အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း ၁၃၃ - အရှေ့ဘက်နန်းဆောင်
ရှောင်လင်ကျောင်းတော်၌။
ကျဲ့ခုန်း သည် ရှောင်လင်သို့ ပြန်ရောက်ပြီးနောက် ကျန်းဟယ် နှင့် သီးသန့်တွေ့ဆုံ စကားပြောဆိုခဲ့၏။
နတ်ဆိုးဂိုဏ်းကြီး ၆ ဂိုဏ်းက ဝူတန်တောင်ကို ဝိုင်းရံတိုက်ခိုက်သည့်သတင်းမှာ သိုင်းလောကတစ်ခုလုံးသာမက နန်းတော်အတွင်းအထိပင် ပျံ့နှံ့နေပြီဖြစ်သည်။
လင်ချွမ်သည် နတ်ဆိုးဂိုဏ်းမှ ထိပ်သီး ၆ ဦးကို တစ်ကိုယ်တော် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး သိုင်းလောကတွင် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်ကို ကျန်းဟယ် သိရှိထားပြီးဖြစ်၏။
သို့သော် အသေးစိတ် အချက်အလက်များကိုမူ ကျဲ့ခုန်းထံမှ သူ သိခဲ့ရသည်။
"လင်ဖန် က တကယ်တော့ လင်ချွမ် ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"
"နွားကျောင်းသားတစ်ယောက်က ဒီလောက် ပြင်းထန်တဲ့ ခွန်အားမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ"
"အဲဒီ တောက်ရွှမ် ကတော့ လူအပဲ"
"သူ့တပည့်က ဒီလောက် စွမ်းအားကြီးနေတာကို ဆယ်နှစ်လုံးလုံး သူ မသိခဲ့ဘူး"
ကျန်းဟယ်က နှာခေါင်းရှုံ့ရင်း သူ၏မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေတော့၏။
"သခင် ကျန်းဟယ်"
"လင်ချွမ်သာ ရှိနေရင် သူတော်စင်ဂိုဏ်း နဲ့ နတ်ဆိုးဂိုဏ်း တို့ကြားက အငြိုးအတေးတွေဟာ မြေအောက်ထဲမှာပဲ ထာဝရ မြှုပ်နှံထားရတော့မှာပါ"
"သခင် ပေးအပ်ထားတဲ့ တာဝန်တွေကို အခုလို နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေနဲ့တင် ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ပါဘူး"
"အရှင့်မှာ အစီအစဉ်သစ်တွေ ရှိပါသလား"
ကျဲ့ခုန်းက စိုးရိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"အစီအစဉ်သစ် ဟုတ်လား"
ကျန်းဟယ်က မျက်မှောင်ကြုတ်ကာ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်သည်။
သာမန် သိုင်းပညာရှင်တစ်ယောက်က အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။
ကျဲ့ခုန်း ဖော်ပြချက်အရ...
လင်ချွမ်သည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီပင်။
သူ၏ အစွမ်း ခွန်အားမှာ ဂိုဏ်းချုပ် ရီချန်း ထက်ပင် သာလွန်ပေလိမ့်မည်။
လင်ချွမ်အတွက်မူ ပထမအဆင့် မဟာ ကျင့်ကြံသူ ပင်လျှင် သာမန်လူတစ်ယောက်မျှသာ။
သူသာ အလိုရှိပါက နန်းတော်သို့ တစ်ကိုယ်တော် ဝင်ရောက်ကာ ကျူတီ ကို လုပ်ကြံရန်မှာ အပန်းမကြီးပေ။
မည်သူမျှ တားဆီးနိုင်မည် မဟုတ်ချေ။
"ကျွန်တော် သိသလောက်တော့ လင်ချွမ်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး"
"သူက သဘာဝအရ လောကီရေးရာတွေကို စိတ်မဝင်စားတဲ့သူမို့ နန်းတွင်းရေးတွေထဲမှာ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး"
"ဒါပေမဲ့ ဒါဟာ ဘယ်သူမှ သူ့ကို သွားမနှောင့်ယှက်ဘူးဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်"
ကျဲ့ခုန်းသည် သူ၏ နှုတ်ခမ်းကို ဖိထားရင်း အပြစ်ရှိသလို ခံစားနေရသည်။
မကြာသေးမီ နှစ်များအတွင်း နန်းတော်က ဘာတွေလုပ်ခဲ့သည်ကို သူ ကောင်းကောင်းသိထား၏။
ဤတိုက်ပွဲအကြား ပဋိပက္ခသည်ပင် နန်းတော်က ကြိုးကိုင်ခြယ်လှယ်ထားခြင်း ဖြစ်၏။
အလွန်လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သော်လည်း လုံးဝ လုံခြုံသည်တော့ မဟုတ်ပေ။
အကယ်၍ ဝူတန်တပည့်များ သေဆုံးရခြင်းမှာ နန်းတော် သို့မဟုတ် ကျန်းဟယ်ကြောင့်မှန်း လင်ချွမ် သိသွားပါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်လာပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ ဤကျင့်ကြံသူသည် ဧကရာဇ်အတွက် တကယ့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။
လင်ချွမ်က ကျူတီကို သတ်ရန် နန်းတော်ထဲသို့ တစ်ကိုယ်တော် ဝင်လာမည့်အရေးကို တွေးမိရုံနှင့်ပင် ကျဲ့ခုန်းမှာ ကြောက်လန့်တုန်ရင်သွားရသည်။
"အခုတော့ သိုင်းလောကထဲမှာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီဆိုတော့..."
