ယီယွင်၏အတွေး
Vol. 27 Ch. 402
ရှန်းထူနန်ထျန်း ပထမဆုံး တွေးမိသည်မှာ ယင်တံဆိပ် ပျက်စီးခြင်းအရိုး၏ စိတ်ဝိညာဥ်တန်ပြန်မှုက အာနိသင်မရှိတော့ဟူ၍ ဖြစ်လေ၏။ ရှန်းထူဖုန်းနှင့် ရှန်းထူဟိုင်တို့မှာမူ ပျက်စီးခြင်းအရိုးများထံမှ စိတ်ဝိညာဥ်တန်ပြန်မှုကို အသေအရှင် ရုန်းကန်ကာ ကိုင်တွယ်ခဲ့ကြရဟန် ရှိလေသည်။ သူတို့က အစွမ်းထက်သော ချိတ်တံဆိပ်နည်းစနစ်များ အသုံးပြုမှသာ အန္တရာယ်ကို ခက်ခဲမှုကြီးစွာဖြင့် ဖြေရှင်းနိုင်ခဲ့သည်။
ယခုတွင် ယီယွင် အသက် ၁၅ နှစ်သာရှိသေးပြီး ဆန်းကြယ်သလင်းလက်ကို အသုံးပြုခဲ့သည်။ အဘယ့်ကြောင့် သူက စိတ်ဝိညာဥ်တန်ပြန်မှုကို မခံစားခဲ့ရလေသနည်း။ သူ၏ စွမ်းအင်ထုတ်ယူမှု အမြန်နှုန်းကလည်း ရှန်းထူဖုန်းထက် ပိုမြန်နေသည်တဲ့လား။
ရှန်းထူနန်ထျန်း၏စိတ်ထဲတွင် ထိုအတွေးများ ရစ်ဝဲနေလျက်ရှိပြီး သူသည် ယီယွင်၏လက်ထဲရှိ ကွဲကြေနေသော ယင်တံဆိပ် ပျက်စီးခြင်းအရိုးထံမှ မီးခိုးရောင်အငွေ့များ ထွက်လာသည်ကို ရှက်ရွံ့စွာဖြင့် စိတ်ပျက်လက်ပျက် ကြည့်နေမိသည်။
ထိုမီးခိုးရောင်အငွေ့များက အေးစက်တိတ်ဆိတ်ပြီး ယင်းက ယင်တံဆိပ် ပျက်စီးခြင်းအရိုးပေါ်တွင် ရှေးဟောင်းပြောင်းလဲခြင်းနည်းလမ်း အသုံးပြုခဲ့ရာမှ ဖြစ်ပေါ်လာသည့် စိတ်ဝိညာဥ်တန်ပြန်မှု ဖြစ်လေသည်။
ယီယွင်က တည်ငြိမ်နေလျက်ရှိပြီး ဆန်းကြယ်သလင်းလက်၏ ချိတ်တံဆိပ်များ အသုံးပြုကာ စိတ်ဝိညာဥ်တန်ပြန်မှုကို လုံးဝဖိနှိမ်ထားသည်။
မြင်ကွင်းကြောင့် ရှန်းထူနန်ထျန်း ကြောင်အနေကာ ရုပ်ထုတစ်ခုပမာ ရပ်နေမိလေ၏။ ရှန်းထူနန်ထျန်းသာမက လင်မိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲအချို့ပင် တူညီသောအမူအရာများ ဖြစ်နေကြသည်။
ရှန်းထူဖုန်းက ဓားမောက်ဓားရှုရာကို ရုတ်တရက် အသုံးပြုလိုက်ချိန်တွင် လူတိုင်း၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သည်။ သူတို့က ရှန်းထူဖုန်းကို တစ်ခဏမျှ အာရုံစိုက်မိနေချိန်တွင် ယီယွင်က ယင်တံဆိပ် ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်များကို ထုတ်ယူပြီးသွားခဲ့သည်တဲ့လား။
" ယီယွင်... သူ...." လင်ရှင်းထုံက ယီယွင်ကိုသာ တစ်ချိန်လုံး အာရုံစိုက်နေခဲ့သည်။ အမှန်တကယ်တွင် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ပျက်စီးခြင်းအရိုးကို သန့်စင်နေချိန်တွင် မကျွမ်းကျင်သူများက များစွာနားလည်နိုင်ခြင်းမရှိပေ။ လင်ရှင်းထုံက ငယ်သေးလေပြီး ပစ္စည်၏အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်လေသောကြောင့် သူမက အဖြစ်အပျက်များကို နားမလည်ပေ။
