အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း (၁၃၅) ဧကရာဇ်၏ မာန်မာန
လင်ချွမ်၏ ကျင့်စဉ်အဆင့်အတန်းနှင့်ဆိုလျှင် နန်းတွင်းအာဏာစက်ကို သူက ဂရုစိုက်နေမည်မဟုတ်သည်မှာ သဘာဝပင်။
သို့သော် ယခုအချိန်တွင် နန်းတွင်းက အုပ်ချုပ်နေဆဲဖြစ်ရာ ဆက်ဆံရေး လုံးဝပျက်ပြားသွားခြင်းသည် မည်သူ့အတွက်မျှ အကျိုးရှိမည်မဟုတ်ပေ။
လင်ချွမ်သည် ပြဿနာများ ထပ်မံမဖြစ်ပွားစေလိုသဖြင့် အရှေ့ဘက် နန်းဆောင်မှတစ်ဆင့် ဧကရာဇ်နှင့် ဆက်သွယ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ဧကရာဇ်သည် အနည်းငယ် ပို၍ဉာဏ်ကောင်းလိမ့်မည်ဟုသာ မျှော်လင့်ရပေတော့မည်။
တောက်ရန်သည် ထက်မြက်သူတစ်ဦးဖြစ်၏။
သို့မဟုတ်ပါက မင်မင်းဆက်၏ စစ်သေနာပတိဖြစ်လာစရာအကြောင်းမရှိပေ။
ထို့ကြောင့် သူသည် လင်ချွမ်၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့သည်။
သို့သော် နားလည်သော်လည်း သူ့တွင် ဖြေရှင်းရန် နည်းလမ်းမရှိပေ။
ကျူတီ က ဆေးဘုရင် မှတ်တမ်းကို လက်လွှဲပေးပါမည်လော။
အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ ဤစကားရပ်အပေါ် အခြေခံရုံနှင့်ပင် ကျူတီသည် အရှေ့ဘက် နန်းဆောင် အကြီးအကဲကို ရာထူးမှ ဖယ်ရှားနိုင်စွမ်းရှိသည်။
သူသည် အရှေ့ဘက် နန်းဆောင်၏ အကြီးအကဲဖြစ်သလို ကျူတီ၏ အစေအပါးတစ်ဦးလည်း ဖြစ်ရာ အရာရာတွင် ကျူတီ၏ အကျိုးစီးပွားကိုသာ ဦးစားပေး စဉ်းစားရမည်။
သို့သော် သင်က သဘောမတူဘူးဆိုလျှင်ရော။
လက်ရှိ နန်းတွင်း၏ အင်အားနှင့်ဆိုလျှင် လင်ချွမ်ကဲ့သို့သော ကျင့်ကြံသူတစ်ဦးကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
၎င်းသည် သေတွင်းထဲသို့ ကိုယ့်ကိုယ်ကိုယ် တိုးဝင်ခြင်းနှင့် မတူပေဘူးလား။
တောက်ရန် တစ်ယောက် မည်သို့ပင် စဉ်းစားပါစေ၊ အရှေ့ဘက် နန်းဆောင်နှင့် နန်းတော်တို့တွင် မည်သည့်အနိုင်ရနိုင်ခြေရှိသည်ကို ရှာမတွေ့ခဲ့ပေ။
အဆုံးစွန်၌ ဆေးဘုရင် မှတ်တမ်းသည် ကိစ္စအသေးအဖွဲသာဖြစ်ပြီး ဧကရာဇ်၏ ဂုဏ်သိက္ခာနှင့် တော်ဝင်မိသားစု၏ ဘေးကင်းလုံခြုံရေးကသာ ပို၍အရေးကြီးသည်။
အနည်းဆုံး တောက်ရန်အတွက်မူ ဆေးဘုရင်မှတ်တမ်းသည် အရေးမပါသော အရာတစ်ခုသာ ဖြစ်သည်။
"ဒီကိစ္စကို ကျွန်တော်မျိုး မဆုံးဖြတ်နိုင်ပါဘူး၊ အရှင်မင်းကြီးထံ တင်ပြရပါမယ်"
"သခင်လေးလင်၊ အရှေ့ဘက် နန်းဆောင်မှာ ခဏလောက် အနားယူတာ ဘယ်လိုလဲခင်ဗျာ"
ဤကိစ္စသည် တောက်ရန်၏ တတ်နိုင်စွမ်းထက် ကျော်လွန်နေသည်မှာ ထင်ရှားပြီး သူသည် အတိုင်းအတာထက် ကျော်လွန်လုပ်ဆောင်ရန် အနည်းငယ်မျှ မဝံ့ရဲပေ။
လင်ချွမ်က သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းကို ငါ နှစ်နာရီ အချိန်ပေးမယ်"
"နှစ်နာရီအတွင်း ကျေနပ်လောက်တဲ့ အဖြေတစ်ခု မရဘူးဆိုရင်တော့ ငါ့ဘာသာငါ လာယူတာကို အပြစ်မတင်နဲ့တော့"
တောက်ရန် မျက်နှာသည် ပျက်ယွင်းသွားသော်လည်း လင်ချွမ်ကို ဆန့်ကျင်ရန် မဝံ့ရဲပေ။
သူ့တွင် ထိုသို့လုပ်နိုင်သည့် အစွမ်းမရှိပါ။
လင်ချွမ်နှင့် အခြားသုံးဦးကို နားနေဆောင်ခန်းအတွင်း အနားယူရန် စီစဉ်ပေးပြီးနောက် တောက်ရန်သည် မနားတမ်းပင် နန်းတော်သို့ အပြေးအလွှား သွားခဲ့သည်။
အခန်းအတွင်း၌မူ။
