အခန်း (၇၁၁-၇၁၅)
Vol. 37 Ch. 711-715
အခန်း(၇၁၁)
“ဒါက...”
“ဝူရှန်းတွေက ဘာလုပ်မလို့လဲ”
စစ်သည်တော်များ အားလုံးက အံ့အားသင့်သွားကြသည်။ ထိုအဖွဲ့၏ ရှိန်လောက်သော အင်အားစုက သူတို့ကိုပင် မသက်မသာ ဖြစ်လာစေသည်။
သူတို့ထွက်သွားလို့မရအောင် တားချင်နေတာတော့ မဟုတ်ပါဘူးနော်။
ဝမ်ချောင်ကမူ လျို့ဝှက်စွာ ပြုံးလိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်း သူတို့ လာကြတာပဲ။
ဝမ်ချောင်၏မျက်နှာက တည်ငြိမ်နေသည်။ အရာအားလုံး ဖြစ်လာမည်ဟု သူက ကြိုသိထားသည့်အလား ထင်ရသည်။
“ရွာလူကြီးက ယဉ်ကျေးလွန်နေပြန်ပါပြီ”
ဝူရှန်းရွာလူကြီးက အနားသို့ မရောက်လာခင် ဝမ်ချောင်က ချက်ချင်းပြန်လှည့်လိုက်ပြီး တစ်ဖက်သူကို သွားရောက်ကြိုဆိုလိုက်သည်။
“အရှင်အမတ် ငါတောင်းပန်ပါတယ်။ ဒီလူအိုကြီးက အလာနောက်ကျသွားတယ်။ မနေ့ညက အရှင်အမတ်က သဘောထားကြီးစွာနဲ့ ငါတို့ရဲ့ အရင်အမှားဟောင်းတွေကို လျစ်လျူရှု့ပေးတဲ့အပြင် ကူညီထောက်ပံ့ခဲ့ပါသေးတယ်။ ဒီလိုကြီးမားတဲ့ အကူအညီနဲ့ ကြင်နာမှုကို ရွာသားတိုင်းက သေတဲ့အထိ နှလုံးသားထဲမှာ ထွင်းထုထားမှာပါ”
ဆံပင်ဖြူနှင့် လူအိုကြီးက တည်ငြိမ်စွာပြောသည်။
“ရွာလူကြီးက ယဉ်ကျေးလွန်းနေပြန်ပါပြီ။ ဒါက ဒီတိုင်း လုပ်သင့်လုပ်ထိုက်တာပါပဲ”
ဝမ်ချောင်က လက်ကိုတစ်ချက် ယမ်းလိုက်သည်။ သူက ဒီကိစ္စကို အလေးအနက် မထားပေ။ သူက ထိုဆေးလုံးများကို အရင်ကတည်းက ထိုလူများအတွက် ပြင်ဆင်လာပြီးသားဖြစ်သည်။
“အစ်ကိုကြီး ငါ့ရဲ့အဘိုးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
ရုတ်တရက် ဘေးဘက်တွင် ရပ်နေသည့် ဖန်းရှောင်ရန်က ခေါင်းကိုမော့လျှက် တည်တည်ငြိမ်ငြိမ်ဖြင့် ကျေးဇူးတင်လာသော အသံလေးက ထွက်လာသည်။
ထိုမိန်းကလေး၏ ရိုးသားသော မျက်နှာကို မြင်လိုက်ရသောအခါ (၂၅)နှစ်ခန့်ကြာပြီးနောက် ပြောင်းလဲသွားမည့် သူမ၏ ကြမ်းတမ်းမှု၊ တုန့်ပြန်လိုစိတ် ကြီးမှုနှင့် အကျိုးအကြောင်း နားမလည်သော ဖြစ်ရပ်များကို ပြန်လည်တွေးမိသွားသည်။ ဝမ်ချောင်က ရယ်မိတော့မတက် ဖြစ်သွားသည်။
“ထပ်ပြီး ယဉ်ကျေးနေဖို့ မလိုဘူးလို့ပဲ ပြောရမယ်။ ဒါက ဒီအတိုင်း အရေးမကြီးတဲ့ ကိစ္စတစ်ခုပါပဲ”
ဝမ်ချောင်က သူမလေး၏ခေါင်းကို ပုတ်လိုက်သည်။
ထိုမိန်းကလေး၏ စကားကြောင့် လေထုအခြေအနေက တည်ငြိမ်အေးဆေးသွားသည်။
“အရှင်အမတ် ငါတို့ရဲ့ ကျေးဇူးတင်စိတ်ကို ဖော်ပြဖို့ စကားလုံးတောင် ရှာမတွေ့ပါဘူး။ မနေ့က ငါတို့အရမ်းကို ရိုင်းပြခဲ့တယ်။ ဘယ်လိုနည်းနဲ့မဆို အရှင်အမတ်အနေနဲ့ ငါတို့ရဲ့ ဝူရှန်းရွာမှာ ရက်အနည်းငယ်လောက်နေဖို့ ဆက်ပြီး တောင်းဆိုချင်ပါတယ်။ ဒီရွာမှာ နည်းနည်းဆက်နေတာက ငါတို့ရဲ့ ကျေးဇူးတင်စိတ်ကို အိမ်ရှင်အနေနဲ့ ဆက်ဖော်ပြပေးဖို့ လုံလောက်ပါလိမ့်မယ်”
ဆံပင်ဖြူနှင့် အကြီးအကဲက ဝင်ပြောသည်။
အဖြစ်အပျက် ပြီးသွားပြီးနောက် ကိစ္စပေါင်း မြောက်များစွာကို ရှာတွေ့ခဲ့ရုံသာမကသေးချေ။ မနေ့ညက ဝမ်ချောင်၏ အကူအညီနှင့်တင် အစောပိုင်း ရောဂါထဖောက်ခဲ့သော လူရှစ်ယောက်က သေသွားခဲ့သည်။ သူတို့က ဝမ်ချောင်၏ ဆေးမရခင် သေသွားရခြင်းဖြစ်သည်။
သူတို့၏ ဖျားနာမှု ရောဂါလက္ခဏာများက အခြားလူတိုင်း၏ လက္ခဏာနှင့် တူတူသာလျှင်ဖြစ်သည်။
ထို့ကြောင့် ထိုလကြတ်သောညတွင် ရောဂါထဖောက်သည့် လူအရေအတွက်က လေးထောင် ငါးထောင်ခန့်ရှိကြောင်း တွေးမိလိုက်ရုံဖြင့်ပင် လူတိုင်းက ကြောက်လန့်လွန်းသဖြင့် တုန်ယင်သွားကြသည်။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် မနေ့ညက တွေးတောရန်ပင် ခက်ခဲလွန်းလောက်သည့် ဝမ်းနည်းစရာ ဖြစ်ရပ်ကြီးက ဖြစ်လာတော့ပေမည်။ ဝမ်ချောင်က ဝူရှန်း၏ ကျေးဇူးရှင်ဟုပြောလျှင် ချဲ့ကားလွန်းရာ မရောက်တော့ချေ။ သူတို့က မည်သို့ ပြန်ပေးဆပ်စေကာမူ ဘယ်တော့မှ ကျေတော့မည်မဟုတ်ချေ။
သူတို့က ထိုတစ်နေ့တာ အတောအတွင်း ဝမ်ချောင်နှင့် လီစစ်ယဲ့တို့ကို ဆက်ဆံခဲ့သည့် အေးစက်ကြမ်းတမ်းပြီး မကျေမနပ်ဖြစ်စေလာက်သည့် အပြုအမူများကို ပြန်တွေးမိသော် ရွာလူကြီးကိုယ်တိုင်ပင် ရှက်မိသည်။
“ဟား ဟား ကျွန်တော် ရွာလူကြီးရဲ့ ကြင်နာတတ်တဲ့စိတ်ကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ နောက်ထပ် နေဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့မှာလည်း အခြားလုပ်ရမဲ့ ကိစ္စတွေက ရှိနေသေးတယ်။ ဒီတော့ ထွက်သွားမှ ဖြစ်တော့မှာပါ”
ဝူရှန်းများကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က လက်ကိုယမ်းလျှက် ငြင်းဆန်လာခြင်းဖြစ်သည်။ အံ့အားသင့်သွားကြသဖြင့် ဝူရှန်းရွာလူကြီးနှင့် အခြားသော အကြီးအကဲများက တခဏခန့်ကြာအောင် ပြောစရာစကားများ ပျောက်ရှသွားကြသည်။
“ဒါက... အရှင်အမတ် ဒီလိုဆိုရင် ငါအရှင်အမတ်ဆီကနေ မဖုံးကွယ်တော့ပါဘူး။ ဒီလူအိုကြီးက အရှင်အမတ်ဆီက တောင်းဆိုစရာ တစ်ခုရှိပါတယ်။ အရှင်အမတ် မနေ့ညက အသုံးပြုခဲ့တဲ့ အဲ့ဒီဆေးက ငါတို့အတွက် အရမ်းကို အရေးကြီးပါတယ်။ အရှင်အမတ်မှာ ထပ်ပြီးများ ရှိနေဦးမလား။ ဒါ့အပြင် အရှင်အမတ် မနေ့က ကျောက်ဆားအကြောင်းကို ထည့်ပြောခဲ့ပါသေးတယ်။ ဘာကြောင့်များလဲလို့ မေးပါရစေ”
ဝူရှန်း၏ ရွာလူကြီးကမူ ကို့ယို့ကားယားနိုင်သော အခြေအနေသို့ ရောက်နေသည်။ သို့တိုင်အောင် သူ၏ ရှက်ရွံ့စိတ်ကို ဘေးဖယ်ထားပြီး ထိုစကားလုံးကို ထုတ်ပြောလိုက်ရသည်။
“အာ အမှန်တိုင်းပြောရရင် ကျွန်တော်မှာ ဆေးအလုံးတစ်ရာပဲ ရှိတာပါ။ မနေ့ညက အားလုံးကို သုံးလိုက်ပြီ။ ကျောက်ဆားအတွက်ကတော့ ...”
ဝမ်ချောင်က ရယ်လိုက်ပြီး ဝူရှန်းမှ အကြီးအကဲများကို အဓိပ္ပာယ် အပြည့်ပါသော အကြည့်မျိုးဖြင့် ကြည့်သည်။
“ဝူရှန်းရွာက လောကနဲ့ အဆက်အသွယ် ပြတ်နေတယ်။ ကုန်သွယ်တာမျိုးလည်း မရှိသလို ပြင်ပနဲ့ ဆက်သွယ်တာမျိုးလည်း မရှိဘူး။ အရာအားလုံးကို အစားထိုးနိုင်ပြီး နွယ်ပင်တွေကိုလည်း အစားထိုး အစာအဖြစ် အသုံးပြုနိုင်ပေမဲ့ တစ်နေ့သုံးနပ် စားပွဲမှာ ဆားမပါလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ဝူရှန်းရွာက ဒီပြဿနာကို ဘယ်လိုများ ဖြေရှင်းထားသလဲ”
“ဒါက...”
ရွာလူကြီးက တုန့်ဆိုင်းသွားသည်။ သူက မပြောနိုင်တော့ချေ။
မဟာထန် အင်ပါယာရဲ့ ဒီအမတ်က သူမျှော်လင့်ထားတာထက်တောင် ဉာဏ်ကောင်းလွန်းနေသေးတယ်။ ဒီလို မက်စောက်တဲ့ တောင်တန်းမှာ ကျောက်သားကလွဲပြီး ဘာမှမရှိဘူး။ ဒီတော့ အပင်တွေ စိုက်ဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် ဝူရှန်းတွေက နွယ်ပင်နှင့် အခြားသော အပင်များကိုသာ အစားထိုးစားရသည်။ ထိုအခြေအနေက သူတို့၏ ခန္ဓာကိုယ်ကို သာမာန်လူများထက် ပို၍သန်မာစေပြီး ပို၍ ကြံ့ခိုင်စေခဲ့သည်။
သို့သော် သာမာန်နည်းလမ်းများဖြင့် အစားထိုးကာ ဖြေရှင်းလို့မရသည့် တစ်ခုတည်းသော အရာက ဝမ်ချောင်ကပြောသည့် ထိုဆားဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် ဝူရှန်းများက သာမာန်လူများစားသော တူညီသည့်ဆားကို မစားကြချေ။ ပင်လယ်ဆားအစား သူတို့က ကျောက်သားဆားကို စားသည်။ ထိုကျောက်သားဆားကို တောင်တန်းများ၏ တစ်နေရာမှ ရရှိခြင်းဖြစ်သည်။ ထိုကျောက်ဆားကို ဝူရှန်း၏ ဘိုးဘေးများက ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး မျိုးဆက် အဆက်ဆက် ဒီဆားကိုသာ ဆက်လက် စားသုံးခဲ့ကြသည်။
“ဟား ဟား ရွာလူကြီးက ဒီဆားအကြောင်း ထုတ်ပြောလိုက်ရင် တော်ဝင်ခုံရုံးက လူပေါင်းစုံ အသုံးပြုနိုင်ဖို့အတွက် လာပြီး ထိန်းသိမ်းသွားမှာကို စိုးရိမ်လို့မဟုတ်လား”
ဝမ်ချောင်ကရယ်သည်။ သူက တစ်ချက်ကြည့်ရုံဖြင့်ပင် ရွာလူကြီး၏ အခြေအနေကို နားလည်သည်။
မင်းဆက် တစ်ဆက်ပြီးတစ်ဆက် တက်လာခဲ့သည့် အချိန်တိုင်း တော်ဝင်ခုံရုံးက ဆားနှင့်သံမဏိကို ထိန်းသိမ်းထားလေ့ရှိသည်မှာ ဓလေ့ထုံးတမ်း ဖြစ်နေလေပြီ။ ဒီနေရာရှိ သံမဏိက သတ္တုကို ရည်ညွှန်းခြင်းမဟုတ်ချေ။ သို့သော် ငွေကြေးသုံး ကြေးပြားများကို ရည်ညွှန်းခြင်းဖြစ်သည်။ မည်သည့် မင်းဆက်ကမျှ သာမာန်လူများကို စိတ်ကျေနပ်သလို ငွေကြေးသုံး ကြေးပြားများကို တူးယူခွင့် မပြုထားချေ။ ထိုကဲ့သို့သော မူဝါဒက ငွေကြေးပိုင်းဆိုင်ရာ ကသောင်းကနင်း ဖြစ်စေလောက်သည်။
ဆားအတွက်ကမူ ဝမ်ချောင်ပြောသည့်အတိုင်း နေ့စဉ်သုံး ထမင်းဝိုင်းတွင် မပါမဖြစ် ဖြစ်သည်။ တော်ဝင်ခုံရုံးက ထိုမူဝါဒကို စပြခဲ့ချိန်က အချို့လူများက ဈေးအလွန်မြင့်ပြီး ကိုယ်ကျိုးအတွက် အသုံးပြုမည့် အရေးကို တားဆီးချင်၍ဖြစ်သည်။ သာမာန်လူများကသာ ဆားကို မစားနိုင်တော့လျှင် အားလုံးက ပုန်ကန်ကြပေလိမ့်မည်။ ဒါက သမိုင်းတောက်လျှောက် ဒီတိုင်း ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အနာဂတ်တွင် ဆားစီးပွားရေး လုပ်ငန်းများက အကျိုးအမြတ် အလွန်မြင့်တက်လာမည့် အကြောင်းကို သူက မှတ်မိနေသေးသည်။
ဝမ်ချောင်ကလည်း ဝူရှန်းများက ဒီနေရာတွင် မည်သို့ နေထိုင်ခဲ့ကြောင်း မသိခဲ့သော်လည်း လွန်ခဲ့သော နှစ်တစ်ထောင် ဝန်းကျင်ခန့်ကတည်းက တည်ရှိခဲ့ခြင်းဆိုလျှင် ထိုအချိန်က ဆားနှင့်သံမဏိကို ထိန်းချုပ်သော အနောက်ပိုင်း ဟန်မင်းဆက်ကတည်းက ဖြစ်လောက်သည်။ ဝူရှန်းရွာငယ်လေးက အပြင်လောကနှင့် အဆက်အသွယ် မည်မျှပြတ်နေစေကာမူ သူတို့က ဒီအချက်ကို နားလည်လောက်သည်။ ထိုအတွက်ကြောင့်လည်း တော်ဝင်ခုံရုံးက သိသွားကြလျှင် ထိန်းသိမ်းသွားမည့်အရေးကို စိုးရိမ်နေကြခြင်းဖြစ်သည်။
“ဟား ဟား ကံကောင်းမှုက ကပ်ဘေးနဲ့အတူလာတယ်။ ကပ်ဘေးကလည်း ကံကောင်းမှုကြားထဲမှ ပုန်းနေတာပဲ။ ရွာလူကြီးအနေနဲ့ ဒီစကားကို ကြားဖူးလား။ ဝူရှန်းရဲ့ မျိုးဆက်တိုင်း မျိုးဆက်တိုင်းက အသက်သုံးနှစ်ရောက်တာနဲ့ ခန္ဓာကိုယ်က စတင်ပြီး နာကျင်ကိုက်ခဲလာလေ့ရှိတယ်။ အသက်ကြီးလာလေလေ နာကျင်ကိုက်ခဲမှု အကြိမ်နှုန်းက များလာလေလေပဲ။ ကိုက်ခဲတဲ့အပြင် တဖြည်းဖြည်း နာကျင်လာလိမ့်မယ်။ အကြီးအကဲ ဒါက ဘာကြောင့်ဖြစ်တာလဲလို့ တွေးမိကြလား”
လေပြေက တိုက်ခတ်လာသောအခါ ဝမ်ချောင်၏ အင်္ကျီလက်များက လွင့်နေသည်။ ဝမ်ချောင်က ဝူရှန်း အကြီးအကဲများကို ကြည့်ပြီးပြုံးသည်။ သူ၏အပြုံးထဲတွင် အဓိပ္ပာယ်အပြည့် ပါနေသည်။ အခြားလူများက ဝူရှန်းရွာ၏ လျို့ဝှက်ချက်များကို မသိလောက်သော်လည်း ဝူရှန်းမြင်းတပ်က ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ဖူးသူ ဝမ်ချောင်ကမူ မသိဘဲမနေချေ။ ဝူရှန်းများက တစ်ဘဝလုံး ဒီလိုပြင်းထန်သည့် နာကျင်မှုကြားတွင် ထိုင်နေရသည်။ ရောဂါထဖောက်သည့်အခါ သူတို့၏ အသားအရောင်က မည်းပြာလာလေ့ရှိပြီး ခန္ဓာကိုယ်က အကြောဆွဲကာ မခံမရပ်နိုင်အောင် နာကျင်လာလေ့ရှိသည်။
ယင်စွမ်းအင်အလွန်များပြီး လကြတ်သော ကာလမျိုးတွင် ရောဂါက ခပ်ပြင်းပြင်း ထဖောက်တတ်သည်။ ဝမ်ချောင်ကပင် သူတို့ကို သိမ်းသွင်းပြီးနောက် ထိုအပြောင်းအလဲကို ကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ချေ။
နောက်ပိုင်းမှသာ ဝမ်ချောင်က လောကအနှံ့မှ အကျော်ကြားဆုံးသော နာမည်ကြီး ဆေးဝါးပညာရှင်များ၊ သိုင်းပညာရှင်များကို ဆင့်ခေါ်ခဲ့သည်။ ထိုလူများထဲတွင် ယွီစန်း၊ မာန်ရှဲ့ကျောင်း၊ တူရကီ၊ ဂိုဂူလျော စသဖြင့် အခြားသော တိုင်းပြည်များမှ ကျွမ်းကျင်ပညာရှင်များပါပြီး ထိုနယ်ပယ် တိုင်းပြည်များမှ အတော်ဆုံး သမားတော်များကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ အားလုံးပေါင်းပြီး ရှစ်နှစ်တိုင်တိုင် ထပ်ခါတလဲလဲ လက်တွေ့စမ်းသပ်မှုများ လုပ်ပြီးနောက်ဆုံးတွင် သူတို့၏ တစ်ဘဝလုံး ခံစားနေရသည့် ထိုရောဂါကို ပျောက်ကင်းစေမည့်ဆေးကို ရှာတွေ့ခဲ့သည်။ ထိုဆေးက ဝမ်ချောင်က သူတို့ကို ပေးခဲ့သည့် ဆေးဖြစ်သည်။
ဝမ်ချောင်က ထိုဆေးအတွက်ကြောင့်သာ အောင်မြင်ရန် ယုံကြည်မှု အပြည့်ဖြင့် ဒီနေရာသို့ လာရဲခဲ့ခြင်းဖြစ်သည်။
တစ်ခုတည်းသော ပြဿနာကမူ ထိုဆေးကိုဖော်ရန် အလွန်ခက်ခဲသည်။ ထို့ကြောင့် အချိန်ကလည်း အကန့်အသတ် ရှိနေလေရာ ဝမ်ချောင်က ဒီတစ်ခေါက်တွင် အလုံးတစ်ရာ ဖော်နိုင်ခဲ့သည်။ ထို့ပြင် မနေ့ညက အားလုံးကို သုံးလိုက်ပြီးလေပြီ။
ဝူရှန်းရွာလူကြီးကမူ သူ၏နှလုံးသားက အခုန်နှုန်း မြန်လာသလို ခံစားရပြီး ထူးဆန်းသော ခံစားချက်မျိုးကို ရလိုက်သည်။ သူ၏အရှေ့မှ ထိုလူငယ်က အများဆုံးမှ အသက်(၁၇)နှစ် (၁၈)နှစ်အရွယ် သူ၏ မြေးအရွယ်လောက်သာ ရှိသေးသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူက ထိုလူငယ်ကို ဖောက်မမြင်နိုင်ချေ။ ဝူရှန်းရွာလူကြီးအနေဖြင့် တစ်ဖက်သူဟာ သိမ်မွေ့နက်နဲလွန်းသည်ဟု ခံစားလိုက်ရသည်။ သူ့ကို စိတ်ရှုပ်စေသော အချက်က တစ်ဖက်သူက ကျောက်ဆားအကြောင်း သိနေခြင်းဖြစ်သည်။ ထိုလူငယ်ဟာ ထူထည်းလွန်းသောမြူများ တစ်လွှာပြီးတစ်လွှာ အုပ်ထားပြီး ဘာကိုမျှ ဖောက်မမြင်နိုင်သလိုဖြစ်သည်။
“အရှင်အမတ် ဆိုလိုတာက...”
