← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃) ကူလွန်တောင်ပေါ်မှ ထူထပ်သောမြူများ

ကူလွန်တောင်၏ ဒဏ္ဍာရီသည် ရေတွက်မကုန်နိုင်သော နှစ်ပေါင်းများစွာတိုင်အောင် လက်ဆင့်ကမ်းလာခဲ့ကြခြင်း ဖြစ်၏။

၎င်းသည် တော်ဝင်မိသားစု၏ ရှေးဟောင်းကျမ်းစာများထဲတွင်သာ တည်ရှိနေသည်မဟုတ်ဘဲ၊ ကူလွန် နှင့် နတ်ဘုရားတောင် အကြောင်း အခြေတည်သည့် ကျေးလက်ပုံပြင်များစွာလည်း ရှိနေလေ၏။

သို့သော်လည်း ကျေးလက်ပုံပြင်အများစုမှာ ဒဏ္ဍာရီများကို အခြေခံထားသဖြင့် ၎င်းတို့၏ စစ်မှန်မှုကိုမူ အလေးထားလေ့မရှိကြချေ။

ဓားနတ်ဘုရား ငယ်စဉ်ကလည်း ဤဒဏ္ဍာရီများကို အလွန်စွဲလန်းခဲ့ဖူးသည်။

သူသည် နတ်မင်းများကို ရှာဖွေရန် ကူလွန်တောင်သို့ အကြိမ်ကြိမ် ခရီးထွက်ခဲ့ဖူးသော်လည်း အကြိမ်တိုင်းတွင် လက်ဗလာနှင့်သာ ပြန်လာခဲ့ရသည်။

အချိန်ကြာလာသည်နှင့်အမျှ သူသည် ကူလွန်တောင်နှင့်ပတ်သက်သော စိတ်ကူးယဉ်မှုများကို စွန့်လွှတ်လိုက်လေတော့၏။

လင်ချွမ်က ဆရာတပည့်နှစ်ယောက်ကို ဤနေရာသို့ တစ်ခေါက်ပြန်ခေါ်လာသည့်အခါတွင်မူ ဓားနတ်ဘုရားမှာ ယခင်အတိတ်ဟောင်းကို ပြန်လည်သတိရသွားသည်။

ထို့ကြောင့် သူက လင်ချွမ်ကို မျှော်လင့်ချက်အလွန်အမင်းမထားရန် အကြံပြုခဲ့သည်။

လင်ချွမ်သည် သူ့ထက် ပါရမီပိုထူးချွန်ပြီး နတ်မင်းများနှင့် ဆုံတွေ့ခွင့်ရရန် အခွင့်အရေးပိုရှိသည်ကို သူဝန်ခံသော်လည်း၊ ၎င်းမှာ ဤနေရာတွင် နတ်ဘုရားများနှင့် ဆက်နွှယ်မှုအမှန်တကယ်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ဖုန်းလိုင်၊ ဖန်ကျန်း နှင့် ယင်းကျို ဟူသော မြင့်မြတ်သည့် တောင်သုံးလုံးသည် ကူလွန်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။

လင်ချွမ်က ပြုံးလိုက်ရုံသာ ပြုံးပြီး "ဓားနတ်ဘုရား ဒီကို ရောက်ဖူးလား" ဟု ပြန်မေးလိုက်သည်။ ဓားနတ်ဘုရားက ခေါင်းညိတ်ပြပြီး အားလပ်နေသည့်အချိန်တွင် သူနတ်မင်းများကို လိုက်လံရှာဖွေခဲ့ပုံကို ပြောပြလေတော့သည်။

အမှန်တကယ်တွင် ပြောစရာ ထွေထွေထူးထူး မရှိလှပေ။

ယခင်က ဓားနတ်ဘုရားသည် ကူလွန်တောင်တစ်ပြင်လုံးကို ရှာဖွေခဲ့သော်လည်း နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လာခဲ့ရလေ၏။

၎င်းမှာ တစ်ကြိမ်တည်းမဟုတ်ခဲ့ချေ။

ခိုင်လုံသော အထောက်အထားများ မရှိသော်လည်း လင်ချွမ်ကမူ အလွန်စိတ်ဝင်တစား နားထောင်နေခဲ့သည်။

ယွဲ့ချင်းရိုအတွက်မူ ဤပုံပြင်များကို ဓားနတ်ဘုရား ပြောပြသည်ကို ကြားရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် ဓားနတ်ဘုရားမှာ ပုံပြောကောင်းသူတစ်ယောက်မဟုတ်သဖြင့် ယွဲ့ချင်းရိုမှာ များမကြာမီ ပျင်းရိလာလေသည်။

ပြောပြပြီးနောက် ဓားနတ်ဘုရားက လင်ချွမ်ကို ကြည့်ကာ "သခင်လေးလင်... ဒါတောင်မှ တောင်ပေါ်တက်ဖို့ ဆုံးဖြတ်ထားတုန်းပဲလား" ဟု မေးလိုက်ရာ လင်ချွမ်က ခေါင်းညိတ်လိုက်သည်။