မထိုင်ရသေးမီမှာပင် ယွဲ့ချင်းရိုက မေးမြန်းခြင်းကို မအောင့်နိုင်တော့ဘဲ
"လင်ချွမ်၊ ဧကရာဇ်က ဆေးဘုရင်မှတ်တမ်းကို မီးရှို့ဖျက်ဆီးလိုက်မှာ မကြောက်ဘူးလား"
ဟု မေးလိုက်ရာ
လင်ချွမ်က လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလျက် မည်သည့်ရှင်းပြချက်မျှ မပေးခဲ့ပေ။
ယွဲ့ချင်းရိုက ထပ်မံမေးမြန်းရန် ပြင်စဉ်မှာပင် ယင်ဟွိုက်ယွီက ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
"ဒီအဖိုးကြီးတော့ အကြီးအကဲ ဘာကို ဆိုလိုသလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းမိပြီ"
လင်ချွမ်နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့သဖြင့် ယင်ဟွိုက်ယွီသည် သူ့ကို ပိုမိုနားလည်လာပြီး ပို၍ အမြင်ကျယ်လာခဲ့သည်။
"တော်ဝင်မိသားစုအတွက် ဆေးဘုရင်မှတ်တမ်းဆိုတာ အသုံးဝင်တဲ့ ဆေးဖော်စပ်နည်းတွေ အများကြီးပါတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ပဲ၊ အဲဒါက ထူးထူးခြားခြား တန်ဖိုးရှိတဲ့အရာလို့ မသတ်မှတ်နိုင်ဘူး"
"ဒါပေမဲ့ ဒါဟာ တော်ဝင်မိသားစုက သူတို့ရဲ့ ရှေ့မျိုးဆက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ကို ကာကွယ်ပေးထားတဲ့ ဒိုင်းလွှားတစ်ခုပဲ"
"ဧကရာဇ်ရဲ့ လက်ထဲမှာ ဆေးဘုရင်မှတ်တမ်း ရှိနေမှသာ သူက ရှေ့မျိုးဆက် ကျင့်ကြံသူတွေနဲ့ စေ့စပ်ညှိနှိုင်းနိုင်မှာ"
"ဒါကြောင့် လုံးဝမတတ်သာတဲ့ အခြေအနေမျိုးကလွဲရင် ကျူတီဟာ ဆေးဘုရင်မှတ်တမ်းကို ဘယ်တော့မှ ပျက်စီးအောင် လုပ်မှာမဟုတ်ဘူး"
"ဆန့်ကျင်ဘက်အနေနဲ့ ဆေးဘုရင်မှတ်တမ်းမှာ ဘာပြဿနာမှ မရှိစေရဘူးဆိုတာကိုတောင် သူက သေချာအောင် လုပ်ချင်နေမှာ"
ယွဲ့ချင်းရို ခဏမျှ စဉ်းစားလိုက်ပြီးနောက် သဘောပေါက်သွားပုံရသည်။
"ဆေးဘုရင်မှတ်တမ်း မရှိတော့ရင် လင်ချွမ်က သူတို့ကို အရေးယူမှာကို သူတို့ ကြောက်နေကြတာလား"
ယင်ဟွိုက်ယွီက ခေါင်းညိတ်ပြလိုက်သည်
"မှန်တယ်"
"တော်ဝင်မိသားစုက အင်အားကြီးမားပေမဲ့ သိက္ခာကိုလည်း အလေးထားဆုံးပဲ"
"သူတို့က အကြီးအကဲကို အလျှော့လည်း မပေးချင်ဘူး၊ စိတ်လည်း မဆိုးစေချင်ဘူး"
"ဒါကြောင့် သူတို့ဟာ ဆေးဘုရင်မှတ်တမ်းကို အကြီးအကဲလက်ထဲ ရောက်အောင် ပေးအပ်ဖို့ သင့်တော်တဲ့ နည်းလမ်းတစ်ခုကို သေချာပေါက် ရွေးချယ်လိမ့်မယ်"
ယင်ဟွိုက်ယွီသည် လင်ချွမ် နှင့် အတော်အတန် ရင်းနှီးနေပြီဖြစ်ရာ လင်ချွမ် ဘာလုပ်မည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်နေပြီ ဖြစ်၏။
လင်ချွမ်ကမူ ဘာမျှမရှင်းပြဘဲ ယွဲ့ချင်းရိုနှင့် ယင်ဟွိုက်ယွီတို့ကိုသာ ခန့်မှန်းခိုင်းထားလိုက်သည်။
ဓားနတ်ဘုရားကမူ လင်ချွမ်၏ အတွေးကို ခန့်မှန်းရန် မကြိုးစားဘဲ လင်ချွမ် လိုအပ်သည့်အချိန်တွင်သာ လှုပ်ရှားရန် အဆင်သင့်ရှိနေသည်။
တစ်ချိန်တည်းမှာပင် နန်းတော်အတွင်း၌။
ကျူတီသည် စာကြည့်ဆောင်အတွင်း မျက်နှာညှိုးငယ်စွာ ထိုင်နေပြီး သူ့ရှေ့ရှိ တောက်ရန်ကို ကြည့်ကာ "လင်ချွမ်က တကယ်ပဲ အဲဒီလို ပြောတာလား" ဟု ထပ်မံမေးလိုက်သည်။
တောက်ရန်သည် ကျူတီ၏ မျက်နှာအမူအရာကို မကြည့်ဝံ့ဘဲ အောက်သို့ ကိုင်းညွတ်လျက်
"မှန်လှပါ၊ လင်ချွမ်က အခု အရှေ့ဘက် နန်းဆောင် ရှိနေပါတယ်။ သူက... သူက ပြောတာက..."
