← Chapters

အခန်း (၇၂၁-၇၂၅)

Vol. 38 Ch. 721-725

အခန်း (၇၂၁-၇၂၅)

Vol. 38 Ch. 721-725

အခန်း(၇၂၁)

သမိုင်းမှာ အကြီးမားဆုံးသောမြင်း ကုန်သွယ်မှု

ပြန်ပြောင်းတွေးကြည့်မည်ဆိုလျှင် မဟာထန်တွင် တချိန်က ထိုသို့သော အခွင့်အရေးမျိုး ရှိခဲ့ဖူးကြောင်း သိရမည်ဖြစ်သည်။ ထိုအခွင့်အရေးကိုသာ ဖမ်းဆုပ်နိုင်ခဲ့လျှင် မဟာထန်က အရည်အသွေးမြင့် စစ်မြင်း အမြောက်အများကို ပိုင်ဆိုင်ထားပြီး အနာဂတ်စစ်ပွဲများအတွက် ကိုယ်တိုင် ပြင်ဆင်နိုင်ပေလိမ့်မည်။ ထိုအခွင့်အရေးက တူရကီမြင်းကုန်သည်ဟု ကျော်ကြားသည့် ဟူလာယဲ့ဖြစ်သည်။

သို့သော် ဟူလာယဲ့ကို ရှာသောကိစ္စက မလွယ်ကူချေ။ သူ၏တည်နေရာက အမြဲတစေ ပြောင်းနေသည်။ သူက မြောက်ပိုင်း တောင်ပေါ်ဒေသ အန်းရှီကာကွယ်ရေးစစ်တပ်၏ တာလတစ်နေရာတွင် ရှိနေနိုင်သလို တစ်ခါတစ်ရံတွင် အာရပ်သို့ ရောက်နေနိုင်ပြီး တစ်ခါတစ်ရံတွင်လည်း တိဗက်တောင်ပေါ်သို့ ဖြစ်နေနိုင်သည်။

ဝမ်ချောင်က သူ၏ခြေရာ ခံနိုင်ခဲ့သည်မှာ အနောက်ပိုင်းနယ်မြေကို ကိုယ့်လက်ကိုယ့်ခြေလို ကောင်းကောင်း နားလည်နေသည့် ရန်ဟုန်ချန်း၏ အကူအညီကြောင့်ဖြစ်သည်။ သူ၏ယခင်ဘဝမှ သဲလွန်စအနည်းငယ်နှင့် အမျိုးမျိုးသော ကောလဟာလများကို သူက ရန်ဟုန်ချန်းကို ပြောပြခြင်းအားဖြင့် တစ်လကြိုတင်ကာ ရှာစေခဲ့သည်။

ဝမ်ချောင်ကို အစိုးရိမ်ဆုံးကိစ္စက ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရမည့် အရေးကိုဖြစ်သည်။ ဟူလာယဲ့က မာနကြီးသောကြောင့် အနောက်ပိုင်းတူရကီ အက်စ်ဘာရာခါကန်းကို ရန်စမိခဲ့ပြီး သူနှင့်ကလန်ကပင် သုတ်သင်ခံခဲ့ရသည်။

ဟူလာယဲ့သာ မရှိလျှင် မည်သူကမျှ တူရကီ တောင်ပေါ်ဒေသမှ အရည်အသွေးမြင့် မြင်းအမြောက်အများ ရရှိနိုင်တော့မည် မဟုတ်ချေ။ ဟူလာယဲ့လိုမျိုး မည်သူကမျှလည်း အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီ ခါကာနိတ်များနှင့် မြင်းကုန်သည်မှုကို ပေါ်တင်ပြုပြီး အဆက်အသွယ် အမြောက်အများ ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ချေ။ ဟူလာယဲ့နာမည်က တောင်ပေါ်ဒေသတခွင့် ပျံ့နှံ့ပြီး အနောက်ပိုင်းနယ်မြေများတွင် ဟိန်းထွက်နေသည်။ ပိုဆိုး၍ကောင်းသော နာမည်တစ်ခုထက် မပိုတော့သော အခြေအနေလည်း ဖြစ်သွားနိုင်သည်။

သူသေဆုံးသွားပြီး သိပ်မကြာခင် ခါကာနိတ်နှစ်ယောက်က မည်သည့် မြင်းကုန်သွယ်မှုမှ မပြုရန် ပိတ်ပင်တားမြစ်ခဲ့သည်။ ထို့ကြောင့် မဟာထန်က ပြင်းထန်သည့် စစ်မြင်းပြတ်လပ်မှုဒဏ်ကို ခံခဲ့ရပြီး ဆိုးရွားသောဒဏ်ကို ခံခဲ့ရခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း ဟူလာယဲ့က အနောက်ပိုင်း နယ်မြေသို့ ရောက်နေကြောင်း ကြားသည်နှင့် ချက်ချင်းလိုလို ထွက်လာခဲ့ခြင်းဖြစ်သည်။ သူက အမြန်ဆုံး ကိုင်တွယ်ရမည့် ကိစ္စအချို့လုပ်ရန် ရှိနေလျှင်ပင် ဒီလိုအခွင့်အရေးမျိုးက ဘယ်သောအခါမှ ပြန်မရနိုင်သည့်အတွက် ရအောင် ပြန်ဖမ်းဆုပ်ရမည့်အတွက် ချက်ချင်း ရောက်လာခဲ့ခြင်းဖြစ်သည်။

“မင်းကဘယ်သူလဲ။ ဒါကငါ့ရဲ့ ပိုင်နက်ဆိုတာ မသိဘူးလား။ ဒီနေရာကထွက်သွား”

ဝမ်ချောင်၏ အတွေးယာဉ်ကြောကို တူရကီသံ တစ်သံက ဖြတ်တောက်လိုက်သည်။ ဟူလာယဲ့က စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော မျက်နှာထားမျိုးဖြင့် ညာလက်ကို သူ၏ဓားမောက်ရှည်ပေါ် ဖိတင်ထားပြီး အချိန်မရွေး ဆွဲထုတ်ကာ ခုတ်ရန်ပြင်ထားသည်။

ဝမ်ချောင်က ရယ်လျှက်ကြည့်သည်။

“ဟူလာယဲ့မဟုတ်လား”

ဟူလာယဲ့၏ မျက်နှာက အံ့အားသင့်မှုကြောင့် အေးခဲသွားသည်။

“မင်းကဘယ်သူလဲ။ ဘာကြောင့် ငါ့ရဲ့နာမည်ကို သိနေတာလဲ”

သူက အနောက်ပိုင်းနယ်မြေတွင် နာမည်တုကိုသာ သုံးလေ့ရှိသည့်အတွက် သူ၏နာမည်အရင်းကို သိသည်မှာ အလွန်နည်းသည်။ သူ၏ လူရင်းများသာ သိတတ်ကြသည်။ သို့သော် သူက ထိုလူငယ်နှင့် ပတ်သတ်ပြီး မည်သည့် မှတ်ဉာဏ်မှ ရှိမနေခဲ့ချေ။

“ဟာ မလန့်ပါနဲ့ ငါ့ကိုအခြားတစ်ယောက်က မိတ်ဆက်ပေးခဲ့တာ”

ဝမ်ချောင်က ပြုံးရယ်လိုက်ပြီး သူ၏ခါးကြားမှ ပစ္စည်းတစ်ခုကိုထုတ်သည်။ ထိုအရာက သတ္တုတံဆိပ်ပြားတစ်ခုဖြစ်ပြီး အနက်ရောင် ပြောင်လက်နေကာ ထူးဆန်းသော သားရဲတစ်ကောင်ပုံကို ထွင်းထုထားသည်။ ဒါက ဗဟိုပြင်ကျယ်မှလူများ အသုံးပြုလေ့ရှိသည့် တံဆိပ်ပုံစံနှင့် ကွဲပြားနေသည်။ ဒါက ဗဟိုပြင်ကျယ်၏ ထုတ်ကုန်တစ်ခု မဟုတ်ကြောင်း သိသာသည်။

“အို မင်းက မဟာထန်ရဲ့ ယန်ကလန်က အဲ့ဒီတာ့မူကော ပြောလိုက်တဲ့လူလား”

ဟူလာယဲ့က သူ၏ထူထည်းကာ ဖြောင့်တန်းနေသည့် မျက်ခုံးကိုပင့်လိုက်သည်။ သူ၏ဟန်အမူအရာ အားလုံးကလည်း သက်တောင့်သက်သာ ဖြစ်သွားသလို ဖြေလျော့လိုက်သည်။ သူ၏ညာလက်က ဓားမောက်ရှည်ကို လွှတ်လိုက်သည်။ သို့သော်သူ၏ မျက်နှာကမူ စဉ်းစားတွေးတောဟန်ဖြင့် လိမ်တွန့်နေသေးသည်။

“တာ့မူကောက တကယ်စိတ်ဝင်စားစရာကောင်းတယ်။ ငါက ဟန်တွေနဲ့ စီးပွားရေးမလုပ်တာကို သူမသိဘူးလား။ တူရကီတွေနဲ့ ဟန်တွေက သဘာဝရန်သူတွေပဲ။ သူကငါ့ကို ဒီမြင်းတွေကို ဟန်တွေဆီ ရောင်းစေချင်နေတယ်။ ရမ်းကားလိုက်တာ ဟား ဟား ဟား ကောင်းပြီလေ မင်းက ဘယ်နေရာကပဲလာလာ ငါ့ဆီက ဘာပဲလိုချင်လိုချင် ငါ့ရဲ့စိတ်အခြေအနေ ကောင်းနေတုန်း ထွက်သွားလိုက်တာ အကောင်းဆုံးပဲ။ အလှလေးတွေ လာ ဆက်ပြီးသောက်ရအောင် ဟား ဟား ဟား”

ဟူလာယဲ့က လက်မောင်းနှစ်ဖက်လုံးဖြင့် အမျိုးသမီးများကို ပွေ့ဖက်ပြီး ဝိုင်ကိုစသောက်ကာ မုတ်ဆိတ်ကို ယမ်းခါသည်အထိ ရယ်မောနေသည်။ သူက ဝမ်ချောင်ကို လျစ်လျူရှု့လိုက်သည်။

“ဟား ဟား ဟား”

ဝမ်ချောင်ကလည်း ရယ်လိုက်သည်။ သူက မထွက်သွားဘဲ ဟူလာယဲ့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

“အရင်နေ့ရက်ဟောင်းတွေမှာ မဟာဟန်ရဲ့ ကောင်းဇူကို မော့တုက ဝိုင်းထားခဲ့တယ်။ ထောင်ချောက်မိနေတဲ့အချိန်မှာ ကောင်းဇူက ရွှေတုံးတစ်သောင်းပေးဖို့ အတင်းအကြပ် ခိုင်းစေခံခဲ့ရတယ်။ ဒီလိုနဲ့ မော့တုက နောက်ဆုတ်သွားခဲ့ပြီး ပိုင်တန်းရဲ့ အုပ်ချုပ်မှုကို ဖျက်ဆီးခဲ့တယ်။ ချန်းယွီပဲဖြစ်ဖြစ်၊ ခါကန်းပဲဖြစ်ဖြစ် ခုခံနိုင်ခဲ့ခြင်း မရှိခဲ့ဘူး။ ဒါကြောင့် ဒီဟူလာယဲ့မှာ အဲ့ဒီလို အကျင့်စရိုက်မျိုး ပိုင်ဆိုင်ထားမယ်လို့ မထင်ထားခဲ့မိဘူး။ သူက ခါကန်းထက် ပိုပြီးဖြောင့်မတ်နေပြီး ကြွယ်ဝမှုထက် ရိုးသားမှုကို ပိုပြီးသဘောကျနေတာပေါ့။ ဒီလူက တကယ်ပဲ ချီးကျူးမိပါတယ်”

ဝမ်ချောင်၏ စကားများကို ကြားလိုက်ရသည့် ဟူလာယဲ့က ဝိုင်ခွက်ကို ချက်ချင်းချလိုက်သည်။

“ဟား ဟား စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ ငါမင်းကို အထင်သေးလိုက်မိပြီ”

ဟူလာယဲ့၏ မျက်ဝန်းက တောက်ပနေသည်။ သူက ရုတ်တရက် ပထမဦးဆုံးအကြိမ် ဝမ်ချောင်ကို မော့ကြည့်လိုက်ပြီး ဝမ်ချောင်ကို ယခုမှ သတိထားမိသလို ထင်ရသည်။

“မင်းတို့အားလုံး ထွက်သွားကြ”

ဟူလာယဲ့က သူယခုလေးတင် ပွေ့ဖက်ခဲ့သည့် အလှလေးတွေကို ခပ်စူးစူး စိုက်ကြည့်လိုက်လေရာ အလှလေးများက ကြောက်ရွံ့သွားကြသည်။ သူတို့က ငိုယိုလျှက် အပြေးအလွှား ထွက်ပြေးကြသည်မှာ လဲကျလုနီးပါးပင် ဖြစ်သွားကြသည်။

ဟူလာယဲ့က ဝမ်ချောင်ကို တစ်ချက်ကြည့်ကာပြောသည်။

“ဆိုတော့ မင်းကငါ့ကို ရွှေတုံးတစ်သောင်း လာပေးတာပေါ့လေ”

‘ကောင်းဇူကို မော့တုက ဝိုင်းခြင်း’ဆိုသည်မှာ လွန်ခဲ့သော နှစ်တစ်ထောင်အကြာက ဖြစ်ပျက်ခဲ့သည့် သမိုင်းတွင် အဖြစ်အပျက်တစ်ခုဖြစ်ပြီး ဗဟိုပြင်ကျယ်နှင့် တူရကီတောင်ပေါ်မှ လူတိုင်းသိကြသည်။

တချိန်ထဲတွင် မဟာဟန်၏ ဧကရာဇ် ကောင်းဇူ၊ လျိုပန်းက လောကကို အုပ်စိုးကာစ ကာလလည်းဖြစ်ခဲ့သည်။ သူက စစ်သည်တစ်သန်းကို အမိန့်ပေးပြီး သူ့လက်အောက်တွင် မရေမတွက်နိုင်သော ဗိုလ်ချုပ်များကို ဦးဆောင်ခဲ့သည်။ သူ၏ လုပ်ဆောင်မှု မြင့်မားသထက် မြင့်မားလာချိန်တွင် သူက သူ၏တံခါးကို လာခေါက်သူများနှင့်ဆုံသည်။ အဆုံးတွင် သူက သူ၏စစ်တပ်ကို မြောက်ပိုင်းသို့ ချီတက်စေပြီး မော့တု၏ လက်အောက်မှ မြင်းတပ်နှစ်သိန်းနှင့် တွေ့ဆုံခဲ့ပြီး ပိုင်တန်းတွင် အဝိုင်းခံခဲ့ရသည်။ ထိုအရာက သမိုင်းတွင်သည့် ခြေလျှင်တပ်က မြင်းတပ်ကို ဝိုင်းခဲ့သော ဖြစ်ရပ်ကြီးဖြစ်ခဲ့သည်။

ခြေလျှင်တပ်က အရေအတွက် မြောက်များသော်လည်း လက်ရှိခေတ်ကာလတွင် လူတိုင်းနီးပါး သိထားကြသည့်အလျောက် မြင်းတပ် နှစ်သိန်း၏ အဓိပ္ပာယ်က ပိုအလေးသာသည်။ အလွန်ကျယ်ပြောသော မြက်ခင်းပြင်ကျယ်တွင် ထိုမြင်းတပ်က ခြေလျှင်တပ် တစ်သန်းကို သုတ်သင်ရန် မခက်ခဲချေ။

ထိုအရာများက မြင်းတပ်ချီတက်ခြင်း၏ အင်အားဖြစ်သည်။

ထိုအချိန်က ဗဟိုပြင်ကျယ်က မြင်းတပ်၏ အင်အားကို အမှန်တကယ် နားလည်သဘောပေါက် လိုက်ကြပြီး မြင်းများကို အလုံးအရင်းနှင့် ဝယ်ယူကာ သားဖောက်ရန် ကြိုးစားခဲ့သည်။ ထိုစီမံကိန်း၏ နောက်ဆုံးရလဒ်ကိုလည်း လူတိုင်းနီးပါးက သိထားခဲ့ပြီးသားဖြစ်သည်။

ဟန်၏ဧကရာဇ်ဝူ၏ ခေတ်တွင် အလွန်များပြားသော ဟန်မြင်းတပ်အင်အားစုကို တည်ဆောက်ခဲ့ပြီး ပိုင်တန်း၏ အပြစ်အနာအဆာများကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။ ထိုစစ်တပ်က တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းကို ချီတက်ခဲ့ပြီး နောက်ဆုံးတွင် တူရကီများကို ရှုံးနိမ့်စေခဲ့ခြင်းအားဖြင့် ထန်းတောင်တန်းကို ကျော်လွန်ပြီး မြောက်ပိုင်းဒေသအထိ မောင်းထုတ်နိုင်ခဲ့သည်။ တူရကီများက အင်အားပြန်ပြည့်ရန် ရာစုနှစ်များစွာပင် လိုအပ်ခဲ့သေးသည်။

လေးစားဖွယ်ကောင်းသော မြက်ခင်းပြင်ကျယ် တပ်ဖွဲ့ဆိုသော နာမည်က ရှုံးနွီထံမှတဆင့် တူရကီထံသို့ ပြောင်းလဲခဲ့သည်မှာ ထိုအဖွဲ့က အရှက်အခွဲခံခဲ့ရခြင်းထက် မပိုကြောင်း ဖော်ပြနေသလို ထင်ရပြီး ဟန်များ၏ ဂုဏ်သိက္ခာကို ကောင်းကင်ဘုံ တက်မတက် မြင့်တက်သွားစေခဲ့သည်။ လူတိုင်းက ထိုအကြောင်းအရာကို သိကြသည်။

ရလဒ်အနေဖြင့် ‘ပေ့တန်း၏ အုပ်စိုးမှု’က ဗဟိုပြင်ကျယ်နှင့် တူရကီများအကြားတွင် မပြောရန် ပိတ်ပင်ထားသော စကားရပ်တစ်ခုလို ဖြစ်လာသည်။ တိကျသေချာသော ရှု့ထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် တူရကီများ၏ဘက်တွင် ပို၍ဆိုးသည်။ သို့ရာတွင် ဝမ်ချောင် ဖော်ပြလိုသော အဓိပ္ပာယ်ကမူ ထိုအချက်မဟုတ်ချေ။

