← Chapters

အမှောင်ပျက်စီးခြင်းကောင်းကင်သခင်

Vol. 27 Ch. 399

အမှောင်ပျက်စီးခြင်းကောင်းကင်သခင်

Vol. 27 Ch. 399

ရှန်းထူနန်ထျန်းက အစီရင်ပြားကို မြေပြင်ပေါ်တွင် ချလိုက်သည်။ မှော်စာလုံးစက်ဝန်းများ တောက်ပလာကာ အရွယ်အစား ကြီးမားလာပြီး ရှန်းထူဖုန်း ၊ ရှန်းထူဟိုင် ၊ ယီယွင်တို့၏ ခြေဖျားများအောက်အထိပင် ဖြန့်ကျတ်သွားလေသည်။

" အပေါ်ကိုတက်ပြီး ရပ်လိုက်ကြ " ရှန်းထူနန်ထျန်းက ဆိုသည်။ ရှေးဟောင်းအညွှန်း၏ ဆေးကို သန့်စင်ရန်အတွက် အစီရင်ပြားက အခြေခံအုတ်မြစ် ဖြစ်လေသည်။

ယီယွင် အနည်းငယ်ခန့် ဒယိမ်းဒယိုင်ဖြစ်သွားပြီးနောက် အစီရင်ပြားပေါ်သို့ တက်လိုက်သည်။

သူ၏သရုပ်အသစ်အရ ရှန်းထူနန်ထျန်းကို တစ်ဖန်ထပ်၍ ရန်စမိလျှင်ပင် သူ့အား အားကုန်ထုတ်၍ သတ်ရသည့် အနေအထားသို့ မရောက်သေးကြောင်းကို သူ သိသည်။ လက်ရှိတွင် လင်မိသားစု၏ အဆင့်မြင့်ပိုင်း အကြီးအကဲများ၏ ရှေ့မှောက်၌ သူ့အား ရှန်းထူနန်ထျန်းက ဘာမျှလုပ်နိုင်မည်မဟုတ်ပေ။

" မင်းတို့သုံးယောက်က ပျက်စီးခြင်းအရိုးတွေထဲက စွမ်းအင်တွေ ထုတ်ယူပြီးတော့ ငါ့ကို ထောက်ပံ့ပေးကြ။ ပျက်စီးခြင်းအရိုး ၁၂ ခုက ကောင်းကင်သစ်ကိုင်း ၁၂ ခုရဲ့ အစီအစဥ်အတိုင်း လိုက်ပါတယ်။ ငါ လိုအပ်တဲ့အရိုးတိုင်းကို မင်းတို့တွေ သက်ဆိုင်တဲ့ အရိုးတွေရဲ့ ပျက်စီးခြင်းစွမ်းအင်တွေကို ထုတ်ယူပေးရမယ် "

ရှန်းထူနန်ထျန်းက စကားဆိုရင်း ကျောက်စိမ်းကရားတစ်ခု ထုတ်ယူလိုက်သည်။ ကရားအား ဖွင့်လိုက်ချိန်တွင် သွေးအနံ့တစ်ခု ​ထွက်ပေါ်လာသည်။

ယင်းက ရှေးဦးမျိုးစိတ်၏သွေး ဖြစ်လေသည်။

ထိုသားရဲ၏သွေးက လေးလံချွဲပျစ်သည်ကို လူအများ ရှင်းလင်းစွာ မြင်နေရလေ၏။ ထိုသွေးထဲတွင် ပျက်စီးခြင်းစွမ်းအင်များ ပမာဏသိပ်သည်းစွာ ပါဝင်လေသောကြောင့် ရှေးဦးမျိုးစိတ်၏သွေးဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။

ရှန်းထူနန်ထျန်းက ပျက်စီးခြင်းအရိုးနှင့် သွေးတို့ကို ပြိုင်တူအသုံးပြုကာ ရှေးဟောင်းအညွှန်းထဲမှ ဆေးကို ဖော်စပ်ရန် စီစဥ်ထားသည်။

" ကျစ် "

ရှန်းထူနန်ထျန်းက ကောင်းကင်သစ်ကိုင်း ၁၂ ခုမှ ထိပ်ဆုံးဖြစ်သော " ကျစ် " စကားလုံးကို အော်လိုက်လေ၏။

