← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅) - မသေမျိုးက အလျှော့ပေးလိုက်တာလား

ဓားနတ်ဘုရားသည် ဘာဖြစ်သွားမှန်းကို မသိလိုက်ချေ။

သူ၏ လက်ရှိ ကျင့်စဉ်အဆင့်အတန်းအရ တောအုပ်နှင့် ရေပြင်ကို ဖြတ်သန်းစီးဆင်းနေသည့် လျှို့ဝှက်ဆန်းပြားသော အင်အားတစ်ခုကိုသာ မသဲမကွဲ ခံစားမိနေသည်။

ဤအင်အားကြောင့်ပင် ကျောက်စိမ်း ရေကန်တွင် ယခုကဲ့သို့ ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်နေခြင်းဖြစ်၏။

ယွဲ့ချင်းရို သည် ဓားနတ်ဘုရား၏ နောက်ကွယ်တွင် ပုန်းအောင်းရင်း သံသယစိတ်များဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသည်။

ကျင့်စဉ်အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ဓားနတ်ဘုရားပင် ဘာဖြစ်နေမှန်း နားမလည်နိုင်ပါက၊ သူမကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးအတွက်မူ ပြောနေရန်ပင် မလိုတော့ချေ။

ဖြစ်နိုင်သည်မှာ လင်ချွမ်၏ ဝိညာဉ်အင်အားက အလွန်တရာ အစွမ်းထက်လွန်းနေခြင်း သို့မဟုတ် ရေအောက်ရှိ လျှို့ဝှက်ဆန်းပြားသော အသိစိတ်က အားမကောင်းခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

လင်ချွမ်သည် နောက်ဆုံးတွင် ရေပေါ်သို့ ပြန်တက်လာပြီး သူ၏ ဝိညာဉ်အင်အားအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ဝိညာဉ်အင်အားကို ပြန်လည်ရုပ်သိမ်းပြီးနောက် လင်ချွမ်သည် ချက်ချင်းမျက်လုံးဖွင့်ကာ ဝေဟင်ထက်သို့ ပျံတက်လိုက်သည်။

သူ ခုနက ခံစားလိုက်ရသော အသိစိတ်မှာ သက်ရှိတစ်ဦး၏ အသိစိတ်ဖြစ်ကြောင်း သူ အသေအချာ ယုံကြည်ထား၏။

၎င်းသည် လူတစ်ဦး ဖြစ်နိုင်သလို အမည်မသိ မိစ္ဆာတစ်ကောင်လည်း ဖြစ်နိုင်သည်။

လင်ချွမ်အနေဖြင့် ထိုအင်အားထံမှ ရန်လိုမှုကို မခံစားရသော်လည်း၊ မရင်းနှီးသော ထိုအသိစိတ်နှင့် သူ၏ ဝိညာဉ်အင်အားကို အသုံးပြု၍ ဆက်သွယ်ရန် မဝံ့ရဲသေးပေ။

"ရေအောက်မှာ ဘယ်သူရှိနေတာလဲ"

"ကိုယ်ထင်ပြစမ်း"

လင်ချွမ်က ပြတ်သားစွာ ဟောက်လိုက်သည်။

သူသည် ဗုဒ္ဓလက်ဝါးသိုင်းကို တစ်ဖန် ပြန်လည်ဖော်ဆောင်လိုက်သည်။

ဗုဒ္ဓလက်ဝါး သိုင်းကျမ်းသည် မသေမျိုးကျင့်စဉ်တစ်ခု ဖြစ်သည်။

ထိုကျင့်စဉ်၏ နောက်ဆုံးကွက်မှာ သူ၏ လက်ရှိ သိုင်းဧကရာဇ် အဆင့်နှင့် ပေါင်းစပ်လိုက်ပါက လောကီနယ်ပယ်ကို ကျော်လွန်သွားပြီဖြစ်၏။

တစ်ဖက်လူမှာ တကယ်ပင် ဒဏ္ဍာရီလာ မသေမျိုးဖြစ်နေပါစေ၊ သူ၏ ကျင့်စဉ်အဆင့်ထက် မသာလွန်သရွေ့ လင်ချွမ်အနေဖြင့် ထိခိုက်အောင် ပြုလုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

ဓားနတ်ဘုရားနှင့် ယွဲ့ချင်းရိုတို့မှာ လင်ချွမ်ကြောင့် လန့်သွားကြပြီး ရေပြင်ဆီသို့ အာရုံစိုက်ကြည့်လိုက်ကြသည်။ လှုပ်ခတ်နေသော ကျောက်စိမ်းကန်ရေပြင်မှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

လင်ချွမ်၏ မေးခွန်းအပြီးတွင် ကန်ရေပြင်အလယ်မှ ပူစီပေါင်းများ တဖြည်းဖြည်း ထွက်ပေါ်လာပြီး ရေကန်မှာ ပြန်လည်ဆူပွက်လာသည်။

