← Chapters

အခန်း (၁၂၆-၁၃၀)

Vol. 13 Ch. 126-130

အခန်း (၁၂၆-၁၃၀)

Vol. 13 Ch. 126-130

အခန်း (၁၂၆) - စစ်မှန်သော နှင်းမိစ္ဆာ

လင်းရန်ယန် သည် သက်ပြင်းတစ်ချက်ကိုသာ အားကိုးရာမဲ့စွာ ချလိုက်၏။ အရာခပ်သိမ်း၏ အဖြေမှာ ဤစမ်းသပ်ချက်အပေါ်တွင်သာ မူတည်နေသည်ဖြစ်ရာ ၊ သူကိုယ်တိုင် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်တော့သည်။

“စမ်းသပ်ချက်ရဲ့ အကြောင်းအရာတွေက တစ်သမတ်တည်း မရှိဘူး ၊ ဝင်သွားတဲ့သူအပေါ် မူတည်ပြီး စမ်းသပ်မှု ပုံစံတွေက ကွဲပြားသွားတတ်တယ် ၊ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ပါရမီအပေါ်မှာပဲ အခြေခံတာပါပဲ ၊

မင်း အထဲရောက်သွားရင် သိပါလိမ့်မယ် ၊ ပြီးတော့ စိတ်မပူပါနဲ့ ၊ ဒီစမ်းသပ်ချက်မှာ ဘယ်သူမှ အသက်မသေဘူး ၊ တစ်ခုပဲ... အကယ်၍ မင်းသာ မကျော်ဖြတ်နိုင်ရင်တော့ ၊ ဒီနေရာမှာပဲ တစ်သက်လုံး ပိတ်မိနေလိမ့်မယ် ”

အဘိုးကျောက် က ရှင်းပြလိုက်၏။

“ဪ... အဲဒီလိုကိုး ၊ ဒါဆို စမ်းသပ်ချက်က ဘယ်နေရာမှာလဲ ၊ ကျွန်တော် တစ်ချက်လောက် စမ်းကြည့်ချင်တယ် ”

ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းရန်ယန်၏ စူးစမ်းလိုစိတ်မှာ ပိုမိုပြင်းပြလာတော့သည်။

“သွားကြစို့... ငါ လိုက်ပို့ပေးမယ် ”

အဘိုးကျောက်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ၊ မြေပြင်ကို ခြေဖြင့် ဆောင့်ကန်ကာ လေထဲသို့ ဟုန်ခနဲ ပျံတက်သွား၏။ သူသည် အနီးအနားရှိ အမြင့်ဆုံး တောင်ထိပ်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။ လင်းရန်ယန်သည်လည်း နှေးကွေးမနေဘဲ သူ၏ ကောင်းကင်လျှပ်စီးစွမ်းအားများကို ထုတ်ဖော်ကာ ၊ လျှပ်စစ်အလင်းတန်းတစ်ခုကဲ့သို့ ချက်ချင်းပင် နောက်မှ လိုက်ပါသွားတော့၏။

မနေ့က လင်းရန်ယန် ရောက်ရှိလာစဉ်ကပင် သူ၌ လျှပ်စီးစွမ်းအားများ ရှိနေသည်ကို အဘိုးကျောက် မြင်တွေ့ခဲ့‌သည်။ သို့သော် နောက်ပိုင်းတွင် လင်းရန်ယန်၌ မီးဝိညာဉ်စွမ်းအားပါ ရှိနေသည်ကို မြင်လိုက်ရသည့်အခါ သူသည် ထပ်မံ၍ အံ့အားသင့်သွားရ၏။ အဆုံးစွန်၌ ဝိညာဉ်ခန္ဓာ နှစ်ခု ပိုင်ဆိုင်ထားခြင်းမှာ အလွန်ပင် ရှားပါးလှသည်။

“နှမြောစရာပဲ... မင်းဆီမှာသာ ရေခဲဝိညာဉ်ခန္ဓာပါ ရှိနေမယ်ဆိုရင် ၊ ဒီနေရာမှာ တိုက်ခိုက်တဲ့အခါ ပိုပြီးတော့ အစွမ်းထက်မှာ သေချာတယ် ”

အဘိုးကျောက်က နှမြောတသစွာဖြင့် သက်ပြင်းချလိုက်၏။ အမှန်စင်စစ် ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသူများအတွက် ပတ်ဝန်းကျင် အခြေအနေမှာ အလွန်ပင် အရေးကြီးလှသည်။ အကယ်၍ ပတ်ဝန်းကျင်သည် မိမိ၏ ဝိညာဉ်ခန္ဓာနှင့် ကိုက်ညီနေပါက ၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ပိုမို အသုံးချနိုင်ပြီး တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်သောကြောင့်ပင် ဖြစ်သည်။

ဤနေရာတွင်မူ ရေခဲစွမ်းအင်များမှာ သာမန်ထက်ပို၍ အဆမတန် ကြွယ်ဝလှ၏။ ဤနေရာတွင် ရေရှည်နေထိုင်သူများအနေဖြင့် ရေခဲဝိညာဉ်ခန္ဓာ နိုးထလာနိုင်ခြေမှာ သာမန်လူများထက် အဆပေါင်း သောင်းချီ၍ မြင့်မားလှသည်။ ထိုသို့သာ မဟုတ်ပါက သေးငယ်လှသော ဤနှင်းရွာလေး၌ ရေခဲဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူ လေးဦးအထိ ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ ပြင်ပလောကရှိ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင်ပင် နှစ်ပေါင်းတစ်ရာအတွင်း ဝိညာဉ်ခန္ဓာ တစ်ဦး သို့မဟုတ် နှစ်ဦးခန့်သာ ပေါ်ထွက်တတ်သည်။

သို့သော်လည်း အဘိုးကျောက်၏ စကားကို ကြားလိုက်ရသည့်အခါ လင်းရန်ယန်မှာ ကြောင်အမ်းသွားရတော့၏။

“ရေခဲဝိညာဉ်ခန္ဓာ ဟုတ်လား ၊ ကျွန်တော့်မှာ ရှိတယ်လေ ၊ ကျွန်တော် မပြောခဲ့ဘူးလား ”

လင်းရန်ယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်ပြီးနောက် ၊ သူ၏လက်ကို ဟင်းလင်းပြင်ထဲ၌ ဖမ်းဆုပ်လိုက်တော့သည်။

“ဝူး... ”

ချက်ချင်းဆိုသလိုပင် အချင်း ကီလိုမီတာ နှစ်ထောင်ကျော်မျှ ရှိသော ဧရာမ ရေခဲလက်ဝါးကြီးတစ်ခုသည် ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ ဤကြီးမားလှသော လက်ဝါးရိပ်ကြီးကြောင့် အဘိုးကျောက်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားရ၏။

“တောက်... စတုတ္ထအဆင့် ရေခဲဝိညာဉ်ခန္ဓာ ဟုတ်လား ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

အဘိုးကျောက်ကဲ့သို့ တည်ငြိမ်လှသော ပညာရှင်ကြီးပင်လျှင် သူ၏မျက်စိရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အသွားရပြီး ၊ မအောင့်နိုင်တော့ဘဲ ဆဲဆိုလိုက်မိတော့သည်။

“ရေခဲဝိညာဉ်ခန္ဓာ တစ်ခုတည်း မဟုတ်ပါဘူး ၊ ကျွန်တော့်ရဲ့ လျှပ်စီးဝိညာဉ်ခန္ဓာနဲ့ မီးဝိညာဉ်ခန္ဓာတွေကလည်း စတုတ္ထအဆင့်မှာပဲ ရှိနေတာပါ ”

လင်းရန်ယန်က သူ၏ အစွမ်းအစများကို အနည်းငယ်မျှ ထပ်မံ ထုတ်ဖော်ပြလိုက်၏။

ထိုစကားကို ကြားလိုက်ရသည့်အခါ ကောင်းကင်ယံ၌ ပျံသန်းနေသော အဘိုးကျောက်မှာ ခြေချော်သွားရပြီး ၊ အမြင့်ပေါ်မှပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရတော့သည်။

“စတုတ္ထအဆင့် ဝိညာဉ်ခန္ဓာ သုံးခုတောင်လား ၊ အဲဒီထဲက နှစ်ခုက အလယ်အလတ်အဆင့် ဝိညာဉ်ခန္ဓာတွေ ဖြစ်နေတာပဲ ၊ မောင်ရင်... မင်းက ဘယ်လိုမျိုး ပါရမီရှင်ကြီးလဲ ”

အဘိုးကျောက်သည် လင်းရန်ယန်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေ၏။

“အဲ့လောက်ပါပဲ... ဒီလောက် ပါရမီနဲ့ဆိုရင် ဟိုစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ လုံလောက်ပါ့မလားလို့ ကျွန်တော် သိချင်နေတာ ”

လင်းရန်ယန်ကလည်း အနည်းငယ် ဝေခွဲမရဖြစ်စွာဖြင့် ဆိုလိုက်သည်။

“ဟူး... ဘယ်သူသိမှာလဲ ၊ အမှန်အတိုင်း ပြောရရင် စမ်းသပ်ချက်ကို အောင်မြင်ဖို့အတွက် သတ်မှတ်ချက်က ဘာလဲဆိုတာ ငါတို့လည်း မသိဘူး ၊ ဒါပေမဲ့ မင်းလိုလူတောင် မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ ၊ ဘယ်သူလာလာ ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ဘူးလို့ ငါ ထင်တယ် ”

အဘိုးကျောက်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။ လင်းရန်ယန်၏ ပါရမီမျိုးမှာ ရှေးခေတ်ကာလများ၌ပင် အလွန်တရာ ထူးချွန်လှသော ပါရမီရှင်မျိုး ဖြစ်သည်။ အကယ်၍ သူသာ မအောင်မြင်ခဲ့ပါက ၊ တာအိုတရားများ ဆုတ်ယုတ်နေသော ယနေ့ခေတ်ကာလတွင် မည်သူမျှ အောင်မြင်နိုင်တော့မည် မဟုတ်ပေ။

စကားပြောနေကြရင်းဖြင့် သူတို့နှစ်ဦးမှာ တောင်ထိပ်သို့ နောက်ဆုံး၌ ရောက်ရှိလာကြ၏။ တောင်ထိပ်သို့ ရောက်သည့်အခါတွင်မူ မြေပြင်ပေါ်၌ ကြီးမားလှသော ‘တယ်လီပို့’ အစီအရင်ကြီးတစ်ခုကို လင်းရန်ယန် တွေ့ရှိလိုက်ရတော့သည်။ ထိုအစီအရင်၏ လက်ရာမှာ ပြင်ပလောကတွင် သူမြင်တွေ့ခဲ့ဖူးသော တယ်လီပို့အစီအရင်များနှင့် များစွာ ကွာခြားမှု မရှိလှချေ။

ထိုအစီအရင်၏ ဘေးနားတွင်မူ ဧရာမ ကြည်လင်နေသော ကျောက်စာတိုင်ကြီး တစ်ခု ရှိနေ၏။ ကျောက်စာတိုင်ပေါ်တွင် အမှတ်အသားပေါင်း ၁၀၀၀ တိတိ ရှိနေသော်လည်း ၊ ၎င်းတို့က ဘာကို ဆိုလိုသည်ကိုမူ သူ မသိရှိပေ။

“ဒီတယ်လီပို့ အစီအရင်ပေါ်ကို တက်လိုက်တာနဲ့ ၊ မင်းဟာ စမ်းသပ်ချက် တည်ရှိရာနေရာကို ရောက်သွားလိမ့်မယ် ၊ မှတ်ထားပါ... အဲဒီနေရာမှာ ရှိသမျှ အရာအားလုံးဟာ စိတ်ကူးယဉ် အလိမ်အညာတွေပဲ ၊ ဒါကြောင့် မင်း အဲဒီမှာ သေသွားခဲ့ရင်တောင် ပြန်ရှင်လာနိုင်တယ် ၊ အသက်ဘေးအတွက် စိုးရိမ်နေစရာ မလိုဘူး ၊ မင်းရဲ့ စွမ်းအားရှိသမျှကိုသာ အကုန်ထုတ်သုံးပြီး တိုက်ခိုက်ခဲ့ ”

အဘိုးကျောက်က လင်းရန်ယန်ကို ဖြည်းညှင်းစွာ မှာကြားလိုက်တော့သည်။

“ကောင်းပါပြီ... ကျွန်တော် သွားကြည့်လိုက်ဦးမယ် ”

လင်းရန်ယန်သည် တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ပင် ပျံသန်းဝင်ရောက်သွား၏။ သူ၏ခြေထောက်သည် တယ်လီပို့အစီအရင်အတွင်းသို့ နင်းမိလိုက်သည်နှင့် တစ်ပြိုင်နက် ၊ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လှိုင်းတွန့်သဏ္ဌာန် တုန်ခါသွားတော့သည်။

“ဝူး... ”

တစ်ခဏချင်းအတွင်းမှာပင် လင်းရန်ယန်၏ ပုံရိပ်မှာ မူလနေရာမှ ပျောက်ကွယ်သွား၏။

“ဒီကောင်လေး ဘယ်နှစ်ထပ်အထိ ရောက်နိုင်မလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ် ၊ ငါတုန်းက ၂၄ ထပ်အထိပဲ ရောက်ခဲ့တာ ၊ သူကတော့ အနည်းဆုံး အထပ် ၄၀ လောက်အထိ ရောက်နိုင်လိမ့်မယ်လို့ ငါ ထင်တယ် ”

