← Chapters

တစ်ခုပြီးတစ်ခု ဖျက်ဆီးခြင်း

Vol. 27 Ch. 395

တစ်ခုပြီးတစ်ခု ဖျက်ဆီးခြင်း

Vol. 27 Ch. 395

နန်းဝတ်နန်းစားနှင့် အမျိုးသမီးသည် စုကျဲက လှောင်သည်ကို ခံရပြီးနောက် အဆုတ်ပေါက်ကွဲလုမတတ် ခံစားနေရသော်လည်း သူမအဖို့ နှုတ်လှန်ထိုးနိုင်ခြင်းမရှိပေ။ ယီယွင်က စုန့်ကျစ်ယွဲ့၏အစီအရင်ကို မည်သို့ဖျက်ဆီးသွားကြောင်း သူမ နားမလည်ပေ။

" တူလေးနန်ထျန်း... ဘာတွေဖြစ်သွားတာလဲ။ တူလေးက စုန့်ကျစ်ယွဲ့ကို အရမ်းယုံကြည်ချက်ရှိနေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဘယ်ကမှန်းမသိတဲ့ တောသားတစ်ကောင်းက အစီအရင်ကို ဖျက်ဆီးနိုင်သွားတယ် "

အမျိုးသမီးသည် လင်မိသားစုမှ ဂျူနီယာတစ်ဦးက ရှန်းထူမိသားစုမှ ဂျူနီယာကို အနိုင်ယူသွားသည်အား မြင်ချင်နေခဲ့သည်။ သို့သော် ချောင်ကြိုချောင်ကြားမှလာသည့် ယီယွင်က လင်ကျစ်ယန် အရှက်အောင်လုပ်ခဲ့သည်ကို သူမက မည်သို့များ ဒေါသမထွက်ဘဲ နေပါမည်နည်း။

ရှန်းထူနန်ထျန်းသည်လည်း ဝေခွဲမရဖြစ်နေကာ..." စိတ်မပူပါနဲ့ အဒေါ်။ အခြားအကြောင်းအရင်းအချို့ ရှိနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျစ်ယွဲ့ကို မေးကြည့်ပြီး ကျွန်တော့်ရဲ့သံသယကို အတည်ပြုကြည့်ပါဦးမယ် "

ရှန်းထူနန်ထျန်းက စုန့်ကျစ်ယွဲ့ဆီသို့ အသံပို့လွှတ်လိုက်သည်။

ယခုအခါ၌ အစီအရင်အလယ်တွင် ရပ်နေသည့် သစ်သားချောင်းပမာ အေးခဲနေသည်။ ယီယွင်က အစီအရင်ကို ဖျက်ဆီးလိုက်သည့်အခိုက်တွင် သူ၏နှလုံးသား ပြင်းထန်စွာ ကုတ်ခြစ်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရ၏။

" ကျစ်ယွဲ့... ဘာဖြစ်သွားတာလဲ "

စုန့်ကျစ်ယွဲ့က အိပ်မက်မှ နိုးလာသူပမာ အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ၏နဖူးတွင် သွေးကြောများ ထောင်နေလျက်ရှိပြီး ယီယွင်အားကြည့်ရင်း..." ဒီကောင်လေးက ငါ့ရဲ့အစီအရင်ကို ဖျက်ဆီးသွားတယ် "

" အဲ့ဒါက သိသာနေတာပဲကို။ ဘယ်လို ဖျက်ဆီးသွားတာလဲလို့ ငါ မေးနေတာ " ရှန်းထူနန်ထျန်းက စိတ်မရှည်ဟန်ဖြင့် ဆိုလေသည်..." ဒီလောက် သိသာနေတာတောင် ငါ မင်းကို ထပ်ပြီးနေပါဦးမလား "

