← Chapters

အခန်း (၇၀၁-၇၀၅)

Vol. 37 Ch. 701-705

အခန်း (၇၀၁-၇၀၅)

Vol. 37 Ch. 701-705

အခန်း(၇၀၁)

ဟွမ်ပေါ့ထန်းကို အနိုင်ယူခြင်း

ထိုကျောက်တုံးလှံက ပေါ်ထွက်လာသည့် အချိန်တွင် မမြင်ရသော အားလှိုင်းတစ်ရပ်က ထိုလှံမျိုး ပုံအပြည့်အဝ ပေါ်လာအောင် အားဖြည့်ပေးနေသည်။ ကျောက်တုံး၏ အတွင်းဘက်ပိုင်းတွင် ရှိနေသည့် အရှိန်အဝါက တဖြည်းဖြည်းချင်း သိပ်သည်းလာသလို ထိုလှံက ပို၍ကြမ်းတမ်း ခိုင်မာသထက် ခိုင်မာလာသည်။ ပို၍ဆိုးသည်မှာ လှံ၏အပေါ်ယံ မျက်နှာပြင်တွင် ရှိနေသည့် ကျောက်သားများက ခပ်မြန်မြန် ပုံကြမ်းရေးဆွဲနေသလိုမျိုး ပုံရိပ်များစွာ ပေါ်ထွက်လာနေခြင်းဖြစ်သည်။

ဘုန်း

အလင်းရောင် ဖြတ်ကနဲ လက်ပြီးသည်နှင့် ကြီးမားသည့် ကျောက်တုံးလှံကြီးက ဝမ်ချောင်က ရပ်နေသော နေရာထဲသို့ ထိုးခွဲဝင်ရောက်သွားပြီး ထိုမြေကြီးတွင် ကြီးမားသည့် တွင်းကြီး ပေါ်ထွက်လာစေသည်။ အုတ်ကျိုးအုတ်ပဲ့များက လေထဲသို့ မြောက်တက်သွားချိန်တွင် လေထဲတွင် ဖုန်များက အလုံးလိုက် ပေါ်လာသည်။

“မင်းလွတ်မြောက်နိုင်မယ်ထင်လား”

ကျောက်တုံးဗိုလ်ချုပ်က မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံမျိုးဖြင့် အော်လိုက်သည်။ အသံက လေထဲတွင် ပဲ့တင်ထပ်နေသေးသည့် အချိန်တွင်ပင် သူကရှေ့သို့ ခြေလှမ်းတက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကြီးနှင့်မှမလိုက် ဖြတ်လတ်လွန်းသော အရှိန်နှုန်းဖြင့် ထိုကျောက်တုံးကိုတွန်းကာ ဝမ်ချောင်ထံ ဝင်ရောက်လာပြီး ဝမ်ချောင်ထံ လက်သီးတစ်ချက် ထိုးလိုက်သည်။

ထိုလက်သီးက မကျသေးခင် အနောက်မှ ကပ်ပါလာသည့် ပြင်းထန်သည့် ခွန်အားက လေထုကို အားလှိုင်းများ ထွက်ပေါ်လာအောင် ပို့လွှတ်လိုက်နိုင်သည်။ ထိုနည်းအားဖြင့် ကျန်းတစ်ဆယ်ကျော် ဝန်းကျင်အတွင်းရှိ နေရာတစ်ခုလုံးတွင် သွားကြိမ်းမတက် ဆူညံစူးရှသည့် အသံများက ထွက်ပေါ်လာသည်။ အရာအားလုံးက လိမ်တွန့်ရှုံ့တွပြီး ပုံပျက်ပန်းပျက် ဖြစ်သွားတော့မလို အသံမျိုးပင် ဖြစ်လာသေးခြင်းဖြစ်သည်။ ထိုကဲ့သို့သော လက်သီးမျိုးကသာ ကျဆင်းသွားခဲ့လျှင် ရလဒ်က အရိုးကျိုးပြီး ကြေမွသွားသော ခန္ဓာကိုယ်ကလွဲပြီး အခြားမရှိနိုင်ဟု အားလုံးက ယူဆမိလောက်သည်။

“ဟား ဟား ကာကွယ်စောင့်ရှောက်သူဟွမ် ခင်ဗျားရဲ့ ကျောက်တုံးဗိုလ်ချုပ်က တကယ်ကို အဆင့်မြင့်မားတဲ့ အဆင့်တစ်ခုထိ ရောက်ရှိနေပြီပဲ။ ဒါပေမဲ့ ကံဆိုးတာက ခင်ဗျားက နည်းနည်း အားဖြည့်ဖို့ လိုအပ်နေသေးတယ်”

ဝမ်ချောင်၏ ပထမစကားက သဘောတကျ ရယ်သံပါပြီး နောက်ပိုင်းစကားကမူ အေးစက်ကာ တင်းမာသွားသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်း ကြည့်နေကြသည့် မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အကြည့်အောက်တွင် ပြုံးနေသော ဝမ်ချောင်က ဟွမ်ပေါ့ထန်း၏ တိုက်ကွက်ကို ခပ်အေးအေး ရှောင်ရှားလိုက်သည်။ သူက အဝတ်ကို လေတွင် တဖြတ်ဖြတ် လွင့်နေစေလျှက် အသာအယာ ရှောင်ရှားနေခြင်းဖြစ်သည်။

ထို့နောက် တခဏတွင် ဝမ်ချောင်က ရုတ်တရက် ညာခြေထောက်ကို ပြောင်းကာ ခြေဖျားထောက်လိုက်ပြီး တဖန်ပြောင်းကာ ဆန့်ထုတ်လိုက်လျှက် ကျောက်တုံးဗိုလ်ချုပ်၏ ထိုညာလက်သီးပေါ် ဆောင့်နင်းလိုက်သည်။

ဘုန်း

ရိုးရှင်းသော ခြေဖျားထိပ်လေးကတင် အလေးချိန် သောင်းကျော် သယ်ဆောင်ထားသည်။ ကျောက်တုံးဗိုလ်ချုပ်၏ ညာလက်သီးက ပြင်းထန်လွန်းသောအားကြောင့် အောက်သို့ နိမ့်ချခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဖုန်အလုံးလိုက် မြောက်တက်လာစေပြန်သည်။

ကြည့်နေကြသော ဝူရှန်းရွာသားတိုင်းက မှင်သက်သွားသည်။ ဟွမ်ပေါ့ထန်းက ဝူရှန်း၏ အပြင်ဘက်ပိုင်းမှ ကာကွယ်စောင့်ရှောက်သူတစ်ယောက် ဖြစ်သလို သူ၏အင်အားကို သူတို့ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးပြီးသားဖြစ်သည်။ မည်သူကမျှလည်း ဝူရှန်း၏ ရွာအတွင်းသို့ မထိုးဖောက်နိုင်ခဲ့ကြသလို သူတို့ထဲက လူအများစုက ဟွမ်ပေါ့ထန်း၏ တားမြစ်ခြင်းအား ခံခဲ့ရပြီးသားဖြစ်သည်။ ထို့ကြောင့် ဒီနေရာတွင် ရောက်ရှိနေကြသော မည်သူကမျှ ဟွမ်ပေါ့ထန်း၏ ညာလက်ကို တစ်ချက်တည်းဖြင့် အောက်သို့ မဆွဲချနိုင်ခဲ့ချေ။

“အသုံးမဝင်ဘူး ဒီနေရာမှာ မင်းကငါ့ကို မယှဉ်နိုင်ဘူး”

ဟွမ်ပေါ့ထန်း၏ အသံက အေးစက်ကာ လေးလံနေသည်။ သူ၏ လက်မောင်းတစ်ဖက်က အောက်သို့ ဆွဲချခံလိုက်ရသည့်တိုင်အောင် သူက ကျောက်တုံးကြီးလို တည်ငြိမ်နေသေးသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံမျိုးနှင့်အတူ ဝမ်ချောင်က သူ၏ညာဘက်လက်ကို အောက်သို့ ဆွဲချခံလိုက်ရသည့် တခဏတွင် ကျောက်တုံးဗိုလ်ချုပ်ကြီးက ဘယ်ဘက်လက်ဖြင့် ကိုင်ထားသည့်လှံကို မြှောက်လိုက်ပြီးနောက် တစ်စက္ကန့်ခန့် မြန်ဆန်သော အရှိန်နှုန်းဖြင့် ထိုးသွင်းလိုက်သည်။ တချိန်ထဲတွင်ပင် ကွဲအက်သံများက ထွက်ပေါ်လာသည်။ မြေကြီးထဲမှ မရေမတွက်နိုင်သော ကျောက်တုံးပေါင်း မြောက်များစွာက ဟွမ်ပေါ့ထန်း၏ ညာပုခုံးပေါ်သို့ လွင့်ပျံသွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း နောက်ထပ် ကျောက်တုံး ညာဘက်လက်က ထွက်ပေါ်လာသည်။ ဒါက ပထမလက်မောင်းကြီးနှင့် တထေရာထဲတူသည်။ ပုံပန်းသွင်ပြင်ကလည်း အတူတူသာလျှင်ဖြစ်သည်။

ဝုန်း

လက်ငါးချောင်းက အသက်ဝင်လာသလို ဖြစ်လာပြီးနောက် လက်သီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝမ်ချောင်ထံ တိုးဝင်သွားသည်။

ဝုန်း ဝုန်း ဝုန်း

ဟွမ်ပေါ့ထန်းက အလွန်ဒေါသထွက်နေသည်။ သူ၏ လက်သီးက လှံတံနှင့် ပူးပေါင်းလျှက် ဝမ်ချောင်ကို ဒေါသတကြီး တိုက်ခိုက်နေသည်။ ကျန်းရာပေါင်းများစွာ အတောအတွင်းရှိ အရာအားလုံးက သူ၏တိုက်ကွက်အောက်သို့ ရောက်သွားသည်။ ဟွမ်ပေါ့ထန်း၏ လက်သီးတစ်ခုချင်းစီတိုင်းက ကျင်းထောင်ပေါင်းများစွာ လေးလံသည်။ သံမဏိများကပင် ထိုလက်သီးချက်များအောက်တွင် အက်ကွဲသွားနိုင်လေရာ အသွေးအသားနှင့် ခန္ဓာကိုယ်ဆိုလျှင် ပိုဆိုးသည်။ ပို၍ ကြောက်စရာကောင်းသော အချက်က ကျောက်တုံးဗိုလ်ချုပ်၏ ပုံမှန်မဟုတ်လောက်အောင် မြန်ဆန်သည့် အရှိန်နှုန်း ဖြစ်နေသည်။ သူ၏ ထိုမျှမြန်ဆန်သော အရှိန်အဟုန်တို့ကြောင့် ပြိုင်ဘက်ကိုပင် မျက်နှာ ဖြူစုတ်စေလောက်သည်။

“မင်းဘယ်လို ရှောင်မလဲ ငါကြည့်မယ်”

ဟွမ်ပေါ့ထန်းက လှောင်ရယ် ရယ်သည်။ သူက ဖြတ်ကနဲ လက်ပြီးသည်နှင့် ညာဘက်လက်က နောက်ထပ် မီတာငါးဆယ်ကျော် ရှည်သော လှံတစ်ချောင်းကို မြေကြီးထဲမှ ထုတ်လိုက်ပြန်သည်။

လှံနှစ်ချောင်းကို လွှဲယမ်းနေသည့် ကျောက်တုံးဗိုလ်ချုပ်ကြီး၏ တိုက်ကွက်၏ မြန်ဆန်မှုနှင့် ခြိမ်းခြောက်နိုင်စွမ်းအားက အဆပေါင်းများစွာ တိုးတက်သွားသည်။ ကြောက်စရာကောင်းသော ဟွမ်ပေါ့ထန်း၏ တိုက်ကွက်များက ပို၍ပင် ပြင်းထန်လာလေလေ ဝမ်ချောင်၏အသံက ပို၍ တည်ငြိမ်လာလေလေ ဖြစ်လာသည်။ သူ၏အသံက မိုးရွာသကဲ့သို့ ဆက်တိုက်ရောက်နေသည့် ထိုလှံတိုက်ကွက်များထဲတွင်ပင် တည်ငြိမ်နေသေးခြင်းဖြစ်သည်။

“ငါမရှောင်ဘူး ငါခင်ဗျားရဲ့ ကျောက်တုံးဗိုလ်ချုပ်ကို ပညာယူကြည့်မယ်။ ခင်ဗျားငါနဲ့ တိုက်ခိုက်ချင်ကတည်းက ငါကလည်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ဝမ်ချောင်က ရုတ်တရက် သူ၏အပြုအမူကို ပြောင်းလိုက်သည်။ သူက မြေပြင်ကို ခြေဖျား ဆောင့်ထောက်လိုက်ပြီးနောက် လေထဲသို့ မြှားတစ်စင်းလို ခုန်ဆင်းသွားသည်။ သူက ချက်ချင်းလိုလို ထိုလှံမိုးများကို အသာအယာ ကျော်ဖြတ်ပြီး ကျောက်တုံးဗိုလ်ချုပ်၏ ရင်ဘက်နားသို့ ရောက်သွားသည်။

“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”

ရင်ဘက်ကို လက်တစ်ဖက်ထဲဖြင့် လှမ်းဆွဲထားပြီးနောက် ဝမ်ချောင်၏ အခြားလက်တစ်ဖက်မှ လက်ချောင်းလေးများက ဆန့်ထွက်လာကာ ကျောက်တုံးဗိုလ်ချုပ်၏ ရင်ဘက်ကို ထိုးလိုက်သည်။ သူက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အသုံးပြုနေခြင်းဖြစ်သည်။ ထိုသိုင်းကို မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကိုယ်တိုင်က သင်ကြားပေးထားခြင်း ဖြစ်သည့်အလျောက် ဒီလိုအခြေအနေမျိုးတွင် စွမ်းအားကြီးမားသည့် စွမ်းအားကိုပင် ဆွဲစုပ်နိုင်စွမ်းရှိသလို စွမ်းအားကြီးမားသည့် စွမ်းအင်များကိုလည်း ပူးပေါင်းနိုင်စွမ်းအားရှိသည်။

ရှောင်ရင်ယန်သိုင်းက ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမျိုးလိုသည်။ ရှောင်ရင်ယန်ဓားကို အသုံးပြုရန် လိုအပ်သည်။ ထို့ပြင် အခြားသော အခြေအနေများလည်း လိုအပ်လောက်သေးသည်။ သို့သော် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်း သိုင်းကမူ မတူတော့ချေ။ ဝမ်ချောင်အနေနှင့် တစ်ဖက်သူ၏ စွမ်းအင်ကို စုပ်ယူရန် ပြိုင်ဘက်ကို ထိရန်ပင် မလိုအပ်ချေ။

အံ့အားသင့်နေသော အကြည့်ပေါင်း မြောက်များစွာ၏ အောက်တွင် သုံးဆယ်မီတာခန့်မြင့်သော ကျောက်တုံးဗိုလ်ချုပ်ကြီးက ရုတ်တရက် ခပ်ကြမ်းကြမ်း တိုက်ခိုက်နေရာမှ အချိန်က ရပ်တန့်လိုက်သလို အေးခဲကာ မလှုပ်ရှားနိုင်တော့ချေ။

မဖြစ်နိုင်ဘူး မင်းဘယ်လို မကောင်းဆိုးဝါးသိုင်းကို သုံးလိုက်တာလဲ။

ကျောက်တုံးဗိုလ်ချုပ်၏ ရင်ဘက်နေရာမှ အလွန်အမင်း အထိတ်တလန့် ဖြစ်နေပြီး အံ့အားတကြီး ဖြစ်နေသည့် သက်လတ်ပိုင်းလူ၏ အသံက ထွက်လာသည်။ ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးလိုက်သည်နှင့် သူ၏ကိုယ်ထဲမှ ကြယ်တာရာ စွမ်းအင်များက ချက်ချင်းလိုလို ရေစီးထွက်သလို ခန္ဓာကိုယ်ထဲမှ စီးထွက်နေခြင်းဖြစ်သည်။

ပို၍ကြောက်စရာကောင်းသည်မှာ သူက သူ၏ကိုယ်ထဲမှ ကြယ်တာရာစွမ်းအင်များကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။ ထို့ပြင်သူက ကျောက်တုံးဗိုလ်ချုပ်ထဲတွင် အချုပ်နှောင်ခံထားရကာ မည်သည့်နည်းနှင့်မျှ လှုပ်ရှား၍ မရနိုင်တော့ချေ။

ဝုန်း

မည်သူမျှ မမြင်နိုင်သော တစ်နေရာတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားသည့် ကြယ်တာရာ စွမ်းအင်တန်းများက ဝမ်ချောင်၏ ကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်နေသည်။ သူက ဟွမ်ပေါ့ထန်း၏ အတွင်းစွမ်းအားများကို လက်ခံရရှိပြီးနောက် ဝမ်ချောင်၏ လေးစားဖွယ်ကောင်းသော ခွန်အားများက တဖန် ဖောင်းကြွလာကာ သူ့ကို ပို၍မြင့်သွားစေသည်။

“မကောင်းတော့ဘူး ကာကွယ်စောင့်ရှောက်သူက ဒုက္ခရောက်နေပြီ”

“အပြင်လူက ထူးဆန်းတယ်။ အားလုံးပဲ အတူပူးပေါင်းရအောင်။ ကာကွယ်စောင့်ရှောက်သူကို ကာကွယ်ဖို့ အတူရင်ဆိုင်ကြမယ်”

.....

