အခန်း (၇၉၆-၈၀၀)
Vol. 43 Ch. 796-800
အခန်း(၇၉၆)
ချီရှီကာကွယ်ရေးစစ်တပ်က ဒီတိုက်ပွဲတွင် အလွန်အမင်း မသင့်လျော်သော ပုံစံမျိုးဖြင့် ပြုမူခဲ့ကြသည်။ သူတို့က ချီရှီကို ခုခံရမည့် စစ်တပ်တစ်ခု ဖြစ်နေသည့်တိုင်အောင် တာဝန်အတိုင်း မလုပ်ခဲ့ကြချေ။ သူတို့က တိုက်ခိုက်သင့်သောအခါ မတိုက်ခိုက်ခဲ့ကြဘဲ တိုက်ပွဲက ပြီးသွားသောအခါမှသာ အကျိုးအမြတ်ယူရန် ဝင်ပါခဲ့ကြရသည်။ ဒါက အစစ်အမှန် စစ်သားတစ်ယောက် လုပ်သင့်သော အပြုအမူ မဟုတ်ချေ။
ယခုအခါ အစစ်အမှန်လူက ပေါ်လာသောအခါ သူတို့အားလုံးက သဘာဝကျကျပင် ရှက်သွားကြသည်။
ဝမ်ချောင်က ပေါ်လာသည့်အခါ အချိန်ကပင် ရပ်တန့်သွားသယောင် ဖြစ်သွားသည်။ အရာအားလုံးက တောင့်တင်းလျှက် မလှုပ်ကြတော့ချေ။ လူတိုင်း၏မျက်ဝန်းက ဝမ်ချောင်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည်။ အလယ်တွင်ရှိသော နတ်ဘုရားတမျှ ကြီးမြတ်သည်ဟု ထင်ရသည့် ပုဂ္ဂိုလ်ကြီးပင် ရပ်တန့်သွားသည်။ သူ၏လက်က ဆေဘာကို ကိုင်လျှက်သားဖြစ်ပြီး ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ သူ၏မျက်ဝန်းက တောက်ပနေသည်။ သို့သော်သူက မလှုပ်ရှားခဲ့ချေ။
တစ်ဖက်သူ၏ အာဏာရှင်ဆန်ပြီး ပြင်းထန်လွန်းသော အကြည့်က ဝမ်ချောင်အပေါ် ခံစားချက်မဲ့စွာ ရောက်လာသည်။
“ဝမ်ချောင် မင်းက ယွီစန်းကို တိုက်ခိုက်တဲ့အချိန်မှာ ချီရှီရဲ့ ကာကွယ်ရေးစစ်တပ်တွေကို ထောက်ပံ့ပေးပြီး ကောင်းကောင်း လုပ်ဆောင်ပေးခဲ့တာပဲ။ ငါဒီအကြောင်းကို တော်ဝင်ခုံရုံးကို ကောင်းကောင်း တင်ပြပေးမယ်”
ဖုမာန်လင်းချာက ဝမ်ချောင်၏ အရင် ကြိုပြောလိုက်သည်။ သူက ခေါင်းမာပြီး ဖြောင့်မတ်မှန်ကန်သူ တစ်ယောက်လို ပြောလိုက်ခြင်းဖြစ်သည်။ အခြားတစ်ယောက်ကသာ ထိုနေရာသို့ ရောက်လာခဲ့လျှင် ထိုအပြုအမူအရ ဖုမာန်လင်းချာနှင့် သူ၏ ချီရှီကာကွယ်ရေးစစ်တပ်ကသာ တိဗက်များနှင့် ခပ်ကြမ်းကြမ်း တိုက်ခိုက်ခဲ့ပြီး ထိုသို့တိုက်ခိုက်ခဲ့သောလူက ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ဟု ယုံလိမ့်မည်မဟုတ်ချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ဆောင်မှုတွေအတွက် ဒီဝမ်ချောင်က အရှင့်ကို လက်ဆောင်တစ်ခု ပေးပို့လိုက်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ဝမ်ချောင်က အနောက်ဘက် နယ်မြေကနေ နတ်လိပ်တစ်ကောင် လက်ဆောင်ရရှိခဲ့တယ်။ ဝမ်ချောင်က အဲ့ဒီလိပ်ကို အရှင့်ကိုပြန်ပြီး ချီးမြှင့်ပါရစေ”
ဝမ်ချောင်က သူ၏ခွာဖြူမြင်း အရိပ်ပေါ်မှ ငုံ့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် ပျက်ရယ် လှောင်ပြောင်မှုများကို မြင်နိုင်သည်။
“ရမ်းကားလိုက်တာ”
ဝမ်ချောင်၏ စကားလုံးများကို ချက်ချင်းလိုလို တုန့်ပြန်မှု မုန်တိုင်းတစ်ခုက ဆီးကြိုသည်။ လိပ်များက လက်ဆန့်ထုတ်နိုင်သည်။ ထို့နောက် ပြန်ဆုတ်သည့်အခါ ထိုလက်ကို အခွံထဲသို့ ပြန်သွင်းသွားတတ်သည်။ ဝမ်ချောင်က ရှင်းလင်းစွာဖြင့်ပင် ဖုမာန်လင်းချာနှင့် ချီရှီကာကွယ်ရေးစစ်တပ်ကို လိပ်တစ်ကောင်ကဲ့သို့ ပြုမူကြောင်း အန္တရာယ်တွေ့သောအခါ အန္တရာယ် ကုန်လွန်သွားပြီမှသာ အခွံထဲမှ လက်ထုတ်ကြောင်း လှောင်နေခြင်းဖြစ်သည်။ ဖုမာန်လင်းချာက ဘာစကားမှ မဆိုချေ။ သို့သော် သူ၏မျက်ဝန်းက မီးတောက်လောင်လာသည်။ ဝမ်ချောင်က သူ့ထက် အဆင့်ပေါင်းများစွာနိမ့်သည်။ သို့တိုင်အောင် ယခုလိုမျိုး သူ့ကို အေးစက်စွာ ပြန်လှောင်ပြောင်ရဲခြင်းက ရမ်းကားလွန်းသည်ထက် လွန်လွန်းနေပြီဖြစ်သည်။
“ဝမ်ချောင် ...”
ဖုမာန်လင်းချာ၏ အမူအရာက အေးစိမ့်သွားသည်။ သို့သော် သူက စကားစပြောရုံသာ ရှိသေးသည်။ သူ၏အကြည့်က ဝမ်ချောင်ကို ကျော်ဖြတ်သွားပြီး အနောက်မှ လမ်းလျှောက်လာသော ပုံရိပ်နှစ်ခုထံ ရောက်သွားသည်။ သူ၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏မျက်လုံးက တူးထုတ်ခံရသလိုမျိုး ဒေါသများက ချက်ချင်း လွင့်ပျယ်သွားပြီး ဖော်ပြရန် ခက်ခဲလွန်းသည့် အန္တရာယ်ကို အာရုံခံစားမိသည့်စိတ်က သူ၏ခြေထောက်မှ စတင်ကာ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့လာသည်။
ဖုမာန်လင်းချာ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားသည်။ သူကပင် ကျောကိုဓားဖြင့် ထောက်ထားသလို ခံစားလိုက်ရသည်။
သူတို့ပဲ။
ဖုမာန်လင်းချာက သူတို့ကို မှတ်မိလိုက်သည်။ တုစုန့်မာန်ဖော်ကျဲ့က သံမဏိခံတပ်ထဲသို့ ဝင်သွားသောအခါ ဖုမာန်လင်းချာက ရုတ်တရက် အင်အားကြီးမားပြီး ကြောက်စရာကောင်းလွန်းသော အရှိန်အဝါနှစ်ခု ပေါ်လာကြောင်း ခံစားမိခဲ့သည်။ အလွန်ကွာဝေးနေသေးသည့်တိုင်အောင် တစ်ဖက် နှစ်ယောက်က အလွန်အန္တရာယ်များပြီး ကြောက်စရာကောင်းကြောင်း ခံစားမိခဲ့သည်။
ထိုအတွက်ကြောင့်လည်း သူတို့ကို အာရုံခံမိလိုက်သည်နှင့် ဖုမာန်လင်းချာအနေဖြင့် အခြေအနေက ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ပြီး ချီရှီကာကွယ်ရေးစစ်တပ်ကို နောက်ပြန်လှည့်ရန် အမိန့်ထုတ်ကာ တောထဲသို့ ဝင်ခိုင်းခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ ဒီအကောင်က သူ့ဘက်မှာ ဒီလောက်အင်အားကြီးတဲ့ ပုဂ္ဂိုလ်တွေကို ပိုင်ဆိုင်ထားမယ်လို့ မထင်ထားဘူး။ သူ့မှာ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။
ဖုမာန်လင်းချာ၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော နားလည်မှုတစ်ခုက ပေါ်ထွက်လာသည်။ အထူးသဖြင့် ထိုပုံရိပ်နှစ်ခုထံ လှမ်းကြည့်လိုက်ချိန်တွင်ဖြစ်သည်။
ဟမ့် တစ်တောင်ထက်မြင့်တဲ့ တစ်တောင်က ရှိနေသေးတာပဲ။
ဝမ်ချောင်က စိတ်ထဲတွင် လှောင်ရယ် ရယ်လိုက်သည်။
ဒီလူဖုမာန်လင်းချာက အဟကြားနေရာတစ်ခုကိုမြင်တော့ အပ်နဲ့ပြန်ချုပ်ဖို့ ကြိုးစားချင်တာ။ သူက အားနည်းသူကို ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာကိုပဲသိတယ်။ ကြည့်ရတာ ငါအင်အားနည်းနည်း ထုတ်ပြဖို့ အချိန်ရောက်ပြီထင်ပါတယ်။
သူ၏အကြည့်ကလည်း ချက်ချင်းလိုလို ဖုမာန်လင်းချာ၏ အမူအရာ ပြောင်းလဲသွားမှုကို ချက်ချင်း သတိထားမိလိုက်သည်။ သူက သူ၏ဆရာနှင့် ဝူရှန်းရွာလူကြီးကို ဒီစီမံကိန်းအတွက် ဖတ်ခေါ်ခဲ့သော ကိစ္စက ဉာဏ်ပညာအရှိဆုံး လုပ်ဆောင်မှုတစ်ခု ဖြစ်လောက်သည်။ ယခုအခါ ဖုမာန်လင်းချာကပင် အများကြီး သတိထားရတော့မည်ဖြစ်သည်။
“ဝမ်ချောင် ဒါက ဘာအဓိပ္ပာယ်လဲ။ မင်းက လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်အချို့ကို ဖိတ်ခေါ်လိုက်တာနဲ့ ငါ့ရဲ့အရှေ့မှာ ရမ်းကားနိုင်မယ်လို့ ထင်နေတာလား။ ငါပြောမယ်။ ချီရှီမှာ ဖုမာန်လင်းချာရဲ့စကားက အမိန့်ပဲ။ ဝမ်ချောင် မင်းငါ့အရှေ့မှာ ဒီလိုပုန်ကန်ရဲတာလား”
ဖုမာန်လင်းချာက အေးစက်စွာပြောသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က နိမ့်ကျတဲ့ မျိုးနွယ်ခြား ကောင်တစ်ကောင်က ငါ့အရှေ့မှာလာပြီး ဒီလိုပြောရဲမယ်ဆိုရင် ငါ့ရဲ့ဆေဘာတစ်ချက်နဲ့ သတ်ပြီးလောက်ပြီ”
မိစာ္ဆဧကရာဇ် လူအိုကြီးမာန်၏ အေးစိမ့်သောအသံက ဝမ်ချောင်၏အနောက်မှ ထွက်လာသည်။ သူ၏အကြည့်က ရန်လိုမှုအပြည့်ဖြင့်ဖြစ်ပြီး အပြုအမူကလည်း ခြိမ်းခြောက်မှုအပြည့်ပါသည်။ သူက ဖုမာန်လင်းချာကဲ့သို့ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကို ရင်ဆိုင်နေရသည့်တိုင်အောင် သူ၏ အင်အားကို ဖုံးကွယ်ရန် မကြိုးစားထားချေ။
မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က မရေမတွက်နိုင်သော အဆင့်လွန် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို သတ်ပြီး သွေးမုန်တိုင်းထန်စေခဲ့ကာ လောကကို မွှေနှောက်ခဲ့သော အဆင့်လွန် ပုဂ္ဂိုလ်ကြီး တစ်ယောက်အဖြစ် သူက သိုင်းလောကမှလာသည်။ လူပေါင်းများစွာက သူ၏နာမည်ကို ကြားသည်နှင့် တဆတ်ဆတ် တုန်သွားလေ့ရှိသည်။ သူတော်စင်သိုင်းနယ်မြေ အဆင့်မှ ဖုမာန်လင်းချာက သူ၏အမြင်တွင် ဘာကောင်မှ မဟုတ်ချေ။
“ရမ်းကားလိုက်တာ”
ဖုမာန်လင်းချာက ဒေါသထွက်သွားသည်။ သူ၏စိတ်အရှည်ဆုံး အနေအထားထိ ဆွဲဆန့်ထားသည့်တိုင်အောင် ဒီလိုစကားလုံးများကို လက်မခံနိင်ချေ။
“တပည့် ငါသူ့ကိုသတ်ပေးရမလား။ ခေါင်းသာညိမ့်လိုက် သိုင်းဦးလေးဖမ်းတဲ့ကောင်က ဒီကောင့်ကို ခုချက်ချင်းသွားပြီး သတ်ပေးမယ်။ ဒီတုစုန့်မာန်ဖော်ကျဲ့ဆိုတဲ့ အကောင်ကတောင် အပြေးမြန်သွားလို့ ငါသူ့ကို မသတ်နိုင်ခဲ့တာ။ ဒါပေမဲ့ ဒီမျိုးနွယ်ခြား အကောင်ကတော့ ဘာကောင်မှမဟုတ်ပါဘူး။ ငါလက်ချောင်းလေး လှုပ်လိုက်ရုံနဲ့ ဒီကောင့်ကိုသတ်နိုင်တယ်”
မိစာ္ဆဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောလိုက်သည်။ သူ၏အကြည့်က စူးရှလာပြီး ဓားများကဲ့သို့ ဖြစ်လာကာ ဖုမာန်လင်းချာ၏ လည်တိုင်ကို ချိန်ထားသလို ပြုမူလာသည်။ သူ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒက လူတိုင်း၏ရှေ့တွင် မျက်မြင်ထင်ရှား ပေါ်လာသည်။ သူ၏အမြင်တွင် ဖုမာန်လင်းချာက လောကက ကြောက်ရွံ့ရိုသေရသော အင်ပါယာ မဟာဗိုလ်ချုပ် မဟုတ်သလို ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ကြီးလည်းမဟုတ်ချေ။ ဒီတိုင်း ကြက်တစ်ကောင်၊ ဘဲတစ်ကောင် သာသာသာဖြစ်သည်။
သူ၏ဘေးမှ ဝူရှန်းရွာလူကြီးက ခေါင်းမညိမ့်ချေ။ သို့သော် သူက ခေါင်းလည်း မခါခဲ့ချေ။
သူကလည်း ဝမ်ချောင်က ယွီစန်းကိုကိုင်တွယ်ရန် မည်မျှ အားအင်စိုက်ထုတ်ထားကြောင်း မြင်ခဲ့ရသည်။ ဖုမာန်လင်းချာနှင့် ချီရှီကာကွယ်ရေးစစ်တပ်က ပေါ်လာသင့်သော အချိန်တွင် ပေါ်မလာခဲ့ဘဲ တိုက်ပွဲပြီးသွားပြီး အမှတ်ယူရန် အချိန်ကျမှသာ ပေါ်လာကြောင်း မြင်နိုင်သည်။ ဒါက အရှက်မဲ့လွန်းသည်။
“မျိုးမစစ်ကောင် ငါ့နားငါတောင် မယုံနိုင်ဘူး”
ဖုမာန်လင်းချာ၏ မျက်နှာက နီရဲလာပြီး ခန္ဓာကိုယ်က တုန်ယင်လာသည်။ အရှိန်အဝါ ကြီးမြတ်သော ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ကြီးတစ်ယောက်လည်းဖြစ်၊ အင်ပါယာ မဟာဗိုလ်ချုပ်လည်းဖြစ်သော သူက သူ၏စစ်သားများအရှေ့တွင် ထိုသို့ ပေါ်တင်အရှက်ခွဲခံရသော ကိစ္စက သူ၏အဆင့်အတန်းကို ထိပါးနေခြင်းဖြစ်သည်။
ဖုမာန်လင်းချာ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များက ပြင်းထန်လာသည်။ လက်ချောင်းများက ချက်ချင်းလိုလို တင်းကြပ်သွားကာ ဆေဘာကို ဆုပ်ကိုင်သည်။
သို့သော် ဖုမာန်လင်းချာထက် ပို၍အေးစက်သော အကြည့်က သူ့ထံရောက်နေသည်။ ထို့ကြောင့် သူ၏ဒေါသများက ကြောက်လန့်မှုကြောင့် ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။
ထို့ကြောင့် ဖုမာန်လင်းချာက တုစုန့်မာန်ဖော်ကျဲ့နှင့် တစ်ကြိမ်ထက်ပိုပြီး တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် သူတို့က အဆင့်တူကြောင်း သိထားသည်။ တုစုန့်မာန်ဖော်ကျဲ့ကပင် အရှိန်အဝါကြီးမြတ်သော နတ်ဘုရားနှင့် တွေ့ရသလို ထွက်ပြေးသွားခဲ့ရရိုးမှန်လျှင် ဖုမာန်လင်းချာကလည်း ဒီလူများကို မယှဉ်နိုင်ကြောင်း နားလည်ထားသည်။
“ဝမ်ချောင် မင်းကငါ့ကိုတိုက်ခိုက်ဖို့ ကြံစည်နေတာလား”
ဖုမာန်လင်းချာက ဒေါသကိုထိန်းပြီး မြင်းပေါ်မှဝမ်ချောင်ကိုသာ ကြည့်လိုက်သည်။
“ဟား ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီအကြံက ဘယ်နေရာကနေ ထွက်လာရမှာလဲ။ ဒါကဒီတိုင်း ဟာသပါ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ဒီကိစ္စနဲ့ပတ်သတ်ပြီး အမှတ်လိုချင်တယ်ဆိုရင်လည်း ငါက ပြောစရာမရှိပါဘူး။ ဒါပေမဲ့ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို အကြံနည်းနည်းတော့ ပေးချင်တယ်။ အချို့ပစ္စည်းတွေကလေ ကိုင်ထားဖို့ တအားပူတာ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်အနေနဲ့ သေချာ မကိုင်ခင် တွေးကြည်ပါဦး”
ထိုစကားလုံးများပြောပြီးနောက် ဝမ်ချောင်က မြင်းကိုလှည့်လိုက်သည်။ ထိုသို့ဖြင့် သူက အဝေးရှိ သံမဏိခံတပ်သို့ ပြန်သွားသည်။
“ဆရာ သွားရအောင်”
ဖုမာန်လင်းချာနှင့် စကားလုံးအနည်းငယ် ပြောပြီးနောက် သူတို့နှစ်ယောက်က ချက်ချင်း ထွက်သွားကြသည်။
သူ့ကိုလှုပ်ရှားဖို့ အချိန်မကျသေးဘူး။
ဝမ်ချောင်က တီးတိုးရေရွတ်သည်။
သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ အဆင့်ကိုတော့ ပိုင်ထားတုန်းပဲလေ။ ဒါပေမဲ့ သူ့ကို ချီရှီက ဖယ်ဖို့တော့ နည်းလမ်းစဉ်းစားထားပြီ။
......
