အခန်း (၈၄၁-၈၄၅)
Vol. 46 Ch. 841-845
အခန်း(၈၄၁)
“ဘာ”
ဝမ်ချောင်က မှင်သက်သွားသည်။ သူက သူ့နားသူပင် မယုံနိုင်တော့ချေ။ ဟူလာယဲ့၏ အပြုအမူက ရိုးရှင်းစွာပင် စိတ်ကို ထိုးနှက်နေသလို ဖြစ်နေခဲ့သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် သူက ထိုသို့သော အကြံမျိုးကို ထုတ်သုံးမည်ဟု မခန့်မှန်းမိဖူးချေ။
“ဒါပေမဲ့ ဒီဗျူဟာက တကယ်ပဲအလုပ်ဖြစ်မှာလား”
ဟူလာယဲ့၏ အိမ်က စတုတ္ထမင်းသားက ဦးဆောင်သော အဖွဲ့က ဝင်စီးခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီး ယခင်တစ်ခေါက် ချီရှီလက်နက်တိုက်မှ တိုက်ပွဲတွင် ထိုစတုတ္ထမင်းသားက ဝံပုလွေနက်ရကု၏ အနောက်သို့ လိုက်ပါလာခဲ့သည်။ သူတို့အတူရှိသည်မှာ ကြာလှပြီဖြစ်ပြီး တစ်ဖက်သူ၏စကားကို နားထောင်ကာ တစ်ဖက်သူ၏ အမိန့်တိုင်းကို နေ့တိုင်း လုပ်ဆောင်နေခဲ့သည်။ ထို့ကြောင့် ဟူလာယဲ့အပေါ် အမြင်ကောင်း ရှိလိမ့်မည်မဟုတ်ချေ။ သာမာန်အခြေအနေမျိုးတွင် သူက ဟူလာယဲ့ကို မြင်သည့်အခါ ချက်ချင်းခုန်ထွက်လာပြီး ထိုသစ္စာဖောက်၏အသားကို မကိုက်ဖြတ်ခြင်းကပင် အတော်ကောင်းမွန်နေပြီဖြစ်သည်။ ထို့ကြောင့် ဟူလာယဲ့က သူ့အပေါ် အမြင်ကောင်းကို ရရှိရန် မဖြစ်နိုင်ချေ။
“သူကဘာလို့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာလဲ။ ရွှီခဲ့ယွီက သူ့ကိုတကယ်ရိုက်ခဲ့တာ။ နည်းနည်းလေးမှ မညှာတာထားဘူး။ ဒီတော့ သူကလည်း နာကျင်နေမှာပဲ။ ဟူလာယဲ့က မြေပြင်မှာ လဲနေတဲ့အချိန်မှာ သူ့ရဲ့မျက်နှာက နာကျင်မှုကြောင့် လဲနေပြီး နဖူးမှာ ချွေးတွေတောင် ရွှဲနေတာ။ သူက ရွှီခဲ့ယွီကို သူ့ကို နည်းနည်းပိုဖိရိုက်ခိုင်းသင့်တယ်လို့တောင် အတိုက်အခံ လုပ်နေသေးတယ်။ ငါကိုယ်တိုင်တောင်မှ ဒီတူရကီမြင်းကုန်သည်မှာ စွမ်းအင်နည်းနည်းတော့ ရှိတယ်ဆိုတာကို ဝန်ခံရမယ်။ တူရကီရဲ့ စတုတ္ထမင်းသားက ရက်အနည်းငယ်လောက် သူနဲ့အတူ အကျဉ်းချနေခဲ့ပြီး နေ့တိုင်းလိုလို သူက ဘယ်လိုရိုးသားတဲ့ ကုန်သည်တစ်ယောက်ဖြစ်ကြောင်း စတုတ္ထမင်းသားကို ကယ်ဖို့အတွက်နဲ့ ဒီလိုဆိုးဆိုးရွားရွား အရိုက်ခံနေကြောင်းကို နားထောင်နေရမှာပဲလေ။ ဒီတော့ စတုတ္ထမင်းသားက သူ့ကိုတကယ် ယုံလောက်တယ်”
ရွှီချီချင်ကပြောသည်။ သူမလက်က ပါးစပ်ကိုအုပ်ထားပြီး ရယ်နေသည်။
“အို တကယ်ပဲ ဒီလိုသာဆိုရင် ဒီလူက တကယ်အံ့ဩစရာပေါ့။ သူက တူရကီမြက်ခင်းပြင်ဒေသကို ပြန်သွားနိုင်အောင် အရာအားလုံးသုံးပြီး အားစိုက်ထုတ်နေတာပဲ”
ဝမ်ချောင်ကလည်း ရွှီချီချင်၏ သာယာသောရယ်သံ၏ သက်ရောက်ခံလိုက်ရပြီး သူ၏မျက်လုံးက တဖြည်းဖြည်းချင်း ပြုံးလာသည်။
“ထားလိုက်တော့ ငါသူ့ကို သူလုပ်ချင်တဲ့အတိုင်း ဆက်လုပ်ခိုင်းထားလိုက်တော့မယ်”
ထိုအချိန်တွင် အဝေးရှိ စန်းမီတောင်တွင် ... အနောက်ဘက်တူရကီခါကန်း၏ ရွက်ဖျင်တဲထံမှ ဒေါသတကြီး အော်သံက ကောင်းကင်ထိတိုင် ဟိန်းတက်သွားသည်။
“ဘာ သူတို့ကထပ်ပြီး ငြင်းပြန်ပြီ။ မဖြစ်နိုင်တဲ့အခြေအနေကို သူတို့က တောင်းဆိုနေတယ်။ သူတို့က အနောက်ဘက်တူရကီတွေက သဘောတူမယ်လို့များ ထင်နေတာလား”
ကြီးမားသော ရွှေရောင်ရွက်ဖျင်တဲကြီးအတွင်းတွင် အက်ရှာဘာရာခါကန်းက ဒေါသထွက်နေသော ခြင်္သေ့ကြီးတစ်ကောင်လို ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေခဲ့သည်။ စန်းမီတစ်တောင်လုံးကလည်း သူ၏ဟိန်းသံကြောင့် တဆတ်ဆတ် တုန်ခါသည်။
“ခါကန်း ကျွန်တော်တို့တွေ သုံးကြိမ်ဆက်တိုက် ညှိနှိုင်းခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူတို့က ခေါင်းမာစွာနဲ့ အကောင်းဆုံး တူရကီစစ်မြင်း ငါးသိန်းကလွဲပြီး အခြားလက်မခံဘူးလို့ ပြောနေပါတယ်။ ကျွန်တော်တို့က သဘောမတူခဲ့ရင် သူတို့က စတုတ္ထမင်းသားရဲ့အလောင်းကိုပဲ စန်းမီတောင်ကို ပြန်ပို့မယ်လို့ ပြောနေပါတယ်”
ကင်းထောက်က ရွက်ဖျင်တဲထဲတွင် ဒူးထောက်နေသည်။ သူက ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်ပြီး သူ၏ခေါင်းက မြေပြင်သို့ ကပ်ထားသည်။ သူက အပေါ်သို့ တစ်ချက်ပင် မော့မကြည့်ရဲချေ။
“မျိုးမစစ်ကောင် ဒါဆိုလည်း သူတို့ကို စတုတ္ထမင်းသားရဲ့ အလောင်းပဲပို့ခိုင်းလိုက်။ တူရကီရဲ့ အကောင်းဆုံးစစ်မြင်း ငါးသိန်းကို မရနိုင်ဘူးလို့ပြောလိုက်စမ်း”
အက်ရှာဘာရာခါကန်းက ဒေါသထွက်ပြီး အော်ထုတ်လိုက်လေရာ မိုးခြိမ်းသံတမျှ ကျယ်လောင်သော အော်သံက စန်းမီတောင်ထိပ်ထိ ထိုးတက်သွားသည်။ ကြားလိုက်ရသော လူတိုင်းကလည်း တုန်ယင်သွားကြပြီး သူတို့၏နှလုံးသားက ထိတ်လန့်မှုကြောင့် တဆတ်ဆတ် တုန်သွားသည်။ မြေပြင်တွင် ဒူးထောက်နေသော ကင်းထောက်ကိုယ်တိုင်ကပင် မြေကြီးထဲသို့ ဝင်မတက် ဆက်တိုက် ကုန်းချလိုက်သည်။ သူက စကားတစ်ခွန်းမျှမဆိုရဲခဲ့ချေ။
“ဘာလို့မင်းက မသွားသေးတာလဲ”
အက်ရှာဘာရာခါကန်းက အော်သည်။
“ဟုတ်ကဲ့”
ကင်းထောက်က တဆတ်ဆတ် တုန်နေရင်းမှ ချက်ချင်းလိုလိုထကာ ထွက်သွားသည်။
သူက ရွက်ဖျင်တဲ၏ ဝင်ပေါက်သို့သာ ရောက်သေးသည်။ ဘုန်းကနဲမြည်သံနှင့်အတူ အနက်ရောင် စွမ်းအင်များက အသားကုန် တိုးဝင်လာသည်။ ထိုသို့ဖြင့် ကောင်းကင်မှတဆင့် အနက်ရောင် လိုက်ကာကြီးတစ်ခုက ကျဆင်းလာပြီး ရွက်ဖျင်တဲကြီးတစ်ခုလုံးကို အုပ်စိုးသွားသည်။ ကင်းထောက်က သတိလက်လွတ် ဖြစ်သွားလေရာ ထိုအနက်ရောင်စွမ်းအင် အကာအကွယ်လွှာအောက်တွင် ဖိမိသွားပြီး မြေပြင်ပေါ်သို့ လဲကျခြင်းဖြင့် အဆုံးသတ်သွားသည်။
“လေးစားကြည်ညိုရတဲ့ ဘုန်းတော်ကြီးကို ဂါရဝပြုပါတယ်”
ရုတ်တရက်ဆန်သော်လည်း ကင်းထောက်က ချက်ချင်းပြန်မထရုံသာမကသေးလေဘဲ သူက မြေပြင်တွင်ဝပ်ကာ ခေါင်းကိုမြေကြီးကို အလောတကြီး ထုတိုက်လိုက်သည်။ ဒေါသထွက်နေသော အက်ရှာဘာရာခါကန်းကပင် အနက်ရောင်လိုက်ကာများ ထွက်လာကြောင်း မြင်သောအခါ အသက်ကိုပြင်းပြင်း ရှုလိုက်ပြီးနောက် ဒေါသများကို ထိန်းလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။
အက်ရှာဘာရာခါကန်းက အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်အော်သည်။
“အနက်ရောင်ရေနတ်ဆရာ”
“ခါကန်း ဒေါသကိုလျော့ စတုတ္ထမင်းသားနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တွေက သေချာစဉ်းစားဆင်ခြင်ပြီးမှ လုပ်ရမဲ့ကိစ္စ စိတ်ဆန္ဒအလိုက် လုပ်လို့မရဘူး”
ဝင်ပေါက်တွင် အလင်းနှင့်အရိပ်က စတင်ကာ ရောထွေးလာပြီး အိုမင်းကာဩရှသော အသံက ထွက်လာသည်။ ထို့နောက် ငါးပေဝန်းကျင်ခန့်မြင့်လောက်မည့် ခါးမကုန်းသည့် လူအိုကြီးတစ်ယောက်က ပေါ်လာသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ထားသည်။ ထိုဝတ်စုံက မြေပြင်ထိကျနေပြီး ဦးခေါင်းခွံအရိုးတစ်ခုပါသော အနက်ရောင်တုတ်ကောက်တစ်ခုကို ကိုင်ထားသည်။ ထိုအနက်ရောင်ဝတ်စုံနှင့်လူက အလယ်ဗဟိုနေရာတွင်ရှိလျှက် ရွက်ဖျင်တဲကြီးတစ်ခုလုံးထဲသို့ အရိပ်များက တဖြည်းဖြည်းချင်း ဝင်ရောက်သထက် ဝင်ရောက်လာကာ သဏ္ဍန်မဲ့သော မရေမတွက်နိုင်အောင် များပြားသည့် သတ်ဖြတ်ခြင်းသားရဲကောင်ကြီးများအဖြစ် ပြောင်းလဲလာသည်။
ထို့နောက် ချက်ချင်းဆိုသလို ထိုထူးဆန်းသော မြင်ကွင်းကြီးက ရွှေရောင်ရွက်ဖျင်တဲ တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားကာ အလွန်အမင်း ပြင်းထန်လာသည်။ ထို့ပြင် ရနံ့ကလည်း ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုရနံ့က ဝက်ဝံတစ်ကောင်၏ရနံ့လိုမျိုး၊ ကျားသစ်တစ်ကောင် ကျားတစ်ကောင်၏ ရနံ့လိုမျိုးလည်း ထင်ရသေးသည်။ ပြောရသော် သားရိုင်းတစ်အုပ်က ရွက်ဖျင်တဲထဲသို့ ခုန်ပြေးဝင်လာသည်နှင့် တူနေသည်။
အနောက်ပိုင်းတူရကီ ခါကာနိတ်တွင် ထိုသို့ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပြီး အလွန်အမင်း ထူးခြားသော အဆင့်အတန်းရှိပြီး အက်ရှာဘာရာခါကန်း၏ ရွက်ဖျင်တဲထဲသို့ စိတ်ထင်တိုင်းဝင်နိုင်သောလူက နတ်ဆရာ ဘုန်းတော်ကြီးများသာဖြစ်သည်။
မည်သူကမျှလည်း ထိုဘုန်းတော်ကြီးများ၏ နောက်ခံကို မသိကြချေ။ တူရကီလူမျိုးက ပထမဦးဆုံး ထွက်ပေါ်လာသောအခါ ထိုနတ်ဆရာ ဘုန်းတော်ကြီးများက တူရကီမြက်ခင်းပြင်ဒေသတွင် တည်ရှိနေပြီဖြစ်ပြီး သူတို့၏ တည်ရှိနေသော အချိန်ကာလကလည်း ကြာညောင်းခဲ့ပြီဖြစ်သည်။ သူတို့က အလွန်အမင်း လေးစားခံရသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားကြသည်။ ဒဏ္ဍာရီများအရ ထိုနတ်ဆရာ ဘုန်းတော်ကြီးများက တိရိစ္ဆာန်များနှင့် ဆက်သွယ်နိုင်သလို အထက်မှ နတ်ဘုရားများနှင့်ပင် ဆက်သွယ်နိုင်သည်ဟုဆိုကြသည်။ သူတို့က အတိတ်သို့ ပြန်ပြောင်းကြည့်နိုင်သလို အနာဂတ်ကိုလည်း မြင်နိုင်ကြသည်။ သူတို့၏ခန္ဓာကိုယ်က အမြဲတစေ လျို့ဝှက်ဆန်းကြယ်သည့် မြူများ ဖုံးနေလေ့ရှိပြီး လျို့ဝှက်ချက်ပေါင်းများစွာကို ဖုံးကွယ်ထားသည်ဟုဆိုကြသည်။
ထိုအချက်များအပြင် နတ်ဆရာဘုန်းတော်ကြီးတိုင်းက ရှင်းပြရန်ခက်ခဲသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားကြသည်။ ထိုအင်အားမျိုးက သိုင်းပညာမဟုတ်ချေ။ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး လျို့ဝှက်ဆန်းကြယ်လွန်းသည့် မြက်ခင်းပြင်ဒေသမှ လူများကမူ ဒါကို မှော်အတက်ဟုခေါ်ကြသည်။
ကျော်ကြားသော ဒဏ္ဍာရီတစ်ခုအရ နတ်ဆရာဘုန်းတော်ကြီးများက လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ကတည်းက တည်ရှိခဲ့သည်ဟုဆိုကြသည်။ ဗဟိုပြင်ကျယ်ကို လေးစားရသော ဟန်တို့၏ဧကရာဇ်ဝူက အုပ်စိုးခဲ့သည့်အချိန်က ဗဟိုပြင်ကျယ်မှမြင်းတပ်က ကဏ္ဍာရပြင်နှင့် မြက်ခင်းပြင်ကျယ်ဒေသကို ကျော်ဖြတ်သွားလာခဲ့ပြီး တစ်ကြိမ်ပြီးတစ်ကြိမ် လက်ရွေးစင် တူရကီမြင်းတပ်များကို တွန်းထုတ်နေခဲ့သည်။ ထိုခေတ်ကာလက တူရကီမြက်ခင်းပြင်ကျယ် ဒေသတွင် အလောင်းများပုံနေခဲ့ပြီး သွေးချောင်းစီးခဲ့သည်။ ထိုခေတ်ကာလက တူရကီအင်ပါယာ၏ အင်အားအကြီးဆုံး အစည်ကားဆုံးကာလ ဖြစ်ခဲ့ပြီး ဗဟိုပြင်ကျယ်ဒေသမှ အကြမ်းတမ်းဆုံး အရှင်သခင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ စစ်ပွဲများ ထပ်ခါတလဲလဲ ဖြစ်ပွားပြီးနောက် တူရကီအင်ပါယာက မယုံနိုင်စရာကောင်းလောက်အောင် အားနည်းသွားခဲ့ရလေသည်။
