← Chapters

အခန်း (၆၉၆-၇၀၀)

Vol. 36 Ch. 696-700

အခန်း (၆၉၆-၇၀၀)

Vol. 36 Ch. 696-700

အခန်း(၆၉၆)

ဝူရှန်းရွာ (နှစ်)

ထိုမြူဖြူက ထူကာ သိပ်သည်းသည်။ မကြာခဏဆိုသလို လူတစ်ယောက်၏ ခြေထောက်အောက်ခြေမှ ကျောက်စရစ်ခဲက ချောက်ကမ်းပါးကို ကျော်လွန်ကာ အောက်သို့ ပြုတ်ကျသွားလေ့ရှိသည်။ ထိုသို့ ကျောက်စရစ်ခဲ ပြုတ်ကျသွားပြီး အချိန်အတန်ကြာမှသာ ထိခတ်သံကို ပြန်ကြားရလေရာ ရှိနေကြသူတိုင်းက အံ့အားသင့်သွားရသည်။ ဝမ်ချောင်ကသာ တည်ငြိမ်နေသည်။ သူက ယုံကြည်မှုအပြည့်ဖြင့် သူ၏မွေးရပ်မြေသို့ ပြန်သွားသလိုမျိုး ထိုလူများကို ခေါ်သွားသည်။

ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ဝမ်ချောင်၏နောက်မှ အနီးကပ် ကပ်လိုက်ကြပြီး တချိန်ထဲတွင်ပင် အလွန် အံ့အားသင့်နေသည်။ ထိုမြူက အလွန်သိပ်သည်းပြီး ဦးတည်ရာဘက်ကို ခွဲခြမ်းဖောက်မြင်ရန် အလွန်အမင်း ခက်ခဲလေရာ မည်သည့်ဘက်သို့ ဦးတည်နေကြောင်းလည်း မသိနိုင်ချေ။ သို့တိုင်အောင် ဝမ်ချောင်ကမူ အနည်းငယ်မျှ မထိတ်လန့်နေခဲ့ချေ။ သူက မည်သည့်နေရာသို့ သွားနေကြောင်း ကောင်းကောင်း သိနေသလို ခြေထောက်အောက်သို့ ပြန်ငုံ့ကြည့်ရန်ပင် မလိုအပ်ခဲ့ချေ။

အချိန်တစ်ခုကြာပြီးနောက် မြူထုက တဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ်သွားသည်။ ကောင်းဖုန်းနှင့် နျဲ့ယန်တို့ကလည်း စိတ်ထဲတွင် ပျော်ရွှင်လာကြသည်။ သူတို့ဒီမြူထဲမှ ထွက်နိုင်ပြီဖြစ်ကြောင်း သိနိုင်သည်။

“ဟမ့် သူတို့ထဲက ဘယ်သူကမှ အလုပ်လုပ်မနေဘူး။ သူတို့က ငါ့ကိုလွှတ်ပြီး တွင်းတူးခိုင်းလိုက်တာပဲ။ ငါအဖမ်းခံရမှာကို မကြောက်ဘူးလား”

ရုတ်တရက် လျော့ပါးပျောက်ကွယ်လာသည့် မြူထဲမှ ကလေးငယ်လေး တစ်ယောက်၏ ဆောင့်အောင့်သံက ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ ခဲလုံးကန်သံလည်း ထွက်ပေါ်လာသည်။

“အရှင်အမတ် ဒါက”

တစ်ဖက်လူများက ဝမ်ချောင်ကို ကြည့်ကြသည်။

“ထပ်မပြောကြနဲ့ ဒီတိုင်းလိုက်ခဲ့ကြ”

ထိုရင်းနှီးကျွမ်းဝင်သော အသံက ဝမ်ချောင်ကို မျက်လုံးပြူးလာစေသည်။ သူက အနည်းငယ် ချွန်ထက်နေသည့် ကျောက်သားများပေါ် တက်နင်းပြီးနောက် အသံလာရာဘက်သို့ လျှောက်သွားသည်။ ထိုမိန်းကလေး၏ ညဉ်းညူဆောင့်အောင့်သံက ကျယ်သထက် ကျယ်လာပြီး ပြတ်သားသထက် ပြတ်သားလာသည်။

“နေ့တိုင်း တူးခိုင်းနေတာပဲ။ နေထွက်တဲ့အချ်ိန်တိုင်း တူးနေရတယ်။ လထွက်ပြန်ရင်လည်း တူးနေရတုန်းပဲ”

“အရူးလိုပေါက်တူး အရူးလိုပေါက်တူး”

“အို မကောင်းတော့ဘူး ပြဿနာပဲ။ ပေါက်တူးလက်ကိုင်က ကျိုးသွားပြီ”

“အို မကောင်းတော့ဘူး ငါ့အဘိုးနဲ့ အခြားလူတွေကို သိစေလို့မရဘူး။ အရူးအဘိုး အဘိုးအရူး”

.....

ထိုကောင်မလေး၏ အသံက နီးကပ်သထက် နီးကပ်လာသည်။ ဝမ်ချောင်၏နောက်မှ လိုက်လာသော လက်အောက်ငယ်သား ဆယ်ယောက်ကျော်ကပင် ထိုအသံများကို ရှင်းလင်းပြတ်သားစွာ ကြားလာရသည်။ သူတို့၏ အမူအရာက ကြောင်တောင်တောင် ဖြစ်လာပြီး သံသယအပြည့်ဖြင့် သိချင်စိတ်က ပြင်းပြလာကြသည်။

ဝမ်ချောင်က အနောက်မှ လက်အောက်ငယ်သားများ၏ အမူအရာကိုမကြည့်ဘဲ အသံလာရာဘက်သို့သာ သွားပြီးနောက် အချိန်တစ်ခုကြာပြီးသောအခါ ရှစ်နှစ် ကိုးနှစ် အရွယ်ခန့်ရှိမည့် ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမလေး၏ ဆံပင်ကို နှစ်ဖက်ခွဲကာ ထုံးထားသည်။ သူမလေး၏ ကိုယ်ထက်ပင် ကြီးမားသော ဆေးထည့်လေ့ရှိသည့် ဝါးခြင်းတောင်းမျိုးကို ကျောတွင်လွယ်ထားသည်။ သူမလေးက ကြီးမားသည့် ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသည်။ ဘေးနားတွင်မူ အလွန်အမင်း ကြီးမားသည့် နံနက်သီးပင်က ပေါက်နေသည်။

ထိုကောင်မလေးက ဝမ်ချောင်ကို ကျောပေးထားသည်။ ထို့ကြောင့် ဝမ်ချောင်က သူမ၏မျက်နှာကို မမြင်နိုင်ချေ။ သို့တိုင်အောင် ကြားနေရသော အသံက ကျယ်သထက် ကျယ်လာသလို ထိုထဲတွင် မကျေမနပ် ဖြစ်သံက ပါလာသည်။

ခလွပ်

သူကကြည့်နေရင်းမှ ရုတ်တရက် သူ၏အနောက်ဘက်မှ ကျောက်တုံးပြုတ်ကျသံက ထွက်ပေါ်လာသည်။ ခြေထောက်ဆောင့်ကာ ကန်နေသော ကောင်မလေးက အသံကြောင့် အလန့်တကြားဖြစ်ပြီး ထခုန်လိုက်သည်။ သူမက ကျောက်သားပေါ်မှ လျောဆင်းလာပြီး နောက်သို့လှည့်ကြည့်သည်။ ထိုအချိန်တွင် ဝမ်ချောင်က သူမ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုကောင်မလေးက ကျောက်စိမ်းသားဖြင့် ထွင်းထုထားသလိုမျိုး သူ၏မှတ်ဉာဏ်ထဲတွင် ရှိနေသော ကောင်မလေးနှင့် အနည်းငယ်ကွာခြားနေသည်။ သို့တိုင်အောင် ထိုကောင်မလေးနှင့် တူညီသော ရုပ်ရည်သွင်ပြင်ကိုပင် မြင်နေနိုင်သေးသည်။

ထိုကောင်မလေးက ကျောတွင် ခြင်းတောင်းကြီးကို သယ်ထားပြီး သူမ၏ လက်တစ်ဖက်က ပေါက်တူးမှ ကျိုးသွားသည်ဟု ထင်ရသော ပေါက်တူးလက်ကိုင်ကို ကိုင်ထားသည်။ အခြားတစ်ဖက်ကမူ ဆေးပင်တူးသည့် ပေါက်တူးကို ကိုင်ထားသည်။ သူမက ဆက်တိုက် အထွန့်တက်ချိန်တွင် သတိလက်လွတ်ဖြစ်စွာပင် အစီအစဉ်မဲ့နေသည့် ပုံစံမျိုးက ပေါ်နေခြင်းလည်းဖြစ်သည်။

“အား”

ကောင်မလေး၏ မျက်နှာတွင် ကြောက်လန့်မှုက အထင်းသားပေါ်လာသည်။ ထိုသို့ဖြင့် ဝမ်ချောင်တို့အဖွဲ့က အနောက်တွင် ရောက်နေကြောင်းကို မြင်လိုက်ရချိန်တွင် သူမက လန့်ပြီး ချက်ချင်းလိုလို ထွက်ပြေးသည်။

“ဦးလေးချီ ဦးလေးကျိုး ဒုက္ခပဲ မကောင်းတဲ့လူတွေ ဝင်လာကြပြန်ပြီ”

ထိုကောင်မလေး၏ အသက်အရွယ်က သူမ၏ လျှင်မြန်ဖြတ်လတ်မှုနှင့် အကြိမ်နှုန်းအပေါ် မှီခိုနိုင်စွမ်းအားရှိသည်။ သူမက ချက်ချင်း အော်ပြီးထွက်ပြေးသွားသည်။ သူမ၏ ခြေထောက်နှစ်ချောင်းက မြေပြင်သို့ ထိလိုက်သည်နှင့် သူမက ချက်ချင်းလိုလို ကျောက်တုံးပေါ်သို့ တွဲလောင်းခိုလိုက်ကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို မြေပြင်မှ လွတ်ထွက်သွားစေသည်။ ထိုခြေတစ်လှမ်းထဲနှင့် သူမက ခြောက်ကျန်း ခုနှစ်ကျန်းကို ရောက်သွားသည်။ ဒီနည်းအားဖြင့် တောကြောင်တစ်ကောင်လိုမျိုး ခုန်လွှားသွားခြင်းဖြစ်သည်။

သူမက နောက်တစ်ကြိမ် ထွက်ပေါ်လာသောအခါ ကျန်းနှစ်ဆယ် သုံးဆယ်အကွာသို့ ရှိနေပြီဖြစ်သည်။ အရာအားလုံးက မျက်တောင်တစ်ခတ် အချိန်အတွင်း ဖြစ်သွားခြင်းဖြစ်သည်။

“ဒီကောင်မလေးက လူလား သရဲလား”

“ဒီကလေးမလေးက ရှစ်နှစ် ကိုးနှစ် အရွယ်ထဲပါ။ ဘာလို့ဒီလောက်ထိ မြန်နေတာလဲ”

.....

ကောင်းဖုန်း နျဲ့ယန်နှင့် အခြားသော လက်ရွေးစင် စစ်သည်တော်များက အထိတ်တလန့် ဖြစ်သွားကြသည်။ ထိုကောင်မလေးက ထုတ်ပြသည့် အရှိန်နှုန်းနှင့် လျှင်မြန်ဖြတ်လတ်မှုက အနည်းဆုံး အစစ်အမှန် သိုင်းနယ်မြေ အဆင့်တွင် ရှိနေလေသည်။ သူမကဲ့သို့ ဆယ်ကျော်သက်ပင် မဟုတ်သေးသော အရွယ်နှင့် မတူညီတော့ပေ။

ထိုကောင်မလေးနှင့် ကြီးမားသည့် ခြင်းတောင်းကြီးကမူ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့တိုင်အောင် ဝမ်ချောင်က အလောတကြီး မလုပ်ချေ။ သူကလည်း သူမနောက်သို့ အလောတကြီး မလိုက်ချေ။ ဒီတိုင်း မေးခွန်းတစ်ခုသာ လှမ်းမေးလိုက်သည်။

“ရှောင်ရန် ဘာလို့ပြေးနေတာလဲ”

ဝုန်း

ထိုစကားကို ကြားသည်နှင့် ပြေးနေသော ကောင်မလေးက ရုတ်တရက် တုန်ယင်သွားပြီး မိုးကြိုးပစ်ခံရသလို ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်က ရုတ်တရက် ချက်ချင်းလိုလို ရပ်တန့်သွားသည်။

“နင် နင်ငါ့ကို ခေါ်တာလား”

ထိုကောင်မလေးက ကျောက်တုံးကြီးနောက်မှ ခေါင်းလေးပြူထွက်လာပြီး ဝမ်ချောင်ကို မယုံကြည်နိုင်သလိုမျိုး ကြည့်လာသည်။ ဝမ်ချောင်က ခေါင်းညိမ့်ကာရယ်သည်။

“နင်ငါ့ကို အခုဘယ်လိုခေါ်လိုက်တာလဲ”

ကောင်မလေး၏ မျက်နှာတွင် အံ့အားသင့်မှုက အထင်းသားပေါ်နေသည်။

“နင့်နာမည်က ရှောင်ရန်မဟုတ်ဘူးလား”

“နင်ငါ့ရဲ့နာမည်ကို ဘယ်လိုသိလဲ”

ကောင်မလေးက မျက်လုံးပြူးသွားသည်။ သူမက ဆက်ပြေးလိုစိတ် မရှိတော့ဘဲ ကျန်းနှစ်ဆယ် အကွာမှ ကျောက်တုံးပုံကြီး၏ ဘေးနားတွင် ရပ်နေသည်။ သူမက ဝမ်ချောင်ကို စိုက်ကြည့်သည်။ သူမ၏ လုံးဝိုင်းသော မျက်ဝန်းက ဝမ်ချောင်နှင့် နောက်လိုက်များကို သေချာ ဂရုတစိုက် စစ်ဆေးနေသည်။

သူမလေးအနေဖြင့် ဒီလိုအခြေအနေမျိုးကို မကြုံဖူးချေ။ သူမ တစ်ခါမျှ မမြင်ဖူးသော ထိုလူစိမ်းများက သူမ၏ နာမည်ကို သိနေသည်။

“ငါကမင်းရဲ့နာမည် ရှောင်ရန်ဆိုတာကိုတင် သိတာမဟုတ်ဘဲ မင်းမှာ လဲ့လဲ့လို့ခေါ်တဲ့ နှင်းဖြူရောင် လက်သည်းလေးနဲ့ မြေခွေးအနီရောင် တစ်ကောင်ရှိတာကိုလည်း သိတယ်”

ဝမ်ချောင်က ရယ်ပြီးနောက် ထိုကောင်မလေး ယခုလေးတင် ထိုင်သွားသည့် ကျောက်တုံးဘေးနားတွင် ဝင်ထိုင်လိုက်သည်။

“မဖြစ်နိုင်တာ”

ကောင်မလေးက မျက်လုံးပို၍ ပြူးသွားသည်။ သူမက ခြင်းတောင်းကြီးကို ပစ်ချပြီးနောက် ချက်ချင်းလိုလို ကျောက်တုံးပေါ်သို့ တက်ထိုင်လိုက်သည်။ ထိုအချိန်တွင် သူမ၏ ဝမ်ချောင်အပေါ် သိချင်စိတ်က အရာအားလုံးကို ကျော်လွန်သွားသည်။ ပြောင်းလဲမှုလည်းပါသည်။

သူမက မည်သူမှမသိအောင် ခိုးပြီး ထိုလက်သည်းဖြူမြေခွေးကို မွေးထားခြင်းဖြစ်ပြီး ရွာထဲမှ လူအနည်းငယ်သာလျှင် သိထားသည်။ သိထားသော ရွာထဲက လူတိုင်းများကပင် ထိုမြေခွေး၏ နာမည်က လဲ့လဲ့ဖြစ်ကြောင်း မသိကြချေ။

ဒါကို ဒီသူစိမ်းက ဘယ်လိုသိနေတာလဲ။

“နင် နင်ငါ့ရဲ့ လဲ့လဲ့အကြောင်းကို ဘယ်လိုသိတာလဲ”

ကောင်မလေးက မျက်တောင်ကို တဖြတ်ဖြတ် ခတ်လိုက်ပြီးနောက် ထူးဆန်းသော လူစိမ်း၏ ဖမ်းစားခြင်းကို ခံလိုက်ရသည်။

ဒီကလေးမက တကယ်ကို မပြောင်းလဲဘူးပဲ။ ဝမ်ချောင်က စိတ်ထဲတွင် ရယ်နေသည်။ သူမှတ်မိသလိုမျိုး သူမက သိချင်စိတ် ပြင်းပြလွန်းသည်။

“မင်းရဲ့အဘိုးက ဆေးပင်တွေ ခူးခိုင်းတာ မဟုတ်ဘူးလား။ အခု အားလုံးခူးပြီးသွားပြီလား”

ဝမ်ချောင်ကမေးသည်။ သူက အကြောင်းအရာကို ပြောင်းသည်။

“ဟွန့် အသုံးမကျတဲ့ အမှိုက်တစ်သိုက် သူတို့ကငါ့ကို အနိုင်ကျင့်ဖို့ပဲသိတာ။ ဒီနေရာမှာ ကျောက်တုံးတွေပဲ ရှိတာ။ ငါက ဘယ်နေရာက ဝူကျန်းမြက်ကို သွားတူးရမှာလဲ”