ဝူရှန်းရွာသားများက ဟွမ်ပေါ့ထန်းက အဖမ်းခံလိုက်ရကြောင်း မြင်သောအခါ အထိတ်တလန့်ဖြစ်သွားကြသည်။ မည်သူကမျှလည်း ဝူရှန်းရွာသို့လာပြီး ယခုလို ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ဖူးချေ။ ယခင်က မြောက်များလှစွာသော အပြင်လူများဆိုလျှင် ကာကွယ်စောင့်ရှောက်သူက ဝင်စရာပင် မလိုဘဲ သူတို့က ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် ယခုမူ ကာကွယ်စောင့်ရှောက်သူကပင် အဖမ်းခံလိုက်ရသည်။ ဒီဝူရှန်းများအတွက် ဒီလိုအခြေအနေက လက်မခံနိုင်တော့လောက်အောင် မယုံနိုင်စရာ ကောင်းလွန်းနေသည်။

“ဝင်္ကပါကို အသက်သွင်းကြ”

“သခင်လေးကိုကာကွယ်”

တချိန်ထဲတွင်ပင် ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော အစောင့်တိုင်းက လှုပ်ရှားလိုက်ကြသည်။ သူတို့က ဖြတ်ကနဲ လက်ပြီးသည်နှင့် ဝူရှန်းများက မတုန့်ပြန်ခင် ကောင်းဖုန်း၊ နျဲ့ယန်တို့က စစ်သည်တော် ငါးယောက်ကို ဦးဆောင်ပြီးနောက် ဟာကွက်မရှိသည့် ဝင်္ကပါတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုဝင်္ကပါက ဝမ်ချောင်က အနောက်တောင်ပိုင်း၏ စစ်ပွဲ ကျော်လွန်ပြီးနောက် ဖန်တီးခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်၍လည်း ရသလို ခုခံ၍လည်းရသည်။ ထို့ကြောင့် ချီတက်၍ရသလို နောက်ဆုတ်၍လည်း ရသည်။ ထိုသိုင်းကို နဂါးမြွေဝင်္ကပါသိုင်းဟုခေါ်သည်။ နဂါးမြှေဝင်္ကပါက လူအများကြီး မလိုအပ်ချေ။ ဆယ်ယောက်ဝန်းကျင်လောက် ရှိလျှင်ပင် အသေးစား ဝင်္ကပါတစ်ခု ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုဝင်္ကပါနှင့်ဆိုလျှင် မည်သူကမဆို ရှေ့သို့ အချိန်မရွေး တိုးဝင်ကာ တိုက်ခိုက်၍ရသလို နောက်ပြန်ဆုတ်ကာ ခုခံ၍လည်းရသည်။ ဝင်္ကပါထဲသို့ ဝင်္ကပါထဲရှိ လူတိုင်း၏ အင်အားများကို ပေါင်းထည့်ထားလေရာ ပုံမှန်ထက် အဆပေါင်းများစွာ သာလွန်သည့် အင်အားကို ထက်ရှသော ဓားတစ်လက်လို ထုတ်ပြနိုင်စွမ်းအား ရှိလာပေလိမ့်မည်။

ကျွမ်းကျင်ပညာရှင်ပေါင်း မြောက်များစွာ သို့မဟုတ် အဆင့်မြင့်သော ကျွမ်းကျင်ပညာရှင် တစ်ယောက်က တိုက်ခိုက်နေသော အခြေအနေမျိုးတွင်ဆိုလျှင် နဂါးမြွေဝင်္ကပါက ဒီစစ်သည်တော် တစ်အုပ်ကို သူတို့၏ အင်အားကို အဆပေါင်းများစွာ တိုးသွားပေလိမ့်မည်။

သို့သော် နဂါးမြွေဝင်္ကပါသိုင်းက အသုံးပြုသည့် စစ်သည်တော်များအတွက် လိုအပ်ချက် မြင့်သေးသည်။ စစ်သည်တော်များက အလွန်အမင်း သန်မာရမည့်အပြင် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းအား မြင့်မားရပေမည်။

ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော စစ်သည်တော်များက နဂါးမြွေ အဖွဲ့ဝင်များဖြစ်ကြပြီး လေ့ကျင့်ခဲ့ရာတွင် အကောင်းဆုံးအဆင့်ကို ပိုင်ဆိုင်ခဲ့သူများဖြစ်သည်။ သူတို့က ဝင်္ကပါကို အကောင်းဆုံး နားလည်ထားကြသည်။ ထို့ကြောင့် ဝမ်ချောင်က သူတို့ကို ခေါ်လာခဲ့ခြင်းဖြစ်သည်။

“သတ်”

ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ဝင်္ကပါကို အသက်သွင်းပြီးသည်နှင့် ဝူရှန်းရွာသားများကလည်း သူတို့ကို သတိထားမိကာ ချက်ချင်းလိုလို ခုန်ဝင်လာကြသည်။ နှစ်ဖက်လုံးက သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် တောက်ပနေကြသည်။ အချိန်မရွေး ပြင်းထန်လွန်းသည့် တိုက်ပွဲကြီးက ဖြစ်ပေါ်လာတော့မည်နှင့် တူသည်။

“ရပ်”

အသံတစ်သံက အဝေးရှိ ကောင်းကင်မှ ရွေ့လျှက်ထွက်လာသည်။ ဝမ်ချောင်က ကျောက်တုံးဗိုလ်ချုပ် ရင်ဘက်ထဲမှ လက်ချောင်းကို ပြန်ဆွဲထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြန်ခုန်ဆင်းလိုက်သည်။ လေထဲတွင် အရှိန်နှုန်းက နှေးကွေးလာသလို ဖြစ်လာလေပြီး သူ့ကို ဖုန်တစ်စပင် မစင်စေဘဲ မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။

ဝမ်ချောင်က မြေကြီးပေါ်သို့ ဆင်းသက်ပြီးနောက် ကောင်းကင်မှ ကျောက်တုံးများ ကျလာသည်။ မီတာသုံးဆယ်ခန့်မြင့်သော ကျောက်တုံးဗိုလ်ချုပ်ကြီးက စတင်ကာ ပြိုကျသွားပြီး ခြေနှစ်ချောင်းနှင့် ခန္ဓာကိုယ် တစ်ဝက်ကသာ ကျန်ရစ်တော့သည်။

ကျောက်တုံးများ ပြိုကျသွားသည့်အခါ ကျောက်တုံးဗိုလ်ချုပ်၏ ရင်ဘက်နေရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုနေရာတွင် အသက်သုံးဆယ် ဝန်းကျင်ခန့်ရှိသည့် လူတစ်ယောက် ရှိနေသည်။ သူ၏မျက်နှာကမူ အားအင်ကုန်ခမ်းနေသလို ဖြစ်နေလေပြီး အလွန်အမင်း မောပန်းနေဟန်ရသည်။

“ကာကွယ်စောင့်ရှောက်သူဟွမ် ငါတို့ ဒီတိုက်ပွဲကို ဒီလို အဆုံးသတ်နိုင်မလား”

ဝမ်ချောင်က သတ်လတ်ပိုင်းလူကိုကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။

သူ၏အမူအရာက ခပ်အေးအေး ဖြစ်နေသေးသည်။ သူ့တွင် ယုံကြည်မှု အပြည့်ရှိသည်။ မြေပြင်တွင် လိမ့်ကျနေသည့် ကြီးမားသည့် ကျောက်တုံးကြီးများ မရှိနေလျှင် ပြင်းထန်သည့် တိုက်ပွဲဖြစ်ခဲ့သည်မှာ မယုံကြည်နိုင်စရာ ဖြစ်နေသည်။

တိုက်ပွဲက တိတ်တဆိတ် ပြီးဆုံးသွားသည်။ ဝူရှန်းရွာသားများနှင့် ချင်းချီချန်းတို့ကပင် ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ကြသည်။

ကျောက်တုံးဗိုလ်ချုပ်၏ အကြွင်းအကျန် ကျောက်တုံးများထဲတွင် ရှိနေသည့်လူက ဝမ်ချောင်ကိုကြည့်သည်။ သူ၏ မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းများစွာ ရောပြွန်းနေသည်။ မည်သူကမျှ သူ၏အတွေးကို မတွေးနိုင်ချေ။ ဝမ်ချောင်နှင့် ဟွမ်ပေါ့ထန်းကလွဲပြီး မည်သူမှ သူတို့၏ အဖြစ်အပျက်ကို မသိကြချေ။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက အဆင့်မြင့် မိစာ္ဆသိုင်းဖြစ်ပြီး ဗဟိုပြင်ကျယ်၏ ထိပ်တန်း အဆင့်လွန်သိုင်း ဆယ်ခုထက်ပင် ကြောက်စရာကောင်းပြီး ဒဏ္ဍာရီအဆန်ဆုံး ဖြစ်နေသေးသည်။ ထို့ပြင် အလွန်အမင်း ပြင်းထန်သည့် စွမ်းအားပိုင်ဆိုင်ထားရုံသပ်သပ် မဟုတ်နေသေးချေ။ အဆင့်တူ ရန်သူများကို နှိမ်နှင်းရန်သာ မကသေးလေဘဲ အဆင့်မြင့်သူများကိုလည်း အလွယ်တကူ စိန်ခေါ်နိုင်ပေလိမ့်မည်။ အဆင့်ပေါင်း မြောက်များစွာ မြင့်နေလျှင်ပင် အဆင်ပြေလိမ့်မည်။

ထို့ကြောင့် သိုင်းလောကမှ ကျွမ်းကျင်ပညာရှင်ပေါင်း မြောက်များစွာက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အသုံးပြုသည့် ပြိုင်ဘက်ထက် အင်အားကြီးမားနေလျှင်ပင် ရှုံးသွားပြီး ထိုလူ၏ မိစာ္ဆသိုင်းထဲတွင် သေသွားရခြင်းဖြစ်သည်။

ထို့ကြောင့် တွေ့ကြည့်ရုံဖြင့်ပင် ထိုအဆင့်လွန် မိစာ္ဆသိုင်း၏ ကြောက်စရာကောင်းသည့် ကျော်ကြားမှုအကြောင်းကို သိနိုင်သည်။

သို့သော် ဝမ်ချောင်ကမူ ဝူရှန်းရွာကို အညံ့ခံသိမ်းသွင်းနိုင်ရန် ရောက်လာခဲ့ကြခြင်းဖြစ်လေရာ သတ်ရန်မဟုတ်ချေ။ ထို့ကြောင့် ဝမ်ချောင်က ထိုသိုင်းကို ကောင်းကောင်း ထိန်းချုပ်ထားခဲ့သည်။ ဟွမ်ပေါ့ထန်း၏ စွမ်းအင်ကို စုပ်ယူပြီး သူ့ကို ကျောက်တုံးဗိုလ်ချုပ်ကို မထိန်းချုပ်နိုင်အောင် လုပ်ပြီးနောက် ဝမ်ချောင်က ထိုစွမ်းအင်များကို တဖန်ပြန်လည် ပေးပို့လိုက်ခြင်းဖြစ်သည်။

ဝုန်း

ဝမ်ချောင်က ကျောက်တုံးဗိုလ်ချုပ်ကို ကြည့်နေချိန်တွင် အထဲမှ သတ်လတ်ပိုင်းလူက ရုတ်တရက် စကားစပြောလိုက်သည့်အခါ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။

ဘုန်း

ပတ်ဝန်းကျင်တွင် ရှိသော အခြေအနေများကို ထင်ထင်ရှားရှား မမြင်နိုင်သော်လည်း သာမာန် မျက်စိဖြင့် မမြင်နိုင်သည့် ကြားခံနယ်တစ်ခု ရှိနေသလိုမျိုး ရုတ်တရက် ဝမ်ချောင်၏ စိတ်ထဲသို့ စိတ်စွမ်းအင် အလင်းတန်းတစ်ခုက တိုးဝင်လာကာ သူ၏ခေါင်းကို စူးရှစွာ တိုးဝင်လာသည်။ ဝမ်ချောင်၏ အသားအရောင်က ဖြူစုတ်သွားပြီး သူက နေရာတွင်ပင် အေးခဲကာ ရပ်နေမိသွားသည်။

အခန်း(၇၀၂)

တိမ်စိုင်တွေလို ပေါများတဲ့ ကျွမ်းကျင်ပညာရှင်

မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်က ပုံမှန်ပြန်ဖြစ်သွားသည်။ သူ၏မျက်လုံးကမူ ညာဘက်ခြမ်းရှိ ချောက်ကမ်းပါးထံ ရောက်သွားသည်။ သို့သော် ထိုအချိန်တွင် အလွန်အမင်း ကြီးမားသည့် ကျောက်တုံးကြီးများက ချောက်ကမ်းပါးထံမှ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် လွင့်စင်လာပြီး သူ၏ပတ်ဝန်းကျင်တွင် ပြုတ်ကျသွားမည်ဖြစ်သည်။

ဝမ်ချောင်က အစပိုင်းတွင် သိပ်ဂရုစိုက်မနေချေ။ သို့သော် သူခြေနှစ်လှမ်းခန့် ရှေ့တိုးလိုက်ပြီးနောက် သူမြင်ကွင်းက မည်းမှောင်သွားသည့်အခါ သူ၏မျက်နှာက ဖြူစုတ်သွားသည်။ တချိန်လုံးလိုလို ချောက်ကမ်းပါးပေါ်မှ ပုံရိပ်နှစ်ခုက ခုန်ဆင်းလာသည်။ တစ်ယောက်က အသက်ငါးဆယ်ကျော် အရွယ်ဖြစ်ပြီး အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မီးခိုးရောင်ဆံပင်နှင့် အကြီးအကဲဖြစ်သည်။ အခြားတစ်ယောက်ကမူ မျက်ဝန်းထောင့်နားတွင် လှပသည့် မှဲ့လေးရှိသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ဖြစ်သည်။

“ပေါ့ထန်း မြန်မြန်ထွက်သွား ငါအခု ဝင်္ကပါသုံးပြီး သူ့ကိုထိန်းထားတယ်။ မြန်မြန် ရွာသူကြီးနဲ့ အကြီးအကဲတွေကိုခေါ်ပြီး သူ့ကို ကိုင်တွယ်ခိုင်းလိုက်။ ရော့ရုံ ဘယ်လိုနေသေးလဲ”

အဝါရောင်ဝတ်စုံနှင့် အကြီးအကဲက အမျိုးသမီးကို စိုးရိမ်တကြီးမေးသည်။

“ဝမ်ရှီ ပေါ့ထန်း နင်တို့တွေ ဂရုစိုက်ပါ။ ဒီလူငယ်လေးက တော်တော်လေးကို ကြမ်းတမ်းတယ်။ ငါ့ရဲ့ စိတ်အစူးကတောင် သက်ရောက်မှုမရှိတဲ့ အခြေအနေ ဘယ်လောက် ရှားပါးလိုက်သလဲ။ ဒါပေမဲ့ ငါစိတ်စွမ်းအားကိုသုံးပြီး သူ့ကို ကိုင်တွယ်ဖို့ကြိုးစားတော့ စက္ကန့်အနည်းငယ်လောက်ပဲ ထိန်းထားနိုင်ခဲ့တယ်။ ဒါတောင်မှ တန်ပြန်အားကို ပြန်ခံစားခဲ့ရတယ်။ ငါဒီလို အခြေအနေမျိုးကို အရင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးဘူး”

အမျိုးသမီး၏ မျက်နှာအမူအရာက အလွန်ဖြူစုတ်နေသည်။ သူမက အလွန်နာကျင်နေသည်နှင့် တူသည်။

“အကြီးအကဲတု အကြီးအကဲဖန်း ခင်ဗျားတို့ ...”

ဟွမ်ပေါ့ထန်းက ကျောက်တုံးဗိုလ်ချုပ်ထဲတွင် ရှိနေပြီး ပြောရန် တုန့်ဆိုင်းနေသည်။ ဝမ်ချောင်က သူ့ကို လွှတ်ပေးခဲ့သည်မှာ သေချာသည်။ သို့သော် အကြီးအကဲတု အကြီးအကဲဖန်းတို့က ရောက်လာသည်မှာ မြန်ဆန်လွန်းလေရာ သူက ဘာစကားမှ ပြောချိန်မရှိခဲ့ချေ။ အကြီးအကဲဖန်းက ဝမ်ချောင်ကို စိတ်ဆူးချွန်ဖြင့် တိုက်ခိုက်လိုက်ပြီး အကြီးအကဲတုကမူ ကျောက်တုံးကြီး တစ်တုံးကို ပစ်လွှတ်လိုက်ကာ ဝင်္ကပါဖြင့် သူ့ကို ချုပ်နှောင်ထားလိုက်သည်။

ဟွမ်ပေါ့ထန်းက ကို့ယို့ကားယားနိုင်သော အခြေအနေထဲသို့ ရောက်သွားသည်။ သူ့အနေဖြင့် စကားတစ်ခုခုပြောရန် နောက်ကျသွားပြီဖြစ်သည်။ ထိုအချိန်တွင် ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။

“ဟား ဟား ဘယ်လောက်တောင် သဘောကျစရာကောင်းတဲ့ ဝင်္ကပါလဲ။ ဒီခရီးကတော့ ဒီလိုဝင်္ကပါမျိုး မြင်ရတာနဲ့တင် တန်သွားပြီ”

သုံးယောက်လုံးက တုန်ယင်စွာဖြင့်ပင် ခေါင်းလှည့်ကြည့်လိုက်ကြသောအခါ အသံပိုင်ရှင်က ယခုလေးတင် ဝင်္ကပါထဲမှ ယုံကြည်ချက်အပြည့်ဖြင့် ထွက်လာသည့် လူငယ်ဖြစ်နေကြောင်း မြင်လိုက်ရသည်။ သူ၏အနောက်တွင် ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော အစောင့်များပါသည်။

အားလုံးက တိတ်ဆိတ်သွားကြသည်။ အကြီးအကဲတု၊ အကြီးအကဲဖန်းနှင့် ဟွမ်ပေါ့ထန်းတို့ကလည်း မှင်သက်ကြောင်အသွားကြသည်။ သူတို့၏ မျက်နှာတွင် မယုံကြည်နိုင်မှုက အထင်းသားပေါ်နေသည်။

“မဖြစ်နိုင်ဘူး ဘယ်သူကမှ ငါ့ရဲ့ သဏ္ဍန်လေးသွယ် ရင်ယန်စိတ်ဝိညာဉ် ထောင်ချောက်ထဲက အလျှင်အမြန် မထွက်နိုင်ဘူး။ နောက်ပြီး ဒါက လွယ်ကူလွန်းနေတယ်”

အကြီးအကဲတု၏ ခန္ဓာကိုယ်တစ်ခုလုံးက အေးခဲသွားသလို ဖြစ်သွားသည်။ သူက ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခုကို ရင်ဆိုင်လိုက်ရသလို ဖြစ်သွားသည်။

သူ၏နဘေးမှ ဟွမ်ပေါ့ထန်းနှင့် အကြီးအကဲဖန်းတို့က ထိုထောင်ချောက်၏ လျို့ဝှက်ချက်များကို သိထားသူများ ဖြစ်သည့်အလျောက် အံ့အားသင့်သွားကြပြန်သည်။