သူ၏ စိတ်အလိုအရ ကူလွန်တောင်ပေါ်တွင် တစ်ခုခုတော့ ရရှိလိမ့်မည်ဟု ခံစားနေရသည်။

ရရှိမည့်အရာမှာ ကြီးမားမလား သေးငယ်မလားဆိုသည်ကိုမူ သူ မသိသေးချေ။

ဓားနတ်ဘုရားမှာ သက်ပြင်းချရုံမှတစ်ပါး အခြားမရှိတော့ပေ။

သို့သော် ရောက်နေမှတော့ ကူလွန်တောင်ပေါ်သို့ နောက်တစ်ခေါက်တက်ခြင်းမှာ ကိစ္စမရှိလှပါ။

"ဒီနေ့တော့ အချိန်နှောင်းသွားပြီ၊ မနက်ဖြန်မနက်မှ တောင်ပေါ်တက်ကြတာပေါ့" ဟု အပြင်ဘက်ကောင်းကင်ကို ကြည့်ကာ လင်ချွမ်က ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် သူတို့သုံးယောက် ထွက်ခွာခဲ့ကြ၏။

ကူလွန်တောင်တန်းမှာ ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိပြီး အမြင့်ပေကြောင့် အပူချိန်မှာ ပို၍နိမ့်ဆင်းနေသည်။

သို့သော် သူတို့သုံးယောက်အတွက်မူ ဤအပူချိန်မှာ ဘာမှမဟုတ်ပေ။

သို့သော်လည်း ထူထပ်ဖြူဖွေးသော မြူထုကြီးက မြင်ကွင်းများကို ပိတ်ဆို့ထားသဖြင့် တောင်ပေါ်တက်ရသည်မှာ အတော်ပင် ခက်ခဲနေလေ၏။

ဓားနတ်ဘုရား၏ ကူလွန်တောင်အကြောင်း ဗဟုသုတမှာ မြူထုထဲတွင် တောင်တက်ရန်အတွက် လုံလောက်မှုမရှိလှပေ။ ထို့ကြောင့် သူတို့သုံးယောက်မှာ တောင်ထဲတွင် လမ်းပျောက်ပြီး နာရီဝက်ခန့် လည်နေခဲ့ကြသည်။

သူတို့အတွက်မူ လမ်းပျောက်ခြင်းမှာ ပြဿနာအသေးအမွှားသာဖြစ်၏။

မြူထဲမှ ထွက်ရန် အရိုးရှင်းဆုံးနည်းလမ်းမှာ အမြင့်သို့ ပျံသန်းသွားရန်သာ။

ဤမျှ ကျင့်စဉ်အဆင့်မြင့်မားသူ သုံးယောက်မှာ လမ်းပျောက်ရုံဖြင့် တောင်ထဲတွင် ပိတ်မိနေသည်ဆိုပါက ရယ်စရာပင် ဖြစ်နေလိမ့်မည်။

လမ်းတစ်လျှောက်တွင် ယွဲ့ချင်းရိုက ဓားနတ်ဘုရားမှာ ပို၍ပို၍ အားကိုးမရဖြစ်လာသည်ဟု ငြီးတွားနေခဲ့သည်။

သူ့တပည့်ကို လင်ချွမ်ထံ ရောင်းစားချင်နေသည်မှာ တစ်ပိုင်း၊ သူလို လူကဲ့သို့ အတွေ့အကြုံရှိသူတစ်ယောက်က မည်သို့ လမ်းပျောက်နိုင်သနည်း။

လင်ချွမ်ကမူ ၎င်းကို ဂရုမစိုက်ဘဲ ရယ်စရာတစ်ခုအဖြစ်သာ သဘောထားနေသည်။

ဓားနတ်ဘုရားက မြူထုကို မြင်သောအခါ

"ဒီမြူက တကယ့်ကို ထူးခြားတယ်၊ နှစ်တစ်ရာမှာ တစ်ခါပဲ မြင်ရခဲတဲ့ မြူမျိုးပဲ" ဟု အံ့ဩတကြီး ပြောလေ၏။

ထို့ကြောင့် သူတို့သုံးယောက် လမ်းပျောက်ခြင်းမှာ မကောင်းသည့်အရာ မဟုတ်နိုင်ပေ။

"ကဲ... တိတ်တော့။ ဒီမြူက သာမန်မဟုတ်ဘူး၊ အနည်းဆုံးတော့ ငါတောင် ဒါကို ထိုးဖောက်မမြင်နိုင်ဘူး"

ဟု လင်ချွမ်က ယွဲ့ချင်းရို၏ ငြီးတွားမှုကို ဖြတ်ပြောကာ ဓားနတ်ဘုရားဘက်မှ ဝင်ရှင်းပြလိုက်သည်။

လင်ချွမ်၏ လက်ရှိကျင့်စဉ်အဆင့်နှင့်ဆိုလျှင် သာမန်မြူများကို မဆိုထားနှင့်၊ မျက်လှည့်ပြကွက်များစွာကိုပင် သူ ဖောက်ထွင်းမြင်နိုင်သည်။