ထို့နောက် ရှန်းထူဟိုင်၏ လက်ထဲမှ ကျစ်တံဆိပ် ပျက်စီးခြင်းအရိုးက တောက်ပသွားလေသည်။

ရှန်းထူဟိုင်၏မျက်ဝန်းများ တောက်ပသွားကာ သိုလှောင်လက်စွပ်ထဲမှ အစီရင်ပြားတစ်ခု ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူက ကျစ်တံဆိပ် ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်များကို စတင်ထုတ်ယူလေသည်။

ယင်းက ဘုရင်အဆင့် ပျက်စီးခြင်းသားရဲ၏ ပျက်စီးခြင်းအရိုးဖြစ်ပြီး ထိုပျက်စီးခြင်းအရိုးက ရှေးဟောင်းအညွှန်း၏ ပြောင်းလဲမှုကို ဖြတ်သန်းထားရလေသောကြောင့် ၎င်းထံမှ ပျက်စီးခြင်းစွမ်းအင်များ ထုတ်ယူရသည်မှာ လွယ်ကူမည်မဟုတ်ချေ။

သို့သော် ရှန်းထူဟိုင်က ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို ယခင်က မြင်ဖူးလေသောကြောင့် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူက ထိုပညာရပ်ကို မကျွမ်းကျင်သေးသည့်တိုင်အောင် သိမြင်နားလည်မှုအချို့ ရထားလေသည်။

သူ၏လက်ဆယ်ချောင်းလုံး လှုပ်ရှားကာ မှော်စာလုံးချိတ်တံဆိပ်များ ပစ်လွှတ်နေသည်။ ရှန်းထူဟိုင်၏ မိုးမြေယွမ်ချီစွမ်းအင်များ သိပ်သည်းသွားကာ အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားလေသည်။

ပုံရိပ်က အနက်ရောင်ဖြစ်ပြီး ကျောဘက်တွင် တောင်ပံများပါရှိကာ ပါးစပ်မှ ငေါငေါထွက်နေသော သွားများလည်း ရှိလေသည်။ ၎င်းက ဧရာမလင်းနို့တစ်ကောင်နှင့် ဆင်တူလှပြီး အလွန်တရာ ခက်ထန်ကြမ်းတမ်းပုံပင်။

" ရှုထောင့်ပုံရိပ်လား "

လူအများ မှင်တက်မိသွားကြသည်။ ပုံမှန်ဆိုလျှင် လူအများအဖို့ တိုက်ပွဲထဲတွင် ရှုထောင့်ပုံရိပ် ထုတ်ဖော်သည်ကိုသာ မြင်ဖူးကြသည်။ ရှန်းထူဟိုင် လုပ်သကဲ့သို့ ပျက်စီးခြင်းကောင်းကင်ပညာရပ် အသုံးပြုနေချိန်တွင် ရှုထောင့်ပုံရိပ် ထုတ်ဖော်သည်မှာ မြင်ရခဲလှသည်။

" ရှန်းထူဟိုင်ရဲ့နည်းစနစ်ကို မဟူရာနတ်ဆိုးလက်လို့ ခေါ်တယ်။ ဒါဟာ ရှားပါးတဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ်တစ်ခုပဲ။ အရင်တုန်းက မဟူရာနတ်ဆိုးလက်ကို အသုံးပြုရတာကြိုက်တဲ့ အမှောင်ပျက်စီးခြင်းကောင်းကင်သခင်တွေ ရှိခဲ့ဖူးတယ်။ မဟူရာနတ်ဆိုးလက်က တကယ်ကိုပဲ ရှုထောင့်ပုံရိပ်တစ်ခုကို ထိန်းချုပ်ဖို့ လိုအပ်တယ် "

ပျက်စီးခြင်းကောင်းကင်ပညာရပ်တွင် တားမြစ်ထားသည့် အရာအချို့ ရှိလေသည်။ ယင်းတို့ကို အမှောင်ပျက်စီးခြင်းကောင်းကင်သခင်များဟု ခေါင်းစဥ်တပ်ထားကြသည်။

