အခန်း (၉၀၁-၉၀၅)
Vol. 50 Ch. 901-905
အခန်း(၉၀၁)
စစ်မြင်းများက နီးသထက်နီးလာသည်။ တာလာ့ဝန်းကျင်တွင်ရှိသော ပြင်းထန်သည့် တင်းအားက အဆပေါင်းများစွာ တိုးလာ၏။
သံမဏိခုခံရေးအားလှိုင်း နှစ်လှိုင်းက တာလာ့၏အရှေ့တွင် မားမတ်စွာ ရှိနေလေသည်။ ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်နေ၏။ ထောင်ပေါင်းများစွာသော ချီရှီစစ်သားများက သူတို့၏ လက်နက်များကို တင်းကြပ်စွာ ကိုင်ထားကြသည်။ သူတု့ိ၏ လက်မှ သွေးကြောများက ဖောင်းတက်နေပြီး ရှေ့သို့သာ စိုက်ကြည့်ထားကြ၏။
စစ်သည်တစ်သိန်းကျော်ရှိသော စစ်တပ်တစ်ခုက တိတ်ဆိတ်နေသည်။ လေထုက အလွန်အမင်း ဖိအားများနေသည်။
“အသင့်ပြင်”
တင်းအားအမြင့်ဆုံး အနေအထားသို့ ရောက်ရှိသွားချိန်တွင် စစ်တပ်တစ်ခုလုံးအနှံ့ အေးစက်ကာ ခံစားချက်မဲ့သော အသံက ထွက်လာသည်။ ဝမ်ချောင်က သူ၏ခွာဖြူအရိပ် မြင်းပေါ်တွင်ထိုင်လျှက် နောက်ဆုံးတွင် ပထမဦးဆုံးအမိန့်ကို ထုတ်လိုက်လေပြီ။
ဝုန်း
ဝမ်ချောင်၏အမိန့်က စစ်တပ်တစ်ခုလုံးကို တခဏခန့်ကြာအောင် တည်ငြိမ်သွားစေခဲ့သည်။ ထို့နောက် သူတို့က ဝုန်းကနဲမြည်သံနှင့်အတူ အသက်ပြန်ဝင်လာသည်။
ချွင် ချွင် ချွင်
ပထမဦးဆုံး တုန့်ပြန်သူက လှံသမားများဖြစ်သည်။ သူတို့၏ သေသပ်ကောင်းမွန်သော ဒိုင်းများက မြေကြီးနှင့် ခပ်ကြမ်းကြမ်း တွန်းတိုက်မိနေသည်။ အကြီးအသေး ပါ့လာမှ လံှံတိုသမားများ ရောက်လာပြီးနောက် သူတို့၏ လှံတိုအဖွဲ့ဝင်များက ရှေ့သို့ဦးတည်ကာ ချီတက်ကြသည်။ သူတို့၏အနောက်ဘက်တွင် ဆေဘာနှင့်ဓားများကို ထုတ်ထားသည့် မြင်းတပ်အဖွဲ့ဝင်များရှိသည်။ စက်ကြီးများ လည်ပတ်နေသံနှင့်အတူ လက်နက်ကြီးအဖွဲ့ဝင် သုံးထောင်ကလည်း ပစ္စည်းများ အတင်အချ လုပ်နေကြသည်။ ဒီဖြစ်စဉ်တစ်ခုလုံးတွင် လက်နက်ကြီးအဖွဲ့မှ စစ်သည် တစ်ထောင့်ငါးရာလုံးက အစီအစဉ်တကျ လည်ပတ်နေသည်ဟု ထင်ရသည်။ စက်ကြီးများ၏ လည်ပတ်ပုံ၊ စတင်ပုံ၊ အဆုံးသတ်ပုံက တစ်သံတည်းဖြစ်နေ၏။
အရာအားလုံး လုပ်ပြီးသောအခါ ထန်စစ်သည် တစ်သိန်းကျော်ထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါများက ခြောက်ခြားဖွယ်ကောင်းသော စက်ကြီးတစ်ခုအလား ဖြစ်သွားလေပြီး ရိတ်သိမ်းမှုစတင်ရန် အသင့်ပြင်နေသည်။
ဝေါင်း
တာလာ့အနောက်ဘက်ခြမ်းမှလည်း အင်အားအပြည့်နှင့် အော်ဟစ်သံက ထွက်ပေါ်လာသည်။ ပထမဦးဆုံး တိုက်ခိုက်လာသူက အာရပ်များဖြစ်သည်။
ဝှစ်
အာရပ်မြင်းတပ်က မြင်းဒုန်းစိုင်းစီးလာသည်။ သူတို့က ချက်ချင်းဆိုသလို ခုန်ထွက်လာလေသည်။ ရှေ့ဆုံးမှ စီးလာသောသူက စစ်တပ်အလယ်နေရာမှ အပြေးနှင်ထွက်လာသည့် အလွန်ထွားကြိုင်းသော လူထွားကြီးဖြစ်သည်။ သူက နတ်မြင်းတစ်ကောင်ကို စီးထားသည်။ ထိုလူကိုမြင်လိုက်သောအခါ ဝမ်ချောင်ကပင် မျက်တောင်အနည်းငယ် ခတ်လိုက်မိသည်။
မြင့်လွန်းတယ် တကယ်ကို မြင့်လွန်းတယ်။
ဗဟိုပြင်ကျယ်တွင် သို့မဟုတ် တစ်လောကလုံးတွင် လီစစ်ယဲ့၏ ခန္ဓာကိုယ်တည်ဆောက်ပုံကဲ့သို့ ရှိသောသူက အလွန်မှင်သက်ဖွယ် ကောင်းနေပြီဖြစ်သည်။ သို့သော် ထိုလူကမူ လီစစ်ယဲ့ထက်ပင် အရပ်မြင့်သေးသည်။ ကျန်းရာပေါင်းများစွာ အကွာကပင် သူ၏ ကြွက်သားအပြည့်နှင့် ရှိနေသော ခန္ဓာကိုယ်ကြီးထံမှ ပြင်းထန်သည့် ဖိအားကို လွှတ်ထုတ်နေသေး၏။ သူ၏မြင်းက အလားတူပင် လေးစားဖွယ်ကောင်းသည်။ သာမာန်လူတစ်ယောက်ထက်ပင် ခေါင်းတစ်လုံးခန့် ပိုမြင့်သေးသည်။
ထိုလူက အနီရင့်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏လက်က ကြီးမားသော လေးလံသည့် တူကြီးနှစ်လက်ကို ကိုင်ထားသည်။ သူက မြင်းဒုန်းစိုင်းစီးသလို အော်ဟစ်နေသေး၏။ သူက ဒဏ္ဍာရီထဲမှ ခုန်ထွက်လာသည့် အရှိန်အဝါကြီးမြတ်သော မှင်သက်ဖွယ် နတ်ဘုရားတစ်ပါးအလား ထင်ရသည်။
“ကုသဲ့ဟိုင်သခယ်လာဟယ်[ငါ့အတွက်သေစမ်း]”
ထိုအာရပ်ဗိုလ်ချုပ်က ကျယ်လောင်စွာ အော်ဟစ်သည်။ သူ၏မျက်ဝန်းက အလင်းတန်းများဖြင့် ပေါက်ကွဲလာ၏။ သူ၏အနောက်ဘက်တွင် ထောင်ပေါင်းများစွာသော အာရပ်စစ်သည်တော်များက အလားတူ ကြမ်းတမ်းခက်ထန်သောနှုန်းဖြင့် အော်ဟစ်ကာ ချီတက်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်က သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် တောက်လောင်နေသည်။ အူမာကဦးဆောင်သော အာရပ်မြင်းတပ်နှင့် နှိုင်းယှဉ်ရသော် ထိုအာရပ်မြင်းသည်တော်များက တစ်ဆင့်၊ နှစ်ဆင့်ခန့် ပိုမြင့်နိုင်သည်။
ပထမဦးဆုံး ခုခံရေးအားလှိုင်းတွင် မဟာထန်မှ ဒိုင်းကာသမားများက သူတို့၏ သွေးကြောများကို ဆက်လက် ထိန်းသိမ်းထားချိန်တွင် အနောက်ပိုင်းနယ်မြေမှ စစ်သည်တော်များကမူ ကြောက်ရွံ့မှုအပြည့် ဖြစ်နေကြသည်။
“ဒါ ဒါက ခါလဲ့ပဲ။ ကြောက်စရာကောင်းတဲ့ အာရပ်ဗိုလ်ချုပ်ပဲ”
ဝမ်ချောင်၏ဘေးဘက်မှ တည်ကြည်သော အသံတစ်သံ ထွက်လာသည်။ ချန်းချန့်လီက မြင်းစီးလာ၏။ သူ၏စိုးရိမ်နေသော မျက်ဝန်းများက ကြောက်စရာကောင်းသည့် အာရပ်ပုံရိပ်ထံ ရောက်နေသည်။
“ငါတို့အာရပ်နဲ့ နှစ်လတိုက်ခိုက်ခဲ့တဲ့ အချိန်ကာလ အတောအတွင်းမှာ ခါလဲ့လက်ထဲမှာ သေသွားခဲ့တဲ့ ငါတို့ရဲ့စစ်သည် အရေအတွက်က ပမာဏမနည်းဘူး။ သူတို့အားလုံးက တော်တော်လေးကို ဆိုးရွားတဲ့ သေဆုံးခြင်းနဲ့ သေသွားကြတာ။ ခါလဲ့က သူ့ရဲ့ရန်သူကို လေထဲကိုပစ်လွှတ်ပြီး အောက်ဘက်ကနေ တိုက်ခိုက်တာမျိုးကိုကြိုက်တယ်။ ဒါကြောင့် တိုက်ပွဲပြီးချိန်တိုင်း အလောင်းကျန်တာရှားတယ်။ ဗိုလ်ချုပ်ရှီက သူ့ကိုသတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ကျရှုံးသွားရုံတင်မကဘူး သူတောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသေးတယ်”
ဗိုလ်ချုပ်ရှီဆိုသူမှာ ရွှီယွမ်ချင်ဆိုသည့် အန်းရှီကာကွယ်ရေးစစ်တပ်မှ သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သော သုံးယောက်မြောက်ပုဂ္ဂိုလ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သူ၏စွမ်းအင်က ကောင်းရှန်းကျစ်၊ ချန်းချန့်လီတို့အောက်တွင်ရှိသည်။ သူက ဒဏ်ရာရခဲ့လျှင် ခါလဲ့ဟာ မည်မျှကြောက်စရာကောင်းကြောင်း သိနိုင်သည်။
“ဟုတ်လား”
ဝမ်ချောင်က အေးစက်စွာလှည့်လျှက် အဝေးရှိခါလဲ့ကိုကြည့်သည်။ သူ၏မျက်ဝန်းအတွင်း ရက်စက်သောအလင်းများ လက်လာ၏။ အာရပ်သားရဲခါလဲ့။
ဝမ်ချောင်ကလည်း အပုမူစလင်က သူ၏ အကောင်းဆုံး ဗိုလ်ချုပ်များထဲမှ တစ်ယောက်ကို တိုက်ပွဲ၏ အစပိုင်းကတည်းက စေလွှတ်လိုက်မည်ဟု မထင်ထားမိချေ။
“အာရပ်ဗိုလ်ချုပ်က ဘယ်လောက်ကြောက်စရာကောင်းလဲ။ သူကငါနဲ့တော့ သိပ်မကွာတဲ့ပုံပဲ”
ဝမ်ချောင်က သူ၏လက်ကို အနောက်ဘက်သို့ထားလိုက်ပြီး ယုံကြည်မှုရှိစွာပြောသည်။
“ဗိုလ်ချုပ်ချန်း စိုးရိမ်စရာမလိုဘူး။ ဗိုလ်ချုပ်ရှီကိုခေါ်လိုက်။ ငါကဒီခါလဲ့ကို သတ်နိုင်မဲ့ နည်းလမ်းတစ်ခု ပေးလို့ရတယ်”
“အာ”
ချန်းချန့်လီက ဝမ်ချောင်ကို အံ့အားတကြီးကြည့်သည်။ သူက ဝမ်ချောင်ကို ပြောလိုက်သော စကားလုံးများက လေးစားဖွယ်ကောင်းသော ပြိုင်ဘက်ကို သတိထားရန်ဖြစ်သည်။ သို့သော် သူမျှော်လင့်ထားသည်မှာ ဝမ်ချောင်က သူ့အား ရှီယွမ်ချင်၏အရှုံးကို အနိုင်အဖြစ် ပြောင်းနိုင်ပြီး ခါလဲ့ကိုသတ်နိုင်မည့် နည်းလမ်းတစ်ခု ပေးမည်ဟုပင် ဆိုလာသေးသည်။ ချန်းချန့်လီက အံ့ဩသွားသည်။ အခြားတစ်ယောက်ယောက်ကသာ ထိုသို့လာပြောရဲလျှင် သူက ဟာသအဖြစ်သာ လက်ခံပေလိမ့်မည်။
သို့သော် ဝမ်ချောင်၏ အရိုးသားဆုံး မျက်နှာထားကတင် ထိုစကားကို ဖြစ်နိုင်သည်ဟု ခံစားမိစေသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ် မင်းခါလဲ့ကို သတ်နိုင်တဲ့ နည်းလမ်းတစ်ခုရှိတာလား”
“ငါတို့မှမစမ်းကြည့်ရင် ဘယ်လိုသိနိုင်မှာလဲ”
ဝမ်ချောင်က ထူးမခြားနားသလိုပြောသည်။
ရှီယွမ်ချင်က ချက်ချင်းရောက်လာသည်။ သူကမြို့ဂိတ်ကိုကျော်ဖြတ်ကာ စီးနင်းလာ၏။ သူ၏ ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်ကြီးက သန့်စင်သော နှင်းဖြူရောင်မြင်းပေါ်တွင် ရှိနေသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ် မင်းငါ့ကိုခေါ်တာလား”
ထိုထောင်ထောင်မောင်းမောင်း လူကြီးက ဝမ်ချောင်၏အရှေ့တွင် မြင်းပေါ်မှဆင်းလိုက်သည်။ သူ၏မျက်နှာက တင်းမာနေ၏။ သူ၏မျက်နှာက ကျောက်သားဖြင့် မွန်းမံထားသလိုပင် ထင်ရသေးသည်။ သူဟာ ဟာသများအတွက် အချိန်ပေးရန်မရှိသလို အလွန်လေးနက် တည်ကြည်လွန်းသော အမျိုးသားတစ်ယောက်ဖြစ်သည်။
ဝမ်ချောင်က အပိုစကားမပြောဘဲ အန်းရှီကာကွယ်ရေးစစ်တပ်မှ နံပါတ်သုံး အင်အားအကြီးဆုံးသူကို ကြည့်လိုက်သည်။ ရှီယွမ်ချင်၏ ဒဏ်ရာများက မပေါ့ချေ။ သူကနီးကပ်လာသောအခါ သိပ်သည်းသည့် သွေးညှီရနံ့ကထွက်လာ၏။ သူက ကြည့်နေသည့် အချိန်တွင်လည်း ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်နှင့် လက်မောင်းများမှ ပတ်တီးများကို သတိထားမိသွားသည်။
သူ့ရဲ့ဒဏ်ရာက တော်တော်လေး ပြင်းထန်တာပဲ။
ဝမ်ချောင်က တွေးသည်။
ကောင်းရှန်းကျစ်ကလည်း မြို့ထဲမှ စီးထွက်လာသောအခါ ချန်းချန့်လီနှင့် အခြားသော အန်းရှီဗိုလ်ချုပ်များမှ အဖော်ပြုလာခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ ထိုလူများထဲတွင် ဗိုလ်ချုပ်လီကို မတွေ့ခဲ့ရချေ။ သူ၏ဒဏ်ရာများက ပြင်းထန်လွန်းသဖြင့် မြို့ထဲတွင် ကုသနေခြင်းဖြစ်လောက်သည်။
ဝှစ်
ရှီယွမ်ချင်က မြေပြင်တွင် ခြေငြိမ်အောင်ရပ်လိုက်သည်။ ဝမ်ချောင်က လက်တစ်ဖက်ထုတ်ပြီး သူ၏လက်မောင်းကိုကိုင်သည်။ ရှီယွမ်ချင်က မျက်မှောင်ကျုံ့ကာ သတိလက်လွတ် နောက်ဆုတ်မိသည်။ သို့သော် သူ၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်နှင့်ပင် မရှောင်နိုင်ခဲ့ချေ။ သူ၏လက်မောင်းက ဝမ်ချောင်၏ ဖိနှိပ်မှုအောက်တွင် ထုံထိုင်းသွားသည်။
သူ၏တစ်ကိုယ်လုံးက မလှုပ်နိုင်တော့ချေ။ သူက ဖိအားများသွားပြီး ခေါင်းကိုအံ့အားတကြီး လှည့်ကြည့်လိုက်သည်။
သူ၏ဒဏ်ရာများက ရှီယွမ်ချင်အား ဝမ်ချောင်ကို မတွေ့အောင် တားထားလေရာ ထူးချွန်သော လူအကြောင်းကို နားလည်ထားသမျှက နည်းပါးလွန်းနေသည်။ သို့သော် ထိုတခဏတွင် ယာယီ ချီရှီကာကွယ်ရေးဗိုလ်ချုပ်က (၁၆)နှစ်၊ (၁၇)နှစ်ခန့်သာ ရှိလောက်သော်လည်း အနည်းဆုံး သူ၏အဆင့် သို့မဟုတ် သူ့ထက်ပင် အင်အားကြီးနိုင်သေးသည့် သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်ဖြစ်ကြောင်း သိလိုက်သည်။
