← Chapters

ဓာတ်ငါးပါးအရိုးအစီအရင်

Vol. 27 Ch. 390

ဓာတ်ငါးပါးအရိုးအစီအရင်

Vol. 27 Ch. 390

ဘယ်လို။ စိတ်မဝင်စားဘူးတဲ့လား။

လင်ယွမ်က သူ နားကြားမှားနေသည်ဟု တွေးမိလုနီးပါး ဖြစ်သွားရလေ၏။

ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်၏ ရည်ရွယ်ချက်သည် မိသားစုတစ်ခုချင်းတိုင်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် ကျွမ်းကျင်မှုများကို ပြသပေးရန်ဖြစ်ပြီး လူငယ်များ သရုပ်ပြနိုင်သည့် စင်မြင့်တစ်ခုလည်း ဖြစ်ချေသည်။

လူတစ်ဦး၏ စွမ်းဆောင်ရည်သာ ကောင်းမွန်ခဲ့ပါက ကျော်ကြားလာမည့်အပြင် မိသားစုထဲမှ ရာထူးမြင့်အကြီးအကဲများက အာရုံစိုက်လာသည်ကိုလည်း ခံရပေလိမ့်မည်။ ထိုသို့ဆိုလျှင် အရင်းအမြစ်များ ပိုမိုခံစားခွင့်ရမည်ဖြစ်ပြီး အနာဂတ်တွင် ကြီးပွားအောင်မြင်လာပေလိမ့်မည်။

ထိုသည်က လူပေါင်းများစွာ ကြုံတွေ့လိုသည့် အခွင့်အလမ်းတစ်ခုဖြစ်ပြီး သူတို့၏စွမ်းရည်များကို ပြသလိုကြသည်။ သို့သော် လင်ယွမ်က ယီယွင်အတွက် အခွင့်အလမ်းတစ်ခု တမင်ရည်ရွယ်ပြီး ဖန်တီးပေးနေချိန်တွင် ယီယွင်က စိတ်မဝင်စားဟု တုံ့ပြန်ခဲ့သည်တဲ့လား။

" ဒီကောင်လေးကို ဥပေက္ခာပြုထားလိုက်ပါ အစ်ကိုယွမ်။ သူက မသွားရဲမှတော့ ဘာကြောင့်များ ငါ့ကို သွားခွင့်မပေးရတာလဲ "

လင်မိသားစုမှ ကလေးတစ်ဦးက ရယ်မောကာဆိုသည်။

ယီယွင်က ယုံကြည်ချက်နည်းပါးနေပြီး စင်ပေါ်သို့တက်ပါက အရှက်ကွဲရမည်ကို စိုးရိမ်နေခြင်းသာဖြစ်မည်ဟု လင်ယွမ်က ခန့်မှန်းမိကာ ခေါင်းညိတ်လိုက်၏။ ယင်းအဖြစ်ကြောင့် လင်ယွမ် အမှန်တကယ်ပင် ပြောစရာမဲ့ရသည်။ ယခင်က ယီယွင်သည် ဆန်းကြယ်သလင်းလက်ကို သင်ယူခဲ့ပြီး ကြီးစွာလိမ်ညာဟန်ဆောင်ခဲ့သည်။ ယခုအခါ အရည်အချင်းအစစ် ပြရမည့်အချိန်တွင် ထိုကောင်က နောက်ဆုတ်သွားချေသည်။ ဤကဲ့သို့ လူစားမျိုးက အထင်သေးဖွယ်ရာပင်။

" ကောင်းပြီ... မင်း တက်သွားလိုက် "

လင်ယွမ်က လင်မိသားစုမှ ပါဝင်လိုနေသည့် ကလေးကို ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဖြင့် ညနေခင်းလေပြေဇရပ်ထဲမှ လူလေးဦးသည် ကွင်းပြင်ထဲသို့ ခုန်ဝင်သွားကြလေ၏။

၃၂ ယောက်နှင့် ၃၂ ယောက်... ဝရုန်းသုန်းကား တိုက်ပွဲ စတင်ချေပြီ။

ပျက်စီးခြင်းကောင်းကင်ပညာရပ် နှစ်ယောက်တွဲပြိုင်ပွဲက အလွန်တရာလှပသော မြင်ကွင်းကို ဖြစ်ပေါ်စေသည်။ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို လူနှစ်ဦး ယှဥ်ပြိုင်ချိန်တွင် ပျံသန်းနေသော မှော်စာလုံးချိတ်တံဆိပ်များ ပေါက်ကွဲကာ မီးပန်းများဖြစ်ပေါ်ပြီး လှပလေသည်။

