အခန်း (၁၂၁-၁၂၅)
Vol. 13 Ch. 121-125
အခန်း (၁၂၁) - အံ့ဖွယ်ရာ
ရုတ်တရက်ပင် အဘိုးကျောက် သည် လင်းရန်ယန် ပြောဆိုလိုက်သော စကားများ၏ ဆိုလိုရင်းကို နားလည်သွားတော့သည်။
“ဟုတ်ပါတယ်... အကြီးအကဲကြီးအနေနဲ့ ဆေးလုံးတွေ လိုချင်တယ်ဆိုရင် ကျွန်တော် ဖော်စပ်ပေးလို့ ရပါတယ် ၊ ဒါပေမဲ့ ဆေးလုံး ၁၀ လုံး ဖော်စပ်တိုင်းမှာ ကျွန်တော်က ၅ လုံး ယူမယ် ”
လင်းရန်ယန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း သူ၏ စိတ်ကူးကို ချက်ချင်းပင် ထုတ်ဖော်ပြောဆိုလိုက်၏။ အဆုံးစွန်၌ ဤအရာများမှာ ‘ကောင်းကင်အဆင့် အထွတ်အထိပ်’ ဆေးဘက်ဝင် ပစ္စည်းများဖြစ်ရာ ကောင်းကင်အဆင့် ဆေးဘက်ဝင် ပစ္စည်းများအတွက် လဲလှယ်ရမည့် အခွင့်အရေးများကို အဘယ်ကြောင့် အလဟဿ အကုန်ခံတော့မည်နည်း။ လင်းရန်ယန်၌ပင် ကောင်းကင်အဆင့် ပစ္စည်းများအတွက် လဲလှယ်ရန် အခွင့်အရေး ၁၀ ကြိမ်ကျော်သာ ကျန်ရှိတော့သည်။ သေချာပေါက် ဤမစ်ရှင် ပြီးဆုံးသွားပါက လဲလှယ်ခွင့် အကြိမ်ပေါင်းများစွာ ရရှိလာမည် ဖြစ်သော်လည်း ၊ အနည်းငယ်မျှ ချွေတာထားခြင်းက အမြဲတမ်း ကောင်းမွန်လှ၏။
“ဘာ... မင်းက ဒါကို တကယ်ပဲ ဖော်စပ်နိုင်တာလား ”
သို့သော်လည်း လင်းရန်ယန်၏ စကားကို ကြားလိုက်ရသည်နှင့် အဘိုးကျောက်မှာ သူ၏ ထိုင်ခုံမှ ဆတ်ခနဲ ထရပ်လိုက်တော့သည်။ သူသည် လင်းရန်ယန်ကို အံ့သြမှင်တက်နေသော မျက်နှာဖြင့် စိုက်ကြည့်နေတော့၏။
“အဘိုးကျောက်က ကျွန်တော့်ကို မယုံဘူးဆိုရင်... ကျွန်တော် စမ်းပြလိုက်ရင် သိသွားမှာပါ ”
လင်းရန်ယန်က ပြောပြောဆိုဆိုဖြင့် လက်ဖက်ရည်အိုးကို လှမ်းယူလိုက်ပြီး ၊ ဟင်းလင်းပြင်ထဲသို့ လက်ညှိုးညွှန်လိုက်တော့သည်။
“ဝုန်း... ”
ချက်ချင်းဆိုသလိုပင် ‘ကြယ်တာရာ မီးလျှံ’ မှာ တောက်လောင်လာ၏။ နောက်တစ်ခဏ၌ လင်းရန်ယန်သည် သူ၏လက်ထဲမှ လက်ဖက်ရည်အိုးကို ထိုမီးလျှံထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်တော့သည်။ လက်ဖက်ရည်အိုးမှာ သာမန်အိုးမျှသာ ဖြစ်သဖြင့် မီးလျှံနှင့် ထိတွေ့သည်နှင့် တစ်ခဏချင်းအတွင်း အငွေ့ပျံ ပျောက်ကွယ်သွား၏။
သို့သော်လည်း အတွင်း၌ ကျန်ရှိနေသော လက်ဖက်ရည်ရွက်များမှာမူ မီးလျှံနှင့် ထိတွေ့သည့်အခါ အေးစိမ့်လှသော အအေးဓာတ်များကို အမြောက်အမြား ထုတ်လွှတ်လိုက်တော့သည်။ ထိုအအေးဓာတ်များ ကျုံ့ဝင်သွားသည်နှင့်အမျှ လက်ဖက်ရည်ရွက်များမှာ မူလ ရေခဲရောင် အပြာနုရောင်သို့ တစ်ခဏချင်း ပြန်လည် ပြောင်းလဲသွား၏။
“ဒီမီးလျှံက တကယ်ကို ထူးခြားတာပဲ ”
အဘိုးကျောက်၏ မျက်သူငယ်အိမ်များမှာ သူ၏ရှေ့မှ ‘ကြယ်တာရာ မီးလျှံ’ ကို မြင်သောအခါ ကျုံ့ဝင်သွားရတော့သည်။ သူသည် ဆေးဖော်စပ်ခြင်း၌ ဗဟုသုတ နည်းပါးသော်လည်း ၊ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းအရ ဤမီးလျှံ၏ စွမ်းအားကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်၏။
သူ၏ရှေ့မှ လင်းရန်ယန်သည် အရပ်ရပ်၌ ထူးခြားသော အရှိန်အဝါများကို ထုတ်ဖော်နေတော့သည်။ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤမျှ ထိတ်လန့်စရာကောင်းသော ပါရမီရှင်ကို မွေးထုတ်ပေးနိုင်ခဲ့သနည်းဟု သူ တွေးတောနေမိ၏။ သူ၏ ဆရာနှင့် မူလဆရာကြီးများ ချန်ထားရစ်ခဲ့သော အချက်အလက်များအရ ပြင်ပလောက၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ဤနေရာ၏ ၄၀ ရာခိုင်နှုန်းပင် မရှိချေ။ ထိုနေရာ၌ ‘ကောင်းကင်အရှင်သခင်’ အဆင့်သို့ ရောက်ရှိရန်မှာ ဤနေရာ၌ ‘ကြီးမြတ်သော ကောင်းကင်အရှင်သခင်’ အဆင့်သို့ ရောက်ရှိရန်ထက်ပင် ပိုမို ခက်ခဲလှ၏။
သို့သော်လည်း လင်းရန်ယန်မှာ ဤမျှ ငယ်ရွယ်သော အသက်ဖြင့် ကောင်းကင်အရှင်သခင် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤပါရမီမျိုးမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နေ၏။ ဖြစ်နိုင်သည်မှာ ဤကဲ့သို့သော ပါရမီရှင်မျိုးသည် စမ်းသပ်ချက်များကို ကျော်ဖြတ်ပြီး ဤနေရာမှ အမှန်တကယ် ထွက်ခွာသွားနိုင်လိမ့်မည်။
ထိုသို့ တွေးမိသောအခါ အဘိုးကျောက်၏ မျက်မှောင်များမှာ ကြုတ်သွားရတော့သည်။ မူလက လင်းရန်ယန် ဤနေရာသို့ ရောက်လာပြီဖြစ်ရာ ၊ သဘာဝအတိုင်း ပြန်ထွက်နိုင်တော့မည် မဟုတ်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ ယခုမူ ပြန်ထွက်နိုင်မည့် အခွင့်အရေးမှာ အလွန်ပင် မြင့်မားနေတော့သည်။
“မဖြစ်သေးဘူး... ဒီလောက် ကောင်းတဲ့ ပါရမီရှင်မျိုးကို သူ မထွက်သွားခင်မှာ ငါတို့ဆီမှာ သွေးမျိုးဆက်တစ်ခု ချန်ထားခဲ့ခိုင်းရမယ် ၊ သူ့ရဲ့ သွေးမျိုးဆက်သာ ရှိနေမယ်ဆိုရင်... နောင်တစ်ချိန်မှာ ငါတို့ဆီမှာ စစ်မှန်သော အရှင်သခင်အဆင့် ပါရမီရှင်တွေ အများကြီး ရှိလာနိုင်တာပဲ ”
အဘိုးကျောက်သည် ထိုသို့ တွေးတောရင်း ချက်ချင်းပင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
“ပြီးပြီ... ”
အဘိုးကျောက်မှာ အတွေးနယ်ချဲ့ရင်း မှင်တက်နေစဉ်မှာပင် ၊ လင်းရန်ယန်က ရုတ်တရက် ပြောဆိုလိုက်တော့သည်။
“အာ... ဘာပြီးသွားတာလဲ ၊ ” အဘိုးကျောက်က မေးလိုက်၏။
“ဆေးလုံးတွေ ဖော်စပ်လို့ ပြီးသွားပြီပေါ့ ”
လင်းရန်ယန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ၊ ဟင်းလင်းပြင်ထဲသို့ လက်လှမ်း၍ ဖမ်းယူလိုက်တော့သည်။
“ဝူး... ”
ချက်ချင်းဆိုသလိုပင် မီးလျှံများအတွင်းမှ ရေခဲရောင် အပြာနုရောင် ဆေးလုံးနှစ်လုံးမှာ သူ၏လက်ထဲသို့ ကျရောက်လာ၏။
“ကျွန်တော်တို့ရဲ့ သဘောတူညီချက်အရ... ဒီတစ်လုံးက ကျွန်တော့်အတွက်နော် ”
လင်းရန်ယန်က ပြုံးလျက် ‘ပြီးပြည့်စုံသောအဆင့်’ ရှိသည့် ဆေးလုံးကို သိမ်းဆည်းလိုက်ပြီး ၊ ‘ထူးချွန်သောအဆင့်’ သာ ရှိသည့် အခြားဆေးလုံးတစ်လုံးကိုမူ အဘိုးကျောက်ထံသို့ ကမ်းပေးလိုက်တော့သည်။
ဤအရာသည် သာမန် ကောင်းကင်အဆင့် အထွတ်အထိပ် ဆေးဖော်စပ်သူတစ်ဦး၏ အောင်မြင်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းပင် မရှိချေ။ သူကမူ ၁၀၀ ရာခိုင်နှုန်း အောင်မြင်သည့်အပြင် ၊ အထွတ်အထိပ် အဆင့်ပြီးလျှင် အကောင်းဆုံးဖြစ်သည့် ထူးချွန်သောအဆင့်ကို ဖော်စပ်ပေးလိုက်ခြင်း ဖြစ်၏။ ဤမျှ ကောင်းကင်ဘုံကို ဆန့်ကျင်သော အခွင့်အရေးမျိုးမှာ မီးအိမ်ထွန်းရှာလျှင်ပင် တွေ့နိုင်မည် မဟုတ်ချေ။ သူ ဘာဖြစ်လို့ အားလုံးကို ပြီးပြည့်စုံသောအဆင့် ဖြစ်အောင် လုပ်ပေးနေရတော့မည်နည်း။
အကယ်၍ အခြားသူသာဆိုလျှင် ဆေး ၁၀ လုံး ဖော်စပ်ပြီး ၅ လုံး ယူသည်ကို မဆိုထားနှင့် ၊ ၉ လုံး ယူမည်ဆိုလျှင်ပင် မည်သူမျှ ငြင်းဆန်ကြမည် မဟုတ်ပေ။
“ဒါ... ဒါ... ဒါက တကယ့်ကို ကောင်းကင်အဆင့် အထွတ်အထိပ် ဆေးလုံးပဲ ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဘာဖြစ်လို့ ဒီလောက်တောင် မြန်နေရတာလဲ ”
အဘိုးကျောက်မှာ လင်းရန်ယန် ကမ်းပေးသော ဆေးလုံးကို ယူရင်း အသက်ရှူမှားသွားရတော့သည်။ သူသည် အလွန်ပင် တုန်လှုပ်ချောက်ချားသွားသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ချေ။ သူ၏ မျက်စိဖြင့်ဆိုလျှင် ဤဆေးလုံး၏ အဆင့်အတန်းကို အသေအချာ ခွဲခြားနိုင်၏။
“နံပါတ်ကိုး... မင်းသမီးလေးကို ဒီကို ခေါ်ခဲ့စမ်း ”
ထိုသို့ တွေးတောရင်း အဘိုးကျောက်က အလျင်အမြန်ပင် အော်ဟစ်လိုက်တော့သည်။ သူ၏ ဟိန်းဟောက်သံကြီးမှာ ကီလိုမီတာ အတော်များများအထိ ပျံ့နှံ့သွား၏။ စက္ကန့်အနည်းငယ်ပင် မကြာလိုက်ချေ။
တက်ကြွလန်းဆန်းသော ၊ အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် ခန့်ရှိသည့် ၊ ရေခဲအငွေ့အသက်များ လွှမ်းခြုံထားသော မိန်းကလေးတစ်ဦးမှာ ဝင်းအတွင်းသို့ ရောက်ရှိလာတော့သည်။
“အဖိုး... သမီးကို ရှာနေတာလား ၊ ဒီအစ်ကိုကြီးက ဒီနေ့ ရောက်လာတဲ့ ပြင်ပလူဆိုတာလား ”
