ပျက်စီးလုနီးပါး
Vol. 27 Ch. 396
ရှန်းထူနန်ထျန်းမှာ အားတင်းကာ ယွင်ရန်ထျန်းအား ကြည့်လိုက်ရသည်။ သူ အသက်အောင့်ထားကာ စိတ်များလစ်ဟာနေသည်။ သု၏မျက်လုံးများပင် အနည်းငယ် ပြူးနေလေ၏။
ယခုအခါတွင် ယွင်ရန်ထျန်း၏ရှေ့မှောက်ရှိ စုန့်ကျစ်ယွဲ့၏ ဓာတ်ငါးပါးအရိုးအစီအရင် အစိတ်အပိုင်းအနည်းငယ် ပျက်စီးနေသည်ကို သူ မြင်လိုက်ရသည်။ အခြားသော ပျက်စီးခြင်းအရိုးတစ်ခု ထပ်မံပေါက်ကွဲသွားကာ မီးခိုးဖြူရောင်အမှုန့်များ ဖြစ်သွားလေသည်။
ဤသည်မှာ ပျက်စီးခြင်းအရိုးထဲမှ စွမ်းအင်များကို ယွင်ရန်ထျန်းက ထုတ်ယူသွားသည်ဟု ဆိုလိုလေသည်။ ယွင်ရန်ထျန်းက အရိုးပုံအတွင်းမှ အဝါရောင် လိပ်ငယ်တစ်ကောင်ကို ခပ်အေးအေး ဆုပ်ကိုင်ထားကြောင်း ရှန်းထူနန်ထျန်း မြင်လိုက်ရသည်။
ထိုလိပ်ငယ်တွင် တိုသောခြေလက်များရှိပြီး ရုန်းကန်နေသည်။ သို့သော် လိပ်ငယ်၏ ခန္ဓာကိုယ်ပေါ်တွင် မှော်စာလုံးချိတ်တံဆိပ်များရှိပြီး ရုန်းကန်နေသည့်တိုင်အောင် လှုပ်ရှား၍မရပေ။
လိပ်ငယ်က ချစ်စဖွယ်ဖြစ်သော်လည်း မြေစိတ်ဝိညာဥ်လိပ်ဟု အမည်ရသည့် ရက်စက်သော ပျက်စီးခြင်းသားရဲတစ်ကောင် ဖြစ်လေ၏။ ပုံမှန်ဆိုလျှင် ၎င်း၏ခန္ဓာကိုယ်တစ်ဝက်သည် မြေကြီးထဲတွင် မြုပ်နေလေသောကြောင့် ၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းတွင် မြေများဖုံးလွှမ်းကာ မြက်ပင်များပင် ပေါက်နေလေသည်။ ၎င်းက လချီ နှစ်ချီအထိ မလှုပ်ရှားဘဲ နေနိုင်သည်။ ၎င်းသည် သားကောင်က အတိုင်းအတာတစ်ခုအထိ နီးကပ်လာခဲ့လျှင် ချက်ချင်းထလာကာ သားကောင်ကို ဝါးမျိုပစ်တတ်သည်။
မြေစိတ်ဝိညာဥ်လိပ်သည် ဓာတ်ငါးပါးအရိုးအစီအရင်ထဲတွင် စုန့်ကျစ်ယွဲ့ ထည့်ထားခဲ့သည့် ချီအဆီအနှစ်များထဲမှ တစ်ခုဖြစ်လေသည်။ ယီယွင်က မြေစိတ်ဝိညာဥ်လိပ်ကို ဆွဲယူကာ မှော်စာလုံးချိတ်တံဆိပ်များနှင့် ဖိနှိမ်ပြီးနောက် ကျောက်စိမ်းသေတ္တာထဲသို့ အလွယ်တကူပင် ထည့်လိုက်လေသည်။ ဖြစ်စဥ်တစ်ခုလုံး ရေကန်ထဲမှ လိပ်တစ်ကောင်ကို ဖမ်းနေသည့်အလားပင် အလွန်ပင် လွယ်ကူအေးဆေးလှသည်။
ယီယွင်ကြောင့် အဖွဲ့ငယ်အစီရင်တစ်ခု ထပ်မံပျက်စီးသွားရသည်။
ဘယ်...ဘယ်လိုဖြစ်ရတာလဲ။
