အခန်း (၇၈၆-၇၉၀)
Vol. 42 Ch. 786-790
အခန်း(၇၈၆)
ဝမ်ချောင်နှင့် သာ့ယန်မာန်ပန့်တို့၏ သူတော်စင်သိုင်း ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကြားမှ တိုက်ပွဲတွင် ဝင်ပါနိုင်သည့် တစ်ဦးတည်းသောလူက အနာဂတ်မှာ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီးဖြစ်သည့် လီစစ်ယဲ့ဖြစ်သည်။
သံမဏိမြို့မှ တိုက်ပွဲအတောအတွင်း ဝမ်ချောင်က ချန်းစန်းယွမ်၊ စုရွွှတ်ရွှမ်း၊ ရွှီခဲ့ယွီနှင့် သူ၏ အခြားသော အရာရှိများနှင့် လူနှစ်ရာကျော်ကို စုစည်းပြီးနောက် အဖွဲ့အဖြစ်ဖွဲ့ကာ ဝင်္ကပါတိုင်းဖြင့် ဝိုင်းစေလျှက် သာ့ယန်မာန်ပန့်ကို တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် သူ့ကို နောက်ဆုတ်အောင် လုပ်နိုင်ခဲ့သည်။ သို့သော် လီစစ်ယဲ့ကမူ မတူတော့ချေ။
သူက ဝမ်ချောင်၏ လက်အောက်တွင် လက်ရှိအနေအထားအရ အင်အားအကြီးဆုံး လက်အောက်ငယ်သားဖြစ်ပြီး ဘယ်သူကမှ သူ၏နေရာကို အစားမထိုးနိုင်ချေ။
လီစစ်ယဲ့က အင်အားကြီးမားလွန်းသေးသည့်အတွက် သာ့ယန်မာန်ပန့်ကဲ့သို့ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးကပင် သူတို့ကို လျစ်လျူမရှု့နိုင်ချေ။ သူ၏ သိုင်းများက ကြမ်းတမ်းပြီး ဖျက်ဆီးခြင်း ကြယ်တာရာစွမ်းအင်များအပြည့် ထုတ်လွှတ်နိုင်စွမ်းအားရှိသည်။ သာ့ယန်မာန်ပန့်က တစ်ဖွဲ့ချင်းစီတိုင်းကို တားရန်ကြိုးစားနေသော်လည်း သူကိုယ်တိုင်ကလည်း ထိုသို့တားရန်အတွက် ကြယ်တာရာစွမ်းအင်များ ထုတ်သုံးထားရသည့် ပမာဏက မနည်းချေ။ တောင်ပေါ်ဒေသမှ သတ်ဖြတ်ခြင်း နတ်ဘုရားကလည်း ကသိကအောက်ဖြစ်လာကာ စိတ်အနှောက်အယှက် ဖြစ်လာသည်။ သူကိုယ်တိုင်ကလည်း ထိုကိစ္စနဲ့ ပတ်သတ်ပြီး မည်သို့မျှ မပြောင်းလဲနိုင်ချေ။
“သောက်ကျိုးနည်းအကောင် ငါမင်းကို သတ်ပေးမယ်”
သာ့ယန်မာန်ပန့်၏ သတ်ဖြတ်လိုစိတ်များက ပေါက်ကွဲသွားပြီး ရုတ်တရက် ဘုန်းကနဲမြည်သံနှင့်အတူ သူက ဝမ်ချောင်ကို အဝေးသို့ တွန်းထုတ်လိုက်သည်။ ထို့နောက် သူ၏လှံကို ပြန်လှည့်လိုက်ပြီးနောက် လီစစ်ယဲ့ကိုထိုးသွင်းသည်။ ထိုတိုက်ကွက်က အလွန်အမင်း ရုတ်တရက် ဆန်လွန်းသလို အလွန်အမင်းလည်း မြန်ဆန်နေသေးသည်။ ထို့ပြင်လှံက လေအတွင်း ဆွဲစုပ်အားလှိုင်းများကိုပင် ထုတ်ဖော်လိုက်သေးကာ လေထုကိုပင် တွန့်လိမ်ရှုံ့တွသွားစေသည်။
လှံထိပ်ပေါ်တွင် ပါဝင်နေသော ဖျက်ဆီးခြင်းစွမ်းအားများက သတ္တုကိုပင် ထိုးဖောက်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။
လီစစ်ယဲ့က သူတော်စင်သိုင်းနယ်မြေအဆင့်သို့ မရောက်သေးချေ။ သူကသာ ထိုတိုက်ကွက်အောက်သို့ ရောက်သွားမည်ဆိုလျှင် သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရ သို့မဟုတ် သေသွားနိုင်သည်အထိ ဖြစ်သွားနိုင်သည်။
ဘုန်း
သာ့ယန်မာန်ပန့်ကို အံ့အားသင့်စေသည်မှာ အလွန်အမင်း ကြမ်းတမ်းပြီး ခက်ထန်ကြမ်းတမ်းစွာ တိုက်ခိုက်တတ်သည့် လီစစ်ယဲ့က ထိုတိုက်ကွက်ကို ကြိုတင်ခန့်မှန်းမိသလို ဖြစ်နေသည်။ သူ၏ ဖာဟာနာ တောင်ပေါ်မြင်းက ရုတ်တရက် နောက်သို့ ခုန်ဆုတ်လိုက်ခြင်းအားဖြင့် သာ့ယန်မာန်ပန့်၏ ခပ်ကြမ်းကြမ်း တိုက်ကွက်ကို အချိန်မှီကြိုတင်ကာ ရှောင်လိုက်နိုင်သည်။
ဘုန်း
လှံထိပ်မှထွက်လာသည့် စွမ်းအင်တိုင်းက အနက်ရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျန်းတစ်ဆယ်ကျော် ရှည်လျားသော ခပ်ကြမ်းကြမ်း စီးဆင်းနေသည့် မြစ်တစ်စင်းကဲ့သို့ တိုးဝင်သွားသည်။ ထိုအရာက တိုက်ပွဲနယ်မြေတခွင် ပျံ့နှံ့သွားသောအခါ မြင်းများကဟီကာ အလန့်တကြား အော်ဟစ်ကြပြီး သတ္တိဖြူများနှင့် ဝူရှန်းမြင်းတပ်ကမူ ပေါင်းပင် မြက်ပင်များကဲ့သို့ လေထဲသို့ လွင့်ထွက်ကုန်သည်။
တိုက်ပွဲနယ်မြေအတွင်းသို့ ပိန်းပိတ်အောင် မည်းမှောင်သော ထိုလှံစွမ်းအင်များက ဝင်ရောက်သွားပြီး နေရာတိုင်းကို ကစဉ့်ကလျား ဖြစ်သွားစေသည်။
“မျိုးမစစ်ကောင်”
သာ့ယန်မာန်ပန့်က ကျိန်ဆဲသည်။ သို့သော် သူကိုယ်တိုင်ကလည်း အခွင့်အရေး ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သိလိုက်သည်။ အခြားတစ်ဖက်တွင် ဝမ်ချောင်က ပြန်လည်တိုက်ခိုက်လာပြီဖြစ်သည်။ ကြမ်းတမ်းလွန်းသော ခရမ်းရောင်မီးတောက်များက သာ့ယန်မာန်ပန့်၏ ကြယ်တာရာစွမ်းအင်များကို ဆီကိုမီးဖြင့်ရှို့နေသလိုမျိုး တိုက်ခိုက်လာခဲ့သည်။
ကြယ်တာရာစွမ်းအင် ရှို့နိုင်သူနှင့် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းတို့ကို ပေါင်းသုံးလိုက်သည့်အပြင် ကြယ်တာရာစွမ်းအင် ထိုးဖောက်သူကို ထပ်မံအားဖြည့်ထားသည့်အလျောက် သာ့ယန်မာန်ပန့်က ဝမ်ချောင်ထက် ခေါင်းနှင့်ပုခုံး သာနေလျှင်ပင် ဝမ်ချောင်ကလည်း သူ၏အင်အားများကို လျော့ပါးအောင်လုပ်ပြီး အင်အားအပြည့် ထုတ်မသုံးနိုင်အောင် တားမြစ်နိုင်နေသေးသည်။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်၊ သာ့ယန်မာန်ပန့်နှင့် လီစစ်ယဲ့တို့က တိုက်ပွဲထဲတွင် အကြိတ်အနှယ် တိုက်ခိုက်နေကြချိန်တွင် တိုက်ပွဲနယ်မြေ၏ တစ်နေရာတွင်မူ ပေါက်ကွဲသံများက ထွက်ပေါ်လာပြီး အားလှိုင်းပေါင်းများစွာ ထွက်ပေါ်လာလျှက် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ထို့နောက် ထိုနေရာတစ်ခုလုံးကို ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျောက်စရစ်ခဲများ၊ ဖုန်များက လွှမ်းခြုံသွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသော သိန်းငှက်ငါးကောင်က ဟိန်းဟောက်သည်။
ပေါက်ကွဲမှုငါးခုနှင့်အတူ တစ်စုံတစ်ရာက ပေါက်ကွဲကာ လွင့်ထွက်သွားသလို ဖြစ်သွားသည်။ ပါးလျသော မြူထုတစ်ခုက တဖြည်းဖြည်းချင်း ပျံ့သထက်ပျံ့လာကာ သတ္တိဖြူများကို ချက်ချင်းလိုလို လွင့်ထွက်သွားစေသည်။ နတ်ခွန်အားများက သူတို့၏ ကိုယ်အတွင်းမှ ခွာထွက်သွားသလိုမျိုး လေလျော့သွားသော ပူဖောင်းများကဲ့သို့ ဖြစ်သွားသည်။ စက္ကန့်အနည်းငယ်ထဲနှင့် မူလအင်အားအဆင့်မှ နိမ့်ကျသွားကြပြီး အင်အားနည်းပါးသွားကြသည်။
သတ္တိဖြူတိုင်းက မှင်သက်ကြောင်အသွားကြပြီး စိတ်ရှုပ်ထွေးသွားကြသည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်နှင့် လီစစ်ယဲ့တို့ကို ပူးပေါင်းတိုက်ခိုက်နေသည့်တိုင်အောင် ပေါက်ကွဲသံငါးသံကို ကြားလိုက်ပြီး သတ္တိဖြူများ၏ အပြောင်းအလဲကို အာရုံခံမိလိုက်သည်နှင့် သူက ချက်ချင်းလိုလို ဖြူစုပ်သွားသည်။ သာ့ယန်မာန်ပန့်ကလည်း ထိုသို့ ပေါက်ကွဲမှုငါးခုက မဟာဘွန်းနှလုံးသား ကြိုးပျက်သွားသောကြောင့် ဖြစ်လာကြောင်း သိနေသည်။ ဝင်္ကပါက အက်ကွဲသွားလေပြီး မဟာဘွန်း၏နှလုံးသားအတွက် လုပ်ထားရသော ပူဇော်မှုခြောက်ခုနှင့် ပတ်သတ်သော ပစ္စည်းများ ရှိနေသေးပြီး ထိုထဲမှ တစ်ခုလောက် ကျန်နေသေးသော်လည်း အမှန်တိုင်းဆိုရသော် တစ်ခုတည်းကျန်နေခြင်းက အဓိပ္ပာယ်မရှိတော့ချေ။ အကြောင်းမူကား ငါးခုကို ဆုံးရှုံးလိုက်ရသောကြောင့် ဖြစ်သည်။ ထိုတစ်ခုတည်းသော ကျန်နေသည့် ပစ္စည်းက ဝင်္ကပါကို အပြည့်အဝ ထောက်ပံ့ပြီး စစ်တပ်တစ်ခုလုံးကို အင်အားဖြည့်တင်းပေးရန် မလုံလောက်တော့ချေ။
အတိတ်တိုက်ပွဲများတွင်လည်း ထိုသို့ အခြေအနေမျိုးများ မဖြစ်ပျက်ခဲ့ဖူးချေ။ အကြောင်းမူကား ရန်သူက မဟာဘွန်းနှလုံးသားအကြောင်း မသိထားကြသလို မဟာဘွန်းဝင်္ကပါအကြောင်းလည်း နားမလည်ထားကြချေ။ မဟာဘွန်းနှလုံးသားက ဘယ်သောအခါမှ အန္တရာယ် မရှိခဲ့ဖူးချေ။ ယခုမူ ထိုအရာက ပျက်စီးသွားပြီဖြစ်သည်။ ထို့ကြောင့် ခုခံမှုအားနိမ့်သော ပြဿနာ တစ်ခုထဲ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ အင်အားသုံးကာ နှောက်ယှက်ခံလိုက်ရသောကြောင့် စစ်တပ်တစ်ခုလုံး၏ အင်အားများက လျော့ကျသွားခြင်းဖြစ်သည်။
အခြေအနေက အလွန်အမင်း အန္တရာယ်များသွားသည်။
“ဟား ဟား ဟား စစ်သားတို့ ငါ့အမိန့်ကိုနာခံကြ။ ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်။ တိဗက်ဝင်္ကပါကို ဖျက်ဆီးလိုက်တော့”
ဝမ်ချောင်ကအော်သည်။
အရာအားလုံးကို ထိုသို့ အောင်မြင်အောင် ပြင်ဆင်ထားခဲ့ရခြင်းဖြစ်သည်။ ယခုလိုမျိုး ရှုံ့နိမ့်သွားအောင်လည်း တစ်ဖက်သူက ပြင်ဆင်မှုမဲ့အောင် လုပ်ထားခဲ့ရခြင်းဖြစ်သည်။ သာ့ယန်မာန်ပန့်က အကောင်းဆုံးကြိုးစားပြီး မဟာဘွန်းနှလုံးသားကို ဖုံးကွယ်ကောင်း ဖုံးကွယ်ပေးလိမ့်မည်။ သို့သော် ထိုကဲ့သို့သော အရာမျိုးကို ဝမ်ချောင်၏ရှေ့တွင် ဖုံးကွယ်၍မရချေ။ သူလုပ်ကြံသတ်ဖြတ်သူ အဖွဲ့ခြောက်ဖွဲ့က နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်။ မဟာဘွန်းနှလုံးသားက ပျက်စီးသွားသည်နှင့်အတူ သူက တိုက်ပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီဖြစ်သည်။
အခုသူ့ဘက်က ပြန်ရပ်ရမဲ့အလှည့်ပဲ။
ဝုန်း
ဝူရှန်းမြင်းတပ်က တဖန်ထပ်ပြီး သူတို့၏ ဝင်္ကပါအတိုင်း ဆက်လက်ကာ ထွက်ခွာလှုပ်ရှားသည်။ ထိုနည်းအားဖြင့် လှည့်ပတ်နေသော ဆွဲစုပ်အားလိုအရာများကို မာကြောကာ ကြမ်းတမ်းသည့် ဓားသွားများအဖြစ် ပြောင်းလဲလိုက်သည်။ ထိုသို့ဖြင့် ပင်လယ်၏ အားလှိုင်းများကဲ့သို့ ပြင်းထန်လွန်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဆက်တိုက် စီးဝင်လာကာ သတ္တိဖြူများထံသို့ တိုးဝင်သွားခဲ့သည်။
ဟီး ဟီး ဟီး
တောင်ပေါ်မြင်းများက ဟီလျှက်လဲကျသွားကြသည်။ သတ္တိဖြူများကလည်း မရပ်တန့်နိုင်တော့သလိုမျိုး ဖြစ်နေခဲ့ရာမှ ချက်ချင်းလိုလို ဖိနှိပ်ခံလိုက်ရသည်။ သူတို့၏ခုခံမှု၊ သူတို့၏တိုက်ခိုက်မှု အားလုံးက ဝုန်းကနဲ ပြိုလဲကျသွားလေသည်။ တဘုန်းဘုန်း မြည်သံများနှင့်အတူ စစ်မြင်းများက စစ်မြင်းအချင်းချင်း ထိပ်တိုက် ရင်ဆိုင်မိကြသည်။ သတ္တုများက သတ္တုချင်း ထိပ်တိုက်ရင်ဆိုင်မိကြသည်။ ပို၍များပြားသော သတ္တိဖြူများက လဲကျကုန်ကြသည်။
သတ္တိဖြူများက ယခုလေးတင် ဝူရှန်းမြင်းတပ်ကို လက်သီးတစ်ချက်တည်းနှင့် လွင့်ထွက်အောင် လုပ်နိုင်ပြီး လေးစားဖွယ်ကောင်းသော နတ်ဘုရားများကဲ့သို့ ဖြစ်နေခဲ့သေးသည်။ သို့သော် ယခုမူ ထိုတစ်ချက်ကိုပင် မခံနိုင်တော့သည့် အနေအထားသို့ ရောက်သွားပြန်သည်။
ဝူရှန်းမြင်းတပ်ငါးထောင်က မည်သည့်နေရာသို့ သွားနေစေကာမူ သတ္တိဖြူများက သူတို့၏ သားရဲမြင်းခွာများအောက်တွင် နင်းခြေခံလိုက်ရသည်။
ချွင်
ဝူရှန်းမြင်းတပ် ပထမတစ်သုတ်က ကျော်ဖြတ်သွားပြီးနောက် ဒုတိယတစ်သုတ်က တဖန် ချီတက်လာသည်။ သူတို့၏ ဓားများက လေကိုထိုးခွဲနေသည်။ သတ္တိဖြူများ၏ ခေါင်းများကလည်း လေထဲသို့ လွင့်ထွက်သွားသည်။ သူတို့၏မျက်လုံးက ပြူးလျှက်သာ ဖြစ်နေသေးသည်။ သူတို့က သေသွားသည့်တိုင်အောင် သူတို့က တောင်ပေါ်ဒေသတွင် ပြန်လည်ရှုံးလိုက်ရမည်ဟု မမျှော်လင့်ထားကြသေးချေ။