ထိုထောင်ချောက်က ဝူရှန်းကို ကာကွယ်နိုင်သည့် ဝင်္ကပါတစ်ခုလည်း ဖြစ်သည်။ မျိုးဆက်တိုင်းလိုလို ရွာမှ နှစ်ယောက် သုံးယောက်ခန့်သာလျှင် အသုံးပြုနိုင်ကြပြီး အလွန်အမင်း အင်အားကြီးမားသည့် ရန်သူမျိုးကို ရင်ဆိုင်ရချိန်မှသာ အသုံးပြုရလေ့ရှိသည်။ ထိုဝင်္ကပါက ဂိတ်ပေါက်ရှစ်ခုဖြစ်သည့် အသက်ဂိတ်၊ နာကျင်မှုဂိတ်၊ အနားယူခြင်းဂိတ်၊ ဖွင့်လှစ်ခြင်း၊ ရပ်တန့်ခြင်း၊ ကြည့်ရှု့ခြင်း စသဖြင့်တို့ဖြစ်သည်။ ထိုဂိတ်များ၏ တည်နေရာများကလည်း ဆက်တိုက် ပြောင်းလဲနေလေသည်။ ခြေတစ်လှမ်းမှားသွားသည်နှင့် သေမည်မှာ သေချာသည်။ ဝင်္ကပါထဲမှ ထွက်ရန်အတွက်ကမူ ထိုလူက ဝင်္ကပါ၏ နည်းလမ်းကို ကောင်းကောင်း သိထားမှသာ ဖြစ်ပေလိမ့်မည်။ ဟွမ်ပေါ့ထန်းကသာ ဝင်္ကပါထဲတွင် အပိတ်ခံထားရလျှင် ထွက်ရန် ခက်ခဲပေမည်။

“ဒီမှာဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီထောင်ချောက်က ထွက်တဲ့နည်းလမ်းကို သူက သိနေရတာလဲ။ သူတကယ်ပဲ ရွာသူကြီးနဲ့ ပတ်သတ်နေတာလား”

ဟွမ်ပေါ့ထန်း၏ ခံစားချက်များက ရှုပ်ထွေးသွားသည်။ သူ၏မျက်လုံးမှ အမူအရာများက ဆက်တိုက် ပြောင်းလဲနေပြန်သည်။ သူက သိပ်မကြာခင်ကမှ ရှောင်ရန်ဟာ သူစိမ်းတစ်အုပ်ကို ရွာထဲသို့ ခေါ်လာကြောင်း ကြားခဲ့သည်။ ရွာ၏ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်အနေနှင့် သူကလည်း ရွာသို့ ဝင်လိုက်ထွက်လိုက်လုပ်သော လူတိုင်းကို ကောင်းကောင်း နားလည်ထားသည်။ ဟွမ်ပေါ့ထန်းက ထိုလူများက ဖန်းရှောင်ရန်ကဲ့သို့ မိန်းကလေးကိုသာလျှင် လှည့်စားနိုင်သည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။

သို့သော် ယခုမူ ဝမ်ချောင်က ဝင်္ကပါထဲမှ အလွယ်တကူ ထွက်လာနိုင်ခြင်းအား ကြည့်ခြင်းအားဖြင့် ဟွမ်ပေါ့ထန်းက သူ၏ယုံကြည်မှုများက ယိမ်းယိုင်လာသလို ခံစားလိုက်ရသည်။ ထိုဝမ်ချောင်က ဝင်္ကပါထဲမှ အလွယ်တကူ ထွက်လာနိုင်သည်မှာ ဝင်္ကပါထဲမှ မည်သို့ ထွက်ရမည်ဖြစ်ကြောင်း သိနေသောကြောင့် ဖြစ်လောက်သည်။ ထို့ကြောင့် သူက ဒီရွာနှင့် ရင်းနှီးလွန်းသော ဆက်ဆံရေးတစ်ခု ရှိနေသည့်အချက်အပြင် အခြားပြောစရာစကား မရှိတော့ချေ။

“အကြီးအကဲတု ပေါ့ထန်း နင်တို့နှစ်ယောက် အရင်သွားနှင့်ပါ။ ငါသူ့ကို ထိန်းထားလိုက်မယ်”

သတ်လတ်ပိုင်း အမျိုးသမီးက ထိတ်လန့်တကြားပြောသည်။ လက်ရှိအချိန်တွင် သူမက ဝမ်ချောင်ကို အနည်းငယ်သာ အချိန်ဆွဲနိုင်တော့လေသည်။

“ခဏနေပါဦး အကြီးအကဲတု အကြီးအကဲဖန်း ဒီလူတွေက လူဆိုးတွေမဟုတ်ဘူး”

လေတိုးသံ ဖြတ်ကနဲ ထွက်ပေါ်လာပြီးသည်နှင့် ဟွမ်ပေါ့ထန်းက ကျောက်သားဗိုလ်ချုပ် အပျက်အစီးပုံထဲမှ ထွက်လိုက်ပြီးနောက် အကြီးအကဲများကိုတားသည်။

“သူတို့မှာသာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိရင် ငါသေနေတာ ကြာလောက်ပြီ”

“ပေါ့ထန်း ဘာပေါက်ကရတွေ ပြောနေတာလဲ။ မင်းက မိတ်ဆွေနဲ့ ရန်သူကြားက ကွာခြားချက်ကို ပြောနိုင်လို့လား”

“တိတ်စမ်း နင်ဘာလို့ ဒီလိုအချိန်ကို အာရုံမစိုက်တာလဲ။ အခုအချိန်က နင့်ရဲ့ သိုင်းရူးတဲ့စိတ် ထွက်လာရမဲ့အချိန်လား”

အကြီးအကဲတုနှင့် အကြီးအကဲဖန်းတို့ကလည်း ဟွမ်ပေါ့ထန်းက စိတ်လွတ်သွားကြောင်း သိလိုက်ကြပြန်သည်။ ဟွမ်ပေါ့ထန်းက အင်အားကြီးမားသော်လည်း မည်သူကမျှ သူတစ်စုံတစ်ရာကို သဘောကျသွားသည်နှင့် အာရုံပြောင်းအောင် မလုပ်နိုင်ကြချေ။ သူက ထိုလူကို မိတ်ဆွေအဖြစ် သတ်မှတ်လိုက်တော့မည်ဖြစ်သည်။ ဒီနည်းအားဖြင့် ယခုအခြေအနေအရ ဒီလူက လူဆိုးဖြစ်စေကာမူ၊ လူကောင်းဖြစ်စေကာမူ သူက ဂရုမစိုက်ဘဲ မိတ်ဆွေဟုသာ သတ်မှတ်ထားတော့မည်ဖြစ်သည်။

ဟွမ်ပေါ့ထန်းက ထိုသို့ပြုမူသည့် အချိန်တိုင်းလိုလို ရွာသားတိုင်းက ဝင်ကာရသည်။ သူက အမြဲတစေ ထိုကိစ္စနှင့်ပတ်သတ်ပြီး ခေါင်းမာတတ်သည်။ ရွာသားများကိုလည်း အကန့်အသတ်ထိ တွန်းပို့လေ့ရှိသည်။

“အကြီးအကဲဖန်း အကြီးအကဲတု ဒါက ငါဒီသိုင်းကို ရူးသွပ်တာနဲ့ မသက်ဆိုင်ဘူး။ သူဒီထောင်ချောက်ကို မြင်နိုင်တယ်ဆိုကတည်းက သူက သာမာန်အပြင်လူ မဟုတ်တာ သေချာနေပြီ။ နောက်ပြီးသူက ရှောင်ရန်နဲ့အတူ လာခဲ့တာမဟုတ်လား။ သူ့မှာသာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိရင် ရှောင်ရန်က ဒီတိုင်း အကောင်းအတိုင်း ရှိနေနိုင်ပါ့မလား။ နောက်ပြီး ရွာသားတစ်ယောက်မှလည်း မသေသေးဘူးလေ”

ဟွမ်ပေါ့ထန်းက ပြောသည်။

ထိုအခါမှသာ အကြီးအကဲတုနှင့် အကြီးအကဲဖန်းတို့က ကြောင်သွားကြသည်။

“ဟား ဟား ကာကွယ်စောင့်ရှောက်သူဟွမ်က နားလည်သားပဲ။ ဒီလူက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူး။ မဟုတ်ရင် ငါ့ရဲ့အင်အားနဲ့ဆိုရင် ခင်ဗျားတို့ဝူရှန်းက ရွာသားတွေ နားမလည်နိုင်တဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်သွားရလိမ့်မယ်”

ဝမ်ချောင်ကရယ်သည်။ သူက ပြောနေရင်းမှ သူတို့ရှိရာသို့ တဖြည်းဖြည်းချင်း လှမ်းလာသည်။ သူ၏မျက်ဝန်းက တောက်ပလာပြီး အကြီးအကဲဖန်းနှင့် အကြီးအကဲတုကိုကြည့်သည်။

ဝူရှန်းရွာက ဝပ်နေသောကျားနှင့် ပုန်းကွယ်နေသော နဂါးများရှိရာ နေရာဖြစ်သည်။ ကျွမ်းကျင်ပညာရှင် တစ်ယောက်က အင်အားကြီးမားသော ဝင်္ကပါကို ထုတ်သုံးနိုင်သည့်အချိန်တွင် အခြားတစ်ယောက်ကမူ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုး လုပ်နိုင်သည်။ ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်များက ဒီသိုင်းလောကတွင် အလွန်ရှားသည်။ သို့သော် ဝူရှန်းရွာတွင် ရှိနေသည်။

ရုတ်တရက် ရွာထဲမှ အိုမင်းသော အကြီးအကဲ တစ်ယောက်၏ အသံက ခေါင်းလောင်းလို ထွက်လာသည်။

“သူ့ကိုဝင်ခိုင်းလိုက်ပါ မင်းတို့အားလုံး နောက်ဆုတ်ကြ”

ထိုအသံကြောင်း လူတိုင်းက တုန်ယင်သွားကြသည်။ ရွာသားတိုင်းက အလွန်အမင်း လေးစားသော မျက်နှာထားမျိုး ဖြစ်သွားကြသည်။

“အကြီးအကဲ”

အကြီးအကဲတုနှင့် အကြီးအကဲဖန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ဝမ်ချောင်ကို စိတ်ရှုပ်ထွေးသော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။ သူတို့က ဆန္ဒမရှိသော်လည်း ရွာသူကြီးက ပြောလာသောအခါ နောက်ဆုတ်ပေးရသည်။

“လူငယ်လေး မင်းဘယ်နေရာကလာလဲ မင်းရဲ့နောက်ခံကဘာလဲ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီနေရာမှာ မင်းဉာဏ်ပညာရှိရှိနေပြီး မင်းရဲ့အပြုအမူတွေကို ထိန်းသိမ်းထားရင် အကောင်းဆုံးပဲ။ မင်းငါတို့ရဲ့ ရွာသူကြီးနဲ့ တွေ့ချင်တာမဟုတ်လား။ ဝင်သွားပါ”

စကားပြောပြီးနောက် အကြီးအကဲတုနှင့် အကြီးအကဲဖန်းတို့က ဘေးဘက်သို့ သွားရပ်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

ဝမ်ချောင်က ရယ်လိုက်သည်။ သူက ခေါင်းကိုမော့ပြီးနောက် ရွာ၏အတွင်းပိုင်းသို့ ဦးတည်သည်။

ချင်းချီချန်းက ရှုံးသွားသည်။ ဟွမ်ပေါ့ထန်းကလည်း ရှုံးသွားပြီး ဝင်္ကပါကလည်း အသုံးမဝင်ချေ။ စိတ်ပိုင်းဆိုင်ရာ တိုက်ကွက်ကလည်း ကျရှုံးသွားသည်။ ဝူရှန်းရွာသူကြီးက သူ့ကို ဝင်ခွင့်ပေးလိုက်သော ကိစ္စကမူ ဝမ်ချောင်ကို မမျှော်လင့်ထားစေပေ။ ထို့ကြောင့် သူက အံ့ဩသွားရသည်။

ငါနောက်ဆုံးတော့ ဝူရှန်းရွာရဲ့ ရွာသူကြီးနဲ့ တွေ့ရတော့မယ်။

ငါတကယ်ကို မျှော်လင့်စောင့်စားနေမိတယ်။

ပြုံးနေသည့် ဝမ်ချောင်က ဟွမ်ပေါ့ထန်း အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့ကို ကျော်ဖြတ်သွားသည်။

ဝူရှန်းရွာမှ ရွာသူကြီးက ဝူရှန်းရွာသား ငါးသောင်း၊ ခြောက်သောင်းခန့်ကို ဦးဆောင်နေသည့် ရွာမှ အကြီးဆုံး တည်ရှိမှုကြီးဖြစ်သည်။ ဒဏ္ဍာရီများအရ ရွာကို ထိုရွာသူကြီးကိုယ်တိုင်က တည်ထောင်ခဲ့သည်ဟုဆိုသည်။ ဝမ်ချောင်က ယခင်ဘဝက ဒီရွာသို့ လာခဲ့သောအခါ သူအတွေ့ချင်ဆုံးလူက ရွာသူကြီးဖြစ်သည်။

သို့သော် ဒီမဟာကပ်ဘေးကြီးတွင် ဝူရှန်းရွာမှ လက်ရွေးစင်တိုင်းက ဆုံးရှုံးလိုက်ရလုနီးပါး ဖြစ်သွားလေရာ ထိုလျို့ဝှက်ဆန်းကြယ်သော ရွာသူကြီးလည်း ပါသွားသည်။ ထိုအချိန်ကဆိုလျှင် အလောင်း တောင်ပုံရာပုံထဲမှ သူ၏အလောင်းကို ရှာတွေ့ခဲ့သည်ဟုဆိုသည်။ ကျူးကျော်သူတိုင်းက ဒီတိုက်ပွဲတွင် သေသွားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ကျူးကျော်လာသူတိုင်း၏ တစ်ဝက်ကျော်ကျော်ခန့်က သေသွားခဲ့သည်။

ဝမ်ချောင်က ထိုစကားကို ကြားချိန်က တစ်ဖက်သူကို အလွန်အမင်း လေးစားခဲ့သည်။ သို့သော် တစ်ဖက်သူနှင့် မတွေ့နိုင်ခဲ့သည့်အတွက်လည်း နောင်တရခဲ့သည်။ ဝူရှန်းရွာက ဥက္ကာခဲတစ်ခုလိုမျိုး ရုတ်တရက် ပေါ်လာပြီး တစ်လောကလုံးကို အံ့အားသင့်စေခဲ့ကာ တဖန်ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

ဝူရှန်းရွာ၏ အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည့် ထိုရွာသူကြီးနှင့် အကြီးအကဲ စောင့်ရှောက်သူများ အားလုံးက ဒီကပ်ဘေးတွင် သေသွားခဲ့ပြီး ဝူရှန်းရွာ၏ လျို့ဝှက်ချက်ပေါင်း မြောက်များစွာကို သယ်ဆောင်သွားခဲ့ကြသည်။ ဝူရှန်းမှ ကျန်ရစ်သူအများအပြား ရှိနေခဲ့ပြီး သူ၏လက်အောက်ငယ်သားများ ဖြစ်လာခဲ့သည့်တိုင်အောင် ဆုံးရှုံးသွားရသည့် လျို့ဝှက်ချက်များက အစားထိုး၍မရနိုင်ချေ။

ဝမ်ချောင်၏ ပတ်ပတ်လည်တွင် ပုံရိပ်ပေါင်း မြောက်များစွာ ပေါ်ထွက်လာသည်။ အားလုံးက သူ့ကို ကာကွယ်လျှက် ဝူရှန်းရွာထဲသို့ဝင်သည်။ ရွာက ချောက်ကမ်းပါးမှ တဖန်ပြန်ဆင်းပြီး ပြန်တက်ရသော ပုံစံမျိုးဖြစ်လေရာ ဝမ်ချောင်က အရည်လဲ့နေသော မျက်ဝန်းမျိုးဖြင့် အားလုံးကို လိုက်ကြည့်သည်။

ဝမ်ချောင်က ခပ်အေးအေးဖြစ်နေသေးသည်။ သူက ယုံကြည်မှုအပြည့် ရှိသည်။ သူ၏မျက်ဝန်းများက ပတ်ဝန်းကျင်မှ လူအုပ်ကို ကြည့်နေသည်နှင့် မတူချေ။ သူက ချင်းချီချန်းတို့၏ အဖွဲ့ကို အလဲထိုးနိုင်ခဲ့ပြီး ဟွမ်ပေါ့ထန်းကိုလည်း အနိုင်ယူခဲ့ပြီးသားဖြစ်လေသည်။ ထို့ကြောင့် ဝူရှန်းက သူ့အပေါ် အမြင်ကောင်း ရှိနေမှသာ ထူးဆန်းသွားတော့ပေမည်။

“အားလုံးပဲ လူစုခွဲကြပါ”

ရွာထဲမှ အိုမင်းနေသည့် အကြီးအကဲ တစ်ယောက်၏ အသံက ထွက်လာသည်။ သူက ထိုသို့ပြောလိုက်သည့် တခဏတွင် အားလုံးက တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၏နောက်မှ လိုက်နေသည့် ရွာသားတိုင်းကလည်း အံ့အားသင့်ဟန် ဖြစ်သွားကြသည်။ သူတို့က တုန့်ဆိုင်းနေပြီးနောက် ဖြတ်ကနဲလက်လျှက် အများစုက ပျောက်ကွယ်သွားကြသည်။ သူတို့က မျောက်ဝံကြီးများလို မက်စောက်သည့် တောင်များပေါ် ကုန်းတက်သွားကြသည်။ လူအနည်းစုကသာ ကျန်ရစ်တော့သည်။ သို့သော် လေထု အခြေအနေကမူ မတူညီတော့ချေ။

ဝမ်ချောင်က ကျောက်တုံးကြားမှ လမ်းအတိုင်းသွားသည်။ ထိုလမ်းက နှစ်ကျန်းပတ်လည်ကျယ်သည်။ သူ၏ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ ဝူရှန်းရွာက မက်စောက်ကာ မြင့်မားသော တောင်တန်းများကြားတွင် ရှိနေသည်ဟု ထင်ရသော်လည်း ဟွမ်ပေါ့ထန်းက ကိုင်ဆောင်ထားသည့် ရွာအစွန်အဖျားက ကျော်ဖြတ်လိုက်သည်နှင့် အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။

ဝူရှန်းရွာသားများက ရွာထဲသို့ဝင်ရန် ချောမွေ့ကာ ပြန့်ပြူးသောလမ်းကို တည်ဆောက်ထားသည်။

အပြင်ဘက်ဆုံးအပိုင်းနှင့် မီတာ ရာပေါင်းများစွာအကွာတွင် အုတ်သောင်းကျော်ဖြင့် တည်ဆောက်ထားသည့် ကြီးမားသော ကွင်းပြင်ကြီးက ပေါ်လာသည်။ ထိုနေရာတွင် ဝမ်ချောင်က အစီအစဉ်မကျ ဖြစ်နေသော ပန်းချီကားချပ်သဖွယ် ပြင်ဆင်ထားသည့် တောင်ကျောက်တုံး အကြမ်းသားများဖြင့် လုပ်ထားသော ရိုးရှင်းသည့် အိမ်လေးများကို မြင်လိုက်ရသည်။

