ကောင်းကင်မီးလျှံစီရင်ချက်
Vol. 16 Ch. 222
ဂမ်ဒမ်နှစ်ကောင် ဝင်ရောက် တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲအခြေအနေမှာ ယိမ်းယိုင်သွားလေသည်။
ဂမ်ဒမ်တစ်ကောင်သည် ပါးစပ်မှ ခရမ်းရောင်မီးတောက်များ မှုတ်ထုတ်လျက်ရှိသည်။ ထိုခရမ်းရောင် မီးတောက်များမှာ အလွန်အေးစက်သည့် အော်ရာများ ပါဝင်ပြီး ဒြပ်စင်ငါးခု နတ်မိမယ်ဝင်္ကပါကို ဖျက်ဆီးလုနီးနီး ဖြစ်လေသည်။
“ဝသဖ ဒီစက်ရုပ်တွေက မဟူရာ ခရမ်းနဂါးမီးတောက်ကို သုံးနိုင်တယ်တဲ့လား”
ဩဂတ်စ်သည် ခရမ်းရောင် မီးတောက်များကြောင့် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်ဆုတ်လိုက်ရသည်။
နဂါးမျိုးနွယ်များသည် ထိုမီးတောက်စွမ်းရည်နှင့် အတူ မွေးဖွားလာကြပြီး မည်သည့်မန္တန်မဆို တုပနိုင်စွမ်း မရှိချေ။ သို့သော်လည်း ဤသတ္တုဂမ်ဒမ်သည် သူ၏ သိရှိ နားလည်ထားမှုများအား ပြောင်းပြန် ဖြစ်သွားစေသည်။
ကောင်းကင်ပြာရင်ပြင်မှ ပျက်ပြယ်ခြင်းအဆင့်ရှိ ပုဂ္ဂိုလ်များသည်ပင်လျှင် မျက်ခုံးများ တွန့်ကွေးသွားကြပြီး အံ့ဩလျက်ရှိကြသည်။
မိန်းကလေးမှာ သူမအပေါ်သို့ သက်ရောက်နေသည့်ဖိအား လျော့ကျသွားသဖြင့် ချက်ချင်းဆိုသလို လက်တုံ့ပြန်တော့သည်။ သူမသည် လက်သီးချက်များ ဆက်တိုက် ပစ်လွှတ်လျက်ရှိပြီး လက်သီးချက်တိုင်းမှာ ရိုးရှင်းပြီး ကြမ်းတမ်းသည်။ သို့သော်လည်း ယင်းတွင်ပါဝင်သည့် စွမ်းအားသည် မန္တန်အားလုံးကို ပျက်ပြယ်သွားစေသည်။ ဖုဟူရုပ်သေးရုပ်၏ ရင်ဘတ်မှာ ချက်ချင်းဆိုသလို ကြေမွ အက်ကွဲသွားလေသည်။
ချင်ကျစ်မှာ သွေးအန်လိုက်ရပြန်သည်။ ရှယ်လီသည် ကုစားခြင်းမန္တန် အဆက်မပြတ် သုံးစွဲပေးနေသော်လည်း ချင်ကျစ်မှာ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများ ထပ်ကာတလဲလဲ ရရှိထားသဖြင့် မြေပေါ်သို့ ဒူးထောက် ကျသွားလေသည်။
ထိန်းချုပ်သူ မရှိတော့သည့်အတွက် ကျန်ရှိနေသေးသည့် ဗုဒ္ဓရုပ်ပွားတော်များမှာလည်း ပြိုလဲကျသွားတော့သည်။
မိန်းကလေးသည် ကောင်းကင်ရှိ တမန်တော်အား အညှာအတာမရှိ လက်သီးချက်များ အဆက်မပြတ် ထိုးသွင်းနေလေသည်။