စုန့်ကျစ်ယွဲ့ မျက်နှာပျက်သွားကာ တွေးရင်းဆိုသည်..." ယုတ္တိကျကျဆိုရင် ပျက်စီးခြင်းအရိုးထဲမှ ငါ ပုံစံထုတ်ထားတဲ့ ထောင်ချောက်ကို ဒီကောင့်ရဲ့ ဆန်းကြယ်သလင်းလက်နဲ့ တစ်စစီဖြုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါ့ရဲ့အစီအရင်က ရှုပ်ထွေးပြီးတော့ ပြစ်ချက်မရှိဘူး။ ကောင်းကင်ကို ဖီဆန်နိုင်လောက်အောင်အထိ ကံကောင်းမနေရင် အစီအရင်ကို ကြုံသလိုဖျက်ဆီးပစ်ဖို့က မဖြစ်နိုင်ဘူး "

အကောင်းဆုံး သော့တစ်ခုသည်ပင် ကို့ရို့ကားယား သော့ပြင်ဆရာကြောင့် ပွင့်သွားနိုင်လေသည်။ ဝါယာကြိုးတစ်ခုနှင့်ပင် ကံကောင်းထောက်မပြီး သော့ပွင့်သွားနိုင်လေ၏။ ယင်းဖြစ်ရပ်မျိုး မဖြစ်လာနိုင်ခြေမှာ မြင့်မားသော်လည်း မဖြစ်နိုင်ခြင်းမဟုတ်ပေ။

ယီယွင် အသုံးပြုခဲ့သည့် ဆန်းကြယ်သလင်းလက်က သူ၏ကိုယ်ပိုင်မှော်စာလုံးများနှင့် ပဲ့တင်ထပ်သွားကာ ဤကဲ့သို့ ရလဒ်မျိုး ဖြစ်လာရသည်ဟု စုန့်ကျစ်ယွဲ့က ယုံကြည်ထားသည်။

ရှန်းထူနန်ထျန်းက အသက်ပြင်းပြင်းရှုကာ..." မင်း သေချာရဲ့လား "

" ငါ သေချာတယ် " စုန့်ကျစ်ယွဲ့ ခေါင်းညိတ်ကာ ယီယွင်ကို လှမ်းကြည့်လိုက်သည်။ ယခုအခါ၌ သူ၏အကြည့်ထဲတွင် မုန်းတီးမှုအချို့ ပါဝင်နေလျက်ဖြင့်..." ဒုတိယအကြိမ် ရှိလာမှာမဟုတ်ဘူ။ ဓာတ်ငါးပါးအရိုးအစီအရင်ကို ဆန်းကြယ်သလင်းလက်က သေချာပေါက် ဖျက်ဆီးလို့မရဘူး "

စုန့်ကျစ်ယွဲ့က အံကျိတ်ကာ ဆိုလိုက်သည်။ သူ၏ကိုယ်ပိုင်အစီအရင်ကို အလွန်ပင် ယုံကြည်ချက်ရှိသည်။

လက်ရှိတွင် ယီယွင်က ဒုတိယမြောက် အဖွဲ့ငယ်အစီရင်ဆီသို့ သွားနေလေသည်။ အဖွဲ့ငယ်အစီရင်၏ အလယ်တွင် မြေဓာတ်ပျက်စီးခြင်းအရိုး ရှိသည်။ မြေဓာတ်စွမ်းအင်သည် ယီယွင် အနည်းငယ်ခန့်သာ ထိတွေ့ဖူးသည့် စွမ်းအင်တစ်ဖြစ်သော်လည်း ယီယွင် အစီအရင်အား ဖျက်ဆီးမည်ကို တားဆီးနိုင်မည်မဟုတ်ပေ။

စွမ်းအင်မြင်ကွင်းကြောင့် ယီယွင်၏ရှေ့မှောက်တွင် ထောင်ချောက်များအားလုံး ဖုံးကွယ်၍မရပေ။ ထို့အပြင် ယီယွင်၏ စွမ်းအင်ထိန်းချုပ်မှုက တိကျသည့်အရာတွင် စုကျဲထက် သာလွန်သောအဆင့်ကို ရောက်ရှိနေလေသည်။

" မြေဓာတ်အရိုးအစီအရင် "

