← Chapters

အခန်း (၈၅၆-၈၆၀)

Vol. 47 Ch. 856-860

အခန်း (၈၅၆-၈၆၀)

Vol. 47 Ch. 856-860

အခန်း(၈၅၆)

“အာ”

ယွမ်ရှု့စုန့်၏ မျက်နှာက အံ့အားသင့်မှုကြောင့် တောင့်တင်းသွားသည်။ ကန်းခယ်မှ ခေါင်းဆောင်က သူတို့ကို မျက်နှာသာ အနည်းငယ်ပင်မပေးဘဲ အနည်းဆုံး တစ်ကြိမ်တွေ့ခွင့်ပင်မပေးဘဲ ပြတ်သားစွာ ငြင်းလိမ့်မည်ဟု မမျှော်လင့်ထားချေ။

“ဒါက...”

ယွမ်ရှု့စုန့်က ဝမ်ချောင်ကိုကြည့်သည်။ သူကိုယ်တိုင်ကလည်း စွံ့အသွား၏။ တစ်ဖက်သူကသာ တွေ့ရန် ငြင်းဆန်နေလျှင် သူတို့ပြင်ဆင်ထားသော နည်းလမ်းတိုင်းက အသုံးမဝင်ဖြစ်သွားပေလိမ့်မည်။ ဝမ်ချောင်၏ မျက်ခုံးများက အသာပင့်တက်သွားသည်။ သို့သော် သူကိုယ်တိုင်ကလည်း မအံ့ဩချေ။ ကြေးစားစစ်သားတွေရဲ့ ဂုဏ်ယူရတဲ့ ဘုရင်ဆိုတဲ့အတိုင်းပါပဲ။

ဝမ်ချောင်၏စိတ်အတွင်းတွင်မူ ရယ်နေမိသည်။ ကန်းခယ်ဘုရင်က ယခင်ဘဝကတည်းက သူ၏မာနကြောင့် အတော်လေး ကျော်ကြားခဲ့သည်။ ကန်းခယ်ဟာ အနောက်ပိုင်းဒေသမှ ကြေးစားစစ်သားများ ဖြစ်သော်လည်း သူတို့ဟာ မည်သူနှင့်မျှ ကြေးစားစစ်သား စာချုပ်မျိုးကို လက်မခံထားချေ။ လက်ရှိအချိန်တွင် ကန်းခယ်ဟာ ပထမဦးဆုံးအကြိမ် ထိုဟန်များနှင့် အဆက်အဆံပြုခြင်းဖြစ်သည်။ ထို့ကြောင့် တွေ့ရန်လက်ခံလိုက်မှသာ ထူးဆန်းနေပေလိမ့်မည်။

“အဆင်ပြေပါတယ်။ ဒီစားစရာတွေက လက်ဆောင်ပဲ။ လူကြီးမင်းယွမ် ကျေးဇူးပြုပြီး သွားရအောင်”

ဝမ်ချောင်က ဖျော့တော့စွာ ပြောလိုက်ပြီး လက်ကိုတစ်ချက်ယမ်းလိုက်ကာ နောက်ပြန်လှည့်လိုက်သည်။ ထိုသို့ဖြင့် အံ့အားတကြီးဖြစ်နေသော ယွမ်ရှု့စုန့်ကို ချန်ထားရစ်ခဲ့သည်။ ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်ငါးထောင်ကလည်း တဖြည်းဖြည်းချင်း စကာရွေ့ကြပြီး ကန်းခယ်အဖွဲ့ ပိုင်နက်မှ ထွက်ခွာသည်။

စစ်တပ်က ကျန်းတစ်ထောင်ခန့် သွားပြီးသောအခါ ယွမ်ရှု့စုန့်က ဝမ်ချောင်ကို အလွန်အမင်း အရှက်ရနေသည့် မျက်နှာထားမျိုးဖြင့် ကြည့်လာသည်။ သူ၏နှလုံးသားကမူ ထိုအခြေအနေကို လက်မခံနိုင်သေးချေ။

“အရှင်အမတ် ကျွန်တော်တို့ တကယ်ပဲ ထွက်သွားကြမှာလား”

သူက ဝမ်ချောင်၏ ဆင့်ခေါ်မှုကို လက်ခံရရှိသောအခါ အကူအညီအချို့ ပေးနိုင်လိမ့်မည်ဟု သေချာပေါက် ယုံကြည်ခဲ့သည်။ လူငယ်အမတ်ဟာ တစ်လောကလုံးအနှံ့ ကျော်ကြားနေသူဖြစ်ပြီး ယွမ်ရှု့စုန့်ဟာလည်း သူ့ထက် နှစ်များစွာ ကြီးနေသည့်တိုင်အောင် မြို့စားမင်းကျို့၏ ဆက်ခံသူ ထိုလူကို အလွန်အမင်း လေးစားမိလေသည်။

သို့သော် ပထမဦးဆုံး အတူထွက်လာသောခရီးတွင်ပင် အရှုံးနှင့် ပြန်ရတော့မည်ထင်သည်။

“စိတ်အေးအေးထားပါ ကန်းခယ်တွေက သေချာပေါက် သဘောတူမှာမဟုတ်ဘူး။ ဒါပေမဲ့ မြန်မြန်လျှောက်တာက ပန်းတိုင်နဲ့ မြန်မြန်နီးသွားမယ်လို့တော့ မဆိုလိုနိုင်ဘူး။ ငါတို့က ပထမဦးဆုံးအကြိမ် တွေ့တဲ့အချိန်မှာ ငါတို့ရဲ့ ကောင်းမွန်တဲ့ဆန္ဒကို ပြသပေးခဲ့ပြီးပြီ။ ဒါကတင် လုံလောက်ပါတယ်။ နောက်ပိုင်းဖြစ်လာမဲ့ ကိစ္စတွေအတွက်ကတော့ ဒီတိုင်း အခြေအနေ ဘယ်လိုပြောင်းသွားမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့”

ဝမ်ချောင်၏ နှုတ်ခမ်းများက ကော့တက်သွားပြီး အဓိပ္ပာယ်အပြည့်ပါသော အပြုံးမျိုးက ဖြစ်ပေါ်လာသည်။

“သတင်းပို့”

ဝမ်ချောင်က ထိုစကားများကို ပြောပြီးသည့်အချိန်တွင် ချီရှီမှကင်းထောက်က ရောက်လာသည်။

“အရှင် ကျွန်တော်တို့ ရှေ့မှာ ပစ်မှတ်ကို ရှာတွေ့ပါတယ်။ လူနှစ်ထောင်ဝန်းကျင် ရှိပါတယ်။ လက်ရှိအချိန်မှာ ကန်းခယ်ပိုင်နက်ကို မြင်းစီးပြီး အပြေးနှင်နေတာပါ”

“ပစ်မှတ်ဟုတ်လား”

ယွမ်ရှု့စုန့်က ထိုစကားများကို ကြားသောအခါ သတိလက်လွတ် ဝမ်ချောင်ကို ကြည့်လိုက်မိသည်။ ဝမ်ချောင်ဟာ သူမျှော်လင့်ထားသည်ထက် အစီအစဉ်ပေါင်းများစွာ ရှိထားပုံရသည်။

“ဟား ဟား လူကြီးမင်းယွမ် စိုးရိမ်စရာမလိုပါဘူး။ ကိစ္စတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကိုပဲ တိတ်တဆိတ် စောင့်ကြည့်ကြရအောင်”

ဝမ်ချောင်က လက်ကိုအသာယမ်းလိုက်သည်။ စစ်သည်ငါးထောင်က ကန်းခယ်ပိုင်နက်၏ နယ်စပ်မှ ကန်းထောင်ဂဏန်း အနည်းငယ်ခန့်အကွာတွင် ရပ်သွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အပြေးနှင်လာသော မြင်းခွာသံများကို ကြားလိုက်ရသည်။ အနောက်ပိုင်းနယ်မြေမှ နေထိုင်သူဟု ယူဆရသော လူနှစ်ထောင်ကျော်ခန့်ပါသည့် အဖွဲ့က ပေါ်လာသည်။ အားလုံးက မျက်ဝန်းအရောင် နက်ကြသည်။ နှာခေါင်းမြင့်ပြီး ဆံပင်က ပြေလျော့နေကြ၏။ သူတို့အားလုံးက ဆေဘာလှံ၊ တင်းပုတ်တို့ကို သယ်ဆောင်လျှက် ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းကြရင်း ကန်းခယ်အဖွဲ့၏ ပိုင်နက်နယ်မြေထံ ဦးတည်သွားနေကြသည်။

ချီတက်လာရင်း လမ်းတစ်ဝက်ခန့် ရောက်သောအခါ ထိုလူနှစ်ထောင်ကလည်း ဝမ်ချောင်၏ လူများကို သတိထားမိသွားသည်။ သို့သော် သဘောတကျသာ အော်ရယ်သွားကြပြီး ကန်းခယ်များထံ အပြေးအလွှား သွားကြပြန်သည်။

“ဆာကာ”

ယွမ်ရှု့စုန့်က မျက်လုံးပြူးသွားသည်။ အကြောင်းမူကား သူက မှတ်မိလိုက်သောကြောင့်ဖြစ်သည်။ ဆာကာဆိုသည်မှာ အနောက်ပိုင်းဒေသမှ အလွန်အမင်း အင်အားကြီးမားသည့် လှည့်လည်နေထိုင်သူများဖြစ်သည်။ ဆာကာများက အဖွဲ့ပေါင်းများစွာရှိသည်။ သူတို့၏ အထူးခြားဆုံး အချက်ကမူ သူတို့က အရပ်ရှည်သည်။ သန်မာသော အရိုးများကို ပိုင်ဆိုင်ထားပြီး ကြမ်းတမ်းသည့် စရိုက်ရှိသည်။ ထိုလူများက သူတို့၏မြင်းညာဘက်ခြမ်းတွင် ကြက်ခြေခတ်သင်္ကေတကို ထုံးကျောက်ကိုသုံးကာ ရေးဆွဲထားသည့် အလေ့အကျင့်ရှိသည်။

ဆာကာများက အားနည်းသော အဖွဲ့များကို အနိုင်ကျင့်ရခြင်းအား သဘောကျသလို အနောက်ပိုင်းဒေသ၏ အဖွဲ့ပေါင်းများစွာကလည်း သူတို့၏ မြင်းခွာအောက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။

“အရှင်”

“စောင့်ကြည့်ပါ”

ဝမ်ချောင်ကပြုံးသည်။ သူကလည်း ယွမ်ရှု့စုန့်က ပြောလိုသောစကားကို သိထားပြီးသားဖြစ်သည်။

အဝေးတွင် ထိုဆာကာနှစ်ထောင်က ကန်းခယ်ပိုင်နက်၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားကြသည်။ ကန်းခယ်များက စုစည်းနေကြပြီး ဆာကာများနှင့် ထိပ်တိုက်တွေ့ဆုံကြသည်။ အဝေးတွင်ရှိနေသော်လည်း သူတို့ပြောသောစကားကို ကြားရရန်က မဖြစ်နိုင်ချေ။ ထို့ကြောင့် ကန်းခယ်များကမူ အလွန်အမင်း ဒေါသထွက်နေပုံရပြီး သူတို့၏လက်မောင်းကို တဖြတ်ဖြတ်ရိုက်ကာ ပြောနေကြသည်။ သူ၏ အပြုအမူက ဆာကာများထံမှ ရယ်သံများကိုသာ ထွက်လာစေသည်။

“အရှင်အမတ် ဆာကာတွေက အမြဲတမ်း အင်အားတကြီး ပြုမူတတ်ကြတယ်။ သူတို့က ဒီလိုသေးငယ်ပြီး အားနည်းတဲ့ အဖွဲ့တွေကို ကျွန်ပြုကြတာကို သဘောကျကြတာ။ မကြာခဏဆိုသလို ဒီအဖွဲ့တွေဆီက ကျွဲတွေ၊ မြင်းတွေကိုလည်း သတ်ဖြတ်ကြသေးတယ်။ ကန်းခယ်က အဆာပြတ်လပ်နေပြီးသား။ ကျွန်တော်စိုးရိမ်တာက...”

ယွမ်ရှု့စုန့်က ဝမ်ချောင်ကို လှည့်ကြည့်ပြီး ပြောနေချိန် လေထဲတွင် အော်ဟစ်သံများက ရုတ်တရက် ဖြစ်ပေါ်လာသည်။ တုန်ယင်သွားသော ယွမ်ရှု့စုန့်က နောက်သို့လှည့်ကာ ကြည့်လိုက်သောအခါ ကန်းခယ်များက လှံရှည်များကိုင်ကာ ပြေးထွက်လာကြောင်း မြင်လိုက်ရသည်။ ရယ်မောနေသော ဆာကာများကလည်း ကန်းခယ်များ၏လက်တွင် ဆိုးရွားစွာ အသတ်ခံရသည်။

စွစ် စွစ် စွစ်

ဆာကာများက ပြင်ဆင်ထားပြီးမှလာသည်မှာ ရှင်းလင်းနေသည်။ ထိုသု့ိဖြင့် ကန်းခယ်များထံ မြှားမိုးက ရွာသွန်းလာသည်။ ထိုအချိန်တွင် အခြားသော ဆာကာများက ရှေ့သို့ချီတက်သွားပြီး သူတို့၏ ဆေဘာလှံ၊ တင်းပုတ်တို့ကိုသုံးကာ ဟိုနေရာ၊ ဒီနေရာကို ခုတ်ပိုင်းသည်။ ကန်းခယ်များက လက်နက်အပြည့်အဝလည်း မရှိသလို ခုခံနိုင်စွမ်းအားလည်း မရှိချေ။ ထို့ကြောင့် သူတို့က အားအင်ပြည့်ဝထားခြင်းလည်း မရှိလေရာ ဆာကာများကို မယှဉ်နိုင်ကြချေ။ သူတို့၏ သနားဖွယ်ကောင်းသော အော်သံများက လေထဲတွင် စူးရှစွာထွက်လာသည်။

“အရှင်အမတ်”

“ငါ့ရဲ့အမိန့်ကိုစောင့်”

ဝမ်ချောင်က ခံစားချက်မဲ့စွာပြောသည်။

ဝေါင်း

ထိုအချိန်တွင် ထိုနယ်မြေတခွင်လုံးကို ဒေါသတကြီး ဟိန်းဟောက်သံက လွှမ်းခြုံသွားသည်။ ကန်းခယ်နယ်မြေ၏ အလယ်ဒေသတွင်ရှိသော ရွက်ဖျင်တဲအတွင်းမှ စွမ်းအင်လှိုင်းများက ဖြာထွက်လာသည်။ ထိုအရှိန်အဝါမှ စွမ်းအားက ထိုနေရာနှင့် သိပ်မနီးသော်လည်း ထောင့်အကျဆုံးဘက်တွင် ရှိနေခဲ့သည့် ဆာကာဆယ်ယောက်ခန့်ကို မြင်းများနှင့်အတူ လေထဲသို့ လွင့်ထွက်သွားစေခဲ့သည်။ ထိုစွမ်းအင်၏ ပြင်းထန်လွန်းသော အင်အားသိပ်သည်းမှုက ဝမ်ချောင်၏ စစ်တပ်မှ မြင်းများပေါ် သက်ရောက်သွားပြီး ကျန်းထောင်ဂဏန်း အနည်းငယ်ထိ အော်ဟီးကာ ရွေ့သွားစေခဲ့သည်။

“အားကြီးလိုက်တာ”

“ဒါကဘယ်လိုလူမျိုးလဲ။ ဘယ်လောက်တောင် လေးစားစရာ ကောင်းလိုက်သလဲ”

“ဒီလူက အနည်းဆုံး သူတော်စင် သိုင်းနယ်မြေ အဆင့်မှာရှိတယ်။ ကန်းခယ်မှာ ဒီလို ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေမယ်လို့ မထင်ထားဘူး”

ဝမ်ချောင်၏ ပတ်ပတ်လည်မှ ချီရှီကာကွယ်ရေးစစ်တပ်မှ လူတိုင်းက အံ့အားသင့်ကုန်ကြသည်။ သူတု့ိက မျက်လုံးပြူးနေကြ၏။ ထိုကန်းခယ်က ပထမဦးဆုံး စတွေ့ခဲ့ချိန်တွင် သူတောင်းစာသာသာ ထင်မြင်ချက်ကိုသာ ပေးခဲ့သည်။ အကြောင်းမူကား သူတို့က ညှီစို့ကာ နံစော်နေပြီး အရာရှိများကပင် သူတို့ကို အာရုံမစိုက်ချင်ခဲ့ကြချေ။ သို့သော် မည်သူကမှလည်း ထိုကဲ့သို့သော ကန်းခယ်တွင် ယခုလို ကျွမ်းကျင်ပညာရှင်တစ်ယောက် ပုန်းအောင်းနေမည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

ကန်းခယ်ဘုရင်က နောက်ဆုံးတော့ ထွက်လာပြီပဲ။

ဝမ်ချောင်က မျက်လုံးကို မှေးကျဉ်းလိုက်သည်။ သူ၏မျက်ဝန်းထဲတွင် မျှော်လင့်စောင့်စားမှုများက ပြည့်နှက်လာသည်။

ဝမ်ချောင်ဟာ ကန်းခယ်နှင့် ဆာကာများကြားမှ ဆက်ဆံရေးအကြောင်း သိရှိထားသည်။ ယွမ်ရှု့စုန့်က ပြောသလိုမျိုး ထိုနှစ်ဖွဲ့က သခင်နှင့်ကျွန်ဆိုသော ဆက်ဆံရေးရှိသည်။ ဆာကာ၏ များပြားလှသော လက်အောက်ခံ အဖွဲ့များထဲမှ တစ်ခုဖြစ်သည့် ကန်းခယ်က ထိုဆာကာများထံ ကျွဲ၊ နွား၊ သိုး၊ မြင်းတို့ကို အကြွေးတင်ထားသည်။ ဆာကာက ထိုနည်းလမ်းကိုသုံးပြီး ကန်းခယ်၏ ကြီးထွားမှုကို ချိုးနှိမ်ထားခြင်းဖြစ်သည်။

ကန်းခယ်က တိုက်ခိုက်နိုင်သည့် စွမ်းရည်မရှိသော်လည်း သူတို့၏ခေါင်းဆောင် ကန်းခယ်ဘုရင်က အကြီးမားဆုံး မှီခိုအားထားရာဖြစ်ပြီး အလွန်အမင်းလည်း ကြောက်စရာကောင်းသည့် သူတော်စင် သိုင်းနယ်မြေအဆင့်ဖြစ်သည်။

အဝေးတွင် စွမ်းအင်ပေါက်ကွဲမှုများနှင့်အတူ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကန်းခယ်အမျိုးသား တစ်ယောက်က ပေါ်ထွက်လာသည်။ သူက တိရိစ္ဆာန်သားရေဝတ်စုံကို ဝတ်ဆင်ထားပြီး သူရဲကောင်းဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေကာ စုတ်ပြတ်သပ်နေသော တဲထဲမှ ထွက်လာသည်။ သူ၏အကြည့်က အေးခဲနေပြီး ကြမ်းတမ်းလွန်းသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေသည်။ ကြမ်းတမ်းပြီး ရပ်တန့်၍မရဟု ထင်ရသည့် ဆာကာများကပင် သူ၏အရှေ့တွင် သေးငယ်သော ပုရွက်ဆိတ်များအလား ဖြစ်သွားသည်။

“ချယ်-ခယ်-ဖား၊ ကြယ်-ရှန်း၊ စစ်၊ မော့-ချီး-ဖာ...”