အဘိုးကျောက်သည် မျှော်လင့်ချက်အပြည့်ဖြင့် ရှေ့သို့ စိုက်ကြည့်နေတော့သည်။

“ဝူး... ”

အခြားတစ်ဖက်တွင်မူ ၊ ဟင်းလင်းပြင်၏ တုန်ခါမှုများနှင့်အတူ ၊ လင်းရန်ယန်၏ ပုံရိပ်မှာ အချင်း ကီလိုမီတာ တစ်ဆယ်ခန့်ရှိသော စင်မြင့်ကြီးတစ်ခုပေါ်တွင် ပေါ်ထွက်လာ၏။ ပတ်ဝန်းကျင်တွင် မည်သည့်အရာမျှ မရှိဘဲ ၊ သူ၏ခြေဖဝါးအောက်ရှိ စင်မြင့်ကြီးသာ ရှိနေသည်။

“ဒါ ဘယ်နေရာလဲ ၊ စမ်းသပ်တဲ့နေရာက ဒါပဲလား ၊ ဘာလို့ ဘာမှမရှိတာလဲ ”

လင်းရန်ယန်က ဗလာဖြစ်နေသော ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။

“ဒင်... ရေခဲစမ်းသပ်ကွင်းသို့ ရောက်ရှိလာသည့်အတွက် ဂုဏ်ယူပါသည် ၊ စမ်းသပ်မှု စတင်တော့မည် ဖြစ်သဖြင့် ၊ ကျေးဇူးပြု၍ ပြင်ဆင်ထားပါ ”

ရုတ်တရက်ပင် ကောင်းကင်ယံမှ အေးစက်စက်နိုင်သော စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာတော့သည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် လင်းရန်ယန်မှာ လုံးဝ ဆွံ့အသွား၏။

“ဘာကြီးလဲ... စက်ရုပ်အသံကြီးလား ၊ ဘာတွေ ဖြစ်ကုန်တာလဲ ”

လင်းရန်ယန်မှာ အံ့သြလွန်းသဖြင့် မျက်လုံးပြူးသွားရတော့သည်။ ဤသည်မှာ ဂြိုဟ်သား ယဉ်ကျေးမှုတစ်ခုခု၏ စမ်းသပ်ကွင်းများ ဖြစ်နေမလားဟုပင် သံသယဝင်သွား၏။

“ဒင်... ပထမအထပ် စမ်းသပ်မှု စတင်ပါပြီ ၊ ပုံရိပ်ယောင် စမ်းသပ်မှု စတင်နေပြီ ဖြစ်သဖြင့် ၊ စမ်းသပ်ခံရသူသည် အသက်အန္တရာယ် မရှိနိုင်ပါ ”

ထိုစဉ်မှာပင် နောက်ထပ် တည်ငြိမ်လှသော အကြောင်းကြားသံ ထွက်ပေါ်လာပြီး ၊ တစ်ချိန်တည်းမှာပင် လင်းရန်ယန်သည် မမြင်ရသော စွမ်းအင်တစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စကင်ဖတ်နေသည်ကို သိသိသာသာ ခံစားလိုက်ရတော့သည်။ ထိုစကင်ဖတ်သည့် စွမ်းအားမှာ စိတ်ဝိညာဉ်စွမ်းအင်နှင့် ဆင်တူသော်လည်း ၊ တစ်မျိုးတစ်ဖုံ ကွဲပြားနေ၏။

“ဝူး... ”

နောက်တစ်ခဏ၌ သူ၏ရှေ့မှ ဟင်းလင်းပြင်မှာ လှိုင်းတွန့်သဏ္ဌာန် ဖြစ်ပေါ်လာပြီး ၊ ထိုလှိုင်းတွန့်များအတွင်းမှ ဧရာမ နှင်းမိစ္ဆာဘုရင် တစ်ကောင်သည် ဖြည်းညှင်းစွာ ပေါ်ထွက်လာတော့သည်။ ၎င်းကို မြင်လိုက်ရသည့်အခါ လင်းရန်ယန်က မျက်ခုံးပင့်လိုက်မိ၏။

“ကြယ်နှစ်ပွင့် မိစ္ဆာဘုရင်လား ၊ ငါနဲ့ အဆင့်တူပဲ ”

လင်းရန်ယန်သည် တစ်ဖက်လူ၏ အဆင့်အတန်းကို ချက်ချင်းပင် ခွဲခြားသိမြင်လိုက်တော့သည်။ သူနှင့် အဆင့်တူဖြစ်နေသဖြင့် ဖိအားတော့ များစွာ မရှိလှချေ။ သို့သော် လင်းရန်ယန်က သေချာစွာ စူးစမ်းကြည့်လိုက်သည့်အခါ ၊ သူ၏ရှေ့မှ နှင်းမိစ္ဆာမှာ ပုံရိပ်ယောင်တစ်ခုနှင့် လုံးဝ မတူကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားရ၏။ သူ၏ စိတ်စွမ်းအားကို အစွမ်းကုန် အသုံးပြု၍ စမ်းသပ်ကြည့်သည့်တိုင်အောင် ၊ သူ မြင်တွေ့နေရသည်မှာ စစ်မှန်သော နှင်းမိစ္ဆာတစ်ကောင်သာ ဖြစ်သည်။

လင်းရန်ယန်သည် ၎င်း၏ အသက်ဓာတ်ကိုပင် ခံစားနေရသေး၏။

“ဒါက ဧရာမ စိတ်ကူးယဉ် အလိမ်အညာ အစီအရင်ကြီး တစ်ခုလား ၊ ဒီမှာ ငါမြင်နေရတဲ့ အရာအားလုံးက လက်တွေ့နဲ့ ထပ်တူနီးပါး တူနေတာပဲ ”

လင်းရန်ယန်သည် ယခင်က မြင်းခိုးသူအဖွဲ့မှ ဒုတိယခေါင်းဆောင်ကို သူ အသုံးပြုခဲ့သည့် နည်းလမ်းများကို သတိရလိုက်တော့သည်။ ဖြစ်နိုင်သည်မှာ သူသည်လည်း ထိုကဲ့သို့သော အစီအရင်တစ်ခုအတွင်း၌ ပိတ်မိနေခြင်း ဖြစ်နိုင်ပြီး ၊ တစ်ဖက်လူ၏ အစီအရင်မှာ များစွာ ပိုမို အဆင့်မြင့်နေခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့်သာ ဤနေရာ၌ စက်ရုပ်အသံဖြင့် အကြောင်းကြားမှုများ ရှိနေခြင်း ဖြစ်၏။ ဤအချက်ကို နားလည်သွားပြီးနောက် လင်းရန်ယန်သည် စိတ်အေးသွားရတော့သည်။

စမ်းသပ်ချက်ဆိုမှတော့ တစ်ချက်လောက် စမ်းကြည့်ရမှာပေါ့။

“ဝေါင်း... ”

နောက်ဆုံး၌ ၊ ထိုနေရာတွင် ပေါ်ထွက်လာသော ဧရာမ ကြယ်နှစ်ပွင့် နှင်းမိစ္ဆာဘုရင်ကြီးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ၊ ကောင်းကင်ယံသို့ ဟိန်းဟောက်သံကြီး ပေးလိုက်တော့သည်။

အခန်း (၁၂၇) - စမ်းသပ်ချက်

“ဝုန်း... ဝုန်း... ဝုန်း... ”

တစ်ခဏချင်းအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။ လင်းရန်ယန် သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ ဟင်းလင်းပြင်ထဲသို့ လက်လှမ်း၍ ဆုပ်ကိုင်လိုက်၏။

“ဝူး... ”

ချက်ချင်းဆိုသလိုပင် သူ၏လက်ထဲ၌ ရှည်လျားသော ဓားတစ်စင်း ပေါ်ထွက်လာတော့သည်။

“သေစမ်း... ”

နောက်တစ်ခဏ၌ လင်းရန်ယန်သည် တွေဝေမနေဘဲ အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်ပြီး ၊ ခြေလှမ်းတစ်ချက် ပြင်ကာ ရှေ့သို့ ဒိုင်းခနဲ ပြေးဝင်သွား၏။ သူ၏ အရှိန်အဝါမှာ လျင်မြန်လွန်းလှသဖြင့် ကြည့်ရသည်မှာ ကြယ်နှစ်ပွင့် နှင်းမိစ္ဆာဘုရင်ကြီးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ၊ သူ၏ဦးခေါင်းမှာ ထိုရှည်လျားလှသော ဓားချက်အောက်၌ ပြတ်တောက်သွားရတော့သည်။

“ဖွတ်... ”

နှင်းမိစ္ဆာဘုရင်ကြီး၏ လည်ပင်းမှ သွေးများမှာ ပန်းထွက်လာပြီး ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံးကို ချက်ချင်းပင် နီရဲသွားစေ၏။

“ဝုန်း... ဝုန်း... ဝုန်း... ”

နှင်းမိစ္ဆာဘုရင်ကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် လဲကျသွား၏။

“ဝူး... ”

ထိုအခိုက်အတန့်တွင် နှင်းမိစ္ဆာဘုရင်ကြီး၏ ခန္ဓာကိုယ်ကြီးမှာ အချက်အလက် လိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ ကောင်းကင်ယံသို့ ပျံတက်ကာ ပျောက်ကွယ်သွားတော့သည်။ ၎င်းကို မြင်လိုက်ရသည့်အခါ လင်းရန်ယန်က မျက်ခုံးပင့်လိုက်မိ၏။

“ဒီပုံရိပ်ယောင်က တကယ့်ကို လက်တွေ့ကျလွန်းတာပဲ ”

လင်းရန်ယန်သည် ခပ်ဖွဖွ ပြုံးလိုက်ရင်း သူ၏လက်ပေါ်ရှိ သွေးစက်များကို ခါထုတ်လိုက်ရာ ၊ ထိုသွေးစက်များမှာလည်း အချက်အလက်လိုင်းများအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားတော့သည်။

“ဒင်... ပထမအထပ် စမ်းသပ်မှု အောင်မြင်ပါသည် ၊ ဒုတိယအထပ် စမ်းသပ်မှု စတင်နေပါပြီ ”

ထိုစဉ်မှာပင် နောက်ထပ် အကြောင်းကြားသံ တစ်ခု ထပ်မံ ထွက်ပေါ်လာ၏။

“ဝူး... ”

ထိုအသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ၊ ပတ်ဝန်းကျင် အခြေအနေများမှာ တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်ကို လင်းရန်ယန် သတိပြုလိုက်မိသည်။ မကြာမီမှာပင် လင်းရန်ယန်သည် ချော်ရည်ပင်လယ်ကြီးတစ်ခု၏ အထက်သို့ ရောက်ရှိသွား၏။ ကံကောင်းထောက်မစွာဖြင့် သူသည် စိတ်စွမ်းအားကို အလျင်အမြန် အသုံးပြု၍ လေထဲသို့ ပျံတက်လိုက်သဖြင့် ချော်ရည်များအတွင်းသို့ ပြုတ်မကျဘဲ လွတ်မြောက်သွားခဲ့ရသည်။

“နေရာတွေကို ပြောင်းလဲပစ်တာလား ၊ ဒီစမ်းသပ်ချက်က တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ ”

လင်းရန်ယန်၏ မျက်လုံးများမှာ အရောင်တောက်သွား၏။

“ဝေါင်း... ”

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ခြေဖဝါးအောက်ရှိ ချော်ရည်များအတွင်းမှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကြီးသည် ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားတော့သည်။ နောက်တစ်ခဏ၌ အလျား မီတာတစ်ရာခန့်ရှိသော ချော်ရည်နဂါးကြီးတစ်ကောင်မှာ ချော်ရည်များအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး လင်းရန်ယန်ကို တိုက်ရိုက်ပင် လာရောက် ကိုက်ခဲလိုက်၏။

“အနောက်တိုင်း နဂါးတွေတောင် ရှိတာလား ”

လင်းရန်ယန်သည် လျင်မြန်စွာ ရှောင်တိမ်းလိုက်တော့သည်။ ဤမြင်ကွင်းကို ကြည့်ခြင်းဖြင့် သူ၏မျက်စိရှေ့ရှိ အရာအားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်ကြောင်း သူ လုံးဝ ယုံကြည်သွား၏။ ဤအနောက်တိုင်း နဂါးကြီး၏ စွမ်းအားမှာ ယခင်က ပထမဆုံး နှင်းမိစ္ဆာထက် နှစ်ဆခန့် ပိုမို အစွမ်းထက်လှသည်။

ဆိုလိုသည်မှာ ၎င်းသည် သာမန် ကောင်းကင်အရှင်သခင် ဒုတိယအဆင့်ထက် နှစ်ဆမျှသော တိုက်ခိုက်ရေးစွမ်းရည် ရှိနေခြင်း ဖြစ်ရာ ၊ သာမန် တတိယအဆင့်ရှိသူနှင့် ယှဉ်လျှင်ပင် အတော်လေး သာလွန်နေ၏။ တစ်နည်းအားဖြင့် သာမန် ကောင်းကင်အရှင်သခင်တစ်ဦးသည် ပထမအထပ်ကိုသာ ကျော်ဖြတ်နိုင်ရန် အလားအလာရှိပြီး ၊ ဒုတိယအထပ်မှာမူ ကျော်ဖြတ်ရန် အလွန်ပင် ခက်ခဲလိမ့်မည်။

