အခန်း (၇၀၆-၇၁၀)
Vol. 37 Ch. 706-710
အခန်း(၇၀၆)
လကြတ်ခြင်းရဲ့ ဘေးအန္တရာယ် (၂)
ဝမ်ချောင်က ထိုသို့ပြောလိုက်သည့် တခဏတွင် အခန်းထဲရှိ လူတိုင်းက တုန်ယင်သွားကြသည်။ သူတို့က ခေါင်းလှည့်ကာ ဝမ်ချောင်ကိုသာ စိုက်ကြည့်မိသွားကြသည်။ လီစစ်ယဲ့ကပင် မျက်လုံးပြူးနေသည်။ သူက ဝမ်ချောင်ကို မယုံကြည်နိုင်သော မျက်လုံးမျိုးဖြင့် ကြည့်ကြသည်။
မြို့တော်ရှိ လူတိုင်းကလည်း ဝမ်ချောင်ပြောသော အရှင်ကျန်းချုံဆိုသည်မှာ လက်ရှိ စစ်အမတ်မင်း အသစ်ဖြစ်သည့် ကျန်းချုံကျန့်ချုံးဖြစ်ကြောင်း သိထားကြသည်။ သူ့တွင် အခြားသော ဘွဲ့နာမည်တစ်ခု ရှိသေးသည်။ ထိုဘွဲ့နာမည်က အန်းနန်အစိုးရစစ်တပ်၏ ကာကွယ်ရေးဗိုလ်ချုပ်ဆိုပြီး လူတိုင်းက အင်ပါယာ၏ ကျားဟု ခေါ်စမှတ်ပြုရသည်အထိ ကြောက်စရာကောင်းကာ အင်အားကြီးမားသောလူလည်း ဖြစ်သည်။
ထိုဘွဲ့နာမည်က ကျန်းချုံကျန့်ချုံး၏ ကျော်ကြားမှု ဂုဏ်အဆင့်အတန်းကိုလည်း ကိုယ်စားပြုသည်။ ထို့ပြင် အင်ပါယာ၏ လက်ရွေးစင် မဟာဗိုလ်ချုပ်၏ တစ်ယောက်၏ အင်အားကိုလည်း ကိုယ်စားပြုသည်။ ထိုအင်အားကို မရေမတွက်နိုင်သော လူပေါင်းများစွာက မော်ကြည့်ရသည့် အင်အားမျိုးဖြစ်သည်။ အင်ပါယာရှိ မဟာဗိုလ်ချုပ်တိုင်းက သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင်များ၏ အရှေ့တွင် ဘာကောင်မှမဟုတ်သေးချေ။
လီစစ်ယဲ့ကလည်း သူ့ကိုယ်သူ ယုံကြည်မှုရှိနေသော်လည်း သူဟာ စစ်အမတ်မင်း အင်ပါယာ၏ကျားနှင့် လက်လှမ်းမမှီနိုင်လောက်အောင် ဝေးကွာနေသေးကြောင်း နားလည်နေသည်။ သို့တိုင်အောင် ဝမ်ချောင်က ပြောသောစကားအရ စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးကသာ ဒီနေရာသို့ လာရောက်လျှင် အရှုံးဖြင့် ထွက်ခွာရမည်ဆိုသော စကားဖြစ်နေသည်။
“မင်းတို့တွေလည်း နည်းနည်းတော့ သတိထားမိမှာပဲ။ ဟုတ်တယ် ဝူရှန်းရွာရဲ့ ရွာသူကြီးက သူတော်စင် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ။ သူက ကျန်းချုံကျန့်ချုံးနှင့် အဆင့်တူတယ်”
ဝမ်ချောင်က ပေါ့ပါးစွာ ပြောလိုက်သည်။
“ဒီရွာက အဲ့ဒီအကြီးအကဲတွေ ရွာသားတွေ အားလုံးကို သူ့ရဲ့အင်အားနဲ့ လုပ်နိုင်စွမ်းအားကို ထည့်ပေါင်းလိုက်မယ်ဆိုရင် ကျန်းချုံကျန့်ချုံးကတောင် သေချာပေါက် နောက်ပြန်ဆုတ်ဖို့ ဖိအားအပေးခံရမှာပဲ။ ငါတို့ဆိုရင် ထည့်ပြောဖို့တောင် မလိုအပ်တော့ဘူး”
ဝုန်း
ဝမ်ချောင်က ပေါ့ပါးစွာ ပြောလိုက်သောစကားက ရှိနေကြသော သူ၏လက်အောက်ငယ်သားတိုင်း၏ စိတ်ကို ကျောက်တုံးတစ်တုံးဖြင့် ဆောင့်တိုက်လိုက်သလိုမျိုး သူတို့၏နားအတွင်း ကျယ်လောင်လွန်းသော မိုးခြိမ်းသံလို အားလှိုင်းများက ထိုးဝင်လာသည်။ သူတို့၏မျက်လုံးကမူ အံ့အားသင့်မှု၊ ကြောက်ရွံ့ရိုသေမှုတို့ကြောင့် ပြူးကျယ်သွားသည်။ လီစစ်ယဲ့၏ တုန့်ပြန်မှုက အလွန်သိသာထင်ရှားခြင်း မရှိသည့်တိုင် သူလက်ခံရရှိသည့် အံ့အားသင့်မှုက မနည်းပါးချေ။
“သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဟုတ်လား”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
“အဲ့ဒီမုတ်ဆိတ်ဖြူနဲ့ လူကြီးကလား။ သူက လမ်းလျှောက်နိုင်ဖို့တောင် မနည်းကြိုးစားနေရတာလေ”
.....
အားလုံး၏စိတ်က ကစဉ့်ကလျား ဖြစ်နေကြသော်လည်း မည်သူကမျှ ဝမ်ချောင်၏စကားကို သံသယ မဝင်ကြချေ။ အကြောင်းမူကား ဝမ်ချောင်၏ ဆုံးဖြတ်မှုက သို့မဟုတ် ဝမ်ချောင်၏ အကဲဖြတ်မှုက ဘယ်သောအခါကမျှ မမှားခဲ့ဖူးသောကြောင့်ဖြစ်သည်။
အမှန်တိုင်းဆိုရသော် ဝူရှန်းရွာသားများ၏ အကျိုးအကြောင်း နားမလည်မှုကြောင့် သူတို့က အလွန်အမင်း ဒေါသထွက်နေခြင်းဖြစ်သည်။ တစ်ဖက်လူများက အင်ပါယာခုံရုံးမှ အမိန့်ကို တုန့်ပြန်ရန် ငြင်းဆန်ရုံသာ မကသေးလေဘဲ စစ်သည်တော်များကိုပင် တိုက်ခိုက်ခဲ့သည်။ အချို့သော အစောင့်များဆိုလျှင် ဝူရှန်းရွာကို စစ်ချီတက်ကာ တိုက်ခိုက်ခိုင်းချင်နေလေပြီ။ သို့သော် ယခုမှသာ ဝူရှန်းရွာတွင် သူတော်စင် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်ကြီး ရှိနေကြောင်း သိလိုက်ရလေရာ မည်သူကမျှ ထိုသို့ မတွေးရဲကြတော့ချေ။
“အရှင်အမတ် ဒီဝူရှန်းရွာရဲ့ နောက်ခံက တကယ်ပဲ ဘာပါလဲ။ ဘာလို့ သာမာန်ရွာတစ်ရွာက ဒီလောက်ထိ ကြောက်စရာကောင်းနေတာလဲ”
ကောင်းဖုန်းက မနေနိုင်တော့ဘဲ မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။
“ဒီမေးခွန်းက... ငါကိုယ်တိုင်လည်း သိချင်နေတာပဲ”
ဝမ်ချောင်က ပြတင်းပေါက်အပြင်ဘက်မှ မြင်နေရသည့် မရေမတွက်နိုင်အောင် မြောက်များလှစွာသော ကြယ်စင်များကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင်လည်း အလင်းရောင်က တောက်ပလာသည်။
ဝူရှန်းရွာတွင် လျို့ဝှက်ချက်ပေါင်း များစွာရှိနေသည်။ ဝူရှန်းက တောင်တန်းများကြားတွင် မြုပ်ကာ ပျောက်ကွယ်နေသလို ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ ဒီနေရာရှိ မြေမျက်နှာသွင်ပြင်က အလွန်မက်စောက်လို့ ပတ်ဝန်းကျင်က ကြမ်းတမ်းသည်။ ထို့ကြောင့် အချိန်အတန်ကြာ နေထိုင်ပြီးနောက် ယခုလို တိုးတက်လာသည့် အခြေအနေက အံ့အားသင့်စရာတော့ မကောင်းချေ။
သို့သော် ရွာထဲမှ အကြီးအကဲနှစ်ယောက်က သုံးပြသည့် ဝင်္ကပါနှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ကွက်က ဒီမြေမျက်နှာသွင်ပြင်မျိုးဖြင့် လေ့ကျင့်နိုင်သည့် အရာမျိုးမဟုတ်ချေ။
ဝူရှန်းရွာသို့ မဝင်ခင်ကဆိုလျှင် ဝမ်ချောင်အနေဖြင့် ဝူရှန်းရွာသူကြီးက သိုင်းသူတော်စင်နယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဟု မထင်ထားမိချေ။ ဝမ်ချောင်၏ ယခင်ဘဝကပင် မသိသေးသော လျို့ဝှက်ချက်ပေါင်းများစွာ ရှိနေသေးသည်။
ယခင်ဘဝမှ သူက ထိုလျို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရန်လည်း အခွင့်အရေး မရခဲ့သောကြောင့်လည်း ဖြစ်သည်။ ယခုမူသူက တဖန် ကြိုးစားကြည့်နိုင်သည်။ ဝူရှန်းရွာမှ အကြီးအကဲတိုင်းက အသက်ရှင်နေသေးသည်။ ဖန်းရှောင်ရန်ကလည်း သူ၏ ယခင်ဘဝကကဲ့သို့ ကြမ်းတမ်းရက်စက်သည့် ကလေးမလေး တစ်ယောက်အဖြစ် မပြောင်းလဲသေးချေ။ ထို့ကြောင့် သူက ဝူရှန်းရွာ၏ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးနိုင်သည်။ သို့သော် ထိုအရာများ မလုပ်နိုင်ခင် အရေးကြီးဆုံး လုပ်ရမည့်ကိစ္စက ဝူရှန်းရွာ၏ ရွာသူကြီး၏စိတ်ကို ပြောင်းလဲပြီး ဝူရှန်းရွာမှ စစ်သည်တော် ပထမတစ်သုတ်ကို ရရှိနိုင်ရန်ဖြစ်သည်။
“ဒီကိစ္စကို ငါ့ရဲ့တာဝန်ထားလိုက်။ အခုတော့ မင်းတို့အားလုံးသွားပြီး အနားယူသင့်ပြီ”
ထိုသို့ပြောပြီးနောက် ဝမ်ချောင်က အတွေးနက်သွားသည်။
သုံးပေထူသော ရေခဲတုံးက တစ်ညတာ အေးစက်ရုံဖြင့် မဖြစ်ပေါ်လာနိုင်ချေ။ ဝူရှန်းရွာ၏ ယဉ်ကျေးမှုဓလေ့ကို တစ်နေ့တည်း တစ်ညတည်းဖြင့် ယိမ်းယိုင်အောင် မလုပ်နိုင်လောက်ချေ။ အထူးသဖြင့် ကပ်ဘေးကြီးက မဖြစ်သေးချေ။ သို့သော် ဒီတာဝန်က မည်မျှခက်ခဲနေစေကာမူ ဝမ်ချောင်ကမူ သူတို့၏ အပြုအမူကို ပြောင်းလဲနိုင်မည့် နည်းလမ်းတစ်ခုကို တွေးတောထားရပေမည်။ သူက ဝူရှန်းရွာကို တစ်ကြိမ် အမိန့်ပေးနိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ယခင်ထက်ပို၍ ကြောက်စရာကောင်းပြီး အင်အားကြီးမားသည့် ဝူရှန်းမြင်းတပ်ကြီး၏ အကူအညီကို လိုအပ်နေသည်။ သူ၏ ခန့်မှန်းမှုများကသာ မှန်ကန်ခဲ့လျှင် ထိုမတော်တဆမှုက ဒီနေရာတွင် စတင်တော့ပေမည်။
ထိုသို့တွေးပြီးသည်နှင့် ဝမ်ချောင်က တဖြည်းဖြည်းချင်း ကောင်းကင်သို့ ကြည့်လိုက်သည်။ ကောင်းကင်တွင် လခြမ်းကွေးသဖွယ် ကွေးညွှတ်နေသည့် လမင်းကြီးကို မြင်ရသည်။ ဒါက ဝူရှန်းရွာ၏ သာမာန်ည မြင်ကွင်းဖြစ်သည်။
သို့သော် ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ထိုလခြမ်းကွေး လမင်းက ပြောင်းလဲမှု တစ်ခုအောက်သို့ ရောက်ရှိလာကြောင်း သိမြင်နိုင်ကြမည်ဖြစ်သည်။ တဖြည်းဖြည်းချင်း ပါးသထက်ပါးလာပြီး တဖြည်းဖြည်းချင်း ဖျော့တော့သထက် ဖျော့တော့လာသည်။
ထိုသို့ ပြောင်းလဲမှု၏အောက်တွင် ဝူရှန်းရွာ၏ ကောင်းကင်ရှိ ကြယ်စင်တိုင်းက မှေးမှိန်ကာ ရွာက မှောင်သထက် မှောင်လာသည်။ အရာအားလုံးကို အနက်ရောင်ပုဝါဖြင့် အုပ်လိုက်သလို ဖြစ်လာသည်။ ဒါက လကြတ်တာပဲ။
ဝမ်ချောင်ကလည်း ကပ်ဘေးမတိုင်ခင်က ဝူရှန်းရွာဟာ အကြီးအကဲများနှင့် ရွာသားများစွာ ရုတ်တရက် သေသွားစေခဲ့သော တစ်ညတာ မတော်တဆတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း သိထားသည်။
ထိုညတွင် ဝူရှန်းမှ လူနှစ်ထောင် သုံးထောင်ခန့်အထိ သေသွားခဲ့သည်။ ဖန်းရှောင်ရန်၏အဘိုး ဝမ်ချောင်နှင့် နေ့အချိန်က စကားပြောခဲ့သော ဆံပင်ဖြူနှင့် အကြီးအကဲသည်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့သည်။ သူက ရှင်သန်နိုင်ခဲ့သည်။ သို့သော် ကိုယ်တစ်ပိုင်း သေသွားပြီး ခွန်အားများကလည်း ပြင်းထန်စွာ လျော့ကျသွားခဲ့သည်။
ဖန်းရှောင်ရန်၏အဘိုး ကျို့ဆိုသည့် ဝူကျို့မိန်ကလည်း ထိုမတော်တဆမှုတွင် သေသွားခဲ့သည်။
ထိုမတော်တဆမှုကြောင့်သာ မဟုတ်လျှင် ဝူရှန်းရွာက အနာဂတ်တွင် ထိုမျှအထိ ကြီးကြီးမားမား ဆုံးရှုံးခဲ့စရာ အကြောင်းမရှိချေ။
ဝမ်ချောင်အနေနှင့် နေ့အချိန်က ထိုမတော်တဆမှုအကြောင်း သေချာ မသိမြင်နိုင်ခဲ့သောကြောင့် ထိုကိစ္စကို ဘေးဖယ်ထားခဲ့သည်။ သို့သော် ယခု ဝူရှန်းရွာသူကြီးက ကျန်းချုံကျန့်ချုံး၊ ခဲ့ရှု့ဟန်၊ ဖုမန်လင်းချာတို့နှင့်ပင် ယှဉ်နိုင်သည့် သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ် အဆင့်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူက ဘေးတွင် ရပ်ကြည့်မနေနိုင်တော့ချေ။
သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်အဆင့်တိုင်းက လက်ရှိမဟာထန်အတွက် အလွန်အဖိုးတန်သည့် ရတနာဖြစ်သည်။ တစ်ယောက်မျှကို မတော်တဆ ကိစ္စကြောင့် တစ်စုံတစ်ရာ ဖြစ်ခွင့်မပြုနိုင်ချေ။
သူကသာ ထိုသူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်အဆင့် ဝူရှန်းရွာသူကြီးကို သူ၏မျက်စိအောက်တွင် ဆုံးရှုံးသွားစေလိုက်လျှင် သူတစ်ဘဝလုံး နောင်တရ၍ ဆုံးတော့မည်မဟုတ်ချေ။
ထိုမတော်တဆမှုနှင့် ပတ်သတ်ပြီး သူ့တွင်လည်း သတင်း များများစားစား မရထားချေ။ ဝမ်ချောင်အနေနှင့် လကြတ်သည့် ကာလအတောအတွင်း ဖြစ်သွားခဲ့ကြောင်း ယင်စွမ်းအင်က အထွတ်အထိပ် ရောက်ချိန်တွင် ကပ်စိုက်ခဲ့ကြောင်းကိုသာ သိထားသည်။ ထိုအတွက်ကြောင့် သူက မြို့တော်က မထွက်ခင်ကတည်းက ဝမ်ချောင်က သာသာရေးရုံးတော်မှ အကြီးအကဲများကို တွက်ချက်မှုအချို့ လုပ်ခိုင်းခဲ့သေးသည်။
ကပ်ဘေးဝန်းကျင် ဆယ်နှစ်တာ ကာလအတောအတွင်း မဟာထန်တွင် လသုံးကြိမ်ကြပ်သည်။ လွန်ခဲ့သော ငါးနှစ်ခန့်က တစ်ကြိမ်ကြပ်သွားခဲ့ပြီး နောက်တစ်ကြိမ်က ကပ်ဘေးပြီး သုံးလခန့်ကြာပြီးနောက် ဖြစ်ပေလိမ့်မည်။ နောက်ဆုံးအကြိမ်ကမူ ယခုအကြိမ်ဖြစ်သည်။ အရာအားလုံးကသာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာလျှင် ထိုမတော်တဆမှုက ယခု ဖြစ်လာတော့ပေမည်။ ဝမ်ချောင်က ထိုသို့ တိတ်တဆိတ် တွေးတောနေလိုက်သည်။
“အား”
ဝမ်ချောင်က အတွေးနက်နေသည့် အချိန်တွင် ချက်ချင်းဆိုသလို အခန်းအပြင်ဘက်မှ ကျယ်လောင် စူးရှသည့် အသံက ထွက်လာပြီး ဝူရှန်းရွာ၏ တိတ်ဆိတ်မှုကိ ဖြိုခွဲသွားသည်။
“အကြီးအကဲတု မြန်မြန် အကူအညီ လွှတ်လိုက်ပါဦး”
တိတ်ဆိတ်နေသော ဝူရှန်းရွာက ကစဉ့်ကလျား ဖြစ်လာသည်။ ထိုအသံက လေထဲတွင် စူးရှစွာ ရှိနေသေးသည်။ သို့သော် အခြားတစ်နေရာမှ နောက်ထပ် စူးရှသည့်အသံက ထွက်လာပြန်သည်။ ဝမ်ချောင်၏ မျက်နှာက ဖြူဖျော့သွားပြီး ပစ်လွှတ်လိုက်သည့် မြားတစ်စင်းလို အခန်းထဲမှ ခုန်ထွက်လိုက်သည်။
“လီစစ်ယဲ့၊ ကောင်းဖုန်း၊ နျဲ့ယန် မင်းတို့အားလုံး ငါ့နောက်ကိုလိုက်ခဲ့ကြ။ ငါခိုင်းထားတဲ့ ပစ္စည်းတွေအားလုံး ယူခဲ့ကြဖို့ မမေ့ကြနဲ့”
ဝမ်ချောင်၏အသံက အခန်းထဲတွင် ပဲ့တင်ထပ်နေသေးသည်။ သို့သော် သူကမူ ပျောက်ကွယ်သွားပြီဖြစ်သည်။
.....
