အခန်း (၆၈၆-၆၉၀)
Vol. 36 Ch. 686-690
အခန်း(၆၈၆)
မင်းဆက်တိုင်း ခေတ်တိုင်းတွင် ပုလ္လင်အတွက် ပြိုင်ဆိုင်ရသည့် နဂါးများမှတိုက်ပွဲက အရက်စက်ဆုံးကိစ္စဖြစ်သည်။ မင်းသားများအတွက် အခြားသူများ၏ အဖွဲ့အစည်းထဲသို့ သူလျိုများစေလွှတ်ကာ သတင်းအချက်အလက်များ ရအောင်ယူပြီး ပြန်လည်ကိုင်တွယ်သည့် ကိစ္စက ပုံမှန်ဖြစ်နေသေးသည်။ သို့သော် အပြင်လူများနှင့်ယှဉ်သော် ဒီကိစ္စက အနည်းငယ် ရင်းနှီးရပြီး အန္တရာယ် ပိုများသည်။
အနည်းငယ်မျှ ဂရုမစိုက်မိသည့် အခြေအနေကတင် သူလျိုလုပ်သည့် ထိုလူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ခံရနိုင်ပြီး အရိုးများကို ဖုန်ဖြစ်သွားစေနိုင်သည်။ ထို့အပြင် ထိုသူလျိုက ဝင်ရောက်ထားသည့် အဖွဲ့အစည်းကို အကွက်ချ ကြံစည်လိုက်မည်ဆိုလျှင် ထိုအဖွဲ့အစည်း၏ သခင်က ဒုက္ခရောက်သွားပေလိမ့်မည်။ ထိုအချက်ကြောင့် မင်းသားငါးက ဝမ်ချောင်ထံမှ အကူအညီ တောင်းခံခြင်းဖြစ်သည်။
“တုဟုန် ကျန်းဝေ့ ရှောင်းယို့ ကွေ့ရီ လုကျန်းကျင်း လီဟန်...”
ဝမ်ချောင်က နာမည်အတန်းလိုက် ထုတ်ပြောလိုက်သည့်အခါ လီကျင်းကျုံး၏မျက်နှာက အံ့အားသင့်မှုကြောင့် ရှုံ့မဲ့သွားသည်။
“ဘာ အရှင်အမတ် ဒီလူတွေမှာ ပြဿနာရှိနေတာလား။ သူတို့ထဲက ဘယ်သူ့ကိုမှ အသုံးပြုလို့ မရဘူးပေါ့”
သူက အစပိုင်းတွင် နာမည်စာရင်း ပေးခဲ့ချိန်က လီကျင်းကျုံးအနေဖြင့် အသုံးပြု၍မရသည့် လူအများအပြား ပါလာမည်ဟု မထင်ထားမိချေ။ သို့သော် ဝမ်ချောင်၏ နောက်ပိုင်းစကားများက သူ့ကိုပို၍ အံ့အားသင့်စေသည်။
“အရှင့်သားကို ပြောလိုက်ပါ။ ဒီလူတွေက ပြဿနာမရှိဘူး။ ဒီလူတွေကို အရေးပါတဲ့နေရာမှာ ထားလို့ရတယ်။ အခြားသူတွေအတွက်ကတော့ ငါတို့နောက်မှ ဆွေးနွေးကြမယ်”
ဝမ်ချောင်က ထိုသို့ပြောသည်။
“အာ”
လီကျင်းကျုံးက ခေါင်းမော့လိုက်ပြီး သံသယအပြည့်ဖြင့်ကြည့်သည်။ ထိုလူများနှင့် ပတ်သတ်ပြီး ပြဿနာရှိနေမည်ဟု သူက စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုလူများက အသုံးပြု၍ရကြောင်း သေချာနေသည်။
“ငါပြောတဲ့အတိုင်းလုပ်ပါ”
ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။ သူက ခေါင်းပင် လှည့်မကြည့်လာသည့်တိုင်အောင် လီကျင်းကျုံး၏ စိတ်အနက်ရှိုင်းဆုံး အပိုင်းမှ အတွေးကို သိနိုင်သည်။ လီကျင်းကျုံး၏ နှလုံးသားက အခုန်နှုန်း မြန်ဆန်သွားပြီး ခပ်မြန်မြန် ခေါင်းကိုပြန်ငုံ့လိုက်သည်။
ဝမ်ချောင်က သဘာဝအလျောက်ပင် ထိုလူများကို မည်သည့်အတွက်ကြောင့် အသုံးပြု၍ရကြောင်း ကောင်းမွန်စွာ နားလည်နေသည်။ တုဟုန်ကျန်းပင်ဖြစ်စေ ဝေ့ရှောင်ယို့ပင်ဖြစ်စေ ကွေ့ရီပင်ဖြစ်စေ သူထုတ်ပြောလိုက်သည့် အခြားသူများပင်ဖြစ်စေ အားလုံးက အနာဂတ်တွင် မင်းသားငါး၏ ယုံကြည်ရသော လက်အောက်ခံများ ဖြစ်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။ ထိုလူများက ယခုလိုအခြေအနေမျိုးတွင် ပေါ်မလာသင့်သေးချေ။ သို့သော် အမျိုးမျိုးသော တိုက်ဆိုင်မှုများကြောင့် သူတို့က လီဟန်နှင့် နီးကပ်သွားကြမည်ဖြစ်သည်။ သမိုင်းက ပြောင်းလဲသွားခဲ့ပြီး မင်းသားငါးက သူ၏ကိုယ်ပိုင် လက်အောက်ငယ်သားများကို မြေတောင်မြှောက်ပေးချင်နေကတည်းက သူ့အနေဖြင့် ထိုလူများကို လီဟန်၏အနားသို့ စောစီးစွာပိို့လိုက်ရုံသာ ရှိတော့သည်။ အနည်းဆုံး သစ္စာရှိသော အခြေအနေမျိုးတွင် ဒီလူများနှင့်ပတ်သတ်ပြီး ပြဿနာ မရှိနိုင်ချေ။
“ဒါ့အပြင်...”
ဝမ်ချောင်က တခဏခန့် ရပ်တန့်ပြီးနောက် လက်ကိုယမ်းလိုက်သည်။ သူက အနီးအနားတွင်ရှိသည့် စုတ်တံကို မမြင်ရသော အားတစ်ခုဖြင့် လှမ်းဆွဲကာယူလိုက်သည်။ တစ်ချိန်ထဲတွင်ပင် မှင်တုံးကိုပါ တစ်ပါတည်း ဆွဲယူခဲ့သည်။ ထိုတစ်ခုလုံးက ဝမ်ချောင်၏လက်ထဲသို့ ရောက်လာသည်။
“ငါရေးခြစ်လိုက်တဲ့ ဘယ်နာမည်မဆို အရှင့်သားကို ပြောလိုက်ပါ။ ဒီနာမည်ပိုင်ရှင် ဘယ်သူ့ကိုမှ အသုံးပြုလို့မရဘဲ တက်နိုင်သမျှ အကွာအဝေးတစ်ခု ထားထားပြီး နေနေသင့်တယ်ဆိုတာပဲ။ လျိုကျီး၊ ဝမ်ကျန်း၊ လီရုန်... အရှင့်သားက ဒီလူတွေကို ဘယ်လောက်ပဲ သဘောကျနေပါစေ အတက်နိုင်ဆုံး အဆက်အသွယ် အနည်းငယ်ပဲလုပ်ရမယ်။ ဒါ့အပြင် အငယ်တန်းနန်းတွင်း လက်မှုပညာသည် ဝေ့လန်နဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းရေးရာဆိုင်ရာ ခုံရုံးက ဒုညွှန်ကြားရေးမှူး ဝေ့ကျစ်...”
“သူတို့က ဘယ်ဘက်ကပါလဲ”
လီကျင်းကျုံးက ရုတ်တရက် သတ္တိကို စုစည်းပြီးနောက် ခေါင်းမော့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း မျှော်လင့်ချက် အပြည့်ရှိသည်။
“ဟွန့် အရှင့်သားက ဒီနှစ်ယောက်ကို အရမ်းကို မျက်နှာသာပေးချင်နေတယ် မဟုတ်လား”
ဝမ်ချောင်က နာမည်စာရင်းကို ချလိုက်ပြီးနောက် ခေါင်းကိုငုံ့ကာ လီကျင်းကျုံးကို ကြည့်လိုက်သည်။ သူ၏အသံထဲတွင် လှောင်ပြောင်လိုသော လေသံက ကပ်ပါသွားသည်။
“ဒါက...”
လီကျင်းကျုံးက အနည်းငယ် တုန့်ဆ်ိုင်းသွားသည်။
“သူတို့က မြို့တော်ရဲ့ ဝေ့ကလန်က လာတဲ့အတွက်ကြောင့်လား”
ဝမ်ချောင်က ထိုသို့ပြောသည်။
“ဟုတ်ပါတယ်”
လီကျင်းကျုံးက ဝမ်ချောင်၏အရှေ့တွင် ဘာကိုမှ ဖုံးကွယ်ထား၍မရကြောင်း နားလည်နေသည့်အတွက် လျှင်မြန်စွာ ခေါင်းညိမ့်လိုက်ရသည်။
မဟာထန်တွင် အမျိုးမျိုးသော အထက်တန်းလွှာ ကလန်ကြီးများရှိသော်လည်း ဝေ့မျိုးရိုးက ထိပ်ဆုံးစာရင်းတွင် ရှိနေသည်မှာ မှန်ကန်သည်။ သူတို့က ပိုင်ကလန်နှင့် ကျောင်းကလန်တို့ထက် အဆင့်အတန်း မြင့်မားပြီး အစစ်အမှန် အလေးစားခံ အထက်တန်းလွှာ ကလန်ကြီးဖြစ်သည်။
ဝမ်ကလန်က အမတ်များနှင့် ဗိုလ်ချုပ်များပြည့်နေသော ကလန်ဖြစ်ပြီး ဝမ်ချောင်၏ အဘိုးက ဉာဏ်အလွန်ကောင်းကာ ကျော်ကြားသည့် အမတ်တစ်ယောက်ဖြစ်ပြီး တစ်လောကလုံးအနှံ့ နာမည်ကြီးခဲ့သည်။ ဒီနည်းအားဖြင့် သူက ယခုလက်ရှိ ဧကရာဇ်ကို ထီးနန်းဆက်ခံနိုင်အောင် မြင့်တင်ပေးနိုင်ခဲ့ပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်စေခဲ့သည်။ ပို၍ဆိုးသည်မှာ ဝမ်ကလန်၏ နောက်ပိုင်းမျိုးဆက်များကလည်း ဘုရင်စုန့်၏ မျိုးဆက်နှင့် ဆက်ဆံရေး အလွန်ကောင်းသောကြောင့် မြို့တော်အတွင်းတွင် အစစ်အမှန် အင်အားကြီးသော အဖွဲ့အစည်းတစ်ခု ဖြစ်စေခဲ့သည်။ သို့တိုင်အောင် ဝမ်ကလန်က ဝေ့ကလန်ကို မယှဉ်နိုင်သေးချေ။
အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။ ဝမ်ကလန်က နောက်ပိုင်းနှစ်များမှသာ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဝေ့ကလန်ကမူ ရှေးဟောင်းမျိုးရိုးဖြစ်ကာ တည်ရှိနေခဲ့သည်မှာ နှစ်လေးရာ သို့မဟုတ် ငါးရာခန့် ရှိနေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အထူးသဖြင့် ဆွေ့မင်းဆက်ကတည်းက ဝေ့မျိုးရိုးက ဆွေ့အထက်တန်းလွှာ ကလန်များထဲမှ အင်အားအကြီးဆုံး ဖြစ်ခဲ့ပြီးသားဖြစ်သည်။
ဆွေ့၏ဧကရာဇ်ဝမ်က မြောက်ပိုင်းကျိုး နယ်မြေ၏ မဟာထိပ်တန်း အရာရှိ ဝေ့ရှောင်းခွန်းအတွက်ကြောင့် မဟာဆွေ့တိုင်းပြည်ကြီးကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်လေရာ နောက်ပိုင်းမျိုးဆက်က သမ်ိုင်းဝင်လာပြီး ကိစ္စများက အလွန်အမင်း ရှုပ်ထွေးသွားခဲ့သည်။ အတိုချုံ့ဆိုရသော် ဝေ့ကလန်၏ နက်ရှိုင်းသော အရင်းအမြစ်က အဆင့်တစ် ကလန်ကြီးတစ်ခု ဖြစ်သွားစေသည်။
ဝေ့လန်နှင့် ဝေ့ကျစ်တို့က ဝေ့ကလန်မှ ဆက်ခံသူများဖြစ်ပြီး သူတို့ထုတ်နိုင်သည့် အာဏာက မနည်းချေ။ ထို့ကြောင့် မင်းသားငါးလီဟန်က သူတို့နှင့် မရင်းနှီးချင်မှသာ ထူးဆန်းသွားပေလိမ့်မည်။
“အရှင့်သားကို ပြောလိုက်ပါ။ ဒီစာရင်းထဲမှာ သူဝေ့လန်နဲ့ ဝေ့ကျစ်ကို ရွေးချယ်ဖို့ သေချာပေါက် စွန့်ပြစ်ရမယ်။ သူ့ကို ဒီလူနှစ်ယောက်ကို မရွေးချယ်ဖို့တားပါ”
ဝမ်ချောင်က စာရင်းကိုဆုပ်ကိုင်လိုက်သည်။ သူ၏အသံက ပြတ်သားပြီး ငြင်းဆန်ခွင့်မပြုချေ။
“သူကငါ့ရဲ့ထင်မြင်ချက်ကို ကြားချင်တာဆိုရင်တော့”
“ဘာလို့လဲ”
လီကျင်းကျုံးက စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်ဝန်းများဖြင့် ခေါင်းကိုခပ်ကြမ်းကြမ်း မော့လိုက်သည်။
“ဟမ့် မင်းကငါ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းပြန်ထုတ်နေတာလား”
ဝမ်ချောင်က အေးစက်စွာမေးသည်။ သူ၏မျက်လုံးထဲတွင် မည်သည့်ခံစားချက်မျှ မရှိချေ။
အကြံအစည်ကြီးသော အမတ်တစ်ယောက်၏ ကိုယ်ရေးအကျင့်စရိုက်က အရိုးထဲဆွဲနေပြီး ပြောင်းလဲရန် ခက်ခဲသည်။ သူကအမြဲတစေ အာဏာရရန် ထွင်းဖောက်ကြိုးစားတတ်လေ့ရှိသည်။ သို့ရာတွင် သူက အလွယ်တကူ အနားယူချင်စိတ်မရှိလျှင် သူက ဝမ်ချောင်၏အရှေ့တွင် လှည့်ကွက်များကို လာကာ ကစားချင်ပြီး သူ၏စကားလုံးများကို မနာခံချင်လျှင်လည်း ဝမ်ချောင်က စောင့်ဆိုင်းပေးနေမည်မဟုတ်ချေ။ သူက ယခုချက်ချင်း လီကျင်းကျုံးကို သတ်လိုက်၍ရသည်။
လက်ရှိလီကျင်းကျုံးက ဧကရာဇ်ကို ပုလ္လင်ဆက်ခံနိုင်အောင် မထောက်ပံ့ပေးရသေးဘဲ သူ၏လီဟန်၏ ဘေးမှနေရာက အနာဂတ်တွင် ဖြစ်လာနိုင်သည့် အဆင့်အတန်းလောက် အရေးမပါသေးပေ။
ထို့နောက် ဝမ်ချောင်က တစ်ဖက်သူကို ယခုသတ်လိုက်လျှင်ပင် ဒီအတိုင်း သတ်လတ်ပိုင်းအရွယ် မိန်းမဆိုးတစ်ယောက်ကို သတ်ရုံထက် မထူးခြားသေးချေ။ လီဟန်ကလည်း သူတို့၏ ဆက်ဆံရေးအတိုင်း ဒီလိုအခြေအနေကို လိုက်ဂရုစိုက်မည်မဟုတ်ကြောင်း နားလည်သည်။
“ဒီနိမ့်ကျတဲ့လူက အဲ့ဒီလို မလုပ်ရဲပါဘူး”
လီကျင်းကျုံးက ဝမ်ချောင်၏ အေးစက်သောအကြည့်ကို ခံစားမိလိုက်ကာ ချက်ချင်းလိုလို တစ်စုံတစ်ရာကို နားလည်သွားသည်။ သူ၏နှလုံးသားက တုန်ယင်သွားပြီး ခပ်မြန်မြန်ခေါင်းကို ငုံ့ချလိုက်ကာ စကားဆက်မဆိုရဲတော့ချေ။
“အရှင့်သားကဘာလို့ ဝေ့ကလန်နဲ့ ရင်းနှီးချင်သလဲဆိုတာ ငါနားလည်တယ်။ ဘာပဲဖြစ်ဖြစ် ဝေ့ကလန်က အုတ်မြစ်နက်ရှိုင်းတဲ့ မဟာကလန်ကြီးပဲလေ။ ဒါပေမဲ့ ဝေ့ကလန်က ဝေ့ကလန်ပဲ။ ဝေ့လန်နဲ့ဝေ့ကျစ်က ဝေ့လန်နဲ့ဝေ့ကျစ် ငါအရှင့်သားကို ဝေ့ကလန်နဲ့ ရင်းနှီးမှာကို မငြင်းဆန်ဘူး။ ဒါပေမဲ့ ဝေ့လန်နဲ့ဝေ့ကျစ်တော့ မရဘူး”
ထိုသို့ မျက်နှာသေဖြင့် ရှင်းပြခဲ့သည်။
“အရှင်အမတ် ... ဒီနှစ်ယောက်က အသုံးမဝင်နိုင်ဘူးလို့ အရှင်အမတ်က ယုံကြည်ထားတာပါလား”
လီကျင်းကျုံးက ထပ်မံပြီး မေးမြန်းလေသည်။
“မင်းက အမြင်စူးရှသားပဲ”
ဝမ်ချောင်က မငြင်းချေ။ သူက ရှေ့ဆက်မျှော်လင့်သည်။ ရှေ့ဆက်ပြီး တူးဆွနိုင်ရန် မျှော်လင့်သည်။
သူကဝင်ပါခဲ့လျှင် ဝေ့လန်နဲ့ဝေ့ကျစ်က လီဟန်၏ဘေးတွင် သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။ ထိုနှစ်ယောက်က မြို့တော်၏ ဝေ့မျိုးဆက်မှဖြစ်သော်လည်း သူတို့က အလောတကြီးနိုင်ပြီး ကိစ္စများကို အရှုပ်အထွေး လုပ်တတ်သည်။ သူတို့ထဲက မည်သူကမျှ အခြေမခိုင်မာသလို သူတို့၏ အစ်ကိုကြီးဝေ့ကျန်းလောက် လုပ်နိုင်စွမ်းအားလည်းမရှိဘဲ မှီခိုနိုင်စွမ်းအားလည်း မရှိပေ။
