကို အမှုန့်အဖြစ် ပြောင်းလဲသည်။ သူက မိုင်းတွင်းတွင် ဆက်နေပြီးနောက် ကိုယ်တိုင်ကိုယ်ကျပင် ဖြစ်စဉ်ကို စောင့်ကြည့်သည်။ ဒီနည်းအားဖြင့် အမှုန့်များတွင် ရေများရောနှောသည့် ပမာဏများ အားလုံးကို လိုက်ကြည့်ပေးသည်။
ရောနှောကာ မွှေနှောက်သော ဖြစ်စဉ်က အချိန်လိုသည်။ မည်သို့ပင်ဆိုစေ ထိုအရည်ပျော့ပုံ အပုံလေးဆယ် ငါးဆယ်ခန့်ကို မတူညီသော အချိုးများဖြင့် ပြောင်းလဲကာ လုပ်ဆောင်ထားပြီးနောက် မိုင်းတွင်းထဲတွင် ရောနှောကာ မွှေနှောက်နေရခြင်းဖြစ်သည်။ သို့သော် အချို့နေရာ အပိုင်းများကမူ မာကြောလာလေပြီ။ ထိုလိုအပ်ချက်က အချိန်မဟုတ်ဘဲ စောင့်ဆိုင်းရမည့် အချိန်ကာလဖြစ်သည်။
ဝမ်ချောင်က အလွန်စိတ်ရှည်သည်။ သူက မိုင်းတွင်းတွင် တိတ်တဆိတ်သာ ရပ်၍စောင့်ဆိုင်းသည်။ ဝမ်ချောင်က ထိုဘိလပ်မြေကို သံမဏိမြို့လောက် အရေးကြီးသည်ဟု သတ်မှတ်ထားသည်။ သို့မဟုတ် ထိုထက်ပို၍ အရေးကြီးသည်ဟု သတ်မှတ်ထားခြင်းဖြစ်လောက်သည်။ ဒါက ဒီအင်ပါယာ တစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့် ယစ်ပုလ္လင်ကြီးနှင့်လည်း တူနေသည်။
တစ်နာရီခန့် ကြာပြီးနောက်...
ဝမ်ချောင်၏ရှေ့မှ ဘိလပ်မြေနယ်နေသည့် ပန်းရံသမားများထဲမှ တစ်ယောက်က ရုတ်တရက် လှမ်းအော်သည်။
“သခင်လေး အချိန်ကျပြီ”
“အင်း”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး စတင်ကာ အလုပ်သမား တစ်ယောက်ထံ အမူအရာ ပြလိုက်သည်။ ထိုအလုပ်သမားကလည်း နားလည်သည်။ သူက ချက်ချင်းလိုလို ပထမဦးဆုံး ရွှံ့စေးနှင့် ထုံးကျောက်ရောထားသည့် အရည်ပျစ်အပုံ ရသွားသည်။ တစ်ချက် ထိုးယူကြည့်ပြီးနောက် စိတ်လှုပ်ရှားဟန်ဖြင့် သူကခေါင်းလှည့်ကြည့်သည်။
“ကျွန်တော် မယုံနိုင်တော့ဘူး သခင်လေး သတင်းကောင်းပဲ။ ဒီလုကျောက်ရိုင်းတုံး အမှုန့်ကိုထည့်လိုက်တော့ အရင်ထက်ပိုပြီး အများကြီးမာသွားပြီ”
ထိုအလုပ်သမားက စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်နေသည်။
ထိုစကားများက ထိုအပုံပတ်ဝန်းကျင်တွင် ရှိနေသည့် ပန်းရံသမားများ အားလုံးကို ပျော်ရွှင်သွားစေသည်။ သူတို့က နေ့တိုင်းလိုလို ဒီအရည်ပျစ်ပုံများနှင့် ပတ်သတ်ပြီး လေ့လာစမ်းသပ်နေကြသည်။ ထို့ကြောင့် အမြဲတမ်းလိုလို ထိုလေ့လာစမ်းသပ်မှုများက ကျရှုံးနေခဲ့သည်။
ဒါကို ဒီအရည်ပျော့ပုံက မာကြောလာတယ်ဆိုတာကို သိရတော့ သူတို့ဘယ်လို စိတ်မလှုပ်ရှားဘဲ နေမှာလဲ။
“သခင်လေး ဒါက အံ့ဩစရာကောင်းတဲ့ ကိစ္စပဲ။ ကျွန်တော်တို့ကသာ ဒီလိုအရည်ပျစ်မျိုးကို ပိုင်ဆိုင်မယ်ဆိုရင် အနာဂတ်မှာ ပစ္စည်းတွေကို တည်ဆောက်တဲ့အခါ ပိုပြီးလွယ်ကူသွားပြီ”
ထိုအလုပ်သမားက ချက်ချင်းလိုလို မာကြောနေသည့် ထိုအရည်ပျစ်ကို လှမ်းကိုင်လိုက်ပြီးနောက် ဝမ်ချောင်ကိုပြသည်။ သူ၏မျက်နှာတွင် မျှော်လင့်ချက်က တောက်ပနေသည်။ ချက်ချင်းလိုလိုသူက ဒီအရာက တည်ဆောက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာကြောင်း ချက်ချင်းလိုလို နားလည်လိုက်သည်။
သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က အနည်းငယ် မျက်မှောင်ကျုံ့ခြင်းဖြစ်သည်။ ထိုအရည်ပျစ်များက အနည်းငယ် ကျေနပ်စရာ ကောင်းလာသော်လည်း ဝမ်ချောင်က လိုချင်သည်မှာ ကွာခြားနေသေးသည်။
ထိုအလုပ်သမားက ထိုမာကြောသော အရည်ပျစ်များကို ကိုင်နေရင်းမှ ချက်ချင်းလိုလို ဒီစမ်းသပ်မှုက ကျရှုံးပြန်ကြောင်း သိနိုင်သည်။ ဒီအရည်ပျစ်များက အလွန်မာကြောလာသော်လည်း ဝမ်ချောင်က လိုချင်သော ဘိလပ်မြေဖြစ်ရန် အားနည်းလွန်းနေသေးသည်။
လူတစ်ယောက်က လက်တစ်ဖက်ဖြင့် ထိုအရာကို ထိုးဆွ၍ရမည်ဆိုလျှင် ရထားလုံးတစ်စီး၏ အလေးချိန်ကို ခံနိုင်မည်မဟုတ်ချေ။
“နောက်တစ်ပုံကိုစမ်းကြည့်”
ဝမ်ချောင်၏စကားက ချက်ချင်းလိုလို ထွက်လာသည်။ ဒီနည်းအားဖြင့် စိတ်လှုပ်ရှားနေသည့် လူအုပ်၏ တက်ကြွမှုကို ဖိနှိပ်လိုက်သည်။ ဒုတိယတစ်ပုံကို စမ်းကြည့်လိုက်သည်။ ထို့နောက် တတိယတစ်ပုံ ထိုသို့ဖြင့် အလူမီနီယမ်အမှုန့်ထည့်သော ပမာဏက များသထက်များလာပြီး ကြမ်းတမ်းမှုကလည်း မြင့်သထက် မြင့်လာသည်။ ငါးပုံမြောက်တွင် လက်နှစ်ဖက်လုံးဖြင့် ထိုးသည့်ဒဏ်ကို ခံနိုင်လုနီးပါး ဖြစ်လာသည်။
ဒီမိုင်းတွင်းထဲတွင် ရှိသည့်လူအုပ်က အလွန်စိတ်လှုပ်ရှားနေသည်။ သို့သော် ထိုအရည်ပျစ်များက မာသထက် မာလာကြောင်း မြင်ရပြီး တိုးတက်မှုက များသထက် များလာကြောင်း မြင်ရသောအခါ တဖြည်းဖြည်းချင်း တိတ်ဆိတ်သွားကြသည်။
အစပိုင်းတွင် သူတို့က ဒီလိုရောနှောသည့် လုပ်ငန်းအပေါ် သံသယဝင်ခဲ့ကြသည်။ သို့သော် မည်သူကမျှ ဘာမှမပြောခဲ့ကြချေ။ ဝမ်ချောင်က ယခုထုတ်ပြလာသော အခြေအနေအရ ထိုပန်းပဲဆရာများအတွက် သူ့တစ်ဘဝလုံးစာ သစ်သားအုပ်များကိုသုံးကာ အလုပ်လုပ်ခဲ့ရသော အတွေ့အကြုံများ အားလုံးကို မေ့ပျောက်လောက်အောင် အံ့အားသင့်ဖွယ် အခြေအနေမျိုးကို တွေးမိသွားစေသည်။
မည်သူကမျှလည်း မဟာထန်၏ လူငယ်အမတ်က တိုက်ပွဲနယ်မြေတွင် ဆရာသခင်အဆင့် ဗျူဟာပညာရှင် ဖြစ်ရုံသာ မကသေးလေဘဲ မယုံနိုင်စရာ ကောင်းလောက်အောင် အလားအလာကောင်းသည့် တည်ဆောက်သူတစ်ယောက် ဖြစ်နေမည်ဟု မထင်ထားကြချေ။ ထုံးနှင့်ရွှံ့စေးကို အလွယ်တကူ ရောနှောရုံဖြင့် ဘာမှမဟုတ်သော အရာများသာ ဖြစ်လာလောက်သော်လည်း လူငယ်အမတ်၏ လက်ထဲတွင်မူ ကျောက်တုံးလိုမာကြောသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် မဟာအမတ်က မည်သည့်နေရာကမှန်းမသိ ရလာသော ပစ္စည်းမျိုးကိုလည်း ထည့်သုံးရသေးသည်။
ထိုပန်းပဲဆရာများက တဖြည်းဖြည်းချင်း ဒီလူငယ်အပေါ် လေးစားမှုက ပြင်းထန်လာသည်။ ထိုအချိန်တွင် ဝမ်ချောင်က စစ်ပွဲနယ်မြေတွင် အင်အားအပြည့် ထုတ်ပြနိုင်မည့် သူရဲကောင်းတစ်ယောက်ဆိုသည်ထက် နေရာတိုင်းတွင် အလွန်တော်သည်ဆိုသော ပုဂ္ဂိုလ်ကြီးအဖြစ် သူတို့က ရှု့မြင်လာကြသည်။
သံချပ်ကာအပြည့် ဝတ်ဆင်ထားသည့် ထောင်ထောင်မောင်းမောင်း အစောင့်တစ်ယောက်က ဝမ်ချောင်၏ အနားသို့ လျှောက်လာပြီးနောက် ဩရှသည့်လေသံဖြင့်ပြောသည်။
