← Chapters

အခန်း (၇၆၆-၇၇၀)

Vol. 41 Ch. 766-770

အခန်း (၇၆၆-၇၇၀)

Vol. 41 Ch. 766-770

အခန်း(၇၆၆)

ပူလုဟူ၏ တောင်စစ်တပ်

တိဗက်တောင်ပေါ်တွင်ရှိသော ချီရှီကာကွယ်ရေးစစ်တပ် ဌာနချုပ်မှ လှုပ်ရှားမှုများကို ဘေးဖယ်ထားလိုက်လျှင် ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်နှင့် သူက မဟာကလန်ကြီးများမှ ခေါ်လာသည့် ကျွမ်းကျင်ပညာရှင်များ အားလုံးက တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။

ဟီး ဟီး ဟီး ဟီး

အဝေးမှ စိတ်လှုပ်ရှားသော မြင်းဟီသံများ ထွက်လာသည်နှင့် တည်ငြိမ်သော တောင်ပေါ်ဒေသက ချက်ချင်းလိုလို ပွက်လောရိုက်သွားသည်။ တိဗက်များက မျှော်လင့်ထားသည်ထက် လျှင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း မြေပြင်က တုန်သွားသည်။ တိဗက်မြင်းတပ် ထောင်ပေါင်းများစွာက အဝေးသို့ လှမ်းကြည့်လိုက်လျှင် မိုးကုတ်စက်ဝိုင်း တည့်တည့်မှ ဒီရေလှိုင်းလုံးများ ဆင်းကျလာသလို အရှိန်နှုန်းအပြည့်ဖြင့် အပြေးနှင်လာကြသည်။

သူတို့၏ တောင်ပေါ်မှ အပြေးနှင်ဆင်းချလာသည့် အရှိန်က ကောင်းကင်ကိုပင် လွင့်ထွက်သွားစေလောက်ပြီး ကြည့်နေသူတိုင်း၏ နှလုံးသားများကို မှင်သက်ခြောက်ခြားသွားစေနိုင်စွမ်းအား ရှိသည်။ လေကပင် စတင်ကာ ဒေါသတကြီး ဖြစ်လာသလို ခပ်ကြမ်းကြမ်း တိုက်ခတ်လာသည်။ တောင်ပေါ်ဒေသ၏ ရာသီဥတုက ချက်ချင်း တင်းကြပ်သွားသည်။

“အသင့်ပြင်”

ဝမ်ချောင်က ဓားကိုမြှောက်ပြီး အရှေ့သို့ချိန်သည်။ သူ၏အသံက တည်ငြိမ်နေပြီး ဆုံးဖြတ်ချက် ပြတ်သားနေသည်။ ဝမ်ချောင်၏ မျက်နှာက ချီတက်လာသော တိဗက်မြင်းတပ်ကို မြင်ရသည့်အတွက် ကြောက်လန့်မှုကို ဖော်ပြရမည့်အစား အဆုံးမဲ့သည့် မျှော်လင့်စောင့်စားမှုကိုသာ မြင်နိုင်သည်။ သူက ချီရှီ၏ ကံကြမ္မာ အနောက်ပိုင်းဒေသများနှင့် တစ်တိုင်းပြည်လုံး၏ ကံကြမ္မာကို ပြောင်းလဲချင်လျှင် ဒီနေရာမှ စရပေမည်။

ချွင်

ဝမ်ချောင်က အမိန့်ပေးပြီးသည်နှင့် သံချပ်ကာကို တစ်စုံတစ်ရာက ထိခတ်သွားသလို အသံက ထွက်လာသည်။ ထိုသို့ ထွက်ပြီးပြီးချင်း ဝူရှန်းမြင်းတပ် ငါးထောင်လုံးက စတင်ကာ အသင့်ပြင်ကြသည်။ သူတို့က ဝမ်ချောင်၏အနောက်တွင် တည်ငြိမ်သော တောင်တန်းများလို တ်ိတ်တဆိတ် ရပ်နေကြသည်။ ‘မီးညွှန့်တွေလို တချိန်လုံး ထိုးတက်ပြီး ရိုက်ချနိုင်ရမယ်။ တောင်တန်းတွေလို မရွေ့လျားဘဲ တည်ငြိမ်ရမယ်’ ဆိုသည့်အတိုင်း စစ်တပ်က ခံစားချက်မဲ့စွာဖြင့် မလှုပ်မယှက်ဘဲ ရှိနေသည့်တိုင်အောင် တည်ငြိမ်သော အခြေအနေအောက်မှ အချိန်မရွေး ထပေါက်နိုင်သည့် မီးတောင်ဖြစ်ကြောင်း လူတိုင်းက ခန့်မှန်းမိကြပေလိမ့်မည်။

တစ်ဆယ်လီ၊ ရှစ်လီ၊ ခြောက်လီ...

တိဗက်များက နီးသထက်နီးလာသည်။ ထိုသို့ဖြင့် သူတို့၏ပါးစပ်မှ အသက်ရှုထုတ်ပုံနှင့် လက်ထဲမှ လက်နက် အနေအထားမျိုးကိုပင် ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

“ဒါက တောင်စစ်တပ်ပဲ”

လူတစ်ယောက်က အလန့်တကြားအော်သည်။ သို့သော် ဝမ်ချောင်တို့၏ စခန်းဘက်မှမဟုတ်ဘဲ ချီရှီကာကွယ်ရေး စစ်တပ်ဘက်မှ လွှတ်ထားသည့် ကျန်းရာပေါင်းများစွာ အကွာမှ ကင်းထောက်များထံမှဖြစ်သည်။ သူတို့က တိဗက်များနှင့် မကြာခဏ တိုက်ခိုက်ရသည်။ ထို့ကြောင့် တိဗက်များ၏ အမျိုးမျိုးသော စစ်တပ်များကို ရင်းနှီးနေပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုတိဗက်များ၏ ရင်ဘက် ဘယ်ဘက်ခြမ်းမှ တောင်ပုံသင်္ကေတကို မြင်လိုက်သည်နှင့် တန်းသိလိုက်သည်။

တိဗက်များက အမျိုးမျိုးသော ပိုင်နက်နယ်မြေများအရ အမျိုးမျိုးသော စစ်တပ်များအဖြစ် ပြောင်းလဲသွားခြင်းအားဖြင့် သူတို့၏ စစ်တပ်များကို ဗဟိုပြင်ကျယ်မှစစ်တပ် တောင်ပေါ်ဒေသမှ စစ်တပ်နှင့် တောင်စစ်တပ်များဟူ၍ ပိုင်းခြားထားသည်။ တောင်စစ်တပ်က အရှိန်အဝါ အပြင်းထန်ဆုံးဖြစ်သည်။

မြေပြန့်ဒေသကို တိုက်ခိုက်ရန် အသင့်လျော်ဆုံးက မြင်းတပ်ဖြစ်သည်။ ထို့နောက် ထိုမြင်းတပ်၏ ရှုပ်ထွေးသော တောင်ပိုင်နက်နယ်မြေများ အကြားတွင် တိုက်ခိုက်နိုင်စွမ်းအားရှိသည့် ထိုမြင်းတပ်၏ အင်အားကို အလွယ်တကူ ခန့်မှန်းကြည့်၍ရသည်။

တောင်စစ်တပ်တစ်ခု၏ သာမာန်အင်အားကတင် အခြားသော စစ်တပ်တိုင်းထက် အင်အားကြီးမားနေပြီးသားဖြစ်သည်။ သူတို့က အလွန်အမင်း အင်အားကြီးမားရုံသာ မကသေးလေဘဲ သူတို့ကစီးသော မြင်းများကိုပင် အထူးတလည် လေ့ကျင့်ပေးထားသည်။ ထို့နောက် သာမာန် တောင်ပေါ် မြင်းများထက်ပင် ပို၍ တောင့်တင်းသန်မာပြီး မြန်မြန်ပြေးနိုင်သည်။ အသားများကလည်း တင်းကြပ်မာကြောသည်။ ထို့ကြောင့် နောက်က တရကြမ်း လိုက်ဖမ်းသောအခါ ခံစားရသည့် ဖိအားကို တောင့်ခံနိုင်စွမ်းအားရှိသည်။ ထိပ်တိုက် တွေ့ဆုံသည့်အခါ ဖြာထွက်လာသည့် အားလှိုင်းများကို တောင့်ခံနိုင်စွမ်းရည်ရှိသည်။

အရေးအကြီးဆုံးအချက်သည် တောင်စစ်တပ်မှ စစ်သည်တော်တိုင်းက အခြားသော တိုင်းပြည်များမှ တိုက်ခိုက်မှုတိုင်းကို ဝင်ပါခဲ့ပြီးသားဖြစ်သည့်အတွက် အတွေ့အကြုံ အလွန်များသည့် လူဟောင်းများဖြစ်ကြခြင်းဖြစ်သည်။

ချီရှီမှ လူတိုင်းကလည်း ယွီစန်း၏ တောင်စစ်တပ်တစ်ခု အထူးသဖြင့် ချီရှီပတ်ဝန်းကျင်တွင်ရှိပြီး တောင်ပေါ်ဒေသသို့ အချိန်မရွေး ဝင်နိုင်သော ဝန်းကျင်တွင်ရှိသည့် တောင်စစ်တပ်က သူတို့ထက် အရေအတွက် အပြတ်အသပ်သာသည့် အနောက်ပိုင်း တူရကီမြင်းတပ်ကို တစ်ကြိမ်မျှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ဖူးကြောင်း အားလုံးသိကြသည်။

ချီရှီကာကွယ်ရေးစစ်တပ်က ယခုလို ရှုပ်ထွေးသော နယ်မြေကြားတွင် အခြေစိုက်ထားရပြီး တစ်နှစ်လုံး တိုက်ပွဲအမျိုးမျိုး တိုက်ခိုက်ရင်ဆိုင်နေရသည်။ ထို့ကြောင့် အတွင်းပိုင်းတွင်ရှိနေသည့် စစ်တပ်ကြီးများလည်းရှိသည့် ချီရှီကာကွယ်ရေးစစ်တပ်က အကောင်းဆုံး စစ်တပ်များထဲမှ တစ်ခုဟု ဆို၍ရသည်။

တိဗက်စစ်တပ်နှင့် ရင်ဆိုင်ရသောအခါ မကြာခဏဆိုသလို ရှေ့တန်းကို တောင့်ခံထားနိုင်မည့် ပြန်လည် တိုက်ခိုက်နိုင်သော အခြေအနေမျိုးများရှိပြီး ရန်သူအင်အားနှင့် လေ့ကျင့်မှုများ အားလုံးကိုပင်သုံးကာ သူတို့ကို တဖန်ပြန်လည်နောက်ဆုတ်အောင် ဖိအားပေးနိုင်ခဲ့သည်။

သို့သော် တောင်စစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင် ချီရှီကာကွယ်ရေးစစ်တပ်က မကြာခဏဆိုသလို တစ်အချိုး တစ်ဆယ်အထိ ဆုံးရှုံးမှုများကို ရင်ဆိုင်ရလေ့ရှိသည်။ အခြားစကားဖြင့်ဆိုရသော် တိဗက်ရှစ်ယောက်သေလျှင် ချီရှီကာကွယ်ရေးစစ်သား ဆယ်ယောက်သေသည်။ ထိုသို့ဖြင့် အခြေအနေက တင်းမာခြင်းဖြစ်သည်။

တိဗက်တောင်ပေါ်တွင်ရှိသည့် စစ်တပ်များထဲတွင် ချီရှီကာကွယ်ရေးစစ်တပ်ကို ထိတ်လန့်စေသည့် စစ်တပ်က တောင်စစ်တပ်သာဖြစ်သည်။ ဟူလန်ဟယ်ပင်ဖြစ်စေ၊ ဟယ်ပါးယဲ့ပင်ဖြစ်စေ တောင်စစ်တပ်ကိုသာ ကြုံတွေ့ရမည်ဆိုလျှင် သူတို့က စစ်တပ်တစ်ခုလုံးကို ချက်ချင်း အချက်ပြလိုက်ပြီး ခံတပ်ကို အင်အားမြှင့်ခိုင်းလျှက် ခုခံမှုကိုသာ အရာအားလုံးသုံးပြီး စောင့်ကြပ်ကာကွယ်ထားရမည်ဖြစ်သည်။ လိုအပ်လာလျှင် သူတို့က တောင်ပေါ်မှပင် ထွက်ခွာပြီး ယာယီအားဖြင့် နောက်ဆုတ်ဦးမည်ဖြစ်သည်။

“သွားပြီ သူတို့က တောင်စစ်တပ်နဲ့ တိုးတာပဲ။ သူတို့သေမှာ သေချာတယ်”

ကင်းထောက်များက ထိတ်လန့်ကာ စိုးရိမ်သွားကြသည်။ သူတို့က ဝမ်ချောင်ကို ထောက်ပံ့သူများ မဟုတ်သော်လည်း သူတို့အားလုံးက ထန်ဖြစ်နေသေးသည်။ ဝမ်ချောင်နှင့် အင်အားစုက တိုက်ခံရလျှင်လည်း သူတို့ကလည်း သက်ရောက်ခံရမည်ဖြစ်သည်။

“ငါတို့ဘာမှ မလုပ်နိုင်ဘူး။ ဗိုလ်ချုပ်ကလည်း ငါတို့ကို အမိန့်မရှိဘဲ မလှုပ်ရှားဖို့ တားမြစ်ထားပြီးသား။ ဒီအင်အားစုတွေကတင် တိဗက်တောင်စစ်တပ်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်တာ။ သူတို့က တောင်ပေါ်ကနေ နောက်ဆုတ်ဖို့ အချိန်တော့ ရှိလောက်မှာပါ”

ချီရှီမှ မျက်နှာတွင် ကင်းခြေများပုံစံ အမာရွတ်ရှိသည့် ကင်းထောက်တစ်ယောက်ကပြောသည်။

“နောက်ကျသွားပြီ”

အခြားသော ချီရှီကင်းထောက်တစ်ယောက်က ပြောသည်။

“သူတို့နောက်ဆုတ်တာနဲ့ တိဗက်တွေက ဆင်ခြေလျောတောက်လျှောက် ဆင်းချလာလိမ့်မယ်။ သူတို့က မြေပြန့်နယ်မြေကို ကျော်ဖြတ်သွားမယ်ဆိုရင်တောင်မှ သူတို့နောက်မှာ ပိုများတဲ့ အင်အားစုက ရှိနေဦးမှာပဲ။ ဒီတော့ နောက်ဆုတ်တာက သူတို့ကို မြန်မြန် ပိုသေစေလိမ့်မယ်။ ဘာလုပ်လုပ် သေမှာပဲ။ ဘယ်သူမှ သူတို့ကို မကယ်နိုင်တော့ဘူး”

စစ်တပ်၏ အတွေ့အကြုံရှိသော လူဟောင်းလက်ရွေးစင်များဖြစ်သည့် ထိုကင်းထောက်များအနေနှင့် တောင်စစ်တပ်မှ လက်ရွေးစင်များကို မြင်လိုက်သောအခါ ဝမ်ချောင်တို့၏ အင်အားစု ကံကြမ္မာကိုပင် တန်းသိလိုက်သည်။

အဝေးမှ များပြားလွန်းသော တိဗက်စစ်တပ်က ရှေ့သို့ မချီတက်လာခဲ့ဘဲ ကျန်းနှစ်ထောင်ခန့် အကွာတွင် ရပ်သွားသည်။ မြင်းတိုင်းကဟီပြီး မရိုးနိုင်သော အကြည့်ပေါင်းများစွာက အရှေ့မြောက်ဘက်ပိုင်း ထောင့်တစ်နေရာတွင်ရှိသည့် တြိဂံပုံဖြစ်နေသော အဟကြား မြေကွက်လပ်ကိုကြည့်သည်။

“ထန်မျိုးနွယ်ခြားတွေက တကယ် ခေါင်းမာတာပဲ။ အခြေစိုက်စခန်းတစ်ခုကတင် လုံလောက်နေပြီ။ ဒါပေမဲ့ သူတို့က ဒီနေရာထိ နယ်ချဲ့လာရဲတယ်။ တောင်ပေါ်ဒေသကို သူတို့နယ်မြေများ ထင်နေလား”

စစ်တပ်၏ အရှေ့ဆုံးမှ ကျောက်တုံးကြီးလို တောင့်တင်းသန်မာလွန်းပြီး အမွှေးထူသော တိဗက်ဗိုလ်ချုပ်ကြီး တစ်ယောက်က အရှေ့သို့ ခက်ထန်ကြမ်းတမ်းစွာ စူးစိုက်ကြည့်လိုက်သည်။ သူက တစ်ကျန်းကျော်ခန့် ပိုရှည်သည့် ဆူးချွန်များပါသော ထူးဆန်းသည့် တုတ်ကြီးကိုလည်း ကိုင်ထားသေးသည်။

“ဗိုလ်ချုပ် ဒီတြိဂံ မြေကွက်လပ်နယ်မြေက ချီရှီကိုဝင်ရောက်ဖို့ ကျွန်တော်တို့သုံးနေကျ အဓိက အသက်သွေးကြောလမ်းပဲ။ နောက်ပြီး ဒီနေရာကနေ လုံရှီနဲ့ တူရကီမြက်ခင်းပြင် ဒေသကိုလည်း သွားလို့ရတယ်။ ကျွန်တော်တို့ သူတို့ကို ဒီနေရာမှာ အခြေစိုက်စခန်း သွားခွင့်ပြုလို့မရဘူး”

တိဗက်အရာရှိတစ်ယောက်ကပြောသည်။

တိဗက်တောင်ပေါ်ဒေသ၏ အရှေ့မြောက်ပိုင်း ထောင့်နေရာနားတွင်ရှိသည့် တြိဂံပုံစံ မြေကွက်လပ်က မကြီးသော်လည်း ယွီစန်းမြောက်ပိုင်းက တိဗက်များ အဝင်အထွက်လုပ်ရာ နေရာလည်းဖြစ်နေသည်။ ထိုအတွက်ကြောင့် တိဗက်မြင်းတပ်က ထိုနေရာတွင် ဝမ်ချောင်တို့က အခြေစိုက်စခန်း လာဆောက်ကြောင်း ကြားသည်နှင့် လျှင်မြန်စွာ တုန့်ပြန်လာကြခြင်းဖြစ်သည်။

