အခန်း (၇၁၆-၇၂၀)
Vol. 38 Ch. 716-720
အခန်း(၇၁၆)
သံမဏိမြို့ (၃)
ဝမ်ကလန်က မည်မျှပင် အာဏာကြီးနေစေကာမူ ကလန်တစ်ခုတည်းသာ ဖြစ်နေသေးသည်။ လုံရှီနယ်စပ်မှ ထယ်ကြီး၏ မဟာဗိုလ်ချုပ် တစ်ယောက်လည်းဖြစ်၊ ဗိုလ်ချုပ်မှူးကြီးလည်းဖြစ်သော ခဲ့ရှု့ဟန်အနေဖြင့် ဝမ်ကလန်လောက်ကို ကြောက်နေစရာ အကြောင်းအရင်းမရှိချေ။ အနည်းဆုံး ခဲ့ရှု့ဟန်ကဲ့သို့ ဘုရင်ချီနှင့် ဆက်စပ်နေသော လူတစ်ယောက်အနေနှင့် ဝမ်ကလန်က အကြီးအကျယ် ခေါင်းကိုက်စေသော တည်ရှိမှု ဖြစ်နေသေးသည်။ သို့သော် မြို့တော်မှ မဟာကလန် ရှစ်ဆယ်ရာခိုင်နှုန်းခန့်က ပါဝင်လာလျှင်မူ...
မဟာထန်ရှိ မည်သူကမျှလည်း ဒီလိုအတွေးမျိုး တွေးရဲလိမ့်မည် မဟုတ်ချေ။ ခဲ့ရှု့ဟန်လည်း မတွေးရဲချေ။ မဟာကလန်များထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က ဝိုင်းကာ ဖယ်ကျဉ်လိုက်မည်ဆိုလျှင် မဟာထန်တွင် ရပ်တည်ရန် နေရာရှိတော့မည်ပင် မဟုတ်ချေ။ ထိုပြဿနာက အင်ပါယာ မဟာဗိုလ်ချုပ်တိုင်းကို ဒုက္ခများစေနိုင်သည်။
ဒီစီမံကိန်းတွင်ပါသော ကလန်တိုင်းကို စုံစမ်းစစ်ဆေးပြီးနောက် ဝမ်ချောင်က ထိုဗိုလ်ချုပ်ကြီးများကို စိန်ခေါ်ရစေသည့် ပြဿနာတစ်ခု ဖန်တီးလိုက်ကြောင်း သိလိုက်ရသည်။
“အရှင် အရှင်...”
ရုတ်တရက် ထွက်ပေါ်လာသည့် အသံက ခဲ့ရှု့ဟန်ကို သူ၏အတွေးအိမ်ထဲမှ လှုပ်နှိုးလိုက်သည်။
ခဲ့ရှု့ဟန်၏ တစ်ဝက်သာ ဖွင့်ထားသော မျက်ဝန်းက အသိပြန်ဝင်လာသည်။ သူက ဟန်အမူအရာကို ပြန်ထိန်းလိုက်သည်။
“နှစ်လ ငါသူတို့ကို နှစ်လပဲ အချိန်ပေးနိုင်မယ်”
မြို့တော်၏ မဟာကလန် ရှစ်ဆယ်ရာခိုင်နှုန်းခန့်က မြောက်များလှသော အင်အားကြီး ဖြစ်နေသေးသည်။ သူတို့ကို မတော်တဆ ရန်စမိလိုက်နိုင်သော အခြေအနေမျိုးက ဉာဏ်ရှိသော ဆုံးဖြတ်ချက် မဟုတ်ချေ။
သို့သော် သူကလည်း အခက်အခဲကိုမြင်သည်နှင့် နောက်တွန့်တတ်သော လူမျိုး ဟုတ်မနေချေ။ ထိုသို့သာ ကြောက်ရွံ့နေတတ်လျှင် သူက လုံရှီကို စောင့်ကြည့်ကာကွယ်ပေးနိုင်နေသည့် ထယ်ကြီး၏ မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာမည်မဟုတ်သလို တိဗက်မြင်းတပ် သိန်းကျော်ကိုလည်း တားဆီးနိုင်သည့်စွမ်းရည် ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ချေ။ အလွန်မာနကြီးပြီး လက်မလျော့တတ်သော သူ၏အကျင့်စရိုက်သာ မရှိလျှင် သူ၏ရန်သူများက သူ၏ထက်မြတ်မှုကို မယုံကြည်သလို လာရောက် စမ်းသပ်ခြင်းအားဖြင့် သူ့ကို အားလပ်နေတော့မည်မဟုတ်ချေ။ ထို့ပြင် သူက ထိုသို့သာ လုပ်နိုင်စွမ်းရည် မရှိခဲ့လျှင် တိဗက်တိုင်းကို အိမ်မက်ဆိုး မက်စေနိုင်သည့် သေဆုံးခြင်းနတ်ဘုရားဆိုပြီး နာမည်ကြီးနေတော့မည် မဟုတ်ချေ။
“နှစ်လ နှစ်လဆိုတာက ငါသူတို့ကို ပေးနိုင်တဲ့ နောက်ဆုံး အကန့်အသတ်ပဲ။ ဒါက ငါနဲ့ဝမ်ကလန်ရဲ့ကြားက ရန်ပွဲပဲ။ ဒီနှစ်လကြာပြီးနောက် မဟာကလန်ကြီးတွေကလည်း နားလည်သွားပြီး ငါ့ကို အပြစ်မတင်လာဖို့ မျှော်လင့်တယ်”
ခဲ့ရှု့ဟန်က ခေါင်းကိုမော့သည်။ သူက ပြတင်းပေါက်ကို ကျော်ဖြတ်ကာ မိုးထိုးမြင့်မားနေသည့် သစ်ပင်ကြီးများ အားလုံးကို ကျော်ဖြတ်ပြီးနောက် အမှောင်ထုတွင်း တိုးဝင်ပျောက်ကွယ်နေသည့် တိဗက်တောင်ပေါ်ဒေသသို့ ရောက်သွားသည်။ ထိုတခဏတွင် သူ၏အကြည့်က ဓားကဲ့သို့ ထက်ရှသွားသည်။
ဟီး ဟီး ဟီး ဟီး ဟီး
ဆင်ခြေလျော နေရာတစ်ခုတွင် စစ်မြင်းများ၏ အော်ဟစ်သံက ကျယ်လောင်စွာ ပေါ်ထွက်လာသည်။ ဝူရှန်း၏ သံမဏိမြို့ကြီး တည်ဆောက်သော ကိစ္စက ဟူမဟာဗိုလ်ချုပ်ကြီးများ၏ အာရုံကို ဆွဲဆောင်နိုင်ရုံသာ မကသေးချေ။ သံမဏိမြို့၏ အနောက်မြောက်ပိုင်း လီခြောက်ရာ၊ ခုနှစ်ရာခန့်အကွာတွင် ... မြက်ပင်များက လေတွင်လွင့်နေချိန်တွင် မြင်းများ အပြေးနှင်လာသည့်အခါ ထွက်လာသည့်အသံက ခေါင်းလောင်းသံများလို ထင်ရသည်။
“သိန်းငှက်တွေကလည်း ပျံသန်းနေတယ်။ မြက်ပင်တွေကလည်း ရှည်လျားတယ်။ နောက်ထပ် ရိတ်သိမ်းမဲ့ ရာသီကတော့ ရောက်လာပြီ”
အနောက်ပိုင်း တူရကီလူမျိုး တစ်ယောက်၏ ထူးဆန်းသော စကားသံတစ်သံက ထွက်လာသည်။ အနောက်ပိုင်း တူရကီနယ်မြေ၏ နယ်စပ်တစ်နေရာတွင် ဘေးချင်းယှဉ်လျှက် ရပ်နေသည့် မြင့်မားလွန်းသော တောင်ပေါ်မြင်းနှစ်ကောင်ကို မြင်နိုင်သည်။ မြင်းစီးသမားများက ကြမ်းတမ်းသော အသွင်အပြင်ရှိသည့် ဝံပုလွေသားရည် ဝတ်ရုံကိုခြုံထားပြီး ကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သော အရှိန်အဝါမျိုးကို ထုတ်လွှတ်နေသူများ ဖြစ်ကြသည်။
သူတို့၏ လည်ပင်းတွင် ပတ်ထားသည့် နှင်းဖြူရောင် တောက်ပသော မြေခွေးအမွှေးမှတဆင့် ထိုနှစ်ယောက်ဟာ အနောက်ပိုင်း တူရကီ ခါကာနိတ်တွင်ပင် အဆင့်အတန်း မြင့်မားနိုင်ကြောင်း သိသာသည်။
“ဟုတ်တယ် မဟာထန်ရဲ့ ရှစ်ယောက်မြောက် မဟာဗိုလ်ချုပ်လို့ ခေါ်နေကြတဲ့ အဲ့ဒီလူငယ်အမတ် မဟာထန်ရဲ့ ကောင်းကင်သားတော်ရဲ့ တပည့်ဆိုတဲ့ တစ်ယောက်ကို... ခါကန်းက ဘယ်လိုနည်းနဲ့မဆို ဒီနေရာမှာပဲ ထိန်းထားရမယ်လို့ အမိန့်ထုတ်ထားတယ်။ သူ့ကိုသာ တစ်ယောက်ယောက်က သတ်နိုင်မယ်ဆိုရင် ဝန်ထုတ်ဝန်ပိုးက လျော့ကျသွားပြီး ဆုလဒ်တွေလည်း ချီးမြှင့်ခံရမယ်”
ဘေးဘက်မှ သူတို့၏ အထက်တန်းလွှာကလည်း သဘောတူသလိုပြောသည်။
ထိုနှစ်ယောက်က သိန်းငှက်များကဲ့သို့ စူးရှထက်မြက်သလို ဝံပုလွေများကဲ့သို့ ကြမ်းတမ်းရက်စက်သေးသည်။ သူတို့က အနောက်တောင်ပိုင်းသို့ ကြည့်နေချိန်တွင် မိုးကုတ်စက်ဝိုင်းသည့်တိုင် ထိုးတက်နေသည့် ထူထည်းသော မီးခိုးများကို မြင်နိုင်နေသည်။ ထိုမီးခိုးများက တိမ်စိုင်များထိ တိုးဝင်နေခြင်းဖြစ်သည်။ သူတို့က အခြား မည်သည့်အရာကိုမျှ မမြင်ရသော်လည်း သူတို့နှစ်ယောက်လုံးကလည်း ထိုမီးခိုးများက မဟာထန်၏ ရှစ်ယောက်မြောက် မဟာဗိုလ်ချုပ်ကိုယ်တိုင်က တည်ဆောက်နေသည့် မြို့သစ်မှလာကြောင်း သိထားကြသည်။
“တကယ်ကို နှမြောစရာပဲ။ ကြယ်စင်အသစ်က ဒီလောက်ငယ်ငယ်လေးနဲ့ ကြွေကျရတော့မယ်”
ညာဘက်ခြမ်းမှ တူရကီ အထက်တန်းလွှာက လျှာကိုတစ်ချက်သပ်လိုက်လျှက် ပြောလိုက်သော်လည်း သူ၏မျက်နှာတွင် မည်သည့် သနားညှာတာစိတ်မျှ မရှိဘဲ ရက်စက်မှုနှင့် မျှော်လင့်စောင့်စားသော ခံစားချက်ကိုသာ ဖော်ပြနေသည်။
“သူကသာ တောင်ပိုင်းမှာ မန်ရှဲ့ကျောင်းတွေ အများကြီးကို သတ်ခဲ့ရင် မန်ရှဲ့ကျောင်းရဲ့ အိမ်ရှေ့စံက သူ့ရဲ့ခမည်းတော်ကိုယ်စား ငါတို့ဆီကို လျို့ဝှက်ပြီး ရွှေတွေအများကြီး မပို့ပေးခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ သူကဒီတိုင်း ဟိုဟိုဒီဒီ လျှောက်ပျော်ပါးပြီး နောက်ပြီးရင် ပြန်သွားမယ်ဆိုရင်တောင်မှ အရာအားလုံးက အဆင်ပြေသွားလိမ့်မယ်။ ဒါပေမဲ့ သူက ဒီနေရာမှာ မြို့လာတည်ဆောက်ပြီဆိုကတည်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာ ဖြစ်သွားတော့မှာပေါ့။ မန်ရှဲ့ကျောင်းရဲ့ အိမ်ရှေ့စံက ဘာမှမစီစဉ်ထားဘူး ဆိုရင်တောင်မှ ခါကန်းက သူ့ကို ဒီနေရာမှာ အလကားနေရင်း မြို့တည်ဆောက်ခွင့် ပေးမှာမဟုတ်ဘူး”
“သူကိုယ်တိုင်က သေချင်နေမှတော့ အခြားသူကို အပြစ်တင်လို့ ဘယ်ရပါ့မလဲ။ နောက်ပြီး သူ့ကြည့်ရတာ ကောလဟာလလောက်လည်း လေးစားစရာ မကောင်းပါဘူး။ ခါကန်းက ပြောထားတဲ့ အတိုင်းဆိုရင် အခုတလော ဒီနယ်မြေဝန်းကျင်ကို ပေ့ထင် ကာကွယ်ရေးစစ်တပ်က စောင့်ကြပ်မှု လျော့ချပေးထားတယ်ဆိုပဲ”
ဘယ်ဘက်ခြမ်းမှ တူရကီ အမျိုးသားက ပြောလိုက်သည်။ တစ်ဖက်သူက ညာဘက်ခြမ်းမှလူထက် အရပ်ပိုမြင့်သည်။ အဆင့်အတန်းလည်း ကွာသည်။
“အာ အန်းစစ်ရွှန်းက ဘာလုပ်ချင်တာလဲ။ ဘိုးဘေးတွေကို သစ္စာဖောက်တဲ့ လူယုတ်မာ ဒီသစ္စာဖောက်ကောင်က ဘာလုပ်ဖို့ ကြံစည်ပြန်တာလဲ”
ဘယ်ဘက်ခြမ်းမှ တူရကီ အထက်တန်းလွှာကပြောသည်။ သူ၏မျက်လုံးကလည်း ပြူးကျယ်နေသည်။ ဒီသတင်းက သူ့ကို စိတ်ပူစေမည့်အစား မုန်းတီးမှုကသာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
ဖုမန်လင်းချာနှင့် ကောင်းရှန်းကျစ်တို့ကို အနောက်တ်ိုင်းသား စစ်သည်တော်များက မုန်းတီးကြသော်လည်း အန်းစစ်ရွှန်းကမူ ယခင်တူရကီ မျိုးဆက်မှဖြစ်ပြီး ဟူအစစ်အမှန် ဖြစ်နေလေရာ တူရကီတိုင်းကို အနားလည်ဆုံး ဖြစ်သည့်အလျောက် မဟာထန်က ထိုနည်းလမ်းကိုသုံးပြီး တူရကီ ခါကာနိတ်ကို ရင်ဆိုင်ခဲ့ခြင်းအားဖြင့် တိုင်းပြည်နှစ်ခုလုံး ဒုက္ခရောက်စေခဲ့သည်။
ထို့ကြောင့် အနောက်တိုင်းသားများ အတွက်ပင်ဖြစ်စေ အနောက်တိုင်းတူရကီ ခါကာနိတ်အတွက်ပင်ဖြစ်စေ အရှေ့တိုင်းတူရကီ ခါကာနိတ်အတွက်ပင်ဖြစ်စေ အန်းစစ်ရွှန်းက သတ်ကိုသတ်ရမည့် နံပါတ်တစ်နေရာတွင် ရှိနေသည်။ ထို့ပြင် သူတို့က သူ့ကို သတ်ဖြတ်ရန် စေလွှတ်ခဲ့သည့် ဟူလုပ်ကြံသတ်ဖြတ်သူများနှင့် အဆိပ်ပညာရှင်များကလည်း မနည်းပါးတော့ချေ။
“မင်းအတွေးလွန်နေပြီ”
ဘယ်ဘက်ခြမ်းမှ တူရကီ အထက်တန်းလွှာက သူ၏ဘယ်ဘက်လက်ပေါ်တွင် ရှိသည့် သိန်းငှက်လက်စွပ်ကို တစ်ချက်ပွတ်လိုက်လျှက် လက်ကိုယမ်းလိုက်သည်။ ဒီနည်းအားဖြင့် တစ်ဖက်သူကို စိတ်အေးသွားစေသည်။
“ပေ့ထင် ကာကွယ်ရေးစစ်တပ်က ခါကန်းရဲ့ စခန်းဘက်ကို တိုက်ရိုက်ဦးတည်ထားတာ။ နောက်ပြီး အရမ်းကို ခိုင်မာလွန်းတဲ့ သံမဏိမြို့ရိုးကြီးကလည်း ရှိနေသေးတယ်။ ဒါကြောင့် အခုသတင်းရထားတဲ့အတိုင်း အစောင့် လျော့ချပေးတာက အနောက်မြောက်ဘက်ပိုင်း နယ်မြေပဲ။ ဒါက ငါတို့ပေ့ထင် ကာကွယ်ရေးစစ်တပ်နဲ့ ပထမဦးဆုံး တိုက်ခိုက်တာမှမဟုတ်တာ။ ဒီတော့ ဒီစစ်သေနာပတိချုပ် စခန်းထဲက လူတိုင်းကလည်း အန်းစစ်ရွှန်းက ငါတို့ကို ဦးတည်ရာဘက် ပြပေးနေတယ်ဆိုတာကို သိနိုင်ကြတယ်။ အစပိုင်းမှာ ခါကန်းပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ် နားမလည်နိုင်ကြဘူး။ ဒါပေမဲ့ အခုကြည့်ရတာ ဒီလူငယ်အမတ်က ဒီနေရာမှာ မြို့တည်ဆောက်လာတယ်ဆိုမှ ငါတို့အားလုံးကို နားလည်သွားခဲ့တာ။ ဒီအန်းစစ်ရွှန်းက ငါတို့ကိုသုံးပြီး သူ့ရဲ့ရန်ငြိုးတွေကို ဖြေချင်နေတာပဲ။ အရင်က ငါကြားထားတဲ့ အတိုင်းဆိုရင် အန်းစစ်ရွှန်းမှာ မဟာထန်ရဲ့ မြို့တော်မှာ အနိုင်ကျင့်ခံခဲ့ရတဲ့ သွေးသောက်ညီအစ်ကို တစ်ယောက်ရှိတယ်ဆိုပဲ။ အဲ့ဒီလူက သေလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒီကိစ္စက အမှန်တကယ် ဖြစ်နေလောက်တယ်”
“ဟား ဟား ထန်တွေက အတွင်းရေးအရှုပ်အထွေး ဘယ်လောက်များလိုက်သလဲ။ ဒီလောက် ရာထူးမြင့်တဲ့ အနေအထားမျိုးမှာတောင် ဒီလိုသစ္စာဖောက်တွေက ရှိနေတယ်။ ဒါက ငါတို့အတွက် အခွင့်အရေး မဟုတ်ဘူးလား”
တူရကီ အထက်တန်းလွှာကပြောသည်။
