← Chapters

အခန်း (၈၇၁-၈၇၅)

Vol. 48 Ch. 871-875

အခန်း (၈၇၁-၈၇၅)

Vol. 48 Ch. 871-875

အခန်း(၈၇၁)

ဖန်းချန်းချင်က ထိုသို့အလေးအနက် ဂါရဝပြုလိုက်ခြင်းက ဝမ်ချောင်၏အနားတွင်ရှိသော လီစစ်ယဲ့၊ စုရွှတ်ရွှမ်း၊ ချန်းစန်းယွမ်၊ ကျန်းချွယ်၊ စွန်းကျစ်မင်၊ ချန်ပုယွမ်နှင့် ကျွမ်းကျန်းဖင်တို့ အားလုံးကို လေးနက်စွာ ခံစားသွားရစေသည်။ အားလုံးကလည်း ဖန်းချန်းချင်၏ မိုးခြိမ်းမတက် ကျော်ကြားသော သတင်းများကို ကြားဖူးကြသည်။ သူတို့ထဲမှ အများစုအတွက် သူဟာ လက်လှမ်းမမှီနိုင်သော တည်ရှိမှုဖြစ်ပြီး ကောင်းကင်ဘုံတွင် ရပ်တည်နေသော တည်ရှိမှုမျိုးဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့တစ်ဘဝလုံး အဆက်အဆံမရှိလောက်မည့် အရှိန်အဝါကြီးမြတ်သောလူ ဖြစ်နေလောက်သည်။

သို့သော် ထိုတခဏတွင် ဖန်းချန်းချင်က လူပေါင်းများစွာ၏အရှေ့တွင် သူ၏ဂုဏ်အဆင့်အတန်းကို ဘေးဖယ်ထားလိုက်ပြီး သူ့ထက်ငယ်သော ဝမ်ချောင်ကို ထိုသို့ နိမ့်ချသောဘက်မှ ပြုမူလိုက်သော အပြုအမူက လူတိုင်းကို ပြင်းပြင်းထန်ထန် အံ့အားသင့်သွားစေခဲ့သည်။

ဖန်းချန်းချင်က ဂရုမစိုက်သည်လား သတိမထားမိသည်လား မသိချေ။ သူက ဆက်လက်ပြီး ဂါရဝပြုနေသည်။ အနောက်ပိုင်းနယ်မြေမှ ပြင်းထန်သထက် ပြင်းထန်လာသည်။ နှစ်နာရီနီးပါးကြာအောင် စိတ်ပျက်အားငယ်မှုအတွင်း နေထိုင်ခဲ့ပြီးလေရာ ဝမ်ချောင်ကသာ ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည် သုံးသောင်းကျော် အဝိုင်းခံထားရသည့် အနေအထားမှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသည်။

“အရှင်ဖန်း စိတ်အေးအေးထားပါ။ အာရပ်တွေက အင်အားကြီးပေမဲ့ သူတို့က အနိုင်မယူနိုင်လောက်အောင် အင်အားကြီးမားနေတာမှမဟုတ်ဘဲ ဟန်မဟာဗိုလ်ချုပ် ချန်းထန်းရဲ့စကားကို ပြန်သုံးရမယ်ဆိုရင် ဟန်တွေကို ရန်စတဲ့လူတိုင်းကို ကွပ်မျက်ရမယ်။ သူတို့က ဘယ်လောက်ဝေးဝေး... မဟာထန်ကလည်း အားမနည်းဘူး။ အာရပ်အင်ပါယာက လုပ်မိတဲ့ အဆိုးရွားဆုံးအမှားက ချီတိုင်းပြည်နဲ့ ပူးပေါင်းပြီး အန်းရှီကို ဝိုင်းထားတာပဲ။ ငါက အရှင်ကောင်းရှန်းကျစ်နဲ့ အန်းရှီကာကွယ်ရေးစစ်တပ်က စစ်သည်တော်တွေကို ကယ်ရုံတင်မကဘဲ အာရပ်တွေကိုလည်း သူတို့ရဲ့ အလောတကြီး ဆုံးဖြတ်ချက်အတွက် ပြင်းပြင်းထန်ထန် ပေးဆပ်ခိုင်းဦးမှာ။ ဒါကမှ ငါဒီနေရာကိုလာရတဲ့ အစစ်အမှန် ပန်းတိုင်ပဲ”

ဝမ်ချောင်၏ မျက်ဝန်းက တောက်ပနေသည်။ သူက ဖန်းချန်းချင်ကို မတ်တပ်ထနိုင်အောင် ကူညီပေးလိုက်သည်။

ထိုစကားလုံးများ၏ အလေးချိန်က ဖန်းချန်းချင်နှင့် အန်းရှီကာကွယ်ရေးစစ်တပ်မှ အဖွဲ့ဝင်တိုင်း၏ မျက်နှာကို ပြောင်းလဲသွားစေခဲ့သည်။ သူတို့က ယခုလေးတင် စိုးရိမ်ပြီး သောကများနေခဲ့ရသည်။ မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ရ၏။ ယခုအခါ ရှင်းပြရန်ခက်ခဲသည့် နှစ်သိမ့်မှုမျိုးကို ခံစားလိုက်ရသည်။ ဖြေးဖြေးချင်း သူကခေါင်းကိုမော့သည်။ ပထမဦးဆုံးအကြိမ်နှင့် ထိုလူငယ်အမတ်ကို ဂရုစိုက်ကြည့်မိသည်။

ထိုလူငယ်က (၁၆)နှစ် (၁၇)နှစ်အရွယ်သာဖြစ်သည်။ မျက်ခုံးကဖြောင့်ပြီး မျက်ဝန်းကတောက်ပသည်။ မြို့တော်မှ မဟာကလန်ကြီးများ၏ သူကောင်းမျိုးနွယ်ဝင် ဆက်ခံသူဟုသာ ထင်မှတ်မှားလောက်သည်။ သို့သော် အခြားသော သက်တူရွယ်တူ အဖွဲ့ဝင်များ မရှိသည့် ခိုင်မာမှုနှင့် အရှိန်အဝါမျိုးကို သူက ပိုင်ဆိုင်ထားသည်။

သူ၏အမူအရာက ဉာဏ်ပညာရှိပုံပေါ်သည်။ သူ၏အရှိန်အဝါကလည်း ခပ်အေးအေးဖြစ်၏။ ထို့ကြောင့် သတိလက်လွတ် သူ့ကိုအာရုံစိုက်မိစေပြီး သူ၏စကားလုံးတိုင်းကို လေးနက်စွာ ယုံကြည်မိစေသည်။

ထိုမျှနှင့်တင် မဟုတ်သေးချေ။ ဖန်းချန်းချင်က တစ်ဖက်လူငယ်၏ ပါးစပ်ထဲမှ ထွက်လာသည့် သိပ်သည်းသော သံမဏိနှင့် သွေးရနံ့ကိုရသည်။ ဒါက သာမာန်ဗိုလ်ချုပ် မဟုတ်တော့ချေ။ ထိုလူဟာ မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို အတွေ့အကြုံရှိခဲ့ပြီး အလောင်းတောင်နှင့် သွေးပင်လယ်ကို ကျော်ဖြတ်ခဲ့ဖူးသူ ထိပ်ဆုံးတွင် ရပ်တည်နိုင်သည့် မဟာဗိုလ်ချုပ်အဆင့်ဖြစ်သည်။ အန်းရှီကာကွယ်ရေးစစ်တပ်တွင် ဆယ်နှစ်တိုင် နေထိုင်ခဲ့သော အတွေ့အကြုံအရ ပြောရမည်ဆိုလျှင် ဖန်းချန်းချင်အနေဖြင့် အလားတူသော ရနံ့မျိုးကို လူတစ်ယောက်တည်းထံမှ ရဖူးသည်။ ထိုလူကလည်း အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ထံမှဖြစ်သည်။ ကောင်းရှန်းကျစ်ကပင် ထိုမျှအထိ သိပ်သည်းပြင်းထန်နေခြင်း မရှိလောက်ချေ။

ဖန်းချန်းချင်က ဝမ်ချောင်ကို အထင်သေးခဲ့ဖူးသည်။ သူက အမြင်ပြောင်းပြီး ဝမ်ချောင်ကို ပြန်လည်သုံးသပ်ကာ အရေးပါသူဟု သဘောထားခဲ့၏။ သို့သော် အဆုံးသတ်တွင် သူက တစ်ဖက်သူကို အထင်သေးနေခဲ့မိသေးသည်။ ထိုလူငယ်ဟာ သူမျှော်လင့်ထားသည်ထက် အများကြီး အင်အားကြီးမားလွန်းနေခဲ့သည်။

“အရှင်အမတ်က အမှန်တရားကို ပြောတာပဲ။ ဒီလူငယ်က လျှာချော်သွားတယ်။ အရှင်အမတ်က မဟာထန်ရဲ့ မဟာစစ်တပ်ကို ဦးဆောင်သွားတဲ့အခါ ဖန်းချန်းချင်ကလည်း အာရပ်တွေက ပန်းတိုင်ကို ပြီးမြောက်အောင် မလုပ်နိုင်ဘူးလို့ ယုံကြည်မှုရှိပါတယ်။ ချန်းချင်က ဒီနေရာမှာနေပြီး အရှင်အမတ်က အနားစောစောယူလို့ အောင်ပွဲနဲ့အတူ ပြန်လာမဲ့အချိန်ကို ဂုဏ်ပြုဖို့ စောင့်နေပါ့မယ်။ အချိန်ကျလာတဲ့အခါ ချန်းချင်က ဒီကာကွယ်ရေးစစ်တပ်ထဲမှာ စားသောက်ပွဲကြီးကျင်းပပြီး အရှင်အမတ်ရဲ့ ပြန်အလာကို ကြိုဆိုလို့ အနိုင်အတွက် ဂုဏ်ပြုပေးချင်ပါတယ်”

ဖန်းချန်းချင်၏ အမူအရာက လေးနက်သွားသည်။ သူက ဘေးဘက်သို့ ထွက်ရပ်လိုက်ပြီး ဂါရဝထပ်ပြုသည်။ ဂါရဝပြုခြင်းသာ ဖြစ်နေသေးသော် အဓိပ္ပာယ်က ခြားနားသွားသည်။

“ငါက အရှင်အမတ်ကို အနိုင်စောစောယူပြီး အောင်ပွဲနဲ့အတူ ပြန်လာဖို့ မျှော်လင့်ပါတယ်”

ဖန်းချန်းချင်၏ အနောက်မှ အန်းရှီ၏လက်ရွေးစင် လေးယောက်လုံးကလည်း လေးနက်စွာ ဂါရဝပြုကြသည်။

“ငါ့ဆီကသတင်းကိုစောင့်နေ”

ဝမ်ချောင်က ပြုံးရုံသာပြုံးသည်။ ဒီတစ်ချိန်တွင် သူက ဖန်းချန်းချင်ကို မထူမတ်ပေးတော့ချေ။ ထိုအစား သူက ခွာဖြူမြင်းအရိပ်ပေါ် တက်လိုက်ပြီး ထွက်ခွာသည်။ သူ၏ကျောက ဖြောင့်မတ်နေပြီး မျက်နှာအမူအရာက တွန့်ဆုတ်မှုမရှိဘဲ လွတ်လပ်ပေါ့ပါးနေသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်သားတိုင်း ထွက်ခွာမယ်။ အရှိန်နှုန်းကို မြှင့်ရမယ်”

ဝုန်း

စစ်သည်တစ်သိန်းကျော်သော ထိုစစ်တပ်ကြီးက မဟာထန်၏ နောက်ဆုံးသောခံတပ်မှ ကျော်ဖြတ်လိုက်ပြီး တာလာ့မြို့ထံ ဦးတည်သည်။ အကွာအဝေးက လီတစ်ထောင်ဝန်းကျင်ဝေးသည်။ အနောက်တွင်... ချီရှီကာကွယ်ရေးစစ်တပ်မှ နောက်ဆုံးသောစစ်သား ပျောက်သွားသည်အထိ စောင့်ပြီးမှသာ ဖန်းချန်းချင်က ခေါင်းမော့သည်။

နေဝင်ချိန်တွင် ချီရှီမှ တစ်သိန်းကျော်သော စစ်သည်တော်များက အနက်ရောင်ရေလွှမ်းသလို ထင်ရသည်။ သူတို့ကို ရပ်တန့်၍မရချေ။ သူတို့က အကြောက်အလန့်လည်းမဲ့သည်။ ဆုံးဖြတ်ချက်လည်း ပြတ်သားပြီး ဖြေရှင်းနိုင်စွမ်း ရှိနေလေသည်။ ထိုအဖွဲ့အစည်းကို မြင်သောလူတိုင်းက ထိုအခြေအနေများကိုသာ စွဲမြဲစွာ မှတ်မိနေပေလိမ့်မည်။ ဖန်းချန်းချင်၏ စိတ်ထဲတွင်ရှိနေသော တစ်ခုတည်းသော ပုံရိပ်ကမူ ယုံကြည်မှုရှိပြီး လွတ်လပ်ပေါ့ပါးသော လူငယ်သာဖြစ်သည်။

“တကယ်တော့ ကောလဟာလတစ်ရာက တစ်ကြိမ်တွေ့တာကို မယှဉ်နိုင်ဘူးဆိုတာ မှန်နေတာပဲ။ လူက သတင်းထက် ပိုကျော်ဇောတယ်။ အတိတ်မှာ အရှင်နဲ့ငါက အရှင့်ကို အထင်သေးခဲ့မိတယ်။ ဒါပေမဲ့ မဟာထန်မှာ အရှင်အမတ်ကို ပိုင်ဆိုင်ထားတာ အန်းရှီအတွက် ကံကောင်းခြင်းပဲ။ လောကအတွက် ကံကောင်းခြင်းလည်းဟုတ်တယ်။ ဒီတိုက်ပွဲမှာ အရှင်အမတ် အောင်မြင်မယ်လို့ ငါယုံကြည်တယ်”

.....

စွစ်ယဲ့ကို ကျော်လွန်သော် ပတ်ဝန်းကျင်တစ်ခုလုံးက ကြမ်းတမ်းမတ်စောက်သည့် တောင်တန်းများ၊ ချောက်ကမ်းပါးများ ဖြစ်သွားပြီး ရွာမြို့များကို မမြင်ရတော့ချေ။

“စစ်သားတိုင်း အရှိန်အမြင့်ဆုံးနှုန်းနဲ့ ချီတက်ရမယ်”

“လိုက်လာ နောက်မှာ မကျန်ရစ်ခဲ့စေနဲ့”

“မြန်မြန် တာလာ့က အန္တရာယ်ထဲကိုရောက်နေတယ်။ ငါတို့က အာရပ်တွေကို အောင်မြင်ခွင့် ပြုလို့မရဘူး”

ထိုစစ်တပ်က ခုံးတောင်တန်းကို ကျော်လွန်ကာ ချီတက်သွားသည်မှာ ကြီးမားသော နဂါးကြီးတစ်ကောင်က ခွေလျှက် ကျော်ဖြတ်သကဲ့သို့ ထင်ရသည်။ ထိုနည်းအားဖြင့် လူသူရှင်းလင်းသော တောင်လမ်းများ တောက်လျှောက် အနောက်ဘက်သို့ဦးတည်သည်။ သူတို့ဟာ အရှိန်နှုန်း မြန်သထက်မြန်ပြီး အားအင်အပြည့်ဖြင့် ချီတက်နေကြသည်။ သူတို့၏အရှိန်က စစ်ပွဲတွင် အရေးအကြီးဆုံးဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်တွင်လည်း ကင်းထောက်ငှက်များက ပြည့်နှက်နေသည်။ သူတို့က တာလာ့သို့ မရောက်ကြသေးသော်လည်း အားလုံးက အဝေးမှ အော်ဟစ်သံကိုပင် ကြားနိုင်နေသေးသည်။

သူတို့က ဘာကိုမှ မမြင်ရသေးချေ။ သို့သော် အဝေးရှိ တာလာ့ကို မျှော်လင့်ကြည့်နိုင်သည်။ ထိုနေရာတွင် စစ်သည်းသိန်းကျော်က စုစည်းရောက်ရှိနေသည်။ ပြင်းထန်သော တိုက်ပွဲက ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။

စစ်သည်တော်တိုင်းက သွေးကြောများ တောင့်တင်းနေပြီး မျက်နှာထားများက တင်းမာနေသည်။ ဟူကြေးစားစစ်သားများ အတွင်းတွင်ပင် မဆုံးနိုင်အောင် ထပ်ခါတလဲလဲ ရောက်လာသော အမိန့်များက ဟန်များအကြားမှ ဟန်ဘာသာစကားကို နားမလည်သော ဟူကြေးစားစစ်သားများကိုပင် တင်းကြပ်နေပြီး ဖိအားများသည့် လေထု၏ အရှိန်အဝါကို ခံစားမိစေသည်။

တစ်ရက်ခန့်ကြာပြီးနောက် အမိန့်အသစ်က ရောက်လာသည်။ မြင်းတိုင်း၏ ခွာများကို အဝတ်ဖြင့်ပတ်ပြီး မြင်းများ၏ ပါးစပ်နှင့် ပါလာသော သက်ရှိတိုင်း၏ ပါးစပ်ကိုလည်း အဝတ်ဖြင့်စို့လျှက် ဆူညံသံမထွက်အောင်လုပ်သည်။

