ကွမ်ရင်ပန်းခူးလက်
Vol. 27 Ch. 393
ယီယွင် အစီအရင်ကို စတင်ဖျက်ဆီးနေချိန်တွင် လင်ကျစ်ယန်၏ နားထဲတွင် ယွမ်ချီအသံပို့လွှတ်မှုကို ကြားလိုက်ရသည်။ ထိုသည်က သူမ၏ဆရာဖြစ်သူ လင်မိသားစု၏ အမျိုးသမီးအကြီးအကဲ ဖြစ်လေ၏။
" ဟုတ်ကဲ့ပါ ဆရာ "
လင်ကျစ်ယန်သည်လည်း အခြေအနေကို သဘောကျမပေ။ မူလက အစီအရင်ကို ဖျက်ဆီးရန်အတွက် လင်မိသားစုမှ မည်သူမျှ ထွက်မလာတော့သည့် အခြေအနေအထိ ဖြစ်ခဲ့သည်။ ထိုသည်က ကြီးစွာပြည့်စုံနေသော်လည်း ယီယွင်၏ အစီအစဥ်မရှိ အပြုအမူများကြောင့် ယခုအခါ၌ အခြေအနေများက ရှုပ်ထွေးသွားချေပြီ။
သူမ ယီယွင်ကို မကျေမချမ်း တစ်ချက်ကြည့်လိုက်သည်။ အစီအရင်ကို ဖျက်ဆီးရန်အတွက် စိတ်သည် ရေကဲ့သို့တည်ငြိမ်နေရန် လိုအပ်လေ၏။ ယခုအခါတွင်မူ သူမ၏စိတ်က ဗလောင်ဆူနေသည်ဟု လင်ကျစ်ယန် ခံစားရသည်။ သူမ အကြိမ်အနည်းငယ်ခန့် အသက်ရှုကာ တည်ငြိမ်အောင် လုပ်ဆောင်သည်။
စုန့်ကျစ်ယွဲ့၏အစီအရင်က ဖျက်ဆီးရန်မလွယ်ကူပေ။ သူမ အစွမ်းကုန်သုံးကာ အလေးအနက် လုပ်ရပေမည်။
လင်ကျစ်ယန် လှုပ်ရှားမှုစတင်သည်။ သူမ၏လက်နှစ်ဖက်က ရင်ဘက်ရှေ့တွင် ကြာပန်းသဏ္ဌာန် ပုံဖော်လိုက်သည်။ သူမ လက်ဝါးချင် မျက်နှာချင်းဆိုင်လိုက်ရာ လက်ချောင်းများထံမှ သက်တန့်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုသက်တန့်အလင်းက လေထဲတွင် သက်တန့်တစ်ခုအဖြစ် ဖွဲ့စည်းသွားကာ စုန့်ကျစ်ယွဲ့အား ဝန်းရံသွားလေသည်။ သူမက ကောင်းကင်ဘုံမှ လူ့ပြည်သို့ ဆင်းသက်လာသည့် နတ်ဘုရားမတစ်ပါးပမာ ဖြစ်သွားရသည်။
လင်ကျစ်ယန်၏ လက်ချောင်းများ ပြိုင်တူလှုပ်ရှားလာပြီး အရိပ်ပေါင်းများစွာ ဖြစ်ပေါ်လာသည်အထိ မြန်ဆန်လာသည်။ ရုတ်ခြည်းမှာပင် လှပသောအလင်းများ တောက်ပသွားလေပြီး ကောင်းကင်ဘုံက ကောင်းချီးပေးလိုက်သည့်အလားပင် လေထဲတွင် ရွှေကြာပန်းများ ပြည့်သွားလေ၏။ ယင်းသည် လေထဲတွင် အင်မော်တယ်ပန်းများ အမြစ်တွယ်ကာ ရောင်စုံပန်းများ ပွင့်လန်းလာသည့်ပမာပင်။