ထိုသို့ပြောပြီးသည်နှင့် နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရပ်လိုက်ကြသည်။ ရုတ်တရက် လေထဲတွင် စူးရှသော ငှက်အော်သံက ထွက်ပေါ်လာပြီး နှစ်ယောက်လုံးက မော့ကြည့်လိုက်ကြသည်။ အလွန်မြင့်မားသော ကောင်းကင်၏ တစ်နေရာ တောက်လောင်နေသော နေမင်း၏ အနားတွင် အနက်ရောင် အစက်လေးစက်ကို မြင်လိုက်ရသည်။ ထိုအစက်က ဖုန်မှုန့်လောက် သေးငယ်သည်။ ထိုအမြင့်တွင် ငှက်ပေါင်း မြောက်များစွာကို တွေ့မြင်ရန် ခက်ခဲသည်။ မြှားများကပင် ထိုနေရာထိ မပြစ်နိုင်ချေ။
“ဟမ့် ဒါကဖုမန်လင်းချာရဲ့ အဲ့ဒီ ကျောက်တုံးသိန်းငှက်တွေထဲက တစ်ကောင်လေ။ သူက တော်တော်လေးကို သတိကြီးကြီး ထားတာပဲ”
ဘယ်ဘက်ခြမ်းမှ တူရကီ အထက်တန်းလွှာက နှာခေါင်းရှုံ့လိုက်ပြီးနောက် ချက်ချင်းလိုလို လက်ဆန့်လိုက်ကာ ရွှေရောင်လေးကို ထုတ်လိုက်သည်။ ထိုလေးက သူ၏ကျောထက်ပင် ကြီးသေးသည်။ သူကလေးကိုဘယ်လက်ဖြင့်ကိုင် မြှားကို ညာလက်ဖြင့်ကိုင်ပြီးနောက် ထိုအနက်ရောင်အစက်ကို ချိန်ကာ ပစ်လိုက်သည်။
မြှားကိုပစ်လိုက်သည့် အချိန်တွင် မြေကမာ္ဘကပင် သိမ့်ကနဲ လှုပ်ခါသွားသေးသည်။ ကောင်းကင်သို့ ပြောင်းပြန် မိုးကြိုးက ပစ်ခတ်လိုက်သလိုမျိုး နောက်တွင် အဖြူရောင် အလင်းတန်းကိုသာ ချန်ထားရစ်ခဲ့သည်။ ထို့နောက် ကောင်းကင်တွင် စူးရှသည့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သာမာန် လေးသည်တော်များ လက်လှမ်းမှီနိုင်သည့် အဆင့်၏ နှစ်ပြန်လောက်ရှိသော ထိုအကွာအဝေးမျိုးတွင် ရှိနေသည့် ကြီးမားလွန်းလှသည့် ကျောက်တုံးသိန်းငှက်ကြီးကို မြှားက အောင်မြင်စွာ ထိုးဖောက်သွားသည်။ မြှားနှင့်အတူ သိန်းငှက်က ပေါက်ကွဲသွားပြီး ငှက်မွှေးပင် မကျန်ရစ်ခဲ့ချေ။
တူရကီအမျိုးသားက နှာခေါင်းရှုံ့ပြီးမှသာ ခပ်မြန်မြန် ပြန်လှည့်လိုက်သည်။ သူ၏ အပေါင်းအဖော်လည်း ခေါ်သည်။
“သွားရအောင်”
ထိုနှစ်ယောက်လုံးက ကျယ်ပြောသော တောင်ပေါ်လမ်းတောက်လျှောက် လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။
သူတို့က အလွန်ဝေးကွာသော တစ်နေရာတွင် မြင်းများကိုယ်တွင် တပ်ထားသည့် ခေါင်းလောင်းသံများက သာယာစွာ ထွက်ပေါ်နေသည်။ ဝူရှန်းတွင် ဝမ်ချောင်က တစ်ဦးတည်းသော ဧည့်သည်မဟုတ်ချေ။ သူရောက်လာပြီးနောက် အခြားသော ဧည့်သည်များ တစ်သုတ်ပြီးတစ်သုတ် ရောက်လာနေသည်။ ထို့ပြင် အားလုံးရောက်ရန် ခက်ခဲနေသေးသည်။ ထိုလူများထဲတွင် အလုပ်သမားများ၊ အစောင့်များနှင့် အမျိုးသား မဟာကလန်မှ လူများလည်းပါသည်။
“ဝမ်ချောင်”
ဝမ်ချောင်က ကျန်းရှို့ကျစ်နှင့်အတူ မြို့ရိုးပေါ်တွင် ကင်းလှည့်နေချိန်တွင် အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံကို သူက ရင်းနှီးနေသည်။ ထို့နောက် ငယ်ရွယ်သော အထွတ်အထိပ် အခြေအနေတွင် ရှိနေပြီး အလွန်အမင်း တက်ကြွကာ ဖြတ်လတ်ပြီး အသားအရောင်က နှင်းကဲ့သို့ ဖြူဖွေးသည့် ကောင်မလေး တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ သူမက သူရှိရာသို့ ကြီးမားသော မြင်းတစ်ကောင်ကိုစီးလျှက် အပြေးနှင်ကာ လာနေသည်။
သူမ၏ဘေးနားတွင်လည်း အလားတူ ကျောတွင် အနီရောင်အမွှေးများပါသည့် လှံကိုလွယ်ထားပြီး မီးတောက်လို နီရဲတောက်ပစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်လည်း ပါသည်။
“ပိုင်စစ်လင်၊ ကျောင်းရထုံ”
ဝမ်ချောင်၏ မျက်ဝန်းက အံ့အားသင့်သွားပြီး တောက်ပသွားသည်။
“ဘယ်လိုဖြစ်ပြီး မင်းတို့နှစ်ယောက် ရောက်လာတာလဲ”
“ဟမ့် နင်က ဒီနေရာမှာ လာပုန်းနေတာနဲ့ပဲ ငါတို့ကနင့်ကို မရှာနိုင်တော့ဘူးလို့ ထင်နေတာလား။ နင်က ငါတို့ ပိုင်ကလန်နဲ့ ကျောင်းကလန်ကလည်း ဒီမြို့တည်ဆောက်တဲ့ကိစ္စမှာ ပါဝင်ပတ်သတ်တယ်ဆိုတာကို မမေ့နဲ့ဦးလေ။ ဒီနေရာက တည်ဆောက်နေတယ်ဆိုမှတော့ ငါတို့က သေချာပေါက်လာပြီး စစ်ဆေးကြည့်ရမှာပေါ့ မဟုတ်ဘူးလား”
ပိုင်စစ်လင်က ခေါင်းကိုအနည်းငယ် စောင့်လှည့်ကာ ဝမ်ချောင်ကို သဘောမကျသလို အကြည့်မျိုးဖြင့်ကြည့်သည်။
ကျန်းရှို့ကျစ်ကမူ ရုတ်တရက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိလိုက်ပြီး ချက်ချင်းပြောသည်။
“ဒါ အရှင်အမတ် ကျွန်တော် ခုမှသာ ရုတ်တရက် သတိရတယ်။ ကျွန်တော် လုပ်စရာကိစ္စ ရှိနေသေးလို့ ကျွန်တော်အရင် ထွက်သွားလိုက်ပါဦးမယ်”
ထိုသို့ခပ်မြန်မြန် ပြောပြီးသည်နှင့် သူက ခပ်မြန်မြန် ထွက်ခွာသွားသည်။
“ခင်ဗျားထွက်တာ နည်းနည်း မမြန်လွန်းဘူးလား”
ဝမ်ချောင်က အပြေးထွက်ခွာသွားသော ကျန်းရှို့ကျစ်၏ကျောကို အံ့အားတကြီး ကြည့်လိုက်ပြီးနောက် ခါးသီးစွာပြုံးသည်။ သူက ဟန်အမူအရာ ထိန်းသိမ်းပြီးနောက် ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့ထံ လျှောက်သွားလိုက်သည်။
ဝမ်ချောင်ကလည်း ထိုအမျိုးသမီးနှစ်ယောက် မည်သည့်အတွက်ကြောင့်လာကြောင်း ကောင်းကောင်း သိထားသည်။ သူက ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့၏ အကူအညီကို တောင်းခံခဲ့သောအခါ ထိုနှစ်ယောက်လုံးက နှစ်ကြိမ်ထပ်မတွေးဘဲ သဘောတူခဲ့သည်။
ပိုင်ကလန်နှင့် ကျောင်းကလန်ကလည်း ဒါကသူ၏ အကြံအစည်ကောင်းမှန်း နားလည်လက်ခံကြသည့်အတွက် အပြည့်အဝ ထောက်ပံ့ပေးခဲ့သည်။ သို့သော် မည်သူကမျှလည်း ဝမ်ချောင်က လမ်းဆောက်ရန် ကြိုးစားမည်ဟု မထင်ခဲ့လောက်ချေ။ ထို့ကြောင့် ထိုကိစ္စအကြောင်းက ပေါ်လာသည်နှင့် ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့ ရောက်လာသောကိစ္စက သိသာသွားသည်။
“မင်းတို့ရဲ့ မိသားစုတွေက မင်းတို့ကို ခက်ခဲအောင်လုပ်တာလား”
ဝမ်ချောင်က မြို့ရိုးပေါ်မှ ခုန်ချလိုက်ပြီး မေးလိုက်သည်။
“ဟမ့် နင့်မှာနှလုံးသား ရှိသေးတာပဲ။ အနည်းဆုံး နင်ဒီမေးခွန်းကို မေးနိုင်သေးတယ်။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင်မှ နင်ဘာလို့ အရင်ဆုံး အဲ့ဒီထိုက်ပိုင် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်မှာကတည်းက မရှင်းပြခဲ့တာလဲ”
ပိုင်စစ်လင်က မြင်းပေါ်မှဆင်းသည်။ သူမက မြင်းဇာတ်ကြိုးကိုကိုင်ပြီး ရှေ့သို့ ဆွဲခေါ်လာသည်။ တချိန်လုံး ဝမ်ချောင်ကိုလည်း ခက်ထန်စွာ ကြည့်နေသေးသည်။ သို့ရာတွင် သူမ၏ မျက်ဝန်းထဲတွင် ဟန်ဆောင် ထုတ်ဖော်ထားသည့် ထိုဒေါသဟုထင်ရသော အကြည့်မျိုးက အနည်းငယ်မျှ နာကျင်စေလိုသော ခံစားချက်မျိုး မပါဝင်နေခဲ့ချေ။
တစ်ဖက်မှ ကျောင်းရထုံက တချိန်လုံး အေးစက်စွာ စိုက်ကြည့်နေသည်။ သို့တိုင်အောင် သူမရင်ထဲတွင်မူ ရယ်မောနေခြင်းဖြစ်သည်။
“ဝမ်ချောင် နင်က နင့်ရဲ့မိတ်ဆွေတွေကို သစ္စာမရှိဘူးပဲ။ နင်က နင့်ရဲ့မိတ်ဆွေတွေကိုတောင် လှည့်စားရဲသေးတယ်။ နင်က ဉာဏ်ကောင်းတယ်။ ချက်ချင်းလိုလို ဝူရှန်းကို ထွက်ပြေးသွားပြီး ငါနဲ့စစ်လင်ကို ပြေးစရာမြေမရှိအောင် ချန်ထားရစ်ခဲ့တယ်။ ငါတို့မှာ ကလန်က အကြီးအကဲတွေ ဒုက္ခပေးတာကို လဝက်လောက်နီးပါး ခံခဲ့ရတာ”
ကျောင်းရထုံကလည်း မြင်းပေါ်မှဆင်းပြီး အနားသို့ လျှောက်လာသည်။
“ဒါကငါ့ရဲ့အမှားပါ ဒါကြောင့် ငါမင်းတို့နှစ်ယောက်လုံးကို တောင်းပန်တဲ့အနေနဲ့ အထူးလက်ဆောင်လေး ပြင်ဆင်ထားပေးတယ်။ ရှန်းအန်း ယူလာခဲ့”
ဝမ်ချောင်က အနောက်သို့ လှည့်ကြည့်ကာ အော်လိုက်ပြီး လက်ဟန်အမူအရာပြသည်။
“ဟုတ်ကဲ့အရှင်အမတ်”
အဝေးမှအော်သံ ခပ်ပြတ်ပြတ်ထွက်လာသည်။
ထို့နောက် ပိုးသားအဝတ်ဖြင့် အုပ်ထားသော လှောင်အိမ်နှစ်ခုကိုကိုင်ပြီး အပြေးလာသော စစ်သည်တော် တစ်ယောက်ကို မြင်လိုက်ရသည်။
အခန်း(၇၁၇)
အံ့အားသင့်ဖွယ်ကောင်းသော တစ်ည(၁)
“လက်ဆောင်ဟုတ်လား”
ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားဆက်မပြောနိုင်ကြချေ။ သူတို့နှစ်ယောက်ကလည်း ဝမ်ချောင်ထံမှ ထိုသို့သော အကွက်မျိုးကို ထုတ်သုံးလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ သူတို့နှစ်ယောက်က လှောင်အိမ်နှစ်လုံးကိုသယ်ကာ ဆင်းသက်လာသည့် စစ်သည်တော်ထံ ချက်ချင်းလိုလို လှည့်ကြည့်လိုက်ပြီး လှောင်အိမ်တစ်လုံးကို အကြည့် ပို့လိုက်ကြသည်။ ဝမ်ချောင်က သူတို့ကို တစ်ကြိမ်သော်မျှ လက်ဆောင် မပေးခဲ့ဖူးချေ။ ထို့ကြောင့် သူတို့၏စိတ်အတွင်း မျှော်လင့်စောင့်စားမှုများက ပြည့်နှက်လာသည်။ ထိုစစ်သည်တော်က လျှင်မြန်စွာဖြင့် ရောက်ရှိလာပြီး လှောင်အိမ်ကိုချသည်။
အပေါ်တွင်အုပ်ထားသည့် ပိုးသားကို ဖယ်လိုက်သောအခါ နှင်းကဲ့သို့ ဖြူဖွေလုံးဝိုင်းသည့် အမွှေးပွလေး တစ်ခုကို မြင်လိုက်ရသည်။ ချက်ချင်းလိုလို သူတို့၏ မျက်ဝန်းက တောက်ပသွားပြီး ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုများကြောင့် ထိန်လင်းသွားသည်။
“ဒါ ဒါက ပါရှန်ကြောင်လေးမဟုတ်လား”
လက်ရှိအချိန်တွင် တော်ဝင်မြို့တော် အတွင်းတွင် တော်ဝင်ကလန်များမှစတင်ပြီး အထက်တန်းလွှာများအထိ ရှိသမျှသော အဆင့်အတန်းမြင့် အမျိုးသမီးများကြား နာမည်ကြီးကာ လူကြိုက်များနေသည့် အိမ်မွေးတိရိစာ္ဆန် တစ်ကောင်ကို ပြပါဆိုလျှင် အာဘတ်ဆစ်ကယ်လီဖိတ်ထံမှရသော ပါရှန်ကြောင်များကိုသာ ပြရမည်ဖြစ်သည်။ ထိုတိရိစာ္ဆန်က နူးညံ့ကာ ချစ်စဖွယ်ကောင်းပြီး ရင်းနှီးလွယ်သည့် စရိုက်များကို ပိုင်ထားသောကြောင့် အထက်တန်းလွှာ အမျိုးသမီးများက ထိုအကောင်လေးကို ပိုင်ချင်ကြသည်။
အာဘတ်ဆစ်ကယ်လီဖိတ်က မြို့တော်နှင့် လီတစ်သောင်းကျော် ကွာဝေးသည့်အပြင် ပါရှန်ကြောင်များက အလွန်အမင်း ဈေးကြီးကာ အလွန်အမင်း အထိမခံဖြစ်တတ်သဖြင့် အများစုက လမ်းခရီးတွင်သာ သေသွားတတ်ကြသည်။
ထို့ကြောင့် မြို့တော်တွင် ပါရှန်ကြောင် တစ်ကောင်ချင်းစီတိုင်းက အလွန်အမင်း တန်ကြေးကြီးနေပြီဖြစ်သည်။
ထို့ပြင် ပါရှန်ကြောင်မျိုးသန့်သော တော်ဝင်အိမ်တော်စုမှ မွေးမြူထားသော အကောင်များဆိုလျှင် တော်ဝင်ပါရှန် ကြောင်များဟုပင် နာမည်ကြီးသေးသည်။
ဝမ်ချောင်က သူတို့အတွက် ရှာလာပေးသော ပါရှန်ကြောင်များက ဖြူဖွေးစွတ်နေပြီး မည်သည့် အညစ်အကြေးမျှ ကပ်ညှိနေခြင်း မရှိသလိုမျိုး တောက်ပဖြူစင်နေသည်။ သူတို့တွင် အလွန်ထူးခြားသော မျက်ဝန်းများရှိပြီး တစ်ကောင်က အပြာရင့်ရောင် မျက်လုံးရှိကာ အခြားတစ်ကောင်ကမူ ပယင်းရောင်ရှိသည်။ ထို့ကြောင့် မြင်လိုက်ရရုံဖြင့် အလွန်အမင်း ချစ်စရာကောင်းလွန်းလေရာ ချက်ချင်းပွေ့ကာ ဖက်လိုက်ချင်ကြသည်။ သူတို့က အလိုလိုက်အခံရဆုံး တော်ဝင်ပါရှန် ကြောင်များနှင့်ပင် တူသေးသည်။
သူတို့နှစ်ယောက်ကလည်း မင်းသမီးနီဟွမ်၏ ကြောင်ကို မြင်ဖူးသည်။ သို့သော် သူတို့ထဲက မည်သူကမျှ မထင်ထားသည်မှာ ဝမ်ချောင်က သူတို့အား ထိုမျှထူးခြားသော လက်ဆောင်မျိုးကို ပေးလာခြင်းဖြစ်သည်။
“ချစ်စရာကောင်းလိုက်တာ”
“အရမ်းလှတာပဲ။ သူလက်သည်းလေးထုတ်ပြီး မျက်နှာကို သန့်ရှင်းရေးလုပ်ပြီး အမွှေးတွေကို ဖီးနေတာကို ကြည့်စမ်းပါဦး”
“ငါမြင်ပါတယ် အဲ့ဒါကိုကြည့်လိုက်။ သူငါ့လက်ကိုလျှက်နေတာ။ ဟ ယားလိုက်တာ”
.....