သူမလက်သီးချက်များတွင် ပါဝင်သော တုနှိုင်းမဲ့စွမ်းအားသည် တောင်တန်းများနှင့် သူမအောက်ခြေရှိ မြေပြင်ကိုပါ ခြေမှုန်းပစ်လိုက်လေသည်။ တမန်တော်သည် များပြားလှစွာသော ထိုစွမ်းအားများကို ခံစားရသဖြင့် ချက်ချင်းဆိုသလို ပြိုကွဲလုမတတ် ဖြစ်ပြီး သူ၏ တည်ရှိမှုသည်ပင်လျှင် ယိုင်နဲ့လာသည်။
ဩဂတ်စ်တို့သည် ပါးစပ်တွင် သွေးများစီးကျကာဖြင့် အလျင်စလို ဆုတ်ခွာကြရသည်။ သို့သော်လည်း သူတို့သည် ဝင်္ကပါအဖြစ် ရှိနေဆဲဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတာ်အားလုံး ပြုတ်ပြုတ်ပြုန်းသွားပြီ ဖြစ်သလို ဒြပ်စင်ငါးခု နတ်မိမယ်ဝင်္ကပါမှာလည်း ပြိုပျက်ဖို့ရာ တဲတဲလေး ကျန်ရှိတော့သည်။ ထိုအရာအားလုံးသည် ဩဂတ်စ်တို့အား နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဟု ညွှန်ပြနေလေသည်။
“အခွင့်အရေး ယူလိုက်ရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတစ်ခါ ပုံအောပြီး တစ်ကိုယ်ကောင်း ဆန်ခွင့်ပေးပါ”
ဩဂတ်စ်သည် သူ၏မဟာမိတ် လေးဦးထံသို့လှည့်ကာ တောင်းပန်စကား ဆိုလိုက်သည်။
“ကောင်းကင်မီးလျှံ စီရင်ချက်ဖြင့် စီရင်တော်မူပါ”
မိန်းကလေးသည် ဩဂတ်စ်ထံသို့ ပြေးဝင်လာနေဆဲ ဖြစ်သည်။ သို့သော်လည်း အလွန်အမင်း အစွမ်းထက်သည့် အလင်းတန်းတစ်ခုသည် သူမပေါ် ရုတ်တရက် ကျဆင်းလာပြီး သူမအား နောက်ဆုတ်သွားစေသည်။
နှုတ်ခမ်းထောင့်မှ စီးကျနေသည့် သွေးများအား သုတ်ဖယ်လိုက်ပြီးနောက်တွင် ဩဂတ်စ်ထံသို့ ထပ်မံပြေးဝင်သွားလေသည်။ သူမ၏ မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်ဆန္ဒများ တောက်လောင်လျက်ရှိသည်။
ကြောက်မက်ဖွယ်ရာ တိုက်ပွဲအပြီးတွင် သူမမှာ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ အများအပြား ရရှိထားပြီးဖြစ်သည်။ သို့သော်လည်း သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာ လျော့ကျသွားခြင်း မရှိချေ။
သူမသည် ဩဂတ်စ်အသုံးပြုသည့် မန္တန်အား ကြောက်ရွံ့ခြင်းမရှိ။ သို့သော်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်မှာ ဩဂတ်စ်အား ထိုမန္တန် အသုံးပြုရန် ကြိုးစားခြင်းမှ ကာကွယ်ရန်ဖြစ်ကြောင်း သူမသိသည်။
