← Chapters

အခန်း (၇၉၁-၇၉၅)

Vol. 43 Ch. 791-795

အခန်း (၇၉၁-၇၉၅)

Vol. 43 Ch. 791-795

အခန်း(၇၉၁)

တုစုန့်မာန်ဖော်ကျဲ့၏ ကြောက်လန့်မှု (၁)

“မင်းလုပ်နိုင်မယ်လို့ ထင်လား”

တုစုန့်မာန်ဖော်ကျဲ့၏ စိတ်ထဲတွင် လှောင်ရယ် ရယ်နေသည်။ သူက ဝမ်ချောင်၏ ကျောပြင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း သတိထားမိလိုက်သည်။

အဝေးတွင် ဝမ်ချောင်က တစ်စုံတစ်ရာကို အာရုံခံမိသလိုမျိုး ဝမ်ချောင်က သူ၏ခန္ဓာကိုယ်အပေါ်သို့ တုစုန့်မာန်ဖော်ကျဲ့၏ အကြည့်က ရောက်သွားသောအခါ တဆတ်ဆတ် တုန်သွားသည်။ သူက မသိလိုက် မသိဘာသာ ခေါင်းကိုနောက်ပြန်လှည့်လိုက်သောအခါ အမြဲတစေ တည်ငြိမ်ကာ ဉာဏ်ပညာ အပြည့်အဝ ပိုင်ဆိုင်ထားသလိုမျိုး ဖြစ်နေသော မျက်ဝန်းတစ်စုံက နောက်ဆုံးတွင် အထိတ်တလန့် ဖြစ်မှုများနှင့် ကြောက်လန့်မှုများကို ဖော်ပြလာပြီဖြစ်သည်။

ပြိုင်ဘက်ကင်းလောက်အောင် များပြားလွန်းတဲ့အင်အားနဲ့ ရင်ဆိုင်ရတဲ့အခါ အကြံအစည်တွေနဲ့ ဗျူဟာတွေက ကလေးကစားစရာလောက်ပါပဲ။

မဟာဗိုလ်ချုပ်ကြီးများကသာ မဟာဗိုလ်ချုပ်ကြီးများကို ယှဉ်နိုင်သည်။ ဝမ်ချောင်က ဖုမာန်လင်းချာ၏ လှုပ်ရှားမှုများကို တချို့သော နည်းလမ်းများကိုသုံးပြီး ကန့်သတ်ထိန်းချုပ်ရန် ချီရှီ၏ မဟာဗိုလ်ချုပ်ကြီးကိုသုံးပြီး ဆောက်လုပ်ရန် လိုအပ်ပေလိမ့်မည်။ ထိုအတွက်ကြောင့် တုစုန့်မာန်ဖော်ကျဲ့က သူ့ကို အလွန်လေးစားမိခြင်းဖြစ်သည်။

“အလာ မင်းက မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ လုပ်ရဲတဲ့စိတ်ကို အထင်သေးမိသွားတာပဲ။ မင်းက ဖုမာန်လင်းချာရဲ့ မင်းကိုသတ်ဖို့ ဆုံးဖြတ်ထားတဲ့စိတ်ကို အထင်သေးမိသွားတယ်။ ဒီလိုဆုံးဖြတ်ချက်တွေကြောင့် မင်းကဒီနေရာမှာသေဖို့ ဖြစ်လာတာ”

တုစုန့်မာန်ဖော်ကျဲ့က သဘောတကျရယ်နေရင်း ထိုလူငယ်ကိုကြည့်သည်။ သူက နယ်စပ် နှစ်ဖက်လုံးမှ မဟာဗိုလ်ချုပ်ကြီးများကို ရန်စထားခဲ့သဖြင့် မဟာထန်၏ ထိုလူငယ်လေးကသာ ထိုသို့ လုပ်နိုင်လောက်မည်ဟု ယုံကြည်သည်။ သူ၏ ပါရမီက မည်မျှပင် ပြင်းထန်ကောင်းမွန်နေစေကာမူ အလွန်ရဲတင်းလွန်းပြီး မောက်မာထောင်လွှားလွန်းသော လူအတွက် အသက်တိုတတ်သည်။ ယခုလို အပြည့်အဝ မပျံနိုင်ခင် လေထဲတွင်ပင် အဖြတ်တောက် ခံရတတ်သည်။

ဘန်း

တုစုန့်မာန်ဖော်ကျဲ့က ရှေ့သို့ခုန်တက်လိုက်ပြီး လေထဲတွင်ရှိသည့် ပုံရိပ်ပေါင်းများစွာကို ဝေဝါးသွားစေခဲ့သည်။ သူနောက်ထပ်တဖန် ပြန်လည်ပေါ်လာသောအခါ ကျန်းတစ်ဆယ်ကျော် အကွာသို့ ရောက်သွားပြီဖြစ်သည်။ တုစုန့်မာန်ဖော်ကျဲ့က စတင်ကာ လှုပ်ရှားလိုက်သောအခါ သူက စစ်မြင်းတစ်ကောင်က လုပ်နိုင်သည်ထက် အဆပေါင်းများစွာ မြန်သွားသည်။ ကြယ်တာရာစွမ်းအင်ပေါင်း အများကြီး ထုတ်သုံးနေရသောကြောင့်သာ သူက အရှိန်ကို နှေးကွေးထားရခြင်းဖြစ်သည်။

ဝမ်ချောင်ကသာ အစပိုင်းကတည်းက ချက်ချင်း ထွက်သွားခဲ့မည်ဆိုလျှင် လွတ်လောက်သည်။ သို့သော် ယခုမူ သူ၏မျက်စိရှေ့အောက်တွင် ရောက်နေသဖြင့် လွတ်ရန် မဖြစ်နိုင်တော့ချေ။

“မိတ်ဆွေလေး ဘာလို့မင်းက အလောတကြီး ထွက်သွားဖို့ ကြိုးစားနေတာလဲ။ ငါတို့တွေ မြို့တော်မှာ တွေ့ပြီးချိန်ကတည်းက ပြန်မတွေ့ရတာ လပေါင်းများစွာ ကြာသွားပြီမဟုတ်လား။ ငါတို့ရဲ့ အချိန်ဟောင်းတွေအကြောင်း ပြန်ပြောကြရအောင်လား”

တုစုန့်မာန်ဖော်ကျဲ့၏ အသံက မကျယ်ချေ။ သို့သော် ခံတပ်တစ်ခုလုံးက သူ့အသံကို သေသေချာချာ ကြားလိုက်ရလေသည်။ သူ၏ခန္ဓာကိုယ်က များပြားလွန်းသော စွမ်းအင်များကို လွှတ်ထုတ်နေသဖြင့် ထိုခံတပ်တစ်ခုလုံးကို ပေါက်ကွဲတော့မတက် ပြည့်နှက် တင်းကြပ်နေစေသည်။ သူ၏ နတ်ဘုရားတမျှ သန်မာလွန်းသော ခွန်အားကလည်း ကြည့်နေသောလူတိုင်းကို ထိတ်လန့်စေသည်။ ထို့ကြောင့် ခံတပ်ထဲတွင် အထိတ်တလန့် အော်ဟစ်သံများ၊ ထိတ်လန့်သံများက ထွက်ပေါ်နေပြီး ထိုထဲတွင် အထူးအခြား ဖြတ်တောက်ခံလိုက်ရသည့် သစ်သားနှင့် သံမဏိတုံးများ၏ အသံကိုလည်း ကြားလိုက်ရသည်။

အတွင်းမှ လက်မှုပညာရှင် ရှစ်ထောင်က ထိတ်လန့်သွားကြပြီဖြစ်သည်။ ခံတပ်ထဲသို့ ဝင်ထားသော ဝူရှန်းမြင်းတပ်ကပင် ကစဉ့်ကလျား ဖြစ်ကုန်သည်။ တုစုန့်မာန်ဖော်ကျဲ့က ထိုနေရာထိ ရောက်လာခဲ့ချိန်က အနည်းငယ် သတိထားမိပြီး သတိအပြည့် ကပ်ထားသေးသည်။ သို့သော် ဒီလိုအခြေအနေကို မြင်လိုက်ရသည့်အခါ သူ၏ခန္ဓာကိုယ်မှ တုန့်ဆိုင်းမှုတိုင်းက ပျောက်ကွယ်သွားသည်။

မှန်မှန်မှားမှား... အတုအယောင် လုပ်ယူထားသော ထိတ်လန့်မှုနှင့် အမှန်တကယ်ဖြစ်လာသော ထိတ်လန့်မှုများ၊ အစစ်အမှန် ကြောက်လန့်မှုနှင့် အတုအယောင် ကြောက်လန့်မှု.. ထိုအရာများကို တုစုန့်မာန်ဖော်ကျဲ့ကဲ့သို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က ခွဲနိုင်ရန် မဖြစ်နိုင်ချေ။

ပို၍ဆိုးသည်မှာ...

စစ်တပ်ရဲ့ အရေးကြီးဆုံးအပိုင်းက ဝင်္ကပါပဲ။ ဝမ်ချောင်ရဲ့ ဝူရှန်းမြင်းတပ်ကတောင် ဒီလို ကစဉ့်ကလျား ဖြစ်သွားပြီး အရပ်မျက်နှာအနှံ့ ထွက်ပြေးနေပြီဆိုရင် သူတို့က တစ်ခုခု လုပ်နိုင်ဦးမယ်ဆိုရင်တောင်မှ သူတို့က ဒီလိုလှုပ်ရှားမှုတွေကြောင့်ပဲ ကိုယ့်ကိုယ်ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်သလို ဖြစ်သွားလိမ့်မယ်။ သူ့ရဲ့စစ်တပ်က ဂိတ်ပေါက်ကိုဖွင့်ပြီး ဝင်လာတာနဲ့ လေးစားစရာကောင်းတဲ့ ဝူရှန်းမြင်းတပ်တောင်မှ သူတို့ရဲ့ကံကြမ္မာကနေ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး။

ဝုန်း

တုစုန့်မာန်ဖော်ကျဲ့က ချက်ချင်းလိုလို လျှပ်စီးလက်သလိုမျိုး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ခုန်ထွက်လိုက်ပြီး နောက်တွင် အဖြူရောင် အလင်းတန်းရှည်ကိုသာ ချန်ထားရစ်ခဲ့သည်။ ထိုသို့ဖြင့်သူက ဂိတ်ပေါက်ထံ ဦးတည်သွားသည်။ ခြားနားသော ကြယ်တာရာစွမ်းအင်များက ကောင်းကင်ကို စုတ်ဖြဲလိုက်သည်။ သူသွားသော လမ်းတောက်လျှောက် လေထုကပင် ကျုံ့သွားရသည်။ တုစုန့်မာန်ဖော်ကျဲ့၏ အနောက်တွင် တောင်ပေါ်ဒေသသား ပုံရိပ်တစ်ခုက ပေါ်လာသည်။ ထိုနေရာတွင် နှင်းတောင်တန်းကိုလည်း ထင်ရှားစွာ မြင်နိုင်သည်။ လျှပ်စီးများက ကွဲအက်သလိုမျိုး တဖြတ်ဖြတ် လှုပ်ခါလာပြီးနောက် လေထဲသို့ ရောက်သွားသော ပင့်ကူအိမ်ကြီးအလား တဖြည်းဖြည်းချင်း ပြန့်သထက် ပြန့်သွားလျှက် တောင်ပေါ်ဒေသ၏ ပုံကလည်း ကြီးသထက် ကြီးသွားသည်။ ထိုနည်းအားဖြင့် တောင်ပေါ်ဒေသ တစ်ခုလုံးကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ထို့နောက် တုစုန့်မာန်ဖော်ကျဲ့က ထိုတောင်တန်းကို ခုတ်ချလိုက်သလို အရှိန်နှုန်းဖြင့် ခုတ်ချလိုက်သည်။ ခုတ်ချက် တစ်ချက်ချင်းစီတိုင်းက တုစုန့်မာန်ဖော်ကျဲ့၏ ပုံရိပ်ကို ပို၍ပင် ထောင်လွှားကာ ခမ်းနားပြီး အင်အားကြီးမားသယောင် ခံစားမိစေသည်။

တုစုန့်မာန်ဖော်ကျဲ့၏လက်မှ စတင်ပြီး အရိပ်ပေါင်းများစွာ ခွဲထွက်လာသည်။ ထိုသို့ဖြင့် ကြီးမားသော အနက်ရောင် မကောင်းဆိုးဝါး လက်သည်းကြီးတစ်ခုကို ပေါ်ထွက်လာစေသည်။

တိဗက်တောင်ပေါ်ဒေသနှင့် ပတ်သတ်ပြီး ဒဏ္ဍာရီပေါင်းများစွာရှိသည်။ ကျင်းကျွင်းမင်းဆက်ကလည်း ထိုဒဏ္ဍာရီများထဲမှ တစ်ခုဖြစ်သည်။ ထိုမင်းဆက် မတိုင်မီခေတ်က အမျိုးမျိုးသော ထူးဆန်းသည့် ပုံသဏ္ဍန်ရှိသည့် ထူးဆန်းသော အရွယ်အစားများရှိသည့် မကောင်းဆိုးဝါး သားရဲပေါင်း မြောက်များစွာက တောင်ပေါ်ဒေသကို ကြီးစိုးကာ အသိုက်အဖြစ်ပြုကာ နေခဲ့သည်။ ထိုကာလ၏ အဆုံးသတ်တွင် ထိုမကောင်းဆိုးဝါးများနှင့် ပတ်သတ်သော ဒဏ္ဍာရီများက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အဆင့်လွန်သိုင်းများ ဖြစ်လာသည်။

တုစုန့်မာန်ဖော်ကျဲ့က အဆင့်လွန်သိုင်းများထဲမှ တစ်ခုကို တက်ထားသည်။ ထိုသိုင်းကြောင့်လည်း သူက တောင်ပေါ်ဒေသတွင် နေရာကိုမြဲမြံစွာ ခြေကုပ်ယူ၍ ခိုင်မာစွာ နေနိုင်ခဲ့ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် သူက ယွီစန်းအင်ပါယာ၏ နည်းပါးသော အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်လာခြင်းဖြစ်သည်။

ဖုမာန်လင်းချာ မရှိလျှင် သူ့အတွက် ကြောက်လန့်စရာ မရှိတော့ချေ။ ထို့ကြောင့် တုစုန့်မာန်ဖော်ကျဲ့က ယွီစန်းအင်ပါယာက အမြဲတစေ ရင်ဆိုင်နေရသည့် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးကို ထိုရိုက်ချက် တစ်ချက်တည်းနှင့် ရှင်းလင်းနိုင်မည်ဖြစ်သည်။

“သခင်လေးဝမ် မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်ပါတော့”

သူ၏အသံက လေထဲတွင် ဟိန်းထွက်နေသည်။ ထို့နောက် ချက်ချင်းလိုလို နောက်ထပ် ဒေါသတကြီးအသံက ထွက်ပေါ်လာသည်။

“အဲ့ဒီကောင်စုတ်ရဲ့အသက်က ငါ့အပိုင်ပဲ”

ထိုအသံက မြို့ထဲသို့ မိုးကြိုးပစ်လိုက်သလိုမျိုး ဟိန်းထွက်လာခြင်းဖြစ်သည်။ ထို့နောက် တုစုန့်မာန်ဖော်ကျဲ့၏ အနောက်မှ အလင်းတန်း ဖြတ်ကနဲ လက်လာပြီးသည်နှင့် နောက်ထပ် တောင့်တင်းသန်မာသော လူသန်မာကြီးတစ်ယောက်က မြို့ရိုးပေါ်သို့ ခုန်တက်လာသည်။ ထိုလူ၏ မျက်ဝန်းက တုပရန် ခက်ခဲသော အလင်းတန်းမျိုးဖြင့် ထင်ရှားစွာ တောက်လောင်နေသည်။

အဝေးကကြည့်လျှင်ပင် ကြည့်ရှု့သူတိုင်း ကြောက်လန့်သွားရလောက်အောင် မှင်သက်ဖွယ်ကောင်းသည်။

သာ့ယန်မာန်ပန့်က နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သော်လည်း တုစုန့်မာန်ဖော်ကျဲ့ထက် အတော်လေး အားနည်းနေသေးသည်။ သို့သော် ဝမ်ချောင်ကို သတ်ချင်စိတ်ချင်း ယှဉ်လျှင်မူ တုစုန့်မာန်ဖော်ကျဲ့က သာ့ယန်မာန်ပန့်ကို မယှဉ်နိုင်ချေ။

ဘုန်း

သာ့ယန်မာန်ပန့်က အမြှောက်ပစ်လိုက်သလို အရှိန်နှုန်းဖြင့် မြို့ရိုးပေါ်မှ ခုန်ချလာသည်။

ဒီစီမံကိန်းမတိုင်ခင်က သာ့ယန်မာန်ပန့်က ဝမ်ချောင်နှင့် မတွေ့ဖူးခဲ့သလို စန်းပေါ်က အမိန့်ပေးခဲ့သောကြောင့်သာ ဝမ်ချောင်ကို သတ်ချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သူက ဒါကို ရိုးရှင်းသော တာဝန်အဖြစ် မသတ်မှတ်တော့ချေ။

ခြိမ်း

သတ္တုချင်း ထိခတ်လိုက်သလို ကျယ်လောင်သော ထိခတ်သံကြီးက တုစုန့်မာန်ဖော်ကျဲ့နှင့် သာ့ယန်မာန်ပန့်တို့၏ အာရုံကို ဆွဲဆောင်သွားသည်။ သူတို့နှစ်ယောက်လုံးက တခဏခန့် တုန်ယင်သွားသည့် အချိန်တွင် ခံတပ်၏ အနောက်ပိုင်း ဂိတ်ပေါက်က အနည်းငယ် ပွင့်သွားပြီး ဝမ်ချောင်က ထွက်ပြေးတော့မည့် အနေအထားမျိုးအဖြစ် လှုပ်ရှားနေကြောင်း မြင်လိုက်ရသည်။