စစ်သည်တစ်သိန်း၏ ဆူညံသံက ချက်ချင်းဆိုသလို ထိုးကျသွားသည်။ သို့သော် တိတ်ဆိတ်သော ဝန်းကျင်တွင် ထိုသို့ဖြစ်နေသော လှုပ်ရှားမှုများက လေထဲမှ သိပ်သည်းသော အရှိန်အဝါကို ထင်ဟပ်လာစေပြီး လေထုအခြေအနေကိုပင် ပြောင်းလဲလာစေ၏။ သူတို့၏ အကြီးအကဲများက မည်သည့်အမိန့်မှ မထုတ်သော်လည်း အနှေးကွေးဆုံး စစ်သည်တော်တိုင်းကပင် သမိုင်းကြောင်းအရ ပုံစံတကျ ပြင်ဆင်ထားသော တိုက်ပွဲမှသာ အောင်မြင်မှုအတိ ပြီးနိုင်ကြောင်း နားလည်နေကြသည်။

လီတစ်ရာ

တာလာ့က နီးသထက်နီးလာသည်။ အော်ဟစ်သံများက ကျယ်သထက် ကျယ်လာသည်။

လီရှစ်ဆယ်

တာလာ့ကို မမြင်ရသေးချေ။ သို့သော် အသံလှိုင်းများကတော့ဖြင့် ရထားလုံးများလိမ့်သံ၊ စစ်တပ်က ချီတက်သံများဖြင့် ကြားယောင်နေရခြင်းဖြစ်သည်။

လီငါးဆယ်

စစ်တပ်က မြန်သထက်မြန်လာသည်။ မိုးကုတ်စက်ဝိုင်းတည့်တည့်တွင် တောင်တန်းကျယ်ကြီးများကို မြင်နိုင်သည်။ ဆင်ခြေလျောများက စိမ်းလန်းကာ လှပ၏။ အပင်ပေါင်းများစွာက အပြည့်ရှိနေသည်။ မြေမျက်နှာသွင်ပြင် အနေအထားအရ ကြီးမားသော မည်သည့်အပင်မှ မရှိနေသည့်တိုင်အောင် စိမ်းလန်းမှုကို မြင်နိုင်၏။ ထိုနေရာက ပိုင်ရှီတောင်တန်းများဖြစ်သည်။ တာလာ့နှင့်အနီးဆုံး လွင်ထီခေါင်လမ်းလည်းဖြစ်သည်။ ပိုင်ရှီတောင်တန်းများအကျော်တွင် မိုးထိုးမတက် မြင့်မားလွန်းသော မြို့၏ ထောင့်ပိုင်းကိုပင် လှမ်းမြင်နေနိုင်ပြီဖြစ်၏။ ကောင်းကင်ထိတိုင် ထိုးတက်နေသော မီးခိုးနှင့် မီးတောက်လုံးများ၏ ထူထည်းသိပ်သည်းမှုကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။

လေထုက တင်းကြပ်လာသလို တင်းမာသော မျက်နှာထားနှင့် စစ်သည်တော်များ အားလုံးက တိတ်ဆိတ်နေကြသည်။ ကျွဲ၊ နွား၊ မြင်းနှင့် အခြားသော သက်ရှိတိုင်းကပင် တစ်စုံတစ်ရာကို အာရုံခံမိသလိုမျိုး ပါးစပ်ကို တင်းတင်းပိတ်ထားကြပြီး မျက်လုံးများကလည်း မသက်မသာ ဖြစ်ကုန်ကြသည်။

“အရှိန်ကိုမြှင့်”

အမိန့်တစ်ခုပြီးတစ်ခုက တဖန် ထွက်ပေါ်လာသည်။ အဆင့်တိုင်းတွင်ရှိသော အရာရှိတိုင်း စစ်သည်တော်တိုင်းက သူတို့၏ပတ်ဝန်းကျင်မှ သိပ်သည်းလွန်းသည့် တိုက်ပွဲ၏ ရနံ့ကို ခံစားမိကြပြီး အားလုံးက လက်နက်ကို တင်းတင်းဆုပ်ထားကြပြီး ရှေ့သို့ မြဲမြံစွာ စိုက်ကြည့်နေကြ၏။ တစ်ယောက်ချင်းစီတိုင်းကလည်း တိုက်ပွဲက မည်သည့်နေရာတွင်ဖြစ်ကြောင်း နားလည်ကြသည်။ သူတို့၏ ရန်သူက မည်သည့်နေရာတွင်ရှိကြောင်း သိကြ၏။

သူတို့ကို စောင့်ကြိုနေမည့်အရာက ခက်ထန်ကြမ်းတမ်းလွန်းသော ရက်စက်သည့် တိုက်ပွဲနယ်မြေဖြစ်သည်။

ဂိတ်ပေါက်မှ မဟာထန်ဟာ သူတို့၏နောက်ဘက်တွင်ဖြစ်သည်။ အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်သုံးသောင်းဟာ သူတို့၏အလာကို စောင့်နေသည်။ သူတို့က နောက်ပြန်လှည့်၍မရချေ။

လီလေးဆယ်

တင်းကြပ်မှုက ပြင်းထန်သိပ်သည်းလွန်းလာသည်။ စစ်တပ်၏ အရှေ့ဆုံးမှ ကျန်းချွယ်နှင့် သိန်းငှက်အသင်းမှ အဖွဲ့ဝင်တိုင်းက စုစည်းရောက်ရှိနေကြသည်။ အားလုံး၏ မျက်နှာက တည်ငြိမ်နေ၏။ သိန်းငှက်အဖွဲ့မှ အဖွဲ့ဝင်တိုင်းက အမျိုးမျိုးသော လေကြောင်းတိုက်ပွဲများကို ကျော်ဖြတ်ခဲ့ပြီးကြသည်။ တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင်လည်း သူတို့က ပါခဲ့သလို ချီရှီလက်နက်တိုက်က တိုက်ပွဲတွင်လည်း ပါခဲ့သည်။ တူရကီမြက်ခင်းပြင်လွင်ပြင်မှ တိုက်ပွဲတွင်ပင် ပါခဲ့ဖူးသည်။ အချိန်တိုင်းလိုလို သူတို့က အနိုင်ဖြင့်သာ ပြန်လာနိုင်သည်။

သို့သော် သူတို့အားလုံးကလည်း ဒီတစ်ကြိမ် ရင်ဆိုင်ရမည့် ပြိုင်ဘက်ဟာ ယခင်အခေါက်များထက် အဆပေါင်းများစွာ အင်အားကြီးမားကြောင်း နားလည်နေသည်။ ထို့ကြောင့် မြင်းတပ်ပင်ဖြစ်စေ၊ ခြေလျှင်တပ်ပင်ဖြစ်စေ သိန်းငှက်ပင်ဖြစ်စေ၊ အခြားသောငှက်များပင်ဖြစ်စေ အပြတ်အသပ် သာနေလောက်သည်။

တိုတောင်းသော ထိပ်တိုက်ရင်ဆိုင်မှုတွင်ပင် သူတို့က အားသာမှုမရရှိဖူးချေ။

“အသင့်ပြင်”

ကျန်းချွယ်က သူ၏အသင်းကို လှည့်ကြည့်သည်။ သူ၏အကြည့်က အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းထံ ရောက်သွားသည်။

“ငါအာရပ်တွေရဲ့ အင်အားနဲ့ပတ်သတ်ပြီး အပိုထပ်ပြောဖို့ လိုမယ်လို့တော့မထင်ဘူး။ ငါတို့မှာ အခွင့်အရေး တစ်ခုပဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သေချာပေါက် နိုင်ရမယ်။ တစ်ကောင်မှ မလွတ်စေနဲ့”

“နားလည်ပါပြီ”

အဖွဲ့ဝင်တိုင်းက ဂါရဝပြုကြသည်။ သူတို့၏ အမူအရာက ချက်ချင်းလိုလို တင်းမာသွားပြီး လေးကြိုးကိုဆွဲသည်။

“အွန်း”

ကျန်းချွယ်က ခေါင်းညိမ့်သည်။ ထို့နောက်သူက ဘေးသို့လှည့်ကြည့်သည်။ သူ၏အကြည့်က အနောက်ပိုင်းမှ ကောင်းကင်များထံ ရောက်သွားသည်။ သူဟာ ကောင်းကင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် အကဲခတ်ကြည့်နေပြီး တစ်စုံတစ်ရာကို ရှာနေသည်။ နောက်ဆုံးတွင်...

ခီး...

စူးရှသောအော်သံက ကောင်းကင်ထဲမှ ထိုးထွက်လာသည်။ ထို့နောက် ကြီးမားသော အာရပ်အမဲလိုက် သိန်းငှက်ကြီး၏ စူးရှသော ကြောက်မက်ဖွယ်ကောင်းသည့် မျက်ဝန်းများနှင့် ကြီးမားလွန်းသော တောင်ပံကြီးများကို ဖြတ်သန်းလျှက် ချဉ်းကပ်လာသော စစ်တပ်ထံ ဦးတည်ပျံသန်းလာသည်။

“သူတို့လာပြီ ပစ်”

ကျန်းချွယ်၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏အဖွဲ့ဝင်တိုင်းကလည်း ထိတ်လန့်လာကြ၏။ သူတို့အားလုံးက ထိုအကောင်များဟာ အာရပ်သိန်းငှက်များဖြစ်ကြောင်း သိသဖြင့် ဒီအနီးအနား ပတ်ဝန်းကျင်တွင်လည်း သူတို့အဖွဲ့ရှိနိုင်ကြောင်း နားလည်နေသည်။ အာရပ်များက တာလာ့ကို တိုက်ခိုက်ရန် အင်အားစိုက်ထုတ်ထားကြပြီး ချဉ်းကပ်လာသည့် တပ်ကူကို သတိမမူမိသေးကြသော်လည်း အခြားသော အင်ပါယာမှ စစ်သည်တော်များနည်းတူ အာရပ်များကလည်း ပတ်ဝန်းကျင်ကို အာရုံစိုက်ဦးမည်ဖြစ်သည်။

စွစ်

ကျန်းချွယ်၏ ပုခုံးမှ အနက်ရောင်အရိပ်တစ်ခုက ခုန်ထွက်သွားသည်။ အမာရွတ်နှင့် ထိုသိန်းငှက်ဘုရင် ရှောင်ရှားလေးက ပစ်ခတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားသည်။ ဒါက အချက်ပြမှု တစ်ခုလိုမျိုး တစွစ်စွစ် မြည်သံများနှင့်အတူ အသင်းမှ သိန်းငှက်တိုင်းက နွေဦးမိုးစက်များအောက်တွင် ရှိနေသည့် ဝါးချောင်းများကဲ့သို့ ကောင်းကင်ထဲသို့ ထိုးတက်သွားကြပြီး လေထုထဲသို့တိုးဝင်ကာ အာရပ်အမဲလိုက် သိန်းငှက်များနှင့် ထိပ်တိုက်ရင်ဆိုင်သည်။

တိုက်ပွဲက ဖြစ်လာတော့မည့် အနေအထားမျိုးတွင်ဖြစ်သည်။

“မင်းလုပ်နိုင်ပါတယ်”

ကျန်းချွယ်က ကောင်းကင်ကို အံ့ကြိတ်လျှက်ကြည့်သည်။ သူ၏လက်ကလည်း တင်းတင်းဆုပ်ထား၏။

အခန်း(၈၇၂)

သိန်းငှက်အဖွဲ့မှ အဖွဲ့ဝင်များကသာ အာရပ်များထံမှ သတင်းရရန် သူတို့က မည်မျှကြီးလေးသော တန်ကြေးကို ပေးဆပ်ထားကြောင်း သိကြသည်။ အဖွဲ့မှ အဖွဲ့ဝင်(၁၁)ယောက်က တာလာ့အရှေ့ပိုင်း နယ်မြေတွင် သေသွားခဲ့ပြီး တိုက်ပွဲထဲတွင် သိန်းငှက်အကောင်နှစ်ဆယ်မှ သုံးဆယ်ခန့်အထိ သေသွားခဲ့သည်။ ရှောင်ရှားကပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့၏။ သို့ရာတွင် ကျန်းချွယ်ကလည်း အာရပ်များ၏ လည်ပတ်ပုံ နည်းလမ်းအချို့ကို အောင်မြင်စွာသိရှိခဲ့သည်။

အာရပ်များက လွတ်လပ်သော တိုက်ခိုက်ပုံကို မှီခိုသည်။ လေထဲမှ သိန်းငှက်များက မကြာခဏဆိုသလို မြေပြင်ရှိ ကင်းထောက်များနှင့် အလွန်ဝေးသောနေရာထိ ဖြတ်သန်းသွားလေ့ရှိပြီး အမဲလိုက်သိန်းငှက်များကမူ လီတစ်ဆယ်ကျော်အကွာနယ်မြေကို စောင့်ကြည့်စစ်ဆေးသည်။ အာရပ်များ၏ အမဲလိုက်သိန်းငှက်များက ရန်သူသိန်းငှက်များနှင့် တွေ့သောအခါ ထိုထဲမှတစ်ကောင်က နောက်ပြန်လှည့်ကာ နောက်တန်းမှ ကင်းထောက်များကို သတင်းပို့လေ့ရှိသည်။

အကယ်၍ အာရပ်များက သတင်းရသွားပြီး အခြေအနေကို တားမြစ်လိုလျှင် အရင်ဆုံး သူတို့၏ ကင်းထောက်ငှက်များကို မြေပြင်သို့ဆွဲချရန် လိုအပ်သည်။ ထိုအချိန်တွင် အမဲလိုက်သိန်းငှက်များက လေထဲတွင် ရန်သူ မတွေ့ခဲ့ပါက သူတို့ကရှေ့သို့ ဆက်လက်ပျံသန်းသွားမည်ဖြစ်ပြီး လေထဲတွင် ပံျဝဲလျှက် ရန်သူအရေအတွက်ကို အတည်ပြုပြီးမှသာ ထွက်ခွာမည်ဖြစ်သည်။

ထိုသို့ ရှာဖွေတွေ့ရှိမည့် အနေအထားမျိုးကို တားမြစ်လိုလျှင် ထိုကြီးမားလွန်းလှသည့် အမဲလိုက် သိန်းငှက်များကို အပြည့်အဝ တစ်ပတ်ဝိုင်းပတ်ကာ အရေအတွက်ကို မဆုံးဖြတ်ခင် ကွပ်မျက်ရမည်ဖြစ်သည်။ သူတို့ထဲမှ တစ်ကောင်ကိုသာ ထွက်ပြေးလွတ်မြောက်ခွင့် ပြုလိုက်မည်ဆိုလျှင် ကြိုးစားအားထုတ်မှုများက အလဟသ ဖြစ်သွားပေလိမ့်မည်။ ချီရှီစစ်သည် တစ်သိန်းကျော် တိတ်တဆိတ် ချီတက်သွားခြင်းကပင် အလဟသဖြစ်သွားနိုင်သည်။

တစ်ပတ် တစ်ပတ်ထဲပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အောင်မြင်ရမယ်။

ကျန်းချွယ်က ကောင်းကင်ကို ထိတ်လန့်တကြီး ကြည့်နေသည်။

အာရပ်များက သူတို့၏စစ်တပ်ကို အရပ်မျက်နှာအနှံ့ ဖြန့်ထားပြီး အနောက်ဘက်ခြမ်းတွင် တစ်စိတ်တစ်ပိုင်းသာရှိသည်။ ဒါက သူတို့၏ အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ သိန်းငှက်အသင်းကသာ အပြည့်အဝ လှုပ်ရှားနိုင်လျှင် ချီရှီနှင့် အန်းရှီစစ်တပ်အကြားမှ ထိုတိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။

သူ၏စိတ်ထဲ ထိုအတွေးများ ပေါ်လာသော်လည်း သိပ်သည်းစွာရှိနေသော မဟာထန်မှ သိန်းငှက်များက အာရပ်အမဲလိုက်သိန်းငှက်များနှင့် ထိပ်တိုက်ဆုံနေကြပြီဖြစ်သည်။

ခီး...

ကောင်းကင်တွင် စူးရှသော အော်ဟစ်သံက ပျံ့နှံ့သွားသည်။ အကြံအစည်ချခြင်းနှင့် စမ်းသပ်ကာ တိုက်ခိုက်သော အနေအထားမျိုး မရှိသေးချေ။ ပထမဦးဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင် နှစ်ဖက်လုံးမှ ငှက်များက ခါးသီးသော အနီးကပ် တိုက်ခိုက်မှုအတွင်းသို့ ဝင်ရောက်သွားသည်။ ငှက်မွှေးများ၊ ငှက်တောင်များ၊ သွေးများက ပြန့်ကျဲကုန်သည်။ တစ်စက်ချင်းစီကျခြင်းမဟုတ်ဘဲ အစပိုင်းကတည်းက သွေးမိုးရွာခြင်းဖြစ်သည်။

ဘန်း

ကောင်းကင်မှ အာရပ်အမဲလိုက် ငှက်တစ်ကောင်က အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလျှက် မြေပြင်ရှိ ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို ဝင်ဆောင့်တိုက်မိသွားပြီး အသားနှင့် ကွဲကြေသွားသော အရိုးများအားလုံးက လွင့်စင်ကုန်သည်။ အနောက်တွင် မဟာထန်၏ သိန်းငှက်သုံးကောင်ကလည်း အလားတူပင် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ငါးကောင်၊ ခြောက်ကောင်၊ ခုနှစ်ကောင်၊ ရှစ်ကောင်...

