← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း ၁၃၁ - သိုင်းလောက၏ အခြေအနေများ ပြောင်းလဲတော့မည်

ကောင်းကင်သတ်ဓား ကျိုးသွားခဲ့ပြီ။

လင်ယန်ရွှယ်၏ အတွင်းအားကြောင့် အော်မေ့ဂိုဏ်း၏ အဖိုးတန်ရတနာမှာ အဖတ်ဆယ်မရအောင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရ၏။

ဓားမှာ အပိုင်းပိုင်းပြတ်သွားပြီး ပြန်လည်ပြုပြင်၍ မရနိုင်တော့ပေ။

အော်မေ့ ဂိုဏ်းချုပ်မှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။

သူတို့ဂိုဏ်း၏ အဖိုးတန်ဆုံး အမွေအနှစ်မှာ ယခုလိုပင် ဆုံးရှုံးသွားရလေပြီ။

ဤသည်မှာ သူမအား အော်မေ့ဂိုဏ်း၏ အပြစ်သားတစ်ဦးကဲ့သို့ ဖြစ်သွားစေခြင်းပင် မဟုတ်ပါလား။

"မိစ္ဆာမ...နင့်ကို ငါသတ်မယ်"

အော်မေ့ဂိုဏ်းချုပ် မှာ မိမိကိုယ်ကို ဂိုဏ်း၏ အပြစ်သားဟု ခံယူကာ ရူးသွပ်စွာဖြင့် လင်ယန်ရွှယ်ထံသို့ ပြေးဝင်တိုက်ခိုက်တော့သည်။

"သေတွင်းရှာနေတာပဲ"

လင်ယန်ရွှယ်က လှောင်ပြောင်လိုက်ပြီး လက်သီးကို အသာအယာ ဆုပ်လိုက်၏။

တစ်ဖက်လူမှာ ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားလေသည်။

"နယ်ပယ်"

ကျဲ့ခုန်းမှာ ထိတ်လန့်သွားလေ၏။

ပထမအဆင့်ကို ကျော်လွန်သွားပြီးနောက် နယ်ပယ်ကို အသုံးပြုနိုင်ခြင်း ဖြစ်၏။

၎င်းမှာ အဆင့်နှစ်ခုကြားရှိ အဓိကကွာခြားချက်ပင်။

ထိုအစွမ်းသည် သာမန်သိုင်းသမားများအတွက် မယှဉ်သာသော အရာဖြစ်၏။

နယ်ပယ်တစ်ခုကို ကျွမ်းကျင်သွားပါက ထိုနယ်ပယ်အတွင်း အသုံးပြုသူမှာ အနိုင်မတိုက်နိုင်သော အရှင်သခင် ဖြစ်လာသည်။

လင်ယန်ရွှယ်သည် အော်မေ့ဂိုဏ်းချုပ် ထံသို့ အေးအေးလူလူ လျှောက်သွားလိုက်၏။

သူမ၏ နယ်ပယ်အတွင်း၌ အော်မေ့ဂိုဏ်းချုပ်မှာ လက်တစ်ချောင်းပင် မလှုပ်နိုင်တော့ပေ။

သူမကို သတ်ရန်မှာ လက်ဖျောက်တစ်ချက်တီးသလောက်ပင် လွယ်ကူနေသကဲ့သို့။

"လျိုဟွမ်းယင်က ဟယ်ဟွမ်းဂိုဏ်းရဲ့ ထောင်ထဲမှာ နေ့တိုင်း နှိပ်စက်ခံနေရတာ"

"သူမရဲ့ ဆရာတစ်ယောက်အနေနဲ့ သူမ ဘယ်လောက် သနားဖို့ကောင်းလဲဆိုတာ နင် စဉ်းစားဖူးရဲ့လား"

လင်ယန်ရွှယ်က ယုတ်မာသော အပြုံးဖြင့် ပြုံးလိုက်သည်။

လူတစ်ယောက်ကို သတ်မည်ဆိုလျှင် သူတို့၏ စိတ်ဓာတ်ကို အရင်ဆုံး ဖျက်ဆီးရမည်။

သူမသည် လင်ချွမ်မဟုတ်သကဲ့သို့ သူတော်စင်ဂိုဏ်းဝင်များ သူမအပေါ် မည်သို့မြင်သည်ကိုလည်း ဂရုမစိုက်ပေ။

သူမသည် အော်မေ့ဂိုဏ်းချုပ်ကို နှိပ်စက်ချင်ပါက သတ်လိုက်ရုံဖြင့် အလိုရှိသော ရလဒ်ကို ရမည်မဟုတ်ပေ။ မသေဆုံးမီ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကို ဘာကြောင့် မခံစားစေရမည်နည်း။

လျိုဟွမ်းယင်၏ ဒုက္ခသည် အော်မေ့ဂိုဏ်းချုပ်အတွက် ရင်ကွဲနာကျစရာ အရင်းအမြစ်ပင်။

စကားမပြောနိုင်ရှာသော အော်မေ့ဂိုဏ်းချုပ်မှာ သူမ၏သွားများကို ကြိတ်ထားလွန်း၍ အမှုန့်များ

