ပုံရိပ်လေးခုချိတ်တံဆိပ်
Vol. 27 Ch. 403
" နောက်ဆုံးတော့ ရှန်းထူနန်ထျန်းက ပညာပြတော့မယ် "
ရှန်းထူနန်ထျန်းက ပျက်စီးခြင်းသားရဲ၏ သွေးကို ထုတ်ယူလိုက်လေသောကြောင့် လူအများ မျှော်လင့်တကြီး ဖြစ်သွားကြသည်။ အစောပိုင်းက ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့က ပြောင်မြောက်သော ပျက်စီးခြင်းကောင်းကင်ပညာရပ်များ ပြသခဲ့လေသည်။ ယင်းသည် ရှန်းထူမိသားစုက ဆန်းကြယ်နယ်မြေထဲတွင် ရှာဖွေခဲ့သည့် အကျိုးကျေးဇူးများ ဖြစ်လေ၏။
ရှန်းထူဖုန်းသည် ယီယွင်ကြောင့် မှော်စာလုံးချိတ်တံဆိပ်များ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရသော်လည်း အနာတစ်ခုက ကျောက်စိမ်း၏ ခမ်းနားထည်ဝါမှုကို မှေးမှိန်သွားစေမည် မဟုတ်ပေ။ ယေဘုယျအားဖြင့်ဆိုလျှင် လင်မိသားစုက ပျက်စီးခြင်းကောင်းကင်ပညာအရာတွင် ရှန်းထူမိသားစု၏ စွမ်းရည်ကို မနာလိုရမည် ဖြစ်လေ၏။
ယခုက ရှန်းထူနန်ထျန်း၏အလှည့် ဖြစ်ပြီး ဤတစ်ကြိမ်အတွက် စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်လေသည်။
စင်စစ်တွင် ရှန်းထူနန်ထျန်းကို သာမန်ဂျူနီယာတစ်ဦးဟု သတ်မှတ်၍မရပေ။ သူက အသက်သုံးဆယ်ကျော်ဖြစ်ပြီး ကဏ္ဍမျိုးစုံတွင် ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့ထက် များစွာသာလွန်သည်။
ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့ သင်ဖူးသမျှကို ရှန်းထူနန်ထျန်းက သင်ယူဖူးလေပြီး သူကို ပိုမို၍ပင် ကျွမ်းကျင်နိုင်လောက်သည်။
အစီရင်ပြား၏အလင်းများ ပိုမိုတောက်ပလာသည်။ ရှန်းထူနန်ထျန်း၏ ခြေဖျားအောက်တွင် ရှေးဦးမျိုးစိတ်များ၏ သွေးလေးခွက် ရှိလေသည်။ ခွက်လေးခုလုံး အဖုံးများဖွင့်ထားလေ၏။ မိုးမြေယွမ်ချီများ၏ လွှမ်းမိုးမှုအောက်တွင် သွေးများဆူပွက်ကာ အနီရောင်အလင်းများ ရစ်သိုင်းနေ၏။
ရှန်းထူနန်ထျန်းက လက်များဆန့်ထားပြီး ခန္ဓာကိုယ်သည် မြေပြင်မှ တဖြည်းဖြည်းချင်း ကြွတက်လာကာ လေထဲတွင် ရပ်နေသည်။
ယွမ်အုတ်မြစ်ချနယ်ပယ်အား ကျော်လွန်သွားသည့် စစ်သည်များက ပျံသန်းနိုင်ကြသည်။ ထို့ကြောင့် လေထဲတွင်ရပ်သည်မှာ ရှန်းထူနန်ထျန်းအတွက် ဘာမျှမဟုတ်ပေ။
ရှန်းထူနန်ထျန်းက ချိတ်တံဆိပ်များ စတင်ဖော်ဆောင်သည်။ သူ၏လက် လှုပ်ရှားပုံက အလွန်နှေးကွေးလေ၏။ သူ၏ ကျောက်စိမ်းကဲ့သို့လက်များက ဖော်မစွမ်းနိုင်အောင် ဆွဲဆောင်နိုင်လှပြီး ပရိတ်သတ်များမှာ သူ၏လက်ချောင်းနည်းစနစ်ထဲတွင် မသိလိုက်ဘဲ မြောပါသွားကြလေ၏။