ဝုန်း

သူတို့အတွက် တွေးတောရန် အချိန်မရှိတော့ပေ။ သာ့ယန်မာန်ပန့်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့က သူတို့၏ ကြယ်တာရာစွမ်းအင်များကို အကန့်အသတ်ထိ တိုးမြှင့်လိုက်ပြီး လေထုကို ပေါက်ကွဲသွားအောင် ထုတ်လွှတ်လိုက်သည်။ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးနှင့် မဟာဗိုလ်ချုပ်ကြီးတို့က မြန်ဆန်သော အရှိန်နှုန်းကို ထုတ်သုံးလိုက်ကြသည်။ တုစုန့်မာန်ဖော်ကျဲ့က တောင်ပေါ်ဒေသ၏ သိန်းငှက်တစ်ကောင်အလား ခုန်ထွက်သွားသည်။ သို့သော် မဟာထန်၏မြို့တော်တွင် သူ၏နောက်ခံ ပေါ်သွားသောအခါ သူက ထိုနေရာမှတဆင့် တောင်ပေါ်ဒေသသို့ရောက်အောင် တစ်လမ်းလုံး ပြေးလွှားသည်။ ထို့ကြောင့် သူ၏အရှိန်နှုန်းက မည်မျှမြန်ကြောင်း ခန့်မှန်းရန် လွယ်ကူသည်။

တုစုန့်မာန်ဖော်ကျဲ့၏ ဒန်တန်က စွမ်းအင်များဖြင့် ပေါက်ကွဲသွားသည်။ သူက အနောက်တွင် အလင်းတန်း ရှည်ကြီးကို ချန်ထားရစ်ခဲ့လျှက် ချက်ချင်းလိုလို ကျန်းနှစ်ရာထိ ရောက်သွားသည်။ နောက်ထပ်တစ်ကြိမ် ဖြတ်ကနဲ လက်ပြီးနောက် ကျန်းနှစ်ရာအကွာသို့ ထပ်ရောက်သွားပြန်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်နှင့်သူက ကျန်းငါးဆယ်ပင် မဝေးတော့ချေ။

အင်ပါယာ မဟာဗိုလ်ချုပ်ကြီးက သူတို့၏ အင်အားတိုင်းကို ထုတ်သုံးလိုက်ပြီး လူတစ်ယောက်ကို လိုက်သောအခါ ထွက်လာသည့် အရှိန်နှုန်းက တွေးတောကြည့်ရန် ကြောက်စရာကောင်းလွန်းလှသော အနေအထားထိ ရောက်ရှိသွားသည်။ တုစုန့်မာန်ဖော်ကျဲ့သည် ကြွေကျလာသော ကြယ်တစ်ပွင့်အလား အလွန်အမင်း မြန်ဆန်လွန်းသဖြင့် သာမာန်မျက်စိဖြင့်ပင် လိုက်မကြည့်နိုင်တော့ချေ။ ဝမ်ချောင်ပင်ဖြစ်စေ သူ၏မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့်ပင်ဖြစ်စေ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး သာ့ယန်မာန်ပန့်ပင်ဖြစ်စေ အနာဂတ် ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ပင်ဖြစ်စေ မည်သူကမျှ တုစုန့်မာန်ဖော်ကျဲ့၏ အရှိန်ကို မှီနိုင်ခြင်းမရှိချေ။

ဝုန်း

ရုတ်တရက် သူက ဝမ်ချောင်နှင့် ကျန်းသုံးဆယ်ခန့်သာ ဝေးကွာတော့သော အချိန်တွင် တုစုန့်မာန်ဖော်ကျဲ့၏ မျက်လုံးက ပြူးသွားသည်။ သူကလည်း ထူးဆန်းသော ခံစားချက်တစ်ခုကို ရလိုက်သည်။ သူ၏မျက်လုံးက ထိုနေရာတစ်ခုလုံးကို အကဲခတ်ကြည့်လိုက်သောအခါ ဂိတ်နားတွင် ရပ်နေသော အကြီးအကဲနှစ်ယောက်၏ ပုံစံကို သတိထားမိသွားသည်။

ထိုလူကြီးနှစ်ယောက်က လက်မှုပညာသည်လည်း မဟုတ်သလို ပန်းပဲဆရာလည်း မဟုတ်ချေ။ ဒီတိုင်း တစ်ယောက်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကလည်း မည်းနက်နေသည်။ သို့သော် အမူအရာက တင်းမာနေသည်။ အခြားတစ်ယောက်ကမူ ခပ်ဖျော့ဖျော့ သာမာန်ရွာတွင် ဝတ်လေ့ဝတ်ထရှိသော ဝတ်စုံမျိုးကိုသာ ဝတ်ဆင်ထားသည်။ သူ၏ဆံပင်က ဖြူဖွေးနေပြီး မျက်နှာထားကလည်း တင်းမာသည်။ မည်သူကမှ မငယ်ကြတော့ချေ။ သူတို့၏ မျက်နှာရှိ အရေးအကြောင်းများက အနည်းဆုံး သူတို့က အသက်ခြောက်ဆယ်ထိ ရှိနေလောက်ကြောင်း ဖော်ပြနေသည်။ ပို၍ဆိုးသည်မှာ ဆံပင်ဖြူနှင့် လူအိုကြီး၏ မျက်ဝန်းက အလွန်အမင်း မှေးနေပြီး ပါးရေများက ပြည့်နှက်နေသည်။ ထို့ကြောင့် သူက အနည်းဆုံး အသက်ရှစ်ဆယ်လောက်ထိ ဖြစ်နေလောက်သည်။

တစ်မြို့လုံးတွင် နေရာအနှံ့ ထွက်ပြေးနေကြသော ထိတ်လန့်ခြောက်ခြားသော လူများရှိနေသည်။ ဝမ်ချောင်ကပင် ထွက်ပြေးရသည်။ သို့သော် အကြီးအကဲ နှစ်ယောက်ကမူ ရပ်နေသည်။ သူတို့က ဂိတ်၏ ဘယ်တစ်ဖက်၊ ညာတစ်ဖက်တွင် ရပ်နေကြသည်။ သူတို့၏မျက်လုံးက တည်ငြိမ်ပြီး သူတို့က ပြေးလွှားမည့် အရိပ်အယောင် မပြချေ။ သူတို့ကသူ့အား ထိုနေရာသို့လာရန် စောင့်နေသလိုမျိုး ကြည့်နေကြသည်။ မြို့ထဲရှိ လူတိုင်း၏ လှုပ်ရှားမှုနှင့်ယှဉ်သော် ထိုလူများ၏ တုန့်ပြန်ပုံက ပြောင်းပြန်ဖြစ်နေသည်။

“ဒါက...”

တုစုန့်မာန်ဖော်ကျဲ့၏ မျက်လုံးက မှေးကျဉ်းသွားသည်။ ထိုအခိုက် သူက သံသယဝင်သွားသည်။ သို့သော် သူက လျှင်မြန်စွာဖြင့် အတွေးများကို စိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထိုအကြီးအကဲနှစ်ယောက်က မည်မျှပင် သံသယဝင်စရာ ကောင်းနေစေကာမူ သူကဲ့သို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်၏ ရှေ့တွင် ထိုနှစ်ယောက်ကို စိုးရိမ်နေရန် မလိုအပ်ချေ။

အများဆုံးမှ သူတို့က အတင့်ရဲပြီး သူ့အားတားရဲလျှင် သူကထိုနှစ်ယောက်ကို ချေမှုန်းလိုက်ရုံသာ ရှိတော့ပေမည်။

ဝုန်း

သူ၏အနောက်ဘက်မှ ဂိတ်တံခါးက ပွင့်သွားသည်။ သတ္တိဖြူများက နံရံပေါ်မှ ခုန်ဆင်းကြပြီး အောင်မြင်စွာဖြင့် အဓိကတံခါးကို ဖွင့်လိုက်နိုင်သည့်အတွက် တိဗက်မြင်းတပ် တစ်သောင်းကျော်က အထဲသို့ ဝင်လိုက်နိုင်သည်။ ထိုအခိုက် တိဗက်မြင်းတပ်က နိုင်သွားပြီဖြစ်သည်။

အနောက်မှ ဟိန်းသံများကို ကြားသောအခါ တုစုန့်မာန်ဖော်ကျဲ့က တုန့်ဆိုင်းမနေတော့ချေ။ သူ၏ ဒန်ထန်ထဲတွင်ရှိသော ကြယ်တာရာစွမ်းအင်များက ထွက်ပေါ်လာလေပြီး သူက ထိုဂိတ်ထံသို့ ခုန်ထွက်သွားလိုက်သည်။

ဝမ်ချောင်ကလည်း သူ၏ သိပ်မဝေးသောနေရာတွင် ရှိနေကြောင်းကိုလည်း သူက မြင်နိုင်သည်။ သူကသာ ထိုလူငယ်အမတ်ကို သတ်နိုင်သမျှ စန်းပေါ်၏တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်သဖြင့် ယွီစန်း၏ အရှက်တရားကိုလည်း ဆေးကြောနိုင်ပေမည်။

“ဘယ်လောက်တောင် မောက်မာလိုက်တဲ့ တိဗက်ကောင်လဲ”

ထိုအခိုက် ညာဘက်ခြမ်းမှ အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက အော်လိုက်သည်။

“ဒီအကောင်က သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ် အဆင့်လောက်ပဲရှိတာ။ ဒါတောင် ဒီကောင့် အဆင့်မှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေ ဘယ်လောက်များများ ငါသတ်ခဲ့သလဲဆိုတာကို ငါရေတောင် မရေနိုင်ဘူး။ ဒီလို အသက်လေးဆယ်လောက်ရှိသေးတဲ့ ဂျူနီယာအကောင်က သူ့ကို ဘယ်သူကမှ မထိန်းနိုင်တော့ဘူးလို့ ထင်နေသလား”

သူ၏မျက်လုံးက အေးစက်နေသည်။ တုစုန့်မာန်ဖော်ကျဲ့၏ ကျင့်ကြံခြင်းအဆင့်မှ လူတစ်ယောက်ကပင် ထိုစကားလုံးမျိုးကြောင့် နှလုံးသားက အေးစိမ့်သွားသည်။

“အစ်ကိုကျန်း သူ့ကို အပြစ်မတင်နဲ့”

ဆံပင်ဖြူနှင့် ဘယ်ဘက်ခြမ်းမှ အကြီးအကဲကလည်း နှုတ်ခမ်းကို လှုပ်ရုံလှုပ်ပြီး ပြောလာသည်။

“ယွီစန်းက ဗဟိုပြင်ကျယ်နဲ့ ဝေးလွန်းတယ်။ ဒီတော့သူက အစ်ကိုကျန်းက ဂိုဏ်းတွေကို ဘယ်လို လွှမ်းမိုး ဖျက်ဆီးခဲ့သလဲဆိုတာကို ဘယ်သိပါ့မလဲ။ အစ်ကိုကျန်းရဲ့ နာမည်ကို ကြားရုံနဲ့ တစိမ့်စိမ့် တုန်သွားပြီး ထိတ်လန့်ကုန်ကြတဲ့လူတွေ ဘယ်လောက်များလဲ သူဘယ်လိုသိပါ့မလဲ။ လူငယ်အမတ်က ဒီတစ်ကြိမ် ယွီစန်းကို ပျောက်ကွယ်စေချင်လို့ မဟာထန်ကြီးရဲ့ ဒုက္ခတိုင်းကို ဖယ်ရှားချင်တဲ့စိတ်နဲ့ ရောက်လာခဲ့တာ။ ငါက အိုနေပေမဲ့လည်း မဟာထန်အတွက် ဗဟိုပြင်ကျယ်က လူငယ်အတွက် ထောက်ပံ့ပေးနိုင်မယ်ဆိုရင် သေချာပေါက် ငါအကြိမ်တစ်သောင်းမက သေရမယ်ဆိုရင် ဆန္ဒရှိပါသေးတယ်။ ဒါကြောင့် ဒီပြဿနာလောက်ကို ငါသူ့ကိုကူညီပြီး ကိုင်တွယ်ပေးနိုင်တယ်”

ထိုနှစ်ယောက်က ထိုသို့ပြောပြီးသည်နှင့် တုစုန့်မာန်ဖော်ကျဲ့က အလွန်ကျောချမ်းဖွယ် ကောင်းလွန်းသော ဆိုးရွားလွန်းသည့် ခံစားချက်မျိုးကို ရလိုက်သည်။ သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်မှ ကျွမ်းကျင်ပညာရှင် တစ်ယောက်အနေနဲ့ တုစုန့်မာန်ဖော်ကျဲ့ကိုယ်တိုင် မျက်တောင်တစ်ခတ် အချိန်အတွင်း ကျယ်ပြောသော နေရာများကို ထွက်သွားနိုင်သည်။ သာမာန်အခြေအနေမျိုးတွင် ထိုနှစ်ယောက်က စကားပြော၍ မဆုံးသေးခင် သူက ထိုနေရာသို့ ရောက်သွားလောက်လေပြီ။ သို့သော် ယခုမူ စကားအကုန်ပြောပြီးသည့်တိုင် သူကအနားသို့ မရောက်သွားသေးချေ။

သူတို့က သူတို့၏အတွေးများကို ထုတ်ပြော၍ ပြီးသွားရုံသာ မကသေးလေဘဲ ညာတစ်ယောက်က ပြောပြီးသည်နှင့် ဘယ်တစ်ယောက်က ပြောပြီးချိန်ပင် ရနေသေးသည်။ တုစုန့်မာန်ဖော်ကျဲ့အနေဖြင့် ပထမဦးဆုံး ထိုသို့ထူးခြားလွန်းသော အခြေအနေကို ကြုံရခြင်းဖြစ်သည်။ သူက သရဲကို မြင်နေရသလို ခံစားလိုက်ရသည်။

သို့သော် အံ့အားသင့်စရာ အကောင်းဆုံးအချက်က ထပ်ဖြစ်လာသည်။

ဝုန်း

အလွန်အမင်း အန္တရာယ်များလွန်းသော ခြိမ်းခြောက်နိုင်သည့် သားရဲတစ်ကောင်က ရုပ်ဖျက်ထားသော အရာကို ဖယ်ခွာလိုက်ပြီး မျက်နှာအစစ်အမှန်ကို ဖော်ထုတ်ပြလိုက်သလိုမျိုး မယုံနိုင်စရာ ကောင်းလောက်အောင် အင်အားကြီးမားလွန်းသည့် စွမ်းအင်များက ညာဘက်ခြမ်းရှိ အနက်ရောင် ဝတ်စုံနှင့် အကြီးအကဲ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာသည်။

အခန်း(၇၉၂)

တုစုန့်မာန်ဖော်ကျဲ့၏ ကြောက်လန့်မှု (၂)

တုစုန့်မာန်ဖော်ကျဲ့၏ ဘဝတွင် ဘယ်သောအခါကမှ ထိုသို့သော အခြေအနေမျိုးကို မကြုံဖူးသေးချေ။ အခြေခံအားဖြင့် သူက လောကရှိ အင်ပါယာ မဟာဗိုလ်ချုပ်တိုင်းကို မှတ်မိသည်။ သို့သော် ထိုအနက်ရောင် ဝတ်စုံနှင့် လူကိုမူ မသိချေ။ သို့ရာတွင် ထိုလူအိုကြီး၏ကိုယ်ထဲမှ ထွက်လာသော စွမ်းအင်က ကြမ်းတမ်းရက်စက်ကာ ရုတ်ရင့်ကြမ်းတမ်းလွန်းသော သဘာဝများနှင့် ပေါင်းစပ်နေသည်။

ထိုအခိုက် တုစုန့်မာန်ဖော်ကျဲ့အနေဖြင့် သူက လူသားတစ်ယောက်ကို မြင်နေရသလိုမဟုတ်ဘဲ သောင်းကျော်သော ဓားနှင့်ဆေဘာများက သူ့ထံ ပေါက်ထွက်လာသည်ဟုပင် ခံစားနေရသည်။ ဓားနှင့် ဆေဘာများ၏ ပေါက်ကွဲမှှု နှလုံးသားနေရာကမူ အနက်ရောင်တွင်းကြီးဖြစ်နေသည်။

ဘန်း

တုစုန့်မာန်ဖော်ကျဲ့က မတုန့်ပြန်နိုင်ခင် နောက်ထပ် ဆူညံသံတစ်ခုက ဘယ်ဘက်ခြမ်းမှ ထွက်လာပြန်သည်။

အလွန်အိုမင်းနေသော ဆံပင်ဖြူနှင့် လူအိုကြီး၏ကိုယ်ထဲမှ အရှိန်အဝါက တဖြည်းဖြည်းချင်း မြင့်တက်လာသည်။ သူ၏ကျင့်ကြံခြင်း အဆင့်ကလည်း အဆင့်မြင့် သိုင်းနယ်မြေ၊ အင်ပါယာ သိုင်းနယ်မြေ၊ သူတော်စင်သိုင်းနယ်မြေ စသဖြင့် ဆက်တိုက် မြင့်တက်သွားသည်။ ချက်ချင်းလိုလို အကြီးအကဲ နှစ်ယောက်လုံးက သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်ထိ ရောက်ရှိသွားကြသည်။

“တုစုန့်မာန်ဖော်ကျဲ့ ငါအရင်တစ်ခေါက်က မင်းရဲ့အသက်ကို ချမ်းသာပေးခဲ့တယ်။ ဒီတစ်ခေါက် မင်းက ဘာလို့ သင်ခန်းစာ မရသေးတာလဲ”

ဝူရှန်းရွာသူကြီးက မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံမျိုးဖြင့် လှမ်းအော်ပြောလိုက်သည်။

“ခင်ဗျားလား”

တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်သွားပြီး မိုးကြိုးပစ်ခံလိုက်သလို ဖြစ်သွားသည်။ သူ၏စိတ်ထဲတွင်လည်း အမျိုးမျိုးသော ပုံရိပ်များ ပေါ်လာသည်။ သူက ထိုလူအိုကြီးကို ကြည့်နေရင်း တဖြည်းဖြည်းချင်း မှတ်မိသွားသည်။

လွန်ခဲ့သော နှစ်ဝက်ခန့်က သူက ပထမမင်းသားနှင့်ပေါင်းကာ မြို့တော်ထဲသို့ ဝင်ခဲ့သည်။ သို့သော် ဝမ်ချောင်က သူ၏နောက်ခံကိုဖော်ခဲ့ပြီး ထွက်ပြေးအောင် ဖိအားပေးခဲ့သည်။ ပထမဦးဆုံး မင်းသားတစ်ကို တိဗက်တောင်ပေါ်ဒေသသို့ ပြန်ပို့ပေးခဲ့ပြီးနောက် စစ်သားပေါင်းများစွာ လိုက်ဖမ်းသည့်ဒဏ်ကို ခံခဲ့ရသည်။