ဝူရှန်းရွာ၏ ညတာကာလက အလွန်ငြိမ်းချမ်းလေ့ရှိသည်။ ဒီနေရာက လောကနှင့် အဆက်အသွယ် ပြတ်နေပြီး တောင်တန်းများ၏ ကြားတွင် တည်ရှိနေကာ နေထိုင်သူတိုင်းကလည်း နေ့အချိန်တွင် ကြိုးကြိုးစားစား အလုပ်လုပ်ကြပြီး ညဘက်တွင် အနားယူကြသည်။ သူတို့က နေဝင်သည်နှင့် အနားယူကြလေ့ရှိသည်။
ထို့ကြောင့် ဝမ်ချောင်နှင့်အဖွဲ့က ကျောက်တုံးအိမ်သို့ ဝင်ရောက်ကာ အနားယူသော် အပြင်မှ မည်သည့်အသံကိုမျှ မကြားရတော့ခြင်းဖြစ်သည်။
သို့သော် လက်ရှိ ဝူရှန်းရွာကမူ ကစဉ့်ကလျား ဖြစ်နေသည်။ အဓိကကွင်းပြင်တွင် ရပ်နေသည့် ဝမ်ချောင်က ပိန်းပိတ်အောင် မည်းမှောင်သည့် ဝူရှန်းရွာက တောက်ပထွန်းလင်းနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ အစပိုင်းတွင် အော်သံက တစ်သံ၊ နှစ်သံခန့်သာ ထွက်လာသေးသည်။ သို့သော် နောက်ပိုင်းတွင် နေရာတိုင်းမှ ထွက်လာသည်။
အမျိုးသမီးများ၏ စူးရှစွာ အော်ငိုနေသံများ၊ ကလေးငယ်များ၏ တရှုံ့ရှုံ့ ငိုနေသံများအပြင် ကျယ်လောင်စူးရှသော အသံများကြောင့် နိုးလာသော လူများ၏အသံများ၊ အိမ်ထဲမှ အပြေးထွက်ကာ ကူညီပေးကြသံများက နေရာတိုင်းမှ ထွက်ပေါ်လာနေသည်။
တကယ်ကို ဖြစ်လာတာပဲ။
သူ၏ဘေးပတ်ဝန်းကျင်ကို လေပြင်းက အသာတိုးတိုက်သွားသည်။ ဝမ်ချောင်က ခေါင်းကိုမော့ပြီး ကောင်းကင်ကိုကြည့်သည်။ လမင်းက ပျောက်ကွယ်သွားပြီး တစ်လောကလုံးကို အမှောင်ထုအတွင်း ဆွဲသွင်းခဲ့သည်။ ထိုတခဏတွင် ဝမ်ချောင်၏စိတ်က မတည်ငြိမ်နိုင်သလိုမျိုး သူ၏ ဆံပင်များကလည်း ရှုပ်ပွကာ လေတွင်လွင့်နေပြန်သည်။
သူက ဝူရှန်းရွာမှ မတော်တဆမှုအကြောင်း ကြားခဲ့သည့်တိုင်အောင် ကိုယ်တိုင် ကြုံတွေ့လိုက်ရသည့်အခါ မည်မျှပြင်းထန်ကြောင်း နားလည်လိုက်ရသည်။ လူတစ်ယောက်၊ နှစ်ယောက်ဆိုလျှင် ပြဿနာ မရှိသေးချေ။ တစ်ရာ၊ နှစ်ရာဆိုလျှင်လည်း အဆင်ပြေသေးသည်။ တစ်ထောင်၊ နှစ်ထောင်ဆိုလျှင်မူ ခြိမ်းခြောက်နိုင်သည့် ကပ်ဘေးဖြစ်လာလေပြီ။
သူက ဒီနေရာတွင် မရှိနေခဲ့လျှင်လည်း ပြဿနာမရှိနိုင်တော့ချေ။ သူသည်လည်း မတက်နိုင်လောက်တော့ချေ။ သို့သော် သူက ဝူရှန်းရွာတွင် ရောက်နေကတည်းက ထို့ပြင် တစ်ဖက်လူများ၏ နောင်တွင်ဖြစ်လာမည့် ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေကတည်းက ဒီအခြေအနေကို ဆက်ဖြစ်ခွင့် မပြုနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ ဝူရှန်းရွာက အနည်းငယ် မာနကြီးသော်လည်း ကပ်ဘေးထဲတွင် သူတို့က တစ်လောကလုံးက လေးစားရတဲ့ စစ်သည်တော်များလို သစ္စာအရှိဆုံး၊ သတ္တိအကြီးဆုံးလူများ ဖြစ်ခဲ့ကြသည်။
ဝူရှန်းမြင်းတပ် ငါးထောင်က နောက်ဆုံးတစ်ယောက် သေသည်အထိ နောက်မတွန့်ဘဲ တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ နောက်ဆုံးကာလ ရောက်သွားသည့်တိုင်အောင် အခြားလောကမှ ကျူးကျော်လာသူတိုင်းနှင့် သေပွဲဆင်နွဲခဲ့ပြီး နယ်မြေကို ကာကွယ်ပေးခဲ့သည်။ သူတို့က ဗဟိုပြင်ကျယ်ကို ကာကွယ်ပေးရန် ကြိုးစားခဲ့ကြသည်။
သူတို့က အတော်ဆုံး စစ်သည်တော်များဖြစ်သလို သစ္စာအရှိဆုံး လက်အောက်ငယ်သားများ ဖြစ်သည်။ ထိုအတွက်ကြောင့် မည်သည့်နည်းနှင့်မဆို ဝမ်ချောင်က သူတို့ကို သိမ်းသွင်းရန် လိုအပ်သည်။
ဝူရှန်းဟာ စည်းမဲ့ကမ်းမဲ့ဖြစ်သလို အမိန့်ကိုလည်း နားမထောင်တတ်ဘဲ အပြင်လူများကို သတိကြီးကြီး ထားတတ်သည့်အတွက် ယဉ်ပါးလာအောင် လုပ်ရန်ခက်ခဲသည်။ အကြောင်းမူကား သူတို့တွင် ထိုအလေ့အကျင့်များက အရိုးစွဲနေသောကြောင့်ဖြစ်သည်။ သို့တိုင်အောင် သူတို့ကို သိမ်းသွင်းလိုက်နိုင်သည်နှင့် ထိုလူများက မှီခိုအားထားရန် အသင့်လျော်ဆုံး စစ်သည်တော်များ ဖြစ်လာပေလိမ့်မည်။ ကြောက်မက်ဖွယ်ကောင်းသော တောင်ပေါ်မြင်းတစ်ကောင်ကို ယဉ်ပါးအောင်လုပ်ရန် ခက်ခဲသည်။ သို့သော် ထိုအချက်က မြင်းသမားတိုင်း နားလည်ထားသော အချက်လည်းဖြစ်သည်။
“အဘိုးကျို့”
ရုတ်တရက် ညခင်းလေထုကို နှလုံးကွဲမတက် နာကျင်စေသော စူးရှသည့် အသံကြီးက ထိုးခွဲလာသည်။ ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သွားပြီး ချက်ချင်းလိုလို အသံလာရာဘက်သို့ ခုန်ပြေးသွားသည်။ သူ၏ ပတ်ပတ်လည်မှ လေပြင်းကပင် ဟိန်းဟောက်သလိုမျိုး သူက ကျောက်တုံးအိမ်ပေါင်း များစွာကို ကျော်ဖြတ်လိုက်သည်။ ထိုအချိန်တွင် ဝမ်ချောင်၏စိတ်တွင် မရေမတွက်နိုင်သော အတွေးများ ရှိနေသည်။
ဝူရှန်းရွာထဲတွင် အဘိုးကျို့ဟု ခေါ်ကြသောလူက တစ်ယောက်တည်းသာရှိသည်။ ထိုလူက နေ့အချိန်က သူတွေ့ခဲ့သည့် ဝူကျို့မိန်ဖြစ်သည်။ ဝူရှန်းရွာတွင် ဝူကျို့မိန်က စီနီယာကျမှုတွင် ရွာသူကြီးပြီးလျှင် ဒုတိယမြောက်ဖြစ်သည်။ တစ်ဖက်သူက အကျင့်စရိုက် ထူးခြားသော်လည်း ထိုအဘိုးဆိုသူက ဖန်းရှောင်ရန်ကို အလွန်ဂရုစိုက်သည်။
ထို့ကြောင့် အတိတ်ကဆိုလျှင် သူမ၏ အဘိုးသေဆုံးသွားပြီးနောက် ဖန်းရှောင်ရန်က ဝမ်းအနည်းရဆုံး နောင်တအရဆုံးဖြစ်သည်။ ဒီကိစ္စက နှစ်ပေါင်းများစွာကြာအောင် သူမ၏နှလုံးသားကို လေးလံစေခဲ့သည်။ အဘိုးကျို့၏ သေဆုံးပြီး နှစ်ပတ်လည်တိုင်း ဖန်းရှောင်ရန်က အလွန်စိတ်ဓာတ်ကျနေလေ့ရှိပြီး တစ်ညလုံးနီးပါး ဝမ်နည်းစွာ ကုန်ဆုံးလေ့ရှိသည်။
ယခုအခါက အရာအားလုံးကို ပြန်ပြင်နိုင်သေးသည်။ သူက ဝူရှန်းရွာကိုလည်း ရောက်နေသည်။ ထို့ကြောင့် ဝမ်ချောင်အနေနှင့် ထိုအဖြစ်အပျက် ထပ်မဖြစ်လာအောင် လုပ်ဆောင်ရန် လိုအပ်သည်။
အခန်း(၇၀၇)
ဝမ်ချောင်က အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွေ့လျားနေပြီး မျက်တောင်တစ်ခတ် အချိန်အတွင်း အော်သံများ ထွက်လာရာနေရာသို့ ရောက်သွားသည်။ အဝေးမှတဆင့် ဝူရှန်းရွာသားများ အပြည့်ရှိနေသည့် မီးထိန်ထိန်လင်းနေသော ကျောက်တုံးအိမ် တစ်လုံးကို လှမ်းမြင်လိုက်ရသည်။ ရွားသားတိုင်း၏ မျက်နှာတွင် စိုးရိမ်မှုက အထင်းသားရှိနေသည်။
“အဲ့ဒီကဘယ်သူလဲ”
“အပြင်လူတွေပဲ”
“မင်းတို့က ဘာကြံနေကြတာလဲ။ မြန်မြန်ထွက်သွားစမ်း”
“ရပ်စမ်း မြန်မြန်ရပ်လိုက် မဟုတ်ရင် ငါတို့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့”
.....
ဝူရှန်းရွာသားများက နီးကပ်လာသော ဝမ်ချောင်ကို သတိအပြည့်နှင့် ကြည့်ကြသည်။ ရွာသားအနည်းငယ်ဆိုလျှင် ချက်ချင်း ရှေ့တက်လိုက်ပြီး အော်ဟစ်နေကြလေပြီ။ သူတို့က ဝမ်ချောင် ထိုနေရာတွင်ရပ်ပြီး ဆက်မတိုးလာရန် မျှော်လင့်နေသည်။
သို့သော် နောက်ကျသွားပြီဖြစ်သည်။ ဝမ်ချောင်က အလွန်အမင်း စိုးရိမ်နေသည်။
ဝူရှန်းရွာရှိ လူတိုင်းက အလွန်သတိကြီးပြီး သူ့အပေါ် သဘောကျစိတ် မရှိကြချေ။ ထိုအတွက်ကြောင့် ဝမ်ချောင်က နေ့အချိန်ကလည်း ဒီဝမ်းနည်းစရာကောင်းသည့် အကြောင်းကို ထုတ်မပြောခဲ့ရခြင်းဖြစ်သည်။ မည်သူကမျှ သူ့ကို မယုံကြည်ကြချေ။ အဆိုးဆုံးအခြေအနေ ဖြစ်လာလျှင် ဝူရှန်းရွာသားများက သူက သူတို့ကို ကျိန်ဆဲခဲ့သောကြောင့်ဟုထင်ပြီး မောင်းထုတ်လောက်သေးသည်။
သို့သော် ဒီတစ်ကြိမ်ကမူ မတူတော့ချေ။ ဝူရှန်းရွာသားများကပင် ဒီညတွင် သူတို့မည်မျှ ဆုံးရှုံးရနိုင်ကြောင်း မသိထားကြချေ။
ဝူရှန်းရွာက အင်အားကြီးမားလွန်းသည်။ ကောင်းဖုန်းနှင့် နျဲ့ယန်တို့ကဲ့သို့ ဝမ်ချောင်နှင့်အတူ တိုက်ပွဲနယ်မြေတွင် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့သော လူများကပင် ထိုလူများ၏ အင်အားနှင့် ပတ်သတ်လျှင် သဘောတကျ ချီးကျူးလျှက် သက်ပြင်းချကြရသည်။ သို့သော် ဝမ်ချောင်ကမူ ဝူရှန်းရွာကလည်း ထိုကဲ့သို့သော အင်အားမျိုးရရန် ပေးဆပ်ခဲ့ရကြောင်း ကောင်းကောင်းနားလည်ထားသူ ဖြစ်သည်။ ပြင်းထန်သည့် အင်အား၏အောက်တွင် ဆိုးရွားသည့် နာကျင်မှုများကို ခံစားနေရပြီး သာမာန်လူများပင် စိတ်မကူးနိုင်လောက်အောင် ပြင်းထန်သည်။ ထိုသို့ ဆိုးရွားသည့် နာကျင်မှုများက ပုံမှန်အားဖြင့် တောင့်ခံနိုင်စွမ်းအား ရှိသော်လည်း လကြတ်သောတစ်ညတွင် ရုတ်တရက် အလွန်အမင်း ပြင်းထန်သွားသည်။ ထိုအတွက်ကြောင့် ဝူရှန်းရွာက ကပ်စိုက်ခဲ့ခြင်းဖြစ်သည်။
“လမ်းဖယ်ကြ”
ဝမ်ချောင်၏မျက်ဝန်းက အေးစက်သွားသည်။ သူတို့ကိုရှင်းပြရန် အချိန်မရှိချေ။ သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ကြယ်တာရာစွမ်းအင် အားလှိုင်းတစ်လှိုင်းကို ထုတ်ဖော်ခြင်းအားဖြင့် သူနှင့် ကျန်းပေါင်းများစွာ အကွာအဝေးတောက်လျှောက် စွမ်းအင်များဖြင့် ကန်ထုတ်လိုက်သည်။
ဘုန်း
ဝူရှန်းများက မချဉ်းကပ်လာနိုင်ချေ။ ထိုစွမ်းအင်များကြောင့် လွင့်ထွက်သွားရသည်။
“ရမ်းကားလိုက်တာ”
ကျောက်တုံးအိမ်ရှိ ဝင်ပေါက်နေရာမှ ခပ်ကြမ်းကြမ်း အော်သံများ ထွက်လာသည်။ ဝမ်ချောင်က နေ့အချိန်က မြင်ခဲ့ဖူးသော ဝူရှန်းအကြီးအကဲ တစ်ယောက်က ထွက်လာခြင်းဖြစ်သည်။ သူ၏မျက်နှာက ပြာနှမ်းနေသည်။ သူ၏အနောက်မှ သေးငယ်သော ဓားငါးလက်က ကပ်ပါလာသည်။
ထိုသေးငယ်သော ဓားငါးလက်က လက်မအရွယ်အစားခန့်သာရှိပြီး လေထဲတွင် မျောလွင့်လာလျှင် မြင်နိုင်စွမ်းအား မရှိလောက်အောင် ပါးလျသည်။ သို့ရာတွင် ထိုဓားများမှ ထုတ်လွှတ်နေသည့် အရှိန်အဝါကမူ ကျင်းထောင်ကျော် လေးလံလောက်အောင် သိပ်သည်းနေခြင်းဖြစ်သည်။ ထိုက်တောင်ကိုယ်တိုင်ကပင် သူတို့၏ခေါင်းပေါ် တပ်ဖိထားသလိုမျိုး အသက်ကို အလွန်အမင်း ခြိမ်းခြောက်နိုင်လောက်အောင် ဖိအားကို ထုတ်ပေးနိုင်သည်။
သတ္တုအခြေပြုစွမ်းရည်ပဲ