ထိုအဖြစ်အပျက်က မမျှော်လင့်ထားစွာပင် မြက်ခင်းပြင်ကျယ်ဒေသတွင် ဖြစ်ပွားခဲ့သည်။
ဟန်တို့၏ဧကရာဇ်ဝူက မြောက်ပိုင်းသို့ နောက်ဆုံးနယ်မြေဖြန့်ကျက်ရန် အသင့်ပြင်ပြီး စေလွှတ်တော့မည့်အပြင် တူရကီများ၏ရန်စွယ်ကို အပြတ်အသပ် ချေမှုန်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် မြင်ခင်းပြင်ဒေသမှ လူတိုင်းကလည်း ကြောက်လန့်လွန်းသောကြောင့် တဆတ်ဆတ် တုန်နေခဲ့ရသည်။ အကြောင်းမူကား ကပ်ဘေးက ကျရောက်လာတော့မည်ဖြစ်သည်။ ထိုသု့ိသော အခြေအနေမျိုးတွင် အင်အားအကြီးဆုံး နတ်ဆရာဘုန်းတော်ကြီးက မြက်ခင်းပြင်ဒေသမှ နတ်ဆရာဘုန်းတော်ကြီး ရာကျော်ကိုဦးဆောင်လျှက် မှော်စွမ်းအားများကိုထုတ်ဖော်ကာ ဗဟိုပြင်ကျယ်မှ စစ်တပ်ကို မြက်ခင်းပြင်ဒေသသို့ လာသည့်လမ်းကို ဘယ်သောအခါမှ ရှာမတွေ့အောင်လုပ်ခဲ့သည်။ ထိုနတ်ဆရာဘုန်းတော်ကြီးများကလည်း ဗဟိုပြင်ကျယ်ဒေသမှ သိုင်းပညာကျင့်ကြံသူများနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရသလို အမျိုးမျိုးသော အခြေအနေပေါင်းများစွာကို ကြုံခဲ့ပြီး ထိုအင်အားကြီးစစ်တပ်ကို ကပ်ဘေးစိုက်စေခဲ့သည်။
နတ်ဆရာဘုန်းတော်ကြီးများကလည်း ဆုံးရှုံးမှုများရှိခဲ့ပြီး အနည်းငယ်မျှသာ ရှင်သန်နိုင်ခဲ့သည့်တိုင်အောင် သူတို့က နောက်ဆုံးတွင် ထိုအဆင့်လွန် ကျွမ်းကျင်ပညာရှင်များပါသည့် မြင်းတပ်စစ်တပ်ကြီးကို ဖျက်ဆီးနိုင်ခဲ့ကာ တူရကီမှလူများက ကပ်ဘေးက လွတ်သွားခဲ့သည်။ ထို့နောက် တူရကီခါကန်းတို့ အားလုံးက နတ်ဆရာဘုန်းတော်ကြီးအားလုံးကို အလွန်အမင်း လေးစားလာကြပြီး နတ်ဆရာ ခေါင်းဆောင်၏ မျိုးနွယ်မှ ဆင်းသက်လာသူများဆိုလျှင် ပို၍ပင် လေးစားခံရလေသည်။
ထိုအနက်ရောင်ရေနတ်ဆရာကလည်း ထိုမျိုးနွယ်မှဖြစ်သည်။
“စစ်မြင်းငါးသိန်းက အဖိုးတန်ပေမဲ့လည်း စတုတ္ထမင်းသားရဲ့အသက်က ပိုပြီး တန်ကြေးရှိပါတယ်။ သူက ငါတို့အနောက်ဘက် တူရကီခါကာနိတ်ရဲ့ ကံကြမ္မာ အနာဂတ်နဲ့ ပတ်သတ်နေတာ။ မင်းလည်းဒါကို သိပါတယ်။ ခါကန်း မင်းရှေ့ဖြစ်ဟောစာတမ်းကို မြင်ခဲ့ပြီးသားပဲ”
အနက်ရောင်ရေနတ်ဆရာက ထိုသု့ိပြောပြီး တဖြည်းဖြည်းချင်း ရှေ့တက်လာသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရပ်တန့်လိုက်သည်။ ထို့နောက် နောက်တစ်လှမ်း ထပ်လှမ်းသည်။
အက်ရှာဘာရာခါကန်းကလည်း ချက်ချင်းလိုလို စိတ်တည်ငြိမ်သွားသည်။ သို့သော်သူက တဖန် ဒေါသထွက်လာပြန်သည်။
“ဒါပေမဲ့ မင်းလည်း အကောင်းဆုံး တူရကီစစ်မြင်းငါးသိန်းကို အနောက်ပိုင်းတူရကီခါကာနိတ် တခွင်မှာ လိုက်ရှာနိုင်တာမဟုတ်လား။ ဒီတောင်းဆိုချက်က ဖြစ်မှမဖြစ်နိုင်တာ”
တူရကီများက မြင်းပေါ်တွင် ကြီးပြင်းလာသူများဖြစ်သည်။ သူတို့ကလည်း သဘာဝအလျောက်ပင် မြင်းစီးကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က မြင်းများကိုလည်း အနှစ်သက်ဆုံးဖြစ်ကြသည်။ မြင်းများ၏ အရည်အသွေးက ကွာခြားသည်။ သာမာန်စစ်မြင်းများကို မည်သူမဆို ရနိုင်သည်။ အရည်အသွေးကောင်းသောစစ်မြင်း သန်းအနည်းငယ်ဆိုလျှင် အဆင်ပြေသည်။ သို့သော် အကောင်းဆုံး အရည်အသွေးရှိသော စစ်မြင်းများက အရှားပါးဆုံးဖြစ်နေပြီး ငါးသိန်းဆိုသော ပမာဏက မဖြစ်သင့်ချေ။ အနောက်ဘက်တူရကီခါကာနိတ် နယ်မြေတခွင်လုံး ထိုမျှပမာဏပင် မရှိသေးလေရာ သူတို့က ဟန်များကို ပေးနိုင်ခြင်းမရှိချေ။ ဒါက ရန်သူကို ထောက်ပံ့သလို ဖြစ်သွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေ အနောက်ပိုင်းတူရကီ ခါကာနိတ်နှင့် မဟာထန်တို့က မကြာခဏ စစ်ဖြစ်ကြသည့် ရန်သူများ ဖြစ်နေသေးသည်။ ထို့ကြောင့် ဒီအခြေအနေကို သဘောမတူပေးနိုင်ချေ။
“အကောင်းဆုံး တူရကီစစ်မြင်း ငါးသိန်းက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ငါသံမဏိမြို့နဲ့ သွားညှိလို့မရဘူး။ ဒီလိုဆိုရင် ငါတို့ စတုတ္ထမင်းသားကို ကယ်နိုင်တော့မှာမဟုတ်ဘူး။ စစ်မြင်းငါးသိန်းက ဒီတိုင်း ညှိနှိုင်းတဲ့ လှည့်ကွက်တစ်ခုပဲ။ ဒီလိုနဲ့ ငါတို့ဆီက သူတို့က အကောင်းဆုံးတန်ကြေးကို လိုချင်နေတာ။ သူတို့က မညှိနှိုင်းချင်ဘူးဆိုရင် သူတို့က သေနေလောက်ပြီ။ ဒီလိုဆိုရင် ခါကန်းတွေရဲ့ သံတမန်ကို အကြာကြီး ငြင်းဆန်နေခဲ့တော့မှာမဟုတ်ဘူး။ အနောက်ပိုင်းတူရကီ ခါကာနိတ်ရဲ့ အနာဂတ်အတွက် ခါကန်း မင်းတည်ငြိမ်ရမယ်”
အနက်ရောင်ရေနတ်ဆရာက တဖြည်းဖြည်းချင်းပြောပြီး ရှေ့တက်လာသည်။ သူ၏မျက်နှာကိုလည်း အနက်ရောင် မြူတိမ်များက လွှမ်းခြုံထားသေးပြီး ပုဝါအုပ်ထားသလို ဖြစ်နေသဖြင့် သူ၏မျက်နှာ အစစ်အမှန်ကို မမြင်ရချေ။
အက်ရှာဘာရာခါကန်း၏ မျက်နှာက အေးခဲသွားပြီးနောက် စွံ့အသွားသည်။
အက်ရှာဘာရာခါကန်းက စတုတ္ထမင်းသားကို အကြောင်းပြချက်မရှိ အလိုလိုက်နေမည်မဟုတ်ချေ။ မြက်ခင်းပြင်ကျယ်ကို ခြိမ်းခြောက်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကြီးက ရှိနေသည်။ ထိုအန္တရာယ်ကြီးက သမိုင်းတွင် ဖြစ်ခဲ့ဖူးသော အန္တရာယ်များထက် ကြောက်မက်ဖွယ်ကောင်းပြီး အလွန်အမင်း အန္တရာယ်များလွန်းသည်။ ထိုခြိမ်းခြောက်မှုကြီးကို ပထမဦးဆုံး တွေ့ကြုံရမည့်လူက မြက်ခင်းပြင်ကျယ်ဒေသမှ နတ်ဆရာဘုန်းတော်ကြီးများဖြစ်သည်။ သူတို့က နတ်ဘုရားများထံမှ အသံကို ကြားနိုင်သည်။ အတိတ်နှင့် အနာဂတ်၏ လျို့ဝှက်ဆန်းကြယ်မှုများကို သိနိုင်ကြသည်။ ထိုစွမ်းအင်များကလည်း မှန်ကန်ကြောင်း မကြာခဏ သက်သေပြပြီးလေပြီ။
မြက်ခင်းပြင်ကျယ်ဒေသက တစ်ရက်တွင် ဖျက်ဆီးခံရလိမ့်မည်။ ထိုတစ်ရက်က သိပ်မဝေးသော အနာဂတ်တွင်ဖြစ်သည်။ ထိုအကြောင်းအရာကို အက်ရှာဘာရာခါကန်းနှင့်ပတ်သတ်ပြီး ရှေ့ဖြစ်ဟောစာတမ်းက ပေါ်လာခဲ့ပြီးသားဖြစ်သည်။ သူ၏ကလေးဘဝကတည်းက သူက ကြားထားခဲ့ပြီးသားဖြစ်သည်။
မြက်ခင်းပြင်ဒေသမှ လူအနည်းစုကသာ ထိုလျို့ဝှက်ချက်ကို သိကြသည်။ အက်ရှာဘာရာခါကန်းကလည်း သူအကြောင်းအရာကို သိခဲ့သည်မှာ တော်ဝင်ကလန်မှ ဖြစ်သောကြောင့်ဖြစ်သည်။ ထိုသို့သိလိုက်သည့် အချိန်ကစပြီး သူက ထိုကပ်ဘေးကို အလွန်အမင်း စိုးရိမ်ပူပန်ခဲ့သည်။ စတုတ္ထမင်းသားက မွေးဖွားလာသော တစ်ရက်တွင်မူ ‘ဒီကလေးက တူရကီမြက်ခင်းပြင်ဒေသ တစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ’ ‘သူ့ရဲ့တည်ရှိမှုက လူတိုင်းရဲ့ အနာဂတ်နဲ့ ပေါင်းစပ်နေတယ်’ ‘အချိန်ကျလာတဲ့အခါ သူ့ရဲ့တာဝန်က အလိုလို ထွက်ပေါ်လာပြီး သူက တူရကီကလူတွေကို ဦးဆောင်လို့ ကပ်ဘေးကလွတ်မြောက်အောင် ထွက်ပြေးသွားလိမ့်မယ်’
ဆိုသည့် နတ်ဆရာဘုန်းတော်ကြီးများ၏ ခန့်မှန်းချက်များကြောင့် ထိုကလေးက အက်ရှာဘာရာခါကန်း၏ စိတ်ထဲတွင် အလွန်အမင်း အရေးကြီးလာခဲ့သည်။
ထိုအတွက်ကြောင့်လည်း သူက စတုတ္ထမင်းသားကို အလွန်အမင်း ချစ်မြတ်နိုးကာ အလိုလိုက်ထားခြင်းဖြစ်သည်။ ထိုနတ်ဆရာဘုန်းတော်ကြီးများ ပြောသည့်စကားအတိုင်း တစ်ဖက်သူ၏ တန်ကြေးက တိုင်းတာရန်ခက်ခဲသည်။
“ငါ့ကို နားရွက်မွှေးတောင် မခြောက်သေးတဲ့ ဆယ်ကျော်သက်တစ်ယောက်က တကယ်ပဲ ခြိမ်းခြောက်တာကို ခံရမှာလား”
အက်ရှာဘာရာခါကန်းက အော်သည်။ သူ၏နှလုံးသားထဲတွင် မကျေနပ်မှုက ပြည့်နှက်နေသည်။ မြက်ခင်းပြင်ကျယ် ဒေသကဲ့သို့ ကြီးမားခမ်းနားသော ဒေသကြီးကို အုပ်စိုးနေသည့် အရှင်သခင်တစ်ပါးဖြစ်သည့် အက်ရှာဘာရာခါကန်း၏နာမည်က လောကရှိ တိုင်းပြည်တိုင်းအနှံ့ ပျံ့နှံ့ပြီးသားဖြစ်သည်။ ဗဟိုပြင်ကျယ်၏ မဟာထန်မှ ကာကွယ်ရေးဗိုလ်ချုပ်ကြီးများနှင့် မဟာဗိုလ်ချုပ်ကြီးများကပင် သူ့ကိုသတိထားကာ ဆက်ဆံရသည်။ သို့သော် ယခုမူ သံမဏိမြို့မှ ဆယ်ကျော်သက်တစ်ယောက်က သူ့ထံမှ ထိုသို့လွန်ကဲစွာ တောင်းဆိုမှုများပြုပြီး ခြိမ်းခြောက်မှုများ ပြုနေခဲ့သည်။ ထို့ကြောင့် အက်ရှာဘာရာခါကန်းကဲ့သို့ အဆင့်အတန်းမျိုး ရှိသောသူအနေဖြင့် ထိုအခြေအနေကို လက်မခံနိုင်ချေ။
အခန်း(၈၄၂)
“ခါကန်း နည်းနည်းလောက် ထိန်းထားဦး။ ငါတို့တွေ သူတို့ကို အကောင်းဆုံးစစ်မြင်း တစ်သိန်းပေးမယ်လို့ပြောလိုက်။ သူတို့ သဘောတူမလား ကြည့်ရအောင်။ သူတို့ကသာ ဆက်ပြီး ငါးသိန်းပဲ ဆက်တောင်းနေဦးမယ်ဆိုရင်တော့ ငါတို့ဒီအကြောင်းအရာကို ထပ်ပြီး ဆွေးနွေးရတော့မှာပေါ့”
အနက်ရောင်ရေနတ်ဆရာကပြောသည်။
“ဘုန်းတော်ကြီး ငါဒီကိစ္စကို မင်းအတွက် လုပ်ပေးလိုက်မယ်။ ဒါပေမဲ့ ဒါက နောက်ဆုံးတစ်ကြိမ်ပဲ”
အက်ရှာဘာရာခါကန်းက ဒေါသများဖြင့် ပွက်ပွက်ဆူကာ လောင်းကျွမ်းနေသည်။ သို့သော်သူက စိတ်ကို ထိန်းထားရုံသာ တက်နိုင်သည်။
“အွန်း ငါတို့ သံတမန်ကို လွှတ်လိုက်ရအောင်။ သူတို့က တကယ်ကို မလွှတ်ပေးချင်ဘူးဆိုရင် ခါကန်း မင်းနောက်ထပ်အကြံတစ်ခုကို ထုတ်ဖို့ အချိန်ရဦးမှာပါ”
အနက်ရောင်ရေနတ်ဆရာက ခေါင်းညိမ့်သည်။
အက်ရှာဘာရာခါကန်းက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သော်လည်း ဘာစကားမှ ပြန်မပြောခဲ့ချေ။
“ဒါ့အပြင် ခါကန်းကပဲ လုပ်နိုင်မဲ့ အရာတစ်ခုကို တောင်းဆိုစရာရှိသေးတယ်”
အနက်ရောင်ရေနတ်ဆရာက ထပ်ပြောသည်။
“အို ဘာများလဲ”
အက်ရှာဘာရာခါကန်းက အံ့ဩသွားသည်။ အနက်ရောင်ရေနတ်ဆရာက စတုတ္ထမင်းသားနှင့် ပတ်သတ်သော ကိစ္စကို ဆွေးနွေးရန်သာ ရောက်လာခဲ့သည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုသို့မဟုတ်နေခဲ့ချေ။
“ဝူရှန်းသံမဏိမြို့က အဲ့ဒီလူငယ် စတုတ္ထမင်းသားကို ဖမ်းထားတဲ့ အဲ့ဒီကောင်လေး ငါသူနဲ့တွေ့ချင်တယ်။ ခါကန်း မင်းဒီတစ်ကြိမ် သံတမန်တွေကို လွှတ်တဲ့အခါ ငါက ဒီတာဝန်ကို ထမ်းဆောင်တဲ့ လူတွေထဲက တစ်ယောက်ဖြစ်ချင်တယ်”
နောက်ဆုံးစကားက လျို့ဝှက်ဆန်းကြယ်ကာ အဓိပ္ပာယ်အပြည့်ပါသော အသံမျိုးဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
အက်ရှာဘာရာခါကန်း၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်သွားပြီး ထိုအသံကို နားလည်လိုက်သည်။ သူက အနားတွင်ရှိသော အနက်ရောင်ရေနတ်ဆရာကိုကြည့်ပြီး သူ၏မျက်နှာမှ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။
......