လင်ကျစ်ယန်၏ ချိတ်တံဆိပ်နည်းစနစ်က အလွန်လှပကာ လူအများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ လှပသော ချိတ်တံဆိပ်နည်းစနစ်တစ်ခုသည် ကောင်းမွန်သော နည်းစနစ်တစ်ခုဟု မဆိုလိုသော်လည်း သေချာပေါက်ပင် ဆိုးသည့်အထဲ၌ မပါပေ။
အထူးသဖြင့် ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်အတွက် ရှုပ်ထွေးပြီး မျက်စိပသာဒဖြစ်စေသည့် တောက်ပသော နည်းစနစ်တစ်ခု ရှိသင့်လေသည်။
" အဲ့ဒါ ကွမ်ရင်ပန်းခူးလက် "
ဘေးပတ်လည်မှ လူအများ တအံ့တဩရေရွတ်လိုက်ကြသည်။
ကွမ်ရင်ပန်းခူးလက်သည် ဗုဒ္ဓဂိုဏ်းဖြစ်သည့် တာ့မင်ဘုရားကျောင်းမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်လေ၏။ တာ့မင်ဘုရားကျောင်း တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာကတည်းက ဖြစ်သည်။ ယင်းက ကမ္ဘာ့အကြီးမားဆုံး ဗုဒ္ဓဂိုဏ်းတစ်ခုဖြစ်ပြီး မဟာဘုန်းတော်ကြီးလေးပါး ၊ ရဟန်းဧကရာဇ် ၁၈ ပါး ၊ ဗုဒ္ဓဂိုဏ်းဝင်တစ်သန်းနှင့် ကိုးကွယ်ယုံကြည်သူ သိန်းပေါင်းတစ်သိန်းခန့် ရှိလေသည်။
သို့သော် လောကီကိစ္စများက မတည်မြဲပေ။ မိသားစုမျိုးနွယ် အနည်းငယ်ခန့်က ဝိုင်းတိုက်ခိုက်သည်ကို ခံရပြီးနောက် တာ့မင်ဘုရားကျောင်း ပျက်စီးသွားရပြီး အမွေအနှစ်အများစုမှာ ပျက်စီးသွားရခြင်း သို့မဟုတ် တစ်လောကလုံးသို့ ပျံ့နှံ့သွားခြင်းများ ဖြစ်ခဲ့ရသည်။ ကွမ်ရင်ပန်းခူးလက်က ထိုအမွေအနှစ်များထဲမှ တစ်ခုဖြစ်လေ၏။
ဒဏ္ဍာရီလာ ဗောဓိသတ္တဖြစ်သည့် ကွမ်ရင်မယ်တော်တွင် လက်တစ်ထောင်ရှိသည်။ လက်တစ်ထောင်နှင့် ပန်းခူးလျှင် မည်ကဲ့သို့ခံစားချက်မျိုး ဖြစ်လာမည်နည်း။
ထို့ကြောင့် ကွမ်ရင်ပန်းခူးလက် အမည်သည် ဤကဲ့သို့နည်းစနစ်တစ်ခုအား အသုံးပြုသူကို ရည်ညွှန်းလေ၏။ ၎င်းတို့၏လက်များက လျင်မြန်စွာလှုပ်ရှားလေသောကြောင့် လူအများအဖို့ ဝေဝေဝါးဝါးသာ မြင်ကြရပြီး လက်တစ်ထောင်ကွမ်ရင်ကဲ့သို့ ဖြစ်နေလေသည်။
တစ်ချိန်တည်းမှာပင် ဤနည်းစနစ်၏ အလင်းဖြာမှုကြောင့် ပန်းပေါင်းတစ်ထောင် ပွင့်နေသည့်ပမာ ဖြစ်နေရသည်။ ယင်းက အလွန်တရာပင် လှပလေ၏။
ကွမ်ရင်ပန်းခူးလက်က အလွန်ပင် သင်ယူရခက်ခဲပြီး ချိတ်တံဆိပ်များကလည်း ရှုပ်ထွေးသည်။ အမှားလေးတစ်ခုကပင် ချိတ်တံဆိပ်အားလုံးကို ပြိုကွဲပျက်စီးသွားစေနိုင်လေ၏။