တိုက်ပွဲက လျှင်မြန်စွာဖြင့် အဆုံးသတ်သွားသည်။ တိဗက်များက လဲဖြိုခံရသည်။ သူတို့အားလုံးက အရပ်မျက်နှာအနှံ့သို့ ကစဉ့်ကလျား ထွက်ပြေးကြရသည်။ လိုက်ဖမ်းသူများအတွက် ထိုအခြေအနေက စိန်ခေါ်နေသလိုဖြစ်သည်။
ဝမ်ချောင်က အစကတည်းက စစ်သားအများကြီး မပိုင်ထားချေ။ ယခုလိုမျိုး လူစုခွဲထားသောအခါ အခြားသော စစ်တပ်တစ်ခုသာ ပေါ်လာလျှင် အလွန်အမင်း အန္တရာယ်များလေသည်။
“ငါ့အမိန့်ကိုထုတ်လိုက် စစ်သားတိုင်း နောက်ဆုတ် မလိုက်နဲ့တော့”
ဝမ်ချောင်က ခပ်မြန်မြန် အမိန့်ထုတ်သည်။ ဝူရှန်းမြင်းတပ်က ပြန်လည်စွာဖြင့် စုစည်းခံလိုက်ရသည်။
သို့သော် ချီရှီကာကွယ်ရေး စစ်တပ်ကမူ နဂိုအတိုင်း ကျန်သေးသည်။
“အရှင်အမတ် ဒါက လွန်လွန်းတာပဲ။ ချီရှီကာကွယ်ရေးစစ်တပ်က အကောင်တွေက အရှက်မရှိကြဘူး။ ကျွန်တော်တို့က ရှေ့တန်းမှာ အသက်ကိုရင်းပြီး တိုက်ခိုက်ထားရတာ။ ဒီကောင်တွေက နောက်မှာ ထိုင်ကြည့်နေခဲ့ကြပြီး အလကား အမှတ်လာယူနေကြတယ်”
“ဟုတ်တယ် ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ စခန်းက အနီးအနားမှာပဲ။ ဒါတောင် သူတို့က မထွက်လာချင်ကြဘူး။ ဒီအချက်ကတင် အရှင်အမတ်အနေနဲ့ သူတို့ကိုပြန်ပြီး ရင်ဆိုင်ဖို့ လုံလောက်နေပြီ”
“ဒါက ရမ်းကားလွန်းတယ်။ သူတို့ကငါတို့ကို မရှိဘူးလို့များ မှတ်နေတာလား”
သံမဏိမြို့ရိုးအနောက်မှ စစ်သားတိုင်းက တဖန်ပြန်လည် စုစည်းပြီးသည်နှင့် အဝေးရှိ ချီရှီကာကွယ်ရေး စစ်တပ်ကိုကြည့်ကာ ဒေါသတကြီး ပြောဆိုကြသည်။
ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သားတိုင်းက သူတို့ အမှန်တကယ် မတည်ရှိသလို ပြုမူခဲ့ကြပြီး ခေါင်းမာစွာဖြင့် သူတို့ထံမှ အမှတ်များကို လာခိုးရဲသည်။ အချို့သော ချီရှီကာကွယ်ရေး စစ်သားများဆိုလျှင် သူတို့၏လမ်းကိုပင် လာပိတ်ကာ ဖြတ်ပြေးသွားသေးသည်။ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြင်းအချင်းချင်းပင် ဝင်တိုက်သွားသေးသည်။ သူတို့၏နည်းလမ်းက အလွန်အမင်း နိမ့်ကျလွန်းသည်။
ခွေးကလူတွေကို ကိုက်လို့ရတယ်။ ဒါပေမဲ့ လူတွေကတော့ ပြန်ကိုက်လို့မရဘူး။
ထို့ကြောင့် ဝူရှန်းမြင်းတပ်မှ လူများက အတက်နိုင်ဆုံး စိတ်ကိုထိန်းကာ တိဗက်များကို မျက်တောင်တစ်ခတ်အတွင်း မြန်ဆန်သော အရှိန်နှုန်းဖြင့် စိတ်ကျေနပ်သလို တိုက်ခိုက်ခဲ့သည်။ သို့သော် မဟာထန်များကိုဆိုလျှင် ထိုသို့မလုပ်နိုင်ချေ။
“ဟား ဟား ဒါကဒီတိုင်း အသေးစား ယားယံစေရုံလောက်ပါပဲ။ စိုးရိမ်မနေနဲ့ သူတို့ကိုဒီတိုင်း ယူပါစေ။ ဖုမာန်လင်းချာက အချို့ဖော်ပြဖို့ခက်တဲ့ အခြေအနေမျိုးနဲ့ ဒီကိစ္စကို လုပ်ဆောင်သွားခဲ့တယ်။ ဒါပေမဲ့ဒါက အုတ်မြစ်ချ အချေခိုင်ဖို့အတွက် အသေးစား မွန်းမံမှုလို့ပဲ ပြောလို့ရသေးတယ်။ ငါတို့အနာဂတ်မှာ ဆက်လုပ်မှာနဲ့ယှဉ်ရင် ဒီတိုက်ပွဲက ထည့်ပြောဖို့တောင် မလိုဘူး”
ဝမ်ချောင်ကလက်ကို စိတ်မရှည်သလို ယမ်းလိုက်သည်။
“ဒါ့အပြင် ဖုမာန်လင်းချာက အကျိုးအမြတ်တွေ ခိုးနိုင်မယ်လို့ထင်နေရင် ထင်သလောက် မလွယ်လောက်ဘူး”
“သတင်းပို့ အရှင်အမတ် ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ စစ်သားတွေက ခံတပ်ဆီကို လာနေကြပါတယ်”
ရှေ့ပြေးတပ်က အလျှင်အမြန် မြင်းဖြင့်အပြေးလာသည်။ ထိုသို့ဖြင့်အနောက်တွင် ဖုန်မှုန့်အတန်းလိုက်ကို ချန်ထားရစ်ခဲ့သည်။ သူက စစ်သားများရှိရာသို့ ပြေးလာခြင်းဖြစ်သည်။
ဝုန်း
စကားလုံးက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။
“အရှင်အမတ် ဒီခံတပ်ထဲမှာ လက်မှုပညာရှင်တွေပဲရှိတာ။ ဘာတိဗက်မှမရှိဘူး။ သူတို့က ဘာလာလုပ်တာလဲ။ ဒီမျိုးမစစ်ကောင်တွေက ငါတို့ရဲ့ခံတပ်ကိုပါ လာခိုးတော့မှာလား။ ငါတို့က ဆောက်ထားခဲ့တယ်။ သူတို့က ခိုးလို့ရမယ်လို့ ထင်တယ်ပေါ့။ ဒါကတကယ်ကို အရှက်မရှိဘူး”
“သူတို့လုပ်ရဲလား”
ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ ရွှီခဲ့ယွီနှင့် အခြားသော အရာရှိတိုင်းက ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။ တိဗက်များက နောက်ဆုတ်သွားမှုနှင့်အတူ တြိဂံပုံမြေကွက်လပ်နေရာမှ ခံတပ်က သိသာထင်ရှားလွန်းသော ဗျူဟာနေရာကြီးတစ်ခု ဖြစ်သွားလေပြီ။
ဖုမာန်လင်းချာကိုသာ ဒီနေရာကို ယူခွင့်ပေးလိုက်လျှင် သူ့အား တိုက်ပွဲ၏အဆုံးအထိ သူကိုယ်တိုင်က တိုက်ခိုက်ခဲ့သလို လုပ်ဆောင်ခဲ့ပြီး ရသမျှ အကျိုးအမြတ်တိုင်းကို ယူသွားခွင့်ပြုလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူက ခြေတစ်လှမ်းထုတ်ပြီး သံမဏိခံတပ်ထဲသို့ ဝင်လာခဲ့ပြီး သူတို့က အင်အားအများကြီး စိုက်ထုတ်ကာ တည်ဆောက်ခဲ့ရသော ခံတပ်ကို သိမ်းယူသွားနိုင်သည်။
“အရှင်အမတ် သူတို့ကဒီလိုပဲ တကယ်လာလုပ်ကြမှာလား”
ရွှီခဲ့ယွီက ဒါကိုစိုးရိမ်တကြီးမေးသည်။
“သေချာပေါက် မဟုတ်ဘူးပေါ့”
ဝမ်ချောင်က တည်ငြိမ်နေသည်။ သူက ချက်ချင်းလိုလို အရာရှိတိုင်း၏ စိုးရိမ်မှုများကို ဖယ်ရှားပေးလိုက်သည်။
“ဖုမာန်လင်းချာက ဒီခံတပ်ကို သေချာပေါက် ယူချင်နေတာ။ ဘာပဲဖြစ်ဖြစ် ဒီခံတပ်က ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ အခြေစိုက်စခန်းအဖြစ် သုံးလို့ရတယ်။ ဒီလိုဆိုရင် သူတို့ရဲ့ လှုပ်ရှားမှုတွေက ပိုလွယ်သွားမှာပဲ။ ဒါပေမဲ့ သူက အဲ့ဒီလိုလုပ်နိုင်မယ်လို့ တွေးနေလေလေ အဲ့ဒီလိုလုပ်လို့ မရနိုင်လေလေပဲ။ အရှိန်အဝါ ကြီးမြတ်တဲ့ မဟာဗိုလ်ချုပ်ကြီးက ဒီလောက်ထိ သတိကြီးမယ်လို့ မထင်ထားဘူး”
“အာ”
အရာရှိများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထိုသုံးသပ်ချက်ကြောင့် မှင်သက်သွားကြသည်။
အခန်း(၇၉၇)
“ဟား ဟား အခုအခြေအနေ အတွက်တော့ ငါတို့ ဒီသံမဏိခံတပ်ကို တည်ဆောက်ထားနိုင်ရုံပဲ။ ဒါပေမဲ့ ဝူရှန်းကတင် အကြီးမားဆုံး သက်သေကြီးဖြစ်နေပြီ။ အဲ့ဒီမော်ကျူးမြို့တွေက ငါတို့ရဲ့ သီးသန့်အမှတ်တံဆိပ် တစ်ခုလိုပဲ။ ဖုမာန်လင်းချာက ဒါတွေကို လာယူဖို့ ကြိုးစားရလောက်အောင် ရူးမယ်လို့တော့ မထင်ဘူး။ တကယ်လို့သူက ယူချင်စိတ် ရှိရင်တောင်မှ ခုံရုံးက အမှတ်ပေါင်း များစွာကလည်း ဖုမာန်လင်းချာနဲ့ ချီရှီကာကွယ်ရေးစစ်တပ်က ဒီခံတပ်ကို တည်ဆောက်ထားတယ်ဆိုတာကို ယုံမှာမဟုတ်ဘူး”
ဝမ်ချောင်က ပြုံးလိုက်ပြီး သူ၏လက်အောက်ငယ်သားများ၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုကို ကြည့်သည်။
“ပိုဆိုးတာက ခံတပ်က တိုက်ပွဲကြောင့် ပျက်စီးသွားပြီ။ ငါတို့ရဲ့ အကူအညီမရှိဘဲ ဖုမာန်လင်းချာက ပြန်ပြင်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ခံတပ်ထဲက စက်ပေါင်းများစွာကိုလည်း လည်ပတ်နိုင်ဖို့အတွက် ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို ငါတို့ပဲ နားလည်တယ်။ ဖုမာန်လင်းချာက ဉာဏ်ကောင်းတဲ့လူပါ။ သူက ငါတို့ဆီက ခိုးချင်ရင်တောင်မှ အခုတော့ မခိုးနိုင်လောက်သေးဘူး။ သူက ခံတပ်ဆီ လူပို့လာတာက သူ့မှာ အခြားအကြံရှိလို့ဖြစ်လိမ့်မယ်။ ပြော ဘာဖြစ်နေတယ်လို့ထင်လဲ”
နောက်ဆုံးစကားလုံးများက သတင်းလာပို့သော ကင်းထောက်ထံ ရည်ညွှန်းခြင်းဖြစ်သည်။ ကင်းထောက်ကလည်း မနှေးကွေးရဲချေ။ သူက ချက်ချင်းလိုလို အခြေအနေများကို ရှင်းပြပေးသည်။ အခြေအနေက ဝမ်ချောင်က စစ်တပ်ကို ဒီနေရာတွင် စုစည်းထားသော အချိန်က ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည် အယောက်နှစ်ဆယ်ကျော်က ဒီဘက်သို့ ဦးတည်ကာ လာနေခြင်းဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများက အတော်လေး ထူးဆန်းသည်။ သူတို့က တစ်စုံတစ်ရာကို ရှာနေသလိုမျိုး ပတ်ဝန်းကျင်ကို လိုက်ကြည့်နေကြသည်။
အထူးဆန်းဆုံး ကိစ္စက သူတို့က သာမာန်ကင်းထောက်များ မဟုတ်နေကြခြင်းဖြစ်သည်။ သူတို့က သူတို့၏ သံချပ်ကာများကို ဖယ်ထားသော်လည်း သူတို့စီးထားသော မြင်းကတင် အတွေ့အကြုံရှိသော ကင်းထောက်များအနေနှင့် သူတို့၏ ရာထူးအဆင့်ကို ပြောနိုင်သည်။
“အရမ်းကောင်းတယ်။ မင်းသွားလို့ရပြီ ခံတပ်ထဲက ချီရှီကာကွယ်ရေး စစ်တပ်အတွက်ကတော့... ချန်းစန်းယွမ် မင်းနဲ့အတူ စစ်သားနည်းနည်းခေါ်ပြီး သူတို့ကို မောင်းထုတ်လိုက်။ ငါက သေးငယ်တဲ့ ကိစ္စလေးတွေအပေါ် ကြည့်တတ်တဲ့လူမျိုး မဟုတ်ပေမဲ့လည်း ချီရှီကာကွယ်ရေးစစ်တပ်က ဒီနေရာမှာလာပြီး မောက်မာလို့တော့ မရဘူး”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့ အရှင်အမတ်”
ချန်းစန်းယွမ်က ခပ်မြန်မြန် ဝူရှန်းမြင်းတပ် အယောက်လေးဆယ်ကျော်ကိုခေါ်ပြီး အမိန့်အတိုင်း ထွက်သွားသည်။ ဝူရှန်းမှ ပူးပေါင်းလုပ်ဆောင်မှုနှင့် သူတို့၏ ဝင်္ကပါအင်အားက ချီရှီကာကွယ်ရေး စစ်တပ်က နေရန် ငြင်းဆန်မည်ဆိုလျှင်ပင် မဖြစ်နိုင်သော အခြေအနေမျိုး ဖြစ်လောက်သည်။ သူတို့ကသာ ဆက်နေလိုလျှင် သူတို့ကသာ ဒုက္ခများသွားပေလိမ့်မည်။
ထိုသို့ဖြင့် မြင်းခွာသံများထွက်လာပြီး ဝမ်ချောင်၏ နားနားကပ်ကာ ပြောသော လေသံတိုးတိုးကို ကြားလိုက်ရသည်။
“အရှင်အမတ် ဖုမာန်လင်းချာက သာ့ယန်မာန်ပန့်ရဲ့ အလောင်းကိုရှာတာ မဖြစ်နိုင်ဘူးလား။ သူတို့တွေ...”
