ရူးလောက်အောင် အစွမ်းထက်သည့် ဂမ်ဒမ် နံပါတ် ၁ နှင့် ၂
Vol. 16 Ch. 221
အန်လင်းနှင့် သူ၏ ရုပ်သေးရုပ်များ ပေါ်ထွက်လာမှုသည် ဩဂတ်စ်တို့ မျှော်လင့်မထားသည့်အရာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရွေးချယ်စရာ မရှိတော့သည့်အတွက် အံကြိတ်ကာဖြင့် တိုက်ပွဲအား ရှေ့ဆက်ရမည် ဖြစ်သည်။
အန်လင်း၏ ရုပ်သေးရုပ် နှစ်ခုမှာ အလွန် စွမ်းအားကြီးကြောင်း ချင်ကျစ် သိသည်။ ထို့ကြောင့် ပါ့ကျောင်းနှင့် ပုသိုင်တို့ကိုပါ တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။ နံပါတ်တစ် ဦးစားပေးရန်မှာ သူတို့အား အနိုင်ယူရန် ဖြစ်သည်။
ရုပ်ပွားတော် ၄ ဆူသည် အန်လင်းတို့အား ဝိုင်းထားပြီး ကျန်ရှိသည့် ၂ ဆူမှာ ရွှေသောက်တော်ရေခွက်ရှိရာ စစ်မိစ္ဆာထံ ပြေးဝင်သွားလသည်။
ဩဂတ်စ်သည် ရုပ်ပွားတော် ၄ ဆူနှင့် ပူးပေါင်းရန် ရွေးချယ်လိုက်ပြီး ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများ တရစပ် ထုတ်ဖော်လိုက်သည်။
တိုက်ပွဲ စတင်ပြန်လေသည်။
များမကြာမီတွင် ချင်ကျစ်သည် သူ၏တွက်ချက်မှု မှားယွင်းသွားကြောင်း သိလိုက်ရသည်။ အရေးပါသည့် အမှားအယွင်းလည်း ဖြစ်သည်။
ဂမ်ဒမ် နံပါတ် ၁ နှင့် ၂ တို့၏ စွမ်းအားသည် သူမျှော်မှန်းထားသည် ထက်ပင် များစွာ ကျော်လွန်သေးသည်။
ပုသိုင်နှင့် ပါ့ကျောင်း ရုပ်ပွားတော်များ ဂမ်ဒမ်များထံ ပြေးဝင်သွားသည့်အခါတွင် ဂမ်ဒမ် တစ်ရုပ်သည် ယင်း၏လက်ဖဝါးများကို ရှေ့သို့ပို့လိုက်ပြီး ခရမ်းရောင် အလင်းစက်ကွင်းတစ်ခု ထွက်ပေါ်လာကာ ယင်းတို့နှစ်ရုပ်စလုံးအား လွှမ်းခြုံ ဖုံးလွှမ်းပစ်လိုက်သည်။
မရှေးမနှောင်းမှာပင် ကောင်းကင်နှင့် မြေပြင်အကြား အလွန်ပြင်းထန်သည့် ဖိအားတစ်ခု စတင်ပေါ်ထွက်လာကာ ဗုဒ္ဓရုပ်ပွားတော် ၂ ဆူအား တောင် တစ်သောင်း၏ အလေးချိန်ဖြင့် မြေပြင်ပေါ်သို့ ဖိကြိတ်လိုက်လေသည်။
ဝုန်း
ထိုစွမ်းအားကို ခံနိုင်ရည် မရှိသဖြင့် မြေပြင် ပြင်းထန်စွာ အက်ကွဲကာ ပြိုကျသွားသည်။
ပုသိုင်နှင့် ပါ့ကျောင်း ရုပ်ပွားတော်တို့၏ အခြေအနေကို အာရုံခံမိသည့်အခါတွင် မိန်းကလေးနှင့် တိုက်ခိုက်လျက်ရှိသည့် ချင်ကျစ်မှာ ကျောရိုးတစ်လျှောက် အေးစက်မှုများ ခံစားလာမိသည်။ ဂမ်ဒမ် နံပါတ် ၁ နှင့် ဂမ်ဒမ် နံပါတ် ၂ တို့အား ကြည့်လိုက်ပြီးနောက်တွင် တုန်ယင်စွာဖြင့် “အဲဒါက မြေဆွဲအား ထိန်းချုပ်ခြင်းလား”