ကျူတီ မျက်မှောင်ကြုတ်ကာ မတ်တတ်ရပ်လိုက်ပြီးတောက်ရန်အနီးသို့ လျှောက်သွားကာ "သူ ဘာပြောလိုက်တာလဲ" ဟု မေးသည်။
"သူက... သူက ကျွန်တော်မျိုးတို့ကို နှစ်နာရီပဲ အချိန်ပေးမယ်၊ ပြီးတော့ သူ့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးစေချင်တယ်လို့ ပြောပါတယ်..."
တောက်ရန်သည် စကားပြောနေစဉ်မှာပင် ချွေးများဖြင့် စိုရွှဲနေပြီ ဖြစ်၏။
သူတစ်ပါး၏ ကျွန်ဖြစ်ရခြင်းမှာ ထိုသို့ပင်၊ ကြားညပ်နေရသည့်အခါ လူလိုသူလို နေထိုင်ရန်ပင် မဖြစ်နိုင်တော့ပေ။
ကျူတီသည် စိတ်လိုက်မာန်ပါဖြစ်ပြီး ဒေါသထွက်လွယ်သည့် အရွယ်ကို ကျော်လွန်လာခဲ့ပြီဖြစ်ရာ လင်ချွမ်၏ စကားကြောင့် လွယ်လွယ်နှင့် ဒေါသမထွက်ပေ။
သို့သော်လည်း သူ၏ မျက်နှာအမူအရာမှာ မကောင်းလှပေ။
သူသည် နောက်ဆုံး၌ ဧကရာဇ်တစ်ပါး ဖြစ်သည်မဟုတ်ပါလား၊ နှစ်ပေါင်းများစွာအတွင်း မည်သူမျှ သူ့ကို ထိုသို့ မပြောဝံ့ခဲ့ကြပေ။
ထို့ကြောင့်ပင် သူသည် သိုင်းလောကကို အမြဲတစေ ဖျက်ဆီးလိုနေခြင်းဖြစ်သည်။
သူ၏ မျက်စိအောက်တွင် ဥပဒေမဲ့ လူတစ်စု ရှင်သန်နေသည်ကို သူ မသည်းခံနိုင်ပေ။
သို့သော် ယခုအခါတွင်မူ သူ လုံးဝ ကိုင်တွယ်၍မရသော သူတစ်ဦးက သူ့ခေါင်းပေါ်သို့ တက်နင်းနေပြီ။
"ဒီလင်ချွမ်... ဒီလင်ချွမ်ကတော့..."
ကျူတီသည် အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း သူ့ဘာသာ ရေရွတ်နေမိသည်။
တောက်ရန်မှာမူ ခေါင်းမဖော်ဝံ့၊ စကားလည်း မပြောဝံ့ဘဲ ချွေးများသာ ပြန်နေတော့သည်။
ရုတ်တရက် ကျူတီ ရပ်လိုက်ပြီး စားပွဲကို လက်နှင့် ရိုက်ချလိုက်သည်။
"သူက ဆေးဘုရင်မှတ်တမ်းကို လိုချင်တာ မဟုတ်လား၊သူ့ကို နန်းတော်ထဲ ဝင်ခိုင်းလိုက်! ငါ့ဆီ လာခိုင်းလိုက်"
ကျူတီအတွက် ဆေးဘုရင်မှတ်တမ်းသည် အမှန်တကယ်ပင် အရေးမကြီးလှပေ။
တော်ဝင်မိသားစုတွင် ရှေးဟောင်းစာအုပ်များစွာ စုဆောင်းထားရှိပြီးသား ဖြစ်သည်။
ထိုစာအုပ်များ၏ ရည်ရွယ်ချက်မှာ အကြောင်းအရာများကို မှတ်တမ်းတင်ထားရန်သာ ဖြစ်၏။
ကျူတီအတွက်မူ ဆေးဘုရင်မှတ်တမ်းထဲမှ ခရမ်းရောင်ကျောက်စိမ်းဆေးလုံး ကသာ အနည်းငယ် အသုံးဝင်သည်။
ကျူတီ ဆုံးဖြတ်ချက်ချလိုက်ပြီ။
ဆေးဘုရင်မှတ်တမ်းက အသုံးဝင်သော်လည်း ထပ်ကူးထားရုံသာ ဖြစ်သည်။
ကျူတီသည် ထိုမှတ်တမ်းကို ဂရုမစိုက်ပေ။
သို့သော် လင်ချွမ်၏ လုပ်ဆောင်ချက်များက ကျူတီကို အခြားသော အတွေးများ ရစေခဲ့သည်။
လင်ချွမ်သည် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက ထူးခြားသော ပါရမီရှင်တစ်ဦးလည်း ဖြစ်၏။
အကယ်၍ လင်ချွမ်ကသာ ကျင့်စဉ်အချို့ကို ပေးနိုင်မည်ဆိုလျှင် ကျူတီသည် မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် အသင့်ရှိသည်။
ကျူတီအတွက်မူ သူသည် ဤကမ္ဘာပေါ်ရှိ အရာရာကို ခံစားခဲ့ပြီးပြီဖြစ်ရာ ယခု သူ လိုချင်သည်မှာ ထာဝရအသက်ရှင်ခြင်းသာ။
နောက်ဆုံးတွင် အဖြေရရှိသွားသဖြင့် တောက်ရန်
သည် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး
"ကျွန်တော်မျိုး နားလည်ပါပြီ၊ လင်ချွမ်ကို ချက်ချင်း သွားအကြောင်းကြားပါ့မယ်" ဟု လျင်မြန်စွာ ပြောလိုက်သည်။
တောက်ရန်အတွက်မူ ဤသည်မှာ အဆုံးသတ် မဟုတ်ပေ။
အမှန်တကယ်တွင်မူ ၎င်းသည် အစပျိုးခြင်းသာ ဖြစ်သည်။
အကြောင်းမှာ သူသည် လင်ချွမ်နှင့် ကျူတီတို့၏ ထိပ်တိုက်ရင်ဆိုင်မှုကို ကြိုတင်မြင်ယောင်နေသောကြောင့်ပင်။
ထိုအခါ သူသည်သာ အလယ်ကနေ တစ်ဖန် ပြန်ကြားညပ်ရပေဦးမည်။
"ငါဟာ ဒီနိုင်ငံရဲ့ အရှင်သခင်ပဲ"
"ဥပဒေပြင်ပ လူတစ်ယောက်က ငါ့ကို ဘယ်လိုများ ခြိမ်းခြောက်ဝံ့ရတာလဲ"
"နန်းတော်ထဲမှာ တိုက်ခိုက်ရေးသမားကောင်းတွေ မရှိဘူးလို့ သူ ထင်နေတာလား"
"သူ့ကို ဝင်ခွင့်သာ ပေးလိုက်မယ်၊ ပြန်ထွက်ခွင့် မရှိစေရဘူး"
ကျူတီသည် အကြီးအကျယ် ဒေါသထွက်နေခဲ့သည်။
ဂုဏ်သိက္ခာရှိသော ဧကရာဇ်တစ်ပါးသည် မည်သူ့ကြောင့်မျှ အကျပ်ကိုင်မခံနိုင်၊ ကျင့်ကြံသူတစ်ဦးဆိုလျှင်ပင် မရပေ။
လင်ချွမ်သည် အလွန်တရာ အစွမ်းထက်ကြောင်း လူတိုင်းသိကြသည်။
တောက်ရန်၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသော်လည်း ကျူတီကို မဆန့်ကျင်ဝံ့ပေ။
သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နန်းတော်မှ ထွက်ခွာခဲ့သည်။
အရှေ့ဘက် နန်းဆောင်သို့ ပြန်ရောက်သောအခါ ကျူတီ၏ အမိန့်ကို အမှန်အတိုင်း ပြန်လည်ပြောပြခဲ့သည်။
နောက်ဆုံးတွင် သူက "သခင်လေးလင်၊ ကျွန်တော် အကြံပေးချင်တာကတော့ လက်လျှော့လိုက်ဖို့ပါပဲ" ဟု ထပ်လောင်းပြောခဲ့၏။
တောက်ရန်သည် ကျူတီ ဘာစဉ်းစားနေသည်ကို မသိပေ။
သို့သော် သူသည် လင်ချွမ်ကို နန်းတော်ထဲသို့ အမှန်တကယ် မဝင်စေလိုပေ။
အကယ်၍ ကျူတီက လင်ချွမ်ကို ဒေါသထွက်အောင် လုပ်မိပါက တစ်နန်းတော်လုံး ပျက်စီးသွားနိုင်သည်။
ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းကို သူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်မဟုတ်ပါလား။
ယင်ဟွိုက်ယွီသည်လည်း အနည်းငယ် စိုးရိမ်မိနေ၏။
လင်ချွမ်သည် ယခုအခါ ဝူတန်၏ ကြယ်ပွင့်တစ်ပွင့် ဖြစ်နေပြီ။ ဆေးဘုရင်မှတ်တမ်း တစ်ခုတည်းကြောင့်နှင့် လင်ချွမ်ကို အန္တရာယ် မပြုစေလိုပေ။
"ဟုတ်ပါတယ်၊ နန်းတော်ဆိုတာ ခန့်မှန်းရခက်တယ်။ ဘယ်လောက်တောင် အစွမ်းထက်တဲ့ ပညာရှင်တွေ ပုန်းအောင်းနေမလဲ၊ ဘယ်လို ရှားပါးရတနာတွေ ရှိနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"အဲဒီထဲမှာ ကျင့်ကြံသူတွေကို ခြိမ်းခြောက်နိုင်တဲ့အရာ တစ်ခုခုများ ပါနေမလား"
"အကြီးအကဲ... သတိထားရပါမယ်"
ယင်ဟွိုက်ယွီက စိုးရိမ်တကြီး ပြောလိုက်သည်။
လင်ချွမ်က တည်ငြိမ်စွာ ပြုံးပြီး ခေါင်းခါလိုက်သည်။
"သိပ်မစိုးရိမ်ပါနဲ့၊ ကျူးတီ ဒီလိုလုပ်မယ်ဆိုတာ ငါ ကြိုသိပြီးသားပါ"
"ဒီမှာပဲ စောင့်နေကြ၊ ငါ ချက်ချင်း ပြန်လာခဲ့မယ်"
အခန်း (၁၃၆) စကားများသော ဧကရာဇ်
နန်းတော်အတွင်း၌ လင်ချွမ်သည် ကျူတီနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့သည်။
သို့သော်လည်း အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ဦးနှင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် လင်ချွမ်သည် ဧကရာဇ်အပေါ်များစွာကြောက်ရွံ့ခြင်း မရှိပေ။