ဝူရှန်း၏ လူကြီးက မျက်မှောင်ကျုံ့သည်။
“ဟ ရွာလူကြီး အချို့ဆားတွေက စားလို့ရတယ်။ အချို့ဆားတွေက စားလို့မရဘူး။ လောကက ဆားတိုင်းကို ဒီတိုင်း တိုက်ရိုက် စားလိုက်လို့ရတာမဟုတ်ဘူး။ အနည်းဆုံး ဝူရှန်းရွာက စားသလိုမျိုး တိုက်ရိုက် စားသုံးလို့ မရနိုင်ဘူး”
ဝမ်ချောင်က မျက်နှာသေဖြင့်ပြောသည်။
ကျောက်ဆားထဲတွင် အဆိပ်ပါသည်။ တိုက်ရိုက် စားသုံးလိုက်လျှင် အဆိပ်အတောက် ဖြစ်စေနိုင်သည်။ ထို့ကြောင့် နည်းလမ်းများဖြင့် သန့်စင်ရန် လိုအပ်နေသေးသည်။ ကျောက်ဆားသာ ထိုသို့ မဟုတ်လေဘဲ ပင်လယ်ဆားလည်း အလားတူသာလျှင်ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ထဲမှ တိုက်ရိုက်ရသောဆားကို ဒီတိုင်းစား၍ မရခြင်းဖြစ်သည်။ ထို့ြ့ပင် သေစေနိုင်သေးသည်။
အခြားသော လောကမှ မှတ်ဉာဏ်များနှင့် ဝမ်ချောင်က ဒီကိစ္စကို အထူးတလည် အာရုံစိုက်လိုက်သော်လည်း ဝူရှန်းရွာကမူ ထိုအကြောင်းကို မသိထားကြချေ။
ဝူရှန်းရွာက ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ထိုအဆိပ်ကျောက်ဆားကို ဆက်တိုက် စားနေခဲ့ကြပြီး ထိုကျောက်ဆား၏ အဆိပ်ပမာဏက များသထက် များလာခြင်းဖြစ်ပြီး သူတို့ခန္ဓာကိုယ်ထဲတွင် စိမ့်ဝင်သွားသည်။ အသက်သုံးဆယ် အရွယ်ရောက်သောအခါ ရောဂါလက္ခဏာများက စတင်ကာ ပြလာခြင်းဖြစ်သည်။
အသိသာဆုံး လက္ခဏာက အသက်သုံးနှစ်အရွယ်တွင် စသည်။ ထိုကလေးက စတင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲလာပေလိမ့်မည်။ ထို့ပြင် အကြောလည်း ဆွဲသွားပေလိမ့်မည်။ အဆိပ်က ဆက်လက်ပြီး များသထက် များလာခြင်းအားဖြင့် အသား၊ ဆံပင်၊ အရေပြား၊ အရိုးများထဲသို့ စိမ့်ဝင်သွားပြီး ရိုးတွင်းချင်စီထဲသို့ တောက်လျှောက် စိမ့်ဝင်သွားပေလိမ့်မည်။ ရလဒ်အနေဖြင့် ဝူရှန်းရွာတွင် ကျွမ်းကျင်ပညာရှင်ပေါင်း မြောက်များစွာ ရှိနေသည့်တိုင်အောင် အသက်ငါးဆယ်ကျော်သော လူက အလွန်နည်းနေခြင်းဖြစ်သည်။
အသက်ခုနှစ်ဆယ် ရှစ်ဆယ်ကျော်သည့်လူက ပို၍နည်းသွားသည်။ ဝူရှန်းမှ လူဦးရေ ငါးသောင်း၊ ခြောက်သောင်း ဝန်းကျင်ထဲတွင် အသက်သုံးဆယ်အရွယ် အကြီးအကဲများက အယောက်နှစ်ဆယ်ခန့်သာလျှင် ရှိသည်။
ဝူရှန်းရွာက ကံဆိုးလွန်းပြီး လကြတ်သည့် ဖြစ်ရပ်မျိုးကိုသာ ကြုံတွေ့သွားမည်ဆိုလျှင် ယခုလို ဝမ်းနည်းစရာ ကောင်းလွန်းသော အကျိုးအမြတ်ကြီးကို ရင်ဆိုင်ရတော့ပေမည်။ ဒါက ဝူရှန်း၏ ဖနောင့်ဂရိ ဒဏ္ဍာရီကဲ့သို့ ဖြစ်နေသည်။ သူတို့၏ အင်အားအတွက် သူတို့က ဒီတန်ကြေးကို ပေးဆပ်ထားရသည်။
“အရှင်အမတ် ဆိုလိုတာက ကျွန်တော်တို့ ကျောက်ဆားတွေကို စားတာကြောင့် ဒီလိုဖြစ်လာတယ်လို့လား”
ဝူရှန်း၏ ရွာလူကြီးကမေးသည်။
“ဟား ဟား ရွာက ကျောက်ဆားတွေကို မစားနဲ့ပေါ့။ ဒါက ကျွန်တော် ရွာလူကြီးနဲ့ အကြီးအကဲတွေကို အကြံပေးတာပါ။ ဝူရှန်းရွာအတွက် ရွာသားတွေအတွက်ပေါ့။ ယုံတာ မယုံတာကတော့ အကြီးအကဲတို့ တာဝန်ပါ”
ဝမ်ချောင်ကပြောသည်။ သူ၏အမူအရာက တည်ငြိမ်ကာ ခပ်အေးအေးဖြစ်နေသေးသည်။ အချို့ကိစ္စများက ဆက်တိုက် တွန်းအားပေးလိုက်လျှင် သက်ရောက်မှုက ပြောင်းပြန်ဖြစ်သွားနိုင်သည်။ သူတို့က တိုက်ရိုက်ကျလွန်းလျှင် တန်ပြန်အားကိုပင် ခံစားရနိုင်သေးသည်။ ထိုဝမ်ချောင်က ဝူရှန်းရွာကို ကူညီလိုသော်လည်း ထိုမျှသာ လုပ်နိုင်သည်။ ကျန်သောကိစ္စကမူ သူသည်လည်း မတက်နိုင်တော့ချေ။
ဘုန်း
ဝမ်ချောင်၏ စကားနှင့်အတူ ဝူရှန်းရွာလူကြီးနှင့် အကြီးအကဲများက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အတိတ်တွင် သူတို့က ရွာသားများက ဒီလိုကျိန်စာလိုမျိုး မျိုးရိုးဗီဇ ရောဂါလိုမျိုး အခြားသော ပတ်ဝန်းကျင်နှင့်ဆိုင်သော ရောဂါများကြောင့်လို ယခုလို အခြေအနေကြီး ကြုံတွေ့ရခြင်း အဖြေရှာခဲ့ကြဖူးသည်။ သို့သော် မည်သူကမျှလည်း ဝမ်ချောင်ပြောသလို ရိုးရှင်းလွန်းသော သတိမထားမိလောက်သည့် ကျောက်ဆားကြောင့်ဟု မထင်ထားမိလောက်ကြချေ။ ဒါက လူတစ်ယောက်ကို အသက်ပိုရှုလျှင် သွေးထွက်တတ်သည်ဟု ပြောနေသလို ဖြစ်နေသည်။ သို့သော် အခြားရှု့ထောင့်မှကြည့်သော် ဝမ်ချောင်ကလည်း သူတို့ကို လိမ်စရာ အကြောင်းမရှိပေ။ ထို့ပြင် ထိုသို့လိမ်ရန် ဖြစ်ပင်မဖြစ်နိုင်ချေ။ ဝမ်ချောင်၏ အမတ်ဆိုသော အဆင့်အတန်းကြောင့် ယခုလို လိမ်ညာခြင်းကလည်း သူ၏ ကျင့်ဝတ်ထုံးတမ်းနှင့် ညီနေခြင်းမရှိခဲ့ချေ။
အခန်း(၇၁၂)
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်အမတ်”
သူက အနည်းငယ် သံသယ ဝင်နေသေးသော်လည်း ရွာလူကြီးက ရိုကျိုးစွာဖြင့် ကျေးဇူးတင်လိုက်သည်။ ထိုရောဂါများက ကျောက်သားဆားကြောင့် ဖြစ်ခြင်းဖြစ်စေ၊ မဖြစ်ခြင်းဖြစ်စေ သူ့အတွက် အရေးအကြီးဆုံး စိုးရိမ်နေရသည့်ကိစ္စ လက်ရှိ အနေအထားအတွက် ဖြေရှင်းရန် အသင့်ဆုံးကိစ္စကို မေးမြန်းရန် ရှိနေသေးသည်။
“ဒါ့အပြင်... ဒါ့အပြင်... အရှင်အမတ် အရှင်အမတ်မှာ ဆေးတွေ ထပ်မရှိတော့ဘူးလို့ပြောတော့ အရှင်အမတ် အဲ့ဒီဆေးကို ဖော်စပ်တဲ့ ဆေးညွှန်းကိုများ ငါတို့ကို သိခွင့်ပြုပေးနိုင်မလား။ ငါတို့ကိုယ်တိုင် ဒီဆေးဖော်ခွင့် ပြုပေးနိုင်မလား”
ဆေးပညာရှင် ဆရာသခင်များအတွက် သူတို့၏ ဆေးများ၏ ဆေးညွှန်းကို မေးလာခြင်းကိစ္စက သူတို့အတွက် အပြင်းထန်ဆုံး ကိစ္စတစ်ခုဖြစ်နေသည်။ မဟာကလန်ကြီးများကပင် သူတို့၏ အဖိုးတန် ဆေးညွှန်းများကို ဖြန့်ဝေခဲ့သည်။ ဝူရှန်းရွာလူကြီးက ဒီတိုင်း ကြိုးပမ်းကြည့်ချင်ရုံစိတ်ဖြင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က အလွန်အမင်း တိုက်ရိုက်ကျသော ပုံစံမျိုးဖြင့် ပြန်ဖြေလာခြင်းဖြစ်သည်။
“ရပါတယ်”
ဝမ်ချောင်ကပြုံးသည်။ သူကလည်း ဝူရှန်းရွာလူကြီး၏ မေးခွန်းကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် အနည်းငယ်မျှပင် မတုန့်ဆိုင်းနေတော့ဘဲ များပြားသည့် ပါဝင်သည့် ဆေးပင်များကို စတင်ကာ နှုတ်တိုက် ရွတ်ပြသည်။
“ဒီဆေးကို သန့်စင်တဲ့နည်းက တကယ်တော့ မခက်ပါဘူး။ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေကို ရှာရတာ တော်တော်လေး ဒုက္ခများလောက်တယ်။ အနည်းဆုံး နှစ်သုံးဆယ် သက်တမ်းရှိတဲ့ မာရှာသစ်သီး၊ အနည်းဆုံး နှစ်ခြောက်ဆယ် သက်တမ်းရှိတဲ့ ဂိုဂူလျောဘက်ကထွက်တဲ့ ဂျင်ဆင်း၊ နှစ်တစ်ရာ သက်တမ်းရှိတဲ့ ပင်လယ်ကြမ်းပြင်အောက်ကပဲ ရရှိနိုင်တဲ့ ခရမ်းရောင် သန္တာကျောက်တုံး၊ နှစ်သုံးရာ သက်တမ်းရှိတဲ့ စန္ဒကူး သစ်သားတုံး၊ အာရပ်မျိုးနွယ်က စွံ့ပလွန်သီး၊ အနောက်ပိုင်း နယ်မြေတွေကရတဲ့ သလဲသီးတွေနဲ့ အခြား ပင်လယ်ခြား တိုင်းပြည်တွေကရတဲ့ လက်တစ်ဝါးစာရှိတဲ့ လက်ဖက်ရွက်တွေကို အားလုံးပေါင်းပြီး အမှုန့်အဖြစ် ကြိတ်ပြီးမှ...”
