← Chapters

အခန်း (၈၉၆-၉၀၀)

Vol. 50 Ch. 896-900

အခန်း (၈၉၆-၉၀၀)

Vol. 50 Ch. 896-900

Docs Update တင်ပုံ ပြောင်းထားပါတယ်နော်။ တစ်ပတ်ကို တစ်ခါ တက်မှာပါ။ မင်မင်က နေ့တိုင်း မတက်ပေးနိုင်လို့ တစ်ပတ်စာ တင်မဲ့အပိုင်းတွေကို တစ်ခါတည်း တင်ပေးတော့မှာပါ။

အခန်း(၈၉၆)

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ စစ်သားတိုင်း လှုပ်ရှားတာကို တားမြစ်တယ်”

သာ့လွန်ရော့ကျန်းက ထိုသို့ ရုတ်ချည်းကျုံးဝါးလိုက်သည်။ သူ၏မျက်ဝန်းအတွင်း ထက်ရှသော အလင်းက လက်လာသည်။

“အဲ့ဒီလူအတွက်ကတော့ မင်းနဲ့ငါနဲ့ သူ့ကို အနောက်တောင်ပိုင်းမှာ တွေ့ခဲ့ပြီးသား။ သူ့ရဲ့စွမ်းအင်နဲ့ဆိုရင် ဒီလိုလုပ်ရတာက ပုံမှန်ပဲမဟုတ်ဘူးလား။ ဒါ့အပြင် ဒီလိုလူမျိုးကို အနိုင်ရမှ ဒီတိုက်ပွဲက အဓိပ္ပာယ်ရှိတော့မှာပေါ့ မဟုတ်ဘူးလား”

သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။ သူက မြင်းကိုရှေ့သို့နှင်၏။ ထိုသို့ဖြင့် တာလာ့ထံမှလာသော ထန်နေသည့်လေကို အံ့တုလျှက် တောင်ကုန်းပေါ်မှ ဆင်းသက်လိုက်သည်။ ထိုအချိန်တွင် သူ၏အကြည့်က အဝေးရှိ (၁၇)နှစ်အရွယ်လူငယ်လေးထံတွင်သာ ရှိသည်။ ဒီလောကတွင် မဟာထန်မှ သူ့ထံမြင်းစီးလာနေသည့် ထိုလူငယ်မှလွဲပြီး မည်သည့်အရာကမှ သူ၏အာရုံကို မဆွဲဆောင်နိုင်ချေ။

......

“အရှင်အမတ် သာ့လွန်ရော့ကျန်း လာနေပါပြီ”

အဝေးရှိ လီစစ်ယဲ့၏မျက်ဝန်းက တောက်ပသွားပြီး ဝမ်ချောင်ကိုလှည့်ကြည့်သည်။

“အွန်း”

ဝမ်ချောင်က ဖျော့တော့စွာသာပြုံးသည်။ သာ့လွန်ရော့ကျန်းက သူနှင့်အတူ လူအနည်းငယ်သာ ခေါ်လာသည်။ မည်သူကမှ လက်ရွေးစင်မဟုတ်ချေ။

“ဒီနေရာမှာ ငါ့ရဲ့အမိန့်ကိုစောင့်နေ။ ငါသာ့လွန်ရော့ကျန်းကို သွားတွေ့လိုက်မယ်”

“ဒါက...”

လီစစ်ယဲ့က တခဏခန့် တုန့်ဆိုင်းသွားသည်။ တစ်စုံတစ်ရာ ဖြစ်လာမည့်အရေးကို စိုးရိမ်မိ၏။ သို့သော် အဆုံးသတ်တွင် ခေါင်းသာညိမ့်လိုက်သည်။ ဝမ်ချောင်က အင်အားကြီးသထက် ကြီးလာလေရာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်များကပင် သူ့ကို မခြိမ်းခြောက်နိုင်တော့ချေ။ မဟာဗိုလ်ချုပ်ကြီးများကလွဲပြီး သူ့ကို မည်သူကမှ မခြိမ်းခြောက်နိုင်တော့ချေ။ ပို၍ဆိုးသည်မှာ သာ့လွန်ရော့ကျန်းက အရှင့်ကိုတွေ့ရန် လာနေခြင်းဖြစ်ကြောင်း သေချာနေသည်။

သာ့လွန်ရော့ကျန်းက ရှုံးသွားခဲ့သော အနောက်တောင်ပိုင်းတွင် အရှင်ကလည်း နာမည်ကြီးမားအောင် လုပ်နိုင်ခဲ့သည်။ သူတို့နှစ်ယောက်က ရန်သူဖြစ်ရန် ကံကြမ္မာ ပါလာပြီးသားဖြစ်သည်။ ယခုလို တွေ့ဆုံသည့်တခဏတွင် မည်သူကမှ ဝင်ပါခွင့်မရှိချေ။

ဒုန်း ဒုန်း ဒုန်း

မြင်းခွာသံများက ကျယ်လောင်နေပြီး မြေကမ္ဘာက တုန်ဟီးနေသည်။ လူတိုင်းကလည်း တိတ်တဆိတ် စောင့်နေကြ၏။ အာရပ်ထံမှတဆင့် အနောက်ပိုင်းသို့လာသည့် မြေသားတုန်ခါသည့် အရှိန်နှုန်းက မြန်ဆန်လာသည်။ လူတိုင်းကလည်း ပုံရိပ်နှစ်ခု အချင်းချင်း နီးကပ်သွားသည့် မြင်ကွင်းကိုသာ ကြည့်နေကြသည်။ ကောင်းရှန်းကျစ်ကပင် အရှေ့မြောက်ပိုင်းအကျဆုံး မြို့ရိုးနားတွင်ရပ်လျှက် ကြည့်နေသည်။

တိဗက်များပေါ်လာခြင်းက တာလာ့၏ တိုက်ပွဲနယ်မြေမှ အရေးပါသော အပိုင်းအစတစ်ခုဖြစ်သည်။ တိဗက်ခုနှစ်သောင်းခန့်ပါသော မြင်းတပ်က ဒီတိုက်ပွဲကို ကြိုးကိုင်ရန် လုံလောက်နေလေသည်။ ကောင်းရှန်းကျစ်ကပင် တိုက်ပွဲက ဖြစ်လာမည့် အနေအထားမျိုးကို သိချင်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် တပ်ဖွဲ့တိုင်း ငါ့ရဲ့အမိန့်ကိုနာခံဖု့ိ အဆင်သင့်ပြင်ထားကြ”

ကောင်းရှန်းကျစ်ကပြောသည်။

“ဟုတ်ကဲ့အရှင်”

အန်းရှီဗိုလ်ချုပ်တစ်ယောက်က နောက်လှည့်ပြီး ထွက်ခွာသွားသည်။

.....

ဖုန်မှုန့်များ၊ သဲများအကြားတွင် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ပုံရိပ်နှစ်ခုက အချင်းချင်း တွေ့ဆုံသွားသည်။ လူထောင်ပေါင်းများစွာ၏ အကြည့်ကသူတို့ထံ ရောက်နေ၏။ ကျန်းငါးဆယ်ခန့်သာ ကွာဝေးတော့သော အချိန်တွင် လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လျှက် ရပ်လိုက်ကြသည်။ သူတို့အကြားတွင် လျှပ်စီးကဖြတ်ကနဲလက်သွားသလို ထင်ရ၏။

“ဝမ်ချောင် မတွေ့ရတာကြာပြီ”

တစ်ဖက်ခြမ်းမှ အသံထွက်လာသည်။ သာ့လွန်ရော့ကျန်းက မြင်းဇာတ်ကြိုးကို ဆွဲလိုက်သည်။ သူ၏နှုတ်ခမ်းတွင် ဖျော့တော့သောအပြုံးက ပေါ်လာ၏။

“ငါတို့ အနောက်တောင်ပိုင်းကစပြီး ကွဲသွားခဲ့တာ နှစ်ဝက်လောက်ကြာသွားပြီ။ ဂုဏ်ယူပါတယ် ဒီအချိန်တို အတောအတွင်းမှာ မင်းက လေးစားဖွယ်ကောင်းတဲ့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ နေရာကို ရသွားပြီ။ မဟာထန်ရဲ့ သမိုင်းမှာတောင် မင်းလောက်ငယ်တဲ့ ကာကွယ်ရေးဗိုလ်ချုပ် တစ်ယောက်မှ မရှိခဲ့ဘူး”

ဝမ်ချောင်ကရယ်သည်။

“ခင်ဗျားရဲ့စကားတွေက လွန်လွန်းအားကြီးနေပါပြီ။ ငါတို့အရင်တစ်ခေါက် တွေ့ဆုံခဲ့တဲ့အချိန်မှာ မဟာအမတ်က ချောက်ကမ်းပါးတွေကို ကျော်လွန်ပြီး တည်ရှိနေတဲ့ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်တဲ့ တောင်တန်းလို ပေါ်ထွက်လာခဲ့တာမဟုတ်လား။ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သလို ယုံကြည်အားကိုးထိုက်ပါပေတယ်။ သဲလွန်စမကျန်အောင် နေရာအကျယ်ကြီးကို လျှင်လျှင်မြန်မြန် ချီတက်လာနိုင်တဲ့အပြင် ငါ့ရဲ့ငှက်တွေနဲ့ အန်းရှီကာကွယ်ရေးစစ်တပ်ကပါ သတိမထားမိအောင် ရှောင်ရှားနိုင်ခဲ့ကတည်းက မဟာအမတ်ကို ဘယ်သူကမှ အထင်မသေးရဲပါဘူး”

သာ့လွန်ရော့ကျန်းက တွက်ဆလျှက် ပြောဆိုနေသလို ဝမ်ချောင်ကလည်း သာ့လွန်ရော့ကျန်းကို တွက်ဆနေသည်။

သာ့လွန်ရော့ကျန်းက ပိန်သထက် ပိန်သွားသည်။ ဝမ်ချောင်၏အမြင်တွင် သာ့လွန်ရော့ကျန်းက သူ၏ အောင်မြင်မှုတိုင်းကို ဆေးကြောခံလိုက်ရသလိုမျိုး ထက်ရှမှု ပျောက်ဆုံးသွားလေပြီး ချုပ်ထိန်းမှုက အစားထိုးလိုက်သည်။ သို့သော် ထိုအခြေအနေက ကိုင်တွယ်ရ ပိုခက်သွားစေသည်။ သာ့လွန်ရော့ကျန်းက တာလာ့သို့ တိတ်တဆိတ် ချီတက်နိုင်ပြီး ပြီးပြည့်စုံသော အချိန်ကို ရွေးချယ်ခဲ့၏။ ဒီနည်းအားဖြင့် ဝမ်ချောင်ကို အလွန်အမင်း အားနည်းသော အနေအထားမျိုးသို့ ပို့လိုက်သည်။

“မင်းရဲ့စကားတွေကလည်း လွန်လွန်းနေပါပြီ။ အဆုံးသတ်မှာ ငါ့ကိုမင်း တွေ့သွားခဲ့တာမဟုတ်လား”

သာ့လွန်ရော့ကျန်းက ထိုသို့ပြန်ဖြေသည်။ သူ၏နှုတ်ခမ်းတွင် အပြုံးပါးပါး ရှိနေသေး၏။ သူတို့က တိုက်ပွဲနယ်မြေမှ ရန်သူများဖြစ်နေသည့်တိုင်အောင် သာ့လွန်ရော့ကျန်းက သူ၏ ခပ်အေးအေးဖြစ်နေပြီး ကျော့ရှင်းကြည့်ကောင်းသည့် ဟန်ချက်ကို ထိန်းထားသည်။

“ငါတို့နှစ်ဝက်လောက် ကွဲသွားပြီးတဲ့နောက်မှာ ဒီလူက တော်ဝင်မြို့တော်ရဲ့ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ အချိန်တိုင်းလိုလို ကာကွယ်ရေးဗိုလ်ချုပ်ကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ငါတို့ အနောက်တောင်ပိုင်းမှာ စတွေ့ခဲ့တဲ့အချိန်က မင်းငါ့ကို ပေးခဲ့တဲ့လက်ဆောင်ကို မှတ်မိလား။ နာ့ယိတော်ဝင်တပ်ရင်းက ထောင်ပေါင်းများစွာသော လီတိုင်းက ကန္တာရဖြစ်နေပြီ။ မြက်ခင်းပြင်ကတော့ စိမ်းလန်းနေတုန်းပဲ။ ဒါပေမဲ့ ကျွဲတွေ၊ သိုးတွေ မရှိတော့ဘူး။ ဒီတော့ အရင်တစ်ခေါက်ကလို ဆောင်းတွင်းဘက်မှာ ရေနဲ့အစားအသောက် ရှားနိုင်တဲ့ ပြဿနာတွေကို စိုးရိမ်ဖို့မလိုတော့သလို နွားကျောင်းသားတွေကိုလည်း စိုးရိမ်ဖို့မလိုတော့ဘူး။ ဒါက မင်းကငါတို့ကို ချီးမြှင့်ပေးလိုက်တဲ့ ကိစ္စပဲမဟုတ်လား။ ဒီသာ့လွန်ရော့ကျန်းကလည်း သဘောတကျနဲ့ မှတ်မိပါသေးတယ်။ ဒီလိုနဲ့ ဒီမှတ်ဉာဏ်ကို နှလုံးသားထဲမှာ ထွင်းထုထားတယ်။ ဒါကြောင့် ဒီနိမ့်ကျတဲ့လူက ဒီနေ့ မင်းအတွက် အထူးတလည် ပြင်ဆင်ထားတဲ့ လက်ဆောင်နဲ့အတူ ရောက်လာခဲ့တာပေါ့”

အားလုံးက တိတ်ဆိတ်နေသည်။ သာ့လွန်ရော့ကျန်း၏ အသံကသာ ထိုနေရာတစ်ခုလုံးကို ဟိန်းထွက်ကာ လွှမ်းမိုးလိုက်၏။ သူ၏မျက်နှာတွင် ဖျော့တော့သောအပြုံးက ရှိနေသည်။ သူက သာမာန်အကျဆုံး ကိစ္စတစ်ခုကို ပြောနေသလို ထင်ရသည်။ သို့သော် အခြားတစ်ဖက်မှ လီစစ်ယဲ့ကမူ သူ၏နှလုံးသားက ခုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ အနောက်တောင်ပိုင်းမှ စစ်ပွဲတွင် ဝမ်ချောင်က စစ်သားတအုပ်ကို တောင်ပေါ်ဒေသသို့လွှတ်ပြီး ကပ်ဘေးကိုဖြန့်ခိုင်းခဲ့သည်။ အထူးသဖြင့် နာ့ယိတော်ဝင်တပ်ရင်းနေရာတွင် ဖြစ်သည်။ လီစစ်ယဲ့က ထိုအမိန့်ကို လုပ်ဆောင်ခဲ့ရသူဖြစ်သည်။

သာ့လွန်ရော့ကျန်း၏ စကားအရ နာ့ယိတော်ဝင်တပ်ရင်း၏ မြေပြင်ဟာ စိမ်းလန်းနေသည်ဟုပြောသည်။ ထိုစကားကမှန်သည်။ သို့သော် အနောက်ပိုင်းစကားကမူ ထိုနေရာက ကန္တာရဖြစ်သွားပြီး နာ့ယိတော်ဝင်တပ်ရင်းတစ်ခုလုံးက ပြိုလဲကျသွားသည်ဟုဆိုသည်။ လီစစ်ယဲ့ကိုယ်တိုင်ကလည်း ထိုသတင်းကို ရထားခဲ့ပြီးသားဖြစ်သည်။ ယွီစန်းအင်ပါယာက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံနေရသည်။ သာ့လွန်ရော့ကျန်းက နာ့ယိတော်ဝင်တပ်ရင်း၏ မဟာအမတ်ဖြစ်သည့်အတွက် သူက ဝမ်ချောင်ကို နှစ်ဝက်လုံးလုံး မှတ်မိနေသည်ဟု ပြောလိုက်ခြင်းဟာ သူ၏ရင်ထဲမှအညိုးက မည်မျှကြီးကြောင်း သိနိုင်သည်။

“ကြင်နာတတ်တဲ့လူက စစ်သားတွေကို အမိန့်ပေးလို့မရဘူး။ ဖြောင့်မတ်မှန်ကန်တဲ့သူက ကြွယ်ဝခြင်းကို ဖမ်းဆုပ်နိုင်မှာမဟုတ်ဘူး”

ဝမ်ချောင်က ထိုသို့ ခံစားချက်မဲ့စွာပြောသည်။ သူက သာ့လွန်ရော့ကျန်း၏ စကားကြောင့် မျက်ခုံးပင်မလှုပ်ချေ။