“ဗိုလ်ချုပ်ရှီ အာရုံမပျက်စေနဲ့။ ငါကမင်းကို သက်သာအောင် ကူညီပေးနေတာ”
ဝမ်ချောင်၏အသံက သူ၏နားထဲတွင် ဟိန်းထွက်လာသည်။ ထိုသို့ဖြင့် သူ၏ကိုယ်အတွင်းသို့ ကြယ်တာရာစွမ်းအင်များက မြစ်ရေစီးသလို စီးဝင်လာသည်။ မှင်သက်နေခဲ့ပြီးနောက် သူကခပ်မြန်မြန် တုန့်ပြန်လိုက်ကာ အာရုံစူးစိုက်လိုက်ပြီး ဝမ်ချောင်ကပေးသည့် ကြယ်တာရာစွမ်းအင်များကို သူ၏ဒဏ်ရာများကို ကုသလိုက်သည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက စွမ်းအင်စုပ်ယူရုံသာမကသေးလေဘဲ စွမ်းအင်လွှဲပြောင်းပေးနိုင်သည်။ ဒီနည်းအားဖြင့် အခြားသူ၏ဒဏ်ရာကို ကုသနိုင်သည်။
ဒါကမဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စွမ်းအင်အသစ်တစ်မျိုးဖြစ်သည်။ ဝမ်ချောင်၏ဆရာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က အနားယူသွားချိန်တွင် ထိုအခြေအနေကို နားလည်သဘောပေါက်ခဲ့၏။ သို့ရာတွင် သူတော်စင်သိုင်းနယ်မြေအဆင့်သို့ ရောက်မှသာ ထိုစွမ်းရည်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး သူနှင့်ကျင့်ကြံခြင်းအဆင့်တူသူ သို့မဟုတ် နိမ့်ကျသူများကိုသာ ကုသပေးနိုင်လောက်သည်။
ဝုန်း
ကြယ်တာရာစွမ်းအင်များက ရှီယွမ်ချင်၏ ခေါင်းအတွင်းသို့ ပေါက်ဝင်လာသည်။ ချန်းချန့်လီနှင့် အခြားသော အန်းရှီဗိုလ်ချုပ်များက အံ့အားတကြီး ကြည့်ကြ၏။ ချီယွမ်ချင်၏ ဖြူဖျော့နေသော အသားအရောင်က ချက်ချင်းဆိုသလို သွေးရောင်လွှမ်းလာသည်။ သူ၏အစီအစဉ်မကျဖြစ်နေသော အရှိန်အဝါက တည်ငြိမ်လာသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ငါလေးလေးနက်နက် ကျေးဇူးတင်ပါရစေ”
အချိန်တခဏခန့် ကြာပြီးနောက် ရှီယွမ်ချင်က မျက်လုံးကိုဖွင့်လိုက်ကာ ဝမ်ချောင်ကို အံ့အားတကြီးကြည့်သည်။ ဝမ်ချောင်ဟာ ထူးချွန်ပြောင်မြောက်သော ဗျူဟာပညာရှင်ဖြစ်ကြောင်း သိထား၏။ သို့သော် တစ်ဖက်သူတွင် အံ့အားသင့်ဖွယ်ကောင်းသည့် သိုင်းစွမ်းအားများ ရှိနေမည်ဟု မထင်ထားမိချေ။ အသက်(၁၇)နှစ်အရွယ်တည်းနှင့် သူတော်စင်သိုင်းနယ်မြေအဆင့်သို့ ရောက်နေခဲ့ကတည်းက သူဟာ မဟာထန်တွင်ရှိသမျှ အထူးချွန်ဆုံးနှင့် အတောက်ပဆုံး တည်ရှိမှုများထဲမှ တစ်ယောက်ဖြစ်ကြောင်း သိသာသွားသည်။
ဝမ်ချောင်က ပေါ့ပါးစွာသာပြောသည်။ သူက ရှီယွမ်ချင်ကို ကူညီပြီး ဒဏ်ရာများကို ကုသပေးလိုက်သည်။ ဝမ်ချောင်၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။ သို့သော် စိုးရိမ်စရာမရှိသေးချေ။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စွမ်းအားကြောင့်သာဆိုလျှင် သူက အချိန်တခဏအတွင်း ပြန်လည် သက်သာသွားပေလိမ့်မည်။
“ဗိုလ်ချုပ်ရှီ မင်းက တစ်ယောက်ယောက်ကို ကူညီပေးရင် သူတို့ကို အဆုံးထိ ကူညီပေးရမယ်။ ငါ့မှာ ခင်ဗျားအတွက် အခြားလက်ဆောင်ရှိသေးတယ်”
ဝမ်ချောင်က ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ရှီယွမ်ချင်၏ နားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ သူပြောသောစကားကို မည်သူကမှ မကြားရချေ။ အနားရှိ ချန်းချန့်လီကလည်း မကြားချေ။ သို့သော် ရှီယွမ်ချင်၏ မျက်နှာက အံ့အားတကြီးဖြစ်ပြီး နောက်လှည့်ကြည့်လိုက်ကြောင်းကို မြင်လိုက်ရလေသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ငါ့ရဲ့ ကျေးဇူးတင်စိတ်က စကားနဲ့တောင် ဖော်မပြနိုင်တော့ပါဘူး။ မင်းပြောသလိုလုပ်ပြီး ငါခါလဲကို သတ်နိုင်ခဲ့ရင် အန်းရှီကာကွယ်ရေးစစ်တပ်ရဲ့ ရင်ကျိုးမရတဲ့ သေဆုံးမှုတွေအတွက် ကလဲ့စားချေနိုင်တဲ့အပြင် မင်းကိုလည်း ထာဝရ ကျေးဇူူးတင်နေမိမှာပါ”
ရှီယွမ်ချင်၏မျက်လုံးက နီရဲသွားသည်။ အထူးသဖြင့် စကားက အဆုံးသတ်နားသို့ ရောက်သွားချိန်တွင်ဖြစ်သည်။
အန်းရှီကာကွယ်ရေးစစ်တပ်က စစ်သည် သုံးသောင်းသာလျှင်ရှိသည်။ အနောက်ပိုင်းနယ်မြေမှ တိုင်းပြည်အတွင်းရှိ စစ်သည်တော်များကို ဖိနှိပ်ရာတွင်လည်း ထိုစစ်သားများကို အသုံးပြုခဲ့သလို ယွီစန်းနှင့် အနောက်ပိုင်းတူရကီများက တိုက်ခိုက်လာချိန်တွင်လည်း ထိုစစ်သားများကို အသုံးပြုလျှက် အနောက်ပိုင်းနယ်မြေမှ ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့၏။ သို့သော် သူတို့က အပြည့်အဝ စည်းလုံးပြီး ယုံကြည်ရသည်ဟု ဆို၍ရလေသည်။ စစ်သည်တော်များအတွင်း ညီအစ်ကိုအရင်းအချာသဖွယ် ရင်းနှီးမှုများ ရှိနေခဲ့၏။ ထို့ကြောင့် ရှီယွမ်ချင်ကလည်း သူ၏ညီအစ်ကို ရာပေါင်းများစွာက လေထဲသို့ အပြစ်သွင်းခံရပြီး အောက်မှ အစိတ်စိတ်အပိုင်းပိုင်းဖြစ်သည်အထိ တူဖြင့် ရိုက်သတ်ခံရသော မြင်ကွင်းကို မြင်ရချိန်တွင် မည်သို့ခံစားရကြောင်း သိနိုင်သည်။
“ဒါကဒီတိုင်း မျိုးနွယ်ခြား လူထွားတစ်ယောက်ပါပဲ။ ဗိုလ်ချုပ်ရှီအနေနဲ့ သူ့ကိုဒီလောက်ထိ အထင်ကြီးဖို့မလိုဘူး”
ဝမ်ချောင်က ထိုသို့ပြောသည်။
“ထွက်ခွာဖို့အသင့်ပြင်ပြီး သူ့ကိုသတ်ပါ။ ဒီဝမ်ချောင်နဲ့ အခြားဗိုလ်ချုပ်တွေက ခင်ဗျားရဲ့ အောင်နိုင်မှုသတင်းကောင်းကို စောင့်နေပါ့မယ်”
“သတ်”
အာရပ်စစ်တပ်၏ မိုးခြိမ်းမတက် ပြင်းထန်သော မြင်းခွာများအောက်မှ ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာသည်။ ဝမ်ချောင်က ရှီယွမ်ချင်ကို ကုသနေချိန်တွင် ခါလဲ့နှင့် သူ၏သံမဏိသားရဲစစ်တပ်က လျှင်မြန်စွာ ချီတက်လာပြီဖြစ်သည်။ ထိုသို့ဖြင့် ကျန်းခုနှစ်ဆယ်ခန့်သာ ဝေးကွာတော့သည်။ လူတိုင်းကလည်း ကြောက်မက်ဖွယ်ကောင်းသည့် ကြွက်သားအပြည့်နှင့် သံမဏိသားရဲစစ်တပ်ကြီးကို ထင်ရှားစွာ မြင်နေရလေပြီဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်းက သတ်ဖြတ်ခြင်းဗာဂျရာ အစောင့်အရှောက်ကဲ့သို့ မျက်လုံးများက ဒေါသဖြင့် တောက်လောင်နေသည်။
သူတို့၏ခန္ဓာကိုယ်နှင့် သူတို့၏မြင်းများက သုံးလက်မခန့် ထူထည်းသော သံချပ်ကာများကို ဝတ်ထားကြလေရာ သတ်ဖြတ်ခြင်း စက်ရုပ်သားရဲကြီးများကဲ့သို့ ထင်ရသည်။ ဗာကာကာတာဖရက်ကဲ့သို့ အူမာက ဦးဆောင်သော အဖွဲ့ကလည်း သူတို့၏ ထူထည်းသော သံချပ်ကာကြောင့် နာမည်ကြီးခဲ့သည်။ သို့သော် ခါလဲ့၏ သံမဏိသားရဲစစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင် နေကိုရင်ဆိုင်နေသော လကဲ့သို့ဖြစ်နေသည်။
ဒီတစ်ခေါက် ချီတက်လာမှုတွင် စစ်သည်တစ်သောင်းဝန်းကျင်ခန့်သာ ပါသည်။ သို့သော် သူတို့ကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းများက မြို့ရိုးများကို တိုက်ရိုက် ရိုက်ချလာလေပြီး တခြိမ်းခြိမ်းသံများကို မြည်ဟီးစေသည်။ ခုခံရေးအားလှိုင်း အရှေ့ဆုံးမှ လေထုကပင် တောင့်တင်းကာ လိမ်ယှက်လာ၏။
“သူတို့အားလုံးကိုသတ်”
ကျန်းတစ်ဆယ်ကျော် ကွာဝေးတော့သောအခါ ခါလဲ့က သူ၏တူများကို ရှေ့သို့ချိန်လိုက်လေပြီး ရက်စက်ပြီး သွေးဆာသည့်အသံကိုထုတ်သည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်၏ အော်သံနှင့်ပင် တူသေး၏။
ဝမ်ချောင်က ချန်းချန့်လီ၏အနားတွင်ရပ်နေသည်။ လေပြင်းများက သူ့ကို ဖြတ်တိုက်သွား၏။ သူ၏မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိချေ။ သူက ပထမခုခံရေးအားလှိုင်း၏ အရှေ့ဆုံးတွင် ရပ်နေသော ချန်းပင်းကိုသာကြည့်သည်။
“အသင့်ပြင်”
ချန်းပင်းက မြင့်မားသော သယ်ယူပို့ဆောင်ရေး ရထားလုံးများထဲမှ တစ်ခုပေါ်တွင်ရပ်နေ၏။ သူ၏အမူအရာက တည်ငြိမ်သည်။ သူ၏ဝု့စ်သံမဏိဓားက ရှေ့သို့သာ တဖြောင့်တည်း ချိန်ထားသည်။
ခလွက် ခလွက်
လက်နက်ကြီး တစ်ထောင့်ငါးရာက ချီတက်လာသော သံမဏိသားရဲစစ်တပ်ကို ချောမွေ့စွာဖြင့် ချိန်ကာ ပစ်ခတ်ရန် ကြိုးစားလေသည်။
အခန်း(၉၀၂)
“ပစ်”
ဘုန်း ဘုန်း ဘုန်း
ထူထည်းသော လက်နက်ကြီးများက လေထဲသို့ မြောက်တက်သွားသည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်သံက မြေကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ဖြတ်ကနဲ လက်သွားပြီးနောက် သေဆုံးခြင်း သွေးရနံ့များက အဆရာပေါင်းများစွာ ပြင်းထန်လာသည်။
လက်နက်ကြီး
မဟာထန်၏ လေးစားဖွယ်အကောင်းဆုံး လက်နက်ကြီးဖြစ်ပြီး သူ၏ အားသာချက်က အဖွဲ့လိုက် ကိုင်တွယ်ရာတွင် သက်ရောက်မှုအမြင့်ဆုံးဖြစ်သည်။ ဝမ်ချောင်၏ လက်ထဲ ထိုလက်နက်များက သေဆုံးခြင်း၏ မြက်ရိတ်ဓားကဲ့သို့ ဖြစ်သွားသည်။
တိုက်ပွဲနယ်မြေ၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် အူမာနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည့် ပထမဦးဆုံးအကြိမ်တွင် အာရပ်စစ်သည် ခုနှစ်သောင်းကျော်က ထိုလက်နက်ကြီး၏ အရှိန်အဝါအောက်တွင် လဲဖြိုခံခဲ့ရသည်။
လက်နက်ကြီး တစ်ထောင့်ငါးရာထံမှ ထွက်လာခဲ့သော လက်နက်က အာရပ်တစ်သောင်းကျော်ကို မြုပ်နှံနိုင်သည်။ ထိုအရာက ကြောက်စရာကောင်းသည့် အရှိန်နှုန်းဖြစ်သည်။
ဝေါင်း
အဝေးရှိ ခါလဲ့ထံမှလည်း ကြမ်းတမ်းသည့် အော်ဟစ်သံက ထွက်ပေါ်လာသည်။ သူ၏မျက်ဝန်းက ခက်ထန်လာသည်။
ဘုန်း
ရုတ်တရက် ခါလဲ့၏ကိုယ်မှ ပိန်းပိတ်အောင် မည်းမှောင်သည့် ချီစက်ကွင်းတစ်ခုက ပေါက်ကွဲလာပြီး လျှင်မြန်စွာ ပြန့်ကားလာသည်။ မြေပြင်ကို ထိသွားသောအခါ အနီရောင်နှင့် အနက်ရောင် ရောယှက်နေသည့် ချီစက်ကွင်းနှစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုချီစက်ကွင်းနှစ်ခု ပေါ်လာသည့်အချိန်တွင် မမြင်ရသည့် စွမ်းအင်အားလှိုင်းတစ်ခုက ပျံ့နှံ့လာပြီး သံမဏိသားရဲ စစ်တပ်အတွင်းရှိ စစ်သည်တစ်သောင်းကျော်ကို လွှမ်းခြုံလိုက်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူတို့အားလုံးက သတ္တုရောင် အလင်းများ လက်လာလျှက် အင်အားကြီးမားလာသည်။ ထိုအရာသာ မကသေးလေဘဲ သူတို့အားလုံး၏ ခြေထောက်အောက်တွင် အနီရောင်နှင့် အနက်ရောင် စစ်ချီစက်ကွင်း အသေးစားလေးများ ပေါ်ထွက်လာပြီး သူတို့၏အင်အားကို မြှင့်ပေးသည်။
သံမဏိသားရဲချီစက်ကွင်း
သွေးနက်ရောင်ဒိုင်း