ဝေ့ချောင်က လီဟန်နှင့်ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ မဟာထန်၏ ခေါင်းဆောင် လီဟန်က သူ၏ဆုတ်ယုတ်သော နေ့ရက်များကို ပြန်လည်ခံစားရသော အချိန်ကာလများ ရှိခဲ့သေးပြီး နောက်ကျမှသာ ထီးနန်းကို ဆက်ခံနိုင်ခဲ့သည်။ အကြောင်းမူကား သူ့ကို ထိုဝေ့လန်နှင့် ဝေ့ကျစ်တို့က ထပ်ခါတလဲလဲ ဒုက္ခရောက်အောင် လွန်ဆွဲနေခဲ့သောကြောင့်ဖြစ်သည်။
ထိုနှစ်ယောက်က လုပ်သော အရှုပ်အထွေးများက မူဝါဒရေးရာဆိုင်ရာ မုန်တိုင်းထန်စေခဲ့သည်။ ထို့ကြောင့် ဒီကပ်ဘေးတစ်ခုကို တစ်ကြိမ်ကျော်ဖြတ်ပြီးသည်နှင့် လီဟန်က ထိုနှစ်ယောက်အတွက် တဖန်ပြန်လည် နောက်သို့ပြန်အဆွဲခံရပြန်သည်။ ဒီနည်းအားဖြင့် သူတော်စင်ဧကရာဇ်ကို ဒေါသထွက်စေသည်။ ဒီနည်းအားဖြင့် သူတော်စင်ဧကရာဇ်ကလည်း လီဟန်က အဖေကိုပြန်သတ်ပြီး အသုံးမကျသည့် ဆက်ခံသူ ဖြစ်လာမည်ဟု ယုံကြည်သွားစေသည်။
ထိုအတွက်ကြောင့် လီဟန်၏ ပုလ္လင်ကိုဆက်ခံသည့် အချိန်က နှစ်နှစ် သုံးနှစ်ခန့် နောက်ကျသွားခဲ့သည်။ ဗဟိုပြင်ကျယ်ကြီးအတွက် အလိုအပ်ဆုံးက အချိန်ဖြစ်ပြီး ဒီနှောင့်နှေးသွားသော ကိစ္စက သေစေနိုင်လောက်အောင် ပြင်းထန်သည်။
လီဟန်၏ ရည်မှန်းချက်က မည်မျှကြီးကြီး အဆုံးတွင် သူဟာ ပုလ္လင်ပေါ်တွင်ထိုင်ပြီး နောင်တအပြည့်ဖြင့် သေသွားခဲ့ရသည်။
မဟာထန်၏ ထိုခေါင်းဆောင်ဖြစ်သည့် နောက်ဆုံးသော ဧကရာဇ်က ထိုက်ကျိနန်းဆောင်ထဲတွင် အဆုံးသတ် သေဆုံးသွားခဲ့ရသည်။ ဗဟိုပြင်ကျယ်ရှိလူတိုင်းက နောင်တအပြည့်ဖြင့် ညဉ်းညူခဲ့ကြရသည်။ ဝမ်ချောင်က ပြန်လည်မွေးဖွားလာပြီးကတည်းက သဘာဝအလျောက်ပင် ဒီလိုဖြစ်ရပ်မျိုးကို တစ်ခါထပ်ဖြစ်ခွင့်ပြု၍ မရချေ။
ဝေ့လန်နှင့်ဝေ့ကျစ်က လီဟန်ကို သာမာန်လူတစ်ယောက်ဖြစ်အောင် လုပ်ခဲ့သည်။ သူက ထိုနှစ်ကောင်ကို လီဟန်၏အနားတွင် ဆက်ရှိခွင့်ပြုလိုက်လျှင် သူကိုယ်တိုင်ပင် ဒုက္ခများသွားစေနိုင်သည်။
“ခေါင်းမော့ ဘယ်လိုနည်းနဲ့မဆို အရှင့်သားကို အောင်မြင်ဖို့အတွက် သည်းခံနိုင်ရမယ်လို့ ပြောလိုက်ပါ။ အရှင့်သားမှာလည်း အထောက်အပံ့တွေ ရှိနေပါသေးတယ်။ နောက်ပြီး အထောက်အပံ့တွေက ထပ်ရလာဦးမှာပဲ။ အရှင့်သား အခုအခြေအနေက တိုးတက်ကာစပဲ ရှိသေးတယ်။ ဒီတော့ ဝေ့ကလန်းနဲ့ ကလန်မျိုးနွယ် ပါဝင်ပတ်သတ်လိုက်တာက ကောင်းတာထက်ဆိုးတာ ပိုများသွားလိမ့်မယ်”
ဝမ်ချောင်ကပြောသည်။
“ဒီနိမ့်ကျတဲ့အစေခံက နားလည်ပါတယ်”
လီကျင်းကျုံးက ခေါင်းကိုငုံ့လျှက် မတ်တပ်ထရပ်လိုက်သည်။ သူက အပိုစကား မပြောရဲချေ။ ဝမ်ချောင်က သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကိုပင် အနောက်တောင်ပိုင်းတွင် အောင်နိုင်ခဲ့ပြီး လူငယ်အမတ်ဘွဲ့ရခဲ့ကာ ကောင်းကင်၏သားတော်၏ တပည့်ဖြစ်လာခဲ့သည်။ အင်ပါယာတစ်ခုလုံး လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကသူ့ကို အနာဂတ်၏ မဟာဗိုလ်ချုပ်ကြီးအဖြစ် သတ်မှတ်ထားကြသည်။
လွှမ်းမိုးနိုင်စွမ်းချင်း ယှဉ်ရာတွင် ဝေ့လန်နှင့်ဝေ့ကျစ်က ဝေ့ကလန်၏ဆက်ခံသူ ဖြစ်ကောင်းဖြစ်လောက်သော်လည်း သူတို့က ဝမ်ချောင်လို့လူမျိုးနှင့် လီသောင်းကျော်မက ဝေးကွာသေးသည်။ ထိုအတွက်ကြောင့် မင်းသားငါးလီဟန်က ဝမ်ချောင်ကို အလွန်အမင်း အရေးကြီးသော ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ထားပြီး သူ့လက်အောက်ငယ်သားများ၏ စာရင်းကိုပင်ပေးကာ သုံးသပ်ခိုင်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လွှမ်းမိုးနိုင်စွမ်းအားအရ ဝမ်ချောင်က လီဟန်၏ နှလုံးသားထဲမှ အောင်နိုင်သူ ဖြစ်နေပြီးသားဖြစ်သည်။
“ဒီစာရင်းကိုယူပြီး ထွက်သွားပါ။ စစ်သည်တော်တွေအတွက်ကတော့ အရည်အသွေးက အရေအတွက်ထက် ပိုပြီးအရေးကြီးတယ်။ ဒီစာရင်းထဲက နာမည်တွေက လုံလောက်တာထက် ပိုပါတယ်။ ဒီထက်ပိုများသွားရင် သူတော်စင်ဧကရာဇ်ကို သဘောမကျ ဖြစ်စေလိမ့်မယ်”
ဝမ်ချောင်က စာရင်းကို လီကျင်းကျုံးကို ထပ်ပေးလိုက်သည်။
“ဒီနိမ့်ကျတဲ့အစေခံက အရှင့်သားကို ပြန်လည်ပြီး လျှောက်တင်လိုက်ပါ့မယ်”
လီကျင်းကျုံးက ထိုသို့ပြောသည်။
ဝမ်ချောင်က သူထွက်သွားတော့မည်ဟု ထင်ထားသော်လည်း လီကျင်းကျုံးက အံ့အားသင့်စရာ ကောင်းလောက်အောင် ဆက်နေခဲ့သည်။ သူ၏ခေါင်းက ငုံ့ထားသေးပြီး ခန္ဓာကိုယ်က မလှုပ်ချေ။ သူက ထွက်သွားရန် ဆန္ဒမရှိချေ။
“ဘာဖြစ်လို့လဲ မင်းမှာအခြားကိစ္စ ရှိသေးတာလား”
ဝမ်ချောင်က အံ့အားတကြီးမေးသည်။
“ဟုတ်ပါတယ်”
လီကျင်းကျုံးက အံ့ကြိတ်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။
“ဒီနိမ့်ကျတဲ့အစေခံက အရှင်အမတ်ကို ဘယ်လိုနည်းနဲ့မဆို သဘောတူစေချင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုရှိပါတယ်”
“အာ”
ဝမ်ချောင်က အံ့အားသင့်သွားသည်။ ထိုမိန်းမဆိုးက အလွန်ခေါင်းမာသည်။ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စများ သိနေသည့်တိုင်အောင် သူသဘောတူစေလိုသေးသည်။
လီကျင်းကျုံးက သတ္တိများကို စုစည်းကာပြောသည်။
“အရှင်အမတ် ဒီကိစ္စက ဒီနိမ့်ကျတဲ့အစေခံက သီးသန့်တောင်းဆိုတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုပေမဲ့လည်း ဒီနိမ့်ကျတဲ့ အစေခံအတွက်ကြောင့် မဟုတ်ပါဘူး။ အရှင့်သား မင်းသားငါးအတွက်ပါ”
“မင်းသားငါးအတွက်ဟုတ်လား”
ဝမ်ချောင်က စိတ်ဝင်စားသွားသည်။
“ပြောစမ်းပါဦး ဘာကိစ္စလဲ”
“ဒါကဒီလိုပဲ အရှင့်သားက တုကျစ်ချီလို့ခေါ်တဲ့ အမျိုးသမီးကို သဘောကျနေတယ်။ သူတို့က လျို့ဝှက်ပြီး လက်ဆောင်တွေပို့ကြသလို အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လက်ထပ်ပါမယ်ဆိုပြီး ကတိသစ္စာ ပြုထားကြတယ်။ ဒါပေမဲ့ အရှင်အမတ် အရှင့်သားလည်း နားလည်တာပဲ။ တော်ဝင်ကလန်ရဲ့ ဆက်ခံသူတွေက သာမာန်လူတွေနဲ့မှ မတူတာ။ သူတို့က ဇနီးမယားအတွက်ပဲဖြစ်ဖြစ် ကြင်ယာတော်အတွက်ပဲဖြစ်ဖြစ် ကိုယ်လုပ်တော်အတွက်ပဲဖြစ်ဖြစ် အရှင့်သားအနေနဲ့ အသိအမှတ်ပြုခံရဖို့ လိုအပ်နေပါတယ်။ ထို့ကြောင့် အခုလိုမျိုး လက်ထပ်ဖို့ သီးသန့်တစ်ယောက်တည်း ဆုံးဖြတ်ချက်ချလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး”
“အရင်ဧကရာဇ် လက်အောက်မှာဆိုရင် လက်ရှိဧကရာဇ်က ငယ်ရွယ်သေးတာတောင်မှ သူက ဖျော်ဖြေသူတစ်ယောက်ကို သဘောကျခဲ့တဲ့အချိန်မှာ အရင်ဧကရာဇ်က အမျက်ဒေါသထွက်ခဲ့ပြီး သူက တဏှာမှာမွေ့လျော်လွန်းပြီး ဒီလိုအဆင့်အတန်းနဲ့ မထိုက်တန်ဘူးလို့တောင် ထင်မြင်ယုံကြည်ခဲ့ပါသေးတယ်။ ဒါကြောင့် အိမ်ရှေ့စံနေရာကနေ ဖယ်ရှားရမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ ဒါတွေအားလုံးက သာဓကပါပဲ”
“အရှင့်သားက နန်းတွင်းမှာ အခုမှနေရာ ရကာစပါ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးလုပ်လိုက်ရင် သူကြိုးစားထားသမျှ အရာအားလုံးက အဆုံးသတ်သွားပါလိမ့်မယ်။ ဒါ့အပြင် ဒီအမျိုးသမီးနဲ့ အချိန်ဖြုန်းနေတာနဲ့ပဲ အရှင့်သားက လက်ရှိအချိန်မှာ သူကိုယ်ပိုင်အိမ်စာတွေကို မလုပ်နိုင်သလို သိုင်းကိုလည်း ကျင့်ကြံဖို့ ပျက်ကွက်နေပါတယ်။ သူတော်စင်ဧကရာဇ်က ဖိတ်ကြားထားပြီး မင်းသားကို လေ့ကျင့်ပေးခိုင်းထားတဲ့ တော်ဝင်ဆရာကတောင် သီးသန့်အကဲဖြတ် ဝေဖန်နေပါပြီ”
လီကျင်းကျုံးက ထိုသို့ပြောနေရင်းမှ သူ၏စိုးရိမ်မှုကို မဖုံးကွယ်ထားနိုင်တော့ချေ။
“အရှင်အမတ် အရှင်အမတ်ကပဲ သူ့ကို အကြောင်းပြချက်တွေ နားလည်အောင် ဖြောင့်ဖျပေးနိုင်မဲ့လူပါ။ ဘယ်လိုနည်းလမ်းနဲ့မဆို အရှင့်အနေနဲ့ အရှင့်သားမင်းသားက ရအောင် ဖြောင့်ဖျပေးနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကပ်ဘေးက သိပ်မဝေးလောက်တော့ပါဘူး”
ဒီခရီးတွင် လီကျင်းက ထိုအလားအလာရှိသော လက်ထောက်များ၊ အမတ်များ၊ ဗိုလ်ချုပ်များ၏ စာရင်းကို ပြခြင်းထက် သူ၏အစစ်အမှန် ရည်ရွယ်ချက်က ဝမ်ချောင်၏ အကူအညီဖြင့် မင်းသားငါးကို ထိုမိန်းကလေးနှင့် ခပ်ဝေးဝေးနေအောင် ဖြောင့်ဖျပေးစေလိုခြင်းဖြစ်သည်။
အခန်း(၆၈၇)
ဝမ်ချောင်က ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။ သူ၏အမူအရာကလည်း လေးနက်သွားသည်။ သူ့အနေနှင့် လီကျင်းကျုံးက ထိုသို့သောကိစ္စမျိုးကို ပြောပြလာမည်ဟု မမျှော်လင့်ထားဖူးချေ။
မင်းသားငါးက တဏှာကြီးတယ်မဟုတ်လား။
ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။
လီဟန်သည် မဟာထန်၏ တိုးတက်မှုအတွက်သာ အလေးထားပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်သည့် အနာဂတ်ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်သည်။ ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင်ဆိုလျှင် လီဟန်က မဟာထန်ကို အထွဋ်အထိပ် အခြေအနေသို့ ပြန်ရောက်အောင် ဘာမဆိုလုပ်မည့် အုပ်ချုပ်သူမျိုးဖြစ်သည်။
ဒီလိုလူက မိန်းမလိုက်စားပြီး မွန်နေတဲ့လူမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ။
သို့ရာတွင် ဝမ်ချောင်ကို ပို၍အံ့ဩစေသည့် ကိစ္စက လီကျင်းကျုံးက ထည့်ပြောလာသည့် တုကျစ်ချီဆိုသော နာမည်ဖြစ်သည်။
ဘယ်လိုဖြစ်ပြီး သူမဖြစ်နေတာလဲ။
ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားသလို သူ၏စိတ်က မုန်တိုင်းထန်သွားသည်။
ဝမ်ချောင်အနေနှင့် အမျိုးသမီးများ၏ နာမည်ကို မှတ်ထားခဲသည်။ အထူးသဖြင့် သူတစ်ကြိမ်မျှ မတွေ့ဖူးသော မိန်းမများဆိုလျှင် ပိုဆိုးသည်။ သို့သော် ဝမ်ချောင်အနေနှင့် တုကျစ်ချီအမည်ရသော အမျိုးသမီးကိုမူ ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ချေ။
အမှန်တိုင်းဆိုရသော် ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် လူအနည်းငယ်စုလောက်ကသာ ထိုအမျိုးသမီး၏ နာမည်ကို မသိရှိလောက်ချေ။ အကြောင်းမူကား ထိုအမျိုးသမီးက တစ်ချိန်က နန်းတွင်းကို မုန်တိုင်းထန်စေခဲ့ပြီး သူတော်စင်ဧကရာဇ်၏ အမိန့်ဖြင့် မင်းသားတစ်ပါးကို သာမာန်လူဘဝ ရောက်စေခဲ့သော တရားခံမင်းသမီး ဖြစ်ခဲ့သည်။ တစ်ဖက်သူက ထိုမိန်းမနှင့် ခပ်အေးအေး အချိန်ဖြုန်းနိုင်ရန်အတွက် အိမ်စာများကိုပစ်ပယ်ကာ အလေးမထားသောကြောင့် ထိုသို့ ဒုက္ခရောက်ခဲ့ခြင်းဖြစ်သည်။
ဒါကကိစ္စ အပြည့်အစုံ မဟုတ်သေးချေ။ နောက်ပိုင်း ဆက်လက်ပြီး စုံစမ်းကြည့်ပြီးနောက် ထိုမင်းသားက အလွန်ချစ်ခင်သော ထိုအမျိုးသမီးက အခြားသောမင်းသားတစ်ပါးက စေလွှတ်ထားသည့် သူလျိုဖြစ်နေသည်။
ထိုအမျိုးသမီးက စကားတစ်ခွန်းမျှ မဆိုခဲ့ဖူးသော်လည်း တစ်တိုင်းပြည်လုံးက ပထမမင်းသား၊ ဒုတိယမင်းသား၊ တတိယမင်းသား တစ်ယောက်ယောက်ထဲမှ တစ်ယောက်၏ သူလျိုဖြစ်ကြောင်း သိထားကြသည်။
