အခန်း (၇၂၆-၇၃၀)
Vol. 38 Ch. 726-730
အခန်း(၇၂၆)
ဖုမန်လင်းချာရဲ့ သတိပေးမှု (၃)
ဖုမန်လင်းချာ၏ ပတ်ဝန်းကျင်တွင် ရှိနေသည့် သတ်ဖြတ်ခြင်းလေထုက မည်မျှသိပ်သည်းကြောင်း စိတ်ကူးယဉ်ကြည့်ရန် လွယ်ကူသည်။ ထိုအရှိန်အဝါကို မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ပြီး အဆုံးအစမဲ့သည့် သတ်ဖြတ်မှုများကို ရင်ဆိုင်ပြီး အရိုးတောင်ပေါ် တက်နင်းပြီးမှသာ ရရှိနိုင်သည်။ သာမာန်လူများက ထိုဖိအားဒဏ်ကို ခံနိုင်လေ့မရှိချေ။
သို့သော် အများဆုံးမှ အသက်(၁၇)နှစ်သာရှိမည့် ဝမ်ချောင်က သူနှင့် အကြည့်ချင်းဆုံသည့်အခါ အနည်းငယ်သော်မျှ ကြောက်လန့်သွားခြင်း မရှိခဲ့ချေ။ ဖုမန်လင်းချာအနေဖြင့် ထိုသို့သော အခြေအနေမျိုးကို မကြုံဖူးချေ။ မည်သို့ပင်ဆိုစေ ထိုသို့သော အခြေအနေမျိုးကို အသက်(၁၇)နှစ်အရွယ်ရှိ လူငယ်တစ်ယောက်က မပိုင်ဆိုင်ထားချေ။
ဒီကောင်လေးကိုသာ မဖယ်ရှားရင် သူကငါ့အတွက် ပြဿနာအကြီးကြီး ပေးလိမ့်မယ်။
ဖုမန်လင်းချာ၏ မျက်ဝန်းက အေးစိမ့်လာပြီး သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာသည်။ ဝမ်ချောင်ပြသသော ဟန်အမူအရာက သူ့အပေါ် လေးစားသူများကို လေးစားမှု မလျော့ကျသွားစေရုံသာ မကသေးလေဘဲ ဖုမန်လင်းချာကိုပင် သူ့အားပ်ို၍ သတ်ဖြတ်ချင်မိသွားသည်။
ဝမ်ကလန်မှ အငယ်ဆုံးသားက ပို၍ထူးချွန်ပြီး ပို၍အလားအလာ ကောင်းနေလေလေ ဖုမန်လင်းချာက သူ့ကိုပို၍ ကြောက်လာလေလေဖြစ်သည်။ ဖုမန်လင်းချာက ပို၍သတ်ချင်သွားသည်။
အသက်(၁၇)နှစ်ထဲနှင့် သူက ထိုမျှအထိ ကြီးမားသော လှုပ်ခတ်မှုများဖြစ်အောင် မွှေနှောက်နိုင်နေလေပြီ။ သူ့ဆီမှ မှတ်တမ်းလွှာတစ်ခုကတင် ဟူသိန်းကျော်ကို အလွန်အမင်း အကျိုးမသာသည့် အနေအထားများသို့ ပို့နိုင်ခဲ့သည်။ သူ့ကိုသာ အရွယ်ရောက်ခွင့် ပြုလိုက်မည်ဆိုလျှင် ဟူဗိုလ်ချုပ်ကြီးများကို အစွန်အဖျားသို့ တွန်းပို့နေသည်နှင့် တူသွားသည်။ ထိုနည်းအားဖြင့် စစ်တပ်၏ ရာထူးမြင့် နေရာများမှ အဖယ်ခံရနိုင်သည်။
“ကောင်စုတ်လေး ငါ့ရဲ့စကားကို နားထောင် မာကြောတယ်ဆိုတဲ့ အရာတွေက ဖျက်ဆီးဖို့လွယ်တယ်”
ဖုမန်လင်းချာက ရုတ်တရက် ဆက်ပြောသည်။
“မင်းရဲ့အနား အစွန်းက အရမ်းတောက်ပလွန်းနေတယ်”
ဖုမန်လင်းချာက ထိုသို့ပြောလိုက်သည့်အခိုက် လေထုက ယခင်ထက် အဆတစ်ရာမက ပို၍သိပ်သည်း တင်းကြပ်သွားသည်။ သံမဏိမြို့ရိုးနံရံများပေါ်တွင် ရှိနေသည့် လုပ်သားတစ်သိန်းကျော်နှင့် အစောင့်များ အားလုံး၏မျက်နှာက ဖြူဖျော့သွားသည်။
“ဖုမန်လင်းချာက မျက်နှာပြောင်လာတိုက်လွန်း အားကြီးတယ်။ သူက ဝမ်ချောင်ကို အနိုင်ကျင့်ဖို့ကြိုးစားနေတာ ရှင်းနေတာပဲ”
မြို့ရိုးပေါ်မှ ပိုင်စစ်လင်က ဒေါသထွက်လာသော်လည်း ထိုစကားလုံးများက သူမ၏ ပါးစပ်မှ ထွက်ရုံသာရှိသေးသည်။ သွယ်လျကာ နူးညံ့သည့် လက်တစ်စုံက သူမ၏လက်မောင်းကို လှမ်းဆွဲလာသည်။
“စစ်လင် ထပ်မပြောနဲ့တော့”
ပိုင်စစ်လင်က အံ့အားတကြီး လှည့်ကြည့်လိုက်သောအခါ ကျောင်းရထုံက ရှေ့သို့ကြည့်နေပြီး သူမ၏မျက်နှာတွင် အလွန်အမင်း တင်းမာသော မျက်နှာထားကို ထုတ်ဖော်နေကြောင်း သိလိုက်ရသည်။
ပိုင်စစ်လင်၏ မျက်နှာကလည်း အေးခဲကာ စိတ်ရှုပ်ထွေးသွားသည်။ သို့သော်သူမက ခပ်မြန်မြန် အသိပြန်ဝင်သွားပြီး ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူမက နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး စကားဆက်မပြောတော့ချေ။
သံမဏိမြို့ရိုးက တိတ်ဆိတ်လွန်းနေလေရာ ပင်အပ်ကျသံကိုပင် ကြားနိုင်လောက်သည်။ ဝမ်ချောင်နှင့် ဖုမန်လင်းချာတို့ကလွဲပြီး လူတိုင်းက ဆောင်းရာသီမှ ပုဇင်းရင်ကွဲကောင်များကဲ့သို့ တိတ်ဆိတ်နေကြပြီး အသက်ပင် ကျယ်ကျယ်မရှုရဲကြလေရာ လှုပ်ရှားရန် ခက်ခဲသည်။
ထိုထဲမှတစ်ယောက်က မဟာထန်မှ လူငယ်အမတ်ဖြစ်သလို ကောင်းကင်သားတော်၏ တပည့်တစ်ယောက် ဖြစ်နေသလို ကျန်သောတစ်ယောက်ကလည်း မဟာထန်မှ အနောက်ဘက်နယ်စပ်ကို အုပ်စိုးနေသည့် အရှင်သခင်တစ်ယောက်ဖြစ်သည်။ တစ်ဖက်သူက အလွန်အမင်း လေးစားခံရသလို တော်ဝင်မဟာဗိုလ်ချုပ်ကြီး တစ်ယောက်၏ လွှမ်းမိုးမှုကို အပြည့်အဝ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ရှိနေကြသော လူတိုင်းက ထိုနှစ်ယောက်လုံးကို သူတို့၏အဆင့်အတန်းကြောင့် မော်ကြည့်ရုံသာ တက်နိုင်လေသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ဘာကိုဆိုလိုသလဲလို့ မေးပါရစေ”
ဝမ်ချောင်က မျက်လုံးကို တစ်ဝက်ခန့်သာ ပွင့်သည်ဟု ထင်ရလောက်အောင် မှေးကျဉ်းထားသည်။ သူ၏အမူအရာက ပို၍အေးစက်သွားသည်။ ဖုမန်လင်းချာက ထိုမျှထောင်လွှားမောက်မာပြီး ခြိမ်းခြောက်လိုသော လေထုအရှိန်အဝါကို ထုတ်လွှတ်ထားကတည်းက သူက ယဉ်ကျေးပြနေရန် မလိုအပ်တော့ချေ။
“မင်းက ဉာဏ်ကောင်းတဲ့လူပါ။ မင်းက အရင်တစ်ခေါက် မတော်တဆမှုကို ငါကဒီလောက်မြန်မြန် မေ့သွားမယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမဟုတ်လား။ ငါသာ မင်းနေရာမှာဆိုရင် ငါဝူရှန်းကနေ ချက်ချင်းခွာပြီး ဒီသံမဏိမြို့ကိစ္စကို အဆုံးသတ်လိုက်မှာပဲ”
ဖုမန်လင်းချာ၏ အကြည့်က အေးစက်နေသည်။ သူ၏မျက်နှာထားက ငြင်းဆန်ရန်မပြုကြောင်း ဖော်ပြနေသလို တင်းမာနေသည်။
ဝမ်ချောင်၏ တောက်ပမှုက မည်မျှထိန်လင်းနေစေကာမူ သူကမြို့တော်တွင် မည်မျှကြိုဆိုခံနေရစေကာမူ ဖုမန်လင်းချာ၏အရှေ့တွင် သူက လူငယ်လေးတစ်ယောက်ထက် မပိုချေ။
စီနိယာကျမှုအားဖြင့်ယှဉ်သော် သူတို့နှစ်ယောက်ကြား လီသောင်းကျော် ကွာဟချက်ရှိနေသေးသည်။ တစ်ဖက်တစ်ယောက်က အသက်ပင်မပြည့်သေးချေ။ ထို့ကြောင့် ဖုမန်လင်းချာအနေဖြင့် သူ့ကို ယဉ်ကျေးပြနေရန် မလိုအပ်ချေ။ ယဉ်ကျေးပြရန်လည်း မတွေးဖူးချေ။
“ဒါကမဖြစ်နိုင်ဘူး”
ဖုမန်လင်းချာ၏စကားက မဆုံးသေးခင် ဝမ်ချောင်က ပို၍ဆုံးဖြတ်ချက်ပြတ်သားသော လေသံဖြင့် ဖြတ်ပြောလိုက်သည်။ ထိုအခါ အပူချိန်က ရုတ်တရက် ထိုးတက်သွားသလို ဖြစ်သွားပြီး နှစ်ယောက်လုံးက သူတို့၏ဦးခေါင်းခွံကပင် ကြိမ်းတက်လာသည်ဆိုသော ခံစားချက်မျိုးကို ရကြသည်။ ထွက်လာသည့် တင်းအားက သူတို့၏ခန္ဓာကိုယ်ကိုပင် တုန်ယင်လာစေသည်။
မည်သူကမျှလည်း အင်ပါယာမှ အဓိကပုဂ္ဂိုလ်ကြီး နှစ်ယောက်လုံးက စတွေ့ချိန်မှာတင် ထိုမျှအထိ ရန်လိုနေမည်ဟု မမျှော်လင့်ထားကြချေ။ ထိုအဆင့်မှ ပုဂ္ဂိုလ်ကြီးများ ဒေါသထွက်လာသည့်အခါ ရှိနေကြသူတိုင်းက ကြောက်လန့်စွာ တုန်ယင်ဖြူဖျော့ကြရသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကိုယ်ပြောတဲ့စကားကို နားလည်ပါရဲ့လား။ ဝူရှန်းက ငါပိုင်တဲ့နယ်မြေ။ ငါက ငါပိုင်တဲ့နယ်မြေမှာ ငါမြို့တည်ဆောက်တာကို ဘာကြောင့်များ အရှင့်ရဲ့ခွင့်ပြုချက် လိုအပ်နေတာလဲလို့ သိပါရစေ။ နောက်ပြီး အရှင်က ငါ့ပိုင်နက်နယ်မြေက ကိစ္စကို စိုးရိမ်စရာ မလိုအပ်ဘူးလို့ထင်ပါတယ်”
ဝမ်ချောင်က အေးစက်စွာပြောသည်။
နှစ်ယောက်က ယခင်တစ်ခေါက်က မတော်တဆမှုကတည်းက ကတောက်ကဆ ဖြစ်ခဲ့ပြီးသားဖြစ်သည်။ ဝမ်ချောင်ကလည်း ဖုမန်လင်းချာက ဝူရှန်းတွင် သူ၏မြို့ကို လာတည်ဆောက်သည့်ကိစ္စကို အလွတ်မပေးကြောင်း သိထားပြီးထားဖြစ်သည်။ သို့သော် ဝမ်ချောင်အနေဖြင့် မမျှော်လင့်ထားသည်မှာ သူကထိုမျှစောစီးစွာလာပြီး ထိုမျှအထိ ခက်ထန်ကြမ်းတမ်းပြနေခြင်းဖြစ်သည်။
“ကောင်စုတ်လေး မင်းက အရမ်းမောက်မာလွန်းအားကြီးတယ်”
ဖုမန်လင်းချာက ရုတ်တရက် ရှေ့သို့ သူ၏စီးတော်မြင်းကို တက်သွားစေလိုက်ချိန်တွင် လေထုက ဖြတ်တိုက်လာသည်။ တချိန်ထဲတွင် သူက ခမ်းနားသော စွမ်းအင်များကို လွှတ်ထုတ်လိုက်သည်။ ထိုအခိုက် သူကိုယ်တိုင်က ကျယ်ပြောလွန်းသော တောင်တန်းတစ်လုံးဖြစ်သွားသလို သူ၏စွမ်းအင်များက ဆက်တိုက် မြင့်တက်လာပြီး ကျန်းတစ်ဆယ်ကျော် ဝန်းကျင်အတွင်းရှိ လေများကိုပင် ဝေဝါးစွာ မြင်နိုင်သည်အထိ ခပ်ကြမ်းကြမ်း တိုက်ခတ်လာစေသည်။ ထိုမျှအင်အားကြီးမားသော ဖိအားကလူတိုင်းကို အကြွင်းမဲ့ မွန်းကြပ်သွားအောင် လုပ်နိုင်သည်။
ဟီး ဟီး ဟီး ဟီး
ချန်းစန်းယွမ်နှင့် စုရွှတ်ရွှန်းတို့ကပင် ဖုမန်လင်းချာ၏ ဖိအားကို တောင့်ခံရန် ခက်ခဲလာသည်။ သူတို့၏ စီးတော်သားရဲများကပင် နောက်သို့ဆုတ်ကြသည်။
“အရှင်”
နှစ်ယောက်လုံးက ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားသည်။
စစ်တပ်အတွင်းရှိ စစ်မြင်းများက ဘယ်သောအခါမှ နောက်မဆုတ်ရန် ပြင်းထန်သော လေ့ကျင့်မှုများကို ကျော်ဖြတ်ခဲ့ရပြီးသားဖြစ်သည်။ သူတို့က သွေးပင်လယ်နှင့် ဓားတောင်ကို ရင်ဆိုင်ရသည့်အခါပင် နောက်မတွန့်ကြချေ။ သို့သော် ဖုမန်လင်းချာ၏ သတ်ဖြတ်ခြင်း အရှိန်အဝါက သိပ်သည်းလွန်းအားကြီးသောကြောင့် မည်သည့်စစ်မြင်းကမျှ မတောင့်ခံနိုင်ကြချေ။
ဟီး ဟီး ဟီး
အခြားတစ်ဖက်တွင် ချီရှီ၏ လက်ရွေးစင်များနှင့် စစ်မြင်းများက အလားတူ တုန့်ပြန်ကြသည်။ သို့သော် သူတို့က ဖုမန်လင်းချာကို အချိန်အတန်ကြာအောင် ခစားခဲ့သည့် ချီရှီမှ လက်ရွေးစင်များ ဖြစ်သည့်အလျောက် သူတို့၏မြင်းများကို နောက်သို့ ကြိုတင်ဆုတ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် ကျစ်ရစ်သူများက ဝမ်ချောင်နှင့် ဖုမန်လင်းချာဆိုသည့် ဗိုလ်ချုပ်ကြီးနှစ်ယောက်သာဖြစ်သည်။
ရန်သူနှစ်ယောက်က ကျဉ်းမြောင်းသောလမ်းတွင် တွေ့သောအခါ ပို၍ကြီးသောလူက အနိုင်ရတတ်သည်။ ဖုမန်လင်းချာက လွှတ်ထုတ်ထားသော အရှိန်အဝါက သာမာန်စစ်မြင်း စစ်သည်တော်များက တောင့်ခံနိုင်သည့် အဆင့်မဟုတ်ချေ။ ထိုအချိန်ကတင် နှစ်ယောက်ထဲတွင် မည်သူကသာကြောင်း ပြရန်လုံလောက်နေသည်။
ဝမ်ချောင်ကလည်း အင်ပါယာသိုင်းနယ်မြေ အဆင့်သို့ ရောက်ရှိခဲ့ပြီးသော်လည်း ဖုမန်လင်းချာကဲ့သို့ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကို ယှဉ်နိုင်ရန် အလှမ်းများစွာ ဝေးကွာနေသေးသည်။ အင်အားခြင်း ကွာခြားချက်က တစ်ချက်ကြည့်ရုံဖြင့် သိသာသည်။
“မျိုးမစစ်ကောင်”
ဝမ်ချောင်က လက်သီးတင်းတင်း ဆုပ်ထားသဖြင့် သူ၏လက်ဆစ်များကပင် အရိုးကွဲအက်သံများ ထွက်လာသည်။ ဖုမန်လင်းချာလုပ်မည့်ကိစ္စကို သူသည်လည်းသိသည်။ သူက လောက၏ မာရှယ်ကြီးတစ်ယောက် ဖြစ်ချိန်ကဆိုလျှင် ဖုမန်လင်းချာ၏ အကွက်က အသုံးဝင်လိမ့်မည်မဟုတ်ချေ။ သို့သော် ထိုအချိန်ကနှင့်ဆိုလျှင် ယခုအချိန်က ကွာခြားနေသည်။ သူက အင်ပါယာ၏ အဆင့်လွန် မဟာဗိုလ်ချုပ်ကြီးများကိုယှဉ်ရန် များစွာလိုအပ်နေသေးသည်။
သို့တိုင်အောင် ဝမ်ချောင်က မထိတ်လန့်သွားခဲ့ချေ။ သူ၏ညာလက်မှ လက်ညိုးနှင့် လက်ခလယ်ကိုဆန့်ကာ သူ၏မြင်း၏ သိပ်သည်းသော လည်ဆံမွှေးများထဲသို့ ထိုးသွင်းလိုက်ပြီး ထိုနေရာမှ အကြောအမှတ် တစ်ခုကိုဖိလိုက်သည်။ ထိုသို့ဖြင့် ဆက်တိုက်ဟီကာ ထိတ်လန့်နေခဲ့သောမြင်းက ရုတ်တရက် ငြိမ်သက်နေပြီး မျက်လွှာပင် ပြန်ချထားသည်။
ချီရှီမှ စစ်သည်တော်များ မဆိုထားဘိ ဖုမန်လင်းချာကိုယ်တိုင်ကပင် ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။ အပြောင်းအလဲက သူ့ကို မှင်သက်စေသည်။
ဖုမန်လင်းချာအနေဖြင့် ဝမ်ချောင်က သူ့ထက်အားနည်းကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် ဝမ်ချောင်က စစ်မြင်းကို တည်ငြိမ်အောင်လုပ်သည့် နည်းလမ်းပေါင်းများစွာရှိကြောင်း မသိထားခဲ့ချေ။
