အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း ၁၄၁ - စစ်မှန်သော နဂါးကံကြမ္မာ
လင်ချွမ်သည် နန်းတော်သို့ သွားခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ပြန်လည်ပြောကြားခြင်း မရှိခဲ့ပေ။
ဓားနတ်ဘုရား နှင့် ယင်ဟွိုက်ယွီ တို့ကလည်း အတင်းအကျပ် မမေးမြန်းခဲ့ကြချေ။
လင်ချွမ် တစ်ယောက် ဘေးကင်းရန်ကင်း ပြန်ရောက်လာသရွေ့ နန်းတော်ထဲတွင် ဘာတွေပဲ ဖြစ်ပျက်ခဲ့ပါစေ၊ အခြားအရာများမှာ အရေးမကြီးတော့ပေ။
သို့သော်လည်း လင်ချွမ်သည် ဧကရာဇ်ကို သတ်ရန် လက်တစ်ကမ်းအလိုအထိ ဖြစ်ခဲ့သည်ကိုသာ သူတို့သိပါက အလွန်တရာ တုန်လှုပ်သွားကြမည်မှာ အသေအချာပင်။
သူတို့သည် ရှေးဟောင်းခေတ်တွင် မွေးဖွားကြီးပြင်းလာသူများ မဟုတ်ပါလား။
သူတို့သည် သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး သိုင်းလောကသားများ ဖြစ်ကြသော်လည်း ဧကရာဇ်အာဏာအပေါ်တွင် နက်ရှိုင်းသော ကြောက်ရွံ့ရိုသေမှု ရှိနေဆဲဖြစ်သည်။
ဤသို့သော ကြောက်ရွံ့ရိုသေမှုကြောင့်ပင် သူတို့သည် တော်ဝင်မိသားစုနှင့် မပတ်သက်လိုကြခြင်း ဖြစ်၏။
ဤသည်မှာ သိုင်းလောကသားများအကြား အဖြစ်များသော အချက်တစ်ခုလည်း ဖြစ်နိုင်သည်။
ထို့အပြင် လင်ချွမ် ပြန်သယ်လာသော အထုပ်ကို ကြည့်ရုံဖြင့် သူ၏ ရည်မှန်းချက် အောင်မြင်ခဲ့ကြောင်း သူတို့ သိလိုက်ကြသည်။
ယင်ဟွိုက်ယွီက "အကြီးအကဲ၊ ကျွန်တော်တို့ ဝူတန်ကို ပြန်ကြမလား" ဟု မေးလိုက်သည်။
သိုင်းလောကသားတစ်ဦးအနေဖြင့် ယင်ဟွိုက်ယွီသည် နန်ကျင်းမြို့တွင် တစ်စက္ကန့်မျှပင် ဆက်မနေလိုတော့ပေ။
လင်ချွမ် ရှိနေသရွေ့ သူတို့၏ ဘေးကင်းမှုကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်မည် မဟုတ်ကြောင်း သိသော်လည်း စိတ်ပိုင်းဆိုင်ရာအရ သူ မသက်မသာ ခံစားနေရ၏။
ဓားနတ်ဘုရားမှာလည်း ထိုနည်းတူပင်။
နာမည်ကျော် တစ်ကိုယ်တော် သိုင်းသမားတစ်ဦးအနေဖြင့် ဓားနတ်ဘုရားသည် ယခင်က တော်ဝင်မိသားစု၏ ဖိတ်ကြားခြင်းကို ခံခဲ့ရဖူး၏။
သို့သော် လွတ်လပ်မှုကို မြတ်နိုးသော သူ၏ စရိုက်ကြောင့် တော်ဝင်မိသားစု၏ ကန့်သတ်ချုပ်ချယ်မှုအောက်တွင် မနေလိုသဖြင့် ငြင်းပယ်ခဲ့ဖူးသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သိုင်းလောကသားများသည် တော်ဝင်မိသားစုအပေါ် ကောင်းမွန်သော သဘောထား မရှိကြချေ။
ထို့ကြောင့် ဓားနတ်ဘုရားနှင့် ယင်ဟွိုက်ယွီ နှစ်ဦးစလုံးသည် ဤနေရာမှ အမြန်ဆုံး ထွက်ခွာလိုနေကြခြင်း ဖြစ်၏။
လင်ချွမ်ကလည်း ကန့်ကွက်ရန် မရှိချေ။
သူကိုယ်တိုင်လည်း ဤရှေးဟောင်းကျမ်းစာများကို လေ့လာရန် တိတ်ဆိတ်ငြိမ်သက်ပြီး ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခု လိုအပ်နေသည်။
ကျူတီ နှင့် တောက်ရန် တို့ ပြောခဲ့သည့်အရာများကို သူ အလွန်စိတ်ဝင်စားနေသည်။
သူ၏ လက်ရှိ အစွမ်းမှာ တိုးတက်ရန် နေရာမရှိတော့သည့် အခြေအနေသို့ ရောက်လုနီးပါး ဖြစ်နေပြီ။