ထိုအိမ်များ ပတ်ဝန်းကျင်၊ ထိုကွင်းပြင် ပတ်ပတ်လည်၏ ပတ်ဝန်းကျင်တွင် ပုံရိပ်ပေါင်း မြောက်များစွာ အပြည့်ရှိနေသည်။ သူက ထိုကွင်းပြင်ထဲ ခြေလှမ်းဝင်လိုက်သည့် တခဏတွင် ဝမ်ချောင်၏ တစ်ကိုယ်လုံးက တင်းကြပ်သွားသလို ခံစားလိုက်ရသည်။ သူက စစ်တပ်စခန်းအတွင်းသို့ ဝင်ရောက်လိုက်ရသလိုမျိုး ထိုကွင်းပြင်ထဲရှိ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက သူ့ထံရောက်လာသည်။

အချို့သော အကြောင်းပြချက်များကြောင့် လေထဲတွင် တင်းကြပ်နေသည့် အရှိန်အဝါတစ်ခုက ရစ်ဝဲနေကြောင်း ခံစားလိုက်ရသည်။

အခန်း(၇၀၃)

“အရှင်အမတ်”

ကွင်းပြင်ထဲမှ ရုတ်တရက် ကြားဖူးပြီးသား အသံက ထွက်ပေါ်လာသည့်အခါ ဝမ်ချောင်၏ အာရုံက ထိုအသံလာရာဘက်သို့ ရောက်သွားသည်။ ဝူရှန်းများက သူ့ကို အရှင်အမတ်ဟု တစ်ခါမျှ မခေါ်ခဲ့ဖူးချေ။ ထို့ပြင် ဒီလိုနေရာတွင် သူ့ကို ထိုသို့ခေါ်ရန်အတွက် သူ၏နောက်ခံကို သိထားမှသာ ဖြစ်ပေလိမ့်မည်။

“အရှင်အမတ် ဒါက ဗိုလ်ချုပ်လီတို့ရဲ့ အဖွဲ့ပါ”

ဝမ်ချောင်၏အနောက်တွင် ရှိနေသည့် ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော အစောင့်ဆယ်ယောက်က ကွင်းပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး အလန့်တကြား ပြောကြသည်။

အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ကွင်းပြင်၏ အစွန်ဆုံးအပိုင်းနားတွင် ရှိနေကြသည့် ဝူရှန်းရွာသားများကို မြင်လိုက်ရသည်။ ထိုလူများထဲမှ ဝမ်ချောင်က ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်သည်။ ထိုလူက ကွင်းပြင်ထဲတွင် ရပ်နေသည်မှာ နှစ်မီတာခန့်မြင့်နေလေရာ သံမဏိ မျှော်စင်ကြီးအလား ထင်ရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ကြောက်စရာကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏လက်ထဲတွင် သာမာန် အရွယ်ရောက်ပြီး လူတစ်ယောက်ထက်ပင် မြင့်သေးသော ကြီးမားသည့် ဓားကြီးတစ်လက်ကို သယ်ထားသည်။ ထို့ကြောင့် သူ၏အမူအရာက အလွန်အမင်း အရှိန်အဝါ ပြင်းထန်သည်ဟု ဆို၍ရသည်။

ဝူရှန်းရွာ၏ အလယ်တွင် ရောက်နေသော ထိုလူက ကြက်အုပ်ထဲမှ ကြိုးကြားတစ်ကောင်သဖွယ် ဖြစ်နေသည်။ မည်သူကမျှ သူ၏အကြည့်ကို မဟန့်တားနိုင်ကြချေ။ ဝူရှန်းရွာသားတိုင်းက သူ့ကို တင်းတင်းကြပ်ကြပ် ဝိုင်းရံပိတ်ဆို့ထားသော်လည်း သူတို့က သူနှင့် ကျန်းအနည်းငယ်ခြားကာ အကွာအဝေး ချဲထားသေးသည်။ သူတို့၏ အမူအရာမှတဆင့် ထိုလူထွားကြီးကို သူတို့ကမည်မျှ အသိအမှတ်ပြုကြောင်း ပြသနေသည်။

ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ် လီစစ်ယဲ့

လီစစ်ယဲ့နှင့် အဆက်အသွယ် ပြတ်သွားခဲ့ပြီး ရက်ပေါင်းများစွာကြာပြီးနောက် ဝမ်ချောင်က နောက်ဆုံးတွင် ဝူရှန်းရွာထဲတွင် ရှိနေသည့် သူ၏နံပါတ်တစ် ဗိုလ်ချုပ်ကို ပြန်ရှာတွေ့လိုက်သည်။ တစ်ဖက်သူ၏ အသက်ရှုသံက အစီအစဉ်မကျ ဖြစ်နေသလို ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာအမျိုးမျိုး ရှိနေသည်။ သို့သော် သူ၏ ဟန်အမူအရာက မယိမ်းယိုင်နိုင်သော သံတုံးကြီးလို ခိုင်မာစွာ ရှိနေသေးသည်။ သူက ဘယ်သောအခါမှ ရွေ့သွားမည်မဟုတ်သည့် ခိုင်မာလွန်းသော တောင်တစ်တောင်အလား ထင်ရသေးသည်။ သူကသာ ပြိုကျရန် ဆန္ဒမရှိလျှင် မည်သည့်အရာကမျှ သူ့ကို ရှုံးနိမ့်အောင် မလုပ်နိုင်ချေ။

“ဗိုလ်ချုပ်လီ”

ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ကွင်းပြင်ထဲသို့ အပြေးသွားပြီး အော်လိုက်ကြသည်။ သူတို့၏ မျက်နှာတွင် စိုးရိမ်မှုနှင့် ပူပန်မှုများက အထင်းသားရှိနေသည်။

ဝမ်ချောင်က သူတို့ကို မတားခဲ့ချေ။ သို့သော် သူကိုယ်တိုင်ကလည်း ပြေးမသွားချေ။ သူက ဒီအတိုင်း ဆက်နေပြီး မျက်မှောင်ကိုသာကျုံ့ကာ တွေးတောနေလိုက်သည်။

လီစစ်ယဲ့၏ စွမ်းရည်က လိုအပ်ချက်မရှိနိုင်ချေ။ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ဆိုသော ဘွဲ့ကတင် သူ၏စွမ်းရည်များကို သက်သေပြနိုင်ပြီးသားဖြစ်သည်။ သူက အပြည့်အဝ မရင့်ကျက်သေးသော်လည်း သာမာန် လူတစ်ယောက်နှင့် မယှဉ်နိုင်လောက်အောင် အင်အားကြီးမားပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ အနောက်တောင်ပိုင်းက စစ်ပွဲ၏ အားဖြည့်ပေးမှု ခံရပြီးနောက် လီစစ်ယဲ့က ယခင်ထက်ပို၍ မှီခိုအားထား ထိုက်လာသလို အရင်ထက်ပို၍ လုပ်နိုင်စွမ်းအား မြင့်မားလာသည်။ သူက ယခင်ထက်လည်းပို၍ သန်မာလာသည်။ ထိုအတွက်ကြောင့် ဝမ်ချောင်ကသူ့ကို ဝူရှန်းအား လာခိုင်းစေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတာဝန်၏ အဓိကအချက်ကိုမူ ကြိုတင်ကာ ပြောပြခဲ့ရသည်။ အဓိကအားဖြင့် သူလူများကို သိမ်းသွင်း အညံ့ခံအောင် လုပ်ရန်သာဖြစ်ပြီး သတ်ဖြတ်၍မရသလို ထိခိုက်ဒဏ်ရာ ရအောင်လည်း လုပ်၍မရချေ။ ထို့ပြင် သူ့ကို လက်နက်များကိုပင် အသုံးမပြုခိုင်ထားချေ။ သို့သော် ထိုအချိန်တွင် လီစစ်ယဲ့က သူ၏ အလွန်အမင်း ချွန်ထက်သော ဝု့စ်သံမဏိဓားကို ထုတ်ထားရုံသာ မကသေးလေဘဲ သူ၏ကိုယ်တွင်လည်း ဒဏ်ရာက အပြည့်ရှိနေပြီး အမောတကော အသက်ရှုနေရသေးသည်။

ဝမ်ချောင်အနေဖြင့် ထိုကဲ့သို့သော လူမျိုးကို ပြောင်းလဲသွားစေသည့် ရန်သူမျိုးကို မျှော်လင့်ကြည့်ရန်ပင် ခက်ခဲသည်။

လီစစ်ယဲ့ကို သူ့ရဲ့ ဝု့စ်သံမဏိဓားကိုတောင် ထုတ်သုံးစေပြီး သူ့ရဲ့ အင်အားနဲ့ ပေါင်းတာတောင် ဒီလိုအခြေအနေထိ ရောက်စေတဲ့လူက ဘယ်လိုလူမျိုးများလဲ။

လီစစ်ယဲ့ကသာ သူ၏ခွန်အားတိုင်းကို အသုံးပြုလိုက်မည်ဆိုလျှင် သူ့အနေနှင့် နဂါးနက်ဓားမြ အဖွဲ့မှ အယောက်တစ်သောင်းကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ခဲ့သည်။ ဒီနည်းအားဖြင့် သူက ချီရှီမှ သူတို့၏စခန်းကို သုတ်သင်နိုင်ခဲ့ပြီး သူတို့၏ နဂါးနက် ခေါင်းဆောင်ကျောင်းကို သတ်ဖြတ်နိုင်ခဲ့သည်။ ယခုမူ လီစစ်ယဲ့က ဖိနှိပ်ခံထားရသည်။

စွပ်

ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် ကွင်းပြင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ထားသည်။ မည်သည့်ရွာသားမှ သူ့ကို မတားခဲ့ချေ။ သူတို့၏ ရွာသူကြီးကိုယ်တိုင်က ဝမ်ချောင်ကို လာတွေ့ရန် တောင်းဆိုထားလေရာ သူက ဝင်လာသည့်အတွက် မည်သူကမျှ ပြဿနာမရှာတော့ချေ။

“အရှင်အမတ်”

လီစစ်ယဲ့က လက်နှစ်ဖက်လုံးဖြင့် သူ၏ဓားကြီးကို ကိုင်ထားသေးသည်။ သို့သော် သူ၏မျက်နှာကမူ အနည်းငယ် နွမ်းလျနေသည်။ သူ၏ သန်မာလွန်းသော ခန္ဓာကိုယ်က တုန်ယင်နေပြီး အမောတကော အသက်ရှုနေရသည်။ ထိုအရာမှတဆင့် သူသုံးစွဲထားရသည့် ခွန်အားက မည်မျှကြီးမားကြောင်း သိနိုင်သည်။

ဝမ်ချောင်က သူ့ကို ခိုင်မာစွာ ခေါင်းညိမ့်ပြလိုက်သည်။ သူက စကားတစ်ခွန်း မဆိုတော့ဘဲ လီစစ်ယဲ့၏ ပတ်ဝန်းကျင်ရှိ မြေပြင်များကိုသာ ကြည့်လိုက်သည်။

လီစစ်ယဲ့နှင့် အတူထွက်သွားခဲ့သည်မှာ လူအယောက်နှစ်ဆယ်ကျော်သည်။ သို့သော် ဒီနေရာတွင် လဲနေသည့် လူက ခုနှစ်ယောက် ရှစ်ယောက်ခန့်သာဖြစ်ပြီး အားလုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြသည်။ ကျန်သောလူများကို မမြင်ရချေ။ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသူများက အပြေးလာပြီးကတည်းက လဲနေသူများကို ကုသပေးနေကြသည်။ သို့သော် သူတို့၏ ဒဏ်ရာများက မပေါ့ကြောင်း ပြသနေသေးသည်။

“အရှင်အမတ်”

ဝမ်ချောင်က ရောက်လာကြောင်း မြင်သောအခါ ဒဏ်ရာရနေသည့် စစ်သားတိုင်းက မျက်လုံးကိုဖွင့်ပြီး ညဉ်းညူကြသည်။ သူတို့၏ အမူအရာတွင် နာကျင်မှုများက ပြည့်နေသည်။ ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး လက်ကိုယမ်းလိုက်သည်။ ဒီနည်းအားဖြင့် သူတို့ကို ဆက်လက် အနားယူခိုင်းလိုက်သည်။

“အရှင်အမတ် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် လုပ်နိုင်သမျှအားလုံး လုပ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီတာဝန်က ကျရှုံးသွားတယ်။ ကျွန်တော် လုပ်နိုင်သမျှက သူတို့ကို ကာကွယ်တာပါပဲ”

လီစစ်ယဲ့၏ မျက်နှာတွင် အရှက်တရားက အပြည့်ရှိနေသည်။ သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် သူ၏ မာနကြီးသောခေါင်းကို ငုံ့ထားရခြင်းဖြစ်သည်။ ဒီတာဝန်က သူမျှော်လင့်ထားသည်ထက် ခက်ခဲနေခဲ့သည်။

လီစစ်ယဲ့အနေနှင့်လည်း ယခုလို အနောက်မြောက်ပိုင်းမှ သေးငယ်ပြီး မထင်မရှား ရွာငယ်လေး တစ်ရွာက ကျွမ်းကျင်ပညာရှင်ပေါင်း မြောက်များစွာကို ပိုင်ဆိုင်ထားမည်ဟု မထင်ထားဖူးချေ။ ယခုလို လူသစ် စုဆောင်းသည့် ကိစ္စကတင် အနောက်တောင်ပိုင်းက စစ်ပွဲတွင် မာန်ရှဲ့ယွီစန်းစစ်တပ်မှ စစ်သည် ငါးသိန်းကျော်ကို တိုက်ခိုက်ရသော ကိစ္စထက်ပင် စိန်ခေါ်မှု မြင့်မားနေသေးသည်။

“ငါသိတယ် ငါမင်းကို အပြစ်မတင်ပါဘူး။ ဒီကိစ္စကို ငါ့ရဲ့တာဝန်သာထားလိုက်”

ဝမ်ချောင်က လက်ကိုတစ်ချက် ယမ်းလျှက် ထိုသို့အမိန့်ပေးလိုက်သည်။

သူ၏မှတ်ဉာဏ်ထဲမှ မဟာကပ်ဘေးကြီးက မဖြစ်လာသေးသည့်အတွက် ဝူရှန်းရွာက အခြားသော ကျူးကျော်သူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုသာ ခံရသေးသည်။ ထိုအတွက်ကြောင့် သူတို့က လူအများနှင့် ထိတွေ့ပတ်သတ်ရမည့် အရေးကို ထိတ်လန့်နေကြသေးပြီး အလွန်သတိထားနေကြသည်။ မည်သို့ပင်ဆိုစေ ဒါက ဒဏ္ဍာရီအပြည့်ရှိသော ရွာတစ်ရွာလည်း ဖြစ်နေသေးသည်။ ဝမ်ချောင်က သူ၏အတွေးများက ရိုးရှင်းလွန်းကြောင်း ဝန်ခံရပေမည်။

အနာဂတ်လောက၏ အင်အားအကြီးဆုံး ဝူရှန်းမြင်းတပ်က သိမ်းသွင်းရန် မလွယ်ကူချေ။

ငါကိုယ်တိုင်ကိုယ်ကျ လုပ်ရတော့မယ်ထင်တယ်။

ဝမ်ချောင်က စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် ခေါင်းပြန်မော့ကာ လီစစ်ယဲ့ကိုကျော်လျှက် ကြည့်လိုက်သည်။

သူ၏ယခင်ဘဝတွင် ဝူရှန်းမြင်းတပ်ကို ကိုယ်တိုင်ကိုယ်ကျ သိမ်းသွင်းခဲ့သည်။ ဒီဘဝတွင်လည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ရဦးမည်ထင်သည်။ အနာဂတ်၏ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ် လီစစ်ယဲ့ကတင် မလုပ်နိုင်ခဲ့ချေ။

“မင်းက ဒီစစ်သည်တော်ပြောတဲ့ လူငယ်အမတ်ဆိုတာလား”

ဝမ်ချောင်က ဘာမှမပြောနိုင်ခင် သူ၏နားအတွင်း အနည်းငယ် အိုမင်းပြီး တက်ကြွနေသေးသည့် အသံကို ကြားလိုက်ရသည်။ ဝမ်ချောင်က အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ ရိုးရှင်းသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အကြီးအကဲတစ်ဖွဲ့က လီစစ်ယဲ့နှင့် မျက်စောင်းထိုးနေရာတွင် ရပ်နေကြောင်း မြင်လိုက်ရသည်။ သူတို့၏ မျက်နှာအမူအရာက တင်းမာနေပြီး ခေါင်းကိုလည်း မော့ထားကြသည်။

အကြီးအကဲ တစ်ယောက်ချင်းစီတိုင်းက အသက်လေးဆယ် ကျော်နေကြသည်။ တချို့ကဆိုလျှင် ဆံပင်ပင် ဖြူနေလေပြီ။ သူတို့က အသက်ခုနှစ်ဆယ်ကျော်ဟု ထင်ရသည်။ သို့တိုင်အောင် မည်သူကမျှ အကြီးအကဲ တစ်ယောက်လိုမျိုး အိုမင်းချိနဲ့မနေချေ။

ဝမ်ချောင်ကလည်း ထိုလူများ၏ကိုယ်မှ ထွက်လာနေသည့် အလွန်ကျယ်ပြောကာ များပြားပြီး ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားများကို ခံစားမိနေသည်။ ထိုကဲ့သို့သော အရှိန်အဝါများကို သာမာန် အကြီးအကဲများက မပိုင်ဆိုင်တတ်ကြချေ။

ဟွမ်ပေါ့ထန်းက သုံးဆယ်မီတာခန့်မြင့်သော ကျောက်တုံးကြီးကို ထိန်းချုပ်ပြီး ကျောက်တုံး ဗိုလ်ချုပ်ကြီးအဖြစ် ပြောင်းလဲနိုင်ခြင်းကတင် ဝမ်ချောင်၏ အမြင်တွင် လေးစားစရာ ကောင်းလွန်းနေပြီဖြစ်သည်။ သို့သော် နှိုင်းယှဉ်လိုက်ပါက ထိုအကြီးအကဲများက အခြားမတူသော အဆင့်တစ်ဆင့်သို့ ရောက်နေသည်။ ထိုအကြီးအကဲများ ထုတ်နေသော အရှိန်အဝါက ဝမ်ချောင်ကိုပင် ဖိအားပေးနိုင်သည်။