မြေဆွဲအားသည် တာအိုလမ်းစဉ်နှင့် လွန်စွာကွဲပြားပြီး အသုံးပြုရန်နှင့် ရရှိရန် အခက်ခဲဆုံးသော စွမ်းအားများမှ တစ်ခုဖြစ်သည်။ မြေဆွဲအားကို ထိန်းချုပ်သုံးစွဲနိုင်သည် ရုပ်သေးရုပ်ကို ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်သည်။
ထိတ်လန့် တုန်လှုပ်နေဆဲမှာပင် နောက်ထပ် ဂမ်ဒမ်တစ်ကောင်သည် ရုတ်တရက်ဆိုသလို ဗုဒ္ဓရုပ်ပွားတော် ၂ ဆူအထက်တွင် ပေါ်လာပြီး မီးမြိုက်နေလေသည်။
ယင်း၏လက်အား ဖြန့်ထုတ်လိုက်သည့်အခါ ထူးဆန်းသည့်အရာများဖြင့် တည်ဆောက်ထားသော အပြာရောင် အလင်းဓားတစ်လက် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ယင်း၏မျက်လုံးများသည် ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ရှိ ရုပ်သေးရုပ်နှစ်ရုပ်အား အသေးစိတ် ကြည့်ရှုလျက်ရှိသည်။ ထို့နောက်တွင် မိန်းကလေး၏ လက်သီးချက်များကြောင့် ကျိုးကြေ အက်ကွဲလျက်ရှိသည့် ထိုရုပ်သေးရုပ်များအား ရက်စက်စွာ ခုတ်ပိုင်းလိုက်လေသည်။
ထိုခုတ်ချက်မှာ လွန်စွာအစွမ်းထက်ပုံ မရသော်လည်း အဘက်ဘက်မှ ရောက်ရှိလာခြင်းဖြစ်သည်။ ပါ့ကျောင်းရုပ်ပွားတော်၏ ခုခံမှုများကို ရှောင်တိမ်းကာဖြင့် ထိခိုက်မှုအပြင်းထန်ဆုံး ဖြစ်မည့်နေရာများအား ခုတ်ပိုင်းကာ ပါ့ကျောင်းရုပ်ပွားတော်၏ ခန္ဓာကိုယ်အား အစိတ်စိတ် ပိုင်းလိုက်လေသည်။
ထိုအခြင်းအရာများ အားလုံးသည် တစ်ခဏအတွင်းမှာ ဖြစ်သွားခြင်းဖြစ်ကာ တတိယလူတစ်ဦး၏ အမြင်မှ ကြည့်မည်ဆိုလျှင် ဂမ်ဒမ်တစ်ကောင်သည် ပါ့ကျောင်း ရုပ်ပွားတော်အား မြေဆွဲအားစက်ကွင်းဖြင့် ဖမ်းချုပ်ထားလိုက်ပြီး နောက်တွင် လှပစွာ နှစ်ပိုင်းတိတိကျကျက ခုတ်ပိုင်းလိုက်ခြင်းပင် ဖြစ်သည်။
ပါ့ကျောင်းရုပ်ပွားတော်မှာ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာပြီးနောက် ပျောက်ကွယ်သွားလေသည်။
ရုပ်ပွားတော်များအား ထိန်းချုပ်နေသည့် ချင်ကျစ်သည် ချက်ချင်းဆိုသလို သွေးတစ်ပွက် အန်ကာဖြင့် နောက်ဆုတ်လိုက်ရသည်။
ဂမ်ဒမ်သည် ရပ်တံ့မနေချေ။ ထို့အစား ယင်း၏ဓားဖြင့် ပုသိုင်ရုပ်ပွားတော်အား ခုတ်ပိုင်းလိုက်ပြန်သည်။ တစ်ခဏမျှပင် ရပ်တန့်မည်ပုံ မပေါ်။