မြင်းတွင် အိပ်ချင်စိတ်ဝင်စေသော အကြောအမှတ် တစ်နေရာရှိသည်။ သင့်တင့်သော အင်အားကိုသာသုံးပြီး နှိပ်လိုက်မည်ဆိုလျှင် ထိုမြင်းကို စိတ်ငြိမ်စေနိုင်သည်။ ဒါက ရိုးရှင်းသော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
“ကောင်စုတ်လေး မင်းမှာလှည့်ကွက်ကောင်းတော့ ရှိသားပဲ”
ဖုမန်လင်းချာက ဒေါသတကြီး ပြုံးလိုက်သည်။ ထိုထဲတွင် သတ်ဖြတ်လိုစိတ်က ပိုပြင်းလာသည်။
“မင်းရဲ့အဖေပဲဖြစ်ဖြစ် မင်းရဲ့အစ်ကိုပဲဖြစ်ဖြစ် ငါ့ရှေ့မှာ ဒီလိုမမောက်မာရဲဘူး။ ငါမင်းကိုနောက်ထပ် အခွင့်အရေးပေးမယ်။ ငါမင်းကိုစဉ်းစားဖို့ ဆယ်ရက်အချိန်ပေးမယ်။ မြို့ကဒီနေရာမှာ ဒီတိုင်း ထပ်ရှိနေသေးရင် ငါ့ကိုရိုင်းတယ်လို့ အပြစ်လာမတင်နဲ့။ မှတ်ထား ဒါကမင်းရဲ့မြို့မဟုတ်ဘူး”
ထိုစကားလုံးများကို လေထဲတွင် မြည်ဟီးနေအောင် ချန်ထားရစ်ပြီးနောက် ဖုမန်လင်းချာက မြင်းကိုလှည့်ကာ နောက်သို့ထွက်သည်။
“နောက်ဆုတ်”
ထိုစကားလုံးတစ်ခွန်းကိုသာ အော်ဟစ်ပြီးနောက် ဖုမန်လင်းချာက အဝေးသို့ မြင်းကိုဒုန်းစိုင်း အပြေးနှင်သွားပြီဖြစ်သည်။ သူ၏အနောက်မှ ချီရှီကာကွယ်ရေးစစ်တပ်မှ လက်ရွေးစင်တိုင်းက သိပ်သည်းသော ဖုန်လုံးကိုသာ ချန်ထားရစ်ခဲ့ပြီး မြို့ထဲမှ လေးစားနေကြသော အကြည့်များအောက်တွင် သူတို့လာခဲ့သလို လျှင်မြန်စွာဖြင့် ထွက်ခွာသွားသည်။
“မျိုးမစစ်ကောင်”
ဖုမန်လင်းချာထွက်သွားပြီး သိပ်မကြာခင် ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က မြို့ပေါ်မှ ခုန်ချလာကြသည်။
“ဒါကနင့်ရဲ့ ပိုင်နက်နယ်မြေလေ။ သူတော်စင်ဧကရာဇ်ကိုယ်တိုင်က ချီးမြှင့်ထားတာ။ ဒါကိုဒီကောင်က ဘယ်လိုအာဏာနဲ့ ဒီလိုလာပြီး မောက်မာပြနေတာလဲ”
ပိုင်စစ်လင်၏ မျက်နှာက ဒေါသကြောင့်နီလာသည်။
“ဖုမန်လင်းချာက သူ့ကိုယ်သူ အရာအားလုံးရဲ့ အထက်မှာရှိနေသလိုမျိုး မောက်မာပြနေတာပဲ။ သူက ဒီတစ်ကြိမ် ဝမ်ချောင်ကို ကိုင်တွယ်ဖို့ရောက်လာတာ။ ဒါပေမဲ့ ဒါကသူ့ရဲ့ ပိုင်နက်နယ်မြေ ဖြစ်နေတော့ ငါတို့သူ့ကို ကိုင်တွယ်ဖို့က ခက်ခဲလိမ့်မယ်”
ကျောင်းရထုံကပြောသည်။ သူမက ပိုင်စစ်လင်ထက် ပို၍တည်ငြိမ်သည်။ ထို့ကြောင့် သူမက အကျိုးအကြောင်း တွေးနိုင်သည်။ သို့သော် သူမ၏ မျက်မှောင်ကလည်း စိုးရိမ်မှုအပြည့်ကြောင့် ကျုံ့နေသည်။
အစောပိုင်းတွင် ဖုမန်လင်းချာက အင်ပါယာ၏ ကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသေးပြီး မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်နေသည်။ ထို့ကြောင့် ဂုဏ်အဆင့်အတန်းခြင်း၊ အာဏာခြင်း၊ ရာထူးခြင်းယှဉ်သော် ဝမ်ချောင်ထက်မြင့်သည်။
ဒီနေရာက မြို့တော်နဲ့ အလွန်ဝေးကွာနေကတည်းက ဝမ်ကလန်၏ လွှမ်းမိုးမှုကလည်း နည်းပါးသွားသည်။ အနှစ်ချုပ်ဆိုရသော် ဖုမန်လင်းချာကသာ ဒီနေရာတွင် အစစ်အမှန်အာဏာကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ဝမ်ချောင်ကသာ သူ့ကိုရန်စခဲ့လျှင် ဒီနေရာတွင် ဆက်လက်ပြီး တိုးတက်မှုရရှိအောင်လုပ်ရန် ခက်ခဲသွားပေလိမ့်မည်။
“သူလုပ်ရဲတယ်”
ပိုင်စစ်လင်က ပို၍ဒေါသထွက်လာပြီး လေထဲတွင်ပင် ဒေါသအရှိန်အဝါများကို ထုတ်လွှတ်လာသည်။
“ကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက်က နယ်မြေတွေရဲ့ နိယာမတွေကို လျစ်လျူရှု့လို့ရလား။ ငါကတော့ သူရမ်းကားရဲမယ်လို့ မယုံပါဘူး။ တော်ဝင်ခုံရုံးမှာ တော်ဝင်အကဲဖြတ် လူကြီးမင်းတွေ အများကြီးရှိနေတာ။ အဲ့ဒီလူတွေက တစ်ယောက်ချင်းစီတိုင်းကို ခေါ်ထုတ်လိုက်ရုံနဲ့တင် ဒီကောင်ကိုသေအောင် သတ်လို့ရတယ်။ ဒီကောင်က ဒီလောက်ထိ မောက်မာရဲနေရင်တောင်မှ သူတော်စင်ဧကရာဇ်က သူ့ကို ခွင့်လွှတ်ပေးမှာတဲ့လား”
“သူကနေ့ခင်းကြောင်တောင်တော့ ပေါ်တင်ဘာမှ မလုပ်ရဲဘူးပေါ့။ ဒါပေမဲ့ အမှောင်ထဲကနေ မလုပ်ရဲဘူးဆိုတာကတော့ ပြောဖို့ခက်တယ်”
ထိုအသံကြောင့် ပိုင်စစ်လင်၏ မျက်ခုံးက ဒေါသကြောင့် မြင့်တက်သွားသည်။ ထို့ကြောင့် သူမက လှည့်ကြည့်သောအခါ ရင်းနှီးသောမျက်နှာကို မြင်လိုက်ရသည်။
“ဝမ်ချောင်”
ပိုင်စစ်လင်က ဝမ်ချောင်ကို မှင်သက်စွာကြည့်သည်။
“ဖုမန်လင်းချာကသာ တကယ်လှုပ်ရှားချင်ရင် သူအခု လုပ်သွားခဲ့လောက်ပြီ။ ဒါပေမဲ့ အခုလို ပြန်လှည့်သွားတာက သတိပေးတာပဲ။ နောက်ပြီး ခြိမ်းခြောက်တယ်လို့လည်း ပြောလို့ရတယ်။ အဆင့်လွန် မဟာဗိုလ်ချုပ်ကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့သူက နည်းလမ်းပေါင်းများစွာကို ပိုင်ဆိုင်ထားတယ်။ နည်းလမ်းပေါင်းများစွာကို သုံးလို့ရတယ်။ သံမဏိမြို့ရဲ့ တည်ရှိမှုက သူ့ရဲ့အဆင့်အတန်းကို ခြိမ်းခြောက်နေတော့ သူ့ကိုမသက်မသာ ဖြစ်စေမှာပေါ့”
ဝမ်ချောင်ကပြောသည်။
“ဒါကိုငါတို့က ဒီတိုင်း လျစ်လျူရှု့ပေးရမှာလား”
ပိုင်စစ်လင်က ဒေါသတကြီးပြောသည်။
ဝမ်ချောင်ကလည်း တိတ်ဆိတ်သွားသည်။ သူက အဆင့်သင့် မဖြစ်သေးချေ။ ယခုလို ကြပ်တည်းနေသော အချိန်က ဖုမန်လင်းချာနှင့် သူ၏ရန်လိုမှုကို ဖောက်ဖျက်ရန် ခက်ခဲစေသည်။
“အရှင်အမတ် ဘာလို့ဒီကိစ္စကို တော်ဝင်ခုံရုံးကို မတင်ပြတာလဲ။ ဒီလိုဆိုရင် သူ့ကိုပိုပြီး မထိန်းချုပ်နိုင်ဘူးလား”
နူးညံ့သောအသံတစ်သံက ဝင်ပြောလာသည်။
ဝမ်ချောင်က လှည့်ကြည့်လိုက်သောအခါ ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့ကလည်း မျက်ဝန်းထဲရှိ ဒေါသများကို ဖော်ပြနေကြောင်း မြင်လိုက်ရသည်။
“အသုံးမဝင်ဘူး အမှန်တကယ် ရမ်းကားသွားတာမျိုးမရှိဘဲ ငါတို့ရဲ့ တစ်ဖက်သတ် ပုံပြင်ကြောင့် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ဖုမန်လင်းချာက စကားနဲ့ပဲ ခြိမ်းခြောက်သွားခဲ့တာ။ သူတကယ် ဘာမှမလုပ်သွားခဲ့ဘူး။ ဒီတော့ တော်ဝင်အရာရှိ ဆင်ဆာလူကြီးမင်းတွေတောင် သူ့ကို မဆုံးမနိုင်ဘူး”
ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် တော်ဝင်ခုံရုံးမှ မူဝါဒများကို ကိုင်တွယ်ရခြင်းမဟုတ်ချေ။ သူ၏ဦးလေး ဝမ်ကန်းကိုယ်တိုင်ကိုယ်ကျ သူ့ကိုတချိန်လုံး မူဝါဒများနှင့်ပတ်သတ်သည့် ရေးရာတိုင်းကို နှလုံးသွင်းနိုင်ရန် ပြောပြထားခဲ့သည်။ ရလဒ်အနေဖြင့် ဝမ်ချောင်က ထိုစည်းမျဉ်းများကို ကောင်းကောင်းနားလည်နေသည်။ ထို့ကြောင့် ဒီနေ့ ဖုမန်လင်းချာ၏ အပြုအမူနှင့်ပတ်သတ်ပြီး အမှားရှာရန် ခက်ခဲနေကြောင်း ကောင်းကောင်း နားလည်နေသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက ချီရှီ၏ ကာကွယ်ရေးဗိုလ်ချုပ် အင်ပါယာ၏ မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသေးသည်။
အခန်း(၇၂၇)
တောင်ပေါ်ဒေသရဲ့ ခြိမ်းခြောက်မှု
“သူ့ကိုစိုးရိမ်မနေပါနဲ့။ ပြန်သွားရအောင် ဒါကငါ့ရဲ့ပိုင်နက်ပဲ။ ဖုမန်လင်းချာ ဘာလုပ်ချင်ချင် ကိစ္စမရှိဘူး။ သူဒီနေရာမှာ ဘာမှမလုပ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ ဒါကငါ့ရဲ့နယ်မြေ ဖြစ်နေလို့ပဲ”
ဝမ်ချောင်က နောက်ထပ် စကားများကို သူရဲကောင်းဆန်သော လေသံမျိုးဖြင့် ပြောလိုက်သည်။
ဒီနယ်မြေကို သူတော်စင်ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ သူ့အား ချီးမြှင့်ထားခဲ့ခြင်းဖြစ်သောကြောင့် ဝမ်ချောင်က ဒီပိုင်နက်နယ်မြေ တစ်ခုလုံးတွင် အာဏာအပြည့်အဝ ပိုင်ဆိုင်ထားသူဖြစ်သည်။ တော်ဝင်ကလန်မှ မည်သည့် အထက်တန်းလွှာများကိုပင် မဆိုထားဘိ တော်ဝင်ကလန်မှ အဖွဲ့ဝင်များကပင် ဒီနေရာတွင် လာရောက်ထိန်းချုပ်၍ မရချေ။ ဝမ်ချောင်က အထူးအခွင့်အာဏာကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။
ကြည့်ရတာ ကိစ္စတွေကို အရှိန်နှုန်းမြှင့်ရတော့မယ်။ ငါဖုမန်လင်းချာကို လာရှုပ်ခွင့်ပြုလို့မရဘူး။
ဝမ်ချောင်က စိတ်ထဲတွင် တွေးတောလိုက်ပြီး ဖုမန်လင်းချာ ထွက်သွားရာသို့ ကြည့်လိုက်သည်။
ဖုမန်လင်းချာ ပေါ်ပေါက်လာသော ကိစ္စက သူ့ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကို နေရာရွေ့ရမည့် ကိစ္စကို ပို၍ပြတ်သားသွားစေခဲ့သည်။ သို့မဟုတ်လျှင် အနာဂတ်တွင် သူ့ကို ထိုသို့ရန်ပွဲများက စောင့်ကြိုနေပေလိမ့်မည်။
လက်ကိုတစ်ချက် ယမ်းလိုက်ပြီးနောက် ဝမ်ချောင်က သံမဏိမြို့ထဲသို့ဝင်သည်။ သံမဏိမြို့က ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ယခင်အတိုင်း တည်ဆောက်သော အသံများက ကောင်းကင်တခွင် ဟိန်းထွက်နေသည်။
......
“အရှင် ကျွန်တော်တို့တကယ်ပဲ ဆယ်ရက်တောင် စောင့်ရမှာလား။ ဒီမျိုးမစစ်ကောင်ရဲ့ တည်ဆောက်မှု အရှိန်နှုန်းက မြန်ဆန်လွန်းအားကြီးတယ်။ ဒီဆယ်ရက်ထဲနဲ့ သံမဏိမြို့က ပြီးဆုံးသွားခဲ့ရင် ကျွန်တော်တို့ နောက်ကျသွားလိမ့်မယ်။ နောက်ပြီး အဲ့ဒီကောင်စုတ်က ရမ်းကားမောက်မာ ထောင်လွှားလွန်းတယ်။ ဝမ်ကလန်ရဲ့ အာဏာအဆင့်အတန်းကို မှီခိုရုံနဲ့ သူက အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို လေးစားမှုတောင် မပြသဘူး”
ဝမ်ချောင်က သူ၏မြို့သို့ ပြန်သွားချိန်တွင် ချီရှီကာကွယ်ရေးစစ်တပ်မှ လက်ထောက်ကလည်း စကားလုံးများကို မထိန်းနိုင်တော့ဘဲ အထွန့်တက်လိုက်သည်။
“ဟုတ်တယ်”
အခြားသော လက်ထောက်တစ်ယောက်ကလည်း သဘောတူသည်။ သူ၏မျက်နှာတွင် ဒေါသများက ပြည့်နှက်နေသည်။
“နားနောက်က အစိုဓာတ်တောင် မခြောက်သေးတဲ့ ကောင်လေးက အမတ်ဘွဲ့ရထားရုံနဲ့ အရှင်ကာကွယ်ရေး ဗိုလ်ချုပ်ကို ဒီလိုပြန်ပြောရဲနေတယ်။ ဒါပေမဲ့ အရှင်ကာကွယ်ရေးဗိုလ်ချုပ်က တစ်လာကလုံးအနှံ့ တိုက်ပွဲတွေကို ဆင်နွဲလာပြီး မဟာထန်အတွက် ကိစ္စကြီးတွေကို လုပ်ပေးခဲ့တာ။ အဲ့ဒီအချိန်ကဆို ဒီကောင်စုတ်က သားအိမ်ထဲမှာပဲရှိသေးတယ်။ ဝမ်ကလန်က လူတွေက သူတို့ကိုယ်သူတို့ သွေးနားထင်ရောက်နေကြတာပဲ”
သူတို့၏စကားများက ဖုမန်လင်းချာ၏ မျက်နှာကို ရှုံ့မဲ့သွားစေပြီး ပို၍ပင် မသက်မသာ ဖြစ်သွားစေသည်။
ဖုမန်လင်းချာကဲ့သို့သော လူမျိုးက ကြံစည်ထားသည့်အတိုင်း ကိစ္စများက မဖြစ်လာသည့်အခါ သူ့အနေဖြင့် ဒေါသထွက်လာသည်မှာ ပုံမှန်သာလျှင်ဖြစ်သည်။ ဝမ်ချောင်၏ ဆုံးဖြတ်ချက် ခိုင်မာမှုက သူမျှော်လင့်ထားသည်ထက်ပင် ကြမ်းတမ်းနေသေးသည်။
“တော်လောက်ပြီ”
ဖုမန်လင်းချာ၏ စကားလုံးများက သူ၏လက်ထောက် နှစ်ယောက်လုံးကို ထိတ်လန့်သွားစေသည်။
“ငါကဒီကောင့်ကို ဆယ်ရက်တောင် ပေးမယ်လို့ထင်လား။ ဒီကောင်ကသာ မသိတတ်ရင် ငါ့ကိုအပြစ် မတင်သင့်တော့ဘူး။ အာလော့နာ ကိစ္စတွေအားလုံး အဆင်သင့်ပဲလား”
“အရှင့်ကိုတင်ပြပါတယ် ကိစ္စတွေအားလုံးက အဆင်သင့်ပါပဲ။ အရှင့်ရဲ့အမိန့်ပဲ လိုအပ်တော့တာပါ”
ဟူချီရှီဗိုလ်ချုပ်တစ်ယောက်က ခေါင်းကိုငုံ့လိုက်သည်။ သူက အနက်ရောင်သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက လေးစားမှုအပြည့်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
“ဒါဆိုလည်း စလိုက်တော့”
ဖုမန်လင်းချာက အံ့ကိုကြိတ်ပြီး ပြောလိုက်သည်။ သူ၏မျက်ဝန်းထဲတွင် ကြမ်းတမ်းမှုများကို မြင်နိုင်သည်။
ဝုန်း
ထိုအခိုက် သံမဏိမြို့ထံမှ အံ့အားသင့်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ဆူညံသံကို ကြားသည့် ချီရှီစစ်သည်တော်တိုင်းက တိတ်ဆိတ်သွားကြသည်။ ဖုမန်လင်းချာ၏ မျက်နှာအမူအရာက ပို၍ပင် တင်းမာသွားသည်။
“သွားကြမယ်”
ထိုအမိန့်နှင့်အတူ ဖုမန်လင်းချာက သူ၏ချီရှီလက်ရွေးစင်များကို ဦးဆောင်ကာ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
......