ဝမ်ချောင်က ပါဝင်ပစ္စည်း အမျိုးအစား ခုနှစ်ဆယ်၊ ရှစ်ဆယ်ခန့်ကို တိုက်ရိုက်ရွတ်ပြသည်။ ဝူရှန်းရွာမှ အကြီးအကဲများက နားထောင်လေလေ သူတို့၏ မျက်နှာများက ပို၍မသက်မသာ ဖြစ်လာလေလေဖြစ်လာပြီး အမူအရာကလည်း ပျောက်ရှကာ မျက်နှာက ဖြူစုတ်သထက် ဖြူစုတ်လာသည်။
ဖြစ်နိုင်မည်ဆိုလျှင် သူတို့က ဝမ်ချောင်ထံမှ ဆေးညွှန်းကိုယူပြီး ကိုယ်တိုင် ဆေးဖော်ချင်ခဲ့သည်။ သို့သော် မည်သူကမျှလည်း ပါဝင်ပစ္စည်းများက ထိုမျှအထိ ဒုက္ခများပြီး ရှုပ်ထွေးနေကြောင်း မထင်ထားကြချေ။
ထိုစာရင်းထဲမှ ပါဝင်ပစ္စည်း အများစုကို သူတို့က မကြားဖူးသလို မြင်လည်း မမြင်ဖူးချေ။ ပို၍ဆိုးသည်မှာ ဝူရှန်းရွာဟာ နှစ်ပေါင်းများစွာကြာအောင် အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေသည့်အတွက် မည်သည့် ပိုင်ဆိုင်မှုမျှမရှိချေ။ ထို့ကြောင့် အရေးကြီးဆုံး ပါဝင်ပစ္စည်းများဖြစ်သည့် စွံ့ပလွန်သီးနှင့် သလဲသီးများကပင် သူတို့ကို စိတ်ဓာတ်ကျစေလေရာ အခြားသော ပါဝင်ပစ္စည်းများဆိုလျှင် မပြောသင့်တော့ချေ။
ဝမ်ချောင်၏ တောက်ပသော မျက်ဝန်းက အကြီးအကဲတိုင်း၏ အမူအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထို့ကြောင့် သူက မအံ့ဩချေ။ အမှန်တိုင်းဆိုရသော် သူကလည်း ထိုလူများကို ဆေးညွှန်း အတုအယောင်ပေးပြီး ခက်ခဲအောင် မလုပ်ချင်ချေ။ အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်က အမှန်တိုင်း ပြောလိုက်ခြင်းသာဖြစ်သည်။ သူပြောသမျှ ပါဝင်ပစ္စည်းတိုင်းက ထိုဆေးဖော်စပ်ရန် လိုအပ်နေခြင်းဖြစ်သည်။
ဝူရှန်းများ၏ ရောဂါက အမြစ်တွယ်နေပြီဖြစ်ပြီး သူတို့၏ ကိုယ်အတွင်းတွင် ရှိနေသော အဆိပ်ဓာတ်ကလည်း အလွန်များနေလေရာ ဆေးညွှန်းလောက်က အသုံးမဝင်နိုင်ချေ။ ဝမ်ချောင်က လောကမှ မဟာဗိုလ်ချုပ်ကြီးဆိုသော သူ၏အဆင့်အတန်းကိုသုံးပြီး ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ၊ သမားတော်ပေါင်း မြောက်များစွာကို စုစည်းပြီးမှသာ ရှစ်နှစ်တိုင်တိုင်ကြာအောင် ဒီလိုဆေးကို ဖော်စပ်ရန် ကြိုးစားခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ထိုလူပေါင်းများစွာက မြုပ်နှံထားရသော အချိန်ကာလနှင့် ထိုလူပေါင်း မြောက်များစွာ၏ ကြိုးစားအားထုတ်မှုများကြောင့် ပါဝင်ပစ္စည်း အများအပြားနှင့် ဒီလိုဆေးညွှန်းကို နောက်ဆုံးမှသာ ရလာခဲ့ခြင်းဖြစ်သည်။ ဒီစီမံကိန်းတွင် ပါဝင်ခဲ့သော လူတိုင်းက မဟာထန်မှ မဟုတ်ကြဘဲ တိဗက်၊ မာန်ရှဲ့ကျောင်း၊ ဂိုဂူလျော၊ တူရကီ စသဖြင့် အခြားသော တိုင်းပြည်များမှ ဖြစ်နေသောကြောင့် ပါဝင်ပစ္စည်းများက အမျိုးစုံနေသည်။ လောကအနှံ့မှ ရယူရန် လိုအပ်နေခြင်းဖြစ်သည်။
သို့သော် ရှုပ်ထွေးမှုခြင်းယှဉ်သော် သံသယဝင်ရန် မလိုလောက်အောင် ကောင်းမွန်သော အချက်တစ်ချက်ကမူ ထိုဆေးက ဝူရှန်းများအတွက် အလွန်အသုံးဝင်ခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ သူတို့က သုံးလဆက်တိုက် သောက်ရုံဖြင့် သူတို့၏ရောဂါကို အမြစ်မှ ပျောက်ကင်းအောင် လုပ်နိုင်စွမ်းအားရှိသည်။
သူ၏ကလန်မှ ကြီးမားလွန်းသည့် လွှမ်းမိုးမှု အရင်းအမြစ်နှင့် အခြားသော မြို့တော်မှ မဟာကလန်ကြီးများကို ပေါင်းစုံပြီးမှသာ ဝမ်ချောင်က အချိန်တိုအတွင်း ဆေးအလုံးတစ်ရာကို ဖော်စပ်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ဝမ်ကလန်က အမတ်များ၊ ဗိုလ်ချုပ်ကြီးများရှိသော ကလန်တစ်ခု ဖြစ်နေသည့်တိုင်အောင် ထိုတာဝန်က အလွန်အမင်း ခက်ခဲနေလျှင် ယခုလို တသီးတသန့် နေတတ်သော ဝူရှန်းရွာအတွက်ဆိုလျှင် ပို၍ ခက်ခဲပေမည်။
“ဒီလူအိုကြီးက နောက်ထပ် မေးစရာမေးခွန်း ရှိပါတယ်။ ဒီဆေးက ရောဂါကို အမြစ်ပျောက်အောင် ကုသပေးနိုင်ပါသလား”
ဝူရှန်းရွာလူကြီးကမေးသည်။
“အင်း”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး ခိုင်မာသောအဖြေကို ပေးလိုက်သည်။ ဝူရှန်းရွာလူကြီးက သက်ပြင်းရှည်ကြီးကို ချသည်။ မနေ့ညကမှ ထိုဆေးလုံးများဖြင့် ဖျော်ထားသောရေက သွေးကြောများကိုပင် ပို၍ သန်မာလာစေကြောင်း သူသိခဲ့သည်။ ဘိုးဘေးများ၏ စည်းမျဉ်းများကို စွန့်ပစ်ရန် မကြိုးစားသင့်သော်လည်း သူ၏လူများအတွက် သူက ချွင်းချက်တစ်ခု လုပ်ရတော့ပေမည်။
“အရှင်အမတ် ဒီလူအိုကြီးက အတင့်ရဲစွာနဲ့ အလဲအလှယ် လုပ်ချင်ပါတယ်။ အရှင်အမတ်များ စိတ်ဝင်စားလောက်မလား။ အရှင်အမတ်ကလည်း အရင်က ပြောဖူးပါတယ်။ အရှင်အမတ်က ငါတို့ဝူရှန်းရွာက စစ်သည်တော်တွေ စုဆောင်းချင်တယ်လို့ဆိုတယ်။ အရှင်အမတ်က ဒီထူးခြားတဲ့ ဆေးလုံးတွေ သန့်စင်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို စုစည်းပေးပြီး ဝူရှန်းရွာကို ဒီနာကျင်မှုတွေကနေ ပျောက်ကင်းအောင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ခံစားနေရတဲ့ ဒီရောဂါက အပြီးတိုင် လွတ်မြောက်သွားအောင် ကူညီပေးမယ်ဆိုရင် ဒီလူအိုကြီးကလည်း အရှင်အမတ် ဒီရွာက ရွာသားတွေကို စစ်သည်တော်အဖြစ် စုဆောင်းတဲ့အရေးကို သဘောတူပေးနိုင်ပါတယ်။ ဒါပေမဲ့ အရေအတွက်ကတော့ အရှင်အမတ် မနေ့ညက ကူညီပေးခဲ့တဲ့ ပမာဏအထိပဲ ရှိနိုင်ပါတယ်။ လူငါးထောင်ထက် ပိုလို့မဖြစ်ပါဘူး”
ဝူရှန်းမှ ရွာလူကြီးကပြောသည်။
သူ၏စကား ဆုံးသွားသောအခါ လီစစ်ယဲ့၊ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသော စစ်သည်တော်တိုင်း၏ မျက်ဝန်းက တောက်ပသွားသည်။ သူ၏မျက်နှာတွင် အံ့အားသင့်သွားသော ပျော်ရွှင်နေသည့် မျက်နှာထားမျိုးကို မြင်ရသည်။ သူတို့အားလုံးက ဝူရှန်း၏ ကြောက်စရာကောင်းသော အင်အားကို ကိုယ်တိုင်ကိုယ်ကျ ခံစားကာ သင်ခန်းစာရပြီးသားဖြစ်သည်။ သို့သော် မည်သူကမျှလည်း သူတို့ စိတ်ဓာတ် အကျဆုံးသော ကာလမျိုးတွင် ဒီတာဝန်က မဖြစ်နိုင်တော့ဘဲ ကျရှုံးတော့မည်ဟုထင်ပြီး ထွက်သွားတော့မည့် အချိန်မျိုးတွင် ယခုလို ရုတ်တရက် ပြင်းထန်သည့် အလှည့်အပြောင်းက ဖြစ်လာမည်ဟု မထင်ထားကြချေ။ ဒီတခဏကို မျှော်လင့်ရန် ခက်ခဲသည်။
“သဘောတူတယ်”
ဝမ်ချောင်က ရယ်လျှက် ချက်ချင်းသဘောတူလိုက်သည်။
လူအရေအတွက်က ငါးထောင်သာ ဖြစ်သော်လည်း ဝမ်ချောင်အတွက်မူ ဒါက အစကောင်းလေပြီ။ ဝူရှန်းများက သူတို့၏ ထုံးတမ်းစဉ်လာမှ ချိုးဖောက်ပြီး လူငါးထောင်ပါသည့် တပ်ဖွဲ့တစ်သုတ်ကို စုဆောင်းရန် ခွင့်ပြုပေးနိုင်လျှင် သူက ဒုတိယတစ်သုတ် တတိယတစ်သုတ်များကို တဖန်ပြန်လည် စုဆောင်းနိုင်ပေလိမ့်မည်။ အဆုံးတွင် ဝူရှန်းတိုင်းက သူ့လူများဖြစ်လာပေလိမ့်မည်။
အနာဂတ်တွင် တစ်လောကလုံးက ဝူရှန်းများကို ကြောက်ရွံ့ရိုသေရပေမည်။
ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ။ ငါ့ရဲ့ဝူရှန်းမြင်းတပ်။
ထိုတခဏတွင် ဝမ်ချောင်က သူ၏ကြိုးစားအားထုတ်မှုများမှ ပြန်လည်ရရှိလိုက်သည့် အကျိုးအမြတ်ကြောင့် မည်မျှ ပျော်ရွှင်နေကြောင်း မသိနိုင်ကြချေ။ သူက လေးနက်စွာ သက်ပြင်းရှည်ကြီးကိုချသည်။ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသော လူမှသာ ကပ်ဘေးမတိုင်ခင် ဝူရှန်းများကို သိမ်းသွင်းရန် ကြိုးစားရသောကိစ္စက မည်မျှခက်ခဲကြောင်း သိနိုင်ပေလိမ့်မည်။ ဝူရှန်းရွာလူကြီးကို သူ၏ တင်းကြပ်မှုကို ဖြေလျော့ပြီး လူငါးထောင်လွှတ်ပေးရန် လုပ်ရသောကိစ္စက အလွန်အမင်း ခက်ခဲခဲ့သည်။ ထိုတခဏတွင် ဝမ်ချောင်ကပင် တစ်စုံတစ်ရာကို လုပ်နိုင်လိုက်သည်ဆိုသော ခံစားချက်မျိုးကို ရလိုက်ပြီး ဂုဏ်ယူလိုက်သည်။ ထို့ပြင် ထူးဆန်းသော ခံစားချက်ကိုလည်းရသည်။
ယခင်က သူက အရွယ်ရောက်ပြီးသော ဖန်းရှောင်ရန်နှင့် အခြားသော ဝူရှန်းများ၏ အသိအမှတ်ပြုမှုကိုသာ လက်ခံရရှိခဲ့ပြီး ယခုမူ သူ၏ ဒီဘဝသစ်တွင် ဝူရှန်း၏ အနာဂတ်ဗိုလ်ချုပ်ကြီး ဖြစ်သည့်လူက ဝူရှန်းရွာလူကြီးထံမှ အသိအမှတ်ပြုမှုကို ရရှိလိုက်သည်။ ဝူရှန်းရွာလူကြီးက ဝူရှန်း၏ စိတ်ပိုင်းဆိုင်ရာပင်ဖြစ်စေ၊ လက်တွေ့ပင်ဖြစ်စေ အစစ်အမှန် ခေါင်းဆောင်ကြီးဖြစ်သည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ အသုံးပြုသူက မဟာအမတ်ချုပ်ကြီး ဆင့်ခေါ်ခြင်းဆိုတဲ့ တာဝန်ကို ပြီးမြောက်အောင်မြင်သွားပါပြီ။ အသုံးပြုသူက ကံကြမ္မာ စွမ်းအင်အမှတ် ခြောက်ရာ ရရှိလိုက်ပါပြီ”
တချိန်ထဲလိုလို ဝမ်ချောင်၏ စိတ်ထဲတွင် ဝုန်းကနဲ မြည်သံနှင့်အတူ ကံကြမ္မာကျောက်တုံး၏ အသံက ဟိန်းထွက်လာသည်။ တာဝန်မှ ဆုလဒ်ကလည်း နောက်ဆုံးတွင် ရောက်လာလေပြီ။
ဝမ်ချောင်က ဝူရှန်းမှ စီမံကိန်းကို အောင်မြင်အောင် လုပ်နိုင်လိုက်လေပြီ။
“ဝူး”
ဝမ်ချောင်၏ အနောက်မှ လက်အောက်ငယ်သားများက အောင်မြင်စွာဖြင့် အော်ဟစ်ကာ အောင်ပွဲခံကြသည်။ သူတို့က ဝူရှန်းများဖြင့် အရှုပ်အထွေးများ ဖြစ်ခဲ့ပြီး မကျေလည်မှုများ ရှိခဲ့သော်လည်း လီစစ်ယဲ့ကဲ့သို့သော အမျိုးသားကြီးကပင် ဝူရှန်း မဟာအစစ်အမှန် စစ်သည်တော်ကောင်းများဖြစ်ကြောင်း ဝန်ခံရပေမည်။ ထိုကဲ့သို့သော လူများကို စစ်သည်တော်အဖြစ် ရရှိလိုက်သည့် အချက်က ဝမ်ချောင်အတွက် အကြီးမားဆုံး တိုးတက်မှုကြီးဖြစ်သည်။
ထိုစစ်သည်တော်များကို စုဆောင်းရန် ဆေးလုံးများနှင့် လဲလှယ်ခဲ့ရသည်။ သို့သော် ဝမ်ချောင်၏ ထိုသို့ အကူအညီပေးမှုကြောင့် တစ်ညတည်းနှင့် လူအယောက် လေးထောင် ငါးထောင် သေဆုံးမှုကို တားဆီးပေးနိုင်ခဲ့သည်။ ထိုတစ်ရွာလုံးက ဝမ်ချောင်တို့အဖွဲ့ကို အမြင်ကောင်း ရရှိသွားကြပြီဖြစ်သည်။
ထို့ပြင် ရွာသားများက ဝမ်ချောင်၏ လက်အောက်ငယ်သားများကို ဒဏ်ရာရအောင် လုပ်ခဲ့သော အရှက်ရဖွယ် ကိစ္စကြောင့် ရွာသားများက ပို၍ပင် ခင်မင်သွားကြသည်။ ဝမ်ချောင်ကပင် ထိုအချက်ကို မမျှော်လင့်ထားမိချေ။
ယခင်က တသီးတခြားနေတတ်ပြီး သံသယများကာ အပြင်လူများကို ရန်လိုတတ်သည့် ဝူရှန်းများ၏ စိတ်နေသဘောထားများက ကြမ်းတမ်းခက်ထန်လောက်သော်လည်း ထိုသို့သော အခြေအနေများကြောင့် မဟာကပ်ဘေးမတိုင်ခင် သူတို့ကို သိမ်းသွင်းရန် ခက်ခဲခဲ့သည့်တိုင်အောင် ဝူရှန်းများကလည်း ကျောက်တုံးများ မဟုတ်ကြချေ။ သူတို့ကလည်း အပြင်လူများကို နှလုံးသား ဖွင့်ပေးခဲ့သည်။ သို့သော် သူတို့၏ နှလုံးသားကို ဖွင့်ပေးလိုက်သည်နှင့် အပြင်လူများကို သူတို့၏ လူအရင်းများကဲ့သို့ ဆက်ဆံကြတော့မည်ဖြစ်သည်။ သူတို့က ပို၍ပင် ရင်းနှီးကျွမ်းဝင်လွယ်ကာ စိတ်အားထက်သန်တတ်ကြသည်။
ထိုညတွင် ဝူရှန်းရွာက ဂုဏ်ပြုပွဲကြီး ကျင်းပပေးသည်။
“လာပါ သောက်ရအောင်”
“အသားကိုလည်း အားပါးတရစား ဝိုင်ကိုလည်း အသားကုန် သောက်ကြစမ်းပါ လာ”
“ဟား ဟား ဟား အရသာရှိလိုက်တာ တကယ်ကို အရသာရှိတာပဲ”
ဝူရှန်းရွာတွင် ရယ်သံများ၊ အောင်ပွဲခံသံများ ပြည့်နှက်နေပြီး ရွာသားများနှင့် အစောင့်များအားလုံးက အတူထိုင်သောက်နေကြသည်။ စားပွဲပေါ်တွင် ကြက်သား၊ ဘဲသား၊ ငါး၊ သမင်နှင့် အမျိုးမျိုးသော ပင်လယ်စာ အရသာရှိသော အသားများက အပြည့်ရှိနေသည်။
“အာ ငါ့ကိုနောက်ထပ် ထမင်း တစ်ပန်းကန်လုံး ပေးပါဦး။ ဒီလောက်အရသာရှိတာကို ငါတစ်ခါမှ မစားဖူးဘူး။ ဒါက ဘဲသားလား။ ကြွတ်ရွနေတာပဲ။ ငါတို့ရဲ့ဝူရှန်းက ဘဲတွေအများကြီး မွေးထားသင့်တယ်”
“ဆိုတော့ဒါက ငါးပေါ့လေ။ တော်တော်လေးကို နူးညံ့ပြီး ချောမွေ့နေတာပဲ။ စားလို့ကောင်းလိုက်တာ”
.....
ဝူရှန်းရွာသားများက စားသောက်ဖွယ်ရာများတွင် နစ်မြောနေကြသည်။ ဝူရှန်းမှ စားစရာများက အမြဲတစေ ရိုးရှင်းပြီး အရသာကင်းမဲ့နေတတ်သည်။ ထိုကြက်၊ ဘဲ၊ ငါး၊ သမင်၊ ပင်လယ်စာများက သူတို့ ဘယ်သောအခါမှ မစားဖူးသော စားစရာများဖြစ်သည်။
ဝမ်ချောင်ကလည်း ဒီတစ်ခေါက် လာမည်ဆိုကတည်းက အားလုံးကို ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ သူက ဆေးလုံးများနှင့် ဝူကျန်းမြက်သာ ယူလာခဲ့ခြင်းမဟုတ်ဘဲ အစောင့်တိုင်းကို သူတို့၏ကျောတွင် သေတ္တာကြီးတစ်လုံးစီ လွယ်လာခိုင်းခဲ့သည်။ ထိုအထဲတွင် ရတနာများ၊ အဖိုးတန်ပစ္စည်းများ မရှိဘဲ ကြက်၊ ဘဲ၊ အမဲသား၊ ဝက်၊ သိုး၊ သမင် စသဖြင့် စားစရာများကို သယ်လာခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ကျွမ်းကျင်ပညာရှင်အဆင့် စစ်တပ်မှ စာဖိုမှူးကို ခေါ်လာခဲ့သေးသည်။
သနားစရာကောင်းသော ဝူရှန်းများက တောင်တန်းပတ်ပတ်လည်တွင် နေထိုင်နေရလေရာ သူတို့က နွယ်ပင်ကဲ့သို့သော အပင်များကိုသာ စားသောက်နေရလေသည်။ သူတို့က ထိုမျှအရသာရှိသော စားစရာများကိုစားရန် အခွင့်အရေး မရဖူးကြချေ။
ထိုမျှကောင်းလွန်းသော အစားအသောက်များက ဝူရှန်းရွာမှ အမျိုးသမီးများ၊ ကလေးများကိုပင် တူကိုပင် မကိုင်ဘဲ လက်ဖြင့်ကိုင်ကာ စားသောက်မိစေသည်အထိ ဖြစ်စေသည်။ သူတို့၏ ပါးစပ်များတွင်လည်း ဆီများရွှဲနေသည်။ အမျိုးသားများကပင် ဝမ်ချောင်က အပြင်လောကမှ ယူလာခဲ့သော ဝိုင်ကောင်းများကို သောက်ပြီး မျက်ရည်ကျချင်နေကြသည်။
နှစ်ပေါင်းများစွာကြာအောင် တူညီသော စားစရာများကို စားသောက်နေခဲ့ရသည့်အတွက် လောကမှ အကောင်းဆုံးသော စားစရာများဟာ ဒီအရွက်များသာလျှင် ဖြစ်မည်ဟု သူတို့က ယုံကြည်ထားကြသည်။ သို့သော် ရုတ်တရက် ထိုမျှအရသာရှိသော စားစရာများကို စားသောက်လိုက်ရသည်။ ထို့ကြောင့် သူတို့၏ စိတ်အခြေအနေ အပြောင်းအလဲကို ခံစားမိနိုင်သည်။
ထိုတစ်ညတည်းနှင့် ဝူရှန်းတိုင်းက ဝမ်ချောင်တို့၏အဖွဲ့အပေါ် အမြင်များ ပြောင်းလဲသွားတော့သည်။
အစပိုင်းတွင် စစ်သည်တော် စုဆောင်းသည့် ကိစ္စကို လက်ခံခဲ့ခြင်းဟာ ရွာလူကြီး၏ အကြံအစည်သာလျှင် ဖြစ်ခဲ့သည်။ သို့သော် ယခုမူ လူတိုင်းက ဝမ်ချောင်အပေါ် အမြင်ကောင်းရှိနေပြီး သူဟာ အလွန်ကောင်းမွန်လွန်းသော ခေါင်းဆောင်တစ်ယောက်ဟု လက်ခံနေကြပြီဖြစ်သည်။
“လာပါ ခွက်ချင်းတိုက်ရအောင် မမူးမချင်း မပြန်ရဘူး”
“ညီအစ်ကိုတွေ နောက်ထပ် တစ်ခွက်လောက် ထပ်ဖြည့်ပေးစမ်းပါ”
“ဟား ဟား ဘာကိုတစ်ခွက်လဲ သုံးခွက် အနည်းဆုံး သုံးခွက်ပဲ။ မင်းကသာ ငါတို့ အရှင်အမတ်ရဲ့ နောက်ကိုလိုက်ရင် အနာဂတ်မှာ မင်းက ဒီလိုဝိုင်ကောင်း စားစရာကောင်းတွေကို အချိန်တိုင်း စားသောက်နိုင်လိမ့်မယ်။ ဒါက ပျော်ရွှင်မှုပဲလေ”
“ဟုတ်တယ် ဒီလောက်ထူးချွန်ပြောင်မြောက်တဲ့ သိုင်းတွေကို ဒီလိုတောင်တန်း နေရာမျိုးမှာ မဖြုန်းသင့်ဘူး။ ငါတို့နဲ့ လိုက်ခဲ့ပြီး လောကကို အုပ်စိုးလိုက်စမ်းပါ။ ယောက်ျားကောင်းက လုပ်ရဲရတယ်”
“ဟား ဟား ဒါက တိုက်ခိုက်ရင်းနဲ့ မိတ်ဆွေဖြစ်သွားတယ်ဆိုတဲ့ ဆိုရိုးစကားတိုင်း ဖြစ်လောက်တယ်။ အမှန်တိုင်းပြောရရင် ငါတို့လည်း စမ်းသပ်ကြည့်ချင်ပါတယ်။ ဒါပေမဲ့ ဒီရွာရဲ့ စည်းမျဉ်းကလည်း ရှိနေတော့ မငြင်းဆန်နိုင်ဘူးလေ။ ဒါပေမဲ့ ရွာလူကြီးကိုယ်တိုင်က သဘောတူလိုက်ပြီဆိုကတည်းက အားလုံး အဆင်ပြေသွားပြီ။ မင်းငါ့ကို လိုချင်ရင် ငါက အခုချက်ချင်းပဲ စာရင်းသွင်းပေးမယ်”
“ဟာ ဟား ဒါမှ ယောက်ျားကောင်းပဲ နောက်တစ်ခွက်”
.....