ထိုအချိန်ကသူက မတော်တဆ တောင်တန်းများဘက်မှ ဖြတ်ပြေးခဲ့ရာမှ အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ တုစုန့်မာန်ဖော်ကျဲ့အနေနှင့် ထိုတောင်တန်းနေရာတွင် သူ့ကိုရှုံးအောင် လုပ်ခဲ့ဖူးသော လျို့ဝှက်ဆန်းကြယ်လွန်းသည့် အကြီးအကဲ တစ်ယောက်က ဒီနေရာတွင် ပေါ်လာမည်ဟု မထင်ထားမိချေ။

အံ့အားသင့်မှုက ထိုမျှကြီးမားနေသည်။ ထိုအခိုက် ယွီစန်းမှ မဟာဗိုလ်ချုပ်ကြီးကပင် ထိတ်လန့်သွားသည်။

“မကောင်းတော့ဘူး”

တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သည့် ကြောက်လန့်မှုက ကြီးစိုးလာပြီး သူက ချက်ချင်းလိုလို ဝမ်ချောင်က အလွန်ယုံကြည်မှုရှိနေသည့် အကြောင်းအရာကို နားလည်သွားသည်။ သူက ထိုမျှယုံကြည်မှု ရှိနေခဲ့ပြီး မြင်းတပ်ငါးထောင်လောက်နှင့် တိဗက်၏ မြောက်ပိုင်းဒေသ တောင်ပေါ်တစ်နေရာသို့တက်ကာ ခံတပ်ဆောက်ရဲသည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။

တုစုန့်မာန်ဖော်ကျဲ့ကလည်း တချိန်ထဲလိုလို ဝမ်ချောင်က မဟာထန်မှ မဟာဗိုလ်ချုပ်ကြီး ဖုမာန်လင်းချာကို မှီခိုထားသည်ဟု ယုံကြည်နေခဲ့သည်။ ယခုအခါမှသာ သူမည်မျှမှားကြောင်း သိရသည်။

နှစ်ပွဲဆက်တိုက် နိုင်ထားခြင်းက ဝမ်ချောင်၏ အကြံအစည်များထဲမှ တစ်ခုလောက်သာ ဖြစ်လောက်သည်။

သူက ဖုမာန်လင်းချာကို မှီခိုခြင်းမဟုတ်ဘဲ ကြောက်စရာကောင်းလွန်းသော ထိုမကောင်းဆိုးဝါးကြီး နှစ်ယောက်ကို မှီခိုထားခြင်းဖြစ်သည်။ အရာအားလုံးက ဝမ်ချောင်က ခံတပ်၏ နောက်တံခါးကိုဖွင့်ပြီး ထွက်ပြေးသည်ဆိုသော ပြကွက်ကသူ့ကို လိုက်လာစေရန် ငါးစာချရုံ အခြေအနေဖြစ်သည်။ သူကလည်း ထိုအတိုင်းဖြစ်အောင် လုပ်မိသွားသည်။

တိုက်ပွဲတွင် ဝမ်ချောင်၏ပန်းတိုင်က သာ့ယန်မာန်ပန့် မဟုတ်ချေ။ သို့သော် တိဗက်မှ မဟာဗိုလ်ချုပ်ကြီးဖြစ်သည်။ တုစုန့်မာန်ဖော်ကျဲ့က ယခင်တိုက်ပွဲများတွင် မပါဝင်ခဲ့သော်လည်း ဝမ်ချောင်၏အကြည့်က အစမှအဆုံးထိ သူ့ထံတွင်သာရှိခဲ့သည်။

မဟာထန်မှာ ဒီလောက်လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် တကယ်ရှိနေတာပဲ။ သူဒီနေရာမှာရှိနေရင် ငါတို့ရဲ့ယွီစန်းက ချီရှီကို တစ်ခုခုလုပ်ဖို့ တအားခက်သွားလိမ့်မယ်။

တုစုန့်မာန်ဖော်ကျဲ့၏ တဆတ်ဆတ် တုန်နေသော ခန္ဓာကိုယ်ထဲမှ ကျောစိမ့်ဖွယ်ကောင်းလွန်းသော အတွေးတစ်ခုက စထွက်လာသည်။ သူက သိပ်မကြာခင်ကမှ ဝမ်ချောင်၏နာမည်ကို ကြားဖူးခြင်းဖြစ်သည်။ သူက သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် မည်မျှကြီးမား ပြင်းထန်ခဲ့ကြောင်း ကြားသိခဲ့ရသည်။ သို့သော် အဆုံးတွင် သူက အထင်သေးမိခဲ့သေးသည်။

ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက် အားနည်းလွန်းသည်။

သို့သော် တုစုန့်မာန်ဖော်ကျဲ့အနေနှင့် မဟာထန်၏ ထိုလူငယ်က ကြောက်စရာကောင်းကြောင်း နောက်ဆုံးတွင် သတိထားလိုက်မိသည်။ သူ၏ ကြောက်စရာကောင်းသော အချက်က သိုင်းများမဟုတ်ဘဲ သူ၏ ဉာဏ်ရည်နှင့် မြင်နိုင်စွမ်းအားဖြစ်သည်။ အရာအားလုံးကို သူက ထိန်းချုပ်ထားနိုင်သလိုမျိုး ဆက်တိုက် လုပ်သွားနိုင်ခဲ့သည်။

ထွက်သွားရအောင်

ထိုအတွေးနှင့်အတူ တုစုန့်မာန်ဖော်ကျဲ့က ချက်ချင်းလိုလို နောက်ဆုတ်သည်။ ပြိုင်ဘက်က တစ်ယောက်တည်းသာဆိုလျှင် တုစုန့်မာန်ဖော်ကျဲ့အနေနှင့် အနည်းဆုံး သေသည်အထိ တိုက်ခိုက်နိုင်လောက်သေးသည်။ သို့သော် တစ်ဖက်က အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့် ကျွမ်းကျင်ပညာရှင် နှစ်ယောက်ဖြစ်နေသဖြင့် သူမည်သည့်နည်းနှင့်မျှ မယှဉ်နိုင်တော့ချေ။

မဟာဗိုလ်ချုပ်ကြီး တစ်ယောက်က မဟာဗိုလ်ချုပ်ကြီး နှစ်ယောက်ကိုယှဉ်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။ ယှဉ်ရန် မဖြစ်နိုင်ချေ။

ဒါက ထောင်ချောက်ပဲ။

“ဟား ဟား ဟား ဟား တုစုန့်မာန်ဖော်ကျဲ့ အခုမှထွက်သွားတာက နောက်ကျပြီ မထင်ဘူးလား”

ပွင့်သွားသော ဂိတ်ဘက်မှ ရယ်သံထွက်လာသည်။ ထိုအချိန်တွင် ထွက်သွားပြီဟု ယူဆရသော ဝမ်ချောင်က ပြန်လှည့်လာပြီး တုစုန့်မာန်ဖော်ကျဲ့ကိုကြည့်သည်။

ဝုန်း

ဝမ်ချောင်၏ အသံကို တုန့်ပြန်သလိုမျိုး မြေကမာ္ဘက လှုပ်ခါသွားသည်။ အချိန်ကပင် ရပ်တန့်မယောင် ဖြစ်သွားသည်။ လောကကပင် ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ကြရသည်။

မရေမတွက်နိုင်သော လူပေါင်းများစွာက ကြောက်လန့်တကြီး ကြည့်လိုက်ကြသောအခါ အနောက်ဘက် ဂိတ်ပေါက်မှ ထွက်လာသော တစ်စုံတစ်ရာကို မြင်လိုက်ရသည်။ ထိုအရာက ကောင်းကင်မှ နေမင်းကို လှမ်းကောက်ယူကာ ပစ်ပေါက်လိုက်သလိုမျိုး အလွန်အမင်း တောက်ပလွန်းသည့် တစ်စုံတစ်ရာ ထွက်လာခြင်းဖြစ်သည်။

ထိုအခိုက် တြိဂံပုံစံ မြေကွက်လပ် နေရာတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ပြင်းထန် ကျယ်လောင်လွန်းသော ပေါက်ကွဲသံက ဆူညံသံတိုင်းကို ဖယ်ရှားပစ်လိုက်သည်။ ထိုသို့ဖြင့် ငယ်သံပါအောင် အော်ဟစ်သံများ၊ ကျုံးဝါးအော်ဟစ်သံများ အားလုံးကို တိတ်သွားစေသည်။ မြင်းနှင့် ပစ္စည်းများ ကွဲကြေသံ၊ သတ္တုများ ပျက်စီးသံ၊ မြင်းဟီသံများကလည်း တိတ်ကျသွားသည်။

သတ်ဖြတ်ခြင်းစွမ်းအင်တန်းများနှင့်အတူ အလွန်အမင်း တောက်ပလွန်းသည့် အလင်းရောင်နှင့် ပူပြင်းလွန်းသော အပူရှိန်က မြင့်တက်လာသည်။ ထိုနည်းအားဖြင့် နံရံများကို ဖိအားပေးလာကာ ထိုသံမဏိနံရံများကို ညဉ်းညူသံ ထွက်နေသယောင်ယောင် ကွဲအက်လာစေသည်။ ထိုမြို့ရိုးတမျှ ဖြစ်နေသည့် နံရံကြီးများကို အလွန်အမင်း သန်မာစေရန်အလို့ဌာ ဝမ်ချောင်က အလွန်ကြမ်းတမ်းသည့် ခုခံခြင်း သင်္ကေတ ရာပေါင်းများစွာ ထွင်းထုထားသေးသည်။ သို့သော် ထိုမျှအင်အားကြီးမားသည့် သင်္ကေတများကပင် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့်မှ ကျွမ်းကျင်ပညာရှင် သုံးယောက်၏ စွမ်းအားများဒဏ်ကို မခံနိုင်ချေ။ ထိုနံရံတိုင်းက ချက်ချင်း ပေါက်ကွဲသွားသည်။ သတ္တုနံရံတစ်ခုလုံးက ပေါက်ကွဲသွားပြီး ပြိုလဲကျသွားသည်။

“အား”

တိတ်ဆိတ်မှုကို ကြောက်လန့်ဖွယ်ကောင်းလွန်းသော ငယ်သံပါအောင် အော်ဟစ်သံကြီးက ဖြိုခွဲလိုက်သည်။ မှင်သက်ကြောင်အနေသော လူအုပ်၏အရှေ့မှ တုစုန့်မာန်ဖော်ကျဲ့က အရိုက်ခံလိုက်ရသော ခွေးတစ်ကောင်လို ကောင်းကင်ပေါ်သို့ ကျော်ဖြတ်ကာပြေးသည်။

“နောက်ဆုတ်”

အထိတ်တလန့် အော်ဟစ်သံက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ တုစုန့်မာန်ဖော်ကျဲ့က မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျသွားသည့်အခိုက် သူက ချက်ချင်းလိုလို သူ၏မြင်းပေါ် ခုန်တက်လိုက်သည်။ တုစုန့်မာန်ဖော်ကျဲ့အနေဖြင့် ဘယ်သောအခါကမှ ထိုမျှပြင်းထန်သည့် ထိတ်လန့်မှုကို မခံစားဖူးချေ။ သူက အလွန်ထိတ်လန့်နေသည်။ သူ၏အနောက်မှ ပြင်းထန်လွန်းသော အန္တရာယ်က အရိပ်တစ်ခုလို ကပ်ပါလာပြီး သူ၏ပတ်ဝန်းကျင်မှ လေများကိုပင် သူ့အား တုပ်နှောင်တော့မတက် တင်းကြပ်လာစေသည်။

မည်သို့သော အင်အား၊ မည်သို့သော စွမ်းအား၊ မည်မျှအဆင့်မြင့်သော သိုင်း၊ မည်မျှနက်ရှိုင်းလွန်းသော ကြယ်တာရာစွမ်းအင်များပင်ဖြစ်စေ အနောက်မှ အကြီးအကဲနှစ်ယောက်က တုစုန့်မာန်ဖော်ကျဲ့က မျှော်လင့်ထားသမျှထက် အပြတ်အသတ် သာလွန်းနေခဲ့သည်။ သူ့အနေဖြင့် ထိုသူများဖြင့် တစ်ကွက်၊ နှစ်ကွက်ခန့် တိုက်ခိုက်လိုက်ရုံဖြင့် ခံစားခဲ့ရသည့် ကြောက်လန့်မှုနှင့် ခြိမ်းခြောက်မှုကြီးက စိတ်ကူးယဉ်ရန်ပင် ခက်ခဲလောက်အောင် ပြင်းထန်သည်။

သူတို့၏ ကြယ်တာရာစွမ်းအင်တိုင်းက အကန့်အသတ် မဲ့သယောင် ဖြစ်နေသည်။ ထို့ပြင် အနက်ရောင်ဆံပင်နှင့် လူအိုကြီးဖြစ်သည်။ ထိုလူအိုကြီး၏ ကြယ်တာရာစွမ်းအင်များက ပို၍ပင် သက်ရောက်မှုပြင်းထန်ပြီး သူ့ထက် သုံးဆခန့်များပြားကာ ပိုမြင့်နေသေးသည်။

ထို့ကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်က သုံးယောက်ထဲတွင် အမြင့်ဆုံးမဟုတ်သော်လည်း သူက အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးအဖြစ် ကိုယ်စားပြုလိုက်နိုင်သည်။ တုစုန့်မာန်ဖော်ကျဲ့က သူတော်စင် သိုင်းနယ်မြေအဆင့် အထွဋ်အထိပ်သို့ ရောက်နေခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ သို့သော် သူက မဟာဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက် ဖြစ်နေပြီး ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို ပိုင်ဆိုင်ထားသလို အဆင့်မြင့်လွန်းသော သိုင်းများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ထိုအနက်ရောင် ဆံပင်နှင့် အကြီးအကဲကို မယှဉ်နိုင်ချေ။

ယခင်ကဆိုလျှင် ကြယ်တာရာစွမ်းအင်တွင် ထိုမျှသန့်စင်ပြီး များပြားလွန်းသည့် အနေအထားထိ ပိုင်ဆိုင်ထားသောလူမျိုး ရှိမည်ဟုပင် မမျှော်လင့်ထားခဲ့ဖူးချေ။ ထို့ပြင် တစ်ဖက် တစ်ယောက်က တာအိုနှင့်ပင် တသားတည်း ဖြစ်လုနီးပါး အနေအထားထိ ရောက်နေပြီဖြစ်သည်။

အတွေ့အကြုံရှိ ရင့်ကျက်သော ကျွမ်းကျင်ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ တုစုန့်မာန်ဖော်ကျဲ့က တိုက်ခိုက်ရန် မတွေးနိုင်တော့ချေ။ အတက်နိုင်ဆုံး ထွက်ပြေးရန်သာ တွေးမိသွားသည်။

“မင်းကအခုမှလာတာ အခု ထွက်ပြေးချင်လို့ ဘယ်ဖြစ်ပါ့မလဲ”

သူ၏အနောက်မှ အေးစိမ့်သောအသံက ထွက်လာသည်။ တုစုန့်မာန်ဖော်ကျဲ့ကမူ သူ၏ စိတ်ဝိညာဉ်ကို ခပ်ကြမ်းကြမ်း လှုပ်ခါလိုက်သလို ခံစားလိုက်ရသည်။ သူ၏နောက်သို့ လိုက်လာသော အလွန်ပြင်းထန်လွန်းသည့် စွမ်းအင်မုန်တိုင်းနှစ်ခုကို မြင်လိုက်ရသည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်း၏ ရွာသူကြီးတို့က သူ့ကို လွှတ်ပေးမည့်ဆန္ဒမရှိချေ။

ဝမ်ချောင်က ဒီတိုက်ပွဲအတွက် အချိန်အများကြီးသုံးထားကာ စွမ်းအင်အများကြီး ထည့်သုံးပြီး ရင်းနှီးထားရသည်။ သူက သူ၏ဆရာ ဧကရာဇ် လူအိုကြီးမာန်ထံသို့ တောင်းဆိုစာပို့လိုက်ပြီး နောက်ထပ် ပင်ဂွင်းငှက်ဖြင့် ဝူရှန်းရွာသူကြီးထံ စာပို့ခဲ့သည်။

ဒီဖြစ်စဉ်တစ်ခုလုံးက လျို့ဝှက်စွာ လုပ်ခဲ့ခြင်းဖြစ်သည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမာန်ပင်ဖြစ်စေ၊ ဝူရှန်းရွာသူကြီးပင်ဖြစ်စေ ညလယ်အချိန်မှသာ ရောက်ရှိလာခဲ့သဖြင့် မည်သူကမျှ သတိမထားမိခဲ့ချေ။

ပို၍ဆိုးသည်မှာ သူတို့က တောင်ပေါ်ဒေသသို့ တက်လာခဲ့ချိန်က လက်မှုပညာရှင် အယောက်ရှစ်ထောင်နှင့် ရောနှောကာ ကပ်ပါလာခဲ့ခြင်းဖြစ်သည်။

ယခင်တိုက်ပွဲ နှစ်ပွဲတွင်လည်း ထိုနှစ်ယောက်က မြို့ရိုးပေါ်မှ ရိုးရှင်းစွာသာ ကြည့်နေခဲ့ကြသည်။ ဝမ်ချောင်နှင့် သာ့ယန်မာန်ပန့်တို့က အပူတပြင်း တိုက်ခိုက်ကြောင်း မြင်သည့်တိုင်အောင် သူတို့က ဝင်စွက်ဖက်ရန် အရိပ်အယောင် မပြခဲ့ကြချေ။ သူတို့က တုစုန့်မာန်ဖော်ကျဲ့ ထောင်ချောက်ထဲ ဝင်လာမည့်အချိန်ကို စောင့်နေကြခြင်းဖြစ်သည်။

ဘန်း

ထိုသို့ဖြင့် အလင်းရောင် ဖြတ်ကနဲလက်ပြီး ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြန်သည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က လက်သီးဖြင့်ထိုးလိုက်သည်။ ထွက်လာသော စွမ်းအားများက ချက်ချင်းလိုလို ပြင်းထန်သည့် ပေါက်ကွဲအားလှိုင်းတစ်ရပ် ဖြစ်လာစေလျှက် သူ၏ပတ်ဝန်းကျင်တွင် ထက်ရှသော ဓားအလက် ထောင်ပေါင်းများစွာကို လှည့်ပတ်စေကာ တုစုန့်မာန်ဖော်ကျဲ့ထံ တိုးဝင်သွားစေသည်။

ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်း

မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က တိုက်ခိုက်လိုက်သည့်အခိုက် ကောင်းကင်ကပင် မှေးမှိန်သွားပြီး ခံတပ်တစ်ခုလုံးကပင် ပြိုလဲတော့မတက် ဖြစ်သွားသည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမာန်၏ အဆင့်တွင် လုပ်လိုက်သည့် အကွက်တိုင်းက မျက်စိကြိမ်းမတက် တောက်ပလွန်းပြီး မရေမတွက်နိုင်သော ဖြစ်စဉ်တိုင်းကို အဖော်ပြုစေခဲ့သည်။ ဒါက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထုတ်သုံးသည်ထက် မလျော့သော အံ့အားသင့်စရာ ကောင်းမှုမျိုးကို ထုတ်ဖော်နေသည်။ တုစုန့်မာန်ဖော်ကျဲ့က သူတော်စင်သိုင်း အထွဋ်အထိပ် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက အဆင့်တူ အတွင်းမှ ကျွမ်းကျင်ပညာရှင်တိုင်းနှင့် အလွန်အမင်း အထိမခံဖြစ်တတ်သည်။ ထို့ကြောင့် တုစုန့်မာန်ဖော်ကျဲ့နှင့် ဖုမာန်လင်းချာတို့က အချင်းချင်း မမြင်ရသေးသည့်အရာကို တစ်ယောက်၏ တည်ရှိမှုကို တစ်ယောက်က ခံစားမိနိုင်ခြင်းဖြစ်သည်။

သို့သော် ထိုအကွက်က မိစာ္ဆဧကရာဇ် လူအိုကြီးမာန်အတွက် မသက်ရောက်ခဲ့ချေ။

မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က သူ၏ပတ်ဝန်းကျင်ရှိ စွမ်းအင်တိုင်းကို ထိန်းချုပ်ထားခဲ့သည်။ ဒီနည်းအားဖြင့် တုစုန့်မာန်ဖော်ကျဲ့က အာရုံမခံနိုင်အောင် ပိတ်လိုက်နိုင်သည်။ ထိုသို့လုပ်ရန်အတွက် ဒဏ္ဍာရီ ဝိညာဉ်ပင်လယ်သိုင်းကသာ အဖော်ပြုပေးနိုင်တော့ပေမည်။

ဝုန်း

စွမ်းအားများက ပေါက်ကွဲသွားသည့်အခိုက် တုစုန့်မာန်ဖော်ကျဲ့ကိုယ်တိုင်ကလည်း ထိုတိုက်ကွက်ကို ရှောင်နိုင်ရုံလောက်သာ ကပ်သီးလေး ရှောင်ရှားနိုင်ခဲ့သည်။ တုစုန့်မာန်ဖော်ကျဲ့က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ အဆင့်လွန်သိုင်းကို အကန့်အသတ်ထိ ထုတ်သုံးလိုက်ရသည်။ သို့သော် သူကိုယ်တိုင်ကလည်း ထိုတိုက်ကွက်ကို အပြည့်အဝ မရှောင်နိုင်ခဲ့ချေ။ ဖျက်ဆီးခြင်း စွမ်းအားလှိုင်းများက သူ့ကို ဖြတ်တိုက်သွားသောအခါ တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်က လေထဲတွင် လိမ့်တက်သွားသည်။ သူက ခန္ဓာကိုယ်ကို ပြန်ငြိမ်အောင်ထိန်းပြီး ဆက်ပြေးတော့မည့် အချိန်တွင် ဥက္ကာခဲက ပြိုကျကာ သူ့ကို တွန်းတိုက်လာသလို နောက်ထပ် တွန်းတိုက်သည့် တိုက်ကွက်တစ်ခုက ရောက်ရှိလာပြန်သည်။

ဝူရှန်းရွာမှသူကြီးက နောက်ဆုံးတွင် လှုပ်ရှားလိုက်လေပြီ။

တုစုန့်မာန်ဖော်ကျဲ့ကလည်း သူ၏ဦးခေါင်းခွံက ကြိမ်းတက်သွားသလို ခံစားလိုက်ရသည်။ သူက သေရေးရှင်ရေး အခြေအနေကို ရင်ဆိုင်နေရပြီး အချိန်မရွေး မီးစာငြိမ်းတော့မည့် မီးတောက်တစ်ခုလို ခံစားလိုက်ရသည်။

သို့သော် ထိုနေရာတွင် တုစုန့်မာန်ဖော်ကျဲ့ထက် ပို၍ကြောက်လန့်ကာ ထိတ်လန့်နေသော တစ်စုံတစ်ယောက် ရှိနေသေးသည်။

ဒီလူတွေက ဘယ်သူတွေလဲ။

ဘာလို့ ဒီလောက်ထိ အင်အားကြီးတဲ့ ကျွမ်းကျင်ပညာရှင်တွေကို ဒီအကောင်က ဘယ်နေရာက သွားရှာလာတာလဲ။

သာ့ယန်မာန်ပန့်၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏စိတ်ထဲတွင် နက်ရှိုင်းလွန်းသော စိတ်ပျက် အားငယ်မှုကြီးက ကြီးစိုးလာသည်။

တိုက်ကွက်ချင်း ဖလှယ်ပြီးနောက်လည်း ထိုကျွမ်းကျင်ပညာရှင် နှစ်ယောက်က အင်ပါယာ မဟာဗိုလ်ချုပ်ကြီး အဆင့်တွင် ရှိနေကြောင်း သိလိုက်သည်။ သာ့ယန်မာန်ပန့်အနေနှင့် ဒါက ရုတ်တရက် ခေါင်းကို ထိုးလိုက်သလိုမျိုး ခံစားချက်မျိုးဖြစ်သည်။

သာ့ယန်မာန်ပန့်က ယွီစန်းအင်ပါယာ၏ သတ်ဖြတ်ခြင်း နတ်ဘုရားဟု လူသိများကြသော်လည်း သူကဒီတိုင်း နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်တွင်သာ ရှိနေသေးသည်။ အစစ်အမှန် မဟာဗိုလ်ချုပ် မဟုတ်ချေ။ အင်ပါယာ မဟာဗိုလ်ချုပ်တစ်ယောက် အဆင့်တွင် ရှိနေသော ကျွမ်းကျင်ပညာရှင် နှစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာသည့် အခြေအနေမျိုးက လောကတစ်ခုလုံးကို နားလည်ထားသည့် သူ၏ နားလည်မှုများကို ပြောင်းပြန်လှန်လိုက်သလိုမျိုး ဖြစ်သွားသည်။

ထို့ပြင် တစ်ဖက်သူများ၏ အခြေအနေအရ သူက တောင့်ခံနိုင်သော စွမ်းရည်အတိုင်းအတာ အတွင်းတွင် မရှိနေချေ။

ပြေးရမယ်။

မိစာ္ဆဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က သူ့ထံ မရောက်လာခင် သာ့ယန်မာန်ပန့်က ချက်ချင်းလှည့်ကာ ပြေးသည်။

အခန်း(၇၉၃)

သာ့ယန်မာန်ပန့်၏ သေဆုံးမှု (၁)

ဝမ်ချောင်က ရှာဖွေထားသော ကျွမ်းကျင်ပညာရှင် နှစ်ယောက်က ကြောက်မက်ဖွယ် ကောင်းလွန်းအားကြီးသည့် တည်ရှိမှုကြီး ဖြစ်နေလေရာ သာ့ယန်မာန်ပန့်က ကိုင်တွယ်နိုင်သော အတိုင်းအတာ အတွင်းတွင် မရှိချေ။ တုစုန့်မာန်ဖော်ကျဲ့က မယှဉ်နိုင်လျှင် သာ့ယန်မာန်ပန့်က ပို၍ပင် ဆိုးရွားမည်မှာ သေချာနေသည်။

ထိုအချိန်တွင် သာ့ယန်မာန်ပန့်က တုစုန့်မာန်ဖော်ကျဲ့ထက်ပင် ပို၍ပင် ထိတ်လန့်ခြောက်ခြားသေးပြီး သနားစရာ ကောင်းသွားသေးသည်။

“ဒါမဖြစ်နိုင်ဘူး သောက်ကျိုးနည်း ဘာလို့ဒီလို ဖြစ်လာရတာလဲ”

သာ့ယန်မာန်ပန့်၏ မျက်လုံးက ပြူးကျယ်နေသည်။ သူကလည်း သွားကို ကြိတ်ချေထားရသည်မှာ သွားများ ကျွတ်ထွက်မတက် ဖြစ်လာသည်။ သို့သော် သူက မည်မျှ ဒေါသထွက်နေစေကာမူ သူ၏ တုန့်ပြန်မှုက မနှေးကွေးချေ။

ဝှစ်

သာ့ယန်မာန်ပန့်က ချက်ချင်းလိုလို မြို့ရိုးပေါ်သို့ ပြန်သွားရန် လှည့်ပြေးသည်။

“သာ့ယန်မာန်ပန့် ဘယ်သွားမလို့လဲ အရှင်အမတ်က မင်းကို နေခဲ့ရမယ်လို့ အမိန့်ထုတ်ထားတယ်”

ထိုအသံက ထွက်လာပြီးသည်နှင့် သာ့ယန်မာန်ပန့်၏ ပတ်ပတ်လည်မှ ကျောက်တုံး ရာပေါင်းများစွာ သို့မဟုတ် ကျောက်တုံး ထောင်ပေါင်းများစွာက ကောင်းကင်သို့ မြောက်တက်သွားသည်။ ထိုသို့ မြောက်တက်သွားသည့်အခိုက် သာ့ယန်မာန်ပန့်၏ အရှေ့တွင် ချက်ချင်းဆိုသလို ကျောက်တုံးပုံသဏ္ဍန်မှ တဖြည်းဖြည်းချင်း လူပုံသဏ္ဍန် ပြောင်းသွားသည့် အင်အားကြီးမားသော ဗိုလ်ချုပ်ကြီးတစ်ယောက်က ပေါ်လာသည်။ ထိုလူက သူ၏လမ်းကိုပိတ်သည်။

ကျောက်တုံးဗိုလ်ချုပ်

ဟွမ်ပေါ့ထန်းက နောက်ဆုံးတွင် လူလုံးထွက်ပြလေပြီ။ သူက သူ၏ အရှိန်အဝါကြီးမြတ်သော ကျောက်တုံးဗိုလ်ချုပ်ကြီးကို ထုတ်သုံးထားသည်။ ဗိုလ်ချုပ်ကြီး၏ ခြေထောက်အောက်နားတွင်ပင် လေထဲသို့ တဖြည်းဖြည်း မြောက်တက်လာသော တုန်ခါသံကို ဖြစ်ပေါ်စေလာသည်။ ချီစက်ကွင်းများကိုလည်း ထုတ်ထားသည်။

ရှင်းလင်းစွာဖြင့်ပင် ဟွမ်ပေါ့ထန်းက ဝူရှန်းရွာတွင် ဝမ်ချောင်နှင့် တိုက်ခိုက်ခဲ့ချိန်ကထက် အင်အားကြီးလာသည်။

ဝုန်း

ထိုကျောက်တုံးဗိုလ်ချုပ်ကြီးက လက်သီးဖြင့် ချက်ချင်း ထိုးလိုက်သည့်အခါ ကောင်းကင်ကပင် မှေးမှိန်သွားသယောင် ထင်ရသည်။ ကျောက်တုံးလက်သီးအောက်တွင် လေထုကပင် ကျုံ့သွားသည်။ ထိုနှုန်းထားဖြင့် သူက သာ့ယန်မာန်ပန့်ထံ တိုးဝင်လာသည်။

“လာ ငါ့လမ်းကဖယ်စမ်း”

သာ့ယန်မာန်ပန့်၏ မျက်နှာထားက ချက်ချင်း တင်းမာသွားသည်။ သူ၏မျက်လုံးထဲတွင် ခက်ထန်သော အလင်းတန်းက ထွက်ပေါ်လာသည်။ အင်ပါယာသိုင်းနယ်မြေ အဆင့်မှ မြေသားစွမ်းအားသုံး စစ်သည်တော် တစ်ယောက်က အတိတ်ကဆိုလျှင် သူက တစ်ချက်ကြည့်ရန်လောက်သာ တန်သော အနေအထားမျိုးဖြစ်သည်။ ထိုသို့သော လူမျိုးက သူ၏လှံက တစ်ချက် ထိုးသွင်းလိုက်ရုံဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမည်ဖြစ်သည်။

သို့သော် ဒီလိုအခြေအနေမျိုးတွင် သူက အသက်ဘေးအတွက် ပြေးလွှားနေရမည့် အနေအထားမျိုး ဖြစ်နေသောကြောင့် ထိုလူကသူ့ကို ခြိမ်းခြောက်နိုင်သွားသည်။

ဝုန်း

သာ့ယန်မာန်ပန့်၏ ခန္ဓာကိုယ်က အလင်းတန်း ဖြတ်ကနဲ လက်လာပြီးနောက် သူက ဘေးဘက်သို့ရှောင်သည်။ ဒီနည်းအားဖြင့် ထိုကျောက်တုံးဗိုလ်ချုပ်ကို ရှောင်ရှားလိုက်သည်။ သို့သော် သူက မထွက်သွားနိုင်ခင် ဟွမ်ပေါ့ထန်းက ဒုတိယမြောက် တစ်ခါသုံးလက်သီးကြီးကို သူရှိရာ လေထုထဲသို့ ထိုးသွင်းလာပြန်သည်။

ဒီတစ်ကြိမ်တွင် သာ့ယန်မာန်ပန့်က ရှောင်ရန် မဖြစ်နိုင်တော့ချေ။

“သေချင်နေတာပဲ”

ဒေါသထွက်သွားသော သာ့ယန်မာန်ပန့်က သူ၏လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

ဝုန်း

အရွယ်အစား မတူသည့် လက်သီးနှစ်လုံးက ထိပ်တိုက် တွေ့ဆုံသွားပြီး တစ်ခုပြီးတစ်ခု ခွဲချေရန် ကြိုးစားခြင်းအားဖြင့် ပြင်းထန်သော အားလှိုင်းများကို ထွက်ပေါ်လာစေပြန်သည်။

မမျှော်လင့်ထားသည်မှာ အော်ဟစ်ပြီး လဲပြိုကျသွားသင့်သော ကျောက်တုံးဗိုလ်ချုပ်ကြီး၏ ခန္ဓာကိုယ်က ကျောက်တုံး ထောင်ပေါင်းများစွာအဖြစ် ချက်ချင်း ကွဲထွက်သွားသည်။ သို့သော် သာ့ယန်မာန်ပန့်က ဟွမ်ပေါ့ထန်းကို လက်သီးတစ်ချက်တည်းဖြင့် ထိုသို့ လဲပြိုချနိုင်သည့်တိုင်အောင် သူကိုယ်တိုင်ကလည်း အခြေအနေ မကောင်းချေ။ အနှစ်ချုပ်ဆိုရသော် သူက ပို၍ပင် စိတ်ပျက်သွားသည်။

အတိတ်တွင်ဆိုလျှင် မြေသားစွမ်းအားသုံး စစ်သည်တော်လောက်က သူ့အပေါ် သက်ရောက်အောင် လုပ်နိုင်မည်မဟုတ်ချေ။ ဒီတိုင်း အချိန်ဆွဲနိုင်မည်ပင် မဟုတ်ချေ။

သို့သော် သာ့ယန်မာန်ပန့် ကိုယ်တိုင်ကလည်း အလားတူ လူပေါင်းများစွာ ပေါ်လာခြင်းအား မြင်လိုက်ရသဖြင့် စိတ်ဓာတ်ကျသွားခြင်းဖြစ်သည်။

“ပေါ့ထန်း မြန်မြန်သွား ဒီအကောင်ကို ငါတို့နဲ့ ထားခဲ့လိုက်”

“ရန်ယန်ဝိညာဉ် ထောင်ချောက်လေးသွယ်”

အသက်ငါးဆယ် အရွယ်ခန့်ရှိမည့် အကြီးအကဲတစ်ယောက်နှင့် အသက်လေးဆယ် အရွယ်ခန့်ရှိမည့် မိန်းမကြီးတစ်ယောက်က ရုတ်တရက် ပေါ်လာသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ကြီးမားသော ကျောက်တုံးကြီးပေါင်း များစွာကို ပစ်လွှတ်လိုက်သည်။ ကျောက်တုံး တစ်တုံးချင်းစီတိုင်းက ကြိတ်ဆုံ ကျောက်တုံးကြီးအလား ကြီးသည်။ ထိုနည်းအားဖြင့် သာ့ယန်မာန်ပန့်ကို ကောက်ပေါက်သည်။

ဝုန်း ဝုန်း ဝုန်း ဝုန်း

ကောင်းကင်နှင့် မြေပြင်က လှုပ်ခါသည်။ သာ့ယန်မာန်ပန့်ကမူ မတုန့်ပြန်နိုင်ခင် ကျောက်တုံးများက ဝင်္ကပါပုံစံ နေရာချထားပြီးသား ဖြစ်သွားလေပြီ။

“မကောင်းတော့ဘူး”

သာ့ယန်မာန်ပန့်ကလည်း သံသယအပြည့်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်က သူ၏ပတ်ဝန်းကျင်တွင် အလားတူ ကျောက်တုံးများကို ထားထားပြီးသား ဖြစ်နေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ၏မျက်နှာက ဖြူဖျော့သွားပြီး သူ၏နှလုံးသားက မသက်မသာ ဖြစ်လာသည်။

သူ့တွင် တွေးတောရန် အချိန်မရှိခဲ့ချေ။ သာ့ယန်မာန်ပန့်၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး ချက်ချင်းလိုလို လျှပ်စီးတန်းအဖြစ် ပြောင်းလဲကာ ထိုနေရာမှထွက်ရန် ကြိုးစားသည်။ သို့သော် သူက နောက်ကျသွားပြီဖြစ်သည်။ ဟွမ်ပေါ့ထန်း၊ အကြီးအကဲတုနှင့် အကြီးအကဲဖန်းတို့က ထိုနေရာတွင် စောင့်နေသည်မှာ ထိုတခဏသာဖြစ်သည်။

ဝမ်ချောင်က ထွက်ပြေးသော လမ်းကြောင်းဖောက်ထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် အရှေ့ဘက်မှ ခံတပ် ဂိတ်ပေါက်ကို ဖွင့်လိုက်ခြင်းကလည်း အကြံအစည်တစ်ခု ဖြစ်နေလျှင် သာ့ယန်မာန်ပန့်က ဒီလို အနေအထားမျိုးတွင် လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။

ဝုန်း

အလင်းရောင်က ဖြတ်ကနဲ လက်သွားပြီးနောက် သာ့ယန်မာန်ပန့်၏ ပတ်ဝန်းကျင်မှ မြင်ကွင်းက ပြောင်းသွားသည်။ သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် သူ၏မျက်စိရှေ့တွင်ရှိသော အရာများက ဝရုန်းသုန်းကားဖြစ်နေသော နေရာတစ်ခုဖြစ်ကြောင်း မြင်လိုက်ရသည်။ မည်သည့် နေရာတွင်မှ ခံတပ်ကို မမြင်ရတော့ချေ။ သူက အခြားသော အာကာသပြင်တစ်ခုသို့ ရောက်သွားသလို ဖြစ်သွားသည်။

“....”

