← Chapters

အခန်း (၇၄၁-၇၄၅)

Vol. 39 Ch. 741-745

အခန်း (၇၄၁-၇၄၅)

Vol. 39 Ch. 741-745

အခန်း(၇၄၁)

သာ့ယန်မာန်ပန့်၏ ပြန်လည်တိုက်ခိုက်မှု

“တုစုန့်မာန်ဖော်ကျဲ့က အိုနေပြီလား။ အသုံးမကျတဲ့ကောင် ငါသူ့ကို ပေးတဲ့အခွင့်အရေးကို အလကား ဖြစ်သွားစေတယ်။ သူက လူနှစ်ထောင်ပဲလွှတ်ပြီး တိုက်ခိုက်ခိုင်းခဲ့တာ”

“နောက်ပြီး အဲ့ဒီ သာ့ယန်မာန်ပန့်ဆိုတဲ့အကောင်... ငါ့အထင်တော့ သူက မြေပြန့်ဒေသမှာ နာမည်ကြီးတဲ့ လူတစ်ယောက်လို့ မျှော်လင့်ထားခဲ့တာ။ မမျှော်လင့်ထားဘဲ သူက အမှိုက်ကောင်ဖြစ်နေတယ်”

“တိဗက်တောင်ပေါ်ဒေသမှာ တာချရာခုံလော့နဲ့ သာ့လွန်သာ့ယင်လင်တို့ကလွဲပြီး ဘယ်သူမှ မရှိကြတော့ဘူးလား”

ကာကွယ်စောင့်ရှောက်ရေး တပ်ဌာနချုပ်ထဲတွင် ဖုမာန်လင်းချာက တစ်ညလုံး ကောင်းကောင်း အနားမယူနိုင်ခဲ့ချေ။ သူဝမ်ချောင်နှင့် တွေ့ဆုံပြီးကတည်းက သံမဏိမြို့သို့ သူလျိုများ စေလွှတ်ထားကာ အခြေအနေတိုင်းကို နေ့ရောညပါမကျန် ပြန်ပို့ခိုင်းခဲ့သည်။ မည်သည့်အရာကမျှ သူ၏ စောင့်ကြည့်မှုအောက်မှ မလွတ်ခဲ့ချေ။ ရလဒ်အနေဖြင့် ဖုမန်လင်းချာကလည်း သာ့ယန်မာန်ပန့်၏ အရှုံးကို ချက်ချင်းသိလိုက်သည်။

ထိုအချိန်တွင် ဖုမာန်လင်းချာ၏ သွေးကြောများက မြေပိုးကောင်များနည်းတူ သူ၏နဖူးတွင် ထောင်တက်နေသည်။ သူ၏မျက်နှာက ဒေါသကြောင့် နီရဲနေသည်။ သူ၏လက်ကလည်း ဒေါသနှင့် စိတ်ပျက်မှုများကြား တဆတ်ဆတ်တုန်နေသည်။ ပြည်ပအင်အားစုကို ကျူးကျော်စေသော ကိစ္စက အိမ်ထဲသို့ ဝင်လေကို ဖိတ်ခေါ်ခြင်းဖြစ်သည်။ သူက မယုံနိုင်စရာကောင်းသည့် ရင်းနှီးမှုကို ပြုထားရပြီး ထိုအကြောင်းအရာကိုသာ တော်ဝင်ခုံရုံးသို့ တင်ပြလိုက်လျှင် အကျိုးဆက်က မတွေးတောနိုင်စရာကောင်းသည်။ သို့တိုင်အောင် သူက ထိုမျှအထိ ရင်းနှီးထားခဲ့သော်လည်း တိဗက်များက ကျရှုံးသွားသေးသည်။ ဖုမန်လင်းချာ၏ ဒေါသကို မျှော်မှန်းကြည့်ရန် ခက်ခဲသည်။

ဝူရှန်းက ဖုမန်လင်းချာ၏ လည်ပင်းတွင် နင်နေသော ငါးအရိုးကဲ့သို့ သူအတက်နိုင်ဆုံး ထွေးထုတ်ချင်သည့်တိုင်အောင် ထွေးထုတ်၍မရချေ။

“သတင်းပို့”

အားတစ်လှိုင်းက မပျက်ပျယ်သေးခင် နောက်ထပ် တစ်လှိုင်းက မြောက်တက်လာသည်။ ထိုအချိန်တွင် ခန်းမ၏ အပြင်ဘက်မှ အထိတ်တလန့်ဖြစ်သံက ပေါ်ထွက်လာသည်။

“အရှင် ဒုက္ခတော့ရောက်ပြီ တိဗက်နှိမ်နှင်းရေးစခန်းက တိုက်ခိုက်ခံနေရတယ်။ ကျွန်တော်တို့ရဲ့ စစ်သည် ငါးထောင်တောင် အသတ်ခံလိုက်ရပြီ။ ဗိုလ်ချုပ်ဖူလန်လည်း သေဆုံးသွားပါပြီ”

“ဘာ”

မှင်သက်သွားသော ဖုမန်လင်းချာက မတ်တပ်ထရပ်လိုက်သည်။

ချီရှီကာကွယ်ရေးစစ်တပ်တွင် ဗိုလ်ချုပ်ဖူလန်က တစ်ယောက်တည်းသာရှိပြီး သူက ဟူလန်ဟယ်ဆိုသည့် သူက အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်သည်။ သူနည်းတူ ဗိုလ်ချုပ်ဖူလန်ကလည်း ဟူတစ်ယောက်ဖြစ်သည်။

ဟူလန်ဟယ်က အနောက်ပိုင်းနယ်မြေတွင် အင်အားကြီးမားသည့် စစ်သည်တော်တစ်ယောက်ဖြစ်သလို နှစ်ပေါင်းများစွာကြာအောင် တာဝန်ထမ်းဆောင်ဖူးသည့် လူဟောင်းတစ်ယောက်လည်းဖြစ်သည်။ သူက အတွေ့အကြုံ အများအပြား သယ်ဆောင်ထားသလို တိဗက်များကို ရင်ဆိုင်ပြီး အကျိုးပြုမှုများစွာရအောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် ဖုမန်လင်းချာ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားများမှ တစ်ယောက်ဟု ဆိုနိုင်သည်။

“မဖြစ်နိုင်တာ မင်းပြောတာ ဟူလန်ဟယ်ဆိုတာ သေချာလား”

ဖုမန်လင်းချာ၏ ပထမဦးဆုံး တုန့်ပြန်မှုက ငြင်းဆန်ခြင်းဖြစ်သည်။

“သတင်းပို့”

ဖုမန်လင်းချာက တစ်ယောက်ကို စကားပြော၍ မဆုံးသေးခင် အပြင်ဘက်မှ အခြားတစ်ယောက်၏ စကားသံက ထွက်ပေါ်လာသည်။ ထို့နောက် မြင်းခွာသံကို ကြားလိုက်ရသည်။ လေပြင်းဖြတ်ကနဲ တိုက်ခတ်သွားပြီးနောက် သတင်းပို့တစ်ယောက်က ချက်ချင်းရောက်လာကာ ဒူးထောက်ထားသည်။

“တိဗက်နှိမ်နှင်းရေးစခန်းက အရေးကြီးသတင်း ပို့လာပါတယ်။ သူတို့ရဲ့စခန်းက တိုက်ခိုက်ခံရပါတယ်။ ဗိုလ်ချုပ်ဖူလန်က အသတ်ခံလိုက်ရပါပြီ”

အရာရှိက သွေးနီရောင် သတင်းပို့အလံကို ကျောနောက်မှ ဆွဲထုတ်လိုက်သည်။ ထိုအလံကို စစ်တပ်က အလွန်အမင်း အရေးကြီးသည့် သတင်းများကို ပို့သောအခါမှသာ အသုံးပြုလေ့ရှိသည်။

ဝုန်း

ထိုအလံကို မြင်လိုက်ရသည်နှင့် ဖုမန်လင်းချာ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ဒေါသများကို မဖိနှိပ်နိုင်တော့ချေ။

“တုစုန့်မာန်ဖော်ကျဲ့”

ဒေါသတကြီး ဟိန်းသံက ကောင်းကင်ထဲသို့ တိုးဝင်သွားပြီး ချီရှီအနှံ့ ပျံ့လွင့်သွားသည်။

......

သံမဏိမြို့က တောက်ပစွာ လင်းထိန်နေသေးပြီး လှုပ်ရှားမှုများက ဆက်လက် ဖြစ်ပေါ်နေသည်။

“အရှင်အမတ် ကျွန်တော်တို့ စုံစမ်းစစ်ဆေးလို့ ပြီးသွားပါပြီ။ မနေ့ညက ဝူရှန်းကိုလာတဲ့လမ်းမှာ အစောင့်အရှောက်ယာဉ်က တိုက်ခိုက်ခံခဲ့ရပါတယ်။ သူတို့က အစောင့်တွေကို ပို့ခဲ့ပေမဲ့ ကုန်သည်တွေက ဒဏ်ရာမရခဲ့သလို ပစ္စည်းတွေကလည်း အကောင်းတိုင်း ကျန်ခဲ့လို့ ဘယ်သူကမှ စိတ်ထဲမထားခဲ့တာပါ။ ဒါကြောင့် ဒီကိစ္စကို မတင်ပြခဲ့တာပါ”

အသစ်စက်စက် ပြန်ဆောက်ပြီးကာစ အဆောင်ကြီးထဲတွင် ရှေးဟောင်းပုံစံဖြင့် တည်ဆောက်ထားသော နံရံဆေးခြယ်ထားသည့် နံရံများ၊ အမိုးခုံးများ အားလုံးက သေသပ်စွာ ဆောက်လုပ်ပြီးသွားလေပြီ။ အမိုးခုံးများ၏အောက်တွင် ဝမ်ချောင်က မြေပြင်တွင် တင်ပြင်ခွေထိုင်နေသည်။ သူ၏အရှေ့တွင် အရာရှိအချို့ ထိုင်နေသည်။ ထိုထဲမှ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အရာရှိတစ်ယောက်က နေ့စဉ်ဖြစ်ရပ်များကို စာရင်းသွင်း မှတ်သားသူဖြစ်သည်။

ဝမ်ချောင်က မျက်ခုံးပင့်ကာမေးသည်။

“သံမဏိကို လာပို့ခဲ့တဲ့လူတွေကို မင်းရှာခဲ့သေးလား”

“မြို့အရှင်ကို သတင်းပို့ပါတယ်။ အဲ့ဒီကိစ္စကို မနေ့ကမှဖြစ်ခဲ့လို့ သူတို့တွေအားလုံး မြို့ထဲမှာပဲ ရှိဦးမှာပါ။ သူတို့က မနက်ဖြန်မှ ထွက်ခွာသွားဖို့ ကြံစည်ထားကြတာပါ။ ကျွန်တော်တို့ သူတို့ကို အခေါ်လွှတ်ထားပါတယ်။ သူတို့အပြင်မှာ စောင့်ဆိုင်းနေကြပါတယ်”

ချန်းမင်းကပြောသည်။

ဝမ်ချောင်ကခေါင်းညိမ့်သည်။ ထိုသို့ဖြင့် ကြောက်လန့်နေသော ကုန်သည်အချို့က ဝင်လာသည်။ သူတို့ကို အနီးကပ် မေးခွန်းမေးကြည့်လိုက်သောအခါ အဖြေများက မမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည်။

ခြုံခိုတိုက်ခိုက်ခဲ့သော လူများက မျက်နှာကို အဝတ်အုပ်ထားပြီး မျက်လုံးသာဖော်ထားသည်။ ထိုကုန်သည်လှည်းတန်းမှ အဖွဲ့ဝင်များကလည်း အနီးအနားရှိ ဓားမြအဖွဲ့များကို ယုံကြည်ထားခဲ့သည်။ သို့ရာတွင် မည်သူကမျှ ဒဏ်ရာမရထားခဲ့သလို ပစ္စည်းများကလည်း မပျက်စီးသွားခဲ့ကြသည့်အတွက် အာရုံမစိုက်ခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ ဂုဏ်သိက္ခာကြောင့် ကုန်သည်များက အစောင့်များကို ဆွဲဆောင်ပြီး ထိုကိစ္စကို ဖိနှိပ်ခိုင်းထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခြေအနေကမူ သူတို့ကို အလွန်အမင်း မသက်မသာ ဖြစ်သွားစေသည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ။

ဝမ်ချောင်က မျက်လုံးကို တစ်ဝက်ခန့်အထိ မှေးချလိုက်သည်။ သူ၏ခန္ဓာကိုယ်က အနောက်တွင်ရှိသည့် စန္ဒကူး ကုလားထိုင်အမှီသို့ မှီချလိုက်သည်။ သူ၏ညာလက်မ လက်ညိုးက ထိုင်ခုံလက်တင်ပေါ် တဒေါက်ဒေါက် ခေါက်နေသည်။

ထိုလူများက မည်သည့်အတွေ့အကြုံမျှ မရှိလောက်သည့်အတွက် မသိလောက်ချေ။ သို့ရာတွင် ဝမ်ချောင်ကမူ ဓားမြများကို ကွပ်မျက်သည့် ကိစ္စတွင် ပါဝင်ခဲ့ဖူးလေရာ ဓားမြများ၏ လက်နက်တိုင်းက သွေးစွန်းနေပြီးသားဖြစ်သည့်အတွက် သူတို့က တိုက်ရိုက်သေဆုံးမှုကို လိုလားကြောင်း ကောင်းကောင်း နားလည်ထားသည်။ လုယက်ပြီး ရိက္ခာများကို ယူသောကိစ္စက သူတို့အတွက် ထမင်းစား ရေသောက်သလောက် လွယ်ကူသည်။

ထို့ကြောင့် အမှန်တကယ် ဓားမြအစစ်အမှန်များသာဆိုလျှင် သူတို့၏မျက်နှာကို ဖုံးကွယ်ထားသည်ဆိုသော အခြေအနေမျိုးက ဘယ်သောအခါမှ ရှိနေလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် တိဗက်များက သူတို့၏ နောက်ခံကို ဖုံးကွယ်ထားခဲ့ကြောင်း သိသာသည်။

သာ့ယန်မာန်ပန့်က တော်တော်လေးကို ကိုင်တွယ်ရခက်တယ်။

ဝမ်ချောင်က တွေးတောနေရင်း ထိုင်ခုံလက်တင်ပေါ် လက်ညိုးကို တဒေါက်ဒေါက်ခေါက်ကာ တတောက်တောက် မြည်နေစေသည်။

ပြိုင်ဘက်ဖြစ်နေသည့်တိုင်အောင် ဝမ်ချောင်က သာ့ယန်မာန်ပန့်ကို ထိုသို့သော အကြံအစည်မျိုးသုံးပြီး မြို့ထဲသို့ဝင်ရန် တွေးတောမိသည့်အတွက် ချီးကျူးရပေမည်။ ထိုအရာကမှ သံမဏိမြို့ တစ်ခုလုံး၏ တစ်ခုတည်းသော ပြစ်ချက်ဖြစ်နေသည်။

ဝူရှန်းက လွင်ထီးခေါင်နယ်မြေကြီးဖြစ်သည်။ သံမဏိတိုင်းကို မြို့တော်နှင့် အခြားသော စီရင်စုများမှ တင်ပြလာရခြင်းဖြစ်သည်။ ခရီးရှည်ကြီးဖြစ်သည့်အလျောက် လမ်းခရီးတွင် အမျိုးမျိုးသော ဖြစ်ရပ်တိုင်းက ဖြစ်နိုင်သည်။

သာ့ယန်မာန်ပန့်က ထိုအခြေအနေကို ကောင်းကောင်း ဖမ်းဆုပ်နိုင်ခဲ့သည်။

“တိဗက်တွေ လုပ်ကြံသတ်ဖြတ်မှု မစတင်ခင် ငါတို့ကသာ အဲ့ဒါကို ရှာတွေ့ခဲ့မယ်ဆိုရင် ပိုပြီး အခြေအနေ ကောင်းသွားမှာပဲ။ အခုချက်ချင်း ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ မြို့ထဲကို ပစ္စည်းတွေ တင်ပို့တဲ့အခါ ပစ္စည်းတိုင်းကို ဖွင့်ပြီးစစ်ရမယ်။ ဒါ့အပြင် ဘယ်လိုသေးငယ်တဲ့ မတော်တဆမှုကိုမဆို ငါ့ကိုပြန်ပြီး အသေးစိတ် တင်ပြရမယ်။ အားလုံးကိုလည်း သေချာမှတ်တမ်းတင်ထားရမယ်။ သံမဏိမြို့ဝန်းကျင်အနားမှာ မဟုတ်ရင်တောင် အားလုံးကို မှတ်တမ်းတင်ထားရမယ် ကြားလား”

ဝမ်ချောင်ကပြောသည်။

“ဟုတ်ကဲ့အရှင်အမတ်”

စုစည်းနေကြသည့် အရာရှိတိုင်းက ဂါရဝပြုကြသည်။

“သတင်းပို့”

အပြင်ဘက်မှ အလျင်စလို ဝင်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ စစ်သည်တော်တစ်ယောက်က အလောတကြီးဝင်လာသည်။ သူက လဲကျလုမတက် ဖြစ်သွားသည်။ အခန်းကလည်း တိတ်ဆိတ်နေသည်။ လူတိုင်းကသူ့ကို ကြည့်လိုက်ကြသည်။

“အရှင်အမတ် ရှေ့တန်းက အရေးကြီးသတင်း တင်ပို့လာပါတယ်။ ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ တိဗက်နယ်စပ်နားမှာရှိတဲ့ စခန်းက တိုက်ခိုက်ခံနေရတယ်။ ကာကွယ်ရေးစစ်တပ်က စစ်သည်တော် ငါးထောင်ကျော်လောက်က ဆုံးရှုံးသွားခဲ့ပြီး ဖူဟန်ဟယ်ကလည်း တိုက်ပွဲမှာ အသတ်ခံခဲ့ရပါတယ်”

အခန်းထဲရှိ လူတိုင်းက ထိုစကားများကြောင့် အံ့အားသင့်သွားကြသည်။

“အဲ့ဒါက တုစုန့်မာန်ဖော်ကျဲ့လား”