သမိုင်းတလျှောက် ပြန်ပြောင်းကြည့်လိုက်သော် ဗဟိုပြင်ကျယ်က ‘မိသားစု၊ တိုင်းပြည်၊ လောက’ဆို၍ အချိတ်အဆက် အမြဲတစေ ရှိခဲ့သည်။ သို့သော် မြေပြန့်ဒေသကမူ ခြားနားသည်။ မော့တူးချန်းယွီကဲ့သို့ ဒဏ္ဍာရီလာ အရှင်သခင်တစ်ယောက် ဖြစ်သောသူကပင် ရွှေတုံးတစ်သောင်းကို ပေးအပ်ရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရသည်။ ထို့ကြောင့် ဟူလာယဲ့၏ ဟန်များကို မြင်းမရောင်းဆိုသော ဆိုရင်းစကားက တူရကီနှင့် ထန်များကို စစ်ပွဲတွင် ရိုးရှင်းစွာ လှောင်ပြောင်လိုက်သလို ဖြစ်နေသည်။

ထိုစကားက ကုန်သည်များကြားမှ စကားဖြစ်သည်။ ဟူလာယဲ့က တူရကီမြင်းကုန်သည်ဖြစ်ပြီး အနောက်ပိုင်း နယ်မြေတောက်လျှောက် ခရီးသွားလာနေသူဖြစ်ကာ ရေထဲသို့ ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ အမျိုးမျိုးသော အင်အားများသို့ တက်လာနိုင်ခဲ့ပြီး အဖွဲ့အစည်းတိုင်းနှင့် ချိတ်ဆက် လုပ်ကိုင်နေနိုင်သည်။ တူရကီများက မဟာထန်နှင့် မည်သို့သောဆက်ဆံရေး ရှိနေစေကာမူ သူ၏ကိုယ်ပိုင်ရပ်တည်ချက်အပေါ် သက်ရောက်မှုရှိလာသည့် အဖြစ်အပျက်ကို သူက ခွင့်ပြုလိမ့်မည်မဟုတ်သလို သူ၏တိုင်းပြည်အပေါ် မည်သို့သော ချစ်စိတ်ကိုမျှ ဘယ်သောအခါမျှ ကိုင်ဆွဲထားလိမ့်မည်လည်း မဟုတ်ချေ။ သူဂရုအစိုက်ဆုံးက အကျိုးအမြတ်ဖြစ်သည်။ အကျိုးအမြတ်သာ လုံလောက်လျှင် သူက အက်စ်ကာရာခါကန်းကိုပင် ရောင်းရဲသည်။

“ရွှေတုံးတစ်သောင်းဆိုတာက ဘာလဲ။ ကြီးမြတ်လှတဲ့ ဟူလာယဲ့ဆိုတဲ့ မြက်ခင်းပြင်ကျယ် ဒေသက အင်အားအကြီးဆုံး မြင်းကုန်သည်၊ အရှေ့ပိုင်းနှင့်အနောက်ပိုင်း တူရကီ ခါကာနိတ်မှာ အရည်အသွေးမြင့် မြင်းတွေဒီလောက်များတာ ရွှေတုံးတစ်သောင်းလောက်နဲ့ ဘယ်လောက်ပါ့မလဲ”

ဝမ်ချောင်က ပေါ့ပါးစွာ ပြောလိုက်သည်။ သူ၏အမူအရာက ပျော်ရွှင်နေသလို ထင်ရသည်။

ဝုန်း

ဟူလာယဲ့၏ မျက်ဝန်းက ရုတ်တရက် အလွန်တောက်ပသွားသည်။ သူက ဝမ်ချောင်ကို သုံးစက္ကန့်လောက် စိုက်ကြည့်နေပြီးနောက် ချက်ချင်းလိုလို သူ၏ဗလာရင်ဘက်ကြီးကို တစ်ချက်အုပ်လိုက်ပြီး မျက်နှာက လေးနက်သွားသည်။

“ကြည့်ရတာ ငါမင်းကို ထပ်ပြီးအထင်သေးမိပြန်ပြီ။ မင်းရဲ့ရည်မှန်းချက်က မသေးဘူး”

ဟူလာယဲ့က ကွဲပြားသွားသော လေသံမျိုးဖြင့် ပြန်ပြောလိုက်သည်။

“မင်း မြင်းအကောင်ရေ ဘယ်လောက်လိုလဲ။ သုံးထောင်လား၊ ငါးထောင်လား၊ ရှစ်ထောင်လား၊ တစ်သောင်းလား”

ဝမ်ချောင်က ခပ်ဟဟရယ်ပြီး ခေါင်းကိုခါသည်။

“နှစ်သောင်းလား”

ဟူလာယဲ့မျက်နှာက စတင်ဖြူဖျော့လာသည်။ သူထံမြင်းလာဝယ်သော လူအများစုက တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင် သို့မဟုတ် ငါးထောင်ခန့်အထိသာ ဝယ်ဖူးသည်။ ငါးထောင်ဝယ်သော မည်သူမဆို အဓိကဝယ်လက် ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ အရည်အသွေးမြင့် တူရကီစစ်မြင်းငါးထောင်က မြင်းတပ်ငါးသောင်း ဖန်တီးပေးနိုင်ပြီး လေးစားဖွယ်ရာကောင်းသည့် အရေအတွက် ဖြစ်လာနိုင်သည်။ နှစ်သောင်းအတွက်ကမူ ထိုမျှများပြားသော မြင်းအကောင်ရေကို သူတစ်လုံးတည်း တစ်ကြိမ်သော်မျှ မရောင်းဖူးသေးချေ။

သို့သော် ထိုဟန်လူငယ်က စစ်မြင်းနှစ်သောင်း ဝယ်ချင်နေလျှင် ဟူလာယဲ့အနေဖြင့် သူတစ်ဖက်သူကို အထင်သေးမိလိုက်ကြောင်း ဝန်ခံရတော့ပေမည်။

“နှစ်သောင်းဟုတ်လား ဟား ဟား လူကြီးမင်းဟူလာယဲ့က ငါ့ကို အရမ်းအထင်သေးနေတာပဲ။ လူကြီးမင်း နံပါတ်တစ်တူရကီ မြင်းကုန်သည်တစ်ယောက်အနေနဲ့ လူကြီးမင်း တကယ်တန်း ကိုင်တွယ်စစ်ဆေးနိုင်တဲ့ မြင်းအရေအတွက်က ဒီလောက်ပဲ ဟုတ်ပါ့မလား”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးသည်။

သူ၏ ပထမဦးဆုံး လေ့ကျင့်ပေးထားသည့် ဝူရှန်းစစ်သည်တော်များကတင် ငါးထောင်ရှိနေပြီဖြစ်သည်။ ထိုလူများက အကောင်းဆုံး မြင်းသမားများ ဖြစ်လာပေလိမ့်မည်။ တောင်တန်းများအကြားတွင် နေထိုင် လေ့ကျင့်ခဲ့သည့် သူတို့၏ ပင်ကိုယ်အားသာချက်ကြောင့် စစ်မြင်းများ၏ အရှိန်နှုန်းက သူတို့၏ အရည်အသွေးကို အမြင့်ဆုံးထိ တိုးမြှင့်ပေးနိုင်သည်။

တစ်စက္ကန့်ထဲနှင့် စံချိန်မှီ ဝူရှန်းမြင်းတပ်က အရပ်မျက်နှာကို (၁၆)ကြိမ်လောက်ပြောင်းပြီး ရန်သူကို (၁၁)ကြိမ်လောက် တိုက်ခိုက်နိုင်ခြင်းအားဖြင့် ပို၍ထူးချွန်သွားစေမည်ဖြစ်သည်။ သူတို့ကမြင်း၏ ဝမ်ဗိုက်အောက်မှကပ်ပြီး သွားရမည်ဆိုလျှင်ပင် တစ်ဖက်သို့ သုံးဆခန့်ပိုမြန်သည့် အရှိန်နှုန်းဖြင့် ရောက်သွားနိုင်သေးသည်။

ထိုစွမ်းရည်များကို ‘ဘယ်လိုစီးရမလဲသိတယ်’ ၊ ‘ငြိမ်ငြိမ်ထိုင်နိုင်တယ်’ သို့မဟုတ် ‘မြင်းတပ်’ ဆိုသော စကားစုလောက်နှင့် ဖော်ပြ၍မရနိုင်ချေ။ လူအများက မြင်းကျောပေါ်ထိုင်ပြီး ကြီးပြင်းလာကြသည်ဟုဆိုကြသည့် တူရကီလက်ရွေးစင်များကပင် ထိုမျှလောက်အထိ မလုပ်နိုင်ကြလောက်ချေ။

သူတို့က စံချိန်မှီမြင်းသမားတွေပဲ။ သူတို့က အင်အားအကြီးဆုံး မြင်းသမားတွေ။

ဝမ်ချောင်က ဒီတစ်သုတ်မှ ဝူရှန်းငါးထောင်ထဲမှ တစ်ယောက်ချင်းစီတိုင်းအတွက် စစ်မြင်းတစ်ကောင်စီလိုသည်။ ဝူရှန်းတွင် လူအရေအတွက် ငါးသောင်းမှ ခြောက်သောင်းအထိ ရှိသည်။ ထို့ကြောင့် ဝမ်ချောင်က အနည်းဆုံး ထိုအရေအတွက် ဝန်းကျင်ခန့်အထိ လိုအပ်နေသည်။

အနာဂတ်တိုက်ပွဲများတွင်လည်း မဟာထန်က စစ်မြင်းများကို တောက်လျှောက် ဆုံးရှုံးရမည်ဖြစ်သည်။ ထို့ကြောင့် အဆင်သင့်ရှိနေရန်အလို့ငှာ သူခန့်မှန်းထားသည့် အကြမ်းဖျင်းလိုအပ်ချက်က စစ်မြင်း သုံးသိန်းမှ လေးသိန်းအထိဖြစ်သည်။

အမှန်တိုင်းဆိုရသော် ဝမ်ချောင်က မဟာထန်အတွက် အကောင်းဆုံး လိုအပ်သည့် စစ်မြင်းအရေအတွက်က ခုနှစ်သိန်းမှ ရှစ်သိန်းခန့်အထိ ခန့်မှန်းထားသည်။ ထိုထက်ပိုရလျှင် ပို၍ကောင်းလောက်မည်။

“မြက်ခင်းပြင်ကျယ် ဒေသမှာသာဆိုရင် ဟူလာယဲ့မရနိုင်တဲ့ စစ်မြင်းဆိုတာ မရှိဘူး။ လူကြီးမင်းပြောပါ လူကြီးမင်း စစ်မြင်းဘယ်လောက်လိုလဲ”

ဝမ်ချောင်၏ စကားမှတဆင့် ဟူလာယဲ့၏ မျက်နှာက နီရဲသွားသည်။ မြင်းကုန်သည် တစ်ယောက်အနေနှင့် မြင်းများကို ရောင်းချသည့် စွမ်းရည်နှင့်ပတ်သတ်ပြီး မေးခွန်းထုတ်ခွင့်အား ဘယ်သောအခါမှ ပြုလိမ့်မည်မဟုတ်ချေ။ ထိုအရာက ဟူလာယဲ့၏ အားနည်းချက်ဖြစ်သည်။

“အနည်းဆုံး ဒီလောက်ပဲ”

ဝမ်ချောင်ကပြုံးပြီး ဟူလာယဲ့၏ အံ့အားသင့်သော အကြည့်အောက်တွင် လက်သုံးချောင်း ထောင်ပြလိုက်သည်။

“မြင်းသုံးသိန်း”

“သုံး သုံးသိန်း မင်းလာနောက်နေတာလား”

ဟူလာယဲ့က အလန့်တကြားအော်သည်။ သူ၏စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခဲ့သည့် တောက်လျှောက် သူထံမှ မည်သူကမျှ ထိုမျှများပြားသော စစ်မြင်းများကို မဝယ်ချင်ခဲ့ဖူးချေ။ ပို၍ဆိုးသည်မှာ မြင်းသုံးသိန်းဆိုသော ပမာဏက မနည်းချေ။

ဟူလာယဲ့က မြင်းများကို လွတ်လွတ်လပ်လပ် ဝယ်ရောင်းလုပ်နိုင်ခဲ့သည်မှာ အရေအတွက်က ဘယ်သောအခါမှ မများခဲ့ဖူးသောကြောင့်ဖြစ်သည်။ ထို့ပြင် စစ်မြင်းများကို ပြန်လည်မွေးထုတ်ပေးနိုင်သေးလေရာ မည်သူကမျှလည်း ဆုံးရှုံးမှုပမာဏ အနည်းငယ်လောက်ကို ဂရုမစိုက်ချေ။ သို့သော် သုံးသိန်းဆိုသည့် ပမာဏကမူ များပြားသည်။

ကန်းနေသောလူမှသာ ထိုဆုံးရှုံးမှုကို သတိမထားမိဘဲနေလိမ့်မည်။ ခါကန်းကပင် သတိထားမိသွားလောက်သည်။

“ဟ ဆိုတော့ ဒီလောက်ပါ ကြည့်ရတာ ငါအမြင်မှားနေတယ်နဲ့ တူပါတယ်။ လူကြီးမင်းဟူလာယဲ့က ငါရှာနေတဲ့လူ မဟုတ်လောက်ပါဘူး”

ဝမ်ချောင်က လှောင်ရယ် ရယ်လိုက်သည်။ သူက ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းမတ်တပ် ထရပ်လိုက်ကာ အဝေးသို့ စတင်လျှောက်သွားသည်။

ဟူလာယဲ့က မှင်သက်နေချိန်တွင် ဝမ်ချောင်ကမူ တံခါးဝသို့ ရောက်သွားလေပြီ။ သူ၏ရပ်တည်ချက်က ခိုင်မြဲနေသည်။

အခန်း(၇၂၂)

ဟူလာယဲ့၏ ကြုံရနိုင်သော ဘေးအန္တရာယ်

“နေဦး ခဏနေပါဦး လူကြီးမင်း ခဏလေးစောင့်ပါဦး ငါ ငါ ငါမရောင်းနိုင်ဘူးလို့ မပြောရသေးဘူးလေ”

ဝမ်ချောင်က ထွက်သွားရန် ပြင်နေကြောင်း မြင်သောအခါ ဟူလာယဲ့က သူ၏အရှေ့မှ ငွေရောင်ဝိုင်ခွက်ကိုပင် မှောက်သွားမိစေသည်အထိ အလောတကြီးထကာ အမှီလိုက်သည်။

“ငါတို့ညှိနှိုင်းလို့ရတယ် ညှိနှိုင်းလို့ရတယ် စီးပွားရေးလုပ်တဲ့အချိန်မှာ အလောတကြီးလုပ်ဖို့မှ မလိုတာ”

ဝမ်ချောင်ကရပ်ပြီး လှည့်ကြည့်သည်။

“ဆိုတော့ လူကြီးမင်းက ဒီရောင်းဝယ်မှုကို လုပ်နိုင်ဖို့ ယုံကြည်မှုရှိတယ်လို့ ပြောလိုက်တာလား”

“ဒါက... ဒီတိုင်း ပမာဏက နည်းနည်းလေးများတယ်လို့ ငါက ခံစားမိရုံပါ။ ဒါက နည်းနည်း ခက်ခဲတယ်။ ဒါပေမဲ့ ငါမလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။ ငါ့ကို နှစ်ဝက်လောက်တော့ အချိန်ပေးမယ်ဆိုရင်...”

“နှစ်ဝက်ဆိုတာ မရှိဘူး အများဆုံး သုံးလပဲ”

ဝမ်ချောင်ကပြောသည်။

“လူကြီးမင်းက အတည်လား”

ဟူလာယဲ့က ပြောသည်။

ဝမ်ချောင်က တည်တင်းသော မျက်နှာထားဖြင့် ခေါင်းညိမ့်သည်။

သူက အလောကြီးလွန်းနေခြင်း မဟုတ်သလို တစ်ဖက်သူကို အချိန်မပေးချင်သောကြောင့်လည်း မဟုတ်ချေ။ အကြောင်းမူကား ထိုမျိုးမစစ်ကောင်က သုံးလနေလေ ကိုယ့်ကိုယ်ကို အသေသုတ်တော့မည် ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တစ်ဖက်သူကို စာရွက်အထပ်လိုက်ကို လက်မှတ်ထိုးခိုင်းထားလျှင်ပင် အဆင်မပြေနိုင်တော့ချေ။

သို့သော် ဟူလာယဲ့ကမူ ဝမ်ချောင်၏ အတွေးကို မသိချေ။

ထပ်ပေါင်းဆိုရသော် ဝမ်ချောင်က ဟူလာယဲ့ထံမှ မြင်းခုနှစ်သိန်း၊ ရှစ်သိန်း ရမည်ဟုလည်း မျှော်လင့်မထားချေ။ ထိုကဲ့သို့သော ကိစ္စမျိုးက မဖြစ်နိုင်ချေ။ အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီ ခါကာနိတ်များက ရူးသွားပြီး ခွင့်ပြုမိန့် ထုတ်လိုက်မှသာ ထိုမျှများပြားသော မြင်းတပ်အလုံးအရင်း အင်အားစုက မဟာထန်တွင် ပေါ်ပေါက်လာပေလိမ့်မည်။

စစ်မြင်းခုနှစ်သိန်း၊ ရှစ်သိန်းဆိုသော ပမာဏကို ကျွေးမွေးကာ မွေးထားရန် မလွယ်ကူချေ။ မဟာထန်တွင်လည်း သူတို့အားလုံးကို ထည့်ထားနိုင်သည့် စားကျက်မြေမျိုး မရှိသေးချေ။

အမှန်တိုင်းဆိုရသော် ခုနှစ်သိန်း၊ ရှစ်သိန်းကို မဆိုထားဘိ သုံးသိန်းကပင် အလွန်များနေလေပြီ။ ဝမ်ချောင်က ဟူလာယဲ့ထံမှ တစ်သိန်းခန့် ရမည်ဆိုလျှင်ပင် အကျိုးအမြတ်ကြီးဟု ယူဆထားသည်။

မဟာထန်က ယခင်က ထိုမျှများပြားသော စစ်မြင်းများကို မဝယ်ခဲ့ဖူးချေ။ ပိုက်ဆံမရှိသောကြောင့် မဟုတ်ဘဲ အဆက်အသွယ် မရှိသောကြောင့်ဖြစ်သည်။ အနည်းဆုံး တူရကီ ခါကာနိတ်များကလည်း သူတို့၏ ရန်သူကို ထောက်ပံ့ရန် စစ်မြင်းများ အလုံးအရင်း ရောင်းရလောက်အောင် မရူးသေးချေ။

“ငါတွေးပါရစေဦး ဒါက စီးပွားရေးအကြောင်းပြောဖို့ အဆင်ပြေတဲ့နေရာ မဟုတ်ဘူး။ ဒီတော့ လူကြီးမင်း ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ”

ဟူလာယဲ့က ပြောလိုက်သည်။ သူ၏အမူအရာက သတိအပြည့် ကပ်သွားသည်။

စစ်မြင်းသုံးသောင်းဆိုသော ကိစ္စက သာမာန်ကိစ္စ မဟုတ်တော့သလို ကိစ္စအမြောက်အများ ပါဝင်ပတ်သတ်နေလေရာ ဟူလာယဲ့ကပင် ချင့်ချင့်ချိန်ချိန် စဉ်းစားနေရသည်။ အခန်းထဲမှ ထွက်ပြီးသည်နှင့် ဟူလာယဲ့က အပျော်စံအိမ်၏ အဓိကဝင်ပေါက်မှ မထွက်ခွာဘဲ လျို့ဝှက်လမ်းကြောင်းမှ ထွက်ခွာသည်။