ယခုအခါ၌ ကွင်းပြင်ထဲတွင် လူ ၆၄ ယောက်နှင့် ရှုပ်ထွေးနေပြီး ကောင်းကင်တွင် အရောင်မျိုးစုံ ထွန်းလင်းနေလေသောကြောင့် နေထွက်စ အရုဏ်ဦးအချိန်ထက်ပင် ပိုမိုလှပသည်။

ပျက်စီးခြင်းကောင်းကင်ပညာရပ် အဖွဲ့လိုက်တိုက်ပွဲကို ပထမဆုံး မြင်တွေ့ဖူးကြသည့် ဘေးပတ်လည်ထိုင်ခုံများမှ လူအများမှာ ချီးကျူးမဆုံး ဖြစ်နေကြသည်။

ထိုစဥ် ရှန်းထူနန်ထျန်း၏နောက်မှ လူငယ်တစ်ဦး၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာ၏။ ထိုလူငယ်သည် ရှန်းထူနန်ထျန်း၏နောက်မှလိုက်လာပြီး ဂုဏ်သရေရှိထိုင်ခုံများတွင် ဝင်ထိုင်ခဲ့ကြသည့် လူငယ်သုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

ထိုလူငယ်၏အမည်က စုန့်ကျစ်ယွဲ့ဖြစ်ပြီး ရှန်းထူမိသားစုနှင့် မဟာမိတ်ဖွဲ့ထားသော စုန့်မိသားစုမှ ဖြစ်လေသည်။ ရှန်းထူနန်ထျန်းနှင့်အတူ ဂုဏ်သရေရှိထိုင်ခုံတွင် ထိုင်နိုင်ခဲ့သည်မှာ ထိုလူငယ်၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ကောင်းမွန်သည်ဟု ဆိုလိုလေ၏။

များမကြာမီတွင် ကွင်းပြင်ထဲရှိ လူ ၆၄ ယောက်၏ တိုက်ပွဲရလဒ်က တဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ ဤတိုက်ပွဲကြီးတွင် မှော်စာလုံးချိတ်တံဆိပ်များ ပေါက်ကွဲသည်မှာ ပိုမိုပြင်းထန်သည်။ လူတစ်ဦး၏ စိတ်စွမ်းအားကို ထိခိုက်စေသည်မှာလည်း ပိုမိုပြင်းထန်လေ၏။ အားနည်းသူများက ချက်ချင်းပင် ဖယ်ရှားခံကြရသည်။

တပည့်များ တစ်ဦးပြီးတစ်ဦးပင် ဖြူလျော်သောမျက်နှာများနှင့် အရှုံးပေးနေလျက်ရှိပြီး ကွင်းပြင်ထဲတွင် လူများ နည်းသည်ထက် နည်းလာခဲ့သည်။

တဖြည်းဖြည်းချင်းဖြင့် လေထဲတွင်ပျံသန်းနေသည့် မှော်စာလုံးချိတ်တံဆိပ်များ ကျဲပါးလာပြီး အလင်းများလည်း တဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။ တိုက်ပွဲ၏နောက်ဆုံးရလဒ်က ထင်မထားဖွယ်ရာပင်။ အဆုံးတွင်မူ ကွင်းပြင်ထဲ၌ လင်မိသားစုဝင်နှစ်ဦး မားမတ်စွာရပ်ကျန်နေခဲ့သည်။ သူတို့၏လက်ထဲတွင် မှော်စာလုံးချိတ်တံဆိပ်များ များစွာမကျန်တော့သည့်တိုင်အောင် အနိုင်ရခဲ့သည်။

တိုက်ပွဲရလဒ်ကြောင့် လင်မိသားစုမှ မျိုးဆက်သစ်များ စိတ်အားတက်ကြွလာကြသည်။ လင်မိသားစုက လက်မတင်လေး အနိုင်ရသွားခဲ့လေ၏။

" လုပ်တာကောင်းတယ် "

" စိတ်ဝင်စားစရာပဲ "