ရေအောက်မှ တစ်ခုခု ထွက်ပေါ်လာတော့မည့်ပုံပင်။

နောက်ဆုံးတွင် ခေါင်းတစ်ခု ထွက်ပေါ်လာပြီး အထက်ရှိ လူသုံးဦးကို မော့ကြည့်လိုက်သည်။

လင်ချွမ်နှင့် သူ၏ အဖော်နှစ်ဦးမှာ ချက်ချင်း သတိကြီးစွာထားပြီး ထိုခေါင်းကို စိုက်ကြည့်နေမိ၏။

အမှန်အတိုင်းပြောရလျှင် ရေအောက်မှ လူ့ခေါင်းတစ်လုံး ရုတ်တရက် ပေါ်လာခြင်းမှာ အတော်ပင် ကြောက်စရာကောင်းလှသည်။

ကြိုတင်ပြင်ဆင်ထားသော်လည်း သူတို့သုံးဦးစလုံး အနည်းငယ် လန့်သွားကြခြင်း။

လင်ချွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူတို့မြင်နေရသည့် ကြည်လင်သော ရေပြင်မှာ ဖုံးကွယ်ထားမှုတစ်ခုမျှသာ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ဤမျက်နှာပြင်အောက်တွင် ဖုံးကွယ်ထားသော ကမ္ဘာတစ်ခု ရှိနေသည်မှာ အသေအချာပင်။

ခေါင်းတစ်ခုသာ ရေပေါ်ပေါ်လာသော်လည်း ရေအောက်တွင် တစ်ဖက်လူ၏ ကိုယ်ထည် သို့မဟုတ် အရိပ်ကို မမြင်ရချေ။

သူတို့သုံးဦး ဘာမှမပြောရသေးမီ ရေပြင်ပေါ်တွင် အပေါက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး ထိုခေါင်းမှာ ဆက်လက်မြင့်တက်လာကာ ခန္ဓာကိုယ်တစ်ခုလုံး ပေါ်ထွက်လာသည်။

၎င်းမှာ အသက်အရွယ် ခန့်မှန်းရခက်သော အဘိုးအိုတစ်ဦးဖြစ်သည်။

သူ၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည်။

သူ၏ အသားအရေမှာ ချောမွေ့နေသော်လည်း ကလေးငယ်တစ်ဦးကဲ့သို့ ဖြူဖွေးနေခြင်းမျိုးတော့ မဟုတ်ပေ။

ဝတ်ရုံဖြူဝတ် အဘိုးအိုသည် ရေပေါ်တွင် ရပ်လျက် အထက်မှ လူသုံးဦးကို ကြည့်လိုက်သည်။

သူသည် ပထမဦးစွာ ကိုယ်လက်လှုပ်ရှားကာ အကြောဆန့်လိုက်ပြီး "ဟူး... ငါ တကယ်ကို အကြာကြီး အိပ်ပျော်သွားတာပဲ" ဟု သက်ပြင်းချလိုက်သည်။

ခန္ဓာကိုယ်ကို အနည်းငယ် အကြောဆန့်ပြီးနောက် အဘိုးအိုက လူသုံးဦးကို မေးလိုက်သည်။

"မင်းတို့ ကလေးသုံးယောက်... အခုက ဘယ်နှစ်ခုနှစ်လဲ"

အဘိုးအို၏ ပုံပန်းသဏ္ဍာန်နှင့် အနေအထားအရ လင်ချွမ်နှင့် ယွဲ့ချင်းရိုကို 'ကလေးငယ်များ' ဟု ခေါ်ဆိုခြင်းမှာ မမှားသော်လည်း၊ ဆံပင်နှင့် မုတ်ဆိတ်ဖြူနေပြီဖြစ်သော ဓားနတ်ဘုရားကိုပါ 'ကလေး' ဟု ခေါ်ဆိုနေခြင်းမှာ အတော်လေး ထူးဆန်းနေသည် မဟုတ်ပါလား။

လင်ချွမ်သည်လည်း ထိုအဘိုးအိုမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းရင်း အကဲခတ်နေသည်။

ဓားနတ်ဘုရားမှာမူ မျက်နှာပျက်နေပြီး လက်အုပ်ချီကာ

"ဒီ... အကြီးအကဲ။ အခုက မင်မင်းဆက် ဧကရာဇ် ချန်ကျူ နန်းစံတဲ့ကာလပါ" ဟု ပြောလိုက်သည်။

(TN note - ချန်ကျူ က ဧကရာဇ်ကျူတီရဲ့ ဘွဲ့အမည်နာမပါ)

အဘိုးအိုက သူ၏ မေးစေ့ကို လက်ဖြင့်ပွတ်ရင်း ခဏမျှ စဉ်းစားကာ တွေဝေသော မျက်နှာဖြင့်

"မင်မင်းဆက်ဆိုတာ ဘာလဲ"

"မင်ဧကရာဇ် ချန်ကျူဆိုတာ ဘယ်သူလဲ"