အမှန်စင်စစ် သူ၏ သိလိုစိတ်က ကြောက်ရွံ့စိတ်ထက် ပိုမိုကြီးစိုးနေသည်။
ရှင်သန်နေသော ဧကရာဇ်တစ်ပါးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်၏။
ကျူတီသည်လည်း သူ၏ရှေ့မှ လူငယ်လေးကို အကဲခတ်ကြည့်ရှုနေသည်။
လင်ချွမ်သည် အသက် ၂၀ ပင် မပြည့်သေးသော်လည်း အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ။
ကျူတီသည်ပင်လျှင် ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော "မိစ္ဆာ" တစ်ဦးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
မင်မင်းဆက်တွင် ကျယ်ပြန့်သော နယ်မြေနှင့် မရေတွက်နိုင်သော ပါရမီရှင်များ ရှိကြသည်။
ကျူတီသည် ထိုပါရမီရှင်များအကြောင်းကို နားပူအောင် ကြားဖူးနားဝရှိသော်လည်း လင်ချွမ်ကဲ့သို့ ပါရမီရှင်မျိုးကို မြင်ဖူးသည်မှာ ယခု ပထမဆုံးပင်။
ပို၍အရေးကြီးသည်မှာ လင်ချွမ်သည် ကျူတီနှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သည့် မသေမျိုးလမ်းစဉ်ပေါ်သို့ တက်လှမ်းနေပြီဖြစ်၏။
ထာဝရမသေနိုင်ခြင်းမှာ မဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ လမ်းမှန်ပေါ်တွင် ရှိနေသည်။
သူတို့နှစ်ဦးစလုံး စကားမပြောဘဲ တစ်ဦးကိုတစ်ဦး အကဲခတ်နေကြသည်။
ကြားထဲတွင် ညပ်နေသော တောက်ရန်မှာမူ ချွေးပြန်နေပြီး စကားဝိုင်းကို မည်သို့စရမည်မှန်း မသိတော့ပေ။
နောက်ဆုံးတွင် ကျူတီကပင် စကားစပြောလိုက်သည်။
သူသည် မသေမျိုးဖြစ်လိုသော စိတ်ဆန္ဒကို မတွန်းလှန်နိုင်ခဲ့ပေ။
"လင်ချွမ်... မင်း ဘာလို့ ငါ့ကို ဦးမညွှတ်တာလဲ"
ထိုသို့ဆိုသော်ငြားလည်း ကျူတီသည် ဧကရာဇ်၏ အာဏာစက်ကို လက်လွှတ်ရန် အဆန္ဒမရှိသေးပေ။
သို့သော် ဤကဲ့သို့ အာဏာပြခြင်းမှာ လင်ချွမ်
အတွက်မူ အဓိပ္ပာယ်မရှိပေ။
လင်ချွမ်က ပြုံးလိုက်ပြီး ထိုင်ချလိုက်ကာ
"ကျွန်တော့်ကို ဦးညွှတ်ခိုင်းဖို့ ခင်ဗျားမှာ ဘာအခွင့်အရေးရှိလို့လဲ"
ဟု ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ကျူတီသည် လင်ချွမ်အား အလွယ်တကူ လက်အောက်ခံဖြစ်အောင် မလုပ်နိုင်မှန်း ကြိုသိထားသော်လည်း လင်ချွမ်၏ သဘောထားကြောင့် အတော်လေး ဒေါသထွက်သွားသည်။
"ငါက ဧကရာဇ်ပဲ...ဒီ မဟာမင်မင်းဆက်ရဲ့ တစ်ဦးတည်းသော အုပ်ချုပ်သူပဲ"
"မင်းက ငါ့ရဲ့ ကာကွယ်မှုအောက်မှာ နေထိုင်နေတဲ့ မင်မင်းဆက်ရဲ့ နိုင်ငံသားတစ်ယောက်ပဲ"
"ငါ့မှာ အဲဒီလိုလုပ်ပိုင်ခွင့်မရှိဘူးလို့ မင်းထင်နေတာလား"
ကျူတီက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသာစီးယူကာ လင်ချွမ်ကို ဖိနှိပ်ရန် တရားဝင်သယောင် စကားလုံးများဖြင့် ပြောဆိုလိုက်သည်။
သို့သော် ခေတ်သစ်အတွေးအခေါ်ရှိသော လင်ချွမ်သည် ထိုစကားများဖြင့် မည်သို့ လွှမ်းမိုးခံရမည်နည်း။
သို့သော် သူသည် ငြင်းခုံခြင်းမပြုခဲ့ပေ။
"ခင်ဗျားနဲ့ ငြင်းခုံဖို့ လာတာမဟုတ်ဘူး"
"ကျွန်တော့်ကို 'ဆေးဘုရင်မှတ်တမ်း' သာ ပေးလိုက်ပါ"