ဝမ်ချောင်၏အနားရှိ စစ်သည်တော်က မေးသည်။

“မဟုတ်ဘူး သာ့ယန်မာန်ပန့်ပါ”

စစ်သည်တော်က ဖြေသည်။

စစ်သည်တော်တိုင်းက မယုံကြည်နိုင်သလို ဖြစ်သွားကြသည်။ ဝမ်ချောင်ကပင် မျက်မှောင်ကျုံ့လိုက်သည်။ သာ့ယန်မာန်ပန့်က ရှုံးသွားကာစဖြစ်သည်။ သူက ဝမ်ချောင်ထံတွင် လူနှစ်ရာ၊ သုံးရာခန့်ကို ရှုံးသွားသည်။ သို့သော် ရုတ်တရက် ဦးတည်ရာဘက်ပြောင်းပြီး ချီရှီကာကွယ်ရေးစစ်တပ်ကို တိုက်ခိုက်ခဲ့သော ကိစ္စက မည်သူမျှ မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။

“သတင်းကို အတည်ပြုပြီးပြီလား”

ဝမ်ချောင်၏လက်က လက်တင်ပေါ်တွင် ရှိနေသေးသည်။ သူက တဖြည်းဖြည်းချင်း ထိုင်ခုံမှထသည်။

“ဟုတ်ကဲ့အရှင်အမတ် သတင်းက ချီရှီနဲ့ တော်ဝင်ခုံရုံးကို ရောက်သွားပါပြီ”

ဒူးထောက်နေသည့် စစ်သည်ကပြောသည်။

“ဆိုတော့ အဲ့ဒီလိုဖြစ်တာကိုး”

ဝမ်ချောင်က ခေါင်းမော့လိုက်သည်။ ထို့နောက် မျက်လုံးကို တဖန်မှိတ်သည်။ သူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးမှုက အထင်းသားပေါ်နေသည်။

ထိုကိစ္စက ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် မဖြစ်ပျက်ခဲ့ဖူးသော ကိစ္စဖြစ်သည်။ သူကသာ ဝူရှန်းတွင် မပေါ်လာခဲ့လျှင် သာ့ယန်မာန်ပန့်ကလည်း တောင်ပေါ်ဒေသမှ ဆင်းလာပြီး သူ့ကို ကိုင်တွယ်မည်မဟုတ်ချေ။

သူကသာ လုပ်ကြံသတ်ဖြတ်မှုတွင် ရှုံးနိမ့်သွားခဲ့ပြီး အရှုံးဖြင့် ပြန်သွားရခဲ့သောကြောင့်သာ မဟုတ်လျှင် သာ့ယန်မာန်ပန့်လည်း ချီရှီကာကွယ်ရေးစစ်တပ်ကို တိုက်ခိုက်ပြီး သူ၏ဒေါသများကို ဖောက်ထုတ်၍ ဟူလန်ဟယ်ကို သတ်ဖြတ်ခဲ့လိမ့်မည် မဟုတ်ချေ။ အရာအားလုံးက အဆက်စပ်နှင့်ဖြစ်နေသည်။

“အရှင်အမတ် ဒါက အခွင့်အရေးကောင်းပဲ”

ချန်းစန်းယွမ်၏ မျက်ဝန်းက တောက်ပသွားသည်။ သူက စပြောသည်။

“ဒီနေ့ မတော်တဆမှုက ဖုမန်လင်းချာက တိဗက်တွေကို တစ်ကိုယ်ကောင်းဆန်ပြီး ဝင်ခိုင်းခဲ့လို့ဖြစ်တာပဲ။ အခု ကျွန်တော်တို့က ဒီတင်ပြချက်ကို တော်ဝင်ခုံရုံးကို တင်ပြလိုက်ပြီး ဖုမန်လင်းချာကို ရှင်းလင်းလိုက်လို့ရတယ်”

ချန်းစန်းယွမ်၏စကားက အခြားသော အရာရှိတိုင်း၏ ထောက်ခံမှုကို အပြည့်အဝ ရလိုက်သည်။

“ဟုတ်ကဲ့ ဖုမန်လင်းချာက သံမဏိမြို့ကိုတောင် စစ်တပ်ကို ခေါ်ဆောင်လာပြီး အရှင်အမတ်ကို ခြိမ်းခြောက်သွားသေးတယ်။ ဒီတစ်ကြိမ်မှာ အရှင်အမတ်က သူ့ကိုပြန်ပြီး တိုက်ခိုက်လို့ရပြီ”

“သူက ကိုယ်ကျိုးအတွက် အများကောင်းကျိုးကို စွန့်လွှတ်ခဲ့တာပဲ။ သူတော်ဝင်ခုံရုံးကို ဘယ်လိုရှင်းပြမလဲဆိုတာကို ကြည့်ကြမယ်”

“စစ်သည် ငါးထောင်၊ ခြောက်ထောင်လောက်ကို ဆုံးရှုံးရတာက ကိစ္စလေးမဟုတ်ဘူး။ ဖုမန်လင်းချာကလည်း ‘ကျုပ်ကိုစမ်းပြီး ခိုးကြည့်တာကနေ စန်မာဆုံးရှုံးလိုက်ရတယ်’ရဲ့ ဆိုလိုရင်းရဲ့ စကားစုကို တစ်ရက်မှာ နားလည်လိုက်ရမယ်လို့ ထင်ထားမှာမဟုတ်ဘူး”

“အရှင်အမတ် ကျွန်တော်တို့ ဒီကိစ္စကို ဒီတိုင်းလွှတ်ပေးလို့မရဘူး”

အရာရှိတိုင်းက သူတို့၏ ထင်မြင်ချက်များကို အသီးသီး တင်ပြကြသည်။

သူတို့ကလည်း ဖုမန်လင်းချာက ထိုသို့ကြီးမားသည့် အမှားကြီးကို လုပ်ပြီးနောက် ခံစားရမည့် ဖိအားကိုလည်း အလွယ်တကူ ခန့်မှန်းကြည့်နိုင်သည်။

“တော်လောက်ပြီ”

ဝမ်ချောင်က လက်မြှောက်ပြီး အားလုံးကို တိတ်ဆိတ်စေသည်။

အခန်းက တိတ်ဆိတ်သွားသည်။ အရာရှိတိုင်းကလည်း တိတ်ဆိတ်မှုအတွင်း ခေါင်းကိုငုံ့လိုက်ကြသည်။ သူတို့၏ မျက်နှာတွင် လေးစားမှုသာရှိနေသည်။ သံမဏိမြို့တွင် ဝမ်ချောင်၏ အမိန့်ကသာ အရေးအကြီးဆုံးဖြစ်သည်။ ဝမ်ချောင်က အရေးအကြီးဆုံး ဆုံးဖြတ်သည့်အခါ မည်သူကမျှ ဆက်ပြောတော့မည်မဟုတ်ချေ။

“ဒီကိစ္စကို ဖုမန်လင်းချာအပေါ် ပုံချလို့မရဘူး”

ဝမ်ချောင်ကပြောသည်။

သူက ဖုမန်လင်းချာအပေါ် အမြင်ကောင်းမရှိဘဲ တစ်ဖက်သူက ကိုယ်တိုင်ကိုယ်ကျ ခြိမ်းခြောက်ခြင်းအား ခံထားရထားသူ ဖြစ်သည့်အလျောက် ဝမ်ချောင်အနေဖြင့် ထိုအချိန်တွင် အနည်းငယ်သော ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုကိုမျှ မခံစားရချေ။

ချီရှီ၏ ကာကွယ်ရေးစစ်တပ်မှ စစ်သည်တော် ငါးထောင်က ဖုမန်လင်းချာ၏ လက်အောက်ငယ်သားများ ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် သူတို့အားလုံးက မဟာထန်၏ စစ်သည်တော်များ ဖြစ်နေသည်။ ထိုနည်းဖြင့် တွေးကြည့်သော် ချီရှီကာကွယ်ရေးစစ်တပ်မှ ဆုံးရှုံးမှုက မဟာထန်အတွက် ဆုံးရှုံးမှုဖြစ်နေသည်။ ထို့ကြောင့် ဝမ်ချောင်က မပျော်နိုင်ချေ။

သို့သော် ဒီကိစ္စကတင် ဝမ်ချောင်အား ဖုမန်လင်းချာကို ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဆက်မလုပ်ခိုင်းရန် ပို၍ သေချာသွားသည်။ သူက ကိုယ်ကျိုးအတွက် သာ့ယန်မာန်ပန့်ကို ဝင်ခိုင်းခဲ့သည်။ ထိုကဲ့သို့သော ကိစ္စမျိုးက ဘယ်သောအခါမှ ဆက်ဖြစ်၍မရချေ။

ဝမ်ချောင်ကလည်း ချီရှီကာကွယ်ရေးစစ်တပ်က သာ့ယန်မာန်ပန့်ကို ဝင်ခိုင်းလိုက်သည်နှင့် သာ့ယန်မာန်ပန့်က ဘယ်တော့မှ ပြန်တိုက်မည်မဟုတ်ကြောင်း သူတို့က သေချာနေသည်ဟုလည်း မမျှော်လင့်ထားချေ။ ထို့ကြောင့် ထိုကိစ္စနှင့် ဖူလန်ဟယ်၏ သေဆုံးမှုကြားမှ ဆက်စပ်မှုကို ငြင်းဆန်၍မဖြစ်နိုင်တော့ချေ။

ကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက် ဖြစ်ခွင့်ရထားပြီး ကျယ်ပြန့်နေသည့် ကြီးမားလွန်းသော လွှမ်းမိုးမှုစွမ်းအားက ထိုကိစ္စတွင် အဆုံးသတ်သွားပေလိမ့်မည်။

ဝမ်ချောင်က ဟန်အမူအရာကို ချက်ချင်းပြန်ထိန်းလိုက်သည်။ သူက အတွေးများအားလုံးကို ဖယ်ရှားလိုက်သည်။

“ဒါပေမဲ့ သူ့ကိုလွှတ်ပေးလိုက်တာကလည်း သူ့အတွက် လွယ်လွန်းသွားလိမ့်မယ်။ သူကသာ ဒီရာထူးမှာ ဆက်နေနေရင် စစ်သည်တော်တွေ ဘယ်လောက်တောင် ဆက်သေနေမလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။ ငါဒီကိစ္စအတွက် တော်ဝင်ခုံရုံးကို မှတ်တမ်းလွှာ တင်ပို့လိုက်မယ်။ ဘာပဲဖြစ်ဖြစ် သူက ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ ထိုင်ခုံမှာ ဆက်ထိုင်ဖို့ မဖြစ်နိုင်တော့ဘူး”

ဝမ်ချောင်၏စကားက လူတိုင်း၏ ချီးကျူးသံများကို ထွက်လာစေသည်။ ဖုမန်လင်းချာက ကျော်ကြားလွန်းသည်။ သူ၏အဆင့်အတန်းက မြင့်လွန်းသည်။ သူက စစ်သည်တော်များကို ခေါ်ဆောင်လာပြီး ဝမ်ချောင်ကို ခြိမ်းခြောက်သောအခါ လူတိုင်းကလည်း အသက်ရှုရန်ပင် ခက်ခဲအောင် ဖိနှိပ်ခံခဲ့ရသည်။ ယခုမူ အားလုံးက သူ့ကို သင်ခန်းစာ ပြန်ပေးနိုင်လေပြီ။

“အရှင်အမတ်က ဉာဏ်ကောင်းပါတယ်။ ဖုမန်လင်းချာက ချီရှီကာကွယ်ရေးဗိုလ်ချုပ်ရဲ့ ထိုင်ခုံနေရာအတွက် မသင့်တော်တာ အမှန်ပါပဲ”

“သာ့ယန်မာန်ပန့်နဲ့ သူ့ရဲ့ ယုံကြည်ရတဲ့ စစ်သည်တော် နှစ်ထောင်ကို ကျွန်တော်တို့ရဲ့ သံမဏိမြို့ကို လာတိုက်ခိုက်ခိုင်းခဲ့တယ်။ ဒါ့အပြင် သာ့ယန်မာန်ပန့်ရဲ့ စစ်သည်တော်တွေက အကြံအစည် အမျိုးမျိုးကို သုံးလာခဲ့တဲ့အပြင် တုံးမောင်းတွေ၊ သတ္တုစွမ်းအင်သုံး စစ်သည်တော်တွေ အားလုံးကို ခေါ်ဆောင်လာခဲ့တယ်။ ဒါပေမဲ့ သူက အဆုံးမှာ ရှုံးသွားခဲ့တယ်။ အရှင်အမတ်က သူ့ရဲ့လူ အယောက်နှစ်ရာကျော်ကိုတောင် သတ်နိုင်ခဲ့တယ်။ ဖုမန်လင်းချာမှာ စစ်သည်တော်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူက သာ့ယန်မာန်ပန့်ဆီမှာ စစ်သည်တော် ငါးထောင်ကျော်တောင် ရှုံးသွားတယ်။ ကွာခြားမှုက တစ်ချက်ကြည့်ရုံနဲ့တင် သိသာလွန်းပါတယ်”

ဖုမန်လင်းချာက ဒီလိုအခြေအနေမျိုးနဲ့ အရှင်အမတ်ကို လှောင်ရယ်ပြီး ခြိမ်းခြောက်ဖို့ မျက်နှာရှိဦးမလား သိချင်မိသေးတယ်။

“ငါ့အမြင်တော့ အရှင်အမတ်ကသာ ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်ဖို့ အထိုက်တန်ဆုံးပဲ”

အရာရှိများက သူတို့၏ ထင်မြင်ချက်များကို ပြောကြသည်။

အခန်း(၇၄၂)

ဝူရှန်းရဲ့မြင်းတပ် ပြန်ပေါ်လာပြီ

“လုံလောက်ပြီ”

ဝမ်ချောင်က လက်ကိုယမ်းသည်။

သူက ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြိုးအတေးများအတွက် ဖုမန်လင်းချာကို ဆွဲချချင်ခြင်းမဟုတ်ချေ။ ဖုမန်လင်းချာကသာ ဆက်လက်ပြီး အုပ်ချုပ်နေဦးမည်ဆိုလျှင် ချီရှီကာကွယ်ရေးစစ်တပ်က ပို၍ဆိုးရွားသည့် ဆိုးကျိုးများကို ခံစားရနိုင်သောကြောင့်သာဖြစ်သည်။

ချီရှီက အနာဂတ်တွင်လည်း အန္တရာယ်အများကြီးကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။ အဘက်ဘက်က ခြိမ်းခြောက်မှုများကို ခံရပေလိမ့်မည်။ ဖုမန်လင်းချာ၏ စွမ်းရည်က ခံတပ်ကို ထိန်းထားနိုင်ရုံလောက်သာ လုံလောက်သည့် အင်အားမျိုးရှိနေပြီး တိုက်ခိုက်နိုင်စွမ်းအား မရှိချေ။ ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကိုလည်း ခံနိုင်ဦးမည်မဟုတ်ချေ။ ထို့ကြောင့် သူ့ကို နေရာရွေ့လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

သို့သော် ဝမ်ချောင်ကလည်း ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်းတို့နှင့် အခြားသော အရာရှိများကို ထိုအချက်များ ပြောပြ၍မရချေ။

“သူတို့ နားလည်မှုလွဲနေတာ ကောင်းပါတယ်”

ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။

ဖုမန်လင်းချာ၏ ကိစ္စကို ဘေးဖယ်ထားလိုက်လျှင် သာ့ယန်မာန်ပန့်နှင့် သူ၏သတ္တိဖြူများနှင့် တိုက်ခိုက်မှုက ဝမ်ချောင်ကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း သိသာသည်။ သံမဏိမြို့၏ ခုခံအားနှင့် အစောင့်များက ပို၍ပြင်းထန်သည့် မတော်တဆမှုများကို ရင်ဆိုင်ရန် မလုံလောက်နေချေ။

လီစစ်ယဲ့နဲ့ ဝူရှန်းစစ်သည်တော်တွေ ရောက်လာဖို့ အချိန်ကျနေပြီ။

ကုန်လွန်သွားသည့် နေ့ရက်များကြောင့် လီစစ်ယဲ့ကလည်း ဝူရှန်းရွာတွင် လေ့ကျင့်ရေးပေး၍ ပြီးသင့်နေလေပြီ။ ထို့ကြောင့် ဝူရှန်း၏ ပထမဦးဆုံး စစ်သည်တော် တစ်သုတ်က စတင်ကာ ပွဲဦးထွက်သင့်နေပြီဖြစ်သည်။ သတ္တိဖြူများက မာမဲ့လုများထက် အနည်းငယ်သာ အင်အားနည်းသော အင်အားစုဖြစ်သည်။ သို့သော် သူတို့၏ သတ္တိနှင့် ရဲရင့်မှုများက မယှဉ်နိုင်ချေ။ ထိုကဲ့သို့သော အင်အားစုကသာ သူတို့ကို ဗဟိုပြင်ကျယ်တွင် လာဖိနှိပ်မည်ဆိုလျှင် သူတို့ကိုပြန်ပြီး ရင်ဆိုင်နိုင်သည်မှာ ဝူရှန်းမြင်းတပ်သာ ရှိတော့သည်။

ဖလပ် ဖလပ် ဖလပ်

အချိန်တစ်ခုကြာပြီးနောက် သတင်းပို့ငှက်က လေထဲသို့ ထိုးတက်သွားပြီး ဝူရှန်းရွာထံသို့ ဦးတည်ကာ ပျံသန်းသွားသည်။

......