ဝမ်ချောင်၏ မျက်နှာက တစ်ချက် ပြောင်းလဲသွားသည်။ ဝူရှန်းရွာကို တောင်များက ဝန်းရံနေသည်။ ထို့ကြောင့် မြေအခြေပြုစွမ်းအင်များကို ဒီနေရာတွင် လေ့ကျင့်ရန်နှင့်တူသည်။ အထူးသဖြင့် ကျောက်တုံးနှင့် ဆက်စပ်သော သိုင်းများ ဖြစ်သည်။ ဟွမ်ပေါ့ထန်း၏ ကျောက်တုံးဗိုလ်ချုပ်ကလည်း အလားတူသာလျှင်ဖြစ်သည်။ သို့သော် သူ၏အရှေ့မှ ထိုဝူရှန်းအကြီးအကဲမှ ထိုဝူအခြေပြုစွှမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ကျောက်တုံးဗိုလ်ချုပ်ကို ထုတ်သုံးသော ဟွမ်ပေါ့ထန်းထက်ပင် စွမ်းအားကြီးမားနေသေးသည်။
ဒီဝူရှန်းရွာကို ကျောက်သားများက ဝိုင်းထားသည်။ သို့သော် ဒီလိုစွမ်းအင်မျိုးကို ထုတ်သုံးနိုင်ခြင်းဟာ မယုံနိုင်စရာကောင်းသော အခြေအနေဖြစ်သည်။
ကြည့်ရတာ ဒါက အခြေပြုငါးသွယ်ဓားတောင်ပဲ။
ဝမ်ချောင်က ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည်။
ဝူရှန်းရွာ၏ သိုင်းအများစုက ကျောက်တုံးနှင့် မြေသားနှင့်သာ ဆက်စပ်နေသည်။ အခြားအရာများက မထူးခြားချေ။ သို့သော် ဝမ်ချောင် သိထားသည်မှာ ဝူရှန်းရွာမှ အကြီးအကဲတစ်ယောက်က သတ္တုအခြေပြု စွမ်းအင်ကို လေ့ကျင့်ပြီး သူ၏သိုင်းကို အခြေပြုငါးသွယ်ဓားတောင်ဟု ခေါ်ကြောင်း နားလည်သည်။ တစ်ဖက်သူက ချွင်းချက်မရှိ စွမ်းအားကြီးမားလွန်းသလို ဝူရှန်းရွာ၏ အဓိက သတ္တုအခြေပြု စစ်သည်တော်လည်းဖြစ်သည်။
အခြေပြုငါးသွယ်ဓားတောင်ဟာ အလွန်အမင်း စွမ်းအားကြီးမားပြီး သူ၏ အထူးခြားဆုံးအချက်က သေးငယ်သည့် ဓားငါးလက်ဖြစ်သည်။
ဓားတစ်လက်ချင်းစီတိုင်းက ကျင်းထောင်ကျော် လေးသည်။ အခြားဓားများနှင့် မတူညီသည်မှာ သူတို့က သူတို့၏ ထက်ရှမှုအပိုင်းပေါ် မှီခိုနေခြင်းမဟုတ်ဘဲ အလွန်လေးလံသည့် အလေးချိန်ပေါ် မှီခိုနေခြင်းဖြစ်သည်။ မည်သူမဆို ထိုဓားများကို အထင်သေးလိုက်မိသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ကြိတ်ချေထားသော အသားတုံးများအဖြစ် ပြောင်းလဲပြီး အဆုံးသတ်ရပေလိမ့်မည်။
ထိုသတ္တုအခြေပြု စွမ်းအင်သုံး အကြီးအကဲ ထွက်ပေါ်လာသော ဖြစ်ရပ်က မနက်ခင်းလေပြင်း တိုက်ခတ်သလိုမျိုး လျှင်မြန်လွန်းသည်။ အခြားလူများနည်းတူ သူကိုယ်တိုင်လည်း ကပ်ဘေးကြီးတွင် သေဆုံးသွားခဲ့ရသည်။ ဝမ်ချောင်ကမူ သူက ဒီလိုအခြေအနေတွင် ဒီလိုလူနှင့် ပက်ပင်းတိုးမည်ဟု မထင်ထားမိချေ။
“ကျွန်တော် ရန်စမိတဲ့အတွက် တောင်းပန်ပါတယ်”
အကြီးအကဲက မည်သူဖြစ်ကြောင်း သိနေသည့်တိုင်အောင် ဝမ်ချောင်က နောက်မရွံ့သည့်အပြင် အရှိန်ကိုပင် ပိုမြှင့်ကာ အကြီးအကဲထံ ခုန်ဝင်လိုက်သေးသည်။
“သေချင်နေတာပဲ”
အကြီးအကဲ၏ မျက်ဝန်းက အေးစိမ့်သွားသည်။ အကြီးအကဲ ဝူကျို့မိန်က လက်ရှိအချိန်တွင် ဒဏ်ရာရနေပြီး အချိန်က အရေးကြီးနေသည်။ ဝမ်ချောင်၏ အဆင့်အတန်းက မည်မျှမြင့်နေစေကာမူ သို့မဟုတ် သူက အမတ်ချုပ်ကြီး ဖြစ်နေလျှင်ပင် အပြင်လူက အပြင်လူဖြစ်နေသေးသည်။ ဒီလိုအခြေအနေမျိုးတွင် အတင်းဝင်ရောက်ရန် ကြိုးစားနေပါက ထိုအကြီးအကဲကို ဖြစ်လာမည့် အကျိုးဆက်အတွက် အပြစ်မတင်သင့်တော့ချေ။
ဘုန်း
ထိုသေးငယ်သည့် ဓားငါးလက်က လေထဲတွင် စက်ဝိုင်းလိုမျိုး စတင်ကာ လှည့်ပတ်လာသည်။ လက်မအနည်းငယ်သာလျှင်ရှိသော ထိုဓားများက သမုဒ္ဒရာထဲမှ ဝေလငါးများနည်းတူ အ်ိပ်ပျော်နေရာမှ လန့်နိုးလာသည်နှင့် ချက်ချင်းလိုလို လေထဲသို့ ခုန်တက်လာသလို ပြုမူလာကြသည်။ ရုတ်တရက် အရှိန်က ပေါက်ထွက်လာသလို လျှင်မြန်သွားချိန်တွင် ဓားငါးလက်လုံးက ဝမ်ချောင်ထံ တောင်တန်းကြီး ငါးခုလိုမျိုး ဝုန်းကနဲ ဝင်ဆောင့်တိုးသွားသည်။
ထိုဓားများဖြင့်သာ အထိခံရလျှင် ဝမ်ချောင်အနေဖြင့် သေချာပေါက် အသားတုံး ဖြစ်သွားပေလိမ့်မည်။ သူ၏ခန္ဓာကိုယ်ကပင် တစ်ခါတည်း ကြိတ်ပြီးသားဖြစ်သွားနိုင်သည်။
ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် ကြောက်လန့်မှုကို မမြင်ရချေ။ အခြေပြုငါးသွယ် ဓားတောင်တန်းက အင်အားကြီးမားသည်မှာ မှန်ကန်သည်။ သေးငယ်သော ဓားတစ်လက်ကတင် တောင်တစ်လုံးကို ဖြိုခွဲနိုင်သည်။ သို့တိုင်အောင် ထိုအခြေပြုငါးသွယ် ဓားတောင်တန်းက ဗဟိုပြင်ကျယ်၏ အဆင့်လွန်သိုင်း ဆယ်မျိုးထဲမှ တစ်ခုကိုပင် မယှဉ်နိုင်သေးချေ။ ထို့အပြင် ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းဆိုသည့် အန္တရာယ်အများဆုံး၊ ကြောက်စရာအကောင်းဆုံး မိစာ္ဆသိုင်းကို ဘယ်နည်းနှင့်မျှ မယှဉ်နိုင်သေးချေ။
ဝုန်း
ဝမ်ချောင်က ဓားငါးလက်လုံးထံသို့ ကျည်ဆံပစ်ထည့်လိုက်သလို ခုန်ဝင်သွားသည်။ သူက ချဉ်းကပ်လိုက်ပြီးနောက် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်း သိုင်းကိုလည်း အကန့်အသတ်သို့ တိုးမြှင့်လိုက်သေးသည်။
မျက်တောင်တစ်ခတ် အချိန်အတွင်း ကြီးမားသော ဆွဲစုတ်အားတစ်ရပ်က ဝမ်ချောင်၏ ကိုယ်ထဲမှ စတင်ကာ ပေါက်ထွက်လာသည်။ ဝမ်ချောင်နှင့် ဆယ်ကျန်းခန့် ဝန်းကျင်တစ်ခုလုံးက လိမ်တွန့်လာပြီး ထိုနေရာရှိ အရာအားလုံးက ဆွဲယူခံရသည်။
သတ္တုအခြေပြု စွမ်းအင်သုံး အကြီးအကဲ ရပ်နေသော သစ်လုံးအိမ်က ချက်ချင်းလိုလို အိမ်အပြင်ဘက်ရှိ အရာအားလုံးက တွန့်လိမ်ရှုံ့တွပြီး ပေါက်ကွဲသွားတော့မည့် ခံစားချက်မျိုးကို ရသွားကြသည်။ ထိုသာ မကသေးလေဘဲ သူလွှတ်လိုက်သည့် ဓားငါးလက်လုံးကလည်း မမြင်ရသော အထင်မသေးဝံ့သည့် ပြင်းထန်သည့် စွမ်းအားတစ်ရပ်အောက်သို့ ရောက်သွားသလို ဖြစ်သွားသည်။
“မကောင်းတော့ဘူး”
အကြီးအကဲ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူကလည်း သူဒီလူငယ် အရှင်အမတ်ကို အထင်သေးလိုက်မိကြောင်း သိလိုက်သည်။ သူကချက်ချင်းလိုလို ကြယ်တာရာစွမ်းအင်များကို ထပ်ဖြည့်ကာ လှည့်ပတ်လိုက်ပြီး သူ၏တန်ထန်းမှတဆင့် အရာအားလုံးကို ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်ရန် ကြိုးစားလျှက် ဝမ်ချောင်ကိုတားရန်ပြုသည်။ သို့သော် နောက်ကျသွားပြန်သည်။
အလွန်သွယ်လျပြီး ဖျော့တော့သည့် လက်ဝါးတစ်ချက်က တစ္ဆေတစ်ကောင်လိုမျိုး ရုတ်တရက် အကြီးအကဲ၏ ဗိုက်ကို ဖိဆောင့်တွန်းလာသည်။ ထိုနေရာက သူ၏ တန်ထန်းရှိရာ နေရာဖြစ်သည်။ ကြယ်တာရာစွမ်းအင်များက ချက်ချင်းလိုလို ရေစီးသလို စိမ့်ထွက်သွားပြီး ဝမ်ချောင်ကိုယ်ထဲသို့ စီးဝင်သွားသည်။
သို့ရာတွင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်း သိုင်း၏ လွှမ်းမိုးနိုင်စွမ်းအားက ဒီလိုစုပ်ယူရုံလောက် မနိမ့်ကျသေးချေ။ ဝမ်ချောင်က အကြီးအကဲ၏ကိုယ်ကို ထိလိုက်ပြီးသည်နှင့် အကြီးအကဲ၏ ကိုယ်ထဲမှ ကြယ်တာရာစွမ်းအင်များက ပို၍ပင် ကပြောင်းကပြန် ဖြစ်လာပြီး ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။ အကြီးအကဲပင် မထိန်းချုပ်နိုင်တော့ချေ။
ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင် တစ်ယောက်အနေနှင့် သူ၏ကြယ်တာရာ စွမ်းအင်ကို အခြားတစ်ယောက်က ထိန်းချုပ်နေသည်ဟု ခံစားလိုက်ရသည့်အခါ အလွန်အင်အား ကြီးမားသော ကျွမ်းကျင်ပညာရှင်ကြီး တစ်ယောက်က ရုတ်တရက် ကြက်တစ်ကောင်ကိုပင် မသတ်န်ိုင်သည့် သာမာန် လူတစ်ယောက်အဖြစ် ပြောင်းသွားသလို ခံစားချက်မျိုးကို ရသွားမည်ဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ပြန်တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။ ထိုအခြေအနေက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ကြောက်စရာအကောင်းဆုံး အခိုက်အတန့်ဖြစ်သည်။ အလွန်နီးကပ်နေသည်နှင့် စောင့်ကြိုနေမည်မှာ သေဆုံးခြင်းသာဖြစ်သည်။ အကြောင်းမူကား စွမ်းအင်ကို ခြောက်ကပ်သည်အထိ စုပ်ယူခံရနိုင်သောကြောင့် ဖြစ်သည်။
“အကြီးအကဲ ကျွန်တော် အပြစ်ပြုမိပါတယ်”
အကြီးအကဲ၏ ကြယ်တာရာ စွမ်းအင်များကို ထိန်းချုပ်နိုင်သွားသည်နှင့် ဝမ်ချောင်က လက်နှစ်ဖက်လုံးကို ပြန်ရုတ်ကာ တစ်ဖက်လူကို အပြင်သို့ လွင့်ပစ်လိုက်သည်။ တချိန်ထဲတွင်ပင် တစ်ဖက်သူ၏ အကြောကိုလည်း ပိတ်လိုက်သေးသည်။ ဒီနည်းအားဖြင့် တစ်ဖက်သူက ကြယ်တာရာစွမ်းအင် ထုတ်သုံးနိုင်တော့မည် မဟုတ်ချေ။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးပြီး အခြားလူတစ်ယောက်ကို မသတ်လိုလျှင် ဒီနည်းလမ်းက တိုက်ရိုက်အကျဆုံးဖြစ်သည်။ သိုင်းပညာလောကမှ အသက်ကြီးရင့်နေပြီဖြစ်သော သိုင်းပညာအိုကြီးများကို မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ဖမ်းမိသောအခါ သူတို့ကို အရှက်ခွဲရန် ဒီလိုနည်းလမ်းကိုသုံးခဲ့ဖူးသည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးခံရသူ ဖြစ်သည့်အလျောက် ဝမ်ချောင်က ဒီအကွက်ကို အလွန်ရင်းနှီးနေသည်။
ထိုသတ္တုအခြေပြု အကြီးအကဲကို ကိုင်တွယ်ပြီးနောက် ဝမ်ချောင်က ချက်ချင်းလိုလို အိမ်ထဲသို့ ခုန်ဝင်သွားသည်။ အတွင်းမှ မီးအိမ်၏ ဖျော့တော့သော အလင်းက ရိုးရှင်းသောအခန်းကို ထိန်လင်းနေစေသည်။
အိမ်၏ အတွင်းဘက် အကျဆုံးနေရာတွင် ကျောက်ကုတင်ရှိသည်။ ဝမ်ချောင်က ဝူရှန်းအကြီးအကဲ ဝူကျို့မိန်က ကုတင်ပေါ်တွင် လှဲနေပြီး မျက်လုံးနှစ်လုံးက မျက်ဖြူပင် လန်နေကာ ပါးစပ်ကလည်း အမြုပ်တစီစီဖြစ်နေပြီး ပိန်ပါးသောကိုယ်က ဘုတ်ပြားလို တောင့်တင်းနေကြောင်း မြင်လိုက်ရသောအခါ တစ်ဖက်သူ၏ အရေပြားကပင် မဲပုပ်လာသည်။ သူ၏အရေပြားပေါ်မှ သွေးကြောများက ထောင်တက်လာပြီးမှ မြေပိုးကောင်များ အရေပြားထဲဝင်ကာ တွားသွားနေသလို ထင်ရသည်။
“မင်းဘာလုပ်တာလဲ”
“အရှင်အမတ် ငါတို့ သဘောတူပြီးသား မဟုတ်လား။ မင်း နေ့အလင်းရောင် ထွက်တာနဲ့ ချက်ချင်း ထွက်သွားရမယ်။ ရွာကကိစ္စတွေက မင်းနဲ့မသက်ဆိုင်ဘူး”
“ထွက်သွား ထွက်သွား မြန်မြန်ထွက်သွားစမ်းပါ။ မင်းအခု မထွက်သွားရင် ရိုင်းစိုင်မိတဲ့အတွက် အပြစ်လာမတင်နဲ့”
.....