အသားမည်းသော တိဗက်ဗိုလ်ချုပ်ကြီး ပူလုဟူက ခက်ထန်စွာ အော်ဟစ်လိုက်သည်။

“ငါ့အမိန့်ကိုထုတ်လိုက် စစ်သည်တော်တိုင်း ချက်ချင်းချီတက်ပြီး အားလုံးကိုသတ်”

“ဟုတ်ကဲ့ဗိုလ်ချုပ်”

သံတမန်က ချက်ချင်းထွက်ခွာသွားသည်။ သို့သော် သူက ဝေးဝေးမသွားနိုင်ခင် ပြန်အခေါ်ခံရသည်။

“နေဦး”

တောင်ပေါ်ဒေသအနှံ့ ဖြန့်ကျက်ထားသည့် မြင့်မားသော သံမဏိမြို့ရိုးများ၏ မြင်ကွင်းက ပူလုဟူအား ငါးကြေးခွံများလို ခံစားချက်မျိုးပေးသည်။ မြောက်ပိုင်း ယွီစန်းမှ ကျော်ကြားသော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် ပူလုဟူကလည်း သာမာန်အရာရှိတစ်ယောက်ထက် ပို၍ အလေးထားတတ်သည်။ ထိုကြေးခွံလို သံမဏိနံရံကြီးများက သူ၏မသိစိတ်မှ သံသယကို မြင့်လာစေသည်။

“ခဏလောက် စောင့်ကြည့်ရအောင် မြင်းတပ်တစ်ဖွဲ့လွှတ်ပြီး သူတို့ကို စမ်းသပ်ကြည့်။ ပြဿနာမရှိရင် မင်းတို့အားလုံးသွားပြီး သတ်ကြ”

ပူလုဟူက ခပ်တင်းတင်းပြောသည်။

“ဟုတ်ကဲ့ဗိုလ်ချုပ်”

တိဗက်စစ်တပ်ထံမှ ကျယ်လောင်စူးရှသော အင်တိုက်အားတိုက်ဖြင့် ခရာမှုတ်သံများက ထွက်ပေါ်လာသည်။ စစ်တပ်က တခဏချင်း လှုပ်ရှားသွားပြီး အလွန်လျှင်မြန်စွာဖြင့် စစ်သည်နှစ်ထောင် ဝန်းကျင်ခန့်က စတင်ကာ ထွက်ခွာသည်။

“အရှင်အမတ် သူတို့က ရှေ့ပြေးတပ်လွှတ်လိုက်တယ်”

လီစစ်ယဲ့ကပြောသည်။ ဝမ်ချောင်က ခေါင်းညိမ့်ကာပြုံးသည်။

“ဒီတစ်ခေါက် ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးက တကယ်ထူးခြားတယ်။ သူက ပုံမှန်ထက်တောင်ပိုပြီး သတိကြီးသေးတယ်”

တိဗက်များက ပုံမှန်အားဖြင့် တည့်တိုးဆန်ပြီး ရဲရင့်ပြတ်သားသည်။ ယခုလိုမျိုး ရှေ့ပြေးတပ်ကိုလွှတ်ကာ ရန်သူ၏ အင်အားစုကို လွှတ်ခိုင်းသော အခြေအနေက အလွန်ရှားပြီး မြင်ရခဲသည်။

“အသင့်ပြင်”

ဝမ်ချောင်က ဓားကိုယမ်းသည်။ ဝူရှန်းမြင်းတပ် သုံးရာခန့်က သံမဏိနံရံ အနောက်မှထွက်လာပြီး တိဗက် ရှေ့ပြေးတပ်များထံ ချီတက်သွားသည်။

“မျိုးမစစ်ကောင်”

ထိုမြင်ကွင်းကို မြင်သောအခါ ပူလုဟူနှင့် အရာရှိတိုင်းက ဒေါသထွက်ကာ မျက်လုံးမှေးကျဉ်းသွားကြသည်။ ယွီစန်းတောင်စစ်တပ်က နယ်မြေတခွင် လှည့်ပတ်ပြီး မရေမတွက်နိုင်သည့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ သို့သော် ယခုလောက်အထိ မှန်းဆရန်ခက်ခဲသော ရန်သူမျိုးကို မကြုံဖူးသေးချေ။

“သူတို့အားလုံးကို ငါ့အတွက် သတ်ပေးစမ်းပါ။ တစ်ကောင်မှ မချန်ထားနဲ့”

ပူလုဟူက အေးစက်စွာ လှမ်းပြောသည်။

အဝေးမှ တိဗက်မြင်းတပ် နှစ်ထောင်က မြန်သထက်မြန်ဆန်စွာ ရွေ့လျားသွားသည်။ ကျန်းရှစ်ရာ၊ ကျန်းခုနှစ်ရာ၊ ကျန်းခြောက်ရာ...

“သတ်”

မြေကမာ္ဘကို အက်ကွဲသွားစေသည့် ဟိန်းသံကြီးနှင့်အတူ ရှေ့ပြေးတပ် စစ်သည်နှစ်ထောင်က သူတို့၏ ဓားမောက်ရှည်များကို ဆွဲထုတ်လိုက်ကြသည်။ သူတို့၏မျက်လုံးက နီရဲနေသည်။ သူတို့က ဝူရှန်းသုံးရာထံ ချီတက်သွားကြသည်။ သို့သော် ထိုသို့ ချီတက်နေချိန်တွင် တောင်စစ်တပ်မှ စစ်သည်နှစ်ထောင်က သူတို့၏ ဝင်္ကပါကို ထုတ်ဖော်ထားပြီးသားဖြစ်သည်။ သူတို့က အဖွဲ့ဖွဲ့ထားပြီး တစ်ဖွဲ့လျှင် လူသုံးရာစီရှိသည့် ခုနှစ်ထပ် စစ်တပ်ဝင်္ကပါတစ်ခုကို ထုတ်ဖော်ထားခြင်းဖြစ်ကာ ဝူရှန်းမြင်းတပ်က ရေကြီးသလို တိုးဝင်သွားသည်။

တိဗက်မြင်းတပ်မှ ပေါင်းစပ်သွားရာက ထွက်လာသော စွမ်းအင်များက မြေကမာ္ဘကို လှုပ်ခါသွားစေသည့် သူတို့၏ မြင်းခွာအောက်မှ ခွာသံများက မြေကြီးကို ဖိနင်းလိုက်ချိန်တိုင်း တဒုန်းဒုန်းနှင့် မိုးခြိမ်းသံများကို ထွက်ပေါ်လာစေသည်။ မြေကမာ္ဘကြီးကပင် သူတို့၏ အလေးချိန်ကို မခံနိုင်တော့သလို ထင်ရသည်။

တိဗက်များနှင့် မတူသည်မှာ ဝူရှန်းမြင်းတပ် သုံးရာက အလွန်တိတ်ဆိတ်သည်။ မည်သည့် ဆူညံသံမျှ မထွက်ချေ။ သူတို့၏ ဝင်္ကပါက ရှည်လျားသည်။ သူတို့က မြှားဝင်္ကပါကို ထုတ်ထားပြီး အဝေးမှ အင်အားကြီး တိဗက်ရှေ့ပြေး တစ်ထောင်ထံ ချိန်ရွယ်ထားသည်။

သူတို့က မည်သည့် ဆူညံသံမျှ မလုပ်သော်လည်း သူတို့ထုတ်လွှတ်နေသည့် ဖော်ပြရန်ခက်ခဲသည့် တုပရန် ခက်ခဲသော အရှိန်အဝါမျိုးက သိသာသည်။ ကျန်းလေးရာ၊ ကျန်းသုံးရာ၊ ကျန်းနှစ်ရာ...

ထိုမျှနီးကပ်သွားသည့် အခြေအနေတွင် လေထုက တင်းကြပ်သွားသည်။ လူတိုင်းကလည်း ဝူရှန်းမြင်းတပ် သုံးရာထံ အာရုံစိုက်ထားကြသည်။

“သေစမ်း သူတို့ဘာလုပ်တာလဲ”

“သူတို့က အသေခံချင်နေကြတာ သူတို့က ရူးသွားကြပြီလား”

“မြင်းတပ်သုံးရာကတော့ အသတ်ခံရတော့မယ်။ တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး”

အဝေးက ချီရှီကာကွယ်ရေးစစ်တပ်မှ ကင်းထောက်တိုင်း၏ မျက်နှာက ဖြူဖျော့သွားကြသည်။ ချီရှီကာကွယ်ရေးစစ်တပ်မှ လက်ရွေးစင် အဖွဲ့ကပင် မြင်းတပ်သုံးရာကို သူတို့ထက် အဆခြောက်ဆ သို့မဟုတ် ခုနှစ်ဆခန့်များသည့် အင်အားမျိုးကို ရင်မဆိုင်ခိုင်းရဲချေ။

မည်သူကမျှလည်း ဝမ်ချောင်က ထိုသို့သော အကြံမျိုးကို ချမည်ဟု မမျှော်လင့်ထားကြချေ။

အံ့အားတကြီး စောင့်ကြည့်နေသည့် အချိန်တွင် ဝူရှန်းမြင်းတပ်က နီးကပ်သထက် နီးကပ်သွားသည်။

ချွင်

အနည်းငယ် တုန့်ဆိုင်းမှုမျှ မရှိလေဘဲ သူတို့က ဓားများကိုထုတ်ကာ ရန်သူကို ရင်ဆိုင်ကာ ချီတက်ကြသည်။

ကျန်းလေးဆယ်၊ ကျန်းသုံးဆယ်၊ ကျန်းနှစ်ဆယ်...

နီးသထက် နီးကပ်သွားပြီး ထိပ်တိုက်ရင်ဆိုင်သည့် အချိန်တွင် ရုတ်တရက် ဝူရှန်းမြင်းတပ် သုံးရာက တိတ်ဆိတ်နေရာမှ နောက်တွင် ဖုန်မှုန့်တိမ်စိုင်များကို ချန်ထားရစ်ခဲ့ပြီး ရှေ့သို့ ခုန်တက်လိုက်သည်။

ဘန်း

အလွန်အမင်း ပြင်းထန်သော အရှိန်အဝါ ပေါက်ကွဲမှုအားနှင့်အတူ မြင်းတပ်အင်အားစု နှစ်ခုက ထိပ်တိုက် ရင်ဆိုင်ကြသည်။

ဟီး ဟီး ဟီး

စစ်မြင်းထောင်ပေါင်းများစွာက အော်ဟစ်ကြကာ တောင်ပေါ်မှ အသံတိုင်းကို ဖိနှိပ်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

တစ်စက္ကန့်က နှစ်ထောင်ပေါင်းများစွာ ကြာရှည်သွားသလို ဖြစ်သွားပြီးနောက် စစ်မြင်းများ၏ အောက်သို့ ဖိချကာ တက်နင်းလိုက်သံများက တိုက်ပွဲနယ်မြေတခွင် ကျယ်လောင်စွာ ထွက်လာသည်။

ထိုအချိန်တွင် အော်ဟစ်သံများ၊ စစ်မြင်းဟီသံများနှင့် ထိခတ်သံများက မှေးမှိန်သွားသည်။ သို့သော် ထိုအချိန်က တခဏသာကြာသည်။ မရေမတွက်နိုင်အောင် အံ့အားသင့်နေသော အကြည့်အောက်တွင် ဝူရှန်းမြင်းတပ်သုံးရာက တိဗက်၏ ခုခံရေးအားလှိုင်းကို ဓားဖြင့်ခုတ်လိုက်သလို ခွဲလိုက်သည်။

“သတ်”

ဝူရှန်းများက ဒေါသတကြီး အော်ကြသည်။ သုံးရာသော ချီစက်ကွင်းများက သူတို့၏ ခြေထောက်အောက်မှ စတင်ကာ ထွက်ပေါ်လာပြီးသည်နှင့် တိဗက်မြင်းတပ်ကို လေထဲသို့ လွင့်ထွက်သွားစေသည်။

တစ်ထပ် နှစ်ထပ် သုံးထပ်...

တိဗက်စစ်တပ် ဝင်္ကပါက ဝူရှန်းမြင်းတပ်၏ အရှေ့တွင် စက္ကူဖြင့် လုပ်ထားသလို ထင်ရသည်။ မည်သူကမျှ တစ်ချက်ပင် မခံနိုင်ဘဲ စုတ်ဖြဲခံရသည်။

“အား”

လေထဲတွင် ငယ်သံပါအောင် အော်ဟစ်သံများက ပြည့်နှက်သွားပြီး စူးရှသော အော်ဟစ်သံများကလည်း ထွက်ပေါ်လာသည်။ ချီတက်လာသော မြင်းတပ်တစ်ခု၏ အင်အားကြောင့် လမ်းတွင် ပိတ်နေသမျှ တိဗက်မြင်းတပ်၏ အဖွဲ့ဝင်တိုင်းက ဆယ်ကျန်းခန့် အကွာသို့ လွင့်ထွက်သွားကြသည်။ သူတို့၏ မြင်းများကလည်း အတူလွင့်ထွက်သွားကြသည်။ သူတို့၏ အရိုး၊ ကြွက်သားများအားလုံးက အက်ကွဲသွားကြသည်။ ထိုမြင်ကွင်းက မယုံနိုင်စရာကောင်းလွန်းသည်။

မည်သူကမျှ မတုန့်ပြန်နိုင်သေးခင် တိဗက်ဝင်္ကပါ ခုနှစ်ထပ်လုံးကို ရင်ဆိုင်ခဲ့သည့် ဝူရှန်းမြင်းတပ် သုံးရာကြောင့် အားလုံးက ထွက်ပြေးသွားရပြီဖြစ်သည်။

အခန်း(၇၆၇)

“မဖြစ်နိုင်ဘူး”

အဝေးမှကြည့်နေသည့် ပူလုဟူ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏မျက်နှာက မယုံကြည်နိုင်မှုအပြည့် ဖော်ထုတ်ပြသနေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကပင် တဆတ်ဆတ် တုန်လှုပ်နေသည်။

“ဒီလိုမဖြစ်နိုင်ဘူး”

သူ၏ခန္ဓာကိုယ်ကပင် ရှေ့သို့ ယိုင်ကျသွားသည်။ သူ၏လက်နှင့် ခြေထောက်များကပင် အေးစက်နေသည်။

ချီရှီကာကွယ်ရေးစစ်တပ်မှ လွှတ်ထားသည့် ကင်းထောက်တိုင်းက အလားတူ ကြောင်အနေကြသည်။ အယောက်သုံးရာက မမျှော်လင့်ထားစွာပင် အယောက်နှစ်ထောင် အင်အားစုကို နိုင်လိုက်သည်။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ... ဒါကဒီတိုင်း... သူတို့က ဘယ်လိုလူတွေလဲ”

ချီရှီကာကွယ်ရေးစစ်တပ်မှ လက်ရွေးစင်တိုင်းက တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။ သို့သော် ထိုမျှအထိ လေးစားစရာ ကောင်းလွန်းသော မြင်းတပ်မျိုးကို မတွေ့ဖူးသေးချေ။ သူတို့က အရေအတွက် အလွန်များသော ရန်သူစစ်တပ်ကို ချေမှုန်းလိုက်နိုင်ရုံသာ မကသေးလေဘဲ ခြောက်သွေ့နေသော ပေါင်းပင်များကဲ့သို့ လှီးဖြတ်ရှင်းလင်းသွားသည်။

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် တောင်ပေါ်ဒေသတခွင် မရေမတွက်နိုင်သော အလောင်းများကသာ ပုံနေသည်။ ထိုအလောင်းများက လူသားအလောင်းများနှင့် မြင်းအလောင်းများဖြစ်သည်။ လက်နက်အကျိုးအပဲ့များ၊ ခြေပြတ်လက်ပြတ်များ၊ သွေးများက ထိုနေရာတခွင်တွင် ထင်ရှားစွာ ပေါ်ထွက်နေသည်။ ကျန်းရာဂဏန်း ဝန်းကျင်အတွင်း သွေးအိုင်နှင့် အလောင်းပုံများကသာ ရှိနေတော့သည်။

ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းတဲ့ မြင်ကွင်းလဲ။ တိုက်ပွဲနယ်မြေမှ မည်သူမဆို မြင်းတပ်သုံးရာက မြင်းတပ်နှစ်ထောင်နှင့် ထိပ်တိုက်ရင်ဆိုင်သည့်အခါ ရလဒ်ကို သေချာပေါက် ခန့်မှန်းနိုင်ပေလိမ့်မည်။ တိဗက်ဝင်္ကပါက အရှင်းခံရပြီး ပွင့်ထွက်သွားသည့် အချိန်တွင် ပထမတလှည့်တွင်ကတည်းက တိဗက်ခြောက်ရာကျော်က သေသွားပြီးသားဖြစ်သည်။ ကျန်ရစ်သော တစ်ထောင့်လေးရာကလည်း ကစဉ့်ကလျားဖြစ်ကာ ထွက်ပြေးကြရသည်။

ဝူရှန်းမြင်းတပ်သုံးရာက ဓားပါးပါးဖြင့် အသားများကို လှီးဖြတ်ခုတ်သင်ပြီးနောက် အယောက်ငါးဆယ်စီပါသော ခြောက်ဖွဲ့အဖြစ်ပြောင်းကာ တိဗက်မြင်းတပ်များကို အမှိုက်များရှင်းသလို လိုက်ရှင်းပြီး အားလုံးကို သုတ်သင်ကာ သတ်ဖြတ်သည်။

မည်သည့်ဝင်္ကပါမျှ မထုတ်ဖော်ထားသော်လည်း ဘယ်မှညာအထိ ကိုယ်ပိုင် လှုပ်ရှားကြရာမှ မည်သူကမျှ ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်ကို ရိုးရှင်းစွာဖြင့်ပင် မယှဉ်နိုင်ခဲ့ချေ။ ထို့ကြောင့် လှုပ်ရှားမှုအနည်းငယ်ထဲနှင့် သူတို့က ဆုံးရှုံးမှုများစွာကို လက်ခံရရှိနေသည်။ ထိုသို့ဖြင့် အယောက်ရှစ်ရာ၊ အယောက်တစ်ထောင့်နှစ်ရာ၊ အယောက် တစ်ထောင့်လေးရာ...

