← Chapters

အခန်း (၇၅၆-၇၆၀)

Vol. 40 Ch. 756-760

အခန်း (၇၅၆-၇၆၀)

Vol. 40 Ch. 756-760

အခန်း(၇၅၆)

သာ့ယန်မာန်ပန့်ရဲ့ဒေါသ

ဝုန်း

ဝမ်ချောင်က မြင်းပေါ်တွင်ထိုင်နေရင်း တိဗက်များ ဝရုန်းသုန်းကား ထွက်ပြေးကြခြင်းအား ကြည့်နေလိုက်သည်။ သူက ခပ်မြန်မြန် အကြည့်လွှဲလိုက်ပြီး မျက်လုံးကိုမှိတ်ပြီး ကျင့်ကြံသည်။

သူ၏ကိုယ်အတွင်းမှ သွေးစွမ်းအင်များက စတင်ကာ လိမ့်တက်လာသည်။ သူက သာ့ယန်ဖူရယ်၏ ကြယ်တာရာစွမ်းအင် အနည်းဆုံးတစ်ဝက်ခန့်ကို စုပ်ယူခဲ့ပြီး ထိုစွမ်းအင်များက သူတော်စင်သိုင်းအဆင့် ကြယ်တာရာစွမ်းအင်များ ဖြစ်နေသောကြောင့် သူ့အနေဖြင့် ရှစ်မိနစ်ခန့် အချိန်သုံးပြီးမှသာ ထိုစွမ်းအင်များကို ကိုယ်ပိုင်စွမ်းရည်အဖြစ် စုပ်ယူလိုက်နိုင်သည်။

သူတော်စင်သိုင်းနယ်မြေအဆင့်က စွမ်းအင်တွေက တကယ်ကို လေးစားစရာကောင်းတာပဲ။ သူတော်စင်သိုင်းနယ်မြေအဆင့် တစ်ယောက်ဖြစ်သော သာ့ယန်ဖူရယ်ကို သတ်လိုက်တာကတင် တန်နေပြီ။

ဝမ်ချောင်က မျက်လုံးကိုမှိတ်ပြီး သူ၏စိတ်ကို စတင်ကာ အလုပ်လုပ်သည်။

သာ့ယန်ဖူရယ်က သတိလက်လွတ်နိုင်လွန်းသည်။ သူက သူ၏ သိုင်းအပေါ် ယုံကြည်မှု ပြင်းထန်သွားခဲ့သည်။ သို့သော် သူက ရင်ဆိုင်နေရသောလူက မည်သူဖြစ်ကြောင်း နားမလည်ထားခဲ့ချေ။ ယခုလို ကပ်ဘေးခေတ်ကာလတွင် သိုင်းများက အမျိုးမျိုး ရောနှောပြီး အဆင့်မြင့်သော အနေအထားထိရောက်အောင် ထုတ်သုံးနိုင်စွမ်းအားရှိလေရာ တိုက်ပွဲနယ်မြေတွင်ရှိသည့် အင်အားကြီးမားသော ဗိုလ်ချုပ်ကြီးများကို ကိုင်တွယ်ရန် နည်းလမ်းပေါင်းများစွာ ရှိသည်ထက်ပင် သာလွန်နေသေးသည်။

ဖြတ်တောက်ခြင်း ဝင်္ကပါကလည်း ထိုနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ဝူရှန်းမြင်းတပ် ငါးထောင်၏အင်အားကိုသုံးပြီး သာ့ယန်ဖူရယ်၏ ကြယ်တာရာစွမ်းအင်များကို အနိမ့်ဆုံးအထိရောက်အောင် ချခြင်းအားဖြင့် သူ့ကို တစ်ချက်တည်းဖြင့် သတ်လိုက်နိုင်သည့် နည်းလမ်းကလည်း ဖြတ်တောက်ခြင်း ဝင်္ကပါထဲမှ အင်အားအကြီးဆုံးရန်သူကို သတ်ဖြတ်ခြင်းနည်းလမ်းတစ်ခု ဖြစ်နေသည်။

သူက ဝမ်ချောင်၏ အနာဂတ် ရန်သူများထဲမှ တစ်ယောက်ဖြစ်နေခဲ့လျှင် သူတို့က ဖြတ်တောက်ခြင်း ဝင်္ကပါကို တားမြစ်ရန် နည်းလမ်းများကို စတင်ကာ ရှာနေသင့်လောက်လေပြီ။ သို့သော့် သာ့ယန်ဖူရယ်ကမူ ထိုအကြောင်းကို မသိထားချေ။ သူက ဝူရှန်းမြင်းတပ်နှင့်ပတ်သတ်ပြီး အာရုံပင် မစိုက်ထားခဲ့သည့်အတွက် သူသေသွားရသည့်ကိစ္စက အံ့အားသင့်စရာမကောင်းချေ။

......

“အား ငါ့ကိုမသတ်ပါနဲ့”

“ငါအညံ့ခံဖို့ ဆန္ဒရှိပါတယ်”

အထိတ်တလန့်ဖြစ်ကာ ကြောက်လန့်တကြား အော်ဟစ်နေကြသည့် တိဗက်များ၏ အသံများက နေရာတိုင်းတွင် ကြားနိုင်သော်လည်း ဝမ်ချောင်တစ်ယောက်တည်းကသာ သူတို့ပြောနေသော စကားကို နားလည်သည်။

အော်ဟစ်သံများက လေထဲတွင် ပြည့်နှက်နေသည်။ သွေးအညှီနံ့က သိပ်သည်းသထက် သိပ်သည်းလာသည်။

...

ဝမ်ချောင်ကမူ မလှုပ်ရှားဘဲရှိနေသည်။ သူကမျက်လုံးကို မှိတ်ထားပြီး ဖုန်မှုန့်မြင်းသိုး ချီစက်ကွင်းကို အကန့်အသတ်ထိ တိုးမြှင့်ထားသည်။ သူ၏နှလုံးသားကို ထိုအော်သံများက မသက်ရောက်သွားချေ။

ကျန်းကျွင်းမှ လက်ခံထားသည့် ထိုတိဗက်လူသစ်များက တောင်ပေါ်ဒေသ၏ အကြမ်းတမ်းဆုံး ကြောက်စရာအကောင်းဆုံး စစ်သည်တော်များ ဖြစ်လာပြီး မဟာထန်အပါအဝင် ပတ်ဝန်းကျင်ရှိ တိုင်းပြည် အမြောက်အများ၏ အိမ်မက်ဆိုး ဖြစ်လာတော့မည်ဖြစ်သည်။

ဒီလိုအခြေအနေမျိုးတွင် သူ၏နှလုံးသားကသာ နူးညံ့သွားခဲ့လျှင် အနာဂတ်တွင် မဟာထန်မှပြည်သူ ထောင်ပေါင်းများစွာက သူတို့၏သံမဏိမြင်းခွာအောက်မှ တစ္ဆေသရဲများ ဖြစ်လာရပေလိမ့်မည်။

ဝမ်ချောင်က သနားညှာတာပေး၍မရချေ။ သူကိုယ်တိုင်ကလည်း သနားစိတ်ကို မခံစားရချေ။

စစ်သည်တော်များ၏ တိုက်ခိုက်သံများ၊ အော်ဟစ်သံများ၊ မြင်းခွာသံများဖြင့် လေးပြင်းက ဖြတ်တိုက်သွားသည့်အသံက တောင်ပေါ်ဒေသတခွင် ပျံ့နှံ့နေသည်။ အရာအားလုံးက ပြီးဆုံးသွားပြီးနောက် ဝမ်ချောင်က နဂိုနေရာတွင် ရပ်တန့်နေသည်။ တိုက်ခိုက်သံများက တိုးသထက်တိုးသွားပြီး ကြားရခြင်းပင် မရှိတော့ချေ။

“သတင်းပို့”

အပြေးနှင်လာသည့် မြင်းတစ်ကောင်က အနားတွင် ရပ်သွားပြီး မြင်းစီးသူက မြင်းပေါ်မှဆင်းကာ ဝမ်ချောင်၏အရှေ့တွင် ဒူးထောက်ချသည်။

“အရှင်အမတ် တိုက်ပွဲက ပြီးသွာပါပြီ။ တိဗက်တွေအားလုံးကို ရှင်းလင်းလိုက်ပါတယ်။ အနည်းငယ်လောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ အရှင်ရွှီက စစ်သည်အချို့ကိုခေါ်ပြီး သူတို့နောက်ကို လိုက်သွားပါတယ်။ အရှင်အမတ်က လူထပ်ပို့ချင်ပါသလား”

ဝမ်ချောင်က လက်ယမ်းပြီးမျက်လုံးကိုဖွင့်လိုက်သည်။

“နောက်ဆုတ်ဖို့ အချက်ပြလွှတ်လိုက်။ ဗိုလ်ချုပ်တွေနဲ့ အခြားလူတွေကိုပြော။ စစ်တပ်ကို အမြန်ဆုံးစုပြီး ထွက်ခွာဖို့ ပြင်ဆင်ခိုင်းလိုက်”

သာ့ယန်ဖူရယ်က အသတ်ခံလိုက်ရပြီဖြစ်ပြီး သူ၏ပန်းတိုင်ကလည်း ပြည့်မြောက်သွားပြီဖြစ်သည်။ ကျန်ရစ်နေသော တိဗက်စစ်သည်တော်များက လိုက်ရှာရလောက်အောင် မတန်တော့ချေ။

ဒီနည်းအားဖြင့် သူက ရောက်လာကြောင်း ထိုလူများသိသွားရန် လုံလောက်နေလိမ့်မည်။

မဟာထန်အနေဖြင့် တိဗက်တောင်ပေါ်ဒေသသို့ တက်တာ ပထမဦးဆုံးအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်သွားမည်မဟုတ်ချေ။ သာ့ယန်ဖူရယ်နှင့် ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းမှ စစ်သည်နှစ်သောင်းကျော်က ယွီစန်းအင်ပါယာအတွက် အကောင်းဆုံး သတိပေးချက် ဖြစ်သွားသည်။ အနာဂတ်တွင် သူတို့က မဟာထန်ကို တိုက်ခိုက်လိုသည့်အခါ ဝါးနိုင်တာထက် ပိုမစားမိရန် နားလည်သွားပေလိမ့်မည်။ ဒီနည်းအားဖြင့် မဟာထန်အတွက် အေးခဲနေသည့် ရန်ငြိုးလောက်ကိုသာ ဖိတ်ခေါ်သလို ဖြစ်သွားတော့ပေမည်။

“ကောင်းပြီ”

သူ၏အမိန့်ကိုရသည်နှင့် မြင်းစီးသူက ချက်ချင်းလိုလို မြင်းပေါ်ပြန်တက်ပြီး ထွက်ခွာသွားသည်။ တခဏခန့်ကြာပြီးသည်နှင့် ခရာမှုတ်သံကို ကြားလိုက်ရသည်။ ဝူရှန်းမြင်းတပ်ငါးထောင်က ချောမောစွာ ပြန်လည်စုစည်းလိုက်သည်။ သူတို့၏အနောက်တွင် အဝေးထိ တောက်လျှောက် ပြန့်ကျဲနေသည့် အလောင်းတောင်များ သွေးအိုင်များက မြေဩဇာအဖြစ် ပြောင်းလဲနေတော့သည်။ တိဗက်များ၏ အလောင်းများနှင့် တောင်ပေါ်မြင်းများ၏ အလောင်းများကို နေရာတိုင်းတွင်မြင်နိုင်သလို ကွဲကြေနေသည့် ဓားမောက်ရှည်များ၊ အနက်ရောင် စစ်အလံများကိုလည်း မြင်နိုင်သည်။

သိပ်သည်းသောမီးခိုးနှင့် မီးအလင်းရောင်က အဝေးကထိ မြင်နိုင်သည်။ ကျန်းကျင်း လူသစ်လေ့ကျင့်ရေးစခန်း တစ်ခုလုံး အရှိန်ဖြင့် တောက်ပနေသည်။ တစ်ရက်တည်းဖြင့် ထိုမျှကြီးမားသော ကျော်ကြားသည့် မဟာလေ့ကျင့်ရေးစခန်းကြီးက ပျောက်ကွယ်သွားရသည်။

“ဟိုက်ရား”

နောက်တစ်ခေါက် ကြည့်ပြီးသည်နှင့် ဝမ်ချောင်က လက်ကိုယမ်းလိုက်ပြီး သူ၏စစ်သည်တော်များကို တိဗက်တောင်ပေါ်နှင့် အဝေးသို့ခေါ်သွားသည်။ ထိုနည်းအားဖြင့် သူက လာရာလမ်းအတိုင်း ပြန်ထွက်ခွာသည်။

တောင်ပေါ်ရှိမြက်ခင်းများက လေတွင်လွင့်နေသည်။ သိပ်သည်းနေသော အလောင်းများ၊ ပြင်းထန်သော သွေးညှီရနံ့က တိုက်ပွဲ၏ မျက်မြင်သက်သေအဖြစ်သာ ကျန်ခဲ့သည်။

ဝမ်ချောင်တို့၏အင်အားစုက ထွက်သွားပြီး ခြောက်နာရီဝန်းကျင်ခန့်ကြာပြီး ဝင်္ကပါက တုန်ခါသွားသံ ထွက်လာသည်။ ထို့နောက် မြင်းခွာသံများကို ကြားရသည်။ ကြီးမားသော စစ်တပ်ကြီးက ချီတက်လာသည်။

“အား”

ကျန်းကျွင်းလေ့ကျင့်ရေးစခန်း၏ ပျက်စီးမှုများ ထောင်ပေါင်းများစွာသော လူသစ်များ၏ သေဆုံးမှုနှင့် အနီရောင်သံချပ်ကာဝတ် ချင်းဟိုင်စစ်သည်တော် ခုနှစ်ထောင်၏ သေဆုံးမှုက ဦးဆောင်လာသည့် တိဗက်ဗိုလ်ချုပ်ကြီးကို ကောင်းကင်သို့ကြည့်ပြီး ဒေါသတကြီး အော်ဟစ်မိစေသည်။

ဖလပ် ဖလပ်

သိပ်မကြာခင် သတင်းပို့ ထောင်ပေါင်းများစွာက လေထဲသို့ ထိုးတက်သွားပြီး ပျံသန်းသွားသည်။ သာ့ယန်ဖူရယ် သေဆုံးသောသတင်းနှင့် ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်း ဖျက်ဆီးခံလိုက်ရသည့် သတင်းက တောင်ပေါ်ဒေသတခွင် ပျံ့နှံ့သွားပြီး အင်ပါယာတစ်ခုလုံးကို မှင်သက်ကြောင်အသွားစေခဲ့သည်။

“ဘာ”

အဝေးရှိ ယွီစန်းတော်ဝင်မြို့တော်မှ အတွေ့အကြုံ ကြီးရင့်သော နန်းတွင်းကြီးတစ်ခုလုံးက လှုပ်ခါသွားသည်။

ဘန်း

အမွှေးနံ့သာခွက်က နန်းတွင်းအပြင်ဘက်သို့ ထွက်သွားသည်။ စန်းပေါ်က သူ၏စားပွဲကို ဖြန်းကနဲရိုက်ပြီး မတ်တပ်ထရပ်သည်။

“မဖြစ်နိုင်တာ ဒီလိုကိစ္စမျိုးဖြစ်တယ်လို့ ငါမယုံဘူး။ တုစုန့်မာန်ဖော်ကျဲ့နဲ့ ဟော်ရှု့ဟွေ့ခမ်းတို့ ဘာလုပ်နေကြလဲ။ ထန်စစ်သည် ထောင်ဂဏန်း အနည်းငယ်လောက်က လူသစ် နှစ်သောင်းခုနှစ်ထောင်လောက်ကို သတ်သွားဖို့က မဖြစ်နိုင်ဘူး။ နောက်ပြီး အဲ့ဒီမှာ ချင်းဟိုင်စစ်သည် ခုနှစ်ထောင်တောင် ပါနေသေးတာ။ ဒီလောက်ထန်တွေအများကြီး ဒီလောက်ကြီးတဲ့ ပစ်မှတ်က ဘယ်သူမှမသိဘဲနဲ့ အပေါ်တက်သွားစရာ အကြောင်းကိုမရှိတာ။ သူတို့က ငါတို့ရဲ့ ခုခံရေးအားလှိုင်းကို ဘယ်လိုကျော်ဖြတ်သွားခဲ့တာလဲ”

စန်းပေါ်၏ဒေါသက ပြင်းထန်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အံ့အားသင့်မှုကြောင့် တဆတ်ဆတ် ခါနေသည်။ သူကိုယ်တိုင်ကလည်း သာမာန် လူသစ်များ၏ ဆုံးရှုံးမှုကို လက်ခံနိုင်သည်။ သို့သော် ချင်းဟိုင်စစ်သည် ခုနှစ်ထောင်နှင့် သာ့ယန်ဖူရယ်ကမူ အင်ပါယာ၏ အသက်သွေးကြောဖြစ်နေပြီး ယွီစန်းမှ ချွေးသွေးများ သိပ်သည်းထားရန် မဖြစ်လာခြင်းဖြစ်နေသည်။ စန်းပေါ်ကိုယ်တိုင်ကပင် တစ်ရက်တည်းနှင့် သတိပေးချက် အလျဉ်းမရှိဘဲ သုတ်သင်ခံလိုက်ရသည့် အဖြစ်ကို လက်ခံရန် မဖြစ်နိုင်ချေ။

“ဘယ်ထန်လုပ်သွားလဲဆိုတာကို မင်းတို့ ရှာပြီးပြီလား”

ယွီစန်းတော်ဝင် မဟာအမတ်ကြီး သာ့လွန်သာ့ရင်လင်ကမေးသည်။ ဒေါသတကြီးဖြစ်နေသော စန်းပေါ်နှင့်ယှဉ်သော် သူက အများကြီးတည်ငြိမ်သည်။ သို့သော် သူ၏လက်က တဆတ်ဆတ် တုန်ခါနေခြင်းအားဖြင့် သူ၏ဆန္ဒအမှန်ကို ဖော်ပြသည်။

သာ့လွန်သာ့ရင်လင်က ခံစားရသည့် အံ့အားသင့်မှုက လူတိုင်းထက်မနည်းချေ။ သို့သော် သူက အလွန်တည်ငြိမ်ပြီး သန်မာမှုကို ဖော်ပြခြင်းအားဖြင့် သူ၏ခံစားချက်များကို ဖုံးကွယ်ထားသည်။ သို့ရာတွင် ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်း၏ ပျက်စီးမှုက အင်ပါယာအတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီးဖြစ်ကြောင်း သူသည်လည်း နားလည်သည်။