သာ့ယန်မာန်ပန့်ကဲ့သို့ လေးစားဖွယ် ကောင်းလွန်းသော တစ်စုံတစ်ယောက် မြို့ပေါင်းများစွာကို သိမ်းခဲ့ဖူးသောလူ ပါရမီကြီးပြီး လုပ်ရဲသောလူကပင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်ကာ ဒေါသထွက်သွားသည်။

“ဖွင့်စမ်း”

သာ့ယန်မာန်ပန့်က အသားကုန် ကုန်းအော်လိုက်ပြီး ရှေ့သို့ ခုန်ပြေးသွားသည်။ သူ၏ခန္ဓာကိုယ်မှ ကြယ်တာရာ စွမ်းအင်များကလည်း ပေါက်ထွက်လာသည်။ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ၏ ကြယ်တာရာစွမ်းအင်တိုင်းကို ထုတ်သုံးလိုက်သည်။ ထိုနည်းအားဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ထွက်ပေါ်လာသည်။ အလွန်များပြားလွန်းသော အားလှိုင်းများက ကြီးမားသော ဒီရေအားလှိုင်းကြီးများအဖြစ်ပြောင်းကာ အရပ်မျက်နှာအနှံ့ ဆေးကြောရန် ကြိုးစားသည်။

ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ရင်ဆိုင်ရသည့်အခါ ချက်ချင်းလိုလို ထိုးဖောက်ခံရပေလိမ့်မည်။ မြေသားပင်ဖြစ်စေ၊ ကျောက်တုံးပင်ဖြစ်စေ ပို၍ပင် အခြေအနေ ဆိုးရွားနိုင်သေးသည်။ ထိုကြယ်တာရာစွမ်းအင်နှင့် ပေါက်ကွဲမှုက သာ့ယန်မာန်ပန့်က ထုတ်သုံးနိုင်သည့် အင်အားအကြီးဆုံး တိုက်ကွက်ကြီးဖြစ်သည်။ သို့သော် ဒီပတ်ဝန်းကျင်ကို အနည်းငယ် လှုပ်ခတ်သွားအောင်ပင် မလုပ်နိုင်ခဲ့ချေ။

သူ၏ ကြယ်တာရာ စွမ်းအင်တိုင်းက သမုဒ္ဒရာထဲသို့ ပစ်ထည့်လိုက်သော ရွံ့ရုပ်လေးလို ပျောက်ကွယ်သွားပြီး ဘာကိုမှ မချန်ရစ်ထားခဲ့ချေ။

ထိုအရာသာ မကသေးလေဘဲ သာ့ယန်မာန်ပန့်က ရှေ့သို့ ခုန်တက်သွားသောအခါ မည်သည့် အကန့်အသတ်ကိုမျှ မကြုံရချေ။ သူက မည်သည့်နေရာသို့ မည်မျှသွားသွား မီးခိုးရောင် နေရာကြီးကိုသာ မြင်နေရပြီး မည်သည့်နေရာကအရှေ့၊ မည်သည့်နေရာက အနောက်နှင့် မည်သည့်နေရာကအပေါ်၊ မည်သည့်နေရာက အောက်ဆိုသည်ပင် ပြောပြရန် ခက်ခဲသွားသည်။

ဒါက ရှေးဟောင်းဝင်္ကပါပဲ။

သာ့ယန်မာန်ပန့်၏ နှလုံးသားက အေးစိမ့်သွားသည်။

သူက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းတွင် ရှိနေခဲ့ချိန်ကလည်း မဟာထန်တွင် ထူးခြားသော အမွေအနှစ်များရှိကြောင်း ကြားဖူးသည်။ ဥပမာအားဖြင့် ပုံရိပ်ယောင် ဝင်္ကပါများဖြစ်သည်။ သစ်ကိုင်းခြောက်အနည်းငယ် ကျောက်တုံးအနည်းငယ်လောက်ဖြင့် သူ၏အာရုံခံနိုင်စွမ်းအားကို ပြောင်းလဲအောင်လုပ်ပြီး ပုံရိပ်ယောင်များကိုသာ မြင်စေနိုင်ရန် ဖန်တီးနိုင်စွမ်းအားရှိသည်။ သို့သော် ဒါက ဒီတိုင်း လှည့်ကွက်လေးမျှသာဖြစ်သည်။ အမြင်စူးရှသော တစ်စုံတစ်ယောက်ဆိုလျှင် ဥပမာအားဖြင့် သူကဲ့သို့ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက် မဟာဗိုလ်ချုပ်ကြီးတစ်ယောက်သာဆိုလျှင် ထိုအပြင် ဝင်္ကပါလောက်ကြောင့် စိတ်ရှုပ်သွားမည်မဟုတ်ချေ။ ထို့ကြောင့် ပုံရိပ်ယောင် ဝင်္ကပါက သူတို့ကို ရင်ဆိုင်သည့်အခါ အသုံးမဝင်သင့်ချေ။

သာ့ယန်မာန်ပန့်က ထိုအချင်းအရာကို ကြားခဲ့ချိန်က ရယ်ပင် ရယ်မိသေးသည်။

သို့သော် ယခု သူ၏အရှေ့က မြင်ကွင်းကမူ ရှင်းလင်းစွာဖြင့်ပင် ထိုသို့မဟုတ်ကြောင်း သက်သေပြနေသည်။ တစ်ကြိမ်မိသွားသည်နှင့် သာ့ယန်မာန်ပန့်အနေဖြင့် ပတ်ဝန်းကျင်ရှိ ဘာကိုမှ အာရုံမခံမိတော့ချေ။ အပြင်လောကကိုလည်း အာရုံမခံနိုင်တော့ချေ။ သူက မည်မျှသွားသွား အကန့်အသတ်သို့ မရောက်သွားချေ။ ဝင်္ကပါကိုလည်း ပျက်စီးသွားအောင် မလုပ်နိုင်ချေ။ ဒါက သူကြားဖူးထားသည့် ရိုးရာဝင်္ကပါများ မဟုတ်တော့ချေ။ ဒါက သာမာန် ပုံရိပ်ယောင်ဝင်္ကပါ မဖြစ်နိုင်ချေ။

သာ့ယန်မာန်ပန့်က ဗဟိုပြင်ကျယ်မှ အချိန်ကြာမြင့်သောကာလက ပျောက်ဆုံးသွားခဲ့သော ဒဏ္ဍာရီလာ ပုံရိပ်ယောင် ဝင်္ကပါနှင့် လေးစားဖွယ်ကောင်းသော ဝင်္ကပါကြီးများကိုပင် သတိရလိုက်သည်။ ထိုကဲ့သို့သော ဝင်္ကပါမျိုးကသာ ယခုလို လုပ်နိုင်လောက်သည်။

သာ့ယန်မာန်ပန့်အနေဖြင့် သူကလည်း ဒီလိုတြိဂံပုံ မြေကွက်လပ်နေရာမှ ခံတပ်တစ်ခုထဲတွင် အဆုံးသတ်ရမည်ဟု မမျှော်လင့်ထားဖူးချေ။

ဒီလိုဝင်္ကပါကို ဖျက်ဆီးသော အခြေအနေက ထင်သလောက် မလွယ်ကူချေ။ အချိန်အလွန် ကုန်နိုင်သည်။ သူ့အတွက် အချိန်က ကုန်နေပြီဖြစ်သည်။

သာ့ယန်မာန်ပန့်၏ နှလုံးသားက တင်းကြပ်သွားပြီး ရေခဲတုံးတမျှ ဖြစ်သွားသည်။

“သာ့ယန်”

တုစုန့်မာန်ဖော်ကျဲ့ကလည်း သာ့ယန်မာန်ပန့်၏ အနားတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ပေါ်လာပြီး သာ့ယန်မာန်ပန့်က ပျောက်သွားကြောင်း မြင်လိုက်ရသောအခါ သူ၏မျက်နှာက ဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ်က အေးစိမ့်တက်သွားသည်။

ဝုန်း

တုစုန့်မာန်ဖော်ကျဲ့က ချက်ချင်းလိုလို နောက်လှည့်ကာ သာ့ယန်မာန်ပန့် ရှိရာဘက်သို့သွားသည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ သူ့ထံသို့ ဓားထောင်ကျော်နှင့် အားလှိုင်းကြီးတစ်ခုက တိုးဝင်လာသည်။

“မင်းကဒီကောင့်ကို ကယ်ချင်စိတ် ရှိသေးတယ်ပေါ့။ ဒီနေ့ မင်းတို့တွေ ဘယ်သူမှ မလွတ်စေရဘူး”

အေးစက်သောအသံက သူ၏ခေါင်းကိုပင် ကြိမ်းတက်သွားစေသေးသည်။ ထိုအသံထွက်လာသော နေရာက သူနှင့်အလွန်နီးသည်။ နီးလွန်းသဖြင့် နားနားကပ်ကာ ခပ်တိုးတိုး ပြောလိုက်သလားပင် ထင်ရသေးသည်။ တုစုန့်မာန်ဖော်ကျဲ့က တုန်ယင်သွားသည်။ သူ၏ခေါင်းပေါ် ရေခဲရေဖြင့် လောင်းချလိုက်သလို ခံစားလိုက်ရသည်။ သူက အေးစက်သွားပြီး သူ၏အသက်ရှုသံကပင် ရပ်တန့်တော့မတက် ဖြစ်သွားသေးသည်။

အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲပဲ။

အနက်ရောင်ကိုသာ ဝတ်ဆင်ထားသည့် တင်းမာသော မျက်နှာထားနှင့် အင်အားကြီးမားသော ထိုအကြီးအကဲ၏ ပုံရိပ်က တုစုန့်မာန်ဖော်ကျဲ့၏ စိတ်ထဲတွင် ပေါ်လာသည်။ သူကသာ ဒီခံတပ်တွင် ထိုမျှ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ကြီးရှိမှန်း သိထားလျှင် ခံတပ်ကိုတိုက်ခိုက်ရန် မကြိုးစားဘဲ စစ်တပ်ကိုခေါ်ပြီး ပြေးပြီးလောက်လေပြီ။

သာ့ယန် ငါမင်းကို မကူညီချင်တာ မဟုတ်ပါဘူး။ ငါကိုယ်တိုင် ကိုယ့်အသက်ကို ရှင်အောင်ထိန်းဖို့ မနည်းခက်ခဲနေလို့ပါ။ ငါဒီလောက်ပဲ မင်းအတွက် လုပ်ပေးနိုင်တော့မယ်။

ကြယ်တာရာစွမ်းအင်များ ပေါက်ထွက်လာပြီးနောက် တုစုန့်မာန်ဖော်ကျဲ့က မိစာ္ဆဧကရာဇ် လူအိုကြီးမာန်၏ ဒုတိယမြောက် တိုက်ကွက်ကိုရှောင်ကာ ရှေ့သို့ ခုန်တက်သွားသည်။ တချိန်ထဲလိုလို သူ၏ညာလက်က ဓားမောက်ရှည်ထံသို့ ရောက်သွားပြီးနောက် သူက သာ့ယန်မာန်ပန့် ရှိသောနေရာသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူ၏ စွမ်းအားအကုန်သုံးပြီး အရှိန်နှုန်းကို ထပ်မြှင့်ပေးလိုက်သည်။

လေထုက ကျုံ့ထွက်သွားပြီး စုတ်ဖြဲခံရတော့မည့် အနေအထားထိ ဖြစ်သွားသည်။ ထိုဓားမောက်ရှည်က ဥက္ကာခဲတစ်ခုနှင့် ဝင်တိုးမိသလိုမျိုး ပတ်ဝန်းကျင်အနှံ့ ဖျက်ဆီးခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က ထိုမျှပြင်းထန်သော စွမ်းအင်ကို ထုတ်သုံးလိုက်သောအခါ တောင်တန်းများကိုပင် ဟက်တက်ကွဲအောင် လုပ်ရန် လုံလောက်နေပြီဖြစ်သည်။ သူ၏တိုက်ကွက်က သာ့ယန်မာန်ပန့်ကို မကယ်နိုင်သည့်တိုင်အောင် ထိုဝင်္ကပါကို အနည်းဆုံး လှုပ်ခါသွားအောင် လုပ်နိုင်ခဲ့သည်။ ဒီနည်းအားဖြင့် သာ့ယန်မာန်ပန့် ထွက်ပြေးနိုင်မည့် အက်ကြောင်းတစ်ခုက ပေါ်လာသည်။

ဘန်း

ဓားမောက်ရှည်က ကျန်းအနည်းငယ်သာ အက်ရာထင်သွားအောင် လုပ်နိုင်ခဲ့သည်။ သို့သော် ခပ်ပိန်ပိန် ပုံရိပ်တစ်ခုက ရှေ့တွင်ပေါ်လာပြီး ထိုအရာကို ဖမ်းမိသွားသည်။ ထို့နောက် ပြင်းထန်သည့် စွမ်းအင်များက ချက်ချင်းလိုလို ဓားမောက်ရှည်ကို လွင့်ထွက်သွားစေခဲ့သည်။

တုစုန့်မာန်ဖော်ကျဲ့၏ နှလုံးသားက လေးလံသွားသည်။ သူကိုယ်တိုင်ကလည်း ထိုဓားမောက်ရှည်ကို ဒီတိုင်းရိုးရှင်းသော သစ်သားဆံထိုးတစ်ခုဖြင့် လွင့်ထွက်အောင် လုပ်ခဲ့ကြောင်း မြင်လိုက်ရသည်။

ဝူရှန်းရွာသူကြီးက နောက်ဆုံးတွင် တိုက်ခိုက်လ်ိုက်လေပြီ။

သာ့ယန် မင်းကိုယ့်ကိုယ်ကိုပဲ ကာကွယ်ဖို့လိုအပ်တယ်။ ငါလုပ်နိုင်သမျှ အားလုံးလုပ်ပြီးပြီ။

တုစုန့်မာန်ဖော်ကျဲ့၏ မျက်လုံးထဲတွင် ရုန်းကန်မှုမျိုးက ပေါ်ထွက်လာသည်။ သူက ရင်ယန်ဝိညာဉ် ထောင်ချောက်လေးသွယ်ကို ချက်ချင်း ထုတ်သုံးလိုက်ပြီး အဝေးသို့ ထွက်ပြေးသည်။

သူ၏အဆင့် အင်အားမျိုးကြောင့် သူက သာ့ယန်မာန်ပန့်ကို ကယ်တင်ရန် တခဏခန့် ရပ်တန့်ပြီး ချက်ချင်းလိုလို တိုက်ကွက်တစ်ခုသာထုတ်ရန် လိုအပ်ခဲ့သည်။ သို့သော် တုစုန့်မာန်ဖော်ကျဲ့ကမူ ထိုအကြံကိုပင် မတွေးမိလိုက်ချေ။

တစ်စက္ကန့်ခန့် နှောင့်နှေးသွားသော ဖြစ်ရပ်က နောက်မှနှစ်ယောက်လုံးကို သူ့ကို မှီသွားစေပေလိမ့်မည်။ ထိုသို့ဆိုလျှင် သာ့ယန်မာန်ပန့်ကမသေဘဲ သူက သေသွားရပေလိမ့်မည်။

နှစ်ခုအကြားတွင် ရွေးချယ်ရသည့်အခါ သူက အနောက်တစ်ခုကိုသာ ရွေးချယ်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရွေးချယ်မှုက သိသာလွန်းသည်။

ဝုန်း

တုစုန့်မာန်ဖော်ကျဲ့က ထိုသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူက မြို့ရိုးပေါ်သို့ ခုန်တက်လိုက်သည်။ ရင်ယန်ဝိညာဉ် ထောင်ချောက်လေးသွယ်အတွင်းတွင် ရှိနေသော သာ့ယန်မာန်ပန့်ကလည်း သူ့ကို အကြိုဆိုဆုံး ဧည့်သည်တော်တစ်ယောက်နှင့် တွေ့လိုက်ရသည်။

ဝုန်း

မြန်ဆန်ဖြတ်လတ်သော်လည်း ခပ်အေးအေး လျှောက်လာသည်ဟု ခံစားရသည့် ပုံစံမျိုးနှင့်အတူ အလင်းက ဖြတ်ကနဲ လက်သွားသည်။ ထို့နောက် ထိုထောင်ချောက် ဝင်္ကပါထဲတွင် ပုံရိပ်ပေါင်းများစွာက ပေါ်လာသည်။

“သာ့ယန်မာန်ပန့် ငါတို့တွေ့ကြပြန်ပြီ”

ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူ၏ဝတ်စုံက လေတွင်လွင့်နေသည်။ သူက အသာအယာ လမ်းလျှောက်လာလျှက် သာ့ယန်မာန်ပန့် ရှိရာနေရာသို့ ရောက်လာသည်။

“မင်းပဲ”

သာ့ယန်မာန်ပန့်၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူကလည်း အလွန်အမင်း ရင်းနှီးသော ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ သူ၏အပ်ဖြင့် ဆွနေသလိုမျိုး သူ၏ခံစားချက်က ဆိုးရွားလာသည်။ ထွက်ပြေးသွားသည်ဟု ယူဆထားသည့် ဝမ်ချောင်က ဒီနေရာသို့ ရောက်လာမည်ဟု မမျှော်လင့်ထားချေ။

အခန်း(၇၉၄)

သာ့ယန်မာန်ပန့်၏ သေဆုံးမှု (၂)

သာ့ယန်မာန်ပန့်၏ အံ့အားသင့်မှုက တဖြည်းဖြည်းချင်း လှောင်ပြောင်မှုအဖြစ် ပြောင်းလဲသွားသည်။

“ပြပွဲကောင်းတစ်ခုပဲ မင်းက ငါ့ရှေ့မှာ ပေါ်လာရဲမယ်လို့ မထင်ထားဘူး”

သာ့ယန်မာန်ပန့်က ပြောလိုက်ပြီးနောက် သူ၏မျက်လုံးထဲ သတ်ဖြတ်လိုစိတ်က ပြင်းထန်လာသည်။

“ဟား ဟား ငါကဒီနေရာမှာ ပေါ်လာမှ ငါကမင်းကို လိုက်ပို့နိုင်မှာပေါ့”

ဝမ်ချောင်က ဖျော့တော့စွာ ပြောလိုက်ပြီးနောက် ချက်ချင်းလိုလို တိုက်ခိုက်သည်။ တချိန်ထဲတွင်ပင် သာ့ယန်မာန်ပန့်၏ ခန္ဓာကိုယ်က စွမ်းအင်ပေါင်းများစွာ ပေါက်ကွဲသွားပြီး သာ့ယန်မာန်ပန့်ထံ ခုန်ဝင်သွားသည်။

“မဟာနှင်းတောင်တန်း မိစာ္ဆနဂါးသိုင်း”

“ကျယ်ပြောသော ကောင်းကင်မြေကမာ္ဘသိုင်း”

“မဟာရင်ယန်သိုင်း”

......

