ယီယွင် လှုပ်ရှားပြီ
Vol. 27 Ch. 392
ယီယွင် ထွက်ပေါ်လာသည်မှာ ရုတ်တရက်ဆန်သည်။ ညနေခင်းလေပြေဇရပ်ထဲမှ လူငယ်များ တုန့်ပြန်နိုင်ခြင်းမရှိမီတွင် ယီယွင်က ပျောက်ကွယ်သွားချေပြီ။ လင်ယွမ်မှာ သူ့အား လေပြေတစ်ခု တိုးဝှေ့သွားသည်ကိုသာ ခံစားလိုက်ရ၏။
နောက်တစ်စက္ကန့်တွင် အစိမ်းရောင်ဝတ်ထားသည့် ယီယွင်က ကွင်းပြင်အလယ်တွင် ခြေချမိနေပေပြီ။ ထိုဖြစ်ရပ်ကြောင့် လူများစွာ ထိတ်လန့်သွားသည်။ ဒီကောင် ဘာလုပ်နေတာလဲ။
ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် လူများက ဝါစဥ်အလိုက် ထွက်ကြရသည်။
လက်ဖက်ရည်ပွဲတော်ကို အားအနည်းဆုံး ဂျူနီယာများနှင့် စတင်လေသည်။ ရှန်းထူကျွင်းနှင့် လင်ယွဲ့တို့ကဲ့သို့ လူများ၏ အဆင့်အတန်းကို ကြည့်နိုင်လေသည်။ သူတို့ စင်မြင့်ပေါ်သို့ တက်လာသည်နှင့် သူတို့ကိုယ်သူတို့ တိုက်ရိုက်တပည့်ဖြစ်ကြောင်း ကြေညာကြရသည်။
တိုက်ရိုက်တပည့်သည် လက်ရင်းတပည့်ထက် တစ်ဆင့်နိမ့်သည်။ နောက်ပိုင်းတွင် စုန့်ကျစ်ယွဲ့ကဲ့သို့ လူစားမျိုး ပေါ်လာချိန်တွင်မူ လက်ရင်းတပည့် သို့မဟုတ် တံခါးပိတ်တပည့်သာ ဖြစ်ရပေတော့မည်။
ဂျူနီယာများ ယှဥ်ပြိုင်ပြီးသွားလျှင် စုကျဲတို့ကဲ့သို့ လူကြီးမျိုးဆက်များ ပြိုင်ဆိုင်ကြမည် ဖြစ်လေသည်။
ယီယွင်၏အဆင့်အတန်းက ပွဲအစပိုင်း ပထမဆုံးပွဲစဥ်တွင် ပါဝင်နိုင်သည်ဆိုရုံမျှသာ ရှိလေသည်။ သို့သော် ယီယွင်က အဖွဲ့လိုက်ပြိုင်ပွဲတွင် ပါဝင်ခြင်းမရှိခဲ့ပေ။ သို့သော် ယခုအခါတွင် ယီယွင်က ရုတ်တရက်ပင် ကွင်းပြင်အလယ်သို့ ခုန်ထွက်လာသည်မှာ လုံးဝမျှော်လင့်မထားဖြစ်ရပ် ဖြစ်လေ၏။
" အဲ့ဒီ ကမူကရှုးထိုးနိုင်တဲ့ကောင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ "
ယီယွင် ရုတ်တရက် ထွက်ပေါ်လာသည်ကို ကြည့်နေရင်းဖြင့် လင်ယွင်နှင့် အပေါင်းအပါများ ကြက်သေသေနေကြသည်။ ယီယွင်က စုန့်ကျစ်ယွဲ့၏ ဓာတ်ငါးပါးအရိုးအစီအရင်ကို စိန်ခေါ်ချင်နေလေသလော။
လက်ရှိအချိန်တွင် လင်မိသားစုမှ အတော်ဆုံး လက်ရင်းတပည့်များပင် စင်မြင့်ပေါ်သို့ မတက်မီတွင် ဂရုတစိုက် စဥ်းစားနေကြရသည်။ ထို့ကြောင့် ယီယွင် စင်ပေါ်တွင် ထွက်ပေါ်လာမည်ကို လုံးဝပင် မျှော်လင့်မထားကြပေ။
ဂုဏ်သရေရှိထိုင်ခုံများထံမှ စုကျဲသည်လည်း ငေးငိုင်နေသည်။ သူသည် ယီယွင်ကို မည်သည်အရာမျှမလုပ်ရန် အစကတည်းကပင် ကြိုပြောထားခဲ့သည်။ ထို့ကြောင့် ယခုအခါ ယီယွင် ခုန်ထွက်လာချိန်တွင် သူ လုံးလုံးလျားလျားပင် သတိလက်လွတ် ဖြစ်နေခဲ့သည်။
" ဆရာ... ယီယွင်...သူ..."