" အခုက ဘယ်လို ပျက်စီးခြင်းကောင်းကင်ပညာရပ်လဲ "
လူအများက ခန့်မှန်းရန် ကြိုးစားနေသည်။ ပျက်စီးခြင်းကောင်းကင်ပညာ အမွေအနှစ်အများစုသည် ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၍ စုကျဲနှင့် လင်မိသားစု၏ အဖွားတော်တို့ကဲ့သို့ ပုဂ္ဂိုလ်များသည်ပင် ရှန်းထူနန်ထျန်း၏ နည်းစနစ်ကို စာအုပ်မှတ်တမ်းများနှင့် တိုက်စစ်ကြည့်ရန် ခက်ခဲနေသည်။
ထိုစဥ် ရှန်းထူနန်ထျန်း၏ ကျောဘက်တွင် ရောင်စုံအလင်းများ ထွက်ပေါ်လာ၏။ ထိုအလင်းများ စုစည်းသွားကာ သဘာဝဖြစ်စဥ်တစ်ခု ဖြစ်ပေါ်လာသည်။
" ဒါက သဘာဝဖြစ်စဥ်ပုံရိပ် "
လင်မိသားစု၏ အကြီးအကဲများ အော်လိုက်ကြသည်။ စစ်သည်များက ကိုယ်ပိုင်ယွမ်ချီများ အသုံးပြုကာ သဘာဝဖြစ်စဥ်ပုံရိပ်များ ဖန်တီးနိုင်သည်။ ဥပမာဆိုရသော် ယီယွင်က နေအလင်းချီများကို ထန်တောင်ကြားပုံရိပ်အဖြစ် ဖွဲ့စည်းနိုင်သည်။
သို့သော် သဘာဝဖြစ်စဥ်ပုံရိပ်က ပုံရိပ်ယောင်တစ်ခုသာဖြစ်ပြီး အစစ်နှင့်မတူပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှန်းထူနန်ထျန်း၏ သဘာဝဖြစ်စဥ်ပုံရိပ်က လူအများ၏ရှေ့မှောက်၌ မြက်ခင်းလွင်ပြင်တစ်ခုအဖြစ် ပေါ်လာခဲ့ပုံပင်။ လူအများသည် မြက်များနှင့် ပန်းပွင့်များထံမှ သင်းရနံ့ပျပျကို ရရှိနေလေ၏။
ရောင်စုံအလင်းများ တောက်ပလာသည်နှင့်အမျှ မြက်ခင်းလွင်ပြင်ထဲတွင် စိတ်ဝိညာဥ်သစ်ပင်တစ်ပင် ကြီးထွားလာသည်။ စိတ်ဝိညာဥ်သစ်ပင်၏ရှေ့တွင် စမ်းချောင်းတစ်ခု ပေါ်လာလေ၏။ စမ်းချောင်းရေများ စီးဆင်းနေလျက်ရှိပြီး စမ်းချောင်းနံဘေးတွင် လူတစ်ဦး ပေါ်လာသည်။
ထိုသူက အစိမ်းရောင် နန်းဝတ်နန်းစားများ ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် နဖူးစည်းတစ်ခု ရှိနေသည်။ သူက ခေါင်ယပ်တောင်တစ်ခု ကိုင်ထားလေပြီး ငယ်စဥ်ကတည်းက အောင်မြင်မှုရခဲ့သော ကျောင်းတော်သားတစ်ဦးနှင့် ဆင်တူသည်။
ကျောင်းတော်သားက သစ်ပင်အောက်တွင် လမ်းလျှောက်ကာ ယပ်တောင်ခတ်နေ၏။ သူက ကဗျာစပ်ရင်း ရှုခင်းပန်းချီပုံများ ရေးဆွဲနေပုံပင်။ ထိုမြင်ကွင်းက မှော်ဝင်ကာ အိပ်မက်ဆန်နေလေသည်။
" ဒါက ရှန်းထူနန်ထျန်းရဲ့ ရှုထောင့်ပုံရိပ်ပဲ " လင်မိသားစုမှ အကြီးအကဲတစ်ဦးက ဆိုလိုက်သည်။
" အိုး...ရှုထောင့်ပုံရိပ်လား "