“ပုံရိပ်ယောင်တွေပဲဆိုမှတော့... အချိန်ဖြုန်းနေစရာ မလိုတော့ဘူး ”

လင်းရန်ယန်သည် တွေဝေမနေဘဲ သူ၏ ရှည်လျားလှသော ဓားဖြင့် တိုက်ရိုက်ပင် ခုတ်ပိုင်းလိုက်တော့သည်။

“ချောက်... ”

တစ်ခဏချင်းအတွင်းမှာပင် ဓားဝိညာဉ်၏ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။

“ပွတ်... ”

ချက်ချင်းပင် အေးစက်လှသော ဓားအငွေ့အသက်များမှာ ချော်ရည်နဂါးကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ၊ ၎င်းကို နှစ်ပိုင်း တိတိ ပြတ်တောက်သွားစေတော့သည်။

“ဒင်... ဒုတိယအထပ် စမ်းသပ်မှု အောင်မြင်ပါသည် ၊ တတိယအထပ် စမ်းသပ်မှု စတင်နေပါပြီ ”

မှန်းဆထားသည့်အတိုင်းပင် ၊ အကြောင်းကြားသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင် အခြေအနေမှာ ထပ်မံ၍ ပြောင်းလဲသွားပြန်၏။ ဤတစ်ကြိမ်တွင်မူ လင်းရန်ယန်သည် အဆုံးမရှိသော သမုဒ္ဒရာကြီးတစ်ခု၏ အထက်သို့ ရောက်ရှိနေသည်။ ထိုပင်လယ်ကြီးမှာ အရပ်မျက်နှာ အနှံ့အပြား၌ ကီလိုမီတာ ရာနှင့်ချီ၍ ကျယ်ဝန်းလှ၏။

လင်းရန်ယန်သည် ယခုတစ်ကြိမ်၌လည်း ရန်သူမှာ အောက်ခြေမှ တက်လာလိမ့်မည်ဟု ထင်မှတ်ကာ ငုံ့ကြည့်နေစဉ်မှာပင် ၊ ထူးခြားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာတော့သည်။

“ကျိ... ”

ကောင်းကင်ယံမှ စူးရှလှသော ငှက်အော်သံတစ်ခု ထွက်ပေါ်လာ၏။ နောက်တစ်ခဏ၌ အတောင်ပံဖြန့်ထားလျှင် မီတာတစ်ထောင်ခန့် ကျယ်ဝန်းသော ဧရာမ ပင်လယ်လင်းယုန်ကြီး တစ်ကောင်မှာ ကောင်းကင်ယံမှ ဝဲပျံဆင်းသက်လာတော့သည်။ ၎င်းသည် အတောင်ပံများကို အရှိန်အဟုန်ဖြင့် ခတ်လိုက်ရာ ၊ ပတ်ဝန်းကျင်ရှိ လေထုမှာ လေဓားမြှောင် အမြောက်အမြားအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းရန်ယန်ထံသို့ တိုးဝှေ့လာ၏။

“ဒီလောက် အားနည်းတဲ့ လေစွမ်းအားလေးနဲ့ ဘယ်သူ့ကို သတ်နိုင်မှာလဲ ”

ဤမြင်ကွင်းကို ကြည့်ကာ လင်းရန်ယန်သည် တုံ့ဆိုင်းမနေဘဲ စိတ်အာရုံဖြင့်ပင် လေဓားမြှောင် အမြောက်အမြားကို ဖန်တီးလိုက်ပြီး ၊ ကောင်းကင်ယံမှ ပင်လယ်လင်းယုန်ကြီးကို ပြန်လည် တိုက်ခိုက်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ လေဝိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်ရာ ၊ ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးမှာ လင်းရန်ယန်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီး ပျောက်ကွယ်သွား၏။

“ဝှီး... ဝှီး... ဝှီး... ”

ကောင်းကင်ယံမှ ပင်လယ်လင်းယုန်ကြီးမှာလည်း လင်းရန်ယန်၏ လေဓားမြှောင်များကြောင့် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားတော့သည်။

“ဒါကလည်း ကြယ်နှစ်ပွင့် မိစ္ဆာဘုရင်ပဲ ဆိုပေမဲ့ ၊ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့စွမ်းအားက သာမန် ကောင်းကင်အရှင်သခင် ဒုတိယအဆင့်ထက် သုံးဆလောက် ပိုများလာတာလား ၊ ဒါဆို အထပ်တိုင်းမှာ ရန်သူရဲ့ အခြေခံစွမ်းအားက တစ်ဆစီ တိုးလာတာပေါ့ ၊ အဲဒီလိုဆိုရင် အထပ် တစ်ဆယ်မှာ သာမန်ထက် ဆယ်ဆလောက် ပိုစွမ်းအားကြီးတဲ့ ရန်သူနဲ့ တွေ့ရမှာပေါ့ ၊ အထပ် တစ်ရာမှာဆိုရင် အဆ တစ်ရာလား ”

လင်းရန်ယန်သည် ကောင်းကင်မှ ကျဆင်းလာသော သွေးမိုးများကို ကြည့်ကာ ခန့်မှန်းလိုက်၏။

“ဒင်... တတိယအထပ် စမ်းသပ်မှု အောင်မြင်ပါသည် ၊ စတုတ္ထအထပ် စမ်းသပ်မှု စတင်နေပါပြီ ”

အကြောင်းကြားသံ ထွက်ပေါ်လာသည်နှင့် လင်းရန်ယန်၏ ပုံရိပ်မှာ ကွယ်ပျောက်သွားပြီး မြက်ခင်းပြင်ကြီးတစ်ခုပေါ်တွင် ပြန်လည် ပေါ်ထွက်လာတော့သည်။ ယခုတစ်ကြိမ် ရန်သူမှာ တောင်တန်းများကြား၌ အခြေချနေသော ဧရာမ ခြင်္သေ့ထီးကြီး တစ်ကောင်ပင် ဖြစ်၏။ အမှန်ပင် ဖြစ်ပါသည် ၊ ၎င်း၌ သတ္တုဝိညာဉ်ခန္ဓာ ရှိနေပြီး ၊ ၎င်း၏ ခွန်အားမှာ သာမန် ကောင်းကင်အရှင်သခင် ဒုတိယအဆင့်ထက် လေးဆမျှ ပိုမို အစွမ်းထက်လှသည်။

“အပြင်ဘက်က အမှတ်အသားတွေက အထပ်အရေအတွက်ကို ကိုယ်စားပြုတာဆိုရင် ၊ ဒီမှာ အထပ်ပေါင်း တစ်ထောင်တိတိ ရှိနေတာပဲ ၊ အဲဒီလိုဆိုရင် ဒီစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့အတွက် ငါဟာ ကောင်းကင်အရှင်သခင် ဒုတိယအဆင့်ထက် အဆပေါင်း တစ်ထောင်လောက် ပိုစွမ်းအားကြီးတဲ့ တိုက်ခိုက်မှုမျိုးကို ပြုလုပ်ရမှာပေါ့ ”

ဤအချက်ကို တွေးမိလိုက်သည်နှင့် လင်းရန်ယန်၏ မျက်လုံးအိမ်မှာ သိသိသာသာ ကျုံ့ဝင်သွား၏။ ဤသည်မှာ တကယ့်ကို ရက်စက်လွန်းလှသည်။ အဆပေါင်း တစ်ထောင်ဆိုသည်မှာ ၊ ယခုလက်ရှိ လင်းရန်ယန်ပင်လျှင် တက်လှမ်းနိုင်ရန် မသေချာလှချေ။

“ထားလိုက်ပါတော့... ဒါတွေကို ဂရုစိုက်မနေတော့ဘူး ၊ ငါ ဘယ်နှစ်ထပ်အထိ ရောက်နိုင်မလဲဆိုတာ အရင်ကြည့်ရမှာပဲ ၊ ဒါက ငါ့ရဲ့ ခွန်အားက ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာကို စမ်းသပ်ဖို့အတွက် အခွင့်အရေးကောင်း တစ်ခုပဲ ”

လင်းရန်ယန်က စိတ်ထဲမထားတော့ဘဲ သူ၏ စိတ်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။

“ပွက်... ”

အဝေးမှ ခြင်္သေ့ထီးကြီးမှာ နိုးပင်မနိုးသေးဘဲ လင်းရန်ယန်၏ တိုက်ခိုက်မှုကြောင့် ချက်ချင်းပင် အသက်ပျောက်သွားရ၏။

“ဒင်... စတုတ္ထအထပ် စမ်းသပ်မှု အောင်မြင်ပါသည် ၊ ပဉ္စမအထပ် စမ်းသပ်မှု စတင်နေပါပြီ ”

နောက်ထပ် အကြောင်းကြားသံ တစ်ခု ထွက်ပေါ်လာပြန်သည်။

နောက်ပိုင်း စမ်းသပ်မှုများမှာလည်း လင်းရန်ယန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။ အထပ်တစ်ခု မြင့်လာတိုင်း ရန်သူ၏ ခွန်အားမှာ ကောင်းကင်အရှင်သခင် ဒုတိယအဆင့်၏ တစ်ဆစီ တိုးလာသည်။ ထို့ပြင် ၎င်းမှာ အလွန်ပင် တိကျလှသဖြင့် ထိုသတ်မှတ်ချက်ကို လုံးဝ ကျော်လွန်ခြင်း မရှိချေ။

ဥပမာအားဖြင့် ဆယ့်နှစ်ထပ်မြောက်ရှိ မိစ္ဆာသားရဲမှာ ပုံမှန်အားဖြင့် မိမိအဆင့်ထက် သုံး

ဆမျှသော တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း ၊ ၎င်း၏ ပင်ကိုယ်လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီးနောက်တွင်မူ တိုက်ခိုက်ရေးစွမ်းရည်မှာ တကယ်ပင် ဆယ့်နှစ်ဆအထိ ရောက်ရှိသွားတော့သည်။ သေချာပေါက် ၊ ထိုလျှို့ဝှက်ကျင့်စဉ်မှာ အစွမ်းထက်လှသော်လည်း ၊ ၎င်းမှာ မျိုးရိုးဗီဇနှင့် သက်ဆိုင်နေသဖြင့် အခြားသူများ လေ့လာ၍ မရနိုင်ချေ။

လင်းရန်ယန်၏ အခြေခံ ခန္ဓာကိုယ်ခွန်အားမှာ ဆယ့်ခြောက်ဆမျှ တိုးမြှင့်ထားခြင်းဖြစ်ပြီး ၊ အစွမ်းထက်သော ကျင့်စဉ်များနှင့် ပေါင်းစပ်လိုက်သည့်အခါ ၊ လင်းရန်ယန်၏ စင်စစ်သော ခန္ဓာကိုယ်ခွန်အားမှာ အထပ် ငါးဆယ်ကျော်အထိပင် အောင်မြင်စွာ ရောက်ရှိသွားတော့သည်။ အထပ်ငါးဆယ်ကျော် ဆိုသည်မှာ လင်းရန်ယန်၏ ခန္ဓာကိုယ် တိုက်ခိုက်ရေးစွမ်းရည်သည် မိမိထက် အဆင့်ငယ် ငါးဆင့်မျှ မြင့်မားသူကို ရင်ဆိုင်နိုင်ခြင်းပင် ဖြစ်၏။

ဆိုလိုသည်မှာ ကောင်းကင်အရှင်သခင် သတ္တမအဆင့်အထိ တက်လှမ်းနိုင်ခြင်းပင် ဖြစ်ရာ ဤသည်မှာ အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းသော ကိန်းဂဏန်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လင်းရန်ယန်သည် သူ၏ လျှပ်စီးဝိညာဉ်ခန္ဓာမှ ပေးစွမ်းသော ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မသုံးရသေးသောကြောင့် ဖြစ်၏။

လက်ရှိတွင် အားအနည်းဆုံးဖြစ်သော လေဝိညာဉ်စွမ်းအားပင်လျှင် အထပ် ၆၈ အထိ တိုက်ရိုက် ရောက်ရှိသွားစေနိုင်ပြီး ၊ မိမိထက် အဆင့်ငယ် ခြောက်ဆင့် မြင့်မားသူကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ ဆိုလိုသည်မှာ ကောင်းကင်အရှင်သခင် အဋ္ဌမအဆင့်၏ တိုက်ခိုက်ရေးစွမ်းရည်မျိုးပင် ဖြစ်၏။

“ဒါက ငါ့ရဲ့ လေဝိညာဉ်ခန္ဓာရဲ့ အဆုံးစွန်ပဲလား ”

