← Chapters

အခန်း (၈၀၆-၈၁၀)

Vol. 44 Ch. 806-810

အခန်း (၈၀၆-၈၁၀)

Vol. 44 Ch. 806-810

အခန်း(၈၀၆)

“မဟုတ်ဘူး”

ဝမ်ချောင်က လက်ယမ်းသည်။ သူ၏မျက်နှာထားကလည်း တင်းမာနေသည်။ သူက ထိုအကြံကို ချက်ချင်း ငြင်းလိုက်၏

“ဘယ်တစ်ယောက်က ဖုမာန်လင်းချာရဲ့ စာထဲမှာပါတဲ့ လူလဲဆိုတာကို မသိနိုင်သေးဘူး။ ဒါမှမဟုတ် သူက အချို့နည်းလမ်းတွေသုံးပြီး စာကိုခွဲထားတဲ့ အနေအထားမျိုးနဲ့ မတူတဲ့အဖွဲ့တွေကို ခွဲပေးလိုက်မယ်ဆိုရင် သူက မင်းသားရဲ အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေဆီကို ပေးပို့ခိုင်းတာမျိုး ဖြစ်သွားနိုင်တယ်။ အရင်ကမင်းဆက်တွေမှာလည်း ဒီလိုနည်းလမ်းမျိုး သုံးခဲ့ဖူးတာပဲ မဟုတ်လား။ ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးအတွက် ဖုမာန်လင်းချာက သတိအပြည့် ကပ်ထားမှာပဲ။ တိဗက်တောင်ပေါ်ဒေသရဲ့ တြိဂံပုံမြေကွက်လပ်နေရာမှာ ဖြစ်သွားခဲ့တဲ့ တိုက်ပွဲကြောင့် ဖုမာန်လင်းချာက မင်းကို သတိပြုမိပြီးသား။ မင်းကိုလည်း လိုက်နေလိမ့်မယ်။ ပိုဆိုးတာက မင်းရဲ့ခန္ဓာကိုယ်က ထွားလွန်းတယ်။ မင်းသံမဏိမြို့ထဲက ထွက်သွားတာနဲ့ တစ်ယောက်ယောက်ကတော့ မင်းကို သေချာပေါက် မြင်သွားလိမ့်မယ်။ ဒီလိုဆိုရင် ဖုမာန်လင်းချာကို ကြိုသတိပေးလိုက်သလို ဖြစ်သွားမှာပေါ့။ အဲ့ဒီအခါ ဒီတာဝန်က ကျရှုံးသွားမယ်လေ”

“ဒါက...”

လီစစ်ယဲ့ကိုယ်တိုင်ကလည်း မှင်သက်ကာ စွံ့အသွားသည်။ အရာအားလုံးတွင် ကိုယ်ပိုင်အားသာချက်နဲ့ အားနည်းချက် ရှိနေသည်။ သူက တိုက်ပွဲတွင် ပြိုင်ဘက်ကင်းနိုင်သည်။ သို့သော် ဒီစီမံကိန်းတွင်မူ သူက ဝင်မပါနိုင်လောက်အောင် အသုံးမကျဖြစ်နေသည်။ ဒါကသူ မမျှော်လင့်ထားသော အနှစ်ချုပ်ဖြစ်သည်။

“တော်လောက်ပြီ ငါ့မှာလည်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ နည်းလမ်းက ရှိထားပြီးသား။ အင်အားကတင် အရာအားလုံးကို ဖြေရှင်းနိုင်တာမျိုးမဟုတ်ဘူး။ မင်းရောငါရော ဒီစီမံကိန်းထဲမှာ ဝင်ပါလို့မရဘူး။ ငါတို့တွေ အရာအားလုံးကို ကျန်းချွယ်နဲ့ ရွှီခဲ့ယွီဆီပဲ လွှတ်ထားလိုက်ရလိမ့်မယ်”

ဝမ်ချောင်ကပြောသည်။

“မြန်မြန်...”

“အိမ်စောင့်ခွေးတွေနောက်ကိုလိုက်”

“လမ်းမပျောက်သွားစေနဲ့”

ကောင်းကင်မှသာအောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုလျှင် လေထန်သော လမ်းတစ်နေရာဖြစ်သည့် ချီးရှီနှင့် မြို့တော်ကို ဆက်သွယ်ထားသောနေရာကို မြင်နိုင်မည်ဖြစ်သည်။ ထိုနေရာတွင်လည်း လမ်းမှာ မြောက်တက်နေသော ဖုန်မှုန့်အတန်းလိုက်နှင့်အတူ မြို့တော်ထံဦးတည်နေသည့် စစ်မြင်း ဆယ်ကောင်ကျော်ကို မြင်နိုင်သည်။ ထိုမြင်းသည်တော်အုပ်၏ အရှေ့ဆုံးတွင် ကြွက်သားအပြည့်ဖြင့် မည်းမှောင်နေသော အိမ်စောင့်ခွေး ငါးကောင်ကို မြင်ရမည်ဖြစ်သည်။ ထိုအိမ်စောင့်ခွေးများက မြင်းများထက်ပင် ပို၍မြန်နေသေးသည်။ သူတို့က ထိုမျှမြန်သောအရှိန်နှုန်းဖြင့် ရွေ့လျားနေကြပြီး တချိန်လုံးဟိန်းဟောက်ကာ လိုက်ဖမ်းနေကြသည်။ သူတို့၏နှာခေါင်းကလည်း ကောင်းကင်သို့ မကြာခဏဆိုသလိုကြည့်ပြီး နှာခေါင်းရှုံ့ကာ အနံ့ခံသေးသည်။

သို့သော် အိမ်စောင့်ခွေးငါးကောင်က ဦးတည်ရာဘက် တစ်ခုတည်းသို့ သွားနေရာမှ တစ်နေရာသို့ လျှင်မြန်စွာ ချဉ်းကပ်သွားသည်။

“အရှင် အဲ့ဒီကိုကြည့်ဦး”

မြင်းစီးသမားက မြင်းဇာတ်ကြိုးကိုဆွဲပြီးရပ်သည်။ သူ၏အရှေ့တွင် အိမ်စောင့်ခွေးငါးကောင်က ဦးတည်ရာဘက် ငါးခုကိုခွဲကာပြေးပြီး ဟောင်းနေပြီဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ရွှီခဲ့ယွီက မျက်မှောင်ကျုံ့လိုက်သည်။

“အရှင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

စစ်သည်တော်တိုင်းက ရွှီခဲ့ယွီကိုကြည့်ကြသည်။ ထိုငါးယောက်ကလည်း ဖုမာန်လင်းချာက ယုံကြည်ရသော လူငါးယောက်ဖြစ်ပြီး လမ်းငါးမျိုးခွဲကာ သွားကြပြီး ဦးတည်ရာဘက် တစ်ခုစီ ဦးတည်နေကြသည်။ သူတို့က နောက်မှလိုက်ချင်လျှင်ပင် လမ်းငါးခုခွဲကာသွားရန် လိုအပ်သွားသည်။

“အခြားနှစ်ယောက်ရဲ့ သတင်းကို အရှင်အမတ်ဆီ ပြန်ပို့ထားသေးလား”

ရွှီခဲ့ယွီက ခေါင်းပင်လှည့်မကြည့်ဘဲမေးသည်။

“အရှင့်ကိုပြန်ဖြေပါတယ်။ သတင်းပို့ငှက်တွေက သတင်းကို ပြန်သယ်လာပြီးကြပါပြီ”

ကင်းထောက်က ချက်ချင်းလိုလို ဒူးတစ်ဖက် ထောက်ချလိုက်ပြီးနောက်ပြောသည်။

“အရှင်အမတ်ကလည်း ဖုမာန်လင်းချာရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားနှစ်ယောက်က ချီးရှီက ထွက်မသွားခဲ့ကြဘဲ တိဗက်တောင်ပေါ်ဒေသဘက်သို့ ဦးတည်သွားတယ်လို့ မိန့်ထားပါတယ်”

“အရမ်းကောင်းတယ် ငါတို့အခုလုပ်ရမှာက ဒီငါးယောက်ကိုလိုက်ဖို့ပဲ။ ငါတို့မထွက်လာခင်က ငါဘာပြောထားလဲ မှတ်မိလား”

ရွှီခဲ့ယွီကမေးသည်။

“ဟုတ်ကဲ့ ကျွန်တော်တို့လုပ်ရတဲ့ ဒီတာဝန်က ဘယ်လိုအခြေအနေမျိုးကို ရင်းနှီးရပါစေ ဖုမာန်လင်းချာပဲဖြစ်ဖြစ် သူ့ရဲ့လူတွေပဲဖြစ်ဖြစ် အာရုံစိုက်မိလို့ မဖြစ်ပါဘူး”

ကင်းထောက်က ခပ်တင်းတင်းပြန်ပြောသည်။

“မင်းမှတ်မိရင်ကောင်းတယ်။ အရှင်အမတ်က ဒီကိစ္စမှာ အလေးအနက်ထားပြီး အာရုံစိုက်ထားတာ။ ကောင်းပြီ ငါတို့စီစဉ်ထားတဲ့အတိုင်းလုပ် မှတ်ထား မင်းကျရှုံးသွားရင်တောင်မှ သူတို့ကို သံသယမဝင်အောင် ပြုမူဖို့ သတိထား”

နောက်ဆုံး သတိပေးချက်နှင့်အတူ ရွှီခဲ့ယွီက လက်ကိုယမ်းလိုက်သည်။ မြင်းတပ်အယောက်သုံးဆယ်က ငါးဖွဲ့ခွဲကာ ဆက်လက်ဦးတည်သွားပြီး ဖုန်မှုန့်တိမ်စိုင်များကို ကောင်းကင်သို့ ဆက်လက်စေလျှက် ချန်ရစ်ခဲ့သည်။

......

နှစ်ဖက်လုံးသို့သွားသော ထိုလမ်းကို ကုန်သည်ပေါင်းများစွာက ဖြတ်သန်းသွားလာနေကျဖြစ်သည်။ နေ့လည်ပိုင်းတွင် တဖြည်းဖြည်းချင်း မြို့တော်ထံ ဦးတည်နေသည့် လှည့်တန်းရှည်ကြီးက သာယာသော ခေါင်းလောင်းသံကြီးနှင့်အတူ ရှေ့ဆက်နေသည်။ ထူထည်းသော မုတ်ဆိတ်ကြီးများနှင့် မျက်လုံးပြာကို ပိုင်ဆိုင်ထားသော ထိုအာရပ် ကုန်သည်များက သဘောတကျ ရယ်မောလျှက် သူတို့၏ ကုလားအုပ်များကိုစီးကာ ရှေ့ဆက်နေကြသည်။ အနီးအနားတွင် ဟူကုန်သည်တစ်ယောက်ရှိသည်။ သူက ထူထည်းသောဝတ်စုံများကို ဝတ်ဆင်ထားပြီး အာရပ်များနှင့် လေးပေခန့် အကွာအဝေးခြားထားသည်။ သူက ရှေ့သွားလေလေ ပတ်ဝန်းကျင်ကို သတိအပြည့်ဖြင့် စောင့်ကြည့်လေလေဖြစ်သည်။

ဟူနှင့်အာရပ်ကုန်သည် ရောနှောနေမှုက ထူးဆန်းသော်လည်း အနောက်ပိုင်းလမ်းများတွင်မူ ဒါက အလွန်အမင်း သာမာန်ကျလွန်းသော မြင်ကွင်းဖြစ်သည်။

အနောက်ဘက်သို့သွားသောလမ်းတွင် ဓားမြများ ကျက်စားလွန်းသည်။ ထို့ကြောင့် ကုန်သည်များအနေဖြင့် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရန် လိုအပ်သည်။

“အား ငါ့ကိုကယ်ပါ ငါ့ကိုကယ်ပါ”

ရုတ်တရက် အနောက်မှ အသံတစ်သံထွက်လာသည်။ အာရပ်ကုန်သည်များက ခေါင်းကိုနောက်လှည့်ကာ အဖြစ်အပျက်ကို ကြည့်လိုက်ကြသည်။ သူတို့မြင်လိုက်ရသော အရာကမူ ခုနှစ်နှစ် ရှစ်နှစ်အရွယ်ခန့်ရှိမည့် ဆင်းရဲသောကလေးတစ်ယောက်က ခြေဗလာဖြင့် လာနေခြင်းဖြစ်သည်။ သူ၏အဝတ်ကလည်း စုတ်ပြတ်နေသည်။ ထိုကလေးက သူတို့ဆီ ပြေးလာချိန်တွင် အနောက်ကိုလည်း ကြောက်လန့်တကြား ဆက်တိုက် လှည့်ကြည့်နေတတ်သည်။

“မျိုးမစစ်လေး ငါတို့အရှင်ရဲ့ ပိုင်ဆိုင်မှုကိုတောင် ခိုးသွားရဲသေးတယ်။ မင်းက ဒုက္ခရောက်ချင်နေတာပဲ”

“မင်းက ပြေးရဲသေးတာလား ဘယ်လောက်ဝေးဝေး ပြေးနိုင်မလဲ ကြည့်ရအောင်”

“ငါတို့သာ ဖမ်းလို့မိရင် မင်းရဲ့အရေခွံကို စုတ်ပြမယ်”

ကလေးနောက်မှ ကြမ်းတမ်းသော မျက်နှာထားနှင့် တောင့်တင်းသန်မာသော လူတစ်ယောက်က မြင်းဖြင့် အပြေးလိုက်လာသည်။ သူက ကြာပွတ်ကို ဆက်တိုက်ယမ်းလာနေသည်။

“ငါမဟုတ်ဘူး ငါမဟုတ်ဘူး ငါဘာမှမခိုးဘူး အရှင်က သူ့ဘာသာ ဖျက်ဆီးလိုက်တာ။ ဘာလို့ ငါ့ကို လာအပြစ်တင်ရတာလဲ။ ဘာလို့ ငါခိုးတယ်လို့ ပြောတာလဲ”

ထိုကလေးက အခြေအနေကို အသနားခံသလိုပြောပြီး အဖြစ်မှန်ကိုလည်း ရှင်းပြနေသေးသည်။ ပတ်ဝန်းကျင်ရှိ ကုန်သည်များက ရယ်လိုက်ကြသည်။ အနောက်ပိုင်းဒေသတွင် အင်အားကသာ အရေးအကြီးဆုံးဖြစ်ပြီး အင်အားကသာ အရာအားလုံးကို လွှမ်းမိုးနိုင်လေသည်။ ထိုကလေးက အချို့သော ကြွယ်ဝသည့် ကုန်သည်အချို့ကို ရန်စခဲ့မိသောကြောင့် သို့မဟုတ် သူ၏ စိတ်အခြေအနေ မကောင်းချိန်တွင် ထိုကလေးနှင့် ပက်ပင်းတိုးမိသောကြောင့် ဒေါသဖောက်ထုတ်ရာ ကံဆိုးသူ ဖြစ်သွားရခြင်းသာ ဖြစ်လောက်သည်။ အရာအားလုံးက မျှော်လင့်ထားသော အခြေအနေ အတိုင်းသာဆိုလျှင် ထိုကလေးကို ဖမ်းမိသွားသည်နှင့် ခပ်ကြမ်းကြမ်း ရိုက်နှက်ခံရပေလိမ့်မည်။ မျှော်လင့်ထားသည့်အတိုင်း တောင့်တင်းသန်မာသောလူက ဆက်တိုက် ကျိန်ဆဲကာ အော်ဟစ်နေသည်။ ထို့ကြောင့် ကုန်သည်များက သူ့ကို သိပ်အာရုံမစိုက်တော့ချေ။

ထိုကလေးက နောက်ဆုံးတွင် ထိတ်လန့်သွားပြီး မတော်တဆ ဟူကုန်သည်ရှိရာ နေရာသို့ ပြေးလိုက်သည်။

“ငါ့ရဲ့လမ်းကဖယ်စမ်း”

ဟူကုန်သည်က ဒေါသတကြီးဖြင့် ထိုကလေးကို မြေပြင်ပေါ်သို့ လက်ဖြင့်ရိုက်ချလိုက်သည်။ မမျှော်လင့်ထားစွာပင် ထိုကလေးက မြေပြင်ပေါ်သို့ တွန်းလှဲခံရသောအခါ အနည်းငယ် ဒေါသထွက်သွားသည်။ သို့သော် ဟူကုန်သည်၏ မျက်နှာမှ ခက်ထန်ကြမ်းတမ်းမှုကို သတိထားမိလိုက်ပြီး ချက်ချင်းလိုလို ထကာပြေးသည်။

တခဏခန့်ကြာပြီးနောက် တောအုပ်ထဲတွင်

“ဘယ်လိုလဲ သူ့ကို သံသယမဝင်ခဲ့ဘူးမဟုတ်လား”

ကြမ်းတမ်းခက်ထန်ပြီး တောင့်တင်းသန်မာသောလူက ထိုကလေးကိုကြည့်သည်။

“မဝင်စေခဲ့ပါဘူး သူကငါ့ကို တစ်ချက်တောင်မကြည့်ဘဲ”

ထိုကလေးက ခေါင်းခါသည်။

“အင်း”

“ဒါဆိုရင် သူ့လက်က သင်္ကေတကိုမြင်ခဲ့လား”

တောင့်တင်းသန်မာသောလူက ပြောသည်။

ကလေးကခေါင်းခါသည်။

“...”