ရှန်းထူမိသားစု၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ပိုမိုအားကောင်းသည်ဟု ဆိုနိုင်သော်လည်း လင်မိသားစုက တိုက်ပွဲသုံးခုတွင် နှစ်ပွဲအနိုင်ရခဲ့လေပြီး ဤတိုက်ပွဲ၏ အနိုင်ရလဒ်က ပိုမို၍ပင် အဖိုးတန်သွားခဲ့သည်။

လင်မိသားစုမှ လူငယ်များ အောင်ပွဲခံနေကြသည်ကို ကြည့်နေရင်း စုန့်ကျစ်ယွဲ့က တည်ငြိမ်စွာဆိုသည်..." အချိန်နီးနေပြီ သခင်လေးနန်ထျန်း။ အခု ငါတို့က နှစ်ပွဲရှုံးထားတာဆိုတော့ ငါတို့တွေ ကျေနပ်အားရအောင်လုပ်ဖို့ အချိန်တန်ပြီ။ ဒီလို အဓိပ္ပါယ်မရှိတဲ့ အပျော်တွေကို ငါ အဆုံးသတ်ပေးလိုက်မယ် "

ရှန်းထူမိသားစုက ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ရှန်းထူမိသားစုသာမက ရှန်းထူမိသားစုနှင့် မဟာမိတ်များကလည်း ကြိုတင်ပြင်ဆင်ထားကြသည်။ လက်ရှိတွင် သူရဲကောင်းမျိုးစုံ ရောက်ရှိနေသည်ဟု ဆိုနိုင်လေသည်။ ထို့အပြင် ပြိုင်စံရှားမဟာဧကရီ၏ ဆေးညွှန်းကို ဖော်စပ်ရန်အတွက် ရှန်းထူမိသားစုတွင် ဖုံးကွယ်ထားသော နည်းစနစ်များစွာ ရှိနေသေးသည်။ သူတို့သာ ဖုံးကွယ်ထားသော နည်းစနစ်များကို ပြသလိုက်ပါက လူတိုင် အံ့အားသင့်သွားလိမ့်မည်။ ဤအ​ခြေအနေမျိုး၌ ရှန်းထူမိသားစုက ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ထွန်းတောက်လာမည်မှာ သံသယဖြစ်ရန်မလိုပေ။ သူတို့က ဤလက်ဖက်ရည်ပွဲတော်ကို အသုံးပြုကာ လက်ထပ်ပွဲကို အတည်ပြုရန်အတွက် ၈၀% ၊ ၉၀% ခန့် သေချာလေသည်။

ရလဒ်က သတ်မှတ်ပြီးသား ဖြစ်လေသောကြောင့် ရှန်းထူနန်ထျန်းအဖို့ လင်မိသားစုကို အနည်းငယ်ခန့် ပျော်ခွင့်ပေးပြီး သူတို့မိသားစု၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ရှန်းထူမိသားစုကို ယှဥ်နိုင်သည်ဟု အထင်ရောက်ခွင့်ပြုပေးရန် ပြဿနာမရှိပေ။

ထိုသို့ အပေါ်ယံလုပ်ပေးခြင်း၏ အကျိုးကျေးဇူးသည် ရှန်းထူမိသားစုက ကြောင်လက်သည်းဝှက်ထားနိုင်ပြီး လင်မိသားစုအတွက်လည်း မျက်နှာအချို့ ရရှိစေသည်။

ရှန်းထူနန်ထျန်းက မေးစေ့အား ပွတ်နေပြီးနောက် ခေါင်းညိတ်ကာ ဆိုလေသည်..." ကောင်းပြီ "

စုန့်ကျစ်ယွဲ့ ပြုံးကာ ကွင်းပြင်ထဲသို့ လွင့်မျောနေသော တိမ်စိုင်တစ်ခုပမာ ဝင်ရောက်သွားလေ၏။

သူက ကွင်းပြင်အလယ်တွင်ရပ်ကာ..." ကျုပ်က စုန့်ကျစ်ယွဲ့ဖြစ်ပြီး အသက်က ၁၆ နှစ်ပါ။ ကျုပ် စုန့်မိသားစုရဲ့ ကလေးတစ်ဦးပါ။ ကျုပ်ဟာ ရှန်းထူမိသားစု လက်တစ်ထောင်ဖွားဖွားရဲ့ တံခါးပိတ်တပည့်တစ်ဦးပါ "