ကွင်းပြင်ထဲတွင် စစ်သည်တော်များက ရွာသားများနှင့် အတူပေါင်းကာ သောက်စားနေကြသည်။
သူတို့ကြားမှ အကန့်အသတ်များက ပျောက်ကွယ်သွားပြီး လေထဲတွင် အောင်ပွဲခံသံများ အော်ဟစ်သံများကသာ တည်ရှိတော့သည်။
အခန်း(၇၁၃)
အိမ်မက်များနှင့်အတူ ရှေ့ဆက်မယ်
“တကယ်ကို လေးစားစရာပါပဲ အရှင်အမတ်ရယ် ကျွန်တော်တို့ စစ်သည်တော် စုဆောင်းတဲ့ တာဝန်က ပြဿနာ မရှိနိုင်ပါဘူး”
ကွင်းပြင်ထဲရှိ ဝမ်ချောင်၏ ဘေးနားတွင် ထိုင်နေသည့် နှစ်မီတာကျော်မြင့်သည့် လီစစ်ယဲ့ထံမှ ခပ်တိုးတိုး ရယ်သံက ထွက်လာသည်။ သူက ရယ်သံများ ထွက်နေသည့် မီးပုံဘေးပတ်ဝန်းကျင်မှ စားသောက်ပွဲကြီးကို ကြည့်နေရင်း ဝမ်ချောင်ကိုယ်တိုင်ကလည်း အစစ်အမှန် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
လီစစ်ယဲ့က ဝူရှန်းမှ အင်အားကို ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာရခဲ့သည်။ သူက အရှေ့ထွက်ပြီး ဝု့စ်သံမဏိဓားကို သုံးခဲ့သည့်တိုင်အောင် ဝူရှန်း၏ အခြေအနေကို မပြောင်းလဲနိုင်ခဲ့ချေ။ အမှန်တိုင်းဆိုရသော် သူ့ထက်ပို၍ အင်အားကြီးမားသော တစ်စုံတစ်ယောက် ဆိုလျှင်လည်း ဝူရှန်းကို သိမ်းသွင်းရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ထိုလူများ၏ အင်အားက ရွာတစ်ရွာဆိုသည်ထက် တပ်ရင်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းကြီးတစ်ခုပင် ဆို၍ရနေသေးသည်။
သို့သော် လီစစ်ယဲ့အနေနှင့် မမျှော်လင့်ထားသည်မှာ သူတက်နိုင်သမျှ အားလုံးလုပ်ပြီး စိတ်ဓာတ်အကျဆုံး အခြေအနေ အနေအထား ရှုံးနိမ့်သွားပြီဟု လက်ခံလိုက်သော အနေအထားမျိုးတွင် ဝမ်ချောင်က ရုတ်တရက် အားအင်အများအပြား စိုက်ထုတ်ခြင်းမပြုဘဲ ဒီပြဿနာကို ဖြေရှင်းပေးလိုက်နိုင်ခြင်းဖြစ်သည်။ အစပိုင်းတွင် ဝူရှန်းရွာလူကြီးက မည်သို့ ရှေ့ထွက်လာပြီး ဝမ်ချောင်ကို မည်သို့ ကိုယ်တိုင်ကိုယ်ကျ ငြင်းဆန်ခဲ့ကြောင်း သူက မှတ်မိနေသေးသည်။
သို့သော် ရုတ်တရက် အပြောင်းအလဲက ဖြစ်ပေါ်လာသည်။ သူက ဝမ်ချောင်၏ စစ်သည်တော်များ စုဆောင်းမည်ဆိုသည့် တောင်းဆိုမှုကို လက်ခံပေးခဲ့ရုံသာ မကသေးလေဘဲ ယခုဆိုလျှင် မီးပုံဘေးတွင် အဖွဲ့အစည်း နှစ်ခုမှ လူများက ရောထွေးကာ သောက်စား ပျော်ပါးနေကြပြီဖြစ်သည်။ ယခုလို ပြောင်းလဲသွားသော အခြေအနေက မယုံနိုင်စရာကောင်းလွန်းနေသည်။
သူက ဝမ်ချောင်နှင့် အတူရှိသော အချိန်က ကြာလာလေလေ လီစစ်ယဲ့အနေနှင့် ဝမ်ချောင်က မည်မျှပင် လုပ်နိုင်စွမ်းအား ရှိလာကြောင်း ယုံကြည်လက်ခံလာလေလေ ဖြစ်လာသည်။
ဒီလောကတွင် ဝမ်ချောင်က မလုပ်နိုင်သော ကိစ္စဟူ၍ပင် မရှိလောက်သလို ထင်ရသည်။ ထို့ကြောင့် အနောက်တောင်ပိုင်းက စစ်ပွဲအတွက်ပင်ဖြစ်စေ၊ ဝူရှန်းရွာကိစ္စ အတွက်ပင်ဖြစ်စေ သူက အားလုံးကို ဖြေရှင်းပြနိုင်ခဲ့သည်။ သူ၏ လုပ်နိုင်စွမ်းအားများတွင် အကန့်အသတ်ပင် မရှိနေတော့ဟု ခံစားမိလာသည်။ လီစစ်ယဲ့အနေနှင့် ဒီလောကတွင် ဝမ်ချောင်ကို ဒုက္ခပေးနိုင်သော ပြဿနာဟူ၍ မရှိတော့ဟုပင် တွေးမိလာသည်။ သို့သော် လီစစ်ယဲ့ကို ပို၍ အလေးစားစေဆုံးသော ကိစ္စဟာ ဝမ်ချောင်က ဒီခရီးတွင် စားနပ်ရိက္ခာများကို အပြည့်သယ်လာခဲ့သော ကိစ္စဖြစ်သည်။
“အရှင်အမတ် ဒီတစ်ခေါက် စားစရာတွေ ယူလာတာက တော်တော်လေးကို ဉာဏ်ပညာရှိတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီကြက်၊ ဘဲ၊ ငါး၊ အမဲသားနဲ့ သိုးတွေက ကျွန်တော်တို့ရဲ့ မနေ့ညက လှုပ်ရှားမှုထက်တောင် ပိုပြီး နေရာယူမယ်လို့ မထင်ထားခဲ့မိတာ အမှန်ပဲ”
လီစစ်ယဲ့က ရိုးသားစွာပြောသည်။
ဝမ်ချောင်၏ တွေးတောစဉ်းစားပုံ နည်းလမ်းက အမြဲတစေ အခြားသူများ တွေးတောကြည့်ရန် ခက်ခဲသော အနေအထားတွင်ရှိသည်။ တိဗက်တောင်ပေါ်ဒေသသို့ ရောဂါကပ်ဘေး ဖြန့်ခိုင်းခြင်း၊ စစ်၏ နောက်ဆုံးသော အခိုက်အတန့်တွင် မာန်ရှဲ့က သိုလှောင်ထားသော ရိက္ခာများရှိရာ ကျီများကို မီးရှို့ခိုင်းခြင်းနှင့် ယခုသူနှင့်အတူ အမျိုးမျိုးသော စားစရာများကိုသယ်ကာ စစ်သည်စုဆောင်းရန် ရောက်လာခဲ့သော ခရီးစဉ် စသော ဆုံးဖြတ်ချက်တိုင်းက အံ့အားသင့်စရာ ကောင်းလွန်းနေခဲ့သည်။
သို့သော် ထိုသို့သော ဆုံးဖြတ်ချက်များကြောင့် ယခုလို အခိုက်အတန့်မျိုး ပေါ်လာခဲ့ကြောင်း ပြန်တွေးမိချိန်တွင် ထူးဆန်းသည်ဟု မခံစားရလောက်ချေ။ သို့သော် အစပိုင်းတွင်မူ ဝမ်ချောင်၏ ဆုံးဖြတ်ချက်များက ထူးဆန်းပြီး အဆက်အစပ်မရှိဟု ထင်ရလောက်သော်လည်း နောက်ဆုံး အရာအားလုံး အဆုံးသတ်ပြီးမှသာ ဝမ်ချောင်က ကြိုတင်တွေးတောကာ လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အားလုံးက နားလည်ကြရသည်။ သူက မည်မျှပင် ကြိုတင်တွေးတောကာ သိမြင်နိုင်ကြောင်း သိရလေလေ အားလုံးက အံ့အားသင့်ရလေလေဖြစ်သည်။ ထိုသို့ဖြင့် သူ၏အနားတွင်ရှိသော လူအများက သူ့အကြောင်း သိလာလေလေ သူ့ကိုပို၍ လေးစားလာလေလေဖြစ်ပြီး ကြမ်းပြင်သို့ ဦးတိုက်မိသည်အထိ သူ့ကို ဂါရဝပြုကာ ခစားချင်လာကြသည်။
ဝမ်ချောင်က ပြုံးသာပြုံးလိုက်သည်။
“ဒီကိစ္စပြီးသွားရင် ငါသံမဏိမြို့ကို သွားဖို့လိုအပ်တယ်။ ဝူရှန်းရွာရဲ့ ကိစ္စကို မင်းနဲ့ပဲ ချန်ထားရစ်ခဲ့တော့မယ်။ ဒါ့အပြင် လူတွေလွှတ်ပြီး ဝူရှန်းရွာကို စားနပ်ရိက္ခာ အမြောက်အများ ပို့ပေးဖို့ အကြောင်းကြားလိုက်ပါ။ ဝူရှန်းရဲ့ ရွာသားငါးသောင်း၊ ခြောက်သောင်းလောက်က ဒီရိက္ခာပမာဏလောက်နဲ့ ကျေနပ်မှာမဟုတ်ဘူး”
“ဒီဗိုလ်ချုပ်က နားလည်ပါတယ်။ ကျွန်တော် ဒီတာဝန်ကို ပြီးမြောက်အောင် သေချာပေါက် လုပ်ပေးမှာပါ”
လီစစ်ယဲ့က ဆုံးဖြတ်ချက်အပြည့်ဖြင့် ပြောသည်။
“အင်း ဒါဆိုရင် ကောင်းပြီ”
သူက လီစစ်ယဲ့၏ ပုခုံးကို ပုတ်လိုက်ပြီးနောက် သူ၏ဝိုင်အိုးကို ကုန်သွားစေလိုက်သည်။ လီစစ်ယဲ့က အံ့အားတကြီး ကြည့်လာချိန်တွင် သူက ဝိုင်ခွက်ကို ပြန်ချပြီးနောက် ကွင်းပြင်၏ ထောင့်တစ်နေရာသို့ လျှောက်သွားသည်။ ထိုနေရာသို့ မီးပုံမှအလင်းက မရောက်ချေ။
ထိုနေရာတွင် ကျောက်ရုပ်ကဲ့သို့ ပုံရိပ်တစ်ခုက ရပ်နေသည်။ သူက ကျောက်တောင်တစ်ခုလိုမျိုး မားမတ်စွာ ရှိနေပြီး အမှောင်ထဲတွင် တိတ်တဆိတ် စောင့်ကြပ်ပေးနေသည်။
“စစ်သည်တော် မင်းရဲ့နာမည်က ဘာလဲ”
ဝမ်ချောင်က အပြုံးနှင့်မေးသည်။
ကျောက်ရုပ်ကဲ့သို့ ပုံရိပ်က ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ ဝမ်ချောင်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ သို့သော် ခပ်မြန်မြန် အကြည့်ပြန်လွှဲသည်။ တခဏခန့် ကြာမှသာ သူက ပြန်ဖြေသည်။
“ကွေ့ဖျောင်းချီ”
“ကွေ့ဖျောင်းချီ နာမည်ကောင်းပဲ မင်းမသောက်ဘူးလား”
“တောင်းပန်ပါရစေ တာဝန်ချိန်မှာ သောက်လို့မရလို့ပါ”
“ဟား ဟား ကောင်းလိုက်တာ စောင့်နေတဲ့အချိန်မှာ သောက်လို့မရဘူး။ ဒါပေမဲ့ မင်းပြီးသွားတဲ့အချိန်မှာ သောက်လို့မရဘူးလို့ ဆိုလိုတာမှ မဟုတ်ဘဲ။ ဒါက ငါအပြင်ကနေ ယူလာတဲ့ ဝိုင်အိုးပဲ။ ယူလိုက်ပါ”
“ဒါက...”
ထိုလူက နောက်ဆုံးတွင် ခေါင်းမော့လာသည်။ သူ၏အကြည့်က အရှေ့မှ လူငယ်ထံ ရောက်သွားချိန်တွင် အံ့အားသင့်မှု၊ စိတ်ရှုပ်ထွေးမှုများ၊ ရောပြွန်းနေကြောင်း ပြလာသည်။ ဝူရှန်းရွာတွင် လူပေါင်းမြောက်များစွာ ရှိသည်။ သို့သော် တစ်ဖက်သူက သူ့ကို အထူးတလည် လာရှာကာ ဝိုင်အိုးလာပေးနေသည်။
ဝမ်ချောင်ကလည်း ထိုလူဟာ တုန့်ဆိုင်းနေသေးကြောင်း မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် မေးလိုက်သည်။
“ဟား ဟား ဝိုင်အိုးကိုယူလိုက်ပါ။ ဒါဆိုရင် ငါမင်းကို မနှောက်ယှက်တော့ဘူး”
“ကောင်းပါပြီ”
ထိုလူက ခပ်တိုးတိုးဖြင့် ပြောပြီးနာက် ဝိုင်အိုးကို လှမ်းယူသည်။ သူက ခေါင်းကို ငုံ့လိုက်ချိန်တွင် မီးပုံမှ အလင်းရောင်မှတဆင့် ဝိုင်အိုးပေါ်တွင် ရေးထားသောစာကို မြင်လိုက်ရသည်။
“အရှင်သခင်ရဲ့ ကြမ်းတမ်းမှု”
ထိုလူက ခေါင်းကို အံ့အားတကြီး မော့လိုက်ချိန်တွင် ဝမ်ချောင်က မရှိတော့ချေ။ သူ၏မျက်နှာတွင် နားမလည်နိုင်သော မျက်နှာထားမျိုးက ပေါ်လာသည်။ ထိုတခဏတွင် မည်သူကမျှလည်း ဝမ်ချောင်၏ မျက်ဝန်းထဲရှိ ရှုပ်ထွေးသော ခံစားချက်များကို မမြင်ရချေ။ အချို့လူများက အရာအားလုံးကို ထပ်လုပ်နိုင်ကြသည်။ အချို့ကိစ္စများကမူ ထပ်မလုပ်နိုင်ကြချေ။
အတိတ်မှာ မင်းနဲ့ငါက ညီအစ်ကိုအရင်းတွေလိုမျိုး အတူတကွ သေအတူရှင်မကွာ ရှိနေကြပြီး အက်ကွဲနေသည့် မြေပြင်ပေါ် ဖြတ်လျှောက်လိုက်ပြီး တိုက်ပွဲတွေဆင်နွဲလို့ လူတွေကို စောင့်ကြပ်ပေးခဲ့တယ်။ ဒါပေမဲ့အခု မင်းနဲ့ငါက တစ်ယောက်ကိုတစ်ယောက် မသိကြသေးဘူး။ ငါမင်းကို မှတ်မိတယ်။ ဒါပေမဲ့ မင်းကငါ့ကို မမှတ်မိဘူး။ ဒီဝိုင်အိုးက ငါတို့နှစ်ယောက်ကြားက ရင်းနှီးမှုကို တဖန်ပြန်လည်ဖော်ပြတဲ့ ကြမ်းတမ်းတဲ့ ဝိုင်တစ်ခွက်ပဲ။ ဒီဝိုင်နဲ့ ငါတို့ရဲ့ရင်းနှီးမှုကို ချိတ်ပိတ်လိုက်ကြမယ်။
အချိန်နဲ့နေရာက မတူတော့ဘူး။ ငါတို့နောက်ပြန်ဆုတ်လို့ မရနိုင်ဘူး။ ဒါပေမဲ့ အိမ်မက်တွေကတော့ တူနေတုန်းပဲ။ ဒါကတင် လုံလောက်တယ်။
ထိုအတွေးများနှင့်အတူ ဝမ်ချောင်က ဝူရှန်းရွာထဲမှ ထွက်ခွာသွားသည်။
.....
ဝူရှန်းရွာနှင့် ခုနှစ်လီ၊ ရှစ်လီခန့် ဝေးကွာသောနေရာက ဝမ်ချောင် အပိုင်စားနယ်မြေ၏ နယ်စပ်နေရာဖြစ်သည်။ ထိုနေရာတွင်မူ မတူသော အခြေအနေတစ်မျိုး ဖြစ်နေသည်။ အကြောင်းမူကား ထိုနေရာတွင် စည်ကားလွန်းနေသည်။
“ဝန်ချီစက် ဘယ်မှာလဲ ဝန်ချီစက်”
“သတိထား ဒီအပိုင်းတွေရဲ့ မတူတဲ့ တည်ဆောက်ပုံတွေကို အာရုံစိုက်ထားဦး။ တစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင် ပုံစံနံပါတ်တွေ ရှိနေတယ်။ မှားပြီးမလုပ်မိစေနဲ့”
“နည်းနည်းပိုမြှင့်လိုက် ထပ်မြှင့်လိုက် ဒီသံမဏိမြို့ရိုးကို နောက်ထပ် တစ်ဆင့်လောက်အထိ ထပ်မြှင့်ဖို့ သတိရနေ။ မဟုတ်ရင် မညီမညာဖြစ်ပြီး အဟကြားတွေ ဖြစ်ကုန်လိမ့်မယ်”
“အရှေ့ဘက်မြို့ရိုးကိုတော့ ပုံစံနေရာချလို့ ပြီးသွားပြီ။ ဆက်သင့်တာတွေ ဆက်လို့ပြီးသွားပြီ။ အလုပ်သမားတွေအားလုံး နားထောင်ကြစမ်း။ တည်ဆောက်တဲ့နေရာကို အားဖြည့်ပေးဖို့ နောက်ထပ် အရည်ဖျော်ထားတဲ့ သံမဏိရည်တွေ ထပ်ပြီးသွန်းလောင်းပေးရမယ်”
“လှေကားတွေကိုလည်း အာရုံစိုက်ထားဦး။ ပြုတ်မကျစေနဲ့ သံမဏိမြို့ရိုးကြီးတွေက တော်တော်လေးကို လေးနေလိမ့်မယ်။ ဒီတော့ အားလုံးပေါင်းပြီး အင်အားသုံး ကြိုးစားရမယ်”
“အဖွဲ့နှစ်၊ အဖွဲ့သုံး၊ အဖွဲ့လေး၊ အဖွဲ့ငါး အားလုံးသွားပြီး နားကြတော့။ အဖွဲ့တစ်ဆယ့်ခုနှစ်၊ တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုး၊ နှစ်ဆယ် မင်းတို့အားလုံးကတော့ အစားဝင်ဖို့ ပြင်ဆင်ကြ။ မြန်မြန် နေရာလဲကြ”
.....