ထို့ပြင် သူတို့က အမြဲတစေ ထန်များကို အထင်သေးခဲ့သည်။ ထိုသို့ အထင်သေးခဲ့သော ထန်များ၏ လက်ထဲတွင်ပင် သူတို့က ရှုံးသွားခဲ့ရသည်။
“လီစစ်ယဲ့ သွား”
ဝမ်ချောင်က ရှေ့သို့ ချီတက်သွားပြီးနောက် အော်လိုက်သည်။
ဝမ်ချောင်ကလည်း သာ့ယန်မာန်ပန့်၏ စိတ်အခြေအနေက မတည်ငြိမ်ကြောင်း မြင်နိုင်သည်။ သူ၏ အကြံအစည်များက ပြောင်းပြန်အလှန်ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် ဒီအခြေအနေကိုယူပြီး သူ့ကို အကောင်းဆုံးသတ်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ ဒီနည်းအားဖြင့် ချီရှီကို ခြိမ်းခြောက်နိုင်သော တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ပေလိမ့်မည်။
“ကြယ်တာရာစွမ်းအင်ရှို့နိုင်သူ”
“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”
“နတ်ဘုရားနဲ့မိစာ္ဆ ပျောက်ပျက်ခြင်းသိုင်း”
ဝမ်ချောင်၏ ခန္ဓာကိုယ်၏ အပေါ်ပိုင်းက ခရမ်းရောင်မီးတောက်များဖြင့် တောက်လောင်နေပြီး သူက အင်အားအကြီးဆုံးသိုင်းကို အကန့်အသတ်သို့ တိုးမြှင့်လိုက်သည်။ ထိုအချိန်တွင် သူ၏လက်ထဲမှ ဓားက မြွေတစ်ကောင်ကဲ့သို့ ပျော့ခွေသွားပြီးနောက် အမျိုးမျိုးသော သူတော်စင်သိုင်းနယ်မြေ အဆင့်မှ သိုင်းတိုင်းကို သာ့ယန်မာန်ပန့်ပေါ် ထုတ်သုံးလိုက်သည်။
ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ အနေအထားက လျှင်မြန်စွာ သွားလာလှုပ်ရှားနိုင်နေခဲ့သည်။ သူက အရှေ့ဘက်မှ အနောက်ဘက်၊ အနောက်မှ အရှေ့ဘက် ထိုသို့ဖြင့် သွားလာနေခဲ့သည်။ စစ်မြင်းများ၏ သွားလာမှုက သူ၏လှုပ်ရှားမှုကို မကန့်သတ်နိုင်ချေ။ ထို့ကြောင့် ပို၍ပင် ခက်ခဲသွားစေသည်။
အခြားတစ်ဖက်တွင် လီစစ်ယဲ့ကလည်း ခပ်တန်းတန်း အော်ဟစ်လိုက်သည်။ သူကလည်း ဒီအခြေအနေက တိုက်ခိုက်ရန် အခွင့်ရေးဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ၏တန်ထန်းက ဟိန်းဟောက်သံများ ထွက်လာပြီးနောက် ကြယ်တာရာစွမ်းအင်များကို ဆက်တိုက် ထုတ်လွှတ်သည်။
သူ၏ ကြီးမားသော ဝု့စ်သံမဏိဓားကြီးက မြစ်တစ်ခု၏ စီးထွက်လာသော ရေများကို ခုတ်ပိုင်းလိုက်သလိုမျိုး သာ့ယန်မာန်ပန့်ကို ဘက်ထောင့်တိုင်းမှ ခုတ်ပိုင်း ထိုးသွင်း တိုက်ခိုက်ရန် ကြိုးစားသည်။
လီစစ်ယဲ့၏ ကြယ်တာရာစွမ်းအင်က ကြမ်းတမ်းပြီး အာဏာရှင်ဆန်သည်။ ခုတ်ချက် တစ်ချက်ချင်းစီတိုင်းက သာ့ယန်မာန်ပန့်၏ ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို ရှင်းလင်းနိုင်နေခဲ့သည်။ သာ့ယန်မာန်ပန့်၏ ကြယ်တာရာစွမ်းအင်များက ဆက်တိုက် ကုန်ဆုံးလာနေပြီး သူ၏အားသာချက်များက ထင်သလောက် မနက်ရှိုင်းတော့ချေ။
“သေလိုက်ပါတော့ မျိုးမစစ်နှစ်ကောင် ငါမင်းကို အရင်သတ်လိုက်ရင်တောင်မှ အခြေအနေက တူနေဦးမှာပဲ”
သာ့ယန်မာန်ပန့်၏ မျက်လုံးက သွေးနီရောင်လွွှမ်းလာသည်။ သူက သူ၏ဒေါသကို မဖိနှိပ်နိုင်တော့ချေ။
ဒီနေ့မတိုင်ခင်ကအထိ သူ၏သတ္တိဖြူများက အကောင်းဆုံး လေ့ကျင့်ပေးထားသော စစ်သားများဖြစ်ကြောင်း သူက ယုံကြည်ထားခဲ့သည်။ သူ၏ ကြယ်တာရာစွမ်းအင်က မည်သည့် အင်အားစုထက်မဆို သာနေလောက်အောင် ပြီးပြည့်စုံစွာ ပူးပေါင်းနိုင်စွမ်းအားရှိကြောင်း နားလည်နိုင်စွမ်းအား မြင့်မားထားကြသည်။ သို့သော် သူက ဝူရှန်းမြင်းတပ်ကို မြင်လိုက်မှသာ အရည်အချင်း အမှန်တကယ်ရှိသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း နားလည်လိုက်ရသည်။
သတ္တိဖြူများ၏ နိမ့်ကျမှုအားနည်းချက်က သိသာသွားသည်။ မဟာဘွန်းနှလုံးသားက အင်အားကို စတင်ထုတ်ပြသောအခါ ဝူရှန်းမြင်းတပ်က အံ့အားတကြီး ဖြစ်သွားကြသည်။ သို့သော် သူတို့က သူတို့၏ ဝင်္ကပါကို ဆက်လက် ထိန်းထားကြသေးပြီး ဟန်ချက်ကိုပြန်ထိန်းကာ အင်အားအပြည့်သုံးပြီး သတ္တိဖြူများကို ရင်ဆိုင်ခဲ့သေးသည်။
သို့သော် မဟာဘွန်းနှလုံးသားက ပျက်စီးသွားသောအခါ ဝူရှန်းမြင်းတပ်က သူတို့၏ နဂိုနှလုံးသားအတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူတို့က ဒီအတွေ့အကြုံ၏ စမ်းသပ်မှုကို မခံခဲ့ရချေ။
အနှစ်ချုပ်ဆိုရသော် သတ္တိဖြူများကသာ အမြဲတစေ ရန်သူများကို အလဲထိုးသည့် အနေအထားမျိုးကို ရင်ဆိုင်ခဲ့ရသောကြောင့် အားနည်းသည့်ဘက်သို့ ရောက်သွားသည့်အခါ ကိုင်တွယ်ရမည့် အနေအထားမျိုးကို နားမလည်နိုင်တော့ချေ။
ထို့ကြောင့် အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်နေရသည့် ဒီတိုက်ပွဲတွင် သတ္တိဖြူများ၏ ပစ်ချက်နှင့် ပြောင်းလဲချက်က သိသာထင်ရှားစွာ ပေါ်ထွက်လာသည်။
“အား”
လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်နေပြီး သတ္တိဖြူ ထောင်ပေါင်းများစွာက အားအင်မဲ့စွာဖြင့် ဝူရှန်းမြင်းတပ်အောက်တွင် ဒုက္ခရောက်နေကြရသည်။ ဝူရှန်းမြင်းတပ်တိုင်းကလည်း အတူတကွ ပူးပေါင်းသည်။ သူတို့က မည်သည့် ဟာကွက်ကိုမျှ မထုတ်ဖော်ထားခဲ့ချေ။ တစ်ဖွဲ့ချင်းစီတိုင်းတွင် ကိုယ်ပိုင်တာဝန် ရှိနေသည်။
ဓားများကိုလေထဲသို့ ယမ်းလိုက်ချိန်တွင် တိဗက်ပေါင်းများစွာက လဲပြိုကျသည်။ သူတို့၏သွေးများက အိုင်ထွန်းလာပြီး မြေကမာ္ဘ၏ မြေဩဇာအဖြစ် ပြောင်းလဲရသည်။ သူတို့၏ သွေးနီရောင် သံချပ်ကာတိုင်းက အနားတွင် အဖော်ပြုပေးနေသည်။
သာ့ယန်မာန်ပန့်၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ကျလာပြီး သတ္တိဖြူများ၏ သမိုင်းတွင် ထိုမျှအကြီးအကျယ် ဆုံးရှုံးမှုမျိုး မရှိခဲ့ဖူးသေးချေ။ ဒါက ဆယ်ယောက် အယောက်နှစ်ဆယ် ဆုံးရှုံးမှု မဟုတ်တော့ချေ။ အယောက်တစ်ရာ၊ အယောက်နှစ်ရာ ဆုံးရှုံးမှုမျှ မကသေးချေ။
ယခုလို အချိန်တို အတောအတွင်း သတ္တိဖြူများ၏ ဆုံးရှုံးမှုက တစ်ထောင်ပင်ကျော်လာသည်။ ယခင်ကတည်းက သတ္တိဖြူက ငါးထောင်သာ ရှိနေခဲ့ခြင်းဖြစ်နေသည်။
အခန်း(၇၈၇)
“မဟာနှင်းချိတ်စည်း မိစာ္ဆနဂါးက အရာအားလုံးကို ဖျက်ဆီးမယ်”
သာ့ယန်မာန်ပန့်၏ မျက်နှာထားက တင်းမာပြတ်သားသွားသည်။ သူ၏မျက်လုံးကလည်း နီရဲလာသလို ကြယ်တာရာစွမ်းအင်များက သူ၏ဒန်တန်ထဲမှ ပေါက်ကွဲထွက်လာသည်။ ချက်ချင်းလိုလို သူက တောင်ပေါ်ဒေသ နယ်မြေတစ်ခုလုံးက နှင်းနှင့်ရေခဲနေရာအဖြစ် ပြောင်းလဲခံလိုက်ရသလိုမျိုး သူရှိရာ နေရာနှင့် ကျန်းတစ်ဆယ် ပတ်ဝန်းကျင် ဒေသအတွင်းရှိ အပူချိန်က ဆက်တိုက် ထိုးကျသွားသည်။ နှင်းမှုန်များပါဝင်သော လေပြင်းက တိုက်ခတ်လာသည်။ ကောင်းကင်ကပင် တဖြည်းဖြည်းချင်း နှင်းများအောက်သို့ ရောက်လာသည်။
ဝေါင်း
ကောင်းကင်အောက်တွင် နဂါးထောင်ပေါင်းများစွာက စတင်ကာ ဟိန်းဟောက်လာသည်။ တစ်လောကလုံးက မှေးမှိန်ကျသွားသည်။ သာ့ယန်မာန်ပန့်ကလည်း ပျောက်ကွယ်သွားသည်။ သူ၏နဂိုနေရာတွင် တောင်တန်းတမျှ ကြီးမားကာ သွေးနီရောင် တောက်ပသော မျက်လုံးတစ်စုံနှင့် နဂါးကြီးတစ်ကောင်က ပေါ်လာသည်။ သူ၏လက်သည်းကြီးက ဝမ်ချောင်နှင့် လီစစ်ယဲ့ကို လှမ်းခုတ်သည်။
“သတိထား”
ဝမ်ချောင်၏နှလုံးသားက အေးစက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များကို ခံစားလိုက်ရသည်။ သူက သာ့ယန်မာန်ပန့်၏ မိစာ္ဆနဂါးသိုင်းကို အလွန်အမင်း ရင်းနှီးပြီးသားဖြစ်သည်။ သာ့ယန်မာန်ပန့်က ယခုသုံးသော အနေအထားနှင့် ယခင်တစ်ခေါက်သုံးသော အနေအထား ကွာခြားသည်။ နာမည်က တူသေးသည်။ သို့သော် ဆင့်ခေါ်လိုက်သောအခါ ပြောင်းလဲသွားသော ပုံစံက အင်အားအသစ်တစ်ခု အဆင့်မြှင့်သွားသလိုမျိုး ပြောင်းလဲနေခြင်းဖြစ်သည်။
“ကောင်းကင်က လှည့်ပတ်ရင် မြေပြင်က ပြောင်းပြန်လှန်ခံရမယ်။ နေနှင့်လတောင်မှ မြင့်လိုက်နိမ့်လိုက် ဖြစ်နေသေးတာပဲ။ ကျယ်ပြောတဲ့ ကောင်းကင်မြေကမာ္ဘသိုင်း”
ထိုသို့အရေးကြီးသော အခြေအနေတွင် ဝမ်ချောင်က ချက်ချင်းလိုလို တုန့်ဆိုင်းမနေဘဲ ကောင်းကင်သို့ ခုန်တက်သွားလိုက်သည်။ ချက်ချင်းဆိုသလို မိုးခြိမ်းသံနှင့် ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာပြီး လေထဲတွင် နေနှင့်လမင်းများ၏ မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာက ပြည့်နှက်သွားသည်။
လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် မြင်းခွာဖြူအရိပ်က ရှေ့သို့ခုန်ထွက်ကာ အော်ဟစ်လိုက်သည်။ ထိုအခိုက် ကျန်းတစ်ရာဝန်းကျင်အတွင်းရှိ စစ်သည်တော်တိုင်း ... သတ္တိဖြူများနှင့် ဝူရှန်းမြင်းတပ် အပါအဝင် လူတိုင်းက ထူးဆန်းသော ခံစားချက်မျိုးကို ရလိုက်ကြသည်။ သူတို့ကလည်း ကောင်းကင်နှင့် မြေပြင်က ပြောင်းပြန်အပြောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ မြေပြင်က အထက်သို့ရောက်သွားပြီး ကောင်းကင်က အောက်ဘက်သို့ ကျသွားသည်။ ထိုသို့ပြောင်းလဲသွားသော ဖြစ်ရပ်က လူတိုင်းကို မူးဝေကာ မသက်မသာ ဖြစ်သွားစေသည်။
ကျယ်ပြောတဲ့ ကောင်းကင်မြေကမာ္ဘသိုင်း
ထိုသိုင်းက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အဆင့်လွန်သိုင်းဖြစ်ပြီး မဟာရင်ယန် သိုင်းထက်ပင် အဆင့်မြင့်သေးသည်။ အင်ပါယာ သိုင်းနယ်မြေအဆင့်တွင် ဝမ်ချောင်က ထိုသိုင်းကို ဆင့်ခေါ်ရန် စွမ်းရည်မလုံလောက်သေးချေ။ သို့သော် သူ့တွင် ကံတိုက်ပွဲဝင် သံချပ်ကာလည်း ပိုင်ဆိုင်ထားသေးလေရာ လုပ်နိုင်သွားလေသည်။
“တောင်မြစ်ဝိုင်းပတ်ခုတ်ချက်”
နောက်ထပ် ဟိန်းဟောက်သံ တစ်သံက ကောင်းကင်ကိုထိုးခွဲကာ ထွက်ပေါ်လာသည်။ ဝမ်ချောင်က ကျယ်ပြောသော ကောင်းကင်မြေကမာ္ဘသိုင်းကို ထုတ်သုံးလိုက်သည့်အချိန်တွင် လီစစ်ယဲ့ကလည်း လှုပ်ရှားလိုက်သည်။ သူ၏လက်နှစ်ဖက်လုံးက ဓားကိုကိုင်ထားပြီး လေထုထဲသို့ ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ဘဝတွင် အင်အားအကြီးဆုံးသော တိုက်ကွက်မျိုးဖြစ်သည့် တိုက်ကွက်မျိုးကို လွှတ်ထုတ်လိုက်သည်။
ဘုန်း
ကောင်းကင်ထဲသို့ အနက်ရောင် မုန်တိုင်းတစ်ခုက ထိုးခွင်းဝင်ရောက်သွားသည်။ ထိုမုန်တိုင်းကြီးက ဆေဘာ အလင်းတန်းများအဖြစ် ပြောင်းလဲလိုက်ပြီး ကောင်းကင်ကို ဆက်တိုက်ဖြန့်ကျက်ကာ လွှမ်းခြုံလိုက်ပြီး ကျန်းနှစ်ဆယ်ကျော်အထိ မြင့်မားသွားသည်။
ဝုန်း
ကြီးမားသော ဆေဘာစွမ်းအင်များက လေထဲတွင် တခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် ကျင်းတစ်သောင်းကျော် လေးလံသော အလေးချိန်မျိုးဖြင့် သာ့ယန်မာန်ပန့်ကို ခုတ်ချလိုက်သည်။
ဝုန်း