ထိုလမ်းကြောင်းက တစ်ဖက်ပိတ် တောင်ကြားတစ်နေရာတွင် အဆုံးသတ်သွားသည်။ သို့သော် ထိုနေရာတွင် အခြားတစ်လမ်း ရှိနေသေးသည်။ ထိုတစ်လမ်းက မည်းမှောင်နေသလို ကြမ်းတမ်းပြီး အခြားတစ်နေရာသို့ ဦးတည်နေသည်။

ဟွန်း သူ့ကိုခြေရာခံဖို့ခက်တာ မအံ့ဩတော့ပါဘူး။

ဝမ်ချောင်က ဟူလာယဲ့၏ အနောက်ကို ထိုလျို့ဝှက်လမ်းကြောင်းမှတဆင့် လိုက်သွားပြီး စိတ်ထဲတွင် သက်ပြင်းချနေသည်။ နံပါတ်တစ် တူရကီမြင်းကုန်သည် ဆိုသည့်အတိုင်း ဟူလာယဲ့က အသိများသည်။ သို့သော် လူနည်းစုလောက်ကသာ သူ့ကို ရှာနိုင်သည်။ အမှန်တိုင်းဆိုရသော် သူနှင့်ပတ်သတ်သည့် ကောလဟာလ အမြောက်အများရှိပြီး သူသေပြီးမှသာ ကျရောက်သည့် သူ၏သတင်းစများကိုလည်း သိရသည်။ ထိုသတင်းများသာ မရှိလျှင် အနောက်ပိုင်းနယ်မြေမှ ရန်ဟုန်ချန်းကဲ့သို့ လူဟောင်းတစ်ယောက်ကပင် သူ့ကို မရှာနိုင်လောက်ချေ။ အခြားသူများဆိုလျှင် ပို၍ဆိုးသည်။

သူက အပျော်စံအိမ်သို့ ဝင်ရောက်ခဲ့ပြီးသော်လည်း ဘေးနားရှိ လက်ဖက်ရည်စံအိမ်မှ ပြန်ထွက်လာသည်။ ထိုနေရာတွင် အသင့်စောင့်နေသည့် ကြေးနီရောင် ရထားလုံးတစ်စီးကို မြင်ရသည်။ ရထားလုံးပေါ်သို့ နှစ်ယောက်သားက တက်လိုက်ပြီးသည်နှင့် လူအပြည့်ရှိနေသည့် လူအုပ်ထဲမှ ထွက်လိုက်ပြီး အမျိုးမျိုးသော တောင်ကြားများ၊ လမ်းများကို ကျော်ဖြတ်သွားလာကာ နောက်ဆုံးတွင် စံအိမ်တစ်ခုကို ရောက်သွားသည်။ ထိုနေရာက မသိသာ မထင်ရှားသော နေရာတစ်ခုဖြစ်သည်။ သို့သော် အတွင်းပိုင်းက အလွန်ခမ်းနားစွာ ပြင်ထားပြီး ဇိမ်ခံပစ္စည်း အပြည့်အစုံနှင့်ဖြစ်သည်။

ဟူလာယဲ့က ဝမ်ချောင်ကို ဧည့်ကြိုခန်းမသို့ မခေါ်သွားဘဲ လျို့ဝှက်တံခါးတစ်ခုကိုဖွင့်ပြီး ဝမ်ချောင်ကို မြေအောက်လမ်းကြားသို့ တောက်လျှောက် ခေါ်သွားသည်။

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က ရုတ်တရက်မေးသည်။

“လူကြီးမင်းဟူလာယဲ့ ငါတို့ဘယ်ကို သွားနေတာလဲ”

“ငါတို့ရောက်တော့မယ် အဲ့ဒီမှာပဲ”

ဟူလာယဲ့က ရှေ့မှဦးဆောင်သွားနေရင်းမှ သူက ခေါင်းလှည့်လိုက်သည်။

ချွင်

သတ္တုချင်းထိခတ်သံ ထွက်ပေါ်လာသည်နှင့် ထူထည်းသော ကျင်းထောင်ပေါင်းများစွာ လေးလံလောက်မည့် သံမဏိဘားတန်းကြီးက ရုတ်တရက် ဝမ်ချောင်နှင့် ဟူလာယဲ့၏ကြားသို့ ကျသွားသည်။

ဝမ်ချောင်က မျက်မှောင်ကျုံ့လိုက်သော်လည်း ဘာစကားမျှမဆိုချေ။ နောက်ထပ် သံမဏိဘားတန်းများက ဆက်တိုက် ပြုတ်ကျလာကာ အပြန်လမ်းကိုပိတ်သည်။

ချက်ချင်းဆိုသလို ဝမ်ချောင်က ကရားထဲရောက်နေသော လိပ်တစ်ကောင်လို ဘားတန်းနှစ်တန်းကြား ညှပ်သွားသည်။

“လူကြီးမင်းဟူလာယဲ့ ဒါဘာလုပ်တာလဲ”

ဝမ်ချောင်ကမေးသည်။ သူ၏မျက်နှာတွင် ထိတ်လန့်သော မျက်နှာထားမျိုးကို မမြင်ရသေးချေ။

“ဟား ဟား ဟား”

ဟူလာယဲ့က စရယ်သည်။ သူ၏မျက်လုံးက အလွန်တောက်ပနေသည်။

“မဟာထန်ရဲ့ လူငယ်အမတ် ငါမင်းကို ဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားဘူး။ မင်းက ကိုယ့်ကိုယ်ကို ရုပ်ဖျက်ပြီး အနောက်ပိုင်းနယ်မြေကို ပြေးလာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ငါကသာမင်းကို ရောင်းလိုက်မယ်ဆိုရင် လူတွေက တန်ကြေးကြီးကြီးပေးပြီး ဝယ်ကြလိမ့်မယ်လို့ထင်တယ်။ အနည်းဆုံး ယွီစန်းက စန်းပေါ်နဲ့ မန်ရှဲ့ကျောင်းက အိမ်ရှေ့စံကတော့ သေချာပေါက် အပျော်လွန်သွားမှာပဲ”

ဟူလာယဲ့က သူ၏ဟန်ဆောင်မှုကို ဖယ်ရှားပြီး အစစ်အမှန် ပုံစံကို ထုတ်ပြသည်။ ဝမ်ချောင်က ချက်ချင်း အေးခဲသွားသည်။ သူ၏မျက်ဝန်းထဲတွင် လေးနက်မှုများက ဝင်ရောက်လာသည်။

“မင်းဘယ်အချိန်က ငါ့ကိုမှတ်မိတာလဲ”

ဝမ်ချောင်ကမေးသည်။ သူကလည်း ကိစ္စများက သူ၏ခန့်မှန်းမှုကို ကျော်လွန်ကာ ဖြစ်ပေါ်လာကြောင်း မြင်လိုက်ရလေသည်။ ဟူလာယဲ့က သူ၏ရုပ်ဖျက်မှုကို ကျော်လွန်ကာ မြင်လာမည်ဟု မထင်ထားမိချေ။ နံပါတ်တစ် မြင်းကုန်သည်က သူမျှော်လင့်ထားသည်ထက် သတိကြီးနေသေးသည်။

“ဟား ဟား ဟား စစ်မြင်းသုံးသိန်းဟုတ်လား ငါ့ကို ကလေးလို့များ ထင်နေလား။ အခြားလူတွေအတွက် စစ်မြင်းရှစ်ထောင် လာဝယ်တာကပင် အံ့ဩစရာကောင်းနေပြီ။ ရှီတိုင်းပြည်ဆိုတဲ့ လောကက အကြွယ်ဝဆုံး တိုင်းပြည်ကြီးတစ်ခုမှာတောင် အများဆုံးက စစ်မြင်းငါးထောင်ပဲ ဝယ်ဖူးသေးတယ်။ အရေအတွက်ကလည်း ဒီလောက်များနေပြီး ကမ်းလှမ်းမှုကလည်း လေးနက်တယ်။ သာမာန်လူတစ်ယောက်က ဒီလောက်အများကြီး ဝယ်နိုင်မယ်လို့ထင်လား”

“အရေအတွက်သုံးသိန်းကို ပေးနိုင်ကတည်းက မင်းက အနောက်ပိုင်းနယ်မြေက မဟုတ်တော့တာ သေချာသွားပြီ။ ဒါပေမဲ့ မဟာထန်ရဲ့ အတွင်းကလူပဲ။ အခု သေသေချာချာ တွေးရရင် မဟာထန်ရဲ့ တော်ဝင်ခုံရုံးနဲ့ အဆက်အသွယ်ရှိတဲ့ လူတစ်ယောက်။ ဒါပေမဲ့ မဟာထန်ရဲ့ တော်ဝင်ခုံရုံးရဲ့ ဟန်တွေကြားမှာ ငါနဲ့စီးပွားရေးလုပ်ရလောက်အောင် အပြေးလာမဲ့လူမျိုးဆိုတာ မရှိဘူး”

“အနောက်ပိုင်းနယ်မြေက သိပ်မကြာခင်ကတင် မဟာထန်ရဲ့ သူတော်စင် ဧကရာဇ်က ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်း၊ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်တို့ကို အနောက်တောင်ပိုင်းမှာ အနိုင်ရခဲ့တဲ့ လူငယ်လေးတစ်ယောက်ကို လူငယ်အမတ်ဆိုတဲ့ဘွဲ့ ချီးမြှင့်လိုက်တာကို ပြောမဆုံးဖြစ်နေကြတာ။ အဲ့ဒီလူက ချီရှီမှာတောင် ကိုယ်တိုင်ကိုယ်ကျ သံမဏိမြို့ကြီးကို တည်ဆောက်နေသေးတယ်။ ငါဒီကိစ္စကို စုံစမ်းကြည့်တော့ လူငယ်အမတ်က တိုက်တိုက်ဆိုင်ဆိုင် မင်းရဲ့ဖော်ပြချက်နဲ့ ကိုက်ညီနေတယ်။ သခင်လေးဝမ် ငါမှန်လား”

ထိုစကားများကို ပြောလိုက်ပြီးသည်နှင့် ဟူလာယဲ့က ဂုဏ်ယူစွာဖြင့် အော်ရယ်သည်။ သူက ယခင်ကကဲ့သို့ ရိုးသားသည့် တောင်ပေါ်သားတစ်ယောက်နှင့် မတူတော့ချေ။

“ငါမင်းကို တကယ်အထင်သေးလိုက်မိတာပဲ။ နိမ့်ကျတဲ့ မြင်းကုန်သည်တစ်ယောက်က ဒီလိုဉာဏ်ရည်နဲ့ ဒီလိုသုံးသပ်နိုင်စွမ်းရည် ရှိနေတယ်။ မင်းက အနောက်ပိုင်းနယ်မြေလို နေရာမျိုးမှာတောင် ရေထဲရောက်နေတဲ့ ငါးတစ်ကောင်လို သွားလာနိုင်တာ မအံ့ဩတော့ပါဘူး။ နောက်ပြီး နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နိုင်နေခဲ့တာ အနာဂတ်မှာ ငါအိမ်စာကောင်းကောင်း လုပ်ထားရတော့မယ်”

ဝမ်ချောင်က ခေါင်းငုံ့ထားပြီးရယ်သည်။ ဉာဏ်ပညာအကြီးဆုံး သူတော်စင်တစ်ပါးကတင် ကိစ္စတစ်ထောင် လုပ်ဆောင်လျှင် တစ်ကြိမ်မှားနိုင်သေးသည်။ ဝမ်ချောင်ကလည်း သူက ဟူလာယဲ့ကို အများကြီး အထင်သေးမိကြောင်း ဝန်ခံရပေမည်။

“ဒါပေမဲ့ ဒီအခြေအနေမှာတောင်မှ မင်းက တကယ်ပဲ... ဒီကိစ္စတွေအားလုံးကို ငါတစ်ယောက်တည်း လာလုပ်တယ်လို့ ထင်နေတုန်းပဲလား”

ဝမ်ချောင်က လေးလံလွန်းသော သံမဏိဘားတန်းများကိုကြည့်ကာ လှောင်ရယ် ရယ်သည်။

ဟူလာယဲ့က သူ့ကိုမှတ်မိသွားနိုင်ကြောင်း သူက မျှော်လင့်ထားခဲ့သည်မှာ မှန်ကန်သည်။ သို့သော် သူက တွက်ချက်မှု မှားခဲ့သည်ဟု ဆို၍မရနိုင်သေးချေ။ ပြောရလျှင် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် သို့မဟုတ် သိုင်းပညာအဆင့်က အတိုင်းအတာ တစ်ခုထိ ရောက်သွားခဲ့လျှင် မည်သူ့ကိုမျှ ရန်သူဟု မသတ်မှတ်တော့ခြင်းလည်းဖြစ်သည်။ အထူးသဖြင့် တိုက်ပွဲနယ်မြေ အပြင်ဘက်တွင်ဖြစ်သည်။

“ဟား ဟား ဟား မဟာထန်ရဲ့ ကြီးမြတ်လှတဲ့ သခင်လေးက အနောက်တောင်ပိုင်းရဲ့ နတ်ဘုရားတောင်တန်းမှာတောင် လူအယောက် တစ်သောင်းကို သတ်ဖြတ်နိုင်ခဲ့တဲ့ ကျွမ်းကျင်ပညာရှင်လေ။ ငါက ဒီလောက်လွယ်လွယ် ဘယ်နေရဲပါ့မလဲ။ ငါကမင်းကို ဘာကြောင့် ဒီနေရာကို ခေါ်လာတယ်လို့ထင်လဲ”

ဟူလာယဲ့၏ မျက်ဝန်းအတွင်း ကောက်ကျစ်သော အလင်းတန်းများက ပေါ်ထွက်လာသည်။ လူအများစုက သူ့ကို စကားကို ခပ်ရိုင်းရိုင်း ကြမ်းကြမ်းတမ်းတမ်း ပြောတတ်သည့် လူတစ်ယောက်ဟုသာ ထင်ထားသည်။ သို့သော်သူက ဒီတိုင်း သူ၏ အစစ်အမှန်ပုံစံ ဟန်ဆောင်ဖုံးကွယ်ထားရုံသာ ဖြစ်ခဲ့သည်။ သူက မြင်းရောင်းသော ကုန်သည်စီးပွားရေးကို လုပ်နေသော်လည်း ထိုကိစ္စက အန္တရာယ်များနှင့် ဆက်စပ်နေသည်။ သတင်းအချက်အလက်များ ရှာဖွေခြင်းနှင့် လောကမှ မှတ်သားထားသင့်သော ပုဂ္ဂိုလ်များအကြောင်း နားလည်ထားမှု၊ စီးပွားရေးပြိုင်ဘက်များ၏ လျို့ဝှက်ချက်များနှင့် အမျိုးမျိုးသော ကိစ္စများ အားလုံးက မည်သည့် မြင်းကုန်သည်တိုင်းမဆို ကြိုတင်သိထားသင့်သော ကိစ္စများဖြစ်သည်။

“မင်းက အင်အားကြီးမှန်း ငါသိတယ်။ မင်းရဲ့ ဝု့စ်သံမဏိဓားအကြောင်းလည်း သိတယ်။ ဒါပေမဲ့ အသုံးမဝင်ဘူး။ ဒီသံမဏိဘားတန်းတွေကို မြင်းလား။ ငါဒါတွေအားလုံးကို အာဘတ်ဆစ်ကယ်လီဖိတ်က ရထားတဲ့ ထိပ်တန်းအဆင့် သံမဏိတုံးတွေ။ ဒီသံမဏိတွေက ရှင်းပြဖို့ ခက်ခဲလောက်အောင် မာကြောတယ်။ နောက်ပြီး အထူးနည်းလမ်းနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ အထက်ရှဆုံး အာရပ်ဓားတောင် လုပ်လို့ရတယ်။ မင်းရဲ့ ထက်မြက်တဲ့ ဝု့စ်သံမဏိဓားလောက်ကတော့ ဖြတ်နိုင်မှာမဟုတ်ဘူး”

“ဒါ့အပြင် ငါဘာလို့မင်းကို ဒီလောက်ထိ စကားတွေအများကြီး ပြောပြနေလဲသိလား။ ဘာလို့လဲဆိုတော့ မင်းမလွတ်နိုင်တာ သေချာနေလို့ပဲ။ မင်းသေမှာ သေချာနေပြီ”

ဟူလာယဲ့က စရယ်သည်။ မဟာထန်မှ ကျော်ကြားသော လောကကိုပင် လှုပ်ခါနိုင်သည်ဟု ကျော်ကြားလာသည့် မဟာထန်မှ ခမ်းနားသည့် လူငယ်အမတ် ရန်သူတိုင်းက လိုချင်နေကြသည့် ထိုလူငယ်က သူ၏လက်ထဲတွင် သေတော့မည်ဖြစ်သည်။ ဒါက သူဂုဏ်အယူရဆုံး ကိစ္စဖြစ်သည်။

ခါကန်းကသာ သိသွားလျှင် သူ့ကို ဆုလဒ်များများ ချီးမြှင့်လောက်သည်။

ဝမ်ချောင်က မျက်ဝန်းကို မှေးကျဉ်းလိုက်သည်။ သူ၏အမူအရာက တည်ငြိမ်ပြီး ဟူလာယဲ့ကို လှောင်ပြုံး ပြုံးကာ ကြည့်နေသည်။

“ငါ့မှာ ဝု့စ်သံမဏိဓားရှိနေတာကို မင်းသိနေတယ်ဆိုကတည်းက အဲ့ဒီဓားက ဘယ်လောက် ထက်သလဲဆိုတာကိုလည်း သိထားသင့်တယ်”

ဝမ်ချောင်က ပြောသည်။

ဝုန်း

ဟူလာယဲ့၏ ရယ်သံက ရုတ်တရက် ရပ်တန့်သွားသည်။

“ဘယ်လောက်ထက်သလဲ ဟင်း မလိုဘူး မင်းသေသွားတာနဲ့ ငါက ကိုယ်တိုင်ကိုယ်ကျ မင်းရဲ့ အလောင်းဆီကယူပြီး စမ်းကြည့်လိုက်မယ်။ ကောင်းပြီ မြန်မြန်လေးသွားတော့”

ဟူလာယဲ့က ရယ်လျှက် မြေပြင်ကို ဖနောင့်ဖြင့် ဆောင့်ပေါက်လိုက်သည်။

ကလင် ကလင် ချွင်

အချို့သော စက်များက လှည့်ပတ်လိုက်သလို အသံဆက်တိုက် ကြားလိုက်ရပြီးသည်နှင့် ဝုန်းကနဲဆိုသလို မြေပြင်တွင် ကြီးမားသော တွင်းကြီးကပေါ်လာပြီး ဝမ်ချောင်က မတုန့်ပြန်နိုင်ခင် သူနှင့်ထိုဘားတန်းများက ထိုချောက်ထဲသို့ အတူတကွ ကျသွားသည်။