ငွေဖြူရောင် ပုံရိပ်နှစ်ခုသည် မိန်းကလေးကို ကာရံလိုက်ပြီးနောက် ဩဂတ်စ်အား ဖမ်းချုပ်လိုက်သည်။
တမန်တော်သည် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဝင်္ကပါတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ ဝင်္ကပါထံမှ မထင်မှတ်ထားရ လောက်သည့် အမြန်နှုန်းဖြင့် ပစ်လွှတ်လိုက်သော အဖြူရောင် အလင်းလှံနှစ်ခုသည် ဂမ်ဒမ် နံပါတ် ၁ နှင့် ဂမ်ဒမ် နံပါတ် ၂ တို့၏ ခန္ဓာကိုယ်အတွင်း ထိုးစိုက်သွားသည်။
“စီရင်ခြင်း စတင်”
ဩဂတ်စ်၏အသံမှာ အေးစက်ကာ အသက်မဲ့လာသည်။ ရှယ်လီသည် သူ၏ပုံရိပ်အား ဝိရောဓိဖြစ်စွာဖြင့် ကြည့်နေမိပြီးနောက်တွင် သူ၏ ဆုံးဖြတ်ချက်အား လက်ခံကာဖြင့် မျက်လုံးများ မှိတ်လိုက်တော့သည်။
တုန်ယန်၊ ချင်ရှင်းနှင့် ချင်ကျစ်တို့သည်လည်း အတော်လေး စိတ်ရှုပ်ထွေးနေမိသည်။ ဖြစ်ပျက်နေသည်များကို နားလည် သဘောပေါက်သွားသည့် အချိန်မှာ ဝင်္ကပါသည် သူတို့ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များကို စုပ်ယူနေချိန်ဖြစ်သည်။
ဒြပ်စင်ငါးခု နတ်မိမယ်ဝင်္ကပါသည် သူတို့အားလုံး၏ ချီစွမ်းအင်များကို စုပ်ယူနေရင်း သန့်စင်မြင့်မြတ်သည့် အလင်းတစ်ခု ထွက်ပေါ်လာသည်။ ယခင်က သူတို့၏ ကိုယ်ပိုင် ချီစွမ်းအင်များကို ဝင်္ကပါအတွင်းသို့ ထည့်သွင်းပေးရန်သာ လိုအပ်ခဲ့သည်။ ယခုတွင်မူ ဝင်္ကပါသည် ထိန်းချုပ်မှုမရှိဘဲ သူတို့၏ ချီစွမ်းအင်များအား အဆက်မပြတ် စုပ်ယူနေခြင်းဖြစ်သည်။
“အားးးး တော်ပါတော့။ ဝင်္ကပါက ငါ့ရဲ့ ချီစွမ်းအင်တွေကို ဆက်တိုက်စုပ်ယူနေတယ်။ တိုက်ခိုက်ဖို့တောင် မတတ်နိုင်တော့ဘူး” တုန်ယန်သည် အော်ဟစ်ကာဖြင့် ဝင်္ကပါ၏အစွန်းသို့ ပြေးထွက်သွားသည်။ ထိုစုပ်ယူအားမှ ထွက်ပြေး လွတ်မြောက်နိုင်ရန် ဖြစ်သည်။
မိန်းကလေး ရှုံးနိမ့်သွားသည့်တိုင်အောင် သောက်တော်ရေခွက် အတွက် တိုက်ခိုက်နိုင်စွမ်းအချို့ ကျန်ရှိနေသေးသော်လည်း သူမ၏ ကျန်ရှိနေသေးသည့် စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာနှုန်းဖြင့် စုပ်ယူခြင်းခံနေရသဖြင့် အလွန် အားအင်ကုန်ခန်းလာသည်။
ဝုန်း ...