တိဗက်တောင်ပေါ်ဒေသက တိမ်စိုင်ထဲသို့ ထိုးဝင်နေပြီး ပတ်ဝန်းကျင်ရှိ တိုင်းပြည်တိုင်းကို အကွာအဝေးတစ်ခု ခြားထားသည်။ ဒါက ကောင်းကင်ဘုံက တိဗက်များကို ကောင်းချီး ချီးမြှင့်ထားသည့် နယ်မြေကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ထန်များက တိဗက်တောင်ပေါ်ဒေသသို့ တိုက်ခိုက်ရန် ချီတက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်တိုင်အောင် ထိုမျှများပြားသည့် တိဗက်များ သေဆုံးခဲ့သည့် ဖြစ်ရပ်မျိုးကလည်း ရှိခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်ကလည်း တစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။ သို့သော် အထပ်ထပ် ကာရံထားသော ခုခံရေးအားလှိုင်းများထဲမှ မည်သူကမျှ သတိမထားမိဘဲ စစ်တပ်က ရုတ်တရက် အတွင်းပိုင်းတွင် ပေါ်လာသော ကိစ္စကိုသာ လူအများက လက်မခံနိုင်ကြခြင်းဖြစ်သည်။

“မဟာအမတ်ကြီးကို သတင်းပို့ပါတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးပါပြီ။ ကျန်းကျွင်းလူသစ်လေ့ကျင့်ရေး စခန်းက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရဆိုရင် တိုက်ခိုက်လာသူတွေက အရေအတွက် ငါးထောင်ပဲရှိတာပါ။ သူတို့က စစ်သည်တော်တွေ အများကြီးကို မပိုင်ဆိုင်ထားပါဘူး။ နောက်ပြီး သူတို့က အရမ်း အရမ်းကို အင်အားကြီးမားနေပါတယ်”

“ငါးထောင်ဟုတ်လား”

သာ့လွန်သာ့ရင်လင်၏ မျက်နှာက အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားသည်။

ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းတွင် တိဗက်မြင်းတပ် နှစ်သောင်းခုနှစ်ထောင်ကျော် ရှိနေသည်။ ထန်များကသာ အလားတူ အင်အားမျိုးဖြင့်လာလျှင် သူတို့၏အရှုံးကို လက်ခံနိုင်ဖွယ်ရာရှိသည်။ သို့သော် ငါးထောင်ထဲနှင့် ထိုမျှလုပ်နိုင်သော ကိစ္စကမူ လက်သင့်မခံနိုင်စရာ ကောင်းလွန်းသွားသည်။

“ဟုတ်တယ် ကျွန်တော်တို့တွေ အသက်ရှင်ကျန်ရစ်သူ အားလုံးကို မေးမြန်းပြီးပါပြီ။ အဖြေက အတူတူပါပဲ။ ရန်သူအင်အားစုက ကျွန်တော်တို့ထက် အများကြီး အားနည်းနေပါတယ်”

သတင်းပို့လာသည့် ထိုအင်အားစုမှ ဗိုလ်ချုပ်က စုန့်ခါကို ပထမဦးဆုံး ရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးလည်းဖြစ်သည်။

“ဒါ့အပြင် ကျွန်တော်တို့ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းမှ စာတစ်စောင် ရှာတွေ့ခဲ့ပါတယ်။ စခန်းရဲ့ အနက်ရောင် စစ်အလံမှာ ချိတ်ထားတာပါ”

“ငါ့ဆီယူလာခဲ့”

သာ့လွန်သာ့ရင်လင်က ပြောသည်။

ထိုဗိုလ်ချုပ်ကြီးက ခပ်မြန်မြန်ရှေ့တက်ပြီး စာကိုလက်နှစ်ဖက်လုံးဖြင့် ကမ်းပေးသည်။ သာ့လွန်သာ့ရင်လင်က စာကိုဖွင့်ပြီးဖတ်သည်။ စာကို ဟန်ဘာသာစကားဖြင့် ရေးထားသည်။ တိဗက်ဘာသာစကားဖြင့် မဟုတ်သော် ဒါက သာ့လွန်သာ့ရင်လင်အတွက် ပြဿနာမဟုတ်ချေ။

‘ယွီစန်းကလူတွေအတွက်

ဗဟိုပြင်ကျယ်ကိုလာပြီး အပြစ်လုပ်သွားတဲ့ လူတွေအားလုံး အပြစ်ပေးခံရမယ်။ မင်းတို့ဘယ်လောက်ဝေးဝေး အပြစ်ပေးခံရမှာပဲ။ ဒါက ရှေးခေတ်အချိန်ကတည်းက ဖြစ်ခဲ့တဲ့ကိစ္စ။ အခုလည်း မကွာခြားသွားနိုင်ဘူး။ ချီရှီကတိုက်ပွဲမှာ ထန်စစ်သည်ငါးထောင်နဲ့ ဗိုလ်ချုပ်ဖူလန်က တိုက်ပွဲမှာ အသတ်ခံခဲ့ရတယ်။ သူတို့ပြောသလို ရိုင်းစိုင်းမိတဲ့အတွက် မသင့်လျော်တာ မရှိဘူးဆိုပဲ။ ဒီနေ့ငါက တောင်ပေါ်ခြေချပြီး မင်းတို့အားလုံး သဘောကျမယ်လို့ မျှော်လင့်မိတဲ့လက်ဆောင်ကြီး ထားထားခဲ့တယ်’

‘မဟာထန်ရဲ့ လူငယ်အမတ်ဝမ်ချောင်’

အဆုံးက အမှတ်အသားနာမည်ကို မြင်သောအခါ သာ့လွန်သာ့ရင်လင်၏ မျက်လုံးက မှေးကျဉ်းသွားပြီး အမူအရာက ဖြူစုတ်သွားသည်။

သူက ဖြစ်နိုင်ချေအမျိုးမျိုး ခန့်မှန်းကြည့်ပြီးသားဖြစ်သည်။ ဝေးကွာလွန်းသော တစ်နေရာမှ ခဲ့ရှု့ဟန်၏စစ်တပ် သို့မဟုတ် ဖုမန်လင်းချာက လွှတ်လိုက်သည်။ ပြောင်မြောက်လွန်းသော ကျွမ်းကျင်ပညာရှင်များဟု ထင်မှတ်ခဲ့သော်လည်း ထိုနာမည်ပါလာမည်ဟု မမျှော်လင့်ထားမိချေ။

ဝမ်ချောင်

ယွီစန်းတွင် ထိုနာမည်ကို ခဲ့ရှု့ဟန်နှင့် ဖုမန်လင်းချာတို့ထက်ပင် လူတိုင်းက အာရုံစိုက်မိနေသေးသည်။ သို့သော် သာ့လွန်သာ့ရင်လင်ကပင် သူက တရားခံဖြစ်မည်ဟု မခန့်မှန်းနိုင်ခဲ့ချေ။

အနောက်တောင်ပိုင်းက စစ်ပွဲက ပြီးသွားခဲ့သည်မှာ သိပ်မကြာသေးချေ။ တောင်ပေါ်ဒေသတွင်လည်း ရောဂါကပ်ဘေးကြီးက ဒုက္ခပေးနေသေးသည်။ သို့သော် ထိုနာမည်က တောင်ပေါ်ဒေသတွင် တစ်ခါထပ်ပြီး ပေါ်လာသည်။ ထို့ပြင် ယွီစန်းအင်ပါယာ၏ အကျော်ကြားဆုံး လူသစ်လေ့ကျင့်ရေးစခန်းကို ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။

“မျိုးမစစ်ကောင်”

သာ့လွန်သာ့ရင်လင်က လက်သီးကို တင်းတင်းဆုပ်သည်။ သူ၏မျက်နှာက ပြာနှမ်းသွားသည်။

......

စုန့်ခါ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်း၏ မတော်တဆမှုက ယွီစန်းအနှံ့ ပျံ့သွားသည်။ ဝေးကွာလှသော မြောက်ပိုင်းနယ်စပ်က အလားတူသတင်းကို ရလိုက်သလို တော်ဝင်နန်းတော်ကလည်း ရသည်။

ထိုမျှကြီးမားသော မတော်တဆမှုကြီးက မြို့တော်တစ်ခုလုံးကို အံ့အားတကြီး ဖြစ်သွားစေခဲ့သည်။

မဟုတ်သေးဘူး အံ့အားသင့်ရုံတင် မဟုတ်သေးဘူး။ အားလုံးဒေါသထွက်နေကြတာ။

“ဝမ်ချောင်”

ကောင်းကင်ကိုပင် လှုပ်ခါသွားစေသည့် အသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားလှိုင်းများက အနက်ရောင် ရွက်ဖျင်တဲကြီး တစ်ခုထဲမှ ပေါက်ထွက်သွားသည်။

“ဗိုလ်ချုပ်”

ပတ်ဝန်းကျင်ရှိ သတ္တိဖြူများက ထိတ်လန့်တကြား နောက်ဆုတ်ကြသည်။ သာ့ယန်န်ဖူရယ်က သေဆုံးပြီး ကျန်းကျွင်းလူသစ် လေ့ကျင့်ရေးစခန်းက ဖျက်ဆီးခံရကြောင်း ကြားပြီးနောက် သူတို့အားလုံးကလည်း သူတို့၏ဗိုလ်ချုပ်ကြီးက ဒေါသအထွက်ဆုံး ကြောက်စရာအကောင်းဆုံး အန္တရာယ်အများဆုံး အခြေအနေသို့ ရောက်သွားကြောင်း သိနေကြသည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်က သာ့ယန်မျိုးရိုးနာမည်တူသည်။ သူတို့က ကလန်တစ်ခုတည်းမှလာသည်။

“ဝမ်ချောင် ငါမင်းကို လုံးဝအလွတ်မပေးဘူး”

သာ့ယန်မာန်ပန့်က ပျက်စီးသွားသည့် ရွက်ဖျင်တဲထဲမှ ထရပ်လိုက်သည်။ သူ၏မျက်လုံးက နီရဲပြီး သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ရှိ လေထုကပင် ရှုံ့တွသွားသည်။ ရွက်ဖျင်တဲ ဝန်းကျင်ရှိ လေထုကပင် ဝေဝါးသွားချိန်တွင် လေထဲတွင် ရပ်နေသည်ဟု ထင်ရသည့် အနက်ရောင်ပုံရိပ်ကို ထင်ရှားစွာမြင်နိုင်သည်။ သူ၏ပတ်ဝန်းကျင်ရှိ လေထုက ဝေဝါးနေသောကြောင့် သာ့ယန်မာန်ပန့်၏ မျက်နှာကိုပင် ထင်ထင်ရှားရှားမြင်ရန် ခက်ခဲသွားသည်။

အခန်း(၇၅၇)

လုပ်ဆောင်မှုပြီးနောက် သတင်းပို့

စန်းပေါ်၏စာက သာ့ယန်မာန်ပန့်၏ လက်ထဲတွင် ရှိနေသည်။ ရိုးရှင်းစွာဖြင့်ပင် ဝမ်ချောင်က ကျန်းကျွင်းလူသစ် လေ့ကျင့်ရေးစခန်းတွင် ချန်ထားရစ်သည့် စာဖြစ်ပြီး အပိုစာမပါချေ။

‘ထန်ငါးထောင်က အသတ်ခံရပြီး ဗိုလ်ချုပ်ဖူရယ်ကလည်း အသတ်ခံရတယ်’ဆိုသော စကားက သိသာထင်ရှားသည်။ ဝမ်ချောင်၏ စကားလုံး အဓိပ္ပာယ်ကို အခြားသူများက နားမလည်လောက်သော်လည်း သာ့ယန်မာန်ပန့်ကသိသည်။

ဒီဝမ်ချောင်က ဒီစာနဲ့သူ့ကို ရည်ညွှန်းပြချင်နေတာ မဟုတ်လား။

သူ့ကို စာကိုပေးလိုက်သည့် စန်းပေါ်၏ အဓိပ္ပာယ်က ကျယ်လောင်ကာ ပြတ်သားသည်။ ထိုကိစ္စကို သူက စသည့်အတွက် သူကဖြေရှင်းရန် တာဝန်ယူရမည်ဖြစ်သည်။

“ဝမ်ချောင် ငါမင်းနဲ့မဟာထန်ကို နောင်တရအောင်လုပ်ပေးမယ်”

သာ့ယန်မာန်ပန့်က ဝမ်ချောင်၏စာကို တင်းတင်းဆုပ်ထားသည်။ သူ၏အံ့ကိုလည်း အသားကုန်ကြိတ်ထားသည်။ သူ၏မျက်လုံးတွင်လည်း ရူးသွပ်မှုများကို မြင်နိုင်သည်။ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်း ဖျက်ဆီးခံရသည်။ သာ့ယန်ဖူရယ်က အသတ်ခံခဲ့ရသည်။ ချင်းဟိုင်စစ်သည် ခုနှစ်ထောင်ကလည်း အသတ်ခံခဲ့ရသည်။ သာ့ယန်မာန်ပန့်၏ နှလုံးသားကပင် သွေးစမ်းရှင်ရှင် ထွက်လာသည်။

ချင်းဟိုင်စစ်သည်တော် ခုနှစ်ထောင် အသတ်ခံခဲ့ရသည့် ကိစ္စအတွက် သူက အလွန်ဒေါသထွက်နေခြင်းဖြစ်သည်။ သူတို့ကသာ လေ့ကျင့်ရေး ပြီးမြောက်သွားလျှင် သူတို့က တိဗက်၏ လက်ရွေးစင်အင်အားစုဖြစ်လာပြီး သူတို့၏ သတ္တိဖြူများကိုပင် ယှဉ်နိုင်ပေလိမ့်မည်။ သို့သော် ဝမ်ချောင်က အားလုံးကို သတ်လိုက်သည်။ တစ်ယောက်မျှ မလွတ်မြောက်ခဲ့ချေ။ ဖြစ်ရပ်က ယွီစန်းရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သလို သာ့ယန်မာန်ပန့်၏ ရူးသွပ်မှု၏ အကြောင်းပြချက် အမှန်လည်းဖြစ်သည်။

သူက ဖူလန်ဟယ်နှင့် ချီရှီစစ်သည် ငါးထောင်ကိုသာ သတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ကျန်းကျွင်းလူသစ်လေ့ကျင့်ရေး စခန်းမှ လူတိုင်းကို သတ်ခဲ့ပြီး သာ့ယန်ဖူရယ်ကို သတ်သွားသည်။ ချင်းဟိုင်စစ်သည် ခုနှစ်ထောင်လည်းပါသည်။ အခြားသော လူသစ်နှစ်သောင်းလည်း ပါသွားခဲ့သည်။ ထိုမျှကြီးမာသည့် အငြိုးတရားက သူမျှော်လင့်ထားသမျှကိုပင် ကျော်လွန်သွားသည်။ သာ့ယန်မာန်ပန့်ကပင် သူ၏ ရက်စက်ကြမ်းတမ်းမှုကြောင့် တိုက်ပွဲနယ်မြေမှ သတ်ဖြတ်ရေး နတ်ဘုရားဟု လူအများက ခေါ်ဆိုခြင်းကို ခံရသည်။ သူကလည်း မရေမတွက်နိုင်သည့် တိုက်ပွဲများကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ သို့သော် ထိုဖြစ်ရပ်ကို လက်ခံရန် ခက်ခဲနေသေးသည်။

သူက ချီရှီကာကွယ်ရေးစစ်တပ်ကို ထိုးနှက်ချက်ကြီးတစ်ခု ဖန်တီးခဲ့ချိန်တွင် ဝမ်ချောင်က အင်ပါယာကြီး တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့သည်။

“ဝမ်ချောင် ငါမင်းကိုသတ်မှာ ငါမင်းကို သေချာပေါက်သတ်မှာ”

သာ့ယန်မာန်ပန့်က အံ့ကိုတင်းတင်းကြိတ်ကာ ကျိန်ဆိုသည်။ သူ၏မျက်ဝန်းထဲတွင် ဖော်ပြရန် ခက်ခဲသည့် ရူးသွပ်မှုများနှင့် ရုတ်ရင့်ကြမ်းတမ်းမှုများက ဖြာထွက်လာသည်။

“ငါ့အမိန့်ထုတ်လိုက် အခုချက်ချင်း စစ်တပ်ကိုစုစည်းပြီး သံမဏိမြို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”

“ဒါပေမဲ့အရှင် သံမဏိမြို့ရဲ့ မြို့ရိုးတွေက မြင့်မားပြီး ခိုင်မာလွန်းပါတယ်။ မြင်းတပ်တွေအနေနဲ့ ကျွန်တော်တို့ လုံလောက်တဲ့ လက်နက်ကြီးတွေ မရှိရင် သူ့ကိုတိုက်ခိုက်ဖို့ မသင့်လျော်ပါဘူး။ ဒါ့အပြင်... နောက်ဆုံး ပြီးခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုမှာ ကျွန်တော်တို့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကြီး ဖုမာန်လင်းချာကို ရန်စခဲ့မိတယ်။ သူက လက်ရှိအချိန်မှာ ချီရှီနယ်စပ်ကို ခုခံမှုအင်အား တိုးမြှင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အင်အားက မလုံလောက်မှာကိုပဲ စိုးရိမ်တာပါ”

“အဲ့တော့ဘာဖြစ်လဲ။ ဖုမာန်လင်းချာက ငါတို့ကို တားရဲရင် ငါတို့က ဖုမာန်လင်းချာကိုတိုက်မယ်။ ဟမ့် မဟာထန်က တန်ကြေးပေးဆပ်ရအောင်ကို ငါက လုပ်ဦးမှာ”

သာ့ယန်မာန်ပန့်၏ ဒေါသတကြီးဖြစ်နေသည့် အသံက ဟိန်းထွက်လာသည်။

ဖုမာန်လင်းချာက မဟာထန်၏ တော်ဝင်မဟာဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ပြီး တုစုန့်မာန်ဖော်ကျဲ့တို့နှင့် အလားတူ ရပ်နိုင်သည့် တည်ရှိမှုကြီးဖြစ်သည်။ အင်အားချင်း သီးသန့်ယှဉ်သော် သူ့ထက်အနည်းငယ် ပိုသာကောင်း သာနေနိုင်သည်။ သို့သော် သာ့ယန်မာန်ပန့်အနေဖြင့် သူနှင့် ပြင်းထန်သည့် တိုက်ကွက်မျိုး ဖလှယ်ရဲသေးသည်။ သူက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး ဖြစ်သည့်အလျောက် သာ့ယန်မာန်ပန့်အနေဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးကို ဂရုစိုက်နေရန် အကြောင်းမရှိတော့ချေ။

ဖုမန်လင်းချာဆိုတော့ရော ဘာဖြစ်လဲ။ ဘယ်သူက ဂရုစိုက်မှာလဲ။ သူကသာ သတ်ချင်ရင် သေရမှာပဲ။

ဒုန်း ဒုန်း ဒုန်း ဒုန်း

အချိန်တစ်ခုကြာပြီးနောက် သာ့ယန်မာန်ပန့်က စစ်မြင်းကိုစီးလျှက် သူ၏ အင်အားစုများနှင့်အတူ ချီရှီကို ချီတက်သွားသည်။

......