သို့သော် ထိုမင်းသားကသာ ချစ်လွန်းအားကြီးပြီး သေသည်အထိ သူမဟာသူလျိုဖြစ်ကြောင်း မယုံကြည်ခဲ့ချေ။ အဆုံးတွင် သူက သူမနှင့် ကွဲသွားသောကြောင့် စိတ်ဓာတ်ကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေကာ အဆုံးသတ်သွားခဲ့သည်။ ထိုကိစ္စကို မြို့တော်တွင် ရက်ပေါင်းများစွာကြာအောင် ပြောစမှတ်ဖြစ်ခဲ့သေးသည်။ သူမ၏ ထိုမင်းသားသေဆုံးမှုနှင့် စပ်ဆက်သောကိစ္စကြောင့် ဝမ်ချောင်က သူမ၏နာမည် တုကျစ်ချီဆိုသော နာမည်သုံးလုံးကို ကောင်းကောင်း မှတ်မိနေခြင်းဖြစ်သည်။ ဝမ်ချောင်အနေဖြင့် ဒါက တစ်ယောက်ထဲ ဟုတ်မဟုတ် မသေချာသော်လည်း ထိုကိစ္စနှင့်ပတ်သတ်ပြီး သံသယဝင်စရာ ရှိနေသည်မှာ သေချာသည်။
“အရှင်အမတ်”
အခန်းအတွင်း၏ တိတ်ဆိတ်မှုက လီကျင်းကျုံးကို သတ္တိများကိုစုစည်းပြီး ခေါင်းမော့လိုက်မိစေသည်။ သူ့အနေဖြင့် ဘာဖြစ်နေမှန်းလည်း မသိချေ။ သူက စကားပြော၍ ဆုံးသွားပြီးကတည်းက ဝမ်ချောင်က ဒီတိုင်းရပ်ပြီး အတွေးထဲနစ်မြုပ်သွားခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဝမ်ချောင်ကသူ့ကို ပေးတတ်သော အခြေအနေမျိုးနှင့် ကွာခြားနေသည်။ လီကျင်းကျုံးက ထိုမြင်ကွင်းကြောင့် မှင်သက်စွံ့အသွားရသည်။
ဝမ်ချောင်၏ တုန့်ပြန်မှုက သူကမျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းနေခဲ့သည်။ ထို့ကြောင့် သူ့ကို အလွန်မသက်မသာ ဖြစ်လာစေသည်။
“လီကျင်းကျုံး ငါမင်းကိုမေးမယ်။ မင်းသားငါးက ဒီအမျိုးသမီးနဲ့ တကယ်ပဲ ချစ်နေကြတာလား”
ဝမ်ချောင်က ခပ်တင်းတင်းမေးသည်။
သူက လီကျင်းကျုံးကို မယုံကြည်သောကြောင့် မဟုတ်ဘဲ ဒီလိုကိစ္စမျိုးက သမိုင်းတွင် ဖြစ်ပျက်ခဲ့ဖူးသော ကိစ္စဖြစ်သည်။ အနည်းဆုံး သူရင်းနှီးသောလူများနှင့် မဖြစ်ပျက်ခဲ့ဖူးချေ။ ထို့ပြင် လီဟန်တွင်လည်း ထိုသို့သော အကျင့်စရိုက်မျိုး မရှိချေ။
ဝမ်ချောင်က အလေးအနက်ထားကာ မေးမြန်းလာကြောင်း မြင်သောအခါ လီကျင်းကျုံးက ခပ်မြန်မြန် ပြန်ဖြေသည်။
“အရှင်အမတ် ဒီကိစ္စကို သံသယဝင်စရာ မရှိပါဘူး။ အရှင်အမတ်ရဲ့ရှေ့မှာ ဒီနိမ့်ကျတဲ့အစေခံက လူအယောက် တစ်ထောင်ကျော်ကို ရန်စရဲတယ်ဆိုရင်တောင်မှ အရှင်အမတ်ကို မဟုတ်မမှန်တော့ မပြောရဲပါဘူး”
“ဒီကိစ္စက အရမ်းကိုအရေးကြီးပြီး သေချာပေါက် ဖြေရှင်းဖို့လိုအပ်တယ်။ စောလေကောင်းလေပဲ။ အရှင့်သားက အရှင်အမတ်ကို ယုံကြည်လွန်းတာမို့လို့ ကျွန်တော်မျိုးက အရှင်အမတ်ကို အခုလိုမျိုး လျှောက်တင်ရတာပါ”
အခန်းက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၏မျက်မှောင်က ကျုံ့သထက် ကျုံ့လာပြီး အတွေးနက်သွားချိန်တွင် လီကျင်းကျုံးကမူ ခေါင်းကိုတဖန် ငုံ့ထားလိုက်ပြီး တက်နိုင်သမျှ အသက်ရှုသံကိုပင် တိုးအောင် နေနေမိသည်။
မမြင်ရသော ဖိအားအောက်တွင် လီကျင်းကျုံးက စတင်ကာ ကြောက်လန့်မှုကြောင့် တုန်ယင်လာသည်။ သူက တိတ်ဆိတ်မှုကို ဖြိုခွဲတော့မည့်အချိန်တွင် တိုးလျသည့်စကားသံကို ကြားလိုက်ရသည်။
“ငါနားလည်ပြီ”
ဝမ်ချောင်က ပေါ့ပါးစွာ ပြောလိုက်ပြီးနောက် မျက်လုံးကိုတဖြည်းဖြည်းချင်း ပင့်လာသည်။ သူ၏မျက်နှာထားက အလွန်စူးရှသွားသည်။
“ငါဒီကိစ္စကို ကိုင်တွယ်လိုက်မယ်”
လီကျင်းကျုံးက အလိမ်အညာ ပြောရဲသည့်သတ္တိ မရှိသည်မှာ မှန်သည်။ အနည်းဆုံး ယခုလို မပြောရဲချေ။
ထိုသို့ဆိုလိုနေသည်မှာ တစ်ချက်သာရှိတော့သည်။ သမိုင်းက ပြောင်းလဲသွားလေပြီ။ ယခုမှသာ သူက ဂရုတစိုက် တွေးမိသွားသည်။ လီဟန်က ယခုအသက်အရွယ်တွင် စတင်ကာ ချစ်ကြိုက်လာပေလိမ့်မည်။ သူ့အနေဖြင့် တိုင်းပြည်တစ်ခုလုံးကို ခေါင်းဆောင်အနေဖြင့် ဦးဆောင်ကာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သည်အထိ အရွယ်ရောက်ရန် များစွာဝေးကွာနေသေးသည်။
ဒီအသက်အရွယ်တွင် သူက သူချစ်မြတ်နိုးသော အမျိုးသမီးတစ်ယောက်နှင့် ဆုံသည့်အခါ သူ့အနေဖြင့် အိမ်စာများကို ပြစ်ထားခဲ့ပြီး သိုင်းပညာကို လေ့ကျင့်ရန် မေ့လျော့နေသော ကိစ္စက မထူးဆန်းတော့ချေ။
ဝမ်ချောင်က ပုံမှန်ဆိုလျှင် ဝင်ပါလိမ့်မည်မဟုတ်ချေ။ အထူးသဖြင့် လီဟန်က ကိုယ့်အကြောင်းကို ကောင်းကောင်း နားလည်ပြီး ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေတတ်မည်ဆိုလျှင် ပြဿနာရှိ မရှိလာနိုင်ချေ။ သို့သော် ဒီအမျိုးသမီးက သူတွေးနေသော အမျိုးသမီး ဖြစ်နေခဲ့လျှင်မူ အရာအားလုံးက ကွာခြားသွားလေပြီ။ လီဟန်က အစစ်အမှန် နဂါးအဖြစ် ပြောင်းလဲသော လမ်းကြောင်းက ရုတ်တရက် သူမကြောင့် အဆုံးသတ်သွားနိုင်သည်။
သူတော်စင်ဧကရာဇ်က တစ်ကြိမ်က လူတစ်ယောက်ကို သဘောကျဖူးသည်။ ရလဒ်အနေဖြင့် သူ၏ အဆင့်အတန်းကို ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့် သူတော်စင်ဧကရာဇ်က သူ၏သားတော်များကို အလွန်ခပ်ကြမ်းကြမ်း ဆက်ဆံပြီး အမျိုးသမီးများအတွင်း အလွန်နစ်မြုပ်သွားမည့် အရေးကို အသုံးမပြုချေ။ ထိုအချက်က တော်ဝင်ကလန်သားတိုင်း သယ်ဆောင်ထားရမည့် ပြောင်းလဲ၍မရသော စည်းမျဉ်းဖြစ်နေသည်။ ဝမ်ချောင်ကပင် ပြောင်းလဲ၍မရချေ။ လီကျင်းကျုံးက ခပ်မြန်မြန် ထွက်ခွာသွားသည်။
ဝမ်ချောင်က လမ်းလွှဲဓားစံအိမ်တွင် ရက်အနည်းငယ် ဆက်နေလိုက်ပြီးမှ ထွက်ခွာသွားခဲ့သည်။ အနှေးနှင့်အမြန် ကိုင်တွယ်ရမည့် ကိစ္စအချို့က ရှိနေသေးသည်။ ထိုအမျိုးသမီးကသာ သူတွေးနေသော အမျိုးသမီး ဖြစ်နေခဲ့လျှင် ...
အချိန်များက နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ရက်အနည်းငယ် ကြာပြီးနောက် နေဝင်ချိန်တွင် ရွှေရောင် ရထားလုံးတစ်စီးက နန်းတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားသည်။ မည်သူကမျှ သတိမထားမိလိုက်ချေ။
“ကျစ်ချီ မင်းခံစားနေရပြီ။ မင်းအမြဲတမ်း နန်းတွင်းကနေ ထွက်ချင်နေခဲ့တာမဟုတ်လား။ ဒီနေ့ ဒီမင်းသားက မင်းကိုအပြင်ကို ကောင်းကောင်း ကြည့်နိုင်အောင် လိုက်ပြပေးမယ်”
ရထားလုံးထဲတွင် ငယ်ရွယ်ကာ ချောမောပြီး အရပ်သားဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက နွေးထွေးကာ ညင်သာသော အမူအရာဖြင့် လှပလွန်းသော အမျိုးသမီးတစ်ဦးကို ထွေးပွေ့ထားသည်။ ထိုအမျိုးသမီးက အသက်(၁၉)နှစ်အရွယ်ရှိပြီး သူမ၏ အသားအရည်က ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသည်။ သူမ၏ အလှတရားက ဆွဲဆောင်မှုပြင်းထန်ပြီး မည်သူ့ကိုမဆို သူမအား အလိုလိုက်ချင်စိတ် ဝင်လာစေသည်။ သို့သော် ထိုအမျိုးသမီး၏ ခေါင်းကမူ အနည်းငယ် ငုံ့နေပြီး မျက်မှောင်ကျုံ့ထားသည်။
“ဒါပေမဲ့ မင်းသားငါး ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့က အရှင့်သားကို စောင့်ကြည့်နေကြတာ မဟုတ်လား။ အရှင့်သားကတောင် ကျွန်တော်မျိုးမကို အပြင်ကို ခေါ်ထုတ်သွားတာကို သိသွားကြရင် သူတော်စင်ဧကရာဇ်ကို လျှောက်တင်လိုက်ပါလိမ့်မယ်။ ဒီလိုဆိုရင် အရှင့်သားက ဒုက္ခမရောက်နိုင်ပါဘူးလား”
“ဟမ့် မင်းကဘာကို ကြောက်နေတာလဲ။ ဒီမင်းသားက မိန်းမယူတာ မဟုတ်သလို ကိုယ်လုပ်တော်ယူတာလည်း မဟုတ်ဘူး။ ဒီမင်းသားက အမျိုးသမီးတွေထဲကို အရမ်းနစ်ဝင်နေတာမှ မဟုတ်တာ။ တော်ဝင်ခမည်းတော်က သိသွားရင်တောင်မှ ဒီမင်းသားက အချစ်ရေးကို အာရုံစိုက်ပေမဲ့ မွန်ထူပြီး ဆုံးဖြတ်ချက် မထွေပြားသွားစေဖို့ မိန့်မှာရုံပဲရှိလိမ့်မယ်။ ဘာလို့များ အကဲဖြတ် ခံရစရာရှိမှာလဲ”
လီဟန်ကမူ မစိုးရိမ်ချေ။
အမျိုးသားနှင့် အမျိုးသမီးများ လက်ထပ်သောကိစ္စက ဒီလောကမှ သဘာဝအကျဆုံး ကိစ္စဖြစ်သည်။ သူက ယခုလက်ရှိတွင် ဇနီးမယားတစ်ယောက်မျှ မရှိသေးချေ။ ထို့ကြောင့် တစ်ယောက်ကိုယူလျှင် ပြဿနာမရှိနိုင်ချေ။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးတွင် သူ့ကို မွန်နေသည်ဟု ပြော၍မရချေ။
“ဒါပေမဲ့ ကျွန်တော်မျိုးမကတော့ ဒါက မသင့်လျော်ဘူးလို့ ခံစားနေရပါသေးတယ်”
ထိုအလှလေးက သူမ၏ညာလက်ဖြင့် ပိုးသားပုဝါလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ စိုးရိမ်မှုကို ဖော်ပြသည်။
“ကျွန်တော်မျိုးမလည်း အရှင့်သားက ကျွန်တော်မျိုးမကို သဘောကျမှန်း သိပါတယ်။ ဒါပေမဲ့ ကျစ်ချီက အရှင်မင်းသားကို ကျွန်တော်မျိုးမရဲ့ ကိုယ်ကျိုးအတွက်နဲ့ မဆွဲချချင်ပါဘူး။ ကျွန်တော်မျိုးမတို့ ပြန်ကြရအောင်ပါ”
“ဟား ဟား အရူးမလေးချီရာ ဒီမင်းသားက တကယ်ပဲ ဒီကိစ္စအတွက်ကြောင့်နဲ့ နန်းတွင်းက သတိလက်လွတ် ထွက်လာမဲ့လူလို့ ထင်လား။ ဆရာက အရင်တစ်ခေါက်က အိမ်စာတွေ မပြီးတဲ့ကိစ္စအတွက်ကြောင့်နဲ့ အကြိမ်ခြောက်ရာတောင် ပြန်ကူးရေးခိုင်းထားတာ။ ဒါပေမဲ့ ဒီမင်းသားက အားလုံးကို ကိုင်တွယ်ပြီးသွားပြီ။ တစ်ယောက်ယောက်က ဒီမင်းသားရဲ့ ဝတ်စုံလဲပြီး ဒီမင်းသားပုံစံ အစားထိုးအယောက်ဆောင်လို့ နန်းတွင်းမှာ စာဆက်လုပ်နေလိမ့်မယ်။ ပထမတော်ဝင်အစ်ကိုတော်နဲ့ ဒုတိယတော်ဝင်အစ်ကိုတော်တို့က လာကြည့်ကြရင်တောင်မှ ဒီမင်းသားက အရပ်သားဝတ်စုံလဲပြီး အပြင်ထွက်သွားမှန်း သိမှာမဟုတ်ဘူး”
လီဟန်ကမူ ဖျော့တော့စွာသာ ပြုံးနေသည်။
မင်းသားတိုင်းတွင် သူတို့၏ စာသင်ဖော် စာသင်ဘက်များ ရှိကြပြီး ထိုကျောင်းသားတိုင်းက အထက်တန်းလွှာ မိသားစုမှ သူကောင်းမျိုး ဆက်ခံသူများဖြစ်ကြသည်။ သူတို့က နေ့အချိန်တွင် နန်းတွင်းသို့ဝင်ကာ စာပေလေ့လာရပြီး ညအချိန်ကျသည်နှင့် ပြန်ရသည်။ လီဟန်က ထိုအခွင့်အရေးကို ခိုးယူကာ နန်းတွင်းမှ ထွက်လာခြင်းဖြစ်သည်။
“ပိုဆိုးတာက ဒီမင်းသားက မနက်ဖြန် တော်ဝင်နန်းတော်ကိုပြန်မှာ ဒီတော့ ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး”
လီဟန်က လက်နှစ်ချောင်းကို အသာအယာမြှောက်ပြီး ထိုအမျိုးသမီး၏ နားနားသို့ ကျနေသော ဆံပင်များကို နောက်သို့ သပ်တင်ပေးသည်။ သူမက ရှက်ရွံ့သွားသည်။ သို့သော် မင်းသား၏ နှလုံးသားထဲတွင်မူ နွေးထွေးမှုများက ပြည့်နှက်လာသည်။ သူက ထိုသို့သော ခံစားချက်များကြောင့် လှုပ်ရှားခဲ့သည်။ သို့သော် သူ၏အရှေ့မှ မိန်းကလေးကမူ ချွင်းချက်ဖြစ်သည်။ သူမက ညင်သာသိမ်မွေ့ကာ သဘောထားကြပြီး အမြဲတစေ ရိုကျိုးသလို အခြားသူများကိုလည်း နားလည်ပေးတတ်သည်။ သူမသည် နန်းတွင်းမှ အခြားသူများနှင့် မတူချေ။ သူမက နန်းတွင်းမှ နေထိုင်မှုဘဝပုံစံမျိုးကို သဘောမကျချေ။ သို့သော် သူ့အတွက်ကြောင့်နှင့် သူ့ကို အဖော်ပြုလိုစိတ် ရှိနေသည်။ ယခုသည်လည်း အလားတူသာလျှင်ဖြစ်သည်။ သူက နောက်ဆုံးတွင် သူမကို အပြင်သို့ခေါ်ထုတ်ရန် အခွင့်အရေး ရခဲ့သည်။ သို့သော် သူမက သူ့အပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်နေမည်ကို စိုးရိမ်နေပြီး ပြန်စေလိုနေလေသည်။ ထိုအတွေးကတင် လီဟန်၏ မျက်ဝန်းများကို နူးညံ့သွားစေသည်။ ဘဝတစ်ခုတွင် ဝိညာဉ်ဘက်ကို ရှာတွေ့ရန် အလွန်ခက်ခဲသည်။ ယခုသူ့တွင် ဝိညာဉ်ဘက်ကို ပိုင်ဆိုင်ထားလေရာ သူက ရင်းသင့်သည်။
“အို ဟုတ်သားပဲ ကျစ်ချီ ကျစ်ချီကို ဒီမင်းသားက တစ်ချိန်လုံး ပေးချင်နေတာ။ ဒါပေမဲ့ နန်းတွင်းက ပစ္စည်းတွေက ထင်ရှားလွန်းပြီး ကျစ်ချီနဲ့ မလိုက်ဖက်ဘူး။ ဒါကြောင့် ဘာပေးရမှန်းလည်း မသိတာနဲ့ ကိုတုန့်ဆိုင်းနေခဲ့တာ။ ဒါပေမဲ့ အခုတစ်ကြိမ်ကတော့ မတူတော့ဘူး။ အရှင်မင်းသားက ဒီမင်းသားကို ကျစ်ချီနဲ့ အရမ်းကိုလိုက်ဖက်တဲ့ လက်ဆောင်တစ်ခု ပေးလိုက်တယ်”