အမျိုးသမီးနှစ်ယောက်၏ အာရုံက ပါရှန်ကြောင်များထံ ချက်ချင်း ရောက်သွားသည်။ သူတို့က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေကြပြီး ကြောင်များနှင့် ကစားနေကြသည်။ ဝမ်ချောင်အတွက်ကမူ အမေ့ခံလိုက်ရသည်။
ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က အမျိုးသမီး သူရဲကောင်းများဟု သတ်မှတ်ခံရသည်အထိ အမြဲတစေ သတိအပြည့်နှင့် နေထိုင်လာရသော လေးစားဖွယ်ကောင်းသည့် အမျိုးသမီးများဖြစ်သည်။ သူတို့က တစ်ဘဝလုံး အခန်းထဲတွင်သာ ပိတ်နေရသည့် အားနည်းလွယ်သော မင်းသမီးများနှင့် မတူကြချေ။ သို့သော် သူတို့က မိန်းကလေးများ ဖြစ်နေသေးသည်။ ထို့ကြောင့် အခြားသော မိန်းကလေးများနည်းတူ ယခုကဲ့သို့ ချစ်စရာကောင်းသည့် အမွှေးပွကြောင်များကို သဘောကျသည်။
ဝမ်ချောင်ကလည်း သူတို့က သူ၏လက်ဆောင်ကို သဘောကျကြောင်း မြင်သည့်အခါ ခေါင်းညိမ့်လိုက်သည်။
“ငါသူတို့ကို မှန်ကန်တဲ့ပစ္စည်း ပေးလိုက်ရင် အဆင်ပြေတာပဲ”
ဝမ်ချောင်၏ စိတ်ထဲတွင်မူ ထိုမြင်ကွင်းကို နားလည်သလို ပြုံးနေပြီဖြစ်သည်။
သူက ရန်ဟုန်ချန်ကို တော်ဝင်ပါရှန် ကြောင်နှစ်ကောင်အား အနောက်ပိုင်းနယ်မြေ၏ တာ့လာမှတဆင့် ပေးပို့ခိုင်းခဲ့ခြင်းဖြစ်သည်။ ရန်ဟုန်ချန်က ပိုးသားလမ်းတွင် အလုပ်လုပ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်လေရာ အာရပ်ကုန်သည်အချို့နှင့် ရင်းနှီးသည်။ အခြားလူများက ပါရှန်ကြောင်များရရန် ခက်ခဲနေသော်လည်း ရန်ဟုန်ချန်အတွက် ပြဿနာမရှိချေ။ အာရပ်များက သဘာဝကုန်သည်များ ဖြစ်သည့်အလျောက် ပိုက်ဆံသာ လုံလောက်မည်ဆိုလျှင် တော်ဝင်ပါရှန်ကြောင်လည်း ရနိုင်မည်ဖြစ်သည်။
တခဏကြာပြီးမှသာ သူတို့က တစ်စုံတစ်ရာကို မှတ်မိလိုက်သလိုမျိုး ပိုင်စစ်လင်က ရုတ်တရက် လှောင်အိမ်ထဲမှ ပါရှန်ကြောင် အဖြူလေးကို ဆွဲထုတ်လိုက်ကာ ပွေ့ချီလိုက်ပြီး မတ်တပ်ထရပ်လိုက်ပြီး ကျောက်ဟ်ိုင်ကို လှည့်ကြည့်လိုက်သည်။
“ဟုတ်သားပဲ ဝမ်ချောင် ပါရှန်ကြောင်တွေက အရမ်းကို နူးညံ့လွန်းတယ်လို့ ပြောကြတာ မဟုတ်လား။ သူတို့က မဟာထန်ရဲ့ ရာသီဥတုနဲ့ ကျင့်သားရတာ မဟုတ်ဘူး။ နင်သူတို့ကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်းခဲ့တာလဲ”
“ငါ့ကို လျှန်းတစ်သောင်းပေး ငါပြောပြမယ်”
“မျိုးမစစ်ကောင်”
ပိုင်စစ်လင်၏ မျက်မှောင်က ချက်ချင်းကျုံ့သွားပြီး သူမကသူ့ကို ရိုက်နှက်တော့မလို ပြင်လိုက်သည်။
“ဟား ဟား ကောင်းပြီ ကောင်းပြီ ငါ့ကိုမရိုက်ပါနဲ့။ ငါပြောပြမယ်”
ဝမ်ချောင်က ရယ်လျှက်ပြောသည်။
“ပါရှန်ကြောင်တွေက အသန့်ကြိုက်တယ်။ နောက်ပြီး သူတို့ရဲ့ လှောင်အိမ်တွေကိုလည်း အမြဲတစေ သန့်ရှင်းပေးနေရမယ်။ သူတို့က တော်တော်လေးကို အသန့်ကြိုက်တာ။ လှောင်အိမ်ကသာ မသန့်ရှင်းဘူးဆိုရင် သူတို့ဘာမှ စားသောက်ကြတော့မှာမဟုတ်ဘူး။ ဒါ့အပြင် သူတို့ကို မကြာခဏဆိုသလို မြက်အရည်နည်းနည်း တိုက်ရမယ်”
ပါရှန်ကြောင်များက လူသားများထက်ပင် အသန့်ကြိုက်သေးသည်။ ဘက်ထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် သူတို့က အသန့်အလွန်ကြိုက်သော ရောဂါရှိသူများဟုပင် ဆို၍ရသည်။ ထိုအကြောင်းအရာကို သိသောလူက အလွန်နည်းသည်။ ထိုအတွက်ကြောင့် ကုန်သည်အများစုက ပါရှန်ကြောင်များကို ရောင်းချသည့်အခါ မသန့်ရှင်းမှုနှင့်အတူ ကောင်းကောင်း ဂရုမစိုက်နိုင်သော အခြေအနေများကြောင့် ပါရှန်ကြောင်များက သေသွားကြသည်။
ကြောင်များ၏ သဘောသဘာဝကိုသာ သိထားမည်ဆိုလျှင် သူတို့ကို ရောင်းချသောကိစ္စက ပိုလွယ်သွားပေလိမ့်မည်။
ကြောင်တစ်ကောင်အတွက် နေထိုင်ရေး ကိစ္စများကို ကိုင်တွယ်ပြီးနောက် ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က သူတို့၏ကလန်မှ ကိစ္စကို ကိုင်တွယ်ရန် စီစဉ်ကြသည်။ သူတို့နှစ်ယောက်လုံးက သူတို့၏ ကလန်မှ အစောင့်များကို နေရာချခိုင်းကြသည်။ ထိုလူများကို သံမဏိမြို့၏ မြို့စောင့်တပ်ထဲသို့ ပေါင်းထည့်ပေးကြသည်။
ယခုလို ဝူရှန်းသို့လာသော ခရီးတွင် ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က သူတို့နှင့်အတူ ခေါ်လာသည့် ကျွမ်းကျင်ပညာရှင်များ၏ အရေအတွက်က မနည်းပါးချေ။ နှစ်ဘက်လုံး ပေါင်းလိုက်မည်ဆိုလျှင် ငါးရာကျော်နိုင်သည်။ ထို့ကြောင့် လေးစားဖွယ်ကောင်းသော အထောက်အပံ့ဟု ဆို၍ရသည်။
ထိုကလန်နှစ်ခုမှ အထောက်အပံ့ကို ဒီအင်အားဖြင့် ကြည့်ကာမြင်နိုင်သည်။
မြို့ရိုးနံရံပေါ်တွင် တခဏကြာ လှည့်လည်ကြည့်ရှု့ပြီးနောက် ပိုင်စစ်လင်က နောက်ဆုံးတွင် မေးခွန်းကို မထိန်းထားနိုင်တော့ချေ။
“ျ ဟုတ်သားပဲ ဝမ်ချောင် နင်ကဒီနေရာမှာ အရာအားလုံးကို ပြင်ဆင်ထားတာ။ ဘာလို့ မြို့တည်ဆောက်တဲ့ထဲကို မထည့်လိုက်ဘဲနဲ့ အိမ်တွေ တည်းခိုဆောင်တွေဆောက်ဖို့ ပြင်ဆင်ခဲ့တာလဲ”
“နေဦး အတိအကျ ပြောရမှာ။ ဒီမြို့က ဒီလောက်ကြီးတာ။ ဒီလိုနေရာကြီးက တည်ဆောက်ဖို့အတွက် အချိန်အကြာကြီး လိုအပ်မဲ့အပြင် အရင်းအနှီးတွေ အများကြီးလည်း လိုအပ်နေဦးမှာပဲ။ ဒါပေမဲ့ နင်ကဘာလို့ အဲ့ဒီလောက်ထိ အလျှင်မလိုနေတဲ့ပုံ ပေါ်နေတာလဲ”
ကျောင်းရထုံကလည်း သဘောတူသလို လိုက်ပြောနေသည်။
ဝမ်ချောင်နှင့်အတူ ဟိုဟိုဒီဒီ လိုက်ကြည့်ပြီးနောက် သူတို့နှစ်ယောက်လုံးက ထူးဆန်းနေသော တစ်စုံတစ်ရာကို သတိထားလိုက်မိကြသည်။ သံမဏိမြို့၏ အုတ်မြစ်ချသော ကိစ္စနှင့် ပထမအဆင့် တည်ဆောက်သော ကိစ္စက ပြီးမြောက်သွားပြီးနောက် နောက်ပိုင်း တည်ဆောက်သည့် အရှိန်နှုန်းက သိသိသာသာ နှေးကျသွားသလို ဒီနေရာသို့ ပို့ထားသော အလုပ်သမားများ အားလုံးကိုလည်း တည်းခိုဆောင်များ၊ စားသောက်ဆိုင်များနှင့် ကုန်သည်များအတွက် သီးသန့်ဖန်တီးထားသည့် လက်ဖက်ရည်စံအိမ်များကို ဆောက်လုပ်ရန် ပြောင်းရွှေ့လိုက်သည်။ ထိုအချက်က အလွန်ထူးဆန်းသွားသည်။
ထို့ပြင် ဝမ်ချောင်က ဒီမြို့မှ မြို့အရှင်ဖြစ်ပြီး ထိုကိစ္စကို စိုးရိမ်နေဟန်လည်း မရချေ။ ထို့ကြောင့် ထိုနှစ်ယောက်က ပဟေဠိဖြစ်သွားခြင်းဖြစ်သည်။
သူတို့နှစ်ယောက်က ဝမ်ချောင်ကို ဖိအားပေးလိုစိတ် မရှိချေ။ သို့သော် သူတို့က ကလန်ကို ပြန်ပြီးတင်ပြရန် လိုအပ်နေသေးသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ရည်ရွယ်ချက် နှစ်ခုဖြင့် လာကြခြင်းဖြစ်သည်။ ပထမတစ်ခုကမူ ဝမ်ချောင်က ဆက်လက်မည့် အကြံအစည်အကြောင်း နှိုးဆွမေးမြန်းရန်နှင့် ဒုတိယတစ်ချက်ကမူ သူတို့ကလန်ကိုယ်စား မြို့၏အခြေအနေ တိုးတက်မှုကို လာရောက် စစ်ဆေးကြည့်ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ကျောင်းကလန်နှင့် ပိုင်ကလန်တို့က ဒီသံမဏိမြို့တွင် အရင်းအနှီး အမြောက်အများ မြုပ်နှံထားသည်။ ဒါကသူတို့၏ သွေး၊ ချွေးနှင့် မျက်ရည်များ ဖြန့်ဝေထားခြင်းဟုဆို၍ရသည်။
“ဟား ဟား အလုပ်သမားတစ်ယောက်က သူတို့အလုပ် ကောင်းကောင်း လုပ်နိုင်ဖို့အတွက် လက်နက်ကောင်းတွေကို လိုတယ်။ စိတ်အေးအေးထားပါ ဒီမြို့က ထင်ထားတာထက်တောင် မြန်မြန် ပြီးသွားပါလိမ့်မယ်”
ဝမ်ချောင်က ရယ်နေသည်။
ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က မတွေးဘဲ မနေနိုင်ကြတော့ချေ။ သူတို့မေးလိုက်သော မေးခွန်းအစား တဖန်ပြန် အမေးခံလိုက်ရသောအခါ သူတို့က လုံးဝ စိတ်ဓာတ်ကျသွားကြသည်။
လူတိုင်း ကိုယ်ပိုင်ကြိုးစား အားထုတ်မှုများကို ပြုထားကြလေသည်။ ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က သူ့ကို ဒီအဆင့်ထိ ကူညီပေးခြင်းကတင် သဘောကျစရာ ကောင်းနေနှင့်ပြီးသားဖြစ်သည်။ ဝမ်ချောင်ကလည်း သဘာဝအလျောက်ပင် သူတို့ကို ခက်ခဲအောင် မလုပ်ချင်ချေ။
“ပိုဆိုးတာက မင်းတို့ရဲ့ ကျောင်းကလန်နဲ့ ပိုင်ကလန်တို့က မျှော်လင့်ထားတာထက်တောင် အကျိုးအမြတ် ရမယ်လို့ ငါပြောနိုင်တယ်။ ဒါ့အပြင် ဒီမြို့ တစ်လတည်းနဲ့ တည်ဆောက်လို့ ပြီးသွားလိမ့်မယ်”
ဝမ်ချောင်ကပြောသည်။
“အာ”
ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က ဝမ်ချောင်ကို တအံ့တဩ ကြည့်လိုက်ကြသည်။ သူတို့က ဝမ်ချောင်ကို မယုံကြည်သောကြောင့် မဟုတ်ချေ။ သို့သော် သံမဏိမြို့ကို တည်ဆောက်နေဆဲ ဖြစ်နေသေးပြီး အဆုံးသတ် နေရာသို့ ရောက်ရန်အတွက်လည်း လီတစ်ထောင်အထိ လိုအပ်နေသေးသည်။ သို့တိုင်အောင် ဝမ်ချောင်က တစ်လတည်းနှင့် ပြီးမည်ဟုဆိုသည်။ ထို့အပြင် မြို့တစ်မြို့ကို တည်ဆောက်သောကိစ္စက အချိန်ကို စားသုံးနေသလိုမျိုး အကုန်မြန်သည့်အပြင် ယခုလို ကြီးမားသော မြို့ကြီးကလည်း အရင်းအနှီး အချိန်ပေါင်းများစွာ မြုပ်နှံထားရသည့် မြို့ကြီး ဖြစ်နေသေးသည်။ ဝမ်ချောင်၏မြို့က သာမာန်မြို့ထက် အလွန်ကြီးနေသေးသည်။ ဝမ်ချောင်၏ အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်ကြသည့် သူတို့နှစ်ယောက်ကပင် ဒီမြို့ကို တစ်လတည်းနှင့် ပြီးမည်ဆိုသောစကားကို ဒဏ္ဍာရီပုံပြင်ဟုသာ သတ်မှတ်နိုင်သည်။
ဝမ်ချောင်၏မျက်နှာတွင် အမည်ဖောက်ရန်ခက်သည့် အပြုံးက ပေါ်ထွက်လာသည်။ အထူးသဖြင့် သူတို့၏ မေးခွန်းထုတ်လိုသော အကြည့်မျိုးကို ရင်ဆိုင်ရချိန်တွင်ဖြစ်သည်။ သို့သော် သူက မရှင်းပြခဲ့ချေ။
လက်တွေ့လုပ်ဆောင် ပြသပြီးနောက် ပေါ်ထွက်လာသော ဖြစ်ရပ်က စကားများထက် ပို၍ကျယ်သည်။ တစ်လကြာပြီးနောက် ထိုနှစ်ယောက်က သူက ချဲ့ကားပြောခြင်း မဟုတ်ကြောင်း ယုံကြည်သွားကြပေလိမ့်မည်။ ပို၍ဆိုးသည်မှာ...
အဲ့ဒီအချိန်ကျရင် ခဲ့ရှု့ဟန်နဲ့ ဖုမန်လင်းချာတို့ကလည်း အံ့အားသင့်စရာကောင်းတဲ့ လုပ်ရပ်ကြီးကို လုပ်ပြလာလောက်တယ်။
ဝမ်ချောင်က ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး စိတ်ထဲတွင် ရယ်မောနေသည်။
သံမဏိမြို့ တည်ဆောက်သည့် ကိစ္စကို အင်အားအလုံးအရင်းဖြင့် စိုက်ထုတ်ထားသည့်တိုင်အောင် ဖုမန်လင်းချာ၊ ခဲ့ရှု့ဟန်၊ ကောင်းရှန်းကျစ်နှင့် အန်းစစ်ရွှန်းတို့က ကင်းထောက်အနည်းငယ်ကိုလွှတ်ကာ စောင့်ကြည့်ရုံထက် ဘာမှမပိုခဲ့ချေ။ ဒါက ပုံမှန်မဟုတ်တော့ချေ။
ဝမ်ချောင်က သူတို့၏အကြံကို နားလည်လိုက်သည်။ သူတို့အတွက် ကံဆိုးသည်မှာ သူတို့က အခြေအနေ အမှန်ကို နားလည်ရန် အခွင့်အရေး မရနိုင်တော့ခြင်းဖြစ်သည်။
...