ခါလဲ့က သူ၏ဂုဏ်သတင်းကို ကျော်ကြားစေသည့် အင်အားအကြီးဆုံး ချီစက်ကွင်းနှစ်ခုကို ချက်ချင်းလိုလို ထုတ်သုံးလိုက်သည်။ အခြားသော အာရပ်ဗိုလ်ချုပ်များနှင့် မတူသည်မှာ ခါလဲ့က အလွန်အမင်း အဆင့်မြင့်သည့် ချီစက်ကွင်းနှစ်မျိုးကို ပိုင်ဆိုင်ထားသည်။ ပထမတစ်ခုကမူ ခွန်အားကို တိုးမြှင့်ပေးနိုင်ပြီး သူ၏စစ်သားများ ကိုယ်ပေါ်တွင် ရှိနေသည့် သတ္တုအပိုင်းအစတိုင်း၏ ကြမ်းတမ်းမှုကို မြှင့်တင်ပေးနိုင်လေသည်။ ထိုထဲတွင် သံချပ်ကာများ ပါဝင်လေရာ သူတို့ကို သံမဏိသားရဲများကဲ့သို့ ဖြစ်သွားစေ၏။ ထိုချီစက်ကွင်းက ခါလဲ့အမိန့်ပေးသော စစ်တပ်၏နာမည်၏ မူလဇစ်မြစ်ဖြစ်သည်။
ဒုတိယမြောက် သွေးနက်ရောင်ဒိုင်းကမူ ခါလဲ့၏ လက်အောက်မှ အာရပ်စစ်သားများ၏ စွမ်းအားများကို သူတို့၏မြင်းများနှင့် ပေါင်းစပ်သွားစေလေပြီး သွေးစွမ်းအင်တစ်ခု ဖြစ်လာစေလျှက် ဒိုင်းတစ်ခု ပေါ်ထွက်လာကာ သံချပ်ကာနှင့်ပေါင်းစပ်ပြီး ခုခံစွမ်းအားကို မြှင့်တင်ပေးခြင်းဖြစ်သည်။
ထိုသို့စွမ်းအားကြီးမားသော ချီစက်ကွင်းနှစ်ခုက ခါလဲ့၏ သံမဏိသားရဲစစ်တပ်ကို တိုက်ပွဲနယ်မြေတွင် မရပ်တန့်နိုင်အောင် ဖြစ်စေသည်။
ဘုန်း ဘုန်း ဘုန်း
ကြီးမားသော လက်နက်ကြီးများက ပြင်းထန်စွာ ပေါက်ကွဲလာပြီး ရှေ့သို့တိုးဝင်သွားကာ သံမဏိသားရဲ စစ်တပ်အတွင်းရှိ စစ်သည်တော် တစ်ယောက်ချင်းစီကိုချိန်သည်။ သို့သော် သူတို့ကို အံ့အားသင့်စေသော မြင်ကွင်းက ဖြစ်ပျက်လာ၏။ အလွန်အမင်း သန်မာသော သွေးနီရောင်ဒိုင်းများက လွင့်ကာ မြောက်တက်လာသည်။ လက်နက်ကြီးများက ထိုဒိုင်းများကို ကျော်ဖြတ်သွားပြီးနောက် သံမဏိသားရဲ စစ်တပ်အတွင်းသို့ ဝင်ရောက်သွားသည်။
သို့သော် ထိုသို့ စစ်သည်တော်တစ်ယောက်ကို ကျော်ဖြတ်ပြီးနောက် ထိုလက်နက်ကြီးများက ပုံမှန်အားဖြင့် ခုနှစ်ယောက်၊ ရှစ်ယောက်ကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဒီတစ်ကြိမ်တွင်မူ အရှိန်နှုန်းနှင့် စွမ်းအားက သိသိသာသာ လျော့ကျသွားလေသည်။ အသွေးနှင့်အသားကို ဆက်လက်ပြီး မဖောက်ထွက်နိုင်တော့သလို ဖြစ်သွား၏။ ထိုလူများက လူသားပုံသဏ္ဍန်ရှိသော သံမဏိတုံးများအလား ထင်ရသည်။
ဘုန်း ဘုန်း ဘုန်း
လက်နက်ကြီး ပထမတစ်သုတ် ပစ်ခတ်ပြီးနောက် သံမဏိသားရဲစစ်တပ်က မျှော်လင့်ထားသလို ကစဉ့်ကလျား မဖြစ်သွားခဲ့ချေ။ စစ်သည်တစ်သောင်းကျော်တွင် တစ်ထောင်ကျော်ကသာ လဲကျသွားခဲ့၏။ အချို့သော သူများကဆိုလျှင် သေစေနိုင်သော နေရာများကို ရှောင်ရှားနိုင်ခဲ့သဖြင့် အသက်ရှင်ခဲ့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ချန်းပင်းက ထိုမြင်ကွင်းကြောင့် မျက်နှာပျက်သွားသည်။ သူက ခေါင်းကိုလှည့်ကာ ကြည့်လိုက်သောအခါ လက်နက်ကြီးအဖွဲ့ကလည်း အံ့အားသင့်နေကြောင်း မြင်လိုက်ရသည်။
မဟာထန်၏ လက်နက်ကြီးများ၏ စွမ်းအားကို တစ်လောကလုံးက သိသည်။ ဒါက သေဆုံးခြင်းနတ်ဘုရားက သုံးသော လက်နက်များကဲ့သို့ ဖြစ်နေ၏။ အာရပ်နှင့် ပထမဦးဆုံး စတွေ့ခဲ့ချိန်က လက်နက်ကြီးသုံးထောင်က အာရပ်မြင်းတပ် တစ်သောင်းကျော်ကို အလဲထိုးနိုင်ခဲ့သည်။ သို့ရာတွင် ဒီတစ်ခေါက် ဖြစ်စဉ်တွင်မူ လက်နက်ကြီးတစ်ခုချင်းစီတိုင်းက အများဆုံး သုံးယောက်စီကို ပစ်ခတ်ပြီး စွမ်းအင်များ ကုန်ဆုံးသွားလေ့ရှိသည်။ ထိုကဲ့သော အခြေအနေမျိုးက မဖြစ်ဖူးချေ။
တခဏခန့်ကြာပြီးနောက် လက်နက်ကြီး အဖွဲ့ဝင်တိုင်းက တိတ်ဆိတ်သွားကြသည်။ သူတို့က အံ့အားသင့်နေသဖြင့် စကားမပြောနိုင်ကြချေ။
“ငါမင်းတို့ကို ပြောဖို့မေ့နေတာ။ ခါလဲ့ရဲ့ သံမဏိသားရဲစစ်တပ်က အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ခုခံနိုင်စွမ်းအားရှိတယ်။ မြို့ကိုခုခံနေတဲ့အချိန်မှာ ငါတို့ရဲ့ လက်နက်ကြီးအဖွဲ့ကလည်း သူတို့ကို ပစ်ခတ်ခဲ့တာပဲ။ ဒါပေမဲ့ သက်ရောက်မှုက အရမ်းကို အကန့်အသတ်နဲ့ဖြစ်နေတယ်။ အာရပ်စစ်သားတွေက မြို့ရိုးပေါ် ကုန်းတက်လာခဲ့ဖို့ အသုံးပြုတဲ့အခါ ခါလဲ့ရဲ့ သံမဏိသားရဲစစ်သားတွေကို အသုံးပြုကြတယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကတောင်မှ ကြယ်တာရာစွမ်းအင် အများကြီးသုံးပြီး ကိုင်တွယ်ခဲ့ရတာ။ အပုမူစလင်ကလည်း ဒီလိုအခြေအနေကြောင့် သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့တာပဲ”
ချန်းချန့်လီက နောက်တန်းမှထွက်လာသည်။ သူ၏ဆံပင်က ကြောက်မက်ဖွယ်ကောင်းစွာ လေတွင်လွင့်နေသည်။
ဒါက အပုမူစလင်က စေလွှတ်ခဲ့သော အဖွဲ့ဖြစ်သည်။ စစ်သည်တော် တစ်ယောက်ချင်းစီတိုင်းက မှင်သက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားပြီး လေးစားဖွယ်ကောင်းသော ရန်သူများလည်းဖြစ်သည်။ ထိုတိုက်ပွဲက သူတို့မျှော်လင့်ထားသည်ထက် ခက်ခဲခဲ့သေး၏။
“ဒုကာကွယ်ရေးဗိုလ်ချုပ် ဒီလောက်ထိ စိုးရိမ်စရာမလိုပါဘူး။ ဒါကဒီတိုင်း စမ်းသပ်ရုံပါပဲ။ ကြောက်ဖို့ မတန်သေးဘူး။ ငါတို့မှာ ဗိုလ်ချုပ်ရှီရှိတယ်မဟုတ်လား”
ဝမ်ချောင်က လက်ကိုအသာယမ်းသည်။ သူ၏အမူအရာက တည်ငြိမ်ကာ အေးဆေးနေသည်။
ထိုအာရပ်သားရဲက လေးစားဖွယ်ကောင်းသည်။ ဝမ်ချောင်ကလည်း သူ၏ လက်နက်ကြီးများက ချီက်ကွင်း နှစ်ခုလောက်၏အောက်တွင် ထိုသို့ အင်အားအများကြီး လျော့ကျသွားသည့် မြင်ကွင်းမျိုးကို မမြင်ဖူးသေးချေ။ သို့သော် အင်အားအကြီးဆုံး သားရဲက သားရဲသာဖြစ်သည်။ ဝမ်ချောင်က ထိုလူကို ကိုင်တွယ်ရန် နည်းလမ်းပေါင်းများစွာရှိသည်။ သို့ရာတွင် ချီရှီကာကွယ်ရေးစစ်တပ်က ယခုအခါ အင်အားအများကြီး ကြီးနေသည့်တိုင်အောင် ကိုယ်တိုင်ကိုယ်ကျ ဝင်ပါရန် မလိုအပ်သေးချေ။
“အသင့်ပြင်”
ထိုအချိန်တွင် ချန်းပင်း၏မျက်ဝန်းက လင်းလက်သွားသည်။ သူက နောက်ထပ် အမိန့်တစ်ခုကို ထပ်ထုတ်သည်။
“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ နေရာကိုပြောင်းချိန်။ မြင်းခြေထောက်တွေကိုချိန်။ အားလုံးပဲ ပစ်ခတ်ကြတော့”
ချန်းပင်းက ခပ်မြန်မြန် ပစ်မှတ်ကိုပြောင်းလိုက်သည်။ သံမဏိသားရဲစစ်တပ်ကို တိုက်ရိုက်ပင် ပစ်မှတ်ထားရမည့်အစား မြင်း၏ခြေထောက်များကိုသာ ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
လက်နက်ကြီး သုံးတန်းလုံးက တပြိုင်တည်း ပစ်ခတ်လိုက်သည်။ ငါးရာစီ ပစ်ခတ်လိုက်သည့်အချိန်တွင် ကောင်းကင်တွင် လက်နက်ကြီးမိုးက ရွာသွန်းသလိုဖြစ်သွားလေသည်။ ထိုလက်နက်ကြီးများက ပြိုင်ဘက်၏ အောက်ပိုင်းကိုနိမ့်ကာ ပစ်ခတ်လိုက်လေရာ မြေကမ္ဘာကပင် တုန်ဟီးသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်လာ၏။ လက်နက်ကြီးများ၏ ဒီတစ်သုတ် ပစ်ခတ်မှုက သက်ရောက်မှုရှိကြောင်း ဖော်ပြသည်။
ဟီး ဟီး ဟီး...
မြင်းများ၏ခြေထောက်များက အပစ်ခံရသည်။ သူတို့က ခွေယိုင်လဲသွားကြ၏။ အပေါ်တွင်ရှိသော သံမဏိသားရဲစစ်တပ်မှ စစ်သည်တော်ပေါင်းများစွာက မြေပြင်ပေါ်သို့ လွင့်ထွက်ကုန်လေရာ ဖုန်တိမ်စိုင်များ မြောက်တက်လာသည်။
ခါလဲ့၏ သံမဏိသားရဲချီစက်ကွင်းနှင့် သွေးနက်ဒိုင်းက လက်နက်ကြီး၏ ပစ်ခတ်မှုကို ခုခံရင်ဆိုင်သည်။ သို့သော် မြင်းများ၏ ခြေထောက်ကဲ့သို့ အားနည်းသော အဆင့်များကိုမူ မကာကွယ်ပေးနိုင်ချေ။ လက်နက်ကြီး၏ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားကြောင့် ထိုအဆင့်များက မည်သည့်နည်းနှင့်မျှ တောင့်ခံနိုင်ခြင်းမရှိဘဲ စက္ကုတစ်စကဲ့သို့ အားနည်းနေပေလိမ့်မည်။
ဘန်း ဘန်း ဘန်း
လက်နက်ကြီးသုံးထောင်က ကောင်းကင်ကို မြောက်တက်လာပြီး အောက်သို့ ပြန်လည်ရောက်ရှိသွားသည်။ လက်နက်ကြီး တစ်ခုချင်းစီတိုင်းက မြင်းအကောင် နှစ်ဆယ်၊ သုံးဆယ်ခန့်၏ ခြေထောက်များကို တောက်လျှောက် ထိုးခွဲသွားနိုင်သည်။
သံမဏိသားရဲစစ်တပ်၏ ချီတက်လာသော အင်အားအပြည့်နှင့် အရှိန်နှုန်းက ကစဉ့်ကလျား ဖြစ်သွားသည်။ စစ်မြင်းများက စစ်မြင်းချင်း ဝင်တိုးမိကြသည်။ စစ်သည်တော်များက စစ်သည်တော်ချင်း ဝင်တိုးမိကြသည်။ လေထုအတွင်း မြင်းများ၏ ဒေါသတကြီး အော်ဟစ်သံများက ပြည့်နှက်လာသည်။ ပို၍ဆိုးသည်မှာ ခါလဲ့၏ သံမဏိသားရဲစစ်တပ်က ကစဉ့်ကလျား ဖြစ်သွားသည့်အချိန်တွင် နောက်တန်းမှ ချီတက်လာသော အာရပ်မြင်းတပ်ကလည်း အရှိန်နှုန်း ရပ်တန့်သွားရခြင်းဖြစ်သည်။ အချို့သော မြင်းတပ်များဆိုလျှင် အချိန်မှီမရပ်တန့်နိုင်သဖြင့် သံမဏိသားရဲစစ်တပ်မှ စစ်သည်တော်များနှင့် ဝင်တိုးမိကြသည်။
ထိုသို့ဖြင့် တဒိန်းဒိန် တဒိုင်းဒိုင်းနှင့် ထုနှက်သံများက ပေါ်ထွက်လာပြီး ထိုနယ်မြေတစ်ခုလုံးက ကစဉ့်ကလျား ဖြစ်သွားလျှက် ဖုန်လုံးများက မြောက်တက်လာသည်။
ချန်းပင်း၏ လက်နက်ကြီးစစ်တပ်က သံမဏိသားရဲစစ်တပ်မှ စစ်သည်တော် တစ်ယောက်ကိုမှ မသတ်နိုင်ခဲ့သော်လည်း လက်နက်ကြီးပေါင်းများစွာက မလုပ်နိုင်သည့် အခြေအနေကိုမူ လုပ်လိုက်နိုင်သည်။ ထပ်ပေါင်းဆိုရသော် သံမဏိသားရဲစစ်တပ်က ဒီလုပ်ကြံသတ်ဖြတ်မှုတွင် ဒုက္ခိတဖြစ်သွားလေသည်။
“ဘာလို့ဒီလိုဖြစ်လာတာလဲ”
မမျှော်လင့်ထားသော အပြောင်းအလဲက ခါလဲ့၏မာနကို ဒေါသအဖြစ် ပြောင်းသွားစေသည်။ သူ၏မျက်နှာတွင် ကြမ်းတမ်းသော မျက်နှာထားက ပေါ်လာလျှက် မြေပြင်ပေါ်မှ သူ၏စစ်သားများကိုကြည့်သည်။ ပထမဦးဆုံး ပစ်ခတ်မှုတွင် စစ်သည်တစ်ထောင်ကျော်ကိုသာ ဆုံးရှုံးလိုက်ရသည်။ ဒါက သေးငယ်သော ဆုံးရှုံးမှုဖြစ်နေသည်။ ဒုတိယတစ်ခေါက်တွင်မူ တူညီသော လက်နက်ကြီးများက သူ၏စစ်တပ်ကို အလားတူ ရှင်းလင်းပစ်သင့်သည့်အစား သူ၏စစ်မြင်းများကိုသာ သတ်ဖြတ်သွားသည်။
သံမဏိသားရဲစစ်တပ်က စစ်မြင်းမရှိဘဲ သူတို့၏အင်အားအပြည့်အဝ ထုတ်ပြနိုင်လိမ့်မည်မဟုတ်ချေ။ လေးစားဖွယ်ကောင်းသော ခြေလျှင်တပ်နှင့်ပင် ခြားတော့မည်မဟုတ်ချေ။ ထိုအခါ သူတို့ တချိန်က ဖြစ်ခဲ့ဖူးသလို ရပ်တန့်၍မရနိုင်သည့် ပြိုင်ဘက်ကင်းသော စစ်တပ်တစ်ခု ဖြစ်နိုင်တော့မည်မဟုတ်ချေ။
“ပစ်ခတ်”
ချန်းပင်း၏အသံက ထွက်လာသည်။ သူ၏အမူအရာက အေးစက်နေပြီး သူက အမိန့်တစ်ခု ထပ်ထုတ်သည်။ ဒီတစ်ကြိမ်ပစ်မှတ်ကမူ စစ်မြင်းများမဟုတ်တော့ချေ။ မြင်းအောက်သို့ရောက်သွားသော သံမဏိသားရဲ စစ်သားထောင်ကျော် ဖြစ်သွားသည်။
“သေစမ်း ငါမင်းတို့ကို အစိတ်စိတ်အပိုင်းပိုင်း စုတ်ဖြဲပစ်မယ်”
ခါလဲ့က ကုန်းအော်သည်။ သူ၏ကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များက ထွက်လာလေပြီး သူ၏မြင်းကို ရှေ့သို့နှင်သည်။ သူ၏အနီနှင့်အနက် ချီစက်ကွင်းများဖြင့် ပေါင်းစပ်လိုက်သော် သူက ဥက္ကာပျံတစ်ခုအလား ထန်ခုခံရေးအားလှိုင်းထံ ဝင်တိုးလိုက်သည်။
.....