ကန်းခယ်ဘုရင်၏ မျက်ဝန်းက လျှပ်စီးကဲ့သို့ တောက်ပနေလေပြီး သူ၏ဒေါသထွက်နေသော အသံက လီပေါင်းများစွာ ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားကာ စစ်မြင်းများကို ကြောက်လန့်တကြား ဟီစေသည်။ ဝမ်ချောင်ကဲ့သို့ ကန်းခယ်ဘုရင်ကို နားလည်ထားသောလူကပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးကြောင့် အံ့အားသင့်သွားရသည်။

ဒါက အစစ်အမှန်ခြင်္သေ့ပဲ။

“သူဘာပြောလိုက်တာလဲ”

ဝမ်ချောင်က ယွမ်ရှု့စုန့်ကိုကြည့်သည်။

ကန်းခယ်ခေါင်းဆောင်က ဒေါသထွက်ပြီး ဒီလူတွေအားလုံးကို ချက်ချင်း ထွက်သွားခိုင်းလိုက်သည်။

ယွမ်ရှု့စုန့်က အဝေးသို့ကြည့်လိုက်သည်။ ထိုကတောက်ကဆ မြင်ကွင်းက သူ၏အာရုံကို ဆွဲဆောင်ထားသည်။ ယခု သူ၏အစောပိုင်းနှစ်များတွင် ယွမ်ရှု့စုန့်က အနောက်ပိုင်းဒေသတခွင်အနှံ့ လှည့်လည်သွားလာခဲ့ပြီး ကန်းခယ်အဖွဲ့နှင့် အဆက်အသွယ် ရှိခဲ့ဖူးသည်။ သို့သော် ထိုအဖွဲ့တွင် ထိုမျှလေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ပုန်းကွယ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ကန်းခယ်ဘုရင်ဝန်းကျင်မှ ကြယ်တာရာစွမ်းအင်များက ဖျက်ဆီးခြင်းစွမ်းအားအပြည့် ထုတ်လွှတ်နေသော မိုးကြိုးများကဲ့သို့ ထင်ရပြီး သူ့အား နတ်ဘုရားတစ်ပါးသဖွယ် ထင်ရစေသည်။

“အာ-ဆာ-လီ-လု၊ ကား-လီ-ယဲ့-စစ်-လီ-လာ”

အခြားတစ်ဖက်တွင် ဆာကာက အင်အားကြီးသော ကန်းခယ်ဘုရင်ကို အနည်းငယ်သာ ဂရုထားပုံရသည်။ လေးစားဖွယ်ကောင်းသော ဆာကာခေါင်းဆောင်များက ကန်းခယ်ဘုရင်ကို ဝိုင်းထားပြီး သူ့အား ပြန်လည်ပြောဆိုကြသည်။

“ဒီဆာကာဘုရင်တွေက ကန်းခယ်ဘုရင်ကို ခြိမ်းခြောက်နေတာ သူကသာ တစ်ခုခုလုပ်ရဲရင် ကန်းခယ်တွေကို သတ်မယ်လို့ပြောနေတယ်”

ယွမ်ရှု့စုန့်က ချက်ချင်းလိုလို ဘာသာပြန်ပေးသည်။

ဆာကာ၏ ခြိမ်းခြောက်မှုက ရှင်းလင်းစွာဖြင့် သက်ရောက်သည်။ ကန်းခယ်ဘုရင်က အလွန်အမင်း ထိန်းချုပ်ထားရပုံရပြီး သူ၏ ခမ်းနားသော အရှိန်အဝါများကလည်း တိုက်ခိုက်လိုက်ပါက အပြစ်ကင်းသောလူများကို ထိခိုက်သွားမည်ကို စိုးရိမ်သည့်အလား ကျုံ့သွားသည်။

“ငါ့ရဲ့အမိန့်ကိုထုတ် ငါတို့အခု လှုပ်ရှားလို့ရပြီ”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်ပြီး လက်မောင်းကို ယမ်းချသည်။

ဝုန်း

တစ်လောကလုံးက ငလျှင်လှုပ်သွားသလိုမျိုး ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်ငါးထောင်က စတင်ကာ ရွေ့လျားကြသည်။

ချွင် ချွင် ချွင်

သူတို့၏ ခြေထောက်အောက်မှ မျက်စိကြိမ်းမတက် တောက်ပသော မီးတောက်လိုမျိုး စစ်ချီစက်ကွင်း ထောင်ကျော်က ဖြာထွက်လာသည်။ ထိုစစ်တပ်က အလုံးအရင်းဖြင့် ရေကြီးလာသလိုမျိုး ကန်းခယ်၏ ပိုင်နက်နယ်မြေထဲသို့ ပြန်လည်ဝင်လိုက်သည်။

စစ်သည်ငါးထောင်ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒက တပြိုင်ထဲလိုလို ထွက်ပေါ်လာလေပြီး အကောင်အထည်ရှိသော တစ်စုံတစ်ရာအဖြစ် ပြောင်းလဲသွားသလို တစ်ဖက်မှ ထိပ်တိုက်ရင်ဆိုင်နေသော အဖွဲ့ကို ရင်ဆိုင်လိုက်သည်။

“ဒါက ချီရှီကာကွယ်ရေးစစ်တပ်ပဲ”

“သူတို့ကဘာကို ကြံစည်နေတာလဲ။ ဟန်တွေက စည်းမျဉ်းတွေကို မေ့သွားပြီလား။ ငါတို့နဲ့ကန်းခယ်က ရင်ဆိုင်နေတာ သူတို့နဲ့ ဘာဆိုင်လို့လဲ”

“သူတို့နဲ့စကားပြောဖို့ လူနည်းနည်းလွှတ်လိုက်။ ငါတို့အရင်က ထန်တွေနဲ့ အတူပေါင်းလုပ်ခဲ့ဖူးတာပဲ”

ဆာကာများက အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလို ချီရှီကာကွယ်ရေးစစ်တပ်ထံ သွားသည်။ သို့သော် သူတို့ကို စောင့်ကြိုနေသောအရာက အေးစက်သော သံမဏိဓားသာဖြစ်သည်။

စွစ်

အေးစက်သော အလင်းက ဖြတ်ကနဲလက်ပြီး သွေးများက ပန်းထွက်လာသည်။ ဆာကာအချို့က တစ်စုံတစ်ရာ ပြောလိုသော ပုံစံမျိုးနှင့် ပါးစပ်အဟောင်းသားပွင့်လျှက် ခေါင်းဖြတ်ခံလိုက်ရသည်။ သူတို့၏ အလောင်းမှ သွေးများပန်းထွက်လာပြီး မြင်းပေါ်မှ ပြုတ်ကျလာသည်။

“???”

ထိုမြင်ကွင်းကြောင့် ဆာကာများက မှင်သက်သွားသည်။ သူတို့ကလည်း ထန်စစ်သားများက သူတို့ကို တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ဖူးချေ။ ဒါက အနောက်ပိုင်းဒေသ၏ ညှီစို့နေသော ဝက်များကို လာကယ်ရန် ဖြစ်နေလောက်သည်။

“ဒီမျိုးမစစ်ကောင်တွေက တော်တော်တော့များတယ်။ သူတို့က ငါတို့ကို လာပြီးတောင် တိုက်ခိုက်ရဲနေတာပဲ”

“သူတို့က စည်းမျဉ်းတွေကို ဖောက်ရဲတယ်။ အားလုံးကိုသတ်”

ဆာကာများ၏ မျက်လုံးများက နီရဲသွားသည်။ အနှေးကွေးဆုံးလူကပင် ထိုထန်များက သူတို့ထံ ရည်ရွယ်ကာလာကြောင်း သိနိုင်သည်။ ဖြတ်ကနဲဆိုသလို သူတို့၏ခေါင်းထိပ်မှ သွေးများစီးကျလာပြီး သူတို့က အော်ဟစ်ကြကာ သူတို့၏ လက်နက်များကိုယမ်းလျှက် ချီရှီစစ်သား ငါးထောင်ထံ ချီတက်သွားလိုက်သည်။

ထန်များက အနောက်ပိုင်းဒေသကို အုပ်စိုးသော်လည်း ခက်ထန်ကြမ်းတမ်းသော ဆာကာများ၏ အမြင်တွင်မူ ထိုလေးစားဖွယ်ကောင်းသော ထန်များတွင် ဒီဒေသတွင် နေထိုင်သော လူသောင်းဂဏန်း ဝန်းကျင်သာ ရှိမည်ဖြစ်သည်။ သူတို့ကဲ့သို့ အနောက်ပိုင်းဒေသတခွင်တွင် အမျိုးမျိုးသော အဖွဲ့များကို ပိုင်ဆိုင်ထားပြီး အုပ်စိုးထားသော လူဦးရေအလွန်များသည့် အဖွဲ့ကြီးနှင့်ယှဉ်သော်... ထန်များက အနောက်ပိုင်းဒေသကို အပေါ်ယံသာ အုပ်ချုပ်ထားသလိုဖြစ်နေသည်။ ဆာကာများကမူ နောက်ကွယ်မှ ခေါင်းဆောင်များသဖွယ် လုပ်ဆောင်နေသလို ဖြစ်သွားလေသည်။

အခန်း(၈၅၇)

ဘန်း

ကန်းခယ်များကလည်း ဆာကာနှစ်ထောင်က ချီရှီကာကွယ်ရေးစစ်တပ် နှစ်ထောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည့် မြင်းကို ကြောက်ရွံ့ရိုသေစွာ ကြည့်နေကြသည်။ အနက်ရောင် အားလှိုင်း နှစ်လှိုင်းက အချင်ချင်း ထိပ်တိုက်ရင်ဆိုင်သလို ဖြစ်နေသည်။

“အား”

လေထဲတွင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ဆာကာများက မြင်းများပေါ်မှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ ဝရုန်းသုန်းကား လွင့်စင်ကုန်သည်။

ဆာကာများက အနောက်ပိုင်းဒေသ၏ ကြေးစားစစ်သားထဲမှ အင်အားအကြီးဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူတို့က လက်နက်အပြည့်အဝ တပ်ဆင်ထားသော ထန်အဖွဲ့နှင့် မယှဉ်နိုင်ချေ။ ဝမ်ချောင်က သူ၏ကိုယ်ပိုင်အင်အားကို ထုတ်သုံးရန်ပင် မလိုအပ်ခဲ့ချေ။ ဒီတိုင်း သူ၏စစ်သားများ ချီတက်သောအခါ ထိုဆာကာနှစ်ထောင်က တကွဲတပြားဖြစ်သွားသည်။ အဆုံးသတ်တွင်မူ ဆယ်ဂဏန်းခန့်သာ ရှင်သန်နိုင်ခဲ့သည်။

မြေပြင်တွင် အလောင်းများက ကောဇောလို ခင်းထားပြီးသားဖြစ်သွားသည်။ ချီရှီကာကွယ်ရေးစစ်တပ်မှ အင်အားက ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်ကို မယှဉ်နိုင်သေးချေ။ သို့သော် သူတို့ကလည်း ကောင်းမွန်စွာ လေ့ကျင့်ပေးခံထားရပြီး တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်လာခဲ့သောလူများဖြစ်နေသည်။ ထို့ကြောင့် ကြေးစားစစ်သားများကို ရင်ဆိုင်ရခြင်းက ရိုးရှင်းလွန်းသော တာဝန်တစ်ခုဖြစ်နေသည်။

“ပြေးတော့ ခေါင်းဆောင်ကို သတင်းပို့ရမယ်”

“မင်းတို့ထန်တွေ ဒီကိစ္စအတွက် နောင်တ ရရမယ်”

ရှင်သန်နေသေးသော ဆာကာများက လူစုခွဲပြေးကြသည်။

“နောက်ကလိုက်ဖမ်းပြီး ရန်သူတွေကို အရမ်းကြီးဖိအားမပေးကြပါနဲ့။ အားလုံးပဲ ပြန်လာကြ”

ဝမ်ချောင်က ထိုသို့ ပေါ့ပါးစွာပြောသည်။

“အရှင်အမတ် ကန်းခယ်ခေါင်းဆောင်က လာနေပါတယ်”

ချီရှီကင်းထောက်က ရုတ်တရက် ဝမ်ချောင်၏နားနားကပ်ကာ ခပ်တိုးတိုးပြောသည်။

ဝမ်ချောင်က တုန့်ပြန်သည့်အနေဖြင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ ကန်းခယ်ပိုင်နက်နယ်မြေ တစ်ခုလုံးက တိတ်ဆိတ်နေကြောင်း မြင်လိုက်ရသည်။ မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက ဝမ်ချောင်နှင့် စစ်သားများကို ကြည့်နေကြသည်။ ထိုအချိန်တွင် စူးရှသော မျက်ဝန်းတစ်စုံနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဝမ်ချောင်ထံ လျှောက်လာသည်။

“မင်းကငါတို့ကို ဘာလို့ ကူညီခဲ့တာလဲ”

ကန်းခယ်ဘုရင်က ဝမ်ချောင်ကို သတိအပြည့်ပါသည့် မျက်ဝန်းမျိုးဖြင့် အရှေ့မှ လူငယ်ကို စစ်ဆေးကြည့်နေရင်း ပထမဦးဆုံး ပြောလာသည့်စကားများဖြစ်သည်။ သူ၏အမြင်တွင် မျှော်လင့်ထားသလိုမျိုး ပျော်ရွှင်နေပုံမရချေ။

ယွမ်ရှု့စုန့်က ပါးစပ်အဟောင်းသားဖြစ်သွားပြီး တုန့်ဆိုင်းစွာဖြင့် ပြန်ပိတ်သွားသည်။

“မင်းဒီလို အကူအညီပေးလိုက်တာက ငါ့ကိုပိုပြီး ပြဿနာများစေမယ်ဆိုတာ မသိဘူးလား”

ကန်းခယ်ဘုရင်က ဆက်ပြောသည်။ သူက ဝမ်ချောင်ကို ကြည့်နေရင်း ဟန်ဘာသာစကားကို ကျွမ်းကျင်စွာဖြင့် ပြောလာခြင်းဖြစ်သည်။ ဝမ်ချောင်၏ပတ်ပတ်လည်မှ ချီရှီအရာရှိများက ထိုစကားများကို ချက်ချင်းလိုလို တုန့်ပြန်လိုက်ကြသည်။

“ရမ်းကားလိုက်တာ ငါတို့က မင်းတို့ကို ကူညီတာ။ မင်းက ငါတို့ကိုတောင် ပြန်ပြီး အပြစ်တင်နေသေးတယ်”

“အကူအညီကို မုန်းတီးမှုနဲ့ ပြန်လည်ပေးဆပ်တဲ့ လူတစ်ယောက်ပဲ”

မည်သူကမျှလည်း ကန်းခယ်ကို ကူညီပေးခြင်းက ဒီလိုရလဒ်များ ရလာမည်ဟု မမျှော်လင့်ထားကြချေ။

ဝမ်ချောင်ကပြုံးပြီး လက်တစ်ဖက်မြှောက်ကာ ချီရှီများကို တိတ်စေသည်။

“ဒီလိုဆိုမှတော့ ခေါင်းဆောင်က ဘာလို့များ ပြန်လည်တိုက်ခိုက်ခဲ့သေးတာပါလဲ။ ဆာကာတွေကို ခေါင်းဆောင်တို့ရဲ့ ကျွဲတွေ သိုးတွေကို ယူသွားခွင့်ပြုထားတယ်။ ဘာလို့ ခုခံဖို့ မကြိုးစားတာလဲ”

“ဒါက ငါတို့ရဲ့ပြဿာနာပါ။ မင်းကစိုးရိမ်ပေးစရာ မလိုပါဘူး”

ကန်းခယ်ဘုရင်က ထိုသို့ပြောသည်။

“ခေါင်းဆောင်က ရွေးချယ်ပြီးသားပဲ။ ဘာလို့ ကိုယ့်ကိုယ်ကို လှည့်စားနေတာလဲ”

ဝမ်ချောင်က မြင်းနှီးခုံပေါ်သို့ လက်ကိုအသာတင်ထားပြီး အလျင်မလိုစွာ ဆက်ပြောသည်။

“ထန်တွေကမိတ်ဆွေတွေ ရန်သူတွေမှမဟုတ်တာ။ ဘာလို့ ခေါင်းဆောင်က ဒီလောက်ထိ ထိတ်လန့်နေတာလဲ။ နောက်ပြီး ပိုဆိုးတာက ခေါင်းဆောင်က ဟန်ဘာသာစကားကို ဒီလောက် ချောချောမွေ့မွေ့ ပြောပုံထောက်ရင် အစောပိုင်းနှစ်တွေမှာ မြို့တော်မှ စာလေ့လာခဲ့ဖူးတဲ့ပုံပဲ။ ခေါင်းဆောင်အနေနဲ့ ငါတို့ထန်တွေရဲ့ပုံစံကို နားလည်ထားသင့်တယ်။ ကန်းခယ်ကသာ သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်ပိုင်လက်နဲ့အပ်ပြီး ဆာကာတွေရဲ့ အုပ်စိုးမှုအောက်ကနေ ဖယ်ထွက်ချင်ရင် ငါတို့က ခေါင်းဆောင်ရဲ့ အကောင်းဆုံး ရွေးချယ်မှုပဲ”

“???”