ချီရှီက ပြန်လည်ငြိမ်းချမ်းသွားသော်လည်း ထိုတည်ငြိမ်မှုအောက်တွင် မမြင်ရသော မုန်တိုင်းက စတင်ကာ စွမ်းအင်များကို စုစည်းနေပြီဖြစ်သည်။
ချီရှီ၏အနောက်ဘက် လီရာပေါင်းများစွာ ဝေးကွာသော တစ်နေရာတွင် ကောင်းကင်ထိ ထိုးတက်နေသည်ဟု ထင်ရလောက်အောင် မြင့်မားသည့် တောင်ပေါ်ဒေသကြီးရှိသည်။ ထိုနေရာတွင် ကျယ်ပြောသော ချောက်ကမ်းပါးကြီးများကို လှမ်းမြင်အောင်ကြည့်နိုင်သည့် တောင်တန်းကြီးရှိသည်။ ထိုနေရာက ရှင်းလင်းပြီး မြင့်မားလွန်းသည့် နေရာကြီးတစ်ခု ဖြစ်နေသည့်တိုင်အောင် လူအများကမူ အဝေးကသာကြည့်နိုင်သည်။ အကြောင်းမူကား ထိုနေရာက တိဗက်များ၏ ပိုင်နက်နယ်မြေ ဖြစ်သောကြောင့်ဖြစ်သည်။
တောင်ပေါ်ဒေသမှ ပါးလျသောလေထုက လောက၏ လက်ရွေးစင်မြင်းတပ်ကို ခြိမ်းခြောက်မှုနှင့်အတူ သယ်ဆောင်ထားနိုင်သည်။ အယုတ်ရင်း အကြမ်းတမ်းဆုံး တူရကီများကပင် တိဗက်တောင်ပေါ်ဒေသကို ဘယ်သောအခါမှ သိမ်းယူရန် မကြိုးစားခဲ့ကြချေ။ ထိုအတွက်ကြောင့်လည်း တိဗက်များက သူတို့ကို ကောင်းကင်ဘုံက ချီးမြှင့်ထားသည့် လက်ဆောင်နယ်မြေကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြခြင်းဖြစ်သည်။
ကိုးလပိုင်း ရွှေရောင်ဆောင်းတွင်းကာလတွင် အပင်များက စိမ်းလန်းကာ အတက်စွမ်းအားအဖြစ် ဖြစ်နေလေပြီး တောင်ပေါ်ဒေသကလည်း သာယာဝပြောသော မြင်ကွင်းမျိုးကို ထုတ်ဖော်လာသည်။
ရုတ်တရက် မြေပြင်က ငလျှင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။ အစပိုင်းတွင် လေပြေတိုက်ခတ်သလို ညင်သာသော်လည်း တဖြည်းဖြည်းချင်း ပြင်းထန်သထက် ပြင်းထန်လာပြီး မြက်ပင်များကပင် ခပ်ကြမ်းကြမ်း ယမ်းခါကုန်သည်။
ဝှစ်
ကြောက်မက်ဖွယ်ကောင်းသည့် လေထုက တောင်ပေါ်ဒေသကို ဖြတ်တိုက်လာသည်။ အဝေးတစ်နေရာတွင် တိမ်စိုင်များက စုဝေးလာပြီး ဆူညံသံများကလည်း ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း တိဗက်မြင်းတပ် ထောင်ပေါင်းများစွာက အနက်ရောင်တိမ်စိုင်များအလား မဆုံးနိုင်အောင် လွှမ်းမိုးတော့မည့် ရေလိုမျိုး ကြောက်ရွံ့လေးစားဖွယ်ကောင်းပြီး ခြောက်ခြားဖွယ် အရှိန်အဝါအပြည့်ဖြင့် ချီတက်လာသည်။
တိဗက်တောင်ပေါ်ဒေသက တောင်ပေါ်မြေပြန့် တစ်ခုလုံးကို သိမ်းယူထားခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် ကန့်သတ်ချက် အများအပြားကို ရင်ဆိုင်နေရပြီး သဘာဝအားသာချက်ကြောင့် သူတို့စိတ်ကျေနပ်သလို မြင်းများကို ကဆုန်ပေါက် စီးနိုင်စွမ်းအားရှိသည်။ သူတို့ကလည်း ထိုကဲ့သို့ လွတ်လပ်သည့် အရသာကို တန်ဖိုးထားကြခြင်းဖြစ်သည်။
ဟီး ဟီး ဟီး
မရေမတွက်နိုင်အောင် များပြားသော တိဗက်မြင်းတပ်မှ မြင်းများက ဟီသံများကို ထုတ်လွှတ်သလို တိဗက်မြင်းတပ်က အော်ဟစ်သံများနှင့်အတူ ကဆုန်ပေါက်ပြေးစေသည်။ ထိုအသံက ရုတ်တရက် နဂါးတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး အခြားသော ဆူညံသံများကို ဖိနှိပ်လိုက်သလိုထင်ရသည်။ ကဆုန်ပေါက်သံများက ချက်ချင်းလိုလို ငြိမ်သက်သွားသည်။
ဝုန်း
ရုတ်တရက် အရှိန်အဟုန် ပြင်းထန်သည့် သန့်စင်လွန်းသော အဖြူရောင် တောင်ပေါ်မြင်းတစ်ကောင်က ရောက်ရှိလာသည်မှာ နဂါးသွေးကို သယ်ဆောင်ထားသည့် သားရဲတစ်ကောင်အလား ထင်ရသည်။ သူက လျှပ်စီးလက်လိုက်သလို အခြားသော မြင်းအုပ်ထဲမှ ခုန်ထွက်လိုက်ပြီး ရှည်လျားလွန်းသော ဖုန်လုံးများကိုသာ ချန်ထားရစ်ခဲ့သည်။
မြင်းပေါ်တွင် စီးနင်းသူက ထောင်ထောင်မောင်းမောင်းနှင့် လူထွားကြီးတစ်ယောက်ဖြစ်သည်။ သူက ခုနှစ်ပေကျော်ခန့်မြင့်ပြီး မုတ်ဆိတ်ထူကြီးကို ပိုင်ဆိုင်ထားသည်။ သူ၏မျက်လုံးက ရှည်လျားကာ ကျဉ်းမြောင်းပြီး ထက်ရှသည့်အလင်းကို လွှတ်ထုတ်နေသည်။ သူက ပတ်ဝန်းကျင်က လူများကို ကြောက်ရွံ့စေလောက်အောင် အရှိန်အဝါများကို လွှတ်ထုတ်နေသည်မှာ နတ်ဘုရားတစ်ပါးအလား ထင်ရသည်။
ဟီး ဟီး ဟီး
တစ်စက္ကန့်ထဲနှင့် နှင်းဖြူရောင်လည်ဆံမွှေးများနှင့် နတ်တောင်ပေါ်မြင်းနှင့် ကျောက်စိမ်းရောင် မြင်းခွာသံများက အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းဖြင့် အလွန်အမင်း မာကြောသော တောင်ပေါ်ဒေသကို ကျော်ဖြတ်သွားပြီး တိဗက်ဒေသ၏ အစွန်ပိုင်းတစ်နေရာတွင် ရပ်တန့်လိုက်သည်။
အနောက်တွင် ထောင်ကျော်သော တိဗက်တောင်ပေါ်မြင်းများက အရှိန်နှုန်းကို စနှေးလာသည်။ စစ်မြင်းများနှင့် သူတို့၏မြင်းစီးသူများ အားလုံးက လေးစားလောက်သော မျက်နှာထားများဖြင့် စောင့်ဆိုင်းနေကြသည်။
ယွီစန်း၏ တောင်ပေါ်မြင်းများက အနက်ပြောင် သို့မဟုတ် အနက်ရောင်ရောသော ပုံစံများဖြစ်တတ်ပြီး အဖြူစွတ်စွတ်ကရှားသည်။ ထို့ပြင် သူတို့၏မြင်းခွာက ကျောက်စိမ်းဖြူရောင် တောက်ပကာ ပို၍ခဲယဉ်းသေးသည်။ အရှေ့မြောက်ပိုင်း နယ်စပ်တောက်လျှောက် ကြည့်မည်ဆိုလျှင် ထိုကဲ့သို့သော နတ်မြင်းမျိုးကို စီးနင်းနိုင်သောလူက မဟာနှင်းတောင်တန်းမှ တစ်စုံတစ်ယောက်တည်းသာရှိသည်။
မြေပြန့်သိန်းငှက်၊ တုစုန့်မန်ဖော်ကျဲ့
လုံရှီ၏ ထယ်ကြီးစစ်တပ်နှင့် တိုက်ပွဲက အဆုံးသတ်သွားသည်မှာ မကြာသေးချေ။ ထို့ကြောင့် ယွီစန်းမှ မဟာဗိုလ်ချုပ်က ထိုနေရာတွင် ပေါ်လာမည်ဟု မထင်ထားလောက်ချေ။
“အဲ့ဒီကိုကြည့်လိုက် တောင်တန်းနဲ့ မြစ်ပြင်တွေက မိုးကုတ်စက်ဝိုင်းထိ ရောက်သွားတယ်”
တုစုန့်မန်ဖော်ကျဲ့က ရုတ်တရက် မြင်းအောက်သို့ငုံ့လျှက် တောင်ပေါ်ဒေသ အောက်ဘက်ပိုင်းသို့ ငုံ့ကြည့်သည်။
“ဘယ်လောက်တောင် လှလိုက်သလဲ”
သူ၏မျက်ဝန်းက စူးရှသည်။ သူက တောင်ပေါ်ဒေသတခွင် ကာရံထားသည့် တိမ်လွှာအထပ်ထပ်ကို ကျော်ဖြတ်ပြီး တောင်တန်းကန္တာရ မြစ်များအားလုံးကိုကျော်ကာ ဝေးကွာလွန်းသည့် တူရကီ မြေပြန့်ဒေသ မြက်ခင်းပြင်ဒေသအထိ မြင်နိုင်သည်နှင့်တူသည်။
လောကတခွင် တိဗက်တောင်ပေါ်ဒေသကဲ့သို့ ကောင်းကင်ဘုံက ကောင်းချီးပေးခံထားရသော နေရာမျိုးကို ပိုင်ဆိုင်ထားသည့် တိဗက်များ၏ လောကကို လွှမ်းမိုးချုပ်ကိုင်လိုသော ဆန္ဒက နိမ့်ကျခြင်းမရှိချေ။
“အရှင်မန်ဖော်ကျဲ့ ဒီနယ်မြေရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတာပါလား။ ဒါပေမဲ့ ငါကတော့ ဘာလို့ သတ်ဖြတ်ဖို့ကိုပဲ စိတ်ဝင်စားမိနေတာလဲ”
သူ၏အနောက်မှ အသံတစ်သံနှင့်အတူ နှေးကွေးသော မြင်းခွာသံကို ကြားလိုက်ရသည်။ နောက်ဘက် ထောင်ထောင်မောင်းမောင်း လူထွားတစ်ယောက်က ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က ဓားအိမ်ထဲမှ မထုတ်ထားသည့် ဓားတစ်လက်လို ထက်ရှသော်လည်း သွယ်လျပြီး အရှိန်အဝါကို ဖုံးကွယ်ထားသလို ထင်ရသည်။
သူ၏မျက်နှာက ပိန်ပါးပြီး သူ၏မျက်နှာမှ မျက်နှာကျပုံစံက ပန်းပုရုပ်တစ်ခုကို တမင်တကာ ထွင်းထုထားသလိုမျိုး ထက်မြတ်သည့် အရှိန်အဝါကို တမင်တကာ ထုတ်ဖော်နေသည်ဟု ထင်ရလောက်အောင် ထူးခြားသည်။ တုစုန့်မန်ဖော်ကျဲ့၏ ညင်သာကာ အဆင့်အတန်းမြင့်သည်ဟု ထင်ရသည့် အရှိန်အဝါနှင့်ယှဉ်သော် ထိုလူက ထုတ်ပေးသည့် အရှိန်အဝါက တင်းမာကာ ကြမ်းတမ်းနေသည်။
သူ၏အောက်တွင်လည်း နောက်ထပ် မြင်းဖြူရောင် နတ်မြင်းတစ်ကောင် ရှိနေသည်။ သို့သော် တုစုန့်မန်ဖော်ကျဲ့၏ စစ်မြင်းနှင့် မတူသည်မှာ ထိုမြင်း၏ခွာကနီနေသည်။ သွေးများကျနေသည့်အလား နီရဲနေခြင်းဖြစ်သည်။ ထိုစစ်မြင်း၏ ခွာများကိုမြင်သူတိုင်း ပြင်းထန်လွန်းသည့် မသက်မသာဖြစ်မှုကို ရပေလိမ့်မည်။
အမှန်တိုင်းဆိုရသော် ထိုပိန်ပါးသည့် မြင်းစီးသူကလည်း တူညီသည့် အရှိန်အဝါထက် ထင်မြင်ချက်ကို ထုတ်ပေးသည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်က ဖြာထွက်နေသည်။ ယွီစန်း၏ မြောက်ဘက်ပိုင်းတွင် တုစုန့်မန်ဖော်ကျဲ့နှင့် ယှဉ်နိုင်သည့် ထိုမျှ သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်နိုင်စွမ်း ရှိသောလူက တစ်ယောက်တည်းသာလျှင်ဖြစ်သည်။ သူက သာ့ယန်မာန်ပန့်ဖြစ်သည်။
ယွီစန်းတခွင်လုံးတွင် မဟာဗိုလ်ချုပ်အဆင့်သို့ ရောက်နိုင်သောလူများကို လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ရသည်။ သာ့ယန်မာန်ပန့်က မဟာဗိုလ်ချုပ်ကြီး မဟုတ်သေးသော်လည်း သူ၏ အဆင့်အတန်းက ယွီစန်းအင်ပါယာ တစ်ခုလုံးတွင် ထူးခြားပြီးသားဖြစ်ပြီး စန်းပေါ်နှင့် မဟာအမတ်ကြီးများကလည်း သူ့ကို အနာဂတ်၏ ဗိုလ်ချုပ်ကြီးအဖြစ် သတ်မှတ်ထားသည်။
သူ၏အင်အားကို တုစုန့်မန်ဖော်ကျဲ့နှင့် မယှဉ်နိုင်သော်လည်း ကွာခြားချက်က သိသာနေခြင်း မရှိတော့ချေ။
သူတို့နှစ်ယောက်က ယွီစန်း၏ မြောက်ပိုင်းနယ်မြေ၏ ကလန်ကြီးနှစ်ခုမှဖြစ်ပြီး သာ့ယန်ကလန်နှင့် တုစန့်ကလန်တို့မှဖြစ်သည်။ ထိုနှစ်ခုလုံးက အလွန်အမင်း အင်အားကြီးမားသည့် ကလန်ကြီးများဖြစ်သလို နှစ်ကာလကြာရှည်ပြီး အုတ်မြစ်က ခိုင်မာသည်။ တိဗက်တွင် မာန်ပန့်ဆိုသည်မှာ သူရဲကောင်းကို ကိုယ်စားပြုပြီး ပါရမီကြီးသူ၊ သတ္တိကြီးသူ၊ ရဲရင့်သူကိုလည်း ကိုယ်စားပြုသည်။
ထိုအချက်ကတင် သာ့ယန်မန်ပန့် နာမည်ပေးခံရသောလူ၏ အင်အားကို ခန့်မှန်းကြည့်နိုင်သည်။
ထိုအချက်အပြင် သူ၏သွေးခွာ တောင်ပေါ်မြင်းဆိုသည့် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ ထိုမြင်းကိုစီးနင်းနိုင်သည့် စွမ်းရည်နှင့် ဂူဘုရားကျောင်း၏ အသိအမှတ် ပြုခံရမှုကတင် သူ၏ခွန်အားကို သက်သေပြပြီးသားဖြစ်သည်။
ယွီစန်းတွင် သွေးခွာတောင်ပေါ်မြင်းကို စီးနင်းနိုင်သော လူများက ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်သည်။ ထိုအရာက သတ်ဖြတ်မှုဖြစ်သည်။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ သွေးခွာတောင်ပေါ်မြင်းက အလွန်အမင်း သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ ပြင်းထန်သိပ်သည်းလွန်းသောလူကို ပေးအပ်သည်။
သာ့ယန်မာန်ပန့်က သူ၏ဘဝကို ကျော်ဖြတ်ခဲ့ပုံက တုစုန့်မန်ဖော်ကျဲ့နှင့် ကွာခြားသည်။ သူက သာမာန် စစ်တပ်ထဲတွင် ကြီးပြင်းလာပြီး သာမာန်စစ်တပ်မှ ဝင်္ကပါပုံစံနှင့် ကျင့်သားရခဲ့သူမဟုတ်ချေ။ သာ့ယန်မန်ပန့်၏ ကျွမ်းကျင်မှုက လုပ်ကြံသတ်ဖြတ်မှုတွင်ဖြစ်သည်။