ခါလဲ့က ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ ခုခံရေးအားလှိုင်းသို့ ဝင်တိုးလာချိန်တွင် ဝမ်ချောင်က မြင်းကိုတစ်ဖက်သို့လှည့်ပြီး ဒုတိယမြောက် ခုခံရေးအားလှိုင်းသို့ ထွက်သွားပြီဖြစ်သည်။ ခါလဲ့က မည်မျှကြောက်စရာကောင်းနေစေကာမူ သူက လူတစ်ယောက်တည်းသာဖြစ်သည်။ ဝမ်ချောင်၏အမြင်တွင် သံမဏိသားရဲစစ်တပ်မှ စစ်သည်တစ်သောင်းကျော်ကို မြေပြင်ပေါ်သို့ ဆွဲချလိုက်ပြီးကတည်းက သူ၏ရည်ရွယ်ချက်က အောင်မြင်သွားလေသည်။ ယခုအခါ အာရပ်များက မည်မျှလေးစားစရာကောင်းစေကာမူ ဒီအချိန်အတောအတွင်း ထန်၏ ခုခံရေးအားလှိုင်းကို ဖောက်နိုင်မည်မဟုတ်ချေ။
အခု တူရကီတွေနဲ့ တိဗက်တွေအတွက် အချိန်ပေးရမယ်။
ထိုအတွေးနှင့်အတူ ဝမ်ချောင်က အရှေ့ဘက်သို့ လှည့်သည်။
အာဝူး...
ဝံပုလွေအူသံများက သူ၏နားအတွင်းသို့ ရောက်လာသလို အရှေ့ပိုင်းနယ်မြေမှ တိုက်ပွဲက မှင်သက်ဖွယ်ကောင်းသည့် ပြောင်းလဲမှုအဖြစ် ပြောင်းလဲသွားသည်။ နေက အရှေ့ဘက်သို့ ဆက်တိုက်ထွက်လာသည်။ ထောင်ပေါင်းများစွာသော မြေခွေးဝံပုလွေများက တိဗက်များနှင့် တူရကီများအနောက်မှ ခုန်ထွက်လာသည်။
ထိုသို့ကြီးမားသော ဝံပုလွေကြီးများက သွားကိုဖြဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ အပြေးလာသည်။ တခဏတည်းနှင့် သူတို့က ဒေါသတကြီးနှင့် မြင်းတပ်တစ်သုတ်ကို ကျော်ဖြတ်လိုက်သည်။ ဝမ်ချောင်ကလည်း ထိုဝံပုလွေများကို မြင်လိုက်သည်။
တူရကီဝံပုလွေ
ဝမ်ချောင်၏စိတ်က မွှေနှောက်ခံရသလို ဖြစ်သွားပြီး အခြားတစ်ဖက်ခြမ်းမှ ပြင်ကျယ်နှင့် တောင်ကုန်းများကို ကြည့်လိုက်သည်။ ကြီးမားသော ရွှေရောင်ဝံပုလွေ အလံကြီး၏အောက်တွင် မှင်သက်ဖွယ်ကောင်းသည့် စူးရှသော မျက်လုံးနှင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ကောင်းကင်ဘုံ ဝံပုလွေ မဟာဗိုလ်ချုပ်ကြီး တုဝူစစ်လီကသာ ထိုမျှများပြားသော ဝံပုလွေများကို ခေါ်လာနိုင်လေသည်။
ထို့နောက် လင်းတအူသံများက ထွက်ပေါ်လာသည်။ တစ်သုတ်က အချိန်မကျသေးခင် နောက်ထပ် တစ်သုတ်က ထွက်ပေါ်လာ၏။ ကြီးမားသော ဝံပုလွေအုပ်၏နောက်တွင် ထူးဆန်းသော အော်သံများက ထွက်လာပြီး အောက်သို့ ထိုးဆင်းလာ၏။ ဝမ်ချောင်က ခေါင်းမော့ကာ အသာကြည့်လိုက်သောအခါ ကြီးမားသော အနက်ရောင်တိမ်စိုင်လုံးကြီးများသဖွယ် ဖြစ်နေသည့် တိဗက်လင်းတများကို မြင်ရသည်။ ထိုသို့ဖြင့် ဒုတိယမြောက် ခုခံရေးအားလှိုှုင်းထံ ဦးတည်လာကြသည်။
သူတို့၏ ပန်းတိုင်းကမူ အံ့အားသင့်စရာ ကောင်းလောက်အောင် မြေပြင်တွင်ရှိသော လက်နက်ကြီးအဖွဲ့ဖြစ်သည်။
အခန်း(၉၀၃)
သာ့လွန်ရော့ကျန်း
ဝမ်ချောင်က သာ့လွန်ရော့ကျန်းက ပေးလိုက်မည့်အမိန့်ကို တွေးတောရန်ပင် မလိုအပ်ချေ။ အရှေ့ပိုင်း တိုက်ပွဲနယ်မြေတွင် အမိန့်ပေးသူ နှစ်ယောက်သာလျှင်ရှိသည်။ တစ်ယောက်က ဝံပုလွေကိုသုံးပြီး အခြားတစ်ယောက်က လင်းတကိုသုံးသည်။ သူတို့က ခြားနားသော နည်းလမ်းကိုသုံးပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချထားကြသည်။ ဝံပုလွေများနှင့် လင်းတများက မြေပြန့်နယ်မြေနှင့် တောင်ပေါ်ဒေသမှ သားရဲများဖြစ်သည်။ တုဝူစစ်လီနှင့် သာ့လွန်ရော့ကျန်းတို့က လိုချင်သလောက် အများကြီးရနိုင်သည်။ ပြင်းပြင်းထန်ထန် ဆုံးရှုံးသွားလျှင်ပင် ရင်နာစရာအကြောင်းမရှိချေ။ သို့သော် အရှေ့ပိုင်း တိုက်ပွဲနယ်မြေမှ ဝမ်ချောင်၏ ခုခံရေးအားလှိုင်းကို စမ်းသပ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်နေသည်။
“ဒီလိုဆိုမှတော့ ငါကလည်း ခင်ဗျားတို့ရဲ့ဆန္ဒကို ဖြည့်ပေးရမှာပေါ့”
ဝမ်ချောင်က တောင်ကုန်းပေါ်မှ ပုံရိပ်တစ်ခုကို တောက်ပသောမျက်ဝန်းဖြင့်ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။ တုဝူစစ်လီနှင့် သာ့လွန်ရော့ကျန်းတို့က ထိုမျှမြောက်များသော ဝံပုလွေအုပ်နှင့် လင်းတအုပ်ကို လွှတ်လိုက်ရုံနှင့် သူ၏ခုခံရေးအားလှိုှုင်းကို ဖြတ်လိုက်နိုင်သည်ဟု ယူဆနေလျှင် ... သူတို့က ဒီတိုင်း စမ်းသပ်ရုံသာ ဖြစ်နေမည်ဆိုလျှင်ပင် အသုံးဝင်ခြင်းမရှိကြောင်း သိရပေလိမ့်မည်။
ကျန်းနှစ်ဆယ်
တစ်ဆယ်ကျန်း
“ပစ်”
အရှေ့ပိုင်းခုခံရေးအားလှိုင်းဘက်မှ အေးစက်သော အသံက ထွက်လာသည်။ ထို့နောက် တခဏတွင် လေထုက တပွက်ပွက်ဆူလာပြီး ထောင်ပေါင်းများစွာသော ပျားပိတုန်းပေါင်းများစွာ အုံလိုက်ကျင်းလိုက် ရှိသလိုမျိုး ဖြစ်လာသည်။ ထိုဝံပုလွေနှင့် လင်းတများက ရောက်လာတော့မည့်အချိန်တွင် သံမဏိမြို့ရိုးထိပ်တွင် ရှိနေသော မြောက်များလှစွာသော အပေါက်များထံမှ ရုတ်ချည်း အေးစက်သောအလင်းက လက်လာသည်။ ထောင်ပေါင်းများစွာသော မြှားများက ပေါက်ထွက်သွားလေသည်။
အာဝူး....
မြှားတစ်စင်းက ရှေ့ဆုံးမှဝံပုလွေ၏ နဖူးကို ထိုးဖောက်သွားပြီး သွေးအပေါက်ကြီးဖြစ်သွားစေသည်။ ခုနှစ်ချောင်းထက်ပိုသော မြှားများက အလောင်းကိုမြေပင်တွင် ထိုးစိုက်လိုက်၏။ သေဆုံးရသည့်အတွက် စာနာသနားမှုနှင့် မသက်ဆိုင်သော အခြေအနေမျိုးက စတင်ဖြစ်ပေါ်လာလေပြီး မြှားသောင်းကျော်က လေထဲတွင် တဖန်ရှိနေကာ အောက်သို့ ထိုးဆင်းလာသည်။ သိပ်မကြာခင် ဒုတိယမြောက် ခုခံရေးအားလှိုင်းနှင့် ကျန်းရှစ်ဆယ်ခန့်အကွာ မြေပြင်တစ်ခုလုံးတွင် ထိုးစိုက်ခံလိုက်ရသော ဝံပုလွေအလောင်းပင်လယ်က ပြည့်နှက်လာသည်။
ဖလု ဖလု ဖလု
လေထဲတွင်လည်း လင်းတပေါင်းများစွာက အလန့်တကြား အော်ဟစ်ကြပြီး သူတို့၏လည်ပင်း၊ တောင်ပံနှင့် ရင်ဘက်များကို ထိုးစိုက်လာသည့် မြှားများကြောင့် အထိတ်တလန့် ထွက်ပြေးကြသည်။ ထိုမြှားများက သူတို့ကို မြေပြင်တွင် ထိုးစိုက်၏။ အောက်ဘက်တွင်မူ လေထဲသို့ ချိန်ကာပစ်နေသည့် ထောင့်မှန်စတုဂံပုံသဏ္ဍန်ရှိသော ကြီးမားသော လက်နက်ပုံးကြီးများကို ကိုင်ဆောင်ထားသည့် မဟာထန်စစ်သားများကို မြင်နိုင်မည်ဖြစ်သည်။
သေးငယ်သော အောင်နိုင်မှုကတင် ကောင်းကင်တစ်ခုလုံးကို သေဆုံးခြင်းနယ်မြေအဖြစ် ပြောင်းလဲသွားစေသည်။
ဝံပုလွေအူသံများက ထွက်လာသည်။ လင်းတများက စူးရှစွာအော်ဟစ်၏။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ထိုနေရာတစ်ခုလုံးက ငြိမ်သက်သွားသည်။ ကောင်းကင်က ရှင်းလင်းသွားသည်။ လင်းတများက မြေပြင်တွင် အလောင်းအဖြစ်သာ ကျန်သည်။ တိုက်ပွဲနယ်မြေက တိတ်ဆိတ်သွားသည်။
ဝုန်း
အဝေးရှိတောင်ကုန်းပေါ်တွင်... ရွှေရောင်ဝံပုလွေ အလံအောက်မှ တုဝူစစ်လီ၏ မျက်လုံးက တွန့်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။
“ဒါကဘာလဲ”
တုဝူစစ်လီက လောကကို နားလည်မှုများက ပြောင်းလဲသွားသလို ခံစားရပြီး အဝေးရှိလူငယ်ကို ကြည့်လိုက်သည်။ သူက သာ့လွန်ရော့ကျန်း၏ ဖိတ်ကြားမှုကြောင့် ရောက်လာခဲ့ပြီး သူ၏ပန်းတိုင်အရ အနောက်ပိုင်းနယ်မြေတွင် ရှိသမျှ မဟာထန်၏ အင်အားတိုင်းကို ဖျက်ဆီးရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ဝမ်ချောင်နှင့် ဒီလိုအကွက်ချင်း ဖလှယ်ရမည်ဟု မတွေးဖူးချေ။
ထိုသံမဏိမော်ကျူးကြီးများက စက္ကန့်ပိုင်းအတွင်း မြှားသောင်းကျော်ကို ပစ်ခတ်နိုင်ခြင်းက တုဝူစစ်လီ တစ်ဘဝလုံး မကြုံဖူးသော အခြေအနေမျိုးဖြစ်သည်။ လေးပညာနှင့်ပတ်သတ်ပြီး နားလည်ထားသမျှကိုပင် ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားသည်။
အနီးအနားရှိ သာ့လွန်ရော့ကျန်း၏ မျက်လုံးကလည်း ခံစားချက်များ လိမ့်တက်လာသည်။
သူဟာ အနောက်တောင်ပိုင်းရှိ စစ်ပွဲတွင် ဝမ်ချောင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သော အချိန်က ဝမ်ချောင်ဟာ သံမဏိမြို့ရိုးကိုသာ ပိုင်ထားသေးသည်။ မာန်ရှဲ့ယွီစန်းစစ်တပ် သိန်းကျော်ကို ရင်ဆိုင်ရသောအခါ သူက ခုခံရန်သာ တက်နိုင်၏။ ဒီလိုကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်နိုင်သည့်စက်မျိုးက မထွက်လာသေးချေ။ ပျာပိတုန်းများက လေးစားဖွယ်ကောင်းသော ပစ်ခတ်နိုင်သည့် လက်နက်မျိုးဖြစ်သည်။ သာ့လွန်ရော့ကျန်းက ဝမ်ချောင်ဟာ သာ့လွန်ရော့ကျန်းကို ရင်ဆိုင်ရာတွင် ထိုအရာမျိုးကို သုံးခဲ့ကြောင်း တော်ဝင်မြို့တော်ရှိ အကျဉ်းထောင်ထဲတွင် ရှိနေချိန်ကကြားခဲ့ဖူးသည်။
သို့သော် ကြားရခြင်းနှင့် ကိုယ်တိုင်မြင်ရခြင်းက မတူသော ချိတ်ဆက်မှုဖြစ်သည်။
မြှားပင်လယ်ကြီးက ကောင်းကင်တွင် ရုတ်တရက် ပေါ်လာသောအခါ တောင်ကုန်းပေါ်ရှိ လူတိုင်းကလည်း အံ့အားသင့်လွန်းသဖြင့် သူတို့၏စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ပင် ရောက်ရှိသွားသေးသည်။
“ပစ်ခတ်”
တိုက်ပွဲနယ်မြေ အရှေ့ပိုင်းဘက်မှ အော်ဟစ်သံထွက်လာပြီး သိပ်မကြာခင် တာလာ့အနောက်ဘက်ခြမ်းမှလည်း အလားတူ အော်ဟစ်သံ ထွက်လာသည်။ ထိုနေရာက ပထမမြောက် ခုခံရေးအားလှိုင်းဖြစ်သည်။
ဝုန်း
မြှားသောင်းကျော်က လေထဲသို့ ပေါက်ကွဲသွားပြီး သံမဏိသားရဲစစ်တပ်နှင့် အာရပ်စစ်သားများကို လွှမ်းခြုံလိုက်သည်။
“ပစ်ခတ်”
“ပစ်ခတ်”
“ပစ်ခတ်”
သံမဏိမြို့ရိုး တစ်ခုချင်းစီပေါ်တွင် ပျားပိတုန်းထောင်ကျော် တပ်ဆင်ထားသည်။ ထိုအရာများကို စစ်သားတစ်ယောက်တည်းက ကိုင်တွယ်လည်ပတ်နိုင်၏။ ထို့ကြောင့် မြှားတစ်သောင်းက ကောင်းကင်သို့ ဖောက်ဝင်သွားချိန်တိုင်း လေထဲတွင် လေတိုးသံက စူးရှစွာ ထွက်ပေါ်လာသည်။ မြှားတစ်ချောင်းချင်းစီတိုင်းက လက်နက်ကြီးတစ်ခုထက်မနည်း ခြိမ်းခြောက်နိုင်စွမ်းအား ရှိနေပြီး ပမာဏများပြားမှုက အာရပ်သံချပ်ကာများ၏ တားဆီးနိုင်စွမ်းအားကို လျော့နည်းစေ၏။ သို့ရာတွင် ကြောက်မက်ဖွယ်ကောင်းသော ပမာဏကမူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ပြနိုင်လေသည်။