လင်ချွမ်က စကားဝိုင်းကို ကျူတီထံသို့ ပြန်လည် လွှဲပြောင်းလိုက်သည်။
ကျူတီသည် လင်ချွမ်က သူ၏အစီအစဉ်မှ လုံးဝသွေဖည်သွားလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။
ခဏကြာ စဉ်းစားပြီးနောက် သူက
"ငါ မင်းကို ဆေးဘုရင်မှတ်တမ်း ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ရပ် ရှိတယ်" ဟု ဆိုသည်။
လင်ချွမ်က ခေါင်းညိတ်လိုက်သည်။
လူတိုင်းတွင် လိုအပ်ချက်ကိုယ်စီရှိကြသဖြင့် ထိုအချက်မှာ ပြဿနာမရှိပေ။
"ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုမျိုးဆိုရင် ကျွန်တော် သဘောတူနိုင်ပါတယ်"
လင်ချွမ်သည် ဆေးဘုရင်မှတ်တမ်း တစ်ခုတည်းအတွက်နှင့် ကျူတီနှင့် အသေအလဲ ထိပ်တိုက်တွေ့ရန် မလိုလားပေ။
ကျူတီကို အချို့သော မျက်နှာသာပေးမှုများ ပြုလုပ်ခြင်းသည် သူ၏ သဘောထားကြီးမှုကို ပြသရာလည်း ရောက်သည်။
ကျူတီမှာမူ လင်ချွမ်၏ ကန့်သတ်ချက်ကို ကြားပုံမရဘဲ သူ၏မျက်လုံးများမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။
"ငါ မသေမျိုးဖြစ်ချင်တယ်...ငါ မသေမျိုးတွေရဲ့ ကံကြမ္မာကို လိုချင်တယ်"
လင်ချွမ်သည် ဤသို့ဖြစ်လာမည်ဟု ကြိုတင်တွေးဆထားသော်လည်း ကျူတီ၏ စကားကို ကြားသောအခါ ဆွံ့အသွားရသည်။
မသေမျိုးဖြစ်ခြင်း...
လူများစွာက မသေမျိုးဖြစ်လိုကြသော်လည်း မည်သူမျှ အမှန်တကယ် မအောင်မြင်ခဲ့ကြပေ။
ဆေးဘုရင်မှတ်တမ်း တစ်ခုတည်းနှင့် မသေမျိုးဖြစ်နိုင်မည်ဟု ကျူတီ ထင်နေခြင်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ။
"ပိုလွယ်တဲ့ အခြေအနေမျိုးကို ပြောင်းလိုက်ရအောင်။ မဖြစ်နိုင်တာတွေကို မစဉ်းစားပါနဲ့တော့"
လင်ချွမ်က ဆက်ပြောရန် စိတ်မပါတော့ပေ။
ကျူတီတွင် သေချာဆွေးနွေးရန် ရည်ရွယ်ချက်မရှိပေ။
ပါးစပ်ဖွင့်လိုက်သည်နှင့် မဖြစ်နိုင်သော အခြေအနေကိုသာ တောင်းဆိုနေသည်။
ထို့ကြောင့်ပင် လင်ချွမ်က စိတ်ရှည်ပေးနေခြင်း ဖြစ်သည်။
အကယ်၍ အခြားသူသာဆိုလျှင် စားပွဲကို မှောက်လှန်ပစ်လောက်ပြီ ဖြစ်သည်။
ကျူတီ၏ မျက်လုံးများ အေးစက်သွားပြီး လေသံမှာလည်း ပြတ်သားလှသည်။
"ငါ့မှာ ဒီအခြေအနေ တစ်ခုပဲရှိတယ်။ မင်း လုပ်ပေးနိုင်ရင် ဆေးဘုရင်မှတ်တမ်းကို ယူသွားနိုင်တယ်"
"မလုပ်နိုင်ရင်တော့ ဒါကို ယူသွားလို့မရဘူး"
"ဒီနေ့ မင်းလို အန္တရာယ်ရှိတဲ့ကောင်ကို ဒီမှာပဲ အဆုံးစီရင်ရလိမ့်မယ်"
နန်းတွင်းသည် သိုင်းလောကကို အမြဲတစေ အမြစ်ပြတ်ချေမှုန်းလိုခဲ့သည်။
လင်ချွမ်၏ ရုတ်တရက် အစွမ်းထက်လာမှုမှာ သိုင်းလောကကို နှိမ်နင်းရန် ကြိုးပမ်းနေသော နန်းတွင်းအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်နေသည်မှာ အမှန်ပင်။
ပြင်ပလူများ မရှိသဖြင့် ကျူတီသည် သူ၏ စိတ်ရင်းအမှန်ကို ဖုံးကွယ်မထားတော့ပေ။
သူသည် လင်ချွမ်ကို ဤနေရာတွင် အမှန်တကယ်ပင် ချုပ်ကိုင်ထားလိုခြင်းပင်။
ကျူတီ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း လင်းချွမ်းမှာ တုန်လှုပ်ခြင်းမရှိဘဲ လှောင်ပြုံးတစ်ခုကိုပင် ပြသလိုက်သည်။
