← Chapters

အခန်း (၈၉၁-၈၉၅)

Vol. 49 Ch. 891-895

အခန်း (၈၉၁-၈၉၅)

Vol. 49 Ch. 891-895

အခန်း(၈၉၁)

ကုန်းမြေ၏မြေပုံ

သာ့လွန်ရော့ကျန်းက မြေပုံကို ချက်ချင်းလိုလို ဖြည်လိုက်သည်။ ဘေးဘက်မှ တိဗက်မြင်းသမားက မီးတုတ်လေးကိုကိုင်ပြီး အနားကပ်လာသည်။ တောက်ပသောအလင်းက မြေပုံပေါ်ရှိ မရေမတွက်နိုင်အောင် များပြားသော ပုံပန်းသွင်ပြင်များကို ဖော်ပြလာလေပြီး အနောက်ပိုင်းဒေသ နယ်မြေတစ်ခုလုံး၏ပုံကို ပေါ်လာစေသည်။ ထိုနေရာတွင် တိဗက်တောင်ပေါ်ဒေသ အနောက်ပိုင်းတူရကီ ခါကာနိတ်နှင့် စွစ်ယဲ့၊ ခမ်းနားသော ခုံးတောင်တန်းများအပြင် အဝေးရှိ တာလာ့မြို့ပင် ပါသေးသည်။

“ကုန်းမြေတစ်ခုလုံးရဲ့မြေပုံ”

မြေပုံ၏ထိပ်တွင်လည်း တိဗက်ဘာသာစကားဖြင့် ထိုစကားလုံးများကို ရေးထိုးထားသည်။

ထိုအသေးစိတ်ကျသော မြေပုံက အနောက်ပိုင်းဒေသ ပတ်ပတ်လည်တွင်ရှိသော အမျိုးမျိုးသော အဖွဲ့အစည်းများကိုပင် ရေးဆွဲထားသေးသည်။ ထိုမြေပုံက အဖိုးမဖြတ်နိုင်အောင် ထိုက်တန်လွန်းပြီး ဝမ်ချောင်တွင်ပင် အလားတူယှဉ်နိုင်သည့် မြေပုံမျိုးမရှိချေ။ သူက မြေပုံတစ်ခုကိုဖန်တီးရန် နယ်မြေပေါင်းများစွာကို သုံးရသည်။ သူရထားနိုင်သမျှက တာလာ့ဝန်းကျင်တွင်ရှိသော နယ်မြေများ၏ ယေဘုယျပုံစံငယ်သာလျှင်ဖြစ်သည်။ သူကပင် နယ်မြေ၏ ကျန်သောအပိုင်းများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို စုဆောင်းနိုင်စွမ်းအားမရှိချေ။

သို့သော် သာ့လွန်ရော့ကျန်း၏ မြေပုံတွင် တာလာ့သာ ရှိနေခြင်းမဟုတ်ချေ။ အာရပ်အင်ပါယာကပင် ပါနေသေး၏။ မှင်သက်ဖွယ်ကောင်းလောက်အောင် အသေးစိတ် အနေအထားမျိုးနှင့် ပါဝင်နေခြင်းဖြစ်ပြီး စွစ်ယဲ့၏ ဘေးတွင်ရှိသည့် လျို့ဝှက်လမ်းကြောင်းလည်း ရှိနေသည်။

ဝမ်ချောင်ကသာ ထိုမြေပုံကိုမြင်လျှင် မှင်သက်သွားပေလိမ့်မည်။ အကြောင်းမူကား ထိုမြေပုံက သူလိုချင်သည့်မြေပုံ ဖြစ်နေသောကြောင့်ဖြစ်သည်။

ထိုမြေပုံက ကုန်းမြေတစ်ခုလုံး၏ မြေပုံဖြစ်ပြီး အနောက်ပိုင်းဒေသ၏ အမျိုးမျိုးသော အင်အားစုများနှင့် နှစ်ရာကျော် တိုက်ခိုက်ခဲ့သည့် ယွီစန်းအင်ပါယာက ပိုင်ဆိုင်ထားနိုင်ခဲ့သည်။ မဟာထန်နှင့် မတူသည်မှာ အနောက်ပိုင်းဒေသများက ယွီစန်းအင်ပါယာ၏ အင်အားစု နယ်မြေဝန်းကျင် အတောအတွင်း ရှိနေခဲ့လေရာ ထိုမြေပုံကို ဖန်တီးနိုင်ရန် အဆင်ပြေလေသည်။

တစ်လောကလုံးတွင် ထိုသို့အသေးစိတ်ကျသော မြေပုံက တစ်ခုသာရှိလောက်လေသည်။

“တာလာ့”

သာ့လွန်ရော့ကျန်းက ခေါင်းကိုငုံ့သည်။ သူ၏ဉာဏ်ပညာရှိပြီး တောက်ပသော မျက်ဝန်းများက မြေပုံပေါ်တွင်ရှိသည့် ထင်ရှားသော သင်္ကေတတစ်ခုကို ကြည့်လိုက်သည်။

“ရှေ့ငါးဆယ့်သုံးလီအကွာက ထန်တွေရဲ့ ကင်းလှည့်နိုင်တဲ့ အကန့်အသတ်ပဲ။ မဟာထန်တွေက အခုဆိုရင် သိန်းငှက်အသင်းကို ထုတ်သုံးထားလောက်ပြီ။ ဒီတော့ စရမဲ့အချိန်ကျပြီ။ စတော့”

“ဟုတ်ကဲ့မဟာအမတ်”

သာ့လွန်ရော့ကျန်းက ထိုသို့သာ ပြောလိုက်ရသေးသည်။ သူ၏အနောက်ဘက်မှ အရိပ်များထံမှ အသံတစ်သံ ထွက်လာသည်။ လေထဲတွင် မိုးခြိမ်းသံမတက် ကျယ်လောင်သည့် မြင်းခွာသံများက ထင်းထွက်လာလေပြီး သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ယောက်က မြင်းစီးလျှက်ထွက်သွားသည်။ မီးတုတ်အလင်းကပင် သူ၏မျက်နှာကို တောက်ပအောင် မလုပ်နိုင်သေးခင် သူက စစ်တပ်နောက်ဘက်ခြမ်းဆီ ဝင်ရောက်လျှက် ပျောက်ကွယ်သွားလေပြီ။

အမှောင်ထုထဲတွင် ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့ကလည်း တစ်ယောက်၏ မျက်ဝန်းထဲမှ စိတ်ရှုပ်ထွေးမှုများကို မြင်နိုင်ကြသည်။ သို့သော် မည်သူကမှ မည်သည့်မေးခွန်းမှ မထုတ်ကြချေ။

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ည၏ တိတ်ဆိတ်မှုကို စစ်တပ်နောက်တန်းမှ သတ္တုချင်းထိခတ်သံက အက်ကွဲစေလိုက်သည်။ အမှောင်ထုက ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရအောင် ဖြစ်သွားစေသည်။ သို့သော် သတ္တုတောင်းကြီးများက နှစ်ခု၊ သုံးခုဆက်တိုက် လွင့်ထွက်သွားပုံပေါ်သည်။ ထိုအသံက အချိန်အတန်ကြာလေပြီး ကြမ်းတမ်းသည့် လေပြင်းများကိုပင် တိုက်ခတ်လာစေသေးသည်။

မည်သူကမှလည်း မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မသိချေ။ ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ သာ့လွန်ရော့ကျန်း၏ အနီးကပ် ယုံကြည်အားကိုးထိုက်သူကပင် စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုး ဖြစ်နေသည်။

သာ့လွန်ရော့ကျန်းက ဟော်ရှု့ဟွေ့ခမ်းအား သူ၏ အကြံအစည် အများစုကို ပြောပြထားခဲ့သော်လည်း အချို့အရာကမူ လျို့ဝှက်ဆန်းကြယ်စွာဖြင့် တည်ရှိနေသည်။ အကျဉ်းထောင်ထဲတွင် ရှိနေခဲ့သော လများအတောအတွင်း သာ့လွန်ရော့ကျန်းက လူပေါင်းများစွာနှင့်တွေ့ခဲ့သည်။ ဟော်ရှု့ဟွေ့ခမ်းကလည်း ထိုလူများနှင့် မည်သည့်စကားများပြောပြီး မည်သို့သော အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း မသိချေ။

သူတို့၏ စိတ်ရှုပ်ထွေးမှု များနေသော အခိုက်အတန့်က အကန့်အသတ်သို့ ရောက်ရှိသွားသောအချိန်တွင် စစ်သားတိုင်းက ရုတ်တရက် ကောင်းကင်မှ ငှက်များ၏ အော်သံများကို ကြားလိုက်ရသည်။ ပုံမှန်မဟုတ်သော ဆူညံသံများနှင့်အတူ ကြောက်လန့်တကြား အော်ဟစ်သံကဲ့သို့သော အသံမျိုးက ထွက်လာသည်။

တိဗက်စစ်သည်တော်တစ်ယောက်က ကောင်းကင်သို့ ကြည့်လိုက်ပြီးနောက်အော်သည်။

“ကြည့် အဲ့ဒီမှာ”

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က ခေါင်းကို ကောင်းကင်သို့မော့ကာ ကြည့်လိုက်ကြသည်။ ဝိုင်းစက်နေသော လပြည့်ဝန်းကြီးက စိတ်ဆိုးလျှက်ရှိနေသော ကောင်းကင်တွင် အရာအားလုံးက အလင်းရောင်အောက်တွင် ရှိနေသည်။ သူတို့နှစ်ယောက်က မော့ကြည့်လိုက်သည့် တခဏတွင် တောင်ပုံတစ်စုံကို ဖြန့်ကားလျှက် လကိုဖြတ်သန်းကာ ပျံလွှားသွားသော ကြီးမားသည့် ကိုယ်ထည်ကြီးကို မြင်လိုက်ရသည်။

အလွန်ဝေးကွာနေသည့်တိုင်အောင် ထိုကြီးမားသော ပျံသန်းသွားသည့် အကောင်ကြီးနှင့် တောင်ပံကြီးကတင် ထိုအကောင်က မည်သည့်အကောင်ဖြစ်ကြောင်း မြင်ရန် လုံလောက်နေပြီဖြစ်သည်။

လင်းတတွေ

ထိုကဲ့သို့သော လင်းတမျိုးကို တိဗက်တောင်ပေါ်ဒေသ၏ နေရာတိုင်းတွင် တွေ့နိုင်သည်။ တိဗက်ကောင်းကင် မြုပ်နှံရေးနယ်မြေတွင်ဆိုလျှင် သေဆုံးပြီးသောအလောင်းများကို မြုပ်နှံခြင်းမပြုသလို သင်္ဂြိုလ်ခြင်းလည်းမပြုဘဲ ထိုအလောင်းများအားလုံးကို တောင်ပေါ်ဒေသ၏ ကြမ်းတမ်းသော လင်းတစာသာကျွေးသည်။ ထိုသို့အကျွေးခံရခြင်းကတင် အလွန်အမင်း မြင့်မားသော ဂုဏ်ယူဖွယ်ရာ အနေအထား ဖြစ်နေလေသည်။ သို့သော် ထိုလင်းတများက တောင်ပေါ်ဒေသတွင်သာနေသည်။ ယခုလိုမျိုး ခုံးတောင်တန်း၏ အနောက်ဘက်ခြမ်းသို့ လာခဲလေသည်။

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း လကိုကျော်ကာ ဖြတ်သန်းသွားသည့် ထိုလင်းတများကို အံ့အားတကြီး ကြည့်နေကြသည်။ သူမှင်သက်မှုက အလွန်အမင်း အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် အော်သံများ ထပ်ထွက်လာပြီး အမှောင်ထုအတွင်း လင်းတပေါင်းများစွာ၏ အော်သံက ထွက်ပေါ်လာသည်။ ပထမဦးဆုံးလင်းတက တောင်ပံကိုဖြန့်ကားလျှက် အမှောင်ထုထဲသို့ ဝင်ရောက်သွားပြီးနောက် နောက်ပိုင်းအကောင်များက ဆက်တိုက် လိုက်သွားကြသည်။ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် တိဗက်မြင်းတပ် ထောင်ပေါင်းများစွာ၏ စောင့်ကြပ်မှုအောက်တွင် ထိုလင်းတများ အားလုံးက အနက်ရောင် တိမ်စိုင်တစ်ခုကို ကျော်ဖြတ်သွားပြီး လကိုပင် ပိတ်ဆို့လိုက်သည်။

ဖြတ်ကနဲဆိုသလိုပင် တစ်လောကလုံးက မှောင်မည်းသွားသည်။ မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက အမှောင်ထုအတွင်း ရောက်ရှိသွား၏။ ထို့နောက် တိတ်ဆိတ်မှု၊ အဆုံးစွန်ဆုံး ကျရောက်နေသည့် တိတ်ဆိတ်မှုက ကြီးစိုးလာသည်။

မည်သည့်စစ်သားကမှ မည်သည့်စကားမှ မပြောကြသလို လင်းတများကိုသာ အံ့အားတကြီး ကြည့်နေကြသည်။ တော်ဝင်မဟာဗိုလ်ချုပ်ကြီးများဖြစ်သည့် ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် ကြောင်တောင်တောင် ဖြစ်နေကြ၏။ ယွီစန်းအင်ပါယာကလည်း စစ်ငှက်များကို ဘယ်သောအခါကမှ ထိုမျှအထိ အလေးထားခဲ့ဖူးခြင်းမရှိချေ။ သူတို့၏ အရင်းအမြစ် အများစုကို မြင်းတပ်ကို လေ့ကျင့်ပေးရင်းဖြင့်သာ ကုန်ဆုံးစေလေ့ရှိသည်။

ထိုနှစ်ယောက်ကလည်း အကျဉ်းထောင်ထဲတွင် ရှိနေစဉ်အတောအတွင်း သာ့လွန်ရော့ကျန်းက ထိုမျှ များပြားသည့် လင်းတများကို လျို့ဝှက်ပြီး လေ့ကျင့်ခဲ့သည့် အခြေအနေကို နားမလည်နိုင်ကြချေ။

“လူတစ်ယောက်က သူတို့ရဲ့အမှားကနေ သင်ခန်းစာယူရမယ်။ တြိဂံပုံမြေကွက်လပ်က တိုက်ပွဲမှာ မင်းတို့တွေ ဘာကိုမှ သတိမပြုမိခဲ့ကြဘူးလား။ ဒီခေတ်မှာ ငှက်အဖွဲ့တွေက ပိုပြီး အရေးကြီးသထက် ကြီးလာတယ်။ အနည်းဆုံး အဲ့ဒီလူက သူတို့ကို အရေးကြီးတဲ့ကဏ္ဍမှာ သုံးထားနိုင်တယ်။ ငါတို့ကသူ့ကို မနိုင်ရင် အနည်းဆုံး သူ့ကိုတော့ အတုခိုးနိုင်ရမယ်”

သာ့လွန်ရော့ကျန်းက ထိုသို့ပြောသည်။ သူ၏တည်ငြိမ်သော အသံက အမှောင်ထုအတွင်း ထွက်လာသည်။

“သွားကြမယ်”

သာ့လွန်ရော့ကျန်းက သူ၏မြင်းကို ရှေ့သို့နှင်သည်။ ထိုသို့ဖြင့် ထိုနှစ်ယောက်ကြားမှ ပြေးထွက်သွားသည်။

“ထွက်ခွာကြ”

သာ့လွန်ရော့ကျန်း၏ အမိန့်နှင့်အတူ တိဗက်မြင်းတပ် ထောင်ပေါင်းများစွာကလည်း ဒုန်းစိုင်းစီးကြပြီး လင်းတများ၏ ကာကွယ်မှုအပြည့်နှင့် ချက်ချင်းဆိုသလို လီပေါင်းများစွာအကွာသို့ ရောက်သွားသည်။

ခီး....