အခြားသော လမ်းတစ်လမ်းတွင်

ဝုန်း

ကျယ်လောင်သော အသံကြီးနှင့်အတူ ရထားလုံးတစ်စီးက ခပ်မြန်မြန် ဖြတ်သန်းသွားပြီး အခြားသော ရထားလုံးများကို တွန်းတိုက်မိသွားလျှက် ရှေ့ဆုံးမှ ကြီးမားသော အနက်ရောင် ရထားလုံးကြီးကို တွန်းတိုက်မိသွားသည်။ ထိုသို့ဖြင့် ဘိမ်းတစ်ဘိမ်းကပင် ကျွတ်ထွက်သွားပြီး ရထားလုံးက ဆိုးဆိုးရွားရွား ပျက်စီးသွားသည်။

“သောက်ကျိုးနည်း မင်းမျိုးမစစ်ကောင်... မင်းတို့ကောင်တွေ မျက်လုံးမပါဘူးလား။ လမ်းပေါ်သွားတဲ့အခါ ဘာမှ မမြင်နိုင်ကြဘူးလား”

ဟူကုန်သည်တစ်ယောက်က ချက်ချင်းလိုလို ရထားလုံးထဲမှ ခုန်ထွက်လာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ဒေါသကြောင့် ပွက်ပွက်ဆူနေသည်။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ် မြင်းက ထိန်းချုပ်မှု လွတ်သွားလို့ပါ။ ငါတို့တွေ ဆုံးရှုံးမှုကို လျော်ကြေးပေးပါ့မယ်”

သက်လတ်ပိုင်းအရွယ် ကုန်သည်က ရထားလုံးထဲမှ ချက်ချင်း ခုန်ထွက်လာသည်။ ထိုသို့ဖြင့် သူ၏ရထားလုံးက မတော်တဆမှု ဖြစ်စေခဲ့သောကြောင့် သူက လျော်ကြေးပေးဆောင်မည့် အကြောင်းကိုပြောသည်။

တခဏခန့်ကြာပြီးနောက် တောင့်တင်းသန်မာသော လူနှစ်ယောက်က ထိုလမ်း၏ ဘေးနားတွင်ဆုံသည်။

“အရှင်အမတ်ကိုပြောလိုက် ဒီလမ်းကလည်း အမှားပဲ။ အရှင်အမတ် ငါတို့ကို ရှာခိုင်းတဲ့လူက ဒီတစ်ယောက်မဟုတ်ဘူး။ သူ့ရဲ့လက်မှာ အနက်ရောင်ကျောက်စိမ်း သင်္ကေတမရှိဘူး”

ဖလပ် ဖလပ်

သတင်းပို့ပင်ဂွင်းက လေထဲသို့ ပျံသန်းတက်သွားသည်။

....

“ဟိုက်ရား”

တတိယလမ်းတွင် မြင်းသည်တော် ဆယ်ယောက်က မြင်းထံ ကြာပွတ်ဆက်တိုက်ရိုက်လျှက် အပြေးနှင်နေသည်။ ထိုလူများက အမြန်ဆုံးသော အရှိန်နှုန်းဖြင့် ခရီးဆက်နေကြပြီး အတူတကွ စီးနင်းသွားကြသည်။ ဒီနည်းအားဖြင့် ထိုလမ်းတစ်ခုလုံးကို လေပြင်းထန်စေသည်။

ဝှစ်

သူတို့က ဟူကုန်သည်တစ်ယောက်ထံ ဖြတ်သန်းသွားသောအခါ ပြင်းထန်သော လေပြင်းက ထိုကုန်သည်၏ အင်္ကျီလက်များကို လွင့်ထွက်သွားစေသည်။

မည်သူကမျှ သတိမထားမိသည်မှာ မြင်းသည်တော်များ၏ အပြင်ဘက်အကျဆုံး အပိုင်းမှ လူတစ်ယောက်က ခေါင်းကိုလှည့်ပြီး ထိုဟူကုန်သည်ကို တစ်ချက်ကြည့်သွားခြင်းဖြစ်သည်။ သို့သော် တစ်ချက်မျှသာ ကြည့်ပြီးနောက် သူကခေါင်းကို ပြန်လှည့်သွားသည်။ ထိုသို့ဖြင့် လျှင်မြန်လွန်းလှလေရာ ပုံရိပ်ယောင်ဟုသာ ထင်မိလောက်သေးသည်။

“ဒီမှာမဟုတ်ဘူး”

ထိုဟူကုန်သည်နှင့် ကျန်းရာပေါင်းများစွာ အကွာသို့ ရောက်သွားသောအခါ အခြားသော မြင်းသည်တော်တို့က အပြင်ဘက်အကျဆုံး အပိုင်းမှလူကို လှည့်ကြည့်သည်။

“မဟုတ်ဘူး ဒီတစ်ယောက်လည်း မဟုတ်ဘူး”

ထိုမြင်းသည်တော်တို့ကလည်း သူ၏ လက်အောက်ငယ်သား၏ ဆိုလိုရင်းကို နားလည်သည်။ သို့သော်သူက လက်ဝါးကို ဖြန့်လိုက်လျှက် ခေါင်းကို အသာခါလိုက်သည်။

...

သတင်းတစ်ခုပြီးတစ်ခု သံမဏိမြို့သို့ ရောက်သွားသည်။ ဝမ်ချောင်နှင့် လက်အောက်ငယ်သားများက အရှေ့ဘက်ရှိ ချီးရှီပုံစံငယ် အသေးလေးကို အာရုံစိုက်ထားကြသည်။

“တစ်ခု၊ နှစ်ခု၊ သုံးခု၊ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း...”

“ဖုမာန်လင်းချာ အယုံကြည်ရဆုံး လက်အောက်ငယ်သားထဲက နှစ်ယောက်က တိဗက်ဆီ ဦးတည်သွားတယ်။ ဒါက ငါတို့တြိဂံပုံ မြေကွက်လပ်မှာ တည်ဆောက်ထားတဲ့ အခြေစိုက်စခန်းနဲ့ ဦးတည်လောက်တယ်။ အခြားငါးယောက်ကတော့ သုံးယောက်ကို ဖယ်လိုက်လို့ရပြီ နှစ်ယောက်ပဲကျန်တယ်။ ဒီတော့ ပစ္စည်းက သူတို့နှစ်ယောက်ထဲက တစ်ယောက်ဆီမှာပဲ”

ဝမ်ချောင်က မေးစေ့ကို လက်ဖြင့်ထောက်ထားသည်။ အခြားလက်တစ်ဖက်ကမူ မသိလိုက် မသိဘာသာပင် စားပွဲကို ဒေါက် ဒေါက် ဒေါက် ခေါက်နေသည်။

“ချန်းစန်းယွမ် ကျန်းချွယ်ဆီက သတင်းမရဘူးလား”

ဝမ်ချောင်ကပြောသည်။ သူက လူတစ်ယောက်တည်း သို့မဟုတ် အဖွဲ့တစ်ခုတည်းသို့ မျှော်လင့်ချက် ပုံထားရသော အခြေအနေကို သဘောမကျချေ။ ဖုမာန်လင်းချာကလည်း အထင်သေးသင့်သောလူမျိုး မဟုတ်ချေ။ တာ့လာ့မှ သောင်းကျော်သော စစ်သည်တော်များနှင့် မဟာထန်၏ လုံခြုံရေးကမူ အရေးကြီးနေသည်။

“အရှင်အမတ် အရာအားလုံးက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာပါပဲ။ ကျန်းချွယ်ရဲ့ ကျောက်တုံးသိန်းငှက်တွေက ရန်သူကို ခြေရာခံနေပါတယ်”

ချန်းစန်းယွမ်က ထိုသို့ပြောသည်။

ဝမ်ချောင်က ထိုကိစ္စကို ဘယ်သောအခါကမှ အားစိုက်ထုတ်မှု မလျော့ခဲ့ချေ။ ထို့ကြောင့် လူတိုင်းက အမြဲတစေ မျက်နှာထားတင်းမာပြီး သတိအပြည့် ကပ်ထားကြရသည်။ ကျန်းချွယ်ကလည်း သံမဏိမြို့နှင့် ဆက်တိုက် အဆက်အသွယ် ရှိနေသည်။ ငါးမိနစ်တိုင်းလိုလို ငှက်တစ်ကောင်ချင်းစီက ရောက်ရောက်လာတတ်ပြီး တစ်ကောင်ချင်းစီက ပြန်ပြန်ထွက်သွားလေ့ရှိသည်။

သိန်းငှက်အိုကြီး၏ တပည့်အဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် ကျန်းချွယ်ကလည်း ငှက်များကို လေ့ကျင့်ရာတွင် အလွန်အမင်း ကျွမ်းကျင်နေသည်။ သူက အနောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် ကျောက်တုံးသိန်းငှက် ရာကျော်ကိုပင်ဝယ်ကာ လေ့ကျင့်ပေးခဲ့သေးသည်။ ထိုထဲမှ အကောင်ခြောက်ဆယ်၊ ခုနှစ်ဆယ်ခန့်က အရည်အသွေး မှီလာသည်။ ကျန်တဲ့ ကျောက်တုံးသိန်းငှက်များကမူ လေ့ကျင့်နေဆဲရှိသေးသည်။ ထိုကျောက်တုံးသိန်းငှက်များက ကျန်းချွယ်၏ သိန်းငှက်အသင်းအတွက် အုတ်မြစ်ဖြစ်သည်။

ကျန်းချွယ်၏ ပုခုံးပေါ်တွင် အမြဲတစေ ရှိနေတတ်သော ကျောက်တုံးသိန်းငှက်လေးက ထိုသိန်းငှက်အဖွဲ့၏ ဘုရင်ဖြစ်လာသည်။

ဒီတခဏတွင် သိန်းငှက်အုပ်က အရေးပါသောကဏ္ဍမှ ပါဝင်လှုပ်ရှားနေပြီး သံမဏိမြို့သို့ မကြာခဏဆိုသလို သတင်းများကို ပြန်ပို့နေသည်။

“ကျန်းချွယ်ကိုပြောလိုက် သတိမလျော့နဲ့။ ဒါ့အပြင် ရွှီခဲ့ယွီကိုလည်း ဆက်ပြီးစုံစမ်းဖို့ လွှတ်ထားလိုက်။ ငါတို့တွေ လက်မောင်းမှာ အနက်ရောင်ကျောက်စိမ်းတက်တူး ရှိတဲ့လူကို ရှာဖို့လိုအပ်တယ်။ ငါတို့ရှာနေတဲ့ ပစ္စည်းက သူ့ဆီမှာပဲဖြစ်လိမ့်မယ်”

ဝမ်ချောင်က ချီးရှီအသေးစား ပုံစံငယ်ကို လက်နှစ်ဖက်လုံး တင်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

အမှန်တရားကမူ တဖြည်းဖြည်းချင်း ပေါ်ထွက်လာပေလိမ့်မည်။ လူနှစ်ယောက်သာ ကျန်တော့သည်။ ထိုတခဏတွင် အခန်းက တိတ်ဆိတ်သွားသည်။ လူတိုင်းက ရွှီခဲ့ယွီ၏ နောက်ဆုံးတင်ပြချက်ကိုစောင့်ရင်း အသက်ပင် မရှုနိုင်ကြချေ။ သို့သော် ကိစ္စများက မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာချေ။

“သတင်းပို့”

နောက်ထပ် တစ်နာရီခန့်ကြာပြီးနောက် အခန်းထဲသို့ ကင်းထောက်တစ်ယောက်က အလောတကြီး ဝင်လာသည်။

“အရှင်ရွှီက စာပြန်ပို့လိုက်ပါတယ်။ နောက်ဆုံး ပစ်မှတ်နှစ်ယောက်က ရုတ်တရက် နောက်ပြန်လှည့်သွားတယ်။ အရှင်ရွှီက သူဘာဆက်လုပ်ရမလဲလို့ မေးထားပါတယ်။ ကျွန်တော်တို့ ဒီစီမံကိန်းကို ဆက်ပြီး လုပ်သင့်ပါသလား”

အခန်း(၈၀၇)

မမျှော်လင့်ထားတဲ့ အပြောင်းအလဲ

“ဘာ”

ကင်းထောက်ထံမှ သတင်းပို့သံက အခန်းထဲသို့ ကျောက်တုံးကြီးတစ်တုံးကို ပစ်ထည့်လိုက်သလိုမျိုး အားလှိုင်းပေါင်းများစွာ လှိုင်းထလာကာ လူတိုင်း၏စိတ်အတွင်း သက်ရောက်သွားသည်။ ဝမ်ချောင်နှင့် လီစစ်ယဲ့တို့ကလည်း ထိုသတင်းကြောင့် ဖိအားများသွားကြသည်။ ထိုင်ခုံတွင် ထိုင်နေသော ဝမ်ချောင်ကပင် ခုန်ထလိုက်သည်။

“ဘာလို့ဒီလိုဖြစ်လာတာလဲ”

“သူတို့က မြို့တော်ဆီ ဦးတည်နေတာ မဟုတ်ဘူးလား။ ဘာလို့နောက်ပြန်လှည့်တာလဲ”

“ပြန်လှည့်တယ်ဆိုတဲ့ အဓိပ္ပာယ်က ငါတို့သူတို့ကို ဖယ်ရှားစရာမလိုတော့ဘဲ သူတို့ဘာသာ ဖယ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ ငါးယောက်လုံးကို ဖယ်ထုတ်လိုက်ရအောင် ဘာတွေဖြစ်နေတာလဲ”

“အရှင်အမတ် ရွှီခဲ့ယွီကို သူတို့ကို ဆက်လက်ပြီး စုံစမ်းခိုင်းဖို့ ကျွန်တော် အကြံပေးချင်တယ်”

ထိုသတင်းက လူတိုင်း၏စိတ်ကို လေပွေကဲ့သို့ မွှေနှောက်လိုက်သည်။ ဒါကသူတို့၏အဟုန်ကို ပြန်ချိန်ဆလိုက်သကဲ့သို့ ဖြစ်သွားသည်။ မည်သူကမျှလည်း သူတို့၏ နောက်ဆုံး ပစ်မှတ်နှစ်ခုက ဆုံးဖြတ်ချက်ပြောင်းသွားပြီး ပြန်လှည့်မည်ဟု မထင်ထားကြချေ။ ဒါက ဒီနေ့ကြားရသမျှ သတင်းများထဲတွင် အံ့အားသင့်စရာအကောင်းဆုံး သတင်းဖြစ်သည်။

“သတင်းပို့”

ထိုအချိန်တွင်ပင် နောက်ထပ် ကင်းထောက်တစ်ယောက်က အခန်းထဲသို့ ခုန်ဝင်လာသည်။

“အရှင်အမတ် အရှင်ကျန်းချွယ်က သတင်းပြန်ပို့လိုက်ပါတယ်။ နဂိုက ဖယ်ထားပြီးသား ပစ်မှတ်သုံးယောက်က အလျင်စလို ဆက်သွားနေကြပါတယ်။ ဒါကြောင့် သူက အရှင်အမတ်ဆီကနေ သူစောင့်တိုက်သင့် မတိုက်သင့် မေးမြန်းထားပါတယ်”

ဝုန်း

တစ်ခန်းလုံးက ယခုလေးတင် ဆွေးနွေးနေကြသည်။ သို့သော် တိတ်ဆိတ်သွားသည်။ လူတိုင်းက ဝမ်ချောင်ကိုသာ ကြည့်နေကြသည်။ သူတို့၏မျက်နှာတွင် အံ့အားသင့်မှုကို အထင်းသား ရေးထိုးထားသည်။

ထိုကိစ္စက အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေသည်။ သံသယအဝင်ဆုံး လူများက သံသယဝင်ရန် မရှိတော့သလို သံသယမဝင်ထားသော လူများက ရုတ်တရက် သံသယဝင်စရာ ဖြစ်သွားပြန်သည်။ လူတိုင်းကလည်း ကူကယ်ရာမဲ့ကာ စိတ်ရှုပ်ထွေးသွားကြသည်။

သူတို့ ဘာဆက်လုပ်ကြမှာလဲ။

ယခုလိုသိသာမြင်သာသော အခြေအနေကပင် စတင်ကာ သံသယများ ဝင်လာစေပြီး အရှေ့တွင် မြူများရစ်ဆိုင်းလာသလို ဘာကိုမှ ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်တော့ချေ။

“ဘာလို့ဒီလိုဖြစ်ရတာလဲ”

ဝမ်ချောင်ကမူ လက်အောက်ငယ်သားများထက် ပို၍ပင် စိတ်ရှုပ်ထွေးနေသေးသည်။ ဖုမာန်လင်းချာ၏ သံတမန်တွင် လက်ကောက်ဝတ်တွင် ရေးထားသော အနက်ရောင်စာသားတစ်ခု ရှိနေသင့်သည်။ ထိုသုံးယောက်တွင် မရှိသည့်အခါ သူတို့သုံးယောက်ကို ဖယ်ထုတ်လိုက်၏။ ထိုသို့ဖြင့် အခြားနှစ်ယောက် ကျန်ရစ်မည်ဖြစ်သည်။ ထို့အပြင် တောင်ပေါ်ဒေသသို့သွားသော နှစ်ယောက်လည်း ရှိနေသေးသည်။ ကျန်းချွယ်၏ ငှက်များကလည်း ကျန်သောနှစ်ယောက်၏နောက်သို့ လိုက်သွားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုနှစ်ယောက်ကို ဖယ်ထုတ်နိုင်သည်။ ယခုအခါ နှစ်ယောက်သာလျှင်ကျန်တော့သည်။