သို့သော် ဤမြူကိုမူ သူ လုံးဝ ထိုးဖောက်မမြင်နိုင်ပေ။ ၎င်းက မြူမှာ သာမန်မဟုတ်ကြောင်း သက်သေပြနေသည်။

ဖြစ်နိုင်သည်မှာ အဆင့်မြင့် ကျင့်ကြံသူများ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

သူ၏ အဆင့်မှာ သိုင်းဧကရာဇ်အဆင့်ထက် မြင့်မားနေသည်။

ဂိုဏ်းချုပ် ရီချန်းကို အဆင့်မြင့် ကျင့်ကြံသူတစ်ဦးအဖြစ် လူသိများသော်လည်း သူ၏ အဆင့်မှာ အထွတ်အထိပ်တွင်သာ ရှိသေးသည်။

ရှုတောင်ဂိုဏ်း တစ်ခုလုံး၏ ကျင့်စဉ်မှာလည်း ကိုယ်ခံပညာလောကထက် မသာလွန်ပေ။

လင်ချွမ်၏ အမြင်တွင် ၎င်းမှာ သာမန်အဆင့် ကျင့်ကြံသူများဟုသာ သတ်မှတ်နိုင်သည်။

လင်ချွမ်က ရှုတောင်ဂိုဏ်းကို အထင်သေးခြင်းမဟုတ်ဘဲ သူနားလည်ထားသော အဆင့်မြင့် ကျင့်ကြံသူများနှင့် အလွန်ကွာခြားနေသောကြောင့် ဖြစ်၏။

ဓားနတ်ဘုရားမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်ပြီး

"သခင်လေးလင် ဘယ်လိုထင်လဲ"

ဟု မေးလိုက်သည်။

လင်ချွမ်က ခေါင်းခါလိုက်၏။

ဤကဲ့သို့ အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

၎င်းသည် သူမှတ်မိနေသော အစီအမံများနှင့် အလွန်တူနေသည်။

သို့သော် သူဤလောကတွင် ရှိနေခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း အစီအမံတစ်ခုမျှ မမြင်ဖူးခဲ့ပေ။

အများဆုံးရှိလျှင် စစ်ဗျူဟာ သုံးပုံနှင့်တူသော တိုက်ပွဲပုံစံများသာ ရှိသည်။

ထို့ကြောင့် ဤနေရာ၏ ထူးခြားဆန်းပြားမှုမှာ လုံးဝ ရှင်းပြ၍မရနိုင်ပေ။

"ဘာပဲဖြစ်ဖြစ်... ဆက်တက်ကြတာပေါ့"

လင်ချွမ်က မှတ်ချက်မပေးဘဲ ပြောလိုက်သည်။

ဤနေရာကို စူးစမ်းရန် တစ်ခုတည်းသောနည်းလမ်းမှာ အပေါ်သို့ ဆက်တက်ရန်သာ။

တောင်ထိပ်သို့ ရောက်လျှင် အားလုံးကို သိရလိမ့်မည်။

ဓားနတ်ဘုရားက တောင်ထိပ်တွင် ဘာမှမရှိကြောင်း အာမခံနေသော်လည်း ကိုယ်တိုင်မကြည့်ဘဲ မည်သို့သိနိုင်မည်နည်း။

ပြောရလျှင် ဓားနတ်ဘုရားသည် ကူလွန်သို့ မရောက်သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ရာ ကူလွန်တောင် ပြောင်းလဲသွားခြင်း ရှိမရှိ မည်သူမျှ မသိနိုင်ပေ။

တောင်ပေါ်သို့ တက်ရန် လမ်းမရှိတော့သဖြင့် သူတို့သုံးယောက်မှာ မြေပြင်နှင့် ကပ်ကာ ပျံတက်ခဲ့ကြသည်။

မြူများက အလွန်ထူထပ်သဖြင့် မြေပြင်မှ ဆယ်မီတာခန့် အကွာတွင်ပင် မြေပြင်ကို မမြင်ရတော့ပေ။

၎င်းမှာ ပထမအဆင့် ကျင့်ကြံသူများအတွက် မယုံနိုင်စရာပင် ဖြစ်နေ၏။

သူတို့၏ မျက်လုံးများမှာ သာမန်လူများထက် သာလွန်သည်။

မိုင်ပေါင်းထောင်ချီ မမြင်နိုင်သော်လည်း မီတာရာဂဏန်းအတွင်း အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သို့သော် ဤနေရာတွင်မူ သူတို့သုံးယောက်မှာ သာမန်လူများကဲ့သို့။

ယနေ့တွင် ကူလွန်တောင်တန်းမှာ ပုံမှန်ထက် ပို၍တိတ်ဆိတ်နေသည်။

ထူထပ်သော မြူများက သူတို့၏ အမြင်အာရုံကိုသာမက အာရုံခံစားမှုကိုပါ ပိတ်ဆို့ထားသည်။

သိုင်းဧကရာဇ်တစ်ယောက်၏ စိတ်ဝိညာဉ်အာရုံခံစားမှုဖြစ်စေ၊ အထွတ်အထိပ်နယ်ပယ်၏ အာရုံခံမှုဖြစ်စေ ဤမြူထဲတွင် အသုံးမဝင်တော့ပေ။