ဝမ်ချောင်က ထိုအကြောင်း ထည့်ပြောလိုက်သည်နှင့် ကောင်မလေးက ဒီနေ့တာဝန်ကို ချက်ချင်း သတိရသွားပြီး စတင်ကာ အပြစ်တင်ပြောဆိုတော့သည်။ အနီးအနားရှိ ကျောက်တုံးကိုလည်း ခြေထောက်ဖြင့် ကန်သေးသည်။

ထိုသာမာန် ကန်ချက်က ထိုလူခေါင်းတစ်လုံးစာရှိသည့် ကျောက်တုံးကို ကျန်းခြောက်ဆယ် သို့မဟုတ် ခုနှစ်ဆယ်အထိ ရောက်သွားစေသည်။

ထိုကန်ချက်က ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော လက်ရွေးစင် စစ်သည်တော်များကို မျက်လုံးပြူးသွားစေသည်။ ထိုကောင်မလေးက ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။

“မင်းက ဝူကျန်းမြက်ကို လိုတာလား။ ရှာဖို့တော့မလွယ်ဘူး။ ဖုန်းမူ ယူလာခဲ့လိုက်”

“ဟုတ်ကဲ့အရှင်အမတ်”

ထိုအသံနှင့်အတူ အရပ်ရှည်ရှည် သန်သန်မာမာ အစောင့်တစ်ယောက်က ပေါ်လာပြီး သူ၏နောက်တွင်လည်း ကြီးမားသော သေတ္တာကြီးကို သယ်လာသည်။

“ဖွင့်လိုက်”

ဝမ်ချောင်က လက်ကိုမြှောက်လိုက်သောအခါ ထိုအစောင့်က သေတ္တာကို ဖွင့်လိုက်သည်။ ချက်ချင်းလိုလို ဆေးပင်များ အပြည့်ရှိနေသော သေတ္တာကြီးက လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။

“ဝူကျန်းမြက်”

ကောင်မလေး၏ မျက်ဝန်းက တောက်ပသွားသည်။ သူမက ချက်ချင်း ခုန်လိုက်သည်။ ဝမ်ချောင်နှင့် နောက်လိုက်များက ဒီရွာမှမဟုတ်ကြောင်း မေ့သွားသည်နှင့်တူသည်။

“ဝိုး ဝူကျန်းမြက်ပဲ တကယ်ကို ဝူကျန်းမြက်ပဲ။ ငါဝူကျန်းမြက် လိုနေမှန်း နင်ဘယ်လိုသိလဲ။ ဟား ဟား ကောင်းလိုက်တာ။ ဒီမှာဝူကျန်းမြက်တွေ အများကြီးပဲ။ ဒီလိုဆိုရင် ငါနောက်သုံးလလောက် အပြင်ထွက်ဖို့ မလိုတော့ဘူး”

ကောင်မလေးက စိတ်လှုပ်ရှားစွာဖြင့် ဝူကျန်းမြက်ကို လက်နှစ်ဆုပ်အပြည့် လှမ်းယူလိုက်ပြီးနောက် သဘောတကျ ရယ်နေသည်မှာ ငွေရောင်ခေါင်းလောင်းလေးများ လှုပ်ခါနေသည့်အလား ထင်ရသည်။

ဝမ်ချောင်ကပင် ရယ်လိုက်မိသည်။

ကပ်ဘေးမလာခင်ကဆိုလျှင် ဝူရှန်းရွာက အလွန်အမင်း တသီးတသန့်ဆန်ကာ လူကြောက်သည်။ ထို့ကြောင့် လီစစ်ယဲ့၏ တပ်ကူစုဆောင်းသော ကိစ္စက ကျရှုံးသွားရသည်မှာ အံ့ဩစရာမရှိချေ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ဒီလိုဖြစ်လာမည်မှန်း သိထားပြီးသားဖြစ်သည်။

အဖွဲ့အစည်း တစ်ခုက အင်အားကြီးလေလေ သူတို့ကို အခြားသူ၏ လက်အောက်သို့ အညံ့ခံအောင် သိမ်းသွင်းရန် ခက်ခဲလေလေဖြစ်သည်။ ဝူရှန်းက ထိုသို့သိမ်းသွင်းရန် လွယ်မည်ဆိုလျှင် ကျူးကျော်သူများက ထိုသို့သော ကပ်ဘေးများစွာ ရင်ဆိုင်ရတော့မည် မဟုတ်ချေ။ ဝူရှန်း၏ ငါးသောင်း ခြောက်သောင်း အင်အားက တစ်ဖက်စစ်တပ်ကြီး၏ ဆယ်ပုံ တစ်ပုံပင် မရှိခဲ့ပေ။ သို့တိုင်အောင် ဒီလောကတွင် တစ်စုံတစ်ယောက်တည်းကသာ ပိုင်စိုးနိုင်သော မြေဆီလွှာဟူ၍ မရှိချေ။ ဝူရှန်းက ဗဟိုပြင်ကျယ်တွင် နေကတည်းက အခြားတော်ဝင်ခုံရုံးမှ အမိန့်များကို သူက လက်ခံရန်လိုအပ်သည်။ နည်းလမ်းကသာ သင့်တော်လျှင် သူတို့အနေဖြင့် ဝူရှန်းကို မသိမ်းသွင်းနိုင်စရာ အကြောင်းမရှိချေ။

ကျန်းရှောင်ရန်ဟုခေါ်သော ထိုကောင်မလေးက ဒီကြိုးစားအားထုတ်မှု၏ အရေးပါသော အဓိက နေရာမှရှိသည်။

ဝူရှန်းများက လူများကို ထိတ်လန့်ပြီး သတိအလွန်ထားသည်။ လူစိမ်းများလာလျှင် အကြောင်းပြချက် မမေးဘဲ ချက်ချင်း တိုက်ခိုက်လေ့ရှိသည်။ ထိုလူအများစုက ပထမအဆင့်တွင်ပင် ကျရှုံးသွားရလေ့ရှိသည်။

သို့သော် ဝမ်ချောင်က သိထားသည်မှာ ဝူရှန်းရွာတွင် ထိုရွာ၏ အသိအမှတ်ပြုမှုကို လက်ခံရယူလိုလျှင် ကျန်းရှောင်ရန်ဆိုသော ကောင်မလေးကို ရှာနေကြောင်း နားလည်ထားသည်။

ဝမ်ချောင်က ဒီလမ်းကြားမှဝင်ရန် ရွေးချယ်ခဲ့သော အချက်က သွားလာရ လွယ်ကူသောကြောင့်ဖြစ်သလို တချိန်ထဲတွင်ပင် ကျန်းရှောင်ရန်က ဒီနေရာတွင် ဆေးပင်လာခူးလေ့ရှိကြောင်း သိထားသောကြောင့်လည်း ဖြစ်သည်။

ဝမ်ချောင်က ရယ်သည်။

“ငါမင်းကို ဒီမြက်ပင်ပေးလိုက်မယ်”

“အို ဒါပေါ့”

“ဒါဆိုရင် မင်းကငါ့ကို မင်းရဲ့အဘိုးကိုတွေ့ဖို့ ခေါ်သွားပေးနိုင်မလား”

“နင်ကငါ့ရဲ့အဘိုးကို သိနေပြန်တာလား”

ကောင်မလေးက ခေါင်းကိုစောင်းပြီး မျက်မှောင်ကျုံ့သည်။

“ငါမသိပါဘူး”

ဝမ်ချောင်က ခေါင်းခါသည်။

ကောင်မလေးက ခေါင်းကိုမော့သည်။

“ဒါဆိုရင် ငါနင့်ကို မခေါ်သွားပေးနိုင်ပါဘူး။ အဘိုးကပြောတယ် လူစိမ်းတွေကို ရွာထဲမသွင်းရဘူးတဲ့”

“ငါကမင်းရဲ့အဘိုးကို မသိပေမဲ့ ငါ့မှာ မင်းရဲ့အဘိုးနဲ့သိတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ ဒါဆိုရင် ငါ့ကို ခေါ်သွားပေးနိုင်မလား”

ဝမ်ချောင်က ရယ်လျှက် သူမ၏ခေါင်းလေးကို ပုတ်လိုက်သည်။

ရှောင်ရန်၏မျက်နှာတွင် သံသယက အထင်းသားပေါ်လာသည်။ သို့သော် သူမက သက်တောင့်သက်သာ ရှိသလို ခေါင်းကိုအသာလှုပ်ခါသည်။ ဒီနည်းအားဖြင့် ခေါင်းပွတ်ပေးသည့် ခံစားချက်ကို အပြည့်အဝ ခံစားမိသွားသည်။

“မိတ်ဆွေ အဘိုး အဘိုးရဲ့မိတ်ဆွေက အဘိုးရဲ့မိတ်ဆွေပေါ့။ ဒါဆိုရင် နင်ကအဘိုးရဲ့ မိတ်ဆွေပေါ့။ နင်အများကြီးသိနေတာ မအံ့ဩတော့ပါဘူး။ ငါ့ရဲ့လဲ့လဲ့အကြောင်းကိုတောင် သိနေတယ်”

ကောင်မလေးက တစ်စုံတစ်ရာကို နားလည်သွားသလိုမျိုး ဖြစ်သွားသည်။ သူမ၏ မျက်ဝန်းလေးက ပြူးကျယ်သွားကာ ရယ်ပြန်သည်။

“နင်ကအဘိုးရဲ့ မိတ်ဆွေဆိုမှတော့ ပြဿနာမရှိပါဘူး။ သွားစို့ ငါနင့်ကို အဘိုးနဲ့တွေ့လို့ရအောင် ခေါ်သွားပေးမယ်”

ကောင်မလေးက ထိုသို့ပြောပြီးနောက် သံမဏိသေတ္တာကြီးကို မပြီးနောက် ပုခုံးပေါ်သို့ ထမ်းတင်သည်။ ထိုအလေးချိန်ကို သူမက ဂရုမစိုက်ချေ။ ထို့နောက် နောက်ပြန်လှည့်ပြီး ရှေ့သို့လျှောက်သွားသည်။ ဒီနည်းအားဖြင့် ကောင်းဖုန်း နျဲ့ယန်နှင့် အခြားသူများကို အံ့ဩတကြီး ချန်ထားရစ်ခဲ့သည်။

အခန်း(၆၉၇)

ဝူရှန်းရွာ (သုံး)

ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ဝမ်ချောင်၏အနားသို့ လျှောက်သွားပြီး ခပ်တိုးတိုးပြောလိုက်သည်။

“အရှင်အမတ် ဒီကောင်မလေးရဲ့ နောက်ခံက တကယ်ပဲဘာလဲ။ ဘာလို့ ဒီလောက်ထိ လေးစားစရာ ကောင်းနေတာလဲ”

“ဟုတ်တယ် ဒီသေတ္တာထဲမှာပါတဲ့ ဝူကျန်းမြက်က မလေးဘူးဆိုပေမဲ့လည် သေတ္တာက လေးတယ်လေ။ ဒါကို ဒီကောင်မလေးက ဘယ်လိုတောင် သယ်နိုင်တာလဲ”

“ဟား ဟား ဒါကဝူရှန်းရွာပဲ။ မင်းတို့ ကျင့်သားရဖို့လိုတယ်”

ဝမ်ချောင်က ရယ်ပြီး မတ်တပ်ထရပ်လိုက်ကာ ကောင်မလေး၏ အနောက်သို့ ဆက်လိုက်သည်။ အရှေ့မှ ကောင်မလေး၏ ခပ်ဖျော့ဖျော့ အသံကိုလည်း ကြားနေရသေးသည်။

“မြန်မြန်လာလေ”

ကောင်မလေး၏ အရှိန်က သူတို့ထင်ထားသည်ထက် မြန်ဆန်သည်။ သူတို့အဖွဲ့က ဝေးဝေးသို့ သွားလေလေ မြေမျက်နှာသွင်ပြင်က မတ်စောက်သထက် မတ်စောက်သွားပြီး သွားလာရ ခက်ခဲသထက် ခက်ခဲလာသည်။ သို့တိုင်အောင် ကောင်မလေးက ရှေ့မှလမ်းကို မပျံသန်းသွားရုံတမယ် လျှင်မြန်စွာ ပျံသန်းသွားသည်။ သူက အနည်းငယ်ပင် နှေးကွေးသွားခြင်းမရှိချေ။

ကျန်သောတစ်ဖွဲ့ကမူ နောက်ကျောမှ ကြည့်နေပြီး ထိုကောင်မလေးက ကျောက်သားများပေါ် ကျော်ဖြတ်ကာ သွားလာနိုင်သည်မှာ တောင်ရိုင်းကြောင်တစ်ကောင်နှင့် တူလွန်းသည်ဟု ခံစားနေရသည်။

ကောင်းဖုန်းနှင့် အခြားလူများက ပို၍ပင် အံ့အားသင့်သထက် အံ့အားသင့်လာရသည်။ အစပိုင်းတွင် သူတို့က မည်သူကမျှ ဒီဝမ်ချောင်၏ ဆုံးဖြတ်ချက်ဖြင့် ဝူရှန်းကို သူ၏ပိုင်စားနယ်မြေအဖြစ် သတ်မှတ်ပြီး ဒီနေရာတွင် မြို့တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကို လက်မခံလိုကြပေ။ သို့သော် ယခုမူ သူတို့ထဲက မည်သူကမှ ဒီဆုံးဖြတ်ချက်က ရိုးရှင်းသည်ဟု မထင်ကြတော့ချေ။

သခင်လေးက ဒီနေရာတွင် မြို့တည်ဆောက်ရန် ရွေးချယ်သည်မှာ မအံ့ဩတော့ချေ။ ဒီနေရာတွင် ဝူရှန်းရွာ ရှိနေသည်။ ကောင်းဖုန်းက စိတ်ထဲတွင် တွက်ချက်နေသည်။ သူက ဝမ်ချောင်၏နောက်သို့ လိုက်နေသည်မှာ အချိန်တစ်ခု ရှိလာပြီဖြစ်သဖြင့် ဝမ်ချောင်၏ ဆုံးဖြတ်ချက်တိုင်းက ထင်ရသလောက် အမြဲ မရိုးရှင်းကြောင်း သိလာသည်။

ထိုကောင်မလေးက ရှစ်နှစ် ကိုးနှစ်အရွယ်သာ ရှိသော်လည်း အံ့ဩစရာကောင်းသည့် ပါရမီကို ပိုင်ဆိုင်ထားသည်။ သူမ၏အရှိန်၊ သူမ၏ခွန်အား အရာအားလုံးက သူတို့အားလုံးထက် သာလွန်နေပြီးသားဖြစ်သည်။ ကောင်းဖုန်းနှင့် နျဲ့ယန်ကပင် သူတို့က သူမနှင့် အမှီမလိုက်နိုင်ဟု ခံစားနေရသည်။ ထိုသို့ မျှော်လင့်ကြည့်ရုံဖြင့်ပင် ထိုဝူရှန်းရွာမှ အခြားသော လူများက မည်မျှ အင်အားကြီးနိုင်ကြောင်း တွေးမိနိုင်သည်။

ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ဝူရှန်းရွာအကြောင်း ပို၍ပင် သိချင်စိတ် ပြင်းပြလာကြသည်။

သူတို့က ကောင်မလေးနောက်သို့ လိုက်နေရင်းမှ တဖြည်းဖြည်းချင်း အသံများကို ကြားလာရသည်။

“အဲ့ဒီမှာဘယ်သူလဲ။ ငါတို့ရဲ့ဝူရှန်းရွာကို ကျူးကျော်လာရဲသလား”

ရုတ်တရက် အဝေးရှိ တောင်ထိပ်တစ်နေရာမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာသည်။ အသံက လေထဲတွင် ပဲ့တင်ထပ်သွားပြီး လေပြင်းက တိုက်ခတ်လာသည်။ လူတိုင်းက မတုန့်ပြန်နိုင်ခင် ဝမ်ချောင်ရှိရာဘက်သို့ ကျန်းရာပေါင်းများစွာ အကွာရှိ တောင်တန်းတစ်ခုပေါ်မှ ကျောက်တုံးကြီးတစ်တုံးက ပစ်ဝင်လာသည်။

ဖြတ်ကနဲလက်ပြီးနောက် ထိုကျောက်တုံးကြီးက ဝမ်ချောင်၏ ဦးခေါင်းကို ကျော်ဖြတ်ကာ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် လူတိုင်းကလည်း ထိုကျောက်တုံးက တစ်ကျန်းကျော်ထက်ရှည်ပြီး အချင်းတစ်ဝက်ခန့် ကျယ်ကြောင်း သိလိုက်ရသည်။ အနည်းဆုံး ဂျင်နှစ်ထောင်လေးနိုင်သည်။

ထိုသို့သော ကြီးမားသည့် ကျောက်တုံးကြီးကို ထိုသို့ ပစ်ပေါက်လိုက်လျှင် သံမဏိကပင် ချိုင့်သွားလောက်သည်။ ထို့ကြောင့် လူဆိုလျှင် ပြောရန်ပင် မလိုအပ်ချေ။