ဟု ပြန်မေးလိုက်သည်။

ဓားနတ်ဘုရားမှာ ဆွံ့အသွားပြီး

"ဒါဆို အကြီးအကဲက ဘယ်သူ့ကို သိလဲ?" ဟု မေးလိုက်ရာ

အဘိုးအိုက ခေတ္တစဉ်းစားပြီး

"ငါ အိပ်စက်အနားယူခြင်း မဝင်ခင်က လီရှစ်မင် နန်းတက်ခါစပဲ ရှိသေးတယ်၊ သူ သေသွားပြီလား"

"လီရှစ်မင်"

ဓားနတ်ဘုရားမှာ ကြောင်အမ်းသွားသည်။

သူသည် ပညာတတ်တစ်ဦးမဟုတ်သော်လည်း လီရှစ်မင်ဟူသော အမည်ကိုတော့ သိထားသည်။

၎င်းမှာ အနည်းဆုံး လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီကပင်။

လင်ချွမ်မှာမူ သမိုင်းကြောင်းကို ပိုမိုနားလည်သူပင်။

ဤအဆင့်မြင့် ကိုယ်ခံပညာကမ္ဘာတွင် အစွမ်းထက်သူများမှာ အသက်ရှည်ကြသော်လည်း ၎င်းသည် သမိုင်းကြောင်းအစဉ်အလာကို မထိခိုက်စေပေ။

"လီရှစ်မင် နန်းတက်ကတည်းကဆိုရင် နှစ်ပေါင်း ရှစ်ရာကျော် သွားပြီ"

"ခင်ဗျား နှစ် ရှစ်ရာကျော်လုံး အိပ်ပျော်နေတာလား"ဟု လင်ချွမ်က သံသယဖြင့် မေးလိုက်သည်။

သူ၏ လက်ရှိ အသက်တမ်းအရပင် ရှစ်ရာကျော်အထိ နေထိုင်နိုင်သည်။

ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ နှစ်ပေါင်း ၅၀၀ ဖြစ်သည်။

သူသည် ကျင့်စဉ်အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် သူ၏သက်တမ်းမှာ တစ်ဖန်တိုးမြင့်လာခဲ့သည်။

"သိုင်းဘုရင်' နှင့် 'သိုင်းဧကရာဇ်' အဆင့်များသို့ ရောက်ရှိချိန်တွင်လည်း သက်တမ်းမှာ သဘာဝအတိုင်း ထပ်မံတိုးလာမည်ဖြစ်သည်။

သို့သော် ထိုအဆင့်နှစ်ခုက မည်မျှအထိ ခံမည်ကို လင်ချွမ် မသိသေးပေ။

လင်ချွမ်၏ ခန့်မှန်းချက်အရ နှစ်တစ်ထောင်ဆိုသည်မှာ ပြဿနာမဟုတ်ချေ။

လင်ချွမ်သည် သူ၏ရှေ့မှ အဘိုးအို၏ ကျင့်စဉ်အဆင့်ကို အကဲမဖြတ်နိုင်ပေ။ ထိုအဘိုးအိုသည်

ထိုအဘိုးအိုသည် တကယ်ပင် 'သိုင်းဘုရင်' သို့မဟုတ် 'သိုင်းဧကရာဇ်' အဆင့်တွင် ရှိနေနိုင်၏။

သို့သော် သိုင်းဧကရာဇ်သည်လည်း လူသားပင် မဟုတ်ပါလား။

လင်ချွမ်အနေဖြင့် အစာနှင့် ရေ မစားဘဲ ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ်အနည်းငယ် ခံနိုင်ရည်ရှိသော်လည်း၊ အစာရေစာမရှိဘဲ နှစ်ပေါင်း ရှစ်ရာတိုင်တိုင် အိပ်ပျော်နေခြင်းမှာ ဖြစ်နိုင်ပါ့မလား။

ထို့ကြောင့် အဘိုးအိုမှာ လိမ်ညာနေခြင်းဖြစ်နိုင်သလို၊ သို့မဟုတ်ပါက သူသည် သိုင်းဧကရာဇ်အဆင့်ထက် မြင့်မားသော အဆင့်မြင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ရပေမည်။

"ဒါပေမဲ့... ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား"

လင်ချွမ်က သံသယဝင်နေမိသည်။

အဘိုးအိုမှာ အသိပြန်ဝင်လာဟန်ဖြင့် ခေါင်းခါရင်း သက်ပြင်းချကာ

"ဒီလိုအိပ်ပျော်နေရင်း နှစ် ရှစ်ရာကျော် ကုန်ဆုံးသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

"အချိန်တွေက တကယ် ကုန်လွန်လွယ်တာပဲ" ဟု ဆိုသည်။

အဘိုးအို၏ လျှို့ဝှက်ဆန်းပြားသော အပြုအမူကြောင့် ဓားနတ်ဘုရားမှာ သံသယဝင်လာသည်။

နှစ်ပေါင်း ရှစ်ရာလုံး အိပ်ပျော်နေတာတဲ့လား။

သူ နေထိုင်ခဲ့သည့် သက်တမ်းမှာ ထိုအဘိုးအို အိပ်စက်သည့် အချိန်လောက်ပင် မရှိချေ။

၎င်းမှာ ယုံကြည်ရန် ခက်ခဲလွန်းလှ၏။

ဤအဘိုးအိုမှာ အလွန်အစွမ်းထက်နိုင်ကြောင်း သူ ဝန်ခံသော်လည်း၊ လင်ချွမ်၏ လေးနက်သော မျက်နှာထားအရ ထိုအဘိုးအိုမှာ သာမန်မဟုတ်သည်မှာ ထင်ရှားသည်။