“သခင်လေး ကျွန်တော်တို့ စမ်းကြည့်ပြီးပါပြီ။ ဒီရွှံ့စေးအပုံက အကြမ်းအခံဆုံးပါပဲ။ ဒါက ကျင်ရှစ်ရာရဲ့ အလေးချိန်ကို ခံနိုင်တယ်။ သာမာန်လူတစ်ယောက်ဆိုရင် ဒါကို ကျိုးပဲ့အောင် မလုပ်နိုင်ဘူး။ စစ်သည်တော်တွေပဲ လုပ်နိုင်လောက်တယ်”
ထိုအစောင့်၏ စကားက လူအုပ်ထံမှ စိတ်လှုပ်ရှားအော်ဟစ်သံများကို ထွက်ပေါ်လာစေသည်။ သူတို့အနေဖြင့် ဒီအရင်းအမြစ်များကို ဆက်တိုက် ရောနှောနေခဲ့ရသဖြင့် ဒီအရင်းအမြစ်များကို ဆက်တိုက် ရောနှောနေခဲ့ရခြင်း ဖြစ်နေသည့်တိုင်အောင် ကျင်ရှစ်ရာဆိုသော ပမာဏက ယုံကြည်ရန် ခက်ခဲသည်။ ထိုကုန်ပစ္စည်းက အရည်ပြည့်ဟုပင် ခေါ်၍မရလောက်တော့ချေ။
ဒီလောကရှိ မည်သည့်အရည်ပြည့်ကမှ ထိုမျှအထိ မာကြောနေမည်မဟုတ်ချေ။ ဒါက ကျောက်တုံးတစ်တုံး၏ မာကြောမှုနှင့် ယှဉ်နိုင်နေမည်ဖြစ်သည်။ မိုင်းတွင်းထဲမှ လူတိုင်းက ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကြသည်။ ကျောင်းကျင်းတရန်၏ မျက်လုံးကပင် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
သူကိုယ်တိုင်လည်း ဒီမိုင်းတွင်းကို အချိန်တစ်ခုကြာ ဝမ်ချောင်ရုတ်တရက် လာလည်သောကိစ္စက ဒီအရည်ပျစ်ကို အရည်ပျစ်ဟု ခေါ်၍မရလောက်အောင် ကြမ်းတမ်းမာကြောသွားစေသည့် အဆင့်သို့ရောက်အောင် လုပ်နိုင်လိမ့်မည်ဟု မထင်ထားမိချေ။
“ကျင်ရှစ်ရာ ကောင်းကောင်း လုံလောက်တယ်”
ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် ခေါင်းညိမ့်သည်။
ကျင်ရှစ်ရာက လူသန်မာကြီးတစ်ယောက်ကိုပင် ဒီအရည်ပျစ်များကို ဖျက်ဆီးနိုင်စွမ်းအား မရှိဟု ဆိုလိုနေသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်က လိုအပ်သည့် ဘိလပ်မြေ အရည်အသွေးနား နီးကပ်လာပြီဖြစ်သည်။
မာကြောမှုက ကျင်ထောင်ပေါင်းများစွာသို့ ရောက်ရှိရန် ဝေးကွာသေးသော်လည်း ယခုပမာဏကတင် လုံလောက်နေပြီဖြစ်သည်။
မြစ်၏သဲ ကြိတ်ထားသော ကျောက်သားများနှင့် အချို့သော သံဘားတိုင်များကို ဒီဘိလပ်မြေထဲသို့ ရောနှောလိုက်မည်ဆိုလျှင် ထိုကဲ့သို့သော လမ်းကြီးက ကျင်ထောင်ပေါင်းများစွာ၏ အလေးချိန်ကို ခံနိုင်မည်ဖြစ်ပြီး ဒုက္ခရောက်စေမည်လည်း မဟုတ်ချေ။
ဝမ်ချောင်က အနီးအနားရှိ ဘိလပ်မြေအပုံသို့ သွားကြည့်လိုက်ပြီးနောက် ရယ်လိုက်သည်။
ဒါက မှန်ကန်တဲ့ အချိုးအစားများ ထည့်ထားတဲ့ ဘိလပ်မြေပုံကြီးဖြစ်သည်။ သူက အကြံအစည် တစ်ခုကိုပင် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ပြီးလေပြီ။ ယခုအချိန်ကာလက လူအရင်းအမြစ်များသုံးကာ အကြီးအကျယ် မိုင်းတူးပြီး ရွှံ့စေးနှင့် ထုံးပမာဏမြောက်များစွာ တူးဖော်ရရှိရန် ကြိုးစားရန် ထို့နောက် အလူမီနီယမ် ကျောက်ရိုင်းမိုင်းတွင်းပေါင်း များစွာကို တူးထုတ်ရန်ဖြစ်သည်။ ထို့အပြင် မြစ်သဲနှင့် ကြိတ်ချေထားသော ကျောက်တုံးပမာဏ အမြောက်အများ လိုအပ်နေသေးသည်။ ထို့အပြင် ပန်းပဲကလန်များနှင့် အမျိုးမျိုးသော ပန်းပဲစံအိမ်များမှ လက်နက်သွန်းလုပ်သည့် သံမဏိ ဘားတိုင်ကြီးများလည်း လိုအပ်နေသေးသည်။
ထိုကိစ္စများနှင့်ဆိုလျှင် ဒီလောကတွင် ကြီးမားပြီး သွားလာရလွယ်ကူသော လမ်းကြောင်းကြီးကို တည်ဆောက်ရန် မခက်ခဲနိုင်လောက်တော့ချေ။ အနာဂတ် မဟာထန်က ကျယ်သော်လည်း သွားလာရ လွယ်ကူပြီး နယ်စပ် နေရာများထံသို့ အချိန်တိုနှင့် ရောက်သွားနိုင်သည့် အင်အားကြီး တိုင်းပြည်ကြီးတစ်ခု ဖြစ်လာရစေပေမည်။ ဒီနည်းအားဖြင့် ရှေ့တန်းမှ မည်သည့်အန္တရာယ်ကိုမဆို အချိန်မီ တုန့်ပြန်နိုင်စွမ်းအား ရှိလာပေလိမ့်မည်။
ထိုကိစ္စကြီးက ဗဟိုပြင်ကျယ်ကို နောက်နှစ် သန်းပေါင်းများစွာ ကြာသည်အထိ အဓွန့်ရှည်တည့်တံ့အောင် လုပ်နိုင်စွမ်းအား ရှိပေလိမ့်မည်။
ထိုအတွေးက သူ၏စိတ်ထဲ ဝင်ရောက်လာသည်နှင့် ရုတ်တရက် ဘန်းကနဲ မြည်သံက ထွက်လာသည်။
“အသုံးပြုသူက ဒီတာဝန်ကို ဖွင့်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါကတော့ ‘အင်ပါယာရဲ့ အမျက်ဒေါသ’ ဖြစ်ပါတယ်”
“ဖြတ်သွားဖြတ်လာ လုပ်နိုင်တဲ့ လမ်းတွေဆိုတာက ကမာ္ဘမြေပေါ်က သွေးကြောတွေလိုပဲ။ နယ်မြေတွေအားလုံးကို ကျော်ဖြတ်သွားလာနိုင်ဖို့ အထောက်အကူ ပြုပေးတယ်။ ဒီတော့ ကျယ်ပြောတဲ့စနစ် ကျယ်ပြန့်တဲ့ နယ်မြေကြီးကလည်း ဒီလိုကြီးမားတဲ့ ရှေးဟောင်းတိုင်းပြည်ကြီးကို နောက်ပြန်ဆွဲထားနိုင်သေးတယ်။ ဒါက ခြင်္သေ့တစ်ကောင်ကို အိပ်ပျော်အောင် လုပ်ထားသလိုပဲ။ ဒါပေမဲ့ တစ်ရက်မှာ အဲ့ဒီခြင်္သေ့က နိုးလာခဲ့ပြီး အမျက်ဒေါသအပြည့်နဲ့ ဟိန်းဟောက်လိုက်တဲ့အခါ ကောင်းကင်က တသိမ့်သိမ့် တုန်သွားလိမ့်မယ်။ ဒီတော့ အသုံးပြုသူက ဘိလပ်မြေကို သုတေသနလုပ်ပြီး ရှာဖွေလိုက်နိုင်တဲ့အတွက် အင်ပါယာရဲ့ ဒေါသလမ်းကို ဖွင့်လိုက်နိုင်တယ်”
“ဘိလပ်မြေဆိုတာက အင်ပါယာရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ လက်နက်ကြီးတစ်ခုပဲ။ အသုံးပြုသူက ဒီလိုရှာဖွေ တွေ့ရှိသွားတဲ့အတွက်ကြောင့် ကံကြမ္မာမှတ် တစ်ထောင်ကို ဆုလဒ်အဖြစ် လက်ခံရရှိပါတယ်”
ကံကြမ္မာကျောက်တုံးမှ ခံစားချက်မဲ့သော အသံက ဝမ်ချောင်၏ စိတ်အတွင်း သိသာထင်ရှားစွာ ပေါ်ထွက်လာသည်။
****684 တပိုင်းကျော်ရိုက်မိလို့ပါ
ဒီနေ့ည 690ထိတင်ပေးပါမယ်။
အခန်း(၆၈၄)
ဝမ်ချောင်ကိုယ်တိုင် နားမလည်နိုင်အောင် ဖြစ်သွားသော်လည်း သူက လျှင်မြန်စွာဖြင့် ဖျော့တော့စွာ ပြုံးပြလိုက်သည်။
အနောက်တောင်ပိုင်းက စစ်ပွဲဆိုသည့် ကံကြမ္မာကျောက်တုံးက ပေးသည့် စစ်ဆေးမှုကို အောင်မြင်အောင် လုပ်လိုက်နိုင်ပြီး ကံကြမ္မာကို ထိန်းချုပ်နိုင်သူ ဖြစ်လာခဲ့ပြီးကတည်းက ပထမဦးဆုံးအကြိမ် ကံကြမ္မာကျောက်တုံးက သူ့ကိုတဖန် ဆုလဒ်ချီးမြင့်ခြင်းဖြစ်သည်။ ဝမ်ချောင်အနေနှင့် ကံကြမ္မာစွမ်းအင် အမှတ် မြောက်များစွာ ပိုင်ဆိုင်ထားပြီးသည့်တိုင်အောင် တစ်ထောင်ဆိုသော အမှတ်ပမာဏကလည်း များပြားနေသေးသည်။
ငါဒီကံကြမ္မာစွမ်းအင်တွေကို သိန်းထားရမယ်။ အနာဂတ်မှာ စွမ်းအင်သိုင်းတွေနဲ့ စွမ်အားတွေရဲ့ လျို့ဝှက်ချက်ကို နားလည်ဖို့ လိုလာတာနဲ့ တဖြည်းဖြည်း ဒီအမှတ်တွေကို ဆုလဒ်တွေအတွက် လဲလှယ်ရမယ်။ ဒီလိုနဲ့ ငါဒီအမှတ်တွေကို အသုံးပြုဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေရမယ်။
ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။
သူက ကံကြမ္မာကို ထိန်းချုပ်သူအဖြစ် ရာထူးတိုးပြီးကတည်းက ကံကြမ္မာကျောက်တုံးက သူ့အတွက် ဆုလဒ်များကို ရယူခွင့် ရရှိနိုင်ခွင့် ရှိလာအောင် လမ်းဖွင့်လှစ်ပေးခဲ့သည်။ သို့ရာတွင် ဝမ်ချောင်အနေနှင့် သူတို့၏ အသုံးဝင်ပုံများ၊ အသုံးပြုပုံများ စသဖြင့် အကြောင်းအရာတို့ကို နားမလည်နိုင်ချေ။ ထို့ကြောင့် သူက မည်သည့်ဆုလဒ်နှင့်မျှ မလဲလှယ်ခဲ့ရချေ။
“အခုကတော့ အဆင်ပြေနေပါသေးတယ်။ ဒီစီမံကိန်းမှာ ပါဝင်တဲ့လူတွေ အားလုံး ရွှေသားသုံးရာစီ ဆုချီးမြှင့်ခံရမယ်။ ကျင်းတရန် ငါဒီကိစ္စကိုတော့ မင်းနဲ့ပဲ လွှဲထားလိုက်တော့မယ်”
“ဟုတ်ကဲ့သခင်လေး”
အရာအားလုံးကို ကိုင်တွယ်ပြီးနောက် ဝမ်ချောင်က မိုင်းတွင်းမှ ခပ်မြန်မြန် ထွက်ခွာသွားသည်။
ဝမ်ချောင်က သဲ၊ ကြိတ်ချေထားသော ကျောက်သား၊ ထုံးနှင့် ရွှံ့စေးများ အမြောက်အများကို စုဆောင်းကာ လမ်းများပြင်ဆင်ရန် ကြိုးစားနေသည်ဆိုသော သတင်းက ပျံ့နှံ့သွားသောအခါ မြို့တော်ကြီးတစ်ခုလုံးက ပို၍ပင် စည်ကားသက်ဝင်လာသည်။ လက်ရှိအချိန်တွင် ဒီမြို့တော်ထဲတွင် ဝမ်ကလန်က အာရုံအစိုက်ခံရဆုံးဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိလာလေသည်။
ပိုင်နက်နယ်မြေ ကိစ္စက ဝမ်ချောင်ကို လူအများအား သူ၏လှုပ်ရှားမှုတိုင်းကို အာရုံစိုက်မိစေခဲ့သည်။
မဟာထန်အင်ပါယာကြီးထဲတွင် လမ်းပြင်ကာ တံတားဆောက်သည်ဆိုသော ကိစ္စက ကိစ္စကြီးမဟုတ်ချေ။ ကြွယ်ဝသော ကလန်တိုင်းက ထိုကဲ့သို့သော အရာမျိုးကို လုပ်တတ်သည်။ သို့သော် ဝမ်ချောင်က ဒီစီမံကိန်းတွင်း မြုပ်နှံထားသော ရန်ပုံငွေပမာဏကမူ မတူညီသော ကိစ္စတစ်ခုအဖြစ် ရှု့မြင်စေရန် လုံလောက်သွားသည်။
ထို့အပြင် ဝမ်ချောင်က ပိုင်ကလန်၊ ကျောင်းကလန်၊ ရှု့ကလန်နှင့် အခြားသော မြို့တော်အတွင်းမှ ကျော်ကြားသည့် ကလန်ပေါင်း မြောက်များစွာကို ဒီစီမံကိန်းအတွင်း ပါဝင်လာအောင် ဆွဲသွင်းနိုင်ခဲ့သေးသည်။
ထိုအချိန်တွင် ပိုင်ကလန်ပင်ဖြစ်စေ၊ ကျောင်းကလန်ပင်ဖြစ်စေ ဘိလပ်မြေခင်းသော လမ်းဆိုသည်မှာ ဘာမှန်းမသိသေးသည့်တိုင်အောင် ဝမ်ချောင်က ပြောလာကတည်းက သူတို့ကဒါကို လက်ခံရန် ကြိုးစားရမည်ဖြစ်သည်။
“လင်းအာ ဝမ်ကလန်က ဘာလုပ်ချင်တာလဲ”
“ထုံးနဲ့ရွှံ့စေးက ကိစ္စကြီးမဟုတ်သေးဘူး။ ဒါပေမဲ့ ဒါတွေက လမ်းတည်ဆောက်တာနဲ့ ဘယ်လိုများ ပတ်သတ်နေလို့လဲ”
“ငါတို့ရဲ့ပိုင်ကလန်က လုပ်ငန်းကြီးပေါင်း မြောက်များစွာကို ပိုင်ဆိုင်ထားတာ။ ငါတို့က ပိုက်ဆံ ထပ်မထည့်နိုင်တာမှ မဟုတ်တာ။ ဒါပေမဲ့ ဒီတိုင်း လမ်းပြင်တာနဲ့ဒါက ဘယ်လိုပတ်သတ်နေလဲဆိုတာကိုပဲ သိချင်တာ။ ငါတို့ရဲ့ပိုင်ကလန်က မြို့တော်မှ ကျော်ကြားတဲ့ အထက်တန်းလွှာ ကလန်ကြီးတစ်ခုပဲ။ ဒီစီမံကိန်းထဲမှာ ပါဝင်ပတ်သတ်သွားရင် ငါတို့ရဲ့ အိမ်တော်စုအပေါ် ကြီးမားတဲ့ အရှက်တရားကို သယ်ဆောင်လာသလို ဖြစ်မှာကိုပဲ စိုးရိမ်ရတယ်”
ပိုင်ကလန်၏ ခြံဝင်းတစ်ခုအတွင်း လူလုပ်ထားသော တောင်တန်းအတု၊ ရေကန်အတုနှင့် ဥယျာဉ်များ၏အလယ်တွင် ရှိနေသည့် မေဘယ်ကျောက်သား စားပွဲတစ်လုံးတွင် ထိုင်နေသော ပိုင်ကလန်မှ အကြီးအကဲများက ပိုင်စစ်လင်နှင့်အတူ ထိုအကြောင်းအရာကို အကြိတ်အနှယ် ဆွေးနွေးနေသည်။
ယခင်ကဆိုလျှင် ပိုင်စစ်လင်က ဝမ်ချောင်က ထုံးနှင့်ရွှံ့စေး အမြောက်အများကို စုစည်းနေသည်ဆိုသော ကိစ္စအကြောင်းကို ထည့်ပြောသောအခါ ပိုင်ကလန်ကလည်း ဝမ်ချောင်၏ အကြံအစည်ကြီး၏ အုတ်မြစ်တွင် ဝင်ရောက်နိုင်သော ပြောင်မြောက်သည့် အခွင့်အရေးကြီးအဖြစ် လက်ခံယုံကြည်ခဲ့သည်။
မြို့တော်အတွင်းရှိ ဓားပန်းပဲကလန်များ ဆိုင်များက ဝမ်ချောင်အတွက် သတ္တုနှင့် ပတ်သတ်သော ပစ္စည်းအမြောက်အများ အလုံးအရင်းဖြင့် သွန်းလုပ်ပေးနေကြောင်း သိရသောအခါ မဟာထန် အင်ပါယာကြီးတစ်ခုလုံးက (၁၇)နှစ်အရွယ် ထိုလူငယ်လေးကို နတ်ဘုရားသဖွယ် စတင်ကာ သတ်မှတ်လာခဲ့သည်။
လက်ရှိအချိန်တွင်ဆိုလျှင် မရေမတွက်နိုင်အောင် မြောက်များလှစွာသော ကလန်များက သူနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားချင်နေကြသည်။ အနောက်တောင်ပိုင်းက စစ်ပွဲ အတောအတွင်းကနီးတူ သူတို့က သူ၏ တောက်ပလွန်းသော အောင်မြင်မှုကို ဝေမျှခံစားလိုကြသည်။ သို့သော် ဒီတစ်ကြိမ် ဝမ်ချောင်က လမ်းပြင်ရန်အတွက်ကြောင့်နှင့် ရွှံ့စေးနှင့်ထုံး အမြောက်အများ စုစည်းနေသည်။ ထိုကိစ္စက အလွန်အမင်း ကြောင်တောင်တောင်နိုင်နေသည်။
ဝမ်ကလန်ဟာ အင်ပါယာ၏ ထိပ်တန်းကလန်ကြီးများထဲမှ တစ်ခုဖြစ်သည်။ ဒီကိစ္စတွင် ပါဝင်ပတ်သတ်လိုက်လျှင် သူတို့၏ ဂုဏ်အဆင့်အတန်းက ကျဆင်းသွားနိုင်သည်။ အခြားသော အထက်တန်းလွှာများကို မျက်နှာပြရန်ပင် ရှိတော့မည်မဟုတ်ချေ။ ထို့ကြောင့် ယခုလိုအခြေအနေ ဖြစ်လာရခြင်းဖြစ်သည်။
“တတိယဦးလေး ဒုတိယဦးလေး အကြီးဆုံးဦးလေး ကျွန်မဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမသိထားပါဘူး”
ပိုင်စစ်လင်၏ လက်သီးက ခပ်တင်းတင်းဆုပ်ထားသည်။ သူမက စိတ်ထဲတွင် ဝမ်ချောင်ကို ကျိန်ဆဲနေသည်။ ထိုမျိုးမစစ်က သူမအတွက် တွင်းတစ်တွင်း တူးပေးသွားသည်။
ပိုင်စစ်လင်က ဝမ်ချောင်ကို စိတ်ရင်းဖြင့် ကူညီချင်သည်။ သို့သော် ဝမ်ချောင်က သူမ၏ ပိုင်ကလန်ကို လမ်းပြင်ရန် ဆွဲထည့်လိမ့်မည်ဟု မထင်ထားမိချေ။ ဒီတစ်ကြိမ်တွင် အကြီးအကဲများ၏ အရှေ့တွင် သူမ၏ ခံစားချက်များကို ထုတ်ဖော်ပြသခံရသဖြင့် ဝမ်ချောင်၏ကိုယ်စား ပြောပေးရုံသာ ရှိတော့သည်။
“ဒါ့အပြင် တတိယဦးလေး ဒုတိယဦးလေး အကြီးဆုံးဦးလေး ဝမ်ချောင်က ရည်ရွယ်ချက်မရှိဘဲ ဘယ်ကိစ္စကိုမှ မလုပ်ပါဘူး။ သူက ဘယ်သူ့ကိုမှ မပြောရသေးတဲ့ ပိုကြီးတဲ့ ကိစ္စကြီး ရှိနေတာဖြစ်မှာပါ”