"ငါ ကျန်းဟယ်အနေနဲ့ စွန့်စားတဲ့နည်းလမ်းကိုပဲ သုံးပြီး သိုင်းလောကကနေ ခေတ္တခဏ ထွက်ခွာရတော့မှာပေါ့"
ကျန်းဟယ်က အားကိုးရာမဲ့စွာဖြင့် ခပ်နွမ်းနွမ်း ပြုံးလိုက်သည်။
"အရှင် ထွက်သွားတော့မလို့လား"
ကျဲ့ခုန်းက အံ့သြတကြီး ရေရွတ်လိုက်သည်။
ကျန်းဟယ်က ခေါင်းညိတ်ပြသည်။
သူသည် ကျူတီ၏ အနှစ်သက်ဆုံးလူဖြစ်ပြီး ဧကရာဇ်အတွက် လုပ်ဆောင်ပေးရမည့် အရာများစွာ ရှိ၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကျူတီသည် အနောက်ဘက် သမုဒ္ဒရာသို့ ခရီးနှင်ရန် စီစဉ်ထားခဲ့သည်။
ပထမအချက်မှာ အနောက်ဘက်ဒေသနှင့် ဆက်သွယ်ရေး အားကောင်းစေရန်။
အခြားအကြောင်းရင်းမှာမူ ကျန်းဟယ်အား သူ့အတွက် နတ်ဘုရားတောင်တန်းကို ရှာဖွေခိုင်းရန် ဖြစ်သည်။
ဖုန်းလိုင်ကျွန်း၊ ချန်ချွမ်းတောင်ကြား နှင့် ကူလွန်တောင်။
ဤသုံးနေရာအနက် ဖုန်းလိုင်ကျွန်းကိုမူ ပင်လယ်သို့ ထွက်မှသာ ရှာဖွေတွေ့ရှိနိုင်သည်။
၎င်းမှာ ကျန်းဟယ်၏ တာဝန်ပင်။
ကျူတီကိုယ်တိုင်မှာလည်း သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ကျင့်စဉ်မှာလည်း မနိမ့်လှသော်လည်း သိုင်းပညာနယ်ပယ်တွင် သူ စိတ်မဝင်စားပေ။
ကျင့်ကြံခြင်းတွင် အချိန်နှင့် အားအင်ကုန်မည့်အစား မသေမျိုး အမတ အဖြစ် အလွယ်တကူရောက်စေမည့် ဆေးဝါး ကို ရှာဖွေသည်က ပို၍ကောင်းသည်ဟု သူ ယူဆထား၏။
ယခင်က ဆေးပညာရှင် ဆယ်ဦးက ဖော်စပ်ခဲ့သည့် ခရမ်းရောင် ကျောက်စိမ်းဆေးလုံး သည်လည်း ဤရည်ရွယ်ချက်အတွက်ပင်။
သို့သော် ထိုဆေးလုံးသည် ဖော်စပ်ရန် ခက်ခဲရုံသာမက အသက်ရှည်စေရန်အတွက်လည်း အကန့်အသတ်ရှိသည်။
ထို့ကြောင့် ကျူတီသည် နတ်ဘုရားတောင်ကို ရှာဖွေပြီး နတ်ဘုရားများနှင့် ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
ကျဲ့ခုန်းသည်လည်း ဤကိစ္စကို သိရှိပုံရသည်။
ထို့ကြောင့် ကျန်းဟယ် စကားဆုံးသောအခါ ခေါင်းငုံ့ပြီး တိတ်ဆိတ်သွားသည်။
"အကယ်၍ ဒီကိုယ်တော်က ခရမ်းရောင် ကျောက်စိမ်းဆေးလုံးတွေကို အများကြီး ဖော်စပ်နိုင်တဲ့သူ ရှိတယ်ဆိုတာ သိခဲ့ရင်..."
