အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း ၁၃၇ - အဆုံးထိ ခေါင်းမာခြင်း
နောက်ဆုံးတွင် လင်ချွမ်သည် ‘ဆေးဘုရင် မှတ်တမ်း'ကို ရရှိခဲ့ပြီ။
လင်ချွမ်အတွက်မူ ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ ပြည့်မြောက်သွားခဲ့ပြီဖြစ်၏။
ထို့ကြောင့် သူသည် ကျူတီနှင့် စကားများများစားစား ဆက်မပြောလိုတော့ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။
"အမြင်ချင်းမတူရင် စကားအပိုပြောနေဖို့ မလိုတော့ဘူး" ဟူသည်မှာ ကျူတီနှင့် သူ၏ ဆက်ဆံရေးပင် ဖြစ်၏။
အကယ်၍ ‘ဆေးဘုရင်မှတ်တမ်း’ သာ မရှိပါက သူသည် ကျူတီနှင့် စကားပင် ပြောလိုမည်မဟုတ်ပေ။
သို့သော် ကျူတီကမူ လင်ချွမ်ကို ထိုအတိုင်း အလွယ်တကူ ထွက်သွားခွင့် မပေးလိုချင်ပါ။
"ငါ့ရဲ့ ဆေးဘုရင်မှတ်တမ်းကို ယူပြီးတာနဲ့ ဒီအတိုင်း ထွက်သွားလို့ရမယ် ထင်နေတာလား"
ကျူတီသည် မူလက ဒေါသကို မျိုသိပ်ထားရန် ပြင်ဆင်ထားသော်လည်း လင်ချွမ်၏ အပြုအမူများက သူ့ကို ဆက်လက်သည်းမခံနိုင်အောင် ဖြစ်စေခဲ့၏။
လင်ချွမ် ရပ်တန့်သွားပြီး ကျူတီကို တစ်ချက်လှည့်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"မင်း ဘာဖြစ်ချင်တာလဲ"
"ငါ့ရဲ့ စိတ်ရှည်မှုကို အခွင့်ကောင်းယူပြီး ငါ့ကို အနိုင်ကျင့်လို့ရမယ် ထင်နေတာလား"
ကျူတီ၏ တရစပ် ဖိအားပေးမှုများကြောင့် လင်ချွမ် စိတ်ရှည်မှု ကုန်ဆုံးလာခဲ့ပြီဖြစ်သည်။
အကယ်၍ ကျူတီသာ ကျေးဇူးကန်းမှုကို ဆက်လက်လုပ်ဆောင်နေဦးမည်ဆိုလျှင် မင်မင်းဆက်၏ ဧကရာဇ်ကို အသစ်လဲလှယ်ပစ်ရန် လင်ချွမ် ဝန်လေးမည်မဟုတ်ပေ။
ကျူတီသည် မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး မျက်နှာတွင် ဒေါသများ ပြည့်နှက်နေသည်။
"မင်းကို အနိုင်ကျင့်လို့ရတယ်လို့ ငါထင်တယ်လေ၊ အဲ့တော့ မင်းဘာလုပ်နိုင်မှာလဲ"
"မင်းက ကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင် လူတစ်ယောက်ပဲရှိတာ"
ငါ့ရဲ့ မဟာမင်အင်ပါယာက အထူးရွေးချယ်ထားတဲ့ စစ်သည်တော် သန်းပေါင်းများစွာကို မင်း ဘယ်လိုယှဉ်နိုင်မှာလဲ"
"ငါ့ရဲ့ အမိန့်တစ်ချက်တည်းနဲ့ တစ်လောကလုံး မင်းကို သတ်ဖို့ ဝိုင်းလာကြလိမ့်မယ်။ အဲ့ကျရင် မင်း ဘာလုပ်နိုင်မှာလဲ"
ကျူတီသည် မိမိကိုယ်ကို ယုံကြည်မှုရှိနေသည်။
လင်ချွမ်၏ ထပ်တလဲလဲ အလျှော့ပေးမှုများက ကျူတီအား လင်ချွမ်သည် သူ့အပေါ် လက်ရဲဇက်ရဲ မလုပ်ဝံ့ဟု ထင်မြင်စေခဲ့သည်။
"ငါ ဘာလုပ်နိုင်မှာလဲ ဟုတ်လား"
လင်ချွမ်သည် ကျူတီဘက်သို့ လှည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
တောက်ရန်သည် ကျောရိုးထဲမှ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရပြီး ကျူတီကို ကာကွယ်ရန် သူ၏ အတွင်းအားကို အသုံးပြုဖို့ ကြိုးစားခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ။