လွန်ခဲ့သည့်နှစ်နှစ်ခန့် ပျက်စီးခြင်းလူသားတောင်ကြားထဲတွင် ရှိခဲ့စဥ်တွင် ယီယွင်က ဘာမျှမသိသေးကြောင်းကို လင်ရှင်းထုံက ရှင်းလင်းစွာပင် သိသည်။ ထိုစဥ်က ယီယွင်သည် ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို စိတ်ဝင်စားကြောင်း ထုတ်ပြောခဲ့သော်လည်း လင်ရှင်းထုံ မသင်ယူရန်သာ အကြံပေးခဲ့သည်။ ပျက်စီးခြင်းကောင်းကင်ပညာရပ်နှင့် ပတ်သတ်ပြီး ယီယွင် စိတ်ကူးယဥ်နေမည်ကို သူမ မလိုလားပေ။ သို့သော် ယီယွင်က ရည်ရွယ်ချက် မပြောင်းလဲလေသောကြောင့် သူမက စုကျဲ၏မှတ်စုစာအုပ်ကို ယီယွင်အား မလိုလားစွာဖြင့် ပေးခဲ့ရသည်။
" ငါ မသိဘူး။ ဒီကောင်လေး သူ့ကိုယ်သူ သေချာသိဖို့များပါတယ် " စုကျဲက ခါးသက်သက် ပြုံးလိုက်သော်လည်း ယီယွင်အား ယုံကြည်ချက်များစွာ မရှိပေ။
သို့သော် လင်မိသားစုဘက်မှ ကွင်းပြင်အလယ်သို့ ရောက်ရှိနေသူမှ ယီယွင် တစ်ဦးတည်းမဟုတ်ပေ။ ခရမ်းရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ဦးလည်း ရှိသေးသည်။ သူမ၏ဆံပင် ကျစ်ဆံမြီးကျစ်ထားပြီး ခါးအထိ ချထားသည်။
ယီယွင် ခြေချလိုက်ချိန်တွင် မိန်းမပျိုကလည်း ပြိုင်တူခြေချလာသည်။
" အဲ့ဒါ လင်ကျစ်ယန်... စီနီယာအစ်မလင် " တစ်စုံတစ်ယောက်က ဆိုလိုက်သည်။ လင်ကျစ်ယန်က ယီယွင်ကဲ့သို့ မဟုတ်ဘဲ လင်မိသားစု၏ လူငယ်မျိုးဆက်ထဲတွင် အတော်ဆုံးများထဲမှ တစ်ဦးဖြစ်သည်။ သူမ၏စွမ်းရည်က လင်ယွမ်နှင့် လုံးဝကွဲပြားသောအဆင့်တွင် ရှိလေသည်။
ပြီးခဲ့သည့်နှစ်များတွင် လင်ကျစ်ယန်က ဆရာဖြစ်သူနှင့်အတူ လေ့ကျင့်ရေးခရီး ထွက်နေခဲ့သည်။ မကြာသေးမီ လများကမှ သူမ လင်မိသားစုသို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်လေ၏။ သူမ၏စွမ်းအား သို့မဟုတ် ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို သံသယရှိရန်မလိုပေ။
" နင်က..."