ဖြစ်မတတ်ပင်။

သူမ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး သွေးကြောများဖြင့် နီမြန်းကာ လင်ယန်ရွှယ်ကို စိုက်ကြည့်နေ၏။

သူမသာ လွတ်မြောက်သွားပါက တွန့်ဆုတ်မနေဘဲ လင်ယန်ရွှယ်ကို ပြေးတိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သို့သော် ကံဆိုးစွာပင် အင်အားကွာခြားချက်က ကြီးမားလွန်းနေသည်။

ထိုနယ်ပယ်အတွင်း သူမတွင် ပြန်လည်ခုခံနိုင်စွမ်း မရှိချေ။

"ကောင်းပြီလေ...နင်တို့နှစ်ယောက်ကြားမှာ သံယောဇဉ် ဒီလောက်ကြီးနေမှတော့ မင်းတို့နှစ်ယောက် ငရဲပြည်မှာ ပြန်ဆုံနိုင်အောင် ငါ ခွင့်ပြုပေးပါ့မယ်"

ပြောပြီးသည်နှင့် လင်ယန်ရွှယ်သည် အော်မေ့ဂိုဏ်းချုပ်၏ လည်ပင်းကို ကရုဏာ ကင်းမဲ့စွာ ဆုပ်ကိုင်လိုက်သည်။

အားအနည်းငယ် ထည့်လိုက်ရုံဖြင့် လူတစ်ယောက်၏ လည်ပင်းကို အလွယ်တကူ ကျိုးသွားစေနိုင်၏။

"ရပ်လိုက်စမ်း"

ကျဲ့ခုန်း၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

သူသည် လင်ယန်ရွှယ်ကို အလွန်သတိထားလျက် တည်ကြည်သော အမူအရာဖြင့် ကြည့်နေ၏။

သို့သော် လင်ယန်ရွှယ်ကမူ ဂရုမစိုက်သည့်အသွင် ရှိနေဆဲပင်။

သို့သော်လည်း အော်မေ့ဂိုဏ်းချုပ်ကို သတ်တော့မည့် သူမ၏လက်မှာ အနည်းငယ် လျော့သွားခဲ့သည်။

"ကျဲ့ခုန်း... အကြီးအကဲ ယဲ့ဝူရှဲ့ နဲ့ နင့်ကြားက ရန်ငြိုးတောင် မပြေလည်သေးဘူး၊ အခု ပြဿနာအသစ် ထပ်ရှာချင်နေတာလား"

လင်ယန်ရွှယ်က တစ်ခုခုကို အရိပ်အမြွက် ပြောလိုက်သလို လှောင်ပြောင်လိုက်သည်။

သူမသည် ဂုဏ်သရေရှိသူများ သူမကို ဘယ်လိုမြင်သည်ကို ဂရုမစိုက်သော်လည်း လင်ချွမ်နှင့် ပတ်သက်၍ သူတို့ မစွန့်စားဝံ့ကြပေ။

ယနေ့တွင် လင်ချွမ်သည် ဝူတန်တောင်ပေါ်တွင် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြသခဲ့ပြီးပြီ ဖြစ်၏။

လင်ဖန်သည် လင်ချွမ် ဖြစ်နေသည်ဟူသော လျှို့ဝှက်ချက်မှာ ဖုံးကွယ်ထား၍ မရတော့ပေ။

ကျဲ့ခုန်းသည် ဤအကြောင်းကို ရှင်းရှင်းလင်းလင်း သိထားသော်လည်း လူသိရှင်ကြား ထုတ်ပြောသင့် မပြောသင့် ဝေခွဲမရဖြစ်နေသည်။

လင်ယန်ရွှယ်သည် ကျဲ့ခုန်း မလုပ်ရဲမှန်း သိသော်လည်း လုံးဝကြီးတော့ စိတ်မချနိုင်ပေ။

အဆုံးစွန်ထိ ပိတ်မိသွားသော ခွေးသည် တံတိုင်းကို ကျော်တက်တတ်သည် မဟုတ်ပါလား။

"သခင်လေးလင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ငါ မဆွေးနွေးဘဲ နေနိုင်ပါတယ်"

"ဒါပေမဲ့ အော်မေ့ဂိုဏ်းချုပ်ကို ကယ်ဖို့အတွက်ဆိုရင်တော့ ဒီကိုယ်တော်က ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး"

"အဆိုးဆုံးကတော့ ငါတို့ အသေအလဲ တိုက်ကြရမှာပဲ"

"အားလုံးက သခင်လေးလင်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်"

ကျဲ့ခုန်း ဤစကားကို ပြောလိုက်သောအခါ သူ၏ အမူအရာမှာ အလွန် မတည်မငြိမ် ဖြစ်နေ၏။

သူ၏ မျက်လုံးများပင် ဟိုဟိုဒီဒီ ပျာယာခတ်နေလေသည်။

သူသည် လင်ချွမ်ကို စိတ်ဆိုးအောင် လုပ်မိမည်ကို ကြောက်ရွံ့နေခြင်းပင်။

ထိုသို့ဖြစ်ပါက အလယ်ပိုင်းဒေသရှိ သိုင်းလောကလောကတစ်ခုလုံး ဒုက္ခရောက်ပေလိမ့်မည်။

အဆိုးရွားဆုံး အကျိုးဆက်မှာ လင်ချွမ်ကို နတ်ဆိုးဂိုဏ်း လက်ထဲ ထိုးအပ်လိုက်သလို ဖြစ်သွားမည်ကို ကျဲ့ခုန်း မလိုလားပေ။

