← Chapters

အခန်း (၈၈၁-၈၈၅)

Vol. 49 Ch. 881-885

အခန်း (၈၈၁-၈၈၅)

Vol. 49 Ch. 881-885

အခန်း(၈၈၁)

ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ အရာအားလုံးက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာပုံပေါ်၏။ အာရပ်များဟာ အလွန်အမင်း ဉာဏ်များသည်။ သူတို့တွင် လေးစားစရာကောင်းသော မြင်းတပ်နှင့် အင်အားကြီးသော စစ်သားများကို ပိုင်ဆိုင်ရုံသာ မကသေးလေဘဲ သူတို့က အယောင်ပြ အညံ့ခံသွားသေးသည်။ သူတို့က နောက်ဆုတ်ဟန်ဆောင်နေချိန်တွင် ရန်သူစစ်တပ်ကို တိုက်ခိုက်ရန် ထောင်ချောက်ဆင်ပြီး မျှားခေါ်ပေလိမ့်မည်။ အာရပ်စစ်တပ်ကဲ့သို့သော စစ်တပ်ကသာ ယခုလိုမျိုး အယောင်ပြ အယုံသွင်းရင်း အားလုံးကိုဆွဲထားသည့် လုပ်ရပ်မျိုးကို လုပ်နိုင်ကြသည်။

သူ၏ယခင်ဘဝတွင်လည်း အာရပ်များက မဟာထန်ကို အလဲထိုးပြီးနောက် သူတို့၏ အရှိန်အဝါကြီးမြတ်သည့် မာမဲ့လုများကို တိဗက်တောင်ပေါ်ဒေသပေါ် ချီတက်စေလျှက် ယွီစန်းအင်ပါယာကို ကျူးကျော်ခိုင်းခဲ့သည်။ အဆုံးသတ်တွင် သူတို့က သာယန်မာန်ပန့်နှင့် သူတို့၏ သတ္တိဖြူများနှင့် တွေ့ဆုံခဲ့ပြီး မာမဲ့လုများကို ဆိုးဆိုးရွားရွား ရှုံးနိမ့်အောင် လုပ်ခံရရင်း အဆုံးသတ်သွားခဲ့သည်။ ထိုသို့နောက်ဆုတ်နေချိန်တွင် အာရပ်များက ယခုလိုဗျူဟာကိုသုံးလျှက် အရှုံးမှ အနိုင်ရအောင် ခိုးယူရင်း ယွီစန်းအင်ပါယာ၏ မူလအင်အားစုကို အထိနာစေခဲ့သည်။

ဝမ်ချောင်ကလည်း သမိုင်း၏ ထိုအခိုက်အတန့်ကို မှတ်မိနေသေးသည်။ ထိုဖြစ်ရပ်က မနေ့တစ်နေ့ကကဲ့သို့ ဖြစ်နေသေးလေရာ အာရပ်များ၏ ဗျူဟာနှင့် ဉာဏ်များမှုကို သူ၏လက်ခုံကဲ့သို့ ရှင်းရှင်းလင်းလင်း နားလည်နေသည်။ ပို၍အရေးကြီးသည်မှာ စစ်သူတော်စင်ဖြစ်သည့် ဝမ်ချောင်အနေနှင့် တိုက်ပွဲနယ်မြေပေါ်မှ မြောက်များလှစွာသော အပြောင်းအလဲ အရွေ့အပြောင်းတိုင်းကို အလွန်အမင်း အထိမခံဖြစ်လေသည်။ ထို့ကြောင့် အသေးငယ်ဆုံးသော သဲလွန်စကတင် သူ၏သံသယကို ဆွဲဆောင်နိုင်လေရာ ယခုကဲ့သို့ အစီအစဉ်တကျ ဆုတ်ခွာသွားခဲ့သည့် အာရပ်တိုက်ပွဲ၏ စံချိန်က သူတို့မရှုံးသေးကြောင်း ပြသရာရောက်ကြောင်း ထင်ရှားနေခဲ့သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ခံတပ်တည်ဆောက်မှုကို အရှိန်နှုန်းမြန်ခိုင်းလိုက်”

ဝမ်ချောင်က ထိုသို့ပြောသည်။

“ဟုတ်ကဲ့”

ရွှီခဲ့ယွီက ရှေ့တန်းသို့ ခပ်မြန်မြန် မြင်းစီးကာ ထွက်သွားသည်။

ထိုအာရပ်များက ရွှီခဲ့ယွီက မျှော်လင့်ထားသည်ထက် အများကြီး ဉာဏ်များနေခဲ့သည်။ စစ်သည်ပေါင်းများစွာ၏ အသက်နှင့် အနောက်ပိုင်းဒေသနှင့် ချီရှီ၏လုံခြုံရေးကို သယ်ဆောင်ထားရသော သူတို့အနေနှင့် ဝမ်ချောင်က ပေးသမျှ အမိန့်တိုင်းကို အပြည့်အဝ လုပ်ဆောင်ရမည်ဖြစ်သည်။ ဒီနည်းအားဖြင့် သူထုတ်သည့် အမိန့်တိုင်းကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်မှသာ စိတ်ချရပေလိမ့်မည်။ ရွှီခဲ့ယွီက ဘေးဘီကိုကြည့်လိုက်သည်။ ချန်းပင်း၊ ချန်းစန်းယွမ်၊ ကျန်းချွယ်၊ စုရွှတ်ရွှမ်း၊ ခုံးကျစ်အန်းနှင့် လမ်းလွဲဓားစံအိမ်မှ အဖွဲ့ဝင်တိုင်းကလည်း ကိုယ်စီတာဝန်များနှင့်အတူ အလုပ်များနေကြသည်။ ထို့ကြောင့် သူကိုယ်တိုင်ကလည်း တိုက်ပွဲနယ်မြေကို ခပ်မြန်မြန်ပြင်ဆင်ရန် ထွက်ခွာသွားသည်။

“ဟိုက်ရား”

ရွှီခဲ့ယွီက သူ၏မြင်းကို ရှေ့သို့အပြေးနှင်ပြီး စစ်တပ်အတွင်းဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

ဝုန်း

ရွှီခဲ့ယွီက ထွက်သွားပြီး သိပ်မကြာခင် မြေကြီးက ဝုန်းကနဲတုန်သွားပြီး ဖုန်လုံးများက မြောက်တက်လာသည်။ ဆုတ်ခွာသွားသော အာရပ်စစ်တပ်ထံမှတဆင့် အင်အားကြီးမားသော အရှိန်အဝါတစ်ရပ်က မြင့်တက်လာလေရာ အရှိန်အဝါကြီးမြတ်သည့် မြင်းတပ်အင်အားစု တစ်စုက ပေါ်ထွက်လာပြီး သိပ်သည်းသော အနက်ရောင်မြူများဝိုင်းလျှက် မြင်းကိုအပြေးနှင်လာသည်။ မြင်းစီးသူ တစ်ယောက်ချင်းစီတိုင်းက ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့်ဖြစ်ကြပြီး အင်အားအပြည့် ပါကြသည်။ သူတို့၏မြင်း ဘေးဘက်တွင် ဆွဲထားသည့် အနက်ရောင် လခြမ်းကွေးပုံသဏ္ဍန်များက ထင်ရှားသည့် တံဆိပ်ဖြစ်သည်။

ထိုမြင်းတပ်အင်အားစု ပေါ်ထွက်လာမှုက ပတ်ဝန်းကျင်ရှိ အာရပ်စစ်သားတိုင်းကို မြေအောက်ထဲသို့ ဝင်ရောက်သွားသလို ဖျော့တော့သွားစေပြီး တောက်ပသော လမင်းရှေ့မှ ပိုးစုန်းကြူးသဖွယ် ဖြစ်သွားစေသည်။

ထိုအင်အားစုက ခုနှစ်ထောင်၊ ရှစ်ထောင်ခန့်သာရှိသည်။ သူတို့က ထန်စစ်တပ်ရှိရာသို့ တဖြောင့်တည်း စီးနင်းလာကြသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ရန်သူတွေ တိုက်ခိုက်လာပါတယ်”

တချိန်ထဲလိုလို မြင်းစီးသမားတစ်ယောက်က ထန်စစ်သည်တော်များကို ကျော်ဖြတ်လျှက် အပြေးဝင်ရောက်လာသည်။ ထိုသူက အန်းရှီကာကွယ်ရေးစစ်တပ်မှ အရာရှိတစ်ယောက်ဖြစ်သည်။ သူက ထိုအကြောင်းအရာအား ဝမ်ချောင်ကို တင်ပြသည်။

“အရှင် ကျွန်တော်တို့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ”

ဝမ်ချောင်က ပြုံးရုံသာပြုံးသည်။ သူက ချီတက်လာသော အင်အားကြီးကို တစ်ချက်ကြည့်၏။ သူ၏အမူအရာက ခန့်မှန်းရခက်သည်။ ခုနှစ်ထောင်ခန့်သာရှိမည့် အင်အားစုက ယခုလို စစ်ပွဲမျိုးအတွက် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ချေ။ အာရပ်များက လုပ်နိုင်သည့် ဒဏ္ဍာရီလာ ဖြစ်ရပ်များက အတိတ်တွင်သာ ရှိလောက်သည်။ ဒီတိုက်ပွဲနယ်မြေသို့ ရောက်လာသော အချိန်တွင်မူ သူတို့၏ ဒဏ္ဍာရီများအားလုံးက အဆုံးသတ်ရပေမည်။

“ချန်းပင်းကို ဆန္ဒရှိသလို ကိုင်တွယ်လို့ပြောလိုက်”

ဝမ်ချောင်က ထိုသို့သာပြောသည်။

“... ဟုတ်ကဲ့”

ထိုအရာရှိက ဝမ်ချောင်၏အမိန့်ကို ထိုသို့ဖြစ်နေမည်ဟု မမျှော်လင့်မိချေ။ သူ၏ခန္ဓာကိုယ်က တခဏခန့် တောင့်တင်းသွားပြီး ခေါင်းကိုမော့လိုက်သည်။ ဝမ်ချောင်၏ ခပ်အေးအေးအမူအရာကို မြင်လိုက်ရ၏။ တစ်ဖက်သူက နှုတ်ခမ်းများကော့တက်ပြီး ပြုံးနေသေးလေရာ အနိုင်ကို အသေအချာ ဆုပ်ကိုင်ထားနိုင်ပုံပေါ်သည်။ သူက မှင်သက်စွာ ကြည့်နေပြီးနောက် တဖြည်းဖြည်းချင်း နောက်လှည့်လိုက်ကာ စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။ တစ်ကိုယ်လုံးတွင်ရှိနေသည့် တောင့်တင်းနေသမျှ ခံစားချက်တိုင်းက ပျောက်ကွယ်သွားလျှက် ထိုအမိန့်ကို သယ်ဆောင်ကာ အလျှင်အမြန် သွားရောက်ပို့ဆောင်လေသည်။

.....

“အသင့်ပြင်”

ချန်းပင်းက ရှေ့တန်းတွင်ရပ်နေသည်။ သူက အရှေ့သို့သာ စွဲမြဲသာကြည့်နေသည်။ အခြားတစ်ဖက်ခြမ်းမှ ဖုန်တိမ်စိုင်များက လေထဲအထက် ဆယ်ကျန်းအထိ မြောက်တက်နေလေပြီး မြေကမ္ဘာကို တုန်ဟီးနေစေသည်။ ကပြောင်းကပြန်ဖြစ်နေသော ဖုန်လုံးများကို ကျော်ဖြတ်လျှက် ချန်းပင်းကလည်း သတ်ဖြတ်ခြင်း နတ်ဘုရားများကဲ့သို့ လျှင်မြန်စွာ ချီတက်လာသော အာရပ်မြင်းတပ်ကို မြင်နိုင်လေသည်။

အခြားသော အာရပ်စစ်သားများနှင့် မတူသည်မှာ သူတို့ထံမှလာသော ပြင်းထန်လွန်းသည့် ဖိအားကို ချန်းပင်းက ခံစားမိနေခြင်းဖြစ်သည်။ သူတို့နှင့် အနီးကပ် ကပ်လိုက်လာသော ဖိနှိပ်နိုင်စွမ်းအား ပြင်းထန်သည့် မုန်တိုင်းကြီးတစ်ခုကပင် ကပ်ပါနေပုံပေါ်သည်။ သို့သော် ချန်းပင်းနှင့် သူ၏ အနောက်ဘက်မှ လက်နက်ကြီး အဖွဲ့သုံးထောင်ကမူ ကြောက်ရွံ့သောကြောင့် မြေပြင်တွင် အမြစ်တွယ်နေလျှက်ရှိသည်။

အရှိန်အဝါကြီးမြတ်သည့် မြင်းတပ်၏ ချီတက်မှုက မေးခွန်းထုတ်ရန် မလိုအပ်ချေ။ ထိုကဲ့သို့သော မြင်းတပ်မျိုးကသာ ချန်းပင်း၏လူများအကြား ဝင်ရောက်လာခဲ့သော ကြီးလေးသည့် ဆုံးရှုံးမှုက သိသာထင်ရှားလာမည်ဖြစ်သည်။ သို့ရာတွင် အရာအားလုံးက တိုက်ဆိုင်စွာ ဖြစ်လာသည်။ ထိုမြင်းတပ်၏ အရှိန်အဝါက အဆင့်လွန်အဆင့်ထိ ရောက်ရှိနေလောက်သော အချိန်တွင် ချန်းပင်းနှင့် သူ၏အဖွဲ့က ရှေ့သို့ထွက်လာသည်။ အရာအားလုံးက စတင်ကာပြောင်းလဲသည်။

ချွင်

ချန်းပင်းက သူ၏ဓားကိုလေထဲသို့ ခပ်တင်းတင်း မြှောက်ထားလိုက်သည်။ ဓားထိပ်က နေရောင်ထံမှ အလင်းအောက်တွင် တောက်ပနေသည်။

ခလွက် ခလွက်

ချီရှီကာကွယ်ရေးစစ်တပ်မှ ဟန်စစ်သားများကလည်း သူတို့၏ပစ်မှတ်ကို ချိန်ညှိရန် စတင်ကာ ပြင်ဆင်နေကြပြီဖြစ်ပြီး ထက်ရှသော လက်နက်ကြီးများ၏ ချွန်ထက်သည့်အပိုင်းက ပါကာကာတာဖရက်များထံ ချိန်ရွယ်ထားသည်။

ထိုလက်နက်ကြီးအဖွဲ့ တစ်ဖွဲ့ချင်းစီတိုင်းတွင် လူငါးယောက်ခန့်ပါသည်။ ထိုထဲမှတစ်ယောက်က ဦးတည်ရာဘက်ကို ချိန်ရွယ်ရန် တာဝန်ယူရပြီး အခြားသောလေးယောက်ကမူ ပစ္စည်းများတင်ခြင်း၊ ပစ်ခတ်ခြင်းတို့ကို တာဝန်ယူထားရသည်။

“ဖျက်ဆီးခြင်းဝင်္ကပါ ချီတက်”

ထိုသို့ဖြစ်ပျက်နေချိန်တွင် ဖုန်တိမ်စိုင်အတွင်းမှ သတ်ဖြတ်ခြင်း အမိန့်တစ်ခုက ထွက်ပေါ်လာသည်။ မြင်းတပ်အင်အားစုအလယ်မှ မျက်လုံးပြာနှင့် အညိုရောင်မုတ်ဆိတ်ကို ပိုင်ဆိုင်ထားသော အာရပ်ဗိုလ်ချုပ်က သူ၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များကို ပေါက်ထွက်လာစေလျှက် ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်သည်။ ထိုသို့ဖြင့် ထိုကြယ်တာရာစွမ်းအင်များက လေထဲ ဆယ်ကျန်းခန့်အထိ မြောက်တက်သွားသည်။ အာမာဟာ အာရပ်ဗိုလ်ချုပ်များထဲတွင် အင်အားအကြီးဆုံး မဟုတ်ချေ။ သို့သော် သူက အရဲရင့်ဆုံးနှင့် အကြောက်လန့် အမဲ့ဆုံးလည်းဖြစ်သည်။

ပါကာကာတာဖရက် အင်အားစုက အပုမူစလင်ကိုယ်တိုင် သူ၏လက်အောက်မှ လက်ရွေးစင် အင်အားစုမြင်းတပ်ထဲမှ တစ်ခုဖြစ်လာရန်အလို့ငှာ အာဘတ်ဆစ်ကယ်လီဖိတ်၏ ပါးတခံတပ်ထံမှတဆင့် တကူးတက ခေါ်ယူထားခြင်းဖြစ်သည်။ ထိုသို့သေသပ်သော အင်အားကြီးသည့် အဖွဲ့ဟာ အလွန်အမင်း ထူထည်းသော သံချပ်ကာများကို ဝတ်ဆင်ထားလျှက် မြှားနှင့် လေးလံသော လက်နက်ကြီးများ၏ ပစ်ခတ်မှုကို တားနိုင်လေသည်။ ထက်ရှသောဓားနှင့် ဆေဘာများကပင် ထိုသံချပ်ကာများအပေါ် ခြစ်ရာသာထင်အောင် လုပ်နိုင်တတ်၏။

ထိုသု့ိကြီးမားပြီး ဝရုန်းသုန်းကားဖြစ်စေမည့် ခပ်ကြမ်းကြမ်း တိုက်ခိုက်တတ်သော တိုက်ခိုက်ရေးသမားများကို ပိုင်ဆိုင်ထားသည့် ပါကာကာတာဖရက်ဟာ သူတို့၏ ထူထည်းသော သံချပ်ကာနှင့်တင် လေးစားဖွယ်ကောင်းသော ရန်သူအဖွဲ့ အများစုကို ကိုင်တွယ်ရင်း သူတို့၏ ဝင်္ကပါကို တကွဲတပြားစီဖြစ်စေလျှက် နှောက်ယှက်ဖျက်ဆီးရန် တာဝန်ယူလေ့ရှိသည်။ အာရပ်မြင်းတပ် အများစုတွင် သူတို့၏ ထူးခြားမှုက တိုက်ခိုက်ရင်း ခုခံခြင်းဖြစ်သည်။

ရန်သူအပေါ်တွင် ထပ်ခါတလဲလဲ ပြောင်းလဲမှုများဖြစ်အောင် လုပ်စေရင်းဖြင့် ပါကာကာတာဖရက်များက သူတို့၏တာဝန်ကို အောင်မြင်အောင် လုပ်နိုင်လေ့ရှိသည်။ သို့သော် သူတို့ဟာ သေးငယ်သော ဆုံးရှုံးမှုများနှင့်အတူ အမြဲတစေ ပြန်လည်ထွက်ခွာသွားနိုင်တတ်သည်။ အပုမူစလင်က ထိုအကြောင်းပြချက်ကြောင့် သူတို့ကိုစေလွှတ်ရန် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

ကျန်းရှစ်ဆယ်

ကျန်းငါးဆယ်

ကျန်းလေးဆယ်

ချန်းပင်းက ချီတက်လာသော မြင်းတပ်ကိုသာ ဆက်လက်ပြီး ရေတွက်နေသည်။ သူ၏စိတ်က တာဝန်အပေါ်သာ အာရုံစိုက်ထားသည်။ ထိုအာရပ်မြင်းတပ်က အလွန်အမင်းမြန်ပြီး အင်အားကြီးမားသည့် အသေးငယ်ဆုံးသော အမှားကတင် သူ၏ အဖွဲ့ထဲမှ ဆုံးရှုံးမှုများ ဖြစ်စေနိုင်လောက်သည်။

“ပစ်”

ပြင်းအားက အထွဋ်အထိပ်သို့ ရောက်ရှိသွားသောအခါ ချန်းပင်းက သူ၏ဓားကို ခုတ်ချလိုက်သည်။

ဝုန်း

လေထုအတွင်း မိုးခြိမ်းသံ ထွက်ပေါ်လာသလိုမျိုး အနောက်ဘက်မှ ထူထည်းသော လက်နက်ကြီးများက စတင်ကာ ပစ်ခတ်လေပြီး လျှပ်စီးလက်သော အရှိန်နှုန်းနှင့် လေထုကို ထိုးခွဲသွားသည်။

ဟီး....