ဝုန်း

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ဝမ်ချောင်က စိတ်ထဲတွင် ရယ်လိုက်မိပြန်သည်။ သူ၏ခန္ဓာကိုယ်မှ မည်သည့်လှုပ်ရှားစရာ မလိုလေဘဲ သူ၏ကိုယ်မှ ထွက်လာသည့် အားအင်တစ်လှိုင်းကတင် ထိုကျောက်တုံးကို အသာအယာ တားပေးလိုက်နိုင်သည်။ သူနှင့်တစ်ကျန်းခန့် အကွာတွင် ရပ်သွားသည်။ ထိုကျောက်တုံးက လေထဲတွင် အေးခဲသွားသလို တန့်သွားခြင်းဖြစ်သည်။

ထိုတခဏတွင် အရာအားလုံးက တိတ်ဆိတ်သွားသည်။ အဝေးရှိ တောင်တန်းများကပင် တိတ်ဆိတ်သွားသည်။ လူတိုင်းက ကြီးမားသော လေထဲရှိ တန့်နေသော ကျောက်တုံးကြီးနှင့် ဝမ်ချောင်ကို အံ့အားတကြီး ကြည့်ကြသည်။

အရှေ့မှ ကောင်မလေးကပင် နောက်ပြန်လှည့်ပြီးနောက် ဝမ်ချောင်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်သည်။ ဒီကောင်မလေးက ရုတ်တရက် နောက်ပြန်လှည့်ပြီးနောက် အဝေးရှိ တောင်တန်းများသို့ကြည့်ကာ ဒေါသတကြီး ကုန်းအော်သည်။

“ဦးလေးကျို့ အဘိုးကြီငတုံး ဘာလို့ ငါ့ရဲ့မိတ်ဆွေကို ကျောက်တုံးနဲ့ လိုက်ပစ်နေတာလဲ”

“ဘာမိတ်ဆွေလဲ ရှောင်ရန် ဒီလူတွေက ဒီရွာကမဟုတ်ဘူး။ မင်းလှည့်စားခံရပြီ”

အဝေးရှိ ချောက်ကမ်းပါးတစ်ခုထံမှ ဒေါသထွက်နေသည့် အသံတစ်သံက ထွက်လာပြန်သည်။ သူက ဒီကောင်မလေးထက်ပင် ဒေါသထွက်နေသေးသည်။

“မိတ်ဆွေ မင်းကဘယ်သူလဲဆိုတာနဲ့ ဘာအတွက် လာသလဲဆိုတာကို ငါမသိဘူး။ သိလည်း မသိချင်ဘူး။ မြန်မြန်ပြန်ပါ”

“ဦးလေးကျို့ ဦးလေးကျို့ကို ဘာလို့ လူလိုသူလို စကားပြောလို့မရတာလဲ”

ကောင်မလေးက ခါးထောက်ပြီးနောက် မျက်လုံးမှ မီးတောက်မတက် ပုံစံမျိုးဖြင့် အော်ပြောသည်။

“သူကငါ့ရဲ့မိတ်ဆွေလို့ ပြောနေတယ်လေ။ သူ့မှာ အဘိုးနဲ့ မိတ်ဆွေတောင် ရှိနေသေးတယ်။ သူတို့ကငါ့ကို ဝူကျန်းမြက်တွေပေးတယ်။ ပြီးတော့ ငါ့ရဲ့ မြေခွေးလေးလဲ့လဲ့ကိုတောင် သိနေသေးတယ်။ ဒီတော့ ပြဿနာ မရှာပါနဲ့။ ဒီတိုင်းသွားခိုင်းလိုက်စမ်းပါ”

“လဲ့လဲ့ဟုတ်လား”

အသံက ရုတ်တရက် တောင့်သွားပြီးနောက် နားမလည်နိုင်သလို ဖြစ်သွားသည်။ ထို့နောက် ရေရွတ်နေဟန်ရသော စကားများကို ကြားလိုက်ရသည်။

“ဒီလူတွေက ဘယ်လိုသိတာလဲ။ သူတို့က အပြင်ကလာတာတောင်မှ ရွာသူကြီးနဲ့ ရင်းနှီးနေတာလား”

ဝူရှန်းရွာတွင် ထိုကောင်မလေး၏ ခွေးက လဲ့လဲ့ဖြစ်ကြောင်း သိသူအလွန်နည်းသည်။ သို့တိုင်အောင် ဦးလေးကျို့က ထိုသိသော လူများထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အခြားလူများက ဒီရွာသား မဟုတ်ဘဲ လဲ့လဲ့အကြောင်း သိနေစရာ အကြောင်းမရှိချေ။

ဝမ်ချောင်က တိတ်တဆိတ် ပြုံးလိုက်သည်။ သူက တည်ငြိမ်စွာဖြင့် ထိုကောင်မလေးက သူ၏အဖွဲ့သားများနှင့် ပြောနေသော စကားများကို နားထောင်နေသည်။ သူမလေးက ငယ်ရွယ်စဉ်က ထိုအတိုင်းဖြစ်ခဲ့သည်။ သူမလေးက ကြီးပြင်းလာချိန်တွင်လည်း စရိုက်ကြမ်းတမ်းသွားသည်မှာ အံ့ဩစရာ မရှိတော့ချေ။

အဝေးမှ ဦးလေးကျို့ဟု လှမ်းခေါ်သောလူက နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်ရသည်။

“ကောင်းပြီလေ မင်းက လဲ့လဲ့ကို သိနေမှတော့လည်း မင်းကို လူဆိုးတွေ မဟုတ်လောက်ပါဘူး။ ထားလိုက်ပါတော့ ငါမင်းတို့ကို ဝင်ခိုင်းလိုက်မယ်”

ထိုသို့ပြောပြီးနောက် အကွယ်တစ်နေရာ တောင်နံရံ အက်ကွဲကြောင်းထဲမှ ပုံရိပ်တစ်ခုက ဖြတ်ကနဲ ထွက်လာသည်။

တစွစ်စွစ်မြည်သံများနှင့်အတူ ထိုလူက ပုန်းနေသော ချောက်ကမ်းပါး တောင်စွန်းတစ်ခုကို မျောက်ဝံတစ်ကောင်လို ကုန်းတက်လာပြီး ခုန်လိုက်ချိန်တိုင်း ဆယ်ကျန်းကျော်ကို ကျော်လွန်သွားသည်။ ထိုသို့ဖြင့် ကျန်းရာကျော်မြင့်သော ချောက်ကမ်းပါးကြီးက သူ့အတွက် မြေပြန့်အလား ထင်ရသည်။ သူက အနည်းငယ်မျှပင် အရှိန်နှုန်း မနှေးကွေးသွားဘဲ မျက်တောင်တစ်ခတ် အချိန်အတွင်း ပျောက်ကွယ်သွားသည်။

“???”

ကောင်းဖုန်းတို့အားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အဆင့်မြင့်အဆင့် သိုင်းပညာရှင်များပင် ထိုမျှအထိ မဖြတ်လတ်ချေ။

“ငါမယုံနိုင်တော့ဘူး ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ လူခေါင်တဲ့ ရွာတစ်ရွာမှာ ကျွမ်းကျင်ပညာရှင်တွေ ရှိနေတာလဲ။ သူတို့က ဘယ်လိုများ လေ့ကျင့်ထားကြတာလဲ”

ကောင်းဖုန်းနှင့် အခြားသူများကမူ သူတို့ကို အသေရိုက်သတ်မည်ဆိုလျှင်ပင် ဒီလိုနေရာမျိုးရှိကြောင်း မယုံကြည်နိုင်လောက်ကြချေ။ သို့သော် ယခုမူ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံလိုက်ရသည်။

“ကျင့်သားရအောင်နေပါ ဒီလူတွေက ဝူရှန်းရဲ့ အကောင်းဆုံး ကျွမ်းကျင်ပညာရှင်တွေတောင် မဟုတ်သေးဘူး။ ဒါ့အပြင် ဒီတစ်ရွာလုံးက ချောက်ကမ်းပါးတွေပေါ် ကုန်းတက်တက်သလို တောင်လည်းတက်ကြတယ်။ ဒီတော့ သူတို့က ဒီနေရာတွေကို မြေပြန့်လိုပဲ သဘောထားတာ”

ဝမ်ချောင်၏ မျက်နှာက တည်ကြည်နေသည်။ ဝူရှန်းက သူ၏အနာဂတ် လက်အောက်ငယ်သားများ ရှိရာနေရာ ဖြစ်လေရာ သူတို့၏ လုပ်နိုင်စွမ်းအားကို မသိစရာအကြောင်း မရှိချေ။

ကောင်းဖုန်းနှင့် နျဲ့ယန်တို့ အားလုံးက သူတို့၏ သာမာန်အဖြစ်ဆုံး စွမ်းရည်များကိုသာ မြင်ဖူးကြခြင်း ဖြစ်နေသေးသည်။ ထိုစွမ်းအင်များပင် မရှိလျှင် ဝူရှန်းက လောက၏ အင်အားအကြီးဆုံး မြင်းတပ်ဟူ၍ လူသိများ ထင်ရှားတော့မည် မဟုတ်ချေ။

အာဝူး

သူတို့စကားပြောနေချိန်တွင် အဝေးမှ မျောက်ဝံလိုလို လူသံလိုလို အော်သံမျိုးက ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း လူရှင်းသော တောင်တန်းတောက်လျှောက် မျောက်ဝံကဲ့သို့သော ပုံရိပ်ပေါင်း မြောက်များစွာက ပုန်းနေသော နေရာတောက်လျှောက် အကွယ်အသီးသီးမှ ထွက်ပေါ်လာကာ ချောက်ကမ်းပါးပေါ်သို့ ခုန်တက်ကြသည်။

ထူးဆန်းသော အော်သံများက ပို၍ စိတ်သထက် စိတ်လာပြီးနောက် သူတို့အဖွဲ့တွင် လူတစ်ဖွဲ့ ပြန်ပေါ်လာသည်။ သို့သော် ချက်ချင်းလိုလို တောင်တန်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားပြန်သည်။

ဝမ်ချောင်နှင့် နောက်လိုက်များက အံ့အားတကြီးသာ စိုက်ကြည့်နေရသည်။ ဝမ်ချောင်က သူတို့ကို ခေါ်လာသော နေရာက သူတို့၏ အံ့အားသင့်မှု စိတ်ကူးယဉ်နိုင်စွမ်းအားများကို ကျော်လွန်နေသော နေရာတစ်ခု ဖြစ်နေသည်။

“လိုက်ခဲ့ကြပါ”

ဝမ်ချောင်က သူတို့ကို အမိန့်ပေးပြီး ခပ်မြန်မြန် ကောင်မလေး၏အနောက်သို့ လိုက်သည်။

ကောင်မလေး၏ စိတ်ထဲတွင် ရှုပ်ထွေးသော အတွေးများ မရှိချေ။ ထိုအဖွဲ့က ကြောင်တောင်တောင် ဖြစ်နေချိန်တွင် သူမကမူ ကျန်းတစ်ရာအကွာသို့ ရောက်သွားပြီဖြစ်သည်။

သူမ၏ပုခုံးပေါ်တွင် သယ်ထားရသော ကြီးမားသော သံမဏိသေတ္တာကြီးကြောင့်သာ မဟုတ်လျှင် ထိုကောင်မလေးကိုပင် မျက်ခြေပျက်သွားလောက်သည်။

အိမ်အဟောင်းသို့ ပြန်လာရသော ခံစားချက်ကြောင့် သူ၏ခြေလှမ်းများက တွန့်နေသည်။ ဝမ်ချောင်က စိတ်အေးနေသည်။ ဒီနေရာက သူ့ကို ရင်းနှီးကျွမ်းဝင်လွန်းသော ခံစားချက်ကိုပေးသည်။ သို့သော် အနည်းငယ် ကွာခြားနေသေးသည်။

ဦးလေးကျို့က ဖန်းရှောင်ရန်၏ ဦးလေးဖန်ကျို့ချုံဖြစ်လောက်သည်။ ဖန်းရှောင်ရန်က ထိုဦးလေးက သူမကို အလိုလိုက်ကြောင်း မကြာခဏ ပြောသံကြားဖူးသည်။ သို့တိုင်အောင် ဒီကပ်ဘေးတွင် ...

ဒီတစ်ကြိမ်တော့ ငါသူ့ကိုသေချာပေါက် ဖန်းရှောင်ရန်နဲ့အတူ ပြန်ခေါ်သွားရမယ်။ ဒီလိုမှပဲ နောက်ပိုင်း ဖြစ်ပျက်လာတဲ့ အဲ့ဒီကိစ္စကို ရှောင်နိုင်လိမ့်မယ်။ ရှောင်ရန်ရဲ့ အိမ်မက်ကလည်း ပြည့်သွားလိမ့်မယ်။

ဝမ်ချောင်၏ ခြေလှမ်းများက အတွေးကြောင့် မနှေးကွေးသွားခဲ့ချေ။ သူက ဖန်းရှောင်ရန်၏အနောက်မှ အမှီလိုက်သည်။

အဝတ်အစားအရပင်ဖြစ်စေ ဟန်အမူအရာအရပင်ဖြစ်စေ ဝမ်ချောင်တို့၏ အဖွဲ့က ဝူရှန်းရွာမှ လူများနှင့် ကွဲထွက်နေပြီးသားဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့ကို ထွက်ကြည့်သည့် လူများက အဆုံးမသတ်နိုင်အောင် ရှိနေသည်။

ယခင်အခြေအနေများနည်းတူ ဖန်းရှောင်ရန်၏ ဝူရှန်းရွာထဲမှ လွှမ်းမိုးနိုင်စွမ်းအား အဆင့်အတန်းကို ထုတ်ဖော်ပြသနေရသည်။ မည်သူကပဲလာလာ ဖန်းရှောင်ရန်က လက်တစ်ဖက်ထဲဖြင့် ကြီးမားသော သေတ္တာကြီးကို ပုခုံးပေါ်တွင်ထမ်းကာ လက်တစ်ဖက်ဖြင့် ခါးထောက်ပြီး သူတို့ကို အော်ဟစ်ကာ ဆူပူလေ့ရှိသည်။ အရှိန်အဝါခြင်းယှဉ်ရသော သူမက ထိုလူတိုင်းနီးပါးကို ဆူခဲ့သည်။ ဒီနည်းအားဖြင့် ဝမ်ချောင်၏ အဖွဲ့ကို ချောမွေ့စွာဖြင့် ရွာထဲသို့ ခေါ်သွားနိုင်သည်။ ပို၍များပြားသော ဝူရှန်းများက ပေါ်ထွက်လာကြပြီး အားလုံးက အံ့အားသင့်သော အရှိန်နှုန်းဖြင့် အပြေးလာကြည့်ကြသည်။

“အဲ့ဒီကိုကြည့်စမ်း”

ရွာနှင့်အနည်းငယ် ကွာဝေးသော တစ်နေရာတွင် အစောင့်တစ်ယောက်က ရုတ်တရက် သတိထားမိသွားပြီး ပြောလိုက်သည်။ သူ၏အကြည့်မှတဆင့် လမ်း၏ညာဘက်ခြမ်း ကျန်းရာပေါင်းများစွာ အကွာမှ အပေါ်ပိုင်းဗလာနှင့် ရှိနေကြသည့် အသက်နှစ်ဆယ် သုံးဆယ်အရွယ် ရွာသားတစ်ယောက်က ချွေးသံတရွှဲရွှဲဖြင့် လေ့ကျင့်နေကြောင်း မြင်လိုက်ရသည်။ ဒီရွာနှင့် သူ၏နောက်လိုက်များက လက်တစ်ဖက်တည်းဖြင့် ကျောက်တုံးကြီးကို လွှဲယမ်းနေပြီး အသက်ရှုသွင်း ရှုထုတ်ကာ အော်ဟစ်ကာ လေ့ကျင့်နေကြသည်။ ထိုကျောက်တုံးကြီးများက အနည်းဆုံး ဂျင်တစ်ထောင်လေးသည်။ သို့သော် ဝူရှန်းရွာသားများကမူ ဘာမှမဟုတ်သလိုပင် သယ်ထားကြသည်။ သူတို့ကမြှောက်သည် ပြန်ရုတ်သည်။ ပြန်မြှင့်သည် ပြန်ရုတ်သည်။ ထိုနည်းအားဖြင့် လေ့ကျင့်နေကြပြီး သူတို့၏လက်ထဲတွင် ထိုက်တောင်ကို သယ်ထားသလိုမျိုး ခိုင်မာနေသည်။ အနည်းငယ်ပင် တုန်သွားခြင်းမရှိချေ။

တစ်ယောက်ချင်းစီတိုင်းက ထိုနည်းလမ်းကိုသုံးကာ သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်သည်။ ထို့ကြောင့် အချို့သော အင်အားပိုကြီးမားသည့် ရွာသားများဆိုလျှင် ဂျင်နှစ်ထောင် သုံးထောင်ခန့်လေးသည့် ကျောက်တုံးများကို သယ်ထားကြသည်။ ဒီနည်းအားဖြင့် သူတို့က မြှောက်လိုက် ပြန်ချလိုက် လုပ်နေကြပြီး အသာအယာပင် ရှိနေသေးသည်။

“ဒီလူတွေ ဒီလူတွေ ဘယ်နေရာကများလာတာလဲ”

“မဟာကလန်ကြီးတွေမှာတောင် ဒီလိုနည်းလမ်းကိုသုံးပြီး မလေ့ကျင့်ရဲကြဘူး”

.....