" ဒါက အတော်ထူးဆန်းတယ်။ ဒီဂျူနီယာက ဘယ်လိုလုပ်လိုက်တာလဲ "
လင်မိသားစုမှ အကြီးအကဲများစွာတို့မှာ စိတ်လှုပ်ရှားကာ အံ့ဩဘနန်း ဖြစ်နေကြလေ၏။ ယင်တံဆိပ် ပျက်စီးခြင်းအရိုးထံမှ ပျက်စီးခြင်းစွမ်းအင်များ ထုတ်ယူရသည့် ခက်ခဲမှုကို သူတို့ သိကြသည်။ သို့သော် ယီယွင်က စုန့်ကျစ်ယွဲ့၏ ဓာတ်ငါးပါးအရိုးအစီအရင်ကို ဆန်းကြယ်သလင်းလက်နှင့် ဖြိုခွင်းကာ အံ့ဩဘနန်းလုပ်ဆောင်ပြထား၏။ ယခုတွင်လည်း သူက မဖြစ်နိုင်ဟန်ထင်ရသည့် ကိစ္စတစ်ခုကို လုပ်ဆောင်ပြသွားခဲ့သည်။ သူတို့က အံ့ဩနေကြသည့်တိုင်အောင် ထိုကိစ္စကို လက်ခံနိုင်သည်ဆိုရုံလောက် ရှိသေးလေ၏။
လင်မိသားစုတွင် ပျက်စီးခြင်းကောင်းကင်ပညာရပ် ပါရမီရှင်တစ်ဦး ထပ်တိုးလာပါက လင်မိသားစုအတွက် အကျိုးရှိမည်မှာ သိသာသည်။
အထူးသဖြင့် လင်မိသားစု အဖွားတော်က ယီယွင်ကို မျက်တောင်မခတ် စူးစိုက်ကြည့်နေရင်း မျက်ဝန်းများ တောက်ပနေသည်။
သူမက ဤဂျူနီယာကို သဘောကျမှုများ တိုးပွားလာသည်။ သူသည် လင်ရှင်းထုံကို အဖော်ပြုပေးပြီး အတူကြီးပြင်းမည်ဆိုပါက လင်ရှင်းထုံအတွက် မဟာအကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။ သူသည် အနာဂတ်တွင် လင်ရှင်းထုံအတွက် အလွန်အကျိုးရှိစေမည်သာမက သူမ၏ သွေးကြောများကို ပြန်ဆက်ချိန်တွင်လည်း အမျိုးမျိုးသော သန့်စင်မှုများ ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။
သို့သော် ရှန်းထူနန်ထျန်းက ယီယွင်ကို ရန်ငြိုးဖွဲ့နေပြီး ဆီနှင့်ရေပမာ ရောထွေး၍မရသည်ကို အဖွားတော်က မြင်လေသည်။ ယင်းက သူမ ခေါင်းကိုက်နေရသည့် ပြဿနာတစ်ခု ဖြစ်လေ၏။
ယခုတွင် ယီယွင်က လက်ဝါးကို ယမ်းလိုက်ရာ သူ၏ခြေဖျားအောက်ရှိ အစီရင်ပြားပေါ်တွင် စွမ်းအင်လုံး ပေါ်ထွက်လာသည်။
အစီအရင်ပြားပေါ်မှ ယင်တံဆိပ် တောက်ပသွားချိန်တွင် ရှန်းထူဖုန်း၏ လက်ထဲမှ ချောင်တံဆိပ် ပျက်စီးခြင်းအရိုးက ရုတ်တရက်ပင် တုန်ခါသွားကာ မှော်စာလုံးသုံးခု ဆက်တိုက်ပေါက်ကွဲသွားသည်။
ရှန်းထူဖုန်း၏မျက်နှာ ဖြူလျော်နေကာ မျက်ဝန်းများ နီရဲနေလေ၏။ လက်ရှိတွင် သူ၏လက်ထဲမှ စွမ်းအင်များကို မထိန်းနိုင်တော့လုနီးပါး ဖြစ်သွားခဲ့ရသည်။