တိုက်ပွဲက မျှော်လင့်ထားသည်ထက် ကြမ်းတမ်းလွန်းသည်။ အာရပ်အမဲလိုက်ငှက်များက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသေး၏။ သူတို့၏ နှုတ်သီးများက သံမဏိ ဆူးချွန်ကြီးများအလား ဖြစ်နေပြီး သူတို့၏ လက်သည်းများက သံမဏိ ချိန်သီးများနှင့်တူသည်။ သူတို့၏ တစ်ချက် ကုပ်ဆွဲချက်က အသွေးအသားပေါင်းများစွာကို ပန်းထွက်စေသလို ငှက်မွှေးပေါင်းများစွာကိုလည်း လွင့်စင်စေသည်။ အမဲလိုက်သိန်းငှက် တစ်ကောင်ချင်းစီတိုင်းက အခြားသောငှက် နှစ်ကောင်၊ သုံးကောင်၊ လေးကောင်ခန့်အထိ ယှဉ်နိုင်ကြသည်။ သိသာစွာပင် ထိုသို့ကြမ်းတမ်းသော တိုက်ခိုက်မှုအောက်တွင် ကျန်းချွယ်နှင့် ရှောင်ရှားကပင် ဒဏ်ရာရသွားသည်။

သို့သော် ထိုအခိုက် ကျန်းချွယ်နှင့် သူ၏သိန်းငှက်အသင်းကလည်း ခြားနားသော ဗျူဟာကို သုံးလိုက်သည်။

ဝှစ်

သိန်းငှက်အကောင် သုံးဆယ်မှ လေးဆယ်ခန့်က အာရပ်အမဲလိုက် သိန်းငှက်တစ်ကောင်တည်းကို ဝံပုလွေအုပ်လိုဝိုင်းလျှက် အောက်သို့ဆင်းလာသည်။ သူတို့၏ နှုတ်သီးများက ဆက်တိုက် ထိုးဆိတ်နေသလို လက်သည်းများက ဆက်တိုက် ကုပ်ဆွဲနေသည်။ တစ်ချက်ချင်းစီတိုင်းတွင် ထိုကြောက်မက်ဖွယ်ကောင်းသော အမဲလိုက်သိန်းငှက်ကြီးကပင် ကောင်းကင်ပေါ်မှ ထိုးကျရသည်။

ထိုဖြစ်စဉ်တွင် သိန်းငှက်တိုင်း၏ အာရုံက တစ်မျိုးတည်းသာဖြစ်သည်။ သူတို့က အခြားသော အမဲလိုက် သိန်းငှက်များ၏ တိုက်ကွက်များကို လျစ်လျူရှု့ထားခြင်းဖြစ်သည်။ မည်သူကမှ ခေါင်းပင် လှည့်မကြည့်ကြချေ။ မည်သူကမှ ထွက်ပြေးရန် မကြိုးစားကြချေ။ သူတို့အားလုံးက နာကျင်မှုကို သည်းခံလျှက် တစ်ကောင်တည်းကို ဦးစွာအမဲလိုက်သည်။ ပြီးနောက် အခြားသောတစ်ကောင်ကို ပစ်မှတ်ထားသည်။

ယခုလိုထပ်ခါတလဲလဲ လုပ်သောအခါ သိန်းငှက်အသင်းကလည်း သူတို့၏ သိန်းငှက်ပေါင်းများစွာ၏ ကြီးလေးသောဒဏ်ရာများ ရရှိခြင်း၊ ကောင်းကင်ပေါ်မှ ပြုတ်ကျခြင်းဆိုသည့် ကြီးလေးသည့် ဆုံးရှုံးမှုကို ခံရသည်။ ထိုမြင်ကွင်းကလည်း သိန်းငှက်အဖွဲ့ဝင်တိုင်း၏ မျက်လုံးကို ရင်ကျိုးမရမှုနှင့်အတူ နီရဲလာစေသည်။

ထိုသိန်းငှက်တစ်ကောင်ချင်းစီတိုင်းက ပြင်းထန်သည့် လေ့ကျင့်မှုကို ကျော်ဖြတ်ထားရသည်။ ထိုလေ့ကျင့်မှုကလည်း သူတို့၏ နက်ရှိုင်းသည့် ချစ်ခင်မှုနှင့် ပေါင်းစပ်နေသည်။ သိန်းငှက်တစ်ကောင်ချင်းစီ၏ သေဆုံးမှုက သူတို့၏ အသွေးအသားများကို ဆွဲထုတ်သွားသလို ခံစားနေရသည်။ သို့သော် အားလုံးကလည်း ခံစားချက်များကို သူတို့၏ နှလုံးသားအတွင်း သိုသိပ်စွာပင် ထားရသည်။

တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်...

ကျန်းချွယ်၏ ဗျူဟာက အလုပ်ဖြစ်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အမဲလိုက်သိန်းငှက်များစွာ အသတ်ခံလိုက်ရသည်။ သို့သော် အကြမ်းတမ်းဆုံး အမဲလိုက်သိန်းငှက်ကပင် သိန်းငှက်ပေါင်းများစွာ ဝိုင်းဝန်းတိုက်ခိုက်မှုဒဏ်ကို မခံနိုင်ချေ။ သို့သော် ကျန်းချွယ်၏ နှလုံးသားက တင်းကြပ်မှုကြောင့် လေးလံနေသည်။

ငါတို့သူတို့ကို ထွက်ပြေးခွင့် ပြုလို့မရဘူး။ တစ်ကောင်တောင်မှ...

ကျန်းချွယ်က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး လေထဲမှ အခြေအနေကို ထောက်လှမ်းနေသည်။ အာရပ်အမဲလိုက် သိန်းငှက်များက တိုက်ပွဲတွင် မည်မျှကျွမ်းကျင်စေကာမူ အကုန်ရှင်းလင်းပစ်ခံရမည်ဆိုလျှင် သူတို့၏ ကျွမ်းကျင်မှုက အဓိပ္ပာယ်မဲ့သွားလေပြီ။ သို့သော် အကယ်၍ တစ်ကောင်ကသာ ပြန်သွားခဲ့ပါက ရှုံးမည်ဟုဆိုလိုသည်။ အာရပ်အမဲလိုက် သိန်းငှက်များ၏ အရေအတွက်က စတင်ကာ လျော့ကျလာသည်။ သိန်းငှက်ပေါင်းများစွာ၏ ဆက်တိုက် ပြုံတိုးကာ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် အမဲလိုက်သိန်းငှက်ပေါင်းများစွာက နောက်ဆုံးတွင် သတ္တိလျော့ကျသွားကြပြီး စူးရှစွာ အော်ဟစ်လျှက် စတင်ကာ လှည့်ပြီးထွက်ပြေးသည်။

သိန်းငှက်အသင်း၏ နှလုံးသားများက လည်ချောင်းတွင်တစ်သွားသည်။ ကျန်းချွယ်၏ မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားသည်။

ထိုအခိုက် လျှပ်စီးလက်သွားသလို ပုံစံမျိုးနှင့် ရှေ့သို့ ကျောက်တုံးသိန်းငှက်တစ်ကောင်က တိုးဝင်သွားသည်။ သူ၏လက်သည်းက အမဲလိုက်သိန်းငှက်တစ်ကောင်၏ နောက်ကျောကို စုတ်ဖြဲလိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။ တစ်စက္ကန့်သာကြာ၏။ ထို့နောက် ဒုတိယတစ်ကောင်၊ တတိယတစ်ကောင် ဆက်တိုက်ပြောင်းလဲသွားပြီး နောက်လှည့်ပြေးသော အကောင်တိုင်းက ပြန်လှည့်ကာ တိုက်ခိုက်ကြသော်လည်း ကျန်သော အဖွဲ့ဝင်များနှင့်ပေါင်းပြီး သူတို့က အောက်သို့ ထိုးဆင်းကြရသည်။

ဘန်း

နောက်ဆုံး အာရပ်အမဲလိုက်သိန်းငှက်ကောင်က မြေပြင်သို့ ပြုတ်ကျလာပြီးနောက် သိန်းငှက်အသင်းက ပျော်ရွှင်စွာ အော်ပွဲခံသည်။

“ရှောင်ရှား”

“ရှောင်ရှား”

“ရှောင်ရှား”

အာရပ်အမဲလိုက်သိန်းငှက်သုံးကောင်၏ အသတ်ကို အဆုံးသတ်ပြီးနောက် ထိုကျောက်တုံးသိန်းငှက်လေးက ကျန်းချွယ်၏ သိန်းငှက်ဘုရင် ရှောင်ရှားဖြစ်ကြောင်း အားလုံးက မြင်လိုက်ကြရသည်။

“အောင်မြင်ပြီ”

ကျန်းချွယ်က နောက်ဆုံးတွင် စိတ်အေးသွားသလို သက်ပြင်းချသည်။ အာရပ်များက အခြေအနေကို သတိပြုမိလိမ့်မည်မဟုတ်ချေ။ သို့သော် အမဲလိုက်သိန်းငှက်များကို သတ်ဖြတ်ခြင်းအားဖြင့် သူတို့က စစ်တပ်အတွက် အချိန်အချို့ ယူလိုက်နိုင်သည်။

“ကျန်တဲ့ကိစ္စတွေက ဟွမ်ပေါ့ထန်းရဲ့ အဖွဲ့ပေါ်ပဲ မူတည်တော့တယ်”

အာရပ်များ ရှာမတွေ့အောင် ကာကွယ်နိုင်သည့် နည်းလမ်းနှစ်ခုရှိသည်။ ပထမတစ်ခုကမူ အာရပ်များ၏ အမဲလိုက်သိန်းငှက်များဖြစ်သည်။ ထိုအမဲလိုက်သိန်းငှက်များက အမြဲတစေ သူတို့၏ အပြင်ဘက်ဆုံး အပိုင်းတွင် လှည့်လည်ကာ ရှိနေတတ်သည်။ ဒုတိယတစ်နေရာကမူ မြေပြင်ရှိ ကင်းထောက်များဖြစ်သည်။ အမဲလိုက်သိန်းငှက် တစ်ကောင်ချင်းစီတိုင်းက လေးစားဖွယ်ကောင်းသော ကင်းထောက်တစ်ယောက်ကို ကိုယ်စားပြုသည်။ လေထဲမှတိုက်ပွဲကို နိုင်သွားရုံနှင့် မြေပြင်မှ သတိကို လျော့ချ၍ရသည်ဟု မဆိုလိုနိုင်သေးချေ။

မြေပြင်ရှိ ကင်းထောက်များကလည်း သူတို့၏ အမဲလိုက်သိန်းငှက်များနှင့် အဆက်အသွယ် ပြတ်သွားသောအခါ သေချာပေါက် လာရောက်ပြီး စုံစမ်းစစ်ဆေးပေလိမ့်မည်။ သို့သော် ထိုတာဝန်က ကျန်းချွယ်၏ စွမ်းရည်ကို ကျော်လွန်သွားသည်။

“အသင့်ပြင်”

ကျယ်လောင်သော အော်ဟစ်သံက အရှေ့ဘက်မှ ထွက်လာသည်။ ကျန်းချွယ်က လှည့်ကြည့်လိုက်သောအခါ အညိုရောင်မြင်းကို စီးနင်းသော ဟွမ်ပေါ့ထန်းက လက်ရွေးစင် ကင်းထောက်များကို စုစည်းလာကြောင်း တွေ့လိုက်ရသည်။

စစ်တပ်၏ ချီတက်နှုန်းက မြန်ဆန်သထက် မြန်ဆန်လာပြီး တာလာ့က နီးကပ်သထက် နီးကပ်လာသည်။ လူတိုင်းကလည်း စစ်တပ်အတွက် အချိန်သိပ်မရနိုင်ကြောင်း နားလည်သောကြောင့် သူတို့အားလုံးက အလွန်အမင်း ထိတ်လန့်နေကြသည်။

လီသုံးဆယ်တွင် အပြင်ဘက်ဆုံး အပိုင်းတွင်ရှိသည့် အာရပ်မှ ကင်းထောက်များကို ရှင်းလင်းပြီး ဝမ်ချောင်နှင့် တစ်သိန်းကျော်သော စစ်သည်တော်များအတွက် အချိန်အချို့ရအောင် ယူပေးလိုက်နိုင်သည်။

လီနှစ်ဆယ်

တစ်ဆယ့်ငါးလီ

တစ်ဆယ့်သုံးလီ

စစ်တပ်က အချိန်မရွေး ရှာဖွေတွေ့ရှိသွားခြင်းကို ခံရနိုင်သည်။ အားလုံးကလည်း အချိန်နှင့်တပြေးညီ နှင်နေရပြီး စက္ကန့်တိုင်းကို အသည်းအသန် ပြေးလွှားနေရသည်။ သူတို့အားလုံးကလည်း စစ်တပ်က အပိုချီတက်နိုင်မည့် မီတာတိုင်းက နည်းပါးမည်ဆိုလျှင်ပင် အနည်းငယ် အခွင့်အရေး ပိုတိုးစေကြောင်း နားလည်နေကြ၏။ သူတို့က တိတ်တဆိတ် တင်းမာစွာ ချီတက်နေကြပြီး သူတို့၏ ခြေထောက်နှင့် လှည့်ဘီးလှည့်သံမှလွဲပြီး အခြားအသံမထွက်အောင် သတိထားထားကြသည်။

နောက်ဆုံးအဆင့်ပဲကျန်တယ်။

စစ်တပ်နောက်တန်းမှ ဝမ်ချောင်က ခွာဖြူအရိပ်မြင်းပေါ်တွင်ထိုင်လျှက် သူ၏စူးရှသော မျက်ဝန်းနှင့်အတူ မြောက်များလှစွာသော အလံများကိုကြည့်သည်။ ထိုအရာများက ကျွမ်းကျင်ပညာရှင်များနှင့် ဗိုလ်ချုပ်များ၏ ဝိုင်းမှုကို ခံထားရ၏။ ကျန်းချွယ်၏ သိန်းငှက်အသင်းပင်ဖြစ်စေ၊ ဟွမ်ပေါ့ထန်း၏ ကင်းထောက်အဖွဲ့ပင်ဖြစ်စေ သူက အစီအစဉ်တစ်ခုလုံးကို ဖမ်းဆုပ်မိနိုင်သည်။

စစ်သည်တစ်သိန်းကျော်သော စစ်တပ်တစ်ခုက မည်သူမှ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ရှေ့သို့ ချီတက်သွားနိုင်ရန် မဖြစ်နိုင်ချေ။ သို့သော် အနည်းဆုံး သူက သူ၏စစ်တပ်ကို အနီးဆုံးနေရာသု့ိ ရောက်စေလိုသည်။ ဒီနည်းအားဖြင့် အကောင်းဆုံး အခွင့်အရေး ယူနိုင်ရန် မျှော်လင့်သည်။

ဝမ်ချောင်က တာလာ့ဝန်းကျင်မှ ပိုင်နက်နယ်မြေကို ဂရုတစိုက် စစ်ဆေးခဲ့ပြီးသားဖြစ်သည်။ သူက ပုံစံငယ်ကို ကောင်းကောင်း အသုံးချခဲ့၏။ တာလာ့များက ပြင်ကျယ်ဝိုင်းလျှက်ရှိသော်လည်း အရှေ့မြောက်ပိုင်းတွင် ခပ်နိမ့်နိမ့် တောင်ကုန်းလေးများ အတန်းလိုက်ရှိနေသည်။ သူကသာ အာရပ်များ မတွေ့ခင် ထိုတောင်ကုန်းများထံ ရောက်သွားနိုင်လျှင် တစ်ဖက်သူများက သတိမထားမိခင် အငိုက်ဖမ်းမိနိုင်လောက်သည်။

သေးငယ်သောလေကလည်း လမ်းကြောင်းကိုပြောင်းအောင် လုပ်နိုင်သည်။ ဆယ်ယောက်တစ်ဖွဲ့စီရှိသော အဖွဲ့ငယ်လေးများကလည်း ဗျူဟာကို အလွယ်တကူ အသုံးချနိုင်သည်။ တစ်သိန်းကျော်သော စစ်တပ်ကြီးကမူ အာရပ်များကမသိဘဲ တာလာ့ကို ဝင်ရောက်တိုက်ခိုက်ပြီး လုပ်ကြံသတ်ဖြတ်နိုင်ရန် တာဝန်က မလွယ်ကူချေ။ ဝမ်ချောင်နှင့် သူ၏စစ်တပ်ကလည်း အကြံအစည်ကို အကောင်အထည် ဖော်နိုင်ရန် အတက်နိုင်ဆုံး ကြိုးစားရမည်ဖြစ်သည်။

ဝုန်း

ထိုအခိုက် မြေကမ္ဘာက ယမ်းခါသွားပြီး လေထုကပင် တုန်ယင်သွားသည်။ မြင်းခွာသံများက လေတွင် ပြည့်သွားသည်။

“သတင်းပို့”