လင်းရန်ယန်က မျက်ခုံးပင့်လိုက်မိပါတော့သည် ၊ သို့သော် ဤသည်မှာလည်း သဘာဝပင် ဖြစ်သည်။ လေဝိညာဉ်စွမ်းအားအတွက် ကိုက်ညီသော ကျင့်စဉ်များ သို့မဟုတ် တာအိုအတတ်ပညာများ မရှိသေးသဖြင့် ၊ ဤအဆင့်သို့ ရောက်ရှိခြင်းမှာပင် အလွန်ပင် ကောင်းမွန်လှပြီ။

“ဒါဆိုရင် နောက်တစ်ဆင့်အနေနဲ့... လျှပ်စီးဝိညာဉ်ခန္ဓာကို သုံးပြီး ငါ့ရဲ့ ခန္ဓာကိုယ်ကို ထပ်မြှင့်ရမှာပေါ့ ၊ ”

ထို့နောက် လင်းရန်ယန်သည် ခပ်ဖွဖွ ပြုံးလိုက်တော့သည်။ ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားသည်နှင့်အမျှ ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ခရမ်းရောင် ကောင်းကင်ဘေးဒုက္ခ လျှပ်စီးများမှာ တိုးဝှေ့လျက် ရှိ၏။

အခန်း (၁၂၈) - အံ့မခန်းဖွယ်ရာ အစွမ်း

တစ်ခဏချင်းအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာ လျှပ်စီးစွမ်းအားများကြောင့် ရူးသွပ်မတတ် သန်မာလာသည်ကို လင်းရန်ယန် ခံစားလိုက်ရတော့သည်။ အမှန်စင်စစ် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အဆင့် ၅ သို့ ရောက်ရှိနေပြီဖြစ်ရာ ၊ သူ၏ အလုံးစုံသော ခွန်အားတိုးမြင့်မှုမှာ ၃၂ ဆအထိ ရှိနေသည့်အတွက် တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလှ၏။ ကောင်းကင်အဆင့် စွမ်းအားများ၏ ပံ့ပိုးမှု ရှိနေသည့်တိုင်အောင် ၊ ၎င်းသည် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို သုံးဆမျှသာ ထပ်မံ တိုးမြင့်ပေးနိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အခြေခံ ခန္ဓာကိုယ်မှာပင် မိစ္ဆာတစ်ကောင်ကဲ့သို့ အစွမ်းထက်နေပြီ ဖြစ်သောကြောင့်ပင် ဖြစ်၏။

“ဒါပေမဲ့ ဒါက လုံလောက်နေပါပြီ ”

“ဒင်... ၆၈ ထပ်မြောက် စမ်းသပ်မှု အောင်မြင်ပါသည် ၊ ၆၉ ထပ်မြောက် စမ်းသပ်မှု စတင်တော့မည် ဖြစ်သဖြင့် ၊ ပြင်ဆင်ထားပါ ”

ထိုအခိုက်အတန့်တွင် အကြောင်းကြားသံနှင့်အတူ လင်းရန်ယန်၏ ရှေ့မှောက်၌ ပြင်းပြလှသော မီးလျှံပင်လယ်ကြီးတစ်ခုမှာ ဟုန်းခနဲ ပေါ်ထွက်လာတော့သည်။ နောက်တစ်ခဏ၌ ထိုမီးလျှံများအတွင်းမှ ဟိန်းဟောက်နေသော မီးတောက်များ ဝန်းရံလျက်ရှိသည့် ကျားသစ်ကြီးတစ်ကောင်မှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။

“ဝေါင်း... ”

ကျားဟိန်းသံကြီးမှာ လေထုကိုပင် တုန်ခါသွားစေသည်။ ဤကြယ်ခုနစ်ပွင့် မိစ္ဆာဘုရင်မှာ သာမန် ကြယ်ရှစ်ပွင့် မိစ္ဆာဘုရင်နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိနေပြီး ၊ ကျယ်လောင်လှသော ဟိန်းဟောက်သံနှင့်အတူ လင်းရန်ယန်ထံသို့ တိုက်ရိုက် ပြေးဝင်လာ၏။

“ဂျိန်း... ဂျိန်း... ”

လင်းရန်ယန်၏ မျက်ဝန်းများအတွင်း၌ လျှပ်စီးများ ဝင်းခနဲ လက်သွားတော့သည်။

“ဝုန်း... ”

သူသည် မြေပြင်ကို ခြေဖြင့် ဆောင့်ကန်လိုက်ရာ ၊ အနီးအနား မီတာရာနှင့်ချီသော မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး ၊ သူကိုယ်တိုင်မှာမူ ခရမ်းရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ ထိုမီးတောက်ကျားကြီးထံသို့ တိုးဝင်သွား၏။

မြန်လှချည်လား... တကယ့်ကို မြန်လွန်းလှသည်။

ကျားကြီးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ၊ လင်းရန်ယန်မှာ ၎င်း၏ ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကာ မျက်ခုံးနှစ်ခုကြားသို့ လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးနှက်လိုက်၏။

“ဒိုင်း... ”

ထိုခဏ၌ ထိတ်လန့်ဖွယ် ကောင်းလှသော စွမ်းအားမှာ မီတာသုံးရာခန့်ရှိသော ထိုမိစ္ဆာသားရဲကြီးနှင့် ၎င်း၏နောက်ကွယ်ရှိ ကီလိုမီတာ အနည်းငယ်မျှသော မြေပြင်ကိုပါ အမှုန့်အဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

“ဒင်... ၆၉ ထပ်မြောက် စမ်းသပ်မှု အောင်မြင်ပါသည် ၊ ၇၀ ထပ်မြောက် စမ်းသပ်မှု စတင်နေပါပြီ ၊ ”

အကြောင်းကြားသံမှာ ထပ်မံ ထွက်ပေါ်လာပြန်၏။

ထိုအချိန်မှစ၍ လင်းရန်ယန်သည် သူ၏ရှေ့ရှိ အတားအဆီးမှန်သမျှကို အလွယ်တကူပင် ခြေမှုန်းသွားပတော့သည်။

အထပ် ၈၀...၊

အထပ် ၉၀... ၊

အထပ် ၁၀၀... ၊

မကြာမီမှာပင် သူသည် အထပ် ၁၅၀ သို့ ရောက်ရှိသွား၏။

အပြင်ဘက်တွင်မူ အဘိုးကျောက် တစ်ယောက်မှာ ကြောက်လန့်တုန်လှုပ်နေပြီ ဖြစ်သည်။ လင်းရန်ယန်၏ အစပိုင်း အထပ်များကို ရူးသွပ်မတတ် ကျော်ဖြတ်နိုင်မှုမှာ သူ၏ ခန့်မှန်းချက်အတွင်းမှာပင် ရှိနေသေး၏။ အဆုံး၌ စတုတ္ထအဆင့် ဝိညာဉ်ခန္ဓာ သုံးခုနှင့် ကောင်းကင်အရှင်သခင် ဒုတိယအဆင့် ကျင့်ကြံခြင်းရှိသူ တစ်ဦးအနေဖြင့် ၊ မိမိထက် အဆင့်မြင့်သူကို အလွယ်တကူ တိုက်ခိုက်နိုင်သည်မှာ အဘိုးကျောက်ကိုယ်တိုင်ထက်ပင် ပိုမို ထူးချွန်လှသည်။

အထပ် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်အထိ ရောက်ရှိရန်မှာ သူ၏အဖို့ အားစိုက်ထုတ်နေစရာပင် လိုမည် မဟုတ်ချေ။ သို့သော် အဘိုးကျောက်ကို ထိတ်လန့်သွားစေသည်မှာ လင်းရန်ယန်သည် အရာအားလုံးကို ခြေမှုန်းရင်း အထပ် ၉၀ အထိ တိုက်ရိုက် ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ အထပ် ၁၆၀ ကျော်မှသာ သူ၏အရှိန်မှာ အနည်းငယ် နှေးကွေးသွား၏။

“ဟူး... နောက်ဆုံးတော့ ပြီးဆုံးတော့မှာလား ၊ အထပ် နှစ်ရာဆိုတာကတော့ မဖြစ်နိုင်ပါဘူး... အထပ် နှစ်ရာကို ကျော်ဖြတ်ဖို့ဆိုတာ ဘယ်လိုလုပ် လွယ်ကူနိုင်မှာလဲ ”

အဘိုးကျောက်သည် သူ၏ နဖူးမှ ချွေးစက်များကို သုတ်လိုက်တော့သည်။

သို့သော်လည်း နောက်တစ်ခဏ၌ သူသည် ပြန်လည် စိတ်လှုပ်ရှားလာ၏။ သူ၏အမြင်အရ အထပ် ၁၀၀ ကို ကျော်ဖြတ်နိုင်ခြင်းမှာပင် စမ်းသပ်ချက်ကို အောင်မြင်ခြင်း ဖြစ်လိမ့်မည်။ အထပ် တစ်ထောင်ဆိုသည်မှာ ဤနေရာ၏ အမြင့်ဆုံး ကန့်သတ်ချက်သာ ဖြစ်ပြီး ၊ အထပ် တစ်ထောင်လုံးကို ကျော်ဖြတ်နိုင်သူ ရှိလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ချေ။ ဤကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ပါရမီရှင်မျိုးမှာ ရှေးခေတ်ကာလများ၌ပင် မရှိခဲ့ဖူးပေ။

ကံမကောင်းစွာဖြင့် ၊ လင်းရန်ယန်၏ တကယ့် အားသာချက်မှာ ဒြပ်စင်ငါးပါး ဝိညာဉ်ခန္ဓာတစ်ခုတည်း မဟုတ်ကြောင်း သူ မသိချေ။ လင်းရန်ယန်၌ ဝိညာဉ်အဆင့်နှင့် တာအိုအဆင့်ရှိသော ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးအတတ်ပညာများ ရှိနေပြီး ၊ ၎င်းတို့ကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ထားခြင်း ဖြစ်သည်။ သာမန် ကောင်းကင်အရှင်သခင် ဒုတိယအဆင့်ရှိသူ တစ်ဦးသည် များသောအားဖြင့် ကောင်းကင်အဆင့် အထွတ်အထိပ်ထက် မြင့်သော ကျင့်စဉ်များကို လေ့ကျင့်နိုင်စွမ်း မရှိပေ။

အကယ်၍ သူတို့က ဝိညာဉ်အဆင့် ကျင့်စဉ်များကို စမ်းသပ်လေ့ကျင့်မည်ဆိုပါက ၊ တစ်ရာခိုင်နှုန်းမျှသော အဆင့်သို့သာ ရောက်ရှိနိုင်မည် ဖြစ်ရာ ၊ ခွန်အားတိုးတက်မှုမှာ အနည်းငယ်မျှသာ ရှိလိမ့်မည်။ သို့သော် လင်းရန်ယန်မှာမူ တာအိုအဆင့် အလယ်အလတ်ရှိသော ကျင့်စဉ်များကို ရာနှုန်းပြည့် တတ်မြောက်ထားခြင်း ဖြစ်ရာ ၊ ၎င်းမှာ မည်မျှအထိ အစွမ်းထက်နေမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။

တာအိုအတတ်ပညာများတွင်လည်း သာမန် ကောင်းကင်အရှင်သခင်များသည် များသောအားဖြင့် ကောင်းကင်အဆင့် အနိမ့်စား သို့မဟုတ် အမြင့်ဆုံးဆိုလျှင် ကောင်းကင်အဆင့် အမြင့်စား အတတ်ပညာများကိုသာ လေ့ကျင့်ကြရပါသည် ၊ အဆင့်မြင့်လေလေ တတ်မြောက်ရန် ခက်ခဲလေလေပင် ဖြစ်၏။ ကောင်းကင်အရှင်သခင် တစ်ဦး၏ သက်တမ်းမှာ နှစ်ပေါင်းငါးရာသာ ရှိပြီး ၊ ထိုအဆင့်သို့ ရောက်ရှိရန်ပင် အသက် တစ်ရာ့သုံးဆယ် သို့မဟုတ် လေးဆယ်ခန့် ကြာမြင့်တတ်သည်။ ကျန်ရှိနေသော နှစ်ပေါင်း သုံးရာကျော်အတွင်း၌ ကောင်းကင်အဆင့် အမြင့်စား တာအိုအတတ်ပညာတစ်ခုကို နေ့မနား ညမနား လေ့ကျင့်လျှင်ပင် အများဆုံး နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ တတ်မြောက်နိုင်လိမ့်မည်။

သို့သော် လင်းရန်ယန်မှာမူ ဝိညာဉ်အဆင့်မှ စတင်ခဲ့ခြင်းပင် ဖြစ်၏။ သူ၏ အစွမ်းအထက်ဆုံး ဖြစ်သော ‘ရေခဲဖြင့် လောကကို ချုပ်နှောင်ခြင်း’ ဆိုသည့် အတတ်ပညာမှာ တာအိုအဆင့် အလယ်အလတ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ မကြာမီတွင် ထိုစွမ်းအားမှာ လောကတစ်ခုလုံးကို အမှန်တကယ် အေးခဲသွားစေနိုင်လိမ့်မည် ဖြစ်၏။