သူသည်လည်း လက်ကောက်ဝတ်တွင် ထိုသင်္ကေတပါသောလူကို ရှာတွေ့ရုံသာလိုအပ်သည်နှင့် ချက်ချင်းလိုလို အခက်အခဲမရှိ ဖယ်ရှားနိုင်သည့် ရိုးရှင်းသော ကိစ္စတစ်ခုဟုထင်ခဲ့သည်။

ဒါဆိုရင် ဘာကပြဿနာလဲ။ ဘယ်နေရာက ပြဿနာလဲ။ ဘာလို့ နှစ်ယောက်က ရုတ်တရက်ကြီး နောက်လှည့်တာလဲ။

ဖြစ်နိုင်တာက ငါမှားတာလား။

ထိုအခိုက် ဝမ်ချောင်၏မျက်နှာက တင်းမာသွားပြီး သူ၏စိတ်က ဝတ်မှုံယူနေသော ပျားကောင်များလို ဆက်တိုက်လှုပ်ရှားနေသည်။

ထိုအခြေအနေက သူမျှော်လင့်ထားသည်နှင့် ကွာခြားသွားသည်။ ထို့ကြောင့် သူကပင် မည်သည့်နေရာကစပြီး ပြန်တွေးသင့်ကြောင်း မသိတော့ချေ။

“အရှင်အမတ် ရွှီခဲ့ယွီက အမိန့်ကိုစောင့်နေပါတယ်။ အဲ့ဒီနှစ်ယောက်က သိပ်မကြာခင် ချီးရှီကို ပြန်ရောက်တော့မှာပါ။ ကျွန်တော်တို့ဆက်ပြီး စုံစမ်းသင့်လား”

ပထမဦးဆုံးရောက်လာသည့် သတင်းပို့က ဝမ်ချောင်ကို တီးတိုးပြောသည်။ ဝမ်ချောင်က ဘာမှမပြောဘဲ ဆက်တွေးနေသည်။ ထိုမတော်တဆမှုက ရှုပ်ထွေးသထက် ရှုပ်ထွေးလာသည်။ အနည်းငယ်ကြာပြီးနောက် နောက်ထပ် အထိတ်တလန့်ဖြစ်နေသော ကင်းထောက်က ဝင်လာပြန်သည်။

“သတင်းပို့”

“အရှင်အမတ် သွားပြီ အရှင်ကျန်းက ပစ်မှတ်သုံးယောက်ထဲက တစ်ယောက်က ပျောက်ကွယ်သွားတယ်လို့ ပြောလာတယ်။ ကျွန်တော်တို့ လမ်းစပျောက်သွားပြီ”

အခန်းထဲရှိ လူတိုင်းက ယခင်သတင်းများကြောင့် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းနေရသေးသည်ဟုဆိုလျှင် ယခုသတင်းကမူ သူတို့ကို အထိတ်တလန့်ဖြစ်သွားသည်ဟု ဆိုရပေမည်။ ဖုမာန်လင်းချာနှင့်အမတ်က အကြိမ်အနည်းငယ် ထိပ်တိုက်ရင်ဆိုင်ဖူးသည်။ သူက တိဗက်များကိုပင် သုံးရန် ဆန္ဒရှိသူဖြစ်သည်။ ထိုသို့သော လူတစ်ယောက်က ဝမ်ချောင်ကို ကိုင်တွယ်ရန် မည်သို့သော နည်းလမ်းကိုမဆို သုံးရန် ဆန္ဒရှိပေလိမ့်မည်။

သူတို့ကသာ ဒီအခွင့်အရေးကိုယူပြီး ဖုမာန်လင်းချာကို ဖယ်ရှားနိုင်ခြင်းမရှိလျှင် အနာဂတ် သံမဏိမြို့၏ ဘဝအခြေအနေကို တွေးတောရန်ပင် ခက်ခဲသွားစေပေလိမ့်မည်။ သူတို့ကလည်း မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သောကိစ္စမျိုး ဖြစ်လာကြောင်း မသိသော်လည်း သံသယဝင်ရန် မလိုလောက်အောင် ပျောက်သွားသောပစ်မှတ်က ဖုမာန်လင်းချာရဲ့ အရေးအကြီးဆုံး သတင်းကို သယ်ထားသူဖြစ်နိုင်သည်။

“အရှင်အမတ် နောက်ကျသွားပြီ။ ဘာလို့ ငါတို့သူတို့ကိုဖမ်းပြီး သူတို့ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေကို မရှာဖွေရမှာလဲ။ ဒီလိုဆိုရင် အဲ့ဒီလူကို ရှာနိုင်မှာ”

“ဟုတ်တယ်အရှင်အမတ် ပျောက်နေတဲ့လူက အစစ်အမှန်ပစ်မှတ် ဖြစ်လောက်တယ်။ ငါတို့ကို ဖုမာန်လင်းချာက လှည့်စားသွားတာပဲ”

“အရှင်အမတ် အခုချက်ချင်း သူတို့နောက်ကို လိုက်သွားကြရအောင်။ လိုက်သွားခွင့်ပေးပါ”

“အရှင်အမတ် ငါ့ကိုသွားခွင့်ပေးပါ”

“ငါသွားမယ်”

လူတိုင်းက အလောတကြီး ပြောဆိုနေကြသည်။ အချိန်ကဆက်တိုက် ကုန်နေသည်။ သူတို့က ပျောက်နေသောလူကို မရှာနိုင်ခဲ့လျှင် ရှုံးနိမ့်မှုကိုသာ ကြုံတွေ့ရတော့ပေမည်။

“နေဦး”

လူတိုင်းက ထိုသို့စိတ်အားထက်သန်နေကြပြီး တစ်ယောက်ပြီးတစ်ယောက်က ထိုလူကိုရှာရန် ဆန္ဒရှိနေသော်လည်း အခန်းထဲသို့ မိုးကြိုးပစ်ချလိုက်သလိုမျိုး အေးစက်သည့် အသံတစ်သံက ထွက်လာသည်။

“ငါ့အမိန့်မရှိဘဲ ဘယ်သူကမှ လှုပ်ရှားခွင့်မရှိဘူး”

ဝမ်ချောင်၏အမိန့်သံက ထိုကိစ္စကို တည်ငြိမ်စေသည်။ သူ၏ တည်ငြိမ်သောအသံက အရာရှိတိုင်းကို တည်ငြိမ်အောင် ပြန်ဆွဲခေါ်လိုက်သလို ဖြစ်သွားသည်။

“အားလုံးပဲ ခွင့်ပြုချက်မရှိဘဲ ဘာမှမလုပ်ကြနဲ့။ အရှင်အမတ်ရဲ့ အမ်ိန့်အတိုင်းပဲ ဆောင်ရွက်ကြရမယ်”

လီစစ်ယဲ့ကလည်း အခန်းကို တစ်ပတ် ပတ်လျှောက်ပြီးနောက် ဝမ်ချောင်၏ဘေးနားသို့ ပြန်ရောက်သွားသည်။

“အရှင်အမတ် လိုအပ်ရင် ငါအချိန်မရွေး လှုပ်ရှားလို့ရတယ်။ ငါလည်း သူဘယ်နေရာမှာဆိုတာ မသိပေမဲ့ ငါသာ လှုပ်ရှားသမျှ သူ့ကိုရှာနိုင်မယ်လို့ယုံတယ်”

လီစစ်ယဲ့က ထိုစကားလုံးများကို ထိုသို့ပြောလိုက်သဖြင့် သူနှင့်ဝမ်ချောင်သာ ကြားရသည်။ သူကလည်း ဘာဖြစ်နေမှန်း မသိသည့်တိုင်အောင် ဝမ်ချောင်၏ ဆုံးဖြတ်ချက်တွင် အမှားဖြစ်သွားနိုင်ချေ မြင့်မားလွန်းနေသည်။ သို့သော် ထိုနေရာရှိ မည်သူကမျှ ထိုကိစ္စကို ထည့်ပြောရန် ဆန္ဒမရှိကြချေ။

“မဟုတ်ဘူး”

ဝမ်ချောင်က ခေါင်းကိုခါသည်။ သူက လီစစ်ယဲ့၏ စကားကို မကြားသလိုမျိုး သူ၏အမူအရာက ပြောင်းလဲနေသည်။ ပုံမှန် ယုံကြည်မှုရှိနေသော မျက်နှာထားက တင်းမာနေသည်။

“ဒီကိစ္စက ဒီလောက်မရိုးရှင်းနိုင်ဘူး”

သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်သန်းသွားသည်။ သူ၏မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်က တဖန် နောက်ပြန်ရစ်ကြည့်လိုက်သလိုမျိုး မြင်နေရသည်။ ဖုမာန်လင်းချာက သူ၏တည်ရှိမှုကို မသိချေ။ တိတိကျကျ ပြောရသော် ဖုမာန်လင်းချာကလည်း ဝမ်ချောင်က သူထိုမင်းသားကို လျို့ဝှက်ဆက်သွယ်မည့်အကြောင်း သိထားသည့် အကြောင်းအရာကို မသိထားသေးချေ။ ထို့ကြောင့် သူ့ကို အထူးတလည် ရင်ဆိုင်ရန် မဖြစ်သင့်ချေ။

ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က သူ့ကိုဖယ်ရှားမည့် အကြံအစည်ကို ချနိုင်ခြင်းဖြစ်သည်။

ဒါ့အပြင် ရင်ယန်နန်းတော်ရဲ့ မတော်တဆမှု ဗဟိုပြုတဲ့ကိစ္စ ဒီလောက်အရေးကြီးတဲ့ ကိစ္စမျိုးကို ဖုမာန်လင်းချာက သတင်းကိုသယ်ဖို့ သတင်းပို့ငှက်လောက်ကို လွှတ်ပေးလိုက်မှာမဟုတ်ဘူး။ ဒါကအရမ်း အရေးကြီးလွန်းတယ်။ ဖုမာန်လင်းချာက သူ့ရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားထဲက တစ်ယောက်ကိုပဲ သေချာပေါက် ပို့မှာ။ ဒါကြောင့် အဲ့ဒီအရေးကြီးတဲ့စာကို သယ်ထားတဲ့လူက ဖုမာန်လင်းချာရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သား ငါးယောက်ထဲက တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်။

ဝမ်ချောင်က ဆက်တွေးနေသည်။

အခြားစကားနှင့်ပြောရရင် ဖုမာန်လင်းချာက စီစဉ်မှုတွေ ဒီလောက်ရှုပ်ထွေးအောင်လုပ်ဖို့ မဖြစ်သင့်ဘူး။ သူတစ်ခုခုကို သတိထားမိသွားတယ်ဆိုရင် တစ်မျိုးပေါ့။

ထိုအတွေးက မိုးကြိုးပစ်လိုက်သလိုမျိုး ည၏လိုက်ကာကို ဖယ်ရှားရှင်းလင်းလိုက်သလို ဖြစ်သွားသည်။ တဆတ်ဆတ် တုန်သွားသည့် ဝမ်ချောင်က ထအော်သည်။

“ချန်းစန်းယွမ် အခုချက်ချင်း ကျန်းချွယ်ကိုမေး။ သူထူးဆန်းတာတစ်ခုခု သတိထားမိခြင်း ရှိမရှိမေးလိုက်။ ငါအသေးစိတ် အားလုံးကို သိချင်တယ်။ ဘယ်လိုသံသယဝင်စရာမျိုးကမဆို ငါ့ကိုအားလုံး ပြောရမယ်”

ဝမ်ချောင်၏ ရုတ်တရက် ထအော်လိုက်သည့်စကားနှင့် တင်းမာသော မျက်နှာထားက အရာရှိတိုင်းကို သူက တစ်စုံတစ်ရာကို သိသွားကြောင်း နားလည်လိုက်စေသည်။

“ဟုတ်ကဲ့”

ချန်းစန်းယွမ်က စကားတစ်ခွန်းမှမဆိုဘဲ ထွက်သွားသည်။ ထို့နောက် ကျန်းချွယ်၏စာက ချက်ချင်းလိုလို ရောက်လာသည်။

“အရှင် ကျန်းချွယ်ကပြောတယ် ဘာမှမထူးဆန်းပါဘူးတဲ့”

“ထပ်မေး”

“အရှင် ဘာမှမထူးဆန်းပါဘူးတဲ့”

“ထပ်မေး”

“အရှင် ကျန်းချွယ်က ပြန်ဖြေပါတယ်။ တစ်ဖက်သူတွေက သူတို့က ပစ်မှတ်သုံးယောက်နောက်ကို ဆက်တိုက် လိုက်နေရင်း သတင်းပို့ပင်ဂွင်းတွေ အပြန်အလှန် သွားတာကလွဲပြီး အခြားထူးဆန်းတာကို သတိမထားမိပါဘူးတဲ့။ ဒီကိစ္စက သိပ်အရေးမကြီးတဲ့ ပုံစံမို့လို့ ကျန်းချွယ်က ဘေးဖယ်ထားပြီး မတင်ပြခဲ့တာပါ”

ဝုန်း

အရာရှိတိုင်းက ထိုသတင်း၏ အရေးပါမှုကိုမသိချေ။ သို့သော် ဝမ်ချောင်၏မျက်လုံးကမူ ချက်ချင်းလိုလို ပြူးကျယ်သွားပြီး အပ်ဖြင့်အထိုးခံရသလိုဖြစ်သွားသည်။

“အခုချက်ချင်း ကျန်းချွယ်ကို ငှက်တွေအားလုံးကို ပြန်ဆုတ်ခိုင်းလိုက်။ သူတို့အားလုံးကို မြေပြင်မှာ ခေါ်ထားရမယ်။ နောက်ပြီး ဘယ်လို နောက်ယောင်ခံလိုက်မှုကိုမဆို တားမြစ်တယ်”

“ရွှီခဲ့ယွီကိုလည်း အကြောင်းကြားလိုက် အခုချက်ချင်း စစ်သားတွေအားလုံးကို နောက်ပြန်ဆုတ်ခိုင်း။ ဒါ့အပြင် မြို့တော်ကိုပြန်လာတဲ့ ပစ်မှတ်နှစ်ယောက်ကို လိုက်ဖမ်းတာကိုလည်း တားမြစ်တယ်။ ငါ့အမိန့်မရှိဘဲ ဘယ်သူကမှ နည်းနည်းတောင် မလှုပ်ရှားရဘူး”

ထိုနောက်ဆုံးစကားနှင့်အတူ ဝမ်ချောင်က လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ သူက ဖုမာန်လင်းချာကို အများကြီး အထင်သေးမိသွားသည်။

ထိုမျိုးမစစ်က သူကမျှော်လင့်ထားသည်ထက်ပင် သတိကြီးလွန်းနေသေးသည်။ အရေးအကြီးဆုံးအချိန်က ရောက်လာသောအခါ ဖုမာန်လင်းချာက သံသယအနည်းငယ် ဝင်သွားသည်နှင့် ဝမ်ချောင်၏ ကြိုးစားအားထုတ်မှုများ အားလုံးက အလဟာသဖြစ်သွားပြီး လေနှင့်အတူ လွင့်သွားပေလိမ့်မည်။

“အရှင်အမတ် တစ်ခုခုကို သတိထားမိလို့လား”

လီစစ်ယဲ့က ခပ်တိုးတိုးပြောသည်။

ဝမ်ချောင်၏ အမိန့်တစ်ခုက ရှင်းပြရန်ခက်သည်။ ပစ်မှတ်သုံးယောက်ထဲမှ တစ်ယောက်က ပျောက်သွားသည်။ အခြားပစ်မှတ်တစ်ခုကလည်း အလောတကြီး ရှေ့သို့ အပြေးနှင်နေကြသေးသည်။ သို့သော် ဝမ်ချောင်ကမူ လူတိုင်းကို နောက်ဆုတ်ခိုင်းနေသည်။ ရှေ့ဆက်လိုက်ခွင့်မပြုချေ။ ထို့ကြောင့် အရာရှိတိုင်းက ခေါင်းကို ဆက်တိုက် ကုပ်နေကြသည်။ သို့သော် ဝမ်ချောင်၏ သံမဏိမြို့ရှိ အာဏာက အမြင့်ဆုံးဖြစ်နေသဖြင့် မည်သူကမျှလည်း လီစစ်ယဲ့လို မေးခွန်းမထုတ်ရဲကြချေ။

“အရှင်အမတ် ဖုမာန်လင်းချာက သတိထားမိသွားတာလား”

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။

“ငါတို့က ပစ်မှတ်တွေထဲက တစ်ယောက်က အစစ်အမှန် ဟုတ်မဟုတ်ဘဲ ဂရုစိုက်နေခဲ့ကြတာ။ ဒါပေမဲ့ ဖုမာန်လင်းချာက ဘယ်လောက် သတိကြီးသလဲဆိုတာကို မေ့သွားတယ်။ ငါတို့က လက်မှာ အနက်ရောင် သင်္ကေတရှိတဲ့လူကို မရှာနိုင်တာက အရေးမကြီးဘူး။ အရေးအကြီးဆုံးအချက်က ဖုမာန်လင်းချာရဲ့ စိုးရိမ်မှုတွေကို မတော်တဆ မဆွလိုက်မိဖို့ပဲ”

“အခု ဖုမာန်လင်းချာက ဘယ်လိုသတိထားမိသွားတာလဲ။ ငါတို့က တောက်လျှောက် ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး မဖြစ်အောင် သတိထားခဲ့တာပဲ”