တချိန်ထဲတွင် အဝေးရှိ ထယ်ကြီးစစ်တပ်ဖြစ်သည့် လုံရှီတွင်...

“သတင်းပို့ အရှင်ကာကွယ်ရေးဗိုလ်ချုပ် တောင်ပေါ်ဒေသဘက်က ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ရှိနေပါတယ်။ တိဗက်စစ်တပ်ကလည်း ထူးထူးဆန်းဆန်း လှုပ်ရှားနေတာကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်”

ထယ်ကြီးစစ်တပ်ထဲသို့ မြင်းသည်တောတစ်ယောက်က အပြေးဝင်သွားသည်။ သတင်းက ပြင်းထန်လွန်းသည့်အတွက် အတွင်းကို လှိုင်းထန်သွားစေသည်။

“သူက ဘာလုပ်မှာလဲ။ အရင်တိုက်ပွဲက ပြီးဆုံးသွားကာစရှိသေးတာ။ သူတို့က စချင်ပြီလား”

ထယ်ကြီးစစ်တပ်က လုံရှီစစ်တပ်တွင် တပ်ဆွဲကာ စောင့်ကြပ်နေသည်မှာ ကြာပြီဖြစ်ပြီး တိဗက်များကို ရင်ဆိုင်အံ့တုပေးနေသူလည်းဖြစ်ပြီး မဟာထန်ကို ကာကွယ်ပေးနေသူဖြစ်သည်။ ထို့ကြောင့် တိဗက် တောင်ပေါ်ဒေသမှ လှုပ်ရှားမှုရှိသည်နှင့် သူတို့က ချက်ချင်းလိုလို တုန့်ပြန်ရသည်။ ထိုထူးဆန်းသော လှုပ်ရှားမှုက တစ်ခုသာ ရည်ရွယ်နေခြင်းဖြစ်သည်။ စစ်က စတော့ပေမည်။

ထယ်ကြီးစစ်တပ်ကလည်း စစ်ကိုမကြောက်ချေ။ တစ်ခုတည်းသော သူတို့ကို အမြတ်ထွက်စေသည့် ကိစ္စက သူတို့က သိပ်မကြာခင်ကမှ တိဗက်များကို နောက်ပြန်ဆုတ်အောင် ဖိအားပေးခဲ့ခြင်းဖြစ်သည့်အတွက် သူတို့က တဖန်ပြန်လာတော့မည့် အနေအထားမျိုး ကြုံတွေ့ရနေသည့်အခါ ဒေါသထွက်သွားခြင်းဖြစ်သည်။

ဒီတိဗက်တွေရဲ့ ရည်ရွယ်ချက်ကြီးက မရပ်တော့ဘူးလား။

“အရှင် စစ်တပ်ကို အဆင်သင့်ပြင်ပြီး သူတို့ကို ကြိုဆိုဖို့ ပြင်ဆင်ကြရမယ်”

“ဟုတ်တယ် ဒီတိဗက်တွေက ဘယ်တော့မှ သင်ခန်းစာကို မရနိုင်ဘူး။ ဒီတစ်ကြိမ် သူတို့ကို ပြင်းပြင်းထန်ထန် သင်ခန်းစာပေးလိုက်မှဖြစ်မယ်”

ထယ်ကြီးစစ်တပ်မှ ဗိုလ်ချုပ်တိုင်းက ဒေါသထွက်သွားကြသည်။

“နေဦး သေချာ မစုံစမ်း မစစ်ဆေးရသေးခင် ဘာကိုမှ အရမ်းကာရော မလုပ်မိကြနဲ့”

ခဲ့ရှု့ဟန်က မျက်မှောင်ကျုံ့ကာပြောသည်။

တိဗက်များ၏ လှုပ်ရှားမှုက စစ်အသစ်ဖြစ်နိုင်ကြောင်း သဲလွန်စ ဖြစ်နိုင်သော်လည်း လုံရှီမဟာဗိုလ်ချုပ်ကြီး ဖြစ်သည့် ခဲ့ရှု့ဟန်ကမူ တစ်စုံတစ်ခု မူမမှန်သလို ခံစားနေရသည်။ တိဗက်များက ပူးပေါင်းအင်အားအရ လူများနိုင်သော်လည်း သူတို့က ယုံကြည်မှုရှိမှသာ အားလုံးကို စုစည်းကာ အလုံးအရင်းဖြင့် တိုက်ခိုက်နိုင်ကြမည်ဖြစ်သည်။ ဒီတစ်ကြိမ်တွင် မဟာဗိုလ်ချုပ်ကြီး ဝိတာထရာခုံလော့က နောက်ဆုတ်သွားကာစဖြစ်ပြီး နောက်ထပ် ဆုံးဖြတ်ချက် ပြတ်သားစေလောက်အောင် အားသာချက်မျိုး မပိုင်ဆိုင်နိုင်သေးလေရာ အခြားသော မဟာဗိုလ်ချုပ်ကြီးများကလည်း ခဲ့ရှု့ဟန်နှင့်ယှဉ်လျှင် အားသာနေခြင်း မရှိသဖြင့် အလျင်စလို စစ်မချီတက်လာသင့်ချေ။

“ကင်းထောက် ဆက်လက်ပြီး စုံစမ်းလိုက်”

ခဲ့ရှု့ဟန်ကပြောသည်။

“ဟုတ်ကဲ့”

ကင်းထောက် မြင်းစီးသမားက အမိန့်နှင့်အတူ ချက်ချင်းလိုလို ထွက်ခွာသွားသည်။

တစ်နာရီနီးပါးကြာပြီးနောက် သတင်းအသစ်က မြို့ထဲသို့ ရောက်လာသည်။ လူတိုင်းကလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ယွီစန်းကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းက ဖျက်ဆီးခံလိုက်ရပြီး စစ်သည် နှစ်သောင်း ခုနှစ်ထောင်က အသတ်ခံခဲ့ရသည်။ ထို့သို့ဖြင့် ချင်းဟိုင်စစ်သည် လက်ရွေးစင် ခုနှစ်ထောင်လည်း ပါသွားသည်။ သူတို့ကို အမိန့်ပေးသည့် သာ့ယန်ဖူရယ်ကပင် တိုက်ပွဲတွင် အသတ်ခံခဲ့ရပြီး အလောင်းများက မြေပြင်တွင် ကောဇောသဖွယ် ဖြစ်သွားကြသည်ဟုဆိုသည်။ ထိုသတင်းအရ မဟာထန်မှ စစ်သည်ငါးထောင်က ထိုစခန်းကို တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ တိဗက်များက ထိုအကြောင်းအရာကို စုံစမ်းစစ်ဆေးနေကြသည်။ မည်သည့်မဟာထန် ငါးထောင်က တောင်ပေါ်သို့ မည်သို့တက်သွားကြောင်း သူတို့ သိချင်နေကြသည်။

ထယ်ကြီးစစ်တပ်မှ လူဟောင်းဗိုလ်ချုပ်ကြီးများကို မဆိုထားဘိ ခဲ့ရှု့ဟန်ကပင် ထိုအကြောင်းကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။

လုံရှီတွင် တပ်ဆွဲထားသည့် စစ်တပ်ဖြစ်သည့် ထယ်ကြီးစစ်တပ်က ယွီစန်းကို အခြားသော စစ်တပ်တိုင်းထက် အများကြီးပို၍ နားလည်သည်။ ထို့ကြောင့် စုန့်ခါကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းက ယွီစန်းအပေါ် မည်သို့ သက်ရောက်မှုရှိကြောင်း သူတို့က ကောင်းကောင်း နားလည်သည်။ ခဲ့ရှု့ဟန်အနေဖြင့် အကြိမ်ပေါင်းများစွာ တောင်ပေါ်ဒေသသို့ ချီတက်ပြီး ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းကို ဝင်စီးချင်ခဲ့သည်။ သို့သော် အကွာအဝေးက ရှည်လွန်းပြီး သူတို့၏ အင်အားစုကိုလည်း ရှာတွေ့သွားနိုင်ခြင်းအားဖြင့် သူတို့က ရှေ့ဆက်မတက်နိုင်အောင် ဖြစ်သွားကြသည်။ ထိုအတွက်ကြောင့်လည်း သူက ထိုအကြံကို လက်လျော့ရန် ဖိအားပေးခံခဲ့ရခြင်းဖြစ်သည်။

အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီး အကြိမ်ပေါင်းများစွာ သူ၏ အရာရှိများနှင့် ငြင်းခုံပြီးနောက် ခဲ့ရှု့ဟန်က အနှစ်ချုပ် ဆုံးဖြတ်လိုက်နိုင်သည်။

ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းက ဖျက်ဆီးခံရရန် မဖြစ်နိုင်ချေ။ သို့သော် ထိုလေ့ကျင့်ရေးစခန်းကို ဖျက်ဆီးချင်လျှင်လည်း အနည်းဆုံး အင်အားစု သုံးသောင်းလိုအပ်ပေလိမ့်မည်။ အနည်းဆုံး တစ်သောင်းကတော့ဖြင့် မြင်းတပ်များ ဖြစ်ရပေမည်။ တချိန်ထဲတွင် ခဲ့ရှု့ဟန်ကဲ့သို့ တော်ဝင်မဟာ အမတ်ကြီးက ကိုယ်တိုင်ကိုယ်ကျ ဝင်ပါလျှင် လက်ရှိကျန်းကျွင်းမှ သာ့ယန်ဖူရယ်ဆိုသည့် သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်ကို ရင်ဆိုင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် အနှစ်ချုပ်လိုက်လျှင် သာ့ယန်ဖူရယ်ကို ရင်ဆိုင်ရန် သူ့ကို သတ်ဖြတ်ခဲ့သောလူက သူတော်စင် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်ဟု ဆိုရမည်ဖြစ်သည်။

သို့သော် သာ့ယန်ဖူရယ်က စစ်တပ်ထဲတွင် ခဲ့ရှု့ဟန် ပါလာကြောင်း သိသည်နှင့် ချက်ချင်း ထွက်ပြေးမည်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ထယ်ကြီးစစ်တပ်က ခြေလျှင်တပ် အင်အားစုဖြစ်ပြီး သူ့ကိုအမှီလိုက်ရန်လည်း မဖြစ်နိုင်ချေ။ သက်ပြင်းသာချကာ စောင့်ကြည့်နေရမည်ဖြစ်သည်။ ထိုနည်းအားဖြင့် သာ့ယန်ဖူရယ်က အမျိုးမျိုးသော နည်းလမ်းများ ဖန်တီးကာ သူတို့ကို အချိန်ဆွဲနိုင်သေးသည်။ အချိန်ကျလာသည့်အခါ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့သည့်အတွက် ပေးဆပ်ရသည့် တန်ကြေးက အလွန်များပြားသွားပေလိမ့်မည်။ အခြားနည်းနှင့် ဆိုရသော် ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။

သို့သော် လက်ရှိအချိန်တွင်မူ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းက ဖျက်ဆီးခံလိုက်ရပြီး ထန်တပ် ငါးထောင်ကသာ အားလုံးကို ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။ မည်သူကမဆို မှင်သက်ကြရမည်ဖြစ်သည်။

သာမာန်အခြေအနေမျိုးတွင် ထယ်ကြီးစစ်တပ်ကလည်း ယုံကြည်လိမ့်မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ကျန်းကျွင်းက ဝေးလွန်းသည်။ သတင်းကလည်း ယုံကြည်နိုင်စရာ အကြောင်းမရှိချေ။ သို့သော် သတင်းက ယွီစန်းထံမှ လာခြင်းဖြစ်ပြီး ထယ်ကြီးစစ်တပ်ကိုယ်တိုင်ကလည်း တိဗက်မြင်းသမား တစ်ယောက်ကို ဖမ်းပြီးမှ ရလာခြင်းဖြစ်လေရာ မှားနေစရာ အကြောင်းမရှိချေ။

တခဏကြာအောင် မျက်မှောင်ကျုံ့လိုက်ပြီးနောက် ခဲ့ရှု့ဟန်က ပြောလိုက်သည်။

“ချီရှီကများလား”

“မဖြစ်နိုင်ပါဘူး ဖမ်းမိတဲ့ တိဗက်က အများကြီးမသိပေမဲ့ သူပြောတဲ့စကားအရ ဝူရှန်းကတဲ့”

ဒူးထောက်နေသော ကင်းထောက်ကပြောသည်။

ဝုန်း

ဝူရှန်းဆိုသောစကားက ကောင်းကင်းမှ ကျောက်တုံးကြီး ပြုတ်ကျလာသလိုဖြစ်ပြီး ရှိနေသော အရာရှိတိုင်းကို မျက်လုံးပြူးသွားစေသည်။

“ဝူရှန်းဟုတ်လား ဘယ်လိုများ ဖြစ်နိုင်မှာလဲ”

“မင်း နားကြားမှားတာလား”

သူတို့၏ ပထမဦးဆုံး တုန့်ပြန်မှုက ငြင်းဆန်ခြင်းဖြစ်သည်။ သူတို့ကလည်း ဝူရှန်းဆိုသည်နှင့် ချက်ချင်း ပြေးမြင်မိလောက်သည့် အမှတ်အသားပြုစရာ လူတစ်ယောက်တည်းသာရှိကြောင်း သိထားသည်။ ထယ်ကြီးစစ်တပ်မှ လူအမြောက်အများကလည်း ထိုလူအကြောင်း သိကြသည်။ သို့သော် ထိုလူကလည်း ၁၇နှစ်သာရှိသေးသည်။ သူ့အနေဖြင့် ယွီစန်း၏ အတွင်းပိုင်းအထိ ဝင်ရောက်သွားပြီး တိဗက်မြင်းတပ် အမြောက်အများကို သတ်နိုင်ရန် မဖြစ်နိုင်ချေ။ အထူးသဖြင့် ထိုအထဲတွင် အင်အားအများဆုံးစစ်တပ် ခုနှစ်ထောင် အင်အားစုလည်း ပါနေသေးသည်။

အထူးသဖြင့် သူက ထယ်ကြီးစစ်တပ်က မသိအောင် လုပ်သွားနိုင်သော ကိစ္စကပင် ကြောက်စရာ ကောင်းနေခြင်းဖြစ်သည်။

ဒူးထောက်နေသော ကိစ္စက အလျင်စလို ခေါင်းမော့ပြီးနောက် ပြန်ပြောသည်။

“မမှားနိုင်ပါဘူး အရှေ့က ကင်းထောက်ကိုယ်တိုင်က တိဗက်ဘာသာစကား ကျွမ်းကျင်ပါတယ်။ သူကိုယ်တိုင်က ဝူရှန်းလို့ အတည်ပြုပေးခဲ့တာပါ”

ခဲ့ရှု့ဟန် အပါအဝင် ခန်းမထဲရှိ လူတိုင်းကမူ ခြောက်ခြားဖွယ် တောင့်တင်းသွားကြသည်။

ဝူရှန်းမြို့... ဝမ်ချောင်... မြင်းတပ်ငါးထောင်... ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းက ဖျက်ဆီးခံလိုက်ရတယ်

အရာအားလုံးက အံ့အားသင့်စရာ ကောင်းလွန်းသည်။ သူတို့ကလည်း ဝူရှန်းမှ ကောင်လေးကို အထင်သေးမှု အပြည့်ဖြင့် ကြည့်ရှု့ခဲ့ကြသည်။ မည်သူကမျှ သူက ထိုမျှအထိ အံ့အားသင့်စရာကောင်းသည့် ကိစ္စမျိုးကို လုပ်နိုင်မည်ဟု မထင်ထားခဲ့မိချေ။ သတင်းက သူတို့အတွက် အံ့အားသင့်စရာဆိုသည်ထက် အများကြီး ပိုသည်။

......

“ငါကတော့ သူဖြစ်မယ်လို့ မထင်ဘူး”

တိဗက်တောင်ပေါ်ဒေသ အနောက်တောင်ပိုင်းမှ ဟော်ရှု့ဟွေ့ခမ်းက မြင့်မားလွန်းသော တောင်ပေါ်တွင်ရပ်သည်။ သူက အဝေးရှိ နယ်မြေများကို လှမ်းကြည့်နေသည်။ သို့သော် သူ၏အကြည့်ကမူ ဦးတည်ရာမရှိချေ။ စုန့်ခါမှ အံ့အားသင့်ဖွယ်ကောင်းသော သတင်းက တောင်ပေါ်ဒေသအထိ ရောက်လာခဲ့သည်။ သူကိုယ်တိုင်လည်း သတင်းရလိုက်သည်။ ထိုအချိန်တွင် ဟော်ရှု့ဟွေ့ခမ်းကလွဲပြီး မည်သူကမျှ သူ့ထက်ပို၍ ရှုပ်ထွေးသော ခံစားချက်များကို ခံစားရလိမ့်မည်မဟုတ်ချေ။ သူကိုယ်တိုင်ကလည်း စစ်ပွဲတစ်ခုပြီးပြီး သိပ်မကြာခင် ဝမ်ချောင်ဆိုသောနာမည်ကို ထပ်ကြားရမည်ဟု မထင်ထားမိချေ။

“ကြည့်ရတာ ငါတို့ပဲ ဒီကိစ္စကို အဆုံးသတ်ပေးရဦးမယ်ထင်ပါတယ်”

ဟော်ရှု့ဟွေ့ခမ်းက ခေါင်းကိုမော့ပြီး သက်ပြင်းကိုချသည်။ သူက ကျောက်တုံးကဲ့သို့ ထင်ရသည့် တိုင်ထိပ်တွင် စိုက်နေသည့် ဓားမောက်ရှည်ကြီးကို ဆွဲနှုတ်လိုက်ပြီး အဝေးသို့ ထွက်သွားသည်။

......