သူ၏ ဖာဟားနား တောင်ပေါ်မြင်းပေါ်မှ လီစစ်ယဲ့က ဝမ်ချောင်၏အနားတွင် အစောင့်အရှောက် နတ်ဘုရားတစ်ပါးအလား ရပ်နေသည်။ သူက ထွက်သွားသော ချန်းစန်းယွမ်၏ အဖွဲ့ကို ကြည့်ပြီးနောက် သူ၏မျက်ဝန်းအတွင်း သံသယများ ပေါ်လာသည်။
“အွန်း”
ဝမ်ချောင်က ခေါင်းလှည့်မကြည့်ချေ။ သို့သော် ခေါင်းသာညိမ့်သည်။ သူ၏အမူအရာက လေးနက်သွားသည်။
“ဖုမာန်လင်းချာက အစပိုင်းကတည်းက ဒီအခြေအနေကို မမျှော်လင့်ထားလောက်ဘူး။ ဒါပေမဲ့ သူက အခု တိဗက်အနည်းငယ်ကို ဖမ်းမိသွားတယ်။ ဒီတော့ သာ့ယန်မာန်ပန့်ရဲ့ အခြေအနေကို သိသွားလောက်တယ်။ တိုက်ပွဲမှာ မျက်စိတွေ၊ နားတွေ၊ ပါးစပ်တွေက များလွန်းတယ်။ ငါက သာ့ယန်မာန်ပန့်ကို ကိုင်တွယ်ခဲ့တဲ့အချိန်က အကြီးအကဲဖန်းနဲ့ အကြီးအကဲတုတို့က သူ့ကိုဖမ်းပြီးသွားတဲ့ မြင်ကွင်းကို မြင်လိုက်ကြတဲ့ တိဗက်တွေရဲ့ အရေအတွက်က မနည်းဘူး။ ဒီတော့ ဒီလိုဖြစ်လာတာ မထူးဆန်းပါဘူး”
“ဒါပေမဲ့ ဖုမာန်လင်းချာက သာ့ယန်မာန်ပန့်ရဲ့ အလောင်းကို မရထားဘူး။ ဒီတော့ သူက အရှင်အမတ်ဆီကနေ ခက်ခက်ခဲခဲ တိုက်ထားပြီး ရထားတဲ့ အကျိုးအမြတ်ကို ထပ်လုချင်သေးရင်တော့ တအား ခက်သွားလိမ့်မယ်”
လီစစ်ယဲ့က ခပ်တိုးတိုးပြောပြီး မြင်းကို အရှေ့သို့ အနည်းငယ် လျှောက်ခိုင်းလိုက်သည်။
“ဟား ဟား ဒါကြောင့်ပဲငါက ဖုမာန်လင်းချာက ဒီလုပ်ဆောင်မှုအတွက် အကျိုးအမြတ် ယူသွားမှာကို မကြောက်တာပေါ့။ နောက်ပြီး မင်းလိုချင်တာနဲ့ ယူလို့မရနိုင်တဲ့ အခြေအနေမျိုးဆိုတာရှိတယ်။ သာ့ယန်မာန်ပန့်က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းကနေ ရောက်လာခဲ့တဲ့ လူတစ်ယောက်။ ဒါပေမဲ့သူက နောင်ဖြစ်လာမဲ့ တိဗက်ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသေးတယ်။ သူ့ကို ယွီစန်းရဲ့ သတ်ဖြတ်ခြင်း စစ်နတ်ဘုရားလို့တောင် ခေါ်ကြတာ။ သူက အနောက်ပိုင်းဒေသမှာ ပြောင်မြောက်တဲ့ မှတ်တမ်းကို လုပ်ထားနိုင်ပြီးသား။ ငါတို့မှာ သာ့ယန်မာန်ပန့်ရဲ့ အလောင်းရှိတယ်။ ဒီတော့ ဖုမာန်လင်းချာက ဒီတိုက်ပွဲက အကျိုးအမြတ် ယူချင်ရင်တောင် တအားခက်လိမ့်မယ်”
ဝမ်ချောင်ကရယ်သည်။ သူကလည်း အလွန်အမင်း စိတ်သဘောထား ကြီးမြတ်လွန်းသောကြောင့် ဖုမာန်လင်းချာကို သူ၏စိတ်ကြိုက် အကျိုးအမြတ်အတိုင်း ယူခွင့်ပြုလိမ့်မည်မဟုတ်ချေ။ ထို့ပြင် ဖုမာန်လင်းချာကလည်း အစပိုင်းကတည်းက အမှတ်ယူနိုင်စွမ်း မရှိနေခဲ့ချေ။
သာ့ယန်မာန်ပန့်က ဒီတိုက်ပွဲမှ တိဗက်၏ ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည်။ ဖုမာန်လင်းချာကလည်း ဝမ်ချောင်က လက်ဗလာဖြင့် ထွက်လာကြောင်း မြင်သောအခါ သာ့ယန်မာန်ပန့် လွတ်သွားသည်ဟု ထင်လောက်သည်။ မည်သို့ပင်ဆိုစေ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးက ထွက်ပြေးချင်လျှင် အခွင့်အရေးက အလွန်မြင့်သည်။
သို့ရာတွင် ဝမ်ချောင်က တောင်ပေါ်ဒေသသို့တက်လာကတည်းက သာ့ယန်မာန်ပန့်ကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည့်အခါ သာ့ယန်မာန်ပန့် လွတ်၍မဖြစ်နိုင်တော့ချေ။ သူ့ကိုလွတ်ခွင့် ပြုလိမ့်မည်မဟုတ်ချေ။
“သွားရအောင် မျှော်လင့်ထားတဲ့အတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင် ဖုမာန်လင်းချာက သိပ်မကြာခင် ငါတို့ဆီလာလိမ့်မယ်”
ဝမ်ချောင်က အမိန့်ထုတ်သည်။ ထို့နောက် ချက်ချင်းလိုလို ဝူရှန်းမြင်းတပ်က ခံတပ်ထဲသို့ ဝင်ရောက်သွားသည်။ ဝမ်ချောင်ကဝင်ပြီး သိပ်မကြာခင် ခံတပ်နှင့် သိပ်မဝေးသော နေရာသို့ ရောက်လာသော ချီရှီအရာရှိများက မောင်းထုတ်ခံရသည်။
“မင်းဘာလုပ်တာလဲ ငါတို့က ချီရှီကာကွယ်ရေးစစ်တပ်က”
“ဒါကမင်းတို့ရဲ့ ပိုင်နက်လို့များ ထင်နေလား။ မင်းတို့ကငါ့ကို ထိရဲတယ်။ ပုန်ကန်တာပဲ”
“မောက်လာလိုက်တာ အခုချက်ချင်း ငါ့ကိုလွှတ်စမ်း”
ချီရှီကာကွယ်ရေးစစ်တပ်မှ လူတိုင်းက လက်များကို ကျောနောက်သို့ပို့ပြီး အချည်ခံထားရသည်။ သူတို့ကို မြို့ထဲမှ ကန်ထုတ်နေကြသည်။ သူတို့က လမ်းလျှောက်နိုင်အောင် အင်အား အသုံးခံထားရသော်လည်း ဆက်လက်ပြီး ကျိန်ဆဲနေကြသေးသည်။ သူတို့၏ စကားလုံးများက ဆိုးရွားသထက် ဆိုးရွားလာသည်။
“ငါတို့က ယွီစန်းနဲ့ စစ်ဖြစ်နေတုန်းပဲ။ ဒီအကောင်တွေကို ပါးစပ် မပိတ်ဘူးဆိုရင် သူတို့ကို အိမ်ခြေရာမဲ့ကောင်တွေလို ဆက်ဆံမယ်လို့ပြောလိုက်။ တော်ဝင်ခုံရုံးက အမတ်တစ်ယောက်အနေနဲ့ ကာကွယ်ရေးဗိုလ်ချုပ် ဖုမာန်လင်းချာရဲ့ အိမ်ခြေရာမဲ့ အနည်းငယ်လောက်ကို ကိုင်တွယ်ပေးဖို့က ပြဿနာမရှိဘူး”
ဝမ်ချောင်က မြို့ရိုးပေါ်မှ ငုံ့ကြည့်လိုက်ပြီး မောင်းထုတ်ခံနေရသည့် ချီရှီအရာရှိ အနည်းငယ်ကို လှမ်းပြောလိုက်သည်။ ထိုသတင်းက လျှင်မြန်စွာဖြင့် လက်ဆင့်ကမ်းခံရသည်။ ထိုအရာရှိတိုင်းက တိတ်ဆိတ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေပြီး နှုတ်ခမ်းများက ကြောက်လန့်မှုကြောင့် ဖြူဖျော့ကုန်သည်။
“အရှင်အမတ် ဖုမာန်လင်းချာက လာနေပါပြီ”
ချန်းစန်းယွမ်က သတိပေးသည်။
လေပြင်းက ဖြတ်ကနဲ ဖြတ်တိုက်လာသောအခါ ဝမ်ချောင်က တစ်ချက် လှည့်ကြည့်လိုက်သည်။ အဝေးတွင် ထောင်ထောင်မောင်းမောင်းနှင့် လူထွားကြီးတစ်ယောက်က ခုနှစ်ပေကျော်လောက် ရှိလောက်မည့် ဆေဘာဓားရှည်ကြီးကို ယမ်းလာသည်။ သူက အရှိန်အဟုန်မြှင့် တောင်ပေါ်မြင်းတစ်ကောင်ကို စီးလျှက် သံမဏိခံတပ်ထံ ဦးတည်လာနေသည်။ သူ၏ပုံရိပ်က သေမျိုးလောကသို့ နတ်ဘုရားတစ်ပါးအလား ဆင်းသက်လာသည်နှင့်တူသည်။
“ဟမ့် ဂိတ်တံခါးပိတ်လိုက်”
ဝမ်ချောင်က ညာလက်ကိုယမ်းပြီး အေးစက်စွာရယ်သည်။
“ဟုတ်ကဲ့အရှင်အမတ်”
သတင်းပို့က ချက်ချင်းလိုလို အမိန့်ကိုထုတ်သည်။ ထို့နောက် လျှင်မြန်စွာဖြင့် ကြီးမားသော ဂိတ်ကြီးနှစ်ပေါက်က ပိတ်သွားသည်။
ဖုမာန်လင်းချာက ခံတပ်၏ အပြင်ဘက်တွင် အပိတ်ခံလိုက်ရသည်။ သူ၏မျက်လုံးက ပြူးကျယ်နေသည်။ သူ၏မြင်းကပင် ညှပ်မတက် ဖြစ်သွားသေးသည်။
“ဒီမျိုးမစစ်ကတော့”
ဖုမာန်လင်းချာက ချက်ချင်းလိုလို မြို့ရိုးပေါ်မှ ဝမ်ချောင်ကို သတိထားလိုက်မိသည်။ သူ၏ မျက်ဝန်း အနက်ရှိုင်းဆုံးအပိုင်းမှ ဒေါသများက စတင်ကာ စီးထွက်လာသည်။
“အရှင် ဒီအကောင်က ကျွန်တော်တို့ကို စိန်ခေါ်နေတာပဲ”
အရာရှိတစ်ယောက်ကပြောသည်။
ချီရှီတွင် နေရာတိုင်းက ချီရှီကာကွယ်ရေးဌာနချုပ် လက်အောက်မှဖြစ်သည်။ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော ဖုမာန်လင်းချာအနေဖြင့် ထိုနယ်မြေတွင် အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ သူ၏အရှေ့တွင် သူ၏ပိုင်နက်သို့လာပြီး ဂိတ်ပေါက်ကိုပိတ်ရဲသည်။
“ဒီအကောင်က ရမ်းကားသထက် ရမ်းကားလာတာပဲ။ အရှင် ကျွန်တော်တို့သူ့ကို သင်ခန်းစာပေးရမယ်။ မဟုတ်ရင် သူ့ရဲ့ မောက်မာမှုက ကောင်းကင်ထိ ထိုးတက်သွားတော့မယ်”
အရာရှိက ဘာစကားမှ ထပ်မပြောနိုင်ခင် ဖုမာန်လင်းချာက ညာလက်ထုတ်ပြီး သူ့ကို တားသည်။
“ဆက်ပြောဖို့မလိုဘူး ငါဘယ်လိုလုပ်ရမလဲ ငါသိတယ်”
ဖုမာန်လင်းချာက ဝမ်ချောင်ကို စိုက်ကြည့်သည်။ သူ၏အကြည့်က စူးရှပြီး နက်နဲသွားသည်။ ထိုအချိန်တွင် မြို့ရိုးပေါ်မှ ဝမ်ချောင်ကမူ နောက်ဆုတ်မည့် လက္ခဏာမပြချေ။
ငါမင်းကို အခုတော့ ပျော်ခွင့်ပေးထားလိုက်ဦးမယ်။ သိပ်မကြာခင်မင်းက ငါ့ရဲ့လက်ထဲ ရောက်လာမှာပါ။
ဖုမာန်လင်းချာက ဝမ်ချောင်ကို အဓိပ္ပာယ်အပြည့်ပါသော အကြည့်ဖြင့်ကြည့်ပြီး အဆုံးတွင် ဝမ်ချောင်၏ အနောက်မှ ကျွမ်းကျင်ပညာရှင် နှစ်ယောက်အကြောင်း တွေးမိသွားသဖြင့် ရပ်တန့်လိုက်ရသည်။
“သွားရအောင်”
ဖုမာန်လင်းချာက မြင်းကို ခပ်မြန်မြန် ပြန်လှည့်ပြီး ထွက်သွားသည်။ သူက ထွက်ခွာသွားသည်နှင့် ချီရှီကာကွယ်ရေး စစ်တပ်ကလည်း ဆက်လက်ပြီး ထွက်ခွာသွားရသည်။
ညအချိန်ရောက်လာသည်။ အဖွဲ့အစည်း သုံးခုက နောက်ဆုတ်သွားသောအခါ တောင်ပေါ်ဒေသ၏ တိုက်ပွဲက နောက်ဆုံးတွင် အနှစ်ချုပ်သွားပြီဖြစ်သည်။
တိုက်ပွဲက ပြီးဆုံးသွားသည့်တိုင်အောင် သက်ရောက်မှုများ စတင်ကာ ပျံ့နှံ့နေပြီဖြစ်သည်။ သာ့ယန်မာန်ပန့်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့က သာမာန်ကျွမ်းကျင်ပညာရှင်များ မဟုတ်ကြချေ။ နှစ်ယောက်လုံးက အနောက်ပိုင်းဒေသမှ လွှမ်းမိုးမှုကြီးလွန်းသော ပုဂ္ဂိုလ်ကြီးများ ဖြစ်နေကြသည်။ တစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင် ကျော်ကြားမှုအသီးသီး ရှိထားပြီးသားဖြစ်သည်။
တုစုန့်မာန်ဖော်ကျဲ့နှင့် သာ့ယန်မာန်ပန့်တို့က ဦးဆောင်သော တိဗက်မြင်းတပ် တစ်သောင်းကျော်သော စစ်တပ်က တြိဂံပုံ မြေကွက်လပ်ထံသို့ ချီတက်ခဲ့ပြီး ရှုံးသွားခဲ့သည်။ အကုန်လုံးပင် ရှင်းပစ်ခံရလုနီးပါး ဖြစ်သွားခဲ့သော သတင်းက အနောက်ပိုင်းနယ်မြေတစ်ခုလုံးကို လှုပ်ခါရန် လုံလောက်နေပြီဖြစ်သည်။
သတ္တိဖြူငါးထောင်၏ သေဆုံးမှုက အကြီးမားဆုံး သက်ရောက်မှုကြီးဖြစ်သည်။ အတိတ်တွင် သတ္တိဖြူများက နေရာတိုင်းကို ချီတက်ခဲ့ပြီး မြို့တိုင်း သေးငယ်သော တိုင်းပြည်တိုင်းကို ဖျက်ဆီးခဲ့သည်။ သူတို့၏ မိစာ္ဆဆန်သော တည်ရှိမှုကြီးက အနီးအနားရှိ မြို့တိုင်းကို ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်စေခဲ့သည်။
ထိုမျှအင်အားကြီးမားသော သတ္တိဖြူက နောက်ဆုံးတွင် သာမာန်တိဗက် မြင်းတပ်နှင့်အတူ တြိဂံပုံစံ မြေကွက်လပ်နေရာတွင် အဆုံးသတ်သွားသည်။ ထိုသတင်းက သေးငယ်သော တိုင်းပြည်များအတွက် အံ့အားသင့်ဖွယ်ကောင်းသော သတင်းဆိုသည်ထက် သာယာနာပျော်ဖွယ်ကောင်းသော ကောင်းကင်ဘုံ သံစဉ်အဖြစ် ပြောင်းလဲသွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ ငါတို့အားလုံး သတ္တိဖြူတွေရဲ့ အင်အားကို မြင်ထားဖူးတာပဲ။ သူတို့ဘာလို့ အကုန်အစင် ရှင်းလင်းပစ်ခံရမှာလဲ”
ယွီစန်းအင်ပါယာ၏ အနောက်မြောက်ပိုင်း ထောင့်အကျဆုံးအပိုင်း... ဖုန်မှုန့်တောင်တန်းများ၏ တောင်ပိုင်း ချီရှီကာကွယ်ရေးစစ်တပ်နှင့် အနီးဆုံး နယ်စပ်တစ်နေရာ... ထိုသတင်းက အကြီးအသေးပါ့လာ နိုင်ငံများအတွက်မူ မယုံနိုင်စရာကောင်းသော သတင်းကြီးဖြစ်သည်။
“မြန်မြန် စုံစမ်းစမ်း သတ္တိဖြူတွေကို ဘယ်သူက အဆုံးသတ်ခဲ့လဲဆိုတာကို သိရမှဖြစ်မယ်။ ဒီလူတွေက ငါတို့ရဲ့ကယ်တင်ရှင်ပဲ။ ငါတို့ အသေးပါ့လာ့ရဲ့ ကယ်တင်ရှင် ဘယ်လိုနည်းနဲ့မဆို ငါကသူတို့ကို ကျေးဇူးတင်ရမယ်”
အသေးပါ့လာ့၏ တော်ဝင်ခန်းမထဲမှ အနီရောင်မုတ်ဆိတ်နှင့် ပါ့လာ့ဘုရင်က ထိုသတင်းကို ကြားချိန်တွင် စားသောက်ပွဲကြီးကို သုံးဆောင်နေချိန်ဖြစ်သည်။ သူက စိတ်လှုပ်ရှားလွန်းသဖြင့် လက်ထဲတွင် ကိုင်ထားသော တောက်ပသော အဆင်တန်ဆာများဖြင့် ဝိုင်ခွက်ကပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။
သို့သော် အကြီးပါ့လာ့အတွက်ကမူ ထိုသတင်းက ဆန့်ကျင်ဘက်ဖြစ်သည်။