ယီယွင် အရိုးစအပေါ်တွင် အာရုံစိုက်လိုက်သည်။ စွမ်းအင်မြင်ကွင်းထဲတွင် ဤပျက်စီးခြင်းအရိုးထဲမှ ထောင်ချောက်က ယခင်ထောင်ချောက်နှင့် လုံးဝကွဲပြားနေသည်။

စုန့်ကျစ်ယွဲ့၏ ဓာတ်ငါးပါးအရိုးအစီအရင်ထဲမှ အဖွဲ့ငယ်အစီရင် ၁၂ ခုသည် အားလုံးက ကွဲပြားလေ၏။ အစီအရင်ကို ဖျက်ဆီးရသည်မှာ ခက်ခဲမှုတိုးလာသည်။ အစွမ်းအစနည်းသည့် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဦးက အဖွဲ့ငယ်အစီရင်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့လျှင် စိတ်စွမ်းအားများစွာ ကုန်ခမ်းသွားပေလိမ့်မည်။ သို့သော် သူ ဒုတိယမြောက် အဖွဲ့ငယ်အစီရင်ကို ဖျက်ဆီးချိန်၌ အားလုံးပုံအောကာ ထပ်မံကြိုးစားရပေမည်။ ထို့ကြောင့် အဖွဲ့ငယ်အစီရင်လေးခုကို ဖျက်ဆီးရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

" မင်းက ဖျက်ဆီးချင်နေသေးတာလား " စုန့်ကျစ်ယွဲ့က ယီယွင်ကို အေးစက်စက်ကြည့်ကာ..." မင်းရဲ့ကံကောင်းမှုက ဘယ်လောက်အထိ ခံမလဲဆိုတာ ငါ ကြည့်ချင်သေးတယ် "

စုန့်ကျစ်ယွဲ့၏ သတ်ဖြတ်လိုစိတ်ပြည့်နေသော အကြည့်ကို ခံစားမိကာ ယီယွင်က စုန့်ကျစ်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ သူက မျက်နှာဖုံး ဝတ်ထားလေသောကြောင့် အမူအရာမရှိပေ။ သွေးမျဥ်းကြောင်း အမှတ်အသားနှစ်ခုနေရာမှ မျက်ဝန်းများက ခပ်အေးအေးပုံစံ ရှိနေလေသည်။

ယီယွင်က စုန့်ကျစ်ယွဲ့ကို လျစ်လျူရှုကာ အစီအရင်ကို စိုးရိမ်ခြင်းမရှိဘဲ စတင်ဖျက်ဆီးလေသည်။

........................

" အဒေါ်... ခုနက မတော်တဆ ဖြစ်သွားတာပါ " ရှန်းထူနန်ထျန်းက နန်းဝတ်နန်းစားနှင့် အမျိုးသမီးကို လှမ်းကြည့်ကာ ပြုံး၍ဆိုလေသည်... " ကောင်းကင်ရဲ့ပင်စည်နဲ့ မြေကြီးရဲ့အကိုင်းအခက် သော့ခလောက်အကြောင်းကို အဒေါ် ကြားဖူးလားမသိဘူး။ ကောင်းကင်ရဲ့ပင်စည်ကို ပင်စည်ဆယ်ခုနဲ့ ဖန်တီးထားပြီး မြေကြီးရဲ့အကိုင်းအခက်ကိုလည်း အကိုင်းအခက်ဆယ်ခုနဲ့ ဖန်တီးထားတယ်။ ဓာတ်ငါးပါးကို အတူထားလိုက်ချိန်မှာ သောင်းချီတဲ့ ပေါင်းစည်းမှုတွေ ဖြစ်လာတယ်။ အဲ့ဒီအထဲက တစ်ခုကို မှန်ကန်သွားရုံနဲ့တင် ကောင်းကင်ရဲ့ပင်စည်နဲ့ မြေကြီးရဲ့အကိုင်းအခက် သော့ခလောက်ကို ဖွင့်နိုင်လိမ့်မယ် "