ခန္ဓာကိုယ်ကို သန်မာစေရန် လျှပ်စီးဝိညာဉ်ခန္ဓာတစ်ခုတည်းကိုသာ အသုံးပြုထားသည့်တိုင်အောင် ၊ သူသည် အထပ် ၁၆၄ အထိ ရောက်ရှိခဲ့ပြီ။ ဤသည်မှာ သူ ဆက်မသွားနိုင်တော့ခြင်းကြောင့် မဟုတ်ဘဲ ၊ နောက်ပိုင်း တိုက်ပွဲများမှာ အချိန်ပိုမို ကြာမြင့်လာမည် ဖြစ်သောကြောင့်ပင် ဖြစ်၏။ ထိုကဲ့သို့ အချိန်ဖြုန်းနေရန် မလိုအပ်ချေ။

“ရေခဲဝိညာဉ်ခန္ဓာနဲ့ လျှပ်စီးဝိညာဉ်ခန္ဓာကို ပေါင်းပြီး သုံးရမယ့် အချိန်ပဲ ”

လင်းရန်ယန်သည် ခပ်ဖွဖွ ပြုံးလိုက်တော့သည်။

ထို့နောက်တွင် သူသည် လျှပ်စီးဝိညာဉ်ခန္ဓာနှင့် ရေခဲဝိညာဉ်ခန္ဓာကို ပေါင်းစပ်လိုက်၏။ ထိုနှစ်ခုအနက် လျှပ်စီးဝိညာဉ်ခန္ဓာမှာ ပိုမို သေကြေပျက်စီးစေနိုင်စွမ်း ရှိပြီး ၊ အထပ် ၃၈၅ အထိ ခြေမှုန်းနိုင်ခဲ့သည်။ ရေခဲဝိညာဉ်ခန္ဓာမှာလည်း ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့၏ ၊ သို့သော် အလွန်အမင်း အေးစက်လှသော အပူချိန်နှင့် ‘ရေခဲဖြင့် လောကကို ချုပ်နှောင်ခြင်း’ အတတ်ပညာကို ပေါင်းစပ်ထားသည့်တိုင်အောင် ၊ ကောင်းကင်ဘေးဒုက္ခ လျှပ်စီးစွမ်းအားဖြင့် မြှင့်တင်ထားသော ‘အဆုံးမဲ့ လျှပ်စီးဟိန်းသံ’ ကိုမူ မယှဉ်နိုင်ချေ။

သို့သော်လည်း ၎င်းသည် အထပ် ၃၅၃ အထိ ရောက်ရှိခဲ့သေးသည်။ ဤစွမ်းဆောင်ရည် နှစ်ခုလုံးမှာ ကောင်းကင်အရှင်သခင် ဒသမအဆင့်၏ စွမ်းအားမျိုး ဖြစ်၏။ အမှန်စင်စစ် ၎င်းတို့မှာ သာမန် ဒသမအဆင့် ကျင့်ကြံသူထက် များစွာ ပိုမို အစွမ်းထက်လှပြီး ၊ ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ အဆင့်သို့ပင် အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။

“အထပ် ၃၈၅... ၃၈၅ ဟုတ်လား ၊ မဖြစ်နိုင်ဘူး... ဒါက မဖြစ်နိုင်ဘူး ၊ ဒါဟာ အတုပဲ ဖြစ်ရမယ်... အတုပဲ”

အပြင်ဘက်တွင်မူ အဘိုးကျောက်မှာ သရဲသဘက်ကို မြင်လိုက်ရသည့်အလား မှင်တက်နေတော့သည်။ လျှပ်စီးဝိညာဉ်ခန္ဓာ၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားမှာ သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေ၏။

အထပ် ၃၈၅ ဆိုသည်မှာ ကျင့်ကြံခြင်း အဆင့်အတန်း တူညီနေသည့်တိုင်အောင် ၊ လင်းရန်ယန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန် ကောင်းကင်အရှင်သခင် ဒုတိယအဆင့်ထက် အဆပေါင်း ၃၈၅ ဆမျှ ပိုမို အစွမ်းထက်နေခြင်း ဖြစ်သည်။ သူ၏ လက်ရှိ ဒုတိယအဆင့် ကျင့်ကြံခြင်းဖြင့်ပင် သာမန် ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ တစ်ဦးမှာ ဤမျှသာ စွမ်းအားရှိနိုင်ပါသည် ၊ ဤကောင်လေးက လူသားမှ ဟုတ်ပါလေစ။

“လင်းရန်ယန်က အခြား ဝိညာဉ်ခန္ဓာတစ်ခုကို ဖုံးကွယ်ထားတာ သေချာတယ်... ကျိန်းသေတယ် ၊ စတုတ္ထအဆင့် လျှပ်စီးဝိညာဉ်ခန္ဓာနဲ့ ရေခဲဝိညာဉ်ခန္ဓာလောက်နဲ့တော့ အထပ် ၃၈၅ အထိ မရောက်နိုင်ပါဘူး ”

အဘိုးကျောက်သည် ဖြစ်နိုင်ခြေတစ်ခုကို အလျင်အမြန် စဉ်းစားလိုက်တော့သည်။ ဖြစ်နိုင်သည်မှာ လင်းရန်ယန်၌ အနည်းဆုံး ဆဋ္ဌမအဆင့်အထိ ရောက်နေသော အလယ်အလတ် ဝိညာဉ်ခန္ဓာ သို့မဟုတ် သတ္တမအဆင့်အထိ ရောက်နေသော အနိမ့်စား ဝိညာဉ်ခန္ဓာတစ်ခု ရှိနေခြင်း ဖြစ်လိမ့်မည်။ သို့မဟုတ်လျှင်လည်း ဒဏ္ဍာရီလာ ပဉ္စမအဆင့်သို့ ရောက်ရှိနေသည့် အဆင့်မြင့် ဝိညာဉ်ခန္ဓာတစ်ခု ရှိနေခြင်းလည်း ဖြစ်နိုင်၏။ ထိုသို့ဆိုမှသာ ဤမျှ အစွမ်းထက်လှသော စွမ်းအားများ ပေါက်ကွဲထွက်လာနိုင်မည်။

ကံမကောင်းစွာဖြင့် ၊ လင်းရန်ယန်၌ အမှန်တကယ်ပင် အဆင့်မြင့် ‘ဒြပ်စင်ငါးပါး ဝိညာဉ်ခန္ဓာ’ ရှိနေသော်လည်း ၊ ၎င်းမှာ စတုတ္ထအဆင့်တွင်သာ ရှိနေသေးကြောင်း သူ မသိရှိပေ။ ထို့ပြင် လင်းရန်ယန်သည် ထိုစွမ်းအားကို မသုံးရသေးချေ။

ထိုအခိုက်အတန့်တွင် လင်းရန်ယန်သည် အစွမ်းထက်လှသော ကျင့်စဉ်များ၏ အံ့မခန်းဖွယ်ရာ ကောင်းလှပုံကို အမှန်တကယ်ပင် နားလည်သွားတော့သည်။ နောင်တစ်ချိန်တွင် ထိပ်တန်းအဆင့်ရှိသော ကျင့်စဉ်များကို ပိုမို စုဆောင်းရမည်ဟု သူ ဆုံးဖြတ်လိုက်၏။ အဆုံးစွန်၌ ကောင်းကင်အဆင့် ကျင့်စဉ်များမှာ သူ့အတွက် ထူးခြားသော တိုးတက်မှုမျိုး မပေးနိုင်တော့ချေ။

အကယ်၍ သူအသုံးပြုသော ကျင့်စဉ်တိုင်းမှာ ကောင်းကင်အဆင့်တွင်သာ ရှိနေပြီး ၊ ၎င်းတို့ကို ရာနှုန်းပြည့် တတ်မြောက်ထားသည့်တိုင်အောင် လျှပ်စီးဝိညာဉ်ခန္ဓာမှာ အများဆုံး အထပ် ၁၀၀ အထိသာ ရောက်ရှိနိုင်လိမ့်မည်။

နောက်တစ်ဆင့်မှာမူ သေချာပေါက်ပင် အဆုံးသတ်အစွမ်း ဖြစ်သော ‘ဒြပ်စင်ငါးပါး ဝိညာဉ်ခန္ဓာ’ ပင် ဖြစ်သည်။ ၎င်း၏ အခြေခံ အခြေအနေမှာပင် ဒြပ်စင်ငါးပါး ဝိညာဉ်ခန္ဓာသည် ၆၄ ဆမျှသော ခွန်အားတိုးတက်မှုကို ပေးစွမ်းနိုင်၏။ တာအိုအဆင့် ကျင့်စဉ်များနှင့် ဝိညာဉ်အဆင့်ရှိသော ‘ဒြပ်စင်ငါးပါး အထွတ်အထိပ် ဓားကျင့်စဉ်’ တို့ကို ပေါင်းစပ်လိုက်သည့်အခါ ၊ လင်းရန်ယန်၏ စွမ်းအားမှာ လျှပ်စီးဝိညာဉ်ခန္ဓာထက် များစွာ သာလွန်သွားသည်။

အထပ် ၃၈၅ တွင် ယခင်က ရန်သူကို သတ်ရန် ဆယ်မိနစ်ကျော် ကြာခဲ့သော်လည်း ၊ ယခုမူ အထပ် ၃၈၆ မှ ရန်သူ ပေါ်လာသည့်အခါတွင် လင်းရန်ယန်သည် ‘ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဓား’ ကို အသုံးပြု၍ တစ်ချက်တည်းဖြင့်ပင် အဆုံးသတ်လိုက်၏။

အခန်း (၁၂၉) - ခုခံနိုင်စွမ်းမဲ့ခြင်း

ထို့နောက်တွင်တော့ ရန်သူများသည် တစ်ထပ်ပြီးတစ်ထပ် ပေါ်ထွက်လာကြပြီး လင်းရန်ယန် ကလည်း ၎င်းတို့အားလုံးကို တစ်ခဏချင်းအတွင်း အစပျောက်အောင် သတ်ဖြတ်ပစ်လိုက်တော့သည်။ သူသည် အထပ် ၈၇၇ သို့ ရောက်ရှိပြီးသည့်နောက်မှသာ အနည်းငယ်သော ဖိအားကို စတင်ခံစားလိုက်ရ၏။

သို့သော် ထိုဖိအားဆိုသည်မှာလည်း ယခင်က ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်ရာမှ ၊ ယခုအခါ နှစ်ချက် သို့မဟုတ် သုံးချက်ခန့် တိုက်ခိုက်ရခြင်းမျိုးသာ ဖြစ်သည်။ သူ၏ တိုးတက်မှုအရှိန်အဟုန်မှာမူ လျော့ပါးသွားခြင်းမရှိဘဲ ပြင်းထန်နေဆဲပင် ဖြစ်၏။

ဤမြင်ကွင်းကို အပြင်ဘက်မှ စောင့်ကြည့်နေသော အဘိုးကျောက် မှာမူ ပါးစပ်အဟောင်းသား ဖြစ်နေရပြီး ၊ သူ၏ရှေ့မှ ကျောက်စာတိုင်ကြီး တစ်ခုခု မှားယွင်းနေပြီလားဟုပင် သံသယဝင်လာတော့သည်။ ၈၇၇ ထပ်... ၊ ဤသည်မှာ လင်းရန်ယန်၏ ပြိုင်ဘက်သည် သာမန် ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ ထက် သုံးဆမျှသော တိုက်ခိုက်ရေးစွမ်းရည် ရှိနေပြီဟု ဆိုလိုခြင်းပင် ဖြစ်၏။

သို့သော်လည်း ထိုကဲ့သို့သော တည်ရှိမှုမျိုးသည်ပင် လင်းရန်ယန်၏ ရှေ့မှောက်၌ စက္ကန့်အနည်းငယ်သာ ခံနိုင်ရည် ရှိသည်။ ဤကောင်လေးသည် တကယ်ပဲ လူသားမှ ဟုတ်ပါလေစ။

သေချာပေါက်ပင် ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ ထက် သုံးဆမျှ စွမ်းအားကြီးနေသည့်တိုင်အောင် ၊ ၎င်းသည် သာမန် ‘စစ်မှန်သော အရှင်သခင်’ ပထမအဆင့်၏ တိုက်ခိုက်ရေးစွမ်းရည်ကိုမူ မမီသေးချေ။ လင်းရန်ယန်သည် သူ၏ အောင်ပွဲများကို ဆက်တိုက် ဆုပ်ကိုင်ရင်း ရှေ့သို့ တိုးဝင်လာခဲ့ရာ...

နောက်ဆုံး၌ သူသည် အထပ် ၉၂၀ သို့ ရောက်ရှိသွားတော့သည်။

“ဝူး... ”

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် မြင်ကွင်းများ ပြောင်းလဲသွားပြီးနောက်...