မဟာထန်၏ အမျိုးမျိုးသောနေရာ အမျိုးမျိုးသော ကလန်များမှ ရလာသည့် လုပ်သားအင်အားများနှင့် လူအများက သံမဏိမြို့ရိုးဝန်းကျင်တွင် စုရုံးနေကြသည်။ အားလုံးက မြို့ရိုးပတ်ဝန်းကျင်တွင် အလုပ်လုပ်နေကြသည်။ အုံလိုက်ရှိနေသည်။
ဝမ်ချောင်က ရထားသော အပိုင်စားနယ်မြေက အလွန်ကျယ်သည်။ ပိုးသားလမ်းမှ အနောက်ဘက်သို့သွားသော လွင်ထီခေါင် နယ်မြေတောက်လျှောက်ဖြစ်ပြီး ဘဏ္ဍာရေးရာ ခုံရုံးတော်က ချွင်းချက်တစ်ခု လုပ်ပေးခဲ့ကာ ဝမ်ချောင်၏ အပိုင်စားနယ်မြေကို ပုံမှန်၏ အဆပေါင်းများစွာ ထပ်မြှင့်ပေးခဲ့သည်။ မည်သည့်နည်းနှင့်မဆို ဒါက လူသူရှင်းလင်းသည့် ကဏ္ဍာရသဖွယ် နယ်မြေကြီးဖြစ်သည်။
ဒါကသာ အောင်မြင်စွာ လုပ်နိုင်လျှင် အင်ပါယာခုံရုံးနှင့် အင်ပါယာကြီးအတွက် အကျိုးအမြတ် ရှိလာဦးမည်ဖြစ်သည်။ ထို့ကြောင့် သူတို့က ဒီလောက်ထိ ရက်ရောပေးထားခြင်းဖြစ်သည်။
မြို့တော်ဘက်မှကြည့်ကြည့်၊ အင်ပါယာကြီးဘက်မှကြည့်ကြည့် နှစ်ဖက်လုံးအတွက် ဝမ်ချောင်က ပိုက်ဆံရှာပေးနေခြင်းဖြစ်သည်။
ဝမ်ချောင်ကလည်း ယဉ်ကျေးပြမနေတော့ချေ။ သူက ထိုမြှင့်ပေးလိုက်သော အရွယ်အစားထိယူပြီး မြို့ကို အကန့်အသတ်ထိအောင် ဖြန့်ကျက်ဆောက်သည်။
လက်ရှိမြို့က သူအ့ဟိုင်၏ အနီးတွင် ဆောက်ခဲ့သည့် သံမဏိမြို့ အရွယ်အစား၏ ဆယ်ဆကျော်ခန့်ကျယ်သည်။ ထို့ပြင် ပို၍ကြီးမားခမ်းနားသည့် မြို့ကြီးကို တည်ဆောက်ရာ လုပ်သားအင်အားက အမြောက်အများ လိုအပ်သည်။ ဒီနေရာတွင်ရှိသည့် အလုပ်သမား ငါးသောင်းက ပထမတစ်သုတ်သာလျှင် ဖြစ်သည်။ ဒုတိယတစ်သုတ် ငါးသောင်းက လမ်းတွင်သာ ဖြစ်နေသေးပြီး တတိယတစ်သုတ် စတုတ္ထတစ်သုတ်က ရောက်လာဦးမည်ဖြစ်သည်။
ဒီနေရာတွင် စောင့်ကြပ်ပြီး နေထိုင်သည့် ပမာဏ အလုပ်သမားများအတွက် ထောက်ပံ့ပေးနေရသည့် ရိက္ခာပမာဏ စသဖြင့်တို့အတွက် နောက်ထပ် လူအင်အားသုံးသောင်းနီးပါး လိုအပ်နေသေးပြန်သည်။
ဤပစ္စည်းများကို သယ်ယူပို့ဆောင်ရသည့် လူများ၊ ဒီနေရာဝန်းကျင်ကို စောင့်ကြပ်ပေးနေရသည့် လူများနှင့် အခြားသော လူအင်အားများ အားလုံးပေါင်းလိုက်သော် သံမဏိမြို့ရိုး ဝန်းကျင်တွင် စုရုံးရောက်ရှိနေကြသော လူများက တစ်သိန်းကျော်သွားသည်။ ထိုအရေအတွက်က အလွန်အမင်း ခမ်းနားကာ ကြီးကျယ်လွန်းသည်။ ဆောက်လုပ်ရေး စီမံကိန်းကြီးတစ်ခုကို တည်ဆောက်နေကြခြင်းဖြစ်လေရာ သာမာန်အဖွဲ့အစည်းနှင့် သာမာန် လူတစ်ယောက်လောက်က ပြီးမြောက်အောင် လုပ်နိုင်သည့် အခြေအနေမျိုးဖြစ်သည်။
သို့သော် ဒီသံမဏိမြို့ကြီးက အစီအစဉ်တကျ ဆောက်လုပ်နေခြင်းဖြစ်သည်။ လုပ်သားအင်အားဖြစ်စေ၊ ရိက္ခာပမာဏပင်ဖြစ်စေ၊ အစောင့်များ၊ မြင်းတပ် စသဖြင့် အရာအားလုံးတို့က ပုံမှန်အတိုင်း လည်ပတ်နေပြီး ဆောက်လုပ်ရန်သီးသန့် ထုလုပ်ထားသည့် စက်ကိရိယာ တစ်ခုလိုမျိုး အစီအစဉ်တကျ ရှိနေသည်။ သူတို့က အစီအစဉ်တကျ လှုပ်ရှားကြပြီး အံ့အားသင့်ဖွယ်ကောင်းသော ခမ်းနားသည့် သံမဏိမြို့ကြီးကို တည်ဆောက်နေကြသည်။
ဒီသံမဏိမြို့က ဆောက်လုပ်ဆဲကာလတွင် ရှိနေသေးသည်။ သို့သော် ဒီလောကရှိ လက်မှုပညာသည်များ၊ ဆောက်လုပ်ရေး ပညာရှင်များ အားလုံး၏ အာရုံစိုက်ရာနေရာ ဖြစ်လာကြသည်။ လူအများကဆိုလျှင် ယခုလောက်ထိ ဝေးကွာသော နေရာကြီးထိ လာရောက်ကာ ဒီစီမံကိန်းတွင်မူ ဝင်ပါနိုင်ခြင်းအားဖြင့် သူတို့၏ ခြေရာလက်ရာများကို ဒဏ္ဍာရီလာမြို့ပေါ်တွင် အမှတ်အသား ချန်ရစ်နိုင်ခဲ့ရန် မျှော်လင့်ကြသည်။ ဒီနည်းအားဖြင့် သူတို့၏ နာမည်ကလည်း ဒီစီမံကိန်းကြီးတွင် ပါဝင်သွားမည်ဖြစ်သည်။ ဒါက ထိုလုပ်သားအင်အားတိုင်း၊ ထိုအလုပ်သမားတိုင်း၊ လက်မှုပညာရှင်တိုင်း၏ အကြီးမားဆုံးသော ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
“အရှင်အမတ် အစောပိုင်း အဆင့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေအားလုံးကတော့ ရလာပါပြီ။ မြို့တော်က ပန်းပဲကလန်တွေနဲ့ အခြားစီရင်စုက ကလန်တွေအားလုံးကလည်း ကျွန်တော်တို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေအားလုံးကို ထုတ်လုပ်ပေးဖို့ စဉ်းစားနေကြပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ကို ကူညီပေးနေတဲ့ ဓားဆိုင်နဲ့၊ ပန်းပဲဆိုင်က တစ်သောင်းကျော်နေပါပြီ။ ဒါ့အပြင် ကျွန်တော်တို့အတွက် ဒီလိုအပ်တဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကိုလည်း ဒီလူတွေက သွန်းလုပ်ပေးနေကြပါသေးတယ်။ ဒါ့အပြင် သန့်စင် သံမဏိတုံးတွေရဲ့ အရည်အသွေးကို စမ်းသပ်ဖို့အတွက် ကျွန်တော်က လူတစ်သုတ် စေလွှတ်လိုက်တယ်။ သံမဏိမြို့ရိုးကြီးက အရမ်းကို အရေးကြီးတဲ့ စီမံကိန်းကြီးတစ်ခုဖြစ်လို့ သေးငယ်တဲ့ အမှားအယွင်းကိုတောင် ကျွန်တော်က မဖြစ်မခံပါဘူး”
သံမဏိမြို့၏ ရှုပ်ထွေးနေသော လူအများ ကင်းလွတ်ရာ တစ်နေရာတွင် ကျန်းရှို့ကျစ်က ဝမ်ချောင်ကို ယုံကြည်မှုရှိစွာဖြင့် ရိုးသားစွာ တင်ပြသည်။ သူကလည်း ဒီသံမဏိမြို့အပေါ် အလွန်စိတ်အားထက်သန်နေသလို မျှော်လင့်ချက်လည်း မြင့်မြင့်ထားသည်။
ဝမ်ချောင်က ဝူရှန်းတွင် ရှိနေစဉ်ကာလအတွင်း ကျန်းရှို့ကျစ်က ဒီနေရာတွင် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မပျော်နိုင်ခဲ့ချေ။ သို့တိုင်အောင် သူမောပန်းသည်ဟုလည်း မခံစားခဲ့ရချေ။
“ဒီတစ်ချိန်လုံး ခင်ဗျားကိုပဲ ကျွန်တော် ဒုက္ခပေးရတော့မယ်။ သံမဏိမြို့ တည်ဆောက်တဲ့ကိစ္စက အစောတလျင် လုပ်ဆောင်ဖို့လိုအပ်တယ်။ မြန်မြန်ပြီးမှဖြစ်မယ်။ ရှည်ကြာတဲ့ညက အိမ်မက်ပေါင်း များစွာကို ပေါ်ထွက်လာစေနိုင်တယ်။ ဒီနေရာက မြေမျက်နှာသွင်ပြင် အနေအထားက ရှုပ်ထွေးတယ်။ ဒီတော့ ဒီမြေမျက်နှာသွင်ပြင် တည်ဆောက်နိုင်မှပဲ ခြေကုပ် ခိုင်မာလိမ့်မယ်”
ဝမ်ချောင်က ကျောနောက်သို့ လက်ကိုယှက်လျှက် မြို့ရိုးထံ လမ်းလျှောက်နေရင်း ကျန်းရှို့ကျစ်ကို ပြောလိုက်သည်။
“နားလည်ပါပြီ ကျွန်တော်တို့ကလည်း အခုတလော ကျွန်တော်တို့ကို စောင့်ကြည့်နေတဲ့လူတွေ များသထက်များလာတာကို သတိထားမိပါတယ်။ သူတို့က အနားတောင် မယူကြဘူး။ နေ့ရောညပါ ရောက်ရှိနေကြပါတယ်။ ဒီတော့ ဒီပတ်ဝန်းကျင်ကို ပတ်တယောင်လှည့်ဖို့ စစ်သည်တော်တွေရဲ့ အရေအတွက်ကို ကျွန်တော် တိုးမြှင့်ထားတယ်။ ဒါကြောင့် ဒီသူလျိုတွေက မချဉ်းကပ်လာရဲပါဘူး”
ကျန်းရှို့ကျစ်က အစောတလျှင်ပြောသည်။ သူတို့နှစ်ယောက် စကားပြောနေချိန်တွင် လေထဲတွင် စူးရှသည့် အော်သံက ထွက်ပေါ်လာသည်။ ဝမ်ချောင်နှင့် ကျန်းရှို့ကျစ်တို့က ခေါင်းမော့ကာ ကြည့်လိုက်သောအခါ အလွန်မြင့်မားသော ကောင်းကင်ထက် တစ်နေရာတွင် တောင်ပံဖြန့်ကာ ပျံသန်းနေသည့် သေးငယ်သည့် အနက်ရောင် အစက်တစ်စက်ကို မြင်လိုက်ရသည်။ ထိုငှက်က သံမဏိမြို့ရိုးပေါ် ပျံသန်းသွားသည်။ ထို့နောက် တဖန် ပြန်လည်ဝိုင်းပတ်ကာ ပြန်ရောက်လာသည်။
ကောင်းကင်သို့ ဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင် ပို၍မြင့်မားကာ များပြားသော အနက်ရောင် အစက်များက ဒီမြို့ရိုးပတ်ပတ်လည်တွင် ပျံသန်းနေကြကြောင်း မြင်နေရလေသည်။
နောက်ထပ် စူးရှသော အော်သံက ထွက်လာသည်။ နောက်ထပ် မျိုးစေ့မတူသော ငှက်များက ပေါ်လာကြပြန်လေပြီ။
ဂရုတစိုက် စစ်ဆေးကြည့်မည်ဆိုလျှင် လေထဲတွင် ကြည့်နေကြသည့် ငှက်အမျိုးအစားပေါင်း မတူညီသော ငှက်မျိုးစိတ်ပေါင်း ခြောက်ဆယ်၊ ခုနှစ်ဆယ်ခန့် ရှိနေကြသည်။ အကြမ်းဖျင်း တစ်ချက်ကြည့်ရုံဖြင့်ပင် ဝမ်ချောင်က ဒါက အနောက်ပိုင်းနယ်မြေများဖြစ်သည့် တူရကီမှ အမဲလိုက်ခွက်၊ ဂိုဂူလျော၏ သိန်းငှက်၊ တိဗက်များ၏ စွန်ရဲ၊ စသဖြင့် အမျိုးမျိုးသော တိုင်းပြည်များမှ စေလွှတ်လိုက်သည့် သားရဲငှက်ကြီးများ ဖြစ်နေကြောင်း သိလိုက်ရသည်။
အခန်း(၇၁၄)
သံမဏိမြို့ (၁)
“ကြည့်ရတာ ငါတို့တည်ဆောက်နေတဲ့မြို့ကို စောင့်ကြည့်နေတဲ့လူတွေ ရှိနေတာပဲ ဟွန်”
ဝမ်ချောင်က ကောင်းကင်သို့ မော့ကြည့်လျှက် ခပ်ညစ်ညစ်ပြုံးသည်။
“ဒီစောင့်ကြည့်နေတဲ့ ငှက်တွေတင်မကဘူး။ ပထမဦးဆုံး နေ့ကတည်းက ရောက်လာတဲ့ တိုင်းတစ်ပါးသား မျိုးနွယ်ခြားတွေရဲ့ အရေအတွက်၊ တူရကီ၊ တိဗက်၊ အာရပ်၊ ဂိုဂူလျောတို့ထက် အရေအတွက်က တော်တော်လေးများတယ်။ ဒီပိုင်နက်နယ်မြေ ဝန်းကျင်မှာ ပေါ်လာတဲ့ သူတို့ရဲ့ လူမျိုးစုတွေကဆိုရင် ရေတွက်လို့တောင် မရနိုင်တော့တဲ့အထိပဲ။ သူတို့ကတော့ သူတို့ကိုယ်သူတို့ အခြား တိုင်းတစ်ပါးသားကလာတဲ့ ကျောက်ရတနာ ကုန်သည်တွေ၊ မြင်းစီးဓားမြတွေ ဒါမှမဟုတ် အာရပ်တွေရဲ့ လက်နက်ကုန်သည်တွေလို ကောင်းကောင်းဖုံးကွယ်ထားနိုင်တယ်လို့ ထင်ထားကြလောက်ပေမဲ့ ကျွန်တော်တို့အားလုံးက သူတို့က ဘာတွေဆိုတာကို သိနေတာလေ။ ဒါ့အပြင် သူတို့က ဒီနေရာမှာ အထူးတလည်တောင် စောင့်ကြည့်ပြီး စုံစမ်းစစ်ဆေးနေကြသေးတယ်။ ကျွန်တော်တို့ တစ်သုတ်ပြီးတစ်သုတ်ကို ဆက်တိုက် မောင်းထုတ်နေခဲ့ပေမဲ့ သူတို့က လာနေကြတုန်းပဲ”
ကျန်းရှို့ကျစ်က ပြောနေရင်းမှ စိုးရိမ်တကြီး အဝေးသို့ ကြည့်လိုက်သေးသည်။
ကျန်းရှို့ကျစ်၏ အကြည့်လားရာဘက်သို့ လိုက်ကြည့်လိုက်သော် ဝမ်ချောင်၏ မျက်နှာအမူအရာက တည်ငြိမ်နေသေးသည်။ မျှော်လင့်ထားသည့်အတိုင်း လီပေါင်းများစွာ ကွာဝေးသော တစ်နေရာတွင် တောင်ကုန်းလေး တစ်ခုပေါ်တွင် ရပ်လျှက် ကြည့်နေသော ပုံရိပ်အချို့ကို မြင်နေရသည်။
“အရှင်အမတ် ဘာလို့ ကျွန်တော်တို့တွေ တပ်ဖွဲ့တွေ စုစည်းပြီး ဒီလူတွေကို မောင်းမထုတ်ရမှာလဲ”
“ဟား ဟား မလိုဘူး”
ဝမ်ချောင်က လွတ်လပ်ပေါ့ပါးသော မျက်နှာထားမျိုးဖြင့် ပြောသည်။ သူကလက်ကို ယမ်းလိုက်သေးသည်။
“လူတစ်ယောက်က မြို့တည်ဆောက်တဲ့အခါ လူတွေက တည်ဆောက်တဲ့မြို့ရဲ့ ပုံစံကိုကြည့်ဖို့ လာကြတယ်။ ဒီလိုလူတွေကို သတ်လို့တော့ ဘယ်ရပါ့မလဲ။ တိဗက်၊ တူရကီ၊ အာရပ်နယ် စတဲ့ဒီလူတွေက ဆန္ဒရှိသလို သတင်းယူဖို့ ကင်းထောက်တွေကို တစ်သုတ်ပြီးတစ်သုတ် စေလွှတ်နေဦးမှာပဲ။ ဒီတော့ ဒီတိုင်း နေခိုင်းလိုက်ပါ”
ဝမ်ချောင်၏ အမူအရာက တည်ငြိမ်နေသည်။ သူ၏ မျက်နှာအမူအရာကလည်း ယုံကြည်မှုအပြည့် ရှိနေသလို ဖြစ်နေသည်။ ခေါင်းပေါ်မှငှက်များ၊ ပတ်ဝန်းကျင်အနှံ့ ရှိနေသော လူကင်းထောက်များက များပြားလွန်းလှလေရာ ခြင်များနှင့် ရန်ဖက်ဖြစ်သလို ဖြစ်နေပေလိမ့်မည်။ သူက ဒီနေရာတွင် မြို့တည်ဆောက်ရဲကတည်းက ဒီမြို့အကြောင်း လာရောက်စုံစမ်းမည့် လူများကို ကြောက်နေ၍ မရတော့ချေ။
“ဒါပေမဲ့ အရှင်အမတ် ကျွန်တော်မှာ ပြောသင့်လား မပြောသင့်လား မသိတဲ့ သတင်းအနည်းငယ် ရှိနေပါတယ်”
ကျန်းရှို့ကျစ်က တုန့်ဆိုင်းသွားသည်။
“ျ”
ဝမ်ချောင်၏ မျက်ဝန်းအတွင်း အလင်းရောင် ဖြတ်ကနဲ လက်သွားပြီးနောက် သူကကျန်းရှို့ကျစ်ကို လှည့်ကြည့်လိုက်သည်။ ကျန်းရှို့ကျစ်နှင့် အချိန်အများအပြား အတူရှိနေပြီးနောက် တစ်ဖက်သူနှင့်အတူ သေရေးရှင်ရေး ကိစ္စများကို ကျော်ဖြတ်ပြီးသည့်အခါ ကျန်းရှို့ကျစ်က အမြဲတစေ တည့်တိုးပြောတတ်သော ဖြောင့်မတ်သည့် လူတစ်ယောက်ဆိုသည့် အမြင်ကို ထုတ်ပေးနိုင်ခဲ့သည်။ သူကယခုလို စိုးရိမ်မှုများဖြင့် တုန့်ဆိုင်းနေသော အခြေအနေမျိုး မပြခဲ့ဖူးချေ။
“ဘာဖြစ်လို့လဲ ခင်ဗျားက ငါ့ရှေ့မှာတောင် မပြောရဲတဲ့ကိစ္စ ရှိနေတာလား”
“ကျွန်တော်တို့တွေ တိဗက်၊ အာရပ်၊ တူရကီတွေကို ဘေးဖယ်ထားလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးကို မျှော်လင့်ထားတဲ့ အတိုင်းပဲလေ။ နောက်ပြီး ကျွန်တော်တို့ရဲ့ နေရာကလည်း ထူးခြားတယ်။ ဒီတော့ ဒီလူတွေဘက်က လှုပ်ရှားလာတာက ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ကာလအတွင်းမှာ ပေ့ထင်၊ အန်းရှီ၊ ချီရှီနဲ့ လုံရှီတို့ဆီက ကင်းထောက်တွေ ရောက်လာတာကို ကျွန်တော်တို့ ရှာတွေ့ထားတယ်။ အရှင်အမတ် ဒါက ကျွန်တော်တို့အတွက် မကောင်းဘူး”
ကျန်းရှို့ကျစ်ကပြောသည်။ သူ၏မျက်နှာတွင် စိုးရိမ်မှုက အထင်းသားရှိနေသည်။