စုန့်ကျစ်ယွဲ့က စကားဆိုနေရင်း ဂုဏ်သရေရှိထိုင်ခုံများဆီသို့ ကြည့်လိုက်သည်။ ဂုဏ်သရေရှိထိုင်ခုံများတွင် ငွေဖြူရောင်ဆံနွယ်များရှိပြီး နဂါးဦးခေါင်းတောင်ဝှေးကို ကိုင်ထားသော အဖွားအိုတစ်ဦး ထိုင်နေသည်။ သူမက ရှန်းထူမိသားစု၏ လက်ရှိမိသားစုခေါင်းဆောင်၏ အစ်မကြီး ဖြစ်လေ၏။ သူမသည် ရှန်းထူမိသားစု၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကဏ္ဍတွင် ခေါင်းဆောင်ဖြစ်ပြီး လက်တစ်ထောင်ဖွားဖွားဟု ကျော်ကြားသည်။

ဤပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် လက်တစ်ထောင်ဖွားဖွားက သိုသိပ်ကာနေခဲ့သည်။ ယင်းကြောင့်ပင် ရှန်းထူနန်ထျန်းက ဆောင်ရွက်နေရခြင်း ဖြစ်လေ၏။ သို့သော် လက်တစ်ထောင်ဖွားဖွားက မည်သည့်စကားမျှ မဆိုသည့်တိုင်အောင် စုကျဲနှင့် အခြားသူများမှာ လက်တစ်ထောင်ဖွားဖွားကို စိုးရိမ်နေကြလေ၏။

" ဒီကောင်က လက်တစ်ထောင်ဖွားဖွားရဲ့ တံခါးပိတ်တပည့်လား "

လူအများ အံ့အားသင့်သွားကြသည်။ စုန့်မိသားစုက အမြဲတမ်းလိုပင် ရှန်းထူမိသားစုနှင့် ရင်းနှီးခဲ့သည်။ စုန့်မိသားစုအား ရှန်းထူမိသားစု၏ ညီငယ်လေးဟုပင် ဆိုနိုင်လေသည်။ စုန့်မိသားစု၏ သားသမီးများက သူတို့၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် ပါရမီကို သက်သေပြနိုင်ခဲ့လျှင် ရှန်းထူမိသားစု၏ ပျက်စီးခြင်းကောင်းကင်သခင်များက တပည့်အဖြစ် ခေါ်ယူကြလေ၏။

ဤကောင် စုန့်ကျစ်ယွဲ့က လက်တစ်ထောင်ဖွားဖွား မျက်နှာသာပေးသည်ကို ရထားလေသည်။

တံခါးပိတ်တပည့် ဆိုသည်မှာ စုန့်ကျစ်ယွဲ့က လက်တစ်ထောင်ဖွားဖွား၏ နောက်ဆုံးတပည့်ဟု ဆိုလိုလေသည်။ လက်တစ်ထောင်ဖွားဖွားက စုန့်ကျစ်ယွဲ့ကို လက်ခံပြီးနောက်တွင် မည်သည့်တပည့်ကိုမျှ လက်ခံတော့မည်မဟုတ်ပေ။ ထို့ကြောင့် စုန့်ကျစ်ယွဲ့က လက်တစ်ထောင်ဖွားဖွား၏ နောက်ဆုံးတပည့် ဖြစ်လေ၏။

သိုင်းပညာရိုးရာတွင် တံခါးပိတ်တပည့်အတွက် အထူးရည်ရွယ်ချက်တစ်ခု ရှိလေသည်။ စင်စစ်တွင်မူ ၎င်းက တပည့်ကြီးတစ်ဦး ဖြစ်ရသည်နှင့် မခြားနားပေ။

" အားလုံးပဲ "

စုန့်ကျစ်ယွဲ့က လက်သီးဆုပ်ကာ ဘေးပတ်လည်အားကြည့်လိုက်လေပြီး..." လင်မိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် စံနှုန်းက တကယ်ကိုပဲ မဆိုးလှပါဘူး။ ဒါပေမဲ့ ရှန်းထူမိသားစု ယှဥ်မယ်ဆိုရင်တော့..... "