“အားရိုး တကယ်နာတာပဲ”
သံမဏိမြို့၏ မြေအောက် အကျဉ်းထောင်ထဲတွင် ဟူလာယဲ့၏ နာကျင်သော အော်ဟစ်သံက မြို့ရိုးတခွင်အနှံ့ ပျံ့နှံ့သွားသည်။ သူက မြေပြင်တွင် လဲနေသည်။ သူ၏ အပေါ်ပိုင်းဗလာနှင့် ပြည့်ဖြိုးသော အသားများအပြည့်ရှိသော ကျောတွင် အရွန်းရာများက ထပ်နေပြီဖြစ်သည်။ အချို့သော နေရာများတွင် အရိုးပင်မြင်ရသည်။
“ဟူလာယဲ့ ငါမင်းနဲ့ပတ်သတ်ပြီး မှားသွားတယ်။ သူတို့က မင်းကို ဒီလိုရိုက်နှက်မယ်လို့ မထင်ထားဘူး။ စိတ်အေးအေးထား ငါသာပြန်သွားနိုင်ရင် မင်းရဲ့ပိုင်ဆိုင်မှု ပစ္စည်းတွေ ရအောင်ပြန်ယူပေးမယ်”
အခန်းထဲတွင် ဒေါသတကြီးဖြစ်နေသော အသံက ထွက်ပေါ်လာသည်။ စတုတ္ထမင်းသားက ဟူလာယဲ့၏ အနားတွင် ထိုင်နေသည်။ သူ၏မျက်လုံးကမူ နောင်တတရားများနှင့် ဆုံးရှုံးမှုများက ပြည့်နှက်နေသည်။ သူက ထိုဒဏ်ရာများကို စစ်ကြည့်နေသည်။
“အရှင့်သား ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့မလိုပါဘူး။ ဒါက ငါကိုယ်တိုင်က လုပ်ဆောင်မှုညံ့လို့ ဖြစ်တာပါ။ သံမဏိမြို့က ဒီမျိုးမစစ်တွေကလည်း ငါ့ကိုတကယ် သတ်ရဲလောက်အောင် လုပ်ရဲမယ်လို့ မထင်ထားဘူး။ အရှင့်သား စိတ်အေးအေးထားပါ။ ဒီဟူလာယဲ့က ရှေ့တန်းမှာ အသက်ကို ရင်းရမယ်ဆိုရင်တောင်မှ အရှင်ကတော့ ဒီနေရာက လွတ်စေရမယ်”
ဟူလာယဲ့က အံ့ကိုကြိတ်ထားပြီး စကားလုံးများကို ဖျစ်ညှစ်ကာပြောသည်။ သို့သော် ဒဏ်ရာများမှ နာကျင်မှုက သူ့ကိုရှေ့မှ လဲကျသွားစေသည်။ သူက မနေနိုင်ဘဲ အော်လိုက်ရသည်။
စတုတ္ထမင်းသားကလည်း ထိုမြင်ကွင်းကြောင့် ပို၍ပင် နောင်တကြီးစွာရလာသည်။
“ဝမ်ချောင် မင်းနဲ့မင်းရဲ့ သစ္စာမဲ့တဲ့ လက်အောက်ငယ်သားတွေ။ ငါမင်းကို ဒီကိစ္စကြောင့် ခွင့်မလွှတ်ပေးနိုင်ဘူး။ စတုတ္ထမင်းသား သူတို့တစ်ယောက်ယောက်ကသာ စတုတ္ထမင်းသားရဲ့ခေါင်းက ဆံပင်မွှေးကိုထိရင် ငါဟူလာယဲ့က သူတို့ကိုဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး။ ငါတစ္ဆေ သရဲ တစ်ကောင်အနေနဲ့ ပြန်လာရမယ်ဆိုရင်တောင်မှ ငါသေချာပေါက် ကလဲ့စားချေမှာပဲ”
ဟူလာယဲ့က ဒေါသတကြီးအော်ကာ ကျိန်ဆဲသည်။
“ဟူလာယဲ့ ဒီလိုမလုပ်ပါနဲ့ သူတို့ကမင်းကို သေတဲ့ထိ ရိုက်သတ်လိမ့်မယ်”
စတုတ္ထမင်းသားက ခံစားသွားရသလို နောင်တလည်းရနေသည်။
“မင်းရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေကိုကြည့်ဦး။ မင်းဒီထက်ပိုပြီး အရိုက်ခံလို့မရတော့ဘူး။ သူတို့ကသာ ပြန်လာပြီး မင်းကိုထပ်ရှာမယ်ဆိုရင် မင်းတင်းခံပြီး ခေါင်းကိုသာငုံ့ထားလိုက်။ မင်းမှားတယ်လို့ ဝန်ခံလိုက်။ မင်းသာ ထွက်သွားရမယ်ဆိုရင် မင်းငါ့ရဲ့ တော်ဝင်ခမည်းတော်နဲ့ သွားတွေ့ပြီး သူ့ကို အကြောင်းကြားလို့ ငါ့ကိုလာပြီး ကယ်ဆယ်ခိုင်းလို့ရတယ်။ ဒီလိုမှ ငါတို့နှစ်ယောက်လုံး ဒီမှာသေတာထက်ပိုပြီး ကောင်းလိမ့်မယ်”
စတုတ္ထမင်းသားကလည်း အကျဉ်းထောင်၏ အပြင်ဘက်က တစ်နေရာတွင် လူတစ်အုပ်က ရယ်ချင်စိတ်ကို မနည်းသည်းခံနေရကြောင်း မသိချေ။
“ဒါပေမဲ့ခါကန်းကတော့ ငါ့ကိုယုံမှာမဟုတ်ဘူး”
ဟူလာယဲ့ကပြောသည်။
“ရတယ် ဒါကိုယူသွားလိုက် သူမင်းကိုယုံလိမ့်မယ်”
စတုတ္ထမင်းသားက တခဏခန့် ရပ်တန့်ပြီးနောက် အံ့ကိုကြိတ်ကာ နောက်ဆုံးတွင် သူ၏အဝတ်အောက် အတွင်းပိုင်းတွင် သိမ်းထားသော အရိုးဖြင့်လုပ်ထားသည့် တံဆိပ်ပြားတစ်ခုကိုပေးသည်။
“ဒါက ငါ့ရဲ့ မင်းသားတံဆိပ်ပြားပဲ။ မင်းကသာ ဒီတံဆိပ်ပြားကိုယူသွားပြီး ငါ့ရဲ့တော်ဝင်ခမည်းတော်ကို တွေ့လိုက်တာနဲ့ သူကမင်းကို သေချာပေါက် ယုံသွားလိမ့်မယ်”
“ဒါက... အရှင်မင်းသား စိတ်အေးအေးထားပါ။ ငါသာ ဒီနေရာက ထွက်သွားနိုင်တဲ့အခွင့်အရေး ရှိတယ်ဆိုရင် သေချာပေါက် အရှင်မင်းသားကို ကယ်မှာပါ။ ဒီဟူလာယဲ့ရဲ့စကားက အရိုးထဲထိ စိမ့်ဝင်နေတာပါ။ ဟူလာယဲ့က သေရမယ်ဆိုရင်တောင်မှ အရှင့်သားရဲ့ လုံခြုံမှုအတွက် စိတ်အေးရအောင် လုပ်သွားမှာပါ”
ဟူလာယဲ့က စိတ်ထဲတွင် အကြိတ်အနှယ် ရုန်းကန်နေရပုံပေါ်သည်။ ထို့နောက်သူက အံ့ကိုကြိတ်ကာ ထိုတံဆိပ်ပြားကိုယူလိုက်သည်။
ထိုအခိုက် အကျဉ်းထောင်ဘက်မှ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာသည်။
“ဟူလာယဲ့ မင်း တူရကီဝက် ဘယ်အရာကကောင်းတယ် ဘယ်အရာက ဆိုးတယ်ဆိုတာကို နားမလည်ထားတဲ့အကောင် အရှင်အမတ်က ကြင်နာတတ်ပြီး မင်းကိုလွှတ်ပေးဖို့ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ ဒီစတုတ္ထမင်းသားနား ကော်လိုကပ်နေတုန်းပဲ။ ဒါကမင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ။ မင်းကသာဆက်ပြီး အရှင်အမတ်ရဲ့ရှေ့မှာ ရိုင်းပြဦးမယ်ဆိုရင် မင်းနဲ့စတုတ္ထမင်းသားတို့ နှစ်ယောက်လုံး ဒီနေရာမှာသေရမယ်”
အပြင်ဘက်မှ အေးစက်သော အသံနှင့်အတူ အကျဉ်းထောင်၏တံခါးက ပွင့်သွားသည်။ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော အစောင့်ပေါင်းများစွာက ဝင်လာကြသည်။ သူတို့က တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းလိုလို ဟူလာယဲ့ကို ကောက်မကြသည်။ နှစ်ယောက်က ဘေးတစ်ဖက် တစ်ချက်စီမှ မလိုက်ပြီးနောက် သူ့ကို သတ်ဖြတ်တော့မည့် ဝက်တစ်ကောင်ကို သယ်သလိုမျိုး တရွတ်တိုက် ဆွဲခေါ်သွားကြသည်။ အနောက်မှ တံခါးက တဖန်ပြန်ပိတ်သွားသည်။
“ဟူလာယဲ့ ငါ့ကိုမစိုးရိမ်နဲ့ မြန်မြန် မင်းရဲ့အမှားကို ဝန်ခံလိုက်။ အရင်ဆုံး မင်းကိုယ်မင်းဂရုစိုက်ပါ။ သူတို့နဲ့ထပ်ပြီး ရန်သူမဖြစ်ချင်ပါနဲ့တော့”
အဝေးတွင် တူရကီစတုတ္ထမင်းသားက အကျဉ်းထောင်၏ တံခါးနားသို့ ကုန်းလျှက်လာပြီး စိုးရိမ်တကြီးလှမ်းအော်သည်။
“ဟား ဟား ဟား”
“ဟူလာယဲ့ မင်းကတကယ်ကို တော်တဲ့လူပဲ။ စတုတ္ထမင်းသားက မင်းအတွက် ငိုနေပြီ”
“ငါ့ကိုမစိုးရိမ်နဲ့ မြန်မြန် မင်းရဲ့အမှားတွေကို ဝန်ခံလိုက်ပါတဲ့လား ဟား ဟား မင်းက စတုတ္ထမင်းသားကို ဒီလိုပြောအောင် တကယ်လုပ်နိုင်ခဲ့တာပဲ”
“ဟူလာယဲ့ မင်းမျိုးမစစ်ကောင် စတုတ္ထမင်းသားကသာ အမှန်တရားကိုသိသွားရင် သူက မင်းရဲ့အသွေးနဲ့ အသားတွေကို အရှင်လတ်လတ် လှီးထုတ်ပစ်လိမ့်မယ်”
သူတို့က စတုတ္ထမင်းသား အကျဉ်းထောင်ထဲမှ ကြားနိုင်သော အတိုင်းအတာအတွင်း ထားထားသည်နှင့် စစ်သားများက မထိန်းနိုင်ဘဲ ရယ်ကြသည်။ ထိုအစောင့်များက ဟူလာယဲ့နှင့် ရင်းနှီးပြီးသားဖြစ်သည်။ အမြဲတစေ သူ၏အဝင်အထွက်ကို စောင့်ကြပ်ပေးနေသူ ဖြစ်သည့်အလျောက် ယခုလို ဟာသများကို ပြောရမည့်အရေးကို မကြောက်လန့်ကြချေ။
“ဟား ဟား ဒါကဘာမှ မဟုတ်သေးဘူး။ အကန့်အသတ် ရှိနေတဲ့လူက လူကြီးလူကောင်းမှမဟုတ်တာ။ သူတို့ရဲ့သွေးထဲမှာ ခက်ထန်ကြမ်းတမ်းမှု နည်းနည်းမှ မရှိတဲ့အမျိုးသားက ကြီးမြတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါကမင်းတို့ဟန်တွေရဲ့ ဆိုရိုးစကားမဟုတ်လား။ သူကသာ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ရမယ်ဆိုရင် ဒီအခြေအနေက ဘာအရေးကြီးသေးလို့လဲ။ ဒီစတုတ္ထမင်းသားက ပြန်သွားတာနဲ့ ငါက မြင့်မားတဲ့ အတိုင်းအတာတစ်ခုထိ ရောက်ရှိသွားပြီဆိုတာနဲ့ ငါကမင်းတို့ကို စားသောက်ပွဲကြီးနဲ့ ဧည့်ခံမယ်။ ဒီလိုဆိုရင် ဒီနေ့အဖြစ်အပျက်တွေကို ထည့်တွက်လို့ မရတော့ဘူးမဟုတ်လား”
ဟူလာယဲ့က အစောင့်တစ်ယောက်ဆီမှ ပိုးသားဝတ်ရုံကို ယူလိုက်ပြီးနောက် ခြုံရင်းပြောသည်။
“ဟူလာယဲ့ မင်းကတကယ်ကို အရှက်မရှိဘဲ နိမ့်ကျတဲ့ကောင်ပဲ”
အစောင့်တိုင်းက နောက်ကြသည်။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးပဲ”
“ဒါနဲ့စကားမစပ် အရှင်အမတ်က ဘယ်မှာလဲ”
“အရှင်အမတ်က သူ့ရဲ့စံအိမ်တော်မှာပဲ။ အရှင်အမတ်ကို သွားတွေ့ဖို့ လိုလို့လား”
အစောင့်တစ်ယောက်က အပြုံးနှင့်မေးပြီး ဟူလာယဲ့၏ပုခုံးကိုပုတ်သည်။
“မလိုပါဘူး ငါကဒီတိုင်း အရှင်အမတ်ဆီ စာပို့ပေးချင်တာ”
ဟူလာယဲ့ကပြုံးပြီး စာတစ်စောင်ကိုထုတ်သည်။ ထိုသို့ဖြင့် ဟူလာယဲ့က အကျဉ်းထောင်ထဲမှ ဖိအားများနေသော အစောင့်များကို ကြည့်လိုက်သည်။ သူက သူ၏ နဂိုစံအိမ်သို့ မပြန်သွားခဲ့သလို ဝမ်ချောင်၏ စံအိမ်တော်သို့လည်း မသွားချေ။ ထိုအစား သူက တစ်ပတ် ပတ်လျှောက်လိုက်ပြီးနောက် ကြည်လင်တောက်ပသော မက်မွန်ပန်းပင်၏အောက်တွင် ရပ်တန့်လိုက်သည်။ ထို့နောက်သူက အရည်အသွေးမြင့် တူရကီစစ်မြင်းတစ်ကောင်ကို စီးပြီး မြို့ထဲမှ ထွက်ခွာသွားသည်။
သူကထွက်ခွာသွားပြီး သိပ်မကြာခင် ဝမ်ချောင်၏ စံအိမ်တော်သို့ ကင်းထောက်တစ်ယောက်က ပြေးဝင်လာသည်။
“အရှင်အမတ် ဟူလာယဲ့က မြင်းတစ်ကောင်ကိုစီးပြီး မြို့ထဲက ထွက်ခွာသွားပါတယ်”
သံမဏိမြို့က အပြင်လူများအတွက် မဖွင့်နိုင်သေးချေ။ ထို့ကြောင့် အဝင်အထွက် လူတိုင်းကို အနီးကပ် စောင့်ကြည့်နေကြသည်။
“အို”
ဝမ်ချောင်က စန္ဒကူးသားစားပွဲ၏ရှေ့တွင် ထိုင်နေခြင်းဖြစ်သည်။ သူက ထိုသတင်းကို ကြားသောအခါ အံ့အားသင့်စွာ မျက်ခုံးပင့်တက်သွားသည်။ တခဏခန့် ကြာပြီးနောက် သံမဏိမြို့မှ အစောင့်တစ်ယောက်က ဝင်လာသည်။
“သတင်းပို့ ဟူလာယဲ့က မထွက်သွားခင် အရှင်အမတ်ကို ပေးသင့်တယ်လို့ပြောပြီး စာတစ်စောင်ကို ပေးသွားပါတယ်”
အစပိုင်းတွင် အံ့အားသင့်နေသော်လည်း ဝမ်ချောင်က ချက်ချင်းလိုလို နားလည်လိုက်သည်။
“ဒီနေရာကိုယူလာခဲ့”
ဝမ်ချောင်က လက်ကိုယမ်းပြီး စာကိုယူသည်။ တစ်ချက်ကြည့်ပြီးသည်နှင့် သူကပြုံးလိုက်သည်။ သူ၏မျက်နှာတွင် အဓိပ္ပာယ်အပြည့်ပါသော အပြုံးကပေါ်လာသည်။
“နားလည်ပြီ မင်းတို့သွားလို့ရပြီ မင်းတို့ထဲက ဘယ်သူကမှ ဒီကိစ္စကို စိုးရိမ်ဖို့မလိုဘူး”
“ဟုတ်ကဲ့အရှင်အမတ်”
သတင်းထောက်များက ခပ်မြန်မြန် ထွက်သွားကြသည်။
“ဟူလာယဲ့ အခုမင်းရဲ့ လုပ်ဆောင်မှုပေါ်ပဲ မူတည်တော့တယ်”
ဝမ်ချောင်က ပြတင်းပေါက်အပြင်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခုက ပေါ်နေသည်။ သို့သော် မျက်တောင်တခတ် အချိန်အတွင်း အပြုံးကပျောက်သွားသည်။ သူက ခပ်မြန်မြန် မှတ်တမ်းလွှာတစ်ခုကို ကောက်ယူလိုက်သည်။ ထိုမှတ်တမ်းလွှာက တာလာ့နှင့် မပတ်သတ်သော ချီရှီအကြောင်းဖြစ်သည်။
...
ဒုန်း ဒုန်း ဒုန်း ဒုန်း
စစ်မြင်းက ဖုန်မှုန့်အတန်းလိုက်ကို ချန်ထားရစ်ခဲ့ပြီး အနောက်ပိုင်းတူရကီ မြက်ခင်းပြင်ဒေသထံ ဦးတည်သွားသည်။ အနည်းငယ်ဝသော ပုံရိပ်တစ်ခုက တူရကီစစ်မြင်းပေါ်တွင်စီးလျှက် ဝူရှန်းကို ထွက်ခွာသွားခဲ့ပြီး အနောက်မြောက်ပိုင်းတွင် ဆက်တိုက် မြင်းကိုအပြေးနှင်သွားသည်။ အချိန်တစ်ခုကြာပြီးနောက် သူက နောက်ဆုံးတွင် ကြီးမားသော တောင်တန်းကြီးများ ရှိရာနေရာသို့ ရောက်သွားသည်။ ထိုနေရာတွင် ရှိသော တောင်တန်းကြီးများက အလွန်မြင့်ပြီး တိမ်စိုင်ထဲသို့ တိုးဝင်နေသည်ဟုပင် ထင်ရသည်။
“ငါနောက်ဆုံးတော့ ရောက်လာပြီ”
ကြီးမားသော စန်းမီတောင်တန်းကြီးနှင့် တူရကီလက်ရွေးစင်မြင်းတပ်နှင့် ဝံပုလွေအုပ်များ ကင်းလှည့်နေကြောင်း မြင်သောအခါ သူ၏မျက်နှာတွင် ပျော်ရွှင်သောအပြုံးက ပေါ်လာသည်။ သူက ဒီနေရာသို့ ပြန်လာနိုင်ပြီး ကြွယ်ဝခမ်းနားသော ဘဝတွင် ပြန်နေနိုင်ခြင်းရှိမရှိဆိုသော အချက်က သူ၏လုပ်ဆောင်မှုပေါ် မူတည်သွားသည်။
“ဟား ဟား ဟား ခါကန်းရွက်ဖျင်တဲ ငါလာပြီ”
ဟူလာယဲ့၏ မျက်ဝန်းက တောက်ပနေပြီး သူက တောင်ထိပ်သို့တက်ရန် သူ၏မြင်းကို အပြေးနှင်သွားသည်။
“အဲ့ဒီမှာဘယ်သူလဲ ရပ်လိုက်စမ်း”
“မတိုက်ခိုက်နဲ့ ငါကမင်းတို့ရဲ့ဘက်ကပဲ။ ငါက ခါကန်းရဲ့ စတုတ္ထမင်းသားရဲ့ သတင်းကို သယ်လာတယ်။ ငါအရှင်မင်းသားကို ဘယ်လိုကယ်ရမလဲဆိုတာကို သိတယ်။ မြန်မြန် ငါ့ကိုဝင်ခွင့်ပေး”
လမ်းတောက်လျှောက် အော်ဟစ်သံများနှင့်အတူ ဟူလာယဲ့က စန်းမီတောင်၏ ခုခံရေးအားလှိုင်းကို ကျော်ဖြတ်သွားလိုက်နိုင်ပြီး အနောက်ပိုင်းတူရကီ အက်ရှာဘာရာခါကန်းရှိသည့် ရွက်ဖျင်တဲထံသို့ သွားနိုင်ခဲ့သည်။
...