အဘိုးကျောက်ကို မြင်သည်နှင့် ထိုမိန်းကလေးမှာ သူမ၏ တောက်ပသော မျက်လုံးများဖြင့် လင်းရန်ယန်ကို လှည့်ကြည့်လိုက်ပြီး ၊ သူမ၏ မျက်ဝန်းများမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေ၏။ သူမ၏ အဖိုးက တစ်ခါက ပြောဖူးသည်မှာ ပြင်ပလောကမှ လူများမှာ အလွန်ပင် ရိုင်းစိုင်းကြသည်ဟု ဆိုပါသည် ၊ သို့သော် လင်းရန်ယန်ကို ကြည့်ရသည်မှာ အတော်လေး ရုပ်ဖြောင့်လှပြီး ၊ ရွာထဲရှိ ထွားကြိုင်းလှသော လူရမ်းကားကြီးများထက် အများကြီး ပို၍ ကြည့်ကောင်းလှ၏။
ထိုမိန်းကလေး၏ နုနယ်လှပသော မျက်နှာလေး ၊ ရှည်လျားသွယ်စလှသော ခြေတံများနှင့် ပြည့်ဖြိုးလှသော ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရင်း လင်းရန်ယန်၏ စိတ်ထဲတွင် စကားလုံးအချို့သာ ပေါ်လာတော့သည် - ‘ရင်သားထွားထွားနဲ့ လိုလီလေး’ ပဲ။
“အဖိုး... ဟုတ်လား ”
သူမက အဘိုးကျောက်ကို ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ လင်းရန်ယန်၏ နှုတ်ခမ်းများမှာ မသိမသာ တွန့်သွားရတော့သည်။
“ငါ့ရဲ့ သားကို အသက် ခုနစ်ရာမှာမှ ရခဲ့တာပါ ၊ ငါ့ရဲ့ အငယ်ဆုံးသားကလည်း အသက် နှစ်ရာကျော်မှ ဒီမိန်းကလေးကို ရခဲ့တာ ”
အဘိုးကျောက်က ပြုံးလျက် ရှင်းပြလိုက်၏။
ထိုစဉ်က ဤနေရာသို့ လူပေါင်း ငါးဆယ် ခြောက်ဆယ်ခန့်သာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါပေသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။ သူတို့ကဲ့သို့သော တောင်ပေါ်ရွာလေးအတွက် လူဦးရေမှာ အရေးကြီးဆုံးအရာ ဖြစ်သကဲ့သို့ ၊ အစွမ်းထက်သော ပါရမီရှင်များ၏ မျိုးဆက်များမှာ ပို၍ပင် အရေးကြီးလှပ၏။ ကံမကောင်းစွာဖြင့် ပါရမီနှင့် စွမ်းအား ပိုမိုကြီးမားလေလေ ၊ ကလေးရရန် ပိုမို ခက်ခဲလေလေ ဖြစ်သည်။ ထို့ကြောင့် အသက် ခုနစ်ရာကျော်မှ သားတစ်ယောက် ရရှိခြင်းမှာ သေချာပေါက် ဂုဏ်ယူစရာ ကိစ္စတစ်ခုပင် ဖြစ်၏။ ကံမကောင်းသည်မှာ သူ၏ အငယ်ဆုံးသားမှာ သူကဲ့သို့ အစွမ်းမထက်သဖြင့် ဤသမီးတစ်ဦးတည်းသာ ရရှိခဲ့ခြင်း ဖြစ်သည်။
“ချင်းလင် … ဒီကို လာခဲ့ ၊ ဒီဆေးလုံးကို စားလိုက်စမ်း ”
အဘိုးကျောက်သည် လင်းရန်ယန်ကို လုံးဝ ယုံကြည်သွားပြီဖြစ်ရာ ၊ ဆေးလုံးကို သူ၏ မြေးမလေးထံသို့ တိုက်ရိုက် ပေးလိုက်၏။ ဤသည်မှာ လင်းရန်ယန်ကို မျက်မှောင်ကြုတ်သွားစေတော့သည်။ သူသာ လူကောင်းဖြစ်နေ၍ တော်သေးသည် ၊ အကယ်၍ သူသာ လူယုတ်မာတစ်ယောက်ဆိုလျှင် ၊ ဤမိန်းကလေးမှာ ဆေးလုံးကို စားပြီးနောက် ဘဝပျက်သွားမည်။
“ဒီမိန်းကလေး နာမည်က ကျောက်ချင်းလင် လား... နာမည်လေးက မဆိုးပါဘူး ”
ဟု လင်းရန်ယန်က တွေးတောနေမိသည်။
“ဝုန်း... ”
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ထိုမိန်းကလေး၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော ရေခဲဝိညာဉ်စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ထိုစွမ်းအားများကြောင့် အေးခဲစပြုလာတော့သည်။ တစ်ချိန်တည်းမှာပင် ချင်းလင်၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ရေခဲဝိညာဉ်ခန္ဓာ အမြုတေမှာလည်း လျင်မြန်စွာ ကျယ်ပြန့်လာ၏။
မကြာမီမှာပင် ၎င်းသည် ဒုတိယအဆင့် ရေခဲဝိညာဉ်ခန္ဓာ၏ စွမ်းအားသို့ ရောက်ရှိသွားတော့သည်။
“အဖိုး... သမီးရဲ့ ရေခဲဝိညာဉ်ခန္ဓာက ဘာဖြစ်လို့ တိုးတက်သွားတာလဲ ”
ချင်းလင်မှာလည်း အလွန်ပင် အံ့သြသွားရ၏။ သူမသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်ရာ ၊ ဟုတ်ပါပေသည် ၊ ၎င်းမှာ ယခင်ကထက် နှစ်ဆမက ပိုမို အစွမ်းထက်နေတော့သည်။ ထို့ပြင် သူမ၏ ရေခဲဝိညာဉ်ခန္ဓာ၏ သိပ်သည်းဆမှာလည်း သိသိသာသာ မြင့်တက်လာခဲ့၏။ ဤသည်မှာ သေချာပေါက် ရေခဲဝိညာဉ်ခန္ဓာ ဆင့်ကဲပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
“ရေခဲဝိညာဉ်ခန္ဓာက တကယ်ပဲ ဆင့်ကဲပြောင်းလဲသွားတာပဲ ၊ ဟူး... ဒီဆေးလုံးက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ ”
ဤမြင်ကွင်းကို မြင်သောအခါ အဘိုးကျောက်မှာ အံ့သြတကြီး ဖြစ်နေ၏။ ဝိညာဉ်ခန္ဓာကို ဆင့်ကဲပြောင်းလဲစေနိုင်သော ဆေးလုံးမျိုးကို သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။ ထို့ပြင် လင်းရန်ယန်၏ စကားအရဆိုလျှင် အရေအတွက် လုံလောက်ပါက အဆင့်သုံးမှ အဆင့်လေးသို့ပင် မြှင့်တင်ပေးနိုင်သည်။
ထိုသို့ တွေးမိသည်နှင့် သူ၏ မျက်ခုံးများမှာ ချက်ချင်းပင် မြင့်တက်သွား၏။ သူကိုယ်တိုင်လည်း ရေခဲဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ အကယ်၍ သူကိုယ်တိုင်လည်း အဆင့်သုံးမှ အဆင့်လေးသို့ မြှင့်တင်နိုင်မည်ဆိုပါက ၊ သူ၏ ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းအားမှာ များစွာ မြင့်တက်လာမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် သူသည် စစ်မှန်သော အရှင်သခင် တတိယအဆင့်သို့ တက်လှမ်းနိုင်ရန် အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရှိလာမည်ဖြစ်ပြီး ၊ နောက်ထပ် သက်တမ်း နှစ်ပေါင်းတစ်ထောင်ကို ရရှိနိုင်မည်။
အခန်း (၁၂၂) - အစွမ်းထက်လှသော ဆေးလုံးများ
သူသည် လုံလောက်သော သက်တမ်းကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း ၊ ရွာတစ်ခုလုံး၌ နောက်ထပ် ‘စစ်မှန်သော အရှင်သခင်’ အဆင့်ရှိ ပညာရှင်တစ်ဦး ပေါ်ထွက်မလာသေးမီအထိ သူသည် လုံးဝ အသေမခံနိုင်ပေ။ ဤနှင်းနှင့် ရေခဲကမ္ဘာကြီးသည် စိတ်ကူးယဉ်ထားသလောက် ရိုးရှင်းလှသည်။
“မောင်ရင်လေး... အဆင့်သုံး ‘ရေခဲဝိညာဉ်ခန္ဓာ’ ကနေ အဆင့်လေးအထိ ဆင့်ကဲပြောင်းလဲဖို့ဆိုရင် ဆေးလုံး ဘယ်နှစ်လုံးလောက် လိုအပ်မှာလဲ ”
အဘိုးကျောက် သည် လင်းရန်ယန် ကို အလျင်အမြန်ပင် မေးမြန်းလိုက်၏။
“ဘာ... အဆင့်သုံးကနေ အဆင့်လေးအထိ ဟုတ်လား ၊ အဖိုး... သမီးခုနကစားလိုက်တဲ့ ဆေးလုံးတွေက အဲဒီလိုမျိုး လုပ်ပေးနိုင်တာလား ”
ဘေးနားရှိ ချင်းလင် သည် အဘိုးကျောက်၏ စကားကို ကြားသောအခါ အံ့သြတကြီးဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်တော့သည်။ လင်းရန်ယန်အပေါ်ထားရှိသော သူမ၏ အကြည့်များမှာလည်း စူးစမ်းလိုစိတ်များဖြင့် ချက်ချင်း ပြည့်နှက်သွား၏။ သူမထက် တစ်နှစ် နှစ်နှစ်မျှသာ ကြီးသော လင်းရန်ယန်သည် ဤမျှ အစွမ်းထက်သော ဆေးလုံးများကို အမှန်တကယ် ပိုင်ဆိုင်ထားသည်မှာမယုံနိုင်စရာပင်။
“အဲဒါကတော့ အတော်လေး များမယ် ၊ အနည်းဆုံး ဆေးလုံး ၁၀၀ လောက် လိုပါလိမ့်မယ် ၊ ပြီးတော့ အောင်မြင်နိုင်ခြေကလည်း အလွန်ပဲ နည်းပါသေးတယ် ၊ အကယ်၍ ‘ရေခဲဝိညာဉ် အအေးပင်’ ရဲ့ ပင်စည်ကို ရှာတွေ့ပြီး ၊ အဲဒါကို အခြေခံပြီး ‘တာအိုအဆင့် အနိမ့်စား’ ဆေးလုံးတွေကို ဖော်စပ်နိုင်မယ်ဆိုရင်တော့ ၊ ရာနှုန်းပြည့် ဆင့်ကဲပြောင်းလဲဖို့ ဖြစ်နိုင်ပါတယ် ၊
ဒါပေမဲ့ ကျွန်တော်ကတော့ အခုလောလောဆယ် တာအိုအဆင့် အနိမ့်စား ဆေးလုံးတွေကို မဖော်စပ်နိုင်သေးဘူး”
လင်းရန်ယန်က ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်၏။
သူ ပြောလိုက်သည်နှင့် အဘိုးကျောက်မှာ မျက်မှောင်ကြုတ်သွားတော့သည်။ ဆေးလုံး တစ်ရာ တိတိ ဆိုသည်မှာအလွန်များပြားလှသည့် ပမာဏပင်ဖြစ်၏ ။ ရေခဲဝိညာဉ် အအေးပင်ကို အသုံးပြု၍ ဆေးဖော်ရန်ဆိုသည်မှာလည်း လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။ ၎င်း၏ အရွက်များမှာ အမြောက်အမြား မရှိသော်လည်း ၊ နှစ်ပေါင်း တစ်ရာအတွင်း၌ အရွက်ပေါင်း ဆယ်ဂဏန်းခန့် ပေါက်ရောက်နိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် အဆင့်သုံး ရေခဲဝိညာဉ်ခန္ဓာရှိသော ထူးချွန်သည့် ပါရမီရှင်တစ်ဦးကို နှစ်ပေါင်းတစ်ရာအတွင်း၌ မွေးထုတ်ပေးနိုင်မည် ဖြစ်၏။
အကယ်၍ ထိုအပင်ကိုသာ ခုတ်လှဲလိုက်မည်ဆိုပါက ၊ သူ အဆင့်လေးသို့ ရောက်ရှိနိုင်မည် ဖြစ်သော်လည်း ၊ ၎င်းမှာ ‘ရွှေဥဥပေးသော ငန်းကို သတ်စား’ သကဲ့သို့ ဖြစ်နေလိမ့်မည်။ အမြီးနှင့် ခေါင်းကို လွဲမှားစွာ လုပ်ဆောင်ခြင်းသာ ဖြစ်လိမ့်မည်။
“ဆေးလုံး တစ်ရာဆိုလည်း တစ်ရာပေါ့ ၊ ငါ့ဆီမှာ ဒီနှစ်တွေအတွင်း စုထားတဲ့ အရွက်ပေါင်း သုံးရာကျော် ရှိပါသေးတယ် ၊ မောင်ရင်လေးကိုပဲ ဒုက္ခပေးရတော့မှာပဲ ”
