အရိုးသန့်စင်ခြင်း
Vol. 27 Ch. 398
ရှန်းထူနန်ထျန်းက အကြံပြုပြီးသည့်နောက် လူတိုင်း၏ အကြည့်များက ယီယွင်ဆီသို့ ရောက်ရှိသွားကြသည်။
လူတော်တော်များများသည် ရှန်းထူနန်ထျန်း၏ အတွေးကို နားမလည်ကြသလို လင်ရှင်းထုံက ယီယွင်အပေါ်တွင် ထူးခြားသောခံစားချက် ရှိနေလေသောကြောင့် ရှန်းထူနန်ထျန်းက ယီယွင်အား သဘောမကျတော့ကြောင်းကိုလည်း မသိကြချေ။
" ယီယွင်... နင် အဲ့ဒါကို သဘောမတူရဘူး။ ရှန်းထူနန်ထျန်းက နင် အခက်ကြုံရအောင် တမင်ရည်ရွယ်ပြီး လုပ်လိမ့်မယ် "
ထိုစဥ် ယီယွင်၏နားထဲတွင် လင်ရှင်းထုံက အသံပို့လွှတ်လာသည်။ ယီယွင်က ရှန်းထူနန်ထျန်းနှင့် ရန်ငြိုးများရှိပြီး ထို့ကြောင့်ပင် သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်းကို စုကျဲထံမှတစ်ဆင့် သူမ သိခဲ့ရသည်။
" ယီယွင်... နင်က ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း ဆိုတာတောင် ကြားဖူးတာမဟုတ်ဘူး။ ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်းရဲ့ အမွေအနှစ် ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို နင် သေချာပေါက် နားလည်မှာမဟုတ်ဘူး။ ထျန်းယွမ်ကမ္ဘာကြီးရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်းရဲ့ အမွေအနှစ်က အများကြီးကွဲပြားတယ်။ နင်သာ သဘောတူလိုက်မယ်ဆိုရင် ရှန်းထူနန်ထျန်း အကွက်ချထားတဲ့အထဲ ရောက်သွားပြီပဲ "
" အမွေအနှစ်စနစ် ကွဲပြားတာလား " ယီယွင် တွေးဆကာ လင်ရှင်းထုံအား ကြည့်လိုက်သည်။ လင်ရှင်းထုံက ယွမ်ချီအသုံးပြုကာ သူ့အား အသိပေးနေလေသောကြောင့် သူ၏စိတ်ထဲတွင် နွေးထွေးသွားရလေ၏။
သို့သော် အမွေအနှစ်စနစ် ကွဲပြားနေသည်ကို ယီယွင်က လုံးဝအရေးမစိုက်ပေ။ ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ်ကို အသာဖယ်ထားမည်ဆိုလျှင်ပင် ယီယွင်အဖို့ ထျန်းယွမ်ကမ္ဘာကြီး၏ ခေတ်ရေစီးကြောင်း ပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ်ကိုပင် များစွာမသိပေ။ စွမ်းအင်ချိတ်ပိတ်ခြင်းကဏ္ဍတွင် ယီယွင် ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်တစ်ထောင်ကိုသာ သိလေသည်။
ထို့ကြောင့် ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ အမွေအနှစ်တွင် ဆန်းကြယ်မှုအချို့ ပါနေလျှင်ပင် ယီယွင်အား ထိခိုက်မည်မဟုတ်ပေ။