ယီယွင်က ယင်တံဆိပ် ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်ထုတ်ယူရာတွင် ထင်ထားသည်ထက် ပိုစောစွာပြီးခဲ့သည်ကို ရှန်းထူဖုန်းက မြင်မိလေပြီး မယုံကြည်နိုင်ဖြစ်နေရသည်။
ရှန်းထူဖုန်း ကြုံတွေ့ခဲ့ရသည် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများကြောင့် သူ၏စိတ်စွမ်းအားများ မတည်မငြိမ်ဖြစ်ကာ ဓားမောက်ဓားရှုရာ ချိတ်တံဆိပ် ဖော်ဆောင်ရာတွင် အမှားလုပ်မိသွားခဲ့သည်။
ရှန်းထူဖုန်း၏ စွမ်းရည်နှင့်ပင် သူ၏တိုက်ခိုက်ရေးစွမ်းရည်က မကောင်းလေသောကြောင့် ဓားမောက်ဓားရှုရာကို ထိန်းချုပ်ရန်အတွက် မလွယ်ကူခဲ့ပေ။ တိုက်ခိုက်ရေးစွမ်းရည် မကောင်းသော လူတစ်ဦးက ပြတ်သားသည့် သတ်ဖြတ်လိုစိတ် လိုအပ်သော ဓားမောက်ဓားရှုရာကို ကောင်းစွာထုတ်မသုံးနိုင်သည်မှာ ပုံမှန်သာဖြစ်သည်။
ယခုတွင် ရှန်းထူဖုန်း၏ ဓားမောက်နှင့်ဓား အလင်းများ ဆက်တိုက်ပေါက်ကွဲနေပြီး သူ၏လက်ထဲမှ စွမ်းအင်များ အရည်ပျော်ကျပေတော့မည်။ ထိုကိစ္စသာ ဖြစ်လာခဲ့လျှင် ရှန်းထူဖုန်းအဖို့ စိတ်ဝိညာဥ်တန်ပြန်မှုကို ခံရပေလိမ့်မည်။ ဒဏ်ရာသေးလျှင် သူ၏ဝိညာဥ် ထိခိုက်မည်ဖြစ်ပြီး အခြေအနေဆိုးလျှင်မူ ငကြောင်တစ်ကောင် ဖြစ်သွားပေလိမ့်မည်။
သူ ပိုမိုထိတ်လန့်လေလေ ပိုမိုဒုက္ခရောက်ရလေလေပင်။
" ချီးပဲ "
အစီအရင်၏အလယ်တွင် ရှိနေသည့် ရှန်းထူနန်ထျန်းက တုန့်ပြန်မှုမြန်ဆန်သည်။ ရှန်းထူဖုန်းက မတော်တဆဖြစ်သွားလေသောကြောင့် ရှန်းထူနန်ထျန်းက လက်ဆန့်ကာ ယွမ်ချီဓားတစ်လက် ထုတ်ဖော်လိုက်ပြီး ရှန်းထူဖုန်း၏ စွမ်းအင်လုံးဆီသို့ ပစ်သွင်းကာ ပေါက်ကွဲလုနီးပါးဖြစ်နေသည့် စွမ်းအင်များကို တည်ငြိမ်အောင်ထိန်းချုပ်လိုက်သည်။
" မင်းက ဘာတွေထိတ်လန့်နေတာလဲ " ရှန်းထူဖုန်း၏ နားထဲတွင် ရှန်းထူနန်ထျန်း၏ ခက်ထန်သောအသံ မြည်ဟီးသွားသည်။
လက်ရှိတွင် ရှန်းထူနန်ထျန်းက အမှန်ပင် စိတ်ဆိုးနေလေ၏။ သူက ယီယွင်ကို အလဲထိုးလိုခဲ့ပြီး အောင်မြင်တော့မည်ကို မြင်ခဲ့ရသည်။ သို့သော် ယီယွင်က တာဝန်ပြီးမြောက်ရန် မည်သည့်နည်းလမ်းအား အသုံးပြုခဲ့ကြောင်းကို သူ မသိခဲ့ပေ။ ထိုအခိုက်တွင် ရှန်းထူဖုန်းက ဓားမောက်ဓားရှုရာကို အမှားလုပ်မိသွားခဲ့ကာ လူအများ၏ရှေ့မှောက်၌ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။ ယင်းကြောင့် ရှန်းထူနန်ထျန်း အလွန်ဒေါသထွက်ရသည်။
ယနေ့တွင် အမှန်တကယ် သိက္ခာကျရသည်ဟု သူ ခံစားရသည်။
ထိုအရာအားလုံးက ယွင်ရန်ထျန်းကြောင့် ဖြစ်လေ၏။
........................