အဘိုးကျောက် လက်လျှော့သွားလိမ့်မည်ဟု လင်းရန်ယန် ထင်မှတ်ထားခဲ့သော်လည်း ၊ မည်သူက သိနိုင်မည်နည်း။ အဘိုးကျောက်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ရေခဲဝိညာဉ် အအေးရွက်များ အပြည့်ပါသော ခြင်းတောင်းကြီးတစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်တော့သည်။
ဤမြင်ကွင်းကြောင့် လင်းရန်ယန်၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားရ၏။
“ဟာ... အဘိုးကျောက် ၊ အဖိုး မြင်ခဲ့တဲ့ အပင်က ဘယ်လောက်တောင် ကြီးလို့လဲ ၊ အရွက်တွေ ဒီလောက်တောင် အများကြီး ရှိနေရတာလဲ ”
လင်းရန်ယန်ပင်လျှင် မအောင့်နိုင်တော့ဘဲ အံ့သြတကြီး ရေရွတ်လိုက်မိတော့သည်။
“ဟို... သိပ်မကြီးပါဘူး ၊ တစ်မီတာလောက်ပဲ မြင့်မယ် ထင်တာပဲ ၊ ဘာဖြစ်လို့လဲ ”
အဘိုးကျောက်မှာ ဝေခွဲမရ ဖြစ်နေ၏။ သေချာ ပြန်စဉ်းစားကြည့်လျှင် ထိုအပင်မှာ အလွန်အမင်း ကြီးမားနေခြင်းမျိုး မရှိချေ။
“ဟူး... တစ်မီတာ မြင့်တယ် ဟုတ်လား ၊ အဲဒါက ဆေးဘက်ဝင် သက်တမ်း နှစ်ပေါင်း တစ်သိန်းကျော်ရှိတဲ့ ရေခဲဝိညာဉ် အအေးပင်ပဲ ၊ အဲဒီအပင်က ဘယ်မှာလဲ ၊ အဖိုး အဲဒီအပင်ကိုတော့ ခုတ်မပစ်လိုက်ဘူး မဟုတ်လား ”
လင်းရန်ယန်က အသက်ရှူမှားမတတ် ထိတ်လန့်သွားတော့သည်။ သက်တမ်း တစ်သိန်းကျော်ရှိသော ဝိညာဉ်အပင် ဆိုသည်မှာ အလွန်ပင် တန်ဖိုးကြီးလှ၏။ သူ ပြောခဲ့သော အပင်တစ်ပင်လျှင် ဆေးတစ်လုံးသာ ထွက်နိုင်သည့် အမျိုးအစားမှာ သက်တမ်း တစ်သောင်းခန့်သာ ရှိသေးသော အပင်များပင် ဖြစ်သည်။
သက်တမ်း တစ်သိန်းကျော်ရှိသော ဝိညာဉ်အပင် ဆိုပါက အနည်းဆုံး ‘တာအိုအဆင့် အနိမ့်စား’ ဆေးလုံးပေါင်း နှစ်ဆယ်ကျော်ကို ဖော်စပ်နိုင်၏။ ၎င်းသည် အဆင့်လေးရှိသော ရေခဲဝိညာဉ်ခန္ဓာကို အဆင့်ငါးအထိ မြှင့်တင်ပေးနိုင်သည့် ‘တာအိုအဆင့် အထွတ်အထိပ်’ ဆေးလုံး တစ်လုံးကိုပင် ဖော်စပ်နိုင်စွမ်း ရှိသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ၊ ငါက ဒါတွေကို လက်ဖက်ရည်လုပ်သောက်ပြီး ဖြုန်းတီးခဲ့မိတယ် ဆိုပေမဲ့ ၊ အပင်ကိုတော့ ခုတ်မပစ်ပါဘူး ”
လင်းရန်ယန်၏ စကားကို ကြားသောအခါ အဘိုးအိုမှာ ဆွံ့အသွားရ၏။ သူက တကယ်ပဲ အဲဒီလောက်အထိ တန်ဖိုးကြီးအရွက်များကို ဖြုန်းတီးခဲ့မိ၏
“ဖွီး... အရွက် ရာနဲ့ချီပြီး လက်ဖက်ရည် လုပ်သောက်တယ် ဟုတ်လား ”
လင်းရန်ယန်သည် ပါးစပ်ထဲမှ လက်ဖက်ရည်များကို အကုန် ပြန်ထွေးထုတ်လိုက်၏။ ဤအဘိုးကြီးမှာ အရွက် ဆယ်ဂဏန်းလောက်သာ အသုံးပြုခဲ့သည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
တောက်... အရွက်ပေါင်း ရာနဲ့ချီပြီးတော့ပဲ ၊ တွေးကြည့်လိုက်ရုံနှင့်ပင် သူ၏ ရင်ထဲ၌ နှမြောတသလွန်းသဖြင့် သွေးထွက်မတတ် ခံစားလိုက်ရ၏။ ဤမျှ များပြားလှသော အရွက်များမှာ ‘ဒုတိယအဆင့် ရေခဲဝိညာဉ်ခန္ဓာ’ ပိုင်ဆိုင်ထားသော လူပေါင်း ရာချီသည့် စစ်တပ်ကြီးတစ်ခုကို မွေးထုတ်ပေးနိုင်ရန် လုံလောက်သည်။ သေချာပေါက် ၊ ကနဦးအနေဖြင့် ရေခဲဝိညာဉ်ခန္ဓာကို အရင်ဆုံး နိုးထစေနိုင်ရမည် ဖြစ်၏။
သို့သော်လည်း ဤအခြေခံအကျဆုံး ခြေလှမ်းမှာပင် အခက်ခဲဆုံး ဖြစ်နေတော့သည်။ အဆုံးစွန်၌ ဤအရွက်များက မည်မျှပင် အံ့သြစရာ ကောင်းနေပါစေ ၊ အဆင့်လေးမှ အဆင့်ငါးအထိ မြှင့်တင်ပေးနိုင်သော ‘တာအိုအဆင့် အထွတ်အထိပ်’ ဆေးလုံးသည်ပင်လျှင် ၊ သာမန်လူတစ်ဦးကို ရေခဲဝိညာဉ်ခန္ဓာ နိုးထလာအောင် ပြုလုပ်ပေးနိုင်စွမ်း မရှိသောကြောင့်ပင် ဖြစ်၏။
“ဟူး... တော်သေးတာပေါ့ ၊ အဖိုးဆီမှာ အများကြီး ကျန်နေသေးလို့ ၊ မဟုတ်ရင်တော့ အကြီးအကျယ် ဆုံးရှုံးသွားရတော့မှာ ၊ ခဏစောင့်ဦး ”
နောက်ဆုံး၌ လင်းရန်ယန်သည် သက်ပြင်းချလိုက်ပြီးနောက် ၊ ဟင်းလင်းပြင်ထဲသို့ လက်ဝါးဖြင့် ရိုက်နှက်လိုက်တော့သည်။
“ဝုန်း... ”
တစ်ခဏချင်းအတွင်းမှာပင် ကောင်းကင်ယံ၌ ဧရာမ ဆေးဖော်စပ်သည့် အိုးကြီးတစ်ခု စုစည်းပေါ်ထွက်လာ၏။ လင်းရန်ယန်သည် လက်ထဲရှိ အရွက်ပေါင်း သုံးရာကျော်လုံးကို မီးလျှံများအတွင်းသို့ ပစ်ထည့်လိုက်တော့သည်။
“ဟူး... ဆေးလုံး သုံးရာကို တစ်ပြိုင်နက် ဖော်စပ်တာလား ၊ မောင်ရင်လေး... မင်း တကယ် ပြောနေတာလား ”
ဤမြင်ကွင်းကို မြင်သောအခါ အဘိုးကျောက်မှာ အလွန်ပင် ထိတ်လန့်သွားသဖြင့် ထိုင်ခုံပေါ်မှပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။ သူသည် ‘မြေကမ္ဘာအဆင့် အထူးကောင်းမွန်သောအဆင့်’ ဆေးလုံးတစ်လုံးကို ဖော်စပ်တိုင်းမှာပင် အလွန်တရာ သတိထားရပြီး ၊ ရေချိုးခြင်း ၊ အမွှေးတိုင် ထွန်းခြင်းများ ပြုလုပ်ပြီးမှသာ စတင်ရဲခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်သည့်တိုင်အောင် ကျရှုံးမှုနှုန်းမှာ ကြောက်ခမန်းလိလိ မြင့်မားလှ၏။
ယခုမူ လင်းရန်ယန်သည် ‘ကောင်းကင်အဆင့် အထွတ်အထိပ်’ ဆေးလုံးပေါင်း သုံးရာကျော်ကို တစ်ပြိုင်နက်တည်း ဖော်စပ်နေခြင်း ဖြစ်သည်။
“တကယ် ပြောတာပေါ့ ၊ အလေးအနက် မလုပ်ရင် ဒီလောက်များတဲ့ ဆေးလုံးတွေကို ဘယ်အချိန်အထိ ဖော်စပ်နေရမှာလဲ ”
လင်းရန်ယန်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။ မြေးအဖိုး နှစ်ဦး၏ ရှေ့မှောက်၌ ‘အတတ်ပညာပေါင်းစုံ ဆရာသခင်’ ၏ ဆေးဖော်စပ်မှု ဟင်းလင်းပြင်ကို သူ အသုံးပြု၍ မရနိုင်ချေ။
“ဘယ်လိုတွေ ပြောနေကြတာလဲ အဖိုး... သမီးစားနေတဲ့ ဆေးလုံးတွေက အဖိုးသောက်နေတဲ့ လက်ဖက်ရည်ရွက်တွေကနေ ဖော်စပ်ထားတာလား ”
ဘေးနားရှိ ချင်းလင်မှာလည်း မေးခွန်းများစွာဖြင့် အံ့သြနေတော့သည်။
“ဟုတ်တယ်... ဒီရေခဲဝိညာဉ်လက်ဖက်ရည်ကနေ ဖော်စပ်ထားတာပါ ၊ အရွက်တစ်ရွက်က ဆေးတစ်လုံး ထွက်နိုင်တယ် ”
အဘိုးကျောက်က အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားချက်ဖြင့် ဖြေကြားလိုက်၏။
“ဘာ... အရွက်တစ်ရွက်က ဆေးတစ်လုံး ဟုတ်လား ၊ ပြီးတော့ အဖိုးက အဲဒါတွေကို ရာနဲ့ချီပြီး သောက်ခဲ့တာလား ”
ချင်းလင်မှာ မယုံကြည်နိုင်စွာဖြင့် အသက်ရှူရပ်မတတ် ဖြစ်သွားရတော့သည်။ အဘိုးကျောက်၏ မျက်နှာအိုကြီးမှာလည်း ဤစကားကို ကြားသောအခါ ချက်ချင်းပင် ရဲရဲနီသွား၏။
“အဲဒီတုန်းက အဖိုးမှ မသိတာပဲ ၊ အခု သိသွားပြီဆိုတော့ နောက်ဘယ်တော့မှ မသောက်တော့ပါဘူး ”
အဘိုးကျောက်က အလျင်အမြန်ပင် ဆင်ခြေပေးကာ မိမိကိုယ်ကို ကာကွယ်လိုက်တော့သည်။
“အရွက်ပေါင်း ရာနဲ့ချီတယ်... ဆေးလုံးပေါင်း ရာနဲ့ချီတယ်... ”
ကံမကောင်းစွာဖြင့် ချင်းလင်က သူ့ကို နာကျည်းနေသော အမူအရာဖြင့် စိုက်ကြည့်နေ၏။ အဘိုးကျောက်မှာ သူမ၏ အကြည့်အောက်၌ အလွန်ပင် နေရ ခက်နေတော့သည်။
“ပြီးပြီ... ၊ ”
အတန်ကြာသော် ၊ ယခင်ကကဲ့သို့ပင် လင်းရန်ယန်သည် မိနစ်အနည်းငယ်အတွင်း၌ ဆေးဖော်စပ်ခြင်းကို အဆုံးသတ်လိုက်၏။
“ဝူး... ဝူး... ဝူး... ”
ဟင်းလင်းပြင် တုန်ခါမှုများနှင့်အတူ ၊ လင်းရန်ယန်သည် ‘ပြီးပြည့်စုံသောအဆင့်’ ရှိသည့် ဆေးလုံး အမြောက်အမြားကို ထုတ်ယူကာ အဘိုးကျောက်ထံသို့ ကမ်းပေးလိုက်တော့သည်။ အဆုံးစွန်၌ သာမန်အဆင့်ရှိသော ဆေးလုံးများဆိုပါက တစ်ရာတိတိ စားသော်လည်း သူ၏ ရေခဲဝိညာဉ်ခန္ဓာ ဆင့်ကဲပြောင်းလဲရန် မသေချာနိုင်ချေ။ သို့သော် ‘ပြီးပြည့်စုံသောအဆင့်’ နှင့်ဆိုပါက အောင်မြင်နိုင်ခြေမှာ ရာနှုန်းပြည့်သို့ မြင့်တက်သွားမည် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ၊ အကယ်၍ ဤအဘိုးကြီးသာ ‘ထူးချွန်သောအဆင့်’ ရှိသော ဆေးလုံးတစ်ရာကို တစ်ပြိုင်နက်တည်း စားလိုက်မည်ဆိုပါက ၊ ဆေးအဆိပ်များကြောင့်ပင် သူသည် ချက်ချင်း သေဆုံးသွားနိုင်၏။ လင်းရန်ယန်အနေဖြင့် မော်ရှန်းဂိုဏ်း၏ ဘိုးဘေးတစ်ဦးကို ထပ်မံ၍ မသတ်လိုတော့ချေ။
“ဒီလောက်အထိ သန့်စင်နေတဲ့ ဆေးလုံးတွေလား... ဒါ ဒဏ္ဍာရီထဲက ‘ထူးချွန်သောအဆင့်’ တွေများလား”