ဇွက် ဇွက် ဇွက်
မြှားကအသားကို ထိုးဖောက်ဝင်ရောက်သံများက အနောက်ပိုင်းတာလာ့ တိုက်ပွဲနယ်မြေ တခွင်တွင် ထွက်ပေါ်နေသည်။ စစ်မြင်းများနှင့် သူတို့၏ စီးနင်းသူများက ပထမခုခံရေးအားလှိုင်းသို့ မရောက်နိုင်ခင်မှာတင် မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ သူတို့၏ခန္ဓာကိုယ်က မြှားများဖြင့် ပြည့်နေသည်။ အချိန်တိုအတွင်း ပထမခုခံရေးအားလှိုှုင်း၏ အရှေ့တွင် အလောင်းများပုံသွားသည်။
“ပစ်ခတ်”
မြင့်မားသော သယ်ယူပို့ဆောင်ရေး ရထားလုံးပေါ်တွင် ရပ်နေသည့် ချန်းပင်းက ဓားကိုအောက်သို့ တဖန်မြှောက်ချပြန်သည်။ လက်နက်ကြီးက တစ်ခါပစ်ခတ်၏။ ထို့နောက် နောက်ထပ်တစ်ခေါက် အောက်သို့ ချလိုက်ချိန်တွင် တစ်ခေါက် ထပ်မံပစ်ခတ်ပြန်သည်။ ထိုသို့ဖြင့် မြှောက်များလှစွာသော အာရပ်စစ်သားများကိုအောက်သို့ ဆွဲချနေခဲ့၏။ ယခုလိုမျိုးနွယ်ခြား တိုက်ပွဲနယ်မြေတစ်ခုတွင် မဟာထန်၏ လက်နက်ကြီးများက သူတို့၏ ပြင်းထန်သော အင်အားကို ပြသနိုင်သည့် သင်္ကေတတစ်ခုဖြစ်သလို လက်မှုပညာရှင်များကလည်း သူတို့၏ စွမ်းအားကို အပြည့်အဝထုတ်ပြနိုင်လေသည်။
နေထွက်ပြီး အချိန်တခဏတည်းနှင့် အာရပ်လက်ရွေးစင် ထောင်ပေါင်းများစွာက မြေပြင်ပေါ်သို့ လဲကျရသည်။
သို့သော် ထိုအချိန်တွင် အာရပ်များ၏ ကြောက်မက်ဖွယ်ကောင်းမှု၊ အကြောက်အလန့်မဲ့မှုက ပြသလာပြန်သည်။ လက်နက်ကြီးများ၊ ပျားပုံးလက်နက်များအောက်တွင် သေဆုံးမှုက များပြားနေသည့်တိုင်အောင် ပထမခုခံရေးအားလှိုင်းအရှေ့တွင် သေဆုံးသွားသော အာရပ်အလောင်းများက ပုံလာသည့်တိုင်အောင် အာရပ်စစ်သားများက နောက်တန်းမှ ဆက်တိုက် ထိုးထွက်လာသေးပြီး ကျသွားသောလူများ၏ နေရာကို ဝင်ယူသည်။ သူတို့၏ မျက်နှာတွင် သေဆုံးမှုကို ကြောက်လန့်သည့် မျက်နှာထားမျိုး မရှိချေ။ အနှစ်ချုပ်ဆိုရသော် ကြောက်မက်ဖွယ်ကောင်းသည့် ဂုဏ်ယူမှုပင် ရှိနေသေးသည်။
အာရပ်များက သဘာဝတိုက်ခိုက်သူများဖြစ်သလို တိုက်ပွဲနယ်မြေတွင် သေဆုံးရခြင်းက အကြီးမားဆုံး ဂုဏ်ယူစရာဟု သတ်မှတ်ကြသည်။ တိုက်ပွဲနယ်မြေတွင် သေဆုံးခြင်းအားဖြင့် သူတို့ဟာ သူတို့နတ်ဘုရား၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်သွားနိုင်လေပြီး ဆုလာဒ်များ၊ ဂုဏ်စာတန်းများကို အမြင့်မားဆုံး အနေအထားမျိုးနှင့် ရရှိနိုင်သည်ဟု ယူဆကြသည်။ ထိုအတွက်ကြောင့် အာရပ်များက တိဗက်များ၊ တူရကီများထက်ပင် ပို၍ကြောက်စရာကောင်းပြီး လေးစားဖွယ်ကောင်းနေခြင်းဖြစ်သည်။
အာရပ်စစ်တပ်၏ စိုးရိမ်မှုမဲ့စွာ ချီတက်လာမှုကို မြင်လိုက်ရချိန်တွင် ဝမ်ချောင်ကပင် မျက်လုံးပြူးသွားသည်။
သို့သော် ယခုလို ကတောက်ကဆဖြစ်နေသော အနေအထားမျိုးတွင် အာရပ်များက ဆက်လက် ချီတက်လာလေရာ တိဗက်များနှင့် တူရကီများကလည်း နောက်ကျမကျန်ရစ်ကြဘဲ ဆက်လက် ချီတက်လျှက် ထွက်ခွာလာကြသည်။ ဝံပုလွေများ၊ လင်းတများ၏ သေဆုံးမှုက သူတို့ကို ကြောက်လန့်စေခြင်းမရှိချေ။
“ဟော်ရှု့ဟွေ့ခမ်း မူထရီမဟာမြင်းတပ်ကလွဲပြီး အားလုံးကိုလွှတ်လိုက်တော့”
တောင်ကုန်းပေါ်မှ သာ့လွန်ရော့ကျန်းက မြင့်မားသော တောင်ပေါ်မြင်းပေါ်တွင် ထိုင်နေသည်။ သူ၏ မျက်ဝန်းကခိုင်မာကာ တည်ကြည်နေသည်။ မဟာထန်၏ အင်အားကို သံသယဝင်စရာ မရှိချေ။ မဟာထန်ကို အလဲထိုးချင်သည့် မည်သူကမဆို အရှုံးအချို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။
တိုက်ပွဲများက စတေးမှုများလိုအပ်သည်။ တာလာ့၏တိုက်ပွဲတွင် သာ့လွန်ရော့ကျန်းအနေဖြင့် အဆိုးရွားဆုံး အခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့တိုင်အောင် အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ချီရှီကာကွယ်ရေးစစ်တပ်ကိုသာ ဖျက်ဆီးနိုင်မည်ဆိုလျှင် ဝမ်ချောင်ကသာ သေလျှင် စတေးမှုတိုင်းကတန်သည်။
မဟာမိတ်သုံးဖွဲ့လုံးက မဟာထန်နှင့် ပြင်းထန်သည့် အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွဲနေကြသည်။ မည်သည့် အခြေအနေတိုင်းကမဆို တွက်ဆမှုများ လုပ်သင့်နေသည်။
မဟာထန်က ရှင်သန်ရန် အခွင့်အရေးမရှိသင့်ချေ။
သာ့လွန်ရော့ကျန်းက ရှေ့သို့ ခြေနှစ်လှမ်းခန့်တိုးပြီးမေးသည်။
“ကျားပေါ် နောက်တန်းမှာ တပ်ဆင်ခိုင်းထားတဲ့ ပစ္စည်းတွေအားလုံး အဆင်သင့်ဖြစ်ပြီလား”
အနောက်ဘက်မှ အသံထွက်လာသည်။
“အားလုံးအဆင်သင့်ပါပဲ။ မဟာအမတ်ရဲ့ အမိန့်ပဲလိုအပ်ပါတယ်”
“အွန်း”
သာ့လွန်ရော့ကျန်းကပြောသည်။
“အာရပ်တွေကို သတင်းပို့လိုက် ငါတို့အတူ လှုပ်ရှားလို့ရတယ်။ နောက်ပြီး စတော့”
“ဟုတ်ကဲ့”
သာ့လွန်ရော့ကျန်း၏ အနောက်မှ ပုံရိပ်တစ်ခုက ခပ်မြန်မြန် ထွက်ခွာသွားပြီး တောင်ကုန်းများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။
......
ခြိမ်း
လေပြင်းဟိန်းဟောက်သံများ မိုးခြိမ်းမတက် ပြင်းထန်သော ခွာသံများအောက်တွင် တိဗက်နှင့် တူရကီမြင်းတပ် သောင်းကျော်က ရှေ့သို့ချီတက်ကြသည်။
အာဝူး.....
ထောင်ပေါင်းများစွာသော ကြီးမားသည့် ဝံပုလွေများက တဖန်ထွက်ပေါ်လာပြန်သည်။ ဒီတစ်ကြိမ် ဆင်းသက်လာသည့်အခါ အခြေအနေက ခြားနားသွား၏။ ခုခံရေးအားလှိုင်းနှင့် နှစ်ကျန်းခန့်အကွာ ပတ်လည်တွင် အလင်းများလက်လာလေပြီး တိဗက်များ၊ တူရကီများအားလုံးက သူတို့၏မြင်းအောက်သို့ လက်နှိုက်လျှက် ဒိုင်းများကို ထုတ်ယူလိုက်ကြသည်။
“သတ်”
“အားလုံးကိုဖျက်ဆီး အနောက်ပိုင်းနယ်မြေကို အုပ်စိုးကြမယ်”
“အားလုံးကိုသတ်”
ကောင်းကင်တွင် အော်ဟစ်သံများက ပြည့်နှက်လာသည်။ တိဗက်များနှင့် တူရကီများက ခြားနားသော ဘာသာစကားကို ပြောကြသော်လည်း ထိုတခဏတွင်မူ တူညီသော ဆက်သွယ်မှုမျိုး ရှိနေသလိုမျိုး စစ်တပ်တစ်ခုတည်းအလား ဖြစ်သွားသည်။ သူတို့က သူတို့၏မြင်းနောက်ဘက်သို့ ဖိချလျှက် သူတို့၏လက်ထဲမှ လုံးဝိုင်းသော ဒိုင်းများအားလုံးကို ထီးများသဖွယ် လေထဲသို့ မြှောက်လိုက်ကြပြီး သူတို့နှင့်မြင်း၏ အားနည်းချက် နေရာများကို ကာကွယ်ကြသည်။
ဒုတိယမြောက် ခုခံရေးအားလှိုင်းမှ ထန်စစ်သားတိုင်းက ထိုမြင်ကွင်းကြောင့် အနည်းငယ်ကြောင်သွားသည်။ လင်းတများဖြစ်စေ၊ ဝံပုလွေများဖြစ်စေ၊ ထိုလုံးဝိုင်းသော ဒိုင်းများဖြစ်စေ တိဗက်များနှင့် တူရကီများက သေချာပြင်ဆင်လာခဲ့ကြောင်း ရှင်းလင်းနေ၏။
“အသင့်ပြင်”
ချွင်ကနဲအသံနှင့်အတူ ရွှီခဲ့ယွီက ဓားကိုဆွဲထုတ်လိုက်သည်။ အေးစက်ကာ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် အသံက ခုခံရေးအားလှိုင်းတောက်လျှောက် ပျံ့နှံ့သွား၏။ ရွှီခဲ့ယွီ၏အမိန့်က လက်နက်ကြီးအဖွဲ့ တစ်ထောင့်ငါးရာကို လှုပ်ရှားလိုက်စေသည်။ ထိုသို့ဖြင့် သူတို့၏ ထက်ရှသောအပိုင်းက အလင်းရောင်များ တောက်ပလာလေပြီး တိဗက်များ၊ တူရကီများကို ချိန်ရွယ်နေသည်။
သို့သော် ထိုတခဏတွင် ရွှီခဲ့ယွီက လင်းလက်မှုကို ခံစားရပြီး သတိလက်လွတ် မျက်လုံးမှိတ်လိုက်သည်။
“နေရောင်”
ရွှီခဲ့ယွီက နှလုံးသားထဲ အေးစိမ့်သွားသလို မျက်နှာကလည်း ဖြူဖျော့သွားသည်။ သူက ယခင်က သတိမထားမိခဲ့ချေ။ သို့သော် ထိုတခဏရှိ နေမင်း၏ တည်နေရာက သူတို့မျက်စိကွက်တိကျနေလေသည်။ ထို့ကြောင့် သူတို့၏ လက်နက်များကို ချိန်ရွယ်ပစ်ခတ်မည့်အဖွဲ့ကို ဦးတည်ထားသလို ဖြစ်နေ၏။ ထိုအခြေအနေကလည်း တိဗက်များနှင့် တူရကီများ ချီတက်ရန် ရွေးချယ်သောအချိန် ဖြစ်နေသည်။
သာ့လွန်ရော့ကျန်းက ဒီအခြေအနေကိုတောင် တွက်ချက်ထားတာလား။
ရွှီခဲ့ယွီက ရုတ်တရက် မကောင်းသော ခံစားချက်ကို ရလိုက်သည်။
သာ့လွန်ရော့ကျန်းက ဗျူဟာပညာရှင်ဖြစ်သလို ဉာဏ်ကောင်းသော အမတ်မင်းတစ်ယောက်ဖြစ်သည်။ သူက တွက်ချက်မှု ဆရာသခင်ဖြစ်သည်။ သူဟာ အနောက်တောင်ပိုင်းတွင် ထန်များကို အဆုံးစွန်ထိ တွန်းပို့နိုင်ခဲ့သည့် အင်အားစုတစ်ခုဖြစ်သည်။ ဒီလိုအချိန်တွင် သာ့လွန်ရော့ကျန်းက သူ၏စစ်တပ်ကို တာလာ့သို့ ဦးဆောင်ခေါ်လာခဲ့ချိန်တွင် ကျန်းချွယ်နှင့် ကင်းထောက်တိုင်းကို ရှောင်နိုင်ခဲ့သည်။ သူက ဝံပုလွေများ၊ လင်းတများ၊ လုံးဝိုင်းသောဒိုင်းများကိုပင် သယ်လာခဲ့သေးသည်။ သို့သော် သူက တိုက်ခိုက်မည့်အချိန်နှင့် နေရောင်ကျမည့် ရှု့ထောင့်ကိုပင် ကွက်တိတွက်ချက်ထားခြင်းကမူ မယုံနိုင်စရာကောင်းသည့် အခြေအနေ ဖြစ်သွားလေပြီ။
အခန်း(၉၀၄)
“မင်းတို့ရဲ့ မျက်လုံးတွေကို အောက်ငုံ့လိုက်။ နေရောင်ကိုရှောင် မြေပြင်က အရိပ်တွေကိုပဲ အာရုံစိုက်ထားကြ”
ထန်စစ်တပ်နောက်တန်းမှ ဝမ်ချောင်၏ ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။ သူ၏စကားလုံးများက စစ်သားတိုင်းကို တည်ငြိမ်သွားစေပြီး အားလုံးကို မျက်လွှာချလိုက်စေသည်။ ရွှီခဲ့ယွီကလည်း ခပ်မြန်မြန် စိတ်ငြိမ်သွားသည်။
“ထောင့်ကိုချိန်ညှိ မြင်းအောက်ကနေရာကို အာရုံစိုက်ကြ။ အသင့်ပြင်”
ရွှီခဲ့ယွီက အမိန့်တသီတတန်း ထုတ်ထားသည်။ သို့သော် သူ၏ဓားက အောက်သို့ လွှဲချရန် အသင့်ပြင်ချိန်တွင် လေတိုးသံလို အသံမျိုးကို ကြားလိုက်ရ၏။ ဒုတိယမြောက် ခုခံရေးအားလှိုင်း၏ အနောက်ဘက်မှ လုံးဝိုင်းသော အရိပ်ကြီးတစ်ရိပ်က ပြန့်ကားလာသည်။ လူတိုင်းက မတုန့်ပြန်နိုင်ခင် လက်မောင်းနှစ်ဖက် လုံးပတ်စာကြီးသော ကျောက်တုံးကြီးတစ်တုံးက ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး လက်နက်ကြီး စစ်တပ် အနောက်ဘက်ခြမ်းသို့ ရောက်လာသည်။