လီစစ်ယဲ့က မျက်မှောင်ကျုံ့ကာပြောသည်။

သူတို့က ပစ်မှတ်များကို ရှာဖွေသည့်နည်းလမ်းကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဂရုတစိုက် စဉ်းစားကာ ထုတ်ပြထားခဲ့ခြင်းဖြစ်သည်။ သူတို့ကလည်း ဒီနည်းလမ်းများက သဘာဝကျပြီး သံသယမဝင်စေကြောင်း သေချာမှသာ လုပ်ခဲ့ခြင်းဖြစ်သည်။ လီစစ်ယဲ့ကိုယ်တိုင်ကလည်း မည်သည့် အခြေအနေက ဖုမာန်လင်းချာရဲ့ သံသယကို မြင့်သွားစေကြောင်း မသိခဲ့ချေ။

“မင်းနားမလည်ပါဘူး”

ဝမ်ချောင်က သက်ပြင်းရှည်ကြီးကိုချသည်။ လီစစ်ယဲ့က အကြောင်းအရာကို နားမလည်သဖြင့် အခြားသူများဆိုလျှင် ပို၍ဆိုးသည်။ ဖုမာန်လင်းချာက ဝမ်ချောင်နှင့် တိုးခြင်းသာမဟုတ်လျှင် သူ၏အကြံအစည်က ဆယ်ကြိမ်တွင် ကိုးကြိမ်ခန့်အထိ အောင်မြင်ပေလိမ့်မည်။

“လက်ရှိအချိန်မှာ ငါတို့က နည်းလမ်းသုံးမျိုးကို သုံးထားတယ်။ လူငယ်သူတောင်းစား ရထားလုံးချင်း တိုက်မိတာနဲ့ ခရီးသွားအုပ်ပဲ။ သံသယအဝင်စေဆုံးက ရထားလုံးချင်း တိုက်မိတာပဲ။ ဒါပေမဲ့ ငါတို့က အရင်ဆုံး အဲ့ဒီရထားလုံးကို အခြားရထားလုံးနဲ့ တိုက်မိပြီးမှပဲ ပစ်မှတ်ရဲ့ရထားလုံးကို မတော်တဆ တိုက်မိစေခဲ့တာ။ ဒီလိုဆိုရင် သံသယဝင်စေနိုင်တဲ့ အခြေအနေမျိုးက နည်းပါးသွားလိမ့်မယ်။ ဒီကိစ္စ သီးသန့်ကြီးပဲဆိုရင်တော့ ဟုတ်တယ် ဘာမှစိုးရိမ်စရာမရှိဘူး။ ဒါပေမဲ့ ဒီမတော်တဆမှု သုံးခုလုံးက တချိန်ထဲလိုလို ဖြစ်လာတာဆိုတော့ မင်းသာ ဖုမာန်လင်းချာရဲ့ နေရာမှာဆိုရင် သံသယမဝင်ဘဲ နေမလား”

“ဒါက”

လီစစ်ယဲ့က ကြောင်သွားသည်။ သူသာမဟုတ်ဘဲ အခန်းထဲရှိ လူတိုင်းက ဝမ်ချောင်၏ စကားလုံးများကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။

ဟုတ်သားပဲ မတော်တဆမှုတိုင်းက တဖြည်းဖြည်း ပေါင်းစပ်လိုက်တော့ ပြီးပြည့်စုံသွားတာပဲ။ မတော်တဆဖြစ်တယ်ဆိုတဲ့ ကိစ္စတွေအားလုံးကို ဆက်စပ်ပြီးကြည့်လိုက်ရင် ဒါက သံသယဝင်စရာ ကောင်းသွားတာပေါ့။

“ဒါပေမဲ့ ပစ်မှတ်ငါးယောက်လုံးက ချီးရှီနဲ့ တအားဝေးနေတာ။ ဖုမာန်လင်းချာက ဘာလို့ဒီလို မြန်မြန်သိ...”

ထိုမေးခွန်းကို လီစစ်ယဲ့၏ ပါးစပ်ထဲမှ ထွက်သွားပြီးသည်နှင့် သူက တစ်စုံတစ်ရာကို သတိထားမိသလိုမျိုး သူ၏အသံက တိုးကျသွားသည်။

အခန်း(၈၀၈)

အဝေးကလှမ်းပြီး တိုက်ခိုက်ကြမယ် ဝမ်ချောင်နဲ့ဖုမာန်လင်းချာ

“မင်းနားလည်ပြီလား”

ဝမ်ချောင်က လီစစ်ယဲ့ကို အဓိပ္ပာယ်အပြည့်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။ တစ်ဖက်သူကလည်း ကိစ္စ၏ အသွားအလာကို နားလည်ကြောင်း သိလိုက်သည်။

“ကျန်းချွယ်က အရေးမကြီးဘူးလို့ထင်တဲ့ ဒီသတင်းပို့ပင်ဂွင်းတွေက အဓိကသော့ချက်တွေပဲ။ ဖုမာန်လင်းချာ ဒီကောက်ကျစ်တဲ့ မြေခွေးကြီးက ငါတို့မျှော်လင့်ထားတာထက်တောင် ပိုကိုင်တွယ်ဖို့ ခက်နေသေးတယ်။ သူကပိုပြီး ကောက်ကျစ်ပြီး ပိုပြီးဉာဏ်များတယ်။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် သူကငါတို့ရဲ့ တည်ရှိမှုကို မသိဘူးဆိုပေမဲ့လည်း သူကသူ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်ချင်းစီတိုင်းကို သတင်းပို့ပင်ဂွင်းတွေ ထည့်ပေးလိုက်လိမ့်မယ်။ ဒီလိုနဲ့ တစ်ခုခု ထူးဆန်းတာ ဖြစ်တာနဲ့ ချက်ချင်း သတင်းပို့ခိုင်းလိမ့်မယ်။ ကျန်းချွယ်က သတိမဲ့လွန်းတယ်။ ငါကလည်း ငါတို့လူတွေရဲ့ စောင့်ကြည့်ခံရတဲ့ ဒီပစ်မှတ်တွေက လူရှင်းတဲ့ နေရာတစ်ခုကိုရှာပြီး ဒီသတင်းပို့ငှက်တွေ လွှတ်လိုက်တာပဲ ဖြစ်လိမ့်မယ်။ ကျန်းချွယ်က လှည့်စားခံရတာ”

အဆုံးတွင် ဝမ်ချောင်က သက်ပြင်းချလိုက်မိသည်။ ကျန်းချွယ်က ထူးချွန်သော လူတစ်ယောက်ဖြစ်သည်။ သို့သော်သူက ပြိုင်ဘက်ကို မယှဉ်နိုင်သေးချေ။ ဖုမာန်လင်းချာက ကာကွယ်ရေး ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး ဖော်ပြရန် ခက်ခဲလောက်အောင် ဉာဏ်များသည်။ ဝမ်ချောင်အနေနှင့် တစ်ဖက်သူကို ကိုင်တွယ်သောအခါ အာရုံကို တစ်ရာရာခိုင်နှုန်းအပြည့် စိုက်ထားရလေရာ ကျန်းချွယ်ဆိုလျှင် ပို၍ဆိုးသည်။

“အခု ငါတို့က လမ်းပေါ်က လူငါးယောက်ကို ကိုင်တွယ်လို့ မရတော့ဘူး။ ကိုင်တွယ်ရမှာမဟုတ်ဘူး အဝေးချီးရှီဌာနချုပ်က ဖုမာန်လင်းချာကို ရင်ဆိုင်ရမှာ။ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ဒီအချိန်ကာလက အရေးအကြီးဆုံးပဲ။ ငါတို့ကသာ ဖုမာန်လင်းချာကို သတိလျော့အောင် မလုပ်နိုင်ရင် ငါတို့နောက်ထပ် လှုပ်ရှားမဲ့ အကွက်တွေအားလုံးက အဓိပ္ပာယ်မရှိတော့ဘူး။ ငါတို့ရဲ့ အောင်မြင်နိုင်ချေက သုံညဖြစ်သွားမှာ”

ဝမ်ချောင်ကပြောသည်။

ထိုစီမံကိန်းက သင်္ကေတပါသောလူကို ငါးယောက်ထဲမှ လိုက်ရှာသော ကိစ္စလောက် မရိုးရှင်းတော့ချေ။ သူတို့က ဖုမာန်လင်းချာနဲ့ ထိပ်တိုက် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ဒီတိုက်ပွဲတွင် ဘရိတ်ဓားများနှင့် ဓားကြီးများမပါချေ။ မီးဖွှားများမစင်သလို မီးခိုးလည်းမထွက်ချေ။ သို့သော် ဒီကိစ္စ၏ အဆုံးအဖြတ်ကမူ ချီးရှီ၏အနာဂတ်၊ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး၏ ကံကြမ္မာ၊ သူကိုယ်တိုင်၏ကံကြမ္မာနှင့် အန်းရှီကာကွယ်ရေးစစ်တပ်၏ အန်းရှီကာကွယ်ရေးဗိုလ်ချုပ်ကြီး ကောင်းရှန်းကျစ်နှင့် သူ၏ လက်ရွေးစင် တစ်သောင်းကျော်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည်။

အခန်းက တိတ်ဆိတ်သွားသည်။

“အရှင်အမတ် ကျန်းချွယ်က နောက်ဆုတ်လိုက်ပါပြီ။ အရှင်အမတ် ရွှီခဲ့ယွီက သူ့ရဲ့ တပ်ဖွဲ့တွေ အားလုံးကို ပြန်ခေါ်လာပါပြီ”

သတင်းပို့ငှက်နှစ်ကောင်က ချက်ချင်းလိုလို ပြန်ရောက်လာသည်။ ထိုနည်းအားဖြင့် ဝမ်ချောင်၏ အမိန့်အတိုင်း လုပ်ဆောင်ပြီးပြီဆိုသော ကိစ္စကို အတည်ပြုပေးလိုက်သည်။ ထိုအချိန်တွင် အခန်းထဲရှိ လူများက အသက်ကျယ်ကျယ်ပင် မရှုရဲကြချေ။ ဝမ်ချောင်၏ ဆုံးဖြတ်မှုက မှားသွားလျှင် သူတို့က ပစ်မှတ်များကို လွတ်သွားမည်ဖြစ်ပြီး အခွင့်အရေး ဆုံးရှုံးသွားမည်ဖြစ်သည်။ ဝမ်ချောင်၏ ဆုံးဖြတ်ချက်က မှန်နေခဲ့ပါက အခြေအနေက ပို၍ပင် ပြင်းထန်သွားပေမည်။ သူတို့က အစပိုင်း မစတင်ခင်ကတည်းက တာဝန်တွေ ကျရှုံးသွားတော့ပေမည်။

လေထုက တင်းကြပ်လာသည်။ အပ်ကျသံပင် ကြားရလောက်တောင် တိတ်ဆိတ်သွားသည်။ စောင့်ဆိုင်းနေရသည့် အချိန်ကလည်း တဖြည်းဖြည်းချင်း နှေးကွေးစွာ ကုန်ဆုံးနေသည်။

“အရှင်အမတ် ငါတို့က ပစ်မှတ်သုံးရာကို ခြေရာပျောက်သွားပြီ။ ငါတို့ သူတို့ ဘယ်နေရာကိုသွားမှန်း မသိနိုင်တော့ဘူး”

ထိုသတင်းက လျှင်မြန်စွာဖြင့် ရောက်လာသည်။ သူတို့က ပစ်မှတ်များနောက်သို့လိုက်ပြီး မစောင့်ကြည့်နိုင်သော်လည်း ကြားဖြတ်နေရာတွင် လွှတ်ထားသည့် တစ်ယောက်ချင်းစီတိုင်းက အခြေအနေကို စောင့်ကြည့်နိုင်သေးသည်။ ထို့ကြောင့် ထိုအဖွဲ့ကပင် ထိုသုံးယောက်ကို ခြေရာပျက်သွားသည့်အခါ အခန်းရှိ လေထုအခြေအနေက တောင့်တင်းသွားခဲ့သည်။

မည်သူကမျှ စကားမဆိုချေ။ သို့သော် လူတိုင်းက မျက်လုံးထောင့်မှတဆင့် ဝမ်ချောင်ကို စောင့်ကြည့်နေကြသည်။

“အလောကြီးဖို့မလိုဘူး။ စောင့်ရမယ်”

ဝမ်ချောင်က မျက်လုံးကိုပိတ်လိုက်ပြီး နောက်သို့မှီသည်။ သူ၏အမူအရာကလည်း အေးစက်သွားသည်။ သူက မထိတ်လန့်တော့ချေ။ ပုံမှန်မဟုတ်သော ဖြစ်ရပ်တိုင်းတွင် တရားခံရှိသည်။ ထို့ကြောင့် ဖုမာန်လင်းချာကလည်း သူ့ဘက်မှ လှုပ်ရှားမှုကို စောင့်နေကြောင်း နားလည်လိုက်သည်။ ဖုမာန်လင်းချာက မည်သို့လုပ်စေကာမူ သူ၏ လှည့်ကွက်များက ဝမ်ချောင်ကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ယခုဖြစ်ပျက်သော ကိစ္စများအားလုံးက သူတို့ထဲမှ စိတ်အရှည်ဆုံးလူကသာ အဆုံးအဖြတ် ပေးသွားမည်ဖြစ်သည်။ ဒါက သူနှင့် ဖုမာန်လင်းချာ၏ကြားမှ တိုက်ပွဲဖြစ်သည်။

အချိန်က တဖြည်းဖြည်းချင်း တရွေ့ရွေ့ ကုန်ဆုံးနေသည်။

ခုနှစ်မိနစ်

တစ်ဆယ့်ငါးမိနစ်

မိနစ်သုံးဆယ်

တစ်နာရီ

အခန်းထဲရှိလူတိုင်းက တိတ်ဆိတ်နေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏ စိတ်အခြေအနေက ပြင်းထန်သထက် ပြင်းထန်လာသည်။ မည်သူကမျှ ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို သံသယမဝင်ဖူးကြချေ။ မည်သို့ပင်ဆိုစေ ဝမ်ချောင်ကလည်း တချိန်ပြီးတချိန် သူ၏ ဉာဏ်ပညာရှိမှုနှင့် မြင်နိုင်စွမ်းအားကို သက်သေပြခဲ့ပြီးလေပြီ။ သို့တိုင်အောင် လက်ရှိအခြေအနေမျိုးကြောင့် ဒီအချိန်တွင်မူ ဝမ်ချောင်ကလည်း... မှားကောင်း မှားနိုင်သည်ဟု ထင်မိလာကြသည်။

“အရှင်အမတ်”

ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့ကလည်း ဝမ်ချောင်ကို စိုက်ကြည့်နေကြသည်။ မည်သူကမျှလည်း ဝမ်ချောင်က ဒီလိုအခြေအနေမျိုးတွင် ဆိုးဆိုးရွားရွား အမှားလုပ်မိလိမ့်မည်ဟု မယုံကြည်ချေ။ သို့သော် လူတိုင်းက အမှားလုပ်တတ်သည်။ သို့သော် ဒီကိစ္စမှ အကျိုးဆက်ကမူ ရိုးရှင်းစွာပင် မျှော်လင့်ရန် ခက်ခဲလွန်းနေသည်။ ထို့ပြင် ဝမ်ချောင်က ဒီကိစ္စကို အလေးထားပုံအရ သူတို့အားလုံးကလည်း ဖုမာန်လင်းချာကို ဒီကိစ္စတွင်သာ မကိုင်တွယ်နိုင်လျှင် တစ်ဖက်သူကို ကိုင်တွယ်နိုင်မည့် အခွင့်အရေးက ဆုံးရှုံးရကောင်း ဆုံးရှုံးရနိုင်ကြောင်း ယုံကြည်ထားကြသည်။

ယခုကစတင်ပြီး ချီးရှီတွင်ဖြစ်စေ၊ ဝူရှန်းတွင်ဖြစ်စေ ဝမ်ချောင်က ဖုမာန်လင်းချာကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် ကန့်သတ်ခံရတော့မည်ဖြစ်သည်။

ထိုသို့ဖြင့် အခန်းထဲရှိ လူတိုင်း၏ စိတ်ဓာတ်အင်အားက ထိုးကျသွားသည်။ သို့သော် မည်သူကမျှ မသိသည်မှာ ထိုနေရာနှင့် ဝေးကွာသော အခြားတစ်နေရာရှိ အခန်းထဲရှိလေထုက အလွန်ပြင်းထန် တင်းကြပ်နေခြင်းဖြစ်သည်။

...