ပိုင်စစ်လင်က ဝမ်ချောင်သေသွားရန်သာ ဆုတောင်းနေတော့သည်။ သို့သော် ထိုအချိန်တွင် ဝမ်ချောင်ကမူ ထိုကိစ္စများကို မသိချေ။ ခွန်းဝူလေ့ကျင့်ရေးစခန်းထဲတွင် ဝမ်ချောင်ဆိုသည့် အောင်ပွဲခံသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“သခင်လေး ကျွန်တော်တို့ရဲ့ ခွန်းဝူလေ့ကျင့်ရေးစခန်းက တော်တော်လေးကို ကျော်ကြားနေတာ။ ဒီလေ့ကျင့်ရေးစခန်းက မရေမတွက်နိုင်တဲ့ ကျောင်းသူကျောင်းသားတွေက ကျွန်တော်တို့ရဲ့ လမ်းလွှဲဓားစံအိမ်ကို ဝင်ရောက်ချင်ကြတယ်။ ကျွန်တော် ဒီအချိန်ကာလ အတောအတွင်း ဝင်ရောက်ခွင့်စာလွှာ ခြောက်ထောင် ခုနှစ်ထောင်လောက်ထိ ရထားတယ်။ ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲ ဒီစာလွှာတွေအားလုံးကို ဖတ်ရှု့ဖို့ အဆင်မပြေလို့ လူအချို့ကိုတောင် အကူအညီတောင်းထားရပါသေးတယ်”
လေပြင်းက လမ်းလွှဲဓားစံအိမ်၏ အလံကို ခပ်ကြမ်းကြမ်း လွင့်ထူနေစေသည်။ ထိုအလံအောက်တွင် ဝေ့အန်းဖန်းက ဝမ်ချောင်နှင့် ပုခုံးချင်းယှဉ်လျှက် ရပ်နေသည်။ နှစ်ယောက်လုံးက တောင်အောက်သို့ ငုံ့ကြည့်နေသည်။
ဝမ်ချောင်က ခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ပြန်လာပြီးဆိုသော သတင်းရသောအခါ လမ်းလွှဲဓားစံအိမ်က လူပင်လယ်အပြည့် ဝိုင်းရံခံထားရသည်။ လူတိုင်းက ဝမ်ချောင်ကို လာရောက်ကြိုဆိုကြသည်။
စိတ်လှုပ်ရှားနေသော လူအုပ်ထဲမှ လူငယ်အမတ် သို့မဟုတ် အင်ပါယာ၏ ရှစ်ယောက်မြောက် ဗိုလ်ချုပ်ဆိုသော အော်ကြွေးသံများကို မည်သူမဆို ကြားနိုင်သည်။
မဟာထန်၏ မဟာလေ့ကျင့်ရေးစခန်း သုံးခုဖြစ်သည့် လုံဝေ့၊ ရှန်းဝေ့နှင့် ခွန်းဝူတို့ထဲတွင် မူလက ခွန်းဝူလေ့ကျင့်ရေးစခန်းက ကျော်ကြားမှု အနိမ့်ဆုံးဖြစ်သည်။ သို့ရာတွင် ဝမ်ချောင်နှင့် ပတ်သတ် ဆက်နွယ်မှုကြောင့် အခြားနှစ်ခုကို ကျော်လွန်းကာ အထက်သို့ရောက်သွားသည်။
မြောက်များလှစွာသော အထက်တန်းလွှာ ဆက်ခံသူများ၊ သူကောင်းသားများက ယခုအခါ လုံဝေ့နှင့် ရှန်းဝေ့ကို ဘေးဖယ်ထားလိုက်ပြီး ခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်လာကြသည်။
“ဒါက ကောင်းတဲ့ကိစ္စပဲ။ ဒါက ငါတို့လိုချင်တဲ့ ကိစ္စမဟုတ်လား”
ဝမ်ချောင်က လက်ကိုနောက်သို့ ပို့ထားပြီး သူ၏အင်္ကျီလက်က လေတွင်းလွင့်နေသည်။ သူကပြုံးလျှက် ရှိနေသည်။ လက်ရှိဝမ်ချောင်က အတိတ်ကဝမ်ချောင်နှင့် မတူလောက်အောင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်းက သဏ္ဍန်မဲ့သော စွမ်းအင်များ ကပ်ပါနေလေပြီး သူကိုယ်တိုင် ကိုယ့်ကိုယ်ကို အလိုလို လေးစားစိတ် အပြည့်ပါသည့် ယုံကြည်မှုရှိလာကာ သူဟာမြင့်မြတ်သူဟု ထင်မှတ်လာစေပြီး လှုပ်ရှားမှုတိုင်းကို ကျော့ရှင်းကြည့်ကောင်းလာစေသည်။
“ဒါပေမဲ့ ဒီအချိန်မှာ စံအိမ်ထဲက ကျွန်တော်တို့ ညီအစ်ကိုတွေက အပြင်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေနိုင်ဖို့လည်း လိုအပ်နေသေးတယ်”
ခွန်းဝူလေ့ကျင့်ရေးစခန်းက သူ၏အတိတ်ဘဝနှင့် မတူသောဘဝကို ပိုင်ဆိုင်သွားပြီး ကျော်ကြားမှုက အလွန်ကြီးကျယ်သွားသည်။ ဝေ့အန်းဖန်းက သူ့ကိုပြသော စာရင်းထဲမှတဆင့် ယခင်ဘဝမှ လုံဝေ့နှင့် ရှန်းဝေ့ လေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်ပြီး ကျော်ကြားလာခဲ့သည့် ဗိုလ်ချုပ်အများအပြားက ဒီခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်လာကြောင်း တွေ့ထားသည်။
သို့သော် ဝမ်ချောင်အနေဖြင့် သူတို့က အရွယ်ရောက်ပြီး ရင့်ကျက်ကာ လုပ်နိုင်စွမ်းအား ရှိသည်အထိ စောင့်ပြီး ကပ်ဘေးကို ရောက်လာခွင့် ပြု၍ရသော အခြေအနေမျိုးလည်း မဟုတ်နေချေ။ ဝမ်ချောင်က ထိုကပ်ဘေး မရောက်ခင်ကတည်းက သူတို့ကို ရင့်ကျက်အောင် လေ့ကျင့်ထိန်းကျောင်းပေးထားရန် လိုအပ်နေသည်။ ထို့ကြောင့် သူက ဒီနေရာသို့ ပြန်ရောက်လာခြင်းဖြစ်သည်။
“ကျွန်တော် အရာအားလုံးကို စီစဉ်ထားပြီးပါပြီ။ ဒါက ပထမအသုတ်ပါ”
ဝမ်ချောင်က ပြောပြီးသည်နှင့် သူ၏အင်္ကျီလက်ထဲမှ အဖြူရောင်စာရွက် တစ်ရွက်ကို ထုတ်လိုက်သည်။ ထို့နောက် သူက ကမ်းပေးလိုက်သည်။
“ဒီလူတွေကို အမြန်ဆုံးရွှေ့ထုတ်။ အနောက်တောင်ပိုင်းရဲ့ နယ်စပ်မှာ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့နဲ့ပတ်သတ်ပြီး အသေးစား တိုက်ပွဲလေးတွေ အဖြစ်အပျက်လေးတွေက ဖြစ်ပျက်နေတုန်းပဲ။ ဒီတော့ သူတို့ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံး အခွင့်အရေးလည်းဖြစ်တယ်။ ဒါ့အပြင် ငါမြောက်ပိုင်းနယ်စပ်နဲ့ ဆက်သွယ်ထားပြီးပြီ။ အန်းစစ်ရွှန်းက ငါနဲ့ပတ်သတ်ပြီး မကျေနပ်မှုတွေ ရှိတယ်ဆိုပေမဲ့လည်း သူက ဘုရင်စုန့်ကိုတော့ ရင်မဆိုင်နိုင်ဘူး။ ဒါကြောင့် မင်းတို့အားလုံး ဂရုစိုက်ဖို့ လိုအပ်လိမ့်မယ်”
ဝမ်ချောင်က မျက်နှာသေဖြင့်ပြောသည်။ သူ၏စကားလုံးတိုင်းက ကျော့ရှင်းကြည့်ကောင်းကာ ခမ်းနားမှုတစ်ရပ် ပါဝင်နေလေသည်။ တစ်လောကလုံးကို အမိန့်ထုတ်နိုင်သလို ထင်ရသည်။
သူ့အနေဖြင့် ဒီအခွင့်အရေးကိုယူပြီး သူ၏စစ်သည်တော်များကို လေ့ကျင့်ပေးရမည်။ ဝမ်ချောင်၏ ခွန်းဝူလေ့ကျင့်ရေးစခန်းက သူ၏အတိတ်ဘဝမှ ကျော်ကြားသော ဗိုလ်ချုပ်ပေါင်းများစွာကို စုစည်းနိုင်ပြီးလေပြီ။ သာမာန်အခြေအနေမျိုးတွင် သူတို့က မဟာကပ်ဘေးကြီးတစ်ခုကို ကျော်ဖြတ်ပြီးမှသာ ရင့်ကျက်ပြီး လုပ်နိုင်စွမ်းအားကို ထုတ်ပြလာနိုင်ကြမည်။
သို့သော် ဒီလိုအခြေအနေမျိုးတွင် အချိန်ဖြုန်း၍မရချေ။ မူဝါဒရေးရာပိုင်းတွင်ဖြစ်စေ၊ အာဏာပိုင်းတွင်ဖြစ်စေ ဝမ်ကလန်နှင့် ဘုရင်စုန့်၏ လွှမ်းမိုးနိုင်စွမ်းအား အထူးသဖြင့် ဝမ်ချောင်၏ အသစ်ရထားသော အမတ်ဘွဲ့နှင့် ကောင်းကင်ဘုံ၏ သားတော်၏ တပည့်ဆိုသော အဆင့်အတန်းများက ဝမ်ချောင်ကို ထိုတပည့်များအား အင်ပါယာ၏ မည်သည့်နေရာကိုမဆို စေလွှတ်ပိုင်ခွင့် ရှိသွားစေသည်။ ထို့ကြောင့် သူက ဒီလူများကို အကြပ်အတည်းများကို ရင်ဆိုင်စေခြင်းဖြင့် လျှင်လျှင်မြန်မြန် အရွယ်ရောက်လာအောင် ထိန်းကျောင်းပေးချင်သည်။
“စွန်းကုဖန်းက ဒီအကြောင်းကိုသာ သိသွားရင် သေချာပေါက် အပျော်လွန်သွားတော့မှာပဲ။ သူက မကြာခဏ ဒီလိုလုပ်ရဖို့ အိမ်မက် မက်နေတာတဲ့”
ဝေ့အန်းဖန်းက ခေါင်းကိုငုံ့ပြီး စာရွက်ကိုတစ်ချက်ကြည့်ကာ ချက်ချင်းလိုလိုရယ်သည်။ စွန်းကုဖန်းဆိုသော နာမည်က ထိုစာရွက်ပေါ်တွင် ပါလာသည့်အတွက် သူပျော်ရွှင်မိသွားသည်။ ထို့ပြင် နာမည်က ထိပ်ဆုံးပိုင်းတွင် ပါလာခြင်းဖြစ်သည်။