လင်ချွမ်၏ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်သော ကိုယ်ဟန်သည် နှစ်ဦးသားကြားတွင် ရုတ်တရက် ပေါ်လာပြီး ဘယ်လက်ဖြင့် တောက်ရန်၏ ကျောကို ထိန်းထားကာ ညာလက်ဖြင့် ကျူတီ၏ လည်ပင်းကို ညှစ်၍ လေထဲသို့ မြှောက်တင်လိုက်သည်။
တောက်ရန်သည် တစ်လက်မမျှပင် မလှုပ်ရှားရဲဘဲ ထိုနေရာမှာတင် တောင့်တင်းသွားသည်။
လင်ချွမ်၏ လက်ဖဝါးမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အတွင်းအားကို သူ ခံစားနေရသည်။
အကယ်၍ သူ အနည်းငယ်မျှ လှုပ်ရှားမိပါက လင်ချွမ်၏ လက်ချက်ဖြင့် ချက်ချင်း အသက်
ပျောက်သွားနိုင်သည်ကို သူသိသည်။
တောက်ရန်သည် လင်ချွမ် အလွန်အစွမ်းထက်ကြောင်း အနောက်ဘက်ဒေသ တွင် ရှိစဉ်ကတည်းက သိရှိထားပြီးသားဖြစ်၏။
သို့သော်လည်း သူသည် 'ပထမအဆင့်' တစ်ဦး ဖြစ်ပါလျက်နှင့် လင်ချွမ်ရှေ့တွင် ကိုယ်ခံပညာ မတတ်သည့် သာမန်လူတစ်ယောက်ကဲ့သို့ ချက်ချင်း အနိုင်ပိုင်းခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤသို့ဆိုလျှင် မည်မျှပင် ထိပ်တန်းပညာရှင်များ ရှိနေပါစေ လင်ချွမ်ရှေ့တွင် အဓိပ္ပာယ်မရှိပေ။
ကျူတီသည်လည်း ထိုအချိန်တွင် အလားတူ ခံစားလိုက်ရသည်။
သူသည် သိုင်းပညာကို အထင်သေးပြီး မသေမျိုးကျင့်စဉ်ကိုသာ ကျင့်ကြံလိုသူဖြစ်သော်လည်း သူ၏ ဦးနှောက်ကမူ ပုံမှန်အလုပ်လုပ်နေဆဲဖြစ်သည်။
တောက်ရန်၏ အခြေအနေကို ကြည့်ရုံဖြင့် သူ နားလည်သွားသည်။
တောက်ရန်၏ အစွမ်းကို သူ ကောင်းကောင်းသိသည်။
ထို့ကြောင့်လည်း တောက်ာန်ကို 'အရှေ့ဘက် နန်းဆောင်' ၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်းပင်။
ယခုအခါ သူ ရုတ်တရက် နောင်တရမိသွားသည်။
လင်ချွမ်က အလွန်အစွမ်းထက်လွန်းသည်။
သာမန် ပထမအဆင့် တစ်ဦးသည်ပင် လူတစ်သောင်းကို ယှဉ်နိုင်သော်လည်း လင်ချွမ်ရှေ့တွင်မူ အားကိုးရာမဲ့နေသည်။
ဤကဲ့သို့သော မိစ္ဆာကောင်မျိုးကို နန်းတွင်းမိသားစုက အမှန်တကယ် ကိုင်တွယ်နိုင်ပါမည်လော။
သို့သော် နန်းတွင်းမိသားစု၏ လျှို့ဝှက်ချက်များကို ပြန်လည်တွေးတောမိသောအခါ ကျူတီသည် မိမိကိုယ်ကို ယုံကြည်မှု ပြန်လည်ရရှိလာသည်။
"အစောင့်တွေ"
"ဧကရာဇ်ကို ကာကွယ်ကြစမ်း"
ကျူတီသည် ရုန်းကန်ရင်း အော်ဟစ်လိုက်ရာ သူ၏ အတွင်းအားပါသော အသံသည် နန်းတော်တစ်ခုလုံးကို ဟိန်းထွက်သွားသည်။
တိတ်ဆိတ်နေသော နန်းတော်သည် ရုတ်တရက် ဈေးဗန်းမှောက်သကဲ့သို့ ဆူညံသွားပြီး မရေမတွက်နိုင်သော ခြေသံများနှင့် လေကိုခွဲလာသော အသံများ ခန်းမဆောင်အနီးတွင် ပြည့်နှက်သွား၏။
လင်ချွမ်သည် မည်သည့်ခံစားချက်မျှမရှိဘဲ တည်ငြိမ်နေဆဲပင်။