ဤတစ်ကြိမ်တွင်မူ လင်းရန်ယန်သည် ပထမဆုံးအထပ်၌ သူရှိခဲ့ဖူးသော တိုက်ခိုက်ရေး ကွင်းပြင်ကျယ်ကြီးထဲသို့ ထူးဆန်းစွာ ပြန်လည်ရောက်ရှိသွား၏။ သို့သော် ၎င်း၏ အတိုင်းအတာမှာ ယခင်က အချင်း ကီလိုမီတာ တစ်ဆယ်သာ ရှိရာမှ ၊ ယခုအခါ ကီလိုမီတာ ရာနှင့်ချီ၍ ကျယ်ဝန်းသွားခဲ့ပြီ။

ယခုအခါ ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ ထက် သုံးဆမျှ စွမ်းအားကြီးနေသော လင်းရန်ယန်သည် ယခင်က ကွင်းပြင်ဟောင်းကို တစ်ချက်တည်းဖြင့်ပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်မှာ ထင်ရှားလှ၏။ လင်းရန်ယန်၏ ရှေ့မှောက်၌ လှံတစ်စင်းကို ကိုင်ဆောင်ထားသော အနက်ရောင် သံချပ်ကာဝတ် လူငယ်တစ်ဦး ပေါ်ထွက်လာတော့သည်။ ထိုလူငယ်၏ မျက်ခုံးများမှာ ဓားကဲ့သို့ စူးရှနေပြီး ကြယ်တာရာများကဲ့သို့ တောက်ပသော မျက်ဝန်းများဖြင့် လင်းရန်ယန်ကို အေးစက်စွာ စိုက်ကြည့်နေ၏။

သူ့ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသော တိုက်ခိုက်လိုစိတ် မှာ ဆယ်စုနှစ်များစွာ အလိုအလျောက် တိုက်ခိုက်ရေးအတွေ့အကြုံရှိသော လင်းရန်ယန်ထက်ပင် များစွာ သာလွန်နေသည်။

“ကောင်းကင်အရှင်သခင် တတိယအဆင့်လား ”

သို့သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို မြင်လိုက်ရသည့်အခါ လင်းရန်ယန်၏ မျက်လုံးအိမ်မှာ သိသိသာသာ ကျုံ့ဝင်သွား၏။ တစ်ဖက်လူသည် အမှန်တကယ်ပင် ကောင်းကင်အရှင်သခင် တတိယအဆင့်၌သာ ရှိသေးသည်။ ဤသည်မှာ တကယ့်ကို အဓိပ္ပာယ်မရှိလှချေ။

သူကိုယ်တိုင်မှာမူ စနစ်၏ အကူအညီဖြင့် ဤမျှ ခွန်အားကြီးနေခြင်း ဖြစ်သော်လည်း ၊ တစ်ဖက်လူသည်လည်း သူ့ကဲ့သို့ပင် အဆင့်ကျော်၍ တိုက်ခိုက်နိုင်စွမ်း ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်မည်။

“ဒင်... အထပ် ၉၂၀ ကို ဖွင့်လှစ်လိုက်ပါပြီ ၊ တိုက်ပွဲ စတင်တော့မည် ဖြစ်သဖြင့် ၊ ကျေးဇူးပြု၍ ပြင်ဆင်ထားပါ ”

ကံမကောင်းစွာဖြင့် ၊ လင်းရန်ယန် ထပ်မံ၍ စဉ်းစားနေချိန်ပင် မရလိုက်ဘဲ အကြောင်းကြားသံ ထွက်ပေါ်လာ၏။

“ချောက်... ”

ရုတ်တရက်ပင် လှံဝိညာဉ်၏ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ၊ တစ်ဖက်မှ လူငယ်သည် မြေပြင်ကို ခြေဖြင့် ဆောင့်ကန်ကာ လင်းရန်ယန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည်။ သူ၏ အရှိန်အဝါမှာ မြန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းရန်ယန်၏ ရှေ့သို့ ရောက်ရှိလာ၏။

ထိုခဏ၌ လှံဖျားသည် တားဆီး၍ မရနိုင်သော အရှိန်အဟုန်ဖြင့် လင်းရန်ယန်ထံသို့ ထိုးနှက်လာတော့သည်။ ပတ်ဝန်းကျင်ရှိ လေစွမ်းအားများ၏ ပံ့ပိုးမှုကြောင့် ၎င်း၏ အရှိန်မှာ တကယ့်ကို ထိတ်လန့်စရာပင် ဖြစ်၏။ လင်းရန်ယန်သည် သူ၏ လျှပ်စီးဝိညာဉ်ခန္ဓာနှင့် လေဝိညာဉ်ခန္ဓာတို့ကို အလျင်အမြန် အသုံးပြုလိုက်သည့်တိုင်အောင် ၊ သီသီလေးသာ ရှောင်တိမ်းနိုင်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်လူ၏ နောက်ကွယ်၌ မီတာပေါင်း ထောင်နှင့်ချီ၍ မြင့်မားသော ‘လှံနတ်ဘုရား’ ၏ ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ထိုဧရာမ ပုံရိပ်ကြီး၏ လှုပ်ရှားမှုတိုင်းမှာ လူငယ်၏ လှံပေါ်သို့ စွမ်းအားများ ထပ်ဆင့်ပေးနေသဖြင့် ၊ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆပေါင်း ရာနှင့်ချီ၍ တိုးမြင့်သွား၏။

“ဒြပ်စင်ငါးပါး ဓားကျင့်စဉ်... ”

လင်းရန်ယန်သည်လည်း တွေဝေမနေဘဲ အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်ရာ ၊ သူ၏လက်ထဲရှိ ရှည်လျားသော ဓားထံမှ အစွမ်းကုန်သော စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ”

ချက်ချင်းဆိုသလိုပင် နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများမှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံတော့၏။ တစ်ဖက်လူ၏ နောက်ဆုံး ပေါက်ကွဲထွက်လာသော စွမ်းအားမှာ လင်းရန်ယန်ထက် အနည်းငယ် အားနည်းနေသော်လည်း ၊ များစွာ ကွာခြားခြင်း မရှိလှသည်မှာ ထင်ရှားလှသည်။

“ဆဋ္ဌမအဆင့် လေဝိညာဉ်ခန္ဓာ... ပြီးတော့ ဆဋ္ဌမအဆင့် လှံအတတ်ပညာ ဝိညာဉ်ခန္ဓာလား ၊ ဘုရားရေ... သူက ဘယ်လိုခေတ်က ပါရမီရှင်ကြီးလဲ ”

ထိုအခိုက်အတန့်တွင် လင်းရန်ယန်မှာ ဆွံ့အသွားရ၏။ ထိုမျှသာမက တစ်ဖက်လူ လေ့ကျင့်ထားသော ကျင့်စဉ်များနှင့် တိုက်ခိုက်ရေး အတတ်ပညာများမှာလည်း ဝိညာဉ်အဆင့်များချည်း ဖြစ်နေသည်။ ၎င်းတို့ကို ရာနှုန်းပြည့် မတတ်မြောက်သေးသော်လည်း ၊ ထိတ်လန့်ဖွယ်ကောင်းသော ကျွမ်းကျင်မှုမှာ လေးဆယ်မှ ငါးဆယ် ရာခိုင်နှုန်းအထိ ရှိနေပြီ။ သို့သော် တစ်ဖက်လူမှာ ကောင်းကင်အရှင်သခင် တတိယအဆင့်၌သာ ရှိနေသေး၏။

သေချာပေါက်ပင် အကြောက်စရာအကောင်းဆုံးအရာမှာ ထိုလူငယ်၏လက်ထဲမှ လှံနှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော မှော်ရတနာများ ပင် ဖြစ်သည်။ ဤအနက်ရောင် သံချပ်ကာမှာ သာမန်အတိုင်း ထင်ရသော်လည်း ၊ အနီးကပ် စစ်ဆေးကြည့်သည့်အခါမှ ဤကိရိယာ အစုံအလင်မှာ ဝိညာဉ်အဆင့်ရှိကြောင်း လင်းရန်ယန် သိလိုက်ရ၏။ ထို့ပြင် ၎င်းမှာ ဝိညာဉ်အဆင့် အမြင့်စားဖြစ်ပြီး အရည်အသွေးမှာလည်း ‘ထူးကဲအဆင့်’ သို့ ရောက်ရှိနေသည်။

ဤလက်အိတ်များ၏ ပံ့ပိုးမှုကြောင့်သာ တစ်ဖက်လူ၏ ခွန်အားမှာ သူနှင့် တန်းတူအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်၏။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ”

တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲပင် ဖြစ်သည်။

နှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး အပြင်းအထန် တိုက်ခိုက်နေကြ၏။ တစ်ဖက်လူ၏ တိုက်ခိုက်ရေး အတွေ့အကြုံမှာ လင်းရန်ယန်၏ ဆယ်စုနှစ်များစွာသော အလိုအလျောက် တိုက်ခိုက်ရေး အတွေ့အကြုံထက် များစွာ ပိုမို အစွမ်းထက်နေသည်မှာ ထင်ရှားလှသည်။ လင်းရန်ယန်၏ လှုပ်ရှားမှုတိုင်းကို တစ်ဖက်လူက အလွယ်တကူပင် ပယ်ဖျက်နိုင်သော်လည်း ၊ တစ်ဖက်လူ၏ တိုက်ခိုက်မှုများမှာမူ လင်းရန်ယန်ကို အကြိမ်ကြိမ် အန္တရာယ်ဖြစ်စေ၏။

“ဒီ ‘အလိုအလျောက် တိုက်ခိုက်ရေး’ ရဲ့ အဆင့်ကိုလည်း ထပ်ပြီး မြှင့်ရဦးမယ် ထင်တယ် ၊

ထားလိုက်တော့... ငါ သူနဲ့ ဆက်ပြီး မကစားတော့ဘူး ၊ ဒီလို အချိန်ဆွဲနေတာက တကယ့်ကို အချိန်ဖြုန်းတာပဲ ”

ထိုအခိုက်အတန့်တွင် လင်းရန်ယန်သည် သူ၏ ‘အလိုအလျောက် တိုက်ခိုက်ရေး’ ဟူသော စွမ်းရည်၏ အရေးပါမှုကို နားလည်သွားတော့သည်။ တစ်ဖက်လူ၏ စွမ်းအား အတိုင်းအတာအားလုံးကို သိရှိသွားပြီးနောက် လင်းရန်ယန်သည် တုံ့ဆိုင်းမနေတော့ချေ။

သူ၏ ညာဘက်လက်ဖြင့် တစ်ဖက်လူကို အပြင်းအထန် ခုခံလိုက်စဉ်မှာပင် ၊ သူ၏ ဘယ်ဘက်လက်ကမူ လက်ကွက်များကို လျင်မြန်စွာ ဖော်ဆောင်နေတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ပတ်ဝန်းကျင်၌ ကောင်းကင်လျှပ်စီး စွမ်းအားများမှာ ရူးသွပ်မတတ် ပေါက်ကွဲထွက်လာတော့၏။

“ကောင်းကင်ဘုံမှ လျှပ်စီးများ... ငါ့ရဲ့ အမိန့်ကို နာခံကြလော့ ၊ အဆုံးမဲ့ လျှပ်စီးဟိန်းသံ... ”

နောက်ဆုံး၌ လင်းရန်ယန်၏ ဟိန်းဟောက်သံနှင့်အတူ ၊ သူ၏ ဘယ်ဘက်လက်ဝါးကို ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ရိုက်နှက်လိုက်တော့သည်။

“ဂျိန်း... ”

တစ်ခဏချင်းအတွင်းမှာပင် အဆုံးမရှိသော လျှပ်စီးတိမ်တိုက်ကြီးများမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ ထိုတိမ်တိုက်များအတွင်း၌ အပြာရောင် ကောင်းကင်လျှပ်စီး စွမ်းအားများမှာ လျင်မြန်စွာ စုစည်းလာသည်။ အဆုံးစွန်၌ လင်းရန်ယန်၏ လက်ရှိစွမ်းအားမှာ ပြည့်စုံသော ကောင်းကင်ဘေးဒုက္ခကို ခေါ်ယူရန် မလုံလောက်သေးသော်လည်း ၊ ‘အဆုံးမဲ့ လျှပ်စီးဟိန်းသံ’ ကိုမူ အသုံးပြုနိုင်သေး၏။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ”

နောက်ဆုံး၌ ၊ ကမ္ဘာမြေကို တုန်ခါသွားစေသော မိုးခြိမ်းသံကြီးများနှင့်အတူ လျှပ်စီးတန်းကြီးများမှာ ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။

“ဟင်... ”

လှံကို ကိုင်ဆောင်ထားသော လူငယ်၏ မျက်နှာမှာ ပျက်သွားရပြီး ၊ သူသည် ကောင်းကင်ယံသို့ အလျင်အမြန် မော့ကြည့်လိုက်၏။ သူသည် လင်းရန်ယန်၏ လှုပ်ရှားမှုကို စောစောစီးစီးကပင် သတိထားမိခဲ့သော်လည်း ၊ လင်းရန်ယန်၏ စွမ်းအားနှင့် အရှိန်အဝါမှာ သူ့ကို အနည်းငယ် လွှမ်းမိုးထားသဖြင့် တားဆီးရန် မဖြစ်နိုင်တော့ချေ။

သူ မော့ကြည့်လိုက်စဉ်မှာပင် ၊ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော လျှပ်စီးများသည် အချင်း မီတာတစ်ရာခန့်ရှိသော လျှပ်စီးတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ ထိုလူငယ်၏အပေါ်သို့ တိုက်ရိုက် ကျဆင်းလာတော့သည်။

“ဂျိန်း... ”