တစ်စုံတစ်ရာကို တွေးမိသွားသလိုမျိုး လီဟန်က ရုတ်တရက် သူ၏အင်္ကျီလက်ထဲမှာ ရှာဖွေသည်။ ထို့နောက် အဖြူရောင်ကျောက်စိမ်းသားဖြင့် လုပ်ထားသည့် ဖီးနစ်ဆံထိုးလေးကို ထုတ်လာသည်။ ထိုအရာက ရိုးရှင်းကာ ကြည့်ကောင်းသည်။
ထိုဆံထိုးက နန်းတွင်းတွင် ရှာတွေ့သော ဆံထိုးများနှင့် ကွာခြားသည်။ ပုံစံကရိုးရှင်းပြီး တစ်ခုလုံးက အချွန်နေရာ တစ်ခုတည်း မဟုတ်လေဘဲ ကျော့ရှင်းကြည့်ကောင်းသော ဖီးနစ်ပုံစံကို ကျောက်စိမ်းဖြူသားမှ ထွင်းထုထားခြင်းဖြစ်သည်။
“အာ ဘယ်လောက်တောင် လှလိုက်တဲ့ ဆံထိုးလေးလဲ”
သူမသည်လည်း အမျိုးသမီးတစ်ယောက် ဖြစ်လေရာ လီဟန်၏လက်ထဲမှ ဆံထိုးကိုမြင်သည်နှင့် သူမ၏မျက်ဝန်းက တောက်ပသွားပြီး အနည်းငယ် တအံ့တဩ အော်လိုက်မိသည်။ မည်သည့် အမျိုးသမီးမဆို ထိုမျှလှပသော ဆံပင်အဆင်တန်ဆာများကို သဘောမကျဘဲမနေချေ။ အထူးသဖြင့် ထိုမျှကောင်းမွန်းကာ အဆင့်အတန်း မြင့်မားမည်ဟု ထင်ရသော ပစ္စည်းမျိုးကိုဖြစ်သည်။
“မဟုတ်သေးဘူး အရှင့်သား ဒီပစ္စည်းက သေချာပေါက် အရမ်းကို ဈေးကြီးနေပါလိမ့်မယ်။ ကျွန်တော်မျိုးမ မယူဝံ့ပါဘူး။ ကျွန်တော်မျိုးမ အသုံးပြုလိုက်ရင် အခြားသူတွေက ဘယ်ကရသလဲဆိုတာကို သိချင်မိသွားကြပြီး သူများလက်ထဲကိုပင် ရောက်သွားပါလိမ့်မယ်”
ထိုမိန်းကလေးက ခပ်မြန်မြန် ခေါင်းကိုပြန်ငုံ့ပြီးနောက် ခိုင်မာစွာငြင်းသည်။ မင်းသားငါးက နန်းတွင်းတွင် အာဏာ များများစားစားမရှိချေ။ သူက သက်တောင့်သက်သာ ဘဝတွင် နေရသော်လည်း ပိုင်ဆိုင်မှု များများစားစားမရှိချေ။ ထို့အပြင် သူတော်စင်ဧကရာဇ်က နန်းတွင်းရှိ မင်းသားများကို အလွန်တင်းကြပ်သည်။ နန်းတွင်းရှိ မင်းသားများက ထိုမျှထည်ဝါလွန်းသော အသုံးအဆောင်များကို အသုံးပြုခွင့်မရှိသလို ကျန်သောလူများနှင့် ပြိုင်ဆိုင်ခွင့်လည်းမရှိချေ။ ထို့ကြောင့် လီဟန်က မင်းသားဖြစ်နေသည့်တိုင်အောင် သူက ထိုကျောက်စိမ်းဆံထိုးကဲ့သို့ အဖိုးထိုက်တန်းလွန်းသော ပစ္စည်းများကို ဝယ်ယူစွမ်းအားမရှိချေ။ သူမကသာ ရုတ်တရက် ဝတ်ဆင်လိုက်ခဲ့ပါက အတင်းပြောစရာ ဖြစ်သွားပေလိမ့်မည်။
“ဟား ဟား ကျစ်ချီ ကျစ်ချီဒါကို မစိုးရိမ်ပါနဲ့။ ဒီမင်းသားက အရှင်အမတ်နဲ့ မိတ်ဆွေ အရင်းအချာတွေပဲ။ မိတ်ဆွေအရင်းအချာတွေထဲမှာ ဒီလိုလက်ဆောင်ကို ပေးတာက ပြဿနာမရှိဘူး။ ဒါ့အပြင် ဒီမင်းသားက တရားဝင်အမှုထမ်းလစာကိုရပြီး ပိုက်ဆံတွေ လုံလုံလောက်လောက် စုဆောင်းနိုင်တော့မှာ။ အဲ့ဒီအချိန်ကျမှ သူ့ကို လုံလုံလောက်လောက် ပိုက်ဆံပြန်ပေးလိုက်ပြီး ဒါကိုသူ့ဆီက ဝယ်ယူသလို ဆက်ဆံလိုက်တာ မကောင်းဘူးလား”
လီဟန်ကရယ်သည်။
လှပသော အမျိုးသမီး၏ မျက်ဝန်းများက တောက်ပသွားသည်။ အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် သူမက လက်ခံလိုက်သည်။
“လာပါ ကျစ်ချီ ဒီမင်းသားက ကျစ်ချီရဲ့ခေါင်းမှာ ပန်ဆင်ပေးမယ်”
လီဟန်က သူ၏အရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ သူ၏အမူအရာက နူးညံ့သထက် နူးညံ့သွားသည်။ လောကကြီးက ကျယ်ပြောသော်လည်း သူ၏မျက်ဝန်းထဲတွင် သူမတစ်ယောက်တည်းသာ ရှိသည်။ အခြားမည်သူမျှ မရှိချေ။
“ကျစ်ချီ ကျစ်ချီကအရမ်းလှတာပဲ”
လီဟန်က ကျောက်စိမ်းဖြူဆံထိုးလေးကို ပန်ဆင်ထားသည့် ထိုအလှလေးကိုကြည့်ပြီး သဘောတကျ ရယ်သည်။ ထိုအမျိုးသမီးက ပို၍ပင်ရှက်သွားပြီး ခေါင်းကို ငုံ့သထက် ငုံ့သွားသည်။
“တကယ်ကိုလှတယ်”
ထိုတခဏတွင် လီဟန်၏မျက်ဝန်းက ဝေဝါးသွားသည်။ ရှင်းပြရ ခက်ခဲလောက်အောင် သူ၏မိခင်ဖြစ်သူကို ပြန်တွေးမိသွားသည်။ သူ၏ရှေ့မှ ထိုအလှလေးက သူ၏မှတ်ဉာဏ်ထဲမှ ထိုအမျိုးသမီးနှင့် အလွန်တူသည်။
အခန်း(၆၈၈)
လီဟန်၏ကပ်ဘေး
“အရှင့်သား ကျွန်တော်တို့ ရောက်ပါပြီ”
လီဟန်က ထိုသို့မှင်သက်နေချိန်တွင် ရထားလုံးအပြင်ဘက်မှ ရထားလုံးမောင်းသူ အစေခံ၏ အသံက ထွက်လာသည်။ ဖျော့တော့သော အပြုံးနှင့်အတူ လီဟန်က ခပ်မြန်မြန် အသိပြန်ဝင်သွားသည်။
“သွားကြရအောင် ကိုယ်တို့တွေ အရင်ဆုံး ရွှေဘရိုကိတ် အထည်တန်းကို အရင်ဆုံးသွားကြတာပေါ့။ နန်းတွင်းက ဝတ်စုံတွေက အရမ်းကိုချဲ့ကားလွန်းပြီး မင်းနဲ့မလိုက်ဖက်ဘူးလို့ ခံစားရတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ဒီမင်းသားက မဟာထန်ရဲ့ အကောင်းဆုံး အထည်တွေရှိရာနေရာကို မင်းကို အထူးတလည် ခေါ်လာပြီး မင်းရဲ့ကိုယ်တိုင်းယူလို့ ဝတ်စုံတွေ ချုပ်ပေးဖို့စီစဉ်ထားတယ်”
သူကပြောပြီးနောက် တုကျစ်ချီကို ထွေးပွေ့လိုက်လေရာ သူမကို အလန့်တကြား ဖြစ်စေသည်။ သူက တံခါးကိုဖွင့်ပြီး ရထားလုံးပေါ်မှဆင်းသည်။
မဟာထန်၏မြို့ပေါ်တွင် လေထဲတွင် ဖုန်မှုန့်များက လွှင့်ထူနေလေ့ရှိသည်။ သို့သော် အဖြူရောင်ဘရိုကိတ် အထည်တန်းတွင်မူ မြို့တော်၏ အကောင်းဆုံး စီးပွားရေးလမ်းမကြီး ဖြစ်နေသောကြောင့် နေရာတိုင်းက တောက်ပကာ သန့်ရှင်းနေသည်။ ဆိုင်တိုင်း၏ တာဝန်ခံများက ဧည့်သည်တော်အများစုကို တံခါးဝတွင်ရပ်ကာ ဖိတ်ခေါ်ခြင်းမျိုး မလုပ်လေဘဲ အထူးတလည် အဆင့်အတန်းရှိ ဧည့်သည်တော်များကိုသာ အတွင်းသို့ ဖိတ်ခေါ်လေသည်။
နေဝင်ရီရောအချိန်မှ မိုးချုပ်သည်အထိ လီဟန်က တုကျစ်ချီကို မြို့တော်အနှံ့ လှည့်လည်ပြလာသည်။ ကောင်းကင်ဘုံလမ်းမှ လက်ဖက်ခြောက်ဈေးကွက်သို့ဖြစ်စေ၊ ရှို့အန်မုတ်ခုံးနေရာသို့ဖြစ်စေ၊ ငြိမ်းချမ်းမှုတခွင် တံတားသို့ဖြစ်စေ၊ ထိန်လင်းနေသော မီးအိမ်ဂူဘုရားကျောင်းသို့ဖြစ်စေ စသဖြင့် နေရာတိုင်းသို့ လိုက်လံပို့ဆောင်သည်။ နေအလင်းရောင် စတင်ထွက်လာသည့်အခါ လီဟန်၏ရထားလုံးက အခြားသော ကျောင်းသားများ၏ ရထားလုံးများနှင့်ပေါင်းလျှက် နန်းတွင်းသို့ဝင်ရောက်ပြီး သူ၏ကိုယ်ပိုင် စံအိမ်တော်သို့ပြန်သည်။
“ချီရာ ကိုယ်နည်းနည်း ပင်ပန်းနေပြီ။ ခဏနေရင် ကိုယ်ဆရာကိုသွားပြီး ဂါရဝပြုလိုက်မယ်။ က်ိုယ်နည်းနည်း နောက်ကျမှ ပြန်လာဖြစ်လောက်တယ်။ ဒါကြောင့် ချီရာက အရင်နားနှင့်နော်။ ချီရာပြန်နိုးလာတဲ့အခါ ကိုယ်ပြန်မရောက်သေးရင် ဟိုနားဒီနားမှာ လိုက်ကြည့်နေလို့ရတယ်။ ဒီစံအိမ်တော်အတွင်းမှာ ချီရာကို အဆုံးစွန်ဆုံး လှုပ်ရှားခွင့်ပေးထားတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့စာကြည့်ဆောင်ထဲကိုတော့ ဝင်လို့မရဘူး”
လီဟန်ကပြောသည်။
“ကျွန်တော်မျိုးမက အဆင်ပြေပါတယ်။ အရှင့်သား ဘယ်လောက်နောက်ကျကျ စောင့်နေမှာပါ”
တုကျစ်ချီက ထိုသို့ညင်သာစွာပြောသည်။
“ဒါ့အပြင် အရှင့်သားကလည်း ပင်ပန်းနေတာပါပဲ။ ကျွန်တော်မျိုးမ အခုပဲသွားပြီး အရှင့်သားအတွက် သစ်သီးအနည်းငယ် ပြင်ဆင်ပေးပါ့မယ်။ အရှင့်သားက တော်ဝင်ဆရာကိုသွားပြီး ဂါရဝပြုတဲ့အခါ ဒီသစ်သီးတွေကို ယူသွားပြီး လမ်းမှားစားသွားလို့ရပါတယ်”
“အင်း”
လီဟန်က ခေါင်းညိမ့်သည်။ သူ၏ရင်ကနွေးသွားပြီး သူ၏မျက်ဝန်းကလည်း နွေးသွားသည်။ ထိုမျှနားလည်မှုရှိသော လက်တွဲဖော်နှင့် တွေ့ရသည့်အခါ လီဟန်သည် သူ၏ဘဝက ပြီးပြည့်စုံသွားပြီဟု ခံစားရသည်။ လီဟန်က တုကျစ်ချီ၏ သစ်သီးများနှင့်အတူ ထွက်ခွာသွားပြီး တုကျစ်ချီကို ထိုစံအိမ်ထဲတွင် နန်းတွင်းအစေခံများနှင့်အတူ တစ်ယောက်တည်း ထားခဲ့သည်။
“ငါနည်းနည်းပင်ပန်းနေလို့ နင်တို့ငါ့ကို ဂရုစိုက်စရာမလိုဘူး။ အားလုံးသွားနားကြပါ”
တုကျစ်ချီက လက်တစ်ချက်ယမ်းလျှက် ပြောလိုက်သည်။
“ဟုတ်ကဲ့”
နန်းတွင်းအစေခံတိုင်းက လျှင်မြန်စွာဖြင့် နောက်ဆုတ်သွားကြသည်။ တုကျစ်ချီကလည်း ပင်ပန်းနေသည်နှင့်တူသည်။ သူမက ဆံပင်ကိုဖြီးနေရင်း တဖြည်းဖြည်းချင်း အိပ်ယာနားသို့ ရောက်သွားသည်။
အချိန်တစ်ခုကြာပြီးနောက် နန်းတွင်းအစေခံတိုင်းက အပြင်သို့ထွက်သွားခဲ့သည်။ အခန်းကလည်း တိတ်ဆိတ်သွားသည်။ ဝှစ်ကနဲမြည်သံနှင့်အတူ လေပြေက တစ်ချက်တိုက်ခတ်လာပြီး အိပ်ယာနားမှ လိုက်ကာများကို မြောက်တက်သွားစေသည်။ ထိုအခါ အိပ်ယာနားတွင် သေးသိမ်သွယ်လျသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က တုကျစ်ချီဖြစ်ပြီး ယခုလေးတင် အိပ်ပျော်သွားပြီဟု ထင်ရသောလူလည်းဖြစ်သည်။
တုကျစ်ချီက တုကျစ်ချီဖြစ်နေသေးသည်။ သို့သော် သူမ၏ အရှိန်အဝါကမူ ပြောင်းလဲသွားပြီဖြစ်ပြီး အခြားလူတစ်ယောက်အလား ထင်ရသည်။ အရင်တုကျစ်ချီက ညင်သာသိမ်မွေ့ကာ ကျော့ရှင်းကြည့်ကောင်းပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ယခုတုကျစ်ချီကမူ ဓားအိမ်ထဲမှ မထုတ်ရသေးသည့် ဓားတစ်လက်လိုမျိုး အရှိန်အဝါက ထက်ရှပြီးချွန်မြနေသည်။
စွစ်
တုကျစ်ချီက သူမ၏ပတ်ဝန်းကျင် တစ်ခုလုံးကို သတိအနေအထားဖြင့် ကြည့်ပြီးနောက် ကြောင်တစ်ကောင်လိုမျိုး ပြတင်းပေါက်မှ ခုန်ထွက်သွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် လီဟန်၏ စာကြည့်ဆောင်သို့ ရောက်သွားသည်။ စာကြည့်ဆောင်က အိပ်ဆောင်နှင့် သိပ်မဝေးချေ။ ပတ်ပတ်လည်ကို ကြည့်ပြီးနောက် တုကျစ်ချီ၏ မျက်ဝန်းက တောက်ပလာသည်။ ချက်ချင်းလိုလို သူမက စားပွဲပေါ်မှ စာရင်းတစ်ခုကို သတိထားလိုက်မိသည်။
“ငါရှာတွေ့ပြီး ငါဒါကိုကူးပြီး ပထမမင်းသားဆီကို ပို့ပေးရမယ်”
စုတ်တံတစ်ချောင်းကို ယူပြီးနောက် သူမက စာရွက်ကိုကူးယူကာ ထွက်ခွာသွားသည်။
ဖြစ်စဉ်တစ်ခုလုံးကို အနီးအနား တစ်နေရာတွင်ရှိသည့် တောက်ပသည့် မျက်ဝန်းတစ်စုံက တိတ်တဆိတ် ကြည့်နေခဲ့ကြောင်း သူမက သတိမထားမိခဲ့ချေ။
ဖလပ် ဖလပ်
အချိန်တစ်ခုကြာပြီးနောက် သတင်းပို့ပင်ဂွင်းက လီဟန်၏အိပ်ဆောင်မှ ထွက်ခွာသွားသည်။ ထိုပင်ဂွင်းက တော်ဝင်နန်းတော်ထဲမှ ထွက်ခွာမသွားခဲ့ဘဲ ပထမမင်းသား၏ အဆောင်တော်ထံသို့ရောက်ကာ အဆုံးသတ်သွားသည်။
....
နေ့က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ထိုသို့ဖြင့် ခုနှစ်ရက်တာအချိန်က ကုန်လွန်သွားခဲ့လေပြီ။ မနက်အစောပိုင်းကာလတစ်ခုတွင် အငြိမ်းချမ်းဆုံးကာလ ဖြစ်နေသည့်တိုင်အောင် အသံတစ်သံက အရာအားလုံးကို အက်ကွဲသွားစေသည်။
“အရှင့်သား ကိစ္စတစ်ခုခုတော့ဖြစ်ပြီ”
အစောင့်တစ်ယောက်က မင်းသားငါး၏ အိပ်ဆောင်ထဲသို့ အပြေးဝင်လာသည်။
“အရှင်မင်းကြီးက အရှင့်သားကို အခုချက်ချင်း လာခဲ့ဖို့ ဆင့်ခေါ်လိုက်ပါတယ်။ ပထမမင်းသား၊ ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့အားလုံးလည်း ရှိနေကြပါတယ်။ နောက်ပြီး မဟာတော်ဝင်ဆရာ မဟာတော်ဝင်အကဲဖြတ်သူနဲ့ အခြားဆရာတွေ အားလုံးလည်း ရောက်နေကြပါတယ်”
“ဘာ”
မင်းသားငါးက သူ၏အိပ်ယာခင်းကို အလန့်တကြား ဖယ်ခွာလိုက်ကာ အိပ်ယာထဲမှထွက်သည်။
“အရှင့်သား အရှင့်သားမြန်မြန် သွားသင့်ပါတယ်။ အရှင်မင်းကြီးက ဒေါသထွက်နေပြီး လူတိုင်းကလည်း စောင့်နေကြတာပါ။ အရှင့်သားအမြန်ဆုံး သွားသင့်ပါတယ်”
“ကျစ်ချီ ကျစ်ချီနားနေလိုက်ပါ။ ကိုယ်ခဏနေ ပြန်လာမယ်”
ထပ်စောင့်နေရန် အချိန်မရှိတော့သည့်အတွက် လီဟန်က ချက်ချင်းလိုလို ဝတ်စုံလဲကာ အဆောင်ထဲမှ ထွက်ခွာသွားသည်။
.....