ခေါင်းဆောင်လာသော အာရပ်စစ်မြင်းက သံချပ်ကာကို ထိုးခွဲလာသည့် လက်နက်ကြီးကို ခံစားမိသည်နှင့် အော်ဟစ်လိုက်သည်။ သို့သော် ထိုလက်နက်ကြီးက သူ၏နဖူးထဲမှ ဖောက်ထွက်သွားပြီး နောက်ခွံမှပြန်ထွက်သည်။ သွေးများက နေရာတိုင်း ပြန့်ကျဲသွား၏။ ထိုလက်နက်ကြီးက သူ၏ အနောက်ဘက်တွင်ရှိသော ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်အထိ ဆက်လက်ပစ်ဝင်ပြီး လေးယောက်မြောက် အာရပ်မြင်းတပ်ကို ထိမှန်ပြီးမှသာ ရပ်တန့်သွားသည်။ သို့ရာတွင် သွေးလမ်းကြောင်း ဖောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် သူ၏အလှတရားကို နိုးဆွလိုက်လေသည်။

“ဘယ်လောက်ထူတဲ့ သံချပ်ကာတွေလဲ”

ချန်းပင်းကလည်း ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။ ပုံမှန်အားဖြင့် ထိုလက်နက်ကြီးများနှင့် သူတို့၏ လက်နက်များအားလုံးက မဟာထန်၏ လက်ရာအမြင့်ဆုံး ပစ္စည်းများဖြစ်သည်။ အင်ပါယာ၏ အရှိန်အဝါကိုလည်း ကိုယ်စားပြုသေး၏။ ထိုလက်နက်တစ်ခုချင်းစီတိုင်းကို အကြိမ်ရာပေါင်းများစွာမက ပြင်ဆင်ထုလုပ်ထားခြင်းဖြစ်ပြီး ပြီးမြောက်ရန် လပေါင်းများစွာ လိုအပ်လေသည်။ ထပ်ပေါင်းဆိုရသော် အပေါ်မှ အမျိုးမျိုးသော သင်္ကေတပေါင်းများစွာကို ထည့်သွင်းဖြည့်ထားခဲ့ပြီး ထိုသို့ဖြည့်သွင်းသည့် အဆင့်ကိုတင် ဆယ်ဆင့်မက လုပ်ရသေးလေသည်။ ထို့ကြောင့် တန်ကြေးချင်းယှဉ်ရသော် ရွှေထည်နှင့်ပင် အလေးချိန်တူသည်။

ထိုသု့ိ အကုန်အကျများသည့် မဟာထန်၏ လက်နက်ကြီးများနှင့် လက်နက်များက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ပိုင်ဆိုင်လေပြီး အင်ပါယာ၏ အလေးလံသော လက်နက်လည်း ဖြစ်လေသည်။

ယခင်တိုက်ပွဲများတွင် ချန်းပင်း၏ လက်နက်ကြီးအဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်တိုင်းက စစ်သည် ခုနှစ်ယောက် ရှစ်ယောက်ခန့် သို့မဟုတ် ဆယ်ယောက်ခန့်အထိ ထိုးဖောက်ပြီး တပြိုင်တည်း သေဆုံးသွားစေသည်။ သို့သော် ယခုမူ အာရပ်မြင်းတပ် အင်အားစုအသစ်က လက်နက်ကြီးတစ်ခုကို လေးယောက်ခန့်အထိသာ သေဆုံးစေလောက်အောင် မာကြောသော သံချပ်ကာကြီးကို ဝတ်ဆင်ထားကြသည်။

ချန်းပင်းကိုယ်တိုင်ကပင် ထိုသို့သော အခြေအနေကို မမြင်ဖူးချေ။ သို့သော် ချန်းပင်းက သူ၏ ဟန်ချက်ကို အတွေးတစ်ခုတည်းနှင့် ပြန်ထိန်းလိုက်နိုင်သည်။ ထိုအာရပ်များ၏ သံချပ်ကာက မည်မျှထူပြီး မာကြောနေစေကာမူ သူ၏ လက်နက်ကြီးသုံးထောင်၏ အရှေ့တွင် ထိုမြင်းတပ်က ရထားလုံးတစ်စီးကို တားရန်ကြိုးစားသည့် ပုဇင်းရင်ကွဲတစ်ကောင်ကဲ့သို့ ကိုယ့်အင်အားကို မသိသော အခြေအနေသို့သာ ရောက်ရှိရပေလိမ့်မည်။

“ဒုတိယတစ်သုတ် ပစ်ခတ်”

ချန်းပင်းက ဓားကိုတဖန် ထပ်မြှောက်ပြီးယမ်းချသည်။

ဘုန်း ဘုန်း ဘုန်း

လက်နက်ကြီးရာကျော်က ပစ်ခတ်လိုက်သည်။ ပါကာကာတာဖရက်များကိုလည်း တောက်လျှောက် ထိုးဖောက်သွားသည်။

ဟီး....

လေထဲတွင် ကျယ်လောင်သော ဆိုးရွားသည့် မြင်းဟီသံများက ပေါ်ထွက်လာပြီး ပါကာကာတာဖရက် တစ်သုတ်ပြီးတစ်သုတ်က ထိုလက်နက်ကြီးများ၏အောက်တွင် လဲပြိုကျသွားကြသည်။

“ပစ်”

တတိယတစ်သုတ်က တဖန် ပစ်ခတ်ပြန်သည်။ ချန်းပင်းက သူ၏လက်နက်ကြီးများကို သုံးကြိမ်ဆက်တိုက်ခွဲကာ ပစ်ခိုင်းသည်။ တစ်ကြိမ်တွင် တစ်ထောင်စီကိုသာ ပစ်ခိုင်း၏။ ထိုသို့ဖြင့် တစ်တန်းက ပစ်ခတ်၍ပြီးသွားသောအခါ နောက်ထပ် တစ်တန်းက စတင်နိုင်မည်ဖြစ်သည်။ ဒီနည်းအားဖြင့် အလျင်မှီသော အရှိန်နှုန်းနှင့်အတူ လက်နက်ကြီးမိုးကို ရွာသွန်းစေနိုင်သည်။

မြေပြင်မှ ဆုံးရှုံးမှုအရ ကြီးလေးလွန်းသဖြင့် ခုနှစ်ထောင်ခန့်ပါသည့် ပါကာကာတာဖရက်ကပင် ဆယ်ကျန်းအထိ မဝင်ရောက်နိုင်ခဲ့ချေ။ ချန်းပင်းကို နယ်စပ်အဖြစ်ထားမှုနှင့်အတူ သူ၏အရှေ့ ကျန်းရာပေါင်းများစွာ ကွင်းပြင်တစ်ခုလုံးက ဝမ်းနည်းဖွယ်ကောင်းသော ငရဲပြင်အလား ဖြစ်သွားသည်။ မြင်းဟီသံများ၊ အော်ဟစ်သံများ၊ ကွဲကြေသံများ၊ လက်နက်ကြီးများ၏ ပေါက်ကွဲသံများက ထိုနေရာကို ပုံပျက်ပန်းပျက်ဖြစ်နေသော မြင်ကွင်းကြီးအဖြစ် ပြောင်းလဲလိုက်၏။ ပါကာကာတာဖရက်များ၏ အလောင်းက မြေပြင်တွင် ပြည့်နှက်နေသည်။ အယောက်လေးထောင်၊ အယောက်ငါးထောင်၊ အယောက်ခြောက်ထောင်... ကျော်ကြားသော ပါကာကာတာဖရက်များက လက်နက်ကြီး သုံးထောင်ခန့်ပါသည့် အသင်း၏ အရှေ့တွင် ဆိုးရွားသော ကြောက်မက်ဖွယ် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။

“နောက်ဆုတ် နောက်ဆုတ်”

ထိုမြင်ကွင်းကြောင့် အာရပ်ဗိုလ်ချုပ် အာမာ၏မျက်နှာက ဖြူဖျော့သွားသည်။ ထန်များ၏ လုပ်ကြံသတ်ဖြတ်မှုက မြန်ဆန်လွန်းပြီး ကြမ်းတမ်းလွန်းသည်။ သူ၏ ပါကာကာတာဖရက်များကပင် ချဉ်းကပ်ရန် အခွင့်အရေး မရှိခဲ့ချေ။ သူ၏အင်အားစုက ထပ်ခါတလဲလဲ ဆိုးရွားသည့် ဆုံးရှုံးမှုကို ခံစားနေရလေပြီး အာမာကိုယ်တိုင်ကပင် သူ၏တစ်ဘဝလုံး ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုမျိုးကို မမြင်ဖူးခဲ့ချေ။

ဝုန်း

ပါကာကာတာဖရက်များက လာရောက်ခဲ့ချိန်ကအတိုင်း ခပ်မြန်မြန် ပြန်လည်ထွက်ခွာသွားသည်။ သို့သော် သူတို့က အယောက်ခုနှစ်ထောင်နှင့်လာပြီး တစ်ထောင်ပင်မရှိသောလူနှင့် ပြန်လည်ထွက်ခွာသွားရသည်။ ပါကာကာတာဖရက်များက တစ်ပွဲတည်းနှင့် တစ်သုတ်လုံး အမြစ်ဖြတ် သုတ်သင်ခံရလုမတက် ဖြစ်သွားခဲ့သည်။

“ရပ်”

ချန်းပင်းက ဓားကိုပြန်ချသည်။ အနောက်မှ အဖွဲ့ကလည်း ချက်ချင်းဆိုသလို ရပ်တန့်သွား၏။ သူတို့က အစပိုင်းကတည်းက မလှုပ်ခဲ့ဖူးသလိုမျိုး တပြိုင်တည်း ရုတ်ချည်းဆိုသလို တိတ်ကျသွားခြင်းဖြစ်သည်။ ထိုသို့သော စည်းကမ်းသေဝပ်မှုက မြင်ရသူတိုင်းကို နက်ရှိုင်းသော ထင်မြင်ချက်ဝင်စေသည်။

စစ်တပ်တစ်တပ်နှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်သည့် ပြောင်မြောက်သော လက်နက်ကြီးအဖွဲ့က ခုခံခြင်းနေရာကို တာဝန်ယူသည်။ သူတို့က ရန်သူကို လိုက်ဖမ်းရာတွင်မူ အားနည်းတတ်သည်။

လက်နက်ကြီးများ၏ အရှိန်နှုန်းက ထွက်ပြေးသွားသော မြင်းတပ်၏ အရှိန်နှုန်းကို ဘယ်သောအခါမှ မှီနိုင်လိမ့်မည်မဟုတ်ချေ။

အခန်း(၈၈၂)

ထန်စစ်သည် တစ်သိန်းခန့်ပါသည့် တပ်ကူအင်အားစုက ခပ်မြန်မြန် တည်ငြိမ်သွားသည်။ လေထဲတွင် ပြင်းထန်သိပ်သည်းလွန်းသည့် သွေးညှီရနံ့နှင့် ပါကာကာတာဖရက် အလောင်းများကသာ ပုံလျှက်ရှိနေလေရာ မဟာထန်၏ အရှိန်အဝါနှင့် ခြောက်ခြားဖွယ်ကောင်းမှုကို သက်သေပြနိုင်နေသည်။

“အခြားတစ်ဖက်ကို စိုးရိမ်မနေနဲ့။ မြန်မြန်လေးသာ ခံတပ်ကို တည်ဆောက်ခိုင်းပါ”

“ဒဏ်ရာရတဲ့လူတွေကို ကုသပြီး ဆုံးရှုံးမှုတွေကို တွက်ချက်ကြ”

“လက်နက်ကြီးတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဦး။ လိုအပ်တဲ့ပစ္စည်းတွေကို စစ်ဆေးထားပြီး ဖြည့်သင့်ရင်ဖြည့်ထားကြ”

အမိန့်က တစ်ခုပြီးတစ်ခု ထွက်လာသည်။ ထန်စစ်တပ်တစ်ခုလုံးက စီစဉ်တကျ လှုပ်ရှားနေကြ၏။ အရာအားလုံးက ဝမ်ချောင်၏ အကြံအတိုင်းဖြစ်သည်။

ထိုအချိန်တွင် အာမာ၏ ဆုတ်ခွာမှုနှင့် ပါကာကာတာဖရက်များ၏ ထွက်ခွာသွားမှုက အာရပ်အင်အားစုတိုင်းကို အလုံးစုံ နောက်ဆုတ်သွားစေခဲ့သည်။ ထန်ခုခံရေးဘက်သို့ ရောက်လာသည့် အသံများ မကြားရတော့ချေ။

အပုမူစလင်ဘက်မှ လူတစ်ယောက်ဖြစ်သည့် ကျိရကမှတ်သားသည်။

“အရှင်အုပ်ချုပ်သူ အာမာကျရှုံးသွားတယ်။ ထန်တွေက မလိုက်လာဘူး”

ကျိရက အသက်(၃၆)နှစ်အရွယ်ခန့်ရှိမည့် မုတ်ဆိတ်တိုတို အညိုရောင်မျက်လုံးနှင့် စူးရှထက်မြတ်သော ဓားများကဲ့သို့သော မျက်ဝန်းမျိုးကို ပိုင်ဆိုင်ထားသော လူတစ်ယောက်ဖြစ်သည်။ သူဟာ အပုမူစလင်၏ လက်ထောက်လည်းဖြစ်သလို အရှေ့ပိုင်း၏ လက်ထောက်အစိုးရလည်းဖြစ်သည်။ ကျိရက ဒီစီမံကိန်းတွင် အလွန်အမင်း အရေးပါသည့်နေရာကို ယူထားသည်။

သူက အပုမူစလင်လောက် အင်အားမကြီးသော်လည်း ကျိရကလည်း အထွဋ်အထိပ် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေသေးသည်။ ထို့ကြောင့် သူက မဟာဗိုလ်ချုပ်အဆင့်အတွင်းသို့ ဝင်ရောက်လုနီးပါး ဖြစ်နေသည်။ ထိုအရာသာ မကသေးလေဘဲ ကျိရဟာ ရှားပါးသော ဗျူဟာပညာရှင် ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်နေသည်။ သူ၏အသိဉာဏ်၊ သူ၏ဗျူဟာကို နားလည်နိုင်စွမ်းအားကြောင့်လည်း အပုမူစလင်က သူ့ကို တန်ဖိုးထားခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် ကျိရက စစ်သည်တော်များကို နောက်ဆုတ်ခိုင်းပြီး ဆုံးရှုံးမှုကို သေးငယ်အောင် အတက်နိုင်ဆုံး လုပ်ခဲ့သောကြောင့်လည်း ယခုမှသာ အပုမူစလင်၏ ဘေးနားသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

အချိန်တစ်ခုကြာပြီးနောက် အရာအားလုံးက တိတ်ဆိတ်သွားသည်။ အပုမူစလင်က နောက်ဆုံးတွင် ထုတ်ပြောသည်။

“ကျိရ ဒီထန်ရဲ့ စစ်သေနာပတိချုပ်အသစ်ကို မင်းဘယ်လိုမြင်လဲ”

သူ၏မျက်ဝန်းအတွင်း အဓိပ္ပာယ်ဖော်ရန် ခက်ခဲသော နက်နဲသည့် အလင်းများက လက်နေသည်။ သူ၏အမူအရာက တည်ငြိမ်သည်။ မည်သူကမှ သူ၏အတွေးကို မပြောနိုင်လောက်ချေ။

“ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော်သူ့ကိုလည်း နားမလည်သေးတာပါတယ်လေ”

ကျိရက မျက်မှောင်ကျုံ့သည်။ သူ၏မျက်ဝန်းအတွင်း ခုခံလိုသည့် အလင်းများက ထွက်လာသည်။

“ဒီလူက အန်းရှီကမဟုတ်ဘူး။ ကောင်းရှန်းကျစ်က ဒီတိုက်ပွဲအတွက် အန်းရှီက အကောင်းဆုံး ဗိုလ်ချုပ်တိုင်းကို ခေါ်လာခဲ့ပြီးသား။ ဒီတော့ အဲ့ဒီနေရာမှာ ဒီလောက်လေးစားဖို့ကောင်းတဲ့လူတွေ ကျန်ခဲ့မှာမဟုတ်ဘူး။ မဟာထန်ဧကရာဇ်က တစ်စုံတစ်ယောက်ကို ပြောင်းလဲလိုက်တာပဲဖြစ်မယ်။ နောက်ပြီး ကျွန်တော့်အထင် မဟာထန်ရဲ့ အတွင်းပိုင်းထဲမှာ သတင်းယူဖို့လွှတ်ထားတဲ့ သူလျိုတွေအားလုံးက တစ်ခုခုဖြစ်သွားလောက်တယ်။ ဒါကြောင့် ဒီသူလျိုနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သူတို့ကို ရှာတွေ့သွားပြီး ထန်တွေက ကွပ်မျက်လောက်ပြီ။ ဒါကြောင့် နှမြောစရာကောင်းသွားတာပဲ”

“နောက်ပြီး ကျွန်တော်တို့က ထန်ဗိုလ်ချုပ်တွေနဲ့ ပတ်သတ်ပြီး ဘာသတင်းမှမရထားသလို လက်ရှိသူက ဘယ်သူလဲဆိုတာကိုလည်း ပြောဖို့ခက်တယ်။ သူ့ရဲ့စစ်တပ်ရဲ့ လှုပ်ရှားမှုကလည်း ဒါတွေအားလုံးကိုကြည့်ဖို့ ခက်ခဲသေးတာပဲ။ ဒါပေမဲ့ သုံးသပ်ကြည့်ရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခြုံခိုတိုက်ခိုက်မှုကို သူက ကြိုမြင်နိုင်ခဲ့လောက်တယ်။ ဒါ့အပြင် သူ့ရဲ့စစ်သားတွေက ထူးထူးခြားခြား အင်အားကြီးနေတယ်။ ကောင်းရှန်းကျစ်ရဲ့ ထန်စစ်သားတွေက လက်နက်ကြီးအဖွဲ့ကို သယ်လာခဲ့တာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ အရှိန်အဝါက ဒီလောက်ထိ ကြောက်ဖို့မကောင်းခဲ့ဘူး။ ဒီလက်နက်ကြီးအဖွဲ့ရဲ့ ပစ်ခတ်မှုနဲ့ အရှိန်နှုန်းတိကျနိုင်စွမ်းအားတွေ အားလုံးက ကောင်းရှန်းကျစ်အဖွဲ့နဲ့ မတူတဲ့ အဆင့်ပါပဲ”