"အရှင် ကျန်းဟယ်က အနောက်ဘက် ပင်လယ်ခရီးကို သွားဦးမှာလား"
ကျဲခုန်းက ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်သကဲ့သို့ ရုတ်တရက် မော့ကြည့်လိုက်သည်။
"ဟမ်"
ကျန်းဟယ် ခေတ္တ မှင်သက်သွားသည်။
ဤမျှ ကောင်းမွန်သည့်အရာ တကယ် ရှိနိုင်ပါ့မလား။
ထိုအချိန်တွင် ကျဲ့ခုန်းက လင်ချွမ်သည် ယင်ဟွိုက်ယွီ ကို မည်သို့ ကုသပေးခဲ့ကြောင်း ပြန်လည်ပြောပြခဲ့၏။
ထိုစဉ်က နတ်ဆိုးဂိုဏ်းမှ ထိပ်သီး၆ ဦးသည် ခရမ်းရောင် ကျောက်စိမ်းဆေးလုံးကို လုယူရန် လင်ချွမ်ကို ဝိုင်းရံခဲ့ကြသည်။
သို့သော် လင်ချွမ်၏ စွမ်းအားက ကြီးမားလွန်းသဖြင့် ထို ၆ ဦးလုံး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ကြသည်။
ထို့ပြင် အနောက်ဘက်ဒေသသို့ သွားရောက်စဉ်ကလည်း ဟယ်ဟွမ်းဂိုဏ်း က ကျီကျင်းယွီရုန် ဆေးလုံးများကို ရောင်းချခဲ့သည်။
(TN note - ကျီကျင်းယွီရုန် - ခရမ်းရောင် ကျောက်စိမ်း ဆေးလုံး ကို ခေါ်ခြင်း ဖြစ်ပါတယ်။ အရှေ့အပိုင်းတွေမှာ ပါခဲ့ဖူးပါတယ်)
ထိုစဉ်ကလည်း လင်ချွမ်မှာ ထိုနေရာတွင် ရှိနေခဲ့သည်။
ဤအချက်များကြောင့် ကျဲ့ခုန်းက လင်ချွမ်နှင့် ဆေးလုံးများကြား ဆက်နွှယ်မှု ရှိနေသည်ဟု တွေးမိခြင်းဖြစ်၏။
သို့သော် အဓိကအချက်မှာ လင်ချွမ်၏ ကျင့်ကြံမှုအဆင့် ဖြစ်သည်။
သူက ကျင့်ကြံသူတစ်ယောက်။
ထို့ပြင် သူသည် အလွန်ရှားပါးသော ဧကရာဇ်
အဆင့် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
ထိုသို့သောသူမျိုးအတွက် မည်သည့်အရာမဆို လုပ်နိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
"သူ ဘယ်မှာလဲ"
ကျန်းဟယ်က အလောတကြီးဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
"ဝူတန်တောင်မှာပဲ ရှိနေဦးမယ် ထင်ပါတယ်"
ဟု ကျဲ့ခုန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
"သွားစို့"
စကားတစ်ခွန်းမှ မဆိုတော့ဘဲ ကျန်းဟယ်သည် ကျဲ့ခုန်းကို ခေါ်ဆောင်ကာ ဝူတန်တောင်သို့ ချက်ချင်း ဦးတည်ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင်... ကျိုတိုမြို့။
သိုင်းပညာရှင် တစ်စုသည် စည်ကားလှသော လမ်းမထက်တွင် လျှောက်လှမ်းနေကြသည်။
ယွဲ့ချင်းရို၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်နေသည်။
သူမအတွက် အရာအားလုံးက အသစ်အဆန်းဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
မြို့တက်လာသည့် တောသူမလေးတစ်ယောက်နှင့်ပင် တူနေတော့၏။
အမှန်တကယ်တော့ သူမသည် တောသူမလေး တစ်ယောက်ပင် မဟုတ်ပါလား။
"ဆရာ... ဒီငွေဆံထိုးလေးက အရမ်းလှတာပဲ၊ ကျွန်မ ဝယ်ချင်တယ်"
ယွဲ့ချင်းရိုက ပြုံးရင်း ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဓားနတ်ဘုရား၏ နှုတ်ခမ်းများ တွန့်သွားသည်။
သူ၏ ခါးကို စမ်းကြည့်လိုက်ရာ ပြားတစ်ချပ်မှ မရှိသည်ကို သိလိုက်ရသည်။
"ဒုန်း"
ငွေတုံးတစ်တုံးက စားပွဲပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။
လင်ချွမ်က ယွဲ့ချင်းရိုကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။
"နောက်ထပ် အများကြီးသာ ရွေးလိုက်တော့"
ယွဲ့ချင်းရိုကတော့ သူ့အပေါ် အားနာနေမည့်သူ မဟုတ်ပါ။
ခဏကြာ သေချာရွေးချယ်ပြီးနောက် ငွေဆံထိုး ဆယ်ခုကို ယူလိုက်သည်။