နန်းတော်အတွင်း ကျူတီ၏ အော်သံကြောင့် ပထမအဆင့် ပညာရှင်ပေါင်း ၂၀ နီးပါး ရောက်ရှိလာကြသည်။
ဤအင်အားသည် လက်ရှိ သိုင်းလောကရှိ သူတော်စင် ဂိုဏ်းသား ထိပ်တန်း ကျင့်ကြံသူအားလုံး၏ အရေအတွက်နှင့် ညီမျှနေသည်။
ထို့အပြင် နောက်ထပ် လူပေါင်းများစွာ ပြေးလာနေသည်ကိုလည်း လင်ချွမ် အာရုံခံမိသည်။
တွက်ချက်မှုအရ နန်းတော်တစ်ခုလုံးတွင် ပထမအဆင့် အနည်းဆုံး ၃၀ ခန့် ရှိနေပြီး ၁၀ ဦးခန့်မှာ 'မဟာ ပထမအဆင့်'အဆင့်များ ဖြစ်ကြသည်။
သို့သော် လင်ချွမ် စိတ်ပျက်သွားသည်မှာ ၎င်းတို့ထဲတွင် အဆင့်မြင့် ကျင့်ကြံသူမပါဝင်ခြင်းပင်။
ဤအင်အားမျိုးဖြင့် သိုင်းလောကကို သိမ်းပိုက်နိုင်ကောင်း သိမ်းပိုက်နိုင်လိမ့်မည်။
သို့သော် လင်ချွမ်ရှေ့တွင်မူ ၎င်းတို့သည် အထင်ကြီးလောက်စရာ မရှိပေ။
လူအားလုံး နေရာယူပြီးမှ လင်ချွမ်က ပြောလိုက်သည်။
ဒါအကုန်ပဲလား"
သူသည် ဝိုင်းရံထားမှုကို လုံးဝဂရုမစိုက်ဘဲ အထင်သေးသော အပြုံးဖြင့် ပြုံးလိုက်သည်။
အဆင့်မြင့် သိုင်းလောကတွင် ကျင့်ကြံသူတစ်ဦးသည် အင်ပါယာတစ်ခု၏ အတက်အကျကို အလွယ်တကူ ထိန်းချုပ်နိုင်သည်။
သာမန်စစ်တပ်နှင့် အင်အားစုများသည် ကျင့်ကြံသူများအတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။
ကျူတီသည် ယုံကြည်မှု လျော့နည်းလာသော်လည်း ခေါင်းမာစွာဖြင့် ရှုံးနိမ့်မှုကို ဝန်မခံလိုသေးဘဲ နှာခေါင်းရှုံ့လိုက်သည်။
"မင်း အထင်မသေးနဲ့ဦး၊ ငါ့ရဲ့ အဖိုးတန်ဆုံး လက်နက်ကို မထုတ်ရသေးဘူး"
ကျူတီ မပြောသော်လည်း သူ၏ နောက်ဆုံးလက်နက်မှာ ဘာဖြစ်မည်ကို လင်ချွမ် ခန့်မှန်းမိသည်။
မင်မင်းဆက်သည် ယမ်းမှုန့် ကို စတင်အသုံးပြုနေပြီ ဖြစ်၏။
သမိုင်းကြောင်းအရလည်း မင်မင်းဆက်၏ သေနတ်အသုံးပြုမှုမှာ အဆင့်မြင့်သည်။
သို့သော် ဤကမ္ဘာသည် အဆင့်မြင့် သိုင်းကျင့်ကြံသူများ ကမ္ဘာဖြစ်သဖြင့် လင်ချွမ် သိထားသော သမိုင်းနှင့် ကွဲလွဲနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
သေနတ်ဖြစ်နေလျှင်ပင် ဘာဖြစ်သနည်း။
ကျူတီသည် သိုင်းပညာရှင်များ၏ စွမ်းအားကို နားမလည်သေးပေ။
"မင်းပြောတာ သေနတ်တွေကို ပြောတာလား"
လင်ချွမ်သည် သူ၏ အာရုံခံနယ်ပယ်အတွင်း၌ သေနတ်ကိုင်တပ်ဖွဲ့ ရှိနေသည်ကို သိရှိပြီးသားဖြစ်သည်။
ကျူတီ၏ မျက်နှာအမူအရာသည် ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားသည်။
ယခင်က သူပြသခဲ့သော ဒေါသများသည် အပေါ်ယံသာ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ ကြောက်ရွံ့မှုသည် နှလုံးသားထဲမှ လာခြင်းဖြစ်၏။
တောက်ရန်သည် တစ်လက်မမျှ မလှုပ်ရဲသော်လည်း စိတ်ပျက်စွာဖြင့် ပြုံးမိသည်။