မဟုတ်ဘူး ဘားတန်းတင် မဟုတ်ဘူး။

လက်ရှိအချိန်တွင် ဟူလာယဲ့က ဝမ်ချောင်ကို ကြီးမားသည့် သံမဏိလှောင်အိမ်ကြီးထဲသို့ ရပ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သူက ဘားတန်းများနှင့်အတူ ကျသွားသလိုထင်ရခြင်းဖြစ်သည်။

ဟူလာယဲ့က ခလုတ်ကို ဖွင့်လိုက်သည်နှင့် ဝမ်ချောင်က အထူးတလည် ပြင်ဆင်ထားသည့် သတ္တုလှောင်အိမ်ထဲသို့ ကျသွားခြင်းဖြစ်သည်။

ဘယ်လောက်လေးစားစရာကောင်းတဲ့ စက်လဲ။

သူ၏နားကို လေတိုးလာပြီး ပတ်ဝန်းကျင်က စတင်ဝေဝါးလာသည်။ ဝမ်ချောင်ကလည်း ဟူလာယဲ့၏ ထောင်ချောက်က သူထင်ထားသည်ထက် ရှုပ်ထွေးကြောင်း ဝန်ခံရပေမည်။

ဟူလာယဲ့၏ ပန်းတိုင်က ဝမ်ချောင်ကို လှောင်အိမ်ထဲတွင် ဖမ်းထားရန်မဟုတ်ဘဲ သူ့ကို ထိုနေရာတွင် ယာယီထိန်းထားပြီး တွင်းထဲသို့ ကျသွားစေရန်ဖြစ်သည်။

သူက ယခုလို ကျသွားသောကြောင့် မသေနိုင်သည့်တိုင်အောင် မြေအောက်တွင် အချုပ်ခံထားရပေမည်။ ဝမ်ချောင်က သံမဏိလှောင်အိမ်မှ ဖောက်ထွက်နိုင်လောက်အောင် ကြီးမားသော အင်အားမျိုးကို ပိုင်ဆိုင်ထားနိုင်သည့်တိုင်အောင် ဆယ်ရက်လောက် မစားမသောက်ဘဲ နေရလျှင် သေသွားမည်မှာ သေချာသည်။ ထိုအတွေးများက ဝမ်ချောင်၏စိတ်အတွင်း တစ်စက္ကန့်ထဲနှင့် ပေါ်ထွက်လာခြင်းဖြစ်ပြီး သူက ချက်ချင်းလိုလို ဟန်အမူအရာကို ပြန်ထိန်းလိုက်သည်။

သတ္တုလှောင်အိမ်ကြီးက စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက် ရပ်တန့်သွားသည်။ ဝမ်ချောင်ကလည်း တွင်းအဝကို မမြင်နိုင်တော့ချေ။ သူ့ကို ဝိုင်းထားသည်မှာ ဘာကိုမှ မမြင်ရစေလောက်အောင် ပိန်းပိတ်အောင် မည်းမှောင်နေသည့် အမှောင်ထုကြီးဖြစ်နေသည်။ ပို၍ဆိုးသည်မှာ အပေါ်မှ ဝုန်းကနဲ ပြုတ်ကျလာသောကြောင့် ခံစားရသည့် ထိုင်းမှိုင်းသည့်ခံစားချက်ကြောင့် ဝမ်ချောင်အား သူ၏အင်အားများကို ထုတ်သုံးရန် ခက်ခဲစေသည်။

အခန်း(၇၂၃)

စစ်မြင်းကုန်သွယ်မှု အဆင်ပြေပြီ

ကံဆိုးသည်မှာ ထိုအခြေအနေလောက်က သူ့ကိုထိန်းထားရန် မလုံလောက်သေးချေ။

အမှောင်ထုအတွင်း ထက်ရှသော ဓားအလင်းရောင်က ဖြတ်ကနဲ ပေါ်လာသည်နှင့် ဝမ်ချောင်၏ မျက်ဝန်းအတွင်း ရက်စက်သောအလင်းက ဖြတ်ကနဲပေါ်လာသည်။

ချွင်

ဝမ်ချောင်က ဝု့စ်သံမဏိဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်နှင့် ချက်ချင်းခုတ်လိုက်သည်။

ဘန်း

ခုတ်လိုက်သည်နှင့် အဆုံးအစမဲ့လောက်အောင် ဟိန်းထွက်သွားသော အသံက ဆက်တိုက် ပေါ်လာပြီးနောက် အံ့အားသင့်ဖွယ်ကောင်းသော အလင်းက အမှောင်ထုကို ရုတ်တရက် ထိုးခွဲသွားသည်။ ခုတ်ချက် တစ်ချက်တည်းက ဟူလာယဲ့၏ ထိပ်တန်း အရည်အသွေးရှိသော အာရပ်သံမဏိသားဖြင့် လုပ်ထားသော လှောင်အိမ်ကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေသည်။

ဝမ်ချောင်က လှောင်အိမ်ထဲမှ ချက်ချင်း လွတ်မြောက်သွားသည်နှင့် ညာခြေကို အောက်ဘက်သို့ ဖိနင်းလိုက်ပြီး ငှက်တစ်ကောင်လို အပေါ်သို့ ခုန်တက်လိုက်သည်။ ဆယ်ကျန်းခန့် ပျံသန်းပြီးနောက် သူက သူ၏ညာဘက်ခြမ်းရှိ နံရံပေါ်သို့ တစ်ချက် ဆောင့်နင်းလိုက်ပြီး အပေါ်သို့ ဆက်တက်သည်။ ထိုသို့သော ဖြစ်ရပ်ကို ထပ်ခါတလဲလဲ လုပ်နေပြီးနောက် ဝမ်ချောင်က အမှောင်ထုထဲမှ အလင်းကိုမြင်ရန် အချိန်တစ်ခုသာ ကြာခဲ့သည်။ ထို့နောက် သူက လျှင်မြန်စွာဖြင့် အပေါ်သို့ တက်သထက် တက်ရင်း အလင်းက ထင်းသထက် ထင်းလာသည်။

တွင်းအဝပဲ။

သူ၏စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့် သူကချက်ချင်း မော့ကြည့်လိုက်သည်။

သတ္တုလှောင်အိမ်ကြီးက အလွန်အမင်းလေးသည်။ အပေါ်မှ ဝုန်းကနဲ မြန်မြန်ဆန်ဆန် ပြုတ်ကျသွားခဲ့သည်။ သူ၏ လက်ရှိအခြေအနေမှ ခန့်မှန်းကြည့်ရသော် စက္ကန့်အနည်းငယ်သာလျှင် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သော်လည်း သူက မီတာခုနှစ်ဆယ်၊ ရှစ်ဆယ်ခန့်အထိ ကျသွားခဲ့ခြင်းဖြစ်သည်။

သာမာန်လူများဆိုလျှင် ထိုအခြေအနေကြောင့် သေသွားလောက်သည်။ သို့သော် ဝမ်ချောင်ကဲ့သို့ အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်အနေနှင့် ထိုအမြင့်လောက်က ထည့်ပြောရန် မတန်သေးချေ။

ဝှစ်

အင်္ကျီလက်ကို နောက်တစ်ကြိမ် ခါလိုက်ပြီးသည်နှင့် ဝမ်ချောင်က တွင်းအဝသို့ ဖြတ်သန်းကာ ထက်ရှသည့် ဓားတစ်လက်လိုမျိုး မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ခြေချလိုက်နိုင်သည်။

“အား”

အနီးအနားမှ ကျယ်လောင်သည့် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ဝမ်ချောင်က မျက်လုံးဖွင့်လိုက်သောအခါ မည်းမှောင်နေသည့် မြေအောက်ခန်းထဲ ဟူသက်တော်စောင့် အပြည့်ရှိနေပြီး အားလုံးက ဒဏ်ရာအပြည့်ရကာ သွေးအလိမ်းလိမ်းဖြစ်နေကြောင်း မြင်လိုက်ရသည်။ ထိုသက်တော်စောင့်များ၏ အလယ်တွင် လျို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်က ရပ်နေသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ထားသည်။ သူ၏ခေါင်းပေါ်တွင် ခရီးသွားသူများ ဝတ်လေ့ဝတ်ထရှိသည့် ခေါင်းပေါင်းတစ်ခု ရှိနေပြီး မျက်နှာတွင်လည်း မျက်နှာဖုံးအဖြူတစ်ခု တပ်ထားသည်။ သူ၏လက်က ဟူလာယဲ့၏ လည်ပင်းကို ဖိထားသည့်ဓားမြှောင်ကို ကိုင်ထားသည်။

“နောက်ဆုတ် နောက်ဆုတ်”

ဟူလာယဲ့၏ မျက်နှာတွင် ထိတ်လန့်မှုများက ပြည့်နှက်နေသည်။ အထူးသဖြင့် ဝမ်ချောင်ကို မြင်ရသည့်အခါ ကြောက်လန့်မှုကသာ ကြီးစိုးသွားသည်။

“မင်း မင်းဘယ်လိုထွက်လာတာလဲ”

ဝမ်ချောင်က ရယ်ရင်း တဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။

“အထီးကျန်ဝံပုလွေ လွှတ်ပေးလိုက်ပါ”

ဝမ်ချောင်က ဘယ်ဘက်လက်ဖြင့် ဟန်အမူအရာပြလိုက်ပြီး ဟူလာယဲ့၏အနောက်မှ လျို့ဝှက်ဆန်းကြယ်သော လူကိုပြောသည်။

“ဟုတ်ကဲ့အရှင်အမတ်”

အထီးကျန်ဝံပုလွေ၏ ခန္ဓာကိုယ်က ချက်ချင်းလိုလို ဝေဝါးသွားပြီးနောက် ပျောက်ကွယ်သွားသည်။

“မင်းတို့က အတူတူလာတာလား”

ဟူလာယဲ့က ကြောင်တောင်တောင် ဖြစ်သွားသည်။ ဝမ်ချောင်က တိတ်တဆိတ်သာပြုံးသည်။

သူက အထီးကျန်ဝံပုလွေကို ဒီနေရာသို့ လွှတ်ထားသည်မှာ ကြာလှပြီဖြစ်သည်။ သူက တစ်ဖက်သူကို အနောက်ပိုင်းနယ်မြေအနှံ့ လွှတ်ထားသည့် အထီးကျန်ဝံပုလွေက ဒီနေရာသို့ ကြိုတင်လာပြီး အခြေချနေခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် ပြည်သူများနှင့် ရောနှောကာ ဟူဘာသာစကားကို ကောင်းကောင်း သင်ကြားနိုင်ခဲ့သည်။

ဝမ်ချောင်ကပင် သူတို့တွေ့ခဲ့ချိန်တွင် သူ့ကို မမှတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် ဟူလာယဲ့လိုလူမျိုးကို ရှာဖွေသည့် အရေးကြီးသော တာဝန်မျိုးကို ဝမ်ချောင်က တစ်ယောက်တည်း လုပ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့်သူက အထီးကျန်ဝံပုလွေကို ခေါ်ရန် ပထမဦးဆုံး အမိန့်ထုတ်ခဲ့သည်။

ဟူလာယဲ့က ဝမ်ချောင်ကို သူ၏စံအိမ်ထဲသို့ ခေါ်လာလိုက်သည်နှင့် အရာအားလုံးက အဆင်ပြေသွားပြီဟု ထင်ခဲ့သည်။ ဒီနည်းအားဖြင့် ဝမ်ချောင်ကို သံမဏိလှောင်အိမ်ထဲတွင် လှောင်ထားပြီး ချောက်နက်ထဲသို့ကျကာ အသားတုံးဖြစ်သွားစေလိမ့်မည်။ ထိုသို့ဆိုလျှင် သူက အောင်မြင်ပြီဟု ထင်နေခဲ့လျှင် တုံးလွန်းရာကျသည်။

ဝမ်ချောင်က ကြိုတင်ပြင်ဆင်မှုများ မလုပ်ဘဲ ဘယ်သောအခါမှ အနောက်ပိုင်းနယ်မြေသို့ ဝင်ခဲ့လိမ့်မည် မဟုတ်ချေ။ သူက ထိုမျှအထိ တုံးအလောက်မည်မဟုတ်ချေ။

“ဟူလာယဲ့ ငါတို့ အပေးအယူအကြောင်း ပြောသင့်ပြီလို့ မထင်ဘူးလား”

ဝမ်ချောင်က တစ်လှမ်းချင်းစီလျှောက်လာပြီး အခန်းထဲမှ အခန်းထဲမှ တစ်ခုတည်းသော ကုလားထိုင်ကို ဆွဲယူကာထိုင်သည်။

“မင်းကသာငါ့ကို စစ်မြင်းသုံးသိန်းရအောင် လုပ်ပေးနိုင်မယ်ဆိုရင် ဒီကုန်သွယ်မှုက ဆက်လုပ်လို့ ရနိုင်တယ်”

ဟူလာယဲ့က အေးခဲသွားသည်။ ဝမ်ချောင်က သူ့ကိုမသတ်သည့်အတွက် အံ့ဩသွားသည်မှာ သေချာသည်။

“မင်းအတည်ပြောနေတာလား။ စစ်မြင်းသုံးသိန်းဆိုတဲ့ ပမာဏက မနည်းဘူး”

ပိုက်ဆံအကြောင်း ထည့်ပြောလာသည်နှင့် ဟူလာယဲ့က စိတ်ငြိမ်သွားသည်။ သူ၏မျက်ဝန်းထဲတွင် ကုန်သည်တစ်ယောက်၏ လောဘကို မြင်နိုင်သည်။ သူက ဝမ်ချောင်ကို မနာသလို ဝမ်ချောင်ကလည်း သူ့ကမသတ်ချေ။ ထို့ကြောင့် စီးပွားရေးဘက်ကိုသာ စဉ်းစားရတော့ပေမည်။ ဒါက ကုန်သည်တစ်ယောက်၏ အလိုလိုသိစိတ်ဖြစ်သည်။ အရာအားလုံးက အကျိုးအမြတ်ချမှတ်ထားသည်။

“မင်းကိုယ်တိုင်ကလည်း ငါက မဟာထန်ရဲ့ လူငယ်အမတ်ဆိုတာကို သိထားမှတော့ ခမ်းနားတဲ့ ဗဟိုပြင်ကျယ်ကြီးမှာ စစ်မြင်း သိန်းပေါင်းများစွာလောက်အတွက် ပိုက်ဆံလိုမယ်လို့ထင်လား”

ဝမ်ချောင်က ခပ်ညစ်ညစ်ရယ်သည်။ ဟူလာယဲ့က သံသယကြီးသော လူတစ်ယောက် ဖြစ်လေရာ သူ့ကို ဖြောင့်ဖြရန်ခက်ခဲပေလိမ့်မည်။

ဟူလာယဲ့က မျက်လုံးပြူးသွားပြီး တိတ်ဆိတ်သွားသည်။

ဟူလာယဲ့က သူစိမ်းများနှင့် စီးပွားရေးလုပ်ခဲသည်။ အကြောင်းမူကား မလုံခြုံသောကြောင့်ဖြစ်သည်။ သူက ဝမ်ချောင်ကို ကိုင်တွယ်ရန် အကြံအစည် ချခဲ့သည်မှာ ဝမ်ချောင်ကို မှတ်မိသောကြောင့်ဖြစ်သည်။

သူက လူငယ်အမတ်နှင့် ပြောနေကြောင်း သိနေသောကြောင့်လည်း တစ်ဖက်သူကို သာမာန်လူထက် ပို၍ ယုံကြည်နိုင်ကြောင်း ကောင်းကောင်း နားလည်နေသည်။

ထိုအဆင့်အတန်းတွေ ရှိနေသော လူတစ်ယောက် အထူးသဖြင့် ဟန်အထက်တန်းလွှာ တစ်ယောက်က ပြောပြီးသားစကားကို ဘယ်သောအခါမှ ပြန်ရုတ်လိမ့်မည်မဟုတ်ချေ။ သူက မဟာထန်ကြီး တစ်ခုလုံးကို ကိုယ်စားပြုနိုင်သည်။

တန်ကြေးကို ပေးနိုင်စွမ်း ရှိမရှိအပေါ် ကြည့်ရလျှင် ဝမ်ချောင်က သူအလုပ်လုပ်ခဲ့ဖူးသော လူတိုင်းထက် သာနေသေးသည်။

ထို့ပြင် စစ်မြင်းသုံးသိန်းဆိုလျှင် ရမည့်ပိုက်ဆံက အလွန်များသည်။

ဟူလာယဲ့ကပင် သူစိတ်ယိုင်သွားကြောင်း ခံစားလိုက်ရသည်။

“ငါမင်းကို အခုတော့ ယုံလိုက်မယ်။ ဒါပေမဲ့ တန်ကြေးက ဘယ်လိုလဲ”

ဟူလာယဲ့ကပြောသည်။ သူ၏မျက်ဝန်းထဲတွင် ကောက်ကျစ်သော အလင်းတန်းက လက်သွားသည်။ ဒါက စီးပွားရေးကိစ္စဖြစ်သည်။ သူ၏ဝယ်လက်က မဟာထန် တော်ဝင်ခုံရုံး တစ်ခုလုံး၏ နောက်ခံရှိနေကတည်းက သူက ပိုက်ဆံအနည်းငယ်ရအောင် ထပ်ညှစ်လိုက်မည်ဆိုလျှင် သူ၏ မြင်းကုန်သည်များကြားမှ တူရကီမြေခွေးဆိုသော ဂုဏ်သိက္ခာက အလဟသ မဖြစ်နိုင်တော့ချေ။

ဝမ်ချောင်က ထိုစကားများကြောင့်ရယ်သည်။ ဟူလာယဲ့က ရုတ်တရက် သတိထားသော သံသယပြည့်နေသော အကြံအစည်ချနေသော လူတစ်ယောက် အနေအထားမှ လောဘကြီးပြီး စိတ်ဆတ်သော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သို့ရာတွင် ဝမ်ချောင်ကလည်း ဟူလာယဲ့က လောဘမကြီးမှသာ စိုးရိမ်မိပေလိမ့်မည်။ ပိုက်ဆံအတွက်ကမူ...