“ကျွန်တော်အထင် ဒီဗိုလ်ချုပ်အသစ်က ကောင်းရှန်းကျစ်ထက်တောင် ပိုပြီးလေးစားဖို့ကောင်းသလို၊ ပိုပြီးကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်”

“မင်းကသူ့ကို အန်းရှီရဲ့ စစ်နတ်ဘုရားထက်တောင် လေးစားဖို့ကောင်းတယ်လို့ ပြောနေတာလား”

အပုမူစလင်က မျက်မှောင်အသာကျုံ့သည်။ ကျိရ၏ အနှစ်ချုပ်မှုကြောင့် သူပင်အနည်းငယ် ကြောင်သွားသည်။ လွန်ခဲ့သော နှစ်လအတောအတွင်း ကောင်းရှန်းကျစ်နှင့် အန်းရှီကာကွယ်ရေးစစ်တပ်က သူဦးဆောင်သည့် အာရပ်များကို အထိနာစေခဲ့သည်။ အပုမူစလင်နှင့် အာဘတ်ဆစ်ကယ်လီဖိတ် အားလုံးက ရည်မှန်းချက်ကြီးသည်။ ဒီနည်းအားဖြင့် စစ်သည် သုံးသိန်းခန့်ရှိမည့် ဒီစစ်တပ်ကိုသုံးကာ အနောက်ပိုင်းဒေသကို အုပ်စိုးလျှက် မဟာထန်ကိုပင် သိမ်းယူရန် မျှော်လင့်ထားခဲ့သည်။ ထိုနည်းအားဖြင့် ကယ်လီဖိတ်များ၏ မျိုးဆက်အဆက်ဆက် မလုပ်နိုင်ခဲ့သော ပြောင်မြောက်သည့် အနိုင်မျိုးကို ယူချင်ခဲ့ကြလေသည်။ သို့သော် ကောင်းရှန်းကျစ်နှင့် တာလာ့တစ်မျိုးက အပုမူစလင်နှင့် သူ၏ အရှိန်အဝါ ကြီးမြတ်သည့် အာရပ်စစ်တပ်ကို ဆိုးဆိုးရွားရွား အထိနာစေခဲ့သည်။ အပုမူစလင်ကပင် သူ၏ရန်သူမျိုးကို ဘယ်သောအခါကမှ အထင်မသေးခဲ့ဖူးချေ။ သို့သော် ကောင်းရှန်းကျစ်ကမူ သူ၏ပြိုင်ဘက်ဖြစ်ရန် အစစ်အမှန် ထိုက်တန်သူဟု လက်ခံရပေမည်။

သို့တိုင်အောင် အပုမူစလင်ကလည်း ထန်များကို သတ်ဖြတ်မည့်အကြံကို လက်မလျော့သေးချေ။ သို့သော် ကျိရကမူ ယခုရောက်လာသည့် ဗိုလ်ချုပ်အသစ်က ကောင်းရှန်းကျစ်ထက်ပင် လုပ်နိုင်စွမ်းအား ရှိသည်ဟု ပြောလာနေသည်။

“ခွန်အားချင်းယှဉ်ရင်တော့... ကျွန်တော်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ရသေးကတည်းက ဆုံးဖြတ်ချက် မချနိုင်လောက်သေးဘူး။ ဒါပေမဲ့ ဗျူဟာနဲ့ နည်းပညာချင်း ယှဉ်မယ်ဆိုရင်တော့ ကျွန်တော်ရဲ့ မသိစိတ်အရ ကောင်းရှန်းကျစ်တောင်မှ ဒီဗိုလ်ချုပ်အသစ်ကို မယှဉ်နိုင်တော့ဘူးလို့ ပြောနေတယ်”

ကျိရက ထိုသို့ခပ်တင်းတင်းပြောသည်။ ကောင်းရှန်းကျစ်ဟာ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ဖြစ်သည်။ သူ၏အာရပ်စစ်တပ်ကို တာလာ့တွင် နှစ်လကြာအောင် အချိန်ဆွဲနိုင်သော စွမ်းရည်ကလည်း သူ၏စွမ်းရည်ကို လုံလောက်အောင် သက်သေပြပြီးသားဖြစ်သည်။ သို့သော် တာလာ့၏ ထူထည်းသော မြို့ရိုးများကြောင့်လည်း ဖြစ်နိုင်သည်။ ကောင်းရှန်းကျစ်၏ ဗျူဟာနှင့် နည်းပညာများကလည်း ပါဝင်၏။ တိုက်ပွဲက အချိန်အတန်ကြာခဲ့သော်လည်း အာရပ်များက ထင်သလောက် မဆုံးရှုံးခဲ့သေးချေ။

သို့ရာတွင် ယခုအသစ်ရောက်ရှိလာသော ဗိုလ်ချုပ်ကမူ မျက်နှာပင် မပြရသေးချေ။ သို့သော် ပထမတိုက်ပွဲကတင် အူမာက အသတ်ခံလိုက်ရပြီး အာမာ၏ ပါကာကာတာဖရက်ကတည်း ဆိုးဆိုးရွားရွား ဖျက်ဆီးခံရလုနီးပါးဖြစ်သွားသည်။ စစ်သည်တစ်သိန်းနီးပါးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

တပ်ကူထန်စစ်တပ်ကလည်း အစပိုင်းကတည်းက စစ်သည်တစ်သိန်းဝန်းကျင်သာ ပါလာခဲ့ခြင်း ဖြစ်နေသည်။

ထိုသို့လုပ်နိုင်ခြင်းကတင် ကျိရဟာ ယခုအသစ်ရောက်ရှိလာသည့် ထိုထန်ဗိုလ်ချုပ်က အလွန်အမင်း အရေးကြီးကြောင်း ထင်မြင်မိစေသည်။ မည်သို့ပင်ဆိုစေ ထိုဗိုလ်ချုပ်အသစ်က မြို့ရိုးကိုပင် မသုံးရသေးချေ။

အပုမူစလင်ကလည်း တိတ်ဆိတ်သွားသည်။ သူ၏မျက်ဝန်းအတွင်း တင်းမာသောအလင်းက လက်လာ၏။ ကျိရနှင့် နှစ်ပေါင်းများစွာကြာအောင် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်လာခဲ့ပြီးနောက် အပုမူစလင် ကိုယ်တိုင်ကလည်း သူ၏ လက်ထောက်၏ ဆုံးဖြတ်မှုနှင့် မသိစိတ်မှ ခံစားချက်ကို အလွန်အမင်း ယုံကြည်နေသည်။ ဆယ်နှစ်တာ ကာလအတောအတွင်း အပုမူစလင်အနေနှင့် ကျိရက ရန်သူဗိုလ်ချုပ်များထဲမှ တစ်စုံတစ်ယောက်ကို ထိုမျှအထိ အထင်ကြီးကြောင်း မမြင်ဖူးသေးချေ။

ဝုန်း

သူကတွေးနေချိန်တွင် အရှေ့ဘက်မှ တဝုန်းဝုန်း မြည်သံများက ထွက်လာသည်။ အပုမူစလင်နှင့် ကျိရတို့ကလည်း ယခင်အသံများနှင့် ခြားနားမှုကို သတိထားမိလိုက်ကြပြီး နှစ်ယောက်လုံးက ခေါင်းမော့ကာ ကြည့်လိုက်ကြသောအခါ ထန်စစ်တပ်နောက်တန်းမှ မရေမတွက်နိုင်အောင် မြောက်များသည့် လက်မှုပညာရှင်များနှင့် စစ်သည်တော်များက ပူးပေါင်းကာ သံမဏိမြို့ရိုးကြီးများ၏ ရှေ့တွင် အပေါက်များပါသည့် လေးထောင့်အတုံးကြီးများကို တပ်ဆင်နေကြောင်း တွေ့လိုက်ရလေသည်။

ထိုမြင်ကွင်းကြောင့် အာရပ်စစ်တပ်မှ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီးနှစ်ယောက်လုံးက ဒေါသထွက်သွားကြသည်။

သူတို့ကလည်း ထိုလေးထောင့်သေတ္တာကြီးများနှင့်တူသော အရာကြီးများက မည်သည့်လျို့ဝှက်ချက်များကို ဖုံးကွယ်ထားကြောင်း မသိသေးသော်လည်း သူတို့၏ အတွေ့အကြုံကတဆင့် အလွန်အမင်း လေးစားဖွယ်ကောင်းလောက်မည့် ခုခံခြင်း လက်နက်တစ်ခု ဖြစ်နေကြာင်း ပြောနေသည်။ ငွေဖြူရောင် သေတ္တာကြီးများနှင့် မြင့်မားလွန်းသော သတ္တုနံရံကြီးများကတင် ထန်များ၏ ရည်ရွယ်ချက်ကို ဖော်ပြနေပြီးသားဖြစ်သည်။

နှစ်သိန်းကျော်သော စစ်သည်များ၏အရှေ့တွင် ထိုသို့ ခုခံခြင်းခံတပ်ကြီးကို တည်ဆောက်ပြခြင်းဟာ ပေါ်တင်စိန်ခေါ်နေခြင်းဖြစ်သည်။

ခုံးတောင်တန်း၏ အနောက်ပိုင်းတောက်လျှောက် သွားလိုက်မည်ဆိုလျှင် အာရပ်များဟာ ခြောက်ခြားဖွယ်ကောင်းပြီး ဖျက်ဆီးခြင်းစွမ်းအားအပြည့်ရှိကြောင်း ကျော်ကြားလေရာ အခြားသော အင်ပါယာများနှင့် အင်အားစုများသာဆိုလျှင် သူတို့၏နာမည်ကို ကြားရုံဖြင့် ကြောက်လန့်ကြလေသည်။ မည်သည့်ပြိုင်ဘက်ကမှ အာရပ်စစ်သည် နှစ်သိန်းကျော်၏အရှေ့တွင် ထိုသို့ အရှက်မခွဲရဲချေ။

“မျိုးမစစ်”

ကျိရက လက်သီးကို တင်းတင်းဆုပ်သည်။ သူ၏မျက်ဝန်းအတွင်း ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်များက ပေါက်ကွဲလာသည်။ အပုမူစလင်က ဘာစကားမှမပြောချေ။ သို့သော် သူ၏ အမူအရာကလည်း မည်းမှောင်လာသည်။

သူ၏ဘေးဘက်မှ အသံတစ်သံ ထွက်လာသည်။

“အရှင်မြို့စား ငါတို့ရဲ့လူတွေအားလုံးကို စုစည်းပြီး ဒီထန်တွေကို လုပ်ကြံခွင့်ပေးပါ။ သူတို့က ရမ်းကားလွန်းတယ်”

အာရပ်ဗိုလ်ချုပ်တိုင်းက ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့အားလုံး၏ မျက်ဝန်းက ဒေါသများနှင့် တောက်လောင်နေ၏။ အာရပ်များဟာ သတ္တိကြီးပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်ကြသည်ဟု တစ်လောကလုံးအနှံ့ ကျော်ကြားသည်။ အူမာ၏ သေဆုံးမှုကလည်း အာရပ်စစ်တပ် တစ်ခုလုံးကို ကိုယ်စားပြုခြင်းတင်မဟုတ်ချေ။ ထိုအချက်အပြင် အာရပ်၏ အစစ်အမှန် အင်အားစုက အသင့်စောင့်နေသေးသည်။

သူတို့က အပြည့်အဝ လှုပ်ရှားလိုက်သည်နှင့် ထိုစစ်ပွဲက ခြားနားသော အနေအထားအဖြစ် ပြောင်းလဲသွားနိုင်သည်။

“လုံလောက်ပြီ”

အပုမူစလင်က ရုတ်ချည်းအော်သည်။ သူ၏မျက်နှာထားက ရေခဲတုံးလို အေးစက်နေ၏။ အာရပ်ဗိုလ်ချုပ်တိုင်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားကြပြီး ခေါင်းကိုငုံ့လိုက်ကြသည်။ သူတို့၏ မျက်ဝန်းအတွင်း လေးစားမှုနှင့် ရိုသေမှုကိုဖော်ပြသည်။

“ဘယ်လိုလုပ်ရမလဲဆိုတာကို ငါကနားလည်တယ်”

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်သားတိုင်းကို နောက်ဆုတ်ပြီး တည်ငြိမ်အောင် ထိန်းထားခိုင်းလိုက်”

“ဟုတ်ကဲ့အရှင်မြို့စား”

သတင်းပို့ကထွက်သွားသည်။ သူ၏ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တုန်နေသေးသည်။

အပုမူစလင်၏ မျက်ဝန်းက မီးတောက်မတက် ဖြစ်နေသည်။ သူက တိတ်ဆိတ်နေ၏။ သူ၏အကြည့်က ထန်စစ်တပ်ထံ ရောက်သွားသောအချိန်တွင် ခံစားချက်အခြေအနေက ပြောင်းလဲပြီး တားမြစ်ရန် ခက်ခဲသွားလေရာ မည်သူကမှ သူ၏အတွေးကို မပြောနိုင်တော့ချေ။ ထိုထန်များက ကွပ်မျက်ခံရသင့်သည်။ အနောက်ပိုင်းကလည်း အာဘတ်ဆစ်ကယ်လီဖိတ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသင့်သည်။ သူကလည်း ထန်ကို အလဲထိုးနိုင်သော အရှေ့ပိုင်းမှ ပထမဦးဆုံးမြို့စားတစ်ယောက် ဖြစ်လာသင့်သည်။

သို့သော် ထိုကိစ္စများမတိုင်ခင် ဆုံးဖြတ်ချက်တိုင်းကို သတိကြီးကြီးထားပြီး အလျင်စလို မလုပ်သင့်ချေ။

ဖလပ် ဖလပ်

အပုမူစလင်က စစ်တပ်ကို ပြန်လည်ထိန်းသိမ်းခိုင်းထားပြီး ထန်များကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် အသင့်ပြင်ခိုင်းထားချိန်တွင် အရှေ့ဘက်မှ တောင်ပံခတ်သံကို ကြားလိုက်ရသည်။ အနက်ရောင် သတင်းပို့ပင်ဂွင်းတစ်ကောင်က ကောင်းကင်ပေါ်မှ လျှပ်စီးလက်သလို ဆင်းသက်လာပြီး အပုမူစလင်၏ လက်မောင်းပေါ်တွင်နားသည်။

ဂူး .. ဂူး..

ထိုပင်ဂွင်းက အပုမူစလင်၏ လက်မောင်းပေါ်သို့ တဖြည်းဖြည်းချင်း ဆင်းသက်လာကာအော်၏။ ရှိနေသူတိုင်းကလည်း သူ၏ ညာခြေထောက်နားတွင် ချည်ထားသည့် အဖြူရောင်စာကို မြင်နိုင်သည်။

ဝုန်း

အခြားသော အာရပ်ဗိုလ်ချုပ်များက မတုန့်ပြန်နိုင်ခင် အပုမူစလင်နှင့် ကျိရတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တစ်ယောက်ချင်းစီတိုင်းကလည်း တစ်ယောက်၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုကို မြင်နိုင်၏။ အပုမူစလင်က စာကိုယူလိုက်ပြီး တဖြည်းဖြည်းချင်း ဖြေကြည့်သည်။ တစ်ချက်ခန့် ကြည့်ပြီးနောက် သူ၏အမူအရာက ထူးဆန်းသွားသည်။

ကျိရက အနားသို့တိုးလာပြီးမေးသည်။

“အရှင်မြို့စား စာကဘာပြောထားလို့လဲ”

အပုမူစလင်က ဘာစကားမှမပြောချေ။ ဒီတိုင်း စာကိုသာပေးသည်။

“ဒါက...”

ကျိရက စာကိုဖတ်ပြီးနောက် သူ၏အမူအရာကလည်း ထူးဆန်းသွားသည်။ သူ၏အညိုရောင် မျက်ဝန်းများကလည်း လင်းလက်လာသည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ။ စစ်တပ်က နေရာမှာပဲ ဆက်နေသင့်တယ်။ စီမံကိန်းကိုတော့ နောက်ဆုတ်ထားမယ်။ ငါတို့ထန်တွေကို မနက်ဖြန်မှ တိုက်ခိုက်မယ်”

“ဟုတ်ကဲ့အရှင်”

.....

ထိုအချိန် တာလာ့အပြင်ဘက်တွင်...