“နားထောင်ကြ စစ်သည်တော် တစ်ယောက်ရဲ့ တာဝန်က အမိန့်တွေကို နာခံရတယ်။ အခုကစတင်ပြီး မင်းတို့က ဝူရှန်းရွာသားတွေ မဟုတ်ကြတော့ဘူး။ မဟာထန်ရဲ့ စစ်သည်တော်တွေပဲ။ မင်းတို့ရဲ့တာဝန်က တိုင်းပြည်ကို ကာကွယ်ရမယ်။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းအား မရှိတဲ့ သာမာန်လူတွေကို ကာကွယ်ရမယ်”

“စွမ်းရည်ကြီးလေလေ ယူရမဲ့တာဝန်က မြင့်လေလေပဲ။ ဒါက အင်အားကြီးသူတိုင်းက နားလည်ထားသင့်တဲ့ အချက်ပဲ။ ဒီတော့ မင်းတို့အတွက်လည်းဟုတ်သလို ငါ့အတွက်လည်း ဟုတ်တယ်”

“စစ်ချီတက်တယ်ဆိုတာက လေလို ချောမွေ့ပြီး လျှင်လျှင်မြန်မြန် ဝင်ရောက်သွားတာမျိုးဖြစ်တယ်။ ဒါပေမဲ့ တောအုပ်ကို ကျော်ဖြတ်တဲ့အခါ လေပြေတိုက်ခတ်သလို နှေးကောင်းနှေးသွားလိမ့်မယ်။ တာလာ့က ဘယ်တော့မှ တွန်းရွှေ့လို့မရနိုင်တဲ့ တောင်တန်းတစ်ခုလိုလည်း ခုခံအား ခိုင်မာနေရမယ်။ တိုက်ခိုက်ဖို့ လိုအပ်လာတဲ့ အခါမှာလည်း မီးတောက်လို ရုတ်ရင်းကြမ်းတမ်းစွာနဲ့ အရှိန်လွှင့်ထူလို့ တိုက်ခိုက်နိုင်စွမ်းအား ရှိရမယ်။ ဒါတွေအားလုံးက စစ်သည်တော်တိုင်းက သိထားသင့်တဲ့ ပန်းတိုင်တစ်ခုလည်းဖြစ်သလို စစ်သည်တော်တိုင်းက စွဲမြဲမှတ်ထားရမဲ့ အရာလည်းဖြစ်တယ်။ မင်းတို့အားလုံး ရောက်အောင် လှမ်းရမဲ့ ပန်းတိုင်လည်းဖြစ်တယ်။ စစ်သည်တော်သားတိုင်းက စစ်သည်တော်တွေ မဟုတ်ကြဘူး။ စစ်တပ်ချင်းယှဉ်တဲ့ အလုံးအရင်းနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲက စစ်သည်တော် တစ်ယောက်ချင်းစီတိုင်းက တိုက်ပွဲမဟုတ်တော့ဘူး။ ဒါတွေအားလုံး မင်းတို့နားလည်ကြလား”

ဝူရှန်းရွာ တောင်ကြားတွင် လီစစ်ယဲ့က လက်ကိုကျောနောက်ပို့လျှက် သူ၏ နှစ်မီတာခန့်မြင့်ကာ သန်မာသည့် ခန္ဓာကိုယ်ကြီးမှ တောင်တန်းတမျှ ကြီးမားသည့် အင်အားများကို လွှတ်ထုတ်နေသည်။ ဝူရှန်းများက အင်အားကြီးသည်။ လီစစ်ယဲ့ကဲ့သို့ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ဖြစ်လာမည့် ဘယ်သောအခါမှ မယိုင်လဲသော သတ္တိအပြည့်နှင့် လူမျိုးကသာ သူတို့ကို ဖိနှိပ်နိုင်မည်ဖြစ်သည်။

အမှန်တိုင်းဆိုရသော် ဝမ်ချောင်၏ ဆုံးဖြတ်မှုက မှန်ကန်ခဲ့သည်။ တစ်လတည်းနှင့် လီစစ်ယဲ့၏ မြင်နိုင်စွမ်း ကြီးမားကာ ဖြောင့်မတ်မှန်ကန်သည့် စရိုက်က ဝူရှန်းတိုင်း၏ လေးစားမှုကို လက်ခံရရှိခဲ့သည်။

“နားလည်ပါပြီ”

လီစစ်ယဲ့က စကားဆုံးသွားသည့်အချိန်တွင် ဝူရှန်းမှ အသစ်လက်ခံထားသော ငါးထောင်ကျော်ခန့်ရှိသည့် စစ်သည်တော်တိုင်းက တညီတညာတည်း ပြန်ဖြေသည်။ သူတို့၏အော်သံက ခေါင်းလောင်တမျှ ပဲ့တင်ထပ်သွားသည်။

တစ်လတည်းနှင့် လက်ခံခဲ့သည့် ဝူရှန်းများနှင့် အခြားသော ရွာသားများက နေ့နှင်ညအလား သိသာသွားသည်။ သူတို့အားလုံးက အားအင်အပြည့် ရှိနေကြသည်။ သူတို့၏ရပ်ပုံကလည်း ဖြောင့်မတ်သည်။ သူတို့က အသင်းလိုက် လုပ်ဆောင်မှုကို ပို၍အာရုံစိုက်လာကြပြီး အမိန့်ကို နာခံတတ်လာသည်။

“အရမ်းကောင်းတယ်”

လီစစ်ယဲ့၏ အကြည့်က လူတိုင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။ သူ၏မျက်နှာထားက တင်းနေသည်။

“အခု ပထမဦးဆုံး ညာဘက်ခြမ်းက တောင်ထိပ်ပေါ်မှာ အချက်ပြအလံကို လွင့်ထူရမယ်။ မင်းတို့မှာ ခုနှစ်စက္ကန့်ပဲ အချိန်ရှိမယ်။ တစ်စက္ကန့်ကျော်တာနဲ့ ရှုံးတယ်လို့ သတ်မှတ်မယ်။ အခုလိုလုပ်နေတဲ့ ဖြစ်စဉ် အတောအတွင်း မင်းတို့ရဲ့ အတန်းလိုက်စီနေတဲ့ လှုပ်ရှားမှု၊ မင်းတို့ရဲ့ အစီအစဉ်လိုက် လှုပ်ရှားမှုက အနည်းငယ်တောင် အတိမ်းအစောင်း ဖြစ်သွားလို့မရဘူး။ ဒီလိုဆိုရင် မင်းတို့အားလုံး ကျရှုံးတယ်လို့ သတ်မှတ်ခံရမယ် နားလည်လား”

“နားလည်ပါတယ်”

စုဆောင်းပြီးကာစ စစ်သည်တော်တိုင်းက တညီတညာတည်း ပြန်ဖြေကြသည်။

“ရှုံးရင်အပြစ်ပေးခံရမယ်။ ကွင်းပြင်ရဲ့ ဘေးဘက်ခြမ်းမှာ ကိုင်ထားတဲ့ တုတ်ကြီးတွေကို မြင်ကြလား။ မင်းတို့အားလုံး ဘာဖြစ်မယ်ဆိုတာကို သိသင့်တယ်”

လီစစ်ယဲ့က ထိုသို့ပြောပြီး လက်ညိုးတစ်ချောင်း ထောင်လိုက်သည်။

ဘုန်း

အဝေးမှ ပေါက်ကွဲထွက်လာသည့် ရယ်သံမှတဆင့် အင်အားအပြည့်နှင့် စုဆောင်းပြီးကာစ စစ်သည်တော်တိုင်းက ရုတ်တရက်ခေါင်းကို ငုံ့လိုက်ကြသည်။ အချို့ကမူ သူတို့၏မျက်နှာကို အုပ်ထားကြသည်။ အားလုံးက ရှက်နေကြသည်။ သူတို့၏ မျက်နှာက မသာမယာ ဖြစ်နေကြသည်။

ဝူရှန်းတစ်ယောက်ချင်းစီတိုင်းက အင်အားကြီးမားသည်။ ကလေးကပင် မှင်သက်စရာကောင်းသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။ သာမာန်ဝူရှန်းရွာသားများက ကျင်းနှစ်ထောင်ကျော်ခန့် လေးသော ကျောက်တုံးကို အသာအယာ မနိုင်သည်။ သာမာန် အပြစ်ပေးမှုများကိုသုံးပြီး ဝူရှန်းများကို ရင်ဆိုင်မည်ဆိုလျှင် သို့မဟုတ် စစ်တပ်မှ စံချိန်မှီ အပြစ်ပေးသည့် နည်းလမ်းများကပင် အသုံးမဝင်လာသလို ဖြစ်နေသည်။ ထို့ကြောင့် လီစစ်ယဲ့က ခြားနားသောလမ်းကို သုံးရသည်။

အခုလို လေ့ကျင့်ပေးသည့် တာဝန်များတွင် ကျရှုံးသွားသည့်အခါ တုတ်ကြီးများဖြင့် အရိုက်ခံရသည့် အပြစ်ပေးမှုက ရှိနေသည်။ သို့သော် သူတို့ကို ရိုက်မည့်လူများက စစ်သည်တော်များ မဟုတ်ဘဲ အမျိုးသမီးများ ဖြစ်နေသည်။ ဝူရှန်းများက သူတို့၏ဗိုက်က အထိုးခံရခြင်း၊ သူတို့၏ သွေးတစ်ဝက်က ပန်းထွက်သွားမည်ဆိုလျှင် မျက်မှောင်ကျုံ့ကြမည် မဟုတ်ချေ။ သို့သော် တုတ်က်ိုင်ထားသော အမျိုးသမီးများကို မြင်လိုက်ရသည်နှင့် သူတို့၏မျက်နှာက ဖြူဖျော့သွားကြသည်။

သန်သန်မာမာ လူထွားကြီးများက နေ့ခင်းကြောင်တောင် အမျိုးသမီး တစ်ယောက်၏ အရိုက်ခံရသော ကိစ္စက အရှက်ခွဲခံရခြင်းဖြစ်သည်။ ဒါက လီစစ်ယဲ့ကလည်း သူတို့ကို ပထမဦးဆုံးပေးသည့် သင်ခန်းစာဖြစ်သည်။ စစ်သည်တော်တစ်ယောက်၏ ဂုဏ်သိက္ခာကို နားလည်နိုင်စွမ်းအား ရှိစေလိုခြင်းဖြစ်သည်။

မည်သူမဆို အမျိုးသားတစ်ယောက်၏ ဂုဏ်သိက္ခာအကြောင်း နားလည်တတ်သေးလျှင် စစ်သည်တော် တစ်ယောက်၏ ဂုဏ်သိက္ခာအကြောင်း နားလည်သင့်သည်။

“စစ်အာ ငါ့ကိုစိတ်မပျက်စေနဲ့”

“ကျောင်းကြွယ် နင်အခြားမိန်းမတစ်ယောက်ကို ရိုက်တာကိုသာ ခံရဲရင် နင်ပြန်လာတာနဲ့ ငါနင့်ကို အရေခွံစုတ်ပေးမယ်”

ဝူရှန်းရွာ၏ ထိုတောင်ကြားတွင် အမျိုးသမီးများ ဝိုင်းနေသည်။ သူတို့အားလုံးကလည်း ခပ်ကြမ်းကြမ်း အော်ဟစ်ကာ သတိပေးနေကြသည်။ အချို့ကမူ ခြိမ်းခြောက်သည်။ အချို့ကမူ အမေများဖြစ်သည်။ အချို့ကမူ ငယ်ချစ်ဦးများ ဖြစ်နေကြသည်။ လီစစ်ယဲ့၏ ဆုံးမသည့်နည်းလမ်းများက သူတို့ကို ဘောင်းဘီချွတ်ကာ ရိုက်ခိုင်းခြင်း ဖြစ်နေလေရာ သူတို့၏သားများ၊ ချစ်သူများက အခြားမိန်းမတစ်ယောက်က ဘောင်းဘီချွတ်ကာ ရိုက်နေသည့် မြင်ကွင်းမျိုးကို ကြည့်ခွင့်ပြုနိုင်မည်မဟုတ်ချေ။

လီစစ်ယဲ့က အသစ်လက်ခံထားသည့် စစ်သည်ငါးထောင်က အဘက်ဘက်မှ ဖိအားများကို ခံနေရသည်။ သူတို့က ဘောင်းဘီချွတ်ကာ မိန်းမတစ်ယောက်က ရိုက်နှက်မည့် အခြေအနေနှင့် သေဆုံးခြင်းကိုသာ ရွေးခိုင်မည်ဆိုလျှင် သေဆုံးခြင်းကိုသာ ရွေးမိလောက်သည်။

“ကောင်းပြီ စမယ်”

အနည်းငယ် နှောင့်နှေးပေမဲ့ လီစစ်ယဲ့က သူ၏ညာဘက်ခြမ်းမှ တစ်ကျန်းခန့်နီးပါး ဝေးကွာသည့် တစ်နေရာတွင် ရှိနေသည့်တောင်သို့ အချက်ပြ အလံလေးကို လွင့်ထူလိုက်သည်။ ထိုနည်းအားဖြင့် အမိန့်ပေးလိုက်သည်။

ချက်ချင်းလိုလို စုဆောင်းပြီးကာစ စစ်သည်တော်တိုင်းက လှုပ်ရှားကြသည်။ သူတို့က ယခင်လို ခေါင်းငုံ့လျှက်နေခြင်း၊ မျက်နှာကိုကာလျှက်နေခြင်းဆိုသော အခြေအနေမျိုးမှ ချက်ချင်းလိုလို ကိုယ်ကို တစ်ဖြောင့်တည်း ရပ်လိုက်ကြသည်။ သူတို့၏မျက်ဝန်းကလည်း တောင့်တင်းကာ ပြတ်သားမှုအပြည့် ရှိနေကြသည်။

ဘုန်း

လီစစ်ယဲ့က လက်ကိုအောက်ပြန်ချသည့်အခိုက် ထိုအယောက်လေးဆယ် စီတန်းကာ ရှိနေကြသည့် အတန်းက ရှေ့ထွက်ရပ်သည်။ သူတို့က လက်ကိုဆန့်တန်းလိုက်ကြပြီး ရှေ့သို့သွားကာ တောင်ပေါ်သို့ ချီတက်ကြသည်။ ထိုသို့ဖြင့် သူတို့က အစီအစဉ်တကျ အနေအထားမျိုးဖြင့် တက်ကြခြင်းဖြစ်သည်။

ဝူရှန်းရွာသားတိုင်းက ဟန်ချက်ညီစွာ ချီတက်နေကြခြင်းဖြစ်ပြီး မည်သည့်အဟကြားမှ မပေါ်နေခဲ့ချေ။ ဘယ်ဘက်မှသာ ကြည့်မည်ဆိုလျှင် တူညီသော အရပ်အမောင်းရှိသည့် ဝူရှန်းများက တသားတည်း ဖြစ်နေကြသလိုမျိုး လှုပ်ရှားနေကြတာကို မြင်ရမည်ဖြစ်သည်။

ပထမဦးဆုံးအတန်းက တောင်ပေါ်သို့ တက်သွားပြီးနောက် ဒုတိယမြောက်၊ တတိယမြောက် စသဖြင့် အားလုံးက စတင်ကာ အသက်ဝင်လာသလို လှုပ်ရှားကြပြီး တညီတညာတည်း တက်ကြသည်။

သူတို့က ထိပ်ဆုံးသို့ တဖြည်းဖြည်းချင်း လွင့်တက်သွားသည့် ကောဇောခင်းနှင့်ပင် တူနေသေးသည်။

ဟုတ်တယ် မြောက်တက်သွားတာ။

ထိုစစ်သည်ငါးထောင်က တညီတညာတည်း လှုပ်ရှားကြပြီး အရှိန်နှုန်းတစ်ခုတည်း ချီတက်ကြသည့်အခါ သူတို့ပေးစွမ်းသည့် ခံစားချက်က အလွန်ထူးခြားသွားသည်။ ဂရုတစိုက် ကြည့်မည်ဆိုလျှင် ထိုကောဇောများက မရေမတွက်နိုင်အောင် များပြားသည့် အလျားအနံများက တညီတညာတည်း လှုပ်ရှားနေကြောင်း မြင်ရပေလိမ့်မည်။ သူတို့က စစ်ချီတက်နေသည့် စစ်တပ်တစ်ခု၏ သေသပ်မှုကို ထိန်းသိမ်းထားနိုင်သည်။

မတ်စောက်သော တောင်ဇောင်းချောက်ကမ်းပါးက အန္တရာယ်အပြည့်ရှိပြီး ဒီတိုင်းတက်ရန် ခက်ခဲသည်။ ထို့ပြင် အစီအစဉ်တကျသွားရန် ပို၍ခက်ခဲသွားသည်။ သို့သော် ဝူရှန်းမှ လေ့ကျင့်ပေးထားသော စစ်သည် ငါးထောင်ကမူ လုပ်နိုင်လိုက်သည်။

“အား”

ကြည့်ရှု့နေကြသော ဝူရှန်းရွာသားများက အလန့်တကြား အော်ဟစ်လိုက်ကြသည်။

သူတို့ကလည်း တောင်တန်းများကို လမ်းလျှောက်သလို အလွယ်တကူ တက်နိုင်သည့် ဝူရှန်းရွာသားများ ဖြစ်နေသည့်တိုင်အောင် ယခုအခြေအနေက အလွန်အမင်း ခက်ခဲသေးသည်။ လူတစ်ယောက်က အလွန်ခပ်အေးအေး တက်နိုင်သော်လည်း လူနှစ်ယောက်ကမူ တညီတညာတည်းတက်ရန် ပို၍ ခက်ခဲသွားပြီဖြစ်သည်။ လူသုံးယောက်ဆိုလျှင် မတွေးတောနိုင်တော့ချေ။

ယခုမူ ငါးထောင်းလုံးက တညီတညာတည်း အတန်းလိုက် ချီတက်လာခြင်းဖြစ်သည်။ တစ်ယောက်တည်းလို တပြိုင်တည်း လှုပ်ရှားနေကြခြင်းဖြစ်သည်။ ဝူရှန်းများအတွက် ထိုမြင်ကွင်းက မယုံနိုင်စရာ ကောင်းလွန်းသည်။

ထိုအချိန်တွင် ဝူရှန်းတိုင်းက ချိုင့်ဝှမ်း၏ အောက်ခြေဆုံးနေရာတွင် ရပ်နေသည့် အရပ်နှစ်မီတာခန့်မြင့်သည့် စစ်သည်တော်ကို အလွန်အမင်း လေးစားသွားကြသည်။