ကင်းလှည့်နေသော ကျောက်တုံးငှက်က ကောင်းကင်တွင် စက်ဝိုင်းကြီးတစ်ခုအဖြစ် ဝိုင်းပတ်လျှက် ပျံသန်းနေသည်။ မိုးကုတ်စက်ဝိုင်းတည့်တည့်တွင် အလွန်ကြီးမားသည့် သံမဏိတန်းကြီး ရှိနေသလိုမျိုး မည်းမှောင်လာ၏။ ရုတ်တရက် ကျယ်လောင်သည့် စူးရှသော အော်သံနှင့်အတူ ကောင်းကင်တွင် ထူးဆန်းသည့်အသံက ထွက်ပေါ်လာသည်။ ထိုကျောက်တုံးသိန်းငှက်က သတင်းအချက်အလက်ယူရန် နောက်ပြန်မလှည့်နိုင်သေးခင် မရေမတွက်နိုင်သော လင်းတပေါင်းများစွာက ထွက်လာပြီး သူ့ကိုဝိုင်းကာ တိုက်ခိုက်ကြသည်။

စူးရှသော အော်သံနှင့်အတူ ကျောက်တုံးသိန်းငှက်က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားပြီး အနက်ရောင် ငှက်မွှေးများအားလုံးက ကောင်းကင်ပေါ်မှ ပြုတ်ကျသည်။

“သွားကြမယ်”

တိဗက်အရာရှိတစ်ယောက်၏ မျက်ဝန်းက တောက်ပသွားပြီး လက်ကိုယမ်းလိုက်သည်။ သူက အထက်မှ တိုက်ပွဲကိုပင် မကြည့်တော့ချေ။ ထောင်ပေါင်းများစွာသော တိဗက်မြင်းတပ်အဖွဲ့ဝင်များက ချက်ချင်းဆိုသလိုပင် ကျောက်တုံးသိန်းငှက် ကင်းလှည့်နေသော နေရာကို ကျော်ဖြတ်လိုက်ကြသည်။ လေထဲတွင် များပြားသော လင်းတငှက်ပေါင်းများစွာက အနက်ရောင်ဖဲကြိုးကြီးတစ်ချောင်းလိုမျိုး လွင့်လျှက် ဆက်လက်ပျံသန်းလာလေသည်။

ခီး...

လီပေါင်းများစွာအကွာတွင်လည်း အလားတူ ခုခံရေးအားလှိုင်းတစ်ခုကို တွေ့သည်။ ကျောက်တုံးသိန်းငှက် နှစ်ကောင်က ရှေ့နောက်ပျံသန်းနေသည်။ လင်းတပေါင်းများစွာက ဝိုင်းဝန်းတိုက်ခိုက်လိုက်ပြီး ထိုခုခံရေးအားလှိုင်းကို အစုတ်စုတ်အပြဲပြဲ ဖြစ်သွားစေသည်။ ထိုသို့ဖြင့် တတိယ၊ စတုတ္ထ... ဆယ်လီကွာချိန်တိုင်းလိုလို ထိုလင်းတများက မဟာထန် ခုခံရေးအားလှိုင်း ခုနှစ်ခု၊ ရှစ်ခုခန့်ကို တွေ့ခဲ့ကြလေသည်။

ခုခံရေးအားလှိုင်း တစ်ခုချင်းစီတိုင်းတွင် လင်းတတစ်ကောင် သို့မဟုတ် နှစ်ကောင်ရှိနေတတ်သည်။ ပမာဏက မများသော်လည်း ကျောက်တုံးသိန်းငှက် တစ်ကောင်ချင်းစီတိုင်းက မြေပြင်က လှုပ်ရှားမှုနှင့် ချဉ်းကပ်လာသည့် စစ်သည်တော်များ၏ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည့် အကွာအဝေးတွင်သာ ပျံသန်းနေကြခြင်းဖြစ်သည်။

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကမူ ထန်များက သူတို့လာရောက်မည့် အခြေအနေကို သတိမထားမိသော အားသာချက်မျိုး ရှိနေသည်ဟု ထင်ခဲ့ကြသည်။ သို့သော် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် ခုခံရေးအားလှိုင်းများက သူတို့၏နှလုံးသားကို တဖြည်းဖြည်းချင်း လေးလံလာစေသည်။

သူတို့၏အတွေးများကို အာရုံခံမိသလိုမျိုး သာ့လွန်ရော့ကျန်းက စပြောလာသည်။ သူ၏အသံက တည်ငြိမ်သည်။

“မင်းတို့တွေ နောက်ဆုံးတော့ သတိထားမိကြပြီလား။ ဒါကသူ့ရဲ့ပုံစံပဲ။ သေးငယ်တဲ့ အသေးစိတ်ကိုတောင် သူက သတိထားတတ်လွန်းတယ်။ ဒါကြောင့် မင်းတို့က အခွင့်အရေး တစ်ခုကိုမှ အရယူနိုင်ကြမှာမဟုတ်ဘူး။ ဒီလိုသေးငယ်တဲ့ ကတောက်ကဆ အနေအထားမျိုးကပင် သူကမင်းတို့ကို ချက်ချင်း ရှာတွေ့သွားမှာပဲ။ သူနဲ့တိုက်ခိုက်တဲ့အခါ ငါတို့က ငါတို့ရဲ့အင်အားတိုင်းကို သုံးရမဲ့အပြင် နည်းနည်းတောင်မှ သတိလက်လွတ် နေနေလို့မရဘူး”

“သူကသတိကြီးလွန်းတယ်။ ဒီလိုခုခံမှုမျိုးနဲ့ဆိုရင် သတိမထားမိဘဲ ကျော်ဖြတ်သွားနိုင်ဖို့ကခက်တယ်”

ဟော်ရှု့ဟွေ့ခမ်းကလည်း စိုးရိမ်တကြီးပြောသည်။

“ဟုတ်တယ် သူက ခုခံရေးအားလှိုင်းတွေ အများကြီးချထားတယ်”

တုစုန့်မာန်ဖော်ကျဲ့ကလည်း သဘောတူသည်။ သူ၏မျက်ဝန်းထဲတွင်လည်း အလားတူသော စိုးရိမ်မှုရှိသည်။

အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် အားနည်းသော သိုင်းပညာ ဖမ်းဆုပ်နိုင်စွမ်းအားနှင့် ငယ်ရွယ်သော လူငယ်တစ်ယောက်လောက်က သူတို့ကို ထိုမျှခက်ခက်ခဲခဲ ကိုင်တွယ်စေကြောင်း တွေးတောမိရန်ပင် ခက်ခဲသေးသည်။ ဒီစစ်ပွဲတွင် သူတို့က ခြားနားသော လူတစ်ယောက်ကို ရင်ဆိုင်နေရသလိုမျိုး ဖြစ်သွားသည်။ သူတို့က ထိုလူငယ်ကို မမြင်ရသေးသည့်တိုင်အောင် သတင်းထောက်လှမ်း ကြည့်ရှု့နေသော ငှက်ပေါင်းများစွာကပင် ဟော်ရှု့ဟွေ့ခမ်းကဲ့သို့သော မဟာဗိုလ်ချုပ်ကြီးကို မမြင်ရသည့်ဖိအားကို ခံစားနေရစေလေပြီ။

ထန်တွေက အင်အားကြီးလွန်းတယ်။

မဟာထန်က ရာစုနှစ်ပေါင်းများစွာကြာအောင် ငြိမ်းချမ်းမှုနှင့် ကြီးပွားမှုကို သယ်ဆောင်ထားနိုင်သည်ဟု ဆိုကြသည်။ ထိုသို့ဖြင့် သူတို့က တိုက်ခိုက်စွမ်းအားနှင့် တိုက်ခိုက်လိုစိတ်များ လျော့ပါးကြသည်ဟု ပြောကြ၏။ သို့သော် ယွီစန်းကဲ့သို့ အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားသော အဖွဲ့အစည်းကြီးကပင် မဟာထန်ထံတွင် တစ်ကြိမ်ပြီးတစ်ကြိမ် ရှုံးခဲ့သည်။ တိဗက်များအနေဖြင့် အရေအတွက်၏ အားသာချက်ကို အပြည့်အဝ ပိုင်ဆိုင်ခဲ့သော အခြေအနေမျိုးတွင်ပင် ရှုံးခဲ့လေသည်။

ယွီစန်း၏ အင်အားစုများက အကန့်အသတ်ထိ စိုးမိုးခံခဲ့ရသည်။ ထိုလူ၏ တည်ရှိမှုက တိဗက်တိုင်း... တောင်ပေါ်ဒေသရှိ အရာရာတိုင်းကို စိုးရိမ်မှုအပြည့်နှင့် အိပ်ပင်မအိပ်နိုင်အောင် ဖြစ်စေသည်။

ထိုအတွက်ကြောင့်လည်း လူတိုင်းက ဒီတိုက်ပွဲအတွက် စည်းလုံးသွားကြခြင်းဖြစ်သည်။

“အများကြီးတွေးမနေနဲ့ လူသားတွေမှာ ပြစ်ချက်ရှိမှာပဲ။ သူတောင်မှ ချွင်းချက်မရှိနိုင်ဘူး”

သာ့လွန်ရော့ကျန်းက ထိုသို့ပြောသည်။

“ဒါ့အပြင်သူက ဒီငှက်တွေကို ဘယ်လိုခွဲဝေထားသလဲဆိုတာကို ငါနားလည်တယ်”

ဝုန်း

ထိုစကားများပြောပြီးနောက် ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ကိုယ်က တုန်ယင်သွားကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းများက အံ့အားသင့်မှုများနှင့်အတူ မြင်းဇာတ်ကြိုးများကို ဆွဲလိုက်ကြသည်။

သာ့လွန်ရော့ကျန်းက ဖျော့တော့စွာသာပြုံးသည်။ ထို့နောက် ကျော့ရှင်းစွာဖြင့် မြေပုံကို ဆွဲထုတ်လာပြီး နောက်ထပ်တစ်ကြိမ် ထပ်ကြည့်သည်။

အခန်း(၈၉၂)

ဘုန်း

အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်ပြီးနောက် ထိုသာ့လွန်ရော့ကျန်းဟာ ကြယ်တာရာစွမ်းအင် တစ်လှိုင်းကို လွှတ်ထုတ်လိုက်လေရာ ကုန်းမြေ၏ မြေပုံက လေထဲသို့ မြောက်တက်သွားလေသည်။ သူက မြေပုံကို လက်ဝါးတစ်ချက်ရိုက်လိုက်ပြီး လက်ညိုးကို စတင်ကာရွေ့သည်။ ဒီနည်းအားဖြင့် ကြယ်အလင်းရောင်များအား မြေပြင်ပေါ်သို့ သူ၏လက်ချောင်းသွားရာတောက်လျှောက် ကျသွားစေလေသည်။

အလင်းနှင့်အမှောင်က မြေပုံပေါ်တွင် စတင်ကာ ပြောင်းလဲနေရာမှ ရုတ်တရက် မရေမတွက်နိုင်သော အလင်းအမှတ်ပေါင်းများစွာက ပေါ်ထွက်လာသည်။ ထိုအလင်းအမှတ်များက အချို့သော ပုံသဏ္ဍန်အတိုင်း ပြင်ဆင်ထားပုံပေါ်၏။ တာလာ့ထံသို့ ဦးတည်နေသော တောင်တန်းများ၊ တောင်ကုန်းများ၊ မြေပြန့်နယ်မြေများ အားလုံး၏အပေါ်တွင် လွင့်မျောနေလေသည်။

တုစုန့်မာန်ဖော်ကျဲ့နှင့် အနားရှိ တိဗက်ဗိုလ်ချုပ်တိုင်းက အံ့အားသင့်သွားကြသည်။ ဟော်ရှု့ဟွေ့ခမ်းကသာ တည်ငြိမ်လျှက်ရှိသည်။

သာ့လွန်ရော့ကျန်းက မဟာဗိုလ်ချုပ်အဆင့် ကျွမ်းကျင်ပညာရှင် မဟုတ်ချေ။ အင်ပါယာ၏ မဟာအမတ်များက သူတို့၏အချိန်အများစုကို စီမံခန့်ခွဲရာတွင်သာ သုံးလေ့ရှိသည်။ ထိုထဲမှ လူအများစုကမူ သိုင်းပညာ အလွန်မြင့်ကြ၏။ သို့သော် သူတို့က အားနည်းသော သိုင်းပညာရှင်များဟု မဆိုနိုင်ချေ။ သာ့လွန်ရော့ကျန်းက ကြယ်တာရာစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းအားကလည်း ဟော်ရှု့ဟွေ့ခမ်းထက် နိမ့်ကျခြင်းမရှိချေ။

“မင်းတို့အားလုံးမြင်လား။ ဒါက ထန်တွေ ခုခံရေးအားလှိုင်းတွေ ချထားတဲ့နေရာပဲ။ လင်းတတွေကို သုံးပြီး သူတို့ကို ဖြေရှင်းလိုက်”

သာ့လွန်ရော့ကျန်းက တည်ငြိမ်စွာ အမိန့်ပေးသည်။ သူ၏အသံထဲတွင် လေးစားဖွယ်ကောင်းသည့် ယုံကြည်မှုရှိသည့် အနေအထားမျိုးက ကပ်ပါနေသည်။

“ဟုတ်ကဲ့ မဟာအမတ်”

တိဗက်အရာရှိခြောက်ယောက်က လေးစားသော လေသံမျိုးနှင့်အတူ ပြောလိုက်ပြီး မြေပုံပေါ်ရှိ အမှတ်အသား နေရာများကို စစ်ဆေးကြည့်ကြ၏။ ထို့နောက် ထွက်ခွာသွားကြ၏။

လေထဲတွင် လင်းတအော်သံက ထွက်လာသည်။ ထိုအသံနှင့်အတူ စူးရှသော အော်သံများက ကပ်ပါလာပြီး လင်းတပေါင်းများစွာက လိုက်သွားကြသည်။

တုစုန့်မာန်ဖော်ကျဲ့က မျက်မှောင်အသာကျုံ့လျှက် အလင်းစက်များ ရှိရာနေရာကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း သံသယများက ပေါ်ထွက်လာသည်။

“သွားကြမယ် ဒါကမင်း မဟာအမတ်မင်းနဲ့ အလုပ်လုပ်တာက ပထမဦးဆုံးအကြိမ် မဟုတ်လား။ ဒီတော့ အနာဂတ်မှာ နားလည်လာလိမ့်မယ်”

သူ၏ပုခုံးကို လက်ဝါးကြီးတစ်ချက်က ရိုက်လာသည်။ ဟော်ရှု့ဟွေ့ခမ်းက တုစုန့်မာန်ဖော်ကျဲ့ကို ရယ်ပြလေပြီး မြင်းစီးထွက်သွား၏။ တုစုန့်မာန်ဖော်ကျဲ့က မှင်သက်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ သာ့လွန်ရော့ကျန်းက ဘေးသို့ရောက်နေကြောင်း တွေ့လိုက်ရသည်။

သူကတကယ်ကို ခန့်မှန်းဖို့ခက်တာပဲ။

တုစုန့်မာန်ဖော်ကျဲ့က ကောင်းကင်ကို ကြည့်ပြီး သက်ပြင်းချသည်။ သူ၏စိတ်အတွင်း စိတ်သက်သာရာ ရသလို ဖြစ်သွားလေသည်။

သာ့လွန်ရော့ကျန်းက အကျဉ်းထောင်ထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်ကမူ ထူးခြားတောက်ပမှုမျိုး မရှိနေခဲ့ချေ။ သို့သော် သူ၏လုပ်ဆောင်မှုများကမူ တိုင်းတာရ ခက်ခဲလာသည်။ တုစုန့်မာန်ဖော်ကျဲ့ကလည်း ယခင်က သာ့လွန်ရော့ကျန်းနှင့် အလုပ်လုပ်ခဲ့ဖူးခြင်းမရှိချေ။ သို့သော် ဒါဟာ ကံကောင်းခြင်းသာဖြစ်ပြီး ကျိန်စာမဟုတ်ကြောင်း နားလည်နေသည်။ အထူးသဖြင့် ယွီစန်းအင်ပါယာအတွက် ဖြစ်သည်။

သာ့လွန်ရော့ကျန်း၏ ဉာဏ်ပညာရှိသော ဆုံးဖြတ်ချက်များက မှန်ခြင်း၊ မှားခြင်းဆိုသော အတွက်ကမူ သိပ်မကြာခင် သူသိရပေလိမ့်မည်။

လင်းတများ၏အော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လင်းတများက ညကောင်းကင်တွင် သရဲများကဲ့သို့ ပျံသန်းသွားလာနေခြင်းဖြစ်သည်။ တိဗက်အရာရှိများက သာ့လွန်ရော့ကျန်း၏ အကြံအတိုင်း လိုက်လုပ်ကြသည်။ ဒီနည်းအားဖြင့် မြေပုံပေါ်တွင် အမှတ်အသားပြုထားသော နေရာတိုင်းသို့ ထိုလင်းတများကို ဝင်ရောက်သွားစေလေသည်။ ဒီနည်းအားဖြင့် စူးရှသည့် အော်သံများက ထပ်ခါတလဲလဲ ထွက်လာသည်။ ကျောက်တုံးသိန်းငှက်များက မြေပုံပေါ်သို့ ပြုတ်ကျသည်။ သူတို့၏ အမွှေးအတောင်များက နောက်တွင်တောက်လျှောက် လွင့်ပျံလျှက်ရှိနေသည်။

ကျောက်တုံးသိန်းငှက်များက ထွက်ပြေးရန် အခွင့်အရေးမရခင် လင်းတအုပ်ကြောင့် ချောမွေ့စွာဖြင့် အမြစ်ဖြတ် သုတ်သင်ခံရသည်။

တစ်နေရာ၊ နှစ်နေရာ၊ သုံးနေရာ၊ လေးနေရာ...