"လင်ချွမ်... မင်းမှာ ပိုက်ဆံတွေ ဘယ်ကရတာလဲ"
"ဝူတန်တောင်မှာ နွားကျောင်းရတာ ပိုက်ဆံ အဲဒီလောက် အများကြီး ရလို့လား"
ယွဲ့ချင်းရိုက ဇဝေဇဝါဖြင့် မေးလိုက်သည်။
လင်ချွမ်က လက်ပိုက်လျက် ပျင်းရိစွာဖြင့် လက်ဖျစ်တစ်ချက် တီးလိုက်သည်။
ရုတ်တရက် ခရမ်းရောင်ဆေးလုံးတစ်လုံး ယွဲ့ချင်းရို၏ လက်ထဲသို့ ကျလာသည်။
"ခရမ်းရောင် ကျောက်စိမ်းဆေးလုံး"
ယွဲ့ချင်းရိုက အံ့သြတကြီး အော်ဟစ်လိုက်ပြီးနောက် သူမ၏ ပါးစပ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။ ထိုအချိန်တွင် လူအများအပြားက သူမကို လှမ်းကြည့်နေကြပြီ ဖြစ်၏။
သို့သော် လင်ချွမ်ကမူ ဂရုစိုက်ပုံမရပေ။
ကျိုတိုမြို့သည် လုံးဝ ငြိမ်းချမ်းလှသည်တော့ မဟုတ်ပါ။
သိုင်းလောကသားများ ရှိနေသရွေ့ ပဋိပက္ခကတော့ ရှိနေဦးမည်သာ။
ထို့ပြင် ခရမ်းရောင် ကျောက်စိမ်းဆေးလုံး တစ်လုံး၏ တန်ဖိုးမှာ လူအများ အိပ်မက်ပင် မမက်ရဲသည့် အရာဖြစ်သည်။
သို့သော် လင်ချွမ်အတွက်မူ... သူက အခွင့်မပေးသရွေ့ မည်သူမျှ သူ့အနီးသို့ မကပ်နိုင်ပေ။
"ဒါကို ရောင်းဖို့ နည်းလမ်းရှာလိုက်။ မင်းလည်း အရမ်းချမ်းသာသွားလိမ့်မယ်"
လင်ချွမ်က ယွဲ့ချင်းရိုကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟား"
ဓားနတ်ဘုရားက ကသိကအောက်ဖြင့် ရယ်လိုက်သည်။ ခရမ်းရောင် ကျောက်စိမ်းဆေးလုံးကို ပိုက်ဆံနှင့် လဲမည့်သူမှာ ရူးနေမှသာ ဖြစ်ပေလိမ့်မည်။
ဘေးတွင် ရပ်နေသော ယင်ဟွိုက်ယွီမှာမူ ဤကဲ့သို့သော မြင်ကွင်းများကို ကျင့်သားရနေပြီ။
ကျိုတိုသို့ ရောက်ကတည်းက သူသည် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေခဲ့သည်။
ဤအုပ်စုထဲတွင် သူသည် စိတ်အလှုပ်ရှားဆုံး ဖြစ်နေသည်။
"အကြီးအကဲ... ကျွန်တော်တို့ တည်းခိုခန်းမှာ နားကြမှာလား"
ယင်ဟွိုက်ယွီက သတိထားပြီး မေးလိုက်သည်။
အနီးအနားတွင် တည်းခိုခန်းတစ်ခု ရှိနေသော်လည်း ယင်ဟွိုက်ယွီ ခြေလှမ်းမပြင်မီမှာပင် လင်ချွမ်က ခေါင်းခါပြ၏။
"မသွားဘူး"
"အရင်ဆုံး လူတစ်ယောက်ကို သွားရှာရအောင်"
"ဖြစ်နိုင်ရင် ငါတို့ သူ့ဆီမှာပဲ တည်းကြတာပေါ့"
လင်ချွမ်က အစီအစဉ် ရှိပြီးသားပုံစံဖြင့် ခပ်ဖွဖွ ရယ်လိုက်သည်။
အုပ်စုတစ်ခုလုံး ဇဝေဇဝါ ဖြစ်သွားသော်လည်း လင်ချွမ်နောက်သို့သာ လိုက်ပါလာခဲ့ကြသည်။
လမ်းအနည်းငယ် ဖြတ်လျှောက်ပြီးနောက် ခန့်ညားထည်ဝါသော အိမ်တော်ကြီးတစ်ခု လင်ချွမ်တို့ရှေ့တွင် ပေါ်လာသည်။
တံခါးပေါ်ရှိ ဆိုင်းဘုတ်တွင် ရွှေရောင်စာလုံးကြီး နှစ်လုံးဖြင့် 'အရှေ့ဘက် နန်းဆောင်' ဟု ရေးထွင်းထားသည်။
ယင်ဟွိုက်ယွီနှင့် ကျန်နှစ်ယောက်မှာ မှင်သက်
သွားကြ၏။
အရှေ့နန်းဆောင် ဆိုသည်မှာ တောက်ရန် ၏ နယ်မြေဖြစ်ပြီး မကြာသေးမီကမှ ဧကရာဇ်၏ ခွင့်ပြုချက် ရထားခြင်းဖြစ်သည်။
၎င်းမှာ ဧကရာဇ်ကို တိုက်ရိုက်အလုပ်အကျွေးပြုသည့် နေရာဖြစ်ပြီး လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့အစည်းနှင့် တူ၏။
သို့သော် လင်ချွမ်နှင့် အဖွဲ့မှာ ညအချိန် နန်းတော်ကို ဝင်စီးရန် စီစဉ်နေကြသူများ ဖြစ်သည်။
ယခုမူ အရှေ့ဘက် နန်းဆောင်ထဲသို့ ဗြောင်ကျကျ ဝင်လာကြခြင်း ဖြစ်လေ၏။
ဤသည်မှာ နန်းတော်ကို လုံးဝ အလေးမထားသည့် လုပ်ရပ်ပင်။
ယင်ဟွိုက်ယွီတို့ သုံးယောက် စကားမပြောနိုင်ခင်မှာပင်...