" ကျေးဇူးတင်ပါတယ် လင်မိန်းကလေး။ ဒါပေမဲ့ ငါ ကြိုးစားကြည့်ချင်တယ် "
လင်ရှင်းထုံ မျက်မှောင်ကုတ်သွားကာ..." ယီယွင်... နင်က ရှန်းထူနန်ထျန်းနဲ့ ရန်ငြိုးရှိတာကြောင့် လက်စားချေချင်နေတာကို ငါသိတယ်။ ဒါပေမဲ့ အချိန်မတန်သေးဘူး။ နင်က အားနည်းလွန်းတာကြောင့် စိတ်လိုက်မာန်ပါလုပ်ရင် နင်ပဲ ထိခိုက်ခံစားရလိမ့်မယ် "
ယီယွင်က ရယ်မောကာဆိုသည်..." ဒါက ပျက်စီးခြင်းကောင်းကင်ပညာရပ် ပြိုင်ပွဲပါပဲ။ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု မဟုတ်ပါဘူး။ ငါ ထိခိုက်ခံစားရရင်တောင် များမှာမဟုတ်ပါဘူး။ ငါ အရှက်ကွဲရရုံလောက်ပဲ ရှိမယ်။ ပြီးတော့ ငါက လင်မိသားစုမှာ လူသစ်တစ်ဦးဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်လည်း မဟုတ်တော့ ငါ အရှက်ကွဲရရင်တောင် ဘာမှမဖြစ်ဘူးလေ "
" အခုလက်ရှိမှာ ငါက ရှုံးနိမ့်ရမှာကိုကြောက်ပြီး ရှန်းထူနန်ထျန်းရဲ့ စိန်ခေါ်မှုကို လက်မခံဘူးဆိုရင် ငါက ကြောက်နေခဲ့ပြီလို့ ဆိုနေတာပဲ။ ဒီနေ့ပြိုင်ပွဲက အသက်အန္တရာယ်မရှိဘူး။ ငါသာ ငြင်းလိုက်မယ်ဆိုရင် အနာဂတ်အချိန် ငါတို့ရဲ့ရန်ငြိုးတွေကို ဖြေရှင်းတဲ့အခါ သေခြင်းနဲ့ရှင်ခြင်း သွေးတိုက်ပွဲတစ်ခု ကြုံလာတဲ့အခါ ငါနဲ့ရှန်းထူနန်ထျန်းပဲ ဖြေရှင်းရလောက်မယ်။ ဘယ်သူကမှ ငါ့ကို ကာကွယ်ပေးမှာမဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင် ငါက ငြင်းနိုင်ပါဦးမလား "
ယီယွင်၏ ချက်ကျလက်ကျစကားများကြောင့် လင်ရှင်းထုံ စိတ်ရှုပ်ထွေးသွားရသည်။
တစ်စုံတစ်ယောက်က သင့်ကို သတ်ချင်နေချိန်တွင် သင် အဆင်ပြေခြင်းရှိ ၊ မရှိကို မေးနေပါဦးမည်လော။
သေခြင်းရှင်ခြင်းတိုက်ပွဲနှင့် နှိုင်းယှဥ်လျှင် ပျက်စီးခြင်းကောင်းကင်ပညာရပ် ပြိုင်ပွဲက ဘာမျှမဟုတ်ပေ။
ထိုအရာကို နားလည်သွားသည့် လင်ရှင်းထုံက ယီယွင်ကို စူးစိုက်ကြည့်လိုက်သည်။ ယီယွင်၏ မျက်နှာဖုံးအောက်မှ အမူအရာက မည်သို့ရှိနေမည်ကို သူမ မသိပေ။ သူမ တိမ်ရိုင်းနယ်မြေထဲတွင် တွေ့ခဲ့ရသည့် လူငယ်လေးက တစ်ဆင့်ပြီးတစ်ဆင့် အရွယ်ရောက်လာပြီး ဤအခြေအနေအထိ ရောက်ရှိလာသည်ကို သူမ ယုံကြည်ရခက်နေသည်။
ထို့အပြင် ယီယွင်က ၁၅ နှစ်သာ ရှိနေသေးသော်လည်း ရှန်းထူနန်ထျန်းနှင့် သွေးရန်ကြွေးတစ်ခု ရှိနေခဲ့ပေပြီ။ သူက အနှောင့်အယှက် မပေးနိုင်သေးသော်လည်း ဤကဲ့သို့သတ္တိဖြင့် တည်ငြိမ်စွာ အသေးစိတ်ခွဲခြမ်းပြနိုင်နေသည်။