“ဟေး”
“ဟ”
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ထို့နောက် အရာအားလုံးက ဝမ်ချောင်က စီစဉ်ထားသော အကြံများအတိုင်း ဖြစ်လာခဲ့သည်။ သံမဏိမြို့အတွင်းတွင် စစ်သည်တော်တိုင်းက လှည့်လည်သွားလာနေကြချိန်တွင် မြင်းခွာသံများက လေတွင် ပဲ့တင်ထပ်နေသည်။ မနက်ခင်း၏ ပထမဦးဆုံးအလင်းတန်းက လေ့ကျင့်ရေးကွင်းပြင်သို့ ကျရောက်လာသည်နှင့် ဝူရှန်း၏ မြင်းတပ်ငါးထောင်က အမျိုးမျိုးသော ဝင်္ကပါများကိုသုံးကာ လေ့ကျင့်နေကြသည်။ သူတို့က အမိန့်တစ်ခုနှင့်အညီ စုစည်းခြင်း၊ အမိန့်တစ်ခုနှင့်အညီ လူစုခွဲခြင်း စသည်တို့ကို အလွန်အမင်း ကျွမ်းကျင်သော ပုံစံမျိုးဖြင့် ဦးဆောင်နေကြသည်။ သူတို့၏ ခြောက်ခြားဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ကောင်းကင်ထိတိုင် ထိုးတက်နေခဲ့သည်။
“မဆိုးဘူး အဆင်သင့်ဖြစ်လောက်ပြီ”
ပြတင်းပေါက်မှ အရာအားလုံးကို ကြည့်နေသည့် ဝမ်ချောင်က ကျေနပ်စွာ ခေါင်းညိမ့်သည်။ အစပိုင်းကဆိုလျှင် လူအများကလည်း ထိုလေ့ကျင့်သည့် နည်းလမ်းကို သိချင်စိတ် ပြင်းပြလွန်းသဖြင့် လေ့ကျင့်ရေးကွင်းပြင်၏ ပတ်ဝန်းကျင်တွင် ဝိုင်းကာကြည့်တတ်သည်။ သူတို့က ဝူရှန်းမြင်းတပ်၏ လေ့ကျင့်ပုံကို သိချင်စိတ် ပြင်းပြကြသည်။ သို့ရာတွင် ယခုမူ မည်သူကမှ ရပ်မကြည့်တော့ချေ။ မည်သူကမှ ရပ်မကြည့်ရဲတော့ခြင်းဖြစ်သည်။
ဝူရှန်းမြင်းတပ်က အင်အားကြီးသထက် ကြီးလာပြီး ကြောက်စရာကောင်းသထက် ကြောက်စရာကောင်းလာလေရာ လောကကို လွှမ်းမိုးတော့မည့် အဆင့်လွန် မြင်းတပ်အင်အားစုကြီး တစ်ခုနှင့် ပို၍ပင် တူလာသေးသည်။
“ငါ့ရဲ့သံချပ်ကာကိုထုတ်လိုက်”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
“ဒါ့အပြင် စစ်သည်တော်တိုင်းကိုလည်း လှုပ်ရှားဖို့ အသင့်ပြင်လို့မိန့်လိုက်”
“ဟုတ်ကဲ့အရှင်အမတ်”
အစောင့်တစ်ယောက်က ခပ်မြန်မြန်ထွက်သွားသည်။
အချိန်တစ်ခုခန့် ကြာပြီးနောက် မြေပြင်က တသိမ့်သိမ့်တုန်သွားကာ ဝမ်ချောင်နှင့် လီစစ်ယဲ့တို့က ဦးဆောင်သည့် ဝူရှန်းငါးထောင် မြင်းတပ်က ဂိတ်ပေါက်ကို ကျော်ဖြတ်ကာ ချီရှီအတိုင်းသွားသည်။ အင်ပါယာခုံရုံးက အမိန့်တော်ထုတ်ပြီးခဲ့သည်မှာ အချိန်တချို့ ကြာသွားပြီဖြစ်သော်လည်း ဝမ်ချောင်က ချီရှီကိုကိုင်တွယ်ပြီး ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ရန် ကိုင်တွယ်ပြီးသွားခြင်းဖြစ်သည်။
အခန်း(၈၄၃)
ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း
ဝမ်ချောင်က ဦးဆောင်သော အင်အားစုက သံမဏိမြို့မှ ထွက်လိုက်သည်နှင့် အဝေးက စောင့်ကြည့်နေသော မြင်းစီးသမားတစ်ယောက်က ချီရှီကာကွယ်ရေးစစ်တပ်ထံသို့ အထိတ်တလန့် ပြန်လှည့်သွားသည်။
“သွားပြီ အခုချက်ချင်း ဗိုလ်ချုပ်ကို အကြောင်းကြားလိုက် ဝမ်ချောင်ကသူ့ရဲ့ စစ်တပ်ကိုဦးဆောင်ပြီး ဝူရှန်းကထွက်လာပြီး ချီရှီကာကွယ်ရေးစစ်တပ်ထံ ဦးတည်နေပြီ”
မြင်းစီးသမားက မြင်းကိုဒုန်းစိုင်းစီးနေပြီး အော်ဟစ်လိုက်သည်။
ခီး
ထိုဟူမြင်းသည်တော်က အော်ဟစ်လိုက်ပြီးသည်နှင့် သိန်းငှက်တစ်ကောင်က ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ ထို့နောက် ချောမွေ့စွာဖြင့် အနောက်မြောက်ပိုင်းသို့ ပျံသန်းသွားသည်။ ခရီး၏အဆုံးတွင်မူ သူ၏တောင်ပံများကို ဖြန့်လိုက်ပြီး ချီရှီကာကွယ်ရေးစစ်တပ်၏ အဓိကခန်းမထဲသို့ ဆင်းသက်လိုက်သည်။
“ဘာ အဲ့ဒီဝမ်ချောင်က လာနေပြီလား”
သိန်းငှက်က သယ်ဆောင်လာသော သတင်းက ခန်းမထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုမျိုး ချီရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံးကို ပွက်လောရိုက်သွားအောင် အားလှိုင်းများ ထသွားစေခဲ့သည်။
“မျိုးမစစ်ကောင် သူက ကာကွယ်ရေးဗိုလ်ချုပ်ကို ဒုက္ခပေးခဲ့တာတောင်မှ ဒီနေရာကို လာရဲသေးတာလား။ သူက ငါတို့သူ့ကိုကြောက်မယ်လို့ ထင်နေတာလား”
“ငါတို့ရဲ့ ကာကွယ်ရေးဌာနချုပ်က ညီအစ်ကိုတွေအားလုံးကို စုစည်းလိုက်။ သူငါတို့ကို ဘယ်လိုကိုင်တွယ်မလဲကြည့်မယ်”
“ချီရှီကာကွယ်ရေးဗိုလ်ချုပ် အင်ပါယာခုံရုံးက အမိန့်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ ငါတို့ညီအစ်ကိုတွေကသာ ခေါင်းမညိမ့်ရင် သူကဘာကောင်မှမဟုတ်ဘူး”
“ကောင်းကင်မြင့်တယ်။ ဧကရာဇ်ကလည်း အဝေးမှာ။ တော်ဝင်ခုံရုံးကတောင်မှ ငါတို့ကို မကိုင်တွယ်ရဲဘူး။ သူ့မှာ ဘယ်လိုလှည့်ကွက်တွေရှိမလဲ ငါသိချင်ပါသေးတယ်။ သူလာတဲ့ဘက်ကို သူ့ကို ပြန်ပို့လိုက်ကြရအောင်”
ခန်းမထဲတွင် ဒေါသတကြီးအော်ဟစ်သံက ပြည့်နှက်နေသည်။ ဝမ်ချောင်က ရောက်လာသည်ဆိုသော သတင်းက ပျားအုံကို တုတ်နဲ့ထိုးလိုက်သလို ဖြစ်သွားသည်။ ဟူဗိုလ်ချုပ်များက ပေါက်ကွဲလုနီးပါး ဖြစ်သွားကြသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာက ခန်းမထဲက ထွက်သွားကြသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ချီရှီကာကွယ်ရေးစစ်တပ်မှ ဟူစစ်သည်တော်တိုင်းက စုစည်း၍ပြီးသွားလေပြီ။ အရေအတွက်က ထောင်ကျော်သည်။ ထိုသို့ဖြင့် အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာကြကာ ချီရှီကာကွယ်ရေးဌာနချုပ်ထံ ဦးတည်သည်။
ခီး
သိန်းငှက်က လေထဲသို့ ပျံသန်းသွားချိန်တွင် ချီရှီတိုင်းကလည်း ဖြစ်ပေါ်လာတော့မည့် မုန်တိုင်းအတွင်းတွင် ရှိနေကြသည်။ သူတို့က တောင့်တင်းနေကြပြီး လေထုကပင် တင်းကြပ်ကုန်ကြသည်။
ချီရှီသို့ သွားရာလမ်းတွင် ကျန်းချွယ်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် အနက်ရောင် အစက်များကို မြင်လိုက်ရသည်။
“အရှင်အမတ် အဲ့ဒီကိုကြည့်ပါ ချီရှီကာကွယ်ရေးဌာနချုပ်က အစောင့်သိန်းငှက်တွေပါ”
သူ၏စကားလုံးက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။
“အရှင်အမတ် ကျွန်တော်တို့ သူတို့ကို ရှင်းလိုက်ရမလား”
“မလိုဘူး”
ဝမ်ချောင်က အပေါ်သို့ တစ်ချက်ကြည့်ပြီးနောက် ရယ်ကာလက်ယမ်းပြသည်။
“သူတို့ကို ဆန္ဒရှိသလို လုပ်ခိုင်းလိုက်ပါ။ သူတို့ကို ကောင်းကောင်းကြည့်ခိုင်းပြီး ပြင်ဆင်ခွင့် ပေးလိုက်ရအောင်။ ငါတို့က ဒါကိုတစ်ချက်ထဲနဲ့ ဖြေရှင်းလိုက်လို့ရတယ်”
ဝမ်ချောင်၏အသံက ခံစားချက်မဲ့ကာ ပြတ်သားသည်။ သူ့တွင်လည်း အဆင့်လွန် ယုံကြည်မှုမျိုးက ရှိနေခဲ့သည်။ ချီရှီမှ ကိစ္စများကို လုံလောက်အောင် အချိန်ဆွဲထားပြီးသဖြင့် ယခုက ကိုင်တွယ်ရန် အချိန်ကျလေပြီ။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အရှိန်ကိုမြန်ကြ”
“ဟုတ်ကဲ့”
ဖုန်မှုန့်များက လေထဲအထက် ဆယ်ကျန်းခန့်အထိ မြောက်တက်သွားပြီးနောက် ဝူရှန်းမြင်းတပ် ငါးထောင်က အရှိန်နှုန်းကို မြှင့်လိုက်ကြသည်။ သို့သော် သူတို့က သေသပ်ကာ အတန်းလိုက် လှုပ်ရှားသည့် ဟန်ချက်ကို ထိန်းထားကြသေးသည်။ အခြားတစ်ဖက်တွင်မူ ချီရှီကာကွယ်ရေးစစ်တပ်မှ ဟူမြင်းတပ်ကလည်း သေသပ်စွာဖြင့် အလျားလိုက် အရှည်လိုက် နေရာယူထားကြသည်။ ထိုနည်းအားဖြင့် ချီရှီကာကွယ်ရေး ဌာနချုပ်၏အရှေ့တွင် ကြီးမားသော စစ်တပ်အင်အားစုကြီးက စုစည်းနေကြသည်။ သူတို့အားလုံးက တိတ်ဆိတ်နေသည်။ သူတို့ကပင် ဖိအားအပြည့် ရှိနေသည်။
“ဘယ်လောက်ဝေးသေးလဲ”
“တစ်ဆယ်လီပါ”
“ကောင်းတယ် အရာအားလုံး အဆင်သင့်ပြင်ထား။ သူတို့ကို လက်ဆောင်ကြီးပေးလိုက်ရအောင်။ သူက ငါတို့ရဲ့ဆန္ဒကောင်းကို မမြင်ဘဲ ဆက်လာရဲဦးမယ်ဆိုရင် ငါတို့ကို အပြစ်တင်လို့မရတော့ဘူး”
“ဟုတ်ကဲ့ဗိုလ်ချုပ်”
ကင်းထောက် တစ်ယောက်ပြီးတစ်ယောက်က ထွက်ခွာသွားကြသည်။
......