သူ၏ ခွန်အားများသာ ထိခိုက်မှုမရှိလျှင် လင်ချွမ်မှာ လှည့်ပြန်သွားမည်မှာ အသေအချာပင်။

သူတို့သုံးယောက်သည် မည်မျှကြာအောင် ပျံတက်ခဲ့သည်မသိဘဲ အပေါ်သို့ ဆက်တက်ရန် နေရာမရှိတော့သည့် အမှတ်သို့ ရောက်မှသာ ရပ်လိုက်ကြသည်။

ပတ်ဝန်းကျင်ကို ခဏမျှ စူးစမ်းပြီးနောက် ဓားနတ်ဘုရားက "ဒါ နတ်ရေကန် ဖြစ်ရမယ်" ဟု ဆိုသည်။

ကူလွန်တောင်၏ နတ်ရေကန် (သို့မဟုတ်)ကျောက်စိမ်းရေကန် သည် ဒဏ္ဍာရီများမှ လာခြင်းဖြစ်သည်။

၎င်းသည် ဒဏ္ဍာရီလာ အနောက်ဘက်မယ်တော်ကြီး နှင့် ဆက်နွယ်နေလေ၏။

ထိုနေရာသို့ ရောက်သောအခါ ထူထပ်သော မြူများမှာ ဆန်းကြယ်စွာ ပျောက်ကွယ်သွားတော့၏။

သို့သော် ရေကန်၏ အပြင်ဘက်တွင်မူ မြူများမှာ ရှိနေဆဲ ဖြစ်သည်။

ကျောက်စိမ်းရေကန်နှင့် ကူလွန်တောင်တန်း တစ်ခုလုံးမှာ မတူညီသော ကမ္ဘာနှစ်ခုတွင် တည်ရှိနေသကဲ့သို့ပင်။

သူတို့သုံးယောက် ကျောက်စိမ်းရေကန်သို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားကြသည်။

ရေကန်၏ မျက်နှာပြင်မှာ အလွန်ငြိမ်သက်နေပြီး နေရောင်ခြည်က မြူများကို ထိုးဖောက်ကာ ရေမျက်နှာပြင်ပေါ်တွင် မှိန်ပျပျ တောက်ပနေ၏။

ကျောက်စိမ်းရေကန် တစ်ခုလုံးမှာ မှန်တစ်ချပ်ကဲ့သို့ ငြိမ်သက်နေသည်။

ကူလွန်တောင်မှာ မှန်အတိုင်းဖြစ်နေပြီး ရေကန်မှာလည်း သာမန်ရေကန်တစ်ခုကဲ့သို့ပင်။

ဓားနတ်ဘုရားသည် သဘာဝအရ သတိကြီးသူဖြစ်သဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ လင်ချွမ်ကို

"သခင်လေးလင်... ဒီမှာ တစ်ခုခုတော့ မှားနေသလိုပဲ... ပြန်ကြမလား"

ဟု မေးလိုက်သည်။

သူတစ်ယောက်တည်း သို့မဟုတ် လင်ချွမ်နှင့်ဆိုလျှင် သူ စွန့်စားရန် ဝန်မလေးသော်လည်း ယွဲ့ချင်းရိုကိုမူ အန္တရာယ်မဖြစ်စေချင်ပေ။

သူ ထုတ်မပြောသော်လည်း ယွဲ့ချင်းရိုကို သမီးတစ်ယောက်ကဲ့သို့ အမြဲသဘောထားခဲ့သည်။

လင်ချွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ခေါင်းမလှည့်ဘဲ "ယွဲ့ချင်းရိုကို ပြန်ခေါ်သွားလိုက်တော့။ ငါ ဒီမှာ စောင့်နေမယ်" ဟု ဆိုသည်။

သူ၏ ပြတ်သားမှုက နောက်ထပ်ဘာဖြစ်လာမည်ကို သိနေသကဲ့သို့ပင်။

ဓားနတ်ဘုရားက ယွဲ့ချင်းရိုအတွက် စိုးရိမ်နေသည်ကို သူသိသဖြင့် အရင်ပြန်ရန် ပြောလိုက်ခြင်းဖြစ်၏။

ဓားနတ်ဘုရား ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

လင်ချွမ်သာ အန္တရာယ်ရှိနေလျှင် သူနေခဲ့လည်း အကူအညီဖြစ်မည်မဟုတ်ပေ။

သို့သော် သူစကားပြောပြီးသည်နှင့် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလေတော့သည်။

အခန်း ၁၄၄ - လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းရေကန်

လင်ချွမ် နှင့် ဓားနတ်ဘုရား တို့က သူမကို အထင်သေးနေကြသည်ဟု ခံစားရသဖြင့် ယွဲ့ချင်းရိုသည် အစပိုင်းတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရ၏။

သို့သော် သူမသည် သုံးယောက်ထဲတွင် အားအနည်းဆုံးဖြစ်ကြောင်း ထည့်တွက်ကာ ပြန်လည်နှုတ်ဆိတ်သွားခဲ့သည်။