သို့သော် လင်ချွမ်ပင်လျှင် နှစ်ပေါင်း ရှစ်ရာတိုင်အောင် အိပ်ပျော်နေနိုင်မည် မဟုတ်ချေ။

"အကြီးအကဲ၊ တစ်ခုခု မှားနေတာလား"

သူက သတိထားပြီး မေးလိုက်သည်။

သို့သော် အဘိုးအိုမှာ စိတ်တိုတတ်ပုံရသည်။

သူက မျက်စောင်းထိုးရင်း

"မှားနေတာ...ငါက အိုမင်းမစွမ်းဖြစ်နေတာမှ မဟုတ်တာ၊ ဘယ်လိုလုပ် မှားမှာလဲ"

ဟု ဆိုသည်။

ခဏမျှ အငြင်းပွားပြီးနောက် အဘိုးအို၏ အကြည့်မှာ လင်ချွမ်ထံသို့ ကျရောက်သွားသည်။

"မင်း....ကောင်လေးကတော့ မဆိုးဘူးပဲ"

"ဒီလောက် ငယ်ငယ်လေးနဲ့ သိုင်းဧကရာဇ် ဖြစ်နေပြီလား"

"အပြင်လောကမှာ ကိုယ်ခံပညာက အဲ့လောက်တောင် ခေတ်စားနေတာလား"

လင်ချွမ်မှာ မျက်ခုံးအနည်းငယ် မြင့်တက်သွားသော်လည်း မျက်နှာထားကို တည်ငြိမ်စွာ ထားလိုက်သည်။

တစ်ဖက်လူက သူ၏ ကျင့်စဉ်အဆင့်ကို သိမြင်နိုင်သည့်အတွက် သူ အမှန်တကယ်ပင် အံ့အားသင့်သွားမိသည်။

သို့သော် ထိုမျှသာပင်။

ဤနေရာသည် တစ်ဖက်လူ၏ နယ်မြေဖြစ်သောကြောင့် သူ နားမလည်နိုင်သော နည်းလမ်းအချို့ကို အသုံးပြုခြင်းမှာ ပုံမှန်ပင်။

အဘိုးအိုက ဘာမှမထူးခြားသကဲ့သို့ပင် ဆက်လက်ပြောကြားသည်။

"ဟင်း... သူက စိတ်နေစိတ်ထားလည်း ကောင်းတယ်၊ ကျင့်ကြံခြင်းလမ်းစဉ်ထဲတောင် ဝင်နေပြီပဲ"

"ကောင်လေး... မင်း တကယ့် မသေမျိုးဖြစ်လာဖို့ အခွင့်အရေးရှိနိုင်တယ်"

လင်ချွမ်က တိတ်ဆိတ်စွာပင်။

ဓားနတ်ဘုရားမှာမူ စိတ်မထိန်းနိုင်တော့ဘဲ

"အကြီးအကဲ... အကြီးအကဲက မသေမျိုးလား"

ဟု မေးလိုက်သည်။

ဓားနတ်ဘုရားအနေဖြင့် ဤဖြစ်နိုင်ခြေတစ်ခုကိုသာ တွေးမိပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။

မသေမျိုးမဟုတ်ပါက မည်သူက နှစ်ပေါင်း ရှစ်ရာကြာ အိပ်ပျော်ပြီးနောက် ယခုကဲ့သို့ လန်းဆန်းနေနိုင်မည်နည်း။

မသေမျိုးမဟုတ်ပါက လင်းချွမ်း၏ ကျင့်စဉ်အဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် မည်သူက သိနိုင်မည်နည်း။

အဘိုးအိုက ခေါင်းငြိမ့်ပြလိုက်ပြီး ဓားနတ်ဘုရားကို ဂရုမစိုက်တော့ဘဲ လင်ချွမ်နှင့် အကြည့်ချင်း ဆုံလိုက်သည်။

"ခင်ဗျားကိုယ်ခင်ဗျား မသေမျိုးလို့ ပြောတယ်၊ သက်သေရှိလား"

လင်ချွမ်က နောက်ဆုံးတွင် စကားပြောလိုက်ပြီး လိုရင်းကိုသာ တည့်တည့်မေးလိုက်သည်။

အဘိုးအိုက ခေါင်းခါယမ်းကာ ခေတ္တစဉ်းစားပြီးနောက်

"ငါ့မှာ သက်သေမရှိဘူး၊ ပြီးတော့ ငါ မင်းကိုလည်း မနိုင်ဘူး" ဟု ဆိုလိုက်သည်။

လူတိုင်း အံ့အားသင့်သွားရသည်မှာ ထိုအဘိုးအိုက အမှန်တကယ်ပင် အလျှော့ပေးလိုက်ခြင်းပင်။