လင်ကျစ်ယန်က ယီယွင်ကို မသိပေ။ သူမ၏ ဘဝပန်းတိုင်က သိုင်းပညာကို အာရုံစိုက်ရန်နှင့် သူမ၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို ကျွမ်းကျင်အောင်လုပ်ရန်သာ ဖြစ်သည်။ လင်မိသားစု၏ လူငယ်မျိုးဆက် အသိုင်းအဝိုင်းထဲမှ အသေးအဖွဲ့ကိစ္စများကို သူမက စိတ်မဝင်စားပေ။ ထို့ကြောင့် သူမက ယီယွင်ကို မသိပေ။
" ငါက ယွင်ရန်ထျန်းပါ " ယီယွင်က ရိုးရိုးပင် ဖြေလိုက်သည်။
" ယွင်ရန်ထျန်းလား " လင်ကျစ်ယန်က မျက်မှောင်ကုတ်ကာ တွေးနေသည်။ သူမက ထိုအမည်ကို မကြားဖူးကြောင်း သိသာလှသည်။ ပုံမှန်ဆိုလျှင် သူမက စွမ်းရည်နိမ့်ကျသူများ၏ အမည်များကို မကြားဖူးပေ။ ယခုတွင် လင်မိသားစုက ရှန်းထူမိသားစုနှင့် ပျက်စီးခြင်းကောင်းကင်ပညာရပ် ယှဥ်ပြိုင်နေပြီး လင်မိသားစု၏ ဂုဏ်သိက္ခာနှင့် ပတ်သတ်နေသည်။ လင်မိသားစု၏ တပည့်များက စင်မြင့်ပေါ်တွင် စွမ်းရည်ညံ့ဖျင်းနေပါက အခြားမိသားစုများ၏ လှောင်ရယ်စရာတစ်ခု ဖြစ်လာမည်မှာ သံသယဖြစ်ရန်မလိုပေ။
" နင် အသက်ဘယ်လောက်လဲ။ နင့်ရဲ့ဆရာက ဘယ်သူလဲ "
ယီယွင်၏စွမ်းရည်ကို အတည်ပြုရန်အတွက် လင်ကျစ်ယန်က မေးလိုက်သည်။
" ငါက ၁၅ နှစ်။ စုကျဲရဲ့ အမည်ခံတပည့် "
ယီယွင်၏စကားကြောင့် လင်ကျစ်ယန် ကြောင်အသွားရသည်။ ဤကောင်က အသက် ၁၅ နှစ်သာရှိသေးပြီး စုကျဲ၏ အမည်ခံတပည့်တဲ့လား။ သောက်ကျိုးနည်း။
" ဟားဟားဟား... တကယ်ကို စိတ်ဝင်စားစရာပဲ။ အမည်ခံတပည့်တစ်ဦးက ငါ့ကို တကယ်ကြီး စိန်ခေါ်နေတာလား " စုန့်ကျစ်ယွဲ့က အော်ရယ်ကာ..." မင်းရဲ့သတ္တိက ချီးကျူးထိုက်တယ်။ ငါကတော့ အဆင်ပြေတယ်။ မင်းတို့နှစ်ယောက်လုံး အတူရောက်လာတယ်ဆိုမှတော့ အစီအရင်ကို အတူဖြိုခွင်းလိုက်ကြတော့ကွာ။ ငါ ဘာမှမဖြစ်ဘူး "
စုန့်ကျစ်ယွဲ့သည် လင်ကျစ်ယန်တွင် စွမ်းရည်အချို့ရှိကြောင်း ကြားဖူးလေသောကြောင့် သူမကို ပေါ့ပေါ့တန်တန် သဘောမထားမည်မဟုတ်ပေ။ သို့သော် ယွင်ရန်ထျန်းက မည်သည့်နေရာမှ ပေါ်လာလေသနည်း။ ထိုကောင်က လူပြက်လုပ်ရန် ရောက်လာခြင်းပင်လော။
လင်ကျစ်ယန်နှင့် ထိုအမှိုက်ကောင်တို့အား အစီအရင်ကို အတူဖြိုခွင်းရန် ခွင့်ပြုလိုက်ခြင်းသည် အမှန်တကယ်တွင် စုန့်ကျစ်ယွဲ့က အရှက်ခွဲလိုခြင်းသာ ဖြစ်လေ၏။ ကောင်းကင်ဂုဏ်ယူရသော သမီးတော်နှင့် အမှိုက်ကောင်တို့ အတူပူးပေါင်းရခြင်းသည် လှောင်ရယ်စရာတစ်ခု မဟုတ်ပေလော။ ထို့အပြင် ယွင်ရန်ထျန်းက စင်မြင့်ပေါ်သို့တက်ကာ အခြေအနေများ ပိုမိုဆိုးရွားသွားအောင် မလုပ်မိဘဲ အဆုံးသတ်သွားခဲ့လျှင်ပင် အတော်အထင်ကြီးစရာကောင်းနေပြီဟု စုန့်ကျစ်ယွဲ့က သတ်မှတ်ထားသည်။
