အခန်း (၈၁၁-၈၁၅)
Vol. 44 Ch. 811-815
အခန်း(၈၁၁)
ဘုရင်စုန့်က လှုပ်ရှားပြီ
“အွန်း”
ဘုရင်စုန့်က ခေါင်းညိမ့်သည်။ ဖုမာန်လင်းချာက ချီးရှီကာကွယ်ရေး ဗိုလ်ချုပ်ဖြစ်နေသည်။ သူက အဆင့်အတန်းမြင့်ပြီး အာဏာလည်းကြီးသည်။ အစောပိုင်းနှစ်များတွင်သူက ထိုမဟာဗိုလ်ချုပ်နှင့်တွေ့ရန် အခွင့်အရေး ရှိခဲ့သည်။ တစ်ဖက်သူက အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများထဲတွင် စီနီယာအကျဆုံး လူတစ်ယောက်ဖြစ်ပြီး အကျင့်စရိုက်က လူကြမ်းကြီးနှင့်တူကာ စာအုပ်ကြီးအတိုင်း လုပ်ဆောင်တတ်သူဟု ထင်ရသော်လည်း တစ်ဖက်သူက အလွန်အမင်း ကောက်ကျစ်သောလူဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။
ဖုမာန်လင်းချာ၏ အပါးရှိ အယုံကြည်ရဆုံး လူမျိုးကို ချီးရှီက အလွန်အမင်း ဂရုထားကာ လွှတ်လိုက်ပြီး မြို့တော်သို့လာသော သာမာန်လမ်းမှ မသွားစေဘဲ အကွေ့အကောက် လမ်းများဆီမှ သွားခိုင်းခဲ့သည်။ တစ်ခါတစ်ရံတွင် ထိုလူများက ရပ်တန့်ပြီး တစ်ခါတစ်ရံတွင် နောက်ပြန်လှည့်တတ်သည်။ ထိုသို့ဖြင့် လမ်းကို အမျိုးမျိုးပြောင်းကာ ဆက်သွားနေခဲ့သည်။ အတိုချုံ့ဆိုရသော် ထိုကဲ့သို့သော လူများ၏ အနောက်သို့ နောက်ယောင်ခံလိုက်ရခြင်းက အလွန်အမင်း ဒုက္ခများသည်။ မြို့တော်သို့ ချဉ်းကပ်လာသည်နှင့်အမျှ ထိုလက်အောက်ငယ်သားများက ပိုပို၍ပင် သတိထားသွားသေးသည်။ အနောက်ပိုင်းဂိတ်သို့ ဝင်ရောက်မည့်အစား တောင်ပိုင်းဂိတ်မှပတ်ကာ ဝင်သွားသေးသည်။
လက်အောက်ငယ်သားတိုင်းက သူတို့၏ ကြီးကြပ်သူအတိုင်း လိုက်လုပ်ရခြင်းဖြစ်သည်။ ဘုရင်စုန့်ကလည်း တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် ဖုမာန်လင်းချာ၏ စရိုက်လက္ခဏာများကို မြင်နိုင်သည်။
“ပန်းချီကိုထုတ်လိုက် အဲ့ဒီကလေးဝမ်ချောင်က ဒီကိစ္စကို အလေးအနက်ထားနေပြီး ငါ့ကိုယုံကြည်ပြီး လုပ်ခိုင်းထားတယ်ဆိုကတည်းက ငါကလည်း အမှားအယွင်းဖြစ်ခွင့် ပြုလို့မရဘူး။ အဲ့ဒီဂိတ်ပေါက်ကနေ လူအများကြီးကို ဝင်သွားခိုင်းလိုက်။ သိန်းငှက်အိုကြီးရဲ့ငှက်တွေက အချိန်မှီ မလိုက်နိုင်ဘဲ ဖြစ်သွားနိုင်တယ်။ နောက်ပြီး ဂရုစိုက်ကြည့်ထား။ သူက ငါတို့မသိစေဘဲ မြို့ထဲကို ခိုးဝင်သွားလို့မရဘူး”
ဘုရင်စုန့်က ခပ်ကြမ်းကြမ်း ပြောသည်။
“ဟုတ်ကဲ့”
အိမ်တော်ထိန်းအိုကြီးနှင့် အေးစက်သော မျက်နှာထားရှိသည့် အနက်ရောင်ဝတ်စုံနှင့် ကျွမ်းကျင်ပညာရှင်တို့က တညီတညာတည်း ပြန်ဖြေကြသည်။
ဘုရင်စုန့်က မဟာထန်၏ တော်ဝင်မင်းသားတစ်ပါးဖြစ်ပြီး မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကြာပြီးနောက် သူ၏အိမ်တော်က အရင်းအမြစ်အများကြီး ပိုင်ဆိုင်ထားသလို ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကိုလည်း ခေါ်ထားနိုင်ခဲ့သည်။ ဒါက အိမ်တော်ထိန်းအိုကြီးပင် မဟုတ်ပေ။ အနက်ရောင်ဝတ်စုံနှင့် လူကလည်း ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။
အချိန်က တဖြည်းဖြည်းချင်း ကုန်သွားသည်။ ထိုသို့ဖြင့် အမှောင်ထုက ကြီးစိုးသထက် ကြီးစိုးလာသည်။ ဘုရင်စုန့်နှင့် သူ၏လူများက အမှောင်ရိပ်ထဲသို့ တိုးဝင်ကာ ပေါင်းစပ်ထားသလိုမျိုး သူတို့၏ တည်ရှိမှုက မရှိသလောက် ဖြစ်သွားသည်။ မည်သူကမျှ မလှုပ်ကြချေ။ သူတို့က လမ်းဘေးနားတွင် ရပ်နေသည့် ရုပ်ထုများအလား ပြောင်းသွားသည်။ အချိန်တစ်ခုကြာပြီးနောက် ဂိတ်တံခါးက ပိတ်လုနီးပါး ဖြစ်သွားသောအခါ အမြဲတစေ မှေးကျဉ်းနေသော မျက်လုံးနှင့် အိမ်တော်ကြီးအိုကြီးက ရုတ်တရက် တောက်ပသော မျက်ဝန်းအဖြစ် ပြောင်းသွားသည်မှာ ဟွက်တစ်ကောင်၏ စူးရှသော အကြည့်အလား ထင်ရသည်။
တချိန်ထဲလိုလို ဘုရင်စုန့်၏ မျက်လုံးကလည်း လှုပ်ရှားသွားပြီး ကိုယ်ကတည်း တဖြောင့်တည်း ရပ်လိုက်သည်။ သူက အမူအရာ ကင်းမဲ့နေသေးသော်လည်း သူ၏မျက်လုံးကမူ မြေပြင်ကိုသာ အာရုံစိုက်ထားဟန်တူသည့် ဟူကုန်သည်ထံ ရောက်နေသည်။ ထိုဟူကုန်သည်က သတိမထားမိလုနီးပါးဖြစ်အောင် ဂရုတစိုက် လှုပ်ရှားနေပြီး ဒီတိုင်း ဟန်များအပိုင် ဂိတ်မှ ဖြတ်သန်းသွားလာသော လူတစ်ယောက်ဟု ထင်ရအောင် ကြိုးစားနေသည်။ သို့သော် သူက ကွဲထွက်နေသေးသည်။
ဉာဏ်လည်းကောင်းတယ် တုံးလည်းတုံးတယ်။
ဘုရင်စုန့်က ခပ်ဟဟရယ်လိုက်ပြီးနောက် ရုတ်တရက် ထွက်လိုက်သည်။ သူက လူအုပ်ကို ကျော်ဖြတ်ကာ ထိုဟူကုန်သည်၏ အရှေ့တွင် ရပ်လိုက်ပြီးနောက် တစ်ဖက်သူကို ရှေ့ဆက်မတိုးအောင် တားသည်။
“ချီးဖူလီ ငါမင်းကိုစောင့်နေတာ ကြာပြီ”
ရိုးရှင်းသော်လည်း တိုးလျသည့် ထိုစကားက ရုတ်တရက် ထွက်လာသည့်အခါ ထိုဟူကုန်သည်၏ နားထဲသို့ မိုးကြိုးပစ်ထည့်လိုက်သလို ဖြစ်သွားသည်။ ထိုလက်အောက်ငယ်သား၏ ပုခုံးက တုန်သွားပြီး ခေါင်းကိုမော့လိုက်ကာ သူ၏ အပြာရင့်ရောင် မျက်လုံးက အပြူးသားဖြင့် မော့ကြည့်သည်။
“ဟွန် တကယ်ကို ငါရှာနေတဲ့လူပဲ”
ဘုရင်စုန့်က ပန်းချီထုတ်ကာစစ်ရန် မလိုအပ်ခဲ့ချေ။ ဟူကုန်သည်၏ တုန့်ပြန်မှုကတင် သူက ဖုမာန်လင်းချာ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ချီးဖူလီကလည်း ပြင်းထန်သည့် အန္တရာယ်ကို ခံစားလိုက်မိပြီး သူ၏တန်ထန်းက စွမ်းအင်မုန်တိုင်းများအဖြစ် ပေါက်ကွဲသွားသည်။ သို့သော်သူက ဘာမှမလုပ်နိုင်ခင် မြေပြင်ပေါ်သို့ ငွေရောင်ဖိနပ်တစ်ဖက်က ဖိဆောင့်လိုက်သည်။ မသိသာသော်လည်း အလွန်အမင်း ပြင်းထန်သည့် စွမ်းအင်များက မြေကမာ္ဘထဲမှ ရွှေ့ပြောင်းခံလိုက်ရသလိုမျိုး ချက်ချင်းလိုလို ထိုဟူကုန်သည်၏ ခုခံမှုအားလှိုင်းကိုကျော်ဖြတ်ကာ သူ၏ ခြေထောက်ရှိ ယုံချွမ်အမှတ်မှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့သွားသည်။ ချက်ချင်းဆိုသလို ချီးဖူလီ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဘုရင်စုန့်၏ ထိန်းချုပ်မှုအောက် ရောက်သွားသည်။
ဘုရင်စုန့်က ထိုမျှမြန်ဆန်သော အရှိန်နှုန်းဖြင့် လှုပ်ရှားလိုက်သည်။ တိုက်ပွဲစတင်ချိန်ကနေ အဆုံးအထိ မည်သူကမျှ သတိမထားမိခဲ့ချေ။
“အရှင့်သား သခင်လေးချောင်ရဲ့ ပန်းချီက ဒီမှာပါ။ သံသယဝင်စရာ မလိုလောက်အောင် သူပါပဲ”
အိမ်တော်ထိန်းအ်ိုကြီးက တစ္ဆေတစ်ကောင်လိုမျိုး ဘုရင်စုန့်၏အနားတွင် ပေါ်လာပြီးနောက် ခပ်တိုးတိုးပြောသည်။ သူ၏လက်ထဲတွင်လည်း လိပ်ထားရာမှ ဖြေလိုက်သည့် ပန်းချီပုံတစ်ပုံပါသည်။ ထိုနေရာတွင် အရှေ့မှ ဟူကုန်သည်နှင့် တထေရာတည်းတူသော လူတစ်ယောက်၏ပုံဖြစ်သည်။
“သူပဲ”
လု့ထင်ကလည်း ရောက်လာသည်။ သူက လက်တစ်ဖက်ကိုသုံးပြီး ဟူကုန်သည်၏ အင်္ကျီလက်ကို ဆတ်ကနဲ ဆွဲတင်လိုက်ခြင်းအားဖြင့် အနက်ရောင်စကားလုံးဖြင့် ရေးသားထားသော သင်္ကေတ စာလုံးတစ်ခုကို မြင်လိုက်ရသည်။ လု့ထင်က သိုင်းမတတ်ချေ။ ထို့ကြောင့်သူက ဖုမာန်လင်းချာ၏ လက်အောက်ငယ်သားကို ကိုင်တွယ်ရာတွင် ဝင်မပါနိုင်ချေ။ သို့သော် သူ့တွင် အခြားသော ရည်ရွယ်ချက်တစ်ခုရှိသည်။
“ချီးဖူ မင်းက မြို့တော်ကိုလာရင် ဘာလို့ငါတို့ကို မပြောတာလဲ။ ဟား ဟား မင်းရဲ့အဘိုးက ငါ့ဆီစာရေးလိုက်တယ်လို့ မပြောဘူးလား။ မြန်မြန်ငါ့ကိုပေး ငါတစ်ချက်ကြည့်ရအောင်”
လု့ထင်က ထိုသို့ပြောလိုက်ပြီး ညာဘက်လက်ကိုဆန့်ကာ ချီးဖူလီ၏ အင်္ကျီဝမ်းဗိုက်အတွင်းမှ စာတစ်စောင်ကို ချောမွေ့စွာဖြင့် ယူလိုက်သည်။ လု့ထင်က အမူအရာ အလွန်တည်ငြိမ်သည်။ သူကလည်း ထိုကုန်သည်၏ မိတ်ဆွေအရင်းအချာ တစ်ယောက်ကဲ့သို့ ပြုမူနေသည်။ မည်သည့်အရာကမျှ မထူးဆန်းဘဲ မည်သူကမျှလည်း သတိမထားမိချေ။
စာကပွင့်သွားပြီး အဖြူရောင်စာရွက်ကို ဖယ်လိုက်သည်။ သူ၏မျက်လုံးက မှေးကျဉ်းသွားပြီးနောက် ပြုံးပြန်သည်။ လု့ထင်က စာက်ိုတစ်ချက်ကြည့်သည်။
သူ၏မျက်လုံးက စာ၏ညာဘက် အောက်ဘက်ထောင့်နားမှ စည်းတံဆိပ်တစ်ခုထံ ရောက်သွားသည်။
လု့ထင်က ခေါင်းကိုငုံ့လိုက်ပြီးနောက် ဘုရင်စုန့်နှင့် အိမ်တော်ထိန်းအိုကြီးကသာကြားလောက်မည့် လေသံမျိုးဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
“အရှင့်သား ဒါက ဖုမာန်လင်းချာရဲ့ ချီးရှီကာကွယ်ရေးစစ်တပ်က တံဆိပ်ပါပဲ။ အရှင့်ရဲ့ လက်အောက်ငယ်သားကလည်း စစ်တပ်ရဲ့ အမှုထမ်းရေးရာဌာနရဲ့ မှတ်တမ်းတွေထဲမှ တစ်ခါမြင်ဖူးပါတယ်။ သံသယဝင်စရာ မရှိပါဘူး”
လု့ထင်က ဒီစီမံကိန်းတွင် လုပ်ရသည့်တာဝန်က ရိုးရှင်းသည်။ သူကဒီတိုင်း ဖုမာန်လင်းချာ၏စာက အစစ်အမှန် ဟုတ်မဟုတ် စစ်ရုံဖြစ်သည်။
ဝုန်း
ထိုစကားလုံးများနှင့်အတူ ဘုရင်စုန့်နှင့် အိမ်တော်ထိန်းတို့၏ မျက်နှာက ဖြူစုတ်သွားကြသည်။ ဘုရင်စုန့်က ချက်ချင်းလိုလို လု့ထင်ထံမှ စာကိုယူပြီး ဖတ်ကြည့်သည်။ ထိုသို့ဖတ်လိုက်သည်နှင့် သူ၏မျက်နှာက ချက်ချင်း တင်းမာသွားသည်။ ဝမ်ချောင်က စာတွင်ပြောထားသော အရာအားလုံးကို အတည်ပြုနိုင်ခဲ့ပြီးသား ဖြစ်သော်လည်း ဘုရင်စုန့်က ထိုကိစ္စကို အစစ်အမှန် စိုးရိမ်ခြင်းမဟုတ်ချေ။ ဖုမာန်လင်းချာ၏ ရည်မှန်းချက်ကိုလည်း သူက မအံ့ဩချေ။ သူတို့ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပထမဦးဆုံးအကြိမ် တွေ့ချင်ကတည်းက ရည်မှန်းချက်ကို သိထားပြီးသားဖြစ်သည်။
သူအမှန်တကယ် ဂရုစိုက်သည်မှာ ဖုမာန်လင်းချာက သစ္စာခံမည်ဟု သစ္စာဆိုထားသော စာထဲတွင်ပါမည့် မဟာထန်မှ မင်းသားနာမည်ဖြစ်သည်။
“ဟာ”
ဘုရင်စုန့်က စာကို အင်္ကျီလက်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီးကိုချသည်။ သူ၏မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော ခံစားချက်ကို မြင်နိုင်သည်။ မြို့တော်တွင်လည်း စာထဲတွင်ပါသော မင်းသားနှင့်ပတ်သတ်ပြီး ကောလဟာလပေါင်း များစွာရှိသည်။ သို့သော် ဘုရင်စုန့်ကမူ အမြဲတစေ အင်ပါယာ အိမ်တော်စုအတွင်းမှ လူများထဲတွင် အစစ်အမှန် နဂါး၏ ဆက်ခံသူများက အမှန်အမှားကို ခွဲခြားနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
မဟာထန်က ဟန်များ၏ မဟာထန်ဖြစ်သည်။ နေရာကလည်း ဟန်များ၏ နေရာဖြစ်သည်။ ဧကရာဇ် ထိုက်ကျုံးက လောကကို စုစည်းပြီး လက်အောက်ခံအဖြစ် သိမ်းပိုက်ရန် သူ၏ သိုင်းအင်အားများကို မှီခိုခဲ့သည်။ သို့သော် သူ့ထံ သစ္စာခံမည်ဟု ကျိန်ဆိုပြသည့် ဟူများထံတွင်မဟုတ်ချေ။ မတူသော ကိစ္စက မတူသော အခြေအနေကို ဖြစ်စေနိုင်သည်။ အင်ပါယာတွင်လည်း ကိုယ်ပိုင်မာန်မာနရှိသည်။ ပန်းတိုင်များလည်းရှိသည်။ ဘုရင်စုန့်ကလည်း ဟူများကို ဆန့်ကျင်ရန် ထူးထူးခြားခြား အတွေးမျိုး ရှိနေသောလူမျိုး မဟုတ်ချေ။ သို့သော် ဟူတစ်ယောက်က အားနည်းသူကိုကျော်ပြီး အားကြီးသူကိုကပ်ကာ အလေးပေးခြင်းကမူ သဘောထားကြီးမြတ်မှုနှင့် မဆက်စပ်တော့ချေ။ အစစ်အမှန် အင်ပါယာကြီးက ဟန်များ၏ အင်ပါယာဖြစ်သည်။ သဘောထားကြီးသည်ဆိုသော အချိတ်အဆက်နှင့် အုပ်ချုပ်ပေးနေခဲ့ခြင်းအားဖြင့် ဟူများနှင့် ဟန်များက ငြိမ်းငြိမ်းချမ်းချမ်း အတူတူ ရှိနိုင်သော အခြေအနေမျိုး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
အစစ်အမှန်နဂါး၏သွေး သယ်ထားသော မင်းသားတစ်ပါး၊ ထီးနန်းကို ဆက်ခံနိုင်မည့် အရည်အချင်း ပြည့်မှီသော မင်းသားတစ်ပါးအနေနှင့် အခြေခံစည်းမျဉ်းကိုပင် နားမလည်ဟု မယုံကြည်မိချေ။ အနှစ်ချုပ်ဆိုရသော် သူက နယ်စပ်က ဟူမဟာဗိုလ်ချုပ်နှင့်ပင် ပူးပေါင်းရဲသည်။ ဒါက မင်းသားတိုင်းအတွက် ကြီးလေးသည့် တားမြစ်ချက်ကြီး ဖြစ်နေသည်။ ထိုကဲ့သို့သော မင်းသားတစ်ပါး ရှိနေခြင်းဟာ ကပ်ဘေးတစ်ခု အသင့်စောင့်နေသလို ဖြစ်နေသည်။ ဘုရင်စုန့်ကလည်း နန်းတော်ရှိ မင်းသားတိုင်းကို တူညီသော ကြင်နာမှုမျိုးနှင့် အမြဲတစေ ကြည့်ဖြစ်ခဲ့သည်။ မည်သည့်မင်းသားကိုမျှ သူက ဘက်မလိုက်ခဲ့ဖူးချေ။
သို့သော် ဟူမဟာဗိုလ်ချုပ်နှင့် ပူးပေါင်းသည့်ကိစ္စကမူ မဟာထန်၏ အခြေခံအကျဆုံးသော စည်းမျဉ်းကို လှုပ်ခါလိုက်သလို ဖြစ်သွားသည်။ ဘုရင်စုန့်က လက်မခံပေးနိုင်ချေ။
“သွားရအောင် ဒီမှာလူတွေ အများကြီးရှိတယ်။ ရထားလုံးထဲမှ ပြောကြမယ်”
ဘုရင်စုန့်၏စိတ်က အတွေးပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။ သို့သော်သူက လျှင်မြန်စွာဖြင့် ချက်ချင်းလိုလို နောက်ပြန်လှည့်ကာ လမ်းဘေးနေရာတွင် ရပ်ထားသည့် သင်္ကေတမပါသော ရထားလုံးထဲသို့ စီးဝင်သည်။ သူ၏အနောက်ဘက်တွင် အိမ်တော်ထိန်းအိုကြီးနှင့် အနက်ရောင်ဝတ်စုံနှင့် လူကြီးက ဖုမာန်လင်းချာ၏ လက်အောက်ငယ်သားကို ကောက်ပွေ့ပြီးနောက် ရထားလုံးထဲသို့ ထည့်လိုက်ကြသည်။
“ဟိုက်ရား”
ရထားလုံးက စရွှေ့သည်။ မြို့ဂိတ်ကို အလွန်အမင်း လျှင်မြန်စွာဖြင့် ကျော်ဖြတ်သွားပြီးနောက် ရှုပ်ထွေးသော လမ်းများအတွင်း ပျောက်ကွယ်သွားသည်။
...