လူသားပုံစံ ရှုထောင့်ပုံရိပ်က မြင်ရခဲသည်။ တိုင်အာနတ်မြို့တွင် မဟာမိတ်ပြိုင်ပွဲ ပြုလုပ်ခဲ့စဥ်က ယွင်လုံနတ်ပြည်ထောင်မှ ဖုန်းလင်သည် သူမ၏ ရှုထောင့်ပုံရိပ်ကို ထုတ်သုံးခဲ့လေ၏။ ယင်းက ဓားကိုင်ထားသော နတ်မိမယ်တစ်ဦးဖြစ်ပြီး ကျောဘက်တွင် တောင်ပံတစ်စုံ ပါရှိလေသည်။
ဖုန်းလင်နှင့် နှိုင်းယှဥ်မည်ဆိုလျှင် ရှန်းထူနန်ထျန်း၏ ရှုထောင့်ပုံရိပ်က ပိုမိုကာ လက်တွေ့ဆန်သည်။ ထို့အပြင် အသက်ဝင်သော ရှူခင်းကလည်း လက်တွေ့ဆန်လှပြီး လူအများအဖို့ ကျောင်းတော်သားတစ်ဦးက စိတ်ဝိညာဥ်သစ်ပင်အောက်တွင် ရပ်နေသည်ဟု လုံးဝယုံကြည်သွားနိုင်သည်။
" ရှန်းထူနန်ထျန်းရဲ့ ရှုထောင့်ပုံရိပ်ကို လွတ်မြောက်အင်မော်တယ်ဘုံလို့ ခေါ်တယ် " လူအများ အံ့အားသင့်နေချိန်တွင် လင်မိသားစု၏ လက်တစ်ထောင်ဖွားဖွားက ဝမ်းသာနေဟန်ဖြင့် ရှင်းပြလာသည်..." နန်ထျန်းရဲ့ ရှုထောင့်ပုံရိပ်က အင်မော်တယ်ဘုံနန်းတစ်ခုအဖြစ် ဖွဲ့စည်းထားတာပဲ။ အင်မော်တယ်ဘုံနန်းထဲမှာရှိတဲ့ ပုဂ္ဂိုလ်ကတော့ နန်ထျန်းရဲ့ သရုပ်သကန်ပဲ။ တစ်ရက်မှာ အဲ့ဒီပုဂ္ဂိုလ်က အင်မော်တယ်ဘုရင်တစ်ပါးအဖြစ် အသွင်ပြောင်းသွားရင် နန်ထျန်းရဲ့စွမ်းအားက အဆုံးစွန်ဆုံး အကန့်အသတ်အထိ ရောက်ရှိသွားလိမ့်မယ် "
လက်တစ်ထောင်ဖွားဖွားက ရှန်းထူနန်ထျန်းကဲ့သို့ မြေးတစ်ဦး ရှိနေသည်ကို အလွန်ပင် ဂုဏ်ယူနေမိသည်။
လူနည်းစုတွင်သာ သူတို့နှင့်လိုက်ဖက်သည့် သဘာဝဖြစ်စဥ်ပုံရိပ် ရှုထောင့်ပုံရိပ်များ ရှိလေသည်။ ထို့အပြင် ထိုကဲ့သို့ရှုထောင့်ပုံရိပ်များက ဆင့်ကဲပြောင်းလဲနိုင်ကြ၏။ အရည်အသွေးအမြင့်ဆုံး ရှုထောင့်ပုံရိပ်များဟုပင် ပြောနိုင်လေသည်။
" ကျွန်မ နားလည်ပြီ။ တူလေးနန်ထျန်းက တကယ်ကို လူတွေကြားထဲက နဂါးတစ်ကောင်ပဲ " လင်ရှင်းထုံ၏ အဒေါ်က ဆိုလိုက်လေ၏။ သူမက ရှန်းထူနန်ထျန်းကို ကြည့်လေလေ သဘောကျလာလေလေပင်။
" လွတ်မြောက်အင်မော်တယ်ဘုံနန်းထဲမှာရှိတဲ့ လူကြီးလူကောင်းပုံစံနဲ့လူက တူလေးနန်ထျန်းရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ ဆင်တူတယ်။ သူ့ရဲ့ရှုထောင့်ပုံရိပ်က သူ့လိုပဲ။ " ကျောက်စိမ်းလို လူကြီးလူကောင်း " ဆိုတဲ့ စကားလုံးက သူ့အတွက် ပြီးပြည့်စုံတဲ့ ပုံဖော်မှုတစ်ခုပဲ "
နန်းဝတ်နန်းစားနှင့် အမျိုးသမီးက ချီးကျူးလိုက်ရာ လက်တစ်ထောင်ဖွားဖွား အလွန်ကျေနပ်သွားရသည်။ သူမ၏ အရေးအကြောင်းများ ပြည့်နေသည့် မျက်နှာသည် ပြုံးလိုက်ချိန်တွင် သစ်ကြားသီးပမာ ရှုံ့တွသွားလေ၏။