" ဘာမှမသိတဲ့ လူတစ်ဦးက ကောင်းကင်ရဲ့ပင်စည်နဲ့ မြေကြီးရဲ့အကိုင်းအခက်ကို ကြုံသလိုပေါင်းစပ်ပြီး မှန်ကန်သွားခဲ့တယ်။ ဒါကြောင့်ပဲ ကောင်းကင်ရဲ့ပင်စည်နဲ့ မြေကြီးရဲ့အကိုင်းအခက်ကို ဖွင့်နိုင်သွားခဲ့တာပါ "

ရှန်းထူနန်ထျန်းက ဆိုလိုက်ပြီးနောက် ယပ်တောင်ဖြန့်ကာ ယပ်ခတ်နေလျက်ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနေသည်။

သူ ယုံကြည်ချက်ရှိနေသည်မှာ စုန့်ကျစ်ယွဲ့ကို မျက်စိစုံမှိတ်ကာ ယုံကြည်ခြင်းကြောင့် မဟုတ်ပေ။ ရှန်းထူနန်ထျန်းက ကိုယ်ပိုင်အကဲဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီး ဆယ့်ငါးနှစ်သား လူငယ်တစ်ဦး၏ ဆန်းကြယ်သလင်းလက်မှ လက်သီးဆုပ်အရွယ်ခန့် မှော်စာလုံးချိတ်တံဆိပ်များက ဓာတ်ငါးပါးအရိုးအစီအရင်ကို ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ဘူး အားကောင်းစွာ ယုံကြည်ထားခြင်းကြောင့် ဖြစ်လေသည်။

ဂုဏ်သရေရှိခုံတန်းတွင် လင်မိသားစု၏ အဆင့်မြင့်ပိုင်း အကြီးအကဲများထဲတွင် ပျက်စီးခြင်းကောင်းကင်သခင်များ မနည်းလှပေ။ သူတို့က ရှန်းထူနန်ထျန်း ထောက်ပြသည်ကို လက်ခံကြသည်။ ရှန်းထူနန်ထျန်း ပြောသွားသည်မှာ အမှန်တကယ်ပင် ဖြစ်နိုင်သည်။

" မိုးကောင်းကင်အောက်မှာ ဒီလို တိုက်ဆိုင်မှုမျိုးဆိုတာ မရှိဘူး " စုကျဲက အေးစက်စက် ဆိုလိုက်သည်။ သူသည် ယီယွင်ကို များစွာယုံကြည်ချက်မရှိသော်လည်း ယီယွင်၏အောင်မြင်မှုကို ရှန်းထူနန်ထျန်းက အပုပ်ချနေချိန်တွင် အမည်ခံဆရာတစ်ဦးဖြစ်သည့် သူ့အဖို့ ခံစားရမကောင်းချေ။

" ဟားဟား အကြီးအကဲစု... ဒီဂျူနီယာက ထင်မြင်ချက်ကိုပဲ ပြောပြတာပါ။ တကယ်ဆို စုန့်ကျစ်ယွဲ့ရဲ့ ဓာတ်ငါးပါးအရိုးအစီအရင်ဆိုတာက ဆန်းကြယ်သလင်းလက် ဖျက်ဆီးနိုင်တဲ့အရာမျိုး မဟုတ်ဘူးလေ။ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးရဲ့ လက်ထဲမှာဆိုရင်တော့ ဟုတ်လောက်မှာပေါ့။ ဂျူနီယာတစ်ဦးရဲ့ လက်ထဲမှာဆိုရင်တော့ ကောင်းကင်ဘုံကို တက်ရတာလောက်အထိ ခက်ခဲလိမ့်မယ် "

" ဒီအခြေအနေမျိုးမှာ ဒီဂျူနီယာရဲ့ အကြံပြုချက်က အကျိုးအကြောင်းအညီဆုံး ဖြေရှင်းချက်ပဲလေ။ ဂျူနီယာညီမရှင်းထုံကရော ဘာပြောချင်သေးလဲ "