ရှန်းထူနန်ထျန်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ သူသည် ပျူငှာတတ်သည့် ကျောက်စိမ်းကဲ့သို့ လူကြီးလူကောင်းပုံစံ မဟုတ်တော့ချေ။
" ပျက်စီးသွားပြီ။ ထပ်ပြီးတော့ ပျက်စီးသွားပြန်ပြီ။ အခြားနည်းလမ်း မရှိတော့ဘူး။ မျိုးရိုးအမည် ယွင်နဲ့ ဂျူနီယာလေးက အစီအရင်ကို တကယ်ပဲ ဖျက်ဆီးပစ်နိုင်တယ်။ ဒါက တိုက်ဆိုင်တာမဟုတ်တော့ဘူး "
လင်မိသားစု အကြီးအကဲတစ်ဦးက အံ့အားသင့်ခြင်း ၊ စိတ်လှုပ်ရှားခြင်းများနှင့် ဆိုလိုက်လေသည်။
ပထမတစ်ကြိမ်အား တိုက်ဆိုင်သည်ဟုဆိုလျှင် ကျိုးကြောင်းသင့်သော ဖြေရှင်းချက်တစ်ခု ဖြစ်လေသည်။ ဒုတိယအကြိမ်အား တိုက်ဆိုင်သည်ဟုဆိုလျှင် မဖြစ်နိုင်တော့ပေ။
ဤသည်က အမှန်ပင် အံ့မခန်းဆန်လှသည်။ ဂျူနီယာ၏ ဆန်းကြယ်သလင်းလက်က အစီအရင်ကို ဖျက်ဆီးပစ်ဂန် မဖြစ်နိုင်ကြောင်း သူတို့ သိကြသော်လည်း အဖြစ်မှန်က သူတို့၏ရှေ့တွင် ရှိနေချေသည်။
ပျက်စီးခြင်းကောင်းကင်ပညာရပ်၏ နယ်ပယ်က အလွန်ပင် သိမ်မွေ့နက်ရှိုင်းသည်။ ဤအကြီးအကဲများသည်ပင် ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို များစွာနားလည်ဟု မပြောရဲကြပေ။ သူတို့ မကြုံတွေ့ဖူးသည့် ဖြစ်စဥ်များ အမြဲတမ်းလိုပင် ရှိတတ်လေသည်။
" ဟားဟားဟား... လုပ်တာကောင်းတယ် ကောင်လေး "
လက်ရှိတွင် စုကျဲ အလွန်ပျော်ရွှင်နေသည်။
" အကြီးအကဲစုက တပည့်တစ်ဦး မွေးထားတာပဲ "
" ဒါက...အဟွတ် " စုကျဲ မုတ်ဆိတ်သပ်ရင်း မျက်နှာနီနေသည်။ အမြဲတမ်းလိုပင် အရေထူသော သူသည် ဤကိစ္စအတွက် နာမည်ကောင်းယူချင်သော်လည်း လက်ရှိ ယီယွင်၏အောင်မြင်မှုကို သူ နာမည်ကောင်းယူရန်မှူ မဖြစ်နိုင်ပေ။
" တကယ်တော့ ကျုပ်က သူ့ကို လွန်ခဲ့တဲ့ လအနည်းလောက်ကမှ တပည့်အဖြစ် လက်ခံခဲ့တာပါ။ သူ့ကို တကယ်သင်ပေးဖူးတာဆိုလို့ လွန်ခဲ့တဲ့နှစ်လက ဆန်းကြယ်သလင်းလက်ကို တစ်ရက်တည်းပဲ သင်ပေးဖူးတယ်။ ဒီလိုရလဒ်မျိုး ရလာတာက အမှန်တိုင်းပြောရမယ်ဆိုရင် ကျုပ်နဲ့ ဘာမှမပတ်သတ်ဘူး "
စုကျဲက ယီယွင်ကို အမည်ခံတပည့်အဖြစ်သာ လက်ခံထားကြောင်း လူတိုင်း သိကြသည်။ အမည်ခံတပည့်ဆိုသည်မှာ ဆရာဖြစ်သူထံမှ အဓိကကျသော သင်ကြားမှုများ မရနိုင်ဟု ဆိုလိုလေသည်။