“အရှင်အမတ် သူတို့နောက်ဆုတ်သွားကြပြီ။ အာရပ်တွေက ဒီတစ်ကြိမ် တကယ်နောက်ဆုတ်သွားကြပြီ”

ကျန်းချွယ်က နဖူးကို လက်တစ်ဖက် ကပ်တင်ရင်း စိတ်လှုပ်ရှားစွာ သတင်းပို့သည်။ သူ၏မျက်ဝန်းက နောက်ဆုတ်သွားသော အာရပ်စစ်တပ်ထံတွင်သာ ရှိနေသည်။ ကျန်းချွယ်က တိုက်ခိုက်ရေးသမား မဟုတ်ချေ။ ထို့ကြောင့် ထိုတိုက်ပွဲအနှစ်ချုပ်ပြီးနောက် သူဟာ ဝမ်ချောင်၏အနားတွင်သာ နေခဲ့သည်။ ရွှီခဲ့ယွီ၊ ချန်းပုရန်၊ စွန်းကျစ်မင်၊ ယွမ်ကျန်းဖင်း၊ ချီဝေ့စစ်၊ ကျောင်းကျင်းတရန်နှင့် ဝမ်ချောင်၏ အဖေ၊ အစ်ကိုဝမ်ရန်နှင့် ဝမ်ဖူတို့ကပင် ရှေ့တန်းသို့ တပ်ဖွဲ့များကိုဦးဆောင်လျှက် တကွဲတပြားစီ ချီတက်ကြပြီး ခုခံမှုကို ချခင်းရန် ကြိုးစားနေသည်။ ဝမ်ချောင်၏ အနားတွင် ကျန်ရစ်ခဲ့သူများက ကျန်းချွယ်နှင့် အဖွဲ့သာဖြစ်သည်။

“ဒါကဒီလောက် မရိုးရှင်းဘူး။ ဒီတိုက်ပွဲက အခုမှစမှာ”

ဝမ်ချောင်က အင်္ကျီလက်ကို အသာယမ်းသည်။ သူကလက်ကို နောက်ဘက်သို့ပို့ပြီး ခပ်တင်းတင်း ဆုပ်လိုက်၏။ သူ၏မျက်နှာတွင် ဖျော့တော့သော အပြုံးကရှိနေပြီး နောက်ဆုတ်သွားသော အာရပ်စစ်တပ်ကို ကြည့်လိုက်သည်။

အခန်း(၈၈၃)

အာရပ်များသည် အမျိုးမျိုးသော ဗျူဟာများကို ထုတ်သုံးရန် လုံလောက်သည့် အကွာအဝေးသို့ နောက်ဆုတ်သွားကြ၏။ သို့သော် သူတို့က ခိုရာဆန်အရှေ့ပိုင်းတွင်ရှိသည့် မူရင်းအာရပ် ခံတပ်သို့ မဆုတ်သွားခဲ့ချေ။ ထိုအစား အဝေးမှတဆင့် ထန်များ၏ အနေအထားကို မြင်နိုင်သော နေရာကို ရွေးချယ်ကတည်းက သူတို့၏ စိတ်ဆန္ဒက ထင်ရှားပြတ်သားနေပြီးသားဖြစ်သည်။ အာရပ်များက နောက်ဆုံးသော လူတစ်ယောက်အထိ တိုက်ခိုက်တတ်ကြသူများဖြစ်ပြီး စစ်သည် ဆယ်ပုံ၊ သုံးပုံ၊ လေးပုံခန့် ဆုံးရှုံးလိုက်ရရုံနှင့် နောက်ဆုတ်တတ်သော အနေအထားမျိုး မဖြစ်သင့်ချေ။

ထိုဗျူဟာကတင် အာရပ်များဟာ ကိုင်တွယ်ရခက်ခဲလွန်းပြီး ကြောက်စရာကောင်းကြောင်း ဖော်ပြနေသည်။ ထိုအတွက်ကြောင့်လည်း အနောက်ပိုင်းဒေသမှ တိုင်းပြည်များဟာ အာရပ်များကို ဖျက်ဆီးသူများအဖြစ် သတ်မှတ်ထားကြခြင်းဖြစ်နေသည်။

သို့သော် ဒီတစ်ကြိမ်တွင် သူတို့က မဟာထန်နှင့် ဝမ်ချောင်တို့နှင့်လာတိုးနေသည်။ ဝမ်ချောင်ကလည်း အာရပ်များနှင့် တိုက်ခိုက်ရန် ကြာရှည်စွာ ပြင်ဆင်ထားခဲ့သလို အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲအတွက် အဘက်ဘက်မှ စဉ်းစားပြီး အသေးစိတ်ကျကျ တွေးတောပြီးမှ ရောက်လာခြင်းဖြစ်နေသည်။ ထို့ပြင် သူက သူနှင့်လည်း ရိက္ခာအပြည့်အစုံ လက်နက်အပြည့်အစုံကို သယ်လာခဲ့သည့်အပြင် စစ်သည် တစ်သိန်းကျော်ပါလာ၏။ လက်နက်ကြီးများလည်းပါသည်။ ဝု့စ်သံမဏိလက်နက်များလည်းပါသည်။ ဥက္ကာပျံ သတ္တုသံချပ်ကာများကိုလည်း ဝတ်လာကြ၏။ အခြားသော အလားတူ ဝှက်ဖဲများကိုလည်း သယ်လာကြသေးသည်။ တိုက်ခိုက်ရန် ပြင်းထန်သည့် စိတ်ဆန္ဒနှင့် ကိစ္စများကို ဖြေရှင်းရန် တွေးတောကြံစည်လာမှုအားဖြင့်ယှဉ်သော် ဝမ်ချောင်ကလည်း တစ်ဖက်သူများထက် နိမ့်ကျမည်မဟုတ်ချေ။

အင်ပါယာနှစ်ခု တစ်ခုကပဲ ရှင်သန်နိုင်လိမ့်မယ်။ အပုမူစလင် ရှင်သန်နိုင်မဲ့ အင်ပါယာကတော့ အာရပ်မဟုတ်မှာသေချာတယ်။

ဝမ်ချောင်၏ မျက်နှာတွင် ယုံကြည်မှုရှိသော မျက်နှာထားမျိုးက ပေါ်လာလျှက် ကံကြမ္မာကျောက်တုံး၏ စကားများကို ပြန်တွေးလိုက်သည်။ မည်သည့်အရာကမှ တိုက်ဆိုင်မှုမဟုတ်ချေ။ ဒီလောကတွင် အင်အားကြီးမားသော အင်ပါယာကြီးနှစ်ခုက အတူ တည်ရှိခဲသည်။ ထိုသို့တည်ရှိနေခဲ့သည့်တိုင်အောင် အချိန်တခဏသာ ဖြစ်ပေလိမ့်မည်။ သူ၏ ယခင်ဘဝတွင် မဟာထန်က တာလာ့တွင် အာရပ်ထံရှုံးပြီးနောက် အနောက်ပိုင်းဒေသ တစ်ခုလုံးကို ရှုံးလိုက်ရသည်။ စစ်သည်တော်များက အမြဲတစေ ဖြန့်ကာသုံးနေရပြီး ရန်သူကိုခွဲကာ တိုက်ခိုက်နေရသည်။ သို့သော် အတွင်းပိုင်း အရှုပ်အထွေးအတွက် သုံးရသည့် အနေအထားမျိုးကြောင့် ဗဟိုပြင်ကျယ်၏ နေထိုင်မှုစနစ်က စတင်ပြီး ဆုတ်ယုတ်လာလေသည်။

ဝမ်ချောင်ကလည်း ဒါဟာ တိုက်ဆိုင်မှုဟု အမြဲတစေ ယုံကြည်ထားခဲ့သည်။ သို့သော် ကံကြမ္မာကျောက်တုံးမှ ဖော်ပြလာခဲ့သည့် သတင်းအချက်အလက်များကတင် ထိုသို့မဟုတ်ကြောင်း နားလည်လိုက်သည်။

သူ၏အနောက်တွင် အနောက်ပိုင်းနယ်မြေနှင့် မဟာထန်ကြီးရှိနေသည်။ မဟာထန်အတွက်ပင်ဖြစ်စေ၊ သက်တမ်းသန်းကျော် တည်ရှိခဲ့ပြီးသည့် ဗဟိုပြည်နယ်ကြီး၏ သမိုင်းအတွက်ပင်ဖြစ်စေ ဝမ်ချောင်ဟာ ဘယ်သောအခါကမှ နောက်ဆုတ်၍မရနိုင်တော့ချေ။ ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးပေါင်း များစွာက ခပ်မြန်မြန် ထွက်ပြေးသွားသည်။ ထို့နောက်သူက ချက်ချင်းဆိုသလို စိတ်ငြိမ်သွားသည်။

“ကျန်းချွယ် မင်းရဲ့ငှက်တွေကို ဖြန့်ထားပြီး အာရပ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ထား။ ဒါ့အပြင် ငါမင်းကို လေးသည်တော်အဖွဲ့ တစ်ဖွဲ့ပေးမယ်။ အမဲလိုက်သိန်းငှက်တွေ နီးကပ်လာတာနဲ့ လေးသည်တော်အဖွဲ့နဲ့ပေါင်းပြီး ဒီအမဲလိုက်သိန်းငှက်တွေကို ပစ်ချတော့”

ဝမ်ချောင်က ထိုသို့ပြောလိုက်သည်။

အာရပ်အမဲလိုက်သိန်းငှက်များက အလွန်အမင်းမြန်ပြီး ကြမ်းတမ်းသည်။ ကျန်းချွယ်၏အသင်းက တစ်သုတ်ကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သော်လည်း ထိုတစ်သုတ်က အဓိကအဖွဲ့၏ အဖွဲ့ခွဲတစ်ဖွဲ့သာ ဖြစ်သေးလေသည်။ အာရပ်များ၏ အမဲလိုက်သိန်းငှက်များ အားလုံးနှင့် ရင်ဆိုင်ရန် ကျန်းချွယ်တို့၏ သိန်းငှက်အသင်းက တက်နိုင်လိမ့်မည်မဟုတ်ချေ။ သိန်းငှက်အသင်းက မြေပြင်မှ လေးသည်တော်များနှင့် ပူးပေါင်းခြင်းကသာ ထိုအာရပ်ကင်းထောက်ငှက်များကို ကိုင်တွယ်ရန် ဝမ်ချောင် အထူးတလည် စီစဉ်ထားသည့် ဗျူဟာဖြစ်လေသည်။

“ဟုတ်ကဲ့အရှင်အမတ်”

ကျန်းချွယ်က ထိုအမိန့်ကို ခပ်မြန်မြန် သယ်ဆောင်ရန် ထွက်ခွာသွားသည်။

ထန်စစ်တပ်ရှိ မည်သူကမှ ဝမ်ချောင်လောက် လေကြောင်းထောက်လှမ်းမှုကို အလေးမထားကြချေ။ ကျန်းချွယ်က ဝမ်ချောင်၏ မျှော်လင့်ထားသမျှကို ပြည့်မှီအောင် လုပ်ပေးနိုင်ခဲ့သည်။ သူက ဦးဆောင်သော သိန်းငှက်အသင်းက ဝမ်ချောင်၏ အကြံများအတွက် အရေးကြီးသထက် ကြီးလာသည်။ ကျန်းချွယ်၏ သိန်းငှက်အသင်းကသာ အစွန်ဆုံးကာလမှ ကင်းထောက်သော အမဲလိုက်သိန်းငှက်များ အားလုံးကို မဖယ်ရှားနိုင်ခဲ့လျှင် အာရပ်များနှင့် အစပိုင်းတိုက်ပွဲတွင် ဖြစ်လာနိုင်သော ရလဒ်က ပြောင်းပြန်ဖြစ်နေလောက်သည်။

ကျန်းချွယ်က ထွက်သွားသည်နှင့် ဝမ်ချောင်၏အကြည့် များပြားသော အာရပ်စစ်တပ်ထံ ပြန်ရောက်သွားသည်။ ဝမ်ချောင်၏ အကြီးမားဆုံးရန်သူက စင်ပေါ်မတက်လာသေးချေ။ သို့သော် ပါကာကာတာဖရက်၏ လုပ်ကြံသတ်ဖြတ်မှုမှတဆင့် တစ်ဖက်သူ၏ စိတ်ဆန္ဒကို ဖျော့တော့စွာ ခံစားမိနိုင်သည်။

ဒါက လေထဲရှိ မမြင်ရသောဓားများ ထိပ်တိုက်ရင်ဆိုင်ရသလို မမြင်ရသည့် ပြိင်ပွဲဖြစ်နေသည်။

အပုမူစလင်

ဝမ်ချောင်က သူ၏ ထိုရန်သူက ထိုမြင်းတပ်ကိုလွှတ်ကာ သူ့ကိုစမ်းသပ်ခြင်းဖြစ်ကြောင်း အာရုံခံနိုင်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူ၏ လက်နက်ကြီးအဖွဲ့မှတဆင့် ကောင်းကောင်း ဖော်ပြနိုင်ခဲ့မည်ဟု ယုံကြည်သည်။ ပထမဦးဆုံး ဗိုလ်ချုပ်ကြီးနှစ်ယောက် ထိပ်တိုက်တွေ့ဆုံမှုတွင် ဝမ်ချောင်၏ဘက်က အနိုင်နှင့်အတူ အဆုံးသတ်သွားသည်။ သို့သော် ဝမ်ချောင်ကလည်း ထိုအခြေအနေက အဆုံးသတ်ရန် ဝေးကွာလွန်းနေသေးကြောင်း နားလည်လိုက်သည်။

“ကာကွယ်ရေးဗိုလ်ချုပ်ဝမ် ဒီသံမဏိမြို့ရိုးတွေက ဘာအတွက်လဲ”

ရုတ်တရက် အနီးအနားမှာ ခမ်းနားတည်ကြည်သောအသံက ထွက်လာသည်။ ကောင်းရှန်းကျစ်က ကျောကိုဖြောင့်မတ်စွာမတ်လျှက် ရပ်နေသည်။ သူ၏မျက်လုံးကလည်း ရှေ့သို့သာ ကြည့်နေသည်။

ဝမ်ချောင်က တခဏခန့် တောင့်ခဲသွားပြီးနောက် ဖျော့တော့စွာပြုံးလျှက် ခေါင်းညိမ့်လိုက်သည်။

“ဟုတ်ပါတယ်”

ထိုအဖြေက ကောင်းရှန်းကျစ်၏ မျက်ဝန်းများကို ထက်ရှသောအလင်းဖြင့် ပေါက်ကွဲလာစေပြီး အံ့အားသင့်မှုများကို ဖော်ပြလာစေ၏။ အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ဝမ်ချောင်ဟာ ထိုသံမဏိမြို့ရိုး ထောင်ကျော်ကို မှီခိုနေပြီး သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းတို့၏ ပူးပေါင်းစစ်တပ်ကို အလဲထိုး အနိုင်ယူခဲ့ခြင်းက တစ်လောကလုံးကို ပြင်းထန်စွာ မွှေနှောက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဝမ်ချောင်က တိဗက်တောင်ပေါ်ဒေသတွင် တည်ကြည်သောဗျူဟာကို သုံးခဲ့ပြီး တြိဂံပုံမြေကွက်လပ် နေရာတွင်ပင် သံမဏိခံတပ်ကြီးကို တည်ဆောက်ခဲ့ကာ တုစုန့်မာန်ဖော်ကျဲ့နှင့် သာ့ယန်မာန်ပန့်တို့ကို အနိုင်ယူခဲ့သည်။ ထိုသို့ထူးခြားသော ဗျူဟာက နာမည်ကြီးလွန်းသဖြင့် အနောက်ပိုင်းဒေသ တစ်နေရာမှ ကောင်းရှန်းကျစ်ကပင် ကြားဖူးနေသည်။

သို့သော် ကောင်းရှန်းကျစ်က ပထမဦးဆုံးအကြိမ် ကိုယ်ပိုင်မျက်လုံးဖြင့် မြင်တွေ့ဖူးခြင်းဖြစ်သည်။

“မဆိုးပါဘူး”

ကောင်းရှန်းကျစ်က ချီးကျူးလိုက်သည်။ သူ၏မျက်ဝန်းအတွင်း အံ့အားသင့်မှုများက ရှိနေသေး၏။

“အာရပ်တွေက သူတို့ရဲ့ မြင်းတပ်ပိုင်းဆိုင်ရာမှာ အားအသာဆုံးပဲ။ ဒီလိုဗျူဟာကိုသုံးပြီး သူတို့ရဲ့ ဝင်္ကပါတွေကို ဖျက်ဆီးတယ်။ သူတို့ရဲ့ ဝင်္ကပါတွေဆီက အကျိုးအမြတ်တွေမရဘဲ ဘယ်မြင်းတပ်ကမှ သူတို့ရဲ့ထက်ရှတဲ့အပိုင်းကို ထုတ်ပြနိုင်တော့မှာမဟုတ်ဘူး။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ တွေးတောပုံက တော်တော်လေးကို ထူးဆန်းလွန်းလှပါပေတယ်။ သာမာန်လူတွေ မတွေးနိုင်တဲ့ ဘက်ထောင့်က တွေးတောနိုင်လွန်းပါပေတယ်။ အရှင်အနေနဲ့ အရှင်နတ်ဧကရာဇ်ရဲ့ အလေးထားမှုကို ဒီလိုအသက်အရွယ်နဲ့တင် လက်ကိုင်ရရှိထားပြီး အငယ်ဆုံးကာကွယ်ရေးဗိုလ်ချုပ် ဖြစ်လာတာ အံ့ဩစရာမရှိတော့ပါဘူး”

“ဒါပေမဲ့ တာလာ့ကို ပြင်ကျယ်က ဝိုင်းထားတာ။ ဒီပိုင်နက်နယ်မြေက မြင်းတပ်အတွက် ထူးထူးခြားခြား အလေးသာနေခဲ့တယ်။ ဒီတော့ မြို့ထဲဝင်ပြီး မြို့ရိုးကိုသုံးလို့ တာလာ့ရဲ့ မြင့်မားထူထည်းတဲ့ မြို့ရိုးတွေကတဆင့် ခုခံတာက ပိုမကောင်းနိုင်ဘူးလား”

ထိုနောက်ဆုံးမေးခွန်းကသာ ကောင်းရှန်းကျစ်၏ အစစ်အမှန် ဆန္ဒကို ထုတ်ပြလိုက်ခြင်း ဖြစ်နေသည်။ အာရပ်များနှင့် အစောပိုင်းတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ကောင်းရှန်းကျစ်ဟာလည်း ဝမ်ချောင်ဟာ သူ၏ တပ်ကူများကို မြို့ထဲသို့ဝင်စေပြီး တာလာ့၏ မြင့်မားခိုင်ခံ့ထူထည်းသော မြို့ရိုးများကိုသုံးလျှက် အာရပ်များကို အပြည့်အဝ ရင်ဆိုင်တော့မည်ဟု ထင်ထားလေသည်။ သို့သော် ဝမ်ချောင်က တပ်ကူများကို မြို့အပြင်တွင် နေရာချထားပေးပြီး ခံတပ်များ တည်ဆောက်ခိုင်းလိုက်သောအခါ ဝမ်ချောင်၏ စိတ်ထဲတွင် ခြားနားသောအတွေးရှိကြောင်း သိသာသွားသည်။

မြို့ရိုး၏ အပြင်ဘက်တွင် သဘာဝ အကာအကွယ်များ မရှိသဖြင့် ယခုလို မျက်နှာသာပေးသော ပြင်ကျယ်နေရာမျိုးတွင် ခုခံရန်ကြိုးစားခြင်းက ကောင်းရှန်းကျစ်၏ အမြင်တွင်မူ ရင်းနှီးလွန်းရာကျသည်။ သို့သော် ဝမ်ချောင်ကလည်း သူ၏တပ်ကူများ၊ သူ၏ကိုယ်ပိုင်လူများဖြင့်လာပြီး သူတို့နှစ်ယောက်ကလည်း အဆင့်အတန်း တူနေလေရာ ကောင်းရှန်းကျစ်အနေဖြင့် ထိုကိစ္စကို တိုက်ရိုက်ထောက်ပြ၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် သံမဏိမြို့ရိုးကိုသုံးပြီး ချဉ်းကပ်ကာ သွယ်ဝိုက်၍ ပြောလိုက်ရခြင်းဖြစ်သည်။

ကောင်းရှန်းကျစ်၏ အဆင့်အတန်းတွင်ရှိသော လူတစ်ယောက်အနေနှင့် ထိုသို့လုပ်ပြခြင်းကတင် ဝမ်ချောင်အပေါ် ကြီးမားသည့် လေးစားမှုကို ပြသရာရောက်လေသည်။

“ဟား ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ် အရှင်ဆိုလိုချင်တာကို ငါနားလည်ပါတယ်”

ဝမ်ချောင်က ဖျော့တော့စွာသာပြုံးသည်။ သူ၏အမူအရာက ခပ်အေးအေးနှင့် ယုံကြည်မှုအပြည့် ရှိနေသေးပြီး သဘာဝအလျောက် ထူးကဲသည့် စွမ်းဆောင်မှုမျိုးကို ထုတ်ပြသည်။