တစ်ခဏချင်းအတွင်းမှာပင် မြေပြင်မှာ အဆုံးမရှိသော လျှပ်စီးများကြောင့် အရည်ပျော်သွား၏။ ထိုလူငယ်၌ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော ဝိညာဉ်အဆင့် အမြင့်စား မှော်ရတနာများ ရှိနေသည့်တိုင်အောင် ၊ မှော်ရတနာများသည် ထိခိုက်မှု အချို့ကိုသာ ကာကွယ်ပေးနိုင်ခြင်း ဖြစ်ရာ ၊ ကျန်ရှိသော စွမ်းအားများကိုမူ မိမိဘာသာ ခံနိုင်ရည်ရှိရန် လိုအပ်သည်။

ဤမျှ အစွမ်းထက်လှသော တိုက်ခိုက်မှုအောက်တွင်မူ ၊ ကောင်းကင်အရှင်သခင် ဒုတိယအဆင့်ရှိသော လူငယ်၏ ခန္ဓာကိုယ်သည် ထိုစွမ်းအားများကို လုံးဝ ခံနိုင်ရည် မရှိတော့ပေ။ ခဏချင်းအတွင်းမှာပင် ထိုလူငယ်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လူငယ် ပျောက်ကွယ်သွားပြီးနောက် ၊ သူကိုင်ဆောင်ခဲ့သော မှော်ရတနာများနှင့် လက်နက်များသာ လျှပ်စီးများအတွင်း၌ ဖြည်းညှင်းစွာ လွင့်မျောနေ၏။ ထိုပစ္စည်းများ၏ အောက်တွင်မူ ၊ အချင်း မီတာတစ်ရာခန့်ရှိသော နက်ရှိုင်းလှသည့် ချောက်ကြီးတစ်ခု လင်းရန်ယန်၏ ရှေ့မှောက်၌ ပေါ်ထွက်လာတော့သည်။

“ဒီတစ်ယောက်ရဲ့ စွမ်းအားက တကယ့်ကို ရင်ဆိုင်ရ ခက်ခဲတာပဲ ”

လင်းရန်ယန်က မျက်မှောင်ကြုတ်လိုက်မိ၏။ အထပ် တစ်ထောင်သို့ ရောက်ရန် အထပ်ပေါင်း ခုနစ်ဆယ်ကျော် ကျန်ရှိနေသေးသည်။ ထို့ပြင် အထပ် တစ်ထောင်မြောက်တွင်မူ ‘စစ်မှန်သော အရှင်သခင်’ ပထမအဆင့်ရှိသော ရန်သူနှင့် ကျိန်းသေပေါက် တွေ့ရလိမ့်မည်ဟု သူ ကြိုတင် ခံစားနေရ၏။ ထိုအချိန်ကျလျှင် တစ်ဖက်လူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူ ခုခံနိုင်စွမ်းမရှိသည့် အဆင့်အထိ တိုးမြင့်သွားလိမ့်မည်။

“ကြည့်ရတာတော့... ငါ ထပ်ပြီးတော့ ခိုးရဦးမှာပဲ ၊ စနစ်... တိုက်ခိုက်ခြင်း စွမ်းရည် ‘တိုက်ခိုက်မှု ခွဲထုတ်ခြင်း’ ကို အသုံးပြုမယ် ”

နောက်ဆုံး၌ လင်းရန်ယန်က အမိန့်ပေးလိုက်တော့သည်။

“ဒင်... တိုက်ခိုက်ရေး စွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ ၊ သင်၏ နောက်ဆက်တွဲ တိုက်ခိုက်မှု အားလုံးကို လမ်းကြောင်း ၁၆ ခုအဖြစ် ခွဲထုတ်ပေးလိမ့်မည် ”

ထိုခဏ၌ပင် အကြောင်းကြားသံ ထွက်ပေါ်လာ၏။

အခန်း (၁၃၀) - ဝိညာဉ်ပုံရိပ်

“ဆယ်မိနစ်... တိုက်ပွဲပြီးဖို့ နောက်ထပ် ဆယ်မိနစ်တောင် ကြာသွားပြန်ပြီ ၊ ဒီတစ်ကြိမ်တော့ တကယ်ပဲ ပြီးဆုံးသွားလောက်ပြီ မဟုတ်လား ”

အပြင်ဘက်တွင်မူ အဘိုးကျောက် သည် လင်းရန်ယန် တစ်ယောက် အထပ်ပေါင်း ၉၂၀ တွင် ဤမျှကြာအောင် တိုက်ခိုက်နေသည်ကို မြင်တွေ့ရပြီးနောက် သက်ပြင်းချလိုက်မိတော့သည်။ အထပ်ပေါင်း တစ်ထောင်ဆိုသည်မှာ အဆုံးစွန်၌ သူ လုံးဝ မမှန်းဆရဲသော အရာပင် ဖြစ်၏ ။

သေချာပေါက်ပင် အထပ် ၉၂၀ သို့ ရောက်ရှိခြင်းမှာ မိမိနှင့် အဆင့်တူ ကျင့်ကြံသူထက် တိုက်ခိုက်ရေးစွမ်းရည် ၉၂၀ ဆမျှ ပိုမိုပေါက်ကွဲထွက်နေခြင်းကို ဆိုလိုခြင်းပင်။ အကယ်၍ ဤကိန်းဂဏန်းများသာ ပြင်ပလောကသို့ ပျံ့နှံ့သွားပါက ၊ မရေတွက်နိုင်သော ကျင့်ကြံသူများကို ကျိန်းသေပေါက် တုန်လှုပ်ခြောက်ခြားသွားစေလိမ့်မည် ဖြစ်သည်။

တိုက်ခိုက်ရေးစွမ်းရည် ၉၂၀ ဆ... ။

ဤသည်မှာ တကယ့်ကို အဓိပ္ပာယ်မရှိလှသော အစွမ်းပင်။

သူကိုယ်တိုင်မှာ စတုတ္ထအဆင့် ရေခဲဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ အကယ်၍ ပြင်ပလောက၌သာဆိုလျှင် နှစ်ပေါင်းတစ်သောင်းအတွင်း အစွမ်းထက်ဆုံး ဝိညာဉ်ခန္ဓာအဖြစ် သတ်မှတ်ခြင်း ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ သို့သော်လည်း သူသည်ပင် အထပ် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အထိသာ ကျော်ဖြတ်နိုင်ခဲ့၏။

သို့သော် ယခုမူ လင်းရန်ယန်သည် သူ့ထက် အဆပေါင်း နှစ်ဆယ်မျှ သာလွန်နေပြီ ဖြစ်ပါပေသည်။ တစ်နည်းအားဖြင့် ကျင့်ကြံခြင်း အဆင့်အတန်း တူညီနေသော်လည်း လင်းရန်ယန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူ့ထက် အဆနှစ်ဆယ်မျှ သာလွန်နေခြင်း၏။ ဤသည်မှာ မည်မျှအထိ ရူးသွပ်စရာကောင်းလှသနည်း။

ကံမကောင်းစွာဖြင့် ၊ လင်းရန်ယန်၏ အစွမ်းမှာ သူထင်မှတ်ထားသည့် အတိုင်းအတာသို့ မရောက်သေးချေ။

ကျောက်စာတိုင်ပေါ်ရှိ ၉၂၁ ခုမြောက် အလင်းစက်လေး လင်းထိန်သွားသည်နှင့် တစ်ပြိုင်နက် ၊ ၉၂၂ ထပ်မြောက် အလင်းစက်မှာလည်း ချက်ချင်းပင် လင်းလက်လာတော့သည်။

စက္ကန့်ပိုင်းအတွင်း ခြေမှုန်းလိုက်ခြင်း ဖြစ်၏။

အဘိုးကျောက်မှာ တစ်ခဏမျှပင် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ၊ နောက်တစ်ခဏ၌ ထိတ်လန့်ဖွယ်ရာ ကောင်းလှသော အခြေအနေတစ်ခုကို တွေ့ရှိလိုက်ရတော့သည်။ ထိုကျောက်စာတိုင်ပေါ်ရှိ အလင်းစက်များမှာ ရူးသွပ်နေသည့်အလား ဆက်တိုက်ဆိုသလို လင်းလက်လာ၏။ ၎င်းတို့သည် အလွန်ပင် လျင်မြန်လှသဖြင့် တစ်စက္ကန့်အတွင်းမှာပင် အလင်းစက်ပေါင်းများစွာ တစ်ပြိုင်နက် လင်းထိန်သွားရသည်။

“ပျက်သွားတာလား... ဘာတွေ ဖြစ်နေတာလဲ ”

အဘိုးကျောက်မှာ လုံးဝ ဆွံ့အသွားရ၏။ ဤအရှိန်အဟုန်မှာ လင်းရန်ယန် ပထမဆုံး အထပ်တစ်ရာကျော်ကို ကျော်ဖြတ်စဉ်က အရှိန်နှင့် ထပ်တူနီးပါး တူညီနေပါပေသည် ၊ သို့သော် ယခုမှာ အထပ်ပေါင်း ကိုးရာကျော်သို့ ရောက်ရှိနေပြီ ဖြစ်၏။

အကယ်၍ သူသာ အထဲသို့ ဝင်ရောက်ခဲ့ပါက ၊ အထပ် ကိုးရာရှိ ပြိုင်ဘက်များမှာ ‘စစ်မှန်သော အရှင်သခင်’ အဋ္ဌမအဆင့်ထက်မက မြင့်မားသူများ ဖြစ်လိမ့်မည်။ သို့သော်လည်း လင်းရန်ယန်၏ တိုးဝင်မှု အရှိန်အဟုန်မှာမူ လျော့ပါးသွားခြင်း အလျဉ်းမရှိချေ။

ဤသည်မှာ ကျိန်းသေပေါက် ပျက်စီးသွားခြင်းသာ ဖြစ်ရမည်။

သို့သော်လည်း အမှန်တရားမှာမူ လင်းရန်ယန်သည် သူ၏ အစွမ်းထက်ဆုံးသော တိုက်ကွက်များကို အသုံးပြုကာ အထပ်တိုင်းရှိ ပြိုင်ဘက်များကို ရူးသွပ်မတတ် ခြေမှုန်းနေခြင်းသာ ဖြစ်သည်။

“ဒင်... ၉၈၈ ထပ်မြောက် စမ်းသပ်မှု စတင်ပါပြီ ၊ တိုက်ပွဲ စတင်တော့မည် ဖြစ်သဖြင့် ၊ ပြင်ဆင်ထားပါ ”

အကြောင်းကြားသံနှင့်အတူ လင်းရန်ယန်သည် ခြောက်သွေ့လှသော သဲကန္တာရကြီးတစ်ခုထဲသို့ တစ်ခဏချင်းအတွင်း ရောက်ရှိသွားတော့သည်။ လင်းရန်ယန်သည် ပြိုင်ဘက်၏ တည်နေရာကို ချက်ချင်းပင် အာရုံခံနိုင်လိုက်၏။

“ဒြပ်စင်ငါးပါး ဓားကျင့်စဉ်... ”

တွန့်ဆုတ်မနေဘဲ လင်းရန်ယန်သည် သူ၏ ဒြပ်စင်ငါးပါး စွမ်းအားအားလုံးကို လက်ထဲရှိ ‘ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဓား’ ထဲသို့ စီးဝင်စေလိုက်တော့သည်။ တစ်ခဏချင်းအတွင်းမှာပင် ထိုဓားထံမှ စူးရှတောက်ပလှသော ငါးရောင်ခြည် အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။

“သေစမ်း... ”

အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်ပြီးနောက် လင်းရန်ယန်သည် သူ၏ဓားကို အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

“ချောက်... ”

တစ်ခဏချင်းအတွင်းမှာပင် အချင်း မီတာထောင်ချီ၍ ကျယ်ဝန်းသော ထိတ်လန့်ဖွယ်ရာ ဓားဝိညာဉ် အငွေ့အသက်များသည် ကမ္ဘာမြေသို့ ဦးတည်ကာ ကျဆင်းလာ၏။

“ဝူး... ”

ရုတ်တရက်ပင် ထိုဓားဝိညာဉ် အငွေ့အသက်များသည် လျင်မြန်စွာ ကွဲထွက်သွားပြီး ၊ မူလ တစ်ခုတည်းသော ပုံသဏ္ဌာန်မှ လမ်းကြောင်း ၁၆ ခုအဖြစ်သို့ တစ်ပြိုင်နက် ခွဲထွက်သွားတော့သည်။

“ဝေါင်း... ”

ထိုအခိုက်အတန့်တွင် အန္တရာယ်ကို အာရုံခံမိသွားသောကြောင့် မြေပြင်အောက်ခြေ နက်ရှိုင်းသော နေရာမှ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး ၊ အလျား မီတာတစ်ထောင်ကျော်ရှိသော ထိတ်လန့်ဖွယ်ရာ ဧရာမ ပုတ်သင်ညိုကြီးတစ်ကောင်မှာ သဲကန္တာရအတွင်းမှ ရုန်းထွက်လာတော့သည်။

“ဝေါင်း... ”

ဧရာမ ပုတ်သင်ညိုကြီးမှာ ဟိန်းဟောက်လိုက်ရင်း ၊ သူ၏ ပါးစပ်ကြီးကို ဟကာ ကောင်းကင်ယံမှ ကျဆင်းလာသော ဓားဝိညာဉ်များထံသို့ မြေဒြပ်စင် အလင်းလုံးကြီးတစ်ခုဖြင့် ပြန်လည် တိုက်ခိုက်လိုက်၏။