ပေ့ထင်ကာကွယ်ရေးစစ်တပ်၊ အန်းရှီကာကွယ်ရေးစစ်တပ်၊ ချီရှီကာကွယ်ရေးစစ်တပ်နှင့် လုံရှီ၏ ကြီးမားသော ထယ်စစ်တပ်ဟာ ... မဟာထန်မှ လူများကသာ ထိုနာမည်များ၏ အဓိကအဓိပ္ပာယ်ကို နားလည်ကြပေလိမ့်မည်။
ဝမ်ချောင်က အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ဆက်တိုက် နာမည်ကြီးလာပြီး တိုင်းတစ်ပါး တိုင်းပြည်များ၏ အာရုံကို အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် ပေ့ထင်၊ အန်းရှီ၊ ချီရှီနှင့် လုံရှီတို့က လူလွှတ်လာသည့်အခါ မကောင်းသော ရည်ရွယ်ချက် ရှိနေမည်မှာ သေချာသည်။
ဝမ်ချောင်၏ မျက်မှောင်ကလည်း အနည်းငယ် ကျုံ့သွားသည်။ သူက ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။
ပေ့ထင်က အန်းစစ်ရွှမ်၊ အန်းရှီက ကောင်းရှန်းကျစ်၊ ချီရှီက ဖုမန်လင်းချာနှင့် လုံရှီက ခဲ့ရှု့ဟန်တို့ဖြစ်သည်။ ထိုလူများက အင်ပါယာထဲတွင် စစ်တပ်ပိုင်းဆိုင်ရာဖြစ်စေ၊ တော်ဝင်ခုံရုံးအရာဖြစ်စေ အာဏာအလွန် ကြီးမားသည့် မဟာဗိုလ်ချုပ်ကြီးများ ဖြစ်ကြကာ သူတို့ကလည်း လွှမ်းမိုးနိုင်စွမ်းအား မြင့်မားသည်။
သာမာန်လူတစ်ယောက်က ထိုပုဂ္ဂိုလ်များထဲမှ တစ်ယောက်၏ အာရုံကိုရရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် ဝမ်ချောင်က လူလေးယောက်လုံး၏ အာရုံကို တစ်ချိန်ထဲတွင်ပင် ဆွဲဆောင်လိုက်မိသည်။
ယခင်တစ်ခေါက် မတော်တဆမှုအကြောင်း တွေးမိသည်နှင့် ဝမ်ချောင်က နားလည်သွားသည်။ ထိုမဟာဗိုလ်ချုပ်ကြီး လေးယောက်လုံးက ကိုယ်ပိုင် ပိုင်နက်နယ်မြေများကို ထိန်းသိမ်းထားပြီး အချင်းချင်း ကိုယ်ရေးကိုယ်တာအရ ကိုင်တွယ်ဖြေရှင်းခဲသည်။ အမှန်တိုင်းဆိုရသော် အင်ပါယာကလည်း ထိုမျှအင်အားကြီးမားသော မဟာဗိုလ်ချုပ်ကြီးများကို ကိုယ်ရေးကိုယ်တာအရ သီးသန့် မဆက်သွယ်အောင် တားမြစ်ထားလေသည်။ တားမြစ်မှုက ကြမ်းတမ်းနိုင်သေးသည်။
သို့တိုင်အောင် ထိုအင်အားစု လေးခုလုံးက တူညီသော အမူအကျင့်များကို ဝေမျှထားကြသည်။ ယခင်တစ်ခေါက် မတော်တဆမှုတွင် ဝမ်ချောင်က တင်သွင်းခဲ့သည့် မှတ်တမ်းက လူတိုင်းကို ရန်စမိသလို ဖြစ်သွားသည်။ အပြန်အလှန်အနေဖြင့် ထိုလေးယောက်လုံးက မှတ်တမ်းများ တင်သွင်းကာ ဝမ်ချောင်ကို သုတ်သင်ရန် တောင်းဆိုခဲ့သည်။ ဒီနည်းအားဖြင့်သူက တော်ဝင်အကျဉ်းထောင်ထဲသို့ ရောက်စေခဲ့ခြင်းဖြစ်သည်။
သူတို့က အခွင့်အရေးကို စောင့်ဆိုင်းပြီး ရန်ငြိုးကို ဖြေရှင်းချင်နေခြင်းဖြစ်သည်။ ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။
ယခင်တစ်ခေါက် မတော်တဆမှုတွင် သူက မြို့တော်နှင့် အဝေးတစ်နေရာတွင် ရှိနေခဲ့ပြီး ကလန်က ကာကွယ်ပေးထားခဲ့သည်။ ခဲ့ရှု့ဟန်ပင်ဖြစ်စေ၊ ဖုမန်လင်းချာကဲ့သို့သော မဟာဗိုလ်ချုပ်ကြီးများကပင် သူ့ကို မဖမ်းနိုင်ခဲ့ချေ။ ယခုမူ မတူတော့ချေ။ ဝူရှန်းရှိနေပြီး အပိုင်စားနယ်မြေကို တည်ဆောက်ထားနိုင်သလို ထိုအဖွဲ့အစည်း လေးခုလုံးကလည်း ဒီမြို့ကို အာရုံစိုက်လာကြသည်။ ထိုလေးယောက်၏ စိတ်နေသဘောထားအရ သူတို့ကသူ့ကို သူတို့၏ မျက်စိအောက်တွင် ဒီတိုင်း မြို့တည်ဆောက်ခွင့် ပြုလိုက်မှသာ ထူးဆန်းနေပေတော့မည်။
ဝူရှန်းက ပိုးသားလမ်းနှင့် နီးသော်လည်း မြေမျက်နှာသွင်ပြင် အနေအထားက ထူးခြားသည်။ ဘယ်ဘက်ခြမ်း လီရာပေါင်းများစွာ အကွာက တိဗက်တောင်ပေါ်ဒေသ အစွန်အဖျားပိုင်းရှိ တိဗက်၏ သံချပ်ကာမြင်းတပ်က အချိန်မရွေး ဆင်းသက်လာနိုင်ချေမြင့်သည်။
အရှေ့မြောက်ပိုင်း ငါးရာလီခန့်အကွာဟာ အနောက်ပိုင်း တူရကီ ခါကာနိတ်များ၏ နယ်စပ်ဖြစ်သလို Ishbarathagan(1)၏ ပိုင်နက်နယ်မြေလည်း ဖြစ်သည်။ လီငါးရာအကွာတွင် ရှိနေသော်လည်း ဒါက မြင်းတပ်တစ်ခုအတွက် ထူးခြားသော အကွာအဝေး မဟုတ်သေးချေ။
တစ်စုံတစ်ယောက်ကသာ ပိုးသားလမ်းမှတဆင့် အနောက်မြောက်ပိုင်းသို့ ဆက်သွားလိုက်မည်ဆိုလျှင် အန်းရှီကာကွယ်ရေး စစ်တပ်ဆိုသည့် အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်က အုပ်စိုးသော နေရာသို့ ရောက်သွားပေလိမ့်မည်။ ဒီလမ်းက အလွန်အမင်း အရေးကြီးသည်။ ပိုးသားလမ်းပေါ်တွင် မြို့တည်ဆောက်သည်ဆိုသော ကိစ္စက အဖွဲ့အစည်းတိုင်း၏ အာရုံကို ရရှိသည်မှာ ပုံမှန်သာ ဖြစ်နေသေးသည်။
တော်ဝင်ခုံရုံးက ဒီနေရာတွင် ချီရှီကာကွယ်ရေးစစ်တပ်ကို တည်ဆောက်စေခဲ့သည်မှာ အနောက်ပိုင်း တူရကီ ခါကာနိတ်ကို ခုခံရန်နှင့် ယွီစန်းအင်ပါယာကို ကိုင်တွယ်ရန်ဖြစ်သည်။ တူရကီများက အရှေ့ဘက်ပိုင်းတွင်ရှိပြီး ယွီစန်းက အနောက်ဘက်ပိုင်းတွင်ရှိသည်။ အန်းရှီ၊ ပေ့ထင် ကာကွယ်ရေးစစ်တပ်များ၏ အထောက်အပံ့အပြင် လုံရှီ၏ ထယ်ကြီးစစ်တပ်၏ ခုခံမှု၊ ချီရှီကာကွယ်ရေးစစ်တပ်၏ ခုခံမှုတို့ကြောင့် ဒီပိုးသားလမ်းတို့၏ ကုန်သွယ်လမ်းကြောင်း တောက်လျှောက်ကို ကာကွယ်နိုင်စွမ်းအား ရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော် ဝမ်ချောင်က တိုက်ဆိုင်စွာဖြင့် ဒီနေရာဝန်းကျင်တွင်ရှိသော ထိုကာကွယ်ရေး စစ်တပ်၏ ကာကွယ်ရေး ဗိုလ်ချုပ်တိုင်းကို ရန်စမိထားသည်။
ထို့ကြောင့် ထိုလူများက ဝမ်ချောင်က ဒီနေရာတွင် မြို့တည်ဆောက်သည့် အတောအတွင်း လှည့်ကွက်များ မလုပ်လာမှသာ ခက်ခဲပေလိမ့်မည်။
တိဗက်များ၊ တူရကီများ လာရောက်တိုက်ခိုက်မည်ဆိုလျှင် သူတို့က လာရောက်ကူညီရန်ပင် ခက်ခဲလောက်သည်။ ပြတ်သားစွာ ပြောရမည်ဆိုလျှင် ထိုကာကွယ်ရေးဗိုလ်ချုပ်များက တိဗက်နှင့် တူရကီများ ဒီနေရာသို့ ရောက်လာရန်ပင် ကူညီပေးလောက်ကြသေးသည်။ မည်သို့ပင်ဆိုစေ ခုခံအားလှိုင်းက အလွန်ရှည်နေသည်။ ထို့ကြောင့် သူတို့က သတိမထားမိဘဲ လစ်ဟင်းသွားသည်ဟု ဆို၍ရသည်။ ထိုပြဿနာများကို ဝမ်ချောင်က စဉ်းစားထားပြီးသားဖြစ်သည်။
“စိတ်အေးအေးထားပါ ပြဿနာကြီးတော့ မဖြစ်လာနိုင်ပါဘူး”
ကျန်းရှို့ကျစ်ကို အံ့ဩစေသည်မှာ ဝမ်ချောင်က ပြုံးရုံသာပြုံးပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခြင်းဖြစ်သည်။
“ငါတို့က ဝူရှန်းမှာ မြို့တည်ဆောက်ရဲတယ် ဆိုကတည်းက သေချာပေါက် ပြင်ဆင်ထားတာပေါ့။ အခုအချိန်မှာ သံမဏိမြို့က အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပြီး ငါက သိပ်မကြာခင်က အမတ်ဖြစ်လာတယ်ဆိုတော့ လူတိုင်းက ဒီကိစ္စကို အာရုံစိုက်နေကြလိမ့်မယ်။ ခဲ့ရှု့ဟန်၊ ကောင်းရှန်းကျစ်၊ ဖုမန်လင်းချာနဲ့ အန်းစစ်ရွှမ်းတို့မှာသာ အကြံရှိနေရင်တောင်မှ သူတို့ အခုအချိန်မှာ မလှုပ်ရှားရဲသေးဘူး။ လှုပ်ရှားဖို့က ဖြစ်မှ မဖြစ်နိုင်သေးတာ။ သူတို့အားလုံးက မဟာဗိုလ်ချုပ်တွေပဲ။ သူတို့ စောင့်ကြပ်နေရတဲ့ နေရာ အတိုင်းအတာရှိသလို သူတို့ရဲ့ မြင်နိုင်စွမ်းအားက မြင့်မားပြီးသားပဲ။ ဒီတော့ ဒီလို ကလေးအကွက်တွေ ကလေးတစ်ယောက်လုပ်တဲ့ အမှားမျိုးတွေကို သူတို့က မလုပ်ရဲဘူး။ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး”
“သူတို့ဘယ်လောက်ပဲ မသက်မသာဖြစ်ဖြစ် အခုအချိန်ကာလ အတောအတွင်းမှာတော့ ငါတို့ရဲ့ ပတ်ဝန်းကျင် နယ်စပ်တွေကို ကာကွယ်ပေးနေရဦးမှာပဲ”
အဆင့်အတန်း မြင့်မားလာခြင်းဟာ အကျိုးများသည်။ သို့သော် အလားတူ ပြဿနာလည်းပါသည်။ ကောင်းရှန်းကျစ်၊ ခဲ့ရှု့ဟန်၊ ဖုမန်လင်းချာနှင့် အန်းစစ်ရွှမ်းတို့က အဆင့်အတန်းမြင့်သော အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများဖြစ်သလို အထက်တန်းလွှာ အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သို့တိုင်အောင် သူတို့က လွတ်လပ်စွာဖြင့် စိတ်ထင်ရာလုပ်နိုင်သည်ဟု မဆိုလိုချေ။ သူတို့လှုပ်ရှားမှုတိုင်းကို လူတိုင်းက စောင့်ကြည့်နေကြသည်။ သူတို့မလုပ်နိုင်သော ကိစ္စပေါင်း မြောက်များစွာ ရှိနေသေးသည်။ အနည်းဆုံး ပေါ်ပေါ်ထင်ထင် မလုပ်နိုင်ကြချေ။
“ဒါ ဒါက တကယ်ပဲ ဒီလိုဖြစ်နေတာပဲ”
ကျန်းရှို့ကျစ်က ခေါင်းညိမ့်သည်။ သူကလည်း တော်ဝင်နန်းတွင်းမှ ဆရာသခင် ဗိသုကာပညာရှင် ဖြစ်သည့်အလျောက် အရာရှိပေါင်း မြောက်များစွာ၊ အထက်တန်းလွှာ မြောက်များစွာနှင့် ပြောဆိုဆက်ဆံခဲ့ဖူးသည်။ ထို့ကြောင့် ခုံရုံးဆိုင်ရာ မူဝါဒများ၏ ဆက်နွယ်မှုကို အနည်းအကျဉ်းတော့ဖြင့် သိထားသည်။ ထို့ကြောင့် ဝမ်ချောင်၏ ဆိုလိုရင်းကိုလည်း နားလည်လိုက်သည်။
ထိုမဟာဗိုလ်ချုပ်များက ဝမ်ချောင်ကို မည်မျှပင် မုန်းတီးကာ ကိုင်တွယ်ချင်နေစေကာမူ အားလုံးကို အစိုင်အခဲလို မြိုသိပ်ထားရတော့ပေမည်။ ထိုအရာသာမကသေးလေဘဲ သူတို့က နည်းလမ်းတစ်ခုရှာကာ သူတို့ကို ကိုင်တွယ်ရဦးမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဝမ်ချောင် တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက သူတော်စင်ဧကရာဇ်က သူတို့ကိုသာ အပြစ်တင်ပေလိမ့်မည်။ ထို့ပြင် ပတ်ဝန်းကျင်တွင်လည်း ဝမ်ချောင်၏ ဒီအပိုင်စားနယ်မြေနှင့် ပတ်သတ်သမျှကို စောင့်ကြည့်နေသော လူအများက မရေမတွက်နိုင်အောင် ရှိနေသည်။
“ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ ဒါက အစပိုင်းအတွက်ပဲ။ ကျွန်တော်တို့ရဲ့မြို့က ဝူရှန်းမှာရှိနေတယ်။ ဒါက သူတို့ရဲ့အပိုင်ဖြစ်နေတယ်။ အချိန်ကြာလာတဲ့အခါ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
ကျန်းရှို့ကျစ်ကပြောသည်။
ပိုးသားလမ်းက ရှည်လျားသည်။ အလွန်အမင်း ရှည်လျားလွန်းသည်။ ဝမ်ချောင်က ကြုံရာနေရာကို ရွေးချယ်လိုက်သော်လည်း လုံခြုံသည်ဟု ဆို၍မရသေးချေ။ ပိုးသားလမ်း၏ ကုန်သည်လှမ်းတန်းက ဝေးကွာလွန်းသော လူသူရှင်းသည့် ကန္တရလိုနယ်မြေမျိုးကို ကျော်ဖြတ်ကာ ခရီးဆက်လာရသည့်အတွက် အခြားသော အနားယူစရာ နေရာမရှိ၍သာ ဒီနေရာကို ရွေးချယ်ကာ အနားယူကြခြင်းဖြစ်သည်။ တိုက်ဆိုင်စွာဖြင့် ဝမ်ချောင်၏ မြို့ကလည်း ထိုကုန်သည်လှည်းတန်း၏ သဘောကျနှစ်ခြိုက်မှုကို ရယူလိုလျှင် သူက အခြားသောမြို့၊ရွာများနှင့် နီးကပ်၍မရချေ။ ထို့ကြောင့် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော နေရာက နည်းပါးသည်။ ထိုနေရာများထဲမှ ဝူရှန်းက အကောင်းဆုံးနေရာ ဖြစ်နေခဲ့ခြင်းဖြစ်သည်။
ပထမဦးဆုံး တစ်ချက်အနေနှင့် မြို့တော်နှင့် အလွန်ဝေးကွာသည်။ ဆိုလိုသည်မှာ ကုန်သည်လှည်းတန်းက ဒီနေရာသို့ ရောက်နေသည်မှာ အလွန်အမင်း မောပန်းနွမ်းနယ်နေကြပေလိမ့်မည်။ ထို့ကြောင့် ဝူရှန်းက ဖြတ်သွားချိန်တွင် ချီရှီအနီးအနားသို့ ရောက်လာသည့်အခါ ထိုနေရာတွင်လည်း ကန္တရပြင်ကြီး ဖြစ်နေဦးမည်။ ထို့ကြောင့် ဒီနေရာတွင်ရပ်ကာ အနားယူရတော့မည်ဖြစ်သည်။
ချီရှီမှလာသည့် ချီ၏ဆိုလိုရင်းက ကန္တရဖြစ်သည်။ ထိုကန္တရ၏ မြေမျက်နှာသွင်ပြင် အနေအထားအရ ရာသီဥတု အနေအထားက အလွန်ပူပြင်းသည်။ ထို့ကြောင့် မောပန်းနွမ်းနယ်လွယ်သည်။ ဒီမြို့တွင် ထိုကုန်သည်လှည်းတန်း အလိုအပ်ဆုံးအရာက ရေပင်ဖြစ်နိုင်သေးသည်။ ထို့ကြောင့် သူတို့လိုအပ်သည့် အရာကို ဒီနေရာက ပေးနိုင်သည်။
ဒီနေရာတွင် မြို့တစ်မြို့ တည်ဆောက်ထားလိုက်ပြီး လူအများစုက အနားယူနိုင်ကာ ရေနှင့်စားစရာများ ရယူနိုင်မည်ဆိုလျှင် ဒါက ကုန်သည်တိုင်း၏ အိမ်မက်က ပြည့်ဝသွားသလို ဖြစ်လာပေလိမ့်မည်။
အခြားတစ်ဖက်မှ ကြည့်ရသော် အာဘတ်ဆစ်ကယ်လီဖိတ်နှင့် ချရာစပါစီနူနှင့် အနောက်ပိုင်း တိုင်းပြည်များမှ ကုန်သည်များကပင် ဒီနေရာတွင် အနားယူမည်ဆိုလျှင် သူတို့ရိက္ခာ ပိုစုဆောင်းနိုင်သည့်အပြင် စိတ်အေးလက်အေး အနားယူနိုင်ကြောင်း တွေးတောလာလောက်သည်။ အကြောင်းမူကား ဒီနေရာမှ ထွက်ခွာပြီးလျှင် မဟာထန်မြို့တော်သို့ ခရီးရှည်ကြီးကို ဆက်လှမ်းရဦးမည်ဖြစ်သလို ရိက္ခာများ ထပ်မံရယူနိုင်မည့် နေရာကလည်း ပိုနည်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။
ပို၍ဆိုးသည်မှာ ယွီစန်းအင်ပါယာနှင့် အနောက်တူရကီ ခါကာနိတ်တို့က ဝမ်ချောင်၏ သံမဏိဖြင့် လုပ်ထားသော မြို့ကို ပို၍ပင် အဖိုးတန်ရတနာကဲ့သို့ ဖြစ်လာအောင် ထောက်ပံ့ပေးနိုင်သည်။ အကြောင်းမူကား ဒီလိုနေရာမျိုး ဒီလိုဝန်းကျင်မျိုးတွင် လုံခြုံသော အနားယူရာ နေရာမျိုးကို ရှာဖွေရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က ဒီနေရာကို သူ၏အပိုင်စား နယ်မြေအဖြစ် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။