ကန်းခယ်ဘုရင်၏ မျက်လုံးက ပြူးသွားသည်။ အထူးသဖြင့် စာလေ့လာခဲ့ဖူးသည်ဆိုသော စကားကို ထည့်ပြောခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်က အံ့အားသင့်သွားသည်မှာ ရှင်းလင်းနေသည်။ သူက ဝမ်ချောင်ကို တစ်ကြိမ်ထက်ပိုပြီး စစ်ဆေးကြည့်သည်။ ထိုထန်လူငယ်ကိုမူ မတူသော အလင်းရောင်များဖြင့် ဝိုင်းလျှက်ကြည့်လိုက်မိပြီဖြစ်သည်။

ဝမ်ချောင်က ပြုံးရုံသာပြုံးနေသည်။ သူက ထိုသို့အနှစ်ချုပ်နိုင်ခဲ့သည်မှာ ကန်းခယ်က ထိုမျှ သူရဲကောင်းဆန်သော အမျိုးသားကို ရိုးရှင်းစွာ မွေးထုတ်ပေးနိုင်ခြင်း မရှိလောက်တော့သောကြောင့် ဖြစ်သည်။ အဓိက အကြောင်းပြချက်ကမူ သူ၏ခါးတွင်ရှိသော ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေသည့် ကျောက်စိမ်းအဆောင်ကြောင့်ဖြစ်သည်။ ဒါက ဟန်လက်ရာ ကျောက်စိမ်းတံဆိပ် ဖြစ်နေသည်။

ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ကန်းခယ်ကို သူ၏မဟာမိတ် ဖြစ်လိုခဲ့ခြင်းဖြစ်သည်။

“မင်းဘာတွေပြောနေလဲတော့ ငါမသိဘူး။ အနောက်ပိုင်းကိစ္စတွေက မင်းတို့ထန်တွေ ထင်သလောက် မရိုးရှင်းတာတော့ သေချာတယ်။ ဆာကာမှာ စစ်သည်တစ်သောင်းကျော်ရှိတယ်။ မင်း သူတို့ကို ဒီလိုမျိုး မလွှတ်ပေးလိုက်သင့်ဘူး။ သူတို့က ပိုများတဲ့လူတွေကို ခေါ်လာလိမ့်မယ်”

ကန်းခယ်ဘုရင်ကပြောသည်။

“ဟား ဒါဆိုရင်လည်း ခေါ်လာတဲ့လူတွေကို ငါက သတ်ခိုင်းလိုက်ရုံပေါ့”

ဝမ်ချောင်က ထိုသို့ ခပ်အေးအေး ကျုံးဝါးလိုက်သည်။ သူ၏လေသံကမူ အထင်မြင်သေးမှု အပြည့်ပါနေသည်။

ကန်းခယ်ဘုရင်က ထိုလူငယ်ကို စိုက်ကြည့်နေရင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထိုလူက အသက်(၁၆)နှစ် (၁၇)နှစ်သာ အများဆုံး ရှိနိုင်သေးသည့် ငယ်လွန်းသော လူငယ်တစ်ယောက်ဖြစ်သည်။ ထန်တစ်ယောက်အတွက် ယခုလို ငယ်ရွယ်လွန်းသော အသက်အရွယ်တွင် ဗိုလ်ချုပ်ဖြစ်လာခြင်းက အလွန်အမင်း ရှားပါးနေပြန်သည်။ ကန်းခယ်ဘုရင်ကလည်း မဟာထန်မြို့တော်တွင် စာလေ့လာခဲ့ဖူးသည်။ သူက အင်အားကြီးပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ပင် ရခဲ့ဖူးသေးသည်။ သို့သော် လူအနည်းစုလောက်ကသာ ထိုလူငယ်၏ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။

သူ၏ သတိထားမှုကို အဆွဲဆောင်ဆုံးက မျက်ဝန်းများဖြစ်သည်။ ထိုမျက်ဝန်းများက နက်ရှိုင်းပြီး မာနအပြည့်ရှိနေသည်။ သူက အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သလို ယုံကြည်မှုအပြည့် ရှိနေသည်။ ထိုစိတ်နေသဘောထားက မရွေ့နိုင်သော တောင်တန်းတစ်ခုလိုမျိုး ဖြစ်နေလေရာ သာမာန် ဗိုလ်ချုပ်တစ်ယောက်က မပိုင်ဆိုင်သင့်သော အနေအထားမျိုးဖြစ်သည်။

“မင်းသူတို့အားလုံးကို မသတ်နိုင်ဘူး။ ဆာကာတွေက ဆက်တိုက် ရောက်လာနေမှာပဲ။ ဒီနယ်မြေမှာ သူတို့ရဲ့ အင်အားစုကြီးတွေရှိတယ်”

ကန်းခယ်ဘုရင်ကပြောသည်။

“ဒါဆိုရင်လည်း ဆာကာတွေအားလုံးကိုသတ်ပြီး အားလုံးကို အနိုင်ယူလိုက်ရုံပေါ့”

ဝမ်ချောင်က ထိုသို့ ဆက်ပြောပြန်သည်။ သူ၏အမူအရာက သက်တောင့်သက်သာ ဖြစ်နေသည်။ သူ၏မျက်ဝန်းထဲမှ ထက်ရှမှုကမူ ခြောက်ခြားဖွယ်ကောင်းသည့် အရှိန်အဝါမျိုးကို ထိန်းထားနိုင်သည်။

“တကယ်ပဲ မင်းကဘယ်သူလဲ”

ကန်းခယ်ဘုရင်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး နောက်ဆုံးတွင် စွံ့အမှုကို ပြသသည်။ သူက သူ၏အရှေ့တွင်ရှိနေသော ထိုမဟာထန်လူငယ်၏ နောက်ခံဟာ မျှော်လင့်ထားသည်ထက် အများကြီး လျို့ဝှက်ဆန်းကြယ်နိုင်ကြောင်း အများကြီး သတိထားလိုက်မိပြီဖြစ်သည်။ သမန်ကာလျံကာ မှတ်ချက်များကတင် အနောက်ပိုင်းဒေသတွင် နှစ်ရာချီသမိုင်းရှိသော အဖွဲ့ကြီးတစ်ခုကို ရှင်းလင်းပစ်လိုက်နိုင်ကြောင်း ကြိမ်းဝါးလိုက်သည်။ အခြားတစ်ယောက်ယောက်ကသာဆိုလျှင် သူရူးတစ်ယောက်ဟု သတ်မှတ်လောက်သည်။

သို့သော် ဝမ်ချောင်၏ လေသံ မျက်နှာထားက နောက်နေဟန်မရချေ။ ထပ်ပေါင်းဆိုရသော် ချီရှီကာကွယ်ရေးစစ်တပ်ဟု တိုက်ခိုက်ပြီးကာစ တိုက်ပွဲမှ သွေးများပင် မခြောက်သေးသော ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သားများက ဝမ်ချောင်၏ စကားလုံးများကို အလွန်အမင်း အလေးအနက်ထားပုံရသည်။

ရွယ်ချန်ကျွင်းက သူ၏မြင်းကို ရှေ့သို့နှင်လိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးသည်။

“မင်းတို့ကန်းခယ်တွေက မောက်မာလွန်းပြီး လူတွေနဲ့ အဆက်အသွယ်ပြတ်နေတော့ ငါတို့ရဲ့အရှင်ကို ဘယ်မှတ်မိပါ့မလဲ။ သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းကင်ဘုံသားတော်ရဲ့တပည့် မဟာထန်ရဲ့ လူငယ်အမတ်ပဲ”

“ချီရှီကာကွယ်ရေးဗိုလ်ချုပ်”

ကန်းခယ်ဘုရင်၏ ခန္ဓာကိုယ်က အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။ သူဟာ ချောင်ကျလွန်းသော ကန်းခယ်၏ ပိုင်နက်အတွင်းတွင် ရှိနေသည့်တိုင်အောင် လွန်ခဲ့သော လအနည်းငယ်ခန့်က အနောက်ပိုင်းဒေသမှ နာမည်ကျော်ကြားလောက်သော ပုဂ္ဂိုလ်ကြီးနှစ်ယောက်အကြောင်း သိနေသေးသည်။ ထိုနှစ်ယောက်က တူရကီမှ အနက်ရောင်ဝံပုလွေဟုခေါ်သော ရကု အကုတုလန်နှင့် တိဗက်မှ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး သာ့ယန်မာန်ပန့်တို့ကို သတ်သွားခဲ့သည့် လူငယ်ဝမ်ချောင်အကြောင်းကိုလည်း ကြားထားသည်။

ထိုဝမ်ချောင်ဟာ ချီရှီကာကွယ်ရေးဗိုလ်ချုပ် တစ်ယောက်ဖြစ်သည့် ဖုမာန်လင်းချာကဲ့သို့ ကြမ်းတမ်းစွာ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော လူ၏နေရာကို အစားဝင်ထားသည်။ ကောလဟာလများအရ ဖုမာန်လင်းချာက သူ၏နေရာမှ စိတ်လိုလက်ရဖြင့် ဖယ်သွားခဲ့ခြင်းမဟုတ်ချေ။ သူက ဝမ်ချောင်နှင့် ရုန်းကန်မှုတစ်ခုအတွင်း ကျရှုံးသွားခြင်းဖြစ်နေသည်။

အတိုချုံ့ဆိုရသော် သူနှင့်ပတ်သတ်ပြီး ဒဏ္ဍာရီပေါင်းများစွာရှိသည်။ တစ်ခုချင်းစီက အလွန်အမင်း လျို့ဝှက်ဆန်းကြယ်နေသည်။

ကန်းခယ်ဘုရင်ကလည်း မဟာထန်၏ အငယ်ဆုံးသော ကာကွယ်ရေးဗိုလ်ချုပ်ကြီးက သူ၏အရှေ့တွင် ပေါ်လာမည်ဟု မမျှော်လင့်ထားဖူးချေ။

ဆိုတော့ သူဖြစ်နေတာကိုး

ကန်းခယ်ဘုရင်ကလည်း အံ့အားသင့်မှုကို ဖိနှိပ်ရန် ခက်ခဲသွားကြောင်း ရှာတွေ့လိုက်သည်။ သူဟာ နှစ်ပေါင်းများစွာကြာအောင် အခွင့်အရေးတစ်ခုကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သူကသာ ထိုချီရှီကာကွယ်ရေးဗိုလ်ချုပ်နှင့် ထန်စစ်သည်သောင်းကျော်၏ အကူအညီကို ရနိုင်လျှင် ကန်းခယ်လူမျိုးများဟာ ဆာကာများလက်အောက်မှ လွတ်ကောင်းလွတ်သွားနိုင်သည်။ နှစ်ရာကျော် သည်းခံခဲ့ရသည့် အရှက်တရားခွဲခံရမှုကလည်း နောက်ဆုံးတွင် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။

ဝုန်း

သူက တွေးနေသည့်အချိန်တွင် မြေကြီးက တသိမ့်သိမ့် တုန်ခါလာပြီး ပြင်းထန်သည့် လေပြင်းက တိုက်ခတ်လာသည်။ ဝမ်ချောင်နှင့် ကန်းခယ်ဘုရင်တို့က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ အနောက်ဘက်မှ တိုက်လာသည့် သဲမုန်တိုင်းကို မြင်လိုက်ရသည်။ သဲမုန်တိုင်းအောက်တွင် လူထောင်ကျော်ပါလာသည်။

ဆာကာတွေ

ကန်းခယ်ဘုရင်က ကြောက်လန့်သော ခန့်မှန်းမှုများက ဖြစ်လာခဲ့လေပြီ။ ထွက်ပြေးသွားသော ဆာကာများက သတင်းကို သယ်လာသည်နှင့်အမျှ ဆာကာစစ်တပ်ကို စုစည်းလာလေပြီး မိုးကုတ်စက်ဝိုင်းတည့်တည့် လွှမ်းခြုံလာသော မြောက်များလွန်းသည့် အင်အားစုများကို မြင်သောအခါ သူ၏နှလုံးသားက ကျောက်တုံးများပိသလို လေးလံသွားသည်။ သူက သူ၏ကိုယ်ပိုင်လုံခြုံရေးကို မစိုးရိမ်ချေ။ သို့သော် သူ၏ ရွာ၏ လုံခြုံရေးအတွက် စိုးရိမ်နေခြင်းဖြစ်သည်။

“ရွယ်ချန်ကျွင်း သူတို့ကို ပြင်ဆင်ထားတဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေပေးလိုက်”

ကန်းခယ်ဘုရင်က ထိုအမိန့်ကိုရသောအခါ ရွယ်ချန်ကျွင်း၏ ချီရှီစစ်သည် ဆယ်ယောက်ကျော်ခန့်က ရှေ့သို့ အပြေးလာပြီး ကန်းခယ်ဘုရင်၏အရှေ့တွင် သတ္တုသေတ္တာကြီးများကို လာချကြောင်း တွေ့လိုက်ရသည်။ ထိုသေတ္တာများကို ဖွင့်ကြည့်သောအခါ အတွင်းတွင် သံချပ်ကာများနှင့် လက်နက်များက တောက်ပစွာရှိနေကြောင်း တွေ့လိုက်ရသည်။

အဝေးတွင် ဆာကာထောင်ကျော်က ဆက်တိုက် အပြေးနှင်လာနေသည်။ အဖြူရောင်ဆာကာ တောင်ပေါ်မြင်းတစ်ကောင်က ဦးဆောင်လာခြင်းဖြစ်သည်။ မြင်းစီးသူကမူ အသက်သုံးဆယ် အရွယ်ခန့်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ကြွက်သားအပြည့်ရှိနေပြီး အမာရွတ်များ ပြည့်နေသည်။ သူက ထိုစစ်တပ်၏ ခေါင်းဆောင်ဖြစ်သည်။

“မဟာထန်က လူတွေ ငါတို့ဆာကာတွေက မင်းတို့နဲ့ ဘာရန်ငြိုးမှမရှိဘူး။ ဒါကို ဘာလို့ ကန်းခယ်တွေကို ကူညီပြီး ငါတို့လူတွေကို သတ်ရတာလဲ”

ဆာကာခေါင်းဆောင်က လက်အောက်ငယ်သားပေါင်း များစွာကိုခေါ်ကာ အရှေ့သို့ ချီတက်လာသည်။ သူက ကန်းခယ်ဘုရင်ကို အာရုံမစိုက် သူ၏မျက်လုံးက ဝမ်ချောင်ထံတွင်သာ ရှိနေသည်။ သူ၏ကိုယ်အတွင်းမှ ကြမ်းတမ်းကာ ခက်ထန်လွန်းသော သတ်ဖြတ်ခြင်း ဆန္ဒများက ဖြာထွက်နေသည်။

ဆာကာများက အင်အားကြီးသော ကြေးစားစစ်သည်တော်များဖြစ်သည်။ သူတို့ကလည်း စစ်တပ်ကို မကြောက်ချေ။

“ဟမ့်”

ဝမ်ချောင်၏နှုတ်ခမ်းက အပြုံးတစ်ခု ဖြစ်တည်လာလေရင်း သူကမြင်းကို ရှေ့သို့အသာ စီးသွားလိုက်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် သူက တဖြည်းဖြည်းချင်း သူ၏အစစ်အမှန် ပန်းတိုင်ကို ထုတ်ပြလာသည်။

“ဘာလို့လည်းဆိုတော့ ငါက ဆာကာတွေကိုသုံးပြီး ကြေညာချက်တစ်ခု ထုတ်ချင်လို့ပဲ။ စိတ်ပြောင်းလွယ်တဲ့ ကြေးစားစစ်သည်အဖွဲ့တွေကို စောင့်ကြိုနေမှာက သေခြင်းတရားပဲ။ ဒီလူတွေအားလုံး ဆာကာတွေလို အဆုံးသတ်ရလိမ့်မယ်”