ဘယ်လောက်တောင် အင်အားကြီးလိုက်တဲ့ ကျင့်ကြံခြင်းအဆင့်လဲ။

သိုင်းအင်ပါယာနယ်မြေ။

အနိမ့်ဆုံး သိုင်းအင်ပါယာနယ်မြေပဲ။

ဝမ်ချောင်က တိတ်တဆိတ်တွေးသည်။

အစစ်အမှန် သိုင်းနယ်မြေ၏ အထက်တွင် အဆင့်မြင့်သိုင်း နယ်မြေရှိသည်။ အဆင့်မြင့်သိုင်းနယ်မြေ၏ အထက်တွင် သိုင်းအင်ပါယာ နယ်မြေရှိသည်။ ဝမ်ချောင်က လက်ရှိ ထိုအဆင့်မှ ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ သို့သော် လီစစ်ယဲ့နှင့် မျက်စောင်းထိုးနေရာတွင် ရပ်နေကြသည့် ထိုအကြီးအကဲတိုင်းက သိုင်းအင်ပါယာ နယ်မြေနှင့် အထက်တွင် ရှိနေလေသည်။

ထိုအကြီးအကဲ အချို့ဆိုလျှင် ဝမ်ချောင်ကိုပင် အံ့အားသင့်စေသည့် အရှိန်အဝါအချို့ကို ထုတ်လွှတ်နေကြသေးသည်။ ဒါက အင်ပါယာသိုင်းနယ်မြေမှ အင်အားမျိုးမဟုတ်ဘဲ သူတော်စင် သိုင်းနယ်မြေမှ အင်အားမျိုးဖြစ်နေသည်။ ထိုနာမည်ကတင် မဟာထန်၏ အနောက်တောင်ပိုင်းတွင် အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ပုန်းအောင်းနေကြောင်း ဖော်ထုတ်လိုက်သလို ဖြစ်သွားသည်။ သူ၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်ရသောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်က မယုံရဲလောက်ချေ။

သူတော်စင်သိုင်းနယ်မြေ အဆင့်နှစ်ယောက် သိုင်းအင်ပါယာနယ်မြေ အဆင့်ခုနှစ်ယောက်... ဒါက ဝူရှန်းရွာရဲ့ ကပ်ဘေးမတိုင်ခင်က အင်အားပေါ့။ တော်တော်လေးကို အင်အားကြီးတာပဲ။ နောက်ပြီးဒါက ရေခဲတောင်ရဲ့ ထိပ်ဖျားအစွန်းပိုင်းလောက်ပဲ ရှိလောက်သေးတယ်။

ဝမ်ချောင်၏ မျက်ဝန်းက တောက်ပလာသည်။ သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးများက ဝင်လာသည်။

ဝမ်ချောင်ကလည်း ကပ်ဘေးမတိုင်ခင်က ဝူရှန်းရွာ၏ အင်အားက ယခုလောက်ထိ မြင့်မားလွန်းသည်ဟု မထင်ထားဖူးချေ။ ယခင်ဘဝတွင် ဝူရှန်းမြင်းတပ်၏ ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ အကြီးမားဆုံးသော နောင်တက ဒီအချက်ဖြစ်ခဲ့သည်။ သို့သော် သူက နောင်တရလေလေ ဝမ်ချောင်အနေဖြင့် အကြံတစ်ခု ရထားလေလေဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက ဝူရှန်းရွာကို ရအောင်ကာကွယ်ပြီး အခြားသော ကျူးကျော်သူများကြောင့် ဖြစ်လာမည့် သနားစရာကောင်းလွန်းသော မြင်ကွင်းအခြေအနေကို ဖြစ်မလာနိုင်အောင် ကာကွယ်ပေးရမည်ဖြစ်သည်။

ဒီလိုစွမ်းအားကြီးလှသည့် အင်အားကို နေရာကောင်းတွင် အသုံးချလိုက်မည်ဆိုလျှင် နောက်ပိုင်းတွင် ပို၍ အသုံးဝင်လာပေလိမ့်မည်။ ဆိုလိုသည်မှာ တပ်ကူများမရှိလျှင်ပင် မသေနိုင်တော့ချေ။ ထိုအတွေးက ဝမ်ချောင်၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် ရင်းနှီးကျွမ်းဝင်သည့် အသံကလည်း ထွက်လာသည်။

[မစ်ရှင်တစ်ခုကို အာရုံခံမိပါတယ်.. မဟာမာရှယ်၏ ဆင့်ခေါ်မှု]

[မဟာမာရှယ်တိုင်းက စစ်သည်တော်တွေကို လိုအပ်တယ်။ စစ်သည်တော်တွေက ခေါင်းဆောင်တစ်ယောက် လိုအပ်သလိုမျိုးပဲ။ မဟာမာရှယ်၏ ဆင့်ခေါ်မှုက အဲ့ဒါပဲ။ သုံးရက်အတွင်းမှာ မယိမ်းယိုင်တဲ့ ဝူရှန်းကို ရအောင်သိမ်းသွင်းပြီး ပထမဦးဆုံး ဝူရှန်းမြင်းတပ် တစ်သုတ် ရအောင်စုဆောင်းပါ။ ဒီတာဝန်ကို ပြီးမြောက်သွားတဲ့အတွက် အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် လေးရာ ရရှိမှာပါ]

[ဒီမစ်ရှင်က ကျရှုံးသွားခဲ့ရင် အသုံးပြုသူက ဝူရှန်းတစ်ရွာလုံးရဲ့ ညိုးထားတာကို ခံရမဲ့အပြင် ဝူရှန်းရွာသားတွေကိုလည်း လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အသုံးပြုသူရဲ့ လက်အောက်ငယ်သား အရာရှိနဲ့ ဝူရှန်းရွာရဲ့ကြားက ကတောက်ကဆက ဝူရှန်းရွာနဲ့ ရန်သူတောင် ဖြစ်သွားနိုင်ပါသေးတယ်။ ဒီအတွက်ကြောင့် အနာဂတ်မှာ ဝူရှန်းရွာရဲ့ သစ္စာရှိမှုကို ဘယ်တော့မှ ရရှိတော့မှာ မဟုတ်ပါဘူး]

...

ကံကြမ္မာကျောက်တုံး၏ စကားကို ကြားသောအခါ ဝမ်ချောင်၏ မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ ဝမ်ချောင်အနေနှင့် ဒီလိုနေရာမျိုးတွင် ကံကြမ္မာကျောက်တုံးထံမှ ထိုသို့သော သတင်းမျိုး ကြားလိုက်ရမည်ဟု မထင်ထားမိချေ။ ထိုကျောက်တုံးကပေးသော သတင်းအချက်အလက်မှတဆင့် ဒီဝူရှန်းရွာသားများကို သိမ်းသွင်းမည်ဆိုသော စီမံကိန်းက ဘဝတွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေး ဖြစ်လာသည်။ သူ့တွင် သုံးရက်သာ အခွင့်အရေးရှိသည်။

ငါလီစစ်ယဲ့ကို လွှတ်လိုက်လို့ သူတို့အချင်းချင်း ပဋိပက္ခ ဖြစ်သွားလို့ဖြစ်လောက်တယ်။ ဒီလိုနဲ့ ဝူရှန်းရွာသူကြီးနဲ့ အကြီးအကဲတွေက ငါ့ကိုရန်လိုလာကြတာ။

ဝမ်ချောင်၏ စိတ်ကမူ ကစဉ့်ကလျားဖြစ်ပြီး မုန်တိုင်းထန်နေလေပြီ။

ကံကြမ္မာကျောက်တုံးက အကြောင်းပြချက်မရှိဘဲ တာဝန်ပေးလိမ့်မည်မဟုတ်ချေ။ အနောက်တောင်ပိုင်းက စစ်ပွဲအတောအတွင်း ဝမ်ချောင်က တာဝန်ပေးလာသည့် သဘောတရားကို နားလည်လာပြီဖြစ်သည်။ ကံကြမ္မာကျောက်တုံးက သူ့ကို သတိပေးလိုမှသာ ယခုလို တာဝန်များကို ထုတ်ပေးသည်။

ထို့ကြောင့် ဝူရှန်းရွာမှ လူစုဆောင်းသော ကိစ္စက ထင်ထားသလောက် မလွယ်ကူနိုင်တော့ချေ။ ဒါက ပြဿနာတတ်နေပြီ။

ဝမ်ချောင်၏ နှလုံးသားက လေးလံလာသည်။ သို့သော် သူ၏မျက်နှာတွင် မည်သည့် အမူအရာကိုမျှ မပြသချေ။ သို့ရာတွင် ဒီတာဝန်က ခက်ခဲလေလေ ဝမ်ချောင်က ပို၍ဆုံးဖြတ်ချက် ခိုင်မာလေလေဖြစ်သည်။ မည်သည့်နည်းနှင့်မဆို သူက ဝူရှန်းရွာကိုရအောင် သိမ်းသွင်းရမည်ဖြစ်သည်။

“မှန်ပါတယ် ဒီလူက အဲ့ဒီလူပါပဲ”

ဝမ်ချောင်က ခေါင်းကိုမော့ပြီးနောက် အကြီးအကဲများကိုကြည့်သည်။ သူ၏အမူအရာက တည်ငြိမ်ကာ အကြောက်အလန့်မဲ့သည်။

ဝမ်ချောင်၏စကားက ကွင်းပြင်ထဲရှိ လူများ၏ စိတ်အခြေအနေကို ပြောင်းလဲသွားစေသည်။ ဝူရှန်း အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီးနောက် မျက်မှောင်ကျုံ့ကြသည်မှာ သူတို့က ဒီဆိုးရွားသော ပြဿနာကို မည်သို့ ကိုင်တွယ်ရမည်နည်းဟု တွေးတောနေသည့်အလား ထင်ရသည်။

ဝူရှန်းရွာက အလွန်ခေါင်သည်။ သူတို့က တောင်တန်းက အပြင်လောကနှင့် ခြားထားပေးလေရာ ဓားမြများကပင် ဒီနေရာသို့ မဝင်ရောက်ချင်ကြလျှင် အခြားသူများက ပို၍ဆိုးဝါးပေလိမ့်မည်။ သို့သော် ဝူရှန်းများက မည်မျှသီးသန့်ဆန်ပြီး မည်မျှ တသီးတသန့် နေတတ်နေစေကာမူ တစ်ပါးသူ၏ ပိုင်နက်နယ်မြေ နယ်စပ်အတွင်း ရှိနေသည့်တိုင်အောင် ပိုင်ရှင်ရှိနေကြောင်း ကောင်းကောင်း နားလည်နေသည်။

ထို့ကြောင့် ဗဟိုပြင်ကျယ်၏ နယ်မြေတိုင်းတွင် နေထိုင်သော မည်သူကမဆို ဧကရာဇ်၏ အာဏာအောက်တွင် ရှိသည်ဟု ဆို၍ရသည်။ ထို့ကြောင့် ရိုးရှင်းစွာဖြင့်ပင် ဝူရှန်းများက တော်ဝင်ခုံရုံး၏ ကြီးလေးသော အမိန့်ကြီးများကို နာခံရန် လိုအပ်နေသည်။

သူတို့က တံဆိပ်ပြားကို ခိုးလိုက်ချိန်က လူငယ်အမတ်ဆိုသော စကားလုံးများကို သတိထားမိခဲ့သည်။ သို့သော် မည်သူကမျှလည်း ထိုမျှလေးစားခံရသည့် အမတ်တစ်ယောက်က သူတို့၏အရှေ့တွင် ပေါ်လာမည်ဟု မထင်ထားကြချေ။

သူတို့၏ ခေါင်းမာမှုနှင့် ကြမ်းတမ်းမှုနှင့်ပင် ဝူရှန်းများက ထို(၁၇)နှစ် (၁၈)နှစ်အရွယ်သာ ရှိလောက်သေးသည့် လူငယ်ကို ထိ၍မရနိုင်ကြောင်း နားလည်နေကြသည်။ ယခုအခါ ကိစ္စက အင်ပါယာ တိုင်းပြည်အတွင်းရှိ အာဏာရှင်များ၏ ပါဝင်ပတ်သတ်လာသည့်အတွက် ဒုက္ခများလာတော့ပေမည်။

အခန်း(၇၀၄)

ဝူရှန်းရွာရဲ့ သူကြီးက ငြင်းဆန်လိုက်တယ်

“အရှင်အမတ် အရှင်အမတ် ရောက်လာတာကို ငါတို့က ဂုဏ်ယူရကောင်းမှန်း မသိခဲ့ဘူး။ အရှင်အမတ် ရောက်လာတာကို ငါတို့က ကိုယ်တိုင်ကိုယ်ကျ ထွက်မကြိုဆိုခဲ့တဲ့အတွက် ကျေးဇူးပြုပြီး ဒီလို ဝတ္တရား ပျက်ကွက်တာကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒီလူကို ဝူကျို့မိန်လို့ခေါ်ပြီး ဝူရှန်းရွာရဲ့ အကြီးအကဲအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီလိုသေးငယ်တဲ့ လွဲမှားမှုလေး ရှိသွားပြီး ရွာသားတွေနဲ့ အရှင်အမတ် လက်အောက်ငယ်သားတွေကြား အသေးစား ကတောက်ကဆလေး ဖြစ်သွားခဲ့တာလို့ ထင်ပါတယ်။ အရင်က ငါတို့က သူတို့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့ပေမဲ့ အရှင်အမတ်ရဲ့ လက်အောက်ငယ်သားတွေက အကြောင်းပြချက်ကို နားမထောင်ဘဲ ရွာထဲကို အတင်းတိုးဝင်ခဲ့ကြလို့ ဒီလို ထိန်းသိမ်းထားလိုက်ရတာပါ”

“ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ ငါတို့က သူတို့ကို အတော်လေး လျော့လျော့ပေါ့ပေါ့ ကိုင်တွယ်ပေးခဲ့တာပါ။ အရှင်အမတ်ရဲ့ လက်အောက်ငယ်သားတွေကို အခု ရွာထဲမှ ထိန်းသိမ်းတာကလွဲပြီး အခြား ဘယ်လိုနည်းနဲ့မှ မနှိပ်စက်ခဲ့ပါဘူး။ တခဏနေရင် ငါက အရှင်အမတ်ရဲ့ လက်အောက်ငယ်သားတွေကို ရွာအပြင်ကို လိုက်ပို့ပေးဖို့ ရွာသားတွေကို စေလွှတ်ပေးမှာပါ”

ပြောဆိုသူက အသက်ခုနှစ်ဆယ် ရှစ်ဆယ်ခန့်ရှိလောက်မည့် ဆံပင်များက ဖြူဖွေးနေပြီဖြစ်သော လူအိုကြီးတစ်ယောက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် သူ၏ အသားအရောင်ကမူ သွေးရောင်လွှမ်းနေသေးပြီး ကျန်းကျန်းမာမာ ရှိနေသေးသည်။ သူ၏အမူအရာကလည်း လေးနက်သည်။ သူက အရှိန်အဝါ အပြည့်ဖြင့် ပြောလိုက်သည်မှာ ရွာအတွင်းရှိ သူ၏မြင့်မားသော အဆင့်အတန်းကို ဖော်ပြနိုင်နေသည်။

ဝမ်ချောင်က ထိုစကားများကို ကြားသောအခါ ဘာမျှပြန်မပြောချေ။ သို့သော် သူ၏အနောက်မှ လီစစ်ယဲ့ကမူ သက်ပြင်းရှည်ကြီးကိုချသည်။ ယခင်ရက်အနည်းငယ်အတွင်း သူ၏ ပျောက်ကွယ်သွားခဲ့သည့် လက်အောက်ငယ်သားများ အကြောင်းနှင့် ပတ်သတ်ပြီး ဘာသတင်းမျှ မသိရခဲ့ချေ။ သူက ထိုလူများ သေသွားပြီဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ထိုလူများကို ရွာက ရွာသားများက ရွာအပြင်သို့ ပြန်ပို့လိုက်ခြင်းဖြစ်နေသည်။ လီစစ်ယဲ့က ရုတ်တရက် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ဝမ်ချောင်၏ နားနားကပ်ကာ ခပ်တိုးတိုးပြောသည်။

“အရှင်အမတ် ဒီလူတွေက တော်တော်လေး အင်အားကြီးကြတယ်။ ကျွန်တော်က ကျွန်တော်ရဲ့ ဝု့စ်သံမဏိဓားကို မထုတ်ခဲ့ရင် ကျွန်တော်ကိုလည်း ဖမ်းမိသွားလောက်ပြီ။ အရှင်အမတ် သတိထားပြီး လုပ်ဆောင်မှ ဖြစ်ပါမယ်”

“ငါသိတယ် မင်းသွားပြီး နားလ်ိုက်ပါ”

ဝမ်ချောင်က ခေါင်းပင်လှည့်မကြည့်ချေ။ သို့သော် သူ၏အသံက ယခင်အတိုင်း သွက်လက်ပေါ့ပါးနေသေးသည်။

“လူကြီးမင်း ဒီလူမှာလည်း မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ လက်ရှိအချိန်မှာ အင်ပါယာရဲ့ နယ်စပ်နေရာတိုင်းမှာ အခက်အခဲကြီးတွေကို ရင်ဆိုင်နေရပါတယ်။ အဖက်ဖက်က ဝိုင်းပြီး ဒီမဟာထန်ကို စစ်တိုက်ချင်သလိုမျိုး ကြွေးကြောချင်နေကြပြီး ဒီကိစ္စကို ကိုင်တွယ်ဖို့ တပ်ဖွဲ့တွေ အများကြီး လိုအပ်နေပါတယ်။ လောကက အန္တရာယ် ကျရောက်တဲ့အခါ လူတိုင်းကလည်း ကိုယ်စီတာဝန်ထမ်းပြီး ဝင်ရောက်ပူးပေါင်းဖို့ လိုအပ်နေတယ်။ ဝူရှန်းက လူတွေက ဘယ်လောက် ရဲရင့်ပြီး ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်နေလိုက်သလဲ။ ဒါကြောင့် ဒီလူက ဝူရှန်းမှာ မြို့ကြီးတည်ဆောက်တဲ့ ကိစ္စနဲ့ အကြောင်းတိုက်ဆိုင်ပြီး ဝူရှန်းကို လာရောက်လို့ ရဲရင့်တက်ကြွတဲ့ စစ်သည်တော်တွေကို စစ်မှုထမ်းစေဖို့ လာရောက်ကြည့်ရှု့တာပါ”