လင်ချွမ်သည်ပင်လျှင် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသေးချေ။

အခန်း ၁၄၆ ပဟေဠိဆန်သော အဘိုးအို

ထူးဆန်းသောအဖိုးအို၏ အရှုံးပေးမှုမှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိပေ။

အနည်းဆုံးတော့ လင်ချွမ်သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သူ့ရဲ့ အထွတ်အထိပ်အချိန်တုန်းကဆိုလျှင် ဂိုဏ်းချုပ်ရီချန်းသည်ပင် သူနှင့် အပြန်အလှန် လက်ရည်စမ်းနိုင်ခဲ့၏။

သို့သော် ယခု သူက သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ။

အကယ်၍ ဂိုဏ်းချုပ် ရီချန်းသာ သူနှင့် ထပ်မံတိုက်ခိုက်မည်ဆိုပါက မတော်တဆ အင်အားလွန်သွားပြီး ဆရာကြီးကို သတ်မိသွားမည်ကို လင်ချွမ် စိုးရိမ်နေမိသည်။

ဒါဟာ အင်အားအဆမတန် မြန်မြန်ဆန်ဆန် တိုးတက်လာခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ အခက်အခဲပင်။

သူ့ရဲ့ အင်အားအပြည့်နဲ့ ရင်ဆိုင်ရလောက်တဲ့ ပြိုင်ဘက်ဟူ၍ လုံးဝမရှိတော့ပေ။

အင်အားအပြည့်သုံးဖို့ နေနေသာသာ၊ ထိုအင်အား၏ ဆယ်ပုံတစ်ပုံသည်ပင် ရီချန်းကို ချက်ချင်းအသက်ပျောက်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။

ဒါက လင်ချွမ်အတွက် အကြီးအကျယ် စိတ်ညစ်စရာ ဖြစ်နေရသည်။

သူနဲ့ တိုက်ခိုက်နိုင်မယ့်သူတစ်ယောက်ကို နောက်ဆုံးမှာ တွေ့ခဲ့ရပြီမို့ လင်ချွမ်အနေနဲ့ သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးဖို့ အစီအစဉ်မရှိချေ။

"ခင်ဗျား ဘယ်လိုပဲပြောပြော၊ ဒီနေ့တော့ ကျွန်တော် ခင်ဗျားနဲ့ တိုက်ချင်သေးတယ်"

လင်ချွမ်ဟာ လက်နက်ကိုင်စွဲပြီး တိုက်ခိုက်ချင်နေတာ ကြာလှပြီပင်။

အဘိုးအိုကို စကားပြန်ပြောခွင့်မပေးဘဲ လင်ချွမ်သည် ရှေ့သို့ အဟုန်ဖြင့်ပြေးဝင်ကာ အဘိုးအို၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

လင်ချွမ်၏ အဆင့်အတန်းတွင် သာမန်ကိုယ်ခံပညာများကို စိတ်ကြိုက်အသုံးပြုနိုင်ပြီး မည်သည့် သိုင်းကွက်များ၏ ချုပ်နှောင်မှုမှ မလိုအပ်တော့ပေ။

အဘိုးအိုသည် ထူးဆန်းသောအသံဖြင့် အော်ဟစ်လိုက်ပြီး သူ၏ခြေဖဝါးအောက်ရှိ ရေကန်ထဲတွင် နောက်ထပ် အပေါက်တစ်ခု ပေါ်လာပြန်သည်။

သူက ထိုအပေါက်ထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်၏။

သို့သော် လင်ချွမ်၏ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။

ဟင်းလင်းပြင်အပေါက် ပေါ်လာရုံရှိသေး၊ လင်ချွမ်သည် အဘိုးအို၏ ရှေ့တွင် ရောက်နှင့်နေပြီ ဖြစ်သည်။

အဘိုးအိုမှာ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သူသည် လင်ချွမ်၏ လက်ဝါးရိုက်ချက်ကို ခုခံရန်အတွက် လက်ဝါးနှစ်ဖက်ကို အောက်မှအထက်သို့ ထပ်လျက် မြှောက်တင်လိုက်သည်။

လက်သုံးဖက် ထိတွေ့သွားသည့် အသံမှာ သဲ့သဲ့မျှသာ ထွက်ပေါ်လာ၏။

စိတ်ကူးထားသကဲ့သို့ ကမ္ဘာပျက်မတတ် ပြင်းထန်သော မြင်ကွင်းမျိုး မဖြစ်ပေါ်ခဲ့ပေ။

သို့သော် အဘိုးအို၏ အောက်ရှိ ရေပြင်မှာမူ အံ့သြဖွယ်ကောင်းလောက်အောင်ပင် အောက်သို့ ခွက်ဝင်သွားသည်။