ဝမ်ချောင်၏ ကျုံးဝါးမှုက ကျယ်လောင်လွန်းသည်။ အားလုံးကလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ကန်းခယ်ဘုရင်ကပင် ဖိအားများသွားသေးသည်။ ဝမ်ချောင်က သူ့အတွက် အထူးတလည် လာခဲ့သည်ဟု ယုံကြည်ထားသည်။ သို့သော် ယခုမှသာ ဝမ်ချောင်၏ အစစ်အမှန် ပန်းတိုင်က အရှိန်အဝါကြီးမြတ်သော ဆာကာများဖြစ်နေကြောင်း သိလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းက ဝမ်ချောင်၏ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသော ပုံရိပ်ကို စိုက်ကြည့်နေကြသည်။ သူ၏အကြည့်က ဆာကာလူအုပ်ထံတွင်သာ ရှိနေသည်။ သူ၏အပြုံးက တဖြည်းဖြည်းချင်း ပျောက်သွားပြီး အမူအရာက အေးစက်ကာ တင်းမာသွားသည်။

ဆာကာ

ဆာကာဟာ အနောက်ပိုင်းဒေသမှ အလွန်အမင်း လေးစားဖွယ်ကောင်းသည့် ကြေးစားစစ်သား အဖွဲ့ကြီးဖြစ်သည်။ သို့သော် သူတို့၏ အားသာချက်နှင့် အားနည်းချက်များကလည်း သိသာထင်ရှားသည်။ သူတို့က စိတ်ပြောင်းလွယ်သည်။ ယုံကြည်၍မရချေ။ သူတို့က ကြေးစားစစ်သား စာချုပ်တစ်ခုကို လက်ခံရရှိပြီးသောအခါ ဆန့်ကျင်ဘက်အဖွဲ့ကသာ ပိုမြင့်သောကြေးကို ပေးလိုက်မည်ဆိုလျှင် စာချုပ်ဟောင်းကို အချိန်မရွေးဖျက်သွားနိုင်ပြီး ယခင်မဟာမိတ်များ ယခင်အလုပ်ရှင်များကို ချက်ချင်း တိုက်ခိုက်နိုင်ကြသည်။

ထိုအခြေအနေမျိုးက ထပ်ခါတလဲလဲ ဖြစ်လာသောအခါ ဆာကာများက ကြွယ်ဝမှုများကို ပိုင်ဆိုင်လာကြပြီး လက်ရှိလိုအင်အားမျိုးကို ပိုင်ဆိုင်လာကြသည်။

တာလာ့နှင့်စစ်ပွဲတွင် ဝမ်ချောင်ဟာ အာရပ်တစ်သုတ်ပြီးတစ်သုတ်ကို ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်သည်။ သူတို့အားလုံးဟာ လေးစားဖွယ်ကောင်းပြီး အရေအတွက်ဟာ အနောက်ပိုင်းဒေသတွင်ရှိသော မဟာထန်မှ မြို့စောင့်တပ်များထက် အပြတ်အသပ် သာနေနိုင်သည်။ ဝမ်ချောင်ကသာ သူတို့ကို အနိုင်ယူနိုင်လျှင် သစ္စာရှိ ကြေးစားစစ်သည်ပေါင်း များစွာကို လိုအပ်သည်။ သူတို့က ကာလာ့များဖြစ်နေ၍မရသလို အရှက်မဲ့သော ဆာကာများ ဖြစ်နေ၍ပင် မရသေးချေ။

တိုက်ပွဲအတွင်းတွင် သစ္စာဖောက်ခံရခြင်းက သေစေနိုင်သော ထိုးနှက်ချက်ဖြစ်သည်။

ဝမ်ချောင်ဟာ မျောက်ကိုခြောက်လန့်လို၍ ကြက်ကိုအရင်သတ်ရချင်သည်။ ဆာကာများဟာ ပထမဦးဆုံး လူသတ်မှု၏ ပစ်မှတ်မျှသာဖြစ်သည်။ အနောက်ပိုင်းဒေသမှ ကြေးစားစစ်သား အဖွဲ့များက ထိုစာချုပ်များ၏ အရေးပါမှုကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီး မဟာထန်စစ်တပ်ကို သစ္စာဖောက်လျှင် ရမည့်တန်ကြေးကို နားလည်သွားမှသာလျှင် ကာလာ့များကဲ့သို့ တိုက်ပွဲမှဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ပေလိမ့်မည်။

အခန်း(၈၅၈)

“မျိုးမစစ်တွေ မဟာထန်ရဲ့ ဘယ်ကောင်မှ ဒီလိုစကားမပြောရဲဘူး။ မင်းနောင်တရရလိမ့်မယ်”

ဆာကာခေါင်းဆောင်က ဒေါသထွက်လွန်းသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကပင် တုန်ယင်သွားသည်။ သူ၏မျက်နှာဟာ မည်းမှောင်လာပြီး ထိုစကားလုံးများကို အော်ပြောလိုက်သည်။ ထို့နောက်သူက မြင်းကို ချက်ချင်းလိုလို နောက်ပြန်လှည့်သွားသည်။

“သတ်”

ဆာကာမှ မြင်းတပ်ထောင်ကျော်က ချက်ချင်းဆိုသလို အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများက သွေးနီရောင်သမ်းလာပြီး သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများဖြင့် တောက်ပလာကာ အပြေးနှင်လာကြသည်။ ဒီတစ်ကြိမ်တွင်မူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ အတိတ်တွင် ဆာကာက ထန်စစ်တပ်ကို အလောတကြီး မတိုက်ခိုက်ရဲခဲ့ချေ။ အနည်းဆုံး ယခုလို အနေအထားမျိုးနှင့်ဖြစ်သည်။

သို့သော် ဒီတစ်ကြိမ်တွင်မူ အကြောက်အလန့်မဲ့သော အန်းရှီမဟာဗိုလ်ချုပ် ကောင်းရှန်းကျစ်က သူ၏ လက်ရွေးစင်သုံးသောင်းနှင့် မျိုးနွယ်ခြား စစ်သားလေးသောင်းကျော်နှင့်အတူ တာလာ့တွင် တပ်ဆွဲထားသည့်အတွက် အနောက်ပိုင်းဒေသမှ မြေပုံက ပြောင်းလဲသွားပြီဖြစ်သည်။ ယခုလို အပြောင်းအလဲ ဖြစ်နေသော မျိုးဆက်ခြား ကာလအနေအထားမျိုးတွင် ချီရှီကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက်လောက်ကို ဆာကာများက ကြောက်နေလိမ့်မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဒါက သူတို့၏အိမ်ဖြစ်သည်။

ဝုန်း

စစ်မြင်းများက နီးသထက်နီးလာသည်။ မိုးခြိမ်းသံများတမျှ ကျယ်လောင်သော ခွာများက လူတစ်ယောက်၏ နှလုံးသားကို ဖိသလိုမျိုး ကြမ်းတမ်းသည့် အသံမျိုးကို လွှတ်ထုတ်လာကြ၏။ ကန်းခယ်တိုင်းက ဝမ်ချောင်က ပေးထားသော သံချပ်ကာများကို ဝတ်ပြီး လက်နက်များကို ကိုင်ဆွဲထားကာ ကန်းခယ်ဘုရင်၏နောက်တွင် စုစည်းနေသည်။

အနီးအနားတွင် ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်ငါးထောင်ကလည်း သတိအပြည့်ကပ်ကာ စောင့်နေကြသည်။ သူတို့က အလွန်အမင်း မြင့်မားလွန်းပြီး ရွေ့လျားရန် မဖြစ်နိုင်သည့် တောင်တန်းကြီးများအလား ထင်ရပြန်သည်။

လေပြင်းက မုန်တိုင်းကို ဖြစ်ပေါ်စေသည်။ အားလုံးကလည်း လေးစားဖွယ်ကောင်းလွန်းသည့် အင်အားစုကြီးနှင့် တိုက်ခိုက်ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သိနေကြသည်။ အရေအတွက်ချင်း အပြတ်အသပ် သာနေသည့် တိုက်ပွဲမျိုးတွင် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ခြေလှမ်းနှစ်ရာ၊ ခြေလှမ်းတစ်ရာ၊ ခြေလှမ်းငါးဆယ်

အကွာအဝေးက ကျဉ်းသထက်ကျဉ်းလာသည်။

“သတ်”

ဆာကာထောင်ကျော်တိုင်း၏ မျက်နှာက ခက်ထန်ကြမ်းတမ်းနေသည်။ အားလုံးက အော်ဟစ်နေကြသည်။ သို့သော် သူတို့က သူတို့၏အင်အား အပြည့်အဝ လွှတ်ထုတ်ကာ အထွဋ်အထိပ်ထိ ရောက်ရှိနေသော အချိန်ကာလတွင် ဝမ်ချောင်က ဖျော့တော့စွာပြုံးလျှက် နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။

ဝုန်း

လေထဲတွင် ချီစက်ကွင်းများက ဘုန်းကနဲ ထိုးထွက်လာပြီး အချင်းချင်း ထိပ်တိုက်ဆုံသွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်၏ကိုယ်မှ တောက်ပလွန်းသော အလင်းများက ဖြာထွက်လာကာ တောင်ဘက်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

တိုက်ပွဲနယ်မြေရဲ့ အဆိပ်ချီစက်ကွင်း

အလင်းရောင်က ဖြတ်ကနဲ လက်သွားပြီးနောက် ဝမ်ချောင်ဟာ တိုက်ပွဲနယ်မြေ၏ အဆိပ်ချီစက်ကွင်း သုံးခုကို လွှတ်ထုတ်လိုက်သည်။ ထိုအရာများက ဆာကာများကို မုန်တိုင်းလို လွှမ်းခြုံသွားသည်။ အားလုံးက အံ့အားတကြီးဖြစ်သွားကြရင်းမှ ဆာကာမြင်းတပ်က လေလျော့သွားသော ပူဖောင်းများကဲ့သို့ ဖြစ်သွားကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က မယုံနိုင်စရာကောင်းသည့် အရှိန်နှုန်းဖြင့် ထိုးကျသည်။

ထိုတခဏတွင် ဆာကာများ၏ မျက်နှာဟာ စက္ကူဖြူများလို ဖြူစုတ်သွားသည်။ ကန်းခယ်များကပင် အင်အားကြီးသွားကြသည်။

“သတ်”

ချက်ချင်းဆိုသလို တောင်နဘေးက ရွေ့သွားသလိုမျိုး ကန်းခယ်နှင့်ချီရှီစစ်သားများက ရုတ်ချည်း ထိုးထွက်သွားကြကာ ဆာကာများအတွင်းသို့ ဝင်ရောက်သွားကြသည်။ လောက၏ အကောင်းဆုံး မြင်းတပ်အပြင် မည်သူကမှ တိုက်ပွဲနယ်မြေ၏ အဆိပ်ချီစက်ကွင်း သုံးခုဒဏ်ကို မခံနိုင်ကြချေ။ ဆာကာများကပင် ချွင်းချက်မရှိချေ။

“အား”

ချီရှီကာကွယ်ရေးစစ်တပ်နှင့် ကန်းခယ်များ၏ အလုံးအရင်းဖြင့် ပူးပေါင်းသတ်ဖြတ် တိုက်ခိုက်မှုအောက်တွင် ဆာကာသုံးသောင်းက ချက်ချင်းဆိုသလို ပြိုလဲကျသည်။ မြေပြင်တွင် အလောင်းများ ပုံလာသလို လေထဲတွင် သွေးနှင့်အော်သံများက ပြည့်နှက်သွားသည်။

...

သုံးရက်ခန့်ကြာပြီးနောက် အနောက်ပိုင်းဒေသတခွင်လုံး အံ့အားသင့်ဖွယ်ကောင်းသော သတင်းတစ်ခုက ပြန့်လာသည်။

ကျော်ကြားလွန်းလှသော ဆာကာဆိုသည့် အနောက်ပိုင်းဒေသမှ အင်အားအကြီးဆုံး ကြေးစားစစ်သား အဖွဲ့ထဲမှ တစ်ဖွဲ့ဟာမဟာထန်၏ ချီရှီကာကွယ်ရေးစစ်တပ်နှင့် ကန်းခယ်အဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်သွားသည်ဆိုသော သတင်းဖြစ်သည်။ မဟာထန်၏ အထောက်အပံ့နှင့်အတူ ကန်းခယ်ဟာ ဆာကာအဖွဲ့တိုင်းကို ရှင်းလင်းခဲ့သည်။ အမျိုးသားများက အသတ်ခံရပြီး အမျိုးသမီးများနှင့် ကလေးများကမူ ဆွဲခေါ်သွားခံရသည်။ ကျွဲ၊ နွား၊ သိုး၊ မြင်းများအားလုံးကို ကန်းခယ်များက သိမ်းသွားသည်။

ကန်းခယ်ဟာ အနောက်ပိုင်းဒေသတွင်မူ နံဟောင်နေသော ဝက်များဟုသာ ခေါ်နေခဲ့ရာမှ ရုတ်ချည်း ဆာကာနှင့် တိုက်ပွဲတွင် သူတို့၏ လေးစားဖွယ်ကောင်းသည့် အင်အားကို ထုတ်ပြနိုင်သွားသည်။ သူတို့က ကြမ်းတမ်းသည်။ ကြောက်မက်ဖွယ်ကောင်းပြီး သေးခြင်းတရားကို အကြောက်အလန့်မဲ့သည်။ ဒါက သူတို့သိထားသော ကန်းခယ်များနှင့် အပြတ်အသတ်ကွာနေသည်။ သံချပ်ကာ လက်နက်နှင့် မြင်းတစ်ကောင်ရထားသော ကန်းခယ်ဟာ ဆာကာကို တစ်ယောက်ချင်းယှဉ်သော တိုက်ပွဲတွင်ပင် အနိုင်ယူနိုင်ခဲ့သည်။

အနောက်ပိုင်းဒေသမှ ကြေးစားစစ်သား အဖွဲ့တိုင်းကလည်း ထိုသတင်းကြောင့် မှင်သက်ကုန်ကြသည်။

သူတို့ကို ပို၍ အံ့အားသင့်စေသော သတင်းကမူ ထိုဆာကာများကို သေဆုံးစေခဲ့သည်မှာ ကန်းခယ်ကို နောက်ခံပေးထားသည့် ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကြီးဆိုသော သတင်းကြောင့်ဖြစ်သည်။

ဆာကာဟာ ရှင်းထုတ်ပစ်ခံခဲ့ရသည်မှာ သူတို့၏ ကျိန်ဆိုပြောကာ သစ္စာစောင့်သိမှုများကို ဘယ်သောအခါမှ သိခြင်းမရှိဘဲ ဘက်ပြောင်းလွယ်သောကြောင့်ဖြစ်သည်။ အနောက်ပိုင်းဒေသတွင် မည်သည့်ကြေးစားစစ်သား အဖွဲ့တွင်မဆို ကိုယ်ပိုင်ကြေးစားစစ်သား စာချုပ်ရှိသည်။ အဖွဲ့တိုင်းက ထိုစာချုပ်အတိုင်း လိုက်နာရမည်ဖြစ်ပြီး ယခင်အလုပ်ရှင်ကို ပြန်လည်ကာ ဒုက္ခပေးသောလူတိုင်းက ဆာကာများလို အဆုံးသတ်ရမည်ဟုဆိုသည်။

ထိုသတင်းက မရေမတွက်နိုင်သော ကြေးစားစစ်သား အဖွဲ့များကို ကြောက်လန့်ကာ တုန်ယင်စေပြီး လူပေါင်းများစွာဟာလည်း အလန့်တကြားဖြင့် သူတို့၏ ယခင် လုပ်ဆောင်မှုများကို ပြန်လည် တွေးတောမိကြသည်။ အနောက်ပိုင်းဒေသအတွင်းတွင် နဂိုက ဝရုန်းသုန်းကား ဖြစ်နေခဲ့သော ကြေးစားစစ်သားများ၏ အခြေအနေက ထိုအဖြစ်အပျက်ကြောင့် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုကို လက်ခံရရှိလိုက်သည်။ ထိုအချိန်တွင် ကန်းခယ်များ၏ အင်အားကြီးလာမှုက အချို့သော ကြေးစားစစ်သား အဖွဲ့များကို ကြီးမားသည့် အခွင့်အရေးတစ်ခု မြင်ယောင်မိသွားစေသည်။

ဆာကာများကို ရှင်းလင်းပြီးနောက် သူတို့၏ ကြွယ်ဝမှု အမျိုးသမီးများ၊ နွားများ၊ သိုးများ စသဖြင့် အရာအားလုံးကို ထန်များက မသိမ်းဘဲ ထန်များက ကူညီပေးထားသည့် ကန်းခယ်များကိုသာ ပေးလိုက်သည်။

အန္တရာယ်နှင့် အခွင့်အရေးက လက်တွဲလျှက်လာတတ်သည်။ အနောက်ပိုင်းဒေသမှ ကြေးစားစစ်သား အဖွဲ့များကလည်း ဝမ်ချောင်က ပေါ်ထွက်လာခြင်းအားဖြင့် ကိစ္စများက ပြောင်းလဲတော့မည်ဖြစ်ကြောင်း မြင်နိုင်နေလေသည်။

...