အိပ်ယာအနားတွင် ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများက ရောက်ရှိနေကြပြီး ဝမ်ချောင်ကို သတိအနေအထားဖြင့် ကြည့်ကြသည်။ သူတို့၏ မျက်နှာက အလွန်တည်တင်းနေကြသည်။ သူတို့က ဝမ်ချောင်ကို တစ်ညသာ တည်းခိုခွင့်ပြုကြသော်လည်း ဝူရှန်းရွာ၏ တစ်ဖက်သူကို သတိထားသော အခြေအနေက အနည်းငယ်မျှ မလျော့ကျသွားခဲ့ချေ။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးတွင် ဖြစ်သည်။
“အရှင်အမတ် ကျေးဇူးပြုပြီး ကိုယ့်အပြုအမူကို ထိန်းပါ”
နောက်ဆုံးစကားကို ပြောပြီးနောက် ဝူရှန်းကာကွယ်စောင့်ရှောက်သူများ အားလုံးက သတိအနေအထား ဖြစ်သွားကြပြီး တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။ ဝမ်ချောင်ကသာ အနည်းငယ် ထူးခြားသည့် လှုပ်ရှားမှုများကို လုပ်လာခဲ့လျှင် သို့မဟုတ် ခြေတစ်လှမ်း ထပ်တိုးလျှင် သူတို့က တိုက်ခိုက်တော့မည်ဖြစ်သည်။
“ငါက ထွက်သွားတယ် မထွက်သွားဘူးဆိုတဲ့ ကိစ္စက မနက်ဖြန် သက်ဆိုင်နေတာ မဟုတ်လား။ အခု အရေးကြီးဆုံးက အကြီးအကဲလေ။ ကြည့်ရတာ သူ့ရဲ့နောက်ဆုံးအချိန်က သိပ်ကြာကြာ ခံတော့မှာ မဟုတ်ဘူး”
ဝမ်ချောင်က ထိုသို့ပြောပြီးနောက် အနားရှိလူများကိုကြည့်သည်။
ဝမ်ချောင်က ထိုသို့ပြောလိုက်ပြီးနောက် အားလုံးက ချက်ချင်းလိုလို လှည့်ကြည့်လိုက်ကြသည်။ ဝူကျို့မိန်၏ တောင့်တင်းနေသော ကိုယ်က လိမ်တွန့်ကာ တဆတ်ဆတ် တုန်ယင်လာသည်။ ထိုအရာသာ မကသေးလေဘဲ သူ၏ပါးစပ်မှ သွေးများ စိမ့်ထွက်လာသည်။ မျက်ဝန်းထောင့်မှ သွေးများ စီးကျလာသည်။ ထိုမြင်ကွင်းအရ သူ၏ကိုယ်တွင်းအင်္ဂါ ဒဏ်ရာရသွားပြီဆိုသော လက္ခဏာဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ”
ဝူရှန်းတိုင်းက အထိတ်တလန့် ဖြစ်သွားကြပြီး မျက်နှာများက ဖြူဖျော့သွားကြသည်။ သူတို့က မည်မျှပင် တုံးအနေစေကာမူ ဝူကျို့မိန်၏ လက္ခဏာက အလွန်အမင်း ဆိုးရွားနေကြောင်း သိနိုင်သည်။ မျက်လုံးနှင့် ပါးစပ်မှ သွေးထွက်လာသည်။ သွေးများက မည်းနေသည်။ ဆိုလိုသည်မှာ သူ၏ အတွင်းအင်္ဂါများက ပျက်စီးနေလေပြီ။ ထိုကဲ့သို့သော ဖျားနာမှုမျိုးက အသက်ငယ်ရွယ်သော လူတစ်ယောက်အတွက်ဆိုလျှင် မပြင်းထန်လောက်သော်လည်း ဝူကျို့မိန်က အလွန်အသက် ကြီးနေလေပြီး ဖြေရှင်းချက် သို့မဟုတ် ကုသနည်းကိုသာ မရှာဖွေနိုင်လျှင် အခြေအနေ၏ အဆုံးသတ်က သိသာနေသည်။
“ဝူကျန်းမြက် မြန်မြန် ဝူကျန်းမြက်ကိုသုံး”
“အကြီးအကဲက သောက်ပြီးပြီလေ။ ဒါပေမဲ့ ဘာသက်ရောက်မှုမှ မရှိလာဘူး”
“အကြီးအကဲရဲ့ကိုယ်ကို ဒီဖျားနာမှုက နှိပ်စက်နေတာကြာပြီ။ သူက ဝူကျန်းမြက်တွေ သောက်ထားတာ များသွားတော့ ဒါက သက်ရောက်မှု မပြနိုင်တော့ဘူး”
“ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ။ နည်းလမ်းတစ်ခုခု တွေးကြစမ်းပါ”
“ရွာသူကြီးကိုခေါ် ဟုတ်တယ် ရွာသူကြီးပဲ ဘယ်လိုလုပ်ရမလဲဆိုတာကို သိမှာ”
“ငါလူလွှတ်ပြီးပြီ ဒါပေမဲ့ ပေါ့ထန်းနဲ့ အခြားလူတွေ ပြန်မလာကြသေးဘူး”
.....
အားလုံးက ကစဉ့်ကလျား ဖြစ်နေသည်။ ထိုအချိန်တွင် မည်သူကမျှ ဝမ်ချောင်ကို အာရုံမစိုက်နိုင်ကြချေ။
ဝှစ်
အခန်းထဲရှိ လူတိုင်းက ဝရုန်းသုန်းကား ဖြစ်နေကြပြီး သူတို့၏စိတ်က အခြားအရာကို အာရုံစိုက်ချိန်တွင် အိပ်ယာနားသို့ ပုံရိပ်တစ်ခုက ရောက်သွားသည်။ ညာဘက်လက်မှ လက်သည်းနှစ်ချောင်းက ဆန့်ထွက်သွားပြီးနောက် အကြီးအကဲဝူ၏ ပါးစပ်ကို ပွင့်လိုက်ကာ ဆေးတစ်လုံး ထည့်လိုက်သည်။
“မျိုးမစစ်ကောင်”
“ရပ်စမ်း”
“မင်းဘာလုပ်တာလဲ”
.....
ဝူရှန်းတိုင်းက ဖြူဖျော့သွားကြသည်။ မည်သူကမျှလည်း ဝမ်ချောင်က ဒီလိုအခြေအနေမျိုးတွင် လှုပ်ရှားမည်ဟု မထင်ထားမိကြချေ။
အခန်း(၇၀၈)
“အားလုံးပဲ မထိတ်လန့်ကြပါနဲ့။ ကျွန်တော်က အကြီးအကဲဝူနဲ့ ဘာရန်ငြိုးမှမရှိဘူး။ ဒါကိုဘာလို့ သူ့ကို ဒုက္ခပေးရမှာလဲ။ ဒါ့အပြင် အကြီးအကဲဝူရဲ့ ဒီအခြေအနေအရ ကျွန်တော် ဒုက္ခပေးဖို့တောင် လိုအပ်နေသေးလို့လား”
ဝမ်ချောင်က လက်နှစ်ဖက်လုံးကို ကျောနောက်သို့ ပို့လိုက်လျှက် ချောမွေ့စွာဖြင့် နောက်သို့ ဖြတ်ကနဲ ဆုတ်လိုက်သည်။ သူ၏နှုတ်ခမ်းတွင် အပြုံးက ခိုဆွဲနေသည်။
အခြားသော အကြီးအကဲများက ဘာမျှမပြောနိုင်ခင် ဝူရှန်းကာကွယ်စောင့်ရှောက်သူ တစ်ယောက်က ဒေါသတကြီး အော်သည်။
“ငါတို့ရဲ့ ဝူရှန်းရွာကကိစ္စကို မင်းဝင်စွက်ဖက်စရာ မလိုပါဘူး။ ပြောစမ်းပါ မင်းအကြီးအကဲကို ဘာဆေး တိုက်လိုက်တာလဲ”
သူ၏လက်နှစ်ဖက်လုံးက လက်သီးအဖြစ် ခပ်တင်းတင်း ဆုပ်ထားသည်။ သူ၏ ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်နေသည်။ ရှင်းလင်းစွာဖြင့်ပင် သူကလည်း ဒေါသ ပေါက်ကွဲတော့မည် အခြေအနေသို့ ရောက်နေလေပြီ။
ရွာက ထိုလူငယ်ဟာ ခုံရုံးမှ အမတ်တစ်ယောက်ဖြစ်ကြောင်း အလျင်စလို မတိုက်ခိုက်သင့်ကြောင်း အမိန့်ထုတ်ထားပြီးသည့်တိုင်အောင် ထိုလူငယ်အနေနှင့် ထပ်ခါတလဲလဲ ဖြစ်လာသော ကိစ္စအတွက် ဒေါသထွက်နေလေသည်။
“အကြီးအကဲသာ တစ်ခုခု ဖြစ်သွားကြည့် ငါတို့ကို လွန်ကဲတယ်လို့ အပြစ်လာမတင်နဲ့”
အခြားသော ကာကွယ်စောင့်ရှောက်သူ တစ်ယောက်ကလည်း လှမ်းအော်သည်။
“စိတ်အေးအေးထားပါ ဘာမှ မဖြစ်လာဘူး”
ဝမ်ချောင်က ခပ်တည်တည်ပြောသည်။ သူ၏မျက်နှာက တည်ငြိမ်ကာ အေးဆေးနေသေးသည်။ ဒေါသထွက်နေသော ဝူရှန်း ကာကွယ်စောင့်ရှောက်သူများကို ရင်ဆိုင်နေရသည့်တိုင် သူက တည်ငြိမ်နေသည်။ သို့တိုင်အောင် သူ၏ ကျောနောက်သို့ ပို့ထားသော လက်များကလည်း တုန်ယင်နေသည်။ မည်သူကမျှ မမြင်နိုင်သော နေရာတွင် သူ၏စိတ်မှ အခြေအနေ အစစ်အမှန်ကို ထုတ်ပြနေခြင်းဖြစ်သည်။
တစ်စုံတစ်ရာ ဖြစ်နေသည်မှာ ရှင်းလင်းနေသည်။ ဝမ်ချောင်က ဝူကျို့မိန်ဟာ ထိုမတော်တဆမှုတွင် ဒဏ်ရာရသွားကြောင်းကိုသာ မှတ်မိနေသည်။ သို့သော် လက်ရှိ အခြေအနေအရ ဝူကျို့မိန်၏ ဖျော့တော့လွန်းသော အသက်ရှုသံနှင့် နှုတ်ခမ်းနှင့် မျက်လုံးမှ ထွက်လာသော သွေးမည်းများက အခြေအနေက ဆိုးရွားလွန်းကြောင်း သိသာစေသည်။ ဒါက ပြင်းထန်သည့် ဒဏ်ရာရသော အခြေအနေလောက် မရိုးရှင်းတော့ချေ။ ကုသမှုကသာ မှားယွင်းသွားလျှင် သေသွားနိုင်သည်။
ဒီဆေးက ပုံမှန်အတိုင်း အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပဲ။
ဝမ်ချောင်က စိုးရိမ်တကြီး တွေးလိုက်သည်။
ဝူရှန်းရွာက ဒီဘဝတွင်ဖြစ်မည့် မတော်တဆမှုက ယခင်ဘဝနှင့် ကွာခြားနိုင်ကြောင်း သိသည်။ ဝူကျို့မိန်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်ဆိုသော အခြေအနေလောက် မရိုးရှင်းတော့ချေ။ သူက ချက်ချင်း သေတော့မလို ဖြစ်နေသည်။ အခြေအနေက ပြောင်းလဲလာသည့်အခါ သူ့အနေဖြင့် အချို့အရာကို ဂရုမစိုက်နိုင်တော့ချေ။
“အား”
သူက စတင်ကာ စိုးရိမ်နေသည့် အချိန်တွင် အကြီးအကဲတစ်ယောက်က ရုတ်တရက် သက်ပြင်းရှည်ကြီးကို ကျယ်လောင်စွာ ချလိုက်သည်။ လူတိုင်းက အသံကြောင့် တဆတ်ဆတ် တုန်ယင်သွားကြပြီး ကုတင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအခါမှသာ အိပ်ယာပေါ်တွင် ရှိနေသည့် ဝူကျို့မိန်၏ မျက်လုံးက ပုံမှန်အတိုင်း ဖြစ်လာပြီး မျက်ဆံပြန်လှန်လာကာ ပိန်းပိတ်အောင် မည်းမှောင်သော မျက်ဝန်းကို ဖော်ထုတ်လာကြောင်း မြင်လိုက်ရသည်။ သက်ပြင်းချသံ အရှည်ကြီးနှင့်အတူ သူ့အရေပြားပေါ်မှ အနက်ရောင် သမ်းနေသော အရောင်အဝါများက တဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ်လာသည်။ အစပိုင်းက သူ၏မျက်နှာက ကြည်လင်လာခြင်းဖြစ်သည်။ ထို့နောက် သူ၏လည်တိုင် သူ၏လက်မောင်း စသဖြင့် တစ်ကိုယ်လုံးထံ ပျံ့နှံ့သွားသည်။ ဒီနည်းအားဖြင့် သူ၏ အသားအရောင်က သွေးရောင် ပြန်လွှမ်းလာသည်။ ထိုအရာသာ မကသေးလေဘဲ ဝူကျို့မိန်၏ မျက်လုံးကလည်း စတင်လှုပ်ရှားလာပြီး တဖြည်းဖြည်းချင်း ဘေးနားတွင်ရှိသည့် ကာကွယ်စောင့်ရှောက်သူများကို ကြည့်လာသည်။
“ချုံးလီ ယွန်ဝမ်”
ဝူကျို့မိန်က အကြီးအကဲနှစ်ယောက်၏ နာမည်ကိုခေါ်သည်။ သူ၏အသံက အတန်ငယ် အားနည်းနေသေးသော်လည်း ကျယ်လောင်ကာ ရှင်းလင်းသေးသည်။
“အကြီးအကဲ”
အခန်းထဲရှိ ရွာသားတိုင်းက ရေနှင့်တဘတ်များကို အလျှင်အမြန် ပြင်ဆင်ပေးကြပြီး ပြုစုကြသည်။
“အံ့အားသင့်စရာပဲ အကြီးအကဲ နိုးလာပြီ အကြီးအကဲ နိုးလာပြီ”
ထိုအရာမျှနှင့်တင် မဟုတ်သေးချေ။ သိပ်မကြာခင် အချိန်တွင် ဝူကျို့မိန်က သူ၏ခေါင်းကို ပြန်ပွတ်နိုင်သည်အထိ လှုပ်ရှားနိုင်သွားသည်။ လူတိုင်း၏ စူးရှပြင်းပြသော အကြည့်အောက်တွင် သူက ထထိုင်သည်။
အားလုံးက အံ့အားသင့်သွားကြသည်။ အဆုံးအစမဲ့လောက်အောင် ပြင်းထန်သည့် အံ့အားသင့်မှုများက ထိုရွာသားများ၏ ကိုယ်တွင် ပြည့်နှက်လာတော့သည်။
ဝူကျို့မိန်က ဘာမျှ မဖြစ်ခဲ့သလိုမျိုး ကုတင်ပေါ်တွင် ထထိုင်နေကြောင်း အားလုံးက မြင်လိုက်ကြရသည်။ ရွာသားတိုင်းက ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင်ရှိသော အံ့အားသင့်မှုကို ဖော်ပြရန်ပင် ခက်ခဲသေးသည်။ ဝမ်ချောင်ကို အလွန်ရန်လိုနေသော ကာကွယ်စောင့်ရှောက်သူများ၏ အမူအရာများကပင် ရှုပ်ထွေးသွားသည်။
“မဖြစ်နိုင်ဘူး ဘယ်ဆေးကမှ ဒီလောက်ထိ အံ့ဩစရာ မကောင်းနိုင်ဘူး”
ဝူကျို့မိန်က ယွန်ဝမ်ဟု ခေါ်လိုက်သော အကြီးအကဲက ချက်ချင်းလိုလို ရှေ့တိုးလာပြီး ဝူကျို့မိန်၏ လက်မောင်းကို ဖမ်းဆုပ်ကိုင်သည်။ ဝူကျို့မိန်၏ သွေးကြောက တည်ငြိမ်ပြီး တိုးတက်သည့် လက္ခဏာပင် ပြလာသည်။ သူ၏ နှလုံးခုန်နှုန်းက မြန်သထက် မြန်လာပြီး ခိုင်မာသထက် ခိုင်မာလာသည်။ ဒါက ဒီတိုင်း အနည်းငယ် သက်သာရုံလောက် မဟုတ်တော့ချေ။ ပုံမှန်ထက်ပင် သွေးကြောက ပို၍ သန်မာလာခြင်းဖြစ်သည်။
အကြီးအကဲ ယွန်ဝမ်က ဝမ်ချောင်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှု၊ ထိတ်လန့်မှုနှင့် ဖော်ပြရန်ခက်ခဲသည့် စိတ်လှုပ်ရှားမှုက အစားထိုးပြောင်းလဲလာသည်။
ဝမ်ချောင်က ဖျော့တော့စွာသာ ပြုံးသည်။ အကြီးအကဲ ယွန်ဝမ်က ချက်ချင်း ခေါင်းပြန်လှည့်ပြီးနောက် ဝူကျို့မိန်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ၏အသံထဲတွင် စိုးရိမ်မှုက ပြည့်နှက်နေသည်။ သူကမေးသည်။
“အစ်ကိုကျို့ ဘယ်လိုခံစားရလဲ။ လည်ပင်းနဲ့ပုခုံး၊ ညာခြေထောက်၊ ကျောပြင်၊ ကိုယ်တွင်းအင်္ဂါတွေက ဘယ်လိုနေလဲ။ သူတို့ နာကျင်နေတုန်းပဲလား”
“အရမ်းကောင်းတယ် မနာတော့ဘူး ဘာဖြစ်...”