ကျန်းရှို့ကျစ်ကလည်း ဝမ်ချောင်၏ ရည်မှန်းချက်ကို သိသည်။ ဒီမြို့က ပိုက်ဆံရှာရုံလောက် တည်ဆောက်ထားခြင်း မဟုတ်ကြောင်း သိထားသည်။ အနောက်တောင်ပိုင်းက ခြင်္သေ့မြို့က သက်သေပြပြီးသားဖြစ်သည်။ ဝမ်ချောင်က ဒီနေရာတွင် မြို့ကိုတည်ဆောက်သည်မှာ ပိုက်ဆံကြောင့်ဟု တွေးနေလျှင် ထိုလူက အရူးသာဖြစ်ပေလိမ့်မည်။ မန်ရှဲ့ကျောင်းက အရူးဖြစ်ခဲ့ပြီး သာဓကကို ပြခဲ့ပြီးလေပြီ။ သို့သော် အရာအားလုံးက တန်ကြေးပေးဆပ်ရန် လိုအပ်သည်။ ဝမ်ချောင်က ဒီနေရာတွင် မြို့တည်ဆောက်ရန် ဆုံးဖြတ်ချက်ချပြီးကတည်းက လက်ရှိနေရာတွင် ကြုံရနိုင်သည့် အန္တရာယ်များကလည်း သူစဉ်းစားရမည့် တန်ကြေးဖြစ်သည်။
“ဟား ဟား စိတ်အေးအေးထားပါ။ ပြဿနာတိုင်းမှာ ဖြေရှင်းချက်ဆိုတာ ရှိတယ်။ ငါအရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသား။ ငါတို့ကသာ ဒီအဆင့်ကို ကျော်ဖြတ်နိုင်တာနဲ့ သူတို့အားလုံးကို အံ့အားသင့်စရာကြီးတစ်ခု လက်ဆောင်ပေးလိုက်လို့ရတယ်”
ဝမ်ချောင်က ကျန်းရှို့ကျစ်၏ ပုခုံးကိုပုတ်လိုက်သည်။ သူက မစိုးရိမ်နေချေ။
ဝူရှန်းရွာတွင် လီစစ်ယဲ့က စစ်သည်တော်များကို စတင်စုဆောင်းနေနှင့်ပြီဖြစ်သည်။ ဝမ်ချောင်က သူ့ကိုလည်း ထိုဝူရှန်းမြင်းတပ်ကို လေ့ကျင့်ပေးရမည့် နည်းလမ်းကို သင်ကြားပေးခဲ့ပြီးလေပြီ။ ထို့ကြောင့် လီစစ်ယဲ့က ထိုရွာတွင် အချိန်အတန်ကြာ ဆက်နေရပေလိမ့်မည်။ ဝမ်ချောင်က သံမဏိမြို့သို့ ထွက်လာသည့်အချိန်တွင် ထိုအခြေခံ လေ့ကျင့်မှုက ပြီးဆုံးသွားနေလေပြီ။
အမှန်တိုင်းဆိုရသော် ဝမ်ချောင်ကိုယ်တိုင်ကပင် ဒီလောကတွင် ဝူရှန်းမြင်းတပ် ပထမဦးဆုံး ထွက်ပေါ်လာသည့်အခါ လုပ်ဆောင်ပြမည့် ဖျော်ဖြေမှုမျိုးကို မျှော်လင့်စောင့်စားနေမိသည်။
ကျန်းရှို့ကျစ်ကမူ နားမလည်နိုင်မှု အပြည့်ဖြင့် ကျန်ရစ်ခဲ့သည်။ ဝမ်ချောင်၏ အစီအစဉ်များက အမြဲတစေ ပြီးပြည့်စုံလေ့ရှိကြောင်း သူက ရှေ့တွင်ဖြစ်လာနိုင်သည့် အရာများကို ကြိုတွေးကာ ပြင်ဆင်ထားလေ့ရှိကြောင်းကိုလည်း သူနှင့်အတူရှိသည့် အချိန်က များလာလေလေ ကျန်းရှို့ကျစ်က နားလည်လာလေလေ ဖြစ်လာသည်။ သို့တိုင်အောင် မည်သည့်အရာက ဝမ်ချောင်ကို ထိုမျှအထိ ယုံကြည်မှုရှိစေကြောင်း သူကိုယ်တိုင်ကလည်း နားမလည်နိုင်တော့ချေ။ သူက သံသယ ဝင်နေသော်လည်း ကျန်းရှို့ကျစ်အနေနှင့် သေချာနေသော အချက်တစ်ခုရှိသည်။ ဝမ်ချောင်က အရာအားလုံးကို ပြင်ဆင်ပြီးလောက်လေပြီ။ ဒါက သေချာနေသော အချက်ဖြစ်သည်။
ကျန်းရှို့ကျစ်က စစ်တပ်ဘက်မှ လူတစ်ယောက် မဟုတ်သလို စစ်သည်တော်များလိုလည်း ဝမ်ချောင်ကို အလွန်အမင်း ယုံကြည်ကိုးကွယ်နေသူ မဟုတ်သော်လည်း ဝမ်ချောင်နှင့်အတူ အချိန်အတန်ကြာ ရှိနေခြင်းအားဖြင့် ဝမ်ချောင်က သူ့အပေါ် လေးလေးနက်နက် ယုံကြည်လာအောင် လုပ်နိုင်ခဲ့ပြီးလေပြီ။
အခန်း(၇၁၅)
သံမဏိမြို့ (၂)
“နားလည်ပါပြီ ဒီမြို့ကို ကျွန်တော်နဲ့ ချန်ထားရစ်ခဲ့ပါ”
ကျန်းရှို့ကျစ်က ခေါင်းညိမ့်လိုက်သည်။
“အင်း”
ဝမ်ချောင်က ခေါင်းညိမ့်ကာရယ်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ သံမဏိမြို့အထက် လေထဲတွင် တောင်ပံကို ဖြန့်ကားနေသည့် အစိမ်းရောင်၊ အပြာရောင် ငှက်များက ပို၍များပြားလာခြင်းဖြစ်သည်။ ဝမ်ချောင်က ပေါ်လာသည်နှင့် ငှက်များက ပို၍များပြားလာသည်။
ဝမ်ချောင်က ခေါင်းကိုသာခါပြီး ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။ သူကပြုံးလျှက် အခြားသော ဦးတည်ရာတစ်ခုသို့ ဆက်လက် ထွက်ခွာသွားသည်။
ဒုန်း ဒုန်း
သို့ရာတွင် ဝမ်ချောင်က သတိမထားမိသည်မှာ သံမဏိမြို့၏မြောက်ဘက် ငါးလီ၊ ခြောက်လီခန့် အကွာတွင် သံချပ်ကာအပြည့် ဝတ်ဆင်ထားသည့် မြင်းသမားတစ်ယောက်က ဝမ်ချောင်ရှိရာဘက်သို့ တစ်ချက်ကြည့်ပြီး အနောက်မြောက်ဘက်ပိုင်းသို့ ဦးတည်ထွက်ခွာသွားခြင်းဖြစ်သည်။
“အရှင့်ကို ပြန်သတင်းပို့ရမဲ့အချိန်ပဲ”
စစ်မြင်းက စတင်ကာ ကဆုန်ပေါက်ပြေးချိန်တွင် ထိုမြင်းသမားကလည်း ဖုန်တိမ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ လီရာပေါင်းများစွာ အကွာမှ အနောက်ဘက်ပိုင်းသို့ တရားဝင်ဖောက်ထားသော ထိုလမ်းပေါ် ပြေးလွှားနေရင်းမှ ထိုမြင်းသမားက နဂိုလမ်းကြောင်းမှ ထွက်ခွာကာ အလွန်ခမ်းနားကာ အဆင့်အတန်းမြင့်မားသည့် ရွှေအိုရောင် အလင်းများ ဖြာထွက်နေသည့် နန်းတွင်းသို့ ဦးတည်ဝင်ရောက်သွားခြင်းဖြစ်သည်။
နန်းတွင်း၏ ဂိတ်အထက်နေရာတွင် အနက်ရောင် နာမည်ဘုတ်ပြားကြီးက ထင်ရှားစွာရှိနေပြီး စကားလုံးနှစ်လုံးကို ရှင်းရှင်းလင်းလင်း ရေးသားထားသည်။
“ချီရှီကာကွယ်ရေးစစ်တပ်”
ထိုစစ်တပ်က အနောက်ပိုင်းမှ ယွီစန်းနှင့် အရှေ့ပိုင်းမှ တူရကီများကို ကာကွယ်စောင့်ကြပ်နေသည့် အကျော်ကြားဆုံး ကာကွယ်ရေးစစ်တပ်ကြီးဖြစ်သည်။ မဟာထန်၏ အနောက်ဘက်သို့ ဦးတည်သော အပေါ်မှ အရေးပါသော ခံတပ်များထဲမှ တစ်ခုဖြစ်သည့် ချီရှီကာကွယ်ရေးစစ်တပ်လည်းဖြစ်သည်။
ဝမ်ချောင်က ဝူရှန်းကို အပိုင်စားနယ်မြေအဖြစ် ရယူလိုက်ပြီး ဒီနေရာတွင် မြို့စောင့်လိုက်သည်။ ထို့ပြင် ထိုဝူရှန်းနေရာကလည်း ချီရှီနှင့်အလွန်နီးသည်။
“ဟမ့် ချီရှီက ငါ့ရဲ့အပိုင်နယ်မြေဖြစ်တာကို သိနေတာတောင် သူက ဒီနေရာမှာ အပိုင်စားနယ်မြေ လာယူရဲသေးတယ်။ သူခေါင်းမာတာကတော့ ကောင်းကင်ထက်တောင် မြင့်နေသေးတယ်။ တစ်နှစ်ပဲကြာသေးတယ်။ ဒီကောင်က အရင်ကိစ္စကို ငါတို့က မြန်မြန်မေ့သွားပြီလို့ ထင်နေတာလား”
အလွန်ကျယ်ပြောသော နန်းတော်အတွင်းတွင် အဝတ်တွင် ဇာအင်္ကျီတွင် အပေါက်ဖောက်ထားသလို အပြင်အဆင်နှင့် သတ္တုပုလ္လင်ကြီးပေါ်တွင် ထိုင်နေသော နဂါးတစ်ကောင် ပုန်းကွယ်နေသည်ဟု ထင်ရလောက်အောင် အရှိန်အဝါ ပြင်းထန်သည့် ပုံရိပ်တစ်ခုရှိနေသည်။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက ပင်လယ်များနှယ် ကျယ်ပြောကာ အားပြင်းလွန်းသည်။
အနောက်မြောက်ပိုင်းတွင် ရှိသည့် မဟာထန်၏ အကျော်ကြားဆုံးသော ကာကွယ်ရေးဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့် ဖုမန်လင်းချာဟာ အဆင့်တူ ကာကွယ်ရေးဗိုလ်ချုပ်များထက်ပင် စွမ်းအားကြီးမားသည်။
ချီရှီဟာ ကာကွယ်ရေးစစ်တပ်များထဲတွင် ရှေ့တန်းအကျဆုံး မဟုတ်သေးချေ။ ထိုနေရာတွင် နောက်ထပ် အန်းရှီ၊ ပေ့ထင်၊ လုံရှီများ ရှိနေသေးသည်။ သို့သော် သူတို့က အခြေအနေကို ကိုင်တွယ်၍မရတော့ဟု ယူဆရသော အခြေအနေမျိုးတွင် အမြဲတစေ ချီရှီကာကွယ်ရေးစစ်တပ်ထံမှ တပ်ကူများ မျှော်လင့်စောင့်စားပြီး မှီခိုအားကိုးရသည်။
ထို့ကြောင့် ဖုမန်လင်းချာ၏ တည်ရှိမှုက ရှေ့တန်းနှင့် နောက်တန်းနှစ်ခုလုံးကို တိုက်ခိုက်ရန်၊ ခုခံရန်၊ ကာကွယ်ပေးနိုင်သော ဘက်စုံသုံး တိုက်ပွဲဝင်စွမ်းအားမျိုးကို ပြသနိုင်သည့် တည်ရှိမှုကြီးကဲ့သို့ ဖြစ်နေသည်။ ရိုးရှင်းစွာဆိုရသော် ဖုမန်လင်းချာက နယ်မြေကို ထိန်းထားသလို ဖြစ်နေသည်။ ထိုမျှထူးခြားသော အင်အားက ကောင်းရှန်းကျစ်၊ ခဲ့ရှု့ဟန်နှင့် အန်းစစ်ရွှမ်းတို့ကို သူ့ကို ရန်မစရဲအောင်ဖြစ်စေသည်။
ထပ်ပေါင်းဆိုရသော် ဖုမန်လင်းချာက အသက်ကြီးနေပြီဖြစ်သည်။ သူက ထိုငယ်ရွယ်သော မဟာဗိုလ်ချုပ်များထက်ပင် စောစွာ နာမည်ဂုဏ်သတင်း ကျော်ဇောနေသူဖြစ်သည်။ ထို့ကြောင့်သူက ဟူတခွင် နာမည်ဂုဏ်သတင်း ကျော်ကြားကာ အာဏာကြီးသည်။ ဒါက ဟန်များထဲမှ ကျန်းရှို့ကွေးနှင့် ဝမ်ကျုံးစစ်တို့နှင့် တူသည်။
ယခင်တစ်ခေါက် မတော်တဆမှုတွင်လည်း ဝမ်ချောင်ကို ကွပ်မျက်ရန် အားလုံးက ဝိုင်းဝန်းကာ တောင်းဆိုခဲ့သည်မှာ ဖုမန်လင်းချာက အားလုံးကို အချက်ပြခဲ့သောကြောင့်ဖြစ်သည်။ ဒီနည်းအားဖြင့် ဟူဗိုလ်ချုပ်တိုင်းက မှတ်တမ်းများ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဖုမန်လင်းချာက မမျှော်လင့်ထားသည်မှာ ကုန်ဆုံးသွားသော တစ်နှစ်တာ ကာလတည်းနှင့် သူကသူ၏ ပိုင်နက်နယ်မြေ အကွာအဝေးကို မထိန်းထားနိုင်တော့သည့်အပြင် ထိုကောင်က သူ၏လှံထိပ်သို့ပင် တည့်တိုးဝင်ရောက်လာပြီး သူ၏မျက်စိရှေ့တွင် မြို့လာဆောက်ရဲသည်။ ဒါက ရိုးရှင်းသော လုပ်ရဲခြင်း၊ ခေါင်းမာခြင်း မဟုတ်တော့ချေ။ ဒါကသူ့ကို စိန်ခေါ်ကာ အရှက်ခွဲနေခြင်းဖြစ်သည်။ ခဲ့ရှု့ဟန်နှင့် အန်းစစ်ရွွှန်းတို့ကပင် ထိုမျှမလုပ်ရဲကြချေ။ သို့သော် ဝမ်ကလန်မှ အငယ်ဆုံးသားက လုပ်ရဲသည်။
“အရှင် ဝမ်ကလန်ရဲ့ အဲ့ဒီအငယ်ဆုံးသားက အမတ်အဖြစ် ရောက်ကာစ အခြေအနေနဲ့ ကောင်းကင်ရဲ့ သားတော်က သူ့ကိုဘွဲ့ထူးနာမည် ကိုယ်တိုင်ချီးမြှင့်လိုက်ရုံနဲ့ သူ့ကိုသူ အာဏာအကြီးဆုံးလ်ို့ ထင်နေတဲ့ပုံပါပဲ။ သူက သူတော်စင်ဧကရာဇ်နဲ့ တော်ဝင်ခုံရုံးရဲ့ ထောက်ခံမှု အပြည့်အဝ ရှိနေတယ်ဆိုပြီး ဒီနေရာကိုလာပြီး အပိုင်စားနယ်မြေ ယူရဲတယ်။ ဒီလိုပုဂ္ဂိုလ်ကြီးတွေက ထောက်ခံပေးထားလို့လည်း ကျွန်တော်တို့က သူတို့ကို ရင်ဆိုင်ဖို့ အရမ်းကို ခက်ခဲနေပါတယ်”
ဖုမန်လင်းချာ၏ ဘယ်ဘက်တွင် အင်အားကြီးမားပြီး အလွန်ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဗိုလ်ချုပ်တစ်ယောက် ရှိနေသည်။ သူကလည်း ဟူဘက်မှဖြစ်နေသည်။
ဝမ်ချောင်က ဝူရှန်းတွင် တည်ဆောက်နေသောမြို့က ချီရှီနှင့် လီရာအနည်းငယ်သာ ကွာဝေးသည်။ ထို့ကြောင့် ဒီကိုမြို့လာတည်ဆောက်သော အဖွဲ့တွင် မပျော်ရွှင်ဆုံး အဖွဲ့ကို ပြပါဆိုလျှင် ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်သည့် ဖုမန်လင်းချာမဟုတ်ဘဲ ဟူဗိုလ်ချုပ်များဟု ဆိုရပေမည်။ အကြောင်းမူကား သူတို့က နယ်စပ်တွင် ရှိနေသောကြောင့်ဖြစ်သည်။
ယခင်တစ်ခေါက် ကိစ္စတွင် သူတော်စင်ဧကရာဇ်က ဖြေရှင်းပေးခဲ့သော်လည်း အချိန်ကာလ ကြာလာသည်နှင့်အမျှ သူတို့တင်သွင်းခဲ့သည့် လျှောက်တင်ရန် မှတ်တမ်းများက မူရင်းရည်ရွယ်ချက်နှင့် နှိုင်းယှဉ်သော် ပို၍သွေဖယ်လာသည့်အပြင် ထိုမတော်တဆ ကိစ္စတွင် ပါဝင်ခဲ့သည့် ဗိုလ်ချုပ်ကြီးများ၏ အဆင့်အတန်းနှင့် အာဏာကလည်း အများကြီး လျော့ကျသွားခဲ့သည်။
ထိုကိစ္စက နယ်စပ်မှ ဟူဗိုလ်ချုပ်တိုင်းကို အံ့တကြိတ်ကြိတ် ဖြစ်စေပြီး ဝမ်ချောင်၏နာမည်ကို ဆက်တိုက် ကျိန်ဆဲစေမိသည်အထိ ဖြစ်စေခဲ့သည်။ ဝမ်ချောင်က ဖုမန်လင်းချာကဲ့သို့ ဟူကာကွယ်ရေးဗိုလ်ချုပ်များကို ဒုက္ခပေးခဲ့ရုံသာ မကသေးလေဘဲ ဟူတိုင်း၏ တိုးတက်မည့် အခွင့်အရေးတိုင်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ဖုမန်လင်းချာကဲ့သို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများက တချိန်တွင် အနားယူမည်ဖြစ်သော်လည်း ဟူဗိုလ်ချုပ်များကမူ ထိုနေရာများကို ရယူခွင့် မရှိလောက်တော့ချေ။
ဝမ်ချောင်က ချီရှီတွင် ပေါ်လာသည့်အခါ ဟူဗိုလ်ချုပ်တိုင်းက သူ့ကို သတ်ဖြတ်ရန်အတွက် မစောင့်နိုင်တော့လောက်အောင် ဖြစ်လာခဲ့သည်။ သို့သော် သူတို့ထဲက မည်သူကမျှလည်း တော်ဝင်ခုံရုံးကို မကိုင်တွယ်နိုင်ကြသည့်အတွက် ထိုသို့ အတင့်မရဲနိုင်ကြချေ။
“ဟမ့် ငါက ဝတ်စုံဖြူနဲ့ အာရပ်မာဟတ်ဆိုတဲ့ကောင်ကိုတောင် မကြောက်တာ ဘာလို့ မရင့်ကျက်သေးတဲ့ ကောင်စုတ်တစ်ကောင်ကို ကြောက်ရမှာလဲ။ သူ့ကို တော်ဝင်ခုံရုံးက ဒီနေရာကို အပိုင်စားနယ်မြေအဖြစ် ပေးထားတော့ရော ဘာဖြစ်လဲ။ ဝမ်ကျို့လင်က မဟာထန်ရဲ့ အမတ်ချုပ်ကြီးဆိုတော့ရော ဘာဖြစ်လဲ။ ချီရှီက ငါ့အပိုင်လေ ငါက ဒီကောင်ကိုတောင် မကိုင်တွယ်နိုင်ဘူးလို့ မင်းကထင်တာလား”
ဖုမန်လင်းချာက သူထိုင်နေသည့် ပုလ္လင်ကို ခပ်ကြမ်းကြမ်းရိုက်သည်။ သူ၏မျက်ဝန်းက အရိုးကွဲမတက် အေးစိမ့်နေပြီး အရိုးကိုတောင် ထိုးဖောက်နိုင်သည်ဟု ထင်ရသည်။
ထိုဗိုလ်ချုပ်က မျက်လုံးအပြူးသား ဖြစ်သွားပြီး အလျှင်အမြန်ပြောသည်။
“အရှင် အရှင်ဆိုလိုတာက...”