လင်းတများက ကောင်းကင်တွင် လမ်းကြောင်းဖြန့်သွားသည်။ ဒီနည်းအားဖြင့် ထောင်ပေါင်းများစွာသော တိဗက်မြင်းတပ်များက တာလာ့ထံ လျှင်မြန်စွာ ချီတက်လာကြသည်။

လီငါးဆယ်၊ သုံးဆယ်ခုနှစ်လီ၊ သုံးဆယ်လီ၊ နှစ်ဆယ့်ငါးလီ...

တိဗက်စစ်တပ်က တာလာ့နှင့် နီးသထက်နီးလာသည်။ သာ့လွန်ရော့ကျန်း၏ အကြံကလည်း သက်ရောက်မှုရှိကြောင်း ပြသလာ၏။ အံ့အားသင့်ဖွယ် အကောင်းဆုံး အချက်ကမူ သာ့လွန်ရော့ကျန်း၏ ခန့်မှန်းမှုက ပြီးပြည့်စုံနေခြင်းဖြစ်သည်။ သူက ထန်၏ခုခံမှုအမှတ်ရှိရာ နေရာတိုင်းကို ခန့်မှန်းနိုင်ခဲ့သည်။

တုစုန့်မာန်ဖော်ကျဲ့ကလည်း သာ့လွန်ရော့ကျန်းဟာ သူတို့၏ အားနည်းချက်ကို ရှာတွေ့နေသည့်တိုင်အောင် စောင့်ကြည့်နေသော ငှက်များရှိရာနေရာကို ဆုံးဖြတ်လိုက်နိုင်မှုကတင် သူ၏အားသာချက်ဖြစ်ကြောင်း သိသည်။

ဒီတိုင်းဆက်ဖြစ်နေရင် ငါတို့တွေ ထန်တွေမသိခင် သူတို့မတုန့်ပြန်နိုင်ခင် သူတို့ကို ဝင်စီးနိုင်မှာ။

တုစုန့်မာန်ဖော်ကျဲ့က တွေးလိုက်သည်။

မဟာထန်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့မှုတွင် တုစုန့်မာန်ဖော်ကျဲ့အနေနှင့် ထိုမျှအထိ ချောမွေ့လွန်းသော အခြေအနေမျိုးကို မကြုံဖူးသေးချေ။ ဒီတစ်ကြိမ်တွင် ထန်များက တုန့်ပြန်ရန် အချိန်မရှိဟုယုံကြည်သည်။ ရှေ့တွင် နှစ်ဆယ့်ငါးလီသာ ကျန်တော့သည်။ တိဗက်များကိုလည်း မည်သူကမှ သတိမထားမိချေ။ သူတို့က လေးစားဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ဝင်ရောက်ပြီး အားလုံးကို သုတ်သင်နိုင်ပေလိမ့်မည်။

“တစ်နာရီပဲကျန်တယ်။ ငါတို့တွေ နေအလင်းရောင်မထွက်ခင် လှုပ်ရှားဖို့ အချိန်ရတယ်။ ဆယ်လီလောက်အထိပဲ တက်ပြီး သူတို့ကို သတိလက်လွတ်နဲ့ အငိုက်ဖမ်းကြမယ်”

သာ့လွန်ရော့ကျန်းက တိဗက်တောင်ပေါ်မြင်းပေါ်တွင် ထိုင်နေသည်။ သူ၏မျက်လုံးများက တောက်ပနေပြီး အရှေ့ဘက်သို့ကြည့်ကာ စိတ်ထဲတွင် တွက်ချက်နေသည်။ အာရုံတက်ချိန်က နီးသထက် နီးလာသည်။ တိဗက်များတွင် အခွင့်အရေး တစ်ခုရှိနေသေးသည်။ အာရုံတက်ချိန် အနီးဆုံးကာလတွင် လူအများစုက သတိအလျော့ကျဆုံး ဖြစ်တတ်သည်။ ထန်များ၏ ကင်းထောက်များကိုသာ သူတို့က ရှောင်နိုင်ပြီး ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝင်စီးနိုင်မည်ဆိုလျှင် ထန်များကို အထိနာအောင် လုပ်နိုင်လောက်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်သားတိုင်း မြင်းပေါ်ကဆင်းပြီး သူတို့ရဲ့ မြင်းတွေရဲ့ခွာကို အဝတ်နဲ့ပတ်ထား။ နောက်ပြီး ရိက္ခာလှည်းတွေကို နောက်မှာချန်ထားခဲ့ပြီး မြင်းတပ်တွေက အင်အားအပြည့်သုံးပြီး ချီတက်ရမယ်”

သာ့လွန်ရော့ကျန်းက လက်ကိုယမ်းလျှက် အမိန့်ပေးသည်။

“ဟုတ်ကဲ့မဟာအမတ်”

လှုပ်ရှားမှုအနည်းငယ် ထွက်လာပြီးနောက် စစ်တပ်က တဖန် လှုပ်ရှားကြပြန်သည်။ ထို့နောက် ယခင်ကထက် ပို၍မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွေ့လျားနိုင်သွားသည်။

နှစ်ဆယ့်လေးလီ

နှစ်ဆယ့်သုံးလီ

လင်းတပေါင်းများစွာ၏ ရှေ့မှပျံသန်းသွားမှုနှင့်အတူ ကောင်းကင်တွင်ရှိသည့် ပျံသန်းနေသော ကျောက်တုံးသိန်းငှက် ငါးကောင်၊ ခြောက်ကောင်ခန့်ကို ရှင်းပစ်နိုင်ခဲ့သည်။ ဒီနည်းအားဖြင့် မြေပြင်မှ ကင်းထောက်များအားလုံးက တိဗက်ကင်းထောက်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေရာ သူတို့အနေဖြင့် သတင်းပြန်ပို့ရန် အချိန်မရှိတော့ချေ။

နှစ်ဆယ့်နှစ်လီ

နှစ်ဆယ့်တစ်လီ

ထန်ခုခံရေးအားလှိုင်းက ပို၍များသထက် များလာသလို ကင်းထောက်များကလည်း များသထက် များလာသည်။ သို့သော် အားလုံးက သာ့လွန်ရော့ကျန်း၏ မိုးခြိမ်းမတက် မြန်ဆန်သော အရှိန်အောက်တွင် ရှင်းပစ်ခံခဲ့ရသည်။

ထိုအချိန်တွင် တိဗက်မြင်းတပ်ဝင်များအပါအဝင် ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် ထိတ်လန့်ဟန်ဖြစ်လာသည်။

သာ့လွန်ရော့ကျန်းက ဘာမှမပြောသည့်တိုင်အောင် သူ၏ကိုယ်ကို မြင်းနှင့်ကပ်ထားပြီး ခန္ဓာကိုယ်ကို ရှေ့သို့အနည်းငယ် ကိုင်းထားခြင်းဖြင့် အလွန်အမင်း တောင့်တင်းနေသော မျက်နှာထားမျိုးကိုပြသည်။

နှစ်ဆယ်လီ

တစ်ဆယ့်ရှစ်လီ

လီအနည်းငယ်သာကျန်သည်။ သူတို့ကသာ နည်းနည်းထပ်ပိုသွားနိုင်ပြီး တစ်ဖက်က ရှာမတွေ့သမျှ တိဗက်များက အောင်မြင်စွာဖြင့် ရုတ်ချည်း တိုက်ခိုက်မှုမျိုး ပြုနိုင်ပေလိမ့်မည်။

“မြန်မြန်”

အမှောင်ထဲမှ ထိတ်လန့်တကြား အော်သံက ထွက်လာသည်။ ကျောက်တုံးသိန်းငှက်များက အဖွဲ့လိုက်ပေါ်လာ၏။ တိဗက်ဗိုလ်ချုပ်ကလည်း ချက်ချင်းဆိုသလိုပင် အချက်ပြလွှတ်လိုက်သည်။ ကောင်းကင်ပေါ်ရှိ ကျောက်တုံးသိန်းငှက်များက အရင်ကျောက်တုံးသိန်းငှက်များထက် ပို၍ သတိကြီးသည်။ စူးရှသော အော်သံနှင့်အတူ ထိုတစ်ဖွဲ့တည်းမှ ငါးကောင်က ချက်ချင်းဆိုသလို အုပ်စုခွဲလိုက်ကြသည်။

ဖြတ်ကနဲဆိုသလိုပင် မြေပြင်ပေါ်ရှိ လူတိုင်းကလည်း သူတို့၏နှလုံးသားက လည်ပင်းသို့ ခုန်တက်သွားသလို ခံစားလိုက်ရပြီး မျက်ဝန်းအတွင်း စိုးရိမ်မှုများက ပေါက်ထွက်လာသည်။

လင်းတများ၏ အော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျောက်တုံးသိန်းငှက်များထံသို့ သူတို့က ချက်ချင်းလိုလို ဝိုင်းအုံလိုက်၏။ တိုက်ပွဲကစတင်သည်။ မဟာအမတ်၏ အကြံအရ နောက်ဆုံးသော ထန်ခုခံရေး အားလှိုင်းက နောက်ထပ် ဆယ်လီတွင် ရှိပေလိမ့်မည်။ သူတို့ကသာ ထိုခုခံရေးအားလှိုင်းကို ဖြတ်နိုင်သမျှ တိဗက်များက တာလာ့၏ လီတစ်ဆယ့်ငါးလီ အတောအတွင်းသို့ ဝင်နိုင်သွားမည်ဖြစ်သည်။ သူတို့ကသာ ထိုအတိုင်းအတာ အတောအတွင်း တိတ်တဆိတ် ဝင်သွားနိုင်ခဲ့လျှင် ထန်များကို ပြီးပြည့်စုံစွာ ဝင်စီးနိုင်ပေလိမ့်မည်။

ဝုန်း

တိဗက်အရာရှိတိုင်းက ကောင်းကင်သို့သာ အထိတ်တလန့် ကြည့်နေကြသည်။

“သူတို့မလွတ်နိုင်ပါဘူး”

သာ့လွန်ရော့ကျန်းက ကောင်းကင်ကို တည်ငြိမ်စွာဖြင့်ကြည့်သည်။ သူ၏ခန္ဓာကိုယ်မှ လေးစားဖွယ်ကောင်းသည့် အရှိန်အဝါမျိုးကို လွှတ်ထုတ်သည်။ သူက ဒီနေ့အတွက် အချိန်ကာလများစွာသုံးပြီး ပြင်ဆင်ထားခဲ့သည်။ သူက ထိုလင်းတများအတွက် ဗျူဟာများကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ခဲ့ပြီး ကျောက်တုံးသိန်းငှက်များက ထွက်ပြေးရန် အခွင့်အရေး မရှိနိုင်ကြောင်း ယုံကြည်မှုရှိသည်။ မြေပြင်ရှိ ထန်ကင်းထောက်များ အတွက်ကမူ သူက သူတို့ကို ရှင်းလင်းရန် စစ်သားအချို့ကို လွှတ်လိုက်ပြီးသားဖြစ်သည်။

သူကလည်း အကျဉ်းထောင်ထဲတွင် ရှိနေချိန်ကတည်းက ထိုလက်ရွေးစင် ကင်းထောက်များကို လေ့ကျင့်ရန် ဟော်ရှု့ဟွေ့ခမ်းကို လွှတ်ထားပြီးသားဖြစ်သည်။ ဒီနည်းအားဖြင့် တော်ဝင်တပ်ရင်းမှ ဗိုလ်ချုပ်တိုင်း၏ ထောက်ပံ့မှုကိုလည်း အရယူထားသည်။ ထိုကင်းထောက် တစ်ယောက်ချင်းစီတိုင်းကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားခြင်းဖြစ်ပြီး ထန်ကင်းထောက်များကို သုတ်သင်ရန်နှင့် အမဲလိုက်ရန်သာ အထူးတလည် လေ့ကျင့်ပေးထားခြင်း ဖြစ်သည့်အတွက် သူတို့အားလုံးက ဆယ်ဆခန့်များပြားသော အရေအတွက်ကိုပင် တိုက်ခိုက်နိုင်ကြသည်။

ထန်အင်အားစုထံမှ အချက်ပြမှုမရှိလျှင် ကင်းထောက်များက အောင်မြင်ကြောင်း သိသာလေသည်။

“တစ် နှစ် သုံး လေး... ငါး”

သာ့လွန်ရော့ကျန်းက ကောင်းကင်သို့ကြည့်သည်။ သူက ဂဏန်းတစ်ခုကို ရေတွက်ပြီးချိန်တိုင်း ကျောက်တုံးသိန်းငှက်တစ်ကောင်က ပြုတ်ကျသည်။ ငါးဆိုသောဂဏန်း ရောက်သွားပြီးနောက် လေထဲသို့ မြှားတစ်ချောင်းက ထိုးခွဲဝင်ရောက်သွားသည်။ တုစုန့်မာန်ဖော်ကျဲ့က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ ရထားသော သူ၏နတ်မြင်းကြီးကိုစီးထားသည်။ သူက လေးကြိုးကို လျော့သွားစေလျှက် မြှားကို နောက်ဆုံးသော ကျောက်တုံးသိန်းငှက်ကို ပစ်လိုက်သည်။

“အောင်မြင်တယ်”

ထိုနောက်ဆုံးသော ကျန်သည့် ကျောက်တုံးသိန်းငှက်က မြေပြင်သို့ ပြုတ်ကျသွားသည့်အခါ တိဗက်စစ်တပ်ထံမှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ အမျိုးမျိုးသော တိဗက်အရာရှိတိုင်းကလည်း နောက်ဆုံးမှသာ သူတို့ဆုပ်ထားသော လက်သီးကိုလျော့နိုင်သည်။

သူတို့က နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။

ထန်ခုခံရေးအားလှိုင်း တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်လာခဲ့ပြီးနောက် နောက်ဆုံးသောတစ်ခုကို ကျော်ဖြတ်နိုင်သွားသည်။ ယခုအခါ တိဗက်များက အနည်းငယ် ဆက်သွားလိုက်ရုံနှင့် ထိုထန်များအား အထိနာသွားအောင် ကျော့ရှင်းကြည့်ကောင်းစွာနှင့် ကိုင်တွယ်နိုင်လိမ့်မည်။ အာရပ်များနှင့် ပေါင်းစည်းပြီး သူတို့က အန်းရှီနှင့်ချီရှီ ကာကွယ်ရေးစစ်တပ်ကို သုတ်သင်လျှက် အနောက်ပိုင်းနယ်မြေ မြေပုံပေါ်မှ ပျောက်ကွယ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။

ထိုသို့ဖြင့် လေးလီကို တိတ်တဆိတ် ကျော်ဖြတ်သွားလိုက်ကြသည်။ ကြယ်ရောင်၏အလင်းနှင့် တိုက်ခတ်နေသောလေက သူတို့ကို အဖော်ပြုလျှက် ချီတက်စေသည်။

သာ့လွန်ရော့ကျန်းကလည်း အရာအားလုံးကို ဂရုစိုက်နားထောင်နေပြီး သဘောတကျ ခေါင်းညိမ့်သည်။ သူ၏နှုတ်ခမ်းမှ သက်ပြင်းချသံက ထွက်လာသည်။ ဝမ်ချောင်နှင့် တိုက်ကွက်ဖလှယ်ရာတွင် အနည်းငယ်သော်မျှ သတိလက်လွတ်နေ၍မရချေ။ သူက နောက်ဆုံးတွင် သူ၏ပြိုင်ဘက်နှင့် ကစားရာတွင် နိုင်သွားလေပြီ။

သူ၏လက်များကို ရှေ့သို့ချီတက်ဟန် လုပ်လိုက်ချိန်တွင် နောက်ဆုံးသောအကွက်ကို ထုတ်လိုက်သည်။ တိဗက်များက နောက်ဆုံးတွင် မဟာထန်နှင့် တိုက်ကွက်ဖလှယ်ရာတွင် နိုင်သွားလေပြီ။

“ထွက်တော့”

သူ၏အောက်ဘက်တွင်ရှိသော တိဗက်တောင်ပေါ်မြင်းကောင်းက အဖြူရောင် တိမ်စိုင်များ ထွက်လာအောင် နှာမှုတ်လိုက်ပြီးနောက် သာ့လွန်ရော့ကျန်းကို သယ်ဆောင်လိုက်သည်။

ဝုန်း

တိဗက်သောင်းကျော်က သတ်ဖြတ်လိုစိတ်အပြည့်နှင့် မြစ်ရေဝုန်းကနဲ ထိုးဆင်းကာ ကြီးလာသလိုမျိုး စတင်ကာ ချီတက်သည်။

ခီး....