ဝကျို့မိန်က ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း လှုပ်ရှားပြီးနောက် ထိုမေးခွန်းကို ပြန်ဖြေလိုက်သည်။ ဟယ်ယွန်ဝမ်က မည်သည့်အတွက်ကြောင့် ဒီလိုမေးခွန်းမျိုး လာမေးကြောင်း မသိသော်လည်း သူက ချက်ချင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်သည်။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားပြီး သူ၏မျက်နှာတွင် ထိတ်လန့်သွားဟန်က အထင်းသား ပေါ်ထွက်လာသည်။
အချိန်တစ်ခု ကြာသည်အထိ အခန်းက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ လူတိုင်းက တစ်နေရာတည်းသို့သာ စိတ်လှုပ်ရှားစွာ ကြည့်ကြသည်။
“မဖြစ်နိုင်ဘူး ငါတို့ဝူရှန်းရွာက လူတိုင်းက အင်အားကြီးကောင်း ကြီးလိမ့်မယ်။ ဒါပေမဲ့ သုံးနှစ်ကစပြီး လူတိုင်းက ဖျော့တော့တဲ့ နာကျင်ကိုက်ခဲမှုကို စတင်ခံစားရတယ်။ လရဲ့အဆုံးတိုင်း ကြယ်ရောင် မှေးမှိန်လာတဲ့အချိန်တိုင်း ယင်စွမ်းအင် အသန်မာဆုံး အချိန်မျိုးမှာဖြစ်တဲ့ ငါတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက နာကျင်ကိုက်ခဲနေလေ့ရှိတယ်။ အသက်ငါးဆယ် မတိုင်ခင် လူအများစုက သေသွားကြတာပဲ။ ရွာသူကြီးက တစ်ခါက ဖိတ်ခေါ်ခဲ့ဖူးတဲ့ ဆရာသခင် ပြောသွားတဲ့ စကားအရဆိုရင် ဒါက ဖုန်းရွှေပြဿနာတဲ့”
“အကြီးအကဲဝူက အသက်ခုနှစ်ဆယ် ရှစ်ဆယ်ကျော်ပြီ။ သူ့ရဲ့အခြေအနေက ရွာက လူတိုင်းထက်တောင် ပိုပြီး ပြင်းထန်နေသေးတာ မဟုတ်ဘူး။ ဘာလို့ ရုတ်တရက် ပြန်ကောင်းသွားတာလဲ”
အခန်းထဲရှိ လူအချို့က ခပ်တိုးတိုး ရေရွတ်နေကြသည်။ ထိုမေးခွန်းက လူတိုင်း၏ စိတ်ထဲတွင် ရှိနေခြင်းဖြစ်သည်။
ဝူရှန်းရွာသို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးသော လူများက ဝူရှန်းရွာသားများ ထုတ်ပြသည့် အင်အားများ၊ မြေမျက်နှာသွင်ပြင်နှင့် လိုက်လျောညီထွေစွာ နေနိုင်စွမ်းအားကိုမြင်ပြီး အံ့အားသင့်ကာ လေးစားအားကျရလောက်သည်။ သို့သော် လူအနည်းစုလောက်ကသာ ထိုအင်အားရရှိရန် ပေးဆပ်ခဲ့ရသည့် တန်ကြေးကို သိကြသည်။ သူတို့၏ တစ်ဘဝလုံး ဝူရှန်းရွာသားတိုင်းက အသက်ကြီးလာသည်နှင့်အမျှ အတွင်းဒဏ်၊ အပြင်ဒဏ်များကို ဆက်တိုက် သည်းခံနေကြရသည်။ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကလေးအစ လူကြီးအဆုံး ဒီအခြေအနေမှ မလွတ်မြောက်နိုင်ကြချေ။
အကြီးအကဲဝူက ယခုလို ပြင်းပြင်းထန်ထန် နာကျင်မှု ခံစားနေရပြီး ပါးစပ်နှင့်မျက်လုံးမှ သွေးမည်းများပင် စီးကျလာသည်မှာ သူ၏အသက်အရွယ်က အလွန်ကြီးရင့်နေပြီဖြစ်ပြီး အခြေအနေက အလွန် ပြင်းထန်လာသောကြောင့်လည်း ဖြစ်သည်။ ထိုတခဏတွင် လူတိုင်းက သူသေမည်ဟု ယုံကြည်ထားကြသည်။ သို့သော် မမျှော်လင့်ထားသည့်အတိုင်း သူက ရုတ်တရက် ပြန်လည် သက်သာသွားသည်။ ထို့ပြင် ဒါက ပြန်လည်သက်သာရုံလောက် မရိုးရှင်းဘဲ သွေးကြောကပင် သန်မာသွားခြင်းဖြစ်သည်။
အကြီးအကဲဝူ၏ အခြေအနေအရ ပြန်လည်သက်သာရန် မဖြစ်နိုင်တော့ချေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဝမ်ချောင်က တိုက်ခဲ့သော ဆေးဖြစ်သည်။
ထို့ကြောင့် အခန်းထဲရှိ ဝူရှန်းရွာသားတိုင်း၏ စိတ်ထဲတွင် အံ့အားသင့်မှု၊ မယုံကြည်နိုင်မှု၊ အလွန်အမင်း စိတ်လှုပ်ရှားမှုများက ထွင်းထုထားသလို တဖြည်းဖြည်းချင်း နက်ရှိုင်းနစ်ဝင်လာသည်။ ဝမ်ချောင်၏ဆေးက အကြီးအကဲဝူကဲ့သို့ အသက်အရွယ်ရှိ လူတစ်ယောက်ထက်ပင် ထိုမျှအထိ အသုံးဝင်နေလျှင် လူတိုင်း သုံးနိုင်သည်ဟု ဆိုလိုသည်။
ယခင်က ရန်အလိုဆုံး ရွာသားများကပင် ဝမ်ချောင်ကိုကြည့်သော အကြည့်များက အေးဆေးလာသည်။ သူတို့ကသူ့ကို တောက်ပသော ကြယ်တစ်ပွင့်ကို ငေးကြည့်သလို ကြည့်ကြသည်။
ဟယ်ယွန်ဝမ်က စိတ်လှုပ်ရှားမှုကို ဖုံးထားပြီးနောက် မေးသည်။
“အရှင်အမတ် အရှင်အမတ်သာ စိတ်မရှိဘူးဆိုရင် အကြီးအကဲဝူကို တိုက်ခဲ့တာက ဘယ်လိုဆေးမျိုးလဲဆိုတာကို ပြောပြပေးလို့ရမလား”
ဝမ်ချောင်က ပြုံးရုံသာပြုံးပြီးနောက် လက်ဝါးကို ဖြန့်လိုက်သည်။ နောက်ထပ် ဆေးတစ်လုံး ပေါ်လာသည်။ ဝမ်ချောင်၏ ကြိုးစားမှုက အလကား မဖြစ်သွားခဲ့ချေ။ ဝူရှန်းရွာသားများ၏ သူ့ကို ဆက်ဆံပုံက ပြောင်းလဲသွားကြောင်း သူသည်လည်း မြင်နိုင်သည်။ အရာအားလုံးက သူယူလာခဲ့သော ဆေးကြောင့်ဖြစ်သည်။
ဖြန်း
ဟယ်ယွန်ဝမ်က ဆေးကို မယူနိုင်ခင် ဝမ်ချောင်၏လက်ကို လက်တစ်ဖက်က ဖြတ်ရိုက်လိုက်ပြီး ဆေးကို မြေပြင်သို့ ကျသွားစေသည်။
“အကြီးအကဲ ရူးသွားပြီလား။ သူက အပြင်လူနော် သူက ဘယ်လိုများ ကြင်နာတတ်မှာလဲ။ သူက ငါတို့ရဲ့ ဝူရှန်းက ဒီအမြစ်တွယ်နေတဲ့ ရောဂါကို ပျောက်ကင်းအောင် လုပ်နိုင်မဲ့နည်းလမ်း သူ့မှာ ဘယ်လိုရှိနိုင်မှာလဲ။ ငါတို့ဝူရှန်းတွေက ရာစုနှစ်နဲ့ချီ တည်ရှိနေခဲ့တာ။ ဒါတောင် ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့လို့လား။ ဒါကို အပြင်လူတစ်ယောက်က ဘယ်လိုဖြေရှင်းပေးနိုင်မှာလဲ။ ဒါက တိုက်ဆိုင်တာပဲဖြစ်မယ်။ အကြီးအကဲက ဝူကျန်းမြက်တွေ အများကြီးစားထားလို့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဆေးစွမ်းအား သက်ရောက်မှုက ကိန်းဝပ်နေပြီးသား။ ရုတ်တရက် ဆေးစွမ်းအား သက်ရောက်မှုတွေ ထွက်လာလို့သာ အကြီးအကဲရဲ့ ဖျားနာမှုက ပျောက်ကင်းသွားတာ ဖြစ်လောက်တယ်”
ပုတ်ချလိုက်သော ဝူရှန်းရွာသားက အသက်သုံးဆယ် အရွယ်ဖြစ်ပြီး သူ၏ဘယ်ဘက်ပါးတွင်လည်း နီရဲသော အစင်းရာကြီးက ရှိနေသည်။ သူက ခပ်ကြမ်းကြမ်း အော်ဟစ်သည်။ သူ၏မျက်လုံးက ဝမ်ချောင်ကို ကြည့်ချိန်တွင် ရန်လိုမှုက အထင်းသားဖြစ်သည်။ သူ၏ရန်လိုမှုက အခြားလူတိုင်းထက် ပြင်းထန်သည်။
သူပဲ။
ဝမ်ချောင်က အစပိုင်းတွင် ဂရုမစိုက်ခဲ့ချေ။ သို့သော် ထိုအရာကိုမြင်မှသာ မှတ်မိသွားသည်။ သူယခင်က ချင်းချီချန်းနှင့် တိုက်ခိုက်ခဲ့ချိန်တွင် ရွာသားတစ်ယောက်က သူ့ကို အကြမ်းတမ်းဆုံး တိုက်ခိုက်ခဲ့ပြီး ချင်းချီချန်းကပင် ထိန်းချုပ်ရန် ခက်ခဲခဲ့သည်အထိ ရိုင်းစိုင်းခဲ့သည်။
ဝမ်ချောင်က တစ်ဖက်သူကို လွင့်ထွက်အောင် လုပ်ခဲ့ချိန်တွင် ထိုရွာသား၏ပါးကို ကျောက်တုံးက ခြစ်မိသွားစေပြီး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုရွာသား၏ ဝမ်ချောင်ကိုကြည့်သော အကြည့်က ပို၍သာ ကြောက်စရာ ကောင်းလာခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်က စွဲစွဲမြဲမြဲ မှတ်မိနေခြင်းဖြစ်သည်။ သူက ထိုကိစ္စကြောင့် အငြိုးအတေး ထားထားသည်နှင့်တူသည်။
ဝမ်ချောင်က ရုတ်တရက် နားလည်သွားသည်။
“ငါပြောချင်တာနဲ့ ငါလုပ်သင့်တာကို လုပ်ခဲ့ပြီးပြီ။ မင်းတို့ မယုံဘူးဆိုရင်လည်း ထားလိုက်ပါတော့။ ဒီည အခြားလူတွေက အကြီးအကဲဝူလို ဖြစ်နေမလားဆိုတာ မသိနိုင်ဘူး။ သူတို့ကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဝူကျန်းမြက်ရဲ့ စွမ်းအားသက်ရောက်မှုတွေကြောင့် ဒီလိုပြန်ကောင်းသွားမလားဆိုတာကို ဘယ်သိနိုင်ပါ့မလဲ”
ဝမ်ချောင်က ထိုသို့ပြောပြီးနောက် ခေါင်းအနည်းငယ်စောင်းကာ တိတ်တဆိတ် လှည့်ထွက်သွားလိုက်သည်။
ကျောက်တုံးအိမ်၏ အပြင်ဘက်တွင် အော်သံများက ဆက်တိုက် ထွက်နေသေးပြီး အသံက ကျယ်သထက်သာ ကျယ်လာသည်။ လကြတ်သည့် ညတာကာလက ဝူရှန်းရွာ၏ အရေးကြီးသော ညတစ်ည ဖြစ်လာသည်။
“ခဏနေပါဦး”
ဝမ်ချောင်က ထွက်သွားသည့် အချိန်တွင် အော်သံများကြားမှ ဝူကျို့မိန်က လက်မောင်းတစ်ဖက်မြှောက်ပြီး ဝမ်ချောင်ကို လှမ်းဆွဲမလို လှမ်းအော်လိုက်သည်။ သို့သော် ထိုတခဏတွင် မယုံနိုင်စရာကောင်းသော ဖြစ်ရပ်က ဖြစ်လာသည်။
ဘန်း
ကြမ်းပြင်ပေါ်သို့ သစ်သားတုံးကြီး တစ်တုံးက ပြုတ်ကျသွားသလိုမျိုး ဝမ်ချောင်ကို ယခုလေးတင် အော်ခဲ့သော သတ်လတ်ပိုင်းအရွယ် ရွာသားက ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူ၏သွားများကို ခပ်တင်းတင်း ကြိတ်ထားပြီး အမူအရာကလည်း မည်းမှောင်ဖြူဖျော့လာသည်။ သူ၏ခန္ဓာကိုယ်က မလှုပ်ရှားတော့ချေ။
“ဝမ်ရှီ ဝမ်ရှိဘာဖြစ်တာလဲ”
အားလုံးက ကြောင်သွားပြီး ချက်ချင်းလိုလို အပြေးသွားကာ အနားတွင်ထိုင်ပြီး သူ့ကို ဝိုင်းကြည့်ကြသည်။
“မကောင်းတော့ဘူး သူ့ရဲ့ရောဂါက ဖောက်လာပြီ”
“အခြေအနေက ပြင်းတယ်။ သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းလာပြီ”
“တဘတ်ကိုထိုးထည့်ပြီး သူ့ရဲ့ ဒီကြိတ်ထားတဲ့သွားကို ထိုးခွဲဖို့ လုပ်ကြစမ်း။ သူကိုယ့်လျှာကို ကိုက်ခွင့်ပြုလို့ မရဘူး”
“မကောင်းတော့ဘူး အကြီးအကဲ သူ့ရဲ့သွေးကြောတွေက အားနည်းသထက် အားနည်းလာပြီ။ သူ့ရဲ့ အပူချိန်ကလည်း ဆက်တိုက် ကျဆင်းလာတာ။ ဒီတိုင်း ဆက်ဖြစ်နေရင် ကျွန်တော် စိုးရိမ်တာက...”
.....
ထိုသို့ ဖြစ်ပျက်လာသည့် အဖြစ်အပျက်က မြန်ဆန်လွန်းလေရာ လူတိုင်းကပင် အထိတ်တလန့် ဖြစ်လာကြသည်။ ဟယ်ဝမ်ရှီ၏ ဖျားနာမှုက ရုတ်တရက် ထဖောက်သည်က မြန်ဆန်လွန်းပြီး ရောဂါ၏ ဆိုးရွားမှုကလည်း မြန်ဆန်လွန်းပြန်သည်။ ချက်ချင်းလိုလို သူ၏ခန္ဓာကိုယ် အပူချိန်က ထိုးကျလာပြီး အသားအရည်ကလည်း မည်းနက်လာသည်။ ထိုမည်းနက်မှုက ခန္ဓာကိုယ် တစ်ခုလုံးအနှံ့ ပျံ့နှံ့လာသည်။
မည်သည့်ရွာသားကမှ ဒီအခြေအနေနှင့် မစိမ်းသက်ကြချေ။ ဒါက ဝူရှန်းရွာမှ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါ၏ ထဖောက်လာသော လက္ခဏာဖြစ်သည်။ ဒီအခြေအနေအရ အပြင်းထန်ဆုံး အခြေအနေလည်းဖြစ်သည်။ မည်သည့် ရွာသားမဆို ဒီလိုအခြေအနေ လက္ခဏာ ပြလာသည်နှင့် သေတတ်သည်။
ဒီတိုင်း ဖြစ်နေမည်ဆိုလျှင် ဟယ်ဝမ်ရှီကလည်း ရှင်သန်နိုင်ချေ နည်းပါးလာပေလိမ့်မည်။
အခန်း(၇၀၉)
အန္တရာယ်၊ ဝူရှန်းရွာလူကြီး
“ဘေးမှားရပ်နေကြ ငါကြည့်ပါရစေ”
ရုတ်တရက် လူအုပ်၏ အနောက်မှ အသံတစ်သံ ထွက်လာသည်။
“အကြီးအကဲဝူပဲ”
ရွာသားများက နောက်လှည့်ကြည့်ပြီးနောက် အကြီးအကဲ ဝူကျို့မိန်က အိပ်ယာထဲမှ ထွက်လာပြီဖြစ်ကြောင်း သိလိုက်သည်။
“အကြီးအကဲ ငြိမ်ငြိမ်လေးထိုင်နေပြီး အနားယူပါ”
“အကြီးအကဲက သက်သာသေးတာ မဟုတ်ဘူး။ အရင်ဆုံးလှဲပြီး အနားယူနေလိုက်ပါ”
“ဟုတ်တယ် ဟုတ်တယ် အကြီးအကဲသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်တို့ထဲက ဘယ်သူကမှ အကျိုးဆက်ကို တောင့်ခံနိုင်တော့မှာမဟုတ်ဘူး”
.....