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင် လီစစ်ယဲ့၊ ချန်းပင်း၊ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ ကျောင်းကျင်းတရန်၊ ရွှီချီချင်... အားလုံးဟာ အတူလည်ပတ်နေသလို အတူပူးပေါင်း လုပ်ဆောင်နေကြသည်။ သူတို့အားလုံးဟာ အာရပ်နှင့် ရင်ဆိုင်ရာတွင် ကြုံဆုံရမည့် လာမည့်စစ်ပွဲအတွက် ပြင်ဆင်များကို ဆက်တိုက် လုပ်ဆောင်နေကြသည်။

တစ်လောကလုံးက တိတ်ဆိတ်နေကြသည်။ သို့သော် တိတ်ဆိတ်မှု၏အတွင်း အနက်ရှိုင်းဆုံး အပိုင်းတွင် မိုးခြိမ်းနေပြီဖြစ်သည်။

အနောက်မြောက်ပိုင်း၏ ဝေးကွာလွန်းသော တစ်နေရာ၊ မြောက်ပိုင်းတောင်ပေါ်ဒေသ၏ အနောက်ဘက်ခြမ်းတွင် အကြီးအသေး ပါလာရှိသည်။

ခြိမ်း

ထိုနေရာတွင် အနက်ရောင် ခံတပ်တစ်ခုက တည်ရှိနေပြီး ကြီးမားသော ချောက်နက်ကြီးက အရှေ့ဘက်တွင် ရှိနေသလို အနောက်ဘက်တွင်လည်း မြင့်မားမတ်စောက်လွန်းသော ချောက်ကမ်းပါး နံရံကြီးကရှိနေသည်။ အသေးပါလာ၏ အရှေ့ဘက်အကျဆုံးသော နယ်စပ်တွင်ရှိနေသော မြို့တစ်မြို့က ရုတ်တရက် ဂိတ်ကိုဖွင့်လိုက်ပြီး ဆွဲတံတားအရှင်ကို ချလိုက်သည်။ ထိုတံတားဟာ တစ်ကျန်းကျော်ကျယ်ပြီး ဆယ်ကျန်းကျော်ရှည်သည်။ ထို့ကြောင့် ချောက်ကမ်းပါးနှင့် ချောက်နက်ကို ဖြတ်သန်းကာ သွားလာနိုင်ရန် လုံလောက်နေပြီဖြစ်သည်။

ထိုအချိန်တွင် ဘိမ်းလိမ့်သံများကို ကြားလိုက်ရပြီး အနက်ရောင် ရထားလုံးများက ဂိတ်ထဲမှ ထွက်လာသည်။ အပေါ်တွင်လည်း ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများပါသည်။ ထိုရထားလုံးများ ဝန်းကျင်တွင် စင်းထူဘုန်းတော်ကြီးများ ရှိနေကြသည်။ သူတို့၏ ပိန်းပိတ်အောင် မည်းမှောင်သော အသားအရည်က အညစ်အကြေးများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ အနောက်တွင် ခုံကျစ်အန်းနှင့် သူ၏ ဝူရှန်းမြင်းတပ်တစ်ထောင်ဖြစ်သည်။

သူတို့၏သံချပ်ကာက မည်းနက်ပြီး ဆံပင်မွှေး ထောင်တက်စေလောက်မည့် ခုတ်ချက်များ ရှိနေသည်။ ထိုသို့ဖြင့် အကွဲကြားများက အပြည့်ရှိနေသည်။ ထိုအကွဲကြားများမှတဆင့် အောက်ဘက်ရှိ အသားအရည်က မည်းနက်နေကြောင်း မြင်နိုင်သည်။ ပိုင်ရှင်က ရွံ့နွံများပြည့်နေသော မိုင်းတွင်းထဲသို့ ပြုတ်ကျထားသလိုပင် ထင်ရသည်။ သူတို့စတင်ထွက်ခွာလာခဲ့သော အချိန်နှင့်ယှဉ်သော် ခုံးကျစ်အန်းနှင့် သူ့လူများက အသက်ဘေးမှလွတ်အောင် ထွက်ပြေးခဲ့ရသော တိုက်ပွဲမျိုးကို ရင်ဆိုင်ခဲ့ရပုံပေါ်လေသည်။

တစ်ယောက်ချင်းစီတိုင်းက နွမ်းလျနေကြပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများက ပြည့်နှက်နေသည်။ သို့သော် သူတို့၏ မျက်ဝန်းကမူ တောက်ပပြီး အားအင်အပြည့်ရှိကာ ဘယ်သောအခါမှ ငြိမ်းသွားမည်မဟုတ်သည့် တောက်လောင်နေသော မီးတောက်နှင့်တူသည်။

“ငါတို့နောက်ဆုံးတော့ပြန်ရောက်ပြီ”

တိဗက်တောင်ပေါ်ဒေသကို ခပ်ဖျော့ဖျော့ မြင်နေရသောအခါ ခုံးကျစ်အန်းက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ရက်နှစ်ဆယ်ကျော်အတွင်း စင်းထူအတွင်းသို့ ဝင်ရောက်သည့် ခရီးက မည်သည့်အရာကို ဆိုလိုကြောင်း နားလည်ခဲ့သည်။ အရှေ့ဘက်မှနေက တဖြည်းဖြည်းချင်း ထွက်လာသော မြင်ကွင်းကို ကြည့်နေရင်း ခုံးကျစ်အန်းဟာလည်း ဘဝတွင် ပထမဦးဆုံးအကြိမ် နေအလင်းရောင်ကို ပြန်မြင်လိုက်ရသလို ခံစားလိုက်ရသည်။

“သွားရအောင် ဗိုလ်ချုပ်က တောင်ပေါ်မှာ ငါတို့ကို စောင့်နေသေးတယ်”

ခုံးကျစ်အန်းက ဓားကိုရှေ့သို့ညွှန်းရင်း ပြောလိုက်သည်။ အော်ဟစ်သံနှင့်အတူ သူက မြင်းစီးထွက်ခွာသည်။ ဝူရှန်းမြင်းတပ်တစ်ထောင်ကလည်း နောက်မှ ကပ်လိုက်လာသည်။ ထိုဓားမြအားလုံးက စင်းထူဘုန်းတော်ကြီး ရှစ်ဆယ်ကျော်နှင့်အတူ တောင်ပေါ်ဒေသထံ ဦးတည်လာခဲ့သည်။

သူတို့၏အနောက်တွင်မူ အနက်ရောင် ခံတပ်အတွင်းတွင်ရှိသော မရေမတွက်နိုင်သော လူပေါင်းများစွာက ထွက်သွားသောလူများကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ထိုလူများ၏ မျက်နှာတွင် လေးစားမှုက အပြည့်ရှိနေသည်။

ရက်နှစ်ဆယ်အတောအတွင်း ထန်စစ်သည်တော်များက မြောက်ပိုင်းစင်းထူနှင့် အကြီးအသေး ပါလာတွင် သူတို့အတွက် လမ်းဖောက်ထုတ်ပေးခဲ့သော ဒဏ္ဍာရီများကို ကြားခဲ့ရသည်။ သူတို့က အံ့အားသင့်ဖွယ် ကောင်းလွန်းသည့် ဒဏ္ဍာရီပေါင်းများစွာကို ဖန်တီးပေးသည်။

“ဒါကမှ အစစ်အမှန် သူရဲကောင်းတွေပဲ”

မြို့၏ တောင့်တင်းသန်မာသော မြို့အရှင်က ဦးထုတ်ကိုချွတ်လိုက်ပြီး ထွက်သွားသော ကျောပြင်များကိုကြည့်ကာ လေးစားစွာ ဂါရဝပြုလိုက်သည်။

ဒါက အစစ်အမှန် ရဲရင့်သောလူများကို သူပေးနိုင်သည့် ဂါရဝသာဖြစ်သည်။

......

မြေက်ပိုင်းတိဗက်တောင်ပေါ်ဒေသတွင် လေတွင်လွင့်နေသော အလံများကို မြင်နိုင်သည်။ သူ၏ တောင်ပေါ်မြင်းပေါ်တွင် ထိုင်နေသော လီစစ်ယဲ့က မရွေ့လျားသော တောင်တန်းတစ်ခုလိုမျိုး တောင်ပေါ်ဒေသတွင် စောင့်နေသေးသည်။ ရက်နှစ်ဆယ်ကျော်လုံးလုံး လီစစ်ယဲ့နှင့် သူ၏စစ်သည် တစ်ထောင်က သူ၏ရဲဘော်ရဲဘက်များ ပြန်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်နေသည်။

“အရှင် သူတို့လာနေကြပြီ”

အပျော်လွန်သွားသော အသံတစ်သံက ထွက်ပေါ်လာသည်။

လီစစ်ယဲ့က ကင်းထောက်၏ လက်ညိုးညွှန်ရာသို့ ကြည့်လိုက်သည့်အခါ တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့် လူတန်းရှည်ကို မြင်လိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် သူက ဦးဆောင်နေကြောင်း သိလိုက်သည်။

“ဒါက ခုံးကျစ်အန်းပဲ”

ထိုအချိန်ကာလ အတောအတွင်း လီစစ်ယဲ့၏ မျက်နှာက ကျောက်သားလို ပြောင်းလဲခဲ့ခြင်းမရှိချေ။ ရာထူးက မည်သို့ ပြောင်းလဲလာစေကာမူ မျက်နှာထားက ပြောင်းလဲလာခြင်းမရှိချေ။ သို့သော် ခုံးကျစ်အန်း၏ အဖွဲ့ကို မြင်သောအခါ သူက တောက်ပစွာ ပြုံးလိုက်သည်။

ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေ

လီစစ်ယဲ့နှင့် ခုံးကျစ်အန်းဟာ ဝမ်ချောင်၏ မြင်းတပ်ငါးထောင်အတွက် ထိုကျောက်ရိုင်းတုံးများက မည်မျှ အရေးကြီးကြောင်း သိထားပြီးသားဖြစ်သည်။ ဝု့စ်သံမဏိလက်နက်များ မရှိသောအခါ ဝူရှန်းမြင်းတပ်ကို လောကမှ အကောင်းဆုံးအဖွဲ့လို စဉ်းစားဆင်ခြင်နိုင်ခြင်း မရှိတော့ချေ။ ရပ်တန့်၍မရဘဲ ပြိုင်ဘက်ကင်းလွန်းသည့် ထက်မြတ်သော လက်နက်များသာ မရှိလျှင် ဝူရှန်းမြင်းတပ်ဟာလည်း သူတို့၏ အင်အားအပြည့်အဝ ထုတ်ပြနိုင်လိမ့်မည်မဟုတ်ချေ။ ထိုအရာမရှိသောအခါ ခုံးတောင်တန်း တစ်ဖက်ခြမ်းမှ တိုက်ပွဲတွင် အလုံးအရင်းလိုက် သတ်ဖြတ်ရန် မဖြစ်နိုင်ပြန်ချေ။ အင်အားကြီးလွန်းသော ထိုရန်သူကိုလည်း သူတို့က အနိုင်ယူနိုင်စွမ်းအား ရှိလိမ့်မည်မဟုတ်ချေ။

ထိုအရာများအားလုံးထဲတွင် ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများကသာ ဝု့စ်သံမဏိ လက်နက်များကို အစစ်အမှန် ပုံပန်းသွင်ပြင်ပေါ်စေမည့် အစစ်အမှန် လက်နက်ဗျူဟာ အရင်းအမြစ်ဖြစ်နေသည်။ ထိုအတွက်ကြောင့် ထိုပစ္စည်းများကို အလေးအနက် ထားထားခြင်းဖြစ်သည်။ လီစစ်ယဲ့က ဒီနေရာတွင် ရက်ပေါင်းများစွာ ရပ်နေခဲ့သည်မှာလည်း ထိုမြင်ကွင်းမျိုးကို မြင်ချင်၍ဖြစ်သည်။

“ခုံးကျစ်အန်း ငါမင်းကို ဒုက္ခပေးလိုက်မိပြီ။ အရှင်အမတ်က ဒါကိုမြင်တဲ့အခါ သူလည်းသေချာပေါက် ပျော်သွားမှာပါ”

လီစစ်ယဲ့က အပြေးသွားပြီး ခုံးကျစ်အန်း၏ပုခုံးကိုပုတ်သည်။

ခုံးကျစ်အန်းက ဒူးတစ်ဖက် ထောက်ချလိုက်ပြီးနောက် လေးစားစွာပြောသည်။

“ဒီလက်အောက်ငယ်သားက ဒီတာဝန်ကို ပြီးမြောက်ခဲ့ပါပြီ”

“အွန်း”

လီစစ်ယဲ့၏မျက်ဝန်းက တောက်ပသွားပြီး ခုံးကျစ်အန်း၏ အနောက်မှ ဝူရှန်းမြင်းတပ်တစ်ထောင်ကို ဂရုတစိုက် စစ်ကြည့်သည်။ သူတို့အားလုံးက ပို၍ပိန်ပြီး ပို၍မည်းသွားကြသည်။ သု့ိသော် အားလုံးက ရဲရင့်ပြတ်သားကြပြီး အင်အားကြီးကာ ဆုံးဖြတ်ချက် ပြတ်သားကြသည်။ လီစစ်ယဲ့ကလည်း စိတ်ထဲတွင် အသိအမှတ်ပြုသလို ခေါင်းညိမ့်လိုက်မိသည်။ သူကလည်း ဒီတစ်ကြိမ် ခုံးကျစ်အန်းကို လေ့ကျင့်ပေးပြီး သူ၏အင်အားကို မြှင့်တင်ပေးရန် မျှော်လင့်ထားသည်။ ဒီနည်းအားဖြင့် သူဟာ တိုက်ပွဲတိုင်းကို ကိုယ်တိုင် ကိုင်တွယ်နိုင်သည့် ထူးချွန်သော ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

သူမြင်နိုင်သော အနေအထားအရ သူ၏ပန်းတိုင်က အောင်မြင်ခဲ့ပုံရသည်။

အခန်း(၈၅၉)

“သွားရအောင် အရှင်အမတ်ကတော့ သေချာပေါက် စိုးရိမ်နေလိမ့်မယ်။ ဒါပေမဲ့ ဒီသတင်းကိုကြားရင် သေချာပေါက် ပျော်သွားမှာပါ”

လီစစ်ယဲ့ကပြောသည်။

ဟိုက်ဒရာဘက်ကျောက်ရိုင်းတုံး ကျင်းရှစ်ထောင်က ထက်ရှပြီး ရပ်တန့်၍မရနိုင်သော ဝု့စ်သံမဏိဓား ခြောက်ထောင်နှင့် ညီမျှသည်။ ထို့ကြောင့် ဝူရှန်းမြင်းတပ်ငါးထောင်အတွက် လုံလောက်သော ပမဏထက် ပိုနေပြီဖြစ်သည်။ ဆိုလိုသည်မှာ ယခုချီရှီဟာ လာမည့်တိုက်ပွဲ၏ အခြေအနေကို ဆုံးဖြတ်ပေးနိုင်စွမ်းအား ရှိသည့် အစစ်အမှန် ကြောက်မက်ဖွယ်ကောင်းသည့် အင်အားစု ဖြစ်လာပြီဖြစ်သည်။ မည်သည့် သာမာန်လူကမှ ထိုကဲ့သို့သော အင်အားမျိုးကို မမျှော်လင့်ထားလောက်ချေ။

ခြိမ်း

ဝူရှန်းမြင်းတပ်မှ ပူးပေါင်းသွားသော စစ်သည်နှစ်ထောင်က ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများကို တောင်ပေါ်ဒေသသို့ သယ်ဆောင်လာပြီး တိဗက်တောင်ပေါ်ဒေသ၏ မြောက်ပိုင်းဒေသကို ကျော်ဖြတ်ကာ သူတို့၏ ကိုယ်ပိုင်ပိုင်နက်သို့ ပြန်ကြသည်။ သို့သော် ထိုနေရာက ချီရှီကာကွယ်ရေး စစ်တပ်သို့မဟုတ်ဘဲ သံမဏိမြို့သို့ဖြစ်သည်။ ထိုနေရာတွင် လက်မှုပညာရှင်ပေါင်းများစွာ၊ ပန်းပဲဆရာပေါင်းများစွာ၊ မီးပြင်းဖိုပေါင်း များစွာကို အသင့်ပြင်ထားပြီးသားဖြစ်သည်။ ကျန်းရှို့ကျစ်ကလည်း ကြီးမားသော အလုပ်အိမ်များကို ဆောက်ထားပြီး မြို့တော်မှ ပိုက်လုံးပေါင်းများစွာကိုလည်း သိုလှောင်ထားပြီးသားဖြစ်သည်။ သူတို့က ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများကို ကျော်ကြားလွန်းသည့် ဝု့စ်သံမဏိဓားများအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။

ကြီးမားသော လူတန်းရှည်ကြီးနှင့် ဝူရှန်းမြင်းတပ်နှစ်ထောင်က ယွီစန်း၏ မြောက်ပိုင်းနယ်မြေကို ကျော်ဖြတ်သွားချိန်တွင် ကောင်းကင်ပေါ်တွင် မရေမတွက်နိုင်သော တိဗက်ငှက်ပေါင်းများစွာက စောင့်ကြည့်နေသည်။ ထို့ပြင် အဝေးတွင်လည်း မရေမတွက်နိုင်သော တိဗက်ကင်းထောက်များ ရှိနေသည်။ ထိုလူများအားလုံးက လာချည် သွားချည်ဖြစ်သည်။ သို့သော် လီစစ်ယဲ့တို့ကမူ ထိုလူများကို မတည်ရှိသလိုသာ သတ်မှတ်ထားသည်။ တိဗက်များက အဝေးမှသာ ကြည့်ရုံသာ ကြည့်ရဲကြသည်။ အနားသို့ မချဉ်းကပ်လာကြချေ။

တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲတွင် သံမဏိမြို့မှ စစ်သည်တော်များနှင့် ချီရှီမှလူတိုင်းက မြောက်ပိုင်းမှ တိဗက်များကို ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားစေခဲ့သည်။ ပို၍ဆိုးသည်မှာ ယွီစန်း၏ မြောက်ပိုင်းတွင် သူတို့ကို ကိုင်တွယ်နိုင်သည့် စစ်သားများ မရှိတော့ချေ။

ဘန်း

နာရီပေါင်းများစွာကြာပြီးနောက် လီစစ်ယဲ့နှင့် ထိုဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများက ဝူရှန်း၏ သံမဏိမြို့သို့ ရောက်သွားသောအချိန်တွင် တစ်မြို့လုံးက ပြန်လာသော သူရဲကောင်းများကို ကြိုဆိုသည့် အားပေးသံများဖြင့် ကျယ်လောင်စွာ စည်ကားသွားသည်။ ကျန်းရှို့ကျစ်၊ ကျောင်းကျင်းတရန်နှင့် ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်းနှင့် ရွှီချီချင်တို့ကပင် သူတို့ကို အပြေးထွက်ကာ ကြိုဆိုကြသည်။

ဝမ်ချောင်၏အကြံထဲမှ အရေးကြီးဆုံး အရာတစ်ခုက နောက်ဆုံးတွင် ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် လူတိုင်းကလည်း ပျော်ရွှင်နေကြသည်။

“ဘာ”

ဝမ်ချောင်က အနောက်ပိုင်းဒေသတွင် ကြေးစားအဖွဲ့ပေါင်းများစွာကို ငှားရမ်းနေရင်းမှ ထိုသတင်းကို ရသွားသည်။ သူက ချက်ချင်းဆိုသလို ကြေးစားစစ်သားများကို ကန်းခယ်ဘုရင်နှင့် ရွှယ်ချန်ကျွင်းတို့ကိုသာ အပ်ထားခဲ့လိုက်ပြီး သံမဏိမြို့သို့ အပြေးပြန်လာသည်။ သူပြန်ရောက်လာသည်နှင့် သူက ချက်ချင်းဆိုသလို မြို့၏ အနောက်ပိုင်းတွင် သံမဏိမော်ကျူးများဖြင့် တည်ဆောက်ထားသည့် ကြီးမားသည့် ပန်းပဲရုံကြီးထဲသို့ အပြေးသွားလိုက်သည်။ ထိုနေရာတွင် လက်ရွေးစင် ပန်းပဲသမား ရာကျော်က ဝု့စ်သံမဏိဓားများကို စတင်ကာ သွန်းလုပ်နေကြပြီဖြစ်သည်။

ဟိုက်ဒရာဘက်ကျောက်ရိုင်းတုံး ခြောက်ထောင်

ထိုပမာဏက ဝမ်ချောင် ပြန်လည်မွေးဖွားလာပြီးကတည်းက ဗဟိုပြင်ကျယ်တွင် ရရှိထားသည့် အများဆုံး ပမာဏဖြစ်သည်။ တစ်လောကလုံးတွင်ဟုပင် ဆို၍ရလောက်သေးသည်။

ဒါက လူအုပ်ကို ကိုင်လှုပ်နိုင်သော သတင်းမဟုတ်သေးချေ။ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ဘက်တွင် ဝူရှန်းမြင်းတပ်သုံးထောင်က အနီးအနားရှိ ရေအရင်းအမြစ်များကို ရှင်းလင်းလိုက်ပြီး ချီရှီဒေသ အတွင်းတွင်ရှိသည့် တူရကီစစ်သည် သုံးသောင်းကို အလဲထိုးခဲ့ခြင်းအားဖြင့် တူရကီအဖွဲ့ပေါင်း များစွာကို စတင်ကာ ခြိမ်းခြောက်လာနိုင်ခဲ့သလို နွားကျောင်းသားများကိုလည်း မြက်ခင်းပြင်ဒေသ၏ အတွင်းပိုင်းသို့ ပြေးစေခဲ့သည်။ ဝမ်ချောင်နှင့် ချီရှီ၏ ထက်ရှမှုနှင့် ရင်ဆိုင်ရသောအခါ စန်းမီတောင်မှ ခါကန်း၏ ခုံရုံးက နောက်ဆုံးတွင် တုန့်ပြန်လာရသည်။

အနောက်ဘက် တူရကီများက အနောက်ပိုင်းတူရကီ ပိုင်နက်နယ်မြေမှ ချီရှီကာကွယ်ရေးစစ်တပ်ကို ရုတ်သိမ်းစေရန်နှင့် စတုတ္ထမင်းသားကို လဲလှယ်ရန် အရည်အသွေးမြင့် တူရကီစစ်မြင်း နှစ်သိန်းဖြင့် ကမ်းလှမ်းလိုစိတ်ရှိကြသည်။ စစ်မြင်းတိုင်းကို ချီရှီသို့ အမြန်ဆုံး ပို့ဆောင်ပေးလိုက်မည်ဖြစ်သည်။ သို့သော် ဝမ်ချောင်၏စစ်သားများကမူ တူရကီ မြက်ခင်းပြင်ဒေသမှ ပထမဦးဆုံး ဆုတ်ခွာသွားရန် လိုအပ်သည်။ ဒီနည်းအားဖြင့် တူရကီမှ နွားကျောင်းသားများ၊ တပ်ဖွဲ့စုများကို မတိုက်ခိုက်တော့ရန်ဖြစ်သည်။

ထိုသတင်းက သံမဏိမြို့သို့ ရောက်လာသောအခါ လူတိုင်းက ကြောင်သွားကြသည်။

ထိုတူရကီမှ စတုတ္ထမင်းသားက သူတို့အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေပြီး မျက်လုံးပြူးကျယ်စေသည်အထိ တန်ကြေးရှိနေသေးသည်။ ဟူလာယဲ့က စတုတ္ထမင်းသားဟာ နက်နက်ရှိုင်းရှိုင်း အလိုလိုက်ခံထားရကြောင်း ပြောခဲ့သော်လည်း အနက်ရောင်ဝံပုလွေရကုက သူ့ကို တိုက်ပွဲနယ်မြေသို့ ခေါ်လာခဲ့သည်မှာ အကျိုးအမြတ်ရအောင်ဟု ဆိုခဲ့သည့်တိုင်အောင် ထိုတန်ကြေးက သူတို့ထင်ထားသည့် အတိုင်းအတာကို ကျော်လွန်နေသည်။

“တကယ်ရတနာကို ရွေးမိတာပဲ”

ရွှီခဲ့ယွီက ခပ်တိုးတိုးရေရွတ်လိုက်သည်။

သူဟာ ထိုဖြစ်စဉ်တစ်ခုလုံး၏ ရှေ့တန်းတွင်ရှိခဲ့သည်။ ချီရှီ၏ လက်နက်တိုက်၏ တိုက်ပွဲတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ဝင်ပါခဲ့ပြီး တူရကီစတုတ္ထမင်းသားနဲ့ အခြားသော ဓားစာခံများကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းခဲ့သည်။ ထပ်ပေါင်းဆိုရသော် စတုတ္ထမင်းသားကို ဖမ်းမိကြောင်း ဝမ်ချောင်ကို သတင်းပို့ခဲ့သောလူက သူဖြစ်နေသည်။ သို့သော် စစ်မြင်းနှစ်သိန်းဆိုသော ပမာဏကမူ သူ့ကို အချိန်မရွေး အိပ်နေရာမှ လန့်နိုးစေနိုင်လောက်အောင် ပြင်းထန်သည်။

သူကိုယ်တိုင်ကလည်း ဟူလာယဲ့၏ စာများထဲမှ တစ်စောင်အရ အနောက်ပိုင်းတူရကီ ခါကန်းအတွက် အရည်အသွေးမြင့် တူရကီစစ်မြင်း တစ်သိန်းက အကန့်အသတ်ဖြစ်ကြောင်း ပြောထားကြောင်း မှတ်မိနေသေးသည်။ သို့သော် လက်ရှိတန်ကြေးကမူ နှစ်ဆဖြစ်သွားသည်။

“ဟူလာယဲ့ ဒီမျိုးမစစ်လုပ်တာဖြစ်မယ်”

ရွှီခဲ့ယွီကလည်း ခပ်ဝဝ မြင်းကုန်သည်၏ ပုံရိပ်ကို ရုတ်တရက် တွေးလိုက်မိပြီး ချက်ချင်း နားလည်သွားသည်။ ဟူလာယဲ့ လုပ်ထားခြင်းသာ ဖြစ်ရပေမည်။ သို့မဟုတ်လျှင် အနောက်ဘက်နယ်စပ်မှ တူရကီစစ်သားများနှင့် နွားကျောင်းသားများလောက်က တူရကီများထံမှ ထိုမျှကြီးမားသည့် တန်ကြေးတစ်ခုကို ရရှိရန် မဖြစ်နိုင်လောက်သေးချေ။

“ဒီကောင်က တော်တော်လေးတော့ လေးစားစရာကောင်းသားပဲ”

သို့သော် သတင်းကောင်းက ရောက်လာနေသေးသည်။ ရက်အနည်းငယ်ကြာပြီးနောက် သံမဏိမြို့၏ အပြင်ဘက်တွင် သံမဏိမော်ကျူးများ အပြည့်ပါသော ရထားလုံး တစ်စီးပြီးတစ်စီး ရောက်လာသည်။ သူရဲကောင်းဆန်သော ဘိလပ်မြေလမ်းက မြို့တော်နှင့် ဝူရှန်းတောက်လျှောက် ဖောက်ပြီးသားဖြစ်၍ သံမဏိမော်ကျူးများ ပို့ဆောင်သည့်အချိန်ကို ပြဇာတ်ဆန်ဆန် ထိုးကျသွားစေခဲ့သည်။ ပထမ မြင်းကုန်သည်တန်း တစ်သုတ် ရောက်လာပြီးနောက် အဆုံးအစမဲ့အောင် ထပ်မံရောက်ရှိလာခဲ့သည်။ အားလုံးက အင်ပါယာတခွင်အနှံ့ရှိသည့် အမျိုးမျိုးသော နေရာများမှ ရောက်လာပြီး သံမဏိမြို့သို့ သံမဏိမော်ကျူးများကို လာပို့ကြခြင်းဖြစ်သည်။

အရာအားလုံးက အဆင်သင့်ဖြစ်ပြီး အရေးကြီးသော တစ်စုံတစ်ရာသာ လိုအပ်တော့သည်။ ဝမ်ချောင် လွန်ခဲ့သော တစ်လခန့်က ဆက်တိုက်ထုတ်ထားခဲ့သည့် အမိန့်များက စတင်ကာ သက်ရောက်မှု ပြလာသည်။ မြောက်များလှစွာသော ရိက္ခာများ၊ လက်နက်များ၊ စစ်မြင်းများအားလုံးက ချီရှီတွင် စုစည်းလာကြပြီး ပို၍ဝေးကွာသော ကျောင်းကျင်းမှ ရိက္ခာအိတ်များကပင် မြို့တော်မှတဆင့် သံမဏိမြို့သို့လာသည့် လမ်းတွင် ရောက်နေပြီဖြစ်သည်။

လွန်ခဲ့သော အချိန်တစ်ခုအကြာက ဝမ်ချောင်ဟာ ကျန်းမူနန်ကို ကျောင်းကျင်းသို့စေလွှတ်ပြီး မျိုးဆက်ဆန်များကို လေ့လာခိုင်းခဲ့သည်။ ကျောင်းကျင်းမှ ဆန်က နှစ်တိုင်းလိုလို တစ်နှစ်သုံးကြိမ် ရိတ်သိမ်းနိုင်သည်။ ထိုနယ်မြေမှထွက်သော ထုတ်လုပ်နိုင်စွမ်းအားကတင် ပြည်တွင်းစစ်ပွဲတစ်ခုကို ထောက်ပံ့ရန် လုံလောက်နေပြီဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာရေးခုံရုံးအနေဖြင့် ရိက္ခာအများကြီး မလိုအပ်ခဲ့ချေ။

ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ ထောက်ပံ့မှုကြောင့် ကျန်းမူနန်၏ မျိုးဆက်ဆန် သုတေသနလုပ်မှုက စတင်ကာ တိုးတက်လာခဲ့ပြီး လမ်းမှန်ပေါ်တွင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

အနောက်တောင်ပိုင်းမှ စစ်ပွဲပြီးကတည်းက ဝမ်ချောင်က စတင်ခိုင်းထားသော ထိုစီမံကိန်းများက သူတို့၏ စစ်မှန်သော ထိုက်တန်မှုကို တဖြည်းဖြည်းချင်း ပြသလာသည်။

...

ခီး

သံမဏိမြို့နှင့် လီပေါင်းများစွာ ဝေးကွာသော ကောင်းကင်တစ်နေရာတွင် သိန်းငှက်တစ်ကောင်က စူးရှစွာ အော်ဟစ်လျှက် ပျံသန်းနေသည်။ ခြေထောက်သုံးဘက်နှင့် သိန်းငှက်က လေထဲတွင် တစ်ချက်သာ ပျံဝဲလိုက်နိုင်ပြီး ချက်ချင်းဆိုသလို ပြန်လှည့်သွားသည်။ သိန်းငှက်က ပြန်သွားသောနေရာက တိဗက်တောင်ပေါ်ဒေသဖြစ်သည်။ တိဗက်တောင်ပေါ်သားတစ်ယောက်က ထိုနေရာတွင်စောင့်ပြီး သူ၏မျက်လုံးက ဝူရှန်း၏ သံမဏိမြို့ကို ကြည့်နေသည်။

သူ၏ဘက်ထောင့်မှကြည့်သော် သံမဏိမြို့ထဲမှ မရေမတွက်နိုင်သော အဖြူရောင်စစ်သားများနှင့် တလိမ့်လိမ့် ထွက်နေသော မီးခိုးလုံးများကိုသာ မြင်နိုင်လေသည်။ ထို့ပြင် ထိုနေရာတွင် ကုန်သည်များကလည်း ရှိနေသေးသည်။

တိဗက်ကင်းထောက်က အရာအားလုံးကို မှတ်သားသွားပြီးနောက် သိန်းငှက်ကို လက်ခံယူလိုက်ကာ တောင်ပေါ်ဒေသ၏ အတွင်းပိုင်းသို့ မြင်းအပြေးနှင်ကာ ဝင်ရောက်သွားသည်။

အချိန်တစ်ခုကြာပြီးနောက် နောက်ထပ် စူးရှသော အော်ဟစ်သံနှင့်အတူ ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသော သိန်းငှက်ကြီးက ကောင်းကင်သို့ ထိုးတက်သွားပြန်သည်။ ဒီတစ်ကြိမ်တွင်မူ သူက ချီရှီသို့ ဦးတည်ခြင်းမပြုဘဲ တောင်ပေါ်ဒေသကို ကျော်ဖြတ်လျှက် ယွီစန်းအင်ပါယာ၏ တော်ဝင်မြို့တော်သို့ ဦးတည်သွားသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ထိုကြီးမားသော ငှက်က အနက်ရောင်တိမ်စိုင်များကို ကျော်ဖြတ်လိုက်ပြီး မိုးကြိုးမုန်တိုင်းကို ကျော်ဖြတ်သည်။ တစ်ရက်တွင်သူက တိမ်စိုင်များကို ကျော်ဖြတ်လိုက်ပြီး အောက်သို့ ဆင်းသက်လိုက်သည်။ သို့သော် သူက မြို့တော်ထဲသို့ တိုက်ရိုက်မဝင်ဘဲ ဆက်လက်ပြီး ပျံသန်းသွားကာ သူအလာကို စောင့်ဆိုင်းနေသော သန်သန်မာမာနှင့် လူတစ်ယောက်ထံ ရောက်သွားသည်။

“ငါမင်းကို ဒုက္ခပေးမိပြီ။ စားလိုက်ပါဦး”

လက်တစ်ဖက်က ထိုသိန်းငှက်ကို လက်ခံလိုက်ပြီး အခြားလက်တစ်ဖက်ကမူ ကြီးမားသော အသားတုံးကြီးကို ကျွေးလိုက်သည်။ ထိုသို့လုပ်ပြီးနောက် ဟော်ရှု့ဟွေ့ခမ်းက ကင်းထောက်၏ သတင်းပို့၏ ထိုငှက်၏ ခြေထောက်မှတဆင့် ဆွဲဖြတ်လိုက်သည်။ ထို့နောက်သူက ရှေ့သို့ ဆက်လျှောက်သွားကာ အခြားလူတစ်ယောက်ကို ပေးသည်။

“ဒီကောင်လေးက ယွီစန်းအင်ပါယာရဲ့ အကြီးဆုံး ရန်သူဆိုတာ သေချာနေတာ။ မျှော်လင့်ထားတဲ့အတိုင်း သူက အန်းရှီက မတော်တဆမှုကို ကိုင်တွယ်ဖို့ ကြံစည်နေတာ”

တုစုန့်မာန်ဖော်ကျဲ့က ထိုစာကို တစ်ချက်ကြည့်သည်။ သူက နက်ရှိုင်းစွာ သက်ပြင်းချလိုက်ရင်း သူ၏စိုးရိမ်သောကကို မဖုံးကွယ်နိုင်ချေ။