ရှန်းထူနန်ထျန်းက လင်ရှင်းထုံကို ကြည့်လိုက်သည်။ လင်ရှင်းထုံက ရောက်လာချိန်ကတည်းက စကားမပြောသလောက်နီးပါး ရှိနေခဲ့သည်။ ရှန်းထူနန်ထျန်းက လင်ရှင်းထုံနှင့် ရင်းနှီးလိုသောကြောင့် အခွင့်ကြုံတိုင်း စကားဝိုင်းထဲသို့ ဆွဲသွင်းလေ့ရှိသည်။

" ရှင် ထင်နေတဲ့ ကျိုးကြောင်းညီမှုဆိုတာက ကျိုးကြောင်းညီမနေတာလဲ ဖြစ်နိုင်တာပဲလေ " လင်ရှင်းထုံက အေးစက်စက် ဆိုလိုက်သည်။ လင်မိသားစုနှင့် ရှန်းထူမိသားစုတို့မှ အဆင့်မြင့် အကြီးအကဲများ အတူရှိနေကြလေသောကြောင့် လင်ရှင်းထုံအဖို့ မယဥ်ကျေး၍မရပေ။ သူမကို ရှန်းထူနန်ထျန်းက စကားလာပြောချိန်တွင် သူမ အပြစ်တင်မခံလိုပါက စကားပြန်ပြောရပေလိမ့်မည်။

သို့သော် လင်ရှင်းထုံ၏စိတ်က ရှန်းထူနန်ထျန်းနှင့် စကားပြောရာတွင် ရှိမနေပေ။ သူမက ယီယွင်၏ လက်များကိုသာ မမှိတ်မသုန် ကြည့်နေခဲ့သည်။ ယီယွင်၏ လှုပ်ရှားမှုတိုင်းကို သူမ ရှင်းလင်းစွာ မြင်နေရလေ၏။

သူမက အိပ်မွေ့ချလိုက်ရသည့်အလားပင် လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ညတစ်ခုဆီသို့ ပြန်ရောက်သွားခဲ့သည်။ ပျက်စီးခြင်းလူသားတောင်ကြားထဲတွင် ယီယွင် လင်ရှင်းထုံ၏လက်များကို မြင်လိုက်ချိန်တွင် ပြောခဲ့သောစကားများ...။

ထိုညအကြောင်း ပြန်တွေးရင်း လင်ရှင်းထုံမှာ ခံစားချက်များ ရောထွေးလာရသည်။ သူမသည် ယီယွင်၏ ခေါင်းမာပြီး သဘာဝမဆန်သော စကားများကို ယုံကြည်ရန်ခက်ခဲ့လေ၏။ ယနေ့တွင်မူ သူ၏နားလည်သဘောပေါက်မှုများကို ကိုယ်ပိုင်လက်များနှင့် ပုံဖော်နေချေပြီ။

ယီယွင် အသုံးပြုနေသည့် နည်းစနစ်ဖြစ်သည့် ဆန်းကြယ်သလင်းနှင့် မှော်စာလုံးချိတ်တံဆိပ်များက အလွန်ပင် သာမန်ဆန်လေသည်။ ယင်သည်း လွန်ခဲ့သည့်နှစ်နှစ်ခန့်က ယီယွင် ဝတ်ဆင်ခဲ့သည့် ချည်ကြမ်းဝတ်စုံနှင့် ဆင်တူနေသော်လည်း တစ်ချိန်တည်းမှာပင် ယီယွင်ကိုယ်တိုင်ကဲ့သို့ ရိုးစင်းနေပြန်သည်။

သူက အလွန်မြန်ဆန်စွာဖြင့်ပင် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာခဲ့လေ၏။

တိမ်ရိုင်းနယ်မြေထဲတွင် သူမ တွေ့ခဲရပြီး ရယ်စရာကောင်းသည့် ပန်းတိုင်ကို ချမှတ်ထားသော တောသားလေးတစ်ဦးက သိုင်းပညာရပ်ကို လိုက်စားနေရင်း ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာလိုသည့်ဆန္ဒက အမှန်တကယ်ပင် အောင်မြင်သွားခဲ့ချေ၏။