“ကျောက်တုံးပစ်ခတ်သူ”
ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားပြီး ကောင်းကင်ကိုကြည့်သည်။
“သတိထား”
သူက သတိမပေးနိုင်သေးခင် အနောက်ဘက်မှ ကြီးမားသော ပေါက်ကွဲသံ ထွက်လာသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ တညွှန့်ညွှန့် လောင်ကျွမ်းနေသည့် မီးတောက်များနှင့်အတူ မီးခိုးလုံးများကို မြင်လိုက်ရသည်။ အားလုံးက ထူထပ်သိပ်သည်းလွန်း၏။ မြေပြင်တောက်လျှောက် အနက်ရောင်အရည်များက စီးကျလာသည်။
“အာရပ်ရေနံဆီ”
ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားပြီး ထိုအရည်များကို မှတ်မိလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏စိတ်အတွင်း အတွေးပေါင်းများစွာက ဝင်ရောက်လာသည်။
လောက်လေးခွတွေ
အာရပ်နှင့် ယွီစန်းများက သူ့ကိုတချိန်ထဲတွင် တူညီသောအရာများသုံးကာ ရင်ဆိုင်လိုသည်။
“ပစ်”
တိုက်ပွဲနယ်မြေ အရှေ့ဘက်ဆုံးအပိုင်းမှ လောက်လေးခွ ရာပေါင်းများစွာက လှမ်းပစ်နေသည်။ သို့သော် ထိုနေရာက တောင်ကုန်းအနောက်ဘက်ပိုင်းမှ ဖြစ်နေသည်။ တိဗက်ဆယ်ယောက်ခန့်က သစ်သားတုံးများနှင့် လောက်လေးခွများကို ပြင်ဆင်ထားသည်။
တိဗက်တောင်ပေါ်ဒေသက မြက်ခင်းစိမ်းနယ်မြေဖြစ်သည်။ အပင်မြင့်မား ရှားပါး၏။ ထို့ကြောင့် သာ့လွန်ရော့ကျန်းကလည်း မာန်ရှဲ့ကျောင်း ကုန်သည်များထံမှ လောက်လေးခွများကို အကူအညီယူ တည်ဆောက်ထားခဲ့ရခြင်းဖြစ်နေသည်။ ဝမ်ချောင်၏ သံမဏိမော်ကျူးများ၏ အတွင်းပိုင်း ပြင်ဆင်ပုံကို ဖျက်ဆီးရန်အပြင် သူတို့၏ တည်ဆောက်သောနည်းလမ်း တပ်ဆင်ပုံနည်းလမ်းများ အားလုံးက အမျိုးမျိုးသော တိုင်းပြည်များအတွက် လျို့ဝှက်ဆန်းကြယ်သည်။ သို့သော် သာ့လွန်ရော့ကျန်းကမူ သူ၏ လောက်လေးခွများကို တူညီသောနည်းလမ်းသုံးထားခြင်းဖြင့် တာလာ့သု့ိ အရောက်ပို့နိုင်ခဲ့သည်။
မဟာထန်က လက်နက်ကြီးများကြောင့် ကျော်ကြားသည်။ တိုက်ပွဲနယ်မြေတွင် သူတို့၏ လက်နက်များက ရပ်တန့်ရန်ခက်ခဲသည်။
လောက်လေးခွများက ဝမ်ချောင်ကို ကိုင်တွယ်ရန် သာ့လွန်ရော့ကျန်းက အထူးတလည် ပြင်ဆင်ခဲ့ခြင်းဖြစ်နေသည်။
“ပစ်ခတ်”
ထိုအမိန့်နှင့်အတူ ကြီးမားသော ကျောက်တုံးကြီးပေါင်းများစွာက လေထဲသို့ မြောက်တက်သွားသည်။ ထိုသို့ဖြင့် ကြီးမားသော စက်ဝိုင်းခြမ်းပုံစံကြီးများ ထွက်ပေါ်လာလေပြီး တောင်ကုန်းများကို ကျော်ဖြတ်သွားကာ တိုက်ပွဲနယ်မြေ အရှေ့ပိုင်းသို့ တဖန်ဖြတ်ကျော်လျှက် ပထမခုခံရေးအားလှိုင်း၏ နောက်တန်းသို့ကျသည်။ ထိုနေရာက လက်နက်ကြီးအဖွဲ့များ ရှိရာနေရာဖြစ်သည်။
ဘုန်း
လက်နက်ကြီးတစ်ခုက အချိန်မှီမရွေ့နိုင်ခဲ့ဘဲ ကျောက်တုံးကြီးကြောင့် အစိတ်စိတ်အပိုင်းပိုင်းအဖြစ် ခွဲချေခံလိုက်ရသည်။ သယ်ယူပို့ဆောင်သော ရထားလုံးက အောက်ဘက်တွင် ရှိနေသဖြင့် တိုက်ရိုက်ပင် ကွဲကြေသွားသည်။ သတ္ထုပေါင်းများစွာ မွစာကျဲကုန်ပြီး ရထားလုံး၏ ဘိမ်းပေါင်းများစွာကလည်း လွင့်ထွက်ကုန်သည်။ ထိုလက်နက်ကြီးဝန်းကျင်တွင် ရှိနေသော စစ်သည်ငါးယောက်အတွက်ကမူ လေထဲသို့ မြောက်တက်ကုန်သည်။
ဘုန်း
နောက်ထပ် ကျောက်တုံးတစ်တုံးက ပြုတ်ကျလာသည်။ ချီရှီစစ်သားနှစ်ယောက်ကို အသားပြား ဖြစ်သွားစေ၏။ ထိုသို့ဖြင့် တတိယ၊ စတုတ္ထ... လေထဲတွင် စူးရှသော အော်သံများနှင့်အတူ ကျောက်တုံး ရာပေါင်းများစွာက ပြုတ်ကျလာသည်။
ပစ်
ထိုသို့ဖြစ်ပျက်နေချိန်တွင် တိုက်ပွဲနယ်မြေ အနောက်ဘက်ခြမ်းတွင်... အာရပ်စစ်သား နှစ်ရာကျော်ခန့်က ကြီးမားသော လောက်လေးခွကြီးများကို သုံးနေသည်။ ထိုလောက်လေးခွကြီးများက သေသပ်စွာ စီတန်းလျှက်ရှိနေပြီး ဆယ်မီတာခန့်မြင့်သေးသည်။ ထိုလောက်လေးခွကြီးများ၏ အရှေ့တွင် အမြင်စူးရှသော အာရပ်ဗိုလ်ချုပ်တစ်ယောက်က လက်မောင်းကို အောက်သို့ လွှဲယမ်းထားလိုက်သည်။
ဘုန်း ဘုန်း ဘုန်း
ကြီးမားသော သတ္ထုဘောလုံးပေါင်းများစွာ လေထဲသို့ မြောက်တက်ကုန်ပြီး တိုက်ပွဲနယ်မြေကို ကျော်ဖြတ်လျှက် အရှေ့ပိုင်းနှင့် ဒုတိယမြောက် ခုခံရေးအားလှိုင်းသု့ိ ရောက်လာသည်။ ထိုသတ္တုဘောလုံးကြီးများက မြေပြင်သို့ ပြုတ်ကျသွားသောအခါ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သည်အထိ ပေါက်ကွဲသွားပြီး အမျိုးမျိုးသော အာရပ်ရေနံဆီများစွာက မီးလောင်ကျွမ်းစေသည်။
ထိုသတ္တုလုံးများက ပြုတ်ကျလာချိန်တွင် ပထမခုခံရေးအားလှိုင်း၏ အနောက်ဘက်နယ်မြေကလည်း မီးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။ ထိုအခြေအနေက လျှင်မြန်စွာဖြင့် ဆိုးရွားလာ၏။ အချိန်တခဏတည်းနှင့် မဟာထန်က ဆိုးရွားသော အနေအထားသို့ ရောက်သွားသည်။
ခြိမ်း
ထိုသို့ကစဉ့်ကလျား ဖြစ်နေသော မြင်ကွင်းအတောအတွင်း အာရပ်များက ချီတက်လာပြီး သံမဏိမြို့ရိုးများကို အင်အားသုံးကာ ထုရိုက်ကြပြီး သူတို့၏ ပထမတန်းရှိဒိုင်းကို ဖျက်ဆီးနိုင်ရန် ကြိုးစားကြသည်။ မြို့ရိုးနှင့် ခြေလျှင်တပ်များကလည်း လေထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်နေသည့် စူးရှသော သတ္တုချင်း ထိခတ်သံများကြောင့် တုန်ယင်နေကြသည်။
“ချီတက်”
“အားလုံးကိုသတ်”
“ရန်သူတိုင်းသေရမယ်”
အာရပ်များက ထိုသို့ အော်ဟစ်ကြွေးကြောနေသံက လေထဲထိတိုင် ပျံ့နှံ့နေသည်။
.....
အရှေ့ဘက်ခြမ်းတွင်... တိဗက်များနှင့် တူရကီမြင်းတပ်က လောက်လေးခွကြီးများကိုသုံးပြီး ပစ်ခတ်နေသံ၊ နေရောင်ကို အကာအကွယ်ယူကာ ချီတက်လာသံ၊ မြင်းခွာသံများက ပဲ့တင်ထပ်နေသလို သူတို့၏ အရှေ့ဆုံးအပိုင်းတွင်လည်း ဝံပုလွေများက ရှိနေသေးသည်။
“အရှင်အမတ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ တိဗက်တွေက လက်နက်ကြီးတွေကို ချိန်ရွယ်နေတာ”
ရွှီခဲ့ယွီ၏ စိုးရိမ်တကြီးဖြစ်သံက အရှေ့ဘက်မှ ထွက်လာသည်။ တိုက်ပွဲနယ်မြေ အခြေအနေက လျှင်မြန်စွာ ပြောင်းလဲသွားပြီး တခဏလေးတင် သူတို့က အားသာချက် ရရှိထားသည်။ ထို့နောက် တခဏတွင်မူ အခြေအနေ မသာသောဘက်သို့ ရောက်သွားသည်။
“သူတို့ရဲ့ လောက်လေးခွကြီးတွေက ဘယ်နေရာမှာလည်းဆိုတာ မြင်နိုင်လား”
ဝမ်ချောင်က ခွာဖြူအရိပ်မြင်းပေါ်တွင်ဖြစ်သည်။ သူ၏ဆံပင်က ကြမ်းတမ်းသော လေအောက်တွင် လွင့်နေ၏။ ကျောက်တုံးကြီးများက ပြုတ်ကျလာချိန်တွင် အချို့အရာများက သူနှင့်ခြေလှမ်းအနည်းငယ် ကွာဝေးသောနေရာထိ ရောက်လာသေးသည်။ ထိုအားလှိုင်းများက ခွာဖြူအရိပ်မြင်းထံရောက်၏။ သို့သော် ဝမ်ချောင်ကမူ တည်ငြိမ်နေသည်။
“မသိပါဘူး လက်နက်ကြီးတွေ အားလုံးက တောင်ကုန်းတွေရဲ့ အနောက်မှာပါ။ ဒါကြောင့် အဲ့ဒီနေရာကို ချိန်ရွယ်ပြီး ပစ်ခတ်ဖို့က မဖြစ်နိုင်ပါဘူး”
ရွှီခဲ့ယွီက စိုးရိမ်တကြီးပြောသည်။
ချီရှီမှ တာလာ့သို့ ချီတက်ခဲ့ရာလမ်းတွင် သူတို့က တူညီသော တောင်ကုန်းကိုသုံးပြီး အူမာနှင့် သူ၏အာရပ်များကို ရုတ်ချည်းတိုက်ခိုက်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သာ့လွန်ရော့ကျန်းက အလားတူသော တောင်ကုန်းများကိုသုံးကာ သူတို့ကိုရင်ဆိုင်နေသည်။
တောင်ကုန်းများ၏အနောက်တွင်ရှိသော လောက်လေးခွကြီးများက ချိန်ရွယ်ရန် ခက်ခဲသည့် နေရာမျိုးတွင်ရှိသည်။ သာ့လွန်ရော့ကျန်းကဲ့သို့ လေးစားဖွယ်ကောင်းသော တွက်ချက်နိုင်သော စွမ်းရည်ရှိသော လူကလည်း လက်နက်ကြီးများကို လှမ်း၍ပစ်ခတ်ရန် ပို၍အဆင်မပြေသော နေရာမျိုးတွင် ပြင်ဆင်ထားပေလိမ့်မည်။
လက်နက်ကြီးများ၏ ပစ်ခတ်ရန် ချိန်ညှိနိုင်သော ရှု့ထောင့်မျိုးနှင့်ယှဉ်သော် လောက်လေးခွများကသာ သူတို့၏အင်အားကို အပြည့်အဝ ပြသနိုင်သွားသည်။
ထိုတခဏတွင် ချန်းပင်းက အရှေ့ဘက် ခုခံရေးအားလှိုင်းမှ ဒေါသတကြီး လှမ်းအော်သည်။
“အရှင်အမတ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
သတ္တုဘောလုံးများက ရေနံဆီများကို သယ်ဆောင်ထားပြီး ဆက်တိုက် ပြုတ်ကျလာနေသည်။ ဒီနည်းအားဖြင့် မီးတောက်များကို ဒေါသတကြီး တောက်လောင်စေပြီး ထိုနေရာတစ်ခုလုံး အနက်ရောင်မီးခိုးများ ပြည့်နှက်သွားစေသည်။ လူပေါင်းများစွာက ရေနံဆီများ ပေကျံကုန်ပြီး မီးစွဲလောင်ကုန်ကြ၏။ အနက်ရောင်မီးခိုးလုံးများက မြောက်တက်နေလေပြီး လက်နက်ကြီးအဖွဲ့၏ မြင်ကွင်းကို ပိတ်လိုက်သည်။
အာရပ်ရေနံဆီများက တိဗက်ရေနံဆီများထက်ပင် သက်ရောက်မှု ပြင်းထန်နေ၏။
“သာ့လွန်ရော့ကျန်း”
ဝမ်ချောင်က ဒုတိယမြောက် ခုခံရေးအားလှိုင်းကို တစ်ချက်ကျော်ကြည့်ပြီး အဖြူရောင် တိဗက်နွားလား အလံအောက်မှ ပုံရိပ်ကို စူးရှစွာ မြင်လိုက်သည်။ သူ၏မျက်ဝန်းက အေးစက်သွား၏။ ဝမ်ချောင်ကလည်း သာ့လွန်ရော့ကျန်းဟာ ကြိုတင်ပြင်ဆင်လာခြင်းမရှိဟု ယုံကြည်ထားလျှင် အရူးဖြစ်ကြောင်း ဝန်ခံရပေမည်။ ဒါက တိုက်ဆိုင်လွန်းသည်ဟု ဆို၍မရချေ။ သာ့လွန်ရော့ကျန်းက ဒီနေ့အတွက် အချိန်ကြာကြာ ပြင်ဆင်ထားခဲ့ပုံပေါ်သည်။ အနည်းဆုံး ထိုလောက်လေးခွများက အချိန်တိုအတွင်း ပြင်ဆင်၍ရသော အရာများမဟုတ်ချေ။
“အရှင်အမတ် ကျွန်တော် ဝူရှန်းမြင်းတပ်ကိုခေါ်သွားပြီး ဒီလောက်လေးခွတွေကို ဖျက်ဆီးလိုက်မယ်”
ပြုတ်ကျနေသော ကျောက်တုံးများအလယ်မှ လီစစ်ယဲ့က ဒေါသတကြီးအော်သည်။ သူ၏မျက်ဝန်းအတွင်း သတ်ဖြတ်လိုစိတ်များက ပြင်းထန်နေသည်။