ရွာသားများက ဝူကျို့မိန်ကို ပြန်လှဲကာအနားယူရန် ပြောကြသည်။
“မျိုးမစစ်ကောင်တွေ ဒီလိုအခြေအနေမျိုးမှာတောင် မင်းတို့က ဒီလိုစကားမျိုးတွေ ပြောချင်စိတ် ရှိနေသေးတာလား”
ဝူကျို့မိန်၏ အမူအရာက တင်းမာလာပြီး လူအုပ်ကို တွန်းဖယ်သည်။ သူက အသာအယာ တွန်းလိုက်ရုံသာ ဖြစ်သော်လည်း ကြယ်တာရာစွမ်းအင်များက ထွက်သွားပြီး လူအုပ်က အနားသို့ ကျဲသွားသည်။ ဒီနည်းအားဖြင့် သူက ပုံမှန်မဟုတ်လောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အိပ်ယာထဲမှ ခုန်ထွက်လာနိုင်သည်။ သူက လူအုပ်ကို ကျော်ဖြတ်ထွက်လာပြီးနောက် မြေပြင်သို့ ပြုတ်ကျသွားသည့်ဆေးကို ပြန်ကောက်သည်။ ထို့နောက် ဟယ်ဝမ်ရှီ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။
“ရေနည်းနည်း ယူလာခဲ့”
ရွာသားတစ်ယောက်က ရေတစ်ခွက်ကို အလျှင်အမြန် ယူလာသည်။ ဝူကျို့မိန်က ထိုရေခွက်ကို လှမ်းယူလိုက်ပြီး ဟယ်ဝမ်ရှီကို ဆေးမြိုချနိုင်အောင် တိုက်ပေးလိုက်သည်။ တခဏခန့် ကြာပြီးနောက် ဟယ်ဝမ်ရှီက ရှည်လျားသော ညဉ်းသံထွက်လာပြီးနောက် စတင်ကာ ချောင်းဆိုးသည်။ သူ၏ အသားအရောင်က သွေးရောင်ပြန်လွွှမ်းလာသည်။
“အကြီးအကဲ”
ဟယ်ဝမ်ရှီက မျက်လုံးပြန်ဖွင့်လိုက်သောအခါ ဝူကျို့မိန်ကို မြင်လိုက်ရသည်။
ဖြန်း
လက်တစ်ဖက်က ဟယ်ဝမ်ရှီ၏ပါးကို ဖြတ်ရိုက်လိုက်သည်။ ဒီနည်းအားဖြင့် ဟယ်ဝမ်ရှီကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ အလားတူ အခြားသော ရွာသားများကလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ဟယ်ဝမ်ရှီက သတိပြန်ရပြီးနောက် ဝူကျို့မိန်က ပါးဖြတ်ရိုက်လိုက်မည်ဟု မည်သူကမျှလည်း မထင်ထားကြချေ။
“အကြီးအကဲ”
ဟယ်ဝမ်ရှီ၏ မျက်နှာက အထိတ်တလန့် ဖြစ်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း အံ့ဩမှုကြောင့် တောင့်တင်းသွားသည်။ သို့သော် ဝူကျို့မိန်ကမူ သူ့ကို လျစ်လျူရှု့ထားပြီး ဝမ်ချောင်ကိုသာ ပြန်ကြည့်သည်။
“အရှင်အမတ် ငါတို့အရှင်အမတ်ကို ရန်စခဲ့မိပါတယ်။ ငါကဒီရွာရဲ့ကိုယ်စား အရှင်အမတ်ကို တောင်းပန်ပါရစေ။ အရှင်အမတ်အနေနဲ့ နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ဝူကျို့မိန်က ဂါရဝပြုလိုက်သည်။
သူက အိုနေပြီး ယခုမှ ရောဂါသက်သာကာစ ဖြစ်သဖြင့် မူးဝေနေသေးသော်လည်း သူ၏အသိက အပြည့်အဝ ပြန်ဝင်နေပြီဖြစ်သည်။ ထို့ကြောင့် သူရောဂါထဖောက်ပြီး မလှုပ်မရှားနိုင် ဖြစ်နေချိန်က အရာအားလုံးကို သိနေခဲ့သည်။ ထိုအချိန်က သူက စကားထုတ်မပြောနိုင်ခဲ့သည့်တိုင်အောင် ပတ်ဝန်းကျင်မှ အရာအားလုံးကို သိနေခဲ့သည်။
ထို့ပြင်သူက ဝူရှန်းရွာမှ စီနီယာကျသော လူအိုကြီးတစ်ယောက် ဖြစ်နေလေရာ ကိုယ်ပိုင်ကျင့်ကြံခြင်း အဆင့်ကလည်း မြင့်မားနေသည့်အလျောက် ပတ်ဝန်းကျင်မှ အစီအရင်များကို မသိစရာ အကြောင်းမရှိချေ။ သို့သော် ဝူကျို့မိန်အနေနှင့် သူ့ကိုကယ်တင်ရန် အပြေးအလွှား လာခဲ့သောလူက သူက ငြင်းဆန်ခဲ့သည့် အပြင်လူများထဲမှ တစ်ယောက်ဖြစ်နေမည်ဟု မထင်ထားဖူးချေ။
“ဟား ဟား ဒါကဒီအတိုင်း အသေးစား နားလည်မှုလွဲမှားတဲ့ကိစ္စတွေပါပဲ။ အကြီးအကဲအနေနဲ့ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး”
ဝမ်ချောင်က လက်ကိုယမ်းလိုက်သည်။ သူ၏ ကြိုးစားအားထုတ်မှုများက နောက်ဆုံးတွင် အသိအမှတ် ပြုခံလာရပြီး အသုံးဝင်လာကြောင်း သိလိုက်သည်။
ဝမ်ချောင်က ဒီအရေးပေါ် အခြေအနေကို ကူညီပေးချင်ခဲ့သည်။ သို့သော် ဝူရှန်းရွာသားများက သူ့အပေါ် အလွန်ဒေါသထားနေပြီး ငြင်းဆန်နေမည်ဆိုလျှင် အဆင်မပြေနိုင်တော့ချေ။ ကံကောင်းစွာဖြင့် ဝူရှန်းတွင် အခြေအနေကို နားလည်သော လူအချို့ ရှိနေသေးသည်။ ကိစ္စအလှည့်အပြောင်းများ ရှိခဲ့သည့်တိုင်အောင် နောက်ဆုံးတွင် သူ့အကြံက အောင်မြင်သွားခဲ့သည်။
“အရှင်အမတ်ရဲ့ ကြီးမြတ်တဲ့ ကြင်နာမှုအတွက် ဒီဝူကျို့မိန်က အရှင်အမတ်ကို တစ်ရွာလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါ့မယ်”
ဝူကျို့မိန်က ထိုသို့ပြောပြီးသည်နှင့် ခန္ဓာကိုယ်ကို ပြန်ဖြောင့်လိုက်သည်။ ခပ်မတ်မတ်ပြန်ရပ်ပြီးနောက် တဖန် လေးနက်စွာဖြင့် ဦးညွှတ်ပြန်သည်။
“အကြီးအကဲက စကားကို သတိထားပြီး ပြောလွန်းနေတာပါပဲ”
ဝမ်ချောင်က ဖျော့တော့စွာ ပြောလိုက်သည်။ တစ်နေ့တာ အတောအတွင်း မပြေလည်မှုများ ရှိခဲ့သည့်တိုင်အောင် အကြီးအကဲဝူဟာ ပူးပေါင်းဆက်ဆံ ဆောင်ရွက်ရန် အဆင်ပြေသော လူတစ်ယောက် ဖြစ်နေသေးသည်။ တစ်ဖက်သူက အလွန်သတိထားလွန်းသော်လည်း ယခင်ကနည်းတူ ခေါင်းမာပြီး ငြင်းဆန်လွန်းခြင်း မရှိတော့ချေ။
“ဒါပေမဲ့ ဒီဝူကျို့မိန်မှာ ရှက်ရွံ့စွာနဲ့ တောင်းဆိုစရာ ရှိနေပါတယ်။ အဲ့ဒီဆေးကို... အရှင်အမတ်မှာ ဘယ်လောက်များ ရှိပါသလဲ။ ငါတို့ကို နည်းနည်းလောက် ပေးနိုင်မလား။ ဒါက ဝူရှန်းရွာအတွက် အရမ်းကို အရေးကြီးလို့ပါ။ အရှင်အမတ်ကလည်း ငါတို့ရဲ့ အရင်ကအမှားကို ခွင့်လွှတ်ပြီး ကူညီပေးဖို့ မျှော်လင့်ပါတယ်”
ဝူကျို့မိန်က တည်ငြိမ်အောင် မနည်းကြိုးစားကာ ထိန်းနေရခြင်းဖြစ်သည်။ သို့တိုင်အောင် သူ၏ တဖြတ်ဖြတ် လှုပ်နေသော မျက်ဝန်းက ခံစားချက် အစစ်အမှန် ထုတ်ပြနေသည်။
အိမ်အပြင်ဘက်မှ အော်သံများက ဆက်တိုက် ထွက်နေသေးသည်။ ဒါက ယခင် မတော်တဆမှုများနှင့် ခြားနားကြောင်း ကောင်းကောင်း ထောက်ပြနေသည်။ ဝူကျို့မိန်၏ ဘဝတွင် ယခုလောက်အထိ တင်းမာလွန်းသော အခြေအနေမျိုးကို မကြုံတွေ့ဖူးချေ။ ပို၍ဆိုးသည်မှာ သူက ဒီအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝူကျို့မိန်အတွက် ဒီကိစ္စက အရင်ကကဲ့သို့ နာကျင်ကိုက်ခဲပြီး ဒဏ်ရာရရုံလောက် မရိုးရှင်းကြောင်း ကောင်းကောင်း နားလည်နေသည်။ သို့သော် သူက မည်မျှပင် စိုးရိမ်စိတ် ကြီးနေစေကာမူ ဝူကျို့မိန်က ကိုယ့်ကိုယ်ကို ထိန်းထားသည်။ ဒီနေ့တာ အတောအတွင်း သူက အပြင်လူများကို အကြမ်းတမ်းဆုံး ဆက်ဆံခဲ့ပြီး ယဉ်ကျေးမှုပြသခဲ့ခြင်း မရှိခဲ့ချေ။ သူက တစ်ဖက်လူ၏ နောက်လိုက် ရဲဘော်ရဲဘက်များကိုပင် ဒဏ်ရာရအောင် လုပ်ခဲ့သေးသည်။ ဒီလိုအခြေအနေမျိုးတွင် အကူအညီ တောင်းခံရန်အတွက် ဝူကျို့မိန်ကိုယ်တိုင်ကပင် စကားလုံးများကို စီလျော်အောင် မနည်း ထိန်းပြောနေရသည်။
ဝူရှန်းရွာက တစ်ဖက်သူများအပေါ် ဆက်ဆံခဲ့သော အပြုအမူ သီးသန့်အရဆိုလျှင် အပြင်လူများက သူတို့ကို ကူညီရန် အကြောင်းပြချက်မရှိချေ။ ဝူကျို့မိန်ကလည်း ဝမ်ချောင်က ငြင်းလျှင်ပင် ထူးဆန်းသည်ဟု ခံစားရမည်မဟုတ်ချေ။
သို့သော် ဝမ်ချောင်၏ အဖြေက ဝူကျို့မိန်ကို အံ့အားသင့်စေသည်။
“ဒါပေါ့ ရပါတယ်”
ဝမ်ချောင်၏ အဖြေက ရှင်းလင်းကာ ပြတ်သားပြီး တဲ့တိုးဆန်သည်။ သူက ရယ်မောလျှက် ပြန်ပြောလာခြင်းဖြစ်သည်။
...
ဝူရှန်းတစ်ရွာလုံးက ထိုသို့ဖြင့် ဆူညံသံများဖြင့် ပြည့်နှက်နေသည်။ အော်ဟစ်သံများထဲတွင် အမျိုးသမီးသံများနှင့် ကလေးသံများပင် ပါလာသည်။ ဝမ်ချောင်၏ အစောပိုင်း ခန့်မှန်းမှုအရ ဝူရှန်းရွာမှ နှစ်ထောင် သို့မဟုတ် သုံးထောင်ဝန်းကျင်ခန့်က ဒီလကြတ်သည့် ကိစ္စတွင် ရောဂါကို ခံစားရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခြင်း သို့မဟုတ် သေဆုံးသည်အထိ ဖြစ်နိုင်လေသည်။
သို့သော် ယခုမူ သူပြန်တွေးမိသည့်အခါ ဒီမတော်တဆမှု၏ သက်ရောက်မှုကို သူက အထင်သေးမိလိုက်ကြောင်း သိလာသည်။
လိပ်ပြာတစ်ကောင်က တောင်ပံကို တဖြတ်ဖြတ်ခတ်ပြီး လီသောင်းကျော်အကွာ တစ်ဖက် သမုဒ္ဒရာ တစ်ဖက်ခြမ်းတွင် မုန်တိုင်းထန်အောင် လုပ်နိုင်စွမ်းအား ရှိသေးလျှင် ဝမ်ချောင်က ထိုလိပ်ပြာ ဖြစ်လာပေလိမ့်မည်။ ဒီကြီးမားသော ကပ်ဘေးကြီးက သူမှတ်မိထားသမျှထက် ပို၍ပြင်းထန် လွန်ကဲနေခဲ့သည်။
အော်သံများ၏ အရေအတွက်ကို ချိန်ဆကာ တွက်ကြည့်မည်ဆိုလျှင်ပင် ဒီသေဆုံးမှုက အနည်းဆုံး ခုနှစ်ထောင် သို့မဟုတ် ရှစ်ထောင်အထိ ရောက်ရှိသွားနိုင်သည် သို့မဟုတ် ထိုထက်ပိုနိုင်သည်။ ထိုကဲ့သို့သော အပြုအမူမျိုးက ဝူရှန်းရွာက တောင့်ခံနိုင်သော အခြေအနေမဟုတ်ချေ။
သူတို့က အိမ်ပြင်သို့ ထွက်လိုက်သည့်အချိန်တွင် လူတိုင်း၏ မျက်နှာက ဖြူဖျော့နေကြပြီး အထိတ်တလန့် ဖြစ်နေကြောင်း မြင်လိုက်ရသည်။
“ကောင်းဖုန်း၊ နျဲ့ယန် မင်းတို့ယူလာကြလား”
“အရှင်အမတ် ကျွန်တော်တို့ အားလုံး ယူလာပါတယ်”
“လီစစ်ယဲ့ ငါဒီကိစ္စကို မင်းကိုလွှဲထားပေးလိုက်မယ်။ ကောင်းဖုန်းနဲ့ နျဲ့ယန်နဲ့အတူ ဒီဆေးလုံးတွေကို ယူသွား။ ဒါ့အပြင် အကြီးအကဲ ဟယ်ယွန်ဝမ်ကိုလည်း ခေါ်သွားလိုက်ပါ။ ဆေးကိုရေထဲမှာဖျော်ပြီး ရွာသားတွေကို သောက်ခိုင်းလိုက်”
“ဟုတ်ကဲ့ပါ အရှင်အမတ်”
“အကြီးအကဲဝူ ဒီရွာကကိစ္စကို သူတို့နဲ့ လွှဲထားပေးလိုက်ရအောင်။ အရင်ဆုံး ရွာလူကြီးရဲ့အိမ်ကို ခေါ်သွားပေးပါ။ ကျွန်တော် အရေးတကြီး ပြောရမဲ့ကိစ္စ ရှိနေတယ်”
.....
သူတို့က ကွင်းပြင်ကို ကျော်ဖြတ်နေရင်းနှင့်တင် ဝမ်ချောင်က အမိန့်ကို ဆက်တိုက် ထုတ်ပေးနေခြင်းဖြစ်သည်။ လူအများက အထိတ်တလန့်ဖြစ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည့် အခြေအနေမျိုးတွင် ဝမ်ချောင်က ထုတ်ပြသည့် အကျိုးသင့် အကြောင်းသင့်ဆန်သော စကားများနှင့် အရှိန်အဝါက ဝူရှန်းရွာသားများကို သတိလက်လွတ် ဝမ်ချောင်၏ အမိန့်များကို လက်ခံစေပြီး သူ့အမိန့်တိုင်း လိုက်လုပ်မိစေသည်။
ထိုအချိန်တွင် ဝမ်ချောင်က အကြီးအကဲဝူကိုခေါ်ကာ ဝူရှန်း၏ရွာသူကြီးအိမ်သို့ သွားနေပြီဖြစ်သည်။
သူက အကြီးအကဲ ဝူကျို့မိန်၏ အထောက်အပံ့ကို ရရှိထားပြီးသော်လည်း လီစစ်ယဲ့နှင့် အခြားလူများက ဒီလကြတ်သည့်ကိစ္စမှ ဖြစ်လာသည့် ကိစ္စများကို ကိုင်တွယ်ကူညီရန် ထွက်သွားပြီးသည့်တိုင်အောင် ဝမ်ချောင်အနေနှင့် ဖန်းရှောင်ရန်၏အဘိုးကို စိုးရိမ်စိတ် ဝင်နေသေးသည်။
ဝမ်ချောင်အနေနှင့်လည်း ဖန်းရှောင်ရန်၏ အဘိုးဖြစ်သူက ပုန်းကွယ်နေသော အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်မည်ဟု မမျှော်လင့်ဖူးချေ။ တစ်ဖက်သူက ကျန်းချုံကျန့်ချုံးကို ယှဉ်နိုင်စွမ်းအား ရှိသူဖြစ်သည်။
ထိုအဆင့်တွင်ရှိသည့် စစ်သည်တော်တိုင်းက စစ်ဗျူဟာအရပင် အလွန်ကြီးမားသည့် ပိုင်ဆိုင်မှုဖြစ်သည်။ ဒါက တိုင်းပြည်၏ ပိုင်ဆိုင်မှုဖြစ်ပြီး တိုင်းပြည်၏ ရတနာလည်းဖြစ်သည်။ ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်မျိုးအတွက် အသေးစား ဒဏ်ရာကတင် မိနစ်နှင့်အမျှ ဆက်တိုက် အင်အားများကို လျော့ကျသွားစေနိုင်စွမ်း ရှိနေလေသည်။ ပြင်းပြင်းထန်ထန် ရသွားသည့် ဒဏ်ရာများဆိုလျှင် ပို၍ဆိုးသည်။ ကျွမ်းကျင်ပညာရှင်များ၏ တိုက်ပွဲတွင် အသေးငယ်ဆုံးသော ခြားနားချက်ကတင် ဒီယှဉ်ပြိုင်ပွဲကို ပြောင်းပြန်လှန်နိုင်စွမ်းအားရှိသည်။ အင်ပါယာ မဟာဗိုလ်ချုပ်အဆင့် ကျွမ်းကျင်ပညာရှင်များအတွက် အင်အားအနည်းငယ် ကျသွားသော ကိစ္စကတင် တစ်ဖက်သူက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သုံးသပ်လိုက်သည့် အခြေအနေမျိုးကို ကြုံရနိုင်သည်။
အရာအားလုံးက မူရင်းအတိုင်း ဆက်ဖြစ်ခွင့် ပြုလိုက်မည်ဆိုလျှင် ဖန်းရှောင်ရန်၏ အဘိုးဖြစ်သူက ဒီလကြတ်သည့် ဖြစ်စဉ်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး သူ၏အင်အားက ထိုးကျသွားပေလိမ့်မည်။
အင်ပါယာ မဟာဗိုလ်ချုပ်ကဲ့သို့ အရှိန်အဝါ ကြီးမြတ်သော လူက ယခုကဲ့သို့ အင်အားလျော့ကျသွားမည့် အရေးကို ဝမ်ချောင်က လက်သင့်မခံနိုင်ချေ။ ထို့ပြင် ဒါက အရင်းအမြစ်ကို ဖြုန်းတီးခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ သူ၏အပိုင်စားနယ်မြေ၏ သံမဏိမြို့ကို တည်ဆောက်မည့် ကိစ္စက စတင်တော့မည်ဖြစ်သည်။ အင်ပါယာ မဟာဗိုလ်ချုပ်အဆင့် ဆရာသခင်တစ်ယောက်ကသာ ထောက်ပံ့ပေးနေမည်ဆိုလျှင် သူ၏ ဒီပိုင်နက် နယ်မြေမှ စီမံကိန်းများအားလုံးက လွယ်ကူချောမွေ့သွားမည်ဖြစ်သည်။
“အဲ့ဒီမှာဘယ်သူလဲ”
“ရပ်စမ်း”
“အပြင်လူတွေက ချဉ်းကပ်လာပိုင်ခွင့်မရှိဘူး”
.....