အချိန်က တဖြည်းဖြည်း ကုန်လွန်လာသည်။ ဆယ်ရက်ခန့် ကြာပြီးနောက် မဟာကလန်ကြီးများမှ ပို့လိုက်သည့် အလုပ်သမား ငါးသောင်းကျော်နှင့် ကျွမ်းကျင်ပညာရှင်များ ဒုတိယတစ်သုတ်က ရောက်လာသည်။ ဒါက သံမဏိမြို့အတွက် တည်ဆောက်မည့် လိုအပ်သော ပစ္စည်းများ၏ ဒုတိယတစ်သုတ်ကလည်း ချောချောမွေ့မွေ့ ရောက်လာခဲ့ပြီဖြစ်ပြီး ထိုပစ္စည်းများ အားလုံးကို မဟာထန် စီရင်စုအတွင်းရှိ အမျိုးမျိုးသော ပန်းပဲစံအိမ်ကြီးများ၊ လက်နက်ဆိုင်များမှ ရရှိလာသည်။
တူညီသောညတွင် ကောင်းကင်တွင် စောင့်ကြည့်နေသည့် သိန်းငှက်များ၊ ငှက်များအားလုံး ပျောက်ကွယ်သွားသော တခဏ အာရပ်နှင့် ချရာဆယ်ရမ်မှ သူလျိုတိုင်း၊ ကင်းထောက်တိုင်း ကုန်သည်အယောင်ဆောင်ကာ လာကြည့်နေသော အနေအထားမျိုးမှ ပြန်သွားသည့်အခိုက် ဝမ်ချောင်က သူ၏အကြံအစည်ကို အကောင်အထည် ဖော်လိုက်သည်။
ဝုန်း
မြေကမာ္ဘကြီးက သိမ့်ကနဲ လှုပ်ခါသွားသည်။ ဝမ်ချောင်၏ အမိန့်နှင့်အတူ မြို့၏အရှေ့မြောက်ဘက် အကျဆုံး တစ်နေရာမှ မီးပြင်းဖိုတမျှ ပြင်းထန်လွန်းသည့် မီးတောက်က ထွက်လာသည်။ ထိုသို့ထွက်လာပြီးသည်နှင့် ချက်ချင်းလိုလို ဒုတိယတစ်ခု၊ တတိယတစ်ခု၊ စတုတ္ထတစ်ခု စသဖြင့် ထောင်ပေါင်းများစွာသော မီးတောက်များက အသက်ဝင်လာသလိုမျိုး ထိန်လင်းလာသည်။ ဒီနည်းအားဖြင့် မြို့၏ အရှေ့မြောက်ဘက် အကျဆုံးအပိုင်းမှ နေရာအနှံ့ ပျံ့နှံ့သွားပြီး လင်းထန်သွားစေခဲ့သည်။
ထိုမီးတောက်များက ကြောက်စရာကောင်းလောက်အောင် ထိန်လင်းလွန်းလေရာ သံမဏိမြို့၏ အတွင်းပိုင်း နေရာတိုင်းကို နေ့အလား ထိန်လင်းသွားစေခဲ့သည်။
“စတင်မယ်”
တောင်ပိုင်းမြို့ရိုး အပေါ်တွင် တင်းမာသော မျက်နှာထားဖြင့် ဝမ်ချောင်၏အနားတွင် ရပ်နေသည့် ကျန်းရှို့ကျစ်က လက်မောင်းကိုတစ်ချက် ယမ်းချလိုက်သည်။
ဘုန်း
ထိုသို့ယမ်းချလိုက်သည့်အခိုက် ပတ်ပတ်လည်မှ ကြီးမားသော ပစ္စည်းချင်း ဆောင့်တိုက်မိသံနှင့် သတ္တုချင်း ထိခတ်သံများ တချွင်ချွင်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။
ခုခံရန် တာဝန်ယူထားသော အလုပ်သမား တစ်သိန်းနှင့် စစ်သည်တော်တိုင်းက သူတို့၏ တာဝန်တိုင်းကို ပစ်ချပြီး မြို့ရိုးကိုဝိုင်းကာ တည်ဆောက်ပေးကြသည်။ ကျန်းရှို့ကျစ်က ဝူရှန်းသို့ ရောက်လာသည့် အချိန်မှစ ယခုအချိန်ထိ သံမဏိမြို့အတွက် ပုံပေးထားသော မော်ကျူးများက တောင်ပုံရာပုံ ဖြစ်နေပြီဖြစ်သည်။ ထိုအရာများ အားလုံးကိုလည်း စုစည်းကာ တစ်နေရာတွင် ထားထားသည်။
အုတ်မြစ်ချသည့် အဆင့်နှင့် ပထမအဆင့်ကိစ္စ ပြီးမြောက်သွားသည်နှင့် ထိုမော်ကျူးများကို မည်သူမျှ မထိခဲ့သေးချေ။ အလုပ်သမားတိုင်းကလည်း စားသောက်ဆိုင်များ၊ တည်းခိုဆောင်များ၊ လက်ဖက်စံအိမ်များ တည်ဆောက်ရင်းဖြင့် မြို့အတွင်း နေရာအနှံ့တွင် ရှိနေခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် သူတို့အားလုံးက အစီအစဉ်အတိုင်း အကောင်အထည် ဖော်နိုင်ပြီဖြစ်သည်။ ဝမ်ချောင်က အခြားသော အရာများကို ဦးတည် ဆောက်နေသည့်အခါ လူတိုင်းကလည်း သတိလျော့ကျသွားပေလိမ့်မည်။ ယခုအခါ မည်သူမျှ မရှိတော့သောအခါမှ ထိုအလုပ်သမားများ အားလုံးက မော်ကျူးများကို စတင်ရှို့လာကြပြီး အချင်းချင်း ဆက်ကြသည်။
ချွင်
တူကြီးတစ်ခု ကျသွားသည်နှင့် ညအမှောင်အတွင်း အလင်းဖွားများက လွင့်တက်သွားသည်။ ထိုသို့ဖြင့် သံမဏိမြို့မှ မော်ကျူးသောင်းကျော်က စတင်ပြီး ပုံဖော်ခံရသည်။ ထိုအချိန်တွင် စတင်ပြီး ပုံစံနှင့် တည်ဆောက်မှု နည်းလမ်းများကို ရင်းနှီးနေပြီဖြစ်သော အလုပ်သမားတိုင်းက သူတို့၏ ဗဟုသုတများကို ထုတ်ဖော်ရန် ကောင်းကောင်း အသုံချကြသည်။
ဘုန်း ဘုန်း ဘုန်း
သတ္တုချင်း ထိခတ်သံများက ကောင်းကင်ကိုပင် လှုပ်ခါစေသည်။ ထိုမီးပြင်းဖိုမှ မီးတောက်အလင်းများ၏ အောက်တွင် သံမဏိမော်ကျူးတိုင်းက ငါးကြေးခွံများအလား သေးသပ်စွာဖြင့် တစ်ခုနှစ်တစ်ခု ထိပ်တိုက် ဆက်သွားကြသည်မှာ အချို့သော နိယာမတစ်ခုက လမ်းညွှန်ပြသပေးနေသည့်အလား ထင်ရသည်။
အလုပ်သမား တစ်သိန်းက တစ်စုတစ်ဝေးတည်း တစ်ညီတစ်ညာတည်း လုပ်ဆောင်လိုက်သည့်အခါ စက်ပစ္စည်းတစ်ခုဖြင့် လုပ်ဆောင်လိုက်သလိုမျိုး အလွန်ချောမွေ့ကာ မြန်ဆန်ကာ တိကျသွားသည်။ ထို့နောက် အံ့အားသင့်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ မြို့ကိုတည်ဆောက်ကြတော့သည်။
ထိုမျှမြန်ဆန်ပြီး ခမ်းနားသော တည်ဆောက်သည့် ဖြစ်စဉ်နှင့် လေးစားဖွယ် ဖြစ်စဉ်များကို ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
“မဖြစ်နိုင်လိုက်တာ”
ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့ နှစ်ယောက်လုံးက မဟာကလန်ကြီးများမှ လာသည်။ သူတို့၏ ကလန်က သက်တမ်းအလွန် ကြာရှည်ပြီး သမိုင်းအပြည့်အဝရှိသော ကလန်ကြီးများလည်း ဖြစ်နေသေးသည်။ ထို့ကြောင့် အင်အားနှင့် အရင်းအမြစ်အရာတွင် သူတို့၏ ကလန်က မြို့တော်မှ မဟာကလန်ဆိုသော ကလန်ကြီးတိုင်းကို ကျော်နိုင်ပြီးသားဖြစ်သည်။
ထိုသို့သော နောက်ခံမျိုးမှလာသော ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က အမြင်ကျယ်သည်။ သို့သော် ယခုလိုသော ခမ်းနားလွန်းသည့် မြင်ကွင်းမျိုးကို စိတ်ကူးမယဉ်ဖူးကြချေ။ တစ်သိန်းကျော်သော လူများက တညီတညာတည်း ပူးပေါင်းကာ လုပ်ဆောင်နိုင်နေသည်မှာ စစ်တပ်ထက်ပင် စည်းစနစ်ကျပြီး သေသပ်နေသေးသည်။
ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ မြို့ကိုတည်ဆောက်သော နည်းလမ်းက ပုံမှန်လက်ခံနိုင်သော ဖြစ်ရပ်မျိုးနှင့် ခြားနားနေပြန်သည်။
အခန်း(၇၁၈)
အံ့အားသင့်ဖွယ်ကောင်းသော တစ်ည (၂)
“စစ်လင် ငါမြင်နေရတာက တကယ်လား”
ကျောင်းရထုံက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများက အထင်းသား ရှိနေသည်။
“ငါလည်းနင့်ကို မေးချင်နေတာလေ”
ပိုင်စစ်လင်၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုများကလည်း ကျောင်းရထုံထက် မနိမ့်ကျချေ။
သူတို့နှစ်ယောက်က ကြည့်နေသည့် အချိန်တွင် မော်ကျူးတစ်သောင်းက ချိတ်ဆက်ပြီးသဖြင့် တစ်ဆင့် ပြီးမြောက်တော့မည့် အချိန်ထိ ရောက်ရှိနေသည်။ သို့သော် အချိန်ကာလက (၁၅)မိနစ်ထိပင် မကြာသေးချေ။ သူတို့၏ မြို့တည်ဆောက်သော နည်းလမ်းနှင့် စက်မှုနည်းပညာပိုင်းအပေါ် နားလည်ထားမှုအရဆိုလျှင် ထိုသို့ မဖြစ်နိုင်သင့်ချေ။ သူတို့နားလည်ထားသမျှ အရာအားလုံးက ပြောင်းပြန်လှန်ခံလိုက်ရသလို ဖြစ်သွားသည်။
“အသင့်ပြင်”
“အဖွဲ့နှစ် အသင့်ပြင် ဂဟေဆော်ဖို့ ပြင်ဆင်ကြ”
“မြန်မြန် အားလုံးပဲ ဘေးထွက်ရပ်နေကြ အကွာအဝေး ခြားထားနော်။ ကရိန်းကိုသုံး”
“မော်ကျူးတွေကို ဆက်တော့”
......
ထိုသို့ဖြင့် မြို့တစ်မြို့လုံးအနှံ့ အော်ဟစ်သံများက ထွက်နေသည်။ လူတစ်သိန်းကျော်က လူတစ်ထောင်နီးပါးရှိသော အဖွဲ့များအဖြစ် ပြောင်းလဲကာ ဖွဲ့ထားသည်။ တစ်ဖွဲ့ချင်းစီတိုင်းကို အတွေ့အကြုံရှိ လက်မှုပညာသည်များက ဦးဆောင်ပြီး အတူပူးပေါင်းကာ လုပ်ဆောင်လိုက်သည့် အချိန်တွင် မည်သူ့ကိုမျှ အနှောက်အယှက် မဖြစ်စေသည့်အပြင် ကိုယ့်တာဝန်ကို အသီးသီးလုပ်ပြီး အလုပ်တွင်သေးသည်။
ဒီလိုမြင်ကွင်းမျိုးကိုမြင်သည့် မည်သူမဆို အံ့အားသင့်လောက်သည်။ သို့သော် ယခုမြင်နေရသမျှက အချိန်အဆက်မိမိ လုပ်ဆောင်နိုင်စွမ်းအားနှင့် တည်ဆောက်ရာတွင် ကျွမ်းကျင်မှုများကို အပြည့်အဝ ထုတ်ဖော်နိုင်နေပြီဖြစ်ပြီး ဒီခေတ်မှ လုပ်နိုင်စွမ်းအားကို ကျော်လွန်နေခဲ့သည်။
အချိန်က အလွန်နောက်ကျနေသည့်တိုင်အောင် သံမဏိမြို့ကမူ စည်ကား ပွက်လောရိုက်နေသေးသည်။ သို့သော် မည်သူကမျှလည်း ကိုယ်တိုင် မမြင်ရမချင်း အခြေအနေကို မသိနိုင်ချေ။
တိုက်ခတ်နေသော လေပြင်းနှင့်အတူ မြို့ရိုးပေါ်တွင် ရပ်နေသည့် ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့ကမူ အဝေးတွင်ရှိသည့် ဝမ်ချောင်နှင့် ကျန်းရှို့ကျစ်တို့ကို မျက်ဝန်းထဲရှိ ထူးဆန်းသော အလင်းတို့နှင့်အတူ စိုက်ကြည့်နေမိကြသည်။
အာရုံစိုက်နေသော အမျိုးသားက ဖော်ပြရန်ခက်ခဲလောက်အောင် ဆွဲဆောင်မှု ရှိနေသည်။ ထိုအခိုက် ဝမ်ချောင်က မြို့ရိုးပေါ်တွင် မလှုပ်ရှားဘဲ ဒီတိုင်းရပ်နေသည်။ သူ၏အာရုံတိုင်းက ဆောက်လုပ်ရေး နေရာတွင် ရှိနေသေးသည်။ သို့ရာတွင် သူ၏ ဖော်ပြရန်ခက်ခဲသည့် မြင်နိုင်စွမ်းအားနှင့် အမိန့်ပေးနိုင်သော အရှိန်အဝါ သူက ဒီအခြေအနေ တစ်ခုလုံးပေါ် ကြိုတင်ကာ ဖမ်းဆုပ်ထားနိုင်သည့် အခြေအနေတို့က ထိုအမျိုးသမီး နှစ်ယောက်အပေါ် နက်ရှိုင်းသော ထင်မြင်ချက်များကို ချန်ရစ်ထားခဲ့ပြီးသားဖြစ်ပြီး သူတို့ကို ပို၍ပင် စိတ်လှုပ်ရှား ခံစားသွားရစေသည်။
ထိုတခဏတွင် နှစ်ယောက်လုံးက ဒီလောကတွင် ဝမ်ချောင်မလုပ်နိုင်သော အရာဟူ၍ မရှိဟု တွေးလိုက်မိကြသည်။
“ငါနားလည်ပြီ သူက အဲ့ဒီလူတွေ အံ့အားသင့်ပြီး ထုံထိုင်းသွားစေချင်လို့ တမင်သတ်သတ် တည်ဆောက်တဲ့ အရှိန်ကို နှေးထားတာပဲ”
ကျောင်းရထုံက ခံစားချက်အပြည့်ဖြင့် ပြောသည်။ သူမ၏ မျက်ဝန်းများက တောက်ပနေသည်။
“သူက ဒီလူတွေ သတိလျော့သွားတဲ့အချိန်ကို စောင့်ချင်တာ။ ဒီသံမဏိမော်ကျူးတွေနဲ့ အလုပ်သမားတွေ အတွက်ကတော့ သူတို့ရောက်လာတဲ့ အချိန်လိုတာကို”
“အင်း သူက လူတိုင်းကို အရူးလုပ်လိုက်တာပဲ”
ပိုင်စစ်လင်က ထိုစကားများကို ပြောလိုက်သော်လည်း အပြစ်တင်ဟန်မပြချေ။ အနှစ်ချုပ်ဆိုရသော် သူမက ဂုဏ်ယူပြီး ကျေနပ်သလို ပုံစံမျိုးကိုပင် ထုတ်ပြနေသေးသည်။ သူမက အရာအားလုံးကို လုပ်လိုက်သူအလား ထင်ရသည်။
“ဒီမျိုးမစစ်ကောင်ကတော့”
ထိုတစ်ညတာက အဖွဲ့အစည်း အမြောက်အများကို ဒုက္ခရောက်စေနိုင်သည့် တစ်ညတာနှင့် ဆက်နွယ်နေသည်။
......
အရှေ့ဘက်မှ အာရုံဦးအလင်းရောင်က စတင်ထွက်ပေါ်လာပြီး မနက်ခင်း နေမင်းက မိုးကုတ်စက်ဝိုင်း တည့်တည့်ကို ကျော်လွန်လာသည်။
ယခင်အတိုင်း ဝမ်ချောင်၏ သံမဏိမြို့ အနီးအနားသို့ အပြေးနှင်လာသည့် ပထမဦးဆုံး မြင်းခွာသံများကို ကြားလိုက်ရသည်။ ထိုလူက သူတစ်လကျော် စောင့်ကြည့်ခဲ့သော ဖြစ်စဉ်အတိုင်း တဖန်ပြန်လည် လုပ်ဆောင်ပြန်သည်။ ထို့ကြောင့် သူက တဖန်ပြန်လည် လုပ်ဆောင်ရခြင်း ဖြစ်သည့်အတွက် ထိုဖြစ်စဉ်ကို ရင်းနှီးနေသည်။
“မြို့တစ်မြို့ တည်ဆောက်တာက အရမ်းကို အားအင်ကုန်ခမ်းစေတဲ့အပြင် အချိန်ကုန်နှုန်း ကြာစေတဲ့ အလုပ်ကြီးပဲ။ ဒီတော့ တစ်နှစ်၊ နှစ်နှစ်လောက်တောင် မပြီးနိုင်ဘူး။ ငါဒီလို သွားလိုက်ပြန်လိုက် လုပ်ရတဲ့ကိစ္စက ဘယ်လောက်ထိ ကြာမယ်မှန်းတောင် မသိနိုင်ပါဘူး”
မြင်းစီးသမားများက ခပ်တိုးတိုး ရေရွတ်သည်။
ဒီလိုလေ့လာရသော လုပ်ရပ်က ကင်းထောက်တစ်ယောက်၏ တာဝန်ဖြစ်သော်လည်း သူက အထွန့်မတက်သင့်သည့်တိုင်အောင် ဒီနေရာက တိုက်ပွဲနယ်မြေ မဟုတ်ချေ။ နေ့ရက်တိုင်းလိုလို သူက ဒီနေရာသို့ လာနေရပြီး တူညီသော အရာများကို ကြည့်နေရသည်။ ထို့ပြင် တူညီသော တင်ပြချက်ကိုသာ တင်ပြနေရသည်။ ဒီလိုထပ်ခါတလဲလဲ ဖြစ်နေသော နေ့ရက်မျိုးက ကင်းထောက်သမားများအတွက် မခံမရပ်နိုင် ဖြစ်စေလောက်လေသည်။
“ငါဒီမှာ တခဏလောက်ပဲ နေရဖို့ မျှော်လင့်တာပဲ။ အခြားနေရာကို အရွှေ့ခံရရင် ကောင်းမယ်။ ဝူရှန်းဆိုရင်တောင် အဆင်ပြေပါတယ်။ ဒီလိုပျင်းစရာကောင်းတဲ့ အလုပ်ထက်တော့ အများကြီးသာမှာပဲ။ ငါနှစ်နှစ်လုံးလုံး ဒီနေရာမှာတော့ အချိန်မဖြုန်းချင်ဘူး”
သူကခပ်တိုးတိုး ရေရွတ်နေချိန်တွင် သူ၏မြင်းကိုမူ ရှေ့သို့ အပြေးနှင်အောင် တွန်းပို့နေသေးသည်။ ဒီနည်းအားဖြင့် သူက သူစောင့်ကြည့်နေသော နေရာသို့ ဦးတည်လိုက်သည်။
သံမဏိမြို့က အစောင့်အကြပ် အပြည့်အောက်တွင် ရှိနေသည့်အပြင် စစ်သည်တော် ထောင်ပေါင်း မြောက်များစွာကလည်း ရှိနေသေးသည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ပါဝင်ခဲ့သည့် လက်ရွေးစင် အမြောက်အများကပင် ထိုနေရာတွင် ရှိနိုင်ချေမြင့်သည်။ ထိုလူများက အစစ်အမှန် ကျွမ်းကျင်ပညာရှင်များဖြစ်ပြီး ထိုလူများနှင့်သာ ကတောက်ကဆ ဖြစ်သွားလိုက်လျှင် ဒုက္ခအကြီးကြီး တက်ပေလိမ့်မည်။
ရလဒ်အနေဖြင့် ကင်းထောက်သမားတိုင်းက မည်သည့် ကတောက်ကဆမျိုးမှ မရှိစေရန် အကွာအဝေး တစ်ခုခြားကာ နေကြသည်။ မည်သို့ပင်ဆိုစေ ကင်းထောက်သမားများနှင့် စောင့်ကြည့်သူများက ရန်သူ၏ အင်အားစုထံ တဖြောင့်တည်း အပြေးသွားရန် မလိုအပ်ချေ။
ထိုနေရာတွင် စောင့်ကြည့်နေကြသည့် လူအမြောက်အများ ရှိနေသည်။ သူတို့အားလုံးက အင်ပါယာ၏ နှလုံးသားဟု ဆိုရလောက်သည့် ဂိုဂူလျော၊ တူရကီ အနောက်ပိုင်းနယ်မြေများ၊ တိဗက်၊ အာရပ်၊ ချရာဆယ်ရမ်... စသဖြင့်တို့ဖြစ်သည်။ သူတို့အားလုံးက ရောက်လာကြပြီး သာမာန် ခရီးသွားသူများကဲ့သို့ ဝတ်ဆင်ထားကြသည်။
ဒီနေရာက မဟာထန်၏ အဓိက အချက်အချာ နယ်မြေဆိုလျှင် လက်သင့်မခံနိုင်လောက်သော်လည်း ဒီနေရာက အနောက်ပိုင်းနယ်မြေနဲ့နီးပြီး ယွီစန်း၊ အနောက်ပိုင်းတူရကီ ခါကာနိတ်တို့နှင့်နီးသော ချီရွှီဖြစ်ကတည်းက ပုံမှန်ဖြစ်သွားသည်။
များပြားသော လူပမာဏ၏ ဆိုလိုရင်းသည် စောစောလာမှသာ နေရာကောင်း ရမည်ဆိုသော အဓိပ္ပာယ် ဖြစ်သွားသည်။ ထိုမြင်းစီးသမားက ခပ်နိမ့်နိမ့် တောင်ကုန်းလေးတစ်ခုကို ရွေးချယ်လိုက်သည်။ သူ၏ စစ်မြင်း၏ အမြင့်နှင့်ပေါင်းလိုက်သော သူက ထိုနေရာမှဆိုလျှင် ကောင်းကောင်း စောင့်ကြည့်၍ရသည်။ သို့သော် ထိုမြင်းစီးသမားက ပုံမှန်အတိုင်း တောင်ကုန်းထံ ဦးတည်သွားလိုက်သည့်အခါ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သတိထားလိုက်မိသည်။ သူ၏မျက်စိရှေ့တွင် တောင်တန်းတမျှ မြင့်မားသော တစ်စုံတစ်ယောက်က ပေါ်လာသည်။
“ဒါက...”