" ကျောက်စိမ်းလို လူကြီးလူကောင်းတဲ့လား။ ဒီစာကြောင်းက လူကြီးလူကောင်းတွေကို စော်ကားလိုက်တာပဲ " စုကျဲ နှုတ်ခမ်းမဲ့လိုက်သည်။ သူက ဆက်မပြောလိုတော့ပေ။ ရှန်းထူနန်ထျန်းက လူကြီးလူကောင်းဆိုလျှင် သူက သူတော်စင်တစ်ဦးသာ ဖြစ်ချေ၏။
စုကျဲ ကျိတ်၍ကျိန်ဆဲနေချိန်တွင် မျက်ဝန်းများ တောက်ပသွားသည်။ ရှန်းထူနန်ထျန်း၏ ဘေးပတ်လည်ရှိ ရှေးဦးမျိုးစိတ်များ၏ သွေးလေးခွက်တွင် ထူထဲလှသော သွေးအလင်းများ ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။
သွေးအလင်းထဲတွင် ပျက်စီးခြင်းသားရဲများ၏ ဝိညာဥ်များ ပေါ်ထွက်လာသည်။
သားရဲအမှတ်အသား။
စစ်သည်များ ရှုထောင့်ပုံရိပ် ဖွဲ့စည်းချိန်တွင် သူတို့၏လက်နှင့် သတ်ထားသည့် ပျက်စီးခြင်းသားရဲထံမှ သားရဲအမှတ်အသားကို ဖွဲ့စည်းရန်လိုအပ်သည်။ သို့မှသာ ရှုထောင့်ပုံရိပ်က တဖြည်းဖြည်းချင်း ပုံပေါ်လာမည်ဖြစ်သည်။
ယခုတွင် ရှန်းထူနန်ထျန်းက ပျက်စီးခြင်းကောင်းကင်ပညာရပ် အသုံးပြုခဲ့ပြီး သားရဲအမှတ်အသားများ ဖွဲ့စည်းခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့အပြင် ထိုသားရဲအမှတ်အသားများကို ရှေးဦးမျိုးစိတ်များ၏ သွေးများထံမှ ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။
ထိုရှေးဦးမျိုးစိတ်လေးကောင်ကို ရှန်းထူနန်ထျန်းက သတ်ထားခဲ့ခြင်း မဟုတ်ပေ။ ရှန်းထူနန်ထျန်း ဖွဲ့စည်းထားသည့် သားရဲအမှတ်အသားများက ရှုထောင့်ပုံရိပ် ဖွဲ့စည်းရန်အတွက် လိုအပ်သည့် သားရဲအမှတ်အသားများနှင့် အနည်းငယ်ကွာခြားသည်ဟု ဆိုလိုလေသည်။
ယင်းက အလွန်ရှေးကျသော ချိတ်တံဆိပ်နည်းစနစ်တစ်ခုဖြစ်ပြီး အလွန်နက်နဲလှကာ စုကျဲပင် နားမလည်ပေ။
" ပုံရိပ်လေးခုချိတ်တံဆိပ် "
ထိုစဥ် လင်မိသားစု၏ အဖွားတော်က ဖြည်းညင်းစွာ ဆိုလိုက်သည်။
ပုံရိပ်လေးခုက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်တို့နှင့် ပတ်သတ်နေသည်။ တစ်ခုချင်းစီက မိုးပြာနဂါး ၊ ကျားဖြူ ၊ ဗာမီလီယံငှက် ၊ လိပ်နက် စသည်အားဖြင့် နတ်သားရဲတစ်ကောင်စီကို ကိုယ်စားပြုလေသည်။
ဟုတ်သည်။ ရှန်းထူနန်ထျန်းက ထိုနတ်သားရဲများ၏ သွေးများနှင့် ချိတ်တံဆိပ် ဖော်ဆောင်နိုင်ခြင်းမရှိပေ။ ရှန်းထူနန်ထျန်း၏ ဘေးပတ်လည်မှ သားရဲအမှတ်အသားများက အရှေ့အရပ်အတွက် မိုးပြာစပါးအုံ ၊ အနောက်အရပ်အတွက် နတ်ကျားရိုင်း ၊ တောင်အရပ်အတွက် မီးငှက် ၊ မြောက်အရပ်အတွက် ဆန်းကြယ်လိပ်တို့ ဖြစ်လေသည်။