""အော်မေ့ဂိုဏ်းချုပ်ကို လွှတ်ပေးပါ"

"ငါတို့ သူတော်စင်ဂိုဏ်းတွေ မင်းတို့ကို ထပ်ပြီး လိုက်မတိုက်တော့ဘူးလို့ ငါ ကတိပေးတယ်"

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျဲ့ခုန်းသည် နောက်ဆုံးတွင် အလျော့ပေးလိုက်ရသည်။

အမှန်စင်စစ် သူသည် နတ်ဆိုးဂိုဏ်းကို လွှတ်ပေးလိုက်ရသည့် အခြားအကြောင်းရင်းတစ်ခု ရှိနေသေး၏။

၎င်းမှာ ယဲ့ဝူရှဲ့ (Ye Wuxie) ကြောင့်ပင်။

ရှောင်လင်ကျောင်းသည် နန်းတွင်းနှင့် ပူးပေါင်းကာ ယဲ့ဝူရှဲ့ကို အကျဉ်းချထားခဲ့သည်။

ထို့ပြင် ယခင်မင်းဆက်၏ ရတနာများကို တွေ့ရှိပြီးနောက် နှုတ်ပိတ်၊ သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

ဤသည်မှာ ရှောင်လင်ကျောင်း၏ ကရုဏာတရား အခြေခံမူနှင့် လုံးဝဆန့်ကျင်နေလျက်။

ဤကိစ္စသာ လူသိရှင်ကြား ဖြစ်သွားပါက ရှောင်လင်ကျောင်းအတွက် ထိခိုက်ပေလိမ့်မည်။

ယဲ့ဝူရှဲ့ စကားမပြောမီ ဤကပ်ဆိုးများကို အမြန်မောင်းထုတ်ရန် လိုအပ်သည်။

ရန်ငြိုးများကိုမူ နောက်မှသာ ရှင်းကြရမည်။

"ဟား ဟား"

"ကျဲ့ခုန်း... နင် ဘာတွေးနေလဲဆိုတာ ငါ အတိအကျ သိတယ်"

"ငါ့ရဲ့ နတ်ဆိုးဂိုဏ်းက သူတော်စင်ဂိုဏ်းတွေကို ကြောက်နေတယ်လို့ မထင်နဲ့"

"အချိန်အခါ မသင့်သေးလို့ပဲ...နောက်မှ ပြန်ဆုံကြသေးတာပေါ့"

လင်ယန်ရွှယ်က နှာခေါင်းရှုံ့လိုက်ပြီး အော်မေ့ ဂိုဏ်းချုပ်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ သူမကို ပေတစ်ဆယ်ကျော် အကွာသို့ လွင့်ထွက်သွားစေသည်။

ထို့နောက် နတ်ဆိုးဂိုဏ်းဝင် အုပ်စုကြီးသည် အနောက်ဘက်ဒေသသို့ ပြန်သွားကြလေတော့၏။

သူတော်စင်ဂိုဏ်းဝင်များက လိုက်လံတိုက်ခိုက်ရန် ရည်ရွယ်သော်လည်း ရှောင်လင်တပည့်များက တားဆီးထားလိုက်သည်။

လူအများမှာ ဤအပေါ်တွင် အလွန်မကျေမနပ် ဖြစ်ကြသော်လည်း ကျဲ့ခုန်းကမူ များများစားစား ရှင်းမပြခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် လင်ယန်ရွှယ်၏ လက်ဝါးရိုက်ချက်ကြောင့် အော်မေ့ဂိုဏ်းချုပ်မှာ သတိလစ်သွားခဲ့သည်။

မဟုတ်ပါက ထိုနှစ်ဦးကြားရှိ ရန်ငြိုးများကြောင့် အော်မေ့ဂိုဏ်းမှာ လက်တုံ့ပြန်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

"ဟူး"

"အခြေအနေတွေ ဒီလိုဖြစ်လာတော့ ဒီဘုန်းကြီးကြီး သခင်ကျန်း ကို ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ဘူး"

ကျဲ့ခုန်း ခေါင်းခါလိုက်သည်။

ထို့နောက် သူသည် ရှောင်လင်ဘုန်းကြီးများကို ဝူတန်သို့ ပြန်လည်ဦးဆောင်သွားတော့၏။

ဤအချိန်တွင် ဝူတန်ဂိုဏ်းမှာ အလောင်းများကို ရှင်းလင်းရန် အလုပ်ရှုပ်နေကြသည်။

ဓမ္မနှင့် အဓမ္မ တိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့၏။

အလယ်ပိုင်းဒေသရှိ သူတော်စင်ဂိုဏ်းများတွင် အကျအဆုံးများသကဲ့သို့ အနောက်ဘက်ဒေသရှိ နတ်ဆိုးဂိုဏ်းမှာလည်း ထပ်တူပင် ဆုံးရှုံးမှုကြီးမားခဲ့သည်။