“မဖြစ်နိုင်တာ။ ဘယ်သူကမှ သတ္တိဖြူတွေကို မဖြေရှင်းနိုင်သင့်ဘူး။ ငါတို့အားလုံးလည်း သူတို့ဘယ်လောက် အင်အားကြီးလည်း သိထားကြတာပဲ။ သူတို့က ရှုံးဖို့က မဖြစ်နိုင်ဘူး။ အခုလို ရှင်းလင်းပစ်ခံရဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေးတယ်။ ဒါက သတင်းအတုပဲဖြစ်မယ်။ ဒီသတင်းက ငါတို့ရဲ့ အကြီးပါ့လာ့ကို ဒုက္ခပေးချင်လို့ တမင်သပ်သပ် လွင့်ထားတာပဲဖြစ်မယ်။ အခုချက်ချင်း ငါ့အမိန့်ကို ထုတ်လိုက်။ ဒီလိုအရေးမပါတဲ့ ကောလဟာလတွေကို ဆွေးနွေးရဲတဲ့အကောင်တိုင်းကို ဖမ်းဆီးပြီး ကွပ်မျက်ပစ်လိုက်”
အကြီးပါ့လာမှ ဘုရင်၏မျက်နှာက ပြာနှမ်းနေသည်။ သူ၏မိုးခြိမ်းသံလို ကျယ်လောင်သော အသံကြီးဖြင့် သူက အသားကုန် ကုန်းအော်လိုက်ရာ ထိုအသံက တိုင်းပြည်ကြီးအနှံ့ ပျံ့နှံ့သွားသည်။
အနောက်ပိုင်းနယ်မြေမှ အခြားသော တိုင်းပြည်များဖြစ်သော ဝေးကွာသော တစ်နေရာမှ ပေ့လု၊ ခေါ့ထန်၊ ခန်းကျို့၊ ခန်းကျွီ၊ သာ့ယွမ်နှင့် အခြားသော တိုင်းပြည်များအတွက်ကမူ အလွန်အမင်း ပြင်းထန်သည့် အံ့အားသင့်စေသော သတင်းကြီး ဖြစ်နေသေးသည်။
အခန်း(၇၉၈)
ဖုမာန်လင်းချာ၏ စိတ်မသက်မသာဖြစ်မှု
အနောက်ပိုင်းဒေသတွင် ကြီးမားသော အင်အားစုကြီးနှစ်ခုရှိသည်။ တစ်ခုက အနောက်ပိုင်း တူရကီ ခါကာနိတ်ဖြစ်ပြီး အခြားတစ်ခုကမူ ယွီစန်းဖြစ်သည်။ အနောက်ပိုင်း တူရကီခါကာနိတ်က အင်အားဆက်တိုက် ကြီးလာခဲ့သည်မှာ ကြာပြီဖြစ်ပြီး အနောက်ပိုင်းနယ်မြေ၏ တိုင်းပြည်များအပေါ် အင်အားကြီးမားသည့် လွှမ်းမိုးမှုတစ်ခု ဖြစ်တည်လာခဲ့သည်။
သို့သော် ယွီစန်းအင်ပါယာအတွက်ကမူ ထိုသို့မဟုတ်ချေ။ သူတို့က အနောက်ပိုင်းဒေသအပေါ် လွှမ်းမိုးမှုက သမိုင်းကြာရှည်ခဲ့ခြင်း မရှိသေးသည့်တိုင်အောင် တူရကီများပြီးလျှင် ဒုတိယမြောက်အထိ အင်အားကြီးမားအောင် လုပ်နိုင်ခဲ့သည်။
တစ်ချိန်ကဆိုလျှင် အနောက်ပိုင်းတူရကီ ခါကာနိတ်၏ ရဲရင့်ပြတ်သားသော မြင်းသည်တော်များကပင် ယွီစန်းအင်ပါယာနှင့် ပက်ပင်းတိုးသည့်အခါ နောက်ဆုတ်ရပြီး အလွန်အမင်း သတိထားရသည်အထိ လုပ်ဆောင်လာနိုင်ခဲ့သည်။ ယခုကဲ့သို့သော တိုက်ပွဲမျိုးကသာ တောင်ပေါ်ဒေသတွင် ဖြစ်ပွားခဲ့ပြီး အင်ပါယာ မဟာဗိုလ်ချုပ်ကြီးက ပါဝင်ခဲ့သည့်တိုင်အောင် လက်ရွေးစင် တိဗက်မြင်းတပ် တစ်သောင်းကျော် သေဆုံးသောရလဒ်က ထွက်လာခဲ့သည်။ ထိုသတင်းကမှ အနောက်ပိုင်းဒေသမှ တိုင်းပြည်ကြီးများ၏ အာရုံကို မဆွဲဆောင်ခဲ့လျှင် မည်သည့်အရာကမျှ မဆွဲဆောင်နိုင်လောက်တော့ချေ။
ဖလပ် ဖလပ်
မရေမတွက်နိုင်သော သတင်းပို့ငှက်များက အနောက်ပိုင်းနယ်မြေများအပေါ် ဝင်ချီထွက်ချီပြုကာ ဖြတ်သန်းကြသည်။ ထိုတိုက်ပွဲ၏သတင်းက အတောင်ပံများပါသော ငှက်များ၏ သယ်ဆောင်မှုကိုခံရပြီး နေရာတိုင်း ထောင့်တိုင်းမကျန် အဖြန့်ခံရသည်။
အန်းရှီကာကွယ်ရေးစစ်တပ်၏ ဌာနချုပ်ကလည်း ထိုသတင်းကိုရလိုက်သည်။ စာကိုကိုင်ဖတ်နေသည့် ကောင်းရှန်းကျစ်က အတွေးများဖြင့် မျက်မှောင်ကျုံ့သွားသည်။
ဝူရှန်းနှင့် မဟာထန်ကြားမှ နယ်စပ်က အလွန်ရှည်သည်။ ထို့ကြောင့် ချီရှီတစ်ခုတည်းက တိဗက်များ၏ ကျူးကျော်မှုကို တောင့်ခံနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် အန်းရှီကာကွယ်ရေး စစ်တပ်ကလည်း အလားတူ ထိုနေရာတွင် စောင့်ကြပ် ကာကွယ်နေရသည်။ ထို့ကြောင့် တိဗက်များက ကျူးကျော်လာသော် သူတို့စစ်တပ် နှစ်ခုလုံးက ရင်ဆိုင်ရခြင်းဖြစ်သည်။
သို့သော် ယွီစန်းက အန်းရှီကာကွယ်ရေးစစ်တပ်ကို တိုက်ခိုက်သည့်အချိန်တိုင်းလိုလို ကောင်းရှန်းကျစ်က သူတို့ကို နောက်ပြန်ဆုတ်အောင် ဖိအားပေးနိုင်ခဲ့သည်။
ကောင်းရှန်းကျစ်တွင် စစ်သားအများကြီးမရှိချေ။ သို့သော် ရှိသောစစ်သားတိုင်းက ခရင်ထိပ်မှ အနှစ်အပိုင်း ဖြစ်နေကြပြီး တစ်ယောက်ချင်းစီတိုင်းက အယောက်တစ်ရာနှင့် ယှဉ်တိုက်နိုင်ကြသည်။ ထပ်ပေါင်းဆိုရသော် အန်းရှီကာကွယ်ရေးစစ်တပ်က ပြင်ပအကူအညီ အပြည့်အစုံရှိပြီး လက်နက်၊ သံချပ်ကာ စသဖြင့် အပြည့်အဝ တပ်ဆင်ခံထားရသည်။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်သည့် အလားအလာအပြည့် ထုတ်နိုင်သော လက်နက်ကြီးများလည်းရှိနေသည်။ ထို့ကြောင့် တိဗက်များက အမြဲတစေ သူ့ကိုတိုက်ခိုက်ရန် လုပ်တတ်ကြသည်။
သို့ရာတွင် ကောင်းရှန်းကျစ်၏ အနောက်ပိုင်းနယ်မြေမှ လက်ရှိ ကျော်ကြားမှု အဆင့်အတန်းကြောင့် တိုင်းပြည်ပေါင်းများစွာက သူက အကူအညီလိုကြောင်း ကြားသည်နှင့် ချက်ချင်းတုန့်ပြန်ကာ ဖြေဆိုတာ ခံထားရသည်။ မဟာထန်၏ အန်းရှီကာကွယ်ရေးစစ်တပ်အပြင် ကောင်းရှန်းကျစ်အနေဖြင့် အနောက်ပိုင်း ဒေသကို တိုက်ထုတ်ရန် မည်သည့်စစ်သားကိုမဆို တိုက်ထုတ်နိုင်သည်။ တိဗက်များကပင် သူ့ကို လာမစမ်းသပ်ခင် နှစ်ကြိမ်ခန့် တွေးတောရန် လိုအပ်သည်။ ထိုအခြေအနေ ဖြစ်နေသည့်တိုင်အောင် ကောင်းရှန်းကျစ်အနေဖြင့် တိဗက်မြင်းတပ်ကို ဘယ်သောအခါမှ အထင်မသေးရဲခဲ့ဖူးချေ။ အထူးသဖြင့် အင်ပါယာ မဟာဗိုလ်ချုပ်တစ်ယောက်က ဦးဆောင်သော မြင်းတပ်ကိုဖြစ်သည်။
“ချန်းချင် မင်းဘယ်လိုထင်လဲ တုစုန့်မာန်ဖော်ကျဲ့က အားမနည်းဘူး။ ဖုမာန်လင်းချာရဲ့ စွမ်းရည်လောက်နဲ့ သူ့ကို ဒီလိုအကြီးအကျယ်ရှုံးအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခုတော့ ရှိနေတယ်”
ကောင်းရှန်းကျစ်က ပြောလိုက်ပြီးနောက် သူကစာကို ဖန်းချန်းချင်ကို ပေးလိုက်သည်။
ဖန်းချန်းချင်က ဘာစကားမှ မဆိုချေ။ သူကစာကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းကိုငုံ့ကာ စတွေးသည်။
“မဟာဗိုလ်ချုပ်တွေကို မဟာဗိုလ်ချုပ်တွေကပဲ ကိုင်တွယ်နိုင်တယ်။ ယွီစန်းရဲ့ အင်ပါယာက ဆုံးရှုံးမှုက ဒီလောက်ကြီးလေးသွားဖို့အတွက် တုစုန့်မာန်ဖော်ကျဲ့က အခုလိုအရှုံးနဲ့ မောင်းထုတ်ခံရတာကြောင့် ဖြစ်လိမ့်မယ်”
ဖန်းချန်းချင်က ခေါင်းကိုမော့ပြီးနောက် စပြောသည်။ သူ၏မျက်လုံးက ကြည်လင်ကာ နက်နဲလာသည်။
“ဒီလိုဖြစ်ဖို့အတွက် တစ်ဖက်မှာ အနည်းဆုံး အင်ပါယာ မဟာဗိုလ်ချုပ်အဆင့် နှစ်ယောက်လောက်တော့ ရှိရမယ်။ တော်တော်လေးကို လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ပေါ့။ ဖုမာန်လင်းချာရဲ့ အခြေအနေက ဒီလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တာ သေချာနေတာပဲ”
“ဒါပေမဲ့ အနောက်ပိုင်းနယ်မြေမှာ ဘယ်တုန်းက ဒီလောက်များပြားတဲ့ မဟာဗိုလ်ချုပ်တွေ ရှိဖူးလို့လဲ။ ဒါမှမဟုတ် ခဲ့ရှု့ဟန်နဲ့ အန်းစစ်ရွှန်းတို့ကများ ရောက်လာတာလား”
ကောင်းရှန်းကျစ်ကပြောသည်။
“ဟား ဟား အရှင်သာဆိုရင်တော့ သူတို့လာတာ ဖြစ်ကောင်းဖြစ်ပေမဲ့ သူတို့က ဖုမာန်လင်းချာအတွက်တော့ ဘယ်တော့မှ လုပ်ပေးမှာမဟုတ်ဘူး။ သူက နဂိုကတည်းက စိတ်သဘောထား အဆိုးဆုံးပဲ။ ဒီကောင်က သူ့အသက်အရွယ်နဲ့ စီနီယာကျမှုကို အရမ်းသဘောကျပြီး ခံစားနေတာ။ ဒါကြောင့် ဒီနှစ်ယောက်က ဘယ်တော့မှ ဒီလိုထွက်ပြီး ရပ်တည်ပေးမှာမဟုတ်ဘူး။ ပိုဆိုးတာက သူတို့က သူတို့ရဲ့ နယ်မြေအသီးသီးကို စောင့်ကြပ်ပေးနေရတာ။ သူတို့က မဟာဗိုလ်ချုပ်ကြီးတွေ သူတို့က သူတို့ရဲ့တာဝန်ကို စွန့်ပစ်လိုက်မယ်ဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပေါ့”
ဖန်းချန်းချင်က ရယ်လျှက်ပြောသည်။
“ဒါပေမဲ့ သူတို့မဟုတ်ရင် ဘယ်သူလဲ။ အနောက်ပိုင်းဒေသမှာ ဘယ်တုန်းက ကျွမ်းကျင်ပညာရှင်တွေ အများကြီးရသွားတာလဲ”
ကောင်းရှန်းကျစ်က ခပ်တင်းတင်းပြောသည်။
ထိုစကားလုံးများက ဖန်းချန်းချင်၏ အပြုံးကို ပျောက်သွားစေပြီး သူကိုယ်တိုင်ကလည်း ကိစ္စ၏ လေးနက်မှုကို သိလိုက်သည်။
အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများက အလွန်အမင်း အရေးကြီးသော အဆင့်ကို ကိုင်ထားသူများ ဖြစ်ကြသည်။ ဒါက လောကတွင် အင်အားအကြီးဆုံး တိုက်ခိုက်နိုင်သည့် အင်အားစုကို ကိုယ်စားပြုပြီး လူအနည်းစုသာ ခဲ့ရှု့ဟန်နှင့် အန်းစစ်ရွှန်းတို့ မဟုတ်ခဲ့ပါက ဆိုလိုသည်မှာ အင်ပါယာ မဟာဗိုလ်ချုပ်အဆင့် ပုန်းကွယ်နေသော ကျွမ်းကျင်ပညာရှင်များ ရှိနေပြီဟုဆိုလိုသည်။
မဟုတ်ဘူး မဟာဗိုလ်ချုပ်အဆင့်ထက်တောင် သန်မာနေလောက်သေးတယ်။
“အရှင် တုစုန့်မာန်ဖော်ကျဲ့က တိဗက် အနောက်ပိုင်းဒေသရဲ့ တြိဂံပုံ မြေကွက်လပ်နေရာမှာ ရှုံးသွားတာ။ ကျွန်တော်ခန့်မှန်းတာ မှန်မယ်ဆိုရင် အဲ့ဒီနေရာက ဝမ်ကလန်က အငယ်ဆုံးသား ဝူရှန်းမှာ တည်ဆောက်ထားတဲ့ သံမဏိမြို့ကို ဦးတည်နေတဲ့နေရာပဲ”
ဖန်းချန်းချင်က ဆက်ပြောသည်။
“ဒါ့အပြင် ကျွန်တော်တို့ရဲ့ ကင်းထောက်ကလည်း တြိဂံပုံမြေကွက်လပ်နေရာမှာ သံမဏိတွေနဲ့ သုံးပြီးတည်ထားတဲ့ သံမဏိခံတပ် အသေးစားလေးတစ်ခု ရှိနေကြောင်း သတင်းပြန်ပို့လာတယ်။ ဒီတော့ ဝမ်ကလန်က အငယ်ဆုံးသားက အဲ့ဒီမှာပဲ။ ဒီကိစ္စက သူနဲ့ဆက်စပ်နေတယ်ဆိုတဲ့ အချက်ကို ငြင်းဖို့မဖြစ်နိုင်ဘူး”
လက်ရှိအချိန်တွင် တောင်ပေါ်ဒေသ၏ မြောက်ဘက်အကျဆုံးအပိုင်းတွင် တုစုန့်မာန်ဖော်ကျဲ့ ရှုံးသွားပြီဆိုသော သတင်းက ဖန်းချန်းချင်ထံ ရောက်လာသလို အနောက်ပိုင်းနယ်မြေတခွင်အနှံ့ ပျံ့နှံ့နေပြီးသားဖြစ်သည်။ ဖုမာန်လင်းချာကမူ ထိုကိစ္စနှင့် မပတ်သတ်သလိုမျိုး ဖြစ်နေသည်။ ထို့ပြင် အခြေအနေက အပြင်လောကက သိထားသလိုမျိုး မရိုးရှင်းနေနိုင်ချေ။
“မင်းဆိုလိုတာက အဲ့ဒီပုန်းကွယ်နေတဲ့ အင်ပါယာမဟာဗိုလ်ချုပ်အဆင့် ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကို အဲ့ဒီကောင်တွေက ဖိတ်ခေါ်ထားတယ်လို့လား”
ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့ကာပြောသည်။
သူက ဖန်းချန်းချင်၏ ဆုံးဖြတ်ချက်များကို ဘယ်သောအခါကမှ ထူးထူးခြားခြား မကန့်ကွက်ခဲ့ဖူးချေ။ သူ၏လက်အောက်ငယ်သားက အလွန်အမင်း အကျည်းတန်သော်လည်း သူ့တွင် အတွေးများနှင့် ပတ်သတ်ပြီး ထူးခြားသော မြင်နိုင်စွမ်းအားနှင့် ကောင်းမွန်လွန်းသည့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည်။ သူကမကြာခဏဆိုသလို အခြားသူများက လွတ်သွားသော အချက်များကို ထည့်ပြောတတ်သည်။
ထိုအခြေအနေကိုလည်း အကြိမ်ပေါင်းများစွာ သက်သေပြပြီးသားဖြစ်သည်။
သို့သော် ကောင်းရှန်းကျစ်အနေဖြင့် ဖုမာန်လင်းချာက ထိုကိစ္စကို အနှစ်ချုပ်ကြည့်သောအခါ ဝမ်ကလန်မှ အငယ်ဆုံးသားနှင့် ပတ်သတ်သည်ဆိုသော အခြေအနေက သူ့ကိုယုံကြည်ရန် ခက်ခဲစေသည်။ သူက ဖန်းချန်းချင်ကို မယုံကြည်သောကြောင့်မဟုတ်ဘဲ ထိုကိစ္စက ယုံကြည်ရန် အံ့အားသင့်ဖွယ် ကောင်းလွန်းနေသောကြောင့်ဖြစ်သည်။
အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်အနေဖြင့် အလွန်အမင်း အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သည့်အလျောက် အခြားသော အင်ပါယာမဟာဗိုလ်ချုပ်ကို ရှုံးနိမ့်အောင် လုပ်နိုင်သောလူက ပို၍ပင် အဆင့်အတန်း မြင့်ရတော့ပေမည်။ တစ်စုံတစ်ယောက်က ဝမ်ကလန် တစ်ခုလုံးမှ ထိုကဲ့သို့သော အဆင့်အတန်းရှိသော လူမျိုးကို ရှာဖွေချင်လျှင်ပင် နှစ်ယောက်ပင်ပြည့်အောင် ရှိနိုင်လိမ့်မည်မဟုတ်ချေ။