ဝေအန်းဖန်းက လမ်းလွှဲဓားစံအိမ်တွင် တချိန်လုံးနီးပါး နေထိုင်ခဲ့ခြင်းဖြစ်သဖြင့် အနောက်တောင်ပိုင်းမှ ဝမ်ချောင်၏ တိုးတက်အောင်မြင်မှုက လမ်းလွှဲဓားစံအိမ်တွင် ခွန်းဝူလေ့ကျင့်ရေးစခန်း တစ်ခုလုံးကို ချက်ချင်းလိုလို နယ်စပ်သို့ထွက်ကာ ကိုယ်ပိုင်နာမည်ကြီးအောင် လုပ်ချင်စိတ် ပြင်းပြလာစေသည်။ ဝမ်ချောင်က ဒီနေရာနှစ်ခုလုံးမှ လူတိုင်းအတွက် အိမ်မက်ပန်းတိုင် စံပြပုဂ္ဂိုလ်ကြီး ဖြစ်လာသည်။
“အန်းဖန်း ခင်ဗျားအရမ်း စိတ်လှုပ်ရှားနေတာမြင်တော့ ခင်ဗျားသာ ဆန္ဒရှိရင် ခင်ဗျားကိုလည်း နယ်စပ်ကိုသွားပြီး လေ့ကျင့်ဖို့ စီစဉ်ပေးနိုင်ပါတယ်”
ဝမ်ချောင်က ရုတ်တရက်ရယ်ကာပြောသည်။
“သခင်လေး အဲ့လိုမလုပ်ပါနဲ့ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် နာမည်ကြီးအောင် မလုပ်ချင်ပါဘူး။ ကျွန်တော်က သခင်လေးဘေးနားမှာပဲ နေချင်တာ”
ဝေ့အန်းဖန်းက ဝမ်ချောင်ဘက်သို့လှည့်ကာ လက်ကို အလန့်တကြား ယမ်းပြီး မျက်နှာက ထိတ်လန့်သွားဟန်ပြုသည်။
“ဟား ဟား ခင်ဗျားဆန္ဒမရှိရင်လည်း ထားလိုက်ပါ။ ခင်ဗျားဒီလောက်ထိ ကြောက်ပြနေဖို့ မလိုပါဘူး”
ဝမ်ချောင်က ခေါင်းခါလျှက် ရယ်တော့သည်။
သူကအလွန်ထိတ်လန့်ကြောင်း ပေါ်သွားသောအခါ ဝေ့အန်းဖန်း၏ မျက်နှာမှ ကြောက်လန့်မှုက ချက်ချင်းပျောက်ကွယ်သွားပြီး ပုံမှန်ပြန်ဖြစ်သွားသည်။
“သခင်လေး ကျွန်တော့်ကို သခင်လေးဘေးနားမှာပဲနေပြီး သခင်လေးပေးတဲ့ တာဝန်တွေကို လုပ်ရုံနဲ့တင် ကျွန်တော်က တော်တော်လေးကို တော်တယ်လို့ ခံစားနေရတာပါ။ ဒါ့အပြင် နာမည်ကြီးအောင် လုပ်တာနဲ့ယှဉ်ရင် သခင်လေးဘေးနားမှာ နေရတာက ပိုမကောင်းဘူးလား”
ဝေ့အန်းဖန်းကပြောသည်။
ဝမ်ချောင်က အော်ရယ်မိသွားသည်။
ဝေ့အန်းဖန်းက ပြုံးရုံသာပြောသည်။ သူက လိမ်နေခြင်းမဟုတ်ချေ။ ဝမ်ချောင်က အမတ်ဖြစ်သွားသောကြောင့် ဝမ်ချောင်အနားမှ သူတို့အားလုံးကလည်း ဒီရေနှင့်အတူ မြင့်တက်သွားသော လှေအလားဖြစ်နေသည်။ ဝေ့အန်းဖန်းဆိုလျှင် သူ၏ကလန်၏ အလေးထားခံနေရပြီဖြစ်သည်။
သူက စကားလုံးများကို တမင်နှိမ့်ချပြောရန် ကြိုးစားနေခြင်းမဟုတ်ချေ။ ဝေ့အန်းဖန်း၏ လက်ရှိ အဆင့်အတန်းကို လူပေါင်းများစွာက လိုချင်စိတ် ပြင်းပြနေကြလေသည်။ မည်သို့ပင်ဆိုစေ လူတိုင်းကို ဝမ်ချောင်က မယုံကြည်ချေ။ လူတိုင်းကို ဝမ်ချောင်က အနားတွင်ရပ်ခွင့်မပြုချေ။
သူတို့နှစ်ယောက်က စကားပြောနေရင်းမှ ရုတ်တရက် အလောတကြီး လှမ်းလာသည့် ခြေလှမ်းသံများဖြင့် နှောက်ယှက်ခံလိုက်ရသည်။ ဝမ်ချောင်က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်က တောင်ပေါ်သို့ လှမ်းတက်လာကြောင်း မြင်လိုက်ရသည်။
“သင်ကြားပို့ချသူကျောင်းပါလား”
ဝမ်ချောင်၏မျက်ခုံးက ပင့်တက်သွားသည်။ သို့သော်သူက လျှင်လျှင်မြန်မြန် အပြုံးဖြင့် ကြိုဆိုလိုက်သည်။
“မျိုးမစစ် လူရမ်းကားကောင် မင်းလာတာတောင် ငါ့ကိုမနှုတ်ဆက်ဘူး”
ပထမဦးဆုံး လှမ်းအော်ကာ ပြောလိုက်သူက ကျောင်းချန်းချုံဖြစ်သည်။ သူက ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာပြီးနောက် ဝမ်ချောင်၏ပုခုံးကို လက်သီးဖြင့် ခပ်ဖော့ဖော့ထိုးသည်။ ထို့နောက် သဘောတကျ အော်ရယ်တော့သည်။
“ကျွန်တော်က ဘယ်လိုများ မနှုတ်ဆက်ဘဲ နေရမှာဘဲ။ ကျွန်တော်ဒီကို ရောက်ရောက်ချင်း အရင်ဆုံး သင်ကြားပို့ချသူကျောင်းကို လိုက်ရှာချင်တာပါပဲ။ ဒါပေမဲ့ သူတို့က သင်ကြားပို့ချသူကျောင်းက အပြင်ထွက်သွားပြီး ဒီစခန်းက မရှိဘူးလို့ ပြောကြလို့ပါ။ ဒါကြောင့် ကျွန်တော်က အခြားလူတွေကို ဘယ်နေရာသွားလဲလို့ မေးကြည့်ပေမဲ့လည်း ဘယ်သူမှ မသိကြဘူးလေ”
ဝမ်ချောင်ကရယ်ပြီး ကျောင်းချန်းချုံကို ပွေ့ဖက်လိုက်သည်။ ကျောင်းချန်းချုံက ဝမ်ချောင်၏ နှလုံးသားကို နွေးထွေးစေသည်။ ဒီစခန်းတစ်ခုလုံးတွင် ဝမ်ချောင်က ကျောင်းချန်းချုံအပေါ် အကြီးမားဆုံး ခံစားချက်ရှိသည်။
ကျောင်းချန်းချုံက ညလယ်ခေါင် သူ၏အခန်းထဲသို့ ကျားတစ်ကောင် ပစ်ထည့်ပေးလိုက်သည်ကို သူက မှတ်မိနေသေးသည်။ အာ ဒါပေမဲ့ သူတို့ရဲ့ စမ်းသပ်စစ်ဆေးမှုက ဂိုဂူလျောက လုပ်ကြံသတ်ဖြတ်မှုကြောင့် နှောက်ယှက်ခံလိုက်ရတာပဲ။
“အို ညွှန်ကြားပို့ချသူ ကျိုးကလည်း ရောက်လာတာပဲလား”
ဝမ်ချောင်၏ မျက်နှာတွင် ဖျော့တော့သည့် အပြုံးက ရှိနေသေးသည်။ သူက ကျောင်းချန်းချုံး၏ အနောက်မှ ညွှန်ကြားပို့ချသူ ကျိုးဟွမ်ကိုကြည့်လိုက်သည်။ ရုတ်တရက် သူက တစ်စုံတစ်ရာကို နားလည်သွားသည်။
“ခင်ဗျားတို့နှစ်ယောက် ရှားရှားပါးပါး အတူလာတယ်ဆိုတော့ ကိစ္စတစ်ခုခုတော့ ဖြစ်နေပြီထင်တယ်။ ပြောပါဦး ကျွန်တော်ရဲ့အကူအညီကို လိုအပ်လို့လား”
“အပြောဆိုးတဲ့ ကောင်စုတ်လေး မင်းကအမြဲတမ်း တဲ့တိုးပဲပြောတတ်တာပဲ။ ငါမင်းဆီကနေ ဘာမှတောင် ဖုံးကွယ်လို့မရဘူး”
ကျောင်းချန်းချုံးနှင့် ကျိုးဟွမ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ခါးသီးစွာရယ်လိုက်သည်။ သူတို့က ဒီအကြောင်းအရာသို့ပြောင်းရန် အချိန်တစ်ခုခန့် စောင့်ပြီး စကားလမ်းကြောင်း စချင်သေးသည်။ သို့သော် မမျှော်လင့်ထားသည်မှာ ဝမ်ချောင်က အမြင်စူးရှပြီး ချက်ချင်းလိုလို သတိထားမိလိုက်သည်။
“အမှန်တိုင်းပြောရရင် ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ဘာဘတ်ဆစ်ကယ်လီဖိတ်က သူတို့ရဲ့ မင်းသမီးကို စေလွှတ်ပြီး ခွန်းဝူလေ့ကျင့်ရေးစခန်းကို တက်ပြီး လမ်းလွှဲဓားစံအိမ်ကို ဝင်ခိုင်းစေချင်နေတယ်”
“ဝမ်ချောင် ငါဒီကိစ္စကို မင်းနဲ့ပဲ လွှဲထားတော့မယ်”
ကျောင်းချန်းချုံးက ခါးသီးသော အပြုံးဖြင့်ပြောသည်။
အခန်း(၆၈၅)
လေပြင်းထန်စွာ တိုက်ခတ်နေသော တောင်ထိပ်ပေါ်တွင် ဝမ်ချောင်နှင့် ဝေ့အန်းဖန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ နှစ်ယောက်လုံးကလည်း တစ်ယောက်မျက်လုံးထဲမှ တစ်ယောက်၏ အံ့အားသင့်မှုကို မြင်နိုင်သည်။
“အာရပ်မျိုးနွယ်ရဲ့ မင်းသမီးဟုတ်လား”
ဝမ်ချောင်က အသိပြန်ဝင်လာသောအခါ တအံ့တဩ ရေရွတ်လိုက်လျှက် မျက်မှောင်ကျုံ့လိုက်မိသည်။
“ဒါက ဘုရင်ချီရဲ့ အမိန့်တော် ဖြစ်နေမလား။ ဒီတော့ ခင်ဗျားက လေ့ကျင့်စခန်းမှာ မရှိဘူးလို့ သူတို့ပြောကြတာက ခင်ဗျား ဒီလူတွေနဲ့ သွားတွေ့နေလို့လား”