သေနတ်များသည် သာမန်ကိုယ်ခံပညာရှင်များကို သေစေနိုင်လောက်သော စွမ်းအားရှိသည်မှာ မှန်သော်လည်း လင်ချွမ်ကဲ့သို့ အတိုင်းအဆမရှိသော ကျင့်ကြံသူမျိုးကို ထိခိုက်နိုင်ပါ့မလားဟု သူ သံသယရှိနေသည်။
လူတိုင်း စဉ်းစားနေစဉ်မှာပင် ‘ရှန်းကျီး’ သေနတ်ကိုင်တပ်ဖွဲ့သည် နေရာယူပြီးဖြစ်၏။
ပြတင်းပေါက်များနှင့် တံခါးပေါက်များမှ သေနတ်ပေါင်းများစွာသည် လင်ချွမ်ကို ချိန်ရွယ်ထားကြသည်။
ကျူတီ၏ အမိန့်ပေးသံ ထွက်လာသည်နှင့် ၎င်းတို့သည် ချက်ချင်း ပစ်ခတ်ကြမည်ဖြစ်သည်။
လေထဲတွင်လည်း ထိပ်တန်းပညာရှင် အယောက် ၂၀ ခန့်က စိုးရိမ်တကြီးဖြင့် ဝိုင်းရံထားကြသည်။
၎င်းတို့သည် လင်ချွမ်၏ စွမ်းအားကို ခန့်မှန်းမိကြပြီး ကျူတီကို ဓားစာခံအဖြစ် အဖမ်းခံထားရသဖြင့် မည်သည့်အရာကိုမျှ လက်လွတ်စပယ် မလုပ်ဝံ့ကြပေ။
လင်ချွမ်သည် ကျူတီကို စိုက်ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
"အခု မင်းရဲ့ ပညာကုန်တွေ အကုန်ထုတ်ပြီးပြီမလား"
"စမ်းကြည့်ချင်သေးလား"
ကျူတီသည် တိတ်ဆိတ်နေပြီး သူ၏ မျက်နှာတွင် ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
"မင်း ငါ့ကို သတ်နိုင်မလားဆိုတာ လောင်းကြေးထပ်ကြည့်လို့ရပါတယ်"
"ဒါပေမဲ့ မင်းကတော့ အရင်သေမှာနော်"
လင်ချွမ်သည် ထိုနေရာရှိ လူအားလုံးကို သတ်ပစ်နိုင်သော်လည်း ဓားစာခံရှိနေသည့်အတွက် ထိုအခွင့်အရေးကို လက်လွှတ်စရာ အကြောင်းမရှိပေ။
ထို့ပြင် လူအများကြီးကို သတ်နေရသည်မှာလည်း ပင်ပန်းစရာကောင်းလှသည်။
သူသည် မကောင်းဆိုးဝါး မဟုတ်သည့်အတွက် မည်သည့်ရန်ငြိုးမျှမရှိသော လူအများကို သတ်ဖြတ်ရန် ဆန္ဒမရှိပေ။
ကျူတီသည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် ပြောလိုက်သည်။
"ပြောပါ... မင်း ဘာလုပ်ချင်တာလဲ"
ကျူတီသည် နောက်ဆုံးတွင် မလောင်းရဲတော့ပေ။
လင်ချွမ်သည် မိမိကိုယ်ကို အလွန်ယုံကြည်မှုရှိနေသည်။
ထို့ကြောင့် သူသည် ဤရှုံးနိမ့်မှုကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
အခန်း ၁၃၈ - ရှုံးနိမ့်ကြောင်း ဝန်ခံခြင်း
လင်ချွမ်သည် မူလက 'ဆေးဘုရင်မှတ်တမ်း'ကို ယူပြီး ထွက်ခွာသွားရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။
သူသည် နန်းတွင်းရေးရာများတွင် အလွန်အကျွံ ပါဝင်ပတ်သက်လိုစိတ် မရှိပေ။
ထို့အပြင် မင်မင်းဆက် ကို တော်ဝင်မိသားစုကသာ အဆုံးစွန်ထိ ထိန်းချုပ်ထားသည်။
လင်ချွမ်သည် သမိုင်းထဲက မင်မင်းဆက်အပေါ် အတိုင်းအတာတစ်ခုအထိ သံယောဇဉ်ရှိနေဆဲဖြစ်သည်။
သို့သော် ကျူတီက သေတွင်းထဲသို့ ကိုယ်တိုင်တိုးဝင်ရန် ဇွတ်လုပ်နေသဖြင့် လင်ချွမ် အနေနှင့်လည်း လျစ်လျူရှုထားမည် မဟုတ်ပေ။
သို့သော် နောက်တစ်ကြိမ် ပြန်စဉ်းစားကြည့်သည့်အခါ...