တော်ဝင်နန်းတွင်း၏ အတွင်းပိုင်းအကျဆုံး အပိုင်းတွင် ယုန်ဖူနန်းဆောင်ရှိသည်။
မင်းသားငါးလီဟန်က တံခါးကိုတွန်းဖွင့်ကာ ခန်းမထဲသို့ ဝင်လိုက်သောအခါ လေထုက တင်းကြပ်နေကြောင်း မြင်လိုက်ရသည်။ ခန်းမထဲ၏ အပေါ်ပိုင်းတွင် တင်းမာနေသော မျက်နှာထားနှင့် သူတော်စင်ဧကရာဇ် ရှိနေသည်။
သူ၏ဘယ်နှင့်ညာတွင် မြင်တွေ့ရခဲသော မဟာတော်ဝင်ဆရာနှင့် တော်ဝင်ဆရာတို့ ရှိနေပြီး သူတို့နှစ်ယောက်လုံး၏ မျက်နှာက တင်းမာနေသည်။ သူတို့၏ အောက်ဘက် တစ်ဆင့်နိမ့်သော နေရာတွင် မင်းသားအသီးသီး၏ အခြားသော တော်ဝင်ဆရာများ ရှိနေသည်။ သူတို့အားလုံးက အစဉ်အတိုင်း တန်းစီကာ ရပ်နေပြီး အလွန်အမင်း ကြောက်လန့်နေသလို ထင်ရသည်။
ထိုဆရာများ၏ အရှေ့တွင်မှ နန်းတွင်းမှမင်းသားများရှိသည်။ ပထမမင်းသား၊ ဒုတိယမင်းသား၊ တတိယမင်းသားတို့ရှိနေသည်။ ပုံမှန်အားဖြင့် ထိုမင်းသားများကို နန်းတွင်းတွင် အတူတွေ့ရရန် ခက်ခဲလေသည်။ ယခုမူ အားလုံးက ရောက်နေကြလေသည်။
လီဟန်က တံခါးကိုတွန်းဖွင့်ကာ ဝင်လာသောအခါ လူတိုင်းက လှည့်ကြည့်လာကြသည်။ ထိုအကြည့်များထဲတွင် အထင်တသေး လှောင်ရယ်လိုဟန်၊ ဂုဏ်ယူလိုဟန်၊ လှောင်လိုဟန်၊ သနားသလို၊ ထိတ်လန့်နေသလို အကြည့်များကိုလည်း မြင်နိုင်သည်။
လီဟန်က ခန်းမတစ်ခုလုံးကို တစ်ချက် ကျော်ဖြတ်ကြည့်ပြီးနောက် အချို့အကြည့်များက ပြဇာတ်တစ်ခုကို စတင်မည့်အချိန်ကို စောင့်နေသလိုမျိုး ထင်ရကြောင်း သိလာသည်။ သူကလည်း အခြေအနေကို နားလည်လိုက်သည်။ သို့သော် သူကလည်း မကြောက်ချေ။
“သားတော်လီဟန်က တော်ဝင်ခမည်းတော်ကို ဂါရဝပြုပါတယ်”
အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် လီဟန်က ချက်ချင်းလိုလို ရှေ့သို့ လှမ်းတက်သွားကာ လေးနက်စွာ ဂါရဝပြုသည်။ သူက ဒူးထောက်လိုက်သည့် အချိန်တွင် သူ၏အမူအရာက ယုံကြည်မှုအပြည့်ရှိနေပြီး ခပ်အေးအေးဖြစ်နေသည်။
“အရှင့်သား အရှင်မင်းကြီးကလည်း ရှိနေတာကို ဘာလို့ ကိုယ့်အမှားကို အရင်ဆုံးဝန်ခံပြီး မတောင်းပန်လိုက်တာပါလဲ”
အထက်မှ လီဟန်၏ဆရာဖြစ်သူ ဆရာရွှီရှောင်းက လီဟန်ပင် သေချာဒူးမထောက်ရသေးခင် ဦးကာပြောလိုက်သည်။ သူ၏အမူအရာက အလွန်မသက်မသာ ဖြစ်နေသည်။
“ဆရာရွှီ အရှင်မင်းကြီးကိုယ်တိုင် ဒီနေရာမှာ ရောက်ရှိနေတာ အရှင်မင်းကြီးက မင်းကိုစကားပြောခွင့် ပေးထားလို့လား။ ဘာလို့ဒီလောက်တောင် မင်းသားငါးနဲ့ မင်းရဲ့ကြား အကွာအဝေးခြားဖို့ ကြိုးစားချင်နေရတာလဲ”
တော်ဝင်ဆရာ ချန်းယုံ၏မှတ်ချက်က ချောမွေ့ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်။
တော်ဝင်ဆရာက အခြားသောဆရာတိုင်း၏ အဓိကအချုပ်ဖြစ်ပြီး အဆင့်အမြင့်ဆုံးဖြစ်သည်။ သူ၏ စကားလုံးတိုင်းက ရွှီရှောင်း၏ စကားလုံးတိုင်းကို သီးမတက်ဖြစ်သွားစေပြီး တိတ်ဆိတ်သွားစေသည်။ သူက နောက်ထပ်တစ်ခွန်း ထပ်မပြောရဲတော့ဘဲ လီဟန်ကိုသာ ကြည့်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချနေသည်။
သူကမင်းသားငါးကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ပြီး သူက အရွယ်ရောက်လာခြင်းကို ကြည့်နေခြင်းဖြစ်သည်။ သူ့အနေဖြင့် တစ်ဖက်က တဖြည်းဖြည်းချင်း အရွယ်ရောက်လာပြီး သူတော်စင်ဧကရာဇ်၏ မျက်နှာသာအပေးခံရသည့် မြင်ကွင်းကို ကြည့်နိုင်ရန် မလွယ်ကူခဲ့ချေ။ သို့သော် ယခုလို အခြေအနေမျိုး ဖြစ်လာမည်ဟု မထင်ခဲ့ချေ။ အရာအားလုံးက အလကားဖြစ်သွားရသည်။
ရွှီရှောင်းက လေးနက်စွာ သက်ပြင်းချပြီးနောက် မျက်လုံးကိုသာမှိတ်လိုက်သည်။ သူက နောက်ဆက်ဖြစ်မည့် ကိစ္စများကို မကြည့်ချင်တော့ချေ။
“ဟန်အာ ကျန်းမင်းကို အခွင့်အရေး တစ်ခုပေးမယ်”
သူတော်စင်ဧကရာဇ်၏ မျက်နှာက ပြာနှမ်းနေသည်။ သို့သော် အသံက ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေသည်။
“ကျန်းကိုပြောပါ မင်းဘယ်လိုလူတွေကို သိမ်းသွင်းခဲ့သလဲ။ ဘယ်လိုအမတ် ဘယ်လိုအရာရှိတွေကို မင်းလက်အောက်ကို ဆွဲသွင်းခဲ့ပြီးပြီလဲ”
သူတော်စင်ဧကရာဇ်က ပြောလိုက်သည့် တခဏတွင် ခန်းမအတွင်းရှိ လေထုက ဆယ်ဆခန့် သိပ်သည်းသွားသည်။ မဟာတော်ဝင်ဆရာ၊ တော်ဝင်ဆရာအပါအဝင် အခြားသော ဆရာတိုင်း မင်းသားတိုင်းက တိတ်ဆိတ်သွားကြပြီး အသက်ပင် ပြင်းပြင်းမရှုရဲတော့ဘဲ လူတိုင်းက လီဟန်ကိုသာ စောင့်ကြည့်နေကြသည်။
ကိုယ်ပိုင်သီးသန့် အဖွဲ့အစည်းကို တည်ထောင်ပြီး ခုံရုံးမှ အရာရှိများနှင့် ပူးပေါင်းသည်ဆိုသော ကိစ္စက နန်းတွင်းမှာ ကြီးလေးသည့် တားမြစ်မှုကြီးဖြစ်သည်။ သူတို့က လုပ်၍ရသည်။ သို့သော် ဧကရာဇ်ကို တရားဝင် အသိပေး၍မရချေ။ သိသွားလျှင် ကြီးလေးသည့် အပြစ်ဒဏ်ကို ခံရမည်ဖြစ်သည်။
ရှေးခေတ်အချိန်ကတည်းက မင်းဆက် အဆက်ဆက် မျိုးဆက် အဆက်ဆက် လူတိုင်းက ဒီလိုအခြေအနေမျိုးကို လုပ်ခဲ့ကြသည်။ သို့သော် လျို့ဝှက်ချက်အဖြစ်သာ ထားရပြီး သိခွင့်ပြု၍မရချေ။
ဂိုဏ်းကလန် အဖွဲ့အစည်းများကို တည်ထောင်သည်မှာ လီဟန်အနေဖြင့် ပုလ္လင်သို့ ဆက်ခံခွင့်ရရန် ကြိုးစားခြင်းဖြစ်သည်။ ဒါကသူ၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သို့သော် သိသွားလျှင်မူ သူက နယ်စပ်သို့ အပို့ခံရပြီး သာမာန်လူအဖြစ်သို့ မရောက်ရလျှင်ပင် ကံကောင်းလွန်းသည်ဟု ဆိုရတော့ပေမည်။
မင်းသားငါးလီဟန်က သူတော်စင်ဧကရာဇ်၏ မျက်နှာသာ ပေးခံရမှု ရရှိရန် တဖြည်းဖြည်းချင်း ကြိုးစားခဲ့ရခြင်းဖြစ်ပြီး ထိုသို့မျက်နှာသာ အပေးခံရလာချိန်တွင်လည်း အခြားသော မင်းသားများက မသက်မသာ ဖြစ်လာကြသည်။ ယခုမူ သူတို့စိတ်အေးနိုင်လေပြီ။
“တော်ဝင်ခမည်းတော် ခမည်းတော်ရဲ့ သားတော်က ဘယ်အရာရှိ ဘယ်ဗိုလ်ချုပ်နဲ့မှ ဘာအဆက်အသွယ်မှ မရှိပါဘူး။ တော်ဝင်ခမည်းတော်က ဒီသားတော်ရဲ့စကားကို ယုံကြည်နိုင်ပါပြီ”
မမျှော်လင့်ထားစွာပင် လီဟန်က မတ်တပ်ထရပ်ပြီးနောက် လက်များကို လက်သီးဆုပ်လိုက်လျှက် အမူအရာက ခပ်အေးအေးဖြစ်သွားသည်။ သူက နိမ့်ချပြခြင်းမရှိသလို ထောင်လွှားပြခြင်းလည်း မရှိချေ။ သူတော်စင်ဧကရာဇ်၏ အမူအရာက လီဟန်၏စကားကြောင့် ပို၍လေးနက်သွားသည်။
အကြီးအကဲတစ်ယောက်က ဝင်ပြောသည်။
“အရှင့်သား သူတော်စင်ဧကရာဇ်ရဲ့ အရှေ့မှာ စကားကို ကပ်သီးကပ်ဖဲ့ပြောနေဖို့ လိုအပ်ပါသလား။ အကယ်၍ သက်သေမရှိရင် အရှင်မင်းကြီးက အရှင့်သားကို ဆင့်ခေါ်မှာတောင် မဟုတ်ပါဘူး။ အရှင့်သားအနေနဲ့ အရှင်မင်းကြီးရဲ့ဒေါသကို မခံရအောင် မြန်မြန်လေး ဝန်ခံလိုက်တာ ကောင်းပါတယ်”
သက်ပြင်းတစ်ချက် ချပြီးနောက် မဟာတော်ဝင်ဆရာ ဖေးကွမ်းထင်က နောက်ဆုံးတွင် ဝင်ပြောလာသည်။
ဖေးကွမ်းထင်က အသက်ခုနှစ်ဆယ် ရှစ်ဆယ်အရွယ်ဖြစ်ပြီး ကွန်ဖြူးရှပ်ဝါဒီများကို သင်ကြားပြသပေးကာ ရိုးရာဓလေ့နှင့်အတူ နေထိုင်သူဖြစ်သည်။ သူဟာ သူ၏ဖြောင့်မတ် မှန်ကန်မှုကြောင့် ခုံရုံးတွင် ကျော်ကြားပြီး အလွန်လေးစားခံရသည်။ သူ၏တိုက်ပွဲတွင် လုပ်ဆောင်မှုများနှင့် ခုံရုံးအတွင်းမှ အဆင့်အတန်းက ယခင်ဝန်ကြီးချုပ် ဝမ်ကျို့လင်ထက် နိမ့်ကျသော်လည်း စီနီယာပိုင်းကျမှု၊ လေးစားခံရမှုနှင့်ယှဉ်သော် ဝမ်ချောင်၏အဘိုးကပင် သူ့ကို အရှင်ဖေးဟု တပ်ခေါ်ရသည်အထိဖြစ်သည်။
ဖေးကွမ်းထင်က ယခင်ဧကရာဇ်၏ ကြိုးကိုင်သည့် ကာလတွင်ကတည်းက ကြီးလေးစွာ လေးစားခံရသူဖြစ်ပြီး သူ၏အဆင့်အတန်းက မြင့်တက်ရန်သာ ရှိခဲ့သည်။ ယခုအချိန်တွင်သူက အလွန်ယုံကြည်စိတ်ချခံရပြီး သူတော်စင်ဧကရာဇ်ကပင် လေးစားသည်။
ဖေးကွမ်းထင်က အိုနေလေပြီ။ ပုံမှန်အားဖြင့်သူက သူ၏စံအိမ်မှ ထွက်ခွင့်မရှိသလို ဧည့်သည်များကိုလည်း အတွေ့မခံချေ။ မင်းသားများကပင်သူ့ကို တွေ့ခဲသည်။ သို့သော် ဒီတစ်ကြိမ်တွင် မင်းသားငါးလီဟန်က အာဏာရှိအမတ်များနှင့် ပူးပေါင်းပြီး ကိုယ်ပိုင်အကျိုးအမြတ် အဖွဲ့အစည်း တည်ထောင်သည်ဆိုသော ကိစ္စတွင် အမိခံလိုက်ရသည်။ ဒီလိုကြီးမားသည့် ပြစ်မှုကြီးက ကြီးလေးသော အပြစ်ဒဏ်ကို ခံရမည်ဖြစ်လေရာ ဖေးကွမ်းထင်ကိုပင် အလန့်တကြားဖြစ်စေသည်။ ဒီပြစ်မှုက နန်းတွင်း၏စည်းမျဉ်းက သွေဖယ်သွားခြင်း မရှိစေရန် သူကလီဟန်ကို ကာကွယ်ပေးရန် အတက်နိုင်ဆုံး ကူညီရန် ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။
“အရှင်မဟာတော်ဝင်ဆရာ လီဟန်က ကပ်သီးကပ်ဖဲ့ ပြောနေတာ မဟုတ်ပါဘူး။ လီဟန်က ဒီလိုဆိုးရွားတဲ့ အပြစ်ကို မလုပ်ခဲ့ဖူးပါဘူး။ ဘာမှမလုပ်ခဲ့ဖူးကတည်းက ဘာကြောင့်များ ဒီလီဟန်က ဘာကိုဝန်ခံသင့်တာပါလဲ”
လီဟန်က ဒီလိုအခြေအနေထိ တွန်းပို့ခံနေရသည့်တိုင်အောင် ထိုသို့လူအများ လေးစားခံရသည့် မဟာတော်ဝင်ဆရာ၏ အရှေ့တွင် အကြောက်အလန့် မဲ့ပြသေးသည်။
“ဟ”
ရှိနေကြသော ဆရာတိုင်းက သက်ပြင်းချလိုက်ကြပြီး ခေါင်းကိုယမ်းလိုက်ကြသည်။ ထိုအချိန်တွင် လီဟန်၏ဆရာ ရွှီရှောင်း၏ နှလုံးသားထဲတွင် ကျောက်တုံးတစ်တုံးက မြုပ်သွားလေပြီ။
“ဒီလိုငြင်းရဲတယ်ဆိုတော့ မင်းက ဒုက္ခရောက်ချင်နေတာပဲ”
အနီးအနားမှ မင်းသားနှစ် လီယောင်က ဝင်လှောင်သည်။
“တော်ဝင်ခမည်းတော်ရဲ့ရှေ့မှာ မဟာတော်ဝင်ဆရာ ဖေးကွမ်းထင်ကိုတောင် ပြန်ငြင်းရဲတယ်ဆိုတော့ ဒီကောင်က ရူးနေတာလား။ တော်ဝင်ခမည်းတော်က မဟာတော်ဝင်ဆရာကို ဘယ်လောက်တောင် လေးစားလိုက်သလဲဆိုတာကို ဒီကောင်က မသိတာလား”
တတိယမင်းသား လီကျွီကလည်း အထင်သေးသော မျက်ဝန်းမျိုးဖြင့် လီဟန်ကိုကြည့်ကာ ပြောသည်။
သူတော်စင်ဧကရာဇ်က လေးစားသောလူက နည်းသည်။ သို့သော် လီဟန်ယခု လုပ်နေသမျှက သူတော်စင် ဧကရာဇ်၏ရင်ထဲမှ သူ၏အဆင့်အတန်းကို နိမ့်ချနေသလို ဖြစ်နေပြီး သူ့အတွက်သာ ဒုက္ခရောက်စေပေလိမ့်မည်။ လီကျွီက လီဟန်၏ အဆုံးသတ်ပုံကိုပင် မြင်ယောင်နေလေပြီ။
“အာ ပဉ္စမညီတော် ဒီလိုပြောဖို့အထိ လိုအပ်ရဲ့လား။ တော်ဝင်ခမည်းတော်က အရမ်းကို သိမြင်နိုင်စွမ်းအားရှိတာကို သူက သိတာလား။ သက်သေမရှိဘဲ တော်ဝင်ခမည်းတော်က သူ့ကို ဘာကြောင့်များ ဆင့်ခေါ်မှာလဲ။ အခုငြင်းနေတာ ဘာများအသုံးဝင်မှာလဲ”
အနီးအနားမှ လီယောင်နှင့် လီကျွီတို့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် (၁၇)နှစ်အရွယ်သာ ရှိသေးသော နံပါတ်တစ်ဆယ် မင်းသားလီချီက လီဟန်ကို စာနာသနားမှု တစ်စွန်းတစ်စမှ မပါသော ခပ်လာလာ အကြည့်မျိုးဖြင့် ခေါင်းကိုခါနေသည်။ လီဟန်နည်းတူ သူကလည်း နန်းတွင်းတွင် မည်သည့်နေရာမှ မရချေ။ သူ့ကို အခြားမင်းသားတိုင်းက ဖိနှိပ်ထားသည်။