“အရှင့်သား ကျွန်တော်တို့အခု ဘာဆက်လုပ်မှာလဲ။ ဒီစာကို အရှင်မင်းကြီးဆီ ပေးလိုက်မှာလား”
လု့ထင်ကပြောသည်။
ရထားလုံးထဲရှိ လူတိုင်း၏ စိတ်အခြေအနေက လေးလံနေသည်။ လု့ထင်က ထိုမင်းသားထံပို့သည့် သစ္စာခံစာကို အရင်ဆုံး ကြည့်လိုက်သူဖြစ်သည်။ သို့သော် ရထားလုံးထဲသို့ ဝင်ပြီးနောက် လူတိုင်းထံ ရောက်ပြီးသည့်ထိုစာက လု့ထင်ထံသို့ ပြန်ရောက်သွားသည်။ စာပါအကြောင်းအရာက အံ့အားသင့်စရာ ကောင်းလွန်းသည်။ ထိုမင်းသားနှင့် ဖုမာန်လင်းချာကြားမှ ဆက်သွယ်မှုအကြောင်းကသာ ပေါက်ကြားသွားလျှင် ကြီးမားသော မုန်တ်ိုင်းကြီး ဖြစ်လာပေလိမ့်မည်။
မဟုတ်ဘူး ဒါကြီးမားတဲ့ မုန်တိုင်းတင်မဟုတ်ဘူး။ အင်ပါယာခုံရုံးကိုတောင် လှုပ်ခါနိုင်တဲ့ ငလျှင်ပဲ။
ဝမ်ချောင်ကလည်း စာထဲတွင် ထိုအကြောင်းအရာကို ထည့်ထားပြီးသည့်တိုင်အောင် အစစ်အမှန်စာကို မြင်လိုက်ရသည့်အခါ ထိုကိစ္စ၏ အလေးချိန်ကို သူတို့က သေချာခံစားမိနိုင်ကြရာ လက်ရှိအချိန်တွင် ဘုရင်စုန့်အဖွဲ့ဘက်ကမူ ရွေးချယ်ရမည့် အခြေအနေ ရောက်လာသည်။ သူတို့က ထိုကိစ္စကို ဖော်မဖော်ဆိုသည့် ကိစ္စက သူတို့နှင့် သက်ဆိုင်သွားသည်။
“ဝမ်ချောင်က စာထဲမှာ ဘယ်လိုပြောထားလဲ”
ဘုရင်စုန့်၏မျက်လုံးအတွင်း ရှုပ်ထွေးသော အကြည့်က ပေါ်လာပြီးနောက် လု့ထင်ကိုကြည့်သည်။
“အမှန်တိုင်းပြောရရင် အရှင့်သားအနေနဲ့ ဒီကိစ္စကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခပေးဖို့ မလိုပါဘူး။ အရှင့်သားက တော်ဝင်နန်းတော်က ကိစ္စတွေကို အမြဲတမ်း ဝင်မပါဘဲနေခဲ့တာမဟုတ်လား။ သခင်လေးချောင်ကလည်း ဒီအကြောင်းကို ခန့်မှန်းမိလို့ အရှင့်သား စိတ်ရှုပ်နေမယ်ဆိုတာကို သိနေတယ်လေ။ ဒါပေမဲ့ ဒီလိုမျိုးသိပြီးလို့လည်း အရှင့်သားက သခင်လေးချောင်ကို ဒီကိစ္စမှာ အရှင့်သား ပါပါ မပါပါ စိုးရိမ်စရာမလိုဘူးလို့ ပြောထားပါတယ်။ အရှင့်သားအနေနဲ့ စောင့်ကြည့်ဖို့ပဲလိုတာပါ။ အချိန်ကျလာတဲ့အခါ အရှင့်သား နားလည်သွားပါလိမ့်မယ်တဲ့”
လု့ထင်က တည်ငြိမ်စွာပြောသည်။
လု့ထင်ကလည်း အဝေးရှိ ဝူရှန်းတွင်ရှိသော ဝမ်ကလန်မှ ဆက်ခံသူကို အလွန်အမင်း လေးစားမိသည်။ သူက အစပိုင်းကတည်းက ရှိခဲ့သည့်အတွက် ဝမ်ချောင်က သူ၏ညီမဖြစ်သူ ဝမ်ရှောင်းယောင်ကို ကျယ်ပြောသော ကြိုးကြာကျောင်းဆောင်သို့ ခေါ်လာခြင်းအား မျက်မြင်တွေ့ကြုံခဲ့ရသည်။ ထို့နောက် ဝမ်ချောင်က အနောက်တောင်ပိုင်းက စစ်ပွဲတွင် အားလုံးကို မေးရိုးပြုတ်ကျစေမတက် အရှုံးကို ခံစားသွားရစေသည့် မြင်ကွင်းမျိုးကိုလည်း မြင်ခဲ့ရသည်။ ထို့နောက်သူက အမတ်ဖြစ်လာသည်။ ထို့ကြောင့် ဝမ်ချောင်၏ အနောက်ပိုင်းနယ်မြေနှင့် ပတ်သတ်ပြီး အကြံအစည်ချထားသည့် မြင်နိုင်စွမ်း ပြင်းထန်လွန်းသော အစီအစဉ်များအားလုံးကိုလည်း မြင်တွေ့နိုင်ခဲ့သည်။ သူက တစ်ဆင့်ချင်းစီလှမ်းသည်။ ထိုသို့ဖြင့် ထိုနေရာက တည်ငြိမ်လာသည်။
လု့ထင်ကလည်း သူ၏ရင်ထဲတွင် ဖော်ပြရန်ခက်ခဲသည့် မာနမျိုးကို ခံစားရသည်။
လု့ထင်က လူငယ်မျိုးဆက်များအတွက် အမြဲတစေ ဂုဏ်ယူတတ်သူဖြစ်သည်။ ဝမ်ချောင်ကမူ သူဂုဏ်အယူရဆုံးလူလည်းဖြစ်သည်။ ယခု ဝမ်ချောင်ရောက်လာနိုင်သော အတိုင်းအတာက လု့ထင်၏ အစောပိုင်း ဆုံးဖြတ်ချက်များက မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ သူကမှ ဒီနယ်မြေကြီး၏ အစစ်အမှန် ထောက်တိုင်ဖြစ်သည်။ မဟာထန်နှင့် သူ၏လူများအတွက် ကံကောင်းခြင်းလည်းဖြစ်သည်။
“အွန်း”
လု့ထင်၏အကြံကို ကြားသောအခါ ဘုရင်စုန့်က နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။ ထိုလူငယ်က ထိုမျှအထိ လုပ်နိုင်စွမ်းရည်ရှိသော လူတစ်ယောက်အဖြစ် ပြောင်းလဲကြီးပြင်းလာခဲ့သည်။ သူ၏ ဝန်ထုတ်ဝန်ပိုးနှင့် စိုးရိမ်ပူပန်မှုများကိုပင် ယူပေးနိုင်လာသည်။
“ဒီကလေးဝမ်ချောင်က သူကိုယ်တိုင် ကိုင်တွယ်မယ်ဆိုမှတော့လည်း သူပြောတဲ့အတိုင်း လုပ်လိုက်တာပေါ့”
အခန်း(၈၁၂)
“ဟုတ်ကဲ့အရှင့်သား”
လု့ထင်က တည်ကြည်လေးနက်သော အမူအရာမျိုးဖြင့် ဂါရဝပြုလိုက်သည်။
လု့ထင်က ဘုရင်စုန့်၏ စံအိမ်သို့ အစောင့်လူများနှင့်အတူ ပြန်မသွားခဲ့ချေ။ သူက လမ်းတစ်ဝက်တွင်ထွက်ကာ တော်ဝင်ခုံရုံးက သူ့ကို ပေးထားသည့် အရာရှိနေအိမ်သို့ ပြန်သွားသည်။ တံခါးကို ပိတ်လိုက်ပြီးသည်နှင့် ခန်းမထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ ပြတင်းပေါက်မှ ဖြာကျနေသော မှေးမှိန်သော အလင်းကသာ အတွင်းသို့ အရောင်ထင်ဟပ်နေသည်။ တခဏခန့် ရပ်တန့်ပြီးနောက် လု့ထင်က နောက်ဆုံးတွင် ရင်ဘက်ကြားထဲမှစာကို ဖွင့်ဖတ်သည်။
ဘုရင်စုန့်၏ ခန့်မှန်းမှုက မှန်ကန်ခဲ့သည်။ ဝမ်ချောင်က စာကိုသူ့ဆီ ပို့ခဲ့ခြင်းမဟုတ်ဘဲ လု့ထင်ထံ ပို့ခဲ့ခြင်းဖြစ်သည်။
‘အကယ်ဒမီက ဆရာလု ကျောင်းသားဝမ်ချောင်က လေးစားစွာနဲ့ နှုတ်ဆက်လိုက်ပါတယ်’
စာ၏အဖွင့်မှ စတင်ပြီး သူရင်းနှီးနေသော လှပကျော့ရှင်းသည့် လက်ရေးက ချက်ချင်းကြိုဆိုသည်။
“ဒီလက်ရေးက အရင်အတိုင်း လေးစားစရာကောင်းနေတုန်းပဲ”
လု့ထင်က စကားလုံးများကို မြင်သည်နှင့် သူ၏ တောင့်တင်းနေသော သွေးကြောများအားလုံးက ပြေလျော့သွားသလို ခံစားလိုက်ရသည်။ သူက ရယ်ချင်စိတ်ကိုပင် မနည်းဖိနှိပ်ထားရသည်။
“လူငယ်အမတ် ဖြစ်နေတဲ့အပြင် ကောင်းကင်သားတော်ရဲ့ တပည့်ဖြစ်သွားပြီး ဆရာသခင်ဗျူဟာ ဖြစ်လာတာတောင် မင်းက လက်ရေးနဲ့ပတ်သတ်ပြီး လေ့ကျင့်ဖို့ အချိန်မရှိသေးဘူးလား။ ဒီစာကို လူငယ်အမတ်က ရေးတယ်ဆိုတာကို ဘယ်သူကမှ ယုံကြည်ကြမှာမဟုတ်ဘူး။ အထူးသဖြင့် နာမည်ကြီး ကျော်ကြားလှတဲ့ အမတ်မင်း မြို့စားကျို့ရဲ့ ဆက်ခံသူဆိုတာကိုလေ”
လု့ထင်က ထိုသို့ မှတ်ချက်ချလိုက်သည့်တိုင်အောင် သူ၏နှလုံးသားက နွေးထွေးမှုကို ခံစားလိုက်ရသေးသည်။ လု့ထင်သိထားခဲ့သော လူများထဲတွင် နောက်ကျမှ နာမည်ကြီးသူဖြစ်စေ၊ အစောပိုင်းကတည်းက နာမည်ကြီးထားပြီးသောလူများဖြစ်စေ အားလုံးထဲတွင် ဝမ်ချောင်ကသာ မူရင်းရည်ရွယ်ချက်ကို ဆက်ထိန်းထားနိုင်သူဖြစ်ပြီး သူ၏နှလုံးသားကို သစ္စာရှိခဲ့သည်။ သူ့စာကို မည်သို့ရေးကြောင်း ကြည့်ရုံဖြင့် သူက မည်သို့သောလူဖြစ်ကြောင်း မြင်နိုင်သည်ဟု ပြောထားသည်။ ဝမ်ချောင်၏ လက်ရေးကလည်း လု့ထင်နှင့် စတွေ့ချိန်ကအတိုင်း ဖြစ်နေသေးသည်။
လု့ထင်က စာကိုပြန်ဖတ်သည်။
စာပါအကြောင်းအရာများက အလွန်ရိုးရှင်းသည်။ ဘုရင်စုန့်နှင့် ပတ်သတ်သော ကိစ္စများအပြင် ဝမ်ချောင်က အခြားသော တောင်းဆိုမှုများကိုလည်း ထည့်သွင်းထားသည်။ သူကလည်း လု့ထင်က သူ၏ လေးစားဖွယ်ကောင်းလွန်းသော တုပရင်းနိုင်သည့် စွမ်းရည်ကိုသုံးပြီး ဖုမာန်လင်းချာ၏ သစ္စာပြု ကျိန်ဆိုထားသည့် ထိုစာကိုမင်းသားထံ ပို့ပေးခိုင်းထားခြင်းဖြစ်သည်။ ထို့ပြင် ချီးရှီကာကွယ်ရေးစစ်တပ်၏ အနီရောင် ဆုတံဆိပ်ကိုလည်း တုပခိုင်းထားသည်။ ထို့နောက် ထိုစာကို မင်းသားထံပို့ရမည်ဖြစ်သည်။
ထိုနည်းမှသာ ထိုမင်းသားက အလန့်တကြားဖြစ်သွားပြီး သံသယဝင်မည့် အရေးမှ ကာကွယ်နိုင်မည်ဖြစ်သည်။
ဝမ်ချောင်က အရာအားလုံးကို မူရင်းလမ်းကြောင်းအတိုင်း သွားစေချင်သေးသည်။ သူက ဖုမာန်လင်းချာနှင့် ထိုမင်းသားကို လျို့ဝှက်စွာ အကြံအစည် ရစေချင်သေးသည်။ သို့သော် အရေးကြီးသော မူရင်းသစ္စာ ကျိန်ဆိုစာကမူ ဘုရင်စုန့်၏လက်ထဲတွင် ရှိနေလေသည်။