ယွီစန်းတွင် နယ်စပ်၏ တိုင်းပြည်ပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး ပါလာအကြီး၊ အသေး၊ ရွှတ်တိုင်းပြည်ကြီး၊ ခံတိုင်းပြည်ကြီး၊ တာခါရာနှင့် အခြားသောတိုင်းပြည်များဖြစ်သည်။ ထိုတိုင်းပြည်လေးများမှ ကျော်ကြားသော ဗိုလ်ချုပ်ကြီးများစွာရှိသော်လည်း သူတို့အားလုံးက သာ့ယန်မန်ပန့်၏ လက်ထဲတွင် သေဆုံးခဲ့ရသည်။
အနောက်ပိုင်းတိုင်းပြည်များတွင် သာ့ယန်မန်ပန့်တွင် အခြားနာမည်တစ်ခု ပိုင်ဆိုင်ထားသည်။ ထိုနာမည်က သေဆုံးခြင်းနတ်ဘုရားဖြစ်သည်။
“ဟား ဟား ငါကစန်းပေါ်နဲ့ အင်ပါယာအတွက် ဒီနယ်မြေတွေကို ဘယ်လိုသိမ်းယူရမလဲလို့ စဉ်းစားနေချ်ိန်မှာ မင်းကတော့ ဒီနယ်မြေပိုင်ရှင်တွေကို သတ်ဖြတ်ဖို့ တွေးတောနိုင်တယ်။ ငါတို့နှစ်ယောက်လုံးက သတ်ဖြတ်ပြီး ဒီနယ်မြေတွေကို အရယူမယ်။ သူက နှစ်ယောက်လုံးလုပ်ဆောင်လို့ ရနေတာပဲမဟုတ်လား”
တုစုန့်မန်ဖော်ကျဲ့က ခေါင်းပင်မလှည့်ဘဲ ပြန်ဖြေသည်။
တုစုန့်ကလန်နှင့် တာ့ယန်ကလန်တို့က အချိန်ကာလ များစွာကြာအောင် မိတ်ဆွေကလန်ကြီးများ ဖြစ်နေခဲ့ကြသည်။ ထို့ကြောင့် တုစုန့်မန်ဖော်ကျဲ့က တာ့ယန်မာန်ပန့်နှင့် ရင်းနှီးပြီးသားဖြစ်သည်။ ထို့ပြင် ပထမဦးဆုံးအကြိမ် အလုပ်အတူ ပေါင်းလုပ်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် အခြေအနေကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာကြောင်း သိနိုင်သည်။
“သတင်းက ယုံကြည်လို့ရလား”
တာ့ယန်မန်ပန့်က တုစုန့်မန်ဖော်ကျဲ့အနားသို့ မြင်းကိုစီးလာသည်။ သူတို့နှစ်ယောက်လုံးက ကန္တရများ၊ တောင်တန်းများကို ကျော်လွန်ပြီး အဝေးရှိ မြေပြန့်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းက အနည်းငယ် ကျဉ်းမြောင်းသွားပြီး အေးစိမ့်ဖွယ်ကောင်းသော အရှိန်အဝါကို လွှတ်ထုတ်သည်။ သူက သားကောင်ကို ချောင်းနေသည့် သိန်းငှက်တစ်ကောင်လို အချိန်မရွေး ခုန်အုပ် ရိုက်နှက် ထိုးဖောက် စားသောက်တော့မည့်အလား ထင်ရသည်။ သူ၏အမြင်တွင် မည်သည့်ပြိုင်ဘက်မှ မရှိချေ။ သားကောင်သာရှိသည်။
“ဖုမန်လင်းချာက မြေခွေးအိုကြီးပဲ။ သူနောက်ပိုင်းနယ်မြေတွေကို ကိုင်တွယ်ဖို့ အချိန်ယူထားတဲ့အချိန်မှာ ဝတ်စုံဖြူအာရပ်ရဲ့ စစ်တပ်ကို အကွက်ချနိုင်ခဲ့တယ်။ ချီရှီက အမြဲတစေ ခုခံဖို့ပဲ အားစိုက်ထားလို့ ရေတစ်စက်တောင် ဖောက်မဝင်နိုင်ခဲ့ဘူး။ သူ့အတွက် ရုတ်တရက် တပ်စုတွေကို ဖြေလျော့ပေးလိုက်တာက ငါတို့ယုံကြည်ဖို့ ထိုက်တန်ပါ့မလား”
“မဟုတ်ဘူး တော်ဝင်မဟာဗိုလ်ချုပ်ကို နားလည်ဖို့ကလွယ်တယ်။ ဖုမန်လင်းချာက ထင်လောက်အောင် မရိုးရှင်းဘူး။ ဒါပေမဲ့ ဒါက အတုအယောင်တော့ မဟုတ်ဘူး။ အရင်တစ်ခေါက် မတော်တဆမှုမှာ ဖုမန်လင်းချာက မှတ်တမ်းလွှာတင်သွင်းပြီး အဲ့ဒီကောင်လေးကို ခိုင်းခဲ့တယ်။ ဒီကိစ္စက တစ်လောကလုံး သိလောက်အောင် ပွက်လောရိုက်သွားစေခဲ့တဲ့ ကိစ္စပဲ။ အခု အဲ့ဒီကောင်လေးက ချီရှီကို ခေါင်းပေါ်မှာလည်း ဝင်ရောက်လာခဲ့ပြီး ဝူရှန်းမှာတောင် မြို့လာတည်ဆောက်နေတယ်။ ဆိုတော့ ဖုမန်လင်းချာရဲ့ မျက်စိအောက်မှာ လာကပြသလိုဖြစ်နေပြီ။ ဒါက ဘယ်လိုကြည့်ကြည့် စိန်ခေါ်နေတယ်ဆိုတာ သိသာနေတာပဲ။ သူ့ရဲ့ခေါင်းမာတဲ့ စရိုက်နဲ့ဆိုရင် ဒီကောင်ရဲ့ အစာအိမ်ထဲမှာ ဒေါသတွေ မပြည့်နေမှသာ ထူးဆန်းနေလိမ့်မယ်”
တုစုန့်မန်ဖော်ကျဲ့က သူ၏ထူထည်းလွန်းသော ပုဆိန်ကြီးကို တစ်ချက်သပ်လိုက်သည်။ သူ၏တစ်ဝက်သာ ဖွင့်ထားသော မျက်ဝန်းနှင့်အတူ သူ၏မျက်နှာတွင် ဖျော့တော့သည့်အပြုံးက ပေါ်လာသည်။
အခန်း(၇၂၈)
ပုန်းကွယ်နေတဲ့ အန္တရာယ်
ယွီစန်းက မဟာထန်၏ အနောက်မြောက်ပိုင်း ချီရှီမှ ဖြစ်ပွားနေသော အရှုပ်အထွေးများအတွင်းသို့ ဝင်ရောက်ကာ အောင်ပွဲခံဆင်နွဲမည် မဟုတ်သော်လည်း အမြဲတစေ တချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေမည်ဖြစ်သည်။ ကောင်းရှန်းကျစ်၊ ဖန်းချန်းချင်၊ ဖုမန်လင်းချာနှင့် လုံချီ၏ ခဲ့ရှု့ဟန်တို့က မဟာထန်နှင့် ယွီစန်းတို့၏ ရှည်လျားသော နယ်စပ်ကြား အခြေစိုက်လျှက် တည်ရှိနေသည်မှာ ကြာလှပြီဖြစ်သည်။ ထိုသူများက မဟာထန်၏ မဟာဗိုလ်ချုပ်များ ဖြစ်ကြသလို သုံးယောက်မကသော ပုဂ္ဂိုလ်ကြီးများက ဝိုင်းကာ စောင့်ကြပ်နေကြသည်။
ပုံမှန်အခြေအနေမျိုးတွင် ယွီစန်းကလည်း ကြိုတင်ပြင်ဆင်မှုများလုပ်ပြီး လုံလောက်သော စစ်သည်အင်အားကို မစုဆောင်းနိုင်သမျှ အလျင်စလို လှုပ်ရှားရဲလိမ့်မည်မဟုတ်ချေ။
သို့သော် မဟာထန်မှ နောက်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက် ရောက်လာသောကိစ္စက အနာဂတ် မဟာထန်အတွက် မဟာဗိုလ်ချုပ် ရှစ်ယောက်ဖြစ်သွားနိုင်စေသော အခွင့်အရေး ဖြစ်နေလေရာ ယွီစန်းက ရုတ်တရက် အခွင့်အရေးကို ရလိုက်သည်။ အမှန်တိုင်းဆိုရသော် တုစုန့်မန်ဖော်ကျဲ့နှင့် သာ့ယန်မာန်ပန့်တို့က ငါးစာ၏အနံ့ပင် ရသောကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ ဖုမန်လင်းချာကလွဲပြီး မည်သူကမျှ ထိုငါးစာကို မဟပ်နိုင်ချေ။
“ဟမ့် သူကဉာဏ်ကောင်းသားပဲ။ ငါက အခြားသူတွေချတာ ခံရတာကို မကြိုက်ပေမဲ့လည်း အဲ့ဒီမျိုးမစစ်ကောင်သာဆိုရင်... ငါတစ်ခါလောက် အသုံးချခံရလည်း ကိစ္စမရှိဘူး။ စန်းပေါ်နဲ့ မဟာအမတ်ကြီးတို့ကလည်း အလားတူပဲ တွေးလိမ့်မယ်”
သာ့ယန်မာန်ပန့်ကဆိုသည်။
ထိုသို့ဖြင့် လေထုက ချက်ချင်း တင်းကြပ်သွားသည်။ တုစုန့်မန်ဖော်ကျဲ့ကလည်း ပါးစပ်ကိုပိတ်သည်။ သူက စကားဆက်မပြောတော့ချေ။
ယွီစန်းအင်ပါယာတွင် ဝမ်ချောင်ဆိုသောနာမည်က အနောက်တောင်ပိုင်းမှ စစ်ပွဲကြောင့် မပြောရဟု တားမြစ်သော စကားတစ်ရပ်ဖြစ်လာသည်။ တောင်ပေါ်မှကပ်ဘေးကို ဝမ်ကလန်မှ အငယ်ဆုံးသားက ဖြန့်ခဲ့သည်။ သို့တိုင်အောင် ယခုအချိန်ထိ ထိုကပ်ဘေးက အဆုံးမသတ်သေးချေ။
နာ့ယိတော်ဝင်တပ်ရင်းမှ မြင်းတပ် သိန်းပေါင်းများစွာကို ဖုန်ဖြစ်အောင် နင်းချေသွားခဲ့ပြီး ယခုအခါ တော်ဝင်တပ်ရင်းက သုံးခုအဖြစ် ပြောင်းသွားသည်။ ပုံနေခဲ့သော အလောင်းတောင်က ထိုလူ၏ နာမည်ကိုသာ ကျော်ကြားရန် အုတ်မြစ်ဖြစ်ပေးခဲ့ရသည်။
နာ့ယိမဟာအမတ် သာ့လွန်ရော့ကျန်းဆိုသည့် သူ၏ဉာဏ်ပညာထက်မြတ်မှုနှင့် သတ္တိကြောင့် တစ်လောကလုံးအနှံ့ ကျော်ကြားပြီး လေးစားခံရသော လူကပင် ထိုကိစ္စကြောင့် စန်းပေါ်က အမြတ်ထွက်ပြီး ထောင်တွင် အကျဉ်းချလိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။
မဟာထန်၏ ကျော်ကြားသော ဗိုလ်ချုပ်များထဲတွင် လူအနည်းစုကလွဲပြီး မည်သူကမှ ယွီစန်း၏ သမိုင်းကို ထိုမျှအထိ ထင်မှတ်ရလောက်အောင် မလုပ်နိုင်ခဲ့ချေ။ ဝမ်ချောင်တစ်ယောက်သာ ထိုမျှအထိ ထိုးနှက်နိုင်ခဲ့သည်။ ထိုမျှကျော်ကြားပါသည့် ဗိုလ်ချုပ်ကြီးများကပင် ဝမ်ချောင်လုပ်သလောက် မလုပ်ခဲ့ချေ။ ဝမ်ချောင်ကဲ့သို့ တောင်ပေါ်ဒေသကို ရောဂါမဖြန့်ခဲ့ချေ။ ထို့ကြောင့် တိဗက်ဗိုလ်ချုပ်ကြီးများက ဝမ်ချောင်အပေါ် ကျိန်ဆိုထားကြသည့် အကြောင်းအရာများကို အလွယ်တကူ ခန့်မှန်းကြည့်နိုင်သည်။
ဝမ်ချောင်က ဝူရှန်းတွင် မြို့လာဆောက်ကြောင်း ကြားသည့်အခါ ထိုနေရာက တောင်ပေါ်ဒေသ မြောက်ပိုင်းနယ်စပ်နှင့် လီရာဂဏန်းသာ ဝေးကွာနေသဖြင့် ဖုမန်လင်းချာက ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်ကြောင်း ယွီစန်းများက သိနေသည့်တိုင်အောင် သူတို့က ငါးစာကို ဟပ်ချင်ကြသေးသည်။
“ဟန်တွေမှာ ဆိုရိုးစကားရှိတယ်။ အထက်တန်းလွှာတစ်ယောက်က ကလဲ့စားချေဖို့အတွက် ဆယ်နှစ်စောင့်လည်း မနောက်ကျဘူးတဲ့။ ဒါပေမဲ့ ငါတို့စစ်သည်တော်တွေကတော့ အဲ့ဒီလောက်ထိ မစောင့်နိုင်ဘူး”
တုစုန့်မန့်ဖော်ကျဲ့ကပြောသည်။ သူ၏မျက်နှာထားက တင်းမာနေသည်။
“ထန်တွေကြားက အတွင်းပိုင်း ထိုးနှက်ချက်က ငါတို့အတွက် ရှားပါးတဲ့ အခွင့်အရေးပဲ။ ခဲ့ရှု့ဟန်က ငါတို့ဒီနေရာကို ရောက်နေမှန်း မသိလောက်သေးဘူး။ ဒီတော့ ငါတို့ဒီနေရာမှာ ဒီအခွင့်အရေးကိုယူပြီး ဝမ်ကလန်ရဲ့ အဲ့ဒီဆက်ခံသူကောင်ကို ရှင်းလင်းပစ်ရမယ်။ အနာဂတ်မှာ ခြိမ်းခြောက်နိုင်တဲ့ ရန်စွယ်တိုင်းကို ဖယ်ရှားရှင်းလင်းမယ်။ ဝမ်ကလန်က အငယ်ဆုံးသားကိုသာ အရွယ်ရောက်ခွင့် ပြုလိုက်ရင် ငါတို့ယွီစန်းအတွက် နှစ်နှစ်၊ သုံးနှစ်လောက် ဒုက္ခရောက်သွားစေမဲ့ ကပ်ဘေးကြီး ဖြစ်လာတော့မှာမဟုတ်ဘူး။ မဟာထန်က နောက်ထပ် မဟာတော်ဝင် ဗိုလ်ချုပ်ကြီးကို ထပ်ရသွားလိမ့်မယ်။ ဘယ်လိုနည်းနဲ့မဆို ငါတို့က ဒီကောင်ကို လွှတ်ပေးထားလို့မရဘူး။ သူ့ကို အဲ့ဒီသံမဏိမြို့ကို အခြေစိုက်စခန်းအဖြစ်ယူပြီး အနောက်တောင်ပိုင်းကို ထောက်ပံ့ကာကွယ်ပေးထားမဲ့ ဖြစ်ရပ်ကို ဖြစ်စေခွင့်ပြုလို့မရဘူး”
တုစုန့်မန်ဖော်ကျဲ့က ဝမ်ချောင်ကို သတ်ချင်သည်မှာ နာ့ယိတော်ဝင်တပ်ရင်းမှ စစ်သည်တော် နှစ်သိန်းကျော်အတွက် လက်စားချေချင်၍ဖြစ်သည်။ အခြားသော အကြောင်းပြချက်ကမူ စန်းပေါ်က အလွန်အမင်း မသက်မသာ ဖြစ်နေသောကြောင့်ဖြစ်သည်။
ဝမ်ကလန်မှ အငယ်ဆုံးသားက ထိုမျှအထိ စိုးရိမ်စိတ်ကြီးအောင် လုပ်နိုင်သည်။ ထို့ပြင် ခန့်မှန်းရအခက်ဆုံး ကိစ္စကြီးလည်း ဖြစ်နေသေးသည်။ သူက အ့ဟိုင်တွင် တည်ဆောက်ခဲ့သည့် ခြင်္သေ့မြို့ကိစ္စကတင် တိဗက်များအနေဖြင့် သူကဝူရှန်းတွင် မြို့လာဆောက်သည်မှာ သူ၏ပိုင်နက်နယ်မြေကြောင့် သပ်သပ်မဟုတ်ကြောင်း ခံစားမိစေသည်။
“အဆင်သင့်ပြင်ကြ ဒီအခွင့်အရေးကိုသုံးပြီး သာ့လွန်ရော့ကျန်းနဲ့ အခြားလူတွေအတွက် ကလဲ့စားချေမယ်။ ဒီကောင့်ကို ရှင်းလင်းသုတ်သင်မယ်။ ဖုမန်လင်းချာကတော့ ငါတို့အဲ့ဒီမြေခွေးအိုကြီးကို မျက်စိဒေါက်ထောက်ကြည့်ဖို့ လိုအပ်နေသေးတယ်။ ငါသူ့ကို စောင့်ကြည့်နေမယ်”
တုစုန့်မန်ဖော်ကျဲ့က ထိုသို့ဖြင့် သူ၏မြို့ကို ခပ်မြန်မြန် ချာကနဲပြန်လှည့်ကာ လာရာလမ်းအတိုင်း ပြန်စီးသည်။
“ဟမ့်”
သာ့ယန်မာန်ပန့်က တောင်ပေါ်ဒေသ၏ အစွန်အဖျား တစ်နေရာမှ အောက်သို့ ငုံ့ကြည့်လိုက်ပြီး မိုးကုတ်စက်ဝိုင်းတည့်တည့် ကျော်ဖြတ်ကာ ထူထည်းကာ သိပ်သည်းသည့် တိမ်စိုင်များကို ထိုးဖောက်လိုက်သည်။ သူက လျို့ဝှက်ဆန်းကြယ်စာ ရယ်မောလိုက်ပြီးနောက် သူ၏မြင်းကိုပြန်လှည့်ကာ အဝေးတစ်နေရာသို့ အပြေးနှင်သည်။ ထိုသို့ဖြင့် ထိုနှစ်ယောက်က လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။
......