လင်ချွမ်က လျှပ်တပြက် လှုပ်ရှားလိုက်ပြီး တံခါးစောင့်ကို ရိုက်လဲလိုက်သည်။
ထို့နောက် အရှေ့ဘက် နန်းဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"သွားစမ်း"
"မင်းတို့ အရာရှိမင်း ကို ဒီကို ခေါ်ခဲ့"
"လင်ဖန်က သူ့ကို လာရှာတယ်လို့သာ ပြောလိုက်"
အခန်း ၁၃၄ - ထင်ရှားသော ပူးပေါင်းကြံစည်မှု၊ တောက်ရန် ကို ချောင်ပိတ်ခြင်း
အရှေ့ဘက် နန်းဆောင်တွင်။
တောက်ရန် သည် သူ့ရှေ့တွင် ပျာပျာသလဲဖြစ်နေသော နန်းတွင်းကိုယ်ရံတော်များကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
"ဘာဖြစ်တာလဲ..ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ"
တောက်ရန်သည် ထိုသူတို့၏ အမူအရာကို ကြည့်ပြီး စိတ်တိုင်းမကျဖြစ်နေသည်။
"အစီရင်ခံပါတယ် အရာရှိမင်း"
"အပြင်မှာ တစ်ယောက်ယောက်က လာတွေ့ဖို့ တောင်းဆိုနေပါတယ်"
"ကျွန်တော်တို့ တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် အရိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရသွားကြပါတယ်ခင်ဗျာ"
"လာတဲ့သူက အရမ်းအစွမ်းထက်တယ်၊ ကျွန်တော်တို့ သူနဲ့ မယှဉ်နိုင်ပါဘူး"
ထိုကိုယ်ရံတော်သည် စကားပြောနေစဉ် တစ်
ဆက်ဆက် တုန်ရင်နေလေ၏။
သူသည် တောက်ရန်ကို ကြောက်ရွံ့နေခြင်းထက် အရှေ့ဘက် နန်းဆောင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုပညာရှင်များကို တွေးမိပြီး ထိန်းမနိုင်သိမ်းမရ တုန်ရင်နေခြင်းဖြစ်သည်။
နန်းတွင်းကိုယ်ရံတော် ထဲတွင် ကျွမ်းကျင်သူများစွာ ရှိသော်လည်း တံခါးဝသို့ ရောက်ရှိနေသည့် လူအနည်းငယ်နှင့် ယှဉ်လျှင်မူ သူတို့မှာ ပုရွက်ဆိတ်မျှပင် မရှိပေ။
အထူးသဖြင့် ဦးဆောင်လာသည့် လူငယ်လေးမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်သားတစ်ပါးကဲ့သို့ပင်။
သူ၏ တည်ရှိမှုသက်သက်ဖြင့်ပင် ကိုယ်ရံတော်များကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်၏။
"ငါ့ရဲ့ အရှေ့ဘက် နန်းဆောင်မှာ ဘယ်သူက ဒီလောက်အင်အားသုံးရဲတာလဲ"
"သူတို့ ဘယ်သူဘယ်ဝါဆိုတာရော ပြောလား"
တောက်ရန်က အသံအက်အက်ဖြင့် မေးလိုက်ရာ
"ပြောပါတယ်"
"အဲဒီလူက သူ့ကိုယ်သူ လင်ဖန် လို့ ခေါ်ပါတယ်"
ဟု ကိုယ်ရံတော်က ချက်ချင်းဖြေကြားလိုက်၏။
"ဘာ"
တောက်ယန်၏ မျက်သူငယ်အိမ်များ ကျုံ့သွားပြီး သူ၏အသံမှာ ရုတ်တရက် စူးရှသွားသည်။
၎င်းက ကိုယ်ရံတော်များကို ပို၍ထိတ်လန့်သွားစေ၏။
ဤတောက်ရန်သည် စိတ်သဘောထား ခန့်မှန်းရခက်ပြီး စိတ်အပြောင်းအလဲ မြန်သူဖြစ်သည်။
ကိုယ်ရံတော်ပေါင်း ရှစ်ဆယ်၊ တစ်ရာမက သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရဖူးသည်။
ထို့ပြင် သူတို့အားလုံးမှာ တောက်ရန်၏ ခဏတာ စိတ်မကျေနပ်မှုကြောင့်သာ အသတ်ခံခဲ့ရခြင်း။
အကယ်၍ လင်ဖန်သာ တောက်ရန် ရန်သူဖြစ်နေပါက သတင်းလာပို့သည့် သူပါ ဒုက္ခရောက်တော့မည် မဟုတ်ပါလား။