စနစ် ၏ အဓိက တာဝန်မှာ 'အသွင်ပြောင်းလဲခြင်း ၇၂ နှစ်မျိုး' ကို ရှာဖွေရန် ဖြစ်သည်။
သို့သော် ဂိုဏ်းချုပ် ရီချန်းပင်လျှင် ထိုအရာကို မကြားဖူးသဖြင့် အခြားနေရာများတွင် ရှာဖွေရန် ခက်ခဲလိမ့်မည် ဖြစ်၏။
ဖြစ်နိုင်ခြေ အရှိဆုံး နေရာမှာ နတ်ဘုရားတောင် ပင် ဖြစ်ပေလိမ့်မည်။
အကယ်၍ နတ်ဘုရားတောင်တွင်ပင် ထိုသိုင်းကျမ်း၏ သဲလွန်စ မရှိပါက ဤလောကတွင် မည်သူမျှ သိနိုင်တော့မည် မဟုတ်ပေ။
အကြောင်းမှာ ထိုစဉ်က နတ်ဘုရားတောင်တွင် မဟာနတ်ဘုရား အတတ်ပညာ တစ်ခုရှိသည်ဟူသော ကောလာဟလကြောင့်ပင်။
ခေတ္တမျှ ဆွေးနွေးပြီးနောက် သူတို့ လေးဦးစလုံး ဝူတန်သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။
ရှုတောင်သို့ နောက်တစ်ကြိမ် သွားရန် မလိုတော့ပေ။
လင်ချွမ်၏ ရှုတောင်တွင် စနစ် ဝင်ရောက်ခြင်းကာလမှာ ဆယ်နှစ်ကြာ ဆိုင်းငံ့ထားခံရပြီး ဖြစ်၏။
ဆိုလိုသည်မှာ လုံးဝမဖြစ်မနေ ကိစ္စရှိမှသာလျှင် နောက်ထပ် ဆယ်နှစ်အတွင်း သူ ရှုတောင်သို့ သွားရန် လိုအပ်မည်။
ဤအဖွဲ့၏ စွမ်းအားဖြင့် ဝူတန်သို့ အပြန်ခရီးမှာ အလွန်လျင်မြန်ခဲ့သည်။
တစ်ရက်အတွင်းမှာပင် လင်ချွမ်နှင့် အပေါင်းအပါ သုံးဦးတို့ ဝူတန်သို့ ပြန်ရောက်ခဲ့ကြ၏။
ဝူတန်သို့ ပြန်ရောက်သည်နှင့် လင်ချွမ် ပထမဆုံး လုပ်သည့်အရာမှာ စနစ် ဝင်ရောက်ခြင်းပင်။
သူ စိတ်ပျက်သွားသည်မှာ စနစ်မှပေးသော ဆုလာဘ်များမှာ ပြောင်းလဲခြင်း မရှိသေးချေ။
"ဝူတန်ရဲ့ တာအို ကျင့်စဉ်တွေက အဆင့်မြှင့်တင်ဖို့ မလုံလောက်တော့ဘူး ထင်တယ်"
မိမိ၏ အစွမ်းတိုးတက်လာသည်နှင့်အမျှ ဆုလာဘ်များလည်း တိုးလာမည်ဟု သူ ထင်ခဲ့သော်လည်း ယခုအခါ နေရာဒေသ၏ ကန့်သတ်ချက်ကလည်း ရရှိမည့် အရာများ၏ အရည်အသွေးကို ဆုံးဖြတ်ကြောင်း သူ သိလိုက်ရ၏။
ဝူတန်၏ အဆင့်အတန်းအရ 'ဇီကျင်းယွီရုံ' အဆင့်ရှိ ရတနာများသာ ထွက်ပေါ်နိုင်သည်။
(ဇီကျင်းယွီရုံ - ခရမ်းရောင်ကျောက်စိမ်း ဆေးလုံးပါ)
ဤသည်မှာ ကျန်းစန်းဖုန်း၏ အမြင့်ဆုံးအဆင့်မှာ ပထမအဆင့်သာ ရှိခဲ့သောကြောင့်ပင်။
ထို့ထက် ပိုမိုမြင့်မားသော အခြေခံ အုတ်မြစ် ဝူတန်တွင် မရှိသဖြင့် စနစ်ကလည်း ပိုကောင်းသော အရာများကို ပေးမည်မဟုတ်ပေ။
ခရမ်းရောင် ကျောက်စိမ်းဆေးလုံးသည် ယခုအချိန်တွင် လင်ချွမ်အတွက် အဓိပ္ပာယ် မရှိတော့ပေ။
သူ၏ ခန္ဓာကိုယ်ထဲရှိ ကြီးမားလှသော အတွင်းအားများနှင့် နှိုင်းယှဉ်ပါက ထိုဆေးလုံးမှ ရရှိသော အတွင်းအားမှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ပင်။
ထိုရေတစ်စက်မှာ သမုဒ္ဒရာအတွက် အရေးမပါလှပေ။
လင်ချွမ်မှာ လက်ရှိတွင် ထိုသို့သော အခြေအနေမျိုး ဖြစ်နေသည်။
ထို့အပြင် ဆေးလုံးမှ ပေးသော အသက်ရှည်မှုမှာလည်း သူ၏ လက်ရှိ အခြေအနေတွင် အသုံးမဝင်တော့ချေ။
သူကိုယ်တိုင်ပင် မည်မျှကြာကြာ အသက်ရှင်မည်ကို မသိတော့သဖြင့် တစ်နှစ်စာ အသက်ရှည်မှုကို သူ မခံစားရတော့ခြင်း ဖြစ်၏။