“ငါကလည်း တာလာ့ရဲ့ မြို့ရိုးတွေက မြင့်ပြီးခိုင်မာကြောင်း နားလည်တယ်။ သူတို့ပေါ်တက်ပြီး တိုက်ခိုက်တာက ပိုပြီးအခြေအနေ ကောင်းနိုင်တယ်။ ဒါပေမဲ့ ငါတို့လုပ်မှဖြစ်မဲ့ အချို့အရာတွေရှိတယ်။ အချို့ရင်းနှီးမှုတွေကို လုပ်မှရမယ်။ အာရပ်တွေက မုန်တိုင်းလို အရှိန်နှုန်းကိုသုံးပြီး မြင်းစီးလာတယ်။ သူတို့ရဲ့ရည်မှန်းချက်က ရှီတိုင်းပြည်တင်မဟုတ်ဘူး။ အနောက်ပိုင်းနယ်မြေတွေနဲ့ မဟာထန်ကမှ သူတို့ရဲ့ အစစ်အမှန် ပန်းတိုင်။ အခြားစကားနဲ့ပြောရရင် စစ်သည်တော်နှစ်ယောက်က လမ်းမှာဆုံတဲ့အခါ သတ္တိပိုကြီးတဲ့လူက နိုင်ဖို့အလားအလာ ပိုများတယ်။ ဒီလောကမှာ မဟာထန်ကို ရင်ဆိုင်နိုင်တဲ့ အင်ပါယာက တစ်ခုပဲရှိတယ်။ ဒီအင်ပါယာကြီးဖြစ်တဲ့ အာရပ်အင်ပါယာက ခုံးတောင်တန်း အနောက်ပိုင်းဘက်မှာရှိတယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်အနေနဲ့လည်း ဒီအချက်ကို အကင်းပါးပါးနဲ့ သတိထားမိပြီးလောက်ပြီလို့ထင်တယ်။ ငါတို့ကသာ သူတို့ကို တွေးတွေးဆဆနဲ့ ရှုံးနိမ့်အောင်လုပ်ပြီး မဟာထန်ရဲ့ အင်အားကို နားလည်အောင် မပြသလိုက်ဘူးဆိုရင် အနာဂတ်မှာ... ပြဿနာက ပိုကြီးလာလိမ့်မယ်”

“နောက်ပြီး ဒီလောကမှာ အင်အားကြီးတဲ့သူက အားနည်းသူကို စားရင်းနဲ့ ရှင်သန်ကြတာ။ ငါတို့ရဲ့ မဟာထန်က အနောက်ပိုင်းဒေသကို အုပ်စိုးနိုင်တာက အင်အားကြီးလို့။ အာရပ်တွေက ခုံးတောင်တန်းတောက်လျှောက် နယ်မြေချဲ့ကားလာနိုင်တာကလည်း သူတို့ကလည်း အင်အားကြီးနေလို့ပဲ။ အရှင်က သတိထားမိလား သတိမထားမိလားတော့ မသိလောက်ပေမဲ့ ငါတို့က ဒီနေရာကို ရောက်လာတဲ့အချိန်မှာ အရာအားလုံးက အသေဖြစ်သွားပြီ။ ဒီစစ်ပွဲမှာ ငါတို့က မြို့ထဲမှာပဲနေပြီး ပုန်းအောင်လို့ ကြောက်လန့်ပုံကို ပြရဲရင် အာရပ်တွေကလည်း ရှေ့ကိုတက်လာပြီး ငါတို့က ဆုံးဖြတ်ချက်အပြည့်နဲ့ အရယူရမဲ့ အခွင့်အရေးကို ဆုံးရှုံးရမှာပဲ။ ငါတို့ ပြင်းပြင်းထန်ထန် ကြိုးစားပြီး ရထားတဲ့အခွင့်အရေးကို ပေးလိုက်သလိုဖြစ်သွားမယ်။ လက်ရှိမှာ ကာကွယ်ရေးဗိုလ်ချုပ်ကလည်း မဟာထန်မှာ ထပ်ပို့စရာ စစ်သားအင်အားမရှိတော့တာကို နားလည်လောက်မယ်လို့ထင်တယ်”

ဝမ်ချောင်က စကားကို တခဏခန့်ရပ်သည်။ သူက ဘေးဘီကို တဖြည်းဖြည်းချင်းကြည့်၏။ သူ၏အနားဝန်းကျင်တွင် တိတ်ဆိတ်နေကြသည့် အန်းရှီကာကွယ်ရေးဗိုလ်ချုပ်များရှိသည်။ ဝမ်ချောင်၏ အနီးကပ် လက်အောက်ငယ်သားများလည်းရှိသည်။ သူတို့အားလုံးက သူ၏စကားလုံးများကြောင့် လွှမ်းမိုးခြင်းခံလိုက်ရပြီး သူ့အား တင်းမာကာ တည်ငြိမ်သော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။

ခုံးတောင်တန်း၏ မဟာထန်မှ စစ်သည်တော်တိုင်းက ဝူရှန်းတွင် အခြေကျသွားသည်။ ဝမ်ချောင်ကပြောသလိုမျိုး တာလာ့ကလည်း သူတို့၏ နောက်ဆုံးခုခံရေးအားလှိုင်းဖြစ်သည်။

“ငါတို့က ဒီစစ်ပွဲမှာ နိုင်သွားရင် နောက်ထပ် ဆယ်စုနှစ် အနည်းငယ်လောက်အထိ ဒါမှမဟုတ် အာရပ်တွေရဲ့ ချီတက်မှုကို နည်းနည်းလောက် ပိုကြာအောင် အချိန်ဆွဲထားနိုင်လို့ အနောက်ပိုင်းဒေသကိုလည်း ဒီအချိန်အတောအတွင်းလောက်အထိ လုံခြုံအောင် ထိန်ထားနိုင်လိမ့်မယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကလည်း သိလောက်ပါတယ်။ အပုမူစလင် ဦးဆောင်တဲ့ တပ်ဖွဲ့က သူတို့ရဲ့အင်ပါယာက အရှေ့ပိုင်းမှာပဲရှိတဲ့ စစ်သည်တော်တွေပဲ။ နောက်ပြီး သူတို့ဆီမှာ အနည်းဆုံး သုံးဆလောက် ကျန်လိမ့်ဦးမယ်။ ငါတို့မှာ အခွင့်အရေး အများကြီးမရှိဘူး။ ငါတို့ရှုံးရင် အန်းရှီနဲ့ ချီရှီက လက်ပြောင်းလိုက်ရုံပဲရှိမှာ။ အဲ့ဒီနောက် လုံရှီကလည်း ခြိမ်းခြောက်မှုအောက် ရောက်သွားပြီ။ ငါတို့က စဉ်းစားဆင်ခြင်မှရမဲ့ ပြဿနာတွေ အများကြီးရှိနေတယ်”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။ သူ၏အကြည့်က အန်းရှီကာကွယ်ရေးစစ်တပ်၏ စစ်သေနာပတိချုပ် ကောင်းရှန်းကျစ်ထံတွင် ရှိခဲ့သည်။

ကောင်းရှန်းကျစ်က ဘာစကားမှမပြောချေ။ သူ၏မျက်မှောင်က ပြင်းပြင်းထန်ထန် ကျုံ့နေသည်။ ဗိုလ်ချုပ်တစ်ယောက်အနေနှင့် သူ၏တာဝန်က စစ်သားများကိုဦးဆောင်ပြီး အနိုင်ယူရန်နှင့် ဆက်တိုက် အနိုင်ရယူရန်ဖြစ်သည်။ ဒီအချက်ကသာ သူ၏အုတ်မြစ်ကို အခြေခံထားမှုနှင့်အတူ ကောင်းရှန်းကျစ်ကလည်း တာလာ့ထံမှ ခုခံရန် ထောက်ခံပေးနိုင်နေသည်။

သို့သော် ဝမ်ချောင်ပြောလိုက်သော စကားကမူ မတူသော ရှု့ထောင့်ဘက်မှ ဖြစ်နေသည်။ သူ၏ဗျူဟာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းအားက ကောင်းရှန်းကျစ်ထက်ပင် အနာဂတ်ကို ကြိုမြင်နေသေးပုံရသည်။ ဂရုတစိုက် စဉ်းစားဆင်ခြင်ပြီးနောက် ကောင်းရှန်းကျစ်ကိုယ်တိုင်ကလည်း ဒီစစ်ပွဲတွင် သူက မစဉ်းစားခဲ့မိသည့်အပိုင်းများ ရှိနေသေးကြောင်း နားလည်လာသည်။

“ငါနားလည်ပြီ”

ကောင်းရှန်းကျစ်က ခေါင်းညိမ့်ပြီး ဝမ်ချောင်ကို နက်နဲသော အကြည့်မျိုးပေးသည်။ သူက ပထမဦးဆုံးအကြိမ်အနေနှင့် ထို(၁၇)နှစ်အရွယ် ကောင်ငယ်လေးကို ကြည့်မိသလို ထင်ရသည်။

‘ကောလဟာလတစ်ရာက တစ်ကြိမ်တွေ့တာကို မယှဉ်နိုင်ဘူး။ လူက ဂုဏ်သတင်းထက် ပိုကျော်ဇောတယ်’

ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်၏အကြားတွင် နားလည်မှု လွှဲမှားမှုပေါင်းများစွာ ရှိခဲ့သည်။ ယခင်တစ်ခေါက် ဗိုလ်ချုပ်များနှင့်ပတ်သတ်သည့် မတော်တဆမှုတွင်ဖြစ်စေ ဝမ်ချောင်က ဝူရှန်းသို့ ချီတက်လာခဲ့မှုတွင်ဖြစ်စေ အများကြီးရှိခဲ့သည်။ သူတို့နှစ်ယောက်ကြား ပထမဦးဆုံး တွေ့ဆုံမှုတွင်မူ ကောင်းရှန်းကျစ်ဟာ ဝမ်ချောင်ကို သူ၏ကိုယ်ပိုင် အဆင့်အတန်းက မြင့်မားသာလွန်သော်လည်း ရိုသေလေးစားမှုအပြည့်နှင့် ဆက်ဆံခဲ့သည်မှာ ဝမ်ချောင်က ရန်ငြိုးများကို ဘေးဖယ်ထားပြီး အန္တရာယ်အပြည့် ရှိနေသော အခြေအနေကို မမှုဘဲ သူ့ကို တပ်ကူများနှင့်အတူ ရောက်လာကာ အားဖြည့်ကူညီပေးခဲ့သောကြောင့်ဖြစ်သည်။

ဝမ်ချောင်က စစ်အနုပညာကို ဖမ်းဆုပ်မှုအရာအတွက်ကမူ... ဝမ်ချောင်က အူမာကို အနိုင်ယူနိုင်ခဲ့သော်လည်း ကောင်းရှန်းကျစ်ကမူ မရေမတွက်နိုင်သော အနိုင်ပွဲပေါင်း များစွာကို ယူခဲ့ပြီးသည့် ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနှင့် သူ၏မြင်နိုင်စွမ်းအားများက သာမာန် ဗိုလ်ချုပ်တစ်ယောက်ထက် သာသည်။ ထို့ကြောင့် ထိုလုပ်ဆောင်နိုင်မှုလောက်က သူ့ကို အများကြီး အထင်မကြီးစေသေးချေ။

သို့သော် ဝမ်ချောင်၏ ယခုပြောလိုက်သော စကားလုံးများကမူ သူက တာလာ့၏ တိုက်ပွဲအတွက် အဘက်ဘက်မှ စဉ်းစားဆင်ခြင်ပြီးကြောင်း ပြသနေသည်။ ပထမဦးဆုံးအကြိမ်အနေနှင့် ကောင်းရှန်းကျစ်ကလည်း ထိုလူငယ်၏ မှင်သက်ဖွယ်ကောင်းသည့် စိတ်အခြေအနေနှင့် မြင်နိုင်စွမ်းအား ဗျူဟာကျကျ တွေးတောနိုင်စွမ်းအားများ အားလုံးဟာ မည်သည့် ကာကွယ်ရေး ဗိုလ်ချုပ်များထက်ပင်ဖြစ်စေ မဟာဗိုလ်ချုပ်များထက်ပင်ဖြစ်စေ သာကြောင်း သိလိုက်သည်။

အံ့အားသင့်စရာကောင်းလောက်အောင် တောက်ပတာပဲ။

ကောင်းရှန်းကျစ်က အမြဲတစေ ဂုဏ်ယူပြီး မာနကြီးတတ်သူဖြစ်သည်။ သို့သော် သူကိုယ်တိုင်ကပင် အခြားတစ်ယောက်ထံတွင် သူ့ထက် သာလွန်သည့် ပါရမီမျိုးကို တွေ့လိုက်ရသည်။ ထို့ပြင် ထိုတစ်ယောက်က လူငယ်သာဖြစ်သေးသည်။

“ငါတို့လည်း အရှင်ကာကွယ်ရေးဗိုလ်ချုပ် ပြောသမျှ အရာအားလုံး လုပ်ဆောင်ပါ့မယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ငါတို့အန်းရှီကာကွယ်ရေးဘက်က အကူအညီလိုအပ်တာမျိုးရှိရင် ပြောနိုင်ပါတယ်။ ဒီကောင်းက အပြည့်အဝ ထောက်ပံ့ပေးပါ့မယ်”

ကောင်းရှန်းကျစ်က ထိုသို့ပြောသည်။

အခန်း(၈၈၄)

“ဟား ဟား အဲ့ဒီလိုမလိုပါဘူး။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်က အရင်ကအတိုင်း လုပ်လက်စကို ဆက်လုပ်ဖို့ပဲလိုပါတယ်။ တာလာ့ရဲ့မြို့ရိုးကမြင့်ပြီး ခိုင်မာတယ်။ ဒီတော့ ပြောင်မြောက်တဲ့ အပေါ်စီးကနေ ကြည့်ရှု့နိုင်တဲ့ နေရာတစ်ခုပဲမဟုတ်လား။ သူတို့ရဲ့အထက်မှာ ရပ်နေတာနဲ့ဘက်ထောင့်တိုင်းရဲ့ အနေအထားကို ရှင်းရှင်းလင်းလင်း မြင်နိုင်လို့ အာရပ်တွေရဲ့လှုပ်ရှားမှုကို အသေးစိတ် ကြည့်ရှု့နေနိုင်မှာပါ။ ဒီဘက်ထောင့်မှာဆိုရင် အရှင်က ငါနဲ့ပူးပေါင်းဖို့ လိုအပ်ပါတယ်”

ဝမ်ချောင်က ရယ်နေသည်။

“အွန်း အရမ်းကောင်းတယ်”

ကောင်းရှန်းကျစ်က ခေါင်းညိမ့်လိုက်ပြီး ဝမ်ချောင်ကို အမြင်သစ်တစ်မျိုးနှင့် ကြည့်သည်။ အန်းရှီကာကွယ်ရေးစစ်တပ်က အခြားသော မဟာထန်၏ စစ်တပ်များနှင့် မတူချေ။ ဒီစစ်တပ်တွင် ကောင်းရှန်းကျစ်ကသာ အဆုံးစွန်သောအာဏာနှင့် အဆင့်အတန်းကို ကိုင်ဆွဲထားသူဖြစ်သည်။ သူက ထိုစစ်တပ်၏ အခွင့်အာဏာကို ဝမ်ချောင်ကို လွှဲပြောင်းပေးလိုက်သည့်တိုင်အောင် ဝမ်ချောင်ကိုယ်တိုင်ကပင် သူတို့ကို ချောမွေ့စွာ အမိန့်ပေးရန် ခက်ခဲပေလိမ့်မည်။

ပို၍ဆိုးသည်မှာ ထိုစစ်တပ်နှစ်ခုလုံးက မဟာထန်အပိုင်ဖြစ်သော်လည်း လည်ပတ်ပုံစနစ်ချင်းက ကွာခြားသည်။ သူတို့ကို အင်အားသုံးကာ ရောနှောလိုက်ခြင်းက အရှုပ်အထွေးများ ဖြစ်လာနိုင်ပြီး လိုချင်သည့် ရလဒ်၏ ဆန့်ကျင်ဘက် အနေအထားထိ ထွက်လာနိုင်လောက်သေး၏။ ကောင်းရှန်းကျစ်၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး စစ်တပ်နှစ်ခုကို လွတ်လပ်စွာ လည်ပတ်ခိုင်းခြင်းကသာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်သလို ကောင်းရှန်းကျစ်၏ အဆင့်အတန်းကိုလည်း လေးစားပြရာရောက်သလို စစ်တပ်နှစ်ခုလုံးကိုလည်း အမြင့်ဆုံးသော အင်အားကို ထုတ်ပြနိုင်စေသည်။

ကောင်းရှန်းကျစ်၏ ဝမ်ချောင်အပေါ် အမြင်က တဖန်ထပ်ပြီး မြင့်မားသွားပြန်သည်။

“ဝမ်ချောင် ငါမင်းကိုသတ်မယ်”

သူတို့နှစ်ယောက်က စကားပြောနေချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းက ဖြတ်တိုက်လာလေပြီး မြို့ဂိတ်ထံမှ ခြင်္သေ့တစ်ကောင်က ခုန်ဝင်လာသလို ဟိန်းသံကြီးက ထွက်လာသည်။ ရုတ်တရက်ဆန်လွန်းသဖြင့် လူတိုင်းက လှည့်ကြည့်မိကြ၏။ ဝမ်ချောင်ကပင် ချွင်းချက်မရှိချေ။

ဝုန်း

အလင်းက ဖြတ်ကနဲလက်ပြီးနောက် ကြီးမားသော ပုံရိပ်ကြီးက မြို့ဂိတ်ထံမှ ထွက်ပေါ်လာသည်။

“မင်းရဲ့အသက်ကိုပေးစမ်း”

စွမ်းအင်လှိုင်းက ထိုးထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းများက တိုက်ခတ်လာသည်။ မည်သူကမှ မတုန့်ပြန်နိုင်ခင် ထိုကြီးမားသော ပုံရိပ်ကြီးက လက်ထဲတွင် ကိုင်ထားသော ကြီးမားသည့် သံမဏိပုဆိန်ကြီးကို အောက်သို့ ခုတ်ချလိုက်ကာ ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို ရေကြီးသလို ထွက်လာစေလျှက် ဝမ်ချောင်ထံ တိုးဝင်လာစေသည်။ ကြယ်တာရာစွမ်းအင်မုန်တိုင်း၏ ထိုအဆင့်သို့ ရောက်ရှိနေသော စွမ်းအားများက ထန်စစ်သည်တော်များကိုပင် အင်အားသုံးပြီး နောက်ဆုတ်သွားစေသည်။

ဝေါင်း

ထိုအော်သံက အမျိုးသားနှင့် သားရဲတစ်ကောင်က ပူးပေါင်းကာ အော်လိုက်သံလို ဖြစ်နေသည်။ အလင်းများက ပုံပျက်ပန်းပျက် ဖြစ်သွားပြီး အာကာသပြင်ကပင် တွန့်လိမ်ရှုံ့တွသွားလျှက် လေထဲတွင် ကြီးမားသည့် ငါးခေါင်းနှင့် လူသားတစ်ယောက်၏ ထွားကြိုင်းသော ခန္ဓာကိုယ်ကြီးက ပေါ်ထွက်လာသည်။ သူ၏ ကိုးပေခန့်မြင့်သော ခန္ဓာကိုယ်ကြီးက သံချပ်ကာအပြည့်အဝကို ဝတ်ဆင်ထားသည်။ သံချပ်ကာတွင် သားရဲအမွှေးများပါသော အမွှေးပွရှည်များက ဖြာထွက်နေသည်။ ထိုထူးဆန်းသော ပေါင်းစပ်မှုနှင့် ထိုလူထွားကြီး၏ပုံစံက ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သည့် အရှိန်အဝါကို ထွက်လာစေလေရာ ဖျက်ဆီးရန် စိတ်အားထက်သန်နေသလို ထင်ရသည်။

“ရပ်စမ်း”

“ဝမ်ဟယ်ဖေးလော့ အဲ့ဒီမှာရပ်စမ်း”

“မင်းရူးသွားပြီလား။ ဒါက ချီရှီကာကွယ်ရေးဗိုလ်ချုပ်”

အော်သံများက အဘက်ဘက်မှ ထွက်လာသည်။ လူတိုင်းကလည်း ကာလာ့ခေါင်းဆောင် ဝမ်ဟယ်ဖေးလော့၏ အပြုအမူကြောင့် အံ့အားသင့်သွားရသည်။

“ဝမ်ဟယ်ဖေးလော့ အခုချက်ချင်းရပ်စမ်း။ ကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုရိုင်းပျတာမျိုးကို ငါခွင့်မပြုဘူး”

ချန်းချန့်လီက ရှေ့တက်လာသည်။ သူ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းကလက်ပြီး ဝမ်ဟယ်ဖေးလော့၏ ကြီးမားသည့် နတ်ဘုရားပုဆိန်ကြီးထံ ဓားကိုချိန်ရွယ်လိုက်သည်။ သို့သော် ဝမ်ဟယ်ဖေးလော့ကမူ ချန်းချန့်လီ၏ အကွက်ကို ကြိုတင်ခန့်မှန်းနိုင်ပြီးသားဖြစ်သည်။ ထို့ကြောင့် ဖြတ်ကနဲလင်းလက်လျှက် လိမ်တွန့်ကာ ရှောင်ရှားလိုက်ပြီး ချန်းချန့်လီကို ချောမွေ့စွာ ကျော်ဖြတ်သွားသည်။

“မင်း...”