ဝင်္ကပါ၏နံရံနှင့် ပစ်တိုက်မိပြီးနောက် သန့်စင်မြင့်မြတ်သည့် အလင်းစွမ်းအားကြောင့် လွင့်ထွက်သွားလေသည်။
“အော်မီသောဖော် ဩဂတ်စ် ဘာလို့ အဲဒီလို..” ချင်ကျစ်သည် ဩဂတ်စ်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
ဝင်္ကပါ၏ ဗဟိုချက်ဖြစ်နေသည့် အတွက်ကြောင့် ဩဂတ်စ်သည် အခြားသူတိုင်းထက် ကြီးလေးစွာ ပေးဆက်နေရခြင်း ဖြစ်သည်။ သူ၏ ချီစွမ်းအင်များ အလျင်အမြန် ကုန်ခန်းလာနေသည် သာမက သူ၏ စိတ်စွမ်းအင်နှင့် အသိစိတ်တို့ပင်လျှင် အလွန်အားနည်းလာကာ သူ၏အော်ရာမှာလည်း သေကာနီး လူအိုတစ်ဦးကဲ့သို့ ဆုတ်ယုတ်လာလေသည်။
ဝင်္ကပါသည် စွမ်းအားများကို အကန့်အသတ်မဲ့စွာဖြင့် ဆက်တိုက် စုပ်ယူနေလေသည်။
လျှို့ဝှက်စွမ်းအားများ အပြည့်အဝပါဝင်သည့် အဖြူရောင် ငှက်မွေးများသည် ကောင်းကင်တွင် စတင် လွင့်လူးလာပြီးနောက် ပေါင်းစပ်သွားကြသည်။
ဝုန်း
မိန်းကလေး ထိုးနှက်လိုက်သော်လည်း သန့်စင်မြတ်မြတ်သည့် အလင်းကြောင့် ပြိုလဲသွားရပြန်သည်။
ဝင်္ကပါအတွင်းရှိ လူငါးဦးမှာလည်း မြေပြင်တွင် ပုံလျက်သား လဲကျနေကြပြီ ဖြစ်သည်။ မတ်တတ်ရပ်နိုင်စွမ်းပင် မရှိတော့ချေ။ သို့သော်လည်း ဝင်္ကပါသည် သူတို့၏ စွမ်းအား အနည်းငယ်မျှပင် မကျန်တော့လောက်အောင် အညှာအတာမဲ့ စုပ်ယူနေလေသည်။
ကောင်းကင်ထက်ရှိ ငှက်မွေးများ ပေါင်းစပ်သွားပြီးနောက်တွင် ဝဲကတော့အသွင်ဖြင့် ဖြည်းညင်းစွာ ရစ်ဝဲနေသည်။ စတင် ကျယ်ပြန့်လာပြီးနောက် မကြာမီမှာပင် မီတာထောင်ချီ ပတ်လည်အား ဖုံးအုပ်သွားပြီး သူတို့အားလုံး၏ အထက်ရှိ ကောင်းကင် တစ်ခုလုံးအား ပိတ်ဖုံးသွားလေသည်။
ဝဲကတော့၏ နှလုံးသည်းပွတ်နေရာတွင် ရွှေမီးတောက်တစ်ခု လောင်ကျွမ်းလျက်ရှိပြီး အလွန်ကြောက်မက်ဖွယ်ရာ အဖျက်အဆီးစွမ်းအားများ ပါဝင်ကာ ကမ္ဘာပေါ်ရှိ အရာအားလုံးအား ဝါးမျိုဖျက်ဆီး စားသောက်ပစ်တော့မယောင် ဖြစ်သည်။
အန်လင်းသည် လေထုထဲရှိ ကြောက်မက်ဖယ်ရာ ဝဲကတော့အား စိုက်ကြည့်နေမိပြီး ချက်ချင်းဆိုသလို သူ့အား အကာအကွယ်ပြုပေးရန် ဂမ်ဒမ်များအား ဆင့်ခေါ်လိုက်သည်။
“သခင်ရေ ကိုယ်တွင်းအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားတာကြောင့် ကိုယ်တိုင် ပြန်လည်ကုစားခြင်းစနစ် အသက်ဝင်နေပါပြီ။ စွမ်းအင် မလုံလောက်တော့ပါဘူး”