မြင်းစီးသမားက မျက်လုံးပြူးပြီး အံ့အားသင့်သွားသည်။ သူက ဒီနေရာကို တစ်လကျော် စောင့်ကြည့်နေခဲ့သူဖြစ်ပြီး ဝူရှန်း၏ အနီးအနား ဝန်းကျင်ကို အလွန်အမင်း ရင်းနှီးနေပြီဖြစ်သည်။ ဝမ်ချောင်က သူ၏ အပိုင်စားနယ်မြေအဖြစ် ရွေးချယ်ခဲ့သောနေရာက မြေပြန့်များပြီး ထင်ရှားသော ကျောက်စွန်းများပင် မရှိချေ။
ထိုနေရာတွင် အထင်ရှားဆုံး မြေမျက်နှာသွင်ပြင် တည်ဆောက်ပုံ အနေအထားက ဒီလိုခပ်နိမ့်နိမ့် တောင်ကုန်းများဖြစ်သည်။ ထို့ပြင် အစစ်အမှန် တောင်တန်းများဟူ၍လည်း မရှိချေ။
“ဘာဖြစ်တာလဲ ငါအမြင်မှားတာလား”
မြင်းစီးသူက အံ့အားတကြီး ရေရွတ်နေပြီး အချိန်တစ်ခုကြာပြီးနောက် သူ၏ခေါင်းကိုမော့ကာ စိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုတခဏတွင် သူတောင်ဟု ရုတ်တရက် ထင်လိုက်မိသော အရာ၏ အစစ်အမှန် ပုံသဏ္ဍန်ကို မြင်လိုက်ရသည်။ ထိုအရာကို မြင်လိုက်သည်နှင့် သူဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ချေ။
မနက်ခင်းနေမင်း၏ အလင်းရောင်အောက်တွင် သံမဏိမြို့ကြီး၏ အလွန်အမင်း ကြီးမားကာ ခမ်းနားသည့် ပုံစံကြီးက မိုးကုတ်စက်ဝိုင်းတောက်လျှောက် ပေါ်ထွက်နေပြီဖြစ်သည်။ သူမြင်နေရကျ သံမဏိမြို့နှင့် မတူသည်မှာ ထိုမြို့၏ မြို့ရိုးနံရံများက ခြောက်မီတာကျော် မြင့်နေပြီဖြစ်ပြီး သာမာန် အရွယ်ရောက်ပြီးသော လူသုံးယောက်၏ အမြင့်ထိ ရောက်ရှိနေပြီဖြစ်သည်။
တလက်လက် တောက်ပနေသော သတ္တုမြို့ရိုးက အလွန်အမင်း ချောမွေ့ကာ မတ်စောက်သဖြင့် ရုတ်တရက် ကြည့်လိုက်မည်ဆိုလျှင် ထီးထီးမားမား တည်ရှိနေသော်လည်း ရွေ့လျားရန် ခက်ခဲစေသော တောင်တန်းကြီးဟု ထင်ရစေသည်။ မနက်ခင်းနေမင်း၏ အလင်းရောင်အောက်တွင် မြို့ထဲမှ အပေါ်သို့ လိပ်တက်နေသော မီးခိုးများနှင့်အတူ အလုပ်သမား တစ်သိန်းကျော်က မြို့ရိုးကို မြင့်သထက်မြင့်အောင် ခိုင်မာသထက် ခိုင်မာအောင် ထူသထက်ထူအောင် လုပ်နေသော မြင်ကွင်းကို မြင်လိုက်ရသည်။
“ဒါ ဒါက မဖြစ်နိုင်တာပဲ”
မြင်းစီးသမားက အထိတ်တလန့် ဖြစ်သွားသည်။ သူ၏မျက်ဝန်းကလည်း အံ့အားသင့်မှုများနှင့် ကြောက်ရွံ့လေးစားမှုများ ထင်ဟပ်လာသည်။ သူက တစ်ညတည်းသာ ပြန်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် ရုတ်တရက် လေထဲမှ ခြောက်မီတာခန့်မြင့်သော မြို့ရိုးကြီးနှင့် ခိုင်မာသောမြို့ကြီးက ထင်ထင်ရှားရှား ပေါ်လာသည်။
တစ်ညတည်း
တစ်ညတည်းပါ
ခြောက်မီတာမြင့်သော မြို့ရိုးနှင့် သံမဏိမြို့ကြီးက အခြေခံ ခုခံရေးအင်အားစုတစ်ခု၏ ခံတပ်တစ်ခုအဖြစ်ပင် သတ်မှတ်ထား၍ရသည်။ စစ်မြင်းနှင့် မြှားများဒဏ်ကိုလည်း ခံနိုင်နေပြီဖြစ်သည်။ တစ်ခုတည်းသော အားနည်းချက်ကမူ ရန်သူက မြင့်မားသော လှေကားကြီးများကိုသုံးကာ မြို့ရိုးပေါ်သို့ ကျော်တက်နိုင်ခြင်းဖြစ်သည်။
“ဒါပေမဲ့ဒါက ခြောက်မီတာနော်”
ဒီအမြင့်က တော်တော်လေးကို အံ့ဩစရာကောင်းနေပြီ။
တစ်ညတည်းနှင့် သံမဏိမြို့က ရုတ်တရက် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။ လက်ရှိအချိန်တွင် စစ်တပ်တစ်ခုက ရုတ်တရက် တိုက်ခိုက်လာနိုင်သည့်တိုင်အောင် ဝမ်ချောင်ကမူ မြို့ရိုးများအပြည့်၏ အဝိုင်းခံထားရပြီး ခံတပ်ပေါ်တွင် ခိုင်ခိုင်မာမာ ခြေကုပ်ယူထားနိုင်သော အမျိုးသားတစ်ယောက် ဖြစ်နေသေးသည်။ ထိုမြို့ရိုးများက အလွန်အမင်း ခိုင်မာနေသည့် အချက်ကလည်း သိသာထင်ရှားနေသေးသည်။ မြင်းစီးသမားကသာ ထိုထက်အနည်းငယ် ခန့်မှန်းနိုင်မည်ဆိုလျှင် ထိုမြို့ရိုးက ကိုးမီတာဖြစ်နိုင်ကြောင်း သိပေလိမ့်မည်။
မဟုတ်ဘူး ငါဒါကို အရှင့်ကို တင်ပြရမယ်။
မြင်းစီးသမား၏ နှလုံးသားက စိတ်ကျသွားသည်။ သူ၏တစ်ကိုယ်လုံးကလည်း တုန်ယင်သွားသည်။ တစ်ညတည်းနှင့် ခြောက်မီတာမြင့်သော မြို့ရိုးကြီးက ဝူရှန်းတွင် ရုတ်တရက် ပေါ်ထွက်လာသည်။ ကင်းထောက်တစ်ယောက်ဖြစ်သော သူက တာဝန်ပျက်ကွက်မှုကြောင့် အပြစ်တင်ခံရနိုင်သည်။
“ဟိုက်ရား”
ထိုမြင်းစီးသမားက သူလာရာနေရာသို့ ပြန်လည်ထွက်ခွာရန် အပြေးနှင်လိုက်သည်။ သူ၏အနောက်မှ အခြားသော အဖွဲ့အမျိုးမျိုး၏ ကင်းထောက်များ၊ သူလျိုများ အားလုံးကလည်း ရောက်လာကြသဖြင့် ဝရုန်းသုန်းကား ပြန်လှည့်သွားသောသူ့ကို မြင်လိုက်သောအခါ အထိတ်တလန့် ဖြစ်သွားကြသည်။
“ဒါ ဒါက မဖြစ်နိုင်တာပဲ”
“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ။ ဘယ်သူက ဒီလိုလုပ်နိုင်တာလဲ”
“တစ်ညတည်း တစ်ညတည်းနဲ့လေ သူတို့ဘယ်လိုများ လုပ်လိုက်တာလဲ။ တစ်ခုခုတော့ မှားနေပြီ။ ငါတစ်ခုခု လွတ်သွားတာလား”
ပြန်လှည့်သွားသော ထိုကင်းထောက်၏ အနောက်မှ အလန့်တကြား အော်သံများက ထွက်လာသည်။ သူတစ်ယောက်တည်းကသာ ထိတ်လန့်သွားခြင်းမဟုတ်ကြောင်း သက်သေက သိသာနေလေသည်။
......
ဘန်း
လက်ဝါးတစ်ချက်က သတ္တုဇာပေါက်လေးများပါသော စားပွဲကို ရိုက်ချလိုက်သည်။ ထိုအခိုက် ချီရှီကာကွယ်ရေး စစ်တပ်ဌာနချုပ်မှ လူတိုင်းက ပြိုလဲကျလုနီးပါး လှုပ်ခါသွားကြသည်။
“မင်းဘာပြောလိုက်တာလဲ အဲ့ဒီကောင်စုတ်က တစ်ညတည်းနဲ့ နှစ်ကျန်းကျော်လောက်မြင့်တဲ့ မြို့ကြီးကို တည်ဆောက်လိုက်နိုင်တယ်ပေါ့လေ”
ဖုမန်လင်းချာ၏ ဒေါသတကြီး အော်ဟစ်သံက ဌာနချုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
“ငါယုံမယ်လို့ မင်းကထင်နေတာလား။ မင်းစိတ်လွတ်သွားတာလား။ ငါ့ရှေ့မှာတောင် ဒီလို ပေါက်ကရ လာပြောရဲသေးတယ်”
သူက ထိုကင်းထောက်၏ တင်ပြချက်ကို လက်ခံရရှိပြီးသည်နှင့် ဖုမန်လင်းချာ၏ ပထမဦးဆုံး တုန့်ပြန်မှုက မယုံကြည်နိုင်မှုဖြစ်သည်။ မြို့တစ်မြို့ကို ထိုမျှအရှိန်နှုန်းဖြင့် တည်ဆောက်နိုင်ရန် အကြောင်းမရှိချေ။ ထိုအချက်က မဖြစ်နိုင်ချေ။ ဆရာသခင် စက်မှုပညာရှင် လုပန်က ပြန်လည်မွေးဖွားလာလျှင်ပင် ထိုသို့ မလုပ်နိုင်လောက်ချေ။
“အရှင် ဒီလက်အောက်ငယ်သားက အမှန်တရားကို ပြောနေတာပါ။ ဝမ်ကလန်ရဲ့ အငယ်ဆုံးသားက တစ်ညတည်းနဲ့ နှစ်ကျန်းကျော်လောက်မြင့်တဲ့ မြို့ရိုးကြီးကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီမြို့ရိုးကလည်း ထင်ထင်ရှားရှား ရှိနေပါသေးတယ်”
ဒူးထောက်ထားသည့် မြင်းစီးသမားက အလွန်ထိတ်လန့်ပြီး ခြောက်ခြားနေသည်။ သူက စကားဆုံးအောင် မပြောနိုင်ခင် ဒေါသတကြီးဖြစ်နေသည့် စွမ်းအင်လှိုင်း တစ်လှိုင်းက သူ့ကို တွန်းတိုက်လိုက်ပြီး ခန်းမထဲမှ မောင်းထုတ်လိုက်သည်။
“မျိုးမစစ်ကောင် ထွက်သွားစမ်းပါ သွားပြန်ကြည့်”
ဖုမန်လင်းချာ၏ ဒေါသတကြီးအသံက ကောင်းကင်ကိုပင် ထိုးခွဲနိုင်လောက်သည်။ ချီရှီကာကွယ်ရေးစစ်တပ် ဌာနချုပ်မှ စစ်သည်တော်တိုင်းက ကြောက်လန့်လွန်းသဖြင့် တုန်နေကြသည်။ သူတို့က သူ၏ လက်အောက်တွင် နှစ်ပေါင်းများစွာ ခစားခဲ့သည်။ သို့သော် ဖုမန်လင်းချာက ထိုမျှဒေါသထွက်သော ဖြစ်ရပ်ကို တစ်ကြိမ်သော်မျှ မမြင်ဖူးကြချေ။
ခွပ် ခွပ် ခွပ်
ထိုသို့ဖြင့် ချီရှီကာကွယ်ရေး စစ်တပ်ဌာနချုပ်ထဲမှ ဖုန်အလုံးလိုက်နှင့်အတူ မြင်းစီးသမားကလည်း မြင်းကိုအပြေးနှင်ကာ သံမဏိမြို့ထံ တဖန် ထွက်ခွာသွားရပြန်သည်။
......
လုံရှီ၊ ထယ်ကြီးမြို့...
ခဲ့ရှု့ဟန်က သတင်းကို အနည်းငယ် နောက်ကျပြီးမှရသည်။ သို့တိုင်အောင် သူကလည်း သတင်းပို့ ပင်ဂွင်းက မျှော်စင်ထဲသို့ အပြေးဝင်ရောက်လာသည်နှင့် စာကိုချက်ချင်းယူကာ အံ့အားသင့်သွားရသေးသည်။
“အရှင် ဒါက မဖြစ်နိုင်ပါဘူး။ ဘယ်လိုများ တစ်ညတည်းနဲ့ မြို့ကို တည်ဆောက်နိုင်မှာလဲ။ တင်ပြချက်က တစ်ခုခု မှားနေတာ ဖြစ်လောက်တယ်”
ခဲ့ရှု့ဟန်၏ တစ်ဖက်ခန်းထဲတွင် ထယ်ကြီးစစ်တပ်မှ လက်ထောက်ဗိုလ်ချုပ် တစ်ယောက်က စာရွက်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
“အဓိပ္ပာယ်မရှိတာ တစ်ညက ဆုံကြီးကို ရွှေ့ဖို့တောင် အချိန်မလုံလောက်ဘူး။ ငါတို့ရဲ့ ကင်းထောက်တွေအားလုံး သောက်စားပျော်ပါးနေကြတာလား။ သူတို့က ဒီလိုသတင်းမျိုးကိုတောင် ပြန်ပို့ရဲသေးတယ်”
ထယ်ကြီးမှ စစ်တပ်အရာရှိက သဘောတူကြောင်း ဝင်ထောက်ခံသည်။ သူတို့က သတင်းရသည်နှင့် ပထမဦးဆုံး တုန့်ပြန်မှုက အံ့အားသင့်ခြင်းမဟုတ်ဘဲ အရူးလုပ်ခံရသည်ဆိုသော ခံစားချက်ဖြစ်သည်။
တစ်ညတည်းနှင့် မြို့ကို တည်ဆောက်ခဲ့သည်။ ထို့ပြင် ထိုမြို့ကြီးက သာမာန်မြို့ထက်ပင် ပို၍ ကြီးနေခဲ့သေးသည်။ သုံးနှစ်အရွယ် ကလေးကပင် ထိုပေါက်ကရစကားကို ယုံမည်မဟုတ်ချေ။ သို့တိုင်အောင် ထိုသတင်းမျိုးကို သူတို့၏ လေးစားရသော တိုက်ပွဲတွင် ရွတ်ရွတ်ချွန်ချွန် လုပ်ဆောင်နိုင်သည့် ထယ်ကြီးစစ်တပ်၏ မဟာဗိုလ်ချုပ်ထံ တင်ပြရဲသည်။
အခန်း(၇၁၉)
အရေးပါသောချီရှီ
စစ်တပ်ထဲတွင် အရေးကြီးဆုံးအရာက သတင်းဖြစ်ပြီး သတင်းတင်ပြခြင်းနှင့် ပတ်သတ်ပြီး အရေးကြီးဆုံး အခြေခံ လိုအပ်ချက်ကလည်း မြန်ဆန်မှုဖြစ်သည်။ ထယ်ကြီးစစ်တပ်က မဟာထန်၏ လက်ရွေးစင် စစ်တပ်ကြီးတစ်ခုဖြစ်ပြီး ယွီစန်း၏ စစ်သည် သိန်းပေါင်းမြောက်များစွာကို ရင်ဆိုင်ဟန့်တားနေသည့် စစ်သည်တော် သောင်းကျော်ကိုသာ မှီခိုတည်ရှိနေရသော အဖွဲ့အစည်းကြီးဖြစ်သလို သူတို့က အချိန်နှင့်တပြေးညီ အရှေ့ဘက်သို့ လျှင်မြန်စွာ ရွေ့လျားတိုက်ခိုက်နေရန် အမြဲတစေ ဂရုတစိုက် ဆင်ခြင်သုံးသပ်နေရသည်။ ထို့ကြောင့် ထိုစစ်တပ်အတွက် သတင်းအချက်အလက် တင်ပြသည့် ကိစ္စနှင့်ပတ်သတ်ပြီး လိုအပ်ချက်က ပို၍ပင် တင်းကြပ်သေးသည်။
ရှေ့တန်းမှ ကင်းထောက်တစ်ယောက်က ထိုကဲ့သို့သော ပုံမှန်မဟုတ်သည့် သတင်းမျိုးကို ပြန်ပို့လာခဲ့လျှင် သူတို့က စစ်စည်းကမ်းအရ ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် ထိုအရာရှိများက ဒေါသထွက်သွားခြင်းလည်းဖြစ်သည်။
“အရှင် ဝူရှန်းကို ပို့ထားတဲ့ ကင်းထောက်က ဘယ်သူလဲ။ စစ်စည်းမျဉ်းအရဆိုရင် သူ့ကို နောက်တန်းကို ပြန်ပို့ရမှာ။ သူ့ကို နေရာကနေတောင် ဖယ်ရှားပြီး စုံစမ်းစစ်ဆေးသင့်တယ်”
ဒေါသထွက်နေသည့် အရာရှိတစ်ယောက်က အော်သည်။
“နေရာအဖယ်ခံရသင့်တာက သူမဟုတ်ဘူး မင်းတို့အားလုံးပဲ”
စာကြည့်ခန်းထဲမှ ညင်သာတည်ငြိမ်ပြီး အရှိန်အဝါ အပြည့်ပါသည့် အသံတစ်သံက ထွက်လာသည်။ ထို့နောက် အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ အရာရှိတိုင်းကလည်း နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်ကြကာ ရှေ့သို့သာ တဖြောင့်တည်း စိုက်ကြည့်လိုက်ကြသည်။
“ဒုတိယ၊ တတိယ၊ စတုတ္ထ စတဲ့ ကင်းထောက်တွေအားလုံးက တစ်သုတ်ပြီးတစ်သုတ် ပြန်ပြီး သတင်းပို့လာကြပြီးပြီ။ သူတို့တင်ပြချက်တွေအရ အခုမင်းတို့ မြင်ထားတဲ့ စာထဲက သတင်းအတိုင်း ပို့လာခဲ့ကြတာပဲ။ ဒါ့အပြင် ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ ဖုမန်လင်းချာတောင် ငါ့ဆီစာပို့လာတယ်။ ဒီတော့ သူတို့ပြောတာတွေ အားလုံးက မှန်နေမှာတောင် စိုးရိမ်ရတယ်”
ခဲ့ရှု့ဟန်၏ လက်များက ကျောနောက်တွင် ရှိနေသည်။ သူ၏မျက်နှာတွင် မည်သည့် ခံစားချက်ကိုမျှ မမြင်ရချေ။
ခဲ့ရှု့ဟန်က ပြောလိုက်သည့် အချိန်တွင် တခဏခန့် တိတ်ဆိတ်သွားသည်။ သို့သော် အရာရှိတိုင်း၏ မျက်နှာတွင်မူ မယုံကြည်နိုင်မှုကို ထင်ရှားစွာမြင်နိုင်သည်။
“ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ကြီးမားတဲ့မြို့ကြီးလေ။ တစ်ညတည်းနဲ့ ဘယ်လိုတည်ဆောက်နိုင်မှာလဲ”
အရာရှိများထဲမှ တစ်ယောက်က ရုတ်တရက် ရေရွတ်လိုက်သည်။
ထိုစကားများကလည်း လူတိုင်း၏ စိတ်ထဲတွင် ရှိနေသည့်အတွေးများ ဖြစ်နေသည်။ သူတို့က မဟာဗိုလ်ချုပ်ကြီးကို အလွန်အမင်း ရိုသေလေးစားသည့်အတွက် သူ၏ စကားလုံးကို မည်သည့်အချိန်တွင်မျှ သံသယဝင်မည် မဟုတ်သည့်တိုင် လက်ရှိအချိန်တွင်မူ ဝမ်ချောင်၏ တစ်ညတည်းနှင့် တည်ဆောက်လိုက်သည်ဆိုသော ခြောက်မီတာမြင့်သည့် အဆောက်အဦးကိစ္စက အိပ်ယာဝင်ပုံပြင်ကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် မည်သူကမျှလည်း ခဲ့ရှု့ဟန်၏ အပေါ်ယံတွင် ထိုမျှတည်ငြိမ်ပြနေသည့်တိုင်အောင် သူ၏စိတ်ထဲတွင်လည်း လက်အောက်ငယ်သားများနည်းတူ အလွန်အမင်း အံ့အားသင့်နေရခြင်းဖြစ်သည်။
တစ်ညတည်းနဲ့... နှစ်ကျန်းမြင့်တာ... သူဘယ်လိုများ လုပ်လိုက်တာလဲ။
ခဲ့ရှု့ဟန်၏စိတ်က ကစဉ့်ကလျားပင် ဖြစ်သွားသည်။