စုန့်ကျစ်ယွဲ့ ပြုံးကာ ဆက်မပြောတော့ပေ။ သို့သော် သူ၏ဆိုလိုရင်းက ရှင်းလင်းနေပြီ ဖြစ်လေ၏။ လင်မိသားစုမှ လူများစွာ မျက်မှောင်ကုတ်လိုက်ကြသည်။

စုန့်ကျစ်ယွဲ့ ဆက်ပြောလေသည်..." ရှန်းထူမိသားစုက ပျက်စီးခြင်းကောင်းကင်ပညာရပ်နဲ့ အမြဲတမ်းလို ကျော်ကြားခဲ့ပါတယ်။ ဒီမျိုးဆက်မှာဆိုရင် ပိုမြင့်မားတဲ့ ပေါက်ရောက်မှုတွေ ရခဲ့ပါတယ်။ ဒီကိစ္စက အပြင်လူတွေက မသိကြသေးတာပါ။ တကယ်တော့ ဒီပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်မှာ ရှန်းထူမိသားစုရဲ့ အစွမ်းအစတွေကို ပြသမယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ကျုပ်ဆိုတဲ့ စုန့်ကျစ်ယွဲ့က အရမ်းကို ပွင့်လင်းတဲ့လူစားမျိုးပါ။ အစွမ်းအစကို ပြရတော့မယ်ဆိုမှတော့ ကျုပ်က တစ်ခွန်းပဲပြောချင်ပါတယ်။ ကျုပ်က အခြားသူတွေကို လက်ခံနိုင်လာတဲ့အထိ ရိုက်ပေးမယ် "

" တကယ်ဆိုရင် ရှန်းထူမိသားစုရဲ့ လက်ထပ်ပွဲကမ်းလှမ်းမှုက လင်မိသားစုအတွက် မဟာအခွင့်အရေးတစ်ခုပါပဲ။ လက်ထပ်ပွဲ ဖြစ်မြောက်သွားခဲ့ရင် လင်မိသားစုက ပြိုင်စံရှားမဟာဧကရီတစ်ပါးကို ရရှိလာနိုင်မဲ့အပြင် တိုင်းဆမရတဲ့ အကျိုးအမြတ်တွေကိုလည်း ထပ်ရလိမ့်ဦးမယ်။ ဒါပေမဲ့... မမျှော်လင့်စွာနဲ့ပဲ ဒီကိစ္စက ချောချောမွေ့မွေ့ ရှိမနေဘူး။ နှစ်နှစ် အချိန်ဆွဲလာခဲ့တာကနေ အခုအချိန်အထိပဲ။ ရှန်းထူမိသားစုက လင်မိသားစုဆီမှာ တောင်းဆိုနေရသလို ဖြစ်နေတယ်။ ကျုပ်တို့က အလျော့ပေးထားတာတောင် လင်မိသားစုက ကျုပ်တို့ကို မလိုမုန်းထားစိတ်နဲ့ ကြည့်နေတုန်းပဲ။ ကျုပ်တို့ရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကိုတောင် မေးခွန်းထုတ်နေခဲ့တယ် "

" ခင်ဗျားတို့က သံသယဝင်နေတယ်ဆိုမှတော့ ကျုပ်ကလည်း တူညီတဲ့နည်းလမ်းကို သုံးပြီးတော့ ခင်ဗျားတို့တွေ လက်ခံလာတဲ့အထိ ရိုက်ပေးမယ် "

စကားလုံးများက ပဲ့တင်ထပ်ရိုက်ခတ်သွားလေ၏။ လူအများ ဒေါသထွက်သွားကြသည်။ ဒီသောက်ကလေးက နှုတ်ခမ်းမွေးတောင် မပေါက်သေးတာကို မောက်မာတတ်နေပြီလား "

ပျက်စီးခြင်းကောင်းကင်ပညာရပ် ပြိုင်ပွဲတွင် စိတ်စွမ်းအားများ ကုန်ခမ်းလေသောကြောင့် တစ်ပွဲပြီးတစ်ပွဲ ပြိုင်ဆိုင်နိုင်ခြင်းမရှိပေ။ သိုင်းပညာပြိုင်ပွဲတွင်မူ သက်လုံအားအပေါ်မူတည်ကာ လေးငါးပွဲခန့် ပြိုင်ဆိုင်၍ရသော်လည်း ပျက်စီးခြင်းကောင်းကင်ပညာရပ် ပြိုင်ပွဲတွင်မူ နှစ်ပွဲယှဥ်ပြိုင်ရန်အတွက်ပင် အလွန်ခက်ခဲလေသည်။