မှင်သက်ကြောင်အသွားသော ချန်းချန့်လီက တခဏခန့် အေးခဲသွားသည်။ သူဟာလည်း ကြီးမားသော ခွန်အားများကို ပိုင်ဆိုင်ထားသည့် နောင်ဖြစ်လာမည့် အထွဋ်အထိပ် ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ ဝမ်ဟယ်ဖေးလော့က သူ့ထက် အင်အားမကြီးသော်လည်း အင်းအားချင်း ကွာခြားချက်ကလည်း သိပ်မကြီးပြန်ချေ။ ပို၍အရေးကြီးသည်မှာ ဝမ်ဟယ်ဖေးလော့က တာလာ့ကို ဦးဆောင်ကာ အန်းရှီကာကွယ်ရေးစစ်တပ်နှင့် တိုက်ခိုက်နေခဲ့သည်မှာ ဆယ်နှစ်နီးပါး ကြာသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူဟာ ထိုစစ်တပ်နှင့် အရာရှိတိုင်းကို ရင်းနှီးနေပြီးသားဖြစ်သည့်အလျောက် ချန်းချန့်၏ ရိုက်ချက်ကို အလွယ်တကူ ရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ချန်းချန့်လီကို ကျော်ဖြတ်ပြီးနောက် ဝမ်ဟယ်ဖေးလော့က အနှောက်အယှက်များ မရှိတော့လေရာ သူ၏ ကြီးမားသည့် စစ်နတ်ပုဆိန်ကြီးကို လွှဲယမ်းလျှက် သူ၏တောင်များကိုပင် ရှင်းလင်းနိုင်သည့် ခွန်အားကိုသုံးကာ ဝမ်ချောင်ထံ ခုန်ဝင်လာသည်။

“ဟွန်း ဝမ်ဟယ်ဖေးလော့ မင်းကအချိန်ကိုက် ရောက်လာတာပဲ”

တုန့်ပြန်သည့်အနေဖြင့် အသံက ထွက်ပေါ်လာသည်။ လူတိုင်းက အံ့အားသင့်နေချိန်တွင် ဝမ်ချောင်ဟာ တည်ငြိမ်မှုကိုထိန်းသိမ်းလျှက် ထိုရလဒ်ကို မျှော်လင့်ထားသည့်အတိုင်း ပြောလိုက်လေသည်။

ဝုန်း

ဝမ်ချောင်၏ မျက်ဝန်းအတွင်းမှ အေးစက်သော အလင်းက ပေါက်ကွဲထွက်လာသည်။ သူ၏ခန္ဓာကိုယ်နှင့် သုံးကျန်းခန့်ဝေးသော အာကာသပြင်က စတင်ကာ တွန့်လိမ်ရှုံ့တွလာသည်။ လေထုက စတင်ကာ ခဲလာလေပြီး သူ၏ ဘေးတစ်ဖက် တစ်ချက်စီတွင် နေနှင့်လ၏ ပုံရိပ်က ပေါ်လာသည်။

“ကျယ်ပြောသော ကောင်းကင်မြေကမ္ဘာသိုင်း”

“မဟာရင်ယန်သိုင်း”

ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဘုံ ဖန်တီးခြင်းသိုင်းနှင့် အဆင့်လွန်သိုင်းနှစ်ကွက်ကို သုံးပြီး ဝမ်ဟယ်ဖေးလော့၏ ထွားကြိုင်းသော နတ်ဘုရားက ကောင်းကင်ဘုံကို ခုတ်ထွင်မယ်ဆိုသောသိုင်းကို ရင်ဆိုင်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

ကျန်းတစ်ဆယ်ကျော် အကွာအဝေးတောက်လျှောက် ပေါက်ကွဲသံများက ထွက်လာပြီး မိုးကုတ်စက်ဝိုင်း တည့်တည့် လွှမ်းခြုံသွားသည်။

အချိန်တိုအတွင်းတွင် ဝမ်ချောင်နှင့် ဝမ်ဟယ်ဖေးလော့တို့က ရှေးဦးမူလ သားရဲကောင်ကြီးများကဲ့သို့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြီး သိုင်းကွက် ဆယ်ကွက်ကျော်ကို ဖလှယ်လိုက်ကြသည်။

ဝုန်း

နောက်ဆုံးတိုက်ခိုက်မှုတွင် ဝမ်ဟယ်ဖေးလော့က လွင့်ထွက်သွားသည်။ ဝမ်ချောင်ကမူ ထိုးတက်လာသော ပင်လယ်ဒဏ်ကို အံတုလျှက် မြဲမြံစွာ ရပ်တည်နေသော ကျောက်သားတစ်တုံးအလား တည်ရှိနေသေးသည်။

ဝမ်ချောင်က သိုင်းကွက်ကို ပြန်လည်ရုတ်သိမ်းလိုက်သောအခါ လေပြင်းက ငြိမ်သက်သွားသည်။ အရာအားလုံးက တဖန်ထပ်ပြီး တည်ငြိမ်သွားသည်။

မဟာရင်ယန် ကောင်းကင်ဘုံဖန်တီးခြင်းသိုင်းက ပတ်ဝန်းကျင်ကို ထိန်းချုပ်ရာတွင် အခြားသော သိုင်းတိုင်းထက် စွမ်းရည်ချင်းသာသည်။

“မျိုးမစစ်ကောင် ငါမင်းကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲမယ်”

ထိုအချိန်တွင် ဝမ်ဟယ်ဖေးလော့၏ မျက်လုံးက နီရဲနေသည်။ အံ့ကိုလည်း ကြိတ်ထား၏။ သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီးနောက် ဖနောင့်ပေါက်လိုက်ကာ ရှေ့သို့တဖန် ခုန်တက်လာသည်။

“ရပ်စမ်း”

ထိုအခိုက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းသံနှင့် အဆုံးအစမဲ့သော ခမ်းနားသည့် စွမ်းအင်များက ပေါင်းစပ်လျှက် အော်လိုက်သံက ထွက်ပေါ်လာသည်။ ထိုအသံက လူတိုင်း၏နားအတွင်း မြည်ဟီးသွား၏။ ဝမ်ဟယ်ဖေးလော့က အပြည့်အဝ အသိမဝင်ခင် ချက်ချင်းလိုလို ရပ်တန့်လိုက်ရသည်။ တာလာ့တွင် ထိုမျှထိ ပြင်းထန်သော ဖိအားမျိုး ထုတ်လုပ်နိုင်သောလူက တစ်ယောက်တည်းသာရှိသည်။

ကောင်းရှန်းကျစ်

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီမျိုးမစစ်က ငါတို့နောက်မှာ ချန်ထားရစ်ခဲ့တဲ့ ငါတို့အဖွဲ့ကလူတွေကို ဓားစာခံအဖြစ် ဖမ်းသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါဒီကောင့်ကို ဒီနေ့သတ်ရမှဖြစ်မယ်။ အရှင်က ငါတို့ရဲ့ ရင်းနှီးမှုကို မှတ်မိတယ်ဆိုရင် မင်းငါ့ကို ကူညီပြီး ဒီကောင်ကို သတ်ပေးရမယ်။ ဒီလိုဆိုရင် တာလာ့သောင်းကျော်က လွတ်သွားမှာပဲ”

ဝမ်ဟယ်ဖေးလော့က အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ကို ပြောလိုက်သည်။

တာလာ့က ရဲရင့်သော တိုက်ခိုက်သူများဖြစ်ပြီး အနောက်ပိုင်းဒေသရှိ အဖွဲ့တိုင်းက သူတို့ကို လေးစားသည်။ ဝမ်ဟယ်ဖေးလော့၏ ဦးဆောင်မှုအောက်တွင် သူတို့က မဟာထန်၏ တိုင်းပြည်များ ဖြစ်လာကြသည်။ သူတို့၏ တည်နေရာက မည်သူကမှ ပေါ့သေးသေး ရန်မစရဲသည်အထိ လျှင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့သော် ဝမ်ဟယ်ဖေးလော့ကမူ သူဟာ နယ်စပ်တွင် တိုက်ခိုက်နေချိန်တွင် တစ်စုံတစ်ယောက်က သူ၏နောက်တန်းကို ဖောက်ဝင်ပြီး သူ၏အိမ်ကို တိုက်ခိုက်လိမ့်မည်ဟု မထင်ထားမိချေ။

သူ၏အဖွဲ့တွင် ကျန်နေရစ်သော အဖွဲ့ဝင်များက လူအိုကြီးများ၊ အမျိုးသမီးများ၊ ကလေးများ၊ ကျွဲ၊ နွား၊ သိုး၊ မြင်းများသာဖြစ်ပြီး အားလုံးကို ထန်များက ဓားစာခံအဖြစ် ဖမ်းလျှက် တိုက်ပွဲနယ်မြေသို့ ခေါ်လာသည်။

နောက်ကွယ်အားလုံးရဲ့ တရားခံက ဘယ်သူလဲ။

သူ့ရဲ့အရှေ့က ဒီဆယ်ကျော်သက် ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကလွဲပြီး ဘယ်သူက ဖြစ်ရဦးမှာလဲ။

ဝမ်ဟယ်ဖေးလော့က အမြဲတစေ မာနကြီးသောလူဖြစ်ခဲ့သည်။ ထို့ကြောင့် ဒီလိုအရှက်ခွဲမှုမျိုးကို လက်ခံနိုင်လိမ့်မည်မဟုတ်ချေ။

“ဝမ်ဟယ်ဖေးလော့ တခဏလောက် နေပါဦး အလျင်စလို မပြူမူနဲ့”

ကောင်းရှန်းကျစ်က တင်းမာစွာပြောသည်။

ဝမ်ချောင်က မဟာထန်ရဲ့ လူငယ်အမတ်လည်းဖြစ်သလို ချီရှီကာကွယ်ရေးဗိုလ်ချုပ်လည်း ဖြစ်တယ်။ သူ့လို မြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေတဲ့လူက မင်းလိုလူ ထိလို့ရတဲ့လူမျိုးမဟုတ်ဘူး။ တကယ်လို့ တစ်ခုခုသာ ဖြစ်လာခဲ့ရင် ငါတောင်မှ မင်းကို မကာကွယ်ပေးနိုင်ဘူး။ ပိုဆိုးတာက အရှင်ကာကွယ်ရေးဗိုလ်ချုပ်က အကျိုးအကြောင်း မသိတဲ့လူမဟုတ်ဘူး။ သူက ဒီလိုလုပ်ရတဲ့အတွက် အကြောင်းပြချက်ရှိမယ်လို့ ငါယုံကြည်တယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ ရှင်းပြချက်ကို နားထောင်တာက အမှားအယွင်းမရှိဘူး။

ဝမ်ဟယ်ဖေးလော့က ခက်ထန်သော ရုပ်သွင်နှင့် အင်အားကြီးသောလူဖြစ်ပြီး အန်းရှီကာကွယ်ရေးစစ်တပ်တွင် ကောင်းရှန်းကျစ်မှတပါး မည်သူကမှ သူ၏ဒေါသကို အပြည့်အဝ မဖိနှိပ်စေနိုင်လောက်ချေ။ တာလာ့မှ လူများကို ဓားစာခံအဖြစ် ဖမ်းခံရသောကိစ္စအတွက်ကတူ ဝမ်ဟယ်ဖေးလော့က လွန်ခဲ့သော ငါးရက်၊ ခြောက်ရက်ခန့်ကတည်းက သိလာခဲ့ပြီး အထွန့်တက်ပြီးသားဖြစ်သည်။ ထိုကိစ္စက စစ်တပ်တစ်ခုလုံးကို မွှေနှောက်ခဲ့သေး၏။

ဒီနေ့၏ ကြမ်းတမ်းသော တိုက်ပွဲတွင်ပင် ဝမ်ဟယ်ဖေးလော့က သူ၏အဖွဲ့ဝင်များကို မြို့ထဲသို့ခေါ်သွားပြီး တိုက်ခိုက်ရန် ငြင်းဆန်ခဲ့သည်။ ကောင်းရှန်းကျစ်ကိုယ်တိုင်ကလည်း တာလာ့တွင်ရှိနေသည်။ သူကလည်း နောက်တန်းမှ အခြေအနေကို မဆုံးဖြတ်ပေးနိုင်ချေ။ ထို့ကြောင့် ဝမ်ဟယ်ဖေးလော့၏ စိုးရိမ်ပူပန်မှုများကို မကာကွယ်ပေးနိုင်ချေ။ ထပ်ပေါင်းဆိုရသော် ယခုဝမ်ချောင်က သူ၏စစ်သည် တစ်သိန်းကျော်ကိုခေါ်လျှက် အန်းရှီကာကွယ်ရေးစစ်တပ်သို့ ရောက်လာခဲ့သည်။ ထိုကိစ္စက ကိုင်တွယ်ရ ပို၍ခက်ခဲသွားလေသည်။

တစ်ဖက်ခြမ်းက သူနှင့်ဆယ်နှစ်ကျော်ကြာ တိုက်ခိုက်ခဲ့သော မဟာမိတ်ဖြစ်ပြီး အခြားတစ်ဖက်ကမူ သူ၏စစ်သားများကို ကယ်တင်ခဲ့သည့် ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဖြစ်နေသည်။ ကောင်းရှန်းကျစ် ကိုယ်တိုင်ကလည်း ဘက်ကို ရွေးချယ်ရန် ခက်ခဲသွားသည်။ သို့သော် မည်သို့ပင်ဆိုစေ ကောင်းရှန်းကျစ်ကလည်း ဝမ်ချောင်တွင် အကြောင်းပြချက်ရှိမည်ဟု ယုံကြည်မှုရှိလေသည်။

“ဒီမျိုးမစစ်ကောင် သူ့မှာ ဘယ်လိုအကြောင်းပြချက် ရှိနေရမှာလဲ။ ငါကတော့ ဒီကောင့်ကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး”

ဝမ်ဟယ်ဖေးလော့၏ မျက်ဝန်းက ဒေါသကြောင့် နီရဲနေပြီး ဝမ်ချောင်ကိုစိုက်ကြည့်သည်။ သူ၏အကြည့်ကသာ လူသတ်နိုင်လျှင် အကြိမ်ရာပေါင်းမက သေပြီးလောက်လေပြီ။

“တကယ်တော့ မင်းက အရိုးအထိ ခေါင်းမာနေတာ”

ဝမ်ချောင်က လက်ကိုတစ်ချက်ယမ်းလိုက်ပြီး ဝမ်ဟယ်ဖေးလော့ထံ ခပ်ပြေးပြေး လျှောက်လာသည်။ သူ၏အပြုအမူက ခပ်အေးအေးဖြစ်နေသေးပြီး ကျင့်ဝတ်ထုံးတမ်းအပြည့်နှင့်ဖြစ်သည်။ သူဟာ ရှေ့သို့ လှမ်းလာနေချိန်တွင် သူ၏ကိုယ်မှ မုန်တိုင်းတမျှ ပြင်းထန်သည့် ဖိအားကို ထုတ်လွှတ်နေသေးရာ ရှိနေကြသည့် မဟာထန်၏ ဗိုလ်ချုပ်များနှင့် စစ်သားတိုင်းကို နောက်ဆုတ်ရန် ဖိအားပေးသည်။ ဂိတ်နားတွင် ဖိအားကိုတင်းခံလျှက် ဆက်နေနိုင်သူများက ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝမ်ဟယ်ဖေးလော့တို့သာဖြစ်သည်။

ဝမ်ချောင်က တစ်ရက်ထက်တစ်ရက် အင်အားကြီးလာသည်။ အနောက်ပိုင်းနယ်မြေတွင် ရှိသော အချိန်က တိုတောင်းသော်လည်း သူဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့် လက်ရွေးစင် ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကို သတ်ပြီးလေပြီ။ ဝမ်ဟယ်ဖေးလော့ကလည်း သူ၏ရက်စက်ကြမ်းတမ်းသော အင်အားများကြောင့် ကျော်ကြားကောင်း ကျော်ကြားပေလိမ့်မည်။ သို့သော် သာ့ယန်မာန်ပန့်နှင့် အကုတုလန်တို့လောက် လေးစားစရာ မကောင်းသေးချေ။ နှစ်ယောက်ချင်းယှဉ်လျှင် ဝမ်ချောင်က တာလာ့၏ခေါင်းဆောင်ကို ကိုယ်တိုင်ကိုယ်ကျ သတ်နိုင်မည်ဟု ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ယုံကြည်မှုပင် ရှိသေးသည်။

“ဝမ်ဟယ်ဖေးလော့ မင်းက မင်းရဲ့စကားကို ရုတ်သိမ်းပြီး အာရပ်အဖွဲ့ဆီက လာဒ်ထိုးမှုတွေကို လက်ခံခဲ့တယ်။ အန်းရှီကာကွယ်ရေးစစ်တပ်ရဲ့ စစ်သည် သုံးသောင်းကျော်ကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့တာ ငါမသိဘူးလို့များ ထင်နေလား”