ဝှစ်

ချောက်ကမ်းပါး ဘေးဘက်မှ လေပြင်းအားက ကောင်းကင်သို့ ထိုးတက်သွားသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်၊ လေးစက္ကန့်၊ ငါးစက္ကန့်၊ ခြောက်စက္ကန့်၊ ခုနှစ်စက္ကန့်

ခုနှစ်စက္ကန့် ကြာပြီးနောက် ဝူရှန်းမှ စစ်သည်ငါးထောင်လုံးက တောင်ထိပ်ပေါ်သို့ ရောက်သွားသည်။ သူတို့က အစီအစဉ်တကျ တက်သွားကြခြင်းဖြစ်သည်။ တိမ်စဉ်များက ကွဲထွက်သွားသည်။ မိုးကလည်း လွင့်ပါးသွားပြီဖြစ်သည်။

ဝူရှန်းမှ နောက်ဆုံး စစ်သည်တော်အတန်းက တောင်ထိပ်သို့ ရောက်သွားသောအခါ အရာအားလုံးက တိတ်ဆိတ်သွားသည်။ မည်သည့် ဆူညံသံမျှ ထွက်မလာခဲ့ချေ။ ဝူရှန်းမှ အသစ်စုဆောင်းပြီးကာစ စစ်သည်တော်တိုင်းက တောင်တန်းတစ်ခုလိုမျိုး တစ်သားတည်း ဆက်စပ်နေကြသည်။

မီးတောက်လို ရိုက်ချနိုင်ရမယ်။ တောင်တန်းလို မရွေ့လျားရဘူး။

ဝူရှန်းစစ်သည် ငါးထောင်က ထိုတာဝန်ကို အောင်မြင်သွားသည်။

ထိုအခြေအနေကို မြင်သောအခါ လီစစ်ယဲ့ကပင် အနည်းငယ် ခေါင်းညိမ့်လိုက်မိသည်။ တစ်လနီးပါး လေ့ကျင့်ပေးပြီးနောက် နောက်ဆုံးတွင် ရလဒ်ကို ရလာလေပြီ။ အမတ်က ပြောခဲ့သလိုမျိုး ဝူရှန်းများက သဘာဝအလျောက် စံချိန်မီစစ်သည်တော်များ ဖြစ်နေသည်။

ဖလပ် ဖလပ်

သူက တွေးတောနေချိန်တွင် တောင်ပံခတ်သံကို ကြားလိုက်ရသည်။ သူက ခေါင်းမော့ကာ ကြည့်လိုက်သောအခါ သတင်းပို့ငှက်က ဆင်းသက်လာကြောင်း မြင်လိုက်ရသည်။

“ဟွန်”

ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသလို လီစစ်ယဲ့က မျက်လုံးပြူးသွားသည်။ သူက လက်ဆန့်တန်းကာ ငှက်ကို လက်မောင်းပေါ်သို့ နားလာစေပြီး စာကိုယူကာ ဖတ်ကြည့်လိုက်သည်။

‘ဒီစကားလုံးတွေကို အမိန့်လိုနာခံ အခုချက်ချင်း ပြန်လာခဲ့’

စာပါအကြောင်းအရာများကြောင့် လီစစ်ယဲ့က ဆိုလိုရင်းကို နားလည်လိုက်သည်။

“အချိန်ကျပြီပဲ”

လီစစ်ယဲ့က ချောက်ကမ်းပါးပေါ်မှ စစ်သည်ငါးထောင်ကို ကြည့်လိုက်သည်။ အားလုံးကို စစ်သည်တော်တိုင်းက ရက်တစ်ထောင်ခန့် လေ့ကျင့်ပေးပြီးမှသာ တိုက်ပွဲနယ်မြေ အချိန်တခဏတွင် တိုက်ခိုက်နိုင်ကြခြင်းဖြစ်သည်။ လီစစ်ယဲ့ကလည်း အခုအချိန်က ထိုစစ်သားများ ပွဲဦးထွက်ရမည့် အချိန်ဖြစ်ကြောင်း သိလိုက်သည်။

“ပြန်လှည့်”

မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးက တောင်တန်းများတခွင် ဟိန်းထွက်သွားသည်။

တစ်နာရီခန့်ကြာပြီးနောက် ဝူရှန်းတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် ထိုစစ်သည်ငါးထောင်က ဝူရှန်းရွာမှ ထွက်ခွာသည်။ ထိုအချိန်တွင် ဗဟိုပြင်ကျယ်အတွင်း ထိုဝူရှန်းများက သယ်ဆောင်မည့် ပြောင်းလဲမှုများကို မည်သူကမျှ မသိလောက်သေးချေ။

......

နာရီအနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ချောင်က လီစစ်ယဲ့က အပြန်လမ်းတွင်ဖြစ်ကြောင်း သတင်းရလိုက်သည်။ သံမဏိမြို့ရိုး၏ မြင့်မားလွန်းသော မြို့ရိုးပေါ်တွင် ရပ်နေရင်းမှ သူက ဖုန်တိမ်စိုင်လုံးများကို မြောက်တက်စေလျှက် သံချပ်ကာ အပြည့်အစုံဖြင့် လာနေသော စစ်သည်တော်များကို မြင်နိုင်သည်။ စစ်သည်ငါးထောင်မျှသာ ဖြစ်နေသည့်တိုင်အောင် ထိုငါးထောင်မှ လွှတ်ထုတ်နေသည့် အရှိန်အဝါက ငါးသောင်း သို့မဟုတ် တစ်သိန်းကိုပင် ယှဉ်နိုင်လောက်သည်။ ထိုအရှိန်အဝါက မာကြောလွန်းသော တောင်တန်းအတန်းလိုက် စီတန်းထားသလို ဖြစ်နေသည်။

အံ့အားသင့်စရာ အကောင်းဆုံးအချက်က ထိုစစ်သည် ငါးထောင်၏ အရှိန်နှုန်းဖြစ်သည်။ သူတို့က ခြေလျှင်တပ်သာ ဖြစ်သော်လည်း သူတို့လှုပ်ရှားနိုင်သည့် အရှိန်နှုန်းက အပြေးနှင်လာသော မြင်းကိုမှီနိုင်သည်။

မြို့ရိုးပေါ်ရှိ လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် မှင်သက်အံ့ဩစွာ သက်ပြင်းချလိုက်ကြသည်။

အခန်း(၇၄၃)

ဟူလာယဲ့ဆီမှသတင်း

လျှင်မြန်စွာ ချီတက်လာနေသော စစ်သည်တော်များက အထူးတာဝန် တစ်ခုအတွက် ရောက်လာနေခြင်းဆိုလျှင်ပင် တစ်ရက်တည်းနှင့် လီတစ်ရာ ချီတက်နိုင်သော အနေအထားက ပုံမှန်မဟုတ်နိုင်ချေ။ အမြန်ဆုံးအရှိန်နှုန်းဖြင့် ချီတက်နေသော စစ်တပ်ကပင် ယခုချီတက်လာနေသည့် စစ်တပ်၏ အရှိန်နှုန်း တစ်ဝက်ခန့်ကိုပင် မမှီနိုင်ခဲ့လေရာ ထိုမျှအထိ သေသပ်စွာ အစီအစဉ်တကျ လာနိုင်ရန် ပို၍ခက်ခဲသွားနိုင်သည်။

ထို့ကြောင့် ရှိနေကြသော စစ်သည်တော် ထောင်ကျော်၏ အံ့အားသင့်မှုများကို ဖော်ပြရန် ခက်ခဲသွားသည်။

“မဖြစ်နိုင်လိုက်တာ”

“ဒီစစ်သားတွေက တော်တော်လေး အင်အားကြီးတာပဲ။ သူတို့က စည်းကမ်းတကျ လှုပ်ရှားနိုင်ကြတယ်။ သူတို့ အတန်းအနည်းငယ် ကျော်သွားတဲ့ လက္ခဏာမျိုးတောင် မပြလာဘူး။ အရှင်အမတ်က ဒီလောက်လေးစားစရာကောင်းတဲ့ တပ်ဖွဲ့ကို ဘယ်နေရာကများ သွားရှာလာတာလဲ”

“ဘယ်လောက်တောင် လေးစားစရာကောင်းတဲ့ အရှိန်အဝါလဲ။ သူတို့က မနေ့ညက တိုက်ခိုက်သွားတဲ့ သတ္တိဖြူတွေထက်တောင် လေးစားစရာကောင်းနေသေးတယ်”

“ဒါက အရှင်အမတ် ရှာထားတဲ့ အကူအညီတွေလား”

မြို့ရိုးအပြင်အတွင်း နေရာအမျိုးမျိုးမှ အလုပ်သမားများနှင့် အစောင့်တိုင်းက အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

“ဒါက အရှင်အမတ် ရှာထားတယ်ဆိုတဲ့ ဝူရှန်းရဲ့ စစ်သည်တွေလား”

အနောက်တောင်ပိုင်း မြို့ရိုးပေါ်တွင်...

ကျန်းရှို့ကျစ်က ဆောက်လုပ်မှုများကို ကြီးကြပ်နေရင်းမှ အရှေ့ဘက်မှ ချီတက်လာသော ဝူရှန်း စစ်သည်တော်များကို မြင်လိုက်ရသည့်အခါ သူ၏စိတ်ထဲတွင် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ သူကိုယ်တိုင်က ဝူရှန်းရွာ၏ တည်ရှိမှုကိုသိသော လူအနည်းစုထဲမှ တစ်ယောက်ဖြစ်သော်လည်း ဝူရှန်းစစ်သားများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်နေသည်။

တကယ်ကို လေးစားစရာကောင်းတာပဲ။ နောက်ပြီး ဒီအရှိန်အဝါ... အရှင်အမတ်က ဗိုလ်ချုပ်လီကိုတောင် လွှတ်ခဲ့တာ။ အံ့ဩစရာမရှိတော့ဘူး။

ကျန်းရှို့ကျစ်က ခပ်တိုးတိုး ရေရွတ်နေသည်။

သူကလည်း ယခင်က တိုက်ပွဲနယ်မြေ၏ ကြမ်းတမ်းမှုကို အတွေ့အကြုံ ရဖူးလေသည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် မာန်ရှဲ့၊ ယွီစန်းစစ်တပ်၏ လုပ်ကြံသတ်ဖြတ်မှုမှ ရှင်သန်နိုင်ခဲ့သည့် မည်သည့် စစ်သားကမဆို လက်ရွေးစင်များထဲမှ လက်ရွေးစင်တစ်ယောက် ဖြစ်သွားနိုင်သည်။

သို့သော် ကျန်းရှို့ကျစ်အနေနှင့် အန်းနန်အစိုးရစစ်တပ်၏ အကောင်းဆုံး အနေအထားတွင်ပင် လီစစ်ယဲ့က ဦးဆောင်ခေါ်လာသော ဝူရှန်း၏ တပ်ဖွဲ့များကို မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။

ဝူရှန်း၏ တပ်ဖွဲ့များက လျှင်မြန်စွာ ချဉ်းကပ်လာပြီး အချိန်အနည်းငယ်တည်းနှင့် သံမဏိမြို့နှင့် ကျန်းရာ အနည်းငယ်သာ ကွာဝေးသော နေရာသို့ ရောက်သွားသည်။ ထိုအချိန်တွင် မြို့ဂိတ်က ဝုန်းကနဲ ပွင့်သွားသည်။ ဝမ်ချောင်က ချန်းစန်းယွမ်နှင့် အခြားသောလူများကို အဖော်ပြုလျှက် မြင်းစီးကာ ထွက်သည်။

“အရှင်အမတ်”

ဝမ်ချောင်ကို မြင်သောအခါ လီစစ်ယဲ့က ချက်ချင်းလိုလို မြင်းပေါ်မှဆင်းပြီး ဝမ်ချောင်၏အရှေ့သို့ တိုးလာကာ ဂါရဝပြုသည်။

“ဒီဗိုလ်ချုပ်က တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပါပြီ။ ဝူရှန်းရဲ့ စစ်သည်တော်တွေကို ပထမတစ်သုတ် အနေနဲ့ လေ့ကျင့်ပေးတဲ့ တာဝန်က ပြီးဆုံးသွားခဲ့ပါပြီ။ အရှင်အမတ် တပ်ဖွဲ့တွေကို ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ”

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏အကြည့်က လီစစ်ယဲ့ထံမှ ရွေ့သွားပြီး ဝူရှန်းစစ်သည်တော် ငါးထောင်ထံ ရောက်သွားသည်။ ထိုဝူရှန်းတိုင်းက ဝမ်ချောင် ပထမဦးဆုံးအကြိမ် တွေ့ခဲ့ချိန်က ပုံစံမျိုးနှင့် ကွာခြားသွားသည်။ သူတို့က သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားကြသလို သူ၏ယခင်ဘဝမှ ဝူရှန်းမြင်းတပ်၏ ပုံစံ ပေါ်နေလေပြီ။

“မဆိုးဘူး ငါမင်းကို ဒုက္ခပေးလိုက်မိပြီ”

ဝမ်ချောင်ကပြောပြီး လီစစ်ယဲ့၏ ပုခုံးကိုပုတ်သည်။

လီစစ်ယဲ့က အမှန်တကယ် လုပ်နိုင်စွမ်းအားရှိသည်။ စစ်သည်တော်ထဲမှ လူအနည်းစု လောက်ကသာ ဝူရှန်းမှ စစ်သည်ငါးထောင်ကို ထိုသို့သော အင်အားစုမျိုးအဖြစ် ပြောင်းအောင် လေ့ကျင့်ပေးနိုင်သည်။ သူတို့က တခဏအတွင်း မရွေ့နိုင်သည့် တောင်တန်းတစ်ခုအလား ဖြစ်သွားသည့်အပြင် အချိန်မရွေး ထတောက်လာမည့် မီးတောက်လို ကြမ်းတမ်းသွားသည်။ အနာဂတ်မှ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ဆိုသော အဆင့်အတန်းနှင့် လီစစ်ယဲ့က အမှန်တကယ် ထိုက်တန်သည်။

“မင်းအနားယူလိုက် ဒီစစ်သားတွေကို ငါနဲ့လွှဲထားလိုက်”

ဝမ်ချောင်ကပြောသည်။

တသီးတသန့် ခွဲနေသည့် ရွာသားများကို ကျော်ကြားသော ဝူရှန်းမြင်းတပ်အဖြစ် ပြောင်းလဲရန် တစ်ညတည်းနှင့် လုပ်၍မရချေ။ သူတို့က မည်သည့်သိုင်းမျှ မကျင့်ထားရသေးချေ။ သို့သော် သူတို့အတွက် ဖန်တီးထားသည့် သိုင်းမျိုးကို သေချာမကျင့်ထားရခြင်းဖြစ်သလို ဝူရှန်း၏ ချီစက်ကွင်းကိုလည်း ကျော်ကြားအောင် မကျင့်ကြံရသေးချေ။ အရေးအကြီးဆုံးအချက်သည်...

သူတို့က ဝူရှန်းမြင်းတပ်အတွက် အရေးအကြီးဆုံးဖြစ်သည့် သူတို့၏ စစ်မြင်းများကို လက်မခံရသေးချေ။

အရာအားလုံးက အဆင်သင့်ပဲ။ ဟူလာယဲ့ရဲ့ စစ်မြင်းတွေပဲ လိုတော့တယ်။

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဝူရှန်းမြင်းတပ် ငါးထောင်က စစ်မြင်းငါးထောင်လိုသည်။ သူကသာ ပြောင်မြောက်သော အဆင့်မြင့် တူရကီစစ်မြင်းများကို လိုချင်လျှင် ဟူလာယဲ့ထံမှ ရရန်လိုအပ်သည်။

အချိန်နောက်ကျနေပြီ သူပြင်ဆင်တာ ဘယ်လိုနေမလဲပဲ ငါသိချင်တယ်။

ချီရှီက တူရကီမြက်ခင်းလွင်ပြင် ဒေသနှင့် နယ်စပ်ရှည်ကြီးကို ဝေမျှထားပြီး ချီရှီကာကွယ်ရေးစစ်တပ်က ထိုနေရာကို စခန်းချ အုပ်ချုပ်နေခြင်းဖြစ်သည်။ ထိုပတ်ဝန်းကျင်တွင် ပေ့ထင် ကာကွယ်ရေးစစ်တပ်နှင့် အနောက်တူရကီ ခါကာနိတ်များလည်း ရှိသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုအင်အားစုများက အချင်းချင်း နားလည်မှုယူထားပြီး ငြိမ်းချမ်းစွာ တိတ်တဆိတ် စောင့်ကြပ်နေတတ်သည်။ သို့သော် ယခုလို အခြေအနေမျိုးတွင် ထိုသို့သော ငြိမ်းချမ်းစွာ ရှိနေသည့် အနေအထားက ဝမ်ချောင်၏ စစ်မြင်းများကို ရယူရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားသည်။ စစ်မြင်းငါးထောင်က အရေအတွက်မနည်းချေ။ ထို့ကြောင့် စစ်တပ်သုံးခု၏ မျက်စိ၊ နားများအောက်မှ ဝုန်းကနဲရောက်လာရန် ခက်ခဲသည်။ ထို့ကြောင့် သူတို့ထံမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။ ဝမ်ချောင်က လက်ရှိ ကာကွယ်ရေးဗိုလ်ချုပ်ကြီး နှစ်ယောက်နှင့် ဆက်ဆံရေးအရ သူတို့ကသာ သိသွားခဲ့လျှင် ရှစ်ဆယ်ရာခိုင်နှုန်းခန့်က အခြားလူတစ်ယောက်အတွက် ဖြစ်သွားနိုင်သည်။ ပို၍ဆိုးသည်မှာ ထိုမျှများပြားသော စစ်မြင်း ကူးပြောင်းမှုကို အနောက်ပိုင်း တူရကီ ခါကာနိတ်က လက်ခံလိမ့်မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ထိုခါကာနိတ်များက မဟာထန်နှင့် ရန်သူဖြစ်နေသည်။

သူဘယ်လိုလှည့်ကွက်မျိုး သုံးလာမလဲပဲ ငါသိချင်တယ်။

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဟူလာယဲ့အကြောင်း ပြောကြသည့် ကောလဟာလများထဲတွင် တူရကီမြက်ခင်းပြင် လွင်ပြင်ဒေသမှ မြင်းကုန်သည်ဖြစ်သည့် ဟူလာယဲ့က နယ်စပ်စစ်တပ်၏ မျက်စိနားများကို ကွယ်နိုင်သည့် လျို့ဝှက်လမ်းများ ရှိသည်ဟုဆိုသည်။ ထို့ကြောင့် ထိုကောလဟာလများ ဟုတ်မှန်ခြင်းရှိမရှိ သူက အတည်ပြုရန် အချိန်ကျရောက်လေပြီ။

“အားလုံးပဲ ငါ့နောက်လိုက်ခဲ့ကြ”

ဝမ်ချောင်က လက်ရှိကိစ္စကို ပြန်လည်အာရုံစိုက်လိုက်သည်။ သူက စစ်သည်တော်များကို လက်တစ်ချက် ယမ်းပြပြီးနောက် သံမဏိမြို့ထဲသို့ ဦးဆောင်ကာ ပြန်ခေါ်သွားသည်။

......