ဝူတန်သို့ ပြန်ရောက်သောအခါ သူတို့သည် ဝူတန်ဂိုဏ်းသားများ၏ နွေးထွေးသော ကြိုဆိုမှုကို ရရှိခဲ့ကြသည်။
လင်ချွမ်မှာ ယခုအခါ အလွန်ပင် ကျော်ကြားနေပြီ ဖြစ်သည်။
ဝူတန်မှ နဂါးတစ်ကောင် ထွက်ပေါ်လာပြီ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
စစ်မှန်သော နဂါးတစ်ကောင်ပင်။
လင်ချွမ်သည် တစ်လောကလုံးရှိ သိုင်းသမားများကို သူ၏ ကြီးမားလှသော စွမ်းအားဖြင့် အနိုင်ယူခဲ့ပေ၏။
ဂိုဏ်းချုပ်ဆရာတော်နှင့် တပည့်များက သူတို့ လေးဦးကို ကြိုဆိုကြပြီး ဤသတင်းကို အနှံ့အပြားသို့ လူလွှတ်၍ သိစေလိုကြသည်။
သို့သော် ယင်ဟွိုက်ယွီက ထိုအကြံကို ချက်ချင်း ငြင်းပယ်လိုက်သည်။
ယင်ဟွိုက်ယွီသည် ဆရာတော်ကို ဘေးသို့ဆွဲထုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ဆူပူလိုက်သည်။
"မင်းရဲ့ ဝက်ဦးနှောက်နဲ့ သေချာစဉ်းစားကြည့်စမ်း"
"အကြီးအကဲက ဒီလို ကြွားဝါချင်တဲ့လူမျိုးလား"
"သူ့အကြောင်း သတင်းတွေ လွှင့်လိုက်လို့ သူ စိတ်အနှောင့်အယှက် ဖြစ်သွားရင် မင်း ဘာလုပ်မလဲ"
"အကြီးအကဲ စိတ်ဆိုးသွားရင် မင်း ဘယ်လို တာဝန်ယူမလဲ"
အမှန်အတိုင်း ပြောရလျှင် ဆရာတော်က ထိုမျှအထိ မစဉ်းစားမိခဲ့ချေ။
သူ သတင်းလွှင့်ရခြင်းမှာ အခြားဂိုဏ်းခေါင်းဆောင်များက ပြန်ခါနီးတွင် သူ့ကို အရိပ်အမြွက် ပြောခဲ့သောကြောင့် ဖြစ်သည်။
သူတို့က
"အကြီးအကဲ လင်ဟာ မိစ္ဆာတွေကို နှိမ်နင်းဖို့ အရမ်းကြိုးစားခဲ့တယ်၊ ဒီလောက် အစွမ်းထက်တဲ့သူကို ကျွန်တော်တို့ လာရောက် ဂါရဝပြုသင့်ပါတယ်" ဟု ပြောခဲ့ကြသည်။
အစပိုင်းတွင် ဆရာတော်က သူတို့သည် လင်ချွမ်၏ စွမ်းအားကို ကြောက်ရွံ့၍ဟုသာ ထင်ခဲ့သည်။
ယခု ယင်ဟွိုက်ယွီ ပြောမှသာ အမှန်တရားကို သိလိုက်ရ၏။
"ဟုတ်တယ်၊ သူတို့က ကိုယ်တော့်ကို လင်ချွမ်နဲ့ အဆင်မပြေအောင် လုပ်ပြီး လင်ချွမ်က ဝူတန်ကို စိတ်ပျက်ပြီး ထွက်သွားအောင် ကြံစည်နေကြတာပဲ"
"တကယ့်ကို ကောက်ကျစ်တဲ့ အကြံအစည်ပါလား"
ဆရာတော်မှာ အခြားသူများကိုလည်း သူကဲ့သို့ ရိုးသားသူများဟု ထင်ခဲ့မိသော်လည်း နောက်ဆုံးတွင် သူ တစ်ယောက်တည်းသာ ရိုးသားနေခဲ့ခြင်းပင်။
ဆရာတော် စကားပြောပြီးရုံရှိသေး၊ ယင်ဟွိုက်ယွီက သူ့ကို ကန်လိုက်သည်။
"အကြီးအကဲလို့ ခေါ်စမ်း"
"အကြီးအကဲကို နာမည်နဲ့ ခေါ်ရဲတယ်ပေါ့"
"မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား၊ အရိုက်ခံချင်လို့လား"
ယင်ဟွိုက်ယွီမှာ ဤကိစ္စကို မကျေနပ်သည်မှာ ကြာပြီ။
လင်ချွမ်က ဂရုမစိုက်သော်လည်း သူကတော့ ဝူတန်မျိုးဆက်သစ်တွေကို သင်ခန်းစာပေးရန် ဤအခွင့်အရေးကို အသုံးချနေခြင်း။
ဆရာတော်မှာ အပြစ်ရှိသလို ခံစားရကာ တိုးတိုးလေး ရှင်းပြရှာသည်။
"ဒါက... အကျင့်က ချက်ချင်း ပြင်လို့မရလို့ပါ"
လင်ချွမ်သည် ဝူတန်တွင် နွားကျောင်းသားအဖြစ် ဆယ်နှစ်ကျော် နေခဲ့သဖြင့် လူတိုင်းက သူ့နာမည်ကို ခေါ်ရသည်မှာ အသားကျနေပြီ။