တော်ဝင်မိသားစုထဲတွင် သူလိုချင်တပ်မက်စရာ ဘာမှမရှိချေ။
ရွှေငွေ ရတနာများလား။
သူသည် ထိုကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများကို မလိုအပ်ပေ။
လျှို့ဝှက်ကိုယ်ခံပညာကျမ်းများလား။
သူ့တွင် 'မဟာကောင်းကင်ဘုံ မသေမျိုးကျင့်စဉ်' ရှိနေပြီးသား ဖြစ်သည်။
ကမ္ဘာပေါ်တွင် ၎င်းထက် ပိုကောင်းသော ကျင့်စဉ်မျိုး ရှိနိုင်မည်မဟုတ်။
အကယ်၍ ရှိခဲ့လျှင်ပင် ထိုအရာသည် နတ်ဘုရားပေါ်တွင်သာ ရှိပေလိမ့်မည်။
ဆေးလုံးများနှင့် ရတနာများလား။
သူ နေ့စဉ် စနစ် ဝင်ရောက်ခြင်းဖြင့် ၍ ရရှိနေသော 'ခရမ်းရောင်ကျောက်စိမ်းဆေးလုံး' သည် လူ့လောကတွင် အကောင်းဆုံးဆေးလုံးဟု သတ်မှတ်နိုင်သည်။
တော်ဝင်မိသားစုသည်ပင် ထိုကဲ့သို့သော ဆေးလုံးမျိုးရရှိရန် ပထမအဆင့် ကျင့်ကြံသူတစ်ဦးကို အထူးဖိတ်ခေါ်၍ ဖော်စပ်ရပေလိမ့်မည်။
ဆေးလုံးများနှင့် ပတ်သက်၍ တော်ဝင်မိသားစုက သူ့ကို အံ့အားသင့်အောင် လုပ်နိုင်လိမ့်မည်ဟု သူ မထင်ပေ။
သို့ဆိုလျှင် ကျန်ရှိနေသည်မှာ...
"ကျင့်ကြံသူတွေနဲ့ ပတ်သက်တဲ့ ရှေးဟောင်းစာအုပ်တွေ အကုန်လုံး ငါ့ကိုပေး"
ဒါသည် တော်ဝင်မိသားစုထံတွင် လင်ချွမ်လိုချင်တပ်မက်သော တစ်ခုတည်းသောအရာ ဖြစ်နေ၏။
လင်ချွမ်သည် ကျင့်ကြံသူများအကြောင်း အလွန်နည်းပါးစွာသာ သိရှိထားသည်။
ဂိုဏ်းချုပ် ရီချန်းထံမှ လမ်းညွှန်မှုအချို့ ရနိုင်သော်လည်း အတုမဲ့ မြင့်မားလှသော ကျင့်ကြံမှု အဆင့်အတန်းအရ ဂိုဏ်းချုပ်ကိုယ်တိုင်ကပင် (အောက်ခြေ) အကြောင်းအရာများကို များများစားစား သိလိမ့်မည်မဟုတ်ဟု လင်ချွမ် ခန့်မှန်းမိသည်။
ထိုသို့မဟုတ်ဘဲ တော်ဝင်မိသားစုတွင်မူ နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးအရှိဆုံး ရှေးဟောင်းကျမ်းစာများ ရှိနေပြီး ပြင်ပလူများ မသိရှိနိုင်သော အကြောင်းအရာများစွာ ရှိပေလိမ့်မည်။
ဤရှေးဟောင်းကျမ်းစာများသည်သာ လင်ချွမ်၏ မျက်လုံးထဲတွင် တော်ဝင်မိသားစု၌ ရှိသမျှသော အရာများထဲတွင် တန်ဖိုးအရှိဆုံး ဖြစ်၏။
ကျူတီသည် သူ့ကို စိုက်ကြည့်ကာ ချက်ချင်းငြင်းဆိုရန် ပြင်လိုက်သည်။
သို့သော် လင်ချွမ်၏ တည်ငြိမ်နေသော အမူအရာကို မြင်လိုက်ရသည့်အခါတွင်မူ မငြင်းရဲတော့ပေ။
သူ အလွန်ကြောက်နေသည်။
အကယ်၍ သူသာ ငြင်းဆိုလိုက်ပါက နန်းတော်တစ်ခုလုံး အလောင်းချင်းထပ်သွားမည်ကို သူတို့ စိုးရိမ်နေကြသည်။
သူ ပို၍ပင် ကြောက်မိသည်။
မိမိကိုယ်တိုင် သေသွားမှာကို သူ ကြောက်နေခြင်းဖြစ်၏။
နန်းတော်ထဲတွင် လူမည်မျှ သေသွားပါစေ သူ ဂရုမစိုက်။
သူသည် မိမိအသက်ရှင်ဖို့ကိုသာ ဂရုစိုက်သည်။
"ကောင်းပြီ... အရင်ဆုံး ငါ့ကို လွှတ်ပေးဦး"
ကျူတီသည် အလိုအလျောက်ပင် အပေးအယူလုပ်ရန် စကားစလိုက်ပြီး ပြောပြီးသည်နှင့် ချက်ချင်း နောင်တရသွားသည်။
သို့သော် သူ အံ့သြသွားရသည်မှာ လင်ချွမ်က သူ့ကို တကယ်ပင် လွှတ်ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။