“ဝမ်ချောင် နင်နောက်ထပ် ဘာတွေကိုထပ်ပြီး ပြင်ဆင်မှာလဲ။ ဆယ်ရက်က ခပ်မြန်မြန် ကုန်သွားလိမ့်မယ်။ နင်တကယ်ပဲ နောက်ဆုတ်ဖို့ ကြံစည်နေတာလား။ ဒါမှမဟုတ် နင်သူ့ကို အတိုက်အခံ ရင်ဆိုင်မှာလား။ ဒါပေမဲ့ ဖုမန်လင်းချာက ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ်နော်”
မြင့်မားသော တောင်ပေါ်မြို့ရိုးပေါ်တွင်ရှိသည့် ပိုင်စစ်လင်က ဝမ်ချောင်နောက်မှ တကောက်ကောက် လိုက်နေသည်။ သူမ၏ အနက်ရောင် မျက်ခုံးများက ဆက်တိုက်ကျုံ့နေသည်။ ဖုမန်လင်းချာ ထွက်သွားပြီးကတည်းက ပိုင်စစ်လင်က အလွန်အမင်း စိုးရိမ်နေသည်။ သူမ၏ နှလုံးသားက စိုးရိမ်မှုများကြောင့် လေးလံလာသည်။
သူမက ဖုမန်လင်းချာ၏ လုပ်ဆောင်မှုကြောင့် ဒေါသထွက်ရသလို အလွန်အမင်း အရှက်မဲ့လွန်းသူဟုလည်း ခံစားနေရသည့်တိုင်အောင် တစ်ဖက်သူက တော်ဝင်မဟာဗိုလ်ချုပ်ကြီး ဖြစ်နေသေးပြီး ချီရှီမှ အာဏာအကြီးဆုံး ဗိုလ်ချုပ်ကြီးဖြစ်နေကြောင်း သိနေသည်။ ထို့ကြောင့် သူ၏စကားလုံးများကို အထင်မသေးနိုင်ချေ။
ဝမ်ချောင်က ကျောနောက်သို့ လက်ပစ်ထားသည်။ သူကမျက်နှာသေဖြင့် ပြောသည်။
“ဘာမှထိပ်တိုက်ရင်ဆိုင်စရာ မလိုသလို သူနဲ့လည်း ထိပ်တိုက်တွေ့စရာ မလိုသေးဘူး။ အရာအားလုံးက ဖြစ်လာသင့်တဲ့ အရာတွေပဲ”
ပိုင်စစ်လင်က စိုးရိမ်တကြီးဖြစ်ကာ ပူပန်သောက ရောက်နေချိန်တွင် ဝမ်ချောင်ကမူ ဘာမှမဖြစ်ခဲ့သလိုမျိုး ထိုအတိုင်းသာ ဆက်လက်ပြုမူနေသည်။
“ငါဝူရှန်းကနေ နောက်ဆုတ်သွားလို့မရဘူး။ သူကလည်းငါ့ကို အဲ့လိုလုပ်ခွင့် ပြုမှာမဟုတ်ဘူး။ ဆယ်ရက်ဆိုတာက ဒီတိုင်း သူဒီနေရာမှာ ပြောသွားတဲ့အချိန်ပဲ။ ဒါပေမဲ့ သူကငါ့ကို ဆယ်ရက် အချိန်ပေးမှာမဟုတ်ဘူး”
“အာ”
ပိုင်စစ်လင်က ကြောင်သွားသည်။ ထို့နောက် သူမက တည်ငြိမ်သော ဝမ်ချောင်၏ မျက်နှာထားကို ကြည့်လိုက်ပြီးနောက် ဒေါသထွက်သွားသည်။ ဒါဆိုရင် နင်ကဘာလို့ ဒီလောက်ထိ တည်ငြိမ်နေတာလဲ။
“ဟား ဟား စိတ်အေးအေးထားပါ။ သူက ဘောင်ကျော်ပြီးတော့ ဘာမှမလုပ်ရဲဘူး။ ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ်က ချီရှီကိုပဲ စိုးရိမ်နေနိုင်လိမ့်မယ်။ သူကငါ့ရဲ့ ပိုင်နက်နယ်မြေကို လာပြီးကိုင်တွယ်လို့ မရဘူး။ ပိုဆိုးတာက ငါကမစိုးရိမ်ဘူးဆိုပေမဲ့ ဘာမှမလုပ်ဘူးလို့ မဆိုလိုဘူးလေ”
ဝမ်ချောင်က ခေါင်းလှည့်ကာကြည့်သည်။ သူ၏နှုတ်ခမ်းက ကော့တက်ပြီး ဖျော့တော့သောအပြုံး ပေါ်ပေါက်လာကာ ပိုင်စစ်လင်ကိုကြည့်သည်။ ပိုင်စစ်လင်နှင့် အချိန်အတန်ကြာ အတူရှိပြီးနောက် သူမ၏ စိုးရိမ်သောကရောက်ပြီး ဒေါသထွက်နေသော ပုံစံလေးက သဘောကျစရာ ကောင်းသည်ဟုလည်း ခံစားလာရသည်။
ပိုင်စစ်လင်က တခဏခန့် အေးခဲကြောင်အသွားပြီး သူ၏အကြံအစည်ကို မေးမြန်းတော့မည့် အချိန်တွင် မြင်းခွာသံများက နှောက်ယှက်လိုက်သည်။ မြောက်ဘက်ပိုင်းမှလာသည့် မြင်းစီးသမား တစ်ယောက်က တိမ်စိုင်ဖုန်လုံးကို ချန်ထားရစ်ခဲ့ပြီး အဝေးမှတင် သူကအော်နေသည့် အသံကို ကြားရသည်။
“သတင်း”
မြို့ဂိတ်ကို ကျော်ဖြတ်ပြီးနောက် မြင်းစီးသမားက ချက်ချင်းလိုလို မြင်းပေါ်မှဆင်းကာ မြို့ရိုးနံရံပေါ်သို့ အပြေးတက်လာသည်။ ထို့နောက်သူက လက်သီးကိုဆုပ်ကာ ဒူးတစ်ဖက်ထောက်ချကာ လျှောက်တင်သည်။
“အရှင်အမတ် ဒီလက်အောက်ငယ်သားက အရှင့်ရဲ့အမိန့်အတိုင်း စုံစမ်းပြီးလို့ ပြန်လာပြီး သတင်းပို့တာပါ”
“ဘယ်လိုလဲ”
ဝမ်ချောင်က ကျောနောက်မှလက်ကို ဆုပ်လိုက်သည်။
“အရှင်အမတ်ကို သတင်းပို့ပါတယ်။ ကျွန်တော်တို့ ချီရှီကာကွယ်ရေးဌာနချုပ်ထိသွားပြီး စုံစမ်းစစ်ဆေးပြီးပါပြီ။ အရာအားလုံးက ပုံမှန်အတိုင်းပါပဲ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကလည်း ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ မလုပ်ခဲ့ပါဘူး”
ဒူးထောက်နေသည့် မြင်းစီးသမားကဆိုသည်။ ထို့နောက် ဝမ်ချောင်က ဆက်မေးသည်။
“ဒါဆိုရင် ချီရှီနဲ့ ယွီစန်းကြားက နယ်စပ်ကဘယ်လိုလဲ”
ဝမ်ချောင်ကမေးသည်။
“အရှင်အမတ်ကို တင်ပြပါတယ်။ အခြားညီအစ်ကိုတွေက သွားပြီး စုံစမ်းစစ်ဆေးကြပါတယ်။ အရာအားလုံးကတော့ ပုံမှန်လို့ထင်ရပါတယ်။ ဒါပေမဲ့...”
မြင်းစီးသမားက တုန့်ဆိုင်းသွားသည်။ သူက ပိုင်စစ်လင်ကို တစ်ချက်ကြည့်သည်။
“ရတယ် မင်းတိုက်ရိုက်ပြောလို့ရတယ်။ သူမက ငါ့လူပဲ”
ဝမ်ချောင်ကပြောသည်။
စစ်တပ်တွင် အရေးကြီးသော သတင်းများကို စစ်တပ်၏ပြင်ပသို့ အလွယ်တကူ ပေါက်ကြားစေ၍ မရချေ။ ရှည်လျားသောဝတ်စုံကို ဝတ်ထားသည့် ပိုင်စစ်လင်ကလည်း စစ်တပ်မှလူမဟုတ်ကြောင်း သိသာနေသည်။ ထို့ကြောင့် မြင်းစီးသမားက တုန့်ဆိုင်းသွားခြင်းဖြစ်သည်။
“အရှင်အမတ် ကျွန်တော်တို့ ဂရုတစိုက် စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီအခါ ချီရှီနဲ့ တိဗက်တောင်ပေါ်ဒေသကြားက နယ်စပ်တစ်နေရာ အရှေ့ဘက်ပိုင်းက ခုခံမှုက ပုံမှန်ပဲဖြစ်နေပေမဲ့ အနောက်ဘက်ပိုင်းက ခုခံမှုအားလှိုင်းကတော့ သိသိသာသာကို လျော့ရဲနေပါတယ်။ အဲ့ဒီမှာရှိနေတဲ့ စုဝေးနေတဲ့ တပ်စုတွေရဲ့ ပမာဏကတောင် နည်းပါးနေပါတယ်”
မြင်းစီးသမားကပြောသည်။
ဝမ်ချောင်က ခေါင်းကိုမော့ကာ ရေရွတ်သည်။
“အနောက်ဘက်ခြမ်းက ခုခံရေးအားလှိုင်းက လျော့ရဲနေတယ်။ အဲ့ဒီနေရာက ငါတို့သံမဏိမြို့ ရှိရာနေရာမဟုတ်လား။ ဖုမန်လင်းချာက ရေစီးတဲ့ဘက်ကိုပြောင်းပြီး အခြားလူရဲ့ ဓားသုံးပြီး လူသတ်သမားကို လွှဲပြီးပေးအပ်တော့မယ်ပေါ့”
ထိုစကားလုံးများက မြင်းစီးသမားနှင့် ပိုင်စစ်လင်တို့ကို အံ့အားသင့်မှုကြောင့် တုန်ယင်သွားစေသည်။ အထူးသဖြင့် ပိုင်စစ်လင်ဖြစ်သည်။ သူမက တချိန်လုံး ဝမ်ချောင်၏ဘက်မှ ဖြစ်ခဲ့သည်။ သို့သော် ဝမ်ချောင်၏ တွေးတောမှုများကို လိုက်မမှီနိုင်သေးချေ။
“ဝမ်ချောင် ဖုမန်လင်းချာက ယွီစန်းကိုသုံးပြီး နင့်ကိုရင်ဆိုင်မယ်လို့ ဆိုလိုတာလား”
ပိုင်စစ်လင်က အော်ပြောလိုက်သည်။
ပိုင်စစ်လင်က ထိုသို့ပြောလိုက်ပြီးပြီးချင်း သူမ၏ခန္ဓာကိုယ်က အေးစိမ့်သွားသည်။ သူမ၏လက်နှင့် ခြေထောက်များကလည်း ထိတ်လန့်မှုကြောင့် တုန်ယင်သွားသည်။
မဟာထန်၏ အဆင့်အတန်း မြင့်မားသည့် လေးစားအားကျရပါသော ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကြီးက တိဗက်ကို နယ်စပ်ကိုဖိတ်ခေါ်ပြီး ဝမ်ချောင်ကို ကိုင်တွယ်ခိုင်းနေသည်။ ထိုသတင်းကသာ ပေါက်ကြားသွားခဲ့လျှင် တော်ဝင်ခုံရုံးတစ်ခုလုံးကို လှုပ်ခါသွားစေနိုင်သည့် မုန်တိုင်းကြီးဖြစ်နိုင်သည်။
“သူက အဲ့ဒီလိုလုပ်ချင်တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီနည်းလမ်းပဲ သုံးစရာရှိနေတာ။ ချီရှီမှာ အင်အားကြီးတဲ့ စစ်သည်တော်တွေ အများကြီးရှိနေပေမဲ့လည်း မဟာထန်ရဲ့ စစ်သည်တော်တွေ သူက ချီရှီက စစ်သည်တော်တွေကိုသုံးပြီး ငါ့ကိုရင်ဆိုင်ရင် ကိုယ့်အုတ်ဂူကို တူးသလို ဖြစ်သွားလိမ့်မယ်။ အရင်းအနှီးကကြီးတယ်။ အရှင်မင်းကြီးက သူ့ကို ချမ်းသာပေးမှာမဟုတ်ဘူး။ ဖုမန်လင်းချာက ဒီစစ်တပ်မှာ နှစ်ပေါင်းများစွာကြာအောင် ရှိလာခဲ့တာ။ သူက ကောင်းကောင်း ကြံစည်တတ်တယ်။ သူက ဘယ်တော့မှ ပြစ်ချက်ကြီး ချန်မှာမဟုတ်ဘူး။ ဒါကြောင့် တိဗက်တွေကို ဝင်ခိုင်းပြီး အငှားသတ်ခိုင်းတာက ပြစ်ချက်တစ်ခုပဲ”
ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။ သူ၏အကြည့်က စူးရှပြီး ခန့်မှန်းရခက်သည်။
ဖုမန်လင်းချာက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဟုန်အပြည့်ဖြင့် လာသွားခဲ့သော်လည်း ဝမ်ချောင်ကမူ သူသုံးသည့်ဝှက်ဖဲများက အကန့်အသတ်ရှိကြောင်း နားလည်နေသည်။
“နောက်ဆုတ်”
ဝမ်ချောင်က မြင်းစီးသမားကို ထွက်ခွာခိုင်းလိုက်သည်။
“ဟုတ်ကဲ့ အရှင်အမတ်”
မြင်းစီးသမားက ခေါင်းငုံ့လျှက် နောက်ဆုတ်ကာ ချက်ချင်းလိုလို အောက်သို့ ပြန်ဆင်းသွားသည်။
“စန်းယွမ် သိန်းငှက်အိုကြီး ပို့လိုက်တဲ့လူက ရောက်ပြီလား”
ဝမ်ချောင်က ရုတ်တရက် ပြောသည်။
“အရှင်အမတ်ကို တင်ပြပါတယ်။ သူက လွန်ခဲ့တဲ့ တစ်နာရီကရောက်ပြီး အရှင်အမတ်က ဆင့်ခေါ်တာကို စောင့်ဆိုင်းနေပါတယ်”
အနောက်မှအသံက ထွက်လာသည်။
ဝမ်ချောင်က ခေါင်းညိမ့်ပြီး မြို့ရိုးအောက်သို့ဆင်းသည်။
သံမဏိမြို့ရိုး၏ တည်ဆောက်ပြီးကာစ တံစက်မြိတ်အမိုးစွန်းများ အခုံးများအတွင်းတွင် ဝမ်ချောင်က သိန်းငှက်အိုကြီး၏ တပည့်တစ်ယောက်ကို လွှတ်ခိုင်းထားသည်။ သူက ထိုနေရာသို့ သွားကြည့်ခြင်းဖြစ်သည်။ ထိုလူငယ်က သာမာန်ရုပ်ရည်နှင့် ကြမ်းတမ်းသော အသားအရည်ကို ပိုင်ဆိုင်ထားသည့် (၁၄)နှစ် (၁၅)နှစ် အရွယ်ခန့်သာရှိသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးကို လူအုပ်ထဲ ပစ်ထည့်လိုက်လျှင် သတိထားမိမည်မဟုတ်ချေ။
သူ၏ပုခုံးပေါ်တွင် တစ်ပေခန့်ရှိမည့် သိန်းငှက်တစ်ကောင်ရှိနေပြီး စူးရှသော ရွှေရောင်နှုတ်သီးနှင့် ချိတ်တမျှကောက်သည့် လက်သည်းမျိုးကို ပိုင်ဆိုင်ထားသည်။ ထိုကဲ့သို့သော သိန်းငှက်မျိုးက မျိုးနွယ်စုထဲတွင်ပင် အကောင်သေးသည်။ အကြည့်ကလည်း ထင်သလောက် မစူးရှချေ။ ထို့ကြောင့် ထုံထုံထိုင်းထိုင်း ပုံစံရှိသော အကောင်ပေါက်အလား ထင်စေသည်။
“အရှင်အမတ်ကို ဂါရဝပြုပါတယ်”
ဝမ်ချောင်ကိုမြင်သည်နှင့် ထိုလူငယ်က ခပ်မြန်မြန်ဒူးထောက်ကာ ဂါရဝပြုသည်။
“မင်းက သိန်းငှက်အိုကြီးရဲ့ တပည့်လား”
ဝမ်ချောင်က မျက်မှောင်အနည်းငယ်ကျုံ့သည်။
သူက သိန်းငှက်အိုကြီးရဲ့ ကိစ္စများကို ဝင်စွက်ဖက်ခဲသည်။ ဝူရှန်းတွင် မြို့ကိုတည်ဆောက်နေချိန်တွင် အဝေးရှိလေထဲတွင် သူ့ကိုစောင့်ကြည့်နေသည့် မရေမတွက်နိုင်သော ငှက်ပေါင်းများစွာရှိသည်။ ထို့ကြောင့် ဝမ်ချောင်က သိန်းငှက်အိုကြီးကို လွှတ်ခိုင်းခဲ့သည်။ သိန်းငှက်အိုကြီးက ခပ်မြန်မြန် တုန့်ပြန်ခဲ့သည်။ သူက ဂုဏ်ယူရသော တပည့်တစ်ယောက်ကို လွှတ်မည်ဟုဆိုခဲ့သည်။ သို့သော် ဝမ်ချောင်အနေဖြင့် မမျှော်လင့်ထားသည်မှာ သိန်းငှက်အိုကြီး၏ တပည့်က ဆယ်ကျော်သက်လေးတစ်ယောက် ဖြစ်နေပြီး ပုခုံးပေါ်မှ သိန်းငှက်ကပင် သာမာန် အကောင်ပေါက်ဟု ထင်နေရသည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ယုံကြည်အားကိုးရန် ခက်ခဲမှုအား ရှာတွေ့လိုက်ရသည်။