ရုတ်တရက် သာမန် နွားကျောင်းသားတစ်ယောက်မှာ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံးသူ ဖြစ်လာသဖြင့် ဝူတန် ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားရသလို တစ်ဖက်မှာလည်း မယုံနိုင်စရာ ဖြစ်နေကြသည်။
လမ်းတွင် တံမြက်စည်းလှည်းနေသော အဘိုးကြီးက ကမ္ဘာ့အချမ်းသာဆုံးသူ ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။
စိတ်ဆိုးမာန်ဆိုးဖြင့် ယင်ဟွိုက်ယွီက ဆရာတော်ကို နောက်တစ်ချက် ကန်လိုက်ပြန်သည်။ အသက် တစ်ရာကျော်နေပြီဖြစ်သော ဆရာတော်မှာ ယင်ဟွိုက်ယွီ ရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ ဆူပူခံနေရ၏။
သို့သော် ဆရာတော်မှာ ယခုတစ်ကြိမ်တွင် နားလည်သွားပြီး
"အကြီးအကဲ စိတ်ချပါ၊ အကြီးအကဲလင် ပြန်ရောက်တဲ့ သတင်းကို ဘယ်သူမှ မသိအောင် ကျွန်တော် ချက်ချင်း အမိန့်ထုတ်လိုက်ပါ့မယ်"
ဟု အမြန်ပြောလိုက်သည်။
ယင်ဟွိုက်ယွီက ကျေနပ်စွာ ခေါင်းညိတ်ပြီး
"နောက်ဆိုရင် အကြီအကဲကို တွေ့တဲ့အခါ ပိုပြီး ရိုရိုသေသေ ဆက်ဆံကြ၊ အရင်လို ပေါ့ပေါ့တန်တန် မလုပ်ကြနဲ့" ဟု မှာကြားလိုက်လေ၏။
ဆရာတော်က ခေါင်းညိတ်သော်လည်း စိုးရိမ်စိတ် အနည်းငယ် ရှိနေသည်။
လင်ချွမ်မှာ ဆယ်နှစ်ကျော် နွားကျောင်းသား ဖြစ်ခဲ့စဉ်က ဆရာတော်မှာ သူ့ကို တစ်ခါမျှပင် ဂရုမစိုက်ခဲ့ဖူးပေ။
သို့သော် တစ်ညအတွင်းမှာပင် လင်ချွမ်၏ အဆင့်အတန်းမှာ ထိပ်တန်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အခြားသော နာမည်ကြီး ဂိုဏ်းကြီးများသာဆိုလျှင် လင်ချွမ်ကို ဖိတ်ကြား၍ အမြင့်ဆုံး ဂုဏ်ပြုမှုများဖြင့် ဆက်ဆံကြမည်မှာ အသေအချာပင်။
လင်ချွမ်နှင့် ရင်းနှီးသော မည်သည့်ဂိုဏ်းမဆို သိုင်းလောက၏ ဦးဆောင်သူ ဖြစ်လာမည်။
ဆရာတော်မှာ ရာထူးဂုဏ်ရှိန်ကို မမက်မောသော်လည်း ဤကဲ့သို့သော အခြေအနေမျိုး ရှိနေခြင်းမှာ ကျေနပ်စရာပင်။
လင်ချွမ်မှာ သူ နေထိုင်ရာ အခန်းသို့ ပြန်ရောက်ပြီးနောက် သူ သယ်လာသော ရှေးဟောင်း ကျမ်းစာများကို စတင်ဖတ်ရှု လေ့လာနေပြီ ဖြစ်၏။
အခန်း ၁၄၂ ကူလွန် နတ်ဘုံနတ်နန်း
ကျင့်ကြံသူများသည် အမှန်တကယ်တွင် မည်သည့်အချိန်က စတင်ပေါ်ပေါက်လာခဲ့သနည်း။
ဤမေးခွန်းမှာ အဖြေမရှိသကဲ့သို့ပင်။
အစောဆုံးမူလအစကို ရှေးဟောင်းခေတ်ကာလများအထိ လိုက်လံခြေရာခံရမလိုပင်။
အနောက်ဘက်ဒေသ ကျိုးမင်းဆက် ကာလတွင်၊ ကျိုးမင်းကြီး မူ သည် ကူလွန်တောင်အကြောင်းကို ကြားသိခဲ့ရပြီး၊ ကူလွန်တောင်ကို မြင်တွေ့ခဲ့ကာ အနောက်ဘက်မယ်တော်ကြီး နှင့်ပင် တွေ့ဆုံခဲ့ဖူးသည်။
သို့သော် ဤကဲ့သို့သော ရှေးဟောင်းပုံပြင်ဆန်သည့် မှတ်တမ်းများကို လင်ချွမ်က အတည်မယူခဲ့ပေ။
ထိုမှတ်တမ်းများသည် သာမန်လောကတွင် စိတ်ကူးယဉ်ပုံပြင်များသာ ဖြစ်နိုင်သော်လည်း၊ သိုင်းပညာအဆင့်မြင့်သော ဤကမ္ဘာတွင်မူ မှန်ကန်နိုင်ခြေ ရှိ၏။
