← Chapters

ယီယွင် အစီအရင်ကို ဖျက်ဆီးပြီ

Vol. 27 Ch. 394

ယီယွင် အစီအရင်ကို ဖျက်ဆီးပြီ

Vol. 27 Ch. 394

" စီနီယာအစ်မကျစ်ယန်က အဖွဲ့ငယ်အစီရင်ကို ဖျက်ဆီးဖို့အတွက် ဘယ်လောက်ကြာမလဲ ခန့်မှန်းကြည့်စမ်း "

လင်မိသားစု၏ တပည့်များထဲမှ တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ဤအရာကို ဆွဲဆောင်မှုရှိသည်ဟု ဆိုလိုလေသည်။ အစောပိုင်းက တိုက်ရိုက်တပည့်များ စင်ပေါ်သို့တက်သွားကြပြီး မှော်စာလုံးချိတ်တံဆိပ်များ အကြမ်းထည်နည်းလမ်းနှင့် တိုက်ခိုက်ခဲ့ကြပြီး နည်းစနစ်ဟူ၍ လုံးဝမပါရှိပေ။ လင်ကျစ်ယန်နှင့် စုန့်ကျစ်ယွဲ့တို့၏ ပြိုင်ပွဲနှင့် နှိုင်းယှဥ်မည်ဆိုပါက အရိုင်းဆန်ဆန် နပန်းသတ်ခြင်းနှင့် လှပစွာကခုန်ခြင်းတို့ကဲ့သို့ပင် လုံးဝကွာခြားလေသည်။

" ခုနစ်မိနစ် ရှစ်မိနစ်လောက်ပေါ့ "

စုန့်ကျစ်ယွဲ့ကို အနိုင်ယူရန်အတွက် အနည်းဆုံး အဖွဲ့ငယ်အစီရင်လေးခု ဖျက်ဆီးရလိမ့်မည်။ စုန့်ကျစ်ယွဲ့၏အစီအရင်က အလွန်ပင် နက်နဲရှုပ်ထွေးလေသောကြောင့် အဖွဲ့ငယ်အစီရင်တစ်ခုကို ခုနစ်မိနစ် ၊ ရှစ်မိနစ်ခန့် အချိန်ယူကာ ဖျက်ဆီးသည်မှာ မြန်ဆန်နေပြီဟု ဆိုနိုင်လေသည်။

ဤတိုက်ပွဲက ထိပ်တန်းပါရမီရှင်နှစ်၏ပြိုင်ပွဲ ဖြစ်လေ၏။ လင်မိသားစု၏ တပည့်များက လင်ကျစ်ယန်ကို ချစ်ခင်ကြသော်လည်း စုန့်ကျစ်ယွဲ့တွက် မောက်မာရန် အစွမ်းအစရှိသည်ဟု ဝန်ခံမိသည်။ လင်ကျစ်ယန်အဖို့ စုန့်ကျစ်ယွဲ့နှင့် ရင်ဆိုင်ကာ အနိုင်ရရန်မှာ မလွယ်ကူပေ။

" ခုနစ်မိနစ် ရှစ်မိနစ်လောက်ဆိုတော့ စီနီယာအစ်မကျစ်ယန်က စုန့်ကျစ်ယွဲ့ကို အနိုင်ယူရန်အတွက် နာရီဝက်လောက် လိုအပ်မှာပေါ့။ ဒါ့အပြင် စီနီယာအစ်မကျစ်ယန်က အဖွဲ့ငယ်အစီရင်လေးခု ဖျက်ဆီးပြရင် ရပ်လောက်မှာမဟုတ်ဘူး။ သူက အဖွဲ့ငယ်အစီရင် ခြောက်ခု ၊ ခုနစ်ခု ၊ ရှစ်ခု ဒါမှမဟုတ် ၁၂ ခုလုံးကိုတောင် ဖျက်ဆီးပစ်လောက်တယ် "

လင်မိသားစုမှ လူငယ်အချို့က လင်ကျစ်ယန်ကို အဆုံးမဲ့ မျှော်လင့်ထားလေ၏။

" ခက်ခဲတယ် "