" အဲ့ဒါက ဓားမောက်ဓားရှုရာလား "
ယီယွင်က ရှန်းထူဖုန်း အသုံးပြုနေသည့် ချိတ်တံဆိပ်နည်းစနစ်ကို ကြည့်ကာ မျက်ဝန်းများ တောက်ပနေသည်။ ယီယွင် ယင်တံဆိပ် ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်ထုတ်ယူရန် အလုပ်များနေခဲ့စဥ်က ထိုနည်းစနစ်ကို အသေချာကြည့်ရန် စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ မလုံလောက်ခဲ့ပေ။
ထိုနည်းစနစ်က ပျက်စီးခြင်းကောင်းကင်ပညာရပ်နှင့် မတူလေဘဲ ဓားနှင့်ဓားမောက် နည်းစနစ်တစ်ခုနှင့် ပိုတူနေသည်။
ထိုချိတ်တံဆိပ်နည်းစနစ်၏ ထိန်းချုပ်မှုအောက်တွင် ပျက်စီးခြင်းအရိုးထဲရှိ ပျက်စီးခြင်းစွမ်းအင်များသည် ဓားနှင့်ဓားမောက်သဏ္ဌာန် မှော်စာလုံးချိတ်တံဆိပ်များအဖြစ် ဖွဲ့စည်းသွားမည် ဖြစ်လေသည်။ မှော်စာလုံးချိတ်တံဆိပ်များထံမှ ထွက်ပေါ်နေသည့် ထက်ရှသော အရှိန်အဝါက ကြောက်စရာပင်။
ထိုမှော်စာလုံးချိတ်တံဆိပ်များ ထုတ်လွှတ်လိုက်လျှင် တစ်စုံတစ်ယောက်အား သတ်နိုင်လိမ့်မည်ကို ယီယွင် သံသယမဖြစ်ပေ။
" ငါသာ ဒီချိတ်တံဆိပ်နည်းစနစ်ကို ရနိုင်မယ်ဆိုရင် အတော်ကောင်းမှာပဲ "
ယီယွင်၏စိတ်ထဲတွင် ထိုအတွေး ရစ်ဝဲနေချိန်၌ ရှန်းထူဖုန်းသည် ရှန်းထူနန်ထျန်း၏ အကူအညီကြောင့် ချောင်တံဆိပ် ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်ထုတ်ယူခြင်းကို လက်စသတ်နိုင်ခဲ့သည်။
အစောပိုင်းက မတော်တဆဖြစ်ရပ်ကြောင့် သူ အားကုန်ခမ်းနေသည်။ သူ၏စိတ်စွမ်းအားများ အသုံးလွန်သွားကာ ဆက်လက်၍ မစွမ်းနိုင်တော့ပေ။
" စီနီယာအစ်ကိုနန်ထျန်း "
" ပါးစပ်ပိတ်ထား "
ရှန်းထူဖုန်းက အသံပို့လွှတ်ကာ ပြောချင်ခဲ့သော်လည်း ရှန်းထူနန်ထျန်းက ရက်စက်စွာပင် စကားစဖြတ်ခဲ့သည်။
ရှန်းထူနန်ထျန်းက ရှန်းထူဖုန်းနှင့် စကားပြောလိုစိတ် မရှိတော့ပေ။
ရှန်းထူဖုန်းသည် သူ ကောင်းစွာမလုပ်နိုင်ခဲ့သည်ကို သိလေသောကြောင့် စကားမဆိုရဲတော့ချေ။ သူ တိတ်ဆိတ်စွာနှင့်ပင် ဝိညာဥ်ပျိုးထောင်ဆေးတစ်လုံး မျိုချကာ စိတ်စွမ်းအားအချို့ ပြန်ကောင်းလာစေရန် ပွားများနေရင်း သူ့အား စောင့်ကြိုနေမည့် အလုပ်များအတွက် ကြိုတင်ပြင်ဆင်နေခဲ့သည်။
ရှန်းထူနန်ထျန်းက အစီအရင်၏အလယ်တွင် ရှေးဦးမျိုးစိတ်၏သွေးကို တင်ထားလိုက်သည်။ သူက ယီယွင်ကို အရေးမစိုက်တော့ပေ။
လက်ဖက်ရည်ပွဲတော်တွင် တောက်ပရခြင်းနှင့် လင်မိသားစုမှ ခေါင်းမာသည့် အဖိုးကြီးများ သူ့ဘက်ပါလာအောင် သိမ်းသွင်းခြင်းတို့နှင့် နှိုင်းယှဥ်မည်ဆိုပါက ယီယွင်အား နင်းချေရသည်မှာ ဘာမျှမဟုတ်ပေ။
ယခုတွင် ပျက်စီးခြင်းအရိုး ၁၂ ခုအနက်မှ သုံးခုကို စုစည်းပြီးသွားပေပြီ။ ရှေးဟောင်းအရိုးသန့်စင်အညွှန်းကို တရားဝင် စတင်နိုင်တော့မည်။ ထို့နောက်ပိုင်းတွင် ရှန်းထူနန်ထျန်းက ဟန်ရေးပြရပေတော့မည်။
သူ၏မျက်နှာ ဖူးယောင်သည်အထိ အရိုက်ခံထားရသော်လည်း အရေးမကြီးပေ။ သူသာ နောက်ပိုင်းကိစ္စများကို ကောင်းစွာလုပ်နိုင်ပါက ဤပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်က အကြီးအကျယ် အောင်မြင်သွားပေလိမ့်မည်။