"ကျွန်တော့်ကို ဒီမှာ ထားခဲ့မလို့လား"
"ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ"
သူ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် လောကတွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။
သူကဲ့သို့ အစွမ်းထက်သူအတွက် လူအင်အားဆိုသည်မှာ အရေးမပါတော့ပေ။
နန်းတွင်းတွင် အခြေခံအုတ်မြစ်ခိုင်မာပြီး ပထမအဆင့် ကျင့်ကြံသူအယောက်ပေါင်းများစွာ ထုတ်ပေးနိုင်သည်ဆိုဦးတော့၊ ဘာဖြစ်သနည်း။
ထိုအင်အားသည် ကမ္ဘာကို သိမ်းပိုက်ရန် လုံလောက်ကောင်း လုံလောက်လိမ့်မည်။
သို့သော် သူ့ကို ဤနေရာတွင် ထိန်းသိမ်းထားနိုင်မည်ဟု ထင်နေခြင်းမှာ စိတ်ကူးယဉ်မှုသာ ဖြစ်သည်။
ကျူတီအတွက် ဤစကားကို ကြားရသည်မှာ ယနေ့တွင် ဒုတိယအကြိမ်မြောက် ဖြစ်၏။
မင်မင်းဆက်၏ အမြင့်မြတ်ဆုံး အုပ်ချုပ်သူ ဧကရာဇ် ဖြစ်သဖြင့် ကျူတီသည် သူ၏ သိက္ခာကို ထိန်းသိမ်းလိုသည်။
သို့သော် လင်ချွမ်က သူ့ကို အလေးအနက်မထားပေ။
နှုတ်ဆက်စကားပင် တစ်ခွန်းမှ မပြောခဲ့ချေ။
"လင်ချွမ်... မင်း လွန်လာပြီနော်"
"ငါ မင်းကို တကယ် မသတ်ရဲဘူးလို့ ထင်နေတာလား"
ကျူတီသည် ဒေါသတကြီးဖြင့် စားပွဲကို လက်သီးဖြင့်ထုကာ လင်ချွမ်ကို ဟိန်းဟောက်လိုက်သည်။
လင်ချွမ်က တည်ငြိမ်စွာဖြင့်ပင် ပြုံး၍ ပြောလိုက်သည်။
"သတ်ရဲရင်လည်း သတ်လေ"
"စကားလုံးတွေနဲ့ပဲ သတ်လို့ရမယ် ထင်နေတာလား"
"အပိုတွေ ပြောမနေဘဲ ဆေးဘုရင်မှတ်တမ်းကိုသာ ပေးလိုက်ပါ"
"ကျွန်တော် အခု စိတ်မကြည်ဘူး၊ ဒါကြောင့် ကျွန်တော့်ကို ဒေါသမထွက်အောင် မလုပ်နဲ့"
ကျူတီ၏ အပြုအမူတွင် စိတ်ရင်းစေတနာ မပါသည်ကို မြင်သောအခါ လင်ချွမ် စိတ်မရှည်တော့ပေ။
ကျူတီသည် ဒေါသတကြီး ရယ်မောကာ လှည့်ကြည့်လိုက်ပြီး သူ၏နောက်ကွယ်ရှိ စာအုပ်စင်ပေါ်မှ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဆွဲယူ၍ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
"ဒါ မင်းလိုချင်နေတဲ့ ဆေးဘုရင်မှတ်တမ်းပဲ။ ငါ အဲဒါကို မင်းကို မပေးဘူး၊ မင်း ဘာလုပ်နိုင်မှာလဲ"
"စိတ်မကြည်ဘူး ဟုတ်လား"
"လင်ချွမ်... မင်း နားလည်ထားဖို့က ဒါက နန်းတော်ပဲ"
"ငါ့ရဲ့ နယ်မြေ"
"ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား"
'ဆေးဘုရင်မှတ်တမ်း' ဟူသော အမည်ကို ကြားသည်နှင့် လင်ချွမ်သည် ကျူတီ၏လက်ထဲမှ စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။
"ဧကရာဇ် တစ်ပါးဖြစ်ပြီး ဒီလောက်တောင် အပိုစကားတွေ ပြောနေတာလား"
လင်ချွမ်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
သူ စကားဆက်ပြောရန် စိတ်ကုန်သွားပြီ။
လင်ချွမ်၏ သဘောထားကြောင့် ကျူတီ၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးသွားသည်။
သူသည် ဖယောင်းတိုင်မီးရှိရာသို့ လျှောက်သွားပြီး ဖန်အုပ်ဆောင်းကို ဖယ်ရှားကာ စာအုပ်ကို မီးပေါ်သို့ တင်လိုက်သည်။
"အခုချက်ချင်း ဒီဆေးဘုရင်မှတ်တမ်းကို ငါ ဖျက်ဆီးပစ်မယ်ဆိုတာ မင်း ယုံသလား"