“အရှင် ကျွန်တော်တို့ရဲ့ လူတွေက နေရာတကျ ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ပုံမှန်မဟုတ်တဲ့ အခြေအနေကို မသိရပါဘူး”

ချီးရှီကာကွယ်ရေးဌာနချုပ်၏ အဓိကခန်းမထဲတွင် ဟူဗိုလ်ချုပ်က ခေါင်းမော့ပြီး ဖုမာန်လင်းချာကို တင်ပြသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ဖုမာန်လင်းချာက ချီးရှီကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက် အာဏာကို ကိုယ်စားပြုသည့် ပုလ္လင်ပေါ်တွင် ထောင်လွှားမောက်မာစွာ ထိုင်နေသည်။ သူ၏ခန္ဓာကိုယ်က ခမ်းနားသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။ သူကမျက်လုံးကို ပိတ်ထားသည်။ မည်သူကမျှလည်း သူ၏အတွေးက မည်သည့် နေရာသို့ ရောက်နေကြောင်း မသိကြချေ။

“ထပ်ကြည့်”

ဖုမာန်လင်းချာက ခပ်တင်းတင်းပြောသည်။

ဒါကသူ တတိယအကြိမ်မြောက် အမိန့်ထပ်ပေးခြင်းဖြစ်သည်။ တူညီသောစကားကို ပြောသော်လည်း မည်သည့်ဗိုလ်ချုပ်ကမှ ထပ်မမေးရဲချေ။

ထိုဟူဗိုလ်ချုပ်က ခပ်မြန်မြန်ထွက်သွားသည်။ (၁၅)မိနစ်ခန့်ကြာပြီးနောက် ပြန်ရောက်လာသည်။

“အရှင် ချီပေါ့အာနဲ့ အခြားလူတွေက အရှိန်ကို ထပ်မြင့်လိုက်ကြပါပြီ။ ဒါပေမဲ့ သူတို့နောက်ကို လိုက်လာတဲ့လူတွေကို သတိမထားမိသေးပါဘူး”

“ထပ်ကြည့်”

“အရှင် ကျွန်တော်တို့ သုံးကြိမ်ဆက်တိုက် ရှာဖွေကြည့်ပြီးပါပြီ။ ပုံမှန်မဟုတ်တာတွေကို ရှာမတွေ့သေးပါဘူး”

“ကြည့်”

“အရှင် ချီပေါ့အာနဲ့ အခြားလူတွေက တဲဖြတ်သန်းသွားလာခွင့်နေရာကို ရောက်ရှိတော့မှာပါ။ ဒါပေမဲ့ သူတို့ ဘာကိုမှ သတိမထားမိသေးပါဘူး”

“ထပ်ကြည့်”

“အရှင် ချီပေါ့အာက ကီလိုမီတာ ခြောက်ဆယ်အတွင်းမှာ ဘယ်သူ့ကိုမှ မတွေ့သေးဘူးလို့ပြောပါတယ်”

“ထပ်ကြည့်”

“အရှင် ချီပေါ့အာနဲ့ ရီလာလော့တို့က တဲဖြတ်သန်းခွင့်နေရာကို ရောက်သွားပါပြီ။ ချီပေါ့အာကလည်း စာပို့ပြီး သူဘာဆက်လုပ်သင့်လဲဆိုတာကို မေးမြန်းလာပါတယ်”

မေးခွန်းနှင့်အတူ ဖုမာန်လင်းချာက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သဖြင့် အခန်းတစ်ခုလုံးက လင်းထိန်သွားသလိုပင် ဖြစ်သွားသည်။ သို့သော် လူတိုင်းက တိတ်ဆိတ်နေကြသည်။ သူတို့က ဖုမာန်လင်းချာ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်နေကြသည်။

ဘာဖြစ်တာလဲ ငါ့ရဲ့မသိစိတ်က မှားတာလား။

ဖုမာန်လင်းချာ၏ မျက်ဝန်းက တောက်ပသွားသည်။ ပထမဦးဆုံးအကြိမ် သူ၏မျက်နှာတွင် တုန့်ဆိုင်းမှုက ပေါ်လာသည်။ ဖုမာန်လင်းချာက အမြဲတစေ သတိအပြည့် ကပ်တတ်သူဖြစ်သည်။ အထူးသဖြင့် ခုံရုံးမှ မင်းသားတစ်ပါးနှင့်ပတ်သတ်သော ကိစ္စမျိုးဆိုလျှင် ပို၍ဆိုးသည်။ သို့သော် ဒီစီမံကိန်းတွင် ဖုမာန်လင်းချာက မြို့တော်သို့ လူငါးယောက် လွှတ်ခဲ့သည်။ ထိုအထဲမှ တစ်ယောက်က ပြဿနာတစ်ခု တွေ့လျှင် ဖုမာန်လင်းချာက စတင်ကာ မသက်မသာ ဖြစ်လာပေလိမ့်မည်။ သို့သော် ယခုမူ နှစ်ယောက်က ဆက်တိုက် မတော်တဆမှုနှင့် တွေ့ကြုံခဲ့သည်။

ထိုထဲမှတစ်ယောက်က လူငယ် သူတောင်းစားတစ်ယောက်နှင့် ပက်ပင်းတိုးသည်။ အခြားတစ်ယောက်၏ ရထားလုံးကိုမူ ဖြတ်သွားသော ရထားလုံးက ဝင်တိုက်သည်။

မတော်တဆမှု နှစ်ခုက ပိုးသားလမ်းပေါ်တွင် ပုံမှန်သာလျှင် ဖြစ်တတ်သော်လည်း ဖုမာန်လင်းချာ၏ မွေးရာပါ သတိထားတတ်သောစိတ်ကမူ အခြားတစ်မျိုး ပြောင်းတွေးသည်။ ထို့နောက် ဆက်လက်ပြီး သူက ချက်ချင်းလိုလို လက်အောက်ငယ်သား နှစ်ယောက်ကို ပြန်ခေါ်ခဲ့ပြီး အခြားနှစ်ယောက်ကိုမူ အရှိန်နှုန်း မြှင့်ခိုင်းလိုက်သည်။ တစ်စုံတစ်ယောက်ကသာ နောက်မှလိုက်လာရိုး မှန်ကန်လျှင် ဖုမာန်လင်းချာအနေဖြင့် ထိုလုပ်ဆောင်မှုကတင် ထိုလျို့ဝှက်ဆန်းကြယ်သော ပြိုင်ဘက်ကို အထိတ်တလန့်ဖြစ်စေပြီး စိတ်ရှုပ်ထွေးစေနိုင်ကြောင်း နားလည်သည်။

တစ်ဖက်သူကသာ အရှိန်မြှင့်ပြီး သူ၏လူများနောက်သို့ လိုက်သမျှ ဖုမာန်လင်းချာ၏ လူများကလည်း ချက်ချင်း သတိပြုမိပေလိမ့်မည်။ သူ၏ တွက်ချက်မှုများအားလုံးကို အတည်ပြုနိုင်လျှင် ဖုမာန်လင်းချာကလည်း စာကိုချက်ချင်း ဖျက်ဆီးခိုင်းမည်ဖြစ်သည်။

စိတ်မကောင်းဖြစ်ရသည်ထက် လုံခြုံခြင်းက ပိုကောင်းသည်။ ဖုမာန်လင်းချာကလည်း သူက ထိုမင်းသားနှင့် ပတ်သတ်မှုအကြောင်း သိထားသောသူရှိသည်ဟု မယုံကြည်သည့်တိုင်အောင် ဘာကိုမှ မရင်းနှီးရဲချေ။ မည်သို့ပင်ဆိုစေ နယ်စပ်မှ မဟာဗိုလ်ချုပ်ကြီးများအတွက် မင်းသားများ၏ တိုက်ပွဲထဲသို့ ဝင်ပါသည့် ကိစ္စကပင် တားမြစ်ချက် ဖြစ်နေလေပြီ။

ငါမှားတာလား ဒီမတော်တဆမှုနှစ်ခုက ဒီအတိုင်း မတော်တဆမှုပဲလား။

ဖုမာန်လင်းချာက မလှုပ်ရှားသော်လည်း သူ၏စိတ်ထဲတွင်မူ ပထမဦးဆုံးအကြိမ် သူ၏ဆုံးဖြတ်ချက်သူ သံသယဝင်နေပြီဖြစ်သည်။ အချိန်က ဆက်တိုက်ကုန်ဆုံးနေသည်။ အမျိုးမျိုးသော ပုံစံများဖြင့် ရုပ်ဖျက်ထားကြသည့် သူ၏လူများက ပတ်ဝန်းကျင်ကို ဆက်တိုက် စောင့်ကြည့်နေခဲ့ကြသည်။ သို့သော် ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ တစ်စုံတစ်ယောက်ကသာ သူ၏လက်အောက်ငယ်သားများ၏ အနောက်သို့ လိုက်သွားကြရိုး မှန်ကန်လျှင် အနည်းဆုံး သဲလွန်စ အနည်းငယ်တော့ဖြင့် တွေ့ရပေမည်။

အနည်းဆုံး သူတို့ကလည်း ကီလိုမီတာခြောက်ဆယ် အတောအတွင်း ခြေရာလက်ရာများကို တွေ့သင့်သည်။

ဖုမာန်လင်းချာက ဆက်တွေးနေချိန်တွင် အချိန်က ရပ်တန့်နေသလို ထင်ရသည်။

ထိုအချိန်တွင် ဝမ်ချောင်ကလည်း တိတ်တဆိတ် တွေးတောနေသည်။ အချို့သော အကြောင်းပြချက်များကြောင့် သူက တစ်စုံတစ်ရာ လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။

“ချန်းစန်းယွမ် ရထားလုံးကိုဝင်တိုက်တဲ့ အဲ့ဒီရထားလုံးသမားက ရှိနေသေးလား”

ဝမ်ချောင်က ရုတ်တရက် မေးသည်။ ထိုမေးခွန်းက လူတိုင်း၏ အာရုံစိုက်ရာဖြစ်သွားသည်။

“ရှိပါတယ်”

ချန်းစန်းယွမ်က ချက်ချင်းပြန်ဖြေသည်။

“ရွှီခဲ့ယွီကိုပြောလိုက် အဲ့ဒီလူကို ချီးရှီကို ပြန်လာခိုင်းပြီး ရထားလုံးကို ပြင်ခိုင်းလိုက်။ သူတို့က အဓိကလမ်းက ဖြတ်လာရမယ်။ ဟူကုန်သည်တွေ မြင်ဖို့သေချာပါစေ”

အမိန့်နှင့်အတူ အရာရှိများက အံ့ဩသွားကြသော်လည်း ဝမ်ချောင်၏ တည်ငြိမ်သော မျက်နှာထားကြောင့် မည်သူကမှ ပြန်မမေးရဲကြချေ။

“ဟုတ်ကဲ့”

ချန်းစန်းယွမ်က တခဏခန့် ကြောင်သွားပြီးနောက် ချက်ချင်းလိုလို အမိန့်အတိုင်း သွားလိုက်သည်။

ချန်းစန်းယွမ်၏ ထွက်ခွာသွားမှုနှင့်အတူ အခန်းက တဖန်ပြန်လည်ပြီး တိတ်ဆိတ်သွားသည်။ လူတိုင်းက စိတ်ဓာတ်ကျသော ခံစားချက် အခြေအနေသို့ ပြန်ရောက်သွားကြသည်။ သို့သော် လူတိုင်းက စိုးရိမ်နေကြခြင်းမဟုတ်ချေ။ ဝမ်ချောင်က ပြုံးနေသည်။

ဖုမာန်လင်းချာ ခင်ဗျားဘာဆက်လုပ်မလဲ ကြည့်ရအောင်။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က နောက်သို့ပြန်မှီကာစောင့်သည်။

....

“သတင်းပို့”

ချီးရှီကာကွယ်ရေးဌာနချုပ်ထဲတွင် ကင်းထောက်တစ်ယောက်က အဓိကခန်းမထဲသို့ အလျှင်စလို ပြေးဝင်သွားပြီး ဒူးထောက်သည်။

“အရှင် ချီးရှီဘက်က တင်ပြချက် ရောက်လာပါတယ်။ ချီပေါ့အာရဲ့ ရထားလုံးကို ဝင်တိုက်သွားခဲ့တဲ့ အဲ့ဒီလူက ပြန်လာခဲ့ပြီး လက်ရှိဈေးမှာရှိနေပါတယ်။ သူကအဲ့ဒီမှာ ရထားလုံးပြင်ရလို့ဆိုပြီး ဆက်တိုက် ညဉ်းတွားပြီး ကျိန်ဆဲနေပါတယ်”

“ဘာ”

ထိုသတင်းက ဖုမာန်လင်းချာကို တုန်ယင်သွားစေလျှက် သူ့ကိုပင် ပုလ္လင်မှ ထရပ်လိုက်မိသည်။

“ဒီသတင်းက သေချာလား”

“အရှင် ကျွန်တော်တို့ရဲ့ လူတွေက ဒီသတင်းကို သုံးကြိမ်တိုင်တိုင် အတည်ပြုပြီးပါပြီ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့လူတွေက သေချာစစ်ဆေးကြည့်လိုက်တော့ ဒီလူရဲ့နောက်ခံက မှားယွင်းမှုမရှိပါဘူး။ သူကဒီတိုင်း မတော်တဆ သူ့ရဲ့ရထားလုံးနဲ့ ချီပေါ့အာရဲ့ရထားလုံးကို ဝင်တိုက်မိသွားတဲ့ အချိန်ပိုင်း ကုန်သည်ငယ်လေးပါပဲ။ သူက လျော်ကြေးတောင် ပေးလိုက်ပါသေးတယ်”

ဒူးထောက်ထားသော ကင်းထောက်က ရိုးသားစွာပြောသည်။

ခန်းမထဲတွင် ရပ်နေသည့် ဖုမာန်လင်းချာက ဆက်တိုက် တုန့်ဆိုင်းနေသည်။ ဖုမာန်လင်းချာက ဘာမှမပြောကြောင်း မြင်သောအခါ ခန်းမထဲရှိလူတိုင်းကလည်း အသံပင် ကျယ်ကျယ်မထုတ်ရဲကြချေ။ အချိန်တချို့ကြာပြီးနောက် ဖုမာန်လင်းချာ၏ မျက်လုံးကမူ တင်းမာသွားသည်။ သူက ဆုံးဖြတ်ချက် ချလိုက်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ် ချီပေါ့အာနဲ့ ရီလာလော့တို့ကို အဲဒီနေရာကနေ ပြန်ခေါ်လိုက်။ ဒါ့အပြင် ချီဖူလီနဲ့ အခြားလူတွေကိုလည်း မူရင်းလမ်းကြောင်းအတိုင်း ဆက်သွားခိုင်းလိုက်”

“ဟုတ်ကဲ့အရှင်”

ထိုအမိန့်နှင့်အတူ အရာအားလုံးက အဆင်ပြေသွားသည်။ ဖုမာန်လင်းချာက သက်ပြင်းရှိုက်ထုတ်လိုက်ပြီး ပုလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်သည်။

အခန်း(၈၀၉)

ဝမ်ချောင်၏နိုင်သွားတယ်

ဝူရှန်း၏ သံမဏိမြို့တွင် လူတိုင်းက တော်တော်ကြာကြာ စောင့်ဆိုင်းနေကြသည်။ သူတို့က ပစ်မှတ်ငါးယောက်လုံးကို လွတ်သွားပြီဖြစ်ပြီး သူတို့၏ စိတ်ဓာတ်အင်အားကလည်း ကျရှုံးနေသည်။ မည်သူကမျှ ထွက်ကာ စကားမပြောချင်ကြချေ။ သို့သော် ထိုအခိုက် မမျှော်လင့်ထားသော အခြေအနေအဖြစ် ပြောင်းလဲသွားသည်။

“သတင်းပို့”

သတင်းထောက်တစ်ယောက်က ခန်းမထဲသို့ ဝင်ပြေးလာသည်။

“အရှင်အမတ် နောက်ဆုံးပစ်မှတ်နှစ်ယောက်က ချီးရှီမြို့ကို ပြန်မလာဘူးလို့ သတင်းရပါတယ်။ ကျွန်တော်တို့ အင်အားစုတွေကလည်း သူတို့ပြန်လာပြီဆိုတဲ့ လက္ခဏာကို မမြင်ရဘူးလို့ပြောပါတယ်”

“အာ”

“ဘယ်လိုဖြစ်နိုင်မှာလဲ အချိန်ဒီလောက်ကြာတာ သူတို့က ပြန်ရောက်သင့်ပြီလေ”

“မဖြစ်သင့်ဘူး အခြေအနေ ပြောင်းသွားတာလား။ ဘာတွေဖြစ်ကုန်တာလဲ”

သတင်းက ရှိနေကြသော အရာရှိတိုင်းကို အံ့အားသင့်သွားစေသည်။ သူတို့အားလုံးကလည်း ဦးခေါင်း ကျိန်းတက်သွားသလို ဖြစ်သွားကြသည်။ အနှေးကွေးဆုံးလူကပင် တစ်စုံတစ်ရာကတော့ဖြင့် မူမမှန်ကြောင်း သိနိုင်သည်။ နာရီအနည်းငယ် ကုန်လွန်သွားခဲ့ပြီးသည့်အတွက် ယေဘုယျကျကျပြောရသော် သူတို့က ချီးရှီသို့ ပြန်ရောက်ပြီးလောက်လေပြီ သို့မဟုတ်ရင်လည်း ပြန်ရောက်ခါနီး အနေအထားသို့ ရောက်ရှိနေသင့်နေပြီ။ သူတို့ပြန်မလာကတည်းက အခြေအနေ တစ်ခုသာ ရှိတော့သည်။ သူတို့က နဂိုကတည်းက ချီးရှီသို့ ပြန်မလာခဲ့သောကြောင့်ဖြစ်ပေလိမ့်မည်။

အခြေအနေအားလုံးက ယခုမှသာစတင်သည်။

“သတင်းပို့”

“အရှင်အမတ် ကျန်းချွယ်ကလည်း နောက်ထပ်သုံးယောက်က ပြန်ပေါ်လာပြီး ချီးရှီကို ပြန်လာမယ်လို့ ပြောပါတယ်။ အရှင်ကျန်းက သူဘာဆက်လုပ်ရမလဲဆိုတဲ့ အကြောင်းအရာကို အရှင့်ဆီက တောင်းဆိုထားပါတယ်”

“သတင်းပို့”

“အရှင်အမတ် ရွှီခဲ့ယွီက ကျွန်တော်တို့ မစစ်ဆေးရသေးတဲ့ ပစ်မှတ်နှစ်ယောက်က ရုတ်တရက် လမ်းပေါ်မှာ ပြန်လာတယ်လို့ပြောပါတယ်။ အရှင်ရွှီကလည်း သူဘာဆက်လုပ်သင့်လဲဆိုတာကို တောင်းဆိုမေးမြန်းထားပါတယ်”