"တောင်တန်းများ နှင့် ပင်လယ်၏ ဂန္ထဝင် အကြောင်းအရာများ" နှင့် "လွတ်လပ်ခြင်း နှင့် လေလွင့်ခြင်း ဒဏ္ဍာရီ" ကဲ့သို့သော စာပေများထဲတွင်လည်း ထူးခြားဆန်းပြားသော လူပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များအကြောင်း ဖော်ပြချက်များ ရှိနေပြန်သည်။
၎င်းတို့မှာ ကိုးကားစရာ တန်ဖိုးမျှသာ ရှိ၏။
ပထမအကြောင်းရင်းမှာ အချိန်ကာလ ကွာဟချက် အလွန်ကြီးမားလွန်းသဖြင့် စာအုပ်ထဲရှိ မှတ်တမ်းများကို အတည်ပြုရန် ခက်ခဲသောကြောင့်။
ဒုတိယအချက်မှာ ခေတ်ကာလများသည် လျင်မြန်စွာ ပြောင်းလဲလာခဲ့ရာ လုံးဝအသွင်ကူးပြောင်းသွားသည်ဟုပင် ဆိုနိုင်သည်။
သာမန်လောကတွင်မူ ထိုကဲ့သို့သော မှတ်တမ်းများကို စိတ်ကူးယဉ်ပုံပြင်များအဖြစ်သာ သတ်မှတ်ကြလိမ့်မည်။
သို့သော် သိုင်းပညာလောကတွင်မူ ဤနေရာ၌ မှတ်တမ်းတင်ထားသော အဖြစ်အပျက်များသည် အမှန်တကယ်ပင် မှန်ကန်နေပေလိမ့်မည်။
ဆင်တူယိုးမှား ရှေးဟောင်းကျမ်းစာများစွာ ရှိနေပြီး၊ ထိုအထဲမှ အများစုမှာ လင်ချွမ်၏ လက်ရှိရှုထောင့်မှကြည့်လျှင်ပင် စိတ်ကူးယဉ်ဆန်လှ၏။
အနည်းငယ် ပို၍နီးစပ်သော မှတ်တမ်းများအရ လူအများအပြားသည် မသေမျိုးဘဝကို လိုချင်ခဲ့ကြသော်လည်း အမှန်တကယ် အောင်မြင်သူ တစ်ဦးမျှ မရှိခဲ့ပေ။
ပထမဆုံး ဧကရာဇ်မင်းမြတ်နောက်ပိုင်းတွင် မသေမျိုးနတ်ဘုရားများသည် ကွယ်ပျောက်သွားခဲ့ပြီး လူ့လောကတွင် ထပ်မံပေါ်ပေါက်လာခြင်း မရှိတော့ဟု ထင်ရ၏။
မှန်ပါသည်၊ လင်ချွမ်၏ မေးခွန်းကို မည်သူမျှ မဖြေနိုင်ခဲ့ပါ။
သို့သော် "တောင်တန်းများ နှင့် ပင်လယ်၏ ဂန္ထဝင် အကြောင်းအရာများ" ထဲမှ မှတ်တမ်းများသည် လင်ချွမ် ကိုးကားနိုင်သည့် တစ်ခုတည်းသော အဖြေဖြစ်နေ၏။
အနောက်ဘက်ကူလွန်နှင့် ထျန်းရှန်းတောင်တန်း တို့မှာ သဘာဝအရ ယုံကြည်စိတ်ချ၍မရပေ။
လင်ချွမ်၏ လက်ရှိအင်အားဖြင့် သူသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာသို့မဆို သွားနိုင်လေ၏။
သူသည် ယခင်က ကူလွန်တောင်သို့ ရောက်ဖူးသည်။
ထိုနေရာတွင် အမှန်တကယ်ပင် မြင့်မားသောတောင်ကြီးတစ်လုံး ရှိသော်လည်း နတ်ဘုံနတ်နန်း ဟု ခေါ်ဆိုအပ်သောအရာကိုမူ မတွေ့ခဲ့ရချေ။
နတ်ဘုံနတ်နန်းမှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်နိုင်သလို၊ လုံးဝမတည်ရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
သို့မဟုတ် နတ်ဘုံနတ်နန်းသည် ပြင်ပလူများကို ဝင်ခွင့်မပြုသောကြောင့် လင်ချွမ် မမြင်တွေ့နိုင်ခြင်းလည်း ဖြစ်နိုင်၏။
ပြောရလျှင်၊ လင်ချွမ် ကူလွန်တောင်သို့ နောက်ဆုံးအကြိမ် သွားခဲ့စဉ်က သူ၏ အဆင့်မှာ သိုင်းဧကရာဇ် အဆင့်သို့ မရောက်ရှိသေးပေ။
တစ်ခေါက် ထပ်သွားပါက ရလဒ်အချို့ ထွက်ပေါ်လာနိုင်သည်။
ကူလွန်တောင်အပြင်၊ လင်ချွမ်သည် အခြားသော ရှေးဟောင်း စာရွက်များကိုလည်း လှန်လှောကြည့်ရှုခဲ့သည်။
ကူလွန်တောင်အကြောင်းကိုသာ တိကျသော တည်နေရာ၊ လူပုဂ္ဂိုလ်နှင့် အဖြစ်အပျက်များဖြင့် ဖော်ပြထားသည်။