သိပ်မကြာခင် တိဗက်စစ်တပ် တစ်ခုလုံးက လဲပြိုကျသွားသည်။ အလောင်းများကသာ ကျန်တော့သည်။

“နောက်ဆုတ်”

အဝေးမှ ပူလုဟူက ထိုအခါမှသာ နောက်ဆုတ်မိန့် ပေးလိုက်သည်။ သူက ဆက်မကြည့်နိုင်တော့ချေ။ ထိုအမိန့်နှင့်အတူ ကျန်ရစ်သော တိဗက်မြင်းတပ်က ကြောက်လန့်သွားသော ငှက်များကဲ့သို့ ထွက်ပြေးကြသည်။

“သူတို့ကို နောက်ဆုတ်ခိုင်းလိုက်ပါ”

ဝမ်ချောင်က ဖျော့တော့စွာပြောသည်။ ရန်သူကို ချောင်ပိတ်ရိုက်ခြင်းထက် တိဗက်များကို သူ့ဘက်မှ အင်အား အစစ်အမှန်ကို ခံစားခိုင်းခြင်းက လုံလောက်နေသည်။

ဝူရှန်းမြင်းတပ် သုံးရာက လျှင်မြန်စွာဖြင့် ပြန်လည်စုစည်းသွားပြီး ပြန်ရောက်လာသည်။ စစ်တပ်တစ်ခုလုံးက တိတ်တဆိတ် လှုပ်ရှားသွားခဲ့ပြီး စီစဉ်တကျနှင့်ဖြစ်သည်။ သူတို့က ထွက်သွားသလိုမျိုး ဖော်ပြရန်ခက်ခဲသည့် တုပ၍မရသော အရှိန်အဝါမျိုးနှင့်အတူ ပြန်ရောက်လာကြခြင်းဖြစ်သည်။

ထိုအချိန်တွင် ချီရှီမှ ကင်းထောက်တိုင်းကပင်ဖြစ်စေ၊ အဝေးရှိ ပူလုဟူပင်ဖြစ်စေ၊ သူ၏ တိဗက်စစ်သားများကပင်ဖြစ်စေ စွံ့အနေကြသည်။

တိုက်ပွဲကွင်းပြင်အနှံ့ သေလုခြောက်ခြားဖွယ် တောင့်တင်းမှုက တိတ်ဆိတ်သွားပြီး ဖော်ပြရန်ခက်ခဲသည့် ဖိအားကသာ ပွတ်သိပ် အထိုးထည့်ခံရသလို ဖြစ်နေသည်။

“ဆုံးရှုံးမှုက ဘယ်လောက်ရှိလဲ”

ဝမ်ချောင်ကမေးသည်။

“တစ်ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာအသေးစား ရတာပါ။ ကျန်တဲ့လူတွေ အားလုံးက အဆင်ပြေကြပါတယ်”

လီစစ်ယဲ့က တင်ပြသည်။

“လုံလောက်တယ်”

ဝမ်ချောင်ကပြုံးသည်။ ဆုံးရှုံးမှုကို လက်ခံ၍ရသည်။ ယခုအခါ သူတို့အားလုံးကို ဝူရှန်းချီစက်ကွင်းများကို လေ့ကျင့်ပေး၍ ပြီးသွားပြီဖြစ်ပြီး ဝူရှန်းမြင်းတပ်က အခြားအဆင့်တစ်ခုသို့ တိုးမြှင့်သွားပြီဖြစ်လေရာ တိဗက်ရှေ့ပြေးတပ်များလောက်ကို ကိုင်တွယ်ရန် လုံလောက်နေသည်။

မည်သို့ပင်ဆိုစေ ဝူရှန်းမြင်းတပ်က ကပ်ဘေးခေတ်ကာလတွင်ပင် အင်အားအကြီးဆုံး မြင်းတပ်အင်အားစုအဖြစ် နေရာယူနိုင်ခဲ့သေးသည်။

တောင်ပေါ်ဒေသတခွင်လုံး သေလုခြောက်ခြားဖွယ် တိတ်ဆိတ်မှုဖြင့် ကြီးစိုးလာသည်။ ဝမ်ချောင်က ဆက်လက်ပြီး မတိုက်ခိုက်ချေ။ အဝေးရှိ ပူလုဟူနှင့် သူ၏ယွီစန်း တောင်စစ်တပ်ကလည်း တိတ်ဆိတ်နေသည်။ သူတို့က ဝမ်ချောင်ရှိရာဘက်သို့ ကြည့်နေသည့်တိုင်အောင် ဆက်လက်ပြီး မတိုက်ခိုက်လာသေးချေ။

“အရှင်အမတ် သူတို့ကြည့်ရတာ ပိုပြီးသတိထားတော့မယ်ထင်တယ်။ သူတို့က အချိန်တစ်ခုကြာတဲ့အထိ မတိုက်ခိုက်လောကသေးဘူး”

လီစစ်ယဲ့က ရုတ်တရက် သူ့ကိုကြည့်ကာပြောသည်။

မြင်းတပ်သုံးရာက ရန်သူကို အောင်မြင်စွာ အလဲထိုးနိုင်ခဲ့သည်။ သို့သော် သူတို့ကမူ ပူလုဟူက ပို၍သတိထားပြီး တိုက်ခိုက်မှုကို လျော့လောက်သည်ဟု ခန့်မှန်းလိုက်ကြရသည်။ တောင်ပေါ်ဒေသသို့တက်သော ကိစ္စက တိဗက်များကို ကိုင်တွယ်ရန်ကိစ္စ ဖြစ်နေလေရာ ဒီနယ်မြေတခွင်မှ သူတို့၏အင်အားကို အမြစ်မှဆွဲထုတ်ရမည်ဖြစ်သည်။

သူတို့ကသာ အခွံ့ထဲ ပြန်ဝင်သွားခဲ့မယ်ဆိုရင် သူတို့၏ တာဝန်က အလဟသ ဖြစ်သွားပေလိမ့်မည်။

“စိတ်အေးအေးထားပါ သူတို့တိုက်ခိုက်ရင် အဆင်ပြေတယ်။ မတိုက်ခိုက်ရင် ပိုတောင် ကောင်းသေးတယ်”

ဝမ်ချောင်က ရယ်သည်။ သူ၏မျက်နှာတွင် ယုံကြည်မှုအပြည့်ရှိသည်။ သူကလည်း စိတ်အေးလက်အေး ဖြစ်နေသည်။ သူ့တွင် ဒီစီမံကိန်းအတွက် ကြိုတင်ပြင်ဆင်ထားသည့် အကြံအစည် အများကြီးရှိနေသည်။ ဝမ်ချောင်က တိဗက်များ မည်သို့တုန့်ပြန်မည်ဆိုသည့် အချက်အပေါ် ထည့်စဉ်းစားရန် မလိုအပ်လောက်သည်အထိ အကြံကများသည်။ သူကရုတ်တရက် ခေါင်းလှည့်ကာပြောသည်။

“ငါ့အမိန့်ကိုထုတ်လိုက် ဒီအကြံရဲ့ ဒုတိယမြောက် ကဏ္ဍကို စလုပ်လိုက်တော့”

“ဟိ ဟိုး ဟိ ဟိုး”

တောင်ပေါ်၏ အောက်ဘက်တစ်နေရာမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ခဏချင်းလိုလို လက်မှုပညာရှင်များက ကြိုးများကို ကျောတွင်လွယ်လျှက် တောင်ပေါ်သို့တက်ကြသည်။

ထိုကြိုးများက အလွန်လေးလံသော သံမဏိမော်ကျူးများကို သယ်ထားခြင်းဖြစ်သည်။

တစ်ဆယ်၊ နှစ်ဆယ်၊ တစ်ရာ၊ ငါးရာ... ထို့ကြောင့် အချိန်တခဏတည်းနှင့် အလုပ်သမားနှင့် လက်မှုပညာသည် ထောင်ပေါင်းများစွာက သံမဏိမြို့မှ အလွန်များပြားသည့် မော်ကျူးများကို တောက်လျှောက် သယ်လာခဲ့ရာက တောင်ပေါ်သို့ ဆွဲတင်သွားလိုက်နိုင်သည်။

“အရှင် သူတို့ဘာလုပ်နေကြတာလဲ”

ဝမ်ချောင်၏ဘက်မှ ဝရုန်းသုန်းကား အခြေအနေကို တိဗက်များက သတိထားမိသလို အဝေးမှ စောင့်ကြည့်နေသည့် အရာရှိများအားလုံးကလည်း မသက်မသာ ဖြစ်သွားကြသည်။

ထိုထန်စစ်တပ်က ထူးဆန်းလွန်းသည်။ သူတို့ကြုံဖူးသမျှ အခြားသော စစ်တပ်တိုင်းနှင့် ကွာခြားနေသည်။ သံမဏိနံရံလို အကာအရံကြီးများကို တောင်ပေါ်ဒေသ မြေပြင်ထဲသို့ ထိုးစိုက်ထားခြင်းက သူတို့ကို အလွန်အမင်း စိုးရိမ်စေသည်။

“အလောတကြီးမလုပ်နဲ့ သူတို့ဘာလုပ်နေလဲ အရင်ကြည့်ရအောင်။ ငါတို့မှာ သူတို့ဘာလုပ်နေတယ်ဆိုတာကို သိရပြီဆိုတာနဲ့ တိုက်ခိုက်ဖို့ အချိန်ရှိသေးတယ်”

ပူလုဟူကပြောသည်။

သံမဏိနံရံအထက် ကာရံထားသဖြင့် သူတို့၏မြင်ကွင်းကို ကွယ်နေလေရာ သူတို့က လူတိုးလာသော အနေအထားကိုသာ လှမ်းမြင်နေရသည်။

“အရှင်အမတ် ဒါ ဒါက မီးခိုးတွေ”

တိဗက်အရာရှိတစ်ယောက်က ရုတ်တရက်ပြောသည်။ သူ၏အကြည့်နောက်မှ လိုက်ကြည့်လိုက်သောအခါ အခြားသော အရာရှိများကလည်း ထိုနံရံများနောက်မှ မိုးပေါ်သို့တက်သွားသည့် မီးခိုးလုံးများကို မြင်လိုက်ရသည်။

“ဒီထန်တွေက ဘာလုပ်နေတာလဲ”

ပူလုဟူက မျက်မှောင်ကျုံ့ပြီး ဖော်ပြရန်ခက်ခဲသည့် ထူးဆန်းသော ခံစားချက်မျိုးကို ရလိုက်သည်။ သူနှစ်ပေါင်းများစွာကြာအောင် စစ်တပ်ကို အုပ်ချုပ်ရာခဲ့ရာတွင် ဘယ်သောအခါကမှ ဒီလိုအခြေအနေမျိုးကို မမြင်ဖူးချေ။ ထို့နောက် ရန်သူ၏ နည်းဗျူဟာအကြောင်း နားမလည်နိုင်တော့ချေ။

ထို့နောက် ပို၍များပြားသော မီးခိုးလုံးများက မြောက်တက်သွားသည်။ သူက သူ၏ခေါင်းထဲတွင်လည်း ဆက်တွေးစရာ အတွေးများ များပြားလာသည်။

“ဒါတွေက မီးပြင်းဖိုက မီးတောက်တွေပဲ”

ဖျောက်ကနဲ မြင်နေရသော အလင်းနှင့်အတူ ပူလုဟူက နားလည်သွားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တုန်လှုပ်သွားသည်။ ထိုထူးဆန်းသော အနက်ရောင် မီးခိုးများက မီးပြင်းဖိုများမှလာသော မီးခိုးများဖြစ်နေသည်။

ဝှစ်

ထိုအချိန်တွင် တိဗက်တိုင်းကလည်း အဝေးရှိ ထန်စစ်တပ်ထံမှ မြောက်တက်လာသော မီးတောက်များကို မြင်လိုက်ရသည်။

“သူတို့ ဒီမျိုးမစစ်တွေ ဘာလုပ်တာလဲ”

ပူလုဟူက ဒေါသထွက်သထက် ထွက်လာသည်။ မီးပြင်းဖိုမီးတောက်၊ သံမဏိ နောက်ပြီး မြင်းတပ်ခုနှစ်ထောင်... ထိုမျှများပြားသော ပဟေဠိဖြစ်စရာကောင်းသည့် မြင်ကွင်းမျိုးကို မမြင်ဖူးသေးချေ။ အမှန်တိုင်းဆိုရသော် ပူလုဟူသာ မကသေးလေဘဲ ယွီစန်းတောင်စစ်တပ် တစ်ခုလုံးက ထိုမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးနေကြသည်။

သို့သော် ကြာကြာမခံခဲ့ချေ။ သိပ်မကြာခင် မီးပြင်းဖို မီးတောက်များ၏ ပန်းတိုင်ကို မြင်လိုက်ရသည်။

“ဗိုလ်ချုပ် အဲ့ဒီကိုကြည့်လိုက်ပါ”

ပြန့်ကျဲလျှက် ရှိနေသည့် သံမဏိမြို့ရိုးများကို ကျော်လွန်ကာ ကြည့်မည်ဆိုလျှင် တဖြည်းဖြည်းချင်း မြင့်သထက် မြင့်လာသည့် သံမဏိမြို့ရိုး တစ်ထပ်ကို မြင်နိုင်သည်။ ထိုအရာများက ငွေရောင်တောက်နေသည်။

ဟုတ်တယ် သံမဏိမြို့ရိုး ဒါက မြေပြင်ကို ထိုးစိုက်ထားတဲ့ သံမဏိပြားလို နံရံတွေနဲ့ ကွာခြားတယ်။ ဒီသံမဏိမြို့က မြို့ရိုးလို အရာကြီးတွေက ခံတပ်တစ်ခုမှာပဲ ရှိသင့်တဲ့ အရာမျိုးတွေ။

“ဗိုလ်ချုပ် ဒါကဆိုးသွားပြီ။ ဒီထန်တွေက တောင်ပေါ်လာတက်ပြီး ခံတပ်ဆောက်နေတာ။ သူတို့က ဒီနေရာမှာ အခြေစိုက်စခန်း ဆောက်ချင်နေတာပဲ”

ထိုအချိန်တွင် လူတိုင်းက အခြေအနေကို နားလည်ကြသည်။ ယခင်ရန်သူစစ်တပ်များနှင့် မတူညီသည်မှာ သူတို့က ဒီနေရာတွင် အခြေစိုက်ကာ တိုက်ခိုက်ရန် ဆန္ဒရှိခြင်းမဟုတ်ဘဲ သံမဏိခံတပ်တစ်ခုကို တည်ဆောက်ပြီး ဒီနေရာတွင်ရှိသည့် အစောင့်အကြပ်တိုင်းကို အမြစ်မှ နှုတ်ပစ်ချင်နေခြင်းဖြစ်သည်။

တိဗက်တိုင်းကမူ မှင်သက်သွားရသလို ဒေါသလည်း ထွက်သွားရသည်။ ရှေးခေတ်အချိန်ကတည်းက တိဗက်တောင်ပေါ်ဒေသက ကောင်းကင်က တိဗက်လူမျိုးများကို ကောင်းချီးပေးခံထားရသည့်အတွက် ကံကောင်းခြင်းနယ်မြေဟု သတ်မှတ်ထားကြသည်။ မည်သည့်တိုင်းပြည် မည်သည့်လူမျိုးမျှ မဝင်စီးနိုင်ခဲ့ကြချေ။ ယာယီအခြေစိုက်သော ခံတပ်မျိုး ရှိခဲ့ဖူးသော်လည်း ခံတပ်ပေါ်တွင် သံမဏိဖြင့်ဆောက်သော ခံတပ်ကမူ ရေရှည် အဆောက်အဦးမျိုးဟု သတ်မှတ်ရသေးသည်။ ထို့ကြောင့် နယ်မြေကို သိမ်းယူသည့်တိုင်အောင် အဓိပ္ပာယ်က အခြားအဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားသည်။

ထိုထက်ပိုဆိုးသည်မှာ ထိုထန်များက တောင်ပေါ်ဒေသ၏ အရေးကြီးသော ဝင်ပေါက်များထဲမှ တစ်နေရာကို သိမ်းယူရန် ကြိုးစားနေခြင်းဖြစ်သည်။

လက်မခံနိုင်စရာကောင်းသော ကိစ္စက ထိုထန်များက တိဗက်စစ်တပ်၏ အရှေ့တည့်တည့်တွင် တောင်ပေါ်တက်ပြီး ခံတပ်လာဆောက်နေခြင်းဖြစ်သည်။

“ရမ်းကားလိုက်တာ”

ပူလုဟူက ပုံမှန်အားဖြင့် သတိထားတတ်သည်။ သူက အခြေအနေကို တွက်ဆတတ်သော အကျင့်စရိုက်ကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ သို့တိုင်အောင် ထိုအခြေအနေတွင် သူ၏မျက်နှာက နီရဲသွားသည်။ သူက အလွန်ဒေါသထွက်လာပြီး အံ့ကြိတ်ကာ အော်လိုက်သည်။

“ဒီထန်တွေ ငါတို့ကို လူလို့တောင် မသတ်မှတ်တာပဲ။ သူတို့ရဲ့ မောက်မာမှုက ကောင်းကင်ထိ ထိုးတက်နေပြီ။ အခုချက်ချင်း ငါ့အမိန့်ထုတ်လိုက်။ တပ်ဖွဲ့တိုင်း အဆင်သင့်ပြင်ထား။ ဒီထန်တွေအားလုံးကိုသတ် တစ်ယောက်မှ အသက်ရှင်ခွင့်မပေးနဲ့။ သူတို့ကို ပုဇွန်အကြီးတစ်ကောင်ကိုလွှတ်ပြီး ရထားလုံးကို တားဖို့ကြိုးစားတဲ့ အဓိပ္ပာယ်ကို သိခိုင်းလိုက်ရအောင်။ သူတို့က သူတို့ရဲ့အင်အားကို ဘယ်လောက်တောင် အထင်ကြီးနေကြသလဲဆိုတာကို သိသွားစေရမယ်”

ရုတ်တရက် ပူလုဟူ၏ဘက်မှ အရာရှိတစ်ယောက်ကအော်သည်။

“ဗိုလ်ချုပ် မဟုတ်ဘူး စောင့်ကြည့်ပါဦး”

အချိန်တစ်ခုကြာပြီးနောက် သူ၏အကြည့်က ဝမ်ချောင်ထံတွင် ရောက်သွားသည်။ သူက တိတ်ဆိတ်သွားသည်။ ထိုအချိန်မှသာ သူက အိမ်မက်က နိုးလာသလို ဖြစ်သွားပြီး သူ၏အမူအရာတွင် ထိတ်လန့်မှုက ကြီးစိုးသွားသည်။

“ကျွန်တော်အခု မှတ်မိပြီ။ ဒီလူငယ်က ဝူရှန်းရဲ့...”