ပုံမှန်ဆိုလျှင် ခက်ခဲရှုပ်ထွေးသော နည်းစနစ်များကို စံထားတတ်သော ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင်ပင် ဂျူနီယာတစ်ဦးက ကွမ်ရင်ပန်းခူးလက်အား အသုံးပြုသည်ကို မြင်ရရန်ခဲယဥ်းလေသည်။
" စီနီယာအစ်မကျစ်ယန် အရမ်းတော်တာပဲ။ သူက နှစ်ပေါင်းများစွာ အပြင်ထွက်လေ့ကျင့်ခဲ့ပြီးတော့ ဒီလိုနည်းစနစ်မျိုးကို တတ်ကျွမ်းလာခဲ့တာပဲ "
" ချီးကျူးစရာပဲ။ စီနီယာအစ်မကျစ်ယန်က စုန့်ကျစ်ယွဲ့ရဲ့ အစီအရင်ကို ဖျက်ဆီးနိုင်လောက်တယ်။ အစီအရင် ပျက်စီးသွားခဲ့ရင် စုန့်ကျစ်ယွဲ့က ဘယ်လိုဆက်ပြီး ကြွားလုံးထုတ်ဦးမလဲဆိုတာ ငါတို့ ကြည့်ကြတာပေါ့ "
လင်မိသားစု၏ တပည့်များ စိတ်အေးသွားရ၏။ စုန့်ကျစ်ယွဲ့ အလွန်မောက်မာခဲ့စဥ်က သူတို့၏ဒေါသများကို မျိုသိပ်ထားခဲ့ရသည်။
လင်ကျစ်ယန်၏ ကွမ်ရင်ပန်းခူးလက်နှင့် ရင်ဆိုင်ရချိန်၌ စုန့်ကျစ်ယွဲ့၏အမူအရာ တည်ကြည်သွားသည်။ သူ ချထားသည့် ထောင်ချောက်များကို ယုံကြည်ချက်ရှိသော်လည်း လင်ကျစ်ယန်က သာမန်လူ မဟုတ်ပေ။ စုန့်ကျစ်ယွဲ့ လက်ဖက်ရည်ပွဲတော်တွင် မပါဝင်မီက လင်မိသားစု၏ လူငယ်မျိုးဆက်အချို့ကို သိနားလည်အောင် လုပ်ထားခဲ့သည်။ လင်ကျစ်ယန်က အနီးကပ်စောင့်ကြည့်ရမည့် ပြိုင်ဘက်များထဲမှ တစ်ဦးဖြစ်လေ၏။
လွန်ခဲ့သည့်သုံးနှစ် လင်ကျစ်ယန် လေ့ကျင့်ရေးခရီး မထွက်မီကတည်းကပင် သူမက ကျော်ကြားနေခဲ့ပြီး ဖြစ်လေသည်။ သုံးနှစ်ကြာပြီးနောက် ပြန်လာချိန်တွင် သူမ မည်မျှအစွမ်းထက်ကြောင်းကို ပြောရန်အလွန်ခက်သည်။
" တူလေးနန်ထျန်း... အဒေါ်တို့ လင်မိသားစုက တပည့်လေးရဲ့ နည်းစနစ်ကို ဘယ်လိုထင်လဲ " လင်ရှင်းထုံ၏ အဒေါ်ဖြစ်သူက နံဘေးမှ ရှန်းထူနန်ထျန်းကို ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ လင်ကျစ်ယန်က သူမ၏မျိုးဆက်များထဲမှ တစ်ဦးဖြစ်လေသောကြောင့် သူမက လင်ကျစ်ယန်အပေါ်တွင် အမြဲတမ်းလိုပင် ဂုဏ်ယူမိသည်။
သို့သော် လင်ကျစ်ယန် ငယ်ရွယ်စဥ်က ပါရမီများစွာ ပြသနိုင်ခြင်းမရှိပေ။ ထိုစဥ်က သူမသည် အရင်းအမြစ်များစွာ ခံစားခွင့်မရခဲ့ဘဲ လင်ရှင်းထုံထက်ပင် ပိုဆိုးခဲ့သည်။ ယင်းကြောင့်ပင် နန်းဝတ်နန်းစားနှင့် အမျိုးသမီးက လင်ရှင်းထုံနှင့် မရင်းနှီးခြင်း ဖြစ်လေသည်။