ကြီးမားသော ကပ်ဘေးကြီး ရောက်လာသောအခါ ပိုက်ဆံနှင့်ပတ်သတ်သော စနစ်များအားလုံးက ဝုန်းကနဲ လဲကျသွားပေလိမ့်မည်။ ရွှေသားများကပင် အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။

သူက မဟာထန်၏ကံကြမ္မာကို စတေးရန် စစ်မြင်းများကို လုံလောက်အောင် ပိုင်ဆိုင်ထားလိုသည့်အတွက် ဝယ်ယူလိုလျှင် ဝမ်ချောင်အနေနှင့် မဟာထန်၏ ရွှေထည်တိုင်းကို ပေးရန်ပင် ဆန္ဒရှိသည်။ မည်သို့ပင်ဆိုစေ အချိန်ကျလာသည့်အခါ ရွှေထည်များက ကျောက်တုံးများလောက်ပင် တန်ကြေးမရှိနိုင်တော့ချေ။

“အရည်အသွေးမြင့် စစ်မြင်းတစ်ကောင်ရဲ့ ဈေးကွက်တန်ကြေးက ရွှေသားရှစ်ဆယ် ငါမင်းကို တစ်ရာပေးမယ်”

ဝမ်ချောင်က လက်ညိုးတစ်ချောင်းထောင်သည်။ သူက ယုံကြည်မှုအပြည့်ရှိသလို ခပ်အေးအေးပင် ဖြစ်နေသေးသည်။

“ဒါပေမဲ့ ငါက အရည်အသွေးမြင့် စစ်မြင်းတွေပဲလိုတယ်”

“ကောင်းပြီ ကောင်းပြီ ပြဿနာမရှိဘူး”

ထိုစကားများကြောင့် ဟူလာယဲ့၏ မျက်ဝန်းကလည်း ချက်ချင်းလိုလို တောက်ပသွားသည်။ အလုံးအရင်းဖြင့် အမြောက်အများ ဝယ်ယူသောအခါ အရည်အသွေးမြင့် စစ်မြင်းများက တစ်ကောင်လျှင် ရွှေသားရှစ်ဆယ်ပင် မတန်တော့ချေ။ ခုနှစ်ဆယ့်ငါးလောက်ပင် ရနိုင်သည်။

ဝမ်ချောင်က ရွှေသားတစ်ရာ ပေးမည်ဟု ဆိုလာသောအခါ တစ်ကောင်လျှင် နှစ်ဆယ့်ငါးလျှန်းလောက် မြတ်နေပြီဖြစ်သည်။ သူကဲ့သို့ တစ်ပြားကို နှစ်ပြားခွာနေသော ကုန်သည်တစ်ယောက် အနေနှင့် ဒါက ငြင်းဆန်ရန် ခက်ခဲသည့် ဆွဲဆောင်မှုကြီးဖြစ်သည်။

ယွီစန်း၊ မန်ရှဲ့ကျောင်း၊ ဂိုဂူလျော သို့မဟုတ် အခြားသော အနောက်ပိုင်း နယ်မြေများမှ တိုင်းပြည်ကြီးများနှင့် ရင်ဆိုင်ရသောအခါ ရွှေသားခုနှစ်ဆယ့်ငါးကပင် အခြားလူများအတွက် ပေးရန် တုန့်ဆိုင်းနေတတ်သည်။ ဆယ်စုနှစ်များကြာအောင်ပင် သူက စကားပြောရလောက်သည်။

ထို့ကြောင့် တစ်ဖက်ကဲ့သို့ တိုက်ရိုက်ဆန်သော ဝယ်လက်မျိုးက ဟူလာယဲ့ကဲ့သို့ မြင်းကုန်သည်မျိုးအတွက် အိမ်မက်က အစစ်အမှန်ဖြစ်လာသလို ခံစားချက်မျိုးကိုလည်း ရစေသည်။

“ဒါပေမဲ့ မင်းက တကယ်ပဲ အရည်အသွေးမြင့် စစ်မြင်းတွေကို လိုတာလား။ အခြားမြင်းတွေကရော”

ဟူလာယဲ့က မေးသည်။ ထိုတောင်းဆိုမှုက အနည်းငယ် ထူးဆန်းသည်ဟုလည်း ခံစားလိုက်ရသည်။

“အင်း ငါအခြားမြင်း အမျိုးအစားတွေ မလိုဘူး။ အရည်အသွေးမြင့် စစ်မြင်းတွေပဲလိုတယ်”

ဝမ်ချောင်ကပြောသည်။

အရည်အသွေးမြင့် စစ်မြင်းနှင့် သာမာန်စစ်မြင်းမှ ကွာခြားချက်က ထိုမျှမကြီးချေ။ အားလုံးက တိုက်ခိုက်နိုင်သည်။ အပြေးလည်းနှင်နိုင်သည်။ သို့သော် ရှည်လျားသော အကွာအဝေးသို့ သွားခြင်းနှင့် တိုက်ပွဲနယ်မြေတွင် ချီတက်သောအခါ အကွာအဝေးက ထင်ရှားလာသည်။

သာမာန်စစ်မြင်းများက တဖြောင့်တည်းသာ သွားနိုင်သည်။ သို့သော် အရည်အသွေးမြင့် စစ်မြင်းများကမူ မြင်းစီးသူနှင့် တသားတည်း ချည်နှောင်ထားသလိုမျိုး နှစ်ယောက်က တပေါင်းတစည်းတည်း ဖြစ်သွားနိုင်သည်။ ထပ်ပေါင်းဆိုရသော် အရည်အသွေးမြင့် စစ်မြင်းများက အရိုး၊ အရွတ်၊ အကြော၊ ကြွက်သားများ ပို၍သန်မာသည်။

ဝမ်ချောင်က ဝူရှန်းကို စစ်သည်တော်များဖြင့် စုဆောင်းခဲ့သည်ဆိုကတည်းက သူတို့က အကောင်းဆုံးမြင်းများသာ ပေးလိုသည်။ မည်သို့ပင်ဆိုစေ သူ၏အကြံအစည်တွင် ဝူရှန်းမြင်းတပ်၏ ရန်သူများက အာရပ်မြင်းတပ်ဖြစ်နေသည်။ တူရကီမြက်ခင်းပြင် ဒေသမှ အရည်အသွေးမြင့် မြင်းများမှသာ အာရပ်၏ ကြီးမားသော တောင့်တင်းသန်မာသည့် စစ်မြင်းများကို ယှဉ်နိုင်ပေလိမ့်မည်။

“ပြဿနာမရှိဘူး ငါ့တာဝန်သာထား”

ဟူလာယဲ့က ရင်ဘက်ကိုပုတ်ပြီး မြန်ဆန်သော အရှိန်နှုန်းဖြင့် သဘောတူလိုက်သည်။

“စစ်မြင်းနဲ့ပတ်သတ်ရင် ငါမလှမ်းနိုင်တဲ့ ခြေလှမ်းဆိုတာ မရှိဘူး။ ဒါပေမဲ့ ပိုက်ဆံအတွက်က...”

ဟူလာယဲ့ကပြောရင်း ညာဘက်လက်မှ လက်မနှင့်လက်ညိုးကို ပွတ်နေရင်းပြီး လောကမှ လူတိုင်းနီးပါး နားလည်သည့် အမူအရာကိုပြသည်။

“ပြဿနာမရှိဘူး ဒီပထမဦးဆုံး ကုန်သွယ်မှုအတွက် ငါက စစ်မြင်းတစ်သိန်းလိုတယ်။ ငါတို့ရဲ့ ရိုးသာမှုကို ဖော်ပြတဲ့အနေနဲ့ စစ်မြင်းတစ်သိန်းအတွက် သဘောတူညီမှု အရင်ဆုံး လုပ်လိုက်မယ်။ တစ်လနေရင် ငါ့ရဲ့ သံမဏိမြို့မှာ အရည်အသွေးမြင့် စစ်မြင်းတစ်သောင်းကို မြင်ချင်တယ်။ အဲ့ဒီအချိန်ကျရင် ငါမင်းကို စစ်မြင်းတစ်သောင်းစာအတွက် ပေးချေမယ်”

“စစ်မြင်းတစ်သောင်းလောက်က နံပါတ်တစ် တူရကီ မြင်းကုန်သည်အတွက် ပြဿနာမရှိပါဘူး။ ဟုတ်တယ်မလား”

ဝမ်ချောင်က ဟူလာယဲ့ကို တစ်ချက်ကြည့်သည်။

“ဟား ဟား မင်းဘယ်လိုပြောလိုက်တာလဲ။ အရည်အသွေးမြင့် စစ်မြင်းတစ်သောင်းလောက်ပါပဲ။ ရက်နှစ်ဆယ်ထဲနဲ့ ငါဝူရှန်း အရောက်ပို့ပေးမယ်”

ဟူလာယဲ့က ရင်ဘက်ကိုပုတ်သည်။

ဝမ်ချောင်က တစ်လတည်းနှင့် စစ်မြင်းတစ်သိန်းကို လိုချင်လျှင် ဟူလာယဲ့က လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ အမျိုးမျိုးသော အဖွဲ့များမှ စစ်မြင်းများကို စုစည်းရန် အချိန်လိုသေးသည်။

သို့သော် အရည်အသွေးမြင့် စစ်မြင်းတစ်သောင်းဆိုသော ပမာဏကမူ ဟူလာယဲ့၏ အဆက်အသွယ်နှင့် အမျိုးမျိုးသော အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ဆက်ဆံရေးကြား ပြဿနာမရှိနိုင်ချေ။

ပို၍ဆိုးသည်မှာ အရည်အသွေးမြင့် စစ်မြင်းတစ်သောင်းက ရွှေထည်တစ်သန်း ဖြစ်သည့်အတွက် သူတို့အဖွဲ့များကို ပေးချေရန်လုံလောက်ပြီး သမိုင်းဝင်သည့် ကုန်သွယ်မှုများကို ဆက်လုပ်ရန် လိုအပ်သည်။

သူတို့နှစ်ဖွဲ့က သဘောတူညီမှု ရသွားကြသည်။ အနောက်ပိုင်းနယ်မြေမှ ဓလေ့ထုံးတမ်းအရ စာချုပ်ချုပ် လက်မှတ်ထိုးသည့်အခါ နှစ်ဘက်လုံးက သွေးကိုသုံးပြီး လက်မဖြင့် လက်ဗွေနှိပ်သလိုမျိုး ဖိနှိပ်ရသည်။ ဤနည်းအားဖြင့် လက်ဗွေရာကို ချန်ထားရစ်ရမည်ဖြစ်သည်။

“အွန်း ကောင်းပြီ ဟူလာယဲ့ မင်းမှာ ရာလုလို့ခေါ်တဲ့ အိမ်တော်ထိန်းတစ်ယောက် ရှိတယ်မဟုတ်လား”

ဝမ်ချောင်က တစ်ချက်ခေါင်းမော့ပြီး ဖျော့တော့စွာပြုံးသည်။

“ဘာအတွက်လဲ”

ဟူလာယဲ့ကမေးသည်။ သူ၏နှလုံးခုန်နှုန်းက မြန်ဆန်လာသည်။

ဟူလာယဲ့ကလည်း အိမ်တော်ထိန်းအချို့ရှာပြီး သူ၏စီးပွားရေး ကိစ္စများကို ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အပြင်လူများက ထိုအကြောင်း သိခဲသည်။

ဟူလာယဲ့က သူတို့ကို စီးပွားရေးလုပ်ရာတွင် ခေါ်မလာခဲ့ဖူးသလို အိမ်တော်ထိန်းများကလည်း အများရှေ့တွင် မျက်နှာမပြဖူးချေ။

ဟူလာယဲ့က ထိုကိစ္စကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။ သူက ဆယ်စုနှစ်များစွာကြာအောင် ရင်းနှီးသည့် မိတ်ဆွေဟောင်းများကပင် မဆုံဖူးလေရာ အပြင်လူများဆိုလျှင် ပို၍ဆိုးသည်။

ဟူလာယဲ့ကလည်း ပထမဦးဆုံးအကြိမ် အနောက်ပိုင်းဒေသသို့လာသည့် ဝမ်ချောင်က သူနှင့်ပထမဦးဆုံး တွေ့သည့်အချိန်တွင် သူ၏အိမ်တော်ထိန်းများအကြောင်း သိနေသည့် အကြောင်းအရာနှင့် ပတ်သတ်ပြီး နားမလည်နိုင်ချေ။ ထိုထဲမှ တစ်ယောက်ဖြစ်သည့် ရာလုအကြောင်းကိုပင် သိနေသေးသည်။

“ဟား ဟား ဘာရယ်မဟုတ်ပါဘူး ငါဒီတိုင်းမေးတာပါ။ အမျိုးသားတစ်ယောက်ရဲ့ နှလုံးသားထဲက ကိစ္စတွေကို သိဖို့က ခက်တယ်။ ဒီတော့ လူကြီးမင်း ဟူလာယဲ့အနေနဲ့ နည်းနည်းတော့ အာရုံစိုက်ဖို့ မျှော်လင့်တယ်”

ဝမ်ချောင်က ထိုသို့ပြောပြီး လှည့်ထွက်သွားသည်။ သူ၏မျက်နှာတွင် အပြုံးကရှိနေသည်။

ဟူလာယဲ့က ကြောင်တောင်တောင် ဖြစ်နေသေးသည်။ သို့သော် ဝမ်ချောင်က ကျောဘက်သို့ လက်သုံးချောင်း မြှောက်ထောင်ပြသော မြင်လိုက်ရသောအခါ သူက နားလည်လိုက်ပြီး သူ၏မျက်နှာက တောက်ပသွားသည်။

ဝမ်ချောင်က ဟူလာယဲ့၏ စံအိမ်မှ ခပ်မြန်မြန် ထွက်ခွာသွားသည်။

အခန်း(၇၂၄)

ဖုမန်လင်းချာရဲ့ သတိပေးချက် (၁)

“သခင်လေး ဟူလာယဲ့ကို ယုံကြည်လို့ ရပါ့မလား”

ဟူလူအုပ်ထဲမှ အပြန်လမ်းတွင် အထီးကျန်ဝံပုလွေက ဝမ်ချောင်ကို ထိုမေးခွန်းကို ရုတ်တရက်မေးသည်။ သူက တစ်နှစ်ကျော်လောက် ခရီးဆန့်ခဲ့ပြီး ဝမ်ချောင်ကိုယ်တိုင်ကလည်း အမတ်ဖြစ်သည့်တိုင်အောင် အထီးကျန်ဝံပုလွေက ဝမ်ချောင်ကို သခင်လေးဟုသာ သုံးနှုန်းရသည်အား ကျင့်သားရနေသည်။

“ဒါက ယုံကြည်မှုနဲ့ မဆိုင်ဘူး။ အကျိုးအမြတ်ကတင် လုံလောက်တယ်။ ဒါ့အပြင် ဒီကိစ္စမှာ ဘယ်သူကပိုပြီး ယုံကြည်ထိုက်တန်ဆိုတဲ့ ကိစ္စမျိုး ဆုံးဖြတ်ဖို့အတွက် သူ့မှာ အင်အားမရှိဘူး”

ဝမ်ချောင်ကရယ်သည်။ သို့သော် သူ၏စိတ်ထဲတွင်မူ ဝမ်ချောင်က ထွက်သွားချိန်တွင် ဟူလာယဲ့က ပြုခဲ့သည့် ထူးဆန်းသော မျက်နှာထားကို တွေးနေသေးသည်။

ရာလုက ဟူလာယဲ့က အယုံကြည်ရဆုံးနှင့် အနီးကပ်ဆုံး အိမ်တော်ထိန်းဖြစ်ကာ သူ၏စီးပွားရေးလုပ်ငန်း၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်ကို ဦးဆောင်ခိုင်းထားသည်။ ဟူလာယဲ့၏ စိတ်ထဲတွင် ဒါက သူယုံကြည်ရသည့် လက်အောက်ငယ်သားဖြစ်သည်။

ဘုရားရေ သုံးရက်၊ လေးရက်လောက်နဲ့ ဒီယုံကြည်ရတဲ့ လက်အောက်ငယ်သားက သူ့ရဲ့ပိုက်ဆံတွေနဲ့ သူ့ရဲ့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်ကိုတောင် မသွားမယ်လို့ ထင်ထားမှာမဟုတ်ဘူး။

ဟူလာယဲ့က လုပ်ခဲ့သော များပြားသည့် အမှားအတွဲလိုက်ကို အနောက်ပိုင်းတူရကီ အက်စ်ဘာရာခါကန်းက သိသွားခဲ့ပြီး ခေါင်းဖြတ်ခဲ့စေသည့် အဓိကအချက်က ထိုကိစ္စနှင့် ဆက်သွယ်နေသည်။

“ဒါ့အပြင် သခင်လေး... မြင်းတစ်သိန်းဆိုတဲ့ ပမာဏက မနည်းဘူး။ ငါတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် သူတို့ကို တကယ်ပဲ ဝယ်နိုင်ပါ့မလား”

အထီးကျန်ဝံပုလွေက စိုးရိမ်တကြီးပြောသည်။

ဝမ်ချောင်က ပေးရမည့် ရွှေသားတစ်ထည်ကို အခြေခံလိုက်လျှင် ရွှေသားဆယ်သန်း ပေးရမည်ဖြစ်သည်။ ဝမ်ချောင်၏ သံမဏိမြို့ကိုလည်း မြို့တော်ရှိ မဟာကလန်ကြီး တစ်ထောင်ကျော်ထံမှရသည့် ချေးငွေများဖြင့် ပေးချေထားခြင်းဖြစ်သည်။ ထို့ပြင် ထိုမျှများပြားသော မြင်းများကို ဝမ်ကလန်တစ်ခုလုံး၏ စွမ်းရည်လောက်ဖြင့် ဝယ်မည်ဆိုလျှင် မေးခွန်းထုတ်စရာ ဖြစ်သွားပေလိမ့်မည်။

“ဟား ဟား ဟား မင်း ဟူလာယဲ့ရဲ့စံအိမ်က သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ ထွက်လာတာကို မြင်လိုက်ရတယ်။ မင်းရဲ့မျက်မှောင်တွေကလည်း ကျုံ့နေတာပဲ။ ဒါပေမဲ့ မင်းစိုးရိမ်နေတဲ့ အားလုံးက ဒီကိစ္စလား။ ဝမ်ကလန်ရဲ့ စွမ်းရည်တစ်ခုတည်းနဲ့တော့ သေချာပေါက် စစ်မြင်းတစ်သိန်းကို ဘယ်ဝယ်နိုင်ပါ့မလဲ။ ဒါ့အပြင် ဝမ်ကလန်က စစ်မြင်းတွေ ဒီလောက်အများကြီး လိုလို့လား”

ဝမ်ချောင်ကရယ်သည်။ သူ၏မျက်နှာတွင် လေးနက်သော အပြုံးက ပေါ်နေသည်။ စစ်မြင်းများက ရွှေသားမည်မျှကျမည်ဆိုသည့် အကြောင်းအရာကို ဘယ်သောအခါမှ မတွေးမိသလို ဘယ်သောအခါမှလည်း ဂရုမစိုက်သလို ထင်ရသည်။

“ဒါဆိုရင် သခင်လေးက ဒီစစ်မြင်းတွေကို ဝယ်ဖို့က... ”

အထီးကျန်ဝံပုလွေက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

ဝမ်ချောင်က အနောက်ပိုင်းနယ်မြေသို့ ရုပ်ဖျက်ကာလာသည်မှာ သူ့ကိုယ်ပိုင်ရည်ရွယ်ချက်ကြောင့် စစ်မြင်း အမြောက်အများ ဝယ်ယူရန်ဖြစ်ကြောင်း ယုံကြည်ထားခဲ့သည်။ ယခုမူ ထိုသို့မဟုတ်နေလောက်ချေ။ ထိုသူ၏ အမူအရာက ပဟေဠိအပြည့်ဖြစ်သွားသည်။

သူက ဝမ်ချောင်နောက်သို့ လိုက်နေသည်မှာ ကြာပြီဖြစ်သည့်တိုင်အောင် ဝမ်ချောင်၏ ကိစ္စများကို စဉ်းစားဆင်ခြင်နိုင်မှုနှင့် ပတ်သတ်ပြီး အမှီမလိုက်နိုင်သေးချေ။

“ဟား ဟား ဒါပေါ့ မဟာထန်အတွက်လေ”

ဝမ်ချောင်က ချက်ချင်းဖြေသည်။

စစ်မြင်းတစ်သိန်းဆိုလျှင် သူကအများဆုံး သူ့အတွက် တစ်သောင်းလောက်သာ ချန်ထားလောက်သည်။ ဖြစ်နိုင်သည်မှာ အနာဂတ်အတွက် အပိုစစ်မြင်း သုံးသောင်း၊ လေးသောင်းလောက်လည်း ဖြစ်နိုင်သေးသည်။ ကျန်သောစစ်မြင်းများကို သူက အင်ပါယာ ခုံရုံးကိုသာ ပေးအပ်လိုက်မည်ဖြစ်သည်။

စစ်မြင်းများကို မွေးမြူသောကိစ္စက တော်ဝင်ခုံရုံးကသာ တက်နိုင်သောကိစ္စဖြစ်သည်။ စစ်မြင်းများကို ဝယ်ရန်အတွက် လိုအပ်သည့် ရွှေသားအတွက်ကမူ...