သေချာပေါက် ၊ ပစ္စည်းကောင်းကို ကောင်းကောင်း မခွဲခြားတတ်သော အဘိုးကျောက်မှာ သူ၏လက်ထဲမှ ဆေးလုံးများကို ကြည့်ကာ အံ့သြတကြီး ပြောဆိုလိုက်တော့သည်။ ထူးချွန်သောနဲ့့ ဒဏ္ဍာရီ ဆိုသောစကားလုံးနှစ်ခုမှာ အဆက်အစပ် မရှိသကဲ့သို့ ဖြစ်နေသော်လည်း ၊ အဘိုးကျောက်သည် ဆေးဖော်စပ်ခြင်းကို မိမိဘာသာသာ လေ့လာခဲ့ရခြင်း ဖြစ်သည်ကို တွေးကြည့်ပါက လင်းရန်ယန် စိတ်သက်သာရာ ရသွား၏။ အဆုံးစွန်၌ သင့်တင့်လျောက်ပတ်သော သင်ကြားပြသမှုနှင့် လုံလောက်သော ဆေးဘက်ဝင် ပစ္စည်းများ မရှိဘဲ ‘မြေကမ္ဘာအဆင့် အထူးကောင်းမွန်သောအဆင့်’ အထိ ရောက်ရှိနေခြင်းမှာပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
“အဲဒီလိုပဲ ဆိုပါတော့ ၊ ဒီဆေးလုံး တစ်ရာရဲ့ အရည်အသွေးက အတော်လေး ကောင်းပါတယ် ၊ အဖိုး ဒါတွေကို စားပြီးရင်တော့ အဆင့်လေး ရေခဲဝိညာဉ်ခန္ဓာကို သေချာပေါက် ရရှိမှာပါ ၊
ဒါပေမဲ့ အဖိုး အဆင့်တက်တဲ့အခါမှာ ရွာနဲ့ ဝေးဝေးမှာ သွားလုပ်ဖို့ သတိရပါဦး ၊ အကယ်၍ အဖိုးသာ စွမ်းအားတွေကို မထိန်းချုပ်နိုင်ခဲ့ရင်... ကျွန်တော်တို့ အားလုံး သေသွားနိုင်တယ် ”
လင်းရန်ယန်က ဆေးစားသုံးရာတွင် သတိထားရမည့် အချက်များကို အလျင်အမြန် ရှင်းပြလိုက်၏။
“ကောင်းပြီ... ကောင်းပြီ ၊ မောင်ရင်လေး ပြောသမျှကို ငါ နာခံပါ့မယ် ”
အဘိုးကျောက်က ကျောင်းသားကောင်းတစ်ဦးကဲ့သို့ ရိုရိုသေသေ ခေါင်းညိတ်လိုက်တော့သည်။
“အဖိုးက တကယ်ပဲ ဒီလောက်အထိ နာခံနေတာလား ၊ ဒါ တကယ့်ကို မြင်ရခဲတဲ့ မြင်ကွင်းပဲ ”
ဘေးနားရှိ ချင်းလင်မှာလည်း သူမ၏ အဖိုးဖြစ်သူက လင်းရန်ယန်၏ ရှေ့၌ ကျောင်းသားလေးတစ်ဦးကဲ့သို့ ပြုမူနေသည်ကို မြင်ရသဖြင့် လုံးဝ မှင်တက်သွား၏။
အစွမ်းမဲ့ဆုလာဘ် - သားသမီးရတနာ အဖြာဖြာ အဆင့် ၂ ၊
အခန်း (၁၂၃) - ထိပ်တိုက်တွေ့ဆုံခြင်း
ပြင်ပလောကမှ လူသားများသည် ဗဟုသုတ ကြွယ်ဝကြသည်ကို သူသိရှိထားသော်လည်း ၊ မိမိ၏အဖိုးဖြစ်သူမှာ ဤမျှအထိ အလျှော့ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ အဆုံးစွန်၌ သူ၏အဖိုးမှာ ပြင်ပလောကမှ ကောင်းကင်အရှင်သခင် အများအပြားနှင့် ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ တစ်ဦးထံမှ အမွေအနှစ် ဗဟုသုတများကို ဆက်ခံထားသူတစ်ဦးပင် ဖြစ်၏။
ထို့ပြင် နှစ်ပေါင်းများစွာ အသက်ရှင်သန်လာခဲ့သည်ဖြစ်ရာ ၊ သူသည်လည်း အရာရာကို အသေအချာ သိရှိနားလည်ထားသူ ဖြစ်သည်။
“ဪ... ဒါနဲ့ မောင်ရင်လေး ၊ မောင်ရင်က အိမ်ထောင်ပြုပြီးပြီလား ”
ရုတ်တရက်ပင် အဘိုးကျောက် ၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး ၊ လင်းရန်ယန် ကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်တော့သည်။
“မပြုရသေးပါဘူး ၊ ဘာဖြစ်လို့လဲ”
လင်းရန်ယန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။
သို့သော်လည်း ချင်းလင် မှာမူ သူမ၏အဖိုး ဘာပြောတော့မည်ကို ကြိုတင်သိရှိနေသကဲ့သို့ ၊ သူမ၏ မျက်နှာလေးမှာ တစ်ခဏချင်းအတွင်း ရှက်သွေးဖြန်းကာ နီမြန်းသွားတော့သည်။ သို့သော် သူမ၏ရှေ့မှ လင်းရန်ယန်မှာ အလွန်ပင် ရုပ်ဖြောင့်ပြီး ၊ အဖိုးဖြစ်သူထက်ပင် ပိုမို ဗဟုသုတကြွယ်ဝပုံရသည်ကို တွေးမိသောအခါ သူမ၏စိတ်ထဲ၌ များစွာ ငြင်းဆန်လိုစိတ် မရှိတော့ပေ။
ဘာပဲပြောပြော... သူသည် ရွာထဲရှိ ထွားကြိုင်းလှသော လူရမ်းကား လူငယ်များထက် အဆပေါင်းများစွာ သာလွန်နေသည်။
“ဟဲဟဲ... ငါ့ရဲ့ မြေးမလေးကို ဘယ်လိုမြင်လဲ ၊ ကြည့်စမ်း... အသားအရေကလည်း ဖြူစင်ဝင်းပတယ် ၊ မျက်နှာလေးကလည်း လှပတယ် ၊ ခြေတံရှည်ရှည်နဲ့ ပါရမီကလည်း ထူးချွန်တယ် ၊ သူမဟာ အသက် တစ်ဆယ့်ခုနစ်နှစ် မပြည့်ခင်မှာတင် မြေကမ္ဘာအရှင်သခင် ဆဌမအဆင့်ကို ရောက်ခဲ့တာ ၊ သူမရဲ့ ပါရမီက အဘိုးကြီးဖြစ်တဲ့ ငါ့ထက်တောင် အများကြီး ပိုကောင်းသေးတယ် ၊
မောင်ရင်ကလည်း ဒီကနေ ပြန်ထွက်လို့ရမှာ မဟုတ်တော့ဘူးဆိုတော့ ၊ ဒီမှာပဲ အခြေချပြီး မိသားစုတစ်ခု တည်ထောင်လိုက်တာ ပိုမကောင်းဘူးလား ၊ ငါ့မြေးမလေးနဲ့ လက်ထပ်ပြီး... မင်းတို့နှစ်ယောက်ကနေ ပါရမီရှင် ကလေးလေးတွေ အများကြီး မွေးထုတ်ပေးကြရင် ၊ ဘဝက ဘယ်လောက်တောင် သာယာစရာ ကောင်းလိုက်မလဲ ”
အဘိုးကျောက်က သူ၏ မုတ်ဆိတ်ရှည်ကြီးကို သပ်လိုက်ရင်း လင်းရန်ယန်ကို ကြွားကြွားဝါဝါ ပြောဆိုလိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် လင်းရန်ယန်မှာ လုံးဝ ဆွံ့အသွားရ၏။ သူ၏ဘေးနားတွင် ရှက်သွေးဖြန်းလျက် ခေါင်းငုံ့နေသော ချင်းလင်ကို မြင်လိုက်ရသောအခါ ၊ ဤမိန်းကလေးမှာလည်း သဘောတူနေကြောင်း သူ သိရှိလိုက်တော့သည်။
“ဘုရားရေ... ဒီဒေသရဲ့ ရိုးရာဓလေ့တွေက တကယ့်ကို ပွင့်လင်းလွန်းတာပဲ ”
လင်းရန်ယန်သည် စိတ်ထဲမှ အံ့သြတကြီး ရေရွတ်လိုက်၏။
ချင်းလင်၏ ရုပ်ရည်မှာလည်း အလွန်ပင် လှပတင့်တယ်လှပြီး ၊ သူသည် ကိုယ်လုံးကိုယ်ပေါက်မှာလည်း မည်သည့်လူငယ်ကိုမဆို ရင်ခုန်သွားစေနိုင်လောက်အောင် ပြည့်စုံလှသည်။
“ဟို... အဲဒါကတော့ ၊ နောက်မှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့ ”
လင်းရန်ယန်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရပါတော့သည်။ သူတို့နှစ်ဦးကြား၌ သံယောဇဉ်လေး ဘာလေး အရင် တည်ဆောက်သင့်၏။
“စောင့်နေဖို့ မလိုပါဘူး ၊ မောင်ရင်ကလည်း သဘောမတူတာ မဟုတ်ဘူးဆိုတာ ငါသိတယ် ၊ ဒါကြောင့် ဒီညပဲ မင်္ဂလာဆောင်ပြီး ၊ လင်မယားအဖြစ် ပေါင်းသင်းလိုက်ကြတော့ ”
ကံမကောင်းစွာဖြင့် အဘိုးကျောက်က လင်းရန်ယန်ကို ငြင်းဆန်ခွင့်ပင် မပေးတော့ချေ။ သူသည် လက်ကို ဝေ့ယမ်းကာ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ဟင်…… ဒီညပဲလား ”
လင်းရန်ယန်မှာ မှင်တက်သွား၏။
“အဖိုး... ဒါက သိပ်မမြန်လွန်းဘူးလား ၊ သမီးတို့ ဘာမှလည်း မပြင်ဆင်ရသေးဘူးလေ ”
ချင်းလင်ပင်လျှင် မျက်နှာလေး ရဲရဲနီလျက် ပြောဆိုလိုက်တော့သည်။
“ပြင်ဆင်စရာလား... နေဝင်ဖို့ နာရီအနည်းငယ် လိုသေးတာပဲ ၊ အဲဒီအချိန်ဆိုရင် လုံလောက်ပါတယ် ”
အဘိုးကျောက်က ပြုံးလျက်ပင် ဆိုလိုက်၏။ နောက်တစ်ခဏ၌ သူသည် တိုက်ရိုက်ပင် လှည့်ထွက်သွားတော့သည်။
“ဒီညမှာ ချင်းလင် မင်္ဂလာဆောင်တော့မယ် ၊ လူတိုင်း လှုပ်လှုပ်ရှားရှား လုပ်ကြစမ်း... မင်္ဂလာပွဲအတွက် ပြင်ဆင်ကြ ”
ထို့နောက်တွင် ခမ်းနားလှသော တာအိုအသံတော်ကြီးမှာ တောင်ပေါ်ရွာလေးတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ထိုအခိုက်အတန့်တွင် ရွာသားအားလုံးမှာ အံ့အားသင့်သွားကြတော့သည်။
“အဘိုးကိုးရဲ့ မြေးမလေး ချင်းလင်က မင်္ဂလာဆောင်တော့မှာလား ”
“တောက်... ဘယ်သူက ငါ့ရဲ့ နတ်သမီးလေးကို လုသွားတာလဲ ၊ ငါ ဒါကို လက်မခံနိုင်ဘူး ၊ ငါ သူ့ကို စိန်ခေါ်ပြီး ဒျူယယ် တိုက်ခိုက်ရမယ် ”
“ဟမ်း... ခုနက ရောက်လာတဲ့ ပြင်ပလူ ဖြစ်ရမယ် ၊ ငါထင်တာတော့ သူက ကောင်းကင်အရှင်သခင်အဆင့်ပဲ ၊ မင်း သူ့ကို သွားမစတာ ပိုကောင်းလိမ့်မယ် ၊ အရိုက်မခံရအောင် သတိထားဦး ”
“အား... မဖြစ်နိုင်တာ... ငါ့ရဲ့ နတ်သမီးလေး ”
ထိုအချိန်၌ ရွာလုံးကျွတ်ရှိ လူငယ်များမှာ ရင်ကွဲနာကျလျက် အော်ဟစ်နေကြတော့သည်။
“နေပါဦး... အဖေဖြစ်တဲ့ ငါတောင် မသိရပါလား ၊ ငါ့သမီးက ဘယ်လိုဖြစ်ပြီး မင်္ဂလာဆောင်တော့မှာလဲ”
သစ်သားအိမ်ကြီးတစ်လုံး၏ ရှေ့တွင် ဓားကျင့်စဉ် ကျင့်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ထိုအသံကို ကြားလိုက်ရသည့်အခါ မျက်လုံးပြူးသွားရ၏။ သူမှာ ချင်းလင်၏ဖခင် ကျောက်ဝူရှန်း ပင် ဖြစ်သည်။ သူ၏သမီးမှာ ဘယ်ကမှန်းမသိသော လူတစ်ယောက်နှင့် ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး စုလျားရစ်ပတ်တော့မည်နည်း။
ကံမကောင်းသည်မှာ သူ၏အဖေ စကားမှာ အမိန့်တော်ကဲ့သို့ ဖြစ်နေသဖြင့် ၊ သားဖြစ်သူ သူသည် မည်သည့် ငြင်းဆန်စကားမျှ မဆိုရဲချေ။
“စိတ်မပူပါနဲ့ရှင်... အဖေကြီးက ချင်းလင်အတွက် သင့်တော်တဲ့သူကို ရှာပေးမှာပါ ၊ ရှင့်အနေနဲ့ စိတ်ပူနေစရာ မလိုပါဘူး ၊ ပြီးတော့ အဲဒီလူငယ်လေးကို ဒီနေ့ ကျွန်မတွေ့လိုက်တယ်... အတော်လေးလည်း ရုပ်ဖြောင့်ပါတယ် ”