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ”

နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများမှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံပြီး ပေါက်ကွဲသွားတော့သည်။ ထိုအလင်းလုံးကြီးမှာ အစွမ်းထက်လှသော်လည်း ၊ လင်းရန်ယန်၏ ဓားဝိညာဉ် နှစ်ခုကပင် ၎င်းကို အမှုန့်ပြုပစ်လိုက်နိုင်၏။ ကျန်ရှိနေသော ဓားဝိညာဉ် တစ်ဆယ်ကျော်မှာမူ အရာရာကို ဖျက်ဆီးနိုင်သော စွမ်းအားများဖြင့် ထိုပုတ်သင်ညိုကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားတော့သည်။

“စွတ်... စွတ်... စွတ်... စွတ်... ”

တစ်ခဏချင်းအတွင်းမှာပင် ဧရာမ ပုတ်သင်ညိုကြီးမှာ ထိတ်လန့်ဖွယ်ရာ ဓားဝိညာဉ်များကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားပြီး မြေပြင်အနှံ့ လွင့်စဉ်သွား၏။

“ဒင်... ၉၈၈ ထပ်မြောက် စမ်းသပ်မှု အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည် ”

အကြောင်းကြားသံနှင့်အတူ ပတ်ဝန်းကျင် မြင်ကွင်းများမှာ လျင်မြန်စွာ ပြောင်းလဲသွားပါတော့သည်။ တစ်ချိန်တည်းမှာပင် လင်းရန်ယန်၏ ကုန်ဆုံးသွားသော စွမ်းအားများမှာလည်း ချက်ချင်းပင် ပြန်လည် ပြည့်ဝလာ၏။

မှန်ပါသည် ၊ လင်းရန်ယန်သည် အထပ်တစ်ခုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တိုင်း သူ၏ စွမ်းအားများမှာ အပြည့်အဝ ပြန်လည် ရရှိသည်။ အဆုံး၌ မည်မျှပင် အစွမ်းထက်သော လူသားဖြစ်ပါစေ ၊ ဤမျှများပြားလှသော တိုက်ပွဲများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်နိုင်စွမ်း မရှိသည်မှာ သဘာဝပင် ဖြစ်၏။ လင်းရန်ယန်သည်ပင်လျှင် ဤစည်းမျဉ်းမှ ကင်းလွတ်ခွင့် မရှိချေ။

နောက်ဆက်တွဲ တိုက်ပွဲ တစ်ဆယ်ကျော်မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်တော့သည်။

တိုက်ခိုက်မှု ခွဲထုတ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသော လင်းရန်ယန်သည် အစွမ်းကုန်သော တိုက်ကွက်တစ်ခုကို အသုံးပြုလိုက်သည်နှင့် ၊ ၎င်းမှာ ၁၆ ဆမျှ တိုးပွားသွားကာ ပြိုင်ဘက်မှာ မျက်နှာပင် မပြနိုင်သေးမီမှာပင် လင်းရန်ယန်၏ လက်ချက်ဖြင့် သေဆုံးသွားရ၏။ အထပ် ၉၉၉ မှ ပြိုင်ဘက်ပင်လျှင် ဤအချက်မှ မလွတ်မြောက်နိုင်ချေ။ သို့သော်လည်း ၎င်း၏ ခွန်အားမှာ အခြားအထပ်များထက် များစွာ ပိုမိုမြင့်မားလှသဖြင့် ၊ လင်းရန်ယန်၏ ဓားဝိညာဉ် ငါးခုအထိ ခုခံနိုင်ခဲ့ပြီးမှသာ နောက်ဆုံး၌ အသက်ပျောက်သွားရတော့သည်။

“ဒင်... ၉၉၉ ထပ်မြောက် စမ်းသပ်မှု အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည် ၊ နောက်ဆုံးအဆင့် စမ်းသပ်မှု စတင်တော့မည် ဖြစ်သည် ”

ထိုစဉ်မှာပင် လင်းရန်ယန်၏ စိတ်ထဲ၌ အကြောင်းကြားသံ တစ်ခု ထပ်မံ ထွက်ပေါ်လာ၏။

“ဝူး... ”

အကြောင်းကြားသံ ဆုံးသွားသည်နှင့် လင်းရန်ယန်၏ မျက်စိရှေ့မှ မြင်ကွင်းမှာ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ မကြာမီမှာပင် သူသည် အဆုံးမရှိသော တောအုပ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွား၏။ သူနှင့် မနီးမဝေးသော နေရာတွင်မူ ကြီးမားလှသော ဗုဒ္ဓကျောင်းတော်ကြီး တစ်ခု ရှိနေတော့သည်။ ကျောင်းတော်ကြီးအတွင်းရှိ ခန်းမဆောင်ကြီး၏ အလယ်တွင်မူ သကျမုနိ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူသည် တည်ငြိမ်စွာ စံပယ်လျက် ရှိ၏။

“အော်မိတော်ဖော်... ၊ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ၊ ဒီအထပ်တစ်ထောင် စမ်းသပ်မှုမျှော်စင်ကို ကျော်ဖြတ်နိုင်တဲ့သူ နောက်တစ်ယောက် ရှိလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ”

ထိုအခိုက်အတန့်တွင် ခန်းမဆောင်ကြီးအတွင်းမှ တည်ငြိမ်လှသော ဗုဒ္ဓတရားတော် ရွတ်ဖတ်သံကြီး ထွက်ပေါ်လာတော့သည်။

“သူက အသိစိတ် ရှိနေတာလား ”

ဤသည်မှာ လင်းရန်ယန်အဖို့ အသိစိတ်ရှိသော ပြိုင်ဘက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင် ဖြစ်သည်။ သူသည် ဇဝေဇဝါဖြစ်သွားသော်လည်း မြေပြင်ကို ခြေဖြင့်ကန်ကာ ခန်းမဆောင်ကြီးဆီသို့ ပျံသန်းဝင်ရောက်သွား၏။ ခန်းမဆောင်အတွင်းသို့ ရောက်ရှိသွားသည့်အခါ...

သူ၏ရှေ့မှောက်၌ သက္ကန်းဝတ်ရုံ ကို ဝတ်ဆင်ထားသော လူငယ်ရဟန်းတစ်ပါး ရှိနေတော့သည်။ ထိုရဟန်း၏ ဝတ်ရုံမှာ သာမန်ကဲ့သို့ အနီရောင်မဟုတ်ဘဲ သွေးကဲ့သို့ ရဲရဲနီနေ၏။ တစ်ချိန်တည်းမှာပင် သူ၏ မျက်ခုံးနှစ်ခုကြား၌ သွေးရောင်လွှမ်းနေသော မိစ္ဆာမျက်လုံးတစ်လုံး ရှိနေသေးသည်။

လင်းရန်ယန် ကျောင်းတော်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ၊ မူလက သန့်ရှင်းစင်ကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် ဗုဒ္ဓရုပ်ပွားတော်မှာလည်း လျင်မြန်စွာ ပြောင်းလဲသွားပြီး ၊ နောက်ဆုံး၌ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အသူရာ နတ်မိစ္ဆာကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

“မိစ္ဆာရဟန်းလား ၊ စိတ်ဝင်စားဖို့ ကောင်းသားပဲ ၊ နောက်ဆုံးအထပ်မှာ မိစ္ဆာရဟန်းတစ်ပါးနဲ့ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး ”

လင်းရန်ယန်သည် ဤမြင်ကွင်းကို ကြည့်ကာ သူ၏မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားတော့သည်။

“အော်မိတော်ဖော်... ၊ မိစ္ဆာရဟန်းဖြစ်ဖြစ် ၊ ဗုဒ္ဓဘာသာရဟန်းဖြစ်ဖြစ် ၊ ဒါတွေက လောကီလူသားတွေရဲ့ အမြင်တွေသာ ဖြစ်ပါတယ် ၊ တစ်ဦးတစ်ယောက်ဟာ တရားဓမ္မကိုသာ စောင့်ထိန်းမယ်ဆိုရင် ၊ အဆုံးစွန်သော ချမ်းသာရာ နိဗ္ဗာန်ဘုံကို ရောက်ရှိနိုင်မှာပါပဲ ”

လင်းရန်ယန်၏ စကားကို ကြားသော်လည်း လူငယ်မိစ္ဆာရဟန်းမှာ မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိချေ။ သူသည် မြေပြင်မှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ၊ လက်အုပ်ချီကာ သူ၏ရှေ့မှ လင်းရန်ယန်ကို စိုက်ကြည့်လိုက်တော့သည်။

“ငါ ကြည့်ရသလောက်တော့... မင်းရဲ့ ကျင့်စဉ်က ‘ရှန်းချင်း ဂူကြီးလျှို့ဝှက်ကျမ်း’ ရဲ့ အကြွင်းအကျန်တွေ ဖြစ်ပုံရတယ် ၊ ပြီးတော့ မင်းဆီမှာ ‘ဝိညာဉ်ငါးပါး နန်းတော်’ ရဲ့ ကျင့်စဉ် အငွေ့အသက်တွေလည်း ရှိနေတာပဲ ၊ မင်းက အရှေ့ဘက် တိုက်ကြီး က လာတာလား ”

လူငယ်မိစ္ဆာရဟန်းသည် သံသယဖြစ်စွာဖြင့် လင်းရန်ယန်ကို ကြည့်လိုက်တော့သည်။

“အရှေ့ဘက် တိုက်ကြီး ဟုတ်လား ၊ ဘာတွေ ပြောနေတာလဲ ”

လင်းရန်ယန်မှာ နားမလည်နိုင်အောင် ဖြစ်သွားရ၏။ တစ်ဖက်လူ ဘာတွေပြောနေသည်ကို သူ လုံးဝ မသိရှိချေ။

ရှန်းချင်း ဂူကြီးလျှို့ဝှက်ကျမ်း ဟုတ်လား ၊ ဤသည်မှာ သူ လေ့ကျင့်ထားသော ‘ရှန်းချင်း မှတ်တမ်း’ ကို ဆိုလိုခြင်း ဖြစ်နိုင်၏။ ‘ဝိညာဉ်ငါးပါး နန်းတော်’ ဆိုသည်မှာလည်း ဘာကြီးလဲ ၊ ၎င်းမှာ ‘ဒြပ်စင်ငါးပါး ဂိုဏ်း’ ကို ဆိုလိုခြင်းလော။

“ဪ... မင်း မသိဘူးလား ၊ မဖြစ်နိုင်တာ ၊ မင်းရဲ့ ပါရမီမျိုးနဲ့ဆိုရင် အနည်းဆုံးတော့ ထိပ်တန်း အဆင့်သုံးဆင့်အတွင်းမှာရှိတဲ့ ပထမတန်းစား ဂိုဏ်းကြီးတစ်ခုခုက ပြုစုပျိုးထောင်ပေးထားတဲ့ ပါရမီရှင် ဖြစ်ရမှာပါ ”

လင်းရန်ယန်၏ စကားကို ကြားလိုက်ရသည့်အခါ လူငယ်မိစ္ဆာရဟန်းက မျက်မှောင်ကြုတ်လိုက်တော့သည်။

“အဆင့်မြင့် ဂိုဏ်းကြီးတွေလား ၊ အဲဒါတွေကိုလည်း ငါ မသိဘူး ၊ အဲဒီအစား မင်း ဘယ်ကလာသလဲဆိုတာ အရင်ပြောပြပါဦး ၊ ဖြစ်နိုင်တာက... ငါတို့ ရှိနေတဲ့ အချိန်ကာလချင်းက မတူတာလည်း ဖြစ်နိုင်တယ် ”

လင်းရန်ယန်သည် စိတ်ဝင်စားသွားတော့သည်။ သေချာပေါက်ပင် သူ၏ရှေ့မှောက်ရှိ ပုဂ္ဂိုလ်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျန်ရစ်ခဲ့သော ဝိညာဉ်ပုံရိပ်တစ်ခုသာ ဖြစ်နိုင်၏။ ထို့ကြောင့်ပင် အချိန်ကာလ အစီအစဉ်ကို သူ နားမလည်နိုင် ဖြစ်နေခြင်း ဖြစ်လိမ့်မည်။ ထိုရဟန်းသည် လင်းရန်ယန်ကို ရှေးခေတ်ကာလမှ လူတစ်ယောက်ဟု ထင်မှတ်နေခြင်း ဖြစ်နိုင်သည်။

“မဖြစ်နိုင်ဘူး ၊ ဒီနှိမ့်ကျလှတဲ့ ရဟန်းရဲ့ ခန္ဓာကိုယ်ဟာ သေဆုံးသွားခဲ့တာ နှစ်ပေါင်း သန်းချီ ကြာခဲ့ပြီ ဆိုပေမဲ့ ၊ ဒီစမ်းသပ်မှု မျှော်စင်အတွင်းက အချိန်စီးဆင်းမှုဟာ ပြင်ပလောကနဲ့ ထပ်တူပါပဲ ၊ ဒါကြောင့် အချိန်ကာလ မှားယွင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ၊ ဖြစ်နိုင်တာက... မင်း ရှိနေတဲ့ နေရာဟာ ‘ကျင့်ကြံခြင်း ကြယ်တာရာ နယ်မြေ’ မဟုတ်တာများလား ”

All Chapters