လင်မိသားစု၏ အသက်ပိုကြီးသော တပည့်တစ်ဦးက ခေါင်းယမ်းကာ..." အစီအရင်မှာ ထိန်းရတာက လွယ်ကူပေမဲ့ အစီအရင်ကို ဖျက်ဆီးရတာက ခက်တယ်။ အဲ့ဒီလိုလုပ်နိုင်ဖို့ဆိုရင် စီနီယာအစ်မကျစ်ယန်က စုန့်ကျစ်ယွဲ့ထက် ၃၀% ကနေ ၅၀% လောက်အထိ ပိုအားကောင်းဖို့လိုတယ် "

သူ စကားမဆုံးသေးမီမှာပင် " ဖောင်း " ဟူသော အသံတစ်ခုကို ကြားလိုက်ရ၏။ သူ ကြောင်အသွားကာ အသံလာရာဆီသို့ ကြည့်လိုက်သည်။ အသံအရင်းအမြစ်က ယွင်ရန်ထျန်း ဖြစ်လေ၏။

အစီအရင်ကို ဖျက်ဆီးရန်အတွက် ယီယွင်က စုန့်ကျစ်ယွဲ့ကို အလယ်တွင်ထားကာ လင်ကျစ်ယန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေလေသည်။ သို့သော် လင်ကျစ်ယန်က ကွမ်ရင်ပန်းခူးလက် ထုတ်သုံးလိုက်ချိန်တွင် ယီယွင်နှင့်စုကျဲကို မုန်းတီးနေသည့် နန်းဝတ်နန်းစားနှင့် အမျိုးသမီးမှလွဲ၍ မည်သူကမျှ ယီယွင်ကို အာရုံမစိုက်ကြတော့ပေ။

အမှန်တကယ်တွင်မူ ကွမ်ရင်ပန်းခူးလက်၏ အလင်းများကြောင့် ယီယွင်၏ ဆန်းကြယ်သလင်းလက်က မှေးမှိန်သွားသည်မှာ ကြာခဲ့ချေပြီ။ မည်သို့ဖြစ်သွားသည်ကို ပြောပြရန်မှာ မဖြစ်နိုင်ပေ။

ပေါက်ကွဲသံကြောင့်သာ လူအများက ယီယွင်ကို ကြည့်လာကြသည်။ ရှေ့ရှိမြင်ကွင်းကြောင့် လူတိုင်း ကြောင်အသွားကြလေ၏။

ယီယွင်၏ရှေ့ရှိ မီးဓာတ်ပျက်စီးခြင်းအရိုးက ကျိုးကြေနေချေပြီ။ ၎င်း၏ မူလက အနီရင့်ရောင်အဆင်းသည် မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားလေ၏။ ၎င်း၏ ပျက်စီးခြင်းစွမ်းအင်များ ကုန်ခမ်းသွားကြောင်း ရှင်းလင်းလှသည်။ ပျက်စီးခြင်းအရိုးတစ်ခုက ပျက်စီးခြင်းစွမ်းအင်များအားလုံး ထုတ်ယူခံလိုက်ရမှသာ ဤသို့ဖြစ်တတ်လေသည်။

အစီအရင်ဗဟိုချက်ကို စွမ်းအားပေးထားသော ပျက်စီးခြင်းအရိုးက စွမ်းအားကုန်ခမ်းသွားလေသောကြောင့် အဖွဲ့ငယ်အစီရင်တစ်ခုလုံး စွမ်းအင်ပျောက်သွားကာ အချိန်မရွေး ပြိုကွဲသွားတော့မည့်ပမာ ဖြစ်သွားလေ၏။

ဘာ...ဘာဖြစ်တာလဲ။

လူများစွာ၏ ဦးနှောက်များ အချိန်မီ တုန့်ပြန်နိုင်ခြင်းမရှိခဲ့ပေ။ သူတို့၏ရှေ့မှ မြင်ကွင်းက မည်သည်ကိုဆိုလိုကြောင်း နားမလည်ကြပေ။ သူတို့ တွေးကြည့်လေလေ မယုံနိုင်ရလေလေပင်။