" အရမ်ကောင်းတယ်... လင်မိသားစုက မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေ ရှိနေတာပဲ။ နေ့ရက်တိုင်းမှာ ကြီးပွားတိုးတက်နေတော့မှာပဲ " ရှန်းထူနန်ထျန်းက ရေလိုက်ငါးလိုက်ပြောကာ လင်ကျစ်ယန်ကို ချီးကျူးလိုက်လေ၏။
အမျိုးသမီးက စိတ်ကျေနပ်သွားပြီး စုကျဲကို တစ်ချက်ကြည့်ကာ..." အကြီးအကဲစုက အမည်ခံတပည့်ကို ကောင်းကောင်းရွေးချယ်ထားတာပဲ။ သူက ရဖို့မဖြစ်နိုင်တဲ့ ရှားပါးပစ္စည်းလေးတစ်ခုပဲ။ ကျောက်စိမ်းဝါးတောင်ထွတ်မှာ သူက အသက်အရွယ်ဝါစဥ်ကို အရေးမစိုက်ဘဲ ကမူးကရှုးထိုး ပြောခဲ့သေးတယ်။ အခု လက်ဖက်ရည်ပွဲတော်လို တည်ငြိမ်တဲ့ပွဲမျိုးမှာ သူ့ရဲ့ဦးနှောက်က အရည်ပျော်ပြီး စင်မြင့်ပေါ်ကို ကမူးကရှုးထိုး တက်သွားခဲ့တယ်။ ဒါဟာ လူတွေကို ကြက်သေသေသွားစေခဲ့တယ်။ ဒီနေ့ ကျစ်ယန် ဒီမှာရှိနေတာကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင်တော့ ရှင့်ရဲ့တပည့်ကြောင့် လင်မိသားစုရဲ့မျက်နှာ လွှင့်ပစ်ရလိမ့်မယ် "
အမျိုးသမီးက သရော်လိုက်သည်။ သူမက စုကျဲနှင့် မတည့်ပေ။ ကျောက်စိမ်းဝါးတောင်ထွတ်တွင် ရှိခဲ့စဥ်က သူမသည် ယီယွင်ကို အမြင်မကြည်ဖြစ်ခဲ့ရသည်။ ယခုတွင် ယီယွင်က လင်မိသားစုအား အရှက်ရစေခဲ့ပြီး ကျစ်ယန်က လင်မိသားစု ဂုဏ်တက်စေအောင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူမက ကြွားလုံးထုတ်ရမည့် အခွင့်အရေးကို မည်သို့များ လက်လွှတ်ခံပါမည်နည်း။
စုကျဲ မျက်နှာပျက်သွားရသည်။ သူ၏စရိုက်က မာနကြီးသည့်အမျိုးအစား ဖြစ်သော်လည်း ယခုအခါတွင် ထိုအမျိုးသမီးက သူ၏အမှားကို လူသိရှင်ကြား ထုတ်ပြောနေလေသောကြောင့် သူ ဒေါသထွက်ရသည်။ သို့သော် အခြေအနေက သူ့ဘက်၌ မရှိလေသောကြောင့် ခွန်းတုန့်မပြန်နိုင်တော့ပေ။
" ဟဲဟဲ... လင်မိသားစုရဲ့ တပည့်တွေက အရမ်းကို တက်ကြွတယ်နော်။ အကြီးအကဲစုရဲ့တပည့်ကို သတ္တိကြောင့် ချီးကျူးသင့်တယ် " ရှန်းထူနန်ထျန်းက အပြုံးနှင့်ဆိုလိုက်သည်။ သူက စုကျဲကို အပြစ်ပြုလိုခြင်းမရှိပေ။ ထို့အပြင် စုကျဲက လင်ရှင်းထုံအတွက် အလွန်အရေးပါသည်။