စုကျဲက ယီယွင်ကို စွမ်းရည်အစစ် ပို့ချမပေးမည်မှာ သိသာသည်။ စုကျဲက ယီယွင်ကို အစကတည်းကပင် တပည့်အဖြစ် လက်ခံလိုခြင်းမရှိဟုပင် ပြော၍ရလေ၏။
ဤအခြေအနေတွင် စုကျဲအဖို့ အသံကောင်းဟစ်ကာ မလိမ်နိုင်ပေ။
" ဟားဟားဟား... အကြီးအကဲစုက နှိမ့်ချတတ်တာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ မိတ်ဆွေလေးယွင်ရဲ့ ပါရမီကို အကြီးအကဲစုက ရှာတွေ့ခဲ့တာပဲလေ။ သူက လင်မိသားစုက မဟုတ်ရင်တောင် လင်မိသားစုမှာ ကြီးပြင်လာခဲ့မယ်ဆိုရင် ဝမ်းသာဖို့ကောင်းတဲ့ သတင်းတစ်ခု ဖြစ်လာမှာပါ "
ထိုစဥ် အိုမင်းဖော်ရွေသော အသံတစ်ခု ထွက်ပေါ်လာသည်။ စကားပြောလိုက်သူက လင်မိသားစု၏ အဖွားတော် ဖြစ်လေသည်။
လင်မိသားစုတွင် ကိစ္စရပ်များကို အဖွားတော်က ဆုံးဖြတ်ချက်ချသူ ဖြစ်လေသည်။ အခြား မဟာအကြီးအကဲများက ကျင့်ကြံရာတွင်သာ အာရုံစိုက်ထားကြပြီး လောကီရေးရာများကို ဝင်မပါတော့လေသောကြောင့် လင်မိသားစုတွင် အဖွားတော် ပြောသမျှကို မေးခွန်းထုတ်မည့်သူ မရှိပေ။
အဖွားတော်က ထိုစကားများ ပြောခဲ့သည်မှာ ယီယွင်ကို ခေါ်ယူထားချင်သည့် ဖုံးကွယ်ထားသော ဆန္ဒများ ပါဝင်နေကြောင်း စုကျဲ သိသည်။
လင်မိသားစုတွင် မျိုးရိုးအမည်မတူသည့် တပည့်များစွာ ရှိလေသည်။ ထိုသူများ၏ ပါရမီကြောင့် လင်မိသားစုတွင် ခေါ်ထားခြင်းဖြစ်ပြီး ထိုသူများက တိုက်ရိုက်မျိုးဆက်ကဲ့သို့ပင် ခံစားခွင့်များ ရရှိကြသည်။ နှစ်အနည်းငယ်ခန့် ကြာပြီးလျှင် ထိုသူများက လင်မိသားစု၏ ကလေးငယ်များနှင့် လက်ထပ်ပြီး လင်မိသားစုဝင်အစစ် ဖြစ်လာကြပေလိမ့်မည်။
စစ်သည်လောကတွင် လက်ထပ်ခြင်းသည် သံသယကင်းစေသည့် ပတ်သတ်မှုတစ်ခု ဖြစ်လေ၏။
" ဒါက... ကျုပ်တပည့်ရဲ့ စိတ်ဆန္ဒကို မေးကြည့်လိုက်ပါဦးမယ်။ ဒါပေမဲ့ ငြင်းဖို့အကြောင်းအရင်း မရှိဘူးလို့ ကျုပ် ယုံကြည်ပါတယ် "
စုကျဲ ဝမ်းသာနေ၏။ အဖွားတော်က ယီယွင်ကို အသိအမှတ်ပြုသည်မှာ ကောင်းမွန်သောအလှည့်အပြောင်း ဖြစ်လေ၏။
ယီယွင်က ထျန်းယွမ်ကမ္ဘာကြီးထဲသို့ ပထမဆုံး ရောက်ဖူးခြင်းဖြစ်ပြီး ရှန်းထူမိသားစုနှင့်လည်း ရန်ငြိုးရှိလေသောကြောင့် လင်မိသားစု၏ အကာအကွယ်ကို အမှန်တကယ်ပင် လိုအပ်လေသည်။ ယီယွင် အရွယ်ရောက်လာရန် လိုအပ်သော ပတ်ဝန်းကျင်နှင့် အရင်းအမြစ်များ ထောက်ပံ့ပေးလိုက်ပါက နှစ်ဖက်စလုံးအတွက် အကျိုးရှိသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