အဆင့်လွန် ကျွမ်းကျင်ပညာရှင် သုံးယောက်နှင့် ပြိုင်ဘက်ကင်းမျိုးက တြိဂံပုံ မြေကွက်လပ်နေရာတွင် ထိပ်တိုက် ရင်ဆိုင်သွားသည်။ ကြယ်တာရာစွမ်းအင်တိုင်းက ရှုပ်ထွေးနေလေပြီး ပြင်းထန်လွန်းသော ပေါက်ကွဲမှုကြီးက ဖြစ်ပျက်လာကာ တောက်ပလွန်းသော နေမင်းကိုပင် လွှမ်းခြုံသွားစေသည်။
ထို့နောက် ကျန်းနှစ်ဆယ်ကျော် ကြီးသည့် နေမင်းကြီးတစ်စင်းက ပေါ်ထွက်လာသည်။
ထိုနေမင်းကြီးက ပေါ်ထွက်လာသည်နှင့် တဖြည်းဖြည်းချင်း ကြီးသထက် ကြီးမားလာကာ ကျန်းငါးဆယ် ကျန်းခြောက်ဆယ်အထိ ပျံ့နှံ့သွားပြီးနောက် ပေါက်ကွဲသွားသည်။ တခဏတွင် အချိန်ကပင် အေးခဲသွားသည်ဟု ထင်ရသည်။ မရေမတွက်နိုင်အောင် ပြင်းထန်သော တိုက်ခိုက်နေသည့် လေပြင်းများက သူ၏ မသိစိတ်စွမ်းအင်များက အပြည့် ပေါက်ကွဲနေလေပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ခပ်ကြမ်းကြမ်း သတ်ဖြတ်တော့မလို ကြိုးစားလာသည်။
အမျိုးမျိုးသော တိုက်ခိုက်သံများနှင့်အတူ မိုးခြိမ်းသံများက ပဲ့တင်ထပ်နေသေးသည်။ ချီရှီကာကွယ်ရေးစစ်တပ်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ စစ်တပ်ကပင် ကြောက်လန့်မှုကြောင့် မျက်လုံးကို မှိတ်လိုက်ကြရသည်။
သာ့ယန်မာန်ပန့် ဝမ်ချောင်နှင့် လီစစ်ယဲ့တို့အဆင့်၏ အင်အားက သာမာန်စစ်သားများ တိုက်ခိုက်နိုင်သော အဆင့်ကို ကျော်လွန်သွားသည်။ တိဗက်များပင်ဖြစ်စေ၊ ဝူရှန်းမြင်းတပ်ပင်ဖြစ်စေ ထိုသို့သော ကျွမ်းကျင်ပညာရှင်များ၏ အရှေ့တွင် နိမ့်ကျသွားကြသည်။
ဝုန်း
အဖြူရောင်အလင်းက ပျောက်ကွယ်သွားသောအခါ မြင့်မားလွန်းသော ပုဂ္ဂိုလ်ကြီးနှင့် သူ၏မြင်းက အလယ်ဗဟိုနေရာမှ လွင့်ထွက်ကုန်သည်။
ဒါက သာ့ယန်မာန်ပန့်ဖြစ်သည်။
ဝမ်ချောင်နှင့် လီစစ်ယဲ့တို့၏ ပူးပေါင်းလိုက်သောအရှိန်က သာ့ယန်မာန်ပန့်ထက် ပိုမြင့်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဝူရှန်းမြင်းတပ်ပင် မဆိုထားနှင့် သတ္တိဖြူများကပင် မှင်သက်သွားကြသည်။
သာ့ယန်မာန်ပန့်က သံမဏိမြို့တွင် ရှုံးသွားခဲ့သည်မှာ မှန်ကန်သည်။ သို့သော် ထိုအရှုံးက မြို့ကို လုပ်ကြံသတ်ဖြတ်မှုကြောင့်ဖြစ်ပြီး ယခုလို တောင်ပေါ်ဒေသကဲ့သို့ မြေပြန့်ဒေသတွင် မဟုတ်ချေ။ တိဗက်မှ ဆရာသခင်များဖြစ်သည့် တောင်ပေါ်ဒေသတွင် နေထိုင်သောသူများဖြစ်သည့် သူတို့အနေနှင့် ယခင်တစ်ခေါက်ကကဲ့သို့ ကျွမ်းကျင်ပညာရှင် အယောက်နှစ်ရာကျော်နှင့် ဝမ်ချောင်ကို ရင်ဆိုင်နေရသော အခြေအနေမျိုးနှင့် မတူတော့ချေ။ ပို၍ဆိုးသည်မှာ သာ့ယန်မာန်ပန့်က ဒဏ်ရာအနည်းငယ်ဖြင့်သာ လွတ်မြောက်ထားခြင်းဖြစ်သည်။ ထူးထူးခြားခြား ဒဏ်ရာကြီးပင် မရခဲ့သေးချေ။ ထို့ကြောင့် သတ္တိဖြူများ၏ နှလုံးသားထဲတွင် ထိုတိုက်ပွဲက ရှုံးသည်ဟုသတ်မှတ်၍ မရချေ။ သို့သော် ဒီတိုက်ပွဲတွင်မူ သာ့ယန်မာန်ပန့်က အမှန်တကယ် ရှုံးသွားသည်။ ဝမ်ချောင်ကသူ့ကို ကျွမ်းကျင်ပညာရှင် နှစ်ယောက်မရှိဘဲ နိုင်လိုက်သည်။
“အရှင်”
တိုက်ပွဲမှ လွတ်မြောက်လာပြီးနောက် သတ္တိဖြူတိုင်းက အထိတ်တလန့် ဖြစ်သွားကြပြီး ချက်ချင်းလိုလို သာ့ယန်မာန်ပန့် ရှိရာနေရာသို့ အပြေးသွားကြပြီး သူတို့၏ဗိုလ်ချုပ်ကို ကယ်တင်ရန် မျှော်လင့်ကြသည်။
သို့သော် သူတို့က ဘာမှမလုပ်နိုင်ခင် ဝူရှန်းမြင်းတပ်က ရောက်ရှိလာပြီး မြင်းခွာသံများက တဒုန်းဒုန်း မြည်ဟီးလာသည်။ ထိုသို့ဖြင့် သတ္တိဖြူများကို ပြန့်ကျဲသွားစေသည်။
“သူ့ကိုသတ်”
ဝမ်ချောင်၏ မျက်ဝန်းအတွင်း ခက်ထန်သောအလင်းက လက်လာသည်။ သူက သာ့ယန်မာန်ပန့် ပြုတ်ကျသွားသော နေရာသို့ကြည့်သည်။ သူက ဒုတိယတစ်ကြိမ် ဆက်မတွေးဘဲ ချက်ချင်းလိုလို ထိုနေရာသို့ မြင်းကိုအပြေးနှင်သည်။
ဒီနေ့က သာ့ယန်မာန်ပန့်ကိုသတ်ပြီး ချီရှီကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ကို ဖြေရှင်းရမဲ့နေ့ပဲ။
ကျယ်ပြောတဲ့ ကောင်းကင်မြေကမာ္ဘသိုင်းက တော်တော်လေးကို လေးစားဖို့ကောင်းတယ်။ ဒါက မဟာရင်ယန်သိုင်းနဲ့ယှဉ်ရင် နေနဲ့လလိုပဲ။
ဝမ်ချောင်က ထိုသို့ပြောပြီး ရှေ့သို့ ချီတက်သွားသည်။ ဝမ်ချောင်ကလည်း သာ့ယန်မာန်ပန့်က တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်း နားလည်နေသည်။ ထိုဒဏ်ရာများက သူ၏ ကိုယ်တွင်းအင်္ဂါများကိုပင် ထိခိုက်စေပေလိမ့်မည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း ကျယ်ပြောသော ကောင်းကင်မြေကမာ္ဘသိုင်းကဲ့သို့ အဆင့်မြင့်သိုင်းများအတွက် မယုံနိုင်စရာ ကောင်းလွန်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။ ဒါက ရန်သူ၏ ကြယ်တာရာစွမ်းအင်ကို စုပ်ယူကာ ထိန်းချုပ်ရုံသာ မကသေးလေဘဲ သူတို့၏ ကိုယ်တွင်းအင်္ဂါများကိုလည်း မွှေနှောက်ပစ်ပြီး တိုက်ရိုက်ပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ကိုင်တွယ်နိုင်စွမ်းအားဖြစ်သည်။
ကြယ်တာရာစွမ်းအင်များက မည်မျှပင် ရှိနေစေကာမူ သူတို့အနေဖြင့် ထိုအကွက်ကိုရင်ဆိုင်ရန် ခက်ခဲဦးမည်ဖြစ်သည်။
မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က မိစာ္ဆလမ်းကြောင်းသို့ လျှောက်လှမ်းသော လူတိုင်းကိုပင် ကြောက်လန့်အောင် လုပ်နိုင်ခဲ့ပြီး သူ၏နာမည်ကို တင်ကျန်အောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ အင်အားတိုင်းကို အစွမ်းအထက်ဆုံး ကျွမ်းကျင်ပညာရှင်များကို ရင်ဆိုင်ရန် ရည်ရွယ်ထားပြီးသားဖြစ်နေသည်။ ထို့ကြောင့် သိုင်းတိုင်းက အင်အားအလွန်ပြင်းသည်။ အချို့သိုင်းများဆိုလျှင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထိပ်တိုက်ရင်ဆိုင်နိုင်ရန် သူ၏ ကြယ်တာရာစွမ်းအင်များကို မြှင့်တင်ရန်ပင် အထူးနည်းလမ်းများကို အသုံးပြုခဲ့ကြသေးသည်။
ကံဆိုးစွာပင် ထိုသိုင်းများက မိစာ္ဆဧကရာဇ် လူအိုကြီးမာန်၏ ကျယ်ပြောသော ကောင်းကင်မြေကမာ္ဘသိုင်းကို ရင်ဆိုင်ရန် မဖြစ်နိုင်ခဲ့ချေ။ ထိုအကွက်က သူတို့၏ ကိုယ်တွင်းအင်္ဂါများကို လှုပ်ခါပြီး နေရာရွေ့အောင် လုပ်နိုင်စွမ်းအားရှိပြီး သူတို့၏ စွမ်းအင်များကို တဖြည်းဖြည်းချင်း စီးဆင်းမှု နှေးကွေးသွားစေမည်ဖြစ်သည်။ ထို့နောက် မဟာရန်ယန်သိုင်းကိုသာ ဆက်လက် ထုတ်သုံးလိုက်မည်ဆိုလျှင် တစ်ဖက်သူများ၏ စွမ်းအင်တိုင်းက စုပ်ယူခံရပေလိမ့်မည်။
ဧကရာဇ်လူအိုကြီးမာန်ကလည်း ထိုအချက်အလက်ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။
သာ့ယန်မာန်ပန့်က အရည်အသွေးမြင့် စွမ်းအင်ပေါင်းများစွာ ပိုင်ဆိုင်ထားသည့် သူတော်စင်သိုင်းနယ်မြေ အဆင့်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ၏စွမ်းအားများကိုသာ စုပ်ယူလိုက်ပါက ဝမ်ချောင်၏ အင်အားက အဆုံးထိ ထိုးတက်သွားပေလိမ့်မည်။
ဝုန်း
ဝမ်ချောင်၊ လီစစ်ယဲ့က သူ့နောက်သို့ လိုက်နေချိန်တွင် သူတို့နောက်တွင် အားလှိုင်းများကသာ ကျန်ရစ်ထားခဲ့သည်။ သူတို့က သာ့ယန်မာန်ပန့်ထံ ခုန်ဝင်သွားကြသည်။ ဒါက အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။ သူတို့က ဖမ်းဆုပ်ရပေမည်။
သို့သော် ထိုအခိုက် အခြေအနေက ပြောင်းလဲသွားသည်။
“သတ်”
နောက်ထပ် ဆူညံသံ အလုံးအရင်းက ဝင်ရောက်လာသည်။ တိဗက်မြင်းတပ် ငါးထောင်က သတ္တိဖြူများ၏ အနောက်မှ ထွက်လာပြီးနောက် ထန်များကို တိုက်ခိုက်ကြသည်။
သူတို့က အလာနောက်ကျသွားသော်လည်း တိဗက်မြင်းတပ် ငါးထောင်က အချိန်ကိုက် ရောက်လာနိုင်သေးသည်။ သူတို့က ဝူရှန်းမြင်းတပ်၊ သတ္တိဖြူများနှင့် အလွန်ဝေးကွာနေသော်လည်း သူတို့ ရုတ်တရက် ထွက်လာခြင်းက တိုက်ပွဲကို ကစဉ့်ကလျား ဖြစ်သွားစေနိုင်သည်။
“နောက်ဆုတ်”
ဝမ်ချောင်နှင့် လီစစ်ယဲ့တို့၏ အာရုံက ပြောင်းသွားသည်နှင့် အနောက်မှ ပုံရိပ်တစ်ခုက ပေါ်လာပြီး အမိန့်ပေးသည်။
ထိုပုံရိပ်က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ နှင်းဖြူရောင်မြင်းကို စီးထားသည်။ ဝမ်ချောင်နှင့် လီစစ်ယဲ့တို့၏ နှလုံးသားက ခုန်ထွက်သွားကြသည်။ ဒါက သာ့ယန်မာန်ပန့်ဖြစ်သည်။ သူတို့၏ ပူးပေါင်းတိုက်ကွက်ကို ရင်ဆိုင်ခဲ့ပြီးသည့်တိုင်အောင် သာ့ယန်မာန်ပန့်က သူတို့ထင်ထားသလောက် ဒဏ်ရာ မပြင်းသွားခဲ့သေးချေ။
“ဟိုက်ရား”
သာ့ယန်မာန်ပန့်၏ အမိန့်က သတ္တိဖြူများထံမှ တုန့်ပြန်မှုကို ချက်ချင်း လက်ခံရရှိသည်။ ထို့ကြောင့် မဟာဘွန်းနှလုံးသား မရှိတော့ဘဲ သတ္တိဖြူများက မြင်းတပ်ကို မယှဉ်နိုင်တော့လေရာ သာ့ယန်မာန်ပန့်၏ အိမ်မက်က ရောက်ရှိလာသည်။ သူတို့က ချက်ချင်းလိုလို နောက်ဆုတ်ကြသည်။
“ငါ့ရဲ့အမိန့်ကိုထုတ် စစ်သားတိုင်း နောက်ကလိုက်သတ်ကြ။ ဒါ့အပြင် တိဗက်မြင်းတပ် နောက်တစ်သုတ်ကိုပါသတ်”
ဝမ်ချောင်၏ အေးစက်သောအသံက တိုက်ပွဲနယ်မြေတခွင် ပျံ့နှံ့သွားသည်။ မဟာဘွန်းဝင်္ကပါက အတော်လေး လေးစားစရာကောင်းသည်။ ဝမ်ချောင်ကပင် ရှေးဟောင်းကျန်းကျွင်း မင်းဆက်မှ လျို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကို မြင်နိုင်ခဲ့သည်။ တိုက်ပွဲနယ်မြေအဆိပ်နှင့် ဗိုလ်ချုပ်များ၏အဆိပ် ချီစက်ကွင်းက သတ္တိဖြူများအပေါ် သက်ရောက်မှုရှိနေသော်လည်း သူတို့၏ သက်ရောက်မှုက တော်တော်လေး နိမ့်ကျသွားခဲ့သည်။
ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် ထိုသို့သော အခြေအနေမျိုးကို မြင်ဖူးခြင်းဖြစ်သည်။ သို့သော် သူ၏ အင်အားကြီးမားသော ချီစက်ကွင်းနှစ်ခုကို မဟာဘွန်းဝင်္ကပါ၏ လျို့ဝှက်ဆန်းကြယ်သော စွမ်းအင်က နှောက်ယှက်ဖျက်ဆီးသည့်တိုင်အောင် တိဗက်မြင်းတပ်အပေါ်တွင်မူ အပြည့်အဝ အလုပ်ဖြစ်နေသေးသည်။ ထို့ကြောင့် သာ့ယန်မာန်ပန့်၏ မဟာဘွန်းဝင်္ကပါက သူတို့ကို မကာကွယ်ပေးနိုင်ခဲ့ချေ။
“သတ်”
သူတို့၏ဓားများကို လွှဲယမ်းပြီးနောက် ဝူရှန်းမြင်းတပ်က ချက်ချင်းလိုလို နောက်ပြန်လှည့်ကာ လိုက်သတ်သည်။
ဘုန်း ဘုန်း ဘုန်း
မြင်းတပ်ငါးထောင်အဖွဲ့က ချက်ချင်းလိုလို လှုပ်ရှားသည်နှင့် တစ်ကြိမ်တည်းလိုလို ဓားများကို လှုပ်ရှားကြသည်။
ဟီး ဟီး ဟီး
ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါက တိဗက်မြင်းတပ်ကို မရပ်တန့်နိုင်တော့သော သတ်ဖြတ်စက်ကြီးတစ်ခုလို လှီးဖြတ်ကာ သတ်ဖြတ်သည်။ မြင်းတစ်ကောင်ချင်းစီတိုင်းက လဲပြိုကျသည့်အခါ ဖုန်တိမ်စိုင်များက မြောက်တက်လာသည်။ တောင်ပေါ်ဒေသက ဖုန်များလွှမ်းသွားသည်။
“သောက်ကျိုးနည်း ပြေးတော့”
အဝေးမှကြည့်သည့်အခါ သတိမထားမိသော်လည်း ဝူရှန်းမြင်းတပ်နှင့် အမှန်တကယ် တိုက်ခိုက်ပြီးမှသာ တိဗက်မြင်းတပ်အနေနှင့် သူတို့က ကျားပိုင်သောနယ်မြေကို မသိဘဲ ဝင်လာမိသော အသစ်လေးများကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ထိုထန်စစ်တပ်က မည်မျှအင်အားကြီးမားကြောင်း သိသွားသည်။