သို့သော်လည်း ထိုရေကန်သည် ထူးဆန်းသော အကာအကွယ်တစ်ခုကြောင့် ငြိမ်သက်နေဆဲပင်။

အဘိုးအို၏ မျက်နှာမှာ နီမြန်းလာသော်လည်း အသံတစ်ချက်မျှ မထွက်ရဲပေ။

အသံထွက်လိုက်ပါက သူ၏အင်အားများအားလုံး ဆုံးရှုံးသွားမည်ကို စိုးရိမ်နေခြင်း သကဲ့သို့။

လင်ချွမ်သည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်ရင်း သံသယအချို့ ဝင်လာသည်။

သို့သော် အဘိုးအိုက သူ၏တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်မှာ အမှန်ပင်။

သူ၏ တိုက်ခိုက်မှုတွင် အင်အားအပြည့် မသုံးခဲ့သော်လည်း အဘိုးအို၏ အင်အားမှာ အထွတ်အထိပ်အဆင့်ထက်ပင် သာလွန်ကြောင်း ထင်ရှားနေသည်။

သူ့ကို ဇဝေဇဝါဖြစ်စေသည်မှာ အဘိုးအို၏ အမူအရာက သူ၏ အစစ်အမှန်အင်အားနှင့် ကိုက်ညီမှု မရှိခြင်းပင်။

အကယ်၍ ဤအဘိုးအိုက တကယ်ပဲ အစွမ်းထက်တယ်ဆိုရင် ဘာလို့ တိုက်ခိုက်ဖို့ ငြင်းဆန်နေရတာလဲ။

အစွမ်းထက်တဲ့သူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကရော ဘယ်ရောက်သွားပြီလဲ။

ခဏတာ အားချင်းပြိုင်ဆိုင်ပြီးနောက်တွင် အဘိုးအိုသည် တစ်နေရာရာမှ အားအင်များရရှိလာသကဲ့သို့ ရုတ်တရက် အော်ကာ လင်ချွမ်ကို တွန်းထုတ်လိုက်သည်။

လင်ချွမ်သည် အရှိန်သတ်ရန် လေထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် အဘိုးအို၏ ခြေဖဝါးအောက်ရှိ ရေပြင်ကို ငုံ့ကြည့်လိုက်သည်။

ခုနက သူ့ကို ပြန်တွန်းထုတ်လိုက်သော အင်အားမှာ ဖိအားကြောင့် ကွေးညွှတ်သွားသော ရေမျက်နှာပြင်မှ လာခြင်းဖြစ်၏။

ဒါက ထိုက်ချိ သဘောတရားတွေနဲ့ အတိအကျ ကိုက်ညီနေသည်။

ထိုက်ချိသည် နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုသာဖြစ်ပြီး လင်ချွမ်၏ လက်ရှိအဆင့်အတွက် အသုံးမဝင်တော့ပေ။

သို့သော် ထိုက်ချိ၏ သဘောတရားများမှာမူ အလွန်ပင် လက်တွေ့ကျဆဲ ဖြစ်၏။

ယခုအချိန်အထိ လင်ချွမ်သည် ထိုသဘောတရားကို အသုံးချနိုင်သေးသည်။

"ခင်ဗျား ထိုက်ချိကို သိတာလား"

ထိုသို့ပြောပြီးနောက် လင်ချွမ်သည် မိမိကိုယ်ကိုယ် ပြန်ရယ်မိသွားသည်။

အကယ်၍ အဘိုးအိုပြောတာသာ အမှန်ဆိုရင်၊ သူ နှစ်ရှည်အိပ်စက်ခြင်းထဲ မဝင်ခင်မှာ ကျန်းစန်းဖုန်း တောင် မမွေးသေးပေ။

ဒါကြောင့် ဘယ်လိုပဲကြည့်ကြည့်၊ ဒီအဘိုးအိုက ထိုက်ချိဆိုတာကို သိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

သို့သော် အဘိုးအိုက ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ကာ

"သိတာပေါ့၊ ထိုက်ချိဆိုတာ လေ့လာဖို့ အင်မတန် တန်ဖိုးရှိတဲ့ သိုင်းပညာရပ်တစ်ခုပဲ" ဟု ပြောလိုက်သည်။

လင်ချွမ်၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အဘိုးအိုသည် မိမိကိုယ်ကိုယ် လျှို့ဝှက်ချက် ဖော်မိသွားပြီဟု ချက်ချင်း ခံစားလိုက်ရသည်။

"ခင်ဗျားက ထိုက်ချိကို သိတယ်ပေါ့"

"ခင်ဗျားက မကြာသေးခင်ကမှ နှစ်ရှည်အိပ်စက်ခြင်းထဲက နိုးလာတဲ့သူ မဟုတ်ဘူးလား"

ဓားနတ်ဘုရား နှင့် ယွဲ့ချင်းရိုတို့ကလည်း ဒါကို သတိထားမိသွားကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ကာ အဘိုးအိုကို စိုက်ကြည့်လိုက်ကြ၏။

အဘိုးအိုက ဇဝေဇဝါဖြစ်ဟန်ဖြင့် "ထိုက်ချိဆိုတာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာ မဟုတ်ဘူးလား"