ထိုစဥ် ယီယွင် ကျိုးကြေနေသည့် ပျက်စီးခြင်းအရိုးထဲမှ မီးတောက်နီအလင်းတစ်ခုကို ခပ်အေးအေးပင် ကောက်ယူလိုက်လေ၏။ ယင်းက ဖွတ်ငယ်တစ်ကောင်၏ပုံရိပ် ဖြစ်လေ၏။ ယင်းက ပျက်စီးခြင်းအရိုးထဲတွင် ပိတ်လှောင်ထားသည့် ပျက်စီးခြင်းသားရဲ ချီအဆီအနှစ် ဖြစ်လေသည်။

" မီးချော်ရည်ဖွတ်...ဒီကောင်က မီးချော်ရည်ဖွတ်ကို ကိုင်ထားတယ် "

လူများစွာ မျက်လုံးအပြူးသားဖြင့် ကြည့်နေလေ၏။ ပျက်စီးခြင်းအရိုးကို ​ချပြထားလျှင်ပင် ပျက်စီးခြင်းကောင်းကင်သခင် အများစုသည် အရိုးက မည်သည့်ပျက်စီးခြင်းသားရဲထံမှ ဖြစ်သည်ကို သရုပ်မခွဲတတ်ကြပေ။ သို့သော် ယခုအခါ ယီယွင်က ချီအဆီအနှစ်ကို ဆုပ်ကိုင်လိုက်ချိန်တွင် သူတို့ မှတ်မိသွားကြသည်။

မီးချော်ရည်ဖွတ်က အားကောင်းသော ပျက်စီးခြင်းသားရဲတစ်ကောင် ဖြစ်လေသည်။ မီးချော်ရည်ဖွတ်က ကြီးစိုးခြယ်လှယ်ပြီး ခန္ဓာကိုယ်တွင် မီးဓာတ်စွမ်းအင်များ ပြည့်နေသည်။ မီးချော်ရည်ဖွတ်သာ စွမ်းအင်ထုတ်လွှတ်လိုက်ပါက အိပ်မက်ဆိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။

လက်ရှိအချိန်၌ မကျေနပ်ခြင်းနှင့် ကြီးစိုးခြယ်လှယ်ခြင်းများ ပြည့်နေသည့် မီးချော်ရည်ဖွတ်၏ ချီအဆီအနှစ်ကို ယီယွင်က သာမန်အိမ်မွေးဖွတ်ကောင်ကို ကိုင်နေသည့်ပမာပင် အေးအေးဆေးဆေး ကိုင်ထားလေ၏။

ယခုအခါတွင် ယီယွင်က မီးချော်ရည်ဖွတ်၏ ချီအဆီအနှစ်ပေါ်တွင် မှော်စာလုံးချိတ်တံဆိပ်အချို့ ခပ်အေးအေးပင် ဖန်တီးနေလေ၏။ ထို့နောက် သူက သိုလှောင်လက်စွပ်ထဲမှ သေတ္တာတစ်လုံး ထုတ်ယူကာ မီးချော်ရည်ဖွတ်ကို အစာသိုလှောင်သည့်ပမာပင် ဖိထည့်လိုက်လေသည်။ ထို့နောက် သူက သေတ္တာအဖုံးကို ပိတ်လိုက်လေ၏။

ဖောင်း...။

ယီယွင် အဖုံးပိတ်လိုက်ချိန်တွင် ရှေ့တွင်ရှိနေသည့် အဖွဲ့ငယ်အစီရင် လုံးပေါက်ကွဲသွားလေ၏။ ကျန်ရှိနေသော ပျက်စီးခြင်းအရိုးများ တကွဲတပြားဖြစ်သွားလေသည်။