ဝူတန်တပည့်များစွာလည်း ဒဏ်ရာရရှိခဲ့ကြသည်။

ကံကောင်းထောက်မစွာ လင်ချွမ် အချိန်မီ ဝင်ရောက်စွက်ဖက်ခဲ့သောကြောင့် ဤတိုက်ပွဲကြီး ပြီးဆုံးသွားခြင်း ဖြစ်လေ၏။

လင်ချွမ်အပြင် ဝူတန်ဂိုဏ်းအတွင်း ကျဲ့ခုန်းကို ဝူတန်သို့ ပြန်လာစေရန် ဖိအားပေးခဲ့သည့် နောက်ထပ်အုပ်စုတစ်ခု ရှိသေးသည်။

ထိုသူများမှာ ရှုတောင်မှ တပည့်များ ဖြစ်ကြသည်။

ကိုယ်ခံပညာလောကတွင် အလျှို့ဝှက်ဆုံးနှင့် အင်အားအကြီးဆုံးဟု အများက အသိအမှတ်ပြုထားသော ရှုတောင်ဂိုဏ်းသည် ကိုယ်ခံပညာရှင်များစွာ အားကျရသည့် သူတော်စင် ဂိုဏ်းတစ်ခု ဖြစ်သည်။

သို့သော် ဂိုဏ်းချုပ်ရီချန်း ကိုယ်တိုင် ရှုတောင်တပည့်များကို ဝူတန်သို့ ခေါ်ဆောင်လာခဲ့သည်ကို မည်သူသိနိုင်မည်နည်း။

လင်ချွမ်ကို ကူညီရန်အတွက် သီးသန့်လာခြင်းလား။

၎င်းမှာ အလွန်ပင် အံ့အားသင့်စရာ ကောင်းလှသည်။

ဤသည်မှာ လင်ချွမ်သည် ရှုတောင်ဂိုဏ်းတွင်လည်း သြဇာညောင်းကြောင်း ပြသနေခြင်းပင်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် နတ်ဆိုးဂိုဏ်းကြီး ၆ ဂိုဏ်း ဝူတန်တောင်ကို ဝိုင်းရံပိတ်ဆို့မှု၌ လင်ချွမ်၏ ကျော်ကြားမှုသည် သိုင်းလောကကို တုန်လှုပ်စေမည်မှာ အမှန် ဖြစ်သည်။

သူ၏ ကျော်ကြားမှုမှာ ထိုအချိန်က မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်အောင်ပင်။

"ဂိုဏ်းအသီးသီးက မိတ်ဆွေတွေ ငါတို့ ဝူတန်ဂိုဏ်းကို မိစ္ဆာတွေရန်ကနေ ကာကွယ်ဖို့ လာရောက်ကူညီကြတာကို အထူးပဲ ကျေးဇူးတင်ပါတယ်"

"ဝူတန်ဂိုဏ်း တည်ငြိမ်သွားပြီဆိုတာနဲ့ ငါကိုယ်တိုင် မင်းတို့ဆီလာပြီး ကျေးဇူးတင်စကား ပြောပါ့မယ်"

ဂိုဏ်းချုပ်က လူအားလုံးကို စုဝေးပြီးနောက် ယဉ်ကျေးပျူငှာသော စကားအချို့ ပြောကြားခဲ့သည်။

ကျဲ့ခုန်းနှင့် အခြားသူများကလည်း ခေါင်းညိတ်လက်ခံကြသော်လည်း သူတို့၏ မျက်နှာများတွင် အောက်ကျို့သော အပြုံးများ ရှိနေကြ၏။

သူတို့၏ အကြည့်များမှာ ဂိုဏ်းချုပ်ထံတွင် တစ်စက္ကန့်မျှပင် မရှိဘဲ လင်ချွမ်နှင့် ဂိုဏ်းချုပ်ရီချန်းထံသို့သာ စိုက်ကြည့်နေကြသည်။

ဤအခိုက်အတန့်တွင် လင်ချွမ်မှာ ပျင်းရိပျင်းတွဲ အမူအရာ ရှိနေဆဲပင်။

သူသည် တောင်အောက်တွင် နွားကျောင်းနေစဉ်ကကဲ့သို့ပင် အေးအေးလူလူ ရှိနေ၏။

ဤဓမ္မနှင့် အဓမ္မ တိုက်ပွဲကြီးမှာ သူ့အပေါ် မည်သည့် သက်ရောက်မှုမှ ရှိပုံမရချေ။

ကျဲ့ခုန်းနှင့် မျက်လုံးချင်းဆုံသည့်တိုင် သူသည်အနည်းငယ်မျှပင် စိုးရိမ်တုန်လှုပ်ခြင်း မရှိပေ။

ဤသည်မှာ ကျဲ့ခုန်းကို ပို၍ပင် စိတ်မသက်မသာ ဖြစ်စေ၏။

"သူက ဒီကိုယ်တော် သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ဖွင့်ချမှာကို တကယ်ပဲ မကြောက်ဘူးလား"

ကျဲ့ခုန်းက မိမိကိုယ်ကိုယ် စိုးရိမ်တကြီး ရေရွတ်လိုက်သည်။

မူလက သူသည် ဤအခြေအနေကို အခွင့်ကောင်းယူရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုအကြံကို ချက်ချင်းစွန့်လွှတ်လိုက်ရ၏။

အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦးကို ဆန့်ကျင်ရန်မှာ သူ သေချင်ဇော တက်နေ၍သာ ဖြစ်ပေလိမ့်မည်။

"ဒါနဲ့ ဂိုဏ်းချုပ်ရီချန်းရဲ့ အကူအညီအတွက်လည်း ကျေးဇူးတင်ရပါဦးမယ်"

"ရှုတောင်က သွားလာရ အရမ်းခက်ခဲလွန်းလို့ ကျေးဇူးတင်စကားပြောဖို့ လူကိုယ်တိုင် လာနိုင်ပါ့မလား မသေချာဘူး"

"အခွင့်အရေးရရင်တော့ လင်ချွမ်ကို ရှုတောင်ဂိုဏ်းဆီ မကြာခဏ အလည်သွားခိုင်းရမယ်"

ဂိုဏ်းချုပ်က ပြုံးလျက် ပြောလိုက်သည်။

လင်ချွမ်အကြောင်း ပြောမိသည်နှင့် သူ အလွန်ပျော်ရွှင်သွားသည်။

သာမန်နွားကျောင်းသားတစ်ဦးမှာ ရုတ်တရက် ကသိုင်းလောကတွင် အင်အားအကြီးဆုံး ကျင့်ကြံသူ ဖြစ်လာခြင်းမှာ ကောင်းကင်မှ ရွှေမိုးရွာကျလာသကဲ့သို့ပင်။

ယခုမှစ၍ ဝူတန်ဂိုဏ်းကို မည်သူက အထင်သေးရဲတော့မည်နည်း။

အခန်း ၁၃၂ - စည်းစိမ်ဥစ္စာ နဲ့ ဂုဏ်ကျက်သရေ တွေဆိုတာ ငါ့အတွက်တော့ အသုံးမဝင်ဘူး

ဂိုဏ်းချုပ်၏ ဝါကြွားစရာမျက်နှာထားကို ကြည့်ပြီး လူတိုင်း၏စိတ်ထဲတွင် မထီမဲ့မြင်ပြုလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာကြ၏။

ထိုအဖိုးကြီးမှာ အရှိန်အဝါကြီးမားသူတစ်ဦးရှိနေသည်ကို အခွင့်ကောင်းယူကာ ဗိုလ်ကျနေခြင်းသာ။

၎င်းတို့သည် ဝူတန်၏ ဂုဏ်သတင်းကို မြှင့်တင်ရန်အတွက် နတ်ဘုရားသဖွယ် ပေါ်ထွက်လာသော တပည့်ကျော်ကို အမှီပြုနေကြခြင်းဖြစ်၏။

လွန်ခဲ့သော တစ်ရက်ခန့်ကပင် လင်ချွမ်သည် ဝူတန်ဂိုဏ်းရှိ သာမန်နွားကျောင်းသားလေးတစ်ဦးမျှသာ ဖြစ်ခဲ့သည်။

ယခုမူ ရုတ်တရက်ဆိုသလို နံပါတ်တစ် သိုင်းပညာရှင်ကြီး ဖြစ်လာခဲ့လေပြီ။

ရှုရှန်းဂိုဏ်းကပင် သူ့အား မျက်နှာသာပေးရန် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ကြ၏။

ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးမျိုးကို မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့် ကျင့်ကြံသူကမျှ အိမ်မက်ပင် မမက်ရဲခဲ့ကြပေ။

ဂိုဏ်းချုပ်ကြီးမှာ အိပ်ပျော်နေစဉ်ပင် ပြုံးနေမည်မှာ အသေအချာပင်။

"သခင်လေးလင်... ကျုပ် နားမလည်တာလေးတစ်ခုရှိလို့ပါ"

"ဒါကို သီးသန့် မေးမြန်းခွင့်ပြုမလား"

ကျဲ့ခုန်း၏ မျက်လုံးများတွင် သတိထားရိပ်များ မြင်နေရသည်။

ရှောင်လင်ကျောင်းတော် အနေဖြင့် လင်ချွမ်ကဲ့သို့ အစွမ်းထက်သူတစ်ဦးကို အငြိုးမထားဝံ့ပေ။

သို့သော် ရှောင်လင်သည် ထင်သလောက် မရိုးရှင်းတော့ချေ။

သူ့နောက်ကွယ်တွင် နန်းတွင်း၏ ထောက်ပံ့မှုရှိနေသည်။

ဓမ္မနှင့် အဓမ္မတိုက်ပွဲကို လင်ချွမ်တစ်ဦးတည်းက နှိမ်နင်းခဲ့သဖြင့် ဤကိစ္စကို နန်းတွင်းနှင့် ကျန်းဟယ် တို့ဘက်သို့ ရှင်းပြရန် ခက်ခဲသွားပေပြီ။

သိုင်းလောကသည် မူလက မျှခြေတစ်ခုတွင် ရှိနေခဲ့သော်လည်း လင်ချွမ် ပေါ်လာခြင်းက ထိုမျှခြေကို အလုံးစုံ ပျက်ပြားသွားစေခဲ့၏။

ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုးသည် ဘက်လိုက်မှုရှိပါက သိုင်းလောကသာမက နန်းတွင်းအတွက်ပါ ဒုက္ခအကြီးအကျယ် ရောက်စေနိုင်သည်။

ထို့ကြောင့် ကျဲ့ခုန်းသည် လင်ချွမ်ကို ကြောက်ရွံ့သော်လည်း သူ၏ သဘောထားကိုမူ ကိုယ်တိုင် မေးမြန်းရမည်သာ ဖြစ်သည်။

"ဟမ့်"

"ကျဲ့ခုန်း... မင်း ငါ့ရဲ့ ဝူတန်တပည့်ကို ဝူတန်တောင်ပေါ်မှာတင် လာပြီး စည်းရုံးဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်"

ဟု ဂိုဏ်းချုပ်က အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဂိုဏ်းအသီးသီးမှ လူများ၏ မျက်လုံးများမှာ တောက်ပသွားကြသည်။

အကယ်၍ ရှောင်လင်ကသာ စည်းရုံးခေါ်ယူနိုင်ပါက သူတို့ကရော ဘာကြောင့် မလုပ်နိုင်ရမည်နည်း။

မိမိတို့ဂိုဏ်းတွင် အဆင့်မြင့် ကျင့်ကြံသူတစ်ဦးရှိလာမည်ကို တွေးရုံနှင့်ပင် ရင်ခုန်စရာကောင်းလှသည်။

"ဟား"

"တောက်ရွှမ်မင်း အဝေးကြီး တွေးနေပြီ"

"ကျုပ်က သခင်လေးလင်နဲ့ အကြိမ်အနည်းငယ်ပဲ ဆုံဖူးသေးတာပါ၊ မေးစရာလေး အချို့ရှိလို့ပါ"

ကျဲ့ခုန်းသည် စိတ်မသက်မသာ ဖြစ်နေသော်လည်း အတင်းအကျပ် ရှင်းပြလိုက်ရ၏။

လင်ချွမ်၏ အခြားအမည်မှာ လင်ဖန် ဖြစ်သည်ဟု လူအများရှေ့တွင် သူ မပြောဝံ့ပေ။

သူ စကားမဆုံးခင်မှာပင် လင်ချွမ်က သူ့ကို ရိုက်သတ်လိုက်မည်ကို စိုးရိမ်နေမိသည်။

"ကောင်းပြီ"

ယခုအချိန်အထိ စကားမပြောခဲ့သော လင်ချွမ်က ခေါင်းညိတ်သဘောတူလိုက်သည်။

ဂိုဏ်းချုပ်နှင့် လင်ရှောင် တို့မှာ ချက်ချင်းပင် စိုးရိမ်သွားကြသည်။

လင်ချွမ်ကို ကျဲ့ခုန်းက စည်းရုံးသွားမည်ကို စိုးရိမ်သော်လည်း ဗြောင်ကျကျမူ မပြောရဲကြပေ။

"ကျွန်တော်က ဝူတန်တပည့်အဖြစ်ပဲ ရှိနေဦးမှာပါ"

လင်ချွမ်က တည်ငြိမ်စွာ ပြောလိုက်သဖြင့် ဝူတန်တပည့်များ စိတ်အေးသွားကြသည်။

ထို့နောက် သူသည် ရှေ့မှ ထွက်ခွာသွားပြီး ကျဲ့ခုန်းကို လူသူကင်းဝေးရာသို့ ခေါ်ဆောင်သွားခဲ့၏။

"အောမိသောဖော"

ကျဲ့ခုန်းသည် လက်အုပ်ချီကာ သက်ပြင်းချလိုက်၏။

လင်ချွမ်က သူ့အား သီးသန့်တွေ့ရန် သဘောတူလိမ့်မည်ဟု သူ မျှော်လင့်ထားပြီးသားပင်။

သို့သော် လင်ချွမ်ကို လှည့်ကြည့်လိုက်သောအခါ...

ထိုတည်ငြိမ်လွန်းသော မျက်နှာထားကြောင့် ကျဲ့ခုန်း ခဏမျှ တုံ့ဆိုင်းသွားသည်။

"ခင်ဗျားက လင်ဖန်ရဲ့ အမှတ်အသားကို သုံးပြီး ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာဆိုရင်တော့ အမောမခံပါနဲ့လို့ အကြံပေးပါရစေ"

လင်ချွမ်က အေးစက်စွာ ဆိုသည်

သူသည် ကျဲ့ခုန်း၏ ရည်ရွယ်ချက်ကို သိရှိပြီးသား ဖြစ်နေသည်။

"သခင်လေးလင်... အထင်လွဲနေပါပြီ"

ကျဲ့ခုန်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။

သို့သော် ဤကိစ္စကို ယခု မရှင်းလင်းပါက သူသည် နန်းတွင်းသို့ အကြောင်းစုံ ပြန်လည်ရှင်းပြနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"သခင်လေးလင်ရဲ့ ကျင့်စဉ်အဆင့်က သိုင်းလောကမှာ ထိပ်တန်းရောက်နေပါပြီ"

"ဝူတန်ဂိုဏ်းလေးထဲမှာပဲ အောင်းနေတာက ပါရမီတွေကို ဖြုန်းတီးရာ ရောက်နေမှာပေါ့"