အခြေအနေက အလျှင်လိုသည်။ သာ့လွန်ရော့ကျန်းက ရှင်းလင်းစွာဖြင့်ပင် သူနှင့်အတူ လောက်လေးခွရာကျော်ကို သယ်လာသည်။ ထပ်ပေါင်းဆိုရသော် မြင်နေရသော နေရာတောက်လျှောက် ရှိနေသော တောင်ကုန်းများက အကောင်းဆုံး ခုခံရေးအားလှိုင်းအဖြစ် ပေးထားသည်။ ထန်စစ်သည် ရာကျော်၊ ထောင်ကျော်က ဆိုးရွားသော အနေအထားသို့ ရောက်နိုင်သည်။
“မလိုဘူး”
ဝမ်ချောင်က ကျုံးဝါးသည်။ သူကလည်း ပြုတ်ကျသံ၊ ပစ်ခတ်သံကိုကြားသည်။ စစ်တပ်၏ အော်ဟစ်သံကိုကြားသည်။ သို့သော် သူ၏ မျက်နှာကမူ တည်ငြိမ်နေသေး၏။
“အခြေအနေက အဲ့ဒီလောက်ထိ အန္တရာယ်မများသေးပါဘူး။ နောက်ပြီး တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနဲ့ တုစုန့်မာန်ဖော်ကျဲ့တို့ မဟာဗိုလ်ချုပ်သုံးယောက်လုံးက တောင်ကုန်းတွေပေါ်ရပ်နေတာ။ မင်းက သူတို့ကို ဘယ်လိုကျော်ဖြတ်သွားမှာလဲ”
လီစစ်ယဲ့က တောင့်ခဲသွားသည်။ သူကလည်း စွံ့အသွား၏။
ယွီစန်းနှင့် အနောက်ပိုင်း တူရကီခါကာနိတ်တို့မှ လက်ရွေးစင် မဟာဗိုလ်ချုပ်သုံးယောက်က တောင်ကုန်းပေါ်တွင် ရပ်နေလေရာ ဖြတ်သန်း၍မရနိုင်သော အကာအကွယ်လွှာ ဖြစ်နေသည်။ ထို့ကြောင့် တောင်ကုန်းကိုကျော်ရန် ပိုခက်သွား၏။
အနာဂတ်တွင် လီစစ်ယဲ့က မဟာအင်ပါယာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိသွားပြီး ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ဘွဲ့ရနိုင်သည်။ သို့သော် ယခုမူ မဖြစ်နိုင်သေးချေ။ ထိုတခဏတွင်သူက ထိုအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းခန့် ဝေးကွာနေသေး၏။ သူက အင်ပါယာ မဟာဗိုလ်ချုပ် သုံးယောက်ကို ရင်ဆိုင်တွေ့ရမည်ဆိုလျှင် အသေခံသလို ဖြစ်နေပေလိမ့်မည်။
“ဒါပေမဲ့အရှင် ကျွန်တော်တု့ိ ဒီတိုင်း စောင့်ကြည့်နေရမှာလား”
လီစစ်ယဲ့က မုန်းတီးမှုအပြည့်နှင့်ပြောသည်။ သူ၏နှလုံးသားထဲတွင် ဒီအခြေအနေကို လက်သင့်မခံလိုသောစိတ်က ကြီးစိုးနေသည်။
ဝမ်ချောင်က ဘာစကားမှမပြောဘဲ အပြာရောင်ဝတ်စုံနှင့် ပုံရိပ်ကိုသာ တစ်ချက်ကြည့်လိုက်သည်။ သာ့လွန်ရော့ကျန်းက သူမျှော်လင့်ထားသည်ထက် ပို၍ပြင်ဆင်လာပုံပေါ်သည်။ မဟာထန်၏ လက်နက်ကြီးများက ကျော်ကြားသည်။ သာ့လွန်ရော့ကျန်းက သူ့ကို အာရုံစိုက်နေသူဆိုလျှင်လည်း ဒီသတင်းကို ရပေလိမ့်မည်။ ထိုလောက်လေးခွကြီးများက ဝမ်ချောင်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်လောက်သည်။
သို့ရာတွင် သာ့လွန်ရော့ကျန်းက မည်မျှ ပြင်ဆင်လာစေကာမူ သူ၏ဆန္ဒအတိုင်း ဖြစ်လာလိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သာ့လွန်ရော့ကျန်း တစ်ယောက်တည်းကသာ ဒီတိုက်ပွဲအတွက် ပြင်ဆင်ထားသူမဟုတ်ချေ။
“စီနီယာကျန်း အသင့်ပြင်”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
“ဟုတ်ကဲ့အရှင်အမတ်”
အိုမင်းသောအသံက နောက်တန်းမှထွက်လာသည်။
မှင်သက်သွားသော လီစစ်ယဲ့က နောက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင်နှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းရှို့ကျစ်ကို မြင်လိုက်ရသည်။ တစ်ဖက်သူက ရထားလုံးပေါ်တွင် ရပ်နေ၏။ လေးစားဖွယ် ဂါရဝပြုမှုတစ်ခု ပြုပြီးနောက် လီစစ်ယဲ့ကို တစ်ချက်ပင် မကြည့်တော့ဘဲ သူ၏တပည့်ဆယ်ယောက်ကိုခေါ်ကာ တာလာ့၏ မိုးထိုးမတက် မြင့်မားသော မျှော်စင်များထံ အပြေးသွားသည်။ ထိုသို့ဖြင့် သူက ဂိတ်ကိုခပ်မြန်မြန် ကျော်ဖြတ်ကာ ဝင်ရောက်သွားသည်။
ကျန်းရှို့ကျစ်က ထွက်သွားသောအခါ ဝမ်ချောင်က အနီးအနားရှိ ဖြောင့်မတ်စွာ ကျောပေးထားသော ချန်းပုယွမ်ကို ကြည့်လိုက်သည်။ ချန်းပုယွမ်ကလည်း အမိန့်ကိုစောင့်နေသည်မှာ ရှင်းလင်းနေသည်။
“ချန်းပုယွမ် ခင်ဗျားလည်းသွားပါ။ ဒီတိုက်ပွဲမှာ အာရပ်တွေနဲ့ တိဗက်တွေကို သုံးတဲ့အခါ ခင်ဗျားရဲ့အင်အားကို အပြည့်အဝ ထုတ်ပြရလိမ့်မယ်”
ချန်းပုယွမ်က လေးသည်တော်ဖြစ်သည်။ သူက ရှေ့တန်းတွင် ရှိနေသေး၏။ သို့သော် ဒီတိုက်ပွဲအတောအတွင်း ဝမ်ချောင်က သူ့ကို အနားတွင် အသင့်စောင့်ရန်အတွက် ဘေးတွင်ခေါ်ထားခြင်းဖြစ်သည်။
အခန်း(၉၀၅)
“နားလည်ပါပြီ”
ချန်းပုယွမ်၏ မျက်နှာက တည်ငြိမ်နေသည်။ သူက ဝမ်ချောင်၏ အမိန့်ကို စောင့်နေသည်မှာ အချိန်တစ်ခုပင် ကြာနေလေပြီ။
“ကျွန်တော် အရှင်အမတ်ကို စိတ်မပျက်စေရပါဘူး”
ချန်းပုယွမ်က ဂါရဝတစ်ချက်ပြုလိုက်သည်။ ထို့နောက် သူ၏စစ်မြင်းကို လှမ်းခေါ်လိုက်ပြီး ဖုန်တိမ်စိုင်များထဲသို့ ဝင်ရောက်ထွက်ခွာသွားသည်။ သူက ကျန်းရှို့ကျစ်၏ အနောက်မှလိုက်ကာ တာလာ့ထံသွားခြင်းဖြစ်သည်။ ဒီကိစ္စကို ကိုင်တွယ်ပြီးနောက် ဝမ်ချောင်၏အကြည့်က အခြားကိစ္စများထံ ပြန်ပြောင်းသွားသည်။
“ခြေလျှင်တပ်နဲ့ ပုဆိန်သမားတွေအားလုံး လှုပ်ရှားဖို့ အသင့်ပြင်ကြ။ သူတို့နဲ့အတူ ဝင်လာတဲ့ ဝံပုလွေအုပ်ကို ဖယ်ရှားသုတ်သင်ဖို့ သတိရပါ။ ပျားပုံလက်နက်ပုံးအသင်းကတော့ ကွင်းပြင်တစ်ခုလုံးကို ပစ်ခတ်ဖို့ အသင့်ပြင်ထားကြ။ နောက်ပြီး လက်နက်ကြီးအဖွဲ့ ဆန္ဒရှိသလိုသာပစ် အချိန်မရွေး နောက်ဆုတ်ဖို့တော့ အသင့်ပြင်ထားရမယ်”
“ရွှယ်ချန်းကျွင်း ပထမခုခံရေးအားလှိုင်းကိုသွားပြီး ငါ့ရဲ့အမိန့်ကိုနာခံ။ သူတို့ကို သဲနဲ့ရွှံ့တွေကိုသုံးပြီး အာရပ်ရေနံဆီတွေကိုအုပ်ထား။ ဒီလိုနဲ့ မီးကိုငြိမ်းနိုင်တယ်”
“လက်မှုပညာရှင်အဖွဲ့ကတော့ ကတုတ်ကျင်းတွေချ။ ဝန်ထမ်းရေးရာအဖွဲ့က လက်နက်ကြီးတွေကို ပြင်ဆင်ဖို့ အသင့်ပြင်ထားကြ”
ဝမ်ချောင်က အမိန့်များ ဆက်တိုက်ထုတ်ပေးနေချိန်တွင် သူ၏မျက်ဝန်းက တည်ငြိမ်နေပြီး ဉာဏ်ပညာရှိသော အလင်းရောင်များ လင်းလက်နေသည်။ တစ်လောကလုံးက သူ့ကို လှုပ်ခါနိုင်စွမ်းအား မရှိပုံရ၏။ အစီအစဉ်မကျဖြစ်နေသော စစ်တပ်က လျှင်မြန်စွာဖြင့် အမိန့်တိုင်း နာခံစွာ လုပ်ဆောင်ကြသည်။ တစ်သင်းက ဝံပုလွေများကို အမဲလိုက်ပြီး ခုခံရေးအားလှိုင်းသို့ ကျော်ဖြတ်လာသမျှ အကောင်တိုင်းကို ရှင်းလင်းရမည်ဖြစ်သည်။ အခြားသော တစ်သင်းကမူ သဲနှင့်ရွှံ့များကိုသုံးပြီး ထိုမီးတောက်များကို ငြိမ်းရသည်။ ဒီနည်းအားဖြင့် တမြေ့မြေ့တောက်လောင်နေသော မီးတောက်များ အားလုံးကို ထိန်းချုပ်မှုအောက်သို့ ရောက်သွားစေသည်။
မီးတောက်က လောင်ကျွမ်းနေသော်လည်း ယခင်ကလောက်အထိ ကြောက်မက်ဖွယ် မကောင်းတော့ဘဲ အားနည်းသွားသည်။ ပို၍အရေးကြီးသည်မှာ ရှင်းလင်းပြတ်သားသော အမိန့်များက သက်ရောက်မှုရှိပြီး စစ်တပ်တစ်ခုလုံးကို တည်ငြိမ်သွားစေခဲ့သည်။ သေသည်အထိ အရိုက်ခံနေရသောလူများ ရှိနေသည့်တိုင်အောင် ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တိုင်းက စိတ်ငြိမ်သွားကြသည်။ အနောက်ပိုင်းနယ်မြေမှ ကြေးစားစစ်သားများ အားလုံးကလည်း တည်ငြိမ်သွား၏။
“မင်းမြင်လား ထန်တွေကို ကိုင်တွယ်ဖို့အတွက် အာရပ်တွေနဲ့ ငါက အချိန်အကြာကြီး ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ သူက အချိန်တခဏတည်းနဲ့ စစ်သည်တစ်သိန်းကျော်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်တယ်။ အနောက်ပိုင်းနယ်မြေက အစီအစဉ်မကျဖြစ်နေတဲ့ ကြေးစားစစ်သားတွေတောင်မှ သူ့ရဲ့အမိန့်ကို နာခံကြတယ်။ ဒီလိုအမိန့်ပေးနိုင်စွမ်းအားနဲ့ အမြန်ဆုံး တုန့်ပြန်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့လူ ဘယ်လောက်များရှိသလဲ”
တိုက်ပွဲနယ်မြေ အရှေ့ဆုံးအပိုင်းမှ သာ့လွန်ရော့ကျန်းက မြင့်မားသော တောင်ကုန်းပေါ်တွင်ရပ်လျှက် လက်ကို ကျောနောက်ဘက်သို့ ပစ်ထားသည်။ သူ၏မျက်ဝန်းက နက်နဲသော အလင်းများဖြင့် တောက်ပလျှက် အဝေးသို့သာကြည့်နေသည်။ ဝမ်ချောင်က သူ၏ရန်သူဖြစ်နေသည့်တိုင်အောင် သာ့လွန်ရော့ကျန်းကလည်း စစ်အနုပညာအတွက် ဝမ်ချောင်၏ပါရမီကို လေးစားရင်း သက်ပြင်းချမိပြန်သည်။
နာ့ယိတော်ဝင်တပ်ရင်းက ဖျက်ဆီးခံခဲ့ရပြီး သူ၏မြင်းတပ် နှစ်သိန်းကျော်က အနောက်တောင်ပိုင်းတွင် မြုပ်နှံခံခဲ့ရသည်။ သာ့လွန်ရော့ကျန်းက ဒါကို သူ၏အရှုံးဟုသာ သတ်မှတ်ပြီး ဘာမှပြောစရာမရှိချေ။ အချို့သောသူများ၏ ပါရမီက ကောင်းကင်မှ တောက်လောင်သော နေမင်းအလား ဖြစ်နေတတ်ပြီး မျက်စိကြိမ်းလွန်းသဖြင့် လျစ်လျူရှု့ရန်ပင် ခက်ခဲသည်။ သူတို့၏ ပြိုင်ဘက်များကပင် ထိုကဲ့သို့သော ရန်သူမျိုးကို တိုက်ခိုက်ရခြင်းကတင် အလွန်အမင်း ကံကောင်းခြင်းကို ခံစားကာ ဂုဏ်ယူရစေမိသည်အထိ ဖြစ်သည်။
“အာ ငါတို့က ရန်သူတွေ ဖြစ်နေတုန်းပဲ။ ဒီလိုလူမျိုးနဲ့သာဆိုရင် တိဗက်ပဲဖြစ်ဖြစ် အနောက်ပိုင်းတူရကီပဲဖြစ်ဖြစ် ညကောင်းကောင်း အိပ်နိုင်မှာတောင်မဟုတ်ဘူး။ ဒါကြောင့်ပဲ ငါက ဗိုလ်ချုပ်နဲ့ အဆက်အသွယ်ယူခဲ့တာ။ ဒီလိုလူမျိုးကို သေချာပေါက် သတ်ရမယ်”
တုဝူစစ်လီက ထိုသို့ပြန်ပြောသည်။ သူက သာ့လွန်ရော့ကျန်းကို ထူူးဆန်းသော မျက်နှာထားဖြင့် ကြည့်လိုက်လေ၏။ သူတို့၏ဆက်ဆံရေးက ရန်သူများ ဖြစ်နေကတည်းက ဝမ်ချောင်က သေကိုသေရပေလိမ့်မည်။ တိုက်ပွဲနယ်မြေမှ ရန်သူကို လေးစားခြင်းက တုဝူစစ်လီအမြင်တွင်မူ အလွန်အမင်း ထူးဆန်းသော အနေအထားဖြစ်ပြီး သူ၏ပုံစံလည်းမဟုတ်ချေ။
“မဟာအမတ်မင်းက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ”
တုဝူစစ်လီ၏ နှုတ်ခမ်းများက ကော့တက်သွားပြီး လှောင်သလိုပြုံးသည်။ သူ၏မျက်နှာက ရက်စက်မှုဖြင့် တောက်ပလာ၏။
“ငါ ငါ့ရဲ့ရန်သူတွေကို ဘယ်တော့မှ မလေးစားဖူးဘူး။ ငါက သူတို့ကို သတ်ရတာကိုပဲ ကြိုက်တာ။ ငါနဲ့ရန်သူလာလုပ်တဲ့လူတိုင်းက သေရတာချည်းပဲ။ ငါ့ရဲ့ အကောင်းဆုံး ရန်သူတွေက သေသွားကြပြီ”