ယင်းလူစုကို ရှေးဟောင်းပျက်စီးခြင်းကောင်းကင်သခင်များက လမ်းလွဲသူများဟု ခေါင်းစဥ်တပ်ထားကြသည်။ အမှောင်ပျက်စီးခြင်းကောင်းကင်သခင်များက ပျက်စီးခြင်းအရိုးအမတေ အာနိသင်ထူးကဲစေရေးအတွက် မည်သည့်အရာကိုမဆို လုပ်ကြသည်။ ထိုအထဲတွင် လူသားအရိုးကို ပျက်စီးခြင်းကောင်းကင်ပညာရပ် ပစ္စည်းများအဖြစ် အသုံးပြုခြင်းများလည်း ပါဝင်လေသည်။

ပျက်စီးခြင်းသားရဲများ၏ အရိုးကို ပျက်စီးခြင်းအရိုးအမတေအဖြစ် သန့်စင်ကြသည်မှာ ပမာဏများပြားသော ပျက်စီးခြင်းစွမ်းအင်များ ပါဝင်နေခြင်းကြောင့် ဖြစ်လေသည်။ အပြန်အလှန်အနေဖြင့် သန်မာသော လူသားများ၏ ခန္ဓာကိုယ်များထဲတွင်လည်း ပမာဏများပြားသော မိုးမြေယွမ်ချီများ ပါဝင်လေသည်။

ထို့ကြောင့် သန်မာသော ပျက်စီးခြင်းသားရဲများ၏ အရိုးများနှင့် လူသားများ၏ အရိုးများက အာနိသင်တူကြသည်။

ထို့ကြောင့်ပင် အမှောင်ပျက်စီးခြင်းကောင်းကင်သခင်များက နည်းလမ်းများကို ဆင့်ကဲဖွံ့ဖြိုးစေပြီး လူသားကျွမ်းကျင်သူများ၏ အရိုးများကို အမတေအဖြစ် သန့်စင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းဆယ်သန်းခန့်က အမှောင်ပျက်စီးခြင်းကောင်းကင်သခင်များ၏ အမွေအနှစ်များက အဆုံးအစွန်အထိ ရောက်ရှိခဲ့သည်။

သူတို့သည် အမှောင်ပျက်စီးခြင်းကောင်းကင်ပညာရပ် ဂိုဏ်းများစွာ တည်ထောင်ခဲ့ကြပြီး သူတို့၏သွေးမျိုးဆက် အမှောင်မိသားစုများပင် ရှိခဲ့ကြသည်။ အမှောင်မိသားစုများက အမှောင်ပျက်စီးခြင်းကောင်းကင်သခင်များ၏ မျိုးဆက်များ ဖြစ်ကြသည်။

ထိုမိသားစုများက အလွန်အစွမ်းထက်ကြပြီး ၎င်းတို့က ပျက်စီးခြင်းအရိုးအမတေ သန့်စင်ရာတွင် အကူညီရရှိရေးအတွက် လူသားများ၏ အရိုးများကိုရရှိရန် မသမာသောနည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသည်။ အမှောင်မိသားစုများက ရက်စက်ကြမ်းကြုတ်မှုများ အမွေဆက်ခံခဲ့ကြပြီး လောကကြီးကို ကသောင်းကနင်းဖြစ်စေခဲ့သည်။

သူတို့သည် ရှေးဟောင်းဂိုဏ်များမျ အလောင်းများ ခိုးယူခြင်း ၊ အပျိုစင် ယောက်ျားနှင့်မိန်းမများကို ယဇ်ပူဇော်ခြင်း ၊ အကြောင်းအရင်းမရှိဘဲ မိန်းကလေးများကို လိင်ကျွန်လုပ်ခြင်း ၊ သေမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ၊ နတ်ဆိုးတစ္ဆေများကို ပူဇော်ခြင်းများ လုပ်ခဲ့ကြသည်။

၎င်းတို့၏ မကောင်းသောလုပ်ရပ်များကြောင့် နောက်ဆုံးတွင် ရှေးဟောင်းပျက်စီးခြင်းကောင်းကင်သခင်များက ရှေးဟောင်းဂိုဏ်များနှင့် ပူးပေါင်းကာ အမှောင်ကမ္ဘာတွင် စစ်ပွဲဆင်နွှဲခဲ့ကြသည်။ နောက်ဆုံးတွင် အမှောင်မိသားစုများနှင့် အမှောင်ဂိုဏ်းများ ပျက်စီးသွားခဲ့ရ၏။