မိနစ်အနည်းငယ် ကြာပြီးနောက် အရှေ့မှ ဝူရှန်းကင်းထောက်များက အပြေးပြန်လှည့်လာပြီး မြေပြင်တွင်ဒူးထောက်သည်။
“သတင်းပို့ အရှင်အမတ် လမ်းမှာ ကဒုတ်တွေအများကြီး ချထားပါတယ်”
“အိုး”
ဝမ်ချောင်၏ တဖြောင့်တည်းဖြစ်နေသော မျက်ခုံးက မြင့်တက်သွားပြီး သူက အဝေးသို့တစ်ချက်ကြည့်လိုက်သည်။ မီတာရာဂဏန်း အနည်းငယ်တွင် တြိဂံပုံစံရှိသည့် တစ်ခုစီလျှင် သုံးပေ လေးပေခန့်အထိရှည်သော တိုင်ရာကျော်ကို မြေပြင်တွင် ဖြန့်ကျဲထားသည်။ ဒီနည်းအားဖြင့် ချီရှီကာကွယ်ရေးစစ်တပ်သို့ သွားသောလမ်းကို ပိတ်ထားလေသည်။ ဝမ်ချောင်၏ မြင်နိုင်စွမ်းအားမှတဆင့် လမ်းဘေးပေါ်တွင် ပုံထားသော ကြီးမားသည့် သစ်သားတိုင်ကြီးကိုပင် မြင်နိုင်သေးသည်။ ထိုပေါ်တွင် ဟန်ဘာသာစကားဖြင့် ခပ်ကြမ်းကြမ်းစာများကို ရေထားသည်။
“အခုပြန်တော့”
“ရှေ့ဆက်တက်ရင် သေရမယ်”
ထိုရိုးရှင်းသော စကားလုံးများက ပြင်းထန်သော ရက်စက်သည့် အရှိန်အဝါအပြည့်ပါသည်။
“ဒီစကားလုံးတွေက... ဘယ်လောက်တောင် အကျည်းတန်လိုက်သလဲ”
ဝမ်ချောင်က ပြုံးလိုက်ပြီးနောက် ခေါင်းကိုပင် ပြန်လှည့်သည်။
“အချို့စစ်သားတွေကိုခေါ်ပြီး ဒီကဒုတ်တွေကို ရှင်းခိုင်းလိုက်”
“ဟုတ်ကဲ့အရှင်အမတ်”
အရာရှိတစ်ယောက်က ခပ်မြန်မြန်ထွက်သွားပြီး အမိန့်ကို သွားလုပ်သည်။
ချီရှီကာကွယ်ရေးစစ်တပ်မှ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုသော နေရာက ထင်ထားသလောက် အလွယ်တကူ ယူနိုင်မည့် နေရာမျိုးမဟုတ်ချေ။ အနှစ်ချုပ်ဆိုရသော် စိန်ခေါ်မှုများပြည့်နေသည်။ စည်းမျဉ်းမသိတတ်ဘဲ ရိုင်းစိုင်းသော ဟူဗိုလ်ချုပ်ကြီးများနှင့် စစ်သားများကတင် အတော်လေး ခေါင်းကိုက်စေလေသည်။ ဝမ်ချောင်က ထိုနေရာကို မယူရသေးဘဲ အစစ်အမှန် ကာကွယ်ရေးစစ်တပ်ကြီးနှင့် ဆယ်လီခန့်ကွာဝေးသော နေရာသို့သာ ရောက်ရှိသေးသည့်တိုင်အောင် ကဒုတ်ကျင်းများက ကြိုဆိုနေပြီဖြစ်သည်။ ထိုအပြုအမူကတင် သူတို့၏ဆန္ဒကို ကျယ်လောင်ပြတ်သားစွာ အော်ဟစ်လိုက်သလိုဖြစ်သွားသည်။
သာမာန်လူတစ်ယောက်ပင်ဖြစ်စေ ဝမ်ချောင်မဟုတ်သော တစ်စုံတစ်ယောက်ပင်ဖြစ်စေ ထိုအခြေအနေက ကိုင်တွယ်ရခက်ခဲပေလိမ့်မည်။ ထိုစကားလုံးများနှင့် နောက်ပြန်ဆုတ်ခိုင်းသော အခြေအနေကတင် အားလုံးကို ထိတ်လန့်မိလောက်သည်။ ကံဆိုးစွာဖြင့် ဟူကကိုင်တွယ်နေသည်မှာ ဝမ်ချောင်ဖြစ်သည်။ ဝမ်ချောင်က အလွယ်တကူ လက်လျော့တတ်သော အရှင်သခင် မဟုတ်ခဲ့ချေ။ သူက ချီရှီကာကွယ်ရေးစစ်တပ်မှ ရန်ငြိုးကြီးသော ထိုစစ်သားများကို ကိုင်တွယ်ရန် သာမာန်နည်းလမ်းများကို ပြင်ဆင်ထားခဲ့ခြင်းမရှိချေ။
ဝုန်း
မြင်းသည်တော်တစ်အုပ်က လျှင်မြန်စွာဖြင့် ခုန်ထွက်သွားကြသည်။ အချိန်တစ်ခုအတွင်း သူတို့က တရားဝင် အဓိကလမ်းတွင် ဖုန်တိမ်စိုင်များကို ချန်ထားရစ်ခဲ့လေသည်။ ထိုသု့ိဖြင့် ချက်ချင်းလိုလို ရှေ့မှ ကဒုတ်ကျင်းများကို ဖြေရှင်းပြီးနောက် လမ်းကပွင့်သွားသည်။
မြင်းတပ်တိုက်ပွဲတွင် ကဒုတ်ကျင်းများနှင့် ပက်ပင်းတိုးသောကိစ္စက သာမာန်အခြေအနေမျိုး ဖြစ်နေသည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ချောင်ကလည်း တိဗက်မြင်းတပ်ကို တောင်ပေါ်သို့ မတက်နိုင်စေရန် ထိုသု့ိ မရေမတွက်နိုင်အောင် များပြားသော သတ္ထုဆူးကောက်ကြီးများကို အသုံးပြုခဲ့သည်။ ထူးချွန်ပြောင်မြောက်သော မြင်းတပ်အင်အားစုတစ်ခု၏ ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနှင့် ဝမ်ချောင်က ထိုပြဿနာကို စဉ်းစားထားပြီးသားဖြစ်သည်။
ဝူရှန်းမြင်းတပ်က ထိုမျှရိုးရှင်းလွန်းသော အခြေအနေမျိုးကိုပင် မကိုင်တွယ်နိုင်လေလျှင် သူတို့၏ လောကမှ နံပါတ်တစ် မြင်းတပ်ဆိုသော ဂုဏ်သတင်းက အလဟသဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူက ထိုအင်အားစုကို ပထမဦးဆုံးတည်ထောင်ခဲ့သောအခါ ဝမ်ချောင်အနေနှင့် သူ၏စစ်သည်တော်များကို မည်သို့သော အနှောက်အယှက်ကိုမဆို ဖြေရှင်းနိုင်ရန် အထူးတလည် လေ့ကျင့်ပေးထားခဲ့သည်။
ထိုကဒုတ်ကြီးများကို ဖယ်ရှားပြီးနောက် စစ်တပ်က ချိုင့်တွင်းများ၊ ဆူးကောက်ကြီးများ၊ ကြိုးခရီးပေါင်းများစွာကို ကျော်ဖြတ်ခဲ့သည်။ အရာအားလုံးက သူတို့ရှေ့တက်မလာစေရန် တားမြစ်ထားခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ အရာအားလုံးကို ချောမွေ့စွာဖြင့် ရှင်းလင်းနိုင်ခဲ့သည်။ လက်ရှိဝူရှန်းမြင်းတပ်အတွက် ထိုအရာများက ခြိမ်းခြောက်မှုဟုပင် မခေါ်နိုင်သင့်သေးချေ။ သိပ်မကြာခင် ဝမ်ချောင်က ချီရှီကာကွယ်ရေးစစ်တပ်နှင့် ငါးလီခန့်သာကွာဝေးတော့သော နေရာသို့ ရောက်သွားသည်။
ထိုအချိန်တွင် မည်သည့်တွင်းနှင့် မည်သည့်ထောင်ချောက်မျှ မရှိတော့ချေ။ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ဟူစစ်သည်တော်တစ်ယောက်ကို မြင်ရသည်။ သူက သိန်းငှက်မျက်လုံးနှင့်ဖြစ်သည်။ သူက ဝူရှန်းမြင်းတပ် ငါးထောင်၏အရှေ့တွင် ရပ်သည်။ သူက ထိုနေရာတွင် သူတို့အား စောင့်ဆိုင်းနေခဲ့သည်မှာ ကြာလှချေပြီ။
ထိုဟူစစ်သား၏ အေးစက်သောမျက်လုံးက ဝမ်ချောင်ထံရောက်လာပြီးနောက် ရုတ်တရက် ထအော်သည်။
“ဝမ်ချောင် ဗိုလ်ချုပ်ကမင်းကို မင်းရဲ့စစ်သားတွေခေါ်ပြီး ချက်ချင်း နောက်ဆုတ်သွားဖို့ အမိန့်ပေးထားတယ်။ မင်းကိုယ်မင်း ထိခိုက်အောင် မလုပ်မိစေနဲ့။ မင်းသာအခု ပြန်သွားမယ်ဆိုရင် နောက်မကျသေးဘူး။ မင်းကသာ ဒီလမ်းကို ကျော်ဖြတ်သွားမယ်ဆိုရင် ငါတို့က ယဉ်ကျေးနေတော့မှာမဟုတ်ဘူး”
စွစ်
ထိုဟူစစ်သားက ရုတ်တရက် သူ၏ထက်ရှသော ခက်ရင်းခွကို မြေပေါ်သို့ ထိုးစိုက်လိုက်ကာ ထိုလမ်းတောက်လျှောက် အစင်းကြောင်းရာ ပေါ်သွားစေသည်။
“ဘယ်လောက်တောင် ခေါင်းမာလိုက်သလဲ”
“အတင့်ရဲလိုက်တာ အရှင်အမတ်ရဲ့နာမည်က မင်းထုတ်ပြောရမဲ့နာမည်လား”
ဝမ်ချောင်၏အနောက်မှ စစ်သားတိုင်းက ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားကြသည်။ ဝမ်ချောင်က ကောင်းကင်သားတော်၏ တပည့်ဖြစ်သည်။ သူက မဟာထန်၏ လူငယ်အမတ်လည်းဖြစ်သည်။ သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ် အသစ်လည်းဖြစ်သည်။ လီစစ်ယဲ့နှင့် အခြားသော အရာရှိများကပင် ဝမ်ချောင်ကို နာမည်တပ်မခေါ်ရဲခဲ့ချေ။ ထိုဟူကဲ့သို့ နိမ့်ကျသော စစ်သည်တော်တစ်ယောက်က ထိုသို့ခေါ်ရဲသည်။ ဒါက ဝမ်ချောင်ကို နာမည်တပ်ခေါ်လိုက်သည်မှာ အလွန်အမင်း အတင့်ရဲလွန်းခြင်းဖြစ်သည်။
သို့သော် မည်သူကမှ ဘာမှမလုပ်နိုင်ခဲ့ချေ။ စစ်မြင်းဟီသံနှင့်အတူ သွေးအလင်းကလက်လာသည်။
ဘုန်း
ဟူစစ်သား၏ ကြောင်တောင်တောင် မျက်နှာထားနှင့်အတူ ကြီးမားသောဓားကြီးက သူ့မြင်းနှင့် မြေကမ္ဘာကိုပင် ထက်ခြမ်း ခြမ်းလိုက်သည်။
ကျန်ရစ်နေသေးသော ဓားချီက မြေကြီးကိုပင် ဆက်တိုက် စုတ်ဖြဲသွားသေးသည်။ ထိုသို့ဖြင့် ဆယ်ကျန်းခန့်ရှည်သော အက်ကြောင်းကြီးကို ဖြစ်သွားစေသည်။
“နိမ့်ကျတဲ့အစေခံက အရှင်သခင်ကိုရန်စတယ်။ ဒါက အရှင်အမတ်ကို ယဉ်ကျေးမှုမရှိဘဲ ဆက်ဆံတဲ့အတွက် ပေးတဲ့အပြစ်ပဲ”
လီစစ်ယဲ့၏ မျက်ဝန်းက အေးစက်နေသလို သူ၏အသံကလည်း ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားပြီး လီတစ်ဆယ်ကျော်အထိ ပျံ့နှံ့သွားသည်။ ထို့နောက် ချီရှီကာကွယ်ရေးဌာနချုပ် အရှေ့မှ စစ်သည်တော်များကပင် သူ၏အသံကို ကြားနိုင်ကြပြီး မျက်နှာက ဖြူဖျော့သွားကြသည်။ မနက်ခင်းနေမင်း၏ အလင်းရောင်အောက်တွင် လီစစ်ယဲ့၏ ခန္ဓာကိုယ်က ကြီးမားခမ်းနားလွန်းသော တောင်တန်းကြီးအလား ဖြစ်နေပြီး လူတိုင်း၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားစေသည်။
“ရမ်းကားတာ”
ချီရှီကာကွယ်ရေးဌာနချုပ်မှ စစ်သည်တော်တိုင်း၏ မျက်နှာက တင်းမာသွားကြသည်။
“ချီတက်”
ဝမ်ချောင်က ဖျော့တော့စွာသာပြုံးပြီး ဓားကိုအောက်သို့ ယမ်းချသည်။ ချီရှီကာကွယ်ရေးစစ်တပ်က ဟူက ထိုနည်းလမ်းလောက်ကိုသုံးပြီး သူ့ကိုရင်ဆိုင်ရန် တွေးထားရိုး မှန်ကန်နေလျှင် သစ်ပင်မှားဟောင်မိသွားလေပြီ။ ထိုနည်းလမ်းများက သူတို့၏ မဖြစ်နိုင်လွန်းသော အိမ်မက်များထဲမှာသာ အောင်မြင်ပေလိမ့်မည်။
စစ်တပ်က ချီတက်သည်နှင့်အတူ မည်သည့်ခုခံမှု နှောက်ယှက်မှုကိုမျှ မတွေ့ရတော့ချေ။ အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်က နောက်ဆုံးတွင် မိုးကြိုးမတက် မြင့်မားလွန်းသော ချီရှီကာကွယ်ရေးဌာနချုပ်နှင့် ဟူစစ်သည်ထောင်ကျော် စုစည်းနေသောနေရာသို့ ရောက်သွားသည်။
ဟူထောင်ကျော်က တိုက်ပွဲဝင်ရန်အတွက် ဝင်္ကပါကိုပင် အသင့်ပြင်ထားပြီး ကြီးမားသည့် အရှိန်အဝါကို ထုတ်ဖော်ကာ ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်ကို ချီရှီကာကွယ်ရေးဌာနချုပ်ထံပင် မချဉ်းကပ်လာအောင် တားမြစ်ထားသည်။ စစ်တပ်က တိတ်ဆိတ်နေသည်။ သာမာန်မျက်စိဖြင့်ပင် မမြင်နိုင်သော သတ်ဖြတ်လိုစိတ်များက ကောင်းကင်ထိတိုင် ထိုးတက်နေသေးသည်။ ဟူစစ်သားများထံမှ ခက်ထန်သောအကြည့်က ဝမ်ချောင်၏ခန္ဓာကိုယ်ကို အစိတ်စိတ်အပိုင်းပိုင်း လုပ်ချင်သည်ထက်ပိုသည်။
လေထုက တင်းကြပ်နေပြီး တင်းမာနေသည်။ ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ငါးထောင်က တဖြည်းဖြည်းချင်း ချီတက်လာနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။
“မျိုးမစစ်တွေ ဒါက လူရမ်းကားတွေလုပ်တဲ့ အပြုအမူပဲ”
ဝမ်ချောင်၏နောက်မှ စစ်သည်တော်တိုင်းက ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားကြသည်။
သူတော်စင်ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ ဝမ်ချောင်ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ခန့်အပ်ခဲ့ကြောင်း အမိန့်တော်ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုသို့သော စစ်သားများက သူ့ကို ခုခံရဲသည်။ ဒါက သိသာထင်ရှားလွန်းသော ပုန်ကန်မှုကြီးဖြစ်သည်။
“ဒါက ရယ်စရာကောင်းတဲ့ကိစ္စပဲ။ သူတို့က တကယ်ပဲ ပုန်ကန်ချင်နေကြတာလား”
ရွှီခဲ့ယွီကလည်း ဒေါသထွက်သွားသည်။ သူက မြင်းကိုအပြေးနှင်ကာ ချီတက်လာသည်။
“နေဦး”
ဝမ်ချောင်က လက်ကိုဆန့်ကာ ရွှီခဲ့ယွီကို ရပ်ခိုင်းသည်။
“ပြန်သွား သူတို့ဘာလုပ်မလဲ ကြည့်ရအောင်”
ဝမ်ချောင်က ထိုကိစ္စကို ဂရုပင်မစိုက်သလိုထင်ရသည်။ သူက ခံစားချက်မဲ့သော မျက်နှာနှင့်သာ ရှိနေသေးသည်။ သူက ထိုမြင်ကွင်းကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ဖုမာန်လင်းချာကို ဖယ်လိုက်သောလူက သူဖြစ်သောကြောင့် နယ်စပ်မှဟူများက သူ့ကို အမြင်ကောင်းရှိမည်မဟုတ်ချေ။ သူက ချောချောမွေ့မွေ့ဖြင့် ချီရှီကာကွယ်ရေးဌာနချုပ်ထဲ ဝင်ရောက်နိုင်ပြီး နေရာကို ယူနိုင်ခဲ့မှသာ ထူးဆန်းနေတော့ပေမည်။
“ဟုန်ဂိတ်ရဲ့စားသောက်ပွဲ စိတ်ဝင်စားစရာပဲ”
ဝမ်ချောင်က သူ၏မြင်းကို ရှေ့သို့သွားစေလိုက်ပြီး ဖျော့တော့စွာပြုံးနေသည်။ သူက တဖြည်းဖြည်းချင်း ဟူစစ်တပ်ထံ ချဉ်းကပ်သွားသည်။
သူက သံမဏိမြို့သို့ ပြန်လှည့်မည့် အရိပ်အယောင်မပြချေ။ ဟူများက မည်သို့ပင် ပြသနေစေကာမူ မည်သို့ပင် ဖိတ်နေစေကာမူ သူတို့ဆန္ဒရှိရှိမရှိရှိ သူက နောက်လှည့်ပြေးမည်မဟုတ်ချေ။
“ဝမ်ချောင်”
ထိုအခိုက် စစ်တပ်၏အနောက်ဘက်မှ ကျယ်လောင်သောအသံကြီးက ထွက်ပေါ်လာသည်။ ထို့နောက် ဟူတစ်ယောက်၏ ဟန်ဘာသာစကားပြောသော လေသံမျိုးဖြင့် အသံကထွက်လာသည်။
“မင်းကအတော် ခေါင်းမာတာပဲ။ ငါတို့ရဲ့ ကာကွယ်ရေးဗိုလ်ချုပ်ကို ဒုက္ခပေးခဲ့ပြီးတဲ့နောက်မှာတောင် ငါတို့ရဲ့ရှေ့မှာပေါ်လာရဲသေးတယ်။ ငါတို့ကမင်းကို မသတ်ရဲဘူးလို့ ထင်နေလား။ ငါမင်းကို အခွင့်အရေး တစ်ကြိမ်ပေးမယ်။ အခုချက်ချင်း နောက်ဆုတ်သွားလိုက်။ ဒါဆိုရင် နောက်မကျသေးဘူး”
အေးစက်ကာ ခေါင်းမာသော ထိုအသံက ထွက်လာသည်နှင့် ဟူစစ်တပ်က တဖြည်းဖြည်းချင်း လူစုခွဲသွားသည်။ ထိုသို့ဖြင့် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ဟူအယောက်နှစ်ဆယ်ကျော် သုံးဆယ်ခန့်ရှိမည့် ဗိုလ်ချုပ်ကြီးများက ရှေ့သို့ထွက်လာသည်။ သူတို့၏ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ဖြာထွက်နေသည်။
ထိုအဖွဲ့ကို ဦးဆောင်လာသောလူက တောင့်တင်းသန်မာသော ဟူတစ်ယောက်ဖြစ်သည်။ သူ၏မျက်လုံးက ခက်ထန်ကာ စူးရှသည်။ သူ၏ကိုယ်မှလည်း အဆုံးအစမဲ့သော ရည်မှန်းချက်များက ဖြာထွက်နေသေးသည်။ သူ၏ပတ်ဝန်းကျင်တွင် ရှိနေသော ဟူထောင်ပေါင်းများစွာ၏ စွမ်းအားများက သူနှင့်ပေါင်းစပ်နေပြီး သူ့ကို ပုဂ္ဂိုလ်ကြီးတစ်ယောက်ဟု ထင်ရစေသည်။
ကုတုလီ
ချီရှီကာကွယ်ရေးစစ်တပ်မှ ဗိုလ်ချုပ်များထဲမှ ဟူခေါင်းဆောင်ဖြစ်သည့် ထိုလူက ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကို ခန့်အပ်ထားကြောင်း သိရသည့်အခါ အင်အားအကုန် စိုက်ထုတ်သုံးပြီး အတက်နိုင်ဆုံး ဟန့်တားနေခဲ့သောသူဖြစ်သည်။
အခန်း(၈၄၄)
တိတ်ဆိတ်မှု ထိုလောကတခွင် ကြီးစိုးသွားသည်။ ထိုစစ်သည် တစ်ထောင်ကျော်က အသံမထုတ်သလို ဝူရှန်းမြင်းသည်တော် ငါးထောင်ကလည်း စကားမဆိုချေ။ စစ်တပ်နှစ်ခုကြားရှိ လေထု၏ တွန်းတိုက်မှုက တင်းကြပ်သထက် တင်းကြပ်လာသည်။ လီစစ်ယဲ့၊ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်းနှင့် အခြားသော စစ်သည်တော်တိုင်းက ဒေါသထွက်သော မျက်နှာထားမျိုး ဖြစ်နေကြသော်လည်း ဘာစကားမှမဆိုကြချေ။