ဂမ်ဒမ် နံပါတ် ၁ နှင့် ဂမ်ဒမ် နံပါတ် ၂ တို့ သံပြိုင်ပြောသည်။
ယင်းတို့၏ ရင်ဘတ်ရှိ လှံစိုက်ရာမှာ ပြန်လည်ပြည့်တင်းပြီး ဖြစ်သော်လည်း တောက်ပသည့် မျက်လုံးများမှာမူ တဖြည်းဖြည်းချင်း ဖျော့တော့လာသည်။
အန်လင်းရှုံ့မဲ့သွားလေသည်။ အဲဒီ ကိုယ်တိုင် ပြန်လည်ကုသခြင်း ဆိုတာကြီးကို နောက်မှလုပ်လို့ မရဘူးလားကွ။ ဘာလို့များ မင်းတို့ကောင်တွေက ငါ့ကို တိုက်ပွဲအလယ်မှာ ထားရစ်ခဲ့ဖို့ ကြိုးစားနေရတာလဲ။
“ကောင်းကင်မီးလျှံ စီရင်ချက် ဆင်းသက်” ဩဂတ်စ်သည် သတ်ဖြတ်တော့မည့် အသွင်ဖြင့် သူ၏လက်အား မိန်းကလေးထံ ညွှန်ပြလိုက်လေသည်။
မိန်းကလေးသည် သူမ၏ သေးသွယ်သွယ် လက်သီးဆုပ် ကလေးအား တင်းတင်းဆုပ်ကာဖြင့် ပခုံးအကျယ်အတိုင်း ခြေကို မြဲမြံစွာ နေရာယူလိုက်ပြီး ကြံ့ကြံ့ခံမည့် အသွင်ဖြင့် ရှိနေသည်။ သူမသည် ကောင်းကင်ထက်ရှိ ဝဲကတော့အား ကြည့်နေရင်း တည်ကြည် လေးနက်လာသည်။
ဝဲကတော့ ဗဟိုချက်ရှိ ရွှေမီးတောက်သည် ကောင်းကင်နှင့် မြေပြင်၏ သန့်စင်သည့် စွမ်းအားများနှင့်အတူ ဆင်းသက်လာကာ ယင်း၏လမ်းကြောင်း တစ်လျှောက်ရှိ အရာအားလုံးအား အငွေ့ပျံသွားစေပြီး တောင်တစ်တောင်လုံးအား ဖုံးလွှမ်းသွားလေသည်။
အဝေးမှ ကြည့်မည်ဆိုလျှင် ယင်းသည် ကောင်းကင်အား ထောက်ကန်ထားသည့် ရွှေထောက်တိုင်ကြီးနှင့်ပင် တူလှသည်။ ညကောင်းကင် တစ်ခုလုံးအား မီးတောက်များဖြင့် ထွန်းလင်းစေပြီး ကြီးကျယ်များပြားသည့် စွမ်းအားသည် ကြည့်နေကြသူများအား ကြောက်ရွံ့မှု ပေးစွမ်းသည်။
အန်လင်းသည် ခေါင်းမော့ကာဖြင့် ထိုအဖျက်အဆီး စွမ်းအားကို ကြည့်လိုက်သည်။ ဤအချိန်တွင် အကာအကွယ်အဖြစ် အုတ်ခဲနက်အား ထုတ်ယူရန်သာ ရှိတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ပတ်လည်တွင် ရောင်စုံ အကာအကွယ်တစ်ခု ပေါ်လာသည်။
မရှေးမနှောင်းမှာပင် သူတို့အားလုံးတို့အား အဆုံးမဲ့ အလင်းနှင့်အပူငွေ့များ ဖုံးလွှမ်းသွားလေသည်။
ကောင်းကင်နှင့် မြေပြင်အကြားတွင် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး တုန်ခါလာလေသည်။
ကောင်းကင်ပြာရင်ပြင်တွင် ဖန်သားပြင်သည် နောက်တစ်ဖန် ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားလေသည်။