ထိုစဉ်မှာပင် ဆွဲဆောင်မှုရှိနေဆဲဖြစ်သော အမျိုးသမီးတစ်ဦးက ပြုံးလျက် ထွက်လာတော့သည်။ သူမမှာ ‘စီးထူ’ မိသားစုမှ ဆင်းသက်လာသူ စီးထူမင်ယာ ပင် ဖြစ်၏။
“ကိုယ်က ရင်ထဲမှာ နှမြောလို့ပါ ၊ သမီးလေး တစ်ယောက်တည်း ရှိတာကို ၊ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်နဲ့ ချက်ချင်းကြီး ပေးစားလိုက်ရတယ်ဆိုတော့ ၊ သူက ငယ်ငယ်လေး ရှိသေးတာကို ”
ကျောက်ဝူရှန်းက ရင်ဘတ်ကို ဖိကာ စိတ်မကောင်းစွာဖြင့် ညည်းတွားလိုက်တော့သည်။
“တော်ပါတော့ရှင် ၊ စောစော အိမ်ထောင်ပြု ၊ စောစော ကလေးယူကြတော့... ရှင့်ရဲ့ အရိုးအိုကြီးတွေက မြေးလေးတွေကို ပိုပြီး ပွေ့ချီနိုင်တာပေါ့ ”
စီးထူမင်ယာက သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်၏။
“အဲဒါလည်း ဟုတ်တာပဲ ”
မြေးလေးများကို ပွေ့ချီရမည်ဆိုသော စကားကို ကြားလိုက်ရသည်နှင့် ကျောက်ဝူရှန်းမှာ ချက်ချင်းပင် စိတ်အားတက်ကြွသွားတော့သည်။
“ဒါပေမဲ့... ငါ့သမီးကို လက်ထပ်ဖို့က အဲဒီလောက် မလွယ်ဘူးနော် ”
သူသည် သူ၏ဇနီးဖြစ်သူ၏ နားနားသို့ တိုးတိုးလေး ကပ်၍ ပြောလိုက်၏။
ရွာလုံးကျွတ်၏ အလုပ်ရှုပ်လှသော ပြင်ဆင်မှုများကြောင့် မင်္ဂလာပွဲအတွက် လိုအပ်သည်များမှာ နာရီအနည်းငယ်အတွင်းမှာပင် ပြီးစီးသွားတော့သည်။
သန်းခေါင်ယံအချိန်၌ လင်းရန်ယန်သည် အနီရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ကာ ၊ အနီနှင့် အစိမ်းရောင် ဖဲကြိုးများဖြင့် ဆင်ယင်ထားပြီး ၊ မြင်းအမြင့်ကြီးတစ်ကောင်ပေါ်တွင် ထိုင်နေ၏။ ရာနှင့်ချီသော လူအုပ်ကြီး၏ ဆူညံသံများ ၊ ပျော်ရွှင်ဖွယ် တေးဂီတသံများကြား၌ သူသည် သတို့သမီးကို ကြိုဆိုရန် ကျောက်ဝူရှန်း၏ အိမ်သို့ ဦးတည်လိုက်တော့သည်။
လင်းရန်ယန်သည် ဘဝနှစ်ခုလုံး၌ ပထမဆုံးအကြိမ် မင်္ဂလာဆောင်ရခြင်း ဖြစ်သဖြင့် ၊ ဤအခိုက်အတန့်တွင် အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားနေ၏။ သူနှင့် ချင်းလင်သည် ယနေ့မှ စတင်တွေ့ဆုံကြခြင်း ဖြစ်သော်လည်း ၊ ဤသည်မှာ ရှေးဟောင်းဓလေ့တစ်ခုဖြစ်သော မင်္ဂလာဆောင်သည့်နေ့မှ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရခြင်းနှင့် အတော်လေး ဆင်တူနေသည်။ ဤသည်မှာ ထူးခြားသော အတွေ့အကြုံတစ်ခုပင် ဖြစ်၏။ တော်သေးသည်မှာ သူ၏ဇနီးလောင်းမှာ အလွန်ပင် လှပသည်ကို သူသိရှိထားသဖြင့် ရှေးခေတ်လူများကဲ့သို့ ‘မျက်စိမှိတ်’ လက်ထပ်ရခြင်းမျိုး မဟုတ်ပေ။
မကြာမီမှာပင် သတို့သမီး ကြိုဆိုသည့်အဖွဲ့သည် ကျောက်ဝူရှန်း၏ အိမ်သို့ ရောက်ရှိလာတော့သည်။ လင်းရန်ယန်နှင့် သူ၏အဖွဲ့သားများ ဧည့်ခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ၊ အားလုံးမှာ အံ့အားသင့်ကာ ကြောင်အမ်းသွားကြ၏။
သူတို့ရှေ့တွင် မင်္ဂလာဝတ်စုံကိုယ်စီ ဝတ်ဆင်ထားပြီး ၊ မျက်နှာကို ပုဝါဖြင့် အုပ်ထားသော မိန်းကလေး တစ်ဆယ်ဦးကို တွေ့ရှိလိုက်ရတော့သည်။
“ဟာ... ဒါက ဘာဖြစ်နေတာလဲ ”
လင်းရန်ယန်မှာ ဝေခွဲမရ ဖြစ်သွားရတော့သည်။ ထိုအခိုက်အတန့်တွင် ကျောက်ဝူရှန်းသည် ခန့်ညားထည်ဝါသော ဝတ်စုံဖြင့် ၊ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လာ၏။
“ဟန့်... လူငယ်လေး ၊ မင်းရဲ့ နာမည်ကို ငါ အခုထိ မသိသေးပေမဲ့ ၊ ငါ့သမီးကို လက်ထပ်ဖို့က မလွယ်ဘူးနော် ၊ ကဲ... တစ်ယောက်ကို ရွေးလိုက်စမ်း ၊ အကယ်၍ ငါ့သမီးကို မှန်အောင် ရွေးနိုင်ရင် သူမကို မင်း ခေါ်သွားလို့ရမယ် ၊ အကယ်၍ မှားသွားခဲ့ရင်တော့... မင်းရွေးလိုက်တဲ့လူကိုပဲ မင်း ခေါ်သွားရမယ် ”
ကျောက်ဝူရှန်းက လင်းရန်ယန်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်၏။ တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းရန်ယန်မှာ ဆွံ့အသွားရတော့သည်။ ကြည့်ရသည်မှာ သူသည် ကို ‘သတို့သမီး မှန်အောင်ရွေးစတမ်း’ ကစားခိုင်းနေခြင်း ဖြစ်၏။
ထို့ပြင် ဤနေရာရှိ မိန်းကလေးတိုင်း၏ ကိုယ်ပေါ်တွင် အရှိန်အဝါ ဖုံးကွယ်သည့် အစီအရင်များကို တပ်ဆင်ထားသေးသည်။ ဆိုလိုသည်မှာ သူတို့၏ အငွေ့အသက်ကို ခံစားသိရှိရန် လုံးဝ မဖြစ်နိုင်ချေ။
“ဒါက သိပ်ခက်လွန်းတယ်... ဆယ်ယောက်ထဲက တစ်ယောက်တဲ့ ၊ ချင်းလင်လေးကို ငယ်ငယ်ကတည်းက ကြည့်လာတဲ့ ငါတောင်မှ ရွေးနိုင်မှာ မဟုတ်ဘူး ”
“ဟုတ်တယ်... ဒီကောင်လေးက ပါရမီထူးချွန်တယ် ဆိုပေမဲ့ ၊ သူက ကောင်းကင်အရှင်သခင် ပထမအဆင့်ပဲ ရှိသေးတာ ၊ ခက်ခဲလိမ့်မယ် ”
“ကျောက်ဝူရှန်းကတော့ လုပ်ပြီ ၊ သူ ရွာလူကြီးဆီက အရိုက်ခံရမှာကို မကြောက်ဘူးလား မသိဘူး ”
ပတ်ဝန်းကျင်ရှိ လူများမှာ ခေါင်းခါလျက် ၊ လင်းရန်ယန်အနေဖြင့် မှန်ကန်စွာ ရွေးချယ်နိုင်လိမ့်မည် မဟုတ်ဟု ထင်မြင်နေကြတော့သည်။
“ခန့်ညားထည်ဝါလှတဲ့ ယောက္ခမကြီးက ဒီလို ပြောလာမှတော့... ကျွန်တော် ရွေးချယ်ရတော့မှာပေါ့ ”
လင်းရန်ယန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ရှေ့သို့ တည့်တည့် လျှောက်သွား၏။ သူသည် မိန်းကလေး အားလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် လင်းရန်ယန်က ချက်ချင်းပင် ပြုံးလိုက်တော့သည်။
“ကျွန်တော် ဒီထဲက ဘယ်သူ့ကိုမှ မရွေးပါဘူး ”
နောက်တစ်ခဏ၌ လင်းရန်ယန်က တိုက်ရိုက်ပင် ပြောဆိုလိုက်၏။ သူ၏ စကားထွက်လာသည်နှင့် ကျောက်ဝူရှန်း၏ ဂုဏ်ယူနေသော အပြုံးမှာ ချက်ချင်းပင် ခဲသွားတော့သည်။
“ဘာဖြစ်လို့လဲဆိုတော့... ချင်းလင်က ဒီထဲမှာ မရှိလို့ပဲ ”
လင်းရန်ယန်က အေးအေးဆေးဆေးပင် ဆိုလိုက်၏။
“ဟူး... သူမက တကယ်ပဲ အထဲမှာ မရှိတာလား ”
“ဒါ ကံကြမ္မာက ပေးတဲ့ အာရုံခံစားမှုလား ”
“အဘိုးကျောက်ရဲ့ မျက်နှာကို ကြည့်ရတာတော့... သူ မှန်အောင် ပြောလိုက်ပုံပဲ ”
ချက်ချင်းပင် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြတော့သည်။
“မင်း ဘယ်လိုလုပ် သိတာလဲ ”
ကျောက်ဝူရှန်း၏ နှုတ်ခမ်းများမှာ တွန့်သွားပြီး အလျင်အမြန်ပင် မေးမြန်းလိုက်၏။ လင်းရန်ယန်အနေဖြင့် သိရှိနိုင်ရန်မှာ မဖြစ်နိုင်ချေ။ ဤအစီအရင်မှာ ‘ကောင်းကင်အဆင့်’ အစီအရင်ဆရာမဖြစ်သည့် သူ၏ဇနီးကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်၏။
နောက်တစ်ခဏ၌ လင်းရန်ယန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်တော့သည်။
“အဓိပ္ပာယ်မရှိတာ... ကျွန်တော် အထဲကို မဝင်ခင်ကတည်းက ၊ ဘေးက အဆောင်ထဲမှာ ချင်းလင်ရဲ့ အငွေ့အသက်ကို ခံစားမိလို့... သူမကို ဝေါယာဉ်ထဲတောင် ထည့်ထားလိုက်ပြီးပြီလေ၊ ”
အခန်း (၁၂၄) - ရေခဲဝိညာဉ်ခန္ဓာ
“ကျွန်တော်က ခင်ဗျားတို့ ဘာတွေကြံစည်နေသလဲဆိုတာ သိချင်လို့ ဝင်ကြည့်တာပါ ၊ ဟားဟားဟား... ယောက္ခထီးကြီးနဲ့ ယောက္ခမကြီးရေ... ကျွန်တော် သွားပြီနော် ၊ နောက်ကျမှကျင်းပမယ့် လက်ထပ်ပွဲအခမ်းအနားကိုလည်း နောက်မကျစေနဲ့ဦး ”
လင်းရန်ယန် သည် ကျယ်လောင်စွာ ရယ်မောရင်း ပြောဆိုပြီးနောက် ၊ လူသားအဆင့် ဆေးဘက်ဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသော သကြားလုံးတစ်ဆုပ်ကို ကြဲပက်ကာ လှည့်ထွက်ပြေးသွားတော့သည်။
“ဝုန်း... ”
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် ထိုသကြားလုံးများကို လုယက်ရန် ရှေ့သို့ တိုးဝှေ့လာကြ၏။
“အဲဒီကောင်စုတ်လေးကို အလွတ်မပေးနဲ့... ပြေးပြီ ”
“မလုကြနဲ့လေ... မင်းတို့ သကြားလုံး တစ်ခါမှမစားဖူးဘူးလား ”
ကျောက်ဝူရှန်း သည် ဤမြင်ကွင်းကို ကြည့်ကာ ဒေါသတကြီး ခြေဆောင့်နေတော့သည်။ ကံမကောင်းစွာဖြင့် မင်္ဂလာလှည့်လည်ပွဲမှာ အလွန်ပင် စည်ကားနေပြီဖြစ်ပြီး ၊ ရွာလူကြီး နေထိုင်ရာ တောင်ထိပ်ဆီသို့ ဦးတည်သွားပြီ ဖြစ်၏။
“ကိုယ့်အစီအစဉ်လေးက လူအများကို လှည့်စားနိုင်မှာ မဟုတ်ပါဘူးလို့ ကျွန်မပြောသားပဲ ၊ အခုတော့ ကြည့်စမ်း... ရှက်ဖို့ကောင်းလိုက်တာ ”
စီးထူမင်ယာ က ကျောက်ဝူရှန်းကို စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။
“အဲဒီကောင်စုတ်လေးက ဒီလောက်အထိ လည်မယ်လို့ ဘယ်သူက ထင်မှာလဲ ”