လင်ချွမ်သည် ကျူတီကို စစ်တပ်ရှိရာဘက်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။
တောက်ရန် သည်လည်း အခြေအနေကို နားလည်စွာဖြင့် ကိုယ်တိုင်ပင် ခပ်လှမ်းလှမ်းသို့ ပြေးထွက်သွားပြီး ငြိမ်သက်စွာ ရပ်နေလိုက်သည်။
စစ်သားများသည် ကျူတီကို ကူညီရန် အလုအယက် ပြေးလာကြပြီးနောက် မြေကြီးပေါ်တွင် ဒူးထောက်ကာ အပြစ်ရှိသဖြင့် တောင်းပန်ကြ၏။
သူ့ကို ဝိုင်းရံထားပြီးသားဖြစ်သော ပထမအဆင့် ကျွမ်းကျင်သူများအုပ်စုသည် ကျူတီ၏ အမိန့်ကို စောင့်ဆိုင်းရင်း ပိုမို တင်းတင်းကျပ်ကျပ် ဝိုင်းလိုက်ကြသည်။
ရှန်ကျီးတပ်ရင်း မှ သေနတ်ကိုင်တပ်သားများ ပိုမိုရောက်ရှိလာပြီး မင်းသားရှေ့တွင် အစီအရီနေရာယူကာ လင်ချွမ်ကို ချိန်ရွယ်လိုက်ကြသည်။
မင်မင်းဆက် တော်ဝင်မိသားစု၏ အင်အားအားလုံးနီးပါး ဤနေရာတွင် စုစည်းနေပြီဖြစ်သည်။
လင်ချွမ်၏ လက်မှ လွတ်မြောက်သွားပြီးနောက် ကျူတီသည် စိတ်ဓာတ်ပြန်တက်လာပုံရ၏။
သို့သော် လင်ချွမ်က ဘာကိုမှ ဂရုမစိုက်ဘဲ နဂါးပလ္လင်ပေါ်တွင် သွားရောက်ထိုင်လိုက်သည်ကို မြင်သောအခါ သူ၏ စိုးရိမ်စိတ်က ပြန်လည်ကြီးစိုးလာပြန်သည်။
လင်ချွမ်၏ အပြုအမူက အလွန်ထူးဆန်းနေသည်။
သူသည် ကျူတီ ယခင်က တွေ့ဖူးသမျှသော သိုင်းပညာရှင်များနှင့် မတူပေ။
လင်ချွမ်သည် မာနကြီးသူမဟုတ်သော်လည်း လူတိုင်းကို အလေးမထားပေ။
သူသည် မောက်မာသူမဟုတ်သော်လည်း အမြဲတမ်း ယုံကြည်ချက် အပြည့်ရှိနေသည်။
မထီမဲ့မြင်ပြုသော စကားတစ်လုံးမှ ပြောစရာမလိုဘဲ သူ၏ အမူအရာကပင် နှိမ်ချမှုကို ဖော်ပြနေသည်။
ငါတို့ တကယ်ပဲ တိုက်ခိုက်သင့်သလား။
ကျူတီသည် အနည်းငယ် ဝေခွဲမရဖြစ်နေသည်။
သို့သော် လင်ချွမ်၏စောစောက အပြုအမူကို ပြန်စဉ်းစားမိသည့်အခါ သူ၏ ဒေါသကို မထိန်းနိုင်တော့ပေ။
"ဘာစောင့်နေကြတာလဲ"
"အခုချက်ချင်း လုပ်ကြစမ်း...သူ့ကို သတ်လိုက်"
ကျူတီ စကားမပြောရသေးမီမှာပင် ရောက်ရှိလာသော မင်းသား ကျူးကောင်းရှု က အမိန့်ပေးလိုက်၏။
သူသည် နောက်ကျမှ ရောက်လာခြင်းဖြစ်ပြီး အခြေအနေကို လုံးဝ မသိရှိပေ။
သို့သော် ကျူတီကို လင်ချွမ်က ခြိမ်းခြောက်ခဲ့သည်ကိုမူ သူ သိထားသည်။
ယခုအချိန်သည် သူ မျက်နှာသာရရန် အကောင်းဆုံးအချိန်ပင်၏။
မင်းသားတစ်ပါး၏ အမိန့်သည်လည်း အမိန့်ပင်။
အမိန့်ရသည်နှင့် ရှန်ကျီးတပ်ရင်းနှင့် ဝေဟင်မှ ဝိုင်းရံထားသော ပထမအဆင့် ကျွမ်းကျင်သူများသည် လင်ချွမ်ထံသို့ ချက်ချင်း ပြေးဝင်သွားကြသည်။
ကျူတီ တားဆီးရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ။
"ဒိုင်း ဒိုင်း ဒိုင်း"
ရှန်ကျီးတပ်ရင်း၏ သေနတ်ပြောင်းဝများမှ မီးတောက်များ ထွက်လာပြီး ကျည်ဆန်ပေါင်းများစွာ လင်ချွမ်ထံသို့ ပြေးဝင်သွားသည်။
အဆင့်မြင့်ကျွမ်းကျင်သူများကလည်း ဝေဟင်မှနေ၍ လင်ချွမ်အပေါ်သို့ အမျိုးမျိုးသော တိုက်ခိုက်မှုစွမ်းအင်များကို ပစ်လွှတ်လိုက်ကြ၏။
ဤကြီးမားလှသော တိုက်ခိုက်မှုကို မြင်လိုက်ရသည့်အခါ ကျူတီ ခဏတာ တုံ့ဆိုင်းသွားသည်။