ဝမ်ချောင်၏အနောက်မှ အစောင့်များက ပို၍ပင် မှင်သက်လာရသည်။

ဝူရှန်းက လေ့ကျင့်သော နည်းလမ်းက မဟာထန်မှ ကျော်ကြားသော စစ်ကလန်ကြီးပေါင်းများစွာ လေ့ကျင့်ပေးသော နည်းလမ်းများစွာကို အရှက်ရစေလောက်သည်။ သူတို့၏ ခန္ဓာကိုယ်ကို ကြမ်းတမ်းခိုင်မာအောင် လေ့ကျင့်သော နည်းလမ်းက မြို့တော်ရှိ အထက်တန်းလွှာ ကလန်တိုင်းကို ကျော်လွန်သွားပြီးသားဖြစ်သည်။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် ပါဝင်ခဲ့သော လက်ရွေးစင်များနှင့် တိုက်ပွဲရာပေါင်း သို့မဟုတ် ထောင်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ဖူးသော လူများကပင် စွံ့အရလောက်သည်။

ဝမ်ချောင်ကမူ အသိအမှတ်ပြုသလို ခေါင်းညိမ့်လိုက်သည်။ သူက မအံ့ဩချေ။

လူတိုင်းတွင် ကိုယ်ပိုင်ကြီးပြင်းသော နယ်မြေများရှိသည်။ လွင်ထီခေါင်နယ်မြေနှင့် မက်စောက်သော တောင်တန်းများက ဝူရှန်းက အခြေစိုက်သော နေရာဖြစ်ပြီး မြေမျက်နှာသွင်ပြင်က အလွန်ကြမ်းတမ်းသည်။ ဒီလိုအခြေအနေမျိုးတွင် ဒီလိုနည်းလမ်းကိုသုံးကာ လေ့ကျင့်သော အခြေအနေက အကောင်းဆုံးဖြစ်သည်။ သူတို့၏ လျှင်မြန်သည့် စွမ်းရည်ပင်ဖြစ်စေ ချောက်ကမ်းပါးများတွင် သွားလာနိုင်စွမ်းအားပင်ဖြစ်စေ မြေပြင်နှင့် လေးလံလွန်းသည့် ကျောက်တုံးကြီးများကို သယ်မနိုင်စွမ်းရည်ပင်ဖြစ်စေ အားလုံးက သူတို့၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ပေးနိုင်နေသည်။ ဒါကြောင့် ဒါကသူတို့၏ မြေမျက်နှာသွင်ပြင် အနေအထားကြောင့်လည်း ဖြစ်သည်။

ဒီလိုပတ်ဝန်းကျင်မျိုးတွင် တစ်နှစ်ပြီးတစ်နှစ် ရှင်သန်လာသောအခါ ဒီလိုပုံမှန်မဟုတ်သော ပတ်ဝန်းကျင်၏ အလဲထိုးခံရခြင်းမရှိဘဲ ကျင့်သားရသွားသဖြင့် ပို၍သက်တောင့်သက်သာ ရှိလာကြသည်။ ဒီနည်းအားဖြင့် ဝူရှန်းက ထိုမျှအထိ အင်အားကြီး ဖြတ်လတ်ကာ လုပ်ဆောင်နိုင်စွမ်းအား မြင့်မားသည့် စစ်သည်တော်များ ဖြစ်လာကြခြင်းလည်းဖြစ်သည်။

အခန်း(၆၉၈)

ချင်းချီချန်း မဟာနတ်မျောက်ဝံ

ဝူရှန်းက အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေပြီး ရွာသားများကလည်း အလွန်စည်းရုံးကြသည်။ စစ်တပ်ထဲတွင် ထိုသို့သော အရည်အသွေးမျိုးက အလွန်အမင်း သစ္စာရှိပြီး နာခံသည်။ လက်အောက်ငယ်သားများအဖြစ် ပြောင်းသွားနိုင်သည်။ တိုက်ပွဲနယ်မြေတွင်ဆိုလျှင် အတူတကွ ပူးပေါင်းနိုင်သည့် စစ်သည်တော်ကောင်းများ ဖြစ်လာပေလိမ့်မည်။

ဝူရှန်း၏ မြင်းတပ်ငါးထောင်က လေလိုသွားပြီး လေလိုလာနိုင်သလို တိုက်ပွဲတွင် ကြမ်းတမ်းခက်ထန်သည့် သူတို့၏ ထုတ်ပြနိုင်သည့် ခွန်အားက စစ်သည်တော်တိုင်းထက် သာလွန်ပြီး တူရကီ၏ သံချပ်ကာအပြည့် မြင်းတပ်နှင့် တိဗက်များ၏ တောင်ပေါ်ဒေသသုံး တောင်ပေါ်မြင်းများကပင် အရှိန်နှုန်း မမှီနိုင်ကြချေ။ ပို၍ဆိုးသည်မှာ သူတို့က တစ်သားတည်းလိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်ကြခြင်းဖြစ်သည်။ တစ်ယောက်ကသာ ဝမ်ချောင်၏ စစ်အနုပညာကို ပေါင်းထည့်ပေးနိုင်ပြီး သူတို့၏ စစ်အနုပညာကို မွန်းမံပေးလိုက်မည်ဆိုလျှင် သူတို့၏ တိုက်ပွဲနယ်မြေတွင် ထုတ်ပြနိုင်မည့် အင်အားကို မှန်းဆကြည့်နိုင်သည်။

ဝမ်ချောင်အလိုချင်ဆုံးကလည်း ထိုသို့သော ခွန်အားမျိုးဖြစ်သည်။

ကပ်ဘေးက သိပ်မဝေးတော့ချေ။ မရောက်သေးသော်လည်း သူက ကြိုတင်ကာကွယ်ရန် အခွင့်အရေး ရှိနေသည်။

ဝမ်ချောင်က ထိုသို့ အတွေးများဖြင့် ပြည့်နှက်နေချိန်တွင် ကောင်မလေးက ရုတ်တရက်ပြောသည်။

“ရောက်ပြီ ရွာကအရှေ့မှာပဲ။ ဝူကျန်းမြက်ကို ဦးလေးရွှတ်ဆန်းကို အရင်ဆုံး သွားပေးရဦးမယ်။ ဒီတော့ ငါနင်တို့ကို ဒီနေရာထိပဲ ခေါ်လာပေးနိုင်တော့မယ်”

ထိုသို့ပြောပြီးနောက် သူမလေးက နောက်ပြန်လှည့်ကာ ခုန်ထွက်သွားသည်။ ဝူရှန်းရွာသားများက ဒီနေရာတွင် အဖွဲ့လိုက် ရောက်နေပြီးသားဖြစ်သည်။ ခေါင်းဆောင်ဟုထင်ရသည့် လူငယ်တစ်ယောက်က လက်ရှိတွင် တစ်ဖက်သူများနှင့် စကားပြောနေသည်။ ကောင်မလေးက အပြေးသွားပြီးနောက် ထိုခေါင်းဆောင် လူငယ်ကို စကားစပြောလာရင်း ဝမ်ချောင်တို့၏အဖွဲ့ကို လက်ညိုးပြန်ထိုးပြနေသည်။ ထိုလူငယ်လေးက ဝမ်ချောင်ကို လှည့်ကြည့်လာသည်။ သူ၏မျက်ဝန်းအတွင်း ကြမ်းတမ်းသော အလင်းက လက်လာသည်။ သို့သော် သူက ခပ်မြန်မြန် ခေါင်းပြန်လှည့်ကြည့်ပြီးနောက် ခေါင်းညိမ့်သည်။ ကောင်မလေးက တစ်စုံတစ်ရာ ပြောလိုက်သလို သူက ထိုအရာကို သဘောတူလိုက်သည်နှင့် တူသည်။

“ဟား ဟား ဟား အစ်ကိုချီ ဒါဆိုရင် အရာအားလုံးကို အစ်ကိုချီနဲ့ပဲ ထားခဲ့လိုက်တော့မယ်။ ငါအရင်သွားမယ်”

သူမက စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီးနောက် ဝမ်ချောင်တို့၏ အဖွဲ့ကို လက်ယမ်းပြကာ အခြားဦးတည်ရာဘက် တစ်ခုသို့ ခုန်ပေါက်ကာ ထွက်သွားသည်။ ချက်ချင်းလိုလို သူမက ကျောက်တုံးများအကြား ဝင်ရောက်ပျောက်ကွယ်သွားသည်။

“အဆင်သင့်ပြင်ကြ ငါတို့သိပ်မကြာခင် တိုက်ခိုက်ရလိမ့်မယ်”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

“အာ”

“ဒီကောင်မလေးပြောတော့ ပို့ပေးပြီးသွားပြီဆို”

ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ဒီနေရာသို့ လာရာလမ်းတွင် ထိုကောင်မလေးက သူတို့အတွက် လမ်းကြောင်းဖွင့်ပေးခဲ့ပြီး တိုက်ခိုက်နိုင်စွမ်းရှိသော အခြေအနေများ အားလုံးကို တားဆီးပိတ်ပင်ပေးခဲ့သည်။ သို့သော် သူမက ထွက်သွားသည်နှင့် သူတို့က ချက်ချင်းလိုလို တိုက်ခိုက်ရတော့မည်ဟု ဆိုလာသည်။ သူတို့က နားမလည်ကြတော့ချေ။

“အများကြီးမစိုးရိမ်ပါနဲ့ ငါပြောတဲ့အတိုင်းလုပ်”

ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။ သူက အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် ပေါ့ပါးစွာ ပြုံးလိုက်ပြီးနောက် လေးထောင့်ကျောက်တုံးများဖြင့် ထွင်းထုထားသော မြေကွက်လပ် တစ်နေရာသို့ ခေါ်သွားလိုက်သည်။ ထိုနေရာတွင် ဝူရှန်းလူငယ်တစ်သိုက် ရှိနေသည်။ ဝူရှန်းသို့လာသော ခရီးက ဦးတည်ရာသို့ ရောက်သွားပြီးသားဖြစ်သည်။

ဝမ်ချောင်ကလည်း သူကောင်မလေးကို ပေးလိုက်သော အကြောင်းပြချက်နှင့် ထိုသေတ္တာထဲတွင် အပြည့်ပါသော မြက်ပင်များက သက်ရောက်မှု ပျောက်ဆုံးသွားပြီဖြစ်ကြောင်း နားလည်ထားသည်။ ပို၍ဆိုးသည်မှာ သူက တွေ့သင့်သည့်လူများနှင့် တွေ့နေလေပြီ။

အခြားတစ်ဖက်မှ ကောင်မလေးက အစ်ကိုချီဟုခေါ်သွားသော လူငယ်ကလည်း အနားသို့ လျှောက်လာသည်။

အနှစ်ချုပ်ဆိုရသော် သူက ကောင်မလေးကို စကားပြောပြီးချိန်ကနှင့် မတူတော့ဘဲ အလွန်ကြမ်းတမ်းလာကာ တိုက်ခိုက်လိုစိတ် ပြည့်ဝနေသည်။

“သူတို့ကိုဝိုင်းလိုက်”

အစ်ကိုချီက ပထမဦးဆုံး လုပ်သောအရာက လက်ကိုယမ်းလိုက်ပြီးနောက် ဝမ်ချောင်တို့အဖွဲ့ကို ရွာသားများနှင့် ဝိုင်းခိုင်းလိုက်ခြင်းဖြစ်သည်။

ဝှစ်ကနဲ မြည်သံနှင့်အတူ သူ၏ဘေးမှ လူငယ်တိုင်းက ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်ကြသည်။ ချက်ချင်းလိုလို သူတို့အားလုံးက ဝမ်ချောင်၊ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသောအစောင့် ဆယ်ယောက်ကျော်ကို ဝိုင်းလိုက်သည်။

“သတိထား”

ချွင် ချွင် ချွင်

အေးစက်သော သံမဏိအလင်းက ဖြတ်ကနဲလက်ပြီးနောက် ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော အစောင့်တိုင်းက ဝမ်ချောင်ကိုဝိုင်းကာ ကာကွယ်လိုက်သည်။

အစ်ကိုချီဆိုသောလူက သူတို့၏လက်ထဲမှ လက်နက်များကို ယူပြီးနောက် သူ၏မျက်ဝန်းထဲရှိ အလင်းက တောက်ပလာသည်။

“ဦးလေးကျို့နဲ့ အခြားသူတွေက အပြင်လူတွေ ရှိနေတယ်လို့ပြောတယ်။ သူတို့ပြောတာ မင်းတို့ပဲဖြစ်ရမယ်။ ရွာသူကြီးရဲ့ မိတ်ဆွေဟုတ်လား။ ဟမ့် ဒီအကြောင်းပြချက်က ရှောင်ရန်ကိုပဲ အရူးလုပ်လို့ရမယ်။ ငါတို့ သိပ်မကြာခင်ကမှ အပြင်လူနည်းနည်း ဖမ်းထားသေးတယ်။ မင်းတို့က သူတို့ကြောင့် လာတာမဟုတ်လား”

အစ်ကိုချီ၏ အကြည့်က အလွန်အမင်း စူးရှသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဝမ်ချောင်၏အဖွဲ့၏ လာရသည့် ရည်ရွယ်ချက်ကို တန်းပြောလာပြီး ကောင်းဖုန်းနှင့် နျဲ့ယန်တို့၏ မျက်နှာကိုပင် ဖြူဖျော့သွားစေသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ ငါထင်တာ မှန်နေတယ်။ လက်နက်တွေကိုချပြီး အဖမ်းခံဖို့ စောင့်စမ်း။ ဒီလိုဆိုရင် ငါမင်းတို့ကို အသက်ရှင်ခွင့် ပေးကောင်းပေးလောက်တယ်။ မဟုတ်ရင်တော့ အားလုံးသတ်ရလိမ့်မယ်”

နောက်ဆုံးစကားက သူ၏ဝူရှန်း ရွာသားများကို ပြောခြင်းဖြစ်သည်။

“မင်းလုပ်ရဲလား”

“ငါတို့သခင်လေးက ဘယ်သူလဲသိလား”

“တော်ဝင်ခုံရုံးက အရာရှိတစ်ယောက်ကိုတောင် တိုက်ခိုက်ရဲတယ်။ ဒါက မြို့တော်တစ်ခုလုံးကို ရန်စလိုက်တဲ့ အမှုကြီးပဲ”

.....

ဝမ်ချောင်က ဘာမှမပြောနိုင်သေးချေ။ ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ချက်ချင်းလိုလို ဒေါသထွက်သွားကြသည်။ အခြားသော အစောင့်များကလည်း ဒေါသထွက်လာကြသည်။ ဝမ်ချောင်က အမတ်များ၊ ဗိုလ်ချုပ်များရှိရာ ကလန်ကြီး၏ ဆက်ခံသူဖြစ်ပြီး အရှင်အမတ်ဖြစ်ကာ သူတော်စင်ဧကရာဇ်ကိုယ်တိုင် ဘွဲ့ထူးချီးမြှင့်ခဲ့သူလည်းဖြစ်သည်။ တစ်လောကလုံးရှိ လူတိုင်းက သူဟာ ကောင်းကင်သားတော်၏ တပည့်ဖြစ်ကြောင်း သိထားကြသည်။ သူ့အဆင့်အတန်းက အမြင့်ဆုံးဖြစ်သည်။ သို့သော် ထိုလူများက ထိုသို့ပြောရဲပြီး ခုံရုံးမှ အထက်တန်းလွှာ တစ်ယောက်ကိုပင် စကားလုံးထဲနှင့် သတ်ရန်စော်ကားနေသော ကိစ္စက သူတို့ ပိုင်နက်နယ်မြေ၏ စည်းမျဉ်းကို မျက်ကွယ်ပြုခြင်းဖြစ်သည်။

“ဟမ့် တော်ဝင်ခုံရုံးတွေဘာတွေ ငါမသိဘူး။ ငါသိတာက ဒါက ငါတို့ဝူရှန်းရွာပဲ။ မင်းတို့က ကျူးကျော်သူ လက်နက်တွေကိုတောင် ယူလာရဲသေးတယ်။ မင်းတို့အားလုံးကို သတ်ဖို့လုံလောက်နေပြီ”

အစ်ကိုချီက ပြောပြီးနောက် သူ၏မျက်ဝန်းက ပို၍အေးစက်လာသည်။ သူက လက်ကိုယမ်းပြီးနောက် လေပြင်းကို တိုက်ခတ်လာစေကာ လေ့ကျင့်နေကြသည့် အပေါ်ပိုင်းဗလာနှင့် ရွာသားတိုင်းက ချက်ချင်းလိုလို အနီးအနား ချောက်ကမ်းပါးများကို ခုန်ကျော်ပြီး ဒီကွင်းပြင်ထံသို့ ခုန်ဝင်လာသည်။

သူတို့က အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းဖြင့် လှုပ်ရှားကြသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်တို့၏အဖွဲ့ကို ဝိုင်းသည့်လူအုပ်ထဲသို့ ထိုးဖြည့်လိုက်သည်။

ကောင်းဖုန်းတို့အားလုံး၏ မျက်နှာအမူအရာက ပျက်ယွင်းသွားကြသလို သူတို့၏ရင်ထဲတွင်လည်း ဒေါသများက ပြည့်နှက်လာသည်။ အင်အားချင်းယှဉ်ရသော် ထိုရွာသားများက တိုက်ခိုက်ရန် အလွန်ပြင်းထန်လွန်းနေသည်။ သူတို့၏ ကိုယ်ပိုင်မျက်လုံးဖြင့်သာ မမြင်ရလျှင် ဗဟိုပြင်ကျယ်တွင် ဒီလို ကြမ်းတမ်းခက်ထန်ပြီး မယဉ်ပါးသော သားရိုင်းကောင်လို လူမျိုးစု အဖွဲ့အစည်းတစ်ခုက ရှိနေပြီး ခုံရုံး၏ အရှိန်အဝါနှင့် စည်းမျဉ်းများကို မျက်ကွယ်ပြုရဲမည်ဟု မထင်ထားချေ။