ရွှေသားသန်းအနည်းငယ်ပင်ဖြစ်စေ၊ ဆယ်သန်းပင်ဖြစ်စေ အားလုံးက မဟာထန်အတွက် တွက်ချက်ရန်ပင် မလိုသော သေးငယ်သည့် ပမာဏမျှသာဖြစ်သည်။

မဟာထန်က စစ်ဘက်ပိုင်းရေးရာတွင် ထောက်ပံ့ရန် မလိုအပ်လောက်သည့်အတွက် ငြင်းဆန်ကောင်း ငြင်းဆန်နေလောက်ပြီး လူအများကလည်း မဟာထန်က ငြိမ်းချမ်းနေသည့်အတွက် တစ်ကြိမ်က ဖြစ်ခဲ့ဖူးသလို သတိအပြည့်ထားပြီး ရုန့်ရင်းကြမ်းတမ်းနေပြရန် မလိုအပ်လောက်ဟု တွေးမိလောက်သော်လည်း နှစ်ပေါင်းများစွာကြာအောင် မျိုးနွယ်ခြား တိုင်းပြည်များ၏ အန္တရာယ်အပြည့်ဖြင့် အဝိုင်းခံရပြီးနောက်တွင် အလွန်များပြားသော ပမာဏကို စုဆောင်းမိခဲ့သည်။ ထိုပမာဏကိုသာ ယခုအသုံးမပြုလျှင် မည်သည့် အချိန်တွင်မျှ အသုံးပြုရတော့မည်ဖြစ်ကြောင်း မသိနိုင်တော့ချေ။

ဝမ်ချောင်က အနောက်ပိုင်းနယ်မြေမှ လျှင်မြန်စွာဖြင့် ထွက်ခွာလာခဲ့သည်။ သူက ထွက်သွားသည်နှင့် ရွှေရောင်လက်သည်းများကို ပိုင်ဆိုင်သည့် သတင်းပို့ ငှက်တစ်ကောင်က လေထဲသို့ လျှင်မြန်သည့် အရှိန်နှုန်းဖြင့် ထိုးတက်သွားပြီး အနောက်ပိုင်းနယ်မြေများမှ ထွက်ခွာကာ မဟာထန်၏ မြို့တော်ထံ ဦးတည်သည်။

ရက်ပေါင်းများစွာကြာပြီးနောက် သတင်းပို့ငှက်က ဘုရင်စုန့်၏ စာကြည့်ဆောင်၏ ပြတင်းပေါက်နားသို့ ရောက်သွားပြီး ဖြတ်ကာကျော်ဝင်သွားသည်။

“ဝမ်ချောင်စီကစာလား”

ဘုရင်စုန့်က စာကိုချက်ချင်း ဖြုတ်ယူလိုက်ပြီးဖတ်သည်။ ဖတ်လေလေ သူ၏မျက်ဝန်းက တောက်ပလာလေလေဖြစ်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ရယ်လိုက်သေးသည်။

“ဟား ဟား ဟား အရည်အသွေးမြင့် တောင်ပေါ်မြင်းတစ်သိန်း ဝမ်ချောင် ဒါကမင်း တော်ဝင်ခုံရုံးအတွက် လုပ်ပေးခဲ့တဲ့ ကြီးမားတဲ့ အကျိုးပြုမှုကြီးပဲ။ မင်းရွှေသား ဘယ်လောက်လိုလို ဒီဘုရင်က တော်ဝင်ခုံရုံးကို မှတ်တမ်းလွှာ တင်သွင်းပြီး အကောင်းဆုံးကြိုးစားပြီး ကိုင်တွယ်ပေးမယ်။ ဘယ်သူကများ ကိုယ်ကျိုးအတွက် ဝင်လှုပ်ရှားပြီး ဒီအခြေအနေကို ငြင်းဆန်ရဲသလဲ ကြည့်ရမယ်။ ဒါကတိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကြီး ရှိလာမဲ့ကိစ္စကြီးပဲ”

နောက်ဆုံးစကားနှင့်အတူ ဘုရင်စုန့်၏ မျက်နှာက တင်းမာသွားသည်။ ကိစ္စ၏ အရေးကြီးမှု၊ အလျင်လိုမှုကြောင့် ဘုရင်စုန့်က သာမာန်ထက်ပိုပြီးပင် စိုးရိမ်ကာ လေးနက်နေသည်။ တော်ဝင်ခုံရုံးထဲမှ မည်သူမဆို ပြဿနာရှာရဲလျှင် ယခုလို အရေအတွက်ပေါင်း မြောက်များစွာ လိုအပ်နေသည့် စစ်မြင်းရေးရာကိစ္စကြောင့် သူက တော်ဝင်ဆင်ဆာ လူကြီးမင်းအချို့နှင့် အရာရှိအချို့ကို သတ်ဖြတ်ရသော အခြေအနေမျိုးပင် ရှိလာနိုင်သည်။

ဘုရင်စုန့်က ဝမ်ချောင်၏စာကိုယူပြီး သူ၏စံအိမ်မှ ချက်ချင်း ထွက်ခွာသည်။

.....

ဝမ်ချောင်က သံမဏိမြို့တော်သို့ လျှင်မြန်စွာ ပြန်ရောက်သွားသည်။ ခရီးက ဆယ်ရက်သာ ကြာခဲ့သည်။ သံမဏိမြို့ကြီးက သူထွက်လာချိန်ကနှင့် ခြားနားသောပုံစံ အပြည့်အဝပေါ်နေသည်။

ထုထည်ကြီးမားကာ မြင့်မားလှသည့် မြို့ရိုးကြီးများက မီတာလေးဆယ်ခန့်မြင့်ပြီး မြေပြင်မှ စတင်ထိုးထွက်သွားသည်မှာ ချောမွေ့ပြောင်လက်ကာ မတ်စောက်လွန်းနေသည်။ ကြီးမားသော လှေကားကြီးများပင်ဖြစ်စေ၊ ကြီးမားသော ဒူးလေးကြီးများကပင်ဖြစ်စေ ထိုမြို့ရိုးကြီးများ၏ အရှေ့တွင် ဒုက္ခိတသာသာ ဖြစ်သွားရပေလိမ့်မည်။

အပြင်ဘက် မြို့ရိုးတည်ဆောက်မှုက ပြီးဆုံးသွားသည်နှင့် လုပ်သားအင်အား တစ်သိန်းနီးပါးက အတွင်းဘက် မြို့ရိုးကို တဖန်တည်ဆောက်နေသလို အမျိုးမျိုးသော ဆိုင်များ၊ လက်ဖက်ရည်စံအိမ်များ၊ တည်းခိုဆောင်များကိုလည်း တည်ဆောက်နေကြသည်။

အမျိုးမျိုးသော ကလန်များကလည်း သူတို့၏ အဖွဲ့များကို သီးသန့်စေလွှတ်ကာ သူတို့၏ ကိုယ်ပိုင်ဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များကို တည်ဆောက်ကြသည်။ ထို့ကြောင့် တစ်မြို့လုံးက စည်ကားနေသည်။

ဝမ်ချောင်၏ အပိုင်စားနယ်မြေ ရချိန်ကအကြောင်း ခြေရာခံကောက်ကြည့်မည်ဆိုလျှင် မည်သူကမျှ ဒီအဆင့်ထိ ရောက်ခဲ့မည်ဟု မထင်ထားလောက်ချေ။

“အရှင်အမတ် အဆောက်အဦးပိုင်း အဆင့်အတွက် သံမဏိတွေနဲ့ မော်ကျူးတွေအားလုံးကို အသုံးပြုပြီးပါပြီ။ အခုလက်ရှိ ဆောက်လုပ်မှုကို ဒီထက်ပိုပြီး အရှိန်မြန်လို့ မရနိုင်တော့ဘူး။ စီရင်စုအမျိုးမျိုးနဲ့ နယ်မြေအသီးသီးက ဓားဆိုင်တွေ၊ ဓားစံအိမ်တွေကလည်း ကျန်တဲ့မော်ကျူးတွေကို ဝူရှန်းကို ပို့ဖို့အတွက် အချိန်လိုဦးမှာပဲ။ ဒါကြောင့် အချိန်တစ်ခုတော့ လိုမယ်လို့ထင်တယ်”

မြင့်မားသော မြို့ရိုးထိပ် လေထန်သော တစ်နေရာတွင် ကျန်းရှို့ကျစ်က လက်ရှိအခြေအနေကို တင်ပြသည်။

“ဒါ့အပြင် မြို့ရိုးတွေအပြင် လိုအပ်ရင် ပုန်းကွယ်ဖို့ စစ်သည်တော်တွေအတွက် ကျဉ်းမြောင်းတဲ့ လမ်းကြောင်းတွေနဲ့ မြေကလုတ်တွေ ပြင်ဆင်ထားဖို့မမေ့နဲ့။ ဒါတွေကို ခပ်မြန်မြန် တည်ဆောက်လို့ မရဘူးဆိုမှတော့ အဆင်ပြေပါတယ်။ အစောပိုင်းအဆင့်က တည်ဆောက်တဲ့ အရှိန်နှုန်းနဲ့တော့ မရဘူးပေါ့”

“ရပါတယ် သံမဏိမြို့က ဒီအဆင့်ထိ ရောက်ပြီးမှတော့ အခြေခိုင်သွားပြီလို့ ပြောလို့ရတယ်။ ဒါက ငါ့ရဲ့အစောပိုင်း ပန်းတိုင်ပဲ။ နောက်ပြီး ငါတို့ဒီအဆင့်ထိ ရောက်ရှိနိုင်ခဲ့ပြီ”

ဝမ်ချောင်က မြို့ရိုးပေါ်တွင်ရပ်ကာ သူ၏အဝတ်များက လေကြောင့်လွင့်နေသည်။

နှေးကွေးပြီးမှ အောင်မြင်သည့် တာဝန်များနှင့် ခပ်မြန်မြန်လုပ်ရမည့် တာဝန်များရှိသည်။ သူတို့၏ မော်ကျူးဆောက်လုပ်ရေးက ခပ်မြန်မြန် တည်ဆောက်နိုင်ခဲ့ခြင်းကပင် အံ့အားသင့်စရာကောင်းနေပြီဖြစ်သည်။ သို့သော် လူအများစုကမူ သံမဏိမော်ကျူးများကို ပြင်ဆင်ရန် လိုအပ်သည့်ကြာချိန်က အလွန်ကြာကြောင်း လုပ်သားအင်အားများစွာ လိုအပ်ပြီး အရင်းအမြစ်များစွာသုံးကာ တည်ဆောက်ရကြောင်း မသိလောက်ချေ။

သူကသာ မြို့တော်မှ ထိုကလန်ကြီးများမှတဆင့် အရင်းအမြစ်ကို မငှားယူခဲ့ဘဲ ဗဟိုပြင်ကျယ် တစ်ခုလုံးထံမှ ဆောက်လုပ်ရေးအင်အားစု အရင်းအမြစ်ကို မသုံးယူခဲ့လျှင် တစ်ညတည်းနှင့် တည်ဆောက်နိုင်သည်ဆိုသော မှင်သက်ဖွယ်ကောင်းသည့် အရှိန်နှုန်းကို ထုတ်ဖော်နိုင်ခဲ့မည်မဟုတ်ချေ။ ဒါက မယုံနိုင်စရာကောင်းသော အလုံးအရင်းဖြင့် တည်ဆောက်သည့် ဆောက်လုပ်ရေး စီမံကိန်းကြီးဖြစ်သည်။ မည်သူကမျှလည်း အဖွဲ့အစည်းပေါင်း များစွာက အိမ်မက် မမက်ရဲသည့်ကိစ္စလည်းဖြစ်သည်။

သို့သော် ထိုလုပ်ဆောင်မှုက လူအများကို အံ့အားသင့်စေခဲ့သည့်တိုင်အောင် မော်ကျူးတည်ဆောက်မှု၏ အကြီးမားဆုံးသော ပြစ်ချက်ကြီးက မယုံနိုင်စရာကောင်းသည့် ဆောက်လုပ်ရေး အရှိန်နှုန်း ဖြစ်နေသေးသည်။

အံ့အားသင့်စရာကောင်းပြီး ကြောက်ရွံ့ရိုသေသွားစေသည့် ဆောက်လုပ်နိုင်စွမ်းအား၏ အရာအားလုံး၏ နောက်ကွယ်တွင် ကြိုတင်ပြင်ဆင်မှု ရှိနေခဲ့သည်။ ယခုအခါ မော်ကျူးများအားလုံးကို အသုံးပြုသွားခဲ့ပြီးသည့်အတွက် နောက်ပိုင်း မော်ကျူးများ ပြီးဆုံးသွားမည့်အချိန်ကို စောင့်ရန်လိုအပ်နေသည်။ ထိုသို့ဖြင့် အရှိန်နှုန်းက သိသိသာသာ နှေးကျသွားသည်။ ထို့ကြောင့်လည်း သံမဏိမြို့က ယခုအခြေအနေသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

နိမ့်ကျသွားသော ဆောက်လုပ်ရေးက ထိုမော်ကျူးနံရံများကို မောပန်းနွမ်းနယ်သွားစေသလိုမျိုး ကျန်သော ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံး၏ အရှိန်နှုန်းကလည်း လျော့ကျသွားသည်။ သို့သော် ဝမ်ချောင်ကမူ ပန်းတိုင်ပြည့်မှီသွားပြီဖြစ်သည်။

ဝုန်း

သူမက ကျန်းရှို့ကျစ်နှင့် စကားပြောနေချိန်တွင် မြေပြင်က သိမ့်ကနဲတုန်သွားပြီး နောက်ပိုင်းမှ စတင်ထွက်ခွာလာသည့် ဒီရေလှိုင်းက ဆောင့်တိုက်လာသည်။ အံ့အားသင့်သွားသော ဝမ်ချောင်က အဖြစ်အပျက်ကို ခေါင်းလှည့်ကြည့်လိုက်သောအခါ မိုးကုတ်စက်ဝိုင်း တည့်တည့်မှ ဖုန်မှုန့်အလုံးလိုက် လွင့်လာသလိုမျိုး မရေမတွက်နိုင်သည့် အနက်ရောင် အစက်ပေါင်းများစွာက အံ့အားသင့်ဖွယ် အရှိန်နှုန်းဖြင့် ချီတက်လာကြောင်း မြင်လိုက်ရသည်။

“ရန်သူတွေ”

စူးရှသည့်အော်သံက ကောင်းကင်ကို ထိုးခွဲလာပြီး အနောက်ပိုင်းနယ်မြေမှ ခေါ်ဆောင်ထားသည့် လက်ရွေးစင်မြင်းတပ် ထောင်ကျော်အပြင် မဟာကလန်ကြီးများမှ စေလွှတ်ထားသည့် လက်ရွေးစင်များ အားလုံးက ချက်ချင်းလိုလို တုန့်ပြန်ကြသည်။ စက္ကန့်အနည်းငယ်တည်းနှင့် ထိုအစောင့်များအားလုံးက အပြည့်အဝ ဝင်ရောက်လိုက်ပြီး တိုက်ခိုက်ရန် ကြံစည်သည်။

ဝုန်း

အနီးအနားတွင်ရှိသည့် ကြီးမားသော သတ္တုဂိတ်တံခါးကြီးက ပွင့်သွားပြီး မြင်းတပ်ကို တရင်းတနှီး ကြိုဆိုလက်ခံရန် အဆင်သင့်ပြင်ထားသလို ထူထည်းခိုင်မာသော မြို့ရိုးကြီးများကလည်း သူတို့၏ တာဝန်ကို လုပ်ဆောင်လျှက် ရန်သူကို အချင်းချင်းပိတ်လှောင်ကာ တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။

ခွပ် ခွပ် ခွပ်

ဝမ်ချောင်က မဟာကလန် အသီးသီးမှ စေလွှတ်ထားသည့် ဆရာသခင် မြင်းသည်တော်များက မြို့ရိုးပေါ်သို့ အပြေးတက်လာပြီး သူတို့၏လေးများကို မြှားထိပ်တွင်အသင့် ချိန်ရွယ်ထားကြောင်းကိုလည်း မြင်လိုက်ရသည်။ စက္ကန့်အနည်းငယ်အတွင်း သံမဏိမြို့ကြီးက လှုပ်ရှားမှုများဖြင့် စည်ကားသွားပြီး လက်နက်အပြည့် တပ်ဆင်ပြီးသားဖြစ်သွားကာ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

ဝုန်း

ရန်သူစစ်တပ်က နီးကပ်သထက် နီးကပ်လာသလို ဖုန်မှုန့်၏အလုံးကလည်း ထူသထက် ထူလာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲက ဖြစ်တော့မည့်အချိန်တွင် ဝမ်ချောင်က ရုတ်တရက် လှောင်ရယ် ရယ်လိုက်သည်။ သူ၏မျက်ဝန်းက အံ့အားသင့်စွာ ပြူးသွားသည်။

“ဟမ့်”

ဝမ်ချောင်က လက်မောင်းတစ်ဖက်မြှောက်ပြီး အေးစက်စွာ အမိန့်ထုတ်သည်။

“စစ်သည်တော်တို့ ငါအမိန့်ကိုစောင့်ကြ။ ခုခံမှုနေရာကို အသင့်ယူပြီးထိန်းထား။ လေးသည်တော်တို့ မြှားကိုချက်ချင်းချထား ငါ့အမိန့်မရမချင်း ပစ်ခွင့်မရှိဘူး”

ရုတ်တရက် ထွက်လာသော အမိန့်က လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။

“လူကြီးမင်းကျန်း ဒီနေရာမှာစောင့်ပါ။ ငါဒီကိစ္စကို ကိုင်တွယ်ဖို့ ခဏတော့ ထွက်သွားရမယ်”

ဝမ်ချောင်က မြို့ရိုးပေါ်တွင်ရပ်လျှက် အဝေးကို တစ်ချက်ကြည့်လိုက်သည်။ သူက ဖုန်အလုံးလိုက်ကိုကြည့်ပြီးနောက် ရယ်သည်။

“ကြည့်ရတာ ငါတို့ရဲ့ မိတ်ဆွေကောင်းကြီး ရောက်လာတာပဲ”

ဝမ်ချောင်က နောက်လှည့်ပြီး လှေကားထစ်များထံမှ အောက်သို့ဆင်းသည်။ သူ၏နောက်မှ ကျန်းရှို့ကျစ်ကမူ မှင်သက်သော မျက်နှာထားဖြင့် ကြည့်သည်။

တောက်ပသော နေမင်းအောက်တွင် မျက်လုံးမှေးကျဉ်းကာ ကြည့်လိုက်သည့် ကျန်းရှို့ကျစ်က ရုတ်တရက် နားလည်သွားပြီး သူ၏မျက်နှာတွင် အံ့အားသင့်မှုက ထင်ရှားစွာ ပေါ်ထွက်လာသည်။

“ဆိုတော့သူကိုး”

ကျန်းရှို့ကျစ်က အံ့အားတကြီးဖြစ်သွားသည်။ ထို့နောက်သူက လွင့်ထူထားသည့် အလံကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

“ပိုင်စစ်လင် ကျောင်းရထုံ မြို့ကိုစောင့်ထား မထွက်လာနဲ့”

“ချန်းစန်းယွမ်၊ ဆူးရွှတ်ရွှမ်း ငါနဲ့လိုက်ခဲ့”

“ဟုတ်ကဲ့အရှင်အမတ်”

...