ကင်းထောက်တစ်ယောက်က မြင်းပေါ်မှဆင်းပြီး မြေပြင်တွင်ဒူးထောက်သည်။ သူ၏အမူအရာက ထိတ်လန့်နေသည်။

“ရှေ့ဘက်မှာ အာရပ်စစ်သည် ခုနှစ်ထောင် ရှစ်ထောင်အဖွဲ့က ကျွန်တော်တို့ဘက်ကို လာနေပါတယ် အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်လိုက်ရမလဲ”

ဝမ်ချောင်က ဖျော့တော့စွာသာပြုံးပြီး ရှေ့ကိုကြည့်သည်။ တောင်ကုန်းအနောက်မှ ဖုန်လုံးများက လိမ့်တက်လာသည်။ ထိုအရာ၏ အလွန်တွင် သံမဏိလှိုင်းတစ်ခုလိုမျိုး အာရပ် ခုနှစ်ထောင် ရှစ်ထောင်ခန့်က ပေါ်လာသည်။

“အဆုံးမှာတော့ ငါတို့ကို ရှာတွေ့သွားသေးတယ်”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်သည်။ ထို့နောက်ရယ်၏။ အာရပ်များက အားမနည်းချေ။ သူက အကောင်းဆုံးကြိုးစားပြီး ဖုံးကွယ်ရန် လုပ်ခဲ့သည့်တိုင်အောင် သူ၏ချီတက်မှုတွင် အားသာရန် ကြိုးစားခဲ့သည်။ သို့သော် အာရပ်များက တစ်စုံတစ်ရာ၏ ထူးဆန်းမှုကို သတိထားမိသွားပြီး စစ်သည်တော်အချို့ကို ပို့ခဲ့သေးသည်။

“ဒါပေမဲ့ ခုနှစ်ထောင် ရှစ်ထောင်ကတော့ လုံလောက်ဖို့ အဝေးကြီးပဲ”

သူ၏ တိရိစ္ဆာန်များကို အသံမထွက်အောင် အဝတ်ဖြင့်ပတ်ခြင်း၊ စစ်သည်တော်များအကြားမှ ခြေသံများ မထွက်အောင် တားမြစ်ခြင်းများနှင့် ပတ်သတ်သော ဗျူဟာက သက်ရောက်မှုရှိကြောင်း သက်သေပြသည်။ ရထားလုံးများထံမှ ဖိနှိပ်၍မရသည့် အသံတစ်သံကသာ ကျန်ရစ်ခဲ့သည်။ ဝမ်ချောင်၏ စစ်တပ်က လာသောလမ်းကြောင်းက ဖြောင့်ဖြူသော ပိုးသားလမ်းမဟုတ်ဘဲ ကြမ်းတမ်းသော ပိုးသားလမ်းဖြစ်သည်။ အဆုံးအစမဲ့သော မြင်းတပ်များက ဖြတ်သွားဖြတ်လာ ရှိတတ်သည်။ ထို့ကြောင့် ထိုအသံထွက်ခြင်းက ပုံမှန်ဖြစ်နေသည်။ ထို့ပြင် ကင်းထောက်များကလည်း သူတို့ ရောက်ရှိလာကြောင်း နောက်သို့ပြန်ပြီး သတင်းပို့နိုင်ကတည်းက ထိုဆူညံသံက သံသယအများကြီး မဝင်စေနိုင်ချေ။

ဝမ်ချောင်က အခြေအနေကို တိုင်းတာကာ ဂရုတစိုက် စဉ်းစားကြည့်ပြီး နောက်ဆုံးတွင် အကျိုးအမြတ် သေးသေးကို ရလိုက်သည်။

အာရပ်များက အသံကို ကြားပေလိမ့်မည်။ သို့သော် အရေအတွက်က မများနိုင်ဟု ယုံကြည်လေပြီး ခုနှစ်ထောင် ရှစ်ထောင်ကိုသာ ပို့လိုက်ပြီး အခြေအနေကို ကြည့်ခိုင်းခြင်းဖြစ်လောက်သည်။

ချွင်

ဝမ်ချောင်ကဓားကို ဆွဲထုတ်သည်။ လေးပေရှည်သော ဝု့စ်သံမဏိဓားက တောက်ပသော နေရောင်ကိုပင် ကာနိုင်၏။ သူ၏အသွားတွင် အေးစက်သော အလင်းကသာ လက်နေသည်။

“စစ်သားတိုင်း ငါ့အမိန့်ကိုနာခံကြ။ အရှိန်နှုန်းမြင့်ပြီး ချီတက်ကြ”

သူကဆုံးအောင်ပင် မပြောရသေးခင် သူ၏ဓားက အဝေးရှိ တောင်ကုန်းလေးများထံ ချိန်ရွယ်နေပြီဖြစ်သည်။

သူ၏အမိန့်နှင့်အတူ စစ်သည်တစ်သောင်းကျော်သော စစ်တပ်က ရုပ်ဖျက်ထားမှုကို ဖယ်ခွာခံလိုက်ရသလို ဖြစ်သွားလေပြီး ကြီးမားသော ဖုန်တိမ်စိုင်များကို မြောက်တက်စေလျှက် ချီတက်သွားသည်။ အာရပ် ခုနှစ်ထောင် ရှစ်ထောင်ခန့်ပါသော မြင်းတပ်က ပေါ်လာပြီး သူတို့ကို ရှာတွေ့သွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူတို့၏ ရှာဖွေတွေ့ရှိမှုက ခြုံငုံအခြေအနေအပေါ် သက်ရောက်မှု မရှိစေချေ။

အခန်း(၈၇၃)

တိုက်ပွဲနယ်မြေကိုရောက်ပြီ

ဝုန်း

ထန်စစ်တပ်ချီတက်မှုက အဝေးရှိ အာရပ်စစ်တပ်အား မုန်တိုင်းများနှင့် အပြေးဝင်ရောက်သွားသလို ဖြစ်သွားစေသည်။

“မျိုးမစစ်တွေ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ထန်စစ်သားတွေ ပေါ်ထွက်လာတာလဲ။ ငါတို့ ဒီအကြောင်း ဘာသတင်းမှမရထားဘူး”

ဝေးကွာသည့်တောင်ကုန်းမှ သံချပ်ကာ အပြည့်အဝ ဝတ်ဆင်ထားသော အာရပ်အရာရှိက ဒေါသတကြီး အာရပ်လို ကျိန်ဆဲသည်။ သူ၏မျက်လုံးက ပြူးကျယ်ပြီး ဒေါသထွက်နေသည်။ သူ၏တစ်မျက်နှာလုံးက အဝေးရှိ အရှိန်အဝါအပြည့်နှင့် ချီတက်လာသော စစ်သည်ထံတွင်သာရှိသည်။

သူရထားခဲ့သော အမိန့်အရ တာလာ့ထံ ချီတက်လာသော အရေအတွက်က နှစ်သောင်း သုံးသောင်းထက် မပိုနိုင်ဟုဆိုသည်။ ထန်စစ်တပ် ဟုတ်မဟုတ်ဟု မသေချာသော်လည်း သတိထားခြင်းက မမှားနိုင်သည့်အတွက် သူ၏အရာရှိများက သူ့အား ခုနှစ်ထောင်ပါသည့် မြင်းတပ်ကို သယ်ဆောင်ကာ သွားစစ်ဆေးခိုင်းခြင်းဖြစ်သည်။ အာဘတ်ဆစ်ကယ်လီဖိတ်ကလည်း စစ်သားတိုင်းပြည်ဖြစ်သည်။ ထိပ်ဆုံးမှ အောက်ဆုံးအထိ လူတိုင်းက တိုက်ခိုက်ရေးသမားအဖြစ် ကျင့်ကြံခဲ့ကြသည်။ ဒီမြင်းတပ် အင်အားစုက အရှိန်အဝါမြင့် အာရပ်တောင်ပေါ်မြင်းများကို စီးနင်းထားကြခြင်း ဖြစ်နေသေးသည်။ ထိုအတွက်ကြောင့် စစ်သည်ခြောက်သောင်း၊ ခုနှစ်သောင်းကို ကိုင်တွယ်ရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် သူတို့ထင်ထားသည့် အရေအတွက်ကမူ များပြားလွန်းနေခဲ့သည်။

အာရပ်များကလည်း တိုက်ပွဲတွင် နောက်မတွန့်ကြချေ။ သို့သော် ထိုစစ်တပ်ကလည်း သာမာန်စစ်သားများ မဟုတ်သည်မှာ ရှင်းလင်းနေသည်။ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်မှု၊ ထောင်လွှားသော အရှိန်အဝါ၊ ထက်ရှသော ဟန်ချက်များအားလုံးကတင် သူတို့ဟာ စစ်သားဟောင်းများဖြစ်ကြပြီး လက်ရွေးစင်များထဲမှ လက်ရွေးစင်များဖြစ်ကြောင်း ဖော်ပြနေသည်။

အရူးမှသာ စစ်သည်ခုနှစ်ထောင်လောက်ကို သယ်လျှက် တစ်သိန်းကျော်သော စစ်သားများကို သွားရောက် ရင်ဆိုင်ပေလိမ့်မည်။

“နောက်ဆုတ် အမြန် နောက်ဆုတ်ကြစမ်း”

“တစ်ယောက်ယောက် အရှင်အုပ်ချုပ်သူကို သတင်းသွားပို့”

လေထဲတွင် အော်ဟစ်သံများ စူးရှစွာ ပေါ်ထွက်လာပြီး အာရပ်မြင်းတပ် ခုနှစ်ထောင်က အထိတ်တလန့်ဖြစ်ကာ စတင်ကာ နောက်ဆုတ်ကြသည်။ ထိုအချိန်တွင် ချီရှီမှလာသော ကျယ်ပြောသည့် စစ်တပ် တပ်ကူအဖွဲ့ကမူ မြေကမ္ဘာကို ဝါးမြိုလျှက် မရပ်တန့်နိုင်သော အရှိန်အဝါမျိုးနှင့်အတူ ရှေ့သို့ ချီတက်နေသည်။

.....

တာလာ့နှင့် ခုနှစ်လီမှ ရှစ်လီ ဝေးကွာသောနေရာတွင် ခပ်နိမ့်နိမ့်တောင်ကုန်းများရှိသော နေရာဖြစ်သည်။ အေးစက်သော လေအေးများက တိုက်ခတ်နေလေ့ရှိပြီး မြက်ခင်းများကလည်း ယမ်းခါနေတတ်သည်။ ထို့နောက် တုန်ယင်သွားတတ်၏။ အနီးအနားရှိ တာလာ့က သွေးနှင့်အလောင်းများ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည့်တိုင်အောင် ထိုနေရာကမူ အချိန်ကြောင့် အေးခဲတိတ်ဆိတ်နေပုံပေါ်သည်။

“သတ်”

ထိုအခိုက် ကောင်းကင်ကို စူးရှသည့်အသံက ထိုးခွဲလာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“မြန်မြန်ပြေးကြ”

“ထန်စစ်တပ်က လာနေပြီ”

တောင်ကုန်းများပေါ်မှ အာရပ်မြင်းတပ်က ရုတ်ချည်းအော်ဟစ်လိုက်ပြီး အလန့်တကြား တာလာ့ထံ ထွက်ပြေးကြသည်။ ရုတ်တရက် ပြောင်းလဲမှုက တိုက်ပွဲနယ်မြေမှ စစ်သားများအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။ ရှေ့ဆုံးအပိုင်းမှ အာရပ်အင်အားစုက အရင်ဆုံး သတိထားမိသည်။

“ဘာတွေဖြစ်နေတာလဲ”

“ဒါက အာ့ဒုလရဲ့လူတွေမဟုတ်လား။ သူတို့က အခုလေးတင် ထွက်သွားတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ”

“မျိုးမစစ်ကောင်ရဲ့ သူတို့က ဝရုန်းသုန်းကားဖြစ်နေတာ။ ဘယ်အရာကများ သူတို့ကို ဒီလောက်ထိ ကြောက်စေတာလဲ”

အထိတ်တလန့်ဖြစ်နေသော စစ်သားများကို မြင်လိုက်သောအခါ အာရပ်စစ်သည်တော်အချို့က ဒေါသထွက်သွားပြီး အော်ဟစ်ကြသည်။ အာရေးဗီးယားဟာ စစ်များဖြစ်နေတတ်သော တိုင်းပြည်ကြီးဖြစ်သည်။ သူတို့က သတ္တိကိုလေးစားပြီး ကြမ်းတမ်းမှုကို ကိုးကွယ်သည်။ ယခုလိုမျိုး ရှေ့တန်းမှ တိုက်ခိုက်နေသော လူများအနေနှင့် အမြဲတစေ လက်ခံရသည့်အရာက လေးစားမှုဖြစ်သည်။ ယခုလို အထိတ်တလန့် ထွက်ပြေးသောလူများကမူ အမြဲတစေ ဘေးဖယ်ခံရ၏။

“မြန်မြန် အရှင်အုပ်ချုပ်သူကို သတင်းပို့ကြ။ ထန်တပ်ကူတွေ ရောက်လာပြီ”

အာရပ်မြင်းသည်တော် တစ်ယောက်က သူ၏ရဲဘော်ရဲဘက်များ၏ အော်ဟစ်သံကို အာရုံမစိုက်ဘဲ သူ၏အင်အားတိုင်းကိုသုံးကာ အသားကုန် အော်ဟစ်လိုက်သည်။

“ရမ်းကားတယ်”

သို့သော် သတိပေးချက်ကမူ ပြန်လည်မှတ်ချက်ချခံရမှုအဖြစ် ပြောင်းလဲသွားသည်။ စစ်တပ်က နှစ်ခြမ်းကွဲသွားလေပြီ။ ရဲရင့်တက်ကြမှုအပြည့် ရှိနေသော မျက်နှာထားနှင့် အာရပ်ဗိုလ်ချုပ်တစ်ယောက်က အရှိန်အဝါမြင့် အာရပ်တောင်ပေါ်မြင်းကြီးကို စီးလာသည်။ သူ၏ညာလက်က ခါးတွင်ရှိသော ဓားမောက်ရှည်ကို ကိုင်ထားပြီး ခန္ဓာကိုယ်က သတ်ဖြတ်လိုစိတ်အပြည့်နှင့်ဖြစ်သည်။

“မဟာထန်ရဲ့ လက်ရွေးစင်အဖြစ်ဆုံး စစ်သည်တော်တွေ ရောက်လာပြီ။ ငါတို့ဝိုင်းထားတာကို ခံနေရတယ်။ အန်းရှီထက် ဘယ်သူတွေကများ ပိုပြီး လေးစားစရာကောင်းမှာလဲ”

“မဟာထန်က တပ်ကူပို့ရင်တောင်မှ ဘာတွေကြောက်စရာရှိလဲ။ ငါတို့က ဒီနေရာမှာ စစ်သည်သုံးသိန်းကျော်တောင် ရှိနေတယ်။ အရှင်အုပ်ချုပ်သူကလည်း တိုက်ပွဲနယ်မြေက ထွက်ပြေးတဲ့ ဘယ်ငကြောက်မဆို ချက်ချင်းကွပ်မျက်ရမယ်လို့ အမိန့်ပေးထားပြီးသား။ ဒီလူရမ်းကားကောင်တွေက သေချင်နေတာလား”

ကုန်းမြေမှ အင်အားအကြီးဆုံး တည်ရှိမှုအနေနှင့် အာဘတ်ဆစ်ကယ်လီဖိတ်က မရေမတွက်နိုင်သော ပြည်နယ်များကို အုပ်စိုးခဲ့သည်။ ပြည်နယ်ကြီးဖြစ်စေ၊ ပြည်နယ်ငယ်ဖြစ်စေ သူတို့က သိမ်းပိုက်ခဲ့၏။ ဒီစစ်ပွဲအတွက် အာဘတ်ဆစ်ကယ်လီဖိတ်က တာလာ့မှ ရက်စက်သော လက်ရွေးစင် သုံးသိန်းကျော်ကို စုစည်းထားသည့် စစ်တပ်ကို ပို့ထားခြင်းဖြစ်သည်။ ဒီလိုအခြေအနေမျိုးတွင် သူတို့ကို ခြိမ်းခြောက်နိုင်သော အရာများ မရှိနိုင်ချေ။ ယခုလို အထိတ်တလန့်ဖြစ်ပြီး ထွက်ပြေးရန်လည်း မလိုအပ်ချေ။

သို့သော် အာရပ်ဗိုလ်ချုပ်က သိပ်မကြာခင် စကားဆက်မပြောနိုင်တော့ကြောင်း သိလိုက်သည်။ အကြောင်းမူကား ထွက်ပြေးလာသော အာရပ်မြင်းတပ်၏အနောက်တွင် မမြင်ရသော လက်အချို့က တောင်ကုန်းကို လှုပ်နေသလိုဖြစ်နေပြီး တုန်ခါသထက် တုန်ခါလာသည်။ အစပိုင်းတွင် လှုပ်ခါမှုက သေးငယ်သော်လည်း တဖြည်းဖြည်းချင်း တုန်ခါမှုက ပြင်းထန်သထက် ပြင်းထန်လာပြီး ကြမ်းတမ်းလာကာ တာလာ့ပတ်ပတ်လည်မှ တိုက်ပွဲနယ်မြေကပင် လှုပ်ခါလာသည်။