ဟု ပြန်မေးလိုက်သည်။

လင်ချွမ်က ဇဝေဇဝါဖြစ်သွားသော်လည်း ထိုက်ကျိဆိုသော စကားလုံးသည် 'ယီကျင်း' ကျမ်းစာထဲတွင် ရှေးယခင်ကတည်းက ရှိခဲ့ကြောင်း သတိရလိုက်သည်။

(TN note - English ဘာသာပြန်မှာက I Ching လို့ ရေးထားတာပါ တရုတ်အသံထွက် အမှန်နဲ့ထွက်ရင် pinyin အရ 'I' ကို 'ယီ' လို့ ထွက်ပြီး 'Ching (jing) ကျင်း ဆိုပြီး အသံရှည်ဆွဲပြီး ထွက်ရတာမလို့ 'ယီကျင်း' လို့ပဲ တောက်လျှောက် သုံးသွားပါမယ်)

သို့သော် ယီကျင်း ထဲမှ ထိုက်ချိနှင့် ကျန်းစန်းဖုန်း၏ ထိုက်ချိမှာ လုံးဝ ကွဲပြားသည်။

သို့မဟုတ်လျှင် ကျန်းစန်းဖုန်း၏ ထိုက်ချိဆိုသည်မှာ ထိုက်ချိ၏ ပုံစံတစ်ခုမျှသာ။

စစ်မှန်သော ထိုက်ချိကို ထိုက်ချိလှုပ်ရှားမှု တစ်စုံတည်းဖြင့် ရှင်းပြ၍ မရနိုင်ပေ။

လင်ချွမ်သည် လေထဲတွင် ရပ်နေရင်း တိုက်ခိုက်လိုစိတ်များ ကုန်ဆုံးသွားခဲ့လေ၏။

အဘိုးအိုက တိုက်ခိုက်ရန် ဆန္ဒမရှိသည့်အတွက် သူက ဆက်တိုက်ခိုက်နေလျှင် ရက်စက်ရာ ကျပေလိမ့်မည်။

"ခင်ဗျားက တကယ်တော့ ဘယ်သူလဲ"

"ခင်ဗျားက တကယ်ပဲ သိုင်းဧကရာဇ် လား"

လင်ချွမ်သည် မည်သည့်ရလဒ်ကိုမျှ မျှော်လင့်မထားဘဲ တည်ငြိမ်စွာ မေးလိုက်သည်။

အဘိုးအိုက ရေပြင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်ချလိုက်ပြီး

"အဲဒီလိုလည်း ပြောလို့ရသလို၊ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်" ဟု မရေမရာ ပြန်ပြောသည်။

လင်ချွမ် ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားမှာ သိုင်းဧကရာဇ်နဲ့ နီးစပ်တဲ့ အင်အားရှိတယ်ဆိုတာ ကျွန်တော် ခံစားလို့ရတယ်၊ ဒါပေမဲ့ ခင်ဗျားမှာ တိုက်ခိုက်ရေး အတွေ့အကြုံ လုံးဝမရှိဘူး"

တိုက်ခိုက်ရေး အတွေ့အကြုံ အနည်းငယ်ရှိသူပင် လင်ချွမ်၏ တိုက်ခိုက်မှုကို ငြိမ်ခံနေမည် မဟုတ်ပေ။

ဤရလဒ်သည် လင်းချွမ်းအတွက် စိတ်ပျက်စရာ ကောင်းလှ၏။

"ဒါဆို ခင်ဗျားက အတိအကျ ဘယ်သူလဲ"

အဘိုးအို၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းနေသည်။

လင်ချွမ်၏ နားလည်မှုအရ အင်အားရှိသော်လည်း တိုက်ခိုက်ရေး အတွေ့အကြုံမရှိသော ပုဂ္ဂိုလ်တစ်ဦး ရှိရန် မဖြစ်နိုင်ပေ။

အထူးသဖြင့် ဤပုဂ္ဂိုလ်မှာ သိုင်းဧကရာဇ်အဆင့် ဖြစ်နေခြင်းကြောင့်ပင်။

"လူငယ်လေး၊ အများကြီး သိလွန်းတာက မင်းအတွက် မကောင်းဘူး"

"မင်းရဲ့ လက်ရှိအဆင့်က မဆိုးပေမဲ့၊ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်"

အဘိုးအိုသည် အသွင်အပြင်ကို ဂရုမစိုက်သော်လည်း သူ၏ စကားပြောဟန်မှာ မဟာဆန်နေဆဲပင်။

"သိုင်းဧကရာဇ်တောင်မှ အများကြီး မသိသင့်ဘူးလား"

"အဲဒီထက် မြင့်တဲ့ အဆင့်တွေ ရှိသေးလို့လား"

လင်ချွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူသိထားသလောက်တော့ သိုင်းဧကရာဇ် အဆင့်သည်ပင် အကန့်အသတ် ဖြစ်သည်။

ထို့ထက် မြင့်သောအဆင့်မှာ စနစ်၏ အသိပေးချက်အရ ကောင်းကင်ဘုံ ဘေးဒုက္ခကို ကျော်လွှားရမည့် အချိန်ဖြစ်၏။