“ဟား ဟား အရှင်အမတ်က အဲ့လောက်ကြီး မစိုးရိမ်နေသင့်ဘူး။ ဖုမာန်လင်းချာက တုစုန့်မာန်ဖော်ကျဲ့ကို ဆိုးဆိုးရွားရွား ရှုံးနိမ့်အောင် လုပ်နိုင်တဲ့စွမ်းရည်ရှိပေမဲ့ မျက်စိပါတဲ့လူတိုင်းကတော့ ဒီကိစ္စက ထူးခြားနေတယ်ဆိုတာကို သိသွားကြမှာပဲ။ ဖုမာန်လင်းချာက အချို့လျို့ဝှက်အင်အားစုတွေကို ဖုံးကွယ်ထားတာကြောင့်မဟုတ်ရင် ဝမ်ချောင်နဲ့ သေချာပေါက် ပတ်သတ်နေရမယ်။ ဒါပေမဲ့ အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီကိစ္စက ထင်ထားတာထက် ဝေးလွန်းအားကြီးနေတယ်လို့ ခံစားရတယ်။ ဒီသတင်းက အခြားအင်အားစုတစ်ခုကို မွှေနှောက်နိုင်လိမ့်မယ်။ အမြန်ဆုံးအနေနဲ့ ရက်အနည်းငယ်ကြာရင် ဒါမှမဟုတ် အနှေးဆုံးအနေနဲ့ လဝက်လောက်ကြာရင်ပေါ့”
ဖန်းချန်းချင်က စကားကိုရပ်ပြီးနောက်ပြုံးသည်။
“ဖုမာန်လင်းချာကလည်း လှည့်ကွက်တွေရှိရင် အဆင်ပြေတာပေါ့။ ဒီလိုဆိုရင် ငါတို့က သူဘာကို ဖုံးကွယ်ထားလဲဆိုတာကို တူးထုတ်ရုံပဲ။ ဒါပေမဲ့ အဲ့ဒီဝမ်ချောင်သာဆိုရင်... ငါခန့်မှန်းတာမှန်မယ်ဆိုရင် သူက အရှင့်ဆီကို သိပ်မကြာခင်က စာပို့ထားသေးတယ်။ အရှင်က ဆက်လုပ်မဲ့ကိစ္စတွေက အနာဂတ်မှာ သူနဲ့ပိုပြီး ပတ်သတ်ရတာမျိုးတောင် ဖြစ်သွားလောက်သေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ အပိုင်စားနယ်မြေက အနောက်ပိုင်းဒေသမှာလေ။ ဒီတော့ အရှင့်အနေနဲ့ သူနဲ့ ပေါင်းသင်းဆက်ဆံဖို့ စဉ်းစားပြီးပြီလား”
“ဒါ့အပြင် ဒီဝမ်ချောင်က တုစုန့်မာန်ဖော်ကျဲ့ကို ရှုံးအောင်လုပ်နိုင်တဲ့ ထူးချွန်တဲ့ စွမ်းရည်မျိုးကိုသာ တကယ်ပိုင်ဆိုင်ထားတာ မှန်နေရင် ကျွန်တော်တို့အနေနဲ့ သူ့ရဲ့စာထဲမှာ ပြောထားတဲ့ အကြံဉာဏ်ကို သေချာပေါက် စဉ်းစားပေးသင့်တယ်”
ထိုစကားလုံးများနှင့်အတူ ဖန်းချန်းချင်က ခေါင်းကိုလှည့်ကာ သူ၏ဗိုလ်ချုပ်ကြီးကိုကြည့်သည်။
လွန်ခဲ့သော လဝက်ခန့်က ဝမ်ချောင်က ရှီတိုင်းပြည်နှင့် ပတ်သတ်သော ကိစ္စအကြောင်း စာပို့ခဲ့သေးသည်။ ထိုအချိန်က ကောင်းရှန်းကျစ်နှင့် ဖန်းချန်းချင်တို့က ထိုသတိပေးချက်ကို ရယ်ရုံဖြင့်သာ ဘေးဖယ်ချခဲ့သည်။ မည်သို့ပင်ဆိုစေ ဆယ်ကျော်သက်တစ်ယောက်က သူကဲ့သို့ အတွေ့အကြုံရှိ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်နှင့် ချီရှီကာကွယ်ရေးစစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး လာပြောသောကိစ္စက မဖြစ်သင့်ချေ။
သို့သော် ဝမ်ချောင်ကသာ အနောက်တောင်ပိုင်းမှ တိုက်ပွဲတွင် ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်းနှင့် သွမ့်ခဲ့ချွမ်တို့ကို ရှုံးအောင်လုပ်နိုင်ခဲ့ပြီး ချီရှီသို့လာခဲ့လျှက် အတွင်းအင်အား သီးသန့်ဖြင့် တုစုန့်မာန်ဖော်ကျဲ့၏ မြင်းတပ်သောင်းကျော်ကို အနိုင်ရခဲ့ရိုးမှန်ခဲ့လျှင် ထို့ပြင် မဟာဗိုလ်ချုပ် အထက်အဆင့် ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကိုသာ ဖိတ်ခေါ်နိုင်ခဲ့ရိုးမှန်လျှင် သူကပေးသော ထင်မြင်ချက်ကမူ မတူသော အလေးတစ်ခု သာသွားပြီဖြစ်သည်။
သူ၏အသက်က အရေးမကြီးတော့ချေ။ ထိုမျှစွမ်းရည်ရှိသော လူတစ်ယောက်အတွက် စကားလုံးတိုင်းကို သေချာစဉ်းစားကာ အလေးအနက်ထား သုံးသပ်ရမည်ဖြစ်သည်။
“ငါဒီကိစ္စနဲ့ပတ်သတ်ပြီး ဆက်ပြီး စဉ်းစားကြည့်ဦးမယ်”
ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့ကာပြောသည်။
“ဟား ဟား အရှင်အမတ်က စိုးရိမ်နေတာပဲ။ သူက သူနဲ့ထိပ်တိုက်ရင်ဆိုင်မဲ့ကိစ္စကို တွေးတောနေတာလား”
ဖန်းချန်းချင်က ဖျော့တော့စွာပြုံးပြီး ထပ်ဖြည့်ပြောသည်။
“ဒီကိစ္စက ရှင်းလင်းမနေသင့်ဘူးလား”
နယ်စပ်မှ အဓိကအရာရှိများဖြစ်ပြီး အင်ပါယာ၏ ကာကွယ်ရေးဗိုလ်ချုပ်များလည်း ဖြစ်သည့်အလျောက် သူတို့၏တပ်ရင်းမှ အလွယ်တကူ ထွက်၍မရချေ။ ပို၍ဆိုးသည်မှာ ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်တို့က ယခင်တစ်ခေါက် မတော်တဆမှုတွင် ရန်ငြိုးရှိသေးသည်။ အတိတ်တွင် ကောင်းရှန်းကျစ်က ထိုအကြံကို ချက်ချင်းငြင်းခဲ့လောက်သည်။ သူက စနောက်၍ပင် ဖန်းချန်းချင်နှင့် လှောင်ပြောင်လောက်သည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ ကောင်းရှန်းကျစ်က ခေါင်းမခါတော့ချေ။
“အရှင်”
ဖန်းချန်းချင်ပင် သူ၏အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။ သူကဒီတိုင်း နောက်ရုံသာဖြစ်သည်။ သို့သော် ကောင်းရှန်းကျစ်၏ မျက်နှာအမူအရာအရ ထိုကိစ္စကို အလေးအနက်ထားသင့်ကြောင်း ဖော်ပြနေသည်။
ထိုသို့ဖြင့် ခန်းမက တိတ်ဆိတ်သွားသည်။ နှစ်ယောက်လုံးက စကားမပြောကြတော့ချေ။
......
လက်ရှိအနေအထားအရ အနောက်တောင်ပိုင်းက အခြေအနေကို ဘေးဖယ်ထားလိုက်လျှင် ... ချီရှီကာကွယ်ရေး ဌာနချုပ်၏ အဓိကခန်းမက တောက်ပလင်းထိန်နေသည်။
“မင်းတို့ဘာရှာတွေ့ခဲ့လဲ”
ခန်းမတစ်ခုလုံးအနှံ့ မိုးခြိမ်းသံများ ကျယ်လောင်စွာ ဟိန်းထွက်သွားသည်။ ထိုအထဲတွင် လေးနက်မှုများ ပါဝင်နေသည်။ ဖုမာန်လင်းချာ၏ ကြွက်သားအပြည့် သန်မာနေသော ခန္ဓာကိုယ်ကြီးက ခြင်္သေ့တစ်ကောင်က ခန်းမထဲတွင် ရှေ့လျှောက်၊ နောက်လျှောက် လုပ်နေသလိုမျိုး ဖြစ်နေသည်။ သူ၏လက်ကိုလည်း ကျောနောက်သို့ပို့ထားသည်။ မီးတုတ်မှအလင်းက မြေပြင်တွင် သူ၏အရိပ်ရှည်ကြီးကိုဖြစ်ပေါ်လာစေသည်။
ထိုအရိပ်က မှိတ်တုပ်မှိတ်တုပ် ဖြစ်နေသည်။ ပိုင်ရှင်၏ ခံစားချက်များကို ဖော်ပြနေသယောင် ထင်ရသည်။ တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲက အဆုံးသတ်သွားသည်။ သို့သော် နေ့အချိန်ကာလမှ ကိစ္စများက အဆုံးသတ်သွားရုံဖြစ်သည်။ ဖုမာန်လင်းချာအနေဖြင့် ပို၍အရေးကြီးသော ဆုံးဖြတ်ချက်ကို ရွေးချယ်ရန် ကိုယ့်ကိုယ်ကို ဖိအားပေးနေရသည်။
“ဟုတ်ကဲ့အရှင်”
သံချပ်ကာအပြည့် ဝတ်ဆင်ထားပြီး ရှည်လျားကာ သေးသိပ်သော ဓားတစ်လက်ကို ခါးတွင် ချိတ်ဆွဲထားသည့် ချီရှီကာကွယ်ရေးစစ်တပ်မှ အရာရှိတစ်ယောက်က ကြမ်းပြင်တွင် ဒူးထောက်နေကာ သတင်းပို့သည်။
“ကျွန်တော်တို့ တောင်ပေါ်ဒေသ နေရာအနှံ့ လိုက်ရှာပြီးပါပြီ။ သာ့ယန်မာန်ပန့်ရဲ့ အလောင်းကို ရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဖမ်းမိထားတဲ့ တိဗက်တွေကို တိဗက်ဘာသာစကား ကျွမ်းကျင်တဲ့လူနဲ့ မေးမြန်းခိုင်းခဲ့ပါတယ်။ သူတို့အားလုံးကလည်း သာ့ယန်မာန်ပန့်က မြို့ထဲကိုဝင်သွားတာကို သတိထားမိခဲ့ကြပေမဲ့ အဲ့ဒီနောက် စစ်တပ်က ပြိုလဲကျသွားပြီး အခြေအနေက မရှင်းလင်းတော့ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ကလည်း တောင်ပေါ်ဒေသကို လူလွှတ်ပြီး သတင်းစုံစမ်းခိုင်းထားပါတယ်။ ဒါပေမဲ့ တောင်ပေါ်ဒေသက ကျယ်ပြောလွန်းလို့ တိဗက်တွေက အပြင်လူနဲ့ စကားကောင်းကောင်း မပြောချင်ကြတာနဲ့ ရက်အများကြီးကြာတာတောင် ဘာသတင်းမှ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ယွီစန်းရဲ့ မြောက်ပိုင်းဒေသက ကစဉ့်ကလျားပဲ ဖြစ်သွားခဲ့ပါတယ်။ သိုးကျောင်းသားတွေကလည်း ကျွန်တော်တို့ကိုမြင်တာနဲ့ လီရာပေါင်းများစွာ အကွာကနေ ချက်ချင်းဆုတ်ပြီး ထွက်ပြေးသွားကြပါတယ်။ အချို့ဆိုရင် ကြောက်လန့်လွန်းလို့ တော်ဝင်မြို့တော်အထိ ထွက်ပြေးသွားကြပါတယ်။ ဒါကြောင့် သတင်းစုဆောင်းဖို့က တော်တော်လေးကို ခက်ခဲနေခဲ့ကြတာပါ”
“ဘာလို့ဒီလို ဖြစ်ရမှာလဲ”
ဖုမာန်လင်းချာက ခန်းမထဲတွင် ဆက်လျှောက်ပြန်သည်။ သူ၏မျက်မှောင်ကလည်း အသားကုန်ကျုံ့ထားသည်။ သာ့ယန်မာန်ပန့်က ယွီစန်းမှ သတ်ဖြတ်သူ စစ်နတ်ဘုရားဖြစ်သည်။ သူက နောင်ဖြစ်လာမည့် အင်ပါယာမဟာဗိုလ်ချုပ်ကြီးလည်း ဖြစ်သေးသည်။ သူက ဒီစီမံကိန်း၏ ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည်။ သို့တိုင်အောင် သူ၏ သေဆုံးခြင်း ရှင်သန်ခြင်းကို မဆုံးဖြတ်နိုင်သေးသော ကိစ္စက မဖြစ်သင့်ချေ။ ပို၍ထူးဆန်းသောအချက်က ဖုမာန်လင်းချာက သံမဏိခံတပ်သို့ လူများလွှတ်ခဲ့သည့်တိုင်အောင် သူ၏အလောင်းကို မရှာနိုင်ခဲ့ခြင်းဖြစ်သည်။
ဖုမာန်လင်းချာက သူ၏သေဆုံးမှုနှင့် ရှင်သန်မှုအကြောင်းကို ကောင်းကောင်း မဆုံးဖြတ်နိုင်ခဲ့ချေ။
ငါသတိလက်လွတ် နိုင်သွားတယ်။ ဒီလိုဖြစ်မယ်မှန်းသာ သိထားရင် ငါမထွက်သွားခဲ့ပါဘူး။
ဖုမာန်လင်းချာက လက်သီးကို တင်းတင်းဆုပ်သည်။ သူ၏စိတ်ထဲတွင်မူ ဆက်တိုက် ကျိန်ဆဲနေမိသည်။
အခန်း(၇၉၉)
ဖုမာန်လင်းချာ၏ ရည်မှန်းချက်
တုစုန့်မာန်ဖော်ကျဲ့နှင့် သာ့ယန်မာန်ပန့်တို့က သူတို့ထွက်ပြေးချင်လျှင် မယုံနိုင်စရာကောင်းသည့် အရှိန်နှုန်းဖြင့် ကောင်းကောင်း လှုပ်ရှားနိုင်စွမ်းရှိသူများဖြစ်ကြသည်။ ဖုမာန်လင်းချာကလည် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသည့်တိုင်အောင် သူကပင် သူတို့ကို အမိမဖမ်းနိုင်လောက်ချေ။ ထိုအတွက်ကြောင့်လည်း ဖုမာန်လင်းချာအနေဖြင့် စိတ်ရှုပ်ထွေးနေရပြီး သာ့ယန်မာန်ပန့်က သေဆုံးခြင်းရှိမရှိ မဆုံးဖြတ်နိုင်ခြင်းဖြစ်သည်။
“အရှင် ကျွန်တော် အင်ပါယာခုံရုံးဆီကို အရှင့်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း သတင်းပို့ပေးရမလား”
ဟွက်မျက်လုံးကို ပိုင်ဆိုင်ထားသည့် ဟူလက်အောက်ငယ်သားတစ်ယောက်ကပြောသည်။
“သာ့ယန်မာန်ပန့်က အသက်ရှင်နေသေးရင်တော့ အဆင်ပြေတယ်။ တကယ်လို့ သူက တိုက်ပွဲမှာ သေသွားခဲ့ပြီး ကျွန်တော်တို့က အလောင်းကို မရှာနိုင်ခဲ့ရင် အနာဂတ်မှာ ကျွန်တော်တို့အတွက် ဒုက္ခကြီးဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က တင်ပြရမဲ့သတင်းကို အရမ်းကြီး နှောင့်နှေးမိပြီး ရက်အနည်းငယ်ကြာသွားရင် နယ်စပ်က ပုံမှန်မဟုတ်တဲ့ အခြေအနေကလည်း တော်ဝင်ခုံရုံးကို သတိထားမိစေဦးမှာပဲ။ သူတို့ကသာ ချီရှီကို တပ်ဖွဲ့တွေစေလွှတ်ပြီး တိုက်ပွဲနယ်မြေအကြောင်း စုံစမ်းခဲ့ရင် ကျွန်တော်တို့ပိုပြီး ဒုက္ခများသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စစ်တပ်ရဲ့ စည်းမျဉ်းအရ တိုက်ပွဲရဲ့ အစကနေ အဆုံးထိ အကျဉ်းချုပ် တင်ပြရမယ်။ နောက်ပြီး ဘယ်စစ်သားက ဘယ်လို အကျိုးပြုခဲ့သလဲဆိုတာကို တစ်ရက်တည်းမှာပဲ ယူသင့်တာပါ။ ဒါ့အပြင် ထူးထူးခြားခြား လုပ်ဆောင်ပြခဲ့တဲ့ အခြေအနေမျိုး ရှိခဲ့တယ်ဆိုရင်လည်း အကြောင်းအရာတွေကို သတင်းပို့သူက တော်ဝင်ခုံရုံးကို ချက်ချင်းတင်ပြသင့်တာပါ။ ဒီလိုစည်းမျဉ်းတွေအတိုင်း မလုပ်ဘဲ နှောင့်နှေးကျန့်ကြာစေတာက အကြီးကြီး သံသယဝင်စေပါလိမ့်မယ်”