သူတို့က ပထမဦးဆုံး ချီတက်ခဲ့သူ ဖြစ်သည့်တိုင်အောင် သူတို့ကသာ အရင်ဆုံး ထွက်ပြေးရသူ ဖြစ်သွားသည်။
ဘုန်း ဘုန်း ဘုန်း
ဖုန်မှုန့်များက လေထဲသို့ မြောက်တက်လာပြီး စစ်တပ်ကလည်း ဖြတ်တောက်ခံရသည်။ ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါက အထွဋ်အထိပ် အခြေအနေသို့ ရောက်ရှိသွားသည့်အခါ တိဗက်များက ဝူရှန်းမြင်းတပ်ကို ရပ်တန့်အောင် မလုပ်နိုင်တော့ချေ။
တောင်ပေါ်ဒေသတခွင်အနှံ့ သွေးများစီးသည်။ အဖြစ်အပျက်များက မြန်ဆန်လွန်းကာ လူတိုင်းက တုန့်ပြန်ရန် အလျှင်မမှီနိုင်ခဲ့ချေ။ ငါးရာ၊ ခြောက်ရာ၊ ခုနှစ်ရာ... တစ်ထောင် ထိုသို့ဖြင့် တိဗက်အလောင်းများက တောင်ပေါ်ဒေသတွင် ပုံလာသည်။ သူတို့က လာရောက်ကူညီခြင်း ဖြစ်သော်လည်း အမြစ်ဖြတ် သုတ်သင်ခံရလုနီးပါး ဖြစ်သည်။
ဝူရှန်းမြင်းတပ်က လိုက်ဖမ်းသည်နှင့် အော်ဟစ်သံများက တိုက်ပွဲနယ်မြေအနှံ့ ပျံ့နှံ့ကုန်သည်။ သာ့ယန်မာန်ပန့်ကပင် ထိုအခြေအနေကို ပြောင်းလဲအောင် မလုပ်နိုင်ချေ။ သူက သူ၏ချီစက်ကွင်းမှ စွမ်းအားများကို အင်အားအပြည့်ဖြင့် ထုတ်သုံးလိုက်ပြီး သူ၏စစ်တပ်ကို အတက်နိုင်ဆုံး ဖုံးကွယ်ပေးနိုင်ရန် မျှော်လင့်သည်။ ဒီနည်းအားဖြင့် ဆုံးရှုံးမှုနည်းပါးရန် မျှော်လင့်နေမိသည်။
ကာပေးကာ နောက်ဆုတ်နေရင်းမှ သာ့ယန်မာန်ပန့်က မည်သည့် အကြောင်းအရာကိုမျှ ဆက်မတွေးရဲခဲ့ချေ။
ဝမ်ချောင်၏ ကျယ်ပြောသော ကောင်းကင်မြေကမာ္ဘသိုင်းက သူ့ကို အလွန် အံ့အားသင့်စေခဲ့သည်။ သာ့ယန်မာန်ပန့်ကပင် ထိုမျှအင်အား ပြင်းထန်လွန်းသော သိုင်းများက အမှန်တကယ် တည်ရှိသည်ဟု မယုံကြည်ဖူးချေ။
အခန်း(၇၈၈)
“သတ်”
တောင်ပေါ်ဒေသ တခွင်အနှံ့ အော်ဟစ်သံများ တိုက်ခိုက်သံများက ပြည့်နှက်သွားသည်။ အဆင့်မြင့် မြင်းတပ်တစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ သတ္တိဖြူများနှင့် ဝူရှန်းက ယှဉ်နိုင်ခြင်း ဖြစ်သည့်တိုင်အောင် ဒါက တဖက်သတ် လိုက်ဖမ်း သတ်ဖြတ်ခံရသော အနေအထားမျိုးအဖြစ် ပြောင်းလဲသွားသည်။
“တပ်သားတိုင်း နောက်ဆုတ်ကြ”
ဝမ်ချောင်က ဝူရှန်းမြင်းတပ်က တိဗက်များကို လိုက်ဖမ်းသည့်မြင်ကွင်းကို ကြည့်နေပြီးနောက် ရုတ်တရက် လက်ကိုမြှောက်ကာ နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။
ထိုအဖြစ်အပျက်က ရုတ်ချည်းဆန်သည်။ ထို့ကြောင့် ဝူရှန်းမြင်းတပ်ကဲ့သို့ လိုက်ဖမ်းရန် အာရုံနစ်ဝင်သောလူက တခဏခန့် ကြောင်အသွားသည်။ သူတို့၏ လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းက လျော့ကျသွားပြီး ဖုန်မှုန့်ကဲ့သို့ အနည်ထိုင်သွားသည်။
“စစ်သားတိုင်း အမိန့်ကိုနာခံ နောက်ဆုတ်”
လီစစ်ယဲ့၏အသံက တောင်ပေါ်ဒေသတခွင်အနှံ့ ပျံ့နှံ့သွားချိန်တွင် ဗိုလ်ချုပ်ကြီး နှစ်ယောက်လုံးက နောက်ဆုတ်ရန် အမိန့်ထုတ်ထားလေရာ လှုပ်ရှားမှုတိုင်းက ပျောက်ကွယ်သွားကြသည်။ မြင်းတပ်ကလည်း ချက်ချင်းလိုလို လိုက်ဖမ်းမှုကို ရပ်လိုက်ကြပြီး နောက်သို့ဆုတ်ကြသည်။
ဝူရှန်းမြင်းတပ်၏ ဖြတ်လတ်စွာ လုပ်ဆောင်နိုင်စွမ်းအားကို ထိုနေရာတွင် အပြည့်အဝ ထုတ်ပြသည်။ စက္ကန့်အနည်းငယ်ထဲနှင့် မြင်းတပ် ထောင်ပေါင်းများစွာက ချက်ချင်းလိုလို နောက်လှည့်ဆုတ်ကြသည်။ သူတို့က ချက်ချင်းလိုလို တိဗက်များနှင့် အကွာအဝေးကျယ်ကျယ် ခြားလိုက်သည်။
ဝမ်ချောင်၏အင်အားစုက နောက်ဆုတ်ပြီး သိပ်မကြာခင် ထွက်ပြေးသွားသော သတ္တိဖြူများဘက်မှ ကြောက်မက်ဖွယ်ကောင်းသော မြင်းဟီသံများကို ကြားရသည်။ ထို့နောက် အနက်ရောင် အလံကြီးက တဖြည်းဖြည်းချင်း လေထဲသို့ မြောက်တက်လာပြီး ကြီးမားသော သိန်းငှက်ဖြူကြီးကို မြင်လိုက်ရသည်။
တုစုန့်မာန်ဖော်ကျဲ့
ဒီယွီစန်းရဲ့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးက တချိန်လုံး သူ့အလံကိုကိုင်ထားတာ။ သူက ဘာကိုမှ မစိုးရိမ်သလိုမျိုး အသာအယာ ပေါ်လာတယ်။
သို့ရာတွင် သာ့ယန်မာန်ပန့်ကို ဝမ်ချောင်တို့က ရှုံးအောင်လုပ်လိုက်ပြီဆိုကတည်းက သူက ထိုင်ကြည့်နေ၍ မရတော့ချေ။
“သူက အပြေးမြန်သားပဲ။ သူသာနည်းနည်းလေး ဆက်နေမယ်ဆိုရင် ငါသူ့ကိုဖမ်းလိုက်မှာ”
စစ်တပ်နားသို့ ရောက်သွားသည့် တုစုန့်မာန်ဖော်ကျဲ့က သူ၏နတ်မြင်းပေါ်တွင် ရှိနေသည်။ သူ၏မျက်လုံးက ငှက်တစ်ကောင်ကဲ့သို့ စူးရှသည်။ သူ၏ကိုယ်အတွင်းမှ စွမ်းအင်များကလည်း တောင်တန်းကြီးကဲ့သို့ လေးလံလွန်းနေသည်။ သာ့ယန်မာန်ပန့်ကို သတ်ဖြတ်ခြင်း စစ်နတ်ဘုရားဟု ရည်ညွှန်းကြပြီး နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးဟု ချီးကျူးကြသည်။ သူက မဟာဗိုလ်ချုပ်အဆင့်နှင့် ဝေးကွာတော့မည်ဟုဆိုသည်။ ရှင်းလင်းစွာဖြင့်ပင် လက်ရှိအနေအထားအရ သူက တုစုန့်မာန်ဖော်ကျဲ့ကို မယှဉ်နိုင်သေးချေ။
အကြောင်းမူကား သူ့ကို နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးဟု ဆိုနေကြပြီး ယခုမဖြစ်သေးချေ။ ထို့ကြောင့် လောကအချိန်က ခြားနေသေးသည်။ ခြေတစ်လှမ်းထဲ ဝေးလျှင်ပင် ထိုတစ်လှမ်းကလည်း အလွန်ကျယ်သည်။
“အရှင် ကျွန်တော်တို့ လိုက်ဖမ်းသင့်လား။ ကျွန်တော်တို့ သူတို့စခန်းကို ပြန်မရောက်ခင် မှီနိုင်လောက်တယ်”
အနားမှ အရာရှိတစ်ယောက်က တွန့်ဆုတ်စွာဖြင့်ပြောသည်။ တိုက်ပွဲအတောအတွင်း နောက်တန်းတွင် ဖြစ်ပျက်ခဲ့သော အခြေအနေများကို အာရုံစိုက်ရန် ခက်ခဲသည်။ သို့သော် ယခုလိုမျိုး လူပေါင်းများစွာ သေကြေနေကြောင်း မြင်ရသည့်အခါ သူတို့က ရင်နာရသည်။
ဝမ်ချောင်၏ တုန့်ပြန်မှုကသာ အနည်းငယ် နှေးကွေးသွားခဲ့လျှင် မဟာဗိုလ်ချုပ်ကြီး၏ ဖျက်ဆီးခြင်းရိုက်ချက်က သူ့ကို အသင့်စောင့်ကြိုနေမည်ဖြစ်သည်။ ထိုအခါ တိုက်ပွဲ၏ အခြေအနေကို အပြည့်အဝ ပြောင်းပြန်လှန်နိုင်မည်ဖြစ်သည်။
“မလိုဘူး”
တုစုန့်မာန်ဖော်ကျဲ့က ခေါင်းခါသည်။ ဝမ်ချောင်၏ တုန့်ပြန်မှုက အတော်လေး မြန်ဆန်ကာ ချောမွေ့ပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။ လိုက်ဖမ်းသည့်စစ်တပ် အလယ်တည့်တည့် အနေအထားမျိုးတွင် ရှိနေသည့်တိုင်အောင် ထိုအခြေအနေမျိုးတွင် အနိုင်ရရန် နီးကပ်နေသော်လည်း သူက လျှင်မြန်စွာဖြင့် ရပ်တန့်ခိုင်းခဲ့ပြီး ချက်ချင်းလိုလို နောက်လှည့်ခိုင်းသော ကိစ္စက အလွန်အမင်း ခက်ခဲသည်။ ဝမ်ချောင်က အမြဲတစေ တည်ငြိမ်ကာ အကျိုးအကြောင်းကျကျ စဉ်းစားတတ်သူဖြစ်ကြောင်း သူကိုယ်တိုင်လည်း ပြောနိုင်သည်။ ထန်များကို လိုက်ဖမ်း၍လည်း အကျိုးအမြတ် ရရှိမည်မဟုတ်ချေ။ ပို၍ဆိုးသည်မှာ တုစုန့်မာန်ဖော်ကျဲ့က ဖုမာန်လင်းချာ ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်ဝန်းထဲ သံသယများက ဝင်လာသည်။
“နောက်ဆုတ်”
တုစုန့်မာန်ဖော်ကျဲ့က လက်တစ်ဖက်မြှောက်လိုက်သည်။
သူက ဝူရှန်းမြင်းတပ်ကို သူတို့အားထပ်ပြီး ဆုံးရှုံးမှုများပြားအောင် လုပ်ရန် တားမြစ်နိုင်ခဲ့သည်။ တိဗက်စစ်တပ် ဆုံးရှုံးမှုများကိုလည်း လျော့နည်းအောင် လုပ်နိုင်ခဲ့သည်။ ထို့နောက် ခရာမှုတ်သံအဖြစ် အချက်ပြလိုက်ပြီးနောက် တိဗက်စစ်တပ်က သူတို့၏ ကျန်းနှစ်ထောင်ကျော် အကွာအဝေးတွင် ရှိနေသော စခန်းသို့ ပြန်ရောက်ကြသည်။ တချိန်ထဲလိုလို ဝမ်ချောင်၏ အင်အားစုကလည်း သံမဏိမြို့ရိုး အနောက်သို့ ရောက်သွားသည်။
တုစုန့်မာန်ဖော်ကျဲ့က ထုတ်လွှတ်ထားသော အရှိန်အဝါက ကြမ်းတမ်းသည့် တိုက်ပွဲကြီးကို အဆုံးသို့ ပို့ဆောင်နိုင်ခဲ့သည်။
“ဒီဝူရှန်းမြင်းတပ်က တော်တော်လေး အင်အားကြီးလွန်းတယ်”
“သူတို့က သတ္တိဖြူတွေကိုတောင် ရှုံးအောင်လုပ်နိုင်ကြတယ်။ သာ့ယန်မာန်ပန့်ကတောင် ရှုံးသွားသေးတယ်။ ငါကိုယ်တိုင် မြင်ရတာသာမဟုတ်ရင် ငါယုံမှာမဟုတ်ဘူး”
“အရှင်အမတ်က သာမာန်မှမဟုတ်တာ။ သူက အနောက်တောင်ပိုင်းက စစ်ပွဲမှာ နာ့ယိတော်ဝင်တပ်ရင်းက မြင်းတပ်ကို အလဲထိုးအောင်နိုင်ခဲ့တာက သံသယဝင်စရာ မလိုတော့ဘူး။ ငါတို့သူ့ကို အထင်သေးခဲ့မိတာပဲ”
“ငါတကယ်ကို မယုံကြည်နိုင်ဘူး။ ငါတို့ရဲ့မဟာထန်မှာ ဘယ်တုန်းက ဒီလောက်ထိ လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးကို ပိုင်ဆိုင်လိုက်တာလဲ။ သူလေ့ကျင့်ပေးတဲ့ စစ်သားတွေက တိဗက်တွေကို အလဲထိုးနိုင်တယ်”
နှစ်ဖက်လုံးက စခန်းအသီးသီးသို့ ပြန်ရောက်သွားခြင်းကို ကြည့်နေသည့် ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တိုင်းက မှင်သက်ကြောင်အကုန်ကြသည်။ ငါးထောင်က တစ်သောင်းကို ရင်ဆိုင်ခြင်းဖြစ်သည်။ သို့သော် ထိုထဲတွင် တစ်ဝက်လောက်က လေးစားဖွယ်ကောင်းသော သတ္တိဖြူများဖြစ်နေသေးသည်။ ထိုတိုက်ပွဲ၏ ရလဒ်ကမူ သူတို့စိတ်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နိုင်လောက်အောင် ကြီးမားသည့် အားလှိုင်းကြီးကို ထုတ်လွွှတ်နိုင်ခဲ့သည်။
သူတို့၏ ကာကွယ်ရေးဗိုလ်ချုပ်ကြီးက သူတို့၏ အစစ်အမှန် ထင်မြင်ချက်များကို ထုတ်မပြောရန် တားမြစ်ထားသေးသော်လည်း ဝမ်ချောင်က တိဗက်များကို အနိုင်ယူလိုက်နိုင်ကြောင်း မြင်သည့်အခါ သူတို့က ပျော်ရွှင်သွားသည်။ ဒီလိုမြင်ကွင်းမျိုးကြောင့် ဂုဏ်ယူမိကြသည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက မဟာထန်မှလူများ ဖြစ်နေသေးသည်။
“ဗိုလ်ချုပ်”
သူတို့က မျှော်လင့်တကြီးဖြစ်နေသော မျက်ဝန်းမျိုးဖြင့် သူတို့၏ဗိုလ်ချုပ် ဟယ်ပါးယဲ့ကို ကြည့်လိုက်ကြသည်။ စစ်သားတိုင်းက ချက်ချင်းလိုလို ချီတက်ပြီး ဝမ်ချောင်၏ အင်အားစုနှင့် ပူးပေါင်းကာ တိဗက်များကို တောင်ပေါ်သို့ မောင်းထုတ်ချင်ကြသည်။
ချီရှီကာကွယ်ရေးစစ်တပ်က တောင်ပေါ်ဒေသ၏ အစစ်အမှန် ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် တိဗက်များ၏ အစစ်အမှန် ပြိုင်ဘက်များ ဖြစ်သင့်သည်။ ဒီအရာတွင် တာဝန်မရှိသော လူကပင် ယခုနေရာမျိုးတွင် လာကာကွယ်ပြီး အရာအားလုံး လုပ်နိုင်ခဲ့လျှင် ချီရှီကာကွယ်ရေးစစ်တပ်က နောက်ဆုတ်ရန် အကြောင်းပြချက် မရှိချေ။
ဟယ်ပါးယဲ့က ဘာစကားမှမပြောဘဲ ကာကွယ်ရေးဗိုလ်ချုပ်ကြီး ဖုမာန်လင်းချာကိုသာကြည့်သည်။ သူ၏ လက်အောက်ငယ်သားများနှင့် မတူသည်မှာ ဖုမာန်လင်းချာ၏ အမူအရာက အလွန်သုန်မှုန်နေသည်။ ဟယ်ပါးယဲ့က တစ်ချက်ကြည့်ရုံဖြင့် ဖုမာန်လင်းချာ၏လက်က လက်သီးဖြင့် ဆုပ်ထားပြီး လက်ချောင်းများက ဖျက်ဆီးခြင်း စွမ်းအင်များကို လွှတ်ထုတ်ကာ အေးစက်သော သတ္ထုရောင် လက်နေကြောင်း မြင်နိုင်သည်။
တုန်ယင်သွားသော ဟယ်ပါးယဲ့က ချက်ချင်းလိုလို စကားများဖြင့် အတွေးများကို ဖယ်ရှားလိုက်တော့သည်။
......