အဲ့ဒီမှာဘာတွေဖြစ်နေတာလဲ။

အာရပ်ဗိုလ်ချုပ်၏ မျက်နှာက တဖြည်းဖြည်းချင်း ဖြူဖျော့လာသည်။ စစ်သည် ခုနှစ်ထောင် ရှစ်ထောင်လောက်က ထိုမျှအထိ တုန်ယင်နေအောင် မလုပ်နိုင်ချေ။ အနည်းဆုံး စစ်သည်တစ်သိန်းခန့်ရှိမည့် စစ်တပ်မှသာ ထိုသို့လုပ်နိုင်ပေလိမ့်မည်။

ဝုန်း

အာရပ်ဗိုလ်ချုပ်နှင့် သူ၏စစ်သားများက ကြည့်လိုက်သည့်အခိုက် နဂါးပုံရိပ်ကြီးပါသည့် ကြီးမားသော အနက်ရောင်အရိပ်ကြီးက တောင်ကုန်းကိုကျော်ကာ တဖြည်းဖြည်းချင်း မြောက်တက်လာပြီး အရှိန်အဝါအပြည့်နှင့် ထောင်မတ်လွန်းသော မြင်းစီးသမားတစ်ယောက်ကို မြင်လိုက်ရသည်။

ထို့နောက် နောက်ထပ်တစ်ယောက်၊ တတိယမြောက်တစ်ယောက်... မျက်တောင်တစ်ခတ် အချိန်အတွင်း တောင်ကုန်းတစ်ခုလုံးတွင် မြင်းတပ်ထောင်ကျော် ဝိုင်းလာပြီး မိုးကုတ်စက်ဝိုင်းအပြည့် တောက်လျှောက် ပေါ်ထွက်လာသည်။ ထိုမြင်းတပ်ဝင်များက တောင်ကုန်းထိပ်တွင်ရပ်သည်။ ထွက်ပြေးသွားသော အာရပ်စစ်တပ်နောက် မလိုက်ချေ။ သူတို့က တိတ်နေသည်။ သို့သော် သူတို့၏ အေးစက်သော အကြည့်က တိုက်ပွဲနယ်မြေထံ ရောက်လာ၏။

မရေမတွက်နိုင်သော အာရပ်များနှင့် ထိပ်တိုက်ရင်ဆိုင်လုနီးပါး ဖြစ်နေသော ထိုမြင်းတပ်က အဝေးတွင် ရပ်နေရုံနှင့်တင် တိုက်ပွဲနယ်မြေပေါ် ဖော်ပြရန်ခက်ခဲသည့် ဖိအားလေထုမျိုးကို ဆင်းသက်လာစေသည်။ ချက်ချင်းဆိုသလိုပင် တစ်လောကလုံးက ခြောက်ခြားဖွယ် တိတ်ဆိတ်သွား၏။ တိုက်ခိုက်သံများကပင် လျော့ပါးသွားသည်ဟု ထင်ရသည်။

“ထန်တွေ”

အာရပ်ဗိုလ်ချုပ်က သတိလက်လွတ် တံတွေးမြိုချပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။ သူ၏မျက်ဝန်းအတွင်း ကြောက်လန့်မှုက ပေါ်လာ၏။ သူက သတ္တိနည်းခြင်းမဟုတ်ချေ။ သို့သော် ထိုစစ်တပ်က ထုတ်လွတ်နေသည့် အင်အားက ကြီးမားလွန်းနေခြင်းဖြစ်သည်။ စစ်သည်ထောင်ကျော်လောက်က ထိုနေရာတွင် ထိုအတိုင်းရပ်နေပြီး သူတို့အား လှောင်ပြောင်ရွံ့ရှာ ရှုံ့ချမှုများနှင့် ကြည့်နေရုံနှင့်တင် သူတို့ရင်ဘက်ပေါ်သို့ တောင်တန်းကြီးများကို ဆက်တိုက် ဖိချနေသလို ဆောင့်ချနေသလို အသက်ရှုရ ခက်လာစေသည်။

“မဖြစ်နိုင်ဘူး ထန်တွေမှာ ဘယ်လိုဖြစ်ပြီး ဒီလောက်အင်အားကြီးတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားမှာလဲ”

အာရပ်ဗိုလ်ချုပ်၏ မျက်လုံးက ပြူးကျယ်ကာ မယုံကြည်နိုင်အောင် ဖြစ်လာသည်။

ဝုန်း

တောင်ကုန်း၏ အလယ်ဗဟိုမှ စစ်တပ်ထံမှ ထူးဆန်းသော အားလှိုင်းတစ်ရပ်ကို ခံစားလိုက်ရပြီး ငွေဖြူရောင် နဂါးအလံက လေထဲသို့ မြောက်တက်လာကြောင်း မြင်လိုက်ရ၏။

ထိုအလံအောက်တွင် ... အာရပ်ဗိုလ်ချုပ်က နောက်ဆုံးတွင် ထန်အင်အားစု၏ အမိန့်ပေးသူ ဗိုလ်ချုပ်ကို တွေ့လိုက်ရလေပြီ။ ထိုလူကပိန်သည်။ အားနည်းသော လူငယ်လေးဖြစ်ပြီး ခွာများက နှင်းကဲ့သို့ ဖြူဖွေးနေသည့် နတ်တောင်ပေါ်မြင်းကို စီးထားသည်။ သို့သော် သူ၏မျက်ဝန်းထဲတွင်မူ တောက်ပမှုများက အပြည့်ရှိနေပြီး နေရောင်ထက်ပင် စူးရှလောက်သေး၏။ သူကဲ့သို့ အင်အားကြီးမားသော ဗိုလ်ချုပ်ကြီးများဟာ လမင်း၏ပတ်ပတ်လည်မှ ရောင်ပြန်ဟပ်မှုကို ပိုင်ဆိုင်ထားသော ကြယ်စင်များကဲ့သို့ ဖြစ်သွားသည်။

“ငါတို့နောက်ဆုံးတော့ ရောက်လာပြီ”

ဝမ်ချောင်က တောင်ကုန်းထိပ်တွင်ရပ်လျှက် အဝေးသို့လှမ်းကြည့်သည်။ ငါးရက်ခန့်ချီတက်ခဲ့ပြီးနောက် စစ်တပ်က နောက်ဆုံးတွင် တာလာ့သို့ ရောက်လာသည်။ ဒီရပ်နားရာ နေရာမှတဆင့် တိုက်ပွဲ၏ အနေအထားနှင့် အာရပ်စစ်သားများအပြင် အချက်ပြမီးတုတ်များ၊ မြေပြင်အနေအထား စသဖြင့် နေရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ဝမ်ချောင်အနေနှင့် ပထမဦးဆုံးအကြိမ် ထိုမျှကြီးမားသော အာရပ်စစ်တပ်ကို မြင်ဖူးခြင်းဖြစ်သည်။ အာရပ်စစ်သားများက မာန်ရှဲ့ကျောင်းတို့ထက် လူကောင်ထွားပြီး ယွီစန်းမှ လူများထက် ပို၍ကြမ်းတမ်းသည်။ သူတို့က အရေအတွက် တစ်သောင်းကျော်ကို စစ်တပ်တစ်ဖွဲ့ ဖွဲ့လိုက်သောအခါ သူတို့၏ကိုယ်မှ ထွက်လာသော အရှိန်အဝါက မဟာထန်နယ်စပ်မှ မည်သည့်အင်အားစု၊ မည်သည့်စစ်တပ်ကမှ မယှဉ်နိုင်သော အနေအထားမျိုးဖြစ်သည်။

မီး

အနက်ရောင်မီးတောက်က အားလုံးကို ဝါးမြိုနိုင်သည်။

ဝမ်ချောင်က အာရပ်စစ်တပ်ကို ငုံ့ကြည့်လိုက်သောအခါ ပထမဦးဆုံး ထင်မြင်ချက်က ထိုအရာဖြစ်သည်။

မရေမတွက်နိုင်အောင် များပြားသည့် အာရပ်စစ်သည်ပင်လယ်ကြီးက တာလာ့ကို ဝိုင်းထားပြီး တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းထားသလို ဖြစ်နေစေသည်။

ကျော်ကြားသော ပိုးသားလမ်းက ခမ်းနားမှုများ ဆုတ်ယုတ်သွားခဲ့ပြီး မြို့များကလည်း မပြင်နိုင် မဆင်နိုင်နှင့် တောင့်မခံနိုင်ခဲ့သော အနေအထားထိ ရောက်သွားသည်။ နံရံများတွင် သွေးများ စီးကျနေသည်။ သွေးနီရောင်ပင် တောက်ပနေသေး၏။ မြို့ရိုးပေါ်မှ ကျော်လွန်ကာ တောက်ပနေသော မီးတောက်ကပင် ကောင်းကင်ကို ထိန်လင်းစေနိုင်သည်။ အဝေးရှိ တောင်ကုန်းပေါ်တွင် ဝမ်ချောင်ဟာ လေဖြင့်သယ်ဆောင်လာသည့် သိပ်သည်းသော သွေးရနံ့ကိုပင် ရနေသည်။

အာရပ်စစ်တပ်နောက်တန်းမှ အကြီးစား လောက်လေးခွကြီးများက ကြီးမားသော ကျောက်တုံးကြီးများကို လေထဲသို့ ပစ်ခွင်းလျှက် မြို့ထဲသို့ ပစ်သွင်းသည်။ ထိုအချိန်တွင် ထိုလက်နက်ကြီးများ၏ အကွယ်အောက်တွင် မရေမတွက်နိုင်သော အာရပ်စစ်သည်တော်ပေါင်း များစွာက ဓားမောက်ရှည်များကို လွှဲယမ်းလျှက် ကြိုးလှေကားများနှင့်အတူ မြို့ရိုးပေါ်သို့ ကုန်းတက်နေကြသည်။

မြို့ထဲရှိ တိုက်ပွဲက အချက်အချာဖြစ်သည်။

နှစ်လကြာပြီးနောက် မြို့ထဲမှ အန်းရှီကာကွယ်ရေးစစ်တပ်ကလည်း အကန့်အသတ်သို့ ရောက်သွားပြီဖြစ်သည်။ ဝမ်ချောင်ကလည်း မြို့ရိုးပေါ်သို့ ချီတက်နေသည့် မရေမတွက်နိုင်သည့် အာရပ်စစ်သားများကို မြင်နိုင်သည်။ ထိုအချိန်တွင် မြို့အပြင်ဘက်မှ အာရပ်စစ်သားများကလည်း ရူးသွပ်စွာဖြင့် ဆယ်ကျန်းကျော်ခန့် ကြီးမားသည့် ရမ်တုံးကြီးများကို ဂိတ်ပေါက်သို့ထိုးနေသည်။

လေးလံသော သံမဏိဂိတ်တံခါးကြီးက ပြင်းပြင်းထန်ထန် ပုံပျက်ပန်းပျက် ဖြစ်နေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ကြာကြာမခံနိုင်ကြောင်း ပြောနိုင်သည်။

“ဖန်းချန်းချင်ပြောတာ မှန်တယ်။ အာရပ်တွေက အလုံးအရင်းနဲ့ တိုက်ခိုက်တာပဲ”

ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် မျက်ခုံးအနည်းငယ် ပင့်တက်သွားမိပြီး ထိုအကြောင်းအရာကို အနည်းငယ် ရိပ်စားမိသွားသည်။ အာရပ်များတွင် မည်သို့သော အကြံများ ရှိစေကာမူ သူပေါ်လာသည့် တခဏတွင် အရာအားလုံးက အဆင်ပြေသွားနိုင်မည်ဖြစ်သည်။ သူက ဒီတာလာ့တွင် အာရပ်များကို အဆိုးရွားဆုံး ချေမှုန်းခံရပြီး ဆိုးဆိုးရွားရွားရှုံးအောင် လုပ်ပေးမည်ဖြစ်သည်။

သူ၏စိတ်က ထိုသု့ိအတွေးများ ပြည့်နှက်သွားပြီးနောက် ဝမ်ချောင်၏အကြည့်က မြို့ရိုးထံရောက်သည်။ တာလာ့မြို့ရိုး၏ သိသာထင်ရှားသော နေရာတွင် အနောက်ပိုင်းဒေသမှ ခမ်းနားကြီးကျယ်ပြီး ကျော်ကြားလှပါသော ပုံရိပ်ကို တွေ့လိုက်သည်။ မြို့ရိုးထိပ်တွင် မားမတ်စွာရပ်နေသည့် ထိုလူက မြို့ရိုးပေါ်တက်လာသည့် အာရပ်စစ်သားတိုင်းကို ဆက်တိုက် ခုတ်ချနေရင်း အမိန့်များကို ဆက်တိုက်ပေးနေသည်။ သူ၏သံချပ်ကာက သွေးများစိုရွှဲနေသည်။ ရှင်းသောနေရာကိုပင် မမြင်ရချေ။

ကောင်းရှန်းကျစ်က မြို့ရိုးပေါ်တွင် အမြစ်တွယ်နေသလို ဖြစ်နေသည်။ သူ၏ခြေထောက်က အနည်းငယ်သော်မျှ မယိမ်းယိုင်သွားခဲ့ချေ။ သူဟာ မားမတ်စွာ ရပ်နေသည့် တောင့်တင်းသန်မာသော လူထွားကြီးများနှင့်တူသည်။ အာရပ်စစ်သား မည်မျှတက်လာစေကာမူ မည်မျှသော အာရပ်များက သူ့ကို ဝိုင်းခုတ်စေကာမူ သူ၏ခြေထောက်အောက်တွင် အားလုံးက ပြားပြားဝပ်ရသည်။ မည်သူကမှ သူ့ကို မကျော်သွားနိုင်ခဲ့ချေ။

သူ၏ပတ်ပတ်လည်တွင်လည်း ဝမ်ချောင်က မရေမတွက်နိုင်သည့် အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သားများကိုမြင်ရသည်။ သူတို့က ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွဲနေသည်။

နှစ်လကြာအောင် တိုက်ခိုက်ပြီးနောက် အားလုံးက အကန့်အသတ်သို့ ရောက်နေလောက်သည်။ အားလုံးကလည်း မောပန်းနွမ်းနယ်ပြီး အချိန်မရွေး လဲကျတော့မယောင် ဖြစ်လာကြသည်။ သို့သော် သူတို့၏ အရိုးထဲတွင် စွဲနေသော မာနက သူတို့ကို ထောက်ပံ့ပေးနေသောကြောင့်သာ မြို့ရိုးပေါ်တွင် သေသည်အထိ တိုက်ခိုက်နိုင်နေခြင်းဖြစ်သည်။ မည်သူကမှလည်း သူတို့က မည်မျှကြာအောင် ခံနိုင်မည်ဖြစ်ကြောင်း မသိနိုင်ချေ။ သို့သော် တစ်ယောက်ချင်းစီတိုင်းကလည်း ကိုယ်ပိုင်နည်းလမ်းကိုသုံးပြီး အတက်နိုင်ဆုံး ရုန်းကန်နေကြသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ချောင်ကပင် လေးလေးနက်နက် ခံစားလိုက်ရသည်။

အခန်း(၈၇၄)

ဝမ်ချောင်ကလည်း အန်းရှီကာကွယ်ရေးစစ်တပ်ကို ယခင်က မမြင်ဖူးခဲ့သလို အနောက်ပိုင်းနယ်မြေ အင်အားအကြီးဆုံး စစ်တပ်နှင့်လည်း အဆက်အဆံ မလုပ်ခဲ့ဖူးချေ။ သို့သော် ထိုတခဏတွင် ထိုမြင်ကွင်းက သူ၏စိတ်အတွင်း ဖော်ပြရန်ခက်ခဲသည့် နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူတို့က မဟာထန်ရဲ့ ကျောရိုးပဲ။

ချွင်

အနည်းငယ်ပင် နှောင့်နှေးတုန့်ဆိုင်းခြင်းမရှိဘဲ ဝမ်ချောင်က သူ၏ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် အာရပ်များကိုချိန်၏။ ဓားထိပ်က အေးစက်သော အလင်းဖြင့်လက်သည်။

“စစ်သားတိုင်း အရှိန်နှုန်းအပြည့်နဲ့ချီတက်”

ဘုန်း

မြေကမ္ဘာက တုန်ခါသွားသည်။ စစ်သည်တစ်သိန်းကျော်က ရုတ်ချည်းဆိုသလို ရေကြီးသလိုမျိုး တာလာ့များထံ ဆင်းချသွားသည်။

“သတ်”

တိုက်ပွဲအော်ဟစ်သံများက ထိုပြင်ကျယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ပထမဦးဆုံး တောင်ကုန်းပေါ်မှ ဆင်းချသွားသူဟာ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ် လီစစ်ယဲ့နှင့် သူ၏စည်းကမ်းသေဝပ်သော ဝူရှန်းမြင်းတပ် ငါးထောင်ဖြစ်သည်။ အားလုံးက သွားကြားပင် ချိန်ထိုးလို့မရလောက်အောင် ကြပ်ညပ်နေသော အနေအထားမျိုးနှင့် အစီအစဉ်တကျ ဆင်းချသွားခြင်းဖြစ်သည်။