အနောက်တောင်ပိုင်းက စစ်ပွဲအတောအတွင်း ခဲ့ရှု့ဟန်ကလည်း ဝူရှန်းမှ ထိုလူငယ်က အံ့အားသင့်စရာ ကောင်းလောက်အောင် လုပ်ရဲကိုင်ရဲသည့် လုပ်နိုင်စွမ်းအားနှင့် ပါရမီကို ပိုင်ဆိုင်ထားကြောင်း သိခဲ့သည်။ သို့သော် သူက တစ်ကြိမ်ထပ်ပြီး အတွေ့အကြုံ ထပ်ရလိုက်ပြန်သည်။ ခဲ့ရှု့ဟန်က ခံစားသွားရကြောင်း ဝန်ခံရပေမည်။
ခဲ့ရှု့ဟန်၏ အနိမ့်ဆုံး ခန့်မှန်းချက်အရ ဝမ်ချောင်၏ သံမဏိမြို့က အနည်းဆုံး ခုနှစ်လ၊ ရှစ်လခန့်အထိ တည်ဆောက်ရပေမည်။ သို့သော် ယခုမူ ထိုမျှအထိ မလိုအပ်လောက်တော့ချေ။
ဝမ်ကလန်မှ အငယ်ဆုံးသားနှင့် ရင်ဆိုင်ရချိန်တွင် များပြားလှသော စည်းမျဉ်းများ၊ စည်းကမ်းများက အသုံးမဝင်ဖြစ်ရသည်။ ခဲ့ရှု့ဟန်က ကိုယ်တိုင်ကိုယ်ကျ ပြင်းထန်သည့်တိုက်ပွဲ အမြောက်အများကို တိုက်ခိုက်ရင်ဆိုင်ခဲ့ပြီး ရှင်သန်နိုင်ခဲ့ကာ ကြမ်းတမ်းသော စရိုက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အလျောက် သူ့ကို စိတ်လှုပ်ရှားစေသော ကိစ္စများက အလွန်နည်းပါးသည်။ သို့သော် ယခုမူ ဝူရှန်းမှ ထိုလူငယ်ကို နားလည်ရန် အလွန်အမင်း ခက်ခဲနေကြောင်း ရှာတွေ့လိုက်သည်။
အကြံအစည်က အပြောင်းအလဲကို အမှီမလိုက်နိုင်တော့ဘူး။ ကြည့်ရတာ လပေါင်းများစွာ ကြာမယ်လို့ ထင်ထားခဲ့တဲ့ အပြောင်းအလဲက တစ်ရက်တည်းနဲ့ အဆုံးသတ်သွားတာပဲ။ ငါအခြားနည်းလမ်းကို တွေးရမယ်။
ခဲ့ရှု့ဟန်၏ မျက်ဝန်းအတွင်း မရေမတွက်နိုင်သည့် အတွေးပေါင်း မြောက်များစွာက ဖြတ်သန်းနေသည်။ သူ၏စိတ်ထဲတွင်လည်း အတွေးပေါင်း မြောက်များစွာက ပေါ်ထွက်နေသည်။
သူ့အနေနှင့် ထိုမျှလေးစားဖွယ်ကောင်းသော ပြိုင်ဘက်မျိုးကို မတွေ့ရသည်မှာ ကြာလှချေပြီ။ သူက ဝမ်ကလန်မှ ထိုဆက်ခံသူ ကောင်လေးနှင့် မတွေ့ခဲ့ဖူးသော်လည်း မည်သူမျှ သတိမထားမိခင် သူတို့က ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီးလေပြီ။ ထိုသို့ဖြစ်ခဲ့သည်မှာ ခဲ့ရှု့ဟန်အနေနှင့် ပြိုင်ဘက်ကို အထင်သေးခဲ့မိ၍ဖြစ်ကြောင်း သံသယဝင်ရန် မရှိချေ။
သူက တစ်ညတည်းနှင့် ခြောက်မီတာမြင့်သော အဆောက်အဦးကို ဆောက်နိုင်လျှင် အစပိုင်းတွင် မည်သူမျှ သတိမထားမိအောင် တမင်ကို ရည်ရွယ်ချက်ရှိရှိ နှေးထားခဲ့ခြင်း ဖြစ်နေသည်မှာ အံ့ဩစရာမရှိတော့ချေ။ ယခု အရာအားလုံးက အဆင်သင့်ဖြစ်သွားပြီး အချိန်ကလည်း မှန်ကန်သည့်အတွက် သူက သူ၏အစစ်အမှန် အင်အားကို ထုတ်ဖော်ပြသခြင်း ဖြစ်လောက်သည်။
စိတ်ဝင်စားစရာပဲ။
ခဲ့ရှု့ဟန်၏ မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်သွားသည်။
ထယ်ကြီး၏ မဟာဗိုလ်ချုပ်ကြီးနှင့် ရင်းနှီးသူများကသာ သူကထိုသို့ ရေရွတ်လိုက်သည့် အချိန်တွင် သူ၏ တိုက်ခိုက်လိုစိတ်က လှုံ့ဆော်ခံလိုက်ရကြောင်း ပြသသည့် လက္ခဏာဖြစ်မှန်း နားလည်လောက်သည်။ သူက ထိုလူကို ပြိုင်ဘက်အဖြစ် စတင်လက်ခံလိုက်လေပြီ။
ဝူရှန်းမှာ အခြေခိုင်အောင်လုပ်ဖို့ ထင်သလောက် မလွယ်ဘူး။ အမတ်လေး ဒါကအစပဲရှိသေးတယ်။
ထိုအတွေးနှင့်အတူ ခဲ့ရှု့ဟန်က ဟန်အမူအရာ ပြန်ထိန်းလိုက်သည်။
အန်းရှီ၊ လုံရှီ၊ ပေ့ထင်၊ ချီရှီ... ထိုအဖွဲ့အစည်းတိုင်းက ဝမ်ချောင်၏ လုပ်နိုင်စွမ်းအားကြောင့် သံသယဝင်ကာ ကျန်ရစ်ခဲ့သည်။ မဟာထန်၏ အနောက်မြောက်ပိုင်းနှင့် အလွန်ဝေးကွာသော တစ်နေရာ ဝူရှန်းတွင် အမျိုးမျိုးသော အဖွဲ့အစည်းတိုင်းက လွှတ်ထားသည့် သူလျိုများနှင့် ကင်းထောက်တိုင်းက မယုံနိုင်စရာကောင်းသည့် မြင်ကွင်းကို မျက်မြင်တွေ့ကြုံလိုက်ရသည်။
ပိုးသားလမ်း တောက်လျှောက် နေရာတိုင်းက လူသူကင်းရှင်းကာ ကန္တရသဖွယ် ခြောက်ကပ်သော နယ်မြေများသာ ရှိသော်လည်း ဝမ်ချောင်ကမူ ခေတ်သစ် သိပ္ပံနည်းပညာနှင့် ဆောက်လုပ်ရေး အတွေးအမြင် ယူဆချက်များကို ဒီလောကတွင် ပထဦးဆုံးအကြိမ် ဖွင့်ချပြခဲ့သည်။
ဝမ်ချောင်နှင့် ကျန်းရှို့ကျစ်တို့၏ ဦးဆောင်မှုအောက်တွင် ထိုလူအင်အား တစ်သိန်းက ခမ်းနားသည့် သံမဏိမြို့ကို မယုံနိုင်စရာကောင်းသည့် မြန်ဆန်သော အရှိန်နှုန်းဖြင့် တည်ဆောက်လိုက်သည်။
ကင်းထောက်များက မနက်ပိုင်း ရောက်လာကြသောအခါ ခြောက်ကျန်းသာမြင့်သည့် မြို့ရိုးကိုသာ မြင်လိုက်ရသည်။ သို့သော် နောက်ထပ် တစ်ညတည်းနှင့် (၁၅)မီတာခန့်အထိ ထပ်မြင့်သွားပြီဖြစ်သည်။
မဟာထန်၏ သမိုင်းတွင်ဖြစ်စေ၊ ဗဟိုပြင်ကျယ် တစ်ခုလုံး၏ သမိုင်းတွင်ဖြစ်စေ ထိုမျှအရှိန်နှုန်းဖြင့် တည်ဆောက်နိုင်ခဲ့သည့် မြို့အကြောင်း မရှိခဲ့ဖူးသလို ထိုကဲ့သို့သော မော်ကျူးမြို့မျိုးလည်း မရှိခဲ့ဖူးချေ။
သံမဏိမြို့ ပတ်ဝန်းကျင်သို့ ရောက်လာသော လူများ၏ အရေအတွက်က ပိုများလာသည်။ အဖွဲ့အစည်းတိုင်းကလည်း ထူးဆန်းမှုကို သတိထားမိသွားပြီး ကင်းထောက်များကို ထပ်မံ၍ စေလွှတ်ခဲ့ကြပြီး သတင်းကို ပုံမှန်ထက် သုံးဆလောက်အထိ အတည်ပြုချင်နေကြသည်။
ဝေးကွာလွန်းသော အနောက်ပိုင်းနယ်မြေမှ ဟူအမြောက်အများပင် ရောက်လာကြလေသည်။ သူတို့အားလုံးက အလွန်အမင်း ခမ်းနားပြီး ကြီးမားနေသည့် အုတ်မြစ်များထဲမှ ထိုးထွက်နေပြီဖြစ်သည့် မြို့ကြီးကို သံသယအပြည့်ဖြင့် ကြည့်ကြသည်။ ထိုမြင်ကွင်းက အိမ်မက် သို့မဟုတ် မှော်ဆန်လွန်းသော ဖြစ်ရပ်ကဲ့သို့ ဖြစ်နေသည်။
ထိုမျှကြီးမားပြီး မယုံနိုင်စရာကောင်းလောက်အောင် ခမ်းနားသည့် သံမဏိမြို့ကြီး၏ အရှေ့တွင် လူတိုင်းက သေးငယ်နိမ့်ကျပြီး ဆင်ရှေ့ရောက်သွားသော ပုရွက်ဆိတ်များကဲ့သို့ ခံစားကြရသည်။
အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုနှင့် လေးစားမှုများကိုလည်း ခံစားလိုက်ကြရသည်။
တည်ဆောက်နေသည့် သံမဏိမြို့ကြီးကိုကြည့်ရင်း ရှိနေသည့်လူတိုင်းက ထိုကဲ့သို့သော ခံစားချက်မျိုးကို ခံစားနေကြရကာ ထိုမြို့၏ပိုင်ရှင်နှင့် အမိန့်ပေးနေသူများအပေါ် လေးစားသော ခံစားချက်မျိုးကို ရလာသည်။ အထူးသဖြင့် ဝမ်ချောင်ဖြစ်သည်။ သူတို့၏ လေးစားမှုက နက်ရှိုင်းလွန်းလှသဖြင့် လျို့ဝှက်ဆန်းကြယ်ပြီး အလဲထိုးနိုင်သည့် နတ်ဘုရားတစ်ပါးကို တောင်တစ်တောင်လောက် မြင့်မားသော အမြင့်သို့ လှမ်းမျှော်ကာ ကြည့်နေသလိုမျိုးဖြင့်ပင် ဖော်ပြ၍ရသည်။
“အရှင်အမတ် ဒီသံမဏိမြို့ကို တည်ဆောက်ဖို့အတွက် ဒီလူအုပ်ကြီး လုပ်နိုင်ခဲ့တာက တစ်ဘဝလုံးစာ မပြည့်သေးတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းလိုက်နိုင်သလိုပါပဲ”
လေက (၁၅)မီတာခန့်မြင့်သည့် ချောမွေ့ ပြောင်ရှင်းနေသော မြို့ရိုးကို တိုက်ခတ်လာပြီး ကျန်းရှို့ကျစ်၏ မုတ်ဆိတ်မွှေးများကို ကစဉ့်ကလျား ဖြစ်ကုန်စေသည်။ ဗိသုကာပညာရှင် ဆရာက စိတ်လှုပ်ရှားစွာဖြင့် မြို့ရိုးပေါ်မှ ငုံ့ကြည့်နေသည်။ သူ၏မျက်နှာတွင် ငိုယိုမှုနှင့် လုပ်ဆောင်နိုင်လိုက်သည်ဆိုသော မာန်မာနမျိုးကို မြင်ရသည်။
သူက တစ်ဘဝလုံး မရေမတွက်နိုင်သော အဆောက်အဦးများ မြို့များကို တည်ဆောက်ခဲ့သည်။ သူက တော်ဝင်နန်းတွင်းကို တည်ဆောက်ခဲ့သည့် ကဏ္ဍမှပင် ပါဝင်ခဲ့သေးသည်။ သို့တိုင်အောင် သူဂုဏ်အယူရဆုံး တည်ဆောက်ခဲ့သည့် တစ်စုံတစ်ရာဟု ပြောရန်ဆိုလျှင် အ့ဟိုင်မှ ကမ်းခြေပေါ်တွင် တည်ဆောက်ခဲ့သည့် ခြင်္သေ့မြို့ဟု ဆိုရမည်ဖြစ်သည်။ ထိုမြို့က အန်းနန်အစိုးရစစ်တပ်၏ ကံကြမ္မာကို ပြောင်းလဲစေပြီး အနောက်တောင်ပိုင်းအတွက် အချိန်တစ်ခုပေးနိုင်ခဲ့သည်။
ထိုမြို့အပြင် အခြားမြို့ကမူ သူ၏ခြေထောက် အောက်ခြေမှ သံမဏိမြို့ဖြစ်သည်။
မဟာထန်၏ သမိုင်းတွင်ဖြစ်စေ၊ လူသားမျိုးနွယ်များ၏ သမိုင်းတွင်ဖြစ်စေ တည်ဆောက်ခဲ့သမျှသော မြို့တိုင်းကို မြေသားများနှင့် ကျောက်သားများကိုသုံးကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုဓလေ့ထုံးတမ်းများ အားလုံးကို ထိုးခွဲကာ ပြောင်းလဲတည်ဆောက်ထားသည်။ ဒါက သံမဏိသီးသန့်ဖြင့် တည်ဆောက်ထားသော မြို့ဖြစ်သည်။
ဒီမြို့ကို တည်ဆောက်ရန် လိုအပ်သည့် လူအင်အားနှင့် သံမဏိပမာဏက မည်သည့်ကလန် အဖွဲ့အစည်း မည်သည့် ပညာရှင်များ စိတ်မကူးနိုင်လောက်အောင် များပြားသည်။
ရိုးရိုးရှင်းရှင်း တွက်ချက်မည်ဆိုလျှင် ဒီမြို့က တစ်လောကလုံးမှ မဟာကလန်တိုင်း၊ ဓားဆိုင်တိုင်း၊ ဓားပန်းပဲစံအိမ်တိုင်း စီရင်စုများ၊ နယ်မြို့များမှ အတွေ့အကြုံရှိ လက်မှုပညာရှင်များ ပေါင်းစုံကာ တည်ဆောက်ထားသည့် မြို့ကြီးဟုဆိုရမည်ဖြစ်သည်။ ထိုလူများအားလုံးကို သူက ကြီးကြပ်ပြီး ဒီမြို့ကြီးကို တည်ဆောက်စေခဲ့သည်။
ထိုကဲ့သို့ လူအများ ပေါင်းစုံကာ မြို့ကိုတည်ဆောက်သည့် ဖြစ်ရပ်မျိုးကို တော်ဝင်နန်းတော်ကို တည်ဆောက်ချိန်ကသာ မြင်ရလောက်သည်။ ဒီလိုဂုဏ်ယူစရာကောင်းသည့် ဖြစ်ရပ်က မည်သည့် ပညာရှင်ကိုမဆို ဂုဏ်ယူစေမိလိမ့်မည်။ မည်သည့်ပညာရှင်အတွက်မဆို သူတို့၏ စိတ်နှလုံးသားကို ပီတိဖြာစေသည့် အဆောက်အဦးကြီးလည်း ဖြစ်စေနိုင်သည်။
“လူကြီးမင်းကျန်း ဒါက အစပဲရှိသေးတယ်။ ဒါတောင် ကျေနပ်နေပြီလား။ အနာဂတ်မှာ ငါတို့က ငါတို့ရဲ့ အမွေအနှစ် အမှတ်အသားတွေ အများကြီးကို ချန်ထားရစ်ခဲ့မယ်။ မဟာထန်မှာတင်မဟုတ်ဘဲ အခြားနေရာတွေမှာတောင် ဖြစ်နိုင်တယ်။ ဒါက သံမဏိမြို့နဲ့တင် မရပ်တန့်သေးပါဘူး”
အနားတွင် ရပ်နေသည့် ဝမ်ချောင်က ရယ်လိုက်သည်။
ကျန်းရှို့ကျစ်က တခဏခန့် အေးခဲသွားပြီမှသာ စရယ်တော့သည်။
“ဟား ဟား သခင်လေးပြောတာ မှန်တယ်။ ဒီအဘိုးကြီးက ကျေနပ်လွယ်နေတာ။ အရှင်အမတ် ဒီနေရာမှာ ရှိနေမှတော့ ဒီအဘိုးကြီးက လူတိုင်းလေးစား အားကျရတဲ့ ခမ်းနားသထက် ခမ်းနားတဲ့ အဆောက်အဦးတွေကို ဆောက်လုပ်ရင်း တောက်ပတဲ့ မှတ်တမ်းကြီးကို ချန်ထားရစ်ခဲ့မှာပေါ့။ မချန်ထားနိုင်ခဲ့မှာကို မကြောက်စရာလား”
သူက အသက်ခြောက်ဆယ်ဝန်းကျင် ဖြစ်နေပြီဖြစ်သည်။ ပုံမှန်အားဖြင့် သူက အနားယူရန် စီစဉ်ထားသေးသည်။ သို့သော် ဝမ်ချောင်နှင့်အတူ ခရီးထွက်ပြီး အမျိုးမျိုးသော ခံတပ်များကို တည်ဆောက်ခဲ့ပြီးနောက် သူက သူ့အသက်ကိုပင် စတင်ကာ မေ့လျော့လာပြီဖြစ်သည်။ သူက ငယ်ရွယ်သွားသလို ခံစားရကာ စိတ်အားထက်သန်မှုနှင့် ပန်းတိုင်များကိုပင် တွေးတောခံစားမိနေပြီဖြစ်သည်။ လက်ရှိအချိန်တွင်ဆိုလျှင်လည်း သူက သူ့အကန့်အသတ်ကိုပင် သိချင်လာသည်။
“အို ဟုတ်သားပဲ ပျားအုံတွေကို စီစဉ်ခိုင်းထားတဲ့ အခြေအနေက ဘယ်လိုလဲ”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
“အား အမှန်တိုင်းပြောရရင် အဆင်သင့်ဖြစ်နေတာ ကြာပါပြီ”
ကျန်းရှို့ကျစ်က ချက်ချင်းပြန်ဖြေသည်။
“အရှင်အမတ်ရဲ့ အမိန့်အတိုင်း ပျားအုံတွေအားလုံးကို သစ်သားပြားတွေနဲ့ ပိတ်ထားပါတယ်။ ဒီပျားအုံတွေကို ဘာအတွက်ကြောင့် အခုလို ထိန်းသိမ်းထားတာမှန်း အစောင့်တွေလည်း မသိသလို အဆောက်အဦးကို တည်ဆောက်တဲ့ လူတွေလည်း မသိပါဘူး”
“အင်း”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူက ဆယ်လီခန့်အကွာမှ များပြားလှသော ကင်းထောက်များ၊ သူလျိုများကို ကြည့်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း ကြမ်းတမ်းသော အလင်းရောင်က ထင်ဟပ်လာသည်။
“မုန်တိုင်းက လာတော့မယ်။ ငါတို့သိပ်မကြာခင် အဲ့ဒီပျားအုံတွေကို သုံးရမှာပါ။ ဒါ့အပြင် သူတို့က (၁၅)မီတာလောက်အထိ မြင့်သွားပြီ။ ဒီတော့ စတင်ပြီး တည်ဆောက်လို့ရပြီ”
ဝမ်ချောင်ကပြောသည်။
ကျန်းရှို့ကျစ်က ခေါင်းညိမ့်လိုက်သည်။ ဒီမြို့ကို တည်ဆောက်ရန်အတွက် ဝမ်ချောင်က အသင့်ပြင်ဆင်ထားသော ပစ္စည်းများဖြစ်သည့် အတုံး၊ စက်သီး၊ ကရိန်းနှင့် မီတာတို့ကို တိုင်းတာရန် အသစ်စက်စက် ဖန်တီးထားသည့် တိုင်းတာသည့်ကိရိယာတို့ကို ယူဆောင်လာခဲ့သည်။
လူအများစုက ထိုပစ္စည်းများကို အသုံးမပြုနိုင်လောက်ချေ။ ကျန်းရှို့ကျစ် သူ၏တပည့်နှင့် အဆင့်မြင့်အဆင့် လက်မှုပညာရှင် အနည်းငယ်လောက်သာ သိကြသည်။
ကိုယ်တိုင်အသုံးပြုကြည့်ပြီးနောက် ကျန်းရှို့ကျစ်ကလည်း ထိုအသစ်စက်စက် တီထွင်ထားသည့် တိုင်းတာသည့် ကိရိယာက ပို၍တိကျပြီး အဆောက်အဦး တည်ဆောက်ရန် ပို၍လွယ်ကူ အဆင်ပြေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက အနားရှိ ရင်းနှီးသောလူများကိုလည်း တင်ပြထားပေးခြင်းဖြစ်သည်။
အင်ဂျင်နီယာ အများစုကလည်း ထိုအရာကို အသုံးပြုကြည့်ပြီး လက်ခံကြသဖြင့် တဖြည်းဖြည်းချင်း အသုံးတွင်ကျယ်လာကာ အသုံးပြုလာသည်။
.....