" အဖွားတော်က စာပေဗဟုသုတကြွယ်တာပဲ " လက်တစ်ထောင်ဖွားဖွားက အပြုံးနှင့်ဆိုလိုက်သည်... " အဖွားတော်က ပုံရိပ်လေးခုချိတ်တံဆိပ်ကို သိတယ်ဆိုမှတော့ ဒီချိတ်တံဆိပ်နည်းစနစ်ရဲ့ စွမ်းအားကိုလည်း သိလောက်မှာပါ "
ပုံရိပ်လေးခုချိတ်တံဆိပ်က ဆန်းကြယ်နယ်မြေထဲတွင် ရှန်းထူမိသားစု နောက်ဆုံးရှာတွေ့ခဲ့သည့်အရာ ဖြစ်လေ၏။ ထိုချိတ်တံဆိပ်နည်းစနစ်သည် ပျက်စီးခြင်းသားရဲ၏ သွေးထဲမှ သားရဲအမှတ်အသားကို ထုတ်ယူရန် လိုအပ်လေ၏။ ၎င်းကို ပျက်စီးခြင်းအရိုးနှင့် ပေါင်းစည်းပြီး ရှန်းထူနန်ထျန်း လေ့ကျင့်ရန်အတွက် လိုက်ဖက်ညီအောင် ဖန်တီးပေးသည်။
ယခုတွင် ပုံရိပ်လေးခုချိတ်တံဆိပ်ကို ချပြလိုက်ပြီဖြစ်ပြီး ၎င်းက လူငယ်မျိုးဆက်ကို အနိုင်ယူရန်အတွက် ပွဲသိမ်းချပြခြင်းလည်း ဖြစ်လေသည်။
ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ပညာရပ်သုံးခုကို ဆက်တိုက်ချပြခဲ့ခြင်းသည် လင်မိသားစုကို တုန်လှုပ်စေပြီး ဆွဲဆောင်ရန်အတွက် လုံလောက်သည်ဟု လက်တစ်ထောင်ဖွားဖွားက ယုံကြည်ထားသည်။
" မိန်းကလေးရှင်းထုံကလည်း ပျက်စီးခြင်းကောင်းကင်ပညာရပ်မှာ အရမ်းပြောင်မြောက်တယ်လို့ ငါ ကြားထားတယ်။ ဘာကြောင့်များ ငါတို့ကို မပြရတာလဲ " လက်တစ်ထောင်ဖွားဖွားက ရုတ်တရက်ပင် လင်ရှင်းထုံကို ကြည့်လိုက်သည်။ သူမက လင်ရှင်းထုံကို သဘောတွေ့ခြင်းမရှိပေ။
လင်မိသားစုက ရှန်းထူနန်ထျန်းကို သတိထားနေခြင်းကြောင့် လက်တစ်ထောင်ဖွားဖွားကလည်း လင်ရှင်းထုံကို မလိုမုန်းထား ဖြစ်နေမိသည်။
သူတို့ အတူရရှိလာမည့် အကျိုးအမြတ်ကြောင့်သာ သူမက ရှန်းထူနန်ထျန်းနှင့် လင်ရှင်းထုံတို့၏ မင်္ဂလာပွဲကို လက်ခံခဲ့ခြင်း ဖြစ်လေသည်။
လင်ရှင်းထုံက ငယ်ရွယ်သေးသည်ကို သူမ သိသည်။ ထို့အပြင် သူမ၏ ပိတ်ဆို့နေသောသွေးကြောများ၏ ကန့်သတ်မှုကြောင့် သူမ၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ရှန်းထူနန်ထျန်းထက် နိမ့်လေသည်။ ထို့အပြင် လင်ရှင်းထုံက ရှေးဟောင်းပျက်စီးခြင်းကောင်းကင်ပညာရပ်များကို မသိပေ။ ရှန်းထူနန်ထျန်းက ပုံရိပ်လေးခုချိတ်တံဆိပ်ကို မျက်စိပသာဒဖြစ်ဖွယ် ပြသနေခြင်းကြောင့် လင်ရှင်းထုံအဖို့ သူမ အသုံးပြုသည့် နည်းလမ်းများအတွက် အရှက်ရသွားနိုင်သည်။