“ကျွန်တော်က ဒီဝူရှန်းကလူတွေကို နယ်စပ်ကို စောင့်ကြပ်ပြီး ဗဟိုပြင်ကျယ်က ပြည်သူတိုင်းကို ကာကွယ်ပေးစေချင်တယ်။ ဒီလိုနဲ့ ဒီတိုင်းပြည်ကြီးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီ စောင့်ရှောက်ပေးပြီး လေးစားစရာကောင်းတဲ့ တာဝန်မျိုးကို ယူစေချင်တာပါ”

ဝမ်ချောင်က လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။ သည်နည်းအားဖြင့် သူလည်ရသည့် ရည်ရွယ်ချက်ကို ဖော်ပြလိုက်သည်။

ဝူရှန်းကို သိမ်းသွင်းရာတွင် အကြံအစည်များသုံးပြီး လှည့်စားနေလျှင် အဆိုးရွားဆုံး အခြေအနေ ရလဒ်ကိုသာ ရရှိပေလိမ့်မည်။ ထို့ကြောင့် ဒဲ့တိုးပြောလိုက်ခြင်းက ပို၍ကောင်းသည်။ အမှန်အတိုင်းဆိုရသော် ယခု ဖြစ်ပျက်နေသည့် ကိစ္စအခြေအနေများအရ ဝူရှန်းများကလည်း သူက မည်သည့်အတွက်ကြောင့် လာကြောင်း သိထားပြီးလောက်လေပြီ။ သူ၏ လာသည့်ရည်ရွယ်ချက်ကို ဖုံးကွယ်လိုက်ခြင်းအားဖြင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားနိုင်သည်။

မျှော်လင့်ထားသည့်အတိုင်း ဝူကျို့မိန်နှင့် အခြားဝူရှန်းမှ အကြီးအကဲများက ဝမ်ချောင်၏ စကားကြောင့် မအံ့ဩသွားခဲ့ချေ။ သူတို့ကလည်း သူ၏ ဒီလိုတောင်းဆိုမှုမျိုးကို မျှော်လင့်ထားပြီးသည်မှာ ရှင်းလင်းနေသည်။

“အရှင်အမတ်က ဒီလိုသဘောကျပေးတာကို ခံရတဲ့အတွက် ငါတို့ရဲ့ ဝူရှန်းရွာက ဂုဏ်ယူရမှာပါ။ ဒါပေမဲ့ ငါတို့ရဲ့ ဝူရှန်းရွာက လောကနဲ့ တသီးတခြား နေခဲ့တာ ကြာပြီဖြစ်ပြီး အမြဲတစေ ငြိမ်းချမ်းနေလို့ လုံခြုံမှုလည်းရှိတဲ့ ဒီနေရာမျိုးမှာ ကြီးပြင်းလာခဲ့တဲ့အလျောက် စစ်ပွဲနဲ့ မသင့်လျော်တော့ပါဘူး”

နောက်တစ်ကြိမ် ဆက်လက် တွေးတောခြင်းပင်မရှိဘဲ ဝူကျို့မိန်က ဝမ်ချောင်၏ ဖိတ်ကြားချက်ကို တန်းငြင်းသည်။

“ဒါ့အပြင် ငါတို့ရဲ့ ဝူရှန်းရွာသားတွေက တောင်တန်းနေ ရွာသူရွားသားတွေ ဖြစ်နေကြလို့ လုပ်နိုင်စွမ်းအားက အကန့်အသတ် ရှိနေတယ်။ ငါတို့ရွာက အရှင်အမတ် ကမ်းလှမ်းလာသလိုမျိုး လောကတစ်ခုလုံးကို အခြေအနေ ပြောင်းလဲအောင် လုပ်နိုင်စွမ်းအား မရှိနေပါဘူး။ ငါစိုးရိမ်တာက အရှင်အမတ် အများကြီး မျှော်လင့်မိတဲ့အတွက် စိတ်ပျက်သွားစေမိမှာကိုပါပဲ။ အရှင်အမတ်က ပိုပြီး အလားအလာရှိတဲ့ အရည်အသွေးမြင့် ပုဂ္ဂိုလ်တွေကို သွားပြီး ရှာဖွေသင့်ပါတယ်။ လောကကြီးက ကျယ်ပြောတယ်။ တစ်နေရာရာမှာ ငါတို့ဝူရှန်းထက် ပိုပြီးသင့်တော်တဲ့ အရှင်အမတ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့လူတွေ ရှိနေဦးမှာပါ”

“မှန်တယ် အရှင်အမတ် ကျေးဇူးပြုပြီး အခြားတစ်နေရာကပဲ ပိုပြီး အရည်အချင်း ပြည့်မှီတဲ့ စစ်ကူတွေကို ရှာဖွေလှည့်ပါ”

အခြားသော အကြီးအကဲများကလည်း ဝင်ပြောကာ သဘောတူကြောင်း ပြကြသည်။

ဝူရှန်းရွာက လောကမှခွဲထွက်ပြီး တသီးတခြား နေခဲ့သည်မှာ ယခုဆိုလျှင် နှစ်တစ်ထောင်နီးပါး ရှိနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရွာသားတိုင်းက လောကရေးရာ ကိစ္စများကို ဝင်မစွက်ဖက်ကြဘဲ ငြိမ်းချမ်းသော ဘဝကို နေထိုင်ခဲ့ကြသည်။ ဒါက သူတို့၏ ထုံးတမ်း ယဉ်ကျေးမှုကဲ့သို့ ဖြစ်လာသည်။ မည်သူကမျှလည်း ဒါကို မချိုးဖျက်ချင်ကြချေ။ ထို့ကြောင့် သူတို့က ဝမ်ချောင်၏ စကားအနည်းငယ်လောက်နှင့် သူတို့နေထိုင်နေကြ ရိုးရှင်းသော ဘဝပုံစံကို ပြောင်းလဲ၍ မဖြစ်နိုင်ချေ။

“အကြီးအကဲက နှိမ့်ချလွန်းနေပြန်ပါပြီ။ ဝူရှန်းက လုပ်နိုင်စွမ်းအား အကန့်အသတ် ရှိနေရင်တောင်မှ ဒီလောကမှာ အားလုံးကို လုပ်နိုင်တယ်ဆိုတဲ့လူက ဘယ်မှာရှိပါ့မလဲ။ ကျွန်တော်ရဲ့ လက်အောက်ငယ်သားတွေ အားလုံးက လူဟောင်းတွေ။ သူတို့က စစ်သည်ရာကျော်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့ လက်ရွေးစင်။ ဒါပေမဲ့ ဝူရှန်းရွာကိုရောက်တော့ ရွာထဲက စစ်သည်တော်တွေက ဖမ်းဆီးတာကို သူတို့က အသာအယာ ခံလိုက်ရတယ်။ ဒါကြောင့် ဝူရှန်းတွေက ဒီလောကက ကြောက်စရာအကောင်းဆုံး စစ်သည်တော်တွေလို့ ထင်မြင်မိတာပါ”

“မဟာထန်က ဝူရှန်းရဲ့ အထောက်အပံ့ကိုသာ ရမယ်ဆိုရင် နယ်စပ်ကို သေချာပေါက် တိုင်းတစ်ပါးသားတွေ ထိုးစစ်မဆင်လာအောင် ကာကွယ်စောင့်ကြပ်နိုင်ပါလိမ့်မယ်။ ဒီလိုဆိုရင် တိုင်းပြည်ကလည်း လုံခြုံမယ်။ ပြည်သူတွေကလည်း လုံခြုံမယ်။ ဆုံးရှုံးမှုတွေ ဖြစ်စေမဲ့ စစ်ပွဲရဲ့ ရန်ကလည်း ကာကွယ်နိုင်မယ်။ ဒါက တော်ဝင်ခုံရုံးက တိုင်းပြည်ရဲ့ကိုယ်စား တိုက်ခိုက်ဖို့ ပါဝင်ခဲ့တဲ့ စစ်သည်တော်တိုင်းကို သဘောထားကြီးကြီးနဲ့ ဆုလဒ်အမြောက်အများ ချီးမြှင့်လေ့ရှိပါတယ်။ ဒါကြောင့် ဝူရှန်းရွာက စစ်မှုထမ်းဖို့ ဆန္ဒရှိတာနဲ့ ဒီအကြီးအကဲတွေ အားလုံးကို ကျွန်တော်က အာမခံ ကတိပေးပြီး ဒီရွာကို ဆုလဒ်အဖြစ် ရွှေထည်နဲ့ အရင်းအမြစ် အမြောက်အများ ရစေရပါ့မယ်လို့ ပြောပေးနိုင်ပါတယ်”

ဝမ်ချောင်က ရိုးသားစွာပြောသည်။

ဝမ်ကလန်၏ လက်ရှိ အာဏာနှင့် အဆင့်အတန်းနှင့်သာဆိုလျှင် ဝမ်ချောင်က ဆန္ဒရှိသမျှ ဝူရှန်းရွာအပေါ် မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားသည့် ကြွယ်ဝမှု အဆင့်အတန်း ဂုဏ်သိက္ခာတို့ကို ထုတ်ပေးနိုင်သည်။

အခြားတစ်ဖက်မှ ဝူကျို့မိန်နှင့် အခြားသောရွာမှ အကြီးအကဲများက အမျိုးမျိုးသော ရှုပ်ထွေးသွားသည့် ခံစားချက်များကို ထုတ်ပြလာကြသည်။ ဝမ်ချောင်၏ စကားက အနည်းငယ် ကြမ်းတမ်းနေလျှင် သူတို့က ချက်ချင်း ငြင်းလိုက်ပေလိမ့်မည်။ သို့သော် ဝမ်ချောင်က နားလည်မှုအပြည့်ဖြင့် စကားကို အလိမ္မာထည့်ကာ ပြောသွားသည်။ သူ၏ စကားလုံးထဲတွင် ဝူရှန်းရွာသားများကို ချီးကျူးမှုနှင့် မြင့်တင်ကာ ပြောဆိုသော စကားများက များပြားလွန်းနေလေရာ အကြီးအကဲများကိုပင် ပြန်ပြောစရာစကား မရှိသလောက် ဖြစ်စေသည်။

ပို၍အန္တရာယ်များသည့် အချက်က ဝမ်ချောင်၏ လက်အောက်ငယ်သားများကို သူတို့၏ ရွာသားများက ဒဏ်ရာရအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ ဝူကျို့မိန်ကလည်း မြေပြင်တွင် လဲနေသော ထိုစစ်သည်တော်များက တစ်ယောက်တည်းနှင့် ရန်သူ အယောက်တစ်ရာကို ရင်ဆိုင်နိုင်သော လက်ရွေးစင်များဟု မထင်ထားမိချေ။

“ဒါက...”

ဝူကျို့မိန်နှင့် အကြီးအကဲတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ အမူအရာများကလည်း ကြောင်တောင်တောင် ဖြစ်နေကြပြီး ပါးစပ်ကလည်း စွံ့အနေကြသည်။

အကြီးအကဲများက ဝမ်ချောင်၏စကားကို မတုန့်ပြန်နိုင်ကြဘဲ ရှိနေကြချိန်တွင် ဝူရှန်းရွာ အတွင်းဆုံးအပိုင်းမှ ကျောက်တုံးအိမ်လေးထံမှ အသံတစ်သံက ထွက်လာသည်။

“လူငယ်အမတ်က အလိမ္မာသုံးပြီး စကားကို နားထောင်ကောင်းအောင် ပြောဆိုနိုင်တဲ့လူပါ။ ဒါကြောင့် ဒီလူက လေးစားမိပါတယ်။ ဒါပေမဲ့ အရှင်အမတ်အနေနဲ့ ဒီနေရာမှာ အလဟာသ လေကုန်ခံပြီး အကျိုးအမြတ် မရှိနိုင်တဲ့ အကြံအစည်တွေ မချဖို့ပဲ အကြံပေးချင်ပါတယ်”

“ဒါက...”

ဝမ်ချောင်က ထိုအသံကို မှတ်မိလိုက်သဖြင့် မျက်လုံးပြူးသွားသည်။ သူက ရွာအပြင်ဘက် အစွန်းနားတွင် ဟွမ်ပေါ့ထန်းနှင့် တိုက်ခိုက်နေချိန်က ထိုအသံက သူ့ကို ဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ရွာထဲသို့ ဝင်ပြီးသည့်တိုင်အောင် ထိုအသံဖြင့် စကားပြောလာသောလူကို မတွေ့ရသေးချေ။

“ရွာသူကြီး”

ဝမ်ချောင်က တွေးတောနေချိန်တွင် ဝမ်ကျို့မိန်က လေးစားမှုအပြည့်ဖြင့် ပြောလိုက်သောအသံကို ကြားလိုက်ရသည်။ အခြားသော အကြီးအကဲများကလည်း အသံလာရာဘက်သို့ ခေါင်းလှည့်ကာ ဂါရဝပြုကြသည်။ သူတို့၏ အမူအရာက သူတို့မည်မျှ လေးစားကြောင်း ဖော်ထုတ်ပြသနေသည်။

ဝမ်ချောင်ကလည်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည့် အခါမှသာ ဆံပင်ဖြူနှင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ တစ်ဖက်သူက အညိုရောင်ဝတ်စုံကို ဝတ်ထားသည်။ သို့သော်သူက အနည်းငယ် ခါးကုန်းသည်။ သူက ဆွေးမြေ့နေသော သစ်သားဖြင့် လုပ်ထားသည်ဟု ထင်ရသည့် တုတ်ကောက်လေးကိုလည်း ကိုင်ထားသေးသည်။ သူက ကျန်းတစ်ဆယ်ကျော် အကွာမှ ကျောက်တုံးအိမ်လေးထဲမှ တဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ထွက်လာခြင်းဖြစ်သည်။

ဝမ်ချောင်က အစပိုင်းတွင် သေချာ သတိမထားမိခဲ့ချေ။ သို့သော် တစ်ချက်ကြည့်လိုက်ပြီးမှသာ အံ့အားတကြီး မျက်လုံးပြူးသွားရသည်။ အကြောင်းမူကား ထိုဆံပင်ဖြူနှင့် အကြီးအကဲက တဖြည်းဖြည်းချင်း လျှောက်လာနေသော်လည်း သူ၏ခြေလှမ်းတိုင်းတွင် ကျင်းထောင်ကျော် အလေးချိန်ကို သယ်ဆောင်ထားပြီး အလွန်ပြင်းထန်သည့် စိတ်စွမ်းအင် တိုက်ကွက်မျိုးကို ထုတ်ပေးနိုင်သောကြောင့် ဖြစ်သည်။ သူ၏ခြေထောက်က မြေကြီးသို့ မထိနေခဲ့ဘဲ လေထဲတွင် လှမ်းနေခဲ့သည်မှာ လူတိုင်း၏ နှလုံးသားကို တက်နင်းနေသလိုမျိုး ခံစားချက်ကို ပေးစွမ်းသည်။ ပြိုင်ဘက်ကင်းသည့်ဆိုသော မယိမ်းယိုင်နိုင်သည့် အလဲထိုးရန် ခက်ခဲသော အရှိန်အဝါမျိုးကို ထုတ်ပေးနေသည်။

အနီးကပ်မြင်ရမှသာ ဝမ်ချောင်အနေဖြင့် တစ်ဖက်သူကို သေချာ အကဲခတ်နိုင်သည်။ သို့တိုင်အောင် ထိုအကြီးအကဲ၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးချေ။ ထိုအကြီးအကဲက မဝေးလွန်း မနီးလွန်းသော နေရာမျိုးတွင် ရှိနေသည့်တိုင်အောင် သူ၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်းဖြစ်သည်။ ထိုအချက်က ဝမ်ချောင်ကို အံ့အားသင့်စေသည်။ သူကသူ၏ စွမ်းအင်ဖြင့်ပင် အာရုံမခံမိခဲ့ချေ။ ထိုအကြီးအကဲက အမှန်တကယ် မတည်ရှိသော အရိပ်တစ်ခုလို ခံစားချက်ကို ပေးစွမ်းနေခြင်းဖြစ်သည်။

ဝမ်ချောင်၏ နှလုံးသားက ထိုအတွေးကြောင့် တုန်ယင်သွားသည်။

သူက သာမာန်လူတစ်ယောက် ဖြစ်ခဲ့ချိန်က ထိုသို့ လေ့လာစစ်ဆေးမှုမျိုး လုပ်ခဲ့ပြီး မမြင်ရခြင်းဆိုလျှင် လက်ခံနိုင်ဖွယ်ရှိသည်။ သို့သော် ယခုမူ သူက သိုင်းအင်ပါယာ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုလည်း ကျွမ်းကျင်နေသည်။ သို့တိုင်အောင် တစ်ဖက်သူကို မယှဉ်နိုင်သေးချေ။

ဟွမ်ပေါ့ထန်းနှင့် သူ၏ ကျောက်တုံးဗိုလ်ချုပ်အပေါ် ကျွမ်းကျင်သော ကျွမ်းကျင်ပညာရှင် တစ်ယောက်ကပင် ဝမ်ချောင်၏အရှေ့တွင် အားအင်မဲ့ရသည်။ သူ၏လက်ဖဝါးပေါ်မှ ကစားစရာ ဖြစ်ခဲ့ရသည်။

သို့တိုင်အောင် ယခုမူ ထိုသာမာန် ဆံပင်ဖြူနှင့် လူအိုကြီးက ဝမ်ချောင်၏ စွမ်းအင်ဖြင့်ပင် အာရုံမခံမိနေသော အခြေအနေမျိုးကို ကြုံတွေ့လိုက်ရသဖြင့် မယုံနိုင်စရာ ကောင်းသွားသည်။

သူတော်စင်သိုင်းနယ်မြေ

ထိုအတွေးဝင်လာသည်နှင့် ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူက ထိုခံစားချက်နှင့် မစိမ်းသက်ချေ။ ကျန်းချုံကျန့်ချုံး၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်တို့ အားလုံးကလည်း ဝမ်ချောင်ကို ထိုသို့သော ခံစားချက်မျိုးပေးသည်။ အကြောင်းမူကား ထိုလူတိုင်းက မဟာဗိုလ်ချုပ်အဆင့်မှ ကျွမ်းကျင်ပညာရှင်များ ဖြစ်သောကြောင့်ဖြစ်သည်။

လောက၏ ယခင်မဟာဗိုလ်ချုပ်မှူးကြီး တစ်ယောက်ဖြစ်ပြီး သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်မှ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးသည့် ထိုအဆင့်မှ စွမ်းအင်နှင့် အလွန်ရင်းနှီးနေသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။