ထိုသတင်းနှစ်ခုကတင် အရာရှိတိုင်းကို မှင်သက်သွားစေသည်။

အလှည့်အပြောင်း၏ အဖြစ်အပျက်က မြန်ဆန်လွန်းအားကြီးသည်။ မည်သူကမျှလည်း ဘာဖြစ်သွားကြောင်း မသိကြသလို ဘာဆက်ဖြစ်မယ်ဆိုတာလည်း မသိနိုင်ကြချေ။

“ဟား ဟား ဟား”

ဝမ်ချောင်က ရုတ်တရက် ထရယ်သည်။ နောက်ဆုံးတွင် သူ၏မျက်နှာတွင် အပြုံးက ပေါ်လာလေပြီ။

“မျှော်လင့်ထားတဲ့အတိုင်းပဲ ဖုမာန်လင်းချာက ငါးစာကိုဟပ်လိုက်တာပဲ”

ခန်းမထဲရှိ မည်သူကမျှ ဘာဖြစ်နေမှန်း နားမလည်ကြသော်လည်း ဝမ်ချောင်ကမူ သူ၏ခန့်မှန်းမှုက မှန်ကန်ကြောင်းသိလိုက်သည်။ သူက အလောင်းအစား လုပ်လိုက်သည်မှာ မှန်သွားသည်။ သူ၏လုပ်ရပ်ကလည်း မှန်သွားခဲ့သည်။ ဖုမာန်လင်းချာ၏ သူ့လူသုံးယောက်ကို အရှိန်နှုန်းမြှင့်ခိုင်းပြီး အခြားနှစ်ယောက်ကို ပြန်ခိုင်းခဲ့သောလုပ်ရပ်က ရန်သူထွက်လာရန် မျှားခြင်းဖြစ်သည်။ သို့သော် အနှစ်ချုပ်ဆိုရသော် သူက ရှုံးသွားသေးသည်။

“သောက်ကျင့်ယုတ်တဲ့လူတွေက ခြေတစ်ဖက်မြှောက်လိုက်ရင် ဖြောင့်မတ်မှန်ကန်တဲ့လူတွေက တစ်ကျန်းလောက် ခုန်ထွက်ပြီးသားပဲ။ ဖုမာန်လင်းချာ အဆုံးမှာတော့ မင်းက ကိုယ့်ကိုယ်ကို မထိန်းနိုင်သေးပါဘူး”

ဝမ်ချောင်ကရယ်သည်။

သူက ရွှီခဲ့ယွီကို ရထားလုံးကို ဝင်တိုက်ခဲ့သော ရထားလုံးမောင်းနှင်သည့် မြင်းသမားအား ပြန်ပို့ခိုင်းလိုက်သည့် အမိန့်က အရေးကြီးသောကဏ္ဍမှ ပါဝင်ကြောင်း သေချာနေသည်။ မဟုတ်လျှင် ဖုမာန်လင်းချာက သူက အမိန့်ထုတ်ပြီး သိပ်မကြာခင် လျှင်မြန်စွာဖြင့် အကြံအစည်ကို လောင်းရန် ဆုံးဖြတ်ချက်ချလိမ့်မည် မဟုတ်ချေ။

“ရွှီခဲ့ယွီနဲ့ ကျန်းချွယ်တို့ကို မူရင်းအကြံအစည်အတိုင်း ဆက်လုပ်ဖို့ပြောလိုက်။ ဒီပစ်မှတ်နှစ်ယောက်နောက်ကိုလိုက် ဒါပေမဲ့ သူတို့က အစက ပြန်လှည့်မလို လုပ်ခဲ့ဖူးတာဆိုတော့ သူတို့ကို အထိတ်တလန့်ဖြစ်သွားအောင် မလုပ်မိစေနဲ့။ နောက်ပြီး အခြားသုံးယောက်အတွက်ကတော့... သူတို့က ပြန်လှည့်သွားပြီဆိုကတည်းက သူတို့နဲ့ပတ်သတ်ပြီး စိုးရိမ်စရာမရှိတော့ဘူး”

ဝမ်ချောင်က ထိုသို့ပြောလိုက်သည်။ သူ၏အမိန့်က သူ့လူများကို အသက်ပြန်ရှင်သလိုမျိုး အားလုံးကို တက်ကြွသွားစေသည်။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”

ကင်းထောက်က ခပ်မြန်မြန်ထွက်သွားသည်။

အခန်းထဲရှိ အရာရှိတိုင်း၏ မျက်နှာက ပြာနှမ်းကုန်ကြသည်။ ယခုမှသာ ဝမ်ချောင်၏ ခန့်မှန်းချက်က မှန်ကန်ခဲ့ကြောင့် အလွန်သေချာသွားသည်။ သူတို့ကလည်း သူတို့လွတ်သွားသော ပစ်မှတ်များနောက် ဆက်လိုက်ခဲ့မည်ဆိုလျှင် သူတို့ကသေချာပေါက် ကျရှုံးသွားခဲ့ပြီး ဖုမာန်လင်းချာ၏ အာရုံကို ဖမ်းစားမိသွားပေလိမ့်မည်။ ယခုလေးတင် ဝမ်ချောင်က မှားလောက်ကြောင်း တွေးမိကြောင်း ပြန်သတိရသည့်အခါ အားလုံးက ရှက်သွားကြသည်။

ဝမ်ချောင်က လက်ပိုက်ပြီး မျက်နှာသေဖြင့်ပြောသည်။

“ဟား ဟား ရတယ် ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို စိုးရိမ်ဖို့မလိုဘူး။ ဆက်လုပ်”

ဖုမာန်လင်းချာကဲ့သို့သော အကြံများလွန်းသော လူတစ်ယောက်နှင့် တိုက်ခိုက်ကြည့်ပြီးနောက် သူ၏ အနာဂတ်အကြောင်းကို နားလည်ထားပြီးသား ဝမ်ချောင်ကိုယ်တိုင်ကလည်း သူ၏ အာရုံစူးစိုက်ထားရမှုက လက်အောက်ငယ်သားများထက် မလျော့ကြောင်း ဝန်ခံရပေမည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုမျိုးက အလွန်သာမာန်ဆန်သည်။ ထို့ကြောင့် သူတို့အနေနှင့် ဒီအဆင့်တွင်ရှိသော ပြိုင်ပွဲမျိုးတွင် ဝင်ပါရန် အချိန်မကျသေးချေ။

ဒီလိုဆိုရင် အရာအားလုံးတော့ အဆင်ပြေပြီ။

ဝမ်ချောင်က တံခါးအပြင်သို့ကြည့်နေသည်။ သံမဏိမြို့ပေါ်သို့ အနက်ရောင်တိမ်စိုင်များက အုပ်စိုင်းလာရာမှ တဖြည်းဖြည်းချင်း လွင့်ပျယ်နေသည်။ သူကိုယ်တိုင်ကလည်း စိတ်အေးသွားသောကြောင့် ထိတိမ်စိုင်များကို ဖယ်ရှားလိုက်သလို ခံစားလိုက်ရသည်။

...

ရွှီခဲ့ယွီက ခပ်မြန်မြန် သတင်းပြန်ပို့လာသည်။ သူတို့က ညာဘက်လက်ကောက်ဝတ်တွင် အနက်ရောင် သင်္ကေတရှိသောလူကို ရှာတွေ့ပြီဟုဆိုသည်။ ထိုလူက သူတို့လိုက်ကြည့်သော လူနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ရွှီခဲ့ယွီ၏ လူနှင့် ကျန်းချွယ်၏ ကျောက်တုံးသိန်းငှက်တိုင်းက လက်ရှိအချိန်တွင် သူ့နောက်သို့ လိုက်နေကြသည်။

သို့သော် ပြဿနာတစ်ခု ကျန်သေးသည်။ ဝမ်ချောင်ကလည်း ထိုစာက ထိုလူ့လက်ထဲတွင် ရှိမရှိနှင့် ဖုမာန်လင်းချာက ထိုစာကို ခွဲပို့မပို့ မသေချာခြင်းဖြစ်သည်။

“အရှင်အမတ် ငါတို့ပစ်မှတ်ကို အတည်ပြုနိုင်ပြီဆိုကတည်းက နှစ်ယောက်လုံးကို တချိန်ထဲလိုလို ဖမ်းဖို့ပဲလိုတယ်”

ချန်းစန်းယွမ်ကပြောသည်။

“အဲ့ဒီစာက နှစ်ယောက်ထဲက တစ်ယောက်ဆီမှာ ရှိလိမ့်မယ်”

“တကယ်တော့ မလိုဘူး။ ဖုမာန်လင်းချာက သူအယုံကြည်ရဆုံး လက်အောက်ငယ်သားကို သေချာပေါက် ပို့လိုက်မှာပဲ။ ဒီတော့ ငါတို့က ဒီနှစ်ယောက်ကိုပဲ အတည်ပြုဖို့လိုတာ။ ဒီလို အသေးအဖွဲ ကိစ္စလောက်နဲ့ ဖုမာန်လင်းချာရဲ့ သတိကိုသွားပြီး မွှေနှောက်လိုက်လို့မရဘူး။ ဒါ့အပြင် ဝူရှန်းနဲ့ တဲဖြတ်သန်းသွားလာခွင့်နယ်မြေ နှစ်ခုလုံးက ချီးရှီနဲ့ တအားနီးနေတယ်။ ဖုမာန်လင်းချာက စာကို လုံလုံခြုံခြုံရောက်သွားအောင် ဝှက်ဖဲတွေ ချန်ထားဦးမလားဆိုတာကို မသိနိုင်သေးဘူး။ ငါတို့ သတိလက်လွတ် လှုပ်ရှားလိုက်တာက အန္တရာယ်များသွားလိမ့်မယ်။ နောက်ပြီး ဖုမာန်လင်းချာက ငါတို့မထင်ထားတဲ့ ပုံစံမျိုးနဲ့ တုန့်ပြန်လိုက်တာမျိုးတောင် ဖြစ်သွားနိုင်သေးတယ်”

ဝမ်ချောင်ကပြောသည်။ သို့သော်သူက ထည့်မပြောထားသော အကြောင်းပြချက် အနည်းငယ်လည်း ရှိနေသေးသည်။ ထိုစာက ဖုမာန်လင်းချာတင်မဟုတ်ဘဲ မြို့တော်ကမင်းသားနဲ့ ပတ်သတ်နေသည်။ ချီးရှီမှ ပြဿနာက မင်းသား၏ သံသယများကို မွှေနှောက်လိုက်ခြင်းအားဖြင့် ထိုကိစ္စကို ကျရှုံးသွားစေနိုင်သည်။

ယခင်က တွေးထားဖူးသလိုမျိုး ဖုမာန်လင်းချာကဲ့သို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ကို ဖယ်ရှားရသော ကိစ္စက လွယ်ကူရိုးရှင်းသောကိစ္စ မဟုတ်ချေ။

“လီစစ်ယဲ့ ဘုရင်စုန့်ဆီ ပစ်မှတ်ရဲ့ပုံကိုဆွဲပြီး စာပို့လိုက်။ သူ့ကိုလည်း အချိန်ကျလာတဲ့အခါ ဆက်ပြီး ကိုင်တွယ်ခိုင်းလိုက်ပါ”

“ဟုတ်ကဲ့ ဒီဗိုလ်ချုပ်က ဆက်သွားလုပ်လိုက်ပါ့မယ်”

ရဲရင့်ပြတ်သားသော အသံက သူ၏နောက်ဘက်မှ ထွက်လာသည်။ ထို့နောက် လီစစ်ယဲ့က ထွက်သွားသည်။ သူ၏သံချပ်ကာက တချွင်ချွင်သံ မြည်သေးသည်။

ဖလပ် ဖလပ်

မိနစ်အနည်းငယ် ကြာပြီးနောက် သတင်းပို့ပင်ဂွင်းက မြို့တော်ထံသို့ ပျံသန်းသွားသည်။

အရာအားလုံးကို ကိုင်တွယ်ပြီးသည်နှင့်အတူ ဝမ်ချောင်က ဝန်ထုတ်ဝန်ပိုး အကြီးကြီးကို လွှတ်လိုက်နိုင်ကြောင်း ခံစားလိုက်ရသည်။

“သတင်းပို့”

အခန်းထဲသို့ နောက်ထပ် ကင်းထောက်တစ်ယောက်က ဝင်လာသည်။ သူက လေပြင်းကိုပင် သယ်ဆောင်လာလောက်အောင် မြန်ဆန်သည်။

“အရှင်အမတ် ရွှီချီချင်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က အရှင်အမတ်နဲ့ တွေ့ချင်တယ်လို့ တောင်းဆိုနေပါတယ်။ သူကတော့ အပြင်မှာရှိပါတယ်။ နောက်ပြီး အရှင်အမတ်ရဲ့ မိတ်ဆွေလို့လည်း ပြောပါတယ်”

“ဘာ မြန်လိုက်တာ”

ဝမ်ချောင်၏မျက်ဝန်းက ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ ကင်းထောက်ကလည်း အံ့အားသင့်သွားပြီး တံခါးဘက်သို့ ချက်ချင်းပြန်ထွက်သွားသည်။

သံမဏိမြို့ထဲရှိ အဆောက်အဦးတိုင်းက မြင့်မားသည်။ အဆောက်အဦး တစ်နေရာတွင်မူ အလွန်အမင်း စည်ကားနေသည်။ ထိုနေရာက လွင်ထီးခေါင် နယ်မြေကြီးကို သင့်တော်သောမြို့ပုံစံ တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုသို့ဖြင့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဖုမာန်လင်းချာကလည်း တြိဂံပုံမြေကွက်လပ် တိုက်ပွဲတွင် အမှတ်ယူရန် ကြိုးစားခဲ့သော်လည်း ဝမ်ချောင်နှင့် အဆက်အသွယ် ရှိခဲ့သော လူတိုင်းကလည်း ဘာဖြစ်နေမှန်း သိကြသည်။

အဓိကတိုက်ပွဲကြီးက မြို့တစ်မြို့လုံးကို ဖျက်ဆီးမတက် ပြင်းထန်ခဲ့သည်။ မဟာထန် အများစုကလည်း သံမဏိမြို့၏ လုံခြုံမှုနှင့် ခုခံမှုကို ယုံကြည်မှုအပြည့် ရှိနေကြပြီဖြစ်သည်။

ရဲရင့်ပြတ်သားပြီး ကြောက်မက်ဖွယ်ကောင်းသည့် တိဗက်များကို သတ်နိုင်ရန် စစ်တပ်တစ်ခုက လုံလောက်အောင် အင်အားကြီးမားနေခြင်းမရှိလျှင် လောကရှိ မည်သည့် အင်အားစုကမျှ သန်မာခြင်း ရှိတော့မည်မဟုတ်ချေ။

မြို့တော်ရှိ ကလန်တိုင်းကလည်း ရင်းနှီးမြုပ်နှံမှုကို တိုးမြှင့်ခဲ့ကြပြီး ယခင်ပမာဏ၏ ခုနှစ်ဆ ရှစ်ဆခန့်အထိ မြှင့်နိုင်ခဲ့ကြသည်။ အချို့ဆိုလျှင် ဆယ်ဆခန့်အထိ မြှင့်တင်နိုင်ခဲ့သည်။

ထိုမျှများပြားသော ပမာဏက သံမဏိမြို့၏ တည်ဆောက်မှု အရှိန်နှုန်းကို ဆက်တိုက် မြင့်တက်သွားစေခဲ့ပြီး အဆောက်အဦးများကို ပို၍မြင့်သွားစေခဲ့သည်။ ယခင်နှင့် ခြားနားသွားသော အခြေအနေက နေ့နှင့်ညအလား သိသာသွားသည်။

ဝမ်ချောင်က အဆောက်အဦးများ၊ ဥယျာဉ်များ ရေကန်များနှင့် စိုက်ပျိုးထားသော ပန်းများကို ဖြတ်လျှောက်သွားသည်။ နောက်ဆုံးတွင် မြို့တံခါးက ပွင့်သွားပြီး ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်လိုက်ရသည်။

သူမက အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ သူမ၏ဆံပင်က ပိန်းပိတ်အောင် မည်းမှောင်နေပြီး ခါးအထိ ဖြာကျနေသည်။ သူမက ဘေးတဇောင်း ရပ်နေခြင်းဖြစ်ပြီး ဂိတ်နားတွင် ရပ်နေသည်။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းကလည်း သိသာရှင်းလင်းသည်။ သူမ၏အနားတွင်လည်း အစီအစဉ်တကျ ရပ်နေသော ပစ္စည်းများအပြည့်ပါသည့် ရထားလုံးများ ရှိနေသည်။ အားလုံးက ဂိတ်ကိုကျော်ဖြတ်နေကြသည်။ သူမက ထိုဖြစ်စဉ်ကို တောက်လျှောက် စိုက်ကြည့်နေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက တည်ငြိမ်ကာ ယုံကြည်မှုအပြည့်ပါသည်။ သူမက သေမျိုးလောကမှ ဆင်းသက်လာသော လှပသော နတ်မိမယ်အလား ထင်ရသည်။ ဝူရှန်း၏ လူသူရှင်းလင်းပြီး ချောင်ကျသော တစ်နေရာတွင် သူမ၏တည်ရှိမှုက ပို၍လှပကာ လန်းဆန်းသွားစေသလိုမျိုး ပန်းဥယျာဉ်ထဲရှိ ပန်းများကို ပွင့်လန်းစေသလိုမျိုး သိသာထင်ရှားသည်။