“ဟား ဟား ဖုမာန်လင်းချာ မင်းက မင်းရဲ့ ကာကွယ်ရေးဗိုလ်ချုပ်နေရာနဲ့တင် ကျေနပ်ခဲ့သင့်တာ။ ဒါပေမဲ့ အခုတော့ မင်းက မင်းသားကို ပုလ္လင်ပေါ်တက်နိုင်အောင် ထောက်ပံ့ပေးချင်တယ်။ ဒီလိုနဲ့မင်းက အစိုးရပြောင်းချင်တယ်။ အဲ့ဒီတော့ အနာဂတ်မှာ ကိုယ်ပိုင်လွတ်လပ်တဲ့ ပိုင်နက်နယ်မြေတစ်ခုကို တည်ဆောက်နိုင်မယ်လို့ ထင်နေခဲ့တာကိုး။ မမျှော်လင့်ထားတဲ့ ကိစ္စကတော့ အရှင့်သား ဘုရင်စုန့်က ဒီအစီအစဉ်တွေကို လက်မခံနိုင်တာပဲ။ နောက်ပြီး မဟာထန်ကလည်း ဒီလိုအခြေအနေကို ဖြစ်ခွင့်ပြုမှာမဟုတ်ဘူး။ အရေးအကြီးဆုံးအချက်က မင်း အဲ့ဒီလူကို ရန်မစခဲ့သင့်ဘူး”
လု့ထင်က ခေါင်းကိုအသာခါပြီး သက်ပြင်းချကာ စာကို လိပ်လိုက်ပြီးနောက် စားပွဲပေါ်သို့တင်သည်။ ထို့နောက် စုတ်တံတစ်ချောင်းကို ယူလိုက်ပြီး ဖုမာန်လင်းချာ၏ သစ္စာပြုစာကို စားပွဲ၏ ညာဘက်နားတွင် တင်လိုက်သည်။ အချိန်တစ်ခုကြာ တွေးတောပြီးနောက် သူကစရေးသည်။ သူ၏စုတ်ချက်များက စာရွက်ပေါ်တွင် ကခုန်သည်။
အချိန်တစ်ခု ထပ်ကြာပြီးနောက် တုပထားသောစာက မူရင်းစာနှင့် တထေရာတည်း တူညီလျှက်သား ပေါ်လာသည်။ ဘယ်ဘက်ခြမ်းမှ ကူးရေးထားသော စာပေါ်မှ မခြောက်သောမှင်များနှင့် စည်းတံဆိပ် မရှိသေးသော အချက်ကြောင့်သာမဟုတ်လျှင် မည်သည့်အရာက အစစ်အမှန်ဖြစ်ကြောင်း ခွဲရန် ခက်ပေလိမ့်မည်။
ကူးရေးသောစာကို အဆုံးသတ်ပြီးနောက် လု့ထင်က လျို့ဝှက်အကန့်တစ်ခုကို ဖွင့်လိုက်ပြီး သူက ကြိုတင်ပြင်ဆင်ထားသည့် ကာကွယ်ရေးဗိုလ်ချုပ်ကြီးတစ်ယောက်၏ စည်းတံဆိပ်ကို ထုတ်ယူလိုက်သည်။ စာပေါ်ရှိမှင်များက ခြောက်သွားသည်နှင့် သူကထိုစာကို ထိုစည်းတံဆိပ်ဖြင့် ထုလိုက်သည်။
“ဒါဆိုရင် လုံလောက်ပါပြီ”
လု့ထင်က သက်ပြင်းချလိုက်သည်။
ပညာတတ်တစ်ယောက်ဖြစ်ပြီး ဘုရင်စုန့်ဘက်နှင့် ပူးပေါင်းနေသူတစ်ယောက် ဖြစ်သည့်အလျောက် လု့ထင်ကလည်း နေရာအများအပြားသို့ ဝင်ရောက်နိုင်ခဲ့သည်။ ထိုနည်းအားဖြင့် အင်ပါယာ၏ ကာကွယ်ရေး ဗိုလ်ချုပ်ကြီးများက အသုံးပြုသော ကျောက်စိမ်း စည်းတံဆိပ်များကို ကောင်းကောင်း နားလည်ထားသည်။ ထိုကဲ့သို့သော အရာမျိုးကို တုပရန် မဖြစ်နိုင်လောက်အောင် ထူးခြားသည့် စည်းတံဆိပ်များ ဖြစ်နေသော်လည်း နောက်ခံတစ်ခုရှိကြောင်း အတည်ပြုနိုင်လုနီးပါး တူညီသော စည်းတံဆိပ်များကို ဖန်တီးရန် ဖြစ်နိုင်နေသေးသည်။
အနည်းဆုံး လု့ထင်က ကာကွယ်ရေးဗိုလ်ချုပ် အများအပြား၏ စည်းတံဆိပ်များကို မြင်ဖူးထားသော်လည်း နန်းတွင်းထဲတွင် တောက်လျှောက် နေနေရသော် ထိုတစ်ယောက်ကမူ မမြင်ဖူးသေးချေ။ လု့ထင်၏ စွမ်းရည်များကြောင့် သူဟာထိုလူကို လှည့်စားရ အလွန်လွယ်ကူနေသည်။
ခီး
ထိုအခိုက် တံခါးက တွန်းဖွင့်ခံရသည်။ ထိုသို့ဖြင့် အလင်းတန်းကမူ ဝင်ရောက်လာပြီး ကြမ်းပြင်ပေါ်သို့ အရိပ်ရှည်ကြီး ကျလာသည်။ အိမ်တော်ထိန်းအိုကြီးက သူ၏ အင်္ကျီထဲသို့ လက်ထည့်လျှက် တဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ၏မျက်နှာက ခပ်အေးအေး အမူအရာ ဖြစ်နေသေးသည်။ အကွာအဝေးတစ်ခု ရောက်သည့်တိုင်အောင် လု့ထင်က ခြေလှမ်းသံကို မကြားရသလို သူ၏အရှိန်အဝါကို အာရုံမခံမိချေ။ သူက မတည်ရှိသော သရဲတစ်ကောင်အလား ထင်ရသည်။
“ဘယ်လိုလဲ အဆင်သင့်ပဲလား”
အိမ်တော်ထိန်းအိုကြီးက လေသံကို တိုးမေးလိုက်သည်။
“အွန်း”
လု့ထင်က ခေါင်းညိမ့်လိုက်သည်။ သူက အိမ်တော်ထိန်းအိုကြီး ပေါ်လာသည့်အတွက် မအံ့ဩတော့ချေ။
“အဆင်ပြေတယ်”
အိမ်တော်ထ်ိန်းအိုကြီးက စာကိုတစ်ချက်ကြည့်ပြီး ခေါင်းညိမ့်သည်။
“အရှင့်သားက မဟာထန်ရဲ့ တော်ဝင်မင်းသားလေ။ နောက်ပြီး တော်ဝင်အိမ်တော်စုက မင်းသားတစ်ယောက်လည်း ဖြစ်နေသေးတယ်။ ဒီတော့ သူ့ကို ဒီကိစ္စအကြောင်း မပြောတာအကောင်းဆုံးပဲ။ ဒီကလေးဝမ်ချောင်က ဒီစာကို မင်းကိုဘာကြောင့် ပို့ခဲ့လဲဆိုတာလည်း ငါနားလည်တယ်။ နောက်တစ်ပိုင်းကိုတော့ ငါတာဝန်ထားလိုက်။ ငါသင့်တော်တဲ့ ဟူတစ်ယောက်ကိုရှာပြီး ဒီစာကိုအရှင့်သားဆီ ပို့ခိုင်းလိုက်မယ်”
“အွန်း”
လု့ထင်က ခေါင်းညိမ့်သည်။ သူ၏မျက်နှာက တင်းမာသွားသည်။
“ငါတို့လိုလူတွေအတွက် ဘာကအရေးကြီးလဲ။ မဟာထန်ကြီးရဲ့ သာယာဝပြောမှုထက် ဘယ်ဟာက ပိုအရေးကြီးလဲ။ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးအမြတ် ရှိနေသမျှ ငါတို့ရဲ့ ခန္ဓာကိုယ်တွေက ထိုးနှက်ခံရပြီး အဆုံးသတ်သွားတော့ရော ဘာကအရေးကြီးလဲ။ ဒါပေမဲ့ သခင်လေးချောင်နဲ့ ပတ်သတ်တဲ့ ကိစ္စကတော့... ဖြစ်နိုင်ရင် သူဒီကိစ္စမှာ ဝင်မပါဖို့ မျှော်လင့်တယ်။ ဘာပဲဖြစ်ဖြစ် သူက ငယ်သေးတယ်လေ။ ဒီတော့ အလားအလာက အကန့်အသတ်မဲ့တယ်”
ကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက်၏ စည်းတံဆိပ်ကို တုပသောကိစ္စက ရယ်စရာမဟုတ်ချေ။ ပေါ်သွားသည်နှင့် သေမိန့်ပေးခံရနိုင်သလို ကလန်တစ်ခုလုံးကလည်း ကွက်မျက်ခံရနိုင်လေသည်။ ထို့ကြောင့် လု့ထင်အနေနှင့် ထိုကိစ္စကို ဘုရင်စုန့်ကို မပြောခြင်းဖြစ်သည်။ လု့ထင်၏အမြင်တွင် လူအနည်းစုသိလေလေ ပိုကောင်းလေလေဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ထိုကိစ္စကိုမသိချေ။
“အမှန်တိုင်းပြောရရင် အဲ့ဒီကလေး ဘာဆက်လုပ်မလဲဆိုတာကို ငါကိုယ်တိုင်တောင်မှ မသိတဲ့ အခြေအနေ ရှိခဲ့ဖူးတယ်”
ဝမ်ချောင်၏နာမည်ကို ကြားသောအခါ အိမ်တော်ထိန်းအိုကြီးက အတွေးနက်သွားသော အမူအရာမျိုး ဖြစ်သွားသည်။
“ဒါပေမဲ့ သူဘာပဲလုပ်လုပ် ငါသေချာတာ တစ်ချက်တော့ရှိတယ်။ သူလုပ်သမျှ အရာရာတိုင်းရဲ့ အကျိုးဆက်ကို နားလည်တယ်။ သူလုပ်သမျှ အရာရာတိုင်းကလည်း တိုင်းပြည်အတွက် အကျိုးရှိစေတဲ့ ကိစ္စတွေကြီးပဲ။ ဒါကြောင့် ငါတို့ ဘုရင်စုန့်တို့က သူ့ကိုထောက်ပံ့ဖို့အတွက် ဘယ်လိုတန်ကြေးမဆိုပေးဖို့ ဆန္ဒရှိကြတာပေါ့။ မင်းပြောတဲ့ကိစ္စအတွက်ကတော့... ငါကိုယ်တိုင်လည်း ဒီဆယ်ကျော်သက်လေးက ဆယ်ကျော်သက်ဖြစ်နေသေးတာတောင် ဘာလို့ဒီလောက် ရင့်ကျက်နေလဲဆိုတာကို မသိနိုင်ဘူး။ ဒါပေမဲ့ သူက အခြေအနေတိုင်းကို အမြဲခန့်မှန်းနိုင်နေတယ်။ နောက်ပြီး သူ့ရဲ့အသက်နဲ့ သေဆုံးမှုကိုတောင် သူက ဘေးဖယ်ထားတာ။ မဟုတ်ရင် သူက အနောက်တောင်ပိုင်းက စစ်ပွဲကို တစ်ယောက်တည်း ထွက်သွားခဲ့မှာမဟုတ်ဘူး”
ထိုစကားလုံးများနှင့်အတူ သူတို့နှစ်ယောက်က တိတ်ဆိတ်သွားသည်။
ထိုကိစ္စဖြစ်ပွားပြီးနောက် ဝမ်ချောင်က တောင်ပိုင်းသို့ ထွက်သွားသောကိစ္စက အန္တရာယ်များသည်ထက် ပို၍ပင် ကြောက်စရာကောင်းသေးသည်။ သို့သော် ပါဝင်ပတ်သတ်သော လူများကသာလျှင် မည်မျှအန္တရာယ်များပြီး သေစေနိုင်မည့်အကြောင်း နားလည်ပေလိမ့်မည်။ ထိုအချိန်က လူအများစုကမူ ဝမ်ချောင်က သေလောက်ကြောင်း လက်ခံထားခဲ့ကြသည်။
မည်သူကမျှလည်း ဝမ်ချောင်က သူ၏မြို့တော်တွင်နေရသော ငြိမ်းချမ်းသောဘဝကို စွန့်ပစ်လိုက်ပြီး သေစေနိုင်သော အနေအထား အလွန်မြင့်နေသည့် အနောက်တောင်ပိုင်းသို့ အပြေးသွားခဲ့ကြောင်း နားမလည်ကြချေ။ ယခုအချိန်အထိ ထိုအကြောင်းအရာက လူတိုင်းကို အံ့အားသင့်စေသည်။
ငယ်ရွယ်သော ခန္ဓာကိုယ်ထဲတွင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များကို ပိတ်လှောင်ထားသော ကိစ္စက လူတစ်ယောက်၏ ဝိညာဉ်ကို တုန်ယင်စေသည်။ ထို့ပြင်သူက အကြောက်အလန့် မဲ့သေးသည်။ သူက လေးစားခံရရန် ထိုက်တန်သည်။ သူတို့ကလည်း ထိုလူငယ်ကို ကာကွယ်ချင်စိတ် ပြင်းပြသည့် စိတ်ဆန္ဒကို ခံစားကြရသည်။ သူက သူလုပ်ချင်သမျှကို လုပ်နိုင်ရန်အတွက် သူ့ကို မည်သည့်တန်ကြေးကိုမဆို ပေးပြီး ထောက်ပံ့လိုစိတ်ရှိကြသည်။
“ငါအသက်နည်းနည်း ပိုရှည်ရှည်နေပြီး ငါဒီလူငယ်လေးကို ကူညီနိုင်သမျှ ကူညီဖို့ပဲ မျှော်လင့်တယ်”
လု့ထင်က ပြောသည်။
“ငါလည်းအတူတူပဲ”
အိမ်တော်ထိန်းအိုကြီးက စာကိုယူပြီး ထွက်သွားသည်။
တစ်နာရီနီးပါး ကြာပြီးနောက် ညာဘက်လက်ကောက်ဝတ်တွင် အနက်ရောင် သင်္ကေတတစ်ခုပါသည့် ဟူတစ်ယောက်က စာကိုယူပြီးနောက် နန်းတော်ထဲသို့ ဝင်သွားသည်။
......