“အား တြိဂံပုံမြေကွက်လပ်က တိုက်ပွဲမှာ ငါတို့ဘက်က စစ်သားတွေအားလုံးကို ဆုံးရှုံးလိုက်ရတယ်။ ငါတို့ သူ့ကို ခြိမ်းခြောက်နိုင်တဲ့အင်အား မရှိတော့ဘူး။ မဟုတ်ရင် ဒီတစ်ကြမ်သူ့ကို ဒုက္ခနည်းနည်းတော့ ပေးဖို့ ကြိုးစားဦးမှာပဲ”

တုစုန့်မာန်ဖော်ကျဲ့က ထိုသို့ နောင်တအပြည့်ဖြင့် ပြောသည်။

ယွီစန်းမှ ကျော်ကြားသော ဗိုလ်ချုပ်ဖြစ်သည့်အလျောက် သူဟာ လုံရှီ၏ ထယ်ကြီးမဟာဗိုလ်ချုပ်နှင့် နှစ်ပေါင်းများစွာကြာအောင် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ သို့သော် ချီရှီမှ ဝမ်ချောင်ကြောင့် ထိုမျှ ကြီးကြီးမားမား ဆုံးရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားဖူးချေ။ ယခုအခါ သူက ပြန်တွေးမိချိန်တိုင်း သူအလျင်စလို လုပ်မိသည်ဟု ခံစားနေရသည်။ သူ၏တစ်ဘဝလုံးတွင် အကြီးမားဆုံး အရှက်ကွဲမှုကြီးကို ရင်ဆိုင်ခဲ့ရသည်။

“ဒါပေမဲ့ ဒီအကြောင်းအရာကိုပြောဖို့ နောက်ကျသွားပြီ။ ငါတို့ရှုံးသွားတယ်။ အနောက်ပိုင်း တူရကီတွေကလည်း ရှုံးတာပဲ။ ချီရှီမှာ သူ့ကိုခြိမ်းခြောက်နိုင်တဲ့လူ ဘယ်သူမှမရှိတော့ဘူး။ မဟာထန်ရဲ့ အင်အားကို ဘယ်သူကမှ မခြိမ်းခြောက်နိုင်ဘူး။ ငါတို့ကသူ့ကို မတားဆီးနိုင်ရင် ငါစိုးရိမ်တာက ငါတို့ရဲ့ စစ်သားတွေက တောင်ပေါ်ဒေသက မထွက်နိုင်တော့မှာကိုပဲ”

“အွန်း”

ဟော်ရှု့ဟွေ့ခမ်းက ခေါင်းညိမ့်သည်။

“အရာအားလုံးက သူခန့်မှန်းထားတဲ့အတိုင်း တထေရာတည်း ဖြစ်လာတာပဲ။ သွားရအောင် ငါတို့ ဒီကောင်လေးကို အလဲထိုးချင်ရင် အန်းရှီကာကွယ်ရေးစစ်တပ်ကို ဘာတပ်ကူမှမရအောင် တားဆီးထားရမယ်။ ဒီလိုနဲ့ အနောက်ပိုင်းဒေသက မဟာထန်ရဲ့ လွှမ်းမိုးမှုအပေါ် အကြီးမားဆုံး ထိုနှက်မှုကြီးကို ပေးလိုက်ကြရအောင်။ ငါတို့သူ့ကိုပဲ မှီခိုရတော့မယ်”

တုစုန့်မာန်ဖော်ကျဲ့က ခေါင်းညိမ့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် လေးစားမှုများကို မြင်နိုင်သည်။ ထို့နောက်သူက ဟော်ရှု့ဟွေ့ခမ်း၏ အနောက်မှလိုက်ကာ တော်ဝင်မြို့တော်၏ အပြင်ဘက်ခြမ်းတွင်ရှိသော သံမဏိ အဆောက်အဦးတစ်ခုထံ ဦးတည်လိုက်သည်။

ထိုနေရာက ယွီစန်းအင်ပါယာ၏ သံမဏိဖြင့် ဆောက်လုပ်ထားသော တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။ ထိုနေရာက အကျဉ်းထောင်ဖြစ်သည်။

တံဆိပ်ပြားကို ပြပြီးနောက် ယွီစန်းမှ မဟာဗိုလ်ချုပ်ကြီး နှစ်ယောက်က ဘေးချင်းယှဉ်လျှောက် မည်းမှောင်သော အကျဉ်းထောင်ထဲသို့ ဝင်ရောက်သွားပြီး ရေကန်အောက်သို့ဆင်းသည်။ အကျဉ်းထောင်က မည်းမှောင်ကာ စိုစွတ်နေသည်။ လေးပေခန့်ရှည်သော နံရံပေါ်မှ မီးတုတ်များက ဖျော့တော့သော အလင်းကိုသာ ထုတ်လွှတ်နေသည်။ အစောင့်များကလည်း ကျောက်ရုပ်ကြီးများကဲ့သို့ ဘေးနံရံတွင် စီတန်းရပ်နေကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းကြောင့်သာ သူတို့က အသက်ရှင်နေကြောင်း သိနိုင်သည်။

ခံစားချက်ပေါင်းများစွာနှင့် ဗိုလ်ချုပ်နှစ်ယောက်လုံးက လျှောက်လမ်းတွင် တိတ်တဆိတ် လျှောက်နေကြသည်။ အကျဉ်းထောင်၏ နက်ရှိုင်းသော အပိုင်းတွင် လူတစ်ယောက်စာသာရှိသော အကျဉ်းထောင်အတွင်း သူတို့နှစ်ယောက်က ထိုလူကို မြင်လိုက်ရသည်။

ဝါးတိုင်များမှတဆင့် ကြမ်းပြင်တွင် ထိုင်နေသော အမျိုးသားတစ်ယောက်ကို မြင်နိုင်သည်။ သူ၏ဆံပင်က ရှုပ်ပွနေပြီး အဝတ်အစားကလည်း စုတ်ပြဲနေသည်။ ထိုအမျိုးသားက ရေမချိုးရသည်မှာ ကြာပြီဖြစ်လောက်သည်။ ထို့ကြောင့်သူ၏ကိုယ်မှ အညှီနံ့ထွက်နေသည်။ သို့သော် ထိုလူက ဂရုစိုက်ပုံမရချေ။ တစ်စုံတစ်ရာကို ရေရွတ်နေသည်။ သူ၏အကြည့်ကမူ မြေပြင်တွင်သာရှိသည်။

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က ဝင်သွားသောအခါ ထိုလူက သူ၏လက်ချောင်းဖြင့် ကြမ်းပြင်တွင် ရှုပ်ထွေးသော သင်္ကေတများကို ရေးဆွဲနေခြင်းဖြစ်သည်။ မြေပြင်ကို ကြည့်လိုက်သောအခါ ထူးဆန်းသော စကားလုံးများ၊ သင်္ကေတများရှိကြောင်း မြင်နိုင်သည်။ ထိုကဲ့သို့သော စာများက ပုရွက်ဆိတ်များကဲ့သို့ အကျဉ်းထောင်၏ နံရံတိုင်းကို ဖုံးလွှမ်းထားသည်မှာ ကြမ်းပြင်မှ နံရံများအထိပင် ရောက်နေလေသည်။

အခန်း(၈၆၀)

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က ထိုသင်္ကေတများနှင့် စကားများအချို့ကို နားလည်နိုင်သည်။ သို့သော် အခြားသော အရာများကမူ လျို့ဝှက်ဆန်းကြယ်ပြန်သည်။

ရှုပ်ထွေးလွန်းလှသည့် သင်္ကေတများနှင့် အကျဉ်းထောင်ထဲမှ သူရူးကို ရင်ဆိုင်ရသည့်အခါ အင်ပါယာ၏ မဟာဗိုလ်ချုပ်ကြီး နှစ်ယောက်လုံး၏ မျက်နှာတွင် ရွံ့ရှာအထင်သေးဟန်မရှိချေ။ လေးစားမှုများသာ ရှိနေသည်။ ထိုသူရူးက အရေးကြီးသော နောက်ခံ ရှိနေလောက်သည်။

အကြောင်းမူကား ထိုသူက ယွီစန်း နာ့ယိတော်ဝင်တပ်ရင်းမှ မဟာတော်ဝင်တပ်ရင်း ဖြစ်နေသောကြောင့်ဖြစ်သည်။

သူက ရှုံးသွားပြီးကတည်းက သာ့လွန်ရော့ကျန်းက ထောင်အတွင်းတွင် အကျဉ်းချခံထားရသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကဲ့သို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများကလွဲပြီး မည်သူမျှ သူ့ကိုတွေ့ခွင့်မရှိချေ။

တုစုန့်မာန်ဖော်ကျဲ့နှင့် သာ့လွန်ရော့ကျန်းတို့က မတူသော တော်ဝင်တပ်ရင်းများမှဖြစ်သည်။ ထို့ကြောင့် သူတို့က အဆက်အဆံ သိပ်မရှိချေ။ ထိုလူက ဉာဏ်ကောင်းလွန်းသော လူတစ်ယောက်ဖြစ်ပြီး ဗျူဟာတွင် ကျွမ်းကျင်ကြောင်းကိုသာ သိထားသည်။ ဟော်ရှု့ဟွေ့ခမ်းက သူ့ကို ပထမဦးဆုံးအကြိမ် အကျဉ်းထောင်ထဲသို့ ခေါ်လာပြီး တွေ့ခိုင်းခဲ့သောအခါ တုစုန့်မာန်ဖော်ကျဲ့ကလည်း ထိုစုတ်ပြတ်သပ်နေသော သူရူးတစ်ယောက်လို ရေရွတ်နေသည့် အကျဉ်းသားက အဆင့်အတန်းမြင့်ကာ ထည်ဝါသည့် နာ့ယိမဟာအမတ်ဟု မယုံကြည်နိုင်ခဲ့ချေ။

တုစုန့်မာန်ဖော်ကျဲ့က မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် ရောက်လာခဲ့ပြီး စိတ်ပျက်မှုဖြင့် ပြန်သွားခဲ့ရသည်။ ဟော်ရှု့ဟွေ့ခမ်းက ဝမ်ချောင်နှင့် မဟာထန်ကို အလဲထိုးနိုင်မည့် နည်းလမ်းကို သူသိခဲ့ရသည်။ တစ်လခန့်ကြာပြီးနောက် တာလာ့မှ တိုက်ပွဲက ဖြစ်ပွားခဲ့သည်။ တုစုန့်မာန်ဖော်ကျဲ့ကမူ သူမည်မျှမှားကြောင်း သိလိုက်သည်။

“မဟာအမတ်က ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေကို ရောက်သွားတာလဲ”

တုစုန့်မာန်ဖော်ကျဲ့က အကျဉ်းထောင်အစောင့်ကိုမေးသည်။ ထိုအစောင့်က ဂါရဝပြုလိုက်ရင်း ဖြေသည်။

“မဟာဗိုလ်ချုပ် နှစ်နာရီကြာသွားပါပြီ။ သူက ဘာကိုမှ မကြားလောက်ဘူး။ စားစရာကိုတောင် မထိပါဘူး”

တုစုန့်မာန်ဖော်ကျဲ့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တံခါးဝမှ အေးစက်နေသော စားစရာများကို တွေ့လိုက်သည်။

“ငါသိပြီ မင်းသွားတော့”

တုစုန့်မာန်ဖော်ကျဲ့က လက်ယမ်းလိုက်ပြီး အစောင့်ကို ထွက်သွားခိုင်းသည်။

အစောင့်က ထွက်သွားသည်နှင့် အကျဉ်းထောင်က တိတ်ဆိတ်သွားသည်။ သာ့လွန်ရော့ကျန်း၏ ကြမ်းပြင်ကိုခြစ်နေသော လက်ချောင်းမှလွဲပြီး အရာအားလုံးက တိတ်ဆိတ်နေသည်။ တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က အကျဉ်းထောင်အပြင်ဘက်တွင် နေကြပြီး တစ်ဖက်သူကို ထိတ်လန့်အောင် မလုပ်မိရန် အတက်နိုင်ဆုံး စိတ်ရှည်ရှည် စောင့်ကြည့်နေကြသည်။

ငါတို့ကသာ လူငယ်ကာကွယ်ရေးဗိုလ်ချုပ်ကို အလဲထိုးအနိုင်ယူချင်ရင် မဟာထန်ရဲ့ အနောက်ပိုင်းဒေသက လွှမ်းမိုးမှုကို ရပ်ဆိုင်းချင်ရင် ယွီစန်းနဲ့ မဟာထန်ကြားက ဆက်ဆံရေးကို ပြောင်းလဲချင်ရင် သူ့ကိုပဲ မှီခိုမှရမယ်။

တုစုန့်မာန်ဖော်ကျဲ့၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုက ထွက်ပေါ်လာသည်။ သူ၏ အကြည့်က သတိလက်လွတ် သာ့လွန်ရော့ကျန်း၏ ညာဘက်ခြမ်းထံ ရောက်သွားသည်။ ထိုနေရာတွင် အလွန်ရှုပ်ထွေးသော မြေပုံရှိနေပြီး ရှင်းပြရန်ခက်ခဲသည့် သင်္ကေတများပါသည်။

တာလာ့

တုစုန့်မာန်ဖော်ကျဲ့က တစ်ချက်ကြည့်ရုံဖြင့် ထိုမြေပုံကို သိလိုက်သည်။

အမှန်တရားကို မသိသောလူကမူ သာ့လွန်ရော့ကျန်းက တာလာ့၏ လက်ရှိအခြေအနေကို ခွဲခြမ်းစိတ်ဖြာနေခြင်းဟု ထင်ကောင်းထင်မိလောက်သည်။ သို့သော် တုစုန့်မာန်ဖော်ကျဲ့ကမူ ထိုမြေပုံက တာလာ့၏တိုက်ပွဲမဖြစ်ခင် တစ်လအလိုကဖြစ်ကြောင်း သိနေသည်။ ကံဆိုးစွာဖြင့် မြေပုံက စကားလုံးများက ပျောက်ဆုံးသွားသော ဘာသာစကားဖြစ်သည့် မဟာပွန်းဘာသာဖြင့် ရေးထားခြင်း ဖြစ်နေသည်။ သာ့လွန်ရော့ကျန်းအပြင် ထိုဘာသာစကားကို နားလည်သော လူဆိုလျှင် ယွီစန်းအင်ပါယာတွင် လူအနည်းစုလောက်သာ ရှိနေသည်။

တုစုန့်မာန်ဖော်ကျဲ့ကလည်း အခြားသောလူများနှင့် မကွာခြားချေ။ သူကလည်း ထိုဘာသာစကားကို နားမလည်ချေ။

အနောက်တောင်ပိုင်းမှာ ရှုံးသွားတော့ သာ့လွန်ရော့ကျန်းက လပေါင်းများစွာ ထောင်တွင်း အကျဉ်းချခံခဲ့ရတယ်။ သူက အပြင်က အဆက်အသွယ် မရှိတော့ဘူး။ ဒါကို တာလာ့က စစ်ပွဲမဖြစ်ခင်ကတည်းက သူက ဒီအခြေအနေကို မျှော်လင့်ကြည့်နိုင်ခဲ့တယ်။ အာရပ်နဲ့ မဟာထန်ကြားက စစ်ပွဲကိုလည်း သူက ခန့်မှန်းခဲ့ပြီးပြီ။ တိုက်ပွဲက ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာကိုတောင် ဆုံးဖြတ်နိုင်ခဲ့တယ်။ ပိုဆိုးတာက စန်းပေါ်က သာ့လွန်ရော့ကျန်းကို အကျဉ်းချခိုင်းထားခဲ့တယ်။ အဲ့ဒီလိုသာမဟုတ်ရင် သူ့ရဲ့အကူအညီနဲ့ဆိုရင် တြိဂံပုံမြေကွက်လပ်က တိုက်ပွဲက အခြေအနေ ခြားနားသွားခဲ့မှာ။ သာ့ယန်မာန်ပန့်ကလည်း မသေတာမျိုး ဖြစ်သွားနိုင်တယ်။

သာ့ယန်မာန်ပန့်အကြောင်း တွေးမိသောအခါ တုစုန့်မာန်ဖော်ကျဲ့၏ မျက်ဝန်းအတွင်း နာကျင်မှုက ထင်ဟပ်လာသည်။ ထိုနာကျင်မှုများက ပျောက်ကွယ်မသွားတော့ချေ။

အချိန်က တဖြည်းဖြည်းချင်း ကုန်သွားသည်။ နောက်ဆုံးတွင် သာ့လွန်ရော့ကျန်း၏ ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ ခန္ဓာကိုယ်ကလည်း တုန်ယင်သွား၏။ သူတို့က ချက်ချင်းဆိုသလို သာ့လွန်ရော့ကျန်းက ထိုအခြေအနေမှ နိုးထလာကြောင်း သိလိုက်သည်။

“မင်းတို့လာကြတာလား”

သာ့လွန်ရော့ကျန်းက ထိုသို့ပြောသည်။ သို့သော် ခေါင်းပင် မော့မလာခဲ့ချေ။

“မဟာအမတ် အားလုံးက မဟာအမတ် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဝမ်ကလန်ရဲ့ အဲ့ဒီအငယ်ဆုံးသားက ဖုမာန်လင်းချာကို အလဲထိုးလိုက်ပြီး ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကို ယူလိုက်တယ်။ ဒါ့အပြင် အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ကလည်း အာရပ်မှာ အဝိုင်းခံလိုက်ရတယ်။ အခု မဟာထန်ရဲ့ လူငယ်က တာလာ့ကို ရင်ဆိုင်ဖို့ တပ်ကူတွေစေလွှတ်ဖို့ ပြင်ဆင်နေပါတယ်”