" ဒါပေမဲ့... ကျွန်တော်တို့ ရှန်းထူမိသားစုက သူရဲကောင်းပိုဆန်တယ်။ အချို့ဆိုရင် အဒေါ် ထင်ထားတာထက်ကို ပိုသာနိုင်လောက်တယ် "
ရှန်းထူနန်ထျန်းက နန်းဝတ်နန်းစားနှင့် အမျိုးသမီးကို ထပ်မံကာပြောလိုက်သည်။ သူ၏စကားလုံးများ ယုံကြည်ချက်အပြည့်ပင်။ ရှန်းထူမိသားစု လုပ်ဆောင်ထားသည့် ကြိုတင်ပြင်ဆင်မှုများက လင်မိသားစုကို ကြီးစွာအံ့အားသင့်စေလိမ့်မည်ဟု သူ ယုံကြည်သည်။
" အိုး... အဒေါ် ထင်ထားတာထက်ကို ပိုသာနိုင်လောက်တယ်လား "
အမျိုးသမီးက စိတ်ဝင်စားသွားကာ..." စိတ်ဝင်စားစရာကောင်းလာပြီပဲ။ ကျစ်ယန်ကလည်း တူလေးနန်ထျန်းကို အံ့အားသင့်အောင် လုပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့ "
အမျိုးသမီး၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် ရင်ဆိုင်ရချိန်တွင် ရှန်းထူနန်ထျန်းက ပြုံးကာ စကားမဆိုတော့ပေ။ သူ၏ပုံစံက လျှို့ဝှက်နက်နဲလှ၏။
.............................
လက်ရှိအချိန်၌ ကွင်းပြင်ထဲတွင် လင်ကျစ်ယန် ချိတ်တံဆိပ်များ ဖန်တီးနေသည်မှာ ပိုမြန်ဆန်လာပြီး သူမ၏လက်ဆယ်ချောင်းပုံရိပ်များ တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်နေသည်။ စုန့်ကျစ်ယွဲ့၏အစီအရင်ထဲသို့ မှော်စာလုံးများက ပျံလွှားငယ်များပမာပင် တစ်ခုပြီးတစ်ခု တိုးဝင်နေကြလေ၏။
လင်ကျစ်ယန် အစီအရင်ဖော်နေသည့် နေရာရှိ အဖွဲ့ငယ်အစီရင်၏ ဗဟိုချက်သည် စုန့်ကျစ်ယွဲ့၏အစီအရင်ထဲရှိ သစ်သားဓာတ် ပျက်စီးခြင်းအရိုးများထဲမှ တစ်ခုဖြစ်လေ၏။
စင်စစ်တွင် ကွမ်ရင်ပန်းခူးလက်သည် သစ်သားဓာတ် ယွမ်ချီစွမ်းအင်ဘက်သို့ ပိုအားသန်လေ၏။ ထိုပျက်စီးခြင်းအရိုးကို လင်ကျစ်ယန်၏ မှော်စာလုံးချိတ်တံဆိပ်များက ဝန်းရံထားသည်။ ပျက်စီးခြင်းအရိုး၏အထက်တွင် ကြာပန်းများ ၊ အင်မော်တယ်မြက်ပင်များ ဖူးပွင့်နေကြသည်ကို လူအများ ရှင်းလင်းစွာမြင်နေရ၏။
ထိုမြင်ကွင်းကြောင့် လူအများ ပိုမိုကာ စိတ်လှုပ်ရှားလာရသည်။