လူတိုင်း၏အကြည့်က တစ်နေရာထဲတွင် ရှိနေကြသည်။ အထူးသဖြင့် လူတစ်ယောက်တည်းတွင် ရှိနေကြခြင်းဖြစ်သည်။
“ကုတုလီ”
စစ်တပ်နှစ်ခု၏အကြားတွင် မြင်းခွာသံက တဖန်ထွက်လာပြီးနောက် ဝမ်ချောင်က တဖြည်းဖြည်းချင်း မြင်းကိုရှေ့သို့ ချီတက်လိုက်သည်။ သူ၏မျက်နှာတွင် အပြုံးကရှိနေသည်။ သူက ကျန်းငါးဆယ်ခန့် အကွာမှ ဟူဗိုလ်ချုပ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်က တဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။
“စစ်တပ်ရဲ့အမိန့်ကိုဖီဆန်တယ်။ ငါ့အမိန့်တော်ကို ဆန့်ကျင်တယ်... ဒီလိုဆိုရင် ဘယ်လိုရလဒ်မျိုးကို ရမလဲဆိုတာကို မင်းသိသင့်တယ်။ အခုဒီတစ်ကြိမ် စစ်တပ်ကိုပြန်ရုတ်သိမ်းပြီး လက်နက်ကိုချ ဒူးထောက် ခွင့်လွှတ်မှုအတွက်တောင်းပန် ဒီလိုဆိုရင်ငါက မင်းရဲ့အသက်ကို ချမ်းသာကောင်း ချမ်းသာပေးလောက်တယ်။ မဟုတ်ရင်တော့ သေရမယ်။ ဒါက အမိန့်ကို ဖီဆန်တဲ့အတွက်ပဲ”
ကုတုလီက ဘာစကားမှမပြောချေ။ သို့သော် အခြားဟူဗိုလ်ချုပ်များကမူ ဒေါသတကြီး ကျိန်ဆဲကြသည်။
“မျိုးမစစ်ကောင်”
“ရမ်းကားလိုက်တာ”
“မရင့်ကျက်သေးတဲ့အကောင် မင်းကိုယ်မင်း ဘာကောင်လို့ထင်နေတာလဲ။ မင်းက ဒီစကားလုံးတွေကို ပြောရအောင် ဘယ်နေရာကို ရောက်နေတယ်လို့ ထင်နေတာလဲ”
ကုတုလီက မနေနိုင်ဘဲ တင်းမာသော မျက်နှာထားဖြင့် ခပ်လှောင်လှောင်ရယ်သည်။ ဒီအချိန်ကာလ အတောအတွင်း သူက ချီရှီကာကွယ်ရေးစစ်တပ်ကို အပြည့်အဝ ထိန်းချုပ်ပြီးသားဖြစ်သည်။ သူ၏အမိန့်မရှိဘဲ ဝမ်ချောင်က သူတော်စင်ဧကရာဇ်၏ အမိန့်ကို အမှန်တကယ် ကိုင်ဆောင်လာပြီး ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကြီး၏ နေရာတွင် ထိုင်ချင်လျှင်ပင် ဘာမှလုပ်နိုင်ဦးမည်မဟုတ်ချေ။
“လုံလောက်ပြီ”
ကုတုလီက လက်မောင်းကို မြှောက်လိုက်ပြီးနောက် သူ၏ လက်အောက်ငယ်သားများကိုတားသည်။ သူက ခေါင်းကို တဖြည်းဖြည်းချင်းမော့ကာ ဝမ်ချောင်ကိုစိုက်ကြည့်လာသည်။
“ကောင်စုတ်လေး မင်းက မောက်မာလွန်းအားကြီးတယ်။ မင်းက ချီရှီကာကွယ်ရေးဗိုလ်ချုပ်ရဲ့ ထိုင်ခုံမှာတောင် မထိုင်ရသေးဘူး စတင်ပြီး အမိန့်ပေးနေပြီ။ ငါမင်းကိုပြောမယ် ဒီနေရာ ချီရှီဆိုတဲ့ ဒီနယ်မြေမှာ လူတစ်ယောက်တည်းရဲ့ စကားကိုပဲ နာခံတယ်။ အတိတ်ကတော့ ဒါက အရှင်ဖုမာန်လင်းချာပေါ့။ မင်းက အရှင်ဖုမာန်လင်းချာကို ဆွဲချသွားခဲ့ပေမဲ့ သူ့နေရာကို အစားထိုးမဲ့ အခြားလူတွေ ရှိနေတုန်းပဲ။ ဒါပေမဲ့ အဲံဒီလူက ဘယ်သူဖြစ်ဖြစ် သေချာတာတစ်ချက်ကတော့ ဟူဖြစ်ရမယ်ဆိုတဲ့ အခြေအနေပဲ။ နောက်ပြီး မင်း... အင်ပါယာခုံရုံးက နတ်အမိန့်တော် ရှိနေတယ်ဆိုရင်တောင်မှ အသုံးမဝင်ဘူး”
ထိုစကားလုံးများနှင့်အတူ ကုတုလီက ချက်ချင်းလိုလို ဟန်အမူအရာ တစ်ခုလုပ်သည်။
ဝေါင်း
ချက်ချင်းလိုလို ကုတုလီ၏ လူအယောက်နှစ်သောင်းကျော်က ချက်ချင်းလိုလို ဒေါသတကြီး ဟိန်းသံကို ပြုကြသည်။ ထိုအသံက ကောင်းကင်ထိတိုင် ဟိန်းတက်သွားသေးသည်။ ငှက်များက အလန့်တကြား ပျံသန်းသွားပြီး တစ်လောကလုံးကပင် တုန်ယင်သွားသည်ဟု ထင်ရသည်။
ဝုန်း
ရွှီခဲ့ယွီ၊ စုရွှတ်ရွှမ်း၊ ချန်းစန်းယွမ်၊ ကျန်းချွယ်နှင့် အခြားသောလူတိုင်းက အံ့အားသင့်မှုကြောင့် ဖျော့တော့သွားကြသည်။
ထိုသို့ တိရိစ္ဆာန်များ၏ ဟိန်းသံနှင့် မတူသော ဟိန်းဟောက်သံက ထိုစစ်သည်တော် အယောက်နှစ်သောင်းက တစ်သားတည်းဖြစ်ကြောင်း ဖော်ထုတ်ပြသနေသည်။ ထိုအင်အားစုမျိုးကြောင့် ဝမ်ချောင်က ချီရှီကာကွယ်ရေး ဗိုလ်ချုပ်နေရာတွင် ထိုင်ချင်လျှင်ပင် အလွန်ခက်ခဲပေလိမ့်မည်။
ကုတုလီ၏ ထိုစစ်သားများအပေါ် ထိန်းချုပ်နိုင်စွမ်းအားက သူတို့မျှော်လင့်ထားသည်ထက် သန်မာနေသည်။
“အရှင်အမတ် ကျွန်တော်တို့ ရိုက်ချလိုက်ဖို့လိုလား”
လီစစ်ယဲ့ကသာ တည်ငြိမ်နေသည်။ သူ၏မျက်လုံးထဲတွင် မည်သည့်ခံစားချက်မျှ မရှိချေ။
“အလျင်မလိုနဲ့”
ဝမ်ချောင်ကရယ်သည်။ ထို့နောက် လီစစ်ယဲ့ကို တားလိုက်သည်။ ကုတုလီက မည်သို့သော အကြံအစည်ကို ရှိထားရှိထား အရေးမကြီးချေ။ ဒီလိုအကွက်မျိုးကို လာပြနေခြင်းက ဝမ်ချောင်ကို ရင်ဆိုင်ရာတွင် အဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် အလျင်လိုရန်မလိုဘဲ ဝမ်ချောင်က တဖြည်းဖြည်းချင်း ကုတုလီ၏အနောက်မှ ဟူဗိုလ်ချုပ်များကို လှည့်ကြည့်လိုက်သည်။
“ကုတုလီက ပုန်ကန်ဖို့ကြံစည်တဲ့ ခွင့်လွှတ်လို့မရတဲ့ အပြစ်ကို အပြစ်မကင်းဖြစ်နေခဲ့တာ။ ဒါပေမဲ့ မင်းတို့ကတော့ ဘာလဲ မင်းတို့က သူနဲ့အတူပေါင်းချင်တာလား”
ဝုန်း
ဝမ်ချောင်၏အကြည့်က သူတို့ဆီရောက်လာသည်နှင့် ဟူဗိုလ်ချုပ်တိုင်းက တောင့်တင်းသွားကြသည်။ လူတစ်ယောက်၏ ကျော်ကြားမှုက သစ်ပင်၏အရိပ်နှင့်တူသည်။ ဝမ်ချောင်က ငယ်သေးသော်လည်း အနောက်ပိုင်းဒေသတွင် သူ၏ကျော်ကြားမှုက နေ့လည်ခင်းနေမင်းကဲ့သို့ မြင့်မားနေပြီးသားဖြစ်သည်။ တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင် သူက တိဗက်တစ်သောင်းကျော်ကို သတ်သွားခဲ့သည်။ ထိုနေရာတွင် သာ့ယန်မာန်ပန့်လည်းပါသည်။ မဟာဗိုလ်ချုပ်ကြီး တုစုန့်မာန်ဖော်ကျဲ့ကပင် အရှုံးနှင့် ထွက်ပြေးသွားခဲ့ရသေးသည်။
ဝံပုလွေနက် ရကု၏ သေဆုံးမှုက ဝမ်ချောင်၏ ဂုဏ်သတင်းကို ပို၍ပင် မြင့်သွားစေခဲ့သည်။
ချီရှီတွင် ဝမ်ချောင်၏ဂုဏ်သတင်းက သေဆုံးခြင်းနတ်ဘုရားနှင့် မခြားတော့ချေ။ သူတို့က မကြောက်လန့်ဟု ပြောရဲလောက်သော်လည်း အမှန်တကယ်အားဖြင့် သူတို့က ဘာမှမလုပ်နိုင်ကြချေ။ ထို့နောက် သူတို့က ကုတုလီကို ပြန်ကြည့်လိုက်သောအခါ သူတို့၏ မျက်ဝန်းက တဖြည်းဖြည်းချင်း ခက်ထန်ကြမ်းတမ်းသွားသည်။
“ကောင်စုတ်လေး မင်းကငါတို့ကို စိတ်ဝမ်းကွဲဖို့ မကြိုးစားနဲ့တော့။ ငါတို့က ဘယ်အချိန်က ပုန်ကန်တယ်လို့ ပြောမိလို့လဲ”
“ငါမင်းကိုအခုချက်ချင်း ပြန်ထွက်သွားဖို့ အကြံပေးမယ်။ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ နေရာက အလွယ်တကူ ထိုင်လို့ရတဲ့နေရာမဟုတ်ဘူး”
“ကြည့်ရတာ မင်းကသာ ပုန်ကန်ဖို့ အကွက်ချနေတဲ့ပုံစံပဲ။ မင်းက သိပ်မကြာခင် မထွက်သွားသေးဘူးဆိုရင် ငါတို့က နည်းနည်းလေး လှုပ်ရှားပေးရမှာပေါ့”
ဟူဗိုလ်ချုပ်တိုင်းက ဝမ်ချောင်ကို ဒေါသတကြီး စိုက်ကြည့်ကြသည်။ သူတို့ထဲက မည်သူကမှ နောက်ဆုတ်မည့် လက္ခဏာ မပြကြချေ။
“ဟား ဟား မြင်လား မင်းကြိုးစားအားထုတ်သမျှက အလကားပဲ”
ကုတုလီက ဝမ်ချောင်ကို လှောင်ချင်သလို ပုံစံမျိုးဖြင့်ကြည့်သည်။ သူ၏မျက်နှာတွင် မာနကြီးသော ပုံစံမျိုးက အထင်းသားပေါ်နေသည်။
“ငါ ၆ထိရေပြီ။ မင်းက အဲ့ဒီ ၆ ထိ ရေပြီးလို့မှ မသွားသေးဘူးဆိုရင်တော့ တိုက်ခိုက်ဖို့ အမိန့်ထုတ်ရလိမ့်မယ်။ အချိန်ကျလာတဲ့အခါ ရလဒ်ရဲ့ အပြစ်တွေအားလုံးကို မင်းပဲခံရမှာ”
ချီရှီကာကွယ်ရေးစစ်တပ်၏ မူလတိုက်ခိုက်ရေး အင်အားစုက ဟူဖြစ်သည်။ ချီရှီကာကွယ်ရေးစစ်တပ်က သူပေးလိုက်သော တိုက်ခိုက်ဆိုသော အမိန့်ပြီးနောက် ဆုံးရှုံးမှုများကို ခံစားရပေလိမ့်မည်။ ဝမ်ချောင်ကလည်း ခန့်အပ်ခံရပြီး သိပ်မကြာခင် ရာထူးမှ အဖယ်ခံရလောက်သည်။ ဝမ်ချောင်က မလှုပ်ရှားတော့လျှင်ပင် သူ၏ကိုယ်ပိုင်စစ်သားများကလည်း ဆုံးရှုံးမှုပေါင်းများစွာကို ခံစားရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူကလည်း ဒီတိုက်ပွဲတွင် ရှုံးသွားဦးမည်ဖြစ်သည်။
မည်သူကမှ ကျားတစ်ကောင်၏ ပုံသဏ္ဍန်ရှိသော ဟူဗိုလ်ချုပ်ကြီးများ၏အရှေ့တွင် အသိအမှတ်ပြုမှုကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။ သူတို့တွင်သာ အမှန်တကယ် အင်အားရှိနေသည်။ ဒါက ကုတုလီ၏ အကြီးမားဆုံး ယုံကြည်မှုဖြစ်သည်။
“တစ်”
ကုတုလီက လက်ချောင်းကိုမြှောက်သည်။ သူ၏မျက်နှာတွင် ကျေနပ်သောအပြုံးက ပေါ်လာသည်။
“နှစ်”
“သုံး”
ကုတုလီက လက်ချောင်း တစ်ချောင်းပြီးတစ်ချောင်းမြှောက်သည်။ သူ၏မျက်နှာတွင် ဝမ်ချောင်ကို သေချာပေါက် နိုင်မည်ဆိုသော ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာသည့် အပြုံးက ထင်ရှားစွာရှိနေသည်။
သူက လူငယ်အမတ်ဆိုတော့ရော ဘယ်သူက ဂရုစိုက်လို့လဲ။ သူက ကောင်းကင်သားတော်ရဲ့ တပည့်ဆိုတော့ရော ဘာဖြစ်လဲ။
ချီရှီကာကွယ်ရေးစစ်တပ်မှ ကုတုလီရဲ့စကားကပဲ အရေးကြီးတာ။
“ရေတွက်ဖို့မလိုဘူး”
ဝမ်ချောင်က တဖြည်းဖြည်းချင်း မြင်းကိုရှေ့ဆက်တိုးလိုက်သည်။ သူ၏မျက်နှာတွင် ခပ်လှောင်လှောင် အပြုံးက ပေါ်လာသည်။
“ငါအခုဖြေပေးလို့ရတယ်။ ကုတုလီ မင်းသေပြီ”
ထိုသေဆိုသော စကားက လူတိုင်း၏နားထဲသို့ မိုးကြိုးပစ်ထည့်လိုက်သလို ဖြစ်သွားသည်။ ကုတုလီကိုယ်တိုင်ကပင် မျက်နှာက ဖြူဖျော့သွားသည်။ သူ၏နှလုံးသားကလည်း ချက်ချင်းလိုလို လေးလံသွားသည်။ သို့သော် ကြောက်စရာကောင်းသော ကိစ္စက နောက်မှဆက်ဖြစ်လာသော ကိစ္စဖြစ်သည်။ ယခုအခြေအနေထိ ဝမ်ချောင်က အမြဲတစေ ဖျော့တော့သောအပြုံးကို ချိတ်ဆွဲထားခဲ့သည်။ သို့သော် ထိုအခိုက် သူ၏မျက်နှာထားက ချက်ချင်းလိုလို အေးစက်ကာ တင်းမာသွားသည်။ ထိုအချိန်တွင် သူက ညာလက်ကိုမြှောက်လိုက်ပြီး အောက်သို့ ခပ်ကြမ်းကြမ်း ရိုက်ချသည်။
“တိုက်ခိုက်”
အေးစက်သောအသံက လူတိုင်း၏နားထဲတွင် ဟိန်းထွက်သွားသည်။ မြင်းများဟီသံက အဖော်ပြုလာသည်။ မလှုပ်ရှားခဲ့ဘဲ ချုပ်တည်းထားခဲ့ရသည့် ဝူရှန်းမြင်းတပ်ငါးထောင်က ရုတ်တရက် စွမ်းအင်မုန်တိုင်း ပေါက်ကွဲသွားသလိုဖြစ်သွားသည်။ ထိုအချိန်တွင် တစ်လောကလုံးကပင် စုတ်ဖြဲခံလိုက်ရသလို ထင်ရသည်။
ဒီမျိုးမစစ်ကောင် သူလုပ်ရဲတယ်။
ကုတုလီ၏ မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားပြီး သူ၏စိတ်က ကစဉ့်ကလျားဖြစ်သွားသည်။ ချီရှီမှ ဟူနှစ်သောင်းက အတွင်းပိုင်းတိုက်ပွဲကြောင့် ဆုံးရှုံးမှု ကြီးမားသွားခဲ့လျှင် ဝမ်ချောင်က ချီရှီကာကွယ်ရေး ဗိုလ်ချုပ်အဖြစ် တစ်ညပင် မခံနိုင်လောက်ချေ။ ထို့ပြင် သူ့ကို ထောင်သွင်းကာ အကျဉ်းချသော အခြေအနေထိပင် ရောက်ရှိသွားလောက်သေးသည်။ ထိုအတွက်ကြောင့်လည်း ကုတုလီက တော်ဝင်ခုံရုံး၏ အမိန့်ကို ဖီဆန်ရဲခြင်းဖြစ်သည်။
သို့သော် ဝမ်ချောင်က ထိုမျှအထိ လုပ်ရဲမည်ဟု သူက မမျှော်လင့်ထားမိချေ။ သူကိုယ်တိုင်က တိုက်ခိုက်ဆိုသော အမိန့်ကိုပင် ပေးရန်မလိုအပ်ခဲ့ချေ။
သူ၏အကြီးမားဆုံး ယုံကြည်မှု အရင်းအမြစ်က ပျောက်ဆုံးသွားသောအခါ ကုတုလီက အခြားသူများနှင့် မခြားတော့ချေ။ သူက အထိတ်တလန့်ဖြစ်သွားပြီး မသက်မသာဖြစ်သွားသည်။
မျိုးမစစ်ကောင် မင်းနောင်တရလိမ့်မယ်။
ကုတုလီ၏စိတ်တွင် ထိုအတွေးက ဝင်ရောက်လာပြီးနောက် သူကချက်ချင်းလိုလို သူပေးသင့်သော အမိန့်ကိုသာ ထုတ်လိုက်ရသည်။
“တိုက်ခိုက်”
ဝုန်း
စစ်မြင်းဟီသံနှင့်အတူ ဆေဘာနှင့်ဓားသံများ ခက်ရင်းခွသံများက ဟိန်းထွက်လာသည်။ ထို့နောက် ထိုလက်နက်များ အားလုံးက ဝူရှန်းမြင်းတပ်ကို ချိန်သည်။ အနောက်ပိုင်းဒေသတွင် စည်းကမ်း အသေဝပ်ဆုံးဆိုပြီး ကျော်ကြားသည့် ချီရှီမြင်းတပ်က သူတို့ရင်ဆိုင်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံးသော ရန်သူကို ရင်ဆိုင်လိုက်ရသည်။
ချွင် ချွင် ချွင်
ဝူရှန်းမြင်းတပ်မှ စစ်သည်တော် တစ်ယောက်ချင်းစီတိုင်း၏ အောက်ဘက်ရှိ မြင်းခွာအောက်တွင် မျက်စိကြိမ်းမတက် တောက်ပသော ချီစက်ကွင်းများက ထွက်ပေါ်လာသည်။ ထို့နောက် ဒုတိယတစ်ခု တတိယတစ်ခုက ဆက်တိုက် ထွက်ပေါ်လာသည်။ မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ ဝူရှန်းမြင်းတပ် ငါးထောင်လုံး၏ အောက်ဘက်တွင် ချီစက်ကွင်းများက ပြည့်နှက်သွားသည်။
“ချီတက်”
မြင်းတပ်က ရှေ့သို့ချီတက်သည်။ ချီရှီမြင်းတပ် နှစ်သောင်းက သူတို့၏လက်နက်များကို ချိန်ရွယ်လိုက်သည့်အချိန်တွင် ဝူရှန်းမြင်းတပ် ငါးထောင်က ကျန်းသုံးဆယ်အကွာသို့ပင် ခုန်ထွက်လိုက်ပြီးသားဖြစ်သည်။
မြန်လိုက်တာ
ကုတုလီနှင့် ဟူဗိုလ်ချုပ်တိုင်းက ထိတ်လန့်သွားကြသည်။ သူတို့ကလည်း သံမဏိမြို့မှ ဝူရှန်းမြင်းတပ်က အလွန်အမင်း လေးစားစရာကောင်းကြောင်း သိထားကြပြီး လက်ရွေးစင်များထဲမှ လက်ရွေးစင်များဖြစ်ကြောင်း နားလည်ထားသည့်တိုင်အောင် သူတို့ထဲမှ မည်သူကမှ တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲတွင် မရှိနေခဲ့ကြချေ။ ထို့ကြောင့် မည်သူကမှလည်း ဒီလောကမှ ကြောက်စရာအကောင်းဆုံး မြင်းတပ်အင်အားစုကြီးက တစ်စက္ကန့်ပင် မကြာသောအချိန်တွင် ထိုမျှ မြန်ဆန်သော အရှိန်နှုန်းဖြင့် ခရီးဆက်နိုင်ကြောင်း မသိခဲ့ကြချေ။
ချီရှီမြင်းတပ်နှစ်သောင်းက မည်သည့်အရှိန်နှုန်းမှ မထုတ်ရသေးသော အချိန်မျိုးတွင် ဝူရှန်းမြင်းတပ်က အရှိန်နှုန်း မြန်သထက် မြန်လာပြီဖြစ်သည်။ မျက်စိကြိမ်းမတက် တောက်ပသော ချီစက်ကွင်းများအကြားတွင် ဝူရှန်းမြင်းတပ်က ကောင်းကင်မှ ဆင်းချလာသော နတ်လက်နက် တစ်လက်အလား ဖြစ်သွားသည်။
ဝုန်း
အချိန်ကပင် ရပ်တန့်သွားသလို ဖြစ်သွားသည်။ ဝူရှန်းမြင်းတပ်က ချီရှီမြင်းတပ်ကို ထက်ရှသော ဓားတစ်လက်ကဲ့သို့ ဝင်တိုးလိုက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံက ဖြစ်ပေါ်လာသည်။
ဟီး...