“လီစစ်ယဲ့ မင်းဘယ်လိုနေလဲ။ အခုချက်ချင်း ငါ့အမိန့်ကိုထုတ်ပြီး တိုက်ပွဲဆုံးရှုံးမှုတွေကို ဆုံးဖြတ်ခိုင်းလိုက်”
ငွေဖြူရောင် သံမဏိမြို့ရိုး အနောက်ဘက်မှ ဝမ်ချောင်က မြင်းဇာတ်ကြိုးကို ကိုင်ထားပြီး နောက်ကိုလှည့်ကာ လီစစ်ယဲ့ကိုကြည့်သည်။ သာ့ယန်မာန်ပန့်၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းကာ ပြင်းထန်လွန်းသည်။ သူကိုယ်တိုင်က တိုက်ပွဲပေါင်းများစွာကို ကျင်လည်ခဲ့သောလူဖြစ်သည်။ ထို့ပြင် သံမဏိမြို့က အခြေအနေကြောင့် သူက ခါးသီးစွာ လေ့ကျင့်ခဲ့ပြီး ပို၍အင်အားကြီးလာသည်မှာ ရှင်းလင်းနေခဲ့သည်။
ဝမ်ချောင်က သူ၏ တိုက်ပွဲဝင်သံချပ်ကာကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် လီစစ်ယဲ့ကတော့ မတူချေ။
အဆုံးတွင် အချိန်က စောနေသေးသည်။ လီစစ်ယဲ့က လုံလောက်အောင် အရွယ်ရောက်ပြီး တိုက်ပွဲများ၏ အခြေအနေကို လက်ချည်းဗလာနှင့် ပြောင်းလဲနိုင်သည့် ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီးတစ်ယောက် မဖြစ်သေးချေ။ သူ၏လက်ရှိ အင်ပါယာသိုင်းနယ်မြေ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူက သာ့ယန်မာန်ပန့်ကို တိုက်ခိုက်သည့်အခါ သူကသာ ခံစားရပေလိမ့်မည်။
“ကိစ္စမရှိဘူး အသေးစား ဒဏ်ရာတွေပါပဲ”
လီစစ်ယဲ့က တည်ငြိမ်နေသည်။ သူ၏ ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာတွင် မည်သည့် ခံစားချက်ကိုမျှ မမြင်ရချေ။ သို့သော် ဝမ်ချောင်ကလည်း သူ၏ ညာဘက်ပုခုံးနားရှိ သံချပ်ကာက ကွဲထွက်နေပြီး သွေးများစိမ့်ထွက်နေကြောင်း မြင်လိုက်ရသည်။
လီစစ်ယဲ့ကမူ သတိထားမိပုံပင် မရချေ။ ထိုဒဏ်ရာက အခြားလူ၏ ဒဏ်ရာကဲ့သို့ပင် ဖြစ်နေသည်။ သူ၏ ဟန်အမူအရာက တည်ငြိမ်နေသေးသည်။
အချိန်အနည်းငယ်ခန့် သူ့ကို စိုက်ကြည့်နေပြီးနောက် ဝမ်ချောင်က နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။
သူက သာ့ယန်မာန်ပန့်ထက် အားနည်းသော်လည်း လီစစ်ယဲ့၏ အတက်စွမ်းအင်က ကျင့်ကြံခြင်းအဆင့်ထက် အများကြီးသာသည်မှာ ရှင်းလင်းနေသည်။ ကြယ်တာရာစွမ်းအင် ထိပ်တိုက် ရင်ဆိုင်သည့်အခါ အခြားသူများကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေလောက်သော်လည်း လီစစ်ယဲ့အတွက်မူ ဒဏ်ရာရစေရုံလောက်သာ ဖြစ်ခဲ့လောက်သည်။
“အင်း နောက်ထပ် တိုက်ပွဲကြီး ဆက်လာဦးမယ်။ ဒီဆေးကိုသောက် ဒါကမင်းရဲ့ ဒဏ်ရာတွေအတွက် ကောင်းတယ်။ ဒါ့အပြင် ငါတို့ရဲ့ ဆုံးရှုံးမှုကို တွက်ချက်လိုက်ဦး”
ဝမ်ချောင်၏အမူအရာက လေးလံသွားသည်။
ဝူရှန်းမြင်းတပ်က မဟာထန်၏ အကောင်းဆုံး စစ်သည်တော်များဖြစ်ပြီး သိုင်းအင်ပါယာနယ်မြေ အဆင့်အောက်တွင် စုဆောင်းထားရသူများလည်းဖြစ်သည်။ သူတို့က သိုင်းအင်ပါယာနယ်မြေ အဆင့်တွင်သာ ရှိနေကြသည်။ ထို့ကြောင့် ကြမ်းတမ်းသောဝန်းကျင်တွင် နေထိုင်ခဲ့ကြရသော အနေအထားမျိုးကြောင့် ဝူရှန်းမြင်းတပ်က ကမာ္ဘအင်အားအကြီးဆုံး မြင်းတပ်များထဲမှ တစ်ခု ဖြစ်လာခဲ့ကြသည်။
သို့သော် သူတို့၏ ပြိုင်ဘက်ကလည်း လေးစားစရာကောင်းလွန်းသော တိဗက်များ၏ သတ္တိဖြူများ ဖြစ်နေခဲ့သေးသည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း အခြေအနေများကို တွက်ချက်ခဲ့သည့်တိုင်အောင် ဆုံးရှုံးမှုကို လျစ်လျူရှု့၍ ရဦးမည်မဟုတ်ချေ။
ထို့နောက် ဆုံးရှုံးမှုအကြောင်း သတင်းပို့သူက ရောက်ရှိလာသည်။ ဝူရှန်းမြင်းတပ်ငါးထောင်က လေးထောင့်ခြောက်ရာ့ ခုနှစ်ဆယ်ရှစ်ယောက်သာ ကျန်တော့သည်။ ခုနှစ်ဆယ့်နှစ်ယောက်က တိုက်ပွဲတွင် သေသွားသည်။
ထို့ပြင် ခုနှစ်ရာဝန်းကျင်ခန့်ကလည်း အသေးစားဒဏ်ရာများ ရရှိထားကြပြီး သုံးရာဝန်းကျင်ခန့်ကမူ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားကြသဖြင့် ဆုံးရှုံးမှုက တစ်ထောင့်သုံးရာ ဝန်းကျင်ခန့်အထိ ဖြစ်သွားသည်။
ဒါက ဝူရှန်းမြင်းတပ် တည်ထောင်ပြီးကတည်းက အကြီးမားဆုံး ဆုံးရှုံးမှုကြီးဖြစ်သွားသည်။ ဝူရှန်းမြင်းတပ်၏ အရေအတွက်က ငါးထောင်သာ ရှိခြင်းဖြစ်သည်။
သတ္တိဖြူများက သူတို့တိုက်ခိုက်သည့် တိုက်ပွဲတိုင်းတွင် နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့ကို အလွယ်တကူ ယှဉ်နိုင်သည့်ပြိုင်ဘက်က မရှိသလောက် ဖြစ်ခဲ့သည်။
“တိဗက်တွေက ဘယ်လိုလဲ”
ဝမ်ချောင်က အချိန်တခဏခန့် တိတ်ဆိတ်နေပြီးနောက် လှမ်းမေးလိုက်သည်။
“သူတို့က ပိုပြီးတော့တောင် ဆုံးရှုံးမှု များလောက်ပါသေးတယ်”
လီစစ်ယဲ့က ကျယ်လောင်စွာ ထုတ်ပြောသည်။
“ငါတို့သေချာ မတွက်နိုင်ပေမဲ့လည်း တိဗက်တွေက အနည်းဆုံး ရှစ်ရာလောက်ထိ ဆုံးရှုံးသွားလောက်တယ်။ နှစ်ထောင်လောက်တောင် ဒဏ်ရာ ရသွားလောက်ပါသေးတယ်”
“သာ့ယန်မာန်ပန့်ကသာ မြန်မြန်နောက်ဆုတ်ဖို့ အမိန့်မထုတ်ခဲ့ရင် သူတို့က ဒီထက်ပိုပြီး ဆုံးရှုံးသွားဦးမှာ။ ဒါ့အပြင် အဲ့ဒီအဖွဲ့က မြင်းတပ် နှစ်ထောင်ကျော်ကိုလည်း ဆုံးရှုံးလိုက်ရတယ်”
သတ္တိဖြူငါးထောင်အတွက် ရှစ်ရာဆိုသော ပမာဏက အလွန်များသည်။ အနှစ်ချုပ်ဆိုရသော် ဝူရှန်းမြင်းတပ်၏ သုံးရာနှစ်ဆယ့်နှစ်ယောက်ဆိုသော ဆုံးရှုံးမှုက ထည့်ပြောရန် ထိုက်တန်ရုံမျှသာ ဖြစ်သည်။
ထိုအချက်ကတင် ဝူရှန်းမြင်းတပ်၏အင်အားက သတ္တိဖြူများထက်သာကြောင်း သက်သေပြလိုက်သည်။ သူတို့ကြားမှ ကွာခြားချက်က ရှိနေသည်။
ဝမ်ချောင်က သက်ပြင်းချလိုက်ပြီးနောက် ခေါင်းညိမ့်လိုက်သည်။ သူက သတ္တိဖြူများကို တစ်သုတ်တည်း ဖြေရှင်းရန်ကလွဲပြီး အခြားမလိုချင်သော်လည်း မာမဲ့လု တစ်သောင်းကိုပင် အင်အားအပြည့်ဖြင့် ရင်ဆိုင်နိုင်ခြင်း မရှိခဲ့သော လူများကမူ ရင်ဆိုင်ရမလွယ်ကြောင်း သိထားပြီးသားဖြစ်သည်။
ငါသာ ဝု့စ်သံမဏိနဲ့ ဥက္ကာသတ္ထုသားတွေ ရောက်လာတဲ့အချိန်ထိ စောင့်ခဲ့ပြီး သူတို့ကိုသာ သတ္တုသံချပ်ကာတွေအဖြစ် သွန်းလုပ်ခဲ့မယ်ဆိုရင် ... ဝူရှန်းမြင်းတပ်ရဲ့ ဆုံးရှုံးမှုက ပိုပြီးတော့တောင် နည်းပါးသွားလိမ့်မယ်။ ဒီလိုဆိုရင် နောက်ပိုင်း တူရကီအာရပ်နဲ့ တိဗက်လက်ရွေးစင်တွေကို သေချာပေါက် ယှဉ်သွားပြီး အပြတ်အသတ် သာသွားပါ့မယ်။ ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အခန်း(၇၈၉)
ဖုမာန်လင်းချာရဲ့ ရွေးချယ်မှု
ဝူရှန်းမြင်းတပ်က လွန်ခဲ့သော တစ်လခန့်ကမှ တည်ထောင်ထားခဲ့ခြင်းဖြစ်ပြီး ယခင်ဘဝက အနေအထားကို ရောက်ရှိရန် အလှမ်းကွာဝေးလွန်းနေသည်။ အခြားစကားဖြင့် ဆိုရသော် တိုးတက်ရန် အခြေအနေ ရှိနေသေးသည်။
“လီစစ်ယဲ့ ကျန်တဲ့လူတွေအားလုံးကို စစ်တပ်ရဲ့ အမိန့်ထုတ်လိုက်။ နောက်ပြီး ငါတို့ ပြောထားတဲ့အတိုင်း အဲ့ဒီအကြံအစည်ကို စတင်လို့ရတယ်။ တုစုန့်မာန်ဖော်ကျဲ့က သိပ်မကြာခင် လှုပ်ရှားလာလ်ိမ့်မယ်။ ငါတို့ မျှော်လင့်ထားတာထက်တောင် မြန်လောက်တယ်”
“ဟုတ်ကဲ့အရှင်အမတ်”
ထိုအမိန့်ကို ထုတ်လိုက်သည်နှင့် သံမဏိမြို့ရိုးမှ စစ်တပ်က ငြိမ်သက်သွားသည်။
......