ရက်အနည်းငယ်ကြာပြီးနောက် ဝူရှန်း၏ သံမဏိမြို့ထံ အနက်ရောင်သတင်းပို့ ငှက်တစ်ကောင်က ပျံသန်းဝင်ရောက်လာသည်။
“အရှင်အမတ် လု့ထင်က သခင်လေးပြောထားတဲ့ ကိစ္စကို လုပ်ဆောင်ပြီးပြီလို့ စာပို့လာပါတယ်”
“ျ”
ဝမ်ချောင်က ရေနွေးကြမ်းတစ်ငုံ သောက်ပြီးနောက် ခွက်ကိုချကာ သူ၏မျက်ဝန်းအတွင်း အတွေးက နက်သွားသည်။
“သူဒုက္ခများသွားရတဲ့အတွက် ကျေးဇူးတင်ကြောင်း စာပြန်လိုက်ပါ။ နောက်ပြီး ဘာကိုစ္စကိုမှ စိုးရိမ်ဖို့ မလိုတော့ဘူးလို့ ပြောလိုက်ပါ”
ဝမ်ချောင်က ထိုသို့ပြောရင်း စားပွဲမှ ထရပ်လိုက်သည်။ မြို့တော်မှ တိုးတက်ပြောင်းလဲမှုများက သူမျှော်လင့်ထားသည်ထက်ပင် မြန်ဆန်နေသေးသည်။ အရာအားလုံးက စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့လျှင် ထိုမင်းသားက ထိုစာရသောကြောင့် အပျော်လွန်ကာ မောက်မာသွားပြီး စီမံကိန်းများကို စတင်ပေလိမ့်မည်။ ထို့နောက် သိပ်မကြာခင် ရွှယ်ယန်နန်းတော်မှ မတော်တဆမှုက ဖြစ်ပွားပေလိမ့်မည်။ မဟာထန်တွင် ထိုမတော်တဆမှုက ကိုယ်လုပ်တော်ထိုက်ကျန်း၏ မတော်တဆမှုပြီးလျှင် ဒုတိယမြောက်ဖြစ်သည်။
“ဒါက ဖုမာန်လင်းချာနဲ့ ပတ်သတ်တဲ့ ကိစ္စလား”
သူ၏အနားမှ ကြည်လင်သာယာသော အသံက ထွက်လာသည်။ ရွှီချီချင်က ထိုစားပွဲတွင် ထိုင်နေခြင်းဖြစ်သည်။ သူမ၏ အဖြူရောင်ဝတ်စုံနှင့် ပေါ့ပါးသော အပြုံးက နတ်မိမယ်တစ်ပါးအလား လှစေသည်။
“အွန်း”
ဝမ်ချောင်က အပြုံးဖြင့် ခေါင်းညိမ့်သည်။
ရွှီချီချင်က လက်ရှိအချိန်တွင် ဝမ်ချောင်၏ အကြံအစည် အများအပြားကို သိထားပြီးသားဖြစ်သည်။ သူမ၏ အထောက်အပံ့မရှိလျှင် ဝမ်ချောင်ကိုယ်တိုင်က အနောက်တောင်ပိုင်းက စစ်ပွဲတွင် သေသွားပြီးလောက်လေပြီ။ ထို့ကြောင့် ဒီကိစ္စများကို သူမထံမှ ဖုံးကွယ်ထားရန် မလိုအပ်ချေ။
“ဖုမာန်လင်းချာက နင်လုပ်ထားသမျှကနေ အကျိုးအမြတ်ယူသွားပြီး နင့်ကိုလည်း အခါခါသတ်ဖို့ လုပ်ခဲ့သေးတယ်။ ဒီတစ်ခေါက် မတော်တဆမှုမှာတင် သူကနင့်ကို အကျဉ်းထောင်ထဲမှာ ချိတ်ပိတ်ထားဖို့ ကြိုးစားနေတယ်။ ဒါကိုနင်က လုံးဝ မတုန့်ပြန်ချင်ဘူးလား။ နင်အဲ့ဒီမင်းသားကြောင့် မသက်မသာဖြစ်နေတာ မဟုတ်လား”
ရွှီချီချင်၏ မျက်ဝန်းက တောက်ပလာသည်။ သူမ၏မျက်ဝန်းထဲတွင် အလင်းရောင်များကလည်း ထိန်လင်းလာသည်။
“ကြည့်ရတာ ငါမင်းဆီကနေ ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ”
ဝမ်ချောင်က ဝန်ခံလိုက်ပြီး ရွှီချီချင်ကို ပြန်ပြုံးပြသည်။ ရွှီချီချင်က ကျော့ရှင်းကြည့်ကောင်းကာ လှပသလို ဉာဏ်ရည်လည်းမြင့်သည်။ ထို့ကြောင့် သူကအသေးငယ်ဆုံးသာ လှုပ်ရှားပြီး ရေနွေးကြမ်းခွက်ကိုချကာ စားပွဲနောက်သို့ ခြေလှမ်းအနည်းငယ် လျှောက်လာရုံကတင် သူ၏ မသက်မသာဖြစ်မှုကို သူမက သိသွားသည်။ သူ၏ယခင်ဘဝတွင် သူက ထိုမင်းသားနှင့် စကားမပြောခဲ့ဖူးသလို မင်းသားများ၏ စစ်ပွဲတွင်လည်း မပါဝင်ခဲ့ချေ။
သို့သော်သူက မဟာထန်အတွက် လုပ်ဆောင်ခဲ့သည်ဟုသာ တွေးမိသည့်တိုင်အောင် ဝမ်ချောင်အနေဖြင့် သူ၏လုပ်ဆောင်မှုအပေါ် မသက်မသာ ခံစားရသေးသည်။
ရွှီချီချင်က ရေနွေးကြမ်းခွက်ကိုချပြီး ဝမ်ချောင်၏ စိုးရိမ်ပူပန်မှုများကို ဖြေလျော့ပေးရန် ကြိုးစားသည်။
“အမှန်တိုင်းပြောရရင် ဒါကတကယ်ပဲ နင်တွေးသင့်တဲ့ပုံစံပါ။ နင်သာမရှိရင်တောင် ငါ ဒီမတော်တဆမှုက ဖြစ်လာဦးမှာပဲလေ။ နင်ဘာကိုမှ တကယ်မပြောင်းနိုင်ပါဘူး။ ဒီတိုင်း ရှေ့ဆက်ပြီးပဲလုပ်ပါ။ လူတိုင်းရဲ့ ကံကြမ္မာက ကိုယ်ပိုင်လက်ထဲမှာပဲ။ အဲ့ဒီမင်းသားက ဖြောင့်မတ်မှန်ကန်တဲ့ အကျင့်စရိုက်သာရှိပြီး နင့်ရဲ့ အမတ်မင်းကျို့လို ဒါမှမဟုတ် ဧကရာဇ် ထိုက်ကျုံးရဲ့ တောက်ပတဲ့ လက်ဝဲအမတ်လိုမျိုး ဒါမှမဟုတ် အင်ပါယာ ဆင်ဆာလူကြီးမင်းဝေ့လိုမျိုးသာဆိုရင် သူတို့ဘာလုပ်လုပ် သူတို့ဘယ်တော့မှ ဒုက္ခရောက်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အဆုံးမှာတော့ ဒါကသူ့ရဲ့ ရွေးချယ်မှုပဲလေ”
အခန်း(၈၁၃)
ရွှေယန်နန်းတော် မတော်တဆမှု
ဝမ်ချောင်က ငေးရီသွားသည်။ ထိုစကားကလည်းမှန်သည်။ လူတိုင်းက ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ရသည်။ ရွှီချီချင်က သူလုပ်ခဲ့သော အနာဂတ်အကြောင်းကို မသိသေးသော်လည်း သူမက တူညီသည့် အနှစ်ချုပ်မျိုးကို ပြောနိုင်သေးသည်။ ထိုမင်းသားက တူညီသော ကံကြမ္မာကို အမြဲတစေ ရပေလိမ့်မည်။ ဝမ်ချောင်က အရာအားလုံးကို မပြောင်းလဲနိုင်ချေ။
ရွှီချီချင်ပြောသလိုမျိုး လူတိုင်း၏ ကံကြမ္မာက သူတို့၏ ကိုယ်ပိုင်လက်ထဲတွင်ရှိသည်။
“ဟား ဟား ကောင်းပြီ ဒီအကြောင်းမပြောကြစို့ ငါတို့ အနောက်ဘက်ဒေသတွေအကြောင်း ပြောရအောင်။ ဒါကို မင်းလည်း ကိုင်တွယ်နိုင်တယ်လေ။ ဒါ့အပြင် မင်းတူရကီမြင်းကုန်သည် ဟူလာယဲ့နဲ့ မြင်းတွေ ကုန်သွယ်တဲ့ကိစ္စကို တာဝန်ယူပေးနိုင်ဖို့ မျှော်လင့်တယ်။ ငါတို့က ပထမတစ်သုတ်ကိုပဲ အဆုံးသတ်ရသေးတာ။ ဒါပေမဲ့ နောက်ထပ် ဆက်လုပ်ရမဲ့မြင်းတွေ၊ ဆက်လုပ်ရမဲ့ အကြိမ်ရေတွေ ကျန်သေးတယ်။ ဒါ့အပြင် စန်းထူကရရှိမဲ့ ကျောက်ရိုင်းတုံးတွေရဲ့ ကိစ္စကိုလည်း ကိုင်တွယ်ရမယ်။ သံမဏိမြို့က ဝင်ငွေက အခြေခံအားဖြင့် သုံးလို့ကုန်သွားပြီ။ ဒီတော့ ငါတို့တွေအနေနဲ့ စစ်မြင်းတွေဆီက အပိုငွေရအောင် ကြိုးစားရလောက်တယ်”
ဝမ်ချောင်ကပြောသည်။
“ဟား ဟား အမှန်တိုင်းပြောရရင် ဒါက ပြဿနာအများကြီး မရှိပါဘူး။ နင်ပိုက်ဆံလိုရင် တြိဂံပုံမြေကွက်လပ်က သံမဏိခံတပ်ကို တိုင်းပြည်ကို ရောင်းလိုက်လေ။ ဒါမှမဟုတ် အဲ့ဒီအနီးအနားမှာ နောက်ထပ် သံမဏိခံတပ်တစ်ခု ထပ်ဆောက်ပြီး ခုံရုံးက တစ်ယောက်ယောက်ကို ပြန်ရောင်းလိုက်ပေါ့။ အခုအချိန်မှာ နင်က သံမဏိခံတပ်ကို တည်ဆောက်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတာဆိုတော့ တော်ဝင်ခုံရုံးကလူတွေက တိဗက်တွေကို မျက်စဒေါက်ထောက် ကြည့်နိုင်အောင် အခြေစိုက်စခန်းအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ခုံရုံးက အရာရှိတွေနဲ့ အမှုထမ်းရေးရာဌာန၊ ဘဏ္ဍာရေးဌာနက လူတွေက ပျော်ပျော်ရွှင်ရွှင် ငွေတွေအများကြီးပေးပြီး ဝယ်ယူကြလိမ့်မယ်”
ရွှီချီချင်၏မျက်နှာတွင် တောက်ပသည့်အပြုံးက ပေါ်နေသည်။ သူမက ကျွမ်းကျင်သော ဆရာသခင်တစ်ယောက်လိုမျိုး ပြောဆိုပြသွားသည်မှာ လောကက မည်သည့် ပြဿနာကမျှ သူမကို အနှောက်အယှက် မပေးနိုင်သလို ထင်ရသည်။
“ခံတပ်ကိုရောင်းရမယ် ဟုတ်လား”
ဝမ်ချောင်က ခေါင်းကိုလှည့်လိုက်သည်။ သူ၏မျက်ဝန်းက တောက်ပသွားသည်။ သူကိုယ်တိုင်ကလည်း ရွှီချီချင်က အနာဂတ်တွင် ထောက်ပံ့ပို့ဆောင်ရေး ဘုရင်မဖြစ်လာမည်ဖြစ်ကြောင်း သိထားပြီးသည့်တိုင်အောင် ထိုမျှစိတ်သဘောထား ပွင့်လင်းမည်ဟု မမျှော်လင့်ထားမိချေ။ မဟာထန်တွင် ဆောက်လုပ်ရေးနည်းပညာက ခေတ်နောက်ဆွဲဖြစ်နေပြီး မကြာခဏဆိုသလို အဆောက်အဦးများကို တည်ဆောက်ရခြင်းက အလွန်အမင်း ဈေးကြီးကာ အချိန်လည်းကုန်ဆုံးသည်။ ထို့ပြင် ထိုအဆောက်အဦးများက အပေါ်ယံတွင်သာ ကြည့်ကောင်းကြသည်။ အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်၏ သံမဏိခံတပ်က အလုပ်သမားအင်အားများကို သုံးစွဲပြီး တည်ဆောက်ရသော်လည်း အချိန်က တိုတောင်းသည်။ အရေးကြီးသော အချက်ကမူ ထိုသံမဏိခံတပ်၏ ခုခံနိုင်သည့်စွမ်းရည်က အတိတ်က ခံတပ်ကြီးပေါင်းများစွာထက် အပြတ်အသပ် သာနေခြင်းဖြစ်သည်။ ထိုအချက်ကြောင့်လည်း အင်ပါယာ ခုံရုံးက အမှတ်များက လိုအပ်သည်နှင့် ကိုက်ညီသွားသည်။
“အဲ့ဒါတင် မဟုတ်သေးဘူး။ နင်ကသာ စင်းထီနဲ့ သေချာညှိနှိုင်းနိုင်ပြီး ဗဟိုပြင်ကျယ်မှာရှိတဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုင်တွယ်နိုင်မယ်ဆိုရင် သံမဏိခံတပ်ကိုလည်း ဘာလို့ အလားတူ မလုပ်နိုင်ရမှာလဲ။ အခြားသူတွေက ဒီအဆောက်အဦးရဲ့ တည်ဆောက်တဲ့ နည်းလမ်းတွေကို သိသွားကြမှာကို စိုးရိမ်တယ်ဆိုရင် နင်က တစ်မြို့လုံးကို တည်ဆောက်ပေးနိုင်တဲ့ ရောင်းဝယ်သူအဖြစ် ပြောင်းလဲလိုက်လို့ရတယ်။ ဒီလိုဆိုရင် အပြည့်အဝ တည်ဆောက်ပြီးတာနဲ့ ပြန်မဖြုတ်နိုင်တော့ဘူးလေ။ နောက်ပြီး အဆောက်အဦး မူကြမ်းပုံစံတွေကိုလည်း မီးရှို့လိုက်ပါ။ အနောက်ပိုင်းဒေသက နေထိုင်သူတွေက ဟန်တွေလောက် ကျွမ်းကျင်တာမဟုတ်ဘူး။ သူတို့က ဒီပုံစံမူကြမ်းတွေ ရသွားရင်တောင်မှ သူတို့အတွက် အသုံးဝင်မှာမဟုတ်ဘူး။ ပိုဆိုးတာက သူတို့ကို ထောက်ပံ့ပေးမဲ့ သံမဏိ အမြောက်အများမရှိဘဲ လျို့ဝှက်ချက်ထားလည်း အသုံးမဝင်ဘူးလေ”
ရွှီချီချင်က မတ်တပ်ထရပ်လိုက်ပြီး ဝမ်ချောင်၏အနောက်သို့ တဖြည်းဖြည်းချင်း လျှောက်သွားသည်။ သူမ၏မျက်ဝန်းက ဉာဏ်ပညာအပြည့်ဖြင့် တောက်ပနေသည်။ ကိစ္စများအားလုံးကို သူမက ဖောက်မြင်နိုင်သလို ထင်ရသည်။
“ဘာပဲဖြစ်ဖြစ် အနောက်ပိုင်းဒေသက ကျောက်သားတွေပဲ အများကြီးရှိတဲ့ လွင်ထီးခေါင် ဒေသကြီးပဲ။ နင့်ရဲ့ သံမဏိခံတပ်က ဒီနေရာမှာ အရေးပါတဲ့ ကဏ္ဍကနေ လှုပ်ရှားနိုင်လိမ့်မယ်။ ဒါ့အပြင် အနောက်ပိုင်းဒေသက တိုင်းပြည်တွေက တော်တော်လေး ချမ်းသာကြတယ်။ နောက်ပြီး သူတို့ဆီမှာ ပုလဲ၊ မဟူရာနဲ့ ရတနာတွေ ပမာဏ အများကြီးရှိကြတာ။ ဒါကြောင့် နင်က တန်ကြေးဘယ်လိုမြှင့်မြှင့် သူတို့သေချာပေါက် ဝယ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါတင်မကသေးဘူး နင် နင့်ရဲ့သံမဏိခံတပ်ကို အနောက်ပိုင်းဒေသကို ရောင်းဖို့မလိုရုံလေးပဲ။ ဒါပေမဲ့ နင်က ဒါကို စင်းထူကို ရောင်းလို့ရတယ်လေ။ တန်ကြေးကတော့ ရွှေဖြစ်ဖို့မလိုဘူး။ အဲ့ဒီအစား နင်က သူတို့အတွက် ခံတပ်တစ်ခု တည်ဆောက်ပေးရမယ်။ သူတို့ဆီကနေ နင်က ဝု့စ်သံမဏိတွေကို ပြန်လဲရုံပဲ။ ဒီတော့ သူတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ လဲမယ်လို့ ငါယုံတယ်။ ဘာပဲဖြစ်ဖြစ် စင်းထူက အခြားတိုင်းပြည်တွေက တိုက်ခိုက်တာကို မကြာခဏ ခံရတယ်လို့ ငါကြားထားတယ်။ နင်ကသာ ဒီလိုလုပ်လိုက်မယ်ဆိုရင် နင်တို့ကြားက လဲလှယ်မှု ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်လိမ့်မယ်”
“ကောင်းပြီ ငါတို့မဟာထန်ရဲ့ ပါရမီရှင် မိန်းမပျိုဆိုတဲ့အတိုင်းပဲ။ အနာဂတ်မှာ မင်းကသေချာပေါက် ထောက်ပံ့ပို့ဆောင်ရေးရဲ့ ဘုရင်မတစ်ပါးဖြစ်လာမှာ သေချာတယ်။ ငါတို့မင်းပြောသလိုပဲ လုပ်ကြရအောင်”
ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားပြီး ရွှီချီချင်ကို ကြည့်လိုက်ပြီး အဆုံးတွင်သူက သဘောတကျ ရယ်လိုက်မိသည်။
...