ချွင်

မျက်စိကြိမ်းမတက် တောက်ပသော စစ်ချီစက်ကွင်းက လီစစ်ယဲ့၏ကိုယ်မှ ဖြာထွက်လာပြီး ပြန့်ကားသထက် ပြန့်ကားလျှက် သူ၏စစ်သည်တော်တိုင်းကို လွှမ်းခြုံလိုက်သည်။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ... မျက်တောင်တစ်ခတ် အချိန်တွင် စစ်သည်တော် ထောင်ပေါင်းများစွာက လွှမ်းခြုံလာပြီး ဝူရှန်းမြင်းတပ်ကို လွှမ်းခြုံကာ တစ်ဖက်မှ ခံတပ်ထံ ရွေ့လျားစေသည်။

ဘုန်း

ထိုချီတက်မှု၏ အရှိန်အဝါက ကြီးမားလွန်းလှလေပြီး တောင်တန်းများကို လွင့်ထွက်ကာ ပင်လယ်ပြင်ကြီးကို ခုတ်ပိုင်းရန် လုံလောက်နေပြီဖြစ်သည်။ မည်သည့်စစ်တပ်ကမှ ရင်မဆိုင်နိုင်ဟု ထင်ရ၏။

ဝုန်း

“သတ်”

ဝူရှန်းမြင်းတပ်အနောက်မှ ကပ်လိုက်သွားသည်မှာ ချီရှီကာကွယ်ရေးစစ်တပ်မှ မြင်းတပ်နှင့် အန်းနန်ကာကွယ်ရေးစစ်တပ်မှ မြင်းတပ်ဖြစ်သည်။ သူတို့က ဒုတိယမြောက် တပ်စုအနေနှင့် အနောက်မှ ကပ်လိုက်သွားကြသည်။ သူတို့၏ချီစက်ကွင်းများကလည်း တောင်ကုန်းပေါ်မှအောက်သို့ ရေနှင့်အတူ စီးချသွားသလို ဆင်းသက်သွားသည်။ သူတို့၏အနောက်တွင်ရှိသော ရထားလုံးနှင့် စစ်တပ်သယ်ယူ ပို့ဆောင်ရေး ယာဉ်လှည်း ထောင်ပေါင်းများစွာကို စစ်မြင်းများက ကြမ်းတမ်းသော ပုံစံနှင့်အတူ ဆွဲလျှက် အောက်သို့ ဒုန်းစိုင်းဆင်းသွားသည်။

အရှိန်နှုန်းချင်းယှဉ်ရသော် ရထားလုံးများ ထိုမြင်းလှည်းများက တင်းကြပ်နေသော ဝင်္ကပါပုံစံဖြင့် ရှိနေသေးသည့်အပြင် မုန်တိုင်းထန်သည့် လက္ခဏာကိုပင် ပြသခြင်းမရှိချေ။

“ချီတက်”

တချိန်ထဲတွင်ပင် အကြီးအသေးပါလာ့၊ ကန်းခယ်နှင့် အခြားသော အနောက်ပိုင်းဒေသ၏ ကြေးစားစစ်သား အဖွဲ့အမျိုးမျိုးမှ တပ်ဖွဲ့တစ်သောင်းကျော်က ဟိန်းသံအပြည့်နှင့်အတူ ဘယ်နှင့်ညာများမှကပ်လျှက် ဆင်းချသွားသည်။ တစ်သုတ်၊ နှစ်သုတ်၊ သုံးသုတ်... ထိုသို့ဖြင့် စစ်သည်တစ်သိန်းကျော်က ပင်လယ်ပြင်ကျယ်ကြီးတစ်ခုကဲ့သို့ ထိုတောင်ကုန်းမှအောက်သို့ ဆင်းသက်သွားပြီး မြေပြန့်ဒေသ တစ်ခုလုံးကို လွှမ်းမိုးမည့် အရိပ်အယောင်ပြသည်။

“ထန် ထန်တွေပဲ”

“အသင့်ပြင် ဝင်္ကပါကိုညှိကြ”

“အရှေ့ဘက်ကိုသွား မြန်မြန် တပ်ဖွဲ့ဖြုတ်ကြလေ။ ခြေလျင်တပ်တွေ ဒိုင်းတွေမြှောက်။ မြင်းတပ်တွေအားလုံး တိုက်ခိုက်ဖို့ပြင်ဆင်ကြ”

စစ်တပ်တစ်ခုလုံးအနှံ့ ထိုစူးရှသော အော်ဟစ်သံများက ထွက်ပေါ်လာသည်။ စစ်သည်တစ်သိန်းကျော်သော ထန်စစ်သည်တော်များနှင့် ရင်ဆိုင်ရသောအခါ တာလာ့ကိုသာ အမြစ်ဖြတ်သုတ်သင်ရန် အင်အားကို စိုက်ထုတ်ထားသော အာရပ်များက အစီအစဉ်မကျဖြစ်ကုန်ပြီး မုန်တိုင်းထန်ကုန်သည်။ ဝမ်ချောင်၏ သေသပ်သော ပြင်ဆင်မှုများက သူတို့၏ သက်ရောက်မှုကို ပြသလာသည်။

စစ်သည်သုံးသိန်းကျော်ခန့် ရှိနေသော ထိုစစ်တပ်ကြီးက မြို့ကို တပ်ဆွဲရန် အာရုံအပြည့်စိုက်ထားရာမှ ရုတ်ချည်းဆိုသလို နောက်ပြန်လှည့်ရန် မဖြစ်နိုင်ချေ။ သေးငယ်သောအဖွဲ့က လုပ်နိုင်လောက်သည်။ သေးငယ်သောလှေက နောက်ပြန်လှည့်နိုင်သည်။ သို့သော် ကြီးမားသော သင်္ဘောကမူ မတူတော့ချေ။ ထွက်လာသော အမိန့်များနှင့်အတူ ထိုအာရပ်စစ်သည် သုံးသိန်းကျော်က ကစဉ့်ကလျား ဖြစ်သွားသည်။

“အသင့်ပြင် လူစုခွဲ”

ချီရှီအစိုးရစစ်တပ်က ထိပ်တိုက်ရင်ဆိုင်တော့မည့် အချိန်တွင် အရှေ့ပိုင်းအကျဆုံး နေရာမှ ကျယ်လောင်သော်လည်း ခမ်းနားသည့် လေသံက ထွက်လာသည်။ အသံ၏လေသံက မုန်တိုင်းကို ပျက်ပြယ်သွားစေ၏။ ဆင့်ခေါ်ခံရမှုကို ပြန်လည်ဖြေကြားသလိုမျိုး အရှေ့ဘက်မှ စစ်သည်တော်တိုင်းက ရုတ်တရက် ငြိမ်သက်သွားပြီး လျှင်မြန်စွာ စုစည်းလာကြသည်။

“ဒုတိယနဲ့ တတိယအဖွဲ့ နောက်ပြန်ဆုတ် နံပါတစ်ဆယ်က ရှေ့တက်”

ရှင်းလင်းပြတ်သားသော အမိန့်များ၏အောက်တွင် အာရပ်စစ်သားများက စတင်ကာ ရှေ့သို့တက်သည်။ ဒီနည်းအားဖြင့် မြေပြင်သို့ ကြီးမားသော ခြေလျှင်တပ်၏ ဒိုင်းများကို စိုက်ချလိုက်သည်။ ဒိုင်းတစ်ခုချင်းစီတိုင်းက လူတစ်ယောက်ထက်မြင့်သည်။ တောင့်တင်းသန်မာကာ ထူထည်း၏ မရေမတွက်နိုင်အောင် မြောက်များသော ဒိုင်းများကို မြေပြင်တွင် စိုက်ချထားလိုက်ပြီးနောက် တိုက်ပွဲနယ်မြေ၏ အရှေ့ပိုင်း တစ်ခုလုံးကို သံမဏိနံရံဖြင့် ကာလိုက်သလိုပင် ထင်ရသေးသည်။

ထိုသံမဏိနံရံကြီး၏ အနောက်တွင် အစီအစဉ်မကျဖြစ်သော စစ်တပ်က မရေမတွက်နိုင်သော ဝင်္ကပါများအဖြစ် ပြောင်းလဲသွားသည်။ အချိန်တိုအတွင်း ထိုအာရပ်များအားလုံးက ခြေလျှင်တပ်ဖွဲ့ သုံးသောင်းနှင့် မြင်းတပ်လေးသောင်းအဖြစ် စုစည်းရောက်ရှိလာလေပြီ။ ထိုအင်အားကတင် အနည်းဆုံးသော စစ်သည်သိန်းကျော်လောက်ကို ရင်ဆိုင်နိုင်နေပြီဖြစ်သည်။

ဝုန်း

ထိုအခိုက် စစ်သည်ခုနှစ်သောင်းကျော်က လှုပ်ရှားလိုက်သည့် အချိန်တွင် မြေပြင်က ဝုန်းကနဲ တုန်ခါသွားသည်။ အာရပ်ဗိုလ်ချုပ်တစ်ယောက်က တဖြည်းဖြည်းချင်း ရှေ့ထွက်လာ၏။ သူ၏ကိုယ်မှ စွမ်းအင်မုန်တိုင်းက စတင်ကာ မြောက်တက်လာသည်။ သူက ရွှေရောင်ခေါင်းမူးခြုံဝတ်စုံကို ဝတ်ထားသည်။ ရွှေရောင်သံချပ်ကာကိုလည်း ထပ်ဝတ်ထား၏။ အောက်ဘက်တွင် အညိုရောင် အာရပ် တောင်ပေါ်မြင်းကြီးရှိသည်။ သူက တိုက်ပွဲနယ်မြေသို့ ရောက်ရှိလာခြင်းက နတ်ဘုရားတစ်ပါး ဆင်းသက်လာပုံနှင့်တူသည်။

ပတ်ဝန်းကျင်မှ အာရပ်စစ်သားတိုင်းက သူတို့၏ဗိုလ်ချုပ်ကို ဂါရဝပြုကြသည်။ အားလုံး၏မျက်နှာက ကြောက်ရွံ့ရိုသေမှု၊ လေးစားမှုများ ပြည့်နှက်နေသည်။

အူမာ

ထိုလူသည် အာဘတ်ဆစ်ကယ်လီဖိတ်၏ အရှေ့ပိုင်းမှ နာမည်အကြီးဆုံး ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သလို အရှေ့ပိုင်း အပုမူစလင်များ၏ အုပ်ချုပ်သူကို ခစားသော အင်အားအကြီးဆုံး ဗိုလ်ချုပ်များထဲမှ တစ်ယောက်လည်းဖြစ်သည်။ အာဘတ်ဆစ်ကယ်လီဖိတ်တွင် သူ့တွင် အခြားသော နာမည်ရှိသည်။ သူ့ကို အာရပ်မြှားဟုခေါ်သည်။

သူက သံမဏိနှင့် သွေးပေါင်းများစွာကို ကျော်ဖြတ်ပြီး ရလာခဲ့သော သူ၏ကျော်ကြားမှုအပြင် အင်ပါယာမှ တပ်ဖွဲ့ပေါင်းများစွာကို ဦးဆောင်လျှက် တိုင်းပြည်ဆယ်ခုကျော်ကို ချိုးချေရင်း သူတို့၏ ယုံကြည်မှုကို လေ့ကျင့်ခဲ့သည်။ ဒီနည်းအားဖြင့် ထိုပိုင်နက်နယ်မြေများ အားလုံးကို မီးရှို့လောင်ကျွမ်း ပြာချခဲ့သည်။

အရှေ့ပိုင်းတွင် သူက အကြီးမားဆုံး အာဏာနှင့် လုပ်နိုင်စွမ်းအားကို ကိုင်ဆွဲထားသူဖြစ်သည်။

အူမာပေါ်လာခြင်းက အာရပ်များအားလုံးကို တည်ငြိမ်သွားစေသည်။ အာ့တူလ၏ ခုနှစ်ထောင်သော မြင်းတပ်က အရှုံးနှင့် ထွက်ပြေးခဲ့ရာမှ ပြန်လည်တည်ငြိမ်သွားပြီး စစ်တပ်တစ်ခုလုံးနှင့် ပူးပေါင်းလိုက်နိုင်သည်။ အူမာ၏ အမိန့်အောက်တွင် ထိုစစ်တပ်က စတင်ကာ သိပ်သည်းလာပြီး အစီအစဉ်မကျ ဖြစ်နေမှုများ အားလုံးက ပျောက်ကွယ်လာ၏။ သူတို့၏ မီးတောက်က လောင်ကျွမ်းသထက် လောင်ကျွမ်းလာပြီး အရှိန်အဝါက ကြီးသထက် ကြီးလာကာ ရဲရင့်ပြတ်သားလာသည်။ အူမာ၏ပုံရိပ်က ပို၍ပင် ခမ်းနားကြီးကျယ်သွားသည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ။ အရာအားလုံးကို ပြစ်ချက်ချပြီး ဒီရန်သူတွေကို တားရမယ်။ နောက်ဆုတ်တဲ့ကောင်တိုင်း သေရမယ်”

ချွင်

စူးရှကာ ကြီးမားသော ဆေဘာကြီးကို ခေါင်းကျော်အောင် မြှောက်လိုက်ချိန်တွင် နေအလင်းရောင်နှင့် ပို၍ပင် တောက်ပသွားစေသေးသည်။ အူမာ၏မျက်ဝန်းက လျှပ်စီးလက်နေသလိုမျိုး ထင်ရကာ အသံကလည်း မိုးခြိမ်းသံလိုပင် တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“ဟုတ်ကဲ့ဗိုလ်ချုပ်အူမာ”

“ငါက ဗိုလ်ချုပ်အတွက် သေတဲ့အထိတိုက်ခိုက်ဖို့ ကျိန်ဆိုတယ်”

အာရပ်စစ်သည် ခုနှစ်သောင်းကျော်က တညီတညာတည်း အော်ဟစ်ကြသည်။ သူတို့၏ အော်ကြွေးသံက လေထဲသို့ မြောက်တက်သွားသည်။ ဖြတ်ကနဲဆိုသလိုပင် အရှေ့ပိုင်းမှ အာရပ်စစ်သားတိုင်းက ခုခံခြင်း ဝင်္ကပါတစ်ခုကို ပြင်ဆင်နေကြပြီဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ဝမ်ချောင်ကပင် လေးစားမိသည်။

ဒီလောကတွင် အာရပ်များကသာ မဟာထန်ကို ခြိမ်းခြောက်နိုင်သော တည်ရှိမှုဖြစ်ပြီး မဟာထန်နှင့် လက်ရေယှဉ်နိုင်သော အဖွဲ့ကြီးဖြစ်သည်။ ပို၍ဆိုးသည်မှာ သူတို့၏ မြန်ဆန်စွာ တုန့်ပြန်မှုကတင် ထိုအာရပ်များ ပြသသောခွန်အားက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့ မယှဉ်နိုင်သော အဆင့်ဖြစ်သည်။

မင်းတို့ရဲ့တုန့်ပြန်မှုက တအားမြန်တယ်။ ဒါပေမဲ့ အသုံးမဝင်ဘူး။

ဝမ်ချောင်၏ မျက်ဝန်းအတွင်း စူးရှသောအလင်းက လက်သွားသည်။ အာရပ်များက တိဗက်များထက်ပင်ဖြစ်စေ၊ မာန်ရှဲ့ကျောင်းထက်ပင်ဖြစ်စေ ပို၍လေးစားဖွယ်ကောင်းသည့် ရန်သူများဖြစ်သည်။ သို့သော် မဟာထန်ကလည်း မာန်ရှဲ့ကျောင်း၊ ယွီစန်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း တူရကီခါကာနိတ်၊ ဂိုဂူလျောနှင့် အခြားသော တိုင်းပြည်တိုင်းကို ဖိနှိပ်ထားသည့် လေးစားဖွယ်ကောင်းသော တည်ရှိမှုကြီးဖြစ်သည်။ ဒီတိုက်ပွဲက မည်သူကသာ လောက၏ အင်အားအကြီးဆုံး အင်ပါယာဖြစ်ကြောင်း ဖော်ပြရမည့်တိုက်ပွဲဖြစ်သည်။

“ဟိုက်ရား”

ဝမ်ချောင်က မြင်းကိုရှေ့သို့ညွှန်လျှက် တောင်ကုန်းအောက်သို့ ထိုးဆင်းသည်။

ဝုန်း

မြေကြီးက ယမ်းခါသွားသည်။ ကမ္ဘာမြေကြီးကပင် လွှဲယမ်းသွားပြီး ထန်စစ်သည် တစ်သိန်းကျော်က အာရပ်များထံ ဟိန်းဟောက်လျှက် တိုးဝင်သွားကြပြီဖြစ်သည်။ မြင်းတပ် ခြေလျှင်တပ်များက မိုးကုတ်စက်ဝိုင်းတည့်တည့် ပြည့်ကြပ်နေလေပြီး နှစ်ဖက်လုံး၏ နေရာကို ကျုံ့သွားစေသည်။

“အသင့်ပြင်”

အာရပ်များ၏ အော်သံကလည်း တိမ်စိုင်ကိုပင် လှီးဖြတ်နိုင်လောက်သည်။

ချွင် ချွင် ချွင်

ရှည်လျားကာ ကြီးမားလှသည့် လှံတိုင်းက သူတို့၏ ဒိုင်းအထက်တွင်ရှိနေသည်။ ထက်ရှသော ထိပ်က ထန်စစ်သည်တော်များထံ ချိန်ထားသည်။ ဓား၏အနောက်တွင် ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့် အာရပ်စစ်မြင်းများက သူတို့၏နှာများကိုမှုတ်လျှက် တောင့်တင်းသန်မာသော စီးနင်းသူများနှင့်အတူ ချဉ်းကပ်လာမည့် ရန်သူတိုင်းကို စူးရှသည့်အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့က တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