"အခု မင် မင်းဆက်က ပါရမီရှင်တွေကို အရေးတကြီး လိုအပ်နေတာပါ"

"သခင်လေးလင်သာ နန်းတွင်းကို ဝင်ရောက်မယ်ဆိုရင် ဧကန်အမှန် အောင်မြင်မှုကြီးတွေ ရမှာပါ"

"သခင်လေးလင်... စဉ်းစားကြည့်ပါဦး"

ကျဲ့ခုန်းမှာ အလွန်စိုးရိမ်နေသဖြင့် နှုတ်ခမ်းများပင် တုန်ရင်နေသည်။

သူ စကားပြောမှားပြီး လင်ချွမ်ကို စိတ်ဆိုးအောင် လုပ်မိမှာကို ကြောက်နေမိ၏။

သို့သော် လင်ချွမ်၏ မထုံတက်သေး မျက်နှာကို မြင်သောအခါမှ သူ အလွန်အမင်း တွေးပူနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

လင်ချွမ်သည် အသက် (၁၈) နှစ်သာ ရှိသေးသော်လည်း သူ၏ စိတ်နေစိတ်ထားမှာ သာမန်လူများ နားမလည်နိုင်အောင် မြင့်မားလှသည်။

သူသည် ကျင့်စဉ်သာမက စိတ်ဓာတ်ပိုင်းကိုပါ မြှင့်တင်ခဲ့သူဖြစ်လေ၏။

ချမ်းသာသောသူတစ်ဦးက မြေပြင်ပေါ်ကျနေသော အကြွေစေ့တစ်စေ့ကို အရေးမစိုက်သကဲ့သို့ လင်ချွမ်အတွက် လောကီစည်းစိမ်မှာ အရေးမပါလှပေ။

လင်ချွမ်၏ အမြင်တွင် စည်းစိမ်နှင့် ဘုန်းကျက်သရေဆိုသည်မှာ သူ့အတွက်တော့ အသုံးမဝင်သော အရာများသာ ဖြစ်သည်။

သူသာ ပိုက်ဆံလိုချင်ပါက ခရမ်းရောင်ကျောက်စိမ်းဆေးလုံး တစ်လုံးတည်းနှင့်ပင် ကာလအတန်ကြာ ဇိမ်ခံနိုင်ပေသည်။

နန်းတွင်းအတွက် အဘယ်ကြောင့် ပင်ပန်းခံ အမှုထမ်းမည်နည်း။

"သိုင်းပညာရဲ့ အထွတ်အထိပ်ဆိုတာ မြင့်မားတဲ့ အဆင့်အတန်းဆီကို အဆုံးမဲ့ လျှောက်လှမ်းခြင်းပဲ"

"ကိုယ်တော် ကျဲခုန်းက ရဟန်းတစ်ပါးဖြစ်ပါလျက်နဲ့ လောကီရေးရာတွေမှာ ဒီလောက်တောင် စွဲလမ်းနေတာလား"

"ကျဲ့ခုန်း... ခင်ဗျားအပေါ် ကျွန်တော် အရမ်းစိတ်ပျက်မိတယ်"

လင်ချွမ်က ခေါင်းခါလိုက်ပြီး ကျောက်ပြားပေါ်သို့ ခြေလှမ်းလိုက်ကာ လေထဲသို့ ပေါ့ပါးစွာ ပျံသန်းထွက်ခွာသွားသည်။

ကျဲ့ခုန်းမှာမူ အတွေးများစွာဖြင့် ကျန်ရစ်ခဲ့လေ၏။

ရှောင်းယောက် တောင်ထိပ် ကျောက်ဂူကျောင်းဆောင်အတွင်းတွင် ယင်ဟွိုက်ယွီ သည် တင်ပျဉ်ခွေထိုင်ကာ အသက်ရှူခြင်းကို ထိန်းညှိနေသည်။

နတ်ဆိုးဂိုဏ်းမှ ၆ ဦးနှင့် ရင်ဆိုင်ခဲ့စဉ်က သူ၏ အတွင်းကလီစာများ ဒဏ်ရာရရှိခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လင်ချွမ် အချိန်မီ ရောက်လာသဖြင့် အသက်ဘေးမှ လွတ်ခဲ့ခြင်းပင်။

ခရမ်းရောင်ကျောက်စိမ်းဆေးလုံး ရှိသော်လည်း ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ရန် အချိန်ယူရဦးမည်။

ခဏအကြာတွင် သူ မျက်လုံးဖွင့်လိုက်သောအခါ ဓားနတ်ဘုရား နှင့် ယွဲ့ချင်းရိုတို့မှာ သူ့ရှေ့တွင် ရှိနေကြသည်။

"ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယင်ဟွိုက်ယွီက နှစ်ဦးလုံးကို ခေါင်းညိတ်

နှုတ်ဆက်လိုက်သည်။

ဓားနတ်ဘုရားက ရယ်မောရင်း - "နတ်ဆိုးဂိုဏ်းတွေ ဆုတ်ခွာသွားပါပြီ၊ ဒီတောင်ပေါ်မှာ ဘယ်သူက မင်းကို ရန်မူရဲမှာလဲ"