" နင်မှန်တယ် ယီယွင်။ ငါ စိတ်သဘောထား ကျဥ်းမြောင်းသွားတယ်။ ဒါပေမဲ့ ရှန်းထူနန်ထျန်းက ရက်စက်ပြီးတော့ စိတ်သဘောထား ကျဥ်းမြောင်းတဲ့သူ ဆိုတာကိုတော့ ငါ နင့်ကို သတိပေးလိုက်မယ်။ သူက နင့်ရဲ့သရုပ်မှန်ကို မသိသေးတာတောင် နင့်အပေါ်မှာ သတ်ဖြတ်လိုစိတ်ရှိနေပြီ "
" အင်း...ငါ နားလည်ပါတယ် " ယီယွင်က ခေါင်းညိတ်ကာ..." စိတ်မပူပါနဲ့ လင်မိန်းကလေး။ ငါ သတိထားမှာပါ "
ယီယွင်က ရှန်းထူနန်ထျန်းအား ကြည့်လိုက်သည်။
သူက ရှန်းထူဟိုင်ကို လျစ်လျူရှုထားပြီး လက်သီးဆုပ်ကာ ဆိုလေသည်..." သခင်လေးနန်ထျန်းက အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်။ သခင်လေးနန်ထျန်းက ကျုပ်ရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် စံနှုန်းကို လေ့ကျင့်ဖို့အတွက် အခွင့်အရေးပေးခဲ့တာပဲ။ ကျုပ်မှာ ငြင်းစရာမရှိပါဘူး "
ယီယွင်က စိတ်ရင်းနှင့် ဆိုလိုက်လေသောကြောင့် နံဘေးတွင်ရှိနေသည့် ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့မှာ အော်ရယ်မိလုနီးပါး ဖြစ်သွားလေ၏။
" ဟားဟား... ဂျူနီယာညီလေးယွင်က အတော်ကို ပွင့်လင်းတာပဲ။ ကောင်းတယ်... ဒါဆိုရင် စလိုက်ကြရအောင် "
ရှန်းထူနန်ထျန်းက သိုလှောင်လက်စွပ်ထဲမှ အစီရင်ပြားတစ်ခု ထုတ်ယူလိုက်သည်။ ထိုအစီရင်ပြားက ငါးပေခန့်ကျာ်ကာ စတုရန်းပုံဆန်သည်။ အလယ်တွင် မှော်စာလုံးများ သိပ်သည်းစွာရေးထိုးထားပြီး စက်ဝိုင်းပုံဖော်ထားလေ၏။ အစီရင်ပြားက ပြည့်စုံသော ဟန်ချက်ညီခြင်းကို ဖော်ဆောင်နေသည်။
ရှန်းထူနန်ထျန်းက အလယ်တွင်ရှိနေပြီး ယီယွင် ၊ ရှန်းထူဟိုင် ၊ ရှန်းထူဖုန်းတို့က တြိဂံပုံစံ ရပ်နေကြသည်။
လင်မိသားစုမှ တပည့်များသည် ကွင်းပြင်အလယ်မှ လူလေးယောက်အား ကြည့်နေလေ၏။
သူတို့သည် ရှန်းထူနန်ထျန်းက ယီယွင်အပေါ်တွင် မည်သို့သဘောထားကြောင်း မသိကြသော်လည်း ရှန်းထူနန်ထျန်း၏ ပန်းတိုင်က ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ အညွှန်းကို ထုတ်ပြလာသည်မှာ ရှန်းထူမိသားစုအတွက် ကြွားလုံးထုတ်ရန်ဖြစ်ကြောင်း သူတို့ သိကြသည်။
ယီယွင်က စုန့်ကျစ်ယွဲ့၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းကြောင့် ရှန်းထူနန်ထျန်းက ရှန်းထူမိသားစု၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ရန်အတွက် ရပ်တည်ပေးလာသည်လည်း ဖြစ်နိုင်သည်။