ကျောက်ဝူရှန်းက ဒေါသတကြီး ကြိတ်မိတ်၍ ပြောလိုက်သည်။ ထိုည မင်္ဂလာအခမ်းအနား ကျင်းပချိန်တွင်ပင် လင်းရန်ယန်၏ အောင်နိုင်သူအမူအရာကို မြင်ရသည်မှာ သူ့ကို ဒေါသဖြင့် သေလုမတတ် ဖြစ်နေ၏။
ညဉ့်နက်သန်းခေါင်ယံအချိန် ၊ အနီရောင်ဖယောင်းတိုင်များနှင့် နီရဲသော အလင်းတန်းများ။ အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော ချင်းလင် သည် ကုတင်ပေါ်တွင် ထိုင်လျက် လင်းရန်ယန်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေတော့သည်။
“ကျွီ... ”
နောက်ဆုံး၌ တံခါးပွင့်သွားပြီး လင်းရန်ယန်၏ ပုံရိပ်မှာ အခန်းအတွင်းသို့ ဝင်ရောက်လိုက်၏။ လင်းရန်ယန်သည် သူ၏ဇနီးဖြစ်သူကို ကြည့်ကာ မျက်နှာဖုံးပုဝါနီကို တိုက်ရိုက်ပင် လှန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အလွန်တရာ လှပတင့်တယ်လှသော မျက်နှာလေးမှာ လင်းရန်ယန်၏ မျက်စိရှေ့၌ ပေါ်ထွက်လာ၏။
ရုပ်ရည်ချောမောသော လင်းရန်ယန်ကို မြင်လိုက်ရသည့်အခါ ချင်းလင်၏ မျက်နှာလေးမှာလည်း ချက်ချင်းပင် ရှက်သွေးဖြန်းကာ နီမြန်းသွားတော့သည်။
“ချင်းလင်... ဒီနေ့မှ ငါတို့ ပထမဆုံး စတွေ့ကြတာဆိုပေမဲ့ ၊ ဒီနေ့ကစပြီး မင်းဟာ ငါ့ရဲ့ဇနီးပဲ ၊ နောင်ကို မင်းအပေါ် ငါအကောင်းဆုံး ဆက်ဆံသွားမယ်လို့ ကတိပေးပါတယ် ”
လင်းရန်ယန်သည် ချင်းလင်၏ ဘေးနားတွင် ထိုင်လိုက်ရင်း ကတိစကား ဆိုလိုက်၏။
“ကျွန်မ ရှင့်ကို ယုံပါတယ်...”
ချင်းလင်၏ လှပသော မျက်ဝန်းများကလည်း လင်းရန်ယန်ကို စိုက်ကြည့်နေတော့သည်။
“ညဉ့်လည်း နက်ပြီဆိုတော့... အိပ်ကြစို့ ”
လင်းရန်ယန်က တဟားဟား ရယ်မောလိုက်ပြီးနောက် ၊ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ အနီရောင်ဖယောင်းတိုင်မှာ ချက်ချင်း ငြိမ်းသွား၏။ နောက်တစ်ခဏ၌ ချင်းလင်၏ အံ့သြတုန်လှုပ်သွားသော အသံလေးနှင့်အတူ ၊ သူသည် သူမကို ကုတင်ပေါ်သို့ တိုက်ရိုက်ပင် တွန်းလှဲလိုက်တော့သည်။
ထိုညတွင် အဖူးအပွင့်လေးတစ်ခုမှာ ပွင့်လန်းသွားခဲ့ပြီ။
နောက်တစ်နေ့ နံနက်စောစောတွင် လင်းရန်ယန်သည် ဖြည်းညှင်းစွာ နိုးလာတော့သည်။ သူ၏ ရင်ခွင်ပေါ်တွင် ငိုက်မြည်းနေသော ချင်းလင်ကို ကြည့်ကာ လင်းရန်ယန်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ၊ ယခုမူ သူ၌ ဇနီးတစ်ယောက်ပင် ရှိနေပြီဖြစ်ကြောင်း တွေးမိကာ အံ့သြနေ၏။
“ဝူး... ”
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာ တိုးဝှေ့လာတော့သည်။ ချင်းလင် နိုးသွားမည်ကို စိုးရိမ်သဖြင့် သူသည် ထိုစွမ်းအားများကို အသေအချာ ထိန်းချုပ်လိုက်၏။
“ဒိုင်း... ”
ချက်ချင်းဆိုသလိုပင် လင်းရန်ယန်၏ ခန္ဓာကိုယ်အတွင်းမှ အတားအဆီးတစ်ခု ကျိုးပျက်သွားသော အသံ ထွက်ပေါ်လာပြီး ၊ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ ‘ကောင်းကင်အရှင်သခင် ဒုတိယအဆင့်’ သို့ သဘာဝအတိုင်း တက်လှမ်းသွားတော့သည်။
မနေ့က နံနက်ပိုင်းတွင်မှ သူသည် ကောင်းကင်အရှင်သခင်အဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်ကို သတိပြုမိ၏။ ထို့ပြင် ဤတိုးတက်မှုအရှိန်အရဆိုလျှင် ယနေ့အတွင်း၌ပင် နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံတက်လှမ်းနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။ အမှန်ဆို ဤအဆင့်မှာ မနေ့ညကတည်းက တက်လှမ်းရမည် ဖြစ်ပါသော်လည်း ၊ အရေးကြီးသော ကိစ္စများကို လုပ်ဆောင်နေရသဖြင့် လင်းရန်ယန်က ယခုအချိန်အထိ ဖိနှိပ်ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် အဆင့်တက်ပြီးသည်နှင့် သူသည် ဒုတိယအဆင့်၏ အလယ်ပိုင်းသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
“ကို... စောစောစီးစီး နိုးနေတာလား ”
ချင်းလင်သည် လှုပ်ရှားမှုကို ခံစားမိသဖြင့် ၊ အနည်းငယ် မောပန်းနေသော အမူအရာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာထားမှာလည်း အနည်းငယ် နာကျင်နေပုံရသည်။ ၎င်းမှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သဖြင့် ခံနိုင်ရည်ရှိရန် အနည်းငယ် ခက်ခဲနေခြင်း ဖြစ်လိမ့်မည်။ တော်သေးသည်မှာ လင်းရန်ယန်၌ ‘သစ်သားဝိညာဉ်စွမ်းအား’ ရှိနေခြင်းပင် ဖြစ်၏။
“ဝူး... ”
ချက်ချင်းပင် စိမ်းလန်းသော အလင်းတန်းတစ်ခုမှာ ချင်းလင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။ သစ်သားဝိညာဉ်စွမ်းအားများ စီးဝင်လာမှုကြောင့် ချင်းလင်မှာ လျင်မြန်စွာ ပြန်လည် လန်းဆန်းလာ၏။
“အိုး... ကို ၊၊ခုနက ဘာလဲဟင် ၊ ခန္ဓာကိုယ်တစ်ခုလုံး တကယ်ကို နေလို့ကောင်းသွားတာပဲ ”
ချင်းလင်မှာ ချက်ချင်းပင် အံ့သြသွားရတော့သည်။
“ဒါက သစ်သားဝိညာဉ်စွမ်းအားရဲ့ အသက်ဓာတ်ပါ ၊ အခု နေလို့ကောင်းသွားပြီ မဟုတ်လား ”
လင်းရန်ယန်က ပြောပြောဆိုဆိုဖြင့် သူမ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
“အခု သက်သာသွားပါပြီ ၊ ကိုက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ ၊ မီးဝိညာဉ်စွမ်းအားရော ၊ သစ်သားဝိညာဉ်စွမ်းအားရော ရှိနေတာပဲ ၊ ပြီးတော့ ဆေးဖော်စပ်တဲ့ အတတ်ပညာကလည်း တကယ်ကို အံ့မခန်းပဲ ”
ချင်းလင်က အလျင်အမြန် ခေါင်းခါပြရင်း ၊ လင်းရန်ယန်ကို အားကျမြတ်နိုးသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။ ဒြပ်စင်နှစ်ခု ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားခြင်းမှာ အလွန်ပင် ရှားပါးလှသည်။ ထို့ပြင် သူ၌ ထိတ်လန့်စရာကောင်းသော ဆေးဖော်စပ်မှု အတတ်ပညာလည်း ရှိနေသေး၏။
“သေချာတာပေါ့ ၊ မင်းသက်သာသွားရင် ပြီးတာပါပဲ ၊ မင်းအရင် နားနေဦးနော်... ငါ အဖိုးဆီသွားပြီး ကိစ္စတချို့ ဆွေးနွေးလိုက်ဦးမယ် ”
လင်းရန်ယန်က ပြောပြီးသည်နှင့် ထလိုက်တော့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ၊ လင်းရန်ယန်သည် အဝတ်အစားများ လဲလှယ်ပြီး အခန်းထဲမှ ထွက်လာခဲ့၏။ ချင်းလင်မှာမူ ကုသမှုခံယူပြီးနောက် ဆက်လက်၍ အနားယူနေတော့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာ၏။
“ဒင်... ဂုဏ်ယူပါတယ် အရှင် ၊ အရှင်သည် သုံးရက်တိုင်တိုင် အသက်ရှင်သန်နိုင်ခဲ့သည့်အတွက် ၊ အစွမ်းမဲ့ဆုလာဘ် - သားသမီးရတနာ အဖြာဖြာ အဆင့် ၂ ကို ရရှိပါသည် ”
ထိုအကြောင်းကြားစာကို ကြားလိုက်ရသည့်အခါ လင်းရန်ယန်မှာ ချက်ချင်းပင် မှင်တက်သွားရတော့သည်။
“သားသမီးရတနာ အဖြာဖြာ ဟုတ်လား ”
သူ အံ့သြသွားမိသွား၏။ စနစ်က သုံးရက်တိုင်တိုင် အစွမ်းမဲ့ဆုလာဘ် မပေးခဲ့သည်ကို ယခုမှပင် သူ သတိရလိုက်တော့သည်။ သူသည် ထိုအစွမ်းမဲ့ဆုလာဘ်ကို အလျင်အမြန်ပင် ဖွင့်ကြည့်လိုက်၏။
“သားသမီးရတနာ အဖြာဖြာ အဆင့် ၂ - အရှင်မှ မွေးဖွားလာသော ပထမမျိုးဆက် သားသမီး တစ်ဦးစီအတွက် ၊ ကျပန်း အစွမ်းမဲ့ဆုလာဘ် ၁၀၀ ခုကို ရရှိနိုင်ပါသည် ၊ ဒုတိယမျိုးဆက် မြေး တစ်ဦးစီအတွက် ကျပန်း အစွမ်းမဲ့ဆုလာဘ် ၁၀ ခု ရရှိပါမည် ၊ တတိယမျိုးဆက် မြစ် တစ်ဦးစီအတွက် ကျပန်း အစွမ်းမဲ့ဆုလာဘ် ၁ ခု ရရှိပါမည် ”
စနစ်၏ အကြောင်းကြားသံမှာ လင်းရန်ယန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
“ဘုရားရေ... ဒါက ကလေးမွေးလေလေ ၊ ပိုအစွမ်းထက်လေလေ ဆိုတဲ့ အရာပေါ့ ”
လင်းရန်ယန်၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွား၏။ ဤကဲ့သို့သော အစွမ်းမဲ့ဆုလာဘ်မျိုး ရရှိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ လက်ရှိတွင် ၎င်း၏ အဆင့်မှာ နိမ့်နေသေးသဖြင့် အသုံးမဝင်လှသေးသော်လည်း ၊ ကလေးတစ်ဦးရရန် အနည်းဆုံး ဆယ်လခန့် ကြာဦးမည်။
သို့သော် နောင်တစ်ချိန်တွင် ၎င်းကို အဆင့်ငါး ၊ အဆင့်ခြောက် သို့မဟုတ် ထိုထက်မက မြှင့်တင်နိုင်ခဲ့မည်ဆိုပါက အခြေအနေမှာ ပြောင်းလဲသွားလိမ့်မည်။ သူ အသက်ကြီးလာသည့်အခါ မြေးများ ၊ မြစ်များ ရှိလာခဲ့မည်ဆိုလျှင် ထိုစွမ်းအားမှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှ၏။ ဒဏ္ဍာရီများအရ အချို့သော ရှေးဟောင်းကျင့်ကြံရေး မိသားစုကြီးများတွင် လူဦးရေ သန်းနှင့်ချီ၍ ရှိကြသည်။ နေ့တိုင်း ကလေးငယ် အမြောက်အမြား မွေးဖွားနေကြမည် ဖြစ်ရာ ၊ ထိုအချိန်တွင် တစ်ဦးလျှင် အစွမ်းမဲ့ဆုလာဘ် တစ်ခုစီသာ ရရှိမည်ဆိုလျှင်ပင် အလွန်တရာ များပြားလှသော အရေအတွက် ဖြစ်နေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် ဤဆုလာဘ်မှာ ‘နောင်ရေးအတွက် အလားအလာရှိသော’ အစွမ်းတစ်ခုပင် ဖြစ်သည်။