သူမတွင် ထိုမျှလောက်သော ကိုယ်ကိုယ်ကိုယ် သိစိတ်တော့ ရှိပါသည်။

သို့သော် သူမ၏ ပတ်ဝန်းကျင်တွင် မြူများ ရုတ်တရက် ထူထပ်လာသည်ကို မြင်သောအခါ သူမက ပြုံးပြီး

"ကြည့်စမ်း၊ အခုတော့ ငါတို့ ထွက်သွားလို့ မရတော့ဘူး မဟုတ်လား" ဟု ဆိုသည်။

မူလက မြူများကြားတွင် ဆယ်မီတာခန့် အကွာအဝေးအထိ မြင်နိုင်သေးသော်လည်း ယခုမူ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။

လင်ချွမ်က ထိုအပြောင်းအလဲကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။

ဓားနတ်ဘုရားမှာမူ ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို အလွန်အမင်း သတိထားလျက် စောင့်ကြည့်နေ၏။

ပုံမှန်မဟုတ်သော မည်သည့်အရာမဆို သံသယဖြစ်ဖွယ်ပင်။

ကူလွန်တောင်တန်းရှိ ဤရုတ်တရက် အပြောင်းအလဲသည် ကောင်းသောလက္ခဏာ မဖြစ်နိုင်ပေ။

အခြေအနေများ မရှင်းလင်းမီအထိ ဤအပြောင်းအလဲများကို မကောင်းသော အရာအဖြစ် ရှုမြင်ခြင်းသည်သာ အကောင်းဆုံးပင်။

သူမဘာသာ ပြုံးပျော်နေသော ယွဲ့ချင်းရိုကိုမူ လင်ချွမ်နှင့် ဓားနတ်ဘုရားတို့က ကာကွယ်ပေးထားလေ၏။

အထူးသဖြင့် ဓားနတ်ဘုရားသည် သေရမည်ဆိုလျှင်တောင် ယွဲ့ချင်းရို ထိခိုက်နစ်နာသည်ကို ဘယ်တော့မှ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

လင်ချွမ်သည် မျက်စိမှိတ်ကာ သူ၏ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။

ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပြီးကတည်းက သူသည် ပြိုင်ဘက်ကင်းသလောက် ဖြစ်နေခဲ့သည်။

ယခု စစ်ဘုရင် သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ သူနှင့် ယှဉ်နိုင်သော ပြိုင်ဘက်ကို တွေ့ရန် ပို၍ပင် ခက်ခဲသွားပြီဖြစ်၏။

ထို့ကြောင့် သူ၏ စိတ်ဝင်စားမှုကို နှိုးဆွနိုင်သော အရာမှာ အလွန်နည်းပါးလှသည်။

ကျောက်စိမ်းရေကန်၏ ထူးဆန်းသော ဖြစ်ရပ်များတွင် လူသားတို့၏ ကြားဝင်စွက်ဖက်မှု လက္ခဏာများကို လင်ချွမ်သတိပြုမိလိုက်သည်။

"ဒီမြူထူတွေထဲမှာ အားကောင်းတဲ့ စွမ်းအင်တစ်ခု ရှိနေတယ်၊ ဒါပေမဲ့ အဲဒါက အတွင်းအား တော့ မဟုတ်ဘူး"

ဟု မျက်စိမှိတ်ထားသော လင်ချွမ်က ရုတ်တရက် ပြောလိုက်၏။

သူ အနည်းငယ်သာ အာရုံခံနိုင်ပြီး မြူထူများ၏ စွမ်းအင်သည် အာရုံခံနိုင်စွမ်းကို ပိတ်ပင်ထားသည်။

ထိုစွမ်းအင်သည် ဝိညာဉ်စွမ်းအင် နှင့်လည်း မတူသလို၊ အတွင်းအားနှင့်လည်း မတူပေ။

အကယ်၍ စကားလုံးဖြင့် ဖော်ပြရမည်ဆိုလျှင် ၎င်းသည် အင်အားနှစ်ရပ် ပေါင်းစပ်ထားသကဲ့သို့ပင်။

ထိုအင်အားနှစ်ရပ်ထက် ပို၍ အဆင့်မြင့်ပြီး ပို၍ သိပ်သည်းလှသည်။

ထိုစွမ်းအင်များ၏ မြစ်ဖျားခံရာမှာ...