“စစ်အနုပညာက သတ်ဖြတ်မှုအနုပညာအကြောင်း ထည့်သွင်းရေးသားထားတာပဲ။ ငါတို့က ရန်သူတွေဆိုမှတော့ ငါတို့ကြားမှာ ကြင်နာမှုကို ထည့်ပြောဖို့မလိုတာက ပုံမှန်ပါပဲ။ မဟာအမတ်ကလည်း နာ့ယိတော်ဝင်တပ်ရင်းရဲ့ တာဝန်ခံတွေထဲက တစ်ယောက်ဖြစ်တော့ ဒီလိုအချက်ကို နားလည်မယ်လို့ထင်တယ်။ အမှန်တိုင်းပြောရရင် ငါက အင်ပါယာကြီးတစ်ခုလုံးကို ကပ်ဘေးဖြန့်ချင်ခဲ့တာ။ အာ ခင်ဗျားတို့ရဲ့ တိုင်းပြည်က အင်ပါယာ မဟာအမတ်မင်းက ဝင်ပါခဲ့ပြီး ဒီကိစ္စကို တားလိုက်နိုင်တဲ့ပုံပဲ”

နာ့ယိတော်ဝင်တပ်ရင်းမှ လူမည်မျှ သေသွားစေခဲ့စေကာမူ ဝမ်ချောင်ကမူ ခံစားချက် အားလှိုင်းပင် လှုပ်သည်ဟု မခံစားရချေ။ မည်သို့ပင်ဆိုစေ ဒါက စစ်၏ရက်စက်မှု အမှန်တရားဖြစ်သည်။ ယွီစန်းကသာ မရှုံးလျှင် မဟာထန်က ရှုံးရပေလိမ့်မည်။ အရှုံးက ကြီးမားသွားနိုင်၏။ ပို၍ဆိုးသည်မှာ ယွီစန်းနှင့် မာန်ရှဲ့ကျောင်းတို့က မဟာမိတ်ဖွဲ့ထားကြလေရာ သူတို့က တန်ကြေးပေးဆပ်ရန် လိုအပ်သည်။

“ဟား ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ်ပြောတာ မှန်ပါတယ်။ သာ့လွန်ရော့ကျန်းက ရှုံးသွားတယ်။ ဒီတော့ ရှုံးတဲ့လူက ပြောစရာမရှိပါဘူး”

သာ့လွန်ရော့ကျန်းကရယ်သည်။

“ဒါပေမဲ့ ဒီစစ်ပွဲမှာ အနိုင်နဲ့အရှုံးက ဘယ်လိုပဲဖြစ်ဖြစ် အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကတော့ ဒီအပြုအမူကို အဆုံးထိ ထိန်းထားနိုင်ဖို့ မျှော်လင့်တယ်”

“စိတ်အေးအေးထား မဟာထန်က ဘယ်တော့မှမရှုံးဘူး”

ဝမ်ချောင်က သာ့လွန်ရော့ကျန်းကိုကြည့်ပြီး ခိုင်မာစွာပြောလိုက်သည်။ သူ၏ ကြယ်ရောင်တောက်ပသော မျက်ဝန်းများက တင်းမာသော အလင်းများဖြင့် တောက်ပလာသည်။

ဝုန်း

ဝမ်ချောင်၏စကားက သာ့လွန်ရော့ကျန်း၏ စိတ်အခြေအနေကို ပြောင်းလဲစေပြီး သူ၏နှုတ်ခမ်းမှ အပြုံးကိုလည်း လျော့ပါးသွားစေသည်။ သူ၏အမူအရာက တင်းမာသွား၏။ ရန်သူနှစ်ယောက်က အချင်းချင်း စိုက်ကြည့်နေကြသည်။ သူတို့မျက်ဝန်းထဲမှ မီးထတောက်မတက် ဖြစ်နေသည်။ မည်သူကမှ မည်သည့်စကားမှ မပြောကြသော်လည်း သူတို့ကလည်း တစ်ဖက်စီမှလာသည့် ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များကို ခံစားမိကြသည်။

အခြေအနေ တစ်ခုကြာပြီးနောက် သာ့လွန်ရော့ကျန်းက ပြုံးသည်။ သူကဝမ်ချောင်ကိုကြည့်ပြီး အနောက်ဘက်မှ သံမဏိခုခံရေးအားလှိုင်း နှစ်လှိုင်းကိုကြည့်သည်။ ထို့နောက် အာရပ်စစ်တပ်များကို ကြည့်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ဒီလောက်မြန်မြန် မကျုံးဝါးသင့်သေးဘူး။ အမြင့်ဆုံး အောင်မြင်မှုက ရေလိုပဲ။ အမြဲတမ်းစီးနိုင်တယ်။ ဘယ်တော့မှမရပ်ဘူး။ အရာအားလုံးက ပြောင်းလဲနိုင်တယ်။ မဟာထန်ကလည်း အနိုင်ကိုထာဝရ မယူထားနိုင်ပါဘူး”

“ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဟာထန်က မရှုံးဘူး။ အနည်းဆုံး ငါဒီမှာရှိနေသမျှ မဟာထန်က ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး”

ဝမ်ချောင်က ခပ်ပေါ့ပေါ့သာပြောသည်။ သူ၏အသံက မကျယ်လွန်းသလို မတိုးလွန်းချေ။ သို့သော် ယုံကြည်မှုအပြည့်ပါသည်။

ဒီလောကတွင် မည်သူကမှ ထိုသို့မပြောရဲချေ။ သာ့လွန်ရော့ကျန်းကဲ့သို့ ကောက်ကျစ်သော ဗျူဟာပညာရှင်နှင့် ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကဲ့သို့ လူမျိုးကပင် အလျင်စလို မလှုပ်ရှားရဲချေ။ သို့သော် ဝမ်ချောင်ကမူ ထိုသို့ပြောရန် ယုံကြည်မှုအပြည့်ရှိသည်။

“ဟား ဟား ဟုတ်လား ဒါဆိုလည်း ကာကွယ်ရေးဗိုလ်ချုပ်က အနောက်တောင်ပိုင်းက ကိစ္စကို တဖန်လုပ်ပြနိုင်ပြီး ပိုပြီးမြင့်မြတ်တဲ့ အရှိန်အဝါတွေနဲ့ ငါတို့ရဲ့ မဟာအင်ပါယာသုံးခုကို လွှမ်းမိုးနိုင်ဖို့ မျှော်လင့်ပါတယ်”

သာ့လွန်ရော့ကျန်းက ခပ်တိုးတိုး ရယ်သံနှင့်အတူပြောသည်။ သူကလည်း ဆက်လက်ပြီး ငြင်းခုံမနေတော့ဘဲ မြင်းကိုနောက်သို့ လှည့်လိုက်လျှက် သူ၏ဘက်သို့ ပြန်သွားသည်။

“အရှင်အမတ် ကျွန်တော်တို့ သူ့ကိုသတ်သင့်လား”

ရွှယ်ချန်းကျွင်းက ဝမ်ချောင်၏ နားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

ဝမ်ချောင်က သူနှင့်အတူ အစောင့်လေးယောက် ခေါ်လာသည်။ ထိုထဲတွင် ရွှယ်ချန်းကျွင်းလည်းပါသည်။ သူက အနောက်တောင်ပိုင်းက စစ်ပွဲတွင် မပါဝင်ခဲ့ချေ။ သို့သော် သာ့လွန်ရော့ကျန်း၏ ကျော်ကြားသည့် သတင်းများကို ကြားထားဖူးပြီးသားဖြစ်သည်။

သာ့လွန်ရော့ကျန်းက တိဗက်များ၏ ယခုနေရာအထိ ရောက်လာနိုင်ခဲ့သော ကိစ္စများ၏ နောက်ကွယ်မှ ဗျူဟာပညာရှင် ဖြစ်ပေလိမ့်မည်။ သူ့ကိုသာ သတ်လိုက်လျှင် တိဗက်များကလည်း အထိနာသွားပေလိမ့်မည်။

“လီငါးဆယ်က နည်းနည်းတော့ဝေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အရှိန်နှုန်းနဲ့ဆိုရင် အခွင့်အရေးရှိပါတယ်”

“မလိုဘူး”

ဝမ်ချောင်၏ ရွှယ်ချန်းကျွင်း၏ အကြံကို ချက်ချင်းငြင်းသည်။

“နောက်တန်းမှာ အသင့်နေရာယူထားတဲ့ အဲ့ဒီတိဗက်ကိုမြင်လား”

ရွှယ်ချန်းကျွင်းက ခေါင်းညိမ့်ကာ ထိုလူကိုကြည့်သည်။ ထိုလူက မနက်ခင်းနေမင်းကို ကျောပေးထားသဖြင့် သူ၏မျက်နှာကို မြင်ရန်ခက်ခဲသည်။ သို့သော် သူ၏ဝတ်စုံကတဆင့် သူဟာ တိဗက်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး အလွန်ရင်းနှီးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း သိလိုက်သည်။ ရွှယ်ချန်းကျွင်းက မျက်မှောင်အသာကျုံ့သည်။ တခဏခန့်ကြာပြီးနောက် သူက နားလည်မှုအပြည့်နှင့် မျက်လုံးပြူးသွားသည်။

“ဒါက တုစုန့်မာန်ဖော်ကျဲ့ပဲ”

ဝမ်ချောင်က ရယ်သည်။ ထို့နောက် ခေါင်းပြန်လှည့်၏။

“သွားမယ်”

.....

ဝမ်ချောင်က ထွက်သွားသည့်အချိန်တွင် သာ့လွန်ရော့ကျန်းက တုစုန့်မာန်ဖော်ကျဲ့နှင့်ဆုံသည်။

“မဟာအမတ်မင်း ငါတို့သူ့ကို သတ်သင့်လား”

တုစုန့်မာန်ဖော်ကျဲ့က ခေါင်းကိုငုံ့လိုက်သည်။ သူ၏မျက်လုံးက မှေးကျဉ်းနေပြီး သတ်ဖြတ်လိုစိတ် အပြည့်နှင့် တောက်ပနေ၏။ သာ့ယန်မာန်ပန့်နှင့် တြိဂံပုံမြေကွက်လပ်မှ အဖြစ်အပျက်က သူ၏ရင်ထဲ လတ်လတ်ဆတ်ဆတ် ဖြစ်နေသေးပြီး နာကျင်နေစေသေးသည်။ သာ့လွန်ရော့ကျန်းနှင့် ဝမ်ချောင်တို့က စကားပြောခဲ့သည်မှာ အချိန်တခဏသာကြာသော်လည်း တုစုန့်မာန်ဖော်ကျဲ့အတွက်ကမူ နှစ်ပေါင်းများစွာ ကြာခဲ့သလိုမျိုး သူ၏ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲသည်။

“မလိုဘူး”

သာ့လွန်ရော့ကျန်းက ခေါင်းပင်လှည့်မကြည့်ဘဲဖြေသည်။ ထို့နောက် သူက တိဗက်စစ်တပ်ထံသို့ မြင်းကိုပြန်သွားစေသည်။

“မင်းသူ့ကိုသတ်လို့မရဘူး။ သူ့ရဲ့အကြံတွေက ဘယ်တော့မှ ပြစ်ချက်မရှိခဲ့ဘူး။ မင်းကိုယ်တိုင် ခံစားခဲ့ပြီးပြီမဟုတ်ဘူးလား။ သူကသတ်လို့ ဒီလောက်လွယ်နေရင် ငါသူ့ကို အကြိမ်ထောင်သောင်းမက သတ်ပြီးလောက်ပြီ။ ပိုဆိုးတာက ကောင်းရှန်းကျစ်လာနေတာကိုမြင်ဖူးလား”

တုစုန့်မာန်ဖော်ကျဲ့က တခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် သူက မျက်လုံးကိုလှည့်ပြီး ရင်းနှီးနေသော ပုံရိပ်ကိုကြည့်လိုက်သည်။

“အား အခြားနည်းလမ်းကို တွေးရတော့မယ်”

တုစုန့်မာန်ဖော်ကျဲ့က သက်ပြင်းချပြီးနောက်သို့လှည့်ကာ သာ့ယန်မာန်ပန့်၏ အနောက်မှ လိုက်သွားသည်။

အခန်း(၈၉၇)

“ဘယ်လိုလဲ”

ကောင်းရှန်းကျစ်က သူ၏ အညိုရောင် တောင်ပေါ်မြင်းကြီးကိုစီးလျှက် တာလာ့၏ အပြင်ဘက်ထိ ရောက်လာကာ ဝမ်ချောင်နှင့်တွေ့သည်။

“သာ့လွန်ရော့ကျန်းက အာရပ်တွေနဲ့ အချိန်တစ်ခုကြာ ကြိုတင်ကြံစည်ထားတာဖြစ်လောက်တယ်။ သူတို့က သိပ်မကြာခင် လုပ်ကြံသတ်ဖြတ်မှုကို စတင်လိမ့်မယ်”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။

“ဆိုတော့ အာရပ်နဲ့ တိဗက်အကြားမှာ မင်းက တိဗက်ကိုအရင် ရင်ဆိုင်ဖို့ ရွေးချယ်လိုက်တာပေါ့”

ကောင်းရှန်းကျစ်က မေးသည်။

ဝမ်ချောင်က သူ၏အင်အား ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို အရှေ့ပိုင်းသို့ ပို့ထားသည်။ ထို့ကြောင့်သူက တိဗက်များကို ကိုင်တွယ်ရန် အလွန်အလေးထားကြောင်း မြင်နိုင်သည်။

ဝမ်ချောင်က ခေါင်းခါသည်။ သူက ထိုစကားကို အပြုံးနှင့်အတူ အမှန်ပြင်ပေး၏။

“တိဗက်တွေမဟုတ်ဘူး ငါက အရင်ဆုံး ကိုင်တွယ်မှာက တိဗက်နဲ့ အနောက်ပိုင်းတူရကီပဲ”

“အနောက်ပိုင်းတူရကီဟုတ်လား”

ကောင်းရှန်းကျစ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အံ့အားသင့်မှုအပြည့်နှင့်ကြည့်သည်။

ခြိမ်း

သူက စိတ်ရှုပ်ထွေးနေချိန်တွင် မြေကမ္ဘာက တုန်ဟီးသွားပြန်သည်။ ထို့နောက် တိဗက် ခုနှစ်သောင်း၏ အနောက်ဘက်မှ ဖုန်တိမ်စိုင်လုံးများ မြင့်တက်လာပြီး နောက်ထပ် စစ်တပ်တစ်တပ် ရောက်လာမည့် လက္ခဏာပြသည်။

ဝုန်း

တခဏခန့်ကြာပြီးနောက် ကြီးမားသော အလံကြီးက မိုးကုတ်စက်ဝိုင်းတည့်တည့်ကို ကျော်လွန်ကာ ထိုးထွက်လာသည်။ ရွှေရောင်ဝံပုလွေ တစ်ကောင်အပြင် သူ၏ ထက်ရှသော သွားများကို ဖြဲထားပြီး လက်သည်းများကို ထုတ်ထားသောပုံစံကို မြင်လိုက်ရသည်။ ထိုရွှေရောင်ဝံပုလွေကို မြင်လိုက်သောအခါ လူတိုင်း၏မျက်လုံးက မှေးကျဉ်းသွားသည်။ လေထုက တင်းကြပ်သွားသည်။

ကုန်းမြေရှိ အမျိုးမျိုးသော တိုင်းပြည်များထဲတွင် အဖွဲ့အစည်းတစ်ခုကသာ ကြီးမားသော ဝံပုလွေကို သူတို့၏ သင်္ကေတအဖြစ် အသုံးပြုကြသည်။ ထိုအဖွဲ့အစည်းက အနောက်ပိုင်းတူရကီ ခါကာနိတ်ဖြစ်သည်။ အနောက်ပိုင်းတူရကီ ခါကာနိတ်ထဲတွင် အလေးစားရဆုံးနှင့် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကမူ ရွှေရောင်ဝံပုလွေကို သူတို့၏သင်္ကေတအဖြစ်သုံးသည်။

ထိုအင်အားစုများ၏ဗိုလ်ချုပ်က အနောက်ပိုင်းတူရကီ၏ အင်ပါယာမဟာဗိုလ်ချုပ်ဖြစ်သည်။

“တုဝူစစ်လီ”

ကောင်းရှန်းကျစ်၏ မျက်နှာက အလွန်အမင်း လေးနက်သွားသည်။ အနောက်ပိုင်းနယ်မြေတွင် ရှိနေခဲ့သော ကာလအတောအတွင်း ကောင်းရှန်းကျစ်ကမူ မတွေ့ဖူးသော လူပေါင်းများစွာရှိသော်လည်း ဒီခေတ်မှ လက်ရွေးစင်ဗိုလ်ချုပ်တိုင်းကိုတော့ သိထားသည်။

ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်

ထိုလူက အနောက်ပိုင်းတူရကီ ခါကာနိတ်၏ မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်ပြီး အလွန်အမင်း အတွေ့အကြုံရှိသော ပေ့ထင်၏ ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းကိုပင် တစ်ကြိမ် အနိုင်ယူခဲ့ဖူးသည်။ အရေးကြီးဆုံးအချက်ကမူ ...