ဝမ်ချောင်၏စိတ်က ကစဉ့်ကလျားဖြစ်သွားပြီး မုန်တိုင်းထန်သွားသည်။ ဒီလိုသေးငယ်သော ဝူရှန်းရွာတွင် အင်ပါယာ မဟာဗိုလ်ချုပ်အဆင့် ကျွမ်းကျင်ပညာရှင်မျိုးက ကွယ်ဝှက်စွာရှိနေသည်။

မည်သည့်တိုင်းပြည်မဆို မည်သည့်အဖွဲ့အစည်းမဆို မဟာဗိုလ်ချုပ်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို လက်ဝယ်ပိုင်ဆိုင်လိုက်ရသည်နှင့် သူတို့၏ အဆင့်အတန်းကို လွှမ်းမိုးနိုင်စွမ်းအားက မြင့်မားသွားမည်ဖြစ်ကာ သူတို့၏ အဆင့်အတန်းက တဖန်မြင့်တက်သွားမည်ဖြစ်သည်။ သူတို့က အခြားသော တိုင်းပြည်များ၏ အာရုံကိုပင် ဆွဲဆောင်နိုင်လာလောက်သည်။

ဝူရှန်းရွာတွင် ဒီလိုကျွမ်းကျင်ပညာရှင်မျိုး ပုန်းကွယ်နေသော ကိစ္စက ဝမ်ချောင်ကို စိတ်ပိုင်းဆိုင်ရာအရ အံ့အားသင့်စေခဲ့သည်။ ဝမ်ချောင်က ရုတ်တရက် မည်သည့်အတွက်ကြောင့် အခြားသော တိုင်းတစ်ပါးသား ကျူးကျော်သူများက ဝူရှန်းကို တိုက်ခိုက်ရာတွင် ကြီးမားသည့် ဆုံးရှုံးမှုဒဏ်ကို ခံခဲ့ရကြောင်း နားလည်သွားသည်။

မဟာဗိုလ်ချုပ်အဆင့် တစ်ယောက်က သူတော်စင် သိုင်းနယ်မြေ အဆင့်အများအပြားကို ဦးဆောင်နေသော အခြေအနေ၊ ထို့အပြင် သိုင်းအင်ပါယာအဆင့် အများအပြားနှင့် အစစ်အမှန် သိုင်းနယ်မြေ၊ သို့မဟုတ် အဆင့်မြင့် သိုင်းနယ်မြေ အဆင့်မှ အယောက်ငါးသောင်း ခြောက်သောင်းခန့် ရှိနေသော အင်အားစုမျိုးကို ဦးဆောင်ထားသည့်အခါ ဝူရှန်းရွာ၏ အင်အားက မယုံနိုင်စရာကောင်းသည့် အဆင့်ထိ ရောက်ရှိသွားပြီဖြစ်ပြီး အသေးစား ကာကွယ်ရေးစစ်တပ် တစ်ခုကိုပင် ယှဉ်နိုင်သွားသည်။ ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် ဝူရှန်းရွာ၏ အရင်းအမြစ်၏ နက်ရှိုင်းမှုကို နားလည်လိုက်ခြင်းဖြစ်သည်။

သို့တိုင်အောင် ဝမ်ချောင်ကလည်း အနည်းငယ် အစီအစဉ်မကျဖြစ်နေသည့် လုပ်ကိုင်နေသည့် အားလှိုင်း အရှိန်အဝါကို ခံစားလိုက်ရသည်။ ထိုဆံပင်ဖြူနှင့် အကြီးအကဲက အကောင်းဆုံးကြိုးစားရန် ဖုံးကွယ်နေသည့်တိုင်အောင် ဝမ်ချောင်က ပုံမှန်မဟုတ်သော အားလှိုင်းကို ခံစားမိလိုက်သည်။ ကြည့်ရသည်မှာ သူကပင် ဒီကံကြမ္မာကို မရှောင်ရှားနိုင်လောက်ချေ။

ဝမ်ချောင်ကလည်း အဖြစ်အပျက်များကို ချက်ချင်းလိုလို နားလည်သွားသည်။

“လေးစားရတဲ့ အကြီးအကဲ ကျွန်တော် ရိုင်းပြမိပါတယ်”

ဝမ်ချောင်က ထိုဝူရှန်းရွာမှ ရွာသူကြီးထံ လက်နှစ်ဖက်ကိုပို့လျှက် တစ်ချက် အလေးအနက်ထားကာ ဂါရဝပြုလိုက်သည်။ အကြီးအကဲများကို လေးစားသော ရိုးသားသောစိတ်ထားဖြင့် သူက ဂါရဝပြုလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုရွာသူကြီးက သူ၏အဘိုးအရွယ်လောက် ဖြစ်သည်။

အကြီးအကဲ၏ မျက်ဝန်းက အချိန်တစ်ခုကြာအောင် လှုပ်ခတ်လှုပ်ခတ် ဖြစ်သွားသည်။ သို့သော် သူ၏မျက်နှာကမူ တင်းမာနေသေးသည်။

“သခင်လေးက ဒီလောက်ငယ်ငယ်လေးနဲ့ အမတ်ဘွဲ့ ရထားတယ်ဆိုကတည်းက အခြားသူတွေအပေါ် နက်ရှိုင်းတဲ့အမြင် ချန်ရစ်နိုင်တဲ့ အမျိုးသားတွေထဲက နဂါးတစ်ကောင် ဖြစ်မယ်မှန်း ငါတို့အားလုံး နားလည်ထားပြီးသားပါ။ ဒါပေမဲ့ တိုင်းပြည်တစ်ခုမှာလည်း သူ့ရဲ့စည်းမျဉ်းက ရှိနေဦးမှာပဲ။ အလားတူပဲ ကလန်တစ်ခုမှာလည်း သူရဲ့စည်းမျဉ်းကရှိတယ်။ ဝူရှန်းရွာမှာလည်း အလားတူ ရှိနေပါတယ်။ ဝူရှန်းရဲ့ ဘယ်ရွာသားကမှ ရွာကထွက်ခွင့်မရှိသလို အပြင်လောက ကိစ္စတွေမှာလည်း ဝင်ပါဝင်ခွင့် မရှိပါဘူး။ ဒါက ငါတို့ရဲ့ ဘိုးဘေးတွေကိုယ်တိုင်က ချမှတ်ခဲ့တဲ့ စည်းမျဉ်းပါ။ အရှင်အမတ်အနေနဲ့ အများကြီး အားအင်စိုက်ထုတ်နေဖို့ မလိုအပ်ပါဘူး။ ကျေးဇူးပြုပြီး ပြန်လိုက်ပါ”

ဆံပင်ဖြူနှင့် အကြီးအကဲက ထိုသို့ တည်ငြိမ်စွာပြောသည်။ ထို့နောက်သူက လူအုပ်ထဲတဖန် ဆက်လျှောက်လာသည်။ သူ၏ခြေလှမ်းများက အလွန်အမင်း နှေးကွေးလွန်းသည်။ သူက ပထမဦးဆုံး စကားစပြောခဲ့ချိန်တွင် ကျန်းတစ်ဆယ်ကျော်အကွာတွင် ရှိနေခဲ့သော်လည်း သူက စကားဆုံးသွားသည့်အခါ ဝမ်ချောင်နှင့် ဆယ်ကျန်းအကွာသို့ ရောက်လာသည်။

“လေးစားရတဲ့ လူကြီးမင်း..”

“အရှင်အမတ် ကျေးဇူးပြုပြီးပြန်ပါ”

အကြီးအကဲ၏ အမူအရာက ခိုင်မာသည်။ မေးခွန်းထုတ်ရန်ပင် ခက်ခဲသည်။ သူက စကားပြောလိုက်ပြီးနောက် လက်ဝါးကို ဖြန့်လိုက်ကာ ရွာအပြင်ဘက်သို့ တစ်ချက် ဝိုက်ပြသည်။ ဒီနည်းအားဖြင့် ဧည့်သည်များကို အပြင်သို့ ပို့နေကြောင်း သေချာလာသည်။

ရာသီဥတုက အေးခဲသွားသလို ဖြစ်လာသည်။ အပူချိန်ကပင် ဒီကရီများစွာ ထိုးကျလာသည်။ စစ်သည်တော် စုဆောင်းရမည့် တာဝန်က ကျရှုံးသွားလေပြီ။ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော အစောင့်များက ဒေါသထွက်လာကြသည်။ လီစစ်ယဲ့ကပင် မျက်မှောင်ကျုံ့လိုက်သည်။

အခန်း(၇၀၅)

လကြပ်ခြင်းရဲ့ ဘေးအန္တရာယ် (၁)

ဝမ်ချောင်က ခုံရုံးမှ အမတ်တစ်ယောက် ဖြစ်သလို သူတော်စင်ဧကရာဇ် ကိုယ်တိုင်က သူ့ကို ဘွဲ့ထူးလည်း ချီးမြှင့်ခဲ့သည့်အတွက် သူဟာ ကောင်းကင်သားတော်၏ တပည့်ဖြစ်လာသည်။ ဝူရှန်းက ဝမ်ချောင်၏ အပိုင်စားနယ်မြေထဲမှ ဖြစ်လေရာ ဝမ်ချောင်က ဒီနယ်မြေကို အုပ်ချုပ်နေသည်ဟု ဆိုနိုင်သဖြင့် သူက ထိုလူများကို စစ်သည်တော်အဖြစ် စုဆောင်းသော ကိစ္စက အလွန်ကျိုးကြောင်းသင့်လျော်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဝူရှန်းရွာက အကျိုးအကြောင်း နားမလည်ပေ။ သူက ညှိနှိုင်းရန် အခွင့်အရေး မပေးဘဲ ချက်ချင်းတန်း ငြင်းလိုက်သည်။

ရွာသားများက ဒီနေရာသို့ ယခင်ကလာသော စစ်သည်တော်များက မည်သည့်ဒဏ်ရာရသွားကြောင်း ပြန်တွေးမိကြသော် သူတို့၏ အမူအရာများက တင်းမာသွားကြသည်။ ဝမ်ချောင်၏ အဆင့်အတန်းအရ သူက ဝူရှန်းရွာကို ဝိုင်းရံစစ်တပ်တစ်ခုကို ထုတ်သုံးနိုင်စွမ်းအား ရှိနေသည်။

“ရမ်းကားလိုက်တာ”

ကောင်းဖုန်းအနေနှင့် ပထမဦးဆုံးအကြိမ် သူ၏ ထိန်းချုပ်နိုင်စွမ်းအား လွတ်ကင်းသွားပြီး ဝမ်ချောင်အတွက် ပြန်လည်ငြင်းဆန်ရန် ရှေ့ထွက်ရပ်လိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်၏ လက်ရှိအဆင့်အတန်းနှင့်ဆိုလျှင် အုတ်မြစ် နက်ရှိုင်းသော ကြွယ်ဝသည့် ကလန်ကြီးများနှင့် သမိုင်းမှတ်တမ်းတလျှောက် တည်ရှိခဲ့သည့် အထက်တန်းလွှာ ကလန်ကြီးများကပင် ဝမ်ချောင်ကို တလေးတစား ပြောဆိုဆက်ဆံရမည်ဖြစ်သည်။ သို့သော် ဝူရှန်းရွာမှ ထိုလူများက အတင့်ရဲစွာဖြင့် ထိုသို့ပြောဆိုပြုမူပြောဆိုရဲနေသည်။

“ကောင်းဖုန်း”

ဝမ်ချောင်က လက်တစ်ဖက် ဆန့်လိုက်လျှက် ကောင်းဖုန်းကိုတားသည်။ သူက ဝူရှန်းရွာသို့လာကာ လူသူစုဆောင်းခြင်းဖြစ်သည်။ ရန်ငြိုးထားရန် မလိုချေ။ ထို့ပြင် ဝူရှန်းရွာသူကြီးက မလိမ်နေသော တစ်ချက်လည်း ရှိနေသည်။ ဝူရှန်းရွာက အမှန်ပင် ရွာအပြင်သို့ မည်သူ့ကိုမျှ ထွက်ခွင့်မပေးသလို အပြင်လောကနှင့် မပတ်သတ်ရဆိုသော ဓလေ့ထုံးတမ်းက ရှိနေခြင်းဖြစ်သည်။

သို့မဟုတ်လျှင် ဝူရှန်းရွာက လက်ရှိခေတ်အထိ နှစ်ထောင်ကျော်နီးပါး တည်ရှိခဲ့ပြီးသည့်တိုင်အောင် လူသူမသိ နေရာတစ်ခု ဖြစ်နေလိမ့်မည် မဟုတ်ချေ။

ဝမ်ချောင်ကလည်း ထိုစည်းမျဉ်းအကြောင်းကို ဖန်းရှောင်ရန်ထံမှ ကြားထားဖူးသည်။ ထို့ကြောင့်သူက ကောင်းကောင်း သိသည်။ သို့သော် စည်းမျဉ်းဟာ သက်မဲ့ဖြစ်ပြီး လူများက သက်ရှိဖြစ်သည်။ ထိုစည်းမျဉ်းကို မဖောက်ဖျက်နိုင်ဟုဆိုလျှင် သူက လောကအနှံ့ ကျော်ကြားသည့် ဝူရှန်းမှ မြင်းတပ်ငါးထောင်ကို စစ်တပ်အနှံ့ အမိန့်ပေးသည့် အင်အားအကြီးဆုံး ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ မည်သည့်နည်းနှင့်ဆိုဆို ဝူရှန်းရွာသူကြီးက မည်သို့ ပြောနေစေကာမူ ဝမ်ချောင်အနေဖြင့် ဒီယဉ်ကျေးမှုဓလေ့ကို ပြောင်းလဲမည့် နည်းလမ်းတစ်ခုရှိပြီး သူတို့က စစ်သည်တော်အဖြစ် တာဝန်ထမ်းဆောင်လိုစိတ် ရှိအောင်လုပ်ရန် ဆုံးဖြတ်ထားသည်။

“အာ အဘိုး ဘာလို့ဒီနေရာကို ရောက်နေကြတာလဲ”

လေထုက ထိုသို့ အထိမခံဖြစ်နေသော အခြေအနေမျိုးတွင် လူတိုင်း၏ နားထဲတွင် ရင်းနှီးကျွမ်းဝင်နေသည့် ကလေးဆန်သော အသံလေးက ထွက်လာသည်။ ဝမ်ချောင်က ခေါင်းလှည့်လိုက်သောအခါ ကွင်းပြင်၏ အစနားတွင် ပေါ်လာသည့် သေးသွယ် ပိန်ပါးသည့် ကောင်မလေးကို မြင်လိုက်ရသည်။ ထိုကောင်မလေးက တောရိုင်း ကြောင်ပေါက်လေးလိုမျိုး သူမ၏ကျောတွင် ကြီးမားသည့် သတ္တုသေတ္တာကြီးကိုလွယ်လျှက် ချောမွေ့စွာဖြင့် လျှောက်လာနေသည်။

ထိုမိန်းကလေးက ချက်ချင်းလိုလို ခုန်ဆွခုန်ဆွ ပြေးလာပြီးနောက် ဝမ်ချောင်ကလည်း ဆံပင်ဖြူနှင့် အကြီးအကဲနှင့် မျက်နှာချင်းဆိုင် ရပ်နေကြောင်း မြင်လိုက်သောအခါ သူမမျက်နှာတွင် အံ့အားသင့်မှုက အထင်းသားပေါ်လာသည်။

“အာ အစ်ကိုကြီး ဘာလို့ဒီနေရာကို ရောက်နေတာလဲ”

ထိုကောင်မလေးထံမှ ထိုစကား ထွက်လာသည်နှင့် လူတိုင်း၏ စိတ်အခြေအနေများက သက်တောင့်သက်သာ ဖြစ်သွားကြသည်။

“ဒီကလေးကတော့လေ”

ဆံပင်ဖြူနှင့် အကြီးအကဲတစ်ယောက်က ခါးသီးစွာပြုံးလိုက်သည်။ သူ၏ တင်းမာသော မျက်နှာကလည်း ပြေလျော့သွားသည်။

“ရှောင်ရန်”

အကြီးအကဲတစ်ယောက်က လက်ကိုယမ်းကာ လှမ်းခေါ်သည်။ ယခုတွေးကြည့်မိသည့်အခါ အချိန်ကျလေပြီ။ ဝမ်ချောင်ကလည်း ထိုမိန်းကလေးကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူက ဒီလိုမြင်ကွင်းမျိုး ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။

“အဘိုး အဘိုးကိုပြောဖို့ မေ့နေတာ။ ဒါက ငါအပြင်ဘက်မှ တွေ့လာတဲ့ မိတ်ဆွေလေ။ သူတို့က ဝူကျန်းမြက်ပင်တွေ အများကြီးပေးခဲ့တာ။ ဟား ဟား အခုဆိုရင် နောက်ရက်အနည်းငယ်အတွင်း ရွာပြင်ထွက်စရာ မလိုတော့ဘူး။ ရွာထဲမှာပဲ လွတ်လွတ်လပ်လပ် ကစားနေလို့ရပြီ”

ထိုကောင်မလေးက ရှေ့သို့ ခုန်ဆွခုန်ဆွ လျှောက်လာပြီး လျှင်မြန်စွာဖြင့် အကြီးအကဲ၏ ခြေထောက်နားသို့ ရောက်သွားပြီး ဖက်လိုက်သည်။ သူမလေးက ကြောင်ပေါက်လေးတစ်ကောင်လို ထိုခြေထောက်ကို ပွတ်သပ်နေသေးသည်။ ဆံပင်ဖြူနှင့် အကြီးအကဲကမူ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

“ကောင်းပြီ”

“ဟုတ်သားပဲ”

ထိုကောင်မလေးက ဝမ်ချောင်ကို လှမ်းကြည့်သည်။

“အစ်ကိုကြီး ဒီသေတ္တာက မဆိုးဘူး။ ဝူကျန်းမြက်တွေကို အကြီးအကဲကို ပေးပြီးတဲ့နောက်မှာ ငါဒီသေတ္တာကို ဆက်ပြီး သိမ်းထားလိုက်မယ်။ ဒီသေတ္တာလေးကို လဲ့လဲ့အတွက် အသိုက်လုပ်ပေးလို့ရတယ်”

“ဟား ဟား မင်းသဘောကျရင် ပြီးတာပဲ”