ဟီး ဟီး ဟီး

လုံရှီအတွင်း ကောင်းကင်တိုင်တောင် ဝန်းကျင်အနီးအနားတွင် လှုပ်ရှားမှုများ ရှိနေသည်။ စုန့်ခါတိဗက်တောင်ပေါ်မှ ဖြစ်ခဲ့သည့် မုန်တိုင်းထန်သွားစေခဲ့သော မတော်တဆမှုများကို ဂရုစိုက်ခြင်း မရှိသလို ချီရှီတို့မှ အခြေအနေများကိုလည်း အာရုံစိုက်မိသေးခြင်း မရှိသည့် ဝမ်ချောင်က ထိုနေရာတွင်ရပ်ကာ အနားယူနေသည်။

စိမ်းလန်းသောနယ်မြေ၊ သိပ်သည်းသော တောအုပ်က သဘာဝအလျောက်ပင် ကောင်းကင်တိုင်တောင်ကို ကောင်းကင်ထိ တောက်လျှောက် ကာရံပေးထားသလို ဖြစ်နေသောကြောင့် တောင်ပေါ်ဒေသက ငုံ့ကြည့်လိုက်သည်နှင့် မြင်ရနိုင်သမျှက တောအုပ်ကြီးသာ ဖြစ်နေလေရာ မည်သည့်နည်းနှင့်မျှ သူတို့ကို မြင်နိုင်စရာ အကြောင်းမရှိချေ။

“တိုက်ပွဲရဲ့ ဆုံးရှုံးမှုက ဘယ်လိုလဲ။ ရေတွက်ပြီးပြီလား”

ကျန်းနှစ်ဆယ်ခန့်မြင့်သည့် သစ်ပင်ကြီး၏အောက်တွင် ထိုင်နေသည့် ဝမ်ချောင်က အရာရှိများကို စုစည်းကာ မေးမြန်းသည်။

ဒါကဝူရှန်းမြင်းတပ်၏ ပထမဦးဆုံး လုပ်ဆောင်မှုဖြစ်သည်။ ဝမ်ချောင်အနေနှင့်လည်း ရလဒ်က အရေးကြီးကြောင်း သတ်မှတ်ထားပြီးသည့်တိုင် ဆုံးရှုံးမှုကိုလည်း အာရုံစိုက်သေးသည်။

အခန်း(၇၅၈)

တောင်ပေါ်ဒေသကြောင့်ဖြစ်သော ဖျားနာမှုကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းနှစ်ခု

“ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ရှစ်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါတယ်။ အဓိကကတော့ သာ့ယန်ဖူရယ်က ပထမဦးဆုံး ပေါက်ကွဲတဲ့ စွမ်းအင်အားလှိုင်းကို ထုတ်ခဲ့တဲ့အချိန်မှာ ဖြစ်သွားခဲ့တာပါ”

ရွှီခဲ့ယွီက ရှင်းပြသည်။

“ဒါ့အပြင် အယောက်သုံးဆယ်လောက်က အသေးစား ဒဏ်ရာကို ရသွားခဲ့ပြီး ခုနှစ်ယောက်လောက်က သေသွားပါတယ်။ အသတ်ခံရတဲ့ လူတွေအားလုံးကိုလည်း မြင်းပေါ်တင်ပြီး ပြန်သယ်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တဲ့ လူတွေအားလုံးကို အရှင်အမတ်ကိုယ်တိုင် ပြင်ဆင်ခိုင်းထားတဲ့ ဆေးတွေအားလုံးကို တိုက်ကျွေးပြီး လိမ်းပေးထားလို့ အန္တရာယ်ကင်းပါတယ်”

လက်ရှိအချိန်တွင် ရွှီခဲ့ယွီက လုပ်သားအင်အားနှင့် ပတ်သတ်ပြီး တာဝန်ယူထားသူဖြစ်သည်။

“အရှင်အမတ် ကျွန်တော်တို့ ဒီတစ်ကြိမ် တိဗက် အယောက်နှစ်သောင်းကျော်တောင် သတ်ခဲ့တာ။ ဒါပေမဲ့ တစ်ရာ့တစ်ဆယ်လောက်ပဲ ဒဏ်ရာရသွားပြီး ခုနှစ်ယောက်ပဲ သေသွားခဲ့တာ။ ဒါက တကယ်ကို မယုံနိုင်စရာကောင်းတဲ့ ကိစ္စပဲ”

“ဟုတ်တယ် ဝူရှန်းက အင်အားကြီးတဲ့ စစ်သည်တော်တွေလေ”

အရေအတွက်ကို ကြားသောအခါ စုစည်းကြသည့် အရာရှိတိုင်းက အံ့အားတကြီး သက်ပြင်းချကြသည်။ ကျန်းကျွင်းက သူတို့ထက် အရေအတွက် အပြတ်အသပ် သာသော်လည်း သူတို့က အယောက်တစ်ရာ ဝန်းကျင်ခန့်သာ ထိခိုက်ဒဏ်ရာ ရသွားခဲ့သော ကိစ္စက မယုံနိုင်စရာကောင်းလွန်းသည်။ ဆုံးရှုံးမှုအချိုးကို ယှဉ်ကြည့်ပြီး အခြားသူများကို ပြောမည်ဆိုလျှင်ပင် ဘယ်သူကမှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။

သို့သော် ဝမ်ချောင်က အရေအတွက်ကို ကြားသောအခါ မျက်မှောင်ကျုံ့လိုက်သည်။ အရေအတွက်က သူမျှော်လင့်ထားသည်ထက် များနေသည်။

မြင်းတပ်၏ တိုက်ပွဲက ခြေလျှင်တပ်တိုက်ပွဲနှင့် ကွာခြားသည်။ ခြေလျှင်တပ် အင်အားစုနှစ်ခုက ထိပ်တိုက် ရင်ဆိုင်သောအခါ တစ်ဖက်က အယောက်တစ်ထောင်ကို သတ်နိုင်ပြီး အယောက်ရှစ်ရာကို ရှုံးလျှင် အံ့အားသင့်စရာ မကောင်းချေ။ ခြေလျှင်တပ် လက်ရွေးစင် အင်အားစုဆိုလျှင် ထိုတိုက်ပွဲမှ ပြင်းထန်သည့် ဒဏ်ရာများကို ရရှိနိုင်ပြီး သေနှုန်းလျော့နိုင်သေးသည်။ သို့သော် သူတို့ကမူ ကွာခြားသည်။ သူတို့က စုစည်းချီတက်သည့် အင်အားကို မှီခိုထားရခြင်းဖြစ်သည်။

ထက်ရှသော ဓားတစ်လက်လိုမျိုး သူတို့က ရန်သူအင်အားစုထဲသို့ ရောက်သွားသည်နှင့် ပြင်းထန်သည့် ပျက်စီးမှုအားကိုသာ ထုတ်လွှတ်တော့မည်ဖြစ်သည်။ သို့သော် မြင်းတပ်ကိုယ်တိုင်က အသေးစား ထိခိုက်မှု ဖြစ်လာလျှင်ပင် ဒါက သူတို့ အရှိန်မြင့်ကာ အပြေးနှင်ရသောကြောင့်ဖြစ်တတ်သည်။ ထို့ကြောင့် မြင်းတပ် တစ်သောင်းက တစ်ထောင်ကို ရင်ဆိုင်လျှင် ပြီးပြည့်စုံသော အခြေအနေ ဖြစ်တတ်ပြီး ခြေလျှင်တပ်က အရေအတွက် တစ်ဝက်ကျော်ကို ဆုံးရှုံးရသော အခြေအနေမျိုးတွင် မြင်းတပ်၏ ဆုံးရှုံးမှုက တစ်ထောင်ပင် မကျော်သင့်ချေ။ ခုနှစ်ရာသာလျှင် ဖြစ်သင့်သေးသည်။

ဝူရှန်း၏မြင်းတပ်က လေ့ကျင့်ပြီးကာစဖြစ်ပြီး ရှစ်ဆယ်ကျော်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ သုံးဆယ်ကျော်က အသေးစား ဒဏ်ရာများရသည်။ ခုနှစ်ယောက်က သေသည်။ ထိုထိန်းချုပ်မှုက ဝမ်ချောင်က မျှော်လင့်ထားသည်ထက် ကြီးနေသည်။

အနားရှီ ရွှီခဲ့ယွီ၊ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်းတို့ အားလုံး အပါအဝင် လီစစ်ယဲ့ကိုယ်တိုင်ကပင် ဝမ်ချောင်၏ မျက်မှောင်ကျုံ့ပြီး မကျေနပ်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ လီစစ်ယဲ့ကဲ့သို့သော လူမျိုးကပင် လျှာသပ်လိုက်မိသည်။ ကြည့်ရသည်မှာ ဝမ်ချောင်၏ လိုအပ်ချက်က သူမျှော်လင့်ထားသည်ထက် မြင့်နေသည်။

အယောက်ငါးထောင်က အယောက် နှစ်သောင်းခုနှစ်ထောင်ကို ရင်ဆိုင်သည့် တိုက်ပွဲတွင် သူတို့က တစ်ရာဝန်းကျင်ခန့်သာ ထိခိုက်ဒဏ်ရာ ရသွားကြပြီး ခုနှစ်ယောက်သာသေသည်။ နယ်စပ်မှ မဟာဗိုလ်ချုပ်ကြီးများကပင် ထိုအခြေအနေမျိုးကို မနာလိုဖြစ်လောက်သော်လည်း ဝမ်ချောင်က မကျေနပ်သေးချေ။

ငါကသူတို့ကို လဝက်ပဲ လေ့ကျင့်ပေးရသေးတယ်။ ကြည့်ရတာ ငါအခြားကိစ္စတွေကို ဘေးဖယ်ထားဖို့ လိုအပ်နေပြီနဲ့တူတယ်။ ဒါ့အပြင် ဥက္ကာခဲသတ္တုနဲ့ ဝု့စ်သံမဏိဓားတွေကို ထုတ်လွှတ်တဲ့ ကိစ္စကို မြန်ဆန်အောင် လုပ်ရမယ်။ ဒီပစ္စည်းနှစ်မျိုးကို အမြန်ဆုံး ပို့ခိုင်းရမယ်။

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ယခင်ဘဝမှ မာမဲ့လုက ဝု့စ်သံမဏိဓား တစ်လက်စီကိုသုံးပြီး ပြိုင်ဘက်ကင်း လူသတ်သမား ဖြစ်သွားခဲ့သည်။ အခြားသော မျိုးနွယ်ခြား ကျူးကျော်သူများက တိုက်ခိုက်လာခဲ့သည့် အချိန်တွင် အာဘတ်ဆစ်ကယ်လီဖိတ်က ပျောက်ကွယ်တော့မည့် အနေအထားမျိုး ကြုံရသည့်အခါ ဝု့စ်သံမဏိဓား တစ်သောင်းကျော် ဆုံးရှုံးသွားရသည်။ ထို့ကြောင့် လောက၏ အဆုံးသတ် အဆင့်တွင် ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်က ဝု့စ်သံမဏိဓားများ သုံးရန် မရှိတော့ခြင်းဖြစ်သည်။

ယခုမူ အရာအားလုံးက ကွာခြားသွားသည်။ ဝမ်ချောင်က သူ၏ဝူရှန်းမြင်းတပ်ကို ဝု့စ်သံမဏိဓားများ ထောက်ပံ့ပေးရုံသာ မကသေးလေဘဲ အားလုံးကို ဥက္ကာခဲသတ္တု သံချပ်ကာများ ဝတ်ခိုင်းဦးမည်ဖြစ်သည်။ ထိုသတ္တုက တိဗက်မှ သံချပ်ကာပြားများထက် အဆပေါင်းများစွာ သန်မာသည်။ ဝူရှန်းမြင်းတပ်ကို မယုံနိုင်စရာကောင်းသော အဆင့်ထိရောက်အောင် သူက မြင့်တင်ပေးမည်ဖြစ်သည်။ သူ၏ ယခင်ဘဝမှ အဆင့်မြင့် ဝူရှန်းမြင်းတပ်ထက်ပင် အင်အားကြီးခိုင်းဦးမည်ဖြစ်သည်။

သို့သော် ဝမ်ချောင်က သူ၏အင်အားစုကို ထိုအလေးထားနေရသည့် အကြောင်းပြချက်က ရှိနေသေးသည်။ မည်သို့ပင်ဆိုစေ ဝူရှန်းမြင်းတပ်မှ လူများက အရေအတွက်ရှိသည်။ တစ်ယောက်သေလျှင် တစ်ယောက် ပြန်အစားမထိုးနိုင်တော့ချေ။ သူတို့က လက်ရွေးစင်ထဲမှ လက်ရွေးစင်များ ဖြစ်နေကြသည်။ ဝမ်ချောင်က သူတို့ကို ထိုမျှအထိ အလေးထားနေသည်မှာ အံ့ဩစရာမရှိချေ။

ဝမ်းကွဲက လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ထွက်သွားတာ။ သူက လေနှင်ရာ ရွက်လွင့်နေသလိုပဲ။ ဒီအခြေအနေအရ သူပြန်လာဖို့ နောက်ထပ် တစ်လလောက်တော့ လိုလိမ့်ဦးမယ်။

သူ၏ အကြီးဆုံးအစ်ကို ဝမ်လျံအကြောင်း တွေးမိသော ဝမ်ချောင်၏ မျက်ဝန်းအတွင်း တောက်ပသော အလင်းက ပေါ်လာသည်။

ဝမ်လျံက သူ၏ပထမဦးဆုံး ပင်လယ်တွင် ရွက်လွင့်သည့် ခရီးတွင် စိတ်အခြေအနေ ပြောင်းလဲသွားခဲ့သည်။ အကြောင်းမူကား သူက လူသားများ၏ စိတ်နေသဘောထားနှင့် သူပင်လယ်ပြင်ကို ဖြတ်သန်းပြီး ဥက္ကာခဲသတ္တု ရှိရာကျွန်းများကို ရှာဖွေရာတွင် အမျိုးမျိုးသော ဝန်းကျင်များမှ အန္တရာယ်များကို ကြုံတွေ့ခဲ့ရပြီး လမြောက်များစွာ ကြာသွားခဲ့သည်။ သို့သော် ပထမဦးဆုံး အောင်မြင်ခဲ့သည့် အတွေ့အကြုံနှင့် လေ့ကျင့်ပေးထားသည့် ရွက်လွင့်သမားများကြောင့် သူ၏ အခြေအနေက မတူတော့ချေ။

အနည်းဆုံး သူက ပထမဦးဆုံးတစ်ကြိမ် ရွက်လွင့်ခဲ့ချိန်ကကဲ့သို့ အန္တရာယ်နှင့် အနှောက်အယှက်များကို ကြုံတွေ့ရတော့မည် မဟုတ်သလို နှစ်ဝက်ခန့်လည်း ကြာတော့မည်မဟုတ်ချေ။ ဟိုနေရာ၊ ဒီနေရာ ရွက်လွင့်သော ခရီးအကွာအဝေးအလိုက် သူလေးလဝန်းကျင်ခန့်သာ ကြာနိုင်သည်။

အဲ့ဒါကို မျှော်လင့်စောင့်စားနေပြီ။

ဝမ်ချောင်က စိတ်လှုပ်ရှားစွာ ရေရွတ်သည်။

ပထမဦးဆုံး ရွက်လွင့်မှုမှ ပြန်လာပြီးနောက် ရလာသည့် ပြန်ပြောင်းပြောသည့် စကားများအရ ဝမ်ချောင်အနေနှင့် ဝမ်လျံက ဒုတိယတစ်သုတ် သွားသည့်အခါ ပို၍ကြီးမားသော အင်အားစုကြီးနှင့်အတူ ထွက်ခွာရန် ရင်းနှီးမြုပ်နှံခဲ့သည်။ ဆိုလိုသည်မှာ ပို၍များပြားသည့် ဥက္ကာခဲသတ္တုများကို ပြန်လည်ရှာနိုင်မည်ဖြစ်ပြီး ပထမတစ်ခေါက်ထက် ပိုများပေလိမ့်မည်။

ဝမ်ချောင်၏စိတ်က အချိန်တိုအတွင်း အတွေးပေါင်းများစွာ ပြည့်နှက်သွားသည်။ ထို့နောက် သူကမူ ပြန်ထိန်းလိုက်သည်။

“ကောင်းပြီ တောင်ပေါ်ဒေသက ဆင်းပြီးရင် စစ်တပ်ရဲ့ အခြေအနေကို စောင့်ကြည့်ရမယ်။ မင်းတို့တွေ စစ်ဆေးပြီးပြီလား။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲ”

ဝမ်ချောင်က ရွှီခဲ့ယွီကို ကြည့်ကာမေးသည်။

သူ၏မေးခွန်းကြောင့် အရာရှိတိုင်းက ဖြူဖျော့သွားကြသည်။

ရွှီခဲ့ယွီက ဘာမှမပြောနိုင်ခင် ချန်းစန်းယွမ်က ဝင်ပြောသည်။

“အယောက်ငါးထောင်ထဲမှာ တစ်ထောင်ကျော်လောက်က အော့အန်နေကြပါတယ်။ ဒါ့အပြင် သုံးရာလောက်က အဖျားပါးပါးရှိနေတယ်။ ကျန်တဲ့စစ်သည်တော်တွေကတော့ စိတ်ပိုင်းဆိုင်ရာ မသက်မသာ ဖြစ်မှုကိုပဲ ခံစားရတာပါ”

ထိုဖြစ်ရပ်က ထူးဆန်းသည်။ ထိုလက္ခဏာများက တောင်ပေါ်တွင် ရှိနေချိန်က မပေါ်ခဲ့ဘဲ ပြန်ဆင်းလာသည်နှင့် စစ်သည်ငါးထောင်လုံးက အမျိုးမျိုးသော ရောဂါလက္ခဏာများကို ပြလာကြသည်။

ချန်းစန်းယွမ်နှင့် ရွှီခဲ့ယွီတို့ကပင် သေသေချာချာ ဆွေးနွေးပြီးသည့်တိုင် အဖြေမထုတ်နိုင်ကြချေ။ ထို့ကြောင့် အရာရှိတိုင်းက စိုးရိမ်နေကြသည်။

လူတိုင်းကလည်း တိဗက်တောင်ပေါ်ဒေသက ကောင်းချီးပေးခံထားရပြီး ကောင်းကင်ဘုံက သူတို့ကို စောင့်ရှောက် ကာကွယ်ပေးထားကာ ချီးမြှင့်ထားသည်ဟု ဆိုကြသည်။ အတိတ်တွင် ချန်းစန်းယွမ်နှင့် အခြားသူများက ထိုစကားစုကို ဂရုမစိုက်ကြချေ။ ကြားသည့်အခါ အထင်တသေးပင် နှာခေါင်းရှုံ့လာခဲ့ကြသေးသည်။ မည်သူကမျှလည်း ယခုလို အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားကြချေ။ ယခုလို ဝူရှန်းမြင်းတပ်၏ အင်အားကို မျက်မြင်ကြုံရပြီး သူတို့က ထိုမျှအထိ အင်အားကြီးမားသည့်တိုင်အောင် တောင်ပေါ်က ပြန်လာပြီးသည်နှင့် ထိုသို့ခံစားရကြောင်း မြင်သည့်အခါ အားလုံး၏ အမူအရာများက ပြောင်းလဲသွားကြသည်။

“အရှင်အမတ် ဒါက တောင်ပေါ်ဒေသကြောင့် ဖျားနာမှုဖြစ်တာလား”

လီစစ်ယဲ့က ဝမ်ချောင်ကိုစိုက်ကြည့်သည်။

သူက ဝမ်ချောင်နှင့် အတူရှိသည်မှာ အချိန်ကြာပြီဖြစ်သည့်တိုင်အောင် သူသိထားသော အကြောင်းအရာက နည်းနေသေးသည်။

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏ မျက်လုံးထဲတွင်လည်း စိုးရိမ်မှုများ ရှိနေသည်။