ပုသိုင်ရုပ်ပွားတော်သည် နတ်ဘုရားစွမ်းရည်အား အသက်သွင်းထားပြီး ဖြစ်သည်ကြောင့် မရေမတွက်နိုင်အောင် များပြားလှသည် ရွှေဓားပျံများအား ဂမ်ဒမ်ထံ ပျံသန်းသွားစေပြီး ဓားတစ်လက်ချင်းစီတွင် ဗုဒ္ဓ၏ အစစ်အမှန် စိတ်ဆန္ဒများ အပြည့်အဝ ပါဝင်လေသည်။
လွန်စွာ နီးကပ်နေခြင်းကြောင့် ဂမ်ဒမ်အနေဖြင့် ရှောင်တိမ်းဖို့ရန် မဖြစ်နိုင်ပေ။
ဂမ်ဒမ်သည်လည်း ရှောင်တိမ်းခြင်း မပြုချေ။ ခန္ဓာကိုယ်အား အနည်းငယ် လိမ်ကာ ရှောင်လိုက်သဖြင့် ရွှေဓားပျံများသည် ယင်းအားထိခတ်သွားခြင်း မရှိဘဲ ယင်း၏ အပြာရောင်ဓားသည် သာလျှင် တူညီသည့် လမ်းကြောင်းအတိုင်း ပြန်လည်ကာ ခုတ်ပိုင်းလိုက်လေသည်။
ယင်း၏ လှုပ်ရှားမှုတိုင်းသည် အချိုးအစား ကျနလှသည်။ စိုးရိမ်ကြောင့်ကြမှုလည်း ရှိမနေချေ။ 'ပျားကဲ့သို့ တိုက်ခိုက်ကာ လိပ်ပြာပမာ ပျံသန်း' ဟူ၍ ဆိုရမည်။
ဘုန်း
ဂမ်ဒမ်၏ ဓားချက်သည် ဗုဒ္ဓရုပ်ပွားတော်အား အဝေးသို့လွင့်သွားစေပြီး ရွှေရောင်အလင်းများ ထွက်ပေါ်လာလေသည်။ သို့သော်လည်း ပုသိုင်ရုပ်ပွားတော်၏ ဦးခေါင်းသည် ဂမ်ဒမ် နံပါတ် ၁ ကြောင့် ပြတ်ထွက်သွားရလေသည်။
ချင်ကျစ်သည် နောက်သို့ ထပ်မံ ဆုတ်လိုက်ရပြန်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ချောင်းဆိုးသွေးအန်ရုံနှင့် မပြီးပေ။ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးလျက်ရှိပြီး မတ်မတ်ရပ်နိုင်ရန် ရုန်းကန်နေရသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ဗုဒ္ဓရုပ်ပွားတော် ၄ ဆူ ကျန်ရှိနေသေးသော်လည်း ယင်းတို့သည်လည်း ယိမ်းယိုင်လျက်ရှိကာ အချိန်မရွေး ပြိုလဲတော့မတတ်ပင်။
ရှယ်လီသည် ချက်ချင်းဆိုသလို သူမ၏ အစွမ်းအထက်ဆုံး ကုစားခြင်းမန္တန်ဖြင့် ချင်ကျစ်အား စတင်ကုသပေးလိုက်သည်။
ချင်ကျစ် ကျဆုံးသွားမည်ဆိုလျှင် သူတို့၏ အခြေအနေမှာ ချက်ချင်းဆိုသလို သေရေးရှင်ရေး အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ချင်ကျစ်သည် ငွေဖြူရောင် ရုပ်သေးရုပ်များအား ကြောက်ရွံ့ ထိတ်လန့်မှုများဖြင့် ကြည့်နေမိသည်။ ထိုမြေဆွဲအား ထိန်းချုပ်သုံးစွဲနိုင်သော ရုပ်သေးရုပ်သည် ယင်း၏အကြည့်များအား ကျန်ရှိနေသေးသည့် ဗုဒ္ဓရုပ်ပွားတော် ၄ ဆူထံ ပို့လိုက်သည်။