ဟော်ရှု့ဟွေ့ခမ်းက အကျဉ်းထောင်အပြင်ဘက်တွင် ရပ်လျှက်ပြောသည်။

“မဟာအမတ် မဟာအမတ် မထွက်လာသေးဘူးလား”

“အချိန်မရောက်သေးဘူး”

သာ့လွန်ရော့ကျန်း၏အသံက အကျဉ်းထောင်ထဲတွင် ဟိန်းထွက်လာပြန်သည်။ သူက ခေါင်းကိုမော့လာ၏။ သူ၏ရှုပ်ပွနေသော မျက်စိရှေ့မှဆံပင်ကို ဖယ်လိုက်သည်။ ထိုအခါ နေအလင်းရောင် ချို့တဲ့မှုကြောင့် ဖြူဖျော့နေသော မျက်နျာက ပေါ်လာသည်။ သူ၏နွမ်းလျနေသော အမူအရာနှင့် သူ၏မျက်ဝန်းကမူ ဉာဏ်ပညာရှိမှုနှင့် ထက်မြတ်မှုကိုဖော်ပြကာ တောက်ပနေသေးသည်။

ယခုလို စုတ်ပြတ်သပ်နေသည့် အနေအထားမျိုးသို့ ကျရောက်နေပြီး ယခင်ကကဲ့သို့ ကျော့ရှင်းကြည့်ကောင်းမှုနှင့် အရှိန်အဝါမျိုးကို မပိုင်ဆိုင်တော့သော်လည်း ဟော်ရှု့ဟွေ့ခမ်းကမူ သူသိထားသည်ထက် အလှမ်းကွာဝေးလွန်းသော ဗျူဟာမျိုးကို ပိုင်ဆိုင်ထားကြောင်း နားလည်နေသည်။

“အခုက ငါထွက်လာရမဲ့ အချိန်မကျသေးဘူး။ ငါတို့ပြိုင်ဘက်ရဲ့ အသိစိတ်က မင်းတို့အားလုံး မျှော်လင့်ထားတာထက် အများကြီးသာတယ်။ ငါတို့ရဲ့ အသေးဆုံးသော လှုပ်ရှားမှုကတင် သူ့ရဲ့သတိကို လှုပ်ဆွလိုက်သလိုဖြစ်သွားပြီး ငါတို့ရဲ့အကြံတွေကို ထပ်ကျော်တဲ့ခြေလှမ်းမျိုးကို လှမ်းလာလိမ့်မယ်။ အဲ့ဒီလိုဆိုရင် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံးက အလဟသဖြစ်သွားမှာပဲ”

သာ့လွန်ရော့ကျန်းက ခေါင်းကို တခဏသာ မော့ပြီးနောက် ချက်ချင်းလိုလို ပြန်ငုံ့ကာ မြေပြင်တွင် လဲှချလိုက်သည်။ သူ၏ညာဘက်အင်္ကျီလက်က အလင်းဖြတ်ကနဲ လက်ပြီးနောက် ဖုန်များကို ရှင်းလင်းလိုက်ကတည်းက သူ့တွင်လည်း သူ၏ကျော့ရှင်းမှု ရှိသေးကြောင်း ပြသလိုက်သည်။

“ဒါ့အပြင် သူ့ကို လူငယ်လို့မခေါ်နဲ့။ သူရဲ့စွမ်းရည်ကို သူ့ရဲ့အသက်နဲ့ တိုင်းတာလို့မရဘူး။ မင်းတို့အားလုံးက သူ့ရဲ့အသက်ကို မြင်ကောင်းမြင်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအခါ မင်းတို့ကို စောင့်ကြိုနေမှာက အရှုံးပဲ”

“ဟုတ်ကဲ့ပါအရှင်အမတ်”

ဟော်ရှု့ဟွေ့ခမ်းက လေးစားစွာပြောသည်။ သူကခေါင်းကိုပင် ငုံ့ထားသေးသည်။

သာ့လွန်ရော့ကျန်း၏ လုပ်ရည်ကိုင်ရည်ကို သိထားသောလူများကသာ သူက မည်သည့်အရာကို ဆိုလိုကြောင်း သိပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း ဟော်ရှု့ဟွေ့ခမ်း၏ သူ့အပေါ် လေးစားမှုက ပို၍သာ တိုးလာရသည်။ ဟော်ရှု့ဟွေ့ခမ်းက ယခင်က ပြောခဲ့ဖူးသည်။ ဝမ်ချောင်နှင့် တစ်ချိန် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး သူ့ကိုဆိုးရွားသော အနေအထားသို့ရောက်အောင် လုပ်ခဲ့ဖူးသည်။ သို့သော် သူတို့က ထိုအချိန်မှသာ စတင်ပြီး အနီးကပ် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးခြင်းဖြစ်သည်။ ယွီစန်းအင်ပါယာတွင် ဝမ်ချောင်ကို အလဲထိုးနိုင်သော တစ်စုံတစ်ယောက်ရှိလျှင် ထိုလူက စန်းပေါ်၏ဘေးမှ ဘယ်သောအခါမှ မခွာခဲ့ဖူးသော အင်ပါယာ မဟာအမတ်ချုပ်ကြီးအပြင် သာ့လွန်ရော့ကျန်းသာ ရှိပေလိမ့်မည်။

“တုစုန့်မာန်ဖော်ကျဲ့ မင်းဒီကို ခဏခဏလာနေခဲ့တယ်။ တြိဂံပုံမြေကွက်လပ်က တိုက်ပွဲနဲ့ သာ့ယန်မာန်ပန့်ရဲ့ သေဆုံးမှုအကြောင်း တွေးနေတုန်းပဲလား”

သာ့လွန်ရော့ကျန်းက မြေပြင်တွင် ဆက်လက်ပြီး ရေးဆွဲနေရင်း ပြောလိုက်သည်။

“ဟုတ်ပါတယ်”

တုစုန့်မာန်ဖော်ကျဲ့၏ အမူအရာက မည်းမှောင်သွားသည်။ သူ၏မျက်ဝန်းအတွင်း နာကျင်မှုက ထွက်ပေါ်လာပြန်သည်။ သူက အမှန်တရားကို မငြင်းနိုင်ချေ။

“အတိတ်က အောင်မြင်မှုတွေ ရှုံးနိမ့်မှုတွေကို တွေးမနေနဲ့ရပ်လိုက်။ အချိန်က မမှန်သေးဘူး။ ငါက မင်းတို့နဲ့အတူ အဲ့ဒီနေရာကို ရောက်လာမယ်ဆိုရင်တောင်မှ အဆုံးမှာတော့ ငါတို့ ရှုံးဦးမှာပဲ။ ရလဒ်က ပြောင်းမှာမဟုတ်ဘူး”

သာ့လွန်ရော့ကျန်းက ထိုသို့ပြောသည်။

“ဒါပေမဲ့ ဒီကလေးက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာပါ။ ငါတို့က ဘယ်လိုကြောင့် သူ့ကို မနိုင်နိုင်တာလဲ”

တုစုန့်မာန်ဖော်ကျဲ့ကပြောသည်။

“မင်းစမ်းကြည့်ပြီးပြီမဟုတ်ဘူးလား”

သာ့လွန်ရော့ကျန်းက ထိုသု့ိပြောသည်။ သူ၏အသံက အကျဉ်းထောင်ထဲတွင် ပဲ့တင်ထပ်လာ၏။

တုစုန့်မာန်ဖော်ကျဲ့ကမူ ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။

“မင်းလည်းစမ်းကြည့်တယ်။ ငါတို့လည်း စမ်းကြည့်ခဲ့တယ်။ ငါတို့အားလုံး ရလဒ်ကို မြင်ခဲ့ရတာပဲ။ တိုက်ဆိုင်တယ်ဆိုတဲ့ အရာမျိုးက လက်သင့်မခံနိုင်ချင်စရာပဲ။ သူ့ကို အထင်မသေးနဲ့။ သူက ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်သလို သူ့ကို တစ်ယောက်တည်းလို့လည်း ဘယ်တော့မှ မသတ်မှတ်ထားသင့်ဘူး။ သူက အခွင့်အရေးကို ဖမ်းဆုပ်နိုင်တဲ့ ဆရာသခင်တစ်ပါး။ သူ့အတွက် ရနိုင်သမျှ အခြေအနေတိုင်းကိုသုံးပြီး သူ့ကို အလယ်ဗဟိုပြုလိုရပ်ထားတဲ့ ပိုက်ကွန်တစ်ခုလို ဖြစ်နေခဲ့တာ။ သူက မင်းကိုရှုံးနိမ့်အောင်လုပ်ပြီး ဒဏ်ရာရနေတဲ့ နှစ်ယောက်ကိုတောင် ဖိတ်ခေါ်နိုင်ခဲ့တာမဟုတ်ဘူးလား”

သာ့လွန်ရော့ကျန်းက ခပ်အေးအေးပြောသည်။ သူက အကျဉ်းထောင်ထဲတွင်သာ ရှိနေသော်လည်း လျို့ဝှက်ချက်တိုင်းကိုမြင်ကာ ခံစားနေနိုင်သလို ထင်ရသည်။

တုစုန့်မာန်ဖော်ကျဲ့၏ မျက်နှာအမူအရာက မည်းမှောင်သထက် မည်းမှောင်လာသည်။

သူက ဝန်မခံချင်သော်လည်း သူ၏မသိစိတ်က သာ့လွန်ပြောသမျှက မှန်ကြောင်းသိနေသည်။

“အနောက်တောင်ပိုင်းကစစ်ပွဲ၊ လုံရှီကတိုက်ပွဲ၊ တြိဂံပုံမြေကွက်လပ်က တိုက်ပွဲ။ ဒီစစ်ပွဲသုံးခုလုံးမှာ ငါတို့က မဟာထန်ကိုစိန်ခေါ်ရင်းရှုံးသွားတယ်။ ဘာကိုမှ ဒီအခြေအနေကို မပြောင်းနိုင်ဘူး။ အဲ့ဒီအချိန်မှာ အနက်ရောင်ဝံပုလွေရကု အကုတုလန်ရဲ့ သေဆုံးမှုနဲ့ အနောက်ပိုင်းတူရကီတွေရဲ့ အင်အားလိုအပ်ချက်က မခြိမ်းခြောက်နိုင်တာ သေချာသွားတယ်။ ပိုဆိုးတာက ဗဟိုပြင်ကျယ်မှာ တိုက်ပွဲဝင်နေခဲ့တဲ့ သူတို့ရဲ့ နှစ်ပေါင်းထောင်ကျော်ကာလ အတောအတွင်း တူရကီက တစ်ကြိမ်မှ မနိုင်ဖူးဘူး။ မဟာထန်က ဗဟိုပြင်ကျယ်က အင်အားအကြီးဆုံး မင်းဆက်ကို ပိုင်ဆိုင်ထားတယ်။ ငါတို့က အနောက်ပိုင်းဒေသမှာ သူတို့ကို အနိုင်မယူနိုင်တော့ဘူး”

သာ့လွန်ရော့ကျန်း၏ အသံက လေဟာနယ်၏ အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်လာသလိုမျိုး သူ၏မျက်ဝန်းက အရာအားလုံးကို မြင်နိုင်နေသလိုထင်ရသည်။

“အခု အခွင့်အရေးတစ်ခုပဲ ရှိတော့တယ်။ အဲ့ဒါက ဒီမှာပဲ”

တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က သာ့လွန်ရော့ကျန်း၏ လက်ချောင်းနောက်မှလိုက်ကာ ကြည့်လိုက်ကြသည်။ ထိုအရာက အကျဉ်းထောင်ပေါ်တွင် ဆွဲထားသော တာလာ့၏ မြေပုံဖြစ်သည်။

“တစ်လောကလုံးမှာ ထန်တွေနဲ့ မတိုက်ခိုက်ရသေးတာက အာရပ်တွေပဲ။ ဒါက ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ နောက်ဆုံးသော အခွင့်အရေးလည်းဟုတ်တယ်။ ငါအကျဉ်းထောင်ထဲကို ရောက်နေတဲ့ အတောအတွင်း အနှစ်ချုပ်ထားခဲ့တဲ့ နောက်ဆုံးအခြေအနေအရ အာရပ်တွေကသာ သူတို့ကို မတားနိုင်တော့ရင် အနောက်ပိုင်းဒေသ တစ်ခုလုံးက ထန်တွေရဲ့လက်ထဲကို လုံလုံးလျားလျား ကျသွားမှာပဲ။ ဘယ်သူကမှ သူတို့ကို အဲ့ဒီနေရာကနေ မဖယ်နိုင်တော့ဘူး”

အကျဉ်းထောင်က တိတ်ဆိတ်သွားသည်။ ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ၊ တုစုန့်မာန်ဖော်ကျဲ့ပင်ဖြစ်စေ စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။ သူတို့က သာ့လွန်ရော့ကျန်း၏ စကားလုံးများကို မှင်သက်စွာ ကြားယောင်နေကြသေးသည်။ မည်သူကမျှလည်း သာ့လွန်ရော့ကျန်းက ယခင်လများအတွင်း မည်သို့သော စိတ်ပိုင်းဆိုင်ရာ ခရီးမျိုးကို လျှောက်လှမ်းခဲ့ရကြောင်း နားမလည်နိုင်ကြချေ။

ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ သာ့လွန်ရော့ကျန်းနှင့် နှစ်ပေါင်းများစွာကြာအောင် တော်ဝင်တပ်ရင်းအတွင်း တိုက်ခိုက်ခဲ့သော လုပ်ဖော်ကိုင်ဖက်ကပင် မယုံကြည်နိုင်ခဲ့ချေ။ ပထမဦးဆုံးအကြိမ် သာ့လွန်ရော့ကျန်း၏ ပုံပန်းသွင်ပြင်ကို မြင်သောအခါ သူကိုယ်တိုင်ကလည်း အကြီးကြီး အံ့အားသင့်သွားခဲ့ရသည်။ သူ၏မျက်လုံးနှင့် အရှိန်အဝါများက သူမှတ်မိသောပုံစံနှင့် ကွာခြားသွားသည်မှာ လူအသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုမျိုး ထင်ရသည်။ ထိုအချက်များအပြင် ဟော်ရှု့ဟွေ့ခမ်းကလည်း သာ့လွန်ရော့ကျန်းသာ သာ့လွန်ရော့ကျန်းသာဖြစ်ကြောင်း သိနေသေးသည်။

အကျဉ်းထောင်ထဲမှ သာ့လွန်ရော့ကျန်းက ယခင်က အဆက်အသွယ်များ အားလုံးကို ရှင်းလိုက်နိုင်သည်။ သူက ပို၍ပင် ဉာဏ်ပညာရှိလာပြီး ပို၍ပင် ကြောက်စရာကောင်းလာသည်။

နာ့ယိတော်ဝင်တပ်ရင်း၏ စစ်သည်နှစ်သိန်းကျော်၏ သေဆုံးမှုနှင့် လက်ရှိ လူသူရှင်းလင်းသွားသော တောင်ပေါ်ဒေသ အခြေအနေက သာ့လွန်ရော့ကျန်း၏ ယခုလို အခြေအနေကို ဖန်တီးလိုက်သည်။ ချီရှီမှ ထိုလူငယ်က အနောက်တောင်ပိုင်း စစ်ပွဲတွင် သူအနိုင်ယူခဲ့ပြီးနောက် ကြောက်စရာကောင်းသော ပြိုင်ဘက်မျိုးကို ဖန်တီးခဲ့ကြောင်း မသိလောက်ချေ။

“နားလည်ပါပြီ”

အချိန်တစ်ခုကြာပြီးနောက် တုစုန့်မာန်ဖော်ကျဲ့၏ အသံက အကျဉ်းထောင်ထဲတွင် ဟိန်းထွက်လာသည်။ ထို့နောက်သူက ခေါင်းကိုငုံ့လိုက်သည်။ ဒါကသူ သာ့လွန်ရော့ကျန်းကို လေးစားပြုပြသခြင်းဖြစ်ပြီး သူ၏အမှားကိုလည်း ဝန်ခံခြင်းဖြစ်သည်။

“မဟာအမတ် စိတ်အေးအေးထားပါ။ အခုကစပြီး ငါမဟာအမတ်ရဲ့ ကြိုးစားအားထုတ်မှုတိုင်းကို ထောက်ပံ့ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်။ ဒါပေမဲ့ ငါ့မှာတော့ နောက်ဆုံးမေးခွန်းတစ်ခု ရှိပါသေးတယ်။ စကားမစပ် စစ်သားတွေ”

တုစုန့်မာန်ဖော်ကျဲ့က ရက်စက်သောမေးခွန်းကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ သူတို့သုံးယောက်ကလည်း မဟာထန်ကို အလဲထိုးနိုင်ရန် မဟာထန်ကို ရှုံးနိမ့်အောင်လုပ်နိုင်ရန် ယွီစန်းအင်ပါယာရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ယူနိုင်အောင် ကြိုးစားရန် လုပ်ချင်ကြသည့်တိုင်အောင် စစ်သားများ မရှိပါက သူတို့ကလည်း ဘာမှမလုပ်နိုင်ချေ။ မည်သို့ပင်ဆိုစေ ဒါကစစ်ပွဲဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များကြားမှ တိုက်ပွဲမဟုတ်ချေ။

သို့သော် လက်ရှိအချိန်တွင်မူ သူတို့ အလိုအပ်ဆုံးက စစ်သားများ ဖြစ်နေသည်။

All Chapters