ထိုကိစ္စက ကိစ္စကြီးဖြစ်သည်။ ဒါက ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းကို သုတ်သင်ပြီးနောက် အားလုံးကို ခပ်မြန်မြန် နောက်ဆုတ်ခိုင်းခဲ့သည့် အကြောင်းပြချက်လည်းဖြစ်သည်။ ဝူရှန်းရွာသားများက နေ့ရက်တိုင်းလိုလို တောင်တန်းများတွင်သာ ကြီးပြင်းလာခဲ့ပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ခွန်အားက သာမာန်လူများထက် ဘက်ပေါင်းစုံမှ သာလွန်နေပြီးသားဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာမရနိုင်ကြောင်း ယုံကြည်ခဲ့သည်။ သို့သော် ယခုမူ သူက ထိုဖျားနာမှုကို အထင်သေးမိသွားသည်။

တိဗက်တောင်ပေါ်ဒေသက ကောင်းကင်ဘုံက ကောင်းချီပေးခံထားရသည့် နာမည်ကြီးဟု ဆိုကြသည်။ ပြောရလျှင် တောင်ပေါ်ဒေသကို ကျူးကျော်သည့် မည်သူ့မဆို ကျိန်စာသင့်သွားသည်ဟုပင် ပြောကြသေးသည်။ သဘာဝအလျောက် ကာရံပေးထားသည့် အကာအကွယ်လွှာကို မှီခိုပြီး တိဗက် တောင်ပေါ်ဒေသတွင် နေထိုင်သူတိုင်းက ဆန္ဒရှိသလို တိုက်ခိုက်နိုင်ကြသလို ဆန္ဒရှိသလို နောက်ဆုတ်နိုင်ကြသည်။ သူတို့က ပတ်ဝန်းကျင် တိုင်းပြည်များကိုပင် ဆက်တိုက် နှောက်ယှက် ဖျက်ဆီးနိုင်ကြသည်။

“အရှင်အမတ် ဒီတောင်ပေါ်ဒေသက တကယ်ကို တိဗက်တွေရဲ့ နယ်မြေပဲ။ ကျွန်တော်တို့အနေနဲ့ တောင်ပေါ်ဒေသမှာ အချိန်နည်းနည်းနေဖို့ ခက်ခဲလောက်တယ်”

ရွှီခဲ့ယွီ၊ ချန်းစန်းယွမ်နှင့် အခြားသော အရာရှိတိုင်းက စိုးရိမ်တကြီး ဖြစ်သွားကြသည်။

ဝမ်ချောင်က ဘာစကားမှ မဆိုချေ။

ထိုဖျားနာမှုက ပြင်းထန်သောအခါ အသက်ရှုသံကပင် နှေးသထက် နှေးသွားနိုင်ပြီး သေသွားစေနိုင်သေးသည်။ ဒီလောက်ပြင်းထန်သော ရလဒ်မျိုးနှင့်ယှဉ်သော် ဝူရှန်းငါးထောင်၏ အခြေအနေက ပေါ့သေးသည်ဟု ဆို၍ရသည်။ သို့ရာတွင် ထိုအခြေအနေက မည်မျှ ပေါ့နေစေကာမူ ဖျားနာမှုက ဖျားနာမှုသာ ဖြစ်နေပြီး ဝမ်ချောင်က ရှင်းလင်းရန် လိုအပ်သည်။

ကြည့်ရတာ ငါအဲ့ဒီပစ္စည်းကိုပဲ ယူခိုင်းရတော့မယ်။

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်ပြန်သည်။

ဒီခေတ်တွင် လူအများစုက ဖျားနာမှုတိုင်းကို အလွန်အလေးထားကြပြီး မျက်ကန်းယုံကြည်မှု ပြင်းထန်ကြသည်။ ထိုအတွက်ကြောင့် ရုတ်ရင့်ကြမ်းတမ်းသော တူရကီများကပင် တောင်ပေါ်ဒေသအပေါ် လေးစားမှု ပြကြခြင်းဖြစ်သည်။

သို့သော် ဝမ်ချောင်ကမူ နည်းလမ်းပေါင်းများစွာ သိထားသည့်အတွက် ထိုဖျားနာမှုကို ဖြေရှင်းရန်အတွက် နည်းလမ်းရှိသည်။ ထိုကိစ္စကို လျို့ဝှက်လုပ်ရန် လိုအပ်သည်။ သို့မဟုတ်လျှင် လူအများသိပါက မကောင်းသော သက်ရောက်မှု ဖြစ်လာနိုင်သည်။

“ငါတို့ ဒီရွာမှာ ရက်အနည်းငယ်လောက် နားပြီးမှ သံမဏိမြို့ကို ပြန်ကြမယ်”

ဝမ်ချောင်ကပြောသည်။

“ဟုတ်ကဲ့အရှင်အမတ်”

အရာရှိတိုင်းက တညီတညာတည်းဖြေသည်။

......

ကောင်းကင်တိုင်တောင်တွင် ရက်အနည်းငယ်ခန့် အနားယူပြီးနောက် စစ်တပ်က သံမဏိမြို့သို့ ပြန်လည်ဦးတည်ကြသည်။ ပြန်ရောက်ပြီးသည်နှင့် ချက်ချင်းလိုလို ဝမ်ချောင်က ယန်ဟုန်ချန်းက သံမဏိမြို့သို့ ပို့ပေးထားသည့် အိမ်တော်ထိန်းကို ဆင့်ခေါ်လိုက်သည်။

“အရှင်အမတ်”

ထိုအိမ်တော်ထိန်းအိုကြီးက ခန်းမထဲသို့ ဝင်လာသည်နှင့် ဝမ်ချောင်ကို လေးစားစွာ ဂါရဝပြုသည်။

“အိမ်တော်ထိန်းရန် ခင်ဗျားရဲ့ခေါင်းဆောင်ကို အနောက်တိုင်း နယ်မြေကနေ ငါ့အတွက် အချို့ပစ္စည်းတွေဝယ်ဖို့ အကြောင်းကြားလိုက်ပါ”

ဝမ်ချောင်က လက်တင်ကုလားထိုင်တွင် ထိုင်နေသည်။ သူ၏လက်ဝါးတွင် အဖြူရောင်ကြွေခွက်ကို ကိုင်ထားသည်။ အခြားလက်ကမူ အဖုံးဖြင့် ရေနွေးကြမ်းအပေါ်မှ အမြုပ်များကို ရှင်းလင်းနေသည်။

“အရှင်အမတ်က ဘာလိုတာပါလဲ။ ကျွန်တော် ယန်ကလန်က လုပ်ဆောင်နိုင်တာဆိုသမျှ ဘာမဆို စတေးဖို့ အသင့်ပါပဲ”

လူအိုကြီးကပြောသည်။

“အဲ့လောက်ကြီးအထိ အလေးအနက် ထားစရာ မလိုပါဘူး။ ငါက ခင်ဗျားရဲ့ခေါင်းဆောင်ကို ပစ္စည်းလေး တစ်ခုပဲ ဝယ်ခိုင်းချင်တာ”

ဝမ်ချောင်က တည့်တိုးပြောသည်။

“တိဗက်တောင်ပေါ်ဒေသမှာပဲ ပေါက်တဲ့ သေးငယ်တဲ့ နှင်းဆီမြစ်လို့ခေါ်တဲ့ သေးငယ်တဲ့ အနီရောင် ပန်းလေးတွေ ဝယ်စေချင်တာ”

“နှင်းဆီမြစ်ဟုတ်လား”

အိမ်တော်ထိန်းအိုကြီးက မျက်မှောင်ကျုံ့သည်။ သူ၏မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှုများကို မြင်နိုင်လေသည်။

သူကလည်း အနောက်ပိုင်းနယ်မြေသို့ မကြာခဏဆိုသလို ခရီးဆန့်ခဲ့ဖူးသည့်အတွက် သူ၏ လက်ခုံကဲ့သို့ ကောင်းကောင်း သိနေသေးသည်။ သို့သော် နှင်းဆီမြစ်ဆိုသော အရာကို တစ်ကြိမ်သော်မျှ မကြားဖူးသေးချေ။

“အရှင်အမတ် ကျွန်တော် နားမလည်တဲ့အတွက် ခွင့်လွှတ်ပါ။ ကျွန်တော်သိထားတဲ့ အတိုင်းဆိုရင် အနောက်ပိုင်းနယ်မြေမှာ နှင်းဆီမြစ်ကို ရောင်းတဲ့လူမျိုး မရှိပါဘူး”

အိမ်တော်ထိန်းအိုကြီးက ဆေးအပင်များအကြောင်း ကောင်းကောင်း နားလည်ထားသည်။ ယန်မိသားစုက စီးပွားရေးလုပ်ငန်းလုပ်သည်။ သို့သော် ထိုပန်းမျိုး တစ်ခါမျှ မစုဆောင်းဖူးချေ။ ဝန်ခံရမည်ဆိုလျှင် ယွီစန်းက အနောက်ပိုင်းနယ်မြေသို့ ပစ္စည်းအများကြီး မရောင်းတတ်ချေ။ သို့သော် နှင်းဆီမြစ်ဆိုသော အရာမျိုးကို မရောင်းသည်မှာ သေချာသည်။ ရောင်းခဲ့လျှင်လည်း သူက သိနေပေလိမ့်မည်။

“ဟား ဟား ဘယ်သူမှ မရောင်းရင် ပိုကောင်းတယ်။ ခင်ဗျားရဲ့ခေါင်းဆောင်ကို သူတို့ကိုဝယ်ဖို့ ကြိုးစားခိုင်းလိုက်။ အဲ့ဒီ အနီရောင် ပန်းငယ်လေးက တောင်ပေါ်ဒေသရဲ့ အပင်ထူထပ်တဲ့ နေရာတိုင်းမှာပေါက်တဲ့ လမ်းဘေးအပင်ပါပဲ။ ခင်ဗျားရဲ့ခေါင်းဆောင်ကို သူ့အတွက်ဝယ်ဖို့ အာရပ်တွေကို တောင်းဆိုခိုင်းလိုက်။ အာရပ်တွေက အဲ့ဒီသစ်မြစ်ကို မြင်းတွေကို ကျွေးလေ့ရှိတယ်”

ဝမ်ချောင်က ပြောပြီးနောက် အံ့ဆွဲကိုဖွင့်လိုက်ပြီး စာရွက်တစ်ခုကိုထုတ်ကာ အိမ်တော်ထိန်းကို ပေးလိုက်သည်။

“ငါနှင်းဆီမြစ်က ဘယ်လိုလဲဆိုတာကို ဒီမှာဆွဲပေးမယ်။ မင်းရဲ့ခေါင်းဆောင်ကသာ ဒီပန်းချီပုံကို အများကြီး ကူးယူရေးဆွဲထားမယ်ဆိုရင် မမှားနိုင်ဘူး”

“နားလည်ပါပြီ အရှင်အမတ် ကျွန်တော် အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်”

အိမ်တော်ထိန်းအိုကြီးက ထိုပန်းချီပုံနှင့်အတူ ချက်ချင်း ထွက်ခွာသွားသည်။ သစ်မြစ်ပုံဆွဲထားသော ပန်းချီပုံနှင့်ဆိုလျှင် အရာအားလုံးက ရိုးရှင်းသွားလေပြီ။ ယန်ကလန်မှ အင်အားနှင့် အနောက်ပိုင်းနယ်မြေနှင့် နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ထားသော အင်အားစုများကြောင့် ဝမ်ချောင်အတွက် ထိုပန်းကို ရှာနိုင်မည်မှာ သေချာသည်။ သူတို့က မြေကြီးတူးရမည်ဆိုလျှင်ပင် ရအောင် ရှာပေးမည်ဖြစ်သည်။

ထွက်သွားသော အိမ်တော်ထိန်းအိုကြီးကို စောင့်ကြည့်နေသည့် ဝမ်ချောင်က သူ့မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ရေနွေးတစ်ငုံကိုသောက်သည်။ ထို့နောက် နောက်သို့ပြန်ကာ အတွေးနက်သွားသည်။

“အခုအချိန်ထိ ဘယ်သူကမှ နှင်းဆီမြစ်အကြောင်း မသိကြသေးဘူး။ တကယ်ကို အံ့အားသင့်စရာပဲ”

တိဗက်တောင်ပေါ်ဒေသက ယွီစန်းအင်ပါယာကြီးကို သဘာဝ အကာအကွယ်မျိုးဖြင့် ကာကွယ်ပေးထားသည့် နေရာကြီးဖြစ်ပြီး မည်သည့် အင်ပါယာက လူမဆို တောင်ပေါ်ဒေသသို့ သွားလိုက်သည်နှင့် အင်အား လျော့ကျသွားသည့် အခြေအနေမျိုးကို အနည်းနှင့်အများ ခံစားကြရသည်။ ထိုအထဲတွင် အာရပ်များလည်း ပါသလို သူတို့၏ အရှိန်အဝါ ကြီးသည့် မာမဲ့လုလည်းပါသည်။

သို့သော် ထိုသဘာဝ အကာအကွယ်လွှာကြောင့် တိုက်ခိုက်ရန် မဖြစ်နိုင်သော်လည်း နှင်းဆီမြစ်က ထိုအကာအကွယ်လွှာကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းများထဲက တစ်ခုဖြစ်နေသည်။

အခန်း(၇၅၉)

အင်ပါယာ တစ်ခုလုံးရဲ့အင်အား

တောင်ပေါ်ဒေသတခွင်အနှံ့ ပေါက်သည့် အနီရောင် တောရိုင်းပန်းလေးက စစ်သည်တော် တစ်ယောက်၏ အဆုတ်ခံနိုင်ရည်အားကို မြှင့်တင်ပေးနိုင်သလို သူတို့၏ အသက်စွမ်းအင်ကို မြင့်တင်ပေးနိုင်သလို သူတို့၏ဆဲလ်များ၏ တုန့်ပြန်မှုအားကိုလည်း ကောင်းသွားစေကြောင်း မသိထားလောက်ချေ။ ဒီနည်းအားဖြင့် တောင်ပေါ်တွင် တိဗက်များနည်းတူ နေထိုင်နိုင်စွမ်းအား ရှိမည်ဖြစ်သည်။

သို့သော် ထိုနည်းလမ်းကို သိနေသောလူက ဝမ်ချောင်ဖြစ်နေသည်။

တိဗက်များကသာ ထိုအကြောင်းအရာကို သိနေလျှင် သူတို့က အကောင်းဆုံး ကြိုးစားပြီး ထိုနှင်းဆီမြစ်များကို ဖယ်ရှားရှင်းလင်းပေလိမ့်မည်။ ထိုကဲ့သို့သော ကိစ္စမျိုးက ယခင်က မဖြစ်ပျက်ဖူးသော ကိစ္စမျိုးမဟုတ်ချေ။ ထိုအတွက်ကြောင့် ဝမ်ချောင်က လျို့ဝှက်ချက်အဖြစ် ထားရန်ဆုံးဖြတ်ထားပြီး ယန်ဟုန်ချန်းကိုသာ အာရပ်များမှတဆင့် ဝယ်ခိုင်းခြင်းဖြစ်သည်။

အကျိုးအမြတ်နှင့်ဆိုလျှင် လိုအပ်သောအရာက ရရှိလာပေလိမ့်မည်။ ယခုလက်ရှိ အနေအထားအရ မည်သူကမျှ နှင်းဆီမြစ်များကို ကုန်သွယ်မှုမျိုး မပြုသေးသော်လည်း ယန်ဟုန်ချန်းက အမြောက်အများ ဝယ်လိုက်သည်နှင့် ဈေးကွက်တွင် ဝယ်သောသူများ ရောင်းချသောသူများက ရှိလာပေလိမ့်မည်။

ထို့ကြောင့် တိဗက်များကသာ ထိုပန်းများကိုခူးပြီး ရောင်းချသောလူများ ဖြစ်လာပေလိမ့်မည်။ သူတို့ကို အသေရိုက်သတ်မည်ဆိုလျှင်ပင် ဝမ်ချောင်က ထိုပန်းများကိုဝယ်သည်မှာ သူတို့ကို ကိုင်တွယ်ရန်ဖြစ်ကြောင်း သူတို့က သိလိမ့်မည်မဟုတ်ချေ။

အရာအားလုံးကတော့ အဆင့်သင့်ပဲ။ တစ်ခုတည်းလိုတာက အရှေ့ဘက်က တိုက်လာမဲ့လေ။ လေတိုက်လာတာနဲ့ နောက်အကြံအစည်ဖော်ဖို့ အချိန်ကျပြီ။

ဝမ်ချောင်က လက်ထဲမှ ရေနွေးကြမ်းခွက်ကိုချသည်။ သူ၏ ညာဘက်လက်ညိုးက မသိလိုက် မသိဘာသာပင် စားပွဲပေါ် တတောက်တောက် ခေါက်နေသည်။ သူ၏မျက်ဝန်းထဲတွင်လည်း နက်နဲသော အလင်းတန်းများက ဖြတ်ပြေးသွားသည်။

“ကျန်းချွယ်”

ဝမ်ချောင်က တံခါးအပြင်သို့ လှမ်းအော်လိုက်သည်။

“အရှင်အမတ် ဒီနိမ့်ကျတဲ့လူက ဒီမှာပါ”

ငယ်ရွယ်ပိန်ပါးသည့် ပုံရိပ်လေးက ပုခုံးပေါ်တွင် ကျောက်တုံးသိန်းငှက်ကိုသယ်လျှက် အပြေးဝင်လာသည်။ သူက တချိန်လုံး ခန်းမ၏အပြင်ဘက်တွင် စောင့်နေခဲ့ခြင်းဖြစ်သည်။

“ငါမင်းကိုအရင်က ပြောထားတဲ့ အကြံအကြောင်း မှတ်မိသေးလား။ မင်းရဲ့သိန်းငှက်အသင်းကိုခေါ်ပြီး ကိစ္စတွေအားလုံးကို သွားစစ်ကြည့်လိုက်။ အဲ့ဒီနေရာက လှုပ်လှုပ်ရှားရှား လက္ခဏာမျိုး ပြလာရင် ငါချက်ချင်း သိချင်တယ်။ အထူးသဖြင့် အဲ့ဒီမှာ တိဗက်တွေ ပေါ်လာမလား ငါသိချင်တာ”

ဝမ်ချောင်ကပြောသည်။

“နားလည်ပါပြီ အရှင်အမတ် စိတ်အေးအေးထားပါ ဒီနိမ့်ကျတဲ့လူက အရှင့်ရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်မှာပါ”

ကျန်းချွယ်က သွားချင်နေသည်မှာ ယားယံမတက် ဖြစ်နေပြီဖြစ်သည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများကို မြင်နိုင်သည်။ သူက ဂါရဝပြုပြီးသည်နှင့် ချက်ချင်းလိုလို ထွက်ခွာသွားသည်။ ဝမ်ချောင်ကသူ့ကို ပို၍ အလေးထားသထက် ထားလာသည်။ လူကြီးလူကောင်းများက မိတ်ဆွေအရင်းအချာများအတွက် သေပေးလိုစိတ် ရှိကြသည်။ ထို့ကြောင့် ကျန်းချွယ်က ဝမ်ချောင်ကသူ့ကို တာဝန်တစ်ခုပေးသည့်အခါ အလွန်အမင်း တက်ကြွနေခြင်းဖြစ်သည်။

......