“ဘယ်လိုလဲ မင်းဆက်သွားနိုင်သေးလား”
တိဗက်စခန်းသို့ ကျန်းနှစ်ကျန်းထောင်ခန့် အကွာတွင်ရှိသော တုစုန့်မာန်ဖော်ကျဲ့က သာ့ယန်မာန်ပန့်၏ ညာဘက်နားသို့ မြင်းကိုစီးသွားကာ ရပ်တန့်လိုက်သည်။
“မင်းကငါ့ကို အထင်သေးတာလား။ ငါက ဒီထန်နှစ်ကောင်ကိုတောင် မနိုင်နိုင်ဘူးလို့ ထင်နေလား”
သာ့ယန်မာန်ပန့်၏ မျက်နှာက သုန်မှုန်နေပြီး ဒေါသများ ပြည့်နှက်နေသည်။ သူက အံ့ကိုကြိတ်သံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
တုစုန့်မာန်ဖော်ကျဲ့ကလည်း သာ့ယန်မာန်ပန့်၏ မကျေနပ်မှုကို ခံစားမိသည့်အတွက် ရယ်လိုက်သည်။
“ခဏလောက် နားလိုက်ဦး။ ငါဝမ်ချောင်ဆိုတဲ့ ကောင်လေးကို ကိုင်တွယ်လိုက်မယ်”
တုစုန့်မာန်ဖော်ကျဲ့က ပေါ့ပါးစွာပြောသည်။
“မဖြစ်နိုင်ဘူး”
သာ့ယန်မာန်ပန့်က ချက်ချင်းလိုလို ငြင်းသည်။
“ငါသတိလက်လွတ် ဖြစ်သွားတယ်ဆိုတာကို ငါဝန်ခံတယ်။ ဒါပေမဲ့ ငါ့ရဲ့အခြေအနေကို ငါမှေးလိုက်လို့ ရသေးတယ်။ ငါကိုယ်တိုင်ကိုယ်ကျသွားပြီး အဲ့ဒီအကောင်ကို ခေါင်းဖြတ်မှာ”
“ငါလုပ်မယ်”
တုစုန့်မာန်ဖော်ကျဲ့၏ နှုတ်ခမ်းတွင် အပြုံးက ပေါ်လာသည်။
“ငါလုပ်နိုင်တယ်”
သာ့ယန်မာန်ပန့်က ခပ်ကြမ်းကြမ်းငြင်းသည်။
“ငါလုပ်ပေးရမယ်”
တုစုန့်မာန်ဖော်ကျဲ့က ထပ်ပြောသည်။ သူ၏အသံက မကျယ်လွန်းသလို မတိုးလွန်းချေ။ သို့သော် လေသံကမူ ပြောင်းသွားသည်။ ထိုစကားကို ငြင်းဆန်ရန် ခက်သွားသည်။
သာ့ယန်မာန်ပန့်က အေးခဲသွားသည်။ သူက နောက်ဆုံးတွင် ခေါင်းမော့ကာ တုစုန့်မာန်ဖော်ကျဲ့ကို ကြည့်သည်။
တုစုန့်မာန်ဖော်ကျဲ့က ငြင်သာသော မျက်နှာထားကို အမြဲတစေ ချိတ်ဆွဲထားတတ်သည်။ သူက သာ့ယန်မာန်ပန့်၏ တောင်းဆိုမှုတိုင်းကိုလည်း လက်ခံပေးခဲ့သည်။ သို့သော် ယခုမူ သူနှင့် မျက်လုံးချင်း ဆုံသောအခါ သာ့ယန်မာန်ပန့်အနေနှင့် ထိုမျက်လုံးတစ်စုံက ဆုံးဖြတ်ချက် ပြတ်သားနေပြီး သူဘယ်သောအခါကမှ မမြင်ဖူးသော ခက်ထန်မှုမျိုး ရှိနေကြောင်း မြင်လိုက်ရသည်။
သာ့ယန်နှင့် တုစုန့်ကလန်များက ယွီစန်း၏ မဟာကလန်ကြီးများထဲမှ နှစ်ခုဖြစ်သည်။ သက်တမ်းကာလ ကြာရှည်ပြီး အင်အားလည်းကြီးသည်။ ကလန်နှစ်ခုလုံးတွင် ကျွမ်းကျင်ပညာရှင်များနှင့် တောက်ပလွန်းသော ပုဂ္ဂိုလ်ကြီးများ ပြည့်နှက်နေတတ်သည်။ သူတို့က မိစာ္ဆများ ဖြစ်ခဲ့ကြသည်။
သာ့ယန်မာန်ပန့်နှင့် တုစုန့်မာန်ဖော်ကျဲ့၏ ဆက်ဆံရေးကလည်း ထိုနည်းတူဖြစ်သည်။
သာ့ယန်မာန်ပန့်က ဒီစီမံကိန်းတွင် ပါဝင်မည်ဟု ဆုံးဖြတ်ချက် ချပြီးကတည်းက တုစုန့်မာန်ဖော်ကျဲ့ကလည်း ဝင်မပါခဲ့ချေ။ ထို့ကြောင့်သူက ဝင်မစွက်ဖက်ခဲ့ချေ။ သို့သော် သာ့ယန်မာန်ပန့်က စိတ်ထင်ရာလုပ်ခွင့် ပြုထားမည်ဟုတော့ပင် မဆိုလိုနိုင်ချေ။
တိဗက်တောင်ပေါ်ဒေသ၏ မြောက်ပိုင်းနယ်မြေက တုစုန့်မာန်ဖော်ကျဲ့က ဗိုလ်ချုပ်မှူးကြီး တစ်ယောက်အဖြစ် ကွပ်ကဲနေသော နေရာဖြစ်ပြီး သူ၏အာဏာက အမြင့်ဆုံးဖြစ်သည်။ သာ့ယန်မာန်ပန့်ကသာ သူ၏အင်အားတိုင်းကို သုံးပြီးသည့်တိုင် ရန်သူကို မရှင်းလင်းနိုင်သေးလျှင် တုစုန့်မာန်ဖော်ကျဲ့ကသာ ရိုက်ချရမည့်အလှည့် ဖြစ်လာပေလိမ့်မည်။
“သာ့ယန် တိုက်ပွဲက ကစားပွဲမဟုတ်ဘူး။ ငါမင်းကို အခွင့်အရေး ပေးခဲ့ပြီးသား။ စန်းပေါ်ကလည်း ငါတို့ဆီကနေ အရှုံးတွေကို ဆက်လိုချင်နေမှာမဟုတ်ဘူး။ ဒါ့အပြင် ဒါကညှိနှိုင်းနေတာမဟုတ်ဘူး”
တုစုန့်မာန်ဖော်ကျဲ့က အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်၏ မျက်နှာထားကို ထုတ်ပြလိုက်သည်။
သာ့ယန်မာန်ပန့်ကလည်း တောင်ပေါ်ဒေသ၏ သတ်ဖြတ်ခြင်း စစ်နတ်ဘုရား ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သူ၏ သတ္တိဖြူများကလည်း အရှိန်အဝါ ကြီးကောင်းကြီးပေလိမ့်မည်။ သို့တိုင်အောင် ယခုမူ တုစုန့်မာန်ဖော်ကျဲ့၏ အဆင့်အတန်းက သူ့ထက် မြင့်နေသည်မှာ သိသာနေသည်။
သာ့ယန်မာန်ပန့်က တုစုန့်မာန်ဖော်ကျဲ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို နားလည်လိုက်သည်။ နောက်ဆုံးတွင်သူက ခေါင်းကိုငုံ့သည်။ သူက တွန့်ဆုတ်နေသော်လည်း တုစုန့်မာန်ဖော်ကျဲ့ကို စိန်ခေါ်ရန် အင်အား မလုံလောက်သေးချေ။
“ဟွန်း အဲ့ဒီကောင်စုတ် ဘယ်လိုပဲဖြစ်ဖြစ် ငါက ငါ့ရဲ့လက်နဲ့ အဲ့ဒီကောင်ကို ကိုယ်တိုင်သတ်မှာ”
သာ့ယန်မာန်ပန့်က ဆက်မငြင်းတော့ချေ။ ထိုစကားလုံးများကို ပြောပြီးနောက် သူက မြင်းစီးကာ ထွက်သွားသည်။ ထိုအရှုံးက သူ့အပေါ် ကြီးမားသော အရှက်တရားကို ရသွားစေခဲ့သည်။ သူကဲ့သို့ အကျင့်စရိုက်မျိုး ရှိသည့်လူအတွက် အလွယ်တကူ လက်မလျော့နိုင်ချေ။
သို့သော် ဒီတစ်ကြိမ်တွင် တုစုန့်မာန်ဖော်ကျဲ့က ဘာစကားမှ မဆိုချေ။
.....
“ဟယ်ပါးယဲ့ ငါ့အမိန့်ကိုထုတ် စစ်သားတိုင်းကို တစ်ဆယ်လီအကွာကို ချက်ချင်း ဆုတ်ခိုင်းရမယ်။ ဒါ့အပြင် မင်းတို့အားလုံး ငါနဲ့လိုက်ပြီး ဒီနေရာက ထွက်သွားရမယ်”
ထိုအခိုက် တိဗက်တောင်ပေါ်ဒေသ၏ အနောက်မြောက်ဘက် အကျဆုံးနေရာတွင် ရှိနေသော ဖုမာန်လင်းချာက မြင်းပေါ်သို့ အနည်းငယ်မှီကာ ငုံ့ကိုင်းလိုက်သည်။ သူ၏မျက်ဝန်းအတွင်း ခက်ထန်ကြမ်းတမ်းသော အလင်းတန်းက တောက်ပလာသည်။
“ဒီအမှိုက်တစ်သိုက် ငါကဒီနေရာမှာ အချိန်အကြာကြီး လာဆော့ပေးနေရတာ အလကားပဲ။ အဆုံးမှာတော့ ငါကပဲ လုပ်ရမဲ့လူဖြစ်သွားတယ်”
ဖုမာန်လင်းချာက ထိုသို့ ခပ်ကြမ်းကြမ်း ပြောလိုက်ပြီးနောက် တိဗက်စစ်တပ်ရှိရာဘက်သို့ စိုက်ကြည့်သည်။ သူ၏စိတ်ထဲတွင် မကျေနပ်မှုများက ပြည့်နှက်နေသည်။
ထိုစစ်ပွဲက မမျှော်လင့်ထားသောဘက်သို့ တိုးတက်သွားခြင်းဖြစ်သည်။ ထိုနေရာတွင် တိဗက်အများကြီးရှိသည်။ တုစုန့်မာန်ဖော်ကျဲ့လည်းရှိသည်။ သာ့ယန်မာန်ပန့်လည်း ရှိနေသေးသည်။ သို့သော် သူတို့က အရွယ်မရောက်သေးသော ဆယ်ကျော်သက် တစ်ယောက်ကိုပင် မသတ်နိုင်ကြချေ။ ထိုအချက်က ဖုမာန်လင်းချာကို အလွန်စိတ်ပျက်စေသည်။
ထိုရလဒ်က သူက စီစဉ်ထားသော အကြံအစည်များကို လုပ်၍မရကြောင်း သေချာသွားသည်။
ဖုမာန်လင်းချာကလည်း သိသိသာသာကြီး မလှုပ်ရှားချင်ခဲ့ချေ။ သို့သော် ယခုအခြေအနေအရ သူဆန္ဒရှိသော ရလဒ်ကို ရအောင်သာ ကြိုးစားရတော့ပေမည်။
ဒုန်း ဒုန်း ဒုန်း
ဘယ်သူမှ မတုန့်ပြန်နိုင်ခင် ဖုမာန်လင်းချာက မြင်းကိုလှည့်ပြီး အဝေးသို့အပြေးနှင်သွားသည်။ သူ၏နောက်မှ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်တိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ မည်သူကမျှလည်း ဖုမာန်လင်းချာ၏ တုန့်ပြန်မှုကို မမျှော်လင့်ထားကြချေ။
“မင်းတို့ကြားကြလား။ မြန်မြန်သွားကြလေ”
ဟယ်ပါးယဲ့က နောက်ဆုံးတွင် ဝမ်ချောင်ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် စာနာသနားမှု၊ အရှက်တရားများ၊ ရောထွေးနေသော ခံစားချက်များ ပြည့်တက်လာသည်။ သို့သော် သူကိုယ်တိုင်ကလည်း အခြားသော ဗိုလ်ချုပ်များကို ဦးဆောင်ပြီး လက်ယမ်းကာ ထွက်သွားလိုက်ရသည်။
ဒီစစ်ပွဲတွင် ချီရှီကာကွယ်ရေးစစ်တပ်က ဘေးဘက်မှ ရပ်ကြည့်နေရသည်။ ဖုမာန်လင်းချာကပင် ရှေ့တန်းတွင် ပေါ်ထွက်ခဲ့သည့်တိုင်အောင် ထိုသို့ လုပ်ခဲ့သည်။
သို့သော် ဒီတစ်ကြိမ်တွင် ချီရှီကာကွယ်ရေးစစ်တပ်မှ လူတိုင်း... ကြိုတင်လွှတ်ထားသော ကင်းထောက်များ အပါအဝင် မည်သူကမျှ မကျန်ရစ်ခဲ့ဘဲ အားလုံးက ထွက်သွားကြသည်။
ဝုန်း ဝုန်း ဝုန်း
မလှုပ်ရှားသော ချီရှီကာကွယ်ရေးစစ်တပ်၏ လှုပ်ရှားမှုက လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။ သို့သော် အာရုံက နည်းပါးသည်။ အခြေအနေ အားလုံးကမူ ဆုတ်ခွာသွားသော နှစ်ဖက်ထံတွင်သာ ရှိနေကြသည်။
“အရှင်အမတ် ဒါက ဖုမာန်လင်းချာနဲ့ ချီရှီကာကွယ်ရေးစစ်တပ်ပဲ”
တစ်ဖက်မှ ဆူညံသံသဲ့သဲ့ကို ကြားသည့်အခါ စစ်သည်ပေါင်းများစွာက ကပ်ပါသွားလေသည်။
ဝမ်ချောင်၏အနားမှ ရွှီခဲ့ယွီက အနားသို့ မြင်းစီးလာပြီးနောက် ဖုန်တိမ်စိုင်များကိုကြည့်ကာ စိုးရိမ်မှုများဖြင့် ပြောသည်။ ပတ်ဝန်းကျင်ရှိ လေထုအခြေအနေက တင်းကြပ်သွားသည်။
“ဖုမာန်လင်းချာက နောက်ဆုံးတော့ တုစုန့်မာန်ဖော်ကျဲ့ကို လှုပ်ရှားခိုင်းလိုက်တာပဲ”
လီစစ်ယဲ့ကလည်း ထွက်လာသည်။ သူ၏မျက်နှာက တင်းမာနေသည်။
“အွန်း”
ဝမ်ချောင်ကလည်း လေးနက်စွာ ခေါင်းညိမ့်သည်။ သူ၏မျက်နှာကလည်း အလွန်အမင်း တင်းမာနေသည်။
“သူက စိတ်မရှည်တော့ဘူး။ တော်ဝင်ခုံရုံးက ဆင်ဆာလူကြီးမင်းတွေက သူ့ကို အကဲဖြတ်ရင်တောင်မှ သူက တိဗက်တွေကိုသုံးပြီး ငါတို့ကို ရှင်းချင်နေသေးတယ်”
ဖုမာန်လင်းချာက အမြဲတစေ အန္တရာယ်ကို အာရုံခံမိနေသည်။ သူက ဝမ်ချောင်နှင့် ပတ်သတ်သမျှ အရာအားလုံးကို ရှင်းလင်းရန်အတွက် ဝမ်ချောင်ကို ကြီးထွားခွင့်မပေးရန် အမျိုးမျိုး ကြံစည်ရမည်ဖြစ်သည်။ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး ဖြစ်သည့်အတွက် သူက ချီရှီစစ်တပ်ကိုသုံးပြီး ဝမ်ချောင်ကို တပ်ကူပေးရမည့်အစား နောက်ပြန်လှည့်ကာပင် ရန်သူကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပြုသွားသေးသည်။ ထိုအခြေအနေက မယုံနိုင်စရာကောင်းလွန်းသော အခြေအနေဖြစ်သည်။
ကြည့်ရတာ ငါက တိဗက်တွေကို ရင်ဆိုင်နိုင်ခြင်း ရှိရှိ မရှိရှိ ငါ့အနေနဲ့ သူ့ရဲ့ ကာကွယ်ရေးဗိုလ်ချုပ်ကြီးဆိုတဲ့ နေရာကနေ ဖယ်ပြီး သူ့ကိုဒီနေရာကနေ ပြောင်းရွေ့ဖို့ လိုအပ်နေပြီ။
ဝမ်ချောင်က သဘောကျသွားသည်။ သူ၏စိတ်က ဖုမာန်လင်းချာပေါ် ပို၍ အာရုံစိုက်မိသွားသည်။
......