နောက်တွင် ဖုန်အလုံးလိုက်ကို ချန်ထားရစ်ခဲ့သည့် ထိုမြင်းအတန်းလိုက်က မြိ့ထဲမှထွက်သွားသည်။

ချန်းစန်းယွမ်နှင့် ဆူးရွှတ်ရွှမ်းတို့က အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ဝမ်ချောင်နှင့်အတူ တိုက်ခိုက်ခဲ့ဖူးသည့် စစ်သည်နှစ်ယောက်ဖြစ်ပြီး ဝမ်ချောင်က မဟာကလန်ကြီးများထံမှ လက်ရွေးစင်တစ်ထောင်ကို လက်ခံခဲ့သည့် အထဲမှလည်း ပါဝင်သည်။

ထိုနှစ်ယောက်က အခြားသော ကလန်မှ ကျွမ်းကျင်ပညာရှင်များထက် အင်အားကြီးမားသည်။ သူတို့က ဝမ်ချောင်ကို အဆုံးစွန်ဆုံးအထိ သစ္စာခံထားသည်။

ဝမ်ချောင်ကို ဂုဏ်တက်စေပြီး ဝမ်ကလန်နှင့် ဘုရင်စုန့်တို့နှင့် နီးကပ်နိုင်ရန်အလို့ငှာ သူတို့၏ မူလကလန်ဖြစ်သော ကလန်က သူတို့နှစ်ယောက်ကို ဝမ်ချောင်ထံ အစောင့်အဖြစ် ခစားရန် ပေးခဲ့သည်။

ဝမ်ချောင်က သူတို့၏ သိုင်းအင်အားကြောင့် သူတို့ကို တသီးတသန့် တန်ဖိုးထားခြင်းမဟုတ်ဘဲ သူတို့၏ သတ္တိ၊ အချိန်မှီတုန့်ပြန်နိုင်သည့် စွမ်းရည်နှင့် ဆုံးဖြတ်ချက် ခိုင်မာမှုတို့ကြောင့် တန်ဖိုးထားခြင်းဖြစ်သည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် လီစစ်ယဲ့က သူတို့ကို ပြန်လည်ဦးဆောင်ကာ ခေါ်လာသောအခါ တိဗက်များက ဘက်ထောင့်တစ်ခုမှပြောင်းပြီး ချီတက်ခြင်းဖြင့် လီစစ်ယဲ့၏ ဝင်္ကပါကို ဖျက်ဆီးခဲ့သည်။ သို့သော် ထိုနှစ်ယောက်က အန္တရာယ်ကို ခံစားမိပြီး အင်အားစုအနည်းငယ်ကို ဦးဆောင်ကာ တိဗက်မြင်းတပ်ထံ ချီတက်ခဲ့ခြင်းဖြင့် ပြောင်းလဲစေခဲ့သည်။

ထိုလူဆယ်ယောက်ကျော်လောက်၏ သတ္တိက တိဗက်မြင်းတပ် ခုနှစ်ရာ၊ ရှစ်ရာခန့်ကို တိုက်ခိုက်မှု ပြိုကွဲသွားစေခဲ့သည်။

အခန်း(၇၂၅)

ဖုမန်လင်းချာရဲ့ သတိပေးချက် (၂)

လီစစ်ယဲ့ကလည်း ထိုနှစ်ယောက်၏ လုပ်ဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြခဲ့ပြီး ချီးကျူးကာ အသိအမှတ်ပြုကြောင်း ပြခဲ့သည်။

သူက အချိန်တစ်ခုကြာအောင် လေ့လာစစ်ဆေးခဲ့ပြီးနောက် ထိုနှစ်ယောက်ကလည်း အရည်အချင်း ပြည့်မှီကြောင်း သိခဲ့ရသဖြင့် ချန်းစမ်းယွမ်နှင့် စူးရွှတ်ရွှမ်းတို့ကို သံမဏိမြို့ တည်ဆောက်ဖို့ အတောအတွင်း ခုခံကာ စောင့်ကြည့်ရန် တာဝန်ပေးထားခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ယောက်က တာဝန်ကို ကောင်းကောင်း လုပ်နိုင်ခဲ့သည်။

ဝုန်း

မြောက်ပိုင်းမှ ဖုန်မှုန့်တိမ်စိုင်များက ဆက်တိုက်ချီတက်လာသည်။ မြို့ထဲမှ လူတိုင်းကလည်း မြင်း၏ ကဆုန်ပေါက်သံအောက်မှ တသိမ့်သိမ့်တုန်နေသည့် မြေပြင်ထံကို ခံစားမိနေကြသည်။ လုပ်သားများ အားလုံးက မြို့ရိုးပေါ်မှ ဆင်းသက်သွားပြီးသည်မှာ ကြာလှချေပြီ။ သူတို့၏ အလုပ်တာဝန်ကို ရပ်တန့်ထားရသည်။

ရုတ်တရက် သံမဏိမြို့အုံတွင်းက ခြောက်ခြားဖွယ် ကြီးစိုးလာပြီး မြောက်ဘက်မှ ချီတက်လာသည့် မြင်းခွာသံများကိုသာ ကြားရတော့သည်။ လေထုက အတွင်းအားဖြင့် ပြည့်ကြပ်လာသည်။

မျက်ဝန်းအစုံ တစ်သိန်းကျော်ခန့်က တရိပ်ရိပ်နှင့် နီးကပ်လာသည့် ဖုန်တိမ်စိုင်များကိုကြည့်ပြီး ထိုထဲတွင် ပါလာသည့် တိတ်ဆိတ်ကာ ထောင်လွှားသည့် ပုံရိပ်များကို ကြည့်နေသည်။ မြင်းပေါ်မှ ဝမ်ချောင်ကသာ သာယာသော အပြုံးဖြင့် ခပ်အေးအေး စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူ၏အမူအရာက မောက်မာခြင်းလည်း မရှိသလို၊ နိမ့်ချခြင်းလည်း မရှိချေ။

ဝုန်း

သူတို့က နီးကပ်လာသည်နှင့် စစ်မြင်းက အရှိန်လျော့လိုက်ပြီး ကြီးမားသော အလံက တစ်ကျန်းကျော်လောက်အထိ မြင့်မြှောက်ထားပြီး ဖုန်မှုန့်များထဲမှ တိုးထွက်နေသည်။ အနောက်တောင်ပိုင်းမှ သာမာန် ရွှေရောင်ကျောက်သား သိန်းငှက်တစ်ကောင်က နဂါးနက်တစ်ကောင်ကိုကျော်ကာ ပျံသန်းနေသော ပုံဖြစ်ပြီး သူ၏စူးရှထက်မြက်သော လက်သည်းများက ကြယ်များကဲ့သို့ ထင်ရသလို သူ၏အတောင်များက သံမဏိဖြင့် လုပ်ထားသလို ပြောင်လက်နေသည်။ အသက်ဝင်လွန်းလှသဖြင့် အလံထဲမှထွက်ကာ ပျံသန်းတော့မလိုပင် ထင်ရသည်။ ဝမ်ချောင်ကလည်း အနောက်ပိုင်းနယ်မြေသို့ ရောက်ပြီးကတည်းက ပထမဦးဆုံးအကြိမ် ထိုကဲ့သို့သော စစ်အလံကို မြင်ဖူးခြင်းဖြစ်သည်။

ဝမ်ချောင်က စစ်အလံကို စစ်ဆေးနေချိန်တွင် ဖုန်မှုန့်ထဲမှ အလွန်အမင်း တောင့်တင်းသန်မာသည့် လူထွားကြီးတစ်ယောက်က မိစာ္ဆနတ်ဆိုးကောင်လို အရှိန်အဝါမျိုးဖြင့် ခုန်ထွက်လာသည်။ ထိုအခါ လူတိုင်းကလည်း ထိုလူ၏ ထူထည်းသော မုတ်ဆိတ်မွှေးကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရသလို သူ၏မှောင်မှိုင်းသော အသားအရည်နှင့် အညိုရောင် မျက်ဝန်းတစ်စုံကတဆင့် ခြောက်ခြားသော အလင်းဒဏ်ကို ထုတ်လွှတ်မှုအား ခံစားလိုက်ကြရသည်။

ထိုလူပေါ်လာသောအခါ အံ့အားသင့်ဖွယ်ကောင်းသည့် ဖိအားက စတင်ကာ ဖိချလာသည်။ ဝမ်ချောင်နှင့် လက်ရွေးစင် အစောင့်နှစ်ယောက်ဖြစ်သည့် ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့ကလည်း ဒီသံမဏိမြို့ထဲက မည်သူကမှ ခေါင်းမမော့ရဲကြချေ။ သူတို့က ထိုလူနှင့် အကြည့်မဆုံရဲကြချေ။

“ဝမ်ချောင်”

သူတို့က ခေါင်းလှည့်လိုက်သည်နှင့် သူတို့၏နားထဲ ဟိန်းထွက်သွားသည့် ကြမ်းတမ်းသည့် အသံကို ကြားလိုက်ရသည်။ ထိုအသံက ဓားတစ်လက်က တုန်ယင်နေသလို အသံမျိုးဖြစ်ပြီး စူးရှသည်။ အလွန်ကြမ်းတမ်းသလို ခမ်းနားကာ တိုက်ခိုက်လိုအား အပြည့်နှင့်လည်းဖြစ်သည်။

သူက ရန်လိုသော အသံကို ပီပီသသ ကြားလိုက်ရသောအခါ ဝမ်ချောင်က ရယ်တော့သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်”

ထိုစကားနှင့်အတူ ဝမ်ချောင်က အနည်းငယ်သော ထိတ်လန့်မှုမှမရှိဘဲ မြင်းကိုရှေ့သို့ တိုးသည်။ မဟာထန် တစ်ခုလုံး အနောက်ပိုင်းနယ်မြေ တစ်ခုလုံးတွင် ထိုသို့ထူးခြားသော အသံမျိုးကို ပိုင်ဆိုင်ထားသူမှာ ချီရှီ၏ ကာကွယ်ရေးဗိုလ်ချုပ် ဖုမန်လင်းချာဖြစ်သည်။

ခင်ဗျား မထိန်းထားနိုင်တော့ဘူးပဲ။

ဝမ်ချောင်က စိတ်ထဲတွင် ရေရွတ်နေသည်။ သို့သော် သူ၏မျက်နှာတွင် မည်သည့် အမူအရာမျှ မပြချေ။

ဝူရှန်းက ချီရှီကာကွယ်ရေးစစ်တပ်နှင့် အလွန်နီးသည့်အတွက် ဖုမန်လင်းချာထံမှ သူက ဘာမှဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။ သူက တစ်ညတည်းနှင့် မြို့ရိုးကို (၁၅)မီတာကျော်အောင် ဆောက်လုပ်လိုက်သော ကိစ္စနှင့် ရုတ်တရက် ဆက်တိုက် မြင့်နေခဲ့သည့် မြို့ရိုးအနေအထားက ဖုမန်လင်းချာကိုလည်း သူ၏အတွက်အချက်မှာ မှားသွားကြောင်း သိစေလိုက်ပြီး စိုးရိမ်စေလိုက်မည်ဖြစ်သည်။

မြင်းခွာသံများက ကောင်းကင်ထိတိုင် ဟိန်းတက်နိုင်သည်။

လူတိုင်း၏ ပြင်းပြစွာ စိုက်ကြည့်နေမှုအောက်တွင် ဝမ်ချောင်က သူ၏မြင်းကို ရှေ့တိုးစေပြီး သူ၏ကိုယ်ပိုင်မြင်းမှ ထွက်သည့် ဖုန်လုံးကို နောက်တွင်ချန်ထားရစ်ခဲ့လျှက် ဖုမန်လင်းချာနှင့် နီးကပ်သထက် နီးကပ်သွားသည်။ အဝေးမှကြည့်လျှင် ကျော်ကြားသော ကာကွယ်ရေးဗိုလ်ချုပ်က အရှိန်ကို နှေးချလိုက်ပြီး နောက်မှဖုန်လုံးကို ငြိမ်သက်သထက် ငြိမ်သက်သွားစေကြောင်း အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော် တစ်သိန်းကျော်၏ ကြောက်ရွံ့လေးစားဖွယ်ကောင်းသော တိုက်ပွဲပေါင်းများစွာကို တွေ့ကြုံခဲ့ဖူးသည့် ထင်ရှားသည့် အရှိန်အဝါကို လွှတ်ထုတ်ပြသလာသည်။

တောက်လောင်နေသည့် နေမင်းအောက်တွင် အနက်ရောင်သံချပ်ကာဝတ် ထိုမြင်းတပ်က မြင်းကို တညီတညာတည်း စီးလာကြသည်မှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသည့်အလား ထင်ရစေသည်။ သူတို့က ချီတက်လာချိန်တွင် မည်သည့်အမှား တစ်ခုကိုမျှ မလုပ်ခဲ့ချေ။ ဝမ်ချောင်၏အမြင်တွင်ပင် မည်သည့်အမှားမျှ ရှိမနေခဲ့ချေ။

ဟုတ်တယ် တောင်တန်းတစ်ခုလို မရွေ့လျားတော့မဲ့ ပုံစံအတိုင်း မီးတောက်လို ရုတ်ရင်းကြမ်းတမ်းတယ်။ သူ့ရဲ့ အစောပိုင်းနှစ်တွေမှာတောင် ဖုမန်လင်းချာက အန်းရှီကို ကြိုမြင်နိုင်ခဲ့တယ်။ စစ်တပ်တွေကို ချီတက်အမိန့်ပေးတဲ့ ဘက်ပိုင်းမှာ သူက စွမ်းရည်နည်းနည်းတော့ ရှိနေတာပဲ။ ဝမ်ချောင်ကတွေးသည်။

သူနှင့်ဖုမန်လင်းချာကြားမှ ဆိုးရွားသည့် သွေးကြွေးရှိနေသည့်တိုင်အောင် ဝမ်ချောင်ကလည်း ချီရှီက မဟာဗိုလ်ချုပ်ကြီးက ထူးခြားသော စွမ်းရည်များ ပိုင်ဆိုင်ထားကြောင်း ဝန်ခံရပေမည်။ ချီရှီက ထူးခြားသော နေရာဖြစ်သည်။ အနောက်ဘက်သို့သွားလျှင် အမြဲရည်မှန်းချက်ကြီးသည့် ယွီစန်းဖြစ်နေပြီး အရှေ့ပိုင်းတောက်လျှောက် ဆင်းသွားမည်ဆိုလျှင်လည်း အချိန်မရွေး တောင်ပေါ်ဒေသသို့ ရောက်သွားနိုင်သည်။ အရှေ့တည့်တည့်သွားလျှင်လည်း အက်ဘာရာခါကန်းက ဦးဆောင်သည့် တူရကီမြင်းတပ်က စောင့်ကြည့်နေနိုင်သေးသည်။ ဖုမန်လင်းချာက ဒီလိုအဖွဲ့အစည်း နှစ်ခုကြားတွင် တည်နေရာ ထိန်းထားနိုင်ကတည်းက သူ၏အင်အားက လုံလောက်သည်ထက် ပိုနေရပေလိမ့်မည်။

ချီရှိမြင်းတပ်ကို သုံးသပ်ကြည့်ရမည်ဆိုလျှင် သူတို့က မယိမ်းယိုင်နိုင်သော တောင်တန်းကြီးလို မီးတောက်လို ရုတ်ရင်းကြမ်းတမ်းသလို ဖြစ်နေသည်။ ဖုမန်လင်းချာက ထိုမြင်းတပ်ကို အုပ်ချုပ်နိုင်သည့် တော်ဝင်မဟာဗိုလ်ချုပ်ကြီး ဖြစ်နေကတည်းက သူ၏ထူးခြားသည့် စွမ်းရည်ကို ဖော်ထုတ်ပြသထားပြီးသားဖြစ်သည်။

အား ခင်ဗျားရဲ့ မနာလိုစိတ်က တော်တော်ကြီးတာပဲ။ အာဏာအတွက် ဆာလောင်စိတ်ကလည်း ကြီးတယ်။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က ချက်ချင်းအသိပြန်ဝင်သွားသည်။

ဖုမန်လင်းချာက အားကျဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူက လုပ်ဆောင်ခဲ့သော အချို့ကိစ္စများကိုသာ ဖယ်ရှားလိုက်မည်ဆိုလျှင် ဝမ်ချောင်ကလည်း မဟာထန်ကို ထိုကဲ့သို့သော မဟာဗိုလ်ချုပ်တစ်ယောက်ကို ပိုင်ဆိုင်ထားရသည့်အတွက် ပျော်ရွှင်မိလောက်သည်။ သို့သော် ဖုမန်လင်းချာက တကိုယ်ကောင်းဆန်လွန်းသည်။