" ဒီကောင်က စုန့်မိသားစုကဖြစ်ပြီး ဒီကောင့်ရဲ့ဆရာက ရှန်းထူမိသားစုရဲ့ လက်တစ်ထောင်ဖွားဖွား ဖြစ်နေရုံတင်ပါပဲ။ ဒီကောင်က ဂျူနီယာတစ်ဦးပါပဲ။ ဒီကောင့်ရဲ့အဆင့်နဲ့ ဒီစကားတွေကို ဘယ်လိုများ ပြောရဲနေတာလဲ။ ဒီကောင်က ရှန်းထူမိသားစုကို ကိုယ်စားပြုနိုင်တာလား "

လင်မိသားစုမှ တစ်ယောက်က အထင်သေးစွာ ပြောလိုက်သော်လည်း နံဘေးတွင်ရှိနေသည့် အခြားတစ်ယောက်က ပြောလေသည်..." တကယ်တော့ ဒီကောင်က ကိုယ်စားပြုနိုင်တယ်။ ဒီကောင်က ရှန်းထူမိသားစုက မဟုတ်တာကြောင့် အပြင်လူတစ်ဦးအနေနဲ့ရော ဂျူနီယာတစ်ဦးအနေနဲ့ရော ဒီကောင်က စကားထိန်းပြောနေစရာ မလိုဘူးလေ။ အခု ဒီကောင် ပြောနေတာတွေက ရှန်းထူမိသားစု တွေးနေတဲ့အရာတွေပဲ။ ရှန်းထူမိသားစုရဲ့ အဆင့်မြင့်ပိုင်း အကြီးအကဲတွေက ဒီကောင့်ရဲ့ပါးစပ်ကို အသုံးချပြီး ပြောခိုင်းလိုက်တာပဲ "

ရှန်းထူမိသားစုက လက်ရှိအခြေအနေကို မကျေနပ်ကြောင့် လူအများ သိကြသည်။ ရှန်းထူမိသားစုက လင်မိသားစုကို ဆုံးဖြတ်ချက် အမြန်ချစေလိုသည်။

" ဒီကောင်လေးက မောက်မာလွန်းတယ် "

လင်ယွမ်က ထိုင်ကြည့်မနေနိုင်တော့ပေ။ စုန့်ကျစ်ယွဲ့က အသက် ၁၆ နှစ်ဖြစ်ပြီး သူနှင့်အသက်တူ ဖြစ်လေသောကြောင့် သူ ယှဥ်ပြိုင်၍ရလေသည်။

စုန့်ကျစ်ယွဲ့က လင်ယွမ်၏အကြည့်ကို ခံစားမိကာ လှည့်ကြည့်လိုက်ပြီး ပြုံးပြလေသည်။ စုန့်ကျစ်ယွဲ့၏အမူအရာက တည်ငြိမ်အေးဆေးသော်လည်း နှုတ်ခမ်းအား အသာလှုပ်၍ အသံပို့လွှတ်ချက်က လင်ယွမ်၏နားထဲတွင် မြည်ဟီးနေလေ၏။

" အမှိုက်ကောင်... တက်လာခဲ့ "

ဘယ်လို။

လင်ယွမ် ဒေါသပေါက်ကွဲသွားရသည်။ စုန့်ကျစ်ယွဲ့က အပေါ်ယံတွင် ပြီးပြည့်စုံသော်လည်း သူ အသံပို့လွှတ်လိုက်သည့် စကားလုံးများက စော်ကားနေလေသည်။

လင်ယွမ် မျက်နှာသုန်မှုန်နေလျက်ဖြင့် ကွင်းပြင်ထဲသို့ ခုန်ဝင်သွားလေသည်။

" လင်မိသားစုက စွန်းဝမ်ဟိုင်ရဲ့လက်ရင်းတပည့် လင်ယွမ်။ အသက် ၁၆ နှစ်... မင်းမှာ ဘယ်လိုအစွမ်းအစတွေ ရှိနေလဲဆိုတာ ငါ ကြည့်ပါရစေ "