လင်ရှင်းထုံအဖို့ ယီယွင်တွင် ဖြစ်ပျက်ခဲ့သည့် အံ့ဩဖွယ်ဖြစ်ရပ်များကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့်အလားပင်။ ထိုအံ့ဩဖွယ်ဖြစ်ရပ်များက သူမအတွက် ထူးခြားစွာ အဓိပ္ပါယ်ရှိလေသည်။

အကြောင်းကမူ သူမ၏ ပိတ်ဆို့နေသောသွေးကြောများ ရှိနေခြင်းကြောင့်ပင်။ သူမသာ ပိတ်ဆို့နေသော သွေးကြောများကို ပြန်ဆက်နိုင်ခဲ့ပါက အံ့ဩဖွယ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ယီယွင်ကဲ့သို့ မဖြစ်နိုင်သည့် ကိစ္စရပ်တစ်ခုကို အောင်မြင်နိုင်ခဲ့သည်မှာ သာမန်လူများ မဖြစ်နိုင်ဟု တွေးထားသည့်အရာကို ပြင်းပြသောဆန္ဒနှင့် အောင်မြင်မှုရခဲ့ခြင်း ဖြစ်လေ၏။

လင်ရှင်းထုံ ငယ်ရွယ်စဥ်က ပိတ်ဆို့နေသော သွေးကြောများကို ပြန်ဆက်မည်ဟု စိတ်ဆုံးဖြတ်လိုက်ချိန်တွင် သူမ၏ အဒေါ်များနှင့် ဝမ်းကွဲများက လှောင်ရယ်ခဲ့ကြသည့် မြင်ကွင်းကို မှတ်မိနေသေးသည်။

လှောင်ပြောင်ထေ့ငေါ့ခြင်းများက ငယ်ရွယ်သည့် လင်ရှင်းထုံကို စိတ်ဓာတ်ကျစေပြီး ရှက်ရွံ့စေသည်။ သို့သော် ယခုအခါတွင် ထိုသို့မဟုတ်တော့ပေ။ သူမ၏ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းကာ သူမ၏အိပ်မက်ကို အကောင်အထည်ဖော်ရမည်။ သူမအဖို့ အခြားသူများ၏ ခံစားချက်ကို အဘယ့်ကြောင့် ဂရုစိုက်နေရပါမည်နည်း။

လူသားများက အိပ်မက်များရှိရန် လိုအပ်သည်။ အိပ်မက်များ မရှိတော့လျှင် လူသားနှင့် တိရိစ္ဆာန်တို့အကြား မည်သည့်အရာများ ကွာခြားပါဦးမည်နည်း။

လင်ရှင်းထုံက သူမကိုယ်သူမအား ယီယွင်အဖြစ် မြင်နေမိသည်။ တူညီသော ကြိုးစားအားထုတ်မှု ၊ ဇွဲလုံ့ဝီရိယ ၊ တူညီသောဝေးကွာမှုနှင့် ဖမ်းဆုပ်ရခက်သော အိပ်မက်များ။

ယီယွင်က လုပ်နိုင်ခဲ့သည်ဆိုလျှင် သူမက အဘယ်သို့များ မလုပ်နိုင်ပါမည်နည်း။

လင်ရှင်းထုံ လက်သီးဆုပ်လိုက်၏။

" ငါနဲ့သက်ဆိုင်တဲ့ လမ်းကြောင်းကို ငါလျှောက်မယ်။ နင်လည်း နင်နဲ့သက်ဆိုင်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ ငါ ဆုတောင်းပေးပါတယ် " လင်ရှင်းထုံ ကျိတ်၍ ရေရွတ်လိုက်သည်။

လက်ရှိတွင် ရှန်းထူနန်ထျန်း အနည်းငယ် မျက်မှောင်ကုတ်နေသည်။ သူက အာရုံခံထက်မြက်လေသောကြောင့် လင်ရှင်းထုံ သူ့အား စကားပြောနေချိန်တွင် သူမ၏အာရုံက ယွင်ရန်ထျန်းထံတွင်သာ ရှိနေခဲ့ပြီး သူ့အား ဝတ်ကျေတန်းကျေသာ တုန့်ပြန်ခဲ့ကြောင်းကို သတိပြုမိခဲ့သည်။