“လက်ထပ်လိုက်တာကနေ ဒီလို အစွမ်းမျိုး ရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... တကယ်ကို ထူးဆန်းတာပဲ ”
လင်းရန်ယန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီးနောက် ၊ ထိုကိစ္စကို စိတ်ထဲမှ ခေတ္တ ထုတ်ထားလိုက်၏။ ဘာပဲဖြစ်ဖြစ် ဤအစွမ်းမှာ သူ ကလေးရမှသာ အသုံးဝင်မည် ဖြစ်သည်။
“ဒါနဲ့... ဒီဟင်းလင်းပြင်ကြီးထဲမှာ ဘာတွေ ဖြစ်နေတာလဲ ”
လင်းရန်ယန်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ အဝေးဆီတွင် နေမင်းကြီးမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။ သို့သော်လည်း ဤနေမင်းမှာ အလွန်ပင် ထူးဆန်းလှပါသည် ၊ ၎င်းတွင် နေရောင်ခြည်နှင့် အပူရှိန် ရှိသော်လည်း ၊ နေမင်းတစ်စင်းတွင် ရှိသင့်သော အစွမ်းထက်လှသည့် အငွေ့အသက်များကို လင်းရန်ယန် မခံစားရချေ။ အရာအားလုံးမှာ အနည်းငယ် ထူးဆန်းနေ၏။
မကြာမီမှာပင် လင်းရန်ယန်သည် အဘိုးကျောက် ၏ ဝင်းအတွင်းသို့ ရောက်ရှိလာတော့သည်။ အဘိုးကျောက်မှာ ဆေးလုံးအချို့ကို ကိုင်ထားရင်း ဝေခွဲမရ ဖြစ်နေပုံရပြီး ၎င်းတို့ကို စားသုံးသင့်သလား သို့မဟုတ် သိမ်းဆည်းထားသင့်သလားဟူ၍ သူ ဝေခွဲမရ ဖြစ်နေခြင်းပင် ဖြစ်၏။
“အဘိုးကျောက်... ဘာတွေ လုပ်နေတာလဲ ”
လင်းရန်ယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်တော့သည်။
“ကောင်စုတ်လေး... မင်းက ငါ့ကို အဘိုးကျောက်လို့ ခေါ်နေတုန်းပဲလား ၊ အဘိုးလို့ ခေါ်စမ်း ”
ကံမကောင်းစွာဖြင့် သူ၏စကားမှာ အဘိုးကျောက်၏ ပြန်လည်အော်ဟစ်ခြင်းကို ခံလိုက်ရ၏။
“ဟမ်... ဟုတ်ကဲ့ပါ ၊ အဘိုး... ဘာတွေ လုပ်နေတာလဲ ”
လင်းရန်ယန်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရတော့သည်။ သူသည် ‘အကျိုးခံစားပြီးမှ အမျိုးမသိ’ သူတစ်ဦး မဖြစ်လိုချေ။
“ငါက ဒီဆေးလုံးတွေကို စားသင့်သလား ၊ ဒါမှမဟုတ် ရွာထဲက အခြား ရေခဲဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားတဲ့သူ နှစ်ယောက်အတွက် သိမ်းထားပေးရမလားလို့ စဉ်းစားနေတာ ”
အဘိုးကျောက်က သက်ပြင်းချလျက် ဆိုလိုက်၏။
ချင်းလင်အတွက်ဆိုရင် လင်းရန်ယန်သည် သူမအတွက် လုံလောက်သော ဆေးလုံးများကို ပေးပြီးဖြစ်ရာ ၊ တိုတောင်းသော အချိန်အတွင်း၌ သူမ၏ ရေခဲဝိညာဉ်ခန္ဓာကို အဆင့်လေးအထိ မြှင့်တင်နိုင်ရန် လုံလောက်လှသည်။
“သေချာပေါက် စားရမှာပေါ့ဗျ ၊ အဘိုးသာ စားလိုက်မယ်ဆိုရင် ‘တာအိုအရှင်သခင် တတိယအဆင့်’ အထိ တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိသွားပြီး ၊ နောက်ထပ် သက်တမ်း နှစ်ပေါင်းတစ်ထောင် ထပ်နေရမှာ ၊ သူတို့က ဒါတွေကို စားလိုက်လို့လည်း ထူးခြားတဲ့ ပြောင်းလဲမှုကြီးတွေ ဖြစ်လာမှာ မဟုတ်ဘူး ၊အဆိုးဆုံးဖြစ်ရင်လည်း... နောင်ကျရင် ရေခဲဝိညာဉ် အအေးရွက်တွေ ထပ်ထွက်လာမှ သူတို့အတွက် ထပ်ဖော်ပေးလိုက်မှာပေါ့ ”
အခန်း (၁၂၅) - နှင်းနှင့် ရေခဲကမ္ဘာ
လင်းရန်ယန် က ပွင့်လင်းပြတ်သားစွာပင် ပြောဆိုလိုက်၏။
“ဒါက တကယ့်ကို အမှန်တရားပဲ ”
သူ၏ စကားအဆုံး၌ အဘိုးကျောက် သည်လည်း အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်သွားတော့သည်။
“အဲဒီလိုဆိုရင်လည်း... ငါ စားလိုက်တော့မယ် ”
ပြောပြောဆိုဆိုဖြင့် အဘိုးကျောက်သည် တွေဝေနေခြင်း မရှိတော့ဘဲ ၊ ကောင်းကင်ယံသို့ ဟုန်ခနဲ ပျံတက်သွား၏။ သူသည် လင်းရန်ယန်ပင် လိုက်မမီနိုင်လောက်သော အရှိန်အဝါဖြင့် အဝေးတစ်နေရာသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
သူတို့နှစ်ဦးကြားရှိ ကျင့်ကြံခြင်း အဆင့်အတန်းမှာ အလွန်ပင် ကွာခြားလှ၏။ ထို့ပြင် ၎င်းမှာ ‘စစ်မှန်သော အရှင်သခင်’ အဆင့် ဖြစ်သည်။ ‘ကောင်းကင်အရှင်သခင်’ အဆင့်မှ ‘စစ်မှန်သော အရှင်သခင်’ အဆင့်သို့ ကူးပြောင်းချိန်တွင် ရရှိလာသော စွမ်းအားတိုးတက်မှုမှာ အဆမတန် ကြီးမားလှ၏။ စစ်မှန်သော အရှင်သခင် ပထမအဆင့် တစ်ဦးသည် ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ ပညာရှင် အများအပြားကို တစ်ခဏချင်းအတွင်း အနိုင်ယူနိုင်စွမ်း ရှိသည်။
သေချာပေါက် ၊ ဤသည်မှာ အဆင့်အတန်းမှလွဲ၍ ကျန်ရှိသော ပါရမီနှင့် စွမ်းရည်များ တူညီနေသည်ဟူသော အချက်အပေါ်တွင် မူတည်၏။ အကယ်၍ ထို ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ သည် အစွမ်းထက်သော ဝိညာဉ်ခန္ဓာနှင့် တာအိုကျင့်စဉ်များကို ပိုင်ဆိုင်ထားပါက ၊ စစ်မှန်သော အရှင်သခင်အဆင့်ရှိ ပညာရှင်တစ်ဦးကို ပြန်လည် တိုက်ခိုက် အနိုင်ယူနိုင်ရန်လည်း ဖြစ်နိုင်ခြေ ရှိသည်။
“ဝုန်း... ဝုန်း... ဝုန်း... ”
တစ်နာရီခန့် ကြာပြီးနောက်တွင် ၊ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် အဝေးတစ်နေရာမှ ထွက်ပေါ်လာ၏။ ကီလိုမီတာ ရာနှင့်ချီ၍ ဝေးကွာနေသော်လည်း ၊ လင်းရန်ယန်သည် ထိုအစွမ်းထက်လှသော အငွေ့အသက်ကို သိသိသာသာ ခံစားနေရသည်။ ‘နှင်းရွာ’ အတွင်းရှိ ထိုအငွေ့အသက်ကို ခံစားမိသူတိုင်းသည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ကြ၏။
“ဒါက ရွာလူကြီးရဲ့ အရှိန်အဝါပဲ ”
“အဆင့်တက်သွားတာနဲ့လည်း တူတယ်... ဒါပေမဲ့ တစ်ခုခုတော့ မတူသလိုပဲ ”
“နေဦး... ရေခဲဝိညာဉ်ခန္ဓာက အဆင့်တက်သွားတာနဲ့ တူတယ် ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
“ဟူး... ရေခဲဝိညာဉ်ခန္ဓာလား ၊ စတုတ္ထအဆင့် ရေခဲဝိညာဉ်ခန္ဓာကြီးလား ”
ထိုအခိုက်အတန့်တွင် နှင်းရွာအတွင်းရှိ လူတိုင်းမှာ အံ့အားသင့်တုန်လှုပ်စွာဖြင့် ဝိုင်းဝန်း ဆွေးနွေးနေကြတော့သည်။ ရေခဲဝိညာဉ်ခန္ဓာ ဆင့်ကဲပြောင်းလဲသွားခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ လူတိုင်း၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားကြး၏။ ဝိညာဉ်ခန္ဓာတစ်ခု ဆင့်ကဲတိုးတက်ရန်မှာ ကျင့်ကြံခြင်း အဆင့်တက်ရန်ထက်ပင် များစွာ ပိုမို ခက်ခဲလှသည်။ ဤသည်မှာ စတုတ္ထအဆင့် ရေခဲဝိညာဉ်ခန္ဓာ ဖြစ်ပါသည် ၊ သာမန် ပဉ္စမအဆင့် ဝိညာဉ်ခန္ဓာထက်ပင် ပိုမို အစွမ်းထက်သော တည်ရှိမှုတစ်ခုပင် ဖြစ်၏။
ဤကဲ့သို့သော ဝိညာဉ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားပါက ၊ သာမန် စစ်မှန်သော အရှင်သခင် စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်ရှိသူပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်တော့မည် မဟုတ်ချေ။
“ဒိုင်း... ”
ထိုအချိန်မှာပင် နောက်ထပ် ထိတ်လန့်စရာကောင်းသော စွမ်းအားတစ်ခု ထပ်မံ ပေါက်ကွဲထွက်လာတော့သည်။ ဤတစ်ကြိမ်တွင်မူ လင်းရန်ယန်ပင်လျှင် အံ့အားသင့်သွားရ၏။
“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကပါ တကယ်ပဲ တက်လှမ်းသွားတာလား ”
လင်းရန်ယန်က မျက်ခုံးပင့်လိုက်မိတော့သည်။ အဘိုးကျောက်သည် ဤတစ်ကြိမ်၌ သူ၏ ရေခဲဝိညာဉ်ခန္ဓာကို စတုတ္ထအဆင့်သို့ မြှင့်တင်နိုင်ခဲ့ရုံသာမက ၊ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း စစ်မှန်သော အရှင်သခင် တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ။ ယခုဆိုလျှင် သာမန် ပဉ္စမအဆင့်ရှိသူပင်လျှင် သူ့ကို အနိုင်ရရန် လုံးဝ မဖြစ်နိုင်တော့ချေ။
အကယ်၍ လင်းရန်ယန်သာ အဘိုးကျောက်ကို ကမ္ဘာမြေသို့ ခေါ်ဆောင်သွားခဲ့မည်ဆိုပါက ၊ အဘိုးကျောက်သည် ကမ္ဘာမြေရှိ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တစ်ဦးတည်းဖြင့် နှိမ်နင်းနိုင်သော ထိတ်လန့်ဖွယ် တည်ရှိမှုကြီး တစ်ခု ဖြစ်လာလိမ့်မည်။
“ဘုရားရေ... ရွာလူကြီးက အဆင့်တက်သွားပြီ ”