အမှောင်ပျက်စီးခြင်းကောင်းကင်သခင်များ၏ အမွေနှစ်များလည်း ကြီးစွာဖျက်ဆီးခံခဲ့ရသည်။ သို့သော် အမှောင်ပျက်စီးခြင်းကောင်းကင်သခင်များ လုံးဝပျောက်ကွယ်မသွားဘဲ ပုန်းခိုသွားကြလေ၏။

ရှန်းထူဟိုင် အသုံးပြုနေသည့် မဟူရာနတ်ဆိုးလက်က အမှောင်ပျက်စီးခြင်းကောင်းကင်သခင်များသာ အသုံးပြုသည့် သီးသန့်နည်းစနစ် မဟုတ်ပေ။ အချို့သော ရှေးဟောင်းပျက်စီးခြင်းကောင်းကင်သခင်များကလည်း ရှားရှားပါးပါး အသုံးပြုဖူးကြသည်။

ရှန်းထူဟိုင်က ပျက်စီးခြင်းကောင်းကင်ပညာရပ်တွင် ပါရမီရှင်ဖြစ်ကြောင်းကို လင်မိသားစုမှ လူများ ကြီးကြီးငယ်ငယ်မရွေး ဝန်ခံမိကြသည်။

" ဂျူနီယာညီလေးယွင်မှာ လျှို့ဝှက်နည်းစနစ်တွေ ရှိသေးလောက်တယ်မလား "

" အဲ့ဒီလိုပဲ ဖြစ်လောက်မယ်။ သူက စုန့်ကျစ်ယွဲ့ရဲ့ အစီအရင်ကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့တာဆိုတော့ သူ့မှာ ဆန်းကြယ်သလင်းလက်ပဲ ရှိနေတယ်ဆိုတာကို ငါ သံသယဝင်မိတယ်။ စောင့်ကြည့်ကြတာပေါ့ "

လူအများ စကားပြောနေချိန်တွင် ရင်ထိတ်သွားရသည်။ ရှန်းထူဟိုင်၏ လက်ထဲရှိ ပျက်စီးခြင်းအရိုးထံမှ အနက်ရောင်အငွေ့များ ထွက်လာချေသည်။ ထိုအနက်ရောင်အငွေ့များက ရှန်းထူဟိုင်၏ မျက်ခုံးကြားသို့ အဆိပ်ပြင်းမြွေတစ်ကောင်ပမာ တိုးဝင်သွားလေ၏။

" ဒါက..."

လူအများ မျက်လုံးပြူးသွားကြသည်။ အနက်ရောင်အငွေ့တွင် အလွန်ပင် အန္တရာယ်ရှိသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ရှန်းထူဟိုင်ကို အန္တရာယ်ဖြစ်နိုင်သည်။

ထိုစဥ် ရှန်းထူဟိုင်၏ လင်းနို့ကဲ့သို့ ရှုထောင့်ပုံရိပ်က အနက်ရောင်အငွေ့ကို ဝါးမျိုသွားလေ၏။

လက်ရှိတွင် ရှန်းထူဟိုင်က ဖိအားများနေသည်။ သူ၏ရှုထောင့်ပုံရိပ်က အနက်ရောင်အငွေ့ကို ဝါးမျိုပြီးနောက်တွင် သူက ပျက်စီးခြင်းအရိုးပေါ်သို့ မှော်စာလုံးချိတ်တံဆိပ်များ စတင်ပစ်လွှတ်လေသည်။ ထို့နောက်တွင် သူက အနက်ရောင်အငွေ့ကို ချေမှုန်းပစ်နိုင်ခဲ့လေ၏။

" စိတ်ဝိညာဥ်တန်ပြန်မှု " အသက်ကြီးသော ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက အနက်ရောင်အငွေ့ကို သရုပ်ခွဲပေးလိုက်သည်။

ပျက်စီးခြင်းကောင်းကင်ပညာရပ် နယ်ပယ်တွင် အချို့သော ပျက်စီးခြင်းအရိုးများက အလွန်ပင် အန္တရာယ်များသည်။ လူတစ်ဦးက ထိုအရိုးများကို သန့်စင်နိုင်ခြင်းမရှိလျှင် ပြင်းထန်သော အကျိုးဆက်များ ကြုံရနိုင်သည်။