ဝမ်ချောင်အနေဖြင့် ကျောင်းချန်းချုံက ဒီလိုကိစ္စမျိုးအတွက်နှင့် သူ့ကို လာရှာလိမ့်မည်ဟု မထင်ထားမိချေ။ အာဘတ်ဆစ်ကယ်လီဖိတ်ဟာ အနောက်ပိုင်း နယ်မြေထဲမှာမှ အနောက်ဘက်အကျဆုံး အပိုင်းတွင်ရှိပြီး မဟာထန်နှင့် အလွန်အမင်း ဝေးကွာသည်။ ဝမ်ချောင်အနေနှင့် သူ၏ယခင်ဘဝတွင် ဒီလိုအဖြစ်အပျက်မျိုးကို မကြုံတွေ့ခဲ့ဖူးချေ။
ဂရုတစိုက် ပြန်လည်သုံးသပ်ကြည့်ပြီးနောက် ထိုအာရပ်မင်းသမီးဟာ မဟာထန်သို့ လာလည်ခဲ့ဖူးကြောင်း သတိရသွားသည်။ သို့သော် သူမက လျှင်မြန်စွာဖြင့် ပြန်ထွက်သွားခဲ့ပြီး ရက်အနည်းငယ်သာ နေခဲ့သည်။ ဝမ်ချောင်အနေဖြင့် သူမကို တွေ့လည်းမတွေ့ဖူးတော့သလို သူမ၏ ရုပ်ရည်ကိုလည်း မသိခဲ့ချေ။
ထိုအာရပ်မျိုးနွယ်မှ မင်းသမီးက လေ့ကျင့်ရေးစခန်းသို့ ဝင်လာခဲ့သည့် အခြေအနေက မရှိခဲ့ဖူးသလို သူ၏ လမ်းလွှဲဓားစံအိမ်ကိုလည်း နာမည်တပ်ပြောခြင်း မရှိချေ။
“ဘုရင်ချီကြောင့်များလား”
ကျောင်းချန်းချုံ၏ အသံထဲတွင် ကူကယ်ရာမဲ့မှုများစွာ ပါသည်။
“မဟာလေ့ကျင့်ရေးစခန်း သုံးခုလုံးကို အရှင်မင်းကြီးရဲ့ အမိန့်တော်နဲ့ကြောင့် တည်ထောင်ထားခဲ့တာ။ တကယ်လို့ ဒါက ဘုရင်ချီလုပ်တာဆိုရင် ငါက အရှင်မင်းကြီးရဲ့ အမိန့်ကိုသုံးပြီး ဒီကိစ္စကို အချိန်ဆွဲထားလို့ရတယ်။ ဘုရင်ချီက ဒေါသထွက်မယ်ဆိုရင်တောင်မှ သူငါ့ရဲ့ဘဝကို ခက်ခဲအောင် ကြိုးစားနိုင်ရုံလောက်ပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် အကူအညီ လာတောင်းတာက ဘုရင်ခံလက်အောက် ဌာနကပဲ။ နောက်ပြီး ငါခက်ခဲတဲ့ အချိန်တွေမှာ ငါ့ကို ကူညီခဲ့ဖူးတဲ့ အကြီးအကဲတစ်ယောက်လည်း ဟုတ်တယ်”
ဒီလောကတွင် ပြန်ပေးဆပ်ရန် အခက်ခဲဆုံးအရာက မျက်နှာသာပေးခံရသည့် ကိစ္စမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ကူညီခဲ့ဖူးပြီး ကူညီခံရသည့် တစ်စုံတစ်ယောက်က အကူအညီ တောင်းလာသည့် အချိန်တွင် ပြန်လည်ကူညီပေးရန် လိုအပ်သည်။ အထူးသဖြင့် အခက်ခဲဆုံးအချိန် အကြပ်အတည်း အကျဆုံးအချိန်တွင် ကူညီခဲ့ဖူးသည့် မျက်နှာသာ အပေးခံရသည့် မိတ်ဆွေများဆိုလျှင် ပိုဆိုးရွားသည်။
ယခုပို၍ဆိုးရွားသည်မှာ အကူအညီ တောင်းခံခဲ့သည့် ဘုရင်ခံလက်အောက် ဌာနဟာလည်း တိုင်းတစ်ပါးသား ပြည်နယ်များနှင့် ဆက်သွယ်ရာတွင် အဓိကထား ဆောင်ရွက်ပေးနေသည့် သံတမန်ဌာနမှ ဖြစ်နေသည်။ အာရပ်မင်းသမီးက ထုံးတမ်းစဉ်လာအတိုင်း ရောက်လာသည်ဟု ပြောနေရသည်။ သဘာဝအလျောက်ပင် သံတမန်ဌာနကလည်း သူမ၏တောင်းဆိုမှု အကောင်းဆုံး ကြိုးစားမှုက ဖြည့်ဆည်းပေးရန် လုပ်ကိုင်ကြသည်။
ထို့ကြောင့် ဒီဘက်ထောင့်မှ ကြည့်မည်ဆိုလျှင် သံတမန်ဌာနက တော်ဝင်ခုံရုံးအတွက် မဟာထန်အတွက် ကြိုးစားပေးနေခြင်းဖြစ်သည်။ ကျောင်းချန်းချုံက ဒီလိုတောင်းဆိုမှုမျိုးကို ငြင်းဆန်ရန် ခက်ခဲသည်။
“ဝမ်ချောင် ဒါကအရမ်း ခက်ခဲနေရင်လည်း ထားလိုက်ပါ။ ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ငါဒီအတိုင်း ငါ့ရဲ့ အကြီးအကဲကိုသွားပြီး ရှင်းပြပေးလိုက်မယ်”
ကျောင်းချန်းချုံကပြောသည်။
“ခက်ခဲတယ်ဟုတ်လား ကျွန်တော်ကဘာလို့ ဒါကိုခက်ခဲတယ်လို့ ထင်ရမှာလဲ”
ဝမ်ချောင်က ဝေ့အန်းဖန်ကိုကြည့်ကာ ရယ်သည်။
“နေ့တိုင်းလိုလို အာရပ်မင်းသမီး တစ်ပါးစီလာပြီး ကျွန်တော်တို့ရဲ့ လမ်းလွှဲဓားစံအိမ်ကို ဝင်ချင်နေမှာမှမဟုတ်တာ။ ဒါကိုဘာလို့ ငြင်းဆန်ရမှာလဲ။ ဒါ့အပြင် အန်းဖန် ခင်ဗျား အာရပ်မင်းသမီးကို မမြင်ဖူးသေးဘူးမဟုတ်လား”
“ငါမမြင်ဖူးသေးဘူး”
အန်းဖန်က ဖျော့တော့စွာပြုံးသည်။ သူ၏မျက်နှာတွင်လည်း ခံစားချက်အနည်းငယ် ပေါ်လာသည်။
“အာရပ်တွေက ငါတို့နဲ့ ရုပ်ရည်တူတာမဟုတ်ဘူး။ သူတို့ရဲ့နှာတံက ထင်ရှားပြီး မျက်လုံးက နက်ရှိုင်းတယ်။ ဒါပေမဲ့ သူတို့လူမျိုးက အမျိုးသမီးတွေက တအားကိုလှတယ်။ ဒီအာရပ်မင်းသမီးဆိုရင် ချွင်းချက်တောင် မရှိလောက်ဘူး”
ဝေ့အန်းဖန်၏ မျက်ဝန်းမှ အလင်းရောင်က သူပြောသောစကားနှင့် မကွာခြားပေ။ သူက လက်ရှိအချိန်တွင် ဝမ်ချောင်၏ဘက်မှ ပါရမီရှိသူတစ်ယောက်ဖြစ်သလို သူ၏ကလန်က သူ့ကို ထောက်ခံပေးလာပြီး တဖြည်းဖြည်းချင်း နာမည်ရလာကာစဖြစ်သည်။ သို့သော်သူက တစ်ခုတည်းကိုသာ စိတ်ဝင်စားသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်၏ နဘေးနားတွင် တာဝန်ကြီးများကို လုပ်ဆောင်နေနိုင်ခဲ့ခြင်းဖြစ်သည်။
ကျောင်းချန်းချုံနှင့် ကျိုးဝမ်တို့ကမူ ဝမ်ချောင်က ထိုမျှအလွယ်တကူ သဘောတူမည်ဟု မထင်ထားမိချေ။ ထို့ကြောင့် ထိုနှစ်ယောက်လုံးက ပျော်ရွှင်သွားကြသည်။
အစားအသောက် ရိက္ခာတွေကို သယ်ထုတ်လာစေပြီး ဝမ်ချောင်က အကောင်းဆုံးကြိုးစားကာ ကျောင်းချန်းချုံနှင့် ကျိုးဟန်ကျစ်တို့ကို ဧည့်ခံပြီးမှ ထိုနှစ်ယောက်ကို ပျော်ရွှင်စွာ ပြန်သွားစေလိုက်သည်။
“သခင်လေး သခင်လေးတကယ်ပဲ ဒီအာရပ်မင်းသမီးကို ကျွန်တော်တို့ လမ်းလွှဲဓားစံအိမ်ထဲကို ဝင်ခိုင်းမလို့လား”
ကျောင်းချန်းချုံ ထွက်သွားသည်နှင့် ဝေ့အန်းဖန်၏ မျက်နှာထားက ချက်ချင်းလိုလို လေးနက်တည်ကြည်သွားသည်။
“ဒီမင်းသမီး ခွန်းဝူလေ့ကျင့်ရေးစခန်းထဲကို ဝင်တာက ပြဿနာမရှိဘူး။ တော်ဝင်ခုံရုံးက စီမံမှုဆိုတော့ ငါတို့လည်း ဘာမှမလုပ်နိုင်ဘူးလေ။ ဒါပေမဲ့ ဒီမင်းသမီးကဘာလို့ ငါတို့ရဲ့ လမ်းလွှဲဓားစံအိမ်ကို ဝင်ချင်တာလဲ။ ဒီလက်အောက်ငယ်သားအနေနဲ့ ဒီမင်းသမီးမှာ ကောင်းတဲ့ဆန္ဒမရှိဘူးလို့ ခံစားနေရတယ်”
“ဒီလိုကိစ္စတွေ ပြောဖို့က စောနေပါသေးတယ်။ ငါတို့က တကယ့်လူကို မတွေ့ရသေးဘူး။ သူမရဲ့ ရည်ရွယ်ချက်အတွက်ကတော့ ငါတို့တွေ့ပြီး သိရပြီမဟုတ်လား”
ဝမ်ချောင်၏မျက်ဝန်းက တောက်ပသော အလင်းများ လက်လာသည်။ သူကရယ်သည်။ သူက ထိုအာရပ်မင်းသမီးနှင့် ပတ်သတ်ပြီး အကြံအနည်းငယ် ရထားပြီးလေပြီ။ သို့သော် အတည်ပြုရန် လိုအပ်နေသေးသည်။
“ငါဒီနေရာကို မင်းနဲ့ပဲ ထားခဲ့တော့မယ်။ ငါအနားသွားယူတော့မယ်”
နောက်လှည့်ပြီးနောက် ဝမ်ချောင်က လှေကားအောက်သို့ဆင်းကာ သူ၏အခန်းသို့သွားသည်။
ခလွပ်
တံခါးကပွင့်သွားပြီး ဝမ်ချောင်က အထဲသို့ လျှောက်ဝင်လာသည်။ သူ၏ခြေထောက်က ထိုတံခါးကို သေချာ မကျော်ဖြတ်နိုင်ခင် ရုတ်တရက် လေထုကတိုက်ခတ်ပြီး ပုံရိပ်တစ်ခုက တွန်းဝင်လာသည်။