ထိုဝင်္ကပါအတွင်း ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲမှုများမှ ဖြစ်ပေါ်လာသော ရောင်ဝါက နေထက်ပင် တောက်ပသေးပြီး ကြမ်းတမ်းသော လေပြင်းများကို ထိုနေရာ တစ်ခုလုံးကို ဖြတ်တိုက်စေသည်။

အချိန်တခဏခန့် ကြာပြီးနောက် ငယ်သံပါအောင် အော်ဟစ်သံနှင့်အတူ ထိုနေရာက တိတ်ဆိတ်သွားသည်။

ဝုန်း

ငါးမိနစ်ဝိညာဉ်ဝန်းကျင်ခန့် ကြာပြီးနောက် ကံတိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားသော ဝမ်ချောင်၏ ကိုယ်မှ အလင်းရောင်ဖြတ်ကနဲ လက်လာသည်။ သူက ရင်ယန်ဝိညာဉ်ထောင်ချောက် သဏ္ဍန်လေးသွယ် သိုင်းထဲမှထွက်လာသည်။ သူ၏မျက်လုံးက စူးရှပြီး နက်ရှိုင်းနေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ စွမ်းအားများ ပေါက်ကွဲမတက် ဖြစ်လာသည်။ ထိုအချက်ကမူ သူ၏ခန္ဓာကိုယ်ထဲမှ သန့်စင်ပြီး အင်အားအပြည့်ပါသော စွမ်းအားများက မြင့်တက်လာနေခြင်းဖြစ်သည်။

ဝမ်ချောင်က လူသစ်တစ်ယောက် ဖြစ်သွားသလိုမျိုး ကံတိုက်ပွဲဝင် ဝတ်စုံကြောင့်သာ ရောက်ထားသော သူတော်စင်သိုင်းနယ်မြေအဆင့်မှ စွမ်းအားများကို ထုတ်လွှတ်ခြင်းမရှိတော့ချေ။ ရုတ်တရက် ထိုစွမ်းအားတိုင်းမှ ထွက်ပေါ်လာသော အရှိန်အဝါက သူ၏ကိုယ်ပိုင်ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲတွင်လည်း တဖြည်းဖြည်းချင်း အဆင့်မြင့်လာခြင်းဖြစ်သည်။

သူတော်စင်သိုင်းနယ်မြေ နောက်ဆုံးတော့ ရောက်သွားပြီ။

ဝမ်ချောင်၏ မျက်ဝန်းက ဖြတ်ကနဲ လက်သွားပြီးနောက် သူက ကျော့ရှင်းကြည့်ကောင်းသော ဟန်အမူအရာမျိုးဖြင့် အရှေ့သို့ တစ်ချက်ကြည့်ကာလှမ်းသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လေးစားဖွယ်ကောင်းလွန်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသလို ကြောက်လန့်မှုကိုလည်း ဖြစ်စေနိုင်သေးသည်။ ဒါက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခြင်းမဟုတ်ချေ။ ကျင့်ကြံခြင်းအဆင့် တစ်ခုသို့ ရောက်သွားပြီးသည်နှင့် အလိုအလျောက် ပေါ်လာတတ်သော သဘာဝ အရှိန်အဝါဖြစ်သည်။

ကျယ်ပြောသော ကောင်းကင်မြေကမာ္ဘသိုင်းနှင့် မဟာရင်ယန်သိုင်းတို့ ပေါင်းစပ်လိုက်ပြီးနောက် နောက်ဆုံးတွင် သူက သာ့ယန်မာန်ပန့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်နိုင်သည်။ ဝမ်ချောင်က ထိုဒဏ္ဍာရီလာ တိဗက် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးထံမှ စွမ်းအင်တိုင်းကို စုပ်ယူခဲ့သည်။ သူတော်စင်သိုင်း စွမ်းအင်များကို စုပ်ယူပြီးနောက် သူကနောက်ဆုံးတွင် အကန့်အသတ်ကို ကျော်ဖြတ်ကာ သူတော်စင်သိုင်းနယ်မြေ၏ အစောပိုင်းအဆင့်သို့ ရောက်သွားသည်။

သူက သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်နှင့် အလှမ်းကွာဝေးနေသေးသော်လည်း ကွာခြားချက်က ကောင်းကင်နှင့် မြေကြီးလောက် မကြီးတော့ချေ။ သူကသာ ဒီအဆင့်တွင် ခိုင်မာအောင်လုပ်ပြီး သူ၏ယခင်ဘဝမှ အဆင့်လွန်သိုင်းများကို ပြန်လည်လေ့လာကာ သုံးလိုက်မည်ဆိုပါက သူ့အတွက် အများကြီး အသုံးဝင်လာပေလိမ့်မည်။

သူက နောက်ဆုံးတွင် သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်နိုင်သည်။ သူ၏ တိုက်ခိုက်ခြင်းစွမ်းအားကလည်း တိုးတက်သွားသည်။ ဒါက သာမာန်အား မြှင့်လိုက်ရုံနှုန်းဖြင့် တိုးတက်သွားခဲ့ခြင်း မဟုတ်ချေ။ အဆပေါင်းများစွာ တက်သွားခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးအချက်က သူက တချိန်က ရဖူးသော စစ်သူတော်စင်သို့ သွားရာလမ်းကို ပြန်လျှောက်နိုင်သွားခြင်းဖြစ်သည်။

ယခုကစတင်ပြီး သူက သူ၏ယခင်ဘဝမှ ကျင့်ကြံခြင်းအဆင့်သို့ရောက်ရန် အချိန်အများကြီး မလိုနိုင်တော့ချေ။

“ဂုဏ်ယူပါတယ် အသုံးပြုသူ အသုံးပြုသူက ချီရှီကို ခြိမ်းခြောက်မှုဆိုတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်လိုက်နိုင်လို့ ကံကြမ္မာစွမ်းအင်အမှတ် လေးရာရရှိပါတယ်”

“သတိပေးချက် လောကရဲ့ သမိုင်းက ပြောင်းသွားပြီ။ ကျော်ကြားတဲ့ဗိုလ်ချုပ် သာ့ယန်မာန်ပန့် သေသွားတဲ့ကိစ္စကြောင့် တိဗက်တောင်ပေါ်ဒေသက အခြေအနေတွေက ပြောင်းလဲသွားပြီ။ ဒီပြောင်းလဲမှုက တစ်လောကလုံးအပေါ် သက်ရောက်လိမ့်မယ်။ အမျိုးမျိုးသော အခြေအနေတွေကိုလည်း ပြောင်းလဲပေးနိုင်တယ်။ ဒါပေမဲ့ အချို့ အခြေအနေတွေကြောင့် ပြောင်းလဲမှုတွေကို ချိန်ဆလို့ ရနိုင်တော့ပါမယ်။ ဒါကြောင့် အသုံးပြုသူအနေနဲ့ ဒီပြောင်းလဲမှုတွေကို တာဝန်ယူရမယ်ဆိုကတည်းက နောက်ထပ် ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင်ကို အပိုအနေနဲ့ ချီးမြှင့်ပေးလိုက်တယ်”

ထိုအခိုက် ကံကြမ္မာကျောက်တုံးက ပေါ်လာသည်။ ထိုစကားများကို ကြားသောအခါ ဝမ်ချောင်က ပင့်သက်ရှိုက်လိုက်မိသွားသည်။

ထူးဆန်းလိုက်တာ။

ဝမ်ချောင်၏မျက်ခုံးက ပင့်တက်သွားသည်။ သူကလည်း အလွန်အမင်း အံ့အားသင့်သွားသည်။

ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင်တောင်လား။

သာ့ယန်မာန်ပန့်ကို သတ်လိုက်သည့်အတွက် ကံကြမ္မာစွမ်းအင်အမှတ်လေးရာ ဆုလဒ်ရလိုက်သည့်ကိစ္စက မကောင်းသေးချေ။ အကြောင်းမူကား ဒါက ကံကြမ္မာကျောက်တုံးက သူ့ကို သတိပေးထားသည့် ပမာဏအတိုင်း ဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော် အပိုနှစ်ထောင်ကမူ အံ့အားသင့်စရာ ကောင်းသွားသည်။

ကံကြမ္မာကျောက်တုံးကလည်း အသိပေးခဲ့ချိန်က ထိုအကြောင်းအရာကို ထည့်ပြောခဲ့ခြင်းမရှိသေးချေ။

ကံကြမ္မာကျောက်တုံးက တိဗက်တောင်ပေါ်ဒေသရဲ့ သမိုင်းက ပြောင်းသွားတာက တစ်လောကလုံးရဲ့ အခြေအနေကို ပြောင်းလဲသွားစေတယ်လို့ပြောတယ်။ ကြည့်ရတာ အခြားတိုင်းပြည်တွေရဲ့ ကံကြမ္မာကလည်း ပြောင်းလဲသွားခဲ့လို့ အမှတ်ကို ရက်ရက်ရောရောပေးတာ ဖြစ်လောက်တယ်။ ဒါကြောင့် ကံကြမ္မာစွမ်းအင် အပိုအမှတ်တွေ ရရှိလာတာ ဖြစ်လောက်တယ်။ ဒါ့အပြင် ချီရှီကို ခြိမ်းခြောက်နိုင်တဲ့ တာဝန်ကို ရှုံးနိမ့်သွားရင် ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင်ပေးရမယ်။ အခု ဒီဆုလဒ်အရ ဒီအပြစ်ဒဏ်အနေနဲ့ ပေးရမဲ့နှစ်ထောင်ကို ပြန်ရလိုက်သလိုပါပဲ။ ဒီတိုင်းသာဆိုလျှင် ကံကြမ္မာကျောက်တုံးကပေးတဲ့ တာဝန်တွေကနေ ကံကြမ္မာစွမ်းအင် ရရှိနိုင်တဲ့ အထူးနည်းလမ်းတစ်ခု ထပ်ရှိနိုင်သေးတာပေါ့။

ဝမ်ချောင်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် အတွေးပေါင်းများစွာက ရှုပ်ထွေးသွားသည်။

သို့ရာတွင် အချိန်တစ်ခုခန့်ကြာပြီးနောက် ဝမ်ချောင်က အသက်ပြင်းပြင်းရှုကာ အာရုံပြန်စိုက်လိုက်သည်။ သူက ကံကြမ္မာကျောက်တုံးအကြောင်း နောက်မှ လေ့လာ၍ရသည်။ ယခုအနေအထားအရ အရေးအကြီးဆုံး လုပ်ရမည့်ကိစ္စက ဒီတိုက်ပွဲဖြစ်သည်။

“သတ်”

ဝမ်ချောင်က မျက်လုံးပြန်ဖွင့်လိုက်သည်နှင့် အော်ဟစ်သံများက ထွက်လာသည်။ သူ၏အရှေ့တွင် ခံတပ်ထဲ ရောက်ရှိနေသော တိဗက်ဗိုလ်ချုပ်တိုင်းက တုစုန့်မာန်ဖော်ကျဲ့၏ ထွက်ပြေးသွားသော ဖြစ်စဉ်ကြောင့် သူတို့၏ စိတ်ဓာတ်အင်အားများက ပြိုလဲကျသွားကြသည်။ စစ်တပ်တစ်ခုလုံး၏ စိတ်ဓာတ်အင်အားက သူတို့၏ စစ်သေနာပတိချုပ်နှင့် ဆက်ဆံနေခြင်းဖြစ်သည်။ သို့သော် တုစုန့်မာန်ဖော်ကျဲ့က ထွက်ပြေးသွားသည်။ သူ၏မျိုးဆက် တစ်သောင်းကျော်က ဒီနေရာတွင် ပြင်းထန်သည့် ထိုးနှက်ချက်ကြီးကို ခံလိုက်ရသည်။

အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က လောကတွင် အင်အားအကြီးဆုံး သူများကို ကိုယ်စားပြုသည်။ ထို့ကြောင့် တိဗက်စစ်သည်တော်များ၏စိတ်တွင် တစ်ဖက်သူက တိုက်ပွဲနယ်မြေမှ ဘယ်သောအခါမှ ထွက်ပြေးလိမ့်မည် မဟုတ်ဟု ယုံကြည်ထားပေလိမ့်မည်။ သို့သော် တုစုန့်မာန်ဖော်ကျဲ့က မိစာ္ဆဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ လိုက်သတ်မှုကြောင့် ထွက်ပြေးသွားခဲ့ရသည်။ ထိုအခြေအနေက ထိုလူများအားလုံး ယုံကြည်ထားသမျှကို အမြစ်က ဆွဲနှုတ်လိုက်သလို ဖြစ်သွားသည်။

တိဗက်စစ်တပ် လဲပြိုကျသည့်အခါ မျက်တောင်တစ်ခတ် အချိန်အတွင်း အထိတ်တလန့် နောက်ဆုတ်မှုနှင့် ကစဉ့်ကလျား ထွက်ပြေးမှုများအဖြစ် ပြောင်းလဲသွားသည်။ တြိဂံပုံ မြေကွက်လပ်၏ ထူးခြားသော မြေမျက်နှာပုံစံက ထိုအခါ လုပ်နိုင်စွမ်းအားကို အပြည့်အဝ ပြသသည်။ ဝမ်ချောင်က သာ့ယန်မာန်ပန့်ကို ဝင်္ကပါထဲတွင် ရင်ဆိုင်နေချိန်က ဝူရှန်းမြင်းတပ်က ဟန်ဆောင်မှုမှ ပြန်လည်တုန့်ပြန်၍ ပြီးသွားပြီဖြစ်သည်။ လီစစ်ယဲ့က သူတို့ကိုဦးဆောင်ပြီး ထွက်ပြေးသွားသော တိဗက်တိုင်းကိုလိုက်ဖမ်းကာ သတ်နေသည်။

သူတို့တွင်လည်း ဝမ်ချောင်က ထောက်ပံ့ပေးထားသည့် အင်အားကြီးမားသော စစ်ချီစက်ကွင်းများကို မပိုင်ဆိုင်ထားသော်လည်း တိဗက်များနှင့် သူတို့၏ အင်အားကြီးမားသော သတ္တိဖြူများက သာ့ယန်မာန်ပန့်ထံမှ အားဖြည့်ပေးမှုကိုလည်း ဆုံးရှုံးသွားကြရပြီဖြစ်သည်။ ထို့ကြောင့် မဟာပွန်း ဝင်္ကပါပင်ဖြစ်စေ သာ့ယန်မာန်ပန့်၏ စစ်ချီစက်ကွင်းပင်ဖြစ်စေ မရှိတော့သည့်အခါ သတ္တိဖြူများက ခေါင်းဆောင်မရှိသည့် နဂါးများကဲ့သို့ ဖြစ်သွားသည်။ သူတို့ကိုယ်တိုင်ကလည်း သူတို့၏ညီနောင် တိဗက်တစ်သောင်းကျော်နှင့်အတူ ရောနှောကာ တိုက်ခိုက်နိုင်ခြင်းပင် မရှိကြတော့သည့်အတွက် အားလုံး၏ တိုက်ခိုက်နိုင်စွမ်းအားက ဆုံးရှုံးသွားရပြီဖြစ်သည်။

“စိတ်ဝင်စားစရာပဲ”

ဝမ်ချောင်က ထိုအခြေအနေကိုကြည့်ပြီး သူ၏မျက်ဝန်းက တောက်ပသွားသည်။ သူ၏နှုတ်ခမ်းများကလည်း ကော့တက်စွာ ပြုံးလိုက်သည်။

ဟီး

ခွာဖြူအရိပ်က ကျယ်လောင်သော အော်သံကို ပြုလိုက်ပြီးနောက် ဖုန်မှုန့်များကို ကန်ထုတ်ထားခဲ့ကာ ဒုန်းစိုင်းနှင်ပြီး ဝမ်ချောင်ထံလာသည်။ ထို့နောက် ဝမ်ချောင်က ခွာဖြူအရိပ်ပေါ် တက်လိုက်သည်။ ထိုသို့ ချက်ချင်းလိုလို ခံတပ်ထဲမှထွက်သည်။

သူက ခံတပ်ထဲမှ ထွက်လိုက်သည်နှင့် ပြုံးနေသော ဝမ်ချောင်က လျှင်မြန်စွာဖြင့် သူ၏ချီစက်ကွင်းများကို ထုတ်ပေးလိုက်သည်။

ဘုန်း ဘုန်း ဘုန်း

သတ္တုချင်း ထိခတ်သံများနှင့်အတူ သူ၏ခန္ဓာကိုယ်အောက်မှ ချီစက်ကွင်း တစ်ခုပြီးတစ်ခုက ထွက်ပေါ်လာကာ ခွာဖြူအရိပ်ကို ဝန်းရံသွားသည်။ ထို့နောက် တဖြည်းဖြည်းချင်း ပျံ့သထက် ပျံ့လာပြီး ခံတပ်တစ်ခုလုံးကိုကျော်ကာ စစ်တပ်ထံရောက်သွားသည်။