သို့သော် အတန်ကြာ စောင့်ဆိုင်းပြီးနောက်တွင် ကိုယ်ရံတော်မှာ ဘာဘေးအန္တရာယ်မှ မကြုံတွေ့ရသေးပေ။
သူသည် သတိထား၍ မော့ကြည့်လိုက်ရာ တောက်ရန်မှာ မျက်မှောင်ကြုတ်လျက် အလေးအနက် စဉ်းစားနေသည်ကို တွေ့လိုက်ရ၏။
သူ၏ မျက်ဝန်းထဲတွင် ဖော်ပြမတတ်နိုင်သော အံ့အားသင့်မှုများ ရှိနေသည်။
"အရာရှိမင်း... အဲဒီလူကို မောင်းထုတ်လိုက်ရမလားခင်ဗျာ"
ကိုယ်ရံတော်က တိုးတိုးလေး မေးလိုက်သည်။
ထိုစကားပြောပြီးသည်နှင့် ပြင်းထန်သော အားတစ်ခုက သူ့ကို လွင့်ထွက်သွားစေသည်။
"မောင်းထုတ်ရမယ် ဟုတ်လား"
"မင်းတို့မှာ လုပ်နိုင်တဲ့ အစွမ်းရှိလို့လား"
တောက်ရန်က အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် သူသည် တံခါးဝဆီသို့ ခပ်သွက်သွက် လျှောက်သွားတော့၏။
တံခါးဝသို့ ရောက်သောအခါ ကိုယ်ရံတော်တစ်စုသည် လူလေးဦးကို ဝိုင်းရံထားသည်ကို တွေ့ရသည်။
တစ်ဖက်တွင်မူ ကိုယ်ရံတော် ဆယ်ဂဏန်းကျော်မှာ မြေပြင်ပေါ်တွင် လဲလျောင်းကာ နာကျင်စွာ ညည်းညူနေကြသည်။
သူတို့အားလုံး ဒဏ်ရာအနည်းငယ် ရထားသော်လည်း အသက်အန္တရာယ် မရှိကြပေ။
"ဖယ်ကြစမ်း"
တောက်ရန်က အော်ဟစ်လိုက်သည်။
တင်းမာနေသော ကိုယ်ရံတော်များသည် စိတ်သက်သာရာရသွားသော်လည်း ရှေ့တွင်ရှိနေသည့် လူလေးဦးကိုမူ သတိဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်။
ထို့နောက် သူတို့သည် ဘေးနှစ်ဖက်သို့ ဆုတ်ခွာပေးလိုက်ကြသည်။
ထိုအချိန်တွင် တောက်ရန်သည် ထိုလေးဦးထံသို့ လျှောက်လှမ်းသွားပြီး ရုတ်တရက် လက်အုပ်ချီ၍ အရိုအသေပေးလိုက်သည်။
"မျိုးဆက်သစ် တောက်ာန်က အကြီးအကဲ ဓားနတ်ဘုရား ကို ဂါရဝပြုပါတယ်"
"အကြီးအကဲ ယင် ကိုလည်း နှုတ်ခွန်းဆက်ပါတယ်"
"ပြီးတော့... သခင်လေး လင် ကိုလည်း နှုတ်ခွန်းဆက်ပါတယ်"
တောက်ရန်သည် သူတို့ကို တစ်ဦးချင်းစီ အလွန်အမင်း ရိုသေစွာ နှုတ်ဆက်နေသည်။
ဤအပြုအမူက ကိုယ်ရံတော်များကို အံ့အားသင့်စေခဲ့၏။
တောက်ရန်ဆိုသည်မှာ ဘယ်သူနည်း။
သူသည် ဧကရာဇ်မင်းမြတ်၏ ယုံကြည်ရဆုံးသူဖြစ်သလို မင်မင်းဆက်၏ စစ်သေနာပတိလည်း ဖြစ်သည်။
သူသည် ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးသူဖြစ်၏။
သို့မဟုတ်ပါက သူသည် ကျူတီ အတွက် အရှေ့ဘက် နန်းဆောင်ကို တည်ထောင်ပြီး လူသတ်မှုများကို လုပ်ဆောင်ပေးနေမည် မဟုတ်ပေ။
ရိုးရိုးလေးပြောရလျှင် အရှေ့ဘက် နန်းဆောင်သည် မင်မင်းဆက်၏ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ဖြစ်သည်။ သူတို့လုပ်သမျှသည် အရိပ်မည်းကဲ့သို့ ဖုံးကွယ်ထားရသည်။
သူသည် ဧကရာဇ်မှလွဲ၍ မည်သူ့ကိုမျှ တာဝန်ခံစရာမလိုဘဲ တော်ဝင်မိသားစုဝင်များပင်လျှင် သူ၏ရှေ့တွင် ဂုဏ်အသရေ မရှိကြပေ။
သူသည် ဧကရာဇ်ပြီးလျှင် ဒုတိယအာဏာအရှိဆုံးသူ ဖြစ်၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူက သိုင်းပညာရှင် သုံးဦးရှေ့တွင် နှိမ့်ချနေသည်မှာ ထူးဆန်းလှသည်။