အချိန်ကတဖြည်းဖြည်း ကုန်လွန်သွားသည်။ သံမဏိမြို့ တစ်မြို့လုံးက ငြိမ်းချမ်းစွာ တိတ်ဆိတ်နေသည်။ ချီရှီနှင့် ယွီစန်းနယ်စပ်မှ ရှုပ်ထွေးမှုလေးများ မကြာခဏ ဖြစ်တတ်သော်လည်း ထိုအရာများက ယခင်ကလောက် လေးနက်ခြင်းမရှိချေ။

အနောက်မြောက်ပိုင်း နယ်မြေတခွင်တွင် လူတိုင်းက ယွီစန်း၊ ချီရှီ၊ ဝူရှန်းတို့ကိုသာ မျက်စိဒေါက်ထောက် ကြည့်နေကြသည်။ သို့သော် ထိုအချိန်တွင် တောင်ပေါ်ဒေသ၏ အရှေ့မြောက်ပိုင်း အကျဆုံးနေရာ ဝူရှန်းနှင့် အနီးဆုံးနေရာတွင် တောင်ပေါ်မှဆင်းလာသည့် ပုံရိပ်အချို့ကို မြင်လိုက်ရသည်။ သူတို့က လက်ရှိတွင် ထိုနေရာကို တိတ်တဆိတ် စစ်ဆေးနေကြသည်။

“အဖွဲ့ခေါင်းဆောင် ဒီနေရာက အရှင်အမတ်က ငါတို့ကို စောင့်ကြည့်ခိုင်းတဲ့နေရာလား”

သိန်းငှက်အသင်းအဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်က တောင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ပြောရလျှင် ထိုနေရာတွင် ကြည့်စရာဘာမျှ ရှိမနေခဲ့ချေ။ မတ်စောက်သော တောင်တန်းကလွဲပြီး အခြားမရှိချေ။ မည်သည့် တိဗက်မြင်းတပ်မျှ မမြင်ရချေ။

“အွန်း”

ကျန်းချွယ်က ခေါင်းညိမ့်သည်။

“ဒါပေမဲ့ ဒီအရာကဘာများ ထူးခြားနေလို့လဲ။ ကျွန်တော်တော့ ဘာတိဗက်မြင်းတပ်ကိုမျှ မမြင်ပါဘူး။ ဒီနေရာမှာ ဘာကြည့်စရာရှိလို့လဲ”

အခြားသော အဖွဲ့ဝင်တစ်ယောက်က ဝင်မေးသည်။

“ဟေး”

ထိုစကားကို ကြားသောအခါ ကျန်းချွယ်က ထိုလူကို စူးစိုက်ကြည့်သည်။

“ဒီလောကမှာ ဘယ်သူကမှ အရှင်အမတ်ကို ဒီလို သံသယမဝင်ရဲဘူး။ နောက်ဆုံး အဲဒီလို သံသယဝင်ခဲ့တဲ့လူက ဟော်ရှု့ဟွေ့ခမ်းနဲ့ သာ့လွန်ရော့ကျန်းတို့ပဲ။ ဒါပေမဲ့ သူတို့ ဘယ်လိုအဆုံးသတ်သွားလဲ မင်းမြင်လား။ သိပ်မကြာခင်ကမှ သာ့ယန်မာန်ပန့် ပေါ်လာခဲ့သေးတယ်။ ဒါပေမဲ့ အဆုံးမှာတော့ အရှင်အမတ်က သူ့ရဲ့ဝမ်းကွဲ သာ့ယန်ဖူရယ်ကိုသတ်ပြီး ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းကိုတောင် ဖျက်ဆီးပစ်ခဲ့သေးတယ်”

“အင်ပါယာရဲ့ အနောက်မြောက်ပိုင်း တခွင်လုံးမှာ အရှင်အမတ်ရဲ့ လေလည်သံကို ကြားရင်တောင်မှ အင်ပါယာရဲ့ ကာကွယ်ရေးဗိုလ်ချုပ်ကြီးတွေ မဟာဗိုလ်ချုပ်ကြီးတွေက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတဲ့အတွက် အလားတူ တိဗက် မဟာဗိုလ်ချုပ်တွေလည်း အဲ့ဒီလို တုန့်ပြန်ကြလိမ့်မယ်။ သူတို့က နေ့တစ်ဝက်လောက် ကြာတဲ့အထိ လေ့လာစမ်းသပ်ပြီး သူဘာလုပ်ချင်လဲဆိုတာကိုတောင် စုံစမ်းကြဦးမှာ။ ဘယ်သူကမှ အရှင်အမတ်နဲ့ မှီအောင်လိုက်မတွေးနိုင်ဘူး။ အနည်းဆုံး ငါတောင်မှ အရှင်အမတ်ရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းမထုတ်ရဲဘူး”

ကျန်းချွယ်၏ စကားလုံးများက အဖွဲ့ဝင်များကို ကြောက်ရွံ့သွားစေခဲ့သည်။ ထို့ကြောင့် အားလုံးက ပါးစပ်ပိတ်သွားခဲ့သည်။

မျက်စိလျင်သော တိဗက်အဖွဲ့ဝင်တစ်ယောက်က ကျန်းချွယ်၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး မျက်မှောင်ကျုံ့ကာပြောသည်။

“အဖွဲ့ခေါင်းဆောင် အဖွဲ့ခေါင်းဆောင်က အရှင်အမတ်နဲ့ အနီးဆုံးမဟုတ်လား။ အရှင်အမတ်နဲ့ ညီအစ်ကိုတွေလိုတောင် နေကြတာလေ။ ဒါဆိုရင် ကျွန်တော်တို့ ဒီနေရာကို ဘာကြောင့် ရောက်လာလဲဆိုတာကို မသိဘူးလား”

မဟာထန်၏ မြို့တော်တွင်ဖြစ်စေ အင်ပါယာ၏ အနောက်မြောက်ပိုင်း တခွင်တွင်ဖြစ်စေ အရှင်အမတ်၏ ဖော်ပြရန်ခက်ခဲသည့် မြင့်မားသော ဉာဏ်ရည်နှင့် အလွန်အမင်း အလှမ်းကျယ်ကျယ် မြင်နိုင်သည့် အစီအစဉ်များကို လူတိုင်းက သိထားကြပြီးသားဖြစ်သည်။

အစပိုင်းတွင် သူလုပ်သမျှက သာမာန်ဟု ထင်ရချိန်တွင် နောက်ပိုင်းဖြစ်လာမည့် ကိစ္စတိုင်းက ပန်းတိုင်ကို ရှင်းလင်းသွားစေခဲ့သည်။ အချို့သော ဆုံးဖြတ်ချက်များကဆိုလျှင် ယခင်ကတည်းက ကြိုတင်ကာ ချထားခဲ့ခြင်းဖြစ်ပြီး ဂရုတစိုက် တွေးထားခဲ့သော အရာအားလုံးဖြစ်နေခဲ့သည်။ ထိုကဲ့သို့သော လူမျိုးက သံမဏိမြို့ထဲတွင် ရှိနေသည့်အခါ လူအများကလည်း အရှင်အမတ်က နောက်ထပ် ဘာဆက်လုပ်မည်ဖြစ်ကြောင်း အမြဲတစေ တွေးတောခြင်းဖြင့် သူတို့၏ဉာဏ်ရည်ကို ဆုံးဖြတ်ကြသည်။

“ဒါက...”

ကျန်းချွယ်က ချက်ချင်းလိုလို တုန့်ဆိုင်းသွားသည်။

“အဖွဲ့ခေါင်းဆောင် ကျွန်တော်တို့ကိုပြောပါ”

“ဟုတ်တယ် ဟုတ်တယ် မြန်မြန်လေးပြောပြပါ”

ထိုအခြေအနေကို မြင်သောအခါ အခြားသော အဖွဲ့ဝင်တိုင်းကလည်း တိုက်တွန်းကြသည်။

“ဒါက ဘာပဲဖြစ်ဖြစ်ပါ ဒါက ငါထင်တာသပ်သပ်ပဲ။ မင်းတို့ ဘယ်သူ့ကိုမှ မပြောရင်ကောင်းမယ်”

ကျန်းချွယ်က အချိန်အတန်ကြာ တုန့်ဆိုင်းနေပြီးမှသာ အားလုံး၏ တောင်းဆိုမှုများကို မငြင်းဆန်နိုင်တော့ဘဲ ပြောပြသည်။

“အဲ့ဒီနေရာကို ဂရုစိုက်ကြည့်။ အဲ့ဒီနေရာက လမ်းကြောင်းသုံးခုဆုံနေတဲ့ နေရာကြီးဖြစ်နေတာ မဟုတ်လား။ အရှင်အမတ်က တိုက်ပွဲတစ်ခုကို တိုက်ခိုက်တဲ့အခါ ဘယ်တော့မှ အကြောင်းမဲ့ ဆုံးဖြတ်ချက်ချတာမျိုး မရှိဖူးဘူး။ သူက လူအချို့ကို ဒီလိုနေရာကို စောင့်ကြည့်ဖို့ လွှတ်ထားတယ်ဆိုကတည်းက ဒီနေရာက ခုခံဖို့ လွယ်နေလို့ဖြစ်နိုင်တယ်။ တိဗက်တွေက ငါတို့ကို ဒီနေရာကနေ တိုက်ခိုက်လာတာမျိုးလည်း ဖြစ်နိုင်တယ်။ သူတို့က မနိုင်ရင် ဒီတိုင်း နောက်ဆုတ်သွားရုံပဲ။ ဒါပေမဲ့ ငါတို့ကတော့ သူတို့နောက်ကိုလိုက်ပြီး တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်။ မင်းတို့အားလုံး တောင်က မတ်စောက်တဲ့အကြောင်း သိထားကြမှာပါ”

ကျန်းချွယ်က အပိုစကားပြောနေခြင်း မဟုတ်ချေ။ သူက သိန်းငှက်အိုကြီး၏ အနားတွင် နှစ်ပေါင်းများစွာကြာအောင် နေခဲ့ပြီး ဝမ်ချောင်၏ ပုံပြင်များစွာ ကြားဖူးသည်။ ထို့ကြောင့် တိုက်ပွဲနယ်မြေအကြောင်း ကိစ္စ အများအပြားကို နားလည်နေသည်။ ဝမ်ချောင်နှင့်အတူ ပူးပေါင်းပြီးနောက် ဝမ်ချောင်နှင့်အတူ ရှိနေခဲ့ချိန်က များလာသည့်အတွက် စစ်ရေးကိစ္စများကို ယခင်ထက်ပိုပြီး နားလည်လာခဲ့သည်။

ဝမ်ချောင်က ကျန်းချွယ်၏ စကားများကိုသာ ကြားသွားလျှင် ကြောင်တောင်တောင် ဖြစ်သွားလောက်သည်။ အကြောင်းမူကား ဒါက သူတွေးနေသော အတွေး ဖြစ်နေသောကြောင့်ဖြစ်သည်။

“ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ အသုံးမဝင်ပါဘူး။ အရှင်အမတ် ဒီနေရာကို သိမ်းယူချင်ရင်တောင်မှ သူထိန်းထားနိုင်မှာမဟုတ်ဘူး။ ဒါမှမဟုတ် အရှင်အမတ်က ဒီနေရာမှာ ခံတပ်တစ်ခုများ တည်ဆောက်ချင်နေတာလား”

အဖွဲ့သားတစ်ယောက်ကပြောသည်။

“တိတိကျကျ ပြောရရင် ဒီနေရာကို သိမ်းယူတာကလည်း အသုံးမဝင်ဘူး။ ဒါ့အပြင် ဒီနေရာက မြေပြန့်လေ။ ဒီတော့ တိဗက်တွေရဲ့ စစ်မြင်းတွေက ချီတက်ဖို့လွယ်တယ်။ ငါတို့ရဲ့ နောက်တန်းကတော့ ချောက်ကမ်းပါးကြီးဖြစ်နေတယ်။ ဒီတော့ သေချာပေါက် သေရမှာပဲ မဟုတ်ဘူးလား”

အခြားသော အဖွဲ့ဝင်တစ်ယောက်ကမေးသည်။

“ဒါတော့... ငါလည်း မသိပါဘူး။ အရှင်အမတ်ကတော့ သေချာပေါက် အကြောင်းအရာကို သိထားမှာပဲ။ ငါတို့က အရှင်အမတ်ရဲ့ လုပ်ဆောင်မှုတွေအားလုံးကို ဘယ်လို ခန့်မှန်းနိုင်မှာလဲ”

ကျန်းချွယ်ကပြောသည်။

“ဒီလိုဆိုရင် ကျွန်တော်တို့ ဒီနေရာကို မြန်မြန် သေချာစောင့်ကြည့်ပြီး အရှင်အမတ်ကိုပြန်ပြီး သတင်းပို့တာက ပိုကောင်းမယ်။ အရှင်အမတ်ရဲ့ အကြံတွေကိုသာ နှောင့်နှေးစေမိရင် ကျွန်တော်တို့တွေ တာဝန်ယူနိုင်မှာ မဟုတ်ဘူး”

အဖွဲ့သားတိုင်းကလည်း ခန္ဓာကိုယ်ကို အသင့်ပြင်လိုက်ကြသည်။ သူတို့က မည်သည့်အတွေးမှ မတွေးတော့ဘဲ သေချာသာ အာရုံစိုက်ထားကြသည်။

ခီး

တခဏခန့်ကြာပြီးနောက် အမျိုးမျိုးသော ငှက်များက သူတို့၏ပုခုံးပေါ်မှတဆင့် လေထဲသို့ မြောက်တက်သွားကြသည်။

......

ဘုန်း

နီရဲနေသော သံမဏိပြားကို တူတစ်လက်ပြီးတစ်လက်က ဆက်တိုက် ထုနေသည်။ ထိုသို့ဖြင့် မီးရောင်များက လက်လာသည်။ မီးဖွားများလည်းထသည်။ မီးခိုးများကလည်း အနားတွင် လှိုင်နေသည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် အပေါ်ပိုင်းဗလာနှင့် တောင့်တင်းသန်မာသော ပန်းပဲဆရာများက ချွေးတလုံးလုံးနှင့်အတူ တူများကို ဆက်တိုက် ထုရိုက်နေကြောင်း မြင်ရမည်ဖြစ်သည်။

“မြန်မြန်လုပ်ကြ”

“အားလုံးပဲ သေချာလုပ်ကြစမ်းပါ။ မြို့ကလူတွေ အားလုံးက ငါတို့ကို သုံးကြိမ်တောင် အလျင်လိုကြောင်း ပြောနေခဲ့တာ”

“ဒီတစ်ကြိမ်က ဝလက်ကြီးလေ။ သူက ကောင်းကင်သားတော်ရဲ့ တပည့်ပဲ။ ငါတို့ကသာ ဒီကိစ္စကို ဝင်ရှုပ်လိုက်မိရင် မြို့တော်က သခင်မရွှီက ငါတို့ကို ညှာတာပေးမှာမဟုတ်ဘူး။ သူမငါတို့ကို လာရှာတော့မှာ မဟုတ်ဘူး”

မဟာထန်၏ ကျင်းနန်အနောက်ပိုင်းဒေသ ဟုန်စီရင်စုတွင် ကြီးကြပ်သူတစ်ယောက်က လက်ထဲတွင် ကြာပွတ်ကိုကိုင်ပြီး မီးပြင်းဖိုများအနှံ့ ဖြတ်သန်းသွားလာနေကာ အောက်ရှိ လက်အောက်ငယ်သားများကို ညွှန်ကြားနေသည်။

ဖလပ် ဖလပ်

ထိုအခိုက် သတင်းပို့ငှက်တစ်ကောင်က ဆင်းလာပြီး ကြီးကြပ်သူ၏အာရုံကို ဆွဲဆောင်သွားသည်။ သူက ငှက်ထံမှ ဝါးလိပ်ထဲမှစာကို ယူလိုက်ပြီးနောက် ချက်ချင်း မျက်နှာက ဖြူဖျော့သွားသည်။

“အားလုံးပဲ မြန်မြန် သခင်မရွှီက အခု လေးကြိမ်မြောက်စာကို ပို့လိုက်ပြီ။ ဒီတော့ ငါတို့အားလုံး မြန်မြန်လုပ်ရတော့မယ်။ ငါတို့ကသာဒီနေ့ သံမဏိဘုတ်ပြား အခုနှစ်ဆယ်ကို ပြီးအောင်မလုပ်နိုင်ရင် မင်းတို့ အိပ်ဖို့တောင် မစဉ်းစားကြနဲ့”

ကြီးကြပ်သူက ကြာပွတ်ကို ရှေ့သို့ ယမ်းချလိုက်သည်။ အကြိမ်အနည်းငယ်လောက် ထိုဓားဆိုင်ကို ပတ်ပြီးနောက် သူက ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ သူက ဓားဆိုင်ထဲမှ ထွက်လိုက်သည်နှင့် အဓိကဂိတ်ထံသို့သွားသည်။ ထိုနေရာတွင် မတ်တပ်ရပ်နေသည့် ကျောက်တုံးခြင်္သေ့ နှစ်ကောင်ရှိပြီး ခြင်္သေ့နှစ်ကောင်၏အရှေ့တွင် ရထားလုံးအတန်းလိုက် စီထားသည်။ သူတို့က တစ်စုံတစ်ရာကို စောင့်နေကြသည်။ ကြီးကြပ်သူက ပထမဦးဆုံး ရထားလုံးတွင် ထိုင်နေသည့် အသင်းခေါင်းဆောင်၏ အနားသို့ အပြေးသွားပြီးမေးသည်။

“မော်ကျူးတွေအားလုံး တင်ပြီးပြီလား”

“အားလုံးတင်ပြီးပါပြီ။ ကျွန်တော်တို့ အချိန်မရွေး ထွက်ခွာလို့ရနေပြီ”

သတ်လတ်ပိုင်းလူနှင့် အသင်းခေါင်းဆောင်က ခပ်တင်းတင်းပြောသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်ကဆိုလျှင် ထိုမော်ကျူးက ဘာဖြစ်ကြောင်း သူတို့ သိကြလိမ့်မည် မဟုတ်ချေ။ ယခုမူ ကျင်းနန်အနောက်ပိုင်း နယ်မြေမှ လူတိုင်းက ထိုမော်ကျူးကို ထပ်ခါတလဲလဲ လုပ်နေရသည့်အတွက် ကျင့်သားရနေလေပြီ။

ဓားဆိုင်၊ ဓားပန်းပဲအိမ်၊ ဓားလုပ်သောကလန် စသဖြင့် နေရာတိုင်းက ထိုစကားလုံးကို မသိဘဲ မနေတော့ချေ။