တူရကီမြက်ခင်းပြင် လွင်ပြင်၏ မရေမတွက်နိုင်အောင် ကျယ်ပြောသော မြက်ခင်းပြင် ဒေသကြီးက မိုးကုတ်စက်ဝိုင်းအနှံ့ တည်ရှိနေသလို ထင်ရသည်။ ထိုနေရာတွင် အချန်ကပင် တန့်နေပြီး ဆုတ်ယုတ်ခြင်းနှင့် တွေးတောမှုက ထပ်ခါတလဲလဲဖြစ်သည့် စက်ဝိုင်းအတွင်းတွင်သာ လည်ပတ်နေသလိုထင်ရသည်။

“ဟိုက်ရား”

ရုတ်တရက် မြက်ခင်းလွင်ပြင်၏ ငြိမ်းချမ်းမှုကို အော်ဟစ်သံ တစ်သံက ဖြိုခွဲလိုက်သည်။ မိုးခြိမ်းသံတမျှ ကျယ်လောင်သော မြင်းခွာသံများနှင့်အတူ မြေကမာ္ဘက စတင်ကာ တုန်ဟီးလာသည်။ တောက်ပြောင်ချောမွေ့သော တိရိစာ္ဆန် အမွှေးရှည်များနှင့် မြင့်မားကာ ချောမောလွန်းသော မြင်းကောင်းများက အရှေ့တောင်ပိုင်း ဒေသမှ စတင်ပြီး ချဉ်းကပ်လာနေသည်။

“ဟိုက်ရား”

မျက်တောင်တစ်ခတ် အချိန်အတွင်း အော်သံက တဖန်ထွက်လာပြန်ပြီး အနောက်တောင်ပိုင်းမှ တူရကီစစ်မြင်းများက အပြေးနှင်လာပြန်သည်။ ထို့နောက် အနောက်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း စသဖြင့် အမျိုးမျိုးသော နေရာတိုင်းမှ စစ်မြင်းများက ထိုနေရာတွင် လာစုသည်။

အချ်ိန်တခဏတည်းနှင့် စစ်မြင်းတိုင်းက စုသထက်စုလာကာ အရေအတွက် တစ်သောင်းကျော်သွားသည်။

ဘီး

စောင့်ကြပ်သူက ထိုမြင်းများ ပတ်ပတ်လည်တွင် စီးနင်းလာသည်။ သူတို့ကို အရှေ့သို့ ပြန်မောင်းနှင်ရင်းဖြင့် ထွက်မပြေးသွားစေရန် သေချာအောင်လုပ်သည်။

ထိုသို့လုပ်နေချိန်တွင် မုတ်ဆိတ်မွှေးထူထူနှင့် တူရကီသားတစ်ယောက်က ပြင်းထန်သော လေပြင်းကို အံ့တုပြီး ထိုမြင်းများရှိရာ နေရာသို့ လာနေသည်။ သူက ပုခုံးပေါ်တွင် ကြေးနီရောင် အရိုးခေါင်း အဆင်တန်ဆာ နှစ်ခုကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း တူရကီသားတစ်ယောက်အနားသို့ ရောက်လာသည်။

“ပေါ်ပါး အဖွဲ့တိုင်းက မြင်းတစ်သောင်း ရောက်လာပြီ။ သူတို့အားလုံးက အရည်အသွေး အမြင့်ဆုံး စစ်မြင်းတွေပဲ။ သူတို့ကို တက်စီးဖို့ အပေါ်က ကုန်နှီးပဲလိုတော့တယ်”

ပေါ်ပါးဆိုသည်မှာ အမည်သုံး နာမ်စားတစ်ခုဖြစ်သည်။ တူရကီဘာသာစကားတွင် လေးစားရသော အကြီးအကဲ သို့မဟုတ် အမြဲတမ်းကြိုဆိုနေမည့် ဧည့်သည်မျိုးကို ရည်ညွှန်းသည်။ တူရကီမြက်ခင်းပြင် လွင်ပြင်တွင် ထိုသို့ရည်ညွှန်းခံရသောလူကို အမျိုးမျိုးသော အဖွဲ့တိုင်းက ကြိုဆိုသည်ဟု ဆိုလိုနိုင်သလို တူရကီမှ နံပါတ်တစ်မြင်းကုန်သည် ဟူလာယဲ့ကိုလည်း ရည်ညွှန်းခြင်းဖြစ်သည်။

“ဟား ဟား ဟား ခေါင်းဆောင်တွေကိုပြောလိုက် သူတို့ကသာ ဒီဟူလာယဲ့နောက်ကိုလိုက်ရင် သူတို့ ကျေနပ်သလို အမြဲတမ်း သောက်စားပျော်ပါးနိုင်စေရမယ်။ ဟူလာယဲ့က သူတို့ကို ဘယ်တော့မှ ဆိုးဆိုးရွားရွား မဆက်ဆံဘူး။ ငါတို့က အခုပဲ အရှင်အမတ်ကို သွားအကြောင်းကြားပြီး ပထမဦးဆုံး ကုန်သွယ်မှုကို အတည်ပြုတော့မယ်”

ဟူလာယဲ့က အနီရောင် ဖာဟားနားမြင်းကြီးပေါ်တွင် ထိုင်နေသည်။ သူက ကျယ်ပြောသော မြင်းများတောက်လျှောက် ကြည့်ရင်း သူ၏ရယ်သံက မြက်ခင်းပြင်လွင်ပြင်အနှံ့ ဟ်ိန်းထွက်သွားသည်။

ခလွပ် ခလွပ်

နှစ်ရက်ခန့်ကြာပြီးနောက် သတင်းပို့ငှက်က ဝမ်ချောင်ရှိရာ သံမဏိမြို့အတွင်းရှိ အဆောင်တော်အတွင်းသို့ ပြန်ဝင်ရောက်သွားသည်။ ထိုအစောင့်အတွင်းတွင် ဝမ်ချောင်က ခုံရှေ့တွင် တင်ပြင်ချိတ်ကာ ထိုင်နေပြီး ရန်ဟုန်ချန်းက ပေးထားသည့် ‘အနောက်ပိုင်းနယ်မြေများရဲ့ ခရီးသွားမှတ်တမ်း’များကို ဖတ်နေသည်။

ထိုမှတ်တမ်းထဲတွင် အနောက်ပိုင်း နယ်မြေတောက်လျှောက် အမျိုးမျိုးသော တိုင်းပြည်များအကြောင်း မိတ်ဆက်စာများကို လက်ရေးမူဖြင့် ရေးသားထားပြီး ဝမ်ချောင်ကိုယ်တိုင်ကလည်း ရန်ဟုန်ချန်းကို သူ့အတွက် ရေးသားခိုင်းခဲ့ခြင်းဖြစ်သည်။

သူက စာကြည့်ဆောင်အတွင်းသို့ ဝင်လာသည့်ငှက်ကို မြင်သောအခါ သူ၏မျက်လုံးကပြူးကျယ်သွားသည်။

“ဟူလာယဲ့”

ဝမ်ချောင်က ချက်ချင်းလိုလို ထိုငှက်ခြေထောက်မှ အနက်ရောင် ကြိုးကို သတိထားလိုက်မိသည်။ ထိုငှက်က ဟူလာယဲ့ကို အချင်းချင်းဆက်သွယ်ရန် ပေးခဲ့ခြင်းဖြစ်သည်။

“မြန်လိုက်တာ”

ဝမ်ချောင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်ဟန်က အထင်းသားပေါ်လာပြီး သူက ငှက်၏ခြေထောက်မှ စာကိုဖြုတ်ကာဖတ်သည်။ ဟူလာယဲ့၏ လက်ရေးက လိမ်တွန့်နေပြီး ဆိုးရွားသော်လည်း သူ၏စာထဲတွင် ပါသော စာများကမူ ဝမ်ချောင်မြင်ချင်သော စာများဖြစ်နေသည်။

‘လေးစားရတဲ့ အရှင်အမတ်ဝမ်ချောင် ပထမအသုတ် မြင်းတစ်သောင်းကို စီစဉ်လို့ ပြီးသွားပါပြီ။ နှစ်ရက်နေရင် လဲလှယ်မှုကို စတင်ပါ့မယ်။ ပစ္စည်းတွေ အားလုံးနဲ့အတူ ငွေပေးချေမှုကို လက်ခံဖို့ အရောက်လာပါ့မယ်။ ငါက ကိုယ်တိုင်ကိုယ်ကျ ဒီစစ်မြင်းတွေကို လေးစားရတဲ့ အရှင်အမတ်ရဲ့ သံမဏိမြို့ဆီကို ပို့မှာပါ’

ဟူလာယဲ့က မဟာထန်၏ အများသုံး ဘာသာစကားကို တုပကာ အတက်နိုင်ဆုံး ကြိုးစားပြီး ရေးသားထားခဲ့ခြင်း ဖြစ်သော်လည်း သူ၏ဘာသာစကား၏ လိုအပ်ချက်က သိသာနေသေးသည်။ သို့သော် ထိုအချက်များက အရေးမကြီးချေ။ အရေးအကြီးဆုံးမှာ ဟူလာယဲ့က အရည်အသွေးမြင့် တူရကီ စစ်မြင်းတစ်သောင်းကို ပြင်ဆင်ပြီးသည့် ကိစ္စဖြစ်သည်။

“ငါရွေးချယ်မှု မမှားခဲ့ဘူး။ ဒီဟူလာယဲ့က လှည့်ကွက်တွေ သုံးနိုင်နေတာပဲ။ အနောက်ပိုင်း နယ်မြေထိသွားပြီး သူ့ကိုရှာခဲ့တာတန်တယ်”

ဝမ်ချောင်၏ မျက်ဝန်းက ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။ သူက စာကိုဆုပ်ကိုင်လိုက်သည်။ ဟူလာယဲ့ကသူ့ကို အလွန်ကျေနပ်စေသည်။

စစ်မြင်းတစ်သောင်းဖြစ်ပြီး အားလုံးက အရည်အသွေးမြင့် တူရကီမြင်းများဖြစ်နေသည်။ အရေအတွက်က မနည်းချေ။ သူတို့က ညအမှောင်တွင် တောက်လောင်နေသည့် မီးပြင်းတောက်နှင့် တူနေသေးသည်။ ထိုမျှများပြားသော မြင်းများကို အခြားသူများ၏ အာရုံစိုက်မှုကို မခံရဘဲ အထူးသဖြင့် တူရကီခါကန်းတို့ မသိအောင် လာပို့ရသောကိစ္စက မလွယ်ကူချေ။ တစ်ဖက်သူကသာ သိသွားခဲ့လျှင် ဒီရောင်းဝယ်မှုက ချက်ချင်း ရပ်တန့်ခံရမည်ဖြစ်သည်။ ဟူလာယဲ့က ဗျူဟာဆရာသခင်ဖြစ်သည်။ သူက ထိုမျှများပြားသည့် တူရကီစစ်မြင်းများကို ရအောင်ယူနိုင်ရုံသာ မကသေးလေဘဲ သံမဏိမြို့ထံ ကိုယ်တိုင်ကိုယ်ကျ လာပို့နိုင်ခဲ့သည်။

တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ ကိစ္စပဲ။

“ဟူလာယဲ့လား”

သူ၏အနောက်မှ လီစစ်ယဲ့၏အသံက ထွက်လာသည်။ သံမဏိမြို့သို့ ပြန်လာပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူက ဝမ်ချောင်ထံမှ ဟူလာယဲ့အကြောင်း သိထားပြီးသားဖြစ်သည်။

“အင်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။

“ငါဒီကိစ္စကို မင်းကိုပဲ လွှဲထားလိုက်မယ်။ အချိန်ကျလာတဲ့အခါ လူနည်းနည်းခေါ်ပြီး သူ့ကိုထွက်တွေ့ပါ”

“ဒီဗိုလ်ချုပ်က နားလည်ပါပြီ”

လီစစ်ယဲ့က ခေါင်းညိမ့်သည်။ စစ်မြင်းများက မြင်းတပ်အတွက် အရေးအကြီးဆုံးဖြစ်သည်။ ဝမ်ချောင်က သူ့ကို ရှင်းပြရန် မလိုအပ်ချေ။ လီစစ်ယဲ့က ဝမ်ချောင်ထက်ပင် ထိုကုန်သွယ်မှုကို ပို၍ဂရုစိုက်သေးသည်။

“အင်း”

“ဒီကုန်သွယ်မှုအတွက် လိုအပ်တဲ့ပိုက်ဆံက ရွှေထည်တစ်သန်းပဲ။ ဟူလာယဲ့က ငွေပေးချေမှုကို အရင်ဆုံး လိုချင်နေလိမ့်မယ်။ ရွှေတွေက အကြီးအကဲကျန်းရှို့ကျစ်နဲ့အတူ ရှိနေတယ်။ မင်းလူအချို့ကို ခေါ်သွားပြီး သွားယူလိုက်ပါ။ ငါဒီကိစ္စတွေ အားလုံးကိုတော့ မင်းနဲ့ပဲ လွှဲထားလိုက်တော့မယ်။ မင်းသင့်တော်သလိုသာ ဆုံးဖြတ်လိုက်”

“တကယ်လို့ ဟူလာယဲ့က အခြေအနေ မကောင်းမှန်းသိရင် မင်းဘာလုပ်သင့်လဲ သိပါတယ်”

ဝမ်ချောင်ကပြောသည်။

ဟူလာယဲ့၏ နံပါတ်တစ် တူရကီ မြင်းကုန်သည်ဆိုသော ကျော်ကြားမှုက လောကတခွင် ပျံ့နှံ့နေသော်လည်း ဝမ်ချောင်ကမူ သူ့ကို အကြွင်းမဲ့ မယုံပေးနိုင်ချေ။

ဟူလာယဲ့ကသာ တစ်စုံတစ်ရာ အမှားလုပ်လာခဲ့လျှင် သို့မဟုတ် အကြံအစည်အချို့ ချလာခဲ့လျှင် လီစစ်ယဲ့က ထိုအခြေအနေ အားလုံးကို ကိုင်တွယ်နိုင်ပေလိမ့်မည်။

“ဟုတ်ကဲ့”

လီစစ်ယဲ့က ခပ်မြန်မြန် ထွက်ခွာသွားသည်။ သူထွက်သွားသောအခါ ဝမ်ချောင်က စာကိုစားပွဲခုံ ထောင့်တစ်နေရာသို့ ပို့လိုက်ပြီး ပြတင်းပေါက်နားသို့ ဖြေးဖြေးချင်း လျှောက်သွားသည်။ သူ၏အကြည့်က ကောင်းကင်သို့ ထိုးတက်သွားသည်။ သူ၏နှလုံးသားက မုန်တိုင်းထန်နေသည်။

အခန်း(၇၄၄)

အရည်အသွေးမြင့် တူရကီစစ်မြင်းတစ်သောင်း

ဝမ်ချောင်က ဟူလာယဲ့နှင့် ပထမဦးဆုံးအကြိမ် ကုန်သွယ်မှု စလုပ်သည့်ကိစ္စကို အလွန်အမင်း အလေး ထားထားသည်။ ဒီကုန်သွယ်မှုတွင် ဖုံးကွယ်ထားသည့် အကြံအစည်များ မရှိနေခဲ့ဘဲ အရာအားလုံးကသာ ချောမွေ့သွားလျှင် သူ၏ကိုယ်ပိုင် အကြံအစည်ကို အကောင်အထည် ဖော်နိုင်လောက်သည်။

ဟူလာယဲ့ကသူ့ကို တူရကီစစ်မြင်း တစ်သုတ်ကို ယူလာပေးနိုင်လျှင် ဒုတိယတစ်သုတ် တတိယတစ်သုတ် နောက်ထပ်အသုတ်များကို ထပ်ယူပေးနိုင်ပေလိမ့်မည်။ နံပါတ်တစ် မြင်းကုန်သည်၏ အထောက်အပံ့နှင့်ဆိုလျှင် မဟာထန်က တူရကီ မြက်ခင်းပြင် လွင်ပြင်ဒေသမှ အရည်အသွေးမြင့် စစ်မြင်း မဆုံးနိုင်အောင် ဆက်တိုက် ရနိုင်ခြင်းအားဖြင့် မဟာထန်၏ အကြီးမားဆုံး အားနည်းချက်ကို ဖြည့်နိုင်လောက်သည်။

“တကယ်ကို စိတ်လှုပ်ရှားစရာပဲ။ ဟူလာယဲ့ ငါ့ကိုတော့ စိတ်မပျက်စေဖို့ မျှော်လင့်တယ်”

ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် လေပြင်းက စတင်ကာ တိုက်ခတ်သည်။

မည်သူကမျှလည်း အဝေးရှိ ဝူရှန်းက စတင်ကာ မွှေနှောက်မည့် မုန်တိုင်းကို မသိကြသေးချေ။ ထိုမုန်တိုင်းက အနောက်ပိုင်းနယ်မြေတခွင် ပျံ့နှံ့သွားပေမည်။

......