သာ့လွန်ရော့ကျန်းက သူ့ကိုတစ်ချက်ကြည့်ပြီး အေးစက်စွာ ပြုံးလျှက်ဖြေသည်။
လူအများက တစ်ယောက်နှစ်တစ်ယောက် ခြားနားသည်။ မဟာဖန်းငှက်ကလည်း သိန်းငှက်နှင့် ခြားနားသည်။ နဂါးကလည်း ကျားနှင့်ကွာခြားသည်။ တုဝူစစ်လီက ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ချုပ်ဖြစ်သည်။ သို့သော် သူက ဗျူဟာပညာရှင်မဟုတ်ချေ။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် လုပ်ကြံသတ်ဖြတ်မှုကို အင်အားတိုးမြှင့်လိုက်။ နောက်ပြီး ထန်တွေရဲ့ သံမဏိမြို့ရိုးကိုလည်း ကောင်းကောင်းတိုက်ခိုက်ကြ”
သာ့လွန်ရော့ကျန်းက အင်္ကျီလက်ကို တစ်ချက်ခါယမ်းလျှက် ခေါင်းပင်လှည့်မကြည့်ဘဲ အမိန့်ကို တသီတတန်း ထုတ်ပြန်သည်။
“ဟုတ်ကဲ့မဟာအမတ်မင်း”
သတင်းပို့က အမိန့်များနှင့်အတူ ခပ်မြန်မြန်ထွက်သွားသည်။ သာ့လွန်ရော့ကျန်းက ကျေနပ်စွာ ခေါင်းညိမ့်သည်။ အရာအားလုံးက လမ်းကြောင်းမှန်ပေါ်တွင် ရှိနေ၏။ တိဗက်လောက်လေးခွကြီးများ၊ အာရပ်ရေနံဆီများကလည်း ထန်များကို ဖိနှိပ်ထားသည်။ ဒီတိုင်းဆက်ဖြစ်နေလျှင် နိုင်မည်မှာ သေချာသည်။
“မဟာအမတ်မင်း အဲ့ဒီနေရာကိုကြည့်ပါဦး”
ရုတ်တရက် ထွက်လာသော သတိပေးအော်သံက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ မူလက သာ့လွန်ရော့ကျန်း အပါးတွင် ရှိနေသော တိဗက်ဗိုလ်ချုပ်တစ်ယောက်က လှမ်းပြောလိုက်ခြင်းဖြစ်သည်။ သူ၏လက်မောင်းက မြှောက်ထားသည်။ သူ၏လက်ညိုးက တိုက်ပွဲနယ်မြေမဟုတ်သော တစ်နေရာသို့ ညွှန်ပြနေ၏။ တစ်နေရာက တာလာ့၏ မြင့်မားလွန်းသော မြို့ကြီးဖြစ်သည်။ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် တုဝူစစ်လီတို့ကမူ တခဏခန့် ကြောင်အသွားပြီး ညွှန်ရာနေရာသို့ လှည့်ကြည့်လိုက်မိကြသည်။
သူတို့က ထိုသု့ိကြည့်လိုက်သည့်အချိန်တွင် တာလာ့၏ ခမ်းနားသော မြို့ရိုးကြီးများ၏ တောက်ပမှုကို မြင်လိုက်ရသည်။ မြို့ရိုး၏အရှေ့ တောင်ဘက်ထောင့်ပိုင်းအကျဆုံး နေရာတွင် သတ္တုရောင် လင်းလက်နေကြောင်း ထင်ထင်ရှားရှား မြင်နိုင်သည်။ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော မဟာထန်မှ စစ်သားများက မြို့ရိုးပေါ်တွင် ရှိနေကြပြီး တစ်စုံတစ်ရာလုပ်နေကြပုံပေါ်သည်။ သူတို့က အလွန်အမင်း ရှုပ်ထွေးပြီး ထူးဆန်းသော ပစ္စည်းများကို တည်ဆောက်တပ်ဆင်နေကြ၏။
“သူတို့က ဘာလုပ်နေတာလဲ”
တုဝူစစ်လီက အော်လိုက်သည်။ သူ၏ကြွယ်ဝသော အတွေ့အကြုံနှင့် အနောက်ပိုင်းတူရကီမှ မဟာဗိုလ်ချုပ်ဆိုသော အဆင့်အတန်းနှင့်ပင် ပေ့ထင်၏ ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းကို နိုင်ခဲ့ဖူးသော အခြေအနေမျိုး ဖြစ်လင့်ကစား ဒီလိုအနေအထားမျိုးကို မမြင်ဖူးချေ။
“ငါ ငါလည်းမသိဘူး”
သာ့လွန်ရော့ကျန်း၏ ဖြေသံကတိုးသည်။ သူက မျက်တောင်တစ်ချက်ခတ်၏။ သူ၏ သတင်းအချက်အလက်များကို ပေးပို့သူများကလည်း ထိုကိစ္စများနှင့် ပတ်သတ်သည်များကို မပို့ဖူးချေ။ သို့သော် သူ၏ မသိစိတ်အရ အလွန်ဆိုးရွားသောခံစားချက် ရလိုက်၏။ မြို့ရိုးပေါ်တွင် တပ်ဆင်နေသော ပစ္စည်းများက မည်သို့သောပစ္စည်းများဖြစ်နေစေကာမူ တိဗက်နှင့် တူရကီများအတွက် သတင်းဆိုးဖြစ်နိုင်သည်။
“မဖြစ်နိုင်ဘူး သူက ဒီအတွက်တောင် ပြင်ဆင်ချိန် ဘယ်လိုရနေတာလဲ”
သာ့လွန်ရော့ကျန်း၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက တစ်စုံတစ်ရာကို တွေးလိုက်မိ၏။ ဝမ်ချောင်က သူ့နည်းတူ ဒီတိုက်ပွဲကို ခန့်မှန်းနိုင်ခဲ့မည်ဟု မယုံကြည်ချေ။ ယေဘုယျကျကျ တွက်ဆရသော် သာ့လွန်ရော့ကျန်းလောက်ပင် အများကြီး မပြင်ဆင်နိုင်ခဲ့ချေ။ ထို့နောက် တခဏတွင်မူ သူဟာ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။
ခြိမ်း
ကြီးမားသော အနက်ရောင် ပုံရိပ်ကြီးတစ်ခုက လေထုကို ထိုးခွဲသွားပြီး ဗိုလ်ချုပ်သုံးယောက်ကိုကျော်ကာ တောင်ကုန်း၏အနောက်ဘက်သို့ ကျသွားသည်။
“အွန်”
တုဝူစစ်လီက မျက်မှောင်ကျုံ့လိုက်သည်။ သူ၏ ကျဉ်းမြောင်းသော မျက်ဝန်းက ကြောက်မက်ဖွယ်ကောင်းသော အလင်းဖြင့် ချက်ချင်းတောက်လောင်သွားသည်။
ချွင်
မည်သူကမှ ဘာဖြစ်နေကြောင်း မသိနိုင်သေးခင် တုဝူစစ်လီက လှုပ်ရှားလိုက်သည်။ တောက်လောင်နေသော ဆေဘာ၏အလင်းက မနက်ခင်းနေရောင်ကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားလေပြီး နဂါးတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ခြိမ်း
အလင်းရောင်ဖြတ်ကနဲ လက်သွားပြီးနောက် ကျန်းပေါင်းများစွာ ရှည်လျားသည့် အနက်ရောင် အရိပ်ကြီးက ရုတ်တရက် အစိတ်စိတ်အပိုင်းပိုင်းဖြစ်သည်အထိ ပေါက်ကွဲသွားသည်။
သို့သော် တုဝူစစ်လီက တိုက်ခိုက်ပြီး တခဏခန့်ကြာပြီးနောက် နောက်ထပ် ပေါက်ကွဲသံက နောက်တန်းမှ ထွက်လာသည်။ ထိုအရာက လေးခွကြီးတစ်ခုဖြစ်လောက်သည်။ ထိုလေးခွကြီးက ကျောက်တုံးကိုသုံးကာ ပစ်ခတ်ရန် အသင့်ပြင်နေရာမှ လေထဲမှ ရုတ်တရက် ပြုတ်ကျလာသော ကြီးမားသော ကျောက်တုံးကြီးကြောင့် ကြေမွသွားသည်။
သာ့လွန်ရော့ကျန်း၊ တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ မျက်နှာက ဖြူဖျော့သွားသည်။
လောက်လေးခွကြီးတွေ
သူတို့က အရာအားလုံးကို နားလည်လိုက်သည်။ ဝမ်ချောင်က တာလာ့မြေပေါ်တွင် ပြင်ဆင်နေသည်က လောက်လေးခွများဖြစ်နေပြီး သံမဏိသားဖြင့် လုပ်ထားသည်။ သက်ရောက်မှုအားဖြင့် ခန့်မှန်းရသော် သာ့လွန်ရော့ကျန်း၏ သစ်သားဖြင့် လုပ်ထားသော လောက်လေးခွများထက်ပင် ပို၍ကြောက်စရာကောင်းသည်။
“ပစ်”
တောင်ကုန်းအနောက်မှ သာ့လွန်ရော့ကျန်း၏ လောက်လေးခွများကသာ တိုက်ခိုက်မှုအောက်သို့ ရောက်သွားခဲ့ခြင်းမဟုတ်ချေ။ တာလာ့၏ အနောက်ဘက်ခြမ်း အာရပ်များနှင့် မျက်နှာမူနေသော နေရာတွင်လည်း ချန်းပုယွမ်က ညာဘက်လက်ကို အောက်သို့ ယမ်းချလိုက်သည်။ ကြီးမားသော သံမဏိလောက်လေးခွကြီးများက ချက်ချင်းလိုလို ပစ်ခတ်ပြီး ကြီးမားသော ကျောက်တုံးကြီးပေါင်း များစွာကို လေထဲသို့ မြောက်တက်သွားစေသည်။ ထိုသို့ဖြင့် လေထဲတွင် ကြီးမားသည့် စက်ဝိုင်းခြမ်းတစ်ခု ဖြစ်ပေါ်ပြီး လေထုကိုထိုးခွဲကာ အနောက်ပိုင်း တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ကျော်ဖြတ်သွားကာ အာရပ်စစ်တပ် နောက်တန်းသို့ ရောက်သွားသည်။
ဝုန်း
သိပ်သည်းသော ကျောက်တုံးကြီးများ၏ အလွှမ်းခံရသောအခါ အာရပ်၏ လောက်လေးခွကြီးများ အားလုံးက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။
ဘုန်း
ကျောက်တုံးကြီးတစ်ခုက သတ္တုဘောလုံးများ ချည်ထားသည့် သေးငယ်သော တောင်လေးကို ဖြိုချလိုက်သည်။ ကြီးမားသော သက်ရောက်မှုက ထိုဘောလုံးများစွာကို ပေါက်ကွဲသွားစေလျှက် ထိုနေရာတောက်လျှောက် အနက်ရောင်ရေနံဆီများ ပြည့်နှက်သွားစေသည်။ အနီးအနားရှိ အာရပ်ဗိုလ်ချုပ်များက တုန့်ပြန်မှု နှေးကွေးသွားလေရာ ရေနံဆီများမှန်သွားသည်။
“သောက်ကျိုးနည်း ဂရုစိုက်စမ်း”
ထိုအာရပ်ဗိုလ်ချုပ်၏ မျက်နှာက စိုရွှဲသွားသည်။ သို့သော် သူက တုန့်ပြန်ရန် အချိန်မရှိသေးခင် ရုတ်တရက် မီးမြှားက ရေနံဆီအိုင်ပေါ်ကျလာသည်။
ထိုသို့ဖြင့် မီးတောက်များက လေထုကိုရပ်သည်။ ကံဆိုးသော အာရပ်ဗိုလ်ချုပ်က မီးလောင်သွားသည်။
“အား”
သူ၏ဆိုးရွားသော အော်ဟစ်သံက ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားသည်။ တိုက်ခိုက်မှုတစ်သုတ် ဖွင့်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
ချန်းပုယွမ်၏ အမိန့်ပေးမှုအောက်တွင် ကျောက်တုံး တစ်တုံးပြီးတစ်တုံးက တာလာ့၏မြို့ရိုးကို ကျော်ဖြတ်လျှက် အာရပ်လောက်လေးခွကြီးအဖွဲ့ထံ တိုက်ရိုက်ရောက်သည်။ ထိုလောက်လေးခွကြီးများ၏ တိုက်ခိုက်မှုက ကျဘမ်းဖြစ်သည်။ တိတိကျကျ ခန့်မှန်းရပင် ခက်ခဲ၏။ စီမံမှုအမှား ရှိနေသည်ဟုပင် ထင်ရသေးသည်။ သူတို့က လက်နက်ကြီးများကို မယှဉ်နိုင်ချေ။
သို့သော် ချန်းပုယွမ်၏ မှင်သက်ဖွယ်ကောင်းသော လောက်လေးခွကြီးများ၏ ခြိမ်းခြောက်မှုကမူ ကြောက်မက်ဖွယ်ကောင်းသော ပူးပေါင်းဆောင်ရွက်မှု အပြည့်နှင်ဖြစ်သည်။ သူတို့က လက်နက်ကြီးများလောက် မတိကျသော်လည်း အံ့အားသင့်စရာကောင်းလောက်အောင် ကွက်တိ ချိန်ရွယ်နိုင်လေသည်။
ဘုန်း ဘုန်း ဘုန်း
ကျောက်တုံးရာပေါင်းများစွာက တာလာ့၏ မြို့ရိုးကို ကျော်ဖြတ်လာပြီး သတ္တုဘောလုံးများထံသို့သာ တိုက်ရိုက်ဦးတည်သည်။ ထိုသို့ဖြင့် တစ်တုံးပြီးတစ်တုံးကျလာပြီး တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။ ထိုအခါ ထိုနေရာဝန်းကျင်တွင် အနက်ရောင် ရေနံဆီများကသာ ပြည့်နှက်သွားသည်။
အချိန်တိုင်းလိုလို မီးမြှားတစ်ချောင်းစီက ရောက်ရောက်လာတတ်ပြီး ရေနံဆီရွှဲနေသော နေရာကို ပစ်ခတ်သည်။ ထိုနေရာက မီးလောင်၏။ အာရပ်လောက်လေးခွအဖွဲ့က မီးပင်လယ် အဝိုင်းခံလိုက်ရသည်။ ထိုသို့ဖြင့် သိပ်သည်းလွန်းသော မီးခိုးများက နေရောင်ကိုပင် ကွယ်သွားသည်။
“ပစ်မှတ်ကိုပြောင်း အာရပ်မြို့ရိုးကိုချိန်”
“အသုံးမဝင်ဘူး သူတို့က မြှင့်လွန်းတယ်။ ဘယ်လိုနည်းနဲ့မှ မမှီနိုင်ဘူး”
အာရပ်အရာရှိများက ပစ်မှတ်ကိုပြောင်းကာ ချိန်လိုသော်လည်း ကောင်းရှန်းကျစ်က တာလာ့ကို စိမ်းကတည်းက ရှိခဲ့သည့် အားသာချက်ကို ပြသလိုက်သည်။ ဝမ်ချောင်၏ သံမဏိ လောက်လေးခွကြီးများက မြို့ရိုးပေါ်တွင် တပ်ဆင်ထားလေရာ အာရပ်ပင်ဖြစ်စေ၊ တိဗက်ပင်ဖြစ်စေ လက်လှမ်းမမှီနိုင်သော အကွာအဝေး အမြင့်မျိုးတွင် ရှိနေလေသည်။