ပျက်စီးခြင်းကောင်းကင်ပညာရပ်ကြောင့် လူများ သေနိုင်လေ၏။

" ရှန်းထူဟိုင်က မဟူရာနတ်ဆိုးလက်ကို အသုံးပြုတာ အံ့ဩစရာမရှိတော့ပါဘူး။ မဟူရာနတ်ဆိုးလက်က စိတ်ဝိညာဥ်တန်ပြန်မှုမှာ အသာစီးရစေတယ် "

လင်မိသားစုမှ အသက်ကြီးသော ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက ဆိုလေသည်။

" ရှန်းထူနန်ထျန်းက ရှေးဟောင်းအညွှန်းတစ်ခုကို ရွေးချယ်ထားတယ်။ ကျစ်တံဆိပ် ပျက်စီးခြင်းအရိုးထဲမှာ စိတ်ဝိညာဥ်တန်ပြန်မှု ရှိနေတယ်ဆိုတော့ အခြားတံဆိပ်နဲ့ ပျက်စီးခြင်းအရိုးတွေမှာလည်း ရှိနေလောက်ပြီး ပိုပြီးတော့တောင် အန္တရာယ်များနိုင်လောက်တယ်။ ဒီပျက်စီးခြင်းအရိုး ၁၂ ခုက သေချာပေါက်ကို မရိုးရှင်းဘူး "

လူအများသည် ရှန်းထူဟိုင် ၊ ရှန်းထူဖုန်း ၊ ယီယွင်တို့၏ လက်များထဲမှ ပျက်စီးခြင်းအရိုး ၁၂ ခုကို ကြည့်ကာ မျက်မှောက်ကုတ်နေကြ၏။ အထူးသဖြင့် လူငယ်များက ကြောက်နေကြသည်။ သူတို့က ယီယွင်နေရာတွင် မဟုတ်သည်ကို ကံကောင်းသည်ဟု ခံစားကြရသည်။

လူအများစုက ယီယွင်ကို သနားမိလာကြသည်။ ယီယွင်၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ထူးချွန်သော်လည်း အသက်ငယ်လွန်းနေသေးလေ၏။ သူက ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့ကဲ့သို့ မဟုတ်ပေ။ ထိုနှစ်ဦးလုံးက ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို ကြိုတင်မြင်ဖူးကြသည်။

ထိုစဥ် ရှန်းထူဟိုင်က ကျစ်တံဆိပ် ပျက်စီးခြင်းအရိုး၏ ပျက်စီးခြင်းစွမ်းအင်များကို ထုတ်ယူနိုင်သွားခဲ့သည်။

ပျက်စီးခြင်းစွမ်းအင်လုံးသည် ရှန်းထူဟိုင်၏ ခြေဖျားအောက်မှ အစီအရင်ပေါ်သို့ ကျသွားလေ၏။ ရလဒ်အနေဖြင့် ထိုအစီအရင်ပေါ်မှ မှော်စာလုံးများ တောက်ပသွားလေသည်။

ပျက်စီးခြင်းအရိုး ၁၂ ခုနှင့် သက်ဆိုင်သည့် အစီအရင် ၁၂ ခု ရှိလေသည်။ သက်ဆိုင်ရာ မှော်စာလုံးများ တောက်ပသွားသည်ကို မြင်သောအခါတွင် ရှန်းထူဟိုင် ဝမ်းသာသွားကာ လက်သီးဆုပ်လိုက်၏။

သူ အောင်မြင်သွားချေပြီ။

ရှန်းထူဟိုင်၏ စွမ်းရည်နှင့်ပင် ဘုရင်အဆင့် ပျက်စီးခြင်းသားရဲ၏ ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်ထုတ်ယူရသည်မှာ အတော်ပင် ပင်ပန်းလေသည်။ ထို့အပြင် သူက စိတ်ဝိညာဥ်တန်ပြန်မှုကိုလည်း သတိထားနေရလေသောကြောင့် သူ၏စိတ်စွမ်းအားကို အလွန်ပင် ကုန်ခမ်းစေသည်။

သူ နဖူးမှချွေးများ သုတ်ပြီး သိုလှောင်လက်စွပ်ထဲမှ ဝိညာဥ်ပျိုးထောင်ဆေးတစ်လုံး ထုတ်ယူကာ သောက်လိုက်လေသည်။ ထို့နောက် သူ၏မျက်နှာက မူမမှန်စွာ နီရဲသွားလေ၏။