ဟူလာယဲ့က ဝမ်ချောင်က ခန့်မှန်းထားသည့်အတိုင်း သတိအပြည့် ကပ်ထားသည်။ ပထမစာကိုပို့ပြီး သိပ်မကြာခင် ဝမ်ချောင်က ဒုတိယမြောက်စာကို ထပ်ရသည်။ သူက အစေခံတစ်ယောက်ကိုပင် ဟူရတနာ ကုန်သည်တစ်ယောက်အဖြစ် ရုပ်ဖျက်ခိုင်းပြီး သံမဏိမြို့ထဲသို့ ဝင်ခိုင်းခဲ့သေးသည်။

ပထမဦးဆုံး ကုန်သွယ်မှု မစတင်ခင် ဟူလာယဲ့က ငွေထည်တစ်သိန်း လက်ခံရရှိရန် မျှော်လင့်ခဲ့သည်။ ထိုကိစ္စက ဝမ်ချောင်၏ လက်အောက်ငယ်သားများကြားတွင် အငြင်းအခုံကို ဖြစ်သွားစေခဲ့ပြီး အဆုံးတွင် ဝမ်ချောင်က သူတို့အားလုံးကိုထိန်းကာ ထိုအစေခံအား ငွေထည်တစ်သိန်း ပေးခဲ့သည်။

လုပ်ငန်းကြီးကို လုပ်ကိုင်သည့်အခါ ရင်းနှီးသင့်သည့် ကိစ္စများကို သိထားသင့်သလို ထိုမျှကိစ္စကြီးတစ်ခုကို ရင်းနှီးမှုမရှိဘဲ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်၍မရချေ။ မဟာထန်က အနာဂတ်တွင် ရနိုင်မည့် အကျိုးအမြတ်နှင့်ယှဉ်သော် ငွေထည်တစ်သိန်းလောက်က စာမဖွဲ့သင့်ချေ။

ငွေကိုကြိုတင်ပေးပြီးနောက် နောက်ပိုင်းကိစ္စများက လျှင်မြန်စွာဖြင့် အလုပ်ဖြစ်ခဲ့သည်။ နှစ်ရက်ခန့် ကြာပြီးသည်နှင့် ညအချိန်တွင် ကျစ်အချိန်ကာလကို ကျော်သွားသည်နှင့် သံမဏိမြို့ အနောက်မြောက်ပိုင်း လီတစ်ရာခန့်အကွာတွင် သူတို့က ထိုကုန်သွယ်မှုကိုပြုရန် ချိန်းဆိုထားကြသည်။

သို့သော် ဟူလာယဲ့က ထပ်ပေါင်းတောင်းဆိုမှုလုပ်သည်။ သူက ဝမ်ချောင်ကို ကိုယ်တိုင်လာရန် မျှော်လင့်ထားသည်။ ထိုသို့ဖြင့် နှစ်ရက်က လျှင်မြန်စွာ ကုန်ဆုံးသွားသည်။ ထိုသို့ဖြင့် ကုန်သွယ်မှုစလုပ်မည့် အချိန်က ကျလာသည်။

ထိုညက လပျောက်ပြီး လေထန်သောညဖြစ်သည်။ မှေးမှိန်သော ကြယ်အလင်းရောင်က ဝေဝါးသော အရိပ်များကိုသာ ထုတ်ပေးနိုင်သည်။

ထိုကြယ်ရောင်အောက်တွင် စစ်သည်တော်များက သေသပ်စွာ ရပ်နေပြီး တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

လေးနာရီခန့်ကြာအောင် စောင့်ပြီးနောက် ချန်းစန်းယွမ်က မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။

“အရှင်အမတ် အချိန်က ဒီလောက်ကြာနေပြီ။ ဘာလို့ ဒီတူရကီတွေက ထွက်မလာသေးတာလဲ။ သူတို့ မလာတော့တာများလား”

“ဟုတ်တယ် ဒီတူရကီတွေက ယုံလို့ကို မရပါဘူး။ သူကလည်း ကျွန်တော်တို့ရဲ့ မဟာထန်က အနောက်ပိုင်း တူရကီတွေနဲ့ စစ်ဖြစ်တတ်တာကို သိနေတယ်။ ဒီတော့ သူတို့က ကျွန်တော်တို့ကို မြင်းရောင်းတယ်ဆိုကတည်းက တော်တော်ကြီးကို သံသယဝင်စရာ ကောင်းနေပြီ။ ဖြစ်နိုင်တာက သူက ရွှေထည်တစ်သိန်းကို အလဟသ ယူသွားခဲ့တာပဲ။ သူက ဒီကုန်သွယ်မှုကို ပြုချိန်ရောက်သင့်နေပြီ”

စုရွှတ်ရွှမ်းကလည်း သူ၏ညီနောင်ပြောသော စကားကို သဘောတူသည်။

ချိန်းဆိုထားသော အချိန်က ကျစ်အချိန်၏ အဆုံးသတ်ဖြစ်သည်။ ယခုအခါ အာရုံပင် တက်တော့မည်ဖြစ်သည်။ ဟူလာယဲ့က ပေါ်မလာသေးချေ။ ထိုကိစ္စက ဝမ်ချောင်၏ အရာရှိများကို မသက်မသာဖြစ်စေသည်။

“ဟား ဟား စိတ်အေးအေးထားပါ ဒါက ငွေထည်တစ်သိန်းလောက်ပဲ။ ငါတို့ သဘောတူထားတဲ့ ပမာဏနဲ့ယှဉ်ရင် ဒါက နွားထီးကိုးကောင်က အမွှေးတစ်မွှေးလောက်ပဲ ရှိသေးတယ်။ ဒီတော့ ဟူလာယဲ့ရဲ့ မျက်လုံးထဲတောင် ရောက်မှာမဟုတ်ဘူး”

ဝမ်ချောင်က ခပ်မတ်မတ်ရပ်နေသည်။ သူ၏လက်များကို ကျောတွင်ပို့ထားသည်။ သူ၏ဆံပင်က လေတွင်လွင့်သည်။ ဝမ်ချောင်က သူ၏လက်အောက်ငယ်သားများထက် အများကြီး တည်ငြိမ်နေသည်။ သူက လေးနာရီကြာအောင် စောင့်ခဲ့သည်။ သို့တိုင်အောင် သူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးဟန်မပေါ်သေးချေ။

“တူရကီတွေက ငါတို့ထန်တွေနဲ့ကွာတယ်။ သူတို့က အချိန်ကိုမသိဘူး။ ချိန်းထားတဲ့အချိန်က ကျစ်ကာလဆိုပေမဲ့ သူတို့က အခုအချိန်ထိ မပေါ်လာသေးတာကမှ သူတို့ပုံစံဖြစ်နေပြီ။ မင်းတို့ အကြိမ်အနည်းငယ်လောက် ကြုံပြီးရင် ဒါကို ကျင့်သားရသွားလိမ့်မယ်”

ဝမ်ချောင်က မျက်နှာသေဖြင့်ပြောသည်။

သူက မြို့တော်တွင် ပျင်းရိစွာ လျှောက်နေခဲ့သော်လည်း ဟူအမြောက်အများနှင့် အဆက်အသွယ် ရှိခဲ့သည်။ ဟူများက ခပ်အေးအေးနေတတ်သည့် အကျင့်စရိုက်ရှိသည်။ သူတို့က အချိန်ကိုလည်း သတိမထားတတ်ကြချေ။ မကြာခဏဆိုသလို သောက်စားပြီး အာရုံတတ်သည်အထိ ရောက်သွားတတ်သည်။ ထို့နောက်မှသာ ပြန်သွားပြီး နောက်တစ်ရက်တွင် ပြန်သောက်တတ်ကြသည်။ ထိုသို့ဖြင့် ချိန်းဆိုထားသော အချိန်ထက် ကျော်လွန်ပြီး နှစ်ရက်သုံးရက်ခန့်အထိ စောင့်ရတတ်သော အခြေအနေမျိုး ရှိခဲ့ဖူးလေသည်။

ပို၍ဆိုးသည်မှာ ကွင်းပြင်ဒေသက ကျယ်ပြောကာ အဆုံးအစမဲ့သလို ထင်ရသည်။ သူတို့ကသာ ခပ်အေးအေးနှင့် သွားလာနေမည်ဆိုလျှင် မည်သည့်နေရာကိုကြည့်ကြည့် မြင်ကွင်းက အတူတူ ဖြစ်နေလေရာ အချိန်ကာလကိုလည်း သတိထားမိတော့မည်မဟုတ်ချေ။ ပေါ့ပါးစွာ နေတတ်ပြီး ခပ်အေးအေး နေတတ်သော လူများအဖို့ အချိန်ကို သတိထားမိနေမှသာ ထူးဆန်းသွားတော့ပေမည်။

အနှစ်ချုပ်ဆိုရသော် ဟူလာယဲ့ကသာ အချိန်မှီရောက်လာခဲ့လျှင် ဝမ်ချောင်က သူက တစ်စုံတစ်ရာကို ကြံစည်နေသည်ဟု သံသယဝင်မိလောက်သည်။

ဒုန်း ဒုန်း ဒုန်း

သူတို့က စကားပြောနေချိန်တွင် အမှောင်ထုထဲမှ မြင်းခွာသံများကို ကြားလိုက်ရသည်။ လူတိုင်းကလည်း ချက်ချင်းလိုလို သတိထားမိလိုက်ကြသည်။

“အရှင်အမတ် အရှေ့ကိုကြည့်”

လူတစ်ယောက်က ပြောသည်။

လူအုပ်က ဆူညံသံ လာရာဘက်သို့ ကြည့်လိုက်သောအခါ လျှင်မြန်စွာ ချဉ်းကပ်လာနေသည့် သေးငယ်သော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ နီးကပ်လာသည့်အခါ တက်ကြွသော စစ်မြင်းတစ်ကောင်ဖြစ်ပြီး လည်ဆံမွှေးများက လေတွင်ပင် လွင့်နေကြောင်း မြင်လိုက်ရသည်။

ဟန်အမူအရာ လှုပ်ရှားမှု စစ်မြင်း၏ လှုပ်ရှားမှုကတဆင့် နားမလည်သော လူကပင် ထိုမြင်းက အရည်အသွေးမြင့် စစ်မြင်းဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။

ထိုစစ်မြင်းက ထန်စစ်သည်တော်များ ရှိရာဘက်သို့ လျှင်မြန်စွာ အပြေးနှင်လာသည်။ သို့သော် ထိုအချက်ကတင် သူတို့ကို စိတ်ရှုပ်သွားစေသည်။

ဝူရှန်းက လွင်ထီးခေါင် ချောင်ကျသော နေရာကြီးဖြစ်ပြီး မည်သည့် သခင်မဲ့ စစ်မြင်းကမျှ ဒီနေရာတွင် ပေါ်မလာသင့်ချေ။ ယခုလို တိတ်ဆိတ်သောညတွင် ပေါ်လာသည့်အခါ အားလုံးက ထူးဆန်းသွားကြသည်။

“ဟား ဟား ဟူလာယဲ့က တကယ်ကို ယုံကြည်ရတဲ့လူပဲ။ ရွေးချယ်မှု မမှားဘူး”

လူတိုင်းက စိတ်ရှုပ်ထွေးကာ ပဟေဠိဖြစ်နေချိန်တွင် ဝမ်ချောင်က ပြုံးရယ်လိုက်သည်။ သူ၏ နားကပင် တစ်စုံတစ်ရာကို ကြားနေသလိုမျိုး ထင်ရသည်။

“ရွှီခဲ့ရီ အသင့်ပြင် ခဏနေရင် ငါတို့ ဒီကုန်သွယ်မှုကိုစဖို့ လိုအပ်လိမ့်မယ်”

“ဟုတ်ကဲ့အရှင်အမတ်”

ရွှီခဲ့ရီက သူ၏အနားတွင်ရှိသည့် ရွှေထည်များ အပြည့်ထည့်ထားသည့် သစ်သားသေတ္တာကြီးကို ကြည့်ကာ ခေါင်းညိမ့်လိုက်သည်။ သူက အခြေအနေကို နားမလည်သော်လည်း စစ်သားတစ်ယောက်၏ တာဝန်က အမိန့်ကို နာခံရမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က မည်သို့ တောင်းဆိုနေစေကာမူ သူက လိုက်နာရမည်ဖြစ်သည်။

ဝုန်း

သူတို့က စကားပြောနေရင်းမှ မြင်းခွာသံများက ကျယ်သထက် ကျယ်လာပြီး သူတို့အောက်မှ မြက်ခင်းများက တုန်ခါသထက် တုန်ခါလာသည်။ ထို့နောက် ခပ်တိုးတိုး လှုပ်ခါသံများကို ကြားလိုက်ရသည်။ သူတို့က သတိမထားမိခင် တဖြည်းဖြည်းချင်း ကျယ်သထက်ကျယ်ကာ မြေကမာ္ဘကို တုန်ဟီးစေလာသည်။

“အဲ့ဒီကိုကြည့် ကြည့် စစ်မြင်းတွေ အများကြီးပဲ”

လူတစ်ယောက်က စအော်သည်။ လူတိုင်းကလည်း ထိုအခါမှသာ အနောက်မြောက်ပိုင်းကတဆင့် အပြေးလာနေသည့် မြင်းအမြောက်အများကို မြင်လိုက်ရသည်။

စစ်မြင်းများ ကဆုန်ပေါက်ကာ ဒုန်းစိုင်းပြေးလာသံကြောင့် ထွက်လာသည့် တဝုန်းဝုန်း သံများကိုလည်း ကြားလိုက်ရသည်။

“ဟား ဟား ဟား ဟား သခင်လေးဝမ် ငါတို့နောက်ဆုံး တွေ့ကြပြီ”

စစ်မြင်းများ၏ အနောက်မှ ခပ်ကြမ်းကြမ်း အော်ရယ်သံကြီးကို ကြားရသည်။ အဝေးမှ လေထုကို တစ်စုံတစ်ရာ ထိုးခွဲသွားသလို စူးရှသည့် လေတိုးသံမျိုးနှင့်အတူ စစ်မြင်းများ၏ အပြေးနှင်သံက နှေးသထက်နှေးသွားပြီး ဘယ်ညာခွဲကာ ရပ်သွားသည်။

ထိုသို့ နှစ်ခြမ်းခွဲသွားသည့် အလယ်တွင် စစ်မြင်းစီးနင်းလာသည့် ပုံရိပ်အချို့ကို မြင်နိုင်သည်။ သူတို့က ဝမ်ချောင်ထံ ချဉ်းကပ်လာသည်။ ဦးဆောင်လာသောလူက ပုခုံးပေါ်တွင် လက်သီးဆုပ် အရွယ်အစားရှိသည့် အရိုးခေါင်း အဆင်တန်ဆာ နှစ်ခုကို တင်ထားသည်။ အနည်းငယ်ဝသော လူဖြစ်သည်။ လေက သူတို့ကို ဖြတ်တိုက်သွားသောအခါ ထိုပစ္စည်းများမှ ထွက်လာသည့် တချွင်ချွင်အသံက တစ္ဆေငိုသံကဲ့သို့ ထင်ရသည်။

ဝမ်ချောင်ကလည်း ထိုလူက နံပါတ်တစ် တူရကီမြင်းကုန်သည် ဟူလာယဲ့ဖြစ်ကြောင်း မှတ်မိလိုက်သည်။

“ဟား ဟား ငါရွေးချယ်တာ မှန်ကန်ခဲ့တယ်”

သူ၏မျက်ဝန်းက တောက်ပသလို သူ၏စိတ်ထဲတွင်လည်း ပျော်ရွှင်မှုက အထင်းသားပေါ်နေသည်။ ဝမ်ချောင်က စစ်မြင်း၏ မြင်းဇာတ်ကြိုးကိုဆွဲပြီး လှမ်းတက်လိုက်ကာ ဟူလာယဲ့နှင့်ဆုံရန် အပြေးနှင်သွားလိုက်သည်။

“အရှင်အမတ်”

သူ၏လက်အောက်ငယ်သားများက စိုးရိမ်တကြီးလိုက်သည်။

အဝေးမှ စစ်မြင်းနှစ်ကောင်က တွေ့သလို ဝမ်ချောင်နှင့် ဟူလာယဲ့တို့ကလည်း စစ်မြင်းပေါ်မှ ဆင်းလိုက်ကြသည်။

“ဟား ဟား သခင်လေးဝမ် ကျေးဇူးတင်ပါတယ် ငါသခင်လေးကို ကျေးဇူးတင်ရုံနဲ့တောင် မလုံလောက် လောက်ဘူး”

မမျှော်လင့်ထားစွာပင် ဟူလာယဲ့က ပထမဦးဆုံး ပြောသည့်ကိစ္စက ကျေးဇူးတင်ပြီး ဝမ်ချောင်ကို ပွေ့ဖက်ခြင်း ဖြစ်နေသည်။

“အရှင်အမတ်”

ဝမ်ချောင်က ဘာမှမပြောနိုင်ခင် သူ၏လက်အောက်ငယ်သားများက အထိတ်တလန့် ဖြစ်သွားကြသည်။ ချန်းပင်း၊ ကွမ့်ရီနှင့် အခြားသော လက်အောက်ငယ်သားများက လက်နက်များကိုပင် ထုတ်လိုက်ကြသည်။

“မလန့်ကြနဲ့ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး”

ဝမ်ချောင်က လက်မြှောက်ကာ အားလုံးကိုတားပြီး စိတ်အားထက်သန်လွန်းသည့် ဟူလာယဲ့ကိုကြည့်ကာ ရယ်သည်။

“လူကြီးမင်းဟူလာယဲ့က ဘယ်လိုကြောင့်များ ရုတ်တရက် ကျေးဇူးတင်ရတာလဲ”

“ဒါက လိုအပ်လို့ပါ လိုအပ်လို့ သခင်လေးဝမ်က တကယ်ကို အစစ်အမှန် နတ်ဘုရားပဲ။ သခင်လေးဝမ်က သတိပေးခဲ့တဲ့အတွက်ကြောင့်သာ မဟုတ်ရင် ငါက အဲ့ဒီနိမ့်ကျတဲ့အကောင်ကြောင့် အလှည့်စား ခံရတော့မှာ။ အဲ့ဒီမျိုးမစစ်ကောင် ငါဒီကောင်ကို အယုံအကြည် လွန်သွားတာ။ သူ့ကိုငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကိုင်တွယ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ ဒီကောင်က ငါ့ကို ဘယ်လိုပြန်ဆက်ဆံခဲ့သလဲ”