သို့သော် ထိုအခိုက် အမှောင်ထုအတွင်းမှ စူးရှသော အော်သံက ထွက်လာသည်။ အသံကတိုးသဖြင့် ဂရုတစိုက်သာ နားမထောင်လျှင် မည်သူကမှ သတိမထားမိလောက်ချေ။ သို့သော် သာ့လွန်ရော့ကျန်းကမူ ထိုအသံကို ကြားလိုက်ရသည်။ ကြားလိုက်ရုံနှင့် သူ၏တည်ငြိမ်ကာ ခပ်အေးအေးဖြစ်နေသော အမူအရာက ပြောင်းလဲသွားပြီး သူ၏နားတည့်တည့် မိုးခြိမ်းလိုက်သလို ဖြစ်သွားသည်။

ဝုန်း

သာ့လွန်ရော့ကျန်းက ခေါင်းကိုခပ်ကြမ်းကြမ်းမော့သည်။ အသံလာရာဘက်သို့ ကြည့်လိုက်၏။ တောင်ကုန်းများအကျော် စစ်မြင်းထောင်ပေါင်းများစွာကို ကျော်ဖြတ်ကာ ကြည့်လိုက်ချိန်တွင် တိဗက်မြင်းတပ် အရှေ့ဘက်တည့်တည့်မှ ကောင်းကင်သို့ ထိုးတက်သွားသည့် သစ်ကိုင်းပေါ် နားနေခဲ့သော သေးငယ်သည့် ပျံလွှားငှက်လေးကို မြင်လိုက်ရသည်။ ထိုပျံလွှားငှက်လေးက အနောက်ပိုင်းဒေသ၏ မြင်နေကျငှက်သာဖြစ်သည်။ သို့သော် ထိုငှက်ကို မြင်လိုက်ရခြင်းက သာ့လွန်ရော့ကျန်းကို မိုးကြိုးပစ်လိုက်သလိုမျိုး လန့်ဖြန့်သွားစေလေသည်။ သူ၏အမူအရာက ချက်ချင်းဆိုသလို ဖြူဖျော့သွား၏။

အခန်း(၈၉၃)

ဖာခ့်

သာ့လွန်ရော့ကျန်းက ပျံသန်းသွားသော ထိုပျံလွှားငှက်ကိုကြည့်နေရင်း သူ၏စိတ်အတွင်း ထိုအတွေးတစ်ခုသာ ပေါ်လာသည်။

အနောက်ပိုင်းနယ်မြေတွင် ပျံလွှားငှက်များကို မြင်နေကျဖြစ်သော်လည်း ယခုကဲ့သို့ ခုံးတောင်တန်း အနောက်ပိုင်း၏ လွင်ထီးခေါင် ကျောက်သားများသာ ပြည့်နှက်နေသော နယ်မြေမျိုးတွင် မြင်ရန် ခက်ခဲလေသည်။ ထိုအကောင်များအနေဖြင့်လည်း စားစရာရှာရန် အလွန်ခက်၏။ ထပ်ပေါင်းဆိုရသော် ရာသီဥတုက အေးစိမ့်လာလေပြီး ပျံလွှားငှက်များက ဒီရာသီတွင် ဒီလိုမရှိနေသင့်ချေ။

ဝုန်း

လေထုကို ထိုးခွဲသွားသည့် ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်လာပြီး လေးကြိုးက တုန်ခါသွားသည်။ မြှားတစ်စင်းက နောက်တန်းမှ ထွက်လာလျှက် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အားများနှင့်အတူ ပျံလွှားငှက်အား မြေပြင်ပေါ်သို့ ပြုတ်ကျသွားအောင် ပစ်ခတ်လိုက်သည်။ သို့သော် သာ့လွန်ရော့ကျန်း၏ အသားအရောင်က ထိုမြင်ကွင်းကြောင့် အနည်းငယ်သာ သက်သာလာသည်။ အကြောင်းမူကား အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသော တစ်စုံတစ်ရာကို မျက်ဝန်းထောင့်မှတဆင့် မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ဒါက မီးခိုးရောင် ပျံလွှားဟွက်ဖြစ်သည်။

လူတိုင်းက လေထဲရှိ ကျောက်တုံးသိန်းငှက် ငါးကောင်ကိုသာ အာရုံစိုက်နေကြချိန်တွင် မီးခိုးရောင်ပျံလွှားဟွက်က အဝေးရှိ သစ်ကိုင်းပေါ်မှ ကြည့်နေလေသည်။ သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ အလွန်အမင်း မြန်ဆန်အောင် ပျံသန်းသွားသည်။ မည်သည့်မြှားမျှလည်း ထိုနေရာထိရောက်အောင် မပစ်နိုင်ချေ။ ကောင်းကင်တွင်လည်း လင်းတများက နည်းနေလေပြီ။

“ငါအတွက်အချက် မှားသွားတယ်”

သာ့လွန်ရော့ကျန်းက မျက်လုံးကိုမှိတ်ပြီး သက်ပြင်းရှည်ကိုချသည်။ သူ၏အင်္ကျီလက်ထဲမှ လက်များကပင် တုန်ယင်လာသည်။

သူနှင့်ဝမ်ချောင်အကြား မမြင်ရသော တိုက်ပွဲတွင် သူဟာ အနိုင်ဘက်မှဖြစ်ခဲ့သည်။ သူက တိဗက်စစ်သည် ထောင်ပေါင်းများစွာကို သယ်လျှက် တာလာ့နှင့် တစ်ဆယ့်ရှစ်လီသာဝေးသော နေရာသို့ပင် ရောက်ရှိနေလေပြီ။ ဝမ်ချောင်က သတိမထားမိအောင် ထိုနေရာထိ တက်နိုင်ခဲ့သည်။ သို့သော် သူက အောင်မြင်ရန် နီးသွားပြီဟု အနည်းငယ် မျှော်လင့်မိလိုက်သည့် အချိန်တွင်ပင် သစ်ကိုင်းပေါ်တွင် ပုန်းအောင်နေသော ပျံလွှားဟွက်ကြောင့် ကပ်ဆိုးနှင့်ကြုံတွေ့ရသည်။

စစ်တပ်ဘက်မှ ကင်းလှည့်မှုများတွင် ငှက်တိုင်းက လေထဲတွင်သာ ရှိနေတတ်သည်။ သူတို့က မြင့်မြင့်ပျံလေလေ မြင်နိုင်လေလေဖြစ်သည်။ ယခုလိုမျိုး မြေပြင်ပေါ်တွင် ရှိနေသော စောင့်ကြည့်ငှက်များ၊ သစ်ကိုင်းပေါ်တွင် နားနေသော စောင့်ကြည့်ငှက်များကိုမူ ကြုံတွေ့ရန် အလွန်ခက်ခဲသည်။ သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်က သူခန့်မှန်းခဲ့သည့် စောင့်ကြည့်အမှတ်များတွင်သာ စောင့်ကြည့်ရန် ငှက်များလွှတ်ထားမည်ဟု ယူဆခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ယခုလို အခြေအနေမျိုးက ရှိနေခဲ့ပြီး ရှုံးသွားရသေးသည်။

“မဟာအမတ် ငါတို့ဘယ်လိုလုပ်ကြမလဲ”

အနားရှိ လူများကလည်း တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သတိထားမိပြီး သာ့လွန်ရော့ကျန်းကို အာရုံစိုက်လာကြသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် သူတို့၏ အကြံအစည်ကို ပျံလွှားဟွက်တစ်ကောင်က ဖျက်လိုက်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူတို့၏ အမူအရာကလည်း မတည်မငြိမ် ဖြစ်လာသည်။

ယခုအခြေအနေမှ ငှက်ကိုတားလျှင် နောက်ကျသွားလေပြီ။ မပြင်ဆင်ထားသော ဝမ်ချောင်နှင့် ပြင်ဆင်ထားသော ဝမ်ချောင်က ခြားနားသည်။ သံသယဝင်ရန် မလိုလောက်အောင် ပျံလွှားဟွက် ထွက်ခွာသွားမှုနှင့်အတူ တိဗက်များအကြောင်းက ပေါ်သွားလေပြီ။

အားလုံး၏ စိတ်အခြေအနေက တင်းမာသွားကြသည်။

“မဟာအမတ်မင်း ငါတို့အကြံကို ဘယ်လိုပြောင်းသင့်လဲ။ ငါတို့ ဒီတိုင်းဆက်ပြီး ချီတက်သင့်လား”

ဟော်ရှု့ဟွေ့ခမ်းကမေးသည်။

သာ့လွန်ရော့ကျန်းက ဘာစကားမှမပြောချေ။ သူ၏မျက်လုံးက ဟိုဟိုဒီဒီ ရွေ့နေလေရာ သူ၏အတွေးကို မည်သူမှ မပြောနိုင်ချေ။

တစ်စက္ကန့်က ရာစုနှစ်ပေါင်းများစွာ ကြာသွားသလို ကြာညောင်းခဲ့ပြီးမှသာ သာ့လွန်ရော့ကျန်းက ရယ်သည်။ သူကခေါင်းကို အသာခါ၏။ ထိုအသံက လေထုကို ထိုးခွဲလာသည်။

“ငါအသိအမှတ်ပြုထားတဲ့ လူဆိုတဲ့အတိုင်းပဲ ငါတို့ကသာ တာလာ့အထိတောက်လျှောက် မည်သူမှမသိအောင် တက်သွားနိုင်ခဲ့မှပဲ ငါပိုပြီး မသက်မသာဖြစ်လိမ့်မယ်။ အခု သူကငါတို့ရဲ့ အစစ်အမှန် ပြိုင်ဘက်လို့ သတ်မှတ်ရတော့မယ်။ ငါတို့ကို တွေ့သွားပြီဆိုကတည်းက ဖုံးကွယ်နေစရာမလိုတော့ဘူး။ အလံကိုလွှင့်လိုက်။ မြင်းခွာအောက်က အဝတ်တွေကိုလည်းဖယ်လိုက်။ ငါတို့တာလာ့ကို ပေါ်တင်ဝင်ပြီး ချီတက်ကြမယ်”

“ဟုတ်ကဲ့မဟာအမတ်မင်း”

ဝုန်း

မြေကမ္ဘာက တုန်ဟီးသွားသည်။ ကောင်းကင်က ယမ်းခါသွား၏။ သူတို့၏ လှုပ်ရှားမှုကို ဖုံးကွယ်ရန် မလိုအပ်တော့သောအခါ စစ်သည် သောင်းပေါင်းများစွာပါသော တိဗက်များက ဖုန်တိမ်စိုင်များကို ချန်ထားရစ်ခဲ့လျှက် တာလာ့ထံ အပြေးနှင်သွားလေသည်။

.....

“အရှင်အမတ် သတင်းဆိုးပါ”

ထိုအချိန် တာလာ့အပြင်ဘက်... မနက်အစောပိုင်းတွင် ကျန်းချွယ်က ဝမ်ချောင်ထံ အလျင်စလိုပြေးလာသည်။

“ဘာဖြစ်တာလဲ”

ဝမ်ချောင်က ဝမ်ရန်၊ ဝမ်ဖူ၊ လီစစ်ယဲ့၊ ခါကန်းဘုရင်တို့နှင့်အတူ အာရပ်ဘက်မှ လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန်ဖြစ်သည်။ ကျန်းချွယ်၏ မျက်နှာမှ အမူအရာကို မြင်သောအခါ သူက မျက်မှောင်အသာကျုံ့သည်။

သူ၏မျက်နှာ၏ ဖြူဖျော့မှုက အလွန်ဆိုးရွားနေသည်။ ကျန်းချွယ်က မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီးပြောသည်။

“အရှင်အမတ် ပြဿနာကြီးပါ။ နောက်တန်းမှာ စစ်သည်သောင်းကျော်ပါတဲ့ စစ်တပ်တစ်တပ် ပေါ်လာပါတယ်။ သူတို့က အရမ်းကိုမြန်တဲ့ အရှိန်နှုန်းနဲ့ ချီတက်လာကြတာပါ။ သူတို့က ကျွန်တော်တို့ စောင့်ကြည့်ဖို့လွှတ်ထားတဲ့ နေရာတိုင်းကို ရှင်းလင်းခဲ့ပြီး ပေါ်တင်တစ်မျိုး၊ လျို့ဝှက်နည်းနဲ့တဖုံ ကင်းထောက်ငှက်တိုင်းကို သတ်ဖြတ်ခဲ့ပါတယ်။ သူတို့ကအခု တာလာ့ရဲ့နယ်မြေထဲကို ဝင်လာပြီး ကျွန်တော်တို့နဲ့ ဆယ်လီတောင် မဝေးတော့ပါဘူး”

“ဘာ”

ကျန်းချွယ်၏ စကားနှင့်အတူ ဝမ်ရန်၊ ဝမ်ဖူ၊ လီစစ်ယဲ့နှင့် ခါကန်းဘုရင်တို့အားလုံးက အံ့အားတကြီး တုန်ယင်သွားကြသည်။ သူတို့က ယခုလေးတင် အာရပ်များကို ကိုင်တွယ်ရန် ဗျူဟာများ ဆွေးနွေးနေသေးသည်။ သို့သော် ယခုတွင်မူ တိတ်ဆိတ်သံကိုသာ ကြားရတော့သည်။

တာလာ့၏အရှေ့ပိုင်းတွင် ကွင်းပြင်ကြီးသာရှိသည်။ ထိုနေရာတွင် အာရပ်မှ လက်ရွေးစင်စစ်သည် နှစ်သိန်းကျော်နဲ့ အရှေ့ပိုင်းနယ်မြေမှ အစိုးရ အပုမူစလင်က ဆာလောင်သော ကျားတစ်ကောင်လို စောင့်နေသည်။ သူတို့အားလုံး၏ အာရုံက အင်အားကြီးမားသော ရန်သူထံ ရောက်နေသောအခါ ရုတ်တရက် နောက်တန်းတွင် ရန်သူစစ်သည် တစ်သောင်းကျော်က ပေါ်လာကြောင်း ကြားသိလိုက်ရလေရာ သေစေနိုင်သော တွေးတောမှုကြီးဖြစ်သွားသည်။

မဟာထန်က အရှေ့အနောက် ညှပ်တိုက်ခိုက်ခံရမည့်ပုံပေါ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးကလည်း စစ်အနုပညာမှ ကြီးမားသည့် တားမြစ်မှုကြီးဖြစ်နေသည်။

ထိုနေရာက တိတ်ဆိတ်လွန်းသဖြင့် အက်ကျသံကိုပင် ကြားရသည်။ လေထုကပင် တင်းကြပ်လာသည်။

ဒူးထောက်နေသော ကျန်းချွယ်က အခြေအနေပိုဆိုးသည်။ သူ၏နဖူးမှ ချွေးများက ဆက်တိုက် ပြုတ်ကျနေသည်။ ထိုချွေးစက်များက ပုလဲလုံးလောက်ပင် ကြီးလာ၏။ သူ၏အဝတ်ကိုပင် စိုသွားစေသည်။ နယ်နမိတ်အပြင်ဘက်မှ အခြေအနေကို စောင့်ကြည့်ရန် ရန်သူ၏ ချီတက်လာမှုကို တာဝန်ယူရမည့် အနေအထားတိုင်းက ကျန်းချွယ်က တာဝန်ယူထားရခြင်းဖြစ်သည်။ သို့သော် စစ်သည်တစ်သောင်းကျော် ပါသည့် စစ်တပ်က ထိုမျှနီးနီး အတိုင်းအတာထိ ဝင်ရောက်လာခဲ့သည့်တိုင်အောင် သူက သတိမထားမိခဲ့ချေ။ ဒါကကြီးမားသည့် တာဝန်ပျက်ကွက်မှုဖြစ်နေသည်။