သို့သော်သူက သိန်းငှက်အိုကြီးနှင့် တည်ရှိခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် သိန်းငှက်အိုကြီးကလည်း ထိုကဲ့သို့ အရေးကြီးသော ကိစ္စမျိုးကို ပေါ့သေးသေး အရေးမထားရဲကြောင်း ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် ရှင်းပြချက် အချို့ကတော့ဖြင့် ရှိနေလောက်သည်။
“ဟုတ်ကဲ့အရှင်အမတ် ဒီနိမ့်ကျတဲ့လူက ဆရာက မြို့ထဲက ကောက်ယူမွေးစားခဲ့တဲ့ မိဘမဲ့တစ်ယောက်ပါ။ အဲ့ဒီနောက် ကျွန်တော်က ဆရာရဲ့စံအိမ်မှာနေပြီး ငှက်တွေကို လေ့ကျင့်ရမယ်ဆိုတာကို လေ့လာခဲ့ပါတယ်။ အနောက်တောင်ပိုင်းက စစ်ပွဲကိစ္စ အတောအတွင်းမှာ ဆရာက ကျွန်တော့်ကို သူနဲ့အတူ မလိုက်ခိုင်းခဲ့လို့ အရှင်အမတ်က ကျွန်တော်နဲ့ မတွေ့ဖူးတာပါ။ ကျွန်တော့်မှာ ဆရာ့ဆီကပါတဲ့ စာတစ်စောင်ရှိပါတယ်။ အရှင်အမတ် ဒါကိုဖတ်လိုက်တာနဲ့ နားလည်သွားပါလိမ့်မယ်”
ထိုလူငယ်က သူ၏အင်္ကျီဝမ်းဗိုက်ကြားထဲမှ စာတစ်စောင်ထုတ်ပြီး လက်နှစ်ဖက်လုံးဖြင့်ကိုင်ကာ ဝမ်ချောင်ကို ကမ်းပေးသည်။
အခန်း(၇၂၉)
မြင်းတပ်၏ တိုက်ခိုက်မှု
ဝမ်ချောင်က စာကိုယူလိုက်ပြီးနောက် ဖတ်ကြည့်သည်။
နောက်ပိုင်းတွင် သူ၏မျက်မှောင်က ကျုံ့ရာမှ တဖြည်းဖြည်းချင်း ပြေသထက် ပြေပြီး မျက်ဝန်းက တောက်ပသထက် တောက်ပလာသည်။ ထို့နောက်သူက စာကိုချပြီး ထိုလူငယ်ကို သေချာကြည့်လိုက်မိသည်။
စာထဲတွင် သိန်းငှက်အိုကြီးက သူ၏တပည့်နှင့်ပတ်သတ်ပြီး အသေးစိတ် မိတ်ဆက်ပေးထားကာ သူ၏တပည့်က မထင်မရှား ပုံစံရှိသော်လည်း မည်မျှတော်ကြောင်း သူ၏အမွေအနှစ်ကိုပင် ဆက်ခံပြီး ဝူရှန်းတွင် ဝမ်ချောင်ကို ကူညီပေးနိုင်ကြောင်း ဆက်တိုက်ချီးမွန်းထားသည်။
သိန်းငှက်အိုကြီးက သူငှက်များကို လေ့ကျင့်ပေးထားသောပုံက သာမာန်လူများနှင့် ကွာခြားကြောင့် ထည့်ပြောခဲ့ဖူးသည်။ သတင်းအချက်အလက် စုစည်းသော လူများအတွက်ဆိုလျှင် ထိုအခြေအနေက ထူးခြားသည်။ ထို့ကြောင့် သာမာန်ကျလေလေ လူအများ၏ အာရုံမစိုက်လေလေဖြစ်သည်။ ထိုဘက်ထောင့်မှကြည့်သော် သိန်းငှက်အိုကြီး၏ တပည့်က အပြီးပြည့်စုံဆုံးဖြစ်သည်။
“မင်းရဲ့ဆရာက မင်းရဲ့ပုခုံးပေါ်က သိန်းငှက်က သာမာန်သိန်းငှက်တွေနဲ့ ကွာခြားတယ်လို့ပြောတယ်။ ဒါက မင်းရဲ့ဆရာက သူ့ရဲ့ဖုံးကွယ်ထားတဲ့ အခန်းထဲမှာ အထူးတလည် သားဖောက်ထားတဲ့ မျိုးစိတ်အသစ်ဖြစ်ပြီး အမဲလိုက်ဖို့နဲ့ အခြားငှက်တွေကိုသတ်ဖို့ သီးသန့်မွေးမြူထားတယ်လို့ပြောတယ်။ မင်းသူ့ကို ညွှန်ကြားချက် ပေးနိုင်လား”
ဝမ်ချောင်ကပြောသည်။
သူက အလွန်သိချင်စိတ် ပြင်းပြနေမိသည်။ သိန်းငှက်အိုကြီးက ငှက်ရောင်သူများထံမှ ငှက်များကိုဝယ်ခဲ့ပြီး အထူးနည်းလမ်းသုံးကာ အကောင်းဆုံးဖြစ်အောင် သင်ကြားပေးပြီး အမဲလိုက်ရာ အထူးချွန်ဆုံးငှက်များ ဖြစ်လာစေသည်။
သို့သော် ယခုအခြေအနေက ကွာခြားသည်။ သိန်းငှက်အိုကြီးက ငှက်များကို အထူးနည်းလမ်းကိုသုံးကာ ထူးခြားသည့် သားကောင်များကို အမဲလိုက်ရန် သီးသန့်မျိုးဖောက်ခဲ့သည်။ ထိုသို့မျိုးဖောက်ရန်လည်း အများမသိစေမည့် အခန်းတစ်ခန်းကို လျို့ဝှက်စွာ တည်ဆောက်ပြီး အသုံးပြုခဲ့သည်။ ထိုသို့ ယခင်က မဖြစ်ပျက်ခဲ့ဖူးချေ။
“ဟုတ်ကဲ့အရှင်အမတ်”
လူငယ်က ပြန်ဖြေသည်။ သူက မတ်တပ်ထရပ်လိုက်သည်။ သူ၏ခေါင်းက ပုခုံးပေါ်ရှိ သိန်းငှက်ထံ ရောက်သွားချိန်တွင် သူ၏မျက်လုံးက အံ့အားသင့်စရာကောင်းလောက်အောင် တောက်ပလာသည်။ ထိုအခိုက် သူက ဆွဲထုတ်လိုက်သည့် ဓားတစ်လက်အလား ထင်ရပြီး မမေ့စေလောက်သော အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသလာသည့်အလား ဝမ်ချောင်ကိုယ်တိုင်ကပင် အနည်းငယ် ခံစားသွားရသည်။
“ရှောင်ရှားရိုက်ချက်”
ထိုလူငယ်က သိန်းငှက်၏ကျောကို ပုတ်လိုက်ပြီး ရုတ်တရက် စူးရှသည့် လေချွန်သံကို ပြုလိုက်သည်။ ချက်ချင်းလိုလို ထိုသိန်းငှက်၏ အိုမင်းနေသည်ဟု ထင်ရလောက်အောင် မှေးကျနေသည့် မျက်ဝန်းက ရုတ်တရက် တောက်ပလာပြီး အမွှေးအတောင်များက လှုပ်ခါလာသည်။ သူ၏အကြည့်က အလွန်အမင်း စူးရှသွားကာ တောက်ပလာသည်။
ဝမ်ချောင်က ငှက်အများအပြား မြင်ဖူးသည်။ ထိုအထဲတွင် အနောက်တောင်ပိုင်း နယ်မြေမှ ကျောက်သိန်းငှက်များ၊ ဂိုဂူလျောဘက်မှ သိန်းငှက်များနှင့် တူရကီဘက်မှ ဟွမ့်သိန်းငှက်ပေါင်း များစွာကို မြင်ခဲ့ဖူးသည်။ သို့သော် မည်သည့်အကောင်ကမျှ ထိုမျှအထိ ပြင်းထန်သည့် အကြည့်မျိုးကို မလွှတ်နိုင်ချေ။ ထိုအကြည့်က ဓားထက်ပင် စူးရှသေးသည်။
ခီး
သိန်းငှက်က လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် လေထဲသို့ ထိုးခွဲဝင်ရောက်သွားသည်။ သတ္တုချင်း ထိခတ်ကာ ထွက်လာသော အသံမျိုးက ထွက်လာသည်။
ဘုန်း
ရုတ်တရက် မျက်နှာချင်းဆိုင်ရှိ နံရံတွင် အပေါက်ဖြစ်သွားသည်။ စန္ဒကူးသား ဘုတ်ပြားကဲ့သို့ သတ္တုဖြင့်ပေါင်းကာ ချိတ်ဆက်ထားသည့် ထိုအရာကြီးက ထိုးဖောက်ခံရပြီး အက်ကွဲသွားသည်။ မရေမတွက်နိုင်သော လက်သည်းကုပ်ချက်များက ထိုနံရံတွင်ကျန်ရစ်ပြီး တစ်ခုချင်းစီတိုင်းက လက်မပေါင်းများစွာ နစ်သည်မှာ လက်သည်းပိုင်ရှင်က ဘုတ်ပြားကို တို့ဟူးလို လှီးဖြတ်သွားကြောင်း သိသာသည်။
ခီး
နောက်ထပ်စူးရှသော အသံနှင့်အတူ သိန်းငှက်က ပြန်လှည့်လာပြီး နောက်ထပ် အခန်းထဲရှိ နံရံတစ်ခုကို ဝင်ဆောင့်တိုးပြန်သည်။ ထို့နောက် ကောင်လေး၏ပုခုံးပေါ် ပြန်တက်သွားသည်။ သူက သူ့သခင်ကဲ့သို့ ထက်ရှလွန်းသည့် တောင်ပံကို ပြန်ရုတ်လိုက်ပြီး မျက်လွှာကိုချကာ ငိုက်မြည်းသည့် တက်ကြွမှုမရှိသည့် ငှက်တစ်ကောင်ပုံစံ ပြန်ပြောင်းသွားသည်။
မည်သည့်အရာကမျှ မဖြစ်ပျက်ခဲ့သလို ထင်ရသည်။ သို့သော် ကွဲအက်နေသော သစ်သားအပိုင်းအစများနှင့် နံရံမှအပေါက်များ သိသာထင်ရှားကာ နက်ရှိုင်းလွန်းသည့် လက်သည်းရာများကသာ အဖြစ်အပျက်များ၏ သက်သေဖြစ်နေသည်။
“မဆိုးဘူး”
ဝမ်ချောင်က ချီးကျူးလိုက်သည်။ သူ၏မျက်ဝန်းက တောက်ပသွားသည်။ သူကလည်း သိန်းငှက်အိုကြီးက မည်သည့်အတွက်ကြောင့် ထိုတပည့်နှင့် ထိုငှက်ကို ပို့လိုက်ကြောင်း သိလိုက်သည်။
“မင်းအခုတော့ သွားနိုင်ပြီ။ မင်းချီရှီနဲ့ ယွီစန်းနယ်စပ်က လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့လိုအပ်တယ်။ ဒါက မြေပုံပဲ။ ဒါ့အပြင် ငါမင်းအတွက် ညွှန်ကြားမှုတွေကိုလည်း ဒီမှာရေးပေးထားတယ်”
ဝမ်ချောင်က ပြောလိုက်ပြီး အသင့်ပြင်ထားသည့် မြေပုံနှင့် ပိုးသားအိတ်တစ်အိတ်ကိုထုတ်ကာ ပေးလိုက်သည်။
“ဟုတ်ကဲ့အရှင်အမတ်”
လူငယ်က ပစ္စည်းနှစ်ခုလုံးကို ရိုရိုသေသေ ယူပြီးနောက် ခပ်မြန်မြန် ထွက်သွားသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညအချိန်ရောက်လာသည်။
လေပြင်က ကျယ်ပြောသော မြေပြန့်ပြင်ကျယ်ကို ဖြတ်သန်းသွားကာ ဟိန်းဟောက်ကာတိုက်ပြီး တိဗက်တောင်ပေါ်ဒေသကလည်း ကောင်းကင်သို့ ထိုးတက်မတက် ဖြတ်သန်းခရီးနှင်လာသည်။ ညက အချိန်နက်သထက် နက်လာပြီး ကြယ်အလင်းရောင်က မှိန်သထက်မှိန်လာသည်။ လူတိုင်းက အိပ်မောကျနေသော တခဏ အငိုက်မြည်းဆုံး ကာလသို့လည်း ရောက်သွားသည်။
ဒုန်း ဒုန်း ဒုန်း
ရုတ်တရက် မြေကမာ္ဘက တုန်ယီးသွားသလို ကြယ်ညအတွင်းမှ မြင်းခွာသံများက ထွက်ပေါ်လာသည်။ အစပိုင်းတွင် မည်သူကမျှ သတိမထားမိလောက်သော်လည်း တဖြည်းဖြည်းချင်း မိုးချုပ်လာသည်နှင့်အမျှ ကျယ်လောင်လာသည်။
မှေးမှိန်သော ကြယ်အလင်းရောင်အောက်တွင် မည်သူမဆို ထောင်ပေါင်းများစွာသော မြင်းတပ်က တစ်သုတ်ပြီးတစ်သုတ် ရှေ့တက်လာမည်ဖြစ်သည်။ ထိုမြင်းတပ်က သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားပြီး တိတ်တဆိတ် ရွေ့လျားနေကြသည်မှာ မြေအောက်လောကကို ဖြတ်သန်းသွားလာနေသည့် မြေအောက်မိစာ္ဆ နတ်ဆိုးများအလား ထင်ရသည်။ လေထုကပင် မုန်တိုင်းထန်နေသည်။
“ငါတို့ရောက်ပြီ”
ထက်ရှသည့် အော်ဟစ်သံက ထွက်ပေါ်လာသည်။ မြင်းတပ်၏ အရှေ့ဆုံးမှ ဖြူစွတ်နေသည့် သွေးခွာမြင်းက ဦးဆောင်သည်။ တိဗက်ဗိုလ်ချုပ်ကြီးတစ်ယောက်က လက်မောင်းတစ်ဖက်ကို ကျောဘက်သို့ ချိန်ရွယ်ကာ မြှောက်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်မှ စွမ်းအင်အားလှိုင်းများက ဖြာထွက်လာပြီး ကျန်းတစ်ဆယ်ကျော် ဝန်းကျင်အတွင်း အာကာသပြင်ကို တွန့်ဆုတ်ကာ ရှုံ့တွသွားစေသည်။ သူ၏မျက်ဝန်းက ရှေ့သို့သာကြည့်သည်။ သူ၏အမူအရာက အေးစက်နေသည်။
“အရှေ့က မဟာထန်ရဲ့ နယ်မြေပဲ။ ချီရှီကာကွယ်ရေးစစ်တပ်က လူတွေက နောက်ဆုတ်သွားကြပြီ။ အခု ငါတို့လှုပ်ရှားဖို့ အချိန်ကျပြီ။ အားလုံးပဲ ဒီညရဲ့တာဝန်ကို နားလည်ကြတယ်မဟုတ်လား”
“ဟုတ်ကဲ့”
စစ်သည်တော်တိုင်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညီညာသော အရှိန်နှုန်းဖြင့်ဖြေသည်။
“မှတ်ထား ဝမ်ချောင်ကိုသတ်မယ်။ သံမဏိမြို့ကို ဖျက်ဆီးမယ်။ ဒီညက ငါတို့ယွီစန်းရဲ့ အရှက်တရားကို ဆေးကြောတဲ့ည ဖြစ်ရမယ်”
တိဗက်ဗိုလ်ချုပ်က သူ၏ဓားမောက်ရှည်ကို ထုတ်ယမ်းပြီး ဟိန်းဟောက်အော်ဟစ်လိုက်ချိန်တွင် စတင်ကာ ဦးဆောင်ပြီး တောင်ပေါ်ဒေသမှအောက်သို့ ဒုန်းစိုင်းဆင်းသွားသည်။
ဟီး ဟီး ဟီး
တောင်ပေါ်မြင်း ထောင်ကျော်က ဆက်တိုက်ဟီသလို အောက်သို့ ဒုန်းစိုင်းဆင်းသွားပြီး ဖုန်တိမ်စိုင်များကိုသာ အလုံးလိုက် ချန်ထားရစ်ခဲ့သည်။ သူတို့က ရပ်တန့်၍ မရလောက်သည်ဟု ထင်ရလောက်အောင် မြန်ဆန်သော အရှိန်နှုန်းအပြည့်နှင့်အတူ သံမဏိမြို့ထံ ဦးတည်သည်။
......
သံမဏိမြို့တွင် မီးပြင်းဖို ထောင်ပေါင်းများစွာက လင်းလက်နေသေးပြီး ကောင်းကင်ကို နေ့အလား ထိန်လင်းနေစေသည်။ မီးပြင်းဖိုများထဲတွင် လူသောင်းကျော်က မြို့ရိုးများပေါ်တွင် အလုပ်များနေကြသေးသည်။ ထိုနေရာက လူအစည်ကားဆုံး လူအရှုပ်ဆုံးနေရာဖြစ်သည်။
“ကပ်ဘေးကိုသတိထားကြ”
“အဖွဲ့ရှစ်နဲ့ အဖွဲ့ကိုး မော်ကျူးတွေကို တပ်ဆင်ဖို့မှတ်ထား။ ဘာအဟာကြားမှ မချန်ထားခဲ့ကြနဲ့”
“အလုပ်သမားတွေက ဘေးထွက်ရပ်နေကြ။ ငါတို့ဆော်ဒါလောင်းဖို့ ပြင်ဆင်ထားရမယ်”
မရေမတွက်နိုင်သော လက်မှုပညာသည်များက မြို့ရိုးပေါ်တွင် တိုက်ရိုက် အလုပ်လုပ်နေကြပြီး အမိန့်များကို တစ်ခုပြီးတစ်ခုထုတ်သည်။ ထိုသို့ဖြင့် မော်ကျူးမြို့ရိုး အသစ်နှင့် သံမဏိများကိုသုံးကာ သံမဏိမြို့ကို လှုပ်ရှားမှုများဖြင့် စည်ကားနေစေသည်။
......