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်နှင့် ဘုရင်စုန့်ကလွဲပြီး မည်သူကမှ မြို့တော်အတွင်းရှိ ဖြစ်ပျက်လာမည့် အခြေအနေကို မသိထားကြချေ။ ရက်အနည်းငယ်ကြာပြီးနောက် တစ်နေ့လည်ခင်းတွင် အင်ပါယာနန်းတော်၏ အနောက်ဘက်ဂိတ်ပေါက်မှ စုတ်ပြတ်သပ်နေသော အဝတ်အစားဖြင့် လူတစ်ယောက်က ထွက်လာသည်။ သူ၏ကိုယ်မှ အရက်နံ့ထောင်းထောင်းထနေသည်။ မီးအိမ်များ၏ အနောက်တွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့်ပုံရိပ်က တဖြည်းဖြည်းချင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
“လာ လောင်းထည့် နောက်ထပ်”
ထိုလူက ခပ်တိုးတိုး ရေရွတ်နေသည်။ ဂရုတစိုက်သာ ကြည့်လိုက်မည်ဆိုလျှင် ထိုလူက အရာရှိဦးထုပ်ကို ဆောင်းထားကြောင်း မြင်နိုင်ပေလိမ့်မည်။ သူ၏ပါးကလည်း ရဲနေသည်။ သူကမူးနေသော လက္ခဏာ ပြလာသည်။
“ဒါက ရှားယွမ်ပွဲတော်ပဲ လာကြ အားလုံးပဲ အရှင့်သားနဲ့ ခွက်ချင်းတိုက်ရအောင်”
ရာသီဥတုက အေးစိမ့်တက်လာသည်နှင့်အမျှ လမ်းပေါ်ရှိ လမ်းသွားလမ်းလာများက လျော့ပါးကုန်ပြီဖြစ်သည်။ ထိုသို့ဖြင့် လူသူစည်ကားသော လမ်းပေါ်တွင် လူနှစ်ယောက်စ သုံးယောက်စသာ ကျန်တော့သည်။ သို့တိုင်အောင် လမ်းပေါ်တွင် စီတန်းကာ ကျန်နေသော အိမ်အသီးသီးထံမှ အဖြူရောင်မီးခိုးတိမ်စိုင်များက မြောက်တက်လာလေသည်။ အထဲတွင် အသားဖြည့်ထားသော ဂေါ်ဖီထုပ်ရနံ့က လှိုင်သင်းလာသည်။ ဒီနေ့က ဆယ်လ၏ တစ်ဆယ့်ငါးရက်မြောက်နေ့ဖြစ်သည့် ရှောင်းယွမ်ပွဲတော်နေ့ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက သူတို့၏ ဘိုးဘေးဘီဘင်များနှင့် မဟာနတ်ဘုရားသုံးပါးကို ဆက်သကြရမည်ဖြစ်သည်။
ထိုနေ့တွင် ဈေးတိုင်းက စောစောပိတ်သည်။ ထို့ကြောင့် သာမာန်လူတိုင်းက အလုပ်စောစောပြန်ကြပြီး အသားအဆာသွပ်ထားသော ဂေါ်ဖီထုပ်ဖြူများဖြင့် လုပ်ထားသည့် ဖက်ထုပ်များကို စားနိုင်ကြသလို သူတို့၏ ဘိုးဘေးများကိုလည်း ဆက်သနိုင်ကြမည်ဖြစ်သည်။
လမ်းပေါ်တွင် ဘီးလိမ့်သံနှင့်အတူ အမူသမားတစ်ယောက်က ခေါင်းကိုမော့လိုက်သည်။ သူ၏အနားတွင် ရပ်ထားသော ရထားလုံးထဲရှိ ခရမ်းရောင်လိုက်ကာက မြောက်တက်သွားပြီးနောက် အထဲမှ ခေါင်းပေါင်းဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်၏ခေါင်းက ထွက်လာသည်။
“အာ ဒါက ဝဲဘက်လက်ထောက် အတွင်းရေးမှူးရန်မဟုတ်လား”
သူက ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားသေးသော်လည်း ထိုအမျိုးသား၏ လှုပ်ရှားမှုတိုင်းက အရာရှိ၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။
“သခင်ရှားလား ဘာလို့ဒီနေရာကို ရောက်လာတာလဲ”
ရန်ရှောင်က မူးယစ်နေသည့်တိုင်အောင် တစ်ဖက်သူကို မှတ်မိသေးသည်။
“အရှင်ရန် ဒီလောက်အေးစိမ့်နေတဲ့နေ့မှာ ဘာလို့တစ်ယောက်တည်း အပြင်ထွက်လာတာလဲ။ သွားရအောင် လူတိုင်းက ရောက်နေကြပြီ။ ခင်ဗျားတစ်ယောက်ပဲလိုတော့တယ်။ မြန်မြန်လေးတက်”
ရှားယဲ့ရှူးက ရထားလုံးပေါ်သို့ တက်ရန် တိုက်တွန်းသည်။
အမူးသမား ရန်ရှောင်က ကမ်းလှမ်းမှုကို ငြင်းဆန်တော့မည့်အချိန်တွင် ရထားလုံးထဲမှ လက်တစ်ဖက်ထွက်လာပြီး သူ့ကိုဆွဲတင်သွားသည်။
“သွားရအောင်”
ရန်ရှောင်က ထိုစကားကို ကြားလိုက်သောအခါ ရထားလုံးဘီးက လိမ့်သွားပြီဖြစ်သည်။
သူက မူးယစ်နေသဖြင့် ရန်ရှောင်အနေနှင့်လည်း ရထားလုံးက မည်သည့်နေရာသို့ ဦးတည်နေပြီး မည်သည့်နေရာတွင် ရပ်တန့်သွားကြောင်း မသိချေ။ ရထားလုံးက ရပ်တန့်သွားသောအခါတွင် သူ၏ ဘယ်ညာမှ လူနှစ်ယောက်စီ သူ့ကိုကောက်မလိုက်ကာ စားသောက်ဆိုင်ထဲသို့ ခေါ်သွားကြောင်း သိလိုက်ရသည်။
အပြင်ဘက်ရှိ အေးစိမ့်နေသော ရာသီဥတုနှင့်ယှဉ်သော် အတွင်းက နွေဦးနေ့ရက်များလို နွေးထွေးနေသည်။ ထိုဆိုင်တွင် နှစ်ပေနှင့်လေးလက်မခန့်ကျယ်သည့် စားပွဲရှည်ကြီးကိုလည်း မြင်နိုင်သည်။ ထိုစားပွဲကြီးက စန္ဒကူးသားဖြင့်ဆောက်ထားပြီး သစ်စေးသုတ်ထားသောကြောင့် မူရင်းသစ်သား၏ အသက်သွေးကြောကို ထိန်းထားနိုင်သေးသည်။ ထို့ကြောင့် လန်းဆန်းစေသော မွှေးရနံ့ကိုပင် ထုတ်လွှတ်နေသေးသည်။
စားပွဲ၏ နှစ်ဖက်လုံးထံမှ အဖြူရောင်မြူများ ရစ်ဆိုင်းနေသည်။ တဘတ်များဝတ်ထားကြပြီး ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ထားကြသည့် လူများက ထိုနေရာတွင် ထိုင်နေကြသည်။ ပူပူနွေးနွေး စားသောက်စရာများကိုလည်း ချထားသည်။ ရှင်းလင်းစွာဖြင့်ပင် ဒါက ရန်ချောင်မရောက်ခင်ကတည်းက သောက်စားပြီးနေသော ဧည့်သည်တော်များကို ကိုယ်စားပြုသည်။ သူက အာရုံအများကြီး မစိုက်မိချေ။ ရှားယဲ့ရှူးကလည်း သူ့ကိုလျှင်မြန်စွာဖြင့် လမ်းပြကာ နေရာတစ်ခုကို ခေါ်သွားပေးသည်။
ဘေးဘက်မှ တစ်စုံတစ်ယောက်က သူ့ကို ဝိုင်ခွက်ဖြင့်ကမ်းလှမ်းသည်။ ထို့နောက် တူများနှင့် ပန်းကန်များကို ပေးသည်။ အခြားတစ်ယောက်ကမူ သူ့ဘက်သို့ ဝိုင်များငှဲ့ပေးသည်။
“အရှင်ရန် ငါတောင်းပန်ပါတယ်။ အရှင်ရှောင်ကဟိုမှာ။ အရှင်ကျန်းကလည်း ရောက်လာတယ်။ ဒီတော့ သူတို့ရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ကောင်းကောင်း သောက်စားဖို့ လိုအပ်တယ်လေ”
ရှားယဲ့ရှူး၏အသံက သူ၏နားနားကပ်ကာ ထွက်လာသည်။ သို့သော် အသံက နီးသလိုလို ဝေးသွားသလိုလိုဖြစ်နေပြီး အနားတွင်ရှိနေသလိုလို မရှိနေသလိုလို ဖြစ်နေသည်။ ရန်ရှောင်က ရယ်လိုက်သည်။ သူက သတိလက်လွတ် လက်ကိုယမ်းလိုက်ပြီးနောက် ထိုခွက်ကို ကုန်အောင်သောက်လိုက်သည်။
“လုပ် လုပ် လုပ်”
ရန်ရှောင်က ထိုစိတ်အခြေအနေတွင် မူးနေသေးသည်။ စားသောက်ဆိုင်၏ နွေးထွေးမှုနှင့် ခွက်များရှိနေမှုက သူ့အပေါ် မမြင်ရသော သက်ရောက်မှုရှိသွားသည်။ သူက ပျော်ရွှင်နေပြီး ခွက်ကိုဆက်တိုက်ပစ်ကာ တစ်ယောက်တည်း ထိုင်သောက်နေသည်။
အချိန်တစ်ခုကြာပြီးနောက် ရန်ရှောင်၏ မူးယစ်မှုက မြင့်တက်လာချိန်တွင် ထိုဆိုင်၏ ထောင့်တစ်နေရာထံမှတဆင့် မူးယစ်နေသောအသံက ထွက်လာသည်။ ရယ်သံကကျယ်ပြီး ရန်ငြိုးအပြည့်ပါသည်။
“ငါပြောမယ် မင်းသားလေးက မောက်မာသထက် မောက်မာလာတယ်။ တော်ဝင်နန်းတော်ထဲမှာ မြင်းစီးခွင့် တားမြစ်ထားတာ ရှင်းလင်းနေတာပဲ။ ဒါတောင်မှသူက အဓိကလမ်းမပေါ်မှာ မြင်းစီးသွားသေးတယ်”
“မင်းသားလေးဟုတ်လား”
ရန်ရှောင်က နားကိုစွင့်ထားသည်။ သူကလည်း ထိုအသံက စာကြည့်ဆောင်ဘက်မှ အငယ်တန်း အရာရှိတစ်ယောက်၏ အသံဖြစ်ကြောင်း သိလိုက်သည်။ ထိုလူကမူ သူ၏ အထွန့်တက်လိုသော စကားများကို အော်ကျယ်အော်ကျယ်ဖြင့် ပြောနေသည်။
“မင်းသားက တကယ်အံ့အားသင့်စရာကောင်းတာ။ သူက ငါတို့သာမာန်လူတွေကို ကြည့်မှာမဟုတ်ဘူး။ သူက သူ့မြင်းကြောင့် ငါ့ကိုနင်းမိတော့မလို့”
မူးယစ်နေသော ထိုလူက ဆက်ပြီး အထွန့်တက်နေသည်။ သူက ရန်ရှောင်ထက်ပင် မူးနေပုံပေါ်သည်။ တစ်စုံတစ်ယောက်က သူ့ကိုတားရန်ကြိုးစားသည်။ သို့သော်သူက ဆက်လက်ပြီး ခေါင်းမာနေသေးကာ သူပြောလိုသောစကားကို ဆက်ပြောနေသည်။
“နောက်ပြီး မင်းသားတိုင်းက ထီးနန်းကို ဆက်ခံခွင့်ရှိတယ်ဆိုပေမဲ့လည်း သူ့လိုလူက ဘဝအများကြီး ရှင်သန်ရမယ်ဆိုရင်တောင်မှ ဧကရာဇ်ဖြစ်လာနိုင်မှာမဟုတ်ဘူး။ တော်ဝင်နန်းတော်မှာ မြင်းစီးတယ်။ သူ့ကိုယ်သူ တူရကီလို့များထင်နေတာလား ဖီ”
ဝုန်း
စားသောက်ဆိုင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ရှိနေကြသောလူတိုင်းက ထိုလူကို လှည့်ကြည့်ကြသည်။
“ဒါက ဘယ်ကအရာရှိလဲ။ ရမ်းကားလွန်းလိုက်တာ”
အချို့သော အကြောင်းပြချက်များကြောင့် ရန်ရှောင်ကလည်း ထိုလူ၏ အထွန့်တက်သံများ လာရာဘက်သို့ ကြည့်လိုက်သည်။
သူ၏မှတ်ဉာဏ်ထဲကို ရှာဖွေပြီးနောက် တစ်ဖက်သူက အိမ်ရှေ့စံ၏ စာကြည့်ဆောင်မှ အတွင်းရေးလက်ထောက် ကျိုးချန်းဖြစ်ကြောင်း သိလိုက်သည်။ ထိုလူက ပဲစေ့လောက်ပင် အဆင့်မရှိသည့် အငယ်တန်း အရာရှိတစ်ယောက်သာဖြစ်သည်။ သူက ဘဏ္ဍာရေးခုံရုံးမှ အကူအရာရှိ ဖြစ်ခဲ့ဖူးသည်။ သို့သော်သူက ဘယ်သောအခါကမှ ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ချေ။ ထို့ကြောင့် သူက အိမ်ရှေ့စံ၏ စာကြည့်တိုက်ထဲသို့သွားကာ အကြောင်းအရာများကို မှတ်တမ်းတင်ရသော် လက်ရှိရာထူးသို့ အလျော့ခံခဲ့ရခြင်းဖြစ်သည်။
သို့သော် ထိုကျိုးချန်းကမူ ရစ်မူးနေသဖြင့် သူ၏စိတ်ပျက်လက်ပျက် ခံစားခံရသည့် အကြောင်းအရာများ၊ အငြိုးတရားများ အားလုံးကို အော်ဟစ်ကာ ပြောဆိုနေသည်။ အခြေအနေက ဆိုးသထက် ဆိုးလာသည်။
“နန်းတော်ထဲမှာ မင်းသားလေးက တူရကီသွေးပါတယ်ဆိုတဲ့ ကောလဟာလက ပျံ့နေတာကြာပြီ။ ငါ့အမြင်အရ သူက ဟူရဲ့ဆက်ခံသူပဲ။ နန်းတော်ထဲမှာ မြင်းစီးပြီး အဓိကလမ်းမပေါ်မှာ လျှောက်သွားတယ်။ ခုံရုံးရဲ့ အတွင်းကအရူးပဲဖြစ်ဖြစ်၊ အပြင်က အရူးပဲဖြစ်ဖြစ် ဒီလိုလူမျိုးကို ထောက်ပံ့ကြမှာမဟုတ်ဘူး။ မနက်ဖြန် ငါအရှင်မင်းကြီးကို ဒီအကြောင်း လျှောက်တင်ရမယ်။ သူပုလ္လင်ပေါ်မှာထိုင်ဖို့ အခွင့်အရေး မရှိစေရဘူး”
ကျိုးချန်းကပြောသည်။
“ရမ်းကားလိုက်တာ”
ရန်ရှောင်က ဒေါသတကြီး ထလာသည်။ သူက ချက်ချင်းလိုလို စားပွဲခုံကိုရိုက်ပြီး ကျိန်ဆဲသည်။
“အိမ်ရှေ့စံရဲ့ စာကြည့်ဆောင်က နိမ့်ကျတဲ့ အတွင်းရေးလက်ထောက်အဆင့်ကများ ဒီလိုအရှက်မရှိ ပြောရဲတယ်။ မင်းသားလေးက မင်းဒီလိုပြန်ပြောရတဲ့အဆင့်လား။ မင်းသားလေးက ဉာဏ်ပညာရှိပြီး ဘယ်လောက်တောင် သူရဲကောင်းဆန်လိုက်သလဲ။ ဒါကို ဘာလို့သူက ဧကရာဇ်မဖြစ်နိုင်ရမှာလဲ။ မင်း မင်းသားလေးကို မထောက်ပံ့ဘူးဆိုရင်တောင်မှ သူ့ကိုထောက်ပံ့မဲ့လူတွေ အများကြီးရှိလိမ့်မယ်”
ရန်ရှောင်က ပြောလေလေ ခံစားချက်က ပြင်းပြလာလေလေဖြစ်ပြီး ပါးများကရဲလာသည်။ သူက တခဏခန့် ရပ်တန့်ပြီးနောက် ဝိုင်ကိုဆက်သောက်သည်။
“ဖီ ဘယ်သူကသူ့ကို ထောက်ပံ့မှာလဲ။ မင်းလားရန်ရှောင် မင်းပြောနိုင်လား။ ငါပြောမယ် မင်းသားလေးက မင်းသားဖြစ်ဖို့တောင် မတန်ဘူး။ သူက ထီးနန်းကိုဆက်ခံပြီး ဧကရာဇ်ဖြစ်ဖို့ ပိုတောင်ဆိုးသေးတယ်”
ကျိုးချန်းက ထိုသို့အော်ထုတ်လိုက်သည်။ သူ၏အသံက ရန်ရှောင်ထက်ပင် ကျယ်သွားသည်။
အခန်း(၈၁၄)
မုန်တိုင်း
“သောက်ပေါက်ကရတွေ”
ရန်ရှောင်က ကျယ်လောင်စွာ ကျုံးဝါးသည်။
“စစ်မတ်အမှူထမ်းရေးရာဌာနက အရှင်ကျန်းနဲ့ အရှင်ကျောင်း၊ ဘဏ္ဍာရေးဌာနရဲ့ အရှင်ရှဲ့နဲ့ အရှင်လီ၊ အမှူထမ်းရေးရာဌာနရဲ့ အရှင်ချန်းနဲ့ အရှင်ရှန်း နောက်ပြီး အရှင်လုနဲ့ အရှင်ဟွမ်... သူတို့အားလုံး ဒီမှာရှိနေတာပဲ။ သူတို့အားလုံးက မင်းသားလေးနဲ့အတူ ရှဲ့ယန်ပွဲတော်ကို အောင်ပွဲခံနေကြတာလေ။ နောက်ပြီး နယ်စပ်က လေးစားရတဲ့ ကာကွယ်ရေးဗိုလ်ချုပ်ကြီးတွေတောင် ပါသေးတယ်။ သူတို့ကလည်း မင်းသားလေးကို ထီးနန်းဆက်ခံနိုင်အောင် ကူညီပေးမယ်လို့ ကျုံးဝါးထားကြတာ။ ငါအခုလေးတင် အဲ့ဒီပွဲကို တက်ခဲ့တာဆိုတော့ ငါကိုယ်တိုင်မြင်ခဲ့တယ်”
ဝုန်း
ရန်ရှောင်က ပြော၍ဆုံးသွားသည့်အချိန်တွင် ဆိုင်တစ်ဆိုင်လုံးက တိတ်ဆိတ်သွားသည်။ ဆူညံသံများ အားလုံးကလည်း ပျောက်ကွယ်သွားသည်။ ယခုလေးတင် စည်ကားကာ လူပြည့်ကြပ်နေသောဈေးက ချက်ချင်း ရှင်းလင်းသွားသလို ထင်ရသည်။ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက ရန်ရှောင်ထံတွင် ရောက်နေကြသည်။ အားလုံးက အံ့အားသင့်နေကြသည်။
ထိုအချိန်တွင် ရန်ရှောင်၏ပါးစပ်မှ စကားလုံးများက ထွက်ပြီးရုံသာရှိသေးသည်။ သူ၏နှုတ်ခမ်းက သတိလက်လွတ်စကားများ ပြောလိုက်မိကြောင်း သတိထားမိသွားသည်။ သူ၏ကိုယ်ပေါ်သို့ အံ့အားသင့်နေသော အကြည့်ပေါင်းများစွာက ရောက်လာသည်။ ရန်ရှောင်ကလည်း သူ၏နှလုံးသားက အပူချိန်များစွာ ကျဆင်းသွားသလို ခံစားလိုက်ရသည်။ ထိုအခါမှသာ ရန်ရှောင်က သူက မည်သည့်နေရာသို့ ရောက်နေကြောင်း သိသွားသည်။
သူက မြို့တော်၏ ကျော်ကြားသော ကောင်းကင်ပြာစံအိမ်သို့ ရောက်နေခဲ့ခြင်းဖြစ်သည်။ ခုံရုံးမှ အရာရှိ တစ်ဝက်နီးပါးက ထိုဆိုင်ထဲတွင်ရှိနေကြသည်။ ထို့အပြင် စစ်မတ်အမှူထမ်းရေးရာဌာန၊ အပြစ်ဒဏ်ဌာန၊ ဘဏ္ဍာရေးဌာန၊ အလုပ်သမားဌာနမှ အရာရှိတိုင်းနီးပါး ရှိနေကြသည်။ ထို့ပြင် အင်ပါယာ ဆင်ဆာလူကြီးမင်း ဟယ်ကျန်းကလည်းရှိနေပြီး သူ့ကို စိုက်ကြည့်နေသည်။
သောက်ကျိုးနည်း
ရန်ရှောင်ကမူ ရေနစ်သွားသလိုမျိုး မျက်နှာက ပြာနှမ်းသွားသည်။
...