ကူလွန်တောင်သည် လင်ချွမ် သိထားသော မသေမျိုးတောင်သုံးလုံး၏ ဖော်ပြချက်နှင့်လည်း ကောင်းစွာ ကိုက်ညီနေသည်။
"ဒါဆို ငါတို့ နောက်ထပ် ကူလွန်ကို သွားကြမှာလား"
ခေတ်သစ်ရှုထောင့်မှ ကြည့်လျှင် ကူလွန်နတ်ဘုံနတ်နန်း ဆိုသည်မှာ သဘာဝအရ ယုံကြည်ရန်ခက်သည်။
နှင်းဖုံးနေသော တောင်ပေါ်တွင် နေထိုင်သည့် အင်အားကြီးသိုင်းပညာရှင်တစ်ဦးကို ကျင့်ကြံသူတစ်ဦးအဖြစ် မှားယွင်းသတ်မှတ်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။
သို့သော် သူလုပ်စရာ အခြားမရှိသဖြင့် သွားရောက်ကြည့်ရှုခြင်းက ပိုကောင်းပေလိမ့်မည်။
လင်ချွမ် ရှေးဟောင်းစာအုပ်များကို ဆက်လက်ဖတ်ရှုနေစဉ်မှာပင် ယင်ဟွိုက်ယွီ ရောက်ရှိလာသည်။
"အကြီအကဲ... ကျန်းဟယ်က လာရောက်တွေ့ဆုံခွင့် တောင်းခံနေပါတယ်"
လင်ချွမ် ခေတ္တမျှ ရပ်တန့်သွားပြီးမှ "ငါ မတွေ့ဘူး" ဟု ပြောလိုက်သည်။
ကျန်းဟယ်မှာ တော်ဝင်မိသားစုကို ကိုယ်စားပြုကြောင်း လင်ချွမ် သိထားပြီးဖြစ်၏။
သို့သော် နန်းတော်ထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို ကျန်းဟယ် သိချင်မှ သိလိမ့်မည်။
အချိန်ကာလကို ကြည့်ခြင်းအားဖြင့် ကျန်းဟယ် သည် ပဋိပက္ခကို ညှိနှိုင်းရန် လာခြင်း ဖြစ်နိုင်သည်။
သို့သော် တိုက်ပွဲက ပြီးဆုံးသွားပြီပင်။
ယင်ဟွိုက်ယွီသည် အနည်းငယ် အကျပ်ရိုက်သွားသော်လည်း သတင်းစကားပါးရန် အပြင်သို့ မထွက်ရသေးခင်မှာပင် ကျန်းဟယ်၏ အသံသည် အခန်းထဲသို့ ပျံ့လွင့်လာသည်။
"ကျန်းဟယ် တွေ့ဆုံခွင့် တောင်းခံပါတယ်၊ သခင်လေးလင် အနေနဲ့ တွေ့ဆုံပေးဖို့ မျှော်လင့်ပါတယ်"
ကျန်းဟယ်၏ အမူအရာမှာ လင်ချွမ်ကို မတွေ့ရမချင်း လက်လျှော့မည့်ပုံ မပေါ်ပေ။
လင်ချွမ် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွား၏။
သူသည် စိတ်ချင်းဆက်သွယ်သော နည်းလမ်းဖြင့် တိုက်ရိုက်ပင် အကြောင်းပြန်လိုက်သည်။
"တွေ့ဖို့ မလိုတော့ဘူး၊ ငါ နန်းတော်ကို ရောက်ခဲ့ပြီးပြီ၊ မင်း နောက်ကျသွားပြီ"
ယုံကြည်ချက် အပြည့်ရှိနေသော ကျန်းဟယ်သည် လင်ချွမ်၏ စကားကို ကြားသောအခါ အံ့အားသင့်သွားသည်။
သူ သတင်းရရှိချိန်မှ ဝူတန်သို့ ရောက်ရှိလာချိန်အထိ ရက်အနည်းငယ်သာ ကြာသေးသည် မဟုတ်ပါလား။
အခြေအနေများက ဤမျှမြန်မြန် မည်သို့ ပြောင်းလဲသွားနိုင်သနည်း။
လင်ချွမ်က နန်းတော်သို့ ရောက်ရှိခဲ့ပြီးပြီလား။
သူ ဘာကြောင့် နန်းတော်ကို သွားခဲ့တာလဲ။
နန်းတော်ထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ။
ကျန်းဟယ်သည် ထိုအချိန်တွင် သံသယများဖြင့် ပြည့်နှက်နေသည်။
သို့သော် လင်ချွမ်က သူ့ကို မတွေ့ချင်မှန်း သူသိသဖြင့် အတင်းအကျပ် မလုပ်နိုင်ပေ။
နောက်ဆုံးတွင်၊ လင်ချွမ်၏ အစွမ်းအစကို အနောက်ဘက်ဒေသ တွင် မြင်ခဲ့ပြီး ဖြစ်၏။
ထိုအချိန်က လင်ချွမ်သည် အထွတ်အထိပ် အဆင့်တွင်သာ ရှိနေသေးသော်လည်း ကျန်းဟယ် အတွက်မူ ထူးမခြားနားပေ။