“အဖွဲ့နှစ်နဲ့အဖွဲ့သုံး အဖွဲ့လေးကိုသွားပြီးစစ်ကြည့် သူတို့သွားပြီး ကင်းလှည့်ကြတယ်။ ဒါပေမဲ့ အခုအချိန်ထိ ပြန်မလာသေးဘူး”
လက်မှုပညာသည်များက အလုပ်လုပ်နေကြချိန်တွင် ကင်းလှည့်နေသူများကလည်း အနားယူရန် အချိန်မရှိကြချေ။
ဖုမန်လင်းချာက စစ်တပ်နှင့် ရောက်လာပြီးကတည်းက သံမဏိမြို့က နေ့ရောညပါ တင်းကြပ်စွာ စောင့်ကြပ်ကာကွယ်ထားရပြီး ကင်းလှည့်သူများကိုလည်း အားဖြည့်ပေးထားရသည်။
လက်ရှိအချိန်တွင် မြို့၏ တစ်ဆယ်ကီလိုမီတာ ဝန်းကျင်အတွင်းမှ တစ်စုံတစ်ယောက် ဝင်ရောက်လာသည်နှင့် သံမဏိမြို့က သတိအပေးခံရမည်ဖြစ်ပြီး အားလုံးက ပြင်ဆင်မှုအပြည့်ဖြင့် လှုပ်ရှားကြမည်ဖြစ်သည်။
မြို့အပြင်တွင် မီးပြင်းဖိုများ၏ အလင်းမှတဆင့် မြင်နိုင်လေသည်။ ကင်းလှည့်သော မြင်းတပ်ခေါင်းဆောင်မှ လှမ်းပြောလိုက်သည်။
“အရှင် အဖွဲ့နှစ်နဲ့လေးကို ကျန်းရှောင်းက ဦးဆောင်တာပါ။ သူကအရမ်းကို အင်အားကြီးမားပြီး သတိအပြည့် ထားတတ်ပါတယ်။ သူတို့အဆင်ပြေမှာပါ”
သူတို့အားလုံးက အနောက်တောင်ပိုင်းက စစ်ပွဲတွင် ရှင်သန်ခဲ့သည့် လက်ရွေးစင်များဖြစ်ကြပြီး တိုက်ပွဲဝင် အတွေ့အကြုံ ကြွယ်ဝသည်။ သူတို့က လက်နက်ပစ္စည်း အပြည့်အဝနှင့်အတူ ရှိနေလေရာ ဒီလိုအခြေအနေမျိုးကို ကောင်းကောင်း ကိုင်တွယ်နိုင်သည်။
သို့သော် ထိုမြင်းတပ်ခေါင်းဆောင်က စကားပြော၍မဆုံးသေးခင် ညက အမှောင်ထုကို ထိုးခွဲသည့်အသံက ထွက်ပေါ်လာသည်။
“အား”
“သတိထားတော့ ရန်သူ”
ကျောက်တုံးကြီးတစ်တုံးက အောက်သို့ ဖိချလိုက်သလိုမျိုး သံမဏိမြို့ရိုးအနှံ့ ဝရုန်းသုန်းကား ဖြစ်သွားစေသည့် အားလှိုင်းများက ပျံ့နှံ့သွားသည်။ မြို့ရိုးပေါ်တွင် အလုပ်လုပ်နေကြသည့် လူတစ်သောင်းကျော်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ထိတ်လန့်တကြား အသံလာရာဘက်သို့ ကြည့်ကြသည်။ လေထုက ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။
သံမဏိမြို့ပတ်ဝန်းကျင်က တိတ်ဆိတ်ကာ ငြိမ်းချမ်းနေခဲ့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးက မဖြစ်ပျက်ခဲ့ဖူးချေ။ စိုးရိမ်စရာအကောင်းဆုံးကိစ္စ မည်သူမျှ မသိစေချင်ဆုံးကိစ္စ မည်သူကမျှ ဘာဖြစ်မှန်း မပြောနိုင်သောကိစ္စကြီးက ဖြစ်လာလေပြီ။ တစ်စုံတစ်ယောက်က သေခါနီးအချိန်တွင် အော်ဟစ်လိုက်ခြင်းဖြစ်သည်။
“သတိထားကြ”
ပထမဦးဆုံး တုန့်ပြန်လိုက်သူက ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့ဖြစ်သည်။ သူတို့နှစ်ယောက်က နေ့ညမပြတ် ကင်းလှည့်သူများနှင့်အတူ ရှိနေလေပြီး တစ်စုံတစ်ရာ မှားယွင်းသည်နှင့် ချက်ချင်းလိုလို သိလိုက်သည်။ ထို့ကြောင့် အော်သံက နံပါတ်လေးအဖွဲ့မှခေါင်းဆောင် ကျန်းရှောင်၏အသံဖြစ်ကြောင်း သိလိုက်သည်။
ကျန်းရှောင်ကလည်း အားနည်းသူမဟုတ်ချေ။ သူ၏အဖွဲ့က မည်သည့်အရာနှင့် ရင်ဆိုင်မိကြောင်း မည်သူကမျှ မပြောနိုင်ချေ။ သို့သော် သေချာနေသည့် အချက်ကမူ ခြုံခိုတိုက်ခိုက်ခံရခြင်းဆိုသည့် အချက်ဖြစ်သည်။
ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့၏ အမိန့်နှင့်အတူ သံမဏိမြို့ ပတ်ဝန်းကျင်တွင် စုရုံးရောက်ရှိလာကြသည်။ သူတို့အားလုံးက အစီအစဉ်တကျ ဝင်္ကပါကို အသင့်ပြင်ကြပြီး သတ်ဖြတ်ခြင်း အရှိန်အဝါအပြည့်ကို ထုတ်လွှတ်ကာ အင်အားအပြည့်ဖြင့် ကာကွယ်ရန်ကြိုးစားသည်။
အနောက်တောင်ပိုင်းက စစ်ပွဲတွင် ရှင်သန်နေထိုင်ပြီးနောက် ဝမ်ချောင်၏လက်အောက်မှ မြင်းတပ်က သာမာန်မြင်းတပ်ထက် အဆပေါင်းများစွာ အင်အားကြီးမားပြီး အပြင်းအထန် လေ့ကျင့်ပေးခံထားရသလို အင်အားအပြည့်လည်းရှိသည်။
ဝုန်း
ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့က သံမဏိမြို့မှ အစောင့်များကို စုစည်းနေချိန်တွင် အလုပ်သမားများကလည်း လေထု၏ပြင်းအားကို ခံစားလိုက်ရပြီး မြို့ထဲသို့ပြေးဝင်ကြသည်။
“ဘာဖြစ်တာလဲ”
အလင်းဖြတ်ကနဲ လက်ပြီးသည်နှင့် ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က မြို့ရိုးပေါ်တွင် ပေါ်ထွက်လာကြသည်။ နောက်ထပ် ပုံရိပ်တစ်ခုကလည်း အနားတွင်ပေါ်လာသည်။
“အရှင်အမတ်”
ထိုပုံရိပ်ကိုမြင်သည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်းက အော်ဟစ်ကာ ဂါရဝပြုကြသည်။
“ဒါက ကျန်းရှောင်ရဲ့အသံပဲ”
ဝမ်ချောင်က အဝေးသို့ကြည့်သည်။ သူ၏အမူအရာက တင်းမာနေသည်။ သူက မျက်မှောင်ကိုကျုံ့ထားသည်။ သူကလည်း သူနှင့်အတူ တိုက်ခိုက်ခဲ့ဖူးသည့် လူတိုင်းကို ကောင်းကောင်းသိသည်။ သံမဏိမြို့ထံသို့ သူခေါ်လာခဲ့သည့် လူတိုင်းက ထူးခြားသောအင်အားကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။
မြို့ရိုးပေါ်မှအစောင့်က ခေါင်းကိုငုံ့ပြီး တင်ပြသည်။
“ဟုတ်ကဲ့အရှင်အမတ် ပုံမှန်အတိုင်း ဒီနေ့က ကျန်းရှောင်က မြောက်ဘက်ပိုင်းကို ကင်းလှည့်ရမဲ့အလှည့်ပါ။ ဒါပေမဲ့ သူပြန်မလာခဲ့ဘူး။ အရှင်ချန်းနဲ့ အရှင်စုတို့က နောက်ထပ်အဖွဲ့တွေလွှတ်ပြီး သူ့အကြောင်း စစ်ဆေးခိုင်းမဲ့အချိန်မှာ ဒီလိုဖြစ်လာတာပါပဲ”
ဝမ်ချောင်က ဘာစကားမျှမပြောချေ။ သို့သော် သူ၏မျက်နှာက ပ်ိုကျုံ့သွားသည်။ သူကအဝေးသို့သာ တိတ်တဆိတ် ကြည့်နေသည်။ စူးရှသောအော်သံ ထွက်ပြီးနောက် မည်သည့်အသံကိုမျှ မကြားရတော့ချေ။
ဝမ်ချောင်က ရုတ်တရက် ဆိုးရွားသောခံစားချက်ကို ရလိုက်သည်။
ကျန်းရှောင်က သူနှင့်အတူ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ပါဝင်ခဲ့ဖူးပြီး အတွေ့အကြုံ အလွန်မြင့်သည်။ သူ၏အင်အားကိုလည်း မေးခွန်းထုတ်ရန် မလိုအပ်ချေ။ ဝမ်ချောင်ကလည်း ဒီလိုအခြေအနေမျိုးတွင် သူ့အဖွဲ့ ကြုံတွေ့ရသော အရာက သူတို့အဖွဲ့ကို ချက်ချင်း ရှင်းလင်းပစ်နိုင်သည့် ကိစ္စနှင့်ပတ်သတ်ပြီး မျှော်မှန်းကြည့်ရန် ခက်ခဲသည်။ ထို့ပြင် လူတစ်ယောက်မျှပင် ထွက်ပြေးလွှတ်မြောက်နိုင်စွမ်းအား မရှိသောကိစ္စက မျှော်မှန်းကြည့်ရန် ခက်ခဲနေသည်။ ကိစ္စများထဲမှ အထူးခြားဆုံးကိစ္စက မြို့ရိုးပေါ်တွင် ရပ်နေသည့်ဝမ်ချောင်က မည်သည့်အသံမျှ မကြားရခြင်းဖြစ်သည်။
ထို့ကြောင့် ဖြေရှင်းချက် နှစ်ခုသာရှိတော့သည်။ ပထမတစ်ခုကမူ သံမဏိမြို့ထဲရှိ လူတိုင်း၏နားက ပြဿနာရှိနေခြင်းဖြစ်သည်။ ဒုတိယတစ်ချက်ကမူ ဒီတစ်ကြိမ်လာသောလူက သူမျှော်လင့်ထားသည်ထက် အင်အားကြီးလွန်းနေသောကြောင့်ဖြစ်သည်။
သံမဏိမြို့က ဒီတိုင်းရှိနေသေးသည်။ သို့သော် လူတိုင်းကမူ အသံလာရာဘက်သို့သာ ကြည့်နေကြသည်။
ခွပ် ခွပ် ခွပ်
အချိန်က ဖြေးညှင်းစွာ ကုန်ဆုံးသွားပြီး အချိန်တစ်ခုကြာပြီးနောက် အသံကို ကြားလိုက်ရသည်။ ထိုအသံက မြင်းခွာသံနှင့်တူသည်။ သို့သော် အနည်းငယ် ခြားနားနေသည်။ အကြောင်းမူကား တိုးလျလွန်းသောကြောင့်ဖြစ်သည်။ လူတိုင်းကလည်း ထိုအသံကိုသာ နားထောင်နေကြသည်။ ထို့ကြောင့် ထိုအသံကိုပင် နှေးကွေးထားကြသည်။
ခီး
လူတိုင်းက တိတ်ဆိတ်ကာ ထိတ်လန့်တကြီး စောင့်ဆိုင်းနေချိန်တွင် စူးရှသောအသံကို ကြားလိုက်ရသည်။
ထိုအသံကိုကြားသည့်အခါ ဝမ်ချောင်၏အမူအရာက ချက်ချင်းတင်းမာသွားသည်။ သူက ရုတ်တရက် မှတ်မိလိုက်သည်။ အချိန်တိုအတွင်း ထိုအသံကို သူကိုယ်တိုင်ကပင် နားလည်ရခက်သွားသည်။
“အဲ့ဒီကိုကြည့်”
မြို့ရိုးပေါ်မှ လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အဝေးတစ်နေရာသို့ လက်ညိုးထိုးပြလိုက်သည်။
အခန်း(၇၃၀)
သတ္တိဖြူ
အော်သံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ မှေးမှိန်သော ကြယ်အလင်းရောင်အောက်တွင် မြို့ရိုးပေါ်ရှိ လူတိုင်းကလည်း တစ်စုံတစ်ရာ ချဉ်းကပ်လာသည့်အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ အသံက တိုးသထက် တိုးသွားသည်။ ဝေဝါးသော ပုံရိပ်များက ကြည်လင်သထက် ကြည်လင်လာသည်။ ဒါက မြောက်များလှသည့် မြင်းတပ်များ၏ ပုံရိပ်ဖြစ်သည်။
“တိုက်ပွဲအတွက်ပြင်ဆင်ကြ”
......
မြို့ရိုးနှင့် ကျန်းတစ်ဆယ်ကျော် အကွာတွင် ရှိနေသည့် ချန်းစမ်းယွမ်နှင့် စုရွှတ်ရွှမ်းတို့က သူတို့၏ စစ်သည်တော်များ၏ အရှေ့ဆုံးတွင် ရပ်နေသည်။ သူတို့၏ မျက်လုံးများက မှေးကျဉ်းနေသည်။ သူတို့က တုန့်ဆိုင်းမနေဘဲ ဓားများကို ဆွဲထုတ်ကြသည်။
ချွင် ချွင် ချွင်
တချိန်ထဲတွင် သူတို့၏ စစ်သည်တော် ရာကျော်ကလည်း နောက်မှ လိုက်ပါသွားကြသည်။ သူတို့က အချက်ပြရန် မလိုအပ်သလို အလံများကိုလည်း မြှောက်ထူနေရန် အချိန်မရှိချေ။ သို့သော် မရေမတွက်နိုင်သော ဆေဘာနှင့် ဓားများကသာ အေးစက်သော အလင်းတန်းကို လွှတ်ထုတ်လျှက် ထုတ်ဖော်လိုက်ကြသည်။
သံမဏိနှင့် သွေးများကိုသုံးကာ သွန်းလုပ်ထားသည့် စစ်တပ်က ယခုအခါ စည်းကမ်းအပြည့်အဝရှိသလို ပူးပေါင်းဆောင်ရွက်မှုအား မြင့်မားသည်။ ထိုအချက်ကတင် ဒီနယ်မြေမှ အင်အားအကြီးဆုံး လက်ရွေးစင် မြင်းတပ်အင်အားစုထဲမှ တစ်ခုဖြစ်ရန် ထိုက်တန်သည်။
“သတ်”
အဝေးမှ စစ်တပ်က အမှောင်ထုအောက်မှ တိုးဝင်လာပြီး နောက်ဆုံးတွင် အမှောင်ထုလိုက်ကာကို ခွဲထွက်လာသည်။ ထိုနည်းအားဖြင့် နှိုးဆော်သော အသံများနှင့်အတူ စစ်သည်တော် ထောင်ပေါင်းများစွာက သူတို့၏ ဓားမောက်ရှည်များကို ဆွဲထုတ်ကာ စတင်ကာ ဟိန်းဟောက်လိုက်ကြသည်။ သူတို့၏အော်သံက ကောင်းကင်ဘုံကို လှုပ်ခါသွားစေပြီး ကောင်းကင်ကို သူတို့၏အော်သံနှင့်ပင် စုတ်ဖြဲချင်နေဟန်ရသည်။
ဝုန်း
မြေကမာ္ဘကြီးက စစ်မြင်းထောင်ကျော်၏ အရှိန်အဟုန်ပြည့် ချီတက်မှုကြောင့် တသိမ့်သိမ့်တုန်နေသလို တောင်တန်းတစ်လုံးမျှ ကြီးလေးသော စွမ်းအင်များဖြင့် ပေါက်ကွဲထွက်လာသလိုမျိုး သံမဏိမြို့ထံ တိုးဝင်လာသည်။
သို့သော် ထိုတခဏတွင် ဝမ်ချောင်က မီးပြင်းဖို၏ အလင်းရောင်အောက်မှတဆင့် လျို့ဝှက်ဆန်းကြယ်သော မြင်းတပ်အင်အားစုမှ စစ်မြင်းများပေါ်မှ ဖြူဖွေးသော သင်္ကေတများကို မြင်ရသည်။ ထိုအရာက ရှုပ်ထွေးသည်။ သို့သော် ဖြူဖွေးသည့် သင်္ကေတများ ပါဝင်နေသည်။
ထိုမြင်းပေါ်မှ အဖြူရောင်သင်္ကေတများကို မြင်လိုက်သည်နှင့် ဝမ်ချောင်၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားသည်။
“ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း မြန်မြန်နောက်ဆုတ်”
ထိတ်လန့်တကြား အော်သံက မိုးခြိမ်းသံကဲ့သို့ ဖြစ်လာပြီး လူတိုင်းကို ကြောက်လန့်တကြား ဖြစ်သွားစေသည်။ ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့က ခေါင်းလှည့်ကာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့က တိုက်ခိုက်တော့မည့် အချိန်တွင် ဝမ်ချောင်က သူတို့ကို နောက်ဆုတ်ရန် အမိန့်ပေးမည်ဟု မထင်ထားမိချေ။
“ဒါက အမိန့်ပဲ”
ဝမ်ချောင်က အံ့ကြိတ်သံဖြင့်အော်သည်။ သူ၏မျက်နှာက ပြာနှမ်းနေသည်။ သူ၏အကြည့်က ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့ထံတွင်မရှိဘဲ အဝေးမှ ချီတက်လာသည့် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် မြင်းတပ်ပင်ဖြစ်သည်။
သတ္တိဖြူတွေ
ထိုစကားက ဝမ်ချောင်၏စိတ်ကို မုန်တိုင်းထန်သွားစေသည်။ ယခုမှသာ ထိုအဖြူရောင် သင်္ကေတများ၏ အဓိပ္ပာယ်ကို သိလိုက်သည်။ ဒီတစ်လောကလုံးအနှံ့ မြင်းတွင် ထူးခြားသည့် အဖြူရောင်သင်္ကေတမျိုး ဆေးခြယ်ထားသည့် မြင်းတပ် တစ်ခုတည်းသာရှိသည်။
ဒါကယွီစန်းရဲ့ သတ္တိဖြူတွေပဲ။
တစ်လောကလုံးရှိ လူတိုင်းက အချက်တစ်ချက်ကို နားလည်ထားပေလိမ့်မည်။ ထိုအချက်ကမူ မြင်းတပ်က ချီတက်လာသည့် အင်အားက ခြေလျှင်တပ် ချီတက်သည့်အင်အားထက် ကြီးသည်ဆိုသော အချက်ဖြစ်သည်။ မြင်းတပ်တိုင်းတွင် အာရပ်မြင်းတပ်က အလားအလာ အကောင်းဆုံးဖြစ်သည်။