တိုက်ပွဲက နေ့အချိန်က အဆုံးသတ်သွားခဲ့ချိန်ကစတင်ပြီး ကာကွယ်စောင့်ရှောက်ရေး ဌာနချုပ်မှ အင်အားစုတိုင်းက သာ့ယန်မာန်ပန့်နှင့် ပတ်သတ်သည့် သတင်းများကို လိုက်ရှာနေခြင်းဖြစ်သည်။ ယခုအခါ ညနက်သွားလေပြီ။ သို့သော် မည်သည့်တင်ပြချက်ကိုမျှ မပို့ရသေးချေ။ ထို့ကြောင့် အလွန်အမင်း အန္တရာယ်များနေလေပြီ။
“သတင်းပို့”
ဖုမာန်လင်းချာက လက်သီးကို တင်းတင်းဆုပ်ထားသည်။ သူ၏မျက်ဝန်းအတွင်း အဓိပ္ပာယ်ဖော်ရခက်သော အလင်းက တောက်ပလာသည်။ သူကနောက်ဆုံးတွင် စိတ်ဆုံးဖြတ်လိုက်သည်။
“ဒီအတိုင်း တြိဂံပုံမြေကွက်လပ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်း ခုံရုံးကို မှတ်တမ်းလွှာအကြမ်းပဲ တင်ပို့ထားလိုက်ဦး။ သာ့ယန်မာန်ပန့်နဲ့ ပတ်သတ်တဲ့ကိစ္စကို အခုစိုးရိမ်ဖို့ မလိုသေးဘူး။ အနာဂတ်မှာ တော်ဝင်ခုံရုံးက အမှန်တကယ် စုံစမ်းလာခဲ့ရင် ငါတို့ချီရှီကာကွယ်ရေးစစ်တပ်က တုစုန့်မာန်ဖော်ကျဲ့ကို ရှုံးအောင်လုပ်ပြီး အင်အားအလုံးအရင်း သုံးခဲ့တယ်ဆိုတဲ့ အချက်ကို သံသယဝင်စရာ ရှိတော့မှာမဟုတ်ဘူး။ ဒီလိုနဲ့ငါတို့က တိဗက်သောင်းကျော်ကို သတ်ခဲ့တယ်။ ဒါက ရှင်းလို့မရတဲ့ အမှန်တရားပဲ။ တော်ဝင်ခုံရုံးတောင်မှ ဒီကိစ္စနဲ့ပတ်သတ်ပြီး ထူးဆန်းတယ်လို့ ခံစားရမှာမဟုတ်ဘူး။ ငါက ဒီတိုင်း ဘယ်လိုပြဿနာမျိုး ဖြစ်လာမလဲဆိုတာကိုပဲ မြင်ချင်တာ။ ဘယ်လိုလူမျိုးကများ ငါ့ကို ဆန့်ကျင်ရဲမလဲဆိုတာကို သိချင်တယ်”
ချီရှီတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် သူက အရှေ့နှင့် အနောက်ဘက်သို့ သွားကာ ယွီစန်းကို ကာကွယ်ပေးနေရသလို အနောက်ပိုင်း တူရကီခါကာနိတ်များကိုလည်း အံ့တုရင်ဆိုင် ခုခံကာကွယ်နေရသည်။ ဖုမာန်လင်းချာအနေဖြင့် ပြဿနာပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီးသားဖြစ်သည်။ သူက တိုက်ပွဲနယ်မြေတွင် စွန့်စားခန်းများ လုပ်ဆောင်ပြခဲ့ပြီးသည်မှာ ကြာလှချေပြီ။ ဖူလန်ဟယ်၏ သေဆုံးမှုကလည်း တော်ဝင်ဆင်ဆာ အကဲဖြတ်လူကြီးများ၏ မေးခွန်းထုတ်မှုကို ခံစားရစေခဲ့သေးသည်။
တြိဂံပုံမြေကွက်လပ်နေရာမှ တိုက်ပွဲနှင့် တုစုန့်မာန်ဖော်ကျဲ့ကို ရှုံးစေခဲ့သော ကိစ္စက ဖုမာန်လင်းချာအတွက် အတော်လေး အရေးကြီးလွန်းသည်ထက်ပိုသည်။ ဒါက သတ္တိဖြူ ငါးထောင်ကျော်ကို သေဆုံးအောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဖုမာန်လင်းချာအနေနှင့် ချီရှီလို လူရှင်းသော နေရာမျိုးတွင် နှစ်ပေါင်းများစွာကြာအောင် နေခဲ့ပြီး ကြာရှည်စွာ မေ့လျော့ခံထားရသည့် အနေအထားမျိုးမှ တဖန်ထပ်ပြီး ကျော်ကြားလွန်းသည့် အန်းရှီကာကွယ်ရေး ဗိုလ်ချုပ်ကြီးတစ်ယောက်အဖြစ် ရိက္ခာများ၊ ပစ္စည်းကောင်းများ၊ စစ်သားတိုင်းကို ချောမွေ့စွာဖြင့် ယူဆောင်နိုင်မည့် ဌာနဆိုင်ရာ ဗိုလ်ချုပ်ကြီးတစ်ယောက်အဖြစ် ပြန်လည်သတိရတော့မည်ဖြစ်သည်။
ဖုမာန်လင်းချာကို အမှန်တကယ် နိုးထသွားစေသော အချက်က ကျန်းချုံကျန့်ချုံးဖြစ်သည်။ အနောက်တောင်ပိုင်းတွင် အနှစ် နှစ်ဆယ်ကျော် ခါးသီးမှုများကို သည်းခံခဲ့ပြီးနောက် သူက အောင်မြင်စွာဖြင့် မြို့တော်သို့ဝင်ကာ စစ်အမတ်ရာထူးကို ယူခဲ့သည်။ ထိုသတင်းက သူ၏ခေါင်းကို တစ်ချက် ခေါက်လိုက်သလို ဖြစ်သွားသည်။ ကျန်းချုံကျန့်ချုံး၏ အခြေအနေက သူနှင့် အလွန်တူသည်။ သူတို့နှစ်ယောက်လုံးက နယ်စပ်တွင် အချိန်အကြာကြီးနေခဲ့သည်။
သို့သော် ကျန်းချုံကျန့်ချုံးက အောင်မြင်စွာဖြင့် စစ်အမတ်တစ်ယောက် ဖြစ်လာနိုင်ခဲ့သေးလျှင် ကျန်းချုံကျန့်ချုံးက လုပ်နိုင်ခဲ့လျှင် သူက မလုပ်နိုင်စရာ အကြောင်းမရှိချေ။
ထိုနေ့တွင် ဖုမာန်လင်းချာ၏ ကိုယ်အတွင်းတွင် ကြာရှည်စွာ ငြိမ်းသက်နေခဲ့သော ရည်မှန်းချက်မီးတောက်က တဖန်ပြန်လည် တောက်လောင်လာသည်။
တြိဂံပုံမြေကွက်လပ်က တိုက်ပွဲက သူဘယ်တော့မှ လက်လွတ်မခံသင့်သည့် ရှားပါးသော အခွင့်အရေးကောင်းကြီး ဖြစ်သွားသည်။
သတင်းပို့သူက ခန်းမထဲမှ လျှင်မြန်စွာဖြင့် ထွက်သွားသည်။ ထိုလူက ချက်ချင်းလိုလို မှတ်တမ်းလွှာကို အကြမ်းရေးဆွဲပြီးသည်နှင့် နောက်ဆုံးတွင် သတင်းပို့ငှက်က လေထဲသို့ ထိုးတက်သွားပြီး မြို့တော်ထံသို့ ပျံသွားသည်။
......
“အရှင်အမတ်က တကယ်ကို နတ်ဘုရားလို မြင်နိုင်စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ ချီရှီကာကွယ်ရေး စစ်တပ်က ကျည်ကာလ သုံးပုံတစ်ပုံရောက်တဲ့အထိ မီးလင်းနေတုန်းပဲ။ အဲ့ဒီနောက်မှသာ မြို့တော်ဘက်ကို သတင်းပို့ငှက်တစ်ကောင်က ပျံသန်းထွက်သွားတာ”
ဖုမာန်လင်းချာက ဆုံးဖြတ်ချက်ချပြီး သိပ်မကြာခင် ချီရှီကာကွယ်ရေး ဌာနချုပ်မှ ကင်းထောက်တစ်ယောက်က ခပ်မြန်မြန် ထွက်သွားသည်။ ထို့နောက် ဝမ်ချောင်၏ နေထိုင်ရာနေရာသို့ သွားသည်။ တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲပြီးနောက် ဝမ်ချောင်ကလည်း စစ်သားပေါင်းများစွာကို ချီရှီကာကွယ်ရေးစစ်တပ်ကို မျက်စိဒေါက်ထောက် ကြည့်ခိုင်းထားခဲ့သည်။ ဖုမာန်လင်းချာက ဝမ်ချောင်ကို စောင့်ကြည့်ရန် လူလွှတ်ထားသလိုဖြစ်သည်။ ဝမ်ချောင်ကလည်း သူ့ကိုစောင့်ကြည့်ရန် လူလွှတ်ထားသည်။
“အရှင်အမတ် မျှော်လင့်ထားတဲ့အတိုင်းပဲ ဖုမာန်လင်းချာက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး”
အခန်းထဲတွင် ရယ်သံများက ပြည့်နှက်သွားသည်။ ကင်းထောက်၏ သတင်းပို့သံကိုကြားပြီးနောက် ရွှီခဲ့ယွီက ဝမ်ချောင်ကို လှည့်ကြည့်သည်။ သူ၏မျက်နှာတွင် မအံ့ဩသော မျက်နှာထားမျိုးပင် ရှိနေသေးသည်။ သံမဏိမြို့က ချီရှီကာကွယ်ရေး ဌာနချုပ်နည်းတူ တောက်ပလင်းထိန်နေသည်။ လီစစ်ယဲ့၊ စုရွှတ်ရွှမ်း၊ ချန်းစန်းယွမ်နှင့် အခြားသော အရာရှိတိုင်းက ထိုနေရာတွင် စုစည်းကာ ရောက်ရှိနေကြပြီး ဖုမာန်လင်းချာ၏ လှုပ်ရှားမှုကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။
“ငါနားလည်ပြီ မင်းသွားလို့ရပြီ”
ဝမ်ချောင်က ပေါ့ပါးစွာ ပြောလိုက်ပြီးနောက် လက်ကိုအသာယမ်းလျှက် ကင်းထောက်ကို နောက်ဆုတ်သွားစေသည်။
“အရှင်အမတ် ဖုမာန်လင်းချာက နောက်ဆုံးတော့ လှုပ်ရှားလိုက်ပြီ။ ကျွန်တော်တို့့လည်း ကောင်းကောင်းလေး ကြိုးစားပြီး သာ့ယန်မာန်ပန့်ရဲ့ခေါင်းကို တော်ဝင်ခုံရုံးကို ပို့လို့ သူ့ကိုအံ့အားသင့်အောင် မလုပ်သင့်ဘူးလား”
ချန်းစန်းယွမ်က ပြောသည်။
သာ့ယန်မာန်ပန့်၏အလောင်းက သေတ္တာထဲသို့ အထည့်ခံရပြီး တိတ်တဆိတ် ပြန်အပို့ခံရခြင်းဖြစ်သည်။ ဒါက အရေးအပါဆုံး သက်သေခံပစ္စည်းဖြစ်သည်။ ထို့ကြောင့် တော်ဝင်ခုံရုံးသို့ ပို့လိုက်ပြီး အခြေအနေကို ပြောင်းပြန်လှန်လိုက်ရုံဖြင့် ဖုမာန်လင်းချာကို အံ့အားသင့်မှုအကြီးကြီး ပေးနိုင်လောက်သည်။
“မလိုဘူး”
ဝမ်ချောင်ကရယ်သည်။ သူကလက်ကိုယမ်းပြီး ချန်းစန်းယွမ်၏ အကြံပြုချက်ကိုငြင်းသည်။
“ဖုမာန်လင်းချာက ကောက်ကျစ်တဲ့လူတစ်ယောက် သူက သာ့ယန်မာန်ပန့်ကို သူ့ရဲ့ခုခံမှု အားလှိုင်းနေရာကနေ လွှတ်ပေးလိုက်တဲ့ ကိစ္စပဲဖြစ်ဖြစ် တောင်ပေါ်ဒေသမှာ ငါတို့ဆီက အကျိုးအမြတ် လာယူခိုးသွားတဲ့ ကိစ္စကြောင့်ပဲဖြစ်ဖြစ် သူ့မှာ သင့်တော်တဲ့ အကြောင်းပြချက် ရှိပြီးသား။ ငါတို့က ဒီကိစ္စကို တော်ဝင်ခုံရုံးကို တင်ပြလိုက်ရင်တောင်မှ သူကဒီတိုင်း သူတင်ပြလိုက်တာ မှားသွားတဲ့အကြောင်း ပြောပြီး သူ့အတွက်သူ အကျိုးအမြတ် ယူသွားလိမ့်မယ်။ ဒါကသူ့ကို အထိနာအောင် လုပ်နိုင်ဦးမှာမဟုတ်ဘူး။ အခြားတစ်ဖက်မှာ ဒီကိစ္စပေါ်သွားတာနဲ့ ဖုမာန်လင်းချာကလည်း အရှက်ကွဲသလို ခံစားရပြီး ဒေါသတကြီး တုန့်ပြန်လာလိမ့်မယ်။ သူက အရာအားလုံးကို ဘေးဖယ်ပြီး ဆိုးဆိုးရွားရွားကို ကလဲ့စားချေလာလိမ့်မယ်။ အဆုံးမှာတော့ ငါတို့ကပဲ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားလိမ့်မယ်”
“အာ”
အရာရှိများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး စွံ့အသွားကြသည်။
“အရှင်အမတ် ဆိုလိုတာက ငါတို့အခု စိတ်ရှည်ရမယ်ဆိုတာပဲ”
လီစစ်ယဲ့က ရုတ်တရက် ဝင်ပြောသည်။
“ငါတို့အဲ့ဒီလို လုပ်လိုက်ရင် ဖုမာန်လင်းချာက ပိုပြီး အကျိုးအမြတ် များသွားလိမ့်မယ်။ ဒါက ငါတို့အတွက် မကောင်းဘူး”
“ဟုတ်တယ်”
“ဗိုလ်ချုပ်လီရဲ့စကားက ပိုပြီး အကျိုးအကြောင်း သင့်တော်တယ်”
အရာရှိတိုင်းက ချက်ချင်း သဘောတူကြသည်။
ဖုမာန်လင်းချာက ဉာဏ်မြင့်လွန်းသည်။ သူ့ကို ဟိုနေရာ ဒီနေရာ ရွှေ့သောကိစ္စနှင့် သူ့ကို ထိပ်တိုက်ရင်ဆိုင်သောကိစ္စ မည်သည့်ရွေးချယ်မှုကမဆို မှားသေးသည်။ ပို၍ဆိုးသည်မှာ သူက သူတို့အရှေ့တင် အပြစ်မကင်းသော အမူအရာမျိုးမပြဘဲ အနိုင်ရသွားသော အနေအထားအတွက် အကျိုးအမြတ်ကို တိုက်ရိုက်ယူသွားခြင်းဖြစ်သည်။ ထို့ကြောင့် သူဘာဆက်လုပ်မည်ဆိုသော အကြောင်းအရာကို မည်သူကမျှ မပြောနိုင်သေးချေ။
“ဟာ ဖုမာန်လင်းချာကို သေချာပေါက် ကိုင်တွယ်ရမှာပဲ။ သူက ခုံရုံးကို တင်ပြတဲ့အခါ သက်သေတွေ လိုအပ်တာမျိုးက ရှိနေမှာပေါ့။ အားလုံးပဲ စိတ်အေးအေးထားကြပါ။ ငါအားလုံးကို ကြံစည်ထားပြီးသား။ အရာအားလုံးက ငါမျှော်လင့်တဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် ဖုမာန်လင်းချာက သူ့ရဲ့ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ဆိုတဲ့နေရာကနေ တစ်လမတိုင်ခင် ကာလအတွင်း ဖယ်ရလိမ့်မယ်”
ဝမ်ချောင်က မျက်နှာသေဖြင့်ပြောသည်။
ထိုသို့မာနကြီးလွန်းသော စကားလုံးများက အရာရှိတိုင်း၏ နားထဲတွင် ပေါက်ကွဲမတက် ပြင်းထန်သော အရှိန်နှုန်းဖြင့် ဖောက်ဝင်သွားသည်။ အရာရှိတိုင်းက တုန်ယင်သွားကြပြီး သူတို့၏မျက်လုံးက ပြူးကျယ်ကာ ဝမ်ချောင်ကို အံ့အားတကြီးကြည့်ကြသည်။ ကာကွယ်ရေးဗိုလ်ချုပ်များနှင့် မဟာဗိုလ်ချုပ်တိုင်းက သာမာန်ပုဂ္ဂိုလ်များ မဟုတ်ကြချေ။ သူတို့အားလုံးကို ရာထူးမှဖယ်သော ကိစ္စက ထင်သလောက် မလွယ်ချေ။
သို့သော် ဝမ်ချောင်ကမူ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးသော အနေအထားမျိုးဖြင့် ပြောလာသည့်အခါ ထိုအရာရှိတိုင်းက အံ့အားသင့်သွားရသည်။ ထိုစကားကို ကြားသောလူတိုင်းကလည်း ယုံကြည်ရန် ခက်ခဲသွားမည်ဖြစ်သည်။ သူ၏ နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းတွင်မူ ထိုအရာရှိများ၏ ဝမ်ချောင်အပေါ် ယုံကြည်စိတ်က ပြင်းထန်နေသဖြင့် ထိုကိစ္စကိုလည်း ယုံကြည်နိုင်လာကြသည်။
ဝမ်ချောင်က မှော်ဆန်သော ကိစ္စပေါင်းများစွာကို လုပ်ပြခဲ့ပြီးလေပြီး လူတိုင်းအတွက်လည်း မဖြစ်နိုင်သော အရာတိုင်းကို ဝမ်ချောင်က ရိုးရိုးရှင်းရှင်း လုပ်ပြပြီး အမှန်တကယ်ဖြစ်အောင် လုပ်ပြနိုင်ခဲ့ကြောင်း သက်သေပြခဲ့ပြီးသားဖြစ်သည်။
ဝမ်ချောင်က သူတို့၏အကြည့်များကို ပြုံးရုံသာပြုံးပြီး တုန့်ပြန်သည်။ သူက ဆက်လက်ပြီး မရှင်းပြချေ။