"ကောင်းကင်ဘုံဘေးဒုက္ခကို ကျော်လွှားပြီးရင် ပိုမြင့်တဲ့ အဆင့်တွေ ရှိသေးတာလား"

အဘိုးအိုက ရုတ်တရက် ရယ်မောလိုက်ပြီး

"ရှိတာပေါ့...အဆင့်မြင့် ကျင့်ကြံသူတွေအတွက်ဆိုရင် မင်းက အစပဲ ရှိသေးတာ"

"ဒါပေမဲ့ မင်းက အဆင့်မြင့် ကျင့်ကြံသူတွေအကြောင်း သိချင်တယ်ဆိုရင်တော့... နတ်ဘုရားတောင် ပေါ်လာတဲ့အထိ စောင့်သင့်တယ်"

"ငါ မင်းကို အများကြီး ပြောပြလို့ မရဘူး"

အဘိုးအိုက စကားတွေ အများကြီး ပြောသွားသော်လည်း ဘာမှ မပြောလိုက်သကဲ့သို့ပင်။

လင်ချွမ်သည် ဤကဲ့သို့ ပဟေဠိဝှက်နေသည့် အပြုအမူကို အားမရ ဖြစ်မိသည်။

အဘိုးအိုကို စကားပြောလာအောင် အတင်းအကျပ် လုပ်ချင်စိတ်ပင် ပေါ်လာသည်။

သို့သော် သူ မလုပ်ဆောင်မီမှာပင် အဘိုးအိုသည် ရေထဲရှိ အပေါက်ထဲသို့ ခုန်ဆင်းကာ ပျောက်ကွယ်သွားခဲ့သည်။

လင်ချွမ်သည် သူ့ကို လိုက်မရှာတော့ပေ၊ အဘယ်ကြောင့်ဆိုသော် ရှာတွေ့မည်မဟုတ်ကြောင်း သူသိသောကြောင့်ပင်။

ယခုအချိန်တွင် သူ့၌ ဤတားမြစ်ချက် ကို ချိုးဖျက်နိုင်သော စွမ်းအား မရှိသေးပေ။

ဘေးမှ စိုးရိမ်တကြီး ကြည့်နေသော ယွဲ့ချင်းရို

က

"လင်ချွမ်... သူ့နောက်ကို မြန်မြန်လိုက်သွားလေ"

"သူ တစ်ခုခု သိနေမှာ သေချာတယ်"

ဟု တိုက်တွန်းသည်။

ဓားနတ်ဘုရားကမူ သဘောမတူပေ။

"မလုပ်နဲ့၊ ဒီအကြီးအကဲက ဖွင့်ပြောဖို့ ဆန္ဒမရှိတာ ရှင်းနေတာပဲ"

"သူ့မှာ အကြောင်းပြချက် ရှိချင်ရှိမှာပေါ့"

လင်ချွမ် စကားမပြောဘဲ နေစဉ်တွင် အဘိုးအို၏ အသံကို ရေအောက်မှ ထပ်မံ ကြားလိုက်ရပြန်သည်။

"လူငယ်လေး၊ ပြန်တော့"

"မင်းရဲ့ အခွင့်အရေးက မကြာခင် ရောက်လာတော့မှာပါ...မလောပါနဲ့"

"ပိုမြင့်တဲ့ အဆင့်တွေအကြောင်းလား"

"အဲဒါကိုတော့ မင်းရဲ့ ပထမဆုံး ဘေးဒုက္ခကို ကျော်လွှားပြီးမှ ဆက်ပြောကြတာပေါ့"

"ငါတို့ အနာဂတ်မှာ ပြန်ဆုံဖို့ အခွင့်အရေးရှိမယ်လို့ ငါယုံကြည်တယ်၊ အဲဒီကျရင် မင်း ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို သိရပါလိမ့်မယ်"

ဤသို့ပြောပြီးနောက် အဘိုးအို၏ အသံမှာ လုံးဝ တိတ်ဆိတ်သွားသည်။

အဘိုးအို ပျောက်ကွယ်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ထူထပ်သော မြူနှင်းများမှာလည်း တဖြည်းဖြည်း လွင့်စင်သွားသည်။

လင်ချွမ်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဓားနတ်ဘုရားဘက်သို့ လှည့်ကာ "သွားကြရအောင်" ဟု ပြောလိုက်သည်။

ကူလွန်တောင် သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံအားဖြင့် ပြည့်စုံသွားပြီပင်၏

နောက်ဆုံးရလဒ်မှာ အားရကျေနပ်စရာ မကောင်းသော်လည်း၊ ကူလွန်တောင်မှ ရရှိနိုင်သည့် အရာများမှာ ဤမျှနှင့်သာ ကုန်ဆုံးသွားပြီဟု လင်ချွမ်ခံစားမိသည်။

လင်ချွမ်သည် အဘိုးအို ပြောခဲ့သည့် စကားကို နှလုံးသွင်းထားလိုက်သည်။

"ပိုမြင့်တဲ့ အဆင့်လား....ငါ မျှော်လင့်နေပါတယ်"

All Chapters