အာရပ်များက စစ်ပွဲဖြစ်နေကျ တိုင်းပြည်ဖြစ်သည်။ သူတို့က အုပ်စိုးမှုကို မှီခိုပြီး တိုက်ပွဲကို အားထားရင်းဖြင့် ကုန်းမြေမှ အကြီးဆုံး အင်ပါယာ အာဘတ်ဆစ်ကယ်လီဖိတ်ကို ဖန်တီးခဲ့သည်။

သူတို့၏ ရန်သူက မည်သူဖြစ်စေကာမူ အာရပ်များက ဘယ်တော့မှ အလွယ်တကူ နောက်မဆုတ်ချေ။ ‘အကောင်းဆုံးခုခံမှုက တိုက်ခိုက်မှုပဲ’ဆိုသော စကားက အာရပ်တစ်ယောက်ချင်းစီတိုင်း၏ စိတ်ထဲတွင် အရိုးစွဲနေသည်။ ထိုအချိန်တွင် ထန်များက နီးသထက်နီးလာသည်။ သူတို့၏ ခွာက မြေပြင်ကိုထိတိုင်း မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ အာရပ်များက အရှေ့သို့ အနည်းငယ် ကုန်းလိုက်ကြသည်။ သူတို့၏ သွေးကြောများက အရေပြားပေါ်မှာ ထောင်တက်လာပြီး ရန်သူကိုရင်ဆိုင်ရန် အသင့်ပြင်ထားကြသည်။

တိုက်ပွဲနယ်မြေက တင်းကြပ်မှုများနှင့် ပြည့်နှက်လာသည်။

ခြေလှမ်းသုံးရာ

ခြေလှမ်းနှစ်ရာ

ထန်များက နီးသထက် နီးလာသည်။ နောက်ဆုံး ခြေလှမ်းတစ်ရာသာ ဝေးတော့၏။

ဝုန်း

ထိုအခိုက် အာရပ်များ၏ခြေထောက်မှ မရေမတွက်နိုင်သော အနက်ရောင် ချီစက်ကွင်း များစွာနှင့်အတူ ဖုန်များက လိမ့်တက်လာသည်။ မဟာထန်များကသုံးသော ဆူးချွန်ချီစက်ကွင်း အဆိပ်များနှင့် မတူသည်မှာ ထိုချီစက်ကွင်းများက အနက်ရောင် ခြောက်ထောင့်ကျယ် ပုံရိပ်များနှင့် အစားထိုးထားသည်။ ထောင်ပေါင်းများစွာသော အနက်ရောင် ချီစက်ကွင်းများက အချင်းချင်း အရေပျော်ကာ ထပ်သွားလေပြီး ခုနှစ်သောင်းကျော်သော စစ်သည်တော်များကို အနက်ရောင် ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

ဝုန်း

ကြောက်မက်ဖွယ်ကောင်းသော စစ်မြင်းများ၏ အော်သံကြားတွင် အနည်းဆုံး အာရပ်မြင်းတပ် နှစ်သောင်းကျော်လောက်က အော်ဟစ်လိုက်ပြီး မြို့ရိုးအနောက်ဘက်မှ ခုန်ထွက်လိုက်သည်။ တချိန်ထဲလိုလို တစ်ဖက်မှ ချဉ်းကပ်လာသည့် ဝူရှန်းမြင်းတပ်ငါးထောင်ကိုလည်း ဓားများဖြင့် ချိန်ရွယ်လိုက်သည်။

ဝုန်း

မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက စောင့်ကြည့်နေမှုအောက်တွင် နှစ်ဖက်မှ မြင်းတပ်က ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ တစ်စက္ကန့်အတွင်း တစ်လောကလုံးက တိတ်ဆိတ်သွားပြီး အချိန်ကပင် ရပ်တန့်သွားပြီဟု ထင်ရသည်။

“အား”

ချက်ချင်းဆိုသလိုပင် လေထဲတွင် အော်ဟစ်သံများက စထွက်လာသည်။ မရေမတွက်နိုင်သော အာရပ်မြင်းတပ်ဝင်ပေါင်း များစွာက ပေါင်းပင်များကဲ့သို့ ခုတ်ပိုင်းခံရပြီး လေထဲတွင် လွင့်ထွက်ကုန်သည်။ ထိုသို့ဖြင့် ဆယ်ကျန်းခန့်ထိ လွင့်ထွက်သွား၏။ လီစစ်ယဲ့နှင့် သူ၏ဝူရှန်းမြင်းတပ် ငါးထောင်က ထက်ရှသော ဓားများကဲ့သို့ အာရပ်မြင်းတပ်ဝင်များကို ကြမ်းတမ်းစွာ ခုတ်လှဲပစ်သည်။

ထိုအာရပ်များက သူတို့၏ ဆေဘာများ ဓားများကို ရိုင်းစိုင်းစွာ လွှဲထားသည်။ သို့သော် အားလုံးက ဝူရှန်းမြင်းတပ်၏ ဥက္ကာပျံ သံချပ်ကာကြောင့် လွင့်ထွက်ရသည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ ငါနဲ့အတူချီတက်ပြီး သူတို့အားလုံးကိုသတ်”

“ဟန်တွေကိုရန်စတဲ့ကောင်တိုင်း ကွပ်မျက်ခံရမယ်။ ဒီကောင်တွေ ဘယ်လောက်ဝေးဝေး ချွင်းချက်မရှိဘူး”

လီစစ်ယဲ့၏ မျက်ဝန်းက အလင်းတန်းဖြင့် တောက်ပသည်။ သူ၏တစ်ကိုယ်လုံးက ဒေါသတကြီး အော်ဟစ်နေသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူက သူ၏ ကြီးမားသည့် ဝု့စ်သံမဏိဓားကြီးကို မြှောက်ကာ လွှဲယမ်းသည်။ ဒီနည်းအားဖြင့် အရှေ့မှ အာရပ်မြင်းစီးသူနှင့် မြင်းကို တိုက်ရိုက်ခုတ်ချသည်။ မည်သည့်သံချပ်ကာကမှ ထက်ရှသော ဝု့စ်သံမဏိဓားကို မခံနိုင်ချေ။

ဘန်း ဘန်း ဘန်း

တိုက်ပွဲနယ်မြေအတွင်း ထိပ်တိုက်တွေ့ဆုံမှုများက ဖြစ်ပေါ်လာသည်။ သို့သော် ဝူရှန်းမြင်းတပ်ကသာ ဆက်လက်ချီတက်သွားသည်။ မည်သည့်အာရပ်ကမှ မတားနိုင်ကြချေ။ သူတို့က ဖဲချပ်များကဲ့သို့ ထန်မြင်းတပ်၏ မြင်းခွာအောက်တွင် အလွယ်တကူ လွင့်သွားသည်။ အလွယ်တကူ နင်းချေခံရသည်ဆိုသော အခြေအနေမျိုးဖြင့်တောင် အဆုံးသတ်နေခဲ့၏။

တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံရုံလေးနှင့်တင် အာရပ်မြင်းတပ် သောင်းကျော်က ဝူရှန်းမြင်းတပ် ငါးထောင်အောက်တွင် နင်းချေခံရသည်။ သူတို့၏ ဆုံးရှုံးမှုက ကြီးမားလွန်းသည်။ ထိုဝူရှန်းမြင်းတပ်ကို ဝမ်ချောင်က သူ၏ချီစက်ကွင်းများဖြင့် မထောက်ပံ့ရသေးချေ။

အခန်း(၈၇၅)

“မဖြစ်နိုင်ဘူး။ ဘယ်အချိန်က အရှေ့ပိုင်းမှာ ဒီလောက်အင်အားကြီးတဲ့ မြင်းတပ်မျိုး ရှိနေတာလဲ”

အာရပ်စစ်တပ် အနောက်ပိုင်းမှ အူမာကမူ အသက်ရှုရပ်တော့မတက် ခံစားနေရသည်။ သူ၏မျက်လုံးက မှေးကျဉ်းနေသည်။ ထိုမြင်းတပ်သောင်းကျော်က သူ၏အမိန့်အောက်မှ အကောင်းဆုံးလူများဖြစ်ပြီး သူ့ကို အဖော်ပြုကာ လောကကို အုပ်စိုးရန် လိုက်ပါခဲ့ကြသည့် အနီးအနားရှိ မရေမတွက်နိုင်သည့် ပုန်ကန်ထကြွမှုများကို နှိမ်နှင်းခဲ့၏။ သူက sassanid အင်ပါယာနှင့် အခြားသော ရှေးဟောင်းအမွေအနှစ်ရှိသည့် အင်ပါယာများကို ရင်ဆိုင်ခဲ့သည့် တိုက်ပွဲတွင်ပင် လိုက်ပါခဲ့ကြသည်။

သို့သော် အူမာအနေဖြင့် ထိုမျှကျွမ်းကျင်သော မြင်းတပ်အင်အားစုမျိုးက အရှေ့ပိုင်းမှ အင်အားစုမျိုး ဖြစ်နေမည်ဟု မထင်ထားမိချေ။

“အားလုံးပဲ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”

တချိန်ထဲလိုလို ဝူရှန်းမြင်းတပ် နောက်တန်းမှ စွန်းကျစ်မင်က အော်ဟစ်လိုက်ပြီး ချီရှီမြင်းတပ် တစ်သောင်းနီးပါးကို စုစည်းကာ အာရပ်မြင်းတပ်၏ အဟကြားကို အမိအရ အခွင့်ကောင်းယူလျှက် တိုးဝင်လာသည်။ စွန်းကျစ်မင်၏ ဦးဆောင်ကာ ချီတက်မှုအောက်တွင် အာရပ်မြင်းတပ်က ပို၍ကြီးမားသည့် မုန်တိုင်းအတွင်းသို့ ရောက်သွားသည်။

အခြားတစ်ဖက်တွင် ချန်ပုယွမ်၊ ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်နှင့် အခြားသော လမ်းလွှဲဓားစံအိမ်၏ အနာဂတ်ဗိုလ်ချုပ် ကြယ်ပွင့်တိုင်းက အန်းနန်ကာကွယ်ရေးစစ်တပ်နှင့် သူတို့၏ကိုယ်ပိုင် ကြေးစားစစ်သားအဖွဲ့ မြင်းတပ်များကို ဦးဆောင်လျှက် ထွက်လာကြသည်။

တစ်နှစ်ကျော်ကြာအောင် ကြမ်းတမ်းခါးသီးသော လေ့ကျင့်မှုကို ကျော်ဖြတ်ခဲ့ပြီးနောက် သူတို့ဟာ လီစစ်ယဲ့နှင့် စုဟန်ရှန်းတို့အဆင့်အထိ မရောက်သေးသော်လည်း တဖြည်းဖြည်းချင်း အရွယ်ရောက်စပြုလာသည်။ ထိုသို့ဖြင့် လမ်းလွှဲဓားစံအိမ်တွင် နေထိုင်ခဲ့ချိန်က သူတို့ သင်ကြားခဲ့ရသည့် ဗျူဟာများကိုနားလည်မှု၊ အတွေ့အကြုံ၊ မြင်နိုင်စွမ်းအားများကို ပြသလာလျှက် ဗိုလ်ချုပ်များ၏ အရောင်အဝါကို စတင်ပြသလာသည်။ သူတို့ လေ့လာထားသော စွမ်းရည်များက ကိုယ်ပိုင်စွမ်းရည် အသီးသီးအပြင် တိုက်ပွဲနယ်မြေမှစွမ်းရည်များထက် ပို၍သက်ရောက်မှုရှိနေသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က သူတို့ကို လမ်းလွှဲဓားစံအိမ်မှ ခေါ်လိုက်ခြင်းဖြစ်သည်။

ခွပ် ခွပ် ခွပ်

ထန်စစ်တပ်၏ ဆက်တိုက်ချီတက်လာမှုက အာရပ်ဝင်္ကပါ၏ အားအနည်းဆုံးအပိုင်းနှင့် သေစေနိုင်သော နေရာများကို တိုက်ရိုက်ရွေးချယ်ထားသည်။ “စစ်အနုပညာက စစ်တုရင်အနုပညာလိုပဲ” ဆိုသည့်အတိုင်း စွန်းကျစ်မင်၊ ချန်းပုယွမ်ပင်ဖြစ်စေ အခြားသောသူများပင်ဖြစ်စေ သူတို့အားလုံးက ဝမ်ချောင်၏ လွှမ်းမိုးမှုကိုခံရပြီး စစ်အနုပညာကို အနည်းနှင့်အများ နားလည်လာကြသည်။ အလားတူပင် တိုက်ပွဲနယ်မြေတွင် အခွင့်အရေးရှာသည့်နေရာတွင် သူတို့ဟာ အထိမခံဖြစ်လာသည်။

စစ်သူတော်စင်ဖြစ်သော ဝမ်ချောင်တစ်ယောက်ကတင် ကိုင်တွယ်ရန် ခက်ခဲနေပြီးသားဖြစ်သည်။ ယခုအခါ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ပေါင်းများစွာ ရှိနေသောကြောင့် စစ်သည်တစ်သိန်းကျော်မှ ပြသနိုင်သည့် အင်အားက သာမာန်ထက် အဆပေါင်းများစွာ သာသွားသည်။

ထိုလူများက မဟာထန်၏ အပြောင်မြောက်ဆုံး အလှပဆုံး စစ်တပ်ဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

လေထဲတွင် အော်ဟစ်သံများက လေထုကိုပင် စုတ်ဖြဲနေပြီး မရေမတွက်နိုင်သည့် ထိပ်တိုက်တွေ့ဆုံမှု၊ နင်းချေမှုများက ကပ်ပါလာသည်။ အာရပ်မြင်းတပ် သောင်းကျော်က ချောမွေ့စွာဖြင့် ခုတ်ပိုင်းခံရပြီး အာရပ်များက တောင့်တင်းသန်မာသည့် သဘာဝ၏ တိုက်ခိုက်သူများဖြစ်နေလျှင်ပင် ဒီစစ်ပွဲက တစ်ဦးချင်းစီကြားမှ ပြိုင်ပွဲမဟုတ်ဘဲ အဖွဲ့လိုက်တိုက်ပွဲဖြစ်နေသည်။

အာရပ်များက ခုတ်ပိုင်းခံရသည်။ ထိုသို့ဖြင့် ပိုင်းခြားခံရသည့် အဖွဲ့ငယ်လေးများအဖြစ် ပြောင်းလဲသွားချိန်တွင် အင်အားအကြီးဆုံးလူကပင် အင်အားနည်းသွားနိုင်သည်။

ဘန်း ဘန်း ဘန်း

ကြောက်မက်ဖွယ်ကောင်းသည့် အသံများနှင့်အတူ အာရပ်မြင်းတပ်က ဘက်ထောင့်တိုင်းမှ တိုက်ခိုက်ခံရပြီး တစ်ချိန်ပြီးတစ်ချိန် ချီတက်ခံနေရသည်။ ဒီနည်းအားဖြင့် နင်းချေခံနေရပြီး မြင်းခွာများအောက်တွင် သေဆုံးရသည်။ စက္ကန့်အနည်းငယ် ကြာပြီးရုံနှင့်တင် အာရပ်များက တစ်သောင်းခုနှစ်ထောင်၊ တစ်သောင်းရှစ်ထောင်ခန့်အထိ ဆုံးရှုံးသွားကြပြီး သူတို့၏ ရှုံးနိမ့်မှု အရှိန်နှုန်းက သူတို့ကိုပင် မှင်သက်ကာ ကစဉ့်ကလျားဖြစ်စေသည်။

လမ်းလွှဲဓားစံအိမ်မှ အနာဂတ်၏ ပြိုင်ဘက်ကင်း ကြယ်ဗိုလ်ချုပ် လီစစ်ယဲ့၏ ဦးဆောင်မှုကြောင့် သူတို့၏မြင်းတပ်နှင့် မြှားဝင်္ကပါတိုင်း၏ အရှိန်အဝါ၏ ဖော်ပြနိုင်စွမ်းအားဟာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသွားသည်။

ဟီး ဟီး ဟီး

တိုက်ပွဲနယ်မြေအတွင်း ကြမ်းတမ်းသော ဟီသံများက ပိုင်းခြားသွားသည်။ စွန်းကျစ်မင်နှင့် အခြားသောလူများက ဦးဆောင်သော အဖွဲ့များက ထပ်ခါတလဲလဲ အာရပ်မြင်းတပ်ထဲကို ချီတက်နေချိန်တွင် လီစစ်ယဲ့က ဝင်္ကပါတစ်ခုလုံးကို လက်သီးဖြင့်ထိုးလိုက်သလို ကျော်ဖြတ်သွားပြီဖြစ်သည်။ ဒီနည်းအားဖြင့်သူ၏ ဖာဟာနားတောင်ပေါ်မြင်းနှင့်အတူ အာရပ်ဒိုင်းနံရံထံ ခပ်ကြမ်းကြမ်း ခုတ်ပိုင်းတိုးဝင်သွားသည်။