ယီယွင်က အဖွဲ့ငယ်အစီရင်တစ်ခုကို ဖျက်ဆီးပြီးသွားချေပြီ။

လူအများ မြင်ကွင်းကိုကြည့်ကာ မှင်တက်မိနေကြပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ မယုံကြည်နိုင်ကြသည့်တိုင်အောင် ရှေ့တွင်ရှိနေသည့် မြင်ကွင်း၏ ဆိုလိုရင်းကို နားလည်သွားကြသည်။ ယွင်ရန်ထျန်းက ဓာတ်ငါးပါးအရိုးအစီအရင်၏ အဖွဲ့ငယ်အစီရင်တစ်ခုကို ဖျက်ဆီးသွားလေ၏။

လူတိုင်း၏ အမူအရာများ အေးခဲနေကြလေ၏။ သူတို့၏ ခန္ဓာကိုယ်များသည် အင်းစာရွက် ကပ်ထားသော ဖုတ်ကောင်များပမာ တောင့်တင်းနေကြလေ၏။

လက်ဖက်ရည်ပွဲတော်တစ်ခုလုံး သရဲ မြင်လိုက်ရသည့်ပမာ တိတ်ဆိတ်နေသည်။

မူလက လူအများသည် လင်ကျစ်ယန်က အဖွဲ့ငယ်အစီရင်တစ်ခုကို ဖျက်ဆီးရန်အတွက် ခုနစ်မိနစ် ၊ ရှစ်မိနစ်ခန့် ကြာမည်ဟု ခန့်မှန်းထားခဲ့သော်လည်း စက္ကန့်သုံးဆယ်ခန့် အချိန်အတွင်းမှာပင် ယွင်ရန်ထျန်းက အဖွဲ့ငယ်အစီရင်တစ်ခုကို ဖျက်ဆီးပြီးသွားချေပြီ။

ဘာတွေဖြစ်နေတာလဲ။

လူအများမှာ တုန့်ပြန်ရန် နှေးကွေးနေကြဆဲပင်။ ဤခံစားချက်သည် သိုင်းပညာ ဆရာသခင်တစ်ဦးက ထိပ်တန်းပညာရှင်တစ်ဦးအား စိန်ခေါ်နေချိန်တွင် ဒုတိယအတန်းအစား ပုဂ္ဂိုလ်တစ်ဦးက ဝင်လာသကဲ့သို့ ဖြစ်လေ၏။

ပြိုင်ပွဲစတင်ချိန်တွင် ဆရာသခင်က ထိပ်တန်းပညာရှင်နှင့် လျှို့ဝှက်အကွက် အကုန်သုံးကာ လှပစွာတိုက်ခိုက်နေသည်။ မြင်ကွင်းက ခမ်းနားကြီးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်ရသည်။ သို့သော် အနိုင်ရလဒ်ကိုမူ မသတ်မှတ်နိုင်သေးပေ။

သို့သော် ဒုတိယအတန်းအစား ပုဂ္ဂိုလ် စင်မြင့်ပေါ်သို့ တက်လာချိန်တွင် အလွန်ပင်သာမန်ဆန်သော ကွန်ဖူးပညာကို အသုံးပြုကာ ထိပ်တန်းပညာရှင်ကို ရင်ဆိုင်လေသည်။ စကားမဆိုဘဲ အေးဆေးသော ကန်ချက်တစ်ခုက ထိပ်တန်းပညာရှင်ကို မြေပေါ်သို့ လဲကျသွားစေခဲ့လျှင် ရယ်စရာတစ်ခုပင် မဟုတ်ပေလော။

လူအများမှာ အမှန်တကယ်ပင် လက်မခံနိုင် ဖြစ်နေကြသည်။ အထူးသဖြင့် ဂုဏ်သရေရှိခုံတန်းမှ လင်ရှင်းထုံ၏ အဒေါ်ဖြစ်သူမှာ လုံးဝကြောင်အနေသည်။ သူမ ပါးစပ်အဟောင်းသားဖြစ်နေပြီး မျက်ဝန်းများက ရှေ့ကိုသာ စူးစိုက်ကြည့်နေသည်။ သူမက လည်ပင်း အညှစ်ခံထားရသည်နှင့်ပင် တူလှသည်။ လက်ရှိတွင် သူမ၏မျက်နှာက ချက်ထားသော ကဏန်းတစ်ကောင်ပမာ ရဲရဲနီနေသည်။