“လုံလောက်ပြီ”

ကောင်းဖုန်းနှင့် နျဲ့ယန်တို့က တိုက်ခိုက်တော့မည့် အချိန်တွင် ဝမ်ချောင်က လက်ဆန့်တန်းကာ တားသည်။

“ငါဒီကိစ္စကို ကိုင်တွယ်မယ်”

သူ၏ယခင်ဘဝမှ ကျယ်ပြန့်သော ဗဟုသုတအရ ဝူရှန်းများက မယိမ်းယိုင်တတ်သော လူမျိုးများဖြစ်ကြောင်း သေချာသည်။ သို့သော် ရိုင်းစိုင်းကြမ်းတမ်းသော မြင်းသိုးတစ်ကောင်ကိုပင် ယဉ်ပါးအောင် လုပ်နိုင်သေးလျှင် ဝူရှန်းကိုလည်း ယဉ်ပါးအောင် လုပ်နိုင်ပေလိမ့်မည်။

ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ဝမ်ချောင်က ကိုယ်တိုင်ဖြေရှင်းမည်ဟု ပြောလာသောအခါ လက်ခံရန် ခက်ခဲသော်လည်း ဝူရှန်း၏ အစစ်အမှန်ပုံစံကို သူတို့က မြင်ပြီးသားဖြစ်သည်။

“ချင်းချီချန်း မင်းက နည်းနည်းလေးမှ မပြောင်းလဲသွားဘူးပဲ”

ဝမ်ချောင်ကရယ်သည်။ သူ၏အစပိုင်းစကားက အစ်ကိုချီဆိုသော လူ၏အမူအရာကို ပျက်ယွင်းသွားစေသည်။

“မင်းက ဘာကောင်လဲ ဘာလို့ ငါ့နာမည်ကို သိနေတာလဲ”

ချင်းချီချန်း၏ မျက်ဝန်းက ကျုံ့သွားပြီးနောက် မျက်နှာက တည်သွားသည်။

“ဟား ဟား ငါကမင်းရဲ့နာမည်က ချင်းချီချန်းဆိုတာကို သိတဲ့အပြင် မင်းက မကြာခဏ ရွာရဲ့စည်းမျဉ်းကို ဖောက်ပြီး အပြင်လောကကို ခိုးထွက်တဲ့ အကြောင်းကိုလည်း သိထားသေးတယ်”

“ပေါက်ကရတွေ မပြောနဲ့”

ချင်းချီချန်း၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ၏မျက်ဝန်းထောင့်များကပင် ကွေးသွားသေးသည်။ သူ၏ အနက်ရှိုင်းဆုံး လျို့ဝှက်ချက်များက ပေါ်သွားသလို ထင်ရသည်။

“ညီအစ်ကိုတို့ သူတို့ကိုဖမ်းကြ”

မည်သူကမျှ မတိုက်ခိုက်ခင် ချင်းချီချန်းက ချက်ချင်းလိုလို မြေပြင်ကိုဖိလိုက်ပြီးနောက် ရှေ့သို့ ခုန်ထွက်လိုက်သည်မှာ မြွေတစ်ကောင်အလား ထင်ရသည်။ သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာပြီးနောက် သူ၏ကိုယ်ထဲမှ အရှိန်အဝါ ချီစက်ကွင်းတစ်ခုက မြောက်တက်လာသည်။ ချက်ချင်းလိုလို သူဟာ သိပ်သည်းသော မီးခိုးများ၏ ဝိုင်းထားမှုနှင့်အတူ ဝမ်ချောင်၏ မြင်နိုင်စွမ်းအားကို ကာလိုက်သည်။

စွစ် စွစ် စွစ်

ဖြတ်ကနဲ အလင်းလက်ပြီးနောက် ပိန်းပိတ်အောင် မည်းမှောင်သည့် လက်ဝါးတစ်ချက်က မီးခိုးထဲမှ ဆန့်ထွက်လာသည်။ မရေမတွက်နိုင်သော ပုံရိပ်ပေါင်း များစွာကလည်း နောက်မှ ကပ်ပါလာသေးသည်။ ထိုလက်တစ်ချက်က အသွေးအသားဖြင့် ဖန်တီးထားခြင်း ဖြစ်သည့်တိုင်အောင် သတ္တုရောင် လင်းလက် တောက်ပနေလေပြီး လေထုကို ထိုးခွဲသွားသည်မှာ ထိုသွယ်လျသော လက်များက ဓားများအလား ထင်ရသည်။

ဝမ်ချောင်က ဒီလက်ငါးချောင်းဖြင့်သာ အထိုးခံရလျှင် အပေါက်ငါးပေါက် ပေါက်သွားနိုင်ကြောင်း ကောင်းကောင်း နားလည်ထားသည်။

မြူချီစက်ကွင်း

မည်းမှောင်ခြင်းလက်

တစ်ချက်ကြည့်ရုံဖြင့်ပင် ဝမ်ချောင်က ဒါက ဝူရှန်းရွာ၏ ထိပ်တန်းအဆင့်မြင့် သိုင်းနှစ်မျိုးဖြစ်ကြောင်း သိလိုက်သည်။ မြူထုချီစက်ကွင်းက ပြိုင်ဘက်၏ မြင်နိုင်စွမ်းအားကို ကန့်သတ်နိုင်သည်။ သို့သော် အသုံးပြုသူ၏ မြင်နိုင်စွမ်းအားအပေါ် သက်ရောက်မှုမရှိချေ။ အနှစ်ချုပ်ဆိုရသော် ပို၍မြန်ဆန်ကာ ဖြတ်လတ်သွားစေသေးသည်။

ထိုအချိန်တွင် ထိုမည်းမှောင်သော လက်ကမူ မြူထုချီစက်ကွင်းဖြင့် ပေါင်းသုံးရခြင်းဖြစ်သည်။ အသုံးပြုလိုက်သောအခါ လက်တစ်ဖက်လုံးက မှင်လိုမျိုး ပိန်းပိတ်အောင် မည်းမှောင်သွားသလို ဓားလို ထက်ရှသွားမည်ဖြစ်သည်။

မြူနက်များက ပြိုင်ဘက်၏ မြင်နိုင်စွမ်းအားကို ကာထားချိန်တွင် ဒီလိုလျှင်မြန် ချောမွေ့စွာဖြင့် သေစေနိုင်လောက်အောင် တိုက်ခိုက်ရန် လွယ်ကူသွားလေသည်။ ဝူရှန်းရွာသား အများစုက ကျူးကျော်သူများကို ဒီလိုနည်းလမ်းကိုသုံးပြီး အဆုံးသတ်လေ့ရှိသည်။ သို့သော် ဝမ်ချောင်အတွက် ဒီအကွက်များက ကလေးကစားစရာထက် မပိုချေ။

ဘန်း

သူက တစ်ချက်ကန်လိုက်ရုံဖြင့် ချင်းချီချန်းက လေထဲသို့ မြောက်တက်သွားသည်။ ဘုန်းကနဲ မြည်သံနှင့်အတူ သူက ခုနှစ်ကျန်း ရှစ်ကျန်းအကွာ မြေပြင်သို့ ပြုတ်ကျသွားသည့် အရှိန်ကြောင့် အုတ်ကျိုးအုတ်ပဲ့များကပင် မြောက်တက်သွားသည်။

ထိုတခဏတွင် အရာအားလုံးက တိတ်ဆိတ်သွားသည်။ ဝူရှန်းရွာသားတိုင်းက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ဝမ်ချောင်ကို အံ့အားသင့်မှု အပြည့်ဖြင့် ကြည့်ကြသည်။

ချင်းချီချန်းက ရွာမှ အင်အားအကြီးဆုံး အလားအလာ အကောင်းဆုံး လူတစ်ယောက် မဟုတ်သော်လည်း သူ၏လက်ရှိ အပေါင်းအသင်းများကြားတွင် သူက အလားအလာအကောင်းဆုံး ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ဒီသိုင်းနှစ်ခု ပေါင်းသုံးသည့်အခါ ယခုလို အခြေအနေမျိုးကို မကြုံဖူးသေးချေ။ သို့သော် တစ်ကွက်တည်းဖြင့် အလဲထိုးလိုက်သည်။

“ရှောင်ရန်က ဒီလူတွေကို ဘယ်နေရာက ခေါ်လာတာလဲ”

မြူထုချီစက်ကွင်းနဲ့ မည်းမှောင်တဲ့ လက်ကတောင် ဖောက်မမြင်နိုင်တာ ဒီကောင်လေးက ထူးဆန်းလိုက်တာ။

“အားလုံးပဲ သတိထားကြ သတိလက်လွတ် မနေကြနဲ့”

...

ဝမ်ချောင်တို့အဖွဲ့ကို ဝိုင်းထားသည့် ဝူရှန်းရွာသားတိုင်းက မတူကွဲပြားသော မျက်ဝန်းများဖြင့် ကြည့်လာကြပြီဖြစ်သည်။ (၁၇)နှစ် (၁၈)နှစ် အရွယ်သာ ထင်ရသည့် ထိုကောင်ငယ်လေးက အမြဲတစေ ပြုံးနေသည့် မျက်နှာထားမျိုးဖြင့် ရှိနေလေသည်။ သို့တိုင်အောင် သူတို့၏ အားနည်းချက်များကို ဖောက်မြင်နိုင်သလို ဖြစ်နေသည်။ ဝူရှန်းရွာသားတိုင်းက စိတ်လွတ်သွားကြသည်။

ဘုန်း

ချင်းချီချန်းက မြေပြင်မှ ခုန်ထွက်လိုက်ပြီး တဖန်ပြန်ရပ်သည်။ သူ၏မျက်ဝန်းက ဓားတစ်လက်လို စူးရှပြီး ဝမ်ချောင်ကိုကြည့်သည်။

မဖြစ်နိုင်ဘူး ငါမယုံဘူး။ ဒါက တိုက်ဆိုင်တာပဲ။ ပြန်စရအောင်။

ချင်းချီချန်းက အံ့ကိုကြိတ်သည်။ ဝမ်ချောင်၏ ကန်ချက်က သူ့ဒေါသကို လောင်စာထည့်ပေးလိုက်သလို ဖြစ်သွားသည်။ လူပေါင်းများစွာက ကြည့်နေသော အခြေအနေမျိုးတွင် သူက ဒီလိုအရှက်ကွဲရသည့် အခြေအနေမျိုးကို လက်သင့်မခံချေ။

ဝမ်ချောင်က စိတ်ထဲတွင် ပြုံးနေသည်။ နှစ်နှစ်ဆယ်ကျော် ကွာဟချက်ကြောင့် လက်ရှိချင်းချီချန်းက တစ်ချိန် အနာဂတ်တွင် ဖြစ်လာမည့် ရင့်ကျက်သော လက်ရွေးစင် လူလတ်ပိုင်းတစ်ယောက် မဖြစ်သေးချေ။ ထို့ကြောင့် သူ့တွင် တည်ငြိမ်မှု ပျောက်ဆုံးနေသည်။ သူက အနာဂတ်ကကဲ့သို့ ဗျူဟာများလည်း မချမှတ်နိုင်သေးချေ။

သို့သော် လက်ရှိချင်းချီချန်းက ပို၍စိတ်ဝင်စားစရာကောင်းသည်။ ဝမ်ချောင်က ပြောလိုက်သည်။

အမြဲတစေ တည်ငြိမ်တတ်သည့် မိတ်ဆွေဟောင်းကို ယခုလို ငယ်ရွယ်ကာ အလောတကြီးဆန်ပြီး ဟိုပြေးဒီပြေးနှင့် သတ္တိကြီးသော လူငယ်တစ်ယောက်ကို ပြန်မြင်ရသည့်အခါ သူကပို၍ သဘောကျသွားသည်။

ဘုန်း

ချင်းချီချန်းကလည်း ဝမ်ချောင်၏အတွေးကို မသိချေ။ သူ၏အမြင်တွင် ဒီအပြင်လူ၏ အပြုံးက သူ့ကိုပို၍ ဒေါသထွက်စေသလိုမျိုး ဒေါသထွက်လာသည်။

“နတ်မျောက်ဝံသိုင်း”

ချင်းချီချန်းက ခုန်တက်လိုက်ပြီး သူ၏အကြောအမှတ်တိုင်းမှ အနက်ရောင် မီးခိုးများ ထွက်လာသည်။ သူ၏စွမ်းအင်က ရုတ်တရက် မြင့်တက်သွားသည်။ သူ၏ခန္ဓာကိုယ်ကပင် ကွဲအက်လာသည်။ သူ၏ခွန်အားက အဆင့်ပေါင်းများစွာ ထိုးတက်သွားသည်။ သူက ပို၍ပင် သန်မာဖြတ်လတ် ပေါ့ပါးလာသည်။ သို့တိုင်အောင် သူ၏ခန္ဓာကိုယ်ကလည်း တောင်တန်းတစ်ခုလို လေးလံသွားသေးလေသည်။

ဝေါင်း

ထို့နောက် ချင်းချီချန်း၏ ကျောဘက်မှ မီးခိုးများက စုဝေးရောက်ရှိလာပြီးနောက်တွင် သူက အနက်ရောင် နတ်မျောက်ဝံ တစ်ကောင်လိုမျိုး ကြီးမားလွန်းပြီး တစ်ကျန်းကျော်ခန့်မြင့်သည့် အကောင်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

အခန်း(၆၉၉)

ချင်းချီချန်းက အခြားလူတစ်ယောက်ပုံစံ ပြောင်းသွားသည်။ သူကထုတ်ပေးနေသော အရှိန်အဝါကလည်း ကြမ်းတမ်းရိုင်းစိုင်းကာ အန္တရာယ်များပြီး တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် သုတ်သင်လိုစိတ်ကသာ ပြည့်နှက်လာတော့သည်။

နတ်မျောက်ဝံသိုင်းဟာ ထိုဝူရှန်းရွာတွင် ရာစုနှစ်ပေါင်း များစွာကြာအောင် လက်ဆင့်ကမ်းပေးလာသည့် နတ်ဘုရားအဆင့် သိုင်းဖြစ်သည်။ မဟာမျောက်ဝံကြီးများကို လေ့လာသုံးသပ်ခြင်းအားဖြင့် ပို၍ မြင့်မားလာခဲ့ကာ ထိုသိုင်းက လူတစ်ယောက်၏ အင်အားကို တိုးမြှင့်ပေးနိုင်သလို အရှိန်နှုန်းကိုလည်း မြန်ဆန်စေပြီး လျှင်မြန်ဖြတ်လတ် ပေါ့ပါးစေသည်။

ဝူရှန်းရွာတွင် ထိုသိုင်းက မြူထုချီစက်ကွင်းနှင့် မည်းမှောင်သော လက်တို့ထက်ပင် အဆင့်မြင့်သေးသည်။

ဝေါင်း

လက်ကိုတစ်ချက် ယမ်းလိုက်ပြီးနောက် ချင်းချီချန်းက အနောက်ဘက်မှ မျောက်ဝံပုံရိပ်ကြီးနှင့် ပေါင်းစပ်လိုက်သည်။ ဘုန်းကနဲ မြည်သံနှင့်အတူ ချင်းချီချန်းက ကြီးမားသော ဂျင်နှစ်ထောင်ခန့် အလေးချိန်ရှိသည့် ကျောက်တုံးကြီးကို လှမ်းကိုင်လိုက်ကာ ဝမ်ချောင်ထံ ပစ်ပေါက်သည်။

ကျောက်တုံး၏ အနောက်မှ ချင်းချီချန်းကလည်း ဆာလောင်နေသော ကျားတစ်ကောင်လိုမျိုး သားကောင်ကို ခုန်အုပ်သလို ဝမ်ချောင်ကို ခုန်အုပ်သေးသည်။ ကျောက်တုံးက ပြုတ်ကျလာပြီးနောက်တွင် ထိုမြင်ကွင်းက ထပ်ခါတလဲလဲ ထွက်ပေါ်လာပြန်သည်။ ထိုကျောက်တုံးက ကျန်းပေါင်းများစွာ အကွာတွင် လွင့်မျောနေသေးချိန်တွင် မမြင်ရသော အားတစ်ခုဖြင့် အဖမ်းကိုင်ခံထားရသလိုမျိုး ထိုနေရာတွင် ရပ်တန့်နေကာ ဆက်လက်တိုးနိုင်စွမ်းအား မရှိတော့ချေ။

“နတ်မျောက်ဝံသိုင်း ဒီလောက် ကြယ်တာရာစွမ်းအင်တွေ ယိုဖိတ်ကျနေတာ မင်းဒါကို ကောင်းကောင်း မကျင့်ကြံထားတာ သေချာနေတာပဲ”

ဝမ်ချောင်က မျက်လုံးကို မှေးကျဉ်းကာ ဖွင့်လျှက် ခုန်အုပ်လာသည့် ချင်းချီချန်းကို ကြည့်သည်။ သူ၏မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိချေ။ ချင်းချီချန်းက ထုတ်ပြထားသည့် မျောက်ဝံ၏ ရက်စက်ကြမ်းတမ်းမှုနှင့် သွေးဆာလောင်မှုက သူ့အပေါ် သက်ရောက်မှုမရှိချေ။