“ဘိုးဘေး မင်းကဘာလို့ အခုမှလာတာလဲ။ ငါကမင်းကို စောင့်နေတာ သက်တမ်းပေါင်းများစွာ ကြာနေပြီလို့တောင် ထင်နေတာ”
လီကျင်းကျုံး၏လက်က ဝမ်ချောင်၏ အင်္ကျီလက်ကို ဆွဲထားသည်။ သူ၏မျက်ဝန်းက စိုးရိမ်မှုကြောင့် တောက်လောင်နေသည်။
“ဟား ဟား ငါအခုဒီကို ရောက်ပြီမဟုတ်ဘူးလား။ ငါအခုမှ ခွန်းဝူလေ့ကျင့်ရေးစခန်းကို ရောက်တာ။ ငါက အချို့ကိစ္စတွေကို အရင်မကိုင်တွယ်ရင် အချို့လူတွေက သံသယဝင်သွားကြမယ်လေ”
ဝမ်ချောင်က နဂိုအတိုင်း တည်ငြ်ိမ်စွာသာ ကျန်ရစ်နေသေးသည်။ သူကတံခါးကို ပိတ်ပြီးနောက် အခန်းထဲမှ စန္ဒကူးသား စားပွဲဝိုင်းထံသို့ လျှောက်သွားပြီးနောက် သေးသွယ်သော အနီရောင်လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီးနောက် မွှေးပျံ့သည့် လက်ဖက်ရည်ကို တစ်ငုံသောက်သည်။
“ငါ့ရဲ့ဘိုးဘေးရေ မင်းကတကယ်ကို အလျှင်မလိုနေတာပဲ။ ဒါပေမဲ့ငါနဲ့ မင်းသားငါးကတော့ စိုးရိမ်ရလွန်းလို့ ငါတို့ရဲ့ မျက်ခုံးမွှေးတွေတောင် ကျွတ်ထွက်တော့မလို ခံစားနေရပြီ။ အခု မင်းသားတစ်နဲ့ မင်းသားနှစ်က ငါတို့ကို အနီးကပ် စောင့်ကြည့်နေကြတာ။ မင်းသားငါးက နန်းတွင်းကနေ ထွက်ခွာဖို့ အခွင့်အရေးတောင် မရှိဘူး။ ငါတောင်မှ သူတို့ကို မနည်းခါချပြီး ထွက်လာခဲ့ရတာ။ ငါတို့က ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရရင် နောက်တစ်ကြိမ် လာနိုင်မယ်မှန်း မသေချာဘူး”
လီကျင်းကျုံး၏ အသံထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေပြီး အလျှင်လိုသံလည်းပါသည်။ သူက ချက်ချင်းလိုလို စကားပေါင်းမြောက်များစွာကို ပီအောင်ပြောချင်နေသည်။
“ပြောပါဦး ကိစ္စက ဘယ်လောက်တောင် အရေးကြီးပြီး ထိတ်လန့်နေရလို့ ဘယ်သူမှ ချောင်းနားမထောင်နိုင်အောင် ဒီနေရာမှာ လာတွေ့ခိုင်းရတာလဲ”
ဝမ်ချောင်က မျက်မှောင်အနည်းငယ် ကျုံ့လျှက်ပြောသည်။
အပြင်လူတွေအနေနှင့် သူက ခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ပြန်လာသည်မှာ လမ်းလွှဲဓားစံအိမ်ကို ပြန်လာချင်၍ဟု သိကြပေလိမ့်မည်။ သို့သော် လူအနည်းစုလောက်ကသာ သူပြန်လာခဲ့သည်မှာ မင်းသားငါးထံမှ စာလွှာကြောင့်ဖြစ်မှန်း သိပေလိမ့်မည်။
“အရှင်အမတ်ရေ အရှင်အမတ်က မသိလောက်သေးပေမဲ့ အခုနန်းတွင်းက အရှင်အမတ် အပြင်ဘက်မှာ မြင်နေရသလို တည်ငြိမ်နေတာမဟုတ်ဘူး။ အတွင်းမှာ မုန်တိုင်းထန်နေပြီ။ မင်းသားတစ်၊ မင်းသားနှစ်နဲ့ မင်းသားသုံး လူတိုင်းက အာဏာရှိတဲ့ အရာရှိတွေ ဗိုလ်ချုပ်တွေကို သူတို့ဘက်ရောက်အောင် သိမ်းသွင်းချင်နေကြတာ။ သူတို့သာ အောင်မြင်သွားရင် မင်းသားငါးက အခွင့်အရေး မရှိလောက်တော့ဘူး”
“ဒါပေမဲ့ ဒါကအသုံးမဝင်တဲ့ ကိစ္စမပါပဲ။ မင်းသားငါးကိုယ်တိုင်ကလည်း ဒီလိုအောင်မြင်အောင် လုပ်နိုင်ဖို့ အကြံအစည် မရှိဘူးလေ။ ဒါကြောင့် သူကငါ့ကိုလွှတ်ပြီး လူငယ်အမတ်ဆီက အကြံဉာဏ် တောင်းခိုင်းလိုက်တာ။ မင်းသားငါးက နန်းတွင်းမှာ နောက်ဆုံးမှာ အာဏာလက်နက်ရအောင် လုပ်လိုက်နိုင်ပြီး အချို့လူတွေက မင်းသားငါးနဲ့ ပတ်သတ်ပြီး အဆက်အသွယ် လုပ်လာကြတယ် ဆိုပေမဲ့လည်း ဒီကိစ္စက ဆက်စပ်ကိုင်တွယ်ဖို့ လိုအပ်နေသေးတယ်။ ဖြေးဖြေးချင်း ကိုင်တွယ်တာထက် မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်တာက အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းသားတစ်နဲ့ အခြားလူတွေကြောင့် လူတွေအားလုံးကို သိမ်းသွင်းလို့ ကုန်သွားလိမ့်မယ်”
လီကျင်းကျုံးက အင်္ကျီလက်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြီးနောက် ဝမ်ချောင်ကိုပေးသည်။
“အရှင်အမတ် ဒါကစာရင်းပါ။ အရှင်အမတ်အနေနဲ့ ဒါကိုစစ်ကြည့်ပြီး ဘယ်လူတွေက အသုံးပြုလို့ရတယ်။ ဘယ်လူတွေကို အသုံးမပြုနိုင်ဘူးလဲဆိုတာကို စစ်ဆေးပေးရင် ကောင်းမယ်။ အရှင်အမတ်နဲ့ မင်းသားငါးရဲ့ ဆက်ဆံရေးက ဘယ်လောက်တောင် ထူးခြားလိုက်သလဲ။ ဒီတော့ အရှင်အမတ်ကလည်း မင်းသားငါးကို အဆုံးအထိ ကူညီပေးနိုင်ရင် ကောင်းမှာပါပဲ”
ထိုသို့ပြောပြီးနောက် လီကျင်းကျုံးက လေးနက်စွာ ဂါရဝပြုလိုက်သည်။
အနောက်တောင်ပိုင်းက အောင်မြင်မှုကြီး အဆုံးသတ်သွားပြီးနောက် ဝမ်ချောင်က အမတ်ဘွဲ့ ရသွားခဲ့ပြီး ကောင်းကင်၏သားတော် ကိုယ်တိုင်ကပင် ဘွဲ့ထူးနာမည်ကို ချီးမြှင့်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ဝမ်ချောင်က နန်းတွင်းတွင် ကြီးမားသည့် လွှမ်းမိုးမှုကြီး တည်ရှိနေပြီဖြစ်သည်။ ဒီနည်းအားဖြင့် မင်းသားငါးအတွက် ကြီးမားသော ထောက်တိုင်ကြီး ဖြစ်သွားစေသည်။
လီဟန်က သူတော်စင်ဧကရာဇ်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ အထူးတလည် ကိစ္စကြီးက ဖြစ်ပျက်လာခဲ့ခြင်းဖြစ်သည်။ အခြားသောမင်းသားတိုင်းက လီဟန်ဟာ မကောင်းသော ဆန္ဒရှိပြီး သူ၏သိုင်းပညာများကို ကျင့်ကြံနိုင်သည့် စွမ်းရည်ကို ဖုံးကွယ်ထားသည်ဟု ပြောဆိုစွတ်စွဲကြသောအခါ လီဟန်က ဝမ်ချောင်၏ အကြံဉာဏ်အတိုင်းလုပ်ပြီး ဒီကပ်ဘေးကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ရလဒ်အနေဖြင့် လီဟန်က ဝမ်ချောင်ကို အလွန်ယုံကြည်သည်။
လီကျင်းကျုံးကပင် ထိုသို့သော ယုံကြည်မှုမျိုးအတွက် မနာလိုဖြစ်ရသည်အထိ ဖြစ်သည်။ သို့သော် သူကိုယ်တိုင်ကလည်း ဘာမှမလုပ်နိုင်ချေ။
“ခုံရုံးကအရာရှိတွေကို အောင်နိုင်အောင်လုပ်ရမယ် မဟုတ်လား”
ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ သူက ထိုစကားကို ချက်ချင်းလက်မခံလိုက်ချေ။
“လီကျင်းကျုံး ခင်ဗျားတို့နှစ်ယောက် ဘာတွေလုပ်နေလဲဆိုတာကို ခင်ဗျားသိလား။ အရှင်မင်းကြီးက နန်းတွင်းကမင်းသားတွေ ကိုယ်ပိုင်အဖွဲ့အစည်းတွေ တည်ထောင်နေတာကို တားမြစ်ထားတယ်။ အရှင်မင်းကြီးကသာ ဒီကိစ္စကို သိသွားခဲ့ရင် သေချာပေါက် သေဒဏ်အပေးခံရလိမ့်မယ်။ ခင်ဗျားက အရင်မင်းဆက်ခေတ်က သင်ခန်းစာတွေကို မေ့သွားတာလား”
ဝမ်ချောင်၏စကားက ကြမ်းတမ်းကာ ပြတ်သားသည်။