လင်ချွမ်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး သူ၏ ခြေရင်းကို ငုံ့ကြည့်လိုက်သည်။

"ကျောက်စိမ်းရေကန်လား"

သူ၏ ထက်မြက်သော အာရုံခံစားမှုမှတစ်ဆင့် မြူထူများအတွင်းရှိ စွမ်းအင်အားလုံးသည် အောက်ဘက်ရှိ ကျောက်စိမ်းရေကန်ဆီသို့ ဦးတည်နေကြောင်း သူ သိလိုက်ရ၏။

သို့သော် လင်ချွမ်ကို ဇဝေဇဝါ ဖြစ်စေသည်မှာ အောက်ဘက်တွင် သက်ရှိအငွေ့အသက် လုံးဝ မရှိခြင်းပင်။

အောက်မှာ ဘယ်သူရှိနေတာလဲ။

လင်ချွမ်သည် နားမလည်နိုင်ဘဲ ဖြည်းဖြည်းချင်း ဆင်းသက်သွားပြီး အိပ်စက်နေသော အရာဝတ္ထုပေါ်သို့ နင်းလိုက်သည်။

သူသည် ရေကန်ထဲသို့ ဝင်ရန် ရည်ရွယ်ကာ တစ်ကိုယ်လုံးကို အတွင်းအားဖြင့် ဖုံးအုပ်လိုက်၏။

သို့သော် ရေကန်၏ မျက်နှာပြင်ပေါ်တွင် သူ့ကို ဝင်ခွင့်မပြုသော အားကောင်းသည့် အတားအဆီးတစ်ခု ရှိနေကြောင်း သူ ရှာဖွေတွေ့ရှိလိုက်သည်

ကျောက်စိမ်းရေကန်ကို အဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ပင်၊ ထိုအဖုံးကို ဖောက်ထွင်းရန် သူ့တွင် အင်အားမရှိသေးပေ။

ဓားနတ်ဘုရားသည်လည်း အောက်ဘက်ရှိ ထူးခြားမှုကို သတိပြုမိဟန်ရှိပြီး လင်းချွမ်းနောက်သို့ လိုက်ပါဆင်းသက်လာသည်။

"သခင်လေးလင်၊ ကျွန်တော်တို့ တစ်ခုခု လုပ်ကြမလား"

ဓားနတ်ဘုရားသည် အလွန်သတိကြီးသူဖြစ်သည်။

လင်ချွမ်က ခဏမျှ စဉ်းစားပြီး

"ငါပဲ ကိုင်တွယ်လိုက်မယ်၊ မင်းက မင်းကိုယ်မင်းနဲ့ ယွဲ့ချင်းရိုကိုပဲ သေချာကြည့်ထားပါ"

ဟု ပြောလိုက်သည်။

သူက ပြောပြောဆိုဆိုနှင့်ပင် လက်တစ်ဖက်ဖြင့် ကြာပန်းတံဆိပ်ကို ဖော်ဆောင်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူသည် ရှောင်လင်ကျောင်းတော်တွင် ဗုဒ္ဓလက်ဝါးသိုင်းကျမ်းကို ရရှိခဲ့ပြီး၊ ကျင့်စဉ်အဆင့် တိုးတက်လာသည်နှင့်အမျှ ယခုအခါ ၎င်းကို အပြည့်အဝ ကျွမ်းကျင်သွားပြီဖြစ်၏။

သူ၏ ဤလက်ဝါးချက်ကို လူ့လောကတွင် မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် ဤအားကောင်းသော လက်ဝါးချက်သည် ရေမျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်အနည်းငယ်သာ ဖြစ်ပေါ်စေပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

ဓားနတ်ဘုရား၏ မျက်နှာသည် လုံးဝ တည်ကြည်သွား၏။

သူသည် လင်ချွမ်၏ ခွန်အားကို အတိအကျ မသိသော်လည်း၊ ခုနက လက်ဝါးချက်သည် သူ့ကိုပင် အလွယ်တကူ သတ်နိုင်ကြောင်း သူ သိသည်။

သို့သော် ထိုလက်ဝါးချက်က မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။

ရေမျက်နှာပြင်ပေါ်ရှိ ထူးခြားမှုသည် သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသည်မှာ ထင်ရှားသည်။

သေချာစဉ်းစားပြီးနောက် သူက လင်ချွမ်ကို

"သခင်လေးလင်၊ ဒီနေရာက ပုံမှန်မဟုတ်ဘူး"

"အရင်ဆုံး ထွက်သွားဖို့ လမ်းရှာရအောင်" ဟု ပြောသည်။

သို့သော် လင်ချွမ်က ခေါင်းယမ်းလိုက်သည်။

ဒဒီကျောက်စိမ်းရေကန်ရဲ့ ချိတ်ပိတ်မှုကို မဖျက်ဆီးနိုင်သရွေ့ ငါတို့ထဲက ဘယ်သူမှ ဒီနေရာကနေ ထွက်သွားလို့ရမှာ မဟုတ်ဘူး"

ဓားနတ်ဘုရားသည် အနည်းငယ် သံသယဖြစ်ကာ မြူထူများထဲသို့ ဝင်ရန် ရည်ရွယ်ပြီး ကျောက်စိမ်းရေကန်၏ အစွန်းဘက်သို့ ပျံသန်းသွားသည်။

ထိုစဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့လေ၏။

ကျောက်စိမ်းရေကန်၏ အစွန်းတစ်ဝိုက်တွင် မမြင်ရသော အတားအဆီးတစ်ခု ရှိနေပြီး ၎င်းတို့ သုံးယောက်ကို အတွင်း၌ ပိတ်လှောင်ထားသည်။