ရုတ်တရက် သူ၏စကားကို ပူလုဟူ၏ သွေးနီရောင်မျက်ဝန်းက ဖြတ်ပြောသည်။

“ဘာကိုဝူရှန်းလဲ။ ဘာမှပြောမနေနဲ့ ဒီကောင်ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ တောင်ပေါ်တက်ပြီး ခံတပ် လာဆောက်ရဲတဲ့အကောင်က လူသေပဲ။ စစ်သည်တော်တို့ တိုက်ခိုက်ကြ”

......

ဘုန်း

ကျယ်လောင်သော ခရာမှုတ်သံက ဗဟိုပြင်ကျယ်အနှံ့ ဖြန့်ကျက်သွားသည်။ ကျန်းနှစ်ထောင်ခန့် အကွာမှ တိဗက်မြင်းတပ်က စတင်ကာ ရွေ့လျားလာသည်။ သူတို့၏မြင်းတပ်ကဟီပြီး သံချပ်ကာများက ကြောက်မက်ဖွယ်ကောင်းသော ရက်စက်သည့် စွမ်းအင်များကိုထုတ်ကာ အပြင်သို့ ပေါက်ထွက်သွားစေကာ ဝမ်ချောင်တို့ အင်အားစုထံ ချိန်ရွယ်သည်။

“မကောင်းတော့ဘူး သူတို့က တိုက်ခိုက်တော့မယ်။ မြန်မြန်လေး သတင်းပို့ကြ”

ချီရှီမှ ကင်းထောက်တိုင်းက ဖြူဖျော့သွားကြပြီး စတင်ကာ နောက်ဆုတ်ကြသည်။ ထိုအချိန်တွင် သူတို့၏ အဖွဲ့မှ မြင်းစီးသမားနှစ်ယောက်က နောက်ဆုတ်သွားကြပြီး ချီရှီကာကွယ်ရေးစစ်တပ်မှ အဓိကစခန်းထံ ဦးတည်ကြသည်။ ထိုတိုက်ပွဲက တစ်ဖက်၏ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဖြစ်လေရာ သူတို့က ဒီကိစ္စကို အမြန်ဆုံးတင်ပို့ရန် လိုအပ်နေသည်။

......

ချီရှီကာကွယ်ရေး၏ တုန့်ပြန်မှုကို ဘေးဖယ်ထားလိုက်လျှင် ဝမ်ချောင်နှင့် လီစစ်ယဲ့ကမူ စိုးရိမ်စိတ် မရှိချေ။ အနှစ်ချုပ်ဆိုရသော် သူတို့က တဖြည်းဖြည်းချင်း တိုက်ခိုက်ရန် ပြင်ဆင်လာကြောင်း မြင်သည့်အခါ ပျော်ရွှင်သွားသလို ဖြစ်နေသည်။

“အရှင်အမတ် ကျွန်တော်တို့ရဲ့ အကြံက သက်ရောက်မှုရှိတယ်”

လီစစ်ယဲ့က အဝေးသို့ လှမ်းကြည့်ရင်းပြောသည်။

အခန်း(၇၆၈)

တောင်စစ်တပ်ကို အနိုင်ယူခြင်း

“အွန်း”

ဝမ်ချောင်ကို ခေါင်းကိုအသာမော့ကြည့်လျှက် ပြုံးလိုက်သည်။

“ဒီတိဗက်ဗိုလ်ချုပ်ကြီးက တော်တော်လေး သတိထားတယ်။ ဒါပေမဲ့ သတိအကြီးဆုံး ဗိုလ်ချုပ်ကတောင် ငါတို့တောင်ပေါ်တက်ပြီး ခံတပ်ဆောက်တဲ့အခါ ငြိမ်ငြိမ်နေနိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် တောင်ပေါ်ကနေထွက်တဲ့ အဓိကလမ်းဖြစ်တဲ့ တြိဂံပုံ မြေကွက်လပ်တစ်ခုမှာ တည်ဆောက်တာ ဖြစ်နေတယ်။ သူက ဒါကိုဆက်ပြီး သည်းခံနိုင်နေမယ်ဆိုရင် ငါတို့က အရှိန်နှုန်းကို ဒီထက်မြှင့်ပြီး ခံတပ်ကို ကြီးကြီးဆောက်ဖို့ပဲ ရှိတော့တယ်။ ငါတို့ဒုတိယမြောက် ခံတပ်တစ်ခုကိုတောင် ထပ်ဆောက်လို့ ရနေသေးတယ်။ အမျိုးသားတစ်ယောက်ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ ဒီလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ တိဗက်တွေက အကြာကြီး ခံနိုင်မယ်ဆိုတာ ငါမယုံဘူး”

ယွီစန်းက ဗဟိုပြင်ကျယ်နှင့် မတူလောက်အောင် စိုက်ပျိုးမြေကောင်းများ ပိုင်ဆိုင်ထားသလို သူတို့၏ ယဉ်ကျေးမှုအရ သူတို့က ဟန်များလောက် စိတ်ရှည်သည်းခံတတ်ခြင်း မရှိကြချေ။ သူတို့၏ သဘာဝက သူတို့ကို အသိစိတ်အတိုင်း ရှေ့တက်ပြီး လုပ်စေသည်။ ထိုအကြောင်းပြချက်ကြောင့် သူတို့က လောကအနှံ့ သူတို့၏ ကြမ်းတမ်းမှုနှင့် သတ္တိအပြည့်ရှိမှုတို့ကြောင့် ကျော်ကြားနေခြင်းဖြစ်သည်။

အခြားသောစကားဖြင့် ဆိုရသော် သူတို့က သူတို့၏ စိတ်လိုက်မာန်ပါ လုပ်မှုများက ကျော်ကြားခြင်းဖြစ်သည်။

သတိအကြီးဆုံး၊ ဉာဏ်ပညာအမြင့်ဆုံး တိဗက်များက သက်တူရွယ်တူများနှင့် ယှဉ်သော် စိတ်လိုက်မာန်ပါ လုပ်သည့်ဖြစ်ရပ်က ကျော်ကြားခြင်းဖြစ်သည်။ သာ့ယန်မာန်ပန့်က ယင်းကဲ့သို့ ဗဟိုပြင်ကျယ်မှ စာပေကျမ်းဂန်များကို နှံ့စပ်စွာ ကျွမ်းကျင်ထားသောသူ အမြဲတစေ တည်ငြိမ်သောသူ၊ ဉာဏ်ပညာမြင့်မားသောလူက ယွီစန်းအင်ပါယာတွင် အလွန့်အလွန် ရှားပါးသော လူမျိုးဖြစ်ပြီး လက်တစ်ဖက်တည်းဖြင့် ရေရွတ်ရသည်။

မည်သည့်နည်းနှင့်မဆို ထိုကဲ့သို့သော တိဗက်ဗိုလ်ချုပ်ကြီး တစ်ယောက်က သူ၏အရှေ့တွင် စစ်တပ်တစ်ခုက ရုတ်တရက် ပေါ်လာပြီး ခံတပ် လာဆောက်သည့်ဖြစ်ရပ်မျိုးကို သူက ခန့်မှန်းထားမည် မဟုတ်ချေ။

“သူတို့ကို အသင့်ပြင်ခိုင်းလိုက်”

ဝမ်ချောင်က လက်မောင်းကိုမြှောက်ကာ အချက်ပြရင်း ရှေ့သို့ ဆက်သွားသည်။

“ဟုတ်ကဲ့ အရှင်အမတ်”

လီစစ်ယဲ့က ဂါရဝပြုလိုက်ပြီး ချက်ချင်းလိုလို မြင်းကိုလှည့်ကာ နောက်တန်းသို့ပြန်သွားသည်။ ‘လေပြင်းကဲ့သို့ လျှင်မြန်စွာ လှုပ်ရှားနိုင်ရမယ်။ တောအုပ်ကို လေပြေက တိုက်ခတ်သွားသလို အစီအစဉ်တကျ ရှိရမယ်။ ဘယ်တော့မှ မရွေ့လျားနိုင်တဲ့ တောင်တန်းတစ်ခုလို ဖြစ်နေရမယ်။ မီးတောက်လို ရုတ်ရင့်ကြမ်းတမ်းရမယ်’ ဝမ်ချောင်၏အနောက်မှ ဝူရှန်းမြင်းတပ်ကို အထွဋ်အထိပ် အနေအထားထိရောက်အောင် လေ့ကျင့်ပေးထားပြီးသားဖြစ်သည်။ သူတို့ လှုပ်ရှားမှုတိုင်းက တစ်သားတည်း ဖြစ်နေသည်။ သူတို့က မည်သည့်စစ်သားကမျှ မယှဉ်နိုင်သည့် အချင်းချင်း နားလည်မှုကို ပိုင်ဆိုင်ထားသည်။

တိဗက်မြင်းတပ်ကြောင့် ဖြစ်လာသော ပွက်လောရိုက်နေသည့် အသံများကို မည်သည့်အရာကမျှ မဖုံးနိုင်ချေ။ စစ်တပ်တစ်ခုအတွက် အမိန့်တစ်ခုကတင် သူတို့ကို ချောမွေ့စွာဖြင့် စုစည်းခိုင်းလိုက်ရင် လုံလောက်နေပြီဖြစ်သည်။ ဒီနည်းအားဖြင့် တိဗက်များကိုယှဉ်မည့် စစ်အင်အားစုတစ်ခုကို စုစည်းလိုက်နိုင်သည်။ ထိုသို့ တိတ်တဆိတ် လှုပ်ရှားသွားသည့်တိုင်အောင် ထွက်လာသည့် သတ်ဖြတ်ခြင်း အရှိန်အဝါက ရုတ်ရင့်ကြမ်းတမ်းကာ အရိုင်းဆန်နေသေးပြီး အယောက်သုံးရာလုံးက အယောက် နှစ်ထောင်ကျော်ကို အနိုင်ပိုင်းကာ အရယူထားသည့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အသွေးအသားထဲမှလာသည့် အောင်နိုင်မှု အရှိန်အဝါကို လွှတ်ထုတ်နေကြခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် မုန်တိုင်းမလာခင် တည်ငြိမ်နေသော အနေအထားမျိုးဟု ခံစားရစေကာ ထွက်နေသည့် ဆူညံသံတိုင်းက ဖော်ပြရန်ခက်ခဲသော လေးစားဖွယ်ကောင်းသည့် ဖိအားမျိုးကို ထုတ်လွှတ်နေသည်။

တိဗက်များက မျှော်လင့်ထားသည်ထက် မြန်ဆန်စွာ သူတို့၏ လုပ်ကြံသတ်ဖြတ်မှု အကြံအစည်ကို အကောင်အထည် စဖော်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် မြေကမာ္ဘက တုန်ယင်သွားပြီး တောင်ပေါ်မှ မြက်ပင်များက ယမ်းခါကာ လေပြင်းတွင် ခပ်ကြမ်းကြမ်း ယိမ်းနွဲ့နေသည်။ ထိုအချိန်တွင် မြင်းတပ် ထောင်ပေါင်းများစွာက တဖြည်းဖြည်းချင်း အရှိန်ကိုမြှင့်ကာ ချဉ်းကပ်လာကြသည်။

“သတ်”

ချက်ချင်းလိုလို ကောင်းကင်ကို ထိုးခွဲလိုက်သလို အသံကြီးက ထွက်လာသည်။ မြင်းတပ်နှစ်ထောင်က အော်ဟစ်လိုက်ကြသည်။ သူတို့၏ တညီတညာတည်း အော်ဟစ်လိုက်ကြသည့် အသံကြီးက ကောင်းကင်ထိတိုင် ထိုးတက်သွားသေးသည်။

“အင်တိုက်အားတိုက် ချီတက်ကြမယ်။ မြစ်ဝင်္ကပါ ဒီနံရံတွေကြားက လွတ်နေတဲ့ နေရာတိုင်းက ချီတက်ပြီး ကျော်ဖြတ်ကြစမ်း။ ဒီထန်မျိုးနွယ်ခြားတွေက ငါတို့ကိုဒီလို သံမဏိပြားတွေ ဟိုနေရာစိုက် ဒီနေရာစိုက် လုပ်ရုံလောက်နဲ့ တားနိုင်မယ်လို့ ထင်နေကြရင် သူတို့အမှားကြီး မှားသွားပြီ”

ပူလုဟူက ခက်ထန်စွာပြောသည်။

တောင်စစ်တပ်က အခြားသော မြင်းတပ်များနှင့် မတူချေ။ အခြားသောမြင်းတပ်များက မြက်ခင်းပြင်ကျယ်ဒေသ၊ တောင်ပေါ်ဒေသတွင်သာ ချီတက်ရန် သိထားကြသည်။ ပိုင်နက်နယ်မြေက မည်မျှ ရှုပ်ထွေးနေစေကာမူ ပိုင်နက်နယ်မြေက အလွန်အမင်း ရှုပ်ထွေးကာ မတ်စောက် ကွေ့ပတ်နေမည်ဆိုလျှင်ပင် တောင်စစ်တပ်က ချီတက်နိုင်သေးသည်။ သူတို့၏အရှေ့တွင် ဟိုထောင် ဒီထောင် ထောင်ထားသည့် နံရံကဲ့သို့ သံမဏိပြား အနည်းငယ်လောက်က သူတို့ကို တားနိုင်မည်ဟု ထင်နေကြလျှင် သူတို့ကို အထင်သေးလွန်းအားကြီးသွားလေပြီ။

ဝုန်း

ပြင်းထန်သောအားက မြေကမာ္ဘကို တုန်ယင်သွားစေလေရာ မြက်ပင်များဆိုလျှင် ခပ်ကြမ်းကြမ်း ယိမ်းနွဲ့သွားကြသည်။ ကျန်းရှစ်ရာ၊ ကျန်းခုနှစ်ရာ၊ ကျန်းခြောက်ရာ၊ ကျန်းငါးရာ... အကွာအဝေးက ကျုံ့သထက်ကျုံ့လာပြီး တိဗက်စစ်မြင်းများက မြန်သထက် မြန်လာသည်။ အနောက်တွင် ကျန်ရစ်ခဲ့သည့် ဖုန်တိမ်စိုင်များက လေထဲ ကျန်းတစ်ဆယ်ကျော် ရောက်သည်အထိ မြင့်တက်နေသည်။ ထို့ကြောင့် အဝေးမှ ကြည့်သည့်အခါ မှင်သက်ဖွယ်ကောင်းသည့် တိဗက်များ၏ အရှိန်အဟုန်ကို မြင်ရမည်ဖြစ်သည်။

ထိုအရာသာ မကသေးလေဘဲ ထိုသို့ ချီတက်နေသည့် တိဗက်များက ပုံမှန်စစ်ဝင်္ကပါကို ထုတ်မသုံးထားကြချေ။ ထိုအစား သူတို့က အဖွဲ့ရာပေါင်းများစွာအဖြစ် ခွဲလိုက်ပြီး ဝမ်ချောင်၏ ရှေ့တန်းတွင် ကာထားသည့် သံမဏိမြို့ရိုး အဟကြားများကို ကျော်ဖြတ်လိုက်ကြသည်။ ဖြစ်စဉ်တစ်ခုလုံး မည်သည့်တိဗက်ကမျှ အရှိန်မလျော့ခဲ့ကြချေ။ သူတို့က မြန်သထက်သာ မြန်လာသည်။

“စိတ်ဝင်စားစရာပဲ ဒီတိဗက်ဗိုလ်ချုပ်ကြီးက ပုံမှန်မဟုတ်ဘူး”

ထိုမြင်ကွင်းကို မြင်လိုက်သော ဝမ်ချောင်၏ တစ်ဝက်သာ ဖွင့်ထားသည့် မျက်လုံးက တောက်ပလာသည်။ ပုံမှန်အားဖြင့် နေရာခွဲကာ မြေပြင်သို့ ထိုးစိုက်ထားသည့် သံမဏိနံရံကြီးများက ကျော်ကြားလှသည့် တိဗက်စစ်ဝင်္ကပါကို နှောင့်နှေးစေရန်ဖြစ်ပြီး အဆုံးအစမဲ့အောင် များပြားသည့် လုပ်ကြံသတ်ဖြတ်မှု အားလှိုင်းများကို တားနိုင်ရန်အတွက်ဖြစ်သည်။

သို့သော် ထိုတိဗက်ဗိုလ်ချုပ်ကြီးကမူ ပုံမှန်အတိုင်း သတိအပြည့် ထားတတ်ရုံသာ မကသေးလေဘဲ အရေအတွက်အားဖြင့်လည်း အပြတ်အသတ် သာနေသေးသည်။ ထိုသို့သော အခြေအနေမျိုးတွင် စစ်ဝင်္ကပါမျိုးကို အသုံးပြုနိုင်သည့်အခါ သူက နောက်ထပ် အင်အားကြီးမားသည့် ချီတက်သည့် ဝင်္ကပါမျိုးကိုပင် ထုတ်သုံးနိုင်သည်။ ထိုဘက်ထောင့်မှကြည့်လျှင် သူက တိဗက်ဗိုလ်ချုပ်များထဲမှ အတွေ့အကြုံ ကြီးရင့်ပြီး အဓိက ဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်ကြောင်း သိလိုက်နိုင်သည်။

“ကံဆိုးတာက ဒါက မလုံလောက်တာပဲ။ မင်းက မင်းရင်ဆိုင်နေတဲ့အရာက သာမာန်အရာတစ်ခုလို့ ရိုးရိုးရှင်းရှင်း တွေးလွန်းအားကြီးသွားတယ်”

ဝမ်ချောင်၏ မျက်ဝန်းက တဖြတ်ဖြတ် လက်သွားသည်။ ထို့နောက်သူက ချက်ချင်းလိုလို ပုံမှန်ပြန်ဖြစ်သွားသည်။ တိဗက်ဗိုလ်ချုပ်ကြီးက အလွန်ထူးချွန်သည်။ သို့သော် သူက သူရင်ဆိုင်နေသော အရာက သာမာန်ထန်စစ်တပ် မဟုတ်ဘဲ ဗဟိုပြင်ကျယ်မှ အဆင့်လွန် စစ်သူတော်စင်တစ်ယောက်က ဦးဆောင်နေပြီး ကျော်ကြားသည့် ဝူရှန်းစစ်တပ်ကို ရင်ဆိုင်နေရကြောင်း မသိသေးချေ။ တစ်ဖက်သူက ထုတ်ပြလာသည့် စွမ်းရည်များက ဝမ်ချောင်၏အမြင်တွင် ဘာမှမဟုတ်ချေ။

ဝမ်ချောင်က ထုတ်ဖော်ထားသည့် သံမဏိမြို့ရိုးကဲ့သို့ နံရံကြီးများက ထင်ထားသလောက် မရိုးရှင်းချေ။

“ရွှီခဲ့ယွီ လက်မှုပညာရှင်တွေ အားလုံးကို နောက်ဆုတ်ခိုင်းလိုက်ပါ။ သူတို့ ခံတပ်ပေါ်က ဆောက်လုပ်ရေးကို ရပ်စရာမလိုဘူး။ ဒီခံတပ်တွေက မြန်မြန်ပြီးသွားမှ လှုပ်ရှားနိုင်မယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ရနေတယ်”

ဝမ်ချောင်က အရှေ့ကိုသာ ကြည့်ပြီးပြောသည်။

“ဟုတ်ကဲ့အရှင်”

ရွှီခဲ့ယွီက ဂါရဝပြုပြီးနောက် ချက်ချင်းလိုလို နောက်သို့ပြန်သွားသည်။ အရှေ့မှ အလုပ်သမား အယောက် သုံးထောင်ကလည်း ချက်ချင်းလိုလို နောက်ဆုတ်ကြသည်။ သူတို့က ကြီးမားသော ခံတပ်ကြီးကို တည်ဆောက်ရန်သာ အားစိုက်ထုတ်ထားသည်။

ကျန်းထောင့်လေးရာ၊ ကျန်းထောင့်သုံးရာ၊ ကျန်းထောင့်နှစ်ရာ၊ ကျန်းထောင့်တစ်ရာ...