စွစ်

ကြီးမားသော နတ်မျောက်ဝံကြီး၏ လက်မောင်းက အောက်သို့ ရိုက်ချလိုက်သည့် အချိန်တွင် ဝမ်ချောင်၏ မျက်လုံးက ပြန်လည်ပြူးသွားပြီးနောက် စူးရှသော အလင်းတန်းက လက်လာသည်။ ထိုအချိန်တွင် ဝမ်ချောင်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူ၏လက်ညိုးက ချင်းချီချန်း၏ လက်မောင်းအောက်မှ ချိုင်းကြားနေရာတွင်ရှိသော မော့ကျီးအမှတ်ထံ တို့လိုက်သည်။

ချင်းချီချန်းက အေးခဲသွားသည်။ သူက လေလျော့သွားသော ပူဖောင်းလိုမျိုး ကိုယ်တွင်းမှ စွမ်းအင်များက ခြောက်ကပ်သွားသည်။ အနောက်မှ မီးခိုးများကလည်း အက်ကွဲပြန့်ကျဲသွားလေပြီး သူက နဂိုပုံသဏ္ဍန် ပြန်ပြောင်းသွားသည်။

“မဖြစ်နိုင်တာ မင်းကဘယ်သူလဲ”

ချင်းချီချန်းက နောက်သို့ အထိတ်တလန့်ဆုတ်သည်။ သူ၏မျက်လုံးက ဝမ်ချောင်ထံတွင်သာ ရှိနေသည်။ ထိုမျက်လုံးထဲတွင် အံ့အားသင့်မှု ထိတ်လန့်မှုက အထင်းသားပေါ်နေသည်။

ဝူရှန်းရွာသားများက အပြင်လောကနှင့် ဆက်သွယ်ခဲသည်။ ထို့ကြောင့် အပြင်လူများကလည်း ဒီသိုင်းများအပေါ် မည်သည့် ဗဟုသုတမျှ ရှိမနေသင့်ချေ။ ဝူရှန်းရွာမှ ဒီလိုသိုင်းမျိုးကိုသုံးပြီး ကျူးကျော်လာသူများကို ဖမ်းမိခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခြင်းဆိုသော အခြေအနေမျိုးဖြင့်သာ ကျွမ်းဝင်နေခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် ချင်းချီချန်း၏ ဝမ်ချောင်အပေါ် အမြင်က မကြိုဆိုသော အပြင်လူတစ်ယောက်သာ ဖြစ်သည်။ သို့သော် ယခုမူ ထိုအပြင်လူက အလွန်အမင်း လေးစားစရာ ကောင်းလွန်းနေသည်။

“လတိုင်းလတိုင်းရဲ့ အဆုံးမှာ မင်းက မင်းရဲ့ ရီကျင်းယွမ်ချွမ်နဲ့ လုံချီးအကြောအမှတ်တွေကနေ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရတယ်မဟုတ်လား။ မင်းလေ့ကျင့်တာက ညံ့ပြီး စွမ်းအင်က ပျက်ပျယ်နေလို့ပဲ။ မင်းက မင်းရဲ့စွမ်းအင်တွေကို ဖမ်းရှား ယုံချွမ် လုံဝေ့ အမှတ်တွေကို ပြောင်းပြီးရွှေ့ဖို့ ကြိုးစားကြည့်သင့်တယ်။ နောက်သုံးရက် ပတ်ဝန်းကျင်မှာ မင်းရဲ့ ကြယ်တာရာစွမ်းအင်တွေ ပျက်ပျယ်ပြီး အကြောတွေ နာကျင်ရတဲ့ အဓိကပြဿနာကို ဖြေရှင်းနိုင်လောက်တယ်”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလျှက်ပြောသည်။

ချင်းချီချန်း၏ မျက်လုံးက ပြျူးကျယ်သွားသည်။ သူ၏မျက်နှာက သရဲတစ်ကောင်ကို မြင်ရသလိုမျိုး ဖြစ်သွားသည်။

မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး

ဒါကဖြစ်ကို မဖြစ်နိုင်ဘူး

ချင်းချီချန်းက မိုးကြိုးအပစ်ခံရသလိုမျိုး သူ၏ခေါင်းက ပေါက်ကွဲသွားသည်။ ဝမ်ချောင်က သူ၏သိုင်းမှ ပြစ်ချက်ကို မြင်နိုင်ရုံသာ မကသေးလေဘဲ အားနည်းချက်ကို ကိုင်တွယ်နိုင်ခဲ့ခြင်းက သူ့ကို အံ့အားသင့်စေခဲ့ပြီးသားဖြစ်သည်။ ထိုမျောက်ဝံသိုင်းတွင် ပြစ်ချက်ရှိသည်။ မတူသောပါရမီ၊ မတူသော အလားအလာ၊ မတူသော ကျင့်ကြံပုံများကြောင့် တစ်ယောက်နဲ့တစ်ယောက်၏ အားနည်းချက် နေရာများကလည်း ကွာခြားသည်။

ထို့ကြောင့် မည်သူကမျှ အခြားသောလူတစ်ယောက်၏ ပြစ်ချက်ကို တပ်အပ်ပြောနိုင်ခြင်း မရှိကြချေ။ လူတစ်ယောက်၏ ပြစ်ချက်ကလည်း အခြားလူတစ်ယောက်၏ ပြစ်ချက်နေရာတွင် အမြဲတစေ တည်ရှိနေမည် မဟုတ်ချေ။ ပိုဆိုးသည်မှာ ချင်းချီချန်းက သူ၏ ထိုအားနည်းချက်ကို သူ၏ အရင်းနှီးဆုံး အပေါင်းအဖော်များကိုပင် မပြောပြခဲ့ဖူးချေ။ သူ၏ယွီကျွင်း၊ ယွမ်ချွမ်နှင့် လုံချီ အကြောအမှတ်တို့မှ ပြဿနာကို ထိုဆယ်ကျော်သက်လေးက ကောင်းမွန်စွာ နားလည်နေသည်။

ထို့အပြင် လတိုင်း၏ အဆုံးသတ်ပိုင်းတွင် ကိုက်ခဲလေ့ရှိသည့် ထိုအမှတ်သုံးမှတ်က နတ်မျောက်ဝံသိုင်းကို ကျင့်ကြံသော လူများကသာ သိထားသည့် အကြောင်းအရာ ဖြစ်နေသည်။ သို့သော် တစ်ဖက်သူကမူ ကောင်းမွန်စွာ သိနေပြန်သည်။

ချင်းချီချန်းကမူ ရုတ်တရက် သူက ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။

ချင်းချီချန်းက ဘာစကားမှ မပြောနိုင်ခင် နောက်တစ်ယောက်က ဒေါသတကြီးအော်သည်။

“မင်းက အစ်ကိုချီကို တိုက်ခိုက်ရဲတယ်။ အားလုံးပဲ သူတို့ကို သတ်လိုက်ရအောင်”

ဝူရှန်းရွာသားတိုင်းက အလွန်စည်းရုံးသည်။ ချင်းချီချန်းက ဝမ်ချောင်ထံတွင် နှစ်ကြိမ်တိုင် အရိုက်ခံရကြောင်း မြင်သောအခါ ရွာသားများက ဒေါသထွက်သွားကြသည်။

ထိုသို့ဖြင့် တစ်စုံတစ်ယောက်က ဦးဆောင်ခုန်တက်သွားသည်။ သူ၏နောက်မှ လျှင်မြန်စွာပင် ဒုတိယ တတိယ စတုတ္ထလူက တက်သွားပြီး အားလုံးက ဝိုင်းကာ တိုက်ခိုက်ကြသည်။ အနက်ရောင် မြူထုများက ရစ်ဆိုင်းလာပြီး သတ္တုချင်း ထိခတ်သံများက ထွက်ပေါ်လာသည်။ အပြင်လောကက မသိသော ချီစက်ကွင်းများက ထိုထဲမှ ပေါက်ထွက်လာသည်။

မြူထုချီစက်ကွင်းများ၊ မည်းမှောင်သောလက်များ၊ နတ်မျောက်ဝံသိုင်းများ၊ ထိုးတက်သော နွယ်ပင်သိုင်း၊ ကျောက်တုံးသိုင်း စသဖြင့် အမျိုးမျိုးသော ချီစက်ကွင်းများက ထွက်ပေါ်လာပြီး ကြယ်တာရာ စွမ်းအင်များကလည်း ပေါက်ထွက်လာသည်။

“သတိထား သခင်လေးကို ကာကွယ်”

ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော အစောင့်တိုင်းက ထိတ်လန့်တကြား လက်နက်များကိုယမ်းလျှက် ဝမ်ချောင်ကို ကာကွယ်သည်။

ဝေါင်း

ပတ်ပတ်လည်မှ ဟိန်းသံများက ထွက်လာသည်။ သို့သော် ပထမဦးဆုံး တိုက်ကွက်တစ်သုတ်က ရောက်ရှိလာပြီဖြစ်သည်။ ဂျင်ထောင်ပေါင်းများစွာ လေးလံသည့် ကြီးမားသော ကျောက်တုံးကြီးပေါင်း များစွာက ပေါ်ထွက်လာသည်။ သူတို့က မယုံနိုင်စရာ အရှိန်နှုန်းဖြင့် တိုးဝင်လာလေရာ လေထုကိုပင် ထိုးခွင်းပြီးနောက် စစ်သားများထံ ရောက်လာသည်။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် ရှင်သန်ကျန်ရစ်ခဲ့သည့် ထိုအစောင့်များက ယခုအခါ အလွန်အမင်း ထိတ်လန့်နေကြသည်။ သူတို့အတွက်တွင် ဒီဝူရှန်းများက အလွန်အင်အားကြီးမားသည့် ပြိုင်ဘက်များ ဖြစ်နေသည်။ ထိုမျှများပြားသော ဝူရှန်းများက အတူပေါင်းကာ တိုက်ခိုက်လာသောအခါ သူတို့ကိုပင် ပြင်းထန်သည့် ဖိအား ပေးလာနိုင်သည်။ သူတို့အားလုံးက သေဆုံးနိုင်သည့် အန္တရာယ်ကို ခံစားလိုက်ကြရသည်။

ဒီလိုလူရှင်းသည့် ပိုးသားလမ်း တစ်နေရာတွင် ယခုကဲ့သို့ အင်အားကြီးသောလူများ ရှိနေမည်ဟု မထင်ထားမိချေ။

“ကောင်းဖုန်း၊ နျဲ့ယန် မင်းတို့တွေ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ကြပါ။ ဒီလူတွေကို ငါကိုင်တွယ်လိုက်မယ်”

ကိစ္စများက ဒီလောက်ထိ ပြင်းထန်လာသည့်တိုင်အောင် ဝမ်ချောင်က တည်ငြိမ်ပြီး ယုံကြည်မှုရှိသည့် အသံဖြင့် ပြောလိုက်လေသည်။ ထိုသို့ဖြင့် တစ်ဖက်သူများ၏ ယုံကြည်မှုကို မြင့်တက်လာစေသည်။

ဘုန်း

ဝမ်ချောင်၏ကိုယ်ထဲမှ စွမ်းအားကြီးမားသည့် အားလှိုင်းများက ဖြာထွက်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ယခင်ကနည်းတူ ကြီးမားသော ကျောက်တုံးကြီးများက လေထဲတွင် အေးခဲသွားပြီး ကျန်းပေါင်းများစွာ အကွာတွင် ရပ်တန့်သွားသည်။

“သူ့ကိုသတ်”

“သူကငါတို့ရဲ့ ဝူရှန်းရွာထဲကို ဝင်လာတဲ့အထိ ခိုင်းမာရဲသေးတယ်။ သူက အစ်ကိုချီကိုတောင် တိုက်ခိုက်ရဲသေးတယ်။ သူက ငါတို့ သူ့ကို ရင်မဆိုင်နိုင်ဘူးလို့ ထင်နေတာလား”

“မရမ်းကားလာနဲ့ သူ့ကိုဖမ်းပြီး ရွာသူကြီးဆီပို့ရအောင်”

...

လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်လာပြီး သတ္တိကြီးသော ဝူရှန်းများက ဝမ်ချောင်အပေါ် ခုန်ဝင်သွားကြသည်။ သူတို့တွင် လက်နက်မရှိချေ။ သို့သော် သူတို့၏ လက်ချောင်း၊ လက်ညိုး၊ လက်ဖဝါး၊ လက်မောင်းနှင့် ခန္ဓာကိုယ်တိုင်းက သံမဏိကဲ့သို့ မာကြောသည်။

“သခင်လေး”

ကောင်းဖုန်းက အထိတ်တလန့် ဖြစ်သွားပြီးနောက် အော်လိုက်သည်။

“မစိုးရိမ်နဲ့”

ဝမ်ချောင်၏အသံက တည်ငြိမ်နေသေးသည်။ သူ၏နှုတ်ခမ်း ထောင့်စွန်းများက ခပ်အေးအေး ကော့တက်နေပြီး ယုံကြည်မှုရှိသော အပြုံးဖြင့် ထိုဝူရှန်းများထံကြည့်သည်။

“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”

မကျယ်လွန်း မတိုးလွန်းသောအသံက လူတိုင်း၏ နားထဲတွင် ထွက်လာသည်။ အနည်းငယ်ပင် တုန့်ဆိုင်းခြင်းမရှိဘဲ ဝမ်ချောင်က ဒဏ္ဍာရီလာ ဗဟိုပြင်ကျယ်၏ မိစာ္ဆသိုင်းကို ထုတ်သုံးလိုက်သည်။

“အား”

အော်သံများက ဆက်တိုက် ထွက်ပေါ်လာပြီးနောက်တွင် စွမ်းအားကြီးမားသည့် ဝူရှန်းများက စွမ်းအားကြီးမားသည့် ဆွဲစုတ်နေသော အားတစ်ရပ်၏ ဆွဲဆောင်မှုကို ခံရပြီးနောက် လေထဲတွင် ပတ်ပတ်လည်သွားသည်။ မည်သည့်ဝူရှန်းမှ မြေပြင်သို့ ပြုတ်မကျလာခဲ့ချေ။ မည်သူကမျှ ဒီဆွဲဆုတ်နိုင်သော အားမှမလွတ်မြောက်သွားခဲ့ချေ။

ဝူရှန်းရွာသား လေးဆယ်ကျော်က လေထဲတွင် ဝဲပတ်နေသည်မှာ ကြိုးပေါ်ပြေးလွှားနေသော ခွေးပေါက်လေးများအလား ထင်ရသည်။ အလန့်တကြား အော်ဟစ်နေကြသေးသည်။ ဝမ်ချောင်၏ အစောင့်များကပင် ကြောင်တောင်တောင် ဖြစ်သွားကြသည်။

အနောက်တောင်ပိုင်းက စစ်ပွဲပြီးကတည်းက ဝမ်ချောင်၏ ခွန်အားက သိသိသာသာ အဆင့်မြင့်လာပြီး စွမ်းအားကြီးမားလာခဲ့သည်။ သို့တိုင်အောင် မယုံနိုင်စရာကောင်းသည့် အဆင့်ထိ ရောက်ရှိနေမှန်း သူတို့က မသိထားကြချေ။ ဝူရှန်းလေးဆယ်ကျော်ဆိုသည်မှာ အစစ်အမှန် သိုင်းနယ်မြေ သို့မဟုတ် အဆင့်မြင့် သိုင်းနယ်မြေသို့ ရောက်ရှိနေကြသူများ ဖြစ်နေသည်။ သို့တိုင်အောင် သူတို့အားလုံးက လေလိုဝဲနေကြသည်။ သူတို့လှည့်ပတ်နေသော အရှိန်နှုန်းက မြန်သထက် မြန်လာပြီး သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ချေ။ ထိုမြင်ကွင်းက အားလုံးကို မှင်သက်စေသည်။

“အရှင်အမတ် အရှင်အမတ်က စွမ်းအားကြီးသထက် စွမ်းအားကြီးလာတာပဲ”

ဝမ်ချောင်၏ အစောင့်တိုင်းက ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့၏ နှလုံးသားထဲတွင် အံ့အားသင့်မှုများက ထင်ဟပ်လာသည်။

သူတို့က ထိုလူများက ချောက်ကမ်းပါးများကို မြေပြန့်လို သွားလာခြင်းအား မြင်ခဲ့ဖူးသလို တောင်တန်းများအား ကျော်ဖြတ်သွားလာကြောင်းကိုလည်း မြင်ခဲ့ဖူးသားဖြစ်သည်။ သူတို့က ဂျင်ထောင်ပေါင်းများစွာ လေးလံသော ကျောက်တုံးများကိုပင် သုံးကာလေ့ကျင့်ကြသည်။ သူတို့က ထိုဝူရှန်းများက ဒီနေရာတွင် စုစည်းနေပြီး သူတို့ကို တိုက်ခိုက်တော့မည့် အချိန်တွင် သူတို့ကပင် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲကြီးကို ဆင်နွဲရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် မည်သူကမျှ မထင်ထားသည်မှာ ဝမ်ချောင်က ထိုမျှဖြတ်လတ် သန်မာသော စစ်သည်တော်များကို လေထဲတွင် ဝဲပျံနေအောင် တစ်ချက်တည်းဖြင့် လုပ်လိုက်နိုင်သည်။ တစ်ဖက်သူများက ဆက်လက် မတိုက်ခိုက်နိုင်ကြတော့ချေ။ မည်သူကမျှ အနားသို့ မကပ်နိုင်ကြချေ။ သူတို့အားလုံးက ပြင်ဆင်ထားသော လူများက အလကားဖြစ်သွားသည်။ ဝမ်ချောင်ကမူ တစ်ချက် ယမ်းရုံဖြင့် အားလုံးကို ကိုင်တွယ်လိုက်နိုင်သည်။

“အရှင်အမတ်ရဲ့ ခွန်အားက တော်တော်လေးကို မယုံနိုင်စရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီပဲ။ သူက တစ်ရက်တည်းနဲ့ လီထောင်ကျော် ဖြတ်သန်းသွားလာနိုင်လောက်တယ်”

အစောင့်တိုင်းက ကြောက်လန့်စွာ ကြည့်နေကြသည်။

...