ထိုအခြေအနေအောက်တွင် အတူပူးပေါင်းကာ အရိုးသန့်စင်ရာ၌ ရှန်းထူနန်ထျန်းက ယီယွင်ကို တောက်ပခွင့်ပေးပါမည်လော။
" ဂျူနီယာညီလေးယွင်က တကယ်ကို သတ္တိရှိတာပဲ။ သူက ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်းကို တစ်ခါမှမကြားဖူးပေမဲ့ ရှန်းထူနန်ထျန်းနဲ့ ပူးပေါင်းဖို့ကို သဘောတူခဲ့တယ်။ အဲ့ဒီအချိန်အတွင်းမှာ သူ အရှက်ကွဲရဖို့များတယ် "
လင်မိသားစုမှ ဂျူနီယာများက ယီယွင်အတွက် စိုးရိမ်နေကြလေ၏။
" သတ္တိရှိလွန်းတာက မိုက်မဲတဲ့အဆင့်အထိ အမှားလုပ်မိနိုင်တယ်။ ဒီကိစ္စအတွက် ငါသာဆိုရင် သေချာပေါက်ကို သဘောတူမှာမဟုတ်ဘူး "
လူအများ ဆွေးနွေးနေကြချိန်တွင် ရှန်းထူနန်ထျန်းက သိုလှောင်လက်စွပ်ထဲမှ ပျက်စီးခြင်းအရိုး ၁၂ ခု ထုတ်ယူလိုက်သည်။
အရိုး ၁၂ ခုက သလင်းပမာ ကြည်လင်ကာ ကျောက်စိမ်းနှင့်ဆင်တူပြီး ရိုးစင်ကာ ဗြောင်ကျလေသည်။ ၎င်းတို့အား ယွမ်ချီအငွေ့အသက်များ ရစ်သိုင်းနေသည်ဟု ထင်ရလေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် အရိုးများက သာမန်မဟုတ်ကြောင်း ပြောနိုင်လေ၏။
" ဒီပျက်စီးခြင်းအရိုးတွေထဲက အချို့က ရှေးဦးမျိုးစိတ်တွေရဲ့ အရိုးတွေ ဖြစ်တဲ့ပုံပဲ "
အချို့သော ပျက်စီးခြင်းကောင်းကင်သခင်များက အမြင်အား ကောင်းကြသည်။ မည်သည့် ပျက်စီးခြင်းသားရဲ၏ အရိုးများဖြစ်ကြောင်းကို သူတို့ မမှတ်မိကြသော်လည်း အဆင့်ကိုမူ ပြောနိုင်သေးလေ၏။ သာမန်ပျက်စီးခြင်းအရိုးများတွင် ထိုမျှအားကောင်းသော ပျက်စီးခြင်းစွမ်းအင်များ ပါဝင်နေမည်မဟုတ်ပေ။
" ရှန်းထူနန်ထျန်းက ရှေးဦးမျိုးစိတ်တွေရဲ့ အရိုးတွေကို သန့်စင်နိုင်စွမ်းရှိနေပြီလား "
လူများစွာ ထိတ်လန့်သွားကြသည်။ ရှန်းထူနန်ထျန်းက အသက် ၃၀ ဖြစ်သည်။ သက်တမ်းရှည်သည့် စစ်သည်များအဖို့ ရှန်းထူနန်ထျန်းက ဂျူနီယာတစ်ဦးသာ ဖြစ်လေ၏။ ဤအသက်အရွယ်မျှဖြင့် ရှေးဦးမျိုးစိတ်များ၏ ပျက်စီးခြင်းအရိုးကို သန့်စင်နိုင်သည်မှာ ထူးချွန်ပြောင်မြောက်သည် မဟုတ်ပေလော။
" အဲ့ဒီလိုမှမဟုတ်ဘူး " အဖိုးအိုတစ်ဦးက ခေါင်းယမ်းပြကာ သဘောမတူဘဲ..." အဲ့ဒါက ရှေးဦးမျိုးစိတ်တွေရဲ့ ပျက်စီးခြင်းအရိုးတွေ မဟုတ်ဘူး။ ရှေးဟောင်းဆန်းကြယ်နည်းစနစ်တစ်ခု အသုံးပြုပြီး ပြောင်းလဲထားတဲ့ ပျက်စီးခြင်းအရိုးတွေပဲ။ အဲ့ဒါက ပျက်စီးခြင်းအရိုးတွေကို တစ်ဆင့်နီးပါးအထိ တိုးမြင့်ပေးသွားခဲ့တယ်။ အဲ့ဒါက ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း ပိုင်ဆိုင်တဲ့ ဆန်းကြယ်နည်းစနစ်တစ်ခု ဖြစ်လောက်မယ် "