စုန့်ကျစ်ယွဲ့က အထက်စီးဆန်လွန်းလှသည်ဟု လင်မိသားစု၏ တပည့်များက မြင်မိသည်။ ဒီကောင်က သူတို့အားလုံးကို တစ်ယောက်တည်းနဲ့ စိန်ခေါ်နိုင်မယ်လို့ ထင်နေတာလား။

ပျက်စီးခြင်းကောင်းကင်ပညာရပ် ပြိုင်ပွဲတွင် ဆက်တိုက်ယှဥ်ပြိုင်ရန် မဖြစ်နိုင်လေသောကြောင့် စုန့်ကျစ်ယွဲ့၏ ယုံကြည်ချက်များက မည်သည့်နေရာမှ ရလာခဲ့လေသနည်း။

စုန့်ကျစ်ယွဲ့ ပြုံးကာ သိုလှောင်လက်စွပ်ကို အသာပွတ်ပြီး စတုရန်းသဏ္ဌာန် အစီရင်ပြားတစ်ခုနှင့် ပျက်စီးခြင်းအရိုးတစ်ပုံ ထုတ်ယူလိုက်သည်။

ထိုအရိုးများကို ရွှေရောင် ၊ အစိမ်းရောင် ၊ အပြာရောင် ၊ အနီရောင် ၊ အဝါရောင်ဟူ၍ အရောင်ငါးမျိုး ခွဲထားလေသည်။ အရိုးအမျိုးအစား ငါးမျိုးက ထူထဲလှသော ပျက်စီးခြင်းစွမ်းအင်များ ထုတ်လွှတ်နေ၏။

" သတ္တု ၊ သစ်သား ၊ မြေ ၊ မီး ၊ ရေ... ဓာတ်ငါးပါးစွမ်းအား "

ပျက်စီးခြင်းအရိုး အမျိုးအစားငါးခုထဲရှိ ပျက်စီးခြင်းစွမ်းအင်များထဲတွင် ဓာတ်ငါးပါးစွမ်းအားများ ထွက်ပေါ်နေသည်ကို ကျွမ်းကျင်သူများက ရှင်းလင်းစွာ ခံစားမိသည်။

စုန့်ကျစ်ယွဲ့က လက်ဆန့်လိုက်ရာ ပျက်စီးခြင်းအရိုးများက အရပ်မျက်နှာအားလုံးသို့ ပျံသန်းသွားပြီးနောက် စုန့်ကျစ်ယွဲ့နှင့် အစီရင်ပြားကို ဗဟိုချက်ထားကာ မြေပြင်သို့ကျဆင်းသွားသည်။ ထိုပျက်စီးခြင်းအရိုးများက တိကျသောပုံစံတစ်ခု အနေအထားဖြင့် ရှိနေလေ၏။

" ဒါက ငါ့ရဲ့ ဓာတ်ငါးပါးအရိုးအစီအရင်ပဲ။ အားလုံးကို ငါ လုပ်ထားတာပဲ။ မင်းက ဒီအရိုးအစီအရင်ထဲကနေ ပျက်စီးခြင်းစွမ်းအင် ၃၀% ကျော် ထုတ်ယူနိုင်ခဲ့မယ်ဆိုရင် ငါရှုံးပြီလို့ သဘောထားလိုက် "

ပျက်စီးခြင်းကောင်းကင်ပညာရပ် အဆင့်သုံးခု၏ ပထမအဆင့်သည် ပျက်စီးခြင်းအရိုးထံမှ ပျက်စီးခြင်းစွမ်းအင်များ ထုတ်ယူခြင်း ဖြစ်လေ၏။

စုန့်ကျစ်ယွဲ့က ဤပျက်စီးခြင်းအရိုးများကို အစီအရင်အဖြစ် အသုံးပြုထားသော်လည်း ဤပျက်စီးခြင်းအရိုးများက ပျက်စီးခြင်းကောင်းကင်ပညာရပ်၏ ပစ္စည်းများ ဖြစ်နေဆဲပင်။ ၎င်းတို့ထံမှ စွမ်းအင်များကို ထုတ်ယူခြင်းသည် အစီအရင်ကို ဖြိုခွင်းသည်နှင်​့ တူညီလေ၏။

All Chapters