ဝုန်း
ရေကန်ထဲသို့ ကျောက်တုံးကို ပစ်ချလိုက်သလိုမျိုး ကောင်းကင်ပြာစံအိမ်မှ မတော်တဆမှုက မြို့တော်တစ်ခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။ နောက်တစ်နေ့ မနက်ခင်းတွင် တော်ဝင်ဆင်ဆာ လူကြီးမင်းဟယ်ကျန်းက ကိုယ်တိုင်ကိုယ်ကျ တော်ဝင်ခုံရုံးသို့ မှတ်တမ်းတင်ပို့ပြီး ရန်ရှောင်အကြောင်းပြောသည်။ ထို့ပြင် သူထိုစာတွင် ပြောခဲ့သော စကားလုံးများကလည်း ခုံရုံးတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
မဟာထန်မှ မင်းသားတစ်ပါးက ခုံရုံးမှ အရေးပါသော အရာရှိများနှင့် သီးသန့်ဆက်သွယ်နေခဲ့သည်။ ထို့ပြင် နယ်စပ်မှ မဟာဗိုလ်ချုပ်ကြီးများပင် ပါသေးသည်။ ဒါက မည်သည့်ခေတ်တွင်မဆို တားမြစ်ထားသည့် တားမြစ်ချက်ဖြစ်သည်။
အနောက်ပိုင်း ညီလာခံအစည်းအဝေး မပြီးဆုံးခင် ရန်ရှောင်က ဖမ်းဆီးခံရပြီး အကျဉ်းချခံရသည်။ ဒါက အစသာလျှင်ရှိသေးသည်။ ကောင်းကင်ပြာစံအိမ်မှ မတော်တဆမှုက သိပ်မကြာခင် မုန်တိုင်းကြီး ထန်စေပေလိမ့်မည်။
ခုံရုံးမှ လူတစ်ဝက်နီးပါး ရန်ရှောင်၏ စကားလုံးများကို ကြားခဲ့ကြသဖြင့် ရန်ရှောင်၏ပြစ်မှုက အတည်ပြုထားပြီးသား ဖြစ်လေရာ သေစေနိုင်သည့် ထိုးနှက်ချက်ကြီးဖြစ်သည်။
“စတုတ္ထမင်းသားက ရှဲ့ယန်ပွဲတော်မှာ ဘိုးဘေးတွေကို လေးစားဂါရဝပြုဖို့နဲ့ မဟာနတ်ဘုရား သုံးပါးအတွက် အောင်ပွဲခံပေးဖို့အတွက်နဲ့ ခုံရုံးထဲမှာရှိတဲ့ သူ့ဘက်က အဖွဲ့ဝင်တိုင်းကို ဖိတ်ခေါ်ပြီး ပွဲကျင်းပခဲ့တယ်။ ဒီလူတွေအားလုံးက ရုံးတော်ခြောက်ခုလုံးရဲ့ ဌာနအသီးသီးကပဲ။ သူက ဒီလူတွေကို သူ့ဘက် ဆွဲသွင်းထားခဲ့တယ်။ စတုတ္တမင်းသားက နယ်စပ်က မဟာဗိုလ်ချုပ်ကြီးတွေနဲ့တောင် အဆက်အသွယ် ရှိသေးတယ်။ အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်၊ ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖုမာန်လင်းချာ၊ ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်း၊ မဟာထယ်ကြီးရဲ့ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်... စတုတ္ထမင်းသားက ဟူကာကွယ်ရေးဗိုလ်ချုပ်တိုင်းနဲ့ မဟာဗိုလ်ချုပ်တိုင်းဆီ စာရေးပြီး သူ့ကို ပုလ္လင်ဆက်ခံနိုင်အောင် ထောက်ပံ့ပေးဖို့ ဖိတ်ခေါ်ထားခဲ့တာ”
ရန်ရှောင်က တော်ဝင်အကျဉ်းထောင်တွင် ဝန်ခံခဲ့သောသတင်းက ထိုညတွင်ပင် တော်ဝင်ခုံရုံးအနှံ့ ပျံ့နှံ့သွားပြီး မုန်တိုင်းဖြစ်စေခဲ့သည်။
စတုတ္ထမင်းသားက သူ့ကိုထောက်ပံ့သော ခုံရုံးမှအရှာရှိများကို ပွဲသို့ဖိတ်ခေါ်ခြင်းက မထူးဆန်းသေးချေ။ ခုံရုံးမှအရာရှိများကို သူ့ဘက်သို့ ဆွဲသွင်းသည့်ကိစ္စကို သူတော်စင်ဧကရာဇ်က တားမြစ်ထားသော်လည်း ပွဲတော်သို့ မဖိတ်ခေါ်ရဟု မဆိုထားသေးချေ။ မည်သို့ပင်ဆိုစေ ဧကရာဇ်ဖြစ်လာရန် မင်းသားများကြားမှ စစ်ပွဲက ခေတ်အဆက်ဆက် ရှိခဲ့ပြီးသားဖြစ်ပြီး လုံလောက်အောင် စွမ်းအင်ရှိသောလူမှသာ ဧကရာဇ်ဖြစ်ရပေလိမ့်မည်။
သူတော်စင်ဧကရာဇ်ကိုယ်တိုင်လည်း သူ့ရဲ့ကိုယ်ပိုင် ထောက်ခံတဲ့လူတွေကို သီးသန့်စုဆောင်းပြီး မင်းသားဘဝကတည်းက ကြိုးစားခဲ့ရတာမဟုတ်လား။
အရေးကြီးသော အချက်ကမူ ရန်ရှောင်၏ ဝန်ခံမှုများတွင်ပါနေသည့် အခြားနာမည်များဖြစ်သည်။ အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်၊ ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖုမာန်လင်းချာ၊ ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်း၊ ထယ်ကြီးရဲ့ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်... ထိုနာမည်တိုင်းက မဟာထန်၏ ပုဂ္ဂိုလ်ကြီးတိုင်းကို ကိုယ်စားပြုနေသည်။ စစ်သားပေါင်းများစွာကို အုပ်ချုပ်နိုင်သည့် အာဏာရှိသော မဟာဗိုလ်ချုပ်ကြီးများဖြစ်နေသည်။
ထိုနာမည်များ၏ စာရင်းထဲတွင်ပါနေသော တည်ရှိမှုကတင် မတော်တဆမှုကြီးတစ်ခု ဖြစ်စေနိုင်လေရာ လေးယောက်ဆိုလျှင် ပို၍ဆိုးသည်။
ဝုန်း
ထိုနေ့က ကောင်းကင်တွင် မိုးခြိမ်းသည်။ သူတော်စင်ဧကရာဇ်ကပင် အလွန်အမင်း ထိတ်လန့်သွားပြီး ဒေါသထွက်သွားရသည်။
ရန်ရှောင်က အကျဉ်းချခံရပြီး နောက်တစ်နေ့တွင် ကျင်းရှန်းနှင့် ကျန်းရို့တို့ဆိုသည့် စစ်မတ်အမှုထမ်းရေးရာဌာနမှ နှစ်ယောက်၊ ဘဏ္ဍာရေးရာဌာနမှ ရှဲ့ပေါနှင့် လီချန်း၊ အမှုထမ်းရေးရာဌာနမှ ချန်းချွမ်နှင့် ရှန်းရွင်း... စသဖြင့် မင်းသားလေး၏ ရှဲ့ယန်ပွဲတော်သို့ တက်ခဲ့သည့်လူတိုင်းက အကျဉ်းချခံရသည်။ အင်ပါယာစစ်တပ်ကလည်း ထိုစီမံကိန်းကို ကိုယ်တိုင်လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့အပြင် မိန်းမဆိုးကလည်း ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်သည်။
လူတိုင်းကလည်း ထိုမုန်တိုင်းက ပြီးဆုံးရန် လိုအပ်နေသေးကြောင်း နားလည်နေကြသည်။
“သေလိုက်ပါတော့ ရန်ရှောင်က ဘာမှကို ကောင်းကောင်းမလုပ်နိုင်ဘူး။ ငါက အခြေအနေ ဒီလိုဖြစ်လာမယ်မှန်းသိရင် ဒီကောင့်ကို မဖိတ်ခဲ့ပါဘူး။ ငါက သတိလက်လွတ်နိုင်သွားတာ။ ဒီမျိုးမစစ်ကောင် အလွန်အကျွံသောက်သွားပြီး ဒီနေ့လိုကပ်ဘေးကို စိုက်စေတာပဲ။ သူသေပြီးတာတောင် မလုံလောက်ဘူး”
ရှဲ့ယန်နန်းတော်အတွင်းတွင် မင်းသားလေးဘက်မှ သက်လတ်ပိုင်းအရွယ် ပညာသင်သားတစ်ယောက်က ဒေါသထွက်နေသည်။ သူ၏အကြည့်ကသာ လူသတ်နိုင်မည်ဆိုလျှင် ရန်ရှောင်က အကြိမ်ပေါင်းများစွာ သေပြီးလောက်လေပြီ။
“လုံလောက်ပြီ”
မင်းသားလေးကအော်သည်။ ထိုနည်းအားဖြင့် သူ၏ဒေါသများက တုန့်ဆိုင်းသွားသည်။ သူကလည်း ယခုလေးတင် ပေါက်ကွဲခဲ့သော အနေအထားမျိုးထက် ပို၍တည်ငြိမ်သွားသည်ဟု ထင်ရသည်။ သို့သော် သူ၏ သုန်မှုန်နေသော မျက်လုံးများနှင့် ပြာနှမ်းနေသော အမူအရာကသာ သူ၏ခံစားချက် အစစ်အမှန်ကို ဖော်ပြနိုင်သည်။ ရန်ရှောင်ကြောင့် ပို၍ အသေးစိတ်ကျသော အချက်အလက်များက ပေါ်သထက်ပေါ်လာသည်။ သူက မင်းသားလေး၏ဘက်မှ ကိုယ်စား ငြင်းခုံပေးနေသည့်တိုင်အောင် ဒါက သူ့အတွက် ဘာမှမဟုတ်သေးချေ။
“အရာအားလုံးကို ကိုင်တွယ်ပြီးသွားပြီလား”
သက်လတ်ပိုင်းအရွယ် ထိုပညာသင်သားက ခေါင်းကိုငုံ့လိုက်ပြီးပြောသည်။
“အရှင်မင်းသားကို ပြန်ဖြေပါတယ်။ ရန်ရှောင်အဖမ်းခံရတဲ့နေ့မှာ ကျွန်တော်အားလုံးကို ကိုင်တွယ်ပြီးပါပြီ။ အရှင်မင်းသားကို ဒုက္ခပေးနိုင်တဲ့ သက်သေတွေအားလုံးကို ဖျက်ဆီးထားပါတယ်။ ဖုမာန်လင်းချာရဲ့ အရေးကြီးဆုံးစာကိုတောင်မှ အရှင့်သားက အပိုင်းပိုင်းအစစ စုတ်ဖြဲခဲ့သေးတာပဲ။ ငါတို့က ကျန်တဲ့ အကြွင်းအကျန်တွေ အားလုံးကိုလည်း မီးရှို့ပြီးပြာချလိုက်ပါပြီ။ ဒါကြောင့် တော်ဝင်ကလန်ခုံရုံးက ဒီအပိုင်းအစတွေကိုတောင် ပြန်မဆက်နိုင်တော့ပါဘူး”
“အွန်း”
မင်းသားလေးက ခေါင်းညိမ့်သည်။ သူ၏အမူအရာက သက်သာလာသည်။
“တိကျသေချာတဲ့ ဘာသက်သေမှမရှိသမျှ ခုံရုံးက အဲ့ဒီအရာရှိတွေက အရိပ်တွေနောက်ပဲ လိုက်လို့ရလိမ့်မယ်။ တော်ဝင်ဆင်ဆာလူကြီးမင်းတွေက ငါ့ကိုဘယ်လောက်ပဲ အကဲဖြတ်ဖြတ် ခမည်းတော်က ငါ့အပေါ် ဘာပြစ်မှုမှ ဆွဲချက်တင်နိုင်မှာမဟုတ်ဘူး။ သူတို့က တိကျသေချာတဲ့ သက်သေသာ ရှိမယ်ဆိုရင် ငါတို့တွေ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး”
စတုတ္ထမင်းသား၏ အမူအရာက တင်းမာနေသည်။ ထိုသို့ဖြင့် သူ၏စိတ်ထဲတွင် အမြဲတစေ လွှမ်းမိုးနေသော အတွေးများကို ဖော်ပြလိုက်သည်။
ကပ်ဘေးက ကောင်းကင်ပေါ်မှ ဆင်းချလာသည်။ သူကလည်း ကောင်းကင်ပြာစံအိမ်တွင် မတော်တဆမှု ဖြစ်လာမည်ဟု မမျှော်လင့်ဖူးချေ။ သို့ရာတွင်သူက ထွက်သွား၍မရသလို ထွက်ပြေး၍လည်း မရချေ။ နန်းတွင်းမှပင် ထွက်၍မရချေ။ ထိုအရာသာ မကသေးလေဘဲ သူကအမြဲတစေ တည်ငြိမ်မှုကိုသာ ပြသထားသည်။ အခြေအနေက အန္တရာယ်များလာလေလေ သူက ထိတ်လန့်မှု လျော့နည်းလာလေလေ ဖြစ်သင့်သည်။
“အရှင့်သား စိတ်အေးအေးထားပါ ဘာမှမဖြစ်လာပါဘူး”
ထိုပညာသင်သားက မင်းသားကို နှစ်သိမ့်ပေးနေသည်။ သူ၏အမူအရာကမူ အတော်လေး သုန်မှုန်နေသေးသည်။ သူတို့က ကာကွယ်ရေးဗိုလ်ချုပ်နှင့် ခုံရုံးမှ အရေးပါသော အရာရှိပေါင်း များစွာ၏ အထောက်အပံ့ကို ရကာစဖြစ်သည်။ သူတို့၏ ရည်မှန်းချက်ကလည်းမြင့်သည်။ သူတို့က လောက၏ ထိပ်ဆုံးအထိ တက်ချင်သည်။ ဒီနည်းအားဖြင့် ခမ်းနားသည့် အကြံအစည်များကို အကောင်အထည်ဖော်ကာ လှုပ်ရှားရန် ကြိုးစားထားသည်။ မမျှော်လင့်ထားသည်မှာ ရုတ်တရက် အခြေအနေက ပြောင်းလဲသွားပြီး ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသည်။
ဟစ်
စတုတ္ထမင်းသားက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် စိတ်ငြိမ်အောင်ထိန်းသည်။ သူကလည်း ဘယ်သောအခါကမှ အလောတကြီးဆုံးဖြတ်တတ်သောလူမျိုး မဟုတ်ချေ။ ယခုအနေအထားမျိုးကြောင့် သူက လက်မလျော့နိုင်ချေ။
“ခမည်းတော်က ငါ့ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားလိုက်ပြီ။ ဒါပေမဲ့ ရန်ရှောင်က အငယ်တန်းရာထူးပဲ ရှိတဲ့လူတစ်ယောက် သူ့ရဲ့စကားလုံးကတင် အာဏာအများကြီး မသက်ရောက်နိုင်ဘူး။ ဒီတော့ ခမည်းတော်ကလည်း ငါ့ကို အကျဉ်းချမထားနိုင်ဘူး။ ဒါပေမဲ့ ကျန်းရှင်း၊ ကျောင်းရို့နဲ့ အခြားလူတွေကို စုံစမ်းမေးမြန်းလိုက်တာနဲ့ အရာအားလုံးက ပြောင်းလဲသွားတော့မယ်။ ခမည်းတော်က ငါ့ကို တော်ဝင်အကျဉ်းထောင်ထဲမှာတောင် အကျဉ်းချထားလိမ့်မယ်။ ဒီတော့ ဖုမာန်လင်းချာဆီစာရေးပြီး ငါက အဲ့ဒီစာကို ကိုင်တွယ်မိတဲ့အကြောင်းပြောလိုက်။ ဒါကြောင့် အချိန်ကျလာတဲ့အခါ တော်ဝင်ခုံရုံးက ဘာတွေပဲဖြစ်လာဖြစ်လာ သူက ဒီတိုင်း မသိချင်ယောင်ဆောင်နေပြီး ငါတို့ကြားမှာ ဘာဆက်ဆံရေးမှမရှိကြောင်း ငြင်းဆန်နေဖို့ပဲ။ ဒါ့အပြင် သူ့ကိုလည်း ဒီမုန်တိုင်းပြီးတဲ့ထိစောင့်ပြီး ငါ့ကိုလွှတ်ခိုင်းဖို့ ပြောလိုက်။ ငါတို့ရဲ့ သဘောတူညီမှုက သက်ရောက်မှုရှိနေသေးတယ်။ ဒီတော့ သူက ငါတို့ရဲ့ စစ်မှန်တဲ့ သစ္စာကျိန်ဆိုမှုနဲ့အတူ ရှေ့ဆက်သွားနိုင်တယ်လို့ပြောလိုက်”
မင်းသားလေးက ခပ်တင်းတင်းပြောသည်။
“ဟုတ်ကဲ့အရှင့်သား ဒီလက်အောက်ငယ်သားက အခုပဲ သွားလုပ်လိုက်ပါ့မယ်”
ထိုသက်လတ်ပိုင်းအရွယ် စာသင်သားက လေးစားစွာပြောသည်။
ပင့်ကူကလည်း သေနိုင်သည်။ သို့သော် ဘယ်သောအခါမှ လဲကျလိမ့်မည်မဟုတ်ချေ။ စတုတ္ထမင်းသားကလည်း လှုပ်ရှားမှုများ ကန့်သတ်ခံလိုက်ရသည်။ သို့သော် အကြာကြီး စောင့်ဆိုင်းပြီးနောက် သူ့တွင်လည်း လုပ်နိုင်စွမ်းရည်ရှိလာသည်။ ထို့ကြောင့် စာအနည်းငယ်ပို့သော ကိစ္စက ပြဿနာမရှိချေ။ စတုတ္ထမင်းသားက အမိန့်အများကြီး ပေးပြီးသွားသည်။ သူ၏အရေးကြီးဆုံးသော အချိန်တွင် သူက ရှင်သန်နိုင်ချေ။ အမြင့်ဆုံးဖြစ်အောင် ကြိုးစားရန်လိုအပ်သည်။
“ဘေးမှာရပ်နေ”
သူတော်စင်ဧကရာဇ်က အမိန့်ထုတ်လိုက်သည်။
“မင်းသားလေးကိုဖိတ်ခေါ်...”