ဖုမန်လင်းချာက ဗိုလ်ချုပ်ကို စိုက်ကြည့်လိုက်ပြီးပြောသည်။
“မြို့တည်ဆောက်တာက အချိန်အရမ်း ကြာတဲ့အပြင် အားအင်ကုန်ဆုံးစေလိမ့်မယ်။ နောက်ပြီး အရင်းအနှီးကတော့ ကြီးတယ်။ နှစ်နှစ်၊ သုံးနှစ်လောက်နဲ့ ဒီတာဝန်က မပြီးနိုင်ဘူး။ သူက အဲ့ဒီသူ့ရဲ့ သံမဏိမြို့ကို ဘယ်လောက်မြန်မြန် တည်ဆောက်နိုင်မှာလဲ။ သူက ဘယ်လောက်မြန်မြန် အနည်းဆုံး ခုနှစ်လတော့ ကြာလိမ့်မယ်။ အခုလက်ရှိမှာတော့ လေကသူ့ဘက်ကို တိုက်နေတုန်းပဲ။ ဒီတော့ငါက သူ့ရဲ့မြို့ကြီးကို နှစ်လလောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ဆောက်ခွင့် ပေးလိုက်ပါ့မယ်လေ။ ဒါပေမဲ့ နှစ်လကြာသွားပြီးရင်တော့ လေငြိမ်သွားလိမ့်မယ်။ အဲ့ဒီအခါ ငါရိုက်ချဖို့ အချိန်ကျပြီ”
“ဒါ့အပြင် ခဲ့ရှု့ဟန်နဲ့ အန်းစစ်ရွှန်းတို့ဆီကို အကြောင်းကြားဖို့ စာပို့ထားလိုက်။ သူတို့နှစ်ယောက်လည်း ဒီအကောင်ကို စိတ်ဝင်စားလောက်တယ်”
ဖုမန်လင်းချာ၏ အကြည့်က ရုတ်တရက် အဓိပ္ပာယ်အပြည့် ထုတ်ဖော်လာသည်။
ဖလပ် ဖလပ်
ကောင်းကင်မှတဆင့် ဆင်းသက်လာသည့် သတင်းပို့ငှက်က ပြတင်းပေါက်ကို ကျော်ဖြတ်ပြီး ထယ်ကြီးမြို့ အတွင်းရှိ သေသပ်ခမ်းနားလွန်းသော စာကြည့်ဆောင်အတွင်းသို့ ဆင်းသက်ဝင်ရောက်သွားသည်။ ထိုစာကြည့်ဆောင်ထဲတွင် ကန္တဝင်ဆိုင်ရာစာပေများ၊ သမိုင်းဆိုင်ရာစာပေများ၊ မနုတ်သဆိုင်ရာ စာပေများနှင့် ရှေးဟောင်းကျမ်းစာများ ပါသည့် စာအုပ်များအပြည့် ရှိနေသည်။ စာအုပ်စင်များတွင်လည်း စာအုပ်များ အပြည့်ရှိနေခြင်းဖြစ်သည်။
ထောင့်တစ်နေရာတွင် ကြိုးကြာပုံသဏ္ဍန်ရှိသည့် အမွှေးနံ့သာခွက်ထံမှ သိပ်သည်းပြီး မွှေးပျံ့လွန်းသော စန္ဒကူးအနံ့များက သူ၏ပါးစပ်မှတဆင့် အခန်းတစ်ခုလုံးကို ဖြည့်တင်းပေးသည်။ စာကြည့်ဆောင်တစ်ခုလုံး ရှေးကျပြီး တိတ်ဆိတ်ငြိမ်သက်သော အရှိန်အဝါမျိုးဖြင့် လွှမ်းခြုံခံလိုက်ရသည်။ မည်သူကမှသာ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးလျှင် မည်သူကမှလည်း ထိုနေရာဟာ အင်ပါယာ၏ ရှေ့တန်းမှ အရဲရင့်ဆုံး မဟာဗိုလ်ချုပ်ကြီး တစ်ယောက်၏ စာကြည့်ဆောင်ဟု မထင်မိကြလောက်ချေ။
“ရောက်လာပြီလား”
အာဏာသံ မလစ်လပ်သော်လည်း ညင်သာသည့် အသံတစ်သံက အခန်း၏ တစ်နေရာမှ ထွက်လာသည်။ လက်မောင်းတစ်ဖက်က ဆန့်တန်းလိုက်ပြီးနောက် သွယ်လျကာ ဖျော့တော့သော်လည်း မရေမတွက်နိုင်အောင် အင်အားများ အပြည့်ပါသည့် လက်ချောင်းလေးများက ထွက်ပေါ်လာသည်။ သူက တစ်ချက် ဆန့်တန်းလိုက်ရုံမျှဖြင့် သတင်းပို့ငှက်၏ ခြေထောက်ထဲမှစာက ဖြုတ်ပြီးသားဖြစ်သွားသည်။
စာပေါ်တွင် ရိုးရှင်းသော စာအနည်းငယ်သာပါသည်။
“ဝမ်ချောင်က ဝူရှန်းကိုရောက်နေပြီ”
မျှော်လင့်ထားသည့်အတိုင်းပဲ။
ခဲ့ရှု့ဟန်ကလည်း ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူက လက်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် စာကိုဖျက်ဆီးလိုက်သည်။ ထိုသို့ဖြင့် စားပွဲပေါ်သို့ အမှုန်အမွှားလေးများကသာ ကျလာတော့သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ခဲ့ရှု့ဟန်၏ အနောက်ဘက်မှ အသံတစ်သံ ထွက်လာသည်။ သူနှင့်သုံးလှမ်းခန့် အကွာတွင် ထယ်ကြီးစစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက်က အသင့်စောင့်ဆိုင်းနေသည်။ သူစောင့်နေသည်မှာ အချိန်တစ်ခုကြာနေပြီ။
“ဝမ်ချောင်က အခုလက်ရှိမှာ တော်ဝင်ခုံရုံးရဲ့ လူငယ်အမတ်ပဲ။ တစ်လောကလုံးကလည်း ကောင်းကင်ရဲ့သားတော် ကိုယ်တိုင်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဘွဲ့ထူးချီးမြှင့်ခဲ့မှန်း သိထားကြတယ်။ ကျွန်တော်တို့ တကယ် သူ့ကိုရင်ဆိုင်ဖို့ အဆင်ပြေနိုင်မယ်ထင်လား။ အနောက်တောင်ပိုင်းက စစ်ပွဲကိစ္စကို ကြည့်ရုံနဲ့တင် သူက ကျွန်တော်တို့ကို ကျော်လွန်တဲ့ ကြိုးကိုင်ချယ်လှယ်နိုင်စွမ်းအား ရှိနေတာ သိသာနေပြီ။ ကျွန်တော်တို့ တကယ်ပဲသူ့ကို ရင်ဆိုင်ဖို့ စီစဉ်ကြမှာလား”
“မင်းဘယ်လိုထင်လဲ”
ခဲ့ရှု့ဟန်က လှည့်မကြည့်ဘဲ မေးခွန်းမေးလိုက်သည်။ သူ၏ရင်ထဲတွင် ခံစားချက်က ကင်းမဲ့နေသည်။
ထယ်ကြီးမှ မုတ်ဆိတ်ဖြူနှင့် ထိုဗိုလ်ချုပ်က တခဏခန့် အေးခဲကြောင်အသွားသည်။ သူကိုယ်တိုင်ကလည်း ခဲ့ရှု့ဟန်က ထိုသို့ပြန်မေးပြီး ဖြေလိမ့်မည်ဟု မထင်ထားမိချေ။
“ဝမ်ကလန်က သာမာန်လူတွေက သဘောကျနှစ်ခြိုက်တာကို ခံစားနေရတယ်။ ဘုရင်စုန့်နဲ့လည်း ဆက်ဆံရေးကောင်းတယ်။ လက်ရှိအခြေအနေမျိုးမှာ သူတို့ကို ကိုင်တွယ်ဖို့က ဉာဏ်ရှိတဲ့ အခြေအနေမျိုး မဟုတ်ဘူး”
မုတ်ဆိတ်နှင့်ဗိုလ်ချုပ်က ဆက်ပြောသည်။
“ဒါပေမဲ့ အရင်တစ်ခေါက် မတော်တဆမှု ကာလအတောအတွင်းမှာ ဒီကောင်လေးက အရှင်ကာကွယ်ရေး ဗိုလ်ချုပ်အပေါ် တော်တော်လေးကို ရိုင်းပျခဲ့တယ်။ နောက်ပြီး အခုအခြေအနေမှာတောင်မှ ခဲ့ညီအစ်ကိုတွေက သူ့ကိုတိတ်တဆိတ် အကဲဖြတ် ဝေဖန်နေကြတုန်းပဲ။ ထပ်ပေါင်းပြောရရင် သူက ဘယ်နေရာကိုမဆို သူ့ရဲ့ အပိုင်စားနယ်မြေအဖြစ် ရွေးလို့ရပေမဲ့လည်း သူကဝူရှန်းကို ရွေးခဲ့သေးတယ်။ ဒီနေရာက ကျွန်တော်တို့ မျက်စိရှေ့မှာတင် ရှိနေတဲ့နေရာ။ ဒီတော့ သူက အရှင့်ကို ထည့်မတွက်တာ သေချာသွားပြီ။ ကျွန်တော်တို့က သူ့ကို သင်ခန်းစာ နည်းနည်းမှမပေးရင် အရှင့်အတွက်မဆိုနဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေတောင်မှ လက်သင့်မခံနိုင်ပါဘူး”
“ဒါ့အပြင် ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ် ဖုမန်လင်းချာက အရှင့်ကို သူနဲ့ပူးပေါင်းဖို့ စာပို့လိုက်တယ်ဆိုတော့ ဝမ်ချောင်ပေါ် ဖိအားနည်းနည်း ပိုပေးနိုင်တော့မယ်ထင်တယ်။ ကျွန်တော်တို့က အရမ်းကို နီးကပ်နေတယ်။ ကျွန်တော်တို့ကသာ မလှုပ်ရှားခဲ့ရင် ဖုမန်လင်းချာကလည်း ကျွန်တော်တို့ကို ဝေဖန်လိမ့်မယ်”
“ဟား ဟား ကြည့်ရတာ မင်းက နားလည်နေတာပဲ”
ခဲ့ရှု့ဟန်က သူ၏ဘယ်ဘက်လက်ထဲတွင် ကိုင်ထားသည့် နွေဦးနှင့်ဆောင်းဦး နှစ်အလိုက်မှတ်တမ်းကို ချထားလိုက်ပြီး ခုံပေါ်မှ မတ်တပ်ထရပ်သည်။ နောက်ကျောကို ဖျောက်လိုက်ပြီးနောက် သူ၏ကိုယ်ထဲမှ တောင်တန်းတစ်လုံးစာမျှ ကြီးမြတ်သည့် အရှိန်အဝါများက စတင်ဖြာထွက်လာသည်။
ထိုအချိန်ကာလတွင် ခဲ့ရှု့ဟန်က မားမတ်မြင့်မားလွန်းသော တောင်တန်းကြီးနှယ် ထင်ရသည်။ အနောက်မှ ဗိုလ်ချုပ်ကပင် လေးစားစွာဖြင့် ခေါင်းငုံ့လိုက်မိသည်။
“ဝူရှန်းက ထူးခြားတဲ့ မြေမျက်နှာသွင်ပြင် အနေအထားကို ပိုင်ဆိုင်ထားတယ်။ သူကသာ ဒီနေရာမှာ မြို့တည်ဆောက်ပြီး ငါတို့ဆီက အခွင့်အရေး ယူချင်ရင် ဒီလောက်လွယ်မယ်ထင်လား။ ဒါ့အပြင် အနောက်တောင်ပိုင်းက စစ်ပွဲက တိုင်းပြည်အတွက် အရမ်းကို အရေးပါခဲ့တာ မှန်ပေမဲ့ ဝူရှန်းမြို့က ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်သွားပြီ။ ကိစ္စတွေကို တိတိကျကျ ခွဲနိုင်ရင် ငါတို့အဲ့ဒီလောက်ထိ စိုးရိမ်ဖို့ မလိုအပ်ဘူး”
“ပိုဆိုးတာက သူက ဝူရှန်းမှာ အခြေခိုင်ခိုင် နေနိုင်စွမ်းအား မရှိသေးဘူးဆိုရင် ငါတို့ကသူ့ကို သေချာပေါက် နည်းနည်းလောက်ပိုပြီး ဖိအားလေးပေးတော့မှ အခက်အခဲတွေကို သူက နားလည်လို့ နောက်ပြန်ဆုတ်သွားတော့မှာပေါ့။ ဒီလိုဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဒီလောကမှာ အရာအားလုံးက အလွယ်တကူ ဖြစ်မလာနိုင်ဘူးဆိုတာ သူနားလည်ဖို့လိုအပ်တယ်”
ခဲ့ရှု့ဟန်က ပေါ့ပါးစွာပြောသည်။
“အရှင်ပြောတာ ကျိုးကြောင်းသင့်လျော်ပါတယ်”
ထိုမုတ်ဆိတ်နှင့် ဗိုလ်ချုပ်က ခေါင်းညိမ့်လိုက်သည်။ သို့သော် တစ်စုံတစ်ရာကို မှတ်မိသွားသလို သူက မျက်လုံးပြူးသွားသည်။
“ဒါပေမဲ့ အရှင်... ဝူရှန်းမြို့က သူတစ်ယောက်တည်းအပိုင် မဟုတ်ပါဘူး။ သူက မြို့တော်ရဲ့ မဟာကလန် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကိုတောင် ဒီကိစ္စထဲ ဆွဲသွင်းထားတာပါ။ ကျွန်တော်တို့ကသာ လှုပ်ရှားလိုက်ရင် အားလုံးကို တစ်ခါတည်း ရန်စမိသလို ဖြစ်သွားပါလိမ့်မယ်”
ကြီးလေးလွန်းသော စိုးရိမ်စရာ ကိစ္စကြီးကြောင့် ထိုဗိုလ်ချုပ်၏ မျက်မှောင်က ကျုံ့သွားသည်။
ယုံကြည်မှုရှိပြီး ခပ်အေးအေးဖြစ်နေသည့် ခဲ့ရှု့ဟန်က မျက်မှောင်ကျုံ့လိုက်သည်။ သူက တိတ်ဆိတ်သွားသည့်အခါ စာကြည့်ဆောင်တစ်ခုလုံးကလည်း သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။
ဝမ်ချောင်၏ သံမဏိမြို့ တည်ဆောက်သော ကိစ္စက အချိန်အတန်ကြာ လိုအပ်ပေလိမ့်မည်။ သို့သော် မည်သည့် အဖွဲ့အစည်းကမျှ လှုပ်ရှား၍မရချေ။ အကြောင်းမူကား သူတို့က ဝမ်ကလန်၏ အဆင့်အတန်းနှင့် အာဏာကို ကြောက်သောကြောင့်မဟုတ်ဘဲ ဝမ်ချောင်က သူ၏ရထားလုံးနှင့်အတူ ထိုကလန်တိုင်းကို တွဲချည်ထားသောကြောင့်ဖြစ်သည်။
သူတို့က နှစ်ပေါင်း ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းချင်း အာဏာကြီးမားလာသည်။ ထိုမဟာကလန်ကြီးများက သာမာန်ကလန်ကြီးများ မဟုတ်တော့ချေ။ သူတို့၏အင်အားက ခုံရုံးတွင် အမြစ်တွယ်နေပြီး စစ်တပ်ထဲတွင်လည်း ပါဝင်ပတ်သတ်နေသည်။ ထို့ပြင် အမျိုးမျိုးသော စီရင်စုများ၊ ပြည်နယ်ကြီးများတွင်လည်း ရှိနေသေးသည်။
ထို့ကြောင့် ထိုလူများဟာ အင်ပါယာကြီး တစ်ခုလုံး၏ အင်အားအကြီးမားဆုံးလူများဟုပင် ဆို၍ရသည်။
ခဲ့ရှု့ဟန်ကဲ့သို့သော လူမျိုးပင် သူ၏ အမိန့်အာဏာအောက်တွင် မဟာကလန်ကြီးများမှ ဆက်ခံသူများ ရှိနေပါသည်ဟု မပြောရဲချေ။