ဝမ်ချောင်နှင့် ဝူကျို့မိန်က ဝူရှန်းရွာလူကြီး၏အိမ်သို့ ရောက်သွားချိန်တွင် လေထဲမှ ပြင်းထန်သည့် အခြေအနေကို ကြိုတင်အာရုံခံမိလိုက်သည်။ ရွာသူကြီး၏အိမ်ကို ကျွမ်းကျင်ပညာရှင်များက ဝိုင်းနေသည်။ ဝူကျို့မိန်၏အိမ်ထက်ပင် များသေးသည်။
သူတို့က ကျန်းငါးဆယ်ကျော် အကွာသို့ ရောက်သွားသည့် အချိန်တွင်ပင် ရပ်ရန် အတားခံရပြီဖြစ်သည်။ ထိုနေရာတွင် ရှိနေသော အင်အားစုများက ဝမ်ချောင်ကို ခေါင်းကိုက်စေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဝမ်ချောင်က သူဝူကျို့မိန်နှင့်အတူ လာခဲ့သည်မှာ ကံကောင်းသည်ဟုပင် ခံစားလိုက်ရသည်။
“ရပ်စမ်း ငါပဲ”
ဝူကျို့မိန်က ထိုသို့ပြောလိုက်ပြီးနောက် ချက်ချင်းလိုလို ရှေ့ဆက်သွားသည်။
“အဘိုးကျို့ မြန်မြန်လေး ဘေးထွက်နေပါ”
ထိုအချိန်တွင် အကြီးအကဲ ဝူကျို့မိန်က ရောက်လာကြောင်း သိလိုက်သဖြင့် အစောင့်များက ခပ်မြန်မြန် လမ်းဖယ်ပေးကြသည်။
“အရှင်အမတ် ကျေးဇူးပြုပြီး ကျွန်တော်နောက်က လိုက်ခဲ့ပါ”
ဝူကျို့မိန်၏ မျက်နှာက လေးနက်တည်ကြည်နေသည်။ သူက လူအုပ်ကို ကျော်ဖြတ်ပြီး အိမ်ထဲသို့ဝင်သည်။ ဝမ်ချောင်က အနီးကပ် ကပ်လိုက်ပြီး ဝူကျို့မိန်က ဦးဆောင်နေသဖြင့် မည်သူကမျှ မတားရဲကြချေ။
ကျောက်တုံးအိမ်က လူအပြည့်ရှိနေပြီး လေထုကလည်း ဝမ်းနည်းစရာကောင်းနေသည်။ ဝမ်ချောင်က ဝင်လိုက်သည့် တခဏတွင် ကောင်မလေးတစ်ယောက်၏ ငိုသံကို ကြားရသည်။
ဖန်းရှောင်ရန်က မြေပြင်တွင်ထိုင်နေသည်။ သူမ၏မျက်လုံးက နီရဲနေပြီး တစ်နေရာထဲသို့သာ ကြည့်နေသည်။ သူမ၏ မျက်လုံးမှ မျက်ရည်များက ဆက်တိုက် ကျဆင်းနေသည်။ ဝမ်ချောင်ကမူ သူမ၏အကြည့် သွားရာဘက်သို့ ကြည့်လိုက်သောအခါ အိပ်ယာပေါ်တွင် လှဲနေသည့် မလှုပ်ရှားတော့သော အကြီးအကဲ တစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ဖက်သူက ဒီမနက်ကမှ ဝမ်ချောင်နှင့်ဆုံခဲ့သည့် ဝူရှန်းရွာမှ ရွာလူကြီးဖြစ်သည်။ တစ်ဖက်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မည်းနက်နေသလို အသားအရည်ကလည်း အေးစက်ကာ တောင့်တင်းနေပြီဖြစ်သည်။ သူ၏ အသက်ရှုသံကပင် တစ်ခေါက်ထက်တစ်ခေါက် နှေးသထက် နှေးကွေးသွားပြီး အချိန်မရွေး သေတော့မလို ဖြစ်နေသည်။
ဝမ်ချောင်က ချက်ချင်းလိုလို လူအုပ်ကို ထိုးခွင်းဝင်ရောက်သွားပြီး အိပ်ယာနားသို့ ကပ်သွားသည်။
“မျိုးမစစ်ကောင် ဘာဖြစ်တာလဲ။ ဘေးဖယ်နေစမ်း”
“အကြီးအကဲတွေက ကုသနေကြတာ။ ဒါကမင်းရဲ့ ပိုင်နက်နယ်မြေများ ထင်နေတာလား။ နောက်ဆုတ်စမ်း”
.....
အခန်းထဲရှိလူများက သူ့ကို လှည့်ကြည့်ပြီး ဒေါသတကြီး အော်ကြသည်။
“မင်းက ဘာဝိုင်းအော်နေတာလဲ။ ဘေးဖယ်နေကြစမ်း သူကူညီဖို့အတွက် ငါအကူအညီတောင်းထားတာ”
ထိုအချိန်တွင် သူတို့၏ နားထဲတွင် အော်သံက ထွက်လာသည်။ ဝမ်ချောင်က ဘာမှပြောရန် မလိုအပ်ချေ။ ဝူကျို့မိန်က ရွာသားများကို ဆူပူအော်ဟစ်နေသည်။ သူ၏အမူအရာကလည်း တင်းသထက် တင်းနေပြီး ဒေါသများကလည်း ထွက်လာသည်။ ရုတ်တရက် အအော်ခံလိုက်ရသည့် လူများက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ မည်သူကမျှ အပိုးကျိုးကာ ရုတ်တရက် အပြင်လူအတွက် ပြောပေးမည်ဟု မထင်ထားကြချေ။
“အဘိုးကျို့”
“မင်းတို့က ဘာစောင့်နေတာလဲ။ မကြားဖူးလား ဘေးဖယ်နေ သူ့ကိုဝင်ခိုင်းလိုက်”
ဝူကျို့မိန်က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
မှင်သက်ကြောင်အနေသေးပြီး စိတ်ရှုပ်ထွေးနေသည့်တိုင်အောင် ရွာသားများက သတိလက်လွတ် လမ်းဖယ်ပေးလိုက်မိကြသည်။
အဘိုးကျို့၏ ရွာထဲရှိ အဆင့်အတန်းက ရွာလူကြီးပြီးလျှင် ဒုတိယဖြစ်သည်။ ရွာသူကြီးက အသိစိတ် မဲ့နေချိန်တွင် မည်သူကမှ အဘိုးကျို့ကို မငြင်းဆန်ရဲကြချေ။
ဝူကျို့မိန်က ထောက်ပံ့ပေးသောကြောင့် ဝမ်ချောင်က ချက်ချင်းလိုလို အတွင်းသို့ ဝင်ရောက်လိုက်နိုင်သည်။ အိပ်ယာနားသို့ တိုးဝင်သွားပြီးနောက် ဝမ်ချောင်က ဝူရှန်းလူကြီး၏ ပါးစပ်ကိုဖြဲလိုက်ပြီး အညိုရင့်ရောင် ဆေးလုံးကို ထည့်ပေးလိုက်သည်။ သူက ရေတစ်ခွက်ကိုလည်း ချက်ချင်းသွားယူလိုက်ပြီးနောက် ဆေးလုံးကို မြိုချနိုင်ရန် ကူညီပေးသည်။
ရေခဲနှင့်နှင်းက အရည်ပျော်လွယ်သလိုမျိုး ထိုဆေးလုံးကလည်း ချက်ချင်း သက်ရောက်မှုပြလာသည်။ အစပိုင်းတွင် ရွာသားများက အလွန်အမင်း ဒေါသထွက်နေကြပြီး ဝမ်ချောင်၏ ကျောပြင်ကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်ကြသည်။
သို့သော် ဆေးလုံးက အရည်ပျော်သွားပြီး သက်ရောက်မှုပြလာသည်နှင့် သူ၏နှုတ်ခမ်း ပတ်ဝန်းကျင်မှ မည်းပြာနေသော အသားအရည်က ချက်ချင်းလိုလို နှင်းကဲ့သို့ အရည်ပျော်ကျသွားကာ သွေးရောင် ပြန်လွှမ်းလာသည်။
ရွာလူကြီး၏ ပိန်ကပ်နေသော ပါးတွင်ပင် သွေးရောင်ပြန်လွွှမ်းလာသည်။
“အား”
ရွာလူကြီး၏ ရင်ခေါင်းထဲမှ လိမ့်တက်လာသော ကျယ်လောင်သည့် သက်ပြင်းရှည် ချသံကြီး ထွက်လာပြီးနောက် သူက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ ထိုမျှ အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းက ကြည့်နေကြသူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
အခန်း(၇၁၀)
စစ်သည်တော် စုဆောင်းခြင်း (၁)
ယခုလေးတင် ဝမ်ချောင်ကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့ကြသည့် လူသားများက ကိုယ့်မျက်လုံးကို မယုံနိုင်အောင် ဖြစ်သွားကြသည်။ သူတို့၏မျက်လုံးဖြင့် မြင်နေရသောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်တွင် ဒီလိုစွမ်းရည်မျိုးရှိကြောင်း ယုံနိုင်ကြလိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူတို့က နည်းလမ်းပေါင်းစုံ သုံးပြီးလေပြီ။ သူတို့က ဝူကျန်းမြက်ကိုပင် သုံးပြီးလေပြီ။ သို့သော် သက်ရောက်မှုမရှိခဲ့ချေ။
“ရွာလူကြီး ရွာလူကြီး ရွာလူကြီး”
ရွာသားများက ဝမ်ချောင်ထံမှ အကြည့်ပြန်လွှဲလိုက်ကာ ချက်ချင်းလိုလို ပျော်ရွှင်စွာဖြင့် ရှေ့သို့ ပြေးဝင်သွားကြပြီး ရွာလူကြီး၏ အိပ်ယာနားတွင်ဝိုင်းကာ စိတ်လှုပ်ရှားစွာ အော်နေကြသည်။
ဝူရှန်းရွာက အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေပြီး အပြင်လူများကိုလည်း အလွန်သတိထားကာ ဆက်ဆံတတ်သည်။ သို့သော် ဒါက သူတို့၏ ပင်ကိုယ်စိတ်ရင်းကို မပျောက်ပျယ်သွားစေခဲ့ချေ။ ဝူရှန်းရွာတွင် အဆင့်အတန်းအမြင့်ဆုံး အလေးစားခံရဆုံးလူက ရွာလူကြီးဖြစ်သည်။ သူက လူပေါင်းများစွာ ကြီးပြင်းလာသည်အား စောင့်ကြပ်ပေးခဲ့သည်။
ရွာမှ လူပေါင်းများစွာအတွက် သူဟာ လူတိုင်း၏ ဝိညာဉ်သခင်ဖြစ်သည်။
သူတို့၏ ရွာလူကြီးက ထိုသို့ဖြစ်သွားသောအခါ လူတိုင်းက ကူကယ်ရာမဲ့ပြီး ဘာမှမလုပ်နိုင် မကိုင်နိုင်ကြတော့ချေ။ ရွာလူကြီးက ထွက်သွားတော့မည်ဟု တွေးမိရုံဖြင့်ပင် လူအများက ထိတ်လန့်ကြရသည်။
ယခုမူ ရွာလူကြီးက ပြန်လည် သတိရလာပြီး အသိပြန်ဝင်လာပြီ ဖြစ်လေရာ လူတိုင်း၏ စိတ်လှုပ်ရှားမှုကို တွေးဆကြည့်နိုင်သည်။
အားလုံးက ရွာလူကြီး၏ အိပ်ယာဘေးသို့ အပြေးသွားနေချိန်တွင် ဝူကျို့မိန်ကသာ နောက်တွင် ကျန်ရစ်ခဲ့သည်။ သူက သက်ပြင်းရှည်ကြီးကိုချလျှက် ဝမ်ချောင်ကိုကြည့်သည်။ သူ၏ အမူအရာထဲတွင် ကျေးဇူးတင်စိတ်နှင့် အရှက်တရားက ရောပြွန်းနေသည်။
ဝူရှန်းများ၏ ထိုလူစိမ်းများအပေါ် အပြုအမူက ကြမ်းတမ်းလွန်းလေရာ သာမာန် လူတစ်ယောက်သာဆိုလျှင် အင်္ကျီလက် ခါယမ်းပြီး ထွက်သွားလောက်ပြီးလေပြီ။ သို့သော် ထိုလူငယ်ကမူ သူတို့၏ ဧည့်ဝတ်မကျေပွန်မှုကို အပြစ်မယူဘဲ သူတို့ကို ကူညီပေးခဲ့သည်။ ဝူကျို့မိန်၏ ခံစားချက်များက ရှုပ်ထွေးသွားရသည်။
ဝူကျို့မိန်က ရှေ့တိုးလိုက်ပြီး လေးစားစွာပြောသည်။
“အရှင်အမတ် ငါ့ရဲ့လေးနက်တဲ့ ကျေးဇူးတင်စိတ်ကို လက်ခံပေးပါ”
ဒီနှစ်တွင် ရှားပါးသော လကြတ်သည့်ဖြစ်စဉ်ကို ကြုံတွေ့ရမည်ဟုပြောလျှင် မည်သူကမျှ ယုံကြလိမ့်မည် မဟုတ်ချေ။ သို့သော် ဒီနှစ် လကြတ်သည့် ဖြစ်စဉ်က ယင်စွမ်းအင် အသိပ်သည်းဆုံး ဖြစ်ခဲ့သည်။
ဝူရှန်းများအတွက် ဒီဖြစ်စဉ်က သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည်။ ထိုလူငယ်လေးနှင့် ဆေးလုံးများကြောင့်သာ မဟုတ်လျှင် အကျိုးဆက်က မျှော်လင့်ရန်ပင် ခက်ခဲသည်။
ဝမ်ချောင်က ပြုံးရုံသာပြုံးသည်။
“အဘိုး”
ထိုအချိန်တွင် ငိုနေသည့် ကောင်မလေးက သူ၏အဘိုးဖြစ်သူက နိုးထလာကြောင်း မြင်သောအခါ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ခုန်ဝင်သွားသည်။ ဝမ်ချောင်က အနောက်တွင် ရပ်နေပြီးနောက် အဖြစ်အပျက် အားလုံးကို အပြုံးနှင့်သာကြည့်သည်။
နောက်ထပ် ဖြစ်လာမည့် ကိစ္စများက မည်သို့သော အခြေအနေ ဖြစ်နေစေကာမူ သူ့အနေနှင့် ဖန်းရှောင်ရန်ကို ကူညီပေးနိုင်ခဲ့သည်။ ဖန်းရှောင်ရန်၏ နောင်တများထဲမှ တစ်ခုကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ယခုအရာအားလုံး ရောက်သွားပြီးသည့်အတွက် နောက်ပိုင်းကိစ္စများကို သူက စိုးရိမ်ရန် မလိုအပ်တော့ချေ။ ထို့ကြောင့် သူက မည်သူ့ကိုမျှ သတိမပေးတော့ဘဲ ခပ်မြန်မြန် ထွက်ခွာသွားသည်။
.....