ပုံမှန်ဆိုလျှင် သူသည် ကျစ်တံဆိပ် ပျက်စီးခြင်းအရိုး၏.စွမ်းအင်များကို ထုတ်ယူရန်အတွက် ၁၀၀% အောင်မြင်နှုန်းမရှိပေ။ လုပ်ဆောင်နေစဥ်အတွင်း မတော်တဆဖြစ်ပါက ရှန်းထူနန်ထျန်းက သူ့အား စိတ်စွမ်းအားအချို့ဖြင့် ကူညီပေးမည်ဖြစ်၏။

ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ရှန်းထူဟိုင်က လူအများ၏ရှေ့မှောက်၌ သေချာပေါက်ပင် စိုးရိမ်မိလေသည်။ သူ လုပ်ဆောင်နေချိန်တွင် မတော်တဆဖြစ်မည်ကို စိုးရိမ်နေသော်လည်း ကံကောင်းစွာဖြင့် အောင်မြင်သွားခဲ့သည်။

သူက ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် တောက်ပလာမည်မှာ သံသယဖြစ်ရန် မလိုပေ။ သူက ရှန်းထူမိသားစု မျက်နှာရရန်လည်း လုပ်ဆောင်နိုင်ခဲ့သည်။

" ဘယ်လိုလဲ ဂျူနီယာညီလေးယွင်။ မင်း ကိုင်တွယ်နိုင်ရဲ့လား။ မင်း မကိုင်တွယ်နိုင်ဘူးထင်ရင် အခု နုတ်ထွက်တာက နောက်မကျသေးဘူး။ ရှန်းထူဖုန်းနဲ့ငါက နည်းနည်းလေး ပိုပင်ပန်းသွားမှာဆိုပေမဲ့ မင်းရဲ့ခွဲတမ်းကိုတော့ ငါတို့ ပြီးအောင်လုပ်နိုင်ပါတယ် " ရှန်းထူဟိုင်က လှောင်ပြုံးနှင့် ဆိုလိုက်သည်။ ယီယွင် ဝေခွဲမရအမူအရာ ဖြစ်လာမည်ကို သူ စောင့်နေခဲ့သည်။

အမှန်တကယ်တွင် ရှန်းထူနန်ထျန်း၏ စိတ်ကူးအရ ပျက်စီးခြင်းအရိုးထဲတွင် စိတ်ဝိညာဥ်တန်ပြန်မှု ပါရှိနေသည်ကို ယီယွင်အား ပြောမပြဘဲ လှည့်စားပြီး ငတုံးတစ်ကောင်ပမာ လုပ်လိုက်မည်ဆိုပါက အကောင်းဆုံးရလဒ် ဖြစ်သွား​ပေလိမ့်မည်။

သို့သော် ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်၌ လင်မိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲများ၏ ရှေ့မှောက်တွင် ရှန်းထူနန်ထျန်းက မည်သည့်အရာမျှ လုပ်၍မရပေ။

လင်မိသားစုက ဖုံးကွယ်ထားသော လှည့်ကွက်များကို မည်သို့များ ခွင့်ပြုပါမည်နည်း။ ထို့အပြင် ရှန်းထူမိသားစုက လင်မိသားစုနှင့် ညှိနှိုင်းရာတွင် အနည်းငယ်ခန့် အရေးမသာပေ။ ရှန်းထူနန်ထျန်းက ယီယွင်ကို မုန်းနိုင်ကောင်းသော်လည်း အရာအားလုံး ပုံအောကာ ယီယွင်ကို သတ်ရသည့်အခြေအနေအထိ မရောက်သေးပေ။ သူ့အဖို့ အကျိုးဆက်များကိူ ချင့်ချိန်ရန် သေချာပေါက် လိုအပ်လေသည်။

ယီယွင်သာ ထက်မြက်ပါက ရိုကျိုးစွာဦးညွတ်ပေးပြီး ရှန်းထူနန်ထျန်း၏ ကိစ္စရပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပေးပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရှန်းထူမိသားစု၏ စွမ်းရည်ကို ထုတ်ပြနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယီယွင်ကိုလည်း နင်းချေနိုင်ပေလိမ့်မည်။

All Chapters