ပုသိုင်ရုပ်ပွားတော်အား အနိုင်ယူလိုက်သည့် စက်ရုပ်သည်လည်း ပြန်လည် နေရာယူထားပြီးဖြစ်သည်။ ထိခိုက်ယိုယွင်းသည့် အရိပ်အယောင် မရှိချေ။
ချင်ကျစ်သည် ယင်းအားမြင်သည့်အခါတွင် တုန်လှုပ်ချောက်ချားလာပြီး ချက်ချင်းဆိုသလို အော်ဟစ်လေသည်။ “ဩဂတ်စ် မြန်မြန် အဆုံးသတ်လိုက်တော့။ ငါတို့မှာ အချိန်မရှိတော့ဘူး”
မှန်သည်။ အမှန်တကယ်ကို အချိန်မရှိတော့ချေ။
အန်လင်း၏ စက်ရုပ်အမြွှာသည် သူတို့မျှော်မှန်းထားသည်ထက် ပိုမိုအစွမ်းထက်သည်။
ယင်းတို့သာ တိုက်ပွဲအတွင်းသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာမည်ဆိုပါက တစ်ခုတည်းသော ရလဒ်မှာ တစ်ဖက်အသင်းသည် ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားမည် ဖြစ်သည်။
လေထဲရှိ တမန်တော်သည်လည်း သူ၏တိုက်ခိုက်မှုအား တစ်ရှိန်ထိုး တိုးမြှင့်လိုက်ပြီးနောက် ဗုဒ္ဓရုပ်ပွားတော် ၄ ဆူနှင့် တွဲဖက်တိုက်ခိုက်မှုသည် မိန်းကလေးထံ မိုးဆက်မိုးပေါက်များကဲ့သို့ အဆက်မပြတ် ကျဆင်းလာပြီး ယင်းတွင်ပါဝင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားသည် မြေပြင်နှင့် တောင်တန်းများအား ပြိုကွဲစေသည်။
မိန်းကလေးသည် ထိုတိုက်ခိုက်မှုများကြောင့် အကြိမ်အနည်းငယ်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း ချန်မိန်ရုပ်ပွားတော်၏ ဦးခေါင်းအား အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်လိုက်နိုင်သည်။
တိုက်ပွဲသည် အလွန်အမင်း ကြမ်းတမ်းရက်စက်ပြီး သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ နူးညံ့သွေးသွယ်သည့် မျက်နှာလေးမှာလည်း အနည်းငယ် ဖူးယောင်လာလေသည်။
ချင်ကျစ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး တိုက်ခိုက်နေရင်းနှင့် ရုပ်သေးရုပ်များအား ထိန်းချုပ်ကာ ခန္ဓာကိုယ်အား မတ်မတ်ရပ်နိုင်ရန် ကြိုးစားနေရသည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် တိုက်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်မည့်အစား တိုက်ပွဲ၏ အပြင်ဘက်မှနေ၍ ပြောက်ကျားနည်းစနစ်အား အသုံးပြုကာ တစ်ဖက်အသင်းအား အနှောင့်အယှက်ပေးရန် ရည်ရွယ်၍ အစွမ်းထက် မန္တန်များဖြင့် တိုက်ခိုက်နေလေသည်။