မည်သို့ပင်ဆိုစေကာမူ လင်ချွမ်သည် အနှိုင်းမဲ့သူဖြစ်ပြီး လုံးဝ ရန်မစသင့်သောသူ ဖြစ်နေ၏။
ကျန်းဟယ်သည် ဝေခွဲမရဖြစ်လျက် ဝူတန်တောင်မှ ဆင်းကာ မြို့တော်သို့ အပြေးအလွှား ပြန်သွားခဲ့သည်။
လင်ချွမ်နှင့် မည်သို့ ဆက်လက်ရင်ဆိုင်ရမည်ကို ဆုံးဖြတ်နိုင်ရန် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူ အမြန်ဆုံး သိရှိရန် လိုအပ်နေ၏။
ကျန်းဟယ်၏ စိတ်ထဲတွင် အကောင်းဆုံး ရလဒ်မှာ လင်ချွမ်ကို နန်းတွင်းအတိုင်ပင်ခံ အဖြစ် ခန့်အပ်ရန်ပင်။
နန်းတွင်းအတိုင်ပင်ခံ ဘွဲ့ထူးသည် လင်ချွမ်အတွက် ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ရုံသာမက၊ သူ့ကို တော်ဝင်မိသားစုနှင့် ခိုင်မြဲစွာ ချည်နှောင်ထားမည့် နည်းလမ်းလည်း ဖြစ်သည်။
စနစ်တကျ ကိုင်တွယ်နိုင်ပါက လင်ချွမ်၏ တည်ရှိမှုသည် တော်ဝင်မိသားစုအတွက် သိုင်းလောကကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
သိုင်းလောက၏ အင်အားစုများ မရေမရာ ဖြစ်နေချိန်တွင် ကျန်းဟယ်၏ ရည်မှန်းချက်မှာ သိုင်းလောကတစ်ခုလုံးကို ခြေမှုန်းရန်ဖြစ်၏။
သို့သော် ယခုအခါ လင်ချွမ်က ဦးဆောင်နေသဖြင့် ဤနည်းလမ်းသည် မသင့်လျော်ကြောင်း ကျန်းဟယ် သဘောပေါက်သွားသည်။
အနည်းဆုံးတော့ လက်ရှိအချိန်အတွက် မသင့်တော်ချေ။
အကယ်၍ တော်ဝင်မိသားစုက သိုင်းသမားများကို အရေးယူပါက၊ ၎င်းတို့ထံမှ ပြင်းထန်သော တုံ့ပြန်မှုကို ခံရဖွယ် ရှိသည်။
အတိတ်ကာလတွင် သိုင်းလောက၌ သင့်တော်သော ခေါင်းဆောင် မရှိခဲ့သလို၊ အင်အားကြီးမားမှုကြောင့် လူအများ၏ လေးစားမှုကို ရရှိသူလည်း ရှားပါးခဲ့သညိ။
သို့သော် ယခုတွင် လင်ချွမ်ရရှိနေပြီပင်။
အကယ်၍ သိုင်းလောကတစ်ခုလုံး စုစည်းမိပါက လင်ချွမ်သည် သိုင်းလောကတစ်ခုလုံးကို ဦးဆောင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လာပေလိမ့်မည်။
နန်းတွင်းက သိုင်းလောကကို အထင်သေးသော်လည်း၊ သိုင်းလောကတစ်ခုလုံး၏ စုပေါင်းအင်အားမှာ နန်းတွင်းကို တုန်လှုပ်စေနိုင်သည့် အလားအလာ ရှိနေသည်ကို ငြင်းပယ်၍မရချေ။
ကျန်းဟယ် မြို့တော်သို့ ပြန်သွားချိန်တွင် လင်ချွမ်သည်လည်း ဝူတန်မှ ထွက်ခွာခဲ့၏။
လင်ချွမ်သည် ကျူးတီ ပြောပြခဲ့သောအရာကို ရှာတွေ့ခဲ့သည်။
၎င်းမှာ မြေပုံတစ်ခု ဖြစ်သည်။
မြေပုံပေါ်တွင် ဒဏ္ဍာရီလာတောင်ကြီး ပေါ်ထွက်ခဲ့သည့် နေရာများကို အကြိမ်ပေါင်းများစွာ မှတ်တမ်းတင်ထားပြီး၊ ကွက်လပ်များတွင် အမျိုးမျိုးသော ခွဲခြမ်းစိတ်ဖြာချက်များကို ရေးသားထားသည်။
ထိုခွဲခြမ်းစိတ်ဖြာချက်များရှိ လက်ရေးများမှာ တစ်ခုနှင့်တစ်ခု မတူညီဘဲ စာလုံးပုံစံများပင် ကွဲပြားနေလေ၏။
ကံကောင်းထောက်မစွာဖြင့် လင်ချွမ်သည် စာဖတ်တတ်သဖြင့် ခွဲခြမ်းစိတ်ဖြာချက်အားလုံးကို ဖတ်ရှုနိုင်ခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းတို့ကို မရေမရာ ရေးသားထားခြင်းဖြစ်ပြီး လုံးဝ အဓိပ္ပာယ်မရှိပေ။