သူကိုယ်တိုင်က ဟူဖြစ်သည်။ သူက စစ်တပ်ထဲတွင် ဟူတစ်ယောက်အနေဖြင့် ရာထူးတိုးခံခဲ့ရသည်။ သူ၏ စစ်တပ်ထဲမှ အရေးကြီးသော နေရာတိုင်းကို သူက ဟူများဖြင့်သာ ဖြည့်ထားသည်။ ဟန်များက အရည်အချင်း ရှိရှိမရှိရှိ တန်းတူဖိနှိပ်ခံရသည်။ ပို၍ဆိုးသည်မှာ ဖုမန်လင်းချာက ချီရှီတွင် အသေးစားခုံရုံးကို ဖန်တီးရန် လက္ခဏာပြနေသည်။

ထိုအတွက်ကြောင့်သာ မဟုတ်လျှင် သူက ယခင်တစ်ခေါက် မတော်တဆမှုအတွင်း ဝမ်ချောင်၏ မှတ်တမ်းလွှာကို ဒေါသထွက်ရန် အကြောင်းမရှိချေ။

ထပ်ပေါင်းဆိုရသော် ချီရှီက ခုခံမှုဘက်တွင် ထူးချွန်ပြောင်မြောက်နေချိန်တွင် တိုက်ခိုက်မှုအားတွင် နည်းပါးနေသည်။ ဖုမန်လင်းချာ၏ အုပ်စိုးခဲ့သော နှစ်များတွင် သူက ဘယ်သောအခါမှ စတိုက်ရန် မကြံစည်ခဲ့ဖူးချေ။ သူ၏ဟန်ချက်ယူသော အနေအထားကပင် မပြောင်းခဲ့ဖူးချေ။

ချီရှီက ယွီစန်းနှင့် အနောက်တူရကီများက တိုက်ခိုက်မည့် အချိန်ကို စောင့်နေသလို ဖြစ်နေသည်။

လာမည့်တာလာ၏ တိုက်ပွဲအတွက် ရလဒ်ကို စတေးရန်အတွက်ပင်ဆိုစေ အန်းရှီအတွက် စစ်သည်တော်များ ပြင်ဆင်ရန်အတွက်ပင်ဆိုစေ ချီရှီ၏ လက်ရှိအခြေအနေကို ပြောင်းလဲရန်အတွက်ပင်ဆိုစေ ဝမ်ချောင်က ဖုမန်လင်းချာကို ဖယ်ရှားလျှင်ဖယ်ရှား သို့မဟုတ် အခြားတစ်နေရာသို့ ပြောင်းမှဖြစ်တော့ပေမည်။

ဖုမန်လင်းချာရှိနေသမျှ သူက အနောက်ပိုင်းနယ်မြေအပေါ် လွတ်လပ်စွာ လှုပ်ရှားနိုင်မည်မဟုတ်ချေ။ ထိုအခြေအနေကို ပြောင်းကိုပြောင်းမှ ရပေလိမ့်မည်။

မြင်းခွာသံများက နှစ်ဘက်က နီးကပ်သထက် နီးကပ်လာသည်နှင့် ရပ်တန့်သထက် ရပ်တန့်သွားပြီး လေထုကလည်း သိပ်သည်းသထက် သိပ်သည်းလာသည်။ နောက်ဆုံးတွင် ဝမ်ချောင်နှင့် ဖုမန်လင်းချာတို့ တစ်ယောက်ကြီးတစ်ယောက်ငယ် နှစ်ယောက်က ရှစ်ကျန်း၊ ကိုးကျန်းခန့်အကွာတွင် ရပ်တန့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လေထုက အမြင့်ဆုံး အနေအထားသို့ ရောက်သွားသည်။ နှစ်ယောက်က အကြည့်ဆုံသည့်အခါ မည်သူကမျှ စကားမဆိုကြချေ။

“မင်းလုပ်ရဲတယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် ရှိနေတာတောင် မင်းက မြင်းပေါ်ကဆင်းပြီး ဂါရဝမပြုသေးဘူးလား”

ဖုမန်လင်းချာရဲ့ အနောက် လက်အောက်ခံများထဲမှ တစ်ယောက်၏ အော်သံက ထွက်လာသည်။ သူက သံချပ်ကာအပြည့် ဝတ်ထားပြီး လက်ဖြင့် မြင်းဇာတ်ကြိုးကို ဆွဲထားသည်။ သူက ဝမ်ချောင်ကို လက်ညိုးထိုးထားသည်။

မင်းက အင်အားပြဖို့ ကြိုးစားနေတာပဲ။

ဝမ်ချောင်က စိတ်ထဲတွင် လှောင်ရယ် ရယ်နေသော်လည်း သူ၏အကြည့်ကမူ ဖုမန်လင်းချာအပေါ်တွင်သာ ရှိနေသည်။ အတိတ်တွင် ဘွဲ့နာမည်လည်းမရှိ ရာထူးလည်းမရှိသည့် ဝမ်ချောင်ကို ဖုမန်လင်းချာက အသာအယာ ချေမွနိုင်လောက်သည်။ သို့သော် ယခုအချိန် ယခုနေရာမျိုးတွင် ဝမ်ချောင်က ဘာမှကြောက်လန့်စရာ အကြောင်းမရှိချေ။ စကားလုံးများဖြင့်ပင် လောကကို လှုပ်ရှားနိုင်သည်ဆိုသော ထိုမဟာဗိုလ်ချုပ်အရှေ့တွင်ပင် ဖြစ်သည်။

ထို့ပြင် သူက လောကမှ အစစ်အမှန် မဟာမာရှယ်တစ်ယောက် ဖြစ်ခဲ့ဖူးသူလည်း ဖြစ်နေသည်။

“ရမ်းကားလိုက်တာ ငါတို့အရှင်က တော်ဝင်ခုံရုံးက အသစ်စက်စက် ချီးမြှင့်ထားတဲ့ လူငယ်အမတ် ကောင်းကင်ရဲ့သားတော်ကိုယ်တိုင် ဘွဲ့ထူးနာမည် ချီးမြှင့်ပေးထားတာ။ သူက မဟာထန်ရဲ့ အစစ်အမှန် အထက်တန်းလွှာပဲ။ သူ့ရဲ့အဆင့်က အရှင်ကာကွယ်ရေးဗိုလ်ချုပ်ထက် မနိမ့်ဘူး။ ဒါ့အပြင် အဆင့်အတန်း အခမ်းအနားအရဆိုရင် သူတော်စင်ဧကရာဇ်က ကိုယ်တိုင်ကိုယ်ကျ သူ့ကို ဘွဲ့ထူးနာမည် ချီးမြှင့်ခဲ့တာဆိုတော့ ကောင်းကင်သားတော်ရဲ့ တိုက်ရိုက်တပည့်လို့ ရည်ညွှန်းလိုက်တာပဲ။ သူက ကောင်းကင်သားတော်ကို ကိုယ်စားပြုသလို အရှင်ဧကရာဇ်ကို ကိုယ်စားပြုတယ်။ မင်းက အရှင်အမတ်ကို ဂါရဝပြုခိုင်းရဲသလား”

မျှော်လင့်ထားသည့်အတိုင်း ဝမ်ချောင်၏အနောက်မှလည်း ခပ်ကြမ်းကြမ်း ပြန်တုန့်ပြန်စကား ထွက်လာသည်။ ဝမ်ချောင်က စကားတစ်ခွန်းဆိုကာ အမိန့်ပေးရန် မလိုအပ်ချေ။ ချန်းစန်းယွမ်က မြင်းကိုရှေ့သို့ တက်လာစေလျှက် ဖုမန်လင်းချာ၏ လက်အောက်ငယ်သားကို ပြန်လည်အော်ဟစ်လိုက်သည်။ သူတို့က ဖုမန်လင်းချာ၏ ခမ်းနားသော ဖိအားနှင့်အကြည့်ကို မတုပနိုင်သော်လည်း သူ၏ လက်အောက်ငယ်သားများထဲမှ တစ်ယောက်ကိုမူ ရင်ဆိုင်နိုင်နေသေးသည်။

ဝမ်ချောင်က မြင်းပေါ်မှ မလှုပ်ချေ။ သို့သော် စိတ်ထဲတွင်မူ ခေါင်းညိမ့်လိုက်မိသည်။

ချန်းစန်းယွမ်နှင့် စုရွှတ်ရွှန်းတို့က အမြန်ဆုံး တုန့်ပြန်နိုင်သူများ ဖြစ်နေကြသည်။ ဒီလိုအခြေအနေမျိုးတွင် သူတို့ကို သူ့အစား စကားပြောခိုင်းခြင်းက သူကိုယ်တိုင်ပြောတာထက် ပိုကောင်းသည်။ ထို့ကြောင့် ဝမ်ချောင်က ထိုနှစ်ယောက်ကို တန်ဖိုးထားခဲ့သည်။

ဝမ်ချောင်က လက်ခုပ်တီးသည်။ သူကပြောသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ငါရိုင်းမိသွားတယ်ထင်တယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာက ငါတို့အတွက် ဘယ်လောက်တောင် ကြီးမြတ်လိုက်တဲ့ ကိစ္စကြီးပါပဲ။ ဒါကိုငါက ကိုယ်တိုင်ကိုယ်ကျ ထွက်မကြိုခဲ့ဘဲ နေမိတော့မလိုတောင် ဖြစ်သွားခဲ့တယ်။ အရမ်းကိုမြင့်မြတ်ပါတဲ့ အရှင်ဗိုလ်ချုပ်က ဒီနေရာကို ရောက်လာရလောက်အောင် ဘာကိစ္စများ ရှိနေလို့ပါလဲ”

သူ၏စကားလုံးများက လူတိုင်း၏ အာရုံစိုက်ရာဖြစ်သွားသည်။

သံမဏိမြို့ရိုး ဝန်းကျင်တောက်လျှောက် တိတ်ဆိတ်နေသည်။ နှစ်ဖက်လုံးမှ အမိန့်ပေးနိုင်သော အရာရှိများက စကားစပြောသည့်အခါ ချန်းစန်းယွမ်နှင့် ဖုမန်လင်းချာ၏ လက်အောက်ငယ်သားတို့က ပါးစပ်ပိတ်ရမည်ဖြစ်သည်။ လူတိုင်းကလည်း ဒီနေ့ အဓိပုဂ္ဂိုလ်က ထိုနှစ်ယောက်ဖြစ်ကြောင်း သိကြသည်။

ယခုကစပြောမည့် ထိုနှစ်ယောက်၏ စကားများက သံမဏိမြ်ို့နှင့် ချီရှီ၏ အနာဂတ်ကိုပင် အဆုံးအဖြတ် ပေးနိုင်လောက်လေရာ ဒီလိုအချိန်မျိုးတွင် မည်သူကမျှ စကားမစရဲကြချေ။

ဖုမန်လင်းချာက ဘာစကားမျှမပြောချေ။ သို့သော် သူ၏နက်ရှိုင်းသည့် သိန်းငှက်ကဲ့သို့ စူးရှသောမျက်ဝန်းက ဝမ်ချောင်အပေါ်အောက် ဆုန်ချည်ဆန်ချည်ကြည့်ပြီး သိန်းငှက်တစ်ကောင်က သားကောင်ကို ဖမ်းဆုပ်တော့မလို ချောင်းနေသလိုထင်ရသည်။

ယခင်မှတ်တမ်းရေးရာကိစ္စတွင် ထိုနှစ်ယောက်လုံးက သေဖော်သေဘက် ရန်သူဖြစ်ခဲ့သည်။ ဖုမန်လင်းချာကလည်း သူတော်စင်ဧကရာဇ်ကိုပင် မေးခွန်းထုတ်သည့် မှတ်တမ်းအား ကိုယ်တိုင်ကိုယ်ကျ တင်သွင်းခဲ့ပြီး ဝမ်ချောင်ကို ကွပ်မျက်ခိုင်းခဲ့သည်။ သို့သော် အမှန်တိုင်းဆိုရသော် ဖုမန်လင်းချာက ထိုလူကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

သူက ဝမ်ကလန်မှ အငယ်ဆုံးသားအပေါ် ရန်လိုပြီး ဒေါသထွက်ပေါက်ကွဲခဲ့ဖူးသည့်တိုင်အောင် ဖုမန်လင်းချာအနေဖြင့် ထိုကောင်လေးက သူမျှော်လင့်ထားသည်နှင့် ခြားနားကြောင်း ဝန်ခံရပေမည်။

ငယ်လွန်းနေတယ်။

သူက (၁၇)နှစ်ကျော်သေးတယ်လို့တောင် မထင်ရဘူး။

ဒီအသက်အရွယ်မှာတောင် ဖုမန်လင်းချာလို ဂုဏ်ယူရတဲ့ ပုဂ္ဂိုလ်ကြီးက အနောက်ပိုင်းနယ်မြေမှာ လှေကားထောင်ပြီး ကိုယ်ဒူးကိုယ်ချွန် တိုက်ခိုက်နေရသေးတယ်။ ဒါပေမဲ့ ဝမ်ချောင်ကတော့ မဟာထန်ရဲ့ လူငယ်အမတ်တောင် ဖြစ်နေပြီ။ သူက ကောင်းကင်ရဲ့သားတော် ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ထားတဲ့ ဘွဲ့ထူးနာမည်ကိုတောင် ပိုင်ဆိုင်ထားသေးတယ်။ သူ့ရဲ့ အဆင့်အတန်းက ကောင်းကင်ထိ ထိုးတက်နေပြီ။

ဝမ်ချောင်ဒီလို လုပ်နိုင်စွမ်းအားရှိတာက ဝမ်ကလန်က ထောက်ခံပေးထားလို့ ဝမ်ကျို့လင်ရဲ့ ဂုဏ်သိက္ခာတွေကြောင့်သာဆိုရင် သူက အားလုံးကို လက်ခံလိုက်မှာပဲ။ ဒါပေမဲ့ သိပ်မကြာခင်ကတင် ဝမ်ချောင်က ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်းနဲ့ သွမ့်ခဲ့ချွမ်တို့လို ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို အနိုင်ပိုင်းထားနိုင်တယ်။ နောက်ပြီး အခုအချိန်ထိတောင် ဖုမန်လင်းချာအနေနဲ့ ဒီကိစ္စတွေက မှန်မမှန် သံသယဝင်နေရသေးတယ်။

သို့သော် ယွီစန်းနှင့် မန်ရှဲ့ကျောင်းတို့က ထိုကိစ္စပြီးနောက် ဝမ်ချောင်၏အရှေ့တွင် ရှုံးသွားခဲ့သည်ဆိုသော ကိစ္စက မေးခွန်းထုတ်ရန် မလိုအပ်ချေ။ သူတို့က စစ်သည်တော် သိန်းကျော်ပင် ဆုံးရှုံးခဲ့သေးပြီး မြင်းတပ် အမြောက်အများ ဆုံးရှုံးခဲ့သေးသည်။ ထို့ကြောင့် သူတို့၏ဆုံးရှုံးမှုက မဟာထန်ထက် ကြီးသည်ဆိုသော ကိစ္စက ငြင်းဆန်၍မရသော အချက်ဖြစ်သည်။

(၁၆)နှစ် (၁၇)နှစ်သာရှိသေးသော ကောင်ငယ်လေးတစ်ယောက်က ထိုမျှစွမ်းရည်ကို ပိုင်ဆိုင်ထားလျှင် ဖုမန်လင်းချာ၏ အကြမ်းဖျင်း တွက်ချက်မှုအရ မဖြစ်နိုင်ချေ။ သန္ဓေသားလောင်း ဘဝကတည်းက စစ်အနုပညာကို သင်ယူထားသော လူတစ်ယောက်ဆိုလျှင်ပင် ထိုမျှအထိ မလုပ်နိုင်သင့်ချေ။

စစ်အနုပညာကို စာအုပ်ဖတ်ရုံလောက်နှင့် မသင်ယူနိုင်သင့်ချေ။ စစ်ပွဲများကို ကိုယ်တိုင်ကိုယ်ကျ ကျွမ်းကျင်နေပြီး မရေမတွက်နိုင်သည့် တိုက်ပွဲများကို ရင်ဆိုင်ခဲ့ဖူးမှသာ လုပ်နိုင်သည်။ မည်သည့် မဟာဗိုလ်ချုပ်ကမျှ ထိုမျှအထိ မလုပ်နိုင်ခဲ့သေးချေ။

သို့သော် ဖုမန်လင်းချာကို စိတ်ရှုပ်စေပြီး နားမလည်စေသော အချက်က ထိုအချက်မဟုတ်ချေ။

ဖုမန်လင်းချာက ဘဝ၏ သက်တမ်းတစ်ဝက်လောက်ကို တိုက်ပွဲနယ်မြေတွင် မွေ့လျော်ခဲ့ပြီး မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့် သူ၏ကိုယ်မှ ထုတ်ဖော်နိုင်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါက သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားများကိုပင် သူ့အနားမှာ ချဉ်းကပ်ရန် မျက်လုံးခြင်း မဆုံရဲအောင်ပင်ဖြစ်ခဲ့သည်။ ဒါက အနောက်ပိုင်း နယ်မြေများတွင်လည်း ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့သည်။ အနောက်ပိုင်းနယ်မြေတွင် ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ဝရမ်းထုတ်ခံရပြီး နာမည်ကြီးခဲ့သည့် လူသတ်သမားတစ်ယောက်က တစ်ရက်တွင် ချီရှီကို ဖြတ်သန်းသွားသည့်အခါ တိုက်ဆိုင်စွာဖြင့် ဖုမန်လင်းချာ၏ ရထားလုံးတွင် ပက်ပင်းတိုးခဲ့သည်။ ဖုမန်လင်းချာ၏ အကြည့်တစ်ချက်နှင့်တင် ထိုလူသတ်သမားက သတ္တိများ အက်ကွဲသွားပြီး ရုတ်တရက် အကြောက်လွန်ကာ သေဆုံးစေသည်အထိ ဖြစ်ခဲ့ဖူးသည်။ အရာအားလုံးက ဖုမန်လင်းချာ၏ ကိုယ်ကို ဝိုင်းနေသည့် သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့်ဖြစ်သည်။

ထို့ပြင် ကောလဟာလအရ တချိန်ကဆိုလျှင် သတ္တိကြီးလှပါသော တိဗက်မြင်းတပ်က ချီရှီကို တိုက်ခိုက်ခဲ့ချိန်က ဖုမန်လင်းချာ၏ အကြည့်တစ်ချက်ဖြင့် တိုက်ပွဲနယ်မြေတွင် သေဆုံးခဲ့သည်ဆိုသော ကိစ္စမျိုးပင် ရှိခဲ့ဖူးသည်။

All Chapters