အထူးသဖြင့် အဖွဲ့ကို ဦးဆောင်လာသည့် အသက် ၂၀ မပြည့်သေးသည့် လူငယ်လေးကို တောက်ရန်
က ဘာကြောင့် ဒီလောက်အထိ ရိုသေနေရသနည်း။
"လင်ဖန်... မဟုတ်ဘူး၊ လင်ချွမ် "
"ဝူတန်တောင်တိုက်ပွဲပြီးကတည်းက သခင်လေးလင်ရဲ့ ကျော်ကြားမှုက တစ်ပြည်လုံးမှာ ပျံ့နှံ့နေတာ"
"မင်းတို့က ဘယ်လိုသတ္တိနဲ့ သူ့ကို တားဆီးရဲတာလဲ"
"မြန်မြန်... သခင်လေးလင်က မင်းတို့အသက်ကို ချမ်းသာပေးတာကို ကျေးဇူးတင်လိုက်ကြစမ်း"
တောက်ရန်က ကိုယ်ရံတော်များကို ငေါက်ငမ်းလိုက်သည်။
ထိုစကားကို ကြားသောအခါမှ ကိုယ်ရံတော်များသည် လင်ချွမ်မှာ သိုင်းလောကတွင် ရေပန်းစားနေသည့် 'မသေမျိုး ကျင့်ကြံသူ'ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
သူသည် နတ်ဆိုးဂိုဏ်း၏ ထိပ်သီး ၆ ဦးကို တစ်ယောက်တည်း ရင်ဆိုင်ပြီး အနိုင်ယူခဲ့သူဖြစ်၏။
ကျန်းဟယ်၏ အကြံအစည်များကိုလည်း ဖျက်ဆီးခဲ့သူ။
သူ့အမည်ကို ကြားရုံနှင့်ပင် ထိုကိုယ်ရံတော်များ ကျောချမ်းသွားကြသည်။
လင်ချွမ်သည် လူသားတစ်ယောက်ထက် နတ်ဘုရားတစ်ပါးနှင့် ပိုတူနေပြီဖြစ်သည်။ နတ်ဘုရားတစ်ပါးကို စိန်ခေါ်မိခဲ့သည်ဟု တွေးမိကာ ကိုယ်ရံတော်များ ချွေးစေးများ ထွက်လာပြီး လင်ချွမ်ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ကြသည်။
"သခင်လေးလင်၊ အကြီးအကဲတို့... ကြွပါခင်ဗျာ"
တောက်ရန်သည် ဟန်ဆောင်အပြုံးဖြင့် လင်ချွမ်နှင့် အဖွဲ့ကို ပင်မခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။ အားလုံး နေရာယူပြီးနောက် တောက်ရန်က စကားစလိုက်သည်။
"ဒီလို အရှေ့ဘက် နန်းဆောင်ကို ရုတ်တရက် ရောက်လာရတာ ဘာအရေးကြီးကိစ္စများ ရှိလို့လဲခင်ဗျာ"
သူသည် ဤကဲ့သို့ ရက်စက်သော အုပ်စုနှင့် ကစားရဲမည်မဟုတ်ပေ။
အကယ်၍ လင်ချွမ်သာ စိတ်မရှည်ဖြစ်သွားပါက သူ၏ အရှေ့ဘက် နန်းဆောင်တစ်ခုလုံး မြေလှန်ခံရနိုင်သည်ကို သူသိသည်။
"အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူး"
လင်ချွမ်က ပျင်းရိစွာဖြင့် ပြောလိုက်သည်။
"အရာရှိမင်းဆီက အကူအညီတစ်ခု တောင်းချင်လို့ပါ"
"ရှေးဟောင်းစာအုပ်တစ်အုပ် ရှာပေးဖို့ ကူညီစေချင်ပါတယ်"
ထိုစကားကို ကြားသောအခါ တောက်ရန်မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ ရိုးရှင်းသည့်ကိစ္စ မဟုတ်ကြောင်း သူ၏ပင်ကိုသိစိတ်က သိနေသည်။
ရှေးဟောင်းစာအုပ် အများစုမှာ နန်းတော်ထဲတွင်သာ သိမ်းဆည်းထားခြင်း ဖြစ်၏။
လင်ချွမ်တို့အဖွဲ့ နန်းတော်ကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား။
"သခင်လေးလင်က ဘယ်စာအုပ်ကို ဖတ်ချင်လို့လဲခင်ဗျာ"
တောက်ရန်က စမ်းတဝါးဝါး မေးလိုက်သည်။
"ဆေးဘုရင်မှတ်တမ်း"
လင်ချွမ်၏ ထိုစကားကြောင့် အခန်းထဲရှိ လူတိုင်း ကျောချမ်းသွားကြသည်။
တောက်ရန်မှာမူ မျက်နှာပျက်သွားသည်။
အကယ်၍ ရှေ့တွင်ရှိနေသူမှာ လင်ချွမ်သာ မဟုတ်ပါက သူသည် တိုက်ခိုက်ရန် ပြင်ဆင်ပြီးလောက်ပြီ။