ဝမ်ချောင်က သံမဏိမြို့မှ ထွက်ခွာသွားသည်။
မြို့၏ မြို့ရိုးက (၁၅)မီတာခန့်မြင့်နေပြီး အရာအားလုံးက မှန်ကန်သည့် လမ်းကြောင်းအတိုင်း ရှိနေသည်။ ကျန်းရှို့ကျစ်ကလည်း စောင့်ကြည့်နေသေးသည်။ ထို့ကြောင့် သံမဏိမြို့က ပြီးစီးအဆုံးသတ်ရန် အချိန်တစ်ခုသာ လိုတော့သည်။ ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က ကျွမ်းကျင်ပညာရှင်များကို အမိန့်ပေးနေသေးသည်။ သံမဏိမြို့က လက်ရှိအချိန်တွင် ခိုင်မာသော ခံတပ်တစ်ခု ဖြစ်နေလေရာ အချိန်တစ်ခုအတွင်း မည်သည့်ပြဿနာမှ ရင်ဆိုင်ရဦးမည်မဟုတ်ချေ။
ငါအဲ့ဒီကိစ္စကို အခုသွားလုပ်သင့်တယ်။
နောက်ဆုံးအကြိမ် သံမဏိမြို့ပေါ်တွင် တစ်ချက်ရပ်နေပြီးနောက် ဝမ်ချောင်က သူ၏အကြံအစည်ကို စဉ်းစားလိုက်ကာ သူ၏မျက်ဝန်းများက တောက်ပသွားသည်။
ဝူရှန်းက ချီရှီနှင့်နီးသည်။ ထို့ကြောင့် ကံကြမ္မာချင်းက စပ်နေသည်။ ဖုမန်လင်းချာက လက်ရှိအချိန်တွင် သူ့ကို ရန်လိုနေပြီး ပြဿနာရှာရန် ကြိုးစားနေသော်လည်း ချီရှီက ဖုမန်လင်းချာ၏ အပိုင်မဟုတ်ချေ။ အင်ပါယာ တစ်ခုလုံး၏ အပိုင်ဖြစ်သည်။ သာ့လာ၏တိုက်ပွဲတွင် မဟာထန်နှင့် ဘာဘတ်ဆစ်ကယ်လီဖိတ် အကြားမှ ကတောက်ကဆ ကိစ္စတွင် နောက်တန်းနှင့်အနီးဆုံး တပ်ကူအရင်းအမြစ်ဖြစ်သည့် ချီရှီကာကွယ်ရေး စစ်တပ်က တပ်ကူအဖြစ် စစ်သူတော် တစ်ယောက်ကိုမျှ မပို့နိုင်ခဲ့ချေ။ ထိုဖြစ်ရပ်ကို လက်သင့်ခံနိုင်စရာ အကြောင်းမရှိချေ။
ကောင်းရှန်းကျစ်က ကြိုတင်တပ်ကူ တောင်းခံခဲ့မည်ဆိုလျှင် ချီရှိကာကွယ်ရေးစစ်တပ်က သူ့ကို တပ်ကူအဖြစ် အားဖြည့်ပေးရန် စစ်တပ်ကြီးကိုပင် ပို့လွှတ်နိုင်သေးသည်။ ထိုသို့ဆိုလျှင် စစ်တပ်က ထိုမျှအထိ ဆိုးဆိုးရွားရွား အဆုံးသတ်သွားခဲ့မည်မဟုတ်ချေ။ မဟာထန်က စစ်ပွဲကိုလည်း လက်လျော့ခဲ့ရပြီး ထိုနယ်မြေကို အုပ်ချုပ်နိုင်စွမ်းကိုလည်း လက်လျော့ခဲ့ရမည်မဟုတ်ချေ။
သို့တိုင်အောင် ဝမ်ချောင်ကမူ ဖုမန်လင်းချာကို အလွန်မကျေမနပ်ဖြစ်နေသေးသည်။ သူကိုယ်တိုင်လည်း ထိုကိစ္စက ဖုမန်လင်းချာနှင့် မပတ်သတ်ကြောင်း ကောင်းကောင်း နားလည်သည်။ သူက ကောင်းရှန်းကျစ်နှင့် အန်းရှီကာကွယ်ရေးစစ်တပ်ကို တပ်ကူ မစေလွှတ်ချင်ခဲ့၍မဟုတ်ဘဲ ထိုအချိန်က ချီရှီကာကွယ်ရေး စစ်တပ်တွင် လွှတ်ပေးနိုင်မည့် စစ်သည်တော် တစ်ယောက်မျှ မရှိခဲ့သောကြောင့်ဖြစ်သည်။
ဟုတ်တယ် တစ်ယောက်မျှ မရှိနေခဲ့ဘူး။
အခန်း(၇၂၀)
နံပါတ်တစ် တူရကီမြင်းကုန်သည် ဟုလာယဲ့
ခမ်းနားကာ ကြီးမားလှစွာသော ချီရှီကာကွယ်ရေးတပ်က မဟာထန်၏ လယ်မြေကဲ့သို့ တင်စားရသော အဓိကနေရာကို ကိုင်တွယ်ပေးနေရသည့်တိုင်အောင် ထိုအချိန်က လွှတ်စရာ တပ်ဖွဲ့တစ်ခုမှ မရှိနေခဲ့ချေ။ နားထောင်ကြည့်ပါက မဖြစ်နိုင်လောက်သော်လည်း ထိုအချိန်က ချီရှိကာကွယ်ရေးစစ်တပ်၏ အမှန်တရား ဖြစ်ခဲ့သည်။
ဝမ်ချောင်က လူတိုင်းထက် ထိုအချက်ကို ကောင်းကောင်းနားလည်သည်။
ချီရှိကာကွယ်ရေးစစ်တပ်က ကာကွယ်ထားသော ထိုအရေးကြီးသော နေရာက ယွီစန်းအင်ပါယာနှင့် အနောက်တူရကီ ခါကာနိတ်တို့အကြား နယ်စပ်နေရာ ဖြစ်နေသည်။ ထို့ကြောင့် နှစ်တိုင်းလိုလို အခြားသော နယ်မြေတိုင်း၏ လှုပ်ရှားမှုများအလိုက် ချီရှီကာကွယ်ရေးစစ်တပ်က တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များကို ဆင်နွဲနေခဲ့ရသည်။ ထို့နောက် ချီရှီကာကွယ်ရေးစစ်တပ်၏ စစ်သည်တော်တိုင်းက ယွီစန်းနှင့် အနောက်တူရကီ ခါကာနိတ်တို့၏ ဆက်တိုက်ဆိုသလို ကျရောက်လာသည့် တိုက်ပွဲများအောက် မောပန်းနွမ်းနယ်နေလေ့ရှိသည်။
အတွင်းပိုင်းက ချီရှီသို့ စစ်သည်များကို ဆက်တိုက် စေလွှတ်ပေးနေသော်လည်း တပ်ဖွဲ့များက အကန့်အသတ် မဲ့နေခြင်းမဟုတ်ချေ။
တာလာတိုက်ပွဲ မဖြစ်ခင်ကာလတွင် တိဗက်များနှင့် တူရကီမြင်းတပ်၏ တိုက်ခိုက်မှုများက ပုံမှန်မဟုတ်လောက်အောင် ကြမ်းတမ်းလာခဲ့ခြင်းအားဖြင့် ချီရှီကာကွယ်ရေးစစ်တပ်၏ အင်အားစုများကို ရှင်းပစ်လိုက်နိုင်သည်။ ထို့ကြောင့် တိတိကျကျ ဆိုရမည်ဆိုလျှင် တာလာတိုက်ပွဲကို ရှုံးနိမ့်စေခဲ့သည်မှာ စစ်သည်တော်များ မလုံလောက်မှုကြောင့်ဖြစ်သည်။ ထို့ကြောင့် တာလာတိုက်ပွဲတွင် ခါးသီးစွာ ရှုံးနိမ့်မည့် အရေးကို ကာကွယ်နိုင်ရန်အလို့ငှာ ပထမဦးဆုံး ချီရှီကာကွယ်ရေးစစ်တပ်၏ ကံကြမ္မာကို ပြောင်းလဲရန် လိုအပ်သည်။ ဒါက ဝမ်ချောင်က ဝူရှန်းကို ပိုင်နက်နယ်မြေအဖြစ်ယူပြီး မြို့ကြီးအဖြစ် တည်ဆောက်ခဲ့သည့် အရေးပါသော အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်ခဲ့သည်။ သို့သော် ဝမ်ချောင်က မည်သူ့ကိုမျှ မပြောခဲ့သေးချေ။
ချီရှီ၏ကံကြမ္မာကို ပြောင်းလဲရန်အလို့ငှာ ယွီစန်းနှင့် အနောက်တူရကီ ခါကာနိတ် အကြွင်းမဲ့ နှိမ်နှင်းရန် လိုအပ်သည်။
ဝူရှန်းတွင် သံမဏိမြို့ကို တည်ဆောက်လိုက်ခြင်းအားဖြင့် သူ့ကိုယ်သူ ပထမခြေလှမ်းတွင် ရပ်တည်နိုင်အောင် နေရာပေးလိုက်သလို ဖြစ်သွားသည်။ ဒုတိယမြောက် ခြေလှမ်းကမူ ယွီစန်းကို အနောက်ဘက်သို့ အနောက်တူရကီများကို အရှေ့ဘက်သို့ရောက်အောင် စတင်ပြီး တွန်းပို့ဟန့်တားရမည်ဖြစ်သည်။ ဖုမန်လင်းချာကမူ ထိုဒုတိယခြေလှမ်းကို ဘယ်သောအခါမှ ရအောင် လှမ်းနိုင်လိမ့်မည်မဟုတ်ချေ။
ဝမ်ချောင်၏ ဗိုလ်ချုပ်ကြီးများအပေါ် တန်ဖိုးဖြတ်မှုအရ ဖုမန်လင်းချာက ခံတပ်ကို ထိန်းနိုင်ရုံလောက် လုပ်နိုင်သော ဗိုလ်ချုပ်တစ်ယောက်မျှသာဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှုမျိုးကို ဦးဆောင်နိုင်စွမ်းအား မရှိချေ။ အကြောင်းမူကား သူက ထိုသို့သော အကြံမျိုးကို ဘယ်သောအခါမှ မရှိဖူးသောကြောင့်ဟု ဝန်ခံလောက်သော်လည်း သူ၏စွမ်းရည်ကမူ လိုအပ်နေသေးသည်။
ထိုခြေနှစ်လှမ်းကို ပြီးမြောက်လိုက်ရုံဖြင့် သူ၏ပန်းတိုင်ကို တဖန် တက်သွားပေလိမ့်မည်။
သို့သော်သူက ထိုအရာအားလုံးကို မလုပ်ခင် သူ၏အနောက်နယ်စပ်နှင့် အင်ပါယာကြီး တစ်ခုလုံးနှင့် ဆက်စပ်နေသည့် အကြံအစည်ကို အကောင်အထည် မဖော်ခင် ဝမ်ချောင်က အခြားကိစ္စတစ်ခုကို အောင်မြင်အောင် လုပ်ရပေမည်။
ထိုအရာသာမရှိလျှင် ဝမ်ချောင်က လောကမှ အတော်ဆုံး အိမ်ထောင်ရှင်မဖြစ်သော်လည်း ထမင်းချက်စရာ ဆန်မရှိသော အမျိုးသမီးတစ်ယောက်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူလုပ်နိုင်သမျှက သမုဒ္ဒရာကိုကြည့်ပြီး သက်ပြင်းချရုံသာ ရှိသည်။
ဒုန်း ဒုန်း ဒုန်း ဒုန်း
ဝမ်ချောင်က မိုးသောက်ချိန်တွင် မည်သူ့ကိုမျှ သတိမပေးဘဲ သံမဏိမြို့မှ ထွက်ခွာသွားခဲ့သည်။
......