ဟူလာယဲ့က အလွန်ဒေါသထွက်နေသည်။

သူက အစပိုင်းတွင် စိတ်ရှုပ်ထွေးခဲ့သော်လည်း ဝမ်ချောင်က ချက်ချင်းလိုလို နားလည်သွားသည်။ ဟူလာယဲ့က သူ၏ အိမ်တော်ထိန်း ရာလော့အကြောင်း ပြောနေခြင်းဖြစ်လောက်သည်။ သူက အနောက်ပိုင်းနယ်မြေသို့ သွားခဲ့သည့်အချိန်က မသွားခင် ဟူလာယဲ့ကို ထိုလူအား မျက်စိဒေါက်ထောက်ကြည့်ရန် သတိပေးခဲ့သည်မှာ ထိုအကွက်က သက်ရောက်မှုရှိသွားသည်နှင့် တူသည်။

“သခင်လေး ငါ့ကိုပြောပြနိုင်မလား မင်းဘယ်လိုသိတာလဲ”

ဟူလာယဲ့က ခေါင်းကိုမော့ပြီး ဝမ်ချောင်ကို တက်ကြွစွာ ကြည့်သည်။

ဟူလာယဲ့က ဝမ်ချောင်နှင့် ကုန်သွယ်မှုပြုကြောင်း လက်မှတ်ထိုးခဲ့ပြီးနောက် မြက်ခင်းလွင်ပြင် အနှံ့သွားကာ အကောင်းဆုံး အရည်အသွေးရှိသော စစ်မြင်းတစ်သောင်းကို ရှာဖွေခဲ့ပြီး ဝမ်ချောင်၏ ကုန်သွယ်မှုပြုရန် အဆုံးသတ်လိုက်သည်။ သူက အချိန်ကိုပင် သတ်မှတ်ခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူက အရာအားလုံးလုပ်ပြီး ထွက်သွားတော့မည့် အချိန်တွင် သူအလွန်အမင်း ယုံကြည်ရသည့် ထိုအိမ်တော်ထိန်း ရာလော့က ဟူလာယဲ့၏ ကိုယ်လုပ်တော်နှင့် ကြွယ်ဝမှု အမြောက်အများယူကာ ထွက်ပြေးရန် ကြံစည်ကြောင်း သိခဲ့ရသည်။

ရာလော့က ဟူလာယဲ့၏ ပိုင်ဆိုင်မှု ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်နေခြင်းဖြစ်သည်။ ထိုကြွယ်ဝမှုများက ဟူလာယဲ့အနေနှင့် ဆယ်စုနှစ်ပေါင်း များစွာကြာအောင် လုပ်ကိုင်ခဲ့ရခြင်းဖြစ်ပြီး အမျိုးမျိုးသော အရင်းအနှီးများ သုံးခဲ့ရသည်။ သူ၏အသက်ကိုပင် ရင်းခဲ့ရသော အချိန်များလည်း ရှိခဲ့သည်။

သူကသာ ဝမ်ချောင်၏ သတိပေးချက်ကြောင့် ရာလော့ကို မျက်စိဒေါက်ထောက်ကြည့်ရန် လူများ မလွှတ်ထားခဲ့လျှင် ထိုအကြံအစည်ကို ကြိုတင်သိနိုင်မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် အကျိုးဆက်က အလွန်အမင်း ကြောက်စရာကောင်းလောက်သည်။ ထိုကိစ္စက ဟူလာယဲ့ကို လေးနာရီကျော်ကြာအောင် နောက်ကျသွားစေခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဟူလာယဲ့က ဝမ်ချောင်၏ သတိပေးချက်ကို အလေးမထားမိခဲ့သည့်အတွက် အလွန် ခံစားနေရသည်။ သို့သော် ထိုကိစ္စဖြစ်ပွားသောအခါ ဟူလာယဲ့က မေးခွန်းတစ်ခုကို ဖိနှိပ်ရန် ခက်ခဲသွားသည်။

သူကိုယ်တိုင်ကပင် သူ၏အိမ်တော်ထိန်းက သူ့ကို သစ္စာဖောက်မည်ဖြစ်ကြောင်း မသိခဲ့ချေ။ သို့သော် ဝမ်ချောင်ဆိုသည့် ဟန်တစ်ယောက်က သိနေခဲ့သည်။

“ဟား ဟား ငါ့မှာလည်း ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်။ ဒါ့အပြင် လူကြီးမင်းဟူလာယဲ့အနေနဲ့ အနောက်ပိုင်း ဒေသတွေနဲ့ မြက်ခင်းပြင်ကျယ် ဒေသတွေမှာ ဟူတွေပဲရှိတယ်လို့ မတွေးထားသင့်ဘူး မဟုတ်လား။ လူကြီးမင်းဟူလာယဲ့က အဲ့လိုသာ တွေးနေမယ်ဆိုရင် ငါကလူကြီးမင်းကို ဘယ်လိုရှာနိုင်မှာလဲ”

ဝမ်ချောင်က ဟူလာယဲ့ကို တစ်ချက်ကြည့်ပြီး လျို့ဝှက်ဆန်းကြယ်သလို ပြုံးလိုက်သည်။

သူက ဟူလာယဲ့ကိုလည်း ရာလော့နှင့် ပတ်သတ်သည့် အမှန်တရားအတိုင်း ပြော၍မရချေ။ သို့သော် သူ၏စကားလုံးများ၏ သက်ရောက်မှုက သိသာသွားသည်။ ဝမ်ချောင်ကလည်း ဟူလာယဲ့၏ အပြုအမူက သူတို့ ပထမဦးဆုံး တွေ့ခဲ့ချိန်ကထက်စာလျှင် နေ့နှင့်ညလို ပြောင်းလဲသွားကြောင်း သိလိုက်သည်။ ရွှေထည်တစ်သောင်း ထုတ်ပေးသော ကိစ္စကပင် ထိုမျှသက်ရောက်မှု မရှိစေနိုင်ခဲ့ချေ။

ဟူလာယဲ့က သူ့အပေါ် အမြင်ကောင်းရှိနေသမျှ ဝမ်ချောင်အနေဖြင့် သူ့ကိုသုံးပြီး နောက်ထပ် အရည်အသွေးမြင့် တူရကီမြက်ခင်းပြင်ဒေသမှ စစ်မြင်းများကို ထပ်ယူ၍ရနိုင်သည်။

အခန်း(၇၄၅)

အံ့အားသင့်မှု

ဟူလာယဲ့က ဝမ်ချောင်၏ ရှင်းပြချက်ကို ယုံသွားသည်။ ဝမ်ချောင်က မြို့တော်၏ မဟာကလန်ကြီးများထဲမှ တစ်ခုဖြစ်သည့် အမတ်များ၊ ဗိုလ်ချုပ်ကြီးများ၊ အပြည့်ရှိသောကလန်မှ အငယ်ဆုံးသားဖြစ်သည်။ ထို့ကြောင့် လူမှုအသိုင်းအဝိုင်းရှိ အမျိုးမျိုးသော ရာထူးအဆင့်ရှိ နေရာတိုင်းတွင် သူ၏ သစ်မြစ်များကဲ့သို့ အဆက်အသွယ်များ ပျံ့နှံ့နေလောက်လေရာ ဝမ်ချောင်က သတင်းများ ရသည်မှာ ပုံမှန်သာလျှင်ဖြစ်သည်။

ဟူများကသာ အနောက်ပိုင်းဒေသနှင့် တူရကီမြက်ခင်းပြင်ဒေသတွင် နေထိုင်နေကြခြင်းမဟုတ်ချေ။ မဟာထန်၏ မြို့တော်တွင်လည်း ဟူများရှိနေသေးသည်။ သို့သော် ထိုအကြောင်းကို လူအများက မကြာခဏ မေ့နေတတ်သည်။

ဝမ်ချောင်၏ အဓိပ္ပာယ် ဆိုလိုရင်းကမူ မြို့တော်မှ သူသိသော ဟူများက ဟူလာယဲ့၏ ဟူမိတ်ဆွေများမှ အချို့ဟု ဆိုလိုက်ခြင်းဖြစ်ပြီး ထိုထဲက တစ်ယောက်က ဝမ်ချောင်ကို ရာလော့အကြောင်း ပြောလိုက်ခြင်းဟု သက်ရောက်သွားသည်။

ထိုဟူက ဝမ်ချောင်ကို ဟူလာယဲ့၏ အနောက်ပိုင်းဒေသမှ လှုပ်ရှားမှုအကြောင်း ပြောခြင်းအားဖြင့် သူက ဟူလာယဲ့ကို ရှာနိုင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။

ဝမ်ချောင်ကို ယခုကြည့်လိုက်သည့်အခါ ဟူလာယဲ့က ထိုလူငယ်က လျို့ဝှက်ဆန်းကြယ်လွန်းသလို လေးစားစရာကောင်းကြောင်း သိလိုက်သည်။ ဝမ်ချောင်၏မြို့တော်မှ အင်အားက ကြီးမားလာသည်မှာ မှန်ကန်နေသည်။ သို့သော် သူ၏အိမ်တော်ထိန်းနှင့် ကိုယ်လုပ်တော်များအကြောင်းကို သိနေသော ကိစ္စအရ သူ၏အင်အားက မည်မျှကြီးကြောင်း သိနိုင်သွားသည်။

ဟူလာယဲ့က သူက အဆုံးအစမဲ့အောင် နက်ရှိုင်းလွန်းသည့် ချောက်ကမ်းပါးရှေ့တွင် ရပ်နေရသလို ခံစားလိုက်ရသည်။

ဟူနှင့်ဟန်များက အတွေးမတူချေ။ သူတို့၏ တွေးခေါ်ပုံကလည်း ကွာသည်။ အစပိုင်းတွင် ထိုခံစားချက်က လျို့ဝှက်ဆန်းကြယ်မှုဖြစ်ပြီး တဖြည်းဖြည်းချင်း ဟူလာယဲ့၏ မျက်ဝန်းက တောက်ပသွားသည်။

“ဟား ဟား ဟား သခင်လေးဝမ်လို မိတ်ဆွေမျိုးနဲ့ဆိုရင် ငါဘာကို စိုးရိမ်ရဦးမှာလဲ။ ငါက သခင်လေးဝမ်ကို ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ အကောင်းဆုံး အရည်အသွေးရှိတဲ့ တူရကီစစ်မြင်း တစ်ထောင် အပိုပေးလိုက်တယ်”

“သခင်လေး ငါတို့တွေ မိတ်ဆွေကောင်းတွေ ဖြစ်နိုင်မယ်လို့ ခံစားရတယ်”

ဟူလာယဲ့က ဝမ်ချောင်၏ရင်ဘက်ကို ဖြန်းကနဲရိုက်ပြီး သဘောတကျရယ်သည်။

ထိုလူ၏ အပြုအမူက ဝမ်ချောင်တို့၏အဖွဲ့ကို အံ့အားသင့်သွားစေခဲ့သည်။ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ ချန်းပင်း၊ ကွမ့်ရီနှင့် အခြားသော အရာရှိတိုင်း၏ မျက်ဝန်းက တောက်ပသွားကြသည်။ ဝမ်ချောင်ကပင် သတိလက်လွတ် ဖြစ်သွားသည်။

စစ်မြင်းတစ်ထောင်က ရွှေထည်တစ်သောင်း တန်ကြေးရှိသည်။ သို့သော် ထိုအရာက ဝမ်ချောင်အတွက် လက်ရှိအနေအထားမျိုးတွင် အရေးမကြီးချေ။ အရေးကြီးသောအရာက စစ်မြင်းများဖြစ်သည်။

ထိုတူရကီ စစ်မြင်းများက အရည်အသွေး အကောင်းဆုံးများဖြစ်ကြပြီး တန်ကြေးက အကန့်အသတ်မဲ့သည်။ ထို့ကြောင့် ဝမ်ချောင် အလိုအပ်ဆုံး အရာများလည်းဖြစ်သည်။

ဟူလာယဲ့၏ မြင်နိုင်စွမ်းအားက မမျှော်လင့်ထားသော အချက်ဖြစ်သည်။ ဝမ်ချောင်က ရုတ်တရက် ဟူလာယဲ့က မည်သို့ အဆက်အသွယ် အများအပြားရှိပြီး အနောက်ပိုင်းနှင့် အရှေ့ပိုင်း တူရကီ ခါကာနိတ်များကို ကောင်းကောင်းနားလည်နေကာ နံပါတ်တစ် မြင်းကုန်သည်ဖြစ်လာကြောင်း သိလာသည်။

“ကောင်းပြီ လူကြီးမင်းဟူလာယဲ့ ငါနားထောင်လို့ကောင်းတဲ့ စကားတွေပြောပြီး အချိန်ဖြုန်းမနေတော့ဘူး။ ငါလက်ဆောင်ကြီးကို လက်ခံလိုက်မယ်။ အနာဂတ်မှာ လူကြီးမင်းဟူလာယဲ့က တစ်ခုခု လိုအပ်တာရှိရင် စကားနဲ့သာပြောလိုက်။ ငါ့ရဲ့အာဏာနဲ့ လုပ်နိုင်စွမ်းအားရှိတဲ့ အရာမှန်သမျှ ငါအကောင်းဆုံး ကျေနပ်အောင် ဖြည့်ဆည်းပေးမယ်”

ဝမ်ချောင်ကပြောသည်။

ဟူလာယဲ့က မူရင်းလမ်းကြောင်းအတိုင်းသာ ရှိနေဦးမည်ဆိုလျှင် နောက်သုံးလအတွင်း သေရမည်ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က သူနှင့်ကုန်သွယ်ရန် အစောတလျှင် လုပ်နေခြင်းဖြစ်သည်။

ယခုလို ဟူလာယဲ့၏ တဲ့တိုးဆန်သော အပြုအမူကြောင့် ကြင်နာမှုကို ပြန်ပေးဆပ်သည့် အကျင့်စရိုက်ကို နားလည်လိုက်လေရာ ဝမ်ချောင်ကရုတ်တရက် ထိုမြင်းကုန်သည်အပေါ် အမြင်ကောင်းရှိသွားသည်။

သူကလည်း သူအောင်မြင်နိုင်ခြင်း ရှိမရှိ မသိသော်လည်း အနည်းဆုံး ကြိုးစားကြည့်ချင်သေးသည်။ ဒီနည်းအားဖြင့် နံပါတ်တစ် မြင်းကုန်သည်ကို ကံကြမ္မာကနေ ကယ်တင်နိုင်ရန် မျှော်လင့်သည်။

အနာဂတ်တွင် ဟူလာယဲ့က မဟာထန်တွင် ကဏ္ဍကြီးတစ်ခုမှ ပါဝင်နိုင်သေးသည်။

ထိုသို့စကားဖလှယ်ပြီးနောက် ဝမ်ချောင်က အဓိက အကြောင်းအရာကို လျှင်မြန်စွာ ပြောလိုက်သည်။ ဝမ်ချောင်က ရွှီခဲ့ရီကို ဟူလာယဲ့အား ရွှေထည်ကိုးသိန်း ပေးခိုင်းလိုက်ပြီး ချန်းစန်းယွမ်တို့ အားလုံးကို မြင်းများကို စစ်ခိုင်းသည်။ ဟူလာယဲ့ကလည်း သူနှင့်အတူ စစ်မြင်းတစ်သောင်းတစ်ထောင် ခေါ်လာခဲ့ခြင်းဖြစ်သည်။ အားလုံးက သန်သန်မာမာ တောင့်တောင့်တင်းတင်း ကြွက်သားအပြည့်နှင့် အရိုးသန်မာသော မြင်းများဖြစ်ကြသည်။ ထို့ကြောင့် မြင်းကိုနားမလည်သော လူများကပင် ထိုမြင်းများကို ကြည့်ရုံဖြင့် အရည်အသွေးက အလွန်မြင့်ကြောင်း သိနိုင်သည်။ ဟူလာယဲ့က အကောင်းဆုံး လုပ်ပေးခဲ့သည်မှာ မှန်ကန်သည်။

“အို ဟုတ်သားပဲ လူကြီးမင်းဟူလာယဲ့ ငါမင်းကိုနောက်ထပ် ဒုတိယမြောက် အကြံတစ်ခု ထပ်ပေးဦးမယ်”

ကုန်သွယ်မှုက ပြီးဆုံးသွားပြီး ဝမ်ချောင်က ထွက်ခွာတော့မည့်အချိန်မှာ ရုတ်တရက် ရပ်လိုက်ပြီး ဟူလာယဲ့ကို ကြည့်သည်။ သူ၏မျက်နှာတွင် တောက်ပလွန်းသော အပြုံးကရှိနေပြီး ဟူလာယဲ့က ထိုအပြုံးကို မြင်သည့်အခါ သူ၏နှလုံးခုန်နှုန်းက ရုတ်တရက် မြန်ဆန်သွားပြီး ထူးခြားသော ခံစားချက်ကို ရလိုက်သည်။

ဟူလာယဲ့အနေဖြင့် ဝမ်ချောင်၏ ထိုအပြုံးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ချေ။ နောက်တစ်ကြိမ် ထိုအပြုံးကို မြင်ခဲ့ချိန်ကလည်း သူ၏အယုံကြည်ရဆုံး အိမ်တော်ထိန်းရာလော့က သူ၏ပိုင်ဆိုင်မှု တစ်ဝက်ကျော်ကိုသယ်ပြီး ထွက်ပြေးသွားတော့မည့် အခြေအနေမျိုးအကြား သတိပေးခဲ့ခြင်းဖြစ်သည်။

“သခင်လေးဝမ်က ဘာများပြောမလို့ပါလဲ။ သခင်လေးဝမ် ဘာပြောပြော ဒီဟူလာယဲ့က နားစွင့်ပြီး နားထောင်နေမှာပါ”