လင်ချွမ်သည် အစွမ်းထက်သော်လည်း သူသည် လူတစ်ယောက်တည်းသာ။
ဤကဲ့သို့ တိုက်ခိုက်မှုအောက်တွင် သူ သေသွားလောက်ပြီ မဟုတ်လား။
သို့သော် တောက်ရန်က ထိုသို့မထင်ပေ။
တိုက်ခိုက်မှုက ကြည့်ကောင်းနေသော်လည်း သူ အနောက်ဘက်ဒေသတွင် တွေ့ခဲ့ရသော ဆံပင်ဖြူနှင့်လူသည်ပင် ဤအရာကို ခံနိုင်ရည်ရှိကြောင်း သူ သိသည်။
ထိုစဉ်က သိုင်းပညာရှင် ၅၀,၀၀၀ ၏ ပူးပေါင်းတိုက်ခိုက်မှုသည်ပင် ယခုထက် ပို၍ အစွမ်းထက်ခဲ့သည်။
သို့သော် ထိုဆံပင်ဖြူနှင့်လူ၏ ဆံပင်တစ်ပင်ကိုမျှ မထိခိုက်နိုင်ခဲ့ပေ။
လင်ချွမ်ကို ဤတိုက်ခိုက်မှုဖြင့် သတ်နိုင်မည်ဟု မျှော်လင့်ခြင်းသည် စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်လိမ့်မည်။
ခန်းမဆောင်ထဲမှ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။
ရှန်ကျီးတပ်ရင်းသည် တိုက်ခိုက်ရန် အသင့်အနေအထားအတိုင်း ရှိနေဆဲ။
ဝေဟင် အဆင့်မြင့်ကျွမ်းကျင်သူများမှာမူ တည်ကြည်သော မျက်နှာထားများဖြင့်။
ရှိနေသမျှသော ကျွမ်းကျင်သူအားလုံးသည် ခန်းမအလယ်ရှိ အရှိန်အဝါ သည် ပျောက်ကွယ်မသွားသေးကြောင်း အာရုံခံမိကြသည်။
လွန်ခဲ့သည့် ခဏလေးကပင် သူတို့အားလုံး၏ နှလုံးသားကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျူးကောင်းရှုသည် ကိုယ်ခံပညာရှင် မဟုတ်သဖြင့် ထိုအရာကို မသိရှိပေ။ သူသည် ကျူး
သူသည် ကျူတီ၏ အနားသို့ အပြေးသွားပြီး
"ခမည်းတော်... အဆင်ပြေရဲ့လား"
ဂရုတစိုက် မေးမြန်းလိုက်၏။
"မစိုးရိမ်ပါနဲ့၊ အဲဒီသစ္စာဖောက်ကတော့ သေတာ သေချာသွားပါပြီ"
"ဒီလို တိုက်ခိုက်မှုအောက်မှာ ပထမအဆင့် တစ်ယောက်တောင် အသက်ရှင်ဖို့ အခွင့်အရေး မရှိပါဘူး"
ကျူးကောင်းရှု ပြောသည်မှာ အမှန်တရားတစ်ခုပင်။
ပထမအဆင့် တစ်ဦးပင် ဤတိုက်ခိုက်မှုမှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်။
သို့သော် လင်ချွမ်သည် ပထမအဆင့် မဟုတ်ပေ။
သိုင်းဧကရာဇ် အတွက်မူ...။
ဤကဲ့သို့သော တိုက်ခိုက်မှုသည် သာမန်မျှသာ။
သိုင်းဧကရာဇ် ဖြစ်လာပြီးနောက်ပိုင်း သူ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။
ထိုအခါမှသာ သိုင်းဧကရာဇ်၏ စွမ်းအားကို သူ တကယ်ခံစားမိတော့သည်။
သူ၏ အထွတ်အထိပ် အဆင့်သည် နယ်ပယ်တစ်ခုလုံးတွင် စစ်ဘုရင်တစ်ပါးဟုပင် သတ်မှတ်နိုင်သည်။
အကယ်၍ သူသည် ထိုအဆင့်တွင် ရှိနေသေးပါက ဤတိုက်ခိုက်မှုမှ အနာအဆာမရှိ လွတ်မြောက်ရန် သူ၏ နယ်ပယ်ကို ဖွင့်ရမည်။
သို့သော် ယခုမူ သူသည် သိုင်းဧကရာဇ် ဖြစ်သည်။
အားကောင်းလှသော အတွင်းအားများသည် ခန္ဓာကိုယ်ပတ်လည်တွင် အလိုအလျောက် အကာအကွယ်အရှိန်အဝါ ချီ ကို ဖြစ်ပေါ်စေသည်။
အကာအကွယ်အရှိန်အဝါ၏ ကန့်သတ်ချက်ထက် မကျော်လွန်သော မည်သည့်တိုက်ခိုက်မှုကိုမဆို လျစ်လျူရှုထားနိုင်သည်။
သေနတ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်စေ၊ အဆင့်မြင့် ကိုယ်ခံပညာရှင်များ၏ တိုက်ခိုက်ခြင်းဖြစ်စေ...