ချီရှီစစ်သားတိုင်းက ကစဉ့်ကလျား ဖြစ်သွားကြပြီး မြင်းများပေါ်မှ ပြုတ်ကျကြသည်။ အချို့သော လူများဆိုလျှင် မြင်းနှင့်အတူ လွင့်ထွက်ကုန်သည်။ သူတို့က စက္ကူနှင့် လုပ်ထားသလို ပေါ့ပါးသည်။ ချီရှီမြင်းတပ်ထဲရှိ မည်သူကမှ တစ်ချက်ပင် မခံနိုင်ကြချေ။
“မျိုးမစစ် သတ် သူတို့အားလုံးကိုသတ်”
ကုတုလီ၏ ဒေါသတကြီး ဟိန်းသံက စစ်တပ်ထဲတွင် ဟိန်းထွက်လာသည်။ သူက အံ့ကိုခပ်ကြမ်းကြမ်းကြိတ်သည်။ သူတို့က ပြိုလဲကျလုနီးပါး အခြေအနေသို့ ရောက်သွားသည်။ ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ငါးထောင်က ရူးသွပ်ပြီး မောက်မာလွန်းအားကြီးသည်။ ခုံရုံးက စည်းမျဉ်းများနှင့် စစ်တပ်မှ စည်းမျဉ်းများက သူတို့အပေါ် သက်ရောက်မှု မရှိလောက်ချေ။ ထိုမျိုးမစစ်များက သူ့ထက်ပင် မောက်မာထောင်လွှားရဲသည်။
“သူ့ကိုသတ် သူတို့ကိုသတ် မင်းတို့စိတ်ကြိုက် သတ်ကြစမ်း မင်းကရူးနေတာ မင်းဒီကိစ္စပြီးရင် ဘယ်လို ကိုင်တွယ်မလဲဆိုတာကို ငါကြည့်မယ်”
ကုတုလီ၏ဘက်မှ အခြားသော ဟူဗိုလ်ချုပ်များကလည်း စိုးရိမ်လာကြပြီး အမိန့်တစ်ခုပြီးတစ်ခုထုတ်သည်။ ချီရှီမြင်းတပ် ထောင်ပေါင်းများစွာကလည်း အရပ်မျက်နှာအနှံ့မှ ချီတက်လာသည်။ သို့သော် မည်သူကမှ ဝူရှန်းမြင်းတပ် အနည်းငယ်ပင် ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ကြချေ။
ဝုန်း
ဝူရှန်းမြင်းတပ်က ပေါင်းပင်များကို ခုတ်သင်နေသလိုမျိုး ရှေ့သို့သာ တဖြောင့်တည်း ချီတက်လာခဲ့ကြသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူတို့က ကုတုလီ၏စစ်တပ်အားလုံးကို ရိုက်နှက်၍ပြီးသွားသည်။
ကြမ်းတမ်းသောတိုက်ပွဲ၏ အလယ်အကျဆုံး အပိုင်းတွင် ရှိနေသည့် ကုတုလီကမူ ချီရှီမြင်းတပ်က ပေါင်းပင်များကဲ့သို့ ရိတ်သိမ်းခံနေရသော ဖြစ်ရပ်ကို သတိထားမိနေသည်။ တော်တော်များများက ပြင်းပြင်းထန်ထန်သာ ဒဏ်ရာရသွားကြသည်။ ထို့ကြောင့် သေသွားသော အရေအတွက်က အလွန်အမင်း အကန့်အသတ်ရှိသည်။
ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ဝူရှန်းမြင်းတပ် ပတ်ပတ်လည်တွင် ဝိုင်းပတ်ထားသည့် ဖျော့တော့သော အလင်းတန်းကို မြင်ရမည်ဖြစ်သည်။ ဝူရှန်းမြင်းတပ်က ချီရှီမြင်းတပ်ကို လွှတ်ထုတ်နေခြင်းမဟုတ်ဘဲ အလင်းများ လွှမ်းခြုံထားသည့် ထိုအရှိန်အဝါကသာ အားလုံးကို ဘေးသို့ ဖယ်ရှားနေခဲ့ခြင်းဖြစ်သည်။
“ဒါက မထိုးဖောက်နိုင်သော ခံတပ်ဝင်္ကပါပဲ”
ထိုဝင်္ကပါက ကပ်ဘေးခေတ်ကာလတွင် မဟာတိုက်ပွဲဝင် ဝင်္ကပါဆယ်ခုထဲမှ အင်အားအကြီးဆုံး ဝင်္ကပါဖြစ်ပြီး ဝမ်ချောင်က ကုတုလီအတွက် ပြင်ဆင်ထားခြင်းလည်းဖြစ်သည်။ ထိုဝင်္ကပါက ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါထက်ပင် အများကြီး အဆင့်မြင့်သေးသည်။ ထို့ပြင် လေ့ကျင့်ရန် အလွန်အမင်း ခက်ခဲသလို အချိန်ကုန်နှုန်းလည်း များပြားလွန်းသည်။ ထို့ပြင် လူပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသေးလေသည်။ ထို့ပြင် ဝမ်ချောင်ကမူ သူ၏အင်အားစုကို ထိုဝင်္ကပါ၏ မြင့်လွန်းသောအဆင့်ထိရောက်အောင် လေ့ကျင့်ပေးရန် မလိုအပ်ခဲ့ချေ။ မည်သို့ပင်ဆိုစေ ဒါက ကုတုလီနှင့် ဟူပုန်ကန်သူများကို ကိုင်တွယ်ရန်ဖြစ်လေရာ ထိုအဆင့်ထိ မလိုအပ်ချေ။ ဝူရှန်းမြင်းတပ်၏ အင်အားနှင့်ဆိုလျှင် အခြေခံအကျဆုံးအဆင့်ကတင် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
အခန်း(၈၄၅)
ကုတုလီသေပြီ
ဘန်း ဘန်း ဘန်း
အဘက်ဘက်မှ မရေမတွက်နိုင်အောင် များပြားလှသော ဆေဘာများ၊ ဓားများ၊ ခက်ရင်းခွများက ရောက်လာကြသည်။ သို့သော် ထိုလက်နက်များက ဝူရှန်းမြင်းတပ်၏ ခန္ဓာကိုယ်များပေါ် လွှမ်းခြုံနေသော အဖြူရောင်အလင်းတန်းကြောင့် လွင့်ထွက်သွားသလို အလိုလို ရှောင်ရှားပြီးသား ဖြစ်နေခဲ့သည်။ အချို့သော ဝူရှန်းမြင်းသည်တော်များဆိုလျှင် လက်မလှမ်းနိုင်ခင် သူတို့၏ ရန်သူများက မြင်းများပေါ်မှ လွင့်ထွက်သွားကြပြီဖြစ်သည်။
သူတို့၏ ကျွမ်းကျင်သော မြင်းစီးစွမ်းရည်ကြောင့် မည်သူကမှ ဝူရှန်းမြင်းတပ်ကို မဖိနှိပ်နိုင်ခဲ့ကြချေ။
ဝုန်း
အစီအစဉ်တကျ ရှိနေကြသော ကုတုလီက စုစည်းထားခဲ့သော စစ်တပ်က မြေကမ္ဘာ လှုပ်ခါသွားသလို ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ လဲပြိုကျသွားသည်။ လေးစက္ကန့်ပင် မခံခဲ့ချေ။ ဖုမာန်လင်းချာက ချီရှီမြင်းတပ်ကို အကြမ်းတမ်းဆုံးနည်းလမ်းဖြင့် လေ့ကျင့်ပေးထားခဲ့ပြီး တိုက်ပွဲမီးတောက်ဒဏ်ကို ခံနိုင်အောင် လေ့ကျင့်ပေးထားခဲ့သည်။
ကုတုလီနှင့် အခြားသော ဟူဗိုလ်ချုပ်ကြီးများ၏အမြင်တွင် ထိုမြင်းတပ်နှစ်သောင်းက ချီရှီ၏ အခိုင်မာဆုံးသော သံမဏိမြို့ရိုးဖြစ်သဖြင့် ဝမ်ချောင်ကိုကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေပြီဟု ယူဆထားကြသည်။
သို့သော် သူတို့ထဲက မည်သူကမျှလည်း သံမဏိထက် မာကြောသောအရာကို မြင်ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထိုမြို့ရိုးကြီးက စက္ကူဖြင့်လုပ်ထားသလို ဖြစ်သွားသည်။ ထို့ကြောင့် ဝမ်ချောင်၏ မြင်းတပ်ငါးထောင်တည်းနှင့် စုတ်ဖြဲလိုက်နိုင်သည်။ ဒါက အဆုံးအစွန်သော ပြိုင်ဘက်ကင်းလွန်းသည့် အင်အားဖြစ်သည်။ ဝမ်ချောင်က ထိုအင်အားဖြင့် ချီရှီ၏မြင်းတပ် ထောင်ပေါင်းများစွာကို လဲဖြိုနိုင်ခဲ့သည်။
ဟီး ဟီး ဟီး
မုန်တိုင်းများထဲတွင် အော်ဟစ်သံများနှင့် မြင်းဟီသံများက လေထဲတွင် ပြည့်နှက်နေခဲ့သလို အင်အားချင်း အပြတ်အသတ် ကွာခြားချက်က ချီရှီမှ နှစ်သောင်းသော စစ်သည်တော်တိုင်းကို ထိတ်လန့်လာခဲ့စေလေပြီ။
“သေလိုက်ပါတော့”
“လမ်းကဖယ်ကြစမ်း ဟန်မျိုးမစစ်ကောင်တွေ ချီတက်လာနေပြီ”
“ဘာလို့ဒီလို ဖြစ်သွားတာလဲ။ အာ ကြောက်စရာကောင်းလိုက်တာ။ လမ်းကဖယ်ကြ”
ဝူရှန်းမြင်းတပ်ငါးထောင်က အပြတ်အသတ် နိုင်သွားသည်။ ဒီနည်းအားဖြင့် ချီရှီစစ်သည်တော်တိုင်း၏ ဝိညာဉ်ထဲသို့ ထိတ်လန့်မှုကြီးနှင့် အံ့အားသင့်မှုကြီးက တံဆိပ်ခတ်လိုက်သည်။ ပထမဦးဆုံးအကြိမ် ထိုဟူစစ်တပ်ကလည်း ပြိုင်ဘက်ကင်းသည်ဆိုသော ချီရှီများအနေနှင့် အံ့အားသင့်စရာကောင်းသော ထိုးနှက်ချက်ကြီးကို ခံစားလိုက်ကြရသည်။ သူတို့၏ ဆူပူအုံကြွမှုများအားလုံးက လမ်းဘေးသို့ ထိုးကျသွားသလို ချောမွေ့စွာဖြင့် ဖယ်ကျသွားသည်။
တစ်ကြိမ်ချီတက်လိုက်သည်နှင့် ဝမ်ချောင်၏လူများက ကုတုလီ၏ စစ်တပ်အလယ်နေရာသို့ ရောက်သွားပြီး ထိုးနှက်လိုက်နိုင်သည်။ ဒီနည်းအားဖြင့် အားလုံးကို အလဲလဲအပြိုပြို လဲကျသွားစေခဲ့သည်။
“သောက် သောက်ကျိုးနည်း”
ကုတုလီ၏မျက်လုံးက ထိုမြင်ကွင်းကြောင့် နီရဲသွားသည်။
“မကြောက်ကြနဲ့ သူတို့ကိုသတ် အားလုံးအတူချီတက်ကြ အဲ့ဒီကိုသွား။ ဟုတ်တယ် အားလုံးအတူသတ်ကြ”
ကုတုလီက အတက်နိုင်ဆုံး ကုန်းအော်နေသည်။ သူ၏ခန္ဓာကိုယ်က ထိတ်လန့်နေသည်။ ချီရှီတွင် အင်အားအကြီးဆုံးက ဟူစစ်သားများဖြစ်သည်။ သူတို့က တိဗက်များနှင့် အနောက်တူရကီများကို အလဲထိုးအောင်နိုင်ခဲ့သည်။ သူတို့က အစစ်အမှန် စစ်သည်တော်များဖြစ်ပြီး တိုက်ပွဲ ရာပေါင်းများစွာကို အတွေ့အကြုံရှိသော လူဟောင်းများဖြစ်သည်။
ကုတုလီအနေနှင့် ထိုမျှအရှိန်အဟုန် ကြီးမြတ်သော စစ်တပ်က အလွယ်တကူရှုံးသွားမည်ဟု မယုံကြည်နိုင်ချေ။
သူက သေဆုံးခြင်း အစွန်းနားတွင် ရုန်းကန်နေသေးသည်။ သူက အရေအတွက် အားသာချက်ကိုသုံးပြီး ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ကို အလဲထိုးနိုင်မည်ဟု ယုံကြည်နေသေးသည်။ သို့သော် ထိုအခိုက် တိုက်ပွဲ၏ အလယ်တွင် ကုတုလီက ရုတ်တရက် မြင်းခွာသံကို ထင်ထင်ရှားရှား ကြားလိုက်ရသည်။
ပြင်းထန်သော စွမ်းအင်တစ်ရပ်က သူ့ထံ လှိုင်းလုံးက ဝင်ဆောင့်တိုက်လာသလို ဖြစ်သွားပြီး စစ်တပ်ထဲကို ထိုးထွင်းဝင်ရောက်သွားသည်။ သတိပေးချက် အလျဉ်းမရှိဘဲ ရုတ်တရက်သူက ပြင်းထန်သည့် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူ၏နှလုံးသားက တုန်ယင်သွားသည်။ ချက်ချင်းလိုလို ဓားကိုဆွဲထုတ်လိုက်သည်။ သို့သော် ကုတုလီ၏ တုန့်ပြန်မှုက အလွန်အမင်း နှေးလွန်းသည်။ သူက ဓားကိုဆွဲထုတ်လိုက်သည့် အချိန်တွင် အေးစက်သော အလင်းက ဖြတ်ကနဲ လက်သွားပြီးနောက် သွေးနီရောင်မြင်းက လေထဲသို့မြောက်တက်သွားသည်။ ခန္ဓာကိုယ်ကြီးထွားလွန်းသော မြင်းစီးသူကမူ လူတစ်ယောက်ထက် ပို၍ကြီးမားသော ဓားကြီး၏ခုတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ကောင်းကင်ရှိ နေမင်းကပင် ထိုကြီးမားသောဓားကြီးက ပေါက်ထွက်လာသည့် မျက်စိကြိမ်းမတက် တောက်ပသော အလင်းရောင်အောက်တွင် မှေးမှိန်သွားသလို ထင်ရသည်။ မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့် အရာအားလုံးကို ဖျက်ဆီးဖြိုခွဲနိုင်သော စွမ်းအားမျိုးအောက်တွင် ကုတုလီက လဲပြိုကျသွားသည်။
ဝုန်း
ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာသည်။ ကုတုလီက သူ၏ကြယ်တာရာ စွမ်းအင်များကို ဓားထဲသို့ ထည့်သွင်းလိုက်ပြီး ဓားကိုသုံးကာ တားရန်သာ အချိန်ရှိလိုက်သည်။ ထို့နောက် အချိန်က ရပ်တန့်မလို ဖြစ်သွားသည်။ တိုက်ပွဲ၏ အသံများကလည်း လျော့ပါးပျောက်ကွယ်သွားသည်။
အချိန်ကရပ်တန့်လုနီးပါး ဖြစ်သွားသည့်အခါ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက ကုတုလီထံ ရောက်လာကြသည်။ သို့သော် ထိုအကြည့်များက ဖိအားများဖြင့် ပြည့်နေသည်။ စိတ်ရှုပ်ထွေးမှုနှင့် မယုံကြည်နိုင်မှုများလည်း ပါဝင်နေသေးသည်။