ဟူလာယဲ့က ထိုအချိန်တွင် လေးစားမှုအပြည့်ပြသည်။ ဗဟိုပြင်ကျယ်မှ ယဉ်ကျေးမှု ထုံးတမ်းအတိုင်း သူက ဂါရဝပင်ပြုလိုက်သေးသည်။ တူရကီမြက်ခင်းပြင်တွင် နေထိုင်ကြသော လူများတွင် ထိုကဲ့သို့သော ရိုးရာမရှိချေ။ ထို့ကြောင့် ဟူလာယဲ့က ဝမ်ချောင်၏အကြံကို လေးစားကြောင်း သိနိုင်သည်။

“ဟား ဟား လူကြီးမင်းဟူလာယဲ့က ငါ့ကိုယုံမယ်ဆိုရင် နောက်ထပ်ခုနှစ်ရက်လုံးလုံး အိမ်ထဲကနေ မထွက်သင့်ဘူး။ ဒါ့အပြင် ထွက်ရမယ်ဆိုရင်တောင် အဝတ်အောက်မှာ သံချပ်ကာအပြည့် ဝတ်သွားသင့်တယ်။ နောက်ဆုံး အတက်နိုင်ဆုံး အရှေ့ဘက်ကို မသွားပါနဲ့”

စကားများနှင့်အတူ ဝမ်ချောင်က ထွက်သွားသည်။ ဟူလာယဲ့က နေရာတွင် စွံ့အကာကျန်ရစ်ခဲ့သည်။

“ဟိုက်ရား”

အဝေးမှ အော်ဟစ်သံများကို ကြားရသည်။ လက်ရွေးစင် စစ်သည်တော် ရာဂဏန်း အနည်းငယ်က မြင်းတပ် တစ်သောင်းကျော်ကို ခေါ်ဆောင်သွားသည့် ညအမှောင်ထုတွင် ဖုန်တိမ်စိုင်များကိုသာ ချန်ရစ်ထားခဲ့သည်။

“ပေါ်ပါး ဒီထန်က ငါတို့ကိုကြောက်နေတာလား။ မြက်ခင်းပြင်ဒေသက ငါတို့ရဲ့လှုပ်ရှားမှုကို ဘယ်သူမှ သိတာမဟုတ်ဘူး။ ဒါကို သူကဘယ်လိုသိနေတာလဲ။ ဒါ့အပြင် ငါတို့က အရှေ့ပိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ပြီးပြီ။ ဒီတော့ နောက်ဆယ်ရက်အတွင်း ငါတို့ ကျောတောင် မကုပ်အားလောက်အောင် အလုပ်ရှုပ်နေမှာ။ ငါ့အမြင်တော့ ဒီစကားလုံးတွေကို ယုံကြည်ရမှာမဟုတ်ဘူး။ ဖြစ်နိုင်တာက နောက်ဆုံးအကြိမ်က တိုက်ဆိုင်တာပဲ ဖြစ်မှာပါ”

ဟူလာယဲ့ကို နှစ်ပေါင်းများစွာကြာအောင် ခစားခဲ့သည့် လက်အောက်ငယ်သားတစ်ယောက်က မနေနိုင်တော့ဘဲ အထွန့်တက်လိုက်သည်။ အမှန်တိုင်းဆိုရသော် မည်သည့် တူရကီများမှ ထန်များကို သဘောမကျကြချေ။ စီးပွားရေးက ကြီးမားနေလျှင်ပင် ပြောင်းလဲမှုမရှိချေ။ သူတို့ကလည်း ဝမ်ချောင်က အရာအားလုံးကို သူ၏ထိန်းချုပ်မှုအောက် ရောက်နေသလို ထိုမျှ တကြီးတကျယ် ပြောသွားသော စကားလုံးများကို မကျေနပ်ချေ။ ထပ်ပေါင်းဆိုရသော် သူတို့၏သခင်က ထိုဟန်အပေါ် ရင်းနှီးပြလွန်းနေခြင်းဖြစ်သည်။ သူကိုယ်တိုင်ကလည်း သခင်ဖြစ်သူကို နှစ်ပေါင်းများစွာကြာအောင် ခစားခဲ့ဖူးသည်။ စီးပွားရေး လုပ်ငန်းကြီးပေါင်း များစွာကို ကူညီခဲ့ဖူးသည်။ သို့သော် ပထမဦးဆုံးအကြိမ် ဟန်တစ်ယောက်ကို ထိုမျှနွေးနွေးထွေးထွေး ဆက်ဆံခြင်းအား မြင်ဖူးခြင်းဖြစ်သည်။ တစ်ဖက်သူကိုပင် အရည်အသွေး အမြင့်ဆုံး တူရကီစစ်မြင်းတစ်ထောင်ပင် လက်ဆောင်ပေးလိုက်သေးသည်။

“မဟုတ်ဘူး ဝူတုချီ မင်းမှားတယ်”

ဟူလာယဲ့၏ တုန့်ပြန်မှုက မမျှော်လင့်ထားလောက်အောင် ပြင်းထန်သည်။ သူက ဝမ်ချောင်ထွက်သွားသော ဘက်သို့ ကြည့်လိုက်ပြီး မျက်မှောင်ကိုကျုံ့သည်။

“သူပြောတဲ့အရှေ့ဘက်က ငါတို့တူရကီခါကာနိတ်ရဲ့ အရှေ့မြက်ခင်းပြင်ကျယ်မဟုတ်ဘဲ အရှေ့ပိုင်း တူရကီ ခါကာနိတ်ပဲ”

ဟူလာယဲ့၏စကားက သူ၏လက်အောက်ငယ်သားကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ ဟူလာယဲ့၏ အဆက်အသွယ်က များပြားလွန်းပြီး အနောက်ပိုင်း တူရကီ ခါကာနိတ်တွင်ပင် အကန့်အသတ်မရှိချေ။ ဟူလာယဲ့က အော့မစ်ခါကန်းက အုပ်စိုးသည့် မြက်ခင်းပြင်ဒေသ၏ အဖွဲ့ခေါင်းဆောင်များနှင့်လည်း နက်ရှိုင်းသည့် အဆက်အသွယ်များ ရှိနေသည်။ သိပ်မကြာခင်ကမှ ဟူလာယဲ့က သူနှင့်ရင်းနှီးသော အင်အားကြီး ခေါင်းဆောင်များနှင့် ချိန်းဆိုမှုပြုထားသည်။ သို့သော် လူအနည်းစုကသာ ထိုအကြောင်းကိုသိသည်။ ဟူလာယဲ့က ချိန်းဆိုမှုကို လုပ်ထားခဲ့သည်မှာ သိပ်ပင် မကြာသေးချေ။ သို့သော် ဝမ်ချောင်ကမူ သိနေသည်။ သူက ထိုကဲ့သို့သော လျို့ဝှက်ချက်မျိုးကို သိနိုင်လျှင် သူ၏စွမ်းရည်က မယုံနိုင်စရာ ကောင်းသွားလေပြီ။

“ဖြစ်နိုင်တာက ဒီလိုတွေ့ဆုံတဲ့အချိန်မှာ တစ်ယောက်ယောက်က ငါ့ကို ဒုက္ခပေးနိုင်တယ်လို့ ဆိုလိုချင်တာလား”

ဟူလာယဲ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူကလည်း ဝမ်ချောင်၏ သတိပေးမှုကို ဟာသအဖြစ် သဘောထားချင်သည်။ သို့သော် ရာလော့ကိစ္စပြီးနောက် ဟူလာယဲ့အနေဖြင့် ဝမ်ချောင်၏ စကားလုံးများကို ပေါ့သေးသေး မဆက်ဆံရဲတော့ချေ။ သူကနောက်သို့ လှည့်လိုက်သည်။ ဟူလာယဲ့က ထွက်သွားသည်။ သို့သော် သူ၏ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပါသွားသည်။

......

ဟူလာယဲ့ကိစ္စကို ဘေးဖယ်ထားလိုက်လျှင် တိဗက်နယ်စပ်တွင် လှုပ်ရှားမှုများ ရှိနေသည်။ နေက အရှေ့ဘက်မှ စထွက်လာပြီး အမှောင်ထုကို ထိုးခွဲလိုက်ချိန်တွင် တစ်ညတည်းနှင့် သံမဏိမြို့အပြင်ဘက်တွင် ပေါ်လာသည့် အရည်အသွေးမြင့် တူရကီစစ်မြင်း တစ်သောင်းက လူတိုင်းကို မှင်သက်ကြောင်အသွားစေခဲ့သည်။

ဝမ်ချောင်၏ တစ်ညတာတည်းနှင့် မြို့ကြီးကို တည်ဆောက်ခဲ့သည့် ကိစ္စကပင် မှင်သက်စရာကောင်းရန် လုံလောက်ခဲ့ပြီးသားဖြစ်သည်။ ထို့ပြင် စစ်မြင်းများ ပေါ်ထွက်လာသောကိစ္စက လူတိုင်းကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်။ ထိုနေရာသို့လွှတ်ထားသည့် ကင်းထောက်များ၊ သူလျိုများ အားလုံးက အထိတ်တလန့် ဖြစ်သွားကြသည်။ သတင်းပို့ငှက်များကလည်း အစောတလျှင် ထွက်ခွာသွားသည်။

“ဘာလဲ စစ်မြင်းတစ်သောင်းကျော် ဟုတ်လား ရူးနေလား ဘယ်နေရာကနေ စစ်မြင်းအများကြီး ရနိုင်မှာလဲ”

ဖုမာန်လင်းချာကဲ့သို့ ဖုလန်ဟယ်၏ သေဆုံးမှုပြီးနောက် ကိစ္စများကို ကိုင်တွယ်နေပြီး တော်ဝင်ခုံရုံးမှ မေးခွန်းများကို ဖြေနေရသောလူကပင် ထိုသတင်းကြားသောအခါ ခြောက်ချားသွားသည်။ သူ၏ပထမဦးဆုံး တုန့်ပြန်မှုက မဖြစ်နိုင်ဟု ယုံကြည်လိုက်ခြင်းဖြစ်သည်။ ချီရှီက အနောက်ပိုင်း နယ်မြေများတွင် မဟာထန်၏ အချက်အချာနေရာ လမ်းကြောင်းပေါ်တွင် ရှိနေခြင်းဖြစ်ပြီး နယ်စပ်သုံးခုဖြစ်သည့် ယွီစန်းနယ်စပ်၊ အနောက်ပိုင်း တူရကီ ခါကာနိတ်နယ်စပ်နှင့် အနောက်ပိုင်း နယ်မြေတိုင်း၏ နယ်စပ်ကိုစောင့်ကြပ်ကာ အခြေစိုက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် နယ်စပ်သုံးခုတိုင်းကို သူ၏စစ်သားများက စောင့်ကြပ်နေသည်ဟု ဆို၍ရသည်။

မြင်းတစ်ကောင် နှစ်ကောင်ဆိုလျှင် ကိစ္စမရှိ။ သို့သော် မြင်းတစ်သောင်းကျော်နေသည်။ ထိုမျှ မြင်းတစ်သောင်းကျော်က သူသတိမထားမိဘဲ သူ့မျက်စိရှေ့တွင် ဖြတ်သွား၍ မဖြစ်နိုင်ချေ။ ဝမ်ချောင်က ထိုမျှ မြင်းအမြောက်အများရအောင် လုပ်နိုင်ခဲ့လျှင် သူက ကြိုတင်သိထားရသင့်သည်။ သို့သော် သူက ကောင်းကောင်း လေ့ကျင့်ပေးထားသည့် လက်အောက်ငယ်သားများက ပေးကျွေးထားသည်မှာ အလဟသ ဖြစ်နေသည့်အပြင် မည်သည့်အရာမျှ မတင်ပြလာခဲ့ချေ။

သူကိုယ်တိုင်ကပင် တစ်ညတည်းဖြင့် မြို့ကို တည်ဆောက်လိုက်နိုင်ခြင်းအား နားမလည်သေးခင် တစ်ညတည်းနှင့် စစ်မြင်းများက နယ်စပ်မှ စစ်သားများမသိအောင် ကျော်ဖြတ်သွားကြောင်း သိလိုက်ရသည်။

ဒါတကယ်ကို အံ့အားသင့်စရာကောင်းတဲ့ ကိစ္စလား။ သူတို့က လေထဲက ရုတ်တရက် ပေါ်လာတာလား။

သူကိုယ်တိုင်က ထိုသတင်းကို မယုံကြည်နိုင်တော့ချေ။

လက်အောက်ငယ်သား ဗိုလ်မှူးတစ်ယောက်က ရှေ့တွင် ဒူးထောက်နေသည်။ သူက ချက်ချင်းလိုလို တင်ပြသည်။

“အရှင်အမတ် ဒီဗိုလ်ချုပ်က သုံးဖွဲ့တောင် စေလွှတ်ပြီး စစ်ဆေးခိုင်းခဲ့တာပါ။ ထိုသတင်းက သံသယဝင်စရာ မကောင်းလောက်အောင် အမှန်ဖြစ်နေတာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီဗိုလ်ချုပ်က အသက်ကိုတောင်ရင်းပြီး အတည်ပြုရဲပါတယ်”

ချီရှီ၏ပတ်ဝန်းကျင်တွင် ရှိနေသော ရန်သူများပင်ဖြစ်စေ၊ အနောက်ပိုင်းနယ်မြေက စစ်တပ်များကပင်ဖြစ်စေ၊ မြင်းတပ်ကို အဓိကထားရသည်။ တိဗက်များလည်း အလားတူဖြစ်သည်။ တူရကီများလည်း အလားတူဖြစ်သည်။ အနောက်ပိုင်းဒေသမှ တိုင်းပြည်တိုင်းလည်း အလားတူဖြစ်သည်။ ဝေးကွာလွန်းသော အာဘတ်ဆစ်ကယ်လီဖိတ်နှင့် ချရာဆပ်ဆင်းနုတို့ အားလုံးတို့ကလည်း ထိုမြင်းတပ်ကိုသာ အဓိကထား စစ်ဆေးရခြင်းဖြစ်သည်။

ထိုသို့ရှုပ်ထွေးသော ဝန်းကျင်မျိုးတွင် စစ်မြင်းက မည်မျှအရေးကြီးကြောင်း လူတိုင်းသိနိုင်သည်။ သို့သော် သူ၏ သေးငယ်သော အပိုင်စားနယ်မြေတွင် ဝမ်ချောင်ရုတ်တရက် စစ်မြင်းတစ်သောင်းကျော် ပေါ်အောင် လုပ်နိုင်ခဲ့သည်။

သူက အရှိန်အဝါကြီးမြတ်သော ကာကွယ်ရေးဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်ပြီး ချီရှီကို အုပ်ချုပ်နေခဲ့သည်မှာ ကြာပြီဖြစ်သည့်တိုင်အောင် ဝမ်ချောင်ထက်သာ အနည်းငယ် ပိုများသည့် စစ်မြင်းများကိုသာ ပိုင်ထားသည်။ ထို့ကြောင့်သူက ထိုရလဒ်ကို လက်သင့်မခံနိုင်တော့ချေ။

ဖုမန်လင်းချာက ခန်းမထဲတွင် ထရပ်သည်။ သူက ထိတ်လန့်တကြားဖြစ်နေသည့် သူ၏ လက်အောက်ငယ်သားကို စိုက်ကြည့်လိုက်သည်။

......

ထိုအချိန်တွင် ဖုမန်လင်းချာကသာ အံ့အားသင့်နေသည် မဟုတ်ချေ။

“ဒီကောင်စုတ်လေးမှာ ဒီလိုစွမ်းရည်လည်း ရှိတာလား”

ဝေးကွာလွန်းသော ထယ်ကြီး၏ လုံရှီ၏ ခဲ့ရှု့ဟန်၏ မျက်မှောင်ကလည်း ကျုံ့လာပြီး မျက်ဝန်းကလည်း တလက်လက် တောက်ပနေသည်။ သူ၏လက်နှစ်ဖက်လုံးကို သူ၏စန္ဒကူးသား ခုံပေါ်တင်ထားသည်။ သူက တဖြည်းဖြည်းချင်း ထရပ်သည်။

သူကိုယ်တိုင်ကပင် ဝမ်ကလန်မှ အငယ်ဆုံးသားက သူ့ကို အံ့အားသင့်စရာကြီး ပေးလိုက်ကြောင်း ဝန်ခံရပေမည်။

ရုတ်တရက် ကိစ္စများက သူခန့်မှန်းထားမှု အားလုံးကို ကျော်လွန်တော့မည်ဟု ခံစားလိုက်ရသည်။

“ဖုမန်လင်းချာရဲ့ တုန့်ပြန်မှုကဘာလဲ”

ခဲ့ရှု့ဟန်ကမေးသည်။

“ဖုမန်လင်းချာရဲ့ဘက်ကတော့ တော်ဝင်ခုံရုံးက တော်ဝင်ဆင်ဆာ လူကြီးမင်းတွေရဲ့ မေးခွန်းတွေကိုဖြေရင်း အလုပ်များနေတုန်းပါပဲ။ သူက ဒီကိစ္စကို အဲ့ဒီလောက်ထိ အာရုံစိုက်ဖို့ အင်အား မလုံလောက်လောက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြားထားတဲ့ သတင်းအရ ဖုမန်လင်းချာကလည်း ဒီသတင်းကြားပြီးတဲ့နောက်မှာ အရမ်းကို ဒေါသထွက်သွားတဲ့ပုံစံပါ”

ထယ်ကြီး၏ စစ်တပ်မှ အရာရှိတစ်ယောက်က ခဲ့ရှု့ဟန်ကို တင်ပြသည်။

“ဒါကတော့ ငါမျှော်လင့်ထားတဲ့အတိုင်းပဲ။ သူနဲ့ အဲ့ဒီ ဝမ်ကလန်က ဆက်ခံသူရဲ့ကြားက ဆက်ဆံရေးက သူက ဒီကိစ္စကို ပျော်မှာမဟုတ်ဘူး”

ခဲ့ရှု့ဟန်၏ ညာလက်က စားပွဲကို သတိလက်လွတ် တတောက်တောက် ခေါက်နေသည်။

All Chapters