ကျယ်ပြောများပြားသော တိဗက်မြင်းတပ်က မြေကမာ္ဘကို လွှမ်းမိုးလာသည်မှာ ကြီးမားသည့် ရေလှိုင်းလုံးကြီးများက လိမ့်တက်လာသလို ထင်ရသည်။ ထိုသို့ဖြင့် သူတို့က လေထုကို ထိုးခွဲကာ ဟိန်းသံပင် ထွက်ပေါ်စေပြီး များသထက် များလာသည်။ ထိုသို့ဖြင့် နီးသထက် နီးလာသည်။ သူတို့က ကျန်းတစ်ထောင် အကွာသို့ ရောက်ချိန်တွင် ဝုန်းကနဲမြည်သံနှင့်အတူ ဝမ်ချောင်၏ ခြေထောက်အောက်မှ ချီစက်ကွင်းတစ်ခုက ပေါက်ထွက်သွားပြီး သူ၏စစ်တပ် တစ်ခုလုံးကို လွှမ်းခြုံကာ ဖြန့်ကျက်သည်။

ချွင်

ဓားကလေထုကို ထိုးခွဲလိုက်သည့် တခဏတွင် လေပြင်းက မွှေနှောက်ခံရပြီး သတ္တုကလည်း ခွဲထုတ်ခံရသည်။ ဝူရှန်းမြင်းတပ် ငါးထောင်က လေးကြိုးမှ မြှားပစ်လိုက်သလို ချက်ချင်း ခုန်ထွက်သွားသည်။ သူတို့၏ မြင်းဟီသံကလည်း ဟိန်းထွက်လာသည်။ ငါးထောင်တည်းသာ ဖြစ်သော်လည်း သူတို့၏ အရှိန်အဝါက အယောက် တစ်သောင်းကျော် ရှိနေသလို ပြိုင်ဘက်ကင်းနေသည်။

ဝူရှန်းချီစက်ကွင်း၊ ထက်ရှမှုချီစက်ကွင်း၊ ဖုန်မှုန့်မြင်းသိုးချီစက်ကွင်း စသည့် ချီစက်ကွင်းတိုင်းက ဝူရှန်းမြင်းသည်တော်တိုင်း၏ ခြေထောက်အောက်တွင် ရှိနေသည်။ အရှေ့ဆုံးမှ တစ်ယောက်ဖြစ်သည့် လီစစ်ယဲ့၏ ကြီးမားသော ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်ကြီးက စတင်ကာ ဦးဆောင်နေခြင်းဖြစ်သည်။ သူ၏ခြေထောက်အောက်တွင် အလွန်ကြီးမားသည့် ဆူးချွန်ချီစက်ကွင်းကြီးက မုန်တိုင်းကြီးတစ်ခုလို စတင်ကာ ကြီးမားသထက် ကြီးမားလာပြီး ဝူရှန်းတိုင်းထံ ပို့လွှတ်ပေးနေသည်။

အစပိုင်းတွင် ဝူရှန်းအယောက်ငါးထောင်၏ အောက်မြေပြင်က မည်သည့် ချီစက်ကွင်းမျှ မရှိသလို မှေးမှေးမှိန်မှိန် ဖြစ်သော်လည်း ချက်ချင်းလိုလို ချီစက်ကွင်း လေးခုငါးခုက ဆက်တိုက် ပေါ်လာပြီး ထွက်လာသည့်အခါ ဝူရှန်းမြင်းတပ် တစ်ယောက်ချင်းစီတိုင်းက အနည်းဆုံး ချီစက်ကွင်း လေးခုခန့်ကို ပိုင်ဆိုင်ထားကြသည်။

ချန်းစန်းယွီ၊ စုရွှတ်ရွှမ်း၊ ရွှီခဲ့ယွီ... လူတိုင်းက အမျိုးမျိုးသော စစ်ချီစက်ကွင်းတိုင်းကို ကျင့်ကြံ ပိုင်ဆိုင်ထားကြလေရာ သူတို့က စစ်တပ်တစ်ခုလုံးကို အားဖြည့်ပေးလိုက်သည့်အလျောက် ဝူရှန်းမြင်းတပ်က ကြောက်မက်ဖွယ်ကောင်းသော အမြင့်အထိ မြင့်တက်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

မဟာထန်မြင်းတပ်၏ ဆက်တိုက် မြင့်တက်လာသော လျှင်မြန်လွန်းသည့် အင်အားအရှိန်တက်နှုန်းကို မြင်လိုက်ရသည့်အခါ တိဗက် တောင်စစ်တပ်အပေါ် ကြီးမားသည့် ထိုးနှက်ချက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သေးငယ်သော ပုရွက်ဆိတ်တစ်ကောင်က ရုတ်တရက် အလွန်ကြီးမားသည့် သံကိုပင် ရွှေ့နိုင်သော ပုရွက်ဆိတ် အကောင်ကြီးအဖြစ် ပြောင်းလဲသွားသလိုဖြစ်သွားသည်။

မြောက်များလှစွာသော အင်အားကြီးမားသည့် ချီစက်ကွင်းတိုင်းကပင် မှင်သက်ဖွယ် ကောင်းလွန်းနေပြီး တိဗက်တိုင်းက အလွန်ကြီးမားသည့် ဖိအားကို ခံစားလိုက်ရသည်။

သူတို့၏ ဗိုလ်ချုပ်ကြီး ပူလုဟူကိုယ်တိုင်ကပင် မျက်လုံးပြူးသွားသည်။ သူက နေရာအများအပြားတွင် တိုက်ခိုက်ခဲ့ဖူးသည်။ အနောက်ပိုင်းနယ်မြေ၊ အာရပ်၊ အကြီးအသေးပါလာ၊ တူရကီ၊ မဟာထန် စသဖြင့် နေရာတိုင်း တိုက်ခိုက်ခဲ့ဖူးပြီး အမျိုးမျိုးသော ရန်သူတိုင်းနှင့် ဆုံဖူးသည်။ သို့သော် မည်သူကမျှ ယခုစစ်တပ်လောက်ထိ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော အရှိန်အဝါကို မထုတ်ဖော်ဖူးခဲ့ကြချေ။

ပူလုဟူက သူ၏ အကြံအစည်များကို ပြန်ရုတ်သိမ်းလိုပြီး သူ၏တပ်ဖွဲ့တိုင်းကို သတိပေးချင်လိုသည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။ မြှားတစ်ချောင်းက ပစ်လိုက်သည်နှင့် ထိုမြှားကို ပြန်ဆွဲသိမ်း၍ မရတော့ချေ။ ထို့အပြင် သူ့တွင်လည်း ရွေးချယ်စရာ မရှိတော့ချေ။ မြင်းတပ်တစ်ခုက အရှိန်နှုန်းကို ဆက်တိုက် မြှင့်လိုက်ပြီးသည်နှင့် အချိန်တိုအတွင်း သူတို့ကို အရှိန်ထိန်းကာ ပြန်လှည့်ခိုင်းရန် မဖြစ်နိုင်ချေ။ အထူးသဖြင့် ရပ်ခိုင်းရန်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ဒီစစ်တပ်က ဘယ်ကရောက်လာတာလဲ။

ပူလုဟူ၏ အတွေးထဲတွင် ထိုအတွေးတစ်ခုသာ ရှိတော့သည်။ စစ်တပ်နှစ်ခုက ထိပ်တိုက် ရင်ဆိုင်သွားလေပြီ။

ဝုန်း

ဝူရှန်းမြင်းတပ် ငါးထောင်က ကောင်းကင်မှ မိုးကြိုးပစ်လိုက်သလိုမျိုး တိဗက်မြင်းတပ်အတွင်း ထိုးခွဲဝင်ရောက်သွားသည်။

ချွင်

သတ္တုချင်း ထိခတ်သံလို ချွင်ကနဲအသံထွက်လာသည်။ ဝမ်ချောင်က တိုက်ပွဲကို စောင့်ကြည့်နေသည့် အနေအထားမျိုးမှ တိုက်ပွဲဝင် ချီစက်ကွင်းနှင့် ဗိုလ်ချုပ်များ၏ ချီစက်ကွင်းကို ထုတ်ဖော်လိုက်ကာ ပြုံးနေကြောင်း မည်သူကမျှ သတိထားမိလိမ့်မည် မဟုတ်ချေ။ ထိုချီစက်ကွင်းနှစ်ခုက ရုတ်တရက် ဖောက်ထွက်သွားသည်နှင့် တိဗက်မြင်းတပ် တစ်ခုလုံးကို ဆက်နွယ်သွားသည်။ ထိုထဲတွင် ဗိုလ်ချုပ်ကြီးပင်ပါသည်။

အလန့်တကြား အော်ဟစ်သံများကလည်း ပေါ်ထွက်လာပြီး တိဗက်တောင်စစ်တပ် တစ်ခုလုံး၏ အင်အားက ဆက်တိုက် ထိုးကျသွားသည်။

ဟီး ဟီး ဟီး

စစ်မြင်းများ၏ အော်သံက တောင်ပေါ်ဒေသတခွင်အနှံ့ ဟိန်းထွက်သွားပြန်သည်။ ထို့နောက် မရေမတွက်နိုင်အောင် များပြားသည့် မှင်သက်နေသော အကြည့်များအောက်တွင် တိဗက်မှ အယောက်သုံးဆယ်မှ အယောက်လေးဆယ်ဝန်းကျင်ခန့်က ပြိုလဲကျသွားပြီး ဝူရှန်းမြင်းတပ် ငါးထောင်အောက်တွင် အလဲထိုးခံလိုက်ရသည်။

ဝူရှန်းမြင်းတပ်ငါးထောင်က မည်သည့်စစ်တပ်မှ ထိုနေရာတွင် မရှိသလိုမျိုး အရာရာကို ကျော်ဖြတ်နင်းချေကာ ရှင်းလင်းသွားသည်။ တိဗက်များက တောင့်ပင် မတောင့်ခံနိုင်ကြချေ။ မရေမတွက်နိုင်အောင် များပြားသည့် တိဗက်များက မြင်းနှင့်အတူ လွင့်ထွက်သွားပြီး လေထဲသို့ မြောက်တက်သွားသည်။

“သူတို့ကိုတားကြ သူတို့ကို တားကြစမ်းပါ”

“နောက်ဆုတ်တဲ့ကောင်တိုင်း သေရမယ်။ သူတို့ကို ပေါင်းပြီးတိုက်ခိုက်ကြ”

“စစ်တပ်ဝင်္ကပါ မြန်မြန်ခုခံဖို့ ပြင်ဆင်ကြ”

“တောင်ပေါ်ဒေသမှာ ဘယ်သူကမှ ငါတို့တိဗက်တွေကို မနိုင်စေရဘူး။ တိုက်ခိုက်ကြ”

တိဗက်အရာရှိ အချို့က အမိန့်တစ်ခုပြီးတစ်ခုကို ထုတ်ကြပြီး လေထဲတွင် အော်ဟစ်သံများ ဆူညံသွားစေသည်။ သို့သော် မည်သူကမျှ တိဗက်များ၏ အလောင်းများပုံလာသော မြင်ကွင်းကို မရပ်တန့်နိုင်ကြချေ။ မည်သည့်အမိန့်ကမျှလည်း တိဗက်များကို အလောင်းကောင်အဖြစ် မပြောင်းစေခဲ့ချေ။ သို့သော် ထိုနေရာတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သည်။ မြေကြီးများကပင် ကွဲအက်ကုန်သည်။ ကွဲအက်မှုက လျှင်မြန်လွန်းသဖြင့် မယုံနိုင်စရာပင် ကောင်းသေးသည်။

...

“ဘုရားရေ ငါဘာကို မြင်လိုက်ရတာလဲ။ မြန်မြန် ဗိုလ်ချုပ်ကို မြန်မြန်သတင်းပို့”

“ငါတော့ ရူးနေပြီထင်တယ်။ ဘယ်လိုဖြစ်လို့ ငါတို့ရဲ့ မဟာထန်မှာ ဒီလောက် လေးစားစရာကောင်းတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားတာလဲ။ ဒါက တောင်ပေါ်ဒေသနော်။ သူတို့က ယွီစန်းရဲ့ လက်ရွေးစင် တောင်စစ်တပ်ကို တိုက်ခိုက်နေကြတာ”

“ဗိုလ်ချုပ်တောင် ငါတို့ကို ယုံမှာမဟုတ်ဘူး”

တိုက်ပွဲနယ်မြေနှင့် အလွန်ဝေးကွာသော တစ်နေရာမှ ကောင်းကင်ပေါ်တွင် ရှိနေသည့် သိန်းငှက်ကြီးများမှတဆင့် စောင့်ကြည့်နေသည့် ချီရှီကင်းထောက်များက အံ့အားကြီးမှု၊ ကြောက်လန့်ရိုသေမှုများကို ခံစားနေရသည်။ တိဗက်များနှင့် နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ပြီးနောက် နောက်ဆုံးတွင် မဟာထန်မြင်းတပ်က သူတို့၏ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဟုန်နှင့် မှင်သက်ဖွယ်ကောင်းလွန်းသော အင်အားနှင့် ချီတက်နိုင်ခြင်းအား မြင်လိုက်ရပြီဖြစ်သည်။

တောင်ပေါ်ဒေသတွင် တိဗက်များကို သူတို့က အလဲထိုးနိုင်သည်။ တောင်ပေါ်ဒေသမှ ဂုဏ်ယူရသော သားတော်များဟု သူတို့ကိုယ်သူတို့ သတ်မှတ်ထားသည့် တိဗက်များကို ထိုတောင်ပေါ်ဒေသတွင် သူတို့က အလဲထိုးလိုက်နိုင်ခြင်းဖြစ်သည်။

အခန်း(၇၆၉)

ပူလုဟူ၏ သေဆုံးခြင်း

ငါးထောင်၊ ခုနှစ်ထောင်၊ ကိုးထောင်...

အဝေးမှ တိဗက်တောင်စစ်တပ်၏ ဆုံးရှုံးမှုက မယုံနိုင်စရာကောင်းသည့် အဆင့်ထိ မြင့်တက်သွားသည်။ ထိုအရေအတွက်က ထပ်ပြီး မယုံနိုင်စရာကောင်းသည့် အရှိန်နှုန်းထိ ဆက်လက်ပြီး မြင့်တက်နေသေးသည်။ ဝူရှန်းမြင်းတပ် ငါးထောင်၏ အင်အားနှင့် လုပ်နိုင်စွမ်းအားက မြှားဝင်္ကပါအလိုက် ချီတက်သွားချိန်တွင် ယခင်တစ်ခေါက် ထုတ်လွှတ်ခဲ့သည့် ဝူရှန်းမြင်းတပ် သုံးရာကပင် မယှဉ်နိုင်သည့် အင်အားမျိုးကို ထုတ်ပြလိုက်နိုင်သွားသည်။ သို့သော် တိုက်ပွဲက ပြီးဆုံးရန် လိုအပ်နေသေးသည်။

“အသင့်ပြင်”

ကောင်းကင်ကို ဟိန်းထွက်သွားသည့် ကျယ်လောင်သော အသံနှင့်အတူ ကြေးခွံလို တောက်ပြောင်နေသည့် သံမဏိမြို့ရိုး၏ အရှေ့မှ ချန်းပင်းက ဓားကိုမြှောက်သည်။ မြင်းတပ်က အရှိန်နှုန်းမြှင့်ကာ ချီတက်သွားသည်။ သူတို့က မရပ်တန့်ရုံသာ မကသေးလေဘဲ ရှေ့ဆုံးက ဝူရှန်းတပ်ကို ဦးဆောင်နေသည့် လီစစ်ယဲ့ ကိုယ်တိုင်ကပင် တစ်ဖက်မှ ရန်သူများကို ကျော်ဖြတ်ကာ တိုက်ခိုက်သည်။ ထို့နောက် စစ်တပ်ကို နှစ်ခြမ်းခွဲလိုက်သည်။ ထိုသို့ နှစ်ခြမ်းခွဲလိုက်ပြီးနောက် သူတို့က ဝူရှန်းမြင်းတပ် ငါးထောင်ကသာ ရန်သူကို ရင်ဆိုင်စေလျှက် သူတို့ကမူ မြို့ရိုးများကို စောင့်ကြပ်ပေးနေသည်။

လက်ရှိအချိန်တွင် ဝမ်ချောင်၏ ဝူရှန်းမြင်းတပ် ငါးထောင်က ကိုယ့်တာဝန်ကိုယူကာ ကောင်းကောင်း လုပ်ဆောင်နေကြပြီဖြစ်ပြီး အနောက်တောင်ပိုင်းဘက်မှ ပါလာသည့် လက်ရွေးစင် အယောက် ငါးရာကျော်နှင့် မဟာကလန်ကြီးများမှ ကျွမ်းကျင်ပညာရှင်များကလည်း အားဖြည့်ကူညီပေးထားသည်။

ကျန်းခြောက်ဆယ်၊ ကျန်းငါးဆယ်၊ ကျန်းလေးဆယ်...