နောက်ပြီး စစ်သည်တစ်သောင်းကျော် ပါနေတဲ့စစ်တပ်။

ထိုစစ်တပ်က တိတ်တဆိတ် ချီတက်လာခဲ့သည်။ ထို့ပြင် ကင်းထောက်များ၊ စောင့်ကြည့်ငှက်များကို ခြုံခိုတိုက်ခိုက်ခဲ့သည်။ သူတို့ရန်လိုမှုက သိသာထင်ရှားနေပြီဖြစ်သည်။ ကျန်းချွယ်၏ ရှုံးနိမ့်မှုအရ သူတို့၏စစ်တပ်က ရန်သူ၏တိုက်ကွက်ကြောင့် အထိနာသွားခဲ့လျှင် သူဘယ်တော့မှ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်တော့မည်မဟုတ်ချေ။

“အဲ့ဒီမှာဘာတွေဖြစ်နေတာလဲ။ ဘယ်နေရာကနေ ရန်သူစစ်တပ်က ရောက်လာတာလဲ။ အနောက်ပိုင်းနယ်မြေမှာ ဘယ်လိုကြောင့်များ စစ်သည်တွေ ဒီလောက်များသွားတာလဲ”

အရင်ဦးဆုံး လှမ်းပြောလိုက်သူက ဝမ်ရန်ဖြစ်သည်။ သူ၏ပထမဦးဆုံး တုန့်ပြန်မှုက မယုံကြည်နိုင်ခြင်းဖြစ်သည်။

ဝမ်ချောင်က ယခင်ရက်ကတင် တာလာ့သို့ရောက်လာသည်။ သို့သော် နောက်တန်းတွင်မူ စစ်သည်သောင်းကျော်က ပေါ်လာ၏။

နောက်ပြီး ဘာလက္ခဏာမှမရှိဘူး။ ဒါကရုတ်တရက်ဆန်လွန်းတယ်။

“ကျန်းချွယ် မင်းသေချာလား”

ဝမ်ရန်က ကျန်းချွယ်ကိုကြည့်သည်။ တစ်ဖက်က ခေါင်းညိမ့်ပြလာသောအခါ သူ၏မျက်နှာက တင်းမာသွားသည်။

အခြားသော ဗိုလ်ချုပ်များ၏ မျက်နှာကလည်း တင်းမာသွားသည်။

“ဘယ်လိုကြောင့်များ ဒီလိုဖြစ်ရမှာလဲ။ အနောက်ပိုင်းနယ်မြေရဲ့ အခြားနေရာမှာ အာရပ်အဖွဲ့တွေ ရှိနေသေးလို့လား”

ဝမ်ဖူက ခပ်တိုးတိုးရေရွတ်သည်။ သူ၏အမူအရာက တင်းမာနေသည်။

တစ်ဖက်ချင်းစီ တိုက်ခိုက်ခြင်းက ကိစ္စတစ်ခုဖြစ်သည်။ ထိုအခြေအနေကိုလည်း ဝမ်ဖူက ဂရုမစိုက်ချေ။ ယခုအခါ သူတို့က ရှေ့တွင် ကျားတစ်ကောင်ကို ရင်ဆိုင်နေရပြီး အနောက်ဘက်တွင်လည်း ဝံပုလွေတစ်ကောင်က ရောက်လာသည်။ ချီရှီစစ်တပ်က အလွန်အမင်း အန္တရာယ်များပြီး ခုခံရသော အနေအထားမျိုးသို့ ရောက်သွားသည်။ တာလာ့မှတိုက်ပွဲက အလွန်အမင်း အရေးကြီးသည်။ ထိုရလဒ်က ချီရှီ၊ အန်းရှီ၊ လုံရှီနှင့်မြို့တော်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်နေလေသည်။ ဒါက မဟာထန်အတွက် ရှုံးခွင့်ပြု၍မရသော တိုက်ပွဲကြီးဖြစ်နေသည်။

“မဖြစ်နိုင်ဘူး”

ဝမ်ဖူက ထိုသို့ပြောပြီးရုံသာ ရှိသေးသည်။ ခါကန်းဘုရင်က အကြံကို ငြင်းလိုက်သည်။

“အနောက်ပိုင်းနယ်မြေက ပြည်နယ်လေးတွေပဲရှိတာ။ သူတို့အားလုံးမှာ စစ်သည်သောင်းကျော် မရှိနိုင်ဘူး။ ပိုဆိုးတာက ဒါက မဟာထန်နဲ့အာရပ်ကြားက အနိုင်အရှုံး မသိရသေးတဲ့ စစ်ပွဲလေ။ အနောက်ပိုင်းနယ်မြေက တိုင်းပြည်တွေက ဝင်ရောက်စွက်ဖက်လောက်အောင် သတ္တိကြီးမှာမဟုတ်ဘူး။ ဆင်နဲ့ခြင်္သေ့ကြားက စစ်ပွဲကို သူတို့ဝင်နိုင်ပါ့မလား”

ဆင်နှင့်ခြင်္သေ့ဟာ မဟာထန်နှင့်အာရပ်ကို အနောက်ပိုင်းနယ်မြေက သတ်မှတ်ပုံဖြစ်သည်။ စစ်ပွဲသို့ ဝင်ရောက်သူတိုင်းက ချေမွခံရနိုင်လေသည်။ ဉာဏ်အရှိဆုံးက နေရာမှ မရွေ့ခြင်းဖြစ်သည်။ သူတို့က ခပ်ဝေးဝေးမှ စောင့်ကြည့်နိုင်သည်။ ထိုအခြေအနေကိုလည်း အနောက်ပိုင်းဒေသမှ တိုင်းပြည်တိုင်းက လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ခါကန်းဘုရင်ကလည်း ယခုလို ကိုယ့်ကိုယ်ကို သတ်သေသည့် ပြည်နယ်လေးများ ရှိမည်ဟု မယုံကြည်ချေ။

“ဒါပေမဲ့ ငါတို့က မြောက်ပိုင်းဒေသက ယွီစန်းရဲ့စစ်သည်တွေကို ရှင်းထားပြီးသား။ သူတို့မှာ ထပ်ပို့စရာ တပ်ဖွဲ့တွေမရှိတော့ဘူး။ အရှင်အမတ်ကလည်း ဝံပုလွေနက်ရကု အကုတုလန်ကို သတ်ပြီးသား။ ဒီတော့ နယ်စပ်မှာလည်း ဘာစစ်သားမှတောင် မရှိတော့ဘူး။ အနောက်ပိုင်းနယ်မြေတွေရဲ့ တိုင်းပြည်တွေမဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ။ ဘယ်အဖွဲ့အစည်းမှာများ စစ်သည်သောင်းကျော် ပိုင်ဆိုင်ထားမှာလဲ”

လီစစ်ယဲ့က ဝင်ရောက်ထပ်ဖြည့်ပြောသည်။ သူကလည်း လူတိုင်းနီးတူ အမူအရာ တင်းမာနေသည်။

သူတို့အားလုံးက အနောက်ပိုင်းနယ်မြေမှ အဖွဲ့အစည်းကြီး တစ်ခုလုံးကို စစ်သည်တော်များ မရှိအောင် ရင်ဆိုင်ပြီးသားဖြစ်သည်။ ယခုအခြေအနေက အနောက်တောင်ပိုင်းက အဖွဲ့အစည်းကြီး နှစ်ခုက ထိပ်တိုက်ရင်ဆိုင်နေခြင်းဖြစ်သည်။ တစ်ဖွဲ့က အာရပ်ဖြစ်ပြီး အခြားတစ်ဖွဲ့က မဟာထန်ဖြစ်သည်။ တတိယအင်အားစုက ရုတ်တရက် လေထဲတွင် ပေါ်လာသည်။ အထူးဆန်းဆုံး ကိစ္စကမူ ထိုအင်အားစုကြီးက တာလာ့နှင့် ဆယ်လီပင် မဝေးတော့ချေ။ သူတို့က အချိန်မရွေး ရောက်လာနိုင်သည်။ ထိုအဖွဲ့အစည်းက မည်သည့်အပိုင်ဖြစ်ကြောင်း မသိရသေးချေ။ သူတို့အားလုံးက ယခုလို အခြေအနေမျိုးကို မကြုံဖူးချေ။

“စဉ်းစားနေစရာမလိုဘူး။ သေချာပေါက် ယွီစန်းနဲ့ အနောက်ပိုင်းတူရကီခါကာနိတ်ပဲ”

ဝမ်ချောင်က ရုတ်တရက် ဝင်ပြောလိုက်သံက လူတိုင်း၏နားအတွင်း ဟိန်းထွက်သွားသည်။ သူက အဝေးရှိ အာရပ်စစ်တပ်ကိုကြည့်သည်။

“အနောက်ပိုင်းနယ်မြေမှာ သူတို့ကပဲ အပုမူစလင်နဲ့ သူ့ရဲ့စစ်သည် သိန်းကျော်ကို စောင့်ခိုင်းနိုင်တယ်”

ဝမ်ချောင်၏အသံက မကျယ်ချေ။ သို့သော် သူ၏မျက်ဝန်းကမူ မီးတောက်များ တောက်လောင်နေလေပြီး လောင်မြိုက်လိုသော အရှိန်အဝါကိုလည်း လွတ်ထုတ်ထားသေးသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းက ဝမ်ချောင်အား အံ့အားတကြီးကြည့်ပြီး စွံ့အသွားကြသည်။

“ဒါပေမဲ့ အရှင်အမတ် ငါတို့တွေ အနောက်ပိုင်းတူရကီနဲ့ ငြိမ်းချမ်းရေးလက်မှတ် ထိုးထားတယ်မဟုတ်လား”

လီစစ်ယဲ့က ခပ်တင်းတင်းပြန်မေးသည်။

“ဒီလိုအခြေအနေတွေက ချိုးဖောက်လို့ရနိုင်တယ်။ ငါတို့ယွီစန်းတွေနဲ့ လက်မှတ်ထိုးခဲ့တာပဲ။ ဒါပေမဲ့ ယွီစန်းက အမြဲတမ်းလိုလို ချိုးဖောက်ခဲ့ကြတာပဲမဟုတ်လား”

ဝမ်ချောင်က တည်ငြိမ်စွာသာ ပြန်ဖြေသည်။ ယခုလိုအခြေအနေမျိုးတွင် သူကသာ တည်ငြိမ်နိုင်လေသည်။

“တာလာ့ရဲ့တိုက်ပွဲမှာ မဟာထန်နဲ့ အာရပ်က အင်အားစုတိုင်းကို ထုတ်သုံးထားတယ်။ ချီရှီနဲ့ အန်းရှီက စစ်သည်တော်တွေ လွတ်နေတယ်။ ယွီစန်းနဲ့ အနောက်ပိုင်းတူရကီက ဘာမှမလုပ်မှ ထူးဆန်းနေမှာ။ အက်ရှာဘာရာခါကန်းက ငါတို့နဲ့ လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာကလည်း ငါတို့ကို သတိလက်လွတ် ဖြစ်သွားစေချင်လို့ပဲ။ ကျန်းချွယ် ထပ်ပြီးစောင့်ကြည့်ထား”

“ဟုတ်ကဲ့အရှင်အမတ်”

ကျန်းချွယ်က ချက်ချင်းထွက်သွားသည်။ ထို့နောက် ခပ်မြန်မြန်ပင် ပြန်ရောက်လာပြီး ဆက်လက်ပြီး တင်ပြသည်။

“အရှင်အမတ် နောက်တန်းက ရန်သူတွေက စစ်သည်ခုနှစ်သောင်းကျော်ပါတယ်။ အားလုံးက တိဗက်မြင်းတပ်တွေပါပဲ။ သူတို့က သူတို့ရဲ့ တည်ရှိမှုကို မဖုံးကွယ်တော့ဘဲနဲ့ ယွီစန်းအလံကိုလည်း လွှင့်ပြီး ရောက်လာကြတာပါ။ နောက်ပြီး... ”

ကျန်းချွယ်က တခဏခန့် ရပ်တန့်ပြီးနောက် ဝမ်ချောင်ကိုကြည့်သည်။

“နောက်ပြီး ယွီစန်းရဲ့ စစ်အလံအပြင် အနက်ရောင်နောက်ခံနဲ့ အဖြူရောင် တိဗက်နွားရိုင်းတစ်ကောင်ပါတဲ့ အလံတစ်ခုကိုလည်း တွေ့ခဲ့ပါတယ်”

ဝုန်း

ခါကန်းဘုရင်က ထိုစကားလုံးများကို မတုန့်ပြန်ခဲ့ချေ။ သို့သော် ဝမ်ရန်၊ ဝမ်ဖူတို့ အားလုံး၏မျက်နှာက ဖြူဖျော့သွားသည်။ ဝမ်ချောင်က မျက်ခုံးပင့်လိုက်၏။ တိဗက်တောင်ပေါ်တွင် ထိုအလံသုံးသော အဖွဲ့အစည်းက တစ်ခုသာရှိသည်။ နာ့ယိတော်ဝင်တပ်ရင်း

အခန်း(၈၉၄)

“ဘာတွေဖြစ်နေတာလဲ။ နာ့ယိတော်ဝင်တပ်ရင်းက ပျောက်သွားခဲ့ပြီမဟုတ်လား။ ဘယ်လိုကြောင့်များ အနက်ရောင်နောက်ခံနဲ့ အဖြူရောင် တိဗက်နွားလားတစ်ကောင်က ပေါ်လာတာလဲ”

လူတိုင်း၏စိတ်အတွင်းတွင် အလားတူ အတွေးမျိုးက ပေါ်ထွက်နေသည်။

ချန်းပင်းကလည်း အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်ပါခဲ့သူတစ်ယောက်ဖြစ်သည်။ ထိုတိုက်ပွဲက ကြမ်းတမ်းသောတိုက်ပွဲ ဖြစ်ခဲ့သည်။ အန်းနန်ကာကွယ်ရေးစစ်တပ်တစ်ခုလုံး အရှင်းခံရလုနီးပါး ဖြစ်ခဲ့၏။ အဆုံးသတ်တွင် ဝမ်ချောင်က ဒီရေကို ပြောင်းပြန်လှန်ပြီး မာန်ရှဲ့ယွီစန်းစစ်တပ်ကို အလဲထိုး အနိုင်ယူနိုင်ခဲ့သည်။ သာ့လွန်ရော့ကျန်းက စစ်သည်တစ်သောင်းကျော်နှင့် တောင်ပေါ်သို့ ပြန်သွားခဲ့ရသည်။ နာ့ယိတော်ဝင်တပ်ရင်း တစ်ခုလုံးက ဝမ်ချောင်၏ ကိုင်တွယ်မှုအောက်တွင် အဖြစ်ဖြတ်သုတ်သင်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအပြင် ဝမ်ချောင်က တောင်ပေါ်သို့ ကပ်ရောဂါကို ဖြန့်ခဲ့ရင်း ကျွဲ၊ နွား၊ သိုးပေါင်းများစွာကို သေဆုံးစေခဲ့သဖြင့် ငတ်မွတ်ခေါင်းပါးမှု ပြဿနာတစ်ခုကိုပင် ဖြစ်ပွားစေခဲ့သေးသည်။

ထိုနောက်ပိုင်း သာ့လွန်ရော့ကျန်းနှင့် နာ့ယိတော်ဝင်တပ်ရင်းအကြောင်းကို မကြားရတော့ချေ။ ထိုအဖွဲ့အစည်းက နာမည်အဖြစ်သာ တည်ရှိတော့လေသည်။ မည်သူကမှလည်း ထိုသို့ ပျောက်ကွယ်သွားသည့် နာ့ယိတော်ဝင်တပ်ရင်း၏ အလံက ဒီလိုနေရာမျိုးတွင် ပြန်ပေါ်လာမည်ဟု မထင်ထားချေ။ ချက်ချင်းဆိုသလိုပင် လူတိုင်းက ဝမ်ချောင်ကို ကြည့်လိုက်ကြသည်။