သောင်းနှင့်ချီသည့် ပရိသတ်များသည် ဩဂတ်စ်၏ နောက်ဆုံးတိုက်ကွက်တွင် ပါဝင်သည့် အဖျက်အဆီး စွမ်းအားကြောင့် တုန်လှုပ်လျက်ရှိကြသည်။ ထို့နောက်တွင် အသိစိတ် ပြန်လည်လာကြလေသည်။
အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားကြသည်။
လူတိုင်းသည် မျှော်လင့်တကြီးဖြင့် အသက်ရှူ အောင့်ထားမိကြသည်။ ဖန်သားပြင်အား စိုက်ကြည့်ကာဖြင့် နောက်ဆုံးရလဒ်အား စောင့်မျှော်နေကြလေသည်။
အလင်းတန်းများ ကွယ်ပျောက်သွားပြီးနောက် ကောင်းကင်ရှိ ဝဲကတော့ကြီးလည်း ပျောက်ကွယ်သွားလေသည်။
မြင့်မားခန့်ညားသည့် တောင်ကြီးသည်လည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ မြေပြင်တွင် ကျောက်စကျောက်နများဖြင့် ပြည့်နှက်နေပြီး တချို့မှာ နီရဲနေဆဲဖြစ်ကာ မီးခိုးငွေ့တလူလူနှင့် ကောင်းကင်မီးလျှံ၏ ကြောက်မက်ဖွယ်ရာ သဘောသဘာဝအား ပြသနေလေသည်။
ကျောက်စကျောက်နများ အကြားတွင် ရွှေရောင်အကာအကွယ်များ တန်းစီကာ ထွန်းလင်းနေလေသည်။
တုန်ယန်၊ ချင်ကျစ်၊ ချင်ရှင်း၊ ဩဂတ်စ်၊ လျှိုချင်ဟွမ်၊ ရှယ်လီ...
သူတို့အားလုံးတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသည်။ ရွှေရောင် အကာအကွယ်ကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့မှာ မီးသင်္ဂြိုဟ်ပြီးသား ဖြစ်သွားလိမ့်မည်။
တုန်ယန်၊ ချင်ရှင်းနှင့် လျှိုချင်ဟွမ်တို့မှာ သတိလစ်မေ့မြောသွားပြီး အခြားသူများမှာမူ မျက်စိဖွင့်နိုင်ရန် ကြိုးစားနေကြလေသည်။ ဩဂတ်စ်နှင့် ရှယ်လီတို့သည် သူတို့၏ အတောင်များဖြင့် လုံအောင်ဖုံးထားသော်လည်း ကောင်းကင်မီးလျှံ၏ အဖျက်အဆီးစွမ်းအားမှ လွတ်မြောက်နိုင်စွမ်းမရှိချေ။
ကောင်းကင်ပြာရင်ပြင်မှ ကြည့်ရှုနေကြသူများသည် သူတို့ရှေ့ရှိ မြင်ကွင်းအား ကြောင်အစွာဖြင့် ကြည့်နေကြပြီး နှလုံးသားထဲတွင် စိတ်ရှုပ်ထွေးမှုများ ဖြစ်လာလေသည်။
ကောင်းကင်မီးလျှံ စီရင်ချက်သည် မှန်းဆမရနိုင်လောက်အောင် စွမ်းအားကြီးသည်။ ထို့ကြောင့် ကိုယ်စားလှယ်များအတွက် ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။
“အဲတော့ကွာ အခြေခံကျကျ ပြောရမယ်ဆိုရင် ဩဂတ်စ်က သူ့ရဲ့ နောက်ဆုံးတိုက်ကွက်နဲ့ မဟာမိတ်တွေနဲ့ ရန်သူတွေကို ဖောက်ခွဲပစ်လိုက်တယ်လို့လား”
“ဘာကြောင့်မှန်းမသိဘူး နတ်ဘုရား အန်ရဲ့ နျူလျှပ်လက်သီးကို ရုတ်တရက်ကြီး ပြေးမြင်မိလာတယ်”