အကွာအဝေးက ကျဉ်းသထက် ကျဉ်းလာသည်။ တိဗက်မြင်းတပ်က ရပ်တန့်၍မရသော အခြေအနေမျိုး ရောက်နေသလိုမျိုး သူတို့က ဆက်ကာ ချီတက်နေရသည်။ ထို့ပြင် သံမဏိမြို့မှ တောင်ပေါ်ဒေသသို့ ရွေ့ထားသည့် အလုပ်သမား ရှစ်ထောင်ကသာ အကာအကွယ်မရှိသော အနေအထားမျိုးတွင်ဆိုလျှင် တိဗက်စစ်မြင်းများ မြင်းခွာအောက်တွင် နင်းခြေခံရနိုင်သည်။

နှစ်ဆယ့်လေးကျန်း၊ နှစ်ဆယ့်သုံးကျန်း...

ကျန်းနှစ်ဆယ်ထိ ရောက်ချိန်တွင် ချန်းပင်းက ရုတ်တရက် အမိန့်ထုတ်လိုက်သည်။

“လွှတ်လိုက်”

ဝုန်း

ရုတ်တရက် သံမဏိမြို့ရိုးကဲ့သို့ ဖြစ်နေသည့် သံမဏိပြားကြီးများ၏ အရှေ့ဘက်အကျဆုံး အပိုင်းမှ မြှားထောင်ပေါင်းများစွာ ပေါက်ထွက်သွားပြီး ကောင်းကင်ကိုပင် လွှမ်းခြုံသွားသည်။

“အား”

လေထဲတွင် အော်ဟစ်သံများက လွှမ်းခြုံလာသည်။ မရေမတွက်နိုင်အောင် များပြားသည့် တိဗက်များနှင့် မြင်းများက ထိုးဖောက်ခံရပြီး အလောင်းများက မြေပြင်သို့ လဲပြိုကျသွားသည်။

ပျားအုံဟုခေါ်သည့် လေးလံလွန်းသော ဝမ်ချောင်က တီထွင်ခိုင်းထားသည့် သံမဏိမြို့အတွင်းမှ လက်နက်များကို ဒီနေရာတွင်ပြောင်းကာ တပ်ဆင်ထားသည်။ ယခုအခါ ထိုလက်နက်များ၏ သတ်ဖြတ်နိုင်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်လေပြီ။

“ပစ်”

ချန်းပင်းက ဓားကိုထပ်ယမ်းနေသည်။ နောက်ထပ် မြှားတစ်သုတ်က ထပ်ပြီး ပစ်လိုက်ချိန်တွင် တိဗက်မြင်းတပ် ထောင်ဂဏန်းအနည်းငယ်က လဲကျသေဆုံးသွားကြပြန်သည်။ သူတို့က ထိုနံရံနား အရှေ့တွင်ပင် ကျသွားကြခြင်းဖြစ်သည်။ ပျားအုံများ၏ လုပ်နိုင်စွမ်းရည်က အလွန်အမင်း ရိုးရှင်းသည်။ ချန်းပင်းက မြင်းတပ် တစ်ထောင့်ငါးရာ ဝန်းကျင်ခန့်ကိုသာ အမိန့်ပေးနိုင်သည့်တိုင်အောင် ပျားအုံသုံးထောင်ကို ကိုင်တွယ်ခိုင်းထားနိုင်သည်။

ထို့ကြောင့် ပျားအုံတစ်ခုချင်းစီတိုင်းက မြှားအချောင်း လေးဆယ်မှ ငါးဆယ်အထိ ပစ်နိုင်နေသေးသည်။ ဆက်တိုက်ပစ်မည်ဆိုလျှင် မြှားတစ်သိန်းငါးသောင်းဖြစ်သည်။ ထိုအရေအတွက်ကလည်း ဝမ်ချောင် သူ့ကို လွှဲထားပေးနိုင်သည့် အရေအတွက် အကန့်အသတ်ဖြစ်သည်။ တိဗက်များနှင့် သူတို့၏ သံချပ်ကာပြားများက မြှားများနှင့် တွေ့သည့်အခါ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများကို ရရှိနိုင်သေးသည်။ ဘက်ထောင့်ကသာ အဆင်ပြေလျှင် သူတို့တန်း၍ သေနိုင်သည်။

“သတိထား”

“မြှားတွေကိုရှောင်ကြ”

တိုက်ပွဲနယ်မြေတွင် တိဗက်များ၏ အော်ဟစ်သံများက ပျံ့နှံ့သွားပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်များက တိဗက်အရာရှိတိုင်းကို တုန်ယင်သွားစေသည်။ မည်သူကမျှလည်း ထိုမြင်းတပ်ငါးထောင်၏ ကြောက်စရာကောင်းသော အင်အားစုရှိသည့်တိုင်အောင် ကျန်ရစ်နေသော ထန်အင်အားစုများက ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်နိုင်စွမ်းအားကို ထုတ်ဖော်နိုင်ဦးမည်ဟု မထင်ထားကြချေ။

ယခုလို တိုက်ကွက်များ ဖလှယ်ပြီးနောက်တွင် တိဗက်လေးထောင်မှ ငါးထောင်ခန့်က ငွေရောင်မြို့ရိုးအောက်တွင် သေဆုံးသွားကြပြီဖြစ်ပြီး ထိုနေရာတွင်လည်း လူအလောင်းများ၊ မြင်းအလောင်းများ ပုံနေပြန်သည်။ ထိုသို့ဖြင့် ဟန်အတွက် အကာအကွယ်တစ်ခု ဖွဲ့စည်းပေးလိုက်သလို ဖြစ်သွားသည်။

“ဒီမှာဘာတွေ ဖြစ်နေတာလဲ။ သူတို့ကတော့ ချီရှိကာကွယ်ရေးစစ်တပ်က မဟုတ်နိုင်ဘူး။ ဒါဆိုရင် ဒီလောက် လေးစားစရာကောင်းတဲ့ စစ်တပ်က ဘယ်နေရာက ရောက်လာတာလဲ”

တိဗက်တိုင်းက နက်ရှိုင်းသော အံ့အားသင့်မှုများကို ခံစားနေရသည်။ သို့သော် ကြောက်လန့်မှုက ပိုသည်။ ယခုမြင်းတပ် ငါးထောင်နှင့် သေစေနိုင်သော ထိုမြှားမိုးများက သူတို့မျှော်လင့်ထားသည်ထက် သာလွန်သွားသည်။ စစ်တပ်တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သွားသည်။

ဝေါင်း

ထိုအချိန်တွင် လူတိုင်းက ကောင်းကင်ကိုပင် လှုပ်ခါသွားစေသည့် ဟိန်းသံကြီးကို ကြားလိုက်ရသည်။ ထို့နောက် ကောင်းကင်ကို မိုးကြိုးက ခွဲထွက်လိုက်သလို တောင်ပေါ်ဒေသ တစ်ခုလုံးကို ကြောက်ရွံ့သွားစေသည်။

တိုက်ပွဲနယ်မြေက ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေချိန်တွင် ဝူရှန်းမြင်းတပ်မှ ခေါင်းဆောင်ဖြစ်သည့် လီစစ်ယဲ့က နောက်ဆုံးတော့ တိုက်ခိုက်လိုက်လေပြီ။ အင်အားကြီးမားသော ဓားချီက မုန်တိုင်းကဲ့သို့ ကောင်းကင်ကို ထိုးခွဲသွားပြီး အောက်သို့ ပြုတ်ကျလာကာ တိဗက်အများဆုံး ရှိနေရာ နေရာကို ခုတ်ပိုင်းပစ်သည်။

“အား”

ငယ်သံပါအောင် အော်ဟစ်သံများက ပြည့်နှက်သွားပြန်သည်။ ဓားချီက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုသို့ဖြင့် မြေကမာ္ဘကို ပိန်းပိတ်အောင် မည်းမှောင်နေသည့် တူးဆွထားသော မြေအပုံကြီးကို ဆွဲဖွင့်လိုက်သလို ကွဲထွက်သွားစေသည်။ ထိုသို့ဖြင့် ကျန်းနှစ်ဆယ်ကျော်ခန့်ရှည်သော ကွဲအက်ရာကြီးက တိဗက်မှ တောင်စစ်တပ် ပူလုဟူရှိရာနေရာ တည့်တည့်သို့ ရောက်သွားသည်။ ပူလုဟူ၏ မျက်လုံးက ပြူးကျယ်သွားပြီး လေပြင်းက ဟပ်သွားသလိုသာ ခံစားလိုက်ရသော်လည်း သူ၏ကိုယ်ပေါ်တွင် ပေါ်လာပြီဖြစ်သည့် ခုတ်ရာနှစ်ချက်ကိုကြည့်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ပူလုဟူက တောင်ပေါ်ဒေသ၏ မြောက်ပိုင်းနယ်မြေတွင် ကျော်ကြားမှုအချို့ကို ပိုင်ဆိုင်ထားသော ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သော်လည်း သူက အနာဂတ်မှ မဟာဗိုလ်ချုပ်ကြီး လီစစ်ယဲ့ကို မယှဉ်နိုင်ချေ။ ထို့ကြောင့် လီစစ်ယဲ့၏ အင်အားအပြည့် ရိုက်ချက်အောက်တွင် သေဆုံးရသေးသည်။

ပူလုဟူသေသွားသည်နှင့် ကျန်ရစ်သော တိဗက်တိုင်းက ခေါင်းဆောင်မဲ့သွားသည်။ ထိုသို့ဖြင့် အားလုံးက လဲပြိုကျသွားတော့သည်။

“ပြေးကြတော့”

ပထမဦးဆုံး ထွက်ပြေးသူက ပူလုဟူ၏ အနီးကပ် အစောင့်များဖြစ်ကြသည်။ ကြောက်စရာကောင်းသော ဝူရှန်းမြင်းတပ်နှင့် ပတ်ဝန်းကျင်တွင် ပေါ်နေသော သူတို့၏ ရဲဘော်များ၏ အလောင်းများကြောင့် ပူလုဟူ၏ လက်ရွေးစင် အစောင့်များအားလုံးက ဆက်မနေရဲကြတော့ချေ။ သူတို့က သတ္တိကြောင်သွားကြသည်။

မဟာထန်၏ ဘယ်ကလာမှန်းမသိသော ထိုမြင်းတပ်ကြောင့်ပင်ဖြစ်စေ မည်သည့်နည်းနှင့်မျှ သူတို့က မယှဉ်နိုင်သည်မှာ သေချာနေသည်။

ထွက်ပြေးသွားသော အစောင့်များက အချက်ပြလိုက်သကဲ့သို့ ချက်ချင်းလိုလို တောင်စစ်တပ်တစ်ခုလုံးက ပြိုလဲကျသွားပြီး ယုံကြည်မှုများ ပျောက်ဆုံးသွားသည်။

မယုံနိုင်စရာကောင်းသည့် စစ်တပ်ကို ရင်ဆိုင်ရချိန်တွင် အတွေ့အကြုံမြင့် တောင်စစ်တပ်ကဲ့သို့ တောင်တန်းကို ရင်ဆိုင်နေသည့် တိုင်းပြည်ပေါင်းများစွာကို ပြိုလဲကျသွားစေခဲ့သည့် စစ်တပ်ကြီး တစ်ခုကပင် ဘာမှမဟုတ်တော့ချေ။

“ပြေးကြ”

“မြန်မြန်လေး မဟာဗိုလ်ချုပ်ကြီးကို အကြောင်းကြားကြ”

တိဗက်မြင်းတပ်က ထိတ်လန့်နေသော ငှက်များကဲ့သို့ အထိတ်တလန့် ပြေးကြသည်။ သူတို့က အရပ်မျက်နှာအနှံ့ ရူးသွပ်စွာ ပြေးသွားကြသည်။ ထိုစစ်သည်တော်များက ဝူရှန်းမြင်းတပ်အတွက် တိုက်ခိုက်ရဲခြင်းမရှိသည့် လွယ်လွန်းသော သားကောင်များဖြစ်သွားသည်။

စွစ် စွစ် စွစ်

ထက်ရှသော ဓားက အသားကို လှီးဖြတ်သံများ၊ ခုတ်ပိုင်းသံများနှင့်အတူ ဝူရှန်းမြင်းတပ်ငါးထောင်က ထွက်ပြေးသော စစ်တပ်နောက်သို့လိုက်သည်။ ထိုသို့ဖြင့် တောင်စစ်တပ်မှ ပို၍များပြားသော အလောင်းများက မြေပြင်တွင် ပုံလာသည်။ တစ်နာရီခန့်နီးပါး ကြာပြီးနောက် တိုက်ပွဲက အဆုံးသတ်သွားသောအခါ တောင်ပေါ်ဒေသ တစ်ခုလုံး အလောင်းများ၊ သွေးများပုံနေသည်။ တိဗက်များ၏ အလောင်းနှစ်သောင်းကျော်ခန့်က ကျန်ရစ်သည်။

“ဆက်လိုက်စရာ မလိုတော့ဘူး”

လီစစ်ယဲ့က သူ၏ဓားကို မြက်ခင်းပြင်တောက်လျှောက် အတန်းလိုက်ဆွဲသွားပြီး စစ်သည်တော်တိုင်း လိုက်မသတ်ရန် အမိန့်ထုတ်သည်။

“ရန်သူကို ချောင်ပိတ်ပြီး လိုက်ဖမ်းစရာမလိုဘူး။ အရှင်အမတ် ဆိုလိုတာက သူတို့ကို အနိုင်ယူနိုင်ရုံတင် လုံလောက်တယ်။ တိုက်ပွဲနယ်မြေကို ရှင်းလင်းကြ”

“ဟုတ်ကဲ့အရှင်”

ဝူရှန်းမြင်းတပ်၏ သတ္တုချင်း ထိခတ်သံများနှင့်အတူ သူတို့က တဖန် စုစည်းကြပြီး ပြန်လှည့်လာကြသည်။ ဒဏ်ရာတိုင်းကို ဆေးထည့်လိုက်ပြီး ပြန်လည်ကုသရန် ခေါ်ဆောင်သွားကြသည်။

ပြင်းထန်သော တိုက်ပွဲက တစ်နာရီပင် မကြာခဲ့ချိန်တွင် အဆုံးသတ်သွားသည်။ နှစ်ဘက်လုံးက အရေအတွက် အပြတ်အသတ်ကွာသော်လည်း အရေအတွက် အပြတ်အသတ် သာသောဘက်က ရှုံးသွားသည်။

“မဖြစ်နိုင်ဘူး ဝူရှန်းက ဘယ်တုန်းက ဒီလောက်အင်အားကြီးတဲ့ စစ်တပ်ကို ပိုင်ဆိုင်သွားတာလဲ”

အလန့်တကြား အော်ဟစ်သံက ထွက်လာသည်။ သို့သော် ချီရှီကာကွယ်ရေးစစ်တပ်က မဟုတ်ဘဲ ချီရှီ၏ အရှေ့ပိုင်း ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့် ဟယ်ပါးယဲ့ထံမှဖြစ်သည်။ သူက သတင်းကို ရသောအခါ စစ်သားများနှင့်အတူ အပြေးလာသည်။ သို့သော် ထိုမြင်ကွင်းကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ဗိုလ်ချုပ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

လက်ထောက်ဗိုလ်ချုပ်ကမေးသည်။

ဟယ်ပါးယဲ့က တခဏခန့် ကြောင်အသွားပြီးနောက် ပြန်ဖြေသည်။

“မလိုဘူး အရင်ဆုံး အရှင်ကာကွယ်ရေး ဗိုလ်ချုပ်ကြီးကို သတင်းပို့ရမယ်။ သူ့ရဲ့အမိန့်ကိုပဲ စောင့်ရအောင်”

ချီရှီက မည်သူကမျှ ကာကွယ်ရေးဗိုလ်ချုပ်ကြီးနှင့် ဝမ်ကလန်မှ ဆက်ခံသူ ဝမ်ရှန်းမှ အရှင်၏ ဆက်ဆံရေးကို မသိဘဲမနေချေ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် အမိန့်မပေးသေးသည့်အခါ ဟယ်ပါးယဲ့ကလည်း အလျင်စလို မဆုံးဖြတ်ရဲချေ။

ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ တိဗက်နှင့်တိုက်ပွဲတွင် ချီရှီကာကွယ်ရေးစစ်တပ်က တပ်ကူ မစေလွှတ်ခဲ့ချေ။ ဟယ်ပါးယဲ့နှင့် လက်ထောက်များကပင် သာမာန် စစ်သည်တော်ဝတ်စုံကို ဝတ်ဆင်ကာ လာရောက် ကြည့်ရှု့ခြင်းဖြစ်သည်။ ထို့ကြောင့် ချီရှီကာကွယ်ရေးစစ်တပ်က လူများကလွဲပြီး မည်သူကမျှ မသိနိုင်ချေ။ ထိုအတွက်ကြောင့် သူက ဝမ်ချောင်နှင့် တွေ့တွေ့ မတွေ့တွေ့ အရေးမကြီးတော့ချေ။

“သွားရအောင်”

ဟယ်ပါးယဲ့က မြင်းကိုလှည့်ပြီး ထွက်ခွာသည်။

“အရှင်အမတ် ကြည့်လိုက်ပါ။ သူတို့က ချီရှီကာကွယ်ရေးစစ်တပ်က လူတွေပဲ”

ကျန်းချွယ်က ရုတ်တရက် လက်ညိုးထိုးသည်။

ကျန်းချွယ်၏ လက်ညိုးနောက် ကြည့်လိုက်သောအခါ ဝမ်ချောင်က ဟယ်ပါးယဲ့တို့၏ နောက်ကျောများကို မြင်ရသည်။

ချန်းစန်းယွမ်က ရုတ်တရက်ရယ်သည်။

“မိုးကြိုးဖမ်းသူ မြန်ဆန်စွာ ပျံသန်းနိုင်သူ ကြေးနီရောင် အထက်တန်းလွှာ... ဘယ်လောက်တောင် ကောင်းလိုက်တဲ့ မြင်းတွေလဲ။ ဘယ်တုန်းက ချီရှီကာကွယ်ရေးစစ်တပ်က ဒီလိုမြင်းကောင်းတွေ စီးနိုင်သွားတာလဲ”

“မင်းလှုပ်ရှားချင်ရင် အပြည့်အဝ ပါမှရမယ်။ ဟယ်ပါးယဲ့နဲ့ သူ့ရဲ့ အရာရှိတွေကတော့ နည်းနည်း လိုအပ်နေသေးတယ်”