“ဝမ်ချောင် သတိထား အခုရောက်လာတဲ့လူက အနောက်ပိုင်းတူရကီရဲ့ ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်လို့ခေါ်တဲ့ တုဝူစစ်လီပဲ”

ကောင်းရှန်းကျစ်က ခပ်တင်းတင်း သတိပေးသည်။

“ဝံပုလွေနက်ရကု အကုတုလန်က တစ်ချိန်က သူ့ရဲ့ လက်အောက်ငယ်သားဖြစ်ခဲ့ပြီး သူက ဂရုတစိုက်နဲ့ ပျိုးထောင်ပေးခဲ့တဲ့လူပဲ။ အဲ့ဒါတင်မကသေးဘူး သူက အနောက်ပိုင်းတူရကီခါကာနိတ်ရဲ့ အင်အားအကြီးဆုံး မြင်းတပ်ဖြစ်တဲ့ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကို အမိန့်ပေးတယ်။ ဒီအင်အားစုထဲမှာ လူအများကြီးမရှိဘူး။ ဒါပေမဲ့ အားလုံးက ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေ။ တိတိကျကျပြောရရင် ဒီမြင်းတပ်က အရင်က ပေ့ထင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းကိုတောင် နိုင်ခဲ့ဖူးတယ်”

“ဟွန်”

ဝမ်ချောင်က မျက်လုံးပြူးသွားပြီး သတိလက်လွတ် အနောက်သို့လှည့်ကာ ကြီးမားသည့် ရွှေရောင်ဝံပုလွေအလံကြီးကို ကြည့်လိုက်သည်။ ဝမ်ချောင်ကလည်း ထိုတုဝူစစ်လီဆိုသူနှင့် မစိမ်းချေ။ မဟာထန်၏ အနီးအနားတွင်ရှိသော တိုင်းပြည်ပေါင်းများစွာ၏ ဗိုလ်ချုပ်များထဲတွင် ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီးက အတော်ဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။ ထိုလူက ကောင်းရှန်းကျစ်နှင့် အဆင့်တူသော နေရာတွင် ထိုင်နိုင်သည်။ သို့သော် ဝမ်ချောင်ကလည်း တုဝူစစ်လီက အကုတုလန်နှင့် ဆက်သွယ်မှုရှိမည်ဟု မထင်ထားမိချေ။

ဆိုတော့ အကုတုလန်သေသွားလို့ သူထပ်လာခဲ့တာလား။

ဝမ်ချောင်၏မျက်လုံးက လေးနက်သွားပြီး စိတ်အတွင်း လှိုင်းလုံးများ လိမ့်တက်လာသည်။

တုစုန့်မာန်ဖော်ကျဲ့၊ တုဝူစစ်လီနှင့်... ဝမ်ချောင်က သာ့လွန်ရော့ကျန်း၏ အနောက်တွင်ရပ်နေသော ကြောက်စရာကောင်းသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရသည်။ ဝမ်ချောင်က ထိုအမျိုးသားကို မစိမ်းချေ။ တိကျစွာပြောရသော် ထိုလူက သာ့လွန်ရော့ကျန်း၏ အနီးကပ်အဖော် ဟော်ရှု့ဟွေ့ခမ်းဖြစ်သည်။

သေးငယ်သော တာလာ့က ယွီစန်းနှင့် အနောက်ပိုင်းတူရကီ၏ မဟာဗိုလ်ချုပ်ကြီး သုံးယောက်ကို ထိန်းထားနိုင်သည်။ အာဘတ်ဆစ်ကယ်လီဖိတ်မှ အရှေ့ပိုင်းအစိုးရ အပုမူစလင်ကို ထည့်တွက်လိုက်သော် မဟာထန်က မဟာဗိုလ်ချုပ်လေးယောက်ကို ရင်ဆိုင်နေရပြီး အလွန်အန္တရာယ်များသော အနေအထားမျိုးတွင် ရှိနေလေသည်။

ထိုအရာသာ မကသေးချေ။ တုဝူစစ်လီက ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် တူလာသည်။ ထိုမြင်းတပ်က ကုန်းမြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေနိုင်သော အဖွဲ့အစည်းဖြစ်သည်။ အာရပ်များ၏ မာမဲ့လုနှင့် သူ၏ကိုယ်ပိုင် ဝူရှန်းမြင်းတပ်နှင့်ယှဉ်သော် လောကမှ အင်အားအကြီးဆုံး မြင်းတပ် သုံးခုလုံးဟု ဆိုရမည်ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးက သမိုင်းတွင် မှတ်တမ်းတင်ထားဖူးခြင်းမရှိချေ။

“မဟုတ်ဘူး”

ရုတ်တရက် ဝမ်ချောင်၏နှလုံးသားက လေးလံသွားပြီး တောင်ကုန်းများ၏ အနောက်ဘက်သို့ကြည့်သည်။ သာ့လွန်ရော့ကျန်း၏ အနောက်ဘက်တွင်ရှိသော တိဗက်မြင်းတပ်က ဖျက်ဆီးနိုင်စွမ်းအား ပြင်းထန်သည့် အင်အားစုမျိုးဖြစ်သည်။ သူတို့၏မြင်းများက ထွားကြိုင်းသလို ခန္ဓာကိုယ်တည်ဆောက်ပုံလည်း ကောင်းသည်။ သူတို့၏သံချပ်ကာက သွေးနီရောင် သင်္ကေတများနှင့်ဖြစ်သည်။

ထိုမြင်းတပ်က အေးစက်သော အရှိန်အဝါကို လွှတ်ထုတ်နေပြီး အနီးအနားဝန်းကျင်ရှိ တိဗက်မြင်းတပ်များနှင့် ယှဉ်လိုက်သော် လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ကို ယှဉ်သလိုဖြစ်နေသည်။

သူတို့အားလုံးက စွမ်းအင်မုန်တိုင်းများ လွှမ်းခြုံထားလျှက် မြင်ရသူတိုင်းအား မမြင်ရသည့်ဖိအားကို ခံစားလိုက်ရစေသည်။

“မူထရီမဟာမြင်းတပ်”

လီစစ်ယဲ့ကလည်း အော်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားပြီး ရွှေနီရောင် သံချပ်ကာကို ဝတ်ဆင်ထားသည့် တိဗက်မြင်းသည်တော်များကို ကြည့်သည်။

ဝမ်ချောင်က ဘာစကားမှမပြောချေ။ သို့သော် သူ၏အမူအရာက လေးနက်သွားသည်။ သာ့လွန်ရော့ကျန်းက ပြင်ဆင်ပြီးလာကြောင်း သိထားပြီးသားဖြစ်သည်။ သု့ိသော် သူက သူနှင့်အတူ ယွီစန်းမှ အင်အားအကြီးဆုံး အသန်မာဆုံးမြင်းတပ်အင်အားစုကို သယ်လာမည်ဟု မထင်ထားမိချေ။

မူထရီမဟာမြင်းတပ်

ကောလဟာလက လွန်ခဲ့သော နှစ်သုံးရာကျော်ခန့်က ဖြစ်သည်။ မူထရီစန်းပေါ်က တော်ဝင်မြို့တော်ကို ကာကွယ်ရန် အယုံကြည်ရဆုံး အင်အားအကြီးဆုံး မြင်းတပ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။ သူတို့က တော်ဝင်မြို့တော်မှ ဘယ်သောအခါမှ ထွက်လာလေ့မရှိချေ။ သူ၏ယခင်ဘဝတွင် အာဘတ်ဆစ်ကယ်လီဖိတ်က တောင်ပေါ်ဒေသသို့ ကျူးကျော်သောအခါ တိဗက်များက ထိုအင်အားစုကို မစုစည်းနိုင်သေးချေ။

တောင်ပေါ်ဒေသတွင် မဟာမြင်းတပ်ဟုခေါ်သော အဖွဲ့အစည်းတစ်ခုတည်းသာရှိသည်။

တိုက်ခိုက်ရေးအင်အားချင်းယှဉ်သော် ဝမ်ချောင်က သုတ်သင်ပြီးသော အဖွဲ့အစည်းတိုင်းထက် သာပြီးသားဖြစ်သည်။ သူကိုယ်တိုင်ကလည်း သာ့လွန်ရော့ကျန်းဟာ မူထရီမဟာမြင်းတပ်ကို စုစည်းနိုင်သော အင်အားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားမိချေ။

ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၊ မူထရီမဟာမြင်းတပ်၊ ဝူရှန်းမြင်းတပ်၊ အာဘတ်ဆစ်ကယ်လီဖိတ်ရဲ့ မာမဲ့လု... လောကမှ အင်အားအကြီးဆုံး မြင်းတပ်အင်အားစုတိုင်းက တစ်နေရာတည်းတွင် စုစည်းနေသည်။ ထိုသို့ဖြင့် သမိုင်းတွင်သော မြင်းတပ်စစ်ပွဲ ဖြစ်လာလောက်သည်။

ဝုန်း

ထိုသု့ိဖြင့် ရုတ်တရက် သူ၏စိတ်အတွင်း ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။ ကံကြမ္မာကျောက်တုံးက ပြောလာသည်။

“ကံကြမ္မာက ထူးခြားမှုတွေနဲ့အတူ ဝင်ရောက်စွက်ဖက်ခံရတယ်။ လောကရဲ့ အဆင့်လွန် အတောက်ပဆုံးအရာတွေ စုစည်းလာတဲ့အခါ သက်ရောက်မှုကရှိလာတယ်။ အတူပူးပေါင်းတာပဲဖြစ်ဖြစ် သူတို့က အချင်းချင်း ရင်ဆိုင်တာကပဲဖြစ်ဖြစ် ထူးခြားတယ်။ ဒီအခြေအနေကြောင့် လောကက ကွဲအက်သွားတာမျိုးနဲ့ လောကသစ်တစ်ခုကို ဝင်ရောက်တာမျိုးအထိ ပြောင်းလဲသွားလောက်တယ်။ ဒီလိုထူးခြားတဲ့ အခြေအနေက အရာအားလုံးကို ဖြစ်သွားစေနိုင်လို့ ကံကြမ္မာရဲ့ ရွေးချယ်မှုက ထွက်ပေါ်လာတယ်”

“တာဝန်.. “ကံကြမ္မာ၏ ထိပ်တိုက်ရင်ဆိုင်မှု” ကပွင့်သွားပြီ။ ခက်ခဲမှုက မြင့်လာတယ်။ အခုကစပြီး မူထရီမဟာမြင်းတပ်ပဲဖြစ်ဖြစ်၊ ကောင်းကင်ဘုံ မဟာမြင်းတပ်ပဲဖြစ်ဖြစ် အသုံးပြုသူရဲ့ ဝူရှန်းမြင်းတပ်ကြောင့် အသတ်ခံရရင် အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် သုံးဆယ်ရရှိမယ်။ မာမဲ့လု တစ်ယောက်သေတိုင်း ကံကြမ္မာစွမ်းအင်အမှတ် ငါးဆယ်ရမယ်။ ဝူရှန်းမြင်းတပ်အဖွဲ့ဝင်တစ်ယောက်ချင်းစီ သေဆုံးတိုင်း အသုံးပြုသူဆီက ကံကြမ္မာစွမ်းအင်အမှတ်တစ်ရာ အနှုတ်ခံရမယ်။ ဆုလာဒ်နဲ့ ပြစ်ဒဏ်က တိုက်ပွဲရဲ့ အခြေအနေကို တွက်ချက်ပေးမယ်”

“မှတ်ထားရမှာက မူထရီမဟာမြင်းတပ်၊ ကောင်းကင်ဘုံ မဟာမြင်းတပ်နဲ့ မာမဲ့လုတွေကို ဝူရှန်းမြင်းတပ်ရဲ့ အပိုင်မဟုတ်တဲ့ စစ်သည်တော်တွေက တွက်ရင် ဆုကြေးကို ထည့်တွက်မှာမဟုတ်ဘူး”

ဝမ်ချောင်က ထိုအသံကြောင့် မှင်သက်သွားသည်။ သူ၏စိတ်အတွင်း ထူးဆန်းသော ခံစားချက်က ဝင်ရောက်လာ၏။ ကံကြမ္မာကျောက်တုံးထံမှ ယခုကဲ့သို့ တာဝန်မျိုး ထုတ်ပေးလာမည်ဟု မတွေးဖူးချေ။ ထိုတာဝန်က တိုက်ပွဲနယ်မြေမှ ကံကြမ္မာစွမ်းအင်အမှတ်ကို ရရှိစေနိုင်သည်။ သို့သော် အမှတ်များကမူ ခြားနားနေသည်။

ဝူရှန်းမြင်းတပ်အပြင် ဝမ်ချောင်ဘက်မှ အင်အားအကြီးဆုံး အင်အားစုက လက်နက်ကြီးအဖွဲ့ဖြစ်သည်။ သို့သော် ကံကြမ္မာကျောက်တုံးကပြောသော စကားအရ ထိုလက်နက်ကြီးအဖွဲ့ကပင်ဖြစ်စေ၊ အခြားသော အင်အားစုကပင်ဖြစ်စေ မူထရီမဟာမြင်းတပ်၊ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် မာမဲ့လုတို့ကို သတ်လိုက်လျှင်ပင် သူက အမှတ်တစ်မှတ်မှ ရရှိလိမ့်မည်မဟုတ်ချေ။

အခြားစကားဖြင့်ဆိုရသော် ဝမ်ချောင်က ကံကြမ္မာကျောက်တုံးမှပေးသော ကံကြမ္မာစွမ်းအင်အမှတ်များကို လိုချင်လျှင် သူ၏ဝူရှန်းမြင်းတပ်ကိုသာသုံးပြီး မြင်းတပ်ကို မြင်းတပ်ချင်း ယှဉ်ခိုင်းရပေလိမ့်မည်။

ထိုအရာသာမကသေးလေဘဲ ဝူရှန်းမြင်းတပ်က မူထရီပင်ဖြစ်စေ၊ ကောင်းကင်ဘုံဝံပုလွေပင်ဖြစ်စေ သတ်နိုင်လျှင် အမှတ်သုံးဆယ်ရရှိမည်ဖြစ်ပြီး မာမဲ့လုကို သတ်နိုင်လျှင် အမှတ်ငါးဆယ် ရရှိမည်ဖြစ်သည်။ သို့သော် ဝမ်ချောင်ထံမှ ဝူရှန်းမြင်းတပ်အဖွဲ့ဝင် တစ်ယောက်ချင်းစီသေဆုံးတိုင်း သူက အမှတ်တစ်ရာ ပေးရမည်ဖြစ်သည်။

ဆိုတော့ သူတို့အားလုံးကို ဥက္ကာပျံသတ္တုသံချပ်ကာတွေ ဝတ်ထားပြီး အခြားသူတွေထက် ခုခံစွမ်းအား မြင့်တယ်ဆိုတဲ့အချက်ကို ထည့်တွက်ထားတာလား။

ဝမ်ချောင်က တွက်ချက်လိုက်သည်။ လီစစ်ယဲ့က ဝမ်ချောင်ကိုကြည့်သည်။

“အရှင်အမတ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် တိုက်ပွဲအတွက်ပြင်ဆင်တော့”

ဝမ်ချောင်က အဝေးရှိ စစ်တပ်ကို တစ်ချက် လှောင်ရယ်သလိုကြည့်လိုက်ပြီး နောက်သို့ပြန်ကာ မြင်းစီးလျှက် ထွက်သွားသည်။

တစ်ချိန်ထဲလိုလိုပင် ကောင်းရှန်းကျစ်ကလည်း သူ၏အမိန့်ကိုထုတ်သည်။ သူကလည်း ဝမ်ချောင်နှင့်အတူ ဒုတိယမြောက် ခုခံရေးအားလှိုင်းသို့ပြန်သည်။

.....

အဝေးရှိ တောင်ကုန်းပေါ်တွင် ထောင်ပေါင်းများစွာသော တိဗက်မြင်းတပ်များက ချက်ချင်း မလှုပ်ရှားကြဘဲ တည်ငြိမ်နေကြသည်။ မျက်လုံးပေါင်းများစွာက အနောက်ဘက်သို့ပြန်ကာ စီးနင်းလာသည့် သာ့လွန်ရော့ကျန်းကိုကြည့်သည်။ တစ်ဖက်ခြမ်းတွင် အရှိန်အဝါအပြည့်နှင့် ရေကြီးသလိုမျိုး တိုးဝင်လာသော ရွှေရောင်ဝံပုလွေ အလံတံဆိပ်အောက်မှ ကြီးမားသော တူရကီအင်အားစုကိုလည်း ကြည့်လိုက်ကြသည်။

ထိုစစ်တပ်ကို ကြွက်သားအပြည့်နှင့် ထောင်ထောင်မောင်းမောင်း သန်သန်မာမာ အမြင်စူးရှသော တူရကီအမျိုးသားတစ်ယောက်က တောင်ပေါ်မြင်းကိုစီးလျှက် ဦးဆောင်လာခြင်းဖြစ်သည်။ သူ၏ရုပ်ရည်သွင်ပြင်က အဆင့်မြင့် ကောင်းကင်ဘုံမှ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးအလား ထင်ရသည်။ သူ၏အနားတွင်လည်း ထူူးဆန်းသော သင်္ကေတများ ထွင်းထုထားသည့် ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားသည့် မြင်းတပ်အဖွဲ့ဝင်ရှိသည်။ ပို၍ဆိုးသည်မှာ အခြားသော မြင်းတပ်အဖွဲ့ဝင်များ၏ သံချပ်ကာများနှင့် မတူသည်မှာ သူတို့၏သံချပ်ကာများက ဆူးချွန်များလည်း ရှိနေပြီး ထူးဆန်းသော ပုံသဏ္ဍန်မျိုး ဖြစ်နေလေသည်။ ကြီးမားသော ငွေရောင်ဝံပုလွေများက အဝေးမှ ခုန်ထွက်လာသလိုမျိုးနှင့်ပင် တူညီနေကြသေး၏။ ထိုမြင်းသည်တော် တစ်ယောက်ချင်းစီတိုင်းကို ကြည့်လိုက်မိချိန်တွင် ရှင်းပြရန်ခက်ခဲသည့် ခြောက်ခြားမှုကို ခံစားရစေနိုင်သည်။

အာဝူး...