" ရှင်းထုံ... မိတ်ဆွေလေးယွင်ကို သိလား "
အဖွားတော်က လင်ရှင်းထုံကို ပြောလိုက်သည်။ ကျောက်စိမ်းဝါးတောအုပ်ထဲတွင် ယီယွင်နှင့် လင်ရှင်းထုံ၏အဒေါ်တို့ ကတောက်ကဆဖြစ်နေချိန်တွင် လင်ရှင်းထုံက " အသိအကျွမ်း ဆိုရုံလောက်က ရင်းနှီးသူတွေ စိတ်ဝမ်းကွဲအောင် မလုပ်သင့်ဘူး " ဟု ဆိုကာ အခြေအနေကို ထိန်းပေးခဲ့သည်။
လင်ရှင်းထုံက မိတ်ဆွေလေးယွင်ကို သိကျွမ်းနေပြီး ပတ်သတ်မှုက မတိမ်ကြောင်း သိသာသည်။
" ဟုတ်ကဲ့... ယွင်ရန်ထျန်းက သမီးရဲ့ မိတ်ဆွေဟောင်းပါ " လင်ရှင်းထုံက တုံးတိတိပြောသည်။ ရှန်းထူနန်ထျန်း၏မျက်နှာ အရုပ်ဆိုးသွားရလေ၏။
မိတ်ဆွေဟောင်းတဲလား။
ယင်းက မည်သည့်အဓိပ္ပါယ်မျှမပါသည့် စကားတစ်ခုသာ ဖြစ်သော်လည်း ရှန်းထူနန်ထျန်းမှာမူ နားခါးသွားရလေ၏။ အထူးသဖြင့် ယွင်ရန်ထျန်းက အစီအရင်ကို ဒုတိယအကြိမ် ဖျက်ဆီးလိုက်ချိန်တွင် လင်ရှင်းထုံ၏မျက်ဝန်းထဲမှ အပျော်များကို သူ ရှင်းလင်းစွာပင် မြင်ခဲ့ရသည်။
သာမန်မိန်းကလေးတစ်ဦးက မိတ်ဆွေတစ်ဦး၏ အောင်မြင်မှုကြောင့် ဝမ်းသာသည်ဆိုလျှင် ရှန်းထူနန်ထျန်း လက်ခံနိုင်သေးသည်။ သို့သော် လင်ရှင်းထုံက လေပြေပမာဖြစ်ပြီး ခံစားချက်နည်းသည်။ သူမက ထိုကောင်လေး၏ အောင်မြင်မှုကို အဘယ့်အကြောင့် ပျော်နေရလေသနည်း။ ဤသည်က သာမန်မဟုတ်ပေ။
လူတစ်ဦးက အခြားသူတစ်ဦး၏ အောင်မြင်မှုကို ဝမ်းသာပေးနေပါက ၎င်းတို့တွင် ထူးခြားသောပတ်သတ်မှု ရှိရချေမည်။ ထိုသို့သာမဟုတ်လျှင် တစ်ကိုယ်ကောင်းဆန်တတ်သော လူသားများက မိတ်ဆွေတစ်ဦး၏ အောင်မြင်မှုကို အပေါ်ယံတွင်သာ ဂုဏ်ပြုပေးမည်ဖြစ်ပြီး အတွင်းစိတ်ထဲတွင်မူ " ဒီကိစ္စက ငါနဲ့ဘာပတ်သတ်လဲ " ဟု ပြောနေလောက်သည်။
လင်ရှင်းထုံနှင့် သွေးသားတော်စပ်သူများက စင်မြင့်ပေါ်တွင် ကောင်းစွာစွမ်းဆောင်နိုင်နေလျှင် လင်ရှင်းထုံက ထိုကဲ့သို့ ဝမ်းသာပေးနိုင်ပါမည်လော။
ထိုအတွေးများကြောင့် ရှန်းထူနန်ထျန်းမှာ မတည်ငြိမ်နိုင်တော့ပေ။ သူက သဘောထားကြီးတတ်သူ မဟုတ်ပေ။ ထို့အပြင် ဤကဲ့သို့အခြေအနေမျိုးတွင် မည်သည့်ယောက်ျားက သဘောထားကြီးနိုင်ပါမည်နည်း။