“ဒီဖေ.. နတ်ဘုရားအန်ရဲ့ နျူလျှပ်လက်သီးက သူ့ရဲ့အဖွဲ့သားတွေကိုပဲ ဖောက်ခွဲတာကွ”
“ဩဂတ်စ်ကတော့ ရွှေသောက်တော်ရေခွက်ကို ရဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့တာပဲ။ သနားဖို့ကောင်းတာက အရမ်းကို ကြမ်းတမ်းသွားခဲ့ပြီး သူ့ကိုယ်သူတောင် မကယ်နိုင်ဘူးတဲ့လား”
“ဖြစ်နိုင်တာကတော့ ဒီတိုက်ကွက်နဲ့ သူ့ကိုယ်သူ သက်သေပြချင်တာပဲ ဖြစ်မယ်။ အဲဒီ နောက်ဆုံးတိုက်ကွက်က ငါတို့ရဲ့ လေးစားအားကျမှုနဲ့ ထိုက်တန်တယ်လို့တော့ ဝန်ခံလိုက်”
…
ဒု-ကျောင်းအုပ် ယူဟွာသည် သက်ပြင်းချကာဖြင့် ကြည်လင်ပြတ်သားသည့် အသံဖြင့် ကြေညာချက် ထုတ်လေသည်။
“ဗုဒ္ဓလောကမှ ချင်ကျစ်၊ ချင်ရှင်း ထုတ်ပယ်ခံရ”
“ဧဒင်ဥယျာဉ်မှ ဩဂတ်စ်၊ ရှယ်လီ ထုတ်ပယ်ခံရ”
“ဖန်တီးခြင်းခန်းမမှ တုန်ယန် တုတ်ပယ်ခံရ”
“ကောင်းကင်ဘုံပိုင်နက် လျှိုချင်ဟွမ် အန်...”
ရုတ်တရက်ဆိုသလို ယူဟွာမှာ ထိတ်ထိတ်ပြာပြာ ဖြစ်ကာဖြင့် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်အား နားမလည်နိုင်စွာဖြင့် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
ရင်ပြင်ရှိ လူတိုင်းသည်လည်း တစ်စုံတစ်ခုအား သတိပြုလိုက်မိသည့် အတွက်ကြောင့် တဖြည်းဖြည်းချင်း စိတ်လှုပ်ရှားလာကြသည်။
“အာ.. နတ်ဘုရားအန်ကို ဖန်သားပြင်ပေါ်မှာ မမြင်ရသလိုပဲနော်”
“ဟုတ်ပဟေ့ အခုနက ကောင်းကင်မီးလျှံတွေကြောင့် အတော်လေး လန့်နေတာ။ အခုမှပဲ အဲဒါကို သတိထားမိတယ်”
“မြေကြီးထဲ မြှုပ်ပြီးသား ဖြစ်သွားတာတော့ မဟုတ်လောက်ပါဘူးနော်”
“နတ်ဘုရားအန်က သောက်ကြမ်းကွ။ အဲလိုဖြစ်စရာလား”
ကျောင်းသားအားလုံးတို့မှာ ပို၍ ပို၍ စိတ်လှုပ်ရှားလာကြသည်။ သူတို့အားလုံးတို့သည် ဖန်သားပြင်အား စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြပြီး အန်လင်းအား ရှာတွေ့နိုင်ရန် မျှော်လင့်နေကြသည်။
ဒု-ကျောင်းအုပ် ယူဟွာသည်လည်း ထိုသို့ပင် ဖြစ်သည်။
အဆုံးတွင် သူတို့သည် ကြီးမားလှသည့် အနက်ရောင် အုတ်ခဲကြီးအား ရှာတွေ့သွားကြသည်။
ထိုအုတ်ခဲသည် အနည်းငယ် တုန်ခါနေဆဲဖြစ်သည်။ ယင်း၏အောက်ခြေမှ တိုးညင်းလှသည့် အမျိုးသားတစ်ဦး၏ ကူကယ်ရာမဲ့စွာ အော်ဟစ်နေသံ ထွက်ပေါ်လာသည်။
“ကယ်ကြပါဦး”
“တစ်ယောက်ယောက် ကယ်ကြပါဦးခင်ဗျာ”
******