“မျှော်လင့်ထားတဲ့အတိုင်းပဲ သူထွက်သွားတယ်”
ဖုမာန်လင်းချာ၏ စစ်တပ်ဘက်မှ ထွက်လာသော တောင်ပံကို ပြန့်ကားနေသည့် ကြွက်သားအပြည့်နှင့် သိန်းငှက်ကြီးကို မြင်လိုက်ရသောအခါ တုစုန့်မာန်ဖော်ကျဲ့၏ နှုတ်ခမ်းတွင် အပြုံးက ပေါ်ထွက်လာသည်။
ဖုမာန်လင်းချာ၏ လုပ်ဆောင်မှုက ရုတ်တရက်ဆန်ပြီး အခြားလူများကိုပင် အံ့အားသင့်သွားစေသည်။ သို့သော် တုစုန့်မာန်ဖော်ကျဲ့ကမူ ခန့်မှန်းပြီးသားဖြစ်သည်။
ချီရှီကာကွယ်ရေးစစ်တပ်မှ သူ၏နောက်ခံကိုသုံးကာ သာ့ယန်မာန်ပန့်ကို ဝင်ခွင့်ရအောင် ခုခံရေးအားလှိုင်းကို တမင် ဟာကွက်ရှိအောင် လုပ်ထားပေးခဲ့ကတည်းက ဖုမာန်လင်းချာက သူ၏ရည်ရွယ်ချက်ကို ဖော်ထုတ်ပြသပေးခဲ့ပြီးသားဖြစ်သည်။
သို့သော် ဖုမာန်လင်းချာက မဟာဗိုလ်ချုပ်ဟောင်းတစ်ယောက် ဖြစ်နေသေးသည်။ သူက တိဗက်များကိုသုံးပြီး ဝမ်ချောင်ကို ရင်ဆိုင်ခိုင်းချင်သည်။ သို့သော် သူက တုစုန့်မာန်ဖော်ကျဲ့ကို အခွင့်အရေးပေးမည်ဟု မသေချာခဲ့ချေ။
ထို့ကြောင့် တုစုန့်မာန်ဖော်ကျဲ့အနေနှင့် ယခုမှသာ သေချာသွားလေသည်။ ဖုမာန်လင်းချာက သူ၏ စစ်သားများကို ဦးဆောင်ပြီး သူ့ကို တိုက်ခိုက်ခြင်းအားဖြင့် တိုက်ပွဲနယ်မြေမှ ရလဒ်ကောင်းများကိုယူပြီး တော်ဝင်ခုံရုံးထံမှ ဆုလဒ် တောင်းဆိုရန် ကြံစည်ထားခြင်းဖြစ်ကြောင်း သိခဲ့သည်။ သို့သော် တိုက်ပွဲတွင် တုစုန့်မာန်ဖော်ကျဲ့က သူ၏စိတ်စွမ်းအား တစ်ဝက်ခန့်ကျော်ကျော်ကိုသုံးပြီး ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကို စောင့်ကြည့်ခဲ့သည်။ သို့သော် ဖုမာန်လင်းချာက ထွက်သွားလေပြီ။ သူ၏စစ်သားများကိုပင် ပြန်ခေါ်သွားသေးသည်။ ထို့ကြောင့် တုစုန့်မာန်ဖော်ကျဲ့က နောက်ဆုံးတွင် စိတ်အေးသွားရသည်။
“ဟား ဟား ဖုမာန်လင်းချာ ကျေးဇူးပဲ။ မင်းက ဒီလိုလုပ်စေချင်မှတော့လည်း ငါကမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ ငါအဲ့ဒီဝမ်ကလန်က အငယ်ဆုံးသားကို မင်းအတွက် ဖယ်ရှားပေးမယ်”
တုစုန့်မာန်ဖော်ကျဲ့က သဘောတကျရယ်ပြီး အဝေးသို့ကြည့်သည်။ သူ၏အကြည့်က ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ် ထောင်ပေါင်းများစွာထံ ရောက်သွားသည်။
အခုက တိုက်ပွဲကို အဆုံးသတ်ရမဲ့အချိန်ပဲ။
“ရန်ကုန်း ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ခိုင်းထားလိုက်။ ဒီတစ်ကြိမ် ငါကိုယ်တိုင် အမိန့်ပေးမယ်”
တုစုန့်မာန်ဖော်ကျဲ့ကပြောသည်။
“ဟုတ်ကဲ့အရှင်”
ထိုစကားလုံးများနှင့်အတူ တိဗက်ဗိုလ်ချုပ်ကြီးဖြစ်သည့် ရန်ကုန်းက အင်အားတက်ကြွသွားပြီး ချက်ချင်းလိုလို အမိန့်ကိုထုတ်သည်။
“ငါတို့ ဒုတိယတစ်ကြိမ်မြောက် ပြန်တွေ့ရတဲ့အခါ ဒီလိုဆုံရမယ်လို့ မထင်ထားဘူး။ နှမြောစရာပဲ”
တုစုန့်မာန်ဖော်ကျဲ့၏ မျက်ဝန်းအတွင်း ထူးဆန်းသောအလင်းက လက်လာလျှက် ဝူရှန်းမြင်းတပ်ကိုကြည့်သည်။
ဝမ်ချောင်က ဘယ်လောက်ဉာဏ်ကောင်းကောင်း သူ့ရဲ့ဗျူဟာက ဘယ်လောက်ပဲ လေးစားစရာ ကောင်းနေကောင်းနေ သူက သာ့ယန်မာန်ပန့်ကို တစ်ကြိမ်ပြီးတစ်ကြိမ် နိုင်နိုင်မယ်ဆိုရင်တောင်မှ ဖုမာန်လင်းချာက နောက်ဆုတ်သွားပြီး သူကိုယ်တိုင် စင်ပေါ်တက်လိုက်တာနဲ့ ဝမ်ချောင်သေမှာ သေချာသွားပြီ။
တုစုန့်မာန်ဖော်ကျဲ့က ထွက်ပြေးသွားမည့် အခြေအနေကို မကြောက်ချေ။ ထွက်ပြေးရန် မဖြစ်နိုင်ချေ။ မည်သူကမှလည်း အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက် အဆင့်သို့ လက်လှမ်းမမှီနိုင်ချေ။ ပို၍ဆိုးသည်မှာ သူက ထိုသို့လုပ်ခဲ့လျှင် ဝူရှန်းမြင်းတပ်ကို သေချာပေါက် အဆုံးသတ်ပြီး နောက်မှ ထန်တပ်ရှိ လက်မှုပညာသည်တိုင်းကိုလည်း အဆုံးသတ်ပေးရမည်ဖြစ်သည်။
တုစုန့်မာန်ဖော်ကျဲ့က မဟာထန်ကို နားလည်သော အခြေအနေအရ ဝမ်ချောင်က ထွက်ပြေးသွားနိုင်သည့်တိုင်အောင် သူ၏အမှားအရ သူက မဟာထန်ထံမှ ဒုက္ခအပေးခံရဦးမည်ဖြစ်သည်။ ထို့ကြောင့် သူကလည်း သေရမည်ဖြစ်သည်။
“ငါတို့ရဲ့ဗိုလ်ချုပ် သာ့ယန်မာန်ပန့်ကိုခေါ်လိုက် သူလည်း ကလဲ့စားချေဖို့ အချိန်ကျပြီလို့ ပြောလိုက်ပါ”
ထိုစကားလုံးများနှင့်အတူ တုစုန့်မာန်ဖော်ကျဲ့က ချက်ချင်းလိုလို စစ်တပ်၏ အလယ်ဗဟိုသို့ ဦးတည်သွားသည်။
ဘုန်း
ထိုသို့ဖြင့် လျှင်မြန်စွာဖြင့် ခရာသံက ထွက်ပေါ်လာပြီး ထူးခြားလွန်းသော သံစဉ်တစ်မျိုးနှင့်အတူ တောင်ပေါ်ဒေသတခွင် ပျံ့နှံ့သွားသည်။ ထိုအသံကို မည်သူကမျှ မကြားဖူးချေ။
ဝုန်း
တိဗက်ထောင်ပေါင်းများစွာက တောင်ပေါ်မြင်းများကို စီးနင်းလျှက် မြေပြင်ကို ကဆုန်ပေါက်ကာ ကြိုတင်ပြင်ဆင်မှုများလုပ်သည်။ ထောင်ပေါင်းများစွာသော မြင်းများက မြင်းခွာများကို မြေပြင်ကိုထိကာ တဖန်ပြန်ခုန်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်သွားကာ တိဗက်နယ်မြေ တစ်ခုလုံးကို တုန်ခါသွားစေသည်။ ထိုသို့ဖြင့် မရေမတွက်နိုင်သော မြက်ပေါင်းများစွာက လေထဲသို့ မြောက်တက်သွားကြသည်။
ဒီတစ်ကြိမ်တွင် တုစုန့်မာန်ဖော်ကျဲ့က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပြီး မြင်းတပ် သောင်းကျော်ကို ဦးဆောင်ပြီဖြစ်သည်။ သာ့ယန်မာန်ပန့်ကလည်း သူ၏ကျန်ရှိသော သတ္တိဖြူများနှင့်အတူ ဝင်ပါလာမည်ဖြစ်သည်။
သူကလည်း သူက ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ကို ဖယ်ရှားနိုင်ကြောင်း ကြားသိကတည်းက ကိုယ်တိုင်ကိုယ်ကျပင် သူ၏သတ္တိဖြူများကို ထည့်ပေးခြင်းဖြစ်သည်။
တစ်လောကလုံးက ငြိမ်သက်သွားသည်။ တုစုန့်မာန်ဖော်ကျဲ့၏ စစ်တပ်၏ အသံများကသာ ရှိတော့သည်။ ပြင်းထန်ကျယ်ပြောကာ တင်းကြပ်မှုအပြည့် ရှိနေသော လေထုက တောင်ပေါ်ဒေသတခွင် ပျံ့နှံ့လာပြီး အလွန်ပြင်းထန်သည့် ဖိအားကို ထုတ်လွှတ်လာသည်။
လေပြင်းက မုန်တိုင်းလာမည့် လက္ခဏာများကို ပြသလာသည်။ တိတ်တဆိတ်ရောက်လာသော ဖိအားက ပြင်းထန်သည်။ ထိုသို့ဖြင့် ယခင်တိုက်ပွဲထက် ပို၍ကြောက်စရာကောင်းသော တိုက်ပွဲက စတင်တော့မည်ဖြစ်သည်။
အခန်း(၇၉၀)
“အရှင်အမတ် တိဗက်တွေက တိုက်ခိုက်တော့မယ်”
သံမဏိမြို့၏ အနောက်မှ လူတိုင်းက အဝေးမှ ခရာမှုတ်သံကို ကြားသည့်အခါ ထိတ်လန့်သွားကြသည်။ ဒီတစ်ကြိမ် တိုက်ခိုက်မှုက သူတို့မျှော်လင့်ထားသည်ထက် မြန်သွားသည်။
သူတို့အားလုံးကလည်း ခရာသံမှ ခြားနားမှုကို ခံစားမိကြသည်။ ဒီတိုက်ပွဲက အရင်ထက်ပို၍ အန္တရာယ်များပြီး ပို၍ပင် ကြောက်စရာ ကောင်းလောက်သေးသည်။
“မကြောက်ကြနဲ့ ငါအားလုံးကို စီစဉ်ထားပြီးသား”
ဝမ်ချောင်က အရှေ့သို့သာ တည်ငြိမ်စွာကြည့်သည်။ သူ၏ခန္ဓာကိုယ်က မလှုပ်ရှားချေ။
တုစုန့်မာန်ဖော်ကျဲ့က လှုပ်ရှားတော့မည်ဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူက ယွီစန်းမှ မဟာဗိုလ်ချုပ်ကို မယှဉ်နိုင်ကြောင်း သိထားပြီးသားဖြစ်သည်။ သူ၏ ကံတိုက်ပွဲဝင် သံချပ်ကာနှင့်ပင် သူက မယှဉ်နိုင်သေးချေ။
တုစုန့်မာန်ဖော်ကျဲ့က ကျန်းချုံကျန့်ချုံး၊ ခဲ့ရှု့ဟန်၊ ဖုမာန်လင်းချာတို့နှင့် အဆင့်တူသော ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်ကြီးအဆင့်တွင်ရှိသည်။ ရိုးရှင်းစွာဖြင့်ပင် သူက ထိုကဲ့သို့သော အဆင့်ရှိ ကျွမ်းကျင်ပညာရှင်မျိုးကို ရင်မဆိုင်နိုင်ချေ။
ဝုန်း
လျှပ်စီးက ဖြတ်ကနဲလက်သွားသလိုမျိုး ကြီးမားသော အနက်ရောင် စစ်အလံကြီးက လေထဲသို့ ထိုးခွဲဝင်ရောက်သွားသည်။ ထိုနည်းအားဖြင့် အလယ်တွင် သီးသန့်တည်ရှိနေသည့် အဖြူရောင် သိန်းငှက်ကြီးကို မြင်လိုက်ရသည်။ ထိုအလံ၏အရှေ့တွင် ထောင်ထောင်မောင်းမောင်း သန်သန်မာမာ မဟာနှင်းတောင်တန်းမှ နတ်မြင်းကြီးကိုစီးထားသည့် ပိန်ပါးသော ခန္ဓာကိုယ်တစ်ခုကို မြင်နိုင်သည်။ သို့သော် အားလုံး၏ အရှေ့သို့ ရောက်သောအခါ သူက မိစာ္ဆနတ်ဆိုးတစ်ပါးအလား ထင်ရသည်။
သူက အလွန်အမင်း အရပ်ရှည်လျားခြင်း မရှိချေ။ သို့သော် သူက ထုတ်လုပ်နေသော အရှိန်အဝါကမူ ပင်လယ်ပြင်တမျှ နက်ရှိုင်းနေပြီး ထိုအရာ၏ အရှေ့တွင်မူ မိမိကိုယ်ကို သေးငယ်ကာ နိမ့်ကျလွန်းသည်ဟု ခံစားမိစေသည်။
တုစုန့်မာန်ဖော်ကျဲ့
ထိုမျှဝေးကွာသော အကွာအဝေးနှင့်တင် ဝမ်ချောင်က သူနှင့်မြို့တော်တွင်ဆုံဖူးသည့် ယွီစန်းမဟာဗိုလ်ချုပ်ကြီးကို မှတ်မိလိုက်သည်။
အချိန်က အကြိတ်ချေခံလိုက်ရပြီး ရပ်တန့်ခံလိုက်ရသလိုပဲ။
တစ်စက္ကန့်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းသွားပြီး မြေကမာ္ဘကပင် ကွဲအက်ကာ ပြိုလဲတော့မတက် ဖြစ်သွားသည်။ မရေမတွက်နိုင်သော တိဗက်ပေါင်းများစွာက တုစုန့်မာန်ဖော်ကျဲ့၏ အနောက်မှထွက်လာကာ ချီတက်လာကြသည်။ ထိုနည်းအားဖြင့် မြေကမာ္ဘကို အနက်ရောင်ရေပြင်က လွှမ်းလာသလို ဖြစ်လာသည်။
“သတ်”
တိဗက်ထောင်ပေါင်းများစွာက သူတို့၏ အရှိန်အဝါများကို သုံးကာ အသားကုန် ကုန်းအော်လိုက်ကြသည်။ အသံလှိုင်းပေါင်း များစွာက ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများဖြင့် ဖြစ်ပေါ်လာစေသည်။ တြိဂံပုံ မြေကွက်လပ်နေရာသို့ သူတို့က အပြေးနှင်ဝင်ရောက်လာကြသည်။
ထိုလေးစားဖွယ်ကောင်းသော အရှိန်နှုန်းက ကောင်းကင်ကိုပင် အရောင်ပျောက်သွားစေသည်။ ထန်တိုင်းက ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားကြသည်။
“အရှင်အမတ်”
သူတို့အားလုံးက ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။ ထိုအခိုက် ဝမ်ချောင်ကသာ ဒီအခြေအနေကို ပြောင်းလဲအောင်လုပ်ပြီး စစ်တပ်ကို လမ်းညွှန်လို့ မှန်ကန်သော ဦးတည်ရာဘက်သို့ လမ်းပြပေးနိုင်ပေလိမ့်မည်။
“အရင်အတိုင်းပဲဆက်လုပ် လက်မှုပညာရှင်တွေက ခံတပ်ထဲမှာပဲနေ။ ကျန်တဲ့လူတွေကတော့ မြင်းပေါ်တက်ပြီး ငါ့ရဲ့အချက်ပြတာကိုစောင့်ကြ”
ဝမ်ချောင်၏အသံက ပုံမှန်အတိုင်းဖြစ်နေပြီး မည်သည့်ခံစားချက်မျှ မရှိချေ။ သို့သော် ဂရုတစိုက် နားထောင်ကြည့်မည်ဆိုပါက သူ၏အသံက လူတိုင်း၏ ခန္ဓာကိုယ်မှ တောင့်တင်းမှုများကို ဖြေလျော့ပေးလိုက်သလို ငြိမ်သက်သွားစေကြောင်း သိနိုင်မည်ဖြစ်သည်။
ဝုန်း
မြင်းခွာသံများက မိုးခြိမ်းသလို ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တိဗက်မြင်းတပ်က မြန်ဆန်သည့် အရှိန်နှုန်းကိုသုံးပြီး အဝေးမှ တဖြည်းဖြည်းချင်း နီးကပ်အောင် ချီတက်လာကြသည်။
စစ်သည်တစ်သောင်းကျော်က တစ်သားတည်း ချီတက်လာကြသည်။ သူတို့ကို တုစုန့်မာန်ဖော်ကျဲ့ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က ဦးဆောင်လာသည့်အခါ ထွက်လာသည့် ပြင်းထန်သည့်ဖိအားက မြင်ရသူတိုင်းကို ကြောက်လန့်လွန်းသဖြင့် တုန်လှုပ်စေလောက်သည်။
ကျန်းတစ်ထောင့်လေးရာ
ကျန်းတစ်ထောင့်သုံးရာ
ကျန်းတစ်ထောင့်နှစ်ရာ
ချွင်
တုစုန့်မာန်ဖော်ကျဲ့၏ နတ်မြင်းအောက်မှ ဆူးချွန်ချီစက်ကွင်းတစ်ခုက ပျံ့နှံ့လာပြီး တောက်ပလွန်းကာ တိဗက်မြင်းသမားတိုင်းကို လွှမ်းခြုံသွားသည်။ သာ့ယန်မာန်ပန့်၏ သတ္တိဖြူများကိုပင် လွှမ်းခြုံပေးလိုက်သေးသည်။
တိဗက်မြင်းတပ်က ပို၍အင်အားကြီးသွားသည်။ သူတို့၏အင်အားက မြင့်တက်သွားကာ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် မြင့်မားသွားခဲ့သည်။
ဝမ်ချောင်၏ ခံတပ်ကမူ ကြီးမားသော အားလှိုင်းလုံးကြီးကို ရင်ဆိုင်ရမည့် တောင်ကုန်းငယ်လေးများအလား ထင်ရသည်။ သူတို့က ထိုလှိုင်းလုံးများ၏ အရှေ့တွင် အချိန်မရွေး လွင့်ထွက်သွားနိုင်သလို ထင်ရသည်။
“စစ်သားတိုင်းနောက်ဆုတ်”
ချက်ချင်းလိုလို ကျယ်လောင်သောအသံက ထွက်ပေါ်လာသည်။ ဝူရှန်းမြင်းတပ် ထောင်ပေါင်းများစွာက ချက်ချင်းလိုလို နောက်လှည့်ကာ နောက်တန်းရှိ ခံတပ်၏ လွတ်နေသော နေရာထဲသို့ ပြေးဝင်သွားကြသည်။
ရုတ်တရက် အပြောင်းအလဲက တိဗက်တိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။ တုစုန့်မာန်ဖော်ကျဲ့ကပင် ကြောင်သွားသည်။
ဝမ်ချောင်၏ ခပ်ကြမ်းကြမ်း တိုက်ခိုက်တတ်ပြီး အကြောက်အလန့်မဲ့ကာ မည်သို့သော ရန်သူမျိုးကို ရင်ဆိုင်ရစေကာမူ မကြောက်လန့်တတ်သည့် ပုံစံမျိုးကို ကျင့်သားရနေပြီးနောက် တုစုန့်မာန်ဖော်ကျဲ့ကပင် ရန်သူက ထွက်ပြေးသွားသည့်အခါ အံ့ဩသွားသည်။
“ကြည့်ရတာ သူကနည်းနည်းတော့ ဉာဏ်ကောင်းသားပဲ။ ဒါပေမဲ့ သူက ငါ့ကိုတောင် ရန်စပြီးပြီဆိုကတည်းက ထွက်ပြေးဖို့ နောက်ကျသွားပြီပဲ”
တုစုန့်မာန်ဖော်ကျဲ့က ဖျော့တော့စွာ ပြုံးပြီးနောက် မြင်းကိုအရှိန်မြင့်လိုက်သည်။
ဝမ်ချောင်က မည်သို့တွေးနေစေကာမူ သူက တောင်ပေါ်ဒေသသို့ ခြေလှမ်းဝင်ရောက်လိုက်ပြီး ဒီနေရာတွင် ခံတပ်လာဆောက်လိုက်သည်နှင့် အသေခံရမည့် အခြေအနေသို့ ပြင်ဆင်ထားနေပြီဖြစ်သည်။
ဖုမာန်လင်းချာက ထွက်သွားပြီးနောက် မဟာထန်မှ မြင်းတပ်ဖြစ်လာကာစ ထိုကြယ်ပွင့် အငယ်ဆုံးသော ပါရမီရှင်က ဒီနေရာတွင် ကြွေကျရတော့ပေမည်။
“စစ်သားတိုင်း ချီတက်ကြ။ နောက်ဆုတ်တဲ့အကောင်တိုင်း ကွက်မျက်ခံရမယ်”
တုစုန့်မာန်ဖော်ကျဲ့က စစ်တပ်ကို ပို၍ပင် အားအင်တက်ကြွသွားစေသည်။
“သေစမ်း ချီတက်ကြစမ်း”
ဝမ်ချောင်က ထွက်ပြေးကြောင်း မြင်သောအခါ သာ့ယန်မာန်ပန့်က ဒေါသထွက်သွားသည်။ သူက ဝမ်ချောင်ကို ထွက်ပြေးခွင့် မပြုနိုင်ချေ။ သူက ဝမ်ချောင်ကို ဝူရှန်းသံမဏိမြို့သို့ အပြန်လမ်းတောက်လျှောက် လိုက်သတ်ရမည်ဆိုလျှင်ပင် သေချာပေါက် သတ်ရမည်ဖြစ်သည်။
......