ဘန်း ဘန်း ဘန်း

ထိုအချိန်တွင် ဝမ်ချောင်က ကောင်းကင်ကို မျက်နှာမူကာ ရပ်နေသည်။ သူ၏မျက်နှာတွင်ရှိသည့် အပြုံးက ကျယ်ပြန့်သထက် ကျယ်ပြန့်လာပြီး တဘန်းဘန်း မြည်သံများနှင့်အတူ ဝမ်ချောင်က လက်ညိုးတစ်ချောင်းကို ဆန့်လိုက်ပြီးနောက် လေထဲသို့ အတူတကွ စုစည်းလိုက်ကာ ထိုးမွှေဟန်လုပ်လိုက်သလို လေထဲသို့ စွမ်းအင်များက မုန်တိုင်းထဲ ဝင်ရောက်သွားသလို ဖြစ်သွားလေပြီး အထိတ်တလန့်ဖြစ်သည့် ဒီဝူရှန်းများ အားလုံးကို အချင်းချင်း တိုက်မိစေသည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း စွမ်းအင်များကြောင့် သူတို့က ထိုသို့အချင်းချင်း စောင့်တိုက်မိပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ပြိုင်ဘက်၏ အင်အားကို စုပ်ယူရုံသာ အသုံးဝင်ခြင်းမဟုတ်ချေ။ သူက အင်အားကြီးမားသည့် သိုင်းတစ်ရပ်ဖြစ်သည်။ ပြင်းထန်သည့် ဆွဲစုပ်အားက အသုံးပြုသော မည်သည့် သိုင်းပညာရှင်ကိုမဆို အသုံးပြုသူအား ထိုသူများကို အသုံးပြုသူက ကျေနပ်သလို ဆော့ကစားစေနိုင်အောင် စွမ်းဆောင်ပေးနိုင်စွမ်းအားရှိသည်။

ဝူရှန်းများက မွေးရာပါ ကြမ်းတမ်းခက်ထန်သည်။ သူတို့က တိုက်ပွဲအတွက် မွေးဖွားလာသော စစ်သည်တော်များ ဖြစ်ကြပြီး ဝမ်ချောင်က သူတို့နှင့်ပတ်သတ်ပြီး အကြံအစည် ရှိထားသည့်အလား သူတို့၏ စွမ်းအားများကို စုပ်ယူခြင်းမပြုသလို သူတို့ကို ဒဏ်ရာရအောင်လည်း မလုပ်ချေ။

“ငါ့ခြောက်ထောက်”

“သေစမ်း ငါ့ရဲ့အတွင်းအားတွေက ကပြောင်းကပြန် ဖြစ်ကုန်ပြီ။ ငါလှုပ်ရှားလို့ မရတော့ဘူး”

“ငါလည်းအတူတူပဲ။ ငါ့ရဲ့အတွင်းအားတွေက တွေ့ရာနေရာကို စီးဝင်ကုန်ပြီ။ မျိုးမစစ်ကောင် ဒီကောင် ဘယ်လို မကောင်းဆိုးဝါးသိုင်းကို သင်ထားတာလဲ”

“ရွာသူကြီးကို ပြောရအောင် ရွာသူကြီးကို အကြောင်းကြားရမယ်။ ဦးလေးကျို့နဲ့ အခြားလူတွေကို မြန်မြန် လာခိုင်းရမယ်။ ဒီလူတွေက အင်အားကြီးလွန်းတယ်။ သူတို့က ငါတို့ကိုင်တွယ်နိုင်တဲ့ လူတွေမဟုတ်ဘူး”

...

မြေပြင်ပေါ်သို့ ကျသွားသော ထိုအယောက်သုံးဆယ်သော ဝူရှန်းများက ထိတ်လန့်တကြား ဖြစ်နေကြသည်။ သူတို့ဒဏ်ရာများက မပြင်းထန်ချေ။ သို့သော် သူတို့၏ အတွင်းအားများကမူ ကစဉ့်ကလျား ဖြစ်ကုန်ကြသည်။ ထိုအချက်က ဝမ်ချောင်က သူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်သည်ထက်ပင် ပိုပြင်းထန်စေသေးသည်။ အကြောင်းမူကား ဒီလိုအခြေအနေမျိုးက သူတို့က နားလည်ထားသည့် သိုင်းပညာ သဘောသဘာဝများအပေါ် ကျော်လွန်နေသောကြောင့်ဖြစ်သည်။

“ဟိတ်ကောင် မင်းက ဘာကောင်လဲ။ မင်းငါတို့ရွာကို ဘာလုပ်မလို့လဲ”

ချင်းချီချန်းက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ သူ၏လက်ဆစ်များကပင် ကွဲအက်သံများ ထွက်ပေါ်လာသည်။ သူတစ်ယောက်တည်းကသာ မတ်တပ်ရပ်လျှက် ကျန်ရစ်နေသော လူလည်းဖြစ်သည်။ သူ၏မျက်နှာကမူ ရှုံ့မဲ့နေသည်။ သူက အနည်းငယ် နှေးကွေးသွားခဲ့ပြီး တစ်ဖက်သူများကို မတားနိုင်ခဲ့ချေ။ သို့သော် ယခုလို မြင်ကွင်းမျိုး မြင်ရလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

အခန်း(၇၀၀)

ကျောက်တုံးဗိုလ်ချုပ် ဟွမ်ပေါ့ထန်း

“ငါကဘာလုပ်ချင်လဲ ဟုတ်လား။ ငါမိတ်ဆွေတွေကို လာရှာတယ်လို့ မပြောထားဘူးလား”

ဝမ်ချောင်က ဖျော့တော့စွာသာပြုံးသည်။

ချင်းချီချန်းက လက်ရှိအချိန်တွင် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီးသည့်တိုင်အောင် အနာဂတ်မှ ချင်းချီချန်း မဟုတ်နေသေးချေ။ ဝူရှန်းမြင်းတပ်၏ ဗိုလ်ချုပ်ဆယ်ယောက်ထဲတွင် သူ၏အဆင့်က နောက်ဆုံးဖြစ်သည်။ လက်ရှိချင်းချီချန်းက အရှင်ချီဆိုသော ဘွဲ့နာမည်ရသည်အထိ လုပ်နိုင်စွမ်းအား ရှိလာမည်ဆိုလျှင် အနည်းဆုံး အချိန်လိုအပ်နေသေးသည်။ ယခုအခါ အချိန်ကောင်း မဟုတ်သေးသလို သူနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် သူနှင့် စကားကောင်းကောင်း ပြောဆိုရန်ပင် မလိုအပ်သေးချေ။

“သွားရအောင်”

ဝမ်ချောင်က လက်ကိုယမ်းလိုက်ပြီးနောက် ရှေ့ဆက်သွားကာ ဝူရှန်းရွာထဲသို့ဝင်သည်။ သူက ဝူရှန်းရွာကို သိမ်းသွင်းလိုလျှင် ဝူရှန်းရွာသူကြီးဆိုသည့် ဖန်းရှောင်ရန်ကပြောသော အဘိုးဆိုသူကို ကျော်ဖြတ်ရပေမည်။

“မင်းကငါတို့ရဲ့ ဝူရှန်းရွာထဲကိုလာပြီး ရမ်းကားနေတာပဲ။ ဒါကမင်းရဲ့ နယ်မြေလို့ ထင်နေလား”

ဝမ်ချောင်က ရွာသားအနည်းငယ်ကို ကျော်ရုံသာရှိသေးသည်။ ရွာထဲမှ အရိုးကွဲမတက် ပြင်းထန်သည့် အသံက သူ၏နားထဲသို့ ဟိန်းထွက်လာသည်။ သူက ပူပြင်းတောက်လောင်သော နွေရာသီ အနေအထားမျိုးမှ အေးစက်သော ဆောင်းတွင်းသို့ ဝင်ရောက်သွားသည့်အလား ဖြစ်သွားသည်။ လူတိုင်းက စတင်ကာ တုန်ယင်လာကြသည်။ ထို့နောက် သူတို့က ကောင်းကင်မှ ကြီးမားသော ကျောက်တုံးကြီး တစ်တုံးက ပြုတ်ကျလာပြီး ဝမ်ချောင်ထံ ဦးတည်ကြောင်း မြင်လိုက်ရသည်။

“ဒါကဘာလဲ”

အစောင့်တစ်ယောက်က အံ့အားတကြီးအော်သည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် ကြီးမားသော ကျောက်တုံးကြီးဖြစ်ကြောင်း သိကြသည်။ သို့တိုင်အောင် ထိုကျောက်တုံးက ရုတ်တရက် လက်ငါးချောင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာက ကျောက်တုံးမဟုတ်ဘဲ ကျောက်တုံးလက်ဖြစ်ကြောင်း သိလိုက်ကြသည်။

ဘုန်း

ထိုကျောက်တုံးလက်သီးက အောက်သို့ ထိုးခွဲလာပြီး မြေကမာ္ဘကိုပင် လှုပ်ခါလာစေသည်။ ထိုအခါ ကောင်းကင်သို့ ဖုန်မှုန့်များ မြောက်တက်သွားစေပြန်သည်။ ကျောက်တုံးလက်သီး၏ အရှေ့တွင် ဝမ်ချောင်၏ ဝတ်စုံက လေတွင်လွင့်နေသည်။ သူက အနီးအနားတွင် ဒီတိုင်းရပ်နေပြီး ဆံချည်တစ်မျှင်စာမျှ အကွာအဝေးတွင် ရှောင်ရှားလိုက်နိုင်သည်။

သူပဲ။

ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားပြီး ကောင်းကင်သို့ ပြတ်သားစွာ မော့ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ယခင်ကဲ့သို့ ခပ်အေးအေး အမူအရာနှင့် သက်တောင့်သက်သာ ဖြစ်နေသော အမူအရာမျိုးကို မမြင်ရတော့ချေ။

ထိုတခဏတွင် လူတိုင်းကလည်း ဝမ်ချောင်၏အရှေ့တွင် ပေါ်လာသည်မှာ ကျောက်တုံးကြီးမဟုတ်လေဘဲ ကြီးမားသော မီတာသုံးဆယ်ကျော်ခန့်မြင့်သည့် ကျောက်တုံးပုံစံရှိသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့က စမြင်သောအခါ ထိုလူထွားကြီးက လက်တစ်ဖက် ခြေတစ်ဖက်သာ ရှိသေးသည်။ သို့သော် ချက်ချင်းလိုလို ချောက်ကမ်းပါး တစ်ဖက်တစ်ချက်စီမှ ဝုန်းကနဲ ကွဲအက်သံများနှင့်အတူ ပုဆိန်များ၊ တင်းပုတ်များဖြင့် လမ်းရှင်းလိုက်သလိုမျိုး ကြီးမားသော ကျောက်တုံးပေါင်း မြောက်များစွာက မမြင်ရသော အားတစ်ခု၏ ဆွဲယူခံရပြီးနောက် ထိုကျောက်တုံးကြီး၏ ညာဘက်ပုခုံးပေါ်သို့ ဆွဲကပ်သွားသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်း ကျောက်တုံးလက်များက ထွက်ပေါ်လာသည်။ ထို့နောက် ညာခြေထောက် ဘယ်ဘက်နား စသဖြင့် ကျန်သောခန္ဓာကိုယ် အစိတ်အပိုင်းများက ထွက်ပေါ်လာတော့သည်။ ဒီနည်းအားဖြင့် ကြီးမားသော ကျောက်တုံးလူသားကြီးက ဖြစ်ပေါ်လာသည်။

သူတို့က ခေါင်းမော့ကာ ကြည့်နေကြသဖြင့် လူတိုင်းကလည်း ထိုမြင်ကွင်းကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်တွင် ကျောက်တုံးသံချပ်ကာကဲ့သို့ ပုံစံမျိုးက ရှိနေလေပြီး အမူအရာက မြင့်မြတ်ကာ ခမ်းနားချောက်ချားဖွယ်ကောင်းသည်။ သူက မီတာသုံးဆယ်ကျော်ခန့်မြင့်ပြီး လူတိုင်းကို သူ့ခြေထောက်အောက်မှ ပုရွက်ဆိတ်ကောင်များဟု ထင်စေသည်။

ကျောက်တုံးဗိုလ်ချုပ်

ဝမ်ချောင်က ချက်ချင်းလိုလို ထိုဗိုလ်ချုပ်ကို သိလိုက်သည်။

ကျောက်တုံးဗိုလ်ချုပ်ဆိုသည်မှာ ဝူရှန်းရွာ၏ လက်ရွေးစင် သိုင်းများထဲမှ တစ်ခုဖြစ်သည်။ ကျန်းရာပေါင်းများစွာ အကွာအဝေးထဲမှ ကျောက်တုံးတိုင်းက အသုံးပြုသူအား ကျောက်တုံးလူထွားကြီးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိအောင် ကူညီထောက်ပံ့ပေးနိုင်သည်။ ဒါက ရှေးခေတ်မှလာသော ကျောက်တုံးဗိုလ်ချုပ် တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြစ်သည်။ ထိုသိုင်းကို ကျောက်တုံးဗိုလ်ချုပ်ဟုခေါ်သည်။

ထိုသိုင်းက အလွန်အမင်း စွမ်းအားကြီးမားပြီး ကျောက်တုံးဗိုလ်ချုပ်က အင်ပါယာသိုင်းနယ်မြေ အဆင့်၏ ခွန်အားမျိုးကို ထုတ်ပေးနိုင်စွမ်းအားရှိသည်။ ပို၍ဆိုးသည်မှာ ပတ်ဝန်းကျင်တွင် ရှိနေသော ကျောက်တုံးပမာဏက များပြားသည်နှင့် ကျောက်တုံးဗိုလ်ချုပ်က အဆုံးအစမဲ့လောက်အောင် ပြန်လည် ပြုပြင်နိုင်စွမ်းအားရှိသည်။ ဆိုလိုသည်မှာ ထိုသိုင်းကို ကျင့်သောလူများက ဘယ်သောအခါမှ မရှုံးနိုင်ချေ။

ထပ်ပေါင်းဆိုရသော် ထိုထူထည်း ခိုင်မာလွန်းသည့် ကျောက်တုံးသံချပ်ကာကြီးများက လက်နက်များ ထိုးဖောက်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ဒါက ထိုသိုင်း၏ အားသာချက်လည်းဖြစ်သည်။

ဝူရှန်းရွာကို တောင်တန်းများ မတ်စောက်သော တောင်ထိပ်များက ဝိုင်းနေလေရာ ကြီးမားသော အထောက်အပံ့ဖြစ်သည့် ကျောက်တုံးများက အပြည့်ရှိနေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် ကျောက်တုံး ဗိုလ်ချုပ်က အင်အားအပြည့်အဝ ထုတ်ဖော်နိုင်စွမ်းအားရှိသည်။

သို့သော် ဝမ်ချောင်က ထိုအချက်ကို ဂရုမစိုက်ချေ။ ကျောက်တုံးရွာက ကျောက်တုံးဗိုလ်ချုပ်သိုင်းကို တက်မြောက်သောလူက အလွန်နည်းပါးသည်။ ဒီလိုနေရာမျိုးတွင်ပင် ဝမ်ချောင်က ထိုသိုင်းကို ထုတ်သုံးနိုင်သည့် တစ်ဦးတည်းသောလူကို တွေ့မိလိုက်သည်။

ဟွမ်ပေါ့ထန်း

ထိုလူက ဝူရှန်းရွာ၏ အပြင်ဘက်ပိုင်းကို ကာကွယ်စောင့်ရှောက်ပေးရသည့် လူများထဲမှ တစ်ယောက်ဖြစ်သည်။

မဟာကပ်ဘေးကြီး မစိုက်မီ လူတိုင်းက ရွာထဲသို့ မကျူးကျော်နိုင်ခင် ဟွမ်ပေါ့ထန်းကို အရင် ရင်ဆိုင်ရသည်။ ဝူရှန်းရွာတွင် ကာကွယ်စောင့်ရှောက်သူပေါင်း များစွာရှိသည်။ တစ်ဖက်သူက ကျောက်တုံးဗိုလ်ချုပ်သိုင်းကို ကျွမ်းကျင်သည့် အဆင့်ထိ ရောက်ရှိနေပြီဖြစ်သည်။ သူက သိုင်းအင်ပါယာ နယ်မြေမှ စံပြတစ်ယောက် ဖြစ်နေသည့်အပြင် သူ၏အင်အားကလည်း ချင်းချီချန်းထက် အဆပေါင်းများစွာ သန်မာသည်။