ငါးမိနစ်ခန့်ကြာပြီးနောက် အပြင်ဘက်မှ ခြေလှမ်းသံများနှင့် သံချပ်ကာသံများကို ကြားရသည်။ ထို့နောက် ရင်ယန်နန်းတော်ထံသို့ ချီတက်လာသံက ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ စတုတ္ထမင်းသားနှင့် သူ၏အနားရှိ ခစားသောလူများ၏ မျက်နှာများက ဖြူဖျော့သွားသည်။
“မြန်မြန်သွား”
စတုတ္ထမင်းသားက ပညာသင်သားကို တွန်းထုတ်သည်။ တူညီသော အချိန်တွင်ပင် နန်းဆောင်၏တံခါးက တွန်းဖွင့်ခံရပြီး သံချပ်ကာအပြည့်ဖြင့် တော်ဝင်စစ်သားတစ်ယောက်က ဝင်လာသည်။
“စတုတ္ထမင်းသား ကျေးဇူးပြုလို့”
...
ဘန်း
စတုတ္ထမင်းသားက အကျဉ်းချခံရမှုနှင့်အတူ ရင်ယန်နန်းဆောင်၏ မတော်တဆမှုမှ သက်ရောက်မှုများက လျှင်မြန်စွာဖြင့် ပျောက်ကွယ်သွားကာ နိုင်ငံရေးကိစ္စများအဖြစ် ပြောင်းလဲသွားသည်။ စတုတ္တမင်းသား၏ ပွဲသို့ တက်ရောက်ခဲ့သော လူတိုင်းကလည်း အကျဉ်းချခံရသည်။ ထိုကိစ္စက တော်ဝင်ကလန်ခုံရုံးမှ လူများအားလုံး ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ပြီး တရားစီရင်ရေးဌာနရုံးတော်၊ အပြစ်ပေးဌာနနှင့် အမျိုးမျိုးသော တော်ဝင်မင်းသားများက ပါဝင်ကြသည်။
ထိုအရာသာမကသေးလေဘဲ တော်ဝင်ဧကရာဇ်၏ အယုံကြည်ရဆုံးသော အစေခံ မိန်းမဆိုးကောင်းကပင် ထိုကိစ္စကို စီစဉ်ခဲ့သေးသည်။ ထိုအခြေအနေမှတဆင့် ထိုကိစ္စ၏ လေးနက်မှုကို သိနိုင်သည်။
အကျဉ်းချခံထားရသော အရာရှိတိုင်းက စတင်ကာ ဝန်ခံကြသည်။ ထိုသို့ဖြင့် ကိစ္စတစ်ခုက ရှင်းလင်းလာသည်။ ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန်နှင့် မင်းသားတစ်နှင့် မင်းသားနှစ်တို့ကို ထောက်ပံ့သော အရေးပါသော အရာရှိများကို ရင်ဆိုင်ရန် မင်းသားလေးက ဟူကာကွယ်ရေးဗိုလ်ချုပ်နှင့် မဟာဗိုလ်ချုပ်များကို ထုံးတမ်းနှင့် မညီစွာ ချဉ်းကပ်ခဲ့သည်။ ထို့အပြင် ထိုဟူအရာရှိများကလည်း အလွန်အမင်း စစ်မှန်လွန်းသော စစ်တပ်အာဏာကို ပိုင်ဆိုင်ထားကြလေသည်။
ကျန်းရှင်း၏ဝန်ခံမှုကို အခြေခံကြည့်ရလျှင် မင်းသားလေးက ဟူကာကွယ်ရေးဗိုလ်ချုပ်များထဲမှ တစ်ယောက် သို့မဟုတ် အနည်းဆုံး လူအနည်းငယ်လောက်၏ သစ္စာခံမှုကို ရရှိထားသည်။ ထို့အပြင် သူတို့၏ လက်အောက်ငယ်သားများ၏ သစ္စာခံမှုကိုလည်း ရရှိထားသေးသည်။ သူတို့က စတုတ္ထမင်းသား ပုလ္လင်ကို ဆက်ခံနိုင်အောင် အပြည့်အဝ သစ္စာခံပါ့မည်ဟု သွေးသစ္စာကျိန်ဆိုထားသော စာကိုပင် ပို့ခဲ့သေးသည်ဟုဆိုသည်။
ရန်ရှောင်၏စကားလုံးများက ပေါက်ကရများဟု သတ်မှတ်နိုင်သည်။ မည်သို့ပင်ဆိုစေ ဒါက တော်ဝင်အိမ်တော်စုမှ လေးစားစရာမင်းသားတစ်ပါး ဖြစ်နေသေးသည်။ လူတစ်ယောက်၏ သမန်ကာလျံကာ ပြောဆိုသောစကားက သူ၏ကံကြမ္မာကို မဆုံးဖြတ်နိုင်ချေ။ သို့သော် ကျန်းရှင်း၊ ကျောင်းရို့နှင့် အခြားသော ရုံးတော်ခြောက်ခုမှ အရာရှိများက ဝန်ခံလာသောအခါတွင်မူ ထိုကိစ္စက မတူတော့ချေ။
ဒါက ရန်ရှောင်က မင်းသားလေးက ဟူမဟာဗိုလ်ချုပ်နှင့်ပေါင်းပြီး ပုန်ကန်ရန် ကြံစည်နေသည်ဆိုသော ကိစ္စလောက် မရိုးရှင်းတော့ချေ။ သံသယဝင်ရန် မလိုလောက်အောင် ထိုထက် အလေးသာသွားသည်။
“မျိုးမစစ်ကောင်”
ထိုစာထွက်လာသည်နှင့် သူတော်စင်ဧကရာဇ်က အမျက်ဒေါသထွက်သွားသည်။ အင်ပါယာ၏ အနားဝန်းကျင်တောက်လျှောက် ငလျှင်လှုပ်လိုက်သလို ယမ်းခါသွားသည်။ ထိုတစ်ရက်တည်းတွင်ပင် သူတော်စင်ဧကရာဇ်က သူ၏ သီးသန့်တံဆိပ်ကို ပေ့ထင်၊ အန်းရှီ၊ ချီးရှီနှင့် လုံရှီတို့ထံ ပို့လိုက်ပြီးနောက် အမိန့်တော် (၁၂)ခုကိုထုတ်လိုက်ကာ ထိုမဟာဗိုလ်ချုပ်လေးယောက်ကို လာခိုင်းပြီး ကိုယ်တိုင်ရှင်းပြခိုင်းသည်။
သူတော်စင်ဧကရာဇ်၏ အမျက်ဒေါသက အင်ပါယာတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
ခုံရုံးတစ်ခုလုံးကလည်း တင်းကြပ်သော လေထုထဲသို့ ရောက်ရှိနေသည်။ ရင်ယန်နန်းဆောင်မှ မတော်တဆမှုက အန်းစစ်ရွှန်း၊ ကောင်းရှန်းကျစ်နှင့် ဖုမာန်လင်းချာ၊ ခဲ့ရှု့ဟန်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများကို ကြောက်လန့်မှုကြောင့် မသက်မသာဖြစ်ပြီး တုန်ယင်သွားစေခဲ့သည်။
အခန်း(၈၁၅)
ဖုမာန်လင်းချာရဲ့ ယုံကြည်မှု
ငြိမ်းချမ်းသော လောကထဲတွင် ရုတ်တရက် သူတော်စင်ဧကရာဇ်က ဒေါသထွက်အောင် ကိစ္စအချို့က နှောက်ယှက်လိုက်ပြီး သူ၏ သီးသန့်တံဆိပ်ပြားကိုပင်သုံးကာ တော်ဝင်အမိန့် (၁၂)ခုကိုပင် ထုတ်ပြန်ခဲ့သည်။
ထိုအချက်က ကိစ္စတစ်ခုကိုသာ ရည်ညွှန်းသည်။
ရင်ယန်နန်းဆောင်က မတော်တဆမှုက မျှော်လင့်ထားသည်ထက် လေးနက်လွန်းအားကြီးသည်။ ထို့ကြောင့် သူတော်စင်ဧကရာဇ်၏ တားမြစ်ထားသည့် အကြီးမားဆုံး တားမြစ်ချက်တစ်ခုက ပျောက်ပျက်သွားလေးသည်။
.....
အဝေးရှိ ချီရှီကာကွယ်ရေးဌာနချုပ်ထဲရှိ လေထုအခြေအနေက တင်းကြပ်နေသည်။
မြို့တော်မှ မတော်တဆမှု ဖြစ်လာသောအခါ ချီရှီကာကွယ်ရေးစစ်တပ်ကလည်း တော်ဝင်ခုံရုံးက တိုက်ပွဲအတွက် သူတို့လုပ်ရမည့် ကိစ္စများကြောင့် ချီးမြှင့်ထားသည့် ဆုလာဒ်များ ရောက်ရှိလာသောကြောင့် အားလုံးက ပျော်ရွှင်နေကြချိန်ဖြစ်သည်။ မည်းမှောင်နေသော ခန်းမထဲတွင် ဟူဗိုလ်ချုပ်တိုင်းက ခေါင်းကိုငုံ့ပြီး ထိတ်လန့်နေကြသည်။
“အားလုံးကိုကိုင်တွယ်ထားတား”
ခန်းမ၏ အပေါ်ဘက်ခြမ်းမှ စိတ်တိုင်းမကျဖြစ်မှုများ ပေါင်းစပ်နေသည့် လေထုထဲမှထွက်လာသည့် ကလေးလေးအသံကို ကြားရသည်။ ဖုမာန်လင်းချာက ပုလ္လင်ပေါ်တွင် ဖြောင့်မတ်စွာထိုင်နေသည်။ သူ၏မျက်နှာက ရေခဲပြားလို အေးစက်နေသည်။ သို့ရာတွင် လက်အောက်ငယ်သားများနှင့်ယှဉ်သော် သူက အများကြီး အခြေအနေကောင်းနေသည်။ မည်သို့ပင်ဆိုစေ သူက မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ အရှိန်အဝါကို ထုတ်ပြထားသေးသည်။
“ကိုင်တွယ်ပြီးပါပြီ”
ဖုမာန်လင်းချာ၏ ဘယ်ဘက်ခြမ်းတွင်ရှိနေသည့် ဉာဏ်ကောင်းသည်ဟု ထင်ရသော ဟူဗိုလ်ချုပ်တစ်ယောက်ကပြောသည်။
“ချီဖူလီက သတင်းပို့ပင်ဂွင်းမှတဆင့် အမြန်ဆုံး ပြန်လာပါ့မယ်ဆိုတဲ့အကြောင်း အကြောင်းကြားထားပါတယ်။ ဒါကြောင့် ဘယ်သူကမှ အာရုံမစိုက်ရခင် သူကပြန်ရောက်လာမှာပါ။ ဒါ့အပြင် စာကိုလည်း သံသယမဝင်ရအောင် ရှင်းလင်းထားပြီးပြီဖြစ်လို့ ဒီကိစ္စက ကျွန်တော်တို့နဲ့ ပတ်သတ်တော့မှာမဟုတ်ပါဘူး”
စိုးရိမ်ပူပန်တတ်သော လူများထဲမှ တစ်ယောက်ဖြစ်သည့် ဖုမာန်လင်းချာက ရင်ယန်နန်းဆောင်မှ မတော်တဆမှုဖြစ်လာသည်နှင့် ပထမဦးဆုံး တုန့်ပြန်ခဲ့သူဖြစ်သည်။ မည်သူကမှလည်း ထိုကိစ္စနှင့်ပတ်သတ်ပြီး သူ့ထက်ပို၍ စိုးရိမ်လိမ့်မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဖုမာန်လင်းချာက စတုတ္ထမင်းသားနှင့် သူ၏သစ္စာရှိမှုကို ကျိန်ဆိုပြသထားသည်။ ထို့ပြင် သစ္စာရှိကြောင်း စာပင်ပို့လိုက်သေးသည်။
“အရှင် စတုတ္ထမင်းသားဘက်က ဘာဖြစ်တာလဲ...”
ခန်းမထဲရှိ ဟူဗိုလ်ချုပ်အနည်းငယ်က တုန့်ဆိုင်းစွာဖြင့် ဖုမာန်လင်းချာကို ကြည့်သည်။
“စိတ်အေးအေးထား”
ဖုမာန်လင်းချာက လက်ကိုယမ်းလိုက်သည်။ သူ၏အမူအရာက ယုံကြည်မှုအပြည့်ရှိနေပြီး စိတ်အေးသွားဟန်ရသည်။
“စတုတ္ထမင်းသားကလည်း မရူးပါဘူး။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူကငါ့ကို လက်လွှတ်မှာမဟုတ်ဘူး။ သူကငါ့ကို လက်မလွှတ်ရသေးရင် သူကပြန်ထွက်လာနိုင်သေးတယ်ဆိုတဲ့ အခြေအနေပဲ။ ဒါပေမဲ့သူကလည်း င့ါကိုလက်လွတ်လိုက်ရင် သူဘယ်တော့မှ အဲ့ဒီအဆင့်ကို မရောက်နိုင်ဘူး”
“မြို့တော်ထဲက ကောလဟာလတွေထဲမှာ အရှင့်ရဲ့နာမည်က ပါပြီးသား။ သူတော်စင်ဧကရာဇ်ကလည်း ဒေါသထွက်နေတယ်။ သူ့ရဲ့လူတွေကလည်း မေးခွန်းတွေ မေးမြန်းကြမှာ။ နောက်ပြီးသူ့ရဲ့ တိဗက်တံဆိပ်ကိုတောင်လွှတ်ပြီး အများကြီး စေလွှတ်လိုက်ကြသေးတာလေ။ ဒီတော့ ဒီကိစ္စက အရှင့်အတွက် မကောင်းတဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်သွားမှာကိုပဲ စိုးရိမ်တာပါ”
ထိုဗိုလ်ချုပ်တိုင်းက ဖုမာန်လင်းချာကို စိုးရိမ်တကြီး ကြည့်နေကြသည်။
ဖုမာန်လင်းချာ၏ တည်ငြိမ်ကာ အေးဆေးနေသော မျက်နှာကပင် အနည်းငယ် ယိမ်းယိုင်သွားသည်။ သူတော်စင်ဧကရာဇ်၏ အမျက်ဒေါသက မင်းသားလေးက ကိစ္စများကို ကိုင်တွယ်သော အခြေအနေထက်ပင် ပို၍ပင် စိုးရိမ်စရာကောင်းသည်။ ဖုမာန်လင်းချာက ယုံကြည်မှုရှိနေသေးသော်လည်း သူကိုယ်တိုင်က မသက်ရောက်ခံရသလိုမျိုး မနေနိုင်ချေ။ သို့ရာတွင် သူကလည်း ဟန်အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။
“မင်းတို့တွေ ဘယ်သူမှ စိုးရိမ်စရာမလိုဘူး။ ငါ့မှာလည်း အကြံတွေအများကြီးရှိပါတယ်။ ငါက အနောက်ဘက်ဒေသက အဘိုးကြီးတစ်ယောက်ပါ။ ငါက ဟူမဟာဗိုလ်ချုပ်ကြီးတွေထဲမှာ အကြီးဆုံးလည်းဖြစ်သေးတယ်။ နောက်ပြီးငါက မဟာထန်အတွက် ကိစ္စတွေအများကြီး လုပ်ဆောင်ပေးထားခဲ့တာ။ သူတော်စင်ဧကရာဇ်က ဘယ်လောက်အမျက်ထွက်ထွက် ခိုင်မာတဲ့သက်သေ မရှိဘဲ ဧကရာဇ်ကိုယ်တိုင်တောင်မှ ငါ့ကို အပြစ်မပေးနိုင်ဘူး။ အခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အခြေအနေအတွက်ကတော့ ငါက အမြဲတမ်း ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဆက်ဖြစ်နေမှာပဲလေ။ ဘယ်သူမှ ငါ့ကို ဒီနေရာက မရွေ့နိုင်ဘူး”
ဖုမာန်လင်းချာက ထိုစကားများကိုပြောပြီးနောက် သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များက မုန်တိုင်းကဲ့သို့ ပေါက်ထွက်လာသည်။ သူ၏ ခမ်းနားသော မျက်ဝန်းတစ်စုံက တောက်ပလာသည်။ နှစ်ပေါင်းများစွာ မဟာထန်ကို ခစားလာမှုနှင့်အတူ ရင်ယန်နန်းတော် မတော်တဆမှုက သူကြုံတွေ့ခဲ့ရသော အခက်အခဲတစ်ခုဖြစ်ရန် ဝေးကွာလွန်းနေသေးသည်။ သူကိုယ်တိုင်ကလည်း တော်ဝင်ခုံရုံးက အလုပ်လုပ်သည့် ပုံစံကို ဟန်များလောက် နားလည်မှု မနက်ရှိုင်းသော်လည်း အခြေခံအချက် တစ်ချက်ကိုတော့ဖြင့် နားလည်သည်။ သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်နေသေးပြီး သူ၏လက်အောက်တွင် တပ်ဖွဲ့ပေါင်းများစွာရှိနေရာ တိဗက်နှင့် တူရကီတို့ကို အင်ပါယာအတွက် ခုခံပေးထားသမျှ သူတော်စင်ဧကရာဇ်က သူ့ကိုအလွယ်တကူ မဖယ်ရှားနိုင်ချေ။
ဒါကြောင့်လည်း သူဟူတစ်ယောက်က ဟန်တွေရဲ့ တော်ဝင်ခုံရုံးမှာ အခြေကုပ်ခိုင်အောင် ယူထားနိုင်တာပေါ့။
ထိုယုံကြည်မှုရှိသော စကားလုံးများက ခန်းမထဲရှိ စိတ်အခြေအနေကို ကောင်းမွန်သွားစေသည်။
“သတင်းပို့”
ဟူကင်းထောက်တစ်ယောက်က ခန်းမထဲသို့ အပြေးဝင်လာပြီးနောက် ဒူးတစ်ဖက်ထောက်ချသည်။
“မြို့တော်ရဲ့ စာရောက်လာပါတယ်။ အရှင် တစ်ချက်လောက် ကြည့်ကြည့်ပါ”
ဝုန်း
ဖုမာန်လင်းချာ၏ မျက်လုံးများက မှေးကျဉ်းသွားပြီး အပ်ဖြင့်အထိုးခံရသလို ဖြစ်သွားသည်။ စာပေါ်တွင်ပါသော ပေါယွီချယ်ဆိုသည်မှာ သာမာန်ဟူတစ်ယောက်၏ နာမည်မဟုတ်ချေ။ ဖုမာန်လင်းချာကလည်း ထိုနာမည်ကိုသုံးသော လူတစ်ယောက်ကိုသာလျှင် သိသည်။
“ငါ့ကိုပေး”
ဖုမာန်လင်းချာက ချက်ချင်းလိုလို လက်ညိုးကိုမြှောက်လိုက်ပြီးနောက် ဟူကင်းထောက်၏ လက်ထဲမှစာကို ချက်ချင်းလိုလို ပြန်သန်းလာစေကာ သူ၏လက်ထဲသို့ယူသည်။
“ဟား ဟား ပြောင်မြောက်တယ်။ ဒီစာနဲ့ဆိုရင် ငါ့ရဲ့ ရင်ယန်နန်းဆောင် မတော်တဆမှုရဲ့ အခြေအနေက တောင်တစ်လုံးလို ခိုင်မာတယ်။ ဘယ်သူကမှငါ့ကို ဘာမှမလုပ်နိုင်တော့ဘူး”
ဖုမာန်လင်းချာက သဘောတကျရယ်လိုက်သည်။ သူ၏ရယ်သံက ခန်းမတစ်ခုလုံးကိုပင် တုန်ခါသွားစေသေးသည်။ ထိုရယ်သံက ခန်းမထဲတွင် ဟိန်းထွက်သွားသည်။ ဖုမာန်လင်းချာက ထိုစာကို လက်အောက်ငယ်သားများကို ပေးလိုက်သည်။
“အံ့ဩစရာပဲ”
“မင်းသားလေးရဲ့ ဒီစာနဲ့ဆိုရင် အရှင်တကယ်ကို စိတ်အေးအေးနေနိုင်ပြီ”
“အရှင့်ရဲ့ လုံခြုံမှုကတော့ သေချာသွားပြီ”
ထိတ်လန့်ကာ စိုးရိမ်နေကြသော ဟူဗိုလ်ချုပ်တိုင်းက ချက်ချင်းလိုလို ထိုစာကြောင့် အခြေအနေ ပြောင်းလဲသွားကြပြီး စိတ်အေးသွားကြသည်။
တူရကီဘာသာစကားတွင် ထိုဘူရိုချယ်ဆိုသည်မှာ အလွန်အမင်း လေးစားမှုကို ဖော်ပြသည်။ အဓိပ္ပာယ်ကမူ အနာဂတ်တွင် ထွက်ပေါ်လာမည့် နေမင်းဖြစ်သည်။ စတုတ္ထမင်းသားက တူရကီများ၏ ရဲရင့်ပြတ်သားမှုနှင့် သတ္တိကို အမြဲတစေ လေးစားနေသူဖြစ်သည်။ ထို့ကြောင့်သူက ဖုမာန်လင်းချာကိုလည်း သူ့အား တူရကီနာမည် ပေးခိုင်းခဲ့သည်။ ထိုနာမည်က ဖုမာန်လင်းချာက ရွေးချယ်ပေးသော နာမည်ဖြစ်သည့် မဟာထန်ထဲတွင် ထိုနာမည်ကို သိသောလူက အနည်းငယ်သာလျှင်ရှိသည်။
ဖုမာန်လင်းချာကလည်း ထိုထဲမှ တစ်ယောက်ဖြစ်သည်။
သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားများကလည်း ထိုအကြောင်းကိုသိသည်။
မင်းသားလေး၏စာက အလွန်ရိုးရှင်းသည်။ သူက ဖုမာန်လင်းချာကို စိတ်အေးအေးနေရန် ပြောထားသည်။ ဒီနည်းအားဖြင့် အရာအားလုံးကို ကိုင်တွယ်ပြီးထားသဖြင့် သူ့ကိုဒုက္ခပေးရန် သက်သေမရှိကြောင်း ဆိုလိုသည်။
“ရီနားလော့ ငါ့အတွက် မှတ်တမ်းတစ်ခုကို အကြမ်းရေးပြီး သူတော်စင်ဧကရာဇ်ကို ပို့လိုက်။ ဖုမာန်လင်းချာက ဘာမှလုပ်ထားတာမရှိလို့ သူ့အတွက်သူ ဘာမှ ရှင်းလင်းပြစရာမလိုဘူးလို့ ပြောလိုက်ပါ”
ထိုစကားလုံးများနှင့်အတူ ခန်းမတစ်ခုလုံးက ပြန်လည်ပြီးငြိမ်းချမ်းကာ တိတ်ဆိတ်သွားသည်။
...