"သခင်လေးလင်ကတော့ နောက်နေပြန်ပြီ"
"အဲဒီစာအုပ်က ဧကရာဇ်မင်းမြတ်ရဲ့ အဖိုးတန်ဆုံး ရတနာလေ"
"ကျွန်တော့်မှာတောင် ငှားဖတ်ဖို့ အရည်အချင်းမရှိတာ၊ သခင်လေးလင်အတွက် ဘယ်လိုလုပ် ယူပေးနိုင်မှာလဲ"
တောက်ရန်က အတင်းပြုံး၍ ပြောနေသော်လည်း အတွင်းစိတ်တွင်မူ ကျိန်ဆဲနေလေ၏။
လင်ချွမ်သည် သူ့ကို အကွက်ဆင်နေခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။
အကယ်၍ သူသာ ကျူတီကို ထိုကိစ္စသွားပြောပါက နိုင်ငံတော်ပုန်ကန်မှုဖြင့် စွပ်စွဲခံရမည်မှာ သေချာ၏။
လင်ချွမ်က သူ့ကို သတ်ဖို့ ကြိုးစားနေခြင်းပင်။
"ဒါဆို ဆေးဘုရင်မှတ်တမ်းက ဧကရာဇ်ရဲ့ လက်ထဲမှာ ရှိနေတာ အမှန်ပဲပေါ့"
လင်ချွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။
တောက်ရန်မှာ အံ့အားသင့်သွားပြီးမှ ဒေါသတကြီးဖြင့် "မင်း ငါ့ကို လှည့်စားလိုက်တာပဲ" ဟု ပြောလိုက်သည်။
အမှန်စင်စစ် လင်ချွမ်သည် ကျူတီ၏ လက်ထဲတွင် ထိုစာအုပ်ရှိသည်ကို အသေအချာမသိသေးပေ။
ကျူတီသည် ခရမ်းရောင်ကျောက်စိမ်းဆေးလုံးကို ဖော်စပ်ရန် ဆေးပညာရှင် ၁၀ ဦးကို ငှားရမ်းထားကြောင်းသာ ကြားဖူးခြင်းဖြစ်သည်။
ထိုဆေးလုံးဖော်စပ်နည်းမှာ ဆေးဘုရင်မှတ်တမ်း
ထဲတွင် ရှိသည်။
တစ်ချိန်တည်းမှာပင် ထိုစာအုပ်သည် မသေမျိုးကျင့်ကြံခြင်းဆိုင်ရာ ရှေးဟောင်းကျမ်းတစ်စောင်လည်း ဖြစ်သည်။
သို့သော် ကျူတီသည် မသေမျိုးကျင့်ကြံခြင်းကို စိတ်မဝင်စားဘဲ ဆေးလုံးများသုံး၍ အသက်ရှည်ရန်သာ ကြိုးပမ်းနေခြင်းဖြစ်၏။
အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် လင်ချွမ်က ဂရုမစိုက်ပေ။
သူလိုချင်သည်မှာ ထိုစာအုပ်သာ။
"အရာရှိမင်း အနေနဲ့ ဝူတန်တောင်မှာ ကျွန်တော် ဘာတွေလုပ်ခဲ့လဲဆိုတာ သိနေမှတော့..."
"နန်းတော်ရဲ့ ဘယ်လို ခိုင်ခံ့တဲ့ တံတိုင်းကမှ ကျွန်တော့်ကို မတားနိုင်ဘူးဆိုတာလည်း သိမှာပေါ့"
"အရှေ့ဘက် နန်းဆောင်ရဲ့ အကြီးအကဲအနေနဲ့ ဧကရာဇ်ကို ကာကွယ်ဖို့က ခင်ဗျားရဲ့ တာဝန်မဟုတ်လား။ အကယ်၍ ဧကရာဇ်သာ ထိတ်လန့်သွားမယ်၊ ပြီးတော့ အဲဒီနောက်ကွယ်က အကြောင်းစုံကို ခင်ဗျား သိနေတယ်ဆိုတာသာ ပေါ်သွားရင်... "
"ကျူတီက ခင်ဗျားကို ဘယ်လိုဆက်ဆံမလဲ"
လင်ချွမ်က လှောင်ပြောင်သရော်လိုက်သည်။
သူသည် တောက်ရန်အတွက် ရုန်းမထွက်နိုင်သော ထောင်ချောက်တစ်ခုကို ဆင်လိုက်ခြင်း။
"သခင်လေးလင်.. ခင်ဗျား တကယ်တော်တာပဲ"
တောက်ရန်က သွားကြိတ်၍ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်က သေမှာကို ကြောက်တဲ့သူ မဟုတ်ဘူး"
"အကယ်၍ ကျွန်တော်က ဒီကိစ္စကို ဧကရာဇ်ကို အသိပေးပြီး စာအုပ်တွေကို မီးရှို့ခိုင်းလိုက်ရင်..."
"ခင်ဗျားရဲ့ ကြိုးစားမှုတွေက အချည်းနှီးဖြစ်သွားမှာ မဟုတ်လား"
၎င်းက အတူတူ ပျက်စီးမည့် နည်းလမ်းပင်။
"ဒါဆိုရင်တော့... ဧကရာဇ်ကိုပဲ အသစ်လဲလိုက်ရတာပေါ့"
လင်ချွမ်က အေးစက်စွာ ပြောလိုက်လေသည်။