သူဟာ ဝူရှန်းရွာ၏ အင်အားစုထဲမှ ကျောရိုးစုတစ်ခုအဖြစ် သတ်မှတ်၍ရသည်။

အခြားသော ကျူးကျော်သူများက ဝူရှန်းရွာကို တိုက်ခိုက်လာသောအခါ ရွာ၏ မြေမျက်နှာသွင်ပြင် အနေအထားကိုယူပြီး သူက အယောက် ငါးထောင် ခြောက်ထောင်ကို တစ်ယောက်တည်း တားနိုင်ခဲ့သည်။ ထို့ပြင် သူက ရွတ်ရွတ်ချွန်ချွန် တားနိုင်ခဲ့သည်။ ဝူရှန်းရွာတွင် ထိုလူက ကိုင်တွယ်ရ အခက်ခဲဆုံးဖြစ်သည်။

ဟွမ်ပေါ့ထန်းက ကပ်ဘေးအတောအတွင်း သေဆုံးသွားခဲ့ရသည်။ ဒီနည်းအားဖြင့်သူက ဝူရှန်းရွာ၏ ပထမဦးဆုံး သေသောသူ ဖြစ်လာသည်။

ငါဒီလိုသိုင်းရူးတစ်ကောင်နဲ့ ဆုံရမယ်လို့ မထင်ထားဘူး။

ဝမ်ချောင်က ခေါင်းမော့ပြီးနောက် ထောင်လွှားကာ အင်အားကြီးမားသည့် ကျောက်တုံးဗိုလ်ချုပ်ကို ကြည့်လိုက်ပြီး မျက်လုံးကို မှေးကျဉ်းလိုက်သည်။ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု မရှိချေ။

ထို့နောက် သူက သိုင်းပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေခဲ့သည်မှာ ပြီးပြည့်စုံသည့် အဆင့်ထိ မရောက်သေးချေ။ ဖန်းရှောင်ရန်ကလည်း သူ့ကို ပြောပြခဲ့ဖူးသည်။ သူမ၏ ကာကွယ်စောင့်ရှောက်သည့် ဦးလေးတစ်ယောက်ကဆိုလျှင် ကျောက်တုံးဗိုလ်ချုပ်သိုင်းတွင် ပြောင်မြောက်ထူးချွန်သည့် အဆင့်ထိ ရောက်ရှိခဲ့ဖူးကြောင်း ဆိုသည်။ ထိုသူက ဟွမ်ပေါ့ထန်းဖြစ်သည်။ တစ်ဖက်သူက အံ့အားသင့်ဖွယ်ကောင်းသော အင်အားကို ပိုင်ဆိုင်ထားသလို ထိုလူများကိုလည်း အလွန်မုန်းတီးသည်။ သူ၏နှလုံးသားထဲတွင် မုန်းတီးစိတ်က ဆွဲနေသည်။ ဟွမ်ပေါ့ထန်းက ထိုသို့သော အစစ်အမှန် အမျိုးကောင်းသားဖြစ်သည်။

သူဟာသိုင်းကို အလွန်အမင်း သဘောကျနှစ်သက်ကာ ထိုသို့ ရူးသွပ်လွန်းသော စိတ်ဆန္ဒကလည်း သူ၏ အားနည်းချက်ဖြစ်သည်။ မည်သူကမဆို သူ၏သိုင်းကွက်မှ သုံးကွက်ကို တောင့်ခံနိုင်လျှင် သူ၏ အမြင်ကောင်း ရရှိသွားမည်ဖြစ်သည်။ သူတို့ကသာ သူ့ကို နိုင်သွားမည်ဆိုလျှင် ဟွမ့်ပေါ့ထန်းက အပြုအမူပင် ပြောင်းသွားပေလိမ့်မည်။

တစ်ဖက်သူက မည်သည့်နေရာမှ လာစေကာမူ တစ်ဖက်က ဖြောင့်မတ်ခြင်း ရှိရှိမရှိရှိ ဆိုးယုတ်ခြင်း ရှိရှိမရှိရှိ ဟွမ်ပေါ့ထန်းက အရေးမထားချေ။ တစ်ဖက်သူကို သူက ချက်ချင်းလိုလို ညီအစ်ကိုကောင်းလို ဆက်ဆံမည်ဖြစ်ပြီး သူ၏ ရဲဘော်ရဲဘက်လို သတ်မှတ်လိုက်မည်ဖြစ်သည်။

အတိတ်တွင် မဟာထန်မှ ကျွမ်းကျင်ပညာရှင်များက လိုက်ဖမ်းခံရသည့် တိဗက် ကျွမ်းကျင်ပညာရှင် တစ်ယောက်က ဝူရှန်းရွာသို့ ရောက်လာပြီး အဆုံးသတ်သွားခဲ့သည်။ အဆုံးတွင် တစ်ဖက်သူက ဟွမ်ပေါ့ထန်းနှင့် ထိပ်တိုက် ရင်ဆိုင်သွားခဲ့ပြီး ဟွမ်ပေါ့ထန်းနှင့် ထိုတိဗက်လူကို မိတ်ဆွေဖြစ်သွားခြင်းဖြင့် အဆုံးသတ်သွားစေခဲ့သည်။ ဒီကိစ္စပြီးနောက် သူက ထိုတိဗက် ကျွမ်းကျင်ပညာရှင်ကို ကာကွယ်ရန် အရာအားလုံး ကြိုးစားကာ အသုံးပြုခဲ့ပြီး သူ၏ရွာသားများနှင့် တိုက်ခိုက်လုနီးပါး ဖြစ်သွားခဲ့သည်။ အဆုံးတွင် ရွာသားများက ထိုကျွမ်းကျင်ပညာရှင်ကို ထွက်သွားအောင် ဖိအားပေးလိုက်ရသည်။

သူကလည်း သူ၏ပြိုင်ဘက် တိဗက်ကျွမ်းကျင်ပညာရှင်က မဟာထန်သို့ ကောင်းသော ရည်ရွယ်ချက်ဖြင့် လာခြင်းမဟုတ်ကြောင်း သိထားသည်။ ဟွမ်ပေါ့ထန်းကလည်း ထိုအချက်ကိုသိသည်။ သို့တိုင်အောင် သူ၏သိုင်းအပေါ် ချစ်မြတ်နိုးစိတ်ကြောင့် ညီအစ်ကိုအရင်းလို ဆက်ဆံခဲ့သည်။

သို့ရာတွင် ရွာထဲရှိ လူတိုင်းကမူ ဟွမ်ပေါ့ထန်း၏ ဒီစရိုက်ပြဿနာကို သိသော်လည်း အပြင်လူများက မသိကြချေ။ ဖန်းရှောင်ရန် ကိုယ်တိုင်ပင် မသိလောက်ချေ။

ထိုကိစ္စက စိတ်ဝင်စားစရာကောင်းသည်။ သူကသာ တစ်ဖက်သူ၏ သုံးကွက်ကို တားနိုင်လျှင် တစ်ဖက်သူက သဘောကျနှစ်သက်ခြင်းကို ခံရပေလိမ့်မည်။ ဝမ်ချောင်က ကျောက်တုံးဗိုလ်ချုပ်ကြီးကိုကြည့်လျှက် ရေရွတ်လိုက်သည်။ သူက ထိုကျောက်သားထက်ထက်ကို ကျော်ဖြတ်လျှက် လျို့ဝှက်ဆန်းကြယ်သည့် သက်လတ်ပိုင်းလူကို မြင်နေရသလို ထင်ရသည်။

အမှန်တိုင်းဆိုရသော် ဝမ်ချောင်က ဒီသိုင်းကို အလွန်စိတ်ဝင်စားသည်။ ထို့ပြင် တစ်ဖက်သူက တိုက်ပွဲထဲတွင် သေသွားသည့်အတွက်လည်း သူက စိတ်မကောင်း ဖြစ်နေမိလေသည်။ ဝမ်ချောင်အတွက် ဒါက အကြီးမားဆုံး နောင်တဖြစ်လေသည်။

“မင်းက တော်တော်လေးမြန်တယ်။ ဒါပေမဲ့ ငါ့ထက် မြန်နိုင်ပါ့မလား”

ကျောက်တုံးဗိုလ်ချုပ်၏ အသံထဲတွင် စွမ်းအင်များက ပေါက်ကွဲထွက်လာပြီး ဝမ်ချောင်၏ ခေါင်းအတွင်းသို့ တိုးဝင်လာသလို ဖြစ်သွားသည်။ ဝမ်ချောင်က တွေးတောနေချိန်တွင် လေထဲတွင် ကျောက်တုံးတစ်တုံးက လေထုကို ထိုးခွဲလာသည်။ ဟွမ်ပေါ့ထန်းက ရုတ်တရက် ကြီးမားသော ကျောက်တုံးကြီးကို ဆင့်ခေါ်လိုက်ပြီး ဝမ်ချောင်ကို ရိုက်ချသည်။

ပထမဦးဆုံး ရောက်လာသည့် ကျောက်တုံးကြီးက ပျံသန်းနေဆဲ ရှိနေသေးသည်။ ဟွမ်ပေါ့ထန်းက ချက်ချင်းလိုလို ဖနှောင့်ဖြင့် ပေါက်လိုက်သည်။ မြေကမာ္ဘက အက်ကွဲသွားပြီး ကြီးမားသော ကျောက်တုံး ဖုန်မှုန့်များစွာက မြေပြင်မှ လွတ်ထွက်လာကာ ကြီးမားသော သုံးဆယ်မီတာခန့် မြင့်မားသည့် လူထွားကြီး၏ လက်ထဲသို့ တိုးဝင်လာသည်။ ဒီနည်းအားဖြင့် သူ၏လက်မှတဆင့် အမြှောက်များ ပစ်လွှတ်လိုက်သလိုမျိုး ပေါက်ကွဲထွက်လာတော့သည်။

ဒုတိယမြောက် ကျောက်တုံး တတိယမြောက်ကျောက်တုံး...

ထိုသို့ဖြင့် ကြီးမားသော ကျောက်တုံးပေါင်းများစွာက ဝမ်ချောင်ထံ တိုးဝင်လာသည်။ လူတိုင်းက အိပ်ပျော်နေရာမှ နိုးထလာသလိုမျိုး အသံများကိုပင် ပြုလာကြသေးသည်။ ကျောက်တုံးများထဲမှ တစ်တုံးက ဝမ်ချောင်၏ ခေါင်းနေရာသို့ ဦးတည်လာသည်။ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော အစောင့်များကပင် ထိုတိုက်ကွက်များအောက်သို့ ရောက်သွားသည်။

ဟွမ်ပေါ့ထန်း၏ တိုက်ကွက်များက ဝမ်ချောင်ကိုသာ ရည်ရွယ်ခြင်းမဟုတ်ချေ။ သူက ကျူးကျော်သူတိုင်းကို ရည်ရွယ်သည်။

“သတိထား”

မှင်သက်နေသော အစောင့်များက ချက်ချင်းလိုလို လူစုခွဲကာ ရှောင်ရှားကြတော့သည်။

ဝူရှန်းရွာက လျို့ဝှက်ဆန်းကြယ်မှု၊ အံ့အားသင့်မှုများဖြင့် လွှမ်းခြုံနေခဲ့ပြီး သူတို့ကို ထပ်ခါတလဲလဲ အံ့အားသင့်စေခဲ့သည်။ ရွာသားများက ချောက်ကမ်းပါးများပေါ်တွင် ပျံတက်နိုင်ပြီး မတ်စောက်သော တောင်တန်းများကို မြေပြန့်လို သွားနိုင်ခြင်းကို သူတို့က မြင်ခဲ့ပြီးသားဖြစ်သည်။ ထိုအချက်ကိုလည်း လက်သင့်ခံနိုင်ကြသည်။ ယခုမူ ကျောက်တုံးကိုပင် ထိန်းချုပ်နိုင်သည့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ပေါ်လာသည်။ ဒါက အခြေပြုစွမ်းအင် ငါးမျိုးထဲမှ တစ်မျိုးဖြစ်နေသေးသည်။ ထိုကျွမ်းကျင်ပညာရှင်ကပေးသော ခံစားချက်က ဟော်ရှု့ဟွေ့ခမ်း၏ ကျားငါးကောင်ဗိုလ်ချုပ် လုံချင်ပါ့က ပြောသော ခံစားချက်နှင့် မခြားချေ။

ဖြစ်နိုင်သည်မှာ ဝူရှန်းရွာက အချို့သော အင်အားကြီးမားသည့် ရွာတစ်ရွာဟုပင် သူတို့က ထင်မိလောက်သည်။ ယခုမူ ဒါကအလွန် လူရှင်းပြီး လူသူပြတ်လပ်သည်။ လူငယ်အမတ်ကသာ သူတို့ကို မခေါ်လာလျှင် သူတို့ကလည်း ဒီလိုနေရာမျိုးကို သိလိမ့်မည်မဟုတ်ချေ။

“စိုးရိမ်စရာမရှိဘူး ငါဒီကျောက်တုံးကိုလည်း ငါပဲကိုင်တွယ်လိုက်မယ်”

သူ၏စစ်သည်တော်များက ထိတ်လန့်နေသည့် အချိန်တွင် ဝမ်ချောင်၏ တည်ငြိမ်နေသော အသံက နားထဲတွင် ထွက်ပေါ်လာသည်။ ဝှစ်ကနဲ မြည်သံနှင့်အတူ ကောင်းဖုန်းတို့ထံ ရည်ရွယ်ထားသည့် ထိုကျောက်တုံးကြီးက လေထဲတွင် တက်သွားပြီး နောက်သို့ပြန်ဆုတ်သွားသည်။ တချိန်ထဲပင် တူညီသော အရှိန်နှုန်းနှင့် ထိုကျောက်တုံးဗိုလ်ချုပ်ထဲ ပြန်ဝင်သွားသည်။ ထိုအချိန်တွင် ဝူရှန်းရွာက ဖိအားအောက်သို့ ရောက်သွားသည်။ ဟွမ်ပေါ့ထန်း၏ ကျောက်တုံးဗိုလ်ချုပ်ကပင် တဆတ်ဆတ် တုန်လာသည်။ ရှင်းလင်းသည်မှာ သိုင်းရူး၏ ပထမအကွက်ကို ဝမ်ချောင်က ရှင်းလင်းလိုက်နိုင်လေပြီ။

“ဟား ဟား ငါလာမယ်ဆိုရင် သေချာပေါက် ဒီလိုလှုပ်ရှားမှာမဟုတ်ဘူး”

ဝမ်ချောင်၏ ရယ်သံက လေထဲတွင် ပဲ့တင်ထပ်နေပြီးနောက် နောက်ထပ် ကျောက်တုံးပေါင်း မြောက်များစွာက လေထဲတွင် ပတ်ပတ်လည်လာသည်။ ဝမ်ချောင်၏ လက်ညိုးလှည့်ရာအတိုင်း ကျောက်တုံးများက စတင်ကာ လည်ပတ်ပြီးနောက် မယုံနိုင်စရာ အရှိန်နှုန်းဖြင့် ကျောက်တုံးဗိုလ်ချုပ်ထံ တိုးဝင်သွားပြန်သည်။

ဟွမ်ပေါ့ထန်း ပစ်လိုက်သည့် မည်သည့်ကျောက်တုံးကမျှ ဝမ်ချောင်ကို မခြိမ်းခြောက်နိုင်ခဲ့ချေ။

“သေစမ်း”

ဒေါသထွက်သွားသော ဟွမ်ပေါ့ထန်းက လက်သီးဖြင့် ထိုးလိုက်ပြီးနောက် ဝမ်ချောင်က ပြန်လွှတ်လိုက်သည့် ကျောက်တုံးများကို ပေါက်ကွဲသွားစေခဲ့သည်။ တချိန်ထဲတွင်ပင် ဝူရှန်းရွာက ဒီလိုအခြေအနေမျိုးကို မကြုံတွေ့ဖူးချေ။

“ငါမင်းကိုတကယ် အထင်သေးလိုက်မိတယ်။ ဒီလိုအသေးစားသိုင်းက မင်းကို ရင်ဆိုင်ဖို့ အသုံးမဝင်ဘူး။ ဒါပေမဲ့ မင်းကငါ့ကို ဒီလိုနဲ့ လာစိန်မခေါ်သင့်ဘူး။ ငါကဒီနေရာကို စောင့်ကြပ်နေတာ ကြာလှပြီ။ ဘယ်ကောင်ကမှ ငါ့ရှေ့မှာ ဒီလိုမလုပ်ရဲဘူး။ အခုတော့ တန်ကြေးကို ပေးဆပ်ဖို့ပြင်ထား”

ထိုသို့ အော်ဟစ်လိုက်သည့်အသံ ထွက်ပေါ်လာပြီးနောက် မြေကမာ္ဘက တသိမ့်သိမ့် တုန်လာသည်။ ကြီးမားသော ကျောက်တုံးဗိုလ်ချုပ်၏ ကိုယ်ကြီးက အောက်သို့ ကုန်းလိုက်ပြီးနောက် လက်ငါးချောင်းလုံးဖြင့် မြေပြင်ကို ထိုးစိုက်လိုက်သည်။ ပြင်းထန်သည့် ဆွဲအားနှင့်အတူ ထိုကျောက်တုံးဗိုလ်ချုပ်ကြီးက မြေကြီးထဲမှ ကြီးမားသော ကျောက်တုံးလှံကြီး တစ်လက်ကို ဆွဲထုတ်လိုက်သည်။ လှံက မီတာငါးဆယ်ကျော် ရှည်ပြီး ပန်းကန်လုံး တစ်လုံးစာမျှ ထူသည်။

All Chapters