“ဖုမာန်လင်းချာရဲ့ တုန့်ပြန်မှုကဘယ်လိုလဲ”
ချီရှီကာကွယ်ရေးဌာနချုပ်နဲ့ လီရာဂဏန်း အနည်းငယ်ဝေးကွာသော ဝူရှန်းတွင် ဝမ်ချောင်က ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော အပင်လေးတစ်ပင်အောက်တွင် ရပ်နေသည်။ သူက မဟာကလန်ကြီးများက ပို့လိုက်သည့် အစေခံများနှင့် ကျွန်များက ပန်းခင်းပြင်အဖြစ် ပြောင်းလဲကာ စိုက်ပျိုးရင်း ရေလောင်းနေသည်ကို ကြည့်နေသည်။ ချီရှီက အတက်စွမ်းအားကင်းမဲ့သော လွင်ထီးခေါင်လွင်ပြင်ကြီး ဖြစ်ခဲ့သည်။ သို့သော် တဖြည်းဖြည်းချင်း မတူသောမြင်ကွင်းမျိုး ဖော်ပြလာသည်။ ထိုသို့ဖြင့် ထိုနေရာက အတက်စွမ်းအင် ပြည့်ဝလာခြင်းဖြစ်သည်။
“ချီရှီကာကွယ်ရေးဌာနချုပ်က တိတ်ဆိတ်နေပါတယ်။ ဘာမှမဖြစ်သလိုပါပဲ”
ဝမ်ချောင်၏နောက်တွင်ရပ်နေသော ထောင်ထောင်မောင်းမောင်းပုဂ္ဂိုလ် လီစစ်ယဲ့ထံမှ အသံထွက်လာသည်။
“ဖုမာန်လင်းချာက တော်တော်လေး တုန့်ပြန်တာမြန်တယ်။ ဒီလိုကိစ္စကြီးဖြစ်လာတာတောင် သူက မထိတ်လန့်ဘူး။ ကြည့်ရတာ သူ့ရဲ့ယုံကြည်မှုက သူ့ရဲ့ကျောကို ကာပေးထားတဲ့ပုံစံပဲ။ ငါထင်တာမှန်ရင် စတုတ္ထမင်းသားကလည်း အရာအားလုံးကို ကိုင်တွယ်ပြီးတဲ့အတွက် စိုးရိမ်ဖို့မလိုကြောင်း စာပို့ထားလိမ့်မယ်”
ဝမ်ချောင်ကရယ်သည်။ အရာအားလုံးက ယခင်ဘဝက ဖြစ်ပျက်ခဲ့သော အခြေအနေအတိုင်း တစ်ထပ်တည်းဖြစ်လာသည်။ ဖုမာန်လင်းချာကလည်း မုန်တိုင်းပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး ပြိုင်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသူဖြစ်သည်။ သူ၏ ရင်ယန်နန်းဆောင် မတော်တဆမှုမှ အကြီးမားဆုံး အားနည်းချက်က ထိုအရာဖြစ်သည်။ စတုတ္ထမင်းသားကလည်း ထိုစာကို ကိုင်တွယ်ပြီးကြောင်း ပြောလိုက်သဖြင့် ဖုမာန်လင်းချာက စိတ်အေးသွားခြင်းဖြစ်သည်။
“ဒါပေမဲ့ သူက တွေးထားတဲ့အတိုင်းဆိုရင် သူက သူ့ကိုယ်သူ တော်နေတယ်လို့ ထင်နေမှာပေါ့”
ဝမ်ချောင်က လေတွင်လွင့်လာသော သစ်ရွက်တစ်ရွက်ကို လှမ်းယူလိုက်သည်။
“ဒီမတော်တဆမှုက အလွယ်တကူ အဆုံးမသတ်ဘူး”
“ဖုမာန်လင်းချာကတော့ သခင်လေးဝင်စွက်ဖက်တာကို မသိဘူး။ ဒီကိစ္စက အကြာကြီးဖုံးထားလို့ ရတဲ့ကိစ္စမဟုတ်ဘူး”
လီစစ်ယဲ့က စိုးရိမ်တကြီးပြောသည်။
“ဟား ဟား စိုးရိမ်စရာမလိုဘူး။ ငါတို့ အချိန်ကျလာတဲ့အခါကမှ ပြောကြမယ်”
ဝမ်ချောင်က ထိုသို့ သတိလက်လွတ်ပြောသည်။
သူက ထိုကိစ္စအကြောင်းတွေးလေလေ သူတွေးနေသောလူက အကျဉ်းချခံရတော့မည့် စတုတ္ထမင်းသားဖြစ်သည်။ သူက ရန်ငြိုးအနည်းငယ်ကို ခံစားမိသော်လည်း သူကသာ တည်ငြိမ်သော ရွေးချယ်မှုကို ရရှိမည်ဆိုလျှင် ဝမ်ချောင်ကလည်း ထိုသို့သာ ဆက်လုပ်မည်ဖြစ်သည်။ စတုတ္ထမင်းသားက မင်းသားများထဲတွင် အထူးဆန်းဆုံး တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ သူက တော်ဝင်အိမ်တော်စုမှ အလေးထားရသော အဖွဲ့ဝင်တစ်ယောက် ဖြစ်သည့်တိုင်အောင် ခြားနားစွာ နေလိုသည်။
သူက ကလေးဘဝကတည်းက တူရကီများကို အလွန်သဘောကျပြီး နည်းလမ်းပေါင်းစုံကို တုပလေ့ရှိသည်။ ဝမ်ချောင်ကလည်း သူနှင့်ပတ်သတ်သည့် ပုံပြင်ပေါင်းများစွာကို ကြားဖူးသည်။ တစ်ခုချင်းစီတိုင်းက နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။ လက်ရှိအနေအထားမျိုးတွင် သူက တူရကီဝတ်စုံများကို ဝတ်ဆင်ရခြင်းအား သဘောကျပြီး သူ၏မွေးနေ့တွင် သူက ရင်ယန်နန်းဆောင်၏ အလယ်တွင် တူရကီရွက်ဖျင်တဲကို ချပေးသည်။ ဒီနည်းအားဖြင့် တူရကီတစ်ယောက်က မည်သို့စားသောက်သည်ဆိုသည့် အကြောင်းအရာကို လေ့လာသည်။ ထိုသု့ိဖြင့်သူက ဓားကိုသုံးပြီး အမဲသားနှင့် သိုးသားများကို ဖြတ်ရခြင်းအား သဘောကျသည်။ သူက ဟူအစေခံပေါင်းများစွာကိုလည်း ဌားထားသည်။
ထိုအရာများက အသေးအဖွဲ ကိစ္စများဖြစ်သည်။ စတုတ္ထမင်းသားက တူရကီများကို အလွန်သဘောကျသည်။ သူက မသေသေးသည့်တိုင်အောင် သူ၏လက်အောက်ငယ်သားများ အားလုံးကို ဆင့်ခေါ်လိုက်ပြီး သူ၏ပတ်ပတ်လည်တွင် မြင်းကုန်သည်အချင်းချင်းထိုင်ကာ တစ်ယောက်၏ အသုဘကို တုပလျှက် ဝံပုလွေများလို အူတတ်သေးသည်။ ထို့ကြောင့် စတုတ္ထမင်းသားက ဟူမဟာဗိုလ်ချုပ်များကို ချဉ်းကပ်ရန်ကြိုးစားပြီး ထီးနန်းဆက်ခံနိုင်အောင် သူ့ကို ကူညီပေးသည့် အနေအထားမျိုးဖြင့် သူတို့ကို ဆုလဒ်ကြီးများပေးအပ်မည်ဟု ပြောကာ ကတိပေးခဲ့သည်။ ထို့ကြောင့် ဒီနည်းအားဖြင့် ဝမ်ချောင်က မြင်ထားသည့်အတိုင်း မျှော်လင့်ထားသလို ဖြစ်လာသည်။
သု့ိသော် ဝမ်ချောင်အနေဖြင့် သည်းမခံနိုင်သော ကိစ္စတစ်ခုရှိသည်။ အမှန်တိုင်းဆိုရသော် စတုတ္ထမင်းသားက ခဲ့ရှု့ဟန်၊ အန်းစစ်ရွှန်းနှင့် ဖုမာန်လင်းချာကိုသာ စာပို့ခဲ့ခြင်းမဟုတ်ချေ။ သူက ထိုသစ္စာဖောက်ကိုပင် မဟာထန်အတွက် ဆွဲသွင်းရန် ကြိုးစားခဲ့သည်။ ထိုတစ်ယောက်က အန်းရာလော့ရှန်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်က ကြားထားသောစကားအရ စတုတ္ထမင်းသားက အန်းရာလော့ရှန်းကို ထောက်ပံ့ရန် လျို့ဝှက်စွာဖြင့် အကြီးကြီး ရင်းနှီးမြုပ်နှံခဲ့သည်။
အန်းရာလော့ရှန်း၏ လျှင်မြန်စွာ အင်အားကြီးမားလာသော ကိစ္စက စတုတ္ထမင်းသားနှင့် ပတ်သတ်နေသည်။
မည်သို့ပင်ဆိုစေ ဝမ်ချောင်က ထိုအပြစ်ကို ခွင့်မလွှတ်နိုင်ချေ။
ဝမ်ချောင်ကလည်း အန်းရာလော့ရှန်းကို ဆွဲချနိုင်မည့် အခွင့်အရေးကို အသုံးပြုလိုသည်။ သို့သော် အန်းရာလော့ရှန်းကဲ့သို့သော လူမျိုးက လူတိုင်းက ဂရုမစိုက်မိလောက်အောင် အဆင့်အတန်း အလွန်နိမ့်သည်။ ပို၍ဆိုးသည်မှာ အန်းရာလော့ရှန်း၏ ခြေလက်က အမြဲတစေ သန့်ရှင်းနေတတ်သည်။ သူက အချိန်ပေါင်းများစွာ ကြာပြီးမှသာ စတုတ္ထမင်းသားနှင့် ပူးပေါင်းကြောင်း ပေါ်လာခဲ့သည်။ ထိုအချိန်တွင် လီစစ်ယဲ့က ဝမ်ချောင်၏ အတွေးအကြောင်းမသိချေ။ သူက ဝမ်ချောင်၏ စကားကိုသာ ခေါင်းညိမ့်လိုက်သည်။ ရလဒ်က မည်သို့ပင် ဖြစ်လာစေကာမူ ဖုမာန်လင်းချာက ဖယ်ရှားခံရမည်ဖြစ်သည်။ လီစစ်ယဲ့နှင့် ဝမ်ချောင်တို့ နှစ်ယောက်လုံးကလည်း ဖုမာန်လင်းချာ၏ တည်ရှိမှုက သူတို့ကို ဘာမှမလုပ်နိုင်အောင် ခက်ခဲစေကြောင်း နားလည်ပြီးသားဖြစ်သည်။
“အရှင်အမတ်က မြို့တော်က လူတွေရဲ့ တုန့်ပြန်မှုကို ဘယ်အချိန်မှာ ပြင်ဆင်မှာလဲ”
လီစစ်ယဲ့ကမေးသည်။
“ပညာရှင်လုက မကြာခဏ ဒီအကြောင်းအရာကိုမေးဖို့ စာပို့နေခဲ့တာပါ”
ဝူရှန်းက မြို့တော်နှင့် ဝေးကွာသော်လည်း သိန်းငှက်အိုကြီးက ကြားထဲတွင် ဆက်သွယ်ပေးနိုင်သဖြင့် အဆက်အသွယ်ကို ထိန်းထားနိုင်သည်။
“အချိန်ကျပြီထင်တယ်”
ဝမ်ချောင်၏ မျက်ဝန်းအတွင်း တည်ကြည်လေးနက်မှုက ပေါ်ထွက်လာသည်။ သူက ပေါ့ပေါ့ပါးပါးနေသည်ဟု ထင်ရသော်လည်း အမြဲတစေ စောင့်ကြည့်နေခြင်းဖြစ်ပြီး မြို့တော်အတွင်းရှိ အရာအားလုံးကို တွေးဆနေခြင်းဖြစ်သည်။
“အမြန်ဆုံးသတင်းပို့ငှက်က ဝူရှန်းရဲ့မြို့တော်ကို နှစ်ရက်လောက် သွားရတယ်။ ဖုမာန်လင်းချာကို နှစ်ရက်လောက်တော့ ပျော်ခိုင်းထားလိုက်ဦးမယ်။ ပညာရှင်လုကို အဲ့ဒီစာကိုအမြန်ဆုံး လက်ခံဖို့ ပြောလိုက်ပါ”
“ဟုတ်ကဲ့”
လီစစ်ယဲ့က ခေါင်းကိုငုံ့လိုက်ပြီးနောက် ချက်ချင်းထွက်သွားသည်။