ယွီစန်း၏ သတ္တိဖြူများက အာရပ်မြင်းတပ်ကို ယှဉ်နိုင်သည့် တစ်ခုတည်းသော အင်အားစုဖြစ်သည်။ သူတို့က လက်ရွေးစင် မာမဲ့လုတို့နှင့်ပင် ကျန်းတပြေးတည်း ယှဉ်နိုင်သည်။
အာရပ်မာမဲ့လုက သူ၏ပြိုင်ဘက်ကင်းအောင် ထက်ရှသော ဝု့စ်သံမဏိဓားများနှင့် ပေါင်းလိုက်သော် တာ့လာတိုက်ပွဲတွင် မဟာထန်ကို အလဲထိုးအောင် လုပ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် အနောက်တောင်ပိုင်း နယ်မြေသို့ ပြန်လည်ချီတက်လာခဲ့သည့်အခါ သူတို့က ပြိုင်ဘက်ကင်းနေပြီး အမျိုးမျိုးသော တိုင်းပြည်များကို ဆက်လက် သိမ်းယူသွားနိုင်ခဲ့သည်။
အနီးအနားမှ ယွီစန်းအင်ပါယာက သူ၏နောက်ထပ် ပစ်မှတ်ဖြစ်ခဲ့သည်။
မာမဲ့လုက တိဗက်တောင်ပေါ်ဒေသထံ အာရုံစိုက်လိုက်မိသောအခါ ယွီစန်းအင်ပါယာကြီးက ကပ်ဆိုးပေါင်းများစွာကို ရင်ဆိုင်ရပြီး အနောက်မြောက်ဘက်ပိုင်းမှ အင်အားစုကလည်း အဆုံးသတ်သွားခဲ့သည်။ သို့သော် မာမဲ့လုက ယွီစန်း၏ သတ္တိဖြူများနှင့် ရင်ဆိုင်တွေ့ခဲ့ရသည်။ ထိုတိုက်ပွဲတွင် သိန်းကျော်သော မာမဲ့လုများက လေးထောင်၊ ငါးထောင်ခန့်သာ ရှိလောက်မည့် ယွီစန်း၏ သတ္တိဖြူများနှင့် ပက်ပင်းတိုးချိန်တွင် သတ္တိဖြူများက သူတို့ဆက်ပြီး မချီတက်အောင် ခါးစည်းကာ တောင့်ခံထားနိုင်ခဲ့သည်။
သတ္တိဖြူများကလည်း ဆိုးဆိုးရွားရွား ဆုံးရှုံးခဲ့ပြီး အမြစ်ဖြတ် သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည့်တိုင်အောင် မာမဲ့လုများက ငါးထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရသည်။ ဒါက မည်သူမျှ လက်မခံနိုင်သည့် ဒဏ်ရာဆိုးကြီး ဖြစ်သွားသည်။
ထိုဖြစ်ရပ်က မာမဲ့လုများအတွက် အကြီးမားဆုံး ဒဏ်ရာကြီးဖြစ်သွားခဲ့သည်။ အထူးသဖြင့် အရှေ့ပိုင်းနယ်မြေကို စတင်ပြီး သိမ်းယူခိုင်းစက စတင်ပြီး အကြီးမားဆုံး ထိုးနှက်ချက်ကြီး ဖြစ်သွားသည်။ ထိုအကြောင်းပြချက်ကြောင့် အာဘတ်ဆစ်ကယ်လီဖိတ်က တိဗက်တောင်ပေါ်ဒေသကို သိမ်းယူရန်ဆန္ဒကို လက်လျော့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သတ္တိဖြူများ၏ အင်အားကို မျှော်မှန်းကြည့်နိုင်သည်။
ဝမ်ချောင်က လေ့ကျင့်ပေးထားသော အရာရှိများကလည်း ခေါင်းဆောင်နိုင်လောက်ပြီး အနောက်တောင်ပိုင်းမှ ကြမ်းတမ်းသော တိုက်ပွဲကို အတွေ့အကြုံ ရှိခဲ့ပြီးလောက်သည်။ သို့သော် အာရပ်မာမဲ့လုများ၏ အင်အားကိုရောက်ရန် ဝေးကွာလွန်းနေသေးလေရာ ယွီစန်း၏ သတ္တိဖြူများကို မယှဉ်နိုင်ချေ။
သတ္တိဖြူအဖွဲ့မှ အဖွဲ့သား တစ်ယောက်ချင်းစီတိုင်းက အဆင့်မြင့် သိုင်းနယ်မြေအဆင့်သို့ ရောက်ရှိပြီးသားဖြစ်ပြီး တော်ဝင်မြို့တော်ကို စောင့်ကြပ်ရန် တာဝန်ပေးခံရသူများဖြစ်သည်။ အရေးကြီးသော တာဝန်ရှိမှသာ လွှတ်တတ်သည်။ ထို့ကြောင့် သာမာန်စစ်ပွဲများတွင် သူတို့ကိုတွေ့ခဲသည်။
ဝမ်ချောင်အနေဖြင့် ထိုမျှကျော်ကြားသည့် ယွီစန်း၏ သတ္တိဖြူများက သူ၏သံမဏိမြို့ အပြင်ဘက်သို့ ရောက်လာမည်ဟု မထင်ထားမိချေ။
“နောက်ဆုတ်”
မြို့အပြင်ဘက်မှ ချန်းစန်းယွမ်က အံ့ဩနေသည်။ သူကတွန့်ဆုတ်နေသော်လည်း အမိန့်ကိုနာခံပြီး နောက်ဆုတ်ရန် ရွေးချယ်သည်။
ဝုန်း
မြို့ဂိတ်ကပွင့်သွားသည်။ စစ်သည်တော်တိုင်းက မြို့ထဲသို့ဝင်ကာ နောက်ဆုတ်သည်။
“မင်းတို့ဘယ်နေရာကို သွားတာလဲ”
အဝေးမှ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံကြီးက ပေါ်ထွက်လာသည်။ အသံကမပျောက်ခင် စွပ်ကနဲ မြည်သံနှင့်အတူ ထက်ရှသည့် တစ်စုံတစ်ရာက လေထုကို ထိုးခွဲကာ အမှောင်ထုထဲမှ ထိုးထွက်လာသည်။ မည်သူမျှ မတုန့်ပြန်ခင် မြှားတစ်စင်းက ပြေးထွက်လာသည်။ ဤနည်းအားဖြင့် လက်ရှိတွင် မြို့ထဲသို့ဝင်ကာ နောက်ဆုတ်နေသည့် မြင်းစီးသမား၏ လည်တိုင်ကို ထိုးခွဲသွားသည်။ ထိုအချက်က ယုံကြည်ရန် ခက်ခဲလောက်အောင် တိကျသည်။ ထိုနေရာကို ကာကွယ်ထားသည့် သံချပ်ကာလည်း မရှိသဖြင့် မြှားက တိုက်ရိုက်ဖောက်ဝင်သွားစေသည်။
“သတိထား”
ချန်းစန်းယွမ်၏ မျက်မှောင်က ကျုံ့သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ ရန်သူကပစ်လိုက်သော မြှားက မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည်။ ထို့ပြင် သတိပေးချက်လည်း မရှိချေ။ အနည်းဆုံး မြင်းစီးသမားက သတိမထားမိခဲ့ချေ။
ချွင်
ချန်းစန်းယွမ်က ချက်ချင်းလိုလို ခုတ်ချသည်။
ဘန်း
ဓားကမြှားကို ခုတ်မိသွားပြီး လွင့်ထွက်သွားစေသည်။ မြှားနောက်မှ ကပ်ပါသည့် ပြင်းထန်သည့်အားကြောင့် သူကထိုမြှားကို အပြည့်အဝ မခုတ်နိုင်ခဲ့ဘဲ မြေပြင်ကို ထိုးစိုက်သွားစေသည်။
ချန်းစန်းယွမ်ကလည်း သူ၏လက်မောင်းမှ ကျိုးပဲ့သွားသော အသံကို ကြားလိုက်ရသည်။ သူ၏လက်က ခွေယိုင်ပြီး ပျော့ကျသွားသည်။
ချန်းစန်းယွမ်က ဉာည်းညူလိုက်သည်။
“မြန်မြန် မြို့ဂိတ်ကိုပိတ်”
ချန်းစန်းယွမ်ကအော်သည်။
ဝုန်း
သံမဏိမြို့ဂိတ် တစ်ခုချင်းစီတိုင်းကို သေချာစွာ လေ့ကျင့်ပေးထားသည့် လက်ရွေးစင် စစ်သည်တော်တိုင်းက စောင့်ကြပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ချန်းစန်းယွမ်၏ အမိန့်ကိုရသည်နှင့် ထူထည်းလွန်းသော မြု့ဂိတ် လေးခုလုံးက ချက်ချင်းလိုလို စေ့ပိတ်သွားသည်။
ထိုသို့ မြို့ဂိတ်ပိတ်သွားပြီးပြီးချင်း မြှားမိုးများ ရွာသံများကို ကြားလိုက်ရသည်။ မြို့ဂိတ်ကို မြှားများက ထိမှန်သွားသည်။ သို့သော် မထိုးဖောက်နိုင်ခဲ့ချေ။
သို့သော် မြှားများက မြို့ဂိတ်ကို စိုက်သွားပြီးသည့်နောက် လူတိုင်း၏နားအတွင်း ကျယ်လောင်သည့် မိုးခြိမ်းသံက ပေါက်ကွဲထွက်လာသည်။ ထိုအခိုက် လူတိုင်း၏ အမူအရာက လေးနက်သွားသည်။
“ဝမ်ချောင် သူတို့ကဘယ်သူတွေလဲ”
နားနားတွင် အသံတစ်သံကို ကြားလိုက်ရသည်။ ပထမဦးဆုံး တိုက်ခိုက်သည့် တိုက်ကွက်မျိုး ဖြစ်နေသည့်တိုင်အောင် ပိုင်စစ်လင်ကလည်း တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။
“သာမာန်စစ်သားတွေက ဒီလောက်ထိ အင်အားကြီးမှာမဟုတ်ဘူး။ သူတို့ရဲ့ ဗိုလ်ချုပ်က စစ်မြင်းတွေကို ခွာတွေပတ်ထားတယ်။ ဒီလူတွေက ကြိုတင်ပြင်ဆင်ပြီးမှလာတာ။ သူတို့က သာမာန်မြင်းတပ် အင်အားစုထက် အင်အားကြီးလွန်းတယ်”
ကျောင်းရထုံကလည်း တင်းမာသော မျက်နှာထားဖြင့်ပြောသည်။
စစ်မြင်းတိုင်း၏ခွာတွင် သံမဏိမြင်းခွာအသစ်များ ရှိနေသည်။ ထို့ကြောင့် မြင်းတပ် ထောင်ပေါင်းများစွာက ချီတက်သောအခါ ကြောက်မက်ဖွယ်ကောင်းသည့် အသံကို ထုတ်ပေးနိုင်ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် ထိုမြင်းတပ်က ရုတ်တရက် ဆူညံသံမထွက်အောင် တမင်တကာ ကြိုးစားပြီး ရောက်ရှိလာသည့်အခါ အားလုံးက ထိတ်လန့်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ရှင်းပြချက် တစ်ခုသာရှိတော့သည်။ ရန်သူက အားလုံးပြင်ဆင်ပြီးမှလာသည်။ ထိုရန်သူက သူတို့၏စစ်မြင်း၏ ခွာများကို အဝတ်စဖြင့် ခပ်ထူထူပတ်ထားခြင်းအားဖြင့် မြေပြင်ကို ထိခတ်သည့်အခါ အသံမထွက်မှီဖြစ်သည်။
ကျောင်းရထုံတို့ အားလုံးက ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကြသည်။
ရန်သူက တိုက်ခိုက်လာသောအခါ ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့က စစ်သည်တော်များကို စုစည်းပြီး ရန်သူများကို ရင်ဆိုင်ရမည်ဖြစ်သည်။
သို့သော် တိုက်ပွဲက မစတင်ခင် ရန်သူက နောက်ဆုတ်ရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် သူက တစ်စုံတစ်ရာကို သတိထားမိသောကြောင့် ဖြစ်ပေလိမ့်မည်။
“ငါမင်းတို့ကို နောက်မှပြောပြမယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် လာလည်တဲ့လူတွေက ကောင်းမွန်တဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူး။ ကောင်းမွန်တဲ့ ကိစ္စတွေကလည်း ဖြစ်လာမှာမဟုတ်ဘူး။ ဒီတော့ ဒီတစ်ကြိမ် ရန်သူတွေက ငါတို့ထင်ထားတာထက် အများကြီး ကြောက်လန့်စရာ ကောင်းတယ်ဆိုတာကိုပဲ ပြောပြနိုင်တယ်”
ဝမ်ချောင်က အမှောင်ထုထဲသို့ တင်းမာသော မျက်နှာထားဖြင့် ကြည့်သည်။
ဗဟိုပြင်ကျယ်မှ လူတိုင်းက သတ္တိဖြူများအကြောင်း မသိထားကြချေ။ လူအများကြီးကလည်း မသိထားခဲ့ချေ။ သို့သော် သိထားသောလူများကလည်း သတ္တိဖြူများအကြောင်း ကြားသည်နှင့် ကောင်းသောကိစ္စ မဖြစ်နိုင်တော့ကြောင်း သိပေလိမ့်မည်။
ယွီစန်းက ငါ့ကိုရင်ဆိုင်ဖို့ သတ္တိဖြူတွေကိုသုံးတယ်။ ကြည့်ရတာ တိဗက်တောင်ပေါ်ဒေသပေါ် ရောဂါကပ်ဘေး ပျံ့သွားတဲ့ကိစ္စက သူတို့ကို ဆူးသွားစိုက်စေသလို ဖြစ်သွားစေတယ်နဲ့တူတယ်။ စန်းပေါ်ကတောင် သတိထားမိသွားတယ်။
ဝမ်ချောင်က တိတ်တဆိတ်တွေးသည်။
သတ္တိဖြူများက တော်ဝင်မြို့တော်ကို ကာကွယ်စောင့်ရှောက်ပေးရပြီး စန်းပေါ်၏ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခွင့်မရှိချေ။ အထူးသဖြင့် သံမဏိမြို့ရိုးကဲ့သို့ ဝေးကွာလွန်းသော နေရာသို့ဖြစ်သည်။ ဒီတာဝန်တွင် ဝမ်ချောင်က အမုန်းတရားများကိုပင် အနံ့ရနေသည်။ ဒါက သတ်ဖြတ်ရန် ကျိန်စာယူထားပြီး ရောက်လာသလို ဖြစ်နေသည်။ အနောက်တောင်ပိုင်းက စစ်ပွဲက တိဗက်လူတိုင်း၏ နှလုံးသားထဲတွင် ရန်ငြိုးစိုက်စေခဲ့သည်နှင့်တူသည်။ သေချာပေါက် ကောင်းသောခံစားချက် မရှိတော့ချေ။
ထိုအတွေးများက ဝမ်ချောင်၏ စိတ်အတွင်း တခဏချင်း ထွက်ပေါ်လာသည်။ သူ၏မျက်လုံးက ကြည်လင်ကာ တည်ငြိမ်သွားသည်။
ဝမ်ချောင်က လေထဲသို့ လက်မောင်းမြှောက်လိုက်ပြီးနောက် အော်ဟစ်လိုက်သည်။
“ငါ့အမိန့်ကိုထုတ် တိုက်ပွဲအတွက် ပြင်ဆင်ကြ”
လေထုက ချက်ချင်းတင်းကြပ်သွားသည်။ အလုပ်သမားတိုင်းက မြို့ရိုးထဲသို့ ရောက်သွားကြပြီး မည်သူကမျှ အသက်ပင်ကျယ်ကျယ် မရှုရဲကြချေ။ မြို့ရိုးပေါ်တွင်ရှိသော ကျွမ်းကျင်ပညာရှင်များက မြှားများကို အသင့်ပြင်ထားပြီး မြို့ပြင်ကိုချိန်သည်။
ဒုန်း ဒုန်း ဒုန်း
မြင်းခွာသံများက ကျယ်သထက်ကျယ်လာသည်။ သူတို့က လူတိုင်း၏နှလုံးသားပေါ် တက်နင်းနေသည်နှင့်တူသည်။ လေထုက တင်းကြပ်လာသည်။
သံမဏိမြို့ထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။
နီးလာပြီ
နီးသထက် နီးလာပြီ
......
ဝုန်း
မြို့ရိုးအပြင်ဘက်တွင် တောက်လောင်သည့် မီးပြင်းဖိုက ထူးဆန်းသော မကောင်းဆိုးဝါးတစ်ကောင်ကို ရင်ဆိုင်ရသည့်အလား လွင့်ထွက်သွားသည်။
လေထုက ရုတ်တရက် တင်းကြပ်သွားသည်။ လေထဲတွင်လည်း မီးဖွှားများနှင့်အတူ မရေမတွက်နိုင်သော မြင်းတပ်၏ အရိပ်ပေါင်းများစွာကိုလည်း လူတိုင်းက မြင်လိုက်ရသည်။ ထိုမြင်းတပ်က မြေအောက်လောကမှ ကုန်းတက်လာသည့် နတ်ဆိုးများနှင့်တူသည်။
“သတ်”
ချက်ချင်းလိုလို အရိပ်ထဲမှ မြင်းသမားများက မြို့ရိုးပေါ် တက်လာကြသည်။ သူတို့၏မျက်ဝန်းက ရက်စက်ကြမ်းတမ်းသည်။ တစ်ယောက်ချင်းစီတိုင်းက မူလရှေးဦးသားရဲကြီးများကဲ့သို့ ရက်စက်သည့် အရှိန်အဝါမျိုးကို လွှတ်ထုတ်နေကြသည်။
ကလန်များမှ လွှတ်ထားသည့် ကျွမ်းကျင်ပညာရှင်များကလည်း လေးကြိုးများကိုဆွဲကြပြီး စတင်ကာ ပစ်လွှတ်ရန် ကြံစည်သည်။
“နေဦး”
ဝမ်ချောင်က လက်ဝှေ့ယမ်းလိုက်ပြီးတားသည်။
“အခုက ပစ်ရမဲ့အချိန်မဟုတ်ဘူး။ အားလုံးပဲ ငါ့အမိန့်ကိုစောင့်ကြ”
ဝမ်ချောင်၏မျက်နှာက အလွန်အမင်း တင်းမာနေသည်။ တိဗက်မြင်းတပ်ကသာ သူ၏မှတ်ဉာဏ်ထဲက သတ္တိဖြူဆိုလျှင် သာမာန်မြှားတပ်လောက်က သူတို့အတွက် အသုံးမဝင်နိုင်ချေ။