မင်းသားများ စုဝေးသောအခါ သူက လီဟန်ကိုသာ သနားမိသည်။ သို့သော် ဒါကဒီအတိုင်း သာမာန် ခံစားချက်မျှသာဖြစ်ပြီး လီဟန်အပေါ် ထူးထူးခြားခြား ခံစားချက်လည်းမရှိချေ။
သူတို့၏ တော်ဝင်ခမည်းတော်နှင့် မဟာတော်ဝင်ဆရာကို ပြိုင်ငြင်းရဲကတည်းက ယခုလို လက်ပူးလက်ကြပ် မိထားသော အခြေအနေမျိုးတွင် ပြုမူလိုက်သော အပြုအမူက ဉာဏ်ရှိသော အပြုအမူမျိုး မဟုတ်ချေ။ မင်းသားလေး၊ မင်းသားခြောက်၊ မင်းသားခုနှစ်နှင့် အခြားသော မင်းသားတိုင်းကလည်း လှောင်နေကြသည်။ လီဟန်၏ စကားလုံးတိုင်းက သူ့အတွက် အဆုံးသတ် ပို၍ခက်ခဲသွားစေပေလိမ့်မည်။
“မျိုးမစစ်”
မျှော်လင့်ထားသည့်အတိုင်း လီဟန်၏စကားက သူတော်စင်ဧကရာဇ်ထံမှ မိုးခြိမ်းသံကဲ့သို့ အမျက်ဒေါသကို ထွက်လာစေသည်။ ခန်းမတစ်ခုလုံးက သူ၏စကားသံကြောင့် ခမ်းနားလွန်းသည့် ဖိအားကို ခံစားလိုက်ရသည်။ မင်းသားတိုင်းက ကြောက်လန့်မှုကြောင့် တုန်ယင်သွားပြီး ခေါင်းကိုငုံ့ထားလိုက်သည်။
“မသိတတ်တဲ့သား ဒီအခြေအနေထိ ရောက်နေတာတောင်မှ မင်းက ပြန်ငြင်းရဲသေးတယ်။ ဒါကိုမင်းကိုယ်တိုင် ကြည့်လိုက်စမ်း”
မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးနှင့်အတူ အလင်းက ဖြတ်ကနဲလက်သွားသည်။ ထို့နောက် လီဟန်၏ အရှေ့တည့်တည့်သို့ အပေါ်မှ စာရွက်နှစ်ရွက်က ဝုန်းကနဲ ပြုတ်ကျလာသည်။
အခန်း(၆၈၉)
ပါးလျသော စာရွက်နှစ်ရွက်က မြေပြင်ပေါ်သို့ ကျသွားသည့်အခါ ကျင်ထောင်ကျော် လေးနေသလိုမျိုး ခန်းမထဲရှိ လူတိုင်း၏အာရုံစိုက်ရာ ဖြစ်လာသည်။ ခပ်ဖျော့ဖျော့ ပွတ်တိုက်သံများ ထွက်လာသော်လည်း အချို့သူများကမူ လီဟန်က မည်သို့ အဆုံးသတ်မည်ဖြစ်ကြောင်း မြင်နေသလို ဖြစ်သွားသည်။
လီဟန်က မည်သည့်စကားမျှ မဆိုချေ။ အချိန်တစ်ခုကြာ တိတ်ဆိတ်နေပြီးနောက် သူကမြေပြင်တွင် ဒူးထောက်ကာ စာရွက်များကိုကောက်သည်။ ဒါက စာနှစ်စောင်သာဖြစ်သည်။ တစ်စောင်က မဟာထန်၏ နယ်စပ်မှ ဗိုလ်ချုပ်ပေ့ထင်၏ ခံတပ်ကြီးကြပ်သူ ဗိုလ်ချုပ်ကျန်းရန်ထံမှဖြစ်သည်။ မဟာထန်၏ နယ်စပ်များအကြောင်း ကောင်းစွာနားလည်ထားသူဆိုလျှင် မဟာထန်၏ မြောက်ပိုင်းက အလွန်ရှည်လျားသော နယ်စပ်မြို့ရိုးကြီးဖြစ်ကြောင်း သိကြပေလိမ့်မည်။
မြောက်ဘက်နယ်မြေ တစ်ခုလုံးကို ပေ့ထင်ကာကွယ်ရေး စစ်တပ်က ပိုင်ဆိုင်ထားသော်လည်း ပေ့ထင်ကာကွယ်ရေး စစ်တပ်မှ ဒုကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ကြီး အန်းစစ်ရှုံး၏ လက်အောက်တွင်ရှိကြောင်း သိထားကြသည်။ သို့တိုင်အောင် ထိုနယ်စပ်တွင် ခံတပ်များစွာရှိနေလေပြီး သူ၏လက်အောက်ခံ အရေးပါအရာရောက်သော ဗိုလ်ချုပ်များလည်း ရှိနေသေးသည်။ ထိုဗိုလ်ချုပ်များက ပုံမှန်အားဖြင့် ပေ့ထင်၏ အမိန့်လက်အောက်ခံ တိုက်ရိုက်မဟုတ်ကြဘဲ သူတို့က သူတို့၏ ကိုယ်ပိုင်နယ်မြေများကို ခုခံပြီး ပေ့ထင်ကာကွယ်ရေး စစ်တပ်သို့ သတင်းအချက်အလက်များကို ပို့ဆောင်ရန် တာဝန်ယူထားရသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်လာလျှင် ပေ့ထင်ကာကွယ်ရေး စစ်တပ်ကြီးက တပ်ကူများ စေလွှတ်ပေးပေလိမ့်မည်။
ထို့ကြောင့် ဘက်ထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် ထိုခံတပ်တိုင်းက ကိုယ်ပိုင်နယ်မြေသီးသန့် ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်သီးသန့် အုပ်ချုပ်ပိုင်ခွင့်နှင့် စစ်တပ်အာဏာကို ပိုင်ဆိုင်ထားသည်။ ထိုအကြောင်းပြချက်များကြောင့် ထိုစစ်စခန်းများကို တာဝန်ယူနေရသော ဗိုလ်ချုပ်တိုင်းက လွှမ်းမိုးမှုကြီးမားစွာရှိသည်။ ထပ်ပေါင်းဆိုရသော် ထိုနယ်မြေများ၏ အရေးပါမှုနှင့် သူတို့က စောင့်ကြပ်ရသည့် အဆင့်အတန်းများအတွက် ထိုဗိုလ်ချုပ်တိုင်းက အလွန်အာဏာကြီးသည်။ သူတို့က စွမ်းအားကြီးကြသည်။ အနည်းဆုံး လူတိုင်းက ဗိုလ်ချုပ်ဘွဲ့ရကြသည်။ ထို့ကြောင့် ထိုလူတိုင်းကို နန်းတွင်းမှ မင်းသားတိုင်းက နီးကပ်ချင်ကြသည်။ ထို့ကြောင့် ထိုကျန်းရန်ဆိုသည်မှာလည်း အလားတူ နယ်စပ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်။ ထိုစာက အလွန်သာမာန်ဆန်ပြီး နယ်စပ်မှ တိုက်ပွဲအချို့အကြောင်း ဆွေးနွေးထားသည်။ သို့သော် အမျိုးမျိုးသော နေရာများတွင် ကျန်းရန်က မကြာခဏဆိုသလို သူက မင်းသားတစ်ပါးကို လေးစားပြီး သူ့နောက်သို့ လိုက်လိုကြောင်း ဖော်ပြထားသည်။
လီဟန်က အချိန်တစ်ခုကြာ တိတ်ဆိတ်သွားပြီးနောက် ဒုတိယမြောက်စာကို ဖတ်သည်။ သို့သော် သူက ထိုစာကိုမြင်ပြီးနောက်တွင် သူ၏မျက်လုံးက ကျုံ့သွားပြီး အမူအရာက ဖြူဖျော့သွားသည်။
“မသိတတ်တဲ့ သားမိုက် အဲ့ဒီစာက မင်းလက်ရေးမဟုတ်လား”
သူတော်စင်ဧကရာဇ်၏ အသံက အပေါ်ပိုင်းမှ ထွက်လာသည်။ ခန်းမတစ်ခုလုံးက မိုးကြိုးပစ်လိုက်သလို ဟိန်းထွက်သွားသည်။
လီဟန်၏ ခန္ဓာကိုယ်က တဖြောင့်တည်း ပြန်ဖြစ်သွားပြီး တည်ငြိမ်စွာပြောသည်။
“ဒီစာထဲကလက်ရေးက သားတော်ရဲ့လက်ရေးနဲ့ တော်တော်လေးကို တူပါတယ်”
“ဟမ့် ပဉ္စမညီတော် မင်းက တော်တော်လေးကို ခေါင်းမာတာပဲ။ တော်ဝင်ခမည်းတော်ရဲ့ ရှေ့မှာတောင် ငြင်းဆန်ရဲသေးတယ်။ ကိုယ့်လက်ရေးကို မမှတ်မိတော့တာများလား”
မင်းသားသုံး လီကျွီက လှောင်လိုက်ပြီးနောက် ခြေနှစ်လှမ်းခန့် ရှေ့တိုးလိုက်သည်။ သူ၏မျက်နှာတွင် အထင်သေးမှုက အပြည့်ဖြစ်သည်။
“ပဉ္စမညီတော် ဝန်ခံလိုက်စမ်းပါ။ ကိုယ်ပိုင်အကျိုးအတွက် အဖွဲ့အစည်းတွေ တည်ထောင်ပြီး အာဏာရှိတဲ့ အဖွဲ့အစည်းတွေ ဗိုလ်ချုပ်တွေကို လက်အောက်ခံအဖြစ် သိမ်းသွင်းတယ်ဆိုတာက တော်တော်လေးကို ကြီးလေးတဲ့ ပြစ်မှုဆိုပေမဲ့လည်း အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ သက်သေအပြည့် ရှိနေတာတောင် လိမ်ညာရဲတာက ပိုကြီးတဲ့ပြစ်မှုကြီးဖြစ်သွားပြီ။ ဘာလို့ ဝန်မခံလိုက်တာပါလဲ။ အရှင့်သားအနေနဲ့ ကိုယ့်ကိုယ်ကို လှည့်စားပြီး နောက်ဆုံးအချိန်အထိ ခုခံလို့ အခြားသူတွေကို လိမ်ညာချင်နေတာတော့ မဟုတ်ပါဘူးနော်”
မင်းသားသုံး၏ ဆရာယောင်ကျုံးဖင်းက ဝင်ပြောသည်။
“ဘာလို့ဒီမင်းသား လီဟန်က မလုပ်ထားတဲ့ ကိစ္စတစ်ခုကို ဝန်ခံသင့်တာလဲ”
လီဟန်ကလည်း ခပ်တင်းတင်းပြောသည်။
“အရှင့်သား သက်သေတွေက သံသယဝင်စရာ မလိုလောက်အောင် အရှင့်သားက ခံတပ်က ကြီးကြပ်သူ ဗိုလ်ချုပ်ကျန်းရန်နဲ့ အပြန်အလှန် စာတွေဆက်သွယ်ထားကြောင်း သက်သေပြထားပြီးသားပဲ။ အရှင့်သား ဒီလိုငြင်းဆန်နေရင်တောင် အသုံးမဝင်ပါဘူး။ ကျန်းရန်က သူ့ရဲ့အဆင့် လျော့ချခံရပြီး လက်ရှိအချိန်မှာ မြို့တော်ကို ပြန်ပို့ခံရတော့မှာပါ။ အရှင့်သားကလည်း အခုလိုငြင်းဆန်နေတာကို လက်လျော့လိုက်သင့်ပါတယ်။ အမှန်တိုင်းပြောရရင် အရှင်မင်းကြီးက အရှင့်သားကို အခွင့်အရေး ပေးချင်နေသေးတာပါ”
တော်ဝင်ဆရာချန်းရုံက ခေါင်းကိုခါပြီး ဝင်ပြောသည်။ သူ၏မျက်နှာတွင် စိတ်ပျက်မှုများက အထင်းသားပေါ်နေသည်။
အမျိုးကောင်းသား တစ်ယောက်က စကားကို ခပ်ပေါ့ပေါ့ပြော၍မရသလို မင်းသားပေါင်း မြောက်များစွာက အတိတ်တွင် ပြစ်မှုပေါင်းများစွာကို လုပ်ခဲ့ပြီးသည့်တိုင်အောင် အချိန်တစ်ခုကြာပြီးနောက်တွင် သူတို့အားလုံးက အပြစ်ကို ဝန်ခံခဲ့ပါက သူတော်စင်ဧကရာဇ်က အပြစ်ဒဏ်ကို လျော့ပေါ့ပေးနိုင်သေးသည်။ မည်သူကမှလည်း မင်းသားငါးကို ဒုက္ခမရောက်စေချင်ကြချေ။ သို့သော် ယခုလို ငြင်းဆန်နေခြင်းဟာ ဉာဏ်ရှိသော လုပ်ရပ်မဟုတ်ချေ။ သူက မူလက ဒီနာမည်တက်လာကာစ မင်းသားငါးအပေါ် အမြင်ကောင်း ရှိသေးသည်။ သို့သော် ယခုမူ စိတ်ပျက်သွားသည်။
“တော်ဝင်ဆရာအနေနဲ့ ဘာမှဆက်ပြောဖို့ မလိုအပ်တော့ပါဘူး။ ကျန်း ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်”
သူတော်စင်ဧကရာဇ်၏ အသံထဲတွင် ခံစားချက်မဲ့လာသည်။
“မသိတတ်တဲ့သားမိုက် ဒီစာတွေက မင်းနဲ့ နယ်စပ်က ဗိုလ်ချုပ်တစ်ယောက်ပေါင်းပြီး အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ ကြံစည်ထားတာ သက်သေအဖြစ် အပြည့်အဝရှိနေပြီးသား။ မင်းက ဝန်မခံချင်ဘူးဆိုကတည်းက ကျန်းကလည်း မင်းကို ဖိအားမပေးတော့ဘူး။ ကျန်းက တစ်စုံတစ်ယောက်ကို မင်းရဲ့ စာကြည့်ဆောင်ကို ဒီနာမည်စာရင်းအတိုင်း သွားရှာခိုင်းလိုက်မယ်။ မင်းက ကိုယ့်လက်ရေးကိုယ်တော့ မှတ်မိတယ်မဟုတ်လား”
ထိုသို့ဖြင့် လေထဲတွင် ဓားများကဲ့သို့ စာရွက်များ အပုံလိုက်ကျလာပြီး လီဟန်၏အရှေ့သို့ ရောက်လာသည်။ လီဟန်က လက်နှစ်ဖက်လုံးကို ဆန့်ပြီးစာကိုယူသည်။ ချက်ချင်းလိုလို စာပေါ်မှ ပြင်းထန်သည့် အရှိန်အဝါက ပျောက်ကွယ်သွားသည်။
လီဟန်က ခေါင်းကိုငုံ့ပြီး စာထဲမှနာမည်များကို မြင်လိုက်သည်။ ဒါက သူဝမ်ချောင်ကို ကြည့်ခိုင်းခဲ့သည့်စာထဲမှ အရာရှိများ၏ စာရင်းဖြစ်နေသည်။
“ကျော့ဟုန်လင်း၊ ဆုကောရှန်း၊ ချီဟိုင်ချင်း၊ ဝေ့ရှောင်ယို့၊ ကွေ့ရီ၊ လုကျန်းကျင်း၊ လီဟန် နောက်ပြီး ဝေ့လန်နဲ့ ဝေ့ကျစ်တို့တောင် ပါသေးတယ်။ အသုံးမကျတဲ့သားမိုက် မင်းဒါဘာလုပ်ချင်တာလဲ”
နောက်ဆုံးစကားတွင် သူတော်စင်ဧကရာဇ်က လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ ထိုတခဏတွင် ခန်းမတစ်ခုလုံးက တသိမ့်သိမ့်တုန်သွားသည်။ မင်းသားတိုင်း၊ ဆရာတိုင်း၊ တော်ဝင်ဆရာနှင့် မဟာတော်ဝင်ဆရာတို့၏ မျက်နှာကပင် ဖြူဖျော့ကာ တိတ်ဆိတ်သွားကြသည်။
နှစ်ပေါင်းများစွာကြာအောင် သူတော်စင်ဧကရာဇ်၏ အပါးတွင် ခစားလာပြီးနောက် တော်ဝင်ဆရာနှင့် မဟာတော်ဝင်ဆရာတို့က ဒီအခြေအနေမျိုးကို မေ့လျော့နေကြသည်။ သူတော်စင်ဧကရာဇ်က ယခုမူ အလွန်ဒေါသထွက်နေသည်။
မင်းသားငါးလီဟန်က ဆက်ငြင်းနေသေးပြီး အကြောင်းပြချက် ဆက်ပေးနေဦးမည်ဆိုလျှင် သူ့ကိုစောင့်နေသော အပြစ်ဒဏ်က သာမာန်အဖွဲ့အစည်း တည်ထောင်သော ကိစ္စထက် ဆိုးရွားသွားတော့ပေမည်။
မင်းသားငါးလီဟန်က ထောင်ကျခံရရုံလောက်ဖြင့် အဆုံးမသတ်လောက်ချေ။ သူ၏အနာဂတ် တိုးတက်မှုများ အားလုံးက ပျက်စီးသွားပြီး သူက သာမာန်ပြည်သူတစ်ယောက် ဖြစ်ရုံလောက်ဖြင့် မရိုးရှင်းတော့သည်လည်း ဖြစ်နိုင်သည်။ သူ၏ဆရာနှင့် အစေခံများကပင် အပြစ်ပေးခံရနိုင်သည်။ အဆိုးရွားဆုံး အခြေအနေအရဆိုလျှင် လီဟန်က သူ၏အသက်ကိုပင် ဆုံးရှုံးရနိုင်ချေရှိသည်။ သို့သော် ထိုကိစ္စအားလုံးက လီဟန်က ဆက်ပြောမည့် စကားများအပေါ် မူတည်နေသည်။