မအံ့ဩတော့ပါဘူး သူဖြစ်နေတာပဲ။

ဝမ်ချောင်က မျက်လုံးကို မှေးကျဉ်းလျှက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက ကင်းလှည့်သော နယ်မြေများအတွက် ကိုယ်တိုင်ကိုယ်ကျ နေရာညွှန်ပြပေးခဲ့ခြင်း မဟုတ်သည့်တိုင်အောင် အချို့သော နေရာများကို အရိပ်အမြွတ် ပြောပြခဲ့သေးသည်။ ထို့ကြောင့် မည်သည့်သာမာန်လူကမှ ကင်းထောက်တိုင်းကို ရှင်းလင်းပြီး သူလျိုတိုင်းကို ကိုင်တွယ်နိုင်လျှက် တစ်ဆယ်လီအကွာထိ တက်လာနိုင်လိမ့်မည်မဟုတ်ချေ။

သို့သော် သာ့လွန်ရော့ကျန်းဆိုလျှင်မူ အရာအားလုံးကို ရှင်းပြနိုင်သွားပြီဖြစ်သည်။

ဝမ်ချောင်ကလည်း တစ်ဖက်သူက တာလာ့၏တိုက်ပွဲတွင် ပေါ်လာမည်ဟု မထင်ထားချေ။ ထိုအခြေအနေက ယခင်ဘဝတွင် မဖြစ်ပျက်ခဲ့ဖူးချေ။ ဒါက နောက်ထပ် ဖဲချပ်သက်ရာက်မှုဖြစ်ကြောင်း သံသယဝင်ရန် မရှိတော့ချေ။

ကလဲ့စားချေတာမဟုတ်လား။

ဝမ်ချောင်၏စိတ်က လှိုင်းလုံးများလို လိမ့်တက်လာသည်။ သူက မျက်လုံးကိုလည်း မှိတ်လိုက်သည်။ သူက မမြင်နိုင်သော်လည်း အနောက်ဘက်နယ်မြေမှ ထွက်လာသည့် မြင်းတပ် သောင်းပေါင်းများစွာကို ဦးဆောင်လာသည့် ပုံရိပ်တစ်ခု၏ ရင်ထဲတွင် တမြေ့မြေ့လောင်ကျွမ်းနေသော မီးတောက်ရှိပြီး သူ့ထံ ဦးတည်နေကြောင်း ခံစားမိနေသည်။

အချိန်နဲ့နေရာက ပြောင်းသွားသည်။ သို့သော် သူနှင့် သာ့လွန်ရော့ကျန်းတု့ိက ကံကြမ္မာပါနေသဖြင့် တဖန် ထပ်တွေ့ကြပြန်သည်။ တာလာ့၏ ရက်စက်သော တိုက်ပွဲတွင် ပြန်ဆုံကြသည်။ ဝမ်ချောင်ကလည်း ဒီတခဏကို နာ့ယိတော်ဝင်တပ်ရင်းမှ မဟာအမတ်မင်းက ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် တွက်ချက်ထားမည်ဟု ယုံကြည်နေသည်။ သို့တိုင်အောင် ဝမ်ချောင်က မကြောက်ချေ။

“သတင်းပို့ အရှင်အမတ် နောက်တန်းက ရန်သူစစ်တပ်က ကျွန်တော်တို့နဲ့ ရှစ်လီတောင် မဝေးတော့ပါဘူး”

ဝမ်ချောင်က တွေးတောနေချိန်တွင် နောက်ထပ် ကင်းထောက်တစ်ယောက်က ဖုန်တိမ်စိုင်များအတွင်းမှ အပြေးဒုန်းစိုင်း စီးနင်းလာသည်။ သူ၏မျက်နှာက တောင့်တင်းနေလေသည်။

ဝုန်း

ထိုကင်းထောက်၏စကားက လေထုကို တောင့်တင်းသွားစေသည်။ ယခုအခါ စစ်တပ်တစ်ခုလုံးကလည်း တစ်စုံတစ်ရာကတော့ဖြင့် ထူးဆန်းနေကြောင်း ခံစားမိလျှက် မသက်မသာ ဖြစ်လာကြသည်။ မြင်းတပ်က ရှစ်လီသာဝေးသည်။ ထိုရှစ်လီက တခဏအတွင်း ကျော်ဖြတ်ရောက်လာနိုင်လေသည်။ သူတို့တွင် အချိန်အများကြီး မရှိတော့ချေ။ ဆုံးဖြတ်ချက်ကိုချရန် လိုအပ်နေသည်။

“အရှင်အမတ် အဲ့ဒီကိုကြည့်ပါဦး”

ထိတ်လန့်သော အသံတစ်သံက ထွက်လာသည်။ ပြောလိုက်သူက လီစစ်ယဲ့၏ဘေးမှ ခုံးကျစ်အန်းဖြစ်သည်။ သူက အာရပ်စစ်တပ်ထံ လက်ညိုးညွှန်ထားသည်။

လူတိုင်းကလည်း လှည့်ကြည့်လိုက်ကြသောအခါ မနက်ခင်းနေမင်းအောက်မှ တောက်ပမှုနှင့်အတူ ထိုအခြေအနေကို မြင်လိုက်ရသည်။ အာရပ်စစ်တပ်များက သူတို့၏အနက်ရောင် စစ်အလံများကို လေထဲသို့ မြှောက်လိုက်ကြသည်။ လက်ရွေးစင် အာရပ်မြင်းတပ် နှစ်သိန်းကျော်က ရေကြီးသလိုမျိုး ထိုးဆင်းလာလေပြီး တာလာ့ရှိရာဘက်သို့ ဦးတည်လာသည်။

ရုတ်တရက် အပြောင်းအလဲက ထန်စစ်သည်တော်တိုင်းကို အာရုံစိုက်သွားစေပြီး အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တိုင်းက မြို့ရိုးပေါ်သို့ ရောက်လာကြသည်။

ရှေ့ဆုံးတွင် အာရပ်စစ်သားများရှိပြီး အနောက်တွင်လည်း တိဗက်စစ်တပ်ကို ဦးဆောင်လာသော သာ့လွန်ရော့ကျန်းရှိသည်။ ချီရှီစစ်တပ်မှ စစ်သည်တစ်သိန်းကျော်က နှစ်ဘက်ညှပ် တိုက်ခိုက်ခံနေရပြီး အန္တရာယ်အလွန်များနေပြီဖြစ်သည်။ ထိုအရာသာ မကသေးလေဘဲ အာရပ်များက အရှေ့ဘက်မှ ဦးတည်ကာတိုက်ခိုက်ရင်း တိဗက်များအတွက် အခွင့်အရေး ဖွင့်ပေးလိုနေလေသည်။

တိဗက်များက မျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်စွာ ရောက်လာကြသည်။ အချိန်တိုအတွင်း သူတို့က တာလာ့သို့ ရောက်လုနီးပါးဖြစ်လာသည်။

“အရှင်”

လူတိုင်းကလည်း ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိကြသည်။ ဝမ်ချောင်က ထိတ်လန့်နေသောအကြည့် ရာပေါင်းများစွာ၏ အလယ်ဗဟိုနေရာသို့ ရောက်နေသည်။ အခြေအနေက အလွန်အန္တရာယ်များနေသည်။ ဝမ်ချောင်က ဆုံးဖြတ်ချက် အမြန်ဆုံးချရန် လိုအပ်သည်။ သူတို့က တိဗက်နှင့် အာရပ်အကြား မိသွားသော တခဏတွင် စစ်သည်တစ်သိန်းကျော်ကလည်း အပြတ်အရှင်းခံရနိုင်သော အနေအထားမျိုးတွင် ရှိနေသည်။ သူတို့၏ ယခင်ကြိုးစားအားထုတ်မှုတိုင်းက အလဟသ ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဖြင့် တစ်စက္ကန့်ကတင် ပြင်းထန်သည့် တောင့်တင်းမှုနှင့်အတူ အရာအားလုံးကို လှုပ်ခါနိုင်စွမ်းအား ရှိလာသည်။ တိဗက်များက နီးသထက်နီးလာသည်။ သူတို့က တာလာ့သို့ ကပ်သထက် ကပ်လာသည်။

“အရှင် အချိန်က တိုတောင်းပါတယ်။ ကျွန်တော်တို့တွေ မြို့ထဲဘဲ ဝင်လိုက်သင့်လား”

ထိုတခဏ ဝမ်ဖူ၏အနောက်မှ တိတ်ဆိတ်မှုကို ဖြိုခွဲသော အကြီးအကဲတစ်ယောက်၏ အသံက ထွက်လာသည်။ ပြောလိုက်သူက ဝမ်ကလန်မှ လက်အောက်ငယ်သားဟောင်း ချန်းရှု့စွန်းဖြစ်သည်။ ချန်းရှု့စွန်းက ဝမ်ချောင်၏အဖေ ဝမ်ရန်၏နောက်သို့ နှစ်ပေါင်းများစွာကြာအောင် လိုက်ခဲ့သည်။ သူက ထို့နောက်ပိုင်းတွင် ဝမ်ဖူ၏ ကိုယ်ရံတော်အဖြစ် ပြောင်းလဲခဲ့၏။ ထို့ကြောင့်သူက ဝမ်ကလန်မှ မျိုးဆက် သုံးခုလုံးနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသည်။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် သူက ဝမ်ချောင်နှင့် ကပ်လျှက် တိုက်ခိုက်ခဲ့လေပြီး သူ့အား သခင်လေးဟုခေါ်သည်။ ယခုအခါတွင်မူ ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်လာသည်။ ထို့ကြောင့် ချန်းရှု့စွန်းက ဝမ်ချောင်ကို အရှင်ဟု သုံးနှုန်းရန် လိုအပ်လာသည်။

“တာလာ့က လူသိန်းကျော်ကို ထိန်းထားနိုင်ပါတယ်။ ကျွန်တော်တို့တွေ မြို့ထဲကို ဆုတ်သွားမယ်ဆိုရင် နှစ်ဘက်လမ်းက ညှပ်တိုက်တာကို ခံရမဲ့ဘေးက ရှောင်ရှားနိုင်မှာပါ”

ယခုအနေအထားအရ ချီရှီစစ်တပ်တွင် ရွေးချယ်စရာ အများကြီးမရှိတော့ချေ။ သူတို့က လက်ရှိ ရှိနေသော နေရာတွင်နေပြီး နှစ်ဖက်လုံးမှ ညှပ်ကာ တိုက်ခိုက်ခြင်းကိုခံလျှင်ခံ သို့မဟုတ် ခိုင်မာသော မြို့ရိုးများရှိရာ တာလာ့သို့ဆုတ်ပြီး အာရပ်နှင့်တိဗက် ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်လျှင်ရင်ဆိုင်ဆိုသော အနေအထားမျိုးသာရှိတော့သည်။

တာလာ့၏ဂိတ်က ယခင်တိုက်ပွဲတွင် ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားခဲ့သော်လည်း ဝမ်ချောင်က သူနှင့်အတူ ခေါ်လာသော လက်မှုပညာသည်များက ပြန်လည်ပြင်ဆင်ပြီး အင်အားမြှင့်တင်ပြီးသားဖြစ်သည်။ ထို့ကြောင့် မြို့ထဲသို့ဆုတ်လျှင် အချိန်ရသေးသည်။

အမှန်တိုင်းဆိုရသော် ကိစ္စကြီးတစ်ခုကြီးကို ခြုံငုံကြည့်သော် ထိုအခြေအနေက အလုံခြုံဆုံး အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူက ခေါင်းကိုသာ အသာမော့ပြီး မျက်လုံးကိုမှိတ်လိုက်သည်။

တောင့်တင်းနေသော လေထုက တင်းကြပ်သထက် တင်းကြပ်လာသည်။ သာ့လွန်ရော့ကျန်း၏ စစ်တပ်က နီးသထက်နီးလာသည်။ အနက်ရောင် တိမ်စိုင်များ၏ ချီရှီမှ စစ်သားများကို ဖုံးလွှမ်းမှုက သိပ်သည်းသထက် သိပ်သည်းလာသည်။ ဝမ်ချောင်၏ ပတ်ပတ်လည်တွင်ရှိသော လူတိုင်းက အသက်ရှုရပ်မတက် ဖြစ်နေပြီး ဝမ်ချောင်ထံမှ နောက်ဆုံးသော ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

ဝမ်ရန်ကပင် ချွင်းချက်မရှိချေ။

အနောက်တောင်ပိုင်းက စစ်ပွဲတွင်ဖြစ်စေ၊ တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲတွင်ဖြစ်စေ၊ ဝံပုလွေနက်ရကုနှင့်ပင်ဖြစ်စေ ဝမ်ချောင်ကသာ သူ၏စွမ်းရည်ကို ထုတ်ပြခဲ့ပြီး လူတိုင်း၏ ယုံကြည်မှုကို အရယူနိုင်ခဲ့သည်။ သူက တိုက်ခိုက်ရန် ရွေးချယ်ခြင်းဖြစ်စေ၊ နောက်ဆုတ်ရန် ရွေးချယ်ခြင်းဖြစ်စေ လူတစ်ယောက်တည်းကသာ သူတို့အားလုံး၏ ယုံကြည်မှုကို ရနိုင်သည့် ဆုံးဖြတ်ချက်မျိုးကို ချနိုင်ခဲ့သည်။

ဝုန်း

ဖုန်တိမ်စိုင်များက မြောက်တက်လာပြီး မြေကြီးက တုန်ခါသွားသည်။ သာ့လွန်ရော့ကျန်းက ရောက်လာလေပြီ။ သူတို့၏အရှေ့တွင် အနက်ရောင်ပင်လယ်သဖွယ် ဖြစ်နေသည့် အာရပ်စစ်သားများကလည်း အရှိန်နှုန်းကို မြှင့်လာသည်။ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သည့် သူတို့၏ မြင်းခွာသံများက ထန်စစ်သားများ၏ နှလုံးသားပေါ် တက်နင်းနေသကဲ့သို့ ထင်ရ၏။ အချိန်က မြန်ဆန်စွာ ကုန်ဆုံးလာသည်။

နေမှာလား သွားမှာလား။

တိုက်ခိုက်မှာလား နောက်ဆုတ်မှာလား။

ဝမ်ချောင်က ရွေးချယ်ရပေတော့မည်။

သူ၏စစ်သားတိုင်း၏ အသက်က သူ၏ဆုံးဖြတ်ချက်ပေါ်တွင်ရှိသည်။

ဝုန်း

အနီးအနားရှိ တာလာ့ဂိတ်က ပွင့်သွားသလိုမျိုး ကြီးမားသည့် သတ္တုတံခါးကြီးက ဝုန်းကနဲ ပွင့်ထွက်သွားသည်။ အန်းရှီကာကွယ်ရေးစစ်တပ်မှ ဗိုလ်ချုပ်တစ်အုပ်က စိုးရိမ်သော မျက်နှာထားများဖြင့် အပြေးရောက်လာပြီး ဝမ်ချောင်ထံ ရောက်လာကြသည်။ ဦးဆောင်လာသောလူက ဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန့်လီဖြစ်သည်။ သူ၏နှုတ်ခမ်းက ဆက်တိုက်ရွေ့လျားနေပြီး သူက ဝမ်ချောင်ကို တစ်စုံတစ်ရာ ပြောတော့မလို ထင်ရသည်။

တချိန်ထဲတွင်ပင် အဝေးရှိ တောင်ကုန်းများ၏အနောက်မှ ဖုန်လုံးများက မြောက်တက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော မြင်းဟီသံများနှင့်အတူ ကြီးမားသော အနက်နှင့်အဖြူ အလံကြီးက ကောင်းကင်တွင် ထွက်ပေါ်လာသည်။ အလံ၏ထိပ်တွင်မူ အဖြူရောင် တိဗက်နွားလားကြီးတစ်ကောင် ရှိသည်။ သူ၏ကိုယ်တွင်ရှိသော ကြွက်သားများက တောင့်တင်းနေလေပြီး လောကကို လွှမ်းမိုးနိုင်သည့် အရှိန်အဝါကို ထုတ်ပြနေလေသည်။

သာ့လွန်ရော့ကျန်း၏ အင်အားစုက ရောက်လာတော့ပေမည်။

“ဟမ့်”

ထိုသို့ အလွန်အမင်း အကျိုးမသာသော အနေအထားမျိုးတွင် ဝမ်ချောင်က ပြုံးလိုက်သည်။ သူက မျက်လုံးကိုဖွင့်၏။ ထိုနည်းအားဖြင့် တောက်ပသောအလင်းကို ထွက်လာစေသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် လက်မှုပညာရှင်အဖွဲ့က တာလာ့ရဲ့ အရှေ့အကျဆုံးအပိုင်းကို အမြန်ဆုံးသွားသင့်တယ်။ အဲ့ဒီမှာ သံမဏိနံရံတွေရဲ့ ဒုတိယခုခံရေးအားလှိုင်းကို ချခင်း”