စုန့်ကျစ်ယွဲ့ တွေးနေသလိုပင် လင်ကျစ်ယန်ကလည်း တွေးမိနေသည်။ သူမက ယွင်ရန်ထျန်းနှင့် အတူပူးပေါင်းလိုခြင်း မရှိပေ။ နှစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်ပါက နာမည်ဆိုး အတပ်ခံရမည်ဖြစ်ပြီး နှစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်ခြင်းက အကျိုးသက်ရောက်မှု မရှိတော့ပေ။
" ဂျူနီယာမောင်လေးယွင်က ဘာကြောင့် အရင်ဆင်းမသွားရတာလဲ။ ငါ အစီအရင်ကို ဖြိုခွင်းပြီးသွားရင် ငါ နိုင်သည်ဖြစ်စေ ရှုံးသည်ပဲဖြစ်စေ နောက်ပွဲကျ နင် စင်ပေါ်ကိုတက်လေ "
သူမက အလွန်ယဥ်ကျေးစွာ ပြောဆိုခဲ့ပြီး ယီယွင်၏စွမ်းရည်ကို မေးခွန်းမထုတ်ခဲ့သည်မှာ သူမက ယီယွင် မျက်နှာသာ အလုံအလောက်ပေးထားခဲ့ပြီးဖြစ်သည်ဟု လင်ကျစ်ယန် ထင်မိသည်။
သို့သော် သူမ၏ရည်ရွယ်ရင်း အလွန်သိသာနေသည့်တိုင်အောင် ယီယွင်က သူမ၏စကားကို အဖက်မလုပ်ဘဲနေလိမ့်မည်ဟု လင်ကျစ်ယန် ထင်မထားခဲ့ပေ။ ယီယွင်က သူ့အာရုံနှင့်သူ ရှိနေခဲ့ပြီး စုန့်ကျစ်ယွဲ့၏အစီအရင် နံဘေးသို့သွားကာ အစီအရင်ကို အသေးစိတ်လေ့လာနေလေသည်။
ဓာတ်ငါးပါးအရိုးအစီအရင်ကို စုစုပေါင်း အဖွဲ့ငယ်အစီအရင် ၁၂ ခုဖြင့် ဖန်တီးထားသည်။ အဖွဲ့ငယ်အစီရင် တစ်ခုချင်းစီတိုင်းတွင် ပျက်စီးခြင်းအရိုးတစ်ခုစီကို အစီအရင်ထဲသို့ ထည့်ထားလေပြီး အကုန်စုပေါင်းကာ အစီအရင်ဗဟိုချက် ဖြစ်လာစေသည်။ ထိုအရိုး ရှာရန်မခက်ပေ။ ယီယွင်က အရိုးများထဲမှ တစ်ခုကို ရွေးချယ်လိုက်သည်။
ထိုသည်ကား ဗိုလ်ချုပ်အဆင့် ပျက်စီးခြင်းသားရဲတစ်ကောင်၏ ပျက်စီးခြင်းအရိုးဖြစ်ပြီး ကျောရိုးဆစ်နှင့် ဆင်တူသည်။ ထိုအရိုးထံမှ လေပူများ ထွက်ပေါ်နေလျက်ရှိပြီး မီးဓာတ်ပျက်စီးခြင်းအရိုးဖြစ်ကြောင်း သိသာသည်။
မီးဓာတ်က သန့်စင်ယန်နှင့် ဆင်တူသည်။ ဓာတ်ငါးပါးထဲမှ မီးဓာတ်သည် သာမန်မီးဖြစ်ပြီး သန့်စင်ယန်ကမူ ကြယ်များ၏ နေမီးတောက် ဖြစ်လေသည်။
သန့်စင်ယန်ဥပဒေသကို လေ့ကျင့်ထားသည့် ယီယွင်က မီးဓာတ်ဥပဒေသတွင် အတော်လေး ဗဟုသုတရှိသည်။