တိုက်ပွဲနယ်မြေ၏ အလယ်တွင် အနာဂတ်၏ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီး လီစစ်ယဲ့က သူ၏ ဖာဟားနား တောင်ပေါ်မြင်းကြီးပေါ်တွင် ထိုင်နေသည်။ သူ၏မျက်နှာက အေးစက်နေပြီး ခံစားချက်မဲ့နေသည်။ သူ၏ကြီးမားသော ဝု့စ်သံမဏိဓားကြီးက အောက်သို့ ချိန်ချထားသည်။ ဓားအောက်တွင် ဒူးထောက်နေသူကမူ ချီရှီမှ ပုန်ကန်သူ ကုတုလီဖြစ်သည်။ သူက လက်နှစ်ဖက်လုံးကို မြှောက်ထားပြီး ဓားကိုကိုင်ထားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နေရာတွင် အေးခဲကာ မလှုပ်နိုင်ခဲ့ချေ။
ချွင်
ပထမဦးဆုံး ကွဲအက်သံက ထွက်လာသည်နှင့် ကုတုလီ၏ လက်ထဲမှ ကောင်းမွန်လွန်းသောဓားက လွင့်ထွက်သွားသည်။ ထိုသို့ဖြင့် သူ၏နဖူးမှစတင်ပြီး သွေးများက စတင်ကာ စီးကျလာသည်။ မမြင်ရသော အပ်များက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ နှစ်ခြမ်းကွဲသလိုဖြစ်သွားသည်။ သူ၏မျက်လုံးက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသေးသည်။ ကုတုလီက တဖြည်းဖြည်းချင်း လဲပြိုကျသွားသည်။ သို့သော် သူ၏ခန္ဓာကိုယ်က နှစ်ခြမ်းအခွဲခံရသောကြောင့် ဘယ်တစ်ခြမ်း ညာတစ်ခြမ်းစီ ကွဲကျသွားခြင်းဖြစ်သည်။
ဝုန်း
ဖုန်လုံးများက လေထဲသို့ ထိုးတက်သွားသည်မှာ ဓားချီအတန်းလိုက်က မြေကမ္ဘာထဲမှ ထိုးထွက်ကာ ကောင်းကင်သို့ ထိုးတက်သွားပုံနှင့်တူသည်။ ထို့ကြောင့် ကုတုလီအလောင်း အနောက်တွင် ခြောက်ကျန်း၊ ခုနှစ်ကျန်းခန့်သာရှည်သည့် အစင်းကြောင်းရာကြီးကိုသာ ချန်ထားရစ်ခဲ့လေသည်။
လီစစ်ယဲ့က မြေကမ္ဘာထဲသို့ ထိုးသွင်းလိုက်သော ဓားချီက အစစ်အမှန် အင်အားများဖြင့် ယခုလေးမှသာ ပေါက်ကွဲသွားခဲ့သည်။
“ပုန်ကန်ဖို့ တပ်ဖွဲ့တွေ စုစည်းရဲတဲ့ ဘယ်ကောင်မဆို အပြစ်ပေးခံရမယ်”
မြင်းပေါ်တွင်ထိုင်နေသည့် လီစစ်ယဲ့က ကုတုလီ၏ အလောင်းကိုသာ ဓားဖြင့်ချိန်ထားသည်။ လီစစ်ယဲ့၏ ကိုယ်မှ ပြင်းထန်အေးစိမ့်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ဖြာထွက်နေသည်။ သူ၏တင်းမာသော အသံက ချီရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံးကို ပျံ့သွားသည်။
ဝုန်း
အစပိုင်းတွင် ကုတုလီက ဟန်ချက်ကို ထိန်းထားနိုင်သေးသည်။ ဒီနည်းအားဖြင့် အချို့သော ဟူများက သေသည်အထိ တိုက်ခိုက်ရန် ဆန္ဒရှိကြသေးသည်။ ဝူရှန်းမြင်းတပ်က သူတို့ကို ထိုမျှအထိ ထိုးနှက်နိုင်နေသည့်တိုင်အောင် သူတို့ကထိုသို့ ယုံကြည်ချက်ရှိနေကြသေးသည်။ သို့သော် ယခုမူ သူတို့၏ခေါင်းဆောင်က သေဆုံးသွားသည်။ နောက်ဆုံးသော မျှော်လင့်ချက်ကြိုးမျှင်က အဆုံးသတ်သွားသည်နှင့် ဟူမြင်းတပ်က ဟင်းရွက်၊ကန်စွန်းများကဲ့သို့ ခုတ်သင်ခံရရန် ဖြစ်လာသည်။
“ဒူးထောက်ပြီးအညံ့ခံ မဟုတ်ရင်သေ”
ဝမ်ချောင်၏အသံက သူတို့၏နားထဲ ဟိန်းထွက်လာသည်။ ထိုအသံက အေးစိမ့်နေပြီး ခံစားချက်ကင်းမဲ့သည်။
ချီရှီမြင်းတပ်က ချက်ချင်းလိုလို လက်နက်များကို ပစ်ချလိုက်ကြပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြသည်။ အစပိုင်းတွင် တစ်ယောက်၊ နှစ်ယောက် စလုပ်ကြရာမှ တဖြည်းဖြည်းချင်း စစ်သည်တော် အုပ်လိုက်က ဒူးထောက်ကြသည်။ ကုတုလီက သေသွားလေပြီ။ သံမဏိမြို့မှ မြင်းတပ်ကလည်း အလွန်အမင်း အင်အားကြီးလွန်းလေရာ လူသားများက ယှဉ်ပြိုင်နိုင်သည့် အဆင့်တွင်မဟုတ်ချေ။
“မင်းတို့က ဘာလုပ်တာလဲ။ ကာကွယ်ရေးဗိုလ်ချုပ်ကို ဒုက္ခပေးခဲ့တဲ့ လူအကြောင်းကို မေ့သွားပြီလား”
“မျိုးမစစ် သူကဟန် ထ ထ”
မှင်သက်ကြောင်အနေသည့် ဟူဗိုလ်ချုပ်နှစ်ယောက်က ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားကြပြီး ချက်ချင်းလိုလို ကျိန်ဆဲကြသည်။ သို့သော် တစ်ယောက်တစ်ခွန်းစီ ကျိန်ဆဲပြီးသည်နှင့် ဟူဗိုလ်ချုပ် နှစ်ယောက်လုံးကလည်း သူတို့၏ခန္ဓာကိုယ်ထဲသို့ ဓားများက စိုက်ဝင်နေကြောင်း မြင်လိုက်ရသည်။
“ပုန်ကန်တဲ့သစ္စာဖောက်တွေ မင်းတို့သေရင်တောင် မင်းတို့ရဲ့အပြစ်က မလွတ်ဘူး”
ဟူဗိုလ်ချုပ်တစ်ယောက်၏ကိုယ်ပေါ် တက်နင်းထားသည့် ဟွမ်ပေါ့ထန်း၏ မျက်နှာတွင် လှောင်ပြုံးက ရှိနေသည်။ သူကတဖြည်းဖြည်းချင်း ဓားကိုဆွဲထုတ်လိုက်သည်။ ဟွမ်ပေါ့ထန်းက ဝူရှန်းရွာသားဖြစ်ပြီး အလွန်ရိုးရှင်းသော စိတ်သဘောထားရှိသည်။ သူကလည်း ထိုပုန်ကန်သောလူများ၏ မနာခံမှုကို ရွံ့ရှာနေသည်မှာ ကြာလှချေပြီ။ ဝမ်ချောင်က အမိန့်မပေးခဲ့သောကြောင့်သာ မဟုတ်လျှင် သူက ထိုလူများကို အစောကတည်းက သတ်ပြီးလောက်လေပြီ။
“မျိုးမစစ်ဝမ်ချောင် မင်းသေမှာ သေချာတယ်။ မင်းငါတို့အားလုံးကို သတ်နိုင်မယ်လို့ ငါမယုံဘူး”
အခြားသော ဟူတစ်ယောက်က အော်ပြန်သည်။ သို့သော် သူ၏စကားက မဆုံးခင် လှံတစ်လက်က လည်မြိုသို့ ဖောက်ဝင်သွားပြီး မြေပြင်သို့ ထိုးစိုက်လာသည်။ သေသွားသည့်တိုင်အောင် သူ၏မျက်လုံးက ပြူးကျယ်နေသေးပြီး မယုံကြည်နိုင်မှုက အထင်းသားပေါ်နေသည်။
ဒီမျိုးမစစ် သူက အင်ပါယာခုံရုံးက စုံစမ်းစစ်ဆေးမှာကို မစိုးရိမ်ဘူးလား။ ဒါက သူ၏နောက်ဆုံးအတွေးဖြစ်သည်။
သူတို့၏ဗိုလ်ချုပ်များ သေဆုံးမှုနှင့်အတူ ကျန်ရှိသော ဗိုလ်ချုပ်များက စတင်ကာ ထွက်ပြေးကြသည်။ သူတို့က ဝမ်ချောင်ကို တိုက်ခိုက်လိုခြင်းမရှိကြတော့ချေ။
ထိုအခါမှသာ သူတို့က ထိုဟန်လူငယ်ကို အထင်သေးမိကြောင်း သိသွားသည်။ ကျင်းတစ်သောင်း အင်အားစုဖြင့် ထိုးနှက်မှုက အနိုင်ရယူနိုင်ခဲ့သည်။ ထို့ပြင်သူက ဆုံးဖြတ်ချက်ပြတ်သားသည်။ သူ၏ ယုံကြည်မှုနှင့် လှည့်ကွက်များအားလုံးကသူ့ကို ရင်မဆိုင်နိုင်ခဲ့ချေ။
“နောက်ထပ်တစ်လှမ်း ထပ်လှမ်းရင် အသေပဲ”
ဝမ်ချောင်က သူ၏မြင်းကို ရှေ့သို့သွားစေသည်။ သူ၏နှုတ်ခမ်းတွင် အပြုံးက ပြန်လည်ရောက်ရှိလာသည်။ သူ၏အသံက မတိုးလွန်းသလို ကျယ်လည်းမကျယ်ချေ။ ထို့ပြင် ဒေါသသံလည်းမပါချေ။ သို့သော် ဟူဗိုလ်ချုပ်များ၏နားထဲတွင်မူ မိုးခြိမ်းသံကြီးဖြစ်သည်။ ထွက်ပြေးနေသော ဟူဗိုလ်ချုပ်တိုင်းက ချက်ချင်းလိုလို တုန်ယင်စွာဖြင့် ရပ်တန့်လိုက်ရသည်။ သူတို့၏မျက်နှာတွင် သွေးများပင် ခြောက်ကပ်သွားသလို ဖြူစုတ်သွားသည်။
သူတို့၏လမ်းကို မည်သူကမှ ပိတ်မနေသည့်တိုင်အောင် သူတို့၏ခြေထောက်က မြေပြင်တွင် စိုက်ထိုးထားသလို ကပ်တွယ်နေသည်။ သူတို့၏ကိုယ်ပေါ်သို့ ပြင်းထန်သည့် ကြောက်လန့်မှုက ကြီးစိုးနေသည်။ သူတို့ကို ခြေလှမ်းတစ်ဝက်ပင် မလှမ်းရဲအောင် တားမြစ်ထားသည်။ သူတို့၏ သတ္တိများ အားလုံးကလည်း အစိတ်စိတ်အပိုင်းပိုင်း လဲပြိုကျသွားလေပြီ။
ဟူများ၏ အကြမ်းတမ်းဆုံးနှင့် သတ္တိအကြီးဆုံးလူက စစ်သားများကို ဖီဆန်ရန်စုစည်းရဲသည်။ ထိုလူများက အကြောက်အလန့် မဲ့ပေလိမ့်မည်။ သို့သော် ဝမ်ချောင်က သူတို့၏စိတ်အတွင်း နက်ရှိုင်းလွန်းသည့် အကြောက်တရားကို ရိုက်သွင်းလိုက်သည်။ သံမဏိမြို့မှ လူငယ်အမတ်က အသက်(၁၇)နှစ် အရွယ်ခန့်သာ ရှိသေးသည့် ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသေးသော်လည်း သူတို့၏ မျက်လုံးထဲတွင်မူ ကြောက်စရာကောင်းသော နတ်ဆိုးဖြစ်သွားသည်။
ဝမ်ချောင်၏ သံမဏိလက်က သူတို့အားလုံးကို ဖိချေပစ်နိုင်သည်။
ဒုန်း ဒုန်း
မြင်းခွာသံများက သူတို့၏ နှလုံးခုန်သံကိုပင် မြန်ဆန်စေပြီး သူတို့၏ဗိုက်ထဲတွင် မိုးများခြိမ်းနေသလို ထင်ရသည်။ ဟူမြင်းတပ်တိုင်းက ကြောက်လန့်တကြား ခေါင်းငုံ့လိုက်ကြသည်။ သူတို့က မော့ပင်မကြည့်ရဲကြချေ။ အတိတ်ကမူ ဝမ်ချောင်ကို မည်သည့်ထင်မြင်ချက်မျှ မရှိလျှင် ယခုမူ ဝမ်ချောင်က သူတို့၏စိတ်ထဲတွင် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးအဖြစ် စွဲထင်မှတ်ယူသွားကြပြီဖြစ်သည်။
“ဒူးထောက်”
ဝမ်ချောင်က မြင်းကို တိုက်ပွဲနယ်မြေကို ကျော်ဖြတ်စေလိုက်ပြီးနောက် ခပ်အေးအေး စီးနင်းသွားသည်။ သူ၏အကြည့်က တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ကြည့်နေသည်။ ရိုးရှင်းသောအမိန့်နှင့်အတူ တိုက်ပွဲနယ်မြေ အစွန်နားမှ ထွက်ပြေးရန်ကြိုးစားထားသော ဟူဗိုလ်ချုပ်တိုင်းက ချက်ချင်းလိုလို ဒူးထောက်လိုက်ရသည်။ ဟူဗိုလ်ချုပ်ကြီးများက ဒူးထောက်လိုက်သည်နှင့် သူတို့၏ ပုန်ကန်မှုက အဆုံးသတ်သွားသည်။
ဝမ်ချောင်က လီစစ်ယဲ့၏အနားသို့သွားကာ အမိန့်ပေးသည်။
“လီစစ်ယဲ့ ကျန်တဲ့လူတွေကို ကိုင်တွယ်လိုက်”
“ဟုတ်ကဲ့အရှင်အမတ်”
လီစစ်ယဲ့က ခေါင်းညိမ့်သည်။ သူ၏ခန္ဓာကိုယ်က လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါများဖြင့် ပေါက်ကွဲထွက်သွားပြီးနောက် ဟူဗိုလ်ချုပ်တိုင်းကပင် အံ့အားသင့်သွားစေခဲ့သည်။ လီစစ်ယဲ့က စစ်တပ်နောက်ခံရှိသည်။ သူက ဝမ်ချောင်ကို မခစားခင်ကအချိန်တွင် အတွေ့အကြုံ အများကြီးရခဲ့သည်။ ထို့ကြောင့် သူက ခုံရုံးအတွက် အကျိုးပြုမှုကြီးများ လုပ်ခဲ့ဖူးသော်လည်း စစ်သားများကို စီစဉ်သောကိစ္စက ပြဿနာမရှိချေ။
ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး ရှေ့သို့ဆက်သွားသည်။
တိုက်ပွဲကို သူက လက်ညိုးတစ်ချောင်းပင် မြှောက်ရန်မလိုအပ်ခဲ့ဘဲ အဆုံးသတ်နိုင်ခဲ့သည်။ ဒါက အဆုံးအစွန်သော ပြိုင်ဘက်ကင်းသည့် အင်အားမျိုးဖြစ်သည်။ ဒီအဆင့်တွင် ကိစ္စပေါင်းများစွာကို သူက ကိုယ်တိုင်ကိုယ်ကျ ဝင်လုပ်ရန်မလိုအပ်ခဲ့ချေ။ လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ရွှီခဲ့ယွီနှင့် အခြားသော အရာရှိများကတင် လုံလောက်လေပြီ။