လက်ရှိတွင် ရှန်းထူနန်ထျန်းက ဒေါသပေါက်ကွဲလုနီးပါး ဖြစ်နေသည်။ ပွဲတော်ကြောင့်သာ မဟုတ်ခဲ့ပါက သူ ယွင်ရန်ထျန်းကိုသတ်ရန် တိုက်ကွက်စတင်နေလောက်ချေပြီ။
ဖောင်း...။
တတိယမြောက် ပေါက်ကွဲသံ။
ရှန်းထူနန်ထျန်း စိတ်မွန်းကျပ်သွားကာ ကွင်းပြင်အလယ်သို့ ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများက သားရဲရိုင်းတစ်ကောင်ပမာ နီရဲနေ၏။
ယွင်ရန်ထျန်း၏ရှေ့မှ တတိယမြောက် အဖွဲ့ငယ်အစီရင် ပြိုကွဲနေသည်ကို သူ ရှင်းလင်းစွာမြင်နေရသည်။ အဖွဲ့ငယ်အစီရင်ထဲတွင် ထည့်ထားသော ပျက်စီးခြင်းအရိုးသည် မီးခိုးဖြူရောင် အကြွင်းအကျန်များ ဖြစ်နေလေ၏။
ထုံးစံအတိုင်းပင် ယီယွင်က အရိုးအကြွင်းအကျန်များထဲမှ ပျက်စီးခြင်းသားရဲ ချီအဆီအနှစ်ကို ကောက်ယူလိုက်လေ၏။
ယခုအခါတွင် ယီယွင်၏ရှေ့၌ ရပ်နေသည့် စုန့်ကျစ်ယွဲ့မှာ လုံးဝပင် မှင်တက်မိနေသည်။ သူ၏အစီအရင်ကို ယီယွင်က ဒုတိယမြောက် ဖျက်ဆီးလိုက်ချိန်တွင် သူ ကြီးစွာထိုးနှက်ခံထားရပြီး ဖြစ်လေ၏။
ယခု အစီအရင်သည် တတိယအကြိမ် ဖျက်ဆီးခံရချိန်၌ သူ၏ယုံကြည်ချက်များ ပျက်စီးသွားရသည်။ ယွင်ရန်ထျန်းက တတိယမြောက် ပျက်စီးခြင်းသားရဲ ချီအဆီအနှစ်ကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်နေသည်ကို ကြည့်နေရင်းဖြင့် စုန့်ကျစ်ယွဲ့မှာ ဝိညာဥ်ကင်းမဲ့သွားသည့်ပမာ ခံစားလိုက်ရ၏။ ထိုကောင်က အရူးလိုပင်။ ကောင်းကင်ဂုဏ်ယူရတဲ့ သားတော်တစ်ပါးရဲ့ သိက္ခာတွေကို ဘယ်မှာရှာရမလဲ။
သူ အမှန်တကယ်ပင် ကြောက်မိသည်။ စင်မြင်ပေါ်တွင် ဖြစ်ပျက်သမျှက သူ့အတွက် အိပ်မက်ဆိုးတစ်ခုပမာပင်။
" တတိယမြောက် "
ရှန်းထူနန်ထျန်း လက်သီးဆုပ်လိုက်၏။ သူ၏လက်တွင် သွေးကြောများ ဖောင်းတက်လာ၏။ ဒုတိယနှင့် တတိယ အဖွဲ့ငယ်အစီရင်များကို ဖျက်ဆီးရန်အတွက် ကြားထဲတွင် စက္ကန့်သုံးဆယ်သာ အချိန်ယူခဲ့သည်။
စင်မြင့်ပေါ်မှ ယီယွင်က အဖွဲ့ငယ်အစီရင်တစ်ခုစီကို ဖျက်ဆီးရန်အတွက် စက္ကန့်သုံးဆယ်စီသာ အချိန်ယူခဲ့သည်။ ဤသည်က အစီအရင် ဖျက်ဆီးနေခြင်း မဟုတ်လေဘဲ ကလေးငယ်တစ်ဦးက သဲရဲတိုက်များကို လိုက်ဖြိုနေခြင်းသာ ဖြစ်လေသည်။