ဘုန်း

မြေကမာ္ဘကိုပင် တုန်ဟီးစေသော အော်ဟစ်သံများက ခံတပ်အပြင်ဘက်မှ ဆူညံသံ ထွက်ပေါ်လာသည်။

“အရှင်အမတ် အရှင်အမတ်ရောက်လာပြီ”

“အရှင်အမတ်က အခုလေးတင် သာ့ယန်မာန်ပန့်ကို သွားပြီးကိုင်တွယ်နေတာ။ အရှင်အမတ်က ဒီနေရာကို ရောက်လာပြီဆိုတော့ သာ့ယန်မာန်ပန့် သေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ချီတက်ကြ ငါတို့ ပြန်တိုက်ခိုက်ရမဲ့ အချိန်ပဲ”

“ဒီကောင်တွေကို မလွတ်စေနဲ့”

စစ်တပ်၏ အော်ဟစ်ကျုံးဝါးသံများက မြေကမာ္ဘကိုပင် တုန်ခါသွားစေခဲ့သည်။ မည်သူကမျှ ဝမ်ချောင်ကို မမြင်ကြရသော်လည်း အင်အားကြီးမားသော ချီစက်ကွင်းများကို ခံစားနိုင်ကြသည်။ ဖုန်မှုန့်ချီစက်ကွင်း၊ တိုက်ပွဲနယ်မြေအဆိပ် ချီစက်ကွင်း၊ ဗိုလ်ချုပ်များ၏ အဆိပ်ချီစက်ကွင်း ဆိုသော ချီစက်ကွင်းများက တစ်ထပ်ပြီးတစ်ထပ် သူတို့ကို ထောက်ပံ့ပေးလာသည့်အခါ မဟာမိတ်တိုင်း၏ အင်အားက တိုးမြှင့်သွားပြီး ရန်သူများက အားနည်းသွားပြီဖြစ်သည်။ ထို့ကြောင့် တိဗက်များ၏ အခြေအနေကို မျှော်လင့်ကြည့်ရန် လွယ်ကူသည်။ လေထဲတွင် ငယ်သံပါအောင် အော်ဟစ်သံများ၊ အထိတ်တလန့် အော်သံများက ပြည့်နှက်နေသည်။ အဝေးကပင် ဝမ်ချောင်အနေနှင့် သူတို့၏ ကြောက်လန့်မှုများကို မြင်နိုင်သည်။

ဝမ်ချောင်ကလည်း ဒီတိုက်ပွဲတွင် အပြတ်အသပ် နိုင်သွားပြီဖြစ်သည်။

“သွားရအောင်”

ဝမ်ချောင်က ဂိတ်ပေါက်ကိုကျော်ဖြတ်ကာ မြင်းကိုအပြေးနှင်သွားသည်။ သူက သံမဏိမြို့ရိုးကို ကျော်ဖြတ်ပြီး အပြင်ဘက်သို့ထွက်သည်။ သူက တစ်ချက်ကြည့်လိုက်သောအခါ တောင်ပေါ်ဒေသ၏ မြောက်ပိုင်းနယ်မြေ တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်နေကြောင်း မြင်လိုက်ရသည်။ ဝူရှန်းမြင်းတပ် ထောင်ပေါင်းများစွာက အဖွဲ့ငယ်လေးများ ခွဲလိုက်သည်။ ထို့နောက် မြှားအဖွဲ့ကလည်း ပစ်ခတ်မှုများ လုပ်နေကြသလို ထွက်ပြေးသွားသော တိဗက်များကိုလည်း လိုက်ဖမ်းနေကြလေသည်။

တိဗက်များကမူ ကစဉ့်ကလျား ဖြစ်နေနှင့်ပြီးသားဖြစ်သည်။ မည်သူကမျှ မရပ်ရဲသလို မခုခံရဲကြချေ။ သူတို့အားလုံးက ထွက်ပြေးရန်သာ ကြိုးစားနေကြသည်။ ထိုအခိုက် မြို့ထဲမှ ကျွမ်းကျင်ပညာရှင် ကလန်များကပင် ဝင်ပေါင်းကာ လိုက်ဖမ်းကြသေးသည်။

တိဗက်မြင်းတပ်၏ အလောင်းများက မြေပေါ်တွင် အထပ်ထပ် ပုံနေပြီဖြစ်သည်။ သိန်းငှက်ဖြူကြီးပါသော အလံအမည်းကြီးဖြစ်သည့် တုစုန့်မာန်ဖော်ကျဲ့၏ သင်္ကေတ အလံကြီးကပင် ခုတ်ပိုင်းခံလိုက်ရသေးပြီး ကျန်သောအပိုင်းများက လေတွင်လွင့်နေသည်။

ချွင်

သူက တစ်ချက်လှည့်ကြည့်လိုက်သောအခါ သူ၏အောက်ဘက်မှ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာသည်။ တိုက်ပွဲနယ်မြေ၏ အဆိပ်ချီစက်ကွင်းဖြစ်သော နို့နှစ်ဖြူရောင် အလင်းတန်းက ပို၍ တောက်ပသွားသည်။ ထိုချီစက်ကွင်းက လျှင်မြန်စွာဖြင့် ပြန့်သထက် ပြန့်သွားပြီးနောက် တိုက်ပွဲနယ်မြေ တစ်ခုလုံးကို အားလှိုင်းတစ်ခုလို လွှမ်းခြုံသွားသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ တိုက်ပွဲနယ်မြေရဲ့ အဆိပ်ချီစက်ကွင်းက အဆင့်လေးကို ရောက်သွားပါပြီ”

ရင်းနှီးကျွမ်းဝင်သောအသံက သူ၏စိတ်ထဲတွင် ထွက်လာသည်။ စစချင်း သူက မှင်သက်နေပြီးနောက် တဖြည်းဖြည်းချင်း ပြုံးလိုက်သည်။ တိုက်ပွဲနယ်မြေ၏ အဆိပ်ချီစက်ကွင်းက ထိုနေရာတွင် တန့်နေခဲ့သည်မှာ ကြာလှချေပြီ။ နောက်ဆုံးတွင် နောက်ထပ်တစ်ဆင့်သို့ တက်သွားသည်။ ဒါက အံ့အားသင့်စရာ ကောင်းလွန်းသော ပျော်ရွှင်ဖွယ်ကိစ္စဖြစ်သည်။ မည်သို့ပင်ဆိုစေ အဆင့်တက်ရန် လိုအပ်သော အခြေအနေက တစ်ဆင့်ထက်တစ်ဆင့် မြင့်သွားချိန်တိုင်း ပြင်းထန်သထက် ပြင်းထန်လာသည်။

“ဟိုက်ရား”

ထိုအတွေးနှင့်အတူ ဝမ်ချောင်က မြင်းကိုအပြေးနှင်ကာ ချီတက်သည်။ အဝေးတွင် သူက ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ တစ်ခုအဖြူ တစ်ခုက အမည်းဖြစ်သည်။ သူတို့က လျှင်မြန်စွာဖြင့် သူ့ထံလာနေကြသည်။

“ဆရာ၊ ရွာသူကြီး”

ဝမ်ချောင်က လှမ်းအော်လိုက်သည်။ သူ၏ မျက်ခုံးများက ပင့်တက်နေပြီး မျက်နှာတွင် ပျော်ရွှင်မှုက တောက်ပနေသည်။ သူက ထိုအပြုံးများနှင့်အတူ သူတို့ကို ကြိုဆိုလိုက်သည်။ ဒီတိုက်ပွဲတွင် အကောင်းဆုံး အကျိုးပြုသူများက မိစာ္ဆဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာလူကြီးတို့ဖြစ်သည်။ သူကသာ တုစုန့်မာန်ဖော်ကျဲ့ကို သူတို့မရှိဘဲ ကိုင်တွယ်ချင်လျှင် အလွန်အမင်း ခေါင်းခဲရမည့်ကိစ္စ ဖြစ်နိုင်သည်။

သံမဏိမြို့ရိုး၏ နောက်ဆုံး မြို့ရိုးနေရာနှင့် သိပ်မဝေးသော နေရာတွင် ဝမ်ချောင်က မြင်းပေါ်မှ ဆင်းလိုက်ပြီးနောက် ထိုအကြီးအကဲနှစ်ယောက်ကို သွားတွေ့သည်။

“ဆရာ၊ ရွာလူကြီး ဘယ်လိုနေလဲ။ တုစုန့်မာန်ဖော်ကျဲ့ကို ဖမ်းမိခဲ့လား”

အခန်း(၇၉၅)

တုစုန့်မာန်ဖော်ကျဲ့လား သူက ရှာလို့မရအောင် ပျောက်သွားပြီ။

“မဟုတ်ဘူး ဒီလူငယ်ဂျူနီယာက စွမ်းအင်နည်းနည်းတော့ရှိတယ်။ အဘိုးကြီးဖန်းနဲ့ငါက သူ့ကို လိုက်ဖမ်းတော့ သူက စစ်သည်တစ်သောင်းရဲ့ အင်အားကိုသုံးပြီး ငါတို့ကိုတားခဲ့တယ်။ အဲ့ဒီနောက် ရှာလို့မရအောင်ကို ပျောက်သွားခဲ့တာပဲ”

မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က ပေါ့ပါးစွာပြောသည်။ သူက ဒီတိုင်း အရေးမပါသော ကိစ္စတစ်ခုကို ပြောသလိုဟန်မျိုးဖြင့် ပြောခြင်းဖြစ်သည်။

တုစုန့်မာန်ဖော်ကျဲ့က ကျော်ကြားသော ယွီစန်း၏ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး တောင်ပေါ်ဒေသ၏ သိန်းငှက်ဆိုပြီး ကျော်ကြားသည်။ လောကမှ သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်ထဲမှ တစ်ယောက်ဖြစ်နေသည့်အတွက် သူကလည်း သာမာန်မဟုတ်ချေ။ သို့ရာတွင် မိစာ္ဆဧကရာဇ် လူအိုကြီးမာန်၏ ပါးစပ်ထဲတွင် သူကဒီတိုင်း လူငယ်ဂျူနီယာတစ်ယောက်သာဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုသို့ သုံးနှုန်းသည်က မသင့်လျော်ဟု မထင်ချေ။

တုစုန့်မာန်ဖော်ကျဲ့က သူတော်စင် အင်ပါယာနယ်မြေ အထွဋ်အထိပ်သို့ ရောက်ရှိနေသော်လည်း သူက ဝမ်ချောင်၏ဆရာထက် အများကြီးငယ်သည်။ သူက ထိုအဆင့်တွင် အချိန်အများကြီးပင် မနေရသေးချေ။ ထို့ကြောင့် သူ့ကို ဂျူနီယာဟု ခေါ်သည်မှာ လွန်ကဲလွန်းရာမကျချေ။ ပို၍ဆိုးသည်မှာ မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က ဗဟိုပြင်ကျယ်တွင် မိစာ္ဆလမ်းကြောင်းကိုလျှောက်သော အဆင့်လွန် ဆရာသခင်ဘဝသို့ ရောက်နေပြီး သူ၏လက်တွင် မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ သေသွားခဲ့ပြီး သူက သူတော်စင်သိုင်းနယ်မြေအဆင့် ဆရာသခင်ပေါင်းများစွာကို သတ်ခဲ့ပြီး လောကရှိ ဂိုဏ်းခေါင်းဆောင်တိုင်းက သူ၏နာမည်ကိုကြားသည်နှင့် မျက်နှာဖြူစုပ်ကုန်သည်အထိ ဖြစ်စေခဲ့သည်။

လောကရှိ လူအနည်းစုလောက်ကသာ သူ၏အဆင့်တွင် ထိုင်နိုင်ကြသည်။

ထိုကပ်ဘေးခေတ်တွင်ပင် ဝမ်ချောင်က လောက၏ မဟာမာရှယ်ကြီး ဖြစ်သွားခဲ့ပြီး သမိုင်းတွင်ရလောက်အောင် အင်အားအကြီးဆုံးသော ဗဟိုပြင်ကျယ်မှ အင်အားကြီး စစ်သူတော်စင် ဖြစ်လာခဲ့သည့်တိုင်အောင် မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က နေ့လည်ခင်း နေရောင်ကဲ့သို့သော သူ၏တည်ရှိမှုမျိုးဖြင့် သူ၏ခေါင်းအထက်တွင် ရှိနေသေးသည်။

ထိုခေတ်ကာလက ဝမ်ချောင်ကပင် ထိုသို့ခံစားခဲ့ရလေရာ တုစုန့်မာန်ဖော်ကျဲ့ဆိုလျှင် ပို၍ဆိုးလေသည်။

“ငါဒီနေ့မှာ ဒီကောင်က ယွီစန်းရဲ့ မဟာအင်ပါယာ ဗိုလ်ချုပ်မှန်းသိရတာ။ ငါကသာ ဒီအကောင်က မဟာထန်ကို သူ့ရဲ့စစ်သားတွေခေါ်ပြီး ကျူးကျော်လာမှန်းသာသိခဲ့ရင် ဒီကောင့်ကို လုံးဝ မလွှတ်ပေးခဲ့ပါဘူး”

ဝူရှန်းရွာလူကြီးက သက်ပြင်းချသည်။

“အမ်”

ဝမ်ချောင်၏ မျက်ခုံးက ပင့်တက်သွားသည်။ သူက နောက်ဆုံးတွင် မနေနိုင်ဘဲ မေးလိုက်မိသည်။

“ရွာလူကြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘာပုံပြင်ရှိလို့လဲ”

ခံတပ်၏ အနောက်ဘက် ဂိတ်ပေါက်တွင်ကတည်းက တစ်စုံတစ်ရာက ထူးဆန်းကြောင်း သူက ခံစားမိသည်။ ယွီစန်း၏ မဟာဗိုလ်ချုပ်က ယွီစန်းရွာလူကြီးကို မှတ်မိထားခဲ့သည့်ကိစ္စက သူမထင်ထားမိသော အခြေအနေ ဖြစ်သွားသည်။

ဝူရှန်းရွာလူကြီးက ဘာကိုမျှ မဖုံးကွယ်ထားခဲ့ဘဲ ပုံပြင်ကိုပြောပြသည်။

“ဆိုတော့ တုစုန့်မာန်ဖော်ကျဲ့က ထွက်ပြေးသွားခဲ့တဲ့အချိန်က မတော်တဆ ဝူရှန်းရွာကို ရောက်လာခဲ့တယ်။ အဲ့ဒီနောက် ဟွမ်ပေါ့ထန်းကြောင့် ရွာလူကြီးကသူ့ကို လွှတ်ပေးလိုက်ရတာပေါ့”

ဝမ်ချောင်က ပြောသည်။ သူ၏မျက်ခုံးက ပြေသွားသည်။

“အား မင်းပြောသလိုပါပဲ”

ဝူရှန်းရွာလူကြီးက သက်ပြင်းချပြီး ခေါင်းညိမ့်သည်။ ဝမ်ချောင်ကမူ လူအိုကြီး၏မျက်နှာမှ အရှက်ရနေသော မျက်နှာထားမျိုးကလွဲပြီး အခြားအရာကို မခံစားရတော့ချေ။ ဟွမ်ပေါ့ထန်းက ဝူရှန်းရွာမှ အပြင်ဘက်ပိုင်းရှိ ကာကွယ်စောင့်ရှောက်သူဖြစ်သည်။ သို့သော် သူက သိုင်းရူးဖြစ်သည်။ ထို့ကြောင့် သူ့ကိုနိုင်သွားသည်နှင့် သူကအလွန်သဘောကျသွားပြီး ညီအစ်ကိုရင်းလို သဘောထားတတ်လေ့ရှိသည်။ ဝမ်ချောင်ကလည်း ထိုကိစ္စကို သိထားပြီးဖြစ်ပြီး လွတ်သွားသော တစ်စုံတစ်ယောက်က ဝူရှန်းရွာသို့ ကျူးကျော်ခဲ့ဖူးကြောင်း သိသည်။ သို့သော် ဝမ်ချောင်အနေဖြင့် ထိုလူက တုစုန့်မာန်ဖော်ကျဲ့ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ချေ။

ကံကြမ္မာက တကယ်ကို ထင်တဲ့အတိုင်း ဖြစ်လာခဲ့တာပဲ။ ငါက ခက်ခက်ခဲခဲနဲ့ တုစုန့်မာန်ဖော်ကျဲ့ကို ပိတ်လှောင်ထားပြီး နောက်ခံပေါ်အောင် လုပ်ရသည်။ ဒါပေမဲ့ သူ့ကိုလွှတ်ပေးလိုက်တာက ဟွမ်ပေါ့ထန်း ဖြစ်နေမယ်လို့ မထင်ထားမိဘူး။

ဝမ်ချောင်က ခါးသီးစွာပြုံးသည်။ ဟွမ်ပေါ့ထန်း၏ သိုင်းအပေါ် ချစ်မြတ်နိုးစိတ်က သူ၏ သဘာဝ တစ်စိတ်တစ်ပိုင်းကဲ့သို့ ဖြစ်သွားပြီး ပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။ တုစုန့်မာန်ဖော်ကျဲ့က ထိုအခြေအနေထိရောက်အောင် လုပ်နိုင်ခဲ့ခြင်းကလည်း ထူးဆန်းခြင်းမရှိချေ။

“ရွာလူကြီး မစိုးရိမ်ပါနဲ့တော့ တုစုန့်မာန်ဖော်ကျဲ့က ဒီတစ်ကြိမ် အရမ်းကို အံ့အားသင့်သွားလောက်တယ်။ ဒီနေရာကနေ သူက စစ်သားအများကြီးကို ဆုံးရှုံးသွားတယ်။ နောင်ဖြစ်လာမဲ့ ဗိုလ်ချုပ်ကြီးဖြစ်တဲ့ သာ့ယန်မာန်ပန့်ကိုတောင် ဆုံးရှုံးလိုက်ရတာ။ ဒါကြောင့် သူနောက်ထပ် ပြန်လာရဲရင်တောင်မှ အချိန်လိုဦးမယ်လို့ထင်တယ်”

ဝမ်ချောင်က နှစ်သိမ့်ပေးသည်။

“မင်းပြောတာလည်း မှန်တာပဲ”

လူအိုကြီးမာန်က ဝင်ပြောသည်။ သူ့မျက်နှာတွင် ဂုဏ်ယူမှုက အပြည့်ရှိနေသည်။

“ငါတို့ကသူ့ကို ထွက်ပြေးခွင့် ပြုလိုက်ပေမဲ့လည်း အဖိုးကြီးဖန်းနဲ့ငါက ဒီကောင့်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် လုပ်လိုက်ပါတယ်။ ဒီကောင်အနည်းဆုံး နှစ်ဝက်လောက်မှ သက်သာလာမှာ”