သူ၏စိတ်စွမ်းအားကို ခရမ်းရောင်သလင်းကျောက်နှင့် ထိတွေ့စေလိုက်ပြီး ခရမ်းရောင်သလင်းကျောက်၏ စွမ်းအားကို အသုံးပြုကာ ထိုပျက်စီးခြင်းအရိုးထဲမှ ပျက်စီးခြင်းစွမ်းအင်များကို ပိတ်လှောင်လိုက်သည်။
ခရမ်းရောင်သလင်းကျောက်က စွမ်းအင်များကို ထိန်းချုပ်ရာတွင် ဆရာတစ်ပါး ဖြစ်လေ၏။ ခရမ်းရောင်သလင်းကျောက်နှင့်ဆိုလျှင် မည်သည့်စွမ်းအင်အမျိုးအစားပင် ဖြစ်နေပါစေ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာရန် မဖြစ်နိုင်ပေ။
ယခုအခါ၌ ပျက်စီးခြင်းအရိုးထဲရှိ ပျက်စီးခြင်းသားရဲ၏ ချီအဆီအနှစ်ကို ခရမ်းရောင်သလင်းကျောက်က လုံးဝဖိနှိမ်ထားသည်။
စင်စစ်တွင်မူ ယီယွင်၏စွမ်းရည်နှင့်ဆိုလျှင် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအားကို အသုံးပြုပြီး ပျက်စီးခြင်းအရိုးထဲတွင်ရှိသည့် ပျက်စီးခြင်းစွမ်းအင်များနှင့် ချီအဆီအနှစ်များကို တစ်ပြိုင်တည်း အတင်းအကျပ် ထုတ်ယူနိုင်သည်။ ထို့နောက်တွင် သူသည် အစီအရင်နည်းစနစ် သို့မဟုတ် ထောင်ချောက်ကို အရေးမစိုက်ဘဲ အကြမ်းထည်ခွန်အားကို အသုံးပြုကာ ထိုစွမ်းအင်များကို အတင်းအကျပ် သန့်စင်ပစ်နိုင်သည်။
သို့သော် လူပေါင်းများစွာ ကြည့်နေလေသောကြောင့် သူ၏စိတ်စွမ်းအားမျှဖြင့် ထိုအရာအားလုံးကို လုပ်လိုက်မည်ဆိုပါက တုန်လှုပ်ဖွယ်ကောင်းလွန်းသွားမည်ဖြစ်ပြီး သူ့အဖို့ ရှင်းပြရန်မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ယီယွင်က ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို အသုံးပြုပြီး ထောင်ချောက်ကို ဖျက်ဆီးပစ်ကာ ပျက်စီးခြင်းအရိုးထဲမှ ပျက်စီးခြင်းစွမ်းအင်များကို ထုတ်ယူလိုက်သကဲ့သို့ လုပ်ရပေမည်။
ယီယွင် စွမ်းအင်မြင်ကွင်းဖွင့်ကာ ကြည့်လိုက်လေရာ ပျက်စီးခြင်းအရိုးတစ်ခုလုံးကို ထွင်းဖောက်မြင်ရသွားလေ၏။ စုန့်ကျစ်ယွဲ့ လုပ်ထားသမျှအားလုံးကို ယီယွင်၏ အမြင်အာရုံထဲတွင် မြင်နေရသည်။
ပျက်စီးခြင်းအရိုးထဲတွင် ဖွတ်ပုံသဏ္ဌာန် ပျက်စီးခြင်းသားရဲ၏ ချီအဆီအနှစ်ကို ပိတ်လှောင်ထားကြောင်း သူ ရှင်းလင်းစွာမြင်နေရ၏။
ထိုချီအဆီအနှစ်၏ ဘေးပတ်လည်တွင် မှော်စာလုံးချိတ်တံဆိပ်များ ရှိသည်။ ထိုမှော်စာလုံးချိတ်တံဆိပ်များကို စုန့်ကျစ်ယွဲ့က ချထားကြောင်း ရှင်းလင်းလှသည်။ ယီယွင် စိတ်စွမ်းအား ထိုးသွင်းလိုက်သည်နှင့် မှော်စာလုံးချိတ်တံဆိပ်များက ပျက်စီးခြင်းအရိုးကို ပေါက်ကွဲသွားစေပြီး ပျက်စီးခြင်းသားရဲ၏ ချီအဆီအနှစ်များကို အပြင်ဘက်သို့ ပေါက်ကွဲထွက်လာစေပေလိမ့်မည်။ ယခု ယီယွင် လုပ်ရမည်မှာ တစ်စစီဖြုတ်ချင်း သို့မဟုတ် စုန့်ကျစ်ယွဲ့ ချထားသော ချိတ်တံဆိပ်ကို ပိတ်ပစ်ခြင်း လုပ်ရမည်။