နတ်ဘုရားတောင်များ ပေါ်ထွက်လာသော တည်နေရာများမှာလည်း အတည်တကျမရှိပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတွင် ပုံသေနည်းစနစ် လုံးဝ မရှိသောကြောင့်။
နောက်ဆုံး ပေါ်ထွက်ခဲ့သည့်နေရာမှာ အနောက်ဘက်ဒေသ ဖြစ်ပြီး၊ ယခင်တစ်ခေါက်က တောင်ဘက်တွင် ဖြစ်ကာ၊ ၎င်းမတိုင်မီက အလယ်ပိုင်းဒေသနှင့် အနောက်ဘက်ဒေသတို့တွင်လည်း ပေါ်ထွက်ခဲ့ဖူးသည်။
လူသားများ ရှိနေသည့် မည်သည့်နေရာတွင်မဆို နတ်ဘုရားတောင် ပေါ်ထွက်လာနိုင်သည့် အလားအလာ ရှိသည်။
ခေတ်သစ်မှ လာသောသူဖြစ်သည့် လင်ချွမ်သည် သင်္ချာနည်းအရ ခွဲခြမ်းစိတ်ဖြာကြည့်သော်လည်း ပုံသေနည်း လုံးဝ ရှာမတွေ့ခဲ့ချေ။
ထို့ကြောင့် ကျူတီ တန်ဖိုးထားသော ဤမြေပုံမှာ အမှန်တကယ်တွင် အသုံးမဝင်ပေ။
မြေပုံက အသုံးမဝင်သဖြင့် လင်ချွမ်၏ ဦးတည်ရာမှာ သဘာဝအတိုင်း ကူလွန်တောင် ဖြစ်လာသည်။
ကူလွန်သည် အနောက်ဘက်ဒေသတွင် တည်ရှိပြီး၊ အလယ်ပိုင်းရှိ အဓိက ဂိုဏ်းကြီးများ လာရောက်ခဲသော နေရာဖြစ်ကာ နတ်ဆိုးဂိုဏ်း ကသာ အုပ်စိုးထားသော နေရာဖြစ်သည်။
လင်ချွမ်အတွက်မူ ကူလွန်သည် မည်သူ့နယ်မြေဖြစ်စေ အရေးမကြီးပါ။
အရေးကြီးသည်မှာ ထိုနေရာတွင် သူ တစ်ခုခု ရနိုင်၊ မရနိုင်ဆိုသည့် အချက်သာ ဖြစ်၏။
ကူလွန်တောင်ခြေတွင် မြို့ငယ်လေးတစ်မြို့ ရှိသည်။
လင်ချွမ် ဤနေရာသို့ ရောက်နေသည်မှာ သုံးရက်ရှိပြီ။
ယခုတစ်ခေါက်တွင် သူသည် ဓားနတ်ဘုရား နှင့် ယွဲ့ချင်းရို တို့ကိုသာ ခေါ်ဆောင်လာခဲ့သည်။
သူသည် မူလက တစ်ယောက်တည်း လာရန် ရည်ရွယ်ခဲ့ခြင်းပင်။
သို့သော် ကံမကောင်းစွာဖြင့် သူသည် လမ်းကို လုံးဝ မသိပေ။
သိုင်းလောကမှ အကြီးအကဲတစ်ဦးဖြစ်သူ ဓားနတ်ဘုရား၏ လမ်းညွှန်မှုကိုသာ အားကိုးရမည်ဖြစ်သည်။
ယင်ဟွိုက်ယွီမှာမူ ဝူတန်ဂိုဏ်းကို တာဝန်ယူရန်နှင့် သူ၏ ကျင့်စဉ်များကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်သဖြင့် လိုက်မလာခဲ့ချေ။
ယွဲ့ချင်းရိုမှာမူ အမြဲတမ်း သူ၏ နောက်လိုက်လေး ဖြစ်နေခဲ့ပြန်၏။
ဓားနတ်ဘုရားသည် ယွဲ့ချင်းရိုနှင့် လင်ချွမ်တို့ကို တွဲပေးရန် စိတ်ပိုင်းဖြတ်ထားသည်။
လင်ချွမ် သွားလေရာရာတွင် ယွဲ့ချင်းရိုသည် အမြဲတမ်း ဘေးနားတွင် ပါလာတတ်၏။
သို့သော် ယွဲ့ချင်းရိုသည်လည်း လမ်းမသိပေ။
ထို့ကြောင့် သူတို့ သုံးဦးသည် ပေါ့ပေါ့ပါးပါး ခရီးနှင်လာခဲ့ကြပြီး ကူလွန်တောင်ခြေရှိ ဤမြို့ငယ်လေးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
တည်းခိုခန်းထဲတွင် ဓားနတ်ဘုရားက လေးလေးနက်နက် ပြောလိုက်သည်။
"သခင်လေးလင်.... ဒီခရီးစဉ်အတွက် မျှော်လင့်ချက် အများကြီး မထားပါနဲ့"
သူသည် ဤနေရာသို့ မလာခင်ကတည်းက ဤသို့ ပြောခဲ့ပြီး ဖြစ်သည်။
လင်ချွမ်က လာရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် သူသည် အသက်နှင့်လဲ၍ပင် လိုက်ပါလာခဲ့ရခြင်း ဖြစ်ပေတော့သည်။