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် ဝံပုလွေများ၏ ဟိန်းသံက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ် အဖွဲ့ဝင်ထောင်ကျော်ထဲမှ တစ်ယောက်ချင်းစီတိုင်းက ဝံပုလွေဆယ်ကောင်တစ်ဖွဲ့စီ ဦးဆောင်ခေါ်လာကြသည်။ ထိုတစ်ကောင်ချင်းစီတိုင်းကလည်း လေးပေခန့်မြင့်သည်။

“တုဝူစစ်လီ မင်းတကယ်ရောက်လာတာပဲ”

သာ့လွန်ရော့ကျန်းက တောင်ကုန်းထိပ်ပေါ်တွင်ရပ်လျှက် သဘောတကျရယ်သည်။ ဒီလိုမဟာမိတ်သုံးခု အဖွဲ့တွင် နောက်ဆုံးသော အဖွဲ့ဝင်က ရောက်လာလေပြီ။

“င့ါကိုဖိတ်ခေါ်ထားမှတော့ ငါက မဟာထန်ကို ခွဲဝေတဲ့အခါ အခွင့်အရေးယူဖို့ ဘာလို့မလာရမှာလဲ”

လူတိုင်း၏နားအတွင်း ကျယ်လောင်သောအသံက ထွက်လာသည်။

ဟီး.... ဟီး... ဟီး...

တုဝူစစ်လီ၏မြင်းက ကြောက်မက်ဖွယ်ကောင်းသည့် ခုန်လှုပ်မှုမျိုး လုပ်လိုက်ပြီး နောက်တွင် မီးတောက်လှိုင်းများကို ချန်ထားရစ်ခဲ့လျှက် တောင်ကုန်းထိပ်ပေါ်သို့ ချက်ချင်းခုန်တက်လာသည်။

တုဝူစစ်လီက ထန်နေသော လေပြင်းအကြားတွင် မားမတ်စွာ ရပ်နေသည်။ သူ၏အရှိန်အဝါ တစ်ခုတည်းကတင် တောင်ကုန်းတစ်ခုလုံးကို မုန်တိုင်းတစ်ခုအဖြစ် ထိုးချနိုင်ပြီး ခမ်းနားကြီးကျယ်သော အရှိန်အဝါက အနားရှိလူများကို နောက်ဆုတ်မိစေသည်။

တိဗက်ဗိုလ်ချုပ်များကပင် တောင်ကုန်းပေါ်တွင် ဆက်မရပ်နေနိုင်ကြချေ။ သာ့လွန်ရော့ကျန်းနှင့် တစ်ဆယ်ကျန်းဝန်းကျင်အတွင်း ရပ်တည်နေကြသည့် မည်သူကမဆို တောင်ကုန်းအောက်သို့ ဆင်းလိုက်ကြရသည်။

အခန်း(၈၉၈)

“တုဝူစစ်လီရပ်စမ်း”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာက အံ့အားတကြီးဖြစ်သွားပြီး ရှေ့သို့အပြေးလာကာ သာ့လွန်ရော့ကျန်း၏ အရှေ့တွင်ရပ်သည်။ တစ်ချိန်ထဲလိုလို တုစုန့်မာန်ဖော်ကျဲ့ကလည်း အင်အားကြီးမားသည့် စွမ်းအင်ပေါင်းများစွာကို ထုတ်လျှက် သာ့လွန်ရော့ကျန်းကို လွှမ်းခြုံထားလိုက်ပြီး တုဝူစစ်လီ၏ စွမ်းအင်များကို ဖယ်ထုတ်သည်။

ယွီစန်းနှင့် တူရကီတို့က ဘယ်သောအခါကမှ မစည်းလုံးခဲ့ဖူးချေ။ မဟာထန်က အနောက်ပိုင်းနယ်မြေကို ဝင်လာခဲ့ချိန်ကဆိုလျှင် နှစ်ဖက်က ပြင်းထန်စွာ တိုက်ခိုက်ရုန်းကန်နေရလေသည်။ တတိယ အဖွဲ့အစည်းတစ်ခုဖြစ်သည့် မဟာထန်က ဝင်လာခဲ့ပြီး အနောက်ပိုင်းနယ်မြေ တစ်ခုလုံးကို ထိန်းချုပ်ရန် ကြိုးစားလာသောကြောင့်သာ တိဗက်များနှင့် တူရကီများက အာရုံပြောင်းပြီး တိုက်ခိုက်နေကြခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူတို့က ဆက်လက်ပြီး တိုက်ခိုက်နေရပေလိမ့်မည်။

ယွီစန်းနှင့် အနောက်ပိုင်းတူရကီကြားတွင် ကတောက်ကဆဖြစ်ရပ်များ မရှိတော့သော်လည်း သူတို့က မဟာထန်ကို အနိုင်ရပြီးသည်နှင့် နှစ်ဖက်လုံးက ရန်သူဆက်ဖြစ်ဦးမည်ဖြစ်သည်။ ဒီလိုအခြေအနေမျိုးတွင် တုဝူစစ်လီကလည်း သာ့လွန်ရော့ကျန်းကို သတ်ကောင်းသတ်နိုင်သည်။

“စိတ်အေးအေးထားပါ တုဝူစစ်လီက ငါ့ကို မတိုက်ခိုက်ပါဘူး”

သာ့လွန်ရော့ကျန်းက လက်ကိုအသာယမ်းပြီး တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ ကာကွယ်မှုအောက်မှ လမ်းလျှောက်ထွက်လာသည်။ သူက ယုံကြည်မှုအပြည့်နှင့် တုဝူစစ်လီကို ခပ်အေးအေးကြိုဆိုသည်။

“အာကင်း ကြိုဆိုပါတယ်”

တုဝူစစ်လီက သာ့လွန်ရော့ကျန်းကို စိုက်ကြည့်သည်။ သူ၏မျက်ဝန်းက ပြောင်းလဲသွား၏။ နောက်ဆုံးတွင်သူက သဘောတကျ အော်ရယ်သည်။

“ဟား ဟား ကောင်းတယ် မဟာအမတ်က တကယ်ခေါင်းမာတာပဲ”

ရယ်သံထွက်လာပြီးနောက် နှစ်ဖက်ကြားမှ တင်းကြပ်မှုက ပြေလျော့သွားသည်။ ယွီစန်းအင်ပါယာ၏ မဟာအမတ်မင်း ငါးယောက်လုံးက အနောက်ပိုင်းတူရကီ ခါကာနိတ်၏ သတ်ကိုသတ်ရမည့် စာရင်းထဲတွင် ပါဝင်လေပြီး အသေးစိတ်အခြေအနေတိုင်းကို သိနေသည့် ရှည်လျားသည့် ရန်ငြိုးကြီး ရှိနေသည်။ သို့သော် သာ့လွန်ရော့ကျန်းကမူ ပထဦးဆုံး တွေ့ဆုံသည့် အချိန်တွင်ပင် ထိုသို့ ထွက်လာရဲကတည်းက တုဝူစစ်လီကလည်း သူ့ကို လေးစားမိလေသည်။

“ဘယ်လိုလဲ ထန်တွေရဲ့အခြေအနေက ဘယ်လိုလဲ”

တုဝူစစ်လီကပြောပြီး အဝေးရှိ တာလာ့မြို့ကို လှမ်းကြည့်လိုက်သည်။ သံမဏိမြို့ရိုး နှစ်တန်းက သူကဲ့သို့သောလူကိုပင် အံ့အားတကြီး မျက်ခုံးပင့်စေသည်။

“ဘယ်လောက်တောင် မြန်ဆန်တဲ့ တုန့်ပြန်မှုလဲ။ မဟာအမတ်မင်းရဲ့ စွမ်းရည်လိုမျိုး ပိုင်ဆိုုင်ထားတဲ့ လူတောင်မှ သူတို့ရဲ့ခုခံမှုကို မကျော်နိုင်ခဲ့ဘူးလား”

“မဟာအမတ်မင်းက သတိလက်လွတ်နိုင်တာမဟုတ်ဘူး”

“မဟာဗိုလ်ချုပ်အနေနဲ့ သတိမပေါ့သင့်ဘူး”

တုစုန့်မာန်ဖော်ကျဲ့က အသံကို သတိအပြည့်ကပ်လျှက် တိုးလျစွာပြောရင်း သာ့လွန်ရော့ကျန်း၏ အရှေ့သို့ ထွက်လာသည်။

“ဒီကောင်က ငယ်ရင်ငယ်လိမ့်မယ်။ ဒါပေမဲ့ မဟာထန်ရဲ့ လူငယ်အမတ်ဖြစ်နေတယ်။ သူတော်စင်ဧကရာဇ်ကလည်း မျက်နှာသာပေးလွန်းလို့ သူ့ကို ဘွဲ့ထူးနာမည်ကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ခဲ့တဲ့အပြင် ကောင်းကင်ဘုံရဲ့သားတော် ဖြစ်လာစေတယ်။ ငါတို့က သူ့ဆီမှာ အကြိမ်အများကြီး ရှုံးပြီးပြီ။ နောက်ပြီးမင်းရဲ့ ဝံပုလွေနက်ရကုတောင် သူ့ဆီမှာသေသွားတယ်”

တုဝူစစ်လီက ဘာစကားမှမပြောချေ။ သို့သော် မျက်မှောင်က ကျုံ့သွားသည်။ တိဗက်များက အကြိမ်အများကြီး ရှုံးပြီးသည်မှာ သေချာသည်။ အနောက်ပိုင်းတူရကီ ခါကာနိတ်ကမူ ထိုသို့မရှုံးသေးချေ။ တိဗက်များ၏ ရှုံးနိမ့်မှုက တူရကီများကို အသုံးမကျဟုမဆိုလိုချေ။ သို့သော် ထိုစကားများကို တွေးတောမိပြီးသည့်အချိန်တွင် ဝံပုလွေနက်ရကုဆိုသော စကားက သူ၏စကားတိုင်းကို မြိုကျအောင် လုပ်လိုက်သည်။ ချီရှီလက်နက်တိုက်မှ တိုက်ပွဲတွင်သူက ဝံပုလွေနက်ရကုကဲ့သို့ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်တစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်။ ခါကန်း၏ စတုတ္ထမင်းသားကပင် အဖမ်းမခံခဲ့ရချေ။ ထိုအတွက်ကြောင့် ခါကန်းများက သူတို့၏ အကောင်းဆုံးအရည်အသွေးရှိ စစ်မြင်းနှစ်သိန်းကို ပေးခဲ့ရပြီး ယွီစန်းကလည်း ထိုအကြောင်းအရာကို သိထားလောက်သည်။ အိုးကကရားကို မဲသည်ဟု ခေါ်သလိုဖြစ်နေ၏။ မည်သည့်ဘက်ကမှ မသာနိုင်ကြချေ။

“ဝံပုလွေနက်ရကုအကြောင်း စိုးရိမ်စရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ငါကသူ့အတွက် ရောက်လာခဲ့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ငါအဲ့ဒီကောင်စုတ်ကို ကိုယ်တိုင်ကိုယ်ကျသတ်မယ်”

တုဝူစစ်လီ၏ သိန်းငှက်တစ်ကောင်ကဲ့သု့ိ မျက်ဝန်းများက ထိုနယ်မြေတစ်ခုလုံးကို ခြုံကြည့်ပြီး ထန်စစ်တပ်ထံမှ ဝမ်ချောင်ထံရောက်သွားသည်။

“ဟား ဟား ကြည့်ရတာ ငါတို့အားလုံး သဘောတူညီမှု ရထားတာပဲ”

သာ့လွန်ရော့ကျန်းက ဖျော့တော့စွာရယ်သည်။ ယွီစန်းနှင့် အနောက်ပိုင်းတူရကီများက အနောက်ပိုင်းဒေသမှ သေဖော်သေဖက်များဖြစ်သည်။ သူတို့က ယခုအခါ အင်အားစုပြီး တူညီသော ဘုံရန်သူကို ရင်ဆိုင်ကြမည်ဖြစ်သည်။ ထိုကိစ္စမတိုင်ခင်ကဆိုလျှင် သာ့လွန်ရော့ကျန်းက တုဝူစစ်လီနှင့် သတင်းပို့ငှက်ကိုသုံးပြီး တစ်ကြိမ်ခန့်သာ ဆက်သွယ်ခဲ့ဖူးသည်။

သူတို့က တစ်ယောက်အကြောင်းတစ်ယောက် ကြားဖူးသော်လည်း ဘယ်တော့မှ မဆုံဖူးခဲ့ချေ။

သို့သော် ထိုတခဏတွင် သာ့လွန်ရော့ကျန်းကလည်း တုဝူစစ်လီဟာ ဒီတိုက်ပွဲအတွက် အယုံကြည်ရဆုံး မဟာမိတ်ဖြစ်ကြောင်း နားလည်လိုက်သည်။

“အာရပ်တွေက ဘာပြောလဲ”

တုဝူစစ်လီက မငြင်းဆန်သလို ပြန်လည်ချေပခြင်းလည်းမပြုဘဲ လိုရင်းကိုသာပြောလိုက်သည်။ တိဗက်များနှင့် အနောက်ပိုင်းတူရကီက မဟာမိတ်ဖြစ်နေချိန်တွင် အရေးကြီးဆုံးအပိုင်းက တိုက်ပွဲနယ်မြေ အခြားတစ်ဖက်ခြမ်းမှ အာရပ်အင်ပါယာ ဖြစ်နေသေးသည်။ အာရပ်အင်ပါယာ၏ ဖိတ်ခေါ်မှုကြောင့်သာ ယခုလို မဟာမိတ်ဖြစ်လာခဲ့ခြင်းဟု ဆိုနိုင်သည်။

ဒီမဟာမိတ်က တုဝူစစ်လီ၏ အခြေအနေများထဲမှ တစ်ခုကြောင့် တိုက်ခိုက်ရန်ဖြစ်လာခဲ့သည်။

သို့မဟုတ်လျှင် အနောက်ပိုင်းတူရကီခါကာနိတ်များက အာရပ်ကိုကူညီကာ မဟာထန်ကို ရင်ဆိုင်ခဲ့ပြီး အာရပ်များက နောက်ပြန်လှည့်ကာ အနောက်ပိုင်းတူရကီကို တိုက်ခိုက်ခဲ့လျှင် တူရကီများက ကိုယ့်ခြေထောက်ပေါ် ကျောက်တုံးပစ်ချမိသလို ဖြစ်သွားပေလိမ့်မည်။ တူရကီများက ကြွယ်ဝသော နယ်မြေမျိုးတွင် နေထိုင်သူများဖြစ်ကြသည်။ ထို့ကြောင့် အာရပ်အင်ပါယာအကြောင်းကို ပို၍ နားလည်သည်။

သူတို့က ယွီစန်းအင်ပါယာထက်ပင် အင်အားကြီးသေးသည်။

လိုအပ်၍သာမဟုတ်လျှင် အနောက်ပိုင်းတူရကီခါကာနိတ်ကလည်း အာရပ်အင်ပါယာအတွက် တိုက်ခိုက်ရန် ဆန္ဒရှိလိမ့်မည်မဟုတ်ချေ။

“စိတ်အေးအေးထားပါ အရာအားလုံးကို ကိုင်တွယ်ပြီးသား။ ငါအရှေ့ပိုင်း အာရပ်အစိုးရနဲ့ စကားပြောပြီးသား။ သူကလည်း ငါတို့ကသာ အနိုင်ကိုရရင် ငါတို့ယွီစန်းနဲ့ အနောက်ပိုင်းတူရကီတွေက အနောက်ပိုင်းဒေသကို ခွဲဝေယူနိုင်တယ်လို့ ပြောထားတယ်”

သာ့လွန်ရော့ကျန်းက တည်ငြိမ်စွာပြောသည်။ သူ၏လှုပ်ရှားမှုတိုင်းက ယုံကြည်မှုအပြည့်ရှိနေသည်။

“ဒါပေမဲ့ အာရပ်တွေက ရည်မှန်းချက်တအားကြီးတယ်။ ငါတို့က နိုင်ခဲ့ပြီးမှ သူတို့က ငါတို့ကို ပြန်ပြီးရင်ဆိုင်မယ်ဆိုရင် ငါတို့က အိမ်ထဲကို ဝံပုလွေကို ဖိတ်ခေါ်လိုက်သလို ဖြစ်မသွားနိုင်ဘူးလား။ မဟာအမတ်မင်းက အဲ့ဒီအချိန်ကျရင် ဘယ်လိုလုပ်မှာပါလဲ”