ချီရှီတွင်ရှိသော ဖုမာန်လင်းချာ၏ တည်ရှိမှုက သံသယဝင်စရာ မလိုလောက်အောင် ထိုက်တန်မှု ကြီးမားလွန်းနေသည်။ သူက လက်ဦးမှုရယူပြီး ဝမ်ချောင်ကို နေရာတိုင်းမှ ဒုက္ခပေးနိုင်နေသေးသည်။ သူ၏ ပိုင်ဆိုင်မှုကြီးကို တပ်မက်သောကိစ္စက ပြင်းထန်လွန်းနေပြီး သူက မဟာထန်၏ အကျိုးအမြတ်အတွက် တွေးပေးခဲသည်။ ထို့ကြောင့် အနာဂတ် တာ့လာ့၏ တိုက်ပွဲတွင်လည်း သူက အကြီးမားဆုံး လွန်ဆွဲမှုကြီး ဖြစ်စေပေလိမ့်မည်။
မဟာထန်အတွက် အန်းရှီကာကွယ်ရေးစစ်တပ်က စစ်သည်တော်တိုင်းအတွက် ချီရှီက စစ်သည်တော်တိုင်းအတွက် ဝမ်ချောင်က သူ့ကို ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ကြီးနေရာမှ ဖယ်ရပေမည်။ သို့သော် သူက ထိုအကြောင်းအရာများကို သူ၏လက်အောက်ငယ်သားများကို မပြောခဲ့ချေ။
“ကျန်းချွယ် ငါမင်းကို ပြောထားတဲ့ကိစ္စ အခြေအနေ ဘယ်လိုရှိလဲ”
ဝမ်ချောင်က ခေါင်းလှည့်လိုက်ပြီး ခန်းမ၏ ထောင့်တစ်နေရာမှ အရိပ်ထဲတွင် ပုန်းနေသော ကျန်းချွယ်ကိုကြည့်သည်။ သူ၏ပုခုံးပေါ်တွင် သေးငယ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် ပုံစံနှင့် ကျောက်သားသိန်းငှက်လေးတစ်ကောင် ရှိနေသည်။ ထိုအကြည့်က အလင်းရောင်ထက်ပင် စူးသေးသည်။ ဝမ်ချောင်၏ စကားလုံးများက ကျန်းချွယ်ကို လူတိုင်း၏အာရုံစိုက်ရာ ဖြစ်သွားစေသည်။
“အရှင်အမတ်ကို တင်ပြပါတယ်။ အရာအားလုံး အဆင်သင့်ပါပဲ။ ကျွန်တော်တို့က အရှင်အမတ်ရဲ့ အမိန့်အတိုင်း ပစ်မှတ်နောက်ကို လိုက်နေကြတာပါ”
ကျန်းချွယ်က အမှောင်ထဲမှ ထွက်လာသည်။ သူ၏ညာလက်ကို ရင်ဘက်နေရာသို့ တင်လိုက်ပြီး သူက ဂါရဝပြုသည်။
အရာရှိတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဝမ်ချောင်နှင့် ကျန်းချွယ်တို့ ပြောနေသော စကားကြောင့် စိတ်ရှုပ်ထွေးသွားကြသည်။ မြို့တော်မှလာသော ထိုလူငယ်လေးက သိန်းငှက်အိုကြီးအောက်တွင် ခုနှစ်နှစ်၊ ရှစ်နှစ်ကြာ လေ့လာခဲ့သည်။ သို့သော်သူက ဒီတိုင်း မရင့်ကျက်သေးသော ငယ်ရွယ်သော မျက်နှာထားကို ပိုင်ဆိုင်ထားသေးသည်။ သို့သော် တိုက်ပွဲနှစ်ပွဲကို ကြုံဆုံခဲ့ပြီးနောက် ကျန်းချွယ်က အများကြီးရင့်ကျက်ကာ တည်ငြိမ်လာသည်။ သူ၏ကလေးဆန်သော မျက်နှာကပင် တော်တန်ရုံ ကိစ္စလောက်ကြောင့် မပြိုလဲတော့ချေ။ သူကအများကြီး ယုံကြည်အားကိုးထိုက်လာသည်။
“မှတ်ထား မင်းအကြောင်း မပေါ်စေနဲ့ အရာအားလုံးကို ငါ့ရဲ့အမိန့်အတိုင်း တသွေမတိမ်းလုပ်”
ဝမ်ချောင်က ဆက်ပြီးအမိန့်ပေးသည်။
“ဒီလက်အောက်ငယ်သားက နားလည်ပါတယ်”
ကျန်းချွယ်က တဖန်ထပ်ပြီး ဂါရဝပြုပြီးနောက် ခပ်မြန်မြန်ထွက်သွားကာ အမှောင်ထုအတွင်း ပျောက်ကွယ်သွားသည်။
တိဗက်တွေက အချိန်တိုအတွင်းတော့ ချီရှီကို မခြိမ်းခြောက်နိုင်သေးဘူး။ ဆိုတော့ ငါက အခြားကိစ္စကို စလုပ်လို့ရပြီ။
ဝမ်ချောင်က အရှေ့သို့ကြည့်သည်။ သူ၏အကြည့်က ဝေဝါးသွားပြီး သူ၏ခေါင်းအတွင်း အတွေးပေါင်းများစွာ ပေါ်လာသည်။
တြိဂံပုံမြေကွက်လပ်နေရာမှ ကိစ္စနှင့် အနာဂတ်မှ ထိုကိစ္စက ဖုမာန်လင်းချာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည်။ သူ့ကိုပင် ရာထူးမှ ဖယ်ရှားနိုင်လောက်သေးသည်။ ထို့နောက်သူက ဒီထက်နည်းနည်းပိုပြီး စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အခြားကိစ္စက ပို၍အလျှင်လိုနေသည်။
“ရွှီခဲ့ယွီ ငါ့မှာဒီပိုးသားအိတ်ရှိတယ်။ ငါအဲ့ဒီထဲမှာ အမိန့်တွေတိုင်းကို တသွေမတိမ်း ချရေးထားပြီးသား။ အဲ့ဒီထဲမှာပါတဲ့အတိုင်းလုပ် ဒါပေမဲ့ ဒီကိစ္စကို အမြန်ဆုံးပြီးအောင်လုပ်ရမယ်”
ဝမ်ချောင်က ထိုသို့ပြောပြီး ညာလက်ကို ဆန့်ထုတ်ကာ အင်္ကျီအိတ်ကပ်ထဲမှ အစိမ်းရောင် ပိုးသားအိတ်လေးကို ထုတ်လိုက်သည်။
“ဟုတ်ကဲ့အရှင်အမတ်”
ရွှီခဲ့ယွီက အိတ်ကိုယူပြီး ချက်ချင်းထွက်သွားသည်။ အနောက်တောင်ပိုင်း၊ ကျန်းကျွင်းနှင့် တြိဂံပုံမြေကွက်လပ်မှ စစ်ပွဲပြီးနောက် အရာရှိတိုင်းက ဝမ်ချောင်ကို ပြိုင်ဘက်ကင်းလွန်းပြီး မြင်နိုင်စွမ်းအား ကြီးမားလွန်းသော ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် ရှု့မြင်နေကြပြီဖြစ်သည်။
ဝမ်ချောင်က မည်သည့်စကားကို ပြောစေကာမူ မည်သို့သောအမိန့်မျိုး ပေးစေကာမူ သူတို့က ချက်ချင်းလိုလို ယုံကြည်မှုအပြည့်ဖြင့် ပြီးမြောက်အောင် တသွေမတိမ်း နာခံကာ လုပ်ဆောင်ကြမည်ဖြစ်သည်။
အခန်း(၈၀၀)
ဝူရှန်း၏ အနောက်တောင်ပိုင်းနှင့် ကီလိုမီတာ ခုနှစ်ရာ၊ ရှစ်ရာခန့် ကွာဝေးသော နေရာများတွင် တောင်တန်းများကသာ ရှိနေသည်။ ထိုနေရာတွင် စိမ်းလန်းသော တောအုပ်များနှင့် မက်စောက်လွန်းသော ချောက်ကမ်းပါးများသာရှိသည်။ ထိုအရာများမှလွဲပြီး မည်သည့်လမ်းမျှမရှိချေ။ သို့သော် လွန်ခဲ့သော နှစ်လခန့်ကစတင်ပြီး လူအယောက် တစ်ရာကျော်ခန့်က ထိုနေရာသို့ ရောက်လာခဲ့ကြကာ ဆူးချွန်များကို ရှင်းလင်းကာ ခြုံပုတ်များကိုဖယ်ရှားပြီး တောင်တောက်လျှောက် လမ်းများဖောက်ခဲ့သည်။ သူတို့ကတောင်၏ အနက်ရှိုင်းဆုံးအပိုင်းထိ ဝင်ရောက်သွားခဲ့ကြသည်။
မည်သူကမျှလည်း သူတို့ဘာလာလုပ်ကြောင်း မသိကြချေ။ သို့သော် သူတို့က ထိုနေရာတွင် တစ်လကျော်ကျော် အချိန်သုံးပြီး တောင်တက်လမ်းကြောင်းကို ဖောက်နိုင်ခဲ့သည်။ ထို့နောက် သူတို့က တစ်စုံတစ်ရာကို ရှာနေသလိုမျိုး မြေစတူးသည်။
“အားလုံးပဲ ကြိုးစားကြ အရှင်အမတ်က ငါတို့ကသာ လု့စ်ကျောက်ရိုင်းတုံးဆိုတာကို ရှာနိုင်ရင် အားလုံးကို ဆုလဒ်အများကြီး ချီးမြှင့်ခံရမယ်လို့ အမိန့်ထုတ်ထားတယ်။ အဲ့ဒီအချိန်ရောက်ရင် မင်းတို့အားလုံး ဆန္ဒရှိသလို သောက်စားပျော်ပါးနိုင်ကြလိမ့်မယ်။ ဒါက နှစ်တစ်ထောင်ကျော်ကြာရင်တောင် တစ်ကြိမ် မရနိုင်တဲ့ ရှားပါးလွန်းတဲ့ အခွင့်အရေးကြီးပဲ”
“အားလုံးပဲ စိတ်ဓာတ်မကျကြပါနဲ့ အရှင်အမတ်က ဒီနေရာမှာ ရှိတယ်လို့ပြောတယ်။ သေချာပေါက် ရှိနေလိမ့်မယ်”
“အနောက်တောင်ပိုင်းက စစ်ပွဲမှာ ပါဝင်ခဲ့ဖူးကြတဲ့အလျောက် မင်းတို့အားလုံးကလည်း အရှင်အမတ်က နတ်ဘုရားလိုပုဂ္ဂိုလ်ဖြစ်ကြောင်း သိထားကြမှာပဲ။ သူဘယ်တော့မှ မလိမ်ဘူး။ အားလုံးပဲ ကြိုးကြိုးစားစား လုပ်ဆောင်ကြမယ်ဆိုရင် အရှင်အမတ်က ငါတို့ကို စိတ်ပျက်စေမှာမဟုတ်ဘူး”
အသက်သုံးဆယ်အရွယ်ခန့်ရှိမည့် ကြီးကြပ်သူက ကျောက်တုံးကြီးပေါ်တွင် ရပ်နေသည်။ သူ၏ ကျယ်လောင်လွန်းသောအသံက တောင်တန်းတောက်လျှောက် ဟိန်းထွက်နေရင်း သူက အလုပ်သမားများကို အားပေးနေသည်။
“အရှင်”
ဆက်တူးနေရင်းမှ ရုတ်တရက် အပြင်ဘက်မှ အထိတ်တလန့်အသံက ထွက်ပေါ်လာသည်။ ထို့နောက် အပေါ်ပိုင်းဗလာနှင့် အသက်သုံးဆယ် အရွယ်ခန့် လူတစ်ယောက်က ကြီးကြပ်သူထံ ပြေးလာသည်။ သူက အမြန်ပြေးလာသဖြင့် ခလုတ်တိုက်လဲမတက် ဖြစ်သွားသည်။
“အပြင်မှာလူတွေ အများကြီးပဲ။ အရှင်ထွက်ပြီး ကြည့်ဖို့လိုအပ်ပါတယ်”
“ဘာ”
ကြီးကြပ်သူက အံ့အားသင့်သွားပြီး ကျောက်တုံးပေါ်မှခုန်ဆင်းသည်။
“မင်းကဘာပေါက်ကရတွေ လာပြောနေတာလဲ။ ဒီနေရာမှာ ငါတို့ကလွဲပြီး ဘယ်သူကမှမရှိဘူး”
“အရှင် ကျွန်တော်လိမ်နေတာ မဟုတ်ပါဘူး။ တစ်ချက်သွားပြီး ကြည့်ကြည့်ပါ”
အပေါ်ပိုင်းဗလာနှင့်လူက အထိတ်တလန့်ဖြစ်နေသော အမူအရာဖြစ်နေသည်။ ထိုအချိန်တွင် သူတို့၏ စကားပြောခန်းက အလုပ်လုပ်နေကြသော အလုပ်သမားတိုင်း၏ အာရုံကို ဆွဲဆောင်သွားသေးသည်။ အချိန်တခဏခန့်ကြာပြီးနောက် မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးနှင့် ဖုန်လုံးတိမ်စိုင်များနှင့်အတူ မြင်းစီးသမားများက အလုပ်သမားများက ဖောက်ထားသော လမ်းတောက်လျှောက် စီးနင်းလာသောအသံကို ကြားလိုက်ရသည်။
ကြီးကြပ်သူကလည်း ဖိအားကို ခံစားလိုက်ရပြီး ကြီးမားသော ဖုန်လုံးတိမ်စိုင်များကိုကြည့်သည်။ မြင်းခွာသံများနှင့် ဖုန်လုံးတိမ်စိုင်များ၏ အရွယ်အစားအရ အနည်းဆုံး လူတစ်ထောင်ကျော် လာနေကြခြင်းဖြစ်သည်။
“ဒီလူတွေက ဘယ်သူတွေလဲ။ ဒီတောင်ထဲမှာ ငါတို့ကလွဲပြီး ဘယ်သူကမှမရှိပါဘူး။ အနီးအနားက ဓားမြအဖွဲ့တွေများ ဖြစ်နေမလား”
ထိုအတွေးက ကြီးကြပ်သူကို အလန့်တကြား ဖြစ်သွားစေခဲ့သည်။
ဓားမြများနှင့် တောပုန်းဓားမြများက အနောက်ဘက်သို့သွားသော ပိုးသားလမ်းတွင် အာဏာရှင်များ ဖြစ်ကြသည်။ ဒီနေရာတွင် တစ်ယောက်ယောက်သာ ပေါ်လာမည်ဆိုလျှင် ထိုလူများက ဓားမြများ ဖြစ်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းခန့်အထိရှိသည်။
ငါတို့ဒီနေရာမှာ လှုပ်လှုပ်ရှားရှားလုပ်မိသွားလို့ ဓားမြတွေက အာရုံစိုက်မိသွားတာလား။
ထိုအတွေးက ကြီးကြပ်သူစိတ်ကို စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားစေသည်။
“လဲ့ဖန်းလား”
ထိုအခိုက် ဖုန်လုံးတိမ်စိုင်ထဲမှ မိုးခြိမ်းသံလို ကျယ်လောင်သောအသံက ထွက်လာသည်။ စိတ်ရှုပ်ထွေးနေသော ကြီးကြပ်သူက အခြေအနေကို လိုက်မှီအောင် နားလည်ရန် ကြိုးစားနေချိန်တွင် ဖုန်လုံးတိမ်စိုင်ထဲမှ ကြွက်သားအပြည့်နှင့် လက်ကြီးတစ်ဖက်က တစ်စုံတစ်ရာကို ပစ်ပေးလာလေသည်။
“ဟုတ်တယ်”
လဲ့ဖန်းက ဖိအားများသွားသည်။ သို့သော်သူက တံဆိပ်ကိုကြည့်လိုက်သည်နှင့် ချက်ချင်း မှတ်မိသွားသည်။ မဟာထန်တွင် ထိုတံဆိပ်ကို ကိုင်သောလူက တစ်ယောက်တည်းသာရှိသည်။
ဒါပေမဲ့ဘာလို့ အရှင်အမတ်က လူထပ်လွှတ်လိုက်တာလဲ။ ချိန်းထားတဲ့ရက် မရောက်သေးဘူးလေ။
ထိုမွေးခွန်းက ရှိနေသေးသည့်တိုင်အောင် လဲ့ဖန်းအနေဖြင့် အများကြီးစိတ်အေးသွားသည်။
“အနောက်ဘက်က တိုက်ပွဲက စောစောပြီးသွားတယ်။ ဒီတော့ အရှင်အမတ်က ငါတို့ကို လု့စ်ကျောက်ရိုင်းတုံး တူးတဲ့အချိန်ကို မြန်ဆန်ခိုင်းလိုက်တယ်”
ဖုန်မှုန့်များ အနည်ထိုင်သွားပြီးနောက် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော မြင်းသည်တော် တစ်ယောက်က ရှေ့ထွက်လာသည်။ သူ၏အမူအရာက တည်ငြိမ်သည်။ သူ၏နှုတ်ခမ်း အပေါ်ဘက်တွင်လည်း မုတ်ဆိတ်မွှေးကြီး ရှိနေသည်။ သူက အဆင့်အတန်းအချို့ ရှိပုံရသည်။ ထို့ပြင် သူ၏အနောက်မှလည်း ပုံရိပ်ပေါင်းများစွာက စီးနင်းကာ ရောက်ရှိလာသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လူအရေအတွက် ထောင်ကျော်လောက် မြင်နိုင်သည်။
“ဒါပေမဲ့ ငါတို့ တစ်လကျော်လောက် တူးပြီးသွားပြီ။ အခုအချိန်ထိ ဘာလု့စ်ကျောက်ရိုင်းတုံးမှ မတွေ့ရသေးဘူး။ ငါတို့ဒီနေရာမှာ ပိုပြီး အင်အားဖြည့်လိုက်မယ်ဆိုရင် ဒါက နည်းနည်း မလွန်သွားနိုင်ဘူးလား။ တကယ်လို့ ... တကယ်လို့ ငါတို့က လူအင်အား သပ်သပ်ဖြုန်းပြီး အရင်းအမြစ်တွေကို ဖြုန်းတီးသလိုဖြစ်သွားခဲ့ရင် ငါတို့အရှင်အမတ်ကို အများကြီး စိတ်ပျက်စေမိမှာ စိုးရတယ်”
လဲ့ဖန်းက အနည်းငယ် ထိတ်လန့်နေသည်။
သူကိုယ်တိုင်ကလည်း တချိန်လုံးလိုလို အလုပ်သမားများကို အင်အားပေးနေသော်လည်း သူကိုယ်တိုင်ကပင် ထိုအရှင်အမတ်ပြောသော လု့စ်ကျောက်ရိုင်းတုံးဆိုသော အရာက ဒီနေရာတွင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိ မသိနိုင်သေးချေ။