ပထမအချက်မှာ ဩဂတ်စ်သည် အန်လင်းအား တိုက်ခိုက်နေရင်း ဂမ်ဒမ် နံပါတ် ၁ နှင့် ဂမ်ဒမ် နံပါတ် ၂ တို့၏ တိုက်ခိုက်မှုများကို မရှောင်ရှားနိုင်စေရန် ဖြစ်သည်။ ဒုတိယတစ်ချက်မှာ သူတို့သည် ဩဂတ်စ်တို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် အစွမ်း မထက်ကြသောကြောင့်ပင်။
လျှိုချင်ဟွမ်သည် ကနဦးတွင် အန်လင်းအား စိုးရိမ်ပူပန်မိသည်။ အကြောင်းမှာ ဂမ်ဒမ်များအား ထိန်းချုပ်မှု လွတ်ကင်းသွားစေရန် တစ်ဖက်အသင်းမှ လူတိုင်းသည် အန်လင်းအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့်ပင်။ သို့သော်လည်း ထိုကြောက်မက်ဖွယ်ရာ ဂမ်ဒမ်များသည် ဗုဒ္ဓရုပ်ပွားတော် ၂ ဆူအား အမှုန့်ခြေပစ်လိုက်သည်ကို မြင်လိုက်သည့်အခါ သူတို့သည် အန်လင်းအား တိုက်ခိုက်ရန် အခွင့်အရေး ဆုံးရှုံးလိုက်ရပြီကို နားလည်သွားကြလေသည်။
ကောင်းကင်ပြာရင်ပြင်မှ ကြည့်ရှုနေကြသူများ အားလုံးသည် ငွေဖြူရောင် တောက်ပနေသည့် စက်ရုပ်များအား တွေဝေငေးမောစွာဖြင့် ကြည့်နေမိကြသည်။
လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က ထို ဂမ်ဒမ် နှစ်ကောင်သည် စက္ကန့်ပိုင်းလေးအတွင်းမှာပင် စွမ်းအားကြီးသည့် ဗုဒ္ဓရုပ်ပွားတော် ၂ ဆူအား အနိုင်ယူနိုင်ခဲ့သည်။ ယင်းမှာ စဉ်းစား တွေးတောနိုင်သည်ထက်ပင် ကျော်လွန်သွားသဖြင့် တုန်လှုပ်မိကြသည်။ အထူးသဖြင့် ထိုဂမ်ဒမ်များအား အသုံးပြုသူမှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့် သာလျှင် ရှိနေသေးသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
စက်ရုပ်များသည် လွန်စွာအစွမ်းထက်နေခြင်း သို့တည်းမဟုတ် အသုံးပြုသူ၏ စိတ်အာရုံ၊ ချီနှင့် အသိစိတ်တို့အပေါ် မှီခိုအားထားမှု မရှိခြင်းကြောင့်ဟု နားလည် သဘောပေါက်မိကြသည်။
တစ်နည်းဆိုရသော် အသုံးပြုသူ သန်မာအားကောင်းလေ ထိန်းချုပ်အသုံးပြုသည့် စက်ရုပ်များသည်လည်း အစွမ်းထက်လာလေ ဖြစ်သည်။ သို့သော်လည်း အန်လင်း၏ စက်ရုပ်များမှာ စိတ်ကူး၍ မရနိုင်လောက်အောင် အစွမ်းထက်လွန်းသည်။ အန်လင်းသည် တစ်ချိန်တည်းမှာပင် ပြောက်ကျားနည်းစနစ်အား အသုံးပြုနိုင်သေးသည်။ ထိုစက်ရုပ်များအား ထိန်းချုပ်ရန် မလိုအပ်ပုံပင်။
ထိုမြင်ကွင်းအား မြင်ရသူတိုင်း ခံစားမိသည်မှာ အန်လင်းသည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ အကူနှစ်ယောက် ဆင့်ခေါ်ကာ လုပ်ပိုင်ခွင့် အပြည့်အဝပေး တိုက်ခိုက်ခိုင်းသည်နှင့်ပင် တူလေသည်။