ချီရှိကို ကျော်ဖြတ်ပြီး တရားဝင်လမ်းတောက်လျှောက် လီခုနှစ်၊ ရှစ်ရာခန့် သွားလိုက်မည်ဆိုလျှင် အနောက်ပိုင်း နယ်မြေများသို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုနေရာရှိ မြင်ကွင်း အနေအထားကမူ သဲမုန်တိုင်းများက အမြဲတစေ တိုက်ခတ်နေပြီး ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်ကိုသာ မြင်ရမည်။ ထိုနေရာတွင် ဟူများက ဆန်းဒီ၊ အာရပ်၊ ချရာဆယ်ရမ်၊ တူရကီ၊ တိဗက်နှင့် ဟန်အချို့ကပင် နေထိုင်ကြသည်။ ဟူများက ဟန်များထက် အရေအတွက်များသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးက မဟာထန်အတွင်းတွင် ရှာဖွေရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။
“သခင်လေး လာပါ”
ဆံပင်ကို တဘတ်ဖြင့် ခေါင်းပေါ်ထုံးပတ်ထားသည့် သတ်လတ်ပိုင်းအရွယ် ဟန်တစ်ယောက်က တောက်တောက်ပြောင်ပြောင် စီခြယ်ထားပြီး ဆေးများ သုတ်လိမ်းထားသည့် အလွန်အမင်း ထိန်လင်းနေသော အပျော်စံအိမ်၏ စည်ကားနေသော ဝင်ပေါက်အရှေ့တွင် ရပ်နေသည်။ သူက ဆယ်ကျော်သက်တစ်ယောက်ကို ဂါရဝပြုလိုက်သည်။
“အင်း”
ထိုလူငယ်က အပျော်စံအိမ်ကို ကြည့်ပြီးနောက် တစ်ချက် ခေါင်းညိမ့်သည်။
“ရန်ဟုန်ချန်းကိုပြောလိုက် ငါက ကျေနပ်တယ်လို့။ ဒီကိစ္စပြီးရင် ငါသူ့ကို ဆိုးဆိုးရွားရွား မဆက်ဆံဘူး”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်အမတ်”
သတ်လတ်ပိုင်းလူက ပျော်ရွှင်စွာဖြင့် ချက်ချင်း ဂါရဝပြုလိုက်ပြန်သည်။
“အွန် ငါပြောထားတာကို မေ့သွားပြီလား။ ဒီနေရာမှာငါ့ကို အရှင်အမတ်လို့ မခေါ်နဲ့”
လူငယ်က မျက်မှောင်ကျုံ့သည်။
“အာ ဒီနိမ့်ကျတဲ့လူက တုံးလွန်းပါတယ်။... သခင်လေး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ထိုလူက ခေါင်းကိုချက်ချင်း ငုံ့လိုက်သည်။ သူ၏မျက်နှာတွင် အထိတ်တလန့်ဖြစ်သွားသော မျက်နှာထားမျိုးကိုလည်း မြင်ရသည်။
ထိုလူကို ကြောက်စေသော လူတစ်ယောက်တည်းသာလျှင် ရှိသည်။ ထိုလူက အနောက်ပိုင်း နယ်မြေက ယခုအချိန်တွင် လူတိုင်းက အရှင်အမတ်ဟု ခေါ်ကြသည့် လူငယ်အမတ် ဝမ်ချောင်ဖြစ်သည်။ သံမဏိမြို့မှ ထွက်ခွာပြီးနောက် ဝမ်ချောင်က ကိုယ့်ကိုယ်ကို ရုပ်ဖျက်ကာ ချီရှီကာကွယ်ရေးစစ်တပ်ကို ကျော်ဖြတ်လျှက် အနောက်ပိုင်းနယ်မြေသို့ လာခဲ့ခြင်းဖြစ်သည်။ ထိုနေရာက အန်းရှီကာကွယ်ရေး ဗိုလ်ချုပ် ကောင်းရှန်းကျစ် နယ်မြေထဲတွင်ရှိသည်။
ဟူမဟာဗိုလ်ချုပ်များကသာ သူက ဒီနေရာတွင်ရှိနေကြောင်း သိသွားကြလျှင် သူ့နေရာသို့လာကာ ပိတ်ဆို့ကြပေလိမ့်မည်။ သို့တိုင်အောင် ဝမ်ချောင်ကမူ သူဒီနေရာတွင် ရှိနေရသည့် အကြောင်းပြချက် ရှိထားသည်။
“သွားရအောင်”
မည်သည့်စကား တစ်ခွန်းမျှ မဆိုတော့လေဘဲ ဝမ်ချောင်က လူအုပ်ကိုကျော်ဖြတ်ပြီး အပျော်စံအိမ်ထဲသို့ဝင်သည်။
ဝမ်ချောင်က အနောက်ပိုင်း နယ်မြေ၏ အပျော်စံအိမ်ကဲ့သို့သော နေရာမျိုးကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ အတွင်းတွင် မရေမတွက်နိုင်အောင် များပြားသော ဟူများရှိနေကြသည်။ အတွင်းတွင်လည်း တူရိယာအမျိုးမျိုး၏ တီးခတ်သံများကိုလည်း ကြားနေရသည်။ ဟူဂီတသံက ဗဟိုပြင်ကျယ်မှ ဂီတသံနှင့် ကွာခြားသည့်အတွက် အခြားသော ကွဲပြားသည့် အသံအရင်းအမြစ် တစ်မျိုးကဲ့သို့ပင် ထင်ရသေးသည်။
ဝမ်ချောင်က တစ်ချက်ကြည့်လိုက်ပြီးနောက် သံစဉ်အလိုက် လှပစွာ ကခုန်နေသည့် ဆွဲဆောင်မှု ပြင်းထန်လွန်းသော ဟူအမျိုးသမီးများကို မြင်လိုက်ရသည်။
သူတို့မှာ အာရပ်အက မိန်းမပျိုတွေတောင် ရှိနေတယ်။
ဟူအများစု အုံနေပြီး ရယ်သံအကျယ်ဆုံး ထွက်နေသည့်နေရာက အသားအရည်က နှင်းကဲ့သို့ဖြူဖွေးပြီး လက်မောင်းနှင့် ခြေထောက်များတွင် ခေါင်းလောင်းလေးများ တပ်ဆင်ထားသည့် အနီရောင်ဝတ်စုံ ဝတ်ထားသော မင်းသမီးတစ်ယောက် ရှိနေရာနေရာဖြစ်ကြောင်း သိလိုက်သည်။ သူမတွင် မျက်လုံးပြာရှိပြီး နှုတ်ခမ်းကရဲသည်။ သူမ၏မျက်ဝန်းက ဆွဲဆောင်မှုပြင်းသည်။ သူမက အနီရောင်ဖဲကြိုးလေးကို ကိုက်ချပြီးနောက် လေထဲတွင် တွန့်လိမ်ကာ ကွေးကောက်စွာဖြင့် ကခုန်နေသည်။
ခေါင်းလောင်၏ တချွင်ချွင် အသံများက သံစဉ်နှင့် ရောယှက်နေပြီး ကြည့်ရှု့သူတိုင်း၏ ချီးကျူးသံများကို ထုတ်ဖော်စေသည်။
မြို့တော်တွင် မည်သည့် အာရပ်အက မိန်းမပျိုများနှင့် ပူးပေါင်းထားသည့် စံအိမ်မျိုးမဆို ပညာသင်သား အထက်တန်းလွှာ အမြောက်အများကို ဆွဲဆောင်နိုင်စွမ်းအားရှိပြီး ထိုနေရာက စာပေပညာရှင်များ စုဝေးရာနေရာ ဖြစ်တတ်သည်။
အာရပ်အက မိန်းမပျိုများကို မြို့တော်တွင် တန်ဖိုးထားခံရသည်မှာ သူတို့က ရှားပါးလွန်းသောကြောင့်ဖြစ်သည်။ သို့သော် အနောက်ပိုင်း နယ်မြေများကမူ အရေအတွက်ကို အခွင့်ကောင်း သာနေသည့်အတွက် အကသမား အများအပြားကို ပိုင်ဆိုင်ထားနိုင်သည်။
ဝမ်ချောင်က ကခုန်နေသည့် အာရပ်အက မိန်းမပျိုထံ အကြည့်အနည်းငယ် ပို့လိုက်သည်။ ထို့နောက်သူက လှေကားထစ်များပေါ်သို့ ခပ်မြန်မြန်တက်လိုက်ပြီးနောက် အပျော်စံအိမ်၏ ဒုတိယထပ်သို့တက်သည်။
ထိုနေရာမှတဆင့် အမျိုးမျိုးသော ဟူဘာသာစကားများကို ကြားရသည်။ သူတို့၏အော်သံ၊ ဆူသံ၊ ဂုဏ်ပြုသံ၊ ကျိန်ဆဲသံများကလည်း ရောနှောနေသည်။ သူတို့အားလုံး၏ အသံများက တစ်နေရာထဲမှ ထွက်လာခြင်းဖြစ်သည်။ ထိုနေရာတွင် ဟူအမြောက်အများ စုဝေးနေကြသည်။ ထိုနေရာတွင် အံ့စာတုံးပစ်ခြင်း၊ နံပါတ်ကိုခန့်မှန်းခြင်း၊ ခွေးတိုက်ပွဲများကြည့်ခြင်း၊ ကြက်တိုက်ပွဲများ၊ ပုရစ်တိုက်ပွဲများ စသဖြင့်တို့ ရှိနေသဖြင့် အလွန်စည်ကားသည်။ ထို့ကြောင့် တစ်ထပ်လုံးက မီးခိုးများ မွန်ထူနေလေ့ရှိသည်။ ထိုအထပ်က လောင်းကစားအသိုက် ဖြစ်သည်မှာ အံ့အားသင့်စရာ မရှိချေ။
ဝမ်ချောင်က ထိုကဲ့သို့သော နေရာမျိုးကို တစ်ကြိမ်သော်မျှ မရောက်ဖူးချေ။ သို့သော် ဒီနေရာသို့ လာခဲ့ရသည်။
ဝမ်ချောင်က ခေါင်းလှည့်ကာမေးသည်။
“သူဒီနေရာမှာဆိုတာ သေချာလား”
ရန်ဟုန်ချန်းက လွှတ်ထားသော သတ်လတ်ပိုင်းလူက ချက်ချင်း ဂါရဝပြုကာပြောသည်။
“အရှင်အမတ် ဘာအမှားမှ မရှိနိုင်ပါဘူး။ သူက အပျော်ရှာဖို့ ဒီနေရာကိုလာရတာ သဘောကျပါတယ်။ ဘာကြောင့်မှန်း မသိပါဘူး။ သူက အပျော်စံအိမ်က အမျိုးသမီးတစ်ယောက်နှယ် ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိနေတာပါ။ ဒါ့အပြင် မလာခင် ကျွန်တော်တို့ စုံစမ်းစစ်ဆေးထားတဲ့ အချက်အလက်တွေအရ သူက သိပ်မကြာခင်ကမှ အပျော်စံအိမ်ထဲကို ဝင်သွားခဲ့တာပါ။ အခုသူက တတိယထပ်မှာ ရှိပါတယ်။ အဲ့ဒီအထပ်ကို ဝင်ခွင့်ရတဲ့လူ အရေအတွက်ကလည်း တော်တော်လေးနည်းတယ်။ နောက်ပြီး ဝင်ကြေးကလည်း တော်တော်မြင့်တယ်။ အရမ်းကို ကြွယ်ဝပြီး လေးစားခံရတဲ့ လူတွေလောက်သာ ဝင်ခွင့်ရတာပါ။ ဒီတော့ ခေါင်းဆောင်က သခင်လေးကို နောက်ခံတစ်ခု ဖန်တီးပေးဖို့အတွက် ပိုက်ဆံအမြောက်အများကိုသုံးပြီး ပြင်ဆင်ပေးခဲ့ရတာပါ။ သခင်လေး အချိန်မရွေး ဝင်နိုင်ပါတယ်။ ဘယ်သူကမှ သခင်လေးကို တားမှာမဟုတ်ပါဘူး”
“သခင်လေး ဝင်လိုက်တာနဲ့ သူ့ကိုတွေ့ရမှာပါ”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ ယန်ကလန်က အနောက်ပိုင်းနယ်မြေတွင် နှစ်ပေါင်းများစွာ ကြင်လည်နေခဲ့ပြီး ထိုနေရာကို သူတို့၏လက်ခုံလို ကောင်းကောင်းသိနေကြသည်။ ရန်ဟုန်ချန်းက ဟူအမြောက်အများထဲမှ မည်သည့်ဟူကိုမဆို ချက်ချင်းရှာနိုင်သည့် လုပ်ငန်းမျိုးကို ကျွမ်းကျင်သည့် လူမျိုးလည်းဖြစ်သည်။
ဝမ်ချောင်ကလည်း အပျော်စံအိမ်၏ တတိယထပ်သို့ တက်လိုက်သည်။ ရန်ဟုန်ချန်းက အရာအားလုံးကို ကိုင်တွယ်ထားပြီးသားဖြစ်လေရာ မည်သူကမျှလည်း သူ၏နောက်ခံကို လာပြီးမစုံစမ်းကြချေ။ ရန်ကလန်မှ အိမ်တော်ထိန်းကလည်း ချက်ချင်းလိုလို ရှေ့ထွက်ပြီး အရာအားလုံးကို ကိုင်တွယ်ပေးသည့်အတွက် ဝမ်ချောင်က ပြဿနာ အများစုကို ရှောင်ရှားလိုက်နိုင်သည်။
တတိယထပ်တွင် အနီရောင် အာရပ်စောင်ကို ကြမ်းပြင်တွင်ခင်းထားပြီး ကျောက်စိမ်းဖြင့် တည်ဆောက်ထားသော ထိုအခန်းက လင်းချင်းတောက်ပနေကာ ပုလဲ၊ မဟူရာ၊ ကျောက်စိမ်း၊ သန္တာကျောက်စိမ်းတို့ကိုသုံးကာ အလှဆင်ထားသေးသည်။ ထိုအခန်းက အလွန်အမင်း ခမ်းနားပြီး တန်ဆာဆင်ထားသည့် ပစ္စည်းများက များပြားသည်။ သို့တိုင်အောင် ကျော့ရှင်းကြည့်ကောင်းမှုများ လစ်လပ်နေခြင်းမရှိချေ။
“အရှင်အမတ် သူကအထဲမှာပါ”
ရန်ကလန်မှ အိမ်တော်ထိန်းမှ အတွင်းပိုင်းမှ အကြီးဆုံးအခန်းဆီ ဦးဆောင်ခေါ်သွားပြီးနောက် ရပ်တန့်လိုက်သည်။ တံခါးရှေ့တွင်ရပ်နေသည့် ဝမ်ချောင်က အတွင်းမှာ အမျိုးသမီးများ၏ ဂုဏ်ပြုသံများ၊ ရယ်သံများနှင့်အတူ ခပ်ကြမ်းကြမ်း ရယ်မောနေသည့် အသံနှင့် တူရကီ ဘာသာစကားကိုလည်း ကြားရသည်။
“ငါ့ကိုအပြင်မှာစောင့်နေ”
ဝမ်ချောင်၏ မျက်ဝန်းက ဖြတ်ကနဲ လက်သွားပြီးနောက် သူက တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ ချက်ချင်းလိုလို အတွင်းမှ ရယ်သံများက တုန့်ဆိုင်းသွားသည်။
ဝမ်ချောင်က အခန်းကိုတစ်ချက် ကြည့်လိုက်ပြီးနောက် သူ့အကြည့်က မုတ်ဆိတ်နှင့် တူရကီအမျိုးသားထံ ရောက်သွားသည်။ ထိုသူက သိန်းငှက်ကဲ့သို့မျက်ဝန်း၊ အနည်းငယ် ပိနေသည့် နှာခေါင်းကို ပိုင်ဆိုင်ထားပြီး ဝတ်ရုံကိုလည်း ဖြည်ထားသဖြင့် သူ၏ရင်ဘက်ဗလာက ပေါ်နေသည်။
“ငါနောက်ဆုံးတော့သူ့ကို ရှာတွေ့ပြီ”
ထိုတူရကီ အမျိုးသား၏ ပုခုံးပေါ်မှ လက်သီးဆုပ်ခန့် အရွယ်အစားရှိသည့် အရိုးခေါင်းများကို မြင်လိုက်ရသောအခါ ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း သဘောကျသည့် အံ့အားသင့်သော အလင်းရောင်များက လင်းလက်သွားသည်။ ဒါက အစစ်အမှန် ဦးခေါင်း အရိုးခြောက်များ မဟုတ်ဘဲ သတ္တုစက်တစ်ခုဖြင့် လုပ်ထားသည့် လက်ဝတ်တန်ဆာဖြစ်သည်။
ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် ပုခုံးပေါ်တွင် ထိုသို့ကြေးနီရောင် အရိုးခေါင်းများကို တင်ထားတတ်ပြီး မကြာခဏဆိုသလို အခြားလူများနှင့် ပျော်ပါးနေလေ့ရှိသည့် ထိုအမျိုးသားကမူ တူရကီကုန်သည် ဟူလာယဲ့ဖြစ်သည်။
သူ့တွင် အခြားသော အရေးကြီး နောက်ခံရှိသေးသည်။ အနောက်ပိုင်းနယ်မြေ တောက်လျှောက်ဖြစ်စေ၊ တောင်ပေါ်ဒေသ တောက်လျှောက်ဖြစ်စေ သူက အကျော်ကြားဆုံး တူရကီ မြင်းကုန်သည်ဖြစ်သည်။
ဝမ်ချောင်ကသာ ယွီစန်းနှင့် အနောက်ပိုင်းတူရကီများကို ဟန့်တားမည့် အကြံအစည်ကို အကောင်အထည်ဖော်ပြီး ချီရှီကံကြမ္မာကို ပြောင်းလဲလိုလျှင် သူပထမဦးဆုံး ဖြေရှင်းရမည့် ပြဿနာက စစ်မြင်းများ အလုံအလောက်ရှိရန်ဖြစ်သည်။
ဝမ်ချောင်၏ ဝူရှန်းပထမတစ်သုတ်က လေ့ကျင့်ရေး ပြီးတော့မည်ဖြစ်သည်။ သို့တိုင်အောင် သူတို့တွင် စစ်မြင်းများသာမရှိလျှင် ဝူရှန်း၏မြင်းတပ်အဖြစ် လောကကို လွှမ်းမိုးနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူက ကောင်းရှန်းကျစ်နှင့် ဖုမန်လင်းချာတို့က သူ့ကို ရှာတွေ့သွားနိုင်သည့် အန္တရာယ်ကိုရင်းနှီးပြီး အနောက်ပိုင်း နယ်မြေသို့လာကာ နံပါတ်တစ်မြင်းကုန်သည် ဟူလာယဲ့ကို လာရှာခြင်းဖြစ်သည်။
လူတိုင်းကလည်း လောကတွင် အကောင်းဆုံးစစ်မြင်းများက ယွီစန်းမှ တောင်ပေါ်မြင်းများနှင့် မဟာထန်မှ စစ်မြင်းများမဟုတ်ကြောင်း သိထားကြသည်။ အမှန်တိုင်းဆိုရသော် ဗဟိုပြင်ကျယ်မှ မြေပြန့် အနေအထားအရ စစ်မြင်းများမွေးရန် မသင့်တော်ချေ။ မဟာထန်မှ လက်ရွေးစင် စစ်မြင်းတိုင်းကို တူရကီဘက်မှရသည်။ တူရကီစစ်မြင်းများက လောက၏ အကောင်းဆုံး စစ်မြင်းများဖြစ်သည်။
ထိုထက်သာသည့် စစ်မြင်းက အာရပ်မှ စစ်မြင်းဖြစ်သည်။ သို့သော် ဘာဘတ်ဆစ်ကယ်လီဖိတ်က ဗဟိုပြင်ကျယ်နှင့် လီတစ်သောင်းဝေးသည်။ ထို့ပြင် အာရပ်စစ်မြင်းများကို မွေးမြူရန် အလွန်အမင်း ဒုက္ခများသေးသည်။ သူတို့က ဗဟိုပြင်ကျယ်၏ ပတ်ဝန်းကျင်နှင့် အဆင်မပြေနိုင်ချေ။ တူရကီစစ်မြင်းများကမူ ရရန်လွယ်ကူသလို၊ လေ့ကျင့်ပေးရန်လည်း လွယ်ကူသလို သားဖောက်ရန်လည်း လွယ်ကူသေးသည်။ ထိုအတွက်ကြောင့် မြင်းတပ်အင်အားစုအတွက် လုံလောက်လွန်းသည်။ ထပ်ပေါင်းဆိုရသော် အကောင်းဆုံးသော တူရကီစစ်မြင်းများက အာရပ်စစ်မြင်းများကိုပင် ယှဉ်နိုင်နေခြင်းဖြစ်သည်။
သူကသာ အကောင်းဆုံး တူရကီစစ်မြင်းများကို ဝယ်ချင်လျှင် သူ့ရှေ့တွင်ထိုင်နေသည့် ဟူလာယဲ့ကို ကျော်သွား၍မရချေ။ တူရကီ ခါကာနိတ်မှ စစ်မြင်းများပင်ဖြစ်စေ၊ အာဘတ်ဆစ်ကယ်လီဖိတ်မှ စစ်မြင်းများပင်ဖြစ်စေ၊ ချရာဆယ်ရမ်မှ စစ်မြင်းများပင်ဖြစ်စေ၊ အားလုံးကို ထိုဟူလာယဲ့နှင့် သူ၏ အဆက်အသွယ်များအရ ရနိုင်သည်။
အနောက်ပိုင်းဒေသတွင် သူ့ထက်ပိုပြီးတော်သည့် စစ်မြင်းကုန်သည်ဟူ၍ မရှိနိုင်တော့ချေ။
ဝမ်ချောင်၏ ဝူရှန်းစစ်တပ်က လေ့ကျင့်မှုမှာ ပြီးဆုံးခါနီး ဖြစ်နေလေပြီ။ သို့သော် သူတို့ကသာ မြင်းပေါ်တွင် တက်ထိုင်နိုင်သည့် ပြိုင်ဘက်ကင်း မြင်းတပ်တစ်ခု ဖြစ်လာနိုင်လျှင် စစ်မြင်းအရေအတွက် အမြောက်အများ လိုအပ်နေသည်။
သို့သော်ဒါက ဝမ်ချောင်က ကိုယ့်ကိုယ်ကို ရုပ်ဖျက်ပြီး ဒီနေရာသို့ လာရသည့် အကြောင်းအရင်းမဟုတ်သေးချေ။
အရေးကြီးဆုံးအချက်သည် ဝမ်ချောင်က မဟာထန်က အနာဂတ်တွင် ကပ်ဘေးများစွာကို ရင်ဆိုင်ရနိုင်ကြောင်း ကောင်းကောင်းသိသောကြောင့်ဖြစ်သည်။ ပြဿနာများ၏ ရာသီကိုပင် ဝင်ရောက်နေခဲ့ပြီ ဖြစ်နေသည့်အလျောက် စစ်ပွဲများက တစ်ပွဲပြီးတစ်ပွဲ စတင်ရုံသာရှိတော့သည်။ ထို့ကြောင့် ဒီစစ်ပွဲ တစ်ခုချင်းစီတိုင်းတွင် မြင်းအမြောက်အများက သေဆုံးဦးပေမည်။
ဗဟိုပြင်ကျယ်က ရင်ဆိုင်နေရသည့် အကြီးဆုံးပြဿနာက စစ်သည်အမြောက်အများ လိုအပ်ခြင်းမဟုတ် စစ်မြင်းများ လိုအပ်ခြင်းဖြစ်နေသည်။ သို့မှသာလျှင် မြင်းတပ်များကို စေလွှတ်နိုင်ပေမည်။ မြင်းတပ်သာ မရှိလျှင် ထန်၏မြင်းတပ်က လျှင်မြန်စွာ ရွေ့လျားနိုင်စွမ်းမရှိတော့ဘဲ အနင်းခံရန် စောင့်နေရသလို ဖြစ်တော့ပေမည်။
ဗဟိုပြင်ကျယ်က စစ်မြင်းများ သားဖောက်ရန် မသင့်လျော်ချေ။ ထို့ကြောင့် မြင်းသေများကို အစားထိုးရန် ခက်ခဲသည်။
ဝမ်ချောင်က ကပ်ဘေးကာလ အချိန်တွင် လောက၏ မဟာမာရှယ်ကြီး တစ်ယောက်အဖြစ် ခန့်အပ်ခံရသောအခါ သူရင်ဆိုင်ရသည့် အကြီးမားဆုံး ပြဿနာက ထိုစစ်မြင်းများဖြစ်နေသည်။ သူက ထိုပြဿနာကိုပင် မဖြေရှင်းနိုင်ခဲ့ချေ။