ဝမ်ချောင်၏ အေးစိမ့်သော မျက်ဝန်းများက ဝမ်ဟယ်ဖေးလော့ထံ ရောက်သွားသလို သူ၏ပါးစပ်ကလည်း ကြမ်းတမ်းသည့် ငြင်းခုံမှုများကိုပြုသည်။

ဘန်း

ထိုစကားလုံးများက ပေါက်ကွဲမှုတစ်ခု ထုတ်လွှတ်လိုက်သည့်အလား ဖြစ်သွားသည်။ ရှိနေကြသော လူတိုင်းက ထိုစကားလုံးများကြောင့် ကြောင်တောင်တောင် ဖြစ်သွား၏။

“ဝမ်ဟယ်ဖေးလော့က အာရပ်တွေနဲ့ ပူးပေါင်းတယ် ဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ”

“ငါတို့က တာလာ့တွေနဲ့ ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့တာ ဆယ်နှစ်တောင်ကြာသွားပြီ။ ငါတို့က တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ မစွန့်ပစ်ခဲ့ဘူး။ သူတို့က ဘာကြောင့် ငါတို့ကို သစ္စာဖောက်မှာလဲ”

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် အရှင် မှားများမှားသွားတာလား။ ဒါက နားလည်မှုလွဲတာ ဖြစ်လောက်ပါတယ်”

အန်းရှီစစ်သားတိုင်းက ဝမ်ချောင်ကိုကြည့်ပြီး သူ၏အခိုင်အမာ ပြောဆိုမှုက မဖြစ်နိုင်လွန်းရာကျကြောင်း ငြင်းခုံကြသည်။ သူတို့ကလည်း တာလာ့များဟာ အာရပ်နှင့်ပူးပေါင်းပြီး မဟာထန်ကို သစ္စာဖောက်ကြောင်း လက်မခံနိုင်ကြချေ။ သူတို့နှင့်အတူ နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ပြီးနောက် တာလာ့များက အန်းရှီကာကွယ်ရေးစစ်တပ်အတွက် ဖော်ပြရန်ခက်ခဲသည့် ရင်းနှီးမှုမျိုးရှိသော မဟာမိတ်အဖွဲ့ ဖြစ်လာသည်။ ခံစားချက်အရဆိုရသော် အန်းရှီ၏ မည်သည့်စစ်သားကမှ တာလာ့ဟာ သူတို့ကို သစ္စာဖောက်သွားနိုင်သည်ဆိုသည့် ဖြစ်နိုင်ချေကို လက်မခံနိုင်ကြချေ။ သို့သော် မည်သူကမှလည်း ထိုစကားကိုကြားသည့် ဝမ်ဟယ်ဖေးလော့၏ မျက်နှာက ပျက်ယွင်းသွားပြီး ဓားဖြင့် အထိုးခံရသလို ဖြစ်သွားကြောင်း သတိမထားမိကြချေ။

“မျိုးမစစ်ကောင် မင်းရဲ့ စွပ်စွဲမှုတွေကို ရုတ်သိမ်းစမ်း။ ဒီအဘိုးကြီးက မင်းကိုသတ်မှာ”

ဝမ်ဟယ်ဖေးလော့က အော်သည်။ သူ၏နားရွက်များကနီပြီး တစ်ကိုယ်လုံးက သတ်ဖြတ်ခြင်း စိတ်ဆန္ဒအပြည့်နှင့် တုန်ယင်နေသည်။

ဝှစ်

ထွားကြိုင်းသော အနက်ရောင် နတ်ပုဆိန်ကြီးက တုန်ယင်လာပြီး သူက လေထဲသို့တဖန် ခုန်တက်လျှက် ခုတ်ပိုင်းချင်ပုံပေါ်သည်။ ထိုတစ်ကြိမ်တွင် ဝမ်ဟယ်ဖေးလော့က သူ၏ကိုယ်ထဲမှ အင်အား တစ်ရာ့နှစ်ဆယ်ကျော်ခန့်ကိုပဲ သုံးရန်အသင့်ပြင်ထားသည်။

“ကျိရန် ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဝမ်ဟယ်ဖေးလော့ကသာ အလျင်စလို လှုပ်ရှားရဲရင် တာလာ့တွေ အားလုံးကိုသတ်လိုက်။ သူတို့ရဲ့နွားတွေ၊ သိုးတွေ၊ မြင်းတွေကိုပါသတ် တစ်ကောင်မှမချန်နဲ့”

ဝမ်ချောင်က ဖျော့တော့စွာပြုံးလျှက် ရှောင်ရှားခြင်းမပြုဘဲ ပေါ်တင် ခြိမ်းခြောက်သည်။

“ဟုတ်ကဲ့အရှင်”

ဘန်း

ဝမ်ဟယ်ဖေးလော့က မိုးကြိုးပစ်ခံရသလိုမျိုး တောင့်တင်းသွားသည်။ သူ၏ကိုယ်ထဲမှ ရှုထုတ်လိုက်သည့် အသက်ရှုသံကပင် ရပ်တန့်သွားပြီး နှလုံးသားကလည်း အေးစိမ့်သွားသည်။ သူ၏ ပုဆိန်ကပင် လက်ထဲတွင် တဆတ်ဆတ် တုန်လာသည်။ သို့သော် အောက်သို့ ကျအောင် မခုတ်လိုက်နိုင်ချေ။ သူထုတ်ထားသော သတ်ဖြတ်ခြင်း အရှိန်အဝါများကလည်း တောင့်တင်းသွားပြီး ဘာမှပင် မကျန်ရစ်တော့အောင် ခြောက်ကပ်သွားသည်။ ဝမ်ချောင်၏ ရိုးရှင်းသော စကားလုံးများက သူ၏ အဓိက ပျော့ကွက်ကို ဖိကိုင်လိုက်နိုင်ပြီး ဝမ်ဟယ်ဖေးလော့၏ ဒေါသတိုင်းကို ဖောက်ထုတ်စရာမရှိအောင် တားမြစ်လိုက်သည်။

“ဝမ်ချောင် မင်းလုပ်ရဲတယ်”

အခန်း(၈၈၅)

ဝမ်ဟယ်ဖေးလော့၏ မျက်ဝန်းက သွေးနီရောင်ပြောင်းကာ လင်းလက်သွားပြီး သွေးများက ပေါက်ထွက်လာတော့မတက် ဖြစ်လာသည်။ အနောက်ပိုင်းနယ်မြေမှ အရှိန်အဝါကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်အနေနှင့် ဝမ်ဟယ်ဖေးလော့ဟာ လေးစားမှုများ လေးစားပြခြင်းများကိုသာ လက်ခံရရှိခဲ့သည်။ မည်သူကမှ ဝမ်ချောင်ကဲ့သို့ သူ၏အဖွဲ့၏ အသက်ကိုသုံးကာ မခြိမ်းခြောက်ရဲခဲ့ချေ။ ထိုအခြေအနေက ဝမ်ဟယ်ဖေးလော့အတွက် အကြီးမားဆုံးသော အရှက်ခွဲမှုကြီးဖြစ်နေသည်။

ဝမ်ချောင်က အေးစက်သော အပြုံးကိုသာပေးသည်။ ဝမ်ဟယ်ဖေးလော့ကို အာရုံမစိုက်ဘဲ သူ၏အကြည့်ကို ထိုနေရာဝန်းကျင်အနှံ့ တဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်၏။ ထိုအခါ အခြားသော အန်းရှီဗိုလ်ချုပ်များက ဒေါသထွက်ခြင်း၊ ဖိအားများခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ ဖြစ်နေကြကြောင်း ခပ်မြန်မြန် သတိထားမိလိုက်သည်။ ချန်းချန့်လီနှင့် ကောင်းရှန်းကျစ်တို့ကသာ အလွန်အမင်း တည်ငြိမ်နေကြသည်။

ဝမ်ချောင်ကလည်း နားလည်မှုအပြည့်နှင့် အပြုံးမျိုးပြုံးလိုက်သည်။

“ဝမ်ဟယ်ဖေးလော့ မင်းအလျင်စလို မလုပ်တာကောင်းမယ်။ ငါကမင်းကို သတိပေးထားပြီးပြီ။ အနောက်ပိုင်းနယ်မြေက မဟာထန်ရဲ့ အနောက်ပိုင်းနယ်မြေ တာလာ့အဖွဲ့က အခုလို အဆင့်အတန်းနဲ့ နေနိုင်တာကလည်း မဟာထန်က သူတို့ကို ဒီလိုနေခွင့် ပေးထားခဲ့လို့ပဲ။ ဒါပေမဲ့ အဲ့ဒီလို နေခွင့်ရှိနေတာနဲ့ မင်းကငါတို့နဲ့ အဆင့်တူတဲ့နေရာမှာ ထိုင်နိုင်တယ်လို့ မဆိုလိုဘူး။ မင်းက မလုပ်သင့်တာမျိုးကို လုပ်လာခဲ့ရင် ရာထူးကြီးမြတ်သူကို ရန်စတယ်လို့ သတ်မှတ်လို့ရနိုင်တယ်။ အဲ့ဒီအခါ ငါက တာလာ့တစ်ဖွဲ့လုံးကိုရှင်းဖို့ အကြောင်းပြချက်တောင် လိုမယ်မထင်ဘူး”

ဝမ်ချောင်က ဝမ်ဟယ်ဖေးလော့ကို အထင်သေးသလို ကြည့်လိုက်သည်။ သူ၏အကြည့်က အေးခဲနေပြီး ဝမ်ဟယ်ဖေးလော့၏ ဝိညာဉ် အနက်ရှိုင်းဆုံးအပိုင်းထိ တိုက်ရိုက် ထိုးဖောက်မြင်နိုင်ပုံပေါ်သည်။

အနောက်ပိုင်းနယ်မြေတွင် ကြေးစားစစ်သားများကို ငှားရမ်းခဲ့ချိန်က ဝမ်ချောင်ဟာ ဆာကာအဖွဲ့ကို ကြမ်းတမ်းခက်ထန်သည့် နည်းလမ်းသုံးကာ ရှင်းပစ်ရန်နှင့် သစ္စာဖောက်သည့်အခါ ပေးရသော တန်ကြေးအား အခြားသော အဖွဲ့များကို သိစေနိုင်ရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော် ဝမ်ချောင် အမှန်တကယ် ရှင်းပစ်လိုခဲ့သည်မှာ ဆာကာမဟုတ်ဘဲ တာလာ့ဖြစ်သည်။ သူတို့ကသာ အနောက်ပိုင်းနယ်မြေမှ အင်အားအကြီးဆုံးနှင့် ရှင်းပစ်သည့်အဖွဲ့ ဖြစ်နေသည်။

တာလာ့နှင့် အာရပ်၏ ပူးပေါင်းမှု၊ တိုက်ပွဲနယ်မြေ သစ္စာဖောက်မှုများက ကြီးမားသော ကိစ္စရပ်ကြီးဖြစ်ခဲ့ပြီး သာမာန်အခြေအနေမျိုးတွင် ပြုမူခဲ့သည့် အပြစ်များထက် ပြင်းထန်လွန်းခဲ့သည်။ သို့သော် ကောင်းရှန်းကျစ်ကမူ တာလာ့ကို ငှားရမ်းခဲ့သူ ဖြစ်နေသည့်အတွက် ဝမ်ချောင်က ကျေနပ်သလို မလုပ်နိုင်ချေ။

အန်းရှီကာကွယ်ရေး ဗိုလ်ချုပ်များထဲမှ တစ်ယောက်က မနေနိုင်တော့ဘဲ ရှေ့ထွက်လျှက် ပြောပေးလိုက်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် မင်းအမှားလုပ်မိတာများ ဖြစ်နေမလား။ အခြားအဖွဲ့တွေ မဖြစ်လောက်ဘူးလား။ တာလာ့တွေက ငါတို့နဲ့အတူ နှစ်ပေါင်းများစွာကြာအောင် အတူတိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့က ရိုးသားပြီး မှီခိုအားကိုးထိုက်ပါတယ်။ သူတို့က ငါတို့ကိုလည်း တစ်ခါမှ သစ္စာမဖောက်ဖူးဘူး။ ဒါကြောင့် အာရပ်တွေနဲ့ ပူးပေါင်းတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”

အန်းရှီကာကွယ်ရေးစစ်တပ်မှ အခြားသော အရာရှိတစ်ယောက်ကလည်း ရှေ့ထွက်လာပြီး အခိုင်အမာ ပြောဆိုပေးသည်။

“ဟုတ်တယ် အမျိုးသားတွေက ငှက်တွေ၊ သားရဲတွေမှမဟုတ်တာ။ သူတို့က ဒီလောက်ထိ နှလုံးသား မဲ့နိုင်ပါ့မလား။ ဒီလိုဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့ပြီး ငါတို့က အရမ်းကို နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိလာခဲ့လို့ လူတိုင်းကငါတို့ကို သစ္စာဖောက်ရင်တောင်မှ တာလာ့ကတော့ ငါတို့ကို အဲ့ဒီလိုလုပ်မှာမဟုတ်ဘူး”

သူက ဝမ်ချောင်ကို မယုံကြည်ခြင်းမဟုတ်ဘဲ ဝမ်ဟယ်ဖေးလော့နှင့် အန်းရှီကာကွယ်ရေးစစ်တပ် အကြားတွင်ရှိသော ဆက်ဆံရေးက သွေးလွှမ်းသည့်တိုက်ပွဲ တစ်ပွဲပြီးတစ်ပွဲကို ကျော်ဖြတ်ပြီးမှ တည်ထောင်ထားခဲ့ခြင်း ဖြစ်နေသောကြောင့်သာဖြစ်သည်။ သို့သော် ထိုအရာရှိများကလည်း ယခုလို လူမျိုးက သစ္စာဖောက်သည်ဆိုသော အချက်ကို လက်ခံရန် ခက်ခဲလေသည်။

ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် စိတ်ထဲတွင် ခေါင်းကိုသာ အသာခါမိလေသည်။ လူသားများက ငှက်များ၊ သားရဲများနှင့် ခြားနားနေချိန်တွင် ဟန်ကမူ ဟူနှင့်ခြားနားသွားသည်။ အန်းရှီကာကွယ်ရေးစစ်တပ်က တာလာ့၏ သစ္စာဖောက်မှုအတွက် စိတ်ပိုင်းဆိုင်ရာအားဖြင့် အနည်းငယ်သော်မျှ မပြင်ဆင်ထားခဲ့ကြောင်း ရှင်းလင်းလွန်းနေခဲ့သည်။ အချို့သောသူများက တစ်ဖက်သူများအတွက်ပင် ပြောပေးတတ်သေး၏။ ထို့ကြောင့် သူ၏ယခင်ဘဝတွင် တာလာ့တွင် ရှုံးနိမ့်မှုက ကြီးမားသည့် ကပ်ဘေးကြီး ဖြစ်စေခဲ့လျှက် တာလာ့၏ သစ္စာဖောက်မှုက အန်းရှီကာကွယ်ရေးစစ်တပ်ကို လွတ်မြောက်ရန် နေရာမရှိအောင် ဖြစ်သွားစေခဲ့ခြင်းဖြစ်လောက်သည်။ ဒီနည်းအားဖြင့် သူတို့အတွက် နောက်ဆုတ်နိုင်သည့်လမ်းက ပိတ်သွားခဲ့ရ၏။

“ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မမေ့နဲ့ တာလာ့က ကြေးစားစစ်သားတွေ။ သူတို့က ငါတို့မဟာထန်ရဲ့ သာမာန်စစ်သားတွေတောင် မဟုတ်ဘူး။ သူတို့က ငါတို့နဲ့အတူ ဘေးချင်းယှဉ်လျှက် တိုက်ခိုက်လိုစိတ်ရှိတာက နက်ရှိုင်းတဲ့ဆက်ဆံရေးကြောင့် မဟုတ်ဘူး။ မင်းတို့မေ့နေတာလား ငါတို့က သူတို့ကို လုံလောက်တဲ့ရွှေထည်တွေ ပေးထားတယ်လေ”

ဝမ်ချောင်၏ စူးရှသောအကြည့်က ပတ်ဝန်းကျင်တစ်ခုလုံးကို တဖြည်းဖြည်းချင်း အကဲခတ်သည်။ ထိုနည်းအားဖြင့် အန်းရှီ၏ဗိုလ်ချုပ်တိုင်းကို တိတ်သွားစေသည်။ သူတို့ကလည်း ထိုအကြောင်းပြချက်ကို သဘာဝအလျောက်ပင် နားလည်သည်။ သို့သော် တာလာ့ဟာ သူတို့နှင့် ခြားနားကြောင်းအချက်ကို မေ့နေမိသည်မှာ ကြာလှချေပြီ။ သူတို့၏ သစ္စာဖောက်မှုက အမှန်တကယ် ဖြစ်နိုင်ချေရှိလေသည်။ သို့သော် မည်သူကမှ ထိုအချက်ကို လက်မခံလိုကြချေ။

ဝမ်ချောင်က သူတို့၏ နှလုံးသား အနက်ရှိုင်းဆုံးအပိုင်းတွင် မြုပ်နှံထားသော အခြေအနေတိုင်းကို ဖော်ထုတ်ပြသရန် ကြိုးစားသည်။ ထို့နောက် သက်ပြင်းသာချမိပြန်သည်။ သုံးပေခန့်ထူသော ရေခဲတုံးက တစ်နေ့တာလုံး ခဲသော နှင်းများကြောင့် မဖြစ်လာနိုင်ချေ။ အန်းရှီကာကွယ်ရေးစစ်တပ်၏ တာလာ့များအပေါ် အမြင်ကိုလည်း အချိန်တိုအတွင်း မပြောင်းလဲနိုင်လောက်ချေ။ သို့ရာတွင် ဝမ်ချောင်က ပြောမှရမည့် အချို့သော စကားလုံးများရှိနေသေးသည်။ သူ့အနေနှင့် အန်းရှီကာကွယ်ရေးစစ်တပ်ကို လှုပ်နှိုးရမည်။ သို့မဟုတ်လျှင် ဒုတိယတာလာ့၊ တတိယကာလာ့များ ထွက်လာနိုင်သည်။

“ကြေးစားစစ်သားတွေက ပိုက်ဆံအတွက် တိုက်ခိုက်ကြတာ။ သူတို့က ကြေးမြှင့်ပြီးပေးတဲ့ ကမ်းလှမ်းမှုတိုင်းအတွက် တိုက်ခိုက်ပေးမှာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ မဟာထန်က အမြင့်ဆုံးကြေးနဲ့ ကမ်းလှမ်းခဲ့တာကြီးပဲ။ အန်းရှီကာကွယ်ရေးစစ်တပ်က အမြဲတမ်း နိုင်ခဲ့တယ်။ တာလာ့က နောက်တန်းက ကပ်လိုက်ရုံပဲလိုအပ်ခဲ့တာ။ သူတို့က ဒီတိုင်း ကြွေးကြော်သံတွေလုပ်မယ်။ အလံတွေမြှောက်ပေးမယ်။ နောက်ကလိုက်ပြီး လိုက်သတ်ပေးရုံနဲ့ နိုင်သွားလိမ့်မယ်။ ရင်းနှီးမှုကလည်းနည်းပြီး ဆုကြေးကလည်း မြင့်တယ်။ ဒီတော့ ကာလာ့တွေက ရင်းနှီးစရာကိုမလိုတာ။ သူတို့အနေနဲ့ သစ္စာဖောက်စရာအကြောင်းကို မရှိခဲ့ဘူး”