“ဟုတ်ကဲ့အရှင်”

“ခြေလျှင်တပ်နဲ့ ဒိုင်းကာသမားတွေကတော့ ကန်းခယ်နဲ့ အကြီးအသေးပါလာ့က လူတွေနဲ့ပေါင်းပြီး ပထမခုခံရေးအားလှိုင်းကိုဝင်ရောက်။ အာရပ်ရဲ့ တိုက်ကွက်တွေကို သံမဏိမြို့ရိုးကိုသုံးပြီး ခုခံ။ ဘယ်လိုတန်ကြေးကို ပေးရပေးရ မင်းတို့သေချာပေါက် ထိန်းထားနိုင်ရမယ်”

“ဟုတ်ကဲ့အရှင်”

“ချန်းပင်း မင်းကမင်းရဲ့ လက်နက်ကြီးစစ်တပ်ကို လူတစ်ထောင့်ငါးရာစီပါတဲ့ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်။ တစ်ဖွဲ့ကိုတော့ နေရာမှာဆက်ထား။ နောက်ထပ်တစ်ဖွဲ့ကို သယ်ယူပို့ဆောင်ရေး ရထားလုံးတွေသုံးပြီး အပေါ်ကနေ ပူးပေါင်းပစ်ခတ်ခိုင်း။ ခြေလျှင်တပ်နဲ့ ပူးပေါင်းပြီး အာရပ်မြင်းတပ်ဘက်ကို အနောက်ခြမ်းကနေ ခုခံဖို့ကြံစည်ထား။ ကျန်တဲ့တစ်ဖွဲ့ကိုတော့ ရွှီခဲ့ယွီကို အမိန့်ပေးခိုင်းလိုက်။ သူတို့ကို အရှေ့ပိုင်းကလာတဲ့ ယွီစန်းအင်ပါယာရဲ့ စစ်သားတွေကို ရင်ဆိုင်ခိုင်းရမယ်”

“ဟုတ်ကဲ့အရှင်”

ဝမ်ချောင်က အမိန့်တသီတတန်းကြီး ထုတ်သွားသည်။ အားလုံးက ရှင်းလင်းကာ ပြတ်သားသည်။ နောက်ဆုံးအမိန့်အတွက်ကမူ ဝမ်ချောင်က အရှိန်အဝါ ကြီးမြတ်သော လီစစ်ယဲ့၏ ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်သည်။

“လီစစ်ယဲ့ အသင့်ပြင်ထား။ ခဏနေရင် မင်းငါနဲ့လိုက်ပြီး ငါတို့ရဲ့ ယွီစန်းက မိတ်ဆွေဟောင်းအချို့ကို သွားတွေ့ရမယ်”

သူက မိတ်ဆွေဟောင်းများဟု ပြောချိန်တွင် သူ၏မျက်ဝန်းက တောက်ပသောအလင်းနှင့် ပေါက်ကွဲသွားသည်။

“ဟုတ်ကဲ့”

လီစစ်ယဲ့၏မျက်ဝန်းကလည်း တောက်ပသွားသည်။ သူက ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းသံကို ပေးလိုက်သည်ဟုပင် ထင်ရသေး၏။ သူ၏တောင်သဖွယ် ကြီးမားသော ခန္ဓာကိုယ်ကြီးက ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များနှင့်အတူ ပေါက်ကွဲလာသည်။ ဝမ်ချောင်က တိုက်ရိုက်မပြောသော်လည်း လူတိုင်းက သူရွေးချယ်မှုကို သိကြသည်။ ရှေ့တန်းတွင် အာရပ်စစ်တပ်ရှိပြီး နောက်တန်းတွင် တိဗက်စစ်တပ်ဖြစ်သည်။ သူတို့က နှစ်ဖက်မှညှပ်ပြီး တိုက်ခိုက်လေရာ အလွန်အမင်း ဆိုးရွားသည့် အနေအထားသို့ ရောက်နေလေသည်။ သို့သော်... အဲ့ဒီတော့ဘာဖြစ်လဲ။

တိုက်ခိုက် တိုက်ခိုက် ဒါကဆိုလိုရင်းပဲ။

အနောက်တောင်ပိုင်းမှာလည်း သူတို့က နောက်မဆုတ်ခဲ့ဘူး။ တြိဂံပုံမြေကွက်လပ်မှာလည်း သူတို့က နောက်မဆုတ်ခဲ့ဘူး။ ဒီမှာလည်း နောက်ဆုတ်မှာမဟုတ်ဘူး။

ဒါကမှာ မဟာထန်က ကိစ္စတွေကို ကိုင်တွယ်တဲ့ပုံစံပဲ။

ကုန်းမြေက ဘယ်အဖွဲ့အစည်းကမှ မဟာထန်ကို နောက်ဆုတ်အောင် မလုပ်နိုင်ဘူး။ သူတို့က သေချာပေါက် ဒူးမထောက်ဘူး။

ခြိမ်း

ရွှီခဲ့ယွီ၊ ချန်းပင်း၊ ကျောင်းကျင်းတရန်၊ ချန်းပုယွမ်၊ စွန်းကျစ်မင်၊ ခန်းကယ်ဘုရင် ဟွမ်ပေါ့ထန်း၊ ခုံးကျစ်အန်း၊ ရွှယ်ချန်းကျွင်းနှင့် အခြားသော အရာရှိတိုင်းက သူတို့၏ စစ်မြင်းအသီးသီးပေါ် တက်ပါသွားကြသည်။ မည်သူကမှ မည်သည့်မေးခွန်းကိုမျှ မမေးကြချေ။ ငြင်းဆန်မှုလည်းမရှိချေ။ ထိုတခဏတွင် လူတိုင်း၏ခေါင်းက အလင်းပွင့်သွားသလို ဖြစ်သွားသည်။ သူတို့အားလုံးက စိတ်အားထက်သန်မှု ပြင်းပြသော စိတ်ဆန္ဒများဖြင့် တောက်လောင်လာသည်။ ချီရှီစစ်တပ် တစ်ခုလုံးက ကြီးမားသောစက်ကြီးကို လှုပ်နှိုးလိုက်သလို အသက်ဝင်လာသလို ဖြစ်လာပြီး လျှင်မြန်စွာဖြင့် လည်ပတ်သည်။

မြို့ထဲသို့ဆုတ်ရန် အကြံပေးခဲ့သော ချန်းရှု့စွန်းကပင် တခဏခန့် ကြာပြီးနောက် အသိပြန်ဝင်လာသည်။ သူက ချက်ချင်းဆိုသလို မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး ဝမ်ချောင်၏အမိန့်အတိုင်းလုပ်ရန် ထွက်ခွာသွားသည်။

အခန်း(၈၉၅)

ဝုန်း

လက်မှုပညာရှင် ထောင်ပေါင်းများစွာက ရထားလုံးများပေါ် ခုန်တက်လိုက်ကြသည်မှာ ပုရွက်ဆိတ်များအလား ထင်ရသည်။ သူတို့က ဝမ်ချောင်၏ အမိန့်အတိုင်း လုပ်ဆောင်ကြ၏။ တာလာ့၏ အရှေ့ဘက်အကျဆုံး အပိုင်းသို့ ရောက်သွားသောအခါ မီးဖိုများကိုမွှေးကြသည်။ အထူးသဖြင့် အနက်ရောင် မီးခိုးလုံးများက မြောက်တက်လာသည်။ တဒုန်းဒုန်း တဒိုင်းဒိုင်းအသံများကလည်း လေထဲတွင် ပြည့်နှက်လာ၏။ ကြီးမားသော သံမဏိမော်ကျူးကြီးပေါင်း များစွာက မြေပြင်သို့ ခပ်မြန်မြန် ထိုးစိုက်ခံရသည်။ ထို့နောက် ဝရိန်ဆော်မှုများနှင့်အတူ အရှေ့ဘက်ခြမ်းတွင် ခိုင်မာသော မြို့ရိုးကြီးတစ်ခုက စတင်ကာ ဖြစ်တည်လာသည်။

ဝမ်ချောင်က ဒီနေ့တိုက်ပွဲအတွက် နှစ်လကျော်ကြာ ကြိုတင်ပြင်ဆင်ခဲ့သည်။ သူက ဗဟိုပြင်ကျယ်တခွင် တောက်လျှောက်မှ ပန်းပဲကလန်ကြီးများနှင့် အခြားသော ပန်းပဲစံအိမ်တိုင်းထံမှ အရင်းအမြစ်များ အရယူခဲ့သည်။ ဝူရှန်းမြို့သို့ မဆုံးနိုင်အောင် ရောက်လာခဲ့သော သံမဏိမော်ကျူးများကတင် ဒီအခြေအနေကို ကြိုမြင်နိုင်ပြီး ပြင်ဆင်ခဲ့သလိုမျိုး ထင်ရသည်။

မော်ကျူးတည်ဆောက်မှု၏ အကြီးမားဆုံးသော အားသာချက်က အရှိန်နှုန်းမြန်ဆန်ခြင်းဖြစ်သည်။

ဝမ်ချောင်၏ အမိန့်နှင့်အတူ ချီရှီကာကွယ်ရေးစစ်တပ်နောက်တန်း မြေကွက်လပ် တစ်နေရာတွင် မြင့်မားဖြောင့်တန်းသော သံမဏိမြို့ရိုးကြီးက ပေါ်လာသည်။ ထိုအရာက ထန်စစ်သည် တစ်သိန်းကျော်အတွက် ခုခံပေးနိုင်သော ခိုင်မာသည့် ခုခံရေးအားလှိုင်းဖြစ်သည်။

ဝမ်ချောင်က ဝူရှန်းတွင် တစ်ညတည်းနှင့် ကိုးကျန်းခန့်မြင့်သော ခိုင်မာသည့် သံမဏိမြို့ရိုးကို တည်ဆောက်ခဲ့သည်။ သူကသာ ဒီလိုမှင်သက်ဖွယ်ကောင်းသည့် လုပ်ရပ်မျိုးကို လုပ်နိုင်သည်။

တလိမ့်လိမ့် တက်နေသော မီးခိုးလုံးများအလယ်တွင် ထောင်ပေါင်းများစွာသော လက်မှုပညာရှင်များက ဆက်တိုက် လောင်းသူကလောင်း ပြင်ဆင်သူကပြင်ဆင်ကာ လုပ်နေကြပြီး အားလုံးက အစီအစဉ်တကျ လုပ်နေကြကာ အမြန်ဆုံးပြီးမြောက်အောင် ကြိုးစားနေကြသည်။ တခဏအတောအတွင်း သူတို့၏ လုပ်ဆောင်မှုများက မြန်ဆန်စွာ ပြီးမြောက်လာသည်။ အခြားတစ်ဖက်တွင်မူ စစ်သည်တစ်သိန်းကျော်က ဝမ်ချောင်၏ အမိန့်အတိုင်း စတင်ကာ လုပ်ဆောင်နေကြလေသည်။

“သွား သွား သွား”

သံမဏိခုခံရေးအားလှိုင်း ပထမအတန်း၏ရှေ့တွင် ဥက္ကာပျံသတ္တုသံချပ်ကာကို ဝတ်ထားပြီး ဝု့စ်သံမဏိဓားကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည့် ချန်းပင်းက အမိန့်ကို တစ်ခုပြီးတစ်ခု ထုတ်နေသည်။ လက်နက်ကြီးအဖွဲ့က အဖွဲ့ဝင်သုံးထောင်ရှိသည်။ သူက တစ်ထောင့်ငါးရာ တစ်ဖွဲ့စီခွဲပြီး နှစ်သုတ်ခွဲလိုက်သည်။ အဖွဲ့ဝင်များအားလုံးက သယ်ယူပို့ဆောင်ရေး ရထားလုံးကြီးများပေါ်သို့ တက်သည်။ ထို့နောက် လက်နက်ကြီးများကို သုံးသန်းခန့်ခွဲကာ နေရာချခင်းကြလေသည်။ ထိုသို့ဖြင့် လက်နက်ကြီးငါးရာကို အတန်းလိုက်စီသည်။ တစ်တန်းချင်းစီတိုင်းက သံမဏိမြို့ရိုး၏ အဟကြားနေရာများကို ကွက်တိ ချိန်ရွယ်ထားလေသည်။

သံမဏိမြို့ရိုးများက မြင်းတပ်ချီတက်မှုအတွက် အကောင်းဆုံး အဟန့်အတားဖြစ်သည်။ အာရပ်များကသာ ကျော်ဖြတ်လိုလျှင် သူတို့က ဝင်္ကပါကို ဖောက်ထွက်နိုင်ပြီး မြို့ရိုးအကြားမှ အဟကြားနေရာများကို ကျော်ဖြတ်ရပေလိမ့်မည်။ ထိုနေရာက လက်နက်ကြီးများချိန်ထားသောနေရာဖြစ်သည်။

လက်နက်ကြီး တစ်ထောင့်ငါးရာခန့်ကို ဆင်၍ပြီးသွားသောအခါ ခြေလျှင်တပ်များက ဒိုင်းများကိုသယ်ပြီး စတင်ကာ ရောက်ရှိလာကာ ဟာကွက်နေရာတိုင်းကို ရင်ဆိုင်ရန် တန်းစီလျှက် နေရာယူလေသည်။ အကြီးအသေးပါလာ့မှ စစ်သည်တော်များကလည်း ထိုခုခံမှုအတွက် တာဝန်ယူကြသည်။

ထိုတိုင်းပြည်နှစ်ခုမှ လူများက မဟာထန်မှ စစ်သားများလောက် ကျွမ်းကျင်ခြင်း မရှိကြသော်လည်း ဒီလိုမြင်းတပ်က လွှမ်းမိုးနိုင်သောခေတ်တွင် အကြီးအသေးပါလာ့က လူများက မတည်ရှိသလို ဖြစ်နေသည်။ သို့တိုင်အောင် သူတို့၏ လံှသမား၊ လှံတိုသမားများကမူ အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်။ သူတို့၏ လှံတိုများကိုသုံးရာတွင် အခြားသော အဖွဲ့အစည်းများမှ လှံတိုအဖွဲ့ဝင်များထက်ပင် တော်ကြလေသည်။

ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က သူတို့၏ စစ်သားများကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ပါလာ့၏ လှံတိုသမားများက မဟာထန်၏ ဒိုင်းကာသမားများနှင့် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နိုင်ပေလိမ့်မည်။ ဒီနည်းအားဖြင့် မြင်းတပ်ကို ရင်ဆိုင်ရာတွင် ကိုင်တွယ်နိုင်သည့် စိတ်ကူးယဉ်ခုခံရေးအားလှိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဝုန်း

အကြီးအသေးပါလာ့မှ စစ်သားများနှင့် မဟာထန်၏ လှံခြေလျှင်သမားများ၊ ဒိုင်းကာသမားများ အားလုံးက နေရာကွက်တိယူပြီးချိန်တွင် ခန်းကယ်ဘုရင်က သူ၏အညိုရောင်မြင်းကြီးကို စီးနင်းလျှက် ရှေ့သို့ရောက်လာသည်။ နောက်မှ ခန်းကယ်များနှင့် အခြားသော အနောက်ပိုင်းနယ်မြေမှ ကြေးစားစစ်သားအဖွဲ့များက နေရာယူလျှက် ပါလာသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံကြ။ ငါက မပြောမချင်း ဘယ်သူမှ နောက်မဆုတ်ရဘူး။ အမိန့်ကို ဖီဆန်တဲ့ကောင်တိုင်း ကွပ်မျက်ခံရမယ်”

ခန်းကယ်ဘုရင်၏ မျက်ဝန်းက ကြယ်စင်များကဲ့သို့ တောက်ပသည်။ သူက သံမဏိမြို့ရိုးကို ကျော်ဖြတ်ပြီး အနောက်မှ အနက်ရောင် ရေပြင်ကြီးကဲ့သို့ ဖြစ်နေသည့် အာရပ်များကိုကြည့်သည်။ ပတ်ပတ်လည်တွင် ရပ်နေကြသော ခန်းကယ်များက မားမတ်စွာ ရပ်နေကြသည်။ သူတို့က သေသပ်စွာပင် နေရာယူထားကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တောက်ပသည့် အလင်းများနှင့်အတူ တိုက်ခိုက်လိုစိတ်က အပြည့်ပါသည်။ အာရပ်များနှင့် မဟာထန် ရင်ဆိုင်ခြင်းက ခြင်္သေ့နှင့်ဆင် ရင်ဆိုင်သလိုဖြစ်နေသည်။ ဒီစစ်ပွဲတွင် သူတို့က ကိုယ်ရပ်တည်ရာနေရာကို ရှင်းရှင်းလင်းလင်း နားလည်ထားရန်လိုအပ်သည်။ ရွေးချယ်စရာ မလိုလောက်အောင် ခန်းကယ်များက မဟာထန်ဘက်မှ ရပ်တည်သည်။