“အာ”

ဝမ်ချောင်က အံ့အားသင့်သွားသည်။ ရင်ယန်ဝိညာဉ်ထောင်ချောက် လေးသွယ်ထဲသို့ ရောက်ရှိနေခဲ့ပြီး သာ့ယန်မာန်ပန့်နှင့် ရင်ဆိုင်နေခဲ့သော အပြင်မှ အခြေအနေကို မသိခဲ့ချေ။ ဝမ်ချောင်အနေနှင့်လည်း တုစုန့်မာန်ဖော်ကျဲ့ကဲ့သို့ အင်အားမျိုး ရှိသောလူက သူ၏ဆရာဖြစ်သူက ဝူရှန်းရွာလူကြီးတို့ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမည်ဟု မမျှော်လင့်မိချေ။ အခြေအနေက သူ၏ ဒီစီမံကိန်းနှင့် ပတ်သတ်ပြီး မျှော်လင့်ထားသမျှထဲတွင် မမျှော်လင့်ထားဆုံးကဏ္ဍ ဖြစ်သွားသည်။

“ကောင်းလိုက်တာ ဒီလိုဆိုရင် တုစုန့်မာန်ဖော်ကျဲ့က နောက်တစ်ကြိမ် မြောက်ပိုင်းဒေသမှာ ပေါ်လာဖို့ အချိန်တော်တော်လေး လိုလိမ့်မယ်။ ဒီတော့ သူက ချီရှီကို အများကြီး မခြိမ်းခြောက်နိုင်လောက်ဘူး”

ဝမ်ချောင်က စိတ်လှုပ်ရှားသွားသည်။

“အို ဟုတ်သားပဲ ဆရာ တုစုန့်မာန်ဖော်ကျဲ့က သူ့ရဲ့လျို့ဝှက်သိုင်းကိုသုံးပြီး စစ်တပ်ရဲ့အင်အားကို ထုတ်သုံးသွားခဲ့တဲ့ အနေအထားမျိုးကို ဆရာက ဘယ်လို ဖျက်ဆီးနိုင်ခဲ့တာလဲ”

အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ချောင်နှင့် ဟော်ရှု့ဟွေ့ခမ်းကလည်း မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ လျို့ဝှက်သိုင်းကိုသုံးပြီး သူ့ကိုယ်သူ ကြီးမားသော ရွှေရောင်ဗုဒ္ဓဖြင့် ပြောင်းလဲခဲ့ခြင်းကို မြင်ခဲ့ဖူးသည်။ ဒီနည်းအားဖြင့် သူ၏ အရှိန်အဟုန်မြင့် အံ့ဩဖွယ် နတ်ဘုရားကိုလည်း လက်ဝါးတစ်ချက်တည်းဖြင့် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုမြင်ကွင်းက သူ့အပေါ် လေးနက်သော ခံစားချက်ကို ကျန်ရစ်စေခဲ့သည်။

ယွီစန်း၏ မဟာဗိုလ်ချုပ်ဖြစ်သော တုစုန့်မာန်ဖော်ကျဲ့ကလည်း အလားတူ သိုင်းမျိုးကို သေချာပေါက် ပိုင်ဆိုင်ထားပေလိမ့်မည်။

“ဒါကဘာမှ ကိစ္စကြီးမဟုတ်ဘူး။ လျို့ဝှက်သိုင်းတွေက တအားရိုးရှင်းတယ်။ သူက သူ့ရဲ့အနားက လူအင်အားကိုပဲ သုံးနိုင်တာ။ သူတို့ကနီးလေလေ သူသုံးနိုင်တဲ့အင်အားက များလေလေပေါ့။ ဒါက နှစ်ကိုယ့်တစ်စိတ်လိုပဲ။ အဲ့ဒါကိုဖျက်ဆီးဖို့အတွက် သူ့နားကလူတွေကို သတ်လိုက်ရုံပဲ”

မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က ပေါ့ပါးစွာပြောသည်။

“အစ်ကိုကျန်းပြောတာ မှန်တယ်။ ဒီလိုလျို့ဝှက်သိုင်းမျိုးက ဘာမှ စိုးရိမ်စရာမရှိဘူး”

ဝူရှန်းရွာလူကြီးကလည်း သဘောတူသည်။

“...”

ထိုအကြီးအကဲနှစ်ယောက်က အရေးမပါသော ကိစ္စတစ်ခုကို သွားလုပ်ပေးရသလို ပြုမူနေခြင်းက ဝမ်ချောင်ကို စွံ့အစေသည်။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ သိုင်းများကသာ ထိုမျှ ဖျက်ဆီးရ လွယ်ကူနေခဲ့မယ်ဆိုရင် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ယွီစန်းရဲ့ အထွဋ်အမြတ်နယ်မြေ ဖြစ်လာတော့မည် မဟုတ်သလို ယွီစန်းကလည်း အလေးအနက်ထား ကိုင်တွယ်ရမည့် ပြဿနာကြီးဖြစ်တော့မည် မဟုတ်ချေ။

တုစုန့်မာန်ဖော်ကျဲ့က သူ့အနားရှိ လူထောင်ပေါင်းများစွာ၏ အကူအညီကို ယူခဲ့သည်။ ထိုလူများက တုစုန့်မာန်ဖော်ကျဲ့ကို စွမ်းအားများ ထောက်ပံ့ပေးထားသည်။ သို့သော် ဒါက တုစုန့်မာန်ဖော်ကျဲ့၏ အင်အားကို တိုးမြှင့်ပေးနေခြင်းဖြစ်သည်။ ထိုလူကို သတ်သောကိစ္စက လုပ်ဆောင်မှုထက် အပြောကသာ လွယ်ကူနေလောက်လေသည်။ သို့သော် ထိုအကြီးအကဲနှစ်ယောက်၏ ပါးစပ်တွင် ဒါက ထမင်းစား ရေသောက်သလို ဖြစ်နေသည်။

သူတို့က စကားပြောနေချိန်တွင် အဝေးမှ ကြီးမားသော ဖုန်လုံးတိမ်စိုင်များက ကောင်းကင်ပေါ်သို့ မြောက်တက်သွားသည်။ ထို့နောက် မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးက သူတို့သုံးယောက်ကို အလန့်တကြား ဖြစ်သွားစေခဲ့သည်။ ဝမ်ချောင်က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ အနောက် မြောက်ပိုင်းမှ ချီတက်လာသော မြင်းတပ်ထောင်ပေါင်းများစွာကို မြင်လိုက်ရသည်။

“ဒါက မဟာထန်ရဲ့မြင်းတပ်နဲ့ တူသလိုပဲ”

ဝူရှန်းရွာမှ ရွာလူကြီးက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက မဟာထန်၏ စစ်တပ်အပေါ် နားလည်မှုအား မကောင်းချေ။ သို့သော် အနည်းဆုံး ဒါက ရန်သူဘက်မှမဟုတ်ကြောင်း မြင်နိုင်သည်။

“ဒါက ချီရှီကာကွယ်ရေးစစ်တပ်လေ”

ဝမ်ချောင်က ခပ်ဖြည်းဖြည်းပြောသည်။ သူ၏နှလုံးသားက လေးလံသွားသည်။ ချီရှီကာကွယ်ရေးစစ်တပ်နဲ့ ဖုမာန်လင်းချာတို့က စောင့်ကြည့်ရန် ချန်ထားရစ်ခဲ့သော စစ်တပ်က ချီတက်လာခြင်းဖြစ်သည်။

“သူတို့က တိုက်ပွဲပြီးမှ အမှတ်လာယူတာပဲ”

သာ့ယန်မာန်ပန့်က သေသွားလေပြီ။ တုစုန့်မာန်ဖော်ကျဲ့က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလေပြီ။ တိဗက်စစ်တပ်တစ်ခုလုံးက ကစဉ့်ကလျား ဖြစ်နေသည်။ ဖုမာန်လင်းချာနှင့် ချီရှီကာကွယ်ရေးစစ်တပ်က တိုက်ပွဲ၏ အစောပိုင်းတွင် ဝင်ပါခဲ့ခြင်းမရှိသလို နောက်ပိုင်းတွင်လည်း ဝင်မပါချေ။ သို့သော် သူတို့က တိုက်ပွဲပြီးသွားပြီး အခြေအနေ ငြိမ်သွားမှသာ ထွက်လာကြသည်။ ဒါက အကျိုးအမြတ် ယူချင်နေသည်မှာ သေချာသည်။ သူတို့၏ရည်ရွယ်ချက်က နေ့အလား လင်းချင်းနေသည်။

“ဘာ”

မိစာ္ဆဧကရာဇ် လူအိုကြီးမာန်ကို ခေါင်းကိုလိမ်ပြီး ချဉ်းကပ်လာသော မြင်းတပ်ရှိရာဘက်သို့ကြည့်သည်။ ချီရှီကာကွယ်ရေးစစ်တပ်က အရှိန်နှုန်းမြင့်ကာ လာနေကြသည်။ ဖုမာန်လင်းချာ၏ ချီစက်ကွင်းက သူတို့ကို ထောက်ပံ့ပေးထားသောကြောင့် သူတို့က လျှပ်စီးလို မြန်ဆန်နေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ချီရှီကာကွယ်ရေးစစ်တပ်က တိဗက်များထံ ရောက်သွားသည်။

ဟီး ဟီး ဟီး

ထိုနေရာက ကစဉ့်ကလျား ဖြစ်နေပြီးသားဖြစ်သည်။ ချက်ချင်းလိုလို တိဗက်မြင်းတပ်ပေါင်းများစွာက လဲပြိုကျကုန်ပြီး နင်းချေခံရကာ အသတ်ခံလိုက်ရသည်။ မည်သည့် ဝင်္ကပါ အဖွဲ့အစည်းမှ မရှိတော့သောအခါ သာ့ယန်မာန်ပန့်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ အထောက်အပံ့လည်း မရှိတော့သောကြောင့် ထိုတိဗက်မြင်းတပ်က အထိတ်တလန့်ဖြစ်နေကြပြီး အတွေ့အကြုံမရှိသော အကောင်ငယ်လေးများလို ထွက်ပြေးနေကြရသည်။ မည်သူကမဆို သူတို့ကို သတ်နိုင်သည်။ ဖုမာန်လင်းချာကိုယ်တိုင်က စစ်သည်တွေကို ဦးဆောင်လာသည့်အခါ ပို၍ဆိုးသွားသည်။

ဝုန်း

မြေကမာ္ဘက တုန်ယင်သွားပြီး ပေါက်ကွဲမှုတစ်ခုက ထွက်ပေါ်လာပြန်သည်။ ထိုနေရာက စစ်သည်များ အသိပ်သည်းဆုံး နေရာကဖြစ်သည်။ ငယ်သံပါအောင် အော်ဟစ်သံများက နေရာအနှံ့ ပျံ့နှံ့သွားပြီး သိပ်သည်းသော အလင်းက ကောင်းကင်ကို ထိုးတက်သွားသည်။ တိဗက်မြင်းတပ် ရာပေါင်းများစွာက လေထဲကို လွင့်ထွက်ခံရသည်။

တစ်ချက်ထဲနှင့် တိုက်ပွဲနယ်မြေ၏ နေရာကြီးတစ်ခုက ရှင်းလင်းခံလိုက်ရသည်။ ထိုနေရာတွင် အရှိန်အဝါ ကြီးမြတ်လွန်းသော ပုံရိပ်တစ်ခုကို ဝမ်ချောင်က လှမ်းမြင်လိုက်ရသည်။ ထိုလူထံတွင်ရှိသော ကြီးမားသည့် ဆေဘာဓားကြီးက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများကို လွှတ်ထုတ်လိုက်လျှက် ကောင်းကင်ကို ခွဲထုတ်သလိုမျိုး ဒီနေရာတစ်ခုလုံးကို ရှင်းလင်းပစ်နေသည်။ ထိုအချိန်တွင် တောက်ပလွန်းသော ပတ်ဝန်းကျင်ရှိ အရှိန်အဝါကပင် မှေးမှိန်ကျသွားသည်။ မည်သူမဆို ကြည့်လိုက်ရုံဖြင့် ထိုလူက အန္တရာယ်များလွန်းသော လူဖြစ်ကြောင်း သိနိုင်လေသည်။

တိုက်ပွဲတွင်သူက သရဖူမဆောင်းထားသော ဘုရင်ဖြစ်သည်။ အင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ သတ္တိဖြူများပင်ဖြစ်စေ ဝူရှန်းမြင်းတပ်အတွက်ပင်ဖြစ်စေ သူတို့က သူ၏အရှေ့တွင် ပုရွက်ဆိတ်များသာသာဖြစ်သည်။

“ဖုမာန်လင်းချာ”

ဝမ်ချောင်က တစ်ချက်ကြည့်ရုံဖြင့် ထိုလူကိုသိသည်။ သံမဏိမြို့အပြင်ဘက်တွင် တစ်ကြိမ် တွေ့ခဲ့ပြီးနောက် သူ၏စိတ်ထဲတွင် ထိုမှတ်ဉာဏ်က စွဲစွဲမြဲမြဲ နေရာယူထားသေးသည်။

ချီရှီကာကွယ်ရေးစစ်တပ်က အခွံထဲပုန်းနေသော လိပ်များကဲ့သို့ ပုန်းနေခဲ့သည်။ ထို့နောက် အခြားသူ၏ ဓားကိုသုံးပြီး သတ်ရန် ကြိုးစားခဲ့သေးသည်။ သူက တုစုန့်မာန်ဖော်ကျဲ့နှင့် တိဗက်များကိုသုံးပြီး ဝမ်ချောင်ကို ရင်ဆိုင်ချင်ခဲ့သည်။ သို့သော် အခြေအနေက ထင်ထားသလို မမှန်ကြောင်း မြင်သောအခါ တုစုန့်မာန်ဖော်ကျဲ့က ရှုံးသွားသည်နှင့် သူက စစ်တပ်ကို ဦးဆောင်ကာ အကျိုးအမြတ်ယူရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်ကလည်း ဒီတိုက်ပွဲမှ ရလာမည့် ဆုကြေးများကို မမျှော်လင့်ဖူးချေ။ ဝူရှန်းမြင်းတပ် ငါးထောင်က ထန်မြင်းတပ်များလောက် မနိမ့်ကျချေ။ ဆိုလိုသည်မှာ ဝမ်ချောင်အနေဖြင့် အမှန်တကယ် ဘာမှလုပ်စရာ မလိုအပ်ခဲ့ချေ။ ဖုမာန်လင်းချာက တိုက်ပွဲ၏ အကျိုးအမြတ်ကို ကိုယ်စား ယူပေးချင်နေသည်။

ဝမ်ချောင်ကလည်း ဖုမာန်လင်းချာ ဆက်လှမ်းမည့် ခြေလှမ်းများကို ခန့်မှန်းနိုင်ပြီးသားဖြစ်သည်။ သူက ဒီတိုက်ပွဲကို တိုက်ခိုက်ခဲ့ကြောင်း တော်ဝင်ခုံရုံးသို့ စာပို့ဦးမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဝမ်ချောင်နှင့် ဖုမာန်လင်းချာတို့ကလွဲပြီး မည်သူကမှ ဒီတိုက်ပွဲ အခြေအနေကို မသိထားကြချေ။ ထို့ကြောင့် အမှန်တရားကို ဆုံးဖြတ်ရန် ခက်ခဲသွားပေလိမ့်မည်။ တော်ဝင်ခုံရုံးက အမှန်တကယ် စစ်ဆေးခဲ့လျှင်လည်း ဖုမာန်လင်းချာက တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးကြောင်း သက်သေများ ထုတ်ပြပေလိမ့်မည်။ ဝမ်ချောင်ကပင် ထိုအခြေအနေကို မငြင်းနိုင်လောက်ချေ။

“မျိုးမစစ်ကောင် တိုက်ပွဲရဲ့ အပြင်းထန်ဆုံး အခြေအနေမှာ ပျောက်သွားပြီး အခုမှလာပြီး အမှတ်လာယူနေတယ်။ ဒီကောင်က ရန်သူကိုသုံးပြီး ကိုယ့်ဘက်ကလူကို ပြန်ရင်ဆိုင်တဲ့အကောင်ပဲ။ ငါက ပိုငယ်နေပြီး အဆင့်အတန်း ပိုနိမ့်နေတာနဲ့ ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား”

ဝမ်ချောင်၏ မျက်ဝန်းထဲမှ ဒေါသအလင်းတန်းက ဖိနှိပ်ရန် ခက်ခဲသွားသည်။

“ဆရာ ရွာလူကြီး ကျွန်တော် သူနဲ့ သွားတွေ့လိုက်ပါဦးမယ်”

ဝမ်ချောင်က ရုတ်တရက် မြင်းကိုလှည့်လိုက်ပြီး ဖုမာန်လင်းချာ ရှိရာဘက်သို့သွားသည်။

“တစ်ချက် သွားကြည့်ရအောင်”

သူ၏အနောက်မှ အကြီးအကဲနှစ်ယောက်က တစ်ချက်ကြည့်ပြီး လိုက်လာကြသည်။

အဝေးမှ ဝူရှန်းမြင်းတပ်နှင့် ချီရှီကာကွယ်ရေးစစ်တပ်က နောက်ဆုံးတွင် တွေ့ဆုံသွားလေပြီး စစ်သည်တော်များက ထိပ်တိုက် ရင်ဆိုင်နေသလိုမျိုး ပြင်းထန်သွားကြသည်။ ဝမ်ချောင် ရောက်လာသည့်အခါ စစ်သည်တော်များက ဘေးဘက်သို့ ဆုတ်ပေးကြသည်။ ချီရှီကာကွယ်ရေးစစ်တပ်မှ လူများကပင် သတိလက်လွတ် ခေါင်းကိုငုံ့လိုက်မိကြပြီး ဝမ်ချောင်၏ လမ်းကြောင်းကို ဖယ်ပေးမိလိုက်ကြသည်။

သူတို့က ဝမ်ချောင်ကို ကြည့်လိုက်မိသည့်အခါ သူတို့၏မျက်နှာတွင် အရှက်တရားများကို မဖုံးကွယ်နိုင်ကြချေ။

All Chapters