“တော်ဝင်ခမည်းတော် ဒီသားတော်ကလည်း ဒီသားတော်ဘာပြောပြော ခမည်းတော်က ယုံကြည်မှာ မဟုတ်တာကို နားလည်နေပါတယ်။ တော်ဝင်ခမည်းတော်က ဒီစာရင်းကို သားတော်ရဲ့ စာကြည့်ဆောင်ထဲမှ ရှာတွေ့တယ်လို့ပြောတော့ ဒီသားတော်ကလည်း ဒါက အမှန်တရားဖြစ်မယ်လို့ ထင်ခဲ့မိပါတယ်”
လီဟန်၏အသံက နားထဲဟိန်းထွက်လာသည်။
“ဒါပေမဲ့ ဒီသားတော်ကလည်း တော်ဝင်ခမည်းတော်ကို ဒီစာရင်းကို ဒီသားတော်ကိုယ်တိုင် ရေးသားထားတာ မဟုတ်ကြောင်း ဝန်ခံချင်ပါတယ်။ သားတော်လည်း ဘယ်သူကများ ခမည်းတော်ရဲ့ ဒီသားတော်ကို စွပ်စွဲချင်ပြီး အသရေဖြတ်ချင်နေမှန်း နားမလည်သလို ဘယ်လိုကြောင့်များ ဒီသားတော်ရဲ့ စာကြည့်ဆောင်ထဲကို ဒီသားတော်ကိုယ်တိုင်တောင် မသိဘဲ ဒီစာရင်းကို သွားထားခဲ့မှန်း နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့က ဘယ်လိုပဲတွေးပြီးထားထား သူတို့က ဘယ်လိုပဲ ဝှက်ဖဲတွေ ပြင်ဆင်ထားပါစေ ဉာဏ်အရှိဆုံး သူတော်စင်တောင်မှ အကြ်ိမ်ထောင်ကျော် ကြိုးစားထားပြီးရင်တောင် အမှားတစ်ခု ပြုလုပ်မိတာနဲ့ ပြစ်ချက်က ကျန်ရစ်ခဲ့မှာပါပဲ”
“ြ”
လီဟန်၏စကားက ခန်းမထဲရှိ လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ ထိုသို့ဖြင့် တည်ငြိမ်သော လေထုက တဖန်လှုပ်ခတ်လာပြန်သည်။ အနီးအနားတွင် နံရံနားကပ်ကာ ရပ်နေသည့် မင်းသားတိုင်း၏ မျက်နှာက မသက်မသာ ဖြစ်သွားကြသည်။
“မင်းဆိုလိုတာက ဒီစာရင်းနဲ့ဒီစာက ဖန်တီးထားတာပေါ့”
သူတော်စင်ဧကရာဇ်က နားလည်သလို ဖြစ်သွားသည်။
ရှင်းလင်းစွာပင် မည်သူကမျှ ဒီလိုဖြစ်သွားမည်ဟု မမျှော်လင့်ထားကြချေ။
“အတိအကျပါပဲ”
လီဟန်က ကျောကိုမတ်ပြီး ကိုယ့်ကိုဖြောင့်သည်။ သူက ခေါင်းကိုမော့ကာ အထက်မှ အမြင့်မားဆုံးသော ပုဂ္ဂိုလ်ကို မော့ကြည့်သည်။ သူ၏အမူအရာက လွတ်လပ်ပေါ့ပါးကာ အကြောက်အလန့်ကင်းသည်။
မင်းသားငါး၏စကားက ရေကန်ထဲ ကျောက်တုံးပစ်ချလိုက်သလို ခန်းမတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ တော်ဝင်ဆရာနှင့် မဟာတော်ဝင် ဆရာတို့ကပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ တင်းမာသော မျက်နှာထားများက ပြန်ပြေလျော့သွားကြသည်။
သူတော်စင်ဧကရာဇ်က အမှားရှာမတွေ့သေးသော်လည်း မင်းသားငါး လီဟန်ကလည်း လိမ်ညာနေသည်နှင့် မတူပြန်ချေ။ ပို၍ဆိုးသည်မှာ မည်သည့် မင်းဆက်တွင်မဆို မင်းသားအချင်းချင်း ချောက်ချသော ကိစ္စကလည်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်နေလေပြီး ထို့ကြောင့် ထိုတခဏတွင် တော်ဝင်ဆရာနှင့် မဟာတော်ဝင်ဆရာတို့က မင်းသားသုံး လီကျွီကိုသာ ကြည့်လိုက်ကြသည်။
“လီဟန် မင်းကပေါက်ကရတွေ ပြောနေတာပဲ။ မင်းက ပြစ်မှုတော့လုပ်ရဲတယ်။ ဝန်တော့ မခံရဲဘူးပဲ”
လီကျွီ၏မျက်နှာက နီရဲသွားသည်။
“မင်းက ဒီလိုလုပ်ရဲကတည်းက ဘာလို့ ဝန်ခံရမှာကို ကြောက်နေတာလဲ”
“ဒီတော့ ဒါတွေအားလုံးကို တတိယအစ်ကိုတော်က လုပ်ထားတာပေါ့။ မှန်ရဲ့လား”
လီဟန်က ခေါင်းလှည့်ကာ လီကျွီကိုကြည့်သည်။ အစပိုင်းတွင် မည်သူက တရားခံဖြစ်ကြောင်း မသိသေးချေ။ သို့သော် တဖြည်းဖြည်းချင်း လီကျွီက ဝင်ပြောလိုက်သည်နှင့် ကိစ္စများက ရှင်းလင်းလာသည်။ လိုက်ကာနောက်မှ တီးခတ်သူက မင်းသားသုံးလီကျွီ ဖြစ်နေသည်။ လီကျွီက တခဏခန့် ကြောင်သွားပြီးနောက် သူခြေလှမ်းမှားသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့ရာတွင် သူက ခပ်မြန်မြန် အော်ရယ်လိုက်သည်။
“ပဉ္စမညီတော် မင်းအခုဘာပြောပြော အသုံးမဝင်ဘူး။ အရာအားလုံးက ခမည်းတော်ရဲ့ အဆုံးအဖြတ်ပေါ် မူတည်နေပြီ”
လီကျွီက ခေါင်းလှည့်လိုက်ပြီးနောက် သူတော်စင်ဧကရာဇ်ကို ဂါရဝပြုလိုက်သည်။ ဒီကိစ္စက ပေါ်သွားပြီး လီဟန်က ရန်ငြိုးထားသွားမည့်အရေးကို မစိုးရိမ်ချေ။ သို့သော် သူတော်စင်ဧကရာဇ်ကသာ ကိုယ့်ညီအရင်းကို ချောက်ချခဲ့သည်ဟု အထင်မှတ် မှားသွားလျှင် ရယ်စရာ မကောင်းနိုင်တော့ချေ။
သူတော်စင်ဧကရာဇ်က ဘာစကားမှမဆိုချေ။ သို့သော် လီကျွီကိုလည်း ကြည့်မလာခဲ့ဘဲ လီဟန်ကိုသာ စိုက်ကြည့်နေသည်။
လီကျွီ၏မျက်နှာက နီရဲသွားပြီး ခပ်မြန်မြန် နောက်ဆုတ်လိုက်ကာ နံရံကား ကပ်သွားသည်။
“ပြော”
သူတော်စင်ဧကရာဇ်က စကားတစ်ခွန်းတည်းသာ ပြောသည်။ မကျယ်လွန်းသလို မတိုးလွန်းသော်လည်း လူတိုင်းက ထင်ထင်ရှားရှား ကြားရသည်။
“တော်ဝင်ခမည်းတော် တတိယအစ်ကိုတော်က ဒီသားတော်ကို ခံတပ်ကကြီးကြပ်သူ ဗိုလ်ချုပ်ကျန်းရန်နဲ့ ပတ်သတ်တဲ့အကြောင်း စွပ်စွဲတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး သားတော်မှာ ဘာမှပြောစရာမရှိသလို သားတော်ရဲ့ နာမည်ကို ရှင်းလင်းနိုင်စွမ်းအားလည်း မရှိပါဘူး။ တတိယအစ်ကိုတော် ဖန်တီးထားတဲ့ ဒီအရာရှိစာရင်း အတွက်ကတော့ မှန်နေမယ်ဆိုရင် ဒီသားတော်က ဝန်ခံလိုက်မှာပါ။ ဒါပေမဲ့ ဒီသားတော်က ကိုယ့်ကိုယ်ကို လုပ်ထားမှန်းမသိတော့ ဝန်ခံဖို့က ခက်ခဲပါတယ်။ နောက်ပြီး တစ်စုံတစ်ယောက်က ကိုယ့်အကျိုးအတွက် ဉာဏ်တအားသုံးပြီး အကြံအစည်ချတာမျိုး လုပ်တတ်မယ်ဆိုရင် အဲ့ဒီတစ်ယောက်က ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲ သတိထားထား အမှားတော့ ပါနေဦးမှာပါပဲ”
လီဟန်၏ နှုတ်ခမ်းများက ကော့တက်သွားပြီး ယုံကြည်မှုရှိစွာရယ်သည်။
“လီဟန် မင်းအခြားသူကိုလိုက်ပြီး စွပ်စွဲမနေနဲ့။ မင်းဘာသာမင်း ခုံရုံးက အရာရှိတွေနဲ့ ပူးပေါင်းဖို့ စာရင်းလုပ်ထားတာ ငါနဲ့ဘာသက်ဆိုင်လို့လဲ”
လီကျွီက ဒေါသထွက်သွားသည်။ သူတော်စင်ဧကရာဇ်ကသာ မရှိနေလျှင် သူကချက်ချင်း ခုန်ဝင်ပြီး ဖြတ်ရိုက်လိုက်ပြီးလေပြီ။
“ဟမ့် ရိုးသားတဲ့လူက ဘယ်တော့မှ ပြာယာခတ်နေစရာ မလိုဘူး။ အစ်ကိုတော်က ကိုယ်လုပ်ထားလား မလုပ်ထားဘူးလား ကိုယ်ကိုယ်တိုင် သိမှာပေါ့”
လီဟန်က ခေါင်းကိုမော့ပြီးနောက် သူ၏အစ်ကိုတော် ဖြစ်သူကို လှောင်ရယ် ရယ်လိုက်သည်။ အတိတ်ကသာဆိုလျှင် သူက မလုပ်ထားသော်လည်း ဝန်ခံလိုက်ပြီး အပြစ်ကို ယူလိုက်ပေမည်။ သို့သော် သူတို့ကသူ့ကို ဒီလိုအခြေအနေထိ ဖိအားပေးချင်နေကတည်းက သူက တုန့်ဆိုင်းနေစရာ အကြောင်းမရှိတော့ပေ။
“ဆက်ပြော”
သူတော်စင်ဧကရာဇ်၏ အသံက ခပ်ပြတ်ပြတ်သာ ဖြစ်နေသေးပြီး ရှေးဟောင်းရေတွင်းထဲမှ ရေသေအလား တည်ငြိမ်နေသည်။ ဘယ်သူကမှ သူ၏အတွေးကို မခန့်မှန်းနိုင်ချေ။
“ဟုတ်ကဲ့ပါ”
လီဟန်က လေးနက်စွာ ဂါရဝပြုလိုက်ပြီးနောက် တဖန် ခေါင်းပြန်မော့ကာ ဆက်ပြောသည်။
“အကြီးအကဲအရာရှိ ကျော့ဟုန်လင်း နောက်ပြီး လက်ထောက် အတွင်းရေးမှူး ဆုကောရှန်း နယ်စပ်က မြင်းတပ်ရဲ့ဗိုလ်ချုပ် ဝူရန်ချင်း မဟာအကဲဖြတ် ကြီးကြပ်သူကွေ့ရီ မြောက်ပိုင်းဌာနကို သယ်ယူပို့ဆောင်ဖို့ တာဝန်ယူထားတဲ့ ဝေ့ရှောင်းယို့ နောက်ပြီး မြို့တော်ရဲ့ ဝေ့မျိုးရိုးက ဝေ့လန်နဲ့ဝေ့ကျစ်... ဒီသားတော်အနေနဲ့ ဒီနာမည်တွေနဲ့ပတ်သတ်ပြီး ဘာမှပြောစရာ မရှိပါဘူး။ အား ဉာဏ်အရှိဆုံးလူတောင်မှ အမှားလုပ်မိနိုင်တာပဲ ဒီတော့ ဒီစာရင်းကို ဖန်တီးထားတဲ့လူက ဘယ်လောက် သတိထားထား သူက အမှားကို မရှောင်နိုင်ခဲ့ဘူး။ နောက်ဆုံး ဒီစာရင်းထဲမှာ ပါနေတဲ့ နောက်ဆုံးနာမည်ကတော့ နန်းတွင်းက စာကြည့်တိုက်ရဲ့ အကြီးအကဲ ချန်းဝမ်ရှောင်းပါတဲ့။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆရာရွှီက အရှင့်ရဲ့ သားတော်ရဲ့အကြောင်းကို အခြား တော်ဝင်ပြတိုက်မှူးတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ အရှင့်ရဲ့ ဒီသားက မှတ်မိတာသာ မှန်မယ်ဆိုရင် နန်းတွင်း စာကြည့်ဆောင်က အကြီးအကဲ (၂၄)ယောက်ထဲမှာ ချန်းဝမ်ရှောင်းလို့ခေါ်တဲ့လူ တစ်ယောက်မျှ မရှိခဲ့ဖူးပါဘူး”
သူက စကားကို ထိုနေရာတွင် ရပ်လိုက်သည်။ လီဟန်၏ အမူအရာက ပို၍ပင် ဖြောင့်မတ်လာပြီး ယုံကြည်မှုက အပြည့်ရှိလာသည်။ ထိုတခဏတွင် ခန်းမထဲရှိ လူတိုင်းကမူ ဖမ်းစားခံရသလို ဖြစ်သွားပြီး မလှုပ်ရှားနိုင်တော့သလို ဖြစ်သွားသည်။
ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းတွင် ရပ်နေကြသည့် မင်းသားတိုင်း အပါအဝင် ရှိနေကြသော ဆရာတိုင်းက မျက်လုံးပြူးသွားကြသည်။ တတိယမင်းသား လီကျွီ၏မျက်နှာကမူ သေလုခြောက်ခြားဖွယ် ဖြူဖျော့သွားသည်။
နန်းတွင်းစာကြည့်ဆောင်မှ အကြိုအကြီးအကဲက အငယ်တန်းအဆင့် ရာထူးသာရှိပြီး အနိမ့်ဆုံးရာထူးအဆင့်က နံပါတ်သုံးအဆင့်ဖြစ်သည်။ ထိုလူများက ခုံရုံးတွင်လည်း အဆင့်အတန်း သိပ်မမြင့်သလို အစည်းအဝေးပွဲများတွင် ဝင်ပါနိုင်လောက်အောင် အာဏာမရှိချေ။ ရလဒ်အနေဖြင့် ခုံရုံးထဲရှိ မည်သူကမျှလည်း ထိုလူများကို အာရုံမစိုက်ကြချေ။ အနည်းနှင့်အများ ချန်းဝမ်ရှောင်းက တကယ်ရှိမရှိ မသိကြချေ။
သို့သော် မည်သူကမျှ မထင်ထားသည်မှာ ထိုစာရင်းမှ ချန်းဝမ်ရှောင်းက အမှန်တကယ် တည်ရှိနေခြင်း မရှိချေ။ ချန်းဝမ်ရှောင်းက မတည်ရှိလျှင် စာရင်းကို ယုံကြည်၍ မရတော့ချေ။ အခြားစကားဖြင့် ဆိုရသော် တစ်စုံတစ်ယောက်က လီဟန်ကို အသရေဖြတ် ချောက်ချရန်ကြိုးစားကြောင်း ထင်ရှားသွားသည်။ ထိုသို့သာဆိုလျှင် ဒီကိစ္စက လွယ်ကူသွားလေပြီ။ ချက်ချင်းလိုလို လူတိုင်း၏အကြည့်က တတိယမင်းသား လီကျွီထံရောက်သွားသည်။
အခန်း(၆၉၀)
အနိုင်နဲ့အရှုံး (၁)
တတိယမင်းသား၏ မျက်နှာက အလွန်ဖြူစုတ်နေသည်။ အကြောင်းမူကား သူက အခြေအနေကို နားလည်လိုက်သောကြောင့်ဖြစ်သည်။
“ဆရာရွှီ”
သူတော်စင်ဧကရာဇ်၏ အသံက ခန်းမထဲ ဟိန်းထွက်လာသည်။
ရွှီရှောင်းက ခေါင်းကိုငုံ့ပြီးနောက် ရိုးသားစွာ လျှောက်တင်သည်။
“ဟုတ်ကဲ့အရှင်မင်းကြီး ဒီနိမ့်ကျတဲ့ အစေခံက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က တော်ဝင်စာကြည့်ဆောင်က အကြီးအကဲတွေအားလုံးကို မင်းသားငါးနဲ့ တွေ့ဆုံပေးခဲ့ပါတယ်”
“တော်ဝင်ဆရာ”
တော်ဝင်ဆရာ ချန်းယုံက အနည်းငယ် ဝင်ဖြေပြီးနောက် လျှောက်တင်သည်။
“ဟုတ်ပါတယ် အရှင်မင်းကြီး တော်ဝင်စာကြည့်ဆောင်ရဲ့ အကြီးအကဲ (၂၄)ယောက်မှာ ချန်းဝမ်ရှောင်းလို့ ခေါ်တဲ့လူ တစ်ယောက်မှမရှိပါဘူး”