ဝမ်ချောင်က လိုက်ပြုံးသည်။ သူက သူတို့၏ မျက်နှာကို မမြင်လိုက်သော်လည်း သူတို့စီးသည့်မြင်း၏ အရည်အသွေးကတဆင့် ဝမ်ချောင်က သူတို့၏ နောက်ကြောင်းကို ခန့်မှန်းလိုက်နိုင်သည်။

မဟာထန်က ထိုအချက်နှင့်ပတ်သတ်ပြီး သတ်မှတ်ပြီးသားဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးတစ်ယောက် အနေဖြင့် ထိုကဲ့သို့ အရည်အသွေးရှိသည့် မြင်းတစ်ကောင်ကို အခြေခံအားဖြင့် စီးရသည်။ ချီရှီကာကွယ်ရေးစစ်တပ်မှ ထိုအဆင့်မြင်းကို စီးနိုင်သောလူ ဒီနေရာတွင် ပေါ်လာကတည်းက ဟယ်ပါးယဲ့နှင့် လက်ထောက်များ ဖြစ်ရပေမည်။

“အရှင်အမတ် ဒီကောင်တွေ ကျွန်တော်တို့ကို ကူမဲ့အစား သေစေချင်နေတာ”

စုရွှတ်ရွှမ်းကပြောသည်။ သူ၏လေသံက ဒေါသတကြီးဖြစ်နေသည်။

“သူတို့က ဒီလောက်နီးနေတာ။ စစ်ကူတွေ စေလွှတ်ဖို့ ငြင်းဆန်တယ်။ သူတို့ရဲ့ ဗိုလ်ချုပ်ကြီး ဟယ်ပါးယဲ့ကိုယ်တိုင်ကပင် ရုပ်ဖျက်ပြီး လာကြည့်သေးတယ်။ ကျွန်တော်တို့ဘာလို့ သူတို့နဲ့သွားပြီး စကားမပြောတာလဲ”

တိဗက်များက မဟာထန်၏ အကြီးမားဆုံး ရန်သူဖြစ်ပြီး သူတို့ကို အမြဲတစေ ခြိမ်းခြောက်ပေးနေခဲ့သည်။ ထို့ကြောင့် လုံရှီ၊ အန်းရှီပင်ဖြစ်စေ၊ ချီရှီပင်ဖြစ်စေ အားလုံးက ထိတ်လန့်နေကြရသည်။ တိဗက်များကို ရှင်းလင်းပေးနိုင်ရန် ကြိုးစားနေသည့် ဝမ်ချောင်က ချီရှီကာကွယ်ရေးစစ်တပ်ကို ကူညီပေးနေခြင်းဖြစ်သည်။

သို့သော် ချီရှီကာကွယ်ရေး စစ်တပ်ကမူ ထိုသို့ကာကွယ်ပေးနေကြောင်း သိနေသည့်တိုင်အောင် တပ်ကူများကို စေလွှတ်ရန် ငြင်းဆန်နေခဲ့သည်။ ထို့ကြောင့် သူတို့၏ အခြေအနေက တွေးမိရုံဖြင့်ပင် လူတိုင်းကို ရယ်မိစေသည်။

ဝမ်ချောင်က လက်ကိုယမ်းပြီးပြောသည်။

“ထားလိုက်ပါ သူတို့နဲ့ အဆင့်တူ လိုက်နိမ့်စရာမလိုဘူး။ ဒါ့အပြင် သူတို့က ဖုမာန်လင်းချာကို ပျော်အောင်ထားဖို့လိုတယ်။ ဖုမာန်လင်းချာရဲ့ အမိန့်မရှိဘဲ သူတို့စစ်သားတွေ မပို့ရဲဘူး”

ဒီတိုက်ပွဲက သူ၏ အကြံအစည်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူက ချီရှီကာကွယ်ရေးစစ်တပ်၏ ပါဝင်မှုကို ဘယ်သောအခါမှ ထည့်မတွက်ထားခဲ့သလို သူတို့ပါလာခြင်း ရှိရှိမရှိရှိ အရေးမကြီးချေ။

“ကိုယ့်ကိုယ်ကို အရင်ဆုံးပြင်ဆင်ပြီး ဆောက်လုပ်ရေးကို မြန်ဆန်အောင်လုပ်ကြ။ ဒီခံတပ်က လာမဲ့တိုက်ပွဲအတွက် အသုံးဝင်လိမ့်မယ်။ ဒါ့အပြင် သာ့ယန်မာန်ပန့်တောင် သတင်းရတော့မယ်လို့ ငါခံစားချက်ရနေတယ်”

ဝမ်ချောင်က တောက်ပစွာပြုံးသည်။

တောင်ပေါ်ဒေသသို့ ချီတက်တိုက်ခိုက်သည့် ကိစ္စတွင် ဝမ်ချောင်၏ အဓိကပန်းတိုင်က သာ့ယန်မာန်ပန့်ဖြစ်သည်။ မြင်းစီးသူကို ပစ်နိုင်ရန် အရင်ဆုံး မြင်းကိုပစ်ရသည်။ ထို့ကြောင့် ဘုရင်ကိုဖမ်းနိုင်ရန် လက်အောက်ငယ်သားများကို ဦးစွာသတ်ရဦးမည်ဖြစ်သည်။ ချီရှီတွင် သာ့ယန်မာန်ပန့်ထက်ပိုပြီး ခြိမ်းခြောက်နိုင်သူမရှိချေ။

သူက ချီရှီကာကွယ်ရေးစစ်တပ်ကို အရူးတစ်ယောက်ကဲ့သို့ မတိုက်ခိုက်ခဲ့လျှင် သူပေးဆပ်ရသော တန်ကြေးများကြောင့်သာ မဟုတ်လျှင် ချီရှီကာကွယ်ရေးစစ်တပ်ကလည်း စစ်သားများ လိုအပ်မှုဖြင့် အဆုံးသတ်ရမည်မဟုတ်ချေ။

ထိုအခြေအနေမှ သာ့ယန်မာန်ပန့်၏ ခြိမ်းခြောက်မှုက ယွီစန်းမှ မဟာဗိုလ်ချုပ်ကြီး တုစုန့်မာန့်ဖော်ကျဲ့ထက်ပင် ကြီးသေးသည်။

ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က သူ့ကိုသတ်ဖြတ်မည့် စာရင်းထဲသို့ ထည့်သွင်းထားခြင်းဖြစ်သည်။

“မြန်မြန်လုပ် အရှင်အမတ်က ငါတို့ကို လေးနာရီအတွင်း တတိယအဆင့်ထိ ရောက်နိုင်ရင် ငွေထည်ငါးဆယ် ချီးမြှင့်မယ်လို့ ပြောထားတယ်”

စစ်တပ်၏ အနောက်ပိုင်းမှ လက်မှုပညာသည် ရှစ်ထောင်က အလုပ်အလွန်များနေကြချိန်တွင် သူတို့၏ အင်အားများကို ခံတပ်ကို စလုပ်ရာတွင် အပြည့်အဝ အားစိုက်ထုတ်ထားသည်။ မီးပြင်းဖို တစ်ခုပြီးတစ်ခုက အသက်ဝင်လာပြီးနောက် ကောင်းကင်သို့ မီးခိုးလုံးများက တစ်လုံးပြီးတစ်လုံး မြောက်တက်သွားသည်။

အခန်း(၇၇၀)

ဒေါသများ ပေါက်ကွဲခြင်း

သာ့ယန်မာန်ပန့် ထွက်လာပြီ

တိုက်ပွဲကို အဆုံးသတ်လိုက်ပြီးနောက် ဝမ်ချောင်က သူ၏အင်အားစုတိုင်းကို ခံတပ်ကိုသာ အမြန်ဆုံး တက်နိုင်သမျှ ကြိုးစားပြီး ဆောက်လုပ်ခိုင်းရန် တိုက်တွန်းလိုက်သည်။ ထိုအချိန်တွင် ဟယ်ပါးယဲ့ကမူ ထိုသတင်းကို ချီရှီကာကွယ်ရေးစစ်တပ်၏ ဌာနချုပ်သို့ ပြန်တင်ပြနေပြီဖြစ်သည်။

“ဘာ ဟယ်ပါးယဲ့ ဒီကိစ္စမှန်တာ မင်းသေချာလား။ ယွီစန်းစစ်တပ်ရဲ့ စစ်သည် နှစ်သောင်းကနေ သုံးသောင်းအထိ ဆုံးရှုံးသွားရမယ်ဆိုတာ ဟုတ်ရဲ့လား”

ကာကွယ်ရေးစစ်တပ်၏ အဓိကခန်းမအတွင်းတွင် ထိုင်နေသည့် ဖုမာန်လင်းချာက သူ၏ပုလ္လင်ပေါ်မှ ခုန်ထလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ စခန်းမှထွက်လာပြီး တင်ပြသည့် ဟယ်ပါးယဲ့ကို မယုံကြည်နိုင်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် အရှင့်ရဲ့ လက်အောက်ငယ်သားက ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတာပါ။ အမှားမရှိနိုင်ပါဘူး”

ဒူးထောက်နေသည့် ဟယ်ပါးယဲ့က ခေါင်းကို ထိုထက်နိမ့်အောင် ငုံ့လိုက်ပြီးပြောသည်။

သူကိုယ်တိုင်က ကင်းထောက်တစ်ယောက်သာ လွှတ်ချင်ခဲ့သည်။ သို့သော် ထိုကိစ္စကြီး၏ လေးနက်မှုကို ကိုယ်တိုင်မျက်မြင် တွေ့ကြုံခဲ့ပြီး ကာကွယ်ရေးဗိုလ်ချုပ်ကြီးက ဝမ်ကလန်မှ သားအပေါ် အလေးထားမှုကို တွက်ဆခြင်းအားဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပို၍ဆိုးသည်မှာ ထိုကိစ္စက အံ့အားသင့်စရာ ကောင်းလွန်းသည်။ ချီရှီမှ တောင်ပေါ်ဒေသနှင့် အဆက်အသွယ် ရှိခဲ့သည့် သမိုင်းတောက်လျှောက် ထိုကိစ္စက မဖြစ်ခဲ့ဖူးသေးချေ။ ဟယ်ပါးယဲ့ကိုယ်တိုင်ကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် မချရဲသလို တင်ပြသော အချက်အလက်က လိုအပ်သွားခဲ့ပြီး နားလည်မှုလွဲမှားသော ကိစ္စမျိုးကိုလည်း မဖြစ်စေချင်ခဲ့ချေ။ ထို့ကြောင့် သူက ချီရှီကာကွယ်ရေးစစ်တပ်သို့ ကိုယ်တိုင်လာကာ ထိုကိစ္စအား ဖုမာန်လင်းချာကို တင်ပြခဲ့ခြင်းဖြစ်သည်။

“မဖြစ်နိုင်ဘူး တော်ဝင်ခုံရုံးရဲ့ အမိန့်မရှိဘဲ ကိုယ်ပိုင်စစ်တပ် တည်ထောင်တာက သေဒဏ်ပေးခံရနိုင်တယ်။ ဒါ့အပြင် ဒီလောက်အင်အားကြီးတဲ့ စစ်သားတွေကို သူကဘယ်လို ပိုင်ဆိုင်နိုင်မှာလဲ”

ဖုမာန်လင်းချာက အံ့အားတကြီးပြောသည်။

ထန်စစ်တပ်က လျို့ဝှက်လမ်းကြောင်းကိုသုံးပြီး တိဗက်တောင်ပေါ်ဒေသသို့ တက်ကာ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းမှ လူသစ် နှစ်သောင်းကျော်ကို လုပ်ကြံခဲ့သည်ဆိုသည့် သတင်းအရ ထိုလူက ဝူရှန်းမှ ဝမ်ချောင်ဖြစ်နိုင်ကြောင်း နားလည်နေသည့်တိုင်အောင် ဖုမာန်လင်းချာက မယုံကြည်ခဲ့ချေ။

ယွီစန်းနှင့် မဟာထန်သို့တက်သော လမ်းအနည်းငယ်သာလျှင်ရှိပြီး တစ်လှမ်းချင်းစီတိုင်းကို စစ်တပ် တစ်ခုချင်းစီတိုင်းက စောင့်ကြပ်နေခဲ့သည်။ ထို့ကြောင့် လျို့ဝှက်လမ်း ရှိစရာအကြောင်းမရှိချေ။ ထိုကိစ္စက ယုံကြည်နိုင်ဖွယ်ရာမရှိချေ။ ပို၍ဆိုးသည်မှာ သတင်းတိုင်းကို ယွီစန်းဘက်မှ ရခြင်းဖြစ်သည်။ တိဗက်များကသာ ထိုကိစ္စက အမှန်အမှားဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိပေလိမ့်မည်။ မည်သူကမျှ ထိုကိစ္စက မှန်ကန်ကြောင်း သူတို့ဘက်မှ စတင်ပြီး အတည်ပြုပေးနိုင်မည် မဟုတ်ချေ။

တိကျသေချာသော သက်သေမရှိသည့်အခါ ဖုမာန်လင်းချာကလည်း ထိုကိစ္စကို မယုံကြည်ချေ။

သို့သော် ဒီတစ်ကြိမ်ကမူ ကွာခြားသွားလေပြီ။ ထိုတိုက်ပွဲက တောင်ပေါ်ဒေသတွင် သိပ်မကြာခင်ကမှ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး ဟယ်ပါးယဲ့က ကိုယ်တိုင်မြင်ခဲ့သည်။ ထို့ကြောင့်သူက ယုံကြည်ရန် ဖိအားအပေးခံရသည်။

“သွားရအောင် ငါကိုယ်တိုင် သွားကြည့်မယ်”

ဖုမာန်လင်းချာ၏ မျက်ဝန်းအတွင်း အလင်းလက်သွားသည်။ သူက ချက်ချင်းလိုလို ခန်းမထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။

...

ဖုမာန်လင်းချာကသာ တောင်ပေါ်ဒေသမှ တိုက်ပွဲကြောင့် မှင်သက်ရသူမဟုတ်ချေ။

“ဘာ ပူလုဟူရဲ့ တောင်စစ်တပ်က လဲပြိုသွားပြီ။ မျိုးမစစ်ကောင် ဘယ်အချိန်က ချီရှီကာကွယ်ရေး စစ်တပ်က ဒီလောက်ထိ လုပ်နိုင်စွမ်းအား ရှိသွားတာလဲ”

တိဗက်တောင်ပေါ်ဒေသ အတွင်းပိုင်း ထိုတိုက်ပွဲဖြစ်ရာ နေရာနှင့် လီတစ်ထောင်ခန့် ကွာဝေးသော နေရာတွင် ရှိနေသော ဖုမာန်လင်းချာက ဒေါသထွက်နေသည်။

“ဗိုလ်ချုပ် ဒါကချီရှီကာကွယ်ရေးစစ်တပ် မဟုတ်ပါဘူး။ မဟာထန်က အမည်မသိရတဲ့ နောက်ခံရှိတဲ့ အင်အားစုတစ်ခုပါ။ သူတို့က စစ်သည်အများကြီးမရှိဘူး။ ဒါပေမဲ့ သူတို့ရဲ့အင်အားက ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ နှစ်ဆကျော်လောက်ထိ အင်အားကြီးပါတယ်”

“အဲ့ဒါတင်မကသေးပါဘူး ဗိုလ်ချုပ်ပူလုဟူကလည်း တိုက်ပွဲမှာ မသတ်ခံလိုက်ရပါတယ်”

“ဗိုလ်ချုပ် ဒီကိစ္စကို ထပ်ခါတလဲလဲ အတည်ပြုပြီးပါပြီ ကျွန်တော်တို့ လိမ်နေတာ မဟုတ်ပါဘူး”

တောင်စစ်တပ်မှ အသက်ရှင်ကျန်ရစ်သော အရာရှိပေါင်း များစွာကမူ ဒူးထောက်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်ကမူ ကြောက်လန့်သောကြောင့် တဆတ်ဆတ် တုန်နေသည်မှာ ကြောင်ရှေ့ရောက်နေသော ကြွက်များကဲ့သို့ ထင်ရသည်။ ဒီစခန်းတွင် အာဏာအကြီးဆုံးလူက မဟာဗိုလ်ချုပ်ကြီး တုစုန့်မာန်ဖော်ကျဲ့ဖြစ်သော်လည်း လူတိုင်း အကြောက်ဆုံးလူကသာ သာ့ယန်မာန်ပန့်ဖြစ်သည်။ အကြောင်းမူကား သူက အင်ပါယာ၏ သတ်ဖြတ်ရေး နတ်ဘုရားဟူ၍ ခေါ်ထားကြပြီး သူကသာ အစစ်အမှန် အမိန့်ပေးသည့် အရာရှိဖြစ်ကြောင်း သိနေသောကြောင့်ဖြစ်သည်။

နည်းလမ်းများကို ပြောဆိုရာတွင် လူတိုင်းကလည်း အရှင်သာ့ယန်မာန်ပန့်က တုစုန့်မာန်ဖော်ကျဲ့ထက် အဆပေါင်းများစွာ အာဏာရှင်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း သိနေကြသည်။

“မျိုးမစစ်ကောင် မင်းက ပြန်ငြင်းရဲတာလား။ ချီရှီမှာ အကြီးဆုံးစစ်တပ်ဆိုလို့ ချီရှီကာကွယ်ရေးစစ်တပ်ပဲရှိတယ်။ မဟုတ်ရင် အန်းရှီက ကောင်းရှန်းကျစ်က သူ့ရဲ့စစ်သည်တွေနဲ့ လာတယ်လို့ ပြောနေတာလား”

သာ့ယန်မာန်ပန့်၏ မျက်လုံးက ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များအဖြစ် ပေါက်ကွဲထွက်မတက် ပြင်းထန်နေသည်။

ထိုတိုက်ပွဲတွင် မြင်းတပ် နှစ်သောင်းမှ သုံးသောင်းအထိ သေသွားသည်။ အရေအတွက်က မနည်းချေ။ သာ့ယန်မာန်ပန့်၏ ဘဝတွင် သည်းမခံနိုင်ဆုံး ကိစ္စကမူ ရှုံးနိမ့်ခဲ့သော အရာရှိတစ်ယောက်နှင့် ရှုံးနိမ့်ခဲ့သည်မှာ ရှင်းလင်းနေသော်လည်း တစ်ဖက်က အင်အားကြီးမားကြောင်း လာပြောပြီး ငြင်းဆန်ရဲသော လူမျိုးကိုဖြစ်သည်။ တောင်ပေါ်ဒေသမှ အင်အားကြီးသူ ရဲရင့်ပြတ်သားသူများကိုသာ ကိုးကွယ်ထားသည်။ ထိုမျှအထိ ကြောက်ရွံ့တွန့်ဆုတ်နေပြီး လုပ်ရဲကိုင်ရဲသော စိတ်ဓာတ်မရှိသည့် လူမျိုးက်ိုမူ အထင်သေးရှုံ့ချသည်။