တုဝူစစ်လီက တည့်တိုးမေးသည်။

“ဟား ဟား ငါဒီဖြစ်နိုင်ချေကို စဉ်းစားပြီးသားပါ”

သာ့လွန်ရော့ကျန်းက ခပ်တိုးတိုးရယ်သည်။ သူက ထိုမေးခွန်းကို မျှော်လင့်ထားပုံပေါ်၏။ ဒါကြောင့်လည်း အရှေ့ပိုင်းရဲ့ အာရပ်အစိုးရနဲ့ သဘောတူထားခဲ့တာပေါ့။ ငါတို့က ဒီတိုက်ပွဲကိုနိုင်သွားရင် မဟာမိတ်ကို ဆက်ထိန်းထားပြီး အန်းရှီ၊ ချီရှီ၊ လုံရှီနဲ့ မဟာထန်ရဲ့မြို့တော်ကို သိမ်းလိုက်ကြမယ်။ အဲ့ဒီနောက် ဗဟိုပြင်ကကျယ်တစ်ခုလုံးကို သိမ်းယူကြမယ်။

ဘန်း

ရေကန်ထဲသို့ ကျောက်တုံးပြုတ်ကျသွားသဖြင့် အားလှိုင်းထောင်ပေါင်းများစွာ ပြုတ်ကျလာသလို ဖြစ်သွားသည်။ သာ့လွန်ရော့ကျန်း၏ ခပ်တိုးတိုးရယ်သံက တုစုန့်မာန်ဖော်ကျဲ့၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုဝူစစ်လီတို့ကို တုန်ယင်သွားစေပြီး သူတို့၏စိတ်အတွင်း ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်လာစေ၏။ သာ့လွန်ရော့ကျန်းက ဘာသာစကားပေါင်းများစွာကို တက်ထားသည်။ အနောက်ပိုင်း နယ်မြေ၏ ရေးဟန်များကိုလည်း နားလည်သည်။ သူက အပုမူစလင်နှင့် ဆက်သွယ်ခဲ့ရာတွင် အာရပ်ဘာသာစကားကိုသာ သီးသန့်ထုတ်သုံးခဲ့လေသည်။

တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း သူတို့နှစ်ဖက်ဟာ မဟာထန်ကို တိုက်ခိုက်ရန် သဘောတူခဲ့ကြောင်း သိထားသည်။ သို့သော် သာ့လွန်ရော့ကျန်းက အသေးစိတ်အချက်အလက်များကို မပြောခဲ့ဖူးချေ။ ထို့ကြောင့် သူတို့နှစ်ယောက်ကလည်း မသိပါချေ။ မူလကမူ ဒီပူးပေါင်းမှုက မဟာထန်ကို ဒီနေရာတွင်နိုင်ပြီး ရောင့်ရဲတက်သွားမည်ဟု ထင်ထားခဲ့သည်။ မျှော်လင့်ထားစွာပင် သာ့လွန်ရော့ကျန်းက ဆက်လက်ချီတက်ပြီး မဟာထန်တစ်ခုလုံးကို သိမ်းယူရန်အထိ သဘောတူထားလေသည်။ ခေါင်းမာလွန်းသော မဟာဗိုလ်ချုပ်များဖြစ်သည့် တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကပင် အံ့အားသင့်သွားရသည်။ ထိုအကြံအစည်ကသာ အောင်မြင်သွားခဲ့သော် တိဗက်များ၊ အနောက်ပိုင်းတူရကီနှင့် အာရပ်များက မယုံနိုင်စရာကောင်းသည့် အင်အားနှင့် မဟာမိတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။ အင်ပါယာသုံးခု၏ မဟာမိတ်က အောင်မြင်စွာဖြင့် ကုန်းမြေတစ်ခုလုံး၏ မြေပုံကို ပြောင်းလဲခွဲဝေယူနေပြီး အသစ်တစ်ခုဖန်တီးနိုင်လောက်သည်။ ဒီနည်းအားဖြင့် ရည်မှန်းချက်ကြီးမားသော အနောက်ပိုင်းတူရကီခါကာနိတ်နှင့် ယွီစန်းအင်ပါယာက သဘောကျသွားသည်။

“ဟား ဟား ကောင်းပြီလေ”

ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီး တုဝူစစ်လီက သဘောတကျရယ်ပြီး ပြန်ဖြေသည်။ သူ၏မျက်ဝန်းအတွင်း တောက်ပသောအလင်းက လက်လာသည်။

“သာ့လွန်ရော့ကျန်း ငါမင်းကို မှားယွင်းပြီး မဆုံးဖြတ်ခဲ့မိဘူးပဲ။ မင်းမှာသတ္တိရှိတယ်။ အာရပ်တွေက သူတို့ရဲ့ တည်နေရာကိုသေချာအောင် မထိန်းနိုင်သေးတဲ့အပြင် ကောင်းရှန်းကျစ်ကိုလည်း မနိုင်သေးတော့ ဗဟိုပြင်ကျယ်ကိုလည်း နားမလည်သေးတဲ့အတွက် ဒီလိုကမ်းလှမ်းလာမှာမဟုတ်ဘူး။ အပုမူစလင်က ဒီလိုအခြေအနေကို ကမ်းလှမ်းလာမှာမဟုတ်ဘူး။ ဒါကမင်းရဲ့အကြံမဟုတ်လား။ ဉာဏ်ရှိတဲ့ အမတ်ဆိုတဲ့အတိုင်းပါပဲ။ ယွီစန်းရဲ့ မဟာအမတ်မင်း လေးယောက်ထဲမှာ မင်းက နံပါတ်တစ်ပဲ။ ငါမင်းနဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူခဲ့တာမမှားဘူး။ စိတ်အေးအေးထား ငါအက်ရှာဘာရာခါကန်းရဲ့ နေရာကနေ ဒီမဟာမိတ်အတွက် သဘောတူပေးနိုင်တယ်။ ဒီတိုက်ပွဲနိုင်သွားတာနဲ့ ငါတို့တွေ တစ်လောကလုံးကို သိမ်းယူကြမယ်”

ဘန်း

တုဝူစစ်လီ၏ နောက်ဆုံးသောစကားနှင့်အတူ အနောက်ပိုင်းတူရကီမြင်းတပ် ထောင်ပေါင်းများစွာအပါအဝင် လက်ရွေးစင်ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်တို့က တောင်ကုန်းအနီးအနားသို့ ရောက်လာသည်။ ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် ရွှေနီရောင်သံချပ်ကာ ဝတ်ဆင်ထားသော မူထရီမဟာမြင်းတပ်တို့က ဘယ်နှင့်ညာခွဲကာ ရပ်နေကြပြီး မယုံနိုင်စရာကောင်းသည့် အင်အားမျိုးကို လွှတ်ထုတ်နေခဲ့ကြကာ ထိုတောင်ကုန်းထံမှကျော်လွန်လျှက် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ပေးစွမ်းနေသည်။

ထိုတခဏတွင် ရန်သူများက အစစ်အမှန်မဟာမိတ် ဖြစ်လာသည်။

ဒက် ဒက် ဒက်

ချွင် ချွင် ချွင်

တာလာ့မြို့ရိုးအပြင်ဘက်တွင် ခုခံရေးအားလှိုင်း ဒုတိယမြောက်နေရာရှိသည်။ ထိုနေရာတွင် လက်မှုပညာရှင် ထောင်ပေါင်းများစွာက သံမဏိမြို့ရိုးကြီးများတွင် တဒုန်းဒုန်းတဒိုင်းဒိုင်း ထုနေကြပြီး လေထဲသို့ မီးအမှုန်အမွှားများစွာကို လက်လာစေသည်။ တစ်ချက်ချင်းစီတိုင်းတွင် သံမဏိ၏ ခုခံမှုအားက မြင့်သထက်မြင့်လာပြီး ခိုင်မာသထက် ခိုင်မာလာသည်။ မြို့ရိုးထိပ်တွင် တပ်ဆင်ထားသည့် ပျားဗုံးထောင်ချောက်ကြီးများနှင့် မျိုးနွယ်ခြားနယ်မြေမှ ထိုခံတပ်က သေဆုံးခြင်းမြို့ရိုးအလား ဖြစ်လာစေသည်။

ထောင်ပေါင်းများစွာသော မော်ကျူးများ၊ ထောင်ပေါင်းများစွာသော ပျားဗုံးထောင်ချောက်များနှင့် အမျိုးမျိုးသော လက်နက်များ...

ထိုတခဏက ဝမ်ချောင် နှစ်လကျော်ပြင်ဆင်ခဲ့သော ရလဒ်ကို အပြည့်အဝ ထုတ်ပြနိုင်သွားသည်။ ထိုအချက်များအပြင် လေထုက ပြေလျော့သွားရမည့်အစား ပို၍သာ တင်းကြပ်လာရသည်။ လူတိုင်းကလည်း တောင်ကုန်းပေါ်သို့ အသစ်ရောက်လာသော ရွှေရောင်ဝံပုလွေ၏ အလံအသစ်ကို မြင်ကြရသလို အနောက်ပိုင်းတူရကီ မဟာဗိုလ်ချုပ်ထံမှ မြောက်တက်လာသည့် ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းများကိုလည်း ခံစားမိကြသည်။

မူထရီမဟာမြင်းတပ်နှင့် ကောင်းကင်ဘုံဝံပုလွေမဟာမြင်းတပ်ကဲ့သို့ လေးစားဖွယ်ကောင်းသော အဖွဲ့အစည်းကြီးတိုင်းက ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ဖြစ်နေပြီး ထန်များ၏နှလုံးသားကို လေးလံအောင် လုပ်နေသည်။ သာ့လွန်ရော့ကျန်း၏ အနားတွင် မဟာဗိုလ်ချုပ်သုံးဦးက ဘေးချင်းယှဉ်လျှက် ရှိနေပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်း၏။ သူတို့လွှတ်ထုတ်နေသည့် ဖိအားက အသက်ရှုရန်ပင် ခက်ခဲသည်။

အနောက်ဘက်တွင်လည်း အာရပ်များက တဖြည်းဖြည်းချင်း နှေးကွေးစွာ ယုံကြည်မှုအပြည့်နှင့် ချဉ်းကပ်လာကြသေးသည်။ ခါကန်းဘုရင်နှင့် ထန်စစ်သည် ထောင်ပေါင်းများစွာက ပထမခုခံရေးအားလှိုင်း၏ အနောက်တွင် အသင့်ပြင်နေကြသည်။ သူတို့အားလုံးက အာရုံစိုက်ကာ သတိအပြည့် ကပ်ထားရသည်။ ခုခံရေးဒုတိယအားလှိုင်းမှ ဝမ်ချောင်၊ ဝမ်ရန်၊ လီစစ်ယဲ့နှင့် ချန်းချန့်လီအပါအဝင် ထန်ဗိုလ်ချုပ်လေးယောက်လုံးက မတ်တပ်ရပ်လျှက် ရှိနေကြပြီး အနောက်မှ အခြေအနေများကို အာရုံစိုက်ချိန်မရချေ။

လေထုက လေးလံကာ တောင့်တင်းလွန်းနေသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီတိုက်ပွဲအတွက် မင်းရဲ့ဗျူဟာက ဘာပါလဲ”

ကောင်းရှန်းကျစ်က ရှေ့သို့ကြည့်လျှက်မေးသည်။

အန်းရှီကာကွယ်ရေးစစ်တပ်က စစ်သည်တစ်သောင်းဝန်းကျင်သာ ကျန်တော့သည်။ မြို့တော်အတွင်းမှ ကြေးစားစစ်သားများကို ထပ်ဖြည့်တွက်မည်ဆိုလျှင်ပင် သုံးသောင်းဝန်းကျင်ခန့်သာ ရှိလေရာ ချီရှီကာကွယ်ရေးစစ်တပ်နှင့် ယှဉ်နိုင်စွမ်းအားမရှိချေ။ အဖွဲ့အင်အားချင်း ယှဉ်ရသော် ဝမ်ချောင်ကသာ ဒီတိုက်ပွဲအတွက် အစစ်အမှန် စစ်သေနာပတိချုပ်ဖြစ်ပြီး ကောင်းရှန်းကျစ်က လက်ထောက်သာဖြစ်နိုင်သည်။

“ဟား ဟား စစ်သားတွေက ရန်သူတွေကို တားဆီးဖို့ မြေကြီးက ရေတွေကို သိုလှောင်တဲ့ဆည်အဖြစ်သုံးဖို့ပဲ။ ဒီတိုက်ပွဲက ရှောင်လို့မရနိုင်ဘူး”

ဝမ်ချောင်က ခံစားချက်မဲ့စွာပြောသည်။

“မဟာထန်က ငြိမ်နေတာကြာပြီ။ ဒီစစ်ပွဲက မဟာထန်ကို တစ်လောကလုံးရဲ့တိုင်းပြည်ထက် ပိုမြင့်နေရာမှာ ရပ်နိုင်စွမ်းရှိကြောင်း လူတိုင်းကိုနားလည်အောင် လုပ်ပေးရဖို့ လိုအပ်နေတဲ့ ပွဲတစ်ခုပဲ။ တစ်လောကလုံးရဲ့ အင်အားအကြီးမားဆုံး တည်ရှိမှုဖြစ်ကြောင်း အားလုံးကို ပြသရမယ်”

သူ၏စကားလုံးများက ကောင်းရှန်းကျစ်၊ ဝမ်ရန်နှင့် ချန်းချန့်လီတို့၏မျက်လုံးကို အံ့အားတကြီး ပြူးသွားစေသည်။ သူတို့၏နှလုံးသားကလည်း ထိုးမွှေခံရသလိုမျိုး ကြာရှည်စွာ ငြိမ်းနေခဲ့သည့် မီးတောက်က တောက်လောင်လာကာ အသက်ဝင်လာသည်။

ဟုတ်တယ် မဟာထန်က တိတ်နေခဲ့တာ တအားကြာပြီ။

မည်သို့ပင်ဆိုစေ မဟာထန်က စစ်သည်သိန်းဂဏန်းကိုသာ ခေါ်ဆောင်လျှက် ပတ်ဝန်းကျင်ရှိ ရန်သူတိုင်းကို အုပ်စိုးကာ အနီးအနားရှိ မြို့တော်တိုင်းကို သိမ်းပိုက်ခဲ့သည့် ထက်ရှမှုမျိုး ပြသခဲ့ဖူးသည်။ မြင်းတပ်ရှစ်ထောင်တည်းနှင့် မဟာတူရကီ ခါကာနိတ်၏ စစ်သည်သိန်းကျော်ကို လိုက်ဖမ်းရဲခဲ့သလို သူတို့ကို ခါကန်း၏ခုံရုံးကို စွန့်ပစ်ပြီး အထိတ်တလန့် ထွက်ပြေးစေသည်အထိ လုပ်နိုင်ခဲ့ဖူးသည်။

သူတို့ကလည်း အတောက်ပဆုံး၊ အတော်ဆုံး၊ စည်းကမ်းအရှိဆုံး လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် မဟာထန် ဖြစ်နေသေးလျှင် သူတို့၏ ရန်သူအင်အားစုများက သူတို့၏ ထက်ရှသောဘက်ကို လာရောက် စမ်းသပ်မှုမျိုး မရှိနေသင့်ချေ။

အခန်း(၈၉၉)

“ဟား ဟား စကားပြောကောင်းတယ်။ တူရကီတွေပဲဖြစ်ဖြစ်၊ တိဗက်တွေပဲဖြစ်ဖြစ်၊ အာရပ်တွေပဲဖြစ်ဖြစ် မဟာထန်က နယ်စပ်က တိုင်းပြည်လောက်ကို ကြောက်ဖု့ိလိုအပ်မှာတဲ့လား။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် မင်းဘာလုပ်ဖို့ကြံထားကြံထား ငါကမင်းပြောတဲ့အတိုင်းလုပ်မယ်။ မင်းဆန္ဒရှိသလိုသာလုပ်ပါ။ ငါက အကောင်းဆုံးပူူးပေါင်းပေးမယ်”

ကောင်းရှန်းကျစ်က ထိုသို့ကျုံးဝါးသည်။ သူ၏မျက်ဝန်းက တောက်ပနေ၏။ သူ၏အရှေ့မှ (၁၇)နှစ်အရွယ် လူငယ်လေးထံတွင် သူထံမှ ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် စိတ်အားထက်သန်မှုမျိုးကို ခံစားရသည်။

ဘယ်သူက တိဗက်တွေကို ဂရုစိုက်နေလို့လဲ။ ဘယ်သူက အာရပ်တွေကို ဂရုစိုက်နေလို့လဲ။

အတိတ်တွင် သူက သူတစ်ယောက်တည်းကိုသာ မှီခိုအားကိုးခဲ့ပြီး အနောက်ပိုင်းနယ်မြေ တစ်ခုလုံးကို ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည်။ ထိုသို့ဖြင့် မိုက်ရူးရဲဆန်ခဲ့သလို ရုတ်ရင့်ကြမ်းတမ်းခဲ့သေးသည်။ ဒီနည်းအားဖြင့် သူတော်စင်ဧကရာဇ်၏ မျက်နှာသာပေးမှုကိုခံရပြီး အန်းရှီကာကွယ်ရေးဗိုလ်ချုပ်ကြီး ဖြစ်လာလျှက် အနောက်ပိုင်းနယ်မြေ စစ်နတ်ဘုရား ဖြစ်လာခဲ့လေသည်။