“လာ ငါကဒီနေ့ တိုက်ပွဲမှာ သေသွားရင်တောင်မှ နောင်တမရှိဘူး”

ခန်းကယ်ဘုရင်မျက်ဝန်းက တောက်ပသည်။ သူ၏ အနက်ရောင်ဝတ်ရုံက လေတွင်လွင့်နေသည်။ သူ၏ တစ်ကိုယ်လုံးက စွမ်းအားများ စွမ်းအင်များနှင့်အတူ တောက်လောင်နေပုံပေါ်သည်။ ခန်းကယ်ဘုရင်က ဝမ်ချောင်၏ အမိန့်ပေးမှုအောက်တွင်ရှိသော သူတော်စင်သိုင်းအဆင့် ကျွမ်းကျင်ပညာရှင် အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ သူဟာ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီး လီစစ်ယဲ့ထက်ပင် အင်အားကြီးလေသည်။

ခန်းကယ်ဘုရင်က အမြဲတစေ မာနကြီးသည်။ အနောက်ပိုင်းနယ်မြေတွင် မည်သူကမှ သူ့ကို ဦးညွှတ်အောင် မလုပ်နိုင်ချေ။ သို့သော် ယခုအချိန်တွင် ထိုသို့မာနကြီးသော ခန်းကယ်ဘုရင်က ဝမ်ချောင်ထံ ဦးညွှန်ရန် ရွေးချယ်လိုက်သည်။

ခန်းကယ်များက တစ်ချိန်က အားနည်းသော နံဟောင်နေသည့်ဝက်များ ဖြစ်ခဲ့ရာမှ သူတို့၏ခန္ဓာကိုယ်ပေါ်မှ အရှက်တရားများကို ဆေးကြောလိုက်နိုင်ပြီး ဖြောင့်မတ်စွာ ရပ်နိုင်သွားကြပြီဖြစ်သည်။ ခန်းကယ်ဘုရင်ကလည်း ထိုအတွက်ကြောင့် မဟာထန်နှင့် ဝမ်ချောင်အား ကူညီပေးခဲ့သည့်အတွက် သူ၏ သေဆုံးမှုနှင့်ပင် ပြန်လည်ကျေးဇူးဆပ်လိုသေးသည်။

“လာ တိုက်ခိုက်”

ခန်းကယ်ဘုရင်က သူ၏ကြီးမားသော နတ်ဘုရားပုဆိန်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏ တစ်ကိုယ်လုံးတွင်ရှိသမျှ သွေးတိုင်းက ထိုးတက်လာသည်။

.....

ခြိမ်း

ခန်းကယ်ဘုရင်က သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် ထန်စစ်တပ် တစ်ခုလုံးကလည်း လျှင်မြန်စွာ လှုပ်ရှားနေကြသည်။ အထက်မှသာ ကြည့်မည်ဆိုလျှင် တာလာ့ဝန်းကျင် နေရာအလွတ်တိုင်းတွင် ရေတောက်လျှောက်စီးနေသလို မြင်ရပေလိမ့်မည်။ သို့သော် ရှုပ်ထွေးနေပုံ ပေါ်သည့်တိုင်အောင် ဂရုတစိုက်ကြည့်မည်ဆိုပါက အားလုံးက အစီအစဉ်တကျ အမိန့်အတိုင်း လှုပ်ရှားနေကြောင်း မြင်ရပေလိမ့်မည်။

ဝမ်ချောင်ကသာ စစ်သည်တစ်သိန်းကျော်သော စစ်တပ်တစ်ခုလုံးကို ထိုသို့ ခပ်မြန်မြန်ရွေ့လျားပြီး သေသေသပ်သပ်ရှိအောင် အစီအစဉ်တကျ အမိန့်ပေးနိုင်သည်။

သံမဏိမြို့ရိုး၏ ဒုတိယတန်း ခုခံရေးအားလှိုင်းတွင် ရှိနေသော ကျွမ်းကျင်ပညာရှင်များကမူ လက်မှုပညာရှင်များက သူတို့၏အလုပ်ကို ကြိုးစားနေသလို ထိုသံမဏိမြို့ရိုး အဟကြား နေရာတိုင်းတွင်လည်း လက်နက်ကြီးများရှိသည့် အဖွဲ့ဝင် တစ်ထောင့်ငါးရာခန့်က နေရာယူထားသည်။ ထိုအချိန်တွင် ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်များ၊ အန်းနန်ကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်များနှင့် တော်ဝင်ခုံရုံးမှ ပို့လိုက်သော စစ်သည်တော်တိုင်း... ချီရှီမှ ရောက်လာသော တပ်ကူ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က တိဗက်များကို ရင်ဆိုင်ရန် အရှေ့ဘက်သို့ ရောက်သွားကြသည်။

ခြေလျှင်တပ်၊ လှံတပ်၊ ဒိုင်းသမားနှင့် လက်နက်ကြီးအဖွဲ့မှ တစ်ဝက်ခန့်ကမူ အာရပ်နှစ်သိန်းကျော်ကို ရင်ဆိုင်အချိန်ဆွဲထားချိန်တွင် စစ်တပ်၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က သူတို့၏ လွှမ်းမိုးနိုင်လောက်အောင် ပြင်းထန်သည့် အရှိန်အားသာချက်ကို အရယူပြီး အားနည်းသော တိဗက်များကို ဖျက်ဆီးမည်ဖြစ်သည်။ ထိုသို့လုပ်ပြီးမှသာ သူတို့က နောက်ပြန်လှည့်ပြီး အာရပ်များကိုခုခံနိုင်၏။ ဝမ်ချောင်က ထိုအကြံကို နေရာတွင်ပင် ချခဲ့ခြင်းဖြစ်သည်။ ဒီနည်းလမ်းကလည်း နှစ်ဖက်လုံးမှ ရန်သူများကို ကိုင်တွယ်နိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

“လီစစ်ယဲ့ ငါ့နောက်လိုက်ခဲ့”

တိုက်ခတ်နေသော လေပြေအောက်တွင် ဝမ်ချောင်က သူ၏ ခွာဖြူအရိပ်မြင်းပေါ် ခုန်တက်လိုက်သည်။ ထိုသို့ဖြင့် ဒုတိယမြောက် ခုခံရေးအားလှိုင်းထံ သွားသည်။ သူက တာလာ့၏ အရှေ့ပိုင်းထံ ဦးတည်သည်။

“စစ်သားတိုင်း ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”

လီစစ်ယဲ့က လက်ကိုယမ်းလိုက်သည်။ ထိုသို့ဖြင့် ဝူရှန်းမြင်းတပ် ငါးထောင်ကို ဦးဆောင်လျှက် ဝမ်ချောင်၏နောက်သို့လိုက်သည်။

ဝမ်ချောင်က အရှေ့ပိုင်းသို့ စီးနင်းသွားချိန်တွင် သဲများနှင့်ဖုန်များက လေထဲသို့ မြောက်တက်လာသည်။

“အရှင်”

မြင့်မားသော တာလာ့မြို့ရိုးပေါ်မှ အန်းရှီဗိုလ်ချုပ်ပေါင်းများစွာက ထွက်ခွာသွားသော ဝမ်ချောင်ကို စိုးရိမ်တကြီး ကြည့်ကြသည်။ သူတို့အားလုံးက အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ကို လှည့်ကြည့်သည်။

“ရတယ် သူသွားပါစေ”

ကောင်းရှန်းကျစ်၏ မျက်ဝန်းအတွင်း တောက်ပသည့်အလင်း လက်လာသည်။ သူက ဝူရှန်းမြင်းတပ်ကို လှည့်ကြည့်သည်။

“နောက်ပြီး ဒါကသူ့ရဲ့ မိတ်ဆွေဟောင်းလေ”

ကောင်းရှန်းကျစ်က စစ်တပ်တွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ပြီး အမျိုးမျိုးသော အဖွဲ့အစည်းတိုင်းကို သူ၏လက်ခုံကဲ့သို့ ကောင်းကောင်း နားလည်နေသည်။ အနက်ရောင်နောက်ခံနှင့် တိဗက်နွားလားအဖြူရောင်အလံကြီး ပေါ်လာခဲ့ချိန်ကတည်းက ကောင်းရှန်းကျစ်ဟာလည်း ဒါက ဝမ်ချောင်၏ သေဖော်သေဖက် ရန်သူဖြစ်ကြောင်း ... အနောက်တောင်ပိုင်းမှ သာ့လွန်ရော့ကျန်း ရောက်လာခြင်းဖြစ်ကြောင်း သိလိုက်သည်။ သူတို့နှစ်ယောက်လုံးက ကုန်းမြေမှ ကျော်ကြားသည့် လက်ရွေးစင်ဗိုလ်ချုပ်ကြီးများအဆင့် ဖြစ်နေသည့်တိုင်အောင် နာ့ယိတော်ဝင်တပ်ရင်းမှ ဉာဏ်ကောင်းလွန်းသော ဗျူဟာပညာရှင်နှင့် အခြားသော အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်တို့က ဘယ်သောအခါမှ မဆုံဖူးချေ။

ထို့ကြောင့် ဝမ်ချောင်သွားတွေ့ခြင်းက ပို၍သင့်တော်လေသည်။

ခြိမ်း

ဝမ်ချောင်က ထိုသို့ ထွက်ခွာသွားချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ မြေကြီးက တုန်ခါသွားသည်။

ခြိမ်း

ဖုန်မှုန့်များက မြူပင်လယ်အလား တောင်ကုန်းအနားမှ လိမ့်တက်လာသည်။ မြူပင်လယ်အကြားတွင် မနက်ခင်းနေရောင်က အောက်ဘက်သို့ ထိုးဖောက်လာသဖြင့် စစ်မြင်းထောင်ပေါင်းများစွာက အရိပ်ကဲ့သို့ ရွေ့လျားလာကြောင်း မြင်လိုက်ရသည်။

လင်းတများ၏ အော်သံများကလည်း ထွက်လာသည်။ ကြီးမားသော ထိုလင်းတရာကျော်က စစ်တပ်၏ နောက်တန်းမှ ထွက်လာပြီး ကောင်းကင်တွင် လှည့်ပတ်ကာ ပျံသန်းလျှက် နေရောင်ကို ပိတ်ဆို့သည်။

တိဗက်မြင်းတပ် သောင်းကျော်၏အလယ်တွင် အနက်ရောင် အလံကြီးက လွင့်ထူနေသည်။ တိဗက်များ၏ အရိပ်အောက်တွင် ထိုအလံကြီးက လေတွင်လွင့်နေသည်။ ထိုအလံအောက်တွင် ပညာသင်သား တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည့် ကျော့ရှင်းကြည့်ကောင်းသော အပြာရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်ရသည်။

ဝုန်း

တာလာ့၏ အရှေ့မှ မီးပြင်းဖို ထောင်ပေါင်းများစွာက ထွက်လာသော မီးခိုးများက လေထဲသို့ မြောက်တက်သွားချိန်တွင် လက်မှုပညာရှင်ပေါင်းများစွာက လျှင်မြန်စွာဖြင့် လုပ်ဆောင်ကြလေပြီး မြင့်မားရှည်လျားလွန်းသည့် သံမဏိမြို့ရိုးကြီးကို ထူထောင်လိုက်ခြင်းက တိဗက်တိုင်း၏ မျက်နှာကို ဖြူဖျော့သွားစေသည်။ ထန်များက သူတို့ကို တစ်ဆယ့်ရှစ်လီအကွာမှ တွေ့ခဲ့သည်။ သို့တိုင်အောင် ထိုသို့ ပြင်ဆင်နိုင်ခဲ့၏။ သူတို့ရောက်လာသည့် အချိန်တွင်မူ မှင်သက်ဖွယ်ကောင်းလောက်အောင် ဖြောင့်တန်း မြင့်မားလွန်းသည့် ခုခံရေးအားလှိုင်းကြီးကို ဖန်တီးလိုက်နိုင်ကြောင်း မြင်ရသည်။

ထိုမြို့ရိုးများကို တည်ဆောက်နိုင်စွမ်းအားက တိဗက်တိုင်းကို မှင်သက်သွားစေသည်။

“မဟာအမတ်”

အားလုံးက သာ့လွန်ရော့ကျန်းကို လှည့်ကြည့်ပြီး သူ၏ဆုံးဖြတ်ချက်ကို စောင့်ကြသည်။

အဝေးတွင် လျှင်မြန်စွာ ချဉ်းကပ်လာသော မြင်းတပ်က ပြိုင်ဘက်များ သတိလက်လွတ် ဖြစ်နေချိန်တွင် အခွင့်ကောင်းအရယူကာ ခြုံခိုတိုက်ခိုက်လိုခဲ့သည်။ သို့သော် သူတို့၏ ပြိုင်ဘက်ကမူ ကြိုတင်ပြင်ဆင်ခဲ့သည်မှာ ရှင်းလင်းနေလေရာ သူတို့၏ အားသာချက်က မရှိနိုင်တော့ချေ။

“မဟာအမတ် ငါတို့ဘယ်လိုလုပ်ကြမလဲ။ သူကဒီလောက်မြန်မြန် ကိုင်တွယ်နိုင်ခဲ့တယ်။ ကြည့်ရတာ သူက အရင်ထက်တောင် ပိုမြန်အောင် တည်ဆောက်သွားနိုင်တဲ့ပုံပဲ”

နောက်တန်းမျ မြင့်မားထောင်မောင်းသော ပုံရိပ်တစ်ခုက ပေါ်လာပြီး တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့် ဝမ်ချောင်၏ပုံရိပ်ကို လှမ်းကြည့်သည်။ သူ၏မျက်ဝန်းအတွင်း စိုးရိမ်မှုများ ရှိနေသည်။

သာ့လွန်ရော့ကျန်းက ဘာစကားမှမပြောချေ။ သူ၏မျက်ဝန်းက ချဉ်းကပ်လာသော ပုံရိပ်ထံတွင်သာ ရှိနေသည်။ သူ၏မျက်မှောင်က တဖြည်းဖြည်းချင်း ကျုံ့လာသည်။

သူ၏အင်အားစုများကို ဝမ်ချောင်က ရှာတွေ့ချိန်ဟာ တာလာ့နှင့် တစ်ဆယ်ရှစ်လီအကွာတွင်ဖြစ်သည်။ သို့သော် မြင်းတပ်က ချီတက်သော အရှိန်နှုန်းအရ ဝမ်ချောင်က သတင်းရချိန်က တစ်ဆယ့်လေးလီ အကွာမှသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် ဒုတိယတစ်ကြိမ် အတည်ပြုရန် လိုအပ်သေးလေရာ ဝမ်ချောင်အနေဖြင့် ဆယ်လီအကွာခန့်မှသာ ထိုအခြေအနေကို အတိအကျသိနိုင်ပေလိမ့်မည်။

ထိုအကွာအဝေးတွင် သာ့လွန်ရော့ကျန်းအနေဖြင့် သူရောက်လာသောအခါ ဝမ်ချောင်၏စစ်တပ်ကို အနည်းငယ်တော့ဖြင့် မွှေနှောက်နိုင်ဦးမည်ဟု ယုံကြည်ခဲ့သည်။ သို့သော် အရှေ့မှ အခြေအနေအရ သူမျှော်လင့်ထားသည်နှင့် ခြားနားသွားသည်။

သာ့လွန်ရော့ကျန်းသိသမျှ အမိန့်ပေးနိုင်သော စစ်သေနာပတိချုပ် ဗိုလ်ချုပ်တိုင်းတွင် ဝမ်ချောင်တစ်ယောက်တည်းကသာ အချိန်တိုအတွင်း စစ်တပ်တစ်ခုလုံးကို ထိုသု့ိ အစီအစဉ်တကျ အမိန့်ပေးနိုင်စွမ်းအားရှိလေသည်။

WC PD 49 ပြီးပါပြီ

WC PD 50

All Chapters