“သတိထား တိဗက်တွေက အင်အားအပြည့်နဲ့လာကြတာ။ သူတို့က ခံတပ်ကို တိုက်ခိုက်ကြလိမ့်မယ်။ တိဗက်မဟာဗိုလ်ချုပ်တောင်မှ လှုပ်ရှားလိမ့်မယ်”
“မြန်မြန် ဂိတ်တံခါးကိုဖွင့် အရှင်အမတ်နဲ့ အခြားသူကို ဝင်ခွင့်ပြုလိုက်”
“မြန်မြန်လေး မြန်မြန်လေး မြို့ရိုးကို မြန်မြန်ဖွင့်ကြစမ်းပါ။ တိဗက်တွေ ဝင်လာကြရင် ငါတို့ရှစ်ထောင်လုံး သေသွားလိမ့်မယ်။ မှတ်ထား ငါတို့သူတို့ကို မြို့ရိုးပေါ်ကျော်တက်ခွင့် မပြုနိုင်ဘူး”
ထိုအချိန်တွင် အထိတ်လန့်ဆုံးက လက်မှုပညာရှင် ရှစ်ထောင်ဖြစ်သည်။ ခံတပ်တစ်ခုလုံးက အထိတ်တလန့် ဖြစ်နေကြသည်။ ထိုလူများက အနောက်တောင်ပိုင်းသို့သွားရန် ဝမ်ချောင်၏အနောက်သို့ လိုက်ခဲ့ဖူးသောကြောင့်သာ မဟုတ်လျှင် သူတို့က ယခုလောက်ထိ တည်ငြိမ်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် အခြားအသစ်ရောက်လာသော လူများကိုလည်း ဝမ်ချောင်က အရာအားလုံးကို ကြံစည်ထားပြီးသားဖြစ်ကြောင်း ပြောထားသဖြင့်ကြောင့် ထိုလူများက အမိန့်အတိုင်း ဆက်လုပ်နိုင်သေးခြင်းဖြစ်သည်။
ဝုန်း
ကြီးမားသော ဂိတ်တံခါးကြီးက ပွင့်သွားသည်။ ပုံမှန်ဆိုလျှင် လူရှစ်ယောက်က ဂိတ်တံခါးကိုဖွင့်ရန် လုံလောက်ပြီဖြစ်သည်။ သို့သော် ယခုမူ အယောက်သုံးဆယ့်နှစ်ယောက်ကပင် ဂိတ်တံခါးကို အလောတကြီး လာဖွင့်ကြသည်။
ဝှစ်
လေပြင်းက ဖြတ်ကနဲ တိုက်ခတ်သွားပြီးနောက် ဝူရှန်းမြင်းတပ်များ အားလုံးက ဂိတ်ထဲသို့ ပြေးဝင်ကြသည်။ ဒုတိယတစ်သုတ် တတိယတစ်သုတ် ထိုသို့ဖြင့် အားလုံးက ရေကြီးသလို ဆက်တိုက် တိုးဝင်သွားသည်။
“မြန်မြန် ဂိတ်တံခါးကိုပိတ်”
ကျယ်လောင်သော မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ထိုအသံက မြို့တစ်ခုလုံးကို ကျော်ဖြတ်သွားသည်။ လက်မှုပညာရှင်တိုင်းကပင် ခပ်မြန်မြန် လှုပ်ရှားကြသည်။ သူတို့က ခလုတ်များကို လှည့်လိုက်ပြီးနောက် ဂိတ်တံခါးကိုပိတ်သည်။
ဝူရှန်းမြင်းတပ် နောက်ဆုံးအဖွဲ့ဝင်တစ်ယောက်က ဝင်သွားပြီးနောက် ဂိတ်တံခါးက အပြည့်အဝ ပိတ်သွားပြီဖြစ်သည်။
“သူတို့ကို မပြေးစေနဲ့”
“သူတို့ကိုသတ်”
“ထန်တွေအားလုံးကိုသတ် ဒီတစ်ကြိမ်က ငါတို့ ကလဲ့စားချေရမဲ့အချိန်ပဲ”
တိဗက်တိုင်း၏အော်သံက ကောင်းကင်ထိတိုင် ထိုးတက်သွားသေးသည်။ နောက်ဆုံးဖြစ်ခဲ့သော တိုက်ပွဲများက တိဗက်တိုင်း၏ နှလုံးသားအပေါ် အရိပ်ဆိုးကြီး ဖြစ်သွားသည်။ သူတို့က ပုံမှန်ဆိုလျှင် ထန်များကို အထင်သေးနေကျဖြစ်သည်။ သို့ရာတွင် ဝူရှန်းမြင်းတပ် ထွက်ပြေးသောမြင်ကွင်းက သူတို့၏ အရိပ်ဆိုးကို ဖယ်ရှားလိုက်သလို ဖြစ်သွားသည်။
ဝူရှန်းမြင်းတပ်က အရှင်တုစုန့်မာန်ဖော်ကျဲ့ကို မယှဉ်နိုင်သည်မှာ မေးခွန်းထုတ်စရာမလိုချေ။ အရှင်မဟာဗိုလ်ချုပ်ကြီး ရှိနေသမျှ ထန်များကို ထည့်ပြောရန် မလိုအပ်တော့ချေ။
ထိုသို့ဖြင့် မြင်းထောင်ပေါင်းများစွာက အော်ဟစ်ကြပြီး သံမဏိမြို့ရိုးထံ ချီတက်လာကြသည်။ ထိုသို့ဖြင့် သူတို့က ထိုတြိဂံပုံစံ မြေကွက်လပ်နေရာမှ သေးငယ်လွန်းသော ခံတပ်ထံ ဦးတည်လာကြသည်။
တိဗက်များကလည်း မည်သည့် အဟန့်အတားကိုမျှ မတွေ့ရချေ။ ပျားအုံပုံစံမျိုးဖြင့် မြှားပုံးများကိုလည်း မတွေ့ရချေ။ စစ်သားတိုင်းက မြင့်မားစွာ တည်ရှိနေသော မြို့ရိုးများထံ ဦးတည်လာကြသည်။ ထိုသို့ဖြင့် ကိုးကျန်းခန့်မြင့်သော မြို့ရိုးအောက်ခြေနားသို့ ရောက်သွားကြသည်။
“ချိတ်ကောက်တွေပြင်ကြ”
စစ်တပ်မှ တစ်ယောက်က အော်သည်။
ဒုန်း ဒုန်း ဒုန်း
ထိုသို့ဖြင့် ချိတ်ပေါင်းများစွာက မြို့ရိုးပေါ် ချိတ်လိုက်ကြသည်။ ထိုအခိုက် ပစ္စည်းများကို ယူလာသောလူများက သာ့ယန်မာန်ပန့်၏ သတ္တိဖြူများကို လုပ်ကြံသတ်ဖြတ်ခဲ့သူများဖြစ်သည်။
ဝုန်း
ရှည်လျားသော ငွေရောင်တိုက်ပွဲဝင် ချိတ်ကောက်ကြီးက အပေါ်ယံတွင်ရှိသော ရှုပ်ထွေးသော သံချပ်ကာများနှင့် အလွန်အမင်း ခမ်းနားထည်ဝါသော ပုံစံမျိုးဖြစ်နေသည်။
ဝမ်ချောင်က ကျင်းတစ်သောင်းကျော် အင်အားမျိုးနှင့်အတူ ဂိတ်ကိုခပ်ကြမ်းကြမ်း ထုရိုက်လိုက်သည်။ ထို့ပြင် အလွန်အမင်း ကြီးမားသော တုံးမောင်းကြီးများဖြင့်လည်း ဂိတ်တံခါးကိုထိုးနေသည်။ ပြင်းထန်သည့် သက်ရောက်မှုက တစ်မြို့လုံးကိုပင် တုန်ခါသွားစေသေးသည်။
သတ္တိဖြူများကမူ မြို့များကို လုပ်ကြံသတ်ဖြတ်မှုတွင် ရင်းနှီးလွန်းနေသည်။ တိုက်ပွဲပေါင်းများစွာတွင် သတ္တိဖြူများက အမျိုးမျိုးသော အနောက်ပိုင်းနယ်မြေမှ တိုင်းပြည်ငယ်ပေါင်းများစွာကို ဝင်စီးကာ လုပ်ကြံသတ်ဖြတ်ကြသည်။
ဒီတစ်ခေါက် တိုက်ပွဲက တြိဂံပုံမြေကွက်လပ်တွင် မြို့အသေးစားတစ်ခု ရှိနေမည်ဖြစ်ကြောင်း နားလည်ထားသဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
ထို့ကြောင့် ယခင်တိုက်ပွဲများအတိုင်း သတ္တိဖြူငါးထောင်က ယခင်တစ်ခေါက်က ထိုပစ္စည်းများကိုသုံးပြီး မြို့ရိုးပေါ်သို့ မတက်နိုင်ခဲ့ချေ။ ယခုတစ်ခေါက်မူ မတူတော့ချေ။
ဝှစ်
လေပြင်းက ဟိန်းဟောက်ချိန်တွင် သတ္တိဖြူများက မြို့ရိုးပေါ်သို့ စတက်နေကြပြီဖြစ်သည်။ သူတို့က ဝူရှန်းတွင်လည်း သံမဏိမြို့ကို တက်ခဲ့ကြသည်။ သို့သော် ယခုတစ်ခေါက်ကမူ ပို၍တက်ရလွယ်သွားသည်။
ထို့ကြောင့် ချက်ချင်းလိုလို သတ္တိဖြူများက မြို့ရိုးပေါ်သို့ ချောင်းကြည့်နိုင်သွားကြသည်။
သို့သော် မြို့ရိုးပေါ်သို့ ပထမဆုံးသော ရောက်သွားသောလူက မည်သည့်သတ္တိဖြူမှမဟုတ်ချေ။ ထိုလူက ဖြတ်ကနဲလက်လျှက် ခုန်ဝင်သွားသော တုစုန့်မာန်ဖော်ကျဲ့နှင့် သူ၏နတ်မြင်းဖြစ်သည်။
သူက မည်သည့်ချိတ်ကောက်မျှမလိုချေ။ သူက ရိုးရှင်းစွာပင် ကိုးကျန်းအမြင့်ကို ကိုယ်ပိုင်အင်အားဖြင့် ခုန်လိုက်သည်။
“ကြည့်လိုက် အဲ့ဒီမှာကြည့် သူ့ကိုပစ်”
မြို့ရိုးက ဝရုန်းသုန်းကားဖြစ်သွားသည်။ တုစုန့်မာန်ဖော်ကျဲ့က ပေါ်လာသည်နှင့် သူ့ကို မြှားပေါင်းများစွာက ဆီးကြိုသည်။
ဒါက တချိန်လုံး ခံတပ်ထဲတွင်ရှိနေသည့် လေးသည်တော်ဖြစ်သည်။ တုစုန့်မာန်ဖော်ကျဲ့၏ ကြီးမားသော အရှိန်အဝါကို ခံစားမိသည်နှင့် လေးသည်တော်တိုင်း ကသူ့ကိုပစ်ကြသည်။
“အသုံးမကျတဲ့ လှည့်ကွက်တွေပဲ”
တုစုန့်မာန်ဖော်ကျဲ့က ဖျော့တော့စွာသာပြုံးသည်။ သူက မြို့ရိုးပေါ်တွင် ရိုးရှင်းစွာ တက်ရပ်နေသည်။ ဒီနည်းအားဖြင့် မြှားတိုင်းက သူ့ကိုပစ်လာခြင်းကို ခွင့်ပြုထားလိုက်သည်။ သို့သော် သုံးကျန်းခန့်အကွာအဝေးသို့ ရောက်သွားသောအခါ မြှားများက အလိုလို တန့်သွားပြီး အောက်သို့ ကျသွားခဲ့ကြသည်။
ထိုမြှားတစ်သုတ်က ပျောက်သွားသည်နှင့် နောက်ထပ်မြှားတစ်သုတ်က ထပ်ရောက်လာကြသည်။ တုစုန့်မာန်ဖော်ကျဲ့က ခပ်အေးအေးရယ်သည်။ သူ၏ သိန်းငှက်တစ်ကောင်လို မျက်ဝန်းများက ကောင်းကင်အနှံ့ ပြည့်နေသော မြှားတိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကိုရှာသည်။
“တွေ့ပြီ”
တုစုန့်မာန်ဖော်ကျဲ့က သဘောတကျရယ်ပြီး မြို့ဂိတ်နားမှ ထွက်ပြေးရန် အသင့်ပြင်နေသော ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။