လင်ရှင်းထုံ မျက်မှောင်ကုတ်လိုက်ပြီး တုန့်ပြန်ခြင်းမပြုပေ။ လက်တစ်ထောင်ဖွားဖွား၏ အတွေးကို သူမ သိသည်။ ပျက်စီးခြင်းကောင်းကင်ပညာရပ်တွင် ရှန်းထူနန်ထျန်း၏ အရည်အချင်းက လူငယ်မျိုးဆက်ထဲတွင် ပြိုင်စံရှားကြောင်းကို သူမ ဝန်ခံမိသည်။
" စုန်းမအိုကြီးကို လျစ်လျူရှုထားလိုက် " စုကျဲက လင်ရှင်းထုံဆီသို့ အသံပို့လွှတ်လိုက်သည်။
" ကံမကောင်းချင်တော့ ဟိုခွေးကောင်လေး ယီယွင်က စောစောမွေးမလာဘူး။ အဲ့ဒီလိုသာမဟုတ်ရင် ငါတို့က အခုလိုမျိုး ရှန်းထူနန်ထျန်း မောက်မာပြနေတာကို ကြည့်ရမှာမဟုတ်ဘူး " စုကျဲ မုန်းတီးစွာ တွေးလိုက်သည်။
လက်ရှိတွင် ရှန်းထူနန်ထျန်း၏ ပုံရိပ်လေးခုချိတ်တံဆိပ်က နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိနေသည်။ ပုံရိပ်လေးခုချိတ်တံဆိပ်က အသုံးပြုရန် အလွန်ခက်ခဲသည်။ ပုံရိပ်လေးခုချိတ်တံဆိပ်နှင့် နှိုင်းယှဥ်မည်ဆိုလျှင် အစောပိုင်းက အသုံးပြုခဲ့သည့် ဓာတ်ငါးပါးအရိုးအစီအရင်နှင့် မဟူရာနတ်ဆိုးလက်တို့က လမင်း၏ရှေ့မှာ ပိုးစုန်းကြူးများသာ ဖြစ်လေ၏။ ထည့်ပြောရန်ပင် မထိုက်တန်ပေ။
ရှန်းထူနန်ထျန်း၏ စွမ်းရည်နှင့်ပင် ပုံရိပ်လေးခုချိတ်တံဆိပ်ကို ဤအခြေအနေအထိ အသုံးပြုရန် မလွယ်ကူပေ။
သူ၏ ရှုထောင့်ပုံရိပ် လောင်ကျွမ်းနေလျက်ရှိပြီး ရောင်စုံအလင်းများ ပိုမိုတောက်ပလာသည်။
ရှန်းထူနန်ထျန်းက သားရဲအမှတ်အသားလေးခုကို ခက်ခဲမှုကြီးစွာဖြင့် ပေါင်းစည်းနိုင်ခဲ့လေ၏။ သူ နောက်ဆုံးပေါင်းစပ်မှုကို အဆုံးသတ်တော့မည်။
ထိုစဥ် ယီယွင်၏ မျက်ဝန်းထဲတွင် အလင်းတစ်ခု တောက်ပသွားသည်။ သူက ထောင့်တစ်နေရာတွင် ရပ်နေသည်ဖြစ်ပြီး လူတိုင်းက လျစ်လျူရှုထားသည်။ သူ၏နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားသော်လည်း မျက်နှာဖုံးကြောင့် မည်သူကမျှ မမြင်ကြပေ။
ယီယွင်၏ဝိညာဥ်ထဲတွင် စိတ်စွမ်းအားများ လည်ပတ်လာသည်။ ယီယွင်၏နှလုံးထဲမှ ခရမ်းရောင်သလင်းကျောက်ထဲတွင် ခမ်းနားထည်ဝါသော ခရမ်းရောင်အလင်းများ လည်ပတ်လာလေ၏။ သို့သော် ခရမ်းရောင်အလင်းများကို မည်သူကမျှ သတိမထားမိကြပေ။
ရှန်းထူနန်ထျန်း အသုံးပြုနေသည့် ပုံရိပ်လေးခုချိတ်တံဆိပ်၏ အနှစ်သာရက စွမ်းအင် ဖြစ်လေ၏။ ထို့အပြင် ရှေးဦးမျိုးစိတ်များ၏ သွေးများထံမှ ထုတ်ယူပြီးခါစဖြစ်သော စွမ်းအင်များတွင် ပိုင်ရှင်မရှိသေးပေ။
ပိုင်ရှင်မရှိသည့် စွမ်းအင်များက အခြေခံအားဖြင့် ခရမ်းရောင်သလင်းကျောက်၏ အစာများသာ ဖြစ်လေ၏။ ယင်းက ယီယွင် ဆန္ဒရှိနေသည့်အရာ ဖြစ်လေသည်။