“ရွှီချီချင်း”

ဝမ်ချောင်က စိတ်ထဲတွင် ပျော်ရွှင်မှုနှင့်အတူ စိတ်လှုပ်တရှား အော်ဟစ်လိုက်သောအသံက သံမဏိမြို့တခွင် မြည်ဟီးသွားသည်။

အဝေးမှ ထိုပုံရိပ်က ထူးဆန်းမှုအနည်းငယ်ကို အာရုံခံမိသလိုမျိုး လှုပ်ရှားသွားသော်လည်း ချက်ချင်းလိုလို ရင်းနှီးမှုကို ခံစားလိုက်ရသည်။ သုံးလကြာပြီးနောက် ရွှီချီချင်းက ပို၍ပင် စိတ်လှုပ်ရှားတတ်လာသေးသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုအတွေးနှင့်အတူ ရယ်မိသွားသည်။

ရွှီချီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူမက သတိလက်လွတ် ခေါင်းကိုလှည့်ကြည့်လိုက်သည်။ ထိုအခိုက် သူမမျက်နှာ၏ အရှေ့တွင် တောက်ပသော နွေရာသီနေမင်း၏ အလင်းရောင်အောက် တိုက်ခတ်သွားသော အေးစက်သည့် လေပြေ၏ လွှမ်းခြုံခြင်းကို ခံစားရပြီး ထင်ရှားပြတ်သားလွန်းသည့် မြင်ကွင်းများကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။

ထိုအပြုံးက မျက်စိကြိမ်းမတက် တောက်ပလွန်းသဖြင့် ဝမ်ချောင်ကပင် မှင်သက်သွားသည်။

“ဝမ်ချောင်”

ရွှီချီချင်းက ရှေ့သို့လှမ်းလာသည်။ သူမ၏မျက်နှာတွင် ပျော်ရွှင်မှုက အထင်းသားပေါ်နေသည်။

“ဒါက နင်ပြောတဲ့ သံမဏိမြို့လား။ နင်စာထဲမှာ ပြောထားတာထက်တောင် ခမ်းနားနေသေးတယ်”

ရွှီချီချင်း၏နှုတ်ခမ်းက ပြုံးနေသည်။ သူမကလည်း သံမဏိမြို့တွင် အချိန်တစ်ခု နေဖူးသလိုမျိုး ပြုမူနေသည်။ သူမ၏မျက်ဝန်းကလည်း လေးစားမှုအပြည့် တောက်ပနေပြီး ကောင်းကင်သို့ ထိုးတက်နေသမျှ ထင်ရသည့် မြင့်မားသော အဆောက်အဦးများကို ကြည့်နေသည်။ ဒီမြို့က မည်သို့ ပုံစံရှိကြောင်း စိတ်ကူးယဉ်ဖူးသော်လည်း သူမကိုယ်တိုင် မြင်ရသောအခါ ရွှီချီချင်းအနေနှင့် သူမမျှော်လင့်ထားသည်ထက်ပင် မှင်သက်ဖွယ်ကောင်းကြောင်း သိလိုက်သည်။

သူမကလည်း ဝမ်ချောင်က မည်သို့ကြိုးစားထားကြောင်း တွေးမိသည့်အချိန်တိုင်း သူ့ကိုပိုပြီး လေးစားမိသွားပြန်သည်။ စံအိမ်အတွင်းတွင် သူမကို ချက်စ်ကစားရာတွင် အလဲထိုးအောင်နိုင်ခဲ့သည့် ထိုလူငယ်က ပို၍ပို၍ပင် လှပလာပြီး ပို၍ပို၍ပင် ချောလာသည်။ သူကလုပ်လိုက်သည့်အခါ မဖြစ်နိုင်ဆိုသော အရာက ဖြစ်နိုင်လာသည်။ အရာအားလုံးကလည်း လွယ်ကူလာသည်။ ဒီလောကတွင် သူမလုပ်နိုင်သော အရာပင် မရှိလောက်ချေ။

“တကယ်ကို ခမ်းနားတယ်။ ဒါပေမဲ့ မင်းရောက်လာမှပဲ အားလုံးက အသက်ဝင်သွားသလို ပိုပြီးထင်ရှား သိသာသွားတာပေါ့။ သွားရအောင် ငါမင်းကို တစ်ပတ်လိုက်ပြပေးမယ်။ ဒါ့အပြင် မင်းက ခရီးရှည်ကြီးလာရတော့ ပင်ပန်းနေမယ်မဟုတ်လား။ ခဏလောက်နေရင် ငါမင်းကို နားဖို့နေရာ စီစဉ်ခိုင်းပေးမယ်”

ဝမ်ချောင်က ထိုသို့ပြောသည်။ သူက ရွှီချီချင်းကို မြို့တော်မှ ဝူရှန်းသို့ ခေါ်လိုက်သည်မှာ အနောက်ပိုင်းဒေသမှ ကိစ္စများကို ကိုင်တွယ်ရမည့် ကိစ္စကြောင့်ဖြစ်သည်။

အခန်း(၈၁၀)

ကလန်မဟာမိတ်

မည်သည့်အရာမှ မရှိသော နေရာတစ်ခုမှ တည်ဆောက်ပြီးကာစ မြို့တိုင်းအတွက် လုပ်ရမည့်ကိစ္စ ထောင်သောင်းမက ရှိနေနိုင်သည်။ အပိုင်စားနယ်မြေတွင် မြို့တစ်မြို့ တည်ဆောက်ပြီးနောက် လုပ်ရမည့် ကိစ္စများကို ဝမ်ချောင်တစ်ယောက်တည်းက ကိုင်တွယ်နိုင်မည်မဟုတ်ချေ။ ဝမ်ချောင်၏ဘက်မှ လူများတွင် ရွှီချီချင်ကသာ ထိုမျှအရည်အချင်းရှိသည်။ သူမက အမျိုးမျိုးသော တာဝန်များကို အစီအစဉ်တကျနှင့် သင့်တော်သော ပုံစံဖြစ်အောင် ကိုင်တွယ်နိုင်မည့်စွမ်းရည်ရှိသည်။ အရေးအကြီးဆုံးအချက်သည် တိုက်ပွဲများက စစ်သည်တော်များကသာ ရင်ဆိုင်ရသည့် ကိစ္စလောက် မရိုးရှင်းချေ။ ထောက်ပံ့ပို့ဆောင်ရေးက လိုအပ်နေသေးသည်။

အနာဂတ်ကာလ၏ တိုက်ပွဲအတွက် ဝမ်ချောင်က ကိစ္စအများကြီးအပေါ်ခွဲ၍ အာရုံမစိုက်နိုင်ချေ။ သူ့ကိုလည်း ထောက်ပံ့ပို့ဆောင်ရေးနှင့် ပတ်သတ်သော ကိစ္စများ၏ ဝန်ထုတ်ဝန်ပိုးကိုခံပြီး ကိုင်တွယ်ပေးမည့် အကူအညီတစ်ယောက်တော့ဖြင့် လိုအပ်သေးသည်။

“အွန်း”

ရွှီချီချင်က ဖျော့တော့စွာပြုံးပြီး ဝမ်ချောင်၏အနောက်သို့ လိုက်သွားသည်။

သူတို့နှစ်ယောက်က ဘေးချင်းယှဉ်လျှက် လျှောက်နေသည်။ နှစ်ယောက်လုံးက ငယ်ရွယ်ကာ လှပကာ ချောမောကြသည့်အတွက် သံမဏိမြို့ရှိ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာကို ဆွဲဆောင်သွားသည်။ ရွှီချီချင်က ဝမ်ချောင်၏အနောက်မှ လိုက်နေချိန်တွင် သူမ၏မျက်နှာတွင် အပြုံးတစ်ခုရှိနေသည်။ သူမက ပတ်ဝန်းကျင်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေပြီး သူမနှင့် ဝမ်ချောင်တို့က အာရုံစိုက်ရာအလယ်သို့ ရောက်နေကြောင်း သတိမပြုမိဘဲရှိသည်။

...

အချိန်ကတဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ ဝမ်ချောင်က သံမဏိမြို့၏ ကိစ္စများကို ကိုင်တွယ်နေချိန်တွင် အခြားတစ်နေရာတွင် ရှိနေသည့် ကျောင်းကျင်းတရန်ကလည်း ဘိလပ်မြေလမ်းနှင့် ပတ်သတ်သော ကိစ္စများကို ကိုင်တွယ်နေသည်။

“ဟိုင်း ဟား”

အချက်ပြပို့လိုက်သလိုမျိုး မမျှော်လင့်ထားသော မီးခိုးဖြူရောင် ဘိလပ်မြေလမ်းက မြို့တော်မှစတင်လျှက် အနောက်ပိုင်းနယ်မြေသို့ တဖြည်းဖြည်းချင်း ဆက်လက်ခင်းသွားသည်မှာ နိုးထလာသော နဂါးတစ်ကောင်က မြေကြီးထဲမှ ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ဆန့်ထုတ်လာသည်နှင့်ပင် တူနေသေးသည်။

အမျိုးမျိုးသော မဟာကလန်ကြီးများကလည်း လူအင်အား အရင်းအမြစ်များကိုထုတ်ပြီး ဘိလပ်မြေလမ်းများထံသို့ ဆက်တိုက် ထည့်ပေးနေသည်။

အနောက်ဘက်ဒေသများသို့သွားသော ထိုလမ်းက နေ့တိုင်းလိုလို လီတစ်ဆယ်ကျော် ဆောက်နိုင်နေခဲ့သည်။ တစ်ခါတစ်ရံတွင် လီတစ်ရာကျော်သည်အထိ ဆောက်နိုင်သွားသေးသည်။ ထိုမျှ ပြန့်ပြူးနေပြီး ချောမွေ့ကာ ကြမ်းတမ်းမာကြောသောလမ်းက လူတိုင်းကို ချီးကျူးမှုအပြည့်ဖြင့် သက်ပြင်းချမိစေသည်။

မမျှော်လင့်ထားသော လွယ်ကူအဆင်ပြေလာသည့် လမ်းပန်းဆက်သွယ်ရေးစနစ်က တဖြည်းဖြည်းချင်း ပုံပေါ်လာသည်မှာ ပါဝင်ထားရပြီး အားစိုက်ထုတ်ထားရသည့် လူတိုင်းကို ပျော်ရွှင်ကာ စိတ်လှုပ်ရှားလာစေသည်။

ပိုးသားလမ်းက ရွှေသားလမ်းဖြစ်သည်။ လောကတွင် အကျော်ကြားဆုံးလမ်းလည်းဖြစ်သည်။ အရှေ့ဘက်နှင့် အနောက်ဘက်သို့ သွားလာရသော လူတိုင်းအတွက် ထိုလမ်းက နာမည်အကြီးဆုံး အကြွယ်ဝဆုံးကုန်သည်များ၊ ရတနာများ၊ မဟူရာများ၊ ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းများ စသဖြင့်တို့ သယ်ဆောင်လာရာနေရာလည်း ဖြစ်နေသေးသည်။

ထိုလမ်းကို ခင်းသည်မှာ ပြီးဆုံးသွားလျှင် ပါဝင်သောလူတိုင်းက ရရှိမည့် ကြီးမားများပြားသည့် အကျိုးအမြတ်များကိုပင် မြင်နိုင်နေပြီဖြစ်သည်။

ဝုန်း

ဘိမ်းများလိမ့်သံကိုလည်း ထင်ရှားစွာ ကြားနိုင်သည်။ အလုပ်သမား ထောင်ပေါင်းများစွာက အလုပ်လုပ်နေချိန်တွင် အပြာ အစိမ်း လိုက်ကာများချထားသည့် ထူးခြားသော ရထားလုံးတစ်စီးက ဘိလပ်မြေလမ်းတောက်လျှောက် ခရီးနှင်နေသည်မှာ မျက်စိဖမ်းစားလွန်းပြီး သိသာလွန်းသည်။

သို့သော် မည်သည့်အလုပ်သမားကမှ ထိုရထားလုံးကို အာရုံမစိုက်ချေ။ သူတို့က လမ်းခင်းရင်း အလုပ်လုပ်နေသည့်တောက်လျှောက် ထိုအလုပ်သမားတိုင်း နီးပါးက ထိုရထားလုံး၏ တည်ရှိမှုကို နေသားကျပြီးသားဖြစ်သည်။ ထိုရထားလုံးက မနက်တိုင်းလိုလို မြို့တော်မှ ထွက်လာတတ်ပြီး အသစ်ဆောက်ပြီးကာစလမ်းပေါ် သွားလာပေလိမ့်မည်။ နေ့လည်ဆိုလျှင်မူ အပြန်လမ်း စတင်ပေလိမ့်မည်။

ထိုလမ်းစဉ်က နေ့ရက်တိုင်းလိုလို ထပ်ခါတလဲလဲ ဖြစ်နေခဲ့သည်။

စောင့်ကြည့်နေသော ရထားလုံးထဲမှ လူတစ်ယောက်က မျက်မှောင်ကျုံ့နေပြီးနောက် သတိအပြည့်ဖြင့် မေးသည်။

“အရှင်ကျောင်း ဘယ်လိုလဲ ကျေနပ်လား”

အလုပ်သမားတိုင်းက သူတို့၏တာဝန်ကိုလုပ်ပြီး အလုပ်များနေချိန်တွင် လူအနည်းစုကသာ လိုက်ကာ၏ ထောင့်စွန်းနားက မြောက်တက်သွားပြီး မျက်လုံးနှစ်စုံက ပေါ်လာကာ အပြင်သို့ လှမ်းကြည့်နေကြောင်းကို သတိထားမိသည်။

“အွန်း”

ကျောင်းကျင်းတရန်က အသိအမှတ်ပြုသလိုမျိုး အကြံပေးသည်။ ထို့နောက် ထိုအလုပ်သမားများက အရည်ထပ်လောင်းချပြီး ဘိလပ်မြေလမ်း ထပ်ခင်းနေပုံကိုကြည့်သည်။

ဘိလပ်မြေလမ်းက ကိုယ်ပိုင်စက်များဖြင့် ဆောက်လုပ်ရန် လွှတ်ထား၍ရလောက်အောင် မရိုးရှင်းချေ။ ဆောက်လုပ်ပြီးနောက် ရေထပ်လောင်းရန် လိုအပ်နေသေးသည်။ ဝမ်ချောင်ကလည်း ထိုအချက်ကို စာထဲတွင် ထပ်ခါတလဲလဲ ထည့်ပြောထားပြီးသားဖြစ်သည်။ ထို့ကြောင့် ကျောင်းကျင်းတရန်အနေဖြင့် အရေးကြီးသော အချက်များကို လိုက်ကြည့်ပေးရမည်ဖြစ်သည်။

“ဟား ဟား အရှင်ကျေနပ်ရင် အဆင်ပြေပြီ။ ငါတို့ရဲ့မဟာမိတ်က လက်ရှိအချိန်မှာ အရာအားလုံးကို စီမံခန့်ခွဲပြီး အရှင်အမတ်ကို ဘိလပ်မြေလမ်းကို မြို့တော်ကနေ ဝူရှန်းအထိ ဖောက်ပေးနိုင်ဖို့ အားစိုက်ကူညီခဲ့တာ။ ဒါ့အပြင် ငါတို့ရဲ့ကလန်တွေကလည်း ဝူရှန်းရဲ့ သံမဏိမြို့မှာ ကုန်တွေ သိုလှောင်ထားတာပဲမဟုတ်လား။ အာ ငါကုန်လို့သုံးလိုက်မိတာလား။ ဒါက ထူးဆန်းလိုက်တာ။ အတိုချုံ့ပြောရရင်တော့ ငါတို့က အရှင်အမတ်နဲ့ တစ်လှေတည်းစီးနေတာပဲ။ ငါတို့က တစ်ဖက်တည်းကပဲ။ အရှင်အမတ်ရဲ့ ပြဿနာက ငါတို့ရဲ့ ပြဿနာပဲလေ မဟုတ်ဘူးလား”

ကျောင်းကျင်းတရန်၏အနားတွင် အကျင့်ပျက် ချစားတတ်သော ဖားယားတတ်သည့် ကလန်မှ ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေသည်။ သူက စကားကို ထိုနေရာတွင်ရပ်ပြီးနောက် ဖားယားသော မျက်နှာအမူအရာမျိုးဖြင့် ဆက်ပြောသည်။

“ငါတို့က လမ်းခင်းနေတဲ့ အချိန်အတောအတွင်းမှာ လူကြီးမင်းအနေနဲ့ အရှင်အမတ်ကို ဆက်သွယ်ပြီး အရှင်အမတ်ရဲ့ အကြံဉာဏ်တွေကို ပြန့်အောင် လုပ်ပေးလို့ရမလား။ ဒီလိုဆိုရင် ငါတို့က ဒီလမ်းကို အနောက်ပိုင်းနယ်မြေထိ တောက်လျှောက် ခင်းသွားနိုင်မှာလေ။ ဒီလိုဆိုရင် လူတိုင်းအတွက် အချိန်ကုန်သက်သာပြီး အကျိုးအမြတ်အများကြီးရမှာမဟုတ်လား။ အရှင်အမတ်က သဘောမတူဘူးလား”

ကျောင်းကျင်းတရန်က မျက်မှောင်ကျုံ့သည်။ သူက ထိုကလန်မှ ကျွမ်းကျင်ပညာရှင်ကို လှည့်ကြည့်လိုက်သည်။ သူ၏အမူအရာက တစ်ဖက်သူကို အေးစိမ့်သွားစေသည်။