စာပေကျမ်းဂျန် နှံ့စပ်မှုနှင့် ဉာဏ်ပညာကြီးမားသော အခြေအနေမျိုးတွင် မည်သူကမျှ တော်ဝင်ဆရာကို မကျော်နိုင်သလို ခုံရုံးရေးရာ ကိစ္စများနှင့် အကြီးအကဲများအကြောင်း အမှုထမ်းများအကြောင်း နားလည်နိုင်စွမ်းအား အရာတွင်လည်း မည်သူကမျှ တော်ဝင်ဆရာကို မကျော်နိုင်ချေ။ သူက ချန်းဝမ်ရှောင်းဟု ခေါ်သောလူက မရှိကြောင်းပြောလျှင် အမှန်တကယ် မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မင်းသားသုံး လီကျွီ၏မျက်နှာက ပို၍ပင် ဖြူစုတ်သွားသည်။
“တတိယညီတော်”
ပထမမင်းသား လီရယ်နှင် ဒုတိယမင်းသား လီယောင်တို့က လီကျွီကို လှည့်ကြည့်လိုက်ကြသည်။ တော်ဝင်ဆရာ၏ စကားက လီကျွီအတွက် ပြင်းထန်သည့် ထိုးနှက်ချက်ကြီးဖြစ်သည်။
“တော်ဝင်ခမည်းတော် ဒီအရေးကြီးတဲ့ စာရင်းပေါ်က အရာရှိတစ်ယောက်ရဲ့ နာမည်က အတုဖြစ်နေခဲ့ပြီး အမှန်တကယ်တောင် မတည်ရှိဘူးဆိုရင် ဒီစာရင်းက အစစ်အမှန်လို့ ဘယ်လိုများ ယုံကြည်ရပါတော့မလဲ။ ဒီစာရင်းကို အရှင့်ရဲ့ ဒီသားတော်က အမှန်တကယ် ရေးသားထားတာမျိုးဆိုရင် ဒီလိုအမှားမျိုးက ဘယ်လို ရှိနိုင်ပါတော့မလဲ”
လီဟန်က မတ်တပ်ထရပ်လိုက်သည်။ သူ၏မျက်ဝန်းက တောက်ပပြီး အမူအရာက သက်တောင့်သက်သာ ဖြစ်နေသည်။
“ဒီတော့ ဟန်အာ မင်းဆိုလိုတာက ဒါက လုပ်ကြံခံထားရတာလား”
သူတော်စင်ဧကရာဇ်၏ လေသံက ညင်သာသထက် ညင်သာကာ နွေးထွေးလာသည်။
“ဟုတ်ပါတယ် ဒီလက်ရေးက အရှင့်ရဲ့သားတော်ရဲ့ လက်ရေးနဲ့ တော်တော်လေးကို တူညီနေပေမဲ့လည်း အတုအယောင် ဖန်တီးလုပ်ကြံ လိမ်ညာထားတဲ့လူက လုံ့လဝိရိယ သေချာစိုက်ထုတ်ထားပေမဲ့လည်း ဗြုန်းကနဲ ကြည့်လိုက်မှသာ ကွာခြားချက်ကို သတိမထားမိနိုင်မှာပါ။ ကြည့်ရတာ အရှင့်သားတော်ရဲ့ လက်ရေးမူ စာအုပ်တွေထဲက တစ်အုပ်အုပ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရုံနဲ့ ကွာခြားချက်ကို သိနိုင်မှာပါ။ တော်ဝင်ဆရာပဲဖြစ်ဖြစ်၊ ဆရာရွှီမှာပဲဖြစ်ဖြစ် ဒီစာအုပ်တွေရှိပါတယ်”
လီဟန်ကပြောသည်။ ခန်းမက တိတ်ဆိတ်သွားသည်။ ရှိနေကြသူတိုင်းက လီဟန်၏ ဆရာဖြစ်သူကို လှည့်ကြည့်သည်။
“ဟုတ်ပါတယ် အရှင်မင်းကြီး ဒီနိမ့်ကျတဲ့ အစေခံက မင်းသားငါးရဲ့ လက်ရေးမူစာအုပ်တွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ ဒါတွေအားလုံးကိ ဒီအစေခံရဲ့ စာကြည့်ဆောင်မှာ တွေ့နိုင်ပါတယ်။ ဒီစကားက မှန်ကန်ခြင်းရှိမရှိ အလွယ်တကူ ဆုံးဖြတ်နိုင်ပါတယ်”
ရွှီရှောင်းက ခေါင်းကိုငုံ့ပြီး ခိုင်မာစွာ ဝင်ပြောလိုက်သည်။
ရွှေရောင်သံချပ်ကာဝတ် အစောင့်များက လျှင်မြန်စွာဖြင့် ထွက်ခွာသွားသည်။ ငါးမိနစ်ခန့်သာ ကြာပြီးနောက် လက်ရေးမူစာအုပ် အထပ်လိုက်က ခန်းမထံသို့ သယ်ဆောင်ခံလာရသည်။ ရှိနေကြသော ဆရာတိုင်းက လက်ရေးမူစာအုပ်များမှ လက်ရေးနှင့် စာရင်းထဲမှ နာမည်လက်ရေးများကို တိုက်ကြည့်ကြသည်။ အချိန်အတန် ကြာပြီးနောက် တော်ဝင်ဆရာ ချန်းယုံက နောက်ဆုံးတွင် စာအုပ်ပုံကြားမှ ခေါင်းမော့ကာ ဆုံးဖြတ်ချက်ကိုချသည်။
“အရှင်မင်းကြီး ဒီလက်ရေးက မင်းသားငါးရဲ့ လက်ရေးနဲ့ တော်တော်လေးကို တူပါတယ်။ ဒါပေမဲ့ ရေးဆွဲတဲ့ပုံစံမှာ ကွာခြားချက်က ကြီးကြီးမားမားကြီး ရှိနေပါတယ်။ အခြားစကားနဲ့ပြောရရင် ဒီစာနဲ့စာရင်းက အတုပါ”
“အရှင်မင်းကြီး ဒီနိမ့်ကျတဲ့အစေခံကလည်း သဘောတူပါတယ်။ ဒါက မင်းသားငါးရဲ့ လက်ရေးမဟုတ်ပါဘူး”
မဟာတော်ဝင်ဆရာ ဖေးကွမ်းထင်ကလည်း ဝင်ကာဖြည့်ပြောသည်။
“ဆိုလိုတာက ဗိုလ်ချုပ်ကပို့လာတဲ့စာနဲ့ ဟန်အာရဲ့ ပြန်စာက အတုတွေပေါ့”
သူတော်စင်ဧကရာဇ်၏ ခမ်းနားသောအသံက ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
“အတိအကျပါပဲ”
တော်ဝင်ဆရာချန်းယုံနှင့် မဟာတော်ဝင်ဆရာ ဖေးကွမ်းထင်တို့က တပြိုင်ထဲဖြေကြသည်။
ချက်ချင်းလိုလို ခန်းမထဲရှိ လူတိုင်းက မင်းသားငါးလီကျွီကို ကြည့်ကြသည်။ ထို့အပြင် မြင့်မြတ်ကာ အာဏာအပြည့်ပါသည့် မျက်ဝန်းတစ်စုံကလည်း လီကျွီထံရောက်သည်။ လီကျွီ၏မျက်နှာကမူ ပြာနှမ်းသွားပြီး ခြေထောက်များက ခွေယိုင်သွားသည်။ သူက ကြောက်လန့်လွန်းသဖြင့် တဆတ်ဆတ် တုန်နေသည်။ ထိုသို့ဖြင့် ဒူးနှစ်ဖက်လုံး ထောက်ချကာ ဂါရဝပြုသည်။
...
“အရှင့်သား အခြေအနေ ဘယ်လိုဖြစ်သွားပါလဲ”
မင်းသားငါးလီဟန်က ယုန်ဝူနန်းဆောင်မှ ထွက်လာသည့်အချိန်တွင် လီကျင်းကျုံးက ချက်ချင်းလိုလို အပြေးလာကာ စိုးရိမ်တကြီးမေးသည်။ သူက အပြင်တွင် စောင့်နေခဲ့သည်မှာ ကြာလှချေပြီ။ မင်းသားငါးထံ မိန်းမဆိုးဘဝနှင့် ဆယ်နှစ်ကြာ ခစားလာပြီးသည့်တိုင်အောင် သူက အထဲသို့ဝင်ရန် အဆင့်မမှီသေးချေ။ ထို့ကြောင့် အပြင်ဘက်တွင်သာ စိုးရိမ်တကြီး စောင့်စားနေရသည်။
လီဟန်က ယုန်ဝူနန်းဆောင်အတွင်းတွင် ရှိနေချိန်တွင် လီကျင်းကျုံးက တချိန်လုံး ခန်းမအနှံ့ ပတ်ပတ်လည် လျှောက်သွားနေခြင်းဖြစ်ပြီး သူ၏ဖိနပ်များပင် ပါးထွက်တော့မတက် ဖြစ်ခဲ့သည်။
“မင်းဘယ်လိုထင်လဲ”
လီဟန်က တိုက်ရိုက်မဖြေဘဲ လီကျင်းကျုံးကိုသာ ကြည့်နေသည်။
လီကျင်းကျုံး၏ အမူအရာက ပြောင်းလဲသွားပြီးနောက် ချက်ချင်းလိုလိုပင် ရယ်တော့သည်။ မင်းသားငါးက ထိုမျှယုံကြည်မှု ရှိနေကတည်းက ပြဿနာမရှိလောက်ချေ။
“အစ်ကိုသုံးက သူ့ထိုက်နဲ့သူ့ကံ ခံလိုက်ရတာပဲ။ သူကငါ့ကို ချောက်ချဖို့ တွေးရဲတယ်။ ဒါပေမဲ့ သူမသိတာက ပုဇွန်ကြီးက ပုဇင်းရင်ကွဲနောက်ကို လိုက်နေတဲ့အချိန်မှာ အဝါရောင်အမွှေးပါ ငှက်တစ်မျိုးက နောက်ကသူ့ကို ကပ်လိုက်ပြီး ချောင်းနေတယ်ဆိုတာပဲ။ အဆုံးမှာတော့ သူက ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲ ဖြစ်သွားရတယ်”
လီဟန်က သူ၏ဝတ်ရုံကို တစ်ချက်ခါပြီး သူ၏ငယ်ရွယ်သော မျက်နှာက ရင့်ကျက်နေသည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရခဲ့သလို ဖြစ်သွားသည်။
တော်ဝင်ခမည်းတော်က ကြည့်လာသောအခါ လီကျွီ၏ ပြာနှမ်းသော အမူအရာကို ပြန်တွေးမိပြီး အလွန်သဘောကျကာ ရယ်ချင်လာသည်။
“အစ်ကိုသုံးလီကျွီက ကိုယ့်ညီတော်ကို ပြန်ချောက်ချပြီး မကောင်းတဲ့ အတွေးအကြံတွေ ရှိနေတဲ့အတွက် သူ့ရဲ့တာဝန်တိုင်းကို ချိုးဖောက်ခဲ့သလိုဖြစ်ပြီး မင်းသားအဆင့်အတန်းက ဖယ်ချခံခဲ့ရလို့ တော်ဝင်ကလန် ခုံရုံးကို အပြစ်ဒဏ်အတွက် အအပ်ခံခဲ့ရတယ်။ ယောင်ကျုံးဖင်းကတော့ သူ့ရဲ့ ညွှန်ကြားပြသမှု ညံ့ဖျင်းတဲ့အတွက်ကြောင့် သူ့ရဲ့အရာရှိလစာ တစ်နှစ် ကင်းလွတ်ခွင့်ခံရတယ်။ သူ့ရဲ့ရာထူးကလည်း ဖယ်ချခံရတယ်။ သူတော်ဝင်နန်းတွင်းထဲကို ခြေတစ်လှမ်းတောင် ဝင်ခွင့်မရတော့ဘူး”
အတိတ်တွင် လီဟန်က ယခုလို အခြေအနေမျိုးကိုသာ ကြုံရမည်ဆိုလျှင် ဒီကိစ္စတစ်ခုလုံးကို ရည်ရွယ်ချက်ရှိရှိ ရှောင်ပြီး ခေါင်းကိုသာ ဆက်တိုက် ငုံ့ထားပေလိမ့်မည်။ သို့သော် လီကျွီက လွန်လွန်းအားကြီးလာသည်။ သူက လီဟန်ကို ဒီလိုကိစ္စမျိုးဖြင့် အသရေဖြတ်ပြီး သူ၏မင်းသား အဆင့်အတန်းကို ဆုံးရှုံးစေကာ အစစ်အမှန် နဂါးအဖြစ် ပုလ္လင်သို့ဆက်ခံခွင့်မှ ဖယ်ရှားလိုခြင်းဖြစ်သည်။ ထိုအတိုင်း လုပ်ကြံလာကတည်းက လီဟန်အနေဖြင့် ပြန်လည် ရိုင်းပြသည့်အခါ အပြစ်တင်၍ မရတော့ချေ။
“အရှင့်သား ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံးအရ ဒီကိစ္စက နောက်ဆုံးတော့ အဆုံးသတ်သွားပါပြီ”
လီကျင်းကျုံးက သက်ပြင်းအရှည်ကြီးကို ချသည်။ မင်းသားငါးလီဟန်က နောက်ဆုံးတွင် ခြစ်ရာပင်မထင်ဘဲ ပြန်ထွက်လာနိုင်ခဲ့သည်။ သို့သော် တရားခံလီကျွီကမူ တော်ဝင်ကလန် ခုံရုံးသို့ အအပ်ခံခဲ့ရသည်။ ကိစ္စများက အကောင်းဆုံးဖြစ်လာသည်။
“မဟုတ်ဘူး ကိစ္စက ပြီးဖို့လိုသေးတယ်”
လီကျင်းကျုံးကို အံ့ဩစေသည်မှာ လီဟန်က ခေါင်းကိုခါသည်။ သူ၏မျက်ဝန်းက အခြားတစ်နေရာသို့ ကြည့်သည်။ သူက လီကျွီ၏တိုက်ပွဲကို နိုင်ခဲ့ပြီး တော်ဝင်ခမည်းတော်၏ မျက်နှာသာကို ပြန်လည်ရရှိခဲ့သည့်တိုင်အောင် လီဟန်၏မျက်နှာတွင် စိတ်လှုပ်ရှားမှုမရှိဘဲ မှေးမှိန်နေသည်။
အချိန်အတန်ကြာ မှင်သက်နေပြီးမှသာ လီကျင်းကျုံးက အမြင်မှန်ရသွားသည်။
“ဟုတ်သားပဲ မင်းသားသုံးက ပါဝင်ပတ်သတ်ခဲ့တဲ့ ကိစ္စဆိုပေမဲ့ သူမရှိနေသေးတယ်။ သူမကိုလည်း ကိုင်တွယ်ဖို့ လိုအပ်နေသေးတာပဲ”
သို့သော် ထိုအချိန်တွင် လီကျင်းကျုံးက မည်သည့်အကြံ မည်သည့်စကားမျှ မဆိုတော့ချေ။ သူက ဘေးတစ်ဖက်တွင်သာ လေးစားစွာ နောက်ဆုတ်ရပ်နေလိုက်ပြီး လီဟန်အတွက် လမ်းဖယ်ပေးလိုက်သည်။
“ဟ”
လီကျင်းကျုံးက သက်ပြင်းရှည်ကြီးကိုချသည်။ ဖြစ်နိုင်လျှင် ဒီကိစ္စများကို အခြားနည်းလမ်းဖြင့်သာ လုပ်လိုသည်။ သို့သော် အစစ်အမှန် နဂါးပုလ္လင်သို့ ဆက်ခံနိုင်ရန်အလို့ငှာ အခြားမင်းသားများကို ရင်ဆိုင်နိုင်ရန် အလို့ငှာ လီဟန်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ရတော့ပေမည်။ သူက လက်ကိုတစ်ချက် ယမ်းပြီးနောက် လီဟန်က ထွက်ခွာသည်။ သို့သော် သူ၏စံအိမ်သို့ သွားခြင်းမဟုတ်ချေ။ သူမက အောင်မြင်တော့မည်ဖြစ်ကြောင်း သူသတင်းရထားပြီးလေပြီ။ ကံဆိုးစွာဖြင့် လီဟန်က သူမ မအောင်မြင်နိုင်ကြောင်း ကောင်းကောင်း နားလည်နေသည်။
.....
“ဟိုက်ရား”
ရထားလုံးတစ်စီးက ရှေ့သို့ ဆက်သွားနေသည်။ ထိုရထားလုံးက နန်းတွင်း၏ ကျဉ်းမြောင်းသော ရွှေရောင်လမ်းကြားကို ကျော်ဖြတ်ပြီး တဖြည်းဖြည်းချင်း ဂိတ်ပေါင်းများစွာကို ကျော်ဖြတ်နေသည်။ တဖြည်းဖြည်းချင်း နန်းတွင်းဂိတ်ဝ တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်သွားသည်။ သို့သော် ထိုဂိတ်တိုင်းတွင် မည်သည့်အစောင့်မှ မရှိသလို မည်သူကမျှလည်း သတိမထားမိချေ။ ရထားလုံးက ဖြတ်သန်းသွားနေချိန်တွင် အထဲတွင် ညင်သာသိမ်မွေ့ပြီး ကျော့ရှင်းကြည့်ကောင်းကာ ဆွဲဆောင်မှုပြင်းထန်သည့် အမျိုးသမီးငယ်လေး ရှိနေသည်။ သူမက လက်ရှိအချိန်တွင် ပြတင်းပေါက်အပြင်ဘက်သို့ မှင်သက်ငေးရီစွာ ကြည့်နေသည်။
နန်းတွင်းဂိတ်နှစ်ခု နောက်ထပ် နန်းတွင်းဂိတ်နှစ်ခုပဲ ကျန်တော့တယ်။ နောက်ပြီးရင်ငါ ဒီနေရာက ထွက်သွားနိုင်ပြီ။
လေပြေက ပြတင်းပေါက်ကို ကျော်ဖြတ်ကာ တိုက်ခတ်လာချိန်တွင် အမျိုးသမီး၏ ဆံပင်များကလွင့်သည်။ သူမ၏အကြည့်ကမူ အပြင်ဘက်ရှိ အစောင့်ပေါင်းမြောက်များစွာထံ ရောက်သွားပြီးနောက် စိုးရိမ်မှုက ထွက်ပေါ်လာသည်။
သူမက အရာရာကို ရေတွက်နေခြင်းဖြစ်ပြီး နန်းတွင်း၏ဂိတ် (၄၈)ပေါက်လုံးကို ကျော်ဖြတ်သွားပြီးလျှင် နောက်ထပ် ဂိတ်နှစ်ပေါက်ကို ကျော်ဖြတ်ပြီးသည်နှင့် အမှန်တကယ် လွတ်မြောက်လေပြီ။