သူ မှော်စာလုံးချိတ်တံဆိပ်တစ်ခု ထုတ်လွှတ်ကာ စုန့်ကျစ်ယွဲ့၏ အစီအရင်မီးစကို ဖျက်ဆီးပစ်လိုက်လျှင် ထောင်ချောက်အား တစ်စစီဖြုတ်၍ ရပေပြီ။
ခရမ်းရောင်သလင်းကျောက် လက်ဝယ်ရှိနေသည့် ယီယွင်က သူ ဖန်တီးသမျှ မှော်စာလုံးချိတ်တံဆိပ်တိုင်းကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်။ သူက စုန့်ကျစ်ယွဲ့၏ မှော်စာလုံးချိတ်တံဆိပ်ကိုပင် တိုက်ရိုက်ဖျက်ဆီးပစ်နိုင်၏။ ယီယွင်အတွက် ထိုသို့လုပ်ရန် အလွန်လွယ်ကူလှသည်။
ထိုအရာကို နားလည်သွားသော ယီယွင်က မှော်စာလုံးချိတ်တံဆိပ်တစ်ခု ဖန်တီးသည်။ ယီယွင်၏လက်တွင် အစီအရင်ပုံစံများ စတင်ဖြစ်ပေါ်လာသည်။ သို့သော် အစောပိုင်းက မီးပန်းများပမာ တောက်ပနေသည့် မှော်စာလုံးချိတ်တံဆိပ်ပြိုင်ပွဲနှင့် နှိုင်းယှဥ်လျှင်မူ ယီယွင် ထုတ်လွှတ်လိုက်သည့် မှော်စာလုံးချိတ်တံဆိပ်က များစွာပိုမိုကာ ရိုးရှင်းလေသည်။
ဘေးပတ်လည်မှလူများသည် ယီယွင် မှော်စာလုံးချိတ်တံဆိပ် ဖန်တီးနေသည်ကို ကြည့်နေရင်းဖြင့် ကြောင်အနေကြလေ၏။ ယီယွင်၏ လှုပ်ရှားပုံများနှင့် မှော်စာလုံးချိတ်တံဆိပ် ဖန်တီးပုံတို့အရ ယီယွင်က ဆန်းကြယ်သလင်းလက်ကို အသုံးပြုနေခြင်းပင်လော။
ဆန်းကြယ်သလင်းလက်...။
ယီယွင် လင်မိသားစုသို့ ရောက်ရှိချိန်က ယီယွင် လူထုရှေ့မှောက်တွင် အသုံးပြုခဲ့သည့် ပထမဆုံးနှင့် တစ်ခုတည်းသော ပျက်စီးခြင်းကောင်းကင်ပညာရပ်က ဆန်းကြယ်သလင်းလက် ဖြစ်လေ၏။
ထိုစဥ်က လူအများသည် ယီယွင်က ပျက်စီးခြင်းကောင်းကင်ပညာရပ်နှင့် ထိတွေ့ဖူးသည်မှာ အချိန်ကြာခဲ့ပြီဟု ထင်ခဲ့ကြသည်။ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို သင်ကြားနေသည်မှာ ကြာခဲ့ပြီဖြစ်၍ ယီယွင်၏ ချိတ်ပိတ်နည်းစနစ်က ဆန်းကြယ်သလင်းလက် တစ်ခုတည်း မဖြစ်နိုင်ပေ။
သို့သော် ယခုအခါ ဤပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်၌ လူပေါင်းများစွာ၏ရှေ့တွင် လင်မိသားစု၏ ဂုဏ်သိက္ခာကို ရှေ့တန်းတင်ထားရချိန်တွင် ထိုကောင်က စုန့်ကျစ်ယွဲ့၏အစီအရင်ကို ချိုးဖျက်နိုင်ခြင်းမရှိလျှင်ပင် ပညာသားမပါသော ဆန်းကြယ်သလင်းလက်ကို အသုံးမပြုသင့်ပေ။