“မင်းထွက်ခွာတော့ ငါတို့ အရှင်အမတ်ဆီ အရောက်ပို့တဲ့ကိစ္စကို နှောင့်နှေးစေလို့မဖြစ်ဘူး။ တစ်ခုခုသာဖြစ်လာရင် အကျိုးဆက်ကို တာဝန်ယူနိုင်မှာမဟုတ်ဘူး”

ကြီးကြပ်သူက ခပ်တင်းတင်းပြောသည်။

“ငါတို့အနေနဲ့ ဒီလိုဝလက်ကြီးကို ရဖို့ခက်တယ်။ ကလန်က ဒီကိစ္စကို အရမ်းအလေးထားထားတာ။ ငါတို့ အမှားအယွင်း ရှိစေလို့မရဘူး”

“အိမ်တော်ထိန်း စိတ်အေးအေးနေပါ။ ကလန်ကလည်း လူပေါင်းခြောက်ဆယ်တောင် လွှတ်ပြီး ပို့ခိုင်းထားပါတယ်။ ဒီတော့ ပြဿနာမရှိနိုင်ပါဘူး”

မျက်နှာထားတင်းတင်းနှင့် အသင်းခေါင်းဆောင်က အမိန့်အတိုင်း စတင်ထွက်ခွာသွားသည်။

“ဟိုက်ရား”

ပြတ်သားစွာ အော်သံနှင့်အတူ ကြာပွတ်က လေထုကို ထိုးခွဲသွားသည်။ ထိုသို့ဖြင့် ကုန်သည်လည်း ထွက်ခွာသည်။

ဟီး ဟီး ဟီး

စစ်မြင်းအော်သံများက ကောင်းကင်ကို ထိုးခွဲသွားသည်။ ကျန်းကလန်မှ ထိုကုန်သည်လှည်းတန်းက ထွက်ခွာချိန်တွင် အခြားသော လူတိုင်းက ခပ်မြန်မြန် လိုက်ပါသွားသည်။ ကောင်းကင်မှသာ ကြည့်မည်ဆိုလျှင် ဟုန်စီရင်စုမှ ထွက်ခွာသွားသည့် မြောက်များလှစွာသော ကုန်သည်လှည်းတန်းကိုမြင်နိုင်သည်။ အားလုံးက ဝမ်ချောင်ထံ ဦးတည်နေကြသည်။

ကျင်းနန်အနောက်ပိုင်း နယ်မြေကိုသာ ကျော်ကြည့်လိုက်မည်ဆိုလျှင် မဟာထန်၏ စီရင်စုတိုင်း နယ်မြေတိုင်း မရေမတွက်နိုင်သော ကုန်သည်လှည်းတန်းများက ထွက်ခွာနေကြသည်မှာ အရှိန်အဟုန် အပြည့်ဖြင့် တက်လာသော ရေလှိုင်းလုံးကြီးများအလား ထင်ရမည်ဖြစ်သည်။ ထိုလှိုင်းလုံးများက ဝေးကွာလွန်းလှသော ဝူရှန်းတစ်နေရာသို့သွားရန် ပိုးသားလမ်းထံ ဦးတည်နေကြသည်။

ကြီးမားသော်လည်း တဖြည်းဖြည်းချင်း ရွေ့နေသည့် စက်ကြီးတစ်လက်လိုမျိုး ဝမ်ချောင်၏ အကြံအစည် တစ်ခုချင်းစီတိုင်းကို မရေမတွက်နိုင်သော ကလန်ကြီးများ စီရင်စုတိုင်းမှ မဟာကလန်ကြီးတိုင်းက သွေးချွေးများသုံးကာ သူ့ကို ပို့ဆောင်ပြီး ထောက်ပံ့ပေးနေသည်။

......

ယန်ဟုန်ချန်းက မျှော်လင့်ထားသည်ထက်ပို၍ လျှင်မြန်စွာ လုပ်ဆောင်ပေးနေသည်။ ဝမ်ချောင်က အမိန့်ပေးပြီး ရက်အနည်းငယ်ကြာပြီး မိုးသောက်ချိန်တွင် လူတိုင်းက အိပ်ပျော်နေသော ကာလမျိုးတွင် တင်းတင်းကြပ်ကြပ် ပိတ်စည်းထားသည့် သစ်သားသေတ္တာကြီး နှစ်ခုက အစောင့်တစ်အုပ်နှင့်အတူ ရောက်လာသည်။

သံမဏိမြို့အတွင်းရှိ လွင့်ပျံတော့မတက် သေသပ်စွာ ဆောက်လုပ်ထားသော အမိုးခုံးများရှိနေသော အဆောက်အအုံ တစ်ခုထဲတွင် အိမ်တော်ထိန်းအိုကြီးက ဂါရဝပြုပြီး ရိုးသားစွာပြောသည်။

“အရှင်အမတ် ကျွန်တော်တို့ အရှင့်ကို စိတ်မပျက်စေခဲ့ပါဘူး။ အရှင်အမတ်က ညွှန်ကြားတဲ့အတိုင်း ကျွန်တော်တို့ နှင်းဆီမြစ်များကို သေတ္တာအနည်းငယ်နဲ့ထည့်ပြီး သယ်ဆောင်လာခဲ့ပါတယ်။ ခေါင်းဆောင်ကလည်း အရှင်အမတ်က လုပ်ဆောင်တဲ့ လုပ်ဆောင်မှုတိုင်းရဲ့နောက်မှာ အဓိပ္ပာယ်အပြည့် ရှိနေတာဖြစ်လို့ ဂရုစိုက်ဖို့ပြောထားတာကြောင့် ကျွန်တော်တို့အားလုံးက တင်းတင်းကြပ်ကြပ် စောင့်ကြပ် ကာကွယ်ခဲ့ပါတယ်။ ဒါပေမဲ့ အရှင်အမတ် သေချာပေါက် စစ်ဆေးပေးပါဦး။ အရှင်အမတ်က အတည်ပြုတာနဲ့ ကျွန်တော်တို့က နောက်ထပ် ပမာဏ အမြောက်အများဝယ်ပြီး တင်ပို့ပေးမှာပါ”

“အွန်း”

ဝမ်ချောင်က အိမ်နေရင်း ပေါ့ပေါ့ပါးပါး ဝတ်စုံမျိုးကို ဝတ်ဆင်ထားသည်။ သူက နဂိုအတိုင်း ဆက်ထိုင်နေသည်။ မည်သည့်စကားမျှမဆိုဘဲ လက်ကိုယမ်းလိုက်သည်။ အနားတွင်ရှိသည့် သံမဏိမြို့မှ ကြွက်သားအပြည့်ဖြင့် တောင့်တင်းသန်မာသော စစ်သည်တော်တစ်ယောက်က သေတ္တာကြီးများထံသို့ လျှောက်သွားပြီး သူ၏ဓားကို ချိတ်ပိတ်ထားသည့်အရာကို ခုတ်ဖျက်လိုက်ပြီး အဖုံးကိုဖွင့်သည်။ ကျယ်လောင်သော အသံကြီးနှင့် သေတ္တာက ပွင့်သွားသည့်အခါ မထဲတွင်ရှိသည့် သေးငယ်ကာ မရေမတွက်နိုင်အောင် များပြားသည့် ပန်းပွင့်များကိုမြင်လိုက်ရသည်။

အခန်း(၇၆၀)

အန်းရှိကိုပို့လိုက်တဲ့စာ

ဝမ်ချောင်က မျက်လုံးကို မှေးကျဉ်းလိုက်သည်။ သူက ရုတ်တရက် သူ၏ လက်တင်ကုလားထိုင်ပေါ်မှ ခုန်ထလိုက်ပြီး ထိုသေတ္တာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့်သွားကာ လက်တစ်ဆုပ်စာအပြည့် ယူလိုက်သည်။ အရောင်နှင့်ပုံစံက သူမှတ်မိသည့်အတိုင်းဖြစ်သည်။ သူ၏ယခင်ဘဝကလည်း သူက တပ်ဖွဲ့များကို ဦးဆောင်ကာ တောင်ပေါ်ဒေသသို့ တိုက်ခိုက်ခဲ့ဖူးသည်။ ပို၍ဆိုးသည်မှာ သူ၏ယခင်ဘဝတွင် သူက ထိုပန်းများကို အရေးမထားခဲ့ချေ။ ထို့ကြောင့် သူ၏မှတ်ဉာဏ်က အနည်းငယ် ဝေဝါးနေခြင်းဖြစ်သည်။

သူက နှာခေါင်းရှုံ့ကာ ရှုရှိုက်ကြည့်လိုက်သည်။

ဟုတ်တယ် ဒါပဲ ဒီအနံ့ပဲ။ ဖျော့တော့သော်လည်း တောင်ပေါ်ဒေသမှ မြေဆီလွှာ၏ လတ်ဆတ်သော ရနံ့ကို သယ်ဆောင်ထားသည်။ ဒါက သူမှတ်မိသည့်အတိုင်းဖြစ်သည်။

ဝမ်ချောင်က ရုတ်တရက် သူ၏အစောင့်များကို ဆင့်ခေါ်လိုက်သည်။

“လာကြ ဒီသေတ္တာတွေကို ယူသွားပြီး အထဲကပန်းတွေအားလုံးကို အိုးကြီးတွေနဲ့ ရေအပြည့်ထည့်ပြီး ပြုတ်လိုက် ဒါ့အပြင် ရလာတဲ့ပြုတ်ရည်ကို စစ်တပ်က အစာစားတဲ့အချိန်တိုင်း သူတို့အတွက် တစ်ယောက် နည်းနည်းစီထည့်ပြီး ပြင်ဆင်ပေးလိုက်ပါ”

“ဟုတ်ကဲ့ အရှင့်ရဲ့လက်အောက်ငယ်သားက ချက်ချင်းလုပ်လိုက်ပါ့မယ်”

အစောင့်များက ချက်ချင်းလိုလို သေတ္တာများကို သယ်သွားပြီး ထွက်ခွာသွားသည်။

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်ပြီး အိမ်တော်ထိန်းအိုကြီးကိုကြည့်သည်။

“ခင်ဗျားရဲ့ခေါင်းဆောင်ကို ပြောလိုက်ပါ။ ငါက အရမ်းကို ကျေနပ်တယ်။ ဒါကြောင့် အလုံးအရင်းနဲ့ ဝယ်ယူလို့ရပြီ”

“ဟုတ်ကဲ့”

အိမ်တော်ထိန်းက ပျော်သွားသည်။ သူတို့က ပစ္စည်းမှန်ကို ရှာခဲ့သည်မှာ သံသယဝင်စရာမရှိတော့ချေ။ တစ်စုံတစ်ယောက်က ဝမ်ချောင်ကပြောလိုက်သည့်အတိုင်း မှန်ကန်သည့် နှင်းဆီမြစ်ကို ရှာဖွေကာ ဝယ်ယူပေးနိုင်ခဲ့သည်။ ဒါက တောင်ပေါ်ဒေသတွင် အလေ့ကျပေါက်သည့် တောရိုင်းအပင်တစ်မျိုးသာဖြစ်ပြီး သူတို့၏ခေါင်းဆောင်ကလည်း သူက အနည်းငယ်ဝယ်ကြောင်း သတင်းဖြန့်လိုက်သည်နှင့် သိုးကျောင်းသား အမြောက်အများက ခူးလာပေးကြပြီး လာပို့ပေးကြခြင်းဖြစ်သည်။

ပို၍ဆိုးသည်မှာ နှင်းဆီမြစ်များကို မြင်းစာထဲ ထည့်ကျွေးလေ့ရှိပြီး အူသိမ် အူမများ၏ လှုပ်ရှားမှုကိုလည်း ကောင်းမွန်အောင် ကူညီပေးနိုင်သည့်အတွက် ဈေးက မယုံနိုင်စရာကောင်းလောက်အောင် နိမ့်သည်။ ငွေထည်အနည်းငယ်လောက်နှင့် အများကြီးဝယ်ယူ၍ရသည်။ ထို့ကြောင့် ထိုပမာဏလောက်နှင့် အရှင်အမတ်၏ သဘောကျ နှစ်ခြိုက်မှုကိုသာ ခံယူရရှိမည်ဆိုလျှင် ပျော်စရာကောင်းသည့် ကိစ္စကြီး ဖြစ်လာပေလိမ့်မည်။

“ဒါ့အပြင် တာ့လာတွေဘက်က လှုပ်ရှားမှုမရှိဘူးလား”

ဝမ်ချောင်ကမေးသည်။

“အရှင်အမတ်ကို ပြန်ဖြေပါတယ်။ အချိန်တစ်ခု ကြာတဲ့အထိတော့ သူတို့ဘက်က ဘာလှုပ်ရှားမှုမှ မရှိသေးပါဘူး။ အာရပ်တွေက ပုံမှန်အတိုင်းပဲ နေနေကြတာပါ။ အရှင်အမတ် စိတ်အေးအေးထားပါ။ ခေါင်းဆောင်ကလည်း အရှင်အမတ်ကိုယ်တိုင်က အမ်ိန့်ပေးထားတယ်ဆိုကတည်းက ကျွန်တော်တို့ရဲ့ ယန်ကလန်က ဒီတာဝန်ကို အဆုံးသတ်ထိ သေတဲ့အထိ လုပ်ဆောင်ပေးသွားမှာပါ။ အာရပ်ဘက်က လှုပ်ရှားမှု ရှိလာတာနဲ့ ယင်တစ်ကောင်ဖြတ်ပြေးတာဆိုရင်တောင် အရှင်အမတ်ကို ချက်ချင်း သတင်းပို့မှာပါ”

အိမ်တော်ထိန်းအို၏ မျက်နှာက တင်းမာနေသည်။ သူက ချက်ချင်းလိုလို ဂါရဝပြုကာဖြေသည်။

“အွန်း”

“သူတို့ကိုလည်း အချိန်ပြည့် ရောက်လာနိုင်တဲ့ ငါ့ရဲ့အမိန့်ကို အသင့်ပြင်စောင့်နေဖို့ ပြောထားလိုက်ပါ”

ဝမ်ချောင်က တည်ကြည်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။ ယွီစန်းနှင့် တူရကီတို့မှကိစ္စက အရေးကြီးသည်။ သို့သော် တာ့လာနှင့် အာဘတ်စစ်ကယ်လီဖိတ်က ပို၍အရေးကြီးသည်။ ထိုအင်အားစု နှစ်ခုက ဝမ်ချောင် အာရုံအစိုက်ဆုံး အင်အားစုများဖြစ်နေသည်။ အိမ်တော်ထိန်းက ချက်ချင်းလိုလို ထွက်သွားသည်။ အိမ်တော်ထိန်းကမူ တိတ်ဆိတ်မှုအတွင်း ကျရောက်သွားသည်။ ယခုအချိန်အထိ အာရပ်များက မည်သည့် လှုပ်ရှားမှုကိုမျှ မလုပ်လာသေးချေ။ ယခုအနေအထားအရ ဒေါသကြီးတတ်သော တာလာ့တွေ ပိုင်ဆိုင်ထားသည့် အာရပ်များနှင့် မတူညီနေခဲ့ချေ။

အေးစိမ့်သော ပထမဦးဆုံး တိုက်ခတ်တတ်သည့် လေပြင်းက မဝင်ရောက်မလာခင် ပုဇင်းရင်ကွဲကောင်များက ဆောင်းတွင်းရောက်နိုင်ကြောင်း ကြိုတင်အာရုံခံမိနိုင်သည်။ ထို့ကြောင့် အာရပ်များက လက္ခဏာ မပြလာလျှင်ပင် ထူးဆန်းသော လှုပ်ရှားမှုများ မလုပ်လာနိုင်ကြောင်း ပြော၍မရသေးချေ။ အခြားစကားဖြင့် ပြောရလျှင် သူ့တွင်အချိန်ရှိသေးသည်။

ဒါက ငါအခုအချိန် ရနိုင်တဲ့ အကောင်းဆုံးသတင်းလို့ သတ်မှတ်လို့ရတယ်။ ငါပေါ်လာတဲ့အတွက်ကြောင့် တာ့လာတွေရဲ့ ကိစ္စတွေက မမျှော်လင့်ထားတဲ့ အလှည့်အပြောင်း မဖြစ်သွားဖို့ပဲ မျှော်လင့်တယ်။

ဝမ်ချောင်က တိတ်တဆိတ် ပြောသည်။ သူက ပြန်လည်မွေးဖွားလာသောကြောင့် ကိစ္စ အမြောက်အများ ပြောင်းသွားသည်။ ဝမ်ကလန်၏ ကံကြမ္မာ ဘုရင်စုန့်၏ကံကြမ္မာ အနောက်တောင်ပိုင်း၏ ကံကြမ္မာ... ဝမ်ချောင်၏ အကြီးမားဆုံး စိုးရိမ်မှုက လိပ်ပြာတစ်ကောင်၏ သက်ရောက်မှုက အားလုံးကို ပြောင်းလဲစေနိုင်သော အခြေအနေကိုဖြစ်သည်။ ထိုသို့ဆိုလျှင် သူက မှန်းဆနိုင်တော့မည်မဟုတ်ချေ။ သို့သော် သူမြင်နိုင်သမျှအတိုင်းဆိုလျှင် တာ့လာများ၏ တိုက်ပွဲက ကြီးမားသော ပြောင်းလဲမှုမျိုး မဖြစ်သွားစေလောက်သေးချေ။

အပြင်အင်အားစုများကို ရင်ဆိုင်သည့်အခါ သူက အရင်ဆုံး အတွင်းအင်အားစုကို ကိုင်တွယ်ရမည်ဖြစ်သည်။ ကြည့်ရသည်မှာ သူက ချီရှီ၏ကိစ္စကို ကိုင်တွယ်ပြီး တိဗက်များနှင့် တူရကီများကို ဂရုစိုက်သင့်လေပြီ။

ဒီလိုအရာတွေ အားလုံးအတွက် မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာပြီး မပျက်စီးသွားဖို့ ကြိုတင်ပြင်ဆင်ထားတာကောင်းမယ်။ အာဘတ်ဆစ်ကယ်လီဖိတ်က လှုပ်ရှားတဲ့လက္ခဏာ မပြသေးဘူး ဆိုပေမဲ့လည်း ငါကြိုတင်ပြင်ဆင်ထားရဦးမယ်။

သူက အနည်းငယ် တွေးတောပြီးနောက် ဝမ်ချောင်က ကုလားထိုင်သို့ ပြန်သွားထိုင်လိုက်သည်။ ထို့နောက် စုတ်တံနှင့် စာရွက်ကိုယူလိုက်ပြီး စာစရေးသည်။ ထိုစာက သူဘယ်သောအခါကမျှ မဆုံဖူးသေးသည့် လူတစ်ယောက်ထံ ပို့ခြင်းဖြစ်ပြီး ထိုစာက အသုံးဝင်ခြင်း ရှိမရှိလည်း မသေချာချေ။ အနည်းဆုံး အသုံးဝင်ရန် မျှော်လင့်မိသည်။