“ငါမင်းကို အရှင်အမတ်ရဲ့သတင်းကို ပြန်ပြောဖို့လိုလား။ မရဘူးဆိုတာက မလုပ်ရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီအခြေအနေကို ဆက်ညှိနှိုင်းစရာ မလိုတော့ဘူး။ ဒီကိစ္စကို လက်မခံနိုင်တဲ့ ဘယ်သူမဆို မဟာမိတ် အဖွဲ့ကနေ ချက်ချင်းထွက်သွားနိုင်တယ်။ အနောက်ပိုင်းနယ်မြေနဲ့ ပတ်သတ်တဲ့ကိစ္စတိုင်း ... ဘိလပ်မြေလမ်း အပါအဝင် ဘယ်လိုကိစ္စမဆို အဲ့ဒီကလန်နဲ့ ပတ်သတ်လို့မရဘူး”

ကျောင်းကျင်းတရန်၏အကြည့်က ဓားတစ်လက်အလား စူးရှလာသည်။ ထိုကလန်မှ ကျွမ်းကျင်ပညာရှင်က အလျင်စလို ခေါင်းငုံ့လိုက်ရသည်။

သူတို့နှစ်ယောက်က ဝမ်ချောင်က ကလန်များ၏ မဟာမိတ်နှင့် ပတ်သတ်ပြီး လုပ်ပေးထားသော စာချုပ်အကြောင်း ဆွေးနွေးနေကြခြင်းဖြစ်သည်။ ဘိလပ်မြေလမ်းတိုင်းက အသစ်စက်စက်ဖြစ်နေပြီး ယခင်တည်ရှိပြီးသား ပိုးသားလမ်းပေါ် ထပ်ကာ တည်ဆောက်မည်မဟုတ်ချေ။ ဆိုလိုသည်မှာ ကလန်မဟာမိတ်က ထုံးကျောက်၊ ရွှံ့စေး၊ အလူမီနီယမ် ကျောက်ရိုင်းတုံး၊ သဲ၊ ကျောက်စရစ်ခဲများအပြင် လမ်းအသစ်တူးရန် ပိုက်ဆံအများကြီးထုတ်သုံးရန် လိုအပ်နေလေသည်။

ထို့ကြောင့် ငွေကြေးဘက်မှကြည့်သော် ဒါက ကလန်မဟာမိတ်အတွက် အကျိုးမရှိချေ။

ထို့ကြောင့် ကလန်မဟာမိတ်မှ ကိုယ်စားပြု တစ်ယောက်ပြီးတစ်ယောက် ရောက်လာကာ ကျောင်းကျင်းတရန်ကို ဖြောင့်ဖြဆွေးနွေးလေ့ရှိသည်။ ယခုဆိုလျှင် အယောက်နှစ်ဆယ် ကျော်သွားလောက်ပြီးလေပြီ။ ကျောင်းကျင်းတရန်က ရေပင် မရေတွက်ချင်တော့ချေ။ သူက အချိန်တိုင်းလိုလို တင်းတင်းမာမာ ငြင်းဆန်သည်။ ကျောင်းကျင်းတရန်ကလည်း ဝမ်ချောင်ကို ထိုကိစ္စအကြောင်း မေးမြန်းခဲ့ပြီးလေပြီ။ သို့သော် ဝမ်ချောင်ကလည်း လက်မခံခဲ့ချေ။

ဘိလပ်မြေလမ်းက ပေါ်လာသည်နှင့် ခမ်းနားသွားမည်ဖြစ်ပြီး ဆက်တိုက် သွားလာမည့် အရေအတွက်ကို ရပ်ပင်ရပ်နိုင်တော့မည် မဟုတ်ချေ။ ဝမ်ချောင်က ထိုအခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်သည်။ သူက အသိအမှတ် ပြုပြု မပြုပြု ဘိလပ်မြေလမ်းများက မဟာထန်တခွင် ကျော်ကြားလာမည်ဖြစ်ပြီး ထိုလမ်းများပေါ် ဖြတ်သန်းသွားလာရသည့်အခါ လွယ်ကူအဆင်ပြေမှုနှင့် အလေးချိန်အများကြီး ခံနိုင်သောကိစ္စကြောင့် နာမည်ကြီးလာမည်ဖြစ်သည်။

ဆိုလိုသည်မှာ ဘိလပ်မြေလမ်းများက မဟာထန်တခွင်အနှံ့ ပေါ်လာနိုင်သလို မြို့တော်တွင်တောင် သီးသန့်မရှိနိုင်တော့ဘဲ အနောက်ပိုင်းဒေသထိ ရောက်ရှိသွားနိုင်သေးသည်။

ဝမ်ချောင်ကလည်း ကလန်၏ မဟာမိတ်က မူလလမ်းကြောင်းအတိုင်း လမ်းတည်ဆောက်ခြင်းအားဖြင့် ထိုလူများထံမှ သွားလာကြေးကောက်ခံမည့် အခြေအနေကို ရှောင်ရှားလိုသည်။ ထိုသို့ဆိုလျှင် သာမာန်လူများထံမှ အငြိုးထားခံရနိုင်ပြီး တိုင်းပြည်တစ်ပြည်လုံးကို အကျိုးအမြတ် ရစေမည့် ဆောက်လုပ်ရေး စီမံကိန်းက ထိုလူများကို ဒေါသထွက်စေသည့် အခြေအနေသို့ ပြောင်းလဲသွားနိုင်သေးသည်။

ထိုရလဒ်က ဝမ်ချောင်၏ စိတ်ရင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။

ထို့ကြောင့် ဝမ်ချောင်ကိုယ်တိုင်ကလည်း ထိုကန့်သတ်ချက်ကို ဘယ်သောအခါမှ သဘောတူလိမ့်မည် မဟုတ်ချေ။ သူက လိုအပ်လျှင် ထပ်ခါတလဲလဲ ငြင်းဆန်ပေးမည်ဖြစ်သည်။

ကလန်မဟာမိတ်က သူ့ကိုမည်သို့ပင် ဖြောင့်ဖြစေကာမူ ကျောင်းကျင်းတရန်ကလည်း သဘောတူလိမ့်မည် မဟုတ်ချေ။

“အရှင်ကျောင်း ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပါ။ ငါစကားပြောမှားသွားတာပါ”

ကလန်မှ ကျွမ်းကျင်ပညာရှင်က ချက်ချင်းလိုလို အကြောင်းအရာကို ပြောင်းလိုက်သည်။ ကျောင်းကျင်းတရန်က ထိုအကြောင်းကို ဆက်ပြောမနေချေ။ သူက ဆက်ပြောသည်။

“လက်ရှိအရှိန်နှုန်းနဲ့ဆိုရင် လမ်းကဝူရှန်းကိုရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ”

“ဒါ ဒါ လေးလ၊ ငါးလလောက်ပါ”

ကျွမ်းကျင်ပညာရှင်က စိတ်အားထက်သန်စွာ တုန့်ပြန်သည်။ ကျောင်းကျင်းတရန်၏ ယခုလို မေးမြန်းမှုအရ ယခင်ကိစ္စကို လွှတ်ပေးလိုက်ကြောင်း သိသာသည်။

“ငါတို့က အချိန်အဲ့လောက်ကြီးမရဘူး။ ကြည့်ရတာ ဒီဖြစ်စဉ်က နှေးကွေးနေတာပဲ”

ကျောင်းကျင်းတရန်က မျက်မှောင်ကျုံ့သည်။ ထိုအချိန်ကာလက သူမျှော်လင့်ထားသည်ထက်ပင် ကြာသေးသည်။

“ကလန်ရဲ့ မဟာမိတ်ကိုပြောလိုက် အရှင်အမတ်က မူရင်လမ်းကိုသုံးပြီး ဘိလပ်မြေလမ်းကို တည်ဆောက်ဖို့ သဘောမတူဘူးဆိုပေမဲ့ ဒီလမ်းကသာ ဝူရှန်းကို သုံးလအတွင်း ပြီးမြောက်နိုင်မယ်ဆိုရင် အရှင်အမတ်က မဟာမိတ်အဖွဲ့ကို အကျိုးအမြတ်ရဲ့ ငါးရာခိုင်နှုန်း ပိုပေးလိမ့်မယ်။ ဒီလမ်းက နှစ်လအတွင်းသာ ပြီးနိုင်မယ်ဆိုရင် အရှင်အမတ်က မဟာမိတ်အဖွဲ့ကို တစ်ဆယ်ရာခိုင်နှုန်း အကျိုးအမြတ် ပိုပေးမှာပဲ”

ထိုလူ၏မျက်ဝန်းက ချက်ချင်းတောက်ပသွားသည်။ သူ၏မျက်နှာကလည်း ဝင်ပသွားသည်။

“အရှင်ကျောင်းပြောတာက တကယ်လား”

ကျွမ်းကျင်ပညာရှင်က တောက်ပသောမျက်ဝန်းဖြင့် ဆက်မေးသည်။

ဝမ်ချောင်နှင့် ကလန်မဟာမိတ်ကြားမှ စာချုပ်အရ မဟာထန်တွင် တည်ဆောက်သော ဘိလပ်မြေလမ်းတိုင်းနှင့် ပတ်သတ်သည့် ရရှိမည့် အကျိုးအမြတ်နှင့် အခြေအနေတိုင်းကို စာချုပ်ထဲတွင် ထည့်သွင်းထားပြီးသားဖြစ်သည်။ ယခုထပ်တိုးပေးသည်မှာ ငါး သို့မဟုတ် တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ဖြစ်လောက်သော်လည်း နောက်ကွယ်မှာ ရရှိမည့် ပမာဏက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြင့်မားသွားနိုင်သေးသည်။

ဆယ်စုနှစ်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်းများစွာ သို့မဟုတ် နှစ်သန်းကျော် ကြာပြီးနောက်တွင် ထိုစာချုပ်က အသက်ဝင်နေဦးမည်ဖြစ်သည်။

ဒါက ဝမ်ချောင်နှင့် ကလန်မဟာမိတ်ကြားမှ သဘောတူညီမှုလည်းဖြစ်သည်။

ဝမ်ချောင်က တစ်ချိန်လုံး အကျိုးအမြတ်၏ တစ်ဆယ်ရာခိုင်နှုန်းကို ဆက်ပေးနေဦးမည်ဆိုလျှင် ကလန်မဟာမိတ်က အကျိုးအမြတ် အကြီးကြီး ရရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဘိလပ်မြေလမ်းကို ဝူရှန်းသို့ အမြန်ဆုံးရောက်အောင် တည်ဆောက်ရန် မည်သည့် တန်ကြေးကိုမဆို ထုတ်သုံးကြပေလိမ့်မည်။

သူတို့ဆက်တိုက်ရမည့် အကျိုးအမြတ်ကြီးနှင့်ယှဉ်သော် လက်ရှိအချိန်၏ ဆုံးရှုံးမှုက မသိသာလောက်အောင် သေးငယ်သည်။

အကျိုးအကြောင်းသင့်စွာ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်မည်ဆိုလျှင် မဟာကလန်ကြီးတိုင်းကလည်း ထိုအကြောင်းအရာကို လက်ခံကြပေလိမ့်မည်။

“ငါတို့ရဲ့ အရှင်အမတ်ရဲ့ ကတိက ရွှေထက်တောင် အလေးချိန် စီးသေးတယ်။ သူဘယ်တုန်းက စကားမတည်ဘူးလို့လဲ”

ကျောင်းကျင်းတရန်က ထိုသို့ပြန်ပြောသည်။

“အံ့ဩစရာပဲ အရှင် ခဏပဲစောင့်ပါ။ ငါအခုချက်ချင်း မဟာမိတ်အဖွဲ့ကိုပြန်ပြီး အကြီးအကဲတွေနဲ့ ဆွေးနွေးလိုက်မယ်။ အကြီးအကဲတွေက သေချာပေါက် သဘောတူမှာပဲ”

ထိုကျွမ်းကျင်ပညာရှင်က တံခါးကိုဖွင့်ပြီး ချက်ချင်းလိုလို ရထားလုံးထဲမှ ခုန်ထွက်သည်။ သူက လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ကလန်မဟာမိတ် ဌာနချုပ်သို့ အပြေးပြန်သွားသည်။

ဘန်း

မျှော်လင့်ထားသည့်အတိုင်း ဝမ်ချောင်၏ ကမ်းလှမ်းမှုက ကလန်မဟာမိတ် တစ်ခုလုံးကို မွှေနှောက်နိုင်ခဲ့သည်။ မည်သူကမျှလည်း ဝမ်ချောင်က ထိုမျှအကျိုးအမြတ်အကြီးကြီး ပေးလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။ မည်သူကမျှလည်း ထိုဆွဲဆောင်မှုကို မခံနိုင်ကြချေ။ ကလန်မဟာမိတ်၏ အဖြေက သိသာသည်။

“သဘောတူတယ်”

စာချုပ်အသစ်ကို လက်မှတ်ထပ်ထိုးပြီးနောက် ဘိလပ်မြေလမ်းကို ခင်းသည့်အရှိန်နှုန်းက ပို၍ပင် မြန်ဆန်သွားသည်။ အကျိုးအမြတ်အတွက် မဟာကလန်ကြီးတိုင်းက သူတို့၏ ပိုင်ဆိုင်မှုများ အချို့သော စီးပွားရေးလုပ်ငန်းများကို ပြန်လည်ရောင်းချကြခြင်းအားဖြင့် ပိုက်ဆံများထွက်လာအောင်လုပ်သည်။ အချို့သော ကျွမ်းကျင်ပညာရှင်များဆိုလျှင် အလုပ်ကိုကြီးကြပ်ရန် ကိုယ်တိုင် ထွက်လာကြသေးသည်။

ထိုသို့ဖြင့် ဆောက်လုပ်မှုအရှိန်နှုန်းက အဆပေါင်းများစွာ မြန်ဆန်သွားသည်။

......

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ ဘိလပ်မြေလမ်းကိုလည်း ဆက်ခင်းနေကြသည်။ ထိုအချိန်တွင် မနီးမဝေးသော တစ်နေရာတွင် တင်းကြပ်သော လေထုက တဖြည်းဖြည်းချင်း အကောင်အထည် ပေါ်လာသည်။

“စုံစမ်းတာ ဘယ်လိုနေလဲ”

ညအချိန်ရောက်လာသည်။ မြို့တော်၏ တောင်ဘက်ဂိတ် လမ်းဘေးနားတွင် ရပ်ထားသော ခမ်းနားသည့် ရထားလုံးက တည်ရှိနေသည်။ ရထားလုံး၏ အနားတွင် အသက်လေးဆယ် အရွယ်ခန့်ရှိမည့် လူကြီးတစ်ယောက် ရှိနေသည်။ သူ၏လက်က ကျောနောက်သို့ ပို့ထားသည်။ သူ၏ခန္ဓာကိုယ်မှ မြင့်မြတ်သော အရှိန်အဝါကို ဖော်ထုတ်နေသည်။ သူက တစ်စုံတစ်ရာကို တိတ်တဆိတ် စောင့်နေသည်။ အနားတွင်လည်း ဖြတ်သွားဖြတ်လာများရှိသည်။ သို့သော် သူက ဒီတိုင်းရပ်နေရုံဖြင့် သတ်လတ်ပိုင်းလူက ကြက်အုပ်ထဲရောက်နေသော ကြိုးကြားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ထိုသတ်လတ်ပိုင်းလူ၏ ခမ်းနားမှုက မြို့တော်မှ အထက်တန်းလွှာများက တောက်ပသော လမင်းရှေ့တွင် သူတို့၏အလင်းကို ထုတ်ပြမိသည့် ပိုးစုန်းကြူးများအလား ဖြစ်ပေလိမ့်မည်။

“အရှင်မင်းသားကို ပြန်ဖြေပါတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးပါပြီ။ ချီးရှီဘက်မှာ ကျန်းချွယ်လို့ခေါ်တဲ့ ကလေးတစ်ယောက်က သူတို့နောက်ကို လိုက်နေတာပါ။ ဒါပေမဲ့ ဒီဘက်ကိုရောက်တော့ သိန်းငှက်အိုကြီးက တာဝန်လွှဲပြောင်းယူလိုက်တယ်။ ဒါ့အပြင် ကျန်းချွယ်လို့ခေါ်တဲ့ကလေးကလည်း သိန်းငှက်အိုကြီးရဲ့တပည့်ပါ”

ဘုရင်စုန့်၏ ဘယ်နှင့်ညာဘက်တွင် သူ၏အိမ်တော်ထိန်းအိုကြီးနှင့် လုထင်က ရှိနေသည်။ အိမ်တော်ထိန်းအိုကြီးက ခေါင်းငုံ့ထားပြီး သူ၏နှုတ်ခမ်းက အလျင်မလိုသည့် ပုံစံမျိုးဖြင့် လှုပ်ရှားနေသည်။

“ဒါ့အပြင် ကျွန်တော်တို့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားဆီက ရထားတဲ့ သတင်းအတိုင်းဆိုရင် ဖုမာန်လင်းချာက လွှတ်လိုက်တဲ့လူတွေက အနောက်ဘက်ဂိတ်က မဖြတ်လာခဲ့ပါဘူး။ ဟူကုန်သည်တွေ အများဆုံး အသုံးပြုကြတဲ့ဂိတ်က မဖြတ်လာဘဲ သူက အဲ့ဒီနားကပတ်ပြီး တောင်ပိုင်းဂိတ်က ဝင်ခိုင်းခဲ့တာပါ”

All Chapters