“ဟား ဟား ကောင်းပါပြီ”

ဝမ်ချောင်ကလည်း တစ်ဖက်သူ၏ စကားများမှတဆင့် သူ၏ယုံကြည်မှု ဖောင်းကားလာခြင်းကို နားလည်နိုင်သည်။ လက်ရွေးစင်အဆင့် ပုဂ္ဂိုလ်ချင်းယှဉ်ရာတွင် မဟာထန်က အာရပ်၊ တိဗက်နှင့် တူရကီများကို မယှဉ်နိုင်လောက်ချေ။ သို့သော် တစ်ချိန်ခေတ်ကာလမှ စစ်သူတော်စင်တစ်ယောက်နှင့် အန်းရှီစစ်သည်တို့ကပင် လေးစားဖွယ်ကောင်းနေပြီဖြစ်သည်။ မဟာထန်က လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် အရေအတွက်နှင့် ရန်သူများကို မအုပ်စိုးခဲ့ဖူးချေ။ ပို၍ဆိုးသည်မှာ စစ်အနုပညာအရတွင် သူတို့က တိုက်ခိုက်ရာတွင် တိုက်ရိုက်အကျဆုံး နည်းလမ်းမျိုးကို အသုံးပြုသည်ဟု ဆိုနိုင်သော်လည်း သွယ်ဝိုက်ကာ ခန့်မှန်းရခက်ခဲသည့် နည်းလမ်းမျိုးနှင့် တိုက်ပွဲကို အနိုင်ယူရန် လိုအပ်နေသေးသည်။ တိုက်ပွဲနယ်မြေတွင် အံ့အားသင့်စရာကောင်းလောက်အောင် များပြားသည့် စစ်သည်တော်များကို မှီခိုကာ အနိုင်ရယူခြင်းမဟုတ်ချေ။ သင့်တော်သော အမိန့်ပေးသူတစ်ယောက်က မည်သို့သောနယ်မြေတွင်မဆို အရေအတွက် အပြတ်အသတ် သာလွန်နေခြင်းရှိလျှင်ပင် ထူးချွန်သောစွမ်းရည်ကိုသာ မှီခိုပြီး ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရင်း အလဲထိုးချေမွနိုင်အောင် အမိန့်ပေးနိုင်ရန် လိုအပ်လေသည်။

ယခုလို တိုက်ပွဲမျိုးက လှည့်ကွက်များသုံးရန် မလိုအပ်ချေ။ သို့သော် ပြိုင်ဘက်ကင်းသော ဗျူဟာများကို ကြိုတင်တွေးတောမှုနှင့် စစ်စွမ်းရည်များကို အသုံးပြုရန် လိုအပ်သည်။ ထိုတိုက်ပွဲကသာ ဗိုလ်ချုပ်များ၏ အစစ်အမှန်တိုက်ပွဲဖြစ်သည်။

ဝမ်ချောင်က အဝေးရှိ တူရကီတိဗက်စစ်တပ်ကိုကြည့်ပြီး မေးလိုက်သည်။

“ကျန်းချွယ် ရန်သူတွေရဲ့ အရေအတွက်က ဘယ်လောက်လဲဆိုတာကို ရှာတွေ့ခဲ့လား”

“အရှင်အမတ်ကို ပြန်ဖြေပါတယ်။ ကျွန်တော်တို့တွေလည်း တိဗက်တွေလည်း လင်းတစစ်တပ်တွေကြောင့် အနားကပ်လို့ မရနိုင်ခဲ့ဘူး။ ဒါကြောင့် ခန့်မှန်းချေ အကြမ်းဖျင်းပဲသိပါတယ်။ တိဗက်တွေမှာ စစ်သည် ခုနှစ်သောင်းကျော်ရှိပြီး တူရကီမှာ လေးသောင်းကျော်ရှိပါတယ်။ အားလုံးက လက်ရွေးစင်တွေပါပဲ”

ကျန်းချွယ်၏ ငယ်ရွယ်သောအသံက ဗိုလ်ချုပ်လေးယောက်၏ အနောက်ဘက်မှ ထွက်လာသည်။ သူက မြေပြင်တွင် ရိုသေစွာ ဒူးထောက်လျှက်ရှိနေသည်။ သူ၏ကျောက်တုံးသိန်းငှက်လေး ရှောင်ရှားက ပုခုံးပေါ်တွင်နားနေသည်။

တိဗက်များက လင်းတပမာဏ အမြောက်အများကို ခေါ်လာသည်။ သူတို့၏ ကိုယ်ထည်ကြီးများက နေမင်းကိုပင် ပိတ်ဆို့နေလေရာ အမှောင်ကျနေစေသည်။ အာရပ်အင်ပါယာ၏ အမဲလိုက်သိန်းငှက်ကြီးများကလည်း ရှိနေသေးလေရာ မဟာထန်များ၏ လေကြောင်းစောင့်ကြည့်မှု အဖွဲ့က အလွန်ပြင်းထန်သည့် ဖိအားအောက်သို့ ရောက်နေသည်။ မြေပြင်ရှိ ဆရာသခင် လေးသည်တော်များကို မှီခိုပြီး ရန်သူငှက်များကို ကိုင်တွယ်မှသာ ကျောက်တုံးသိန်းငှက်များက အနည်းငယ် ပျံသန်းနိုင်ချေရှိလေသည်။

သို့သော် တူရကီစစ်တပ်၏ လေးသိန်းဆိုသော ပမာဏကိုမူ ရှောင်ရှားကိုယ်တိုင်က အန္တရာယ်ကို ရင်ဆိုင်ရာ ရင်းနှီးလျှက် ကောင်းကင်ပေါ်သို့ပျံသန်းပြီး ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးထားခဲ့ခြင်းဖြစ်သည်။

“တိဗက်ကခုနှစ်သောင်း တူရကီက လေးသောင်းဆိုတော့ တစ်သိန်းနှစ်သောင်းဝန်းကျင်ပေါ့။ ဒါကလုံလောက်တယ်။ တိဗက်တွေနဲ့ အနောက်ပိုင်းတူရကီတွေက အခုမတိုက်ခိုက်ချင်သေးဘူးဆိုရင် ငါတို့က သူတို့ကို တိုက်ခိုက်အောင် အင်အားသုံးရလိမ့်မယ်”

ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းအကြားတွင် ဝမ်ချောင်က ကျောနောက်သို့ လက်ပစ်လျှက် အဝေးရှိ တောင်ကုန်းကို ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေလေပြီး ဗဟိုပြင်ကျယ်မှ စစ်သူတော်စင်ဆိုသော နောက်ခံနှင့် ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုသော နောက်ခံနှင့် လိုက်ဖက်နေသည်။ လက်ရှိဝမ်ချောင်က မရင့်ကျက်သော ဆယ်ကျော်သက်အရွယ် တစ်ယောက်၏ အရှိန်အဝါကို သယ်ဆောင်ထားခြင်းမရှိချေ။ သူဟာ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော အကြည့်နှင့် မြေကမ္ဘာတစ်ခုလုံး၏ အတွင်းထဲထိ ထိုးဖောက်ဝင်ရောက်နိုင်လောက်အောင် နက်ရှိုင်းသော အငွေ့အသက်ကို ပိုင်ဆိုင်ထားသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေသည်။ ဝမ်ရန်နှင့် ကောင်းရှန်းကျစ်တို့ကပင် မျက်လုံးပြူးကာ အံ့အားသင့်သွားသည်။

“စီနီယာကျန်း စတင်ပါ”

ဝမ်ချောင်က နောက်လှည့်မကြည့်ဘဲပြောသည်။

“ကျန်းရှို့ကျစ် စတော့”

ကျန်းရှို့ကျစ်နှင့် သူ၏လုပ်သားများက ချက်ချင်းဆိုသလိုပင် ရထားလုံးထဲသို့ ဝင်ရောက်ကာ ထွက်ခွာကြသည်။

ဘန်း

ထိုသို့ဖြင့် ရုတ်တရက် ခုခံရေးအားလှိုင်းနှစ်ခုမှ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အသက်ဝင်လာသလို ပြောင်းလဲလာသည်။ ထိုအရာက တဖြည်းဖြည်းချင်း ပြန့်ကားသွား၏။

ဘုန်း ဘုန်း ဘုန်း

လက်မှုပညာရှင်ပေါင်း များစွာ၏ လည်ပတ်လိုက်စေသော စက်၏အားထုတ်မှုအောက်တွင် ကြီးမားသော သံမဏိမြို့ရိုးကြီး တစ်ခုပြီးတစ်ခုက ပေါ်ထွက်လာလေသည်။

အနက်ရောင်မီးခိုးများက ကောင်းကင်သို့ ထိုးတက်သွားသည်။ ရုတ်တရက် ဆောက်လုပ်လိုက်သော မြင်ကွင်းကြီးက အာရပ်နှင့် တိဗက်များ၏ အမြင်ကို ဆွဲဆောင်လိုက်သည်။

“ထန်တွေက ဘာလုပ်နေတာလဲ။ သူတို့မှာ ခုခံရေးအားလှိုင်း နှစ်လှိုင်းရှိပြီးပြီမဟုတ်ဘူးလား။ ဘယ်လိုအကြံတွေများ ချနေတာလဲ”

တောင်ကုန်းထိပ်ပေါ်မှ တုစုန့်မာန်ဖော်ကျဲ့က မနေနိုင်ဘဲ မျက်မှောင်ကျုံ့လျှက် ပြောလိုက်သည်။ သူက ဝမ်ချောင်၏ သံမဏိခံတပ်ကို တစ်ကြိမ် အတွေ့အကြုံရခဲ့ဖူးသော်လည်း ဒါက ယွီစန်းမှ အဖွဲ့ဝင်တိုင်းအတွက် မမေ့နိုင်သော ဖြစ်ရပ်ဖြစ်ခဲ့သည်။ မည်သို့ပင်ဆိုစေ တုစုန့်မာန်ဖော်ကျဲ့ကလည်း ယခင်က ထိုသို့ အကြီးမားဆုံး ရှုံးခဲ့သည့် အခြေအနေမျိုးကို မကြုံဖူးခဲ့ချေ။

ထိုသံမဏိခုခံရေးအားလှိုင်းများက တုစုန့်မာန်ဖော်ကျဲ့ကို ထိတ်လန့်စေသည်။ သူ၏စိတ်အတွင်း အရိပ်ဆိုးတစ်ခုကိုပင် ပေါ်ထွက်လာစေသည်။

သာ့ယန်မာန်ပန့်က မည်သည့်စကားမှမပြောချေ။ သို့သော် သူ၏မျက်မှောင်က ပြေသွားသည်။

“သူက ငါတို့ကို အပုမူစလင်နဲ့ ခြားချင်တာ”

သာ့လွန်ရော့ကျန်းက ရုတ်တရက်ပြောသည်။ သူ၏မျက်လုံးက မှေးကျဉ်းနေသည်။

သူကသာ ဝမ်ချောင်၏ အတွေးဖြစ်စဉ်ကို နားလည်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လောက်သည်။ သူက အနောက်တောင်ပိုင်းက စစ်ပွဲတွင် ရှုံးသွားခဲ့သော်လည်း ဝမ်ချောင်ကို အကန့်အသတ်ထိရောက်အောင် တွန်းပို့နိုင်ခဲ့သည်။ တော်ဝင်မြို့တော် အကျဉ်းထောင်အတွင်းတွင် နေခဲ့သော လပေါင်းများစွာ ကာလအတောအတွင်း သူက ထပ်ခါတလဲလဲ သုံးသပ်ခဲ့သည်။ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ထိုသို့ဖြင့် ဒီတိုက်ပွဲအကြောင်း အကြိမ်ပေါင်းများစွာ တွက်ဆခဲ့ပြီးလေပြီ။

သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်က အဓိပ္ပာယ်မရှိဘဲ လျှောက်လုပ်မည့်လူမဟုတ်ကြောင်း နားလည်သည်။ သူ၏လုပ်ဆောင်မှုတိုင်းက ပန်းတိုင်တစ်ခုအတွက် အကြောင်းပြချက်တစ်ခု ရှိနေပေလိမ့်မည်။

“မင်းကဘာကို ဆိုလိုတာလဲ။ ငါတို့က အာရပ်တွေနဲ့ပူူးပေါင်းပြီး ထန်တွေကို အရှေ့အနောက် ညှပ်ပြီး တိုက်ခိုက်မှာမဟုတ်ဘူးလား။ သူကဒီလိုလုပ်တာ ဘာအသုံးဝင်လို့လဲ”

တုဝူစစ်လီက စိတ်ရှုပ်ထွေးစွာမေးသည်။

သူက မထွက်လာခင်ကတည်းက အက်ရှာဘာရာခါကန်းက ဝမ်ချောင်နှင့် ပတ်သတ်သမျှ အကြောင်းအရာတိုင်းကို သူ့ကို ပေးထားပြီးသားဖြစ်သည်။ သို့သော် သတင်းအချက်အလက်က သတင်းအချက်အလက်သာဖြစ်ပြီး လူကိုယ်တိုင် တွေ့ရခြင်းက အခြေအနေ တစ်မျိုးဖြစ်သည်။ ထို့ပြင် သူကလည်း သူတို့ထံမှ အရည်အသွေးမြင့် စစ်မြင်းနှစ်သိန်းကို အရယူသွားခဲ့သော ထိုလူငယ်ကို နားမလည်နိုင်ပါချေ။

“မတူဘူး”

သာ့လွန်ရော့ကျန်းက ခေါင်းခါသည်။

သူက လိမ့်တက်နေသော မီးခိုးများကိုစိုက်ကြည့်ကာ မျက်နှာက တင်းမာသွားပြန်သည်။

“ငါတို့က အာရပ်တွေနဲ့ အရှေ့အနောက် ပူးပေါင်းတဲ့အချိန်မှာ ငါတို့ရဲ့အင်အားစုသုံးခုက တစ်သားတည်းအဖြစ် ပေါင်းထားတယ်။ ငါတို့က တစ်ဖက်ခြမ်းမှာရှိနေပြီး မဟာထန်ကတော့ အခြားတစ်ဖက်ခြမ်းမှာပေါ့။ သူကသာ ဒီသံမဏိမြို့ရိုးတွေကိုသုံးပြီး ငါတို့ကိုခြားလိုက်ရင် မဟာထန်က အလယ်မှာဖြစ်သွားပြီး ငါတို့ကိုခွဲပြီး ရင်ဆိုင်နိုင်လိမ့်မယ်။ ဒီလိုနဲ့ နှစ်ဖွဲ့ကနေ သုံးဖွဲ့အဖြစ် ပြောင်းလိုက်တယ်။ ငါတို့ကတစ်ဖွဲ့၊ အာရပ်တွေကတစ်ဖွဲ့၊ မဟာထန်ကတစ်ဖွဲ့ပေါ့”

“ဒါ့အပြင် မဟာထန်က ငါတို့ကို ခြားထားလိုက်တော့ ငါတို့နဲ့ အာရပ်တွေရဲ့ ဆက်သွယ်နိုင်စွမ်းအားက အကန့်အသတ်ဖြစ်သွားပြီ။ ဒီအခြေအနေက ငါတို့အတွက် ဆိုးကျိုးဖြစ်စေတယ်။ ငါတို့က အပုမူစလင်ကို သတင်းပို့ငှက်ကိုပဲသုံးပြီး ဆက်သွယ်ရလိမ့်မယ်”

သာ့လွန်ရော့ကျန်းက ထိုသို့ပြောသည်။

“ဆိုတော့ မင်းက တိုက်ပွဲရဲ့ အခြေအနေက ဆိုးရွားသွားပြီး ငါတို့က ဗျူဟာတွေသုံးလို့ အာရပ်တွေနဲ့ပေါင်းပြီး ထန်တွေကို အတူတိုက်ခိုက်နိုင်ဖို့ မျှော်လင့်နေတာလား”

တုဝူစစ်လီကမေးသည်။

“ငါ့မှာအဲ့လိုအကြံရှိတယ်။ ဒါပေမဲ့ အခုမဖြစ်နိုင်တော့ဘူး”

သာ့လွန်ရော့ကျန်းက ခပ်တိုးတိုးပြောသည်။ သူ၏မျက်ဝန်းက အဝေးသို့ကြည့်သည်။

ဝမ်ချောင်က ရိုးရှင်းသောနည်းလမ်းကိုသုံးပြီး အခြေအနေကို ရှုပ်ထွေးအောင်လုပ်လိုက်သည်။ ရန်သူတစ်ယောက်ဖြစ်နေသည့်တိုင် သာ့လွန်ရော့ကျန်းက ထိုလူကို လေးစားမိပြန်သည်။