သို့သော် ဝမ်ချောင်က ပို့ရမည်ဖြစ်သည်။ အနည်းဆုံး ဒါက အလွန်အရေးကြီးနေသည်။ သူကသာ အောင်မြင်သွားခဲ့လျှင် အင်ပါယာ၏ အရှေ့ပိုင်း အနောက်ပိုင်းမှ သမိုင်းတွင်သော တိုက်ပွဲကြီးကို ရှောင်ရှားနိုင်လောက်သည်။ ဖြစ်နိုင်သည်မှာ မည်သည့်တာ့လာ၏ တိုက်ပွဲမှ မရှိလာနိုင်ခဲ့သလို သူက အနည်းငယ်သာ အချိန်ပိုပြီး ဆွဲနိုင်မည်ဆိုလျှင် သူကိုယ်တိုင်အတွက် အချိန်ပိုပြီး ပြင်ဆင်ရန် အချိန်ပိုရနိုင်သည်။

‘ဝူရှန်းက မဟာထန်ရဲ့ လူငယ်အမတ် ဝမ်ချောင်က မီယွန်စီရင်စုရဲ့မြို့စား တော်ဝင်အစောင့် ညာလက်ရုံး မဟာဗိုလ်ချုပ်ကြီးကို ဂါရဝပြုပါတယ်’

သူက ပထမဦးဆုံးစာကို ရေးလိုက်ချိန်တွင် အပြင်ဘက်တွင် ဝုန်းကနဲ မိုးခြိမ်းသံကြီးနှင့်အတူ အနက်ရောင် တိမ်စိုင်များက လိပ်တက်စုစည်းလာသည်။ တချိန်ထဲတွင် မကြားရသည်မှာ ကြာပြီဖြစ်သည့် ကံကြမ္မာကျောက်တုံး၏ အသံက စိတ်ထဲတွင် ထွက်လာသည်။ ယခင်နှင့်မတူသည်မှာ ကံကြမ္မာကျောက်တုံး၏ အသံက အလွန်အမင်း နူးညံ့နေပြီး အနည်းငယ်ပင် ခပ်စူးစူး နိုင်နေသေးသည်။

“သတိပေးချက်.. အသုံးပြုသူက စည်းမျဉ်းတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်။ အခုကစတင်ပြီး အသုံးပြုသူဆီကနေ တစ်စက္ကန့်ချင်းစီတိုင်း ကံကြမ္မာစွမ်းအင် ဆယ်မှတ်ကို နှုတ်ယူသွားမှာပါ။ အရေးကြီးတဲ့ အချိန်မျိုးမှာဆိုရင် အသုံးပြုသူစီက ထပ်တိုးကံကြမ္မာ စွမ်းအင်အမှတ်တွေ နှုတ်ယူဦးမှာပါ”

မျှော်လင့်ထားတဲ့အတိုင်းပဲ။

ထိုအသံပေါ်လာသည်နှင့် ဝမ်ချောင်က အပြောင်းအလဲကို ချက်ချင်းသိလိုက်သည်။ အတိတ်တွင် ကံကြမ္မာကျောက်တုံးက သတိပေးသည်ဆိုသော စကားလုံးမျိုးကို သုံးတတ်သော်လည်း ဒီတစ်ကြိမ်တွင်မူ ကံကြမ္မာစွမ်းအင်ကိုသာ နှုတ်ထားသည်။ တစ်စက္ကန့်လျှင် ဆယ်မှတ်ဖြစ်သော်လည်း ထင်သလောက် မပြင်းထန်ချေ။

ကံကြမ္မာကျောက်တုံးက ခြိမ်းခြောက်မှုဆိုသော စကားလုံးကို မသုံးလာဘဲ သတိပေးချက်ဆိုသော စကားလုံးကိုသာ သုံးလာကတည်းက အန္တရာယ်မရှိနိုင်ချေ။

ငါတွက်ချက် မျှော်လင့်ထားတဲ့အတိုင်းပဲ။

ဝမ်ချောင်ကပြောသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်ချောင်က ထိုစည်းမျဉ်းများကို ကျော်လွန်ကာ လုပ်ဆောင်နိုင်သည့် အခြေအနေများကိုပင် စဉ်းစားလာမိသလို ကံကြမ္မာကျောက်တုံးက စောင့်ကြပ်နေသည့် မူဝါဒများကိုလည်း နားလည်လာသည်။ ဥပမာအနေဖြင့် ကံကြမ္မာကျောက်တုံးက ကိစ္စများကို စမ်းသပ်သည့်အခါ အဆင့်များ ခွဲထားသည်။ အဆင့်မြင့်လျှင် ဆုံးရှုံးသည့်အခါ အကျိုးဆက်က ကြီးနိုင်ပြီး မည်သည့်ဆုလဒ်မျိုးမှ မရနိုင်ဘဲ ကံကြမ္မာစွမ်းအင်များကိုသာ နှုတ်သွားသော အခြေအနေမျိုးရှိသည်။

အတိတ်တွင် ဝမ်ချောင်က ထိုကိစ္စကို အများကြီး စိုးရိမ်ခဲ့ရသည်။ ယခုမူ သူ့တွင်သာ ကံကြမ္မာစွမ်းအင် လုံလောက်နေခဲ့လျှင် ထိုကိစ္စကို ဘေးဖယ်ထား၍ရသည်။

ဒုတိယအဆင့် တာဝန်များကမူ ဆုလဒ်ရနိုင်သည်။ သို့သော် ရှုံးသွားခဲ့လျှင် ရလဒ်တစ်ခုကို ကြုံရဦးမည်ဖြစ်သည်။

တတိယအဆင့်ကမူ အောင်မြင်လျှင် ကံကြမ္မာစွမ်းအင် အမြောက်အများ လက်ခံရရှိမည့်အပြင် ရှုံးသည့်အခါ ကံကြမ္မာစွမ်းအင်ကို နှုတ်ခံရမည်ဖြစ်သည်။ ချီရှီ၏ ခြိမ်းခြောက်မှု တာဝန်ကဲ့သို့ဖြစ်သည်။

ဒီတစ်ကြိမ်တွင် ဝမ်ချောင်က ကံကြမ္မာကျောက်တုံးတွင် အခြားသော အဆင့်တစ်ခု ရှိနိုင်မည်ဖြစ်ကြောင်း သိလိုက်သည်။ သံသယဝင်ရန် မလိုဘဲ ယခုကြုံနေရသည့် အချိန်ဖြစ်သည်။ သူက မျှော်လင့်ထားတဲ့ အတိုင်းသာဆိုလျှင် ကိစ္စက လေးနက်သော်လည်း လက်ထဲတွင် ကိုင်တွယ်နေသည့် တာဝန်၏ အရေးပါမှုနှင့်ယှဉ်သော် ကံကြမ္မာစွမ်းအင် အမှတ်လောက်က ပေါ့ပါးသော အပြစ်ပေးမှုသာ ဖြစ်သေးသည်။

ထို့ပြင် ကံကြမ္မာကျောက်တုံးက သတိပေးချက်ဟု သုံးလာခဲ့ပြီး ခြိမ်းခြောက်မှုဟု မသုံးလာခဲ့ချေ။

တာဝန်လိုကိစ္စတွေက စနစ်က စီစဉ်ထားတဲ့ အရာတွေဖြစ်ပြီး စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်တယ်။ ဒီတော့မှ ကံကြမ္မာကျောက်တုံးက သမိုင်းတွင်တဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တွေအပေါ် အများကြီး သက်ရောက်သွားတဲ့ ကိစ္စမျိုးတွေကို ပြင်းပြင်းထန်ထန် တားမြစ်ထားတာ။ ဒါတွေကို လုပ်လို့ရတယ်။ လုပ်လို့ရတယ် ပြောင်းလို့ရတယ်။ ဒါပေမဲ့ အခြားသူတွေကို ဒီသတင်း ပေါက်ကြားစေလို့မရဘူး။ ဒါက စည်းမျဉ်းကိုဖောက်ဖျက်လို့ အပြစ်ကကြီးတယ်။ တကယ်လို့ ဒီတိုင်း ဆွေးနွေးရုံ၊ အနည်းငယ် တစ်စွန်းတစ်စ ဖော်ပြရုံ သေးငယ်တဲ့ ကိစ္စတွေလောက် ပေါက်ကြားစေရုံ ပြောင်းလဲပေးရုံလောက်သာဖြစ်ပြီး အရေးတကြီး ဆွေးနွေးပေးတာမျိုး မဟုတ်ဘူးဆိုရင် ဘောင်ကျော်တယ်ဆိုတဲ့ နည်းလမ်းလောက်နဲ့ အကျိုးဆက်ကြီးတွေကို ရှောင်နိုင်တယ်။

ဝမ်ချောင်က ထိုသို့ တွေးလိုက်ပြီးသည်နှင့် ခပ်မြန်မြန်စာရေးသည်။

အဆုံးတွင် ဝမ်ချောင်၏စာက ကံကြမ္မာစွမ်းအင်အမှတ် ခြောက်ရာ ကုန်သွားသည်။ သို့သော် ဝမ်ချောင်က ဂရုမစိုက်ချေ။ တန်ကြေးနှင့်ယှဉ်သော် ထိုနည်းလမ်းကသာ အသုံးဝင်လျှင် သူက ကံကြမ္မာကို ပြောင်းလဲရန် အခြားနည်းလမ်းကို ထပ်သုံးရန် ကြိုးစားထားသည်။

အရေးကြီးဆုံးအချက်သည် ထိုစာကသာ အသုံးဝင်ကြောင်း သက်သေပြနိုင်ခဲ့လျှင် ကုန်ဆုံးသွားသည့် ကံကြမ္မာစွမ်းအင် အမှတ်များက တန်လေသည်။

ဒီလူကို ဖြောင့်ဖြနိုင်ဖို့ပဲ မျှော်လင့်တယ်။

ဝမ်ချောင်က ပြတင်းပေါက်နားသို့ လျှောက်သွားသည်။ အနက်ရောင်တိမ်မည်းများက ကောင်းကင်ကို အုပ်နေသည်။ မိုးကရွာနေသေးသည်။ မြို့ရိုးပေါ်တွင် အလုပ်သမားများက အနားယူနေကြသည်။ အင်ပါယာ၏ အနောက်မြောက်ပိုင်း ချီရှီ၏ လူရှင်းလွန်းသော တစ်နေရာတွင် ထိုမျှအထိ မိုးသည်းနေသော ကိစ္စက ရှားပါးသည်။

ဟူး ဟူး ဟူး ဟူး

ပအင်ဂွင်းတစ်ကောင်က ဝမ်ချောင်၏အခေါ်ကိုထူးသည်။ ဝမ်ချောင်က စာကို သေးငယ်ပါးလျသည့် ဝါးလိပ်လေးထဲထည့်ပြီး ထိုပင်ဂွင်းကို လွှတ်ပေးလိုက်သည်။

ဖလပ် ဖလပ်

သတင်းသယ်သွားသည့် ပင်ဂွင်းက တစ်စုံတစ်ရာကို အာရုံခံမိသလိုမျိုး မျက်လုံးကို မှေးကျဉ်းကာ တစ်ချက် ဖွင့်ကြည့်ပြီးမှ တောင်ပံကိုခတ်ကာ မိုးကြိုးမုန်တိုင်းသို့ တိုးဝင်လျှက် ပျောက်ကွယ်သွားသည်။

.....

ဖလပ် ဖလပ်

သတင်းပို့ပင်ဂွင်းက မိုးသည်းထဲကို ကျော်လွန်ပြီး အနောက်မြောက်ပိုင်းသို့ ဦးတည်သည်။ သူက ချောမွေ့စွာဖြင့် ချီရှီကာကွယ်ရေးဌာနချုပ်ကို ကျော်ဖြတ်လိုက်သည်။ ထို့နောက် ဆက်လက်ပြီးသွားသည်။ ထို့ပြင် လူစည်းကားသော မြို့ရှိရာ အနောက်ပိုင်းမြို့ထံ ဦးတည်သွားသည်။ ထို့နောက် ပိုးသားလမ်းကို ကျော်ဖြတ်သွားလိုက်ပြီးနောက် ဝေးကွာလွန်းသော ခုံးတောင်တန်းများထံ ရောက်သွားသည်။ နောက်ဆုံးတွင် အင်ပါယာ၏ အနောက်ပိုင်း အကျဆုံး ဝေးကွာလှသည့် နယ်စပ်တစ်နေရာဖြစ်သည့် အန်းရှီ၏ မြို့စောင့်တပ် လေးခုထံရောက်သွားသည်။

ဝှစ်

သူကတောင်ပံကိုရုတ်လိုက်သည်။ သတင်းပို့ပင်ဂွင်းက ကောင်းကင်မှ မြှားပစ်ခံရသည့် အကောင်လေးလို ပြုတ်ကျသွားပြီး အောက်ဘက်ရှိ စံအိမ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ ထိုစံအိမ်ကို အစောင့်က တင်းတင်းကြပ်ကြပ် ကာကွယ်ထားသည်။ ထိုနယ်မြေဝန်းကျင်အတွင်း ဒူးလေးကြီးများကဲ့သို့ လက်နက်ကြီးများကိုပင် ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။ ထိုနေရာ၏ အင်အားစုက အစီအစဉ်တကျရှိပြီး အမြဲတစေ စည်းကမ်းအတိုင်း လိုက်နာကာ လစ်ဟင်းမှုမရှိစေရချေ။

ဂိတ်နားတွင် ကောင်းကင်သို့ မော့ကြည့်နေသည့် ခေါင်းမော့ထားသော အနက်ရောင် ချီလင်းငှက်နှစ်ကောင် ရှိနေသည်။ သူတို့၏ သွင်ပြင်က ခက်ထန်ကြမ်းတမ်းသည်။ စံအိမ်အရှင်၏ အာဏာသုံးပြီး ကောင်းကင်ကို စိန်ခေါ်နေသည့်အလား ထင်ရသည်။

အမှန်တိုင်းဆိုရသော် အင်ပါယာ၏ အနောက်နယ်စပ်တွင် မည်သူကမျှ၊ အနောက်ပိုင်းနယ်မြေရှိ မည်သူကမျှ ထိုစံအိမ်အရှင်လောက် မြင့်မားသော အာဏာမျိုးကို မပိုင်ဆိုင်ဟု မော်ကြွားနေသလို ဖြစ်နေသည်။ အနောက်ပိုင်းနယ်မြေတွင်ရှိ တိုင်းပြည်ကြီးပင်ဖြစ်စေ၊ တိုင်းပြည်ငယ်ပင်ဖြစ်စေ၊ အာဘက်ဆစ်ကယ်လီဖိတ်နှင့် ချရာဆပ်ဆင်းနုတို့မှ ကုန်သည်များပင်ဖြစ်စေ ထိုစံအိမ်အရှင်၏ စည်းမျဉ်းကို လက်ခံကြရသည်။

အန်းရှီကာကွယ်ရေးဗိုလ်ချုပ်

ဂိတ်အပေါ်တွင် ရွှမ်သတ္တုသားဖြင့် လုပ်ထားသည့် နာမည်ဘုတ်ပြားကြီးက ထင်ရှားစွာ ရှိနေပြီး ပိုင်ရှင်၏ အစစ်အမှန် လက္ခဏာကို ဖော်ပြနေသည်။

ထိုနေရာက အန်းရှီ၏ မြို့စောင့်တပ်လေးခုက အဓိက အချက်အချာနေရာဖြစ်ပြီး အနောက်ဘက်နယ်စပ်သို့ အင်ပါယာက ချထားပေးထားသည့် အထဲတွင် အာဏာအမြင့်ဆုံး ပိုင်ထားသော တစ်နေရာလည်းဖြစ်သည်။ ထို့ကြောင့် မဟာထန်၏ စီရင်စုတိုင်း၊ မြို့ကြီးတိုင်းမှ လက်ရွေးစင် စစ်သည်တော်တိုင်းကို ထိုနေရာတွင် ပို့ထားသည်။ အင်ပါယာမြို့တော်ကြီးကလည်း ပို့ထားရသလို ဗဟိုပြင်ကျယ် နေရာတိုင်းကလည်း ပို့လွှတ်ထားရသည်။

မိုးစက်များက ကောင်းကင်မှ ဆက်တိုက် ကျဆင်းနေပြီး အမိုးခုံးများပေါ်ရောက်သွားပြီး တောက်လျှောက် စီးကျသွားသည်။ မိုးလိုက်ကာကြောင့် ဝေဝါးနေသည့် အဝေးတစ်နေရာက မီးခိုးများ လွှမ်းထားသလို ဖြစ်နေသည်။

“စိတ်ဝင်စားစရာပဲ”

ကျယ်ပြောလွန်းသော အခန်းထဲတွင် ခန့်ညားချောမောပြီး ကျော့ရှင်းကြည့်ကောင်းသော သတ်လတ်ပိုင်းလူက ထိုင်နေသည်။ သူက အဆင်တန်ဆာများစွာ တပ်ဆင်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်ကာ အာဏာကြီးသည့် အရှိန်အဝါကို လွှတ်ထုတ်နေသည်။ သူက လက်ထဲမှစာကို ဖတ်နေခြင်းဖြစ်သည်။ သူ၏မျက်လုံးက မှေးကျဉ်းသွားသည်။ ဖီးနစ်မျက်လုံးတစ်စုံက အမျိုးသားများတွင် ရှားပါးသော မျက်လုံးတစ်စုံဖြစ်သည်။ သို့သော် အစစ်အမှန် လူတစ်ယောက် ပိုင်ဆိုင်ထားသည့်အခါ ထိုလူ၏ ရာပေါင်းများစွာသော ကျော်ဖြတ်ခဲ့ဖူးသည့် တိုက်ပွဲမှ သူ၏အရှိန်အဝါဖြင့် လွှမ်းမိုးခြင်းခံရသလို စူးရှတောက်ပနေသည်။

သူ၏ရုပ်ရည်က ဗဟိုပြင်ကျယ်မှ ဟန်အများစုနှင့် ဆင်တူသည်။ သို့သော် ဂရုစိုက် ကြည့်မည်ဆိုလျှင် ကွာခြားနေပြန်သည်။

ဗဟိုပြင်ကျယ်၏ အဓိက အချက်အချာနေရာမှ လူအနည်းစုလောက်က သူ့ကို မှတ်မိလောက်ပြီး အနောက်ပိုင်းနယ်မြေတွင် လူအနည်းစုလောက်ကသာ သူ့ကို မြင်ဖူးလောက်သော်လည်း အန်းရှိပင်ဖြစ်စေ၊ အာဘတ်ဆစ်ကယ်လီဖိတ်မှပင်ဖြစ်စေ လူတိုင်းက သူ့ကို မသိသည့်တိုင် သူ၏နာမည်ကိုမူ ကြားဖူးကြသည်။

ကောင်းရှန်းကျစ်

All Chapters