လင်မိသားစုထဲတွင် ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ဆန်းကြယ်နည်းစနစ်များအကြောင်း ဖော်ပြထားသည့် စာအုပ်များကို ဖတ်ဖူးထားသော လူကြီးမျိုးဆက် အကြီးအကဲများ ရှိလေသည်။
" ပျက်စီးခြင်းအရိုးတစ်ခုရဲ့ အဆင့်ကို တိုးမြင့်ပေးတာလား " လူအများ အံ့အားသင့်သွားကြသည်။ ထိုကဲ့သို့နည်းလမ်းမျိုး ရှိလေသလော။
" အမှန်ပဲ။ ဒါပေမဲ့ အာနိသင်ကတော့ မင်းတို့ ထင်နေသလောက် မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ ပျက်စီးခြင်းအရိုးတစ်ခုရဲ့ အဆင့်ကို တိုးမြင့်ချင်တယ်ဆိုရင် တန်ဖိုးတစ်ခု ပေးရတာကြောင့်ပဲ "
" တကယ်တော့ ရှန်းထူမိသားစုရဲ့ အမွေအနှစ်တွေနဲ့ဆိုရင် ရှေးဦးမျိုးစိတ်တွေရဲ့ ပျက်စီးခြင်းအရိုးတွေ မရှားပါဘူး။ ရှန်းထူနန်ထျန်းက အခုလိုမျိုး ကလားဖန်ထိုးလိုက်တာက သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် ရှေးဦးမျိုးစိတ်တွေရဲ့ ပျက်စီးခြင်းအရိုးအများကြီး တစ်ချိန်တည်းမှာ မကိုင်တွယ်နိုင်သေးတာကြောင့်ပဲ "
အဖိုးအို စကားဆိုနေချိန်တွင် ရှန်းထူနန်ထျန်းက ပျက်စီးခြင်းအရိုး ၁၂ ခုကို အုပ်စုသုံးခု ခွဲလိုက်လေသည်။ ထို့နောက် ၎င်းတို့ကို ရှန်းထူဖုန်း ၊ ရှန်းထူဟိုင် ၊ ယီယွင်တို့ဆီသို့ ပစ်ပေးလိုက်လေ၏။
ပျက်စီးခြင်းအရိုးများက ထိုသုံးယောက်ဆီသို့ ရောက်ရှိသွားလေပြီး တစ်ဦးလျှင် လေးခုစီ ဖြစ်လေသည်။
" ဒါက..." လူအများ ထိတ်လန့်သွားသည်။
" ဒီလူငယ်တွေက အဲ့ဒီပျက်စီးခြင်းအရိုးတွေထဲက ပျက်စီးခြင်းစွမ်းအင်တွေကို ထုတ်ယူနိုင်လိမ့်မယ်လို့ ရှန်းထူနန်ထျန်းက ထင်နေတာလား "
ထိုအဆင့်ရှိသော ပျက်စီးခြင်းအရိုးများထံမှ ပျက်စီးခြင်းစွမ်းအင်များကို ထုတ်ယူရန်မှာ ယီယွင်နှင့် အခြားသူများအတွက် အတော်ပင် ခက်ခဲပေလိမ့်မည်။
ထိုစဥ် ရှန်းထူနန်ထျန်းက ပြုံးကာဆိုလေသည်..." ကျေးဇူးပြုပြီး မင်းတို့သုံးယောက်က ငါ့ကို ကူညီပေးကြပါဦး။ ခဏနေကျရင် ငါက အစီအရင်တစ်ခု ချမယ်။ ဒါဆိုရင် မင်းတို့ရဲ့ စိတ်စွမ်းအားတွေ တိုးပွားလာပြီး ပျက်စီးခြင်းအရိုးတွေထဲက ပျက်စီးခြင်းစွမ်းအင်တွေကို ထုတ်ယူနိုင်လိမ့်မယ် "