သူ့ရဲ့ဗျူဟာတွေကို ဖမ်းဆုပ်နိုင်မှုအရဆိုရင် သူက ဗဟိုပြင်ကျယ်မှာ အတော်ဆုံးတစ်ယောက်ပဲ။ ဝမ်ကျုံးစစ်က ဗဟိုပြင်ကျယ်ရဲ့ စစ်နတ်ဘုရားလို့ပြောကြတယ်။ ဒါပေမဲ့ သူတောင်မှ စစ်အနုပညာချင်းယှဉ်ရင် သူ့ကို မယှဉ်နိုင်လောက်ဘူး။

သာ့လွန်ရော့ကျန်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

နာ့ယိတော်ဝင်တပ်ရင်းမှ မဟာအမတ်ဖြစ်သည့်သူက အနောက်တောင်ပိုင်းတွင်လည်း အင်ပါယာ၏ ကျားဆိုသော ကျန်းချုံကျန့်ချုံးနဲ့ နှစ်ပေါင်းများစွာကြာ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော် လူတစ်ယောက်တည်းကြောင့် ခြိမ်းခြောက်ခံရသည့် အခြေအနေမျိုးကို မကြုံဖူးခဲ့ချေ။ တစ်ဖက်သူ၏ ပါရမီက တောက်ပလွန်းသဖြင့် ချီးကျူးပြီး သက်ပြင်းချရုံသာ တက်နိုင်လေသည်။ သာ့လွန်ရော့ကျန်းက တစ်ဖက်သူကို ဖျက်ဆီးနိုင်ရန် ကျိန်ဆိုမိလေသည်။

ထိုလူတည်ရှိနေသမျှ ယွီစန်းက ဘယ်သောအခါမှ အနိုင်ရနိုင်မည်မဟုတ်ချေ။

“ငါတို့ပတ်သွားလို့မရဘူးလား”

ဟော်ရှု့ဟွေ့ခမ်းက တုန့်ဆိုင်းစွာပြောသည်။ သူက အဝေးရှိ မြို့ရိုးများကိုကြည့်၏။ တူရကီ တိဗက်စစ်တပ် တစ်သိန်းကျော်က အာရပ်စစ်သည် နှစ်သိန်းခုနှစ်သောင်းဝန်းကျင်အား ဝမ်ချောင်၏ သံမဏိမြို့ရိုးဖြင့် အပိုင်းခြားခံလိုက်ရလေရာ ကိုယ်ပိုင်တိုက်ပွဲကို တိုက်ခိုက်ရန်ဖြစ်လာသည်။ ထိုသို့ဖြင့် သုံးဖွဲ့ပေါင်းကာ တိုက်ခိုက်နေခြင်း မဟုတ်တော့ချေ။ ထန်များက သူတို့ကို ခြားထားလေပြီး သူတို့ကို သီးသန့်တိုက်ခိုက်သလို ဖြစ်သွား၏။ ထို့ကြောင့် လက်ခံရန်ခက်ခဲသည်။

“မဟုတ်ဘူး”

သာ့လွန်ရော့ကျန်းက ခေါင်းခါပြီး တာလာ့၏ မြင့်မားလွန်းသော မြို့ရိုးများကိုကြည့်သည်။

“ဒါက မြေမျက်နှာသွင်ပြင်က ဆုံးဖြတ်သွားတာပဲ။ သူက ဒီအားသာချက်ကို စုံစမ်းထားပြီးသား”

“တာလာ့က တော်တော်လေးကို ရှုပ်ထွေးတဲ့ မြေမျက်နှာသွင်ပြင် အနေအထားမျိုးမှာရှိတယ်။ ပြင်ကျယ် ပြည့်နှက်နေပေမဲ့လည်း ဒီပြင်ကျယ်တွေပြည့်နေတဲ့ အခြားတစ်ဖက်ခြမ်းမှာ လျိုမြောင်တွေ၊ ချိုင့်ဝှမ်းတွေ၊ မတ်စောက်တဲ့ တောင်တန်းတွေ၊ တောင်ကုန်းတွေရှိနေတယ်။ အားလုံးက တက်ဖို့ခက်တယ်။ ဒါကြောင့်ပဲ ရှီတိုင်းပြည်ကလူတွေက ဒီနေရာမှာ မြို့လာတည်တာပေါ့”

သာ့လွန်ရော့ကျန်းက တည်ငြိမ်စွာပြောသည်။

သူက တာလာ့ကိုသုံးပြီး မဟာထန်ကိုလဲဖြိုရန် ရွေးချယ်ခဲ့လေရာ အနောက်ပိုုင်းနယ်မြေ တစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်ကို အပြည့်အဝ လေ့လာထားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ဒီနေရာကို သူ၏လက်ခုံလိုသိသည်။

“တာလာ့ရဲ့ နောက်တန်းမှာ အရမ်းကို မတ်စောက်တဲ့ ချောက်ကမ်းပါးကြီးတွေရှိတယ်။ ဒီချောက်ကမ်းပါးတွေနဲ့ နံရံတွေကြားမှာ အရမ်းကို ကျဉ်းမြောင်းတဲ့လမ်းပဲရှိတာ်။ ဒီလိုနဲ့ ငါတို့ရှေ့က လမ်းကပဲ ထွက်သွားဖို့ အကောင်းဆုံးလမ်းဖြစ်နေတယ်။ ဝမ်ချောင်က သံမဏိမြို့ရိုးနှစ်ခုကိုသုံးပြီး ဒီလမ်းကို ခြားလိုက်လို့ ငါတို့ိကို မပူးပေါင်းအောင် လုပ်လိုက်တယ်။ သူက ခုခံတာကနေ တိုက်ခိုက်တဲ့ အနေအထားမျိုးကို ပြောင်းလိုက်တာပဲ။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် သူက အဟကြားတစ်ခု ထားထားပေးလိမ့်မယ်။ ဒီမြို့ရိုးတွေက အဆုံးထိသွားမှာမဟုတ်ဘူး”

“ဘာလို့လဲ”

“သုံးခုကိုဝိုင်းပြီး တစ်ခုကိုဖွင့်ပေးတာပေါ့”

သာ့လွန်ရော့ကျန်းက ခိုင်မာစွာဖြေသည်။

သာ့လွန်ရော့ကျန်း၏စကားကို တုန့်ပြန်သည့်အလား သံမဏိမြို့ရိုးနှစ်တန်းက ရုတ်တရက် စီးထွက်လာသည့်အရှိန်နှုန်း နှေးကွေးသွားလေပြီး ပြင်ကျယ်၏အစွန်းနားတွင် ကျဉ်းမြောင်းလွန်းသော နေရာတစ်ခုကို ချန်ထားပေးလေသည်။

“လုံလောက်တယ်”

တချိန်လဲလိုလို ဝမ်ချောင်က လက်ကိုယမ်းလိုက်ပြီး အမိန့်ကိုသုံးကာ ရပ်တန့်စေသည်။

“သုံးခုကိုဝိုင်းပြီး တစ်ခုကို ချန်ထားရမယ်။ သူတို့အတွက် လမ်းချန်ထားရအောင်”

“ညီလေး သာ့လွန်ရော့ကျန်းက ကိုင်တွယ်ဖို့ လွယ်တဲ့လူမဟုတ်ဘူး။ မင်းရဲ့ ဒီဗျူဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လမ်းကြောင်းချန်ပေးတာက သာ့လွန်ရော့ကျန်းကို အရူူးလုပ်နိုင်မှာမဟုတ်ဘူး”

ဝမ်ချောင်၏အစ်ကိုကြီး ဝမ်ဖူကပြောလိုက်သည်။ သူ၏သံချပ်ကာက တချွင်ချွင်မြည်နေသည်။

“ငါကလည်း ဖုံးကွယ်ဖို့ကြိုးစားနေတာမဟုတ်သလို သူကလည်း သိထားတယ်”

ဝမ်ချောင်ကပြောသည်။ သူ၏အကြည့်က တောင်ကုန်းပေါ်တွင်ရှိသော သေသပ်သော လူထံတွင်သာ ရှိနေ၏။ သူ၏အမူအရာက တည်ငြိမ်နေပြီး ယုံကြည်မှုရှိနေသေးသည်။

“လျို့ဝှက်အကြံအစည်နဲ့ ပေါ်တင်အကြံအစည်ဆိုတာရှိတယ်။ ဒီအကြံအစည်က ရှင်းလင်းတယ်။ ပေါ်တင်ထင်ထင်ရှားရှား မြင်နိုင်တယ်။ သာ့လွန်ရော့ကျန်းကလည်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ သူက နားလည်ရင်တောင်မှ အသုံးမဝင်ဘူး။ အဆင့်မြင့်ဗိုလ်ချုပ်တစ်ယောက်က ရန်သူရဲ့ အကြံအစည်ကို ဖျက်ဆီးတယ်။ ဒီလိုနဲ့ တိုက်ခိုက်လိုစိတ်ကို တိုက်ခိုက်လိုက်တာကမှ အကောင်းဆုံး လုပ်ဆောင်မှုပဲ”

အခန်း(၉၀၀)

ဘုန်း

ဝမ်ချောင်၏ “အဆင့်လွန်ဗိုလ်ချုပ်က ရန်သူရဲ့အကြံတွေကို ဖျက်ဆီးတယ်။ တိုက်ခိုက်လိုစိတ်ကို တိုက်ခိုက်လိုက်တာကမှ အကောင်းဆုံး လုပ်ဆောင်မှုပဲ”ဆိုသော စကားက ဝမ်ဖူကို အံ့အားတကြီး မျက်ခုံးပင့်မိစေသည်။ ဝမ်ကလန်က အမတ်များနှင့် ဗိုလ်ချုပ်များ ပြည့်နှက်နေသော အဖွဲ့အစည်းကြီးဖြစ်ပြီး ဗျူဟာကျမ်းစာပေါင်း များစွာကို သိုလှောင်ထားသည်။ ဝမ်ဖူကလည်း အားလုံးကို သူ၏နှလုံးသားတစ်ခုလိုမျိုး ရင်းရင်းနှီးနှီး နားလည်ထားလေသည်။ သို့သော် ထိုစကားကိုမူ မကြားဖူးချေ။

“အခု သာ့လွန်ရော့ကျန်းက ဆန္ဒရှိရှိ မရှိရှိ သူလှုပ်ရှားရတော့မယ်”

ဝမ်ချောင်က ယုံကြည်မှုရှိစွာဖြင့် ကျုံးဝါးသည်။

အပုမူစလင်နှင့် သာ့လွန်ရော့ကျန်းတို့က ထူးချွန်သော ဗိုလ်ချုပ်ကြီးများဖြစ်သည်။ ယခင်တစ်ယောက်က ကောင်းရှန်းကျစ်ကို အဆုံးသတ်ထိ တွန်းပို့နိုင်ခဲ့လေရာ နောက်ဆုံးတစ်ယောက်ကိုမူ ထည့်ပြောရန်ပင် မလိုအပ်ချေ။ ထိုနှစ်ယောက်ကို ရင်ဆိုင်ရသောအခါ ဝမ်ချောင်က သတိလက်လွတ် နေ၍မရချေ။ သို့ရာတွင် ဗဟိုပြင်ကျယ်၏ စစ်သူတော်စင်တစ်ယောက်ဖြစ်သည့်အလျောက် သူကလည်း အားသာချက်တိုင်းကို အမိအရ ဖမ်းဆုပ်နိုင်ပြီး ခုခံမှုမှ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲနိုင်စွမ်းအား ရှိလာလေသည်။

စစ်အနုပညာအရတွင် ‘အင်အားစုတစ်ခုက လူဆယ်ယောက်ကို တိုက်ခိုက်ရရင် ဝိုင်းပြီးတိုက်ခိုက်ရတယ်။ ငါးယောက်က တစ်ယောက်ကို တိုက်ခိုက်ရရင်လည်း ဒီတိုင်း တိုက်ခိုက်နိုင်တယ်။ နှစ်ယောက်ဆိုရင်တော့ ခွဲတိုက်ခိုက်ရမယ်။ လက်ရည်တူနေရင်တော့ ပေါ်တင်ရင်ဆိုင်နိုင်တယ်’

တစ်ဖက်ကသာ စစ်သည်တော် နည်းနေခဲ့ပြီး နောက်ဆုတ်ရန် နေရာမရှိခဲ့လျှင် သုံးရမည့် အကောင်းဆုံး နည်းလမ်းက ခံတပ်ကိုမှီခိုပြီး ရန်သူကို တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ပွဲကိုကြိုးကိုင်ရာတွင် ခုခံသောဘက်တွင် နေထိုင်ရခြင်းက အကြီးမားဆုံး အားသာချက်ကို အမြဲတစေ ပိုင်ဆိုင်တတ်သလို အနည်းဆုံး ဆုံးရှုံးမှု ရှိနိုင်လေသည်။

လက်ရှိအချိန်တွင် ဝမ်ချောင်က သာ့လွန်ရော့ကျန်းကို တိုက်ခိုက်ရန် တွန်းအားပေးနေခြင်းဖြစ်သည်။

.....

“ဒါကသူ့ရဲ့ ပေါ်တင်အကြံအစည်ပဲ။ သူက ငါတို့ ငါးစာမဟပ်မဲ့အခြေအနေကို မကြောက်ဘူး။ ငါတို့က မတိုက်ခိုက်မှာကိုလည်း မကြောက်ဘူး။ ငါတို့ကသာ အပြည့်အဝ ပိုင်းခြားခံရတာမျိုးမဖြစ်ဘဲ သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို မရောက်သွားချင်ရင် သေချာပေါက် တိုက်ခိုက်ရလိမ့်မယ်”

အဝေးရှိ တောင်ကုန်းထိပ်ပေါ်မှ သာ့လွန်ရော့ကျန်းက တဖြည်းဖြည်းချင်း ပြောပြီးနောက် မဟာဗိုလ်ချုပ် သုံးယောက်ကို ကြည့်လိုက်သည်။ ကိစ္စပေါင်းများစွာထဲတွင် သူနှင့်ဝမ်ချောင်တို့က မဟာမိတ်များနှင့်ပင် တူနေ၏။ ဝမ်ချောင်က သူ၏အတွေးကိုသိသလို သူကလည်း ဝမ်ချောင်၏အတွေးကို သိသည်။ ဒီနေရာတွင် ဖုံးကွယ်ထားသော အကြံအစည်များမရှိချေ။

ရန်သူတစ်ယောက်က တစ်ဖက်သူ၏ အစစ်အမှန်ဗျူဟာကို ဖောက်မြင်နိုင်နေလျှင်ပင် ထိုအတိုင်း လိုက်လုပ်ရဦးပေလိမ့်မည်။

“ဒါပေမဲ့ ငါတို့ရဲ့စစ်သားတွေအားလုံး ရောက်လာပြီ။ အားလုံးပေါင်းလိုက်ရင် ငါတို့မှာ စစ်သည်လေးသိန်း ရှိနေတယ်။ ဒီတော့ မဟာထန်နဲ့ အပြတ်အသတ်သာတယ်။ ငါတို့အချိန်ဆွဲစရာ အကြောင်းကိုမရှိဘူး။ အခုပဲ အာရပ်အင်ပါယာကို အချက်ပြလွှတ်ပြီး တိုက်ခိုက်ဖို့ အချက်ပေးလိုက်။ ဒီတစ်ကြိမ်မှာ ငါတို့ရဲ့အင်ပါယာ သုံးခုက မဟာထန်ရဲ့ အနောက်ပိုင်းနယ်မြေမှာ ရှိသမျှစစ်သားတိုင်းကို အဖြစ်ဖြတ် သုတ်သင်ရမယ်။ ဒါကငါ့ရဲ့ ပေါ်တင်အကြံအစည်ပဲ”

သာ့လွန်ရော့ကျန်းက လှောင်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်လာသည်။

အာရပ်အင်ပါယာ၊ အနောက်ပိုင်းတူရကီခါကာနိတ်၊ ယွီစန်းအင်ပါယာ သက်တမ်းအကြာရှည်ဆုံး အင်ပါယာကြီး သုံးခုလုံးက နောက်ဆုံးတွင် သဘောတူညီမှုတစ်ခု ရရှိလေပြီး မဟာထန်ကို ကိုင်တွယ်တော့မည်ဖြစ်သည်။

တစ်ကွက်တည်းနှင့် သူတို့က မဟာထန်နှင့် အနောက်ပိုင်းနယ်မြေ၏ အဆက်အသွယ်တိုင်းကို ဖြတ်တောက်ရမည်ဖြစ်သည်။ သာ့လွန်ရော့ကျန်း၏ အကြံတွင် ယွီစန်းအင်ပါယာက မဟာထန်ကို ဒီအခွင့်အရေးတစ်ခုတည်းနှင့်သာ အလဲထိုး အနိုင်ယူနိုင်မည်ဖြစ်သည်။