မည်သည့်စည်းမျဥ်းကိုမျှ မသိသော တောသားကောင် ယွင်ရန်ထျန်းက စုန့်ကျစ်ယွဲ့၏ အဖွဲ့ငယ်အစီရင်ကို ကျစ်ယန်ထက်အရင် ဖျက်ဆီးနိုင်ခဲ့သည်တဲ့လား။

သူမ စုကျဲကို ခဲယဥ်းစွာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူမ၏ အရိုးအဆစ်များ ချေးကိုက်နေပြီး လှုပ်ရှား၍မရသည့်အလားပင်။

စုကျဲသည်လည်း လုံးဝကြောင်အနေသည့် အမူအရာ ဖြစ်နေသည်ကို သူမ မြင်လိုက်ရသည်။

လူအားလုံးထဲတွင် စုကျဲက ယီယွင်ကို အသိဆုံးသူ ဖြစ်လေသည်။ ယီယွင် ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို သင်ကြားထားသည်မှာ အချိန်ကြာမြင့်နေလောက်ပြီဟု အခြားသူများက ထင်နိုင်ကောင်းသော်လည်း စုကျဲကမူ ယီယွင် ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို သင်ယူနေသည်မှာ အလွန်ပင် အချိန်တိုတောင်းသေးကြောင်းကို သေချာသိသည်။

လွန်ခဲ့သည့်နှစ်နှစ်က ယီယွင်က ဘက်ပေါင်းစုံတွင် သေမျိုးတစ်ဦးသာ ဖြစ်လေ၏။ နှစ်နှစ်အတွင်း၌ ယီယွင်က သိုင်းပညာရပ်တွင် သေမျိုးသွေးနယ်ပယ်မှ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။ ယီယွင်က အမွေအနှစ်မျိုးစုံကိုလည်း ကျင့်ကြံသေးသည်။ ထိုအခြေအနေအောက်တွင်ပင် ယီယွင်အဖို့ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို သင်ယူရန်အတွက် မည်သို့များ အချိန်ရှိပါမည်နည်း။

ဤမျှအချိန်တိုအတွင်းတွင် သူ မည်သို့များ ဖြစ်ထွန်းနိုင်ခဲ့လေသနည်း။ ဤသည်က ချဲ့ကားလွန်းနေသည်။

သူ မယုံနိုင်ဖြစ်နေရသော်လည်း နန်းဝတ်နန်းစားနှင့် အမျိုးသမီးက သူ့အားကြည့်နေသည်ကို သတိပြုမိသွားကာ စုကျဲ၏ မျက်နှာအိုထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ယီယွင်၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က အလွန်ပင် အံ့ဩဖွယ်ကောင်းနေသည်ကို မည်သူကများ ဂရုစိုက်မည်နည်း။ သူသာ စက်ဆုပ်ဖွယ်ရာ စုန်းမအိုကြီးကို အညစ်အကျေးများ စားခိုင်းနိုင်လျှင် ပျော်စရာအခိုက်အတန့်သာ ဖြစ်လေ၏။

" ဘယ်လိုလဲ။ ခင်ဗျားရဲ့မျက်နှာက ယောင်နေတာလား။ ဟဲဟဲ... ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ရေကန်ထဲကို အမြန်ခုန်ချပစ်မိမှာပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ခင်ဗျားရဲ့ မျက်နှာအိုကြီးက မျောက်ဖင်လို နီရဲလာလိမ့်မယ်။ အဲ့ဒီလိုသာဖြစ်သွားခဲ့ရင် ခင်ဗျား အခြားသူတွေနဲ့ ဘယ်လို မျက်နှာချင်းဆိုင်မလဲ "

စုကျဲသည် နန်းဝတ်နန်းစားနှင့် အမျိုးသမီး စောပိုင်းကပြောခဲ့သည့် လေသံကို အတုခိုးကာ မိန်းမလေသံနှင့် ပြောလိုက်လေ၏။ ယခုအခါ၌ သူ၏စိတ်ထဲတွင် စကားလုံးတစ်ခုသာ ရှိလေသည်။

အားရတယ်...။

All Chapters