ဒီနေရာက တောအုပ်နေရာများနှင့် ပြည့်နှက်နေပြီး မည်သူကမျှလည်း ဒီတောင်များတွင် လု့စ်ကျောက်ရိုင်းတုံးဆိုသော အရာက အမှန်တကယ် ရှိမရှိ မသိထားကြချေ။ ဒီတောင်တန်း တစ်ခုလုံးတွင် လု့စ်ကျောက်ရိုင်းတုံးများ မရှိသည်လည်း ဖြစ်နေနိုင်သည်။ ထိုသို့သာ ဖြစ်နေခဲ့လျှင် သူတို့က ဒီကိုအချိန်လာဖြုန်းသလို ဖြစ်သွားပေလိမ့်မည်။
“အရှင်အမတ်က အဲ့ဒီမှာရှိတယ်ဆိုရင် သေချာပေါက်ရှိလိမ့်မယ်။ အပိုစကားတွေ ပြောစရာမလိုဘူး”
မြင်းစီးသမားခေါင်းဆောင်က ချက်ချင်းလိုလို ဆုံးဖြတ်ချက် ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ သူကထိုသို့ ပြောပြီးသည်နှင့် အနောက်ဘက်သို့ လက်ယမ်းပြသည်။ ဒီနည်းအားဖြင့် အနောက်မှလူများကို မြင်းပေါ်မှဆင်းခိုင်းသည်။ သူ၏လက်အောက်ငယ်သားများက မြင်းပေါ်မှ ချက်ချင်း ဆင်းပြီးသည်နှင့် အထုတ်များကိုဖြေသည်။ ထို့နောက် တူရွေးနှင့် အခြားသော မိုင်းတူးပစ္စည်းများကိုထုတ်ကာ နေရာအသီးသီးသို့သွားပြီး ခပ်မြန်မြန် လူအင်အားကိုဖြည့်ကာ အလုပ်လုပ်သည်။
လဲ့ဖန်း၏ မျက်လုံးထဲတွင်လည်း ကူကယ်ရာမဲ့မှုများက ပေါ်ထွက်သွားသည်။ သူကလည်း အလုပ်သမားများနှင့် ဝင်ပူးပေါင်းလိုက်သည်။ ထိုသို့ဖြင့် တစ်ရက်၊ နှစ်ရက်၊ သုံးရက်ကြာသွားသည်။ လဲ့ဖန်းက မျှော်လင့်ချက်တိုင်းကို လက်လျော့ကာ အရှုံးပေးတော့မည့် အချိန် လေးရက်မြောက်နေ့တွင် တောင်တန်းတစ်ခုလုံးအနှံ့ ကျယ်လောင်သော အသံကြီးက ဟိန်းထွက်သွားသည်။ ထို့နောက် ပျော်ရွှင်သော အော်သံက ပြည့်နှက်သွားသည်။
“ရှာတွေ့ပြီ ရှာတွေ့ပြီ ငါတို့ အရှင်အမတ်ရဲ့ လု့စ်ကျောက်ရိုင်းတုံးကို ရှာတွေ့ပြီ ဟား ဟား”
မြင်းစီးသမားအိုကြီးက ပြာဖြူရောင် ကျောက်ရိုင်းတုံးကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်လျှက် စ်ိတ်လှုပ်ရှားစွာ အော်နေသည်။
ထိုခေတ်မှ လူများက လု့စ်ကျောက်ရိုင်းတုံးကို အလူမီနီယမ် ကျောက်ရိုင်းတုံးအဖြစ် ထင်မှတ်မှားကာ ခေါ်နေသော်လည်း ဝမ်ချောင်ကမူ သူ၏မှတ်ဉာဏ်များထဲမှ တောင်တန်းများအတွင်းတွင် နက်ရှိုင်းစွာ ဖုံးကွယ်ခံထားရသော ထိုရတနာကို အောင်မြင်စွာ ရှာနိုင်ခဲ့သည်။
လူတစ်ယောက်ကသာ ကောင်းကင်ပေါ်တက်ပြီး မြင့်မားလွန်းသော အမြင့်နှုန်းမှ အောက်သို့ ငုံ့ကြည့်နိုင်မည်စွမ်းရည် ရှိခဲ့မယ်ဆိုလျှင် ထိုနေရာတွင် ရှိနေသည်မှာ မိုင်းတူးသမားအသင်း တစ်ဖွဲ့တည်းမဟုတ်ကြောင်း သိပေလိမ့်မည်။ ပိုးသားလမ်းတောက်လျှောက်ဖြစ်သည့် အရှေ့တောင်ပိုင်းသို့ သွားသောနေရာ၊ အနောက်တောင်ပိုင်းသို့ သွားသောနေရာများတွင်လည်း ဝမ်ချောင်က အခြားသောအသင်းများကို လွှတ်ထားသည်။ ပို၍ဆိုးသည်မှာ တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲပြီးသွားသောအခါ သူက အသင်းတစ်သင်းချင်းစီတိုင်း၏ အင်အားကို ဆယ်ဆခန့်နီးပါး ဖြည့်ခဲ့သည်။
ထိုသို့ မိုင်းတူးသည့် လုပ်ဆောင်မှုကို အင်အားဖြည့်တင်းခဲ့သောကြောင့် အလူမီနီယမ် ကျောက်ရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ ဝမ်ချောင်နှင့် မဟာမိတ်ဖွဲ့ထားသော ကလန်ကြီးများကလည်း သူတို့၏ အင်အားကို အပြည့်အဝ ထုတ်ပြကြသည်။
အမျိုးမျိုးသော နေရာများမှ တူးထုတ်ထားသော အလူမီနီယမ်များကို တစ်သုတ်ပြီးတစ်သုတ် မြို့တော်သို့ ပြန်လည်တင်ပို့နိုင်ခဲ့သည်။ မြို့တော်ထဲတွင် ထိုအလူမီနီယမ်များနှင့် ပတ်သတ်သော ကိစ္စတိုင်းကို ကိုင်တွယ်နေသောလူက တစ်ယောက်သီးသန့်ရှိသည်။
“အရှင် ဒါက ဒီနေ့ ကျွန်တော်တို့ရခဲ့တဲ့ လု့စ်ကျောက်ရိုင်းတုံးတွေ အပြည့်ပါတဲ့ အစည်းတစ်ထောင်မြောက် ရထားလုံးပါ”
မြို့တော်၏ အပြင်ဘက်အကျဆုံးအပိုင်း... အနောက်ဘက်ပိုင်းသို့ ဦးတည်သော ပိုးသားလမ်းသို့ သွားရာနေရာတွင် အပြာရောင်ဝတ်စုံ ဝတ်ထားသော အစောင့်တစ်ယောက်က ကျောင်းကျင်းတရန်းကို ပြောသည်။ ကျောင်းကျင်းတရန်းက မောင်းထွက်သွားသော လု့စ်ကျောက်ရိုင်းတုံးများပါသည့် ရထားလုံးများကို စောင့်ကြည့်နေသူဖြစ်သည်။
အနောက်ဘက်တွင်လည်း အုတ်သားဖြင့် အကြမ်းထည် တည်ဆောက်ထားသော မရေမတွက်နိုင်သော အဆောက်အဦးပေါင်းများစွာ ရှိနေသေးသည်။ အဆောက်အဦးများထဲတွင် မည်သည့် ပရိဘောဂမျှ မရှိချေ။ ဒီတိုင်း လု့စ်ကျောက်ရိုင်းတုံးများ အပုံလိုက်သာ ရှိနေသည်။
မဟာထန်တွင် သံမဏိနှင့် ကြေးနီကျောက်သားများကို မဟာကလန်များ၊ ဓားဆိုင်များ၊ ပန်းပဲဆိုင်များတွင် ရနိုင်သည်။ သို့သော် မည်သူကမျှ ဒီအသစ်စက်စက် လု့စ်ကျောက်ရိုင်းတုံးဆိုသော အရာကို မည်သို့သုံးပြီး မည်သည့်အရာများ ပြုလုပ်နိုင်ကြောင်း မသိထားကြသေးချေ။
လူပေါင်းများစွာက ဒါကို တန်ကြေးမရှိဟု သတ်မှတ်ထားသော်လည်း ဝမ်ချောင်အတွက်မူ အလွန်အမင်း အဖိုးတန်သည်။ ဝမ်ချောင်၏ အကြံအစည်နှင့် ပတ်သတ်ပြီး မဟာကလန်ကြီးများက ငြင်းဆန်လိုစိတ်များ ရှိနေသေးသော်လည်း လု့စ်ကျောက်ရိုင်းတုံးနှင့် ပတ်သတ်သည့် ကုန်ကျစရိတ်နှင့် ထုံးကျောက်များ၏ ကုန်ကျစရိတ်က အလွန်အမင်း နည်းသည်။
ထို့ကြောင့် ထိုကလန်ကြီးများအတွက် ဒီရင်းနှီးမြုပ်နှံမှုမှ သူတို့၏ဆုံးရှုံးမှုက အလွန်အမင်း အကန့်အသတ် ရှိနေခဲ့ပြီး သူတို့၏အလောင်းအစားကသာ အောင်မြင်သွားမည်ဆိုလျှင် သူတို့က ဝမ်ချောင်ထံ အကျိုးအမြတ်ပေါင်းများစွာ ရရှိဦးမည်ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း သူတို့က ဒီကိစ္စတွင် ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိကြခြင်းဖြစ်သည်။
“ငါတို့ ဒီကာလအတောအတွင်း ရရှိထားတဲ့ ပမာဏက အတော်လေးများသွားပြီ။ ဝူရှန်းက အရှင်အမတ်ကလည်း စပြီး အလုပ်လုပ်ခိုင်းတော့မယ်ထင်တယ်”
နောက်ထပ် အကင်းပါးသော အစောင့်တစ်ယောက်က ပျော်ရွှင်သွားသော မျက်နှာထားမျိုးဖြင့် ဝင်ပြောသည်။
ကျောင်းကျင်းတရန်းကလည်း ခေါင်းကို အသာမော့ပြီးပြောသည်။
“အွန်း မင်းတို့နှစ်ယောက် တော်တော်လေး လှုပ်ရှားနိုင်ခဲ့တယ်။ ငါလည်း ရက်အနည်းငယ်လောက်ကမှ သတင်းရတာ။ အရှင်အမတ်က တုစုန့်မာန်ဖော်ကျဲ့နဲ့ တောင်ပေါ်ဒေသက တိဗက်တွေကို နိုင်သွားပြီ။ ဒီလိုနဲ့ အနောက်ဘက်ကလာမဲ့ ရန်စွယ်ကို ဖယ်ရှားလိုက်နိုင်တယ်။ ချီရှီတောင်မှ ဒီအချိန်ကာလ အတောအတွင်း အန္တရာယ်ကင်းသွားသေးတယ်။ ဒါကြောင့် အရှင်အမတ်က ငါတို့ကို မြန်မြန် လှုပ်ရှားခိုင်းတော့တာပဲ”
ကျောင်းကျင်းတရန်းက ဝမ်ချောင် ဝူရှန်းသို့သွားသည့်အခါ မလိုက်သွားခဲ့ချေ။ အကြောင်းမူကား ဝမ်ချောင်က သူ့ကို အရေးကြီးသောတာဝန် ထပ်ပေးသွားသောကြောင့်ဖြစ်သည်။ ထိုထုံးကျောက်၊ ရွှံ့စေး၊ သဲ၊ ကျောက်စရစ်ခဲတိုင်းက မြို့တော်မှ အထက်တန်းလွှာတိုင်းက တစ်ချက်ပင် မကြည့်လောက်မည့် အလွန်အမင်း အဖိုးမတန်လွန်းသော ပစ္စည်းများဖြစ်သည်။ သို့သော် ကျောင်းကျင်းတရန်းကမူ ဝမ်ချောင်က ထိုပစ္စည်းများကို အလွန်အလေးထားကြောင်းသိသည်။
ထိုအတွက်ကြောင့်လည်း ကျောင်းကျင်းတရန်းက နေခဲ့ခြင်းဖြစ်သည်။
“နောက်တန်းက ပန်းရံလုပ်သားတွေက ဒီအရည်ပျစ် ရောမွှေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေးတောမှုမှ မရထားသေးဘူးလား”
ကျောင်းကျင်းတရန်းက မေးသည်။ သူက ဆက်လက်ပြီး ချီးရှီဘက်သို့သာ ကြည့်နေသည်။
“အတွေ့အကြုံရှိတဲ့ ပန်းရံလုပ်သားတွေက နေ့တိုင်း၊ ညတိုင်း အားစိုက်ထုတ်ပြီး ဒီအရည်ပျစ်ရအောင် ရောမွှေနေကြပါတယ်။ သူတို့ကနောက်ဆုံး ရလဒ်အချို့ ရလာခဲ့ကြပါပြီ”
အစောင့်ကတင်ပြသည်။
“အသစ်စက်စက် ရောနှောထားတဲ့ အဲ့ဒီအရည်ပျစ်ကဆိုရင် မာကြောသွားတဲ့အခါ အစစ်အမှန် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ အင်အားအပြည့် ရိုက်ချက်ကို တောင့်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဆရာသခင်ခုံးကတော့ ဒီရောနှောမှုရဲ့ အကြမ်းခံမှုကို ဆက်မြင့်လို့ ရသေးတယ်လို့ပြောပါတယ်။ သူကလည်း သူမျှော်မှန်ထားတဲ့အတိုင်းဆိုရင် အဆင့်မြင့် သိုင်းနယ်မြေအဆင့်မှ ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ အင်အားအပြည့် ရိုက်ချက်ကိုတောင် တောင့်ခံနိုင်တဲ့အဆင့်ထိ ရောက်အောင်လုပ်နိုင်မယ်လို့ပြောပါတယ်”
“ဒါ့အပြင် ဆရာသခင် ပန်းရံပညာရှင်ကြီးတွေကလည်း အရှင်အမတ်က ဒီအရည်ပျစ်တွေထဲကို သံမဏိချောင်းတွေ ထပ်ထည့်ဖို့ အကြံပြုတဲ့ကိစ္စကို မမာကြောခင်ထပ်ဖြည့်ရင် အကျိုးအကြောင်း သင့်တော်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်”
အခြားသော အစောင့်တစ်ယောက်က ထပ်ဖြည့်ပြောသည်။
“သူတို့က သံမဏိဘားချောင်းတွေကို ထပ်မဖြည့်ခင် အရင်ဆုံး ရိုးရိုးရှင်းရှင်းနဲ့ မာကြောအောင် ပြုလုပ်ထားတဲ့ ပမာဏအနည်းငယ် ဒါမှမဟုတ် အဲ့ဒီအပေါ် ခုခံမှု သင်္ကေတတွေကို ထပ်ဖြည့်နိုင်ပါသေးတယ်တဲ့ ဒီလိုဆိုရင် ဒီအရည်ပျစ်က ပိုပြီးမာကြောသွားမဲ့အပြင် တောင့်ခံနိုင်တဲ့ အင်အားကလည်း ပိုပြီးမြင့်မားသွားမှာပါ”
ဝမ်ချောင်လာခဲ့သော လောကနှင့် မတူသည်မှာ ဒီလောကတွင် အမျိုးမျိုးသော သင်္ကေတများရှိသည်။ ထို့ကြောင့်လည်း ဝမ်ချောင်က ဘိလပ်မြေက ရရှိနိုင်သော အတိုင်းအတာကို အထင်သေးမိခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်ကပင် ဒီလိုအခြေအနေကို မမျှော်လင့်ထားဖူးချေ။
“အချိန်ကျပြီ ငါတို့တွေ အရှင်အမတ်အတွက် အချိန်ဆွဲနေလို့မရဘူး။ ငါတို့တွေ မြို့ထဲက ကလန်တိုင်းကိုလည်း သူတို့ရဲ့ အဆက်အသွယ်တွေသုံးပြီး ပိုက်ဆံနဲ့ လူအင်အားတို့ကို ထပ်မြင့်ပေးဖို့ အကြောင်းကြားရတော့မယ်။ ဒီလောက်အကြာကြီး စောင့်ပြီးတဲ့နောက်မှာ သူတို့က ငါတို့ထက်တောင်ပိုပြီး အလျင်လိုနေကြလိမ့်မယ်”
ကျောင်းကျင်းတရန်းက ထိုသို့ပြောပြီး လက်ကိုကျောနောက်သို့ပစ်သည်။
ဝမ်ချောင်က ဝူရှန်းသို့ ထွက်သွားခဲ့သော နေ့ကတည်းက မဟာကလန်ကြီးများမှ လူပေါင်းများစွာက အမျိုးမျိုးသော အကြောင်းပြချက်များဖြင့်လာကာ ဒီအခြေအနေကို စောင့်ကြည့်ခဲ့ကြသည်။
ဘုရင်စုန့်က ထောက်ပံ့ပေးထားသည့် အမတ်များနှင့် ဗိုလ်ချုပ်များ ပြည့်နှက်နေသော မဟာကလန်ကြီး ဖြစ်သည့်အတွက် ဝမ်ချောင်က သူတို့ကို လှည့်စားမည်ဟုလည်း သူတို့က မယုံကြည်ချေ။ သို့သော် သူတို့ကလည်း အကြံအစည်နှင့် ပတ်သတ်ပြီး ဝမ်ချောင်က သူတို့ကို ဘာမှမပြောပြထားသည့်အတွက်ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်။
ဘန်း
ကျောင်းကျင်းတရန်း၏ အသံက မိုးကြိုးပစ်ချလိုက်သလို မြို့တော်တစ်ခုလုံးကို ပေါက်ကွဲသွားစေခဲ့ပြီး မရေမတွက်နိုင်သော အားလှိုင်းပေါင်းများစွာ ထသွားစေခဲ့သည်။ မဟာကလန်ကြီးများနှင့် ကြွယ်ဝသော အိမ်တော်တိုင်းက သွေးနံ့ရသောကြောင့် အသက်ဝင်လာသော ငါးမန်းကောင်များကဲ့သို့ ဖြစ်သွားသည်။ မရေမတွက်နိုင်သော လူအင်အားများနှင့် အရင်းအမြစ်များကို စတင်ကာ ထောက်ပံ့ပေးကြပြီး ဗဟိုပြင်ကျယ် တစ်ခုလုံးအနှံ့ မုန်တိုင်းထန်စေခဲ့သည်။