“သတိထား ဒိုင်းတွေကိုမြှောက် ထန်တွေကိုတား”

“သူတို့ကိုသတ် နောက်ဆုတ်တဲ့ကောင်တိုင်းကိုလည်းသတ်”

တိုက်ပွဲနယ်မြေတွင် အရေးပေါ်အမိန့်များက ထပ်ခါတလဲလဲ ထွက်လာပြီး ကြောက်လန့်မှုနှင့် အထိတ်တလန့်ဖြစ်မှုများက ရောပြွန်းနေသည်။

ဘန်း ဘန်း ဘန်း

တာလာ့တိုက်ပွဲနယ်မြေ၏ အရှေ့ပိုင်းအစွန်းနားတွင် သတ္တုချင်းထိခတ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အာရပ်စစ်သားများ၏ ကြွက်သားများက တောင့်တင်းနေပြီး သူတို့၏ အင်အားတိုင်းကို သူတို့၏ ကြီးမားသော သတ္တုဒိုင်းများထံ ထည့်သွင်းထားပြီး အမြန်ဆန်ဆုံး ထိန်းကိုင်ထားကြသည်။

သို့သော် သူတို့ကို ပြန်ဖြေသည်မှာ ကွဲကြေသွားသောအသံဖြစ်သည်။

ချွင်

လီစစ်ယဲ့၏ ကြီးမားသော ဝု့စ်သံမဏိဓားကြီးက ကြီးမားသော ထိုဒိုင်းအပြင် နောက်မှလူကိုပင် တခါတည်း နှစ်ခြမ်းပိုင်းသည်။ ဒီနည်းအားဖြင့် ပတ်ဝန်းကျင်ရှိ စစ်သည်တော်တိုင်း၏ နှလုံးသားကို ကြောက်လန့်မှုဖြင့် ကျုံ့သွားစေသည်။ အာဘတ်ဆစ်ကယ်လီဖိတ်ဟာ စစ်ပွဲနှင့် တည်ထောင်ထားသော တိုင်းပြည်ကြီးဖြစ်သည်။ သူတို့၏သံချပ်ကာ လက်နက်တိုင်းကို အမြင့်ဆုံးစံချိန်နှင့် သွန်းလုပ်ထားသည်။ လေးလံသော ဒိုင်းကြီးများကို အကောင်းဆုံး သံမဏိဖြင့်လုပ်ထားသည်။ ထိုအရာက ရန်သူမြင်းတပ်၏ အင်အားအပြည့်ဖြင့် ချီတက်မှုဒဏ်ကို ခံနိုင်ရုံသာမကဘဲ အထက်ရှဆုံး အာရပ်ဓားများကပင် ခြစ်ရာပင်ထင်အောင် မလုပ်နိုင်ချေ။ ထိုဒိုင်းများ၏ နာမည်က အနောက်ပိုင်းဒေသတခွင်တွင် ကျော်ကြားသည်။

သို့သော် မည်သူကမှလည်း ထိုထန်ဗိုလ်ချုပ်တစ်ယောက်က ထိုကဲ့သို့သော ဒိုင်းကို စက္ကူစလို ခုတ်ပိုင်းနိုင်မည်ဟု မထင်ထားကြချေ။

“ဘယ်လိုတန်ကြေး ပေးရပေးရ မြန်မြန်လေးသူ့ကို တားကြစမ်းပါ”

“ပုဆိန်သမားတွေ လှံသမားတွေ ဒိုင်းသမားတွေ လေးသည်တော်တွေ မြန်မြန်လုပ်ကြလေ”

“သူ့ကိုရှေ့ဆက်မတက်လာစေနဲ့”

အာရပ်ခြေလျှင်တပ် ဝင်္ကပါက ကစဉ့်ကလျားဖြစ်ကာ ပြိုလဲသွားသည်။ သူတို့၏ရင်ထဲတွင် လီစစ်ယဲ့၏ အရှိန်အဝါကြီးမြတ်သော နတ်အရှိန်အဝါများကြောင့် ကြောက်ရွံ့ရိုသေမှုများက ပေါ်ထွက်လာကြသည်။ မရေမတွက်နိုင်သော အာရပ်ပေါင်းများစွာက သူတို့၏ဒိုင်းများကိုမြှောက်ကာ ရှေ့သို့ပြေးဝင်ပြီး လီစစ်ယဲ့ကိုတားကာ အဟကြားကို ပြေးဝင်သည်။ သို့သော် နောက်ကျသွားသည်။

“ချီတက်”

ဝူရှန်းမြင်းတပ်ထောင်ပေါင်းများစွာက လီစစ်ယဲ့၏နောက်မှ ကပ်လိုက်လာသည်။ သူတို့၏ ဝု့စ်သံမဏိဓားများကိုမြှောက်ကာ နာမည်ကြီးသော အာရပ်ဒိုင်းများကို တဖြောင့်တည်း လှီးဖြတ်သွားသည်။ ဝူရှန်းမြင်းတပ်၏ မြှားဝင်္ကပါက ချီတက်၍ ပြီးဆုံးသွားသည့်အချိန်တွင် လီစစ်ယဲ့က ဖောက်ထွက်သွားသည့် သေးငယ်သော အဟကြားက ကြီးမားသော အဟကြားကြီးဖြစ်သွားပြီး အာရပ်စစ်တပ် တစ်ခုလုံးကို ကစဉ့်ကလျား ဖြစ်သည်အထိ လဲပြိုသွားစေလိုက်သည်။

မြင်းတပ်က အနိုင်ရသူဖြစ်သည်။ အမျိုးမျိုးသော စစ်သားများထဲတွင် အင်အားအကြီးဆုံးလည်းဖြစ်သည်။ ဒိုင်းမရှိသော မည်သည့်ခြေလျှင်တပ်ကမှ မြင်းစီးလာသော မြင်းသည်တော်တစ်ယောက်၏ အရှိန်ကို နှေးအောင်မလုပ်နိုင်ချေ။ အာရပ်ခြေလျှင်တပ်ကဲ့သို့ အလေးစားရဆုံး အဖွဲ့အစည်းကြီးနှင့် သူတို့၏ ရဲရင့်တက်ကြွသော သဘာဝကပင် ချွင်းချက်မရှိစေပေ။

ဘုန်း ဘုန်း

အာရပ်ခြေလျှင်တပ် ဝင်္ကပါက ပြိုလဲကျသွားပြီး ဝူရှန်းမြင်းတပ် ငါးထောင်၏ အလုံးအရင်းနှင့် သတ်ဖြတ်မှုအောက်တွင် နင်းချေခံရသည်။ မဟာထန်၏ သမိုင်းတွင် အင်အားအကြီးဆုံးမြင်းတပ် ဖြစ်သည့်အလျောက် နံပါတ်တစ် ဝူရှန်းမြင်းတပ်၏ အင်အားက ထိုသို့ဖြစ်သည်။ ယခုလို တိုင်းတစ်ပါး နယ်မြေတွင် သူတို့၏ လဲဖြိုနိုင်စွမ်းအားနှင့် ပြိုင်ဘက်ကင်းစွမ်းအားကို အပြည့်အဝ ထုတ်ပြလိုက်နိုင်သည်။

နာမည်ကြီး စစ်သွေးကြွ အာရပ်များကပင် သူတို့အား မတားနိုင်ချေ။

“ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်”

လီစစ်ယဲ့၏အသံက ကောင်းကင်တွင် မိုးခြိမ်းသလို ဟိန်းထွက်သွားသည်။

ဘုန်း

ဝူရှန်းမြင်းတပ်ငါးထောင်က ချက်ချင်းဆိုသလို ဖြိုခွဲလိုက်ပြီး မုန်တိုင်းအနီးအနားရှိ အဟကြားတိုင်းကိုဖြန့်လျှက် ဆယ်ဆခန့်မြန်သော အရှိန်နှုန်းဖြင့် စစ်တပ်တစ်ခုလုံးကို သက်ရောက်စေသည်။

“မဟုတ်ဘူး”

စစ်တပ်၏ အနက်ရှိုင်းဆုံးအပိုင်းအတွင်းမှ အာရပ်မြှားဟုခေါ်သော အူမာက ထိုမြင်ကွင်းကြောင့် အံ့အားသင့်ပြီး တုန်ယင်သွားသည်။ သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

နာမည်ကြီးအာရပ်ဗိုလ်ချုပ် ဖြစ်သည့်အလျောက် အူမာကလည်း မရေမတွက်နိုင်သော ရန်သူများကို နင်းချေခဲ့ဖူးသည်။ သူတို့အားလုံးကို အုပ်စိုးခဲ့ဖူးသည်။ သို့သော် မည်သူကမှ ထိုထန်မြင်းတပ်လောက် ဖိအားပေးပြီး ကြမ်းတမ်းမှု မထုတ်ပြနိုင်ချေ။ ပထမဦးဆုံးအနေနှင့် အူမာဟာ သေဆုံးမှုအရှိန်အဝါကို ခံစားလိုက်ရသည်။ သူ့တွင် တပ်ဖွဲ့လေးသောင်းကျော် ရှိသေးးသည်။ သို့သော် ထိုအရေအတွက်ကပင် သူ့ကို မသက်မသာဖြစ်စေသည်။

မာမဲ့လု ဟုတ်တယ် မာမဲ့လုတွေကပဲ သူတို့ကို ရင်ဆိုင်နိုင်လောက်တယ်။

ထိုတခဏတွင် အူမာဟာ အင်ပါယာမှ အင်အားအကြီးဆုံး အင်အားစုကို တွေးလိုက်မိသည်။ ကြောက်မက်ဖွယ်ကောင်းသော မာမဲ့လုများကသာ ထိုအရှိန်နှုန်းဖြင့် အခြားသော အာရပ်မြင်းတပ်ကို လွှမ်းမိုးနိုင်စွမ်း အရှိန်အဝါအပြည့်နှင့် နင်းချေနိုင်လောက်သည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံကြစမ်း။ အားလုံး တပ်ဖွဲ့ကိုဖြုတ်ပြီး ဒီထန်စစ်သားတွေကိုပဲ တိုက်ခိုက်ကြ”

သူကထိုသို့ စိတ်ထွေပြားသွားသည့်တိုင်အောင် လက်မလျော့နိုင်သေးချေ။ သူက အညံ့မခံနိုင်သေးချေ။ အာရပ်မြှားဆိုသည့်အူမာက ကြမ်းတမ်းမာကြောကာ ကြောက်မက်ဖွယ်ကောင်းပြီး ခက်ထန်သည်။ သူ၏ပြိုင်ဘက်က မည်မျှလေးစားစရာကောင်းနေစေကာမူ အူမာအနေနှင့် ဘယ်သောအခါကမှ နောက်ဆုတ်လိမ့်မည်မဟုတ်ချေ။ သူက ရွေးချယ်မှုတစ်ခုတည်းကိုသာသုံးသည်။ အင်အားကြီးတဲ့ ရန်သူတွေကို နင်းချေနိုင်ရမယ်။

“နံပါတ် ၂၃ခြေလျှင်တပ်ဖွဲ့၊ ၂၄၊ ၂၅၊ ၂၇ ဒိုင်းကာအဖွဲ့တွေ အားလုံးက အဲ့ဒီနေရာကိုသွားပြီး သူတို့မချီတက်အောင် တားကြ”

“၇၊ ၉၊ ၁၀ ခြေလျှင်တပ်အဖွဲ့တွေ ... မင်းတို့အားလုံးက လိုအပ်တဲ့နေရာကိုတွေကိုဖြည့်ပြီး တပ်ကူအဖြစ်ရှိဖို့ အသင့်ပြင်ထားကြ”

“အားလုံးပဲ ဘယ်လိုနည်းလမ်းကိုသုံးရသုံးရ ငါတို့ဒီထန်တွေကို တားရမယ်”

အူမာက သူ၏မြင်းပေါ်တွင်ထိုင်လျှက် ကျောကိုမတ်ကာ စူးရှသောမျက်ဝန်းဖြင့် အမိန့်များကို ဆက်တိုက်ပေးသည်။ စစ်တပ်တစ်ခုလုံးက သူ၏အမိန့်အောက်တွင် လျှင်မြန်စွာဖြင့် လုပ်ဆောင်လာကြပြီး သူတို့၏ ရဲဘော်ရဲဘက်များကို စိတ်အေးစေသည်။ အူမာကသာ ဝူရှန်းမြင်းတပ်နှင့် ရင်ဆိုင်ရရာတွင် သူ၏စစ်တပ်ကိုငြိမ်ဝပ်ပိပြားပြီး စိတ်ငြိမ်အောင် လုပ်ပေးနိုင်စွမ်းရှိသည့် အရှေ့ပိုင်းမှ တစ်ဦးတည်းသောလူ ဖြစ်လောက်သည်။

လက်ရွေးစင်အာရပ် ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့် အူမာကလည်း အကြမ်းတမ်းဆုံး စစ်သားကပင် ပြိုင်ဘက်မကင်းနိုင်ကြောင်း နားလည်သည်။ အာဘတ်ဆစ်ကယ်လီဖိတ်၊ မာမဲ့လုများက အင်အားကြီးကြသည်။ သို့သော် သူတို့က ပြိုင်ဘက်မကင်းနိုင်ချေ။ မြင်းတပ်၏ ကြောက်စရာအကောင်းဆုံး အရာက အရှိန်နှုန်းဖြစ်သည်။ ထိုအရှိန်နှုန်းကိုသာ နှေးအောင်လုပ်နိုင်လျှင် ထိုမြင်းတပ်ကလည်း ခြေလျှင်တပ်နှင့် မခြားနိုင်ချေ။

သူတို့၏အရှိန်နှုန်းကို ကျအောင် လုပ်နိုင်သောနည်းလမ်းများ မရှိလျှင်ပင် သူက ထိုသို့လုပ်နိုင်အောင် အသက်များကို စတေးရပေလိမ့်မည်။

ဒါက အူမာတွေးမိသည့် အရိုးရှင်းဆုံး ဗျူဟာဖြစ်သည်။

ဝေါင်း

“ဗိုလ်ချုပ်အူမာအတွက်”

“အာဘတ်ဆစ်ကယ်လီဖိတ်အတွက်”

အာရပ်စစ်သားများက ကြမ်းတမ်းကာ သွေးဆာသွားကြသည်။ ဝူရှန်းမြင်းတပ်၏ ကြမ်းတမ်းမှုကလည်း အာရပ်များကို နောက်မဆုတ်စေချေ။ သို့သော် သူတို့၏ တိုက်ခိုက်လိုစိတ်၊ ကြမ်းတမ်းလိုစိတ်ကို မြင့်တက်လာစေပြီး မရေမတွက်နိုင်သော အာရပ်ပေါင်းများစွာက ရှေ့သို့ ချီတက်သွားကြသည်။ အာရပ်များ၏ ကြမ်းတမ်းပြီး သွေးကြွသောသဘာဝက ရှင်းလင်းစွာပင် သက်သေပြလာသည်။ တိဗက်များကလည်း စစ်သွေးကြွသောလူများ ဖြစ်သည်။ သို့သော် အာရပ်များနှင့်ယှဉ်သော် နေနှင့်လကိုယှဉ်သလို ဖြစ်နေသည်။ တူညီသော အဆင့်တွင်ပင် မရှိချေ။

တိဗက်များ၏ ရုတ်ရင့်ကြမ်းတမ်း ခက်ထန်သော သဘာဝက သူတို့၏ သွေးထဲတွင် စီးရုံဆိုသော အကန့်အသတ်ရှိသည်။ သို့သော် အာရပ်များ၏ ကြမ်းတမ်းသော သဘာဝကမူ သူတို့၏ ရိုးတွင်းချင်စီများတွင် စွဲနေပြီးသားဖြစ်သည်။

ဝုန်း

ဝေါင်း

အသားကုန်ကုန်းကာ အော်ဟစ်သံများက ကောင်းကင်ကိုပင် လှုပ်ခါစေသည်။ အာရပ်စစ်သားများ၏ ဆက်တိုက် တိုးဝင်လာမှုအကြားတွင် ရွှေရောင်သံချပ်ကာများကို ဝတ်ဆင်ထားသည့် တလက်လက် တောက်ပနေသော မှင်သက်ဖွယ်ကောင်းသည့် စစ်သားတစ်အုပ်လည်း ပါလာသည်။ ထိုအဖွဲ့မှ လူတစ်ယောက်ချင်းစီတိုင်းက နှစ်မီတာနီးပါးမြင့်ပြီး အခြားသော အာရပ်တိုင်းထက် ပို၍ သန်မာတောင့်တင်းကြသည်။ သူတို့အားလုံးက ကြီးမားသော ပုဆိန်များ၊ ဓားမောက်ရှည်များကို သုံးထားကြပြီး သူတို့၏ ချီတက်လာသော အရှိန်နှုန်းကလည်း ချက်ချင်းဆိုသလို ကျန်းရာကျော်အထိ ကျော်ဖြတ်သွားလေသည်။ ထိုအချိန်တွင် သူတို့၏ ခြေထောက်အောက်တွင် တောက်ပသော စစ်ချည်စက်ကွင်းကြီးက နတ်လက်နက်များကဲ့သို့ပင် ထင်ရှားနေသေးသည်။

All Chapters