လင်ချွမ်သည် စကားမပြောသော်လည်း ထရပ်လိုက်ရာ သူ၏ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ စတင်ထွက်ပေါ်လာသည်။
ကျူတီ၏ မျက်နှာအမူအရာမှာ ချက်ချင်း တည်ကြည်သွားသည်။
တောက်ရန်က လင်ချွမ်၏ အစွမ်းအကြောင်း အမြဲပြောပြနေသော်လည်း သူကိုယ်တိုင် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
နန်းတော်ထဲတွင် လင်ချွမ်၏ အဆင့်အတန်းမျိုးရှိသော ပညာရှင် မရှိသဖြင့် လင်ချွမ်၏ အစွမ်းအပေါ် သူ၏ ထင်မြင်ချက်မှာ ဝေဝါးနေခဲ့သည်။
သို့သော် လင်ချွမ်၏ ကြောက်မက်ဖွယ် ဖိအားကို အမှန်တကယ် ရင်ဆိုင်လိုက်ရသောအခါမှ သူ မှားသွားနိုင်ကြောင်း ရုတ်တရက် နားလည်သွား၏။
ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုးကို သူ မည်သို့မျှ ခြိမ်းခြောက်၍ မရနိုင်ပေ။
ကျူတီ၏ မျက်နှာပေါ်မှ ဝေခွဲမရဖြစ်မှုကို မြင်သောအခါမှ လင်ချွမ်က စကားပြောလိုက်သည်။
"ခင်ဗျား ဧကရာဇ်ဖြစ်နေတော့ ဘာဖြစ်လဲ"
"ကျွန်တော် ခင်ဗျားကို ရိုက်ချင်ရင် ဘယ်သူက တားမှာလဲ"
လင်ချွမ်က ပြောပြောဆိုဆိုနှင့် လက်ကိုရုတ်တရက် မြှောက်ကာ လေထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ကျူတီ ဘာဖြစ်သည်ကို သတိမထားမိခင်မှာပင် တောက်ရန်က သူ၏ရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်ကာ ရန်သူကြီးကို ရင်ဆိုင်ရသကဲ့သို့ အမူအရာမျိုး ပြုလုပ်လိုက်၏။
"ဒိုင်း"
ဟူသော အသံကြီး ထွက်ပေါ်လာသည်။
ရုတ်တရက် သူတို့ရှိနေသော ခန်းမဆောင်ကြီး၏ အမိုးတွင် ကောင်းကင်ယံအထိ ပွင့်ထွက်သွားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
အပေါ်မှ အမိုးမှာ သဲလွန်စပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏။
အမိုးပတ်လည်ရှိ ချောမွေ့သပ်ရပ်သော အမှတ်အသားများကသာ ထိုအမိုးမှာ ကြောက်မက်ဖွယ် အင်အားတစ်ခုကြောင့် တိုက်ရိုက် အငွေ့ပျံသွားခြင်းဖြစ်ကြောင်း သက်သေပြနေသည်။
ဒါဟာ လင်ချွမ်ရဲ့ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ခုရဲ့ စွမ်းအားပဲ ဖြစ်သည်။
ကျူတီသည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
အကြွင်းမဲ့ အာဏာသည် လူသတ်နိုင်သကဲ့သို့ အကြွင်းမဲ့ အစွမ်းသတ္တိသည်လည်း လူသတ်နိုင်သည်။
လင်ချွမ်၏ အဆင့်အတန်းမျိုးသို့ ရောက်ရှိသွားသောအခါ အာဏာကိုပင် ဂရုစိုက်ရန် မလိုတော့ပေ။
ကျူတီသည် အတော်လေး ထိတ်လန့်သွားသော်လည်း မျက်နှာတွင်တော့ မပြရဲပေ။
နန်းတော်ပြင်ပရှိ နန်းတွင်းအစောင့်တပ်သားများ၏ လှုပ်လှုပ်ရှားရှားဖြစ်မှုကို လျစ်လျူရှုကာ သူသည် တောက်ရန်ကို ကြည့်လိုက်သည်။
တောက်ရန်သည် ချက်ချင်း နားလည်သွားပြီး စာအုပ်စင်နောက်မှ အစစ်အမှန် 'ဆေးဘုရင်မှတ်တမ်း' ကို ထုတ်ယူကာ လင်ချွမ်ထံသို့ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
"သခင်လေးလင်... စိတ်မဆိုးပါနဲ့ခင်ဗျာ"
ဒီ ဆေးဘုရင်မှတ်တမ်းဟာ နန်းတွင်းနဲ့ သခင်လေးတို့ကြားက ခိုင်မြဲတဲ့ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ပေးအပ်တာပါ"