ကြောက်လန့်နေသော ထိုတိဗက်ဗိုလ်ချုပ်က အသံတိုးသထက် တိုးသွားသည်။

“အရှင် ဒါက အန်းရှီစစ်တပ်မဟုတ်ပါဘူး။ သူတို့က ဝူရှန်းကပါ”

သို့သော် ဝူရှန်းဆိုသော စကားလုံးက ပါးစပ်မှ ထွက်ရုံသာရှိသေးသည် တဲစခန်းအတွင်းရှိ လေထု အခြေအနေက ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော သာ့ယန်မာန်ပန့်က ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခေါင်းကိုရုတ်တရက် မော့လိုက်သည်။ သူ၏အကြည့်က ထိုဗိုလ်ချုပ်ထံတွင်သာ ရှိနေသည်။

သာ့ယန်မာန်ပန့်၏ အပြောင်းအလဲကို သတိထားမိသွားသည့် ရွက်ဖျက်တဲထဲရောက်နေသော တောင်စစ်တပ်မှ ဗိုလ်ချုပ်တိုင်းက ကြောက်လန့်တကြား တိတ်ဆိတ်သွားကြသည်။ မည်သူကမျှလည်း မည်သည့်အတွက်ကြောင့် သာ့ယန်မာန်ပန့်က ထိုမျှအထိ ကြီးကြီးမားမား တုန့်ပြန်ကြောင်း မသိချေ။ သို့သော် ချက်ချင်းလိုလို လူတိုင်းက သတိလက်လွတ် ပိန်ပါးအားနည်းဟန်ရသည့် ဗိုလ်ချုပ်ကို ကြည့်လိုက်မိကြသည်။

“အရှင် ဝူရှန်းမှာ နောက်ထပ် စစ်သည်အင်အားစု တစ်ခုရှိတယ်ဆိုတဲ့ သတင်းရထားပါတယ်။ အရှေ့မြောက်ပိုင်းရဲ့ တြိဂံပုံစံရှိတဲ့ မြေကွက်လပ်နေရာမှာ ထန်စစ်သည်တော်တွေက အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ကျွန်တော်တို့ရှိရာ နေရာမှာ ခံတပ်ဆောက်နေခဲ့တာပါ။ ဒါက ဝူရှန်းရဲ့ သံမဏိမြို့ပုံစံနဲ့ တပုံစံထဲပါပဲ။ သုံးထားတဲ့ပစ္စည်းတွေကလည်း တူပါတယ်။ ဒီတိုက်ပွဲမတိုင်ခင် ကျွန်တော် ဗိုလ်ချုပ်ပူလုဟူကို သတိပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်က တိုက်ခိုက်ချင်စိတ် များနေခဲ့ပြီး နားမထောင်ခဲ့ပါဘူး”

ဒူးထောက်နေသော ဗိုလ်ချုပ်က ခေါင်းကိုဆက်ငုံ့လိုက်သည်။ သူ၏လက်က တင်းတင်းဆုပ်ထားသည်။ သူက အတက်နိုင်ဆုံး လှုပ်ရှားမှုနည်းအောင် ကြိုးစားနေခဲ့သည်။

ဝုန်း

ထို့နောက် ထိုစကားကို ပြောပြီးသည်နှင့် ရွက်ဖျင်တဲတစ်ခုလုံးက တုန်လှုပ်ခြောက်ခြားဖွယ် အေးစိမ့်မှုဖြင့် ကြီးစိုးသွားပြန်သည်။ ယခုလေးတင် ဒေါသတကြီးဖြစ်နေသည့် ခြင်္သေ့တစ်ကောင်လို ဖြစ်နေသည့် သာ့ယန်မာန်ပန့်က ချက်ချင်း တိတ်ဆိတ်သွားသည်။ ထိုအပြောင်းအလဲက တောင်စစ်တပ်မှ အသက်ရှင် ကျန်ရစ်ခဲ့သည့် ဗိုလ်ချုပ်တိုင်းကို မသက်မသာဖြစ်သွားစေသည်။ အချို့ကမူ အချင်းချင်း ကြည့်လိုက်ကြသည်။ သို့သော် မည်သူကမျှ စကားမပြောရဲကြချေ။ မည်သူကမျှလည်း ဘာဖြစ်နေကြောင်း မသိကြချေ။

“ငါ့ကိုပြောစမ်း အဲ့ဒီရန်သူစစ်တပ်ကို အမိန့်ပေးတဲ့ ဗိုလ်ချုပ်ကြီးရဲ့ပုံစံက ဘယ်လိုလဲ”

ရွက်ဖျင်တဲအတွင်းမှ အေးစိမ့်နေသော လေသံက ထွက်လာသည်။ ထိုအသံထဲတွင် မည်သည့် ခံစားချက်မျှ ရှိမနေခဲ့ချေ။

အားလုံးက ခေါင်းမော့ကြည့်လိုက်ချိန်တွင် သာ့ယန်မာန်ပန့်က ထိုင်ခုံမှ ထရပ်နေကြောင်း ဗိုလ်ချုပ်တိုင်းက မြင်လိုက်ကြရသည်။ သူ၏အသံက တည်ငြိမ်နေသည်။ သို့သော် အနှေးကွေးဆုံးလူကပင် ဒါက အစစ်အမှန် တည်ငြိမ်နေခြင်းမဟုတ်ကြောင်း သိနိုင်သည်။ အနှစ်ချုပ်ဆိုရသော် သာ့ယန်မာန်ပန့် ထုတ်ပြနေသည့် အေးစက်မှုက ယခုလေးတင် ဒေါသထွက်နေသည့် သာ့ယန်မာန်ပန့်ထက် ပို၍ ကြောက်စရာကောင်းသည်။

“အရှင် ဒီစစ်သည်တော်တွေကို ဦးဆောင်တဲ့ ထန်အမျိုးသားက ခြောက်ပေလောက်မြင့်တဲ့ တောင့်တင်းသန်မာလွန်းတဲ့ မြင်းကောင်းကြီးကို စီးထားတာပါ။ သူက သာမာန်လူတစ်ယောက်ရဲ့ အရပ်ထက်တောင် ရှည်လောက်မဲ့ ဓားကြီးကို လွှဲယမ်းတာပါ။ သူက တော်တော်လေးကို ကြောက်စရာ ကောင်းပါတယ်။ ဒါပေမဲ့သူက စစ်တပ်ရဲ့ အစစ်အမှန် အမိန့်ပေးသူ မဟုတ်နိုင်ပါဘူး”

အခြားသော တောင်စစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်က ဆက်ပြောသည်။

“အဲ့ဒီအစား တကယ် အမိန့်ပေးတဲ့လူက အသက် ၁၇နှစ်၊ ၁၈နှစ်သာရှိသေးတဲ့ လူငယ်လေးပါ။ ကျွန်တော်တို့ အားလုံးက ထန်စစ်သည်တော်တိုင်းက သူ့ရဲ့အမိန့်ကို နာခံကြတာကို တွေ့ခဲ့ရပါတယ်။ မြင့်မားပြီး တောင့်တင်းသန်မာလွန်းတဲ့ မြင်းကောင်းကြီးကိုစီးတဲ့ ရှစ်ပေကျော်တဲ့ အဲ့ဒီ လူထွားကြီးကလည်း သူ့ရဲ့အမိန့်ကို နာခံတာပါ”

ဝုန်း

ခလွက် ခလွက်

ရွက်ဖျင်တဲထဲမှ လက်သီးကျစ်ကျစ် ဆုပ်လိုက်သဖြင့် ကွဲအက်သံများပင် ထွက်လာခြင်းအားဖြင့် ပြောနေသည့် ဗိုလ်ချုပ်၏စကားကို ဖြတ်လိုက်သည်။ အထိတ်တလန့်ဖြစ်သွားသော တောင်စစ်တပ်မှ အရာရှိတိုင်းက ခေါင်းကို မော့လိုက်သောအခါ သာ့ယန်မာန်ပန့်၏ တည်ငြိမ်သော မျက်နှာက အလွန်အမင်း ပြာနှမ်းသွားကြောင်း မြင်လိုက်ရသည်။ သ၏အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသည့် မျက်လုံးများက သုန်မှုန်သွားသည်။

သူတို့၏နှလုံးသားက လေးလံသွားသည်။ သူတို့က ချက်ချင်း ပါးစပ်ပိတ်လိုက်ကြသည်။

မျိုးမစစ်ကောင်

ထိုတခဏတွင် ဘယ်သူကမျှ မသိနိုင်သည်မှာ သာ့ယန်မာန်ပန့်၏ နှလုံးသားထဲတွင်ရှိသည့် ဒေါသက ကောင်းကင်ထိ တက်နေခြင်းဖြစ်သည်။ ဝူရှန်းကို ထည့်ပြောလိုက်ပြီး အသက်၁၇နှစ်၊ ၁၈နှစ်ရှိသော လူငယ်အကြောင်း ပါလာသည်နှင့် ဘာမှဆက်ပြောရန် မလိုအပ်တော့ချေ။

ဝမ်ချောင်

သာ့ယန်မာန်ပန့်ကလည်း သူ့ရှေ့တွင် ရပ်နေသောလူက မည်သူဖြစ်ကြောင်း လှမ်းမြင်နိုင်ပြီး တောင်စစ်တပ်ကို အလဲထိုးကာ ရှုံးနိမ့်သွားစေခဲ့သောလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသကဲ့သို့ သိလိုက်ရသည်။ သာ့ယန်မာန်ပန့်အနေဖြင့် သိပ်မကြာခင်ကမှ ထိုးနှက်ချက်ကြီးကို လုပ်သွားပြီးကာစ ရှိသေးချိန်တွင် ထိုသံမဏိမြို့မှ ထန်လူငယ်က သူက လာတိုက်မည့် အချိန်ကိုပင် မစောင့်ဘဲ ကိုယ်ပိုင်စစ်တပ်ကိုပင် ဦးဆောင်ကာ တောင်ပေါ်ကိုတက်ပြီး တိုက်ခိုက်မည်ဟု မထင်ခဲ့ချေ။

“ငါ့အမိန့်ကိုထုတ်လိုက် စစ်သည်တော်တိုင်း အရှေ့မြောက်ဘက်ကို ဦးတည်ကြမယ်။ အဲ့ဒီတြိဂံပုံစံ မြေကွက်လပ်ကိုသွားမယ်။ ငါတို့အခုချက်ချင်း ထွက်ခွာရမယ်”

သာ့ယန်မာန်ပန့်၏ အေးစိမ့်နေသောအသံက ရွက်ဖျင်တဲအတွင်း ဟိန်းထွက်သွားသည်။ ထို့နောက် အေးခဲနေသည့် သတ်ဖြတ်လိုစိတ်ဆန္ဒက ပြင်းထန်စွာ ထွက်ပေါ်လာသည်။

“ဟုတ်ကဲ့”

ရွက်ဖျင်တဲထဲရှိ မည်သူကမျှ ဆက်မပြောရဲကြတော့ချေ။ အားလုံးက ခေါင်းငုံ့ကာ ထွက်ခွာသွားသည်။

ဘုန်း

မိနစ်အနည်းငယ် ကြာပြီးနောက် တိဗက်တောင်ပေါ်ဒေသ တစ်ခုလုံးအနှံ့ လွှမ်းခြုံသွားသည့် ကျယ်လောင်သော ရဲရင့်ပြတ်သားသည့် အားအင်အပြည့်နှင့် ခရာမှုတ်သံကြီးက ထွက်ပေါ်လာသည်။ လေပြင်းများက တိုက်ခတ်သည်။ မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက အနက်ရောင် ရွက်ဖျင်တဲ ထောင်ပေါင်းများစွာထံမှ ထွက်လာသည်။

ဟီး ဟီး ဟီး

စစ်မြင်းပေါင်းများစွာ၏ ဟီသံများက တောင်ပေါ်ဒေသတခွင် ဟိန်းထွက်သွားချိန်တွင် လေထုကပင် ပို၍ တင်းကြပ်သွားကာ အထိမခံဖြစ်သွားသည်။

ဘုန်း

အချိန်တခဏတည်းနှင့် မြေကမာ္ဘက တုန်ဟီးသွားသည်။ ကြီးမားသော တိဗက်မြင်းတပ် စစ်တပ်ကြီးက အနက်ရောင် ဒီရေလှိုင်း တက်လာသလို ချီတက်ထွက်ခွာသည်။ ထွက်ခွာသွားသော မြင်းတပ်ထဲတွင် အထူးအဖွဲ့အစည်းတစ်ခုပါသည်။ ထိုအဖွဲ့အစည်းမှ မြင်းသည်တော်တိုင်း စီးထားသည့်မြင်းက အဖြူရောင်ဖြစ်နေသည်။ ထိုစစ်တပ်က ကျော်ကြားသော သာ့ယန်မာန်ပန့်၏ အမိန့်အောက်တွင်ရှိသည့် သတ္တိဖြူဖြစ်သည်။

ဝူရှန်းနှင့် ဝမ်ချောင်အကြောင်း ထည့်ပြောလိုက်သည်နှင့် သာ့ယန်မာန်ပန့်၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွပြီးသားဖြစ်သည်။ လူသစ်နှစ်သောင်းခုနှစ်ထောင်၏ သေဆုံးမှုနှင့် ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းမှ သာ့ယန်ဖူရယ်တို့၏ သေဆုံးမှုပင်ဖြစ်စေ၊ ပူလုဟူ၏စစ်တပ် ဖျက်စီးခံရခြင်းပင်ဖြစ်စေ ... အနောက်တောင်ပိုင်းမှ နာ့ယိစစ်သည်တော်များ၏ သေဆုံးမှုကြောင့်ပင်ဖြစ်စေ သာ့ယန်မာန်ပန့်က မည်သည့် အကြောင်းပြချက်ကြောင့်မဆို ယွီစန်းကို ခြိမ်းခြောက်နိုင်သည့် ဝမ်ချောင်ကိုသတ်ရန် အကြောင်းပြချက် လုံလောက်နေခဲ့သည်။

ဝုန်း

ဖုန်လုံးများက ကောင်းကင်သို့ ထိုးတက်သွားချိန်တွင် စစ်တပ်တစ်ခုလုံးက အရှေ့မြောက် ထောင့်ကျသော တစ်နေရာတွင် ရှိနေသည့် တြိဂံပုံသဏ္ဍန် မြေကွက်လပ်ထံ ဦးတည်ကြသည်။ ထိုအချိန်တွင် စစ်တပ်က ချီတက်လိုက်သည်နှင့် သတင်းပို့ငှက်တစ်ကောင်က ထိုစစ်တပ်၏ စခန်းထဲရှိ ပို၍ကြီးမားသော ရွက်ဖျင်တဲကြီးထံ ဦးတည်ကာ ထွက်ခွာသွားသည်။

“မဟာဗိုလ်ချုပ်ကြီး သတင်းဆိုးပါ။ ဗိုလ်ချုပ်သာ့ယန်က စစ်တပ်တစ်ခုလုံးကို စုစည်းတဲ့အမိန့်ထုတ်ပြီး စခန်းက ထွက်ခွာသွားပါပြီ။ သူက ချီရှီကာကွယ်ရေးစစ်တပ် ရှိရာဘက်ကို ဦးတည်သွားတာပါ”

သတင်းပို့သည့် သံတမန်က မြေပြင်တွင် ဒူးထောက်နေသည်။ သူ၏ ခေါင်းတစ်ခုလုံး ချွေးများရွဲနေလေပြီ။

ယွီစန်းရှိ လူတိုင်းကလည်း တုစုန့်မာန်ဖော်ကျဲ့ကဲ့သို့သော မဟာဗိုလ်ချုပ်ကြီးများကသာ နယ်မြေတွင် အမြင့်ဆုံး အမိန့်ပေးနိုင်စွမ်းရှိသူများဖြစ်ပြီး စစ်တပ်ကို စုစည်းခိုင်းရန် အာဏာရှိသူများဖြစ်ကြသည်။ သူ၏အမိန့်မရှိသလို မဟာဗိုလ်ချုပ်ကြီး၏ တံဆိပ်ပြားမပါသော်လည်း သာ့ယန်မာန်ပန့်က စစ်တပ်ကို စုစည်းပြီး ထွက်ခွာသောကိစ္စက တိဗက်၏ စည်းမျဉ်းများကို ဖောက်ဖျက်နေသည်။

“အဆင်ပြေတယ် ငါသိပြီးပြီ”

အနက်ရောင်ရွက်ဖျင်တဲကြီးထဲတွင် ရှိနေသည့် တုစုန့်မာန်ဖော်ကျဲ့က ရိုးရှင်းသော ကုလားထိုင်တွင်သာ ထိုင်နေသည်။ သူ၏လက်ထဲတွင် ရေနွေးကြမ်းခွက်ကို ကိုင်ထားပြီး အခြားတစ်ဖက်က ရေနွေးကြမ်းအဖုံးကို ကိုင်ထားလျှက် လက်ဖက်ခြောက်များကို အဝေးသို့ တွန်းဖယ်နေသည်။ ထိုအရာက ‘အ့ရေနွေးကြမ်း’ဖြစ်ပြီး အနောက်တောင်ပိုင်းမှ လက်ဖက်မြင်းကုန်သည်များထံမှ ရရှိလာခြင်းဖြစ်သည်။ တိဗက်များက အဆီများသော အသားများကို အလွန်စားသောကြောင့် သူတို့က မဟာထန်နှင့် မာန်ရှဲ့ကျောင်းတို့ထံမှ လက်ဖက်ခြောက်များကို ဝယ်ရသည်။ တော်ဝင်မဟာဗိုလ်ချုပ်ကြီးဖြစ်သည့် တုစုန့်မာန်ဖော်ကျဲ့က အကောင်းဆုံး အရည်အသွေးရှိသည့် အ့ရေနွေးကြမ်းကို သောက်ရန် အဆင့်မှီသည်။

သူက သာ့ယန်မာန်ပန့်၏ သတင်းကို ကြားသောအခါ တုစုန့်မာန်ဖော်ကျဲ့၏ မျက်နှာက တည်ငြိမ်နေသေးသည်။ သူက ဂရုစိုက်ဟန်ပင် မရချေ။

All Chapters