ဓားနတ်ဘုရားသည် ဓားကိုဆွဲထုတ်ကာ အတားအဆီးကို ခုတ်ပိုင်းလိုက်သော်လည်း ထူးခြားမှု မရှိပေ။

ထို့ပြင် သူသည် ထိုအတားအဆီး၏ တုံ့ပြန်အားကြောင့် လေထဲတွင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။

ဓားနတ်ဘုရားသည် ကမောက်ကမ ဖြစ်သွားသော သူ၏ အတွင်းအားကို ထိန်းညှိရန် အသက်ပြင်းပြင်း နှစ်ချက်ရှူလိုက်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူ တစ်ခုခု မလုပ်မီမှာပင် လင်ချွမ်က

"ကြိုးစားနေဖို့ မလိုတော့ဘူး"

"အပေါ်ကနေ ထွက်လို့မရဘူး၊ ငါတို့က အမြင့်ကြီးကို ရောက်နေပြီ"

"ဒီထက် ပိုမြင့်သွားရင် အောက်ဆီဂျင် ပြတ်လပ်သွားလိမ့်မယ်" ဟု ဆိုသည်။

"အောက်ဆီဂျင် ပြတ်လပ်တာလား"

ဓားနတ်ဘုရားသည် ဇဝေဇဝါ ဖြစ်သွားသည်။

ဤစကားလုံးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။

လင်ချွမ်က သူ၏ခေါင်းကို ပုတ်ကာ

"ရှူစရာ လေမရှိတော့ဘူးလို့ ပြောတာ" ဟု ရှင်းပြလိုက်သည်။

ဓားနတ်ဘုရားက ယုံကြည်မှုရှိရှိ ပြုံးလိုက်ပြီး

"သခင်လေးလင်က ကျွန်တော်လည်း ထိပ်သီးနယ်ပယ်ကို ရောက်နေတယ်ဆိုတာ မေ့နေပုံပဲ"

"ကျွန်တော့်ရဲ့ အတွင်းအားနဲ့ဆိုရင် နာရီပေါင်းများစွာ တောင့်ခံနိုင်ပါတယ်" ဟု ဆိုသည်။

လင်ချွမ်က နောက်တစ်ကြိမ် ခေါင်းယမ်းလိုက်ပြီး

"လေမရှိတာတင် မဟုတ်ဘူး၊ အပူချိန်ကလည်း အရမ်းနိမ့်တယ်"

ကျောက်စိမ်းရေကန်သည် အလွန်မြင့်သော နေရာတွင် ရှိနေပြီးဖြစ်သည်။

ရှေ့ဆက်တက်မည်ဆိုပါက ဤအတားအဆီးမှ ထွက်ခွာနိုင်ရန် အနည်းဆုံး မီတာ ရာဂဏန်းခန့် ပျံသန်းရပေဦးမည်။

ထိုအမြင့်တွင် အပူချိန်သည် သုညဒီဂရီအောက် ဆယ်ဂဏန်းအထိ ရှိပေလိမ့်မည်။

ထို့ပြင် ၎င်းတို့ကို ဝိုင်းရံထားသော မြူထူများသည် အာရုံခံစားမှုနှင့် အမြင်အာရုံကို ပိတ်ပင်ထားရုံသာမက အလွန်အမင်း အေးစက်သော အပူချိန်ကိုလည်း ဆောင်ကြဉ်းလာသည်။

၎င်းတို့၏ စွမ်းရည်အရ ရေတိုတွင် မထိခိုက်နိုင်သော်လည်း အပူချိန် ထပ်မံကျဆင်းလာပါက ယွဲ့ချင်းရိုသည် ပထမဆုံး ဒုက္ခရောက်မည့်သူပင်။

သိုင်းပညာရှင်များသည် လူသားများသာ ဖြစ်ကြသည်။ ၎င်းတို့သည် သာမန်လူများထက် ပတ်ဝန်းကျင်အပေါ် မှီခိုမှု နည်းနိုင်သော်လည်း၊ အောက်ဆီဂျင်မရှိသည့် အေးစက်သော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ရှင်သန်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

စကားပြောပြီးနောက် လင်ချွမ်သည် ဓားနတ်ဘုရားကို ဂရုမစိုက်တော့ဘဲ အောက်ဘက်ရှိ ရေပြင်ကို ကြည့်ကာ အလေးအနက် စဉ်းစားနေသည်။

သာမန် ခွန်အားဖြင့်မူ အောက်ဘက်ရှိ အတားအဆီးကို ဖောက်ထွင်းရန် မဖြစ်နိုင်ပုံပင်။

သူသည် သိုင်းဧကရာဇ် အဆင့်ဖြစ်လာခဲ့သော်လည်း၊ ထိုအဆင့်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးဟု သူ မည်သည့်အခါမျှ မထင်ခဲ့ပေ။

အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူ၏ 'မဟာကောင်းကင်ဘုံ မသေမျိုး ကျင့်စဉ်' သည် ပို၍ မြင့်မားသော နယ်ပယ်ကို ကိုယ်စားပြုသည်။