ရှေ့မှမြင်ကွင်းကြောင့် လင်မိသားစု၏ တပည့်များ မျက်နှာပူနေကြ၏။ ယီယွင်က အရေထူလွန်းလှသည်ဟု သူတို့ ခံစားရသည်။ ယီယွင်၏နေရာတွင် သူတို့သာဆိုပါက မြေတွင်းထဲသို့ ပြေးပုန်းချင်စိတ်ဖြစ်မိမည်မှာ ကြာလောက်ချေပြီ။
ရှန်းထူမိသားစု၏ တပည့်အချို့က ထိန်းမရတော့ဘဲ ရယ်ကြလေ၏။ စုန့်ကျစ်ယွဲ့က ရယ်မောကာ..." ဟားဟားဟား... လင်မိသားစုက ဒီပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်ကို ကျင်းပချိန်တုန်းက အခြေအနေတွေ အရမ်းတင်းမာနေမှာကို စိုးရိမ်နေကြတာများလား။ သူတို့က ဖျော်ဖြေရေးအစီအစဥ်တွေ ပြင်ဆင်ပေးထားတာလား။ လူတိုင်းကို ရယ်မောစေပြီး အခြေနေတင်းမာမှုတွေကို ဖြေလျော့ပေးဖို့လား "
စုန့်ကျစ်ယွဲ့က ရက်စက်စွာပင် သရော်နေသည်။
လင်မိသားစု၏ အကြီးအကဲများက စုကျဲအား ကြည့်လိုက်ကြသည်။
စုကျဲ ကျိတ်၍ ဒေါသထွက်နေကာ ချွေးပြန်နေသည်။ သူသည် ယီယွင်ကို ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် မည်သည့်အရာကိုမျှ အလျင်စလိုမလုပ်ရန် သေချာမှာကြားထားခဲ့သည်။ ယီယွင်က ရှန်းထူနန်ထျန်းနှင့် ရန်ငြိုးရှိသည်ကို စုကျဲ သိသော်လည်း ရန်ငြိုးရှိနေလျှင်ပင် ယီယွင်အနေဖြင့် ဤမျှလောက်အထိ အလျင်စလိုမလုပ်သင့်ပေ။
ယီယွင်က ပျက်စီးခြင်းကောင်းကင်ပညာရပ် သင်ယူရာတွင် ပါရမီကောင်းလှပြီး သူ၏ပါရမီက ရှင်းထုံကိုပင် ယှဥ်နိုင်သည်ကို စုကျဲ သိသည်။ သို့သော် ယီယွင်က အချိန်တိုခန့်မျှသာ သင်ယူရသေးသည်။ ထို့အပြင် စုန့်ကျစ်ယွဲ့က သာမန်လူတစ်ဦး မဟုတ်ပေ။ လင်ရှင်းထုံ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို တစ်နှစ် ၊ နှစ်နှစ်ခန့် သင်ယူပြီးချိန်ကပင် သူမအဖို့ ဓာတ်ငါးပါးအရိုးအစီအရင်ကို ဖျက်ဆီးရန် မဖြစ်နိုင်သေးပေ။
ဤအခြေအနေမျိုးတွင် စုကျဲပင် စုန့်ကျစ်ယွဲ့၏စကားကို သံယောင်လိုက်ပြီး ယီယွင်က ပတ်ဝန်းကျင် တက်ကြွလာစေရန် လုပ်နေသည်ဟုပင် ပြောချင်နေမိသည်။
" ကျစ်ယန်...အမြန်လှုပ်ရှားတော့။ ဓာတ်ငါးပါးအရိုးအစီအရင်ကို မင်း တတ်နိုင်သလောက် အမြန်ဆုံးဖျက်ဆီးပစ်။ မင်းက လင်မိသားစု မျက်နှာပြန်ရလာအောင် လုပ်ရမယ်။ အဲ့ဒီကောင်လေး ဆက်ပြီးရှုပ်နေဦးမယ်ဆိုရင် အခြေအနေတွေက အဖက်ဆယ်လို့ရမှာမဟုတ်တော့ဘူး "