ဝမ်ချောင်က အပြုံးနှင့်ပြောသည်။

“ရှောင်ရန် တစ်ရက်လုံးလုပ်ထားတာ မဟုတ်လား။ ပင်ပန်းနေပြီလား ဒီအဘွားက ရှောင်ရန်လေးအတွက် အဆာပြေမုန့်နည်းနည်း လုပ်ထားပေးသေးတယ်။ အားလုံးစားပွဲပေါ် တင်ထားတာ စားချင်သဘောက် သွားယူစားလိုက်ဦး”

“လူရမ်းကားမလေး အဲ့ဒီမြေခွေးကိုပဲ စိုးရိမ်မနေနဲ့။ လေ့ကျင့်တာကို မပျက်ကွက်ဖို့လည်း သတိရဦး”

ဝူရှန်းရွာမှ အကြီးအကဲက ထိုကောင်မလေးကို နှုတ်ဆက်ကာ သူတို့၏ ချစ်ခင်စိတ်များကို ဖော်ပြကြသည်။ သူတို့၏ အပြုအမူက သူတို့က ဝမ်ချောင်ကို ပြောဆိုနေပုံနှင့် ကွာခြားသည်။

“ငါသိပါတယ် ငါသိပါတယ်”

ကောင်မလေးက လက်ယမ်းပြီးနောက် စိတ်မရှည်သလိုမျိုး ပြောသည်။ ထို့နောက် ဝမ်ချောင်ကို လှည့်ပြောသည်။

“ဟုတ်သားပဲ အစ်ကိုကြီး အစ်ကိုကြီးရဲ့ မိတ်ဆွေတွေကို ရှာတွေ့ပြီလား”

“ရှာတွေ့ပြီ”

ဝမ်ချောင်က ပြုံးပြီးနောက် လီစစ်ယဲ့ကို လှည့်ကြည့်သည်။

“ဆိုတော့ သူတို့ကိုး”

ကောင်မလေးက မျက်မှောင်ကျုံ့သည်။ သို့သော် ခပ်မြန်မြန် ပြောသည်။

“အစ်ကိုကြီးသူတို့ကို ရှာတွေ့ရင် ပြီးတာပါပဲ။ အဘိုး သူတို့အားလုံးက ငါ့သူငယ်ချင်းတွေနော်။ ဒီတော့ သူတို့ကို အနိုင်မကျင့်နဲ့။ အစ်ကိုကြီးနဲ့ဆက်ပြီး စကားမပြောတော့ဘူး။ ငါလဲ့လဲ့ကို သွားရှာတော့မယ်”

ကောင်မလေးက သေတ္တာကိုလွယ်လျှက် ချက်ချင်းလိုလို ထွက်ပြေးသွားပြန်သည်။ ဒီနည်းအားဖြင့် ကွင်းပြင်၏ အဆုံးသတ်ထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားသည်။

ထွက်ပြေးသွားသည့် ကောင်မလေးကို အားလုံးက လိုက်ကြည့်နေကြသည်။ ဆံပင်ဖြူနှင့် အကြီးအကဲများကလည်း ကူကယ်ရာမဲ့စွာ ပြုံးကြသည်။ ထိုကောင်မလေးနှင့် အတူတကွ တည်ရှိလာပြီးနောက် သူတို့၏ အမူအရာများကပင် မအေးစက်နိုင်ကြတော့ချေ။

“အရှင်အမတ် ရှောင်ရန်က ဘယ်အချိန်ကမှ အပြင်လူတွေနဲ့ မနီးစပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ အရှင်အမတ်ကိုယ်စား ပြောပေးသွားတယ်ဆိုကတည်းက အနည်းဆုံး အရှင်အမတ်ရဲ့ အကျင့်စာရိတ္တကတော့ မဆိုးယုတ်နိုင်ပါဘူး။ ဒါပေမဲ့ ဝူရှန်းရွာမှာလည်း ကိုယ်ပိုင်စည်းမျဉ်း ရှိပါတယ်။ ဒါကို ဘိုးဘေးတွေက ချမှတ်ခဲ့တာဖြစ်လို့ ရွာသူကြီးဖြစ်တဲ့ ငါကိုယ်တိုင်တောင် မဖီဆန်ဝံ့ပါဘူး။ ဒါကြောင့် အရှင်အမတ်ကလည်း ဒါကိုနားလည်ပေးပြီး ဝူရှန်းရွာကို ကျေးဇူးပြုပြီး မနှောက်ယှက်ဖို့ မျှော်လင့်ပါတယ်။ ဒီတော့ အရှင်အမတ် ကျေးဇူးပြုပြီး ပြန်ပါတော့”

ဆံပင်ဖြူနှင့် အကြီးအကဲ၏ လေသံက ယခင်ထက်ပို၍ နူးညံ့သွားသည်။ သို့သော် သူ၏ ဆုံးဖြတ်ချက်ကမူ မယိုင်လဲသေးချေ။ သူက ဆုံးဖြတ်ချက်ပြောင်းရန် ဆန္ဒမရှိချေ။

လီစစ်ယဲ့၊ ကောင်းဖုန်းနှင့် နျဲ့ယန်တို့အားလုံးက ဝမ်ချောင်ကို ကြည့်ကြသည်။ ဝူရှန်းရွာက စစ်သည်တော်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိချေ။ ထို့ကြောင့် ဝမ်ချောင်၏ တုန့်ပြန်မှုကိုသာ သူတို့က စောင့်ကြည့်ရတော့မည်ဖြစ်သည်။

“ဟား ဟား လေးစားရတဲ့ လူကြီးမင်း ဒီလိုဆိုမှတော့လည်း ကျွန်တော်က ကိစ္စကို ခက်ခဲအောင်လုပ်ဖို့ မသင့်လျော်တော့ပါဘူး။ ဒါပေမဲ့လည်း အချိန်ကတော့ နောက်ကျနေပြီ။ ဝူရှန်းရွာက သိတဲ့အတိုင်း အရမ်းကို မတ်စောက်တဲ့ တောင်တန်းတွေနဲ့ အန္တရာယ်များတဲ့ ချောက်ကမ်းပါးတွေဝိုင်းပြီး တည်ရှိနေခဲ့တာ မဟုတ်လား။ ဒီတော့ အနည်းငယ် ခြေလှမ်းမှားသွားတာနဲ့ ချောက်နက်ထဲကို ပြုတ်ကျသွားနိုင်ချေ များနေပါတယ်။ ဒါကြောင့် ဒီတစ်ညတော့ ဒီနေရာမှာ အိပ်စက်ခွင့်ရပြီး မနက်ဖြန်မနက်မှ ထွက်သွားခွင့်ရနိုင်မလား”

ဝမ်ချောင်က မည်းမှောင်နေသော ကောင်းကင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဒါက...”

အကြီးအကဲ၏ ထူထည်းသော မျက်မှောင်က ကျုံ့သွားသည်။ သူ၏မသိစိတ်အရ ငြင်းဆန်ချင်နေသည်။ သို့သော် ကောင်မလေးအကြောင်းကို တွေးမိသော် တုန့်ဆိုင်းသွားပြန်သည်။

“ကောင်ပြီလေ မင်းတို့ မနက်ဖြန် အာရုံတက်တာနဲ့ ထွက်သွားကြပေါ့။ အကြီးအကဲတို့ သူတို့ကို ရွာထဲကိုခေါ်သွားပြီး အနားယူဖို့နေရာ ပြင်ဆင်ပေးလိုက်ပါ။ သူတို့ ထွက်သွားတဲ့အခါ သူတို့ရဲ့ လက်အောက်ငယ်သားတွေကိုလည်း လွှတ်ပေးလိုက်ပါဦး”

“ဟုတ်ကဲ့လူကြီးမင်း”

ဝူကျို့မိန်က ခေါင်းညိမ့်လိုက်ပြီး ဝမ်ချောင်ကို လှည့်ကြည့်သည်။

“ဧည့်သည်တို့ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ။ ဒါပေမဲ့ တစ်ညပဲ... တစ်ညပြီးရင် မင်းတို့သေချာပေါက် ထွက်သွားရမယ်”

“ဟုတ်ကဲ့ပါ”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သို့သော် သူကခြေလှမ်းမရွေ့သေးချေ။

“လေးစားရတဲ့လူကြီးမင်း ခင်ဗျားက စိတ်ဆုံးဖြတ်ထားပြီးလို့ ဒါကို ပြောင်းလဲစေဖို့ ခက်ခဲမယ်ဆိုတာကိုလည်း ကျွန်တော်နားလည်ပါတယ်။ နောက်ပြီး ကျွန်တော် ဘာပြောပြော သေချာပေါက် အကြီးအကဲတို့အတွက် ကျွန်တော်စကားကို ယုံကြည်ဖို့ ခက်ခဲမယ်မှန်း နားလည်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် လေးစားရတဲ့ လူကြီးမင်းတို့ လိုအပ်မယ်ထင်တဲ့ စိတ်ရင်းနဲ့ ပေးချင်တဲ့ အကြံတစ်ခုကိုတော့ ပြောခဲ့ပါရစေ”

“ျ”

ဝူရှန်း၏ရွာသူကြီးက မျက်မှောင်ကျုံ့သည်။ ဝူကျို့မိန်က မျက်မှောင်ကျုံ့သည်။ သူ၏မျက်နှာတွင် သံသယက အပြည့်ရှိနေသည်။ ဝူကျို့မိန်က ရပ်တန့်လိုက်ပြီးနောက် ထိုမဟာအင်ပါယာ ခုံရုံးမှ အရှင်အမတ်က ဘာကိုလုပ်နေကြောင်း နားမလည်တော့ချေ။ အထူးသဖြင့် သူ့ကိုရှင်းရှင်းလင်းလင်း ငြင်းဆန်လိုက်သည့် ရွာသူကြီးဖြစ်သည်။

“ကျောက်ဆားတွေကို မစားပါနဲ့”

ထိုစကားကိုပြောပြီးနောက် ဝမ်ချောင်က ဆက်မနေတော့ဘဲ လီစစ်ယဲ့၊ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော စစ်သည်တော်များကိုခေါ်ကာ ဝူကျို့မိန်နောက်သို့ လိုက်သွားသည်။ သူ၏အနောက်မှ ဆံပင်ဖြူနှင့် ဝူရှန်းရွာသူကြီး၏ ခန္ဓာကိုယ်ကမူ တုန်ယင်သွားသည်။ သူက ဝမ်ချောင်၏ ကျောပြင်ကိုသာ စိုက်ကြည့်နေသည်။

...

ညအချိန် ကျရောက်လာသည့်အခါ ကောင်းကင်တွင် ကြယ်များက ပြည့်နှက်လာသည်။ ဝူရှန်းရွာ၏ အစွန်ပိုင်းအကျဆုံး ကျောက်တုံးအိမ်လေးတစ်ခုတွင် ဝမ်ချောင်၊ လီစစ်ယဲ့၊ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော အစောင့်များ ရှိနေကြသည်။

ကောင်းဖုန်းက ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲသည်။

“အရှင်အမတ် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ကျွန်တော်တို့ နေ့အချိန်ရောက်ရင် ထွက်သွားရတော့မယ်။ ကျွန်တော်တို့ ဒီလိုပဲ လက်လျော့လိုက်တော့မှာလား”

“ဝူရှန်းရွာကလူတွေက တော်တော်လေးကို ခေါင်းမာပြီး သိမ်းသွင်းဖို့ ခက်ခဲတယ်ဆိုပေမဲ့လည်း ကျွန်တော်တို့သာ သူတို့ကို သိမ်းသွင်းနိုင်မယ်ဆိုရင် အင်အားကြီးမားတဲ့ အင်အားစုကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်”

နျဲ့ယန်ကလည်း မျှော်လင့်စောင့်စားမှု အပြည့်ဖြင့်ပြောသည်။

ဝူရှန်းရွာမှ လူတိုင်းက လူဝင်မဆံ့သလို တော်ဝင်ခုံရုံး၏ အမိန့်ကိုလည်း နာခံခြင်း၊ ဂရုစိုက်ခြင်းမရှိချေ။ သူတို့က ဗိုလ်ချုပ်လီစစ်ယဲ့ကိုပင် အလဲထိုးနိုင်လုနီးပါး လုပ်နိုင်စွမ်းရှိသည်။ သို့သော် အမှန်အတိုင်းဆိုရသော် ဒါကပင် သူတို့၏ ကြီးမားသော ခွန်အားကို သက်သေပြနိုင်ပြီးသားဖြစ်သည်။

ဒီလိုရွာမျိုးက မည်သည့်လက်အောက်မျှ မဟုတ်သော်လည်း ယခုလို အင်အားကြီးမားနေသည့် ရွာသားအပြည့်အဝ ပိုင်ဆိုင်ထားလေရာ လက်ရွေးစင် စစ်သည်တော်များအဖြစ် ပြောင်းလဲရန် ကောင်းကင်ဘုံနှယ် ဖြစ်လာနေလေသည်။ ဒီလိုအခွင့်အရေးကောင်းမျိုးကို လက်လျော့လိုက်လျှင် နှမြောစရာကောင်းလွန်းသွားပေလိမ့်မည်။ ဝူရှန်းရွာတွင် ရှိနေသည့်အချိန်က တိုတောင်းသော်လည်း နျဲ့ယန်၏ စိတ်ကမူ ကပြောင်းကပြန်ဖြစ်နေလေသည်။ ဝူရှန်းရွာသားများ၏ မှင်သက်ဖွယ်ကောင်းသော လုပ်နိုင်စွမ်းအားများ ကြီးမားသော ကျောက်တုံးကြီးများကို အလေးတုံးလို ချိန်မကာ လေ့ကျင့်သည့် မြင်ကွင်းမျိုးကို မြင်ခဲ့ပြီးသောကြောင့်လည်းဖြစ်သည်။ ထိုသို့သော ခမ်းနားသည့် မြင်ကွင်းမျိုးကို အခြားနေရာတွင် မမြင်ရလောက်ချေ။ ဝူရှန်းတွင်သာ တွေ့နိုင်သည်။

“ကျွန်တော်တောင်းပန်ရမှာပါ ကျွန်တော့်အမှားပါ အရှင်အမတ် ကျွန်တော် ဒီတာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ဘဲ အရှင်အမတ်ကို စိတ်ပျက်စေမိပြီ”

လီစစ်ယဲ့က ခေါင်းကိုငုံ့လိုက်သည်။ သူသည်လည်း ရှက်နေသည်။

နှစ်မီတာခန့်မြင့်သည့် ဒီလူထွားကြီးက ခေါင်းကို အခြားသူများ၏ရှေ့တွင် ခေါင်းငုံ့ခဲသည်။ သို့သော် ဒီတခဏတွင် ဝမ်ချောင်နှင့် အခြားလက်ရွေးစင် အစောင့်များ၏ရှေ့တွင် ခေါင်းငုံ့ထားသည်။ စစ်သည်စုဆောင်းသော ကိစ္စက ရိုးရှင်းသော ကိစ္စဖြစ်သည်။ သူတို့က မြို့တော်က ထွက်လာချိန်က ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ပြီဟု ထင်ခဲ့ပြီး ဝမ်ချောင်ကိုပင် သူက ဒီတာဝန်ကို ပြီးအောင်လုပ်ဆောင်ခဲ့ပါမည်ဟု ကတိပေးခဲ့သည်။

အမျိုးသားတစ်ယောက်၏ ကတိစကားက ရွှေထောင်ကျော် တန်ကြေးရှိသည်။ သို့သော် သူက ဒီတာဝန်ကို မလုပ်နိုင်ဘဲ ဖျက်ဆီးစေမိလိုက်သည်။

ဝမ်ချောင်၏ ဆင့်ခေါ်မှုကြောင့် သူက ပေ့ထင်မှ ထွက်ခွာပြီးကတည်းက လီစစ်ယဲ့အနေနှင့် ဝမ်ချောင်က ပေးသမျှ တာဝန်တိုင်းက မည်မျှခက်ခဲနေစေကာမူ လုပ်ဆောင်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့ကြောင့် နဂါးနက်ဓားမြအဖွဲ့ကို သုတ်သင်ခြင်း၊ တိဗက်တောင်ပေါ်ဒေသတွင် ရောဂါကပ်ဘေး ဖြန့်ကျက်ခြင်း သို့မဟုတ် ရိက္ခာများအပြည့်ရှိသည့် ကျီများကို ဖျက်ဆီးခြင်း၊ မာန်ရှဲ့ကျောင်းအတွက် ဆုတ်လမ်း ဖြတ်တောက်ခြင်း စသော ကိစ္စများကို လုပ်ဆောင်ပေးခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တွင် ဝူရှန်းရွာကို မသိမ်းသွင်းနိုင်ခဲ့ချေ။ ထို့ကြောင့် လီစစ်ယဲ့ကလည်း အလဲထိုးခံလိုက်ရသည်။

သူက ဒီတာဝန်ကို မလုပ်နိုင်ရုံသာ မကသေးလေဘဲ သူ၏စစ်သည်တော် တစ်ဝက်ကိုလည်း အဖမ်းခံလိုက်ရသည်။ သူ၏ပြိုင်ဘက်ကင်း ဝု့စ်သံမဏိဓားကို သုံးခဲ့သည့်တိုင်အောင် အဆုံးတွင် သူက ဝူရှန်းများကို မယှဉ်နိုင်ခဲ့ချေ။

“ဟ စစ်ယဲ့ ခင်ဗျား ကိုယ့်ကိုယ်ကို အပြစ်တင်နေဖို့ မလိုပါဘူး။ ခင်ဗျား အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာကို ငါသိတယ်”

ဝမ်ချောင်က လီစစ်ယဲ့၏ ကျယ်ပြောသော ကျောပြင်ကို လှမ်းပုတ်ပြီး နှစ်သိမ့်ပေးသည်။ သူ၏မျက်နှာတွင်လည်း စိုးရိမ်ဟန်မရှိချေ။

“ဒီလောက်ကျယ်ပြောတဲ့ လောကကြီးမှာ မင်းထက်သာတဲ့ လူတစ်ယောက်ယောက်ကတော့ သေချာပေါက် ရှိနေဦးမှာပဲ။ ဝူရှန်းက ဒီလိုကျော်ကြားမှုကို မပိုင်ထားပေမဲ့လည်း သူတို့မှာ ဒီလိုအင်အားမျိုး မရှိဘူးလို့ ယူဆလို့ ဘယ်ရပါ့မလဲ။ အမှန်တိုင်းပြောရရင် မင်းကိုထည့်မပြောနဲ့ဦး။ အရှင်ကျန့်ချုံကိုယ်တိုင် ဒီနေရာကို လာမယ်ဆိုရင်တောင်မှ သူလည်း အရှုံးနဲ့အတူ ပြန်ထွက်သွားရလိမ့်မယ်”

All Chapters