ထို့အပြင် သူသည် ဘေးဒုက္ခသုံးမျိုးနှင့် အခက်အခဲကိုးမျိုး ကိုလည်း ဖြတ်ကျော်ရဦးမည်။

သူသည် အမတ မသေမျိုး ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ စတင်ခြေချနေပြီ ဖြစ်သော်လည်း ၎င်းမှာ စတင်ကာစသာ ရှိသေးသည်။

အတွင်းအားတစ်ခုတည်းဖြင့် မထိရောက်သောကြောင့် လင်ချွမ်သည် ခဏမျှ စဉ်းစားပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင် ကို ထည့်သွင်းလိုက်သည်။

ဝိညာဉ်စွမ်းအင်ကို မဆင်မခြင် အသုံးပြုခြင်းသည် အလွန်အန္တရာယ်များသော်လည်း၊ ပိုကောင်းသော နည်းလမ်းကို မတွေ့ရှိသဖြင့် စမ်းသပ်ကြည့်ရန်သာ ရှိတော့၏။

လင်ချွမ်၏ ဝိညာဉ်စွမ်းအင်သည် ဤတစ်ကြိမ်တွင်မူ ရေကန်၏ အတားအဆီးကို အဟန့်အတားမရှိ ဖောက်ထွင်းသွားနိုင်ခဲ့သည်။

ကျောက်စိမ်းရေကန်၏ ရေပြင်အောက်တွင် လင်းချွမ်းသည် ကြွယ်ဝသော စွမ်းအင်နှင့် အားကောင်းသော စိတ်ဆန္ဒတစ်ခုကို အာရုံခံမိ၏။

လင်ချွမ်၏ ဝိညာဉ်စွမ်းအင် ရေထဲသို့ ရောက်သွားသည်နှင့် တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ်တွင် ရုတ်တရက် လှိုင်းတွန့်များ ပေါ်လာသည်။

အပြင်ဘက်ရှိ မြူထူများသည်လည်း သက်ရောက်မှုရှိလာပြီး တိမ်ပင်လယ်ကဲ့သို့ စတင်လှုပ်ခတ်လာသည်။

ယွဲ့ချင်းရိုနှင့် ဓားနတ်ဘုရားတို့သည် ထိုကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမျှ မမြင်ဖူးသဖြင့် ခဏမျှ မှင်တက်သွားကြ၏။

လင်ချွမ်မှာမူ အပြင်ဘက်က မြင်ကွင်းကို ဂရုမစိုက်နိုင်တော့ပေ။

သို့မဟုတ် ဂရုစိုက်ရန် အင်အား မရှိတော့ခြင်းလည်း ဖြစ်နိုင်မည်။

ကျောက်စိမ်းရေကန်၏ ရေပြင်အောက်တွင် ထိုအသိစိတ်သည် သက်ရှိတစ်ခုကဲ့သို့ ရှိနေသည်။

လင်ချွမ်၏ ဝိညာဉ်စွမ်းအင်ကို အာရုံခံမိသည်နှင့် ၎င်းသည် လင်ချွမ်ထံသို့ အရူးအမူး ချဉ်းကပ်လာပြီး ပေါင်းစပ်ရန် ကြိုးစားတော့သည်။

လင်ချွမ်သည် ဝိညာဉ်စွမ်းအင်အကြောင်းကို အသေအချာ မသိသေးသဖြင့် မရင်းနှီးသော စွမ်းအင်ကို အလွယ်တကူ လက်ခံ၍ မဖြစ်ပေ။

ထို့ကြောင့် သူ၏ ဝိညာဉ်စွမ်းအင်ကို အမြန် ပြန်လည်ရုပ်သိမ်းရန် ကြိုးစားသည်။

သို့သော် ရေကန်ထဲမှ ပြန်အထွက်တွင် အခက်အခဲတစ်ခုနှင့် ကြုံတွေ့ရပြန်သည်။

တည်ငြိမ်သော ရေမျက်နှာပြင်သည် တံခါးတစ်ခုကဲ့သို့ လင်ချွမ်၏ ဝိညာဉ်စွမ်းအင်ကို ရေအောက်တွင် တင်းကျပ်စွာ ပိတ်လှောင်ထားလိုက်ပြန်၏။

အစက ဝင်ရတာ လွယ်သလောက် အခု ထွက်ချင်တဲ့အခါမှာတော့ ထွက်လို့ မရတော့ပေ။

လင်ချွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ စုဆောင်းနိုင်သမျှ ဝိညာဉ်စွမ်းအင်အားလုံးကို အသုံးပြု၍ ရေမျက်နှာပြင်ကို ဗုံးကြဲသကဲ့သို့ တိုက်ခိုက်လိုက်သည်။

တည်ငြိမ်နေသော ရေမျက်နှာပြင်သည် ရုတ်တရက် လှိုင်းတံပိုးများ ထလာပြီး ပတ်ဝန်းကျင်ရှိ မြူထူများသည်လည်း ပို၍ ပြင်းထန်စွာ လှုပ်ခတ်လာတော့သည်။

အခြေအနေမှာ ရုတ်ခြည်း ပြောင်းလဲသွားခဲ့လေပြီ။

All Chapters