ဘုန်း

သာ့လွန်ရော့ကျန်းက အင်္ကျီလက်ကို အောက်သို့ယမ်းချလိုက်သည့် အချိန်တွင် ရှေးဟောင်းဗုံကြီးများ၏ ကျယ်လောင်သည့် အသံက ထွက်ပေါ်လာသည်။ ခရာမှုတ်သံများကလည်း ထွက်ပေါ်လာ၏။ ထိုသို့ဖြင့် တာလာ့၏အဆုံး အရှေ့ပိုင်းဒေသအထိ ပျံ့နှံ့သွားပြီး တစ်လောကလုံးအနှံ့ မြည်ဟီးသလို ဖြစ်လာသည်။ အခြားသောတိုက်ပွဲ အချက်ပြမှုများနှင့် မတူသည်မှာ ထိုဗုံကြီးများက ထူးခြားသော စည်းချက်ရှိလေပြီး သတင်းတစ်မျိုးကို ပို့နိုင်သည်။

“ကောင်းပြီ တိဗက်တွေက အချက်ပြလိုက်ပြီ”

ထူးခြားသော အသံနှင့်အတူ အားအင်အပြည့်ပါသော အသံတစ်သံက ထွက်ပေါ်လာသည်။ တာလာ့၏ အနောက်ဘက်ခြမ်းမှ မြေကမ္ဘာက တုန်ခါသွားသလို အာဘတ်ဆစ်ကယ်လီဖိတ်မှ အရှေ့ပိုင်းအစိုးရ အပုမူစလင်က ကုလားထိုင်မှ ထရပ်လိုက်သည်။ သူ၏မျက်ဝန်းက တောက်ပနေပြီး လရောင်နှင့် နေရောင်ကိုပင် အရောင်အဝါ ပျောက်ဆုံးစေလောက်သည်။

“ခါကန်း”

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာပါ”

ကြမ်းတမ်းသော ကျယ်လောင်လွန်းသည့် အသံက ထွက်လာသည်။ တောရိုင်းသားကောင်ကြီး တစ်ကောင်ကဲ့သို့ တုန့်ပြန်ပေးလာ၏။ ကြီးမားသော အရိပ်ကြီးက မြေပြင်ပေါ်တွင် ပေါ်ထွက်လာလေပြီး အပုမူစလင်နှင့် အာရပ်ဗိုလ်ချုပ် ဆယ်ယောက်လောက်ကို လွှမ်းခြုံသွားသည်။

အရှေ့ဘက်မှလာသော နေရောင်ကိုပင် ကွယ်သွားသည်။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော (၂.၇)မီတာခန့်မြင့်ပြီး ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ် လီစစ်ယဲ့ထက်ပင် အရပ်ရှည်သေးသည့် ကြောက်မက်ဖွယ်ကောင်းသည့် အာရပ်ဗိုလ်ချုပ်ကြီးတစ်ယောက်ကို မြင်ရမည်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ထွားကြိုင်းပြီး သန်မာသည်။ သူက ကြီးမားသော သံမဏိတိုင်တစ်တိုင် စိုက်ထူထားသလို ထင်ရသည်။ ရပ်နေရုံနှင့်တင် တစ်လောကလုံးကို ကျွံ့ကျသွားစေပုံပေါ်သည်။

အပုမူစလင်၏ အရှေ့တွင် ရပ်နေသောအခါ သူက နေကိုပင် ကွယ်ထားနိုင်၏။ ထိုလူထွားကြီး၏ ခြောက်ခြားဖွယ်ကောင်းသော ပုံနှင့်ယှဉ်သော် အခြားသော ထွားကြိုင်းလွန်းသည့် အာရပ်စစ်သည်တော်များက ကလေးများကဲ့သို့ပင် ထင်ရသည်။

အာရပ်စစ်သားများက ကြီးမားသော လူထွားကြီးကို ကြည့်နေကြပြီး ကြောက်လန့်တကြား နောက်ဆုတ်ကြသည်။ သူတို့ကတော်ရိုင်းကောင်အချို့ကို ဝင်တိုးမိသည့်အလား ထင်ကြ၏။ အာရပ်၏သားရဲခါလဲ။

အရှေ့ပိုင်း၏ အာရပ်ဗိုလ်ချုပ်များထဲတွင် သူက အကြမ်းတမ်းဆုံး အရက်စက်ဆုံး သွေးအဆာဆုံး ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်လေသည်။ လူသားပုံသဏ္ဍန်ရှိသော သားရဲကောင်ဖြစ်ပြီး တိုက်ခိုက်ရန်နှင့် သတ်ဖြတ်ရန်ကိုသာ နားလည်ထားသည်ဟု ဆိုနိုင်၏။

အာရပ်အင်ပါယာက ပြန့်ကားလာသည်နှင့်အမျှ အာရပ်သားရဲ၏ သုံးရက်သုံးညတိုင်တိုင် တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီး ခိုရာဆန်းကို အုပ်ချုပ်ခဲ့သော သမိုင်းကလည်း ထင်ရှားလာသည်။ အုပ်စိုးမှု၏ အဆုံးသတ် အဆင့်တွင် သူတစ်ယောက်တည်းကသာ တိုက်ခိုက်လျှက် ကျန်ခဲ့ခြင်းဖြစ်သည်။

သူ၏ရူူးသွပ်မှုနှင့် ကြမ်းတမ်းမှုတွင် ခိုရာဆန်း၏ ကျန်သောတပ်ဖွဲ့များ အားလုံးက ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ကြမ်းတမ်းမှု၊ ရက်စက်မှုက သူတို့၏ တိုက်ခိုက်လိုသည့် စိတ်ဆန္ဒကို ပျောက်ကွယ်သွားစေလျှက် အားလုံးကို ထိုးဖောက်နိုင်စေခဲ့သည်။

ခါလဲ၏ ရုပ်ပိုင်းဆိုင်ရာအင်အား၊ သတ္တိ၊ ဇွဲရှိမှု၊ သွေးဆာမှု၊ ရက်စက်မှု၊ ဒေါသများအားလုံးက အခြားသော အာရပ်ဗိုလ်ချုပ်တိုင်း၏ အထက်တွင်ရှိသည်။

အာရပ်၏ သားရဲက သွေးဆာသော မကောင်းဆိုးဝါးဖြစ်ပြီး လွှတ်လိုက်သည်နှင့် သွေးအရသာ မခံရမချင်း ပြန်လှည့်လာရိုးထုံးစံမရှိချေ။

“မင်းရဲ့သံမဏိသားရဲစစ်တပ်ကို ဦးဆောင်ပြီး ထန်တွေကိုသုတ်သင်တော့။ သူတို့ရဲ့ ခုခံရေးအားလှိုင်းကို အမြစ်ဖြတ် သုတ်သင်တာမျိုးကို ငါလိုချင်တယ်”

အပုမူစလင်က ထိုသို့ပြောသည်။

ခါလဲ၏ အရှေ့ဆုံးတွင် ရပ်နေသော သံမဏိနှင့် သွေးအစိုးရက နေရောင်ကဲ့သို့ တောက်ပနေသည်။ မည်သည့်အရာကမှ သူ၏အရှိန်အဝါကို မဖုံးလွှမ်းနိုင်ချေ။

“ဟုတ်ကဲ့အရှင်”

သူကစကားကို ထပ်မပြောတော့ချေ။ ခါလဲက နောက်သို့လှည့်ပြီး မဟာထန် ခုခံရေးအားလှိုင်းရှိရာဘက်မှ လိမ့်တက်လာသည့် ထူထည်းသော မီးခိုးလုံးများကိုကြည့်ကာ ရက်စက်သော သွေးဆာသည့်အလင်းက ပေါ်ထွက်လာသည်။

ဝေါင်း

အရှေ့ဘက်သို့ကြည့်ပြီး ခါလဲက ကောင်းကင်ကိုပင် တုန်ခါစေသည့် ဟိန်းသံကြီးကိုပြုသည်။ သံချပ်ကာချင်း ထိခတ်သံများ ပေါ်ထွက်လာပြီးနောက် အာရပ်မြင်းတပ်၏ ကြမ်းတမ်းသော အင်အားစုကို ဦးဆောင်လိုက်သည်။ ထိုအင်အားစုကြီးက နောက်တန်းမှ အဖွဲ့ဝင်များထက် ပို၍ထွားကြိုင်းကြသလို သန်မာပုံပေါ်သည်။ သူတို့က အာရပ်စစ်တပ်ထံမှ ထွက်လာကြပြီး သတ်ဖြတ်လိုစိတ် အပြည့်နှင့် တောက်ပနေကြသည်။

ဒုန်း ဒုန်း ဒုန်း

ကိုးမီတာကျော်ခန့်မြင့်သော ကြီးမားသော မြင်းနက်ကြီးက သာမာန်မြင်းများထက် နှစ်ဆရှိသည်။ ထိုအကောင်က ခါလဲ၏ဘေးဘက်သို့ ဒုန်းစိုင်းအပြေးလာသည်။

ဘုန်း

နောက်ထပ်စကားတစ်ခွန်း မဆိုတော့ဘဲ ခါလဲက ထိုအနက်ရောင် မြင်ကြီးပေါ်သို့ ခုန်တက်ကာ ထွက်ခွာသည်။

အပုမူစလင်က စစ်တပ်၏ နောက်ပိုင်းတွင်ရပ်လျှက် ထွက်ခွာသွားသော ခါလဲကိုကြည့်သည်။ ထို့နောက် သူ၏အကြည့်က အခြားတစ်ဖက်သို့ ရောက်သွားပြီး လက်ကိုယမ်းလိုက်သည်။

“တိဗက်တွေနဲ့ တူရကီတွေကို အချက်ပြလိုက်။ စစ်တပ်ကို ထွက်ခွာဖို့လုပ်”

ဘုန်း

အပုမူစလင်က အမိန့်ပေးပြီးနောက် စစ်ဗုံသံများက မြည်ဟီးလာကာ အာရပ်စစ်တပ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကျယ်လောင်သော အသံများနှင့်အတူ ထူးခြားသော အခြေအနေတစ်ခုက ပေါ်ထွက်လာ၏။ သုံးကြိမ်တီးပြီး နှစ်ကြိမ်နားသည်။ ထိုသို့ထူးခြားသော အချက်ပြမှုက တာလာ့ကို ကျော်လွန်လျှက် အရှေ့ဆုံးဘက်တွင်ရှိသည့် တောင်ကုန်းများထံရောက်သွားသည်။

တိဗက်ဗိုလ်ချုပ်တစ်ယောက်က နောက်လှည့်လာပြီး သာ့လွန်ရော့ကျန်းကို သတင်းပို့သည်။

“မဟာအမတ်မင်း အာရပ်တွေက အချက်ပြတာကို လက်ခံရရှိပါပြီ”

သာ့လွန်ရော့ကျန်းက အသံယောင်ယောင်ပေးလျှက် ခေါင်းညိမ့်လိုက်သည်။

“ငါကြားတယ်”

ခြိမ်း

အနောက်ဘက်ခြမ်းတွင်ရှိသော ထန်စစ်တပ်၏ အခြားတစ်ဖက်ခြမ်းကလည်း တဖြည်းဖြည်းချင်း ချီတက်လာသည့် အာရပ်စစ်တပ်ကြီး ဖြစ်နေသည်။ ထိုစစ်တပ်ကြီးက တဖြည်းဖြည်းချင်း အရှိန်ကိုမြှင့်လိုက်ပြန်၏။ ယခင်အရှိန်နှုန်းက လိပ်တစ်ကောင်သွားနေသလို သုံးနှုန်းသည်ဆိုလျှင် ယခုအရှိန်နှုန်းကမူ ခုန်ပြေးလာသော သားရဲတစ်ကောင်ဟု ဆိုရမည်ဖြစ်သည်။ မုန်တိုင်းထဲတွင် တည်ရှိနေသည့် ရွက်လွှင့်လာသော လှေတစ်စင်းလိုမျိုး တာလာ့ကိုဝိုင်းလာကာ တာလာ့နယ်မြေ တစ်ခုလုံးကို မသက်မသာ ဖြစ်လာစေသည်။

“အရှင်အမတ် အာရပ်တွေက တိုက်ခိုက်နေပြီ”

သံမဏိမြို့ရိုး ခုခံရေးအားလှိုင်းနှစ်ခုဖြင့် ပိတ်ထားသော နေရာတွင် ရွှယ်ချန်းကျွင်းက ဝမ်ချောင်ကို ထိတ်လန့်သော မျက်ဝန်းများနှင့်အတူ တင်ပြသည်။

မနေ့က တည်ငြိမ်မှုက နောက်ဆုံးတွင် အက်ကွဲသွားပြီဖြစ်သည်။ တာလာ့များက စစ်တိမ်စိုင်များဖြင့် လွှမ်းလာပြီဖြစ်သည်။ လေပြင်း၏ ဟိန်းဟောက်သံများဖြင့် လူတိုင်းကလည်း စစ်ဗုံသံများ၏ ကျယ်လောင်စွာ တီးခတ်နေသံကို ကြားနိုင်ကြ၏။ မြင်းတပ်နှစ်သိန်းကျော်က သူတို့၏ အရှိန်နှုန်းကို တပြိုင်တည်း မြှင့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နှုန်းကို ဖြစ်လာစေလေပြီး လူတိုင်းကို ပြင်းထန်သည့် ဖိအားကို ခံစားရစေသည်။

စစ်၏ရနံ့က ဆယ်ဆခန့်နီးပါး မြင့်မားလာလေသည်။ သို့မဟုတ် အဆတစ်ရာခန့်ထိ ဖြစ်နိုင်သည်။

“ငါကြားတယ်”

ဝမ်ချောင်ကပြောသည်။ ရိုးရှင်းသောစကားကတင် ရွှယ်ချန်းကျွင်းကို တည်ငြိမ်သွားစေသည်။ ဝမ်ချောင်၏ ရှည်လျားသောဆံပင်က လေတွင်လွင့်သည်။ အလင်းရောင်တစ်ချက် လက်သွားပြီးနောက် သူ၏မျက်နှာက တောက်ပကာ ထင်ရှားနေသည်။ ခံစားချက်များက ကင်းလွတ်နေ၏။ ထိုမြင်ကွင်းက ရွှယ်ချန်းကျွင်းကို မယုံနိုင်စရာကောင်းသည့် အင်အားများဖြင့် အားဖြည့်ပေးလိုက်သလို ဖြစ်သွားသည်။ သူက နောက်ကိုပြန်လှည့်ပြီး ဝမ်ချောင်၏ ဘေးနားတွင် တည်ငြိမ်စွာဖြင့် စောင့်ကြပ်ပေးနေလိုက်သည်။

တိုက်ပွဲက ဖြစ်ကိုဖြစ်ပွားပေလိမ့်မည်။

သာ့လွန်ရော့ကျန်း အခုမင်းရဲ့အလှည့်ပဲ။

ဝမ်ချောင်က အရှေ့ဘက်သို့ကြည့်သည်။ သူ၏မျက်ဝန်းက တောက်ပလာပြန်၏။

“လှုပ်ရှားတော့”

ထိုအချိန်တွင် သာ့လွန်ရော့ကျန်း၏ မျက်ဝန်းက အေးစက်သောအလင်းဖြင့် လက်လာလျှက် အမိန့်ပေးလိုက်သည်။

ခြိမ်း

ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုတစ်ခုက ဖြစ်ပေါ်လာသည်။ တိဗက်များ၏ တူရကီမြင်းတပ်ကလည်း တောင်ကုန်းများကို ကျော်ဖြတ်ပြီး ရေစီးသလိုမျိုး အောက်ဘက်သို့ ထိုးဆင်းကာ ချီတက်ကြလေသည်။

ထိုအချိန်တွင် တစ်လောကလုံးက တိတ်ဆိတ်သွားသည်။ ထိုသို့ဖြင့် မိုးခြိမ်းမတက် ပြင်းထန်ကျယ်လောင်လွန်းသည့် မြင်းခွာသံများကသာ လေထဲတွင် မြည်ဟီးနေတော့သည်။

အာရပ်၊ တိဗက်နှင့် တူရကီများက စတင်ကာ တိုက်ခိုက်ကြသည်။ သုံးဖွဲ့လုံးက စစ်သည်လေးသိန်းကျော်သည်။ အားလုံးက လက်ရွေးစင်များဖြစ်နေ၏။ ထိုသို့ဖြင့် စစ်သည်တစ်သိန်းကျော်သာရှိသော ထန်များကိုဝိုင်းကာ တိုက်ခိုက်ကြမည်ဖြစ်သည်။ အရေအတွက် အပြတ်အသတ် သာမှုအပြင် သူတို့က အရိုးရှင်းဆုံး၊ အကြမ်းတမ်းဆုံးနှင့် တိုက်ရိုက်အကျဆုံးနည်းလမ်းဖြစ်သည့် တိုက်ခိုက်မှုကို သုံးလိုက်ကြသည်။

ဒုန်း ဒုန်း ဒုန်း

မြင်းခွာသံများက ပဲ့တင်ထပ်လာသည်။ အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှလာသော မြင်းခွာသံများက မိုးခြိမ်သံလို ကျယ်လောင်လွန်းနေပြီး ထန်စစ်သည်တော်တိုင်း၏ နှလုံးသားကို တုန်ယင်စေသည်။

All Chapters