"အားနာမနေပါနဲ့၊ သခင်လေးလင်လည်း မကြာခင် ပြန်ရောက်လာတော့မှာပါ"

ယွဲ့ချင်းရိုက ရွှေရောင်တောင်ထိပ်ဘက်သို့ မော့ကြည့်လိုက်သည်။

လူရိပ်နှစ်ခုမှာ ကျောက်ဂူကျောင်းဆောင်ဘက်သို့ ဆင်းသက်လာကြသည်။

၎င်းတို့မှာ လင်ချွမ်နှင့် ဂိုဏ်းချုပ် ရီချန်းတို့ ဖြစ်ကြသည်။

ယင်ဟွိုက်ယွီသည် ချက်ချင်းထရပ်ကာ ဂိုဏ်းချုပ် ရီချန်းကို ဂါရဝပြုလိုက်သည်။

"ဝူတန်တပည့် ယင်ဟွိုက်ယွီက ဂိုဏ်းချုပ်

ရီချန်းကို ဂါရဝပြုပါတယ်"

ယင်ဟွိုက်ယွီမှာ အလွန်ကျေးဇူးတင်နေမိ၏။

ရီချန်း ရောက်လာခြင်းမှာ လင်ချွမ်ကြောင့် ဖြစ်သော်လည်း၊ လောကီရေးရာများတွင် ဝင်မပါလေ့ရှိသော ရှုရှန်းဂိုဏ်းက ယခုကဲ့သို့ လာရောက်ခြင်းမှာ ဝူတန်ကို မျက်နှာသာပေးခြင်းပင် ဖြစ်သည်။

"ကိစ္စမရှိပါဘူး"

ဂိုဏ်းချုပ် ရီချန်းက လက်ကာပြရင်း ရယ်မောကာ - "သခင်လေးလင် ရှိနေတာပဲ၊ ကျုပ်က ကူညီတယ်လို့တောင် မဆိုသာပါဘူး၊ ပွဲကြည့်ရုံ လာတာပါ"

"ကျေးဇူးတင်စရာ မလိုပါဘူး...ဒါပေမဲ့ အကြံပြုချင်တာ တစ်ခုတော့ ရှိတယ်"

"ဒီတိုက်ပွဲရဲ့ နောက်ကွယ်မှာ နန်းတွင်းရှိနေတယ်"

"ဒီကိစ္စကို ခင်ဗျားတို့ သတိထားသင့်တယ်"

ထိုစကားကြောင့် ယင်ဟွိုက်ယွီနှင့် ဓားနတ်ဘုရားတို့ မျက်မှောင်ကြုတ်သွားကြသည်။

သိုင်းလောကနှင့် နန်းတွင်းသည် သီးခြားကမ္ဘာနှစ်ခုကဲ့သို့ ထင်ရသော်လည်း ခွဲခြား၍မရပေ။

နန်းတွင်းသည် သိုင်းလောက၏ ကိစ္စကြီးများတွင် ပါဝင်ပတ်သက်လေ့ရှိ၏။

ဤတိုက်ပွဲသည် သတိပေးခေါင်းလောင်းသံဖြစ်သော်လည်း အဆုံးသတ်မဟုတ်သေးပေ။

"ဂိုဏ်ချုပ်မှာ ဘယ်လိုအမြင်ရှိလဲ သိပါရစေ"

ဟု ဓားနတ်ဘုရားက မေးလိုက်သည်။

သူသည် သိုင်းသမားတစ်ဦးသာဖြစ်ပြီး နန်းတွင်းရှိ အရာရှိများကဲ့သို့ လှည့်ကွက်များကို နားမလည်ပေ။

"ဟား"

"ကျုပ်အမြင်အရတော့ ဒီကိစ္စကို သခင်လေးလင်ဆီပဲ လွှဲပေးလိုက်တာ အကောင်းဆုံးပဲ"

"ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးလင်ရဲ့ အစွမ်းနဲ့ဆိုရင် နန်းတွင်းက သူ့ကို ဘာမှမလုပ်နိုင်ပါဘူး"

"ခင်ဗျားတို့ ဘယ်လိုထင်လဲ"

ရီချန်းက လင်ချွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။

လင်ချွမ်သည် အနှေးနှင့်အမြန် နန်းတော်သို့ သွားရမည်သာ။

ထိုအခါမှသာ ဧကရာဇ်မင်းအနေဖြင့် သိုင်းလောကသားများ၏ စွမ်းအားကို သိရှိပြီး သင်ခန်းစာရသွားမည်ပင်။

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများ တောက်ပသွားကြသည်။

ဓားနတ်ဘုရားနှင့် ယွဲ့ချင်းရိုတို့မှာပင် ပါဝင်ဆင်နွှဲချင်စိတ်များ ပေါ်ပေါက်လာသည်။

လင်ချွမ်မှာမူ ဘာကိုမျှ စိတ်ဝင်စားပုံမရဘဲ ပျင်းရိပျင်းတွဲ မျက်နှာပေးဖြင့်သာ ရှိနေခဲ့သည်။

သူသည် ဤကိစ္စနှင့် မသက်ဆိုင်သော ပြင်ပလူတစ်ဦးကဲ့သို့ပင်။

All Chapters