ကျောင်းသားများအတွက်မူ အဆင်ပြေလှသည်။ ယင်းတို့သည် နတ်ဘုရား အန်၏ စက်ရုပ်များ ဖြစ်ကြသည်။ ထို့ကြောင့် မည်မျှ အစွမ်းထက်သည်ဖြစ်စေ လက်ခံနိုင်ပေသည်။
သို့သော်လည်း အခြားသော အင်အားကြီးများမှ လိုက်ပါလာကြသူများ အတွက်မူ ဖြစ်ပျက်နေသည်များအား လက်ခံဖို့ ခဲယဉ်းလှသည်။
အဲဒါက သောက်ရုပ်သေးရုပ်တွေကော ဟုတ်ရဲ့လား။ စစ်သည်တော်တွေက သံချပ်ကာဝတ်ပြီး တိုက်ခိုက်နေကြတာ မဟုတ်ဘူးလား။
စုရှောင်လန်မှာလည်း အတော်လေး စိတ်ရှုပ်ထွေးနေသည်။ ထိုစက်ရုပ်များမှာ ထိန်းချုပ်ရန် လိုအပ်ပုံမရပေ။ သူတို့၏ သွင်ပြင်သည်လည်း အတော်လေး ထူးဆန်းလှသည်။
စုချန်းရန်သည် သူမ၏ စိတ်ရှုပ်ထွေးနေမှုအား သိရှိသည့်အတွက် အန်လင်းအသုံးပြုနေသည့် စက်ရုပ်များ၏ ထူးခြားသည့် လုပ်ဆောင်ချက်တို့ကို စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။ အလိုအလျောက် ထိန်းချုပ်နိုင်ခြင်းနှင့် စွမ်းအင်လုံးတို့သည် စုရှောင်လန်အား အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေစေသည်။
စုရှောင်လန်သည် စုချန်းရန်၏ ရှင်းပြချက်များကို နားထောင်နေရင်း သူမ၏ စိတ်အာရုံသည် စက်ရုပ်များထံမှ ပျံ့လွင့်သွားတော့သည်။ စုချန်းရန်သည် အန်လင်းအကြောင်း အတော်များများ သိရှိနေခြင်းဟူသည့် အချက်ကိုသာလျှင် တွေးနေမိပြီး ထိုခံစားချက်မှာ အတော်လေး မကောင်းလှပေ။
အထူးပွဲကြည့်စင်တွင် မျက်ခုံးပါးပါးနှင့် အမျိုးသမီးတစ်ဦးသည် လက်သီးဆုပ်ကာဖြင့် ဖန်သားပြင်ထက်ရှိ စက်ရုပ်များကိုသာ စိုက်ကြည့်လျက်ရှိသည်။ “လုံးဝ မမှားနိုင်ဘူး။ အဲဒါ ခရမ်းကြယ်စင် သုတေသနအဖွဲ့အစည်းက တီထွင်ထားတဲ့ စက်ရုပ်တွေပဲ။ အန်လင်းမှာ အဲလိုမျိုး ရတနာ ရှိနေမယ်လို့ ဘယ်သူထင်မှာလဲ”
တိုက်ပွဲသည် နောက်ဆုံးအချိန်သို့ ရောက်ရှိလာနေပြီ ဖြစ်သည်။
ဂမ်ဒမ်များ တိုက်ပွဲအတွင်း ဝင်ရောက်လာသည်ကြောင့် တမန်တော်နှင့် ဗုဒ္ဓရုပ်ပွားတော်များသည် ရွှေသောက်တော်ရေခွက်အား စောင့်ကြပ်နေသည့် စစ်မိစ္ဆာကို သုတ်သင်နိုင်စွမ်း မရှိချေ။
အရေးပေါ် အခြေအနေအတွက် ဩဂတ်စ်သည် အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေတော့သည်။
*****