၎င်းတို့သည် သူ၏ အကာအကွယ်အရှိန်အဝါ၏ ကန့်သတ်ချက်သို့ ရောက်ရန် အဝေးကြီး လိုနေသေးသည်။
လင်ချွမ်သည် ဘာမှမလုပ်ဘဲ ရပ်နေရုံဖြင့် သူ၏ အကာအကွယ်အရှိန်အဝါက သူ့ကို ဘေးအန္တရာယ်အားလုံးမှ အလိုအလျောက် ကာကွယ်ပေးနေ၏။
လောလောဆယ် သိုင်းလောကတွင် သိုင်းဧကရာဇ်အဆင့်ရှိသူ မရှိသလောက်ဖြစ်ပြီး သူနှင့်အပြိုင် အစွမ်းထက်သူဆိုလျှင် ဂိုဏ်းချုပ်ရီချန်း တစ်ဦးသာ ရှိသည်။
လင်ချွမ်သည် သူ၏ အကာအကွယ်အရှိန်အဝါ၏ အစွမ်းကို စမ်းသပ်ရန် အခွင့်အရေး မရခဲ့ပေ။
နတ်ဘုရားတောင် နောက်တစ်ကြိမ်ပွင့်မှသာ သွားကြည့်ရတော့မည် ထင်သည်။
လင်ချွမ်က သူ၏ အကာအကွယ်အရှိန်အဝါကို ကြည့်နေစဉ်မှာပင် မီးခိုးများနှင့် ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်စင်သွားသည်။
လင်ချွမ်သည် ရပ်မြဲအတိုင်း ရပ်နေပြီး သူ၏ ပတ်ပတ်လည် တစ်မီတာအတွင်း မည်သည့် ထိခိုက်မှုမှ မရှိပေ။
သို့သော် ထိုတစ်မီတာ အပြင်ဘက်တွင်မူ အရာအားလုံး ပျက်စီးယိုယွင်းနေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျူးတီသည် ဖော်ပြ၍မရနိုင်သော နောင်တနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။
လင်ချွမ် မသေနိုင်ကြောင်း သူ သိထားသော်လည်း ဒဏ်ရာပင်မရရှိဘဲ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤမျှ အစွမ်းထက်သော လူတစ်ယောက်သည် တော်ဝင်မိသားစု၏ အင်အားဖြင့်ပင် ယှဉ်ပြိုင်နိုင်သော အဆင့်တွင် မရှိတော့ပေ။
ကျူတီသည် အခြေအနေကို ချက်ချင်းသုံးသပ်ပြီး ဖြေရှင်းနည်းတစ်ခုကို ထုတ်လိုက်သည်။ သူသည် ရုတ်တရက် လှည့်လိုက်ကာ ကျူးကောင်းရှု ပါးကို ရိုက်ချလိုက်သည်။
"နားမလည်တဲ့ကောင်"
"သခင်လေးလင်က ငါနဲ့ ရင်းရင်းနှီးနှီး မိတ်ဖွဲ့နေတာလေ၊ သူက ဘယ်လိုလုပ်ပြီး မင်းပြောတဲ့ သစ္စာဖောက် ဖြစ်ရမှာလဲ"
"ငါကိုယ်တိုင်တောင် စကားမပြောရသေးဘူး၊ မင်းက ဘယ်လိုအခွင့်အရေးနဲ့ လူတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးရတာလဲ"
ကျူတီသည် သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် သူ၏ ရပ်တည်ချက်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။
လင်ချွမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ကျူတီ၏ စကားကို ကြားလိုက်ရသဖြင့် ရုတ်တရက် ပြုံးလိုက်မိသည်။
ကျူးကောင်းရှုသည် ဘာဖြစ်နေမှန်း မသိသေးသော်လည်း လင်ချွမ် ဘေးကင်းနေသည်ကို မြင်ရပြီး ကျူတီ၏ ကြိမ်းမောင်းမှုကို ခံလိုက်ရသည့အခါ ချက်ချင်းပင် အပြစ်ကို ဝန်ခံလိုက်၏။
ကျူတီသည် သူ၏သားဖြစ်သူ၏ တုံ့ပြန်မှုကို ကျေနပ်သွားသည်။
ထို့နောက် လင်ချွမ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်မှာ
"သခင်လေးလင်... ငါ့သားက ရိုင်းပျသွားပါတယ်။ ဒါကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
အမြဲတမ်း တင်းမာသော မျက်နှာထားရှိသည့် ကျူတီသည် ယခုတစ်ကြိမ်တွင်မူ သူ၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါအားလုံးကို ဘေးဖယ်ထားလိုက်လေတော့၏။