မည်သည့်ခေတ်က မည်သည့်ဧကရာဇ်ဖြစ်စေ ကောင်းကျူးနှင့် ထိုက်ကျုံးကဲ့သို့ ဒီခေတ်မှ အရှင်သခင်များကပင်ဖြစ်စေ လက်သင့်မခံနိုင်ဆုံး ကိစ္စက မင်းသားများက သူတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းများကို တည်ထောင်ကြပြီး သူတို့၏ ကိုယ်ပိုင်အကျိုးအမြတ်ကို အသုံးချရန် ကြိုးစားနိုင်သည့် ကိစ္စမျိုးကိုဖြစ်သည်။
ထိုကဲ့သို့သော မင်းသားများက သူတို့၏ အဆင့်အတန်း ဂုဏ်ကိုသုံးပြီး ယခုလိုကိစ္စမျိုးကို လုပ်ကိုင်နေကြမည်ဆိုလျှင် ကိစ္စက ဆိုးရွားသွားပေလိမ့်မည်။ ဝမ်ချောင်ကလည်း မင်းသားငါးက သူ့ကို ဒီလိုကိစ္စမျိုးအတွက် အကူအညီတောင်းမည်ဟု မထင်ထားမိချေ။ လုပ်ဆောင်မှုက ဆိုးရွားသွားခဲ့ပြီး လူတိုင်းက ပါဝင်ပတ်သတ်သွားခဲ့လျှင် အထူးသဖြင့် သူကိုယ်တိုင် ပါဝင်သွားလျှင် သူက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေလိမ့်မည်။
“လီကျင်းကျုံး ခင်ဗျားကို မင်းသားငါးကို ကောင်းကောင်း ခစားပါလို့ မပြောခဲ့ဘူးလား။ ပြောစမ်းပါဦး ခင်ဗျားကဒါကို အရင်ဆုံး တိုက်တွန်းတာလား”
ဝမ်ချောင်၏အသံက တင်းမာသည်။ သူ၏မျက်လုံးက ဓားတစ်လက်လိုမျိုး လီကျင်းကျုံးကို ခွဲကာကြည့်ချင်သည့်အလား ထင်ရသည်။
ဒုံး
ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ကြောင့် လီကျင်းကျုံး၏ ခန္ဓာကိုယ်က ထိတ်လန့်တကြား တုန်ယင်သွားသည်။ သူက ခွပ်ကနဲမြည်သံနှင့်အတူ ဒူးထောက်ချလိုက်သည်။
“အရှင်အမတ် ငါကအပြစ်ကင်းပါတယ်။ ဒီကိစ္စက ငါနဲ့တကယ် မသက်ဆိုင်ပါဘူး။ အရှင်မင်းသားကိုယ်တိုင်က နန်းတွင်းမှာ တဖြည်းဖြည်းချင်း အရေးပါလာခဲ့ပြီး လက်ရှိသူ့ရဲ့ အခြေအနေကို အရမ်းဂုဏ်ယူနေခဲ့တာပါ။ ငါ ငါက ဒီလိုအခြေအနေရောက်အောင် အရှင်မင်းသားကို ဘယ်လိုလုပ် တိုက်တွန်းရဲမှာလဲ။ မင်းဆက်တိုင်းရဲ့ ဧကရာဇ်တိုင်းက မင်းသားတွေ ကိုယ်ပိုင်သီးသန့် အဖွဲ့အစည်းတွေ တည်ထောင်တာကို တားမြစ်ထားခဲ့ပေမဲ့လည်း အခုလက်ရှိ သူတော်စင်ဧကရာဇ် အပါအဝင် ဘယ်ဧကရာဇ်ကများ ဒီကိစ္စမျိုးကို အမှန်တကယ် ကိုင်တွယ်ခဲ့ဖူးလို့လဲ”
ထိုစကားများနှင့်အတူ ဝမ်ချောင်က တိတ်ဆိတ်သွားသည်။ လီကျင်းကျုံးက စကားကို ချောမွေ့စွာ ပြောတတ်ပြီး ကောက်ကျစ်ကာ အကြံအစည်လည်းများသည်။ သူက ကောက်ကျစ်သော အရာရှိများထဲမှ တစ်ယောက်ဖြစ်ပြီး ဝမ်ချောင်ကပင် သူ့ကိုဒီလိုကိစ္စမျိုးတွင် ပြိုင်မငြင်းနိုင်ချေ။
မင်းဆက်တိုင်းက မင်းသားတိုင်းကို ခုံရုံးရှိအရာရှိများ၊ နယ်စပ်မှ ဗိုလ်ချုပ်များနှင့် ပူးပေါင်းကာ ကိုယ်ပိုင်ဂိုဏ်း အဖွဲ့အစည်းများ တည်ထောင်ခြင်းအား တားမြစ်ထားသော်လည်း မင်းသားတိုင်းက ထိုကဲ့သို့သော ကိစ္စမျိုးတွင် အစစ်အမှန် ပါဝင်ပတ်သတ်ခဲ့ခြင်းမျိုး မရှိချေ။ ထို့ကြောင့် ဒီအတိုင်း ပုန်းကွယ်ကာ ရင်ဆိုင်တိုက်ခ်ိုခြင်းမျိုးသာ ရှိနေတတ်လေသည်။
လက်ရှိ သူတော်စင်ဧကရာဇ်ဆိုလျှင်လည်း အလားတူသာလျှင်ဖြစ်သည်။ ယခင်ဧကရာဇ်ပင်ဖြစ်စေ၊ ဧကရာဇ် ထိုက်ကျုံးပင်ဖြစ်စေ အလားတူဖြစ်ခဲ့သည်။ မည်သည့် ပါရမီကြီးပြီး ခေါင်းမာသော သမိုင်းမှ ဧကရာဇ်တောင်မှ ချွင်းချက်မရှိခဲ့ချေ။ တစ်စုံတစ်ယောက်က မလုပ်ရဲလျှင် အစစ်အမှန် နဂါးတစ်ကောင်အဖြစ် ပြောင်းနိုင်မည် မဟုတ်ချေ။
“အရှင်အမတ် ဒီကိစ္စက အရေးကြီးပါတယ်။ အရှင်အမတ်အနေနဲ့ အရှင့်သားကို ဘယ်လိုနည်းလမ်းနဲ့မဆို ကူညီပေးနိုင်ဖို့ ငါတောင်းဆိုပါတယ်”
ဝမ်ချောင်၏ အမူအရာက နူးညံ့သွားကြောင်း မြင်သည်နှင့် လီကျင်းကျုံးက ခေါင်းကိုမော့ကာ သံမဏိကို ပူနေတုန်းထုသည်။
“အပျော်မစောနဲ့ဦး ဒီကိစ္စရဲ့နောက်ကွယ်က လူက ခင်ဗျားလို့သာ ငါသိရရင် ခင်ဗျားကို စောင့်နေမှာက သေဒဏ်ပဲ။ ငါကခင်ဗျားကို သတ်လိုက်မယ်ဆိုရင် ခင်ဗျားရဲ့ကိုယ်စား ဘယ်သူကမှ ခင်ဗျားကို ဝင်ပြောပေးရဲမှာ မဟုတ်ဘူးဆိုတာကို သိထားပါ။ ခင်ဗျားရဲ့ မင်းသားငါးတောင် ဝင်မပြောပေးနိုင်စေရဘူး”
ဝမ်ချောင်က အေးခဲသောလေသံမျိုးဖြင့် ပြောသည်။
လီကျင်းကျုံး၏ နှလုံးသားက အေးစိမ့်သွားပြီး ခပ်မြန်မြန် ခေါင်းငုံ့လိုက်သည်။ သူက စကားထပ်မပြောရဲတော့ချေ။
စွစ်
ဝမ်ချောင်က လီကျင်းကျုံးပေးသော စာရွက်ကို ကောက်ယူလိုက်ပြီးနောက် နှစ်ချက်ခန့် ယမ်းခါကြည့်ပြီးမှသာ ဖြေလိုက်သည်။ သူကစတင်ပြီး အထဲမှ နာမည်များကို ဖတ်ကြည့်သည်။ အခန်းထဲရှိ လေထုက တင်းကြပ်သွားသည်။
ဒါကဒီအတိုင်း ပါးလျသော စာရွက်တစ်ရွက်သာ ဖြစ်သော်လည်း ဒီသတင်းပေါက်ကြားသွားသည်နှင့် မြို့တော်တွင် သွေးမုန်တိုင်း ထန်လာမည်ဖြစ်ကြောင်း လူတိုင်းက နားလည်နိုင်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက သူတို့၏အိမ်များ ဆုံးရှုံးနိုင်သလို သူတို့၏ ခေါင်းကမြေပြင်ပေါ်သို့ လိမ့်ကျသွားနိုင်သည်။
ဝမ်ချောင်က စကားကို ခပ်ပေါ့ပေါ့သာ ပြောလိုက်သော်လည်း သူကထိုစာရွက်ကို ရသည်နှင့် သူ၏အမူအရာက ချက်ချင်းလိုလို လေးနက်သွားသည်။ အခြားတစ်ဖက်တွင် လီကျင်းကျုံးက မြေပြင်တွင် ဒူးထောက်လျှက်သားဖြင့် ဆူညံသံပင် မထွက်ရဲဘဲ ရှိနေသည်။
စာရွက်ထဲတွင် နာမည်များစွာကို အရှိအတိုင်းသာ ရေးသားထားသည်။ နာမည်တစ်ခုချင်းစီတိုင်းက ခုံရုံးမှ အာဏာကြီးသော အမတ်များဖြစ်သည်။ ဝမ်ချောင်က နာမည်ကို ဆက်ဖတ်နေရင်းမှ အံ့အားသင့်သွားရသည်။ မင်းသားငါး၏ လွှမ်းမိုးမှုက သူ့မျှော်လင့်ထားသည်ထက် သာလွန်နေသည်။
ထိုလူများ၏ အသိအမှတ်ပြုမှု ထိုလူများ၏ သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လက်ခံသောအချက်က သူ့ကို ဂုဏ်ယူရစေသည်။ သို့သော် သူက ဆက်ဖတ်ပြီးနောက် ဝမ်ချောင်က မျက်မှောင်ကျုံ့လိုက်သည်။
“အရှင်အမတ် တစ်ခုခုမှားနေလို့လား”
လီကျင်းကျုံးက အမြဲတစေ သူ့ကိုသာ စောင့်ကြည့်အကဲခတ်နေလေရာ ချက်ချင်းလိုလို မေးလိုက်သည်။
“ဒီစာရင်းထဲမှာပါနေတဲ့ နာမည်တစ်ခုခုက မင်းသားတစ်နဲ့ အခြားမင်းသားတွေရဲ့ သူလျိုတွေများ ဖြစ်နေလို့လား”
“ဟွန်း ခင်ဗျားက ဉာဏ်ကောင်းသားပဲ”
ဝမ်ချောင်က သူ့ကိုအေးစက်စွာ စိုက်ကြည့်သည်။ အနာဂတ်မှ တန်ဖိုးထားခံရမည့် ထိုအမတ်က သေချာပေါက် မရိုးဖြောင့်နိုင်ချေ။ သဘာဝအလျောက်ပင်သူက မည်သည့်ကိစ္စပင်မဆို အထိမခံဖြစ်သည်။ သူက အနည်းငယ် မျက်မှောင်ကျုံ့လိုက်ရုံဖြင့် ကွာခြားမှုကို တန်း၍သတိထားမိလိုက်သည်။