အလွန်မာနကြီးသော ရှန်းထူနန်ထျန်းသည် ငယ်စဥ်ကတည်းက အာရုံစိုက်ခံရခြင်းများ၏ ဗဟိုချက် ဖြစ်ခဲ့သည်။ သူ့ထံတွင် အားလုံးပုံအောပေးလို့သည့် မိန်းကလေးများ မရေမတွက်နိုင်အောင်ပင် ရှိလေသည်။ လင်ရှင်းထုံတစ်ဦးတည်း၏ ရှေ့မှောက်တွင်သာ သူ၏အဆင့်အတန်း နှိမ့်ချထားခဲ့ရပြီး သူမကြောင့် အခါခါပင် ဒေါသထွက်ခဲ့ရသည်။

သူ အသက်ပြင်းပြင်းရှုကာ ဒေါသများကို မျိုသိပ်လိုက်သည်။ သူက မျက်နှာထက်တွင် ချိုသာသောအပြုံးကို ဆင်မြန်းထားလျက်ဖြင့်..." ဂျူနီယာညီမရှင်းထုံ... တကယ်တော့ ဒီပြိုင်ပွဲက စိတ်ဝင်စားဖို့မကောင်းဘူး။ ဒုတိယအကြိမ် တိုက်ဆိုင်နိုင်ဖို့ဆိုတာ အကြိမ်တစ်သောင်းမှာ တစ်ခါလောက်ပဲ အခွင့်အရေးရှိတယ် "

" ဒီပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်မှာ ငါတို့ ရှန်းထူမိသားစုက ဂျူနီယာညီမရှင်းထုံ သေချာပေါက် အံ့အားသင့်သွားစေမဲ့ အရာတစ်ခု ပြင်ဆင်ထားတယ်။ အဲ့ဒီအချိန်ကျမှ ဂျူနီယာညီမရှင်းထုံ အာရုံစိုက်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး။ ဒီပြိုင်ပွဲကတော့ ကြည့်စရာအများကြီးမရှိဘူး ဒီလောက်...."

ရှန်းထူနန်ထျန်း စကားမဆုံးသေးမီမှာပင် " ဖောင်း " ဟူသော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရ၏။ ထိုပေါက်ကွဲသံက ရှန်းထူနန်ထျန်းအတွက် ရင်းနှီးနေသည်။

လက်ရှိတွင် သူက လင်ရှင်းထုံကို စကားပြောနေလေသောကြောင့် ကွင်းပြင်ထဲမှ အခြေအနေများကို မသိပေ။ လင်မိသားစုနှင့် ရှန်းထူမိသားစုတို့မှ အဆင့်မြင့်အကြီးအကဲများက အံ့အားသင့်သည့် အမူအရာများဖြစ်နေသည်ကို သူ နားလည်သွားခဲ့သည်။

အထူးသဖြင့် ရှန်းထူမိသားစုမှ အကြီးအကဲများမှာ အံ့ဩနေကြသည်သာမက အရုပ်ဆိုးသော အမူအရာများလည်း ဖြစ်နေကြလေ၏။

လင်ရှင်းထုံသည်လည်း အံ့အားသင့်သော အမူအရာ ဖြစ်နေလေသည်။ သို့သော် သူမက အံ့အားသင့်နေသော်လည်း သူမ၏ လှပသော မျက်ဝန်းထဲတွင်မူ ကျေနပ်အံ့အားသင့်မှု အရိပ်အယောင်များ ရှိနေသည်ကို ရှင်းလင်းစွာပင် မြင်နေရလေ၏။

ရှန်းထူနန်ထျန်းမှာ ဦးခေါင်းအား တူနှင့်အထုခံလိုက်ရသည့်ပမာ ခံစားလိုက်ရ၏။ သူ လုံးဝပင် မှင်တက်မိနေသည်။ သူ ခက်ခဲစွာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူ ကွင်းပြင်အလယ်ဆီသို့ တစ်လက်မပြီးတစ်လက်မ ခေါင်းလှည့်သွားလေ၏။

All Chapters