“ဘာတွေ ဖြစ်ကုန်တာလဲ... သူက ဘယ်လိုလုပ်ပြီး ဒီလောက်အမြန်ကြီး အဆင့်တက်သွားရတာလဲ ”
“သတို့သားကြောင့်များလား ”
“သေချာတယ်... မနေ့က ချင်းလင်လေးရဲ့ ရေခဲဝိညာဉ်ခန္ဓာက ဒုတိယအဆင့်ကို တက်သွားတာ ငါ တွေ့လိုက်တယ် ၊ ဒါဟာ သေချာပေါက် သတို့သားကြောင့်ပဲ ဖြစ်ရမယ် ”
“ဟူး... ဒါဟာ ကြီးမြတ်တဲ့ အခွင့်အရေးပဲ ၊ ဒီသတို့သားက ငါတို့ရွာအတွက် ကြီးမြတ်တဲ့ ကံကောင်းမှုပဲ ”
“ရွာလူကြီးက အခုလို စတုတ္ထအဆင့် ရေခဲဝိညာဉ်ခန္ဓာကို ရရှိသွားပြီဆိုတော့... စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ထွက်ခွာသွားနိုင်မလား မသိဘူး ၊
အကယ်၍ သူသာ ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်... ငါတို့အားလုံးလည်း ဒီနေရာကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရှိလာမှာပဲ ”
“သူ ထွက်မသွားနိုင်ခဲ့ရင်တောင်မှ... ရွာလူကြီးက နောက်ထပ် သက်တမ်း နှစ်တစ်ထောင် နေရဦးမှာ ၊ နှစ်တစ်ထောင်ဆိုတာ ငါတို့ရွာကနေ ဒုတိယမြောက် ဒါမှမဟုတ် တတိယမြောက် ‘စစ်မှန်သော အရှင်သခင်’ တစ်ယောက် မွေးထုတ်ပေးနိုင်ဖို့ လုံလောက်တဲ့ အချိန်ပဲ ”
ထိုအခိုက်အတန့်တွင် နှင်းရွာသားအားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အားပေးနေကြတော့သည်။ အဘိုးကျောက်၏ အဆင့်တက်လှမ်းမှုမှာ ခွန်အားတိုးတက်ခြင်းကို ကိုယ်စားပြုရုံသာမက ၊ သက်တမ်း ရှည်ကြာလာခြင်းကိုလည်း ဆိုလိုခြင်းလည်း ဖြစ်၏။ ထို့ပြင် ၎င်းသည် စမ်းသပ်ချက်ကို အောင်မြင်နိုင်မည့် အလားအလာကိုလည်း ပိုမို မြင့်မားစေတော့သည်။
“စမ်းသပ်ချက်လား... အရင်က အဘိုးကျောက်တောင် မကျော်ဖြတ်နိုင်ခဲ့ဘဲ ၊ အခု စတုတ္ထအဆင့် ရေခဲဝိညာဉ်ခန္ဓာနဲ့တောင် ကျော်ဖြတ်နိုင်ပါ့မလားလို့ သံသယရှိနေရတဲ့ စမ်းသပ်ချက်က ဘာမျိုးလဲ ”
လင်းရန်ယန်သည် ချက်ချင်းပင် စူးစမ်းလိုစိတ်များ ပြင်းပြလာ၏။ သူတို့၏ စကားများအရ ထိုစမ်းသပ်ချက်တွင် မည်သူမျှ အသက်ဆုံးရှုံးခြင်း မရှိဟု သိရသဖြင့် ၊ သူကိုယ်တိုင်လည်း ထိုစမ်းသပ်ချက်ကို သွားရောက် ကြည့်ရှုရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
“ဝုန်း... ”
ထိုစဉ်မှာပင် အဝေးမှ ပုံရိပ်တစ်ခု ပျံသန်းလာ၏။ ၎င်းမှာ အဆင့်တက်ပြီးနောက် ပြန်လည်ရောက်ရှိလာသော အဘိုးကျောက်ပင် ဖြစ်ပသည်။ အဘိုးကျောက်သည် ဖြည်းညှင်းစွာ မြေသို့ ဆင်းသက်လိုက်၏။ ယခုအခါ အဘိုးကျောက်သည် ယခင်ကကဲ့သို့ အိုမင်းရင့်ရော်နေခြင်းမျိုး မရှိတော့ဘဲ ၊ အလွန်ပင် ငယ်ရွယ်နုပျိုလာတော့သည်။ ဆံပင်ဖြူဖြူနှင့် နုပျိုသော မျက်နှာထားမှာ နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်နေ၏။
“လင်းရန်ယန်... ဒီတစ်ကြိမ်အတွက် မင်းကို တကယ်ပဲ ကျေးဇူးတင်တယ် ”
အဘိုးကျောက်သည် သူ၏ရှေ့မှ လင်းရန်ယန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်တော့သည်။ ပြင်ပလောကမှ ရောက်ရှိလာသော ဤပါရမီရှင်သည် သူတို့အတွက် ဤမျှကြီးမားသော ပြောင်းလဲမှုများကို ယူဆောင်လာပေးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
“ကိစ္စမရှိပါဘူးဗျာ... ဒါက အသေးအဖွဲလေးတင်ပါ ၊ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်လည်း ဆေးလုံးတွေ အများကြီး ရလိုက်တာပဲ မဟုတ်လား ”
လင်းရန်ယန်က လက်ကို ဝေ့ယမ်းလိုက်ရင်း အေးအေးဆေးဆေးပင် ပြောဆိုလိုက်၏။
“ဒါနဲ့... မောင်ရင် ခုနက ရောက်လာတုန်းက တစ်ခုခု မေးစရာ ရှိလို့ဆို ”
အဘိုးကျောက်က လင်းရန်ယန်ကို နားမလည်နိုင်စွာဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။
“ဟုတ်ပါတယ်... ကျွန်တော် သိချင်တာက ဒီနေရာက ဘယ်လောက်အထိ ကျယ်ဝန်းသလဲ ၊ ဒီနှစ်တွေအတွင်း ခင်ဗျားတို့ ဘယ်လောက်အထိ စူးစမ်းခဲ့ပြီးပြီလဲ ၊ ပြီးတော့ စမ်းသပ်ချက်ဆိုတာက ဘာလဲ ၊ အဲဒါက ဘယ်နေရာမှာ ရှိတာလဲ “
လင်းရန်ယန်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်တော့သည်။
“ဘယ်လောက် ကျယ်ဝန်းသလဲ ဟုတ်လား ၊ အမှန်အတိုင်း ပြောရရင်တော့ ငါ ငယ်စဉ်က ဒီနေရာကို အကြိမ်ကြိမ် စူးစမ်းခဲ့ဖူးပါတယ် ၊ နောက်ဆုံးအကြိမ်ကတော့ ငါ့ရဲ့ ခွန်အားက ‘စစ်မှန်သော အရှင်သခင်’ အဆင့်ကို ရောက်ပြီးတဲ့ အချိန်မှာပေါ့ ၊ အဲဒီတုန်းက ငါဟာ ဒီနေရာကနေ ကီလိုမီတာ သုံးသိန်းလောက်အထိ ဝေးတဲ့နေရာအထိ ရောက်ခဲ့တယ် ၊ ကံမကောင်းတာက ငါသွားခဲ့တဲ့ နေရာတိုင်းဟာ အဆုံးမရှိတဲ့ နှင်းနဲ့ ရေခဲကမ္ဘာကြီး ဖြစ်နေတုန်းပဲ ၊ လမ်းပျောက်သွားမှာ ကြောက်တာနဲ့ပဲ ငါ ဆက်မသွားရဲတော့တာ ၊
ဒီနယ်ပယ်အတွင်းမှာ ‘နှင်းမိစ္ဆာ’ တွေ အမြောက်အမြား နေထိုင်ကြတယ် ၊ ငါ မြင်ခဲ့ဖူးသမျှ အစွမ်းအထက်ဆုံး နှင်းမိစ္ဆာကတော့ ‘မိစ္ဆာဧကရာဇ်’ အဆင့်မှာ ရှိပြီး ၊ သာမန် မိစ္ဆာဧကရာဇ်မျိုး မဟုတ်ဘူး ၊ ကီလိုမီတာ တစ်ထောင်လောက် ဝေးတဲ့နေရာကနေတောင်မှ သေမင်းရဲ့ အငွေ့အသက်ကို ငါ ခံစားနေရတယ် ”
အဘိုးကျောက်က သူသိရှိထားသမျှကို ဖြည်းညှင်းစွာ ပြန်လည် ပြောပြနေတော့သည်။
“ဒါ့အပြင် ထူးဆန်းတာတစ်ခုက... အဲဒီ ဟင်းလင်းပြင် အက်ကွဲကြောင်းတွေကနေ ငါတို့လို ပြင်ပလူတွေကလွဲရင် ၊ အခြား နှင်းမိစ္ဆာတွေကတော့ ထွက်သွားလို့ ရတယ် ၊ ဒါပေမဲ့ သူတို့တွေ ပြန်လာတာကိုတော့ ငါတို့ တစ်ခါမှ မမြင်ဖူးဘူး ၊ ဖြစ်နိုင်တာကတော့... နှင်းမိစ္ဆာတွေအတွက်ရော ငါတို့အတွက်ပါ ၊ အဲဒါတွေက တစ်ဖက်ပိတ် လမ်းကြောင်းတွေ ဖြစ်နေတာပဲ ၊ ထွက်သွားလို့ပဲ ရပြီး ၊ ပြန်လာလို့ မရဘူး ၊ ပြီးတော့ အဲဒီ အက်ကွဲကြောင်းတွေဟာ နှင်းရွာရဲ့ အနီးအနား ကီလိုမီတာ တစ်ရာ နှစ်ရာ ပတ်ဝန်းကျင်မှာပဲ ရှိနေကြတာ ၊ အဘယ်ကြောင့်ဆိုသော်... စမ်းသပ်ချက် တည်ရှိရာနေရာဟာ နှင်းရွာရဲ့ အတွင်းမှာ ရှိလို့ပဲ ”
အဘိုးကျောက်က ဆက်လက် ရှင်းပြလိုက်တော့သည်။
“ဪ... အဲဒီလိုကိုး ၊ ဒါက တစ်ဖက်ပိတ် လမ်းကြောင်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ”
လင်းရန်ယန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွား၏။ လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီကတည်းက နှင်းတောင်ပေါ်သို့ ရောက်ရှိလာသော ‘နှင်းမုန်တိုင်းဝက်ဝံ’ သည် အဘယ်ကြောင့် ပျောက်ကွယ်မသွားဘဲ ရှိနေရသနည်းဆိုသည်မှာ ယခုမှပင် ရှင်းလင်းသွားတော့သည်။ ကြည့်ရသည်မှာ ၎င်းသည် ပြန်သွား၍ မရတော့ခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့်သာ ထွက်ပေါက်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်နေခဲ့ခြင်း ဖြစ်၏။
“ဒါဆိုရင် အဘိုး... လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်က ဒီနေရာမှာ ထူးခြားမှုတစ်ခုခု ဖြစ်ခဲ့တာကို သိလား၊ ဘာဖြစ်လို့လဲဆိုတော့... လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်ကစပြီး ၊ ပြင်ပလောကမှာရှိတဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းတွေကနေ ရေခဲစွမ်းအင်တွေ အမြောက်အမြား ပေါက်ကွဲထွက်လာလို့ပဲ ၊ အခုဆိုရင် အက်ကွဲကြောင်းတွေရဲ့ ပတ်ဝန်းကျင် ကီလိုမီတာ တစ်ရာအတွင်းမှာရှိတဲ့ နေရာအားလုံးဟာ နှင်းနဲ့ ရေခဲကမ္ဘာ ဖြစ်သွားပြီ ၊ နှင်းမိစ္ဆာတွေလည်း အပြင်ကို အများကြီး ထွက်သွားကြပြီ ”
လင်းရန်ယန်သည် ပြင်ပတွင် ဖြစ်ပျက်နေသော အခြေအနေများကို အလေးအနက်ထား၍ ရှင်းပြလိုက်တော့သည်။
“ဒီလို ကိစ္စမျိုးတွေ ဖြစ်ပျက်ခဲ့တာလား ”
လင်းရန်ယန်၏ စကားကို ကြားလိုက်ရသည့်အခါ အဘိုးကျောက်မှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။ သူသည်လည်း ထိုအကြောင်းရင်းကို အမှန်တကယ် မသိရှိချေ။
“ဖြစ်နိုင်တာကတော့... မင်း စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်မှပဲ ဒါတွေအားလုံးကို သိနိုင်လိမ့်မယ် ထင်တယ် ”
နောက်ဆုံး၌ အဘိုးကျောက်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်တော့သည်။
“ကောင်းပါပြီ... ဒါဆိုရင် အဲဒီစမ်းသပ်ချက်ဆိုတာက ဘာများလဲ ”