“အရာအားလုံး ကိုင်တွယ်ပြီးပြီလား”
အခန်းအပြင်ဘက်တွင် ပိန်းပိတ်အောင် မည်းမှောင်နေသည်။ အမှောင်ထုထဲတွင် မားမတ်စွာ ရပ်နေသော တောင်တန်းတစ်ခုလိုမျိုး ထွားကြိုင်းသော ပုံရိပ်တစ်ခုက ရှိနေသည်။
“ကျွန်တော် ကောင်းဖုန်းနဲ့ နျဲ့ယန်တို့ကို ကိုင်တွယ်ခိုင်းလိုက်ပါပြီ။ ကျွန်တော်တို့ ယူလာတဲ့ ဆေးလုံးတစ်ရာကို ရေထဲမှာဖျော်ပြီး ရွာသားတိုင်းကို သောက်ခိုင်းလိုက်ပါတယ်။ သူတို့ရဲ့ အခြေအနေက တည်ငြိမ်သွားပါပြီ”
လီစစ်ယဲ့၏ အားအင်အပြည့်ပါသော အသံက မည်းမှောင်နေသော တစ်နေရာမှ ထွက်လာသည်။ ထိုအသံထဲတွင် ပုံမှန်အားဖြင့် အာရုံမခံမိနိုင်လောက်အောင် ပြင်းထန်သည့် စွမ်းအင်များပါသည်။
“အင်း”
ဝမ်ချောင်က ဆက်မပြောတော့ချေ။ ဂရုတစိုက် နားထောင်မည်ဆိုလျှင် ယခုအချိန်ထိ အော်ဟစ်နေသည့်အသံ ငိုနေကြသည့် အသံများကို မကြားနိုင်တော့ချေ။ ဝရုန်းသုန်းကားဖြစ်ခဲ့သည့် ဝူရှန်းရွာက တဖန်ပြန်လည် ငြိမ်သက်သွားပြီဖြစ်သည်။ ငြိမ်းချမ်းမှုက ရွာအတွင်းသို့ အစားထိုးဝင်ရောက်လာသည်။
ဝမ်ချောင်က သဘောတကျ ခေါင်းညိမ့်လိုက်သည်။ သူ၏ဆေးလုံးများက အလုပ်ဖြစ်သည်မှာ ထင်ရှားသည်။ မဟုတ်လျှင် ထိုမျှအထိ ငြိမ်သက်နေမည် မဟုတ်ချေ။
“အခြားလူတွေကို ကိစ္စပြီးတာနဲ့ အမြန်ဆုံးပြန်လာဖို့ ပြောလိုက်ပါ။ ငါတို့ကိုနေဖို့ စီစဉ်ပေးထားတဲ့ နေရာမှာပဲ နေရမယ်”
“ဟုတ်ကဲ့အရှင်အမတ်”
လီစစ်ယဲ့၏ အသံက အမှောင်ထဲမှ ထွက်လာပြန်သည်။
ဝမ်ချောင်က နောက်လှည့်လိုက်ပြီး သူတို့အတွက် ပြင်ဆင်ပေးထားသည့် နေရာသို့ ပြန်သွားသည်။ သို့သော် သူက ခြေနှစ်လှမ်းသာ လှမ်းရသေးသည်။ သူ၏စိတ်ထဲတွင် အသံတစ်သံက ထွက်လာသည်။
“အသုံးပြုသူက မဟာဗိုလ်ချုပ်ကြီးကို ဆင့်ခေါ်ခြင်းဆိုတဲ့ တာဝန်ကြီးကို ပြီးမြောက်အောင်မြင်သွားပါပြီ။ ဆုလဒ်အားလုံးကိုလည်း ပို့လိုက်ပါပြီ”
ကံကြမ္မာကျောက်တုံး၏ ခံစားချက်မဲ့သည့် ခပ်ပြတ်ပြတ်အသံက ဝမ်ချောင်၏ နားထဲသို့ ကောင်းကင်၏ သံဇဉ်လို သာယာဖွယ် ဟိန်းထွက်လာသည်။
အောင်မြင်သွားပြီ။
ဝမ်ချောင်က ခြေလှမ်းလှမ်းရာမှ ရပ်တန့်လိုက်ပြီး လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။ ကောင်းကင်ဘုံက သူ့ကို စိတ်မပျက်စေခဲ့ချေ။ ဝူရှန်းများက အပြင်လူများကို ထိတွေ့ဆက်ဆံရန် အလွန် သတိထားတတ်ပြီး သံသယကြီးကြပြီး မဟာကပ်ဘေးကြီး မတိုင်ခင်က မည်သည့်အင်အားစုကိုမျှ ဦးမညွှတ်ခဲ့ကြချေ။ သူက လူငယ်အမတ်ဖြစ်ပြီး ကောင်းကင်သားတော်၏ တပည့်ဖြစ်နေသည့်တိုင်အောင် သူ့တွင် ရှိနေသည့် ခုံရုံး၏ နောက်ခံကိုပင် သူတို့က ဂရုမစိုက်ကြချေ။ ထိုအချက်ကတင် သူတို့၏ စိတ်ဓာတ်ကို သိနိုင်သည်။
သို့သော် ဝူရှန်းရွာ၏ ဒီလကြတ်သည့် တစ်ညတာ ကာလက သူ့အတွက် ထူးခြားသည့် အခွင့်အရေးကြီး ဖြစ်လာသည်။
ထိုလကြတ်သောညဟာ ဝူရှန်းရွာ၏ သမိုင်းတွင် လွှမ်းမိုးမှုအရှိဆုံး ဖြစ်ရပ်ကြီး ဖြစ်ခဲ့သည်။ သူကသာ ဒီနေရာတွင် မရှိနေလျှင် ဝူရှန်းရွာက လူနှစ်ထောင် သုံးထောင်ခန့်ကို ဆုံးရှုံးရမည်ဖြစ်သည်။ ထိုထက်ပင် ပိုများနိုင်သေးသည်။
သူကသာ ထိုမျှသတိထားတတ်သည့် ဝူရှန်းများ၏ အကောင်းမြင်စိတ်ကို လိုချင်လျှင် ဒီညကသာ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ သံသယဝင်ရန် မလိုလောက်အောင် သူ၏အကြံအစည်က အလုပ်ဖြစ်ခဲ့သည်။
သူက ဒီဝမ်းနည်းစရာကောင်းသော အဖြစ်အပျက်ကို အောင်မြင်စွာ ကူညီလိုက်နိုင်သည့်အတွက် ဝူရှန်းများ၏ သဘောကျ နှစ်ခြိုက်မှုကို ခံစားလိုက်နိုင်ပြီဖြစ်သည်။
ကံကြမ္မာကျောက်တုံး၏ အသံကလည်း သူ၏အကြီးမားဆုံး အောင်မြင်မှုကို အတည်ပြုပေးလိုက်နိုင်သည်။ ဝမ်ချောင်ကို အံ့အားသင့်စေသည့် တစ်ခုတည်းသော အချက်က ကံကြမ္မာကျောက်တုံး၏ ယခင်အပြုအမူများ အရဆိုလျှင် ဒီတာဝန်ပြီးဆုံးသွားမှသာ ကြေညာလေ့ရှိလေသည်။ သို့သော် ဒီတစ်ကြိမ်ကမူ ကွာခြားနေခဲ့သည်။
သူက ထိုဝူရှန်းများကို ဆေးလုံးများ ထည့်ထားသော ရေကိုသာ ခွဲဝေကာ တိုက်ခိုင်းလိုက်ရုံသာ ရှိသေးသည်။ ထို့ပြင် တိုက်ခိုင်းသည့် ကိစ္စကလည်း မပြီးလောက်သေးချေ။ သို့တိုင်အောင် ကံကြမ္မာကျောက်တုံးက သူ့ကို အောင်မြင်သွားကြောင်း အကြောင်းကြားလာသည်။
ဝူရှန်းရွာက ဘာထူးထူးခြားခြား ခြေရာကောက်စရာ သမိုင်းမှမရှိတဲ့ ရွာငယ်လေး ဖြစ်နေလို့လား။ ဒါမှမဟုတ် လက်ရှိအခြေအနေရဲ့ လွှမ်းမိုးနိုင်မှုက ထင်လောက်အောင် မကြီးလို့လား။ ဒါမှမဟုတ် ငါဝူကျို့မိန်နဲ့ ဝူရှန်းရဲ့ ရွာလူကြီးကို ကယ်ခဲ့လို့လား။ ဒီလိုနဲ့ အခြေအနေက ပိုကောင်းသွားတာလား။
ဝမ်ချောင်၏ မျက်ဝန်းက ဆက်တိုက် ရွေ့လျားနေသလို သူ၏စိတ်ကလည်း အတွေးပေါင်း မြောက်များစွာဖြင့် ပြည့်နှက်နေသည်။ ဂရုတစိုက် တွေးတောပြီးနောက် ဝူရှန်းရွာဟာ တောင်ပေါ်ရွာလေး တစ်ရွာသာ ဖြစ်သည်ဆိုသော အချက်အကြောင်း ဆက်စပ်တွေးမိလိုက်သည်။
ဒီအခြေအနေကို မည်သို့ တွက်ချက်သင့်ကြောင်း သူကိုယ်တိုင်လည်း မသိသော်လည်း အဓိကလူများကို ကူညီပေးလိုက်သည့် ကိစ္စက အကျိုးသက်ရောက်မှု အလွန်ရှိသွားသောကြောင့် ဖြစ်လောက်သည်။
ထိုအကြောင်းအရာကို တွေးမိသောအခါ ဝမ်ချောင်၏ မျက်နှာတွင် ထင်ရှားသည့် အပြုံးက ပေါ်လာသည်။
ဝူရှန်းရွာက အလွန်သေးသည်။ လူဦးရေက ငါးသောင်း ခြောက်သောင်း ဝန်းကျင်ခန့်သာလျှင်ရှိပြီး ဒီလောကအရ အလွန်နည်းပါးသော ပမာဏဖြစ်သည်။ ထို့ပြင် သူတို့က သတိကြီးကြပြီး သံသယလည်း များသေးကာ ခေတ်နောက်ပြန် ဆွဲလွန်းသည်။
ထို့ပြင် တစ်ဖက်လူများက အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေသည့်အတွက် သူတို့၏ လွှမ်းမိုးနိုင်စွမ်းအားကလည်း နည်းပါးသည်။ သို့တိုင်အောင် သူကသာ ထိုလူများကို အခွင့်အရေးတစ်ခု ပေးလိုက်သည်နှင့် သူတို့၏ လွှမ်းမိုးနိုင်စွမ်းက တစ်လောကလုံးအနှံ့ ပျံ့နှံ့သွားပြီး တိုက်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။
ဝူရှန်း၏ မြင်းတပ်ငါးထောင်က သူ့ကို တစ်လောကလုံးကို ကိုင်တွယ်နိုင်ရန် လုံလောက်စေခဲ့ပြီး ထိုလူများအတွက်လည်း တောက်ပလွန်းသည့် ကျော်ကြားမှုမျိုးကို ပိုင်ဆိုင်စေခဲ့သည်။ အနာဂတ်တွင် မဟာကပ်ဘေးကြီးက ရှိလာဦးမည်ဖြစ်သည့်အပြင် ဝူရှန်းတစ်ရွာလုံးက ရှိနေခဲ့ပြီး အားအင်အပြည့် ရှိနေကြမည်ဆိုလျှင် ထိုဝူရှန်း ငါးသောင်း ခြောက်သောင်းက ထုတ်ပြနိုင်မည့်အင်အားကို မှန်းကြည့်နိုင်သည်။
မနက်ဖြန်ကျရင် ဆုလဒ်တွေ ရရှိတော့မှာပဲ။
စိတ်ဝင်စားစရာပဲ။
ဝမ်ချောင်က ကံကြမ္မာကျောက်တုံး၏ နောက်ဆုံးစကားများကို သတိရလိုက်သောအခါ သူ၏မျက်ဝန်းတွင် သိချင်စိတ် ပြင်းပြသည့် အကြည့်မျိုးက ပေါ်ထွက်လာသည်။ သို့သော် ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။
ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားလူများက ကိုယ့်တာဝန်ကို သွားလုပ်ကြသည်။ ထိုသို့ဖြင့် တစ်ညတာက ပြန်လည်ငြိမ်သက်သွားသည်။
.....
လမင်းက ဝင်သွားပြီး ကြယ်စင်များကလည်း ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် အရှေ့ဘက်မှ အာရုံအလင်းရောင် ထွက်ပေါ်လာပြီး နီရဲသောနေမင်းက မိုးကုတ်စက်ဝိုင်း တစ်ခုကို ကျော်လွန်ကာ စတင် ဆင်းသက်လာပြီဖြစ်သည်။ ဒီနည်းအားဖြင့် ကျယ်ပြောသော အလင်းတန်းကို ထုတ်ပေးလာသည်။ အနီရောင် အလင်းတန်းက ဝူရှန်းရွာ ပတ်ဝန်းကျင်မှ မြင့်မားလွန်းသော တောင်ထိပ်ပေါ် ဆေးခြယ်လာပြီး နေ့အလင်းရောင် ရောက်ပြီဖြစ်ကြောင်း ဖော်ပြသည်။
နေ့အချိန်ရောက်ပြီဖြစ်သဖြင့် သဘောတူထားသည့်အတိုင်း ထွက်ခွာရတော့မည်ဖြစ်သည်။
“အရှင်အမတ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
လီစစ်ယဲ့က အိမ်တံခါးဝရှိ ကြမ်းပြင်တွင် တင်ပြင်ခွေ ထိုင်နေသည်။ သူ၏ကျောက ဖြောင့်နေပြီး သူ၏ ကြီးမားသည့် ဝု့စ်သံမဏိဓားကိုလည်း ပေါင်ပေါ်တွင် တင်ထားသည်မှာ ကျားတစ်ကောင်က ဝပ်နေသလို ထင်ရသည်။ သူက မအိပ်ခဲ့ရသောကြောင့် ဖြစ်လောက်သည်။ သူ၏မျက်လုံးများက နီရဲနေသည်။ ထို့ပြင် သူ၏စိတ်ထဲတွင်လည်း အလွန် လွန်ဆွဲလွန်းနေသည့် လေးနက်သော ကိစ္စများ ရှိနေသောကြောင့်လည်း ဖြစ်လောက်သည်။
“ကျွန်တော်တို့ တကယ်ပဲ လက်ဗလာနဲ့ ထွက်သွားရမှာလား”
လီစစ်ယဲ့၏ မျက်နှာက အလွန်ရုန်းကန်နေရဟန် ရသည်။ ဝမ်ချောင်က သူ့ကိုပေးခဲ့သော တာဝန်က ဝူရှန်းရွာလူကြီး၏ ငြင်းဆန်မှုက စတင်ပြီး ရှုံးနိမ့်သွားပြီဖြစ်သည်။ ဒါက လီစစ်ယဲ့၏ ဘဝတွင် ပြင်၍မရသည့် မတော်တဆမှုလည်း ဖြစ်သည်။ သဘောတူထားသည့် အချိန်အတိုင်း ထွက်ခွာရတော့မည့်အခါ လီစစ်ယဲ့၏ နှလုံးသားထဲ တိတ်ဆိတ်မှုများက ကြီးစိုးလာသည်။
“ဟား ဟား ထွက်သွားရအောင် ဘာလို့ ငါတို့က မထွက်သွားရမှာလဲ။ ကောင်းဖုန်း၊ နျဲ့ယန် အခြားလူတွေအားလုံး နိုးကြပြီမဟုတ်လား။ အချိန်ကျလာပြီ ငါတို့ထွက်ခွာဖို့ အဆင်သင့်ပြင်ရမယ်”
လီစစ်ယဲ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က ခပ်အေးအေး မျက်နှာထားမျိုး ရှိနေခြင်းဖြစ်သည်။ ဒီတာဝန်က ကျရှုံးသွားသည့်အတွက် စိတ်ဓာတ်ကျနေဟန်လည်း မရချေ။
“အာ”
လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။
မည်သူကမျှလည်း ဝမ်ချောင်က ဆုံးဖြတ်ချက်ကို ထိမျှမြန်မြန်ချပြီး လွတ်လွတ်လပ်လပ် သွားမည်ဟု မထင်ထားကြချေ။ သို့သော် ဝမ်ချောင်က ထိုသို့ပြောပြီဆိုကတည်းက မည်သူကမျှ အပိုမပြောရဲကြတော့ချေ။ သူတို့က မတ်တပ်ထရပ်ပြီး ထွက်ခွာရန် ပြင်ဆင်ကြသည်။
ဝူရှန်းရွာ၏ အာရုံဦးအချိန်က ငြိမ်းချမ်းနေသည်။ မနေ့ညက ဝရုန်းသုန်းကား ဖြစ်ရပ်များ၏ လက္ခဏာများကိုလည်း မမြင်နိုင်တော့ချေ။
ဝမ်ချောင်က အနည်းငယ် ကုန်းလိုက်ပြီး အိမ်ထဲမှထွက်သည်။ အပြင်ဘက်တွင် မနက်ခင်း နေမင်းက မိုးထိုးနေသော တောင်းတန်များပေါ် ဖြာကျနေပြီး ကျောက်တုံးအိမ်များနှင့် ကျယ်ပြောသော ကျောက်ကွင်းပြင်ကြီး တစ်ခုလုံးကို လင်းထိန်နေစေသည်။
အလင်းရောင်၏ လွှမ်းခြုံမှုအောက်တွင် ထိုမြင်ကွင်းက ဆေးခြယ်ထားသလို လှပနေသည်။
တကယ်လှတာပဲ။
ဒီနေရာက အမြဲတမ်း ငြိမ်းချမ်းနေဖို့ပဲ မျှော်လင့်တယ်။
ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။
သူက ယခုလို လှပလွန်းသော နယ်မြေက အက်ကွဲသွားခဲ့သည့် တစ်ချိန်ကို မြင်ခဲ့ဖူးသောကြောင့် ဖြစ်လောက်သည်။ ဒီအချိန်ကာလကို သဘောကျပြီး ကြာရှည်စွာ တည်ရှိစေလိုသည်။ မည်သို့ပင်ဆိုစေ ဝမ်ချောင်အနေနှင့် ဒီရွာ၏ ကောင်းကင်ဘုံတမျှ လှပသော နယ်မြေက အမြဲတစေ တည်ရှိနေသလို ဒီရွာက ယခုအတိုင်း ငြိမ်းချမ်းနေပြီး အားလုံးက သက်ရှိထင်ရှား ရှိနေရန်မျှော်လင့်သည်။ သူ့အနေဖြင့် ယခုလို ပန်းချီကားချပ်သဖွယ် လှပသည့် တောင်တန်းတစ်နေရာတွင်လည်း ရပ်နေနိုင်ရန် မျှော်လင့်သည်။
“အရှင်အမတ်”
သူ၏အနောက်မှ အသံထွက်လာသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်က အတွေးနွံကြားထဲမှ လန့်နိုးလာသည်။ သူက လှည့်ကြည့်လိုက်သောအခါ သူ၏အစောင့်များဖြစ်သည့် ကောင်းဖုန်း၊ နျဲ့ယန်၊ လီစစ်ယဲ့နှင့် အခြားသော စစ်သည်တော်များကို မြင်လိုက်ရသည်။ အဖမ်းခံရသော လူများအားလုံးကလည်း ကျောက်တုံးအိမ်ထဲမှ ထွက်လာကြသည်။
မနေ့ညက အရာအားလုံးကို ကိုင်တွယ်ပြီးသောအခါ ဝူကျို့မိန်က သူတို့ဖမ်းဆီးထားခဲ့သည့် စစ်သည်တော်များကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“သွားရအောင်”
သူက အနည်းငယ်မျှ အချိန်မဆွဲတော့ဘဲ ထွက်ခွာရန် ကြံစည်သည်။ ဝမ်ချောင်က လီစစ်ယဲ့၊ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားလူများကို ဦးဆောင်ကာ အနောက်ဘက်ခြမ်း တောင်တန်းများပေါ်သို့ ထွက်ခွာရန် ကြံစည်သည်။
သူက အနောက်ဘက်ပိုင်းမှ ဖြတ်သန်းလာသောအခါ သူ့ကို ထိုနေရာတွင် အသင့်စောင့်နေသည့် ကျန်းရှို့ကျစ်တို့၏ အဖွဲ့နှင့် ဆုံရမည်ဖြစ်သည်။ ဒီနေရာမှ ကိစ္စများကို ဖြေရှင်းပြီးနောက် သူက ပြန်ရတော့ပေမည်။
“ခဏနေပါဦး အရှင်အမတ် ခဏနေပါဦး”
ဝမ်ချောင်က ဝူရှန်းရွာအပြင်သို့ ထွက်တော့မည့်အချိန်တွင် ကွင်းပြင်၏ အခြားတစ်ဖက်ခြမ်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။ အသံနှင့်အတူ ခြေလှမ်းသံပေါင်း များစွာကို ကြားလိုက်ရသည်။
ဝမ်ချောင်က ခေါင်းလှည့်ကြည့်လိုက်သောအခါ မနက်ခင်းနေမင်း၏ တောက်ပသော အလင်းရောင်အောက်တွင် ဝူရှန်းရွာသား တစ်အုပ်က သူရှိရာဘက်သို့ အလျင်စလို လာနေကြောင်း တွေ့လိုက်ရသည်။ ဦးဆောင်လာသောလူက ဆံပင်ဖြူနှင့် ဝူရှန်းရွာလူကြီးဖြစ်သည်။ သူ့ကို အဖော်ပြုပေးလာသည်မှာ ဝူကျို့မိန် ဟွမ်ပေါ့ထန်းနှင့် အခြားသော အကြီးအကဲများ ကာကွယ်စောင့်ရှောက်သူများနှင့် ရွာမှ အဓိကအဖွဲ့ဝင်များဖြစ်သည်။ ဖန်းရှောင်ရန်က လူအုပ်ထဲတွင် ပါဝင်သေးသည်။