“သစ္စာဖောက်စရာ အကြောင်းမရှိတာနဲ့ သစ္စာရှိပြီး မှီခိုအားကိုးထိုက်တယ်လို့ မဆိုလိုဘူး။ ဒီတိုင်း သစ္စာဖောက်စရာ အကြောင်းအရင်းမရှိသလို သစ္စာဖောက်ရင်ရမဲ့ ပိုကောင်းတဲ့အကျိုးအမြတ် မရှိနေသေးရုံပဲ။ နောက်ပြီး ငါတို့ရဲ့ဟန်တွေ တန်ဖိုးထားတာက သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ် မှန်ကန်မှု၊ သစ္စာရှိမှု၊ ဉာဏ်မြင့်မားမှု၊ ရိုကျိုးမှု၊ ယုံကြည်မှုတွေဖြစ်ပေမဲ့ ဟူတွေ ရေရွတ်ကြတာက အင်အားကြီးတဲ့သူက အားနည်းတဲ့သူကို စားတယ်။ အင်အားကြီးသူရဲ့နောက်ကို လိုက်မယ်တဲ့။ သဘောထားကြီးတာတွေ၊ ဖြောင့်မတ်မှန်ကန်တာတွေက သူတို့အတွက် အဓိပ္ပာယ်မှမရှိဘဲ”

ဝမ်ချောင်က ထိုသို့ပြောသည်။

ထိုစကားလုံးများက ဝမ်ဟယ်ဖေးလော့နှင့် တာလာ့ကို ပစ်မှတ်ထားခြင်းသာမဟုတ်ချေ။ မဟာထန်၏ သဘောထားကြီးမြတ်မှုက သာမာန်လူများကို လုံခြုံပြီး ပျော်ရွှင်အောင် လုပ်နိုင်သည်။ ထိုအတွက်ကြောင့်လည်း ဗဟိုပြင်ကျယ်က အခုလောက်ထိ ကြီးပွားဖွံ့ဖြိုးနေခြင်း ဖြစ်လောက်သည်။

သို့သော် လောကတခွင်အနှံ့ ကြည့်မည်ဆိုလျှင် ဗဟိုပြင်ကျယ်၏ သဘောထားကြီးမြတ်မှု၊ ကွန်ဖြူးရှပ် စာသင်ကျောင်းများ၏ ဝါဒဆွဲကိုင်မှုများက အသုံးမဝင်ချေ။ ကျားနှင့်ခြင်္သေ့များက တောထဲတွင် ဟိန်းဟောက်နေပြီး အခြားသော သားရဲများကို အုပ်စိုးနိုင်သည်မှာ သူတို့၏ ပြင်းထန်သန်မာသည့် အင်အားကြောင့်ဖြစ်ပြီး သူတို့၏ သဘောထားကြီးမြတ်မှုနှင့် ဖြောင့်မတ်မှန်ကန်မှုကြောင့် မဟုတ်ချေ။

ဒီလောကတွင် တောရိုင်းနယ်ပယ်တွင်ဖြစ်စေ၊ နေရာတိုင်းတွင်ဖြစ်စေ တူညီသောစံနှုန်းအတိုင်း ကျင့်သုံးရသည်။

“ဝမ်ဟယ်ဖေးလော့ ငါမင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ မင်းကသာ အများရှေ့မှာ ဝန်ခံပေးမယ်ဆိုရင် ငါကမင်းရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့ တာလာ့တိုင်းက မင်းနောက်လိုက်ပြီးသေရမယ်”

ဝမ်ချောင်က ဝမ်ဟယ်ဖေးလော့ကို ရက်စက်ကာ ခံစားချက်မဲ့သည့် မျက်နှာထားမျိုးဖြင့်ကြည့်သည်။

ဝမ်ဟယ်ဖေးလော့၏ နှလုံးသားက ပြင်းထန်လွန်းသည့် အကြည့်များအောက်တွင် လေးလံလာသည်။ သို့သော်သူက အမူအရာကို ခပ်မြန်မြန်ထိန်းသည်။

“မျိုးမစစ်ကောင် ငါဘာလုပ်ခဲ့မှန်း ငါတောင်မသိတာ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် ငါတို့ရဲ့တာလာ့တွေက မင်းတို့နောက်ကိုလိုက်ပြီး ဆယ်နှစ်ကျော်တောင် တိုက်ခိုက်ခဲ့တာ။ ငါတို့က ဆုလာဒ်တွေနဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို အတူဝေမျှခဲ့တယ်။ ဒါပေမဲ့အခု ဒီလိုအချိန် ရောက်လာတဲ့အချိန်မှာ ငါတို့ကို ဒီလိုဆက်ဆံတာမျိုးက ဖြစ်သင့်သလား”

ဝမ်ဟယ်ဖေးလော့က ဝမ်ချောင်ကို လျစ်လျူရှု့လိုက်ပြီး ကောင်းရှန်းကျစ်ကိုသာ ဒေါသမျက်လုံးများဖြင့် ကြည့်လိုက်သည်။ မဟာထန်၏ ငယ်ရွယ်သော ကာကွယ်ရေးဗိုလ်ချုပ်က လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါနှင့် ထက်ရှသော စကားများနှင့်အတူ ရောက်လာသည်။ ဝမ်ဟယ်ဖေးလော့ကလည်း ထိုလူငယ်ကို ပြန်မငြင်းနိုင်ချေ။ ထို့ကြောင့် ကောင်းရှန်းကျစ်အပေါ်သာ မျှော်လင့်ချက်ထားရန်ရှိသည်။

“ဝမ်ဟယ်ဖေးလော့ နည်းနည်းလောက်ပိုပြီး စိတ်ရှည်ပေးပါ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ်က ရည်ရွယ်ချက်မရှိဘဲ လျှောက်လုပ်တတ်တဲ့ လူမျိုးမဟုတ်ဘူး။ သူက ဒီလိုလုပ်ရတဲ့အတွက် အကြောင်းပြချက် ရှိနေလိမ့်မယ်”

ကောင်းရှန်းကျစ်က ခပ်တင်းတင်းသာပြောသည်။ ထို့နောက်သူက ဝမ်ချောင်ကိုကြည့်ပြီး သူ၏ရပ်တည်မှုကို ပြသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ် ဝမ်ဟယ်ဖေးလော့နဲ့ တာလာ့တွေက ငါတို့အန်းရှီကာကွယ်ရေးစစ်တပ်ရဲ့ မိတ်ဆွေတွေပါ။ ငါတို့က နှစ်ပေါင်းများစွာကြာအောင် အတူအလုပ်လုပ်ပြီး ရလာခဲ့တဲ့ ရင်းနှီးမှုကြောင့် ငါတို့ ယုံကြည်ပေးတာနဲ့ သူတို့က ထိုက်တန်တယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အရှင်ကာကွယ်ရေးဝမ်ကသာ ဝမ်ဟယ်ဖေးလော့က အာရပ်တွေနဲ့ ပူးပေါင်းကြောင်း ယုံကြည်တယ်ဆိုရင် အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကလည်း ဒီစစ်သားတွေအားလုံးကို အယုံသွင်းနိုင်မဲ့ ခိုင်မာတဲ့ သက်သေတော့ ထုတ်ပြပေးနိုင်ဖို့ မျှော်လင့်တယ်”

ဝမ်ချောင်ကရယ်သည်။ ကောင်းရှန်းကျစ်၏ နောက်ဆုံးသော စကားများမှ အသေးစိတ် အချက်အလက်များကို သတိထားမိလိုက်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ဉာဏ်ရှိတဲ့ထင်မြင်ချက်ကို ပေးလိုက်တာပဲ။ ဝမ်ဟယ်ဖေးလော့ သေဆုံးခြင်းက လက်တစ်ကမ်းမှာပဲ။ ဒါတောင်မင်းက ရုန်းကန်နေတယ်။ ကြည့်ရတာ မင်းက မျှော်လင့်ချက် မရှိတော့တဲ့အထိ မရပ်ချင်ဘူးပဲ”

ဝမ်ချောင်က လက်ချောင်းလေးများကို အသာလှုပ်ပြီး ဝမ်ဟယ်ဖေးလော့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ဟမ့် ဝမ်ချောင် မင်းကငါ့ကို စွပ်စွဲတယ်။ မင်းပြောတဲ့စကားအရ ငါတို့က အာရပ်နဲ့ပူးပေါင်းကြောင်း ညွှန်းဆိုတယ်။ ဒါပေမဲ့မင်းက ထုတ်ပြနိုင်မဲ့သက်သေ မရှိရင် ငါဝမ်ဟယ်ဖေးလော့က ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ မင်းငါ့ရဲ့မုန်းတီးမှုကို ဖြေဖျောက်ဖို့ မင်းက အကြိမ်ထောင်သောင်းမက ခုတ်ဖြတ်ခံရပြီးသေရမယ်”

ဝမ်ဟယ်ဖေးလော့က သူ၏ကြီးမားသည့် နတ်ပုဆိန်ကြီးကို စွဲမြဲစွာကိုင်ထားသည်။ သူ၏အမူအရာက ကြမ်းတမ်းသည်။ သို့သော် သူ၏ပါးစပ်ကမူ သူ၏ယုံကြည်မှုကို အပြည့်အဝ မဖော်ပြနိုင်ချေ။ အမှန်တိုင်းဆိုရသော် သူဟာလည်း ဝမ်ချောင်၏ ယုံကြည်မှုရှိသော လေထုအခြေအနေကြောင့် ယိမ်းယိုင်နေပြီဖြစ်သည်။

“ဝမ်ဟယ်ဖေးလော့ မင်းကလည်း သေချင်နေမှတော့လည်း ငါကဖြည့်ဆည်းပေးရတော့တာပေါ့”

ဝမ်ချောင်ကရယ်ပြီး အနောက်ဘက်သို့ လက်ယမ်းပြသည်။

“ရွှယ်ချန်းကျွင်း သယ်လာခဲ့”

ဝမ်ချောင်၏စကားက လေထုအတွင်းရှိ တင်းအားကို ပြင်းထန်သွားစေသည်။ လူတိုင်းကလည်း သယ်လာမည့်အရာကို ကြည့်ချင်သွားကြသည်။ ဝမ်ဟယ်ဖေးလော့ကပင် သူ၏ နှလုံးသားက အလန့်တကြား ခုန်လှုပ်လာကြောင်း ခံစားလိုက်ရသည်။

သူကထိုသို့ မောက်မာရဲနေသည်မှာ ဝမ်ချောင်တွင် သက်သေမရှိကြောင်း ယုံကြည်လွန်းနေသောကြောင့်သာ ဖြစ်သည်။ သို့သော် ဝမ်ချောင်ကသာ သက်သေထုတ်ပြနိုင်လျှင်မူ အခြေအနေက ခြားနားသွားလေပြီ။

ဒုန်း ဒုန်း ဒုန်း

အချိန်တခဏခန့် ကြာပြီးနောက် လေးလံသော ခြေသံများက နောက်တန်းမှ ထွက်လာသည်။ အန်းရှီဗိုလ်ချုပ်တိုင်း၏ စောင့်ကြည့်မှုအောက်တွင် ရွှယ်ချန်းကျွင်းက သံချပ်ကာအပြည့် ဝတ်ဆင်လျှက် ပေါ်ထွက်လာသည်။ အနောက်တွင် ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာကာ ကြမ်းတမ်းသော သွင်ပြင်ရှိမည့် စစ်သားလေးယောက်က ပါလာသည်။

ထိုသံချပ်ကာအပြည့် ဝတ်ဆင်ထားသည့် စစ်သည်တော်လေးယောက်က တစ်ယောက်ချင်းစီတိုင်းတွင် ကြီးမားသည့် ခိုင်မာစွာ အုပ်ထားသော သေတ္တာကြီးကို သယ်လာကြသည်။

ဘုန်း

ထိုလေးယောက်လုံးက ထိုကြီးမားသည့် သေတ္တာကြီးကို ဘုန်းကနဲ မြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

လူတိုင်းကလည်း သေတ္တာထဲမှ ထွက်လာသည့် ထူးဆန်းသော အသံများကိုကြားသည်။ အတွင်းတွင် ထောင်ပေါင်းမက များပြားသည့် သေးငယ်သော ပစ္စည်းလေးများက အချင်းချင်း ထိမိသွားကာ ထွက်လာသည့် ချွင်ကနဲဆိုသောအသံမျိုးဖြစ်သည်။

ရွှယ်ချန်းကျွင်းက သူ၏ဆေဘာကို အေးစက်စွာ ဆွဲထုတ်လိုက်လျှက် သေတ္တာမှ ရွှေရောင်သော့ကို အက်ကွဲအောင် ခုတ်ချလိုက်သည်။ ထို့နောက်သူကအဖုံးကို ဖွင့်သည်။

ဘုန်း

သေတ္တာတွင် ပါဝင်သောပစ္စည်းများက လူအုပ်ကို ချက်ချင်းဆိုသလို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ ထိုသေတ္တာထဲတွင် အမျိုးမျိုးသော ပုလဲ၊ မဟူရာ၊ ကျောက်စိမ်း၊ သန္တာကျောက်တန်း၊ ရတနာများ အပြည့်ရှိနေပြီး အားလုံးပေါင်း တန်ကြေးကလည်း တိုင်းတာရန်ပင် မဖြစ်နိုင်ချေ။

ဝမ်ဟယ်ဖေးလော့ကလည်း မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ အသက်ရှုသံကပင် လျှင်မြန်လာသည်။

ချန်းချန့်လီ၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူကမေးသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ် ဒါကဘာလဲ”

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်၊ ဗိုလ်ချုပ်ချန်း၊ အန်းရှီရဲ့စစ်သားတွေ ဒီပုလဲတွေ မဟူရာတွေ ပြည့်နေတဲ့ သေတ္တာက တာလာ့အဖွဲ့မြေအောက်ဂူမှာ ငါတို့ရှာတွေ့လာခဲ့တဲ့ သေတ္တာပဲ။ ဒီလောက်များပြားတဲ့ ပုလဲတွေ၊ မဟူရာတွေ၊ ကျောက်စိမ်းတွေက အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ပေးထားတာမဟုတ်လောက်ဘူး မဟုတ်လား။ ဒါမှမဟုတ် တာလာ့ကြေးစားစစ်သားအဖွဲ့က အခြားလုပ်ငန်း တစ်ခုခုကနေများ ပိုက်ဆံရှာလာနိုင်ခဲ့တာများလား”

ဝမ်ချောင်က ဘေးဘီကိုကြည့်ရင်းမေးလိုက်သည်။

စစ်သားတိုင်းက အချင်းချင်း ဆွေးနွေးနေကြသည်။ တောက်ပလွန်းသောပုလဲနှင့် ရတနာများကို မြင်လိုက်ရသော မြင်ကွင်းက သူတို့အား အမျိုးမျိုးသော အတွေးများနှင့် ရိုက်ခတ်လိုက်သည်။

အန်းရှီကာကွယ်ရေးစစ်တပ်နှင့် တာလာ့က ကြာရှည်စွာ တည်ထောင်ထားသော အလုပ်ရှင်နှင့် စစ်သားဆက်ဆံရေးမျိုးရှိသည်။ တိုက်ပွဲတစ်ပွဲ ပြီးဆုံးချိန်တိုင်း တာလာ့ကို ကြီးမားသည့်ဆုလဒ်များပေးသည်။ သို့သော် အန်းရှီကာကွယ်ရေးစစ်တပ်ကပင် တာလာ့များကို ထိုမျှအထိ မပေးနိုင်ခဲ့ချေ။

ပုလဲ၊ မဟူရာ၊ ကျောက်စိမ်း ရတနာများ၏ အားလုံးပေါင်းတန်ကြေးက ရွှေထည်ထက်ပင် အလေးချိန် သာသေးသည်။ အန်းရှီကာကွယ်ရေးစစ်တပ်မှ ငွေကြေးအရာရှိကပင် အရည်အသွေး ထိုမျှကောင်းသော သေတ္တာထဲမှ တန်ကြေးများကို တွက်ချက်ရန် ခက်ခဲလောက်သည်။

ပို၍ဆိုးသည်မှာ ဝမ်ဟယ်ဖေးလော့နှင့် သူ၏တာလာ့က အသုံးအဖြုန်းကြီးသူများဖြစ်ပြီး သိမ်းဆည်းရကောင်းမှန်းလည်း မသိချေ။ တိုက်ပွဲတစ်ပွဲ ပြီးဆုံးချိန်တိုင်း သူတို့က တွေးတောဆင်ခြင် စဉ်းစားခြင်းမရှိဘဲ ဆက်တိုက် သုံးဖြုန်းလေ့ရှိသည်။ ဆယ်နှစ်ကြာပြီးသည့်တိုင်အောင် ထိုပမာဏ၏ ဆယ်ပုံတစ်ပုံလောက်ကိုသာ ပိုင်ဆိုင်ထားနိုင်လောက်၏။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒါကတကယ်ပဲ တာလာ့အဖွဲ့ အပိုင်လား”

အန်းရှီအရာရှိများထဲမှ တစ်ယောက်က ရှေ့ထွက်လိုက်ပြီး ထိုသေတ္တာကိုကြည့်သည်။ လွန်ခဲ့သော တခဏကတင် အန်းရှီကာကွယ်ရေးစစ်တပ်မှ မည်သူကမှ တာလာ့များဟာ အာရပ်များနှင့် ပူးပေါင်းနိုင်သော ဖြစ်နိုင်ချေကို လက်မခံနိုင်ကြသေးချေ။

သို့သော် ယခုမူ ဝမ်ချောင်က ကြွယ်ဝခြင်းသေတ္တာတစ်ခုကို ထုတ်ပြလာသည်။ ထိုအချက်ကတင် အားလုံး၏ ခိုင်မာသော ယုံကြည်မှုများကို ယိမ်းယိုင်လာစေသည်။

“ဟမ့်”

ဝမ်ချောင်က ခေါင်းကိုအသာခါပြီးရယ်သည်။ သူက လက်ညိုးကို တဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

“မင်းတို့အခုမြင်ရတဲ့ သေတ္တာက သေတ္တာတွေထဲက တစ်ခုပဲ။ တာလာ့အဖွဲ့ရဲ့ ဂူထဲမှာ နောက်ထပ် ရတနာအပြည့်ရှိတဲ့ သေတ္